Monday, October 31, 2022

လူပျို အပျို ဖတ်စာ ( ၂၁ )


 ကျွန်တော် သိ ရသလောက် ချစ်သူရည်းစား အကြင်လင်မယား တွေ ပြဿနာ ဖြစ်လေ့ ရှိတာ ၊ အနာဂတ် အကြောင်း ဆွေးနွေးပြီး ပြဿနာ ဖြစ်တာ နဲ့ စာရင် အတိတ် အကြောင်း ပြန်လည် တူးဆွ ကြရင်း ပြဿနာ ဖြစ်ကြတာ ပိုပြီး များပါတယ် ။


“ အတိတ် မှာ ဘာပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ မင်း ကို ငါ ချစ်တယ် ”


ပြော သာ ပြော ကြတာ ။ သိပ်တော့ မမှန်ဘူးဗျ ။ တကယ်တမ်း လက်ထပ် ပေါင်းသင်းကြတဲ့ အခါ အနာဂတ် မှာ ဘယ်လို နေထိုင်မယ် ၊ သားသမီး ဘယ်နှယောက် ယူ ကြမယ် ၊ သူတို့ ကို ဘယ်လို ပျိုးထောင်မယ် ။ မိဘတွေ ကို ဘယ်လို စောင့်ရှောက်မယ် စသည် စသည် သော အကြောင်းအရာ ပေါင်း မြောက်မြားစွာ ငွေ ရှာတာ က အစ သားသမီး ပျိုးထောင်တာ ၊ မိဘများ ကို ပြုစု စောင့်ရှောက် တာ အပြင် ကိုယ့် ရဲ့အိုမင်းချိန် မှာ ဘယ်လို နေထိုင် ကြမယ် ၊ စတာတွေ ကို ညှိနှိုင်း ရတာ ပြဿနာ မရှိလှပါဘူး ။ စိတ်တူ ကိုယ်တူ မို့ လွယ်လွယ်ကူကူ ညှိနှိုင်း လို့ ရနိုင် ပါတယ် ။


ဒါပေမဲ့ ခက် တာ က သူ နဲ့ ကိုယ် မဆုံတွေ့ ခင် က ကိုယ့် ရဲ့ ဖြစ်တည်ခဲ့မှု နဲ့ ပတ်သက်ပြီး ပြန်လည် တူးဆွပြီး ပြဿနာ ဖြစ် ကြတာ ပို များပါတယ် ။


“ ဒါဆို ဘဝ မှာ အတိတ် ကောင်း ဖို့ လိုသလား ”


“ သိပ် လိုတာပေါ့ ”


အဝေးကြီး ကို မတွက်ပါနဲ့ ။ ဒီနေ့ ဟာ မနက်ဖြန် ကျရင် ကျွန်တော်တို့ ရဲ့ အတိတ် ပါ ပဲ ။


“ ဒါဆို ဒီနေ့ ကို အကောင်းဆုံး ဖြစ်အောင် မနေသင့်ဘူးလား ”


အတိတ် ဆို တာ ...


“ ခွင့်လွှတ်စေချင် ခွင့်လွှတ် လို့ ရမယ် ၊ ဒါပေမဲ့ တစ်ဖက်သား က ဘယ်တော့ မှ မေ့ မှာ မဟုတ်ဘူး ”


ကျွန်တော်တို့ အားလုံး ဟာ အမှား နဲ့ မကင်းဘူး ဆိုတာ မှန်ပါတယ် ။ ဒါပေမဲ့ ကျူးလွန်နေကျ အမှား ကို ပဲ ထပ်ခါ ထပ်ခါ ကျူးလွန် နေ လို့ တော့ မရပါဘူး ။ တချို့ က လည်း အမှား တစ်ခု ကို ဖုံးကွယ် ဖို့ နောက်ထပ် အမှား တွေ ပို တင်ရင်း နဲ့ အမှား သံသရာ က မကင်းနိုင်ကြပါဘူး ။ အတိတ် မှာ ကိုယ် က ရည်းစား တွေ ရှုပ်ခဲ့တာ ၊ ရန်တွေ ဖြစ်ခဲ့တာ ၊ သူငယ်ချင်းတွေ နဲ့ မှားခဲ့ကြတာ ၊ ဒါတွေဟာ ဖျောက် ပစ် လို့ မရတော့ပါဘူး ။ ကိုယ် တကယ် ချစ်တဲ့ သူ နဲ့ ဆုံတဲ့ အခါ အဲဒါတွေ က တစ်ဖက်သား ထောက်ပြ စရာ အမည်းစက်တွေ ပဲ ဖြစ်ပါတယ် ။


ခု ခေတ် ကလေးတွေ ပို ပြီး သတိထား သင့်ပါတယ် ။


အရင် ခေတ် က ဆို လူငယ်တွေ ဟာ ရည်းစား ထား ရင် မိဘ မသိအောင် ၊ ပတ်ဝန်းကျင် မရိပ်မိအောင် ခိုးကြောင်ခိုးဝှက် ထား တတ်ကြပါတယ် ။ အခု ခေတ် က ဒီလို မဟုတ်တော့ပါဘူး ။


ရည်းစား ရပြီ ဆိုတာ နဲ့ facebook ပေါ် ခြေကန်တက် လာပြီး relationship ဆို ပြီး ပြုံးပြုံးကြီး နဲ့ စုံတွဲ ပုံ တွေ တင်ကြပါတယ် ။ ဒါ့အပြင် အခေါ်အဝေါ်  က အစ “ ယောက်ျား ရေ ၊ မိန်းမ ရေ ” စသည် ဖြင့် တကယ့် လင်မယား လို ခေါ်ဝေါ်ကြပါတော့တယ် ။ ပြန် စဉ်းစားပါ ။


“ ကိုယ် ဒီ တစ်ယောက် နဲ့ တကယ် ညား မှာလား ”


မသေချာပါဘူး ။ 


သိပ် မကြာပါဘူး ။


“ Single is the best ”


ပြန် တွေ့ရမှာပါ ။ 


မသေချာဘဲ နဲ့ Facebook စုံတွဲ ပုံ တင် လိုက်ခြင်း ဟာ ကိုယ့် အမည်းစက် ကိုယ် ဖန်တီး လိုက်ခြင်း ဖြစ်ပါတယ် ။ နောက်ထပ် ကိုယ် တကယ် ချစ် တဲ့ သူ နဲ့ တွေ့တဲ့ အခါ ပတ်ဝန်းကျင် က


“ ဟာ အဲဒါနဲ့ ဆို သတိထား ၊ အရင် က Facebook ပေါ် မှာ စုံတွဲ ပုံတွေ တင် ပြီး ၊ ယောက်ျား ရေ ၊ မိန်းမ ရေ လုပ်ခဲ့တာ အများကြီး ”


ဒါဆို နောက် လူ က ကိုယ့် ကို အိမ်ထောင်ဖက် အဖြစ် ရွေးချယ်မယ် ဆိုရင် သူ့ ဘက် က စဉ်းစားစရာ ဖြစ် မနေဘူးလား ။ ဒါဟာ ကိုယ် ဘယ်လောက် ဉာဏ် နည်း ခဲ့တယ် ဆို တာ ဖော်ပြ နေ သလိုပါပဲ ။ တချို့ က လည်း အပြင် မှာ တောင် မမြင်ဖူးဘဲ facebook ပေါ် မှာ တင် တွေ့ပြီး ၊ facebook ပေါ် မှာ တင် ရည်းစား ဖြစ်ပြီး relationship တင် ကြတယ် ။ စဉ်းစား ကြည့် ပါ ။


Facebook ပေါ်  မှာ တွေ့ Facebook ပေါ်မှာ ချစ် ကြတာ ဘာ နဲ့ တူ သလဲ သိလား ။


“ အမှောင် ထဲ မှာ မျက်စ ထိုင် ပစ် နေသလိုပါပဲ ၊ တစ်ဖက် က မြင်လား မမြင်လား မသိဘဲ ကိုယ့် ဟာ ကိုယ် ကြည်နူး နေတာ ”


တချို့က ပို ဆိုးပါတယ် ။


ရည်းစား ဖြစ်တာနဲ့ ကိုယ့် ရဲ့ Password ပါ ပေး ထား တတ်ကြပါတယ် ။ ဒါဟာ လုံးဝ မလုပ်သင့်တဲ့ အလုပ် တစ်ခု ဖြစ်ပါတယ် ။ 


လူ ဆို တာ ကိုယ်ပိုင် လွတ်လပ်ခွင့် ရှိ ပါတယ် ။


“ မယုံဘူးလား ”


“ မယုံရင် ‌ေ ,သ လိုက်လေ ”


ကိုယ့် ကို မယုံတဲ့ သူ ကို ကိုယ် က လည်း ယုံစရာ မရှိပါဘူး ။ Password တွေ ရတော့ အဲဒီ သူ က ကိုယ့် ထဲ ဝင်ပြီး မွှေ တော့တာပါပဲ ။ ဒီတော့ ကိုယ့် ဆီ မှာ ဘာ တွေ့ မှာလဲ ။


“ အနာဂတ် ဆို တာ မတွေ့ပါဘူး ။ အတိတ်တွေ ကို သူ တွေ့ ပါတယ် ၊ အဲဒီ အတိတ် တွေ မှာ အပြစ် ရှာ စရာ အများကြီး သူ တွေ့ပါပြီ ၊ သူ ခွင့်လွှတ် ကောင်း ခွင့်လွှတ်မယ် ၊ မေ့ မှာတော့ မဟုတ်ပါဘူး ”


ဒါဟာ လျှောက်လှမ်းကြမယ့် ဘဝ ခရီး အတွက် ကောင်းမွန်တာ တော့ မဟုတ်ပါဘူး ။ လူတိုင်း ဘဝ မှာ သင်ခန်းစာ ရလောက် စရာ အမှား တစ်ခု ခုတော့ ရှိ မှာပါပဲ ။ ဒါကို ကိုယ့် ဟာ ကိုယ် ပဲ သိ ထားပါ ။ တစ်ဖက်သား ကို မသိပါစေ နဲ့ ။


ကိုယ် က လည်း သူ့ ကို မပြတ်နိုင် ။ သူ က လည်း ကိုယ့် ရဲ့ အတိတ် အကြောင်း နဲ့ အချိန်တိုင်း ထိုးနှက် နေမယ် ဆိုရင် ဘယ်လောက် ကြီး တဲ့ ငရဲ လဲ စဉ်းစား ကြည့် ပါ ။


“ အိမ်ထောင် ပြုတယ် ဆိုတာ ဖူးစာ ဆုံ လို့ ကြုံ ရတာ မှန်ပေမဲ့ ဝဋ်ကြွေး ရှိ လို့ ပေးဆပ် ရတာလည်း ဖြစ် နေနိုင်ပါတယ် ”


ဒါကြောင့် အတိတ် မှာ ကောင်းမွန် အောင် ကြိုးစားပါ ။


ဒီ နေ့ ဆို တာ မနက်ဖြန် ရဲ့ အတိတ် ဆို တာ မမေ့ပါနဲ့ ။ 


ဒါကြောင့် ကိုယ့် ရဲ့အတိတ် ကောင်းမွန်စေချင်ရင်


“ ဒီနေ့ က စပြီး ကောင်းမွန်အောင် နေထိုင်ပါ ”


◾အကြည်တော်


#လူပျိုအပျိုဖတ်စာ


#ကိုအောင်နိုင်ဦး


.

သိသင့်တာတွေ ထဲ က သိသင့် သမျှ


 

❝  သိသင့်တာတွေ ထဲ က သိသင့် သမျှ ❞

လေးလေး ခု ရေး ပြ ခဲ့တာတွေ က သိသင့်တာတွေ ထဲ က သိသင့်သမျှ တွေ ပါ ။ နောက်ထပ် သိသင့် တာ တွေ အများကြီး ကျန် ပါသေးတယ် ။ လေးလေး ရေး ပြ တာတွေထက် မြင့် တာ တွေရော ၊ နိမ့် တာ တွေရော ရှိပါသေးတယ် ။ ပရိသတ် အားလုံး အတွက် သင့်လျော် အံဝင်မယ် ထင်တဲ့ အချက်အလက်တွေ ကို သာ ရေး ပြ လိုက်တာပါ ။

ခု ရေး ပြ သလောက် ကို ပဲ တကယ် လိုက်နာရင် ၊ ကျင့်သုံးမယ် ဆို ရင် ငါ့ တူမများ ဘဝ တိုးတက် မှာ သေချာပါတယ် ။ မိန်းကလေး တစ်ယောက် ဘဝ လုံခြုံ တိုးတက် ဖို့ အတွက် ယောက်ျားတွေ အကြောင်း သိဖို့ လို သလို ယောက်ျားလေး တွေ ရဲ့ လေးစားခြင်း ခံ ရတဲ့ မိန်းကလေး ဖြစ် ဖို့ လည်း လို ပါတယ် ။ ဒါကြောင့် သိသင့်သမျှ တွေ ကို ရေး ပြ လိုက်ရတာပါ ။

မိဘ မောင် အစ်ကို အစ်မ ဦးလေး တွေ စောင့်ရှောက် တာ ထက် ကိုယ့် ကိုယ် ကို စောင့်ရှောက် တာ ဟာ အလုံခြုံဆုံး ပါ ပဲ ။ အဲသလို စောင့်ရှောက် ဖို့ အတွက် အသိ ဉာဏ် ရှိ ရပါမယ် ။ သင့် ၏ မသင့် ၏ ၊ မှား ၏ မှန် ၏ ဝေဖန် ပိုင်းခြား နိုင်စွမ်း ရှိရပါမယ် ။

ခု လေးလေး ရေးပြ ပြီး သလောက် ကို ဖတ် ပြီးရင် အတိုင်းအတာ တစ်ခု ထိ တော့ အသိ တိုး သွားလိမ့်မယ် လို့ ယုံကြည်ပါတယ် ။

ကဲ နောက် တစ်ခန်း ဆက် ဖတ်လိုက်ကြပါဦး ။

◾ ကံချွန်

📖 အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း ( ၃ )

#ကိုအောင်နိုင်ဦး

.

Sunday, October 30, 2022

လူပျို အပျို ဖတ်စာ ( ၂၀ )


 

ပြောပြီးသားပါ ။ ကျွန်တော်တို့ က ဆွေမျိုး ကို မင်ကြတယ် ။ အပေါင်းအသင်း သူငယ်ချင်းတွေ ကို ခင် ကြတယ် ။ 

မှတ်ထားပါ ။ သူငယ်ချင်း ဆိုတာ လည်း ချစ်ခင် တုန်းမှာ “ အဖော်ကောင်း ” ပါပဲ ။ ဒါပေမဲ့ မုန်း ပြီ ဆို “ ဖော်ကောင် ” ။ ရိုးရိုး စဉ်းစားမယ် ဆို သူငယ်ချင်း နှစ်မျိုး ရှိပါတယ် ။

၁ ။ အဖော်ကောင်း

၂ ။ ဖော်ကောင်

လူငယ်လေးတွေ ဟာ သူငယ်ချင်း ကို ချစ်ခင်တဲ့ အခါ သူငယ်ချင်းတွေ ကို “ ကကြီး က အစ အ အဆုံး ” အကုန်လုံး ပြော ပြ တတ် ပါတယ် ။ အမှန်တော့ ဒါဟာ မလုပ် သင့် တဲ့ ကိစ္စပါ ။

“ ကိုယ် နဲ့ ကိုယ့် ချစ်သူ အကြောင်း ဘယ်သူ မှ ကောင်းကောင်း မသိတာ ပို လုံခြုံပါတယ် ”

တချို့ကိစ္စတွေ မှာ လူတွေ မသိသင့်တဲ့ အကြောင်းအရာတွေ ရှိ ပါတယ် ။ ဒါကိုမှ အရာ ရာ အားလုံး သူငယ်ချင်း ကို ဖွင့်ဟ ပြောဆိုခြင်း ဟာ ကိုယ့် အတွက် ဒုက္ခ ရောက်ရာ ရောက် ကြောင်း ဖန်တီး ထား တာပါပဲ ။

သူငယ်ချင်းတွေ နဲ့ ပတ်သက်ပြီး မှတ်ထားပါ ။

“ ရန်သူ ဟာ ရန်သူ လို နေတာ ပြဿနာ သိပ် မရှိ လှပါဘူး ၊ ရန်သူ က မိတ်ဆွေ ဟန် ဆောင်ပြီး အနား မှာ ရှိနေတာ က မှ တကယ့် ပြဿနာပါ ”

သူငယ်ချင်း ကို ခင်ပါ ချစ်ပါ ။ ဒါပေမဲ့ ကိုယ့် ရဲ့ လျှို့ဝှက်ချက်တွေ ကို ဖွင့် ပြောရ သည် အထိတော့ မထိုက်တန်ပါဘူး ။ သူငယ်ချင်းတွေ နဲ့ ပတ်သက် ပြီး သတိ အထား သင့် ဆုံး စကား  က

“ နင် ငါ့ ကို တောင် မယုံဘူးလား ”

မယုံပါနဲ့ ။ နှစ်နှစ်ခြိုက်ခြိုက်ကြီး မယုံပါနဲ့ ။ အပေါ်ယံ လောက် သာ ယုံကြည်ပါ ။ မှတ် ထားပါ ။

“ လူတိုင်း ဟာ ကိုယ့် ကိုယ် ကိုယ် ထက် ဘယ်သူ့ ကို မှ ပို မချစ်ပါဘူး ”

ဒါကို သိလျက် နဲ့ ကိုယ့် ကိုယ် ကိုယ် ထက် သူငယ်ချင်း ကို ပို ချစ်မိ ၊ ပို အားကိုး မိရင်တော့ ကိုယ့် ထိုက် နဲ့ ကိုယ့် ကံ ပဲ လို့ ပြော ရမှာ ဖြစ် ပါတယ် ။ သူငယ်ချင်းများ နဲ့ ပတ်သက်ပြီး လေး မှန် ဖူးတဲ့ စာသူငယ် လို့ ဆိုရင် လက်ခံ နိုင်ပါတယ် ။ ဒါပေမဲ့ အကြိမ်ကြိမ် လေး မှန် နေသေးရင်တော့ “ ဂိန် ”  လို့ သာ အော် သင့်ပါတော့တယ် ။

တစ်ခါတလေ ဖြစ် တတ် ပါတယ် ။

ကိုယ့် သူငယ်ချင်း က နေပြီး

“ နင် အဲဒီ လူ ကို ချစ် လိုက်ပါလား ”

လူတွေ က ဇဝေဇဝါ ဖြစ် တတ်ပါတယ် ။

ထပ် ပြောသေးတယ် ။

“ သူ့ မှာ ဘာ အပြစ် မှ မရှိဘူး ”

ဒါဆိုရင် သူငယ်ချင်း စကား ကို ယုံ မိပြီး တကယ်တမ်း သူငယ်ချင်း ပြော နေသူ ကို ကြည့် လိုက်တော့ ကိုယ့် ရဲ့ ရုတ်တရက် အမြင် မှာ

“ ဟုတ်တယ် ”

သူငယ်ချင်း ပြောတဲ့ သူ က ရုပ်ရည် လည်း ပြော စရာမရှိဘူး ။ ငွေကြေး လည်း ပြောစရာ မရှိဘူး ။ အကျင့်စာရိတ္တ လည်း သိပ် မဆိုးဘူး ။ ဒါဆို လူငယ်တွေ က ယောင်ဝါးဝါး နဲ့ သူငယ်ချင်း ညွှန်း ဆို သူ ကို ပြန် ကြိုက်ချင်ကြလေ့ ရှိပါတယ် ။ အားလုံးဟာ အချက် တစ်ချက် ကို မစဉ်းစားမိ ဘူး ။

“ ဒီလောက် တောင် ပြည့်စုံ နေတဲ့ သူ တစ်ယောက် ကို သူ က မကြိုက်ဘဲ ၊ ဘာလို့ တခြား သူ ကို ကြိုက် ခိုင်းနေတာလဲ ”

သူ ညွှန်း ဆို နေတာဟာ သူ့ ဆွေမျိုး လား ၊ ဒါမှ မဟုတ် တခြား မမြင်နိုင်တဲ့ ပြဿနာတွေ ရှိလို့ သူ က မကြိုက်တာလား ။ ဆိုပါတော့ ။ ကျွန်တော် ပြောပြီးသားပါ ။ ကျွန်တော် တို့ ဟာ အကောင်း ဆုံး ဆို တာ မမျှော်လင့်ချင်ပါဘူး ။ ကိုယ် နဲ့ သင့်တော်ရာ ဖြစ်ရင် ပို လိုက်ဖက်မယ် ဆိုတာ သိ ထား ပြီး ပါပြီ ။

ဒါဆို ဒီလောက် ကောင်းမွန် ပြည့်စုံ နေတဲ့ သူ တစ်ယောက် ကို သူ က ဘာလို့ မရွေးချယ် လဲ ။ ကိုယ့် ထဲ ဘာလို့ လာ ထိုးထည့် နေတာလဲ ။ သူ့ မှာ ရွေးချယ်ပြီး သား ရှိ နေတာလား ။ ဒါလည်း စဉ်းစားစရာပါပဲ ။ ဒါပေမဲ့ ဆိုပါစို့ဗျာ ။ ကိုယ် ကြိုက် တဲ့ အဆိုတော် ရုပ်ရှင်မင်းသား က ကိုယ့် ကို ကမ်းလှမ်းလာမယ် ဆိုရင် လက်ရှိ ရည်းစား ကွာ ပစ်နိုင်တဲ့ သူ အများကြီး ပါ ။

“ မင်းသား သာ ရမယ် ဆို ဒီ ကောင် လောက် အချိန်မရွေး ကန်ချတယ် ”

ဒါမှမဟုတ် ခုန ကျွန်တော် ပြောခဲ့သလို ၊ သူ့ ဆွေမျိုး ဖြစ် နေတာလား ။ ဒါမှမဟုတ် ကိုယ် မမြင်နိုင်တဲ့ ပြစ်ချက် တစ်ခု ခု ရှိ နေတာလား ။ ဒါမှ မဟုတ် ကိုယ့် ဆီ က သူ လိုချင်တာ တစ်ခု ခု များ ရှိ နေတာလား ။

ကျွန်တော် ပြော နေတာ သူငယ်ချင်း အားလုံး ကို ဆိုလိုခြင်း မဟုတ်ပါဘူး ။ ဖြစ်နိုင်ခြေတွေ ကို စဉ်းစားမိဖို့ တင်ပြနေရခြင်း သာ ဖြစ်ပါတယ် ။ တကယ် ကောင်း တဲ့ သူငယ်ချင်းတွေ ရှိ သလို ကောင်း ချင် ယောင် ဆောင် နေတဲ့ သူငယ်ချင်း တွေ လည်း ရှိ မှာပါ ။ ဒါပေမဲ့ တစ်သက်လုံး လင်မယား လို မခွဲအတူ နေ ရ မှာ မဟုတ်တဲ့ အတွက် လျှို့ဝှက် သင့် တာ ကို လျှို့ဝှက် ထားပါ ။ ဒါ မှလည်း သူငယ်ချင်း ကို လည်း ကိုယ် ကိုယ်တိုင် က  လိပ်ပြာ သန့်သန့် နဲ့ ပေါင်းသင်း နိုင် မှာ ဖြစ်ပါ တယ် ။ သတိထားပါ ။

စားဖို့ သောက်ဖို့ ဆို ရင် ပေါ် လာ တတ်တဲ့ သူငယ်ချင်း ။

ချေးငှား ဖို့ ဆို ရောက် လာ တတ်တဲ့ သူငယ်ချင်း ။

အပြစ် တွေ မကြာ မကြာ လွှဲ ချ တတ်တဲ့ သူငယ်ချင်း ။

ဒီလို သူငယ်ချင်းတွေ ကို သတိထား သင့်ပါတယ် ဗျ ။

◾အကြည်တော်

#လူပျိုအပျိုဖတ်စာ

#ကိုအောင်နိုင်ဦး

.

ကိုပီတိ နှင့် ဝေဒနာသစ်


 

❝ ကိုပီတိ နှင့် ဝေဒနာသစ် ❞

“ မေရီ ... မေရီ ... ကမ်းမင် ... ကမ်းမင် ...”

အိမ်ခန်း ထဲ က ပေါ် လာတဲ့ အင်္ဂလိပ် စကားသံတွေ ကြောင့် နေပူ ထဲ က လျှောက် လာတဲ့ ကိုပီတိ ခြေလှမ်းတွေ အရိပ် မြင်ရက် နဲ့ မဝင် ရ လောက်အောင် တုန့် သွားပြီး အံဩ စိုးထိတ်စွာ ရပ် ရင်း နား စွင့် နေ လိုက်တယ် ။

“ ခန်းမင် ... ခန်းမင် မေရီ ... အိ ... အိ ... အိ ...” 

ကကြီး နဲ့ ကမ်း ရာ က လေသံ ပြောင်းပြီး ခကွေး နဲ့ ခန်း သွားပြန်ပြီ ၊ မဒမ်ပီတီ ဘာတွေများ အံ့ဖွယ် သုတေသနတွေ တီထွင် နေ ပြန်ပါ လိမ့် ၊ ငါ အဝေး ပွဲ ငါးည ဆက်တိုက် က နေ တုန်း ဘယ် ဥရောပနိုင်ငံ နဲ့ ဆက်သွယ်ပြီး ဘာ လုပ်ငန်းတွေ ကို ...

