Saturday, November 26, 2022

မောင်သင်းခိုင်


 

❝ မောင်သင်းခိုင် ❞

( မြို့ပြသစ်ရွက် )

“ ကျွန်တော်တို့ မြန်မာစာပေလောက မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပြီးတဲ့အခါ ဆရာဒဂုန်တာရာ ၊ နောက် ဆရာတာရာ ပြီးတော့ ကိုသင်းခိုင် ပေါ့ ။ အဲသလိုများ ဆိုခဲ့ရင် ခင်ဗျား ဘယ်လို ယူဆမလဲ ”

ထိုစဉ်က ရှုပ်ထွေးနေသော ချည်ထုံးကြီး ၏ အစ ကို စပြီး ဆွဲထုတ်လိုက် သူ ၊ လောင်စာတွေ နှင့် အပြည့် ဖြစ်နေသော ယမ်းအိုးကြီး ၏ စနက်တံ ကို မီးတို့ ပေးလိုက် သူ ၊ အဖြေ ရှာရန် စော လွန်းသေးသည့် ပုစ္ဆာ တစ်ပုဒ် ကို မေးခွန်း ထုတ်လိုက် သူ မှာ ကျွန်တော်တို့ ၏ ကဗျာဆရာ မောင်အောင်ပွင့် ပဲ ဖြစ်ပါသည် ။

အချိန်မှာ ၁၉၈၉ ခုနှစ် ၏ နှစ်ဦးပိုင်းကာလများ တစ်ဝိုက် ဖြစ်ပြီး ဧရာဝတီတိုင်း ကို ကျော ခိုင်းခဲ့ကာ ရန်ကုန် ရှိ ကျွန်တော့် အိမ်ကလေး မှာ ဘဝခရီး တစ်ထောက် လာရောက် ခိုနား နေစဉ် ကာလများ အတွင်း ကိုအောင်ပွင့် က ကျွန်တော့် ကို ပြောခဲ့ခြင်း ဖြစ်ပါသည် ။

ထို စကား ကို ကျွန်တော် ကြားခွင့် ရခဲ့ခြင်းမှာလည်း ကိုအောင်ပွင့် နှင့် အနီးဆုံး လူ ဖြစ်နေ၍ အစောဆုံး ကြားခွင့် ရခဲ့ခြင်း ဟု ပင် ကျွန်တော် က မှတ်ထင် ယူဆ မိပါသည် ။ သည့် နောက်ပိုင်း မှာ တော့ ကိုဖြိုးထိန် ၊ ကိုသစ်စိုး ၊ နေစိမ့် စသည် စသည် ဖြင့် ။

စင်စစ် ကိုအောင်ပွင့် ၏ စကား က မေးခွန်း သက်သက် မဟုတ်ပါ ။ သူ ၏ ဆုံးဖြတ်ချက် လည်း မဟုတ်ပါ ။ ဖြစ်နိုင်လောက်သည့် အဆို တစ်ခု ကို အစမ်း တင်သွင်း ကြည့်သည့် သဘော ဟု ကျွန်တော် ထင် ပါသည် ။ ဆရာကြီးမှိုင်း ပြီးတဲ့ အခါ ဆရာဒဂုန်တာရာ ။ ဆရာဒဂုန်တာရာ ပြီးတဲ့ အခါ ကိုသင်းခိုင် ။ ကိုအောင်ပွင့် ၏ အမေး ကို ကျွန်တော် ဘယ်လို ပြန် ဖြေရမည် မသိတတ်နိုင်ဘဲ စိတ် ထဲ မှာ လေးလံ နောက်ကျိ၍ သွားသည် ။

မြန်မာစာပေလောက ၌ “ မောင်သင်းခိုင် ” ဟူသော ကဗျာဆရာ တစ်ယောက် အဖြစ် အခိုင်အမာ အထင်အရှား မှတ်တိုင် တစ်တိုင် စိုက်ထူ ထားပြီးသား ဖြစ်သည် ကို ကျွန်တော် မငြင်းနိုင်ပါ ။ ပြီးတော့ သူ သည် ကျွန်တော်တို့ ရှေ့ က လူ တစ်ယောက် ။ ကျွန်တော်တို့ ဘက် က လူ တစ်ယောက် ။ ကျွန်တော်တို့ ၏ ကဗျာနောင်တော်ကြီး ။

