Showing posts with label စမ်းစမ်းနွဲ့ ( သာယာဝတီ ). Show all posts
Showing posts with label စမ်းစမ်းနွဲ့ ( သာယာဝတီ ). Show all posts

Saturday, February 28, 2026

ရှိခိုးဦးချ ကန်တော့လိုက်ပါရဲ့

❝ ရှိခိုးဦးချ ကန်တော့လိုက်ပါရဲ့ ❞  

   ( စမ်းစမ်းနွဲ့ - သာယာဝတီ )


ရိပ်ခနဲ ရိပ်ခနဲ ပြောင်းလဲကျန်ရစ်သော ရှုခင်းတွေကို ကြည့်ရင်း ငြီးငွေ့လာသည် ။ အတူပါလာသော ခရီးဖော်များကို ခုမှ သတိရ၏ ။ ကားပြတင်းမှ အကြည့်ကို သိမ်းရုပ်ကာ မျက်နှာကို တစ်ဖက်သို့ ငဲ့လိုက်သည် ။ ဆရာ ဖုန်းသက်ဝေသည် ကားကူရှင်နောက်မှီတွင် ခေါင်းတင်ကာ မျက်လွှာများကို မှေးမှိတ်ရင်း တစ်စုံတစ်ခုကို တိုးတိုးဖွဖွ ရွတ်ဆိုလိုက်ပါ၏ ။ နှုတ်ခမ်းအဖွင့်အပိတ်ကို တစ်ဖြုတ်မျှ အကဲခတ်ခြင်းအားဖြင့် ဓာရဏပရိတ် ဖြစ်မည်ဟု စုစုထား သိလိုက်သည် ။ ကြားရသည့် သတင်းတွေ ဟုတ်ပုံပါပဲ ။ အသက်အရွယ်နှင့် အတွေ့အကြုံများအရ ဆရာ ဖုန်းသက်ဝေ ကား များစွာ ပြောင်းလဲလျက် ရှိချေပြီ ။ မာန်မာနတရားတို့ကိုလည်း ကာလအတော်ကြာကြာက ခါချစွန့်ပစ်ထားခဲ့ပုံရသည် ။ သိမ်မွေ့ချမ်းငြိမ်းသော အသွင်အလျာနှင့် အသားတကျ ရှိနေပြီဖြစ်သော ဆရာ့ လှုပ်ရှားမှုဟန်ပန်တွေကို အံ့သြဖွယ် ကောင်းလောက်အောင် မြင်တွေ့နေရသည် ။ ဟိုစဉ်တုန်းက ထူးခြားပြောင်မြောက်သော ဆရာ့ဝတ္ထုရေးဟန်တွေ ၊ ပြတ်သားရဲရင့်သော ဘဝအဘိဓမ္မာတွေကို တစိမ့်စိမ့် သတိရလာ၏ ။ ခြုံ၍ ပြောရလျှင် ပျိုရွယ်စဉ်ကာလက ဆရာ ရေးခဲ့သောဝတ္ထုများမှာ ရုပ်ဝါဒဘက်သို့ တိမ်းညွတ်သည် ။ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သော ကာလမှာ ဆရာ ဖုန်းသက်ဝေသည် အစွန်းရောက် လောကအမြင်များကိုပင် အတိအလင်း ကြွေးကြော်ခဲ့သူ ဖြစ်လေသည် ။


“ မွေးခြင်းမှတ်တိုင်နဲ့ သေခြင်းမှတ်တိုင်ကြားက ကာလ ကိုပဲ ကျုပ် ယုံတယ် ” ဟု ဆရာ့ဝတ္ထုဇာတ်လိုက်များ ပြောလေ့ပြောထ ရှိခဲ့သော ပရိသတ်ကြိုက် စကားလုံးတစ်လုံးကို ဖျတ်ခနဲ သတိရသည် ။


ခုတော့ ဆရာသည် “ ကံတရား ” ကို သက်ဝင်လျက် ရှိပြီ ဖြစ်ကြောင်း မုချ တွေ့နေရလေသည် ။


ပရိသတ် အသိန်းအသောင်း၏ ဦးနှောက်နှင့် နှလုံးသားကို ဆရာ ကိုင်လှုပ်ခြယ်လှယ်ခဲ့သော လွန်ခဲ့သော ဆယ်စုနှစ်ကျော် ကာလများတုန်းက စုစုထား လည်း ဆရာ့စာများ၏ သြဇာခံ ဆယ်ကျော်သက် စာရူးပေရူးမကလေး ဖြစ်ခဲ့သည် ။ ကျောင်းမုန့်ဖိုးကို စု၍ အစာငတ်ခံကာ ဆရာ့ဝတ္ထုတွေ ထွက်သမျှ မလွတ်တမ်း ဝယ်ဖတ်ခဲ့သူ ၊ ဆရာ့ဝတ္ထု ဇာတ်ကောင်များ ၏ “ စကားပြော ” များကို သဘောကျ နှလုံးတွေ့လွန်းသဖြင့် မင်နီတွေ ရဲနေအောင်သားပြီး အလွတ်ကျက်မှတ်သားလာခဲ့သူ ။


လောကဝတ် ၊ ဓမ္မဝတ် စကားအဖြစ် အထင်အမြင်လျော့ပါး မခံနိုင်၍သာ ဆရာ့ကို ဖွင့်ဟဝန်ခံဖို့ မရည်စူးမိခဲ့ ။ သို့သော် အရှိန်အဟုန်ကြီးမားစွာ လွှမ်းမိုးခဲ့သော ဆရာ့ဝတ္ထု အာနိသင်တွေကို စုစုထား သတိမရဘဲ မနေနိုင် ။


ယနေ့ အတန်အသင့် နာမည်ရနေသော စုစုထားတို့ မဆို ထားဘိ ထိပ်တန်း အရောင်းရ တွင်ကျယ်သော အများကြိုက် ဝတ္ထုရေးဆရာများပင် ဆရာခေတ်ကောင်းခဲ့ပုံ ၊ ဆရာကျော်ကြားခဲ့ပုံ ၊ ဆရာ့သြဇာကြီးမားခဲ့ပုံတွေနှင့် နှိုင်းယှဉ်လျှင် လှေယာဉ်နှင့် ရက်ကန်းလွန်းနှယ် အတိုင်းအဆပမာဏ ကွာခြား လွန်းလှပါသေးသည် ။


ဒါတွေ ပြန်ပြောပြလျှင် ဆရာသည် တောက်ပရွှန်းမြခဲ့သော အတိတ်ကို ပြန်လည်ညွှတ်နူးကာ ပီတိဖြစ်လေမည်လား ။ သူ့စာဖတ်ပရိသတ် မိန်းကလေးတစ်ဦးက ယနေ့ အတန်အသင့် အောင်မြင်သော စာရေးဆရာဖြစ်နေသည့်အတွက် ကျေနပ်အားရနေမည်လား ။


ပြီးတော့ အနည်းဆုံး လမ်းခရီးမှာ စကားဝိုင်း စိုပြည်မှု ရသွားနိုင်သည် ။ ဒီခရီးစဉ်မှာ စုစုထား လည်း ကြောင်စီစီ ယောင်နန ဖြစ်ချင်၏ ။ စာပေဟောပြောပွဲအဖွဲ့တို့ ထုံးစံ ၊ ရင်းနှီးသူချင်း စုစည်းထွက်လာကြသောအဖွဲ့မျိုး မဟုတ်ချေ ။ နယ်က သူနှစ်သက်ရာ ရွေးချယ်၍ ဖိတ်ခေါ်ခြင်းခံရသူများ စုစည်း ခရီးထွက်လာသည့်သဘောသာ ဖြစ်သည် ။


‘ ဧရာအရှေ့’ ဟီးနိုးအမြန်ကား၏ ဟိုးရှေ့ဆုံး ခုံနံပါတ်မှာ သင်းကွဲရောက်နေသော ဆရာ ကိုလင်းပြာ သာလျှင် ခေတ်ပြိုင် ဝတ္ထုရေးသူတစ်ဦးအဖြစ် စုစုထား နှင့် မေးထူးခေါ်ပြောရှိခဲ့ဖူးသည် ။ ဆရာ ဖုန်းသက်ဝေကတော့ သိကြသည့်အတိုင်း စုစုထား ထက် တစ်ခေတ်ကျော်မျှ စောခဲ့သူ ။ ခုမှပင် နီးနီးကပ်ကပ် တွေ့ဖူးမြင်ဖူးရခြင်း ဖြစ်သည် ။


ကားထွက်စက ရှေ့ဆုံးတန်းမှ ဆရာ ကိုလင်းပြာ သည် စုစုထား တို့ ရှိရာ လျှောက်လာပြီး ပဋိသန္ဓာရစကား ပြောသေးသည် ။


“ မစုစုထား ပျင်းနေပြီလား ။ နယူး ကန်ဘိုင်နေးရှင်းပေါ့ ဗျာ ။ ခရီးတစ်လျှောက်လုံး လိုတဲ့ အကူအညီရှိရင် ကျွန်တော့်ကို အားမနာတမ်းပြောပါ ”


ဟုတ်ကဲ့ရှင့် ဟု ပြုံးရွှင်စွာ ခေါင်းညိတ်ပြလိုက်သည် ။ တကယ်တော့ များစွာ အကူအညီလည်း မလိုလှပါ ။ တစ်ယောက်နှင့်တစ်ယောက် ဟောပြောပွဲ စင်မြင့်ပေါ်မှာ သိပ်ပြီး အချိတ်အဆက် မကွာဟဖို့ဘဲ လိုပါတယ် ။ ကိုယ့်တာဝန်ကိုယ် ထမ်းဆောင်ကြရသောကိစ္စသာ ဖြစ်၍ မိမိကိုယ်ကို မိမိတာဝန် ယူဖို့ပဲ ရှိမည်ထင်သည် ။ စာရေးဆရာ ဆိုသည်မှာ စာရေးရာ တွင် ဖြစ်စေ ၊ ဟောပြောရာမှာပင် ဖြစ်စေ မိမိ၏ သမိုင်းကို မိမိ ရေးနေကြခြင်းသာ ဖြစ်လေသည် ။


ခရီးသွားရာမှာလည်း အတူတူပါပဲ ။ ပုဂ္ဂိုလ်ရေး ရင်းနှီးမှု ရှိလျှင် ရှိသည့်အလျောက် စကားပြောဖြစ်မည်ပင် ။


ဒီခရီးမှာ ဆရာ ဖုန်းသက်ဝေ နှင့် စုစုထား က ခုံတန်းတစ်ခုတွင် နေရာရသည် ။ ခုံချင်းကပ် ထိုင်လာသူ ခရီးသွားဖော်ချင်း အနေနှင့် နည်းနည်းပါးပါး စကားပြောသင့်သည်ကို သိ၏ ။ သို့သော် ဘာပြောရမည်လဲ ။


စောစောက တွေးမိသလို ငယ်ငယ်တုန်းက ဆရာ့ဝတ္ထုတွေ မလွတ်တမ်း ဝယ်ဖတ်ခဲ့တာတွေ ၊ ဆရာ့ အဆိုအမိန့်တွေကို မင်နီသားပြီး အလွတ်ကျက်ခဲ့တာတွေလည်း မပြောချင် ။


ပြောချင်သည်က ... ။


 ••••• ••••• ••••• 


“ ဒီတစ်ခါ မင်း ဘာပြောမှာလဲ ”


ဟောပြောပွဲ ထွက်ခါနီးတိုင်း မေးနေကျ မေးခွန်းကို ခင်ပွန်းသည်က မေးခဲ့လေသည် ။ ခါတိုင်းဆိုလျှ င်...


“ အို ... ဘယ်ပြောနိုင်မလဲ ကိုရဲ့ ။ ဟိုမှာ ဘယ်လို ပရိသတ်မျိုးနဲ့ ရင်ဆိုင်ရမှန်းမှ မသိတာ ။ ဟိုရောက်မှ အဆင်ပြေသလို ကြည့်ကျက် ပြောရဆိုရမှာပေါ့ ”


မရေရာသော အဖြေကို ပြီးစလွယ် ဖြေခဲ့မြဲ ဖြစ်သည် ။ ဟုတ်သည် ။ စာပေဟောပြောပွဲတို့၏ “ အထာ ” ကို နားမလည်မီကတော့ ပြောဖို့ ဟောဖို့ အကြောင်းအရာကို ပြင်ဆင်ထားလေ့ရှိသည် ။ အကြောင်းအရာ မထပ်ရေး ၊ ဦးတည်ချက် ပီပြင်ရေး စသည်ဖြင့် ခေါင်းခြောက်အောင် အပင်ပန်းခံခဲ့သည် ။ သို့သော် တကယ့်တကယ် ပရိသတ်နှင့် ရင်ဆိုင်ရတော့ ပြောသည့် အကြောင်းအရာနှင့် ပရိသတ် အံဝင်ခွင်ကျ ဖြစ်ချင်မှ ဖြစ်တတ်လေသည် ။ ပေါ့ပေါ့ပါးပါး ရယ်ချင်မောချင်သော ပရိသတ်ကို စာပေအတွေးအခေါ်တွေ ပြောမိလျှင် စင်ပေါ်က ဘယ်လို ပြန်ဆင်းမှန်း မသိတော့အောင် “ ကြောင် ” ရတတ်သည် ။ စာပေခံယူချက် အပြည့်ဖြင့် အလေးအနက် ဖိတ်ကြားတတ်သော ပွဲမျိုးမှာ ပေါ့ရွှတ်ရွှတ် ပြောမိလျှင်လည်း အရိုအသေ လျော့ပါး နိုင်သည် ။


အတွေ့အကြုံ များလာတော့ ပရိသတ်အများလည်း စိတ်ဝင်စားအောင် ၊ စာပေခံယူချက်ကိုလည်း အထိပါးမခံရအောင် သွက်သွက်လက်လက်ရှိမည့် အကြောင်းအရာကလေးတွေ စုဆောင်းထားရသည် ။ အကဲမရသော ပရိသတ်နှင့် ဆုံလျှင် သွက်သွက်လက်လက် ပေါ့ပေါ့ပါးပါးကလေးတွေ ခပ်များများ ကြားညှပ်ပေးရလေသည် ။ သို့ကြောင့် ဟောပြောချက်တွေမှာ အဖန်တလဲလဲ ထပ်ချင်လျှင်လည်း ထပ်စေတော့ ။ မီးစင် ကြည့်က,တတ်သော အကျင့်ဖြင့် စုစုထား အသားကျခဲ့သည်မှာ ကြာပြီ ။


ဒီတစ်ခါတော့ ခင်ပွန်းသည် မေးသည့် မေးခွန်းမှာ ခါတိုင်းနှင့် မတူဟု စုစုထား သိလိုက်သည် ။ ထို့ကြောင့် ခါတိုင်းလို မရေမရာ အဖြေမပေးတော့ဘဲ ခဏ စဉ်းစားနေ လိုက်သည် ။


“ ဘာပဲပြောပြော မင်းပြောရင် ဝတ္ထုတွေရဲ့ သြဇာ အကြောင်းက ပါဦးမှာပဲ မဟုတ်လား ”


ဒီမေးခွန်းကိုတော့ စဉ်းစားနေစရာ မလိုပါ ။ အလွယ်တကူ ခေါင်းညိတ်ရသည် ။


“ အေးလေ ၊ ဆရာ ဦးဖုန်းသက်ဝေ ပါနေတယ် ။ မင်းက စကားများများပြောရင် ‘ လွတ် ’ ချင်တတ်လို့ သတိပေးတာ ။ ဝတ္ထုတွေကို ဥပမာပေးတဲ့ နေရာ ၊ ကောက်ချက်ဆွဲပြတဲ့ နေရာတွေမှာ ပုဂ္ဂလဓိဋ္ဌာန် မပါစေနဲ့ ။ ဓမ္မဓိဋ္ဌာန်ကျကျ ပြောပါကွာ ။ အတူတူ ခရီးသွားကြတဲ့အခါ လူကြီးစိတ် ကသိကအောက်ဖြစ်အောင် ဘာမှ မလုပ်ပါနဲ့ ” 


ဒါမျိုးတော့ ဘယ်အခါမှ မဖြစ်စေရပါဘူးဟု စုစုထား က မိမိဘာသာ ခိုင်လုံနေသည် ။


သို့သော် စကားများများ ပြောလျှင် လွတ်ချင်တယ်ဟု ခင်ပွန်းသည်က စိတ်မချမြဲ ရှိလေသည် ။ ရင်းနှီးသော ဆရာကြီးအချို့ကလည်း ဟောပြောပွဲပြောရင် သိပ်ပြီး စိတ်လိုက်မာန်ပါ မဖြစ်စေနဲ့ဟု သတိပေးကြဖူးသည် ။


“ ဟဲ့ မိစုထားရဲ့ ၊ ညည်းကလည်း ဝတ္ထုရေးနေတဲ့လူ ၊ ခေတ်ပြိုင်စာပေလောကကို သိပ်မဝေဖန်နဲ့ဟ ။ စေတနာကို အထင်လွဲကုန်ရင် မကောင်းဘူး ။ ညည်း ပြောချင်တာရှိရင် ငါတို့ပြော ၊ ငါတို့ ပြောပေးမယ် ။ ငါတို့ ပြောရမယ့် စကားတွေကို ညည်း ဝင်မပြောနဲ့ ။ ဝတ္ထုရေးဆရာဆိုတာ လူချစ်အောင် မနေချင်ဘူး ဆိုရင်တောင် အမုန်းမခံချင်ပါနဲ့ဟာ ။ အမုန်းခံလက်စနဲ့ တို့ဝေဖန်သူတွေ ခံစမ်းပါရစေ ”


ဝတ္ထုရေးဆရာဆိုတာ အမုန်းမခံရဘူး ဆိုပါလားဟု အဲဒီတော့မှ စုစုထား နားလည်ရသည် ။ ထို့ထက် ‘ စေတနာကို အထင်လွဲနိုင်တယ် ’  ဆိုသော သတိစကားကို ပိုပြီးသတိထား မိလေသည် ။ ထိုအချိန်ကစပြီး စုစုထားသည် မတော်တရော် တွေ့လျှင် ‘ ထောက် ’ ချင်သော ၊ ထေ့ချင် သရော်ချင်သော သတင်းထောက်စိတ်ကို အတတ်နိုင်ဆုံး ချိုးနှိမ်ခဲ့ပါ၏ ။


သို့သော် ဆရာကြီးတွေ ပြောသလို လူချစ်အောင်တော့ သိပ်ပြီး ကြိုးစားဖို့ မလိုဟု ယူဆမြဲရှိသည် ။ စာရေးဆရာ ဆိုသည်မှာ အခြားသော အနုပညာသည်များနှင့် မတူ ။ ဖျော်ဖြေရုံသက်သက် မဟုတ် ။ စိတ်ဓာတ်အရ ၊ အတွေးအခေါ်အရ ထူးခြားမှု ရှိသင့်သည် ထင်၏ ။ အမှန်တရားကို မြတ်နိုးသည့် ပဋိသန္ဓေစိတ် မုချ ရှိလာရမည် ။ ဒီ့အတွက်နှင့်ပင် လူတိုင်း သည် မိတ်ဆွေ ဖြစ်နိုင်မည် မထင် ။ ရန်သူ ဆိုတာလည်း မလွဲမသွေ ရှိရမည် ။


မုန်းသူ မရှိအောင် ၊ အများ ချစ်အောင် ဥဿာဟ ပြုမည်ဆိုလျှင် အဲဒီအလုပ်မျိုးလောက် ပေါတောတော ကြောင်တောင်တောင် နိုင်တာမျိုး ရှိမည် မဟုတ်ဟု စုစုထား က ခပ်ရွှန်းရွှန်း တွေးနေမိသည် ။


ဘာပဲပြောပြော ရေးရာမှာ ဖြစ်စေ ၊ ပြောရာမှာ ဖြစ်စေ တရားမျှတစွာ ရှုမြင်ဆင်ခြင်နိုင်ဖို့ပဲ လိုမည်ထင်ပါသည် ။


ဒီတော့ ဘယ်နေရာမှာ ဖြစ်စေ ၊ ဘယ်အခါမှာ ဖြစ်စေ စာရေးခြင်း ၊ ဟောပြောခြင်း ၊ ဆွေးနွေးခြင်း ကိစ္စရပ်များ အတွက် စုစုထား ပင်ပန်းလိမ့်မည် မဟုတ် ။


ဟုတ်ကဲ့ပါ ကိုရယ် ဟု ခင်ပွန်းသည် စိတ်ချအောင် နှုတ် ကတိပေးခဲ့သည် ။


သို့သော် ပြောတော့ ပြောရဦးမည် ။


••••• ••••• ••••• 


ဝတ္ထုများ၏ ကောင်းသော အာနိသင် ၊ ဆိုးသော အာနိသင် ကို ပေါ်တင်ကြီး ခွဲပြောပြ၍ မသင့်ဟု ခံယူပြီးဖြစ်သည် ။


စာဖတ်တတ်စ အရွယ်က စ၍ ဖတ်ခဲ့သော စုန်း ၊ ကဝေ ၊ တစ္ဆေသရဲ ဝတ္ထုများကြောင့် ကြောက်စိတ် လွှမ်းကဲခဲ့ရပုံတွေ စ,ပြောသည် ။ လျှို့ဝှက်နှင့် စုံထောက်ဝတ္ထုတွေကြောင့် အတွေးအခေါ် ထက်သန်ခဲ့ပုံတွေ ၊ အတွေး ‘ ခေါင် ’  ခဲ့ ‘ ကြောင် ’  ခဲ့ပုံတွေ ဆက်ပြောတော့ ပရိသတ်ကို ဆုပ်ဖမ်း၍ ရပြီ ။


ဆယ်ကျော်သက်အရွယ် ရောက်ပြန်တော့ ထုံးစံအတိုင်း ရင်ကလေး မခုန့်တခုန် ရှိလာတဲ့အခါ အဖုံး လှလှ ၊ စကားလုံး လှလှနဲ့ အချစ်ဝတ္ထုကလေးတွေကို ငြိတွယ်မိပြန်ပါတယ် ။ ဝတ္ထုတွေထဲက ဇာတ်လိုက်ကောင်မလေးတွေ နေရာမှာ ကိုယ်ချည်း ရောက်ရောက်နေတော့တယ် ။ ဝတ္ထုဇာတ်လမ်း အကျဉ်းကလေး တစ်ခုတလေ ပြောရင်း ဖတ်သူ ကိုယ်တိုင် ဝတ္ထုထဲ ရောက်သွားတတ်သည့်အကြောင်း ကာလပေါ် လူငယ်စကားလုံးများ သုံးနှုန်း၍ ပြောတော့ ပရိသတ်ကို ကိုင်လှုပ်၍ ရလာလေသည် ။


