Saturday, February 28, 2026

တို့များလည်း အားကျပါရဲ့


 ❝ တို့များလည်း အားကျပါရဲ့ ❞

( မင်းမြင့်ဇင် )

၁ ။

လှမောင်နဲ့ ခင်ဆင့်တို့ ညားခါစတော့ မောင်တစ်ထမ်း မယ်တစ်ရွက်စစ်စစ်ပါပဲ ။ လှမောင်က သံဖြူပုံးဝိုင်းနှစ်ပုံးကို ရှေ့တစ်ပုံး နောက်တစ်ပုံး ဆိုင်းထမ်းနဲ့ လျှိုထမ်း ၊ ခင်ဆင့်က ငါးဂါလန်ဝင် ပလတ်စတစ်ပုံးကို ခေါင်းခု မပါဘဲ လျှာထိုးဦးထုပ်ပေါ်မှာ တင်ပြီးရွက်နဲ့ပေါ့ ။ သည်မြို့ကလေးမှာ စည်ပင်ရေလိုင်းရှိတယ် ဆိုပေမဲ့ မော်တာလောင်လို့ ရေမလာတာ ၊ ပန့်ပျက်လို့ ရေမလွှတ်နိုင်တာ ၊ လျှပ်စစ်ဓာတ်အားကြောင့် ရေမပေးနိုင်တာ အစရှိသည် အစရှိသည်တို့က နွေမိုးဆောင်း ရာသီစက်ဝန်းလို ဖြစ်နေတော့ လှမောင်နဲ့ ခင်ဆင့်တို့ လင်ကိုယ်မယားအဖို့ နှစ်ဝမ်းနှစ်ခါး မပူရပါဘူး ။ အပွားအစီး သားသမီးရယ်လို့လည်း ရှိသေးတာ မဟုတ်တော့လေ ။ စားသောက်ဆိုင်တစ်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင် နှစ်ဆိုင်ကို ပုံမှန် ပို့ပေးနေရတယ် ၊ မိတ်ပျက်မှာ စိုးလို့ ဘောက်ခေါ်တဲ့ အိမ်တွေကို အားနာပါးနာနဲ့ ငြင်းခဲ့ရတာများလှချည့် ။

“ ကိုဘအေးကြီး တို့လို ရေစည်လှည်းရှိရင် ကောင်းမှာနော် ”

ခပ်ညည်းညည်းကလေး ပြောလာတဲ့ ခင်ဆင့် ကို “ အေးပေါ့ကွာ ” ဆိုတဲ့ စကားသုံးလုံးနဲ့ပဲ လှမောင်က စကားတုံ့ပြန်ခဲ့ပါတယ် ။ တကယ်တော့ လှမောင် စိတ်ထဲမှာ ခင်ဆင့်ကို ပြန်ပြောစရာ စကားတွေ အများရှိတာပ ။

“ ရေစည်လှည်းတစ်စီး ရှိဖို့ဆိုတာက လွယ်တဲ့ကိစ္စ မဟုတ်ဘူးကွ ။ သိန်းကပ်မယ့် ကိစ္စကြီးဆိုတာ မင်း မသိဘူးလား ။ တွန်းလှည်း ထားဦးတော့ ပီပါတစ်လုံးတင် နှစ်သောင်းကျော်သတဲ့ ။ ငါတို့ ဘယ်လိုလုပ်ပြီး တတ်နိုင်မှာလဲ ။ အဲလေ ၊ ကပ်နိုင်မှာလဲ ။ နင်လေ တော်တော် မသိသား ဆိုးဝါးတဲ့ မိန်းမပါလား ” စသည်ဖြင့် .. စသည်ဖြင့် ... ။

တကယ်တော့ ခင်ဆင့် လည်း သိမှာပါ ။ သူချင်ခြင်း တပ်တာကို သူပြောတာပဲလေ ၊ လွတ်လပ်စွာပြောပါစေ ဆိုတဲ့သဘောနဲ့ “ အေးပေါ့ကွာ ” နဲ့ စကားဖြတ်လိုက်တာပါ ။ ထောက်ခံလိုက်တယ်ပဲ ဆိုပါတော့ ။ သည်တော့လည်း ကိစ္စပြတ်သွားတာပေါ့နော် ။ ဒါပေမဲ့ ခင်ဆင့် ရဲ့ဆန္ဒပြု စကားကြောင့် လှမောင့် စိတ်ထဲမှာ နည်းနည်း လေးသွားတော့ အမှန်ပဲ ။ အဲသဟာကြောင့် ထင်ရဲ့ ။ ပခုံးပေါ်က ဝန်ကလည်း ပိုပြီးလေးလာသလိုလိုရှိတာနဲ့ ဘယ်ဘက် ကနေ ညာဘက် ပြောင်းပြီး ထမ်းလိုက်ရတယ် ။

နည်းနည်းတော့ ပေါ့သွားသလိုလို ထင်ရရဲ့ ။ ဒါပေမဲ့ ဒီဝန်ကတော့ ဒီဝန်ပါ ပဲ ။ ထမ်းထားရတဲ့ ဆိုင်းထမ်းကို ပြောပါတယ် ။

••••• ••••• •••••

၂ ။

“ ကိုလှတို့များ အိပ်ရာပေါ်ရောက်တာနဲ့ ခေါက်ခနဲပဲ ” လို့ ခင်ဆင့်က ပြောယူရတဲ့အထိ အိပ်ပျော်လွယ်တဲ့ အထုံပါရမီရှင် လှမောင် တစ်ယောက် အဲသည့် ညက တော်တော်နဲ့ အိပ်မပျော်ဘူး ။ ရေစည်လှည်းက ခေါင်းထဲ ရောက်နေတယ် ။ ရင်ဘတ်ပေါ် ဖြတ်နင်းလား နင်းရဲ့ ။

ဟူးခနဲ သက်ပြန်မှုတ်ထုတ်လိုက်ပြီး နဖူးပေါ်တင်ထားတဲ့ လက်ကိုရုပ် ၊ ပက်လက်ကနေ တစောင်းလှည့် လိုက်တော့ ပိုးစုန်းကြူးကလေး နှစ်ကောင်ကို လှမောင် တွေ့ရတယ် ။ အစွပ်မပါတဲ့ ခေါင်း အုံးညစ်ထေးထေး မာတောက်တောက်ကလေးပေါ်မှာ လက်ဝါးကို ဖြန့်ခင်းပြီး ပါးတင်ထားတဲ့ ခင်ဆင့် ရဲ့ မျက်နှာက တစ်ထွာလောက် အကွာမှာ မျက်လုံး ဖွင့်လျက်သား ။ လမ်းတစ်ဖက် မျက်စောင်း ထိုးမှာ ရှိတဲ့ ဗီဒီယိုရုံ ဆိုင်းဘုတ်မီးရောင်ဟာ ကျီးယက် နဲ့ ကဲလားထောက် တံခါးကြားက ဝင်နေလေတော့ ပိုးစုန်းကြူးလေးနှစ်ကောင် ဖြစ်နေတာပေါ့ ။

“ ကိုလှ အိပ်မပျော်သေး ဘူးလား ” လို့ ခင်ဆင့်က မေးတော့ “ အေး ” လို့ အဖြေပေးလိုက်ပြီး “ နင်ရော ” လို့ တန်ပြန် မေးခွန်းဆင့်လိုက်တယ် ။

“ ကျုပ် စဉ်းစားနေတာတော့ ၊ ဟိုဒင်းလေ .. ”

ခင်ဆင့် စကားအဆုံးမသတ်ဘဲ ဝါကျပြတ် ဖြစ်သွားတယ် ။

“ နင့် ဟိုဒင်းဆိုတာကြီးက ဘာလဲဟ ” လို့ ပြုံးဖြီးဖြီး မေးရင်း လှမောင့်လက် က ခင်ဆင့် ပခုံးပေါ် တင်ဖက်ကလေး ဖက်လိုက်တယ် ။

“ နေစမ်းပါဦးတော် ၊ ကျုပ်က အကောင်းပြောမလို့ ” ဆိုပြီး ပုတ်ချလိုက်တာနဲ့ လှမောင့်လက်က ပခုံးပေါ်က ပြုတ်ကျပြီး ခါးကျဉ်ကျဉ်ကလေးပေါ် ရောက်သွားတယ် ။ အလုပ်ရှုပ်ခံပြီး ဖယ်မနေတော့ဘဲ ခင်ဆင့် က -

“ ကျုပ်တို့ ကွက်သစ် ၃ လမ်းက ဘကြီးစိန်သော်လေ ။ သူ့သား ကိုတင်ဟန် သေသွားတော့ သူ့ညီ ဘုန်းကြီးက တစ်ယောက်တည်း မနေနဲ့ဆိုပြီး ခေါ်ထားလို့ တိုက်သစ်ကျောင်း မှာပဲ ကပ္ပိယ လုပ်ရင်း ပြောင်းနေသတဲ့ ။ သူ့အိမ်ကလေးကို တောင်မှ နေမယ့်လူ ရှိရင် အငှားတင်မလို့ ဆိုပဲ ”

“ အဲဒီတော့ ... ”

လှမောင်က စိတ်မပါ့တပါ ထောက်ပေးလိုက်တယ် ။

“ အဲဒီတော့ ကိုတင်ဟန် တွန်းခဲ့တဲ့ ရေစည်လှည်းကလေးကို ဘကြီးစိန်သော် မသုံးတဲ့အတူတူ ကျုပ်တို့ ငှားပါလို့ သွားပြောရရင် ကောင်းမလားလို့ ”

ခင်ဆင့် စကားလည်း ဆုံးရော လှမောင်တစ်ယောက ငေါက်ခနဲ ထထိုင်ပြီး “ ရွေ့ ဟုတ်ပဟေ့ ” လို့ ဥဒါန်းကျူး လိုက်တော့တယ် ။

“ တကယ်ပဲ ခင်ဆင့် ရယ် ။ ငါ အဲဒါကို မတွေးမိဘူး ။ နင်တော်တော် တော်တဲ့ မိန်းမပဲဟာ ၊ ဒါကြောင့် ချစ်ရတာ ” လို့ ပြောရင်း ပက်ခနဲ လှဲချလိုက်ပြီး ခင်ဆင့်ကိုယ် လုံးကျစ်ကျစ်ကလေးကို တအားညှစ်လိုက်တယ် ။

“ အိုတော် ... ကိုလှကလဲ ... ”

••••• ••••• •••••

၃ ။

အချိုရည်နှစ်ဘူး ၊ လက်ဖက်ခြောက်တစ်ဆယ်သားထုပ်ကလေး တစ်ထုပ် ၊ သုခိတာဆေးလိပ် ငါးဆယ်စည်း တစ်စည်းနဲ့ တိုက်သစ်ကျောင်း ရောက်လာခဲ့တော့ အခန့်သင့် ပါပဲ ။ ဘကြီးစိန်သော် က ဆွမ်းစားကျောင်းရေစင်မှာ သပိတ် ၊ ချိုင့်နဲ့ ဆွမ်းဟင်းခွက်တွေ ဆေးကြောပြီးလို့ တိုင်မှာ တွဲလောင်းဆွဲချထားတဲ့ သင်္ကန်းစုတ်နဲ့ လက်သုတ်နေချိန် ဖြစ်ပါတယ် ။

“ လှမောင်တို့ပါလား ကွ ၊ ခင်ဆင့် လည်း ပါသကိုး ၊ လာလာ အပေါ်တက်ခဲ့ကြ ”

ဘကြီးစိန်သော် က ခေါ်တာနဲ့ ကျောင်းကလေးပေါ် တက်ခဲ့ကြတော့ “ မလာစဖူး ရောက်လာကြတာ ကိစ္စက ” လို့ မေးပါတယ် ။

ခင်ဆင့်က ကြိမ်လက် ဆွဲခြင်းကလေးထဲမှာ ပါလာတဲ့ ပစ္စည်းလေးတွေထုတ်ပြီး “ အချိုရည်ဘူးက ဘုန်းဘုန်း ကပ်ဖို့ ၊ လက်ဖက်ခြောက်က ဥပုသ်သည်တွေ ဧည့်ခံဖို့ ၊ ဟောဒါက ဘကြီးစိန်သော် သောက်ဖို့ ” လို့ ပြောပြီး အဘိုးကြီးလက်ထဲ အပ်ပါတယ် ။

“ ကိုကြီးတင်ဟန် ဆုံးတာ လေးလလောက်ရှိသွား ပြီနော် ” လို့ လှမောင်က မေးလိုက်တော့ ဦးစိန်သော် မျက်လုံးတွေ ငေးရီမှေးစင်း သွားပြီး -

“ သန်ဘက်ခါ ဆိုရင် ငါးလ တင်းတင်းပြည့်တော့မယ် ” လို့ ပြောရင်း တစ်ဖက်ကို မျက်နှာလွှဲသွားပါတယ် ။

“ ဘကြီး အခုလို ကျောင်းမှာ နေတာ ကောင်းပါတယ် ။ စားရေးသောက်ရေးလည်း မကြောင့်ကြရဘူး ။ နို့မို့ဆို အိမ်မှာတစ်ယောက်တည်း ငေါင်းစင်းစင်းနဲ့ ဒုက္ခများနေမှာ ။ ဒါ့ထက် ဘကြီး အိမ်ကလေး လူငှားတင်ဖို့ ရပလား ” လို့ ခင်ဆင့် က မေးတော့ ဦးစိန်သော် က -

“ ကုမ္ပဏီက ဆိုလား ၊ အထပ်သားစက်ရုံက ဆိုလား ၊ သူငယ်နှစ်ယောက်တော့ လာ ကြည့်ကြတယ် ။ ဒါပေမဲ့ မီး မရှိလို့ မနေဖြစ်ကြသေးဘူး ။ ပွင့်ကောက်ဆွဲလို့ ရ ၊ မရ စုံစမ်းကြည့်ဦးမယ်လို့ ပြောသွားကြတာပဲ ” လို့ ဖြေပါတယ် ။

“ အင်းပေါ့လေ ။ သူတို့က တီဗွီတို့ ၊ အောက်စက်တို့ ဖွင့်ချင်ကြမှာဆိုတော့ မီးရှိမှ အဆင်ပြေမယ်ထင်တယ် ဘကြီးရဲ့ ဒီခေတ်မှာက ... ”

လှမောင်ကို ခင်ဆင့် မျက်စောင်းတစ်ချက်ထိုးလိုက်တော့ စကားစပြတ်သွားတယ် ။ ဟုတ်တယ်လေ ၊ ဇာတ်တိုက်ထားတဲ့ စကားလမ်းကြောင်းက သွေဖည် သွားတာကိုး ။ သည်မှာတင် ခင်ဆင့် ကပဲ လမ်းကြောင်း တည့်သွားအောင်လို့ -

“ ဒါနဲ့ ၊ ကိုကြီးတင်ဟန် ရဲ့ ရေစည်လှည်းကလေးရော ရောင်းလိုက်ပြီလား ။ ဘကြီးလည်း သုံးနိုင်တာ မဟုတ်လို့လေ ”

“ မရောင်းရက်ပါဘူး ခင်ဆင့်ရယ် ။ နင့် အစ်ကိုက သူ့လှည်းကလေးကို သိပ်ခင်တွယ်တာကလား ။ ဘကြီး မသုံးတော့လည်း အိမ်နောက်ဖေးက အဖီဆွဲကလေးမှာ ထိုးထား အဲ သိမ်းထားတာပေါ့ဟယ် ”

“ ဟုတ်တာပေါ့လေ ” လှမောင်က ထောက်ခံစကား ပြောပြီး ဘာဆက်လို့ ဆက်ရမှန်း မသိတာနဲ့ စကားစပြတ်သွားပြန်တယ် ။ ဒီတော့ ခင့်ဆင့် ကပဲ -

“ ဒီလို လုပ်ပါလား ဘကြီး ၊ ကျွန်မတို့ ကိုကြီးတင်ဟန့်လှည်းကလေးကို တွန်းမယ်လေ ။ ရပ်ထားလို့ သံချေးတက်မယ့် အတူတူ ကျွန်မတို့ သုံးပါရစေလား ။ တစ်နေ့ချင်းအလိုက် ဘကြီးကို ကန်တော့ပါမယ် ။ ဘကြီး သင့်သလို ယူပါနော် ။ ကိုကြီး တင်ဟန်ကလည်း သူ့လှည်းကလေး လှိမ့်နေရင် သဘောကျမှာပါ ။ ပြီးတော့ ဘကြီးမှာ ဆေးဖိုး ၊ ကွမ်းဖိုးနဲ့ လှူဖို့ တန်းဖို့ ၊ သူ့လှည်းကလေးက ဝင်ငွေထောက်ပံ့နေတာကို ကိုကြီးတင်ဟန်က ဝမ်းသာနေမှာပါနော့ ဘကြီး ”

ခင်ဆင့်က စကားပြော နပ်တယ် ။ ဘကြီးစိန်သော် အလွန်ချစ်တဲ့ ၊ အလွန်အားကိုးတဲ့ တစ်ဦးတည်းသောသား ကိုတင်ဟန်ကို ညွှန်းညွှန်းပြီး ရွှန်းရွှန်းဝေအောင် မွမ်းလိုက်တာ ဘာပြောကောင်းမလဲ ။ ဘကြီးစိန်သော် အရည်ပျော် သွားတော့တာပါပဲ ။

••••• ••••• •••••

၄ ။

အခုတော့ မောင်တစ်ထမ်း ၊ မယ်တစ်ရွက် မဟုတ်ချေတော့ဘူး ။ မောင် မောင်လည်း တွန်း ၊ မယ်လည်း တွန်း ။ တွန်းတူပြိုင် မောင်နှံ နှစ်သွယ် ဖြစ်တော့ပြီ ။ လှမောင်က အားထည့်တွန်း ခင်ဆင့် က စကားတတွတ် တွတ်နဲ့ မှေးပြီးတွန်း ၊ ညနေတိုင်လို့ အလုပ်သိမ်းပြီဆိုရင်း ရလာတဲ့ ငွေစက္ကူတွေထဲက တိပ်ကပ်ထားတာ ဖာထေးထားတာ အနည်းဆုံး ၊ အလတ်ဆုံး နှစ်ရာတန် သန့်သန့်တစ်ရွက် ရွေးပြီး ဘကြီး စိန်သော် လက်ထဲထည့် ၊ သာဓု ခေါ်သံ နာယူ ၊ မီးလင်းဖို တင်းကုပ်နားမှာ ရေစည်လှည်းကလေး ထားခဲ့ ။ မနက်လင်းတော့ သွားယူနဲ့ အိုကေမှာ စိုပြည်တယ်ဆိုပါစို့ ။ အောင်မယ်တစ်ခါတစ်ရံများ ဘကြီးစိန်သော် ကျွေးတဲ့ အရုဏ် ဆွမ်းကျန်များတောင် စားခဲ့ရသေးသပ ။

တစ်ခုပဲ ပြောစရာ ရှိပါတယ် ။ လမ်းကိစ္စ ။ ဟုတ်တယ် ။ ကိုယ်က သူတို့လမ်းကို ကပ်မြှောင်ပြီး သုံးရတာဆိုတော့ လမ်းပိုင်ရှင်များကို ကြောက်ရွံ့ရိုသေရ ၊ အလေး ဂရုပြုရ ၊ ရိုကျိုးသမှုပြုရတဲ့ ကိစ္စပါပဲ ။ ကားလမ်းလေ ၊ သည်တော့ ဝေါခနဲ ၊ ဝီးခနဲ ပွတ်ကပ်ဖြတ်ကျော်သွားကြတဲ့ ကြီးကြီးငယ်ငယ် ၊ ရွယ်ရွယ်လတ်လတ် မှန်သမျှ ဂါရဝထားရတယ် ။ တဖုန်းဖုန်း ၊ တဗြဲဗြဲ အသံပေးပြီး လှစ်ခနဲ ရိပ်ခနဲ ဒုန်းစိုင်းသွားကြတဲ့ ကိုယ်တော်လေးများကိုလည်း ရိုသေရတယ် ။ ရေစည်ပီပါက လွဲရင် တာယာ ဘီးတပ်ယာဉ်ပေါ်မှာ ပါသူ မှန်သမျှ ရေးကြီးသုတ်ပျာချည်းပါပဲလားလို့တောင် လှမောင် တွေးမိပါရဲ့ ။

အန္တရာယ်ကင်းအောင် ဘေးရှင်းအောင် ကျီးကြည့် ကြောင်ကြည့်နဲ့ဘေးဘယ်ညာကို မျက်လုံးကစားရတော့ အခြားအခြားသော မြင်ကွင်း များက မကြည့်ချင်မြင်လျက်သားလေ ။ သည်ညနေ နောက်ဆုံးတစ်ခေါက်တွန်း လာခဲ့တော့ ဆေးရုံကွေ့ကုန်း အတက်မှာ ကားဖြူကလေး တစ်စီး ကျော်သွားတယ် ။ ထွားထွားခံ့ခံ့ လူကြီးက မောင်းလို့ ၊ သူ့ဘေးမှာ မတိမ်းမယိမ်းအရွယ် ဖြူဖြူသန့်သန့် အမျိုးသမီးကြီးက စကားတပြောပြောနဲ့ ။ မကြာ ပါဘူး ။ ကုန်းထိပ်ရောက်လုလုမှာ တရုတ်ဆိုင်ကယ်တစ်စီး ဝှီးခနဲ တက်သွားပြန်ရော ။ ခုံရှည်နောက်ပိုင်းမှာ တင်ပါးလွှဲထိုင်ပြီး လိုက်ပါလာတဲ့ လုံမလေး မောင်းနေသူရဲ့ ကျောပြင်ကို ရင်အပ်ပြီး ခါးကို ခပ်ကျပ်ကျပ်ကလေး ဖက်ထားပါတယ် ။ ကြောက်ရှာတယ် ထင်ပါ့ ။

ဝင်းသူဇာဆိုင် ရှေ့ အရောက်မှာ ပါဂျဲရိုးဆိုလား ကားတစ်စီးက ဟွန်းတစ် ချက် ပေးပြီး ဘေးက ဖြတ်သွားတယ် ။ နီညိုရောင်လား ၊ ဘာရောင်လဲ မသိတဲ့ မှန်တွေ တင်ထားတာမို့ ကားထဲ လူတွေကို မမြင်ရလေဘူး ။ ဆက်တိုက် ဆိုသလိုပဲ တော်တော်ကို လှတဲ့ ကားလေးတစ်စီး ကျော်သွားပြန်တယ် ။ လှမောင်တို့ အရွယ် အသက် သုံးဆယ်လောက် လူက မောင်းလို့ ဘေးမှာ ခင်ဆင့် လောက် မရှိတတ်သေးတဲ့ မိန်းမချောကလေး ။ မောင်းသူက ခွေကို လက်တစ်ဖက်နဲ့ ကိုင်ထိန်းပြီး တစ်ဖက်ကတော့ ခပ်ယို့ယိုကလေး မှီနွဲ့နေတဲ့ ကောင်မလေးကို ဖက်ထားလေရဲ့ ။

ဟော နောက်တစ်စီး ဒါက ဟွန်ဒါပဲ ။ ကယ်ရီယာ ပေါ်မှာ ထိုင်ပြီးလိုက်လာသူက ထဘီစိမ်းလေးဝတ်ထားတယ်ဆိုတော့ ကျောင်းဆရာမ လေးလား ၊ ဘဏ်ကလား တစ်ခုခုပဲ ။ သူက ခါးမတ်မတ်ထားပြီး လက်ဆွဲခြင်းကလေးကို ရင်မှာပွေ့ထားရင်း လက်တစ်ဖက်နဲ့ ရှေ့က ပခုံးကို ကိုင်ထားတယ် ။

ရေ ပို့ရမယ့် လက်ဖက်ရည်ဆိုင်နား ရောက်လုလုမှာ ဆိုင်ကယ်တစ်စီးဝေါခနဲ ကျော်တက်သွားလိုက်တာ လေရှိန်များတောင် ဟပ်သွား ခဲ့ ။ ဒီတီပဲ ။ ကြွားကြွားရွားရွားနဲ့ မြင့်မြင့်ကြီး ။ ကောက်ညှင်းဆိုင်း စည်းထားသလို ကျပ်ထုပ်နေတဲ့ ဂျင်းဘောင်းဘီနဲ့ ဆံပင်နီနီဆယ်ကျော် သက်ကောင်မလေးက ရှေ့က ကောင်လေးရဲ့ ချိုင်းအောက်ကနေ လက်ယှက်သိုင်းပြီး ရင်ဘတ်ကို ဖက်ထားလေရဲ့ ။

“ လွန် လွန်လွန်းတယ်တော် ” တဲ့ ။ ခင်ဆင့်ရဲ့ မအော့မလည် အသံနဲ့ မှတ်ချက်စကား မြားတစ်စင်းလို ထွက်လာတယ် ။ အရှိန်များတဲ့ ဆိုင် ကယ်ကိုလား ၊ ဖုထစ်လုံးကျစ် ကလေးမကိုလား ၊ ဆိုင်ကယ်နောက် ကပ် ပါသွားတဲ့ လှမောင် မျက်စိကိုလား မသိနိုင်ပါဘူး ။ လှမောင် ကတော့ ဇက်ပုသွားတယ် ။

••••• ••••• •••••

၅ ။

ရေစည်လှည်းအပ်ဖို့ ဘကြီးစိန်သော် ရှိရာ တိုက်သစ်ကျောင်းကိုအသွား အဝင် လမ်းခွဲကလေး ရောက်တော့ လမ်းထောင့်ဆုံ ဓာတ်တိုင်က မီးလုံးကလေးတောင် မှ ခရမ်းချည်သီးမှည့်တစ်လုံးလို နီနီကြင်ကြင်နဲ့ အသက်ဝင်နေတော့ပြီ ။ မင်းကုသ ကတ္တရာလမ်းက ဖဲကြဉ်ပြီး ကျောင်း တိုက်မုခ်ဦးဆီ ဦးတည်နေတဲ့ ဖြောင့်ဖြောင့်တန်းတန်း မြေနီလမ်းကလေးက ကျင်းမရှိ ၊ ချိုင့်မရှိ သိပ်သည်းမာကျောတာကြောင့် တစ်နေကုန် လှိမ့်ခဲ့သမျှ လမ်းတွေထဲမှာ စိတ် အချမ်းသာဆုံးလမ်း ဖြစ်ပါတယ် ။

ကိုယ့်အတွေးနဲ့ ကိုယ် စကား မဆိုမိကြဘဲ တွန်းလာခဲ့ကြရာက ကျောင်းလမ်းကလေးထဲ ချိုးကွေ့ပြီးဝင်ခဲ့လို့ နှစ်လိမ့်သုံးလိမ့် အရှိမှာ လှမောင်က လှည်းလက်တံတန်းကို ဆွဲပြီး တုံ့ခနဲ ရပ်လိုက်တယ် ။ ပြီးတော့ ပုဆိုးကို တိုတို ပြင်ဝတ်ပြီး -

“ ခင်ဆင့် လှည်းပေါ် တက် ” လို့ ပြောလိုက်တယ် ။

“ ဘာတော့် ကိုလှ ဘာ ပြောလိုက်တယ် ” လို့ နားမလည်နိုင်တဲ့ အသံနဲ့ ပြန် မေးပေမဲ့ လှမောင် က ဘာမပြော ညာမပြော ဖြုန်းဆို ခါးက ပွေ့မြှောက်ပြီး ရေစည်လှည်း ဘေးက တန်းပေါ် တင်လိုက်တယ် ။ ခင်ဆင့် လည်း ပီပါပေါ် ကိုယ်တစ်ခြမ်း ရောက်သွားပြီး ဘေးက တန်းပေါ်မှာ တင်ပါးလွှဲ ထိုင်သလို ဖြစ်သွားတဲ့အခါ လှမောင်က “ ကိုင်ထားနော် ၊ မကျစေနဲ့ ” လို့ ပြောပြီး လှည်း ကို အားသွန်လို့ တွန်းလေတော့တယ် ။

ခင်ဆင့် က ကြောင်စီစီကလေး ရေပုံးချိတ်တဲ့ တိုင်ငုတ်ကို ကိုင်လို့ ။ လှမောင် က ပြေးရင်းလွှားရင် ကပေါက်တိကပေါက်ချာ သီချင်း ဆိုလို့ ။

ဘီးကလေးကို တွန်း ××× ဘီးကလေးကို တွန်း ××× မောတော့ မောတာပေါ့ ××× ဒါပေမဲ့ ××× မမောဘူး ×××

▢ မင်းမြင့်ဇင်
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဩဂုတ် ၂၀၁၃

ရှိခိုးဦးချ ကန်တော့လိုက်ပါရဲ့

❝ ရှိခိုးဦးချ ကန်တော့လိုက်ပါရဲ့ ❞  

   ( စမ်းစမ်းနွဲ့ - သာယာဝတီ )