“ အိ လေ  ... မေရီ  ... အိ  ... နင့် နှုတ်သီး နဲ့ ပလပ်ပလပ် မြည်အောင် အိ ... ” 

အသံ ကို နားထောင် ရင်း တံခါး ကို တွန်း ဖွင့် လိုက် မှ အသံ နဲ့ အမြင် ဆက်စပ် မိသွားတယ် ၊ မဒမ်ပီတိ က သူ့ စာရေးစားပွဲ ခုံပေါ် မှာ အမွှေးစုတ်ဖွား တယ်ရီယာ ခွေးမ တင် ပြီး ဇလုံ ထဲ က အမဲရိုးတွေ ကို ဘို လို ရွတ်ပြီး ဧည့်ခံ နေတာကိုး ။

“ ဟော  ... အဖေကြီး  ... ဂရား ဂရား ပွဲ က ရာ က ဝုတ်ဝုတ် ပြန်လာပြီ ... ဝုတ် ... ” 

လူ နှုတ်ဆက်သံ နဲ့ ခွေး မာန်ဖီသံတွေ အချိုးကျ ပေါင်းစပ် ပေါ် လာတယ် ။ မဒမ်ပီတီ သူ့ ပုခုံး ပေါ် က အထုပ် ကို လှမ်းယူရင်း

“ အဟက်ဟက် ... တယ်ရီယာလေ ကိုကို ရဲ့ ၊ ဆိုင်းဆရာ ဖျောက်ဆိပ်ကြယ် တို့ အိမ် က ဝယ် လာတာ သိရဲ့လား ၊ နှစ်လ သမီး ရှိ သေးတယ် ... ငါးသောင်း ကို မနည်း ဆစ် လာခဲ့ရတာ ၊ ဒါတောင် မရောင်းချင်ပါဘူး လုပ် နေတာ ရှေ့လ ဆို ရင် သိန်းဂဏန်း ကပ် သွားပြီ တဲ့ ”

“ လူ တောင် မှ အိမ် ငှား နေရတာ နင့် ခွေး ကို ဘယ်နေရာ မှာ ထား မှာလဲ ၊ အိမ်ပိုင်ရှင် သိရင် ခွေး အတွက် ပါ လခ တိုး တောင်းရင် အခက် ၊ နင် က ရှုပ်တဲ့ နေရာ မှာ တော့ သပွတ်အူ က အမေ ခေါ် လောက်တယ် ၊ နင် သိ ဘို့က သတ္တဝါ နဲ့ ပြဿနာ ဟာ အပ် နဲ့ ချည် ဘဲ ၊ နောက်ဆက်တွဲ ပေါ်လာမယ့် ကိစ္စတွေ နင့် ဟာ နင် ရင်ဆိုင် ဒါ ပဲ ... ”

မဒမ်ပီတိ မျက်နှာ ဟာ ကြည့်ရင်း သင်းခွေချပ် တစ်ကောင် နဲ့ တူ လာတယ် ၊ နှုတ်ခမ်းချွန်ကြီး ကို ရှေ့ရောက်အောင် ညှစ် ထုတ်ရင်း  ၊ လေသံပြင်းပြင်း နဲ့

“ ကျုပ် က တော့ ရှေ့ရေး ကို ခွေး နဲ့ အစား ထိုး ဘို့ ကြိုးစားနေတာ သိရဲ့လား ” 

“ ဘာကွ ... ဘယ့်နှယ် ...”

“ ငါ့ ကိုကို ခမြာ ကြီးတောင့်ကြီးမား နဲ့ နယ်တကာ သွားပြီး နေဝင် က နေထွက် ပွဲ က ရလာ ပြန် တော့ မလောက် မင ဒုက္ခ ကြီး ရှာတယ် ၊ ဒီ ဒုက္ခ ငြိမ်းအောင် ငါ ကြံ မှ ပဲ ဆိုပြီး စေတနာ နဲ့ ခွေး မွေးမိတာပါ  တော် ...”

စေတနာ ဆိုတဲ့ စကားလုံး ကြောင့် ကိုပီတိ ရင်တွင်းဖြစ် ဒေါသ တွေ ပါးလျော့ သွားခိုက် မဒမ်ပီတိ လျှာရေး ဆက် ပြ တယ် ။

"ဒီ ခွေး ဟာ သားပေါက် နှစ်သောင်း ၊ နို့ခွဲ ငါးသောင်း မိတ်မျှော် တစ်သိန်း ၊ အဲဒီလောက် ဈေး ကြီးတဲ့ အမျိုးအစား သူ့ ကို မွေးပြီး သားဖောက် ရောင်း ရင် ရှင့် ပွဲ တစ်နှစ် စာ ထက် ပို ဝင် ငွေ ကောင်းတယ် ၊ ရှင် လည်း ပွဲ က စရာ မလိုတော့ဘူး ၊ ပိုက်ဆံ လည်း ရ လူ လည်း ဇိမ်ကျ စီးပွားရေး ပါ ကိုကို ရယ် ... ”

အင်း ... ကိုကို တစ်လှည့် ... ရှင် တစ်ခါ ... တော် တစ်မျိုး  ၊ အခေါ်အဝေါ် တွေ ရေလဲ သုံးနေပြီ ... ဒင်း တစ်ခုခု ဒင်း ... ခံရ နေကျ ... ကိုပီတိ ရဲ့ အတွေ့အကြုံတွေ က လှုံ့ဆော် လာတာကြောင့် ၊

"နေပါဦး ... ဒီ ခွေး ဝယ် တဲ့ ငါးသောင်း က ...”

“ ကိုကို့ ရှေ့နှစ် အတွက် စပေါ် ယူ လိုက်တာလေ အဟက်ဟက် နေ့လည် ကျ ရှေ့နှစ် စာချုပ် ကို လက်မှတ် သွား ထိုးလိုက်ဦး ... နော် အဟက်ဟက် ၊ မေရီ ... မေရီ ... ခန်းမင် ... အိ ... အိ ”

      •••   •••   •••   ••• 

“ ဟဲ့ ခွေးလေ ... ခွေးလွင့် ... မိမစစ် ဖမစစ် ခွေး ... သခင် အလေအလွင့်တွေ မွေးထားတဲ့ ခွေးလေ ခွေးစုတ် ... သူတောင်း စား ဖြစ်မဲ့ ခွေး ၊ ကုန်ပြီ ကုန်ပြီ ဘယ်ဘဝ ဘယ်သံသရာ အဆက်ဆက် က တော် လာမှန်း မသိဘူး ... အိုး ပါ ပြောင်အောင် လျက် သွားသေး  ... အိမ် မရှိဘဲ ခွေး မွေးချင်တဲ့ ပုဂ္ဂိုလ်များ လည်း အံ့ဩပါရဲ့ တော် သူတို့မို့ မရှက် ...” 

မိုးသံ တဖြောက်ဖြောက် ကို တွန်းထိုးလုယက်ပြီး ထွက် ပေါ် လာတဲ့ ဆဲသံ ၊ ဆူသံတွေ ကြောင့် စောင်ခြုံ ထဲ မှာ ကွေး နေတဲ့ ကိုပီတိ လန့် နိုး သွားတယ် ၊ မေရီ တို့ အစွမ်း ပြ ပြန်ပြီ ထင်ပါရဲ့  ... ရောက်ပြီး နောက် တစ်နေ့ မှာ တစ်ဖက်ခြံ က ကြက်တူရွေး ကို ကိုက် လာတယ် ... အဲဒီ ည မှာ အိမ်ရှင် တွေ နေတဲ့ အပေါ် ထပ် တက်ပြီး မစင် စွန့်တယ် ... အိမ်ရှင့် သား က ရိုက် သ ..တ်ပါမယ် တကဲကဲ လုပ်နေလို့ တောင်းပန်ရတယ် ... ဒင်း ကို ဝယ် မိတာဟာ ... ငါ နဲ့ ငါ့ ပတ်ဝန်းကျင် ကို သံယောဇဉ် ဖြတ်ဖို့ သက်သက်လား  ... အခုလည်း မျက်နှာချင်းဆိုင် အိမ် ကို စိန်ခေါ် လာပြန်ပြီ ။ တတ်သရွေ့ မှတ်သရွေ့ လက်အုပ်ချီ ဂါရဝ နဲ့ ဆလံသ တောင်းပန် ရဦးတော့မယ် ။ 

“ မယားကြီး က ဈေး သွား အကြွေး ခံ နေရင်လည်း မယားငယ် ကို လင် က ရင်အုပ် မကွာ စောင့်ရှောက်မယ် မရှိဘူး ... ၊ မိုးအေးအေး နဲ့ ပျော်ပါလေ့ နှစ်ကိုယ် တည်း ” 

သွားပြီ ... ဒင့် စီးပွားရေး အမြင် ကျယ် လိုက်တာ ငါ ပါ ခွေး နဲ့ ပေးစား ခံ လိုက်ရပြီ ၊ ဒါတွေကို ဒင်း သိ မှာ မဟုတ်ဖူး ၊ သိ ရင် လည်း ရယ်ကျဲကျဲ နဲ့ စီးပွားရေးလုပ်ငန်းကြီး ဆိုတာ မလိုသူတွေ ပေါတယ် ကိုကို ရဲ့  ... သီးခံနိုင်မှ တိုးတက်တာ ဆိုပြီး လေချိုသွေး ချွေးသိပ်မှာပဲ ၊ အဆိပ်ကျွေးပြီး သ..တ်ရ အောင်ကလည်း ငါးသောင်းတန်ကြီး ၊ ပီတိ မင့် အဖြစ် က ရှေ့တိုး ဒုံးကျည် ၊ နောက်ဆီ မှာရော့ကက် အရှောင် ခက် လှပါလားကွာ ... ကိုပီတိ စိတ် ထဲ က ညည်း ရင်း အိပ်ရာ ထ ပြီး အပြင် ကို ခြေ အလှမ်း ကြမ်းပြင်ပေါ် က စိုစိစိ အပုံ ကို တက် နင်းမိပြန် တယ် ၊ အန်ဖတ်တွေ ၊ မသထာရေစာတွေ ခိုးဝှက် မြိုဆို့ ပြီး အန်ချထား တာ နေမှာ ... ကိုပီတိ ခမြာ ချက်ခြင်း လူရွှင်တော် ဘဝ က ခွေးအညစ် အကြေး သန့်ရှင်းရေး လုပ်သား ဘဝ ရောက်သွားတယ် ။ 

“ ဟာ ... ခွေးလေး ... လှ လှချည့်လား ... အို့ .. အို့ .. အို့ .. ”

“ ဘုရား ဘုရား ဗိုလ်စီးဖိန် အိမ်ပြန် လာ ပါပကောလား ” 

ကိုပီတိ ရင်တွေ တုန်ပြီး ချွေးစေးတွေ ပျံတတ်လာတယ် ။ ငါးနှစ်သား ရင်သွေးလေး ကို လူမိုက် ငါးဆယ် နဲ့ ရင်ဆိုင် ရသလို တုန်လှုပ်သွားတယ် ... စီးဖိန် ဆို တဲ့ ကောင် ကလည်း “ ဤသူကား ခေသူမဟုတ် ”  ဆိုတဲ့ အစား ထည်းကလေ  ... သုံးနှစ်အရွယ် ကတည်း က ရပ် ထားတဲ့ ပါဂျရိုကား ကို သံချောင်း နဲ့ ထိုး ဆွဲလို့ ဆေးတွေ ကွာ ကုန်တဲ့ အတွက် ပိုင်ရှင် ကို
ဒူးဖက် တောင်းပန် ခဲ့ရတာ  ... သူများ အိမ် ကပွက်ပွက်ဆူ နေတဲ့ ထမင်းအိုး ကို တုတ် နဲ့ ထိုး ဖွင့်ပြီး သဲတွေ ထည့် သွားလို့ ဆန်အိုး လျော် ခဲ့ရတာ ... ပါဝါရိန်းဂျား ဆိုပြီး ခလေးချင်း ထိုးကြိတ်လာ လို့ လူကြီးချင်း ထိုးကြိတ် လု မတတ် ဖြစ် ခဲ့ရတာ စတဲ့ အရည်အချင်း ကောင်းတွေ တလှေကြီး နဲ့ ရင်သွေး ရတနာပေါ့  ... သူ့ သူငယ်ချင်း ကြာပေါ် ကတော့ “ စီးဖိန် လို့ မှည့် ထားလို့ပေါ့ကွာ လုရီ သာ ဆိုရင် ရပ်ကွက် တစ်ခုလုံး ရွှေ့သွားလောက်တယ် ” လို့ ထောပနာ ပြု ဘူးတယ် ... အခုလည်း သူ့ အဖွား အိမ် ပို့ ထားရာက ဘယ် ပြဿနာ နဲ့ ပြန် ရောက်လာတယ် မသိ ။

“ ဒုန်း .. ဂိန် .. ဂိန် .. ဝုတ် .. ဝုတ် .. ဒုန်း .. ဖုန်း .. ဂိန်း ” 

“  ကျားသိုင်းဆရာ ကွ ... ဟားဟား .. ဖုန်း .. ဝုတ် .. ဝုတ် ” 

ခွေးမိုက် နဲ့ ခလေးဆိုး ရင်ဆိုင် တိုး မိကြပါပကော ... အမော တကော ထွက် ကြည့်လိုက်တော့ ခွေး ကို ပီနန်အိတ်ထည်း ထည့်ပြီး အဝ ကို လက် နဲ့ စု ကိုင် ရင်း ဆရာဖိန် ခြေစွမ်း ပြ နေ တာကိုး ၊ လှမ်းပြီး တားမယ် အလုပ်

“ ဘာ လုပ်နေကြတာလဲ ! ”

လူ က သုံးအိမ်ကျော် မှာ ရှိနေပေမဲ့ အသံက မြားတစ်စင်း လို စူးခနဲ ဝင်လာတယ် ။  တရုပ်သိုင်းကား ထဲ ကလို အတွင်းအားများ ထည့် အော် လိုက် လေရော့သလား ။ မဒမ်ပီတိ ဟာ လေသိုင်း အဆင့် မြင့် ပညာရှင် တစ်ဦး လို စွေ့ခနဲ ရောက်လာ ... ဆွဲခြင်းချ စီးဖိန် ကုတ်ဆွဲ တင်ပါး သုံးချက် ဆက်တိုက် ရိုက် လှုပ်ရှားမှုတွေ ကို လှစ်ခနဲ လှစ်ခနဲ ဆောင်ရွက် သွားတယ် ။

“ ဟီးဟီး .. လာကြပါဦးဗျ .. ကိုယ့် သား ကိုယ် အသေ သတ် နေပါပြီဗျ .. ဟီး .. ဟီး .. အွတ် .. အွတ် .. သေပါပြီဗျ ဟီး .. အွတ် .. အွတ် ..”

ဆရာဖိန် က လည်း အညံ့ မခံပါဘူး ... မာတာမိခင် ကို ခုနှစ်သံတင် ငိုရင်း ရပ်ကွက် နဲ့ လှည့်ပြီး ရန် တိုက်ပေးတယ် ။ အံမယ် အွတ် .. အွတ် နဲ့ သွေး အန်တာ လိုလို ... အသံမျိုး တောင် ထည့် အော် လိုက်သေး ( မယုံရင် ကိုယ်တိုင် ကြွရောက် လေ့လာနိုင်ပါတယ် ခင်ဗျာ )

“ ဟေ့ .. ငါ့ လင် ကို သတ် ချင် သတ် .. ငါ့ ခွေး ကို ထိ ဖို့တော့ မကြိုးစားနဲ့ သား သော .. သမီး သော .. ငါ မသိဘူး .. ငါ့ အသက် သုံးဆယ် ဘဲ ရှိသေးတယ် .. အရွယ် ကျန်သေးတယ် .. လင် တစ်ယောက် ထပ် ယူဖို့ ငါးရာ မကုန်ဘူး လင် ရှိ ရင် သား ရှိသဟေ့ ...ခွေးတစ်ကောင် က ... ငါးသောင်း တန်တယ် .. သိရဲ့လား ... ”

မဒမ်ပီတိရယ် .. နင် ပတ်ဝန်းကျင် ကို စိန်ခေါ်တာ ငါ တို့ သား အဖ ကို လှောင်အိမ် ထဲ ပို့ နေသလိုပါဘဲလား ကွယ် ။ ကိုပီတိတို့ သား အဖ မျက်လုံးကြောင်လေးတွေ နဲ့ ယို့ယို့လေးတွေ ထိုင် နေခိုက် မဒမ် ပီတိ ဆက် ကြမ်းတယ်  ...

“ တိရိစ္ဆာန် ဟာ တိရိစ္ဆာန် လောက် ပဲ သိတော့မှာပေါ့ .. ထစ်ခနဲ ရှိ ဒီ ခွေး ချည်း တရားခံ ရှာနေကြတာ .. ရပ်ကွက် ထဲ မှာ ခွေးပေါင်း သောင်းခြောက်ထောင် နေတာ ဟေ့ တခြား လင်တွေ မယား တွေ ကို လည်း မေတ္တာ မျှကြဦး  ... ”

“ ဟဲ့  ... ဒီ နား မှာ နင့် လင် လုဖက် တစ်ကောင်ထည်း ရှိတာ ဟဲ့ သဘင်သည် ပီပီ .. လူ နဲ့ နှစ်ပါး သွားရတာ ရိုးနေလို့ ခွေး နဲ့ နှစ်ပါး သွား ခိုင်းချင်ရင်လည်း နောက်ထပ် သုံးလေးကောင် ဆက် မွေးဦး ...”

မိန်းမခြင်း ... မောရင် ရပ်သွားလိမ့်မယ် ဆိုတဲ့ အသိနဲ့ သား ကို လက် ဆွဲပြီး လက်ဖက်ရည်ဆိုင် ကို ထွက် ခဲ့ပေမဲ့ ကိုပီတိ ရဲ့ အာရုံ ထဲ တော့ မင်းသားဝတ် နဲ့ သူ့ နံဘေးမှာ ခွေးမ သုံးကောင်စီ ခြံရံထားတဲ့ သုနက္ခ နှစ်ပါးသွား ကို မြင်ယောင် နေလေရဲ့ ...

       •••   •••   •••   ••• 

ဒီလိုနဲ့ စနက်တန် ဖြုတ်ထားတဲ့ အနုမြူဗုံး တစ်လုံး ကို စောင်ခြုံ ထည်း ထည့် အိပ်နေရတဲ့ ခံစားမှုမျိုး နဲ့ သိန်းပေါင်း များစွာ ရှာ ပေမဲ့ ငါးသောင်းတန် ခွေး တစ်ကောင် ကို သုံးလနီးပါး ကိုပီတိ လက်တွဲ ခဲ့ ရတယ် ။ အဲဒီ ကာလ အတွင်း ထူးထူးခြားခြား ပြောင်းလဲ သွားတာက ကိုပီတိ ရဲ့ လူရွှင်တော်ခေါင်းပေါင်းပုဝါ ဟာ ခွေးလည်ပတ် ဖြစ်ပြီး တောင်ရှည်ပုဆိုးအဟောင်း ဟာ ခွေး ရဲ့ခြုံလွှာတွေ အိမ်ယာခင်းတွေ ဖြစ် သွား တာပါဘဲ ။ အမဲရိုးစွတ်ပြုတ် ကို ခွေး စား နေချိန်မှာ ကိုပီတိ တို့ သားအဖ ခမျာ ပဲပြုတ် နဲ့ လွေး နေရတယ် ။ ခွေးအားဆေး ၊ ခွေးသံချဆေး ၊ ခွေးရင်ကြပ်ချောင်းဆိုးပျောက်ဆေး တွေ ထောင်ချီ ပေးပြီး ဝယ် တိုက်နေတဲ့ အချိန် ၊ ပွဲဆက် များ လို့ အသံ ဝင် လာ တဲ့ ကိုပီတိ ကွမ်းရွက် နဲ့ လျက်ဆား တွေ သာ ဖိ တွယ် နေရတယ် ။

“ အခိုက်အတန့် သီးခံလိုက်ပါဦး ကိုကို ရယ် ... နောင် တစ်ချိန် ကျ ခွေး ရဲ့ လုပ် စာ ကို စား ရတော့မှာပါနော် ... နော် လို့ အခုလည်း မေရီ အပျိုစိတ် ဝင် နေပါပြီ ။ မကြာခင် အိမ်ထောင် ချ ပေး ရတော့မှာ သိလား ... ” 

“ နင် က ဘယ်လိုလုပ် သိတုန်း ..” 

“ မိန်းမချင်းပဲ ဥစ္စာ ဒီ ကောင်မ ဂဏှာ မညိမ်တာတွေ ကြည့်ရင် သိ တာပေါ့ ၊ ငွေ စုမိတဲ့ နေရာကျ မှ အဟင်းဟင်း ... မေရီတို့ အမျိုး က သားပေါက် အကောင်းဆုံး တဲ့ ၊ တစ်ခါ မွေးရင် ငါးကောင် အနည်း ပဲ တဲ့ ... တစ်ကောင် ကို တစ်သိန်း ဆို တော့ ... ”

အဲဒီ ည က ကိုပီတိ ရဲ့ အိပ်မက် ထဲ မှာ တယ်ရီယာခွေး တွေ ရာ နဲ့ ချီ ပြီး ရောင်းရငွေတွေ အပုံလိုက် ၊ အထပ်လိုက် ကြား မှာ မိသားစု သုံးယောက် တစ်ပျော်တစ်ပါး ပြေးလွှားခုန်ပေါက် နေခိုက် နောက် ထပ် ခွေးအုပ်ကြီး က အလိုလို ဖြုန်းကနဲ ပေါ်လာ ၊ ထပ်ပြီး ရောင်း ... ငွေတွေ ရ ထပ်ဝယ် ၊ ထပ်ပွား ၊ ထပ်ရ အို ...မေရီ ရယ် ၊ မင့် အပေါ် အထင် သေးမိတာ ခွင့်လွှတ်ပါကွယ် ... ၊ မင်း ဟာ ... ကျုပ်တို့ လူ ဆင်းရဲ သားမိသားစုကလေး အတွက် ကံကောင်းခြင်း လက်ဆောင်တွေ ချီ ယူလာခဲ့တဲ့ ခွေးအလိမ္မာလေးပါ သမီးရယ် ... ဆိုပြီး မေရီ ကို ဒူးထောက် တောင်းပန်နေတုန်း ...

“ သွားပါပြီတော့ ... အမျိုး ပျက် ပါပြီ ... ဒင်း လင် လို ချင်နေမှန်း သိလို့ အိမ်တံခါးတွေ အကုန် ပိတ် ထားတာ ဘယ် အပေါက် က ဘယ်လို လစ် ထွက် သွားတယ် မသိဘူး ... ကုန်ပြီ ... ကုန်ပြီ ငါ့ ငွေ တွေ ရေစုန် မျှော လိုက်ရပြီ ၊ ဒီ လမ်းဘေး ခွေးဝဲစား နဲ့ နင် နဲ့ တန်သလား ဟဲ့ ... သ.. တ်ပြီး ရောင်းလို့ တောင် တစ်ထောင် မတန်တဲ့ သတ္တဝါ ကို တော် ...”

ကိုပီတိ စောင်ခြုံ ထဲ က ထ မယ် အလုပ် ၊ ဆီးဖိန် က ဖအေ ကို ဖက် ထားရင်း  ။

“ ဖေကြီး ... မသွားနဲ့ ... အဲဒါ အမေ့ ချွေးမ နဲ့ ဟိုဘက် က ကျားဘို နဲ့ မိ သွားလို့ ဆူ နေတာ ... အိပ်ချင်ဟန် ဆောင် နေ ... ”

“ မင်း က ဘယ်လို လုပ် သိတာတုန်း ... ” 

“ ခုန သား ရှူးရှူး ပေါက် သွားတုန်း အီ ... အီ နဲ့ လုပ်နေလို့ သား ဖွင့် ပေးခဲ့တာ ” 

“ ဟင် မင်း ဘာပြုလို့ ဖွင့် ပေးလိုက်တာတုန်း ” 

“ သား ကို အမေ က ရိုက်တယ် ၊ အဲဒီကျ သား လဲ လက်စား ချေ လိုက်တာပေါ့ ... ဒီ ခွေး ရောက် ကတည်း က သားတို့ ဘာမှ ကောင်းကောင်း မစားရ မနေရ သားလဲ ခဏခဏ ရိုက် ခံရ ဆိုတော့ ...”

ကိုပီတိ သူ့ သား စကားလုံးတွေ ကို ဆက် မကြားနိုင်တော့ ပါဘူး ... ဖြတ်လမ်း ကနေ ငွေ ကို အလွယ်တကူ လိုချင်လို့ မကျွမ်းကျင်တဲ့ စီးပွားရေး ကို လုပ် ရာက အဖတ်ဆည် မရတဲ့ အရှုံး လောဘဇော ခိုက်ပြီး လူ စင်စစ် က ခွေးရူး ဖြစ် သွားတဲ့ မဒမ်ပီတိ ရဲ့ ၊ နာကျင်ကြေကွဲ ဆဲဆိုသံတွေ က အင် နဲ့ အား နဲ့ သူ့ နား ထဲ ကို တိုးဝှေ့ ဝင် ရောက်လာ ကြလို့ပါဘဲ ...
 
“ သေချင်းဆိုး ခွေးမ ၊ အခုလို ဖြစ်ကုန် မှ တော့ နင် က မွေးတဲ့ မျိုး မစစ်တွေ ကို ငါးကျပ် တောင် ပေး ဝယ်မယ့်သူ မရှိတော့ဘူး ဟဲ့ ... ထွီ ငါ ကတော့ နင့် ကို အထင် ကြီး လိုက်ရတာ ... အဖိုး နဲ့ အဖွား က ဂျာမန်စစ်စစ် ... နင့် အဖိုး က ဟစ်တလာ ရဲ့ မော်တော်ကားဘီး ကို သေး နဲ့ ပန်းဖူးသတဲ့ ၊ ဂျာမန် မူးမတ်ကြီးများ ဟာ နင်တို့ အမျိုးအနွယ် တွေ ကို သံကြိုး နဲ့ ဆွဲ ပြီး လမ်းလျှောက် ရတာ ကို က ဂုဏ် တစ်ခု တဲ့ ဒုတိယကမ္ဘာစစ် ရှုံးတော့ ... ဝင်စတန်ချာချီ သိမ်းယူတဲ့ ထဲ မှာ အဲဒီ နှစ်ကောင် ပါ သွားရာ က အင်္ဂလန် မှာ မျိုး ပွား လာရသတဲ့ ၊ နင် တို့ ကိုယ်ရေးရာဇဝင် ကို အင်တာနက် လှမ်း မေးပြီး မှ ရောင်းတာပါ တဲ့ ... ထွီ ... ဒီ သတင်း သာ အင်တာနက် ကို ပို့ လိုက်ရင် ... ဟဲ့  သွား .. သွား .. ငါ့ ပိုက်ဆံတွေ ဖြုန်း ပစ်တဲ့ ဟာ မ ...”

◾  ချစ်စရာ

📖   ကိုပီတိ

#ကိုအောင်နိုင်ဦး

.