ဒီ့နောက်တော့ စာဖတ်သူ လူငယ်တွေ အစွဲငြိဆုံး ဝတ္ထု အမျိုးအစား ။ ထိုဝတ္ထုတွေထဲက ဇာတ်ကောင်စရိုက်တွေ ၊ အဆို အမိန့်တွေ၏ ဩဇာကြောင့် လူငယ်များ စိတ်ဓာတ်ပြောင်းလဲမှု ဖြစ်ရပုံ ။


ဒီနေရာမှာ မိမိ၏ ခံစားမှု ၊ မိမိ၏ အတွေ့အကြုံကို မပြော၍ မဖြစ်တော့ပြီ ။ ‘ အရက်သာ သစ္စာရှိသည် ’ ဆိုသည့် စကားလုံး တစ်လုံး၏ ဩဇာကြောင့် ယနေ့ ယစ်ထုတ်ကြီးဘဝဖြင့် ဘဝပျက် နေကြသော ငယ်စဉ်က စာဖတ်ဖော် ဝါသနာတူ သူငယ်ချင်းများအကြောင်း ။


“ တက္ကသိုလ်က ဘီအေဘွဲ့ဆိုတာ အလကား ။ ကျောင်းသင် ပညာဟာ ကြက်တူရွေး စကားသင်သလောက် အဓိပ္ပာယ် ရှိတယ် ။ လမ်းဘေးပလက်ဖောင်းပေါ်မှာ လောကဓံကို ရင်ဆိုင်ရုန်းကန်နိုင်မှ အနှစ်သာရရှိတဲ့ဘဝဖြစ်တယ် ။ ဂေါ်ကီ ဟာ ဘွဲ့မရပါဘူး ။ တက္ကသိုလ်ဘွဲ့ထက် လမ်းဘေးဘဝတက္ကသိုလ်က တုံးပေကတ်သတ် ဒီဂရီကို တန်ဖိုးထားတယ် ”


ဒီစကားလုံးတွေ အလွတ်ကျက်ပြီး စာသင်ခန်းမှ စွန့်ခွာသွားသည့် ကျောင်းနေဖက် သူငယ်ချင်းတွေ အကြောင်း ။


မိန်းမပျက်မကလေး တစ်ယောက်ကို သစ္စာရှင်မလေး ဟု အမွှမ်းတင် ရေးဖွဲ့ထားသော ဝတ္ထုတစ်ပုဒ်ကြောင့် မိမိကိုယ်ကို ကယ်တင်ရှင် လူစွမ်းကောင်း ဟု ယုံမှတ်ကာ မိန်းမပျက်တွေနှင့် လက်ထပ်ပြီး အိမ်ထောင်ရေးလည်း ပြိုကွဲ ၊ ဘဝလည်း ပျက် ကုန်ကြသော စာပေဝါသနာရှင် မိတ်ဆွေများ အကြောင်း ။


နောက်သို့ လုံးဝ လှည့်မကြည့်စတမ်း ပြောဟောလိုက်ပြီး မိန်းကလေးတို့၏ ဂုဏ်အင်္ဂါနှင့် လူသားတို့၏ ဇွဲသတ္တိကို ဖော်ကျူးသော ဝတ္ထုတွေကို ဆက်ပြောပြသည် ။


“ အကျဉ်းအကျပ်ကျတဲ့အခါမှာ တစ်ပွဲတိုး ဖြတ်လမ်းနည်းနဲ့ ထွက်ပေါက်ရှာတတ်တဲ့ နည်းလမ်းကို မညွှန်ပြမိဖို့ ကျွန်မ အမြဲသတိထားပါတယ် ။ စိတ်ရှည်ရှည် ၊ ဇွဲ ၊ ဝီရိယနဲ့ ရုန်းကန် ဖြေရှင်းရင် ဘယ်လို အကျပ်အတည်းမျိုးကပဲ ဖြစ်ဖြစ် လွတ်လမ်းရှိတယ်ဆိုတာ ကျွန်မ ယုံကြည်လို့ပါပဲ ။ အဲဒီ ယုံကြည် စိတ်ကို ဖွံ့ဖြိုးစေခဲ့တဲ့ဝတ္ထုတွေကတော့ ခုန တင်ပြခဲ့တဲ့ ဂျာနယ် ကျော်မမလေးရဲ့ ‘ သူမ ’  တို့ ၊ ‘ စိတ် ’ တို့ ၊ ‘ ရော်ဘင်ဆင် ခရူးဆိုး ’ တို့ ၊ ‘ ကောင့်အော့ဖ် မွန်တီခရစ်စတို ’ တို့ စတဲ့ ဝတ္ထုတွေပါပဲ ။ ကျွန်မ ဖြတ်သန်းခဲ့ရတဲ့ ဘဝခယောင်းလမ်းမှာလည်း အဲသလို ဇွဲမာန်တင်းပြီး ရင်ဆိုင်ခဲ့ရတာမျိုး ရှိခဲ့ပါတယ် ။ ဒါကြောင့် အတွေ့အကြုံနဲ့ အသိအမြင်အရ ကျွန်မ ဝတ္ထုတွေ ရေးတဲ့အခါမှာ စကားလွန် ၊ တရားကျွံ မဖြစ်ဖို့ ဆင်ခြင်ပါတယ် ။ သို့သော်လည်း ရင့်ကျက်မှု ပါးလျားတဲ့ အသက်အရွယ်မှာ တစ်စုံတစ်ရာ အမှားအယွင်း အကျအပေါက် ပါဝင်သွားမယ် ဆိုရင် ခရီး မလွန်ခင် အချိန်မီ အားမနာစတမ်း ဝေဖန်ဆုံးမပါ ၊ ထောက်ပြ ကြပါလို့ မေတ္တာရပ်ခံရင်း ... ”


နိဂုံးစကားကို ပြောပြီးတော့ ရင်ထဲမှာ ပေါ့သွားသလို ခံစားရသည် ။


စင်မြင့်ပေါ်ရှိ မိမိ နေရာသို့ ပြန်လျှောက်လာတော့ ဆရာ ဖုန်းသက်ဝေက လိမ္မော်ရည်ပုလင်းကို ဆီး၍ ကမ်းလေသည် ။ 


“ ကျေးဇူးတင်ပါတယ် ထားထားစု ”


သူသည် စုစုထား နာမည်ကိုပင် ကောင်းစွာ မကျက်မိ ။ ခေတ်နှင့် အတော်ကြီး အဆက်ပြတ်နေပြီဖြစ်သော ဆရာ့ကို အားနာစွာ ပြန်ကြည့်နေမိသည် ။


“ မင်း ပြောသွားတဲ့ ကိစ္စအားလုံးဟာ ဆရာ့ လက်ချက်ပါ ။ ဝန်ခံပါတယ် ။ ဆရာလည်း ရင်းနှီးတဲ့ အပေါင်းအသင်းတချို့ နဲ့ ဒီကိစ္စတွေ မကြာခဏ ပြောနေမိပါတယ် ။ ထားထားစု ရေ ၊ ဆရာတို့ကတော့ စာမရေးဖြစ်တာလည်း ကြာပြီ ။ ဟောပြောပွဲ ဆိုတာလည်း အင်မတန် လိုက်ခဲပါတယ် ။ စာပေလောကနဲ့ အဆက်အသွယ် ပြတ်သလောက် ဆိုပါတော့ကွယ် ။ ဆရာ မင်းတို့ အရွယ်က မှားခဲ့တဲ့ အမှားကို မင်းတို့ ခုအရွယ်မှာ မြင်တယ်ဆိုတာ ဝမ်းသာစရာပဲ ။ မင်း ပြောသွားတာတွေ ဆရာ လက်ခံပါတယ် ။ ပြီးတော့ မင်းကိုယ်မင်း ဆင်ခြင်တဲ့အကြောင်း ကလေးတွေ ပြောတာ ဆရာ ယုံပါတယ် ။ ဆက်ပြီး ထိန်းသိမ်းသွားနိုင်ပါစေကွယ် ”


ကျေးဇူးတင်ပါတယ် ဆရာ ဟု လှိုက်လှိုက်လှဲလှဲ ပြောရင်း ဘာကြောင့်မှန်းမသိ မျက်ရည်လည်လာသည် ။


ဆရာ၏ ဖြူရော်စပြုသော မျက်ခုံးမွေးများနှင့် ဆန့်ကျင်ဘက် မျက်လုံးတောက်တောက်များ ပြိုးပြက်လာသည်ကို သတိထားမိ၏ ။


“ နောက် ထားထားစု အခွင့်ကြုံတဲ့အခါ စာပေဟောပြောပွဲတွေ ဆရာ့ကို ခေါ်ပါ ။ အဲဒီ အကြောင်းတွေ ပရိသတ်ရှေ့မှာ ဆရာ ဝန်ခံချင်လွန်းလို့ ၊ လူငယ်တွေကို ထပ်မမှားရအောင် သတိပေးချင်လွန်းလို့ပါ ။ ပြီးတော့ ဆရာ ဒီအကြောင်း ဆောင်းပါးတစ်ပုဒ် ရေးဦးမယ် ။ ရေးဖို့ တာဝန် ရှိကိုရှိတယ် ။ သမီး ကျေနပ်မယ် မဟုတ်လားဟင် ”


“ ဟာ .. ဆရာ့ကို မကျေနပ်လို့ မဟုတ်ပါဘူး ဆရာရယ် ” ဟု ပျာပျာသလဲ ဖြေရှင်းရင်း မျက်ရည်တစ်ပေါက်နှစ်ပေါက် ကျလာသည်ကို တားဆီး မရတော့ ။


ဟောပြောပွဲ အစီအစဉ် ပြီး၍ ပရိသတ် ရုတ်ရုတ်သဲသဲ ပြန်စမှာ စင်ပေါ်က မဆင်းရမီပင် ကြမ်းပေါ်ထိုင်ချပြီး ဆရာ့ကို ဦးချကန်တော့မိသည် ။ ဝန်ခံရဲသောသတ္တိနှင့် တာဝန်သိသော ဂုဏ်သိက္ခာတရားတို့ အတွက် ဆရာသည် ရှိခိုးဦးချ ကန်တော့ထိုက်သူ တစ်ဦး ဖြစ်နေပြီ မဟုတ်ပါလား ။


အနားသို့ ရောက်လာသော ဟောပြောပွဲ ကျင်းပရေး ကော်မတီဝင် လူကြီးများက ကြောင်တက်တက် ကြည့်နေကြသည် ။


ဆရာ ကိုလင်းပြာ က ရယ်ရွှန်းဖတ်ရွှန်းဖြင့် ...


“ ဘုန်းကြီးခေါင်း ခေါက်ပြီးလို့ ကန်တော့နေတာဗျို့ ”


“ အို .. မဟုတ်ပါဘူး ” ဟု ရုတ်ခြည်း ငြင်းဆိုလိုက်ပြီး ဆရာ ဖုန်းသက်ဝေကို လေးလေးစားစား ကြည့်ကာ -


“ စုစုထား ဟာ ပြောပြီးသား စကားအတွက် နောင်တမရပါဘူး ။ ဆရာ နားလည်မှာပါနော် ။ တကယ့်ကို ရိုသေလို့ပါ ။ တကယ့်ကို ရှိခိုးဦးချ ကန်တော့နေတာပါ ဆရာ ”


စာရေးကောင်းသလောက် စကားကို ဖွယ်ဖွယ်ရာရာ ပြောတတ်လေ့ရှိဟန် မတူသော ဆရာသည် ကြည်စင်ဝင်းပစွာ ပြုံးလျက် ရှိလေ၏ ။


 ▢  စမ်းစမ်းနွဲ့ ( သာယာဝတီ )


📖ပေဖူးလွှာ မဂ္ဂဇင်း

     အောက်တိုဘာ ၊ ၁၉၈၃


📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း

     မေ ၊ ၂၀၁၆

 

Wednesday, August 17, 2022

ငှက်ကျား ဧည့်သည်


 

  ❝  ငှက်ကျား ဧည့်သည်  ❞

ရေခဲတုံးလေးတွေ ကြား မှာ ပေါလော ပေါ်နေသည့် ဒိန်ခဲပြား ကို ဇွန်း ဖြင့် ခဲခဲယဉ်းယဉ်း ဆယ် ထည့်နေရ၏ ။ ငန်ပျပျ ဒိန်ခဲ အရသာကို စုစုထား မကြိုက်တတ် ။ သို့သော် မိမိ ပန်းကန် ထဲမှာ ပေါင်မုန့်နှစ်ယှက် ထည့် ခဲ့မိလျက်သားမို့ အများ နည်းတူ ဒိန်ခဲလေးတွေ လည်း ယူ လိုက်ဦး မှ ဟု သဘော ရသည် ။

ကိုယ်တိုင် ယူစား စနစ် ဖြင့် တည်ခင်းဧည့်ခံ သော ဘူဖေးဒင်နာ ခေါ် ညစာစားပွဲမျိုး ကို စုစုထား အတွေ့အကြုံ မရှိခဲ့ ။ သည် ပွဲမျိုးမှာ ရင်းနှီးသော အပေါင်းအသင်းတွေ ချည်း စုစည်းပြီး အစားအသောက် အလျှံပယ် တည်ခင်းထားသော စားပွဲကြီး ပတ်လည်မှာ တိုးဝှေ့ ရယ်မောကာ ၊ ပျော်ရွှင် နောက်ပြောင်ကာ စိတ်တိုင်းကျ ယူငင် စားသောက်ကြမြဲ ဖြစ်သည် ။

စုစုထား မှာ ကိုယ်ပိုင် မိတ်သင်္ဂဟ ရှိလှသူ မဟုတ်ချေ ။ ကိုကို့ အရှိန်အဝါ မျက်နှာ ဖြင့် ဖိတ်စာ ပေါ် မှာ ဦးတင်မောင်လွင် နှင့် ဇနီး ဟု ‘ ….နှင့်ဇနီး ’ ကလေး တစ်လုံး ပါ ပါ လာတတ်၍သာ ထို ထို ဧည့်ခံပွဲများ သို့ ဇနီးမယား တို့ ဝတ္တရား ရှိသည့် အတိုင်း လိုက်ပါ နေရခြင်း ဖြစ်သည် ။

ဧည့်ခံပွဲတွေ မှာ “ နေကောင်းတယ်နော် ” ၊ “ မတွေ့တာ ကြာပြီ ” စသည်ဖြင့် ပြုံးပြနှုတ်ဆက် အဆင့်ထက် မပိုသော ၊ သိရုံသိပြီး မကျွမ်းသော လူတွေက များသည် ။ ကိုကို နှင့် သာ ကျွမ်းဝင်ရင်းနှီးသော ကိုကို့ ပတ်ဝန်းကျင် မှာ လိုတာထက်တော့ ပို၍ စုစုထား မလိုက်လျောနိုင်ချေ ။

သို့ကြောင့် ဘူဖေးဒင်နာများ ကို စုစုထား လိုက်လေ့လိုက်ထ မရှိ ။ ခြုံပဝါ အသာ မ , ၍ လှလှပပ ဣန္ဒြေ ရရ စားသောက်နိုင်သော ညစာစားပွဲကြီးများ ကို သာ ခံတွင်းချဉ်ပြေ လိုက်လေ့ ရှိသည် ။

•••••   •••••   •••••

အိမ်ရှင်မ ဆိုသည်မှာ တစ်ခါခါ ခံတွင်း ချဉ်တတ်သည် ။

စာရေး သောက်ရေးများ ကို နေ့စဉ်နှင့် အမျှ နိစ္စဓူဝ ကိုယ်တိုင် ကိုယ်ကြပ် စီမံချက်ပြုတ်နေရဖန် များသော် ငြီးငွေ့ ချင်၏ ။ ဟင်းချို နှင့် ဆီးပြန်ဟင်း က လွဲလျှင် ရှောက်သီးပင် အစပ် တည့်အောင် မသုပ်တတ်သော စုစုထား အဖို့ ချက်ရပြုတ်ရ စားရသောက်ရ သည်မှာ ပိုပြီး ငြီးစော် နံသည် ။

ဟင်းသီးဟင်းရွက် နှင့် အသား ငါး သာ အမယ်အမျိုးမျိုး ပြောင်းသွားသည် ။ အနံ့အရသာ က တစ်ခါလာလည်း သည် ပုံစံ သည် အငွေ့အသက် ။

ကြေးများမည့် သားသမီးရယ် လို့ မပွားစည်းသေး၍သာ တော် တော့သည် ။ ကိုကို ကတော့ အစားအသောက် ကို တယ်ပြီး ဝါသနာ ပါလှ သူ မဟုတ် ။ သူ့ ဘဝ မှာ ရုံးချိန် က လွဲလျှင် စာအုပ် ကို သာ အဖော် လုပ်ချင်သူ ဖြစ်ရာ အိမ် မှာ လင်မယား နှစ်ယောက် ထမင်း လက်ဆုံ စား ဖြစ်လျှင်တောင်  သူ က စာအုပ် ကို ထမင်းပန်းကန် ဘယ်ဘက် မှာ ဖွင့် လျက် ချ ထားပြီး စာအုပ် တစ်ဝက် ထမင်း တစ်ဝက် စား တတ်သည် ။

တစ်ခါ တစ်ခါတော့လည်း စုစုထား က စာအုပ် ကိုပင် မနာလို မရှုစိမ့် ဖြစ်လာပြီး …

“ ဟင်းခွက်တွေ သိမ်း လိုက်မယ်နော် ကိုကို ၊ ထမင်း ကို ဟင်း နဲ့ မစား နဲ့ ၊ စာအုပ် နဲ့ ပဲ စား ”

ပြောရင်း တကယ် ဝမ်းနည်း လာကာ စားလက်စ ထမင်း ကို ဗြုန်းခနဲ လက်စ သတ်၍ လက်ဆေး လိုက်တော့ မှ …

“ အား ဆောရီး ဆောရီး ကွာ ၊ နေပါဦး နေပါဦး ၊ ကိုကို့ ကို စောင့်ပါဦး ၊ ဘယ့်နှယ် ထမင်း ကို စာအုပ် နဲ့ စားလို့ ဖြစ်မှာလဲ မိန်းမ ရဲ့ ၊ ထမင်းဝိုင်း မှာ မိန်းမ မျက်နှာ မပါဘဲ နဲ့ ကော ဘယ်လို လုပ် မြိန် ပါ့မလဲ ၊ မိန်းမ က လည်း… ”

ကိုကို က ပျာပျာသလဲ ချော့ရင်း ဟင်းခွက် ကို ကယောင်ကတမ်း ဇွန်းဖြင့် ဆွ သည် ။ ပြီးတော့ ပြုံးထေ့ထေ့ ဖြင့် …

“ အိမ်ထောင်သက် ၆ နှစ် ကျော် ပါပြီ ကွာ ၊ ကိုကို ထမင်း နဲ့ စားတာ မိန်းမမျက်နှာ ရယ် ဆီပြန်ဟင်း တစ်ခွက် ရယ် ဒါပဲဟာ ၊ မင်း သိသား နဲ့ ”

အရွှန်းအပြက် ပြော မှန်း သိသည် ။ သို့သော် စုစုထား ရင်ထဲ မှာ တကယ် ထိခိုက် သွားလေသည် ။ သို့သော် ဘယ် တတ်နိုင်မလဲလေ ။ ကိုယ် က လည်း ဟင်း နဲ့ တူအောင် ဆို၍ ဆီပြန် ချက်တာက လွဲ လျှင် ဘာ တစ်ခု မှ မတတ် ။ ဖွယ်ဖွယ်ရာရာ မစဉ်းစားတတ်တာလည်း ပါသည် ။ စိတ် မရှည်လှတာ လည်း ပါသည် ။

ဘာပဲ ဖြစ်ဖြစ် ကိုယ့် အိမ်ဦးနတ် က အစားအသောက် ကို သူ့ စာအုပ်တွေ လောက် စိတ် မဝင်စားတာ ကိုပဲ ကျေးဇူး တင်ရဦးတော့မည် ။

ချက်ရေး ပြုတ်ရေး မှာ ကိုယ့် လက် ကိုယ် အယုံအကြည် မရှိလှ သူ ပီပီ ကြာတော့ ကိုကို အပြင် မှာ စားသောက်လာလျှင် ဝမ်းသာ ရသေးသည် ။ ညစာ စားပွဲ ၊ ဧည့်ခံပွဲ ဖိတ်စာများများ ရလျှင် အတော်ကြီး အသက်ရှူ ချောင်၏ ။ ကိုကို တစ်ယောက်တည်း ဧည့်ခံပွဲ သွားလျှင် စုစုထား သည်
ညစာ ထမင်း ကို ဖြစ်သလို ပြီး လိုက်ကာ အလူမီနီယမ် ပက်လက်ကုလားထိုင် ပေါ် ကျော ဆန့်ရင်း ကက်ဆက် တစ်လုံး နှင့် အယ်လ်ခွန်းရီ သီချင်းတွေ တစ်ခွေပြီး တစ်ခွေ ဖွင့် ရသည်မှာ တကယ့် ချမ်းသာသုခတည်း ။

တစ်ခါ တစ်ခါမှာတော့ ညစာစားပွဲ ဖိတ်စာကတ်ပြားပေါ် က “ …. နှင့်ဇနီး ” ဆိုသော စာလုံးကလေး ကို အားကိုးကာ ကိုကို နှင့် စုံတွဲ နွှဲလေ့ ရှိသည် ။

အထူးသဖြင့် ဧည့်သည် တစ်ကျိပ်ကျော် မျှ ဖိတ်သော ဒင်နာများ ကို ပိုပြီး စိတ်ဝင်စား လေသည် ။ ကွပ်ကွပ်ရွတ်ရွတ် ဧည့်ခံ၍ ဝဝလင်လင် တင်းတင်းတိမ်တိမ် မြိန်ယှက်ဖို့ သေချာသည် ။

ပြီးခဲ့သော အင်္ဂလိပ်နှစ်ဆန်း တစ်ရက် က ဂျပန်သံအဖွဲ့ဝင် တစ်ယောက် အိမ် မှာ တည်ခင်းသော ညစာ ကို အထူးတလည် အမှတ်ရနေ၏ ။

