Showing posts with label အောင်ခင်စိုး. Show all posts
Showing posts with label အောင်ခင်စိုး. Show all posts

Wednesday, January 22, 2025

မင်းတုန်းမင်းတရားကြီး နှင့် သမားတော် အကြောပေါင်း တစ်ထောင် ဦးတူ


 

❝ မင်းတုန်းမင်းတရားကြီး နှင့် သမားတော် အကြောပေါင်း တစ်ထောင် ဦးတူ ❞

မင်းတုန်းမင်းတရားကြီး သည် နန်းမတော် စကြာဒေဝီမိဖုရားကြီး လည်း နတ်ရွာစံခဲ့လေပြီ ။ ယခု မြောက်နန်းမိဖုရားကြီး မယ်သဲ လည်း နတ်ရွာစံတော်မူပြန်ပါသည် ။ မင်းတုန်းမင်းတရားကြီး သည် များစွာ ယူကျုံးမရ စိတ်တော် ထိခိုက်လွန်း ၍ နန်းမတော်ဆောင် နှင့် မြောက်နန်းဆောင် တို့ ကို အတွင်းရှိ ပရိဘောဂ အဆောင်အယောင်များ နှင့် တကွ အိပ်ရာ အခင်းအကျင်း တို့ ကို မိဖုရားကြီးများ ရှိစဉ်က ကဲ့သို့ ခြေရာလက်ရာ မယွင်းအောင် ထားစေပြီး မကြာခဏ အဆောင်တော် တွင်း သို့ ကြွဝင်ကာ ကြေကွဲစွာဖြင့် အလွမ်း ဖြေတော်မူလေ့ ရှိပါသည် ။

ထိုကဲ့သို့ မင်းတရားကြီး မှာ လွမ်းဆွတ် ကြေကွဲတော် မူသော ဝေဒနာ ခံစား နေရသည် ကို ပြုပြင်ပြောင်းလဲ ပစ်သူကား မင်းတရားကြီး ၏ အနောက်ဆောင် မှ မိဖုရားငယ် တစ်ဦး ပင် ဖြစ်၏ ။ ယင်း မိဖုရားငယ် သည် မင်းတုန်းမင်းတရားကြီး အတွက် နန်းတွင်း သမားတော်ကြီးများ နှင့် တိုင်ပင်၍ စိတ်တော် နုပျိုရွှင်လန်း တက်ကြွစေရန် စီစဉ်တော်မူ၏ ။ ပြီးလျှင် မိဖုရားငယ် သည် မင်းတရားကြီး စိတ်တော် ကျေနပ်စေသည့် အထိ အစွမ်းကုန် ပြုစုယုယတော်မူပါသည် ။

ဤသို့ဖြင့် မင်းတုန်းမင်းတရားကြီး ၏ အလွမ်းဝေဒနာ ကို ပြေပျောက်စေလာပြီး မိဖုရားငယ် အပေါ် ၌ သာ တပ်မက် ငြိတွယ် လာတော့၏ ။ ကြာသော် မိဖုရားငယ် မှာ အိပ်ရာ တွင် လဲ၍ ချည့်နဲ့သော ဝေဒနာ ကို ခံစားနေရတော့၏ ။ ဤ ဝေဒနာ ကို မင်းတရားကြီး သည် နန်းတွင်း သမားတော်ကြီးများ နှင့် အမျိုးမျိုး ကုသ သော်လည်း မရပေ ။

နောက်ဆုံး မင်းတုန်းမင်းတရားကြီး သည် သူ ၏ အပေါ်၌ အလိုလိုက် အကြိုက်ဆောင် ၍ ယုယခဲ့သော မိဖုရားငယ် ပြန်လည် ကျန်းမာလာစေရန် အတွက် စိတ်ဓာတ်ဖြင့် ကုသတတ်သော သမားတော် ဦးတူ နှင့် တိုင်ပင်တော်မူလေသည် ။

သမားတော်ဦးတူ က မင်းတရားကြီး အား “ မိဖုရား အား မည်ကဲ့သို့ပင် ပြုစုစေကာမူ အပြစ်တော် မယူဘဲ အသက် မှ ချမ်းသာပေးပါ က ကုသနိုင်ပါလိမ့် မည်ဘုရား ” ဟု လျှောက်ထား လေသည် ။

မင်းတုန်းမင်းတရားကြီး လည်း ခွင့်ပြုတော်မူသဖြင့် သမားတော် ဦးတူ သည် ယင်း မိဖုရားငယ် ၏ အဆောင်တော် တွင်း သို့ ဝင်၍ အခြား ရံရွေ လက်ပါးစေများ ကို အပြင်သို့ ထွက်သွားရန် နှင်လွှတ်လိုက်၏ ။ ထို့နောက် ဘာမပြော ညာမပြော နှင့် မိဖုရား ၏ ဆံပင် ကို ဆွဲ၍ “ ဟဲ့ကောင်မ နင် က ဘုရင့်မယား မို့ မောက်မာရ သလား ၊ ထလဟဲ့ ” ဆိုပြီး ရိုက်နှက်လေတော့၏ ။