Saturday, October 29, 2022

လူပျို အပျို ဖတ်စာ ( ၁၉ )


 

ကျွန်တော်တို့ လူမျိုးတွေ ဟာ ဆွေမျိုး ကို မင် ကြပါတယ် ။ အပေါင်းအသင်း ကို ခင် တတ်ကြပါတယ် ။ ဒါဟာလည်း ရိုးရာ အစဉ်အလာ တစ်ခု လိုပါပဲ ။

ကျွန်တော်တို့ လူမျိုးတွေ ဟာ တစ်ယောက် တည်း နေတာ အင်မတန် ရှား ပါတယ် ။

တချို့ နိုင်ငံတွေ မှာ အသက် ဆယ့်ရှစ်နှစ် ကျော် ရင် မိဘ အိမ် က စွန့်ခွာ ပေးရပါတယ် ။ မိဘ ကို ဘယ်လောက် ချစ်ချစ် ကပ် နေခွင့် မရပါဘူး ။ အသက် သုံးဆယ် ကျော် ထိ မိဘ အိမ် မှာ ပဲ ဆက် နေရင် မိဘ က သားသမီး ကို တရား ပြန် စွဲ တတ်ပါတယ် ။

“ ဒီ အရွယ်ကြီး ထိ ကိုယ်ပိုင် ဘဝ မထူထောင် ၊ မိဘ ဘဝ ထဲမှာပဲ ကပ် နေလို့ပါတဲ့ ”

ကျွန်တော်တို့ ဆီ မှာ တော့ ဘယ် အရွယ် ထိ ဖြစ်ဖြစ် မိဘ အိမ် မှာ နေလေ့ ရှိပါတယ် ။ အသက် ဆယ့်ရှစ်နှစ် မပြောနဲ့ ၊ အိမ်ထောင် ကျ ပြီး ကလေးတွေ ရ ပြီး တာ တောင် မိဘ အိမ်မှာ ပဲ ကပ် နေတဲ့ သူ တွေ လည်း အများကြီး ပါ ။ တချို့ ကလေးတွေ ကျ တစ်မျိုး ။

“ နင်တို့ ဒီ အရွယ် ထိ မိဘ လုပ်စာ ထိုင် စား နေဦးမှာလား ”

တစ်ခွန်း ငေါက် လိုက်တာ နဲ့ ကလေးတွေ က လိမ္မာတယ် ။

“ ထမင်း စား ရင်တောင် မတ်တတ် ရပ် စားတယ် ”

မိဘ လုပ်စာ ထိုင် စား နေတယ် လို့ အပြော ခံ ရမှာ စိုးလို့ မတ်တတ် ရပ် စားတယ် ။ ဘယ်မှ တော့ မသွားဘူး ။ သားသမီး အပြစ်ကြီး ပဲ လည်း မဟုတ်ပါဘူး ။ မိဘများ က လည်း ကိုယ့် သားသမီး ကို ချစ် တော့  အရွယ် ရောက်ပြီ မှန်း သိ တာတောင် ကလေး လို သဘော ထား ပြီး ပြုစု စောင့်ရှောက် နေကြတုန်း ။ ဒါ့အပြင် အဲဒီ သူတို့ နဲ့ ခွဲ ရမှာ စိုးလို့ သမက် ( သို့မဟုတ် ) ချွေးမ ကို အိမ်ပေါ် ခေါ် တင် ထား ပြန်ရော ။ သမက် ၊ ချွေးမ စသည်ဖြင့် အိမ် ပေါ် က ဆင်း သွားရင် မျက်ရည် တစမ်းစမ်း နဲ့ ။

ကျွန်တော် အပြစ် ပြောတာ မဟုတ်ပါဘူး ။

“ လူ ဆို တာ အရွယ် ရောက် လာတဲ့ အခါ ကိုယ်ပိုင် ဘဝ ရှိသင့်ပါတယ် ၊ ကိုယ်ပိုင် ဘဝ နဲ့ နေသင့်ပါတယ် ”

တစ်ယောက် ယောက် ရဲ့ အရိပ် အောက် မှာ မဟုတ်ဘဲ ကိုယ့် ဟာ ကိုယ် ရှင်သန် နိုင် ရမှာပါ ။ လူ အားလုံး စံ ထား ရ လောက်အောင် ကြီးကျယ် မြင့်မြတ်တဲ့ သမိုင်း မဟုတ် ရင် တောင် ကိုယ့် မိဘ ဆွေမျိုးများ နဲ့ ကိုယ့် ရဲ့မျိုးဆက်များ ပြန် ပြောကြ တဲ့ ဆွေမျိုး သမိုင်း မှာ တော့ ကိုယ် ဆိုတာ ဘယ်လို လူမျိုး ဆိုတာ  မှတ်ကျောက်  အတင် ခံ သင့်ပါတယ် ။

“ ဒီ ကောင် လား ၊ ဘာ ကောင် မှ မဟုတ်ဘူး ၊ မိဘ တွေ ဆီ တစ်သက်လုံး ကပ် စားသွားတာ ”

ဒါမျိုး အပြော မခံ ရ အောင် လည်း လုပ်သင့်ပါတယ် ။ ချစ်သူရည်းစား ထားခြင်း ၊ အိမ်ထောင်ပြုခြင်း ဆိုတာ များသော အားဖြင့် ကိုယ့် စိတ်ကြိုက် ရွေးချယ်ခြင်း ဖြစ်သလို ၊ ကိုယ့် ဘဝလမ်း ကို လည်း ကိုယ် ကိုယ်တိုင် ပဲ ရွေးချယ် လျှောက်လှမ်းရမှာပါ ။

ကျွန်တော့် မိတ်ဆွေ တစ်ယောက် ကျ တစ်မျိုး ။ သူ လည်း နယ် က နေ တစ်ယောက် တည်း တက် လာပြီး ရန်ကုန် မှာ ဘဝ တစ်ခု တည်ဆောက်တာပါ ။ မိဘ လည်း မရှိတော့တဲ့ တစ်ကောင်ကြွက် ပေါ့ ။

“ ငါ က တစ်မျိုး ကွ ၊ အိမ်ထောင် ကျ တာ နဲ့ မိသားစု ဘဝ စတာပဲ ”

“ ဘာဖြစ်လို့လဲ ”

“ မိန်းမ ယူ လိုက်တာ နဲ့ ယောက္ခမတွေ ပါ အိမ် ပေါ် ရောက် လာတာလေ ”

မှတ်ထားပါ ။ အိမ်ထောင် ကျ တဲ့ ယောက်ျား အတော်များများ ဟာ ‘ အာဒမ် နဲ့ ဧဝ ’ ကို သဘော ကျ လေ့ ရှိတယ် ။

“ ကမ္ဘာဦး လူသား ဖြစ်တဲ့ အတွက် သူတို့ မှာ ယောက္ခမ မရှိဘူးလေ ”

မိဘတွေ က သားသမီးတွေ ကို “ စိတ် မချဘူး ” ဆိုတဲ့ စိတ် နဲ့ နေကြတယ် ။ မိဘများ က တစ်သက်လုံး အရိပ် သဖွယ် မိုးထား ပေး ချင်ကြတယ် ။ ကိုယ့် ရဲ့ သားသမီးလေးတွေ မပူမပင် ကြရအောင်ပေါ့ ။ မှန်သင့် သလောက်တော့ မှန်ပါတယ် ။

ဒါပေမဲ့ ကိုယ် မိုး ထား တဲ့ အရိပ် ဟာ ကလေးတွေ အတွက် လူငယ်တွေ အတွက် ‘ လောင်းရိပ် ’ လည်း ဖြစ် နေ နိုင်ပါတယ် ။

သတိထားပါ ။

◾အကြည်တော်

#လူပျိုအပျိုဖတ်စာ

#ကိုအောင်နိုင်ဦး

.

လူတန်းစား ပြောသော ပုံပြင်


 ❝ လူတန်းစား ပြောသော ပုံပြင် ❞


ဤ မိန်းကလေး ကို သိကျွမ်းနေသည် မှာ အချိန် ကြာညောင်းခဲ့ပါပြီ ။


သို့ သော် ယမန်နေ့ က ရုတ်တရက် သူ နှင့် သူ့သား ကလေး ပုဇွန်တောင်ဈေး ထဲ မှ ထွက်လာသည် ကို လှမ်း မြင် လိုက်ရသောအခါ ကျွန်မ ရင် သည် သိမ့်ခနဲ နေအောင် ပင် နာကျင် သွားမိပါတော့၏ ။


လက် တစ်ဖက် က သူ့ သားကလေး ကို ပခုံး မှ ပွေ့ဖက် လာပြီး ကျန် လက်တစ်ဖက် က ဈေးလွယ်အိတ် ကို မနိုင့်တနိုင် ဆွဲလာပါသည် ။


ဈေးလွယ်အိတ် ဟူ၍ ပြော နိုင်သည် မှာ ကန်စွန်းရွက် အစည်းလိုက် သည် လွယ်အိတ် ဝ မှ ထွက်ပေါ် နေသောကြောင့် ဖြစ်ပါသည် ။ သူ့ နှုတ်ခမ်းပါးပါး နီနီရဲရဲလေး သည် တလှုပ်လှုပ် နှင့် ...


သား ဖြစ်သူ နှင့် စကား ပြော လာပုံ ရ လေသည် ။


သူ နှင့် ကျွန်မ ရှိ နေရာသည် များစွာပင် အလှမ်း ဝေးပါ ၏ ။ သို့သော် သူ့ သားကလေး ကို သူ ဘာတွေ ပြော ဆိုလာ မည်ကို ကျွန်မ သည် အလိုလိုပင် သိနှင့် နေပါသည် ။  


“ မင်း က ခဏခဏ နေမကောင်း ဖြစ်တာကိုး ၊ ကျောင်း ခဏခဏ ပျက်တာ မကောင်းဘူး ၊ စာ ကြိုးစားမှပေါ့ ၊ မင်း စာ မတတ်ရင် ဆင်းရဲမယ်  ၊ မင်း အဖေ က လည်း ဂရုစိုက် မှာ မဟုတ်တော့ဘူး ၊ လိမ္မာပါကွယ် ”  


ဤစကားလုံးများ ပင် ဖြစ်ရလေမည် ။ အဘယ့် ကြောင့် ဆိုသော် သူ သည် သူ့ သား ကို ဤအတိုင်း ပင် ဆုံးမ နေကျ ဖြစ်ပါ၏ ။


ကျွန်မ သည် သူတို့ သားအမိ ကို ကြည့်ရင်း ငေးရင်း ပင် ကျွန်မ သွားရမည့် ခရီး အတွက် ဆက်လက် ထွက်ခဲ့ပါ ၏ ။ သို့သော် ကျွန်မ ၏ ဦးခေါင်း ထဲ ၌ မူ သူ့ အကြောင်း သည် တသီကြီး ပေါ်လာပါတော့သည် ။


သူ သည် ၁၈ နှစ် သမီးဝယ် သူ့ မိဘ သဘောတူ သော အစိုးရ အရာရှိပေါက်စ  တစ်ယောက် နှင့် လက်ထပ်ခဲ့လေ၏ ။


အရာရှိပေါက်စ သည် အလုပ်ဝတ္တရား နှင့် အမြို့မြို့ သို့ ပြောင်းရွှေ့လာခဲ့ရရာ သူ က သူ့ မိဘ ရှိရာ ရန်ကုန် သို့ ခေတ္တ ပြန် နေလိုက် ၊ သူ့ ခင်ပွန်း နှင့် နေလိုက် နှင့် ...  


ဤ သားလေး ကိုယ်ဝန် ရှိ လာသောအခါ သူ သည် ရန်ကုန် တွင် လာ၍ မျက်နှာ မြင်လေ၏ ။


ထိုအခါတွင် သူ့ ခင်ပွန်း သည် တစ်မြို့တစ်ရွာ တွင် နောက် မိန်းမ ယူပြီး ခဲ့လေပြီ ။  


ဤ သတင်း ကို သူ ကြား ရသော အခါ သူ က မထူး ခြား မတုန်လှုပ် ဟု ဆိုလေ၏ ။ သူတို့ နှစ်ယောက် မေတ္တာ မျှ စဉ် ကလည်း လူကြီးများ သဘော တူညီချက် အရ ဖြစ်သ ဖြင့် လည်းကောင်း ၊ သူ ကိုယ်တိုင် က ငယ်ရွယ်သူ ပီပီ နောက် မိန်းမ ယူ လျှင် ငါ လည်း နောက် ယောက်ျား ယူမည် ဟူသော မာန်မာန နှင့် ခင်ပွန်း ဖြစ်သူ က သားငယ် အတွက် ထောက်ပံ့ ခြင်း ကို ပင် လက် မခံခဲ့ပေ ။


ဤ နောက်ကြောင်းများ ကို ပြောပြစဉ် သူ့ မျက်နှာ ထား သည် ဝမ်းနည်း ဟန် ၊ နောင်တ ရ ဟန် မပေါ်ခဲ့ ။ ဖြစ်ချင် သလို ဖြစ်တတ်သည့် လောကကြီး ဝယ် ရင်ဆိုင်မည် ဟူသော ဆုံးဖြတ်ချက် သည် သူ့ စိတ် ၌ စွဲမြဲထားပုံ ပေါ် နေလေ၏ ။


သူ့ ကို ကျွန်မ စ၍ သိကျွမ်း ခဲ့သည် မှာ သူ သည် ၄ နှစ် အရွယ် သားကလေး ကို လက် ဆွဲပြီး ကျွန်မ တို့ အိမ်နား သို့ ပြောင်းရွှေ့လာစဉ် က ဖြစ် ပါသည် ။  


သူ သည် နံနက် ၉ နာရီ ဆိုလျှင် အိမ် မှ ထွက်သွား လေ၏ ။ ညနေ ဘက် တွင် မူ သူ အလုပ် က ပြန်လာလျှင် သူ နှင့် အတူ ယောက်ျားမိတ်ဆွေ တစ်ယောက် သည် နေ့စဉ် လို ပင် ပါ လာတတ်လေသည် ။  


သူ့ သားလေး သည် မိန်းကလေး တစ်ယောက် ကဲ့သို့ ပင် အဖော် ရလေသည် ။ သူ့ အမေ လျှော်ဖွပ် ထား သည့် အ ဝတ်အထည်များ ကို အိမ်ရှေ့ ကြိုးတန်း တွင် ထွက် ၍ လှန်း သည် ။ ထို အဝတ်များ ခြောက်ပြီလား ဆိုလျှင် အဝတ်တန်း မှ ရုတ်သိမ်း တတ်လေ၏ ။


သူ့ အမေ အလုပ် သွားလျှင် အိမ် မှာ တစ်ယောက် တည်း ကစား နေတတ်လေ၏ ။ ကလေး ချစ်တတ်သော ကျွန်မ က ဤ ကလေး နှင့် လှမ်း စကား ပြောရင်း သူ့ အမေ နှင့် ပါ သိကျွမ်း သွားရလေသည် ။ ထိုအခါတွင် သူ က သူ့ ဘဝ ဇာတ်လမ်း ကို ပြောပြ ပါ တော့သည် ။


သူ့ မိဘဆွေမျိုး ညီအစ်ကိုမောင်နှမများ သည် သူ တို့ သားအမိ ကို သူတို့ နှင့် အတူ နေ စေချင်ကြသည် ။ သူ က မနေလို ၊ ကုမ္ပဏီ တစ်ခု တွင် စာရေးမ လုပ်ပြီး သူ့ သားလေး ကို ရှေ့နှစ် တွင် ကျောင်း ထားရန် ရည်စူးသည် ။


အိမ်ထောင် နှင့် ဖြစ်စဉ် က မိဘ ထံ မကြာခဏ ပြန်လေ့ ရှိ သူ က အိမ်ထောင် ပျက် သောအခါ ၎င်း ဘာသာ တစ်အိုး တစ်အိမ် နေချင်လိုသည် ကို ကျွန်မ သည် စဉ်းစား မရပေ ။


မိန်းကလေး က လည်း ဖြစ်ပြန် ၊ ငယ်ရွယ်သူ လှပသူ ဖြစ် သဖြင့် ကျွန်မ က မိဘ နှင့် အတူ ပြန်၍ နေရန် ပြောပြမိပါ သည် ။  


“ မနေချင်ပါဘူး ၊ လွတ်လွတ်လပ်လပ် ပဲ နေချင်တယ် ” 


သူ က ဤသို့ပင် အဖြေ ပေးသည် ။


      •••   •••   •••   ••• 


တစ်ခါတလေ သူ သည် အလုပ် မှ ဆိုက်ကား နှင့် ပြန် လာ တတ်လေ၏ ။ တစ်ခါတလေ သုံးဘီးကား ၊ တစ်ခါတ လေ ပရိုက်ဗိတ်ကား ...


ကျွန်မ သည် သူ့ ကို မသင်္ကာ တော့ ။ အရပ် က လည်း သူ့ ကို မသင်္ကာ တော့ ။


သူ သည် ထာဝစဉ် လို ပင် အင်္ကျီ အဆင်ဆန်းဆန်းလေး များ ဝတ် တတ်လာသည် ။ အနည်းဆုံး ဆံညှပ် ၊ ဆံထိုးကလေးများ က အစ တစ်နေ့ နှင့် တစ်နေ့ မတူ ။ သို့သော် အဖိုးတန် ပစ္စည်းများ တော့ မဟုတ် ။ လုံချည် ဆိုလျှင် လည်း အပေါစား တစ်ကိုက် မှ ၂ ကျပ်တန် ၊ ၃ ကျပ်တန် ။


ထိုအတွင်း အရပ်သတင်း က ထွက် လာသည် ။


သူ သည် ကုမ္ပဏီ မှ ငွေထိန်းစာရေးကြီး နှင့် တိတ်တိတ်ပုန်း ဟူ၍ ။


အကွပ် မရှိသော ကြမ်း သည် ပရမ်းပတာ ဖြစ် တတ်သ လို အထိန်း မရှိသော မိန်းကလေး သည် လည်း ကြီးသည် ငယ်သည် မဟူ ပျက်စီး တတ်လေသည် ။ သို့သော် မိန်းကလေး တိုင်း တော့ မဟုတ်ပေ ။ ကိုယ့် ကိုယ် ကို ထိန်းသိမ်းပြီး မှဲ့ တစ်ပေါက် မစွန်းကြသူများ ဒုနှင့်ဒေး ။ အကျင့်သိက္ခာ ဆို သည် မှာ သံကွန်ချာ အုပ်ထား၍ လည်း မလုံလဲတတ်ပေ ။ ကိုယ့် ကိုယ် ကို ထိန်းသိမ်းခြင်း သည် အလုံခြုံဆုံး ပင် ။


ဤ ယုံကြည်ချက်ကြောင့်လား မသိ ကျွန်မ သည် သူ့ သတင်းကြောင့် ဖြင့် သိပ် ထူးခြား မသွားပါ ။


“ ဒီလိုပဲ ဖြစ်ရမှာပေါ့ ” ဟူ၍ပင် တစ်ကိုယ်တည်း ပြော မိ ပါသေးသည် ။


ငွေထိန်းစာရေးကြီး သည် မကြာခဏ ဆိုသလိုပင် သူ့ အိမ် သို့ လာ တတ်လေသည် ။


သူ နှင့် ငွေထိန်းစာရေးကြီး ကို ညဈေးတန်း တွင် လည်း ကောင်း ၊ ရုပ်ရှင်ရုံ ထဲ ၌ လည်းကောင်း ၊ မကြာခဏ တွေ့ ကြောင်း သတင်း ကို လည်း ကြား လာပါသည် ။  


“ အင်း ... အသက် က လည်း ငယ် ၊ ရုပ်ရည် က လည်း လှပ ၊ သားကလေး က ငယ်ငယ် ၊ ဝတ်ရေးစားရေး ကြောင့် မိန်းကလေး တစ်ယောက် တော့ ပျက်စီး သွားပြန်ပါပေါ့ ”


ထီးကလေး နှင့် လက်ဆွဲအိတ်ကလေး ကိုင် ကာ ရုံး မှ ပြန် လာတတ်သည့် သူ့ ကို မြင်လျှင် ကျွန်မ က ဤသို့ ပင်တွေးသည် ။


မကြာပါလေ သူ့ အိမ် သို့ လာနေကျ ငွေထိန်းစာရေး ကြီး ကိုယ်စား လူငယ် ခပ်ရွယ်ရွယ် တစ်ယောက် ကို ပြောင်း၍ တွေ့ ပြန်လေသည် ။


၎င်း လူရွယ် နှင့် လည်း ဈေးများ တွင် လည်းကောင်း ၊ ရုပ်ရှင်ရုံများ တွင် လည်းကောင်း အတူတူ တွေ့ကြောင်း သတင်း က ထွက် လာပြန်လေ၏ ။


မကြာပါလေ ... 


ယောက်ျား တစ်ယောက် ...


နောက် တစ်ယောက် ...


၆ လ လောက် အတွင်း ယောက်ျား က ဆယ်ယောက် မ က ...


မကြာခင် ... သူ ကျွန်မ တို့ အရပ် ထဲ က ပြောင်းရွှေ့ သွား ပါတော့သည် ။


မည်သည့် အရပ် ကို ပြောင်းရွှေ့သွားမှန်း မသိရ ။ သို့သော် စကော့ဈေး ထဲ ဝယ် မုန့်ဟင်းခါးစား နေကြ သော သူတို့ သားအမိ ကို ကျွန်မ က လည်း မုန့်ဟင်းခါး စား ရန် အသွား သွား၍ ဆုံ ကြတော့မှ သူတို့ ဗဟန်း သို့ ပြောင်း သွားကြကြောင်း သိရပါသည် ။  


“ ဟဲ့ သား ငရုပ်သီး သိပ် မစားနဲ့ ၊ မင်း က ခဏခဏ နေမကောင်း ဖြစ်တတ်တယ် ၊ ကျောင်း ခဏခဏ ပျက်တာ မကောင်းဘူး ၊ စာ ကြိုးစားစမ်းပါ ကွယ် ၊ မင်း စာ မတတ်ရင် ဆင်းရဲမယ် ၊ မင်း အဖေ က လည်း ဂရု စိုက် မှာ မဟုတ်တော့ ဘူး ”


“ ဪ ... သား - သား က ကျောင်း နေပြီလား ” 


ကျွန်မ က မေးလိုက်ပါသည် ။


“ ဟုတ်ကဲ့ အစ်မကြီး ၊ ဒီနှစ် ကျောင်း အဖွင့် မှာ အပ် လိုက်ပြီ ၊ သူ့ အဖေ ကလည်း ရန်ကုန် ပြောင်း ရတယ် ၊ သူ့ သား ကို ကျောင်းစရိတ် ထောက် တယ်လေ ”


“ ဪ ... သူ့ ရင်သွေး ပဲ ၊ သူ လည်း ခင်တွယ်မှာပေါ့ ။ ကြားရတာ ဝမ်းသာလိုက်တာ ၊ ဒါဖြင့် သားအမိ သားအဖ တွေ ပြန်ပေါင်း ထုပ် ကြပြီပေါ့လေ ”


“ ဝေးပါသေး အစ်မကြီး ရေ ... သူ့ မှာ ဟို မိန်းမ နဲ့ ကလေး ၃ ယောက် တောင် ၊ ကျွန်မတို့ သားအမိ က ဗဟန်း မှာ နေတာ ၊ သူ လာ ရင်တော့ သူ့ သား ကို မုန့်ဖိုးပဲဖိုး ပေး သွား တတ် ပါတယ် ၊ ကျွန်မ ကတော့ သူ့ အတွေ့ မခံပါဘူး ”


ကျွန်မ လည်း သူတို့ အကြောင်း တွေးရင်း သူတို့ သား အမိ ကို နှုတ်ဆက် ကာ ထွက် ခဲ့ပါသည် ။


“ သွားတော့မလား အန်တီ ၊ ကျွန်တော် တို့ အိမ် လာ လည်ပါဦး ”


သူ့ သားလေး သည် နှုတ်သွက်သွက်ကလေး ဖြစ်သလို ဥပဓိရုပ် ကလည်း ချစ်စရာလေး ပင် ။


မကြာခင်ပင် သူ့ အား ယောက်ျား တစ်ယောက် နှင့် အတူ ရုပ်ရှင်ရုံ ထဲ တွင် တွေ့ ရပြန်လေသည် ။


သူ က ရှေ့တန်း က ကျွန်မတို့ အိမ်သားစု က သူ့ နောက်တန်း က ကပ်လျက် ။  


သူ သည် ရုပ်ရှင် ကြည့်ရင်း သူ့ အဖော် ယောက်ျား ၏ ပခုံး ထက်ဝယ် သူ့ ဦးခေါင်းကလေး ကော ၊ တစ်ကိုယ်လုံး ပါ မှီ တင် ထားလေသည် ။ နှုတ် ကလည်း တတွတ်တွတ် နှင့် ။


သူ့ အတွက် စိတ် မကောင်း ဖြစ်ရမလား ၊ မဖြစ်ရ မ လားပင် ကျွန်မ တွေး မရပါ ။


မိန်းကလေး ၏ ဘဝ ကို တော့ နှမြောသည် ။ ဤရုပ် ဤရည် နှင့် သူ့အိုး နှင့် သူ့ဆန် တန်ရုံ တော့ ရ ရမည် မလွဲပေ ။


အပေါစား ဆန်အောင် မည်သည့် အတွက်များ ကိုယ့် ကိုယ် ကို ဖြစ်အောင် လုပ်ရသည် ကို ကျွန်မ က နား မလည်ပါ ။


လောက ဝယ် တစ်ခုလပ် ၊ တစ်လင်ကွာ မုဆိုးမ တွေ ဒု နှင့် ဒေး ။


တချို့လည်း နောက် အိမ်ထောင် ပြုကာ အိုးသစ်အိမ်သစ် နှင့် ။


လောက ဝယ် တင့်တင့်တယ်တယ် ထင်ထင်ပေါ်ပေါ် နေခြင်း သည် အထူးခြားဆုံးသော အရသာ မဟုတ်ပါလား ။


ထို့ထက် တစ်အိုးတစ်အိမ်ထောင် ဘဝသစ် ထူထောင် ကာ ပရိသတ် အလယ် ၊ ပွဲလယ် တင့်ခြင်းသည် ကျက်သရေ အပြည့် နှင့် မင်္ဂလာ မည်၏ ။


တချို့က လည်း ဖြစ်ရာ ဘဝ ဝယ် ဣန္ဒြေရရ နှင့် နေခဲ့ ကြသည် ။


မည်သို့ပင် နေနေ ဣန္ဒြေ ရှိခြင်း သည် မင်္ဂလာမည်ပေ၏ ။


သို့သော် ကျွန်မ သည် သူ့ ကို အပြစ် မတင်ရက်ပါ ။ အထူးသဖြင့် အော်လဂါ ကို ရင်းရင်းနှီးနှီး သိကျွမ်းခင်မင်ရ သော အခါ ထို အမျိုးသမီး ကို ပို၍ အပြစ် မတင်ရက်ပါ ။


လူတွေ သည် ပတ်ဝန်းကျင် ကြောင့် အခြေအနေ ပြောင်းလဲရသည် ဟု သာ ဆိုသည် ။


တချို့သည် ကောင်းသော ပတ်ဝန်းကျင် မှာ ကျင်လည်ရပြီး သူတို့ က အခြေအနေ ကို ပြောင်း၏ ။


တချို့သည် မကောင်းသော ပတ်ဝန်းကျင် မှာ ကျင်လည်ရပြီး သူတို့ အခြေအနေ က မပြောင်း ။


တယ်လည်း စဉ်းစားရ ခက် ပါကလား ။ 


ကျွန်မ က ဦးခေါင်း အရှုပ် ခံပြီး တွေး မိပါသည် ။


အော်လဂါ သည် မိကောင်းဖခင် သားသမီး ။ သူ့ ခင်ပွန်း သည် အစိုးရအရာရှိ တစ်ယောက် ဖြစ် လေသည် ။


အော်လဂါ ကိုယ်တိုင် ကလည်း အလုပ် လုပ်လေ သည် ။  


သူ သည် ဖော်ရွှေသည် ။ အပေါင်းအသင်း ကောင်း သည် ။ စိတ်ရင်း လည်း ကောင်းသည် ။ သူ ၏ ဝိသေသ မှာ ပါးနပ်လိမ္မာ လွန်းသည် ။


ဤ ဝိသေသ က ပင် သူ့ အဖို့ အန္တရာယ် ဖြစ်နေလေ၏ ။


သူ ၏ အလုပ် နှင့် ပတ်သက်သော အထက်လူကြီးများ ကို သူ က သင့်တင့်အောင် ပေါင်းရင်း သိပ် ရင်းနှီး သွားကြ လေသည် ။  


မကြာခင် အပုပ်နံ့ ထွက် လာခဲ့လေ၏ ။


သူ့ အလုပ်အကိုင် နှင့် ပတ်သက်သော အထက်လူကြီး ၊ သူ့ ယောက်ျား အလုပ်အကိုင် နှင့် ပတ်သက်သော အထက် လူကြီး အားလုံး သည် သူ ၏ ပေါင်းသင်းဆက်ဆံရေး နယ် ပယ် ဝယ် သူ ၏ ရင်းနှီးသော မိတ်ဆွေများ ဖြစ်လာတော့သည် ။


၎င်း နောက် သူ ၏ လုပ်ဖော်ကိုင်ဘက် အလုပ်သမား များ ...