သူ နှင့် ကျွန်တော်တို့ ကြား ထဲ မှာ နွေးထွေး လေးနက်သော ပေါင်းသင်း ဆက်ဆံရေးတရား အခိုင်အမာပင် တည်ရှိခဲ့သည် ။ သူ ၏ ပုဂ္ဂလိက စွန့်လွှတ် စွန့်စားနိုင်မှုများ ကို လည်း ကျွန်တော်တို့ က အလေးအနက်ပင် အသိအမှတ် ပြု ထားပြီး ဖြစ်သည် ။

သို့သော် ဆရာကြီးမှိုင်း ၊ ဆရာဒဂုန်တာရာ စသည် တို့ နှင့် မျဉ်း တစ်ကြောင်း တည်း ထား ကာ ဆွဲချပစ်လိုက်ဖို့ ဆိုတာမျိုး က တော့ နည်းနည်းများ တွန့်ကွေး သွားလေမလား ဟု ကျွန်တော် စဉ်းစား မိသည် ။ ဒါကြောင့်လည်း ကိုအောင်ပွင့် က ထို စကား ကို ပြော လာသောအခါ ဘယ်လို အဖြေ ပြန်လည် ပေး ရမည် မသိ တတ်နိုင်ဘဲ ကျွန်တော့် နှုတ်ခမ်း တို့ တွန့်ဆုတ် နေခဲ့ခြင်း ဖြစ်ပါသည် ။ ဒါပေမဲ့ အချို့ အချို့သော စာပေမိတ်ဆွေများ က တော့ နှုတ်ခမ်း တုံ့နှေး မနေကြ ။ ခပ်သွက်သွက် ခပ်ပြတ်ပြတ် ဆိုသလိုပင် ပြန်လည် တုံ့ပြန် လိုက်ကြလေသည် ။

" ကျွန်တော်တို့ က တော့ ဒါကို လုံးဝ လက် မခံနိုင်ဘူးဗျာ ”

ဒါကတော့ ကဗျာဆရာ ကိုဖြိုးထိန် ၏ သဘောထား ပင် ဖြစ်သည် ။

“ ဒီမယ် ကိုအောင်ပွင့် ၊ ဒဂုန်တာရာ ပြီး ရင် ကိုသင်းခိုင် ဆိုတာ ကို ကျွန်တော် သဘော မတူရခြင်းရဲ့ အရေးကြီးဆုံး အချက် တစ်ချက် ကို ကျွန်တော် ပြော လိုက် မယ် ၊ အဲဒါ သိလား ၊ သူ့ ရဲ့ ပုဂ္ဂလိက နေထိုင်မှု စရိုက် ကြောင့် ပဲ ဗျာ ”

ဒါကတော့ လပွတ္တာမြို့ကလေး မှာ ကျူရှင် ပြ စားနေသည့် စက် မှုတက္ကသိုလ် တစ်ပိုင်း တစ်စ ကျောင်းသားဟောင်းကြီး ကိုစိုးမြင့် ( ခေါ် ) ကိုသစ်စိုး ၏ ရင်ဖွင့်ချက် ပဲ ဖြစ်ပါသည် ။

ဤသို့ ဤသို့ အများက ခပ်ကန်ကန် ငြင်းဆန် လာ လေသော အခါတွင် တော့ ဒဂုန်တာရာ ပြီးတော့ ဆရာကိုသင်းခိုင် ဆိုသော စကား ကို ကိုအောင်ပွင့် က တစ်စ တစ်စ ပြန်လည် ရုပ်သိမ်း သွား ခဲ့ပါတော့သည် ။

“ တကယ်တော့ဗျာ ၊ ကိုသင်းခိုင် ဘဝ ကို ကြည့် ၊ တကယ့် ကို ဟာလာဟင်းလင်းကြီး ၊ သူ့ မှာ ဘာ အကာအကွယ် မှ မရှိဘူး ၊ အဲဒါကြောင့်လည်း ခက် နေတာ ”