ထိုအခါ မိဖုရား သည် များစွာ စိတ်ဆိုး ဒေါသ ထွက် ပြီး သမားတော် ဦးတူ ကို ရိုက်ရန် လက် ဖြင့် ဆွဲမိဆွဲရာ လှမ်း၍ ဆွဲရာ မိမိ စီးသော ဖိနပ်ကို ဆွဲမိသဖြင့် ဦးတူ က ပိုမို စိတ်ဆိုးစိတ်ထအောင် ပြောပြီး ထ ပြေးလေသည် ကို မိဖုရား လည်း အတင်း ထ၍ လိုက် ရိုက်၏ ။

တုန်တုန်ယင်ယင် နှင့် ထ လိုက်သော မိဖုရား အား ဦးတူ က လည်း မလှမ်းမကမ်း မြင်လောက် မီလောက် သော နေရာ မှ နေပြီး မိဖုရား စိတ် ထအောင် လုပ်သည် ။ သို့ဖြင့် တဖြည်းဖြည်း လိုက် နေရာမှ မှန်နန်းတော်ဆောင် ကို ပတ် ပြေးရသည့် အထိ လိုက် ရိုက်လေတော့သည် ။

နန်းတွင်းသူများ လည်း အုတ်အုတ်သဲသဲ ဖြစ်ပြီး အကယ်ပင် ရန်ဖြစ် နေကြသည် ။ သမားတော်ဦးတူ က မိဖုရား ကို စော်ကား နေသည် ဟု ထင်ပြီး မှန်နန်းဆောင် သို့ ဝင်၍ “ ကယ်တော်မူပါဘုရား ” ဟု အော်ကြတော့၏ ။

သမားတော်ကြီး ဦးတူ သည် မင်းတုန်းမင်းကြီး ထံ သို့ ပြေး လာသည် ။ ရောက် မှ မိမိ ဆေးကုသ၍ ပြီးခဲ့ပါကြောင်း သံတော်ဦး တင်လေသည် ။ ယင်းအခါ မှ လူအများ လည်း ရိပ်မိသိရှိ လာကြ သလို မိဖုရား မှာ လည်း ဒေါသ ထွက်ပြီး မောပန်းလျက် နန်းတော် နံရံ ကို မှီ၍ နား နေလေသည် ။

မင်းတုန်းမင်းတရား ကိုယ်တော်တိုင် ထွက်တော်မူလာ ပြီး မိမိ အား အကြိုက်ဆောင် အလိုလိုက် ခဲ့သော မိဖုရားငယ် ကို ယုယစွာ ပွေ့ချီတော် မူ၍ အဆောင်တော် သို့ ပို့လေသည် ။ နောက်နေ့ မှ စ၍ မိဖုရား ၏ အကြောသေ ရောဂါ မှာ သက်သာ လာစ ပြုပြီး လန်းဆန်းလာ၏ ။

သမားတော် ဦးတူ မှ မိမိ အား ဆေးကုသသော အဖြစ် ကို မောင်တော် မင်းတရားကြီး မိန့်တော်မူ မှ သိရတော့သည် ။ ဦးတူ သည် နောက် တစ်နေ့ တွင် အုန်းငှက်ပျောပွဲ ဖြင့် မိဖုရား ထံ လာရောက်ပြီး မိမိ အနေဖြင့် မင်းတရားကြီး အမိန့်တော် အရ ရိုင်းပျစွာ ကုသရခြင်း ကို ခွင့်လွှတ်ပါရန် ဝန်ချတောင်းပန် လေသည် ။

မိဖုရား သည် လည်း မင်းတုန်းမင်းတရားကြီး မှာကြား ထားတော်မူသည့် အတိုင်း အတွင်းတော် မှ ငွေတစ်ထောင်ထုပ် ကို ယူ၍ ဆု အဖြစ် သနားတော်မူလေသည် ။

ဤကား မင်းတရားကြီး ချစ်မြတ်နိုးတော်မူသော မိဖုရားငယ် အား သမားတော်ကြီး အကြောပေါင်းတစ်ထောင် ဦးတူ ၏ ဆေးကုသခြင်း သဘောမျှပင် ဖြစ်ပါသတည်း ။