ရိပ်ခနဲ ရိပ်ခနဲ ပြောင်းလဲကျန်ရစ်သော ရှုခင်းတွေကို ကြည့်ရင်း ငြီးငွေ့လာသည် ။ အတူပါလာသော ခရီးဖော်များကို ခုမှ သတိရ၏ ။ ကားပြတင်းမှ အကြည့်ကို သိမ်းရုပ်ကာ မျက်နှာကို တစ်ဖက်သို့ ငဲ့လိုက်သည် ။ ဆရာ ဖုန်းသက်ဝေသည် ကားကူရှင်နောက်မှီတွင် ခေါင်းတင်ကာ မျက်လွှာများကို မှေးမှိတ်ရင်း တစ်စုံတစ်ခုကို တိုးတိုးဖွဖွ ရွတ်ဆိုလိုက်ပါ၏ ။ နှုတ်ခမ်းအဖွင့်အပိတ်ကို တစ်ဖြုတ်မျှ အကဲခတ်ခြင်းအားဖြင့် ဓာရဏပရိတ် ဖြစ်မည်ဟု စုစုထား သိလိုက်သည် ။ ကြားရသည့် သတင်းတွေ ဟုတ်ပုံပါပဲ ။ အသက်အရွယ်နှင့် အတွေ့အကြုံများအရ ဆရာ ဖုန်းသက်ဝေ ကား များစွာ ပြောင်းလဲလျက် ရှိချေပြီ ။ မာန်မာနတရားတို့ကိုလည်း ကာလအတော်ကြာကြာက ခါချစွန့်ပစ်ထားခဲ့ပုံရသည် ။ သိမ်မွေ့ချမ်းငြိမ်းသော အသွင်အလျာနှင့် အသားတကျ ရှိနေပြီဖြစ်သော ဆရာ့ လှုပ်ရှားမှုဟန်ပန်တွေကို အံ့သြဖွယ် ကောင်းလောက်အောင် မြင်တွေ့နေရသည် ။ ဟိုစဉ်တုန်းက ထူးခြားပြောင်မြောက်သော ဆရာ့ဝတ္ထုရေးဟန်တွေ ၊ ပြတ်သားရဲရင့်သော ဘဝအဘိဓမ္မာတွေကို တစိမ့်စိမ့် သတိရလာ၏ ။ ခြုံ၍ ပြောရလျှင် ပျိုရွယ်စဉ်ကာလက ဆရာ ရေးခဲ့သောဝတ္ထုများမှာ ရုပ်ဝါဒဘက်သို့ တိမ်းညွတ်သည် ။ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သော ကာလမှာ ဆရာ ဖုန်းသက်ဝေသည် အစွန်းရောက် လောကအမြင်များကိုပင် အတိအလင်း ကြွေးကြော်ခဲ့သူ ဖြစ်လေသည် ။


“ မွေးခြင်းမှတ်တိုင်နဲ့ သေခြင်းမှတ်တိုင်ကြားက ကာလ ကိုပဲ ကျုပ် ယုံတယ် ” ဟု ဆရာ့ဝတ္ထုဇာတ်လိုက်များ ပြောလေ့ပြောထ ရှိခဲ့သော ပရိသတ်ကြိုက် စကားလုံးတစ်လုံးကို ဖျတ်ခနဲ သတိရသည် ။


ခုတော့ ဆရာသည် “ ကံတရား ” ကို သက်ဝင်လျက် ရှိပြီ ဖြစ်ကြောင်း မုချ တွေ့နေရလေသည် ။


ပရိသတ် အသိန်းအသောင်း၏ ဦးနှောက်နှင့် နှလုံးသားကို ဆရာ ကိုင်လှုပ်ခြယ်လှယ်ခဲ့သော လွန်ခဲ့သော ဆယ်စုနှစ်ကျော် ကာလများတုန်းက စုစုထား လည်း ဆရာ့စာများ၏ သြဇာခံ ဆယ်ကျော်သက် စာရူးပေရူးမကလေး ဖြစ်ခဲ့သည် ။ ကျောင်းမုန့်ဖိုးကို စု၍ အစာငတ်ခံကာ ဆရာ့ဝတ္ထုတွေ ထွက်သမျှ မလွတ်တမ်း ဝယ်ဖတ်ခဲ့သူ ၊ ဆရာ့ဝတ္ထု ဇာတ်ကောင်များ ၏ “ စကားပြော ” များကို သဘောကျ နှလုံးတွေ့လွန်းသဖြင့် မင်နီတွေ ရဲနေအောင်သားပြီး အလွတ်ကျက်မှတ်သားလာခဲ့သူ ။


လောကဝတ် ၊ ဓမ္မဝတ် စကားအဖြစ် အထင်အမြင်လျော့ပါး မခံနိုင်၍သာ ဆရာ့ကို ဖွင့်ဟဝန်ခံဖို့ မရည်စူးမိခဲ့ ။ သို့သော် အရှိန်အဟုန်ကြီးမားစွာ လွှမ်းမိုးခဲ့သော ဆရာ့ဝတ္ထု အာနိသင်တွေကို စုစုထား သတိမရဘဲ မနေနိုင် ။


ယနေ့ အတန်အသင့် နာမည်ရနေသော စုစုထားတို့ မဆို ထားဘိ ထိပ်တန်း အရောင်းရ တွင်ကျယ်သော အများကြိုက် ဝတ္ထုရေးဆရာများပင် ဆရာခေတ်ကောင်းခဲ့ပုံ ၊ ဆရာကျော်ကြားခဲ့ပုံ ၊ ဆရာ့သြဇာကြီးမားခဲ့ပုံတွေနှင့် နှိုင်းယှဉ်လျှင် လှေယာဉ်နှင့် ရက်ကန်းလွန်းနှယ် အတိုင်းအဆပမာဏ ကွာခြား လွန်းလှပါသေးသည် ။


ဒါတွေ ပြန်ပြောပြလျှင် ဆရာသည် တောက်ပရွှန်းမြခဲ့သော အတိတ်ကို ပြန်လည်ညွှတ်နူးကာ ပီတိဖြစ်လေမည်လား ။ သူ့စာဖတ်ပရိသတ် မိန်းကလေးတစ်ဦးက ယနေ့ အတန်အသင့် အောင်မြင်သော စာရေးဆရာဖြစ်နေသည့်အတွက် ကျေနပ်အားရနေမည်လား ။


ပြီးတော့ အနည်းဆုံး လမ်းခရီးမှာ စကားဝိုင်း စိုပြည်မှု ရသွားနိုင်သည် ။ ဒီခရီးစဉ်မှာ စုစုထား လည်း ကြောင်စီစီ ယောင်နန ဖြစ်ချင်၏ ။ စာပေဟောပြောပွဲအဖွဲ့တို့ ထုံးစံ ၊ ရင်းနှီးသူချင်း စုစည်းထွက်လာကြသောအဖွဲ့မျိုး မဟုတ်ချေ ။ နယ်က သူနှစ်သက်ရာ ရွေးချယ်၍ ဖိတ်ခေါ်ခြင်းခံရသူများ စုစည်း ခရီးထွက်လာသည့်သဘောသာ ဖြစ်သည် ။


‘ ဧရာအရှေ့’ ဟီးနိုးအမြန်ကား၏ ဟိုးရှေ့ဆုံး ခုံနံပါတ်မှာ သင်းကွဲရောက်နေသော ဆရာ ကိုလင်းပြာ သာလျှင် ခေတ်ပြိုင် ဝတ္ထုရေးသူတစ်ဦးအဖြစ် စုစုထား နှင့် မေးထူးခေါ်ပြောရှိခဲ့ဖူးသည် ။ ဆရာ ဖုန်းသက်ဝေကတော့ သိကြသည့်အတိုင်း စုစုထား ထက် တစ်ခေတ်ကျော်မျှ စောခဲ့သူ ။ ခုမှပင် နီးနီးကပ်ကပ် တွေ့ဖူးမြင်ဖူးရခြင်း ဖြစ်သည် ။


ကားထွက်စက ရှေ့ဆုံးတန်းမှ ဆရာ ကိုလင်းပြာ သည် စုစုထား တို့ ရှိရာ လျှောက်လာပြီး ပဋိသန္ဓာရစကား ပြောသေးသည် ။


“ မစုစုထား ပျင်းနေပြီလား ။ နယူး ကန်ဘိုင်နေးရှင်းပေါ့ ဗျာ ။ ခရီးတစ်လျှောက်လုံး လိုတဲ့ အကူအညီရှိရင် ကျွန်တော့်ကို အားမနာတမ်းပြောပါ ”


ဟုတ်ကဲ့ရှင့် ဟု ပြုံးရွှင်စွာ ခေါင်းညိတ်ပြလိုက်သည် ။ တကယ်တော့ များစွာ အကူအညီလည်း မလိုလှပါ ။ တစ်ယောက်နှင့်တစ်ယောက် ဟောပြောပွဲ စင်မြင့်ပေါ်မှာ သိပ်ပြီး အချိတ်အဆက် မကွာဟဖို့ဘဲ လိုပါတယ် ။ ကိုယ့်တာဝန်ကိုယ် ထမ်းဆောင်ကြရသောကိစ္စသာ ဖြစ်၍ မိမိကိုယ်ကို မိမိတာဝန် ယူဖို့ပဲ ရှိမည်ထင်သည် ။ စာရေးဆရာ ဆိုသည်မှာ စာရေးရာ တွင် ဖြစ်စေ ၊ ဟောပြောရာမှာပင် ဖြစ်စေ မိမိ၏ သမိုင်းကို မိမိ ရေးနေကြခြင်းသာ ဖြစ်လေသည် ။


ခရီးသွားရာမှာလည်း အတူတူပါပဲ ။ ပုဂ္ဂိုလ်ရေး ရင်းနှီးမှု ရှိလျှင် ရှိသည့်အလျောက် စကားပြောဖြစ်မည်ပင် ။


ဒီခရီးမှာ ဆရာ ဖုန်းသက်ဝေ နှင့် စုစုထား က ခုံတန်းတစ်ခုတွင် နေရာရသည် ။ ခုံချင်းကပ် ထိုင်လာသူ ခရီးသွားဖော်ချင်း အနေနှင့် နည်းနည်းပါးပါး စကားပြောသင့်သည်ကို သိ၏ ။ သို့သော် ဘာပြောရမည်လဲ ။


စောစောက တွေးမိသလို ငယ်ငယ်တုန်းက ဆရာ့ဝတ္ထုတွေ မလွတ်တမ်း ဝယ်ဖတ်ခဲ့တာတွေ ၊ ဆရာ့ အဆိုအမိန့်တွေကို မင်နီသားပြီး အလွတ်ကျက်ခဲ့တာတွေလည်း မပြောချင် ။


ပြောချင်သည်က ... ။


 ••••• ••••• ••••• 


“ ဒီတစ်ခါ မင်း ဘာပြောမှာလဲ ”


ဟောပြောပွဲ ထွက်ခါနီးတိုင်း မေးနေကျ မေးခွန်းကို ခင်ပွန်းသည်က မေးခဲ့လေသည် ။ ခါတိုင်းဆိုလျှ င်...


“ အို ... ဘယ်ပြောနိုင်မလဲ ကိုရဲ့ ။ ဟိုမှာ ဘယ်လို ပရိသတ်မျိုးနဲ့ ရင်ဆိုင်ရမှန်းမှ မသိတာ ။ ဟိုရောက်မှ အဆင်ပြေသလို ကြည့်ကျက် ပြောရဆိုရမှာပေါ့ ”


မရေရာသော အဖြေကို ပြီးစလွယ် ဖြေခဲ့မြဲ ဖြစ်သည် ။ ဟုတ်သည် ။ စာပေဟောပြောပွဲတို့၏ “ အထာ ” ကို နားမလည်မီကတော့ ပြောဖို့ ဟောဖို့ အကြောင်းအရာကို ပြင်ဆင်ထားလေ့ရှိသည် ။ အကြောင်းအရာ မထပ်ရေး ၊ ဦးတည်ချက် ပီပြင်ရေး စသည်ဖြင့် ခေါင်းခြောက်အောင် အပင်ပန်းခံခဲ့သည် ။ သို့သော် တကယ့်တကယ် ပရိသတ်နှင့် ရင်ဆိုင်ရတော့ ပြောသည့် အကြောင်းအရာနှင့် ပရိသတ် အံဝင်ခွင်ကျ ဖြစ်ချင်မှ ဖြစ်တတ်လေသည် ။ ပေါ့ပေါ့ပါးပါး ရယ်ချင်မောချင်သော ပရိသတ်ကို စာပေအတွေးအခေါ်တွေ ပြောမိလျှင် စင်ပေါ်က ဘယ်လို ပြန်ဆင်းမှန်း မသိတော့အောင် “ ကြောင် ” ရတတ်သည် ။ စာပေခံယူချက် အပြည့်ဖြင့် အလေးအနက် ဖိတ်ကြားတတ်သော ပွဲမျိုးမှာ ပေါ့ရွှတ်ရွှတ် ပြောမိလျှင်လည်း အရိုအသေ လျော့ပါး နိုင်သည် ။


အတွေ့အကြုံ များလာတော့ ပရိသတ်အများလည်း စိတ်ဝင်စားအောင် ၊ စာပေခံယူချက်ကိုလည်း အထိပါးမခံရအောင် သွက်သွက်လက်လက်ရှိမည့် အကြောင်းအရာကလေးတွေ စုဆောင်းထားရသည် ။ အကဲမရသော ပရိသတ်နှင့် ဆုံလျှင် သွက်သွက်လက်လက် ပေါ့ပေါ့ပါးပါးကလေးတွေ ခပ်များများ ကြားညှပ်ပေးရလေသည် ။ သို့ကြောင့် ဟောပြောချက်တွေမှာ အဖန်တလဲလဲ ထပ်ချင်လျှင်လည်း ထပ်စေတော့ ။ မီးစင် ကြည့်က,တတ်သော အကျင့်ဖြင့် စုစုထား အသားကျခဲ့သည်မှာ ကြာပြီ ။


ဒီတစ်ခါတော့ ခင်ပွန်းသည် မေးသည့် မေးခွန်းမှာ ခါတိုင်းနှင့် မတူဟု စုစုထား သိလိုက်သည် ။ ထို့ကြောင့် ခါတိုင်းလို မရေမရာ အဖြေမပေးတော့ဘဲ ခဏ စဉ်းစားနေ လိုက်သည် ။


“ ဘာပဲပြောပြော မင်းပြောရင် ဝတ္ထုတွေရဲ့ သြဇာ အကြောင်းက ပါဦးမှာပဲ မဟုတ်လား ”


ဒီမေးခွန်းကိုတော့ စဉ်းစားနေစရာ မလိုပါ ။ အလွယ်တကူ ခေါင်းညိတ်ရသည် ။


“ အေးလေ ၊ ဆရာ ဦးဖုန်းသက်ဝေ ပါနေတယ် ။ မင်းက စကားများများပြောရင် ‘ လွတ် ’ ချင်တတ်လို့ သတိပေးတာ ။ ဝတ္ထုတွေကို ဥပမာပေးတဲ့ နေရာ ၊ ကောက်ချက်ဆွဲပြတဲ့ နေရာတွေမှာ ပုဂ္ဂလဓိဋ္ဌာန် မပါစေနဲ့ ။ ဓမ္မဓိဋ္ဌာန်ကျကျ ပြောပါကွာ ။ အတူတူ ခရီးသွားကြတဲ့အခါ လူကြီးစိတ် ကသိကအောက်ဖြစ်အောင် ဘာမှ မလုပ်ပါနဲ့ ” 


ဒါမျိုးတော့ ဘယ်အခါမှ မဖြစ်စေရပါဘူးဟု စုစုထား က မိမိဘာသာ ခိုင်လုံနေသည် ။


သို့သော် စကားများများ ပြောလျှင် လွတ်ချင်တယ်ဟု ခင်ပွန်းသည်က စိတ်မချမြဲ ရှိလေသည် ။ ရင်းနှီးသော ဆရာကြီးအချို့ကလည်း ဟောပြောပွဲပြောရင် သိပ်ပြီး စိတ်လိုက်မာန်ပါ မဖြစ်စေနဲ့ဟု သတိပေးကြဖူးသည် ။


“ ဟဲ့ မိစုထားရဲ့ ၊ ညည်းကလည်း ဝတ္ထုရေးနေတဲ့လူ ၊ ခေတ်ပြိုင်စာပေလောကကို သိပ်မဝေဖန်နဲ့ဟ ။ စေတနာကို အထင်လွဲကုန်ရင် မကောင်းဘူး ။ ညည်း ပြောချင်တာရှိရင် ငါတို့ပြော ၊ ငါတို့ ပြောပေးမယ် ။ ငါတို့ ပြောရမယ့် စကားတွေကို ညည်း ဝင်မပြောနဲ့ ။ ဝတ္ထုရေးဆရာဆိုတာ လူချစ်အောင် မနေချင်ဘူး ဆိုရင်တောင် အမုန်းမခံချင်ပါနဲ့ဟာ ။ အမုန်းခံလက်စနဲ့ တို့ဝေဖန်သူတွေ ခံစမ်းပါရစေ ”


ဝတ္ထုရေးဆရာဆိုတာ အမုန်းမခံရဘူး ဆိုပါလားဟု အဲဒီတော့မှ စုစုထား နားလည်ရသည် ။ ထို့ထက် ‘ စေတနာကို အထင်လွဲနိုင်တယ် ’  ဆိုသော သတိစကားကို ပိုပြီးသတိထား မိလေသည် ။ ထိုအချိန်ကစပြီး စုစုထားသည် မတော်တရော် တွေ့လျှင် ‘ ထောက် ’ ချင်သော ၊ ထေ့ချင် သရော်ချင်သော သတင်းထောက်စိတ်ကို အတတ်နိုင်ဆုံး ချိုးနှိမ်ခဲ့ပါ၏ ။


သို့သော် ဆရာကြီးတွေ ပြောသလို လူချစ်အောင်တော့ သိပ်ပြီး ကြိုးစားဖို့ မလိုဟု ယူဆမြဲရှိသည် ။ စာရေးဆရာ ဆိုသည်မှာ အခြားသော အနုပညာသည်များနှင့် မတူ ။ ဖျော်ဖြေရုံသက်သက် မဟုတ် ။ စိတ်ဓာတ်အရ ၊ အတွေးအခေါ်အရ ထူးခြားမှု ရှိသင့်သည် ထင်၏ ။ အမှန်တရားကို မြတ်နိုးသည့် ပဋိသန္ဓေစိတ် မုချ ရှိလာရမည် ။ ဒီ့အတွက်နှင့်ပင် လူတိုင်း သည် မိတ်ဆွေ ဖြစ်နိုင်မည် မထင် ။ ရန်သူ ဆိုတာလည်း မလွဲမသွေ ရှိရမည် ။


မုန်းသူ မရှိအောင် ၊ အများ ချစ်အောင် ဥဿာဟ ပြုမည်ဆိုလျှင် အဲဒီအလုပ်မျိုးလောက် ပေါတောတော ကြောင်တောင်တောင် နိုင်တာမျိုး ရှိမည် မဟုတ်ဟု စုစုထား က ခပ်ရွှန်းရွှန်း တွေးနေမိသည် ။


ဘာပဲပြောပြော ရေးရာမှာ ဖြစ်စေ ၊ ပြောရာမှာ ဖြစ်စေ တရားမျှတစွာ ရှုမြင်ဆင်ခြင်နိုင်ဖို့ပဲ လိုမည်ထင်ပါသည် ။


ဒီတော့ ဘယ်နေရာမှာ ဖြစ်စေ ၊ ဘယ်အခါမှာ ဖြစ်စေ စာရေးခြင်း ၊ ဟောပြောခြင်း ၊ ဆွေးနွေးခြင်း ကိစ္စရပ်များ အတွက် စုစုထား ပင်ပန်းလိမ့်မည် မဟုတ် ။


ဟုတ်ကဲ့ပါ ကိုရယ် ဟု ခင်ပွန်းသည် စိတ်ချအောင် နှုတ် ကတိပေးခဲ့သည် ။


သို့သော် ပြောတော့ ပြောရဦးမည် ။


••••• ••••• ••••• 


ဝတ္ထုများ၏ ကောင်းသော အာနိသင် ၊ ဆိုးသော အာနိသင် ကို ပေါ်တင်ကြီး ခွဲပြောပြ၍ မသင့်ဟု ခံယူပြီးဖြစ်သည် ။


စာဖတ်တတ်စ အရွယ်က စ၍ ဖတ်ခဲ့သော စုန်း ၊ ကဝေ ၊ တစ္ဆေသရဲ ဝတ္ထုများကြောင့် ကြောက်စိတ် လွှမ်းကဲခဲ့ရပုံတွေ စ,ပြောသည် ။ လျှို့ဝှက်နှင့် စုံထောက်ဝတ္ထုတွေကြောင့် အတွေးအခေါ် ထက်သန်ခဲ့ပုံတွေ ၊ အတွေး ‘ ခေါင် ’  ခဲ့ ‘ ကြောင် ’  ခဲ့ပုံတွေ ဆက်ပြောတော့ ပရိသတ်ကို ဆုပ်ဖမ်း၍ ရပြီ ။


ဆယ်ကျော်သက်အရွယ် ရောက်ပြန်တော့ ထုံးစံအတိုင်း ရင်ကလေး မခုန့်တခုန် ရှိလာတဲ့အခါ အဖုံး လှလှ ၊ စကားလုံး လှလှနဲ့ အချစ်ဝတ္ထုကလေးတွေကို ငြိတွယ်မိပြန်ပါတယ် ။ ဝတ္ထုတွေထဲက ဇာတ်လိုက်ကောင်မလေးတွေ နေရာမှာ ကိုယ်ချည်း ရောက်ရောက်နေတော့တယ် ။ ဝတ္ထုဇာတ်လမ်း အကျဉ်းကလေး တစ်ခုတလေ ပြောရင်း ဖတ်သူ ကိုယ်တိုင် ဝတ္ထုထဲ ရောက်သွားတတ်သည့်အကြောင်း ကာလပေါ် လူငယ်စကားလုံးများ သုံးနှုန်း၍ ပြောတော့ ပရိသတ်ကို ကိုင်လှုပ်၍ ရလာလေသည် ။


ဒီ့နောက်တော့ စာဖတ်သူ လူငယ်တွေ အစွဲငြိဆုံး ဝတ္ထု အမျိုးအစား ။ ထိုဝတ္ထုတွေထဲက ဇာတ်ကောင်စရိုက်တွေ ၊ အဆို အမိန့်တွေ၏ ဩဇာကြောင့် လူငယ်များ စိတ်ဓာတ်ပြောင်းလဲမှု ဖြစ်ရပုံ ။


ဒီနေရာမှာ မိမိ၏ ခံစားမှု ၊ မိမိ၏ အတွေ့အကြုံကို မပြော၍ မဖြစ်တော့ပြီ ။ ‘ အရက်သာ သစ္စာရှိသည် ’ ဆိုသည့် စကားလုံး တစ်လုံး၏ ဩဇာကြောင့် ယနေ့ ယစ်ထုတ်ကြီးဘဝဖြင့် ဘဝပျက် နေကြသော ငယ်စဉ်က စာဖတ်ဖော် ဝါသနာတူ သူငယ်ချင်းများအကြောင်း ။


“ တက္ကသိုလ်က ဘီအေဘွဲ့ဆိုတာ အလကား ။ ကျောင်းသင် ပညာဟာ ကြက်တူရွေး စကားသင်သလောက် အဓိပ္ပာယ် ရှိတယ် ။ လမ်းဘေးပလက်ဖောင်းပေါ်မှာ လောကဓံကို ရင်ဆိုင်ရုန်းကန်နိုင်မှ အနှစ်သာရရှိတဲ့ဘဝဖြစ်တယ် ။ ဂေါ်ကီ ဟာ ဘွဲ့မရပါဘူး ။ တက္ကသိုလ်ဘွဲ့ထက် လမ်းဘေးဘဝတက္ကသိုလ်က တုံးပေကတ်သတ် ဒီဂရီကို တန်ဖိုးထားတယ် ”


ဒီစကားလုံးတွေ အလွတ်ကျက်ပြီး စာသင်ခန်းမှ စွန့်ခွာသွားသည့် ကျောင်းနေဖက် သူငယ်ချင်းတွေ အကြောင်း ။


မိန်းမပျက်မကလေး တစ်ယောက်ကို သစ္စာရှင်မလေး ဟု အမွှမ်းတင် ရေးဖွဲ့ထားသော ဝတ္ထုတစ်ပုဒ်ကြောင့် မိမိကိုယ်ကို ကယ်တင်ရှင် လူစွမ်းကောင်း ဟု ယုံမှတ်ကာ မိန်းမပျက်တွေနှင့် လက်ထပ်ပြီး အိမ်ထောင်ရေးလည်း ပြိုကွဲ ၊ ဘဝလည်း ပျက် ကုန်ကြသော စာပေဝါသနာရှင် မိတ်ဆွေများ အကြောင်း ။


နောက်သို့ လုံးဝ လှည့်မကြည့်စတမ်း ပြောဟောလိုက်ပြီး မိန်းကလေးတို့၏ ဂုဏ်အင်္ဂါနှင့် လူသားတို့၏ ဇွဲသတ္တိကို ဖော်ကျူးသော ဝတ္ထုတွေကို ဆက်ပြောပြသည် ။


“ အကျဉ်းအကျပ်ကျတဲ့အခါမှာ တစ်ပွဲတိုး ဖြတ်လမ်းနည်းနဲ့ ထွက်ပေါက်ရှာတတ်တဲ့ နည်းလမ်းကို မညွှန်ပြမိဖို့ ကျွန်မ အမြဲသတိထားပါတယ် ။ စိတ်ရှည်ရှည် ၊ ဇွဲ ၊ ဝီရိယနဲ့ ရုန်းကန် ဖြေရှင်းရင် ဘယ်လို အကျပ်အတည်းမျိုးကပဲ ဖြစ်ဖြစ် လွတ်လမ်းရှိတယ်ဆိုတာ ကျွန်မ ယုံကြည်လို့ပါပဲ ။ အဲဒီ ယုံကြည် စိတ်ကို ဖွံ့ဖြိုးစေခဲ့တဲ့ဝတ္ထုတွေကတော့ ခုန တင်ပြခဲ့တဲ့ ဂျာနယ် ကျော်မမလေးရဲ့ ‘ သူမ ’  တို့ ၊ ‘ စိတ် ’ တို့ ၊ ‘ ရော်ဘင်ဆင် ခရူးဆိုး ’ တို့ ၊ ‘ ကောင့်အော့ဖ် မွန်တီခရစ်စတို ’ တို့ စတဲ့ ဝတ္ထုတွေပါပဲ ။ ကျွန်မ ဖြတ်သန်းခဲ့ရတဲ့ ဘဝခယောင်းလမ်းမှာလည်း အဲသလို ဇွဲမာန်တင်းပြီး ရင်ဆိုင်ခဲ့ရတာမျိုး ရှိခဲ့ပါတယ် ။ ဒါကြောင့် အတွေ့အကြုံနဲ့ အသိအမြင်အရ ကျွန်မ ဝတ္ထုတွေ ရေးတဲ့အခါမှာ စကားလွန် ၊ တရားကျွံ မဖြစ်ဖို့ ဆင်ခြင်ပါတယ် ။ သို့သော်လည်း ရင့်ကျက်မှု ပါးလျားတဲ့ အသက်အရွယ်မှာ တစ်စုံတစ်ရာ အမှားအယွင်း အကျအပေါက် ပါဝင်သွားမယ် ဆိုရင် ခရီး မလွန်ခင် အချိန်မီ အားမနာစတမ်း ဝေဖန်ဆုံးမပါ ၊ ထောက်ပြ ကြပါလို့ မေတ္တာရပ်ခံရင်း ... ”


နိဂုံးစကားကို ပြောပြီးတော့ ရင်ထဲမှာ ပေါ့သွားသလို ခံစားရသည် ။


စင်မြင့်ပေါ်ရှိ မိမိ နေရာသို့ ပြန်လျှောက်လာတော့ ဆရာ ဖုန်းသက်ဝေက လိမ္မော်ရည်ပုလင်းကို ဆီး၍ ကမ်းလေသည် ။ 


“ ကျေးဇူးတင်ပါတယ် ထားထားစု ”


သူသည် စုစုထား နာမည်ကိုပင် ကောင်းစွာ မကျက်မိ ။ ခေတ်နှင့် အတော်ကြီး အဆက်ပြတ်နေပြီဖြစ်သော ဆရာ့ကို အားနာစွာ ပြန်ကြည့်နေမိသည် ။


“ မင်း ပြောသွားတဲ့ ကိစ္စအားလုံးဟာ ဆရာ့ လက်ချက်ပါ ။ ဝန်ခံပါတယ် ။ ဆရာလည်း ရင်းနှီးတဲ့ အပေါင်းအသင်းတချို့ နဲ့ ဒီကိစ္စတွေ မကြာခဏ ပြောနေမိပါတယ် ။ ထားထားစု ရေ ၊ ဆရာတို့ကတော့ စာမရေးဖြစ်တာလည်း ကြာပြီ ။ ဟောပြောပွဲ ဆိုတာလည်း အင်မတန် လိုက်ခဲပါတယ် ။ စာပေလောကနဲ့ အဆက်အသွယ် ပြတ်သလောက် ဆိုပါတော့ကွယ် ။ ဆရာ မင်းတို့ အရွယ်က မှားခဲ့တဲ့ အမှားကို မင်းတို့ ခုအရွယ်မှာ မြင်တယ်ဆိုတာ ဝမ်းသာစရာပဲ ။ မင်း ပြောသွားတာတွေ ဆရာ လက်ခံပါတယ် ။ ပြီးတော့ မင်းကိုယ်မင်း ဆင်ခြင်တဲ့အကြောင်း ကလေးတွေ ပြောတာ ဆရာ ယုံပါတယ် ။ ဆက်ပြီး ထိန်းသိမ်းသွားနိုင်ပါစေကွယ် ”


ကျေးဇူးတင်ပါတယ် ဆရာ ဟု လှိုက်လှိုက်လှဲလှဲ ပြောရင်း ဘာကြောင့်မှန်းမသိ မျက်ရည်လည်လာသည် ။


ဆရာ၏ ဖြူရော်စပြုသော မျက်ခုံးမွေးများနှင့် ဆန့်ကျင်ဘက် မျက်လုံးတောက်တောက်များ ပြိုးပြက်လာသည်ကို သတိထားမိ၏ ။


“ နောက် ထားထားစု အခွင့်ကြုံတဲ့အခါ စာပေဟောပြောပွဲတွေ ဆရာ့ကို ခေါ်ပါ ။ အဲဒီ အကြောင်းတွေ ပရိသတ်ရှေ့မှာ ဆရာ ဝန်ခံချင်လွန်းလို့ ၊ လူငယ်တွေကို ထပ်မမှားရအောင် သတိပေးချင်လွန်းလို့ပါ ။ ပြီးတော့ ဆရာ ဒီအကြောင်း ဆောင်းပါးတစ်ပုဒ် ရေးဦးမယ် ။ ရေးဖို့ တာဝန် ရှိကိုရှိတယ် ။ သမီး ကျေနပ်မယ် မဟုတ်လားဟင် ”


“ ဟာ .. ဆရာ့ကို မကျေနပ်လို့ မဟုတ်ပါဘူး ဆရာရယ် ” ဟု ပျာပျာသလဲ ဖြေရှင်းရင်း မျက်ရည်တစ်ပေါက်နှစ်ပေါက် ကျလာသည်ကို တားဆီး မရတော့ ။


ဟောပြောပွဲ အစီအစဉ် ပြီး၍ ပရိသတ် ရုတ်ရုတ်သဲသဲ ပြန်စမှာ စင်ပေါ်က မဆင်းရမီပင် ကြမ်းပေါ်ထိုင်ချပြီး ဆရာ့ကို ဦးချကန်တော့မိသည် ။ ဝန်ခံရဲသောသတ္တိနှင့် တာဝန်သိသော ဂုဏ်သိက္ခာတရားတို့ အတွက် ဆရာသည် ရှိခိုးဦးချ ကန်တော့ထိုက်သူ တစ်ဦး ဖြစ်နေပြီ မဟုတ်ပါလား ။


အနားသို့ ရောက်လာသော ဟောပြောပွဲ ကျင်းပရေး ကော်မတီဝင် လူကြီးများက ကြောင်တက်တက် ကြည့်နေကြသည် ။


ဆရာ ကိုလင်းပြာ က ရယ်ရွှန်းဖတ်ရွှန်းဖြင့် ...