အားလုံး နှင့် သူ သည် တရုန်းရုန်း ဖြစ်နေလေတော့ သည် ။


လူ ဟူသည်မှာ သွေး နှင့် ကိုယ် ၊ သား နှင့် ကိုယ် ၊ အာသဝေါတရား ကုန်ခန်းသော ရဟန္တာ လည်း မဟုတ် ၊ ဦးချို ပါ သော သတ္တဝါလည်း မဟုတ် ။


အပုပ်နံ့များ က ထွက် လာကြပြန်သည် ။


လူ သည် မကောင်းသော အလုပ် ၌ ပျော်ပိုက်ကြလေ သည် ။  


အော်လဂါ သည် လည်း လူ ပင်တည်း ။ သူ့ စိတ် ကို သူ မထိန်းနိုင်ပေ ။


အော်လဂါ ၏ ခင်ပွန်း သည် ဇနီးသည် ကျင်လည်နေပုံ ကို မသိ မဟုတ် ။ သိ သော်လည်း မပြောရက် သဖြင့် ရေငုံ နေ ရရှာသည် ။


အလုပ်အကိုင် အတွက် ခင်မင်ရင်းနှီးအောင် ပေါင်း ရင်း သင်း ရင်း က ရေတိမ် နစ်ရခြင်း ကို ကျွန်မ သည် မည်သို့မျှ မဝေဖန်လိုပါ ။


သို့သော် လင် နှင့် သား နှင့် လူများ ကျတော့ ကံကြမ္မာ က ဝင်၍ ထိန်းသိမ်း ပေးပြီး လင် က မယားငယ် ယူ သွားသ ဖြင့် စိတ်လေလွင့် သွားသည့် လူ ကို တော့ ကံကြမ္မာ သည် မြေနိမ့်ရာ လှံ စိုက် တတ်လေသည် ။


မကြာမီက အော်လဂါ သည် သားကလေး တစ်ယောက် မွေးဖွားခဲ့လေသည် ။


အော်လဂါ ခင်ပွန်း သည် ၎င်း ကလေး ကို သူ့ ခြံ ထဲ ဝင် သူ့ နွား ဟူ၍ မှတ်သားလိုက်ပုံ ရလေ၏ ။  


သို့သော် ထို ကလေး ၏ မျက်နှာ သည် မည်သူ နှင့် ချွတ်စွပ် တူသည်ဟူ၍ လည်းကောင်း အတင်းအဖျင်းများ ကား လေထဲ ဝယ် ပျံ့လွင့်၍ နေလေ၏ ။  


ကျွန်မ သည် အော်လဂါ ကို မတွေ့ဖူးပါ ။ အော်လဂါ နှင့် အလုပ် အတူ တူ လုပ်သော ကျွန်မ ၏ သူငယ်ချင်း မှ တစ်ဆင့် အော်လဂါ ၏ သတင်း ကို ကြား ရခြင်း ဖြစ်ပါသည် ။


တစ်နေ့တွင် မမျှော်လင့်ဘဲ အော်လဂါ ကို ယောက်ျား တစ်ယောက် နှင့် အတူ ရုပ်ရှင်ရုံ တစ်ခု တွင် တွေ့ရလေသည် ။


ကျွန်မ သူငယ်ချင်းမ က ကျွန်မ ကို အော်လဂါ နှင့် မိတ်ဆက် ပေးပါ၏ ။


အော်လဂါသည် ဣန္ဒြေရရ ပင် ဝတ်စား ထားလေ သည် ။ အင်္ကျီလက်ရှည် ၊ မြန်မာရက်အချိတ်ထဘီ နှင့် ...  


အော်လဂါ တို့ သည် ၅ ကျပ်တန်း သို့ ဝင် သွားလေ သည် ။


“ အဲဒါပေါ့ ကွ သူ့ ဒါရိုက်တာ ဆိုတာ ၊ အဘိုးကြီး မှာ သားကြီး သမီးကြီး ရှိတယ် ၊ သူ့ မိန်းမ က မကျန်းမာဘူး ”


ကျွန်မ နား ထဲဝယ် ကျွန်မ သူငယ်ချင်း ပြောပြသော အော်လဂါ ၏ အကြောင်း နှင့် ကျွန်မ မျက်စိ ထဲ ဝယ် အော်လဂါ ၏ ဣန္ဒြေ ရပုံ သည် စပ်ဟပ်၍ မရအောင် ရှိနေပါသည် ။


ရုပ်ရှင် မှ အပြန် လမ်း တွင် မမျှော်လင့်ဘဲ တစ်လင်ကွာမလေး ကို သူ့ သား နှင့် အတူ မြင် လိုက်မိတော့ ကျွန်မ ရင် သည် မတုန်စဖူး သိမ့်ခနဲ ဖြစ် သွားရပါသည် ။


တစ်လင်ကွာမကလေး ဆံပင်များ သည် နီရဲပြီး တွန့်တွန့်လိမ်လိမ် နှင့် လေထဲ ဝယ် ခပ်ပေါပေါ ပျံနေပါသည် ။ အပေါစားလုံချည် ၊ အပေါစားအကျီကလေး နှင့် မျက်နှာ က လည်း ရဲ လို့ ၊ ပြာ လို့ ၊ အဆီ ပြန် လို့ ။


မည်သို့ပင် ဖြစ်စေ ကျွန်မ သည် သားတစ်ယောက် နှင့် လင် ၏ စွန့်ပစ်ခြင်း ခံရသော အပေါစားမကလေး ပျက်စီး ရ ရှာသည် ကို မည်သို့မျှ မကဲ့ရဲ့ ရက်ပါ ။


မြေ နိမ့်ရာ လှံစိုက်ခြင်း ကို မူ ခံပြင်း လှပါ၏ ။


◾နီနီယဉ်


📖  သွေးသောက်မဂ္ဂဇင်း

        ၁၉၆၅ ၊ ဧပြီ 


#ကိုအောင်နိုင်ဦး


.

Friday, October 28, 2022

အသိ



 

❝ အသိ ❞

မရှိ တာ ထက် မသိ တာ ခက် သတဲ့ ။

သိအောင် ဘယ်လို လုပ်ရမလဲ ဆိုရင် “ စာဖတ် ” လို့ ပဲ လွယ်လွယ် ပြောကြတာပေါ့ ။ စာ ထဲ မှာ က “ ဘ၀ ” အတွက် အသိ ပေး တာ ထက် “ အလှ ” အတွက် အသိ ပေး တာတွေပဲ များ နေတယ် ။ မျက်ခုံးမွေး ဘယ်လို ဆွဲ ၊ နှုတ်ခမ်းနီ ဘယ့်နှယ် ဆိုး ၊ ဒီ အပေါ်ဝတ် အင်္ကျီမျိုး က သုံးထောင် ၊ ဘယ်ဆိုင် မှာ ရတယ် ။ ဟို ဖိနပ်မျိုး က လေးထောင် ၊ အဲဒါလေး လဲ လှတာပဲ ဆိုတဲ့ အသိမျိုးတွေ ပေးတာပဲ များ ပါတယ် ။ ဒီတော့ ငါ့ တူမများ အတွက် “ အလှ ” နဲ့ ပတ်သက်တဲ့ အသိ ကို လေးလေး ရေး မပြတော့ဘူး ။ ရေး ပြ ရ ရင်လည်း ငါ့ တူမများ က လေးလေး ကို “ မာမီချွန် ” လို့ ထင် ဦးမယ် ။

ငါ့ တူမများ အတွက် ဘဝ နဲ့ ပတ်သက် တဲ့ အသိ ပဲ ရေး ပြ ပါတော့မယ် ။

ဘဝ နဲ့ ပတ်သက်တဲ့ အသိ ကို ဘဝ နဲ့ ရင်းနှီး ယူခဲ့တာတွေ ရှိတယ် ။ တစ်ခါတလေ မှာ သုံးလေးနှစ် နေ မှ အသိလေး တစ်ခု ပဲ ရ တတ်တယ် ။ အဲဒီ အသိမျိုး က တစ်သက်တာ တန်ဖိုး မဖြတ်နိုင်တဲ့ အသိမျိုး ဖြစ် သွားရော ။ လေးလေး မှာ ဘဝ နဲ့ ရင်းနှီးပြီး သိ လိုက် ရတာမျိုး ငါ့ တူမများ မှာ သိချင် မှ သိမယ် ။ ဘာလို့လဲ ဆိုတော့ လေးလေး ရဲ့ဘဝ နဲ့ ငါ့ တူမများ ရဲ့ ဘဝ က တူချင် မှ တူ မှာကိုး ။ တစ်ခါတလေ တော့ လည်း သူများ တစ်ယောက် ယောက် ဘဝ နဲ့ ရင်းနှီး ယူ လိုက် ရတဲ့ အဖြစ်အပျက် ကို ကိုယ် က မရင်းနှီး ရ ဘဲ အချောင် သိ လိုက်ရတာ မျိုး လည်း ရှိ တတ်တယ် ။ မြင် တတ်ရင်ပေါ့ ။ တစ်ခါတလေ တော့ အခြား စာရေးဆရာ တစ်ဦး ဦး ရေး ပြ ထားတဲ့ သူ့ ရဲ အသိ ကို ကိုယ် က ဖတ် ကြည့်ပြီး တစ်ထိုင် တည်း နဲ့ အလွတ် ရ တတ်တာမျိုးလည်း ရှိတယ် ။စာ ထဲ က ပေးတဲ့ အသိ ကို တော့ ယူတတ်မှ ။ စာအုပ် ဖတ် သွားပြီး စာအုပ် ထဲ က အသိ စာအုပ် ထဲ ပြန် ထား ခဲ့ရင်တော့ မျက်စိ ညောင်းတာ ပဲ အဖတ် တင်မယ် ။

ငါ့ တူမများ မျက်စိ ညောင်း တာပဲ အဖတ် တင်တယ် ဆိုတဲ့ အဖြစ်မျိုးတော့ မရောက်ပါစေနဲ့ ။

လေးလေး ဘဝ နဲ့ ရင်းနှီးပြီး သိခဲ့ရတာတွေ ထဲ က တစ်ခု ပြောပြ ချင်တယ် ။ လေးလေး ကာတွန်း ရေးသက် သုံးလေးနှစ် လောက် အရ မှာပေါ့ ။ ခုနစ်ဆယ် ခုနစ် ဝန်းကျင် က ထင်ပါရဲ့။

ဟံသာဝတီ သတင်းစာ မှာ လေးလေး ရဲ့ ကာတွန်းတွေ ဆောင်းပါးတွေ ပါ လာတိုင်း စာဖတ်သူတွေ က “ ကောင်းတယ်ကွာ ” လို့ ပြော နေတဲ့ အချိန် ။ ကောင်းတယ်ကွာ ကောင်းတယ်ကွာ ဆိုတဲ့ အသံတွေ က လေးလေး ရဲ့ နားစည် မှာ “ အင်ပါယာ ” က “ ဒရမ်မာဝေထွန်း လက်စွမ်း ပြ နေသလို ” ထိ ရိုက်နေတာ ။

အဲဒီတုန်း က အောက်ခြေ လွတ်တယ် ဆိုတဲ့ စကားဟာ တင်စားတာ မို့ ပေါ့ ကွာ ။ ကိုယ့် ကိုယ် ကို အထင်ကြီး နေတိုင်း ဘဝင်မြင့် နေတိုင်း မြေကြီး နဲ့ ခြေထောက် တကယ် လွတ် ရမယ်ဆို ရင် လေးလေး မိုးပျံ နေ မှာ သေချာတယ် ။ အဲဒီတုန်းက လူ က သာ မိုး မပျံတာ ။ စိတ် ကတော့ တိမ် ကပ် နေတာ အမှန် ။

လေးလေး ရဲ့ ဘဝင် လေဟပ် ပြီး တိမ် ကပ်နေတဲ့ စိတ် ကို ပြုတ်ကျ လာအောင် လုပ်ပေးခဲ့ သူ က ဆရာကြီး ဦးဆန်းထွန်း ပဲ ။ တစ်ရက် မှာ လေးလေး သတင်းစာတိုက် ကို ကာတွန်း သွား ပို့ရင်း ဆရာကြီး နဲ့ ဆုံ မိတယ် ။ ဆရာကြီး က သတင်းထောက် စားပွဲ မှာ ထိုင် နေတာ ။ လေးလေး ကို မြင်တော့ လက်ယပ် ခေါ်ပြီး ...

“ ကျုပ် ကိုကံချွန်လေး နဲ့ ဆုံတာ အဆင်ပြေ သွားတယ် ”

“ ဆရာကြီး ဘာ ခိုင်းချင်လို့လဲ ”

“ ခိုင်းစရာ မရှိပါဘူး ၊ ကိုကံချွန်လေး ကို စကား နည်းနည်း ပြောစရာ ရှိလို့ပါ ”

ဒီတော့ ဘေးနား ဝင် ရတာပေါ့ ။ ဆရာကြီး က စကား မပြောခင် သူ့ ခေါင်း သူ လက် နဲ့ ပွတ် လိုက်သေးတယ် ။ အဲဒါ ဆရာကြီး ရဲ့ အကျင့် ပဲ ။ ပြီးတော့ မှ ....

“ ထုံးဖို ကို ရောက်ဖူးတယ် မဟုတ်လား ”

“ ဟုတ်ကဲ့ ၊ သွားရင်း လာရင်း တော့ ဖြတ်သွား ဖူး ပါတယ် ”

“ ဖြတ်သွား တဲ့ လမ်းဘေး မှာ ထိုးထိုးထောင်ထောင် နဲ့ ကျောက်တောင်ကြီးတွေ ကို သတိထား မိ ရဲ့ လား ”

“ ဟုတ်ကဲ့ ၊ ထားမိပါတယ် ”

“ အဲဒီမှာ ဘာတွေ လုပ် နေတာ တွေ့သလဲ ”

“ မိုင်း နဲ့ ခွဲပြီး ကျောက်တွေ ထုတ်လုပ် နေတာပဲ ရှိတယ် ”

“ အင်း ... ဟုတ်တယ် ”

ဆရာကြီး က ခပ်ပြုံးပြုံး နဲ့ ခေါင်း ကို ပွတ်ရင်း လေးလေး ကို ကြည့် နေတယ် ။ ပြီးတော့ မှ -

“ အဲဒီ ကျောက်တွေ ဘယ် မှာ သုံးသလဲ ၊ ကိုကံချွန်လေး ”

“ လမ်း ခင်း တာ ပဲ ဆရာကြီး ”

“ အဲဒါ သင်ခန်းစာပဲ ဗျ ၊ ထောင်ထောင် ထောင်ထောင် လုပ်ရင် ခြေနင်း ဖတ် ဖြစ် သွားတတ်တယ် ”

ဆရာကြီး ရဲ့ စကား လည်း ဆုံးရော လေးလေး ခန္ဓာကိုယ် ထဲ က သွေးလည်ပတ်နှုန်း ဟာ ပြောင်းသွား ပုံ ရတယ် ။ ဖျမ်းကနဲ ကြက်သီးတွေ ထ သွားမိတယ် ။ လေးလေး ရဲ့ တိမ် ကပ် နေတဲ့ စိတ် ဟာ ပြုတ်ကျ တာ မှ ရိုးရိုး ပြုတ်ကျတာ မဟုတ်ဘူး ။ ဆောင့် ဆွဲချတာ ခံ လိုက်ရသလိုပါပဲ ။

“ အနေအထိုင် အပြောအဆို ထောင်ထောင် ထောင်ထောင် လုပ်မိတာ ငါ မှားပြီ ”

ဆိုတဲ့ အသိ ဟာ ဦးနှောက် ရဲ့ သွေးကြောတွေ ထဲ ထိ စိမ့်ဝင် သွားတာ ။ တစ်ထိုင်တည်း မှာ နောင်တ ရပြီး ဆရာကြီး ကို မျက်နှာငယ် နဲ့ ပြန် ကြည့်မိတယ် ။ အဲဒီတော့ ဆရာကြီး က .....

“ ကိုကံချွန်လေး မိုးကုတ် ကို ရော ရောက်ဖူးသလား ”

“ မရောက်ဖူးဘူး ဆရာကြီး ”

“ ရောက်တဲ့ အခါ ကျောက်တွင်း တွေ ကို လေ့လာ ကြည့်စမ်းပါ ၊ တချို့ ကျောက်တွင်းတွေ ဟာ ပေ နှစ်ရာ သုံးရာ နက်တယ် ။ အောက် ရောက် မှ ဘေး ကို လိုဏ်ခေါင်း ဖောက်ဝင်သွားတဲ့ တွင်းတွေ လည်း ရှိတယ် ။ တူးရင်း တွင်း ပြိုလို့ အသက် ဆုံးရှုံးရတဲ့ လူတွေ တောင် ရှိတယ် ။ သူတို့ ဆီ က တော့ “ တွင်းလည်တယ် ” ခေါ်တယ် ။ ဘာလို့ အသက် နဲ့ ရင်းပြီး တူး နေကြတာလဲ ဆိုရင် ပတ္တမြား လို ချင် လို့ ၊ ကိုကံချွန်လေး သေသေချာချာ နားထောင် နော် ။ ပတ္တမြား ဆို တာ တန်ဖိုး ရှိတယ် ။ တန်ဖိုး ရှိတဲ့ ကျောက် ကို တော့ မြေအောက် ဘယ်လောက် ရောက် နေနေ လူတွေ က ရှာဖွေ တူးဖော် ယူပြီး ကလပ် ပေါ် တင်ကြတာပါ ။ လူ ဆိုတာ ကိုယ့် ကိုယ် ကို တန်ဖိုး ရှိအောင် ပဲ ကြိုးစား ။ အလိုလို ကလပ် ပေါ် ရောက် သွားမှာပါ ။ ထောင်ထောင် ထောင်ထောင် လုပ်နေဖို့ မလိုပါဘူး ” တဲ့ ။

အဲဒီ စကားတွေ ဟာ လေးလေး အတွက် တစ်သက်တာ အသိတွေ ပဲ ။ လောကကြီး မှာ ဘယ်လို နေထိုင်သင့်တယ် ။ ဘယ်လို မနေသင့်ဘူး ဆိုတဲ့ အသိ ကို သုံးလေးနှစ် ထောင်ထောင် ထောင်ထောင် လုပ် မိပြီး မှ ရ လိုက်တာပါ ။ လမ်းခင်း မခံရတာ ကံ ကောင်းလို့ ။

ကဲ .....

လေးလေး ရဲ့ ဘဝပေး အသိ ကို ငါ့ တူမများ အတွက် လက်ဆင့် ကမ်း လိုက်ပါပြီ ။

အနေအထိုင် တတ်ကြပါစေ ။

ကြိုးစား ဖြစ်ကြပါစေ ။

တိုးတက်ကြပါစေ ။

◾ ကံချွန်

📖 အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း ( ၃ )

#ကိုအောင်နိုင်ဦး

.

လုပျို အပျို ဖတ်စာ ( ၁၈ )


 

တချို့သော အရာလေးတွေ က ဘာမှ မဟုတ်ပေ မဲ့ ပတ်ဝန်းကျင် ဆွေမျိုး အသိုင်းအဝိုင်း ကြောင့် လည်း ပြဿနာ ပို ကြီး သွားနိုင်ပါတယ် ။

နောက် တစ်ချက် က

၁ ။ ဖြေရှင်းစရာ မလိုလောက်တဲ့ ကိစ္စတွေ နဲ့ ပြဿနာ မလုပ်ပါနဲ့ ၊ မရှောင် ရင် လွတ် တယ် ၊ ဖြေရှင်း လိုက် မှ ပြဿနာ ပို ကြီး သွားတာမျိုးပါ ။

၂ ။ မိဘ ဆွေမျိုး ၊ သူငယ်ချင်းများ ရှေ့ ပြဿနာ မ ဖြေရှင်းပါ နဲ့ ။

၃ ။ ပြဿနာ တစ်ခု ကို နှစ်ယောက် တည်း ဖြေ ရှင်းပါ ။

၄ ။ ပြဿနာ တစ်ခု ကို ချက်ချင်း ဖြေရှင်းပြီး အဖြေ ရပြီ ဆို ချက်ချင်း ဖြေလျော့ ပေးပါ ။

၅ ။ ပြဿနာ မဖြစ်အောင်နေပါ ။

အပျင်းပြေ ပုံပြင်လေး တစ်ခု ပြော ပြပါ့မယ် ။

တစ်ခါက သိပ် ချစ်ကြတဲ့ ချစ်သူ နှစ်ဦး ရှိလေရဲ့ ။

သူတို့ ဟာ တစ်ယောက် ကို တစ်ယောက် သိပ် ချစ် ကြတဲ့ အခါ ဒီလို ကတိ ထား ကြတယ် ။ 

သမီးရည်းစား ဖြစ် လာရင် ကြုံရမယ့် ပြဿနာ တွေ တော့ ရှိမှာပဲ ။ အဲဒီအခါ အဲဒီ ပြဿနာတွေ ဘယ်လို ဖြေရှင်းကြမလဲ ။

ဟုတ်ပြီ ။

“ ပြဿနာ ဖြစ်တိုင်း မကျေနပ်တဲ့ သူ က ခဲ သေး သေးလေးနဲ့ ပစ်ပေါက်ကြေး ”

သိပ် ကောင်းတဲ့ အကြံအစည် ပါ ပဲ ။

ပြဿနာ ဖြစ် လာရင် မှားတဲ့ သူ ကို မှန်တဲ့ သူ က ခဲ သေးသေးလေး နဲ့ ပစ်ပေါက်ပြီး အပြစ် ပေးကြ တယ်ပေါ့ ။ ခဲ သေးသေးလေး ဆို တော့ နာကျင်မှု က လည်း နည်း တယ် ။ ပစ်ပေါက် လိုက် ရသူ အတွက် ကတော့ စိတ် ကျေနပ်စရာပေါ့ ။

ကောင်လေး က တော့ ပြဿနာ ဖြစ်တိုင်း သူ မကျေနပ်တိုင်း ကောင်မလေး ကို ခဲလုံးလေး နဲ့ ပစ် ပေါက်လေ့ ရှိတယ် ။ ကောင်မလေး က အဲလို မဟုတ်ဘူးဗျ ။ သူ ကောင်လေး ကို မကျေနပ်တိုင်း ခဲ တစ်လုံး ကောက်တယ် ။ မကျေနပ် ကြည့် နဲ့ ကြည့်တယ် ။ ဒါပေမဲ့ ကောက်ထား တဲ့ ခဲလုံး နဲ့ ကောင်လေး ကို ဘယ်တော့ မှ ပစ်ပေါက်ခြင်း မရှိ ဘူးဗျ ။

“ ဘာလို့ မပစ်တာလဲ ”

မေးတော့ ။

“ ငါ က နင့် ကို ပို ချစ်တာလေ ၊ ဒါကြောင့် မပစ် ရက်တာ ”

ဒီလိုနဲ့ပဲ ကျေနပ် ကြရတာပေါ့ ။

ကောင်လေး က တော့ အချိုး မပြောင်းဘူး ။ ပြဿနာ တစ်ခု ဖြစ်တိုင်း ခဲလုံးလေး နဲ့ ပေါက်ပြီး အပြစ် ပေးမြဲ ပါ ပဲ ။ ဒီလိုနဲ့ တစ်နေ့ ကျ တော့ သူတို့ နှစ်ယောက် ကြား မှာ ဘယ်လို မှ ဖြေရှင်းလို့ မရ တဲ့ ပြဿနာ တစ်ခု ဖြစ်တယ် ။ အဲဒီတော့မှ ကောင်မလေး က

“ ဒီ တစ်ခါတော့ ငါ နင့် ကို ကျောက်ခဲ နဲ့ မပစ်ရဘဲ မကျေနပ်နိုင်ဘူး ၊ လာ ငါ့ အိမ် ကို လိုက်ခဲ့ ”

ဆိုပြီး သူမ အိမ် ကို ခေါ်တယ် ။ ကောင်လေး က လည်း လိုက်သွားတယ် ။ သူမ ရဲ့အိမ် ကို ရောက်တဲ့ အခါ ထူးဆန်းတဲ့ မြင်ကွင်း ကို မြင်ရတယ် ။ သူမ ရဲ့ အိမ်ရှေ့ မှာ ကြီးမားလှတဲ့ ကျောက်ပုံကြီး ၊ ကောင်လေး က လန့်သွားတယ် ။

“ ဟင် ဒါ ဘာကြီးလဲ ”

ဆိုတော့

ကောင်မလေး က

“ ဒါ နင် နဲ့ ငါ ပြဿနာ ဖြစ်တိုင်း ငါ မပစ်ခဲ့တဲ့ ကျောက်ခဲတွေ စု ထားတာ ”


“ အိုးမိုင်ဂေါ့ ”

ဒီ ကျောက်ပုံကြီး က လူတစ်ယောက် ကို သေစေ နိုင်တဲ့ ပမာဏ ရှိနေပါတယ် ။ ဒီ ကျောက်ခဲ ပုံ နဲ့ သာ ပစ် ရင် လူ တစ်ယောက် ဟာ သေဆုံး ရုံ မက မြေ ဖို့ ဘို့ အတွက် အပြင် မှတ်တိုင် ထူ ဖို့ လမ်းခင်း ဖို့ အတွက်ပါ ပို နေပါသေးတယ် ။

ဒီလိုပါပဲ ။

သူစိမ်း နှစ်ယောက် ပေါင်းသင်းကြရ တဲ့ အချစ်ရေး မှာ ပြဿနာ အနည်း နဲ့ အများ ဆို တာတော့ ရှိ ကြမှာပါပဲ ။ ဒါကိုမှ ပြဿနာ တစ်ခု ကို ချက်ချင်း မဖြေရှင်းဘဲ အားလုံး တအုံနွေးနွေး နဲ့ စု ထားရင် ကိုယ့် ရင် ထဲ လူသေနိုင်လောက်တဲ့ ပမာဏ ရောက်ရှိ နေမှာ ဖြစ်ပါတယ် ။ ခုန ကျောက်ခဲပုံ ကြီး လိုပေါ့ ။

ကျွန်တော်တို့ လူမျိုး ဆီ မှာ ရှိတတ်တဲ့ ပြဿနာ တွေကို ပြော ပြပါ့မယ် ။ တစ်ယောက် ကို တစ် ယောက် အရမ်း ချစ်ကြပေမဲ့ ရေရှည် တည်မြဲ အောင် ဘယ်လို လုပ်ရမှန်း မသိကြပါဘူး ။ ပြဿနာ တိုင်း ကို ချက်ချင်း ဖြေရှင်း ဖို့ ဆိုတာ အခု ရောက်နေတဲ့ နေရာ မှာ တင် ဖြေရှင်း ရတာ မျိုး မဟုတ်ပါဘူး ။ တချို့ကတော့ ထစ်ခနဲ ရှိ လူ ကြား မရှောင် သူကြား မရှောင် အော်ကြီး ဟစ်ကျယ် ထ ဖြစ် ကြတာမျိုး ရှိပါ တယ် ။ ဒါဟာ လည်း မှန်ကန်တဲ့ ပြဿနာ ဖြေ ရှင်းနည်း တော့ မဟုတ်ပါဘူး ။ ပြဿနာ ဆိုတာ ပတ်ဝန်းကျင် က ပါ ပါ နိုင်တဲ့ အတွက် ပတ်ဝန်းကျင် က ကြားလို့ မသင့်တော် တာတွေ ပါ လာ နိုင်တဲ့ အတွက် နှစ်ယောက် တည်း ရှိတဲ့ အချိန် ကျ မှ ဖြေရှင်းသင့်ပါတယ် ။ တစ်ခါတလေ သူငယ်ချင်း ရှေ့ ဖြေရှင်း မိလို့ သူငယ်ချင်းတွေ ပါ ဒီ ထဲ ပါ လာ တာမျိုး ။ များသော အားဖြင့် တော့ မိဘများ ရှေ့ ဖြေရှင်း မိ လို့ မိဘ တွေ နဲ့ပါ ရောပြီး ပြဿနာ ပို ဖြစ်တာမျိုး အများ ကြီး ပါ ။

အကြံပေး ပါ ရစေ ။ ကိုယ့် ပြဿနာ ကို မိဘများ ရှေ့ ဘယ်တော့မှ မဖြေရှင်းပါ နဲ့ ။

ဒီလောက်ပါပဲ ။

◾အကြည်တော်

#လူပျိုအပျိုဖတ်စာ

#ကိုအောင်နိုင်ဦး

.