ကိုအောင်ပွင့် က တော့ နောက်ဆုံး အချိန် အထိ သံယောဇဉ် လက်ကျန် တစ်စွန်းတစ်စ ဖြင့် သူ့ စကား ကို အနားသတ် နေ ဆဲ ဖြစ်ပါသည် ။ မှန်သည် ။ ဘဝ မှာ ဘာ အကာအကွယ် မှ မရှိဘဲ ဟာလာဟင်းလင်းကြီး ဖြစ် နေသော ကိုသင်းခိုင် ဆို သည့် အချက် ကတော့ တကယ့် ကို မှန်သော အချက် ဖြစ်ပါသည် ။

ကဗျာဆရာ မောင်သင်းခိုင် ဆို သည့် အချက် မှ လွဲပြီး သူ့ မှာ ဘာမျှ မရှိ ။ ရာထူးရာခံ အကာအကွယ် မရှိ ။ ဥစ္စာဓန လုပ်ငန်းကိုင်ငန်း အကာအကွယ် မရှိ ။ အစုအဝေး ဂိုဏ်းဂဏ အကာအကွယ် မရှိ ။ ဟန်တွေမာန်တွေ နှင့် အဟန့်အတား အကာအကွယ် မရှိ ။ ဟင်းလင်းကြီး ပွင့်နေသည့် သူ့ ဆီ ကို ဘယ်သူမဆို ဘာ အခက်အခဲ တစ်စုံတစ်ရာ မရှိဘဲ ရောက်ရှိ သွားနိုင် သလို သူ က လည်း ဘယ်သူ့ ဆီ ကို ဖြစ်ဖြစ် ဟင်းလင်းကြီး ဖွင့်ပြီး ဝင်ရောက် လာ တတ်သည် ။

တကယ်တော့ ၁၉၄ဝ ပြည့် နှစ် မှာ မွေးဖွား ခဲ့သော အစ်ကို တစ်ယောက် ခုဆို အသက် ၆၀ နီး ပြီ ။ ၁၉၅၆ ခုနှစ် က ပင် ကဗျာ စ ရေးခဲ့သည် ဆိုတော့ ကျွန်တော် မမွေးခင် က ပင် ကဗျာ ရေး ခဲ့သော ကဗျာဆရာကြီး တစ်ယောက် ။ သည်တော့ ကျွန်တော်တို့ က အစ်ကို့ ကို ဆရာ ဟု ခေါ် သင့်ကြသည် ။ ဒါပေမဲ့ ဆရာ ဟု ဘယ်လို မှ ခေါ်၍ မထွက် ။ အစ်ကို ၊ ဒါပဲ ဖြစ်သည် ။

ကိုအောင်ပွင့် က လည်း ကိုသင်းခိုင် ၊ ကိုညီညွတ် က လည်း ကိုသင်းခိုင် ၊ အောင်ဘညို က လည်း ကိုသင်းခိုင် ။ အားလုံး က ကိုသင်းခိုင် ခဲ့ ကြသည်ပဲ ဖြစ်ပါသည် ။ ဟာလာဟင်းလင်းကြီး ။

သူ့ ကို “ အစ်ကို ” ဟု ခေါ်လိုက်ဖို့ အရေး နှုတ်တွန့်လေး ကွေး သွားစေမည့် အဆီးအတားများ အဖြစ် ရာထူးရာခံ ဥစ္စာငွေကြေး အစုအဖွဲ့ ဟန် တစ်လုံး ပန် တစ်လုံး ဘာဆို ဘာမျှ သူ့မှာ မရှိ ။ တကယ့် ကို ဟာလာဟင်းလင်းကြီး ။

တစ်ခါ တစ်ခါ တော့ လည်း အဲသလို ဟာလာဟင်းလင်း လွတ်လွတ်ခါခါကြီး နေ တတ်သည့် စရိုက်ကြောင့် များ အစ်ကို့ အပေါ် မှာ ထိုက်တန် သလောက် နေရာ မထားကြလေရော့သလား ဟု စဉ်းစားချင်စရာ ဖြစ် လာပေသည် ။