“ ဘုန်းကြီးခေါင်း ခေါက်ပြီးလို့ ကန်တော့နေတာဗျို့ ”


“ အို .. မဟုတ်ပါဘူး ” ဟု ရုတ်ခြည်း ငြင်းဆိုလိုက်ပြီး ဆရာ ဖုန်းသက်ဝေကို လေးလေးစားစား ကြည့်ကာ -


“ စုစုထား ဟာ ပြောပြီးသား စကားအတွက် နောင်တမရပါဘူး ။ ဆရာ နားလည်မှာပါနော် ။ တကယ့်ကို ရိုသေလို့ပါ ။ တကယ့်ကို ရှိခိုးဦးချ ကန်တော့နေတာပါ ဆရာ ”


စာရေးကောင်းသလောက် စကားကို ဖွယ်ဖွယ်ရာရာ ပြောတတ်လေ့ရှိဟန် မတူသော ဆရာသည် ကြည်စင်ဝင်းပစွာ ပြုံးလျက် ရှိလေ၏ ။


 ▢  စမ်းစမ်းနွဲ့ ( သာယာဝတီ )


📖ပေဖူးလွှာ မဂ္ဂဇင်း

     အောက်တိုဘာ ၊ ၁၉၈၃


📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း

     မေ ၊ ၂၀၁၆

 

ဂဋ္ဌုန်

 ❝ ဂဋ္ဌုန် ❞

( ပီမိုးနင်း )


သာယာသော ညနေအချိန် ဖြစ်လေ၏ ။ မိုးဦးကျတော့မည့်ဆဲဆဲ ဖြစ်လေရာ မိုးတွေအုံ့လျက် မိုးကြိုး လျှပ်စစ်တို့ ချုန်းထစ်ကာ ဂျိုးဂျိုးဂျိမ့်ဂျိမ့် မြည်ကြလေ၏ ။ အနောက်တောင်ဘက်မှ ထောင့်တန်းတိုက်၍ လာသော လေသည် ပြာကျသော ရွာတစ်စုမှ လည်းကောင်း ၊ တောမီးလောင်ပြီးသော လယ်ပြင်များမှ လည်းကောင်း ပြာတို့ကို တိမ်ညိုပုတ်ကြီးပမာ ဆောင်ယူ၍ လာကြလေသတည်း ။


ထိုလရာသီ၌ သာယာဝတီနယ်ရှိ ရွာငယ်တို့၌ နေထိုင်ကြကုန်သော ရွာသူရွာသားတို့သည် တောရပ် တောင်ခြေ တစ်ခွင်တစ်ပြင်မှာ တကြော်ကြော် တေးဆိုကာ သစ်သီးသစ်ရွက် ၊ ထင်း စသည်တို့ကို ရှာဖွေလေ့ ရှိကြရာ ဤနှစ်ဤရာသီကား တောရပ်တောင်ခြေ စခန်းများမှာ တိတ်ဆိတ်၍ နေလေသတည်း ။ ရွာသူရွာသားတို့၏ ဓလေ့ဓမ္မတာ ရွာပြင်ဘက် တောစပ်များမှာ ချိန်းချက်ကာ အချစ်ဓာတ်နိုးသည့် ရာသီအလျောက် ရစ်ပတ်ကြသူတို့၏အစား တောကျီးကန်းကြီးများသည် လည်းကောင်း ၊ ပျံဝဲသော စွန်ရဲ ၊ လင်းတတို့သည် လည်းကောင်း ဆိတ်ငြိမ်ခြင်းကို သာလွန်ထင်ရှား လေးနက်အောင် ပြုကြလေသတည်း ။


ရှေးအခါက တောကျီးကန်းကြီးများသည် နွားကျောင်းသား ၊ ထင်းခုတ်သမား ၊ ခရီးသွား ၊ လှည်းသမားတို့ကို မြင်သည့်အခါ သြစတြီးယား တိုင်းရင်းသားများ ကြားတတ်သောနည်းအရ ယောက်ဖ ယောက်ဖဟု ခေါ်လေ့ ရှိကြ၏ ။ ယခုသည်ကား တောကျီးကန်းကြီးများမှာ ယောက်ဖ ဟု ခေါ်စရာ တော်စရာ မရှိသဖြင့် ဦးခေါင်းကို ငဲ့ကာငဲ့ကာ ယောက်ဖတွေ ဘယ်သွား ကုန်ကြပါလိမ့်ဟု ဆင်ခြင်ဟန် လက္ခဏာကို ပြကြလေ၏ ။ အကြောင်းမူကား ရွာပြင် တောထဲသို့ ထွက်ဝံ့သူ မရှိကြချေ ။


ထွက်ဝံ့သူ တစ်ယောက်တည်း ရှိလေ၏ ။ အကြောင်းမူကား ညိမ်းခင် မှာ မိမိ၏ ချစ်သူရည်းစား မောင်ဘ ဆိုသူ ဂဠုန်တပ်ထဲသို့ လိုက်ပါ၍သွားပြီးနောက် သေသည် ရှင်သည်ကို မသိရသဖြင့် ဂဠုန်တပ်များနှင့် တွေ့လျှင် မောင်ဘ ကို တွေ့ရလေမလား ၊ မတွေ့ရလျှင် အကြောင်းကို သိမှာပဲဟု အောက်မေ့ကာ သေနတ်ကို မကြောက်ရုံမက ဂဠုန်ကိုပင် ရှာ၍နေလေသတည်း ။


ဦးခေါင်းထက်တွင် တွဲလွဲခို၍နေသော သရက်သီး တစ်လုံးသည် အစေ့ယှက်၍ ဝမ်းပျဉ်းအရွယ်သို့ ရောက်တော့မည် ရှိလေ၏ ။ ထိုသရက်သီးအစေ့ မယှက်မီ အခါက ဤသရက်ပင်အောက်၌ ညိမ်းခင် သည် မောင်ဘ နှင့် ချစ်ခင်ပျော်ရွှင်ကာ နေ့စဉ်တွေ့ခဲ့လေရာ တစ်နေ့သ၌ ဂဠုန်တပ်သားများနှင့် တွေ့ကြုံကာ မောင်ဘ ကို အတင်း ခေါ်၍ သွားလေရာ ညိမ်းခင်သည် မိမိ၏ ချစ်သူကို လွှတ်ခဲ့ပါမည် အကြောင်းနှင့် ငိုယိုတောင်းပန်ကာ ခရီး သုံးမိုင်သာသာ ကြမ်းတမ်းသော လမ်းမှာ လိုက်ခဲ့ရှာလေ၏ ။ ဂဠုန်သည်ကား မောင်ဘကို ပြန်၍ မအပ်ဘဲ ခရီးပြင်း အတင်းနှင်ကြလေရာ ဂဠုန် ဗိုလ်ကြီးက ဟဲ့ ကလေးမ ပြန် ၊ တခြားတပ်နဲ့ တွေ့ရင် နင် ဒုက္ခဖြစ်လိမ့်မယ် ။ နင့်မောင် ဘာမှ မဖြစ်စေရဘူး ။ ငါတို့ ကြီးစိုးတဲ့ အခါကျရင် နင်တို့ အားလုံး ကောင်းစားဖို့ပဲ ။ ပြန်ပြန် မလိုက်လေနဲ့ နေစောင်းပြီ ။ နင့်မောင်ကို ပြန်၍ မရဘူး ။ နေမဝင်မီပြန် ဟု အတန်တန် ပြောလေ၏ ။


ညိမ်းခင်သည်ကား ဆံပင်ကို ကပိုကရို ပတ်လျက် ထဘီကို ပြင်၍ဝတ်ကာ ဂဠုန်ဗိုလ်ကြီး၏ စကားကို မကြားနိုင်ဘဲ ကိုဘ မလိုက်နဲ့ ကိုဘ ၊ ကိုဘ ပြန်ခဲ့ပါ ။ ကျွန်မ မောင်ကို မခေါ်ကြပါနဲ့ ။ ကျွန်မ အခွင့်မပေးဘူး ။ ကျွန်မ မပြန်ဘူး ။ ကျွန်မ တစ်ခုခု ဖြစ်ရင် ရှင်တို့ကြောင့်ပဲ စသည်ဖြင့် အော်ဟစ်ကာ လိုက်လေ၏ ။ ဆံပင်ကို ချုံတွေ ၊ သစ်ကိုင်းတွေ ငြိသော်လည်း ငြိမှန်း မသိ နာရမှန်း မသိ အတင်းရုန်း၍ သွား၏ ။ ထဘီကို ဆူးချုံတို့သည် အတင်းဆွဲ၍ ဆုတ်ဖြဲကြရာ ထဘီတုပ်၍ တဖုတ်ဖုတ် လဲ၏ ။


မောင်ဘသည်လည်း ပြန်၍ လက်ပြကာ အော်ကာ ညိမ်းခင်ကို ပြန်အောင် တိုက်တွန်း၏ ။ နောက်ဆုံး၌ တစ်ပြန်တစ်လှည့်စီ အော်ရင်း ခေါ်ရင်းပင် ညိမ်းခင်သည် လဲပြီး မြောမေ့၍ ကျန်ရစ်လေရာ လှည်းသမား တစ်ယောက်နှင့် တွေ့၍ အိမ်သို့ ပြန်ရောက်၍ လာခဲ့လေ၏ ။ 


ထို့နောက် ချစ်သူ၏ စိတ်ကြောင့် မှိုင်တွေကာ မစားနိုင်မအိပ်နိုင် နေ့ညဉ့်အချိန်မရွေး ထိုသရက်ပင် အောက်ကိုသာ လာ၍ နေလေ၏ ။ မောင်ဘ လိုက်ပါ၍ သွားသော လမ်းတစ်လျှောက်မှ တောင်ညိုညိုကြီးကို လှမ်းမျှော်၍ ကြည့်လေ၏ ။


ကိုဘ တောင်ပေါ်မှာ ရှိမှာပဲ ။ အခုနေအခါမှာ ဟို တောင်စောင်းအမြင့်ကနေပြီး ငါ့ဆီကို ကြည့်၍ နေမှာပဲ ကိုဘ ပြန်လာခဲ့ ၊ ပြန်လာခဲ့ သူပုန်မလုပ်ပါနဲ့ ကိုဘရယ် ။ ညိမ်းညိမ်း ကို သတိမရတော့ဘူးလား ။ ကိုဘ အတွက် ညိမ်း သေရတော့မယ် ။ ညိမ်းညိမ်း မအိပ်ဘူးနော် ။ စားလည်း မစားဘူး ။ ကိုဘ ပွေ့ချီတဲ့ ညိမ်းညိမ်းရဲ့ ကိုယ်ပြည့်ပြည့်ကလေးဟာ မအိပ်ရလို့ ပြားပြားကလေး ဖြစ်နေပြီ ။ ကိုဘ နမ်းတဲ့ ညိမ်းညိမ်းရဲ့ ပါးကလေးတွေမှာ ပါးအို့ကလေး မရှိတော့ပါဘူး ။ ကိုဘရေ ၊ ကိုဘရဲ့ ညိမ်းညိမ်း ကို လာကြည့်ပါဦး ။ ဟောဟို သရက်သီးကလေးကို မမီလို့ ကိုဘ ညိမ်းညိမ်းကို ပခုံးပေါ်မှာ ပင့်ချီတုန်းက ညိမ်းညိမ်းရဲ့ တင်ပါးကလေးများမှာ ကတ္တီပါအုံးကလေးလို ပြည့်ပြည့်ကလေးဟာ အခု ပါးပါးကလေး ရှိတော့ တယ် ။ ကိုဘ ဘာပြုလို့ ဟိုတောတောင် အရိုင်းကြီးထဲမှာ နေရသလဲ ကိုဘရဲ့ ပြန်ခဲ့ပါတော့လား ။ ညိမ်း မသေခင် ကိုဘကို မြင်ပါရစေ ။ ကိုဘရယ် ဩော် ကိုဘ ၊ ကိုဘ မသေပါစေနဲ့ ချမ်းသာပါစေ ။ ညိမ်းညိမ်း တော့ သေရတော့မယ် ။ ကိုဘ ဘယ်မှာနေပါလိမ့်မလဲ ရှိသေးသလား ကိုဘရဲ့ ။ မသေရင် ကျွန်မကို ပြပါ ။ လိုက်ခဲ့ပါ့မယ် ။ ညိမ်း မကြောက်ဘူး စသည်ဖြင့် တောက်တီး မြည်တွန်ကာ အရူးဖြစ်၍ နေရှာလေ၏ ။


မောင်ဘ မှာကား ဂဠုန်တပ်သား မဖြစ်ချင်ဘဲလျက် အတင်းအဓမ္မ ခေါ်ဆောင်ကာ ဂဠုန်ဆေး ထိုးနှံခြင်း ခံရသဖြင့် သူပုန်အမှတ် ဘွဲ့ တံဆိပ်ကြီးကို ရရှိကာ ဆင်းရဲသားတို့ဘဝ လုပ်ကိုင် အသက်မွေးသော ပြည်သူ လူကောင်း တစ်ယောက် အဖြစ်မှ သူပုန်ဂဠုန်ဘဝသို့ အထောက်မတန် ရောက်ကံဆိုးဝါး ၊ ငါးပါး ၊ ဆယ်ပါး ၊ အပါးတစ်ရာ မှောက်ပေါ့တကားဟု အောက်မေ့ကာ ယူကျုံးမရ ဖြစ်ရခြင်းက တစ်မျိုး ၊ လာလတ္တံ့သော ဝါလ မတိုင်မီ အတည်တကျ ချစ်သူကလေး ညိမ်းညိမ်း နှင့် အကြောင်းချဉ်းကာ ပေါင်းသင်းရမည့်ဆဲဆဲ နေရာမှ ရုတ်တရက် လတ်တလော ကွဲရသော်လည်း သေကွဲနှင့် မခြား တိုက်ခိုက်လို့ မသေမချင်းအမျှ သူပုန်ဖြစ်ကာ တောတွင်းမှာ နေရ၍ ချစ်သူနှင့် တွေ့ရတော့မည် မဟုတ်တော့သည်ကို တွေးတောကာ သောကမီးဖြာတာက တစ်ဖုံ ၊ မသေဘဲ ရွာကို ပြန်ရလျှင်လည်း ဂဠုန် အမှတ်ကြီး ရှိသည့်အတွက် ရာဇဝတ် အပြစ်ဒဏ် ထိကာ ထောင်တစ်သက်တစ်ကျွန်း သွားရမည်ကြောင့် ဒီဘဝမှာဖြင့် မပြစ်မမုန်းပါဘူးဟု သဘောထားသော အချစ်ဆုံးကလေးနှင့် လုံးလုံးကြီးပေါင်းရကိန်း ရှိတော့မှာ မဟုတ်ပါကလားဟု စဉ်းစားကာ ယူကျုံးမရ ဖြစ်ရတာက တစ်သွယ် ၊ လူကောင်းတစ်ယောက် ဖြစ်ပါလျက် ဂဠုန်တပ်ပြောင်း ၊ အကြောင်းဆိုးဝါး ၊ တောတောင်ဖျားသို့ မတရား ရောက်ရသည့်အတွက် စိတ်လက်မရွှင် ချစ်သူကို ထင်မြင်လျက်သာ နေရရှာလေ၏ ။


နဂိုကလည်း ပြည်သူလူကောင်း တစ်ယောက် ဖြစ်သဖြင့် မကောင်းမှုကို လွန်စွာ ကြောက်ရွံ့သူ ဖြစ်လေရာ ကြမ်းတမ်းဆိုးဝါးစွာ အသက်မွေးရခြင်း၌ အမြဲ ကြောက်ရွံ့ကာ ပင်ပန်းဆင်းရဲခြင်းတွေကို ခံရသည်မှာ ငရဲပြည်သို့ အရှင်လတ်လတ် ရောက်ရသလို မိမိ၏ စိတ်၌ မှတ်ထင်ကာ နေရရှာလေ၏ ။


နေ့အခါများ၌ ပြေးရလွှားရ ၊ ပြောင်းရွှေ့သွားလာရ သဖြင့် ပင်ပန်းသော်လည်း အခြား အဖော် ဂဠုန်သားများ အပန်းဖြေကာ ပျော်ပါးစားသောက်ကြသည့်အခါ ချစ်သူ၏ စိတ်ကြောင့် မစားနိုင် မသောက်နိုင် တမှိုင်မှိုင် နေရလေ၏ ။ အဖော်များ အိပ်ပျော်သည့်အခါ မိမိမှာ မအိပ်နိုင်ဘဲ တောင်စောင်းမှ ရွာဘက်သို့ မျှော်ရှုကာ ဟိုနေရာကလေးဟာဖြင့် ညိမ်းညိမ်းနဲ့ ချိန်းချိန်းပြီး တွေ့ရတဲ့ နေရာကလေး ထင်ပါရဲ့ ။ ဟိုဘက်နားက ညို့ညို့မှိုင်းမှိုင်း အုံ့ဆိုင်းဆိုင်းကလေးဟာ ညိမ်းညိမ်း နဲ့ နှစ်ယောက်တည်း ပျော်ပျော်ပါးပါး လက်တွဲကာ သွားလာ လှည့်ပတ် နေကျ ဖြစ်တဲ့ သရက်တောကလေးနဲ့ တူလှပါတကား စသည်ဖြင့် ရှုမျှော်တမ်းတ ရမ်းဆကာ တွေးတရေးရေး ထင်မြင်လှသဖြင့် ဂဠုန်ငှက်အစစ် ဖြစ်ရင်လည်း တောင်ပံ နှင့်နွှဲပြီး ဝဲပျံကာ ရောက်နိုင်ပါရဲ့ ။ အမည်သာခံ မပျံနိုင်တဲ့ ဂဠုန် ဖြစ်ရသည့်အတွက် ရတက်သာ ပွား၍ နေရရှာလေသတည်း ။


အခါများစွာ စွန့်စားကာ ထွက်၍ပြေးမည် ကြံသော်လည်း မလွတ်သာအောင် အစောင့်အကြပ်တွေ မပြတ်မလပ် ရှိသည့်အတွက် တစ်ကြောင်း ၊ ဂဠုန်ဆေး အမှတ်ကြောင့် အစိုးရ ကွပ်မျက်မည်ကို ကြောက်ရွံ့ခြင်းက တစ်ကြောင်း မပြေးသာဘဲ ချစ်သူ၏ နေရာကို တောင်ထိပ်မှ မျှော်ကာသာ နေရရှာလေသတည်း ။


တစ်နေ့သ၌ မွန်းလွဲခန့်အချိန် အနောက်ဘက် တိမ်ပြာကြီးအောက်တွင် ရေးရေးမှိန်မှိန်ကလေးမျှ မြင်ရသော တောအုပ်လိုလို ရွာလိုလို နေရာကလေးကို မျှော်မှန်းကာ မျက်ရည်ဝိုင်းလျက် ရွှေငှက်လို အတောင်ပေါက် ရင်ဖြင့် တစ်ခေါက် ပြန်ချင်ပါ လွမ်းသူတို့ရွာ ဟူသော တေးအစအနကလေးကို ညည်းလိုက်ရာတွင် သူပုန်အချက် ဖြစ်သော မောင်းသံကို ကြားရပြီးနောက် တောင်ပေါ်၌ တရုတ်ရုတ် လှုပ်ရှားခြင်း ဖြစ်လေ၏ ။ အစောင့်တပ်သား တစ်ယောက်က ဟေ့လူ ဘာငေးနေသလဲ မြန်မြန်ဗျာ့ ဟု အော်၍ ခေါ်လေရာ ဘာမှန်းမသိ ညာမှန်း မသိ ပြေးရလေ၏ ။ မကြာမီ သူပုန်တပ်ကြီးသည် တောင်ပေါ် မှ ရေတံခွန်စီးဆင်းသလို လှိမ့်ဆင်း၍ သွားသည်ကို မြင်နိုင်လေသတည်း ။


ညိမ်းညိမ်း သည်လည်း နေ့စဉ် တောထဲ၌ မျှော်၍သာ နေရရှာလေသတည်း ။


သို့မျှော်အခိုက်တွင် ဖရောက် ဖိုက် ဖိုက် ဟု မြည်သော အစိုးရသေနတ်သံများကို ကြားရလေ၏ ။ ညိမ်းခင်သည် နှစ်လုံးပြူး သေနတ်သံကိုသာ သိ၏ ။ အစိုးရ ရိုင်ဖယ်သေနတ်သံကိုမူ နားမလည်ချေ ။ သူပုန်များ လာ မည်ဟု အစိုးရများ သတင်းရသဖြင့် လာ၍ စောင့်ကြောင်းကို ညိမ်းခင် မသိချေ ။ အကြောင်းမူကား ထိုနေ့၌ တစ်နေ့လုံး တောထဲမှာ တဝဲလည်လည် နေခဲ့လေ၏ ။


ထို့နောက် ထိန်း ထိန်း မြည်သော သေနတ်သံများကို ကြားရလေ၏ ။ မီးခိုးများ တောထဲမှ ထွက်ပေါ် သည်ကို မြင်ရ၏ ။ ညိမ်းခင်သည် လှမ်း၍ ကြည့်လိုက်သောအခါ ညနေစောင်းနေရောင်တွင် ဓားလွတ်တွေ လက်လက်ပြောင်ပြောင်နှင့် သူပုန်များကို မြင်ရလေရာ ကြောက်ရမှန်းမသိဘဲ ကိုဘ ကိုဘ ဟု အော်ကာ သူပုန် များရှိရာသို့ ဆံပင် ဖိုးရိုးဖားရားနှင့် ပြေးလေ၏ ။ 


ထိုအခိုက်တွင် ဖရောက် ဖိုက် ဖိုက် ထိန်းထိန်း ဟူသော အသံများ ရောစပ်၍ လာလေ၏ ။ ညိမ်းခင် သည် တောစပ်လယ်ကွက်ကလေးတွင် ခွေခနဲ လဲကျလေ၏ ။


ထိုအခိုက်တွင် သူပုန်တစ်ယောက်သည် တပ်ထဲမှ ပြေးထွက်၍ လာပြီးလျှင် ဓားကို လွှတ်ချကာ ညိမ်းခင် ကို ထိုင်၍ ပွေ့လေ၏ ။


ထိန်း ထိန်း ဖိုက် ဖိုက် ဖရောက် ထိန်း ထိန်း ။ 


အမယ်လေး ညိမ်းရဲ့ မောင်လေ ဘလေ ။ ညိမ်းရေ ဟု ပြောကာ မောင်ဘသည် ညိမ်းခင်ကို ပွေ့ရင်း မြေပေါ် သို့ တစောင်းလဲကျ၍ သွားလေသတည်း ။


သူပုန်များ ရှောင်ရှား၍ သွားကြလေ၏ ။ အစိုးရတပ်များ ဝိုင်းအုံကာ ရောက်၍ လာကြလေရာ နှစ်ယောက်စလုံး ပြင်းစွာ ဒဏ်ရာရသည်ကို တွေ့ ရှိရလေ၏ ။ သို့သော်လည်း မောင်ဘနှင့် ညိမ်းခင်သည် မိမိတို့၏ ကိုယ်၌ နာကျင်ခြင်းကို ဂရုမစိုက် သတိမရ ။ စိတ်ကို တင်းကာ တစ်ယောက်ကို တစ်ယောက် လဲရာ၌ ပွေ့ဖက်ရင်း တစ်ယောက်မျက်နှာ တစ်ယောက် စိမ်းစိမ်းကြည့်ကာသာ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်၍ နေကြလေ၏ ။


သို့သော်လည်း မောင်ဘမှာ ဒဏ်ရာပြင်းသဖြင့် မထနိုင်တော့ချေ ။ အစိုးရတပ်သားများသည် ဘာကို လုပ်ရမည် မသိဘဲ အံ့အားသင့်ကာ ရင်ထုမနာ ရပ်ကာ ကြည့်၍သာ နေကြလေ၏ ။


ညိမ်းခင်သည် အားယူ၍ ထပြီးလျှင် မောင်ဘကို ကုန်း၍ဖက်ကာ ကိုဘ ကိုဘ ညိမ်းညိမ်း ကိုဘ ကို တွေ့ပြီ ။ ကိုဘ မမှတ်မိဘူးလား ။ ညိမ်းညိမ်းလေ ညိမ်း ညိမ်း ပိန်နေလို့ပါဟု အားတင်းကာ ပြုံး၍ ပြောလေ၏ ။ မောင်ဘသည် ညိမ်းညိမ်း၏ မျက်နှာကို စိမ်းစိမ်း ကြည့်လျက် ပြုံးပြီး နှုတ်ခမ်းကို လှုပ်ရုံသာ လှုပ်လျက် လက်နှစ်ဖက်ကို ဆန့်လေ၏ ။ ညိမ်းညိမ်းသည် ပြုံးလျက် မောင်ဘ၏ မျက်နှာကို ကြည့်ရင်း မျက်လုံးများ ဝေပြီး မောင်ဘ၏ ရင်ခွင်ထဲသို့ တစောင်းလဲကျ၍ သွားလေ၏ ။ မောင်ဘ၏ လက်များသည် အဘယ်အခါမျှ လွှတ်မည် မဟုတ်သော ပွေ့ပိုက်ခြင်းဖြင့် ညိမ်းညိမ်း၏ ပျောင်းပျော့ အားငယ်သော ကိုယ်ကလေးကို ပွေ့ယူလိုက်လေသတည်း ။ ထို့နောက် နှစ်ယောက်သား ပြုံးပြုံးကလေး ပါးချင်း မျက်နှာချင်း အပ်လျက် မနိုးသော အိပ်ခြင်း၌ ငြိမ်သက်၍ သွားကြလေသတည်း ။


ကြည့်၍နေသော အစိုးရ တပ်သားများသည် ဦးထုပ်များကို ချွတ်ကာ မျက်ရည်သုတ်၍ နေကြလေ၏ ။ ထိုအခိုက်တွင် အနောက်ဘက်၌ နေကွယ်၍ ညဉ့် ၏ မည်းနက်သော ဝတ်ရုံသည် ချစ်သူ နှစ်ယောက်၏ အလောင်းများကို လုံခြုံစွာ ပတ်ရစ်လိုက်လေသတည်း ။


 ▢  ပီမိုးနင်း

📖 ဗန္ဓုလ ဂျာနယ်

      မေ ၂၀ ၊ ၁၉၃၁

ရိက္ခာယူကြသူများ


 

❝ ရိက္ခာယူကြသူများ ❞
▢ မကျည်းတန် ( လွိုင်ကော် )