ဂျပန်ရိုးရာ အစားအသောက် ဆို၍ ပထမ တော့ အင်တင်တင် ။ သို့သော် ဆာကေ ခေါ် ဂျပန်အရက်ကလေး တမြုံ့မြုံ့ သောက်ရင်း တစ်ပွဲ ပြီး တစ်ပွဲ ရောက် လာသည့် အစားအစာတွေ မှာ ခံတွင်း မြိန်ချင်စရာချည်း ဖြစ်လေသည် ။ အကြော်အလှော်တွေ ကျွေးတော့ ကြက်ကြော် ၊
ငါးကြော်တွေ ဘေး ဖယ်ကာ ‘ ရေဘဝဲကြော် ’ တွေ ချည်း ရွေးပြီး သီတံကလေး နှစ်ခု သုံးခု မျှ စား ပစ်လိုက်သည် ။

ရေဘဝဲ ၏ ဆိမ့်သော အရသာ ကို စုစုထား ဘယ်လို ကြိုက်မှန်း မသိ ။ အင်းလျားလိပ် မှာ ပင် ကြုံကြိုက်မှ စား ရတတ်သော ရှားပါး ပစ္စည်း ။ ကိုကို က ပင်လယ်ရေကြောင်းဆိုင်ရာ ဌာန တစ်ခု မှာ အမှုထမ်းသူ မို့ သင်္ဘောသားတို့ တစ်ခါတစ်ရံ လက်ဆောင် ယူလာ၍ ရ တတ်သော်လည်း အိမ် မှာ တင်းတိမ်အောင် မစားရပါ ။ ကိုကို့ အထက် အရာရှိကလည်း ရေဘဝဲ ကို အမြည်းကောင်း ဟု ခုံမင်တတ်သူ မို့ တစ်ဝက် မက ခွဲ ပို့ခဲ့ရစမြဲ ။

အကြောင့်ကြ မရှိ စိတ်ကြိုက် စားနိုင်သော ပွဲ မို့ ရေဘဝဲတွေ ဆယ်ကောင် နီးပါး ကုန်တော့ မျှစ်ချဉ်စပ်ဟင်း တစ်ခွက် ရောက်လာသည် ။ အအီပြေ တရှုပ်ရှုပ် သောက်ရင်း မြိန် လိုက်သည်မှာ ပြောမနေနှင့် ။

ပြီးတော့ ငါး ပုစွန်တွေ ရောက်လာသည် ။ တချို့က တစ်ဝက် မီးသင်းထားကာ တချို့က အစိမ်းသက်သက် ။ ဘေးချင်းယှဉ်လျက် ထိုင်နေသော ဂျပန် အမျိုးသား က ငါးစိမ်းအလွှာတွေချည်း ရွေးထည့်ကာ အားပါးတရ စား နေသည် ။ လူချင်း အတူတူ သူတို့ က ဘာကြောင့် သားစိမ်း ငါးစိမ်း စား နိုင်ရတာလဲ ဟု စူးစမ်းချင်စိတ် ပေါ်လာ၏ ။

မီးသင်းထားသော တစ်ဝက်ကျက် အမဲသား ၊ ဝက်သားများကိုတော့ ကိုကို့မိတ်ဆွေ ဂျာမန်မိသားစု ကို အကြောင်း ပြု ၍ စုစုထား မြည်းစမ်း ကြည့်ဖူးပြီ ။ မဆိုးလှ ။ စားမည်ဆိုလျှင် ဖြစ်နိုင်သည် ။ ဝက်သား အမဲသားများ ကို ပါးပါး လွှာ၍ တစ်ဝက်ကျက်ရုံ မီး နှင့် ကျပ်တိုက်ကာ ထောပတ် လူး၍ စား ရသည် ။ သွေး စို့နေသော အသားများ သည် ထောပတ်ကြောင့် မညှီတော့ဘဲ စား၍ ဖြစ်နေ၏ ။ အကြိုက် မတွေ့ လှသည့် တိုင် လေးလေးပင်ပင် ချို တာတော့ အမှန်ပင် ။

ငါး ပုစွန်ကျတော့ ပို၍ ညှီမည် ထင်ရသည်မို့ ဘယ်လို အစိမ်း စား၍ ဝင် ပါမည်လဲ ။ စုစုထား သည် ဆာကေ တစ်ခွက် သောက်ကာ အနား ရပ်နေသော ဘွိုင် ၏ လင်ဗန်း ထဲ မှ ပုစွန်ထုပ် အစိမ်း တစ်ကောင်ကို တူ ဖြင့် ညှပ် ယူလိုက်၏ ။

ဂျပန်မိတ်ဆွေ မစ္စတာမာရူယာမား က “ အစိမ်း နော် ” ဟု လှမ်း သတိပေးသည် ။

“ စမ်း ကြည့်ချင်လို့လေ ၊ ဒါကကော ဘာ ငါးလဲ ”

“ ငါးပါးနီ ” ဟု မြန်မာလို ပီပီသသ သူဖြေသည် ။

ပင်လယ်ငါး ပဲ ။ ပျားဂေဟာ အရောင်းဆိုင် မှာ ဈေး အကြီးဆုံး ငါးပဲ ။ တစ်ခါတုန်းက အိမ် မှာ ငါးဆုပ်လုံး ကြော် ပြီး စားဖူးသည် ။ ငါးဆုပ်လုံးကြော် ဆိုတော့ ငါးဆုပ်လုံးကြော် အရသာပါပဲ ။ ဘာမှ ထူးလှသည် မထင် ။ ဘွိုင် က ငါးစိမ်း နှင့် တို့ စားရန် ဟင်းရည်ခွက်ကလေး သုံးခွက် ချ ပေးသည် ။ တစ်ခု က ပဲငံပြာရည် ၊ တစ်ခု က ငရုတ်ချဉ်စပ် ၊ ဘာမှန်း အကဲခတ် မရသော ကျန် တစ်ခွက် ထဲ သို့ ငါးတစ်လွှာ ကို တူဖြင့် ညှပ်ကာ နှစ် ထည့်လိုက်သည် ။

စား ကြည့်သော် စပ်ရှိန်းရှိန်း ချိုမြမြ နှင့် ကောင်းလှချည်လား ဟု ထ အော်မိမတတ်ပင် ဖြစ် သွားလေသည် ။ ဂျင်းမှုန့် ဖျော်စပ်သော အချဉ်ရည်တစ်မျိုး ဖြစ်မည် ထင်သည် ။

“ အဲဒီ အရည် ထဲ ကို နှစ် လိုက် ရင်တော့ ဟာ့ဖ်ကွတ်ခ် ဖြစ် သွားတာပဲ ”

မာရူယာမား က အားပေးကာ ငါးစိမ်းတွေ ထပ် ထည့် ပေးလာသည် ကို စုစုထား မငြင်းမိတော့ပေ ။ အားပါးတရ စား လိုက်သည်မှာ နောက်ထပ် ရောက် လာသော ဟင်းအမည်တွေ ကို တို့ပင် မတို့နိုင်တော့ ။ နောက်ဆုံး ရေခဲမုန့် စား ပြီးကြတော့ ကိုကို က ယောက်ျားဝိုင်း မှာ ဟင်နက်ဆီ ဘရန်ဒီ နှင့် ပွဲ သိမ်းခဲ့သည် ။ စုစုထား ကတော့ ဆဲဗင်းအပ် တစ်ဖန်ခွက် သောက်ကာ စောစော က ဆာကေးအရှိန်ကလေး ရီဝေဝေ ဖြင့် ပြန်ခဲ့ကြ၏ ။ လမ်းမှာ “ ဒီတစ်ခါ ဒင်နာ ကတော့ တကယ် မြိန်တယ် ကိုကို နော် ” ဟု ကျေကျေနပ်နပ်ကြီး အဖော် စပ်မိသည် ။

“ ကိုကို ကတော့ သောက်တာ နည်းနည်း များသွားပြီကွာ ၊ ဒီ ည တော့ စာ ဖတ်နိုင်မှာ မဟုတ်တော့ဘူး ”

မကျေမနပ် နှင့် ကိုကို ညည်းညူသည် ကို စုစုထား နားမလည်ချေ ။ နောက်တစ်နေ့ ကျ လျှင်တော့ အိမ် မှာ ပုစွန်ထုပ် အစိမ်းသုပ်စားဦးမည် ဟု စိတ်ကူးလာ၏ ။

ယင်း စိတ်ကူး ကို လက်တွေ့ အကောင်အထည် ဖော်ကြည့်သော် ထမင်းဝိုင်း မှာ ဘယ်လိုမှ နှုတ်သီး မတွေ့ ။ ကိုကို လည်း တို့ကနန်း ဆိတ်ကနန်း စား ပြီး လက်ဆေး ထ သွားတော့သည် ။ ဘယ် စိတ်ကောင်း နိုင်ပါတော့မည်လဲ ။

ပုစွန်အစိမ်းသုပ် မှာ ထမင်း အားပြု စားသော မြန်မာ့ထမင်းဝိုင်း တွင် အဓိက ဟင်း အဖြစ် ဘယ်လို မှ မလိုက်ဖက်ကြောင်း ခုမှ သင်ခန်းစာ ရ တော့သည် ။ သို့နှင့် ဆီပြန်ဟင်းပဲ သံသရာ လည်ရပြန်လေသည် ။

ပဲပင်ပေါက် ဟင်းချို ၊ ဗူးရွက် ဟင်းချို ၊ ချဉ်ပေါင်ဟင်းချို စသည့် ဟင်းချိုနံ့ နှင့် ၊ ဆီပြန်ဟင်းနံ့ မှာ ကြာတော့ အီစလည်ကြီး ဖြစ်လာ၏ ။

သို့ဖြင့် လင်မယား နှစ်ယောက် ညနေဘက် မှာ မြို့ထဲ ထွက် တတ်လာသည် ။ စုစုထား က နီလာဒံပေါက် တစ်လှည့် ၊ တရုတ်တန်း တစ်လှည့် ပိုက်ဆံ ဖြုန်းရဖန် များသော် ဧည့်ခံပွဲ ဖိတ်စာများ ကို ပိုပြီး စိတ်ဝင်စား လာ၏ ။

ခုလို နွေဦး မှာ ဖိတ်စာတွေ ပိုပြီး ရောက်တတ်သည် ။ စုစုထား က ဖိတ်စာတွေ ကို ရွေးချယ်ရင်း ကိုကို့ အထက်အရာရှိ ၏ ငွေရတုမင်္ဂလာပွဲ ကို စိတ်ဝင်စား သွားသည် ။ ငွေရတုမင်္ဂလာပွဲ မို့ စုံတွဲ သွားရသည် မှာ ကျက်သရေ လည်း ရှိသည် ။

“ ဘူဖေးတော့ ဘူဖေးပဲ ၊ ဒါပေမဲ့ ဥယျာဉ်ပွဲကွ ၊ လူတွေ သုံးရာ လောက် ဖိတ် ထားတာ ၊ မင်း မကြောင်ပါဘူး ”

ကိုကို က အားပေးလေသည် ။ ဝီစကီ ထဲ မှာ လက်ပစ် ကူးရမည့်ပွဲ မို့ သူ ကတော့ စိတ်အား ထက်သန် နေပေမပေါ့ ။ သူ့ အထက်အရာရှိ မှာ ခရစ်ယာန်ဘာသာဝင် ။ မိသားစုတစ်ခု လုံး ဗိုလ်ဆန်ဆန် ၊ စနစ် ခပ်ကြီးကြီး တွေမို့ ဧည့်ခံပွဲ မှာ တခမ်းတနား တဆောင်တယောင် ရှိမည် ထင်သည် ။

“ အင်္ဂလိပ်စာ ကျွေးမှာလား ဟင် ”

“ အင်္ဂလိပ်စာ ရော ၊ သင်္ချာ ရောပေါ့ကွာ ၊ မင်း က လည်း … ”

ကိုကို နှင့် အတူ ရော၍ မရယ်မောနိုင် ။ အစားအသောက် အတွက် ကြောင့်ကြ နေလေသည် ။

ခုတလော နွေနေ ပူပြင်း၍ စုစုထား ခံတွင်း ပျက်နေသည်မှာ ကြာပြီ ။ ထမင်းစား ရတာ ငြီးငွေ့ နေသည် ။ ဟင်းနံ့ ကျွေးနံ့တွေ ကို အနံ့ ပင် မခံချင် ။

လက်ကိုင်အိတ် တံတောင်ဆစ် မှာ ချိတ်ပြီး ပါဝါနှစ်စ အသာ မ,ကာ ပန်းကန်ပြား တစ်ချပ် နှင့် ယောက်ယက်ခတ်ရမည့် ဘူဖေးဒင်နာ ကို စိတ်တိုင်း မကျသော်လည်း အိမ် မှာ ခံတွင်း ပျက်လွန်းသဖြင့် တိုတိုစစကလေးတွေ စားချင်စိတ် ပေါ် လာသည် ။

“ အနောက်တိုင်း အစားအစာ အဓိက ပဲ တဲ့ ၊ ဒါပေမဲ့ တရုတ်အစားအစာ လည်း ပါ တယ် တဲ့ ၊ အဲ မင်း ကြိုက်တဲ့ ရေဘဝဲတော့ ပါမယ် မထင်ဘူးကွ ”

စိတ် ထဲ မှာ ချီတုံချတုံ ရှိဆဲ အဝတ်လျှော် သည့် မအုန်းလှ ရောက် လာသောအခါ မနက်က ကျန် သည့် ငန်းသားဆီပြန်ဟင်းတွေ ကို အကုန် ခပ် ပေးလိုက်လေသည် ။ သို့ဖြင့် ညစာ စားပွဲ လိုက်ဖို့ သေချာ သွားတော့သည် ။

•••••   •••••   •••••

ပေါင်မုန့် နှစ်ယှက် နှင့် ဒိန်ခဲ နှစ်ပြား ထည့်ထားသော ပန်းကန်ပြား ပက်ပက်ကို ကိုင်ကာ တညောင်းကြီး မတ်တတ် ရပ်နေရ၏ ။ ကိုကို ကတော့ ငှက်ပျောပဒေသာပင် အောက် က ယောက်ျားဝိုင်း တစ်ဝိုင်း မှာ ဝီစကီဖန်ခွက် တကိုင် ကိုင် ရှိဆဲ ။ စုစုထား သည် အဖော်မဲ့ခြင်း အဖြစ် ကို အလိုမကျ စ ပြု၏ ။

ဟင်းလျာစားပွဲတွေ နား ကပ်၍ မရ ။ ဝိုင်းအုံ တိုးဝှေ့ နေကြသော လူစုလူအုပ် ကို ကြည့်ရင်း စိတ် အိုက်လာသည် ။ ပန်းကန်ပြားကြီး ကိုင်ပြီး ရပ် စောင့် နေရသည်မှာ ကြောင် လှပြီ ။

“ ဦးတင်မောင်လွင် မစ္စက် မဟုတ်လားဟင် ၊ ကျွန်မ လူမှုဖူလုံရေးဆေးခန်း က ဆရာဝန် မြင့်မြင့်စိုး ပါ ”

မိမိ လို ပန်းကန်တစ်ချပ် ကိုင်ဆဲ ရှိသော အနက်ရောင် ဝတ်စုံဝတ် မိန်းကလေး တစ်ယောက် က အနား လာရပ်ပြီး မိတ်ဆက်သည် ။ ကိုကို တို့ ဌာန ဆေးခန်း က ဆရာဝန် တဲ့ ၊ အနက်ရောင်လက်ပြတ် နှင့် ဆင်စွယ်နှစ် ထနေသော လက်မောင်းပြေပြေ မှာ ကျက်သရေ တင့်တယ် လှပါဘိခြင်း ။

“ ဟုတ်လား ၊ သိရတာ ဝမ်းသာပါတယ် ဒေါက်တာ ၊ ကျွန်မ နာမည် စုစုထား ပါ ”

“ မြင့်မြင့် လို့ ပဲ ခေါ်ပါ မမစု ရယ် ”

သို့ဖြင့် အဖော် တစ်ယောက် ကောက် ရသွားလေသည် ။ မြင့်မြင့် ပန်းကန် ထဲ ကြည့်သော် ပေါင်မုန့်နှစ်ယှက် သာ တွေ့သည် ။

“ ချိစ် မယူခဲ့ဘူးလား ၊ ဟိုနား မှာလေ ”

“ ဟဲ ဟဲ ကုန်ပြီ မမစု ရဲ့ ၊ မြင့်မြင့် က အဖော်တွေ နဲ့ စကား ဖြတ် မရလို့ နောက်ကျသွားတယ် ၊ ကဲ လာ လာ မမစု ၊ နည်းနည်း တိုး လိုက်ရအောင် ”

မြင့်မြင့် ဦးဆောင်မှုဖြင့် ဝက်အူချောင်း တစ်မြှောင်း ၊ ဝက်သားပြုတ် နှစ်လွှာ ကောက် ထည့် ဖြစ်သည် ။

“ မမစု များများ ထည့် ခဲ့လေ ၊ နည်း လိုက်တာ ”

“ တော်ပြီကွယ် ”

ဟင်းတွေ က ခုထိ စိတ်ကြိုက် မတွေ့သေး ။ ‘ ကြက်ကြော် ’ ဟု စာတန်း ကတ်ပြားကလေး ထောင် ထားသော သတ္တုလင်ဗန်း ထဲ မှာ ကား ပြန့်ကြဲနေသော ဟင်းတုံးကလေး သုံးလေးတုံး သာ ကျန် တော့သည် ။ မြင့်မြင့် က ဦးစားပေးသည့် သဘော နှင့် စုစုထား ပန်းကန် ထဲ ယူ ထည့်ပေးလေသည် ။

မိမိတို့ နှစ်ယောက် သာ နောက်ဆုံး ပရိသတ် ဖြစ်မည် ထင်ရ၏ ။ ငှက်ပျောပဒေသာပင် အောက်က အသောက်သမားတွေ က လွဲ လျှင်ပေါ့လေ ။

ဟင်းလျာစုံ စားပွဲကြီး ကို ခပ်ဖြည်းဖြည်း ပတ်ကာ တွေ့ရာကြုံရာ ခပ် ထည့်လာခဲ့၏ ။

သခွားသီး လေး ငါးစိတ် ၊ ဂေါ်ဖီရွက် အနည်းငယ် ထည့်ပြီးသော် အချဉ် ရှာ၍ မရပြန်ရာ မြင့်မြင့် က ရယ်သည် ။

“ ဟောတော် ၊ ထမင်းကြော် ဆိုတဲ့ စာတန်း ပဲ ကျန် တော့တယ် မမစု ရေ ”

“ ကိုယ့် ကုသိုလ် နဲ့ ကိုယ် ပေါ့ကွယ် ၊ ဟောဟိုမှာ ဘာကြော်တွေလဲ ”

“ ဂျူးမြစ်ကြော် ” ဟု ပြောရင်း မြင့်မြင့် က စုစုထား ပန်းကန် ထဲ ကောက် ထည့်ပေးသည် ။ အသားလုံး အနည်းငယ် ၊ အာလူးပြုတ်ကြော် နှစ်စိတ်စီခန့် ရကြပြီးသော် စားပွဲ ကို တစ်ပတ် ပတ် မိလေပြီ ။ စပါကလင် တစ်ဖန်ခွက် စီ ကိုင်ပြီး စားပွဲလွတ် တစ်ခု မှာ ဝင် ထိုင်လိုက်ကြသည် ။

ဇွန်း နှင့် ခက်ရင်း ကို ကောက် ကိုင်ကာ ဘယ်သင်း က ဘယ်လို စ ရမှန်း မသိ ဖြစ်နေ၏ ။ ပန်းကန် ထဲ မှာ သခွားသီးနှ င့် ဂေါ်ဖီတွေ ဖုံး နေကာ ပေါင်မုန့် လှီးဖို့ ခက် လှသည် ။

မြင့်မြင့် ကတော့ ဇွန်း ၊ ခက်ရင်း နှင့် ပင် ပန်းကန် ထဲ က အရာဝတ္ထု အားလုံး ကို အမြွှာမြွှာ ဖြတ် နေသည် ။ စုစုထား က အာလူးပြုတ်ကြော် တစ်ဖဲ့ ကို ခက်ရင်း နှင့် ထိုး ဆွရင်း ရယ်သံ တစ်ဝက် နှင့် …

“ ဘာတွေ မှန်းတောင် မသိတော့ပါဘူး ကွယ် ”

“ ဟဲ ဟဲ ၊ တကယ် မသိဘူးလား မမစု ၊ ဒါလေ ၊ အင်္ဂလိပ် ဓာတ်လပိုင်လို့ ခေါ်တယ် မမစုရဲ့ ၊ ဟဲ ဟဲ ”

“ ဟယ် ဟုတ်ပါ့ ဟုတ်ပါ့ ၊ မြင့်မြင့် က ပြောလည်း ပြော တတ်တယ်ကွယ် ၊ အင်္ဂလိပ် ဓာတ်လပိုင် တဲ့ ၊ ဟဲ ဟဲ ဟုတ်ပါ့ ”

ဇွန်းခက်ရင်း ဖြင့် လူးလှိမ့် မွှေနှောက်ထားသော သူ့ ပန်းကန် ကို လှမ်း ကြည့်ရင်း သဘော ပေါက်သွားလေသည် ။

“ ဟဲ ဟဲ ၊ အဲ ဒါကို မီးဖို ပေါ် တင် ကျို လိုက်ရင် အင်္ဂလိပ်ဟင်းလေး ဖြစ် သွားပြန်ရော ”

စုစုထား သည် အာလူးပြုတ်တွေ ဝါးရင်း အားပါးတရ ရယ်နေရ၏ ။ ကြုံလာသမျှ ကို ပျော်ရွှင်ပေါ့ပါးစွာ လက်ခံ တတ်သော မြင့်မြင့်စိုး ၏ စရိုက်ကို အားကျ စ ပြုလေသည် ။

“ ဝင် သလောက် စားထား မမစု ၊ ဗီဒီယို ပြဦးမှာ ၊ ဆယ်နာရီခွဲ ဆယ့်တစ်နာရီ လောက် မှ အစီအစဉ်တွေ ပြီး မှာ ”

ဗီဒီယို ပြမည့် အစား တေးဂီတဖျော်ဖြေပွဲ အစီအစဉ်ကလေး ပါရင် ကောင်း မှာ ဟု ကိုယ် သန်ရာ ကိုယ် ဆွဲတွေးရင်း ဝက်အူချောင်း ကို မြည်း ကြည့် လိုက်သည် ။ ချိုပေါ့ပေါ့ စိုစွတ်စွတ် နှင့် လျှာ ပေါ် မှာ အထားရ ခက်လာသည်မို့ အသားလုံးကြော် နှင့် နှောပြီး မျို ချလိုက်ရလေသည် ။