ကတ္တီပါ ညှပ်ဖိနပ် တစ်ရန် ကို သပ်သပ်ရပ်ရပ် ဝတ် ထားရမည် ။ ချည်လုံချည် ၊ ချည်အင်္ကျီ နှင့် တိုက်ပုံအင်္ကျီ အသင့်အတင့် ကို လည်း ဝတ်ဆင် ထားရမည် ။ လမ်းလျှောက် သော အခါ နှေးနှေးလေးလေး ။ စကား ပြော သော အခါ တမင် ရွေးချယ် ထားသည့် စကားလုံး အလှအပလေးများ ဖြင့် ဖြည်းဖြည်းဆေးဆေး ။ မျက်လုံးများ က ထာဝရ ငေး ရီ ကွဲကြေလျက် ။

ဤသို့ ဤသို့ သော သရုပ်သကန် များ ဖြင့် ပြည့်စုံ နေသူ တို့ မှ ကဗျာဆရာ ဟု ဆိုခဲ့ လျှင် တော့ ကျွန်တော်တို့ ကိုသင်းခိုင် ကို ကဗျာဆရာ ဟု ခေါ်ရန် ခက် ပါလိမ့်မည် ။

ဟိုး ၁၉၈၀ ပြည့် နှစ် လွန်စ ၅၅ လမ်း အရက်ဆိုင်တွေ ခေတ် ကောင်းစဉ် ကာလ မှ စ ကာ ယနေ့ အထိ အစ်ကို့ ကို ကျွန်တော် တွေ့ဖူး သမျှ မှာ တစ်ပုံစံ တည်း ။ ကိုသင်းခိုင် က အရပ် အနည်းငယ် ပုပျပ်သည် ။ ထို့ကြောင့် ဂျင်းဘောင်းဘီ ခပ်ပွပွ မှာ သူနှင့် ရှည် နေရာ အောက် မှ ဖြတ် ဝတ်ချင် ဖြတ် ဝတ် ထားတတ်ပြီး ခေါက် ချင် လည်း ခေါက် ဝတ်ထား တတ်သည် ။ အတန်ငယ် နွမ်းနေသည့် Walking Shoes ဂျင်းဂျာကင် အရောင်လွင့်လွင့် ။ ကြိုးညနှင့် သိုင်း ထားသည့် ပါဝါ မျက်မှန် တစ်လက် ။ ကျောပိုးအိတ် တစ်လုံး ။ ဒါပဲ ဖြစ်ပါသည် ။

ကိုသင်းခိုင် က ထာဝရ လွယ် ထားတတ်သော သူ ၏ ကျောပိုးအိတ် ထဲ ၌ သူ့ ဘဝ တစ်ခုလုံး ကို ထိုးသိပ် ချိုးခေါက် ကာ ထည့် ထားဟန် တူသည် ။ အဝတ်အစား တစ်စုံ နှစ်စုံ ။ ကဗျာ စာအုပ် တစ်အုပ်စ  နှစ်အုပ်စ ။ ပလတ်စတစ် ဖြင့် ပတ်ဘထားသည့် မှတ်ပုံတင် ။ စာမူစာရွက် အတိုအထွာများ ။ ယင်းသည် ပင် ကိုသင်းခိုင် ၏ “ သေ ” နေသော ဟန် ဖြစ် လေသည် ။ မိုးရွာရွာ နေပူပူ ဘယ်တော့ မှ မပြောင်းလဲ စတမ်း ။

“ ဟေ့လူ ... ကိုသင်းခိုင် ပုဆိုး နဲ့ နေတာ ကို ခင်ဗျား တွေ့ဖူး လား ဗျ ။ သူ ဘယ်တုန်း လောက် က ဘောင်းဘီ စ ဝတ်တယ် ထင်လဲ ”

တစ်ခါတော့ ကိုသင်းခိုင် နှင့် အလွန် ရင်းနှီးသော ကဗျာဆရာ တစ်ယောက် ကို ကျွန်တော် က မေး ကြည့်မိသည် ။ ဤတွင် ထို ကဗျာဆရာ တွေ သွားသည် ။

" အင်း ... ကျွန်တော် စ သိ ကတည်း က ဘောင်းဘီ နဲ့ ပဲ ဗျ ”