ဤမြို့တွင် ပိုင်ရှင်ကိုယ်တိုင်လည်း မနေ ၊ ငှားရမ်းသူလည်း မရှိသော နှစ်ထပ်တိုက်ကြီး တစ်လုံး ရှိ၏ ။ ညသန်းခေါင် ရောက်ပြီ ဆိုလျှင် ထိုတိုက်ကြီး၏ အပေါ်ထပ် ဝရမ်တာတွင် ပါးလွှာဖြူဆွတ်သော ဝတ်စုံကိုဝတ်ကာ ဖြောင့်စင်းနက်မှောင်သော ဆံပင်ရှည်ကြီးကို ဝေ့ဝဲလျက် မိန်းမလှလေးတစ်ယောက် ကူးလူး သွားလာလေ့ရှိသည်ဟု ပြောသူက ပြောကြ၏ ။ မြင်သည်ဟု ဆိုသူက ဆိုကြ၏ ။ ညဉ့်နက်လာလျှင် မော်တော်ဆိုင်ကယ်သံကိုလည်း ကြားရတတ်သည်ဟု ပြောသူက ပြောကြ၏ ။ အများအထင်နှင့် အကြားအမြင်တို့ ဟုတ် ၊ မဟုတ် ဆိုသည်ကိုမူ .. ။

••••• ••••• •••••

[ ၂ ]

ဝရန်တာမှ မျှော်ကြည့်လိုက်လျှင် လှိုင်းလက်လက် ဖွေးနေသော မြစ်ပြင်ကို လှမ်းမြင်နေရသည် ။ မြစ်ကြောင်းထဲတွင် စက်လှေတို့ ကူးသန်းသွားလာနေကြသည် ။ မြစ်ပြင်မှ တိုက်ခတ်လာသော လေသည် ရင်ကို အေးမြမှု ပေးနိုင်လေစွ ။ သို့သော် သည်လေ နှင့် သည်ရှုခင်းသည်ပင်လျှင် တစ်စုံတစ်ယောက် ခံစားရန်အတွက် မြခွာညို ကဲ့သို့ပင် အဖြည့်ခံသက် သက်သာ ။

မှောင်ရီဝိုးတဝါး အချိန်တွင် နုသစ်လှပမှုကို အင်မတန် နှစ်သက်လေ့ရှိသော ဦး ... တစ်ယောက် လာနေကျဖြစ်သည် ။ ဦး .. လို့ ခေါ်ရပေမဲ့ အရွယ်က အဖေအရွယ်ပါ ။ သို့သော် ဘဘ လို့ ခေါ်၍ မဖြစ်ပါ ။ ဘဘတို့ ၊ ဘကြီးတို့ အခေါ်အဝေါ်များသည် မြခွာညို တို့ ပတ်ဝန်းကျင်နှင့် အဆင်မပြေပါ ။ ဘယ်လောက်ပင် အသက်ကြီးကြီး မြခွာညိုတို့ လောကမှာ ဦး မှ ဦး ပါပဲ ။ ဦး လာလျှင် သည်ဝရန်တာမှာပဲ နေရာယူသည် ။ ကောင်းပေ့ ၊ ဈေးကြီးပေ့ ဆိုသော ယမကာကို ၊ အကျအန တစိမ့်စိမ့် မှီဝဲခံစားမည် ။ ဦး ခံစားသည့် အထဲတွင် မြခွာညို လည်း ပါဝင်သည် ။ ဦး သောက်သုံးမှီဝဲနေ ချိန်တွင် မြခွာညို သည် ဦး၏ ပခုံးကြော ၊ ဇက်ကြော ၊ လက်ပြင်ကြော စသည်တို့ကို ဖြူနုသော လက်ကလေး ဖြင့် ဆုပ်နယ်ပွတ်သပ်ပေးရသည် ။ ထိုအချိန်တွင် ဦး၏ ဦးခေါင်းသည် မြခွာညို ၏ ရင်ခွင်ထဲတွင် မှေးငိုက်နေတတ်လေသည် ။

အတန်ငယ်ကြာလျှင် ဦး၏ ခန္ဓာကိုယ်သည် ပြေလျော့လာပြီး ဦး၏ ဇက်သည် နောက်မှီပေါ် မှေးတင်လာ၏ ။ ထိုအချိန်တွင် ခြေတင်ခုံ ပေးပြီး မြခွာညို သည် ခြေတင်ခုံနံဘေးသို့ ပြောင်းထိုင်ကာ ဦး၏ ခြေထောက်ပိုင်းကို ဆုပ်နယ်အကြောဖြေပေးရပြန်၏ ။

ဦး လာလျှင် မြခွာညို ကိုပဲ ခေါ်သည် ။ မြခွာညို ကို လက်စွဲ ။ ပြီးတော့ ဦး က အခန်း မသုံး ၊ လေညင်း ခံရင်း စည်းစိမ်ယူတတ်သည့် သူ ။ ပိုက်ဆံကိုလည်း သုံးနိုင်သလား မမေးနှင့် ။ သို့ရာတွင် မော်ကြွားတတ်သော ပုံစံမျိုးမဟုတ် ။ ငွေ ဆိုတာ သွေးအေးအေးနှင့် ရက်ရက်စက်စက် သုံးတတ်သော သူဖြစ်သည် ။ ကျေနပ်ပြီ ဆိုလျှင်တော့ ဦး က မှိန်းနေရာက ထမည် ။ မြခွာ ညို ကို ဘောက်ဆူး ပေးမည် ။ ကျသင့်သမျှ ငွေချေမည် ။ ပြီးလျှင် ဆိုင်ကယ်စီး ပြန်မည် ။

မြခွာညိုတို့ အလုပ်က ရိုးရိုးလေးပါပဲ ။ အဲလေ ရိုးတော့ မရိုးဘူးပေါ့ ။ တစ်မိသားနဲ့ တစ်မိသမီး ၊ သူစိမ်းတစ်ရံဆံ ၊ အဖိုနဲ့ အမ တွေ့ဆုံကြ ၊ မျက်နှာချင်းဆိုင် ဟေးလား ဝါးလား စားသောက်ကြ ၊ သီချင်းဆိုကြ ၊ ခြေဆုပ်လက်နယ်ပြုစုကြ ဆိုတာ ရိုးမှ မရိုးတာ ။ နည်းနည်းတော့ ဆန်းတာပေါ့ ။ တစ်ရက်ကို များများ မဟုတ်တောင် ဦးလို လူ ငါးယောက် ၊ ခြောက်ယောက် လောက်ပဲ အလုပ်ဖြစ်ဦးတော့ မြခွာညိုတို့ ဒူးနှန့် နေရုံပါပဲ ။

သည်အလုပ်က လှဖို့ပဲ လိုတယ် ။ ဣတ္ထိရူပံ ဓနံ ဆိုတာ သည်အလုပ်စစ်စစ်ပဲ ။ သည်အဝန်းအဝိုင်း ထဲမှာ မြခွာညို ကျင်လည်နေမိပြီ ။ သည်အရည်အချင်း က လွဲပြီး တခြား အရည်အချင်း မရှိတဲ့ မြခွာညို အဖို့ သည်အလုပ်က ဝင်ငွေပမာဏကိုလည်း စုံမက်နေမိပြီ ။

နေစောင်းပြီ ဆိုရင် မြခွာညို ဘယ်သူ့ကိုမှ လက်မခံတော့ဘူး ။ ရေကို ကျကျနန စိမ်ပြီးချိုး ၊ ခြေသည်းလက်သည်း ၊ ချိုင်း ၊ သွား ၊ အားလုံး ဂရုတစိုက် သန့်စင် ၊ အချိန်ပေးပြီး အလှပြင်တော့တာပဲ ။ မြခွာညို အလှပြင်တာက ပေါပေါပဲပဲမဟုတ်ဘူး ။ ပြေပြေကလေးနဲ့ လှုပ်ခတ်သွားအောင် ပြင်တာ ။ ညနေစောင်းမှာ မြခွာညို ဆီ လာမယ့်လူက ဝရန်တာ ဦးဦးလေ ။ ညင်းလေကလေး တဖြူးဖြူမှာ မြခွာညို ဟာ ပိုးသား ပျော့ပျော့လေးတွေ ၊ ဖဲသားပျော့ပျော့လေးတွေကို မရိုးအောင် ဝတ်လေ့ရှိတယ် ။ လေနဲ့အတူ ဝဲလွင့်နေတဲ့ ဆံမျှင်ရှည်တွေနဲ့ မြခွာညို ရဲ့ အလှဟာ ရှယ်ပါပဲ ။ ဦး က ကားနဲ့ မလာဘူး ။ လူသိမှာ စိုးလို့ ဆိုင်ကယ်နဲ့ပဲ လာတာ ။ ဆိုင်ကယ်ကို ထည်လဲ စီးတာ ။ ဦး အလုပ်က အရောင်းအဝယ်တဲ့ ။ ဒါကြောင့် နယ်စပ် ခဏခဏ ရောက်နေတာ ဖြစ်မှာပေါ့ ။

တစ်ရက်မှာတော့ ဦးက စကား အထူးအဆန်း တစ်ခု ပြောပါတယ် ။ ဦး မျက်စိတွေကတော့ ရီရီဝေဝေပါပဲ ။

“ မြညို ကိုယ်နဲ့ တစ်ညလောက် အဖော်လုပ် ပေးနိုင်မလား ” တဲ့ ။

ဦးက မြခွာညို ကို မြညို လို့ပဲ တုံးတိကြီး ခေါ်တယ် ။ အင်းလေ မြခွာညိုရဲ့နာမည်ရင်းကလည်း မြညို ပဲ ဥစ္စာ ။ သည်လောက ရောက်သွားရင် နာမည်တွေက ဆန်းသွားတတ်ကြတယ် ။ ဝိုင်းတင်မ က ဝိုင်းချစ်ဝေ တဲ့ ၊ ခင်ကြော့ က ကြော့ယမင်းခင် တဲ့ ။ ချစ်ချစ်ထွေး က စုပုံချစ် တဲ့ ။ အဟိ ရယ်စရာတော့ အကောင်းသား ။ မြခွာညို က ဦးကို မခို့တရို့လေး ပြန်ကြည့်လိုက်တယ် ။

“ တစ်ညတည်းလား မြခွာညို က တစ်သက်လုံး အဖော်လုပ်ချင်တာ ”

“ တစ်သက်လုံး ဟုတ်လား ။ အိပ်မက် မက်မနေနဲ့ မြညို ။ စိတ်ကူးလည်း ယဉ်မနေနဲ့ ။ ကိုယ်ခေါ် တဲ့အခါ မင်း လာနိုင်ရင် ပြီးတာပဲ ။ မင်းအတွက် ဆိုင်ကယ်တစ်စီး ပို့ပေးလိုက်မယ် ။ အဲဒီ ဆိုင်ကယ်က မင်း အတွက်ပဲ ၊ အပိုင် ယူလိုက်တော့ ”

နှလုံးသားနဲ့ ကြားနာရမယ် ဆိုရင် ဦး စကားတွေက ရင်နာစရာပါပဲ ။ ဒါပေမဲ့ နားနဲ့ နားထောင်တာဆိုတော့ ဆိုင်ကယ်တစ်စီး ဆိုတဲ့ အသံက နားဝင်ချိုပါတယ် ။ နယ်စပ်မှာ ဆိုင်ကယ်အသစ်တစ်စီးဆိုရင် လေး ၊ ငါးသိန်း ရှိတာလေ ။

ဦး ထည်လဲ စီးနေတဲ့ ဆိုင်ကယ်တွေ ထဲက တစ်စီးကို စိတ်ကူးနဲ့ စီးကြည့်လိုက်တယ် ။ ရင်ကလေး ကော့ ။ တင်ကလေး နောက်ပစ် ၊ ဆံပင်တွေက လေထဲ တလွင့်လွင့် အားပါး ။ အရသာ ရှိမှ ရှိ ၊ စီးလို့ ဝရင် အဲဒီဆိုင်ကယ်ကို ရောင်း ။ သည်အတောအတွင်းလည်း ဆုပ်ဆုပ်ခဲခဲစု ၊ ဆယ်သိန်းလောက် ရရင် ရွာကိုပဲ ပြန်တော့မယ်ကွယ် ။

သည်လိုနဲ့ ညပိုင်းရောက်ရင် ဦး ဆီက ဖုန်းကို မျှော်ရတယ် ။ ဦး ခေါ်ရင် အလှဆုံး ၊ အဆွဲဆောင်နိုင်ဆုံး ပြင်ပြီး ဆိုင်ကယ်လေးနဲ့ သွား ၊ ဦးက မိုးလင်းတဲ့ အထိ နေခွင့် မပေးဘူး ။ မနက် သုံးနာရီ ၊ လေးနာရီ လောက်ဆို ဆိုင်ကယ်လေးနဲ့ပဲ ပြန်လာ ၊ အဆင်ကို ပြေလို့ ။

အရှက်တွေ ၊ သိက္ခာတွေ ၊ တန်ဖိုးတွေ အဆုံးစွန် ကင်းမဲ့နေပေမဲ့ ဘဝ စားဝတ်နေရေးတော့ အဆင်ပြေသားပဲ ။ ပြီးတော့ ကိုယ်လည်း သာယာတာ ၊ တိမ်းမူးတာ ၊ ညွတ်ပျောင်းပျော်ဝင်တာတွေလည်း ရှိပါတယ် ။ ဒါပေမဲ့ ဦးက သိပ်ပြီး တိကျပြတ်သားတယ် ။ မနက် သုံးနာရီလောက်ဆို နှိုးပြီ ။

“ မြညို ပြန်ချိန်ရောက်ပြီ ” တဲ့ ။

မှိန်ပျပျ မီးရောင်အောက်မှာ မြခွာညို ဦးကို တိုးပြီး ဖက်ထားလိုက်တယ် ။

“ ဟင့်အင်းကွာ ၊ အိပ်ချင်သေးတယ် ။ ဦးရယ် မြခွာညိုကို ပြန်ဖက်ထား ”

“ မဖြစ်ဘူး မြခွာညို ၊ ပြန်ရမယ့် အချိန်ပဲကွာ ၊ ပြန်တော့နော် ၊ နောက်မှ ”

ဘယ်လိုပြောပြော ပြောမရတဲ့ လူမို့ မြခွာညို အိပ်ရာက ထရတော့တာပါပဲ ။ အဝတ်အစားကို သပ်သပ်ရပ်ရပ် ပြုပြင် ။ ဆိုင်ကယ်လေးကို ထုတ် ၊ စတတ် ဆွဲနှိုးပြီး အိပ်ချင်မူးတူးနဲ့ ပြန်လာရတဲ့ရက်တွေ များလာတယ် ။

သည်နေ့တော့ ဆိုင်ကယ်က ဗွေဖောက်တယ် ။ စတတ်ဆွဲပြီး နှိုးတာ ဘယ်လိုမှ နှိုးမရဘူး ။ သည်တော့ ကစ်စတတ်နဲ့ ခြေဆောင့်နှိုးရတော့တာပေါ့ ။ စကတ်အကွဲ ဝတ်ထားတော့ ရှိုးပဲ့လို့တာ ။ ဆောင့်ဆောင့်အောင့်အောင့်နဲ့ စက်နှိုးပြီး စီးထွက်ခဲ့တာ ဦးဆီ ရောက်တော့ ည ဆယ်နာရီ ထိုးလုပေါ့ ။

“ ဘာဖြစ်လို့ နောက်ကျနေတာလဲ ”

“ ဆိုင်ကယ် နှိုးမရလို့ ” 

“ ပြီးရော ”

ဦးက စကားဖြတ်လိုက်ပါတယ် ။ မြခွာညို ကတော့ ထုံးစံအတိုင်း ဦး စားတတ် ၊ ကြိုက်တတ်တာလေးတွေ ပြင်ဆင် ၊ ရေနွေးတဘက်လေးနဲ့ ဦးရဲ့ ကုပ်ပိုးတွေ ၊ ပခုံးတွေ ၊ ကျောပြင်တွေကို ပွတ်သပ်နှိပ်နယ် ပေး ။ သည်အချိန်မှာ ဦး စားနေတာတွေဟာ ညစာ မဟုတ်တော့ပါဘူး ။ ညလယ်စာ ပြောရမလား ၊ သန်းခေါင်ယံစာ ပြောရမလား ခပ်ခက်ခက်ပါ ။

မနက် သုံးနာရီထိုးတော့ ဦးကပဲ စပြီး နှိုးပါတယ် ။

“ မြညို ပြန်တော့နော် ” 

“ အင်း အင်း ”

မြခွာညို ဗျစ်ဆွဲကြီး လုပ်ရင်း မထချင် ၊ ထချင် ထလိုက်ပါတယ် ။ ဟုတ်တယ်လေ ။ အင်မတန် အိပ်ကောင်းတဲ့ချိန်ဥစ္စာ ။ မြခွာညို သဘောအတိုင်းဆို ရင်ဖြင့် မပြန်ချင်သေးပါဘူး ။ မက်မက်စက်စက်ကြီးကို ပြန်အိပ်ချင်သေးတာပါ ။ ဒါပေမဲ့ အခြေအနေက မပေးပါဘူး ။ လူမသိ သူမသိ အချိန်လာပြီး လူမသိ သူမသိ အချိန် ပြန်ရတဲ့ဘဝကို စက်ဆုပ်နေမိသလို ခံစားနေရပါတယ် ။ ရီဝေဝေ အိပ်ချင်စိတ်နဲ့ ဆိုင်ကယ် စတတ် ဆွဲနှိုးတော့ မနိုးဘူး ။ ဒါနဲ့ ခြေဆောင့်ပြီး နှိုးလိုက်တော့ အိပ်ချင်စိတ်က ကဲနေလို့ ကစ်စတတ် ချော်ပြီး မောင်းပြန်ရိုက်မိတာ ။

“ အားလားလား ” လို့ အသံထွက် အော်လိုက်မိပါရဲ့ ။

“ ဟေ့ ဟေ့ မအော်နဲ့ ရော့ ရော့ အသစ်တစ်စီး ယူသွား ၊ အဲဒါ ထားခဲ့လိုက် ”

ပတ်ဝန်းကျင်မှာ ဆူညံသံ မထွက်စေလိုတဲ့ ဦး က သော့အသစ်တစ်ချောင်း ထပ်ပေးပါတယ် ။ မြခွာညို က စက်နှိုးမရတဲ့ ဆိုင်ကယ်ကို ထားခဲ့ပြီး ဦး ပေးတဲ့ သော့နဲ့ နောက်တစ်စီးကို စတတ်ဆွဲနှိုးလိုက်ပါတယ် ။ ဝူးခနဲ စက်အနိုးမှာ မြေပြင်ထောက်ထားတဲ့ ခြေထောက်ကို ဆိုင်ကယ်ပေါ် မတင်ခင် ...

“ သွားမယ် ဦး ” လို့ နှုတ်ဆက်ခဲ့သေးတယ် ။

“ အေး အေး ဩော် မြညို ၊ ဒီဆိုင်ကယ်က မင်းစီးနေကျ တော့ဂီယာ မဟုတ်ဘူးနော် ။ ရောင်းဂီယာ သတိထား စီး ”

“ အင်းပါ ”

ဦး ပြောတာ စိတ်ထဲမှာ တစ်ခုမှ သဘော မပေါက်ဘူး ။ အိပ်ချင်တာပဲ သိတယ် ။ မြန်မြန်စီး မြန်မြန်ရောက် ။ အခန်းဖွင့် ခေါင်းထိုးပြီး အိပ်ချလိုက်ဖို့ပဲ စိတ်ကူးရှိတယ် ။

ဒါနဲ့ပဲ ဆိုင်ကယ်လေးဟာ လေးညှို့ဆွဲပြီး လွှတ်တင်လိုက်တဲ့ မြားတစ်စင်းလို သွန်ပြီးပြေးထွက်ခဲ့တယ် ။ တစ်လမ်းလုံး ရှင်းလင်းနေတာပဲ ။ ကားတွေ ၊ လူတွေ ၊ ဘာမှမရှိဘူး ။ အင်းလေ လောကကြီး အိပ်မောကျနေချိန်ပဲ ။ ငါသာ ဆိုပြီး တွေးမိတယ် ။

နံပါတ်ဖိုးဂီယာနဲ့ ပြင်းပြင်းစီးလာတဲ့ ဆိုင်ကယ်ဟာ လမ်းမကြီးကနေ ဖဲ့ဆင်းတဲ့ လမ်းသွယ်ထဲ အရောက် ၊ ချိုင့်ခွက်ထဲ ဒုန်းခနဲ ကျသွားတယ် ။ လူ မြောက်သွားပြီး ဟန်ချက်ပျက်သွားတဲ့ ဆိုင်ကယ်ကို ကပျာကယာ ခြေတစ်ဖက်တရွတ်ဆွဲ ထိန်းရင်း ချိုင့်ထဲကနေ ပြန်တက်လိုက်တယ် ။ ဖရီးဖြစ်ဖို့ ဂီယာအချိန်းမှာ ရုတ်တရက် ဖရီး မဖြစ်ဘဲ ဂီယာနံပါတ်ဝမ်း ဝင် သွားတဲ့အချိန်နဲ့ ဂီယာအဝင် အင့်ခနဲ ဆောင့်ထွက် သွားတဲ့အခါ ၊ လန့်ဖျပ်ပြီး လီဗာကို ဆွဲတင်လိုက်သလို ဖြစ်သွားတဲ့အချိန်မှာ တစ်ထပ်တည်းမှ တစ်ထပ်တည်းပဲ ။

“ ဘုရား ဘုရား ”

ဆိုင်ကယ်ဟာ အရှိန်ပြင်းစွာနဲ့ မြခွာညို ကို ဆွဲခေါ်သွားလိုက်တယ် ။

“ အမလေး ”

မြခွာညို အမြင်ထဲမှာ အုတ်တံတိုင်း ထူထူကြီး တစ်ခုပါပဲ ။

••••• ••••• ••••• 

[ ၃ ]

စောစောစီးစီး ကောက်ညှင်းပေါင်း ၊ ပဲပြုတ် ခေါင်းရွက် အရပ်လည် ရောင်းချသော ဈေးသည် မရှိသည့် ဤမြို့တွင် အုတ်တံတိုင်းနှင့် ဆိုင်ကယ် ဆောင့်ကာ လူနောက်ပြန် ပစ်ကျပြီး နောက်စေ့နှင့် လမ်းမ ရိုက်ထားသော မြခွာညို၏ အလောင်းကို လူနှင့် ယာဉ်များ နိုးကြားသောအချိန်ကျမှ တွေ့ကြရလေ၏ ။

ဤမြို့တွင် ပိုင်ရှင် ကိုယ်တိုင်လည်း မနေ ၊ ငှားရမ်းသူလည်း မရှိသော နှစ်ထပ်တိုက်ကြီးတစ်လုံးရှိ၏ ။ ညသန်းခေါင်ရောက်ပြီ ဆိုလျှင် ထိုတိုက်ကြီး၏ အထက်ဝရန်တာတွင် ပါးလွှာဖြူဆွတ်သော ဝတ်စုံကို ဝတ်ကာ ၊ ဖြောင့်စင်းနက်မှောင်သော ဆံပင်ရှည်ကြီးကို ဝေ့ဝဲလျက် ၊ မိန်းမလှလေးတစ်ယောက် ကူးလူးသွား လာလေ့ရှိသည်ဟု ပြောသူက ပြောကြ၏ ။ မြင်သည်ဟု ဆိုသူက ဆိုကြ၏ ။ ညဉ့်နက်လာလျှင် မော်တော်ဆိုင်ကယ်သံကိုလည်း ကြားရတတ်သည်ဟု ပြောသူက ပြောကြ၏ ။ ကြားသည်ဟု ဆိုသူကလည်း ဆိုကြ၏ ။ အများအထင်နှင့် အကြားအမြင်တို့ ဟုတ်မဟုတ် ဆိုသည်ကိုမူ ... ။

▢  မကျည်းတန် ( လွိုင်ကော် )
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဒီဇင်ဘာလ ၊ ၂၀၁၀

Friday, February 27, 2026

ရွှေမင်းသား


❝ ရွှေမင်းသား ❞

ဆက်တီခုံ ပေါ်မှာ ထိုင်နေတဲ့ ဦးမြတ်သူဝင်း ( ယခု အသက် ၄၄ နှစ် ) ရဲ့ ပုံစံက ရုပ်သေးရုပ် တစ်ရုပ်ကို ခုံပေါ် တင်ထားသလို ပြေလျော့နေတယ် ။ ဦးမြတ်သူဝင်း နဲ့ စကားစမြည် ပြောဖို့ သူ့ရုံးခန်းကို ကျွန်တော် သွားတာပါ ။ ဦးမြတ်သူဝင်း က မသန်စွမ်းသူတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ ရွှေမင်းသား ဖောင်ဒေးရှင်း ( မြန်မာ ) ရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ် ။

သူကလည်း ကျွန်တော် လာမယ် ၊ သူ့ ဘဝနဲ့ သူ့ ဆောင်ရွက်မှုတွေ မေးမယ်ဆိုတာ သိပြီးသားပါ ။ ကျွန်တော်က ဦးမြတ်သူဝင်း မွေးဖွားရာ ဒေသနဲ့ မိဘတွေ အကြောင်းကို စမေးတယ် ။

“ ကျွန်တော့် မိဘများက အဖေက ဦးတင်မောင်ဝင်း ၊ ဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေးမှူး အငြိမ်းစား ၊ ကျွန်တော့် အမေက ဒေါက်တာဒေါ်သန်းဌေး ၊ ပြည်မြို့ ဆေးရုံကြီးက ဆေးရုံအုပ်ကြီး ”

“ ကျွန်တော်တို့ မောင်နှမ သုံးယောက် ရှိပါတယ် ။ အစ်မ ကလည်း ဆရာဝန်ပါ ၊ ခုတော့ ဘရူနိုင်း မှာ ။ ညီလေး ကလည်း ဆရာဝန် ၊ နယူးဂျာစီ အမေရိကား ရောက်နေတယ် ”

“ ဦးမြတ်သူဝင်း မသန်စွမ်းတာက မွေးရာပါလား ”

“ ဟုတ်တယ်ဆရာ ။ ကျွန်တော့် ရောဂါက မြန်မာလိုတော့ သူငယ်နာအကြောတင်းပေါ့ ။ ကျွန်တော်က ဦးနှောက်ကို ထိတာ ။ ကျွန်တော့်ကို မွေးတဲ့အချိန်မှာ ဗိုက်ခွဲ မွေးတာတွေ ဘာတွေ ခေတ်မစားသေးဘူး ။ ညှပ်ဆွဲမွေးတာ ။ ညှပ်ဆွဲမွေးတော့ ရေမွန်းသွားတယ် ။ ဦးနှောက်ကို ထိတယ်ပေါ့ ။ ဒါပေမဲ့ ကျွန်တော်က ကံကောင်းပါတယ် ။ ကျွန်တော်တို့လို ကလေးတွေက ဦးနှောက်ကို ထိရင် ဉာဏ်ရည် ထိခိုက်တတ်တယ် ”

ဆက်တီခုံ ပေါ်မှာ ရုပ်ခန္ဓာက အားမရှိသလို ပြေလျော့နေပေမဲ့ သူဟာ စွမ်းရည်ထက်မြက်တဲ့သူ ဖြစ်ကြောင်း သူ့ လုပ်ရပ်တွေက သက်သေပြနေတယ် ။ ဦးမြတ်သူဝင်း ဟာ ရွှေမင်းသား အကျိုးဆောင်လုပ်ငန်းများကုမ္ပဏီလီမိတက်ရဲ့ မန်နေဂျင်းဒါရိုက်တာ ဖြစ်ပါတယ် ။ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေ ကတော့ ရွှေမင်းသား အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ၊ ရွှေမင်းသား ကြော်ငြာလုပ်ငန်း ၊ ရွှေမင်းသားပုံနှိပ် လုပ်ငန်း ၊ ရွှေမင်းသား ကားလုပ်ငန်းတွေ ဖြစ်တယ် ။

“ ကိုယ်က သူများနဲ့ မတူဘူးဆိုတဲ့ ခံစားမှုကို ဘယ်အချိန်မှာ စကြုံရသလဲ ”

ဒီမေးခွန်းကို မေးဖို့ အားနာစရာ ကောင်းပေမဲ့ ကျွန်တော် မေးလိုက်တယ် ။ ဦးမြတ်သူဝင်းရဲ့ တုံ့ပြန်ပုံက သိပ်ကောင်းတယ် ။

“ အရမ်းကောင်းတဲ့ မေးခွန်းပါ ”

ဦးမြတ်သူဝင်းက စကား ခဏရပ်တယ် ။ သူ့ နံဘေးမှာ ထိုင်နေတဲ့ ဝန်ထမ်းအမျိုးသမီး တစ်ယောက်က သူ့ပါးစပ်က သွားရည်အချို့ကို တစ်ရှူးစက္ကူနဲ့ သုတ်ပေးတယ် ။

“ ကျွန်တော့် အကြောင်း ပြောရင် အမေနဲ့ အဖေ အကြောင်းက ဆယ်ခွန်းမှာ ကိုးခွန်းပါတယ် ။ ကျွန်တော်တို့ အနေနဲ့ နယ်မြို့မှာ ဆိုတော့  ၊ ဆရာဝန်သားသမီး အရာရှိသားသမီး ဆိုတော့ ဘာပဲပြောပြော ဦးစားပေးခံရတဲ့ အနေအထားမှာ ရှိပါတယ် ။ အမေက ဘာပြောသလဲ ဆိုတော့ ကျွန်တော့်ကို မွေးလာတဲ့ အချိန်က စပြီး ပိုက်ဆံသုံးရာ ( ကျပ် ၃ဝဝ ) ရှိရင် တစ်ရာ ( ကျပ် ၁ဝဝ ) ကို အိမ်မှာ ငွေသား အတိုင်းစုတယ် ၊ နောက်တစ်ရာကို ရွှေဝယ်တယ် ။ နောက်တစ်ရာကို Saving certificate ( ငွေစုလက်မှတ် ) ဆိုပြီး စုတာ ။ ကျပ် ၁ဝဝ စုတာ ၁၂ နှစ်ကြာရင် ၃၄၆ ကျပ် ဖြစ်မယ်ဆိုပြီး စုတာ ။ အမေက အရမ်း အမြော်အမြင် ရှိတယ် ”