ပေါင်မုန့် တစ်ဖဲ့ နှစ်ဖဲ့ နှင့် ဝက်သားပြုတ် အနည်းငယ် လောက် စား ပြီးသော် ဆက် စားချင်စိတ် မရှိတော့ ။ ကျန်နေသော အသားလုံးကြော် တစ်လုံး ကို ခက်ရင်း မသုံးဘဲ ဇွန်း နှင့် ကော် စားလိုက်သည် ။ ပါးစပ် ထဲ မှာ ငန်ပျပျ ဒိန်ခဲ အရသာ ကိုပါ ခံစား ရလေသည် ။ အနေရ ခက် လာသည်နှင့် ဂျူးမြစ်ကြော် ကို ကောက် ဝါးသည် ။ ကြွပ်ရွ နေရမည့် ဂျူးမြစ်ကြော် မှာ သခွားသီးနှင့် ဂေါ်ဖီရွက်များ ကြား ညပ်ပြီး ပျော့စိစိ ပျင်းတွဲတွဲ ဖြစ် နေ၏ ။ အချဉ်ရည် မပါ သည့် သခွားသီး နှစ်စိတ် ခန့် ဆက်တိုက် ဝါး စားလိုက်ပြီး စပါကလင် ဖြင့် လက်စ သတ်၏ ။

မိမိ ကိစ္စ ပြီး တော့ မှ ပတ်ဝန်းကျင် ကို သတိ ပြုမိတော့သည် ။ မိမိ နောက် တည့်တည့်က စားပွဲ မှာ ငွေစာရင်း အရာရှိကတော် ဒေါ်လှလှစိန် ပါကလား ။ သူ ကလည်း စုစုထား လှည့် အကြည့် နှင့် အကြည့်ချင်း ဆုံကာ “ ဟော ၊ စုစု ” ဟု လှမ်း နှုတ်ဆက်သည် ။

“ ကြည့်စမ်း ၊ ခုမှ မြင်မိတယ် ၊ မမလှ စားပြီးပြီလား ”

သူ့ ရှေ့စားပွဲပေါ် မှာ ရေခဲမုန့် တစ်ပန်းကန် သာ တွေ့ ရလေသည် ။

“ ပြီးပြီ မမလှ က စတိ ပဲ ၊ အိမ် က ညစာ စား လာခဲ့လေ ၊ အစ်ကိုကြီး ကလည်း ညစာ ကို ငါးနာရီ လောက် မှာ စား တတ်တော့ စား ပြီးမှပဲ လာ ခဲ့ကြတယ် ၊ အနောက်တိုင်း အစားအစာတွေ က ကောင်းတော့ ကောင်းပါ ရဲ့ ၊ ခံတွင်း မလိုက်လှဘူး စုစု ရဲ့ ၊ အိမ် မှာ ပုစွန် နဲ့ ကြက်ဟင်းခါးသီး ချက် ပြီး ပန်ထွေဖျော်ကလေး နဲ့ စား လာခဲ့ကြတယ် ၊ ဒီမှာတော့ တို့ကာ ပင့်ကာ ပါပဲ ”

သူ့ ဝသီ အတိုင်း ရှည်ရှည်လျားလျား ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြော ပြနေသည် ကို ခါတိုင်း ဆိုလျှင် စိတ် မရှည်နိုင် ။ ခုတော့ စုစုထား သည် နားထောင် ရင်း ပါး ထဲ မှာ ကျဉ်တက်သွားသည် ထင် ရလောက်အောင် သွားရည် ကျ ချင်လာ၏ ။

ပုစွန် နဲ့ ကြက်ဟင်းခါးသီး ချက်သတဲ့ ။ ခုလို နွေနေ ပူပြင်းသည့် ရာသီဥတု မှာ အခါးကလေး စား ရလျှင် ကောင်းမည် ။ မိမိ စိတ် မကူးခဲ့ဖူးသော ဟင်းမျိုးစပ် ပါတကား ။ ပြီးတော့ ပန်ထွေဖျော် တဲ့ ။

ပန်ထွေဖျော် ဆိုတာ ဘယ်လို ချက်ရသလဲ ဟု သိချင်စိတ် ဖြင့် စုစုထား ဝိုင်းကူး ဖို့ ပြင်သည် ။ မြင့်မြင့်စိုးကို လှမ်း ကြည့်သေး၏ ။ အနောက်တိုင်းဝတ်စုံဝတ် အမျိုးသား တစ်ယောက် က ရေခဲမုန့်ပန်းကန် လာ ချပေး ၊ မြင့်မြင့်စိုး နှင့် စကားလက်ဆုံ ကျစ,ပြု နေသည် ကို မြင်သော် စိတ်အေး သွားကာ ဒေါ်လှလှစိန် တို့ ဝိုင်း သို့ ကူးခဲ့လေသည် ။

•••••   •••••   •••••

ည ၁၂ နာရီထိုး မှ ဗီဒီယိုစခန်း သိမ်း၍ အိမ် ပြန် ဖြစ် ခဲ့ကြတော့သည် ။

အိမ် ရောက်တော့ လင်မယား နှစ်ယောက် အတော်ကြီး ဆာ နေကြပြီ ။ ကိုကို က ယမကာဝိုင်း မှာ အမြည်း လောက် နှင့် ပြီး ခဲ့သည် ဟု ဆိုသည် ။ သူ က ဘယ်လောက် သောက်သောက် မစား မပျက် ။ တင်းတိမ်အောင် မစားရလျှင် မနေနိုင် ။ ဆာ တတ်သည် ။

“ မီးဖို ထဲမှာ ဘာ ရှိလဲ ၊ ရှိတာ လုပ်ကွာ ”

ကိုကို ဂျီကျ စ, ပြုသည် ။ စုစုထား သည် ဆာ လည်း ဆာ ၊ စိတ် လည်း အိုက်တိုက်တိုက် နှင့် မိတ်ကပ် ဆံပင်များ ပင် မဖျက်နိုင်ဘဲ အဝတ် လဲ ရုံမျှ လဲပြီး မီးဖို ထဲ စမ်းတဝါးဝါး ဝင် ခဲ့၏ ။

ထမင်းကြမ်း တစ်ခဲ မှာ တစ်ပန်းကန် သာသာ လောက် တော့ ရမည် ။ ဘဲသားဟင်းအိုး ကတော့ မနက် က မအုန်းလှ ကို အကုန် ခပ် ပေးလိုက်ပြီမို့ အဆီအနှစ် အကပ်အသတ် သာ ကျန် တော့သည် ။

ခရမ်းချဉ်သီးကလေး ၊ ငရုတ်သီးစိမ်းကလေး မှ ဝယ် ထားရကောင်းမှန်း မသိသော မိမိ အဖြစ် ကို လိပ်ပြာ ငယ်လာသည် ။ ခရမ်းချဉ်သီးလေး မီး အုံးပြီး ငါးပိစိမ်းစား နှင့် ဖျော်ကာ ငရုတ်သီးစိမ်း နှင့် နံနံမြိတ် ကြက်သွန်မြိတ် ကို ရိတ်ရိတ် လှီးပြီး အုပ်ရသည် ဆိုသော ပန်ထွေဖျော် ဆိုတာ ကို ပြန် တွေးမိပြီး တံတွေး ကို မျို ချလိုက်ရ၏ ။

“ အိမ်ထမင်း အိမ်ဟင်း ဆိုတာ ခံတွင်း လိုက်အောင် ချက်ရတာ စုစု ရဲ့ ၊ အလှူဟင်း ကတော့ ပကာသန ပဲ ၊ ပသာဒ လှအောင် ဦးစား ပေးရတော့ လူတိုင်း နဲ့ လျှာ မတိုးဘူးပေါ့ ၊ အိမ် မှာ ကတော့ ဆီ မပြန်ချင် နေ ၊ ထားဝယ်ငါးပိသုပ်စပ်စပ် နဲ့ ပုန်းရည်ကြီး နယ်ဖတ် စားရလည်း မြိန် တာပဲ ကွယ် ”

ဒေါ်လှလှစိန် က ထမင်းဟင်း အစပ်အဟပ် မှာ အနုပညာ ဆန်သည်ဟု ဆက် ပြောတော့ ပိုရန်ကော ဟု မထင်မိတော့ချေ ။ ဒေါ်လှလှစိန် ကတော့ ပါရမီ ထူးသူ အနုပညာရှင် ပါပဲ ။ မျက်ခုံးကြောကလေး တစ်ကြော မရှုံ့ရဘဲ နှင့် လျှာဖျား က လွယ်လင့်တကူ ပြော ပြသွားသော ဟင်းမျိုး အစပ်အဟပ်တွေ မှာ စုစုထား သွားရည် ကျချင်စရာ ချည်း ။

စုစုထား သည် မိမိ ၏ မီးဖိုချောင် မှာ တော့ လတ်တလော အကြံ ကုန်ကာ ထမင်းကြမ်းခဲ ကို ဘဲသားအိုးကပ် နှင့် လူးဖတ်နယ် ဖို့ သာ ပြင်ရ၏ ။ စိတ်ကူး ရ၍ ကြက်သွန်နီ နှစ်ဥ ခန့် ပါးပါး လှီး ထည့်သည် ။ ဆီ ၊ ငံပြာရည် နှင့် ပုစွန်ခြောက်မှုန့် အပြင် ရှာလကာရည် ချဉ်ချဉ်ကလေး ဆမ်း လိုက်ကာ နယ်ဖတ်ပြီး မြည်း ကြည့်တော့ အံမယ် ဘယ် ဆိုးလို့တုံး ။

•••••   •••••   •••••

“ အား ၊ စားလို့ ကောင်းလိုက်တာ မိန်းမ ရယ် ၊ ခုမှပဲ ဗိုက် ပြည့် သွားတော့တယ် ”

ဆီဝေ့နေသော နှုတ်ခမ်းသားများ ကို လက်သုတ်ပဝါ နှင့် တို့ရင်း ကိုကို က ကျေနပ်စွာ ဆိုသည် ။ လေးအိမှေးစင်းစ ပြုသော ကိုကို့ မျက်လုံး ရီဝေဝေ ကို မြင် ရကာ စုစုထား သည် မာနကလေး အနည်းငယ် တက် ချင်လာ၏ ။

“ ကြည့်နေ ၊ နက်ဖြန်က စပြီး ထမင်းပွဲ မှာ စာအုပ်ကြီး ချ စားနိုင်ဦးမလား ဆိုတာလေ ”

မိမိ ထမင်းပွဲ ကို ကိုကို စိတ် မဝင်စားခဲ့ခြင်း မှာ မိမိ ချို့ယွင်းချက် ပါပဲ ။ နောက်တော့ ကြည့် နေပေါ့ ။ စိတ် ထဲ မှာ ယုံကြည်စိတ်ချစွာ ကြိမ်းရင်း တေး ထားလိုက်သည် ။

ဆီပြန်ဟင်း ထက် ပိုပြီး ခံတွင်း မြိန်စေမည့် ဟင်းလျာ အစပ်အဟပ်တွေ စိတ်ကူး တတ်ပြီ ဟု လည်း ထင်သည် ။

အစားအသောက် ကောင်း သည် ဟု ကျော်ကြားသော ဆိုင်တွေ မှာ လေး ငါးဆယ်ခါ ထက် ပို မမြိန်နိုင်တာလည်း ကိုယ်တွေ့ ပင် ။ ကိုကို့ ကို အကြောင်းပြု၍ ရောက်ရှိလာသော ဖိတ်စာကတ်ပြားကလေး ပေါ် မှ “ …. နှင့် ဇနီး ” ဆိုသော စာလုံးကလေး ပါ မပါ ကို လည်း အားကိုးတကြီး ဖွေရှာ နေ ဖို့ မလိုတော့ပါဘူး ဟု ဆုံးဖြတ်ချက် ခိုင်ခိုင် ချလိုက်သည် ။

◾စမ်းစမ်းနွဲ့ ( သာယာဝတီ )

📖 သည်းဦးပန်းမဂ္ဂဇင်း
      ၁၉၈၅ ၊ နိုဝင်ဘာလ
     
#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.

Wednesday, March 16, 2022

လရောင် လင်းပါစေ … နှင်းဆီ သင်းပါစေ


 

❝ လရောင် လင်းပါစေ … နှင်းဆီ သင်းပါစေ ❞

ကိုလွင်ဦး သည် ချွေးပြန်စ ပြု၏ ။ လူသူ အဝင်အထွက် များသော စားသောက်ဆိုင် တစ်ဆိုင် မှာ စားပွဲတစ် လုံး နှင့် တစ်ယောက် တည်း ထိုင် နေရတာလောက် ကြောင်တောင်တောင် ငေါင်းစင်းစင်း ဖြစ်တာ မရှိ ။

“ နေခြည် ရက်စ်တောရင့် ” ဟု ဖုန်း ထဲ က အသေအချာ ပြောပြလိုက်သည် ကို သည် မိန်းကလေး နားကြား တော့ မလွဲတန်ရာ ။ သူ ဖုန်းဆက်နေသည် ဆိုသော နေရာ နှင့် အနီးဆုံး စားသောက်ဆိုင် ကို တမင် ရွေး ချယ်ခဲ့ခြင်း ဖြစ်သည် ။ သန့်ပြန့်လွတ်လပ်ရုံမက မိန်းကလေးတစ်ယောက် အတွက် သိက္ခာ ရှိရှိ ထိုင်လို့ ကောင်းမည့် နေရာ ။

ကိုယ် ကတော့ ခုအထိ အမွန်အမြတ် ရှိဆဲပါ မြနှင်းဆီ ။ အဲ … ဆောရီး မြ ရယ် ။

လွန်ခဲ့သော ဆယ်နှစ် ကျော် က မြ ပြောလေ့ ရှိသည့် စကားတွေ ကို ခုပင် နား နား ကပ် ပြောနေသလို အပီ အပြင် ကြားနေရ၏ ။

“ မြ လို့ ပဲ ခေါ်စမ်းပါ မောင် ရာ ၊ အဲဒီ နှင်းဆီ ဆိုတာကြီး မုန်းလွန်းလို့ ၊ ပန်း တကာ့ ပန်း ထဲမှာ အင်မတန် ကိန်းကြီး ခန်းကြီးနိုင်တဲ့ ပန်း ၊ အဖေ အမေ မှည့်ထားတဲ့ နာမည် မို့ သာ မကောင်းတတ်လို့ ယူ ထားရတာ ၊ မြ တော့ မြ တစ်လုံး တည်းပဲ ကြိုက်ပါတယ် ၊ မြ ဆိုတာက ထက်မြက်တဲ့ သဘော ၊ မာကျောတဲ့ သဘော ”

စကား ကြွယ်၍ ဖွယ်ဖွယ် ရာရာ ပြောတတ် ဆိုတတ်သော မြ ၊ သူ နှင့် ရွယ်တူ တန်းတူ မိန်းကလေးများ က “ သိပ် စကားများ တာ ပဲ ” ဟု နှုတ်ခမ်း တွန့်မယောင် ပြုကြတာတွေ သတိရသည် ။ မြ ကလည်း ဘဝတူ မိန်းကလေး ချင်း သိပ် အစေး မကပ်လှ ။ ယောက်ျားသားတွေ နှင့် အပေါင်းအသင်း များသည် ။

“ မိန်းမ ဆန်လွန်းတဲ့ မိန်းမတွေ ကို မြ ကြည့်လို့ မရဘူး ။ အင်းလေ … သူတို့ကလည်း မြ ကို ကြည့်လို့ ရမှာ မဟုတ်ပါဘူး ၊ တစ်ယောက် နဲ့ တစ်ယောက် ကြည့်လို့ ရမှာ မဟုတ်တဲ့ အတူတူတော့ မကြည့်ဘဲ နေလိုက် ကြတာ အကောင်းဆုံးပေါ့ ”

သည် လက်သုံးစကား တစ်ခွန်း ကို အမြဲအမြံ ဆုပ်ပြီး ယောက်ျားကလေး အပေါင်းအသင်းတွေ နှင့် လက်ဖက်ရည်ဆိုင် ထိုင် ရခြင်းကို မြ မွေ့လျော်သည် ။ စိတ်လိုလျှင် ယောက်ျားတစ်အုပ် နှင့် ရုပ်ရှင် ကြည့်ဖို့ ဝန် မလေး ။ ၃၂ လမ်း ၊ ၃၃လမ်း တစ်ဝိုက် က စာအုပ်ဈေးကွက် မှာ ၊ ပန်းချီပြပွဲခန်းမတွေ မှာ ၊ ပွဲကြီးလမ်းကြီး တွေ မှာ ယောက်ျားသားတွေ ထဲ ထိုးထိုး ထောင်ထောင် ပါလာတတ်သည်ကို နေမထိ ၊ ထိုင်မထိ ကြည့်နေ ရသည် မှာ ဆယ်နှစ်ကျော်မျှ မကပြီ ။

“ မုတ်သုံ မဂ္ဂဇင်း ” ၏ လက်ထောက်အယ်ဒီတာ ဘဝ မှာ ကိုလွင်ဦး သည် မိန်းကလေး ကိစ္စ နှင့် နာမည် မငြိ စွန်း ရအောင် အထူးသဖြင့် ဆင်ခြင်လာခဲ့၏ ။ မိန်းကလေးတွေ ကို အထင် မသေးချင်သော်လည်း မိမိ အယ်ဒီတာ ဘဝ အတွေ့အကြုံ အရ မိန်းမ ဆိုတာ နည်းနည်း သတိတော့ ထားမှ ဖြစ်မည် ဟု နားလည်နေ သည် ။ ထင်ရှား ကျော်ကြားမှု ကို တပ်မက်သည့် ပုထုဇဉ်တွေထဲ မှာ ယောက်ျား ထက် မိန်းမသားတွေ က ပိုပြီး ဖျပ်ဖျပ်လူး နေသည်ဟု မြင်နေလေသည် ။ ထို့ကြောင့် မဂ္ဂဇင်းတိုက် မှာ ဆက်ဆံလာသမျှ အမျိုး သမီးတွေ ကို တိုက် တံစက်မြိတ် လွန်လျှင် စေ့စေ့ မကြည့်မိအောင် အတတ်နိုင်ဆုံး ရှောင်သည် ။

သို့သော် သည် တစ်ယောက် ကိုတော့ … ၊ မြ ကို တော့ တစ်နေရာမှာ ချိန်းမိချေပြီ ။ စောင့်စည်းလာခဲ့သမျှ အယ်ဒီတာ သိက္ခာ လျော့ပြေခဲ့ပြီ လား ။ ကိုလွင်ဦး သည် လိပ်ပြာ မလုံခြုံစွာ ခေါင်း ကို ဆတ်၍ အတွေးစ ကို ဖြတ် ပစ် လိုက်သည် ။

စားသောက်ခန်းမ ၏ ထောင့်ကျကျစားပွဲ တွင် နေရာယူ ထိုင်နေခဲ့သည်မှာ နာရီဝက် နီးပါး ရှိရော့မည် ။ မျက်မှန်း တန်းမိနေကြပြီ ဖြစ်သော ဧည့်ကြိုလုလင်ကလေးတွေ ကို “ မိတ်ဆွေတစ်ယောက် စောင့်လိုက်ဦး မယ် ကွာ ” ဟု သတင်း ပို့ရင်း ရေခဲရေ တစ်ချိုင့် တောင်း ထားလိုက်သည် ။ ကောင်တာမှာ ထိုင်နေသည့် မရွှေရည် ကလည်း သူ့ အလုပ်နှင့် သူ ရှုပ်နေသည်မို့ မိမိ ထံ လာပြီး ဧည့်ထောက် မခံနိုင် ။

ခါတိုင်း ဆိုလျှင် ဘယ်သူမျှ မအားလျှင်တောင် သူငယ်ချင်း ကိုချစ်ချမ်းအေး က ခဏဖြစ်စေ နှုတ်ဆက် စကား လောက် လာ ပြောတတ်မြဲ ။ နေခြည်ရက်စ်တော့ရင့် ပိုင်ရှင် ကိုချစ်ချမ်းအေး မှာ ဂီတသမား မို့ စကားပြော ရတာ နွေးနွေး ထွေးထွေး ရှိသည် ။ ဘာသာစကား ချင်း တူသည် ဆိုတာ ဒါပဲ ဖြစ်မည် ။

တစ်ယောက်တည်း ကြောင်နေရာက သူငယ်ချင်း ကို သတိရပြီး ကောင်တာဆီသို့ ထ လျှောက်လာခဲ့ သည် ။ မရွှေရည် က ငွေစက္ကူချပ်များ ကို တဖျပ်ဖျပ် ရေတွက်ရင်း အပြုံးများ ကို သူ့ ဆီ ပို့လွှတ်၍ ကြိုသည် ။

“ ကိုချစ်ချမ်းအေး တစ်ယောက် ဘယ် ပျောက်နေသလဲဗျ”

“ ဪ… ဒီကို မလာတာ နှစ်ပတ် ရှိပြီလေ ။ စီးရီး ထွက်တော့မယ် မဟုတ်လား ၊ အလုပ် ရှုပ် နေမှာပေါ့ ”

မရွှေရည် ခေါင်း ဆတ်ပြလိုက်သော နံရံကပ် ပိုစတာကို အမှတ်မထင် လှမ်းကြည့်မိသည် ။ ခိုင်ဝါ ၊ နေခြည် ဗစ်တာခင်ညို ဆိုသော စာလုံးကြီး တွေ ကို “ လှမ်း ” ဖတ်ကြည့်ကာ တစ်ချက်တည်း သဘော ပေါက်သွား လေသည် ။ ထိုစီးရီး ကို စီစဉ်ထုတ်လုပ်နေသည့် အကြောင်း သူ ပြောပြထားဖူးသည် ။

စိတ် ခပ်ပျက်ပျက် နှင့် လက် မှ နာရီ ကို ငုံ့ကြည့်သည် ။ အိုး … လေးနာရီခွဲ ဖို့ မိနစ်နှစ်ဆယ် တောင် လိုသေး တာပါလား ၊ မိမိ စိတ်စောနေသည့်အဖြစ်ကို ခုမှ သတိထားမိသည် ။

ဟုတ်ပါရဲ့ ။ မြ က အမြဲ တိကျတတ်သူပါ ။ ဘယ်တော့မှ နောက် မကျတတ်သလို ဘယ်တော့မှလည်း စော လေ့ မရှိပါဘူး ။

