Sunday, October 3, 2021

သီပေါဘုရင် နှင့် ရနောင်မောင်မောင်တုတ် ( ၂ )


 

❝  သီပေါဘုရင် နှင့် ရနောင်မောင်မောင်တုတ်  ❞ ( ၂ )

ရွှေနန်းတော်တွင်းမှာကား သည်လို မဟုတ် ။

သိပေမယ့် မသိယောင် ဆောင်နေရ၏ ။ ကိစ္စကြီးတစ်ခုကို ဘာမှ မဖြစ်သလို နေနေရ၏ ။ အတတ်နိုင်ဆုံး ဟန်ဆောင်ကြရသည် ။ မချမ်းမြေ့သော စိတ်ကို မပေါ်လွင်အောင် နေရသည် ။ ဟန်ဆောင်မှုဆိုတာ အထက်အလွှာမှာ ရှိသည်ဆိုတာ လက်ခံရမလောက်ပါပဲ ။

ထိုစဉ်က ဤလူသတ်ပွဲကြီးကို မျက် မြင်ကိုယ်တွေ့ ကြုံတွေ့ရသူ ဖခင်ဖြစ်သူ ဂရိလူမျိုး ကာလူဂရီဒီ ( Calogreedy ) နှင့် မြန်မာမိခင်တို့မှ ပေါက်ဖွားလာခဲ့သူ မတ်တီ ( Mattie ) ၏ ပြောပြချက် မှာ ရင်နာဖွယ် စိတ်နှလုံးတုန်လှုပ်ဖွယ် ၊ စက်ဆုပ်ဖွယ်များတို့ဖြင့် ပြွမ်းတီးနေပေသည် ။

မတ်တီ ကား အခြားသူမဟုတ် ၊ စုဖုရားလတ် ၏ နိုင်ငံခြားသူ အပျိုတော်များထဲမှ ဝဲအပျိုတော်တစ်ဦးပင် ဖြစ်သည် ။ မင်းတုန်းမင်း နတ်ရွာစံပြီးသည့် နောက်ပိုင်း၌ ရွှေနန်းတော်တွင် ခေတ်စားလာသော အရာမှာ ပြင်သစ်ဝိုင်ပင် ဖြစ်လေသည် ။ သီပေါမင်း သည် ပြင်သစ်ဝိုင်ကို နှစ်သက်တော်မူသည် ။ သည်အတွက် လွတ်လပ်စွာပင် သောက်သုံးလေ့ရှိသည် ။ သူကိုယ်နှိုက်က ရှင်ဘုရင် ဖြစ်နေလေတော့ ဘာမဆို လုပ်တိုင်း တင့်တယ်နေတာပေါ့ ။

ဘုရင်နှင့် မိဖုရားတို့သည် ညနေ လေးနာရီခန့်တွင် အတူတကွ စားတော်ခေါ်ကြသည် ။ စုဖုရားလတ် သည် အမြဲတမ်း ရေကိုသာ သောက်လေ့ရှိသော်လည်း သီပေါမင်း မှာမူကား ညနေဘက်တွင် ရှန်ပိန်ကိုသာ သောက်လျက်ရှိလေသည် ။ သည်အချိန်ဝယ် အဆောင်တော် အပြင်ဘက် မှာ သာယာချိုအေးသော တူရိယာသံများ ပေါ်ထွက်လာသည် ။

အနောက် မိုးကုပ်စက်ဝိုင်း၌ နှင်းဆီရောင် ၊ ရွှေရောင် တိမ်တောင်တိမ်လိပ်များ ကွယ်ပျောက်လျက် မိုးချုပ်စ အချိန်ပင် လွန်မြောက်ခဲ့လေသည် ။ အလင်းရောင်မှာ ဝိုးတဝါးနှင့် ခပ်မှိုင်းမှိုင်း ဖြစ်နေလေသည် ။ ထောင်ပေါင်းများစွာသော မီးအိမ်ကလေးများတွင် မီးများ ထွန်းညှိလိုက်ရာ ကျောက်သံပတ္တမြား အပွင့်ကလေးများသည် ပန်းပွင့်များကဲ့သို့ ပွင့်လန်းလာသလို ထင်မှတ်ရသည် ။

သီပေါမင်း ကမူ အတီးအမှုတ်သမားများအား ပို၍ ကျယ်စွာ အတီးအမှုတ်ခိုင်းလျက် ရှိလေသည် ။ သည်အချိန်တွင် ရွှေမြို့တော် တစ်ခွင်လုံးလည်း ဆိုင်းသံ ဗုံသံများဖြင့် လွှမ်းခြုံ နေပေသည် ။ သီပေါမင်း သည် ရွှေနန်းတော်မှ ဆိုင်းအဖွဲ့အား ပိုမိုပြီး ကျယ်လောင်စွာ အတီးခိုင်းလေ့ ရှိသည် ။

ညဉ့် ကိုးနာရီလောက်တွင်မူကား သီပေါမင်း သည် ရှန်ပိန်တွင် ဘရန်ဒီ ရောလျက် ခပ်များများကလေး သောက်တော်မူပြီးနောက် ကပွဲကို စတင်စေလေသည် ။ ဘုရင်မင်းမြတ် ၊ မိဖုရားနှင့် ဆင်ဖြူမရှင် မိဖုရားကြီး တို့သည် ပွဲကြည့်တော်ဆောင် ရှေ့ဘက်တွင်ရှိ ထိုင်ခုံများပေါ်၌ ထိုင်လျက် ရှိကြသည် ။ အဆောင်တော်အဖြစ် ကာရံထားသော နံရံကို ဖယ်ရှားလိုက်ကြသည် ။ ဇာတ်စင်ကို ဘုရင်မင်းမြတ်တို့၏ မျက်လုံးများနှင့်အညီ အောက်လမ်းပေါ်၌ စင်မြင့် ထိုးထားကြသည် ။ ဘုရင်မင်းမြတ်တို့ နောက်ပိုင်းတွင်မူကား ပြောင်လက်နေသော ပိုးစ ထဘီများကို ဝတ်ဆင်ထားသည့် အပျိုတော်များ ၊ ပိုးပုဆိုးများကို ဝတ်ဆင်ထားသည့် လူပျိုတော်သားများ ၊ နန်းတွင်းသူ နန်းတွင်းသားများသည် ဒူးတုပ်လျက် ကြည့်ရှုနေကြသည် ။

ဇာတ်စင်တွင် အလင်းရောင် ပေါ်ပေါက်စေရန် မီးတိုင်များကို ထွန်းညှိထားသည့်အတွက် နန်းတော်တွင်းရှိ မှန်စီရွှေချ တိုင်ကြီးများ ၊ ရွှေပိန်းချထားသော နံရံများဆီမှ ပြိုးပြိုးပြက်ပြက် အရောင်တွေ တလက်လက် ထွက်လျက်ရှိသည် ။ ရွှေကွမ်းအစ် ၊ ရွှေထွေးခံများမှာလည်း အရောင်များ ပြန်ဟပ်နေသည် ။

သီပေါမင်း သည် စိတ်မသက်သာသော မျက်နှာဖြင့် ဖုံပေါ်တွင် ထိုင်လျက်ရှိသည် ။ သူ့နောက်ဘက်တွင်မူ မှန်ရောင်များသည် တလက်လက် ထနေသည် ။ သူ့ရှေ့တွင်မူကား ဇာတ်စင်မှ မီးတိုင်များသည် တထိန်ထိန် တောက်လျက်ရှိသည် ။ စုဖုရားလတ် သည် သူ့ဖုံပေါ်တွင် ပျော့ပျောင်းစွာ ထိုင်နေရာမှ သီပေါမင်း ၏ မျက်နှာတော်ကို အကဲခတ်လျက် ရှိပေသည် ။

“ အို .. ကိုယ်တော်ကလည်း ပွဲကိုကြည့်ဦးမှပေါ့ ။ ဇာတ်ထဲမှာ ဘုရင်မင်းမြတ်က သူ့ရန်သူတော်တွေကို အောင်မြင်တဲ့ အခန်းတွေ ပါမယ့်ဥစ္စာ ” ဟူ၍ ခပ်တိုးတိုး ပြောနေသည် ။ သည်တွင် သီပေါမင်း သည် စုဖုရားလတ် အား ကြည့်လိုက်ပြီးနောက် သူ့မျက်နှာပေါ်ဝယ် စိတ်ဝင်စားသလို အရိပ်အယောင်များပင် ပေါ်လာခဲ့ရသည် ။

“ ဒီညမှာတော့ ဇာတ်ကြီးဆယ်ဘွဲ့နဲ့ ငါးရာ့ငါးဆယ် နိပါတ်တော်မှ အခန်းတွေ ပါမှာ မဟုတ်ပါဘူး ။ ဒီညမှာတော့ မင်းသားက ရန်သူတော်တွေကို အောင်မြင်တော်မူတဲ့အကြောင်းနဲ့ အထွတ်အထိပ်ကို ရောက်ဖို့ ဘုန်းကံရှိသူဟာ ဘုန်းကံအလျောက် အထွတ်အထိပ်ကို ရောက်ရှိရတဲ့ အကြောင်းတွေ ပါဝင်ပါလိမ့်မယ် ”

သီပေါမင်း သည် စုဖုရားလတ် ၏ မျက်နှာတော်ကို မမှိတ်မသုန် ကြည့်လျက်ရှိသည် ။ စုဖုရားလတ် သည် သူ့အကြောင်းကို သိနားလည်သူ ဖြစ်သည် ။ သည်ညနေအဖို့ သူသည် အလှူဒါနပြုသည့် အကြောင်းများ ၊ ငရဲခန်း ဖော်ပြသည့် အကြောင်းများ ၊ နဂါးပြည် ရောက်ရှိသည့် အကြောင်းများ ၊ ပြစ်မှုကျူးလွန်သူတို့ ဒုက္ခရောက်ရသည့် အကြောင်းများကို မတွေ့မြင်လို ၊ မကြားသိလိုချေ ၊ စုဖုရားလတ် ပြောသလို မင်းသားက ရန်သူတော်တွေကို အောင်မြင်သည့် အကြောင်းကိုသာ တွေ့မြင်ကြားသိလိုသည် ။ ဇာတ်မင်းသမီးတို့၏ ပျော့ပျောင်းညက်ညောသော အကများကိုသာ မြင်လိုသည် ။ သူတို့၏ သာယာသော အသံများကိုသာ ကြားလိုသည် ။ သီပေါမင်း သည် မင်္ဂလာရှိသော အကြောင်းများကိုသာ မြင်လိုလျက်ရှိသည် ။ နှစ်သက်လျက်ရှိသည် ။

သည်အရာများနှင့်အတူ လူပျိုတော်သားများက ဆက်သနေသော ဝိုင် ကိုလည်း နှစ်သက်တော် မူလျက် ရှိလေသည် ။

ဇာတ်ပွဲသည် စတင်လျက် ရှိနေလေပြီ ။ ညဉ့်လုံးပေါက် ကပြအသုံးတော်ခံမည့် ဇာတ်သဘင်ပွဲကြီးသည် စတင် အသုံးတော်ခံလျက် ရှိနေလေပြီ ။

ဇာတ်စင်ပေါ်မှ ဘုရင်လုပ်သူသည် သူဖွာနေသော ဆေးပေါ့လိပ်ကြီးကို အသာချလျက် သူ ကပြရမည့် ဘုရင်အပိုင်းကို ဝင်ရောက် တင်ဆက်အသုံးတော်ခံလျက် ရှိလေသည် ။ ဝင်ရောက်ရန် အချိန်မကျသေးသည့် မိဖုရား လုပ်သူသည် ပရိသတ်များ မမြင်နိုင်သည့် ပုဏ္ဏားတိုင် ဘေးကွယ်တွင် မျက်နှာကို လိမ်းခြယ်နေပေသည် ။ ဝန်ကြီးလုပ်သူများသည်လည်း သူတို့အပိုင်း ရောက်လာပြီ ဖြစ်သည့်အတွက် ဆေးပေါ့လိပ်ကြီးများကို အသာချလျက် ဇာတ်စင်ရှေ့သို့ ဝင်ရောက် လာကြလေသည် ။

“ မင်းကြီးများ … တိုင်းတော်ပြည်တော် သာယာတော်မူပါစ မင်းကြီးများ ”

“ မှန်လှပါ ၊ ရွှေဘုန်းတော်ရှင် စိုးစံတော်မူကတည်းက သာသနာတော် ရောင်တော် ထွန်းပြောင်လျက် ပြည်တော်မှာ သာယာဝပြောပြီး တိုင်းသူပြည်သား လူအများမှာ ဝမ်းသာ ပျော်ပိုက်လျက် ရှိကြောင်းပါ ဘုရား ”

သည်တွင် ဆိုင်းအဖွဲ့မှ ဇာတ်ကောင်များ၏ အသံ ပေါ်လွင်လာနိုင်စေရန်အတွက် အသံကို အသာ လျှော့ပေးလိုက်လေသည် ။ ဤသို့ ဆိုင်းသံတိမ်ဝင်သွားသည့် အခိုက်ဝယ် ညဉ့် အမှောင်ထုထဲမှ စူးရှစွာ အော်ဟစ်လိုက်သည့် ထိတ်လန့်ဖွယ်ရာ အသံကြီးသည် ရုတ်ခြည်း ပေါ်ပေါက်လာလေသည် ။ ညဥ့်အမှောင်ထုသည် ပိုးထည်ဖြင့် ရက်လုပ်ထားရာမှ ၎င်းကို နတ်တို့၏ လက်ဖြင့် ဆုပ်ဖြဲလိုက်သကဲ့သို့သော အသံနက်ကြီးမျိုးပင် ဖြစ်လေသည် ။

သည်တွင် တိုင်တားမင်းကြီး ၏ မျက်နှာပေါ်တွင် ဒေါသရောင်များ ပေါ်လာသည် ။ ကြောက် မ က်ဖွယ်ရာ အသံကြောင့် ခေတ္တ တန့်သွားသည့် ဇာတ်သမားများအား ဆက်လက် ကပြစေရန် ဇာတ်ဆရာအား အမိန့်ပေးလိုက်လေသည် ။ ဆိုင်းသံများ ပေါ်လာပြန်လျက် မိဖုရား လုပ်သူသည် ဇာတ်စင်ပေါ်သို့ တက်လာပြန်လေသည် ။

“ မိဖုရားကြီးရဲ့ … ရာသီဥတုကလည်း ဆောင်းဘက်သို့ ကူးလို့လာနေပေပြီ ၊ လေကလည်း အေးပါဘိသနဲ့ ၊ နေပူစာလှုံတော်မူမယ်ဆိုရင်တောင် ကတ္တီပါခြုံစောင် အနီရောင်ကို ခြုံတော်မူပြီး ရွှေလက်စွပ်တော်ကို ဆင်မြန်းပြီးမှသာ ထွက်တော်မူဖို့ ကောင်းပေတယ် မိဖုရားကြီး ”

ဇာတ်ဆောင်များ၏ အမူအရာများမှာ လေးကန်လျက် ရှိနေပေသည် ။ သူတို့ ပြောလိုက်သော စကားလုံးများသည် ပွဲကြည့်ပရိသတ်ဆီသို့ အကုန်အစင် မရောက်ချေ ။ ဆိုင်းသံများသည်သာ အဆက် မပြတ် တခြိမ့်ခြိမ့် ထွက်နေတော့သည် ။ သီပေါမင်း သည် ဝိုင်ကို သောက်လျက်ရှိသည် ။ ပွဲကြည့်ပရိသတ်များသည် လက်ဖက်ကို စားလျက် မအိပ်မိအောင် ပြုလျက် နေကြရတော့သည် ။

သည်ညက ထူးထူးခြားခြားပင် မတ်တီ ၏ စိတ်ထဲတွင် လိပ်ပြာမသန့်သလို ဖြစ်နေမိသည် ။ ပွဲကြည့်ရသည်မှာ မဖြောင့် ၊ စိတ်ထဲတွင် လေးနေမိ၏ ။ တစ်စုံတစ်ရာကို တမ်းတနေမိသယောင် ၊ လွမ်းဆွတ်နေသယောင် ဖြစ်နေသည် ။ သည့်အတွက်ကြောင့် ပွဲမပြီးခင် မိမိအဆောင်တော်သို့ ပြန်ခွင့်တောင်းခဲ့ရာတွင် ခွင့်ရရှိခဲ့လေသည် ။

မိမိအဆောင်တော်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် မတ်တီ သည် သူဆင်မြန်းနေကျ ဥရောပတိုက်သူတို့၏ ဦးထုပ်ကလေးကို ယူ၍ ဆောင်းလိုက်သည် ။ သည့်နောက် ထူးဆန်းစွာ လူသူကင်းမဲ့လျက်ရှိသော ဥယျာဉ်တော်ထဲသို့ ထွက်ခဲ့လေသည် ။ မတ်တီ၏ နားထဲဝယ် ဆိုင်းသံ ဗုံသံများသည်သာ ပြည့်လျှံလျက် ရှိနေလေသေးသည် ။ ဥယျာဉ်ထဲမှ မြက်ခင်းများ ၊ သစ်ပင်များ ၊ ပန်းပင်များကို ကြည့်ရသည်မှာ ကြည်လင်သန့်စင်နေသည်ဟု မတ်တီ က ထင်မိသည် ။

သို့သော် သူ ထင်နေသော ထိုကြည်လင်ခြင်း ၊ သန့်စင်ခြင်းတို့မှာ ခေတ္တမျှသာ ဆိုသည်ကို မကြာခင် မတ်တီတစ်ယောက် သိရှိသွားခဲ့လေသည် ။ မတ်တီ သည် မင်းသမီးများ၏ ဥယျာဉ်တော်မှ ကျော်သွားပြီးသည်နှင့် တစ်ပြိုင်နက် ခါးတောင်းကို မြှောင်အောင်ကျိုက်ထားသည့် ဗလ ကောင်းကောင်း ယောက်ျားကြီးတစ်ဦးနှင့် ဝင်ရောက်တိုးမိတော့သည် ။ အပေါ်ပိုင်း အဝတ်မရှိသော ဤလူကြီးသည် ပါးကွက်အာဏာသား တစ်ယောက်ဖြစ်မှန်း မတ်တီ သိလိုက်သည် ။ ပါးကွက်သားကြီးသည် အရေးတကြီး လျင်မြန်စွာ ထွက်လာခြင်းကြောင့် မတ်တီ ကို မမြင်မိဘဲ ရုတ်တရက် ဝင်တိုက် မိခြင်းပင် ဖြစ်သည် ။

အာဏာသားကြီးသည် သူ့ပခုံးပေါ်တွင် အနီရောင် ကတ္တီပါအိတ်ကြီး တစ်လုံးကို အားပြု၍ ထမ်းထားသည် ။ သူ့တစ်ကိုယ်လုံးမှာ ချွေးသံတွေနှင့် ရွှဲစိုလျက်ရှိသည် ။ ကတ္တီပါအိတ် အနီကြီးသည် ထိုးထိုးထောင်ထောင် ဖြစ်လျက်ရှိသည် ။ ဤအိတ်သည် ပူနွေးလျက် ရှိနေပေသေးသည် ။ ဤ ပူနွေးခြင်းသည် အေးစက်ခြင်းထက် ကြောက်ဖွယ်ကောင်းသည့် ပူနွေးခြင်းမျိုး ဖြစ်မည့်အတွက် မတ်တီ တစ်ကိုယ်လုံးမှာ အေးခနဲ ဖြစ်မိသွားလေသည် ။

အာဏာသားကြီးနှင့် တိုးမိရာမှ ရုတ်ခြည်း နောက်သို့ ဆုတ်လိုက်မိသည် ။ မတ်တီ သည် သူ မမြင်အပ်သည်ကို မြင်လိုက်ရခြင်း ၊ မတွေ့အပ်သည်ကို တွေ့လိုက်ရခြင်း၏ အပြစ်ကို နောက်ကျစွာ သတိရလိုက် မိသည် ။ သို့သော် ခုမှတော့ ဘာမှ မတတ်နိုင်တော့ပြီ ။ ကျင့်သားရပြီးဖြစ်သည့်အတွက် သူ၏ ခြေထောက် များကို သာသနာပြုဂေဟာနှင့် အနီးဆုံးဖြစ်သည့် အနောက်တံခါးသို့ ဦးတည်လိုက်လေသည် ။

အနောက်တံခါး ဆိုသည်မှာလည်း ရွှေနန်းတော်မြို့တွင်းမှ လူသေအလောင်းကောင်များကို ယူထုတ်ရာ တံခါးဝပင် ဖြစ်နေပြန်သည် ။ ဤတံခါးမှာ မင်္ဂလာမရှိသော တံခါး ၊ ဧရာဝတီမြစ်သို့ အနီးဆုံး တံခါးပေါက် ဖြစ်နေလေသည် ။

အနောက်တံခါးပေါက်ဆီတွင်မတော့ လှည်းတန်းကြီးက တသီတတန်းကြီး မြို့ပြင်သို့ ဦးတည်လျက် ရှိနေလေသည် ။ သည်တစ်ကြိမ်တွင်လည်း မတ်တီ အဖို့ နောက်ထပ် အမှားတစ်ခုကို ကျူးလွန်လိုက် မိသေးသည် ။ အမှတ်မထင် မတ်တီ သည် လှည်းပေါ်မှ အရာများကို ကြည့်လိုက် မိ သေးသည် ။ သည်ဆိုးဝါးသော မြင်ကွင်းကြောင့် သူ့နှလုံးသားမှာ ရပ်တန့်သွားသည်လို့ ထင်လိုက်ရသည် ။ ထို့ကြောင့် သူ့အဆောင်တွင်းသို့ အပြေး ပြန်ဝင်လာရတော့သည် ။

အနောက်တံခါး၌ တွေ့လိုက်ရသော လှည်းများကြောင့် မတ်တီ သည် စိတ်နှလုံး ဒုန်းဒုန်းချလျက် ခြေပစ်လက်ပစ်ပင် ဖြစ်ခဲ့ရရှာသည် ။ ဒီလန်ဂီ တို့ သားအဖ ရက်လုပ်ပေးသည့် အနီရောင် ကတ္တီပါစများသည် ကတ္တီပါအိတ် ချုပ်လုပ်ရန် မလုံလောက်ဘဲ ရှိနေသည့်အတွက် လှည်းများပေါ်တွင် အလောင်းများကို တုံးလုံးပက်လက် အစဉ်အလာဖျက်လျက် သယ်ယူကြခြင်း ဖြစ်လေသည် ။ ဆွေတော်မျိုးတော်တို့၏ အလောင်းကို အနီရောင် ကတ္တီပါအိတ်တွင် စွပ်ရရိုးထုံးစံ ဖြစ်သည် ။ တုံးလုံးပက်လက် ထားရသည် မဟုတ်ချေ ။

မတ်တီ သည် တတိယနေ့တွင် မြို့ပြင်ထွက်နိုင်ရန် တစ်ဖန် ကြိုးပမ်းသေးသည် ။ ဆိုင်းသံ ဗုံသံများ ၊ ဇာတ်ပွဲများနှင့် အထိတ်တလန့် အော်ဟစ်သံများမှာမူကား ရှိနေမြဲပင် ၊ ထိုအချိန်တွင် မတ်တီ သည် အပျိုတော်အုပ်ဖြစ်သူ တိုင်တားမင်းကြီး၏ သမီးထံမှာ ခွင့်မပန်တော့ချေ ။ မင်းတုန်းမင်း ရှိစဉ်အခါက ညများမှာ တိတ်ဆိတ်လျက်ရှိပြီး ရွှေနန်းတော်အတွင်းဝယ် တရားဓမ္မသံများကိုသာ ကြားနေရသည် ။ ယခုအခါကား ထိုသို့မဟုတ်ပြီ ။ နေပြည်တော် တစ်ဝန်းလုံးဝယ် ဆိုင်းသံများသည် ပွက်ပွက်ညံလျက် ရှိနေသည် ။

ရွှေနန်းတော်၏ ညများသည် တိတ်ဆိတ်ငြိမ်သက်မှု မရှိတော့ချေ ။ သီပေါမင်း သည် နေ့ရောညပါ ဆိုင်းသံများကိုသာ အလိုရှိနေသည် ။ ဆိုင်းသံမကြားရလျှင် သီပေါမင်း သည် နေမထိ ထိုင်မသာ ဖြစ်နေပေသည် ။ တိတ်တိတ်ဆိတ်ဆိတ် ဖြစ်နေခြင်းကို သူ မနှစ်သက်ပေ ။ မတ်တီ သည် တစ်ဖန် ထွက်သွားပြန်သည် ။ အနောက်တံခါးသို့ ရောက်ရှိရန်အတွက် သမီးတော်များ၏ ဥယျာဉ်တော်ကို ဖြတ်၍ သွားရပေလိမ့်မည် ။ ဤလမ်းအတိုင်း သွားမှသာလျှင် သူသည် အမေးအမြန်းမရှိဘဲ အနောက်တံခါးသို့ ရောက်သွားမည် ဖြစ်လေသည် ။ အားလုံးသည် ငြိမ်သက် တိတ်ဆိတ်လျက် ရှိသည် ။

မတ်တီ သည် ခပ်သုတ်သုတ်ကလေး လျှောက်သွားနေ၏ ။ သည်လို ငြိမ်သက် တိတ်ဆိတ်လျက် ရှိနေခြင်းကိုပင် စိတ်ထဲမှ ကျိတ်၍ ကျေးဇူးတင်နေမိသည် ။ ဆိုင်းသံတွေမှာမူ ရှိနေလျက်ပင် ၊ အလင်းရောင်မှာမူ မှိန်ပျပျ ရှိနေသည် ။ တိတ်ဆိတ်မှု ကမ္ဘာမှာ မကြာပါ ။ ချက်ချင်းမှာပင် တိတ်ဆိတ်ခြင်းကို အထိတ်တလန့်ဖြစ်သော အသံက ထိုးဖောက်လိုက်လေသည် ။ အော်ဟစ်သံများသည် တစ်ဆင့်ပြီး တစ်ဆင့် ပေါ်၍ ပေါ်၍ လာနေပေသည် ။

သည်လို အော်ဟစ်သံများကြားထဲမှ သူ့နာမည်ကို ခေါ်သံလိုလို ကြားလိုက် မိပြန်သည် ။ မတ်တီ သည် ထိတ်လန့်လာသည့် အလျောက် နောက်သို့ လှည့်၍ ကြည့်လိုက် မိသည် ။ သူနှင့် မလှမ်းမကမ်းတွင် အလွန်ကြီးမားသော တွင်းကြီးတစ်ခုကို တွေ့လိုက်ရသည် ။ ပါးကွက် အာဏာသားများက ထိုတွင်းကြီးကို လျင်မြန်စွာ မြေကြီးဖို့နေသည်ကိုလည်း တွေ့နေရသည် ။ တွင်းကြီးထဲဝယ် လှုပ်လှုပ်ရွရွ ဖြစ်နေ၏ ။ တွင်းနှုတ်ခမ်းများတွင် ပိုးအဝတ်များ ဝတ်ဆင်ထားသည့် မသေမရှင် အလောင်းများကို တွေ့နေရသည် ။

ဤ အော့နှလုံးနာဖွယ်ကောင်းသော ရှုခင်းကို မြင်မိသည့် မတ်တီ သည် ပြေးထွက်ရန် နောက်သို့ လှည့်လိုက်သည် ။ ထိုစဉ် သူ၏ အမည်ကို အော်၍ခေါ်လိုက်သော အသံကို ကြားလိုက်ရပြန်လေသည် ။ သည်တွင် မတ်တီ သည် သူ၏စိတ်ကို ဆန့်ကျင်လိုက်ပြီး အသံလာရာဆီသို့ လှမ်းကြည့်လိုက်မိသည် ။ တွင်းကြီး၏ ခပ်လှမ်းလှမ်းရှိ မိန်းမ အကျဉ်းထောင်ဘက်ဆီမှ မိန်းကလေးသဏ္ဌာန် တစ်ခုသည် အပြေးကလေး ထွက်လာနေသည် ။ ထိုမိန်းကလေးကို ချက်ချင်းပင် မတ်တီ က မှတ်မိလိုက်သည် ။ တခြားသူ မဟုတ် ၊ သာဂရမင်းသား ၏ နှမတော် ဖြစ်သည် ။ မင်းတုန်းမင်း သက်တော်ထင်ရှား ရှိစဉ်အခါက မတ်တီ သည် သမီးတော်ကလေးနှင့်အတူ ကစားဖက် ဖြစ်လေသည် ။ သာဂရမင်းသား ၏ နှမတော်သည် မတ်တီ အား မြင်မိလိုက်သောကြောင့် သူ့နာမည်ကို အော်နေခြင်းပင် ဖြစ်သည် ။ ယခုလည်း အားကိုးတကြီးဖြင့် မတ်တီ ၏ အမည်ကို အော်၍ ခေါ်နေရှာပေသည် ။ သည်သို့ မင်းသမီးကလေး အော်၍မျှ မဆုံးခင်ပင် အာဏာသား နှစ်ယောက်သည် အမှောင်ထုထဲမှာ ဘွားခနဲ ပေါ်လာသည် ။ သည့်နောက် မင်းသမီးကလေးအား ဆွဲယူလိုက်ပြီး မြေပြင်သို့ လှဲချလိုက်လေသည် ။ သူတို့သည် မင်းသမီးကလေး၏ ရုန်းကန်နေသည့် လက်ကလေးများကို ဒူးကြားထဲတွင် သွင်းလျက် ကြိုးများဖြင့် တုပ်ချည်ထားလိုက်သည် ။