ဇိကုပ်လို့ နတ်ပြည်ပို့


 

❝  ဇိကုပ်လို့ နတ်ပြည်ပို့  ❞

“ ဟဲ့ ညည်း နာမည် ဘယ်လို ခေါ်သလဲ ”

“ ကျွန်မ နာမည် ခင်စိန် ပဲ ”

ခင်စိန် သည် ဧည့်ခန်းတံခါးဝ ခြေသုတ်ဖုံ အနီး တွင် ကျုံ့ကျုံ့ကလေး ထိုင်၍ ကျွန်တော့် ဇနီးအား လှမ်း ၍ ဖြေ လေသည် ။

အသက် ဆယ့်ခုနှစ်နှစ် ကျော် မျှ ရှိ သေးသော် လည်း ဖျင်အင်္ကျီ ပခုံး နှစ်ဖက် စလုံးစုတ်၍ အတွင်းခံ ဘော်လီ မှာ အပြင် က မြင်ရသလောက် အစွန်းအစ တွင် ကြေးလက်လေးသစ် တက် နေ ကာ လုံချည် မှာ အကွက် ပေါ်လောက် အောင် လျော်တေမည်းသည်း နေသောကြောင့် အသက် အတော် ကြီးပြီ ဟု ရုပ်ရည် ကို ကြည့်ခြင်း အား ဖြင့် ဆုံးဖြတ်ရမည် သကဲ့သို့ ဖြစ်သည် ။ သို့ရာတွင် သူ့ မျက်နှာ ကို သေသေချာချာ ကြည့် လိုက်ပါမူ သူ့ အသက် မှန်ကို ခန့်မှန်း နိုင် ဖွယ် ရှိသည် ။ သူ့ အသား မှာ ညိုသော်လည်း မျက်လုံးမျက်ဖန် ကောင်းမွန် ကြည်လင် ၍ နှာတံ ပေါ် သဖြင့် နုနယ်သော အသွင် ကို ဆောင်လျက် ရှိသည် ။ ပါးစပ် အနည်းငယ် ပြဲ သော်လည်း ရုပ်ဆင်း ကို ပါးစပ် က ဖျက်ဆီးမည့် ဟန် မမြင်ချေ ။ အ ကယ်၍ သာ ခင်စိန် သည် လူကုံထံ တစ်ဦး ၏ သမီး ဖြစ်ပါ လျှင် ညိုချောကလေး ပဲ ဟု ကာလသား တို့ ဆုံးဖြတ်ကြပေ လိမ့်မည် မလွဲတည်း ။

“ ညည်း သည် မှာ နေချင်တယ် ဆိုရင် နေ ရတာပေါ့ ။ တို့ ဆီ မှာတော့ ပင်ပင်ပန်းပန်း လုပ်စရာ ၊ ကိုင်စရာ မရှိပါဘူး ၊ ကလေး ထိန်း ရင်း အိမ်မှုရေးရာကလေးတွေ ဝိုင်းကူ လုပ် ရုံပါပဲ ။ ညည်း လိမ်မာရင် လိမ်မာသလို တို့ က ကြည့်ရှုပြီး အဝတ်အစား ဆင် သွားမှာပေါ့ ။ စိတ်ချယုံကြည်ရ တယ် ဆို ရင်တော့ သားသမီး လို သဘော ထားပြီး ငါ့သား သမီးများ ဝတ်ရင် ဝတ်ခြင်း ၊ စားရင် စားခြင်း အတူတူပဲ ထား မှာပေါ့ ”

ဟု ကျွန်တော့် ဇနီး က ခင်စိန့် ကို လေသံ အေးအေး နှင့် ပြောလေသည် ။

ခင်စိန် သည် ခေါင်းကလေး‌ စောင်း ၍ နားထောင် နေ လေသည် ။

“ ကျွန်မ က ကိုယ့် မိဘ အိမ် က သည်လောက် ဒုက္ခ ရောက်လို့ ပြေး လာတာ ။ သည်မှာ တစ်သက်လုံး နေ မှာ ပေါ့ ။ ဒေါ်ဒေါ် တို့ ကို မိဘ သဘော နဲ့ တစ်သက်လုံး နေဖို့ ပါပဲ ”

ဟု သွက်သွက်လက်လက် ပြန် ပြောလေသည် ။

ခင်စိန် သည် မြို့ နှင့် ခြောက်မိုင်ကွာ ရွာကလေး တွင် သူ့ ဖခင် နှင့် မိထွေး တို့ နှင့် အတူ နေခဲ့လေသည် ။ သူ့ မိခင် ကို သူ့ တစ်သက် တွင် တစ်ခါမျှ မြင်ဖူးသည် ဟု မမှတ်မိချေ ။ သူ့ ကို မွေးဖွား ပြီး နောက် မီး မထွက် မီ သူ့ မိခင် သေဆုံးလေ သည် ။ ငယ်စဉ် က သူ့ကြီးတော် နှင့် ၍ ကြီးပြင်း လာရလေ သည် ။ သူ့ အသက် ခုနစ်နှစ် လောက် တွင် သူ့ ကြီးတော် သေဆုံး ပြန် သဖြင့် သူ့ ဖခင် က အိမ်သို့ ပြန်၍ ခေါ်ထားလေ သည် ။ အိမ် တွင် သူ့ မိထွေး ခိုင်းသမျှ ကို သူ့ အသက်အရွယ် နှင့် အင်အား အလျောက် လုပ်ကိုင်ပေး သော် လည်း မိထွေး မှာ မိထွေး တို့ ထုံးစံ အတိုင်း ခင်စိန့် ကို မကျေနပ်ချေ ။ ခင်စိန် ရှိသမျှ သူ မလွတ်လပ် ဟု တစ်ထစ်ချ တွက်ထားကာ ခင်စိန် မရှိအောင် အမျိုးမျိုး ကြံဆောင်လေသည် ။

ခင်စိန် မှာ အသက် ကိုးနစ်လောက် တွင် ပင် ငှက်ဖျား ရောဂါ ဖြစ်လေသည် ။ မြစ်ဝကျွန်းပေါ် တောရွာများ တွင် မိုး တွင်း ၌ လူတိုင်း လိုလို ငှက်ဖျားရောဂါ ရ ကြလေ့ ရှိသည် ။ အသက် ငယ်ရွယ်နုနယ်သူတို့ ပင်လျှင် ထို ရောဂါနှင့် မကင်း ကြချေ ။ အချို့ ရွာများ ၌ အခါလည် ကလေးများ ငှက်ဖျား ရောဂါ ဖြစ်၍ သေဆုံးကြလေသည် ။ ခင်စိန် ၏ မိထွေး သည် ခင်စိန် သေနိုင်သော နည်းလမ်းများ ကို သူ ဉာဏ် မီသလောက် ရှာဖွေလေသည် ။ ငှက်ဖျား အပြင်းဖျားသော နေ့ တွင် မိထွေး သည် ခင်စိန် အား ကြက်သားဟင်း ချက်ကျွေး ပေသည် ။ ခင်စိန် မှာ အကြောင်း မသိ သဖြင့် စား လေသည် ။ စားပြီး နောက် အဖျား တက် လေတော့သည် ။ ဖျားသော် လည်း မသေ ။ သေမည့် လမ်း သို့ ရောက် စေကာမူ မသေနိုင် သည့် အဖြစ် ပေါ်ပေါက် လာလေသည် ။ သူ အပြင်း ဖျား နေ ခိုက် သူ့ ဖခင် က မြို့ မှ ကွီနိုင်ဆေးမှုန့်များ ယူ လာလေသည် ။ ခင်စိန် သည် ကွီနိုင်ဆေးမှုန့် လောက် ခါးသော အရသာ ကို တစ်သက်တွင် တစ်ခါ မျှ မကြုံဖူးသေးချေ ။ သို့သော် ထို ဆေးခါးကြီး ကြောင့် သူ့ ရောဂါ ကျ သွားလေသည် ။ သူ့ မိထွေး လည်း စိတ် အပျက်ကြီး ပျက် သွားလေသည် ။

ခင်စိန် ၏ ဖခင် မှာ တံငါ သည်ဖြစ်သည် ။ နံနက် မိုး မ လင်းမီကတည်း က ချောင်း ထဲ တွင် ဘောက်တူကလေး တစ်စင်း နှင့်ဆင်း၍ ပိုက် တိုက် ရလေသည် ။ ခင်စိန် မှာ လည်း ပိုက် တိုက်ရာတွင် အသုံး ဝင် နိုင်သော အရွယ် ရောက်လာပြီ ဖြစ် သည့် အလျောက် သူ့ ဖခင် နှင့် အတူ လိုက် ရလေသည် ။ တစ်နေ့၌ သူ့ ဖခင်ကြီး ငှက်ဖျား ထ နေသဖြင့် သူ့ မိထွေး က ခင်စိန် နှင့် အတူ ပိုက် တိုက်ရန် ချောင်း သို့ ဆင်း ရလေသည် ။

မိုးလင်းခါစ တွင် မိထွေး သည် ပိုက်များ ကို ပွေ့ကာ အိမ် သို့ တစ်ယောက် တည်း ပြန် လာလေသည် ။ အိပ်ရာ ထဲ တွင် လဲနေသော သူ့ ယောက်ျား က လှမ်း၍ ကြည့် လိုက် ရာ သူ့ မျက်နှာ မှုန်သုန်သုန် ကို တွေ့ ရလေသည် ။ “ ဘာ ဖြစ်လာသလဲ ” ဟု ယောက်ျား က မေးလိုက်ရာ မိန်းမ က “ မပြောပါနဲ့ တော် ။ တော့် သမီး အဟုတ် မဟုတ် လို့ ဘောက်တူ မှောက် တာပေါ့ ” ဟု ပြောလေသည် ။ “ အခု ခင်စိန် ကော ”  ဟု လူမမာ က စိုးရိမ်သံ နှင့် မေးလေသည် ။ ထိုအခါ မိန်းမ က မျက်ရည်တဖြိုင်ဖြိုင် ကျကာ “ ချောင်းထဲ မှာ ရေနစ် ကျန်ခဲ့တယ် တော့ ကျုပ် လည်း ကယ်တော်မူပါ လို့ အော်တာပဲ ။ တံငါလှေ တစ်စင်း ရောက် လာတော့ ခင်စိန် ရေ ထဲမြုပ်သွားတာ ပြန် မပေါ်တော့ဘူး ၊ တံငါလှေ က ပိုက် နဲ့ တိုက်ရှာ သေးရဲ့ ၊ မရတော့ဘူး ” ဟု ပြောလေသည် ။

လူမမာ သည် မိန်းမ ၏ မျက်နှာကို ကြည့်ရင်း မျက်နှာ ထား တင်းမာခက်တရော် လာလေသည် ။ အံကြိတ် ၍ နှုတ် ခမ်းကို ကိုက်ကာ စေ့စေ့ ကြည့် နေရာ မှ သက်ပြင်းကြီး ချကာ တစ်ဖက် သို့ လှည့် သွားလေသည် ။ မိန်းမ သည် ပိုက်ကွန် များ ကို ထောင့် တစ်ထောင့် တွင် ပစ် ထား လိုက်ပြီးလျှင် မီးဖို ချောင် သို့ ဝင် ၍ တရှိုက်ရှိုက် ငိုသံ ပေး နေလေသည် ။

နေ ထန်း တစ်ဖျား လောက် ရှိသောအခါ ရွာထိပ် က ဆူညံဆူညံ ကြား ရသည် ။ လူမမာ သည် အိပ်ရာ ထဲ တွင် ကွေးလျက် ရှိသေးသည် ။ မိန်းမ သည် ထမင်းအိုး တည် ရန် မီး မွှေး နေသည် ။ တဲ ရှေ့ က မိန်းမကြီး တစ်ယောက် က “ ရှင် ရွှေမြ ရေ ၊ ညည်း သမီး ရေနစ်တယ် ဆို ၊ တို့တောင် မသိရ ပေါင်အေ ။ အခုမှ ချောင်းဝ က တံငါလှေ တစ်စု က ခင်စိန် မျော လာတာ မြင် လို့ ဆယ်ပြီး ရွာ ကို ပြန် ခေါ်လာသတဲ့ ။ ရွာထိပ် မှာ လူတွေ သွား ကြည့်နေကြပါကော ” ဟု လှမ်း၍ ပြောလိုက်လေသည် တွင် ကွေးနေသော လူမမာ က ရုတ်တရက် တဲရှေ့ဘက် သို့ လှည့်ကာ “ ဟင် ဟုတ်လား ” ဟု အော်လိုက်သည်နှင့် မရှေးမနှောင်း တွင် မီးဖိုချောင် ထဲ မှ လည်း “ ဟိုက် ” ဟူသော အသံ တစ်သံ ပေါ်ထွက် လာလေ သည် ။ 

“ ဟော ပြောရင်း ဆိုရင်း ခင်စိန် လာပါပကော ” ဟု တဲရှေ့ က မိန်းမကြီး က ပြောလိုက်သည် ။ တဲရှေ့တွင် လူ သံများ ကြားရသည် ။ “ သည် တဲ ပဲ မဟုတ်လား ” ဟု လူသံ ကြား မှ တစ်ယောက် က မေး လိုက်သည် ။ “ ဟုတ်တယ် ဖိုးရွှေလူ တဲ ပေါ့ ” ဟု ပြန် ဖြေသံ ကို လည်း ကြားရသည် ။ ထို့နောက် လူသုံးယောက် ၊ တစ်ကိုယ်လုံး ရေစိုလျက် ဆံပင်ဖားလျား မိန်းကလေး တစ်ယောက် ကို တွဲ ၍ တဲ ထဲ သို့ ဝင် လာလေသည် ။

လူမမာ သည် အိပ်ရာ မှ ရုတ်တရက် ထိုင် လေသည် ။ နောက်မှ တစ်ဖန် ခေါင်း အကြီးအကျယ် ကိုက် နေဟန် ဖြင့် ခေါင်း ကို လက် နှစ်ဖက် နှင့် ညှပ် ပြီး လျှင် အိပ်ရာ ထဲ သို့ ပြန် လှဲ လိုက်လေသည် ။ မီးဖိုချောင် ထဲ မှ ဒေါ်ရွှေမြ သည် ချက်ချင်း ထွက်လာ၍ ခင်စိန် ကို ပွေ့ဖက် လေ သည် ။

“ အမယ်လေး ဟဲ့ သမီး ရဲ့ ၊ ဖြစ်မှ ဖြစ်ရလေဟယ် ” ဟု ဆိုကာ အခန်း ထဲ မှ ခေါင်းအုံး တစ်လုံး ပြေးယူကာ အိမ်ဦး ခန်း၌ ပင် လှဲထားလေသည် ။ ခင်စိန် သည် သူ့ မိထွေး ကို တစ်ချက် မျှ မျက်လုံး လှန် ကြည့် ပြီးလျှင် တစ်ဖက် သို့ စောင်း ၍ မျက်စိမှိတ် ကာ ငြိမ်နေလေသည် ။

ရွာ က လူကြီးများ လည်း လာရောက် ကြည့်ရှု မေးမြန်း ကြသည် ။ ကလေး တစ်သိုက် မှာ လည်း ပွဲ ကြည့် သလို ဝိုင်း အုံ နေကြလေသည် ။ ခင်စိန် ကို ဆယ် လာသော တံငါသည် သုံးယောက် က လည်း လူ အများ မေးခွန်း တို့ ကို အဆက် မပြတ် ဖြေ နေရလေသည် ။ သူတို့ ဆယ်ပြီး ကွမ်းတစ်ယာ ညက်ကြာ မှ ခင်စိန် အသက် မှန်မှန် ရှူလာ ပြီးလျှင် ညည်း တွားကြောင်း ပြောပြလေသည် ။

“ ဘယ်လို လုပ်ပြီး ရေ နစ်ရတာ ” ဟု တစ်ယောက် က မေးလိုက်ရာ ဒေါ်ရွှေမြ မှာ မနေသာ၍ “ အို သူ နဲ့ ကျုပ် ပိုက် ဆင်းတိုက်တာ သူ က ဘောက်တူ အစွန်း တက်နင်း လိုက်တာနဲ့ ဘောက်တူ မှောက် သွားတာပေါ့ ။ သူ က ရေ ကောင်းကောင်း မကူးတတ်သေးတော့ နစ် သွားတာပေါ့ ။ ကျွန်မ လည်း ကယ်တော်မူပါ ၊ ကယ်တော်မူပါ လို့ အော်တာ မနက် အစောကြီး ဖြစ်နေတော့ ချောင်း ထဲ မှာ လှေတွေ ၊ သမ္ဗန်တွေ နည်း နေတာ ကို တော်တော်လေး ကြာ မှ စိန်ဟန် တို့ ဘောက်တူ ရောက် လာပြီး ပိုက် နဲ့ တိုက် ရှာတာပဲ ။ မတွေ့တော့ဘူး ” ဟု ခပ်လေးလေး ခပ်မှန်မှန် လေသံ ဖြင့် ပြောလေသည် ။ ခင်စိန် မှာ ငြိမ် နေရာမှ လှုပ်ရှား လာ ပြီးလျှင် တစ်ဖန် ငြိမ် သွားပြန်သည် ။

နာရီဝက်လောက် ကြာသောအခါ လူစု ကွဲ လေပြီ ။ ခင်စိန် ကို ကယ်ဆယ် လာ သော တံငါ သုံးယောက် အား ဒေါ်ရွှေမြ က ထမင်းစား ပြီး မှ ပြန်ပါ ဟု ဆိုလေသည် ။ အိပ် ရာ ထဲ တွင် တဟီးဟီး နှင့် အဖျား တက် နေသော ဖိုးရွှေလူ က လည်း အသံတုန်တုန်ယင်ယင် နှင့် ကျေးဇူးတင်ကြောင်း ၊ ထမင်း စားပြီး မှ ပြန်ပါမည့် အကြောင်း ပြောလေသည် ။

“ ဟာဗျာ တော်ပြီ ၊ ထမင်းစား နေဖို့ အချိန် မရှိဘူး ။ ပုဇွန်တွေ မြို့ တင်ဖို့ဟာ အခုတောင် အချိန် နောက်ကျနေပြီ ” ဟု ဆိုကာ တံငါသုံးဦးတို့ သည် ဧည့်ခန်း မှ ကွမ်းအစ် ကို ယူ၍ ကွမ်းတစ်ယာစီ ယာ၍ ဝါး သွားကြလေသည် ။

“ အဲသည်နေ့ ညနေ ပဲ ကျွန်မ လည်း ထွက်ပြေး လာခဲ့တာပဲ ။ မိထွေး က ကျွန်မ ကို သေကြောင်း ကြံတာ ။ ဒီတစ်ခါ ကံကောင်း လို့ လွတ်ပေမဲ့ နောက်တစ်ခါ ဆို ရင် သေမှာ အမှန် ပဲ ။ ဒါကြောင့် ကျွန်မလည်း မနေဝံ့ဘဲ ညနေ နေဝင်ရီ သရော မှာ ရွာရှေ့ က သုသာန်ကျောင်း က သီလရင်တွေ ဇရပ် ကို ပြေးပြီး တစ်ည ခိုပြီး နောက် တစ်နေ့ မနက်စောစောကြီး မြို့ကို ရောက် အောင် လာခဲ့တာပဲ ”

ခင်စိန် ပြောသည့် သူ့ အတ္ထုပ္ပတ္တိကလေး ကို ကျွန်တော် တို့ နှစ်ယောက် သည် ဟုတ်တန်ရာ ၏ ဟု ဆုံးဖြတ်ကာ ခင်စိန် ကို သနားကြလေသည် ။ ကျွန်တော့် ဇနီး က ကရုဏာ သက်ကာ “ ညည်း ဒီလောက် ဒုက္ခ ရောက်လာတာ ၊ တရား ရပေတော့ ။ တို့ ဆီ မှာတော့အေ ညည်း ချမ်းချမ်းသာသာ နေရမှာပါပဲ ။ ညည်း ဦးလေး က လည်း ရှေ့လ လောက် ရန်ကုန် ပြန် ပြောင်းရမှာပဲ ။ တို့ က စစ် မဖြစ်ခင်တုန်း ကတည်း က  ရန်ကုန် မှာ နေတာ ။ အခု စစ်အတွင်း တုန်း က ဒီ မြို့ကလေး မှာ မိဘဆွေမျိုး ရှိလို့ လာ ခို နေတာ ။ စစ် ပြီးပြီဆိုတော့ ရန်ကုန် ပြန် ကြမှာပေါ့ ။ ညည်း ရန်ကုန် ရောက်ရင် ပျော်မှာပေါ့ အေ ၊ မိထွေး ရန် နဲ့လည်း ဝေးသ ထက် ဝေးတော့မှာပေါ့ ” ဟု ပြောလေသည် ။

ခင်စိန် သည် ကျွန်တော် တို့ ကလေး နှစ်ယောက် ကို ခင်မင် ယုယစွာ ထိန်းလေသည် ။ သွက်သွက်လက်လက် ရှိသဖြင့် အစစအရာရာ တွင် စိတ်ချရလေသည် ။ အိမ်တွင်းမှု အလုပ်အကိုင် တို့ ကို ကျွန်တော့် ဇနီး က သင်ပြပေးရာ ခင်စိန် သည် မကြာမီ ပင် လျှင် မျက်နှာ လွှဲလောက်အောင် ကျင် လည်လျက် ရှိလေသည် ။

အဝတ်အစား သန့်သန့်ပြန့်ပြန့် နှင့် ပြုပြုပြင်ပြင် ထားလိုက်သဖြင့် ခင်စိန် သည် တသွေးတမွေး ဖြစ် နေလေ သည် ။ ရှေးက စုတ်စုတ်နုတ်နုတ် အနေအထားမျိုး မဟုတ် သလောက် ပင် သူ့အမူအရာ မှာ လည်း ဓလေ့ပျောက် ၍ မြို့ဆန် လာလေသည် ။ ကျွန်တော့် ဇနီး က သင်ကြား ပေး သဖြင့် အပြောအဆို အနေအထိုင် သိပ်သည်း၍ ယဉ်ကျေး လာလေသည် ။

မြို့အလေ့ ၊ မြို့ထုံးစံ တို့ သည် ရှေးက မကြုံဖူးသူ ခင်စိန့် အဖို့ ဆထက်ထမ်းပိုး တိုး၍ လွှမ်းမိုးနေသဖြင့် တော သားရဲ ဆွဲထုတ် ဆိုသည့် အလွန်အကြူး အခြေသို့ ရောက်တော့အံ့ ဆဲဆဲ ဖြစ်နေ လေတော့သည် ။ ခင်စိန် သည် မြို့သူကလေးများ ၏ အလေ့အထ တို့ ကို လိုက်ကာ ခေတ် ဆန် လို လှသည် ။ ကျွန်တော်တို့ မှာ ကား ခေတ်မီသည် ဟု ဆိုနိုင်သော်လည်း ခေတ်ဆန်မှု ကို လိုလားသူများ မဟုတ် ချေ ။ ခင်စိန် သည် မြို့ကလေးများ ကျော့ကျော့မော့မော့ နေ ပုံ ကို မီအောင် လိုက်၍ နေလေသည် ။ ကျွန်တော့် ဇနီး က ထိုသို့ ကြွစောင်းစောင်းမျိုး ကို အား မပေးဘဲ နှိမ် နိုင်သလောက် နှိမ် လေသည် ။

“ မိန်းကလေး ဆိုတာ ပိပိရိရိ ရှိ မှ အဖိုး တန်တာ ။ ပေါ်ကျော့ လုပ် နေလို့ ကောင်း တာ မဟုတ်ဘူး ။ ပြီးတော့ ညည်းတို့ လို အပျိုအရွယ်ကလေး များ ဟာ သတိ ရှိ ရမယ် ။ သူတကာ ပြောတိုင်း ဟုတ်နိုးနိုး မထင်နဲ့ ၊ မှားတတ်တယ် ။ မသမာတဲ့ လူတွေ နဲ့ တွေ့ လိုက်ရင် ညည်း တစ်သက်လုံး ပြုစုလာခဲ့သမျှ ဂုဏ်ကလေး ၊ သိက္ခာကလေးတွေ ပျက်ပြီး မဟုတ်မဟတ် ဘဝ ရောက် သွားတတ်တယ် ” ဟု ကျွန် တော့် ဇနီး က သူ့ ကို အချိန် ရတိုင်း အေးအေးဆေးဆေး ရင်း ရင်းနှီးနှီး ဆုံးမ လေ့ ရှိသည် ။