မြ က သွေး အေးသည် ။ မိမိသာ ဆန္ဒ စောတတ်သူ ၊ စိတ်လှုပ်ရှားလွယ်ကူ သူ ဖြစ်လေသည် ။ ကိုလွင်ဦး သည် မလုံမလဲ ပြုံးလိုက်ကာ မိမိ စားပွဲသို့ ပြန် လျှောက်လာခဲ့၏ ။ ဝိတ်တာ ကို လက်ပြ ခေါ်လိုက်ပြီး ဘီယာ တစ်လုံး မှာသည် ။ မိနစ်နှစ်ဆယ်လောက် စောင့်ရဦးမှာ ဆိုတော့ ဘီယာတစ်လုံး လောက် ဆွဲ သောက်နေ လိုက်မည် ။

“ အစားအသောက် ကို ကြို မှာထားရင် ပို အဆင်ပြေမယ် ဆရာ”

“ နေပါဦးကွာ ၊ အချိန် နည်းနည်း စောနေသေးလို့ ။ ငါ က အများကြီး စော ရောက်နေတာကွ ၊ ငါ့ ဧည့်သည် က အင်မတန် တိကျတာ ၊ သူ က ဘိုလို လာ မှာ ၊ ငါ က မြန်မာစံတော်ချိန် နဲ့ မြန်မာ လို လာ မိလို့ ”

မပြုံးမရယ် ခပ်တည်တည် ပြောလိုက်သော ပြက်လုံး ကို ဝိတ်တာကလေးက အသံ ထွက်အောင် ရယ်ရင်း သဘောကျ နေ၏ ။

“ ဒါဖြင့် ဆရာ့ အတွက် အမြည်း ”

“ အေး … ငါးမုန့်ကြော် တစ်ပွဲ ပဲ ယူခဲ့ဦးကွာ ”

အိတ်ကပ် ကို အမှတ်မထင် ဖိရင်း မှာလိုက်သည် ။ အမှန်တော့ ငါးရှဉ့်ခြောက်ကြော်လေး တစ်ပွဲလောက် မှာ ချင်သေး၏ ။ အင်မတန် ကြိုက်သည့် ငါးရှဉ့်ခြောက်ကြော် မှာ ဈေး ကြီးလှ၏ ။ ငါးမုန့် နှင့်ပဲ အာသာ ဖြေရ တော့မည် ။ မြ ကို ညစာ ကျွေးမည် ဟု ပိုင်းဖြတ်ထားသည်မို့ အိတ်ကပ် ထဲ က ရာတန်ကလေး တစ်ရွက် ကို စိတ်တွက် နှင့် ဖျက် သုံးနေရသည် ။ မနက် က အိတ်ထဲ မှာ ငွေတစ်ရာ့ငါးဆယ် လောက် ပါခဲ့သည် ။ မိန်းမ မှာ လိုက်သော မီးနေခန်းသုံး ပစ္စည်း ပစ္စယ အတိုအထွာတွေ ဝယ်ဖို့ ဖြစ်လေသည် ။ အေးမူ မျက်နှာ ကို ကွက် ခနဲ မြင်၏ ။ ရင်ထဲမှာ လှုပ်သွားပြီး လက်ထဲက ဖန်ခွက် လွတ် ကျမတတ် ဖြစ်သွား သည် ။ ဖိတ်စင်သွားသော ဘီယာတစ်စက် ၊ နှစ်စက် ကို မသိကျိုးကျွန် ပြုကာ ကိုယ့် ကိုယ် ကိုယ် ဟန် မပျက်အောင် ထိန်းရင်း ဆက်သောက်နေရသည် ။

သို့သော် အေးမူ မျက်နှာက ဘီယာမြှုပ်တွေကြား မှာ မြုပ်ချည် ပေါ်ချည် ။

နေ့စေ့လစေ့ ကိုယ်ဝန် နှင့် လေးလံပန်းလျကာ နားထင်တွေ ကျနေပြီဖြစ်သော မယားသည် အေးမူ ရဲ့ မျက်နှာ ။ ကိုယ်ဝန် ကို တအင့်အင့် သယ်ပိုးရင်း နှင်းဆီခင်းတွေ ကြားမှာ ပေါင်းသင်မြက်နုတ် တကုပ်ကုပ်နေမည့် အသွင် အလျာ ။

“ ဟိုတစ်နှစ်က လို ပိုး မကျအောင် ဂရု စိုက်ရမယ် အစ်ကို ရေ့ ၊ ပိုး သာ မကိုက်ဘူး ဆိုရင် တအားပဲ ။ အပင် တွေလည်း သန် မှ သန် ၊ ဖူးတံတွေကလည်း ထွက် မှ ထွက် ၊ ဒီနှစ် တအား ကို ပွင့် မှာ သိလား ။ ဒါမှလည်း ဖြစ် မှာ အစ်ကို ၊ အေးမူ က ပုစုခရုကလေး နှစ်ကောင် နဲ့ ဂျင်ခြေလည်ဦးမှာ ၊ ဈေးဆိုင် ကို ဟုတ်တိပတ်တိ ကြည့်နိုင် ဦးမှာ မဟုတ်ဘူး ၊ ဒီအတောအတွင်း ပန်းခင်းလေးပဲ အားကိုး စား ရမှာ”

ထက်သန် တက်ကြွလွန်းသော အေးမူ အသံ လွင်လွင်ကလေး ရင်ထဲမှာ ရိုက်ခတ်လာသည် ။ ပန်းခင်း လေးပဲ အားကိုး စား ရမှာ ဆိုသော စကား ကို စောဒက မတက်ဝံ့ ။ မိမိ ၏ မဂ္ဂဇင်း က ခုတလော သိပ် အခြေ အနေ မကောင်းလှ ။ ခုတလော ဆိုသည်မှာ မိမိ အယ်ဒီတာ တစ်သက် ၊ ဆယ်စုနှစ်ဝက် မက ကျော်ပြီလေ ၊ မဂ္ဂဇင်း က ချည့်နဲ့နဲ့ မို့ မိမိ အယ်ဒီတာ လစာ ဆိုတာလည်း ထုတ် မပြောရဲအောင် ရှိသည် ။ ကလေး နှစ်ယောက် ရှိသော အိမ်ထောင့်ဝန် ကို အေးမူ က အိမ်ဆိုင်ကလေး တည်ကာ ၊ ပန်းခင်းကလေး စိုက်ကာ ဖြင့် တစ်တပ်တစ်အား ဖြည့်ဆည်း ရှာ၍ တော်တော့သည် ။

ဘယ်တော့ ဖျက်ပြေးရမည်လဲဟု ရင်တမမ နေနေရသော ဂွတ္တလစ် နှင့် အနောက်ရန်ကင်း ကြားက ကျူး ကျော်မြေကွက်ကျယ်ကြီး ထဲ မှာ ကိုလွင်ဦး တို့ လင်မယားက ဝါးအိမ်ကလေးတစ်လုံး နှင့် ဧကဝက် ခန့် နှင်းဆီခြံ ကို ပိုင်ဆိုင်ကြလေသည် ။ သက်ဆိုင်ရာက မနှင်သေးသရွေ့တော့ အိမ်ပိုင်ရှင် ၊ ခြံကြီးရှင် အဖြစ် ရင် တထိတ်ထိတ် လက်မထောင်နိုင်သည် ။ အေးမူ ကတော့ ပိုက်ဆံ ကို ချွေနိုင်သမျှ ချွေပြီး စုနိုင်သ လောက် စုနေသည် ။ သည်နေရာက ပြေးရလျှင် ကလေးလူမမည်တွေ နှင့် ခွေးတိုးဝက်ဝင် ဖြစ်မည် စိုးရှာ သည် ။ ရပ်ကွက် နုပ်နုပ် မှာ တဲစုတ်ကလေး တစ်ခြမ်းလောက် ငှား နေဖို့ပင် ထောင် ဂဏန်း လောက် အနည်းဆုံး စပေါ် တင် ရမည် မဟုတ်လား ။ ခုတလောတော့ အေးမူ ပိုက်ဆံ အသုံး တော်တော် ရက်ရောနေလေသည် ။

သည်လိုချည်းပါပဲ ။ သည် မိန်းမ ကလေး တစ်ခါမွေးမည် ကြံတိုင်း နည်းနည်းတော့ ပုံကြီး ချဲ့ချင်လေ့ ရှိသည် ။ မမွေးခင် ကတည်း က စိတ်ကူးတွေ တယဉ်ယဉ်နှင့် မွေးလာမည့် ကလေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ အသေးစိတ် လုပ်မြဲ ။ ဆေးရုံတက် မီးဖွားလျှင် တစ်ပါတည်း ယူသွားဖို့ ပစ္စည်းတွေမှာ ကြိမ်ခြင်းတစ်လုံး နှင့် ကိုယ်ဝန် ခြောက်လကျော် လောက်ကတည်းက အသင့် ပြင်ပြီးသား ။ ထို ခြင်း ထဲ မှာ သူ့ အဝတ်အစား သုံးစုံလောက် ၊ ကလေး အနှီး ၊ ကလေးအင်္ကျီ ၊ ပလတ်စတစ် အိပ်ရာခင်း စသည့် အသုံးအဆောင်တွေ ကို ပလတ်စတစ် အိတ် အသီးသီး မှာ ပရုတ်လုံး တစ်ပါတည်း ထည့် ၍ မီး ဖြင့် အသေ ပိတ်ထားပြီးသား ။ အေးမူ က အင်မတန် စေ့စပ် သေချာတာတော့ အမှန်ပင် ။ ဆေးရုံမီးဖွားချိန် မှာ အရေးပေါ် သုံးရမည့် “ ချုပ်ကြိုး ” တို့ ၊ “ ဆီ ” တို့ က အစ ပြည့်စုံအောင် ထည့်သွားလေ့ ရှိသည် ။

“ ဒါတွေ ကိုယ့် မှာ မပြည့်စုံရင် မျက်နှာငယ်တယ် အစ်ကို ရေ့ ၊ မရှိ ရှိတာနဲ့ အဖြစ် လုပ်ပေးလိုက်ရင်လည်း ကိုယ် ပဲ ခံရမှာ ၊ အဲဒီတော့ ပိုပိုသာသာလေး ယူသွားရင် မျက်နှာ ရတယ် ၊ ကလေး ရေချိုးဖို့ “ ဆီ ” ဆိုရင် ကုန်လှ ငါးကျပ်သားပေါ့ ၊ ဒါပေမဲ့ အေးမူ က တစ်ဆယ်သားလောက် ထည့် သွားတာ ၊ ပိုတော့ လှူပါတယ် ပေါ့ အစ်ကို ရာ ၊ ချုပ်ကြိုး လည်း ဒီအတိုင်းပဲ ၊ အေးမူ က ဖာ့စပ်ရာ တုန်း ကတောင် တစ်ထုပ် ပဲ ကုန်တာ ၊ ဒါပေမဲ့ နှစ်ထုပ် ဝယ် ရမယ် ၊ ပိုတဲ့ တစ်ထုပ် လှူ တယ်ပေါ့ ၊ ဒါဆို အဆင်ပြေတာပဲ ”

ဆယ်တန်း ကို ဘီ နှင့် အောင်ခဲ့ဖူးသော အေးမူ က သည်လိုပင် အင်္ဂလိပ်စကားလေး တစ်လုံး တလေ ကြား ညှပ်ပြောလေ့ ရှိသလို ကရုဏာ တစ်ဝက်တပျက် နှင့် ပြုံးရသေး၏ ။ မနက်ကတော့ ချုပ်ကြိုး ကို လေးထုပ်ကြီးများ တောင် ဝယ်ခဲ့ဖို့ မှာသည် ။

“ သေချာပါတယ် အစ်ကို ရာ အမြွှာ မှ အမြွှာ ပါ ၊ အိုဂျီ က မတင်မကျ ပြောပေမဲ့ အေးမူ တပ်အပ် သိပါတယ် ၊ ဗိုက် က တစ်ခါတစ်ခါမှာ နှစ်ခြမ်း ကွဲသလို ဖြစ်နေပြီး ဘယ်ရော ညာရော နှစ်ဖက်စလုံးက အမြဲလို လှုပ်နေ တာ အစ်ကို ရဲ့ ၊ အို … လွယ်ထားရတာကိုက အသိသာကြီး ၊ နှစ်ယောက် ပါ ၊ ဗိုက် ခွဲချင် ခွဲရမှာ ၊ အနည်း ဆုံး ချုပ်ရိုးကတော့ များမှာပဲ”

အေးမူ သွေးအေးအေး နှင့် အသေးစိတ် ပြောနိုင်သလောက် ကိုလွင်ဦး မှာ တွန့်၍ တွန့်၍ သွားသည် ။

“ ဘာပဲဖြစ်ဖြစ် အေးမူ တော့ သိပ် အားရတာပဲ ၊ ခု သားတစ်ယောက် ၊ သမီးတစ်ယောက် ရထားတာ နောက်ထပ် သားတစ်ယောက် သမီးတစ်ယောက် လိုချင်နေတာ ၊ အမြွှာမောင်နှမ မွေးလိုက်ရင် တစ်ကြိမ် တည်း ပြည့်စုံသွားပြီပေါ့”

ကိုလွင်ဦး သည် အနည်းငယ် စိတ်ရှုပ်သယောင် ရှိကာ အေးမူ နှင့် အတူ ရောပြီး မတက်ကြွနိုင် ။ လက်ရှိ ကလေး နှစ်ယောက် နဲ့ တောင် ဗြောင်းဆန်နေတာ နောက် နှစ်ကောင် သာ တစ်ပြိုင်နက်တည်း ပူး လာရင်တော့ ထိပ်မွေး မှ ကျန်ပါတော့မလား ဟု တစ်ခြမ်းလိုက်၍ ပြောင်စ ပြုနေသော နဖူးပြင် ကို ယောင် ပွတ်မိသည် ။

သို့သော် မိုးလင်းလျှင် အိမ် က ထွက်ဖို့သာ စိတ်စောနေတတ်ပြီး နေဝင် မှ အိမ်ပြန်လေ့ရှိသော စာပေလောကသား ကိုလွင်ဦး မှာ သားသမီးတွေ နှင့် နေချိန်ရယ် လို့ တယ် မရှိလှ ။ ကလေး ထိန်းရသည်ရယ်လို့ မကြုံ ဖူးသလောက်ပင် ။ သာမန် ချီရုံ ပိုးရုံ စတိလောက်မို့ ကလေးနှစ်ယောက် အဖေ ရယ် လို့ အမည် ခံနိုင်ရုံမျှ သော မိမိ အနေအထားကို ရုတ်ခြည်း သတိရကာ နဖူးပြင် အရေးအကြောင်းတွေ ချက်ချင်း လျော့ပြေ သွားသည် ။

မြက်နုတ် ပေါင်းသင်ရင်း ၊ နှင်းဆီဆူး တွေ တဖောက်ဖောက် အစူးခံရင်း အိမ်ဆိုင်ကလေး တစ်ဖက်နှင့် ယောက်ယက်ခတ်ရှာသော မယားသည် အေးမူ ကို သနား လည်း သနား ၊ ကျေးဇူး လည်း တင်ချင်လာကာ -

“ ဒီတစ်ခါ မွေးရင် အေးမူ ပင်ပန်းဦးတော့မှာပဲ ၊ အိုဂျီ ကို ပြောပြပါလား ၊ မွေးရင်း ဖွားရင်း တစ်ခါတည်း အပြီး သတ်လိုက်ရအောင် ”

“ ဟင် … အစ်ကို ကလည်း မွေးမှာက ဘာကလေးတွေ ထွက်လာမှန်း မှ မသိသေးဘဲနဲ့ ၊ ကျားကလေး ချည်း ဆိုရင် သမီးကြီး အတွက် အဖော် လိုဦးမှာ ၊ မ  ကလေးတွေချည်း လာရင်လည်း အနည်းဆုံး သား တစ်ယောက် တော့ ထပ်ပြီး ယူကို ယူဦးမှာ ၊ ပြီးတော့ အေးမူ အသက် ကလည်း ၂၆ နှစ် ပဲ ရှိသေးတာကို ၊ ဘယ်လို လုပ်ပြီး တရား ဝင်ပါ့မလဲလို့ ၊ ဘာလဲ အစ်ကို က ကလေး “ တောက် ” နေပြီလား ၊ ဒါဆိုရင်လည်း အေးမူ နေ့တိုင်း စားရတယ် ဆိုတဲ့ ဆေး ကို စုံစမ်းပြီး ရှာဝယ် စားပါ့မယ်လေ ၊ သိပ် ဈေးမကြီးဘူးတဲ့ ၊ ဒါပေမဲ့ အား နည်း တတ်တယ် ၊ လူ ကို ထိခိုက်တယ် ဆိုသလားလို့ ၊ အင်းလေ … ထိချင်လည်း ထိပလေစေတော့ ၊ စတယ်ရယ် လိုက်ဇေးရှင်း တော့ မလုပ်ချင်သေးဘူး ၊ အေးမူ ပဲ ဆေးတွေ ရှာ စားပါ့မယ်”

တစ်သက် နှင့် တစ်ကိုယ် အေးမူ ရှေ့မှာ မနေတတ် ၊ မထိုင်တတ် ရှက်တတ်တက်ကြီး ဖြစ်ခဲ့ရသည် ။ ရိုးရိုး စင်းစင်းကြီး တွေး၍ တွေးရသလောက် ပြောချနေသော မယားသည် ကို မိမိ သမာဓိ က အမီ မလိုက်နိုင်ပါ ကလား ။

မိန်းမ တို့သည် သား မွေးခြင်းကို မတင်းတိမ်နိုင် ဟု စကားဟောင်း တစ်ခု တွင်ရစ်ခြင်းမှာ အေးမူ တစ် ယောက် အတွက်ပဲ ဖြစ်လိမ့်မည် ။

ခုလည်း အမြွှာ မွေးရမည် ကို နှင်းဆီပွင့်တွေ ကတ်ကြေး နှင့် ညှပ်ရသလို အားရ တက်ကြွနေ၏ ။ ချုပ်ကြိုး တွေ ၊ ဆေးဝါးတွေ သာမက ဖလန်နယ်စ အနီတစ်ကိုက် ၊ အပြာတစ်ကိုက် မှာသေး၏ ။ သား နှင့် သမီးအတွက် နိမိတ် ယူသည့် သဘော ။

“ ဘလူး ဖော်ရေ ဘွိုင်းလေ အစ်ကိုရဲ့ ၊ အနီက သမီးအတွက် ၊ ဆေးရုံ က အဆင်းမှာ ထွေးဖို့ ၊ ဆောင်းဦး ပေါက်ပြီ ဆိုတော့ ချမ်းပြီလေ ၊ အရောင် ရအောင်သာ ရှာခဲ့နော် အစ်ကို ၊ ဈေး များချင် များပါစေ ”

သို့ဖြင့် အေးမူ ထည့် ပေးလိုက်သော ဈေးဖိုးငွေ ၁၅ဝ ကြီး များတောင် အိတ်ကပ်ထဲ မှာ ပါခဲ့သည် ။ ခုတော့ … မနက်က မြနှင်းဆီ ထံ မှ ဖုန်းရသည် ။ ဆယ်နှစ်တာ အတွင်း ပထမဆုံး အကြိမ် ဖုန်း ခေါ်ခြင်း ။

“ စကား ပြောချင်လို့ပါ မောင် ၊ မြ အဖို့ရာ ဘက်တူရည်တူ ဘာသာစကား တူတဲ့ လူရယ်လို့ အနီးစပ်ဆုံး မောင် တစ်ယောက်ပဲ ရှိလို့ပါ ၊ နာရီပိုင်းလောက် မောင့် သားမယားတွေ ဆီက တရားသဖြင့် အခွင့်အရေး ယူပါရစေ ”

လမ်း ခွဲခဲ့ကြပြီ ဆိုကတည်းက အဝေးမြင် ၊ အဝေးကြည့် ၊ အဝေးသိ ဖြင့် ခပ်ခွာခွာ နေလာခဲ့သော အချစ် ဟောင်း ၊ မြနှင်းဆီ နှင့် ပတ်သက်၍ မျက်စိထဲ ၊ နားထဲ ဝင်လာသမျှ အမြင်အကြားတွေ ကို ရင်တွင်း တစ်နေရာမှာပဲ သိုသိပ် သိမ်းဆည်းခဲ့သည် ။ ညှိနှိုင်းစေ့စပ်၍ မရလောက်အောင် ဘဝချင်း အဟပ် ကွာခဲ့ပြီကို နားလည် ခဲ့ပြီးမို့ ကိုလွင်ဦး အဖို့တော့ ဘာတစ်ခုမှ စကား ဆိုစရာ မရှိတော့ပါ ။

ဟိုတုန်းကတော့ ကိုလွင်ဦး လောက် မြနှင်းဆီ ကို စကား ပြောနိုင်သူ မရှိ ဟု ထင်သည် ။ ငယ်ငယ်ရွယ်ရွယ် အယ်ဒီတာပေါက်စ ဘဝ မှာ မိန်းကလေးများစွာ နှင့် တရင်းတနှီး ဆက်ဆံရဖူးသည် ။ သို့သော် မိန်းကလေး တွေ ကို ပန်း နှင့် ဥပမာ တင်စားရမည် ဆိုလျှင် မြနှင်းဆီ သာ ပန်းများတကာ့ တရာ့ဖျား ။

တစ်ခု ထူးခြားသည် မှာ မြနှင်းဆီ ဆိုသော ပန်းကလေး ကို လမ်းဘေး က သေးနုပ်စုတ်ချာသော လက်ဖက် ရည်ဆိုင် တစ်ဆိုင်မှာ စတင် တွေ့ခဲ့ရခြင်း ဖြစ်လေသည် ။ တစ်စားပွဲတည်း အတူတူ ထိုင်နေသော သူငယ်ချင်းတွေ က မိမိ ကို လှမ်း ခေါ်ပြီး မိတ်ဆက်ပေးသည် ။

“ မြောက်ပြန်လေ စာအုပ်မှာ ကဗျာခံစားခြင်းဆောင်းပါး ရေးတဲ့ မြနှင်းဆီ လေ ”