သည်ရှုခင်းကို မတ်တီ က အံ့အားသင့်စွာ ကြည့်နေစဉ်မှာပင် အာဏာသား တစ်ယောက်က မင်းသမီးကလေး ၏ ဆံပင်ကို ဆွဲလျက် ဦးခေါင်းကို နောက်သို့ လှန်ချလိုက်လေသည် ။ ထို့နောက် သူတို့သည် မင်းသမီးကလေးအား လည်မျိုကို တုတ်ဖြင့်ရိုက်ပြီး အဆုံးစီရင်လိုက်ကြသည် ။ ပထမတစ်ချက် ရိုက်လိုက်သည်ကို ကြည့်လိုက်ပြီးနောက် မတ်တီ သည် သူ့မျက်လုံးများကို လက်ဖြင့် ပိတ်ထားလိုက် မိသည် ။ သို့သော် သူ့နားတွင်းဝယ် နောက်ထပ် ဆင့်၍ ဆင့်၍ ရိုက်နေသည့် အသံများကိုမူကား ကြားနေမိလေသည် ။

မင်းသမီးကလေးမှာ ငယ်ရွယ်သန်မာသူ ဖြစ်သည့်အတွက် တော်တော်နှင့် အသက် ထွက်နိုင်ရှာပုံ မပေါ်ချေ ။ သို့ဖြစ်၍ မတ်တီ သည် သူ့အဆောင်ကို အားယူ၍ ပြန်လာပြီးနောက် အိပ်ရာပေါ်ဝယ် အားရပါးရ ရှိုက်ကြီးတငင် ငိုချလိုက်မိသည် ။

ဇာတ်ပွဲများမှာမူကား ကပြလျက် ရှိနေလေသေးသည် ။ ဆိုင်းသံများသည် မတ်တီ ၏ နားထဲသို့ ဆောင့်၍ ဆောင့်၍ ဝင်ရောက်လာလေသည် ။ ဆိုင်းသံများဖြင့်ပင် ဖုံးဖိခြင်းငှာ မစွမ်းနိုင်သည့် အော်သံဟစ်သံတွေ အကြားမှပင် ရွှေနန်းတော်ကြီး အတွင်း၌ မူကား ဣ‌ေန္ဒြမပျက် နေထိုင်သွားလာလျက် ရှိနေကြလေသည် ။

တတိယနေ့ နံနက်ဘက်တွင်မူကား အော်သံဟစ်သံများကို မကြားရတော့ချေ ။ မတ်တီ သည် သူ့ပစ္စည်းကလေးများကို ထုပ်ပိုးလျက် ရွှေနန်းတော်မှ ထွက်ခွာခဲ့ပြန်လေသည် ။ ဦးခေါင်းကို ငိုက်ထားပြီး ယမန်နေ့ညက တွေ့ခဲ့ရသည့် တွင်းကြီးနှင့် မလှမ်းမကမ်းဆီမှ လျှောက်လာနေသည် ။ ထိုစဉ် မတ်တီ သည် သူ့ မျက်စိထောင့်ဖျားမှ မြင်လိုက်ရသော အချင်းအရာ တစ်ခုကြောင့် ခေတ္တမျှ ခြေကို တုံ့ရပ်မိလိုက်သည် ။

နန်းတော်တွင်းမှ ဆင်ဆယ်ကောင်ခန့်တို့ကို ဆင်ဦးစီးများက မြေဖို့ထားသော တွင်းကြီးပေါ်သို့ အတင်းမောင်းနှင်နေကြသည် ။ ဆင်များကမူ ရှေ့ကိုတိုးရန် ငြင်းဆန်နေကြသည် ။ စူးစူးဝါးဝါး အော်ဟစ်ပြီးနောက် နှာမောင်း တယမ်းယမ်းဖြင့် ရှိနေသည် ။ ဆင်များသည် သူတို့အား လူမဆန်သော အလုပ်များကို လုပ်ခိုင်းနေမှန်း သိနေသကဲ့သို့ ရှိနေသည် ။ ဒါကြောင့်ပဲ ထင်ပါရဲ့ ၊ ဆင်ဦးစီးများ၏ စေခိုင်းချက်များကို ငြင်းဆန်နေခြင်း ဖြစ်သည် ။

မင်းသားတချို့ နှင့် မယ်တော်အချို့၏ အလောင်းများကို လှည်းဖြင့် တင်ဆောင်လျက် ဧရာဝတီမြစ်ဆီသို့ သယ်ဆောင်ခြင်းကိုလည်း ဝှက်ထား၍ မဖြစ်နိုင်ချေ ။ မန္တလေးရွှေမြို့တော် တစ်ခုလုံး၌ ကောလာဟလသတင်းများ ပျားပန်းခပ်မျှ ပြန့်လွင့်လျက် ရှိလေသည် ။ မတ်တီ ခမျာ အထိတ်တလန့် ဖြစ်နေပြီး သွေးလန့်လျက် ရှိနေရှာသည် ။ မတ်တီ ခမျာ သူ့စိတ်ထဲတွင် ဖြစ်ပေါ်နေသော ခံစားမှုများကို မချုပ်တည်းထားနိုင်တော့ဘဲ ချုံးပွဲချ၍ ငိုမိရှာလေတော့သည် ။ သူ့ဘဝဝယ် သူ့ဖခင် ကွယ်လွန်ချိန်က တစ်ခါ ၊ ခု သုတ်သင်ပွဲကြီးတွင် တစ်ခါ ၊ ပေါင်း နှစ်ခါမျှသာ သည်းလှိုက်ဖိုလှိုက် ငိုကြွေးဖူးသေးသည် ။ ရင်တုန် အသည်းတုန်ဖြစ်ရသော သည်အရေးအခင်းကြီး ကိုကား မတ်တီ ဘဝတစ်လျှောက်လုံးဝယ် ခြောက်လှန့်နေပေတော့သည် ။ သည်ဖြစ်ရပ်ကြီးကိုလည်း အိပ်မ က် ဆိုးကြီးပဲ ဖြစ်ပါစေတော့လို့ ဆုတောင်းနေမိသည် ။

တကယ်တော့ သည်လို ရက်စက်လှသည့် လူသတ်ပွဲကြီးကို သီပေါမင်း မသိဘူးလို့ ဆိုကြပါသည် ။ သူ သိလာတဲ့အချိန်ကျတော့ လွန်ကုန်ပြီလေ ။ သူသိလာသည့် နေ့ကလည်း မှန်နန်းဆောင်မှာ စုဖုရား နှင့်အတူ သလွန်ပေါ်မှာ စံပယ်နေသည် ။ တစ်ဦးနဲ့ တစ်ဦး ချစ်ခင်စရာ စကားတွေက ခုထိ ပြောမကုန်ပေဘူး ထင်ပါ့ ။ မာကျောကျောနိုင်လှတဲ့ စုဖုရားလတ် ရဲ့ မျက်နှာတော်ကို သီပေါမင်းက ရှုစားနေ၏ ။ ဘယ်လိုပဲ ပြုံးပြုံး ၊ မလှပသည့် သည်မိဖုရားကို သူ ဘာကြောင့် နှစ်သက် မိပါလိမ့် လို့လည်း တွေးနေဟန် ရှိ၏ ။

စုဖုရားလတ် သည် ရုပ်ရည် မလှ ။ ဒါပေမယ့် သူဖြစ်ချင်တဲ့ မိဖုရားခေါင်ကြီး အဖြစ်ကို ရအောင် ယူခဲ့၏ ။ သူ့ထက် အဆပေါင်းများစွာ လှပတဲ့ မိန်းမပျိုတွေဟာ နန်းတော်ထဲမှာ ရှိ၏ ။ သည် မိန်းမပျိုတွေဟာ သူ့ရှေ့လည်းရောက်ရော ၊ ဘာမဟုတ်တော့သည့် သူတွေလို အလိုလို မှေးမှိန် သွား၏ ။ သူ့ မျက်လုံးအစုံဟာ အံ့ဩစရာကောင်းတယ် ။ သူ့အသံကလည်း သီပေါမင်း ရဲ့ ရင်ကို အေးမြစေသည် ။ ချမ်းမြေ့မှုကို ပေးစေ၏ ။

သူတို့နှစ်ဦးရဲ့ ချစ်ကမ္ဘာလေးဟာ ခဏချင်းပဲ အကျည်းတန်သွား၏ ။ သည်အချိန်မှာ မင်းတရားကြီး ၏ မယ်တော် လောင်းရှည်မိဖုရားကြီး ရုတ်တရက် ဝင်လာ၏ ။ ငိုကြီးချက် မ ပျာပျာသလဲပင် ဖြစ်သည် ။

“ အမယ်လေး မောင်ရင်ရယ် ၊ နန်းစည်းစိမ်ကိုလည်း မလိုချင်ပါနဲ့တော့ ၊ မောင့် ညီတော် ၊ နောင်တော် ၊ နှမတော်တွေရော ရှိသေးရဲ့လား ၊ စစ်ဆေးကြည့်ပါဦး ” လို့လည်း ရင်ဘတ်စည်တီးပြီး မိန့်ကြားတော်မူ၏ ။

သည်အချိန်ကျမှ သီပေါမင်းတရား သည် အလွန်အမင်း အံ့အားသင့်သွား၏ ။ ထိတ်လန့် သွား၏ ။ မိမိ ဘာလုပ်ရမယ်ဆိုတာလဲ သိလာရတော့သည် ။ ချက်ချင်း ရွှေလှံမြို့ဝန်မင်းကို အခေါ်ခိုင်းသည် ။ လက် မရွံ့ထောင်အတွင်းမှ ကျန်နေသေးသော ညီတော် ၊ နောင်တော်များကို အမြန် စစ်ဆေးစေသည် ။

ကျပင်းမင်းသား ၊ ပျဉ်းမနားမင်းသား ၊ မြင်စိုင်းမင်းသား ၊ လက်ကြားမင်းသားနှင့် အသက် ဆယ့်နှစ်နှစ် မျှသာ ရှိသေးသော ကောလင်းမင်းသားလေး တို့သာ ကျန်ရှိတော့သည် ။ မင်းသွေး ခြောက်ဆယ်အနက် သည်မင်းသား ငါးပါးသာ ကျန်ခဲ့ခြင်းပင် ဖြစ်လေသည် ။ ဒါတောင်မှ နေ့ကူးသွားလို့ မသတ်ဖြစ်ဘဲ ကျန်ခဲ့ခြင်းပင် ဖြစ်သည် ။ သည်နေရာတွင် ရွှေလှံမြို့ဝန်မင်း ကလည်း ရလာတဲ့ အခွင့်အရေးကို အသုံးပြုလိုက်တော့တာပဲ ။

လူသတ်ပွဲက တာဝန်ကျတဲ့ ထောင်မှူး အဝှန်းမောင်မြို့နဲ့ လက် မရွံ့ မှန်သမျှကို တစ်ပြိုင်နက်တည်း ဖမ်းပြီး လက်ပြန်ကြိုးတုပ်ထားလိုက်သည် ။ ရနောင်မင်းသား နှင့် လက်သုံးတော်ကြီးများ ကိုတော့ သူ ဘာမှ မတတ်နိုင် ၊ မလုပ်နိုင်သဖြင့် အံတကြိတ်ကြိတ်သာ ရှိရတော့သည် ။ ကျေတော့ မကျေနပ်ဘူးပေါ့ ။ သူက ဘုရင့်နောင် ကျော်ထင်နော်ရထာဘွဲ့ ရထားတဲ့ ဘုရင်မင်းမြတ်ရဲ့နောင်တော် အရာမှာ ဖြစ်နေလို့ ကြည့်နေရတာ ၊ နို့မဟုတ် သင်းကိုပါ တစ်ခါတည်း ဖမ်းချုပ်ထားကြပြီပေါ့ ။

သည်အကြောင်းကို တောင်သမန်လယ်စား ရွှေတိုက်ဝန်ဖြစ်နေတဲ့ ရောင်းရင်း မောင်ဖေငယ် က သိသည် ။ ပြည်တွင်းရေး အထူးသဖြင့် နန်းတွင်းရေးကို မပြတ်မလပ် အကဲခတ်နေသူဆိုတော့ သိတာပေါ့ ။ မောင်မောင်တုတ်ကို အနေအထိုင် ဆင်ခြင်ဖို့ သတိပေး၏ ။ သူငယ်ချင်း သတိပေးစကားကို မောင်မောင်တုတ် က လက်ခံ၏ ။ သူလေးစားတဲ့ သီပေါမင်း နှင့် စုဖုရားလတ် က လွဲရင် မောင်ဖေငယ် ရဲ့ စကားကိုတော့ နားထောင်တတ်သည် ။ ဒါပေမယ့် မောင်မောင်တုတ် တစ်ယောက် ဆိုးဗွေများ ပါလာလေရော့သလား မသိ ။ ပြောတုန်းဆိုတုန်း ခဏသာ ။ နောက်ကွယ်က ဆိုးမြဲ ဆိုး ၊ တေမြဲ တေလျက်ပဲ ။

မောင်မောင်တုတ် ၏ စော်ကားမော်ကားများ ခံထားရပြီး ဖြစ်သည့် ရွှေလှံဗိုလ် ကမူ တစ်ဖက်လူ၏ အမှားကို စောင့်နေ၏ ။ အဆင်းတွင် တွန်းရန် ကြံစည်နေသည် ။ ရွှေနန်းတော် တွင်း၌ကား အုပ်စုလုပွဲကြီး ကျင်းပနေ၏ ။ တိုင်တားမင်းကြီး နှင့် ကင်းဝန်မင်းကြီး ဦးကောင်း တို့ ဂိုဏ်းများပင် ဖြစ်၏ ။ အာဏာကလေး နည်းနည်းရဖို့အတွက် တစောင်စောင် တမာန်မာန် ရှိနေကြသည် ။

ရနောင်မောင်မောင်တုတ် ၏ ရမ်းကားမှုများဟာ တစ်နေ့တခြား များပြားလာ၏ ။ လွှတ်တော် ၊ ဗြဲတိုက်တော်သို့ တိုင်စာများ ပလူပျံအောင် ရောက်ရှိလာသည် ။ ဒါက ရိုးရိုးဟုတ်ဟန် မတူ ၊ တစ်ယောက်ယောက်ကများ ဉာဏ်ကူထားရော့သလား မသိ ။ သည်ကြားထဲ နန်းတွင်းရေး ရှုပ်ပါတယ်ဆိုမှ ရှင်းမရနိုင်တဲ့ ပြဿနာတစ်ခု ဖြစ်လာသေးသည် ။ ဒါကလည်း ဘုရင်သီပေါ ရဲ့ အချစ်ရေးပဲ ။

တစ်နေ့ သီပေါမင်းတစ်ယောက် နန်းတော်ထဲကထွက်ပြီး ရနောင်မင်းသား ထံ အလည်သွား၏ ။ ရွှေနန်းတော်ရဲ့ အပြင်ဘက်ကို သီပေါမင်း ဟာ ထွက်စံလေ့ စံထ မရှိဘူး ။ ထွက်စံလေ့ ရှိသည့်တိုင်အောင် ခပ်ဝေးဝေးကို မသွားဘူး ။ အဲဒီနေ့ကတော့ ရွှေနန်းတော်နဲ့ အတော်လှမ်းတဲ့ ရနောင်မင်းသား အိမ်ကို သွားတာပဲ ။ အိမ်ရောက်တော့ စကားစမြည် ပြောကြ၏ ။ ဒါကလည်း သိပ်မကြာပါဘူး ။ ခဏတစ်ဖြုတ်ပါပဲ ။ သီပေါမင်းတရားကြီးက ရနောင်မင်းသား ကို သိပ်ချစ်ဟန် တူပါရဲ့ ။ သည်လို နှစ်ယောက်တည်း စကားပြောကြတဲ့အခါ ဘုရင်သီပေါ ဟာ ရိုးရိုးအရပ်သား ဖြစ်သွားတော့တာပဲ ။ ရနောင်မင်းသား ကို ဖက်လဲတကင်း ပြော၏ ။ ခေါင်းခေါက်ထိပ်ပုတ် နေတတ်သည် ။ ရယ်စရာတွေ့ရင်လည်း ဟက်ဟက်ပက်ပက် ရယ်လိုက်သည် ။ ဘုရင်ဆိုတဲ့ ရာဇဣန္ဒြေ မရှိသလောက်ပါပဲ ။

သည်လို အခွင့်သာ အရေးပေးနေတဲ့ အချိန်မှာ ရနောင်မင်းသား က သူဖြစ်စေချင်တာကို ဘုရင်ကို လျှောက်၏ ။ သီပေါဘုရင် ကို မိဖုရားကြီးရဲ့ ဩဇာခံလို့ပြက်ရယ်ပြု၏ ။ မိဖုရားနဲ့ ပတ်သက်လို့ မထိတထိလည်း ကလိ၏ ။

“ ဖခမည်းတော် မင်းတုန်းမင်းတရားကြီးမှာ မိဖုရား ငါးဆယ် ရှိသည် ။ ဒါကလည်း တရားဝင် ၊ တရားမဝင်တာတွေရော ရောရေလိုက်ရင် မနည်းဘူး ။ အရှင်ဘုရားမှာတော့ ဘယ်မှာလဲ မယား ငါးဆယ် ၊ ငါးဆယ် မပြောနဲ့ ငါးယောက်တောင် မရှိဘူး ။ ဟော … ကျွန်တော်တို့တောင် ကိုယ်လုပ်တော် တစ်ပြုံကြီး ထားသေးတာ ၊ ကိုယ်တော်က ဘုရင်ပဲ ။ ဘုရင့်စည်းစိမ်နဲ့ နေစမ်းပါလို့လည်း ” ပြောဟန်တူပါရဲ့ ။ သီပေါဘုရင်ဟာ အတော် သွေးကြွလာ၏ ။ သွေးသားဆူဖြိုးစ အရွယ်မို့လည်း မိဖုရားကြီး တစ်ပါးတည်းနဲ့ စံစားရတာ သိပ်အရသာတွေ့ရဟန် မရှိဘူး ။ သည်တော့ အသစ်ကျပ်ချွတ်ကလေးတွေကို ရှာချင်ဟန် တူလာရဲ့ ။ ရနောင်မင်းသား ပြောတာတွေကို ရယ်မောတန် ရယ်မော၏ ။ ခေါင်းညိတ်တန် ခေါင်းညိတ်၏ ။ စကားပြောနေရင်းပဲ ရနောင်မင်းသား က နေရာက ရုတ်ခနဲ ထသွား၏ ။

မကြာပါဘူး ။ အခန်းထဲ ပြန်ဝင်လာ၏ ။ သူနဲ့အတူ မိန်းမပျို တစ်ဦးလည်း ပါလာ၏ ။ သည်မိန်းမပျို က အတော်လှတယ်လို့ ဆိုသည် ။ သူက တခြားသူတော့ မဟုတ်ဘူး ။ မိဖုရားခေါင် အဂ္ဂမဟေသီ ဘိသိက်ပွဲတုန်းက ပါသေးသည် ။ ဘိသိက်တော်ဆက်သူ သမီးကညာ ခုနှစ်ယောက်ထဲမှာ ပါသည် ။ ဒိုင်းဝန်သမီး ခင်ခင်ကြီး ပဲ ။ အသက်က ( ၁၇ ) နှစ် ပဲ ရှိသေးသည် ။ လှလိုက်တာမှ စကားပွင့်ဖူးလို နုထွတ်နေ၏ ။ ဝိုင်းနေတဲ့ မျက်လုံးလေးတွေ ၊ သွယ်ပျောင်းနေတဲ့ လက်ချောင်းကလေးတွေဟာ ထိလိုက်ရင် ပဲ့ကျသွားမလို ထင်ရသည် ။

ဒိုင်းခင်ခင် ကိုလည်း မြင်လိုက်ရော သီပေါဘုရင် ဟာ ဘာကိုမှ မစဉ်းစားနိုင်တော့ဘူး ။ ချစ်ချင်တဲ့ စိတ်တွေ တဖွားဖွား ပေါ်လာတယ် ထင်ပါရဲ့ ။ အမူးအရူးပဲ ။ ရနောင်မင်းသား က သူတုိ့နှစ်ယောက်ကို အခန်းထဲမှာ ထားခဲ့ပြီး အပြင်ကို လစ်ထွက်သွားသည် ။ သည်အချိန်မှာ သီပေါဘုရင် ဟာ ရာဇဣ‌ေန္ဒြ ဆိုတာ မရှိတော့ဘူး ။ ရွှေနန်းတော်ကြီးကို မေ့သွားသည် ။ လောကကြီးကို မေ့သွားသည် ။ သူ အလွန်ကြောက်ရသည့် မိဖုရားခေါင်ကြီး စုဖုရားလတ် ကိုတောင် သတိမရတော့ဘူး ။ ဒါကလည်း တဒင်္ဂပါ ။

အချိန်တန်တော့ နန်းတော်ကို ပြန်သတိရလာ၏ ။ စုဖုရားလတ် ရဲ့ မျက်နှာတော်ကို မြင်ယောင်လာသည် ။ စုဖုရားလတ် ရဲ့ မျက်နှာတော် မြင်လာတော့ သူ ဘာလုပ်နေတယ်ဆိုသည်ကို သတိရလာ၏ ။ မိဖုရားကြီး မကြိုက်နှစ်သက်ဆုံးသော အလုပ်ကို လုပ်မိပြီ ဆိုတာကိုရော သူသိလာရ၏ ။ သိပင် သိငြားသော်လည်း နောက်တော့ မဆုတ်တော့ပြီ ။ နောက်ဆုတ်လို့ကလည်း မဖြစ်တော့ ။ အလိုလိုနေရင်း နောင်တော် ရနောင်မင်းသား က မယားကြောက်လို့ နှိမ်နေရတဲ့အထဲ ခုလို ကိစ္စကြီး ဖြစ်လာမှတော့ နောက်ဆို ပိုပြောတော့မည် ။ ကလိတော့မည် ။ ခက်သည်က မိမိကိုယ်နှိုက်ကလည်း ဒိုင်းခင်ခင် ရဲ့ အလှမှာ မေ့မူးစေခဲ့ပြီ ။ သည် မက် မောစရာကောင်းတဲ့ ဒိုင်းခင်ခင် ကိုမှ ပစ်ပယ်ရင် ငါ့လောက် မိုက်တဲ့လူ ကမ္ဘာမှာ ရှိအံ့လောလို့လည်း တွေးမိဟန် တူပါရဲ့ ။ မိမိအနားမှာ ဒိုင်းခင်ခင် မပြတ်ခစားဖို့အတွက် သီပေါမင်း ဟာ ရနောင်မင်းသား ကို တာဝန်လွှဲလိုက်သည် ။

နဂိုထဲက ကြံစည်ထားတဲ့ ကိစ္စဆိုတော့ သည်ကိစ္စကို လွယ်လွယ်ကလေးပဲ ရနောင်မင်းသား က ဖန်တီးပေးလိုက်သည် ။ မိန်းမက ယောက်ျားအသွင်နဲ့ ရုပ်ပြောင်းရုပ်လွှဲ လုပ်ပေးလိုက်၏ ။ ထဘီအစား ပုဆိုး ပြောင်းဝတ်၏ ။ ပြီးတော့ ဆံထုံးကို ပြင်ထုံးလိုက်သည် ။ သည်အချိန်က ယောက်ျား နှင့် မိန်းမ တို့သည် တစ်ပုံစံတည်းလိုလိုဖြစ်၍ ရုပ်ပြောင်းရုပ်လွှဲ လုပ်ရသည်မှာ မခဲယဉ်း ။

လည်ပင်း မှ ဆွဲကြိုး ၊ လက်ကောက် များ ဖြုတ်ထားလိုက်သည် ။ ဆံပင်မှ ပန်းများကို ဖြုတ်ထားလိုက်၏ ။ နံ့သာများ လိမ်းကျံခြယ်မှုန်းထားတဲ့ မျက်နှာကိုလည်း ဆေးကြောပစ်စေ၏ ။ ယောက်ျားအင်္ကျီ နှင့် ပုဆိုးကို ဝတ်ပေး၏ ။ ပခုံးတွင် ဓားတစ်ချောင်းကို လွယ်ပေးထားသည် ။

ဤသို့ဖြင့် ဒိုင်းခင်ခင် ကို နန်းတော်အတွင်းသို့ တိတ်တဆိတ် ခေါ်ထားခဲ့၏ ။ နန်းတော်တွင်း လူပျိုတော်သားတွေနေသည့် အဆောင်မှ အခန်းတစ်ခန်း၌ ထားသည် ။ သည်အရေးအခင်းကို စပြီး ဖန်တီးပေးသူက ရနောင်မောင်မောင်တုတ် ပင် ဖြစ်သည် ။ ဇာတ်ဆရာအဖြစ် လည်းကောင်း ၊ ကြိုးဆွဲအဖြစ် လည်းကောင်း တစ်ယောက်တည်းဖြင့် တစ်ဇာတ်လုံးကို ကရန် အားယူနေသည် ။

သည်အကြောင်းကို ဘယ်သူမှ မသိ ။ တစ်နန်းတော်တွင်းလုံး မိဖုရားကြီး အား မျက်နှာလုပ်ချင်သည့် ပါးစပ်ပေါက်များ ရှိ၏ ။ သို့ပေမယ့် ဘယ်သူမှ သည်ကိစ္စကို မသိ ။ မသိဆို သည်ကိစ္စကို ဦးဆောင်နေသူကလည်း ရနောင်မောင်မောင်တုတ် ပေကိုး ။ သူ့အကြံအစည် အောင်မြင်ခါနီးပြီမို့ အကျေနပ်ကြီး ကျေနပ်နေသည် ။ သည်ကိစ္စကို ရနောင်မင်းသား နှင့် ဒိုင်းခင်ခင် ၏ ဖခင် ကန္နီအတွင်းဝန် တို့ ပူးပေါင်းကြံစည်တာပဲ ။ ဘယ်သူကမှ မကြံရဲတဲ့ အကြံပဲ ။

သီပေါဘုရင် ကိုယ့်ဘက်ပါအောင် ဆွဲယူရမည်မှာ ရိုးရိုးတန်းတန်း မလွယ်ကူပေမယ့် ဒိုင်းခင်ခင် နှင့် မျှားရင် ရလိမ့်မယ်လို့ ထင်ဟန်ရှိသည် ။ မင်းတရားကြီး ကိုယ့်ဘက်ပါလာရင် မိဖုရားကြီး ၏ ဩဇာအရှိန် ကျဆင်းသွားအောင် အစွမ်းကုန် ကြိုးစားရမည် ။ အလွန်တရာ ချောမောပြီး ပါးနပ်လှသည့် ဒိုင်းခင်ခင် သည် သည်ကိစ္စလေးလောက်ကို အလွယ်ပဲ လုပ်နိုင်မယ်လို့ ရနောင်မင်းသား က တွက်ထားဟန်တူသည် ။ အခွင့်အလမ်းပေါ်လာသည်နှင့် မိဖုရားကြီးကို တစ်ခါတုန်းက သူ့အစ်မတော်ကို ဖယ်ရှားပစ်သလို ဖယ်ရှားပြီး ဒိုင်းခင်ခင်သာ မိဖုရားခေါင်ကြီး ဖြစ်ရမယ်လို့လည်း ကြံရွယ်ထားသည် ။ သည်အခါကျရင်တော့ သူတို့ လုပ်ချင်သလို လုပ်နိုင်ပြီ ။ ရွှေနန်းတော် တစ်ခုလုံး ထုံးလိုခြေ ရေလိုနှောက်နိုင်ပြီတည်း ။

◾မောင်ဖေငယ်

📖 ရနောင်မောင်မောင်တုတ်

koaungnaingoo.blogspot.com

.