ထိုအခါမျိုး၌ ခင်စိန် သည် နားကလေး ငဲ့၍ ထောင် နေလေသည် ။ ဆင်ခြေကန်ခြင်း ၊ စောဒကတက်ခြင်း မရှိချေ ။ သို့သော် လူကြီးများ လစ်လျှင် လျှပ်ပေါ်လော်လီသော စိတ်ထား ကို မွေး တတ်လေသည် ။

မည်သို့နည်း ။ ကျွန်တော် ပြောပြပါမည် ။ သူ သည် လူကြီးများက သူ့ ကို ဂရု မပြုမိသည့်အခါများ တွင် တိတ်တိတ်ပုန်း ဝယ် ထားသော နှုတ်ခမ်းဆိုးဆေး ဆိုး တတ်သည် ။ ပေါင်ဒါ ကို သာမန်ထက် ပို၍ မှုန်တေ တတ်သည် ။ ဟန် လုပ် ၍ ပြော တတ်သည် ။ မခို့တရို့ နေ ကြည့် တတ်သည် ။ ထို သို့ အပျို လုပ်ခြင်း၏ အကြောင်းရင်း ကို စိစစ် ကြည့်လိုက် လျှင် ကျွန်တော်တို့ နေသော အိမ် နှင့် ဆယ်အိမ် ခန့် အကွာ တွင် သူငယ်ကလေး တစ်ယောက် က သူ့ ကို မျက်စိ ကျ နေ သောကြောင့် ဖြစ်သည် ။ သူငယ်ကလေး အကြောင်း ကို သူ မသိ ၍ သာ မက်မောနေဟန် ရှိသည် ဟု ကျွန်တော်တို့ က ယုံကြည်မိသည် ။ အကယ်၍ သူငယ်ကလေးအကြောင်း သိ လျှင် ခင်စိန် မှာ နောက်တ ကြီးစွာ ရလိမ့်မည် ဟု ထင်သည် ။

ထို့ကြောင့် ကျွန်တော့် ဇနီး က ထို သူငယ်ကလေး အ ကြောင်း ကို စကား စ မိဟန် နှင့် သူ သိအောင် ကျွန်တော့် အား လှမ်း၍ ပြောလေသည် ။ “ သည် ထွန်းမောင် ဆိုတဲ့ အကောင် က လူမသမာ ကလေးပဲ ။ သူ ဖျက်ဆီးတဲ့ ကောင်မ လေးတွေ ဘယ်လောက် များသလဲ ” ဟု ဇနီးသည် က စ ၍ ပြောလိုက်သောအခါ ကျွန်တော် က “ ဟုတ်သားပဲ ၊ ငါ လည်း သိပါတယ်ကွာ ဟို စပါးသယ် တဲ့ ကောင်မလေး ဟာ သူ့ ကြောင့် ကလေး ရ ပြီး သွား ဖျက်ချရာမှာ သေသွား ဟာပဲ ။ မင်းတို့ မြို့ က ကောင်လေးတွေ အကြောင်း ငါ အတော် သိပါတယ် ” ဟု ပြန် ပြောလေသည် ။

ခင်စိန် သည် ကျွန်တော်တို့ စကား ကို နားထောင် နေ သည် ။ သို့သော် ထွန်းမောင် အပေါ်တွင် စိတ်ပျက် သွား ဟန် မရှိချေ ။ နောက် နေ့ သောက်ရေ ခပ်ရန် ရေကန် သို့ သွားသော အခါ ကန်ပေါင်စောင်း တွင် ထွန်းမောင် နှင့် တွေ့  လေသည် ။ ကျွန်တော် တို့ လည်း ချက်ချင်း ပင် သတင်း ပေး လာသဖြင့် သိရလေသည် ။

ခင်စိန် မူ မမှန် မှု ကို ကျွန်တော်တို့ ဇနီးမောင်နှံ တီးတိုး ဆွေးနွေး ကြရတော့သည် ။ ကျွန်တော့် ဇနီး မှာ ခင်စိန် ကို သတိ ပေးပါလျက် နှင့် ကဲ ရပါမို့လား ဟု စိတ် ဆိုး လေသည် ။       

“ သူ့ ကို ထားလို့ မဖြစ်ဘူး ၊ နှင် ထုတ်လိုက်မှပဲ ” ဟု စိတ် လိုက်မာန်ပါ ပြောလေသည် ။

ကျွန်တော် က “ နှင် ထုက်ရုံ နဲ့ ကိစ္စ မပြီးဘူး ကွ ၊ နှင် ထုတ်လိုက်ရင် ကောင်မလေး လမ်းမှား ရောက်ပြီး ကိုးရိုးကားရား ဖြစ် သွားမှာပေါ့ ” ဟု ပြောရ လေသည် ။

တစ်နေ့ တွင် ခင်စိန့် အလစ် တွင် ကျွန်တော့် ဇနီး က သူ ချွတ်ထားသော အတွင်းခံအင်္ကျီ ကို နှိုက် ရှာဖွေရာ စာ တစ်စောင် တွေ့လေသည် ။ စာ မှာ -

“ မောင် မနက်ဖြန် ရေကန်အလာ မှာ မောင် ခေါ်ချင် တဲ့ ဆီကို ပဲ ခေါ်ပါတော့ ။ ခင် လိုက်တော့မယ် ” ဟု ပါရှိလေသည် ။

ကျွန်တော်တို့ နှစ်ယောက် မှာ စာ ကို ကြည့်၍ အံ့အား သင့် နေကြသည် ။ ခင်စိန် သည် စာ ရေး တတ်ဖို့ ဝေးစွ ၊ ကကြီး ခခွေးပင် မတတ်ချေ ။ ယခု စာ ကို ကျကျနန လက်ရေး လက်သားကောင်းကောင်း နှင့် တွေ့ရသည် ။ ဧကန္တ တစ်ယောက်ယောက် က ဦးပုည လုပ်နေပြီ ဟု တွေး မိကြသည် ။ ဦးပုည လုပ် သူ ကို ရှာ ဖို့ကား ခဲယဉ်းလှသည် ။ အိမ် တွင် ကျွန်တော် တို့ တူမကလေး တစ်ယောက် သာ ရှိသည် ။ သူ ကလည်း ခင်စိန့် လူ ဖြစ်ဖို့ ဝေးစွ ၊ ခင်စိန် ၏ အမူ ကွဲ ပုံကို အမြဲ ပြော၍ ကျွန်တော်တို့ အား သတိ ပေး နေလေသည် ။

ထို ကိစ္စ ကို ဆက်၍ မစုံစမ်းမီ ရုတ်တရက် ဆောင်ရွက် ရသည် မှာ ခင်စိန် ကို သောက်ရေခပ်ရန် ကန် သို့ မလွတ်ဘဲ ထား ရခြင်းပင် ဖြစ်တော့သည် ။ ရေထမ်းသမား အလွန် ရှား သော တောမြို့ကလေး ဖြစ် သဖြင့် ဤသို့ ဆောင်ရွက် လိုက် ရခြင်းမှာ အလွန်ပင် ထိ ခိုက်သွားလေတော့သည် ။

ခင်စိန် ရေခပ် မထွက်ရသောနေ့ ည တွင် အိမ်ရှေ့လမ်း မက အသံသြကြီး နှင့် ထွန်းမောင် ၏ သီချင်းသံ ကို ကြားကြရလေသည် ။ ခင်စိန် ထွက် ၍ လိုက်လေမည်လား ဟု ညဉ့် တွင် သတိ နှင့် အိပ် ရလေသည် ။ အရွယ် ရောက်သော အစေခံမကလေး ကို မွေး ထားရခြင်းသည် အရွယ် ရောက်သော သမီး ကို မွေးထားရခြင်း ဒုက္ခနှင့် မခြား ဖြစ်တော့ သည် ။

ကျွန်တော် သည် ခင်စိန် ၏ အမူ အရာ နှင့် စိတ်နေ စိတ်ထား ကို ဂရုပြု၍ ကြည့်ရှု စုံစမ်းလေသည် ။ ခင်စိန် သည် ကျွန်တော်တို့ အထူးတလည် ပိတ်ပင်လိုက်သည့်အ ခါ၌ လည်း ငြိမ်၍ နေသည် ။ ထို ငြိမ်နေခြင်း ကို ကျွန်တော် မသင်္ကာလှချေ ။ ထို့ကြောင့် ကျွန်တော့် ဇနီး အား စုံစမ်းခိုင်း ရသည် ။ “ သူတို့ တကယ် ကြိုက်နေရင် ပေးစားလိုက်တာ အေးပါတယ် ” ဟု ကျွန်တော် က ပြောရာ ဇနီးက “ ပေးစား တော့ကော ထွန်းမောင် က ယူမှာတဲ့လား ” ဟု မေးလိုက် သည် တွင် ကျွန်တော့် မှာ ထွန်းမောင် ၏ အကျင့် ကို သိ သဖြင့် နှုတ်ပိတ် လိုက်ရတော့သည် ။

နောက်တစ်နေ့ တွင် ခင်စိန် ၏ အတွင်းအင်္ကျီ ထဲ မှ စာ တစ်စောင် ထပ်၍ တွေ့ရပြန်သည် ။ ထို စာမှာကား ထွန်းမောင် ထံ မှ ပေးသော စာ ဖြစ်တန်ရာသည် ။ စာ အဆို က “ ခင် ရယ် ၊ တစ်နေ့ က ကန်ပေါင် မှာ တစ်ညနေလုံး စောင့် နေတာ ၊ ခင် မပေါ်လာတာ နဲ့ မိုးချုပ် မှ စိတ်ပျက်ပျက် နဲ့ ပြန် ရတယ် ။ ဘာလို့ မလာတာလဲ ။ခင် ထိန်း နေရတဲ့ကလေး နေမကောင်း လို့လား ၊ ကလေး ကို တစ်ယောက် ယောက် အမှတ်တမဲ့ ပေး ပြီး လစ်လာခဲ့ပါလား ” ဟု ပါရှိသည် ။

“ ကဲ မဖြစ်ချေတော့ဘူး ။ ဒီလို ဆိုရင် ခက်ကုန်လိမ့် မယ် ။ ထွန်းမောင် ကို ခေါ်ပြီး မေးမှပဲ ” ဟု ကျွန်တော်တို့ နှစ်ယောက် တိုင်ပင် ပြီးလျှင် ထွန်းမောင် ကို အခေါ် ခိုင်းလိုက် လေသည် ။ ထွန်းမောင် လည်း ဣန္ဒြေမပျက် ရောက်လာ လေသည် ။ ထိုအခါ ကျွန်တော် က စာ ကို ပြ၍ “ ဒါ မင်း ရေးတာလား ” ဟု မေးရာ ထွန်းမောင် က အကယ်ပင် အံ့အားသင့် ကာ “ ကျွန်တော် ရေး တာ မဟုတ်ဘူး ၊ ကျွန်တော် သူ့ ကို လည်း မသိပါဘူး ” ဟု ပြောလေသည် ။

ထိုအခါ ကျွန်တော့် ဇနီး က ခင်စိန့် ဘက် သို့ လှည့်ကာ “ ညည်း ကို စာ ပေးတာ သူ ပဲ မ ဟုတ်လား ” ဟု ရုတ်တရက် မေး လိုက်ရာ ခင်စိန် က မျက်နှာပြောင်တင်းတင်း နှင့် “ ဟုတ်ပါတယ် သူပါ ” ဟု ပြောလေသည် ။ ထွန်းမောင် သည် ခင်စိန့် စကား ကို ကြား ရသည် နှင့် တစ်ပြိုင်နက် မျက်လုံးမျက်ဆန် ပြူးကာ “ ဟဲ့ ငါ နင် နဲ့ ဘယ်တုန်းက တွေ့ဖူးလို့ လဲ  ၊ နင့် ကို လည်း ဂရုမစိုက်မိဘဲ အခု ဘာလို့ ငါ့ ကို စွပ်စွဲရတာလဲ ဟင် ” ဟု ကြိမ်းမောင်းလေသည် ။

ကျွန်တော်တို့ မှာ ထွန်းမောင် လူလည် ဖြစ်မှန်း သိ၍ အတည်ပေါက် ဖြီး နေသည် ဟု မှတ်ယူကာ ထွန်းမောင် ကို ဆုံးမစကား ပြောပြီး နောက် ပြန် လွှတ် လိုက်ကြရလေတော့ သည် ။ ခင်စိန် လည်း မျက်နှာ ပြောင်တင်းတင်း နှင့် ပင် အိမ် ထဲ သို့ ဝင် သွားလေသည် ။

ခင်စိန် ၏ ပြောင်တင်းတင်းမျက်နှာ ထား မှာ ကျွန်တော် နားမလည်နိုင်အောင် ရှိ တော့သည် ။ အပျိုအရွယ် ဖြစ်၍ ရှက်စနိုး ဖြစ်သင့်ပါ လျက် ပြောင်တင်းတင်း မျက်နှာ ၏ အဓိပ္ပာယ် ကို အကဲခတ် မတတ်အောင် ဖြစ် ချေတော့သည် ။ သူ့ မျက်နှာထား သည် ဟိုတယ်ဆိုင်များ နတ်နန်းများ က ခင်ပျိုမယ်တို့ မျက်နှာထား နှင့် ဆင်တူလှသည် ဟု စိတ် တွင် မသိုးမသန့် ဖြစ် မိသည် ။ ကျွန်တော် သည် ဟိုတယ်မယ် နတ်နန်းမယ် တို့ ၏ အနေအထိုင် မျက်နှာနေ မျက်နှာထား တို့ ကို ဂရု ပြုမိလေသည် ။ သူတို့ ၏ စိတ်နေ စိတ်ထား ကိုလည်း သုတေသီ အဖြစ် စုံစမ်း လေ့လာဖူးလေသည် ။ ခင်စိန် က ထွန်းမောင် ကို ကြည့် ၍ ပြော လိုက်သော မျက်နှာထား မှာ ကျွန်တော့် စိတ် ကို တုန်လှုပ် သွားစေသည် ။ ထွန်းမောင် ပြန် သွားသော အခါ အိမ် ထဲ သို့ ဝင် သွားသော ခင်စိန့် မျက်နှာထား မှာ လည်း မှတ်သားဖွယ် တစ်ရပ် ဖြစ် လေသည် ။ ကျွန်တော် သည် ခင်စိန် ၏ အပြု အမူ အနေအထိုင် တို့ ကို ရှေးက ကဲ့ သို့ အမှတ်မထင် မနေဘဲ သုတေသီ စိတ်မျိုး နှင့် ဂရု ပြုမိတော့သည် ။

ထွန်းမောင် ကိစ္စ ပြီးဆုံးပြီ ဟု ယူဆရ ပေတော့မည် ။ ထွန်းမောင် ၏ နားငြီးဖွယ် အသံအောကြီး နှင့် သီချင်းဆိုသံ ကို လည်း မကြားရတော့ချေ ။ ခင်စိန် ၏ အတွင်းအင်္ကျီ တွင် လည်း ရည်းစား စာ မတွေ့ရတော့ချေ ။ ကျွန်တော် တို့ နှစ်ယောက် မှာ ခင်စိန့် အတွက် စိတ် သက်သာရာ ရတော့ပြီ ဟု အောက်မေ့ မိကြလေသည် ။

ထိုအခိုက် ကျွန်တော် သည် ခင်စိန့် ကို ရှေးက နှင့် မတူ အထူးဂရု စိုက် ၍ ကြည့် မိလေသည် ။ ခင်စိန် ၏ ကိုယ်လုံးကိုယ်ပေါက် သည် တင်းရင်း ကျစ်လျစ် လာ သည် ဟု ထင် ရသည် ။ သူ့ ပါးကလေးများ သည် သိသိသာသာ မို့ ၍ လာသည် ။ သူ့ မျက်လုံး ၊ အလို  သူ့ မျက်လုံးကား အရောင် တောက် လာသည် မှာ မပြောပြနိုင်လောက်အောင်ပင် တည်း ။ အပျိုရည် တိုး ၍ တင်းရင်းကျစ်လျစ်သည် ကို ကျွန် တော် အထူး မဆိုလိုပါ ။ သူ့ မျက်လုံး တောက်ပ ပုံ ကို သာ ပို၍ ဂရု ပြု မိတော့သည် ။ သူ့ မျက်လုံးတောက်ပ ပုံ မှာ ထူးဆန်း၏ ။ တောက်ပ သော် လည်း ကြည်လင်ခြင်း မရှိ ၊ သူ့ မျက်လုံး ၏ အရောင် သည် သူ့ မျက်နှာ တစ်ပြင်လုံး ကို လွှမ်းနေဟန် ရှိသည် ။ သူ့ မျက်နှာ မှာ စတွန်းကင်းဓာတ်မီး အောက်တွင် နေသော မျက်နှာများ ကဲ့သို့ ပြောင်တင်းတင်း ဖြစ် နေသည် ။

ကျွန်တော် က ဂရု စိုက်၍ သူ့ ကို ကြည့်ကြောင်း သူ ရိပ် မိသည်မှာ ထင်ရှားသည် ။ သူ့ မျက်လုံးများ သည် တစ်ခါ တစ်ရံ ပြူးဝိုင်းဝိုင်း လုပ် ကာ ကျွန်တော့် ကို တစ်ပတ် လည် ၍ ကြည့် လိုက်သည် ။ “ ဪ ညှို့ တယ် ဆိုတာ ဒါမျိုးပဲ ထင် ပါရဲ့ ” ဟု ကျွန်တော့် မှာ တစ်ကိုယ်တည်း မှတ်ချက် ချလိုက် ရတော့သည် ။

ခင်စိန် အလှ ပြင်သည့် အလုပ် မှာ တစ်နေ့ တစ်ခြား အိမ် အလုပ် ထက် ကြီးကျယ် လာတော့သည် ။ ကျွန်တော့် ဇနီး မှာ ခင်စိန် ၏ အမူအရာ ကို မနှစ်မြို့ချေ  ။ “ ဒီကောင်မကလေး ထိန်းလို့ နိုင် မှာ မဟုတ်ပါဘူး ။ သူ့ ကို ပြန် ပို့လိုက် မှပဲ ” ဟု ကျွန်တော့် အား စိတ်ပျက်သံ နှင့် ပြော ပါသည် ။ ခင်စိန် မှာ ရွာ သို့ ပြန် ပို့မည် ဟု လေသံ ကြား ရရုံ နှင့် သေမတတ် ကြောက်ရွံ့ လေသည် ။ပထမ က ကျွန်တော် သည် သူ့ မိထွေး ၏ ရန် ကို ကြောက် ၍ ရွာ သို့ မပြန်ချင်ခြင်း ပင် ဟု အောက်မေ့ မိသည် ။ ကျွန်တော့် အတွေး ရိုးလွန်းလှသည် တကား ။ သူ ရွာ သို့ ပြန် လျှင် မြို့တွင် နေသော အနေအထိုင် အဝတ်အစား မျိုး ကို ပစ်ပယ်ရမည် ကြောက်သောကြောင့် ဖြစ်ကြောင်း နောက် မှ တွေး မိတော့သည် ။

တစ်နေ့သ၌ ခင်စိန် သည် ကျွန်တော့် ဇနီး နှင့် အပြင် သို့ ဈေးဝယ် ထွက်၍ ပြန်လာသည် ။ ကျွန်တော် သည် ပက်လက်ကုလားထိုင် ပေါ် တွင် ထိုင်၍ စာအုပ် တစ်အုပ် ဖတ်နေ သည် ။ သူ သည် သူ့ အခန်း တွင်း သို့ ရုတ်တရက် ဝင်၍ အဝတ် လဲသည် ။ သူ့ အခန်းပေါက် နှင့် ကျွန်တော် ထိုင် နေသည့် နေရာ မှာ မျက်စောင်းထိုး ဖြစ်သည် ။ သူ သည် ကျွန်တော့် ဘက် သို့ တစ်ချက် လှမ်း ကြည့်ပြီး လျှင် ထဘီ အပေါ် လွှာ ကို ရုတ်ခြည်း ချွတ် ချ လိုက်လေတော့သည် ။ ကျွန်တော် သည် တစေ့တစောင်း မြင် မိသော်လည်း မျက်နှာ မပျက် စာအုပ် ကို သာ ဆက်၍ ဖတ် နေပါသည် ။

နောက် တစ်နေ့ ည သန်းခေါင် အချိန် လောက် တွင် ကျွန်တော် သည် အိပ်ရာ မှ နိုး၍ နောက်ဖေးခန်း သို့ အပေါ့ အပါး သွားရာ ကျွန်တော့် ဇနီး လည်း ကျွန်တော် နှင့် အတူ နောက်ဖေးခန်း သို့ လိုက် လာပါသည် ။ တစ်အိမ်လုံး မှာ မီး ငြိမ်းထားသဖြင့် မှောင် နေပါသည် ။ ကျွန်တော် သည် လက် နှိပ်ဓာတ်မီး နှင့် တံခါးများ ကန့်လန့် ကောင်းစွာ ထိုးထား သလား ဟု လှမ်း၍ ထိုး ကြည့် ရာ မှ ခင်စိန် ၏ အခန်းတံခါး ကို ထိုး ကြည့် မိပါသည် ။ အခန်းတံခါး ဟ နေသဖြင့် ကျွန်တော့် ဇနီး ကို လက်တို့ ပြ ကာ ခင်စိန့် အခန်း တွင်း သို့ နှစ်ယောက် သား ဖြည်းညင်းစွာ ဝင် ကြပါသည် ။

အခန်း ထဲ တွင် ခင်စိန် မရှိ ။

ထိုအခါ ကျွန်တော့် ဇနီး က မီးဖိုတံခါး ကို သွား ၍ ကြည့်ရာ မီးဖိုတံခါး ပွင့်လျက် ရှိလေသည် ။

“ အနီးအနား မှာ ရှိသေးသလား မသိဘူး ၊ ရှာကြည့် ရအောင် ” ဟု ကျွန်တော် က အကြံ ပေး လိုက်သည် တွင် ကျွန်တော့် ဇနီး က သတိ ရဟန်ဖြင့် “ နောက်ဖေး က စပါးကျီ  ထဲ မှာ ရောက် နေသလား ” ဟု ဆိုလေသည် ။

ကျွန်တော်တို့ သည် မီးဖိုတံခါး မှ ထွက်၍ နောက်ဖေး စပါးကျီကြီး ဘက် ဆီ သို့ ခြေသံ မကြားအောင် လက်တွဲ ၍ လျှောက် လာကြပြီး လျှင် ပွင့်နေသော ကျီတံခါး အနီး နား စွင့် နေကြလေသည် ။

“ တစ်နေ့ က စာ တွေ တွေ့သွားတော့ လူကြီးတွေ က ထွန်းမောင် ကို ထင်ကြတာပေါ့ ၊ အစ်ကိုကြီး ဆင် လိုက်ပုံ အတော် ဟန်တယ် ” ဟူ သော ခင်စိန် ၏ အသံ ကို ကြားရ သောအခါ ကျွန်တော်တို့ နှစ်ယောက် မှာ မှောင် ထဲ တွင် တစ်ယောက် မျက်နှာ တစ်ယောက်ကြည့် ၍ နေမိကြပါသည် ။

“ ဒါလောက်တော့ အပျော့ပေါ့ ခင်စိန် ရာ ၊ ထွန်းမောင် ကြီး ကို လူကြီးတွေ က ထင် မှ ငါ နင့် ကို လွတ်လွတ်လပ်လပ် ချစ်ရမှာပေါ့ ” ဟု အသံလေးကြီး တစ်ခု က ဆို လေသည် ။

ထို အသံ ကို ကျွန်တော် တို့ ကျက်မိကြပါသည် ။ ထို အသံရှင် မှာ မြို့ပေါ် တွင် နာမည်ကြီးသော နတ်ခေါင်းကြီး တင်မောင် ၏ အသံ ဖြစ်သည် ။ တင်မောင် သည် မိန်းကလေး မိန်းမငယ် တို့ ကို မြူဆွယ် ဖျက်ဆီး၍ အတန်း ထဲ ကို ပို့ သူ ဖြစ်သည် ။ ကျွန်တော့် ဇနီး မှာ ဒေါသ ဖြစ်၍ ဆတ်ဆတ် တုန် နေတော့သည် ။ ကျွန်တော် က သူ့ ကို ပခုံး လှုပ်၍ အိမ် ထဲ သို့ လက်ဆွဲ ကာ ပြန် ခေါ် သွားရသည် ။

မီးဖိုချောင် သို့ ရောက်မှ “ သည် တင်မောင် ဆိုတဲ့ အ ကောင် အကြောင်း လည်း မင်း ကြားဖူး နေတာပဲ ။ အခု နေ ရှူးရှူးရှားရှား လုပ် လိုက်ရင် တို့ သာ အရှက် ကွဲမယ် ၊ ခင်စိန် ဟာ မကောင်းတဲ့ ကောင်မလေး လို့ လူတွေ ပြောပြီး တို့ ပါ အလကား မျက်နှာ မလှ ဖြစ်နေမယ် ။ အခုမှတော့ မထူးဘူး ၊ နက်ဖြန် ကျ မှ မင်း က ခင်စိန် ကို အကြောင်းအကျိုး ပြောပြ ပြီး ဖျောင်းဖျ ကြည့်ပေတော့ ” ဟု ကျွန်တော် က ပြော ရလေ သည် ။ 

ထိုနေ့ ည ကျွန်တော် တို့ မှာ အိပ်ကောင်းခြင်း မအိပ် ကြရတော့ချေ ။

နောက်နေ့ နံနက် တွင် ကျွန်တော် သည် မသိဟန် ဖြင့် ခင်စိန် ၏ မျက်နှာ ကို သေသေချာချာ ကြည့် မိလေသည် ။ သူ့ မျက်နှာ မှာ ရင့်ချော်ချော် ဖြစ်နေဟန် ရှိသည် ။ သူ့ မျက်လုံး က အရောင် တောက်လျက် ရှိချေသေးတော့သည် ။

နေ့လယ်လောက် တွင် ကျွန်တော့် ဇနီး က “ ခင်စိန့် ကို အကြောင်းအကျိုး ပြောပြတော့ သူ နောက် သည်လို မလုပ်ပါဘူး လို့ ပြောတယ် ” ဟု ပြောပြလေသည် ။

“ နောက် သည် လို မလုပ်ပါဘူး ဆိုရုံ နဲ့ မပြီးသေးဘူး ကွ ။ သူ့ ကို တင်မောင် ရဲ့ အကြောင်း သိအောင် ပြောလိုက် သေးရဲ့လား ”