သည်တုန်းက “ မြောက်ပြန်လေ ” ကြော့ကြမ်းသော့သွမ်းဆဲ ကာလ ။ စာပေအနုပညာ ဝေဖန်ဆောင်းပါး များ စုပေါင်း ထုတ်ဝေသော ထို “ မြောက်ပြန်လေ ” ကို စာပေလောကသား ပီပီ စိတ်ဝင်စားနေသည် ။ ထို စာအုပ်ထဲမှာ မြနှင်းဆီ ၏ ရှတသော ကဗျာခံစားချက် ဆောင်းပါး က ထူးထူးခြားခြား လှုပ်ခတ်သည် ။ သဘောကျ ကြိုဆိုသူတွေ ရှိသလို ကန့်ကွက်ငြိုငြင်သော အသံများ ညိုးညိုးညံညံ ကြားရသည် ။ ဘာပဲ ဖြစ်ဖြစ် သမားရိုးကျ ထဲက ခွဲထွက်ပြီး ထွင်းဖောက်ခံစားတတ်သော “ မိန်းကလေးမို့ ” မြနှင်းဆီ ဆိုတာ ဘယ်လို များပါလိမ့်လို့ သိချင်စိတ် ပေါ်ဖူးသည်တော့ အမှန်ပင် ။

စားပွဲတစ်ဝိုင်းတည်း မှာ အတူ ထိုင်ကြရင်း မြနှင်းဆီ ကို တိတ်ဆိတ်စွာ လေ့လာနေမိ၏ ။ တစ်နည်းအား ဖြင့် မြနှင်းဆီ တည်း ဟူသော “ သက်ရှိစာအုပ် ” ကို စိတ်ဝင်တစား ဖတ်ရှုနေခြင်းဟုလည်း ဆိုနိုင်သည် ။

ကျန်းမာခြင်း အရင်းခံကြောင့် တစ်မူထူးခြား ကြည်စင်လတ်ဆတ်နေသော အသွင်အလျာ ကို ရုတ်ခြည်း မြင်သာသည် ။ ကျယ်ပြန့်သော မဟာနဖူး ၊ စူးလက်သော မျက်လုံး ၊ သာမန်ထက် ပေါ်လွင်သော နှာတံ ၊ ကြော့ရှင်းရှည်သွယ်သော လည်တိုင် တို့ က မြနှင်းဆီ ၏ အတွင်းသဘော မာကျောခိုင်မြဲမှု နှင့် ပွင့်လင်း လွတ်လပ်မှု တို့ကို ပြနေသည် ထင်၏ ။ သဘာဝ မျက်နှာ ကို ဆံနွယ်နက်မှောင်တွေ က ဘောင်ကြက်ထားသဖြင့် အသက်ထက် ပိုမို ပျိုပျစ်နေ သော မြနှင်းဆီ က လက်ဖက်ရည် ချိုပေါ့ကျ တစ်ခွက် ထပ် မှာပြီး သောက်သည် ။ သူ့ ရှေ့မှာလည်း သောက်ပြီးသား ပန်းကန်နှစ်စုံ မသိမ်းရသေး ။

တခြားအပေါင်းအသင်းတွေ ကတော့ ဘာမှ မဆန်းသလို “ နှင်းဆီဆေးပေါ့လိပ် ” ကိုယ်စီ ခဲနေကြသည် ။ မြနှင်းဆီ နှင့် အနီးဆုံး ယှဉ်လျက် ထိုင်နေသော ဖြူဖြူပုပုကလေး မျက်နှာပိုင်ရှင် ဝေလု က ကြည်အေး ၏ ဆရာဝန် ဘဝ အတွေ့အကြုံ ခံစားချက် ကဗျာရည်တစ်ပုဒ် ကို ရွတ် ပြနေလေသည် ။

လူနာ့ပစ္စည်း ၊ သိမ်းရဆည်းရ
နောက်မြီးပါးရှပ် ၊ ခုံဖိနပ်တစ်ရန်
လက်ပြတ်စွပ်ကျယ် ၊ လည်ပြဲတစ်ထည်
ချည်ကြမ်းလုံချည် ၊ နီညိုတစ်ကွင်း
ပြာစင်းတဘက် ၊ မျက်နှာသုတ်ပဝါ
ခေါင်းပေါင်းလာသည်
လက်မှာဆုပ်ကျစ်
ဝတ်ညစ်ထုပ်ပတ်
ကျပ်တန်နှစ်ရွက်
အကြွေဖျက်ထား
ဆယ်ပြားစေ့ “ လေး ”
ဆေးပေါ့လိပ် “ နှစ် ”
မီးခြစ် “ တစ် ” ။

နား ထဲ ဖိတ်တစ်ဝက် စင်တစ်ဝက် ဝင် လာနေသော ကဗျာဆရာ ဝေလု အသံကို တဝီဝီ ဖြတ်သန်းပြေး လွှားနေသည့် ကားသံကြား က နားစွင့်နေဆဲ မျက်လုံးမှေးမှေး ၊ နားရွက်သေးသေး ၊ နှုတ်ခမ်းတွဲတွဲ ကျော်ခိုင် က မျက်စိ တစ်ဖက် မှိတ်ပြလေသည် ။ ပြီး ကိုလွင်ဦး နား နားကပ်ကာ…

“ ဒါလေးက အဲသလို စိတ် ကတော့ ရှည်ရတာပေါ့ဗျာ”

အမှတ်မထင် ထောင်းခနဲ ထွက်သွားသော ဒေါသ ကို မနည်းကြီး ပြန် ထိန်းလိုက်ရသည် ။

မြနှင်းဆီ ဆိုသော မိန်းကလေး ကို သာမက ဝေလု ကိုရော မိမိတို့ တစ်ဝိုင်းလုံးပါ ထိခိုက်စေသော စကား ။ ဒီကောင် ဝိုင်းထဲ ပါနေတာ ကိုက ကျက်သရေ ယုတ် လှသည် ။ စရိုက် မတူသူ ကို လူရာ သွင်းမိသည် ကိုက မိမိ တို့ အမှား ။ စာသမား မဟုတ်သော်လည်း ဒီကောင်လို ရူးကြောင်ကြောင် စာပေပွဲစား တွေ က ခုလို ဝိုင်း တွေထဲ စုန်းပြူး ပါတတ်သည် ။ ထို့အတူ ရှဲဒိုး ရေးပေးနေရ သလိုလို ၊ ဒီလူ့ စာအုပ် ဖြစ်မြောက်ရေးအတွက် အကျိုးဆောင်ပေးနေရ သလိုလို ၊ ဟို စာအုပ်တိုက် အတွက် စာမူ လိုက် စုပေးနေရ သလိုလို ၊ ဒီ စာရေးဆရာ ၏ ကိုယ်ရေးလက်ထောက် လိုလို ။

ပြီးတော့ ဘယ် မိန်းကလေးကို မှ လေးစားထိုက်တယ် မထင် ၊ မိန်းမ မြင်လျှင် ရုန့်ရင်းရိုင်းစိုင်းသော စိတ်ကူးသာ ပေါ်လေ့ ရှိသူ ။ မြနှင်းဆီ ကို ပိုပြီး ကရုဏာ သက်မိသည် ။ ကိုယ့်နှမလေး သာ ဖြစ်လျှင် သည်လို ကောင်စားတွေ ပါလာ တတ် သည့် လမ်းဘေး လက်ဖက်ရည်ဆိုင် မှာ မထိုင်စေရပါဘူး ။ မြနှင်းဆီ ကတော့ မသိသား ဆိုးရွားစွာ ၊ သို့မဟုတ် ယုံကြည်စိတ်ချစွာ ချိုပေါ့ကျ လက်ဖက်ရည် ကို အေး ဆေးစွာ တစ်ခွက်ပြီး တစ်ခွက် မှာ သောက်ရင်း “ ကဗျာလေ ” ကို လွတ်လပ်စွာ ရှူရှိုက်နေသည် ။

“ ကြည်အေး ကို ကျွန်တော် ရိုသေမြတ်နိုး တာ အဲဒါမျိုးတွေ အတွက်ပါပဲ မြနှင်းဆီ ၊ ခင်ဗျားတို့ က တစ်ခါ လာလည်း ညကြီးမင်းကြီး ထပြီး ထိုင်နေ တစ္ဆေ  ၊ တစ်ခါလာလည်း မီ … ”

ကိုလွင်ဦး လည်း မွေးညင်းနုများ ထောင် ထမတတ် ခေါင်းနပန်း ကြီးသွား၏ ။ ဝေလု သည် လည်းကောင်း ၊ မြနှင်းဆီ သည် လည်းကောင်း တစ်စုံတစ်ရာ အတွက် ပဋိပက္ခ ပြင်းထန်နေသော သူတို့ မျက်လုံးတွေ စူးစူး လက်နေသည် ။ အရိုင်းစိတ် ၊ မိစ္ဆာ စိတ် တွေ ဘယ်လို ကပ်ငြိနိုင်ပါမလဲ ။ ကျော်ခိုင် နှင့် ခွေးခြေခုံချင်း ခွာ လိုက်ကာ ဝေလု အနား တိုး ထိုင်ပြီး ရေနွေးကြမ်းတွေ လိုက် ငှဲ့ပေးနေလိုက်သည် ။

မြနှင်းဆီ က မိမိ ဘက် တစ်ချက် ဝေ့ကြည့်ကာ -

“ ဒီဆောင်းပါး တစ်ပုဒ်တည်း နဲ့ မြနှင်းဆီ ရဲ့ခံစားချက်တွေ ကုန်ခန်းသွားပြီလို့ ကိုဝေလု ထင်ပါသလား ၊ ပြောဦးမှာပါ ၊ ဆက်ရေးဦးမှာပါ ၊ မြနှင်းဆီ က ဒီတစ်ပုဒ် ပဲ ရေးပြီး မနက်ဖြန် သေသွားတာမှ မဟုတ်ဘဲ ၊ တစ်ခုတော့ ရှိတယ် ၊ “ တစ္ဆေ ” နဲ့ မြနှင်းဆီ နှလုံးခုန်နေတာ အမှန်ပဲ ၊ “ နွမ်းလျအိမ်ပြန် ” နဲ့ “ မီ ” နဲ့ အသက်ရှူ မြန်နေတာလည်း အမှန်ပဲ ၊ အဲဒီ အတွက်တော့ ရှင် နဲ့ ကွဲလွဲနေမှာပဲလေ ၊ ဒါဟာ မြနှင်းဆီ ပဲ ကိုး ကိုဝေလု ရဲ့ ၊ ဝေလု မဟုတ်တဲ့ မြနှင်းဆီ ကိုး ”

မြနှင်းဆီ … မြနှင်းဆီ ဟု ရင်ထဲက မြည်တမ်းရင်း သဘောပေါက်စ ပြုသည် ။ သူ့ ကိုယ် သူ ယုံကြည်မြဲမြံ သော ၊ သူ့ ကိုယ် သူ တာဝန်ယူတတ်သော မိန်းကလေး မို့ ပိုပြီး စိတ်ဝင်တစား လေးစားမိသည် ။ သို့သော် ကျော်ခိုင် လို ကောင်စားတွေက အများကြီး ။ ရှပ်လက်ရှည်ဖားလျားနှင့် ကချင်လွတ်အိတ် ကို စလွယ်သိုင်းလွယ်ထားသော ထို မိန်းကလေး ကို သည့်ထက် ပိုပြီး နားလည်အောင် ကြိုးစားကြည့်ချင်စိတ် တဖွားဖွား ပေါ်သည် ။ သို့ဖြင့် မြနှင်းဆီ ရှိတတ်သော နေရာတွေ ကို အရောက်အပေါက် များလာရာက တစစ ရင်းနှီးခဲ့ရလေသည် ။

တစ်ခါတစ်ရံ တစ်ကျပ်ခွဲတန်း က တစ်ယောက်တည်း ရုပ်ရှင် ကြည့်တတ်သော မြနှင်းဆီ ကို စိတ်ပူပန်စွာ ရုံပေါက်ဝ က စောင့်ဖူးသည် ။ လက်ဖက်ရည်ဆိုင် မှာ ကျော်ခိုင် လို ကောင်စားတွေ နှင့် ဝိုင်းဖွဲ့နေတာ တွေ့ပြန်တော့ ကြံကြံဖန်ဖန် ရမယ် ရှာပြီး ခွဲထုတ်မိသည် ။ မြနှင်းဆီ လွတ်လပ်ပွင့်လင်းပုံ ကို သဘောကျသော် လည်း အတင့်မရဲသင့် ဟု ဝေဖန်မိသည် ။

“ မြ မ အ ပါဘူး ကိုလွင်ဦး ရဲ့ ၊ မြ သူတို့ အားလုံးကို သဘော ပေါက်ပါတယ် ၊ တချို့ကသာ မြ ကို သဘော မပေါက်ကြတာပါ ၊ ဒါလည်း မတတ်နိုင်ဘူးလေ ”

“ ဘာလို့ မတတ်နိုင်ရတာလဲ ၊ ဥပမာ တွေ့ကရာ ကောင်တွေ နဲ့ လျှောက် မသွားဘဲ ဘာလို့မနေနိုင်ရမလဲ ၊ လက်ဖက်ရည်ဆိုင် မထိုင်ဘဲ ဘာလို့ မနေနိုင်ရမလဲ ”

ပိုင်စိုးသော လေသံဖြင့် ဆူပူမိသလို ရှိသည်ကို မြနှင်းဆီ က မကန့်ကွက်ချေ ။ ကလေးလို ပွင့်လင်းစွာ ရယ်မော ရင်း -

“ မြ က လက်ဖက်ရည် ကြိုက်တာကိုး ကိုလွင်ဦး ရဲ့ ၊ အိမ် က  ပို့တဲ့ ပိုက်ဆံ မလောက်ရင် ထမင်း မစားဘဲ လက်ဖက်ရည် ပဲ လ နဲ့ ချီ သောက်နေတာ ဘယ်သူမှ မသိကြလို့ ”

“ အို … ဟုတ်လား ” ဟု မြ ၏ အထက်တန်းကျကျ ဝတ်စားဆင်ယင်ထားသော အသွင်အလျာကို ခြေဆုံး ခေါင်းဖျား အကဲခတ်ရင်း မယုံသလို မေးသည် ။

“ စာမေးပွဲ ကို တစ်တန်း နှစ်နှစ်နှုန်း နဲ့ အောင်နေတော့ အိမ် ကလည်း မကြည်ဖြူလှဘူး ကိုလွင်ဦး ရဲ့ ၊ တစ် လ ငါးရာ ထက်  ပို တောင်းလို့ မရဘူး ။ အပြင်ဆောင် နေရတော့လည်း စရိတ်စက ပို များတယ်လေ ၊ ဝတ္ထု ၊ မဂ္ဂဇင်းလေး တွေကလည်း ဝယ်ချင်သေးတော့ ပိုက်ဆံ လောက်ငအောင် ထမင်းနပ်ကျော် စားပြီး လက် ဖက်ရည် ဖိသောက်ရင်း စွဲသွားတာ ၊ ပြီးတော့ လက်ဖက်ရည်ဆိုင် မှာ အပေါင်းအသင်းတွေ နဲ့ စကားပြော လို့လည်း ကောင်းတယ် မဟုတ်လား ၊ ယုံကြည်ချက်ချင်း ၊ ပန်းတိုင်ချင်း ကွဲလွဲတောင် အနုပညာဘာသာ စကား တူနေတာကိုး ”

“ မဟုတ်သေးပါဘူး မြ ရာ ၊ တကယ်တော့ မြ က မိန်းကလေး ပဲ ဟာ ၊ ဟိုတွေ့ ဒီတွေ့ သိပ်တွေ့နေရတော့ မဟုတ်သေးပါဘူး ”

“ ဘာလဲ ကိုလွင်ဦး က မြ ကို မိန်းကလေး လို့ ပဲ မြင်တယ်ပေါ့ ၊ ဟုတ်လား ”

သူ ဒေါပွလေသည် ။ မိန်းကလေး အမူအရာ အပြည့်ဖြင့် နှုတ်လှန်ထိုးဟန် ကို ချစ်စနိုး ပြုံးကြည့်ရင်း -

“ မမြင်ပါဘူး ၊ မြ ဟာ စာပေသမားပါ ၊ လေးစားလောက်တဲ့ စာဖတ်သူ ၊ တစ်ခါတစ်ရံ စူးရှထက်မြက်တဲ့ စာပေ စံစားမှုဆောင်းပါး တစ်ပုဒ်စ နှစ်ပုဒ်စ ရေးလေ့ရှိ သူ ၊ ကျွန်တော် နားလည်တာပေါ့ မြ ရယ် ၊ ဘာဖြစ် ဖြစ် မြ ကကော မိန်းကလေး ဆိုတဲ့ အဖြစ်ကို ဖျောက်ပစ်လို့ ရမယ် ထင်လို့လား ၊ ပြီးတော့ ဟိုဟိုဒီဒီ လမ်း မသလား တဲ့ စာသမား မိန်းကလေး တွေ အများကြီး ရှိတာပဲ ၊ ကျစ်လျစ်သိုသိပ်တယ် ဆိုတာ မိန်းကလေး တွေ အတွက် …”

“ နိုး … နိုး … မြ ကို တရားဟောဖို့ မကြိုးစားနဲ့ နော် ၊ မြ ကိုလွင်ဦး ဆီ က လေးစားမှု ကို မမျှော်လင့်ချင်ပါဘူး ၊ ဘယ်သူ့ဆီ က လေးစားမှု ၊ နားလည်မှု ကို မှ လည်း ကြိုးစား မယူချင်ဘူး ၊ တစ်ခု ပြောနိုင်တာက မြ မလိမ် တတ်ဘူး ၊ စိတ် ထဲ ရှိသလို နေတယ် ၊ ဟန်ပန်မူရာတွေ ကို မုန်းတယ် ၊ စိတ် ထဲ ရှိသလို မနေရဲတဲ့ ၊ ဟန်ပန် မူရာတွေ များတတ်တဲ့ ၊ လူ အထင်ကြီး ခံချင်ကြတဲ့ မိန်းကလေး ဆိုတဲ့ အမျိုးအစား ကိုလည်း မုန်းတယ် ၊ တကယ် … ကိုလွင်ဦး ရဲ့ ၊ မိန်းမ ဖြစ်ရတာ မြ ကိုယ် မြ သိပ် မုန်းတာပဲ ၊ ဒါကြောင့် မိန်းမ ဆန်မိမှာ မြ သိပ်စိုး ရိမ်တာပဲ ”

“ မြ က မိန်းကလေး ဖြစ်ပြီး မိန်းမချင်း အပေါ် သိပ် လျှော့တွက်နေပြီ ထင်တယ် ၊ ကောင်းတယ် ၊ ဆိုးတယ် ၊ ယုတ်တယ် ၊ မြတ်တယ် ဆိုတာ မိန်းမပဲ ဖြစ်ဖြစ် ၊ ယောက်ျားပဲ ဖြစ်ဖြစ် ရှိချင်သလို ရှိကြာတာပဲ မြ ရဲ့ ၊ ကိုယ် သတိပေးချင်တာ က ယောက်ျား ဆိုတိုင်းလည်း အထင် မကြီးဖို့ပါ ”

“ အို … မြ ကလည်း လူတွေ ကို သိပ် အထင်မကြီးလှပါဘူး ၊ အထင် ကြီးစရာရယ် လို့လည်း သိပ် မရှိလှပါဘူး”

ခင်ကြီးတစ္ဆေ ပဲ ဟု ကိုလွင်ဦး က မှတ်ချက် ချမိသည် ။ လူ တွေ ကို အထင်မကြီးချင်လှသော မြ ကို ကိုလွင်ဦး တစ်ယောက် ကိုတော့ အထိုက်အလျောက် လိုက်လိုက်လျောလျော ရှိပေသည် ။ မြ ရဲ့စံရိပ်ငြိမ် ဘော်ဒါ ဧည့်ခန်းဆောင် မှာ ဝင်ခွင့်ထွက်ခွင့် ပြုသည်အထိ ကိုလွင်ဦး ကို နေရာပေးလာသည် ။ အရင်က မြနှင်းဆီ နံဘေးမှာ အုပ်သင်းဖွဲ့ နေတတ်သော ပုဂ္ဂိုလ်လေးတွေ လည်း အလိုလို ရှဲမှန်း မသိ ရှဲကုန်ကာ ကိုလွင်ဦး ကို ကရုဏာသက်သော မျက်လုံးတွေ နှင့် သမင်လည်ပြန် ကြည့်ကြသည် ။ ကဗျာဆရာ ဝေလု တစ်ယောက် ကတော့ ပွင့်လင်းလေသည် ။

“ မြနှင်းဆီ က လက်ဖက်ရည်ဆိုင် အတူ ထိုင်ပြီး ဆွေးနွေးငြင်းခုံဖို့ ကောင်းတဲ့ စကားပြောဖက် သာ ဖြစ်တယ်ဗျ ၊ သူ့ အဆောင်ဧည့်ခန်း အထိ လိုက်လည်ပြီး ရည်းစားစကား ပြောဖို့ ကြံစည်အပ်တဲ့ မိန်းကလေး မျိုး မဟုတ်ဘူး ၊ ဘယ် … မိန်းကလေး နဲ့ မှ မတူဘဲဗျာ ၊ သူ ကကော လင်ယူသားမွေး ကိစ္စ ကို အလွယ်တကူ စဥ်းစားမယ် လို့ ခင်ဗျား ထင်သလား”

ကိုလွင်ဦး က ပင်ကို အေးဆေးသော အမူအရာဖြင့် ရဲရင့်စွာ ပြုံးသည် ။

“ ဒါက သူ့ ကိစ္စပဲလေ ”

“ အင်း … ခင်ဗျား ကိစ္စ ကတော့ ဘာဖြစ်ဖြစ် ဆက် လုပ်တော့မယ် ဆိုပါတော့ ၊ ဒီမှာ ကိုလွင်ဦး ၊ ခင်ဗျား မြနှင်းဆီ ကို လက်ထပ်ဖို့ အထိ ဆုံးဖြတ်ရဲပြီ ဆိုရင် ခင်ဗျား ရူး လို့ပဲဗျာ ၊ ဒါမှမဟုတ် လူစွမ်းကောင်း ပဲ ”

ဝေလု ပြောသလို လူစွမ်းကောင်းကြီး မဟုတ်သည့်တိုင် မရူးတာတော့ သေချာသည် ထင်၏ ။ မြနှင်းဆီ လို အကိုင်အတွယ် ခက်လှသည့် ဆတ်တောက်တောက် မိန်းကလေးမျိုး ကို ချစ်နှစ်လို မိတာပဲ သူ သိသည် ။ ပြီးတော့ သဘောထားချင်း မတိုက်ဆိုင်သည့်တိုင် မြနှင်းဆီ နှင့် စကား ပြောလို့ ကောင်းလှသည် ။ အကြောင်းအရာများစွာ ကို တန်းတူရည်တူ ဆွေးနွေးနိုင်သည့် မိန်းကလေး ။