သီပေါဘုရင် နှင့် ရနောင်မောင်မောင်တုတ် ( ၁ )


 

❝  သီပေါဘုရင် နှင့် ရနောင်မောင်မောင်တုတ်  ❞ ( ၁ )

၁၂၄၀ ပြည့် ၊ တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ ညနေ ( ၄ ) ချက်တီး ( ၂ ) မောင်း အချိန်တွင် အဂ္ဂမဟေသီ ဘိသိက်ခံပွဲ ကျင်းပလေတော့သည် ။ မှန်နန်းတော် ဘမရာသန ပလ္လင်ဆောင် မှာ ဖြစ်သည် ။

တောင်နန်းစံ မိဖုရားခေါင်ကြီးအဖြစ် ဘိသိက်ခံယူမယ့် မိုင်းနောင် စုဖုရားကြီး သည် မိဖုရားများ ဆင်သလေ့ရှိသည့် ဥဂ္ဂတ်တန်ဆာ ကို ဝတ်ဆင်ထားသည် ။ အခမ်းနား စ , စချင်းပဲ စုဖုရားကြီးသည် အရိုးကိုးတောင် အမြင့်ရှိသော နမဒဏ္ဏ မနောဟရ ထီးဖြူတော် အောက်ရှိ ဘမရာသန ပလ္လင်တော် ၏ မြောက်ဘက် မာရဘင်ပေါက် မှ ထွက်စံနေ၏ ။

သီပေါမင်းတရား ကလည်း မင်းဝတ်တန်ဆာ အစုံအညီနှင့် ပလ္လင်တော်၏ တောင်ဘက် မှ ထွက်စံတော်မူ၏ ။ မင်း မိဖုရား ပလ္လင်ပေါ်ရောက်သည်နှင့် ဝဲယာမှ ခစားနေကြတဲ့ မှူးမတ် သေနာပတိ အပေါင်းတို့က ကောင်းချီးဩဘာ ပေးကြရသည် ။ ရှေ့တော်ပြေး စည်တော်စုံ ရွမ်းသည် ။ အသင့် စောင့်ဆိုင်းနေကြသော ပုဏ္ဏားတော်များက အခါတော် ကြားလျှောက်ရ၏ ။ ဘမရာသန ပလ္လင်တော် ဝဲယာမှ ရပ်နေကြသူ ဘိသိက်တော်ဆက် ပုဏ္ဏားများက ဘိသိက်တော်ဆက်ရန် ပြင်နေကြသည် ။

အချိန်အနည်းငယ်အတွင်းမှာ ဘယ်သူမှ မမျှော်လင့်တဲ့ ဖြစ်ရပ်တစ်ခုက သမိုင်းကို တွင်သွားစေသည် ။ ဘိသိက်တော်ဆက် ပုဏ္ဏားများ ပြင်ဆင်နေဆဲမှာပင် ပလ္လင်တော်၏ မာရဘင်ပေါက် မှ မိဖုရားခေါင်ကြီးတို့သာ ဆင်ယင်ရသည့် ဥဂ္ဂတ်တန်ဆာ ဝတ်ဆင်ထားသည့် စုဖုရားလတ် သည် ဖျတ်ခနဲ ရောက်လာလေသည် ။

သီပေါမင်းတရား နှင့် အစ်မတော် စုဖုရားကြီး ကြားမှာ ဝင်ထိုင်ရင်းက ဘိသိက်တော်ဆက် ပုဏ္ဏားတွေကို ခပ်ငေါက်ငေါက် မိန့်ကြားလိုက်သည် ။

“ ပုဏ္ဏားတော်တွေ ဘောက် မဲ့ကြောင့် ငေးနေကြတာလဲ ၊ ဆောင်ရွက်ဖွယ်ရာ ကိစ္စကို ဆောင်ရွက်ကြလေ ” လို့လည်း ပြတ်သားရဲရင့်စွာ မိန့်လိုက်သည် ။ ကြောက်ရွံ့တဲ့ ပုဏ္ဏားတွေဟာ ဘိသိက်တော် ဆက်ကြရတော့သည် ။

သည်နည်းနဲ့ စုဖုရားလတ် သည် တောင်နန်းစံ မိဖုရားခေါင်ကြီးအဖြစ် ရခဲ့တာပဲ ။ သီပေါမင်း အဖို့လည်း တောင်နန်းစံ မိဖုရားခေါင်ကြီး နှစ်ပါးကို ပြိုင်တူ မြှောက်ပြီးသား ဖြစ်သွားတော့သည် ။ ရုတ်တရက် ထူးခြားသော ရှုခင်းကြောင့် မှန်နန်းတော် ဘမရာသန အဆောင်တော်အတွင်းမှာ ရှိတဲ့ မင်းပရိသတ် အပေါင်းသည် အံ့ဩဘနန်း ရှိသွားလေသည် ။ ရင်သပ်ရှုမော ဖြစ်ကြသည် ။ အုန်းအုန်းကျွက်ကျွက် ဖြစ်ကြရလေသည် ။ ပုဏ္ဏားတော်များက ဘိသိက်တော် ဆက်ပြီး နားခံတော်က ငွေပုရပိုက်တွင် ရေးသားထားသည့် ရတုပိုဒ်စုံ သုံးစုံကို ဖတ်လျှောက်သည် ။ စာဆိုနှင့်အညီ ရွေးချယ်ထားသည့် ဒိုင်းဝန်သမီး ခင်ခင်ကြီး အပါအဝင် မမြင့်လွန်း ၊ မနိမ့်လွန်း ၊ မဖြူလွန်း ၊ မညိုလွန်းသော သမီးကညာ ခုနစ်ယောက်က အောင်သပြေခက်နှင့် နံ့သာခွက် များ ကိုင်ပြီး ပူဇော်ပွဲများ ဆက်သသည် ။ သည်လိုနဲ့ ဘိသိက်ပွဲကြီး အောင်မြင်ပြီးမြောက်သွားသည် ။

ဤသို့ သီပေါမင်းသား မင်းအဖြစ်သို့ ရောက်သည်နှင့် မောင်မောင်တုတ် အား ချီးမြှင့်တော်မူလေ၏ ။ ဘုရင်လက်သုံးတော်ကိုင် မြောက်ထားဝယ်ဗိုလ်အဖြစ် ခန့်အပ်သည် ။ သာမန် အရပ်သားဘဝ မှ မောင်မောင်တုတ် အဖို့ မည်မျှ တန်ခိုးအာဏာ ကြီးမားသွားသနည်းဟူမူ သီပေါဘုရင် ညီလာခံခေါ်စဉ် အတွင်း၌ နန်းစဉ် အရိန္ဒမာလှံတော် ကို အမြဲကိုင်ဆောင်ရသည် ။ ဘုရင့်နောင် ကျော်ထင်နော်ရထာ ဘွဲ့ကိုလည်း ချီးမြှင့်ခံလိုက်ရသည် ။ မင်းညီမင်းသား အခွင့်အရေးနှင့် ရနောင်မြို့ကို စားရသည် ။

တစ်နွယ်ငင် တစ်စင်ပါ ဆိုသလို မောင်မောင်တုတ် ၏ ညီအရင်းဖြစ်သူ မောင်မောင်ပြောင်း မှာလည်း ပြင်းသာမြို့ကို စားရသည် ။ သူသည်လည်း မင်းညီမင်းသားတို့၏ အခွင့်အရေးကို ရရှိလာသည် ။ နောင်ခါတွင် ပြင်းသာမင်းသား မောင်မောင်ပြောင်း ဟူ၍ ခေါ်ကြသည် ။

အိမ်တော်ပါ လက်သုံးတော်ကြီးများ ၊ မြောက်ထားဝယ် သေနတ်ဗိုလ် ၊ တောင်ထားဝယ် သေနတ်ဗိုလ်များအပေါ်တွင် ရနောင်မင်းသား မောင်မောင်တုတ် ၊ ပြင်းသာမောင်မောင်ပြောင်း တို့က ဝဲလှည့် ယာလှည့် အုပ်ချုပ်ရသည် ။

မောင်ဖေငယ် မှာမူ ရွှေတိုက်စိုးအရာ နှင့် တောင်သမန်လယ် ကို စားစေသည် ။ စီးတော်မြင်းဝန် အဖြစ်လည်း သူကောင်းပြုခံရသည် ။ ရေမြင့် ကြာတင့် ဆိုသလိုပဲပေါ့ ။ ဒါတင် ဘယ်ကသေးမလဲ ။ သီပေါမင်း မင်းသားဘဝ နေစဉ်က ရင်းနှီးခင်မင်ခဲ့သော အိမ်တော်ပါများနှင့် သူတို့၏ နီးစပ်ရာ ပုဂ္ဂိုလ်များပါမကျန် အချီးအမြှင့် ခံရလေသည် ။

ယခုအခါ၌ ရွှေနန်းတော်တွင် မကြာခဏ တွေ့မြင်နေရသော မြင်ကွင်းမှာ ဘုရင်မင်းမြတ်သည် သူ၏ လူယုံတော် ရနောင်မင်းသား မောင်မောင်တုတ် နှင့် အမြဲတမ်း တတွဲတွဲ ရှိနေသော မြင်ကွင်းပင် ဖြစ်သည် ။ လူဆိုသည်ကား အဘယ်သူ တစ်ဦးတစ်ယောက်တလေမျှ အားလုံး ကောင်းပါသည်ဟူ၍ မရှိပေ ။ အားနည်းချက်ကလေးများကမူ ကိုယ်စီကိုယ်ငှ ရှိကြစမြဲပင် ။ သည်သို့နှယ်ပင် သာမန်အမျိုးအနွယ်မှ မင်းသားဘဝသို့ ရောက်ရှိလာသော မောင်မောင်တုတ် မှာလည်း ချို့ယွင်းချက်ကလေးများ ၊ အားနည်းချက်ကလေးများ အနည်းငယ် ရှိနေမည်မှာ မလွဲသော ဧကန်ပင် ။

ရနောင်မင်းသား သည် မန္တလေးရွှေမြို့တော် လမ်းတစ်လျှောက်တွင် မြင်းကို ဒုန်းစိုင်း၍ စီးလျက် လာရာမှ သူလာသည်ကို ဒူးတုပ်၍ အရိုအသေ မပြုသူများအား သူ၏ နောက်တော်ပါ ကျွန်ယုံများက ကြိမ်းမောင်း၍ ကြိမ်ဖြင့် ရိုက်တတ်လေသေးသည်ဟု ဆိုကြသည် ။ ပြတင်းဝတွင် ထွက်ပြူနေသော မိန်းမချောကလေး တစ်ဦးတစ်ယောက်ကို တွေ့မြင်ပြန်လျှင်လည်း အဆိုပါ မိန်းကလေး၏ မိဘများထံ ၎င်းအား ဆက်သရန် အတင်းအဓမ္မ တောင်းယူပြီး သူ၏ အိမ်တော်သို့ ခေါ်ဆောင်သွားတတ်လေ့ ရှိသည် ။

သည်ဖြစ်ရပ်ကလေးများက ရနောင်မင်းသား ၏ ဘဝထဲမှ အမည်းကွက်ကလေးများ ဖြစ်ပေသည် ။ သည်အမည်းကွက်ကလေးများက အတိအကျ မှန်ကန်သည် ၊ ရာနှုန်းပြည့် မှန်ကန်သည်လို့လည်း အသူက ပြောနိုင်ပါအံ့နည်း ။ ဒါကြောင့်ပဲ ထင်ပါရဲ့ ။ စုဖုရားလတ် အနေဖြင့် သီပေါမင်းသား အား ရနောင်မင်းသား နှင့် အကျွမ်းတဝင် ဖြစ်နေသည်ကို မရှုစိမ့်ဘဲ ရှိနေလေသည် ။ တစ်ခါတစ်ရံ သီပေါဘုရင် စိတ်လှုပ်ရှားလာသည့် အခါများ၌ လည်းကောင်း ဝိုင်အရက် နှင့် စကော့ ( ခ်ျ ) ဝီစကီ ကို သောက်တတ်အောင် သင်ပေးသူမှာလည်း ရနောင်မင်းသား ပင် ဖြစ်လေသည် ။

ဤသို့ဖြင့် မိဖုရားခေါင်ကြီးအဖြစ် ရောက်သွားခဲ့သည့် စုဖုရားလတ် သည် သီပေါမင်းသားကို သူတစ်ဦးတည်းပိုင် ချစ်ခွင့်အတွက် စီမံကိန်းတစ်ခု ပြုလုပ်လိုက်သည် ။ မိဖုရားခေါင်ကြီး နေရာဖြစ်သော နန်းမတော် အဆောင်တော်ကြီးကို စုဖုရားကြီးအား စံမြန်းစေရန် မယ်တော် ဆင်ဖြူမရှင် မိဖုရားကြီးက စီစဉ်ပေးခဲ့သည် ။ ဒါကို ဘိသိက်ပွဲအပြီးမှာ စုဖုရားလတ် က သူ၏ အစ်မတော် မနေနိုင်စေရန် အမျိုးမျိုးသော နည်းများဖြင့် အနှောင့်အယှက် ပြုသည် ။

သီပေါမင်းသား စုဖုရားကြီး ၏ အဆောင်တော်သို့ မသွားနိုင်စေရန် နေ့ , ညဉ့်   အလစ်မပေးဘဲ အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေ၏ ။ ချစ်တဲ့စိတ်ထက် မနာလိုတတ်သည့် စိတ်ကများ အလေးသာနေရော့သလားလို့ ထင်မိပါရဲ့ ။ ညီအစ်မအရင်းချင်းတောင် လင်ကို တစ်ဦးတည်း မူပိုင်လုပ်ချင်တဲ့ စုဖုရားလတ် ပါပဲ ။ တခြားသူများဆို ခက် , ခက်ရချည်သေးရဲ့ ။

သီပေါမင်း ကလည်း ငယ်ကြောက်ဆိုတော့ မပြောသာ ။ ဗွေသဖန်းမှာ ရေဖျန်းငယ် အတူခံပြီး ဘိသိက်သွန်းခဲ့သည့် မိဖုရားခေါင်ချင်း အတူတူ ဖြစ်သော်လည်း စုဖုရားကြီး အား မျက်နှာသာ မပေးရဲ ။ ဘုရင်ကိုယ်နှိုက်ကလည်း ကြောက်နေရတော့ ခက်နေတော့တာပေါ့ ။ သည်လိုနှင့် နောက်ဆုံးမှာ စုဖုရားကြီး လည်း တောင်နန်းစံ နန်းမတော်ကြီး အဆောင်ကိုစွန့်ပြီး မယ်တော်ဆောင် ကို ပြောင်းရွှေ့သွားရတော့သည် ။

ဒါတွေကို အဘက်ဘက် မှာ စီမံကိန်းချပြီး စီမံခဲ့တဲ့ မယ်တော် ဆင်ဖြူမရှင် မိဖုရားကြီး လည်း ဘာမှ မတတ်နိုင်တော့ဘူးပေါ့ ။ မိဖုရားခေါင်ကြီး ဖြစ်လာသည့် သမီးတော် စုဖုရားလတ် အပေါ်မှာလည်း အရင်လို ဩဇာမညောင်းတော့ဘူး ။ ပြောမကောင်း ဆိုမကောင်းတော့ဘူး ။ သည်တော့ စိတ်ပျက်လာတာပေါ့ ။ သည်နေရာမှာ စုဖုရားလတ် က တစ်မျိုး ထွင်လာပြန်သည် ။

သီပေါမင်း နှင့် တိုင်းပြည် ကို အာရုံပြောင်းလိုက်တာပဲ ။ မိမိဘက်ကို လှည့်နေတဲ့မြားဦးဟာ တခြားတစ်နေရာကို ရောက်သွားအောင်ပေါ့ ။ အခက်အခဲထဲမှ ရုန်းထွက်နိုင်အောင် ကြံရည်ဖန်ရည်ရှိသည့် မင်းသမီးပဲ ။ တိုင်းပြည်က မိမိအပေါ် တစ်မျိုးမြင်နေတာကို ပြောင်းလဲ သွားအောင် ဖန်တီးလိုက်တာပါပဲ ။ အတုယူဖို့ ကောင်းတယ်ပေါ့ ။

တန်ဆောင်မုန်း လဆုတ် ဆယ်ရက်ကစပြီး နတ်တော်လကွယ်နေ့အထိ ဆယ့်ကိုးရက် လုံးလုံး နန်းတော်တွင်းနှင့် နေပြည်တော် တစ်ခွင်လုံးမှာ ပွဲလမ်းသဘင် မပြတ်ကျင်းပစေသည် ။ နေရာတိုင်းမှာ ပွဲ ၊ အငြိမ့် ၊ ဇာတ်သဘင် ၊ ရုပ်သေး စသည်တို့ရဲ့ အသံတွေဟာ ဖိမ့်ဖိမ့်တုန်နေသည် ။ ပျော်မှုရွှင်မှုကို ပေးထားပေမယ့် သွားလာလှုပ်ရှားသည့် ပြည်သူပြည်သားများရဲ့အသွင်ပြင်တွေက ပျော်ရွှင်မှု မရှိ ။ စားရေး ၊ နေရေး ၊ ဝတ်ရေး ခက်လှသည့်အထဲ ပွဲလမ်းသဘင်တွေ နင်းကန် ကျင်းပနေတော့ အပိုတွေ ကုန်တာပေါ့ ။ သည်တော့ သည်အတွက် အပိုငွေ ရှာရဖွေရနဲ့ ပြည်သူတွေ အတော် ဒုက္ခရောက်ကြရသည် ။ ခိုးမှု ၊ တိုက် မှုတွေကလည်း မနည်းပါဘဲ ။ သည်မင်းတက်လာမှ ဒုစရိုက် မှုတွေ ပိုပေါလာတယ်လို့ ဆို၏ ။ မကောင်းမှုတွေနဲ့ အသက် မွေးကြတဲ့ လူတွေလည်း အတော် များလာသည် ။ မင်းမြှောင် မင်းကပ်ပါးတွေလည်း အတော် စားသာနေကြလေရဲ့ ။ ရွှေနန်းတော်ရဲ့ အတွင်းရေးတွေကလည်း ပိုပြီး ရှုပ်ထွေးလာနေသည် ။

သည်လို ဆိုင်းသံ ဗုံသံတွေ ဖုံးလွှမ်းနေတာကို ကြေးတိုက်အတွင်းက ဖမ်းဆီးခံနေရသည့် မင်းသားတွေအဖို့တော့ အမင်္ဂလာ အသံပါပဲ ။ သည်တစ်ကြိမ်တော့ မင်းသားတွေနဲ့အတူ မယ်တော်တွေလည်း ပါလာသည် ။ သူတို့ရဲ့ အဆက်အနွယ်တွေလည်း ပါလာ၏ ။ ဆွေမျိုး မကင်းသူများလည်း အဖမ်းခံထားရလေသည် ။ သုံးဆယ်မင်းသား ဦးရီးတော် ၊ ဗန်းမော်အတွင်းဝန် ဦးဘိုး ၊ ရနောင်မင်းသား ၏ ဦးရီးတော် ရေနံ့သာမြို့စား ဦးရွှေအောင် ၊ တပယ်မြို့စား မင်းသား မောင်မောင်ဘ ၊ မြင်းစုဝန်ကြီး ဦးတက်တူ ၊ ရန်ကုန်ဝန် ဦးအုပ် စသည်တို့နှင့် ကျေးကျွန်တော်များ ဖြစ်သည် ။

‘ သူတည်းတစ်ယောက် ကောင်းဖို့ရောက် မူ သူတစ်ယောက် မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း ’  ဆိုတဲ့ ရှေးပုဂံခေတ်က အနန္တသူရိယအမတ် ၏ သေအံမူးမူး စပ်ဆိုခဲ့သည့် သံဝေဂ လင်္ကာဟာ သည်မင်းသားတွေအတွက် စပ်ခဲ့သည်လို့ ဆိုရမှာပါပဲ ။ ဒါမှမဟုတ် သီပေါ တစ်ယောက် ကောင်းဖို့ရောက် မူ မင်းသားများမှာ ပျက်လင့်ကာသာ ဓမ္မတာတည်းလို့ပဲ ဆိုရမလားပဲ ။

အပြင်လောကမှ ဝင်လာတဲ့ ဆိုင်းသံ ဗုံသံများဟာ ကြေးတိုက်အတွင်းမှာ ပဲ့တင်သံ ထပ်နေလေသည် ။ မက္ခရာမင်းသားကြီး နဲ့ သုံးဆယ်မင်းသားမှာ စိတ်ထက်သည့် လူများပီပီ အံတကြိတ်ကြိတ် လက်သီးတဆုပ်ဆုပ် ရှိနေသည် ။

ကြေးတိုက်ဘေးတွင် ကာရံထားသော သစ်တိုင်များကိုလည်း မော့ကြည့်နေပြီး သက်ပြင်းတချချ ဖြစ်နေရှာသည် ။ သုံးဆယ်မင်းသား မှာ ကိုယ်ခန္ဓာ အဆစ်ကျနလှပြီး စိတ်ကလည်း ထက်သူဖြစ်သည် ။ သစ်တပ်ဘေးတွင် စင်္ကြံလျှောက်နေရာမှ တစ်စုံတစ်ရာကို တွေးမိဟန်ဖြင့် သစ်တပ် အပြင်ဘက်သို့ မော့ကြည့်လိုက်သည် ။ အပြင်ဘက် မှာ မှောင်နှင့် အတိ ။ ဟိုးအဝေးမှာသာ ကြယ်ကလေး တစ်ပွင့်စ နှစ်ပွင့်စက လူ့လောကအား ခေါင်းပြူကြည့်နေသည် ။ ဘေးပတ်ဝန်းကျင်မှာလည်း ဘာသံမှ မကြားရ ။ အစောင့် ရဲမ က် များ၏ အသံဗလံများလည်း မကြားရ ။ အဝေးတစ်နေရာမှ ခွေးများ၏ အူသံများကို ခပ်သဲ့သဲ့ ကြားလာရနေသည် ။ ငယ်ရွယ်လှသော ညီတော်လေးများနှင့် သားတော် ၊ သမီးတော်လေးများကို ကြည့်လိုက်ရင်းက သုံးဆယ်မင်းသား မှာ တောင်ရှည်ပုဆိုးရှည်ကို အောက်ပိုးကျိုက်လိုက်သည် ။ ဘေးမှာရှိနေသော မယ်တော်များနှင့် နောင်တော် ညီတော်များမူ သုံးဆယ်မင်းသား ကို ဝိုင်းကြည့်နေကြသည် ။

သုံးဆယ်မင်းသား မှာ တစ်စုံတစ်ရာကို ဆုံးဖြတ်လိုက်ပြီး နောက်သို့ အနည်းငယ် ဆုတ်လိုက်သည် ။ သည့်နောက် တစ်ရှိန်ထိုး ခုန်ထွက်လိုက်၏ ။ ပေါ့ပါးစွာပင် ကြေးတိုက်ကို ကာထားသည့် သစ်တိုင်များကို လွှားခနဲ ပျံထွက်သွား၏ ။ သစ်တပ် ၏ အပြင်ဘက်သို့လည်း တစ်မုဟုတ်ချင်း ရောက်ရှိသွားလေသည် ။ ကြေးတိုက်တွင်းမှာ ကျန်ခဲ့သော မင်းသား ၊ မင်းသမီးများနှင့် မယ်တော်များမှာ အံ့ဩဘနန်းဖြစ်ကာ ကျန်ရစ်ခဲ့သည် ။

အပြင်ရောက်သွားသော သုံးဆယ်မင်းသား အဖို့ဝယ် မိမိတစ်ဦးတည်း လွတ်သွားပေမယ့် သံယောဇဉ်များ နှောင်တည်းနေသဖြင့် လည်းကောင်း ၊ တစ်ကိုယ်ကောင်း မကြံလိုသော စိတ်ဖြင့် လည်းကောင်း အပြင်ရောက် မှ အတွင်းသို့ လွှားခနဲ ပြန်ခုန်ဝင်လာသည် ။ သည့်နောက် အတွင်းရှိသူ အားလုံး အံ့အားသင့်နေဆဲမှာပင် အနီးရှိ ညီငယ် ပင်းယမင်းသား ကလေးအား ထမ်းလိုက်ပြီး သစ်တပ်အပြင်သို့ ခုန်ထွက်လိုက်ပြန်သည် ။ သည်တစ်ကြိမ်တွင်မတော့ ပထမအကြိမ်ကလို လွတ်လွတ်ကျွတ်ကျွတ် မအောင်မြင်တော့ချေ ။ ဖြစ်ချင်တော့ အောက်ပိုးကျိုက်ထားသော မင်းသားကြီး၏ ပုဆိုးမှာ လမ်းခုလတ်တွင် ပြေသွား၏ ။ သည်တွင် သစ်တိုင်စွန်းနှင့် ငြိပြီး ညီတော်လေးအား ပွေ့လျက်သား ရှိနေ၏ ။ အထက်လည်း မရောက် အောက်လည်း မရောက်နှင့် သစ်တိုင်များပေါ်ဝယ် ကန့်လန့်ကြီး ဖြစ်နေသည် ။ သည်အဖြစ်ကို အောက် မှ ကြည့်နေသူများက အသည်းတထိတ်ထိတ် ရှိလှ၏ ။ တောင်ရှည်ပုဆိုးမှာ အလယ်ကွဲကာ သစ်တိုင်ကို လျှိုထိုးထားသလို ဖြစ်နေသဖြင့် မင်းသားကြီးခမျာ မလှုပ်နိုင် မရှားနိုင် ဖြစ်နေ၏ ။ တစ်ဖက်ကလည်း ပင်းယမင်းသား ကလေးအား လွတ်မသွားစေရန် ထိန်းထားရသေးသည် ။ မယ်တော်များနှင့် သမီးတော် ၊ ညီမတော်ငယ်များ၏ ထိတ်လန့်တကြား အော်ဟစ်သံများလည်း ပေါ်ထွက်လာ၏ ။ တိတ်ဆိတ်သော ဝန်းကျင်ကို ပျံ့နှံ့စေ၏ ။ ခက်ကုန်ပြီ ၊ ခုမှ ဘာတတ်နိုင်ကြမလဲ ။ ဘာရော လုပ်နိုင်ကြမလဲ ။ နောင်တော် သုံးဆယ်မင်းသားကြီး ၏ အဖြစ်ကို မြင်နေရသော ညီငယ်များမှာ ဘာလုပ်ရမည်ကို မသိတော့ပြီ ။ မည်သို့မည်ပုံ ကူညီရမည်ကိုလည်း အပြေးအလွှား စဉ်းစားနေကြ၏ ။ ကြေးတိုက် အစောင့်များကလည်း အတွင်းမှ အော်ဟစ်သံများ ကြားရသဖြင့် သစ်တပ်ပတ်လည်ကို လိုက်လံကြည့်ရှုတော့သည် ။

ဟော … တွေ့ပြီ ၊ သစ်တပ်ပေါ်မှာ တန်းလန်းတန်းလန်းနှင့် ဘယ်မင်းသားမှန်းတော့ မသိ ။ သူ့ရင်ခွင်ထဲမှာလည်း မင်းသားငယ် တစ်ပါး ။ သူတို့ ထွက်ပြေးဖို့ ကြံစည်တာ ဖြစ်နိုင်သည် ။ သည်လိုနှင့် သစ်တပ်ကို လှေကားထောင်ပြီး တက်ကြည့်ရာတွင် သုံးဆယ်မင်းသားကြီး နှင့် ပင်းယ မင်းသားကလေးကို တွေ့ရတော့သည် ။ သည်လိုနှင့် မင်းသားကြီး ကို သစ်တပ်ပေါ်မှ သယ်ချပေးခဲ့သည် ။ သည့်နောက်ရက် များ မလွယ်တော့ ။ ခါတိုင်းဆို မင်းသားများကို ညဉ့် တစ်ချက် မတီးမီ သစ်တပ်အနီးတွင် အညောင်းပြေ လမ်းလျှောက်ခွင့် ပေးသေး၏ ။ ခုဆို မလွယ်တော့ ။ ကြေးတိုက်ကြီး အတွင်းမှာသာ အလုံပိတ်ထားပြီး ခါတိုင်းထက်ပင် ကျပ်ကျပ်တည်းတည်း စောင့်ကြ၏ ။ အစောင့်အရှောက်ကိုလည်း ပိုမို တင်းကျပ်ထားတော့သည် ။

သုံးဆယ်မင်းသားကြီး ၏ သတင်းသည် နန်းတော်အတွင်း၌ ပျံ့နှံ့သွားလေသည် ။ အံ့ဖွယ်သူရဲ မမြင်ဘူး မကြားဘူးလောက်အောင် စွန့်စားတဲ့ သတင်းပဲ ။ ကြားရတဲ့သူ အပေါင်းက တအံ့တဩ ရှိကြသည် ။ ဟိုနား တီးတိုးပြောနေသည်ကလည်း သည်အကြောင်း ၊ သည်နား တီးတိုးပြောနေသည်ကလည်း သည်အကြောင်း ။ ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေကြပါ လေရဲ့ ။

သည်အချိန် အနည်းငယ်မှာပဲ အဖမ်းခံ မင်းသား ၊ မင်းသမီးတွေအတွက် အပြောင်းအလဲ တစ်ခု ဖြစ်လာပြန်သည် ။ သီပေါမင်းသား သည် သူ၏ မယ်တော် လောင်းရှည် မိဖုရားကြီးအတွက် သီးသန့်စံအိမ်တော် တစ်ခု တည်ဆောက်ပေးသည် ။ သည်စံအိမ်ကို အိမ်ဖြူတော် ဟုလည်း ခေါ်သည် ။ ဖြစ်ချင်တော့ မယ်တော်မိဖုရား စံမြန်းမည့် အိမ်ဖြူတော် ထိပ်ဦးတွင် ကြေးတိုက် ရှိနေသည် ။ သည်ကြေးတိုက်ထဲတွင် မင်းသားအများနှင့် မယ်တော်များကို ဖမ်းဆီးချုပ်နှောင်ထား၏ ။ မယ်တော် မိဖုရားကြီးအတွက် အိမ်ဖြူတော်လည်း တည်ဆောက်ပြီးပြီ ။ အိမ်ဖြူတော်သိမ်း အခမ်းအနား ပြုလုပ်ကျင်းပရန်သာ လိုတော့သည် ။

သည်တော့ ကြေးတိုက်အတွင်း ချုပ်နှောင်ထားသော မင်းသားများ ၊ မယ်တော်များကို တစ်နေရာသို့ ပို့ထားရတော့မည် ။ သူတို့ကို အကျယ်ချုပ်ထားရန် တည်ဆောက်နေသည့် အုတ်ဝင်းကြီးကလည်း မပြီးသေး ။ သည်အုတ်ဝင်းကြီး ပြီးဆုံးသွားရင်တော့ အကြောင်းမဟုတ် ။ မယ်တော် မိဖုရားကြီးကလည်း နားပူနားဆာ လုပ်လှပြီ ။ သူ့ဘာသာသူ အေးအေးဆေးဆေး သီးသီးသန့်သန့် နေချင်ပြီ ဆိုပဲ ။ သည်လိုနှင့်တော့ မဖြစ်သေး ။ အကျဉ်းခံ နောင်တော်များနှင့် မယ်တော်များကို ထောင်ကြီးအတွင်းမှာ ခေတ္တ ပြောင်းချုပ်နှောင်ထားရင် ကောင်းလိမ့်မည် ။ ဒါမှလည်း အဆင်ပြေမှာပေါ့ ။ သည်အရေးကို တာဝန်ယူရသူကား သီပေါမင်း ၏ လက်စွဲတော် ရနောင်မင်းသား မောင်မောင်တုတ် ပင် ဖြစ်သည် ။