◾ အောင်ခင်စိုး
📖 မင်းတုန်းမင်းကြီး ၏ အတွင်းရေးများ

Friday, October 1, 2021

မင်းတုန်းမင်း နှင့် မြောက်နန်းမိဖုရား မယ်သဲ


 ❝   မင်းတုန်းမင်း နှင့် မြောက်နန်းမိဖုရား မယ်သဲ  ❞


မင်းတုန်းမြို့စား မင်းသား သည် ဘုရင်ဖြစ်လာသည်နှင့် ငယ်ချစ်ဆွေ မင်္ဂလာအိမ်တော်ပါ မယ်သဲ သည် တောင်နန်းစံ မိဖုရားကြီး ဖြစ်လိမ့်မည်ဟူ၍လည်းကောင်း ၊ မင်းတုန်း မင်းသား၏ ငယ်ဆရာ စံကျောင်းဆရာတော် ဦးစန္ဒိမာ သည်လည်း သာသနာပိုင်ဖြစ်လာလိမ့်မည်ဟူ၍ နန်းတော် အိမ်တော်ဝန်းကျင်က ထင်မှတ်ကြလေသည် ။ သို့သော် ငယ်ဆရာ စံကျောင်းဆရာတော် ဦးစန္ဒိမာ လည်း သာသနာပိုင် ဖြစ်၍ မလာသလို မယ်သဲ သည်လည်း တောင်နန်းစံမဟေသီ မိဖုရားကြီး ဖြစ်မလာခဲ့ပေ ။


မင်းတုန်းမင်းတရားကြီး သည် ငယ်ချစ် မယ်သဲ ထက် သက်တော် ၂ နှစ် ကြီး၏ ။ မယ်သဲ အား မင်းသား က ချစ်စနိုး ဖြင့် ခင်သဲ ဟူ၍ ခေါ်ကြောင်း သိရ၏ ။ မယ်သဲ တို့ နေထိုင်ရာ မုံရွာခရိုင် ညောင်ကန်ရွာ သည် သဘာဝအလှ နှင့် တန်ဆာဆင်ထားသော ရွာ ဖြစ်ပါသည် ။ မယ်သဲ အပျိုပေါက်ဘဝတွင် မိဘတို့၏ ရိုးရာဖြစ်သော တောင်ယာအလုပ်တွင် ဝင်ရောက် လုပ်ကိုင်ရ၏ ။


မယ်သဲ ၏ ရုပ်အဆင်းအင်္ဂါကြန်အင်ကို မြင်ရသော မိဘများ၏ ငယ်ဆရာတော်ဖြစ်သော ညောင်ကန်ဆရာတော် ဦးကျီးညို သည် မယ်သဲ ၏ ဇာတာခွင်ကို တွက်ချက်ကြည့်ရာတွင် မယ်သဲ သည် မလွဲဧကန် မိဖုရား ဖြစ်ရမည်ဟု ဟောခဲ့ပါသည် ။


ထိုနေ့မှစ၍ မယ်သဲ အား တောင်ယာအလုပ်ကို မလုပ်စေဘဲ ဆရာတော်ဦးကျီးညို ကိုယ်တိုင် ဆုံးမပဲ့ပြင် သွန်သင်၏ ။ လောကီနက္ခတ် ပညာများအပြင် လောကုတ္တရာ ပိဋကတ် အခြေခံပညာရပ်များကို သင်ကြားပေးလေသည် ။ မယ်သဲ သည် ပါရမီအရှိန်က ပါလာသဖြင့် ကျောင်းနေ ကိုရင်သာမဏေတို့ နည်းတူ စာဝါများ လိုက်၍ တက်နိုင်ပေသည် ။ မယ်သဲ ၏ ကိုယ်လုံးကိုယ်ထည်မှာ သေးသွယ် ညွတ်ပျောင်း၍ အမူအရာမှာ သိမ်မွေ့နူးညံ့ပေသည် ။


မင်းတုန်းမြို့စား သည် မယ်သဲ ၏ သတင်းကို ကြား၍ အမှတ်မထင် ညောင်ကန်ရွာ သို့ ရောက်လာ၏ ။ မင်းတုန်း မင်းသား မှာ တောင်ဆောင်တော် မိဖုရား ၏ သားတော်တစ်ပါးဖြစ်၍ ညောင်ကန်ရွာ သို့ ရောက်လာခိုက် မယ်သဲ နှင့် နဖူးစာ ရွာလည်ခြင်းပင် ဖြစ်ပါသည် ။ ထိုသည်မှစ၍ မယ်သဲ အပေါ် စွဲလမ်းစိတ်ဖြင့် ညောင်ကန်ရွာ သို့ မကြာခဏ လာလေ့ရှိ၏ ။