တစ်နေ့တော့ စကား ပြောရင်း မြ ရဲ့ကိုယ်ရေးကိုယ်တာကလေးတွေ ဆီ ရောက်သွားသည် ။ သည်တော့မှ မြနှင်းဆီ ကို တစ်ခိုင်လုံးရွှေ ရုပ်ရှင်ကုမ္ပဏီ ပိုင်ရှင် ဦးမြမောင် ၏ သမီးမှန်း တအံ့တဩ သိ လိုက်ရလေ သည် ။

“ မြ မာမီ ဆုံးတော့ မြ ဆယ်နှစ် သမီးလေ ၊ မြ ၁၅ နှစ် ဆယ်တန်း ဖြေတဲ့ နှစ်မှာ ဒက်ဒီ နောက် အိမ်ထောင် ပြုတယ် ၊ မြ မိထွေး က မြထက် သုံးနှစ် ပဲ ကြီးတယ် ကိုလွင်ဦး ရဲ့ ၊ ဆိုးတော့ မဆိုးပါဘူး ၊ ဒါပေမဲ့ မြ နဲ့ မတိမ်း မယိမ်း ရှိတဲ့ မိန်းမတစ်ယောက် ကို ဖအေ နဲ့တန်းတူ ထားပြီး ဘယ်လို ဆက်ဆံလို့ ရပါ့မလဲ ၊ ဒါကြောင့် မြ အိမ် မပြန်ဘဲ နေတာ ၊ ကျောင်း ပြီးတဲ့ အထိ စာမေးပွဲ ကို အချိန် ဆွဲနိုင်သလောက် ဆွဲပြီး ဖြေနေရမှာပဲ ၊ အိမ် မပြန်ရ ပြီးရော ”

ဒါကြောင့် လောက ကို ဒေါင်လိုက် မြင်နေတာကိုး ဟု သဘောပေါက်စ ပြုသည် ။ အရာရာကို ထီမထင် စိတ်ကလေး ဖွံ့ဖြိုးလာရခြင်း ၏ နိဒါန်း အစ ။

“ ဟိုတစ်လောက ခရေဦးမဂ္ဂဇင်းတိုက် မှာ လက်ထောက်အယ်ဒီတာ ဝင် လုပ်မလားလို့ စဉ်းစားသေး တယ် ၊ ဒါပေမဲ့ အယ်ဒီတာချုပ် ဆိုတဲ့ လူ နဲ့ တာဝန်ခံအယ်ဒီတာ ဆိုတဲ့ လူ က မြ လေးစားလို့ မရတဲ့ လူတွေ ဖြစ်နေတယ် ၊ အခွံမှန်း ၊ ဖွဲမှန်း သိလျက် နဲ့တော့ အကျော မခံနိုင်ဘူးလေ”

အယ်ဒီတာ ကိုလွင်ဦး သည် ကျောထဲ စိမ့်တိမ့်တိမ့်ပင် ဖြစ်မိ၏ ။ “ အထင်မကြီးပါဘူး ” ဆိုသော မြ လက်သုံးစကား တွေ သိပ် အသုံးများလွန်းနေသလား ဟု စဉ်းစားရင်း ချက်ချင်း ခွင့်လွှတ်ပစ်လိုက်သည် ။

“ မြ အိမ် မပြန်ချင်ရင် ခုလို အဆောင် မှာ တေပေနေမယ့် အစား ကိုယ့်အိုး ကိုယ့်အိမ်ကလေး နဲ့ နေကြည့်ပါ လား ၊ ကိုယ်လည်း အဲသလိုပဲ နေချင်စိတ် ပေါက်နေပြီ ၊ တကယ်ပဲ မြ ရယ် ၊ မြ ကို တစ်ယောက်တည်း လွှတ် မထားချင် တော့ဘူး ၊ ကိုယ့် မျက်စိအောက်မှာ ထားပြီး အမြဲတမ်း မြင်ချင် ၊ ကြားချင်နေတယ် ”

ဒါလောက် ရင်းနှီးမှု ရှိနေမှတော့ ရည်းစားစကား ပြောဖို့ သိပ် မခက်လှတော့ပါ ။ စကားလုံး အသုံးအနှုန်း အနည်းငယ် ကွဲလွဲတာသာ ရှိမည် ။ ကိုလွင်ဦး သည် စိတ်လိုက်မာန်ပါ ပြောရင်း ပိုမို ရဲတင်းလာကာ လေသံ အနည်းငယ် နှိမ့်၍ သုံးခွန်းသော အစဉ်အလာ စကား ကို တစ်ဆက်တည်း ပြောချလိုက်သည် ။

“ ချစ်တယ် မြ ”

အများ မိန်းကလေး တကာ လို ပင် ပါးပြင်တွေ နှင်းဆီ ဖူးလာသည် ကို ချစ်စနိုးဖွယ် မြင်ရ၏ ။ သို့သော် မြ က ပွင့်လင်းစွာ ရယ်နိုင်သည် ။

“ အဲဒါ မြ သိပါတယ် ” ဟု တိုးညှင်းစွာ ဆိုသည် ။

အတူနေဖို့ ၊ လက်ထပ်ဖို့ ကို အကြောင်းပြချက်မဲ့ စွာ မြ က ငြင်းဆန်မြဲ ရှိလေသည် ။

“ မောင့် ကို မြ ချစ်ပါတယ် ၊ ဒါဆိုရင် လုံလောက်ရောပေါ့ကွယ် ”

မြ ကို နားလည်တစ်ချက် နားမလည်တစ်ချက် ဖြစ်ရသည် ။ ကိုလွင်ဦး တစ်ကိုယ်တည်း ငှားနေသော ဂွတ္တလစ် မင်းလမ်း ထဲက အိမ်ခန်းကျဉ်းကလေးမှာ နေကုန်နေခန်း လာရောက် လည်ပတ်လေ့ရှိသော မြ ကို ဇွတ်တရွတ် အကြပ် ကိုင်ရမည်လား ဟု မိစ္ဆာ စိတ် ဝင်ဖူးသည် ။ သို့သော် မြ ၏ စင်ကြယ်ပွင့်လင်းဟန် ကလေး က နှလုံးသား မှာ ခိုက်နေကာ မြ ရှေ့မှောက် ရောက်လျှင် စိတ်ရိုင်းတွေ လွင့်ပျောက်ရမြဲ ။ တစ်ခါတော့ တော မှာ ကျန်ရစ်သည့် ကိုလွင်ဦး ၏ အမေ နာရေးကိစ္စ ကြောင့် တစ်ပတ်ကျော် မျှ မြ နှင့် ခွဲခွာလိုက်ရသည် ။

ရန်ကုန် ပြန်လာတော့ မြ ကို မမျှော်လင့်ဘဲ လက်ဖက်ရည်ဆိုင်တစ်ဆိုင် မှာ ကျော်ခိုင် နှင့် စကားလက်ဆုံ ကျလျက်သား တွေ့ရလေသည် ။ ပေါက်ကွဲလု ဆဲဆဲ စိတ် ကို ဘရိတ် ထိန်းရင်း မြ နံဘေး မှာ မျက်နှာ မပျက် ဝင် ထိုင်လိုက်ရသည် ။ ကျော်ခိုင် ကသာ အလိုက်သိစွာ စကား ဖြတ်ပြီး နှုတ်ဆက် မထသေးဘူး ဆိုလျှင် မြ ကို သူ အော်ဟစ်လိမ့်မည် ။ မြ ကတော့ သဘောပေါက် လွယ်သည် ။

“ မောင် ကျွဲမြီးတိုလာသလား ”

“ မဟုတ်ပါဘူး ၊ မြ နေပုံ ထိုင်ပုံကတော့ ကျေနပ်ဖို့ ကောင်းလို့လား”

မြ က ပြုံးမြဲ ပြုံးလည်း မျက်တောင်တွေ စွတ်စိုစ ပြုသည် ။

“ အဲဒါကြောင့် မောင့် ကို မြ ချစ်ရုံပဲ ချစ်ဝံ့တာ ၊ လက်မထပ်ဝံ့တာပဲ မောင် ”

ကိုလွင်ဦး ခေါင်း ခါပစ်လိုက်သည် ။

“ မောင် တစ်ယောက် ကျေနပ်အောင် နေဖို့ မြနှင်းဆီ ဖြစ်လာတာတော့ မဟုတ်ဘူး မောင် ၊ အဲဒါအတွက် တော့ ခွင့်လွှတ်ပါ မြ ကို ”

ကိုလွင်ဦး သည် အားလျော့ရုံမက စိတ်အပျက်ကြီး ပျက်လာ၏ ။

“ ကိုယ် က ချည်း ကျေနပ်ချင်နေတာ မဟုတ်ဘူး မြ ရယ် ၊ မင်း အတွက် ကြည့်ပြီး ပြောနေရတာ ၊ မင်း လူတွေ အကြောင်းလည်း မသိဘူး ”

“ မြ ကိုယ် မြ သိပါတယ် ၊ မြ အတွက် လုံလောက်နေတာပဲ ”

ထုံပေပေ အေးစက်စက် အမူအရာ ကို သည်တစ်ခါတော့ ကိုလွင်ဦး ထောင်းခနဲ ဒေါပွသွားသည် ။

“ မြ ကိုယ် မြ သိရုံနဲ့ ဘယ် လုံလောက်မလဲ ၊ လူတွေ အကြောင်း မင်း သိဖို့ လိုတာပေါ့ ၊ မင်း ကိုလည်း လူတွေ က နားလည်ဖို့ လိုတာပေါ့ ၊ ခုတော့ ငါ တောင် မင်း ကို နားမလည်နိုင်သေးဘူး မြ သိလား ၊ မင်း ဟာ သိပ် အသိရ ခက်တဲ့ မိန်းကလေး ”

“ ဒါတော့ မြ မတတ်နိုင်ဘူး ၊ ဒါတွေဟာ မြ ကိစ္စ လုံးဝ မဟုတ်ဘူး မောင် ၊ မောင် သာ အသိရ ခက်တဲ့ မိန်းကလေးတစ်ယောက် ကို ဘာကြောင့် ချစ်ခဲ့သလဲ ၊ အဲဒါ ပြန်စဉ်းစား ၊ အဲဒါသာ မောင့် ကိစ္စ ”

ကိုလွင်ဦး ဗီဇ က မိန်းကလေးတစ်ယောက် နှင့် အချေအတင် အငြင်းပွားရမည် ကို ဝန်လေးလှသည် ။ အောက်တန်း ကျသည် ထင်၏ ။ သည်မှာတော့ ကိုယ့် ချစ်သူ မို့ ၊ မြ မို့ ပိုပြီး ရန် မဖြစ်ချင် ။

“ မောင့် ကို မြ လက်မထပ်နိုင်ဘူး ဆိုတာ သေချာသလောက် ရှိပြီ မောင် ၊ ဒါပေမယ့် မောင့် ကို မြ ချစ်ပါ တယ် ”

ကိုလွင်ဦး ၏ နှလုံးသွေးများ ငယ်ထိပ် တက် ဆောင့်သည် ။

“ ဘာ စကားလဲ မြ ၊ ကိုယ့် ကို ကြိုးရှည်ရှည် နဲ့ လှန် တာလား ”

မြ က အသံ ထွက်အောင် ရယ်သည် ။

“ ဒီလောက် ဟောင်းမြင်းဆွေးမြည့်နေတဲ့ စကားကြီး သုံးနေရသေးလား မောင် ရာ ၊ အယ်ဒီတာတစ် ယောက် လုပ်နေပြီး ”

ကိုလွင်ဦး ပိုပြီး ရှူးရှူးရှားရှား ဖြစ်လာသည် ။

“ ဝေ့လည်ကြောင်ပတ် လုပ် မပစ်နဲ့ မြ ၊ ကိုယ့် ကို ပြတ်ပြတ်သားသား အဆုံးအဖြတ် ပေးစမ်းပါ ”

“ ပြောနေပြီပဲ မောင် ၊ မောင့် ကို မြ လက်ထပ်နိုင်ဖို့ ခဲယဉ်းသွားပြီ ၊ ဘာကြောင့်လဲ ဆိုရင် တစ်စုံတစ်ယောက် ရဲ့လက်မောင်း ကို မှီနွဲ့လို့ချည်း မြ မနေနိုင်ဘူး ၊ လောကအလုံး မှာ မြ သွားချင်ရာ သွားပြီး နေချင်သလို နေမှာ ၊ လမ်းကြိုလမ်းကြား ဖြစ်ချင် ဖြစ်မယ် ၊ လက်ဖက်ရည်ဆိုင် ဖြစ်ချင် ဖြစ်မယ် ၊ ရုပ်ရှင်ရုံ ထဲ က နှစ်ကျပ် ခွဲတန်း ထိုင်ခုံပေါ် ရောက်ချင် ရောက်မယ် ၊ စိတ်ထဲ ရှိသလို နေမယ် ၊ ဒါပေမယ့် မောင့် ကို မြ ချစ်ပါတယ် ”

“ တော်တော့ မြ ရယ် ”

“ ဒီထက်လည်း ပိုပြီး ပြောစရာ မရှိတော့ပါဘူး မောင် ”

“ အလကား ဟစ်ပီ ပဲ ” ဟု ဒေါပွပွ နှင့် ရေရွတ်မိသည် ကို မြ က ကြားမိအောင် ကြားလိုက်သည် ။

“ ဒါတော့ မောင် မြ ကို ဆဲတာပဲ ၊ တစ်သက် နဲ့ တစ်ကိုယ် ပထမဆုံး သည်းခံလိုက်မယ် မောင် ၊ ချစ် တဲ့ စိတ် နဲ့ သည်းခံလိုက်ပါ့မယ် ”

ကချင်လွယ်အိတ် ကို ထုံးစံအတိုင်း စလွယ်သိုင်း လွယ်ကာ ရှပ်အင်္ကျီကို တင်ပါးပေါ်မှာ ဆွဲဆန့်ချရင်း ထိုင်ရာမှ ထသည် ။ ကိုလွင်ဦး က မချိတရိ ပြုံးရင်း -

“ သွားတော့မယ်လား ၊ ကောင်းပါတယ် ၊ ဒါနဲ့များ ချစ်တယ် ဆိုတဲ့ စကား ပြောတတ်တယ်နော် မင်း ”

“ မောင့် ကို မြ ချစ်တယ် ဆိုတာ မောင် က မမေးဘဲတောင် မြ ဘာသာ မြ ပြောပိုင်ခွင့် ရှိတာပဲ ၊ ဒါကို ယုံပါလို့ အသနား မခံပါဘူး မောင် ”

လေတိုက်သလို ပေါ့ပါးသွက်လက်သော ခန္ဓာကိုယ်လေး လွင့်ပျောက်သွားသည်အထိ ငေးငိုင်ကျန်ရစ်သည် ။

နှမြောနမဲ နှင့် လမ်းခွဲခဲ့ရသော ချစ်သူ ။

တစ်ယောက် နှင့် တစ်ယောက် မျက်နှာချင်း မဆိုင်မိအောင် နေရာ က ဝေး သည် ထက် ဝေး သွားကြသည် ။ မြ ကို အရင်ကလို ဟိုတွေ့သည်တွေ့ တွေ့လည်း ခေါင်းထဲက အမြန်ဆုံး ရှင်းထုတ်ပစ်ဖို့ ကြိုးစားရလေ သည် ။ မိမိ ကိုယ်ကိုယ် ဆောက်တည်ဖို့ ကြိုးစားရင်း အမေ သဘောတူ သည့် အေးမူ နှင့် ဗြုန်းစားကြီး လက်ထပ် ပစ်လိုက် သည် ။ လေထဲမှာ တိုက်ဆောက်ချင်မိသော ကိုလွင်ဦး သည် ဘဝ ကို ခြေလှမ်းမှန်မှန် ခရီး စဖြစ်ခဲ့ ၏ ။

ရပ်ကွက် မူလတန်းကျောင်း မှာ ဆရာမိဘအသင်း ထောက်ပံ့ကြေးရ လုပ်အားပေး ဆရာမကလေး လုပ် နေသော အေးမူ သည် သားဦး ကိုယ်ဝန် ရစမှာ အလုပ် မှ ထွက်ပြီး သူ့  ရွှေဆွဲကြိုးကလေး ရောင်း ကာ ကျူး ကျော်မြေကွက် ထဲ တဲတစ်လုံး ဆောက်သည် ။ ဦးသူ ယူ အစဉ်အလာ အတိုင်း မြေကွက်ကျယ်ကျယ် ခြံ ခတ်ကာ ပန်းစိုက်စ ပြုသည် ။ အိမ် မှာ တောက်တိုမယ်ရ အိမ်ဆိုင်ကလေး တည်သည် ။ ရောက်လာမည့် သားသမီးရတနာ အတွက် ကြိုတင် ပြင်ဆင်သည့် သဘော ။ ရှေ့ရေး လာဘ်မြင်သော အေးမူ ကြောင့် အိမ်ထောင်ဦးစီး ကိုလွင်ဦး မှာ တာဝန်သိပ် မကြီးလေးလှခြင်း ဖြစ်လေသည် ။ သား တစ်ယောက် ၊ သမီး တစ်ယောက် နှစ်နှစ် စီ ခြား၍ ပုံမှန်ဖွားမြင်ပြီး ကတည်းက အေးမူ မှာ ထူးထူးခြား ခြား “ အမြွှာ ” စိတ္တဇ စွဲကပ်လာသည် ထင်၏ ။

“ နောက်ထပ် သား တစ်ယောက် ၊ သမီး တစ်ယောက် လိုချင်သေးတယ် အစ်ကို ရယ် ၊ ဒါမှ ကလေးတွေ တစ်ယောက် နဲ့ တစ်ယောက် အဖော်သဟဲ ရမှာ ၊ တစ်ဖက်ကလည်း အေးမူ အလုပ်ပျက် မခံနိုင်သေးတော့ တစ်ကြိမ်တည်း အမြွှာ မွေးပစ်လိုက်ချင်တယ် ။ သား တစ်ယောက် သမီး တစ်ယောက် အမြွှာ မွေးပြီးရင် လုံလောက် ပြီ ၊ တော်ပြီ ”

ဇမ္မူဒီပါ လက်ယာတောင်ကျွန်း မို့ နိမိတ် ထွန်းသည်ပဲလား ၊ စိတ် စွဲကပ်လွန်း၍ပဲလား ၊ တိုက်ဆိုင်သွား၍ ပေပဲလား မဆိုနိုင် ။ အေးမူ ၏ ယခု တတိယကိုယ်ဝန် ကို သားဖွားမီးယပ်ပါရဂူ ဆရာဝန်မကြီး က အမြွှာ ဟု အတိအကျ ဆိုချေပြီ ။ နှလုံးခုန်သံ နှစ်ခု ကြားရသည်တဲ့ ၊ ဆေးပညာ ထက် အလောင်းအစားဘက် တွင် ပိုမိုမွေ့လျော်နေသည့် ဆရာဝန်ပေါက်စန ရေးဖော်တစ်ဦး က မယုံရင် ဓာတ်မှန် ရိုက်ကြည့်ချင်သလား ဟု အပိုင် စိန်ခေါ်သည်ကို ကိုလွင်ဦး ခေါင်းခါ ငြင်းရသည် ။ သိပ္ပံဆောင်းပါး တိုထွာတွေ ဖတ်ဖူးထားသူပီပီ သန္ဓေသား ကို ဓာတ်မှန်ရောင်ခြည် မထိစေချင် ။

အေးမူ ကိုတော့ ကြောက်ရှာမည် စိုး၍ မယုတ်မလွန် ပြောထားကြသည် ။ ဆရာဝန်မကြီး က -

“ နှစ်ယောက် ဖြစ်ချင် ဖြစ်နိုင်တယ် ၊ ဒါပေမယ့် မစိုးရိမ်နဲ့နော် သမီး ၊ ဗိုက် ခွဲ မွေးရင်လည်း စိတ်ချရတာပါပဲ ၊ တချို့မိန်းမတွေများ ရိုးရိုးမွေးရတာ ခေတ်နောက်ကျတယ်ထင်ပြီး ဗိုက်ခွဲမွေးနိုင်မှ ဂုဏ်ရှိတယ် ထင်နေ ကြတယ် ”

အမှန်တော့ အေးမူ အင်မတန် သတ္တိ ကောင်းသည် ။ အခြေအနေ အရပ်ရပ်ကို ရင်ဆိုင်ဖို့ အမြဲ အဆင်သင့် ရှိသလို ကြိုတင်မြော်မြင် ပြင်ဆင်တတ်သူလည်း ဖြစ်သည် ။ ယခုလည်း သူ့ ကိုယ် သူ အမြွှာ မွေးမည်ရယ် လို့ တပ်အပ် ဆိုကာ ဗိုက်ခွဲဖို့ ချုပ်ကြိုးက အစ စုဆောင်းပြင်ဆင်နေပေပြီ ။

သို့သော် သည်နေ့တော့ အေးမူ မှာတာတွေ ကိုလွင်ဦး မဝယ်ဖြစ် ။ အေးမူ စုဘူး ဖွင့်ပြီး ထည့်ပေးလိုက် သည့် ငွေ ၁၅ဝ အနက် ၅ဝ က စာမူခ ပေးသည့်အထဲ စိုက် လိုက်ရသည် ။ မနက်က စာရေးဆရာကြီး ဦးကျော်စွာ ဝတ္ထုတို စာမူခ လာ ထုတ်သည် ။ အယ်ဒီတာချုပ် ထံမှ ကျလာသော စာမူခ မှာ ကျပ် ၁၀ဝ တိတိ ။ ဒါကို ကြား က ကိုလွင်ဦး မပေးဝံ့ဝံ့ ဖြစ်နေသည် ။ ယနေ့ ဝတ္ထုတိုစာမူခ ကို တန်း ခွဲလိုက်လျှင် ကျပ် ၁၀ဝ ဆိုသည် မှာ ဒုတိယ အလယ်အလတ်တန်း ။