မှန်ပါသည် ၊ အစ်ကို နဲ့ ကျွန်တော် သိကျွမ်းခင်မင်ခဲ့တာ အနှစ်၂၀ ပြည့် တော့မည် ။ တစ်ခါမှ ပုဆိုး နှင့် မတွေ့ဖူးဘူး ၊ ညှပ်ဖိနပ် နှင့် မတွေ့ဖူးဘူး ။ တိုက်ပုံအင်္ကျီ နှင့် မတွေ့ဖူးဘူး ။ လွယ်အိတ် နှင့် မတွေ့ဖူးဘူး ။ Princess and Photographer ရုပ်ရှင်ကား ထဲ က ဂျပန်မင်းသားများ လို ဆံပင်များ ဖွားခနဲ ဖွားခနဲ ဖြစ် လာအောင် လမ်း ကို ခပ်ခုန်ခုန် လျှောက် ၍ လာ တတ်မြဲ ။

ဘယ် လက်ဖက်ရည် ဝိုင်း ၊ ဘယ် အရက် ဝိုင်း ကို မဆို အကျွမ်းတဝင် ရှိပြီးသော ရယ်သံကြီးဘဖြင့် ရောက် လာ တတ်မြဲ ။ ဘယ်တော့မှ မပြိုလဲဟန် တူသော စိတ်ဓာတ် ဖြင့် အနုပညာလည်ဆံမွေးတွေ တဖွားဖွား ထောင် နေမြဲ ။

တစ်ခုသော နွေ ရက် မှာ တော့ ထုံးစံအတိုင်း ဂျင်းဂျာကင်ကြီး ၊ ဂျင်းဘောင်းဘီ ပွရောင်းရောင်း ၊ Walking Shoesများဖြင့် လေထန်ကုန်း သို့ ရောက် လာသော ကိုသင်းခိုင် ကို ကြည့်ကာ ကျွန်တော် က မေး မိသည် ။

“ အစ်ကို မအိုက်ဘူးလားဗျာ ”

“ အကျင့် ဖြစ်သွားပြီကွ မောင်သာချို့ ရ ၊ ငါ့ ညီ ရ ၊ အေး ... ဟားဟား ဟား ဟား ဟား ဟား ”

လိုဏ်ခေါင်း ထဲ မှ ပဲ့တင်ရိုက် ထွက် လာသော အသံမျိုး ဖြင့် ကိုသင်းခိုင် က လွတ်လွတ်လပ်လပ်ကြီး ပင် ရယ် ချ လိုက်ပြန်ပါလေသည် ။

••••••  ••••••  •••••

လွန်ခဲ့သော ဆယ်နှစ် မပြည့် တပြည့် ဝန်းကျင် ခန့် လောက် က ဟု ထင်ပါသည် ။ ကျွန်တော် တို့ မြန်မာစာပေလောက မှာ နဘေ နှင့် ပတ်သက်သည့် ဂယက်ကလေးတွေ အတန်အသင့် ရိုက်ခတ် လိုက်ပါသေးသည် ။ ထိုစဉ် က ယင်း နဘေ ကိစ္စ နှင့် ပတ်သက်၍ တိုက်ရိုက် ပတ်သက် သူ မှာ ကျွန်တော်တို့ ကိုခိုင်မာ ဖြစ် ပါသည် ။

ကိုခိုင်မာ သည် ထို တစ်လောက ဘယ်က ဘယ်လို မှော် ထသည် မသိ ။ ကဗျာ တိုင်း မှာ နဘေတွေ နှင့် သီးပြွတ် နေအောင် ရေး ပါလေတော့သည် ။ ကောင်းသည် လည်း ရှိ ၊ မကောင်းသည် လည်း ရှိ ၊ ကြိုက်သည်လည်း ရှိ ၊ မကြိုက်သည် လည်း ရှိ ပင် ဖြစ် ပါသည် ။ ကိုသင်းခိုင် က တော့ နဘေနှင့် ပတ်သက်၍ တူးတူးခါးခါးပင် မုန်း ဟန်တူသည် ။ ထို့ကြောင့် လည်း “ နဘေ ဟာ အဟောင်း လား အသစ် လား ” ဆိုသော ဆောင်းပါး ဖြင့် ကိုခိုင်မာ ကို ထိုးနှက် လိုက်ပါသည် ။