ထိုသို့ မကြာခဏ လာရင်းမှ မယ်သဲ ၏ မိဘများထံသို့ မင်းတုန်းမင်းသား ရောက်ရှိလာပြီး မယ်သဲအား မယ်တော်ထံတွင် ခစားစေမည်ကို မယ်တော် အား လျှောက်ကြားပေးမည့် အကြောင်းများကို ပြောဆိုမှာကြားပြီး ပြန်လေသည် ။ မယ်သဲ ၏ မိဘများကိုလည်း ညောင်ကန်သူကြီး ထံတွင်အပ်၍ စောင့်ရှောက်ရန် မှာကြားခဲ့ပေသေးသည် ။


သက္ကရာဇ် ၁၁၉၆ ခုနှစ် တွင် မယ်တော် တောင်ဆောင်တော်မိဖုရားအား ခွင့်ပန်ပြီးနောက် မင်းတုန်းမင်းသား သည် ငယ်ကျွမ်းဆွေ မယ်သဲ အား အမရပူရ ရွှေမြို့တော်သို့ ခေါ်ဆောင်လာခဲ့တော့၏ ။ ထိုသည်မှစ၍ မယ်သဲသည် တောင်ဆောင်တော် မိဖုရားထံတွင် စာဆိုတော် အဖြစ် ခစားရလေသည် ။


မယ်သဲ ရွှေမြို့တော်သို့ ရောက်ရှိပြီးနောက် နန်းမူနန်းရာ ဓလေ့ထုံးစံများကို မှတ်သားလေ့လာပြီး မောင်တော်နှင့်အတူ မင်္ဂလာအိမ်တော်၌ စံမြန်းနေ၏ ။ ကျေးတောသူမပင် ဖြစ်သော်လည်း ငယ်စဉ်ကပင် လိမ္မာရေးခြား ရှိပြီး လင် နှင့်တကွ ဆွေတော်မျိုးတော်များပေါ်၌ သဘောထားကြီးလှသာ မယ်သဲ ကို မယ်တော် တောင်ဆောင်တော် မိဖုရား သည် များစွာ ချစ်ခင်တော်မူကြောင်း သိရ၏ ။


မယ်သဲ သည် ရသမျှနှင့်ရောင့်ရဲတင်းတိမ်သည့်အပြင် လင့်အပေါ်၌ သဘောထားကြီးခြင်း ၊ အခါခပ်သိမ်း လင်ကို မဆန့်ကျင်ခြင်း ၊ အေးအတူ ပူအမျှ နေတတ်ခြင်း ၊ လိမ္မာစွာ ပြောဆိုတတ်ခြင်း ၊ မောင်တော့်အပေါ်၌ အမြဲဖြူစင် ဖြောင့်မတ်သော စိတ်စေတနာထားခြင်းတို့ကြောင့် မင်းတုန်း မင်းသားသည် ဆင်းရဲသူမလေး မယ်သဲအပေါ်၌ များစွာ မြတ်နိုးယုယတော်မူလေသည် ။


မင်းတုန်းမင်းသား နှင့် ကနောင်မင်းသား တို့အား မလိုသူ မှူးမတ်အချို့က ထိုမင်းသားညီနောင်တို့သည် မင်္ဂလာအိမ်တော်တွင်း၌ လူဆိုးလူမိုက် များမွေး၍ ဓားပြတိုက်ခိုင်းစေသည်ဟူ၍ နောင်တော်ပုဂံမင်း အား ချောပစ် လျှောက်ထားကြ၏ ။ ညီတော် ကနောင်မင်းသားလည်း ဤအရေးသည် နောင်တော် မင်းတုန်းမြို့စား ၏ အသက်ကို ရန်ရှာမည့် အမှုဖြစ်၍ ရွှေဘို သို့ကြွချီရန် တိုက်တွန်းလေသည် ။


သက္ကရာဇ် ၁၂၁၄ ခု ပြာသိုလဆန်း ၈ ရက် နေ့တွင် နေပြည်တော် ၏ ရှေ့မျက်နှာ မြောက်စွန်းတံခါးက ထွက်တော်မူရာ တံခါးဗိုလ် ငမိုးခေါင် က တံခါးဖွင့်မပေးသဖြင့် ကနောင်မင်းသား ၏ အိမ်တော်ပါ လူများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်သွားရ၏ ။


ထိုအရေးတွင် မယ်သဲ သည် ကြီးလေးသော အထုပ်ကြီး တစ်ထုပ်ကို ခေါင်းပေါ်တင်ရွက်၍ မင်းတုန်းမင်းသား ၏ နောက်တော်ပါးက ကပ်ပြီး လိုက်ပါလာလေသည် ။ မင်္ဂလာ အိမ်တော်သားများက မိမိတို့သခင်မ အထုပ်ကြီးရွက်လာသည်ကို မြင်ကြ၍ ကူညီသယ်ပေးခွင့်ပြုရန် ခွင့်တောင်းသော်လည်း မယ်သဲ သည်