ကျွန်တော့် အတွေးထဲမှာ ငွေစုလက်မှတ် တန်ဖိုးနဲ့ အင်ဖလေးရှင်းကို ချိန်ဆကြည့်နေမိတယ် ။

“ အမေက ပြောဖူးတယ် ။ ဘဏ်ထဲ အပ်ထားတဲ့ ပိုက်ဆံက Saving certificate နဲ့ ရွှေနဲ့ ကွာဟချက် များလာတယ် ။ ချက်ချင်းပဲ saving certificate တွေ ထုတ်ရောင်းပြီး ကျွန်တော့် အတွက် ရွှေဝယ်စုတယ်တဲ့ လက်တွေ့ကျတာပေါ့ ”

“ အဖေကတော့ အမျိုးသား ဖြစ်တော့ ပိုက်ဆံ ရှာမယ်ပေါ့ ။ ငါ့သား တစ်သက်စာ ပုံပေးခဲ့မယ် ဆိုတဲ့ အတွေးနဲ့ ကြိုးစားတယ် ။ အဖေနဲ့ အမေက ကျွန်တော့်အပေါ်မှာ ချဉ်းကပ်တဲ့ point of view ( ရှုထောင့် ) က မတူဘူး ။ အဖေ့ နည်းလမ်းက တစ်မျိုး ၊ အမေ့နည်းလမ်းက တစ်မျိုး ”

ကျွန်တော် မေးတဲ့ မေးခွန်းက ကိုယ်က သူများနဲ့ မတူဘူးဆိုတဲ့ ခံစားမှု အကြောင်း ။ ဦးမြတ်သူဝင်းရဲ့ အဖြေက မေးခွန်းနဲ့ တိုက်ရိုက် မဆိုင်ပေမဲ့ စိတ်ဝင်စားစရာ ကောင်းလို့ ကျွန်တော် ငြိမ်ပြီး နားထောင်နေတယ် ။

“ အမေက နှစ်လမ်းပြိုင်ပေါ့ ။ အဖေရှာဖွေတဲ့ ဥစ္စာဓန ကိုလည်း စုတယ် ။ နောက်တစ်ဖက်ကတော့ လူကြားထဲမှာ ကျွန်တော် နေတတ်ထိုင်တတ်ဖို့ ။ ဥပမာ ဆရာ ကျွန်တော့်ဆီ လာလည်တယ် ၊ လာလည်တဲ့အခါ ငါဆရာကြီးကွ ဆိုပြီး လာရင် ကျွန်တော် အနေအထိုင် ကျပ်တယ်ပေါ့ ။ တစ်ခါ အရမ်းကြီး အောက်ကျို့ပြီး လာလည်ပြန်ရင်လည်း အနေအထိုင် ကျပ်တယ် ”

ကျွန်တော့် အတွေးထဲမှာ ကိုယ့်ကိုယ်ကိုယ် ခပ်မြန်မြန် သုံးသပ် ကြည့်လိုက်တယ် ။ ဘယ်ပုံစံလဲ ။

“ ဆရာနဲ့ ကျွန်တော် ခုမှ first time ( ပထမဆုံး ) တွေ့ဖူးတယ် ။ ဒါပေမဲ့ ဆရာ့အပေါ် friendly ( မိတ်ဆွေပီသစွာ ) ရင်းနှီးမှု ရှိသွားပြီ ။ ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် နေတတ်ထိုင်တတ် သွားရင် လောကကြီးက နေလို့ ထိုင်လို့ သိပ်ကောင်းတာ ။ ကျွန်တော့် အမေက နေတတ်ထိုင်တတ်အောင် သင်ပေးရမယ်လို့ အမြဲပြောတယ် ”

“ ကျွန်တော် လေးတန်း ဖြေတဲ့ အချိန်မှာ သင်္ချာရည်ချွန် စာမေးပွဲဆိုတာ ရှိတယ် ”

“ ပြည် မှာပဲလား ”

“ ပြည် မှာပဲ ။ သင်္ချာရည်ချွန် စာမေးပွဲမှာ ကျွန်တော် သင်္ချာရည်ချွန် ရတယ် ခင်ဗျ ။ အဲဒီမှာ ကျွန်တော် မသန်စွမ်းတာကို ဘယ်လို စသိသလဲဆိုတဲ့ မေးခွန်းကို ဖြေဖို့ ကြုံလာပြီ ”

ဆက်တီခုံမှာ လျော့ရိလျော့ရဲ ထိုင်နေတဲ့ ကျွန်တော်ဟာ ခါး ပြန်မတ်သွားတယ် ။ သူ့စကားကို နားစိုက်ထောင်မိတယ် ။

“ ကျွန်တော်တို့ ပြည်မှာ နွေရာသီ ဆိုရင် တစ်တန်းစာ စာကြိုကြိုသင်တယ် ။ ဥပမာ ငါးတန်း တက်မယ်ဆိုရင် လေးတန်း အောင်တဲ့အချိန် ငါးတန်းစာကို ကြိုသင်တယ် ။ ကျွန်တော်တို့ ပြည်မြို့က ပညာရေး အလေးထားတဲ့ မြို့ပါ ။ အဲဒီမြို့မှာ လူ ဖြစ်ရတယ် ဆိုတော့ ကံကောင်းပါတယ် ။

“ ငါးတန်းစာ သင်တော့မယ် ဆိုတဲ့ အချိန်မှာ ကျွန်တော့်ကို စာသင်မဲ့ ဆရာမလေး လာတယ် ။ ကျွန်တော့် အမေက ဘာပြောသလဲ ဆိုတော့ ငါ့သားဟာ တကယ်လို့ ကွန်ပတ်စ်သာ မကိုင်နိုင်ရင် ကျွန်တော်သည် ပညာရေးကို ရပ်လိုက်ရတော့မဲ့ သဘောရှိတယ် ။ ပညာရေးသာ ရပ်လိုက်ရရင် သူ ဘယ်လောက်စိတ် ထိခိုက်မှာလဲလို့ အမေ့မှာ အတွေးရှိတယ်တဲ့ ”

ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ဦးမြတ်သူဝင်းရဲ့ လက်ချောင်းကလေးတွေရှိရာ ကျွန်တော့် မျက်စိက ရောက်သွားတယ် ။ လက်ချောင်းတွေက ပီပီပြင်ပြင် သန်သန်မာမာ မဟုတ်ဘူး ။ ငှက်ပျောပင်က ညှိုးရော်တဲ့ ငှက်ပျောသီး နုတွေလိုပဲ ပိန်လိမ်နေတယ် ။

“ ကျုရှင်ဆရာမလေး ကျွန်တော့်ကို စာသင်ပေးဖို့ လာတဲ့ အချိန်မှာ ကျွန်တော့် အဖေက ကွန်ပတ်စ်ဘူးတွေ ၊ ပေတံတွေ ၊ ခဲတံတွေ ၊ စာအုပ်တွေ ဝယ်လာတာပေါ့ ။ အမေက လိုက်ကာ ကြားထဲကနေ ကျွန်တော့်ကို ချောင်းကြည့်နေတယ် ။ သူ ချောင်းကြည့်နေခဲ့တဲ့ အကြောင်း အမေက ဒိုင်ယာရီ ရေးထားတယ် ။ အမေ့မှာ ဒိုင်ယာရီ ရေးတဲ့ အလေ့ရှိတယ် ။ အဲဒီနေ့က ရေးတဲ့ ဒိုင်ယာရီ စာအုပ်လေးကို ကျွန်တော် အသက်ကြီးလာတော့ အမေက ပြန်ပြတယ် ”

“ ဘယ်လို ရေးသလဲ ဆိုတော့ အဖေ့ကို တိုင်တည်ပြီး ရေးထားတာ ။

      မောင် ၊ ညိုတော့ အရမ်းစိတ်လှုပ်ရှားနေတယ် ။ အကယ်၍ သားက ကွန်ပတ်စ် မကိုင်နိုင်ခဲ့သည် ရှိသော် ညိုတို့ ဘာဆက်လုပ်မလဲ ။ မောင်ကတော့ မသိဘူး ။ ပျော်ပျော်ရွှင်ရွှင်ပဲ ။ သားဘယ်ကွန်ပတ်စ်ဘူး ကြိုက်သလဲ ၊ မကြိုက်တာ ညီလေးကို ပေးလိုက် ၊ သားက ကြိုက်တာယူ ။ ဆရာမ ကော်ဖီ သောက်ပါဦး ။ သူကတော့ ပူပင်သောကတွေ မသိဘူး ။ အဲဒီအချိန်မှာ အဖေက အမေ့ကို လှမ်းခေါ်တယ် ။ ညို အပြင်ထွက်ခဲ့ဦးလေ ။ ကျွန်တော့် အမေက အလုပ် မပြီးသေးလို့ ဆိုပြီး အပြင် ထွက်မလာဘူးတဲ့ ။

အဲဒီအချိန်ကို အမေက အသေးစိတ် ရေးထားတယ် ”

“ သားကွန်ပတ်စ်ဘူးကို ဖွင့်လိုက်ပြီ ။ ကွန်ပတ်စ်မှာ နှစ်ဖက်ချွန်နဲ့ တစ်ဖက် ချွန် ခဲတံညှပ်တဲ့ဟာ ရှိတယ် ။ ကျွန်တော်က တစ်ဖက်ချွန် ကွန်ပတ်စ်ကို ကိုင်လိုက်တယ် ။ ခဲတံညှပ်တယ် ။ ကိုင်ပြီး ခဲတံညှပ်တဲ့အထိ အမေ စိတ်လှုပ်ရှားတုန်းပဲ ။ ဆရာမက တြိဂံပုံ ဆွဲခိုင်းတာကို သားက ကွန်ပတ်စ်နဲ့ ထောက်ဆွဲလိုက်တာ မြင်ရတော့ အမေ ပျော်လွန်းလို့ အပြင်ကို ပြေးထွက်လာတယ်တဲ့ ”

“ စက်ဝိုင်း ဆွဲတာလား ၊ တြိဂံဆွဲခိုင်းတာလား ”

“ တြိဂံ ။ နှစ်လက်မ ရှိတဲ့ အနားနဲ့ တြိဂံ ဆွဲရမယ် ဆိုရင် ပေတံမှာ နှစ်လက်မကို ကွန်ပတ်စ်နဲ့ ထောက်ပြီး တိုင်းဆွဲတာ ”

“ အမေက ငိုပြီး ပြေးထွက်လာတော့ အဖေက ညို ဘာဖြစ်လို့လဲ ။ ခိုက်မိလို့လား မေးတယ် ။ အမေက စိတ်လှုပ်ရှားလွန်းလို့ပါတဲ့ ”

ဦးမြတ်သူဝင်း က ပြောရင်း ချောင်းတွေ ဆိုးပါတယ် ။ ဝန်ထမ်း အမျိုးသမီးတစ်ယောက်က ရေတစ်ဖန်ခွက် ယူလာပြီး သူ့ကို တိုက်တယ် ။

“ အမေက စိတ်ပူပန်မှု ရှိတယ်ပေါ့ ။ ဒါပေမဲ့ မှန်ကန်သော နည်းလမ်းအားဖြင့် ချဉ်းကပ်မှု ရှိတယ် ။ အမေက ငါ့များ အထင်သေးလို့ ၊ ကွန်ပတ်စ်ကို ငါ မကိုင်နိုင်မှာ ကျနေတာပဲပေါ့နော် ။ တကယ်တော့ အမေ စိတ်ပူပန်ရှာတာ ။ ဒီနေရာမှာ တစ်ချက် ကျွန်တော် ကြုံရတာပေါ့ ”

ကိုယ်က သူများနဲ့ မတူဘူး ဆိုတဲ့ ခံစားမှုနဲ့ ပတ်သက်တဲ့ ကျွန်တော်ရဲ့ မေးခွန်းကို ဦးမြတ်သူဝင်း က စိတ်ဝင်စားစရာ ကောင်းအောင် ဖြေသွားတယ် ။ အားမနာ ပါးမနာ နောက်မေးခွန်း တစ်ခု ကျွန်တော် မေးပြန်တယ် ။

“ ကလေးဘဝ ကစားကြရာမှာ ကိုယ်က သူများနဲ့ တန်းတူရည်တူ ဝင်မကစားနိုင်လို့ ဘေးက ထိုင်ကြည့်နေခဲ့ရတာမျိုး ကြုံခဲ့ဖူးလား ”

သူ့ တုံ့ပြန်မှုကတော့ အရင် တစ်ကြိမ်လိုပါပဲ ။ ရွှင်ရွှင်လန်းလန်း ပြုံးလိုက် ပြီး ' very good question ' လို့ အရင် ပြောတယ် ။

“ ကျွန်တော် ငယ်ငယ်ကလေး ကတည်းက ဦးဆောင်တဲ့ နေရာမှာ နေတယ် ။ အတန်းထဲမှာ ဆိုရင် ကျွန်တော်က မော်နီတာ ။ အတန်းခေါင်းဆောင်ပေါ့ ၊ ဆရာတွေက လုပ်ခိုင်းတယ် ။ ကျွန်တော် မျက်နှာမလိုက်ဘူး ”

“ ကျွန်တော်တို့ ငယ်ငယ်က ဘောလုံးကန်တယ် ၊ ကလေး ဆိုတော့ ဂိုးကျဉ်း ကစားတာ ။ ဘောလုံး ကန်တော့ ကျွန်တော် ကိုယ်တိုင် ဝင်ကန်တယ် ။ ဘယ်လိုလဲ ဆိုတော့ ချိုင်းထောက်နဲ့ ကျွန်တော်က ဂိုးစောင့်တယ် ။ ဂိုးကျဉ်း ဆိုတော့ စဉ်းစား ကြည့်ပေါ့ ၊ ချိုင်းထောက်နဲ့ ပိတ်လိုက်တော့ ဘယ်သူမှ ဂိုးသွင်းလို့ မရတော့ဘူး ။ ကျွန်တော် ဂိုးစောင့်တဲ့ ဘက်က နိုင်တယ် ။ အသိုင်းအဝိုင်းက ကျွန်တော့် အပေါ်မှာ အမြဲကောင်းတယ် ၊ အားလုံးတန်းတူပဲ ။ ကျွန်တော့်မှာ စိတ်ဓာတ်ရေးရာ ထိခိုက်မှ မရှိသလောက်ပါဘဲ ။ ဂိုးကျယ်တွေ ကန်ကြတော့ ကျွန်တော် ဒိုင်လူကြီး လုပ်တယ် ”

“ စိတ်ဓာတ် ကျတာမျိုး မဖြစ်ဖူးဘူးလား ”

“ စိတ်ဓာတ် ကျတာတွေ ဘာတွေ အင်မတန် နည်းပါတယ် ။ လူဆိုတဲ့ အတွက်ကြောင့် ခံစားချက်တော့ ရှိတာပေါ့ ။ စိတ်တိုတတ်တယ် ၊ ဝမ်းနည်းတတ်တယ် ။ ကျွန်တော်တို့က လူ ။ သွေးက မျောက်သွေးတွေ မဟုတ်ဘူး ။ ဒုက္ခိတ ဖြစ်သွားတာကို ခံစားရမယ် ။ လူကိုး ။ မဟုတ်ရင် စက်ရုပ် ဖြစ်သွားမယ် ။ ဒါပေမဲ့ အကြာကြီး မဖြစ်နဲ့ ။ အကြာကြီး ဝမ်းနည်းပူဆွေးပြီး မပြီးနိုင် မစီးနိုင် မဖြစ်စေနဲ့ ”

“ ကျွန်တော့် အဖေက အမြဲတမ်း ပြောပါတယ် ။ လက်ဝှေ့ဝိုင်းမှာ လောကဓံ နဲ့ ထိုးကြကြိတ်ကြတဲ့အခါ ကိုယ်က လဲကျမယ် ။ လဲကျမှာ မကြောက်နဲ့ ။ ဘာကြောက် ရမှာလဲ ၊ ပြန်မထနိုင်မှာပဲ ကြောက် ။ လောကဓံက တစ် ၊ နှစ် ၊ သုံး ၊ လေး ရေသွားမှာ ။ တစ်ဆယ် ပြည့်လို့မှ ပြန်မထနိုင်ရင်တော့ မင်း ရှုံးသွားပြီတဲ့ ”

“ ပြန်ထဖို့အတွက် မိတ်ဆွေကောင်းတွေ အားပေးတဲ့ လက်ခုပ်သံက အရေးကြီးသလား ”

“ ကျွန်တော့် အယူအဆ ကတော့ အရေးကြီးမယ် ထင်တယ် ။ ဒါပေမဲ့ အရေးအကြီးဆုံးက ကိုယ်ကိုယ်တိုင်ပဲ ။ လဲကျတဲ့အခါ ကိုယ့် အတွင်းအားတွေ ပြန်စုပြီး ကုန်းရုန်း ထရတယ် ။ လက်ခုပ်သံသည် အားမရှိဘူးတော့ မဟုတ်ပါဘူး ။ အကုန်လုံးတော့ ဆိုင်နေတာပဲ ”

••••• ••••• •••••

❝ နှလုံးသား ထက်မြက်သူ ❞

မသန်စွမ်းသူဦးရေ သုံးထောင်ကျော် ( ၃၄၆၁ ဦး ) ကို ထောက်ပံ့ကူညီ ပေးပြီးတဲ့ ရွှေမင်းသား ဖောင်ဒေးရှင်း ( မြန်မာ ) ရဲ့ ဥက္ကဋ္ဌ ဦးမြတ်သူဝင်း ကိုယ်တိုင်ကလည်း မသန်စွမ်းသူ ဖြစ်ပါတယ် ။

သူ့ကို ပြည်မြို့မှာ မွေးဖွားခဲ့ပြီး မိခင်က ပြည်ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်သန်းဌေး ၊ ဖခင်က ဆည်မြောင်း ညွှန်ကြားရေးမှူး အငြိမ်းစား ဦးတင်မောင်ဝင်း ပါ ။

ရွှေမင်းသားဖောင်ဒေရှင်း ( မြန်မာ ) ရဲ့ ပင်မရုံးခန်းကို ရန်ကုန်လမ်းမတော် မှာ ဖွင့်ထားပြီး မြန်မာနိုင်ငံ အထက်ပိုင်း ရုံးခွဲကို မန္တလေး ချမ်းအေးသာစံမြို့နယ်မှာ ဖွင့်ထားတယ် ။ သူ့ရုံးခန်းကို ကျွန်တော် ရောက်သွားပါတယ် ။ ဦးမြတ်သူဝင်း ကြိုးစား ဖြတ်သန်းခဲ့ရတဲ့ ဘဝခရီးကို ကျွန်တော် မေးတယ် ။

“ ကျွန်တော် ကြီးပြင်းတာကတော့ ပြည်မြို့မှာ ကြီးပြင်းတာပေါ့ ။ အထက ( ၁ ) ပြည်မြို့က ဆယ်တန်းအောင်ပါတယ် ။ ဆယ်တန်း အောင်စဉ်ကာလမှာ ဂုဏ်ထူး သုံးခု ။ ဆေးတက္ကသိုလ် အမှတ်ကို ကပ်မီတာ မဟုတ်ဘူး ။ ကောင်းကောင်း မီခဲ့ပါတယ် ”

“ လွတ်လွတ်ကျွတ်ကျွတ်ပေါ့ ”

“ ပဲခူးတိုင်း တစ်တိုင်းလုံးမှာ ကျွန်တော် တစ်ယောက်တည်း သင်္ချာ အမှတ်ပြည့် ၁ဝဝ ရတာ ။ ကျွန်တော်က ကျန်းမာရေး အနေအထားကြောင့် ဆေးတက္ကသိုလ် မတက်နိုင်ပေမဲ့ အဲဒီတုန်းက အာရ်အိုင်တီ ခေါ်တာပေါ့ ၊ ရန်ကုန်စက်မှုတက္ကသိုလ် တက်ရမလား စဉ်းစားသေးတယ် ”

"ဆယ်တန်း ဘယ်နှစ်က အောင်သလဲ ”

“ ၁၉၈၃ ခုနှစ်က အောင်ပါတယ် ။ ၁၉၈၇ ခုနှစ်မှာ အင်္ဂလိပ်စာမေဂျာနဲ့ ဘီအေဘွဲ့ရတယ် ။ ကျွန်တော် ကွာလီဖိုင်း ဆက်တက်တယ် ။ ကျောင်းက ပိတ်လိုက် ဖွင့်လိုက်နဲ့ ၁၉၉၂ မှာ ကျောင်းပြီးတယ် ”

“ ကျောင်းနေစဉ်က ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပြပါဦး ”

“ ကျွန်တော် ဆယ်တန်း ဖြေခါနီးတော့ တီအီးအို အိမ်ကို လာတယ် ။ Township Education Officer ”

“ မြို့နယ်ပညာရေးမှူး ”

“ တီအီးအို ဦးကိုကိုကြီးက အိမ်လာတယ် ။ သားလေး ဆယ်တန်း ဖြေတော့မယ် ၊ သားက ပညာ သိပ်တော်တယ် ။ ကျွန်တော်တို့ ဘာလုပ်ပေးရမလဲလို့ ကျွန်တော့် မိဘတွေကို မေးတယ် ။ ကျွန်တော်က ဆရာကြီးကို စိတ်ဆိုးသွားတယ် ။ ဒါကတော့ ကျွန်တော်တို့ မသန်စွမ်းသူတွေရဲ့ ဖီလင်ပေါ့ ။ ကျွန်တော်တို့ကို သနားတယ် ဆိုရင် မကြိုက်ဘူး ။ အသနားခံဖို့ ဆိုတာ ကျွန်တော်တို့ ရာဇဝင်မှာ မရှိဘူး ”

ဦးမြတ်သူဝင်း ဟာ အမြင်အရပင် မသန်စွမ်းကြောင်း သိသာပါတယ် ။ ဒါပေမဲ့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ၊ ကြော်ငြာလုပ်ငန်း ၊ ပုံနှိပ်လုပ်ငန်း ၊ ကားလုပ်ငန်း ၊ စီးပွားရေးလုပ်ငန်း လေးခုကို ရွှေမင်းသား အကျိုးဆောင်လုပ်ငန်းများ ကုမ္ပဏီလီမိတက် အဖြစ် လုပ်ကိုင်နေသလို လူမှုရေးလုပ်ငန်းကိုလည်း ရွှေမင်းသားဖောင်ဒေးရှင်း ( မြန်မာ ) အဖြစ် အောင်မြင်စွာ လုပ်ဆောင်နိုင်တာမို့ စွမ်းဆောင်နိုင်စွမ်းကြီးသူဖြစ် ကြောင်း တွေ့နိုင်တယ် ။

“ သမိုင်းဆိုတဲ့ ဘာသာရပ်က မေးခွန်းကို နှစ်နာရီပဲဖြေရတယ် ။ သမိုင်းက စာတွေ အများကြီး ရေးဖြေရတာ ၊ အချိန်ပို ယူဦးမလား ဆရာကြီးက မေးတယ် ။ အချိန်ပို ယူဦးမလားဆိုတဲ့ မေးခွန်းဟာ ကျွန်တော့် စိတ်ထဲ ကျွန်တော့်ကို စော်ကားတယ်လို့ ခံစားရတယ် ။ ကလေးဆိုတော့ ဆရာတွေရဲ့ စေတနာကို သိပ်မသိဘူးပေါ့ ။ ကျွန်တော့်ကို စော်ကားတာပဲ ၊ အချိန်ပို မယူဘူးပေါ့ ”

သူ့အားမာန်နဲ့ သူ့ကိုယ်ကိုယ် ယုံကြည်မှုကို သူ့မျက်နှာပေါ်မှာ ကျွန်တော် မြင်တွေ့ နေရတယ် ။

“ ကျွန်တော့် အမေကတော့ ဆရာကြီးကို တစ်ခုတော့ တောင်းဆိုချင်ပါတယ် ။ စာမေးပွဲဖြေရင် ကန်တော့ပါရဲ့ ၊ အပေါ့အပါး သွားချင်တယ် ။ ဘာညာဆိုရင် Seating plan ( ထိုင်ခုံအနေအထား ) အရ အလယ်လောက် ရောက်နေရင် ကျွန်တော် ထွက်ရ ခက်နေမယ် ။ အဲဒီတော့ ကျွန်တော့် စားပွဲကို ရှေ့ဆုံးတန်းမှာ ထားပေးဖို့ ပြောတယ် ။ ကျွန်တော့် စိတ်ထဲမှာ ငါ့မှာ အားနည်းချက် တစ်ခုတော့ ရှိနေပါလားလို့ လက်ခံလိုက်ရတော့တာပါ ”

“ ပညာသင်ယူချိန် စိတ်လေ သွားတာမျိုး ဖြစ်ခဲ့ဖူးလား ”

“ ဆယ်တန်းမှာ ကျွန်တော်နဲ့ သူငယ်ချင်းတွေက ပထမ ၊ ဒုတိယ ၊ တတိယ လှည့်ယူနေကြတာပါ ။ ခုထိလည်း အရမ်းချစ်တဲ့ သူငယ်ချင်းတွေပါ ။ သူတို့က ရိုးရိုးသားသား ပြောတာပါ ။ မြတ်သူဝင်း မင်း ဘာဖြစ်လို့ ဒါလောက် စာကျက်နေ တာလဲ ။ ဆယ်တန်းမှာ အမှတ်တွေ အများကြီးရတော့ မင်း ဘာလုပ်မှာလဲ ။ ဆေးတက္ကသိုလ်လည်း မတက်နိုင်ဘူး ဘာဘူးပေါ့ ဆိုတော့ ကျွန်တော့် စိတ်တွေ လေသွားတယ် ။ ကလေးဆိုတော့ ဟုတ်သားပဲ ၊ ပျော်ပျော်ပဲ နေတော့မယ်ပေါ့ ”

“ ပျော်ပျော်ပဲ နေဖြစ်သေးလား ”

“ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်တယ် ။ ကျွန်တော့်အစ်မနဲ့ ကျွန်တော်က ၁၁ လပဲ ကွာတယ် ။ သူက ကျွန်တော့်ကို ကိုကို ခေါ်တယ် ၊ ကျွန်တော် က သူ့ကို မမ ခေါ်တယ် ။ ကိုကို နင် ဘာဖြစ်နေတာလဲ ၊ ဘာစိတ်ညစ်နေတာလဲ မေးတယ် ။ ကျွန်တော်က ငါဆယ်တန်းကို အမှတ်ကောင်းကောင်းနဲ့ အောင်လည်း နင်တို့လို ဆရာဝန်ဖြစ်မှာ မဟုတ်ဘူး ပြောလိုက်တယ် ။ မမက စကားတစ်ခွန်းပဲ ပြန်ပြောတယ် ။ နင် ဆရာဝန်ဖြစ်ပြီး ငါတို့က နင့်ကို ခိုင်းစားချင်လို့ မဟုတ်ဘူး ၊ ငါ့မောင်လေး ဆယ်တန်းအောင်တုန်းက အမှတ်တွေ ဘယ်လောက် ရသလဲ ဆိုတာ ဂုဏ်ယူချင်လို့တဲ့ ။ အစ်မက စကားလေး တစ်ခွန်းပဲ ဆုံးမလမ်းညွှန်လိုက်တယ် ”

သူ ဆယ်တန်းအောင်တော့ ဂုဏ်ထူး သုံးဘာသာ ၊ သင်္ချာအမှတ် ၁၀ဝပြည့် နဲ့ ဆေးကျောင်းတက်ဖို့ အမှတ်ကောင်းကောင်း မီတယ်ဆိုတာ ကျွန်တော် သတိရတယ် ။ သူ့စကားကို နားထောင်နေရင်း Forrest Gump ဆိုတဲ့ ရုပ်ရှင်ကားကို အမှတ်ရလာပါတယ် ။ ဇာတ်လိုက်က ငယ်စဉ်မှာ ခြေမသန်ဘူး ။ ကြီးပြင်းလာချိန် မှာတော့ အလွန်အပြေးမြန်တဲ့ သူတစ်ဦး ဖြစ်လာတယ် ။

“ Forrest Gump ကြည့်မိမယ်ထင်တယ် ၊ ဘယ်လိုခံစားလဲ ”

“ ကောင်းပါတယ် ။ ဆရာ ဘယ်လိုထင်လဲ ”

“ တော်တော် ကြိုက်ပါတယ် ”

“ ဘယ်နေရာလဲ ”

“ တစ်ကားလုံး ကြိုက်ပါတယ် ။ ဘဝကို အားမလျှော့ဘဲ ပြန်လည်ထူထောင် ပြပုံ ကြိုက်တယ် ။ ပထမ သူ မသန်စွမ်းဘူး ၊ ဒါပေမဲ့ ရအောင် ထခဲ့တယ် ။ Forrest က ခြေမသန်တော့ ဒူးအောက်ပိုင်း သံချောင်းတွေနဲ့ ထိန်းထားရတယ် ။ ကျောင်းသားလေး ဘဝမှာ လူဆိုးလေးတွေက သူ့ကို ဝိုင်းလိုက်ကြတယ် ။ လူဆိုးလေးတွေ လက်က လွတ်အောင် သေပြေးရှင်ပြေး ပြေးတဲ့အခါ သူ့ ခြေထောက်မှာ ဆိုင်းထားတဲ့ သံပြားသံချောင်းတွေ တစ်ခုချင်း ပြုတ်ထွက်ကျပြီး သူက လွတ်အောင် ပြေးသွားတဲ့ အခန်းကို မျက်စိထဲက မထွက်ဘူး ”