ဆရာဦးကျော်စွာ ၏ စာပေအစဉ်အလာ အရ ၁၅ဝ တန်း တော့ ပေးသင့်သည် ဟု ကိုလွင်ဦး နားလည် သည် ။ သို့သော် ပိုင်ရှင်အယ်ဒီတာချုပ် ၏ အဆုံးအဖြတ် မို့ စောဒကတက်၍လည်း မသင့်လေတော့ ရံဖန် ရံခါသာ ဝတ္ထုတိုကလေး ရေးပို့နိုင်၍ ဆယ်ခါတစ်ခါ သာ မဂ္ဂဇင်း မှာ သုံးပေးလေ့ ရှိသော ဆရာဦးကျော်စွာ ၏ စာမူအတွက် တစ်ခါတစ်ရံ သဘောပိုက်ပြီး အိတ်ထဲ က ၅ဝ စိုက် ပေးလိုက်မိလေသည် ။ ခေတ်လူငယ် များ မသိတော့သော ၊ ကုလားထိုင်လည်း မရှိတော့သော ကလောင်အို တစ်ချောင်းပေမည့် အနုပညာ ဂါရဝ အရ ဒါလောက်တော့ နေရာ ထားသင့်သည် ထင်၏ ။ အိတ်ကပ်ထဲ ကျန်သည့် ငွေ ၁၀ဝ နှင့် ဘာတွေ ဦးစားပေး ဝယ်ရမည်လဲ ဟု တွက်ဆစဉ်းစားဆဲ မြ ထံ က ဖုန်းလာသည် ။ တွေ့ချင်သည် တဲ့ ၊ စကား ပြောချင်သည် တဲ့ ။ သို့ဖြင့် အိမ် က မိန်းမ အတွက် ဈေးဝယ်ဖို့ အစီအစဉ်ကို ဖျက်ကာ “ နေခြည်ရက်စ်တောရင့် ” သို့ ရောက် လာရခြင်းဖြစ်သည် ။

ခုတော့ ငါးမုန့်ကြော် ဝါး၍ ဘီယာခါးခါး ကို မြုံ့ရင်း ကိုလွင်ဦး စိတ်တွေ တည်ငြိမ်စ ပြုပေပြီ ။ လိမ္မော်ရော်တိမ်မျှင်လေး လွင့်လာသည်လား ဟု ဝိုးတဝါး မြင်သည် ။ လွှာဖိနပ်သံ တဖျပ်ဖျပ် သည် ဒစ္စကို စည်းချက် ကို မြန်ဆန်စွာ နီးကပ်လာ၏ ။ လိမ္မော်ရော်တွေထဲ မှာ ဝါရော်ဖျော့တော့နေသော အပြုံး ကို မနည်း ရှာကြည့်ရသည် ။

“ မောင် …”

နောက်ဆုံးပေါ် လည်ကတုံး ရှပ်ပုံစံဆန်ဆန် ဘလောက်စ်ပွပွကြီး ဝတ်ထား၍လား မသိ ၊ မြ ၏ မျက်နှာ ကလေးမှာ ချောင်နေသည်ဟု ထင်ရလေသည် ။ လွန်ခဲ့သော ဆယ်နှစ်တုန်းက လိုပါကလား မြရယ် ။ စလင်းဘက် အဖြူ ကို ပခုံးသိုင်းလွယ်လျက် ရှည် သွယ်သေးမျှင်သော သိုင်းကြိုးကို ညာလက်ညှိုးကလေးနှင့် ချိတ်ရင်း ဆော့ကစား လာသည် ။ မြ ဟာ မကြီးရင့်နိုင်တော့ပြီ လား ။ ခုလောက်ဆို မြ အသက် ၃ဝ ကျော် လောက်ရောပေါ့ ၊ သို့သော် “ မောင် ” ဟူ၍ ပင် ပိုင်ပိုင်ကြီး ခေါ်ဆဲဖြစ်သည် ။

“ မောင် ရောက်နေတာ ကြာပြီလား ၊ မြ လာတာ နောက် မကျပါဘူးနော် ၊ မောင် ချိန်းတဲ့ အချိန် ပဲ ”

“ တစ်မိနစ် မစွန်းသေးပါဘူး မြ ရယ် ၊ ကဲ … ထိုင်စမ်းပါ ၊ ပြောစရာ ရှိတာ မပြောခင် ဘာ စားမလဲ မှာ စမ်းပါ ဦး ၊ ပြီးတော့ မြ တစ်ခုခု သောက်လေ ၊ စပါကလင် လား ၊ လိမ္မော်ရည် လား ၊ အစားအသောက် မှာထားတုန်း စောင့်ရင်း ဘာ သောက်မလဲ ”

ဘီယာတစ်လုံး ပင် မကုန်ချင်သေးဘဲ ကိုလွင်ဦး လျှာတွေ သွက်နေသည် ။ မြ က ကိုလွင်ဦး နှင့် မျက်နှာ ချင်းဆိုင် ကုလားထိုင် မှာ ငြိမ့်ခနဲ ထိုင်ချလိုက်ပြီး မီးနူးကတ ်ကို ကောက်ယူကာ …

“ အမှန်တော့ မြ ဘီယာ သောက်ချင်တယ် ၊ ဒါပေမယ့် မောင့် အတွက် မတော်ပါဘူးလေ ၊ စိတ်ထဲ ရှိသလို မနေဖြစ်အောင် ကြိုးစားပါ့မယ် ၊ စပါကလင် တစ်လုံးပဲ မှာပါ ”

“ အမယ်လေး ၊ ကျေးဇူးတင်ပါတယ် မြ ရာ ” ဟု ကိုလွင်ဦး စိတ်ထဲ တကယ်ပဲ သိမှတ်နေသည် ။ မြ အတော် ပျော့ပျောင်းလာပြီပဲ ၊ မြူစွမ်ကြော် ၊ ကြက်ကြွပ်ကြော် နှင့် ယိုးဒယားဟင်းချို မှာသည် ။ ပြီးတော့ နံရံကပ် မှန်ဗီရိုထဲက တိုင်းတစ်ပါးလုပ် စည်သွတ်ဘူးများ ကို တစ်ချက် ကဲ ကြည့်ကာ -

“ ပြောင်းဖူး ရှိတယ် မဟုတ်လား ၊ ပြောင်းဖူးကြော် တစ်ပွဲ ပေးပါ ”

စည်သွတ်ဘူးတွေ ဈေးကြီးလှ၍ ပိုက်ဆံ မလောက်တာတော့ သေချာလေပြီ ။ အကြွေး မှတ်ရတော့မှာပဲ ။ မြ က အသားစုံကြော်တစ်ပွဲ ထပ်မှာပြီးမှ မီနူးကတ် ကို ချထားလိုက်သည် ။

“ မောင့် ကို မြ နှုတ်ဆက်ချင်လို့ပါ ၊ မြ လက်ထပ်တော့မလို့ ”

ခေါင်းထဲ ရီတီတီ အရသာလေး ပျောက်သွားကာ မြ ကို စေ့စေ့ ကြည့်ဖြစ်သည် ။

“ ကောင်းပါတယ် ၊ ဒီလို ဖြစ်သင့်တာ ကြာပြီပဲ ၊ ခုမှပဲ ချစ်သူတွေ ဘာတွေ တွေ့တော့တယ်လား ”

“ မောင့် ကိုပဲ မြ ချစ်တယ် ဆိုတာ မယုံသေးဘူးလား မောင် ၊ ခုဟာက လက်ထပ်ချင်စိတ် ပေါ်လို့ပါ ”

မြ သည် ခုအထိ စိတ်ကူးဆန်းကြယ်ဆဲ ရှိသေး၏ ။

“ ဒါလည်း ဖြစ်နိုင်တာပဲလေ ၊ သတို့သား က ကိုယ်တို့ အသိအကျွမ်းထဲက များလား ”

“ ဟင့်အင်း မောင် ၊ ဟင်း ဟင်း … တတိယတန်း ဖတ်စာသစ်ထဲ က စကားလုံး အသုံးအနှုန်း နဲ့ပြောရရင် တိုင်းတစ်ပါးသား ဆိုပါတော့ ၊ မြန်မာပြည်ပေါက် တိုင်းတစ်ပါးသား လေ ၊ ရှေ့အပတ်ထဲ မှာ ဧည့်ခံပွဲ လုပ် မယ် ၊ ပြီးရင် ငပလီ တစ်လှည့် ၊ ကလော တစ်လှည့် လျှောက် လည်နေမှာပဲ ၊ အခွင့်သင့်ရင် တိုင်းတစ်ပါး တောင် ရောက်ချင် ရောက်သွားမှာ ၊ ဒါပေမဲ့ အရှေ့တောင် အာရှထဲ လည်နေမှာ မောင် ရဲ့ ၊ မြ က ဩစတြေးလျ တို့ ၊ ဥရောပ တို့ လွင့်ချင်တာ”

လွင့် ချင်တာ ဆိုသော အသုံးအနှုန်း ကို နားခါးလှသော်လည်း ကိုယ် နှင့် မဆိုင်တော့ပါလား ဟု သတိထား လိုက်ရသည် ။ တစ်ပွဲပြီး တစ်ပွဲ လာချသော အငွေ့တလူလူ အစားအသောက်တွေ ကို မြည်း ရင်း သူ ပြော သမျှ နားထောင်နေလိုက်၏ ။

“ ချစ်တာ နဲ့ လက်ထပ်တာ ကတော့ အရှေ့ နဲ့ အနောက် ပဲ မောင် ၊ ဘာမှ မဆိုင်ဘူး ၊ သတ်သတ်စီ ၊ ပြီးတော့ မြ က အချစ် ကို နေရောင်အောက် မှာ ရှာခဲ့တာ ၊ မထင်ရှားတဲ့ ကဗျာဆရာမ တစ်ယောက် ရေးဖူးတဲ့ ကဗျာလေးတစ်ပုဒ် မြ ရင်ထဲ ထွင်းထည့်ထားတယ် ၊
ပန်းချုံရိပ်မှာ ၊ လသာသာတွင်
ကိုယ်က မတွေ့ချင်ဘူး မောင် ။
ချွေးပြိုက်ပြိုက်ဆူ ၊ နေပူပူမှာ
အတူလက်တွဲ လျှောက်ရအောင် တဲ့ ”

“ ဟား ဟား … အဲဒါ စိတ်ကူးယဉ်တာခေါ်တယ် မြ ရဲ့ ၊ အဲဒီ ကဗျာဆရာမ ခုလောက်ဆိုရင် ငါ ငယ်ငယ် က အတော် ကြောင်ပါလား ဆိုပြီး ရှက် နေလောက်ရောပေါ့ ၊ ဘယ့်နှယ် နေပူထဲ လက်တွဲလျှောက်လို့ချည်း နေရင် မောမှာပေါ့ ၊ ဘဝအမောတွေ နားဖြေရအောင် လသာသာ ပန်းချုံရိပ် လိုအပ်တာပေါ့ မြ ရဲ့ ၊ ပြီး တော့ အိမ်ထောင်ရေး တစ်ခု ကို လက်ဖက်ရည်ဆိုင် မှာ ဆွေးနွေးငြင်းခုံရင်း တည်ဆောက်လို့ ရပါ့မလား ”

“ မြ က အချစ် ကို ပြောတာပါ ၊ အိမ်ထောင်ရေး ကို မြ လက်ဖက်ရည်ဆိုင် မှာ မတည်ဆောက်ပါဘူး ၊ အင်းလျားလိတ် မှာ တည်ဆောက်မယ်လေ ၊ ဒါပေမယ့် အချစ် မပါဘူး ၊ ခု မြ မှာ ပရက်( က် ) ရှိနေပြီ ၊ မလို ချင်ပါဘူး ၊ ယူ လည်း မယူချင်ဘူး ၊ ရှင်း ပစ်လိုက်မယ်”

နားထင် တွေ ကြွတက်သွားသည်ဟု ထင်ရ၏ ။ နား နှင့်ဆတ်ဆတ် ကြားလိုက်၍သာ ယုံရသည် ။ မင်္ဂလာ ဧည့်ခံပွဲ မကျင်းပမီ ကိုယ်ဝန် ရှိသည်ဆိုတော့ အရုပ် ဆိုးလှပေမဲ့ ဖြစ်တန်ရာသည် ။

“ တွေ့ရာတွေ မပြောနဲ့ မြရယ် ၊ မဖြစ်နိုင်တာတွေ ”

မြ က ကြက်ကြော် ကို တကြွပ်ကြွပ် ဝါးရင်း ပလုံးပထွေး ရယ် နေသေး၏ ။

“ မဖြစ်နိုင်တာရယ်လို့ မရှိလှပါဘူး မောင် ၊ မောင် နဲ့ ဝေးရတာ တစ်ခုက လွဲရင် မြ ဖြစ်ချင်သလို အားလုံး ဖြစ်ရတာချည်းပဲ ၊ ဖြစ်အောင်လည်း လုပ်မှာပဲ ၊ တစိမ်း ယောကျာ်းတစ်ယောက် ရဲ့ အနှောင်အဖွဲ့ မြ မလို ချင်ဘူး ”

သည် အကြောင်းတွေ ရပ်သင့်ပြီ ဟု နားလည်လိုက်သည် ။ သူ့ဝန် သူထမ်း ၊ သူ့လမ်း သူသွား တာ မှန်ပေမဲ့ ထို ထင်ရာစိုင်း ဝါဒ သည် ပတ်ဝန်းကျင် ကို တစ်နည်း မဟုတ် တစ်နည်း အနှောင့်အယှက် ဖြစ်စေပါ ကလား ။

ပြောင်းဖူးကြော်တွေ အငွေ့တဝေဝေ နှင့် ရောက်လာ၏ ။ လက်ညှိုးလက်သန်းလောက် ရှိသော စည်သွပ် ပြောင်းဖူးကလေးတွေ ကို ဟင်းသီးဟင်းရွက် အနည်းငယ် နှင့် ကြော်ချက်သဘောမျိုး လုပ်ထားသော ဟင်းပွဲ ဖြစ်သည် ။ မစားစဖူးမို့ အရင်ဆုံး ခက်ရင်းနှင့် ထိုးပြီး ကိုက် မြည်းကြည့်လိုက်သည် ။ ချိုတော့ ချို သားပဲ ။ အင်္ဂါ စုံသော်လည်း ပြောင်းစေ့ကလေးတွေက မအောင် ၊ မမာ ။ မွေးကတည်းက ပြောင်းဖူးဖွံ့ဖွံ့ နုထွားကြီးတွေ ကို အရသာ ခံလာသော ကိုလွင်ဦး လျှာပေါ်မှာ “ အလားမမြောက်သည့် ပြောင်းဖူး” ကို သိပ်ခံတွင်း မတွေ့ချင်တော့ ။ ဘူးသွင်းပစ္စည်း မို့ ဈေးကြီးတာ ၊ ရှားပါးတာ မှန်လည်း အင်းစိန်မီးခွက်ဈေး က “ ပုတီးကုန်းပြောင်း ” ကို စားရတာလောက် ဘယ်မှာ အရသာ လေးပင်နိုင်ပါ့မလဲ ။

“ မြ က ဟောဒီ ပြောင်းဖူးလေးလိုပါပဲ ”

“ ဟင် ” ဟု မြ က နားမလည်စွာ မော့ကြည့်သည် ။

“ ဪ ခုထိ အရွယ် မရောက်နိုင်သေးလို့ပါ ၊ ခေါင်းအေးအေး ထား ၊ စဉ်းစဉ်းစားစား လုပ် ၊ စိတ်ထဲ ရှိသလို မနေချင်ပါနဲ့တော့ မြ ၊ အဲ … မြနှင်းဆီ ရယ် ”

“ နှင်းဆီကြီး ထည့်ခေါ်ပြန်ပြီလား မောင် ”

“ ဘာဖြစ်လဲ ၊ မြ နာမည် မြနှင်းဆီ ပဲ ၊ နှင်းဆီ ဆိုတာ မောင် တော့ သဘော ကျတယ် ၊ လှတယ် ၊ လန်းတယ် ၊ သင်းပျံ့တယ် ၊ သူ့ အတွက် အရံအတား ဆူးကလေးတွေ  ဝန်းရံလို့ နေတယ် ၊ မြ ကို နှင်းဆီ လို လှစေ ၊ လန်းစေ ၊ သင်းပျံ့စေချင်တယ် ၊ ပြီးတော့ အရံအတား စည်းကလေးတွေ ရှိထားစေချင်တယ် ၊ ကိုယ့် ရဲ့ နှုတ်ဆက် စကား လို့ မှတ်ချင်လည်း မှတ်သွားပါ မြ ”

နားမလည်နိုင်သော အပြုံးတစ်မျိုး ကို သူ ပြုံးရင်း ငြိမ်သက်စွာ စားသောက်နေသည် ။ နှစ်ယောက်ကြား မှာ တိတ်ဆိတ်ခြင်းက နှောင့်ယှက်လာတော့သည် ။ မခံနိုင်သူ ကိုလွင်ဦး ကပဲ စကားစ ရှာ ရပြန်၏ ။

“ ကိုယ့် မိန်းမ ကတော့ နှင်းဆီ ဆို သိပ် ကြိုက်တာပဲ ၊ နှင်းဆီခင်းကလေးတွေ စိုက်ထားတယ်လေ ၊ အဲဒီ တော့ နှင်းဆီ လှိုင်လှိုင် ပွင့်ပါစေပဲ ဆုတောင်းနေတယ် ၊ ဒါမှ ပိုက်ဆံ ရမှာ မဟုတ်လား ၊ ပိုက်ဆံ ကလည်း ရှာရပြီ မြ ရဲ့ ၊ ကိုယ်တို့ မှာ ကလေး နှစ်ယောက် ရှိတယ် ၊ နောက်ထပ် နှစ်ယောက် လည်း ရဦးမယ် ၊ ခု ကိုယ့် မိန်းမ ပရက်( က် ) က အမြွှာ တဲ့ ၊ နေ့လား ညလား ပဲ ”

“ ဟုတ်လား ” ဟု သွေ့ခြောက်စွာ မေးသည် ။ မြူစွမ်တွေ ကို ခက်ရင်း နှင့် အကြာကြီး ထိုးဆွမွှေနေပြီးမှ -

“ ကလေး လေးယောက် ဆို များလှပြီနော် ၊ ပြီးတော့ အမွှာ မွေးတယ် ဆိုရင် သိပ် ဒုက္ခ ရောက်မှာ ”

အမြွှာမောင်နှမ မျှော်လင့်ချက်ဖြင့် ဖျပ်ဖျပ်လူး မတတ် ထက်သန်နေတော့ အေးမူ အကြာင်းတွေ ပြောမည် ကြံပြီးမှ မပြောဖြစ်တော့ချေ ။ ဒါက ကိုယ့် ကိစ္စသာ ဖြစ်သည် ။ အေးမူ ကို ကျေးဇူးတင် စိတ်တွေ တဖွားဖွား ပေါ်လာပြီး ကိုယ့် မိန်းမ နှင့် ကိုယ် ခုမှ ပိုပြီး နီးစပ်လာသလို ခံစားရ၏ ။

ပါရမီရိပ်သာ လမ်းမ တစ်နေရာမှာ မြ တက္ကစီ ပေါ် က ဆင်းသည် ။

“ ဒီအထိ လိုက်လာတာ ကျေးဇူးပဲ မောင် ၊ ဂွတ် ( ဒ် ) နိုက် ”

“ မြ အိမ် က ဘယ်မှာလဲ ”

“ ဝေးသေးတယ် ၊ ဒါပေမဲ့ မြ လမ်းလျှောက်ချင်လို့ပါ ၊ တစ်ယောက်တည်း လျှောက်သွားချင်တယ် ၊ သွားမယ် မောင် ”

လိုက်ပို့မယ် ဟု ပြောအံ့ဆဲဆဲ ရုတ်ခြည်း နှုတ်ဆွံ့သွားသည် ။ မြ က လမ်းသွယ် တစ်ခုထဲသို့ ချိုးဝင်သွား လေပြီ ။

ကားဘီး လိမ့်စ မှာ မြ ချိုးဝင်သွားရာ လမ်းသွယ်ထဲ သို့ တစ်ဆုံး ကြည့်မိသည် ။ လမ်းမီးတိုင် အလျဉ်း မရှိ ။ အလင်းရောင် ဆို၍ ပျပျပင် မမြင်ရ ။ သစ်ရိပ်စည်းရိုးကြားမှာ ပိန်းပိတ်အောင် မှောင်နေသည် ။ လသာ လျှင် ကောင်းမည် ။ မြနှင်းဆီ တစ်ယောက် ခလုပ်မထိ ဆူးမငြိပါစေ နှင့် ။

◾စမ်းစမ်းနွဲ့( သာယာဝတီ )

ဝတ္ထုရေးသူ ပြောသည့် သူ့ ဝတ္ထု အကြောင်း

နက်ရှိုင်းသော ချစ်မေတ္တာကို နှစ်နှစ်ကာကာ စိတ်ဝင်စားမြဲ လူ့သဘော သဘာဝအားဖြင့် ဤဝတ္ထု ကို ရေးဖြစ်ခဲ့ပါသည် ။

ထူးကဲသော ပင်ကိုဓလေ့စရိုက် နှင့် စာပေအနုပညာ အယူအဆတချို့ ပေါင်းစပ်ဖွံ့ဖြိုးနေသော ဝတ္ထု ဇာတ်ဆောင် “ မြနှင်းဆီ ” ကို “ ဘူးသွင်းပစ္စည်း ” ပမာ တင်စားမိခဲ့တာလည်း ထင်ရှားပါသည် ။

အဓိက ဇာတ်ဆောင် နှစ်ဦးစလုံးကို နားလည်အောင် ကာလအတန်ကြာ နှလုံးသွင်းပြီးမှ ဖန်တီးဖွဲ့ဆိုရ သော ဝတ္ထုလည်းဖြစ်ခဲ့ပေရာ ဆယ်စုနှစ်များစွာ ဖြတ်သန်းခဲ့သည်နှင့်အမျှ “ မြနှင်းဆီ ” ၏ ရိုးရှင်းပွင့်လင်းမှု ကို ချစ်စနိုး သံယောဇဉ် ဖြစ်ရသလို ဘဝနေထိုင်မှုပုံစံ ရဲရင့်ပြတ်သားပုံကိုလည်း ကြိုက်သည်ဖြစ်စေ ၊ မကြိုက်သည်ဖြစ်စေ မလေးစားဘဲ မနေနိုင်တော့ပါ ။

အများသုံး ယဉ်ကျေးမှု ပုံစံခွက်တွင် ရှတသလောက် လှပနေသော “ မြနှင်းဆီများ ” အတွက် “ လရောင် လင်းပါစေ … နှင်းဆီသင်းပါစေ ” ဟု စိတ်ရင်းမေတ္တာ ပို့သရုံမှတစ်ပါး … ။

◾စမ်းစမ်းနွဲ့ ( သာယာဝတီ )

www.facebook.com/aung.naingoo.3726613

.