“ အထုပ်နှင့် မကွာ ထမ်းပါလျက်သာ လိုက် မည် ။ ဤအထုပ်နှင့်သာ လူလုပ်ရမည် မောင်မင်းတို့ ” ဟူ၍ ပြောဆို မိန့်ကြားပြီး မမောမပန်း အထုပ်ထမ်း၍ မောင်တော် မင်းတုန်းမင်းသား နောက်တော်ပါးကသာ လိုက်ပါလာလေသည် ။


ဤသို့ဖြင့် မင်းတုန်းမင်းသား ၏ အရေးတော်ပုံ၌ မင်းသားနှင့်အတူ မကြောင့်ကြ ၊ မစိုးရိမ်ဘဲ ထက်ကြပ်မကွာ လိုက်ပါတော်မူခဲ့၏ ။ အရေးတော် အောင်မြင်ပြီးနောက် မင်းတုန်းမင်း တရားကြီးသည် ရတနာသိင်္ခကုန်းဘောင်ရွှေမြို့တော် ၌ ယာယီစံနန်းဖြင့် စံမြန်းတော်မူနေစဉ် မယ်သဲ အား အပါးတော်သို့ခေါ်၍ အရေးတကြီး တိုင်ပင်တော်မူ၏ ။


ယင်းအရေးမှာ မယ်သဲ ၏ အရေးပင်ဖြစ်ပေတော့သည် ။ မင်းတုန်းမင်းသား သည် မကြာမီ အမရပူရရွှေမြို့တော် သို့ ကြွတော်မူပြီး ရွှေနန်းစည်းစိမ်ကို သိမ်းရမည်ဖြစ်ပါသည် ။ ထိုသောအခါ မိဖုရားခေါင်ကြီး နှင့်တကွ ဗိုလ်ပုံ အလယ်တွင် ရာဇဘိသေက ကို ခံယူတော်မူရပေလိမ့်မည် ။ ထိုအတွက် မိဖုရားခေါင်ကြီး ဖြစ်လာရမည့်သူကို ရွေးချယ်ရပေမည် ။ မိဖုရားခေါင်ကြီးအဖြစ် မည်သူ့ကို ရွေးချယ်ရမည်ဆိုသော ကိစ္စသည် လွန်စွာအရေးကြီးသည့် ကိစ္စပင် ဖြစ်၏ ။


နောင်တော် ပုဂံမင်း ကို ထီးနန်းမှချ၍ မင်းတုန်းမင်းသား ဘုရင်ဖြစ်လာသည်နှင့် နိုင်ငံခြားသူလျှိုတို့က ဆိုင်ရာနိုင်ငံများသို့ အစီရင်ခံကြပေလိမ့်မည် ။ မင်းတုန်းမင်းသား နန်းတက်လျှင် မိဖုရား က မည်သူ ၊ အိမ်ရှေ့မင်းက မည်သူ စသည်ဖြင့် အကဲခတ်နေတတ်ကြ၏ ။


မိဖုရားခေါင်ကြီး သည် ရွှေလင်ပန်းနှင့် အချင်းဆေးသော နန်းသွေး သမီးတော်တစ်ပါးပါး ဖြစ်မည်ဆိုပါက တိုင်းပြည်၌ ဂုဏ်တက်သည် ။ အိမ်ရှေ့မင်း ဆိုသူမှာလည်း လက်ရုံးရည် နှလုံးရည်ရှိသည် ၊ လုံ့လရှိသည် ၊ ဝီရိယရှိသည် ။ သံတမန်အရ ဆက်ဆံနိုင်စွမ်းရှိသည်ဆိုလျှင် လေးစားခံ့ညားလာကြမည် ။ မှူးတော်မတ်တော် ၊ ဆွေတော်မျိုးတော်များကလည်း ကျေနပ်ကြ၍ နှစ်သက်ရိုသေကြလေမည် ။


မင်းတုန်းမင်း သည် ဘကြီးတော်ဘုရားလက်ထက်တော်က အဖြစ်များကို သတိရလျက်ရှိ၏ ။ မင်းစိုးမင်းမျိုး မဟုတ်သော အရပ်သူ မယ်နုအား မိဖုရားခေါင်ကြီးမြှောက်ခဲ့သောကြောင့် ဆွေတော်မျိုးတော် အသိုင်းအဝိုင်းက မကျေနပ်ကြပေ ။ ဆွေတော်မျိုးတော်များက မင်းမျိုးမဟုတ်သော နိမ့်ကျသူကို ဒူးတုပ်၍ ရှိခိုးနေကြရသည်ကို မည်သို့မျှ ကျေနပ်နိုင်စရာ မရှိပေ ။ ထိုအကြောင်းတရားကြောင့်ပင် နန်းတွင်း၌ တစ်ဦးနှင့် တစ်ဦး စိတ်ဝမ်းကွဲပြားလာကြတော့၏ ။ ယင်းအရေးကို အကဲခတ်နေသော အင်္ဂလိပ်နယ်ချဲ့များကလည်း အောက် မြန်မာပြည်ကို သိမ်းယူနိုင်ရန် ခြေကုပ်ရသည့်အချက်တစ်ချက် ဖြစ်သွားရသည်ကို မင်းတုန်းမင်းသား တွေးမိပြီး ဖြစ်ပါသည် ။