ဦးမြတ်သူဝင်း က ပါပီလွန် ဖတ်ဖူးသလား မေးတယ် ။ ပါပီလွန်စာအုပ်ကို ကျွန်တော် ဖတ်ဖူးကြောင်း ပြောတော့ သူက ဘယ်လို ကွာသလဲ မေးပါတယ် ။

“ တစ်မျိုးစီပါပဲ ။ Forrest Gump က ခြေမသန်တဲ့ ဘဝကနေ အလွန် အပြေးသန်ပြီး စစ်မြေပြင်မှာ အခြားသူတွေကို ကယ်ပေးသယ်ပေးနိုင်သူတစ်ယောက် အဖြစ် လူ့လောကထဲ တိုးဝင်လာတယ် ။ ပါပီလွန်က အကျဉ်းထောင် ထဲက လွတ်မြောက်အောင် အကြိမ်ကြိမ် ကြိုးပမ်းပြီး လွတ်မြောက်သွားတယ် ”

“ တစ်ခါတလေ လူတွေက ကိုယ့်ဒုက္ခကို အကြီးကြီးလို့ ထင်တတ်ကြတယ် ။ လူတိုင်းက အတ္တသမားတွေမို့ ကိုယ့်ပြဿနာပဲ ကြီးတယ်လို့ ထင်ထာပေါ့ ။ Forrest Gump လည်း ကျွန်တော် အရမ်း ကြိုက်တယ် ။ ပါပီလွန် ကျတော့ အနှိပ်စက်ခံရတယ် ။ ထောင်ထဲက ထွက်ပြေးဖို့ ခဏခဏ ကြိုးစားတယ် ။ ဒုက္ခသုက္ခချင်း ယှဉ်လိုက်ရင် ကျွန်တော်တို့က နတ်ပြည် ရောက်နေတဲ့ အတိုင်းပဲ ။ အဲဒါတွေနဲ့ ကျွန်တော် အားယူတာပေါ့ ။ ထဖို့အတွက် လူတိုင်း အားယူပုံချင်း မတူဘူးပေါ့ ”

“ မသန်စွမ်းသူတွေ အတွက် မိသားစုဝင်တွေရဲ့ ဖေးမမှုက တော်တော် အရေးပါသလား ”

“ ဟာ ပါတာပေါ့ ။ မိဘတွေက လက်ဦးဆရာ ။ ကျွန်တော်တို့ မွေးကတည်းက မိဘရဲ့ သွန်သင်အားပေးမှုနဲ့ ကြီးပြင်းခဲ့တာ ။ အရမ်းဆိုင်တယ် ။ Enviroment ( ပတ်ဝန်းကျင် ) အရမ်းဆိုင်တယ် ။ ခွဲခြား ဆက်ဆံခံရရင် ဘယ်ပျော်မှာလဲ ။ အဖေရော အမေရော ကျွန်တော့် အတွက် အရမ်း ကျေးဇူးကြီးမားပါတယ် ”

“ ဦးမြတ်သူဝင်း လုပ်နေတဲ့ လုပ်ငန်းတွေက ဝန်ဆောင်မှုလုပ်ငန်းတွေ များတယ်နော် ”

“ ကျွန်တော် ထမင်းစားမယ် ၊ ရေသောက်မယ် ၊ ဘာလုပ်မယ် ညာလုပ်မယ် ဆိုတဲ့ ကိစ္စတွေအတွက် ကျွန်တော့်ကို သူများတွေက ကူညီကြတယ် ။ ကျွန်တော့်ရဲ့ မသိစိတ်က သူများကို ကူညီချင်နေတယ် ။ တစ်သိန်းရင်းပြီး တစ်သိန်းမြတ်တဲ့ လုပ်ငန်းထက် ဝန်ဆောင်မှုနဲ့ ရတဲ့ လုပ်ငန်းကို ကျွန်တော် ပိုပြီး တန်ဖိုးထားတယ် ”

“ စီးပွားရေး လုပ်ရတာ အဆင်ပြေရဲ့လား ”

“ စီးပွားရေးလောက ရောက်လာတော့ စီးပွားရေးလောက ဆိုတာ ကြမ်းတမ်း လွန်းပါတယ် ။ စိန်ခေါ်သံတွေ များလွန်းပါတယ် ။ တက္ကသိုလ်ကောလိပ်မှာတုန်းက သူငယ်ချင်းတွေ လိုတော့ မဟုတ်ဘူးပေါ့ ။ စီးပွားရေးလောကမှာ ကျွန်တော့်ကို ညှာတဲ့လူတွေ ရှိသလို ကျွန်တော့်ကို တီးတဲ့သူတွေလည်း အများကြီး ရှိတာပဲ ။ ကျွန်တော်ရဲ့ မသန်စွမ်းမှုဟာ ကျွန်တော့်ကို တွန်းအား ဖြစ်စေပါတယ် ။ ကျွန်တော် ပိုလုပ်ရမှာပါလား ၊ ကျွန်တော် ပိုကြိုးစားရမှာပါလား ၊ ကျွန်တော် ပိုရိုးသားရမှာပါလား ၊ လူတွေအပေါ်  ပိုသစ္စာ ရှိရမှာပါလား ၊ ကျွန်တော့် မသန်စွမ်းမှုကြောင့် တွန်းအား ဖြစ်စေတယ် ”

“ လူမှုရေးလုပ်ငန်းတွေ လုပ်ရာမှာကော အဆင်ပြေသလား ”

“ လူမှုရေးလုပ်ငန်း ထဲမှာလည်း ကျွန်တော့် အတွက် စိန်ခေါ်သံတွေ အများကြီးပဲ ။ ဘဝတူ မသန်စွမ်းသူတွေရဲ့အကျိုးကို အများကြီး မဟုတ်တောင် တစ်ထောင့် တစ်နေရာက လုပ်ပေးတယ် ။ မသန်စွမ်းသူတွေ အတွက် လုပ်ငန်းတွေကို ရွှေမင်းသား ဖောင်ဒေးရှင်း ( မြန်မာ ) ဆိုပြီး လုပ်တယ် ။ ၂၀၁၀ ခု မေလ ၁ဝ ရက်နေ့ အထိပေါ့ ။ ၃၄၆၁ ဦးကို ထိထိရောက်ရောက် ကူညီပံ့ပိုးမှုတွေ လုပ်နိုင်ခဲ့ပါပြီ ။ သူတို့တွေရဲ့ လိုအပ်ချက်တွေကို အကုန်လုံး မဟုတ်တောင်မှ သူတို့ဘဝကို အတိုင်းအတာ တစ်ခု အထိ ရပ်တည်နိုင်အောင် ကူညီနိုင်ခဲ့ပါပြီ ”

အနီးရှိ ဝန်ထမ်း အမျိုးသမီး တစ်ယောက်ကို ရွှေမင်းသားဖောင်ဒေးရှင်း ( မြန်မာ ) ရဲ့ ၂၀၀၉ - ၂၀၁၀ နှစ်ပတ်လည် အစီရင်ခံစာ စာအုပ်တစ်အုပ် ယူခိုင်းပြီး ကျွန်တော့်ကို ပေးတယ် ။

စာအုပ်ထဲမှာ မသန်စွမ်းသူတွေ ပညာသင်ကြားခွင့်ရအောင် ၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာ သင်ပေးပြီး အလုပ်အကိုင် ဝင်ငွေရအောင် ၊ ကျန်းမာရေး စောင့်ရှောက်မှုကို အများနည်းတူ ရအောင် ၊ လူမှုအသိုင်းအဝိုင်း ပတ်ဝန်းကျင်မှာ ဝင်ဆံ့နိုင်အောင် ၊ စွမ်းရည် မြင့်တက်လာအောင် လုပ်ဆောင်ပေးနေပုံတွေကို ရောင်စုံ ဓာတ်ပုံတွေနဲ့ ဖော်ပြထားတယ် ။

“ ကမ္ဘာမှာ လူဦးရေရဲ့ ၁ဝ ရာခိုင်နှုန်းသည် မသန်စွမ်းလို့ သတ်မှတ်တယ် ။ မြန်မာနိုင်ငံမှာ two point three six percentage ( ၂.၃၆ ရာခိုင်နှုန်း ) သည် မသန်စွမ်းလို့ သတ်မှတ်တယ် ။ လူ ၁ဝ သိန်း ကနေ ၁၅ သိန်းကြား ရှိတယ် ။ ဒီ လူဦးရေဟာ မြို့ကလေးတစ်မြို့လောက် ။ ကျွန်တော် အဓိက လုပ်တာကတော့ မသန်စွမ်းတွေရဲ့ ကျန်းမာရေး ၊ ပညာရေး ၊ လူမှုရေး ၊ စီးပွားရေး ၊ အလုပ်အကိုင်ရရှိရေး ၊ သူတို့ကိုယ် သူတို့ ယုံကြည်ချက်တွေ ရလာအောင် ကျွန်တော်တို့ ဆောင်ရွက်တာပါ ”

သူ့ ရုံးခန်းထဲကို ကျွန်တော့် မျက်စိဝေ့ ကြည့်လိုက်တော့ မသန်စွမ်းသူ အချို့ကို မြင်မိတယ် ။

“ ကျွန်တော်ရုံးမှာ ဝန်ထမ်း ၄၄ ယောက် ရှိတယ် ။ ၁၄ ယောက် မသန်စွမ်း ။ ၃ဝ ရာခိုင်နှုန်းလောက်သည် မသန်စွမ်း ။ အသက်မွေးဝမ်းကျောင်းမှုအတွက် အလုပ်လုပ် အလုပ်လုပ်လို့သာ ပြောတယ် မလုပ်တတ်ကြဘူး ။ လုပ်တတ်တယ် ၊ လုပ်ရည်ကိုင်ရည် ရှိတယ် ။ အရင်းအနှီး မရှိဘူး ”

“ စိတ်ဓာတ်ခွန်အားကော ဖြည့်ပေးသလား ”

“ ဘဝတူ မသန်စွမ်းတွေကို နည်းနည်း ပြောချင်တယ် ။ မသန်စွမ်းဖြစ်သွားတိုင်း စိတ်ဓာတ်ကျစရာ မလိုဘူး ”

ဦးမြတ်သူဝင်း က ပြောတာ ခဏနားပြီး ရေသောက်တယ် ။

“ နီးခြင်း ဝေးခြင်း ၊ ပုခြင်း တိုခြင်း ၊ ဖြူခြင်း မည်းခြင်း ၊ အားမရှိခြင်း အားသန်ခြင်းသည် တကယ့်တကယ်တော့ နှိုင်းယှဉ်ချက်တွေပဲ ။ ကျွန်တော့်ကိုယ် ကျွန်တော် မသန်ဘူးလို့ ဘယ်တော့မှ မရှိဘူး ။ လူတိုင်းလည်း ဘယ်သူမှ မရှိကြပါနဲ့ ။ စွမ်းဆောင်နိုင်သလောက် ကြိုးစားကြရင် ကျွန်တော်တို့မှာ ကံ ဉာဏ် ဝီရိယ ဆိုတာ ရှိတယ် ။ ကံကတော့ ရှောင်လွှဲလို့ မရတာတွေ ထားလိုက်တော့ ။ ဉာဏ် ဆိုတာလည်း တစ်ယောက်နဲ့ တစ်ယောက် ကွာဟချက် သိပ်မရှိဘူး ။ ဝီရိယ ထားပြီး အားကြိုးမာန်တက် အလုပ် လုပ်ကြပါ ။ မိမိ ကိုယ်သာ အားကိုးရာလို့ မသန်စွမ်းတွေ အတွက် မှာချင်တာ ”

⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ အဖုံဖုံ


 


မပစ်ပါနဲ့ မယ်ရင်ရယ် ကြက်တက်စူးပါ့မယ်


 ❝ မပစ်ပါနဲ့ မယ်ရင်ရယ် ကြက်တက်စူးပါ့မယ် ❞ 

    ( နော် - ကျောက်တိုင် )


မနက်လင်းသည်နှင့် သမုဒ္ဒရာ ဝမ်းတစ်ထွာ အတွက် လှုပ်ရှားနေကြသူတို့၏ အသံမျိုးစုံကို ကြားရ၏ ။ မျက်နှာသစ် ၊ သွားတိုက်ပြီး ဇနီးသည် ပြင်ပေးသော ထမင်းကြော်ကို စားသည် ။ ရေနွေးကြမ်းသည် ငှက်တို့၏ တေးနှင့် တွဲဖက်ညီ၏ ။ နေဆာလှုံရင်း သူငယ်ချင်း ပေးခဲ့သော ဂျာနယ်ကို ကြည့်သည် ။ မှုခင်းဂျာနယ် ဖြစ်သည်နှင့်အညီ မျက်နှာဖုံး ကြည့်လိုက်သည်နှင့် ဒုစရိုက် အမျိုးမျိုး ၊ ပြစ်မှု အသွယ်သွယ် ၊ မှုခင်း အစုံစုံကို မြင်ရဖတ်ရ၏ ။ ရင်သည် စိုးရိမ်စိတ်နှင့် တင်းခနဲ ။ တရားခံပုံ များကို ကြည့်တော့ အများစုက လူငယ်တွေချည်း ။ လုယက်မှု ၊ လူသ,တ်မှု ၊ ခိုးမှု ၊ မုဒိမ်းမှု စသဖြင့် ပြစ်မှုတို့ကို တစ်ဦးချင်း ကျူးလွန်သည်လည်း ရှိ၏ ။ အဖွဲ့လိုက် ကျူးလွန်ကြသည်လည်းရှိ၏ ။ ၉ တန်း ကျောင်းသားလေးက ၈ တန်း ကျောင်းသားကို ဓားနှင့်ထို း သည် တဲ့ ။ ၉ တန်း ၊ ၁၀ တန်း ကျောင်းသားလေးတွေ အဖွဲ့လိုက် ချိန်းရိုက်ကြသည်တဲ့ ။ ဆက်၍ မဖတ်နိုင်တော့သည် ထိ ရင်မှာ ခံစားရ၏ ။ သည်ကလေးတွေ အဘယ်မျှ ကြမ်းကြုတ်နေပြီလဲ ။ လူတစ်ယောက်ကို သ,တ်ချင်သည် အထိ ဒေါသဖြစ်လောက်အောင် သူတို့ နှလုံးသားတွေ ရိုင်းနေကြပြီလား ။ ဘာကြောင့်လဲ ။ ဆက်၍ တွေးမိသည် ။


“ အလိမ္မာ စာမှာရှိ ” ဟု ဆို၏ ။ ကျောင်းနေကြသည် ဆိုတော့သည် ကလေးတွေ စာသင်ကြမည်ပေါ့ ။ သို့သော် သူတို့ သင်သော စာတွေ၌ အလိမ္မာတွေ မရှိ၍လား ။ မဖြစ်နိုင် ။ အလယ်တန်းအဆင့်၌ပင် ရှင်မဟာရဋ္ဌသာရ၏ လင်္ကာတွေ ပြဋ္ဌာန်း ထားသည်ပဲ ။ 


“ ကိုယ်နှင့်လည်းစာ ၊ သတ္တဝါကို ၊ ကြင်နာလှစေ ၊ သူ့အသက်ကို ချစ်ပါလေ ” ။


“ သေနှင့်အရက် စီးပွားပျက်ကို ၊ တစ်စက်ကယ်မျှ ၊ မသောက်ကြနှင့် ၊ ရှောင်ကြပါလေ ၊ ရှင်တော်ဟောသည့် အဆိပ်ရည် ” စသည်ဖြင့် အလိမ္မာတွေ ရှိပြီးသားပဲ ။ သူတို့ ရင်ထဲ မရောက်၍ ဖြစ်မည် ။


ရင်ထဲ အရောက် ပို့ပေးရမည့် မျက်မှောက်ခေတ် ဆရာတွေ၏ အရည်အသွေးကရော ။


အများစုက စာမဖတ် ။ ဖုန်းပွတ်၍ အချိန်ကုန်သည် ။ ကလေးတွေ၏ စံပြ ဖြစ်ရမည့် ဆရာတွေက ကွမ်းသွေး တရဲရဲ ၊ ဘီယာတမြမြ ၊ ဆေးလိပ် တဖွာဖွာ ။ဆရာမတွေကျ ဒေါက်ဖိနပ် တခွပ်ခွပ် ၊ စကတ်ထဘီ အသွယ်သွယ် ၊ လက်သည်းနီ အဖုံဖုံနှင့် ဆံပင်တွေပင် နီလိုက်သေး ။ 


အဆိုးဆုံးက ကိုယ့်တပည့်ကို ကျူရှင် ပြန်ပေးသည့်ကိစ္စ ။ အမိန့်တွေ ဥပဒေတွေနှင့် မည်သို့ပင် တားမြစ်စေကာမူ ကင်းရှင်းသည်ဟူ၍ မရှိ ။ တပည့်မွေး ဆရာမွေးနှင့် ဆရာမ အချင်းချင်းလည်း မတည့် ။


ကျူရှင်မှာ သင် သလောက် ကျောင်းမှာ မသင် ။ ထိုအခါ မိဘတိုင်း ကျူရှင်ထားပေးရ၏ ။ အမှတ်ကောင်းဖို့ ၊ အဆင့်ကောင်းဖို့ ကြိုးစားရ၏ ။ ဆရာများ ကလည်း ကလေး၏ သိခြင်း တတ်ခြင်းထက် အမှတ်ကောင်းဖို့ ဦးစားပေးကြ၏ ။ အမှတ်ကောင်း ၊ အဆင့်ကောင်း မှလည်း မိဘတွေက ကြိုက်သည်ကိုး ။ မိဘတွေ ကြိုက်မှလည်း မိမိ ကျူရှင် ၊ မိမိ ဘော်ဒါ လူပိုရသည်ကိုး ။ ဤသို့ဖြင့် မြန်မာ့ပညာရေးက ကြာအေး ဖြစ်နေသည် ။


* ကြက်ဖတိန်ညင် တောကိုဝင် ။ 


“ ကြက်ဖတိန်ညင်သည် တောသို့ ဝင်သွားပါသည် ” 


* မောင်ရင်လာ ၊ လေးနှင့်ပစ် ။ 


“ မောင်ရင် လာသောအခါ လေးနှင့် ပစ်ပါသည် ” 


* မပစ်ပါနှင့် မောင်ရင်ရယ် ၊ ကြက်တက်စူးပါ့မယ် ။


“ မပစ်ပါနှင့် မောင်ရင်ရယ် ကြက်တက်စူးနေပါ့မည်ဟု ကြက်ဖတိန်ညင်ကြီးက ပြောပါသည် ” 


* ဘယ်ဘက်က စူးစူး ၊ ညာဘက်က စူးစူး ၊ ခွပ်လိုက်ကြစို့ သူငယ်ချင်း ၊ အောက်အီအီအွတ် ။


“ ဘယ်ဘက်က စူးစူး ၊ ညာဘက်က စူးစူးရပါသည် ။ ခွပ်လိုက်ကြစို့ သူငယ်ချင်းရယ် ။ အောက်အီအီအွတ် ဟု တွန်ပါသည် ” 


ရုတ်တရက် တိုးဝင်လာသော အသံကြောင့် အတွေးတို့ လွင့်၏ ။ သားငယ် နိုးပြီး စာကျက်နေသည်ပဲ ။ ခပ်မြန်မြန် ဆိုနေသဖြင့် ဘာတွေ ဖတ်နေမှန်း မသိ ။ သေချာ နားထောင်မှ “ ကြက်ဖတိန်ညင် ” ကဗျာမှန်း သိသည် ။ သို့သော် ကဗျာ သက်သက်ချည်း မဟုတ် ။ စကားပြေနှင့် တွဲ၍ ဆိုနေသည် ။


“ သားရေ ၊ ဖေကြီးဆီ ခဏ လာပါဦးကွ ” 


ခေါင်းလေးပွတ်၍ လာသည် ။ စာဖတ်ချိန် ပျက်၍ မရမှာ စိုးပုံရ၏ ။


“ ဘာတွေ ဖတ်နေတာလဲ ” 


“ ကြက်ဖတိန်ညင်လေ ဖေဖေရဲ့ ”  


“ မောင်ရင်လာသောအခါ လေးနှင့် ပစ်ပါသည် ဆိုတာရော ” 


“ ဖေဖေကလည်း ဒါလေးတောင် မသိဘူးလား ။ မောင်ရင်လာ လေးနှင့်ပစ်ကို ဆိုတာလေ ” 


“ ဟာ ၊ တယ်ဟုတ်ပါလား သားရဲ့ ။ အဲဒါ သားဘာသာ ရေးထားတာလား ” 


“ မဟုတ်ဘူးလေ ဖေဖေရဲ့ ၊ ဆရာမ ရေးပေးတာကို သားတို့ လိုက်ရေးရတာ ”  


နံနက်ခင်းသည် အကျည်းတန် သွား၏ ။ သားကို လွှတ်လိုက်သော်လည်း အာရုံသည် အတွေးနှင့် နစ်ပြန်၏ ။ 


တတိယတန်း ရောက်လာသော သားသည် အလွန်တော်၏ ၊ ကြိုးစား၏ ၊ လိုချင်စိတ်လည်း ရှိ၏ ၊ ဆရာမ ပြောသမျှ တစ်သဝေမတိမ်း လိုက်နာတတ်သူ ဖြစ်၏ ။ ယခုလည်း ကြက်ဖတိန်ညင် ကဗျာကို အော်အော်ပြီး ဖတ်နေ၏ ။ ကဗျာကိုချည်း ဖတ်သည် မဟုတ် ။ အကျည်းတန်လွန်းသော ကဗျာစကားပြေကိုပင် ဖတ်နေ၏ ။


ရင်သည် သောကနှင့် ဆို့၏ ။ အမှန်က ထိုကဗျာသည် ကဗျာသက်သက် မဟုတ် ။ တေးကဗျာ အမျိုးအစား ဖြစ်၏ ။ ရည်ရွယ်ချက် အဓိပ္ပာယ် ဆိုသည်ထက် ကလေးများ ပျော်ရွှင်စွာ ကစားရင်း သီဆိုရသော ကဗျာမျိုးဖြစ်၏ ။ မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် ထိုကဗျာမျိုးတို့ များစွာ ရှိကြ၏ ။ ‘ ရွှေစွန်ညို ’ ၊ ‘ ကြာအေး ’ ၊ ‘ ညောင်ပင်တစ္ဆေ ’ စသဖြင့်ရှိကြသည် ။ ထိုကဲ့သို့ လှပြီးသား တေးကဗျာများကို စကားပြေ ဓားနှင့် ခုတ်လျှင် အလှပျက်၏ ။ ရသပျက်၏ ။


ထိုသို့ မဖြစ်သင့်ဟု ထင်သည် ။ ထို့ကြောင့် သား ကျောင်းသွားသောအခါ ဆရာမကြီးနှင့် တွေ့ရန် လိုက်လာဖြစ်ခဲ့သည် ။


ကျောင်း ရောက်သောအခါ ဆရာမကြီး မလာသေးသဖြင့် စောင့်နေရ၏ ။ ကျောင်းတက်ချိန်လွန်မှ ဆိုင်ကယ်လေးနှင့် ရောက်၍လာသည် ။ 


ဆရာမကြီး ဆိုသော်လည်း သိပ်မကြီးသေး ။ ၃ဝ ကျော်လောက် ရှိမည်ထင်သည် ။


ဝင်ခွင့်တောင်းပြီး ရုံးခန်း၌ ထိုင်ရ၏ ။ ထို့နောက် သား၏ ဖခင်ဖြစ်ကြောင်း မိတ်ဆက်ရသည် ။ ပြုံးရွှင်စွာပဲ စကားလမ်းကြောင်း ဖွင့်ပေးသဖြင့် ဝမ်းသာရ၏ ။


“ တခြားတော့ မဟုတ်ပါဘူး ဆရာမရယ် ။ သိလိုတာလေး ရှိလို့ လာခဲ့တာပါ ။ ဆရာမတို့ သင်ကြားရေးကို ဝင်စွက်ဖက်သလို ဖြစ်မှာလည်း စိုးတယ် ။ အဲဒီလို ဖြစ်သွားရင်လည်း ကြိုပြီး တောင်းပန်ထားချင်ပါတယ် ”  


“ ဟုတ် ရပါတယ် ၊ ပြောပါ ရှင့် ”  


“ ဟိုလေ ၊ တတိယတန်း မြန်မာစာမှာ ပါတဲ့ ကြက်ဖတိန်ညင် ကဗျာမျိုးက စကားပြေ ပြန်စရာ မလိုဘူးလားလို့ ။ ဒီကဗျာမျိုးက .. ” 


“ ဟင်းဟင်း ။ ဘာများလဲလို့ ဦးရယ် ။ မြန်မာဖတ်စာမှာ ပါတဲ့ ကဗျာတိုင်း စကားပြေ ပြန်ဖို့ လိုတယ်လေ ။ ဘာကြောင့်ဆို စတုတ္ထတန်း မေးခွန်းကို ကြည့်ပါလား ။ အဲဒီမှာ ကဗျာ စကားပြေ ပြန်ခြင်းကို ၁၅ မှတ်ထိ ပေးထားတာ ဦးရဲ့ ။ တတိယတန်း မေးခွန်းပုံစံမှာလည်း စကားပြေပါတယ် ။ ကျွန်မဆို ဒုတိယတန်း ကဗျာတွေက အစ စကားပြေ ပြန်ပေးတာလေ ၊ ဟင်းဟင်း ... ” 


သူ့အပြုံးက ပို၍ နင့်၏ ။ 


“ စကားပြေ ပြန်တာတော့ ပြန်တာပေါ့ ဆရာမရယ် ။ ဒီလို တေးကဗျာမျိုးတွေ ဆိုတာက စကားပြေ ပြန်လိုက်ရင် အလှပျက်ပြီး အဓိပ္ပာယ်မဲ့တာလေ ဆရာမရဲ့ ။ ကြာအေး တို့ဆို ... ”  


“ အဲဒီ ကြာအေး ပဲ ပြီးခဲ့တဲ့ မြန်မာစာထူးချွန်မှာ မေးတာ ။ ကြာအေး ဘယ်မှာ ငိုနေသနည်းတဲ့ ။ ကြာအေး အမှောင်မှာ ငိုနေသည်လို့ သင်ထားလို့ တော်သေးတယ် ။ မဟုတ်ရင် ဖြေနိုင်မှာ မဟုတ်ဘူး ။ အခုတော့ အဆင်ပြေသွားတယ်လေ ။ ဒါကြောင့် ကျွန်မကျောင်းက မြန်မာစာထူးချွန် တိုင်းအထိ ပါတယ် ဦးရဲ့ ။ ငှင်း ... ငှင်း ... ငှင်း ” 


လာမိသည့် ကိုယ့် ကိုယ်ကိုပင် အပြစ်တင်ချင်၏ ။ ဘာသာနေလိုက်သည်က တော်သေးသည် ။ ယခုမူ ပို၍ ဆိုး၏ ။ အရာရာ သိနေတတ်နေသော ဆရာမ နှင့် ဆွေးနွေးနိုင်စွမ်း မရှိသော အခါ ခေါင်းငုံ့၍ ပြန်ခဲ့ရ၏ ။


ခြေလှမ်းတိုင်း၌ ဆရာ ငြိမ်းမင်း၏ အသံကို ကြားမိသည် ။ 


“ မြန်မာနိုင်ငံက ဆရာတွေကို ကဗျာ ဘယ်လိုသင်လဲ မေးတော့ စကားပြေ ပြန်တတ်အောင် သင်တယ်တဲ့ ”  


ကဗျာ၏ အနုအလှ ရသတွေကို ခံစားစုပ်ယူနိုင်စွမ်း ရှိဖို့ထက် ရေးပေးသော စကားပြေကို အလွတ် ကျက်မှတ်ကြသည့် ပညာရေးစနစ်မှာ ရသ ပျက်ပြီပေါ့ ။ ရသ ပျက်လျှင် အလိမ္မာ မဲ့ပြီပေါ့ ။ ထိုအခါ လူငယ့်နှလုံးသားတွေ ရိုင်းစိုင်းကြမ်းကြုတ်ကြပြီပေါ့ ။


ထို့ကြောင့် လူသ,တ် ၊ မုဒိ မ်းတွေ ပိုများလာလေသလား တွေးမိသည် ။


* မပစ်ပါနှင့် မောင်ရင်ရယ် ၊ ကြက်တက်စူးပါ့မယ် ။


“ မပစ်ပါနှင့် မောင်ရင်ရယ် ကြက်တက်စူးနေပါ့မည် ဟု ကြက်ဖတိန်ညင် ကြီးက ပြောပါသည် ”  


ကလေးများ၏ အော်ကျက်သံက နားထဲ စူး၍စူး၍ ပါလာသည် ။ 


အတွေး၌ ဆရာမကြီး၏ မျက်နှာကို ကြည့်ပြီး -


“ မပစ်ပါနဲ့ မယ်ရင်ရယ် ကြက်တက်စူးပါမယ် ။ မပစ်လိုက်ပါနဲ့ မယ်ရင်ရယ် ကြက်တက်စူးနေပါ့မယ် ” ဟု တိုးတိုးလေး ပြောနေမိသည် ။ သို့သော် ရင်သည် ပေါ့၍ မသွား ။ ခြေလှမ်းတို့သည် အလာထက် ပို၍ ပို၍ လေးနေမိတော့သည်လေ ။