သည်တွင် ရနောင်မောင်မောင်တုတ် အဖို့ နောင် ရာဇဝင်တွင် အမည်းစွန်းစေမည့် သွေးမြေကျမှုကြီးကို ဦးဆောင်ရတော့သည် ။ ရနောင်မောင်မောင်တုတ် သည် ထိုညနေအဖို့ မိမိ၏ မယား တစ်ရာကျော်ထံ မပြန်တော့ဘဲ သီပေါမင်း ၏ အမိန့်တော်ကို ဦးထိပ်ရွက်ကာ စီစဉ်စရာများကိုသာ စီစဉ်နေတော့သည် ။ မင်းသားများကို ကြေးတိုက်အတွင်းမှ ထောင်ကြီးဆီသို့ ပို့တော့မည် ။

ကြေးတိုက် အပြင်ဘက်တွင် ရဲမက်တပ်သား တစ်ရာကို ဝိုင်းထားစေသည် ။ သည့်နောက် ရမောင်မောင်မောင်တုတ် သည် ကြေးတိုက်အမှုထမ်းများ ခြံရံပြီး ကြေးတိုက်အတွင်းသို့ ဝင်သွား၏ ။ ရနောင်မင်းသား နှင့်အတူ အဝှန်းမောင်မြို့ ဆိုသူလည်း လိုက်ပါသွားသည် ။ သည့်နောက် မင်းသား ၊ မင်းသမီးများကို သုံးပါးတစ်တွဲ ၊ လေးပါးတစ်တွဲ တွဲပြီး , တွဲပြီး လက်ပြန်ကြိုး တုပ်လိုက်၏ ။ ကြိုးတုပ်ပြီးသော မင်းသား မင်းသမီးများကို အပြင် ခေါ်ထုတ်သွားစေသည် ။ သည်အရေးအခင်းကို ရနောင်မောင်မောင်တုတ် ကပဲ ခေါင်းဆောင်သည် ။ ကြီးကြပ်တည်းဖြတ် ညွှန်ကြားမှုပေး၏ ။

ခေါ်ထုတ်လာသည့် မင်းသား မင်းသမီးများဘေးတွင် လက်နက်ကိုင်များ အထပ်ထပ် ရံနေသည် ။ သည်လိုနှင့် မင်းသားများတို့ကို လက် မရွံ့ထောင်ကြီးဘက်သို့ ခေါ်ဆောင်သွားသည် ။ ထောင်ကြီးရောက်တော့ မင်းသားများကို အလုံခန်းအတွင်း သွင်းထားသည် ။ အလုံခန်းဆိုသည်က လက်ယာသုံးတန် ရာဇဝတ် အကျဉ်းသားများကိုသာ ချုပ်နှောင်လေ့ရှိသည့် အခန်းပဲ ဖြစ်သည် ။ အနေအထားကလည်း မကျယ်လှဘူး ။ သည်တော့ သည်အခန်းထဲမှာ ပြွတ်သိပ်ခဲနေတော့တာပဲ ။ ညည်းညည်းညူညူ အသံတွေကလည်း ထွက်ပေါ်နေသည် ။

အစောင့်များကို အားထပ်ဖြည့်ထား၏ ။ ထောင်အမှုထမ်းများကို တင်းတင်းကျပ်ကျပ် စောင့်ရန် ရနောင်မောင်မောင်တုတ် က အမိန့်ပေးထားသည် ။ အကျဉ်းခံနေရသည့် ဘုရင့် သားတော်များထဲတွင် အရှိန်အဝါကြီးမားသည့် သားတော်ကြီးတွေကလည်း ပါရှိနေသေးသည် မဟုတ်လား ။

သည်အတွက် ထောင်ကိုဖောက်ပြီး သူတို့ကို ဝင်ကယ်လိမ့်မည်လို့ ရနောင် မောင်မောင်တုတ် က သတင်းရထားဟန် တူပါရဲ့ ။ ဒါကြောင့်မို့လည်း သည်လောက် များပြားသည့် အစောင့်တွေကို ချထားဟန်တူသည် ။ သည်လိုနှင့် ညဉ့် ပဟိုရ် တစ်ချက်တီးသံ ကြားရပေပြီ ။

‘ နောင် … ဒိုင်း ’ ဟူသည့် အသံနှင့်အတူ ဆူညံသော အော်ဟစ်သော ခွေးအူသံများမှာ ကြားရသူအပေါင်းကို ထိတ်လန့်တကြား ရှိစေ၏ ။ ကြက်သီးမွေးညင်း ထစေသည် ။

ရတနာပုံ နန်းတော် နှင့် ရတနာပုံ မြို့တွင်းမှာတော့ အပ်ကျသံ ကြားရမလောက် တိတ်ဆိတ်နေသည် ။ မြို့သူမြို့သားများမှာ သွေးလန့်နေကြ၏ ။ မကြုံဘူးလောက်အောင်ဘဲ ထိတ်လန့်နေကြသည် ။ အိမ်တိုင်းဟာ တံခါးကို အလုံပိတ်ထားကြ၏ ။ မိဖုရားခေါင်ကြီး ဖြစ်သည့် စုဖုရားလတ် ဦးစီးကျင်းပသည့် ပွဲတော်ကလည်း ပြီးပြီ ။ အရင်ရက်တွေများက ဆိုင်းသံ ဗုံသံ ညံနေပြီး လူအများနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်နေသည့် လမ်းမများသည် မှောင်အတိ ဖြစ်နေသည် ။ လုံးလုံးတိတ်နေ၏ ။ ရှေ့ ဘာတွေဖြစ်လာမယ်ဆိုတာကို ဘယ်သူမှ မသိဘူး ။

လူအချို့ကတော့ သည် တိတ်ဆိတ်တဲ့ ည ၊ မှောင်လွန်းတဲ့ ည ကို အကာအကွယ်ယူပြီး ထိတ်လန့်စရာ ၊ ကြောက်ရွံ့ဖွယ်ရာ ၊ နှလုံးအော့အန်စရာကောင်းတဲ့ အလုပ်များ လုပ်နေကြသည် ။ ရွှေမြို့တော် တစ်ခုလုံးဟာ မရဏမင်း ကြီးစိုး လွှမ်းမိုးနေသလိုပဲ ။ သည်အခိုက် မှာပဲ လက် မရွံ့ ထောင်ကြီးရဲ့ အပေါ်က ငှက်ဆိုးထိုးသံ ကြားလိုက်ရသည် ။ ထောင်ကြီးဝန်းကျင်မှာလည်း လူသံသူသံတွေ ကြားလာရသည် ။ သူတို့ ဘယ်သူတွေလဲ ၊ ဘာလုပ်နေကြတာလဲ ၊ လက်ထဲမှာလည်း ပေါက်ပြားတွေ တူရွင်းတွေနဲ့ မြေကြီးကို တူးဆွနေကြသည် ။

ပေါက်ပြားတစ်ချက် မြေထဲဝင်သွားပြီး မြေတစ်လွှာ ပေါ်လာတိုင်း မင်းသားတွေ ၊ မယ်တော်တွေရဲ့ အသက်က ဆုံးရှုံးဖို့ နီးကပ်လာပြီ ဆိုတာလည်း သူတို့ သိဟန်တူပါရဲ့ ။ တုံ့နှေးနှေး ဖြစ်နေကြ၏ ။ မဖျတ်လတ်ကြဘူး ၊ မသွက်လက်ကြဘူး ၊ စိတ်မချမ်းမြေ့ဖွယ် အကောင်းဆုံးဖြစ်သည့် အဖြစ်အပျက်က မကြာခင် ဖြစ်လာတော့မယ်ဆိုတာ သူတို့ သိနေကြလေရဲ့ ။

သည်အချိန်မှာ အရာရာကို အားရကျေနပ်နေသည့် သူတစ်ယောက် ရှိနေလေသည် ။ ရနောင်မင်းသား မောင်မောင်တုတ် ပဲ ။ မိမိရဲ့ အရှင်သခင် အထက်ရောက်ရေး ၊ ကြီးမြင့်ရေး ၊ အာဏာရရှိရေးအတွက် သည်လို ဆောင်ရွက်ပေးနေရတာကို အားမရသေးဘူး ။ သည်ထက် ကြီးမြင့်တဲ့ အလုပ်ကို လုပ်ချင်သေးသည် ။ သည်တော့ ဘာလုပ်ရမလဲ ။ မိမိရဲ့ အရှင်ထီးနန်းကို လုယူမည့် မင်းသားတွေကို အကုန် လည်မျို တုတ်တို နဲ့ ရိုက်သတ် ၊ နောက် တွင်းထဲပစ်ချ ၊ ဒါဆို ပြီးရော ။ ဘယ်မင်းသားကိုမှလဲ ထီးနန်းစည်းစိမ်အတွက် မစိုးရိမ်ရတော့ဘူး ။ မင်းညီ မင်းသားတွေကို သတ်ဖြတ် အစဖျောက်ရန် မောင်မောင်တုတ် ကြံစည်နေသည်မှာ ကြာလှပြီ ။ ခုမှပဲ အကြံ အောင်တော့မည် ။

မကြာခင် အကျယ် ခုနှစ်တောင် ၊ အနက် ဆယ့်ငါးတောင်ခန့်ရှိတဲ့ တွင်းကြီးတစ်ခုသည် လက် မရွံ့ထောင်ကြီးထဲမှာ ဖြစ်ပေါ်လာသည် ။ ထောင်အတွင်းမှာ မင်းသမီးကလေးများ ၏ ငိုကြွေးသံကလည်း တိုးညင်းစွာ ခပ်ညည်းညည်း ထွက်ပေါ်လာ၏ ။

“ သမီးတော်တို့တော့ သေရတော့မယ် ထင်တယ် ခမည်းတော်ဘုရား ၊ သမီးတော် ၊ သားတော်များရဲ့ ဒုက္ခကို မြင်တော်မူလှည့်ပါဦး ဘုရာ့ ”

သွေးနုသားနု မီးဖွားပြီးစ မင်းသမီးတစ်ပါးမှာ ရုတ်တရက် ထိတ်လန့်တကြား ငိုကြွေးလိုက်သည် ။ ဖခမည်းတော် မင်းတုန်းမင်းတရားကြီး ကို တမ်းတ ငိုကြွေးလိုက်ခြင်းပင် ။ ထောင်ကြီးအနီးမှ ကျီးကန်းတစ်သိုက် ပြိုဆင်းသွားသံနှင့်အတူ လက် မရွံ့ခန်းမ တံခါးကြီးလည်း ပွင့်သွားတော့သည် ။ တံခါးမကြီး ပွင့်သံနှင့်အတူ ခြေသံများ ကြားလိုက်ရ၏ ။ မီးတုတ်ကိုယ်စီဖြင့် အာဏာသားများ ရောက်လာကြသည် ။ ခက်ထန်မာကျောသော သူတို့၏ အသွင်များက မင်းသား မင်းသမီးငယ်များကို များစွာ ထိတ်လန့်စေသည် ။ ကြောက်ရွံ့စေ၏ ။ ရောက်ရှိလာသော အာဏာသားများမှာ အနီးတွင်ရှိသော မင်းသား ၊ မင်းသမီးများကို ချုပ်နှောင်ပြီး အပြင်သို့ ဆွဲထုတ်သွား၏ ။ ခပ်စောစောက တူးထားသော တွင်းကြီးအနားသို့ ဖြစ်သည် ။ သည်တွင်းကြီးကား လက် မရွံ့ထောင်ကြီး၏ အလယ်ဗဟိုတွင် ရှိ၏ ။ သည်နေရာတွင် ဘုရင့်လက်သုံးတော်ကြီး တချို့ ရှိနေသည် ။ ရနောင်မောင်မောင်တုတ် လည်း ရှိနေသည် ။

မင်းသား ၊ မင်းသမီးများမှာ အာဏာသားများ၏ လက်ဝယ် ရုန်းကန်လျက် ရှိနေပေမယ့် တစ်စက်ကလေးမျှ အော်ဟစ်ခြင်း ၊ ညည်းညူခြင်း မရှိ ၊ သိမ်ငယ်နေသော သူတို့၏ စိတ်ကို မင်းသွေးဟူသော အသိက လွှမ်းမိုးထားဟန် ရှိ၏ ။ မိမိတို့ကို ကြည့်နေသော လက်သုံးတော်ကြီးများကို မတုန်လှုပ်သော အကြည့် ၊ မထီသော အကြည့်နှင့် ပြန်ကြည့်နေသည် ။ ဝိုးတဝါး အလင်းရောင်ကြောင့်လည်း မည်သူမည်ဝါမှန်း မသိအောင် ဖြစ်နေဟန် ရှိကြ၏ ။ သူသူတို့က မည်သူ့ကိုမျှ ခယဖို့ မကြိုးစား ၊ ဖြစ်လာမည့်အရေးကို ငံ့လင့်နေဟန် ရှိ၏ ။ မိမိတို့၏ နောက်ဆုံးအချိန်ကိုလည်း ရိပ်စားမိနေကြသည် ။

မကြာပါ ၊ မှောင်ရိပ်မှ အမိန့်ပေးသံ ထွက်ပေါ်လာသည် ။ မရဏမင်းရဲ့ ခေါ်သံပဲပေါ့ ။ အာဏာသားများ လက်ထဲမှ မင်းသား ၊ မင်းသမီးများကို လက် မရွံ့သားအချို့က နောက်ကနေပြီး ဆံပင်ကို ဆောင့်ဆွဲလိုက်တော့သည် ။ သည့်နောက် လည်ပင်းကို လှန်ပေးလိုက်၏ ။ သည်တွင် ဝါးရင်းတုတ်ကိုင်ပြီး အသင့်စောင့်နေတဲ့ အဝှန်းမောင်မြို့ ဆိုသူက သူ့ရှေ့မှာ ရောက်လာသည့် လည်မျိုကို တအားကုန် ရိုက်လိုက်တော့၏ ။ မင်းသား ၊ မင်းသမီး တစ်ပါးကို တစ်ချက်ပဲ ရိုက်၏ ။ လူသတ်တာကို ကြက်ကလေး ၊ ငှက်ကလေး သတ်သလို လွယ်လွယ်ကူကူ သတ်လိုက်တာပဲ ၊ မချိမဆန့် အော်ဟစ်သံများဟာ ထိတ်ထိတ်လန့်လန့် ထွက်ပေါ်လာ၏ ။ သည်အသံတွေဟာ လက် မရွံ့ ထောင်ကြီးအတွင်း ပျံ့နှံ့နေတော့သည် ။

“ အလိုလေး … သတ်ကုန်ကြပြီ ထင်ပါရဲ့ ၊ ဘုရား … ဘုရား ....” မက္ခရာမင်းသားကြီးမှာ ဘုရား ၊ တရားကိုသာ တမ်းတနေတော့၏ ။ သုံးဆယ်မင်းသားကြီး ကမူ တစ်ချိန်လုံး အော်ဟစ် ဆဲဆိုနေ၏ ။ သည် မင်းသားနှစ်ပါးတို့ကား သန်းခေါင်ယံလောက် မှ ခေါ်ထုတ်သွားခြင်း ခံရတော့၏ ။ မက္ခရာ ကိုယ်တော်ကြီး မှာ သတ်လုဆဲဆဲ အချိန်တွင် ဘုရား ၊ တရားကို အာရုံပြုရင်း အသတ်ခံသွား ရှာလေသည် ။ တရားသမားပီပီ လောကကို သင်္ခါရတရားဖြင့် ကြည့်သွားဟန်တူ၏ ။ မည်သူ့ကိုမျှ အပြစ်မတင် ၊ မိမိကို သတ်သူများကိုလည်း မေတ္တာပို့ပြီးမှ အသတ်ခံသည် ။

သုံးဆယ်မင်းသားကြီး ကမူ သည်လို မဟုတ် ။ သည် ကြမ်းကြမ်းတမ်းတမ်း ရှိလှသော မင်းသားကြီးကို ပါးကွက်အာဏာသား လေးယောက်က ချုပ်ကိုင်ထားရ၏ ။ ပါးစပ်မှလည်း တရစပ် အော်ဟစ်ဆဲဆိုနေ၏ ။ သေခါနီး သွေးရူးသွေးတန်းအော်ဟစ်နေခြင်း မဟုတ် ။ မိမိတတ်နိုင်သည့် အနေအထားနှင့်သာ တုံ့ပြန်နေခြင်းသာ ၊ လက်စားချေနေခြင်းသာ ဖြစ်၏ ။ ပါးကွက်အာဏာသား လေးယောက် မှာ သုံးဆယ်မင်းသားကြီး ကို အမိအရ ထိန်းချုပ်နေရ၏ ။ အာဏာသားတစ်ယောက်က မင်းသားကြီး ၏ သျှောင်ကို လက်ဖြင့် ရစ်ပတ်လိုက်ပြီး နောက်သို့ ဆွဲလှန်လိုက်၏ ။ ရလာတဲ့ အခွင့်အရေးကို အဝှန်းမောင်မြို့က အမိအရ ယူလိုက်၏ ။ ရှေ့တွင်ပေါ်လာသော မင်းသားကြီး ၏ လည်မျိုဆီသို့ ဝါးရင်းတုတ် ဖြင့် အမိအရ ရိုက်လိုက်၏ ။ သည်တွင် ဘယ်သူမှ မမျှော်လင့်သော အဖြစ်အပျက် ဖြစ်လာ၏ ။ ဖြစ်ပုံက ဆန်းကြယ်သည် ။ မြင်ကွင်းကား မယုံနိုင်စရာ ။ သည်ဖြစ်ရပ်ကို ရနောင်မောင်မောင်တုတ် နှင့် အခြား လက်သုံးတော်ကြီးများ အာဏာပါးကွက်သားများမှာ အံ့ဩဘနန်း ဖြစ်သွားရ၏ ။ တုန်လှုပ်ခြင်းများစွာ ဖြစ်ရသည် ။ အဝှန်းမောင်မြို့ ရိုက်လိုက်သော ဝါးရင်းတုတ်မှာ သုံးဆယ်မင်းသားကြီး ၏ လည်မျိုကို တိုက်ရိုက် ထိသွား၏ ။ ဝါးရင်းတုတ်ကြီးမှာ လည်မျိုကို ထိသည်နှင့် တစ်ပြိုင်နက် ‘ ဖြောင်း ’ ခနဲ မြည်ပြီး အပေါ်သို့ ပြန်မြောက်တက်သွားသည် ။ နောက် တစ်စစီ ဖြစ်ကာ ဝါးရင်းတုတ် မှာ ကျိုးသွားတော့သည် ။

သုံးဆယ်မင်းသားကြီး ၏ ဒေါသမှာ အမြင့်ဆုံးသို့ ရောက်နေပြီ ဖြစ်သည် ။ အာဏာသားများ လက်တွင်းမှ ရုန်းထွက်ပြီး “ ငါ့ကို ဒီလိုသတ်လို့ ရရိုးလားကွ ၊ ဟေ့ကောင်တွေ ၊ နင်တို့ လူတစ်ရာနဲ့ ငါတစ်ယောက်နဲ့ တိုက်မယ် ၊ နင်တို့ ခုလို မင်းသွေးတွေကို မြေကျအောင်လုပ်လို့ နန်းဆက် ပြတ်တော့မယ် ၊ ဘဝဆက်တိုင်းဆက်တိုင်း နင်တို့ကို ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေဘူးဟေ့ ၊ ငါ့ကို လုပ်ကြံတဲ့သူ ၊ ငါ့ညီတော် နှမတော်တွေကို လုပ်ကြံတဲ့သူတွေ သေချင်းဆိုးနဲ့ သေပါစေ ၊ ငါ သေရသလို အသေဆိုးနဲ့ သေပါစေ ”

ပါးစပ်မှ ပြောလည်း ပြော ၊ ဆဲလည်း ဆဲရင်းဖြင့် သုံးဆယ်မင်းသားကြီး မှာ အနီးရှိ အာဏာပါးကွက်သားများကို တိုက်ခိုက်လေတော့၏ ။ သည်တွင် မှောင်ရိပ်ခိုပြီး ကြည့်နေသော ရနောင်မောင်မောင်တုတ် မှာ မနေသာတော့ပြီ ။ ကြက်သီးမွေးညင်းများမှာ တစ်ကိုယ်လုံး ထလာ၏ ။ ကျောထဲတွင် စိမ့်လာသည် ။ သုံးဆယ်မင်းသားကြီး ၏ ကျိန်စာမှာ သူ့နားကို စွဲမြဲသွားစေ၏ ။ သူတင်ပင် မဟုတ် ၊ အခြား လက်သုံးတော်ကြီးများပင်လျှင် ကြက်သီးများထကာ ခေါင်းနားပန်းများ ကြီးလာသလို ဖြစ်တော့သည် ။ အနီးအနားတွင်ရှိသော အခြား အာဏာပါးကွက်သားများနှင့် လက် မရွံ့များကို ရှိတဲ့ ဓား ၊ လှံ ၊ ပုဆိန်များဖြင့် ခုခံစေသည် ။ သုံးဆယ်မင်းသားကြီး ကို သတ်ဖြတ်စေ၏ ။

ကျရောက်လာသော ဓားချက် ၊ ပုဆိန်ချက်များကို သုံးဆယ်မင်းသားကြီး ခမျာ တတ်နိုင်သမျှ တိမ်းရှောင်၏ ။ ခုန်ရှောင်သည် ။ ဝေ့ရှောင်သည် ။ သို့ပေမယ့် အများနှင့် တစ်ယောက် ဆိုတော့ နောက်ဆုံးတွင် သုံးဆယ်မင်းသားကြီး ၏ ခေါင်းမှာ မြေပြင်ပေါ်သို့ တိခနဲ ကျသွားတော့၏ ။ သည်တွင် ခေါင်းမပါတော့သည့် ကိုယ်လုံးကြီးမှာ မီးသွေးတိုက် တစ်ဝိုက်တွင် ပြေးလွှားနေသည် ။ ပြေးလွှားသည်ကလည်း ရိုးရိုး ပြေးခြင်းမဟုတ် ။ ခုန်၍ ခုန်၍ ပြေးနေခြင်း ဖြစ်၏ ။ တစ်ခါ ခုန်ပေါက်လျှင် ( ၁၅ ) ပေခန့် မြင့်သည်ဟု ဆိုသည် ။ တော်တော်ကြာအောင် ခုန်ပေါက်နေပြီးမှ မြေပေါ်သို့ လဲကျကာ ငြိမ်သွားတော့သည် ။ သတ္တိကတော့ မြန်မာဟေ့လို့ ခေါ်ရမည့် သတ္တိပါပဲ ။

အများနှင့် တစ်ယောက် ယှဉ်ပြိုင်ပွဲဝင်သွားသည့် သုံးဆယ်မင်းသားကြီး ကို တွေ့လိုက်ရတော့ မောင်မောင်တုတ် တော်တော်ထိတ်သွားသည် ။ မိမိကိုယ်တိုင်က သတ္တိရှိသူ ဖြစ်ပေမယ့် သည်လို အဖြစ်မျိုး မြင်တွေ့ရတော့ နှလုံးခုန်မိသေးသည် ။ မင်းသားကြီး ၏ ကျိန်စာကလည်း သူ့စိတ်ကို ပိုပြီး ထိတ်စေသည် ။ သုံးဆယ်မင်းသားကြီး ၏ ကိုယ်မှ ယိုစီးကျနေသော သွေးများမှာ နေရာအနှံ့ စီးဆင်းနေ၏ ။ စက်ဆုပ်ဖွယ်ကောင်းသော ဤရှုခင်းကား မောင်မောင်တုတ် ကို ချောက်ချားစေ နေသည် ။ ကဲ … ခုမှ မထူးတော့ဘူး ၊ မင်းသွေး မြေမခရဆိုပေမယ့် မြေခရုံတင် မကဘူး ၊ မြေပြင်အနှံ့ ဖြစ်ကုန်ပြီမို့ ကိစ္စပြတ်သွားအောင် နောက်ကျန်သေးသည့် မင်းသမီး ၊ မင်းသားတွေကို ဓားနဲ့ပဲ စီရင်တာ ကောင်းမည်လို့များ ရနောင်မောင်မောင်တုတ် စဉ်းစားမိ၍လား မသိ ။ နောက် ထုတ်လာသမျှ မင်းသမီး ၊ မင်းသားများကို လည်မျို တုတ်တို နဲ့ မရိုက်တော့ဘဲ ဓား နဲ့ သာ ခုတ်ပြီး အလောင်းကို တွင်းထဲသို့ ကန်ချတော့သည် ။

တွင်းကြီးအတွင်းမှာကား မင်းသား ၊ မင်းသမီးများ ၊ မယ်တော်များ ၏ အလောင်းတို့မှာ ပြန့်ကျဲလျက် ရှိနေသည် ။ ပက်လက်အနေအထား ရှိသူကလည်း ရှိသည် ။ မှောက်ရက်လဲကျ သေဆုံးနေသူများလည်း ရှိသည် ။ ဘေးစောင်းလဲကျနေသူများလည်း ရှိသည် ။

အာဏာအရှိန်အဝါ ဆိုသည်ကလည်း ဘုရင်မင်းမြတ် ၏ လက်ထဲမှာသာ ရှိ၏ ။ ပြည်သူလူထု၏ လက်တွင်းမှာ မရှိသည့် တိုင်းပြည်များအတွက် မှာကား ဤသို့ပင် ဖြစ်ရပေသည် ။ မိမိရဲ့ ထီးနန်းစည်းစိမ်ကို လုမည့် မင်းညီမင်းသားတွေကို သတ်ဖြတ်လိုက်ပြီး သူတို့နှင့် ယှက်နွယ်နေသည့် ရန်စွယ်များလည်း မရှိတော့ ။ သည်တော့ ဘာလိုသေးသလဲ ။ မိမိနဲ့ အတိုက်အခိုက် မရှိတော့သည့်အတွက် မိမိအဖို့ အေးအေးသက်သာစွာပဲ မင်းစည်းစိမ်ကို ခံစားရုံပဲပေါ့ ။

သည်ဖြစ်ရပ်က မြန်မာရာဇဝင်မှာ အမည်းကွက်ကြီး ထင်ကျန်နေစေခဲ့သည့် ဖြစ်ရပ်တစ်ခုပဲ ။ တစ်ဦးတစ်ယောက် ကောင်းစားဖို့ ၊ အာဏာရှိဖို့ ၊ နိုင်ငံကို ခြယ်လှယ်နိုင်ဖို့အတွက် မင်းသား ၊ မင်းသမီးများနှင့် မယ်တော်များ စုစုပေါင်း ခြောက်ဆယ်နီးပါး အသက်စွန့်ခဲ့ရသည် ။ သည် မင်းသွေးမင်းနွယ်များကို ကြက်ကလေး ငှက်ကလေးများသဖွယ် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည် ။အေးအေးဆေးဆေး သတ်ဖြတ်ခဲ့သည် ။ သည်သတင်းက နေပြည်တော် တစ်ခွင်လုံးမှာ တောမီးလောင်သလို ချက်ချင်းပဲ ပျံ့နှံ့သွားခဲ့သည် ။

◾မောင်ဖေငယ်

📖 ရနောင်မောင်မောင်တုတ်

koaungnaingoo.blogspot.com

.