“ ပြောတာပေါ့ ၊ တင်မောင် ဟာ ဖာခေါင်း ၊ ကောင်မ လေးတွေ သူ ဖျက်ဆီးတာ များလှပြီ ၊ နင် မကြားဖူးဘူးလား လို့ ကျွန်မ က အေးတင် တို့ ဘုမ တို့ အကြောင်း ပြော လိုက် သေးတယ် ”

“ သည်တော့ သူ့ မျက်နှာထား က ဘယ့်နှယ် နေ သလဲ ”

“ အို သူ့ မျက်နှာထား က ပြောင်တင်းတင်း ပေါ့  ။ သူ ဘာမှ ပြန် မပြောဘူး ၊ နောက်တစ်ခါ လက်မခံပါဘူး လို့ လည်း ပြောတယ် ”

ကျွန်တော် လည်း ဆေးပြင်းလိပ် ကို ဆက်လက် ဖွာ နေ တော့သည် ။ ကျွန်တော့်ဇနီး လည်း နေ့လယ် လက်ဖက် ရည် ဖျော်ရန် မီးဖိုချောင် ဘက် သို့ ထ သွားလေသည် ။

ခင်စိန့် ပြဿနာ သည် တဖြည်းဖြည်း ကြီးရင့်လာ လေပြီ ။ အိမ် မှ နှင်ထုတ် လိုက်လျှင် အတန်း ထဲ သို့ နိဗ္ဗာန် ကူးတို့ ပို့လိုက်သည် နှင့် တူ ချေမည် ။ အိမ်တွင် ထား လျှင် လည်း သူ့ အတွက် သက်သက်မဲ့ ဒုက္ခ ပို နေရသည် ။ လင် ပေးစားရန် လည်း မလွယ်ကူလှ ။

ထိုအခိုက် ကျွန်တော် ရန်ကုန်မြို့သို့ အလုပ် ပြန် ဝင် ရသည် ။ ကျွန်တော့် ဇနီး လည်း ခင်စိန့်အတွက် တစ်ထစ် တော့ အေးရပြီ ဟု အောက်မေ့ ကာ ပျော်ရွှင်နေလေသည် ။ “ ညည်း ရန်ကုန် ကျရင် သည် အကောင့် ရန် အေးရောပေါ့ ” ဟု ခင်စိန့် ကို ပြောလေသည် ။ ခင်စိန် သည် ဘာမျှ မပြောဘဲ ငေး ၍ နေလေသည် ။

“ မဟုတ်ပါဘူး သည်ကောင် က ညည်း ကို ဖျက်ဆီး နေတာ သိရက် နဲ့ ညည်း က စွဲ နေသေးသလား ”

ထိုအခါ ခင်စိန် က အသံ ထွက်အောင် ရယ်လိုက်ပြီး လျှင် “ သည်အကောင် ကို မစွဲပါဘူး ဒေါ်ဒေါ်ရဲ့ ” ဟု ပြော လိုက်ပါသည် ။

ထို ရယ်သံ နှင့် ထို စကား ကို ကျွန်တော် ကြား လိုက်ရ ပါသည် ။ ရယ်သံ မှာ သံမှန် မဟုတ် ။ ကျွန်တော် ပင်လျှင် အနည်းငယ် လန့် သလိုလို ဖြစ်သွားပါသည် ။ သူ့ ရယ်သံ မှာ ခက်တရော် အသံ ဖြစ်သည် ။ ကျွန်တော့် ဇနီး လည်း ဆက်၍ မပြောဘဲ ရန်ကုန် သို့ ပြောင်းရန် ပစ္စည်းများ ထုပ်ပိုးရေး ကို ဂရု ပြုနေလေတော့သည် ။

ခင်စိန် သည် လည်း ရန်ကုန် ပြောင်းရန် စိတ်အား ထက်သန်စွာ ကူညီ ထုပ်ပိုးလျက် ရှိလေသည် ။

ရန်ကုန် သို့ ရောက်ပြီး တစ်လ လောက် အတွင်း တွင် ခင်စိန် သည် အတော် ငြိမ်၍ နေလေသည် ။ သူ့ အတိတ် ကိစ္စ မှာ မေ့ပျောက်လုခမန်း ဖြစ်လေပြီ ။ ကျွန်တော့် ဇနီး က ကျွန် တော့် အား “ ရန်ကုန် ရောက်တော့လည်း ခင်စိန် အငြိမ် သားပဲ ” ဟု ပြုံး၍ ပြောလေသေးသည် ။

တစ်လ ကျော် နှစ်လ လောက် တွင် အဒေါ်ကြီး တစ်‌ယောက် အိမ် သို့ ရောက် လာလေသည် ။ ကျွန်တော် တို့ မှာ အသိ လည်း မဟုတ် တစ်ခါ မျှလည်း မမြင်ဖူး သဖြင့် ကြောင်တက်တက် ရှိနေစဉ် ခင်စိန် က “ ဒေါ်လေး ” ဟု ခေါ် ကာ ခရီးဦးကြို ပြုလေသည် ။ အဒေါ်ကြီး ၏ အဝတ်အစား အခြေအနေ မှာ လူကုံထံ ထဲ က မဟုတ်ကြောင်း ထင်ရှား လေသည် ။ ဆင်းရဲသား ထဲ က ပဲ ဟု တစ်ထစ်ချ ဆို နိုင်တော့ သည် ။ အဒေါ်ကြီး က “ မောင်ရင် နဲ့ တူမ တို့ က ကျုပ် တူမ ကို မွေးစား ထား တာ ကျေးဇူးတင်ပါတယ် ။ ကျုပ် မောင် က သူ့ သမီး ဒီမှာ ရှိလေ ရဲ့ ခေါ် ထားလိုက်ပါ ။ ပြီးတော့ သူ့ ဆီ ကို ပြန် ပို့ လိုက်ပါလို့ ရွာ က မှာ လိုက်တာနဲ့ အခု လာ ပြောရတာ ” ဟု ပြောလေသည် ။

ထိုအခါ ကျွန်တော်တို့ မှာ အံ့အား သင့် နေကြပါ သည် ။ ခင်စိန် က ဝင်၍ “ ကျွန်မ ဒေါ်ဒေါ့် ကို ပြောဖူးတယ် မဟုတ်လား ။ ကျွန်မ တို့ အဒေါ် အရင်း ၊ ရန်ကုန် ကျောက်မြောင်း ထဲ မှာ ရှိတယ်လို့ ” ဟု ထောက် လိုက်လေသည် ။

ကျွန်တော့် ဇနီး သည် ထိုအခါမှ ခင်စိန် ရန်ကုန် သို့ မလာမီ အမှတ်တမဲ့ ပြောခဲ့ဖူးသည့် စကား ကို ပြန်၍ သတိ ရ မိ လေသည် ။ သို့နှင့် မကျေနပ်သေးဘဲ ကျွန်တော် က အဒေါ် ကြီး ကို ခင်စိန် ၏ အဖေ့ အမည် နှင့် နေရပ် တို့ကို စစ်ကြည့် လေသည် ။ အမှန်ကို တစ်သဝေမတိမ်း ပြောနိုင်ရုံမကသေး ၊ ခင်စိန် ၏ ဖခင် ထံမှ ဆိုသည့် စာတစ်စောင် ကို ထုတ် ပြလေ သည် ။ စာ မှာ လည်း စာမတတ် တတတ် တောသား တစ်ဦး ၏ စာ ဖြစ်နေသည် ။ သူ့ သမီး ခင်စိန် ကို ပြန်ခေါ်ပြီး ရွာ သို့ ပြန် ပို့ပါ ဟု ပါရှိလေသည် ။ 

အကျပ် ကြုံ နေလေပြီ ။ ကျွန်တော် တို့ မှာ မယုံချင် သော်လည်း သက်သေ အခိုင်အလုံ နှင့် လာ နေသောကြောင့် မယုံဘူး ဟု မဆိုသာတော့ချေ ။

“ အဒေါ် လာ တာတော့ ဟုတ်ပါရဲ့ ။ ဒါပေမဲ့ ကျွန်တော် တို့ မှာ တာဝန် ရှိတယ် ။ ဒါကြောင့် အဒေါ် နဲ့ အတူတူ သူ့  ရွာ ကို ကျွန်တော့် တပည့် တစ်ယောက် အပို့ ခိုင်းပါမယ် ” ဟု ကျွန်တော် က တစ်နည်း ဆင် ၍ ပြော ရပါတော့သည် ။

“ ဒါကတော့ မောင်ရင် ရယ် ၊ အဒေါ် က ဘာ လိမ်စရာ ရှိလဲ ။ ကိုယ့် တူမ ကိုယ် ပြန်ခေါ်တာပဲ ။ ဒါပေမဲ့လေ ဟုတ် ပါတယ် ။ ရန်ကုန် မှာ ဆိုတော့ အရှုပ် ကိုး ။ တာဝန် ကင်းအောင် လုပ်ချင်လည်း လုပ်တာပေါ့ ။ အဒေါ် ဒါဖြင့် သူ့ ကို နက်ဖြန်ပဲ ပြန် ပို့ချင်တယ် ။ မောင့် တပည့် ကို အဒေါ် တို့ လိုက် ပို့ခိုင်းပါ ” ဟု ဆိုလေသည် ။

ထိုအခါ ကျွန်တော့် ဇနီး က ဖြတ်၍ ခင်စိန့် ဘက် သို့ လှည့်ကာ “ ညည်း ကကော ညည်း အဖေ အိမ် ပြန် ချင်သ လား ၊ သည်း မိထွေး ကို ကြောက်တယ်ဆို ” ဟု မေး လိုက်ရာ ခင်စိန် က ပြုံး၍ “ မိထွေး ကြောက်ပေမဲ့ အဖေ့ ကို လွမ်း သေးတော့ ပြန်ချင်တာပဲ ဒေါ်ဒေါ် ရဲ့ ” ဟု ချက်ချင်းပင် ပြန် ဖြေလေသည် ။

နောက်နေ့ တွင် ခင်စိန် သည် ကျွန်တော်တို့ နှစ်ယောက် အား အနူးအညွှတ် ကန်တော့ ၍ သူ့ အဒေါ် နှင့် အတူ ကျွန်တော့် တပည့် နောက် သို့ လိုက်သွားလေသည် ။

ကျွန်တော့် တပည့် ပြန် လာသောအခါ ကျွန်တော် က မေး စစ်ပါသည် ။ “ ဟေ့ မင်း သူတို့ ရွာ ကို အရောက် ပို့ လိုက် သလား ။ ဟိုမှာ သူ့ အဖေ ကို တွေ့ခဲ့သလား ”

“ ပို့ခဲ့ပါတယ် ဆရာ ရယ် ၊ သူ့ အဖေ ဆိုတာ သိပ် မကြီး သေးပါကလား အသက် သုံးဆယ်ကျော် လောက် ရှိသေး တယ် ”

“ ဟယ် ဘယ် ဖြစ်နိုင်ပါ့မလဲ ၊ သူ့ အသက် ပဲ နှစ်ဆယ် ကျော်ပြီ ဟာ သူ့ အဖေ သုံးဆယ်ကျော် ဆိုလို့ ဘယ် ဖြစ်နိုင် ပါ့မလဲ ဟ ”

“ မသိပါဘူး ဆရာ ၊ သုံးဆယ်ကျော် လောက် ပဲ ထင် ရတာပဲ ”

ကျွန်တော့် စိတ် တွင် ထင့် ခနဲ ဖြစ်သွားသည် ။ ကျွန်တော့် ဇနီး မှာ မျက်လုံး ပြူး သွားလေတော့သည် ။ ထိုအခါ သတိ ရ၍ တပည့် အား “ ဟေ့ သူ့ အဖေ ဆိုတာ ခပ်၀၀ မျက်နှာကျောက်ပေါက်မာသက်သက် နဲ့ ပါး မှာ ဓားခုတ်ရာကြီး ရှိတယ် မဟုတ်လား ” ဟု လမ်းကြောင်း ၍ မေး လိုက်ရာ တပည့် က “ ဟာ ဟုတ်တယ် ဆရာ ၊ ဆရာ မြင်ဖူးတယ် မဟုတ်လား ” ဟု ဖြေလေသည် ။

ကျွန်တော့် ဇနီး မှာ မျက်နှာ အကြီးအကျယ် ပျက် ကာ “ လက်စသတ်တော့ တင်မောင့် လက်ချက် ပဲ ” ဟု ပါးစပ် မှ ရုတ်တရက် ထွက်သွားလေတော့သတည်း ။

••• လူ့ရွာအတီး ဝေါဟာပြီးသား သမီးတစ်ကောင် နွားတစ်ထောင်သို့ လုံအောင်အမြဲ စောင့်နိုင်ခဲဟု မလွဲပမာ နန်းတွင်းမှာလျှင် ရာဇာမွေးဘ မြဲနိစ္စဖြင့် နေ့ညမကင်း စောင့်ပါလျှင်းလည်း လက်တွင်းကသာ သူ့ဘက်ပါခဲ့  ၊ ချစ်ညာမဆန် ၊ ချစ်မပြန်တည့် ၊ ဝင်္ကန္တမျိုး အတွင်းဆိုးနှင့် ရိုးသည်မရှိ များလှဘိရှင့် •••

◾တက်တိုး

📖 ရှုမဝ မဂ္ဂဇင်း
      အတွဲ - ၁ ၊ အမှတ် - ၄
       ၁၉၄၇ ၊ ဩဂုတ်

#ကိုအောင်နိုင်ဦး

.

Thursday, October 27, 2022

လူပျို အပျို ဖတ်စာ ( ၁၇ )


 

မိန်းကလေးတွေ က သူတို့ ရွေးချယ် တဲ့ ယောက်ျားတွေ ကို တည်ကြည်ရမယ် ။ ဖြောင့်မတ်ရမယ် ။ ကိုယ့် ဘဝ ကို အလင်းရောင် ပေး နိုင်တဲ့ သူမျိုး ဖြစ် ရမယ် ။ အဲလိုမျိုး လိုချင်ကြပါတယ် ။

ဟုတ်ကဲ့ ။ ဒါ ဆိုရင်တော့ “ စည်ပင်သာယာ နဲ့ ညှိ ပြီး ဓာတ်တိုင် ကို သာ ရွေးချယ်ပါ ” အဲလောက် ပြည့်စုံတဲ့ ယောက်ျား အပြင် မှာ ရှားပါတယ် ။ ယောက်ျားတွေ က လည်း မိန်းကလေးတွေ ကို “ ရိုးသားရမယ် ၊ လှပရမယ် ၊ အိမ်မှုကိစ္စ နိုင်နင်းရမယ် ၊ သဘောထား ကောင်းရမယ် ၊ အလိုက် သိရမယ် ”

ဟုတ်ကဲ့ ။ ဒီလို မိန်းကလေးမျိုး က လည်း ပုံပြင် ထဲ က ထွက် မလာသေးပါဘူး ။ အင်မတန် လှပပြီး အင်မတန် ထက်မြက်ပြီး အင်မတန် ဦးဆောင်နိုင် တဲ့ မိန်းကလေးတွေ ဟာ လည်း အင်မတန် သနားစရာ ကောင်းပါတယ် ။ သူတို့ အတွက် ယောက်ျား ဒီ ကမ္ဘာ မှာ မမွေးဖွားသေးပါဘူး ။

အရာရာ ပြည့်စုံခြင်း ဆိုတာ မရှိတဲ့ အခါ လူတွေ ဟာ ကိုယ် နဲ့ သင့်တော်တာတွေ ကို ရွေးချယ်ရပါတယ် ။ တချို့ က လည်း  အကောင်းစား လိုချင်တယ် ။ ဒါပေမဲ့ ကိုယ် နဲ့ မသင့်တော် ပြန်ဘူး ။ အဝတ်အစား ရွေး သလိုပေါ့ ။

လူတိုင်း က တော့ အကောင်းဆုံး ကို ပဲ ရွေးချယ်ချင် မှာ ပါ ။ ဒါပေမဲ့ အဲဒီ အဝတ်အဆင် က ဆိုက် ကြီးနေတယ် ။ ကိုယ် က ပိန်ပိန်လေး ။ လိုချင်တာ အကောင်းစား ဆိုပေမဲ့ ကိုယ် ဝတ်ရင် ကျွတ် ကျမှာ ။ သင့်တော်ပါ့မလား ။ ၀၀ကြီး ကျ တော့ လည်း အင်္ကျီဆိုဒ် သေးသေးလေး ဝတ်ချင် ပြန်ရော ။ ဝတ် တာ နဲ့ ကွဲ ထွက်သွားမှာ သိတယ် ။ ဒါပေမဲ့ တန်ဖိုး ရှိ တော့ လိုချင်ပြန်ရော ။

တချို့ကလေးမတွေ က ပိုက်ဆံရှိ ရင် ပြီးရော ၊ အသက်ကြီးကြီး ယောက်ျားတွေ ကို ရွေးချင်ကြတယ် ။ ဘာ နဲ့ တူသလဲ သိလား ။

“ လက် ထဲ မှာတော့ နာရီအကောင်းစားကြီး ဝတ်ထားတယ် ၊ ဒါပေမဲ့ ထုတ် မကြွားရဲဘူး ၊ ဘယ်နှခုနှစ်ထုတ် လဲ အမေး ခံရမှာ စိုး လို့ ၊ အကောင်းစား ပေမဲ့ ဖွက် ထားရတယ် ”

ဆိုပါတော့ ။ ကျွန်တော်တို့ ရဲ့ ဘဝ တွေ ဟာ ထူးပြီး ကောင်းမွန် နေ ဖို့ မလိုပါဘူး ။ ကိုယ် နဲ့ သင့်တော်ရာလေး ရ ရင်ပဲ ကျေနပ်ရမှာပါ ။ တချို့မိန်းကလေးတွေ က အမြင့်ဆုံး ကို မျှော်လင့်ချင်တယ် ။ ဒါကြောင့် ငွေ တော့ ချမ်းသာပါရဲ့ ။

ဒါပေမဲ့ ဖောက်ပြန်တတ်တဲ့ ယောက်ျား ကို ရွေးချယ်မိတယ် ။ ပြီးတော့ ကျိန်တွယ် ခိုင်းတယ် ။

“ ဒီနေ့ က စပြီး တစ်ယောက် တည်း ကို ပဲ သစ္စာ ရှိပါ့မယ် ” ပေါ့ ။

ဟိုက လည်း လူကြား ကောင်းအောင် ကျိန်ရှာတယ် ။

“ ဒီ တစ်ယောက် တည်း ကို ပဲ စွဲစွဲမြဲမြဲ ချစ်ပါ့မယ် ”

ကျိန်ပြီးတော့ အချိုး ပြောင်းသလား ။ အရင် အတိုင်းပဲ ။ ဆီးတောင် ပို ရွှင်သွားသေး ။

“ သစ္စာ မရှိ သူ ကို သစ္စာ ရေ တိုက် လည်း ဆီးရွှင်သွားရုံ အပြင် ဘာမှ ဖြစ် မလာပါဘူး ”

ဒါကြောင့် ကျွန်တော် ပြောတာ  အဝတ်အစား တောင် ကိုယ် နဲ့ လိုက် ဖက်တာ ကို ပဲ ဝတ်ဆင်ပါ ။ သိပ် ကောင်းစရာ မလိုပါဘူး ။ ဒီ အဝတ်အစား က ကိုယ့် အတွက် smart ( စမတ် ) ဖြစ် ရင် ရပါပြီ ။

ရွှေခြည်တွေ တစ်ထည် လုံး ထိုးထားပေမဲ့ အတွင်းသား ပေါ် နေရင် ကောင်း နိုင်ပါ့မလား ။

လူ က တော့ လှ ပါရဲ့ ။ ဂုံနီအိတ်စုတ်ကြီး ခြုံ ထားရင်ရော သင့်တော်ပါ့မလား ။ ဒါကြောင့် ကိုယ် နဲ့ သင့်တော်တာ ကို သာ ရွေးချယ်ပါ ။

ကိုယ် က ဘုရား တက် မယ် ဆို ရင် သူ က ဖိနပ် ကိုင် ပေးမယ့် သူမျိုး ကို ရှာပါ ။ မတော်တဆ ကိုယ် က ရန် ဖြစ်ခဲ့မယ် ဆိုရင် တောင် ကိုယ့် ကို ဒိုင်း သဖွယ် ကာကွယ်ပေးမယ့် သူ ကို ပဲ သတိ ရပါ ။ ဒီလို မှ မဟုတ်ဘဲ ကိုယ် က “ ဘုရား တက်မယ် ” ဆိုတာ နဲ့ သူ က

“ သွားလေ ၊ ဘီယာဆိုင် က စောင့်နေမယ် ”

ဆိုတာမျိုးတွေ ကိုယ် က မတော်တဆ ရန်ဖြစ် မိရင် တောင် ကိုယ့် ကို မကာကွယ်ဘဲ

“ နင် ကို က မှားတာ ”

ဆိုတဲ့ လူမျိုး နဲ့ ဆိုရင် ရေရှည် မှာ ဖြစ်နိုင်ပါ့မလား ။

လက်ထပ်လက်စွပ် ဝတ်မယ့် လက် ဟာ အမြဲ ကျွတ်ကျနိုင်ခြေ ရှိတဲ့ လက်စွပ်မျိုး ကို ရွေးချယ်မှာလား ။ လှုပ်မရ ဖြုတ်မရ နဲ့ ကိုယ့် ကို တစ်သက်လုံး ဒုက္ခ ပေးနေတဲ့ လက်စွပ် ကျပ်ကျပ်ကြီး ကို ရွေးချယ် ချင်တာလား ။ ဒါမှမဟုတ် ကိုယ့် လက် ‌ထဲ မှာ လဲ အလိုက် သင့် ရှိပြီး ကိုယ့် ကို ဂုဏ်တက် စေမယ့် လက်ထပ်လက်စွပ် လှလှလေး ကို လိုချင်တာလား ။

ရွေးချယ်နိုင်ကြပါစေ ။

◾အကြည်တော်

#လူပျိုအပျိုဖတ်စာ

#ကိုအောင်နိုင်ဦး

.

သစ်သီး တစ်ခြမ်း


 

❝ သစ်သီး တစ်ခြမ်း ❞

နေရောင် က တရှိန်ရှိန်လောင်မြိုက် နေသည် ။ ချွေးစေး တဖြိုက်ဖြိုက် ကျလျက် တစ်ကိုယ်လုံး ခွန်အား တို့ ဆုတ်ယုတ် ခဲ့ရပြီ ။ ကြည့်လေလေရာ တံလျှပ်ရောင် တလက်လက် ထ နေ သည့် သဲပြင် ။

လေပူကြီး က ဝှေ့ လာပြန်သည် ။ သဲများ ဝှေ့ရမ်း တိုက်ခတ် သွားသည် ။ မျက်လုံးများ ကို မှိတ် လိုက်ပြီး လက်အစုံ နှင့် ကွယ် ထားလိုက်သည့် တိုင် သဲများ က မျက်လုံး ၏ ထောင့်များ ထိ ကပ်၍ ကျန်ရစ်ခဲ့သည် ။ မျက်နှာတစ်ခု လုံး စပ်ဖျဉ်းဖျဉ်း ။

ချွေးတို့ သည် သဲ နှင့် လူးနေ၏ ။ ပါးစပ် ထဲ မှာ လည်း သဲ နှင့် ရှပ်ရှပ် ။ အဝေး ကို လှမ်းမျှော် ကြည့် လိုက် လျှင် နေရောင် က စူးရှလွန်း သဖြင့် မျက်စိများ ပြာဝေ သွား ရသည် ။ သဲရောင် တပြောင်ပြောင် တလက်လက် ။ တံလျှပ်ရောင် လက်လက် ထနေသည် ။ မှိုင်းညို့ညို့ အရိပ်များ က တော့ မျက်စိ သူငယ်အိမ် ထဲ က အရိပ်တွေ ပဲလား ။ အမြင် အာရုံတွေပင် ဝေဝါး လာခဲ့ပြီ ။ ခွန်အား ရှိသမျှ သုံး ပြီး တစ်ကုန်း ပြီး တစ်ကုန်း ကျော်ဖြတ် ခဲ့ရသည် ။ ကျယ်ပြော လွန်းလှသည့် ကန္တာရ ထဲ က မလွတ်နိုင်သေး ။

အပူဒဏ် နှင့် အတူ ဆာလောင်ခြင်း သာ မက ရေ ငတ်ခြင်း က ပါ ဖိစီး လာခဲ့ပြီ ။ ရေဘူး ကိုကြည့် လိုက်တော့ လည်း အာစွတ် ရုံ မျှ အနိုင်နိုင် ။ ရေတွေ လည်း ခြောက်သွေ့ အငွေ့ ပျံ ကုန်လေသလား ။ သူ အာစွတ်ရုံ ... အာစွတ်ရုံ နှင့် တစ်ငုံ ပြီး တစ်ငုံ သောက် ခဲ့ရင်း ပဲ ကုန်ခဲ့ရသလား မမှတ်မိ ။

ခြေထောက် တွေ က တရွတ်ဆွဲနေခဲ့ပြီ ။ နားစရာ ၊ ခိုစရာ မရှိပါ ။ ခန္ဓာကိုယ် တစ်ခုလုံး လည်း မီး ဟုန်းဟုန်း တောက် မျှ ပူလောင် နေခဲ့ပါပြီ ။

ကန်ရေ ကြည်ကြည်အေးအေး ထဲ မှာ သာ ကျွဲ တစ်ကောင် လို တစ်ကိုယ် လုံး နှစ် ၍ စိမ် ပစ် လိုက်ချင်မိသည် ။ ပြီးတော့ ရေ တွေ တဝကြီး သောက် ပစ် လိုက် ချင်မိသည် ။

သည်ခရီး ကို ဘယ်လို စ ခဲ့ပြီး ဘာကြောင့် သည်လို ဆက် လျှောက် နေရသလဲ ဆိုတာကိုပင် မသိလောက် အောင် အာရုံတို့ က ထုံထိုင်း နေခဲ့ပြီ ။

ခရီးဆုံး ကို ရောက်ကော ရောက်နိုင် ပါဦးမလား ။ သဲကုန်း တစ်ခု ကို လွန်လျှင် နောက်ထပ် တစ်ကုန်း ၊ ကုန်းတွေ ကို ကျော် … ကျော် … နောက်ထပ် သဲတောင်ကုန်း များ က စောင့် လျက် ။

လဲပြို ကျ လိုက် ။ ကုန်းရုန်း ထလိုက် ။ ခုလည်း လဲပြို လုလု ။

ဟိုတုန်းက တော့ သည် နေရာတွေ မှာ စိမ်းစိုသော တောအုပ်တွေ ရှိခဲ့ဖူးသည် ထင်သည် ။ သိပ်သည်းသော မြိုင်ကြီး ရဂုံ ဖြစ်ခဲ့ဖူး၏ ။ နေညို လျှင် ဒေါင်းငှက် တို့ တွန်သံ ကို ကြား ရ တတ် သလို ဘုတ်ငှက် တို့ အီသံ ကို လည်း ကြားဖူးသည် ထင်သည် ။ ခုတော့ ပကတိ သဲတောင်ကုန်းများ ချည်း ဆက်တိုက် ဖြတ်သန်း လာ နေရသည် ။ သဲတွေ က ခြေ ကို တုံ့ဆွဲ နေကြသည် ။ စိမ်းသော ယာများ ၊ ချောင်းများ ကို စွန့်ခွာ ခဲ့ရသည်က ကျွဲအုပ် ၊ နွားအုပ်များပမာ မောင်း ထုတ် ခံခဲ့ရပုံများ ကို ရေးရေး သာ သတိ ရတော့၏ ။ ဟိုတုန်း က တော့ ရှေ့မှာ ဘေး မှာ အဖော် တွေ ပါ ခဲ့ကြသေးသည် ။

ပြေး … ပြေး ...