ယင်းကြောင့် နန်းမတော် မိဖုရားကြီး ရွေးကောက်ဖို့ အရေးကို မင်းတုန်းမင်း သည် လွန်စွာ အရေးထား စဉ်းစားတော်မူ၏ ။ အိမ်ရှေ့စံအဖြစ် ညီတော် ကနောင် မှာလည်း ညီတော် ကနောင်မင်းသား ၏ အရည်အချင်းကို နန်းတွင်း အသိုင်းအဝိုင်းနှင့်တကွ နိုင်ငံခြားသားများကပါ သိပြီးဖြစ်၍ ကျေနပ်နှစ်သိမ့်နေကြသည် ။ သာသနာပိုင်အဖြစ် တင်မြှောက် မည့် ဆရာတော် ဦးသေယျ ကိုလည်း ရဟန်းလောက က ကျေနပ်နေပြီ ဖြစ်သည် ။ တောင်နန်းမတော်အတွက်သာ ကျန်တော့၏ ။ မယ်သဲ  ကိုလည်း ငယ်ချစ်မို့ အသက်နှင့် ထပ်တူ ချစ်သည်မှာလည်း မှန်ပါ၏ ။ သို့သော် မယ်သဲ သည် ဤအရေးနှင့် ထိုက်တန်ပါမည်လော ၊ ယင်းအကြောင်းကို ဖွင့်ဟ၍ တိုင်ပင်တော်မူလိုက်သည်နှင့် မယ်သဲသည်  


“ မောင်တော်ကို ဘုရားကျွန်တော်မ ၏ အချစ်ဦးပါ ဘုရား ၊ အသက်ပေး၍လည်း ချစ်နေမှာပါ ၊ မောင်တော် သဘောတော်ကျ ပြုတော်မူပါဘုရား ၊ နှမတော်ကို ငဲ့ကွက် ထောက်ထားတော် မမူပါနှင့် ၊ မောင်တော်ဘုရား နှင့် နိုင်ငံတော်ကို အိမ်နီးချင်းနိုင်ငံမင်းတို့က ခံ့ညားလေးစားဖို့ကိုသာ အဓိက ထားပြီး မောင်တော် စီမံတော်မူပါ ။ နှမလေး မှာ ဆင်းရဲသူမပင်ဖြစ်၍ နန်းမတော်နှင့်လည်း ထိုက်တန်မည် မဟုတ်ပါ ။ မောင်တော် ထားရာမှာပင် ကျေနပ်နှစ်သက်အားရစွာနေပါမည် မောင်တော်ဘုရား ” ဟူ၍ လျှောက်ထားတော်မူပါသည် ။


မင်းတုန်းမင်းသား ၏ ရွှေမျက်နှာတော်မှာ ရွှင်လန်း ကျေနပ်တော်မူလာ၏ ။ အချစ်ဦးကလေး မယ်သဲ ၏ လက်တော်ကိုဆွဲပြီး မယ်သဲ၏ မျက်နှာကိုသေချာစွာ ရှုစားတော်မူသည် ။


မယ်သဲ သည် ငါသာလျှင် ငယ်ချစ် ၊ ငယ်လင် ၊ ငယ်မယား ဖြစ်သောကြောင့် ငါသာလျှင် မိဖုရားကြီး ဖြစ်ထိုက်သည်ဟု အရေးမဆို ။ ချစ်လင်တော်မောင် ကို ဆန့်ကျင်ဘက် မပြု ။ မောင်တော် ကျေနပ်သလို စီမံဖို့ကိုသာ မှာတော်မူရှာသည် ။ မယ်သဲ တောင်းသောဆုမှာ တစ်ခုတည်းဖြစ်သည် ။ ယင်းဆုမှာ


“ ဘုရာ့ကျွန်မ လှူတန်းလိုသည့်အခါမှာ လွယ်လွယ်ကူကူ ဖြစ်ပါရစေဘုရား ” ဟု လျှောက်ထား၏ ။