Saturday, October 2, 2021

မန္တလေး မှ အာဇာနည်များအတွက်


 

❝ မန္တလေး မှ အာဇာနည်များအတွက် ❞

ထိုအတွင်း ဘုရင်ခံသည် ဥပဒေပြုလွှတ်တော်ကို ကျင်းပပေးလိုက်သည် ။

ဥပဒေပြုလွှတ်တော်တွင် မိန့်ခွန်းပြောကြားရာ၌ ဘုရင်ခံ သည် သတင်းစာများ နှင့် အခြား ဆူပူလှုံ့ဆော်ရေး အင်အားစုများကို ရှုတ်ချလိုက်သည် ။ ကျောင်းသားကလေးများ ဆူပူလှုပ်ရှားမှုမှာ နိုင်ငံရေးသမားတွေ လှုံ့ဆော်ပေး၍ ဖြစ်ရသည်ဟု ဆိုလေသည် ။ ပုလိပ်များ အကြမ်းဖက် မှုနှင့် ပတ်သက်၍ တစ်လုံးတစ်ပါဒမျှ မပြော ။ တစ်တိုင်းပြည်လုံးက မလိုလားသော ၉၁ ဌာန အုပ်ချုပ်ရေး အကြောင်းကို ဘာမျှ မပြော ။

ဘုရင်ခံ သည် အမျိုးသားစိတ်တက်ကြွ၍ ဆူပူလှုပ်ရှားနေသော ဗမာများကို အမျိုးသားအလံတစ်ခု ပေး၍ အေးစေလိုဟန် ရှိလေသည် ။ ဘုရင်ခံ က မြန်မာပြည် အတွက် လျာထားသော အမျိုးသားအလံ ပုံသဏ္ဌာန်ကို ပြောပြသည် ။ ဗြိတိသျှ ယူနီယံဂျက်အလံ ၏ ထောင့်စွန်တစ်ခုတွင် ဒေါင်းရုပ်ပါမည် ။ ဤကား မြန်မာအမျိုးသားအလံတည်း ။ ကျွန်တော်တို့ ဗမာတွေက တူတံစဉ် နှင့် ဒေါင်း ၊ တူတံစဉ် နှင့် သုံးရောင်ခြယ် များကို အမျိုးသားအလံ လုပ်ထားသည် ။ ဘုရင်ခံ က ယူနီယံဂျက် နှင့် ဒေါင်းကို ပေးရန် ကြံရွယ်နေသည် ။

သို့သော် ဥပဒေပြုလွှတ်တော် ကျင်းပလိုက်သည့်အတွက် တိုင်းပြည်၏ အာရုံသည် လွှတ်တော် ဆီသို့ ရောက်သွားပေသည် ။ လမ်းများပေါ်တွင် အင်အားပြရာ၌ ရောက်နေသော အာရုံသည် လွှတ်တော်တွင်း စကားရည်လုတိုက်ပွဲသို့ ကူးပြောင်းသွားလေသည် ။

ထို့ကြောင့် ဒေါက်တာဘမော် ၊ ဆာပေါ်ထွန်း စသော လူကြမ်းများကို နှိမ်နှင်းရန် ဦးပု ၊ ဦးစော ၊ ဦးဘဖေ တို့က ဇာတ်လိုက် များ ၊ အာဇာနည်လူစွမ်းကောင်းများ ဖြစ်လာကြပေသည် ။

ဘုရင်ခံက ဥပဒေပြုလွှတ်တော်ကို ခေါ်ပေးသည် ။ ဦးစော က ညွန့်ပေါင်းအစိုးရအပေါ်တွင် အယုံအကြည်မရှိ အဆို တင်သွင်းလိုက်သည် ။ ဥက္ကဌကြီး ဦးချစ်လှိုင် က ခွင့်ပြုလိုက်သည် ။ ဒီမိုကရေစီ ကို လက်တွေ့ကျင့်သုံးနေကြသည် မဟုတ်ပါလော ။ တစ်တိုင်းပြည်လုံးက ညွန့်ပေါင်း အစိုးရအား အော့နှလုံးနာနေကြ၏ ။ ဖြုတ်ချလိုကြ၏ ။

ဖြုတ်ချလိုလျှင် ဖြုတ်နိုင်ကြပါပြီ ။ ဥပဒေပြုလွှတ်တော်ကြီးကို ခေါ်ပေးပြီးပါပြီ ။ အယုံအကြည် မရှိ အဆိုကိုလည်း လက်ခံပြီးပါပြီ ။

တစ်တို်င်းပြည်လုံးသည် ဥပဒေပြုလွှတ်တော်တွင် ညွန့်ပေါင်းအစိုးရ ကို ဖြုတ်ချရတော့မည့် တွက်တာကြောင့် ဝမ်းသာတက်ကြွလာကြသည် ။ ဦးစော ၏ အယုံအကြည်မရှိအဆို သွင်းမည့်နေ့ကိုသာ စောင့်စားနေကြသည် ။ အစိုးရဘတ်ဂျက်တွင် ကုန်ငွေက ရငွေထက် များ နေ၍ ကာမိအောင် ဘိလပ်ရေ ပုလင်းများပေါ်တွင်ပင် အခွန်တော်ကောက်ရန် ဥပဒေပြုသည်ကို လူအများ သတိ မထားလိုက် မိကြ ။

ယင်းကဲ့သို့ စိတ်အားထက်သန်စွာ အယုံအကြည်မရှိ အဆိုကို ကြိုဆိုနေကြဆဲ မန္တလေးမြို့မှ သတင်းတစ်ခု ရောက်လာလေသည် ။

မန္တလေးမြို့တွင် မြို့လုံးကျွတ် လူထုအစည်းအဝေးကြီးတစ်ခု ကျင်းပပြီး ဖိနှိပ်ချုပ်ချယ်မှုများကို ကန့်ကွက်ကြလေသည် ။ ၎င်းနောက် လူထောင်သောင်းများစွာ ပါဝင်သော ဆန္ဒပြ စီတန်းချီတက်ပွဲ ကျင်းပလေရာ ၂၆ လမ်း နှင့် ကျုံးထိပ် ကြေနန်းရုံရှေ့ ရောက်သောအခါ စစ်ပုလိပ်က ရပ်ရန် အမိန့်ပေးလေသည် ။ စစ်ပုလိပ်နှင့်အတူ တရားသူကြီးတစ်ဦးလည်း ပါလာ၏ ။ စစ်ပုလိပ် နောက်တွင် ဘားမားရိုင်ဖယ် စစ်သားများလည်း ရှိလေ၏ ။ ဆန္ဒပြသော လူထုရှေ့တွင် သံဃာတော်များက ချီတက်နေကြသည် ။ လူစုခွဲရန် စစ်ပုလိပ်က အမိန့်ပေးသော်လည်း ဆက်လက် ချီတက်ကြလေသည် ။ စစ်ပုလိပ်က လူအုပ်ထဲသို့ သေနတ်ပစ်ထည့်လိုက်ရာ သံဃာတော်အချို့နှင့် လူအချို့ လဲကျသွားလေသည် ။ လူထုကြီးသည် ချီတက်ခြင်းရပ်သွားသော်လည်း လူစုမခွဲဘဲ ရပ်ခံ နေသည် ။ ၎င်းနောက်  “ မီးတုတ် မီးတုတ် ရှိုံ့ရှို့ ၊ သခင်မျိုးဟေ့ တို့ဗမာ ၊ အရေးတော်ပုံ အောင်ပါစေ ”  စသည်ဖြင့် အော်ဟစ်ကြလေသည် ။ ထိုအခါ ဘားမားရိုင်ဖယ်မှ စစ်သား တစ်ယောက်က လူထုထဲသို့ သေနတ်ဖြင့် ပစ်ထည့်လိုက်ပြန်လေသည် ။ လူအများ အတုံးအရုံး လဲကျကုန်လေသည် ။ သံဃာတော် ၂ ပါး နှင့် လူ ၅ ယောက် ချက်ချင်းကျဆုံး၍ ဒဏ်ရာဖြင့် နောက်ထပ် ကွယ်လွန်သူများပါဆိုသော် ပေါင်း ၁၇ ယောက် ဖြစ်လေသည် ။ ဒဏ်ရာရရှိသူမှာ အများအပြား ဖြစ်၏ ။ ၎င်းတို့အနက် ကျွန်တော်တို့ တက္ကသိုလ်သမဂ္ဂမှကိုယ်စားလှယ် လွှတ်လိုက်သော ကိုလှမောင် ၏ ပေါင်မှာ သေနတ်မှန်လေသည် ။

မန္တလေး တွင် ဤကဲ့သို့ နယ်ချဲ့အင်္ဂလိပ်နှင့် ညွန့်ပေါင်းတို့က ရက်ရက်စက်စက် သတ်ဖြတ်လိုက်ပြန်သည်ဟူသော သတင်းသည် တစ်ပြည်လုံးကို ချောက်ချားသွားစေပြန်၏ ။ ဒေါသူပုန်ထစေ၏ ။ ကျွန်တော်တို့သည် ရနိုင်သမျှ လက်နက် ၊ ဓား ဖြစ်ဖြစ် တုတ် ဖြစ်ဖြစ် ကောက်ကိုင်ပြီး ထချလိုတော့၏ ။ ထချလို့ မဖြစ်သေးဘူးဟူသော အခြေအနေနှင့် အသိတို့က တားဆီးနေပြန်ရာ အခံရလည်း ခက် အကြံရလည်း ကျပ်လှလေသည် ။

ကျောင်းသားတွေအနေနှင့် စီတန်းလမ်းလျှောက် ဆန္ဒပြဖို့ကလည်း ရိုးသွားသလောက် ဖြစ်နေ၏ ။ ကျောင်းသားမိဘများ ၊ သံဃာတော်များ ၊ အမျိုးသမီးများနှင့် ရန်ကုန်စီရင်စု တို့ဗမာအစည်းအရုံးက ဆန္ဒပြ စီတန်းလမ်းလျှောက်ကာ ကန့်ကွက်ဖို့ စီစဉ်ကြလေသည် ။

ပဲခူး မှာ လူတစ်သောင်းကျော် ချီတက်ဆန္ဒပြလေသည် ။ ရွှေဘို မှာ တောင်သူလယ်သမား ၇ဝဝဝ ကျော် ချီတက်ဆန္ဒပြသည် ။ မြိတ် မှာလည်း သခင် ၊ သခင်မ ၊ ကျောင်းသား ၊ ကျောင်းသူများ ချီတက်ဆန္ဒပြသည် ။ တစ်ပြည်လုံးမှာ ကန့်ကွက်ရှုတ်ချခြင်းများ ပြုကြ၏ ။ အချို့မြို့များ ရွာများ မှာမူ အစာငတ်ခံ ဆန္ဒပြကြ၏ ။

ဥပဒေပြုလွှတ်တော်တွင်ကား စကားစစ်ထိုးနေကြသည့် ဦးစော သည် သူ့ အာစလျှာစကို အစွမ်းကုန် ပြနေလေသည် ။ လွှတ်တော်တွင် ကိစ္စတစ်ခုနှင့်ပတ်သက်ပြီး သူက အစိုးရအား ကန့်ကွက်၍ မဲပေးရာတွင် သူ့နာမည် မြန်မာ့အလင်းသတင်းစာတွင် မပါသဖြင့် ဥက္ကဌ အား တိုင်ကြားသည် ။ မြန်မာ့အလင်း သတင်းထောက်သည် သူနှင့် ဂျပန် သို့ သွားစဉ်က သူ့ထံမှ ငွေချေးပြီး ကြွေးပြန် တောင်းသဖြင့် သူ့အား မုန်းနေပြီး နာမည်ကို ချန်ထားခဲ့ခြင်း ဖြစ်ပါသည်ဟုဆို၏ ။ လွှတ်တော်မှာ ဤစကားမျိုး ကြားနေရသောကြောင့် အမတ်များကို ကျွန်တော်တို့ ပို၍ အထင်သေးကြခြင်း ဖြစ်ပေသည် ။ သို့သော် ကျွန်တော်တို့ မုန်းလှသော ညွန့်ပေါင်းအစိုးရ ပြုတ်ကျရေးအတွက် သူတို့ ကိုသာ အားကိုးနေရပေတော့သည် ။

သို့ဖြင့် ညွန့်ပေါင်းအစိုးရအား ဥပဒေပြုလွှတ်တော်တွင် အယုံအကြည်မရှိ အဆိုသွင်းမည့်နေ့သို့ ကပ်လာခဲ့ပေသည် ။

တို့ဗမာအစည်းအရုံးက အယုံအကြည် မရှိ အဆိုသွင်းမည့်နေ့တွင် ပြည်သူပြည်သား လူအများသည် ဆန္ဒပြပွဲများလုပ်ရန် ညွှန်ကြားချက် ထုတ်လိုက်ပေသည် ။ တစ်ပြည်လုံး အိမ်တိုင်း အလံနက် များ တစ်ဝက် ထူရန် ၊ မနက် တစ်ကြိမ် ၊ နေ့လယ် တစ်ကြိမ် ၊ ညနေ တစ်ကြိမ် သုံးကြိမ် သံပုံးတီး၍ တောထုတ်ရန် ၊ နံနက် ၁၁ နာရီ တွင် ' ညွန့်ပေါင်းအစိုးရ ' ဟူသော စာရေးထားသည့် ခေါင်းကို လည်းကောင်း ၊ ဝန်ကြီးချုပ် အရုပ်များကို လည်းကောင်း ၊ မီးရှို့ရန် ၊ အရောင်းအဝယ် အသွားအလာများကို ညွန့်ပေါင်းအစိုးရ ပြုတ်ကျပြီ ဟူသော သတင်း မကြားရမချင်း ရပ်စဲထားရန် စသည်တို့ ဖြစ်ပေသည် ။

ရန်ကုန်မြို့တွင် ရပ်ကွက်တိုင်းလိုလို ထိုအတိုင်းပင် လုပ်ကြလေသည် ။ တောထုတ်သံတွေ ဆူညံသွားသည် ။ ဒေါက်တာဘမော် ၏ အရုပ်ကြီးများကို မသာချပြီး မီးသင်္ဂြိုလ်ကြသည် ။ ပန်းဆိုးတန်း ၌ကား လူတစ်ယောက် သည် ဒေါက်တာဘမော် ၏ မိန်းမသဖွယ် ဝတ်ဆင်ပြီး ညွန့်ပေါင်းမသာ ငိုချင်းရှည် ချလေသည် ။

ဥပဒေပြုလွှတ်တော်တွင်းမှာကား -

ဘန်ကောက်ပုဆိုး ၊ ဘန်ကောက်အပေါ်အင်္ကျီ ၊ ခေါင်းပေါင်းစ ထောင်ထောင် ၊ ကတ္တီပါဖိနပ် စသည်တို့ဖြင့် ဆင်ယင်ထားသော ဦးစော သည် အယုံအကြည် မရှိ အဆို တင်သွင်းနေလေသည် ။

ဦးစော ပြောသော စကားများတွင် အရေးအကြီးဆုံးသော အချက် မှာ  “ အစိုးရမှာ တိုင်းပြည် ငြိမ်ဝပ်ပိပြားအောင် မအုပ်စိုးနိုင်ကြောင်း ”  ဟူသော အချက်ပင် ဖြစ်လေသည် ။  “ ပါတီအသီးသီးတို့တွင် ထင်မြင်ချက် အသီးအသီး ရှိကြမည်ဖြစ်သော်လည်း တိုင်းပြည်ငြိမ်ဝပ်ပိပြားရေးအတွက် အားလုံးပင် အလိုရှိကြကြောင်း ”

သူ့စကားတွင် ကျောင်းသားအရေး ၊ တောင်သူလယ်သမားအရေး ၊ ရေနံမြေသပိတ်တပ်သားများ နှင့် တကွသော အလုပ်သမားအရေးကို မည်သို့ ရှင်းလင်းပေးရမည် ဟူသော စကားတစ်လုံးမျှ မပါပေ ။

အိန္ဒိယအမတ်များ၏ ကိုယ်စား မစ္စတာဂန်ဂါဆင်း ကလည်း အစိုးရသည် ငြိမ်းချမ်းအောင် မအုပ်စိုးတတ်ဟု ဆိုသွားလေသည် ။ သို့သော် အိန္ဒိယအမတ်များ သည် အယုံအကြည် မရှိ အဆိုတွင် မဲမပေးဘဲ ကြားနေမည်ဟု ကြေညာလေသည် ။

ညွန့်ပေါင်းအစိုးရ သည် အိန္ဒိယမဲများကိုလည်း အားထားနေရသော အစိုးရအဖွဲ့ဖြစ်လေရာ မဲမပေးဘဲ ကြားနေခြင်းပင်လျှင် တစ်အားယုတ်သွားလေသည် ။

ဥရောပတိုက်သား အမတ်များကိုယ်စား မစ္စတာရစ်ချတ် ကမူ ယခု အစိုးရသည် ငြိမ်ဝပ်ပိပြားအောင် မအုပ်ချုပ်နိုင်သဖြင့် ၎င်းနေရာတွင် ငြိမ်ဝပ်ပိပြားအောင် အုပ်ချုပ်နိုင်သော အစိုးရအဖွဲ့သစ်ကို တင်ဖို့လိုကြောင်း ပြောဆိုကာ အယုံအကြည် မရှိ အဆို ကို ထောက်ခံသွားလေသည် ။ ၎င်းပြင် ဒေါက်တာဘမော် သည် ၉၁ ဌာနအုပ်ချုပ်ရေး တိုက်ဖျက်မည့် စကားပြောကြောင်း သတင်းစာများတွင် တွေ့ရသည့်အတွက် သစ္စာမရှိရာရောက်ကြောင်း ပြောသွားလေသေးသည် ။

အတိုက်အခံအမတ်များ ပြောပြီးနောက် အစိုးရဘက်က ပြန်လည်ချေပရာ၌ ပြည်ထဲရေးဝန်ကြီးချုပ် ဆာပေါ်ထွန်း မှာ အာဘော်အရှင်းဆုံး ဖြစ်လေသည် ။

“ အဓိကရုဏ်းအရေးတွင် မိမိတို့ကဲ့သို့ မည်သူမျှ နိုင်နင်းစွာ ဖိနှိပ်နိုင်မည် မထင်ကြောင်း ၊ လုယက်သူများ နှင့် သတ်ဖြတ်သူများကို သေနတ်ဖြင့်ပစ်သတ်ရန်ပင် အမိန့်ပေးခဲ့ကြောင်း ၊ မိမိမှာ ယောကျာ်းပီသစွာ တာဝန်ထမ်းဆောင်ခဲ့ကြောင်း ၊ ယခု ဆူပူနေသူများမှာ ကုလားများ ၊ ဗြိတိသျှ လူမျိုးများ နှင့် ဓနရှင်များကို မုန်းတီးသူများသာ ဖြစ်ကြောင်း ၊ ကျောင်းသားများအရေးတွင် ပုလိပ်တို့ ပြုမူပုံမှာ နည်းလမ်းကျကြောင်း ”

ဒေါက်တာဘမော် ကား သူ့အခြေအနေကို သူ တင်းတင်းမာမာ မကာကွယ်ရဲချေ ။ ယခုလို လူထု ဆူပူနေခြင်းမှာ ဗမာပြည်မှာသာမက တစ်ကမ္ဘာလုံးမှာ ဆူပူခြင်းဖြစ်ကြောင်း ၊ အိန္ဒိယပြည် မှာ သည့်ထက် မက ဆူပူနေကြောင်းများ ပြောကာ ရာဇဝင်လမ်းကြောင်း၏ သဘောကို သူ မတားဆီးနိုင်သည့်သဘော ပြောလေသည် ။ ၎င်းပြင် မစ္စတာရစ်ချတ် ၏ စွပ်စွဲချက်ကို ဖြေရှင်းလေသည် ။ သူ့အား အုပ်ချုပ်ရေးတိုက်ဖျက် မည့်သူဟု စွပ်စွဲသွားရာ အမှန်စင်စစ် ညွန့်ပေါင်း တည်နေသမျှ ကာလပတ်လုံး ညွန့်ပေါင်းကို သစ္စာဖောက်ပြီး အုပ်ချုပ်ရေးတိုက်ဖျက်ရေး လုပ်မည်မဟုတ်ကြောင်း ၊ ညွန့်ပေါင်းမှာ သဘောကွဲလွဲမှုရှိလျှင် ရာထူးမှ နုတ်ထွက်ပြီး ကိုယ်ကြိုက်သလို ဆောင်ရွက်ရန်သာဖြစ်ကြောင်း ပြောလေသည် ။ သူ့စကားမှာ ညွန့်ပေါင်းအစိုးရ အဖြစ်ဖြင့် တည်နေလျှင် အုပ်ချုပ်ရေးကို မဖျက် ၊ ညွန့်ပေါင်းအစိုးကျပြီးလျှင် အုပ်ချုပ်ရေးကို ဖျက် မည်ဟု ဆိုလိုရာ ရောက်ပေသည် ။ နောက်ဆုံးတွင် ဒေါက်တာဘမော် က အတိုက်အခံ အမတ်များသည် နောင် အစိုးရဖွဲ့စည်းသောအခါ မိမိထက် ကံကောင်းကြပါစေဟု ဆုတောင်းသွားလေသည် ။ မဲခွဲသောအခါ အယုံအကြည် မရှိ အဆိုဘက် မှ မဲ ၇ဝ ပေးပြီး အစိုးရဘက် မှ ၃ရ မဲသာ ရသဖြင့် ညွန့်ပေါင်းအစိုးရ ပြုတ်ကျသွားလေသည် ။

ညွန့်ပေါင်းအစိုးရ ပြုတ်ကျသွားသောအခါ တစ်တိုင်းပြည်လုံး ပျော်ရွှင်သွားပေသည် ။ သက်ပြင်းချပြီး ခဏမျှ သက်သာနေနိုင်ပေသည် ။

သို့သော် စိတ်အေးလက်အေးဖြစ်ပြီး အားထုတ်မှု မလျှော့နိုင်သေးချေ ။ နှစ်နံပါတ် တရားခံသာ ကျဆုံးခြင်းဖြစ်ပြီး တစ်နံပါတ်တရားခံ မကျဆုံးသေး ။

ထို့ကြောင့် ကျောင်းသားများသမဂ္ဂ အမှုဆောင်အဖွဲ့အနေနှင့် ကြေညာချက် များ ထုတ်ပြန်လိုက်ပေသည် ။

“ ညွန့်ပေါင်းအစိုးရ ပြုတ်ကျသော်လည်း ငါတို့တောင်းဆိုချက် မရသေး ၊ ရအောင် လုပ်ရဦးမည် ။
ငါတို့ သွေးစည်းတိုက်ပွဲဝင်လို့ ကျဆုံးသည် ၊ သို့သော် ထပ်ပြီး သွေးစည်းကြရဦးမည် ”
                   လှရွှေ ( ၁၆ ၊ ၂ ၊ ၃၉ )

“ ငါတို့ အမှုဆောင်အဖွဲ့၏ စိတ်သဘောထားသည်ကား ညွန့်ပေါင်းအဖွဲ့ကို ယခုလို ဖြုတ်ချလိုက်ရုံနှင့် တိုင်းပြည်၏ ရန်သူအစစ်ကို နိုင်နင်းလိုက်ပြီဟု မယူဆ ၊ စင်စစ်မှာကား ညွန့်ပေါင်းအစိုးရအဖွဲ့သည် တိုင်းပြည်ရန်သူစစ်၏ သားကောင်မျှသာ ဖြစ်ပေ၏ ။ ရန်သူအစစ်ကား ၉၁ဌာနအုပ်ချုပ်ရေး ပင် ဖြစ်၏ ။ ” 

အမှုဆောင်အဖွဲ့က အုပ်ချုပ်ရေးကို ဆက်လက်တိုက်ဖျက်ရန် ဆော်ဩ၏ ။ ၎င်းနောက် ရာထူးငတ် အမတ်များကို သတိပေး၏ ။ လူထုက ကန့်ကွက်ပါလျက် ရာထူးဇွတ်ယူလျှင် ' သိမည် ' ဟု သတိပေး၏ ။

တို့ဗမာအစည်းအရုံး က ကြေညာချက်တွင် -

“ ၉၁ ဌာန အုပ်ချုပ်ရေးသည်သာ ရန်သူ ။
ရာထူးလက် မခံရေး ၊ ပထမအဆင့် ။
နောက်ပြီးတော့ ရာထူးလက် မခံရေးကို လက်နက်သဖွယ်အသုံးပြု၍
အုပ်ချုပ်ရေးကို တိုက်ဖျက်ပြီး သကာလ အရွယ်ရောက်သူတိုင်း မဲဆန္ဒပေး၍ တင်မြှောက်သည့် ပြည်သူ့ကိုယ်စားလှယ်များ ပါသော ( ကွန်စတီကြူးယင့် အဆင်ဗလီ ) တိုင်းပြည်နိုင်ငံပြုလွှတ်တော် ဖွဲ့စည်းကာ ကိုယ့်မင်း ကိုယ့်ချင်း
နိုင်ငံတော်ကြီးကို တည်ထောင်သွားမည်ဖြစ်ကြောင်း ။ ”

ဤကား အရေးတော်ပုံကို ခေါင်းဆောင်နေသော အဖွဲ့အစည်းများ၏ ညွှန်ကြားချက်ပေတည်း ။

ညွန့်ပေါင်းအစိုးရ ပြုတ်ကျသွားပြီဟု ဆိုသောသတင်းသည် အင်းစိန်မြို့သို့ ညနေပိုင်းတွင် ရောက်သွားလေသည် ။ ထိုအခါ အင်းစိန် အစိုးရကျောင်းသပိတ် ၊ အင်ဂျင်နီယာကျောင်း သပိတ် နှင့် စဉ့်ငူ စွပ်ကျယ်စက်သပိတ် တို့ ပူးပေါင်းကာ မြို့တွင်းမှာ ချီတက်အောင်ပွဲလှည့်ကြလေသည် ။

ညနေစောင်းမှနေ၍ လှည့်ကြရာ ည ၁ဝ နာရီလောက်တွင် အင်းစိန်ထောင်ကြီးဘေးမှ စုပြီး အော်ဟစ် ကြသည် ။ ကြွေးကြော်သံများ အော်ကြသည် ။ အပြင်မှ တရားဟောကြလေသည် ။

အတန်ကြာသောအခါ အထူးတန်းမှ လူနှစ်ယောက်သည် ထောင်ထောင့် တံတိုင်းအတွင်း ထောင်နံရံပေါ် တက်လာကြသည်ကို အပြင်မှလူထုသည် မြင်ကြရသည် ။ သို့သော် မြင်ရုံဖြင့် လူခွဲ၍ မသိနိုင်ကြချေ ။ ထိုသူနှစ်ဦးက တရားဟောသောအခါမှ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး ကိုဗဆွေ နှင့် သခင်ထိန်ဝင်း တို့ ဖြစ်ကြောင်း အသံဖြင့် မှန်းဆမိကြလေသည် ။

“ ရဲဘော်တို့ .... ညွန့်ပေါင်းအစိုးရ ပြုတ်ကျတာဟာ ဝမ်းသာအားရစရာပါပဲ ၊ သို့ပေမယ့် နောက်တက်မည့် စားခွက်လုမည့် မျိုးဖျက် အမတ်များကို ကျောင်းသားနဲ့ အလုပ်သမား ပူးပေါင်းစောင့်ကြည့်ပြီး ရာထူးဆိုတဲ့ စားခွက်ဆီကို ဝင်ဟပ်ချင်တဲ ့အမတ်တွေရဲ့နှုတ်သီးကို ရိုက်ဖို့တာဝန် ရှိသေးတယ် ။ ခုအချိန်မှာ လုပ်ငန်းတာဝန်မပြီးသေးဘူး ၊ မန္တလေးအာဇာနည်များ ကို ရက်စက်စွာ သတ်ပစ်တဲ့အတွက် ညွန့်ပေါင်းပြုတ်ရုံနဲ့ မကျေနပ်နိုင်သေးဘူး ၊ သပိတ်များ စိတ်မအေးနိုင်သေးဘူး ၊ ညွန့်ပေါင်းပြုတ်ကျတာဟာ သပိတ်မှောက်သမားများအတွက် လှေကား ၃ - ထစ် မှာ တစ်ထစ်သာ ဖြစ်တယ် ၊ ရှေ့ဆက်လုပ်ရဦးမယ် ။ ရဲဘော်တို့ တောင့်ထားကြ ၊ ရဲဘော်တို့ ဆက်ချီတက်ကြ ”

ဤကား ထောင်တွင်းမှ ခေါင်းဆောင်များ၏ အသံပေတည်း ။

ရှေ့ဆက် ထမ်းရွက်စရာတာဝန်တွေ ဘယ်လောက် များနေနေ ညွန့်ပေါင်းအစိုးရ ပြုတ်ကျသည့် အတွက်တော့ ကျွန်တော်တို့ အားလုံး ရင်ပေါ့သွားသလို ဖြစ်မိကြပေသေးသည် ။ ' ရပ်နား ' မနေနိုင်ကြသေးသည့်တိုင်အောင် ' လစ် ' ထွက်သွားကာ ' သက်သာ ' နေမိပေလိမ့်မည် ။ မမြင့်ဦး နှင့် အတူတူ မြို့ထဲထွက်၍ လည်ပတ်မိပေလိမ့်မည် ။ ရုပ်ရှင်ကြည့်ပေလိမ့်မည် ။ ချစ်ရိပ်ချစ်ငွေ့ မကင်းသောစကားနှင့် အပြုအမူများတွင် မထိတထိ ကစားပျော်ပါးမိလိမ့်မည် ။ ခုတော့ မမြင့်ဦး ကား ကျွန်တော်လက်လှမ်းမှီရာ သူ့ရပ်ဌာနမှာ ဖခင်၏ အရိပ်အာဝါသကို ခိုလှုံလျက် သူ့စာပေ တွင်သာ မွေ့လျက်ရှိနေသည် ။ ကျွန်တော်တို့ အရေးတော်ပုံကိုမှ အာရုံဝင်သေးပါစေ ။ ကျွန်တော့် ကိုမှ သတိရပါလေစ ။

မမြင့်ဦး ပြန်သွားသည်မှာ မကြာလှသေးပေ ။ သို့သော် ကျွန်တော့်ထံသို့ စာကလေးတစ်စောင် တော့ ရေးထိုက်သည် ။ စာရေးလျှင်လည်း ရောက်လာထိုက်ပေပြီ ။

ညွန့်ပေါင်းအစိုးရ ပြုတ်ကျပြီး နောက်တစ်နေ့ ညနေစောင်းတွင် ကျွန်တော်သည် ကမာရွတ် နေအိမ်သို့ ပြန်သွားလေသည် ။ ကမာရွတ် အဖော်အပေါင်းများကြားတွင် ' သက်သာ ' နေရန် ဖြစ်သည် ။ ထို့ပြင် မမြင့်ဦး ထံမှ စာများ ရောက်နေမည်လော ။ သို့မဟုတ် မိဘများထံမှ စာများသတင်းများ ရောက်နေမည်လော ။ သို့သော် အမှန်အတိုင်းဆိုသော် မိဘထံမှ စာကို မကြိုဆိုပါ ။ မတောင့်တပါ ။ အဖေ သည် ကျွန်တော့်အား အရေးတော်ပုံတပ်သား လုပ်နေခြင်းအတွက် ပြစ်တင် မောင်းမဲခြင်း ပြုသော စာမှတစ်ပါး အခြားရေးစရာ အကြောင်း မရှိပါ ။

ကမာရွတ် အိမ်သို့ ရောက်သောအခါ စာတစ်စောင်မျှ ရောက်နေသည်ကို မတွေ့ရ ။

ကိုကြွယ် နှင့် ဦးလေးမြင့် တို့အား အဆင်သင့်ပင် တွေ့ရသည် ။

တပေါင်းလ ကောင်းကင်ကား ကြည်လင်လှသည် ။ အနောက်ဘက် မိုးကုပ်စက်ဝိုင်း အပေါ်စပ်တွင်ကား ပါးလွှာသော တိမ်တောင်ကလေးများသည် တရိပ်ရိပ်လွင့်နေသည် ။ ထို တိမ်တောင်ကလေးများဆီသို့ တရွေ့ရွေ့ ကျဆင်းနေပြီဖြစ်သော နေမင်းသည် ဝါသဲ့သဲ့ ရောင်ခြည်များကို လွှတ်လျက် နေလေသည် ။ ဝါသဲ့သဲ့ရောင်ခြည်များတွင် ရွက်သစ်တို့သည် ပိုသစ်နေ၍ ဖက်ဖူးရောင်အစိမ်းဖြင့် လက်နေကြလေသည် ။ ကျွန်တော်တို့အိမ် ဝဲယာဘေးနှစ်ဖက်တွင် အုပ်ကိုင်းနေကြသော စိန်ပန်းပင်များကား နီရဲတောက်ပစွာ ပွင့်နေကြ၏ ။