ကျွန်တော့် သဘော က တော့ ကောင်းသော နဘေ ဆိုလျှင် မပစ်ပယ်လိုလှ ။ ဇွတ် နဘေ က တော့ စကား ထဲ ပင် ထည့်သွင်း ဆွေးနွေးစရာ မလို ။ ဒါပေမဲ့ အစ်ကို က တော့ နဘေဆို မုန်း မှ မုန်း ။ ဘာ နဘေ မှ အနုပညာအိမ်ရိပ် မနင်းရ ။ မဝင်ရ ။

“ စောဗုဒ္ဓဘုရား
ဟောနှုတ်ကာကြား
လောကုတ္တရာတရား
ဘောပုတ်ကာသွား ....
ဟားဟား ဟားဟား ဟားဟား
ညီလေး မောင်သာချိုလေး လုပ်ပါဦးကွ
မင်းကရတယ် ....
သွားခေါ အသုပ်မှာစား
ဟားဟား ဟားဟား ဟားဟား ”

လိုဏ်သံ ပါ နေသော အစ်ကို့ ရယ်သံ က ရန်ကုန် ၏ မူးယစ်ဝေသော နွေညများ ကို လှုပ်ခါ သွားစေလေသည် ။

°°°°°°  °°°°°°°  °°°°°°

မှတ်မိနေပါသေးသည် ။

၁၉၈၈ ခုနှစ် လွန်သောအခါ ကျွန်တော် တစ်ယောက် အမိ ရန်ကုန်တက္ကသိုလ် မှ ဝေးရာ ကို ပြေးခွာ ခဲ့ရပါသည် ။ ကျွန်တော် အညာ ကို မန္တလေးအမြန် နှင့် သွားမည့် ည က ရန်ကုန်ဘူတာကြီး ကို စာပေမိတ်ဆွေ တော်တော်များများ က လိုက် ပို့ကြသည် ။ သည်ထဲ မှာ ကိုသင်းခိုင် တစ်ယောက် လည်း ပါ ပါသည် ။ သည်တုန်း က အစ်ကို သည် ရန်ကုန်မြို့ပြ ကို သစ်ရွက်တစ်ရွက် နှယ် မုန်တိုင်း ဖြင့် လွင့်ပါ လာခဲ့ပြီး ဖြစ်သည် ။

ထို ည က ကိုသင်းခိုင် သည် ဘူတာရုံ သို့ တော်တော် နောက်ကျ မှ ရောက် လာခဲ့ပြီး သူ ရောက်လာတော့ ကျွန်တော် ရထား ပေါ် ရောက် နေခဲ့ပြီ ဖြစ်ပါသည် ။ ရထား က ထွက်လု ထွက်ဆဲ ။ ဘူတာစင်္ကြံ မှ ရထား ထွက်ရန် ငါးမိနစ် အလိုဘဟူသည့် စာတန်း က မှိတ်လိုက် လင်းလိုက် ။ ကိုသင်းခိုင် ကား သံဆန်ခါ တစ်ဖက် မှ နေ၍ ဂနာမငြိမ် ဖြစ် နေရင်း လှမ်း အော်ပြောလျက် ။

“ ဟေ့ .…… မောင်သာချို ညီလေး လုပ်ကွာ ဟေ့ တစ်လုံးဖိုးလောက် ပေးခဲ့ပါကွ မောင်သာချို ”

ဘီး စတင် လှိမ့် သွားနေစ ရထား ပေါ် မှ ဆင်းကာ သံဆန်ခါ ကြား မှ နေ၍ ပိုက်ဆံ ကို ထိုးထည့် ပေး လိုက်ပြီး ရထား ပေါ် သို့ ကျွန်တော် ခပ်သွက်သွက် ပြန် ပြေး တက် လိုက်ရပါသည် ။

သူ့ အသက် ၊ သူ့ အရွယ် ၊ သူ့ ဂုဏ် နှင့် မမျှလောက် အောင် ပင် ညီတွေ အပေါ် မှာ ဆိုးချင်လွန်းသော အစ်ကို့ ကို ကြည့် ပြီး ကျွန်တော့် စိတ် ထဲ မှာ တနင့်တပိုး ခံစား မိသည် ။