 ▢  နော် ၊ ကျောက်တိုင် ၊

📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း

     အောက်တိုဘာ  ၊ ၂၀၁၈

Thursday, February 26, 2026

မောင်ရင်မောင် ဆောင်းပါး

 

❝ မောင်ရင်မောင် ဆောင်းပါး ❞
            ( ပီမိုးနင်း )

ရိုသေစွာ အစီရင်ခံလိုက်ပါသည် ကြီးကြီး ၊ ကျွန်တော်သည် ကြီးကြီး၏ ကျေးဇူးကို ဘယ်သောအခါမျှ မမေ့နိုင်ပါ ။ ကျွန်တော့်မှာ မိခင် မရှိဘူးဟု ပြောပြသည် ကိုမျှ ကျွန်တော် မခံနိုင်ပါ ။ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက ကျွန်တော့်အား ကြီးကြီး ကျွေးမွေးသုတ်သင် ပဲ့ပြင်ဆုံးမပြီး ဆရာတော် ဦးအာသဝ ကျောင်းမှာ ရှင်ပြုပြီး အပ်နှံထားသော ကြီးကြီးဟာ အမေ ထက် ကောင်းပါသေးသည် ။ ကြီးကြီး၏ မျက်နှာကြောင့် ဆရာတော်ဘုရားကလည်း အတတ်ပညာများကို သင်ပေးသည်မှာ ဋီကာကျော် အထိ ရောက်ပါသည် ။ သည်ကျေးဇူးတွေကို ကျွန်တော် မမေ့နိုင်ပါ ။ ရှင်လူထွက်သော အခါလည်း ကြီးကြီး သွန်သင်ဆုံးမခြင်းများကြောင့် လူကောင်းကလေး တစ်ယောက် ဖြစ်အောင် ကြိုးစားခဲ့ သည့်အတိုင်း ကျွန်တော်မှာ ရပ်ထဲရွာထဲ၌ ထင်ရှားခဲ့ပါသည် ။ သာရေး နာရေး ပွဲလမ်းသဘင် အလှူအတန်းများ၌ ကြီးကြီးဟာ ကျွန်တော့်ကို နေရာတိုင်း၌ ဗန်းတင်ကာ ပရိသတ်အလယ်ကောင်မှာ တရားဓမ္မ အဟောအပြော ခိုင်းသဖြင့် ကျွန်တော့်အား အရွယ်နှင့်မလိုက် လိမ္မာရေးခြားရှိပါပေသည်ဟု လူကြီးလူကောင်းများက ချီးမွမ်းကြသည်များအတွက် ကြီးကြီး ကျေးဇူးကို ကျွန်တော် ဤတစ်သက်မှာ မမေ့နိုင်တော့ပါ ။ ကျွန်တော် ငယ်ငယ်ကလည်း ကျွန်တော်တို့ ရွာရှိ ကလေးသူငယ် အမိုက်အမဲကလေးများနှင့် မပေါင်းရအောင် ကျွန်တော့်ကို အမြဲ စောင့်ကြပ်သည်များကို မမေ့ပါ ။ အသက် ( ၁၉ ) နှစ်သား ရှိတောင် ကြီးကြီး ဟာ ကျွန်တော့်အား လူပေါင်းမှားပြီး ပျက်စီးမှာ စိုးသောကြောင့် အင်္ဂလိပ် ကျောင်းကို မပို့ဘဲ ဆရာဖြူ ကို အိမ်ခေါ်ပြီး အင်္ဂလိပ်စာ အရေးအဖတ် သင်ခိုင်းပါသည် ။ ယခုမှ အင်္ဂလိပ်စာကို များစွာ မတတ်သော်လည်း ဝမ်းမနည်းပါ ။ အင်္ဂလိပ်စာ တတ်သောသူများကို မြင်ရသောအခါကျမှ အင်္ဂလိပ်စာ မတတ်ခြင်း၏ ကျေးဇူးကို သိရပါသည် ။ အများအားဖြင့် အင်္ဂလိပ်စာတတ်သူများဟာ လူကြီးမှန်း လူငယ်မှန်း မသိ ။ လူကြီးများ ရှေ့မှာလည်း ကုန်းကွ ၊ ကိုင်းရှိုင်းရမှန်း မသိ ။ အိမ်ပေါ်မှာ ဖိနပ်စီးပြီး လျှောက်ကြပါသည် ။ အင်္ဂလိပ်စာ မတတ်သော်လည်း ကြီးကြီး မှာ ရှိတဲ့ စည်းစိမ် ဥစ္စာဟာ ကြီးကြီး နဲ့ ကျွန်တော် တစ်သက်စာ စားလို့ ကုန်မှာ မဟုတ်သောကြောင့် အင်္ဂလိပ်စာ တတ်ဖို့လည်း မလိုပါ ။ ငယ်ငယ်က တခြား ယုတ်နိမ့်မိုက်မဲသော ကလေးများက ကျွန်တော့်ကို တစ်စုံတစ်ရာ နှိပ်စက် ပြောဆို နိုင်လိုမင်းထက်ပြုသည့်အခါ ကြီးကြီးကို ကျွန်တော် ပြန်၍တိုင်လျှင် ကြီးကြီး အဘယ်အခါမှ ခံ၍ မနေဘဲ ၎င်းမိုက်မဲသော ကလေးများနှင့် ၎င်းတို့၏ ဆွေမျိုးမိဘများ အပေါ်မှာ ကြီးကြီးဟာ ပြင်းပြင်းထန်ထန် အရေးယူသည်များကို ကျွန်တော် ကောင်းကောင်းကြီး မှတ်မိပါသည် ။ ကျွန်တော့်ကို သူတို့နှင့် မတူအောင် ကြီးကြီး မွေးမြူခဲ့ပါသည် ။ ကျွန်တော်၏ အသိအလိမ္မာမျိုးလည်း သူတို့မှာ မရှိပါ ။ ကျွန်တော့်အတွက် ရပ်ထဲ ရွာထဲမှာ ကြီးကြီး ဂုဏ်ရှိအောင် ကြိုးစားခဲ့ပါသည် ။

ယခု ကျွန်တော့် အသက် နှစ်ဆယ်ကျော်ဖြင့် အတောင်အလက် စုံပါပြီ ။ ကမ္ဘာလောကကြီး အကြောင်းကိုလည်း ကျွန်တော့်ထက် ပို၍ သိသူ နည်းပါးသည် ။ ဤအကြောင်းကို ကြီးကြီး သိသဖြင့် ကျွန်တော့်ကို ကြီးကြီးသည် ရန်ကုန်မြို့သို့ တစ်ယောက်တည်း လွှတ်လိုက်ပါသည် ။ သို့သော်လည်း ယခုလို ကြီးကြီး နဲ့ ခွဲပြီး တစ်ယောက်တည်း ရန်ကုန်ကို လာရခြင်း၌ ကျွန်တော်မှ အတော်ပင် စိတ်အားငယ်ပါသည် ။ သို့သော်လည်း ကြီးကြီး သင်ပြသော အလိမ္မာများကြောင့် တစ်ကြောင်း ၊ ဆရာကောင်းတပည့် ဖြစ်သောကြောင့် တစ်ကြောင်း စိုးရိမ်စရာ မရှိလှပါ ။ အနည်းငယ် စိတ်မချမ်းသာစရာကလေး ဖြစ်ရုံမျှ ရှိပါသည် ။

ကြီးကြီး မှာသည့်အတိုင်း လူအနည်းဆုံး မီးရထားတွဲမှာ ကျွန်တော် တစ်ယောက်တည်း လေအေးမတိုက်ရအောင် တံခါးများကို ပိတ်ပြီး အိပ်ရာကို နေရာတကျ ခင်းလျက် ထွေးထွေးနွေးနွေး စောင်ထူထူ ခြုံလျက် လိုက်ခဲ့ပါသည် ။ အအေးမိလျှင် ရောဂါရတတ်သည် ။ အသွားအလာ အနေအစားကို ဆင်ခြင်ရမည် ဟူသော ကြီးကြီး၏ အမိန့်ကို တစ်သဝေမတိမ်း လိုက်နာလျက် ရှိပါသည် ။

ကျွန်တော် ရန်ကုန်မြို့ သို့ ရောက်သောအခါ မသင်းထုံ နဲ့ သူ့အမေကြီး လာ၍ ကြိုပါသည် ။ ကြီးကြီး ကျွန်တော့်ကို လွှတ်တာ မသင်းထုံ၏ မိဘများနှင့် စကား ရှိထားပြီး ကျွန်တော့်ကို မသင်းထုံနှင့် နေရာချဖို့ စိတ်ကူးပြီး လွှတ်ခြင်း ဖြစ်ကြောင်းကို ကျွန်တော် သိသဖြင့် အပြောအဆို အမူအရာမှစ၍ အစစအရာရာမှာ ကျွန်တော် သတိထားပါသည် ။

မသင်းထုံလည်း ကျွန်တော့်ကို မြင်လျှင်မြင်ချင်း များစွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ပါသည် ။ မော်တော်ကား တစ်စီးနှင့် ကျွန်တော့်ကို သူတို့ တင်ခေါ်သွားကြပါသည် ။ သူတို့အိမ်သို့ ရောက်သောအခါ ကျွန်တော့် အတွက် နေရာခမ်းနားများ ပြင်ပေးပါ၏ ။ သူတို့လည်း အတော်ကြွယ်ဝ ပြည့်စုံဟန် ရှိပါသည် ။ သို့သော်လည်း ကျွန်တော်တို့လောက် ချမ်းသာဟန် မရှိဘူး ။ ကျွန်တော့် အတွက် တစ်အိမ်လုံး ပျာလောင်ခတ်နေကြပါသည် ။ ကြီးကြီး အဘယ်အခါက စပြီး စီမံထားသလဲ ဆိုတာတော့ ကျွန်တော် မသိရပါ ။ ၎င်းတို့၏ အိမ်၌ အခြား ဘိုဆန်ဆန် အကောင် တစ်ယောက် ရှိပါသည် ။ ဘီအေ လို့ ပြောကြတာပဲ ။ ပုသိမ်မြို့က ဧည့်သည် ဖြစ်ပါသည် ။ ကျွန်တော် ရောက်လာသောအခါ ကျွန်တော့်ကို သူနဲ့ အသိဖွဲ့၍ ပေးပါသည် ။ သို့သော်လည်း သူ၏ အမူအရာ နေပုံထိုင်ပုံ ပြောပုံဆိုပုံမှာ ကျွန်တော့်လို မဟုတ်ပါ ။ နည်းနည်းကလေး ရိုင်းသည် ထင်ပါသည် ။ ကျွန်တော်တို့မှာ မျိုးရိုးဇာတိက ရွှေမြို့တော် အဆက်တွေ ဖြစ်သဖြင့် ကျွန်တော်တို့ ပြောပုံဆိုပုံ သုံးနှုန်းပုံမျိုးနဲ့တော့ မတူနိုင်ရှာပေဘူးလို့ သဘောထားပြီး သူ၏ ရိုင်းစိုင်းခြင်းများကို ကျွန်တော် ဗွေမယူပါ ။ အိမ်ကို ရောက်ပြီးနောက် ညဉ့်အခါ မိုးဖွဲကလေး ကျနေပါသည် ။ သို့သော်လည်း မသင်းထုံ က ကားနှင့် အလည်ထွက်ရအောင်ဟု ပြောပြီး ပြင်ဆင်ကြပါသည် ။ ပြင်ဆင်ပြီးသောအခါ ကျွန်တော့်ကို လိုက်ဖို့ ခေါ်ပါသည် ။ ကျွန်တော်က ကြီးကြီး စကားများကို အောက်မေ့ပြီး အအေးမိမှာ စိုးသဖြင့် တစ်ကြောင်း ၊ ညကလည်း ကောင်းကောင်း အိပ်မပျော်သည့်အတွက် တစ်ကြောင်း ၊ မလိုက်ချင်ကြောင်း ၊ ကျွန်တော့်ဘာသာ ငြိမ်ငြိမ်ကလေး ရေမိုးချိုးပြီး အိပ်ချင်နေကြောင်း ပြောရာ မသင်းထုံ၏ မိခင်လည်း လိုက်ဖို့ရန် ပြောပါသည် ။ ကျွန်တော်က ညဉ့်အခါ လည်ပတ်ခြင်းအလုပ်ကိုလည်း သဘောမကျသဖြင့် မသင်းထုံ ကိုလည်း နည်းနည်းပါးပါး ဆုံးမသြဝါဒ စကားကလေးများ ပြောချင်သောကြောင့် ဆက်လက် ငြင်းပယ်ရာ သူတို့က မနာခံဘဲ ကျွန်တော် မလိုက်ရင် ပုသိမ်သား ဧည့်သည်နဲ့ အတူသွားမည်ဟု ပြောပါသည် ။

တကယ်ဆိုရင် ကျွန်တော့်ကို တစ်ယောက်တည်း ထားပြီး သွားရင် မတော်ဘူး ဆိုတာကို စဉ်းစားကြဖို့ သင့်ပါသည် ။ သို့သော်လည်း ကျွန်တော် သည်းခံပြီး လိုက်ပါမည်ဟု ဝန်ခံသဖြင့် ကျွန်တော်ပါ လိုက်သွားရပါသည် ။

ဘုရားကို ရောက်၍ ဘုရားဖူးကြပါသည် ။ မသင်းထုံ က ကျွန်တော့်အား ပန်းဝယ်၍ ပေးပါသည် ။ အတူ ယှဉ်ကာ ထိုင်၍ ဘုရားရှိခိုးကြပြီး ဘုရားမှ ဆင်းကြပါသည် ။ ထို့နောက် ကန်တော်မင် ခေါ်တဲ့ ရပ်ကွက်ထဲ မှာ သူဌေးတစ်ယောက်၏ အိမ်ကို ရောက်သွားကြရာ ကျွန်တော်တို့ကို ကောင်းစွာ ဧည့်ခံကြပါ၏ ။ ထိုအိမ်မှာ တရုတ်သူဌေးအိမ် ဖြစ်ပါသည် ။ ကျွန်တော်တို့ ရောက်သောအခါ အိမ်သားများ မတ်ချောင်း ဆိုလား ဘာလား မသိရ ။ သုံးပုံဖဲဖြူဖြူကလေးတွေနှင့် တူသော ဆင်စွယ်ဖဲကလေးများကို ကစား၍ နေကြပါသည် ။ မသင်းထုံ သည် ကျယ်သော စားပွဲ၌ လွတ်၍နေသော ကုလားထိုင် တစ်ခုမှာ ဝင်ထိုင်ပြီး ကျွန်တော့်အား “ ကိုရင်မောင် ထိုင်လေ” ဟု ပြောကာ ကုလားထိုင်လွတ် တစ်ခုကို ပြပါသည် ။ ၎င်း၏မိခင်နှင့် ဧည့်သည်ကလည်း အခြား ကုလားထိုင်များမှာ ထိုင်ကြပါသည် ။ မကြာမီ မသင်းထုံသည် ပါဝင်၍ ကစားလေရာ ပိုက်ဆံတမ်း မဟုတ်သော်လည်း ကျွန်တော့် စိတ်ထဲမှာ မကောင်းဖြစ်သွားပါသည် ။ မော်တော်ကားပေါ်မှာ လာစဉ်ကလည်း ကျွန်တော် သူ့အား မိန်းမပီသဖို့ ၊ လိမ္မာဖို့ အလုပ်များကို ဟောပြပါသည် ။ မဂ္ဂဇင်းများ၌ ပါရှိသော လယ်တီပဏ္ဍိတ ရေးသော ထေရီဘာသာပြန်ထဲက ပုံဝတ္ထုများကိုလည်း ပြော၍ပြပါသည် ။ သို့ပါလျက် မတ်ချောင်းကစားဝိုင်းကို တွေ့လျှင်တွေ့ချင်း ဝင်၍ ကစားသောအခါ အလွန်အံ့သြခြင်း ဖြစ်မိပါသည် ။

မကြာမီ တရုတ်သူဌေးကြီးက ပုလင်းတစ်လုံးကို ဖွင့်ပြီး ကျွန်တော်တို့အား လာ၍ တိုက်ရာ ကျွန်တော်တို့နှင့် ပါလာသော ဧည့်သည်က ယူ၍ သောက်ပါသည် ။ မသင်းထုံတို့ သားအမိက မသောက်ကြပါ ။ ကျွန်တော့်ကိုလည်း လာ၍ပေးရာ “ ကျွန်တော်က ဒါ ဘာလဲ ” ဟု မေးရာ “ ရှမ်းဖင် ” ဆိုလား နာမည်တစ်ခုကို ပြောပြပါသည် ။ ဒီတော့ ကျွန်တော်က “ ရှမ်းဖင်ဆိုတာ ဘာလဲ ” ဟု မေးရာ ပုသိမ်သား ဟိုအကောင်က “ ရှမ်းဖင် ဆိုတာ အရက်ဗျာ ” ဟု ပြုံးရယ်ကာ ပြောသဖြင့် ကျွန်တော်က သူရာမေရိယကံ၏ ဆိုးသွမ်းခြင်း အကြောင်းကို ဗြန်းဗြန်းကွဲအောင် ဟောပြပြီး ငြင်းပယ်လိုက်ရာ အားလုံး အံ့သြ၍ နေကြပါသည် ။ မသင်းထုံက ကိုရင်မောင် “ နေရာတိုင်းမှာ တရားမဟောပါနဲ့ ” ဟု ပြောသဖြင့် ကျွန်တော် ရပ်ပြီး နေလိုက်ပါသည် ။ ဘုရား ၊ တရားတော် ကို ဤကဲ့သို့ ရှုတ်ချလိုက်ခြင်းကိုလည်း ကျွန်တော် မနှစ်သက်ပါ ။ သို့သော်လည်း သင်းတို့ နုသေးလို့ပဲ ၊ ကိုယ့်စိတ်မှာ ထားပြီး အေးဆေးပဲ နေလိုက်ပါသည် ။

ထို့နောက် ဆက်လက် ကစားကြရာ မသင်းထုံက “ ကျွန်တော် ပါမလား ” ဟု ပြောရာ ကျွန်တော်က “ မသင်းထုံ ကစားတာကို ကြည့်ရတာ လွန်လှပြီ ။ ဒီကို အဖော်မညှိပါနဲ့ ။ လမ်းမှာ ပြောခဲ့တာတွေကို မမှတ်မိဘူး လား ” ဟု ပြောရာ မသင်းထုံက ကျွန်တော့်ကို မျက်လုံး ပြူးလျက် ကြည့်နေပါသည် ။ ထိုအခါ ပုသိမ်သားက ကျွန်တော့်အနား ကပ်လာပြီး “ ခင်ဗျား ဘယ့်နှယ်လူလဲ ၊ တစ်လမ်းလုံးလည်း တရားတွေ ဟောလာသေးရဲ့ ။ ဒါ တောင် အားမရဘူးလား ။ အပြင်းပြေ ပျော်ပျော်ပါးပါး ကစားတာ ဘာဖြစ်သလဲ ။ လူထဲသူထဲမှာ ခင်ဗျား မသင်းထုံ ကို ဘာမှတ်လို့ ဒီလိုပြောရသလဲ ။ ဒီလိုဖြစ်ရင် ခင်ဗျား ပြန်သွား ၊ နောက် ခင်ဗျားပါးစပ်ကို ဟရင် ဟောဟို ဖိနပ်တိုက်တဲ့ ကတ္တီပါအုံးနဲ့ ဆို့ထားရလိမ့်မယ် ” ဟု ပြောပါသည် ။

ထိုအခါ မသင်းထုံတို့ သားအမိက ဘာမှမပြောဘဲ ငေးကြည့်နေကြပါသည် ။ အိမ်ရှင်များကလည်း အံ့အားသင့်နေကြပါသည် ။ ထိုအခါ ကျွန်တော်တို့ မျိုးရိုးမာန် သွေးစစ်ဟာ ထောင်းခနဲ ထလာသော်လည်း “ သင်း ရူးမိုက်လို့ မူးလို့ပြောတာပဲ ” ဟု ဆင်ခြင်ကာ စိတ်ကို ချုပ်လျက် “ကောင်းပါပြီ ခင်ဗျာ ၊ ကျုပ် ဘာမှမပြောပါဘူး ” ဟု ပြန်ပြောပြီး စိတ်ထဲမှာ မကောင်းသဖြင့် အမှတ်တမဲ့ အပြင်ဘက် ဝရန်တာသို့ ထွက်၍ ထိုင်နေပါသည် ။ အတန်ကြာသောအခါ မသင်းထုံ ရောက်လာပြီး “ ကိုရင်မောင် ရှင် ဘယ့်နှယ်လူလဲ ၊ ရှင့်တရားတွေကို ကျွန်မတို့ နာနေဖို့ အချိန်မရှိဘူး ။ ရှင့်ကိုယ်ကိုရှင် အင်မတန် လူလိမ္မာ ၊ လူတော်ကြီး ထင်သလား ။ ရှင်က တယ်တွင်ကျယ်ချင်သလား ။ ကျွန်မကို လူကြီးမိဘများက စီမံကြလို့ နားထောင်ပြီး ရှင့်ကို ဂရုစိုက်မိတာပါ ”

ကျွန်တော်က “ မင်းတို့ မကြိုက်ရင် မပြောပါဘူး ။ သို့သော်လည်း ဟိုအကောင်ဟာ အင်မတန် ရိုင်းတယ် ။ ဒီလို ရိုင်းစိုင်းတဲ့ အောက်တန်းစားလူကို မသင်းထုံ ဘာပြုလို့ အရောဝင်ရသလဲ ” ဟု ပြောရာ မသင်းထုံ က

“ရှင်က သူ့ထက်သာတယ် ထင်သလား ။ ဟိုက အရေးပိုင်သား ဘီအေ ၊ မျိုးကြီးဆွေကြီးပါ ။ ရှင့်မှာ လယ်ဧကကလေး တစ်ထောင်နဲ့ တောသူဌေး လုပ်နေတဲ့လူ ။ ရှင့် အမူအရာတွေကို ကျွန်မ သဘောမကျတော့ဘူး ။ မိဘစကားကိုလည်း ကျွန်မ နားမထောင်တော့ဘူး ” ဟု ပြောပြီး ဝင်သွားပါသည် ။

ကျွန်တော်လည်း ဘာမှမပြောဘဲ “ သင်းလည်း အရက်များ မူးသလား ” ဟု မှတ်ထင်ကာ သည်းခံ၍ နေလိုက်ပါသည် ။ ကျွန်တော်၏ စိတ်မှာ အများကြီး မကောင်းဖြစ်ပါသည် ။ မကြာမီ လူတစ်ယောက် အပါးရောက်ပြီး “ ဘာဖြစ်သလဲ ခင်ဗျား ၊ နေမကောင်းဘူးလား ” ဟု မေးရာ “ ကျွန်တော်က အအေးမိသွားတယ် ထင်တယ် ” ဟု ပြောရာ ထိုလူက ကပျာကယာ ပြန်သွားပြီး ဖန်ခွက်တစ်ခွက်ကို ယူ၍ “ အဲဒီ ဂျင်ကို သောက်လိုက်ရင် ပျောက်ကရောပေါ့ ” ဟု ပြော၍ပေးရာ ကျွန်တော်က ၎င်း “ ဂျင် ” ခေါ်သော တရုတ်ဆေးရည်ကို သောက်လိုက်ပါသည် ။ အတန်ကြာသောအခါ ကျွန်တော် နေကောင်းပြီး စိတ်ရွှင်လျက် အားတက်၍ လာပါသည် ။ ကိုယ်ရောစိတ်ပါ လွန်စွာ အားတက်သော ဆေးဖြစ်ရာ ထိုလူ တစ်ဖန် ကြည့်လာသောအခါ ကျွန်တော်က “ခုတင်က ဆေးဟာ တယ်ကောင်းတယ် ခင်ဗျာ ။ တစ်ခွက် ပေးစမ်းပါဦး ” ဟု ပြောရာ ဆေးတစ်ခွက် ထပ်မံ၍ သောက်မိသောအခါ ကေသရာဇာ ခြင်္သေ့မင်းကဲ့သို့ စိတ်အားကိုယ်အား တက်၍ လာပြီး စော်ကားတဲ့ ပုသိမ်သားကို အိမ်ပေါ်က ကန်ချနိုင်လောက်သော ဣဒ္ဓိပါဒ် တန်ခိုးများ ပေါ်ပေါက်၍ လာပါကြောင်း ၊ သို့ဖြစ်၍ ၎င်းဆေးရည် နှစ်ခွက်ကို ထပ်တောင်းကာ သောက်ပြီး ထိုပုသိမ်သားကို အဆုံးတိုင် စီရင်ရန် ထ၍သွားရာ ၎င်းတို့၏ စားပွဲအနီးသို့ ရောက်၍ သွားပါကြောင်း ၊ အားလုံး ကျွန်တော့်ကို စိုက်ကာကြည့်၍ နေကြပါသည် ။ သို့သော်လည်း အိမ်သမံတလင်းက ချောသဖြင့် ကျွန်တော် ခြေချော်၍ လဲသွားရာ ပုသိမ်သားက ကျွန်တော့်ကို လာ၍ ဆွဲကိုင်မြှောက်ထူရာ ကျွန်တော်က လက်ကို ပြန်ရုပ်ပြီး “ မင်း ငါ့လက်ကို မကိုင်နဲ့ ၊ ငါ့ကို ဘယ်လိုလူ မှတ်သလဲ ၊ ဦးအာသဝ ကျောင်းသားကွယ့် ” ဟု ပြောရာ လက်ကို လွှတ်ပြီး နောက်ကို ဆုတ်သွားပါသည် ။ ထို့နောက် ကျွန်တော် ကြိုးစား၍ ထသော်လည်း မရ ၊ သမံတလင်း နှင့် ဦးခေါင်း ထိမိလို့ ထင်ပါရဲ့ ။ အိမ်တစ်အိမ်လုံး ချာချာလည်၍ နေပြီး တစ်ဖန် လဲကျရာ မသင်းထုံက “ ဘာဖြစ်ပါလိမ့်မလဲ ” ဟု မေးပါသည် ။ ပုသိမ်သားက “ မသိဘူး ၊ ဘယ်တုန်းက သောက်လာပါလိမ့်မလဲ ။ ခုတင်ကလည်း သောက်တာ မမြင်ပါဘူး ” ဟု ပြောသည့် စကားလိုလို ကြားရပြီး ကျွန်တော် မေ့၍ သွားပါသည် ။ သတိရ၍ လာသောအခါ ကျွန်တော့်မှာ မြင်းဇောင်းတစ်ခုထဲသို့ ရောက်နေသည်ကို တွေ့ရပါသည် ။ အတန်ကြာသောအခါ မသင်းထုံတို့ သားအမိ ရောက်လာပြီး ကျွန်တော်၏ ပစ္စည်းများကို လာပို့ပြီး သားအမိ နှစ်ယောက်စလုံး ကျွန်တော့်ကို ရန်တွေ့ကြသည် ။ မသင်းထုံ မိခင်က “ မင်း ဘယ့်နှယ်လူလဲ ၊ မင်းကို ခေါ်လာမိတာ တို့များ အပုံကြီး ကျက်သရေ ယုတ်တယ် ။ တို့များ အိမ်ကို ပြန်မလာပါနဲ့ ။ မင်း အရီးကိုလည်း ပြောလိုက် ။ မင်းတို့ လူစုနဲ့ ငါတို့နဲ့ ဘာမှ အဆက်အဆံ မရှိတော့ဘူး ” ဟု ပြောပါသည် ။

ဤမျှလောက် ရိုင်းစိုင်း စွာ ပြောသော်လည်း ကျွန်တော့်မှာ သူတော်ကောင်းတို့ နှလုံးသားကို သုံးကာ ခန္တီပါရမီ တပေါ ဆိုသည့် ဘုရားရှင် ဒေသနာတော်အရ သည်းခံ၍ နေလိုက်ပါကြောင်း ၊ ကြီးကြီး ကျွန်တော့်ကို လွန်စွာရိုင်းစိုင်းသော သူတို့ထံ တစ်ယောက်တည်း လွှတ်လိုက်သည်မှာ မှားသည်ဟု ထင်ပါသည် ။ သို့သော်လည်း “ ဂျင် ” ဆိုတဲ့ ဆေးဟာတော့ တော်တော် သတ္တိရောက်တဲ့ ဆေးပဲ ။ ကျွန်တော်တို့ အိမ်မှာ အရေးရှိရင် သုံးဖို့ တစ်လုံး ၊ နှစ်လုံး လောက်တော့ ထားဖို့ ကောင်းတယ် ထင်ပါသည် ။ ၎င်းဆေးကို အဘယ်မှာ ဝယ်ရသည် ဟု မေးမြန်းစုံစမ်းပြီး ကြီးကြီးအတွက် တစ်လုံး ၊ နှစ်လုံး ကျွန်တော် ဝယ်၍ လာပါမည် ။ မကြာမီ ပြန်၍ လာပါမည် ။

☐ ပီမိုးနင်း
📖သူရိယရုပ်စုံ သတင်း
     အတွဲ ၁ ၊ အမှတ် ၁၃
     သြဂုတ် ၊ ၁၉၃ဝ

ဇရာကျ ညများ


 

❝ ဇရာကျ ညများ ❞
      ( ခင်ဇော်မိုး )