ထိုညတွင် မယ်သဲ သည် အဆောင်တော်တွင်းသို့ ပြန်လာသည် ။ မည်သူ့ကိုမျှ နှုတ်ခွန်းတော် မဟ ၊ မကြာမီမှာပင် မောင်တော် သည် မင်းသမီးတစ်ဦးဦးကို နန်းမတော် တင်မြှောက်ပေတော့မည် ။ မည်သူများ ဖြစ်လေမည် မသိ ၊ မောင်တော်ကို မေးလည်း မမေးမိ ၊ မေးလည်းမမေးချင်ပါ ။ သို့သော် မောင်တော် ၏ စိတ် ငြိမ်းအေးချမ်းသာမည်ဆိုပါလျှင် သူမအဖို့ အရာရာသည် ကျေနပ်ရမည်သာ ။


သက္ကရာဇ် ၁၂၁၄ ခုနှစ် တန်ခူးလပြည့်ကျော် ၃ ရက် နေ့တွင် မင်းတုန်းမင်းတရားကြီးသည် ရတနာသိင်္ခကုန်းဘောင် စံနန်းတော်၌ပင် ခမည်းတော် အမရပူရ ဒုတိယမြို့တည် နန်းတည်မင်း ၏ သမီးတော်ကို “ သီရိပဝရ တိလောကရတနာ မင်္ဂလာဒေဝီ ” ဘွဲ့နှင့် တောင်နန်းမတော်ကြီးအဖြစ် တင်တော်မူသည် ။ မင်္ဂလာ အိမ်တော်ပါ ငယ်ချစ် မယ်သဲအား “ သီရိမဟာ ရတနာမင်္ဂလာဒေဝီ ” ဘွဲ့တော်နှင့် မြောက်နန်းတင်တော်မူ၏ ။


ဘကြီးတော်မင်း နှင့် နန်းမတော်မယ်နု တို့၏ သမီးတော် ပုဂံမင်း၏ နှမတော် ( နောင် ဆင်ဖြူမရှင်ဖြစ်လာမည့် ) မင်းသမီးကို “ သီရိတိလောကမဟာဒေဝီ ” ဘွဲ့တော်နှင့် အလယ်နန်း တင်တော်မူသည် ။ ခမည်းတော်မင်းတရားကြီး ၏ မြောက်ဆောင် ကနောင်မြို့စားမိဖုရားတွင် မြင်သော သမီးတော် ပင်းတလဲမြို့စားမင်းသမီးကို “ သီရိရတနာ သုစန္ဒာဒေဝီ ” ဘွဲ့နှင့် အနောက်နန်း တင်တော်မူလေသည် ။


နောင်အခါတွင် ဆင်ဖြူမရှင်ဖြစ်လာမည့် အလယ်နန်းမတော် မိဖုရားသည် ကျေးတောသူမ မယ်သဲ အား မြောက်နန်းတင်သည်ကို ကျေနပ်ဟန် မပြပေ ။ အကြောင်းမူ မြောက်နန်း ၏ အဆင့်အတန်းသည် အလယ်နန်း ထက် မြင့်သောကြောင့် ဖြစ်ပါသည် ။


မယ်သဲ သည် မြောက်နန်းမိဖုရားကြီး ဖြစ်လာပြီးသည့်နောက် မိမိ၏ ဇာတိရပ်မြေ ညောင်ကန်ရွာ ၌ ရှိသော သီရိနန္ဒာ ကန်တော် နှင့် ဇေယျနန္ဒာ ကန်တော် နှစ်ခုကို သက္ကရာဇ် ၁၂၁၆ ခုနှစ် တွင် အသစ်ထပ်မံ ပြင်ဆင်တော်မူသည် ။ ရွှေမြို့တော် မြောက်ပြင် ၊ မန္တလေးတောင်ခြေ ၊ မဏ္ဍလာရာမတိုက် ၊ ကျောင်းရံ ၂၀ နှင့် တကွ လေးထပ်စမြင်ခံကျောင်းတော်ကြီး တစ်ဆောင် ဆောက်လုပ်လှူဒါန်း၍ ညောင်ကန်ရွာရှိ မိမိ၏ ငယ်ဆရာတော် “ မေဓာသီရိကဝိဓဇပရမ မဟာဓမ္မရာဇာဓိ ရာဇဂုရု ” တံဆိပ်တော်ရ ဆရာတော်ဦးကျီးညို ( ပြည်ဆရာတော် ) အား တင်လှူတော်မူပါသည် ။