ထိုရှုခင်းနှင့် ထိုရှုခင်းပတ်ဝန်းကျင်ကြားမှ အားရှိပါးရှိ ပွင့်လင်းလှသော အပြုံးဖြင့် ဆီးကြို နှုတ်ဆက်လိုက်ကြသော ဦးလေးမြင့်နှင့် ကိုကြွယ် တို့အား မြင်လိုက်ရသောအခါ မောလာသူကို ဖန်ပြာခွက်နှင့် ကျောက်စက်ရေ ဆီးတိုက်လိုက်ဘိသကဲ့သို့ ရှိသော်လည်း အရေးတော်ပုံ တိုက်ပွဲများနှင့် အဆက်ပြတ်ကာ အရေးတော်ပုံ ကြွေးကြော်သံများ မကြားရနိုင်သော ထောင့်တစ်ထောင့်သို့ ရောက်လာသည်ထင်မှတ်စရာပင် ဖြစ်တော့သည် ။ အိမ်ဝင်းထဲဝင်ဝင်ချင်း စိတ်ကို ' သက်သာ ' ထားလိုက်သည် ။ စိတ်ကို ' သက်သာ ' လိုက်သည်နှင့် တစ်ပြိုင်နက် နွမ်းနယ်သော ကိုယ်ကို သတိရလာလေသည် ။ အိပ်နေကျအိပ်ရာပေါ် ပစ်လှဲလိုက် မည် ။ ခေါင်းက ယားလာသည် ။ ဆံပင်ညှပ်ရမည် ။ တစ်ကိုယ်လုံး နံစော်လာသည် ။ ရေစိမ်၍ ချိုးလိုက်မည် ။

“ ဘယ့်နှယ်လဲ မောင်တင်ထွန်း ၊ နောက်အစိုးရကို ဘယ်သူ ဖွဲ့မှာတဲ့လဲ ”  ဟု ဦးမြင့် က ဆီးမေးသည် ။

“ ကျောင်းသားတွေ အရေးကောကွ မောင်တင်ထွန်း ရ ၊ တောင်းဆိုချက်တွေ ရပါ့မလား ”  ဟု ကိုကြွယ် က ဆင့်လိုက်ပြန်သည် ။

ကျွန်တော်က ဒီကိစ္စတွေ ခဏမေ့ထားလိုက်ချင်သည် ။ သူတို့ သိချင်ဇောနှင့် မေးနေကြသော်လည်း ကျွန်တော်က ဒီကိစ္စတွေ မပြောချင် ။  “ နေစမ်းပါဦးဗျာ ၊ ကျွန်တော် အမောဖြေလိုက်စမ်းပါရစေဦး ” ဟု ငေါက်ဆတ်ဆတ်ပင် ပြောလိုက်ချင်တော့သည် ။ သို့သော် သူတို့အပေါ်မှာ သည်လို မမောက် မာရက်ပေ ။

“ ညကျတော့မှ ပြောကြတာပေါ့ဗျာ ”  ဟု ပြောပြီး ကျွန်တော့်အခန်းထဲသို့ ဝင်သွားလေသည် ။ အိပ်ရာပေါ်မှာ ပစ်လှဲလိုက်သည် ။ အတန်ကြာတော့ ထပြီး ရေချိုးရန် ပြင်သည် ။ အင်္ကျီချွတ်ပြီးမှ ဆံပင်ညှပ်ရန် သတိရလာပြီး အင်္ကျီပြန်ဝတ်ပြန်လေသည် ။ ၎င်းနောက် ရေအရင်ချိုးကာ ကောင်းပါ တယ်လေဟု တွေးမိပြန်ပြီး အင်္ကျီချွတ်ပြန်၏ ။

“ ဘယ့်နှယ်လဲ မောင်တင်ထွန်း ၊ အင်္ကျီ  ချွတ်လိုက် ဝတ်လိုက် ပြန်ချွတ်လိုက်နဲ့ ဘာဖြစ်နေသလဲ ”

ဦးလေးမြင့် က မေးလိုက်သည် ။ ဦးလေး ကား ကျွန်တော့်အား အပြင်မှ လှမ်းအကဲခတ် ကြည့်နေဟန်ရှိပေ၏ ။

ကျွန်တော်က ညောင်နာနာနှင့် ပြုံးပြီး -

“ ရေအရင်ချိုးရ ကောင်းမလား ၊ ဆံပင်အရင် သွားညှပ်ရ ကောင်းမလား ဖြစ်နေလို့ပါ ”

“ လူလန်းဆန်းသွားအောင် ရေအရင် ချိုးလိုက်ပေါ့ကွာ ”

“ အဲဒီလိုပဲ ကျွန်တော်သဘောရတယ် ”

ကျွန်တော်တို့ အိမ်၏ မြောက်ဘက်က ကပ်လျက်ရှိသောခြံမှာ ရှမ်းအမျိုးသား ဦးဒါန ပိုင်သော ခြံဖြစ်၏ ။ ထိုခြံထဲတွင် ရေတွင်း တစ်တွင်း ရှိရာ ကျွန်တော်တို့သည် ထိုရေတွင်းသို့ သွား၍ ရေချိုးကြရ၏ ။

ရေတွင်းမှာ အုတ်စီဘောင်ခတ်ထားပြီး ရေငင်ရန် မောင်းတပ်ထား၏ ။ ကျွန်တော်က ရေစည်ပိုင်း တွင်းသို့ ရေအပြည့် ခပ်ထည့်လိုက်၏ ။ သို့သော် ရုတ်တရက် ရေမချိုးသေးဘဲ ပန်းပင်ကလေးတွေကို လျှောက်ကြည့်နေလေသည် ။ကြက်သွေးရောင် နှင်းဆီ နှင့် နှင်းဆီရောင် နှင်းဆီ တို့သည် အထူးသဖြင့် စည်ကားစွာ ဖူးပွင့်နေကြ၏ ။ မေမြို့ရောင်စုံပန်းများသည်လည်း ဆွတ်ခူး၍ မနိုင် နိုင်အောင် ပွင့်နေကြသည် ။ ကြည်ပြာပန်းကလေးများကား ကျနေလေပြီ ။ ကျွန်တော်ကား ကြည့်ရုံဖြင့် အားမရသဖြင့် နှင်းဆီနွယ်များကို လက်ဖြင့် ညွှတ်ယူ၍ ပန်းကိုနမ်းကြည့်မိ၏ ။ မေမြို့ပန်းများကို ခူးယူပြီး မြှောက်ကစားမိ၏ ။ ကြည်ပြာပန်းချပ်လွှာကလေးများကို လေဖြင့်မှုတ်၍ လွှင့်နေမိ၏ ။

ကျွန်တော်သည် ပန်း၏ အရသာကို တစ်ခါမျှ ဤအခါလောက် မခံစားဖူးဘူးခဲ့ဟု ထင်သည် ။ လူတစ်ကိုယ်လုံးလည်း လန်းဆန်းမြူးထူးလာပေသည် ။ စိတ်ကလည်း အေးမြချမ်းသာလာသည် ။

ကျွန်တော် ရေချိုးတော့မည်ဟု ဖလားကိုင်လိုက်စဉ် ကိုကြွယ် သည် ရေတွင်းပေါင်သို့ ကပ်လာလေသည် ။

“ မောင်တင်ထွန်း စားဖို့တောင် ဘာမှမရှိသေးဘူး ၊ ထမင်းလည်း မချက်ရသေဘူး ”

“ ကိုဘဇံက ဘယ်သွားသလဲ ”

“ သူလည်း ရွှေတိဂုံသပိတ်စခန်းကို ကမာရွတ် က သပိတ်တွေနဲ့ လိုက်သွားတယ် ။ ခုထိ ပြန်မလာသေးဘူး ”

“ ကိစ္စမရှိပါဘူး ၊ ကျွန်တော် သိပ်မဆာပါဘူး ”

“ ရေချိုးပြီးရင် ဒေါ်လုံးတင် ဆီ သွားပြီး ဘူးသီးကြော် စားကြတာပေါ့ ”

ကျွန်တော်က မျက်နှာသစ်ရင်း -

“ ကောင်းသားပဲ ”

မျက်နှာကို ဆပ်ပြာတိုက် ၊ ရေနှင့်ဝသွားအောင် သစ်ပြီးသောအခါ ကိုကြွယ် က -

“ မင်း ဝင်နီ လည်း လက်ထပ်တော့မလို့တဲ့ မောင် ”

“ ဟုတ်လား ဘယ်သူနဲ့တဲ့လဲ ”

“ အမြတ်တော်ကြေးဝန်ထောက် ဆိုလား ဘာဆိုလား ၊ ကောင်းကောင်းတောင် မသိပါဘူး ။ ဒါပေမဲ့ ခုချက်ချင်းတော့ ဟုတ်မယ် မထင်ပါဘူး ၊ သင်္ကြန်အပြီးလောက် မှ ထင်ပါရဲ့ ”

“ ဟုတ်လား ၊ ကောင်းသားပဲ ”

ကျွန်တော်ကား တကယ်ပင် ဝင်နီဖေ ခေါ် ခင်သန်းဝင်း နှင့် ပတ်သက်၍ အတွယ်အတာ ကင်းနေပေပြီ ။ ကျွန်တော် နှင့် ဝင်နီ မှာ ဘဝချင်း လုံးဝခြားနားနေကြလေပြီ ။ အရေးတော်ပုံ မတိုင်မီ တုန်းကသာ ဤသတင်းမျိုး ကြားရပါက နှမြောခြင်း မဖြစ်တောင် မခံချိ မခံသာ ဖြစ်မိပေလိမ့်မည် ။ ခုတော့ နည်းနည်းကလေးမျှ မတုန်လှုပ်သောစိတ်ကို ထားနိုင်သည် ။ သစ်ပင်မြင့်ထိပ်ဖျားပေါ်ဝယ် ဆွတ်ဖျန်းနေကြသော ဝင်ခါနီးနေမင်း၏ ရောင်ခြည်နီများကို တစ်ချက် မော့ကြည့်လိုက်ပြီးနောက် ရေတဖွမ်းဖွမ်းလောင်း၍ ချိုးနေတော့သည် ။

ရေမိုးချိုး အဝတ်လဲပြီးနောက် ကိုကြွယ် နှင့်အတူ အင်းစိန်လမ်းမကြီးပေါ်သို့ ထွက်ခဲ့ကြလေသည် ။

“ ဆံပင်ညှပ်ဆိုင် အရင် ဝင်ချင်တယ်ဗျာ ”

ကိုကြွယ် က ကျွန်တော့်ခေါင်းကို စောင့်မော့၍ ကြည့်ပြီး -

“ ကောင်းသားပဲ ၊ ဆံပင် မညှပ်တာ ဘယ်လောက် များ ကြာပြီလဲ ရှည်လှပါပကောလား ”

“ ဘယ်လောက်ကြာပြီလဲ မမှတ်မိပါဘူးဗျာ ၊ မအားတာနဲ့ မညှပ်မိဘူး ”

“ အေး မင်းတို့ကျောင်းသားတွေ ဒီလောက် လုပ်ကြလို့လည်း ခွေးမသား ညွန့်ပေါင်းအစိုးရ ပြုတ်ကျတာပဲကွ ၊ အင်း နောက်တစ်ကောင် မတက်နိုင်အောင် နှုတ်သီးရိုက်ချိုးရဦးမယ်နော် ”

ကျွန်တော်ကား ဘာမျှ မပြော ။ ' ကမာရွတ် တို့ဗမာဆံသဌာန ' ဟု ဆိုင်းဘုတ်တပ်ထားသော ဆိုင်တွင်းသို့ ဝင်သွားလေသည် ။ ဤဆိုင်မှာ က̶̶ု̶̶လ̶̶ာ̶̶း̶ဗမာ အဓိကရုဏ်းပြီးမှ ပေါ်ထွက်လာသော ဆံပင်ညှပ်ဆိုင် ဖြစ်လေသည် ။ ဤဆိုင်မှ မှန်စီရွှေချဘောင်ကြီးများ တပ်ထားသော ကိုယ်လုံးပေါ် မှန်ကြီးနှစ်ချပ်မှာ တို့ဗမာစီးပွား မြင့်တင်ရေးကို အားပေးသောအားဖြင့် တပ်တွင်းကျောင်း ဆရာတော် က စွန့်ကြဲထားသော မှန်ကြီးများ ဖြစ်လေသည် ။ ဆိုင်ရှင် ကိုဘကျူး သည် မီးစာတွင် မီးစွဲခါစဖြစ်သော လက်ဆွဲဓာတ်မီးကို လေထိုးလျက်ရှိ၏ ။

ကိုဘကျူး သည် ယခင်က က̶̶ု̶̶လ̶̶ာ̶̶း̶ပိုင် ဆံသဆိုင်တစ်ဆိုင်မှာ ကူညီရောင်းချရသော လခစား အရောင်းသမားဖြစ်ခဲ့၏ ။ ယခု သူ့ဆိုင်မှာ ဆံပင်ညှပ်ခုံ နှစ်ခုံရှိရာ တစ်ခုံတွင် ကိုယ်တိုင်ညှပ် ၊ အခြားတစ်ခုံမှာ လူငှား ထားလေသည် ။ ညပိုင်းတွင် လူငှား မရှိတော့ချေ ။ ဓာတ်မီး လေထိုးနေသော ကိုဘကျူး သည် ကျွန်တော်တို့အား မော့မကြည့်အား ။ မီးမှာလည်း တော်တော်နှင့် လေမလိုက်နိုင်သေး ။ ကျွန်တော်သည် ဆံပင်ညှပ်ခုံ တစ်ခုံမှာ ဝင်ထိုင်ပြီး ငြိမ်နေလိုက်၏ ။ ကိုကြွယ် က ခဏမျှ ကိုဘကျူး အပေါ်မှ မိုးကြည့်နေပြီး -

“ ကဲ ဖယ်စမ်း သခင်ဘကျူး ၊ ကိုယ်လုပ်စမ်းမယ် ”

သခင်ဘကျူး သည် ချွေးဖြင့်ဝင်းနေသော မျက်နှာကို မော့ကြည့်ပြီး -

“ ဪ သခင်ကြွယ် တို့လား ၊ ကဲ - လုပ်စမ်းပါဦးဗျာ ၊ ဓာတ်မီးက ချေးခဏခဏ ပိတ်တတ်တယ် ”

ကိုဘကျူး သည် ဖယ်ပေးပြီး ထလိုက်သည် ။ သူသည်အရပ်ရှည်ပြီး ပိန်ပါးပါး ဖြစ်သည် ။ ဆံပင်ကို ကိုအောင်ကျော် လို ဗိုလ်ကေညှပ်ထားရာ သူ့ရုပ်သူ့ရည်နှင့် များစွာ အဆင်မပြေဖြစ်နေပေသည် ။ ကိုဘကျူး သည် အတန်ကြာ ချွေးသုတ်နေပြီးနောက် ကျွန်တော့်ဘက် လှည့်လိုက်သည် ။

“ ဪ သခင်တင်ထွန်း ပါလား ၊ အိမ်ပြန်မအိပ်တာ ကြာပြီဆို ၊ ဘယ်တုန်းက ပြန်လာသလဲ ”

“ ခုနင်ကပဲ ”

ကိုကြွယ် ကား ဓာတ်မီး ကို အပ်နှင့်ဆွပြီး လေကို ဖွင့်လိုက် ပိတ်လိုက်လုပ်နေရာ မှန်ကြီးများမှာ လျှပ်စစ်ပစ်နေသလို ဖြစ်နေကြသည် ။ ကိုဘကျူး က ကျွန်တော့်အနား ကပ်လာပြီး -

“ ဘုရင်ခံက ဦးဘဖေ နဲ့ ဦးပု ကို ခေါ်ပြီး အစိုးရဖွဲ့ဖို့ ပြောတယ်ဆို မဟုတ်လား ”

ကျွန်တော်က မချိပြုံးပြုံးပြီး သူ့အား စိုက်၍သာ ကြည့်နေသည် ။

“ ဦးပု ကတော့ အစိုးရအဖွဲ့ ဖွဲ့ပါ့မယ် ၊ နန်းရင်းဝန်ကြီး လုပ်ပါ့မယ်လို့ ကတိပေးလိုက်ပြီဆို မဟုတ်လား ”

“ ကြားတဲ့ အတိုင်းပဲ ”

ဓာတ်မီးကား ကိုကြွယ် ၏ လက်ချက်ဖြင့် လုံးဝ လင်းထိန်သွားလေပြီ ။

“ သခင်တင်ထွန်း တို့ ကျောင်းသားတွေက အမတ်တွေ ရာထူးမယူနိုင်အောင် လုပ်မယ်ဆို မဟုတ်လား ”

“ ကဲ - ကျွန်တော့်ဆံပင် ညှပ်ပေးစမ်းပါဦး ”

ကိုဘကျူး သည် အံဆွဲကို ဖွင့်၍ ဆံပင်ညှပ် ကိရိယာတန်ဆာပလာများကို ထုတ်နေသည် ။ ကိုကြွယ် က ဓာတ်မီးကို ချိတ်မှာဆွဲထားလိုက်သည် ။ ပြီးတော့ ကိုကြွယ် က ကိုဘကျူး ဘက်သို့ -

“ အမတ်တွေကို အားကိုးရတာ ခက်ပါတယ်ဗျာ ။ ညွန့်ပေါင်းလည်း ဖြုတ်ချပါ့မယ် ၊ နောက် တက် မယ့် အစိုးရကိုလည်း အားမပေးပါဘူး ၊ မထောက်ခံပါဘူးလို့ ကတိပေးခဲ့တဲ့ အမတ် ၂၆ ယောက်ပဲ ရှိတယ် ၊ ဒီအထဲက တစ်ခါ အဟွတ် ... အဟွတ် .. ”

ကိုဘကျူး က ကျွန်တော့်ဆံပင်များကို ပေါင်ဒါရိုက်နေရာ ပြင်းထန်လှသဖြင့် ကျွန်တော့် ပါးစပ်ထဲ သို့ပင် ပြေးဝင်လာကြလေသည် ။

“ အဲဒီ ၂၆ ယောက် ထဲက ၅ ယောက် က အယုံအကြည် မရှိအဆိုမှာ ညွန့်ပေါင်းအစိုးရဘက်က မဲပေးခဲ့ကြသေးသဗျ ”

ကိုကြွယ် သည် ထွီခနဲ တံတွေး ထွေးလိုက်ပြီး -

“ နှမပေးတွေ ”

ကိုဘကျူး က -

“ အရိုးအရင်း ကိုက်ရတာတောင် ဒီလောက် အငမ်းမရ ဖြစ်နေကြရင် အင်း .... ”

အတန်ကြာအောင် ငြိမ်နေကြသည် ။ စက်ကတ်ကြေးသံ တရှပ်ရှပ်သာ ကြားရသည် ။ ကိုကြွယ် ကား သင်တုန်းဓားကြီးကို ကိုင်၍ သူ့နှုတ်ခမ်းမွေးနှင့် ပါးသိုင်းမွေးများကို ရိပ်လျက်နေလေသည် ။ ကိုဘကျူး ကပင် စကားတိုင်ပြန်သည် ။

“ ကျောင်းသားတွေကကော ရှေ့ဆက် ဘယ်လိုစခန်းသွားကြမှာလဲ ”

“ ကျွန်တော်တို့ကတော့ တောင်းဆိုချက်တွေ ရရင် သပိတ်လှန်မှာပဲ ၊ တောင်းဆိုချက် ရဖို့ဆိုရင် ဘယ်အစိုးရနဲ့ ဖြစ်ဖြစ် စေ့စပ်မှာပဲ ၊ ညွန့်ပေါင်းအစိုးရ ကို ဖြုတ်ချတာဟာ တောင်းဆိုချက် မပေးနိုင်လို့ပဲ ”

ကိုကြွယ် က သင်တုန်းဓားကြီး လက် မှ မချသေးဘဲ -

“ နောက်တက် မယ့် အစိုးရကတော့ တောင်းဆိုချက်တွေကို ပေးနိုင်မှာတဲ့လား ။ ရေနံမြေအလုပ်သမား တွေရဲ့ တောင်းဆိုချက်တွေ ၊ အာရ်အီးတီအလုပ်သမား ၊ မီးခြစ်စက် အလုပ်သမား ၊ သစ်စက် အလုပ်သမား သပိတ်ပေါင်းစုံ တောင်းဆိုချက်တွေကို ပေးနိုင်မှာတဲ့လား ။ တောင်သူလယ်သမား တွေရဲ့ တောင်းဆိုချက်တွေကော ”

ကိုကြွယ် ၏ အမေးစကားများကား သူ့လက်ထဲမှ သင်တုန်းဓားအသွားလို ထက် မြက်လှပေ၏ ။ ယင်းအမေးစကားတို့သည် ကျွန်တော့် အသည်းနှလုံးကို ထိရှသွား၏ ။ ကျွန်တော့် ဦးနှောက်ထဲမှာကား အဖြေမပေါ်လှာ ။ ကံအားလျော်စွာ စက်ကတ်ကြေး၏ ဖိတွန်းမှုကြောင့် ဇက်စင်းခေါင်းငုံ့၍ ခံနေရလေရာ တစ်စုံတစ်ရာပြန်ပြောရန် မလိုသလို ဖြစ်နေပေသည် ။ ကိုဘကျူး က ကိုကြွယ် အား ဖြည့်စွက်လေသည် ။

“ ဖိနှိပ်ချုပ်ချယ်မှုတွေကဖြင့် ပြင်းထန်မြဲ ပြင်းထန်နေတာပါပဲ ၊ မန္တလေးမှာ သေနတ်ပစ်ခံရသူတွေလည်း ဆေးရုံမှာ ထပ်သေပြန်သတဲ့ ၊ ပြီးတော့ သေနတ်ဒဏ်ရာ သက်သာတဲ့ လူ ၄ ယောက် ကိုတော့ ဆေးရုံကနေပြီး ထောင်ထဲ ခေါ်သွားတယ် ၊ တရားစွဲချက် တင်ထားတယ် ”

သို့ဖြင့် ကိုကြွယ် နှင့် ကိုဘကျူး သည် ကြားသမျှသတင်းများကို အပြန်အလှန် ဖလှယ်ပြောဆိုနေကြလေသည် ။ သခင်လှကြွေ ခေါင်းဆောင်သောပင်လယ်ကူးသင်္ဘောကြီး လုပ်သားများ သပိတ်တွင် ဘုန်းကြီးများ ပါဝင်၍ သပိတ်တားရာ ပုလိပ်က နှိမ်နင်းပုံများ ၊ မန္တလေး သေနတ်ပစ်မှုအတွက် ကန့်ကွက်သောအားဖြင့် စစ်ကိုင်းဘက် မှ လူ ၁ဝဝဝ ဗိုလ်ကေ ပယ်၍ ခေါင်းတုံး တုံးကြပုံ ၊ ကတွန်ကျွဲခြံ မှ သခင် သခင်မ ၅ဝဝ သထုံ သို့ ချီတက်လာပြီး ရုံး နှင့် ထောင်များကို ဝိုင်းကာ ဖမ်းထားသော သခင်ချစ်လှိုင် အား လွှတ်ပေးရန် တောင်းဆိုပုံ ၊ မန္တလေး အာဇာနည် မသာချရာတွင် လူစည်ကားပုံ ၊ စုံနေအောင် သူတို့အချင်းချင်း ပြောနေကြရာ ကျွန်တော့်မှာ ခွကျသောမေးခွန်းများမှ လွတ်ကင်းစွာ ဆံပင်ညှပ်ခြင်း အပြီးသို့တိုင် ရောက်ခဲ့ရ လေတော့သည် ။

ကျွန်တော်တို့သည် ဆံပင်ညှပ်ဆိုင်မှ ထွက်ခဲ့ကြပြီး ဘူးသီးကြော်ဆိုင်သို့ သွားကြလေသည် ။

ဒေါ်လုံးတင် ၏ ဘူးသီးကြော်ဆိုင်ကား အင်းစိန်လမ်းမကြီးဘေး မြောင်းနဖူးပေါ်တွင် တည်ရှိလေသည် ။ အမိုးအကာ မရှိ ။ အကြော်ဖို၏ ဘယ်ဘက်တွင် နှီးကြောဖျာများ ခင်းထားပြီး ၎င်းတို့ အပေါ်တွင် စားပွဲဝိုင်းများ ရှိ၏ ။ မြောင်းတစ်ဖက်ကမ်းရှိ တစ်ထပ်အိမ်ကလေးကား ဒေါ်လုံးတင် ၏ အိမ်ပင်ဖြစ်၏ ။ အိမ် နှင့် ဘူးသီးကြော်ဆိုင်ကို ကြမ်းပြားကြီးတစ်ခုဖြင့် တံတားကူးထားလေသည် ။ ကျွန်တော်က နှီးကြောဖျာပေါ်တွင် တင်ပျဉ်ခွေ၍ ထိုင်လိုက်၏ ။ ကိုကြွယ် ကမူ ဆောင့်ကြောင့် ထိုင်လိုက်လေသည် ။

ဒေါ်လုံးတင် ကား အသက် ၄ဝ  ကျော် ၊ သမီး အပျိုဖြန်းကလေး ၂ ယောက် ၏ မိခင် မုဆိုးမ ဖြစ်၏ ။ ဒေါ်လုံးတင် ၏ ထူးခြားချက် မှာ ငှက်ပျောဖူးနှင့် တူအောင် ခေါင်းသေး အောက်ရှူးပြီး အလယ် ဖောင်းသည့် ကိုယ်ခန္ဓာ ရှိခြင်းတည်း ။ ကြည့်ပါဦး ၊ ဤကိုယ်ခန္ဓာကြီးနှင့် အကြော်ဖိုအနီး ဖင်ထိုင်ခုံ ကလေးပေါ်တွင် ဖင်ချထိုင်လျက် ခြေနှစ်ဖက်ကို ကားဆင်းထားပြီး ရှေ့ကဇလုံတွင် မုန့်နှစ် နယ်နေရာ ခုံကလေးနှင့် မဆံ့အောင် တင်ပါးဖင်သားများက ပိုနေသဖြင့် ဘေးတွင် အိဆင်းနေသည် ။ လက်က လှုပ်ရှားသလောက် ကိုယ်ခန္ဓာက မလှုပ်ရှားသော်လည်း သေးငယ်သော ခေါင်းကလေးက လေလျော့နေသော ကြက်ပေါင်းစေးရုပ်၏ ဦးခေါင်းလို ဟိုသည်ယိမ်းထိုးလျက် ရှိသည် ။ ပါးစပ်တွင်ကား ဆေးပေါ့လိပ်ကြီးကို ခဲထားသည် ။

ဒေါ်လုံးတင် သည် ကိုကြွယ် အား လင်လုပ်လိုသည်မှာ လူသိ နတ်ကြား ဖြစ်၏ ။ ကိုယ်ကြွယ် က တုံ့ပြန်၍ မကြိုက် ။ သို့သော် ကိုကြွယ် သည် ဒေါ်လုံးတင် အား အခင်မပျက် ၊ ကူညီစောင်မစရာ ရှိလျှင် ကူညီစောင်မ၏ ။ သူ့အား ဒေါ်လုံးတင် က လိုက်စားလိုလားသည်ကိုလည်း မတော်မတရား အမြတ် မထုပ်ပေ ။ ထို့ကြောင့် သူတို့ ဆက်ဆံကြပုံမှာ လွန်စွာပင် ရင်းနှီးကြ၏ ။

သမီးအကြီး မြကြည် မှာ အသက် ၁၆ နှစ် မျှ ရှိပြီး အုပ်လုံးသိမ်းစ ဖြစ်သည် ။ လုံးကြီးပေါက်လှ အသားဖြူဖြူ မျက်နှာဝိုင်းဝိုင်း ၊ နှာခေါင်းပြားပြား နှင့် ကြည့်ပျော်ရှုပျော်သော မိန်းကလေးတစ် ယောက် ဖြစ်၏ ။ အငယ် မြရီ မှာ ၁၃ နှစ် ကျော်ကျော် ၁၄ နှစ် နီးပါး ၊ ဆံတောက်ဖားစ ဖြစ်၏ ။ သူကား အမေနှင့်လည်း မတူ ၊ အစ်မ နှင့်လည်း မတူ ၊ ပိန်ပိန်ပါးပါး ၊ နှာခေါင်းချွန်ချွန် ၊ မျက်လုံးပြူးပြူး ဖြစ်၏ ။ မြကြည် က အကြော်ကြော်လျက်ရှိပြီး မြရီ သည် ဘူးသီးကြော်စားလာသူများအား စားပွဲထိုး လျက် ရှိ၏ ။

ကျွန်တော်တို့ ထိုင်လိုက်သည်နှင့်တစ်ပြိုင်နက် မမြရီ က -

“ ဦးလေးတို့ ဘယ်ကလျှောက်လာသလဲ ၊ အကြော်စားပါဦးလား ”

ကိုကြွယ် က -

“ စားမယ်လို့ ထိုင်တာပေါ့ဟ ”

ကိုကြွယ် ပြောလိုက်သည်ကို ဒေါ်လုံးတင် ကြားလိုက်သည် ။ ဇလုံကိုင်ထားသောလက်ဖြင့် ပါးစပ် ထဲက ဆေးလိပ်ကို ထုတ်ယူထားလိုက်ပြီး -