တိတ်ဆိတ်နေတဲ့ ညထဲ မြည်ဟည်းနေတဲ့ နာရီမောင်းသံက အာဏာအရှိဆုံးပေါ့ ။ ဘယ်နှနာရီ ရှိရော့မလဲ သိချင်စိတ်ကြောင့် အတွေးစကို ခေတ္တ ခေါက်ထားပြီး ကျောက်ရုပ် တစ်ရုပ်လို ငြိမ်သက်စွာနဲ့ နားစွင့် နေမိတယ် ။ အော်ဂင်နာရီမောင်းသံတွေ အဆုံးမှာ တစ်ချက်မျှသော နာရီသံ တစ်ခုသာ လိမ့်ထွက်လာတယ် ။ တစ်ချက်တစ်ချက် ထ,ဟောင်တတ်တဲ့ ခွေးဟောင်သံနဲ့ နာရီထိုးသံတို့သာ ညထဲ လမ်းသလားနေသူများဖြစ်တယ် ။ မျက်လုံးတွေကို ဇွတ်မှိတ်ထားပေမဲ့ ကိုယ့်စိတ်ကပဲ ဆွဲခွာ နေသလို ဂနာမငြိမ်တဲ့ စိတ်ကြောင့် အိပ်စက်လို့ မရဘူး ။ အနည်းငယ် ဟ,နေတဲ့ ပြတင်းတံခါး ကနေ လရောင်တွေ အခန်းအတွင်း ခုန်ဆင်းနေတယ် ။ ဒီလို တိတ်ဆိတ်နေတဲ့ ညတွေထဲ ရှင်သန်ခွင့် ရခြင်းက ငရဲသို့ ရောက်သလို ။ အရင်ကတော့ ဒီလို ညတွေမှာ ဒီလို ခံစားနာကျင်မှုတွေ မရှိခဲ့ပါဘူး ။

ဘေးတစ်ဖက်စီမှာ မြေးမကလေး နှစ်ယောက်က ဝန်းရံလို့ ။ သူတို့လက် သေးသေးကလေးတွေနဲ့ ကျုပ်ကို ပွေ့ဖက်ထားပြီး အိပ်ကြတယ် ။ တစ်ခါတလေ “ အဘွား ပုံပြင်ပြောပြ ” ဆိုပြီး အနားကို အားကျမခံ တိုးဝှေ့ကြတာပေါ့ ။ အဲလို တိုးဝှေ့ခံရတဲ့ ကြားမှာ ဘွားအေ ဖြစ်တဲ့ ကျုပ်က ကျေနပ်နေခဲ့တာ ။ “ အသာ အိပ်ကြပါဟဲ့ ၊ မတိုးကြပါနဲ့ ” လို့ ဟန့်တားပြီး ပြောမိပေမဲ့ အဲ့ဒီ မြေးမလေးတွေရဲ့ အနံ့အသက် ၊ ထိတွေ့မှုကို ရချင် လိုချင်ခဲ့တာပါ ။ အသက်အရွယ် ကြီးလာလို့ ထင်ပါတယ် ။ ဂရုစိုက်မှုကို ကလေး တစ်ယောက်လို စိတ်နဲ့ လိုချင်နေတော့တာပဲ ။

ဘယ်သူကမှ ကျုပ်ကို စကားမပြောတဲ့ အခါဆို တစပြင်ထဲမှာ နေရသလိုပါပဲ ။ မျက်လုံးထဲက မြင်ကွင်းတွေကို ကလေးကစားစရာ စက္ကူဖလင်လိပ်လေးနဲ့ အရုပ်တွေ ထည့်ထားတဲ့ ကင်မရာ ခလုတ်လေး ရွှေ့သလို ဘယ် နေရာရွှေ့ရွှေ့ ချောက်ချားစရာ ကောင်းနေတော့တယ် ။ တစ် ချိန်ကတော့ ဒီအိမ်ကြီးမှာ သားတွေသမီးတွေ အစုံနဲ့ တစ်သိုက်တစ်ဝန်း နေခဲ့ကြ တာပေါ့ ။ တစ်ခါက ရပ်ဝေး အသိ မိတ်ဆွေတစ်ဦး လမ်း ကြုံရင်းနဲ့ အိမ်မှာ ညဉ့်အိပ် ညဉ့်နေ တည်းတယ် ။ ကျုပ် အိမ်မှာ သားတွေသမီးတွေ ၊ မြေးတွေနဲ့ ဆိုတော့ လူတွေ များသကိုး ။ ဒါကို အဲ့ဒီ အသိမိတ်ဆွေက တစ်နေကုန် တစ်နေခန်း မြင်ရရှာတော့ မျက်စိ လည်း နောက်ချင် နောက်မိရှာ မပေါ့ ။ ကျုပ်ကို ပြောရှာတယ် ။

“ မိယဉ်ရေ နင့်အိမ်ကတော့ ဇာတ်ထွက် နေသလားအောက်မေ့ရတယ်ဟေ့ ။ ဝင် တဲ့သူက ဝင်လိုက် ၊ ထွက်သွားတဲ့သူက ထွက်လိုက်နဲ့ အလျှိုလျှို အကန့်ကန့်ပဲ ” တဲ့လေ ။

ပြောလည်း ပြောချင်စရာ ကောင်းအောင်ပင် ။ တစ်ခါတလေဆိုရင် မြေးမတွေ တစ်ပြုံကြီး ဆော့ကြ အော်ကြပြီဆိုရင် လက်ပံပင် ဆက်ရက် ကျသလို ဆူလို့ညံလို့ပေါ့ ။ တစ်ခါတလေ မျက်စိတွေ မူးနောက်နေလို့ အော်ထုတ်မိပေမဲ့ သူတို့လေးတွေ မူကြို သွားတဲ့ သူက သွား ၊ ကျောင်းသွားတဲ့ သူက သွားချိန် ဆိုရင်တော့ လွမ်းရပြန်တယ် ။ သူတို့တွေဟာ သာယာနာပျော်ဖွယ်ကောင်းတဲ့ ဆည်းလည်းသံလေးတွေလိုပဲ အိမ်ကို သာယာစေတယ် ။ ကျုပ် စိတ်ကို ကြည်နူးစေနိုင်တဲ့ ပန်းရှုမျှော်ခင်း တစ်ခုဆိုလည်း ဟုတ်လိမ့်မယ် ။ မြင်တွေ့ရလိုက်တိုင်း ရင်သပ်ရှုမောဖွယ် ကောင်းတဲ့ ပန်းချီကား တစ်ချပ်လိုပဲ ကျုပ်စိတ်တွေကို တိမ်းမူးညွှတ်စေနိုင်တဲ့ သူလေးတွေပေါ့ ။

••••• ••••• •••••

အခုတော့ ဒီအိမ်ကြီးမှာ တိတ်ဆိတ် နေချိန်တွေသာ များတယ် ။ ဥတုကြမ်းကြမ်း ထဲက ပပ်ကြားအက်နေတဲ့ ရေကန်ကြီးထဲမှာ နေထိုင်ရှင် သန်ရသလို ခြောက်သွေ့နေ တော့တာ ။ ပတ်ဝန်းကျင်က ဆိုးသွမ်းနေတော့တာ ။ ကျောင်းက ပြန်လာပြီ ဆိုရင် “ အဘွား ဘာမုန့်ရှိလဲ ၊ ဗိုက် ဆာတယ် ” ဆိုတဲ့ ချွဲချွဲနွဲ့နွဲ့ ပူဆာတတ်တဲ့ မြေးမလေးတွေရဲ့ အသံကို လွမ်းနေမိတာ နေ့တိုင်းပါပဲ ။ အခုတော့ တက္က သိုလ်ကျောင်းသူကြီးတွေ ဖြစ်နေကြပြီမို့ အဝေးမှာ ။ တစ်နှစ်နေလို့ တစ်ခေါက် လောက်သာ ရောက်လာတတ်ကြတယ် ။ ၂ နှစ် ၊ ၃ နှစ် သမီးအရွယ် ကတည်းက ကျုပ်နဲ့ အတူ အိပ်လာတဲ့ မြေးမလေးတွေကို အဘွားဖြစ်သူ ဘယ်လောက်ထိ လွမ်းဆွတ် သတိရနေတတ်တာ ကျုပ် မြေးမလေးတွေ ဘယ်လို နားလည် နိုင်ရှာမလဲ ။

“ သားသမီးအချစ် မြေးအနှစ်တဲ့ ။ ကျုပ်မြေးမလေးတွေကို သိပ်ချစ်မိတာပေါ့ ။ သတိရစိတ်ဟာ ကန့်သတ်လို့ မရဘူး ။ ယောင်ယောင်ယမ်းယမ်းနဲ့ ကျုပ်ရဲ့ဘေးဘက်တွေဆီ တစ်စုံတစ်ခုကို ရှာဖွေသလို လက်နှစ်ဖက်နဲ့ စမ်းနေမိတယ် ။ တွန့်ကြေလိပ်မွနေတဲ့ အိပ်ရာခင်းစောင်ဟာ လက်ထဲ တိုးဝင်လာတယ် ။ ကျုပ် တွေ့လိုတာ နုအိနေတဲ့ လက်ကလေးတွေ ၊ ခြေထောက်ကလေးတွေ ၊ ဆံနွယ်နုနုကလေးတွေကိုပေါ့ ။ အခုလို ပူလောင်အိုက်စပ်နေတဲ့ နွေရာသီ ဆိုရင် ယပ်တောင်တစ်ချောင်းကို ကျုပ်ခေါင်းအုံး ဘေး ၊ ဒါမှမဟုတ် ရင်ဘတ် ပေါ်ကို တင်ပြီး အိပ်တယ် ။ ညဘက် ချွေးစေးတွေ ထွက်နေတတ်တဲ့ မြေးမလေးတွေကို ယပ်ခတ်ပေးဖို့ပေါ့ တစ်ရေး နိုးလာချိန် ဆိုလည်း စိတ်က သူတို့လေးတွေဆီ ရောက်ပြီးသား ဖြစ်နေတာပဲ ။ ယပ်တောင်ဆီ လက်ရောက် သွားပြီး သူတို့ နဖူးလေးတွေမှာ သီးထနေတဲ့ ချွေးတွေကို လက်တစ်ဖက်နဲ့ သုတ်ရင်း ယပ်ခတ်ပေးတယ် ။ တစ်ခါတလေ လက်ပန်းကျပြီး ယပ်တောင်ခတ်ရင်း အိပ်ပျော်သွားတာပေါ့ ။ မိုးတွေ တအားသည်းတဲ့ မိုးရာသီ ဆိုရင် သူတို့ လက်ကလေးတွေနဲ့ ကျုပ် ဝမ်းဗိုက်ကို အမြစ်ကလေးတွေလို သိုင်းဖက် ကုပ်တွယ်ထားကြတယ် ။ တဂျိန်းဂျိန်း မြည်နေတဲ့ မိုးခြိမ်းသံတွေကို သူတို့လေးတွေ ကြောက်တာပေါ့ ။ အိမ်ပြတင်းမှန် ကနေ မြင်ရတဲ့ လျှပ်စစ်စီးကြောင်း တွေကြောင့် သူတို့ ခေါင်းလေးတွေကို ကျုပ်ရင်ခွင်ထဲ အပ် ထားကြတယ် ။ ဆောင်းဆို လည်း ဆောင်းရာသီမို့ သူတို့လေးတွေ စောင်လပ်နေမလား အတွေးနဲ့ ညထဲ တဖျပ်ဖျပ် နိုးနေတော့တာပဲ ။

ဈေးပြန်လာတိုင်း “ အဘွား ဘာပါသလဲ ” မေးကြပြီး ဈေးခြင်း ကြိုကြတယ် ။ ရွာဈေးကလေး ဆိုတော့ တော သရေစာတွေ ပေါတာပေါ့ ။ တစ်ယောက်တစ်ပေါက် ဆိုတော့ အဲ့အချိန်က ဘွားအေ ဖြစ်တဲ့ ကျုပ်မှာ ဈေးတစ်ပတ် ကို သရေစာဖိုး မနည်းကုန် တာပေါ့ ။ ထန်းရည်ချိုမှုန့် ကြိုက်သူအတွက် ထန်းရည် ချိုမှုန့်ကို ဝယ်ရတယ် ။ ကြံချောင်း မှာသူကမှာ ၊ ထန်းလျှော် နဲ့ ကုံးရောင်းတဲ့ တစ်လုတ်သီး မှာသူက မှာ ၊ ကောက်ညှင်းထုပ် မှာသူက မှာ ၊ မုန့်ပျားသလက် မှာသူက မှာနဲ့ မူးနေအောင် ဈေးလှည့်ရတယ် ။ ဒါပေမဲ့ အဲ့သလို တိုလီမုတ်စ သရေစာတွေ ဝယ်ရခြမ်းရတာကိုပဲ ကျုပ်မှာ ပီတိတွေနဲ့ ရယ်လေ ။

သူတို့လေးတွေနဲ့ ဝေးကွာသွားစကဆို ဘွားအေ ဖြစ်တဲ့ ကျုပ်မှာ အရူးတစ်ပိုင်းပဲ ။ ကိုးတန်း ၊ ဆယ်တန်း ရောက်တော့ နယ်မြို့လေးပေါ်ကို ပြောင်းရွှေ့ကျောင်းနေကြတယ် ။ ကျုပ်မှာတော့ လွမ်းလို့ မဆုံးဘူး ။ အနီးနားအုပ်စု ရွာလေးက အထက်တန်း ကျောင်းလေးမှာပဲ နေစေချင် ၊ တက်စေချင်ပေမဲ့ မိဘတွေက ခေတ်အလိုက် ကလေးတွေကို ဟိုမြို့ပို့ ၊ ဒီမြို့ပို့ လုပ်ကြတယ်လေ ။ တစ်ပတ်တစ်ခါ ရွာဈေးလေးက ဈေးနေ့ဆိုရင် ပိုလို့ သတိရမိတယ် ။ သူတို့ ကြိုက်တတ် ၊ မှာတတ်ကြတဲ့ မုန့်သရေစာတွေ ဝယ်ဖို့ ပူဆာကြတဲ့ အသံစာစာလေးတွေ ဘယ်လိုများ မေ့ပျောက်နိုင်ပါ့မလဲ ။ ကျုပ်မြေးမလေးတွေ သာ ငယ်ငယ်က ပူဆာကြတဲ့ ဈေးသရေစာတွေကို စားချင်မယ် ဆိုရင်ပေါ့ ဝယ်ကျွေးချင်စမ်းလှပါတယ် ။ သူတို့လေးတွေ မှာတာ စားရလို့ ပျော်တဲ့ အပျော်နဲ့ အပြုံးက ကျုပ်ကို ဝ,လင်စေတယ်လေ ။

တစ်ခါတလေ မြေးမလေးတွေ ရန်ဖြစ်ကြတာကိုပဲ ရယ်ရမောရတယ် ။ ပြန်မြင် ယောင်မိတိုင်း ကျုပ်နှုတ်ခမ်းတွေ ကော့ညွှတ်သွားလိမ့်မယ် ။ ဘာလို့လဲ ဆိုတော့ “ အဘွားက မီးမီးကို ချစ်တာနော ” လို့ တစ်ယောက်က အမေးနဲ့ အဖြေ တွဲထုတ်ယူရင်း မော်ကြွား ပြောရင် တခြား တစ်ယောက်ကလည်း အရှုံးမပေး “ နင့်ကို မချစ်ဘူး ၊ အဘွားက ငါ့ကို ချစ်တာ ” ဆိုပြီး ခါးကလေးတွေ ထောက် ၊ လက်ညှိုးကလေးတွေနဲ့ ထိုးလိုထိုး ရန်တွေ့ရန်ထောင်ကြတယ် ။ အဲ့သလို ချစ်စရာ ကောင်းလွန်းတဲ့ မြေးကလေးတွေကြား ဘယ်အဘိုးအဘွားက မပျော်ပိုက်ဘဲ ရှိပါ့မလဲ ။ ပြီးတော့ အဲ့သလို မြေးကလေးတွေနဲ့ ဝေးကွာသွားတဲ့အခါ ဘယ် အဘိုးအဘွားက မလွမ်းဘဲ ရှိပါရိုးလား ။

ခုတော့ သူတို့လေးတွေ ပုံရိပ်တွေက ပန်းဝတ်မှုန်အနား လိပ်ပြာကလေးတွေ ဝဲပျံနေ ကြသလို အာရုံတွေထဲ ဝဲပျံနေ တယ် ။

••••• ••••• •••••

လေးလေးပင်ပင် ဆွဲအီ အူနေတဲ့ ခွေးအူသံကလည်း နားကြားပြင်းကတ်စရာပါပဲ ။ ဒီလို အိပ်စက် အနားယူကောင်း မယ့် ညအချိန်တွေထဲ သွေးလေ ချောက်ချားနေတဲ့ ကျုပ်လို အရွယ်အို အဘိုးအဘွားတွေ ရှိကောင်း ရှိပါလိမ့်မယ် ။ အဘိုးအဘွား အရွယ် ဆိုတာ ဟင်းကောင်းဟင်းမွန်နဲ့ ထမင်းဝိုင်းထက် ချိုချိုသာသာစကားကို ကြားချင်မိတော့တဲ့ သူတွေ ။ ငယ်စဉ်ကလို ကုန်ဈေးနှုန်းအတက် အကျနဲ့ စီးပွားရေးစကားတွေ ကြားလိုခြင်း မဟုတ်ဘဲ မြေးမတွေဆီက ခေါ်မယ့် တယ်လီဖုန်းမြည်သံ ကိုသာ ကျုပ်တော့ နားစွင့်နေမိတယ်လေ ။

“ အဘွားနေကောင်းလား ။ ကျန်းမာရေး ဂရုစိုက်နော် ။ အိမ်အလုပ်တွေ မနေတတ် မထိုင်တတ်နဲ့ ဝင်ပြီး မလုပ်နဲ့ဦး ။ အိမ်လည်း အရမ်းလွမ်းတယ် ။ ပြန်လာချင်ပြီ ။ အဘွားကို အမြဲသတိရတယ် ”

အဲ့သလို စကားသံ ချိုချိုတွေ ကြားရချိန်ဆို ပီတိနဲ့ အတူ မျက်ရည်တွေက ရောပြွမ်းနေတော့တာ ။ ဖုန်းလာတဲ့အခါ မြေးမလေးတွေရဲ့ ချိုသာချွဲအီနေတဲ့ စကားသံလေးတွေက စိတ်ကို အင်မတန် ကျေနပ် ပျော်ရွှင်စေတယ် ။ တစ်နေ့တာကို ဖြတ်သန်းဖို့ ကြည်နူးခြင်း လက်မှတ်ကို ရလိုက်သလို ။ အဲဒီ ရက်တွေမှာ စိတ်နဲ့ ကိုယ်ဟာ သက်သောင့်သက်သာ ရှိနေတော့တယ် ။ ပြီးတော့ မြေးမလေးတွေရဲ့ တီတီတာတာ အမှာစကားတွေ ကြားယောင်ရင်း ခဏခဏ ပြုံးနေမိတော့တာ ။ ပျော်ရွှင်ချမ်းမြေ့မှုတွေက ထမင်းပွဲကို ဆီဆမ်း ထားသလို ကျုပ် မျက်နှာပေါ် မှာ ရွှမ်းစိုနေတော့တယ် ။

တစ်ခါတလေ သူတို့လေးတွေ မေးလိုက်တဲ့ “ အဘွား ဘာစားချင်လဲ ၊ စားချင်တာ ရှိရင် အားမနာနဲ့ ပြောနော် ” ဆိုတဲ့ မေးခွန်းကြောင့် ဆွံ့အ သွားတာမျိုးလည်း ရှိတယ် ။ ကျုပ် ဘယ်တုန်းကမှ အဲဒီလို အရာကို မတောင့်တမိပါဘူး ။ ကျုပ် လိုချင်တာ ကျုပ် မြေးမလေးတွေ ဆီက အရင်လို အားကိုးတကြီး ချစ်ခြင်းမေတ္တာတွေ ၊ အလွန်ဆုံး ကျုပ်ကို လွမ်းတဲ့ အကြောင်းတွေ ၊ အဲဒီ အရာတွေပဲ ကြားလို ရလို ချင်မိတာပါ ။ အဲဒီခံစားမှုတွေကို တစ်နေ့တော့ ကျုပ် မြေးမလေးတွေ နားလည်ကြပါလိမ့်မယ် ။

••••• ••••• •••••

လှစ်ဟနေတဲ့ ပြတင်းတံခါး ကနေ မြင်နေရတဲ့ ကြယ်စုကြယ်ဝေးတွေက ကျုပ်တို့ ဘဝတွေလိုပဲ ထင်မိပါရဲ့ ။ တချို့ ကြယ်တွေက သိုက်သိုက်ဝန်းဝန်း ရှိတယ် ။ အရွယ်အစား ကြီးတဲ့ ကြယ်တွေ ၊ သေးငယ်တဲ့ ကြယ်ကလေးတွေ စုပြုံနေကြတာက လူစုံတက်စုံနဲ့ ပျော်စရာ မိသားစု တစ်ခုလို့ပဲ မြင်မိတယ် ။ တချို့ ကြယ်တွေကျတော့ လည်း ထီးထီးမားမား လှပပေမဲ့ ဘယ်လို ကြယ်ကလေးတွေမှ အနား မရှိတဲ့အခါ အထီးကျန်တဲ့ လူတစ်ယောက် လိုပါပဲ ။ ပြီးတော့ သေးငယ် လွန်းတဲ့ ကြယ်မှုန်ကြယ်မွှား ကလေးတွေ တသီးတသန့် လွင့်စဉ်နေကြတာ တွေ့ရ တော့ စွန့်ပစ်ခံရတဲ့ မွေးကင်း ကလေးငယ်တွေ လိုလို ။ ရေခြားမြေခြားမှာ မိသားစုနဲ့ ကင်းကွာကြရသူတွေ လိုလို ။ အားလုံးဟာ ကိုယ့်အချင်းနဲ့ အဆင်းနဲ့ လင်းလက်နေတဲ့ ကြယ်ကလေးတွေပါပဲ ။ ပြီးတော့ ကြီးတယ် ၊ ငယ်တယ် မရှိဘဲ တဖြုတ်ဖြုတ် ကြွေကြရ ၊ သေကြရ ။ လောကကြီးထဲ ကနေ နှင်းတွေ ပြယ်သလို ပြယ်လွင့်ကြရ ၊ သစ်ရွက်တွေ ကြွေသလို ကြွေလွင့်ကြရ ။ ဒါကြောင့် ကျုပ်မြေးမလေးတွေကို ကြယ်ကလေးတွေ မကြွေခင်လို လောကအတွက် လင်းလက်စေချင်တယ် ။ နှင်းတွေ မပြယ်ခင်လို ဆောင်းမနက်ခင်း အတွက် လှပစေချင်တယ် ။ သစ်ရွက်ကလေးတွေ မကြွေလွင့်ခင်လို လူ့ပတ်ဝန်းကျင် အတွက် သဘာဝပတ်ဝန်းကျင်အတွက် စိမ်းစိုအေးမြမှုကို ပေးစွမ်းစေချင်တယ် ။ ဒါဟာ မြေးမလေးတွေ ဆီမှာ ထားတဲ့ ဘွားအေ တစ်ယောက်ရဲ့ မျှော်လင့်ချက်ပါပဲ ။

“ လမင်းကြီးလောက် လင်းရမယ် မဆိုပါဘူး ။ ကြယ်ကလေးတွေလောက်တော့ လင်းစေချင်တယ် ” 

အဲ့ဒီ စကားလုံးဟာ ချောက်ချားစရာ ညတွေထဲ ထိုးအန်လာတဲ့ စာကြွင်းပါပဲ ။ ကျုပ်မြေးမလေးတွေ မသိနိုင် မကြားနိုင်ကြဘူး ။ ဆိုးရွား နာကျင်နေတဲ့ အနာဆိုး တစ်ခုထဲ လောက်ကောင်တွေ တရွစိစိ ရွေ့လျား ကိုက်စားနေကြ သလို အထီးကျန် လွမ်းဆွတ်မှုတွေဟာ ဇရာညတွေ ထဲမှာ ကျုပ်ရဲ့ အိပ်စက်ငြိမ်းချမ်း ခြင်းတွေကို မြိန်ရေရှက်ရေ သုံးဆောင်နေကြတယ် ။ ဇရာနဲ့ အထီးကျန် အင်အား မဲ့နေတဲ့ လူတစ်ယောက်ဟာ အဲဒီအရာတွေကို ဘယ်လိုများ တပ်လှန့်မောင်းထုတ်နိုင်ပါ့မလဲ ။ စိုးရိမ်စိတ်နဲ့ လွမ်းစိတ်ကြောင့် ထင်ပါရဲ့ ။ မှိုနံ့ ထွက်နေတဲ့ ခေါင်းအုံးကလေးမှာ မျက်ရည်တွေ စိုနေပြီ ။ ဒီလို ညမျိုးတွေ ကမ္ဘာမြေမှာ နောက်ထပ် မမွေးဖွားရင် သိပ်ကောင်းမှာပါပဲ ။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်နေ့နေ့မှာ ဒီလို ညမျိုးနဲ့ ကျုပ် မြေးမကလေးတွေ ထိပ်တိုက်တွေ့မှာ စိုးလို့ ပေါ့ ။ သူတို့ အိပ်စက်နေတဲ့ ခေါင်းအုံးကလေးမှာ မျက်ရည်ကွက်တွေ စွန်းမှာ ပူပန်နေမိတာ ။ ဒီအကြောင်းတွေ သူတို့ သိရင် “ အဘွားက ပိုလိုက်တာ ” လို့ ရယ်မောရင်း ပြောလေမလား ။ ဒါပေမဲ့ ဒီလို သွေးလေ ချောက်ချားနေတဲ့ ညတွေဟာ ကြယ်တွေလိုပဲ ကြွေလည်း ကြွေနေပါရဲ့ ။ ကုန်လည်း ကုန်ဆုံးခြင်း မဲ့လို့ ။

တဖြည်းဖြည်း ညက တိတ်ဆိတ်သထက် တိတ် ဆိတ်လာတယ် ။ အခန်းတွင်း ယိုစီးနေတဲ့ လရောင်တွေ ခြောက်သွေ့သွားလေပြီ ။ အလင်းစူးစူးနဲ့ ကြယ်ကလေးတွေ ဘယ်ဆီ ပြေးကြပါရော့ မသိ ။ တိမ်မည်းတွေ လရိပ်ထက်ကနေ ဖြတ်ပြေးနေကြပြီ ။ သစ်ကိုင်းခြောက် သဏ္ဌာန်နဲ့ တူတဲ့ လျှပ်စီးတွေက ကောင်းကင်ထက်မှာ ဖျပ်ခနဲ ဖျပ်ခနဲ ။ တိမ်ညိုတွေ ပြိုတော့မယ် ။ မိုးခြိမ်းသံတွေ ညံတော့မယ် ။ ဖားတွေ အော်ကြတော့မယ် ။ ဖားကလေးတွေ ပျော်ကြတော့မယ် ။ အရင်ကတော့ ဒီလို ညမျိုးဆို ကျုပ်ရင်ငွေ့ကြား မြေးမလေးတွေ တိုးဝှေ့ကြတယ် ။ ဒီလို အဖြစ်မျိုးဆို သူတို့ ကြောက်တတ်ကြရဲ့ ။ တွတ်တီးတွတ်တာ ပြောကြ ၊ ဆူကြတဲ့ သူတို့လေးတွေကို မိုးရာသီဆို မိုးခြိမ်းသံတွေနဲ့ ခြောက်လှန့်ခဲ့ ။ နွေဆိုလည်း “ လက်ပံပွင့်ချိန် ခွေးရူးချိန် ”  ဆိုပြီး နေပူပူမှာ မထွက်ကြဖို့ ခြောက်လှန့်ခဲ့ ။ ဆောင်းဆိုရင် လည်း အအေးပတ်ရင် ဆရာဝန် ဆီမှာ ဆေးထိုးရမယ်လို့ ခြောက်လှန့်ခဲ့တယ် ။

အခုတော့ ဇရာနဲ့ အထီးကျန်ခြင်း ကြားမှာ သုံးရာသီလုံး ကြောက်ရွံ့နေရတော့တာက ကျုပ်ပဲပေါ့ ။ ပြီးတော့ တစ်ချိန်က မြေးမကလေးတွေရဲ့ အထိအတွေ့နဲ့ အနံ့အသက်လေးတွေအစား ချောက်ချားစရာတွေကသာ တိုးဝှေ့ နေကြတော့တယ် ။

အရင်က နုပျိုလတ်ဆတ်တဲ့ ညတွေဟာ ခုတော့ ကျုပ်နဲ့ အပြိုင် ဇရာကျနေခဲ့ပြီ ။ မိုးချုန်းသံတွေကြား သာယာနာပျော်ဖွယ်ရှိတဲ့ မြေးမကလေးတွေရဲ့ မျက်နှာကလေး တွေနဲ့ အသံလေးတွေကို မြင်နေမိ ၊ ကြားနေမိခြင်းက အဖျားကြားက ရတဲ့ ဆရာဝန် ဆီက ဆေးဝါးလို ။ ပြီးတော့ ချောက်ချားစရာ ကောင်းတဲ့ ဇရာကျ ညတွေထဲက ကုပ် တွယ်စရာလည်း ဖြစ်တယ် လေ ... ။

⎕ ခင်ဇော်မိုး
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း    
     ဒီဇင်ဘာ ၊ ၂၀၁၇