မင်းတုန်းမင်း သည် ပုဂံမင်း နှမတော် စကြာဒေဝီမိဖုရားကြီးအား နန်းမတော် တင်သည့်တိုင်အောင်လည်း မယ်သဲ သည်တစ်လုံးတစ်ပါဒမျှ ဆန့်ကျင်၍ မပြောပေ ။ ကြည်ဖြူ ခွင့်လွှတ်တော်မူရှာသည် ။ မည်သူကပင် အပြစ် ရှာရှာ ၊ မည်သူကပင် ကုန်းချောစကား ဆိုစေကာမူ မင်းတရားကြီး က မည်သည့် အခါကမျှ အပြစ်တော် မယူပေ ။ ရှေးကထက်ပင် ပိုမိုမြတ်နိုး ယုယတော်မူပါသည် ။ သို့သော် မယ်သဲ မှာ သားသမီး မထွန်းကားခဲ့ပေ ။


တစ်နေ့သော် မိဖုရားကြီးမယ်သဲ နှင့် သလွန်တော်ပေါ်တွင် ချစ်ကြည်စွာစံနေတော်မူခိုက် မင်းတုန်းမင်းတရားကြီး က


“ မယ်သဲ မှာလည်း သားရတနာ မထွန်းကား ၊ အခုအခါများ မယ်သဲ မှာသာ သားတော်တစ်ဦးဦး ထွန်းကားလာခဲ့ရင် နန်းလောင်းရာထား မြှောက်စားတော်မူနိုင်ငဲ့ ” ဟူ၍ မိန့်တော်မူပါသည် ။


ထိုအခါ မယ်သဲ မှာ သက်တော် ၅ဝ ကျော်နေချေပြီ ။ ထိုသို့မိန့်တော်မူပြီးနောက် မင်းတရားကြီး သည် ကြေကွဲတော်မူသည့် မျက်နှာတော်နှင့် အတန်ငယ်ဆိတ်ငြိမ်စွာ စံနေတော်မူ၏ ။


သက္ကရာဇ် ၁၂၃၃ ခုနှစ် တွင် မြောက်နန်းမိဖုရား မယ်သဲ ၏ သက်တော်မှာ ၅၇ နှစ်တွင်းသို့ ချင်းနင်းဝင်ရောက်လာလေပြီ ။ ထိုအခါ မယ်သဲ ၏ မျက်နှာတော်မှာ နုပျိုစဉ်ကကဲ့သို့ မဟုတ်တော့ပေ ။ ဇရာထောင်းလာသည့်အလျောက် မှဲ့နီ မဲ့ခြောက် တို့ဖြင့် ဖုံးလွှမ်းလို့နေပေပြီ ။ အသက်အရွယ်အရ တစ်ခါတစ်ရံ အမေ့ကြီးမေ့နေတတ်လာ၏ ။ ယင်းသို့ ဇရာကြောင့် ယိုယွင်းဆုတ်ယုတ်စပြုလာသော်လည်း ငယ်ချစ် အိမ်တော်ပါ မိဖုရားကြီးမယ်သဲ အပေါ်၌ အချစ်မပြယ် ၊ တိုး၍သာ သနားချစ်ခင် ယုယလာလေသည် ။


သက္ကရာဇ် ၁၂၃၄ ခုနှစ် တွင် မြောက်နန်းမိဖုရားကြီး မယ်သဲ ၏ သက်တော်မှာ ၅၈ နှစ်တွင်းသို့ ရောက်နေချေပြီ ။ ထိုနှစ် ကဆုန်လဆန်း ၁ ရက် နေ့တွင် မိုးကြိုးပစ်ရာ၌ မရှုမလှ အသက်ပျောက်ရသော သားအဖသုံးယောက် ၏ အလောင်းကို မြောက်နန်းမိဖုရား မှ အမှတ်မထင် မြင်လိုက်သဖြင့် သွေးလန့် တော်မူပြီး ဖျားတော်မူလေသည် ။ မိဖုရားကြီး မယ်သဲ သည် ထိုဝေဒနာမှ မထနိုင်ရှာဘဲ ၁၂၃၄ ခုနှစ် ကဆုန်လပြည့်ကျော် ၁၂ ရက်နေ့တွင် နတ်ရွာစံတော်မူရှာပါသည် ။


မင်းတုန်းမင်းတရားကြီး သည် လွန်စွာ ကြေကွဲဝမ်းနည်းတော်မူပြီး မိဖုရားကြီး သီရိမဟာရတနာ မင်္ဂလာဒေဝီ ၏ အလောင်းတော်ကို ကောင်းစွာသင်္ဂြိုဟ်တော်မူပြီး နန်းမြို့တော်၏ အနောက် မြောက်ထောင့်တွင် အုတ်နန်းပြာသာဒ်နှင့် ထားတော်မူပါသတည်း ။


◾ အောင်ခင်စိုး


📖  မင်းတုန်းမင်းကြီး၏ အတွင်းရေးများ


koaungnaingoo.blogspot.com


.