“ ကိုရင်ကြွယ် က မစားရင် မထိုင်တော့ဘူးတဲ့လား ”

“ ဒီလိုလည်း မဟုတ်ပါဘူးဗျာ ၊ ဒီနေ့တော့ စားဖို့ တမင်လာလို့ပါ ၊ ဟောဒီက မောင်တင်ထွန်း ညစာ မစားရသေးတာနဲ့ ”

မြရီ က ဝင်စွက်လိုက်သည် ။

“ ဦးလေးကိုတင်ထွန်း တို့များ မမြင်ရတာ ကြာလှပြီ ”

သည်ကောင်မကလေးသည် ကျွန်တော့်အား ကိုကြွယ် နှင့် တွဲသိသဖြင့် ဦးလေး ဟု ရောခေါ်နေခြင်း ဖြစ်သည် ။ သို့သော် သူက ဦးလေး ခေါ်တိုင်း ကျွန်တော်က ခံပြင်းသည် ။ ကသိကအောက် ဖြစ်သည် ။ ကျွန်တော့်မှာ သူလို အရွယ်က ဦးလေး ခေါ်ရန်အရွယ် မဟုတ်ဟု ယူဆထားသည် ။

“ မမြင်တာ ကြာပြီဆို ၊ ငါက မြို့မကျောင်းဌာနချုပ်ကို သွားနေရတားကိုးကွ ”

“ ဘာကြော်ထည့်ခဲ့ရမလဲ ဦးလေး ”

ကိုကြွယ် က အကြော်ဖိုဆီသို့ လှမ်းကြည့်ရင်း -

“ ရှိတာထည့်လာခဲ့ဟာ ။ မလုံးတင် ဒီနားမှာ ကောင်ညှင်းပေါင်းဖြစ်ဖြစ် ၊ မုန့်ပေါင်းဖြစ်ဖြစ် မရနိုင်ဘူးလား ”

ဒေါ်လုံးတင် သည် မုန့်နှစ်ထဲသို့ ဘူးသီးချောင်းကလေးများကို ဖြည့်ထည့်ရင်း -

“ စာတိုက်နားက မယ်ခင့် ဆီမှာ ကောက်ညှင်းပေါင်းကျည်တောက်တွေ မြင်ခဲ့တယ် ၊ ရှင့်သမီး ကို အဝယ် လွှတ်လိုက်ပါလား ”

“ ရှင့်သမီး ”  ဆိုသည်မှာ မြရီ ကို ဆိုလိုသည် ။ သူတို့မှာ ဒီလို ချိတ်ခြင်းမျိုးကား ရိုးနေပြီ ။ သမီးတွေကိုလည်း ရှက်စရာ မလိုကြတော့ပြီ ။ ကိုကြွယ် က -

“ ဟဲ့ - သမီး မြရီ ရေ သွားဝယ်ချေဟာ ၊ ကျည်တောက်နှစ်ချောင်းလောက် ”

ကိုကြွယ် က ပိုက်ဆံထုတ်ပေးသည်ကို မြရီ က မယူ ။ သူတို့က ဝယ်ကျွေးမည်ဟု ဆိုကာ ခပ်သုတ်သုတ် ထွက်သွားလေသည် ။

ကျွန်တော် သည် မြကြည် ဘက်သို့ ကြည့်လိုက်သည် ။ မြကြည် ၏ မျက်နှာကား မီးရှိန်ကြောင့် နီရဲနေ၏ ။ သူသည် အကြော်များကိုထည့်ပြီး ကျွန်တော်တို့ရှေ့သို့ လာချသည် ။ ၎င်းနောက် လက်ဖက်ရည်ကြမ်းအိုး လာချရင်း -

“ ကိုတင်ထွန်း တို့ ကျောင်းသားအရေးတော်ပုံတွေ ပြီးတော့ မှာလား ”

မြကြည် ကမူ ကျွန်တော့် အား ဦးလေး ဟု မခေါ်တော့ပေ ။ တစ်ခါက သူကလည်း ကျွန်တော့်အား ဦးလေး ဟု ခေါ်သေး၏ ။  “ ငါ့ကို ဦးလေးလို့ မခေါ်ပါနဲ့ကွာ ”  ဟု တစ်ခါတုန်းက သူ့အားပြောရာ သူက အတန်ကြာ တွေနေပြီးမှ ဘယ်လိုအဓိပ္ပာယ် ကောက်သွားသည် မသိ ၊ ရှက်ကိုးရှက်ကန်း လုပ်လျက်  “ နောက် မခေါ်ပါဘူး “  ဟု ပြောကာ လှည့်ထွက်သွားလေသည် ။ တဟိဟိလည်း ရယ်သွားလိုက်လေသည် ။

“ မပြီးသေးပါဘူး ”

“ ၉၁ ဌာန အုပ်ချုပ်ရေးဆိုတာ ဖျက်မှ ပြီးမှာပေါ့နော် ”

“ အင်း အင်း ”

ကျွန်တော်က ခပ်ပေါ့ပေါ့  ' အေး ' ဟု ဖြေလိုက် မိသော်လည်း ချက်ချင်းပင် ပြန်ပြင်၍ ပြောလိုသောကြောင့် အတိအကျ ဘယ်လိုဖြေရပါ့မလဲ စကားစရှာနေစဉ်ပင် မြကြည် သည် အကြော်ဖိုသို့ သွားလေသည် ။ ဘူးသီးကြော်များကို တုတ်ချောင်းကလေးနှင့် လှန်ပေးနေလေသည် ။

ကိုကြွယ် က -

“ ကိုယ့်လူရ ၊ ၉၁ ဌာန အုပ်ချုပ်ရေးဟာ လွယ်လွယ်နဲ့ ပျက်ပါ့မလားကွ ”

“ အဲဒါပေါ့ ခက်နေတာ ၊ လူတွေက လွယ်လွယ်နဲ့ ပျက် မယ် ထင်နေကြတယ် ။ ကျွန်တော်တို့ ကလည်း ထင်ခဲ့တာပဲ ။ တကယ် ဖျက်ကြည့်တော့ မလွယ်ဘူးဗျ ၊ ပထမအဆင့်ဖြစ်တဲ့ ညွန့်ပေါင်း အစိုးရ ဖြုတ်ချရတာကပဲ ဘယ့်လောက် ခက်သလဲ ။ နောက်တစ်ဆင့်မှာ ဘယ်အမတ်မှ ရာထူးလက် မခံအောင် လုပ်ရမယ်ဆိုတာ ဒါကလည်း လုပ်လို့ မဖြစ်သေးဘူး ။ ရာထူး လက် မခံရုံ အစိုးရ အဖွဲ့ ဖွဲ့မဖြစ်ရုံနဲ့ ၉၁ ဌာန အုပ်ချုပ်ရေး ပျက်သွားမလား မသွားဘူးလား ဆိုတာတော့ ကျွန်တော် မသိဘူး ။ သခင်ခေါင်းဆောင်တွေ နဲ့ သတင်းစာတချို့ကတော့ ရာထူးလက်ခံတဲ့လူ မရှိလို့ အစိုးရ ဖွဲ့မဖြစ်ရင် ပျက် မှာပဲလို့ ပြောနေကြတယ် ။ ကိုလှရွှေ တို့ ၊ တက်ဘုန်းကြီးကိုသိန်းဖေ တို့ကတော့ မပျက်ဘူးတဲ့ ၊ ဘုရင်ခံကြိုက်သလို အုပ်ချုပ်သွားမှာပဲတဲ့ ”

မြရီ သည် ကောင်ညှင်းကျည်တောက်ကြီးများကို တစ်ဖက်တစ်ချောင်း ကိုင်၍ ခုန်ပေါက်ပြေးလွှားလာ၏ ။

“ နို့ ဘာလုပ်ကြမှာလဲ ”  ဟု ကိုကြွယ် က အားမလိုအားမရ အသံဖြင့် မေးလေသည် ။

“ ကျွန်တော်တော့ မပြောတတ်ပါဘူးဗျာ ”

“ နို့ မင်းတို့ ဌာနချုပ်က ခဏခဏ ကြေညာနေတယ် မဟုတ်လား ၊ အာဏာရှင် ကိုလှရွှေ မဟုတ်လား ၊ ၉၁ ဌာနအုပ်ချုပ်ရေးကို ဖျက်ပစ်မယ် ၊ တစ်ပြည်လုံး အိမ်ခြေလေးသန်း လှုပ်ရှားသွားမယ့် လုပ်ငန်းစဉ်တွေ ချမယ်လို့ ပြောတယ် မဟုတ်လား ”

“ ဟုတ်တယ် ၊ ပြောတယ် ”

“ ပြောရင် အဲဒါက ဘာလုပ်ငန်းစဉ်လဲ ”

“ ကျွန်တော်တော့ မပြောတတ်ဘူး ”

“ ဟင် မင်းတို့က အထက်ကနေပြီး မပြောတတ်တာတွေ ပြောနေသလား ကိုယ့်လူရဲ့ ”

ကျွန်တော့်မှာ ခွကျနေပြန်ပါပြီ ။ အကြော်စားလိုက် ကောက်ညှင်းစားလိုက်နှင့် လုပ်ပြီး ငြိမ်နေလိုက်ရပါသည် ။

ကိုကြွယ် သည် အတန်ကြာ ငြိမ်နေပြီးနောက် ဆက်ပြောပြန်လေသည် ။

“ ဘာပြောပြော တိုင်းပြည်ကတော့ ခုနက မြကြည် ထင်သလိုပဲ ၊ မင်းတို့ တစ်တွေဟာ ၉၁ ဌာန အုပ်ချုပ်ရေးကို ပျက်အောင် ဖျက်ကြလိမ့်မယ်လို့ ထင်နေတယ် ။ သပိတ်တွေလည်း ဆက် မှောက် နေကြတယ် ၊ အင်အားပြပွဲတွေ ဆက်လက်လုပ်နေတယ် ၊ တောင်သူလယ်သမားတွေက မြို့တက်ပြီး ရုံးတွေ ၊ ဂါတ်တွေ ၊ ထောင်တွေကို ဝိုင်းပြီး အရေးဆိုနေတယ် ၊ အဲဒါတွေ ဘယ့်နှယ် လုပ်မလဲ ”

“ ကျွန်တော် မပြောတတ်ဘူး ၊ ကျွန်တော် ဉာဏ်မမီဘူး ”

“ ဒါဖြင့် ကိုလှရွှေ တို့ ၊ ကိုသိန်းဖေ တို့က ဘာပြောသလဲ ”

“ ကိုလှရွှေ ကတော့ ဘာမှ မပြောဘူး ၊ သည့်ပြင် ခေါင်းဆောင်တွေလည်း ဘာမှ ပြောသံ မကြားသေးဘူး ။ ကိုသိန်းဖေ ကတော့ ရသလောက် အခွင့်အရေးတွေယူပြီး တိုက်ပွဲတွေကို ရုပ်သိမ်းရမှာပဲတဲ့ ။ ဒီစကား သူက သိပ်ပြောနေလို့ သခင်ခေါင်းဆောင်တွေ က သူ့ကို မကျေနပ်ကြဘူး ”

“ ဒီအတိုင်းဆိုရင် ကိုသိန်းဖေ ကို သခင်ခေါင်းဆောင်တွေ က မကျေနပ်တာ မှန်တာပဲလို့ ထင်တယ် ။ တိုက်ပွဲတွေ ဘယ့်နှယ်လုပ် ရပ်မလဲ ၊ အစိုးရကလည်း ဘယ်လောက် နှိပ်စက်နေသလဲ ၊ မင်းအသိပဲ မဟုတ်လား ”

“ ဒါဖြင့် ခင်ဗျားအထင် တိုက်ပွဲတွေ ဘယ်ထိဆက်ရင် ကောင်းမလဲ ”

ကိုကြွယ် သည် မဖြေနိုင်တော့ချေ ။ သူလည်း ကျွန်တော့်လိုပင် ကောက်ညှင်း စားလိုက် ၊ အကြော် စားလိုက် ၊ လက်ဖက်ရည်ကျိုက်ချလိုက် လုပ်နေပေတော့သည် ။

ဒေါ်လုံးတင် က မြကြည် အား -

“ မြကြည် လက်ဖက်တစ်ပန်းကန် ထည့်ပြီး ပေးလိုက်ပါဦး ”

မြကြည် သည် အကြော်ဖိုမှ ထ၍ ဒေါ်လုံးတင် က အကြော်ဖိုတွင် ထိုင်ရစ်သည် ။

အကြော်ဖိုနှင့် တစ်လံကွာလောက်တွင် စင်ကလေးတစ်ခု ရှိသည် ။ စင်ကလေးပေါ်၌ ဖန်ဘူးကြီးများ ရှိ၏ ။ ဤကား သူတို့သားအမိ ဖွင့်ထားသော လက်ဖက် ၊ ချင်းသုပ် ဆိုင်ကလေးပင်တည်း ။

မြကြည် က လက်ဖက်ထည့်နေစဉ် ကျွန်တော် သည် မတ်တတ်ထလိုက်သည် ။

“ ကဲ - ကိုကြွယ် သွားကြစို့ဗျာ ”

ဒေါ်လုံးတင် က ခင်ကျယ်ကျယ် -

“ နေကြဦး နေကြပါဦး လက်ဖက် ပြင်နေတယ် ၊ ဟဲ မြကြည် မြန်မြန်လုပ်လေ ”

“ ကျွန်တော် မစားချင်တော့ဘူးဗျ ၊ ညအိပ်မပျော်ဘဲနေမှာ စိုးတယ် ”

ကိုကြွယ် က ထိုင်ရာမှ မထဘဲ -

“ နေဦးလေ ၊ နည်းနည်းဖြစ်တော့ စားဦးမှပေါ့ ၊ ကိုယ်က ခပ်များများ စားပစ်လိုက်ပါ့မယ် ”

လက်ဖက်ပန်းကန်ကို လာချသော မြကြည် အား ကျွန်တော်သည် စိုက်ကြည့်နေသည် ။ ကျစ်ကျစ်လျစ်လျစ် ဖြူဖြူဖွေးဖွေး ကိုယ်ခန္ဓာကလေးတွင် တပ်မ က် စိတ်များ ရောက်သွားပေ၏ ။ ယင်းသို့သော အဖြစ်ကို ကိုကြွယ် ရိပ်မိသွားဟန် ရှိ၏ ။ မြကြည် သည် သူ့အလုပ်သူ လုပ်နေသောအခါ ကျွန်တော့် အား ကိုကြွယ် က အသံတိုးတိုးကလေးဖြင့် -

“ ဒီကောင်မလေးတွေလည်း ပင်ပန်းရှာတယ် ၊ တစ်နေကုန် တစ်နေခန်း မိုးရော နွေရော အားရတယ် မရှိဘူး ။ ဈေးရောင်းတဲ့အခါ ရောင်း ၊ ဆေးလိပ်တဲ့အခါ လိပ် ၊ ဒါနဲ့လည်း ထမင်းနပ်မှန် စားရရုံပဲ ရှိတယ် ။ ဆင်းရဲတော့ ကြံမိ ကြံရာ ကြံတာပဲ မောင်ရင် ၊ သူ့အမေ က̶̶ု̶̶လ̶̶ာ̶̶း̶ နဲ့ ပေးစားမယ်လို့တဲ့ တစ်နေ့က ပြောတယ် ”

“ ဪ ဟုတ်လား ၊ ဖြစ်မှ ဖြစ်ရလေဗျာ ”

“ သူ့အမေက ကိုယ့်ကို တိုင်ပင်တယ် ၊ ကိုယ်က ဖျက်ထားရတယ် ၊ ကွာ - က̶̶ု̶̶လ̶̶ာ̶̶း̶ နဲ့ ပေးစားမယ့် အစား ဗမာဆီမှာ မယားငယ်အဖြစ် အပ်ရတာက ကောင်းဦးမယ် ”

“ ဒါလည်း မကောင်းပါဘူးဗျာ ”

ကိုကြွယ် သည် ငြိမ်ပြီး လက်ဖက်ကိုသာ စားနေတော့သည် ။ ကျွန်တော်ကား မျက်နှာမော့ကာ ကောင်းကင်အာကာပြင်ထဲတွင် ငေးမောနေလေ၏ ။ လထက်ခြမ်းသည် ကုက္ကိုပင်ထိပ်ဖျားမှာ ပွင့်လင်းနေ၏ ။ ကျွန်တော်သည် လထက်ခြမ်းပေါ်၌ တင်ပါးလွှဲထိုင်ကာ အာကာပြင်ထဲတွင် လွင့်နေမိသည် ။ အဖြေမပေးနိုင်သော ပြဿနာအမျိုးမျိုးနှင့် ရင်ဆိုင်နေရသော အရေးတော်ပုံနှင့် ဝေးသည်ထက် ဝေးရာသို့ လွှင့်ကြည့်သည် ။ ဆင်းရဲခြင်းကြောင့် က̶̶ု̶̶လ̶̶ာ̶̶း̶ မယားငယ် ဖြစ်ရမည် ဆိုသော မြကြည်တို့နှင့် ဝေးရာ ၊ သည့်ထက်သည် ဝေးရာသို့ လွှင့်နေမိလေသည် ။ သို့သော် သိပ်ကြာရှည်လွှင့် မနေနိုင်ပါ ။ လထက်ခြမ်းပေါ်မှ ဗြုန်းခနဲ လိမ့်ကျလာပါသည် ။

အကြောင်းကား လမ်းမကြီးပေါ်တွင် လူငယ်တစ်စု သည် သီချင်းသံပြိုင်ဆို၍ ဘယ်ညာညီစွာ ချီတက်လာကြသောကြောင့်တည်း ။

ရဲရဲတောက် တို့ဗမာပြေ ။
သတ္တိခဲတွေ
ရာဇဝင် ထိုးလောက်အောင် စွန့်ပေ ၊
ဗမာ့လက်ရုံး တပ်တော်သားပေ ၊
အာဇာနည်သွေးတွေ ၊
အရိုးကြေကြေ ၊
တို့ပြေ တို့မြေ ၊
ခေတ်ဆွေးကို ပြောင်းပြန် ၊
တက်ခေတ်ကို စီမံ ၊
တိုးတက်အောင် စိတ်သန် ၊
ညီစေနော် ၊
စစ်ရဲမော် ၊
ချီတက်ကြစို့ ပျော်ပျော် ။
ဘယ်ညာဘယ်ညာ ။
ဗမာပြေ ငါတို့ပြေ ၊
ဗမာမြေ ငါတို့မြေ ၊
ခင်ခင်မင်မင် အမျိုးစောင့်ကြ ၊
ဘယ်ညာ ဘယ်ညာ ၊
( သည်ချိန်ခါ ) ဗမာပြေ
ဇာတိသွေး အရောင်တင်စေ ၊
ဗမာဆို ဂိုဏ်းကဏစိတ် ပျောက်ဖို့ တော်ပြီလေ ။  ။

ကျွန်တော်တို့သည် ချီတက်သွားသော လက်ရုံးတပ်သားများကို ငေးကြည့်ကျန်ရစ်စဉ် ကိုကြွယ် ကျွန်တော့် လက် မောင်းကို ကိုင်လိုက်ပြီး -

“ ကြားလား ၊ လူတိုင်းကို ချီတက်ကြစို့လို့ ခေါ်နေတုန်း မင်းတို့က နောက်ဆုတ်မယ်များ မကြံနဲ့နော် ”  ဟု သတိပေးလေသည် ။

◾သိန်းဖေမြင့်

📖 အရှေ့ကနေဝန်းထွက်သည့်ပမာ

koaungnaingoo.blogspot.com

.

Friday, October 1, 2021

မင်းတုန်းမင်းတရားကြီး နှင့် ထန်းပင်ရိုင်း


 

❝  မင်းတုန်းမင်းတရားကြီး နှင့် ထန်းပင်ရိုင်း ❞

သက္ကရာဇ် ၁၂၃၄ ခုနှစ် နယုန်လပြည့်နေ့တွင် မင်းတုန်းမင်းတရားကြီး သည် ရွှေမြို့တော် လေးပြင် လေးရပ်ရှိ တံဆိပ်တော်ရ မရ ဆရာတော် သံဃာတော်မထေရ်အပါး ၅၀၀ ကျော်ကို ဇေတဝန်ဆောင်တော် သို့ ပင့်ဖိတ်တော်မူလျက် ဆွမ်းကပ်တော် မူလေသည် ။

မင်းတုန်းမင်းတရားကြီး သည် ကြည်ညို သဒ္ဓါကြည်လင်တော်မူသဖြင့် ကိုယ်တော်တိုင် ဆွမ်း ၊ သစ်သီး ၊ ခဲဖွယ် ၊ ဘောဇဉ် ၊ ချိုချဉ်တို့ကို ကပ်တော်မူပြီး သပ္ပာယဖြစ်ဖွယ်များ ဘုဉ်းပေး သုံးဆောင်တော်မူကြကုန်သော သံဃာထေရ်အရှင်တို့အား ကြည်ညိုဖူးမြော်၍ ရွှင်လန်းဝမ်းမြောက်တော် မူနေလေသည် ။ ဆွမ်း ကွမ်းများ ဘုဉ်းပေးတော်မူပြီးနောက် ရဟန်းသံဃာတော်များ သပ္ပာယဖြစ်အောင် သီတင်းသုံးတော်မူစေလိုသဖြင့် အတွင်းတော်မှ မှီအုံးတော်များကို ထုတ်ပေးတော်မူပြီး အရှင်မြတ်များ နှင့် မင်းတုန်းမင်းတရားကြီး သည် အေးချမ်းစွာ ဟောပြောတော် မူကြကုန်၏ ။

ထိုသို့ ဟောပြောနာယူနေခိုက် မင်းတုန်းမင်းတရားကြီး ၏ စိတ်တော်တွင် ရဟန်းသံဃာတော်တို့၏ ချမ်းသာလှစွာသော ဘဝကို စဉ်းစားတော်မူမိရင်းက ရွှေစိတ်တော် လွတ်လပ် ကြည်ရွှင်လာသည့်အလျောက် လွတ်လပ်စွာမေးမြန်း လျှောက်ထားလိုသည့် ဆန္ဒများ ထိန်းမနိုင် ၊ သိမ်းမရ ဖြစ်ပေါ် လာလေသည် ။ ထို့ကြောင့် မင်းတရားကြီးသည် ဆရာတော် အရှင်မြတ်တို့အား

“ အရှင်မြတ်များတို့ကို တပည့်တော် လျှောက်ထား မေးမြန်းခွင့်ပြုပါဘုရား ၊ အရှင်ဘုရား တို့မှာ ဗုဒ္ဓမြတ်စွာသခင် ၏ သားတော်များဖြစ်သည့် အားလျော်စွာ မြို့တွင်းမြို့ပြင် လေးရပ်တွင် တပည့်ဒါယကာ ၊ ဒါယိကာမအပေါင်းတို့က သဒ္ဓါကြည်လင်စွာဖြင့် မြိန်ရှက်စဖွယ် အဆီအအိမ့် ဆွမ်းဟင်း ၊ ခဲဖွယ် ၊ ချိုချဉ်တွေကပ်ပြီး လှူဒါန်းသမျှကိုလည်း အရှင်ဘုရားများက အားပါးတရ ဘုဉ်းပေးသုံးဆောင်တော် မူကြပါသည် ။ ဒီ အစာ အာဟာရတွေနှင့် ဖိန့်အိန့် အဆီတွေ ရစ်ပြီး နေတော်မူကောင်း နေပါလိမ့်မည် ဘုရား ။ အဲဒီလို အဆီရစ်ပြီး တင်းမာလာသည့်အခါကျတော့ အရှင်ဘုရားတို့မှာ သီတင်းသုံးနေတော်မူတဲ့ ကျောင်းဆောင်မှာ တစ်ခါတစ်ရံ သွေးသားလှုပ်ရှား သောင်းကျန်းမှုများ မဖြစ်ပေါ်ပေဘူးလား ဘုရား ၊ တပည့်တော် လျှောက်ထားလိုတာက သည်လို သွေးသားလှုပ်ရှား သောင်းကျန်းမှုတွေ ဖြစ်နေလျှင် ‘ မုတ္တစာဂ ' ဆိုတဲ့ သံသရာမှ ထွက် မြောက်ဖို့ ကျင့်ကြံခြင်း ပွားများအားထုတ်ခြင်းဆိုတာတွေ လျော့နည်းပါးလာပြီး အရှင်မြတ်များ ထိန်းသိမ်းရမည့် သိက္ခာပုဒ်များကိုသော်မှ စောင့်ထိန်းခြင်းငှာ အကျပ်အတည်း တွေ့လိမ့်မည်လော့ဟု တပည့်တော် သံသယများ ဖြစ်ပေါ်လာသောကြောင့် လျှောက်ထား မေးမြန်းရခြင်း ဖြစ်ပါသည်ဘုရား ”

မင်းတုန်းမင်းတရားကြီး ၏ လျှောက်ထားမေးမြန်းသည်တွင် ဆွမ်းစားကြွလာကြကုန်သော ရဟန်းသံဃာ အပေါင်းတို့သည် တိတ်ဆိတ်ငြိမ်သက်၍ ခေါင်းမျှ မမော်ဝံ့ကြတော့ပေ ။ သံဃာတော်အရှင်မြတ်များမှာ မင်းတုန်းမင်းတရားကြီး ကိုယ်တော်တိုင် ကပ်လှူသော ဆွမ်း ခဲဖွယ်ဘောဇဉ်များကို သပ္ပာယဖြစ်ဖွယ် အားရပါးရ ဘုဉ်းပေး သုံးဆောင်တော်မူမိကြသည်ကို စဉ်းစားပြီး ရှက်စနိုးဖြစ်တော်မူ၍ မင်းတရားကြီးကိုမျှ မကြည့်ရဲ ဖြစ်လျက် အခက်ကြုံလျက် နေတော်မူကြကုန်၏ ။

နံနက်ချိန်ကပင် ဝမ်းဗိုက်တော်တင်းအောင် ဘုဉ်းပေးမိခြင်းမှာ မှားလေပြီဟု စိတ်ရှုပ်ကာ ကွမ်းသွေးသာ တပြစ်ပြစ်နှင့် ထွေးထုတ်လျက် မည်သည့်ရဟန်းသံဃာ တစ်ပါးတလေမျှ နှုတ်မြွက် မဟရဲကြဘဲ ဆရာတော် မထေရ်ကြီးများကိုသာ စောင်းငဲ့လျက် မည်သည့်နေရာမှ သူရဲကောင်း ဆရာတော်ကြီးများ ထွက်ပေါ်လာမည်နည်းဟု ကြည့်ရှုအားငယ်လျက်သာ နေကြလေသည် ။

ထိုအခိုက် မှာပင် ဦးအဂ္ဂထေရ်အရှင် သင်္ဂဇာ ဆရာတော်ဘုရားကြီး သည် ဝါးနေသောကွမ်းကို အချက်ပေးသံဖြင့် ထွေးအင်သို့ ထွေးချလိုက်သော အသံကို ကြားရသောအခါ ရဟန်းသံဃာအရှင်မြတ်များ သည် အားကိုးသောအကြည့်များဖြင့် ဆရာတော်ဘုရားကြီးဘက်သို့ လှည့်၍ ကြည့်ကြကုန်၏ ။ ဆရာတော်ဘုရားကြီး သည် ရွှေဂူတွင်းမှ ထွက်လာသော ခြင်္သေ့မင်း၏ အသံကဲ့သို့ တည်ငြိမ်လေးတွဲ့သော အသံဖြင့်

“ ဒကာတော်မင်းမြတ် ၊ ရွှေနန်းစံမင်းမြတ်သည် အကယ် ဆင်ခြင်ကြည့်လျှင်မူကား သိနိုင်တန် ကောင်းပါ၏ ။ ငါတို့ ရဟန်းရှင်ဆိုသည်မှာ လူပုဂ္ဂိုလ်တို့နှင့် မတူကြ စမြဲ ။ ဒီနေရာမှာ ဥပမာထား၍ ပြောရမည်ဆိုလျှင် ငါတို့ရဟန်း သံဃာတော်များကား ထန်းပင်ရိုင်း နှင့် တူကြပေသည် ။ လူ ပုဂ္ဂိုလ်များကား ထန်းပင်အယဉ် နှင့် တူပေမည် ။ ထန်းပင် အယဉ် ဆိုတာက သူ့ကို ထန်းရေ မထွက် ထွက်အောင် ထန်းနို့တွေကို လှီးဖြတ်သုတ်သင်ပြီး အပေါ်က ဖိနှိပ်ညှစ်ချနှင့် နေ့စဉ် လှီးလိုက် ၊ ဖိလိုက် ၊ ညှစ်လိုက် ပြုလုပ်နေကြတော့ ထန်းရေတွေ မထွက်ချင်လဲ ထွက် ထွက်ချင်လဲ ထွက် နဲ့ ထန်းဝမှာ အိုးတွေတပ်တပ်ပြီး နေ့စဉ်လှီးနေတော့ ထန်းရေတွေက တိုးနေတာပေါ့ ဒကာတော် "

“ ငါတို့ ရဟန်းသံဃာဆိုတာကတော့ ဝိပဿနာဓူရ ၊ ဂန္တန္တရဓူရ အစရှိတဲ့ ကျမ်းဂန်တွေကို ဖတ်ရှုမှတ်သားရ ၊ ဟောပြောရ ၊ ဝိပဿနာတွေ ကျင့်သုံးပြီး ဘာဝနာကမ္မဋ္ဌာန်းတွေ စီးဖြန်းတဲ့အလုပ်တွေ လုပ်ရနဲ့ လူတွေလို ကျင့်တဲ့ အကျင့်အကြံ အတွေးများကို စိတ်ကူးဖို့တောင် အချိန်မပေးနိုင်ပါဘူး ဒကာတော် ။ အဲသည်တော့ ငါတို့မှာ ထန်းပင်ရိုင်းနှင့် ပင် တူနေပါတယ် ။ ထန်းပင်ရိုင်းဆိုတာက သူ့ကို လှီးမည့် ဖြတ်မည့် သူကလည်း မပေါ်လာ ၊ နေ့စဉ်နေ့တိုင်းလည်း ဘယ်သူကမှ ဂရုမစိုက်နဲ့ ထန်းရေ ထွက်စိမ့်ငှာ မလုပ်ဆောင်နိုင်ကြလေတော့ ဒီလိုနဲ့ပဲ ထန်းနို့တွေဟာ ခြောက်ခြောက်ပြီး ကြွေကျကုန်ကြရတာပါပဲ ။ အဲသည်လိုသာ မှတ်ပါတော့ ဒကာတော် ရေမြေ့ရှင် ”

“ ငါတို့ဘဝကို ထန်းပင်ရိုင်းနှင့်နှိုင်းပြီး လူဝတ်ကြောင်ဘဝကို ထန်းပင်အယဉ်နှင့် နှိုင်းလိုက်ရင် စင်စစ်တော့ ငါတို့တစ်တွေဟာ ပုဆိုးကြောင်လူ ဒါယကာ တို့လို မအီမသာ မပင်ပန်းကြပါဘူး ။ ထန်းပင်ရိုင်း ရွှေတဖို ဟာ ရေချို ခန်းသလိုပေါ့ ဒကာတော်မင်းမြတ် ” ဟူ၍ မိန့်တော်မူသောအခါ နန်းတော်အတွင်း ဆွမ်းကျွေးသဘင်သို့ ကြွရောက်လာကြသော ရဟန်းသံဃာတော်များနှင့် နန်းတွင်းသူ နန်းတွင်းသား မှူးမတ်အများတို့သည် အားရရွှင်လန်း ပီတိလွှမ်း၍ သောသောညံ ရယ်မောလျက် မင်းတုန်းမင်းတရားကြီးကိုယ်တော်တိုင်ပင်လျှင် ရာဇဣ‌ေန္ဒြတော်မျှ မဆည်နိုင်ဘဲ ရယ်ရွှင်အားရလျက် ရှိနေပေတော့သတည်း ။

◾အောင်ခင်စိုး

📖 မင်းတုန်းမင်းကြီး ၏ အတွင်းရေးများ

koaungnaingoo.blogspot.com

.