မိုင်းခွဲသံများ ဆက်တိုက်ပေါက်ကွဲသံများ အကြား မှ ပင် မမြင်နိုင်သော ဧရာမ အင်အားကြီး တစ်ခု က သူ တို့ လူအုပ်စု ကို အတင်း ပင် ပြေး အောင် တွန်းထိုး နေလေသည် ။ သူ့ လိုပင် ပြေးခဲ့ကြသူ တွေ ဘယ်ရောက် သွားပါလိမ့် ။ လဲကျ ၍ ပဲ ကျန်ရစ် ခဲ့လေသလား ။ သိုးအုပ် ၊ ဆိတ်အုပ် တွေ လို ကျွဲအုပ် ၊ နွားအုပ် တွေ လို တမောင်း တည်း မောင်းထုတ် ခံခဲ့ကြရသည် ။ သစ်ရိပ်ကလေး မျှ နားစရာ မရခဲ့ ။

ဘေး မှာ ရှေ့ မှာ နောက် မှာ အတူ ပါ လာကြသည့် အဖော်တွေ ကို မမြင်တွေ့ မိတော့ ။ လေပူကြီး အရှေ့ မှာ သဲပွင့်သဲမှုန်တွေ နှင့် အတူ လွင့်ပါ သွားခဲ့လေပြီလား ။ ကောင်းကင် ထက် က မည်းမည်း အရိပ်များ ကြောင့် လက် နှင့် မျက်လုံးတွေ ကို ကွယ်၍ ကြည့် မိသည် ။ မြေ ပေါ် သို့ ဝဲပျံ ဆင်းလာကြသည့် လင်းတများ ။

“ အား ”

သူ အော် လိုက်မိသည် ။

သဲတို့ က ခြေ ကို တုံ့ဆွဲ နေစဉ် မှာ ပင် ရှေ့သို့ အားသွန်၍ လျှောက်ဖို့ ကြိုးစား နေရသည် ။ လင်းတတွေ က သဲပူ ထဲ မှာ ခုန်ဆွ ခုန်ဆွ နှင့် သူ့ ကို စောင့်ကြည့် နေခဲ့ကြသည် ။ ခေါင်းလုံးလုံး ၊ အရုပ်ဆိုးဆိုး လင်းတတွေ က ဝဝဖြိုးဖြိုး ။

ခုတော့ သူ သည် သူ့ လမ်းဆုံး ဘယ် မှာ ဆို တာ ရိပ်စား မိ လာ ရသည် ။ သူ့ အဖော်တွေ ဘယ်မှာလဲ ။ ကျွဲအုပ် ၊ နွားအုပ်တွေ လို မောင်းနှင် ထုတ်ခံရ ၊ ပြေးလွှား ခဲ့ကြရပြီး သဲတောင်ကုန်းများ ပေါ် မှာ အားကုန် လဲကျမယ့် အချိန် ကို စောင့်ကြည့် နေကြသည့် လင်းတများ ။

အားလုံး ကို သူ နားလည် သွားရသည် ။

ဟား ဟား ဟား ဟား

လင်းတများ ကို ကြည့် ၍ အရူးတစ်ယောက် လို ရယ် လိုက် သည် ။ အသံ က ခြောက်သွေ့သွေ့ ခပ်အက်အက် ။ လက် ထဲ က ရေဘူး နှင့် အနီးဆုံး လင်းတ ကို လှမ်းပေါက် လိုက်သည် ။ လင်းတအုပ် ရှဲ သွားပြီး တစ်ကောင် ပြီး တစ်ကောင် မိုးပေါ် သို့ ပျံတက် သွားကြသည် ။ သူ့ မှာ တော့ အား လွန်ပြီး လဲကျ မလိုဖြစ် သွားရသည် ။ နောက်ထပ် ငို ဖို့ ဖြစ်ဖြစ် ၊ ရယ် ဖို့ ဖြစ်ဖြစ် အားအင် မရှိတော့ ။

ထိုစဉ်မှာ ပင် ချုံပင် တစ်ပင် ၏ အရိပ် ကို မျက်လုံး ထောင့် မှာ မြင်တွေ့ လိုက်မိသည် ။ ကိုယ့်မျက်စိ ကိုယ် မယုံချင် ။ သူ့ ကိုယ် သူ ပြန် စမ်း ကြည့်မိသည် ။ ပါးရိုး ငေါငေါ ။ ဖူးရောင်နေသည့် နှုတ်ခမ်းများ ။ ခပ်အန်းအန်း လက်ချောင်းများ ။ ဖူးရောင်ပေါက်ပြဲလျက် တရွတ်ဆွဲ နေသည့် ခြေထောက်များ ။ မသေ လို သေး ။ မသေချင်သေး ။ သူ့ အသွေးအသား တို့ ကို လင်းတ တို့ မစားစေရ ။

ရေ .. ရေ .. ရေ သာ ရှိမည် ဆိုလျှင် …

•••••   •••••   •••••

ရှားစောင်းပင် လို ချုံပင်စုစုကလေးများ ကို စ၍ တွေ့ ရသည် ။ ဆူးဖြင့် ကြမ်းရှရှ အပင်များ ။ အရွက်များ ကို ခူး၍ ဝါးမိသည် ။ လက် တို့ ရှလျက် သွေးဖြင့် နီရဲလျက် ။ ခါးသက်သက် ချွဲကျိကျိ အနှစ်သားများ ကို စား မိသည် ။ ထွီခနဲ ထွေး လိုက်မိသည် ။ အန်ချင် လာသည် ။

နေရောင် က ကျဆင်းစ ပြုလာသည် ။ လေရိုင်း တစ်ချက် ဝှေ့ လာသည် ။ နင်း ရ သည့် သဲများ ပင် နူးညံ့ လာသည် ထင် မိသည် ။ ကျောက်တုံး ကျောက်ဆောင်များ ကြား တွင် မြက်ပင်ရှည်များ ၊ တောပန်းနွယ်ပင်များ ကို တွေ့ လာ ရသည် ။

ရေ … ရေ … ရေ ... ရေ ဘယ်မှာပါလိမ့် ။

မြက်များ ကြား ၌ လဲလျောင်း ၍ ပင် နားချင် မိလာသည် ။ ပန်းရနံ့များ က တော့ စူးရှရှ ။ လျှောက်ရင်း လျှောက်ရင်း မြင့်မား တုတ်ခိုင်သော ဧရာမသစ်ပင်ကြီးများ ကို တွေ့ လာရသည် ။ နေရောင် ပြောက်တိပြောက်ကျား ကျ နေသည့် သစ်ရိပ်များ အောက် သို့ ရောက်လာ ခဲ့ရပြီ ။

တချို့ အပင်များ ပေါ် တွင် အရည် ရွမ်းမည့် ဟန် သစ်သီး တစ်လုံး တလေ တွေ့  ရသည် ။ ဘာပင်ရယ် လို့ တော့ သူ မသိပါ ။ အပင် အောက် မှာ ကြွေကျနေမည့် အသီး တစ်လုံး တလေ တွေ့ ရလေမလား ကြည့် သည် ။ မတွေ့ရ ။ တက် ခူး ဖို့ရာလည်း မဖြစ်နိုင် ။ အပင်များ က မြင့်လွန်း လှသည် ။ တံချူ လုပ်ဖို့ ရာ လည်း ဘာမှ မရှိပါ ။ ကြွေ ပဲ ကြွေ ကျ လာပါတော့ ။ အပင် ပေါ် က အနီရောင် မှည့်ဝင်း နေသည့် အသီး ကို မော့၍ ကြည့်ရင်း သွားရည် များပင် ကျ လာမိသည် ။ အစာ မစား ခဲ့ရသည် မှာ ဘယ်မျှ ကြာခဲ့ပြီလဲ ။

သစ်ပင် ကို မှီ ၍ နားရင်း မျက်လုံးများ ကို မှိတ်ထား လိုက် မိသည် ။ စိတ်ကူး ထဲ မှာတော့ အရည်ရွှမ်းရွှမ်း အသီး ကို တဂျွမ်းဂျွမ်း ကိုက်ဝါးနေမိသည် ။ ချို၍ အေး၍ လာရသည် ။ ပါးစောင် မှ အချိုရည်များ ပင် စီးကျလာသည် ထင် နေမိသည် ။

မျက်လုံး ကို ဖွင့် လိုက်တော့ အသီး က အပင် ပေါ် မှာ ။ တက် ဖို့ လည်း အား က မရှိ ။ ကြွေ ကျပါစေ လို့ ပဲ မျှော်လင့် ရ မည်လား ။ တုတ် တစ်ချောင်း ( သို့ ) သစ်ကိုင်းခြောက် တစ်ခု တလေ မှ လည်း ရှာ လို့ မတွေ့  ။

ထိုအခိုက် မှာ ပင် တခြား အပင်မှ ဖျတ်ခနဲ ကူးလာသည့် မျောက် လိုလို ၊ လူ လိုလို သတ္တဝါ တစ်ကောင် ကို သူ တွေ့ လိုက်ရသည် ။ ထိုသတ္တဝါ က အသီး ကို ခူး ယူ လိုက်ပြီ ။

ငါ့ အသီး ၊ ငါ့ အသီး မခူးပါနဲ့ ။ အသံ က ပီပီသသ မထွက် ။ သတ်နိုင် ဖြတ်နိုင်သည့် ခွန်အားသာ ကျန်နေသေး လျှင် အရုပ်ဆိုးဆိုး သတ္တဝါ လက် ထဲ မှ သစ်သီး ကို လု ယူ လိုက်ချင်သည် ။

“ ပေးပါ … ပေးပါ ၊ ငါ့ ကို ပေးပါ ”

လည်ချောင်း က အက်ကွဲနေသည် ။ သူ လဲကျ သွားခဲ့သည် ။ နား ထဲ မှာ အသံ တစ်သံ က နီး လိုက် ဝေးလိုက် ။

ခေါင်း ထဲ မှာ လည်း နောက်ကျိ နေသည် ။ မျက်လုံး တွေ ကို အားယူ ဖွင့် လိုက်တော့ ကြောက်မက် ဖွယ်ရာ မျက်နှာကြီး ကို မြင်တွေ့ လိုက်ရ၍ ထိတ်လန့် သွားမိသည် ။ အသားတွေ တဆတ်ဆတ် တုန်လာသည် ။ တစ္ဆေ တစ်ကောင် ၏ ဖမ်းဆီးခြင်း ကို ခံ ရလေပြီလား ။ ဒါမှ မဟုတ် သူ သေသွားပြီလား ။ တစ္ဆေကောင် ၏ မျက်နှာ က ပွဖောင်းဖောင်းအန်းအန်း ၊ အရေပြားတွေ က အဖတ် အဖတ် ကွာ ကျ နေခဲ့သည် ။ ခေါင်း ပေါ်  မှာ လည်း အမွှေးအမှင် မရှိ ။ ငယ်ထိပ် က ဖုဖောင်းဖောင်း ။ လက် တွေ က အပိန်းအပိန်း ထနေသည် ။ အရေပြား က သားရေ လို ပြောင်လျက် ညိုပြာပြာအရောင် သန်းနေသည် ။

ထို သတ္တဝါ ၏ လက် ထဲ မှာ စောစော က အသီး ကို စား လက်စ အခြေအနေ ဖြင့် တွေ့ ရသည် ။ လက်သည်း ရှည်များ ဖြင့် အတိ ပြီးသော လက် တစ်ဖက် ဖြင့် သစ်သီး ကို ဆုပ်ကိုင် ထားသည် ။ သူ တုန်လှုပ် သွားရသည် ။ အသီး နှင့် အတူ ရောပြီး သူ့ ကိုပါ စား ပစ် လိုက်မှဖြင့် ...

“ ဟေ့လူ ဟေ့လူ ”

ထို သတ္တဝါ က သူ့ ပခုံး ကို ပုတ်လိုက်သည် ။ လူ လို စကား ပြော တတ်သဖြင့် အံ့သြ သွားရသည် ။ လူး လဲ ထ ဖို့ ကြိုးစားသည် ။

“ ဒီ အသီး ကို စားချင် သလား ”

လက် ထဲ က အသီး ကို သူ့မျက်စိ ရှေ့ မှာ ဝှေ့ရမ်းပြသည် ။ သူ က လု ယူ ဖို့ ပြင်တော့ ထို သတ္တဝါ က တွန်းဖယ် ပစ်သည် ။ ထို သူ ၏ သန်မာသော အင်အားကြောင့် သူ မလှုပ်နိုင်ဘဲ ငေးစိုက် ကြည့် နေရသည် ။

“ အဲဒီ အသီး ကို စားရင် မင်း လည်း ငါ့ လို ပဲ အရုပ် ဆိုးဆိုး ကြီး ဖြစ် သွားမယ် ။ စားချင်သလား ”

“ အင်း စားမယ် ၊ စားချင်တယ် ”

သူ က သွားရည် ကျလုမတတ် လု ယူ ချင်လောက်အောင် တပ်မက်သော မျက်လုံး အစုံ ဖြင့် အသီး ကို ကြည့်နေသည် ။ စားချင် စိတ် ကြောင့် ကြောက်လန့်မှု ကို ပင် မေ့ သွားသည် ။

“ မစားနဲ့ … မစားနဲ့ … မစားချင်နဲ့ ”

ထို အရုပ်ဆိုးဆိုး တစ္ဆေသရဲ ၏ မျက်လုံးများ ထဲ မှ မျက်ရည်များ စီးကျ လာသည် ။

“ ငါ လည်း မင်း လို ပဲ ဟိုက သဲကုန်းတွေ ကို ဖြတ် ပြီး ဒီ တောအုပ် ထဲ ရောက် စ က ဘာမသိ ညာမသိ ဝမ်းသာအားရ နဲ့ ခူးပြီး စားခဲ့ကြ လို့ … ခုလို ”

သူ စဉ်းစား တွေးတောနိုင်စွမ်း ပျောက်လုလု ဖြစ်ခဲ့ပြီ မို့ ရုတ်တရက် နားမလည်လိုက် ။

“ အဆိပ်သီး ကွ ၊ အဆိပ်သီး ”

ပုံပျက်ပန်းပျက် သတ္တဝါ က ကုန်းအော် ပြောလိုက်သည် ။ သူ က စဉ်းစား မနေဘဲ ...

“ စားမယ် ၊ ပေး - ပေး ”

ထို သတ္တဝါ က အသီး ကို လှမ်း မပေး သေးဘဲ သူ့ ကို ကြင်နာစွာ တွဲ ထူ လိုက်သည် ။ ထို သူ က သန်မာ လှသည် ။

“ အခု မင်း သိပ် ငတ်နေလို့ပါ ၊ စား ပြီး မှ ငါ့ လို ဖြစ် သွားရင် ငါ့ကို ရန် လုပ်မှာ စိုးရတယ် ။ မင်း ကို စမ်းချောင်း ထိပ် ကို ခေါ် သွားမယ် ၊ အဲဒီမှာ ခဏ နား ၊ ရေ သောက် ပြီးရင် စား မစား ဆုံးဖြတ်ပေါ့ကွာ ၊ ရေ သောက် ပြီး ရင် မင်း မျက်နှာ လည်း ပုံ မပျက်သေးခင် နောက်ဆုံး မြင် လို့ ရတာပေါ့ ”

ထို သူ ၏ ကရုဏာ သံ ကြောင့် ကြောက်ရွံ့စိတ်များ လျော့ပါး သွားရသည် ။ သို့သော် တစ်နေရာရာ ကို ခေါ် သွားပြီး သူ့ ကို များ သတ်စားလိုက်လေမလား ။

ငါး တစ်ကောင် လို တံစို့ မှာ ကင်ထားမည့် သူ့ ရုပ်ပုံ သူ တွေးမြင် ကြည့်လိုက်မိတော့ ထို သတ္တဝါ လက် က ရုန်း လိုက်သည် ။

ရုန်း ၍ မရ ။ သတ္တဝါ က သူ့ ကိုချုပ်ကိုင်ပြီး ခေါ် လာခဲ့သည် ။ ကျောက်တုံးများ ကို ဖြတ် ၍ ရေစီးသံ ကြား ရသည် ။ ရေစီး သံ က သူ ၏ သွေးကြောများကို လှုပ်နိုး လိုက် သလိုပင်

“ ရေ … ရေ ”

အသီး ကို မေ့လျက် ၊ ရေ ရှိရာ သို့ ခြေလှမ်းများ က ထို သတ္တဝါ ဦးဆောင်မှု နောက် မှာ အလိုက်သင့် ပါလာသည် ။ စမ်းချောင်း အစပ် မှာ သူ့ ကို ညင်သာစွာ လွှတ်ပေး လိုက်သည် ။

“ ကဲ သောက်ချင် သလောက် သောက် ။ ပြီး ရင် မင်း မျက်နှာ ကို လည်း မင်း မှတ်မိအောင် ကြည့် ထားလိုက်ဦး ”

ရေ ကို အငမ်းမရ သောက် လိုက်မိသည် ။ သီး သွား သဖြင့် ခေါင်း တွေ ပူထူ သွားရသည် ။ ဗိုက် ထဲ မှာ ရေ ဖြင့် ပြည့် သွားသည့် တိုင် ၊ ရေ ၏ အေးသည့် အရာ ၊ ချို သည့် အရာ ကို စွဲလမ်း နေမိသည် ။ ရေ ထဲ မှာ သူ့ မျက်နှာ ကို ကြည့်ဖို့ တော့ သတိ မရ ။ သူ့ ဘေး မှာ ထိုင် နေသည့် သတ္တဝါ က

“ စမ်းချောင်း က ဒီ အပိုင်း အထိ အကောင်း ကွ ၊ တောအုပ် ထဲ က ဖြတ်သွားတဲ့ အပိုင်းကျ ရေ က ပါ အဆိပ် သင့် သွားပြီး အဆိပ်သီးတွေ က အမြဲ ကြွေကျ နေတာကိုး ၊ ဘယ်လို အဆိပ် ဖြစ်သွား လဲ တော့ မသိဘူးပေါ့ ကွာ ။ ပထမ တော့ လူတွေ စိုက်ထား ပျိုးထားခဲ့ကြပုံ ရ ပါတယ် ။ ငါတို့ ကို တော့ သတိ ပေး မယ့် သူ မရှိခဲ့ဘူး ပေါ့ ကွာ ၊ ငတ်ငတ် နဲ့ တွယ် လိုက်ကြတာ အရေပြားတွေ အလွှား လွှား ကွာ ကျကုန်တာပဲ ”

သူ က ခေါင်း ကို ပါ ရေ ထဲ စိမ်ထား လိုက်မိသည် ။ ရေစီး အား က သန်လှသည် ။ ထို သူ သာ လက် တစ်ဖက် ဖြင့် ထိန်း ထား မပေးလျှင် ရေစီး ထဲ သို့ ပါလု မတတ် ။ ဆံပင်တွေ က ရေ နှင့် ရွှဲလျက် ။ တခိုက်ခိုက် တုန် လာသည် ။ ခေါင်း ကို ရေ ထဲ မှ ထုတ် လိုက်ပြီး ၊ မျက်နှာ မှ ရေတွေ ကို လက် နှင့် သပ်မိသည် ။

ဘုရား …. ! ! ဘုရား ... ! !

အရေပြားတွေ အလွှာလွှာ ကွာကျ လျက် ဖောသွပ် နီရဲ နေ သည့် မျက်နှာ နှင့် ခြေထောက်တိုတို ၊ ပုကွကွ သတ္တဝါ က သူ့ ကို ဘာလို့ ကရုဏာ စကားတွေ ပြောနေ ပါလိမ့် ။ သူ ဘာတွေ ပြော နေသလဲ ။ တစ်ပိုင်း စီ ၊ တစ်စ စီ ဆက်စပ် စဉ်းစားနေရသည် ။ ဗိုက် ထဲ မှာ ရေ ဖြင့် ပြည့်လျက် ။ ရေ သောက်လိုက်ရသဖြင့် အား ရှိသလို ခံစား ရသည် ။ မျက်လုံး များ ပြန်၍ ကြည်လင် လာသည် ။

“ ရော့ စား ”

ထို သတ္တဝါ က သူ့ လက် ထဲ က စားလက်စ သစ်သီး ‌ကို လှမ်း ပေးသည် ။ ထို သတ္တဝါ ၏ တစ္ဆေသရဲ ပမာ ရုပ်ဆိုး လှသည့် ပုံပျက်ပန်းပျက် ပုံသဏ္ဌာန် ကို ကြည့်ရင်း သူ လက် တွန့်သွားသည် ။ သစ်သီးက ချိုမြိန် မည့် အရသာ ။ မှည့်ဝင်းလျက် ။

“ ယူလေ ... စားလေ ၊ ဟား ဟား ဟား ဟား ”

ထို သတ္တဝါ က သူ တွန့် နေသည်ကို ကြည့်ရင်း ရယ်လေသည် ။

“ ရုပ်ဆိုးတယ် ဆိုတာ ကိုယ့် ကိုယ် ကိုယ် ပြန် မြင် ရတာ မှတ်လို့ ။ မင်း ကိုယ် မင်း စမ်းချောင်း ထဲ မှာ ပြန် မကြည့် ဖြစ်ရင် အိုကေ ပါတယ်ကွ ။ စား စမ်းပါ ။ ငါ တို့ ဘော်ဒါ တိုး တာပေါ့ ။ ငါ မပြောရင် မင်း အဆိပ်သီး မှန်း မသိဘဲ စား ပြီးလောက်ပြီ ပဲ ”

သူ မဖြေနိုင် ။ စား တော့ စား ချင်သည် ။ သည်နေရာ မှာ စားစရာ က သည် အသီး တစ်မျိုးတည်း ဆိုရင်ကော ၊ သူ က စဉ်းစားပြီး ပြန် ဖြေသည် ။

“ ရွေးစရာ မရှိ ရင်တော့ စား ရမှာပေါ့ဗျာ ။ ဘယ်တတ် နိုင်ပါ့မလဲ ။ ခင်ဗျား တို့ တောင် စား သေးတာပဲ ”

ထို တစ္ဆေသရဲ လို လူ က ခွက်ထိုးခွက်လန် ရယ်တော့ သည် ။ ပြီးမှ

“ မင်း ကို မြင် တော့ ငါ မေ့လျော့ နေ တဲ့ လူ စိတ် ဆိုတာ ကြီး ခေါင်း ထဲ ဝင် လာလို့ ကွ ၊ မစား နဲ့ လို့ ပြော မိသွားတာ ၊ တို့ က တော့ သေမထူး နေမထူးပါပဲကွာ ၊ ဟော သစ်သီး က လည်း ချိုသကွ ”

သစ်သီး ကို တဂျွမ်းဂျွမ်း ကိုက်ပြ လိုက်သည် ။ သူ့ မျက်နှာကြီး က ပို၍ နီရဲလာသယောင် ။

“ ဘယ်လိုလဲ ၊ စားမလား ၊ စဉ်းစားချင် လည်း စဉ်းစားဦး လေ ၊ ဟိုဘက် တောစပ် မှာ သူတို့ ကိုယ် သူတို့ သူတော်စင် လို့ ထင် နေတဲ့ ကောင်တွေ ရှိတယ် ။ အဲဒီ ကောင်တွေ က အဆိပ်သီး မစားဘဲ မြေကြီး ထဲ က သစ်ဥ သစ်ဖု ကို တူး ပြီး စားသတဲ့ ၊ ရုပ်တော့ ဆိုး မသွားဘူးပေါ့ ကွာ ။ ဒါပေမဲ့ ငတ်ပြတ် ပိန်လှီ နေတာပဲ ၊ မင်း လည်း အဲဒီ အဖော်တွေ နဲ့ ပေါင်း ချင်ရင် သွား ပေါ့ကွာ ၊ တို့ နဲ့ နေရင်တော့ သစ်သီး နဲ့ ရေ က အဆင်သင့် ရ နေမှာပဲ ၊ သစ်ဥ သစ်ဖု တူး စား ဖို့ရော မင်း မှာ အား ရှိ သေးရဲ့လား ”

သူ ပြန် မပြောနိုင် ။ စမ်းချောင်းဘေး မှာ မှောင်၍ အေး နေသည် ။ လေရိုင်း တိုက် သဖြင့် ဧရာမ သစ်ပင်ကြီးများ ၏ သစ်ကိုင်းများ ကို လေတိုးသံ ကြား ရသည် ။ စမ်းချောင်း ထိပ် ရှိ အပင်များ မှာတော့ စောစော က သူ တွေ့ခဲ့သည့် တောအုပ် ထဲ က အပင်မျိုး ကို မတွေ့ရ ။ စိမ်းမှောင် အုံ့ဆိုင်း နေ ပုံ ၊ လေရိုင်းတို့ ထန်ပြင်း နေ ပုံ က ပင် ချောက်ချားစရာ ။ ငှက်သံ ဆူဆူ ကြားရသည် ။ လင်းတများ နှင့် ရင်ဆိုင် ခဲ့ ရ ပုံ ကို သတိ ရ လာသည် ။ သူ ဆက် မသွားနိုင် ။ မသွားချင်တော့ ။ ဧရာမ သစ်ပင်ကြီးများ ပေါ် တွင် ကန္တာရ ထဲ မှာ သူ တွေ့မြင် ခဲ့ရသည့် လင်းတငှက်တွေ အသိုက် လုပ် ပြီး နေကြ လေသလား ။ ချောက်ချားဖွယ် လှုပ်ရမ်း နေသည့် သစ်ကိုင်းများ ။

အရေပြားတွေ အဖတ်ဖတ် အလွှာလွှာ ကွာကျလျက် ဖောင်းပွပွ ၊ ဖောသွပ်သွပ် သတ္တဝါ က တော့ သူ စား လက်စ သစ်သီး ကို သူ့ ထံ သို့ လက်ကမ်း ပေး နေခဲ့သည် ။

◾ခင်မြဇင်

📖 စုံနံ့သာမဂ္ဂဇင်း
      ဇန်နဝါရီ ၊ ၂၀၁၄

#ကိုအောင်နိုင်ဦး

.