မင်းတုန်းမင်း နှင့် မြောက်နန်းမိဖုရား မယ်သဲ


 ❝   မင်းတုန်းမင်း နှင့် မြောက်နန်းမိဖုရား မယ်သဲ  ❞


မင်းတုန်းမြို့စား မင်းသား သည် ဘုရင်ဖြစ်လာသည်နှင့် ငယ်ချစ်ဆွေ မင်္ဂလာအိမ်တော်ပါ မယ်သဲ သည် တောင်နန်းစံ မိဖုရားကြီး ဖြစ်လိမ့်မည်ဟူ၍လည်းကောင်း ၊ မင်းတုန်း မင်းသား၏ ငယ်ဆရာ စံကျောင်းဆရာတော် ဦးစန္ဒိမာ သည်လည်း သာသနာပိုင်ဖြစ်လာလိမ့်မည်ဟူ၍ နန်းတော် အိမ်တော်ဝန်းကျင်က ထင်မှတ်ကြလေသည် ။ သို့သော် ငယ်ဆရာ စံကျောင်းဆရာတော် ဦးစန္ဒိမာ လည်း သာသနာပိုင် ဖြစ်၍ မလာသလို မယ်သဲ သည်လည်း တောင်နန်းစံမဟေသီ မိဖုရားကြီး ဖြစ်မလာခဲ့ပေ ။


မင်းတုန်းမင်းတရားကြီး သည် ငယ်ချစ် မယ်သဲ ထက် သက်တော် ၂ နှစ် ကြီး၏ ။ မယ်သဲ အား မင်းသား က ချစ်စနိုး ဖြင့် ခင်သဲ ဟူ၍ ခေါ်ကြောင်း သိရ၏ ။ မယ်သဲ တို့ နေထိုင်ရာ မုံရွာခရိုင် ညောင်ကန်ရွာ သည် သဘာဝအလှ နှင့် တန်ဆာဆင်ထားသော ရွာ ဖြစ်ပါသည် ။ မယ်သဲ အပျိုပေါက်ဘဝတွင် မိဘတို့၏ ရိုးရာဖြစ်သော တောင်ယာအလုပ်တွင် ဝင်ရောက် လုပ်ကိုင်ရ၏ ။


မယ်သဲ ၏ ရုပ်အဆင်းအင်္ဂါကြန်အင်ကို မြင်ရသော မိဘများ၏ ငယ်ဆရာတော်ဖြစ်သော ညောင်ကန်ဆရာတော် ဦးကျီးညို သည် မယ်သဲ ၏ ဇာတာခွင်ကို တွက်ချက်ကြည့်ရာတွင် မယ်သဲ သည် မလွဲဧကန် မိဖုရား ဖြစ်ရမည်ဟု ဟောခဲ့ပါသည် ။


ထိုနေ့မှစ၍ မယ်သဲ အား တောင်ယာအလုပ်ကို မလုပ်စေဘဲ ဆရာတော်ဦးကျီးညို ကိုယ်တိုင် ဆုံးမပဲ့ပြင် သွန်သင်၏ ။ လောကီနက္ခတ် ပညာများအပြင် လောကုတ္တရာ ပိဋကတ် အခြေခံပညာရပ်များကို သင်ကြားပေးလေသည် ။ မယ်သဲ သည် ပါရမီအရှိန်က ပါလာသဖြင့် ကျောင်းနေ ကိုရင်သာမဏေတို့ နည်းတူ စာဝါများ လိုက်၍ တက်နိုင်ပေသည် ။ မယ်သဲ ၏ ကိုယ်လုံးကိုယ်ထည်မှာ သေးသွယ် ညွတ်ပျောင်း၍ အမူအရာမှာ သိမ်မွေ့နူးညံ့ပေသည် ။


မင်းတုန်းမြို့စား သည် မယ်သဲ ၏ သတင်းကို ကြား၍ အမှတ်မထင် ညောင်ကန်ရွာ သို့ ရောက်လာ၏ ။ မင်းတုန်း မင်းသား မှာ တောင်ဆောင်တော် မိဖုရား ၏ သားတော်တစ်ပါးဖြစ်၍ ညောင်ကန်ရွာ သို့ ရောက်လာခိုက် မယ်သဲ နှင့် နဖူးစာ ရွာလည်ခြင်းပင် ဖြစ်ပါသည် ။ ထိုသည်မှစ၍ မယ်သဲ အပေါ် စွဲလမ်းစိတ်ဖြင့် ညောင်ကန်ရွာ သို့ မကြာခဏ လာလေ့ရှိ၏ ။


ထိုသို့ မကြာခဏ လာရင်းမှ မယ်သဲ ၏ မိဘများထံသို့ မင်းတုန်းမင်းသား ရောက်ရှိလာပြီး မယ်သဲအား မယ်တော်ထံတွင် ခစားစေမည်ကို မယ်တော် အား လျှောက်ကြားပေးမည့် အကြောင်းများကို ပြောဆိုမှာကြားပြီး ပြန်လေသည် ။ မယ်သဲ ၏ မိဘများကိုလည်း ညောင်ကန်သူကြီး ထံတွင်အပ်၍ စောင့်ရှောက်ရန် မှာကြားခဲ့ပေသေးသည် ။


သက္ကရာဇ် ၁၁၉၆ ခုနှစ် တွင် မယ်တော် တောင်ဆောင်တော်မိဖုရားအား ခွင့်ပန်ပြီးနောက် မင်းတုန်းမင်းသား သည် ငယ်ကျွမ်းဆွေ မယ်သဲ အား အမရပူရ ရွှေမြို့တော်သို့ ခေါ်ဆောင်လာခဲ့တော့၏ ။ ထိုသည်မှစ၍ မယ်သဲသည် တောင်ဆောင်တော် မိဖုရားထံတွင် စာဆိုတော် အဖြစ် ခစားရလေသည် ။


မယ်သဲ ရွှေမြို့တော်သို့ ရောက်ရှိပြီးနောက် နန်းမူနန်းရာ ဓလေ့ထုံးစံများကို မှတ်သားလေ့လာပြီး မောင်တော်နှင့်အတူ မင်္ဂလာအိမ်တော်၌ စံမြန်းနေ၏ ။ ကျေးတောသူမပင် ဖြစ်သော်လည်း ငယ်စဉ်ကပင် လိမ္မာရေးခြား ရှိပြီး လင် နှင့်တကွ ဆွေတော်မျိုးတော်များပေါ်၌ သဘောထားကြီးလှသာ မယ်သဲ ကို မယ်တော် တောင်ဆောင်တော် မိဖုရား သည် များစွာ ချစ်ခင်တော်မူကြောင်း သိရ၏ ။


မယ်သဲ သည် ရသမျှနှင့်ရောင့်ရဲတင်းတိမ်သည့်အပြင် လင့်အပေါ်၌ သဘောထားကြီးခြင်း ၊ အခါခပ်သိမ်း လင်ကို မဆန့်ကျင်ခြင်း ၊ အေးအတူ ပူအမျှ နေတတ်ခြင်း ၊ လိမ္မာစွာ ပြောဆိုတတ်ခြင်း ၊ မောင်တော့်အပေါ်၌ အမြဲဖြူစင် ဖြောင့်မတ်သော စိတ်စေတနာထားခြင်းတို့ကြောင့် မင်းတုန်း မင်းသားသည် ဆင်းရဲသူမလေး မယ်သဲအပေါ်၌ များစွာ မြတ်နိုးယုယတော်မူလေသည် ။


မင်းတုန်းမင်းသား နှင့် ကနောင်မင်းသား တို့အား မလိုသူ မှူးမတ်အချို့က ထိုမင်းသားညီနောင်တို့သည် မင်္ဂလာအိမ်တော်တွင်း၌ လူဆိုးလူမိုက် များမွေး၍ ဓားပြတိုက်ခိုင်းစေသည်ဟူ၍ နောင်တော်ပုဂံမင်း အား ချောပစ် လျှောက်ထားကြ၏ ။ ညီတော် ကနောင်မင်းသားလည်း ဤအရေးသည် နောင်တော် မင်းတုန်းမြို့စား ၏ အသက်ကို ရန်ရှာမည့် အမှုဖြစ်၍ ရွှေဘို သို့ကြွချီရန် တိုက်တွန်းလေသည် ။


သက္ကရာဇ် ၁၂၁၄ ခု ပြာသိုလဆန်း ၈ ရက် နေ့တွင် နေပြည်တော် ၏ ရှေ့မျက်နှာ မြောက်စွန်းတံခါးက ထွက်တော်မူရာ တံခါးဗိုလ် ငမိုးခေါင် က တံခါးဖွင့်မပေးသဖြင့် ကနောင်မင်းသား ၏ အိမ်တော်ပါ လူများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်သွားရ၏ ။


ထိုအရေးတွင် မယ်သဲ သည် ကြီးလေးသော အထုပ်ကြီး တစ်ထုပ်ကို ခေါင်းပေါ်တင်ရွက်၍ မင်းတုန်းမင်းသား ၏ နောက်တော်ပါးက ကပ်ပြီး လိုက်ပါလာလေသည် ။ မင်္ဂလာ အိမ်တော်သားများက မိမိတို့သခင်မ အထုပ်ကြီးရွက်လာသည်ကို မြင်ကြ၍ ကူညီသယ်ပေးခွင့်ပြုရန် ခွင့်တောင်းသော်လည်း မယ်သဲ သည်


“ အထုပ်နှင့် မကွာ ထမ်းပါလျက်သာ လိုက် မည် ။ ဤအထုပ်နှင့်သာ လူလုပ်ရမည် မောင်မင်းတို့ ” ဟူ၍ ပြောဆို မိန့်ကြားပြီး မမောမပန်း အထုပ်ထမ်း၍ မောင်တော် မင်းတုန်းမင်းသား နောက်တော်ပါးကသာ လိုက်ပါလာလေသည် ။


ဤသို့ဖြင့် မင်းတုန်းမင်းသား ၏ အရေးတော်ပုံ၌ မင်းသားနှင့်အတူ မကြောင့်ကြ ၊ မစိုးရိမ်ဘဲ ထက်ကြပ်မကွာ လိုက်ပါတော်မူခဲ့၏ ။ အရေးတော် အောင်မြင်ပြီးနောက် မင်းတုန်းမင်း တရားကြီးသည် ရတနာသိင်္ခကုန်းဘောင်ရွှေမြို့တော် ၌ ယာယီစံနန်းဖြင့် စံမြန်းတော်မူနေစဉ် မယ်သဲ အား အပါးတော်သို့ခေါ်၍ အရေးတကြီး တိုင်ပင်တော်မူ၏ ။


ယင်းအရေးမှာ မယ်သဲ ၏ အရေးပင်ဖြစ်ပေတော့သည် ။ မင်းတုန်းမင်းသား သည် မကြာမီ အမရပူရရွှေမြို့တော် သို့ ကြွတော်မူပြီး ရွှေနန်းစည်းစိမ်ကို သိမ်းရမည်ဖြစ်ပါသည် ။ ထိုသောအခါ မိဖုရားခေါင်ကြီး နှင့်တကွ ဗိုလ်ပုံ အလယ်တွင် ရာဇဘိသေက ကို ခံယူတော်မူရပေလိမ့်မည် ။ ထိုအတွက် မိဖုရားခေါင်ကြီး ဖြစ်လာရမည့်သူကို ရွေးချယ်ရပေမည် ။ မိဖုရားခေါင်ကြီးအဖြစ် မည်သူ့ကို ရွေးချယ်ရမည်ဆိုသော ကိစ္စသည် လွန်စွာအရေးကြီးသည့် ကိစ္စပင် ဖြစ်၏ ။


နောင်တော် ပုဂံမင်း ကို ထီးနန်းမှချ၍ မင်းတုန်းမင်းသား ဘုရင်ဖြစ်လာသည်နှင့် နိုင်ငံခြားသူလျှိုတို့က ဆိုင်ရာနိုင်ငံများသို့ အစီရင်ခံကြပေလိမ့်မည် ။ မင်းတုန်းမင်းသား နန်းတက်လျှင် မိဖုရား က မည်သူ ၊ အိမ်ရှေ့မင်းက မည်သူ စသည်ဖြင့် အကဲခတ်နေတတ်ကြ၏ ။


မိဖုရားခေါင်ကြီး သည် ရွှေလင်ပန်းနှင့် အချင်းဆေးသော နန်းသွေး သမီးတော်တစ်ပါးပါး ဖြစ်မည်ဆိုပါက တိုင်းပြည်၌ ဂုဏ်တက်သည် ။ အိမ်ရှေ့မင်း ဆိုသူမှာလည်း လက်ရုံးရည် နှလုံးရည်ရှိသည် ၊ လုံ့လရှိသည် ၊ ဝီရိယရှိသည် ။ သံတမန်အရ ဆက်ဆံနိုင်စွမ်းရှိသည်ဆိုလျှင် လေးစားခံ့ညားလာကြမည် ။ မှူးတော်မတ်တော် ၊ ဆွေတော်မျိုးတော်များကလည်း ကျေနပ်ကြ၍ နှစ်သက်ရိုသေကြလေမည် ။


မင်းတုန်းမင်း သည် ဘကြီးတော်ဘုရားလက်ထက်တော်က အဖြစ်များကို သတိရလျက်ရှိ၏ ။ မင်းစိုးမင်းမျိုး မဟုတ်သော အရပ်သူ မယ်နုအား မိဖုရားခေါင်ကြီးမြှောက်ခဲ့သောကြောင့် ဆွေတော်မျိုးတော် အသိုင်းအဝိုင်းက မကျေနပ်ကြပေ ။ ဆွေတော်မျိုးတော်များက မင်းမျိုးမဟုတ်သော နိမ့်ကျသူကို ဒူးတုပ်၍ ရှိခိုးနေကြရသည်ကို မည်သို့မျှ ကျေနပ်နိုင်စရာ မရှိပေ ။ ထိုအကြောင်းတရားကြောင့်ပင် နန်းတွင်း၌ တစ်ဦးနှင့် တစ်ဦး စိတ်ဝမ်းကွဲပြားလာကြတော့၏ ။ ယင်းအရေးကို အကဲခတ်နေသော အင်္ဂလိပ်နယ်ချဲ့များကလည်း အောက် မြန်မာပြည်ကို သိမ်းယူနိုင်ရန် ခြေကုပ်ရသည့်အချက်တစ်ချက် ဖြစ်သွားရသည်ကို မင်းတုန်းမင်းသား တွေးမိပြီး ဖြစ်ပါသည် ။


ယင်းကြောင့် နန်းမတော် မိဖုရားကြီး ရွေးကောက်ဖို့ အရေးကို မင်းတုန်းမင်း သည် လွန်စွာ အရေးထား စဉ်းစားတော်မူ၏ ။ အိမ်ရှေ့စံအဖြစ် ညီတော် ကနောင် မှာလည်း ညီတော် ကနောင်မင်းသား ၏ အရည်အချင်းကို နန်းတွင်း အသိုင်းအဝိုင်းနှင့်တကွ နိုင်ငံခြားသားများကပါ သိပြီးဖြစ်၍ ကျေနပ်နှစ်သိမ့်နေကြသည် ။ သာသနာပိုင်အဖြစ် တင်မြှောက် မည့် ဆရာတော် ဦးသေယျ ကိုလည်း ရဟန်းလောက က ကျေနပ်နေပြီ ဖြစ်သည် ။ တောင်နန်းမတော်အတွက်သာ ကျန်တော့၏ ။ မယ်သဲ  ကိုလည်း ငယ်ချစ်မို့ အသက်နှင့် ထပ်တူ ချစ်သည်မှာလည်း မှန်ပါ၏ ။ သို့သော် မယ်သဲ သည် ဤအရေးနှင့် ထိုက်တန်ပါမည်လော ၊ ယင်းအကြောင်းကို ဖွင့်ဟ၍ တိုင်ပင်တော်မူလိုက်သည်နှင့် မယ်သဲသည်  


“ မောင်တော်ကို ဘုရားကျွန်တော်မ ၏ အချစ်ဦးပါ ဘုရား ၊ အသက်ပေး၍လည်း ချစ်နေမှာပါ ၊ မောင်တော် သဘောတော်ကျ ပြုတော်မူပါဘုရား ၊ နှမတော်ကို ငဲ့ကွက် ထောက်ထားတော် မမူပါနှင့် ၊ မောင်တော်ဘုရား နှင့် နိုင်ငံတော်ကို အိမ်နီးချင်းနိုင်ငံမင်းတို့က ခံ့ညားလေးစားဖို့ကိုသာ အဓိက ထားပြီး မောင်တော် စီမံတော်မူပါ ။ နှမလေး မှာ ဆင်းရဲသူမပင်ဖြစ်၍ နန်းမတော်နှင့်လည်း ထိုက်တန်မည် မဟုတ်ပါ ။ မောင်တော် ထားရာမှာပင် ကျေနပ်နှစ်သက်အားရစွာနေပါမည် မောင်တော်ဘုရား ” ဟူ၍ လျှောက်ထားတော်မူပါသည် ။


မင်းတုန်းမင်းသား ၏ ရွှေမျက်နှာတော်မှာ ရွှင်လန်း ကျေနပ်တော်မူလာ၏ ။ အချစ်ဦးကလေး မယ်သဲ ၏ လက်တော်ကိုဆွဲပြီး မယ်သဲ၏ မျက်နှာကိုသေချာစွာ ရှုစားတော်မူသည် ။


မယ်သဲ သည် ငါသာလျှင် ငယ်ချစ် ၊ ငယ်လင် ၊ ငယ်မယား ဖြစ်သောကြောင့် ငါသာလျှင် မိဖုရားကြီး ဖြစ်ထိုက်သည်ဟု အရေးမဆို ။ ချစ်လင်တော်မောင် ကို ဆန့်ကျင်ဘက် မပြု ။ မောင်တော် ကျေနပ်သလို စီမံဖို့ကိုသာ မှာတော်မူရှာသည် ။ မယ်သဲ တောင်းသောဆုမှာ တစ်ခုတည်းဖြစ်သည် ။ ယင်းဆုမှာ


“ ဘုရာ့ကျွန်မ လှူတန်းလိုသည့်အခါမှာ လွယ်လွယ်ကူကူ ဖြစ်ပါရစေဘုရား ” ဟု လျှောက်ထား၏ ။


ထိုညတွင် မယ်သဲ သည် အဆောင်တော်တွင်းသို့ ပြန်လာသည် ။ မည်သူ့ကိုမျှ နှုတ်ခွန်းတော် မဟ ၊ မကြာမီမှာပင် မောင်တော် သည် မင်းသမီးတစ်ဦးဦးကို နန်းမတော် တင်မြှောက်ပေတော့မည် ။ မည်သူများ ဖြစ်လေမည် မသိ ၊ မောင်တော်ကို မေးလည်း မမေးမိ ၊ မေးလည်းမမေးချင်ပါ ။ သို့သော် မောင်တော် ၏ စိတ် ငြိမ်းအေးချမ်းသာမည်ဆိုပါလျှင် သူမအဖို့ အရာရာသည် ကျေနပ်ရမည်သာ ။


သက္ကရာဇ် ၁၂၁၄ ခုနှစ် တန်ခူးလပြည့်ကျော် ၃ ရက် နေ့တွင် မင်းတုန်းမင်းတရားကြီးသည် ရတနာသိင်္ခကုန်းဘောင် စံနန်းတော်၌ပင် ခမည်းတော် အမရပူရ ဒုတိယမြို့တည် နန်းတည်မင်း ၏ သမီးတော်ကို “ သီရိပဝရ တိလောကရတနာ မင်္ဂလာဒေဝီ ” ဘွဲ့နှင့် တောင်နန်းမတော်ကြီးအဖြစ် တင်တော်မူသည် ။ မင်္ဂလာ အိမ်တော်ပါ ငယ်ချစ် မယ်သဲအား “ သီရိမဟာ ရတနာမင်္ဂလာဒေဝီ ” ဘွဲ့တော်နှင့် မြောက်နန်းတင်တော်မူ၏ ။


ဘကြီးတော်မင်း နှင့် နန်းမတော်မယ်နု တို့၏ သမီးတော် ပုဂံမင်း၏ နှမတော် ( နောင် ဆင်ဖြူမရှင်ဖြစ်လာမည့် ) မင်းသမီးကို “ သီရိတိလောကမဟာဒေဝီ ” ဘွဲ့တော်နှင့် အလယ်နန်း တင်တော်မူသည် ။ ခမည်းတော်မင်းတရားကြီး ၏ မြောက်ဆောင် ကနောင်မြို့စားမိဖုရားတွင် မြင်သော သမီးတော် ပင်းတလဲမြို့စားမင်းသမီးကို “ သီရိရတနာ သုစန္ဒာဒေဝီ ” ဘွဲ့နှင့် အနောက်နန်း တင်တော်မူလေသည် ။


နောင်အခါတွင် ဆင်ဖြူမရှင်ဖြစ်လာမည့် အလယ်နန်းမတော် မိဖုရားသည် ကျေးတောသူမ မယ်သဲ အား မြောက်နန်းတင်သည်ကို ကျေနပ်ဟန် မပြပေ ။ အကြောင်းမူ မြောက်နန်း ၏ အဆင့်အတန်းသည် အလယ်နန်း ထက် မြင့်သောကြောင့် ဖြစ်ပါသည် ။


မယ်သဲ သည် မြောက်နန်းမိဖုရားကြီး ဖြစ်လာပြီးသည့်နောက် မိမိ၏ ဇာတိရပ်မြေ ညောင်ကန်ရွာ ၌ ရှိသော သီရိနန္ဒာ ကန်တော် နှင့် ဇေယျနန္ဒာ ကန်တော် နှစ်ခုကို သက္ကရာဇ် ၁၂၁၆ ခုနှစ် တွင် အသစ်ထပ်မံ ပြင်ဆင်တော်မူသည် ။ ရွှေမြို့တော် မြောက်ပြင် ၊ မန္တလေးတောင်ခြေ ၊ မဏ္ဍလာရာမတိုက် ၊ ကျောင်းရံ ၂၀ နှင့် တကွ လေးထပ်စမြင်ခံကျောင်းတော်ကြီး တစ်ဆောင် ဆောက်လုပ်လှူဒါန်း၍ ညောင်ကန်ရွာရှိ မိမိ၏ ငယ်ဆရာတော် “ မေဓာသီရိကဝိဓဇပရမ မဟာဓမ္မရာဇာဓိ ရာဇဂုရု ” တံဆိပ်တော်ရ ဆရာတော်ဦးကျီးညို ( ပြည်ဆရာတော် ) အား တင်လှူတော်မူပါသည် ။


မင်းတုန်းမင်း သည် ပုဂံမင်း နှမတော် စကြာဒေဝီမိဖုရားကြီးအား နန်းမတော် တင်သည့်တိုင်အောင်လည်း မယ်သဲ သည်တစ်လုံးတစ်ပါဒမျှ ဆန့်ကျင်၍ မပြောပေ ။ ကြည်ဖြူ ခွင့်လွှတ်တော်မူရှာသည် ။ မည်သူကပင် အပြစ် ရှာရှာ ၊ မည်သူကပင် ကုန်းချောစကား ဆိုစေကာမူ မင်းတရားကြီး က မည်သည့် အခါကမျှ အပြစ်တော် မယူပေ ။ ရှေးကထက်ပင် ပိုမိုမြတ်နိုး ယုယတော်မူပါသည် ။ သို့သော် မယ်သဲ မှာ သားသမီး မထွန်းကားခဲ့ပေ ။


တစ်နေ့သော် မိဖုရားကြီးမယ်သဲ နှင့် သလွန်တော်ပေါ်တွင် ချစ်ကြည်စွာစံနေတော်မူခိုက် မင်းတုန်းမင်းတရားကြီး က


“ မယ်သဲ မှာလည်း သားရတနာ မထွန်းကား ၊ အခုအခါများ မယ်သဲ မှာသာ သားတော်တစ်ဦးဦး ထွန်းကားလာခဲ့ရင် နန်းလောင်းရာထား မြှောက်စားတော်မူနိုင်ငဲ့ ” ဟူ၍ မိန့်တော်မူပါသည် ။


ထိုအခါ မယ်သဲ မှာ သက်တော် ၅ဝ ကျော်နေချေပြီ ။ ထိုသို့မိန့်တော်မူပြီးနောက် မင်းတရားကြီး သည် ကြေကွဲတော်မူသည့် မျက်နှာတော်နှင့် အတန်ငယ်ဆိတ်ငြိမ်စွာ စံနေတော်မူ၏ ။


သက္ကရာဇ် ၁၂၃၃ ခုနှစ် တွင် မြောက်နန်းမိဖုရား မယ်သဲ ၏ သက်တော်မှာ ၅၇ နှစ်တွင်းသို့ ချင်းနင်းဝင်ရောက်လာလေပြီ ။ ထိုအခါ မယ်သဲ ၏ မျက်နှာတော်မှာ နုပျိုစဉ်ကကဲ့သို့ မဟုတ်တော့ပေ ။ ဇရာထောင်းလာသည့်အလျောက် မှဲ့နီ မဲ့ခြောက် တို့ဖြင့် ဖုံးလွှမ်းလို့နေပေပြီ ။ အသက်အရွယ်အရ တစ်ခါတစ်ရံ အမေ့ကြီးမေ့နေတတ်လာ၏ ။ ယင်းသို့ ဇရာကြောင့် ယိုယွင်းဆုတ်ယုတ်စပြုလာသော်လည်း ငယ်ချစ် အိမ်တော်ပါ မိဖုရားကြီးမယ်သဲ အပေါ်၌ အချစ်မပြယ် ၊ တိုး၍သာ သနားချစ်ခင် ယုယလာလေသည် ။


သက္ကရာဇ် ၁၂၃၄ ခုနှစ် တွင် မြောက်နန်းမိဖုရားကြီး မယ်သဲ ၏ သက်တော်မှာ ၅၈ နှစ်တွင်းသို့ ရောက်နေချေပြီ ။ ထိုနှစ် ကဆုန်လဆန်း ၁ ရက် နေ့တွင် မိုးကြိုးပစ်ရာ၌ မရှုမလှ အသက်ပျောက်ရသော သားအဖသုံးယောက် ၏ အလောင်းကို မြောက်နန်းမိဖုရား မှ အမှတ်မထင် မြင်လိုက်သဖြင့် သွေးလန့် တော်မူပြီး ဖျားတော်မူလေသည် ။ မိဖုရားကြီး မယ်သဲ သည် ထိုဝေဒနာမှ မထနိုင်ရှာဘဲ ၁၂၃၄ ခုနှစ် ကဆုန်လပြည့်ကျော် ၁၂ ရက်နေ့တွင် နတ်ရွာစံတော်မူရှာပါသည် ။


မင်းတုန်းမင်းတရားကြီး သည် လွန်စွာ ကြေကွဲဝမ်းနည်းတော်မူပြီး မိဖုရားကြီး သီရိမဟာရတနာ မင်္ဂလာဒေဝီ ၏ အလောင်းတော်ကို ကောင်းစွာသင်္ဂြိုဟ်တော်မူပြီး နန်းမြို့တော်၏ အနောက် မြောက်ထောင့်တွင် အုတ်နန်းပြာသာဒ်နှင့် ထားတော်မူပါသတည်း ။


◾ အောင်ခင်စိုး


📖  မင်းတုန်းမင်းကြီး၏ အတွင်းရေးများ


koaungnaingoo.blogspot.com


.