တကယ့် တကယ်တမ်း ဝန်ခံကြရကြေး ဟု ဆိုလျှင် ကျွန်တော်တို့ လည်း အသောက်အစား နှင့် ကင်းကင်းရှင်းရှင်းကြီး မဟုတ်လှပါ ။ ကိုယ့် စိတ်ကြိုက် လူ ၊ ကိုယ့် စိတ်ကြိုက် နေရာ ၊ ကိုယ့် စိတ်ကြိုက် အချိန် ဆိုလျှင် စကား ဝိုင်း ဖွဲ့မိတတ်မြဲ ဖြစ်ပါသည် ။ သို့သော် အစ်ကို ကိုသင်းခိုင် က တော့ တစ်မျိုး ။ လူ မရွေး ၊ အချိန် မရွေး ၊ နေရာ မရွေး ။ အမှတ်တရ နေ့ရက်တွေ က လည်း အစ်ကို့ မှာ ပြက္ခဒိန် နှစ် အပြည့် ။

“ ဟေ့ မောင်သာချို ၊ ဒီနေ့ ဝိုင်း ကြရအောင် ၊ ဒီနေ့ May 19th လေကွာ ၊ တို့ ရဲဘော် မောင်လေးအောင် ဆုံးတဲ့ နေ့ ကွ ”

“ ကြည့်စမ်း ၊ ဒီနေ့ July 17th  ပဲ ၊ ဒါ ကိုယဉ်မွန် ဆုံးတဲ့နေ့ ကွ ၊ ဆုံလိုက်ကြရအောင် ”

ဤသို့ ဤသို့နှယ် ဖြင့် တော်တော်ကြာ ကားလ်မာ့က်စ် မွေးနေ့ ၊ လီနင် ကွယ်လွန်သော နေ့ ၊ ပါဘလိုနီရှုဒါ မွေးနေ့ ၊ ဆရာကြီးမှိုင်း မွေးနေ့ ၊ သခင်မြသန်း ကွယ်လွန်သော နေ့ ၊ ဗန်းမော်တင်အောင် မွေးနေ့ ၊ ဟိုချီမင်း မွေးနေ့ ၊ ဥက္ကဋ္ဌကြီးမော် မွေးနေ့ ၊ သခင်သန်းထွန်း ကွယ်လွန်နေ့ ၊ ချေ‌ဂွေဗားရား တို့ ကျူးဘားကမ်းခြေ ကို တက်သော နေ့ ၊ ကဗျာဆရာ ရှယ်လီ ကွယ်လွန်သော နေ့ ။ မဆုံးနိုင် စတမ်းသော အမှတ်တရ နေ့ရက် များ ။ ကျွန်တော် က ဖြင့် ကိုသင်းခိုင် ၏ မှတ်မိနိုင်စွမ်း ကို သာ အံ့ဩ ငေးမော နေမိတော့သည် ။

သို့သော် တစ်ခု ကောင်းသည် က ဘယ်ဝိုင်း ကို ရောက်သွား ရောက်သွား အစ်ကို က တော့ ကဗျာအနုပညာ မှော် ဓာတ်များ ဖြင့် ပူးဝင် စီးကပ်လျက် ။ သူ ပြောလိုရာ ကို လွတ်လွတ်လပ်လပ်ကြီး ပြော ချလျက် ။ ကဗျာ တစ်ပုဒ် ကို ရင်ခေါင်းသံကြီး ဖြင့် ရွတ်ဆို နေလျက် ။

“ ညီလေး ၊ မင်း စဉ်းစားကြည့်စမ်းကွာ ၊ ကဗျာရေးတယ်တဲ့ … အပြာရောင်သမ်းနေတဲ့ တောင်တန်းများဆိုလား ၊ တောင်ပြာတန်းပေါ့ကွ ၊ ပြီးပြီပေါ့ ။

ဘယ့်နှယ် အပြာရောင်သမ်းနေတဲ့ တောင်တန်းများဆိုတော့ ခက် ခက်နေပါပြီ ၊ ဟား ဟား ဟား ဟား ဟား ဟား ”

ဤသို့ဖြင့် အစ်ကို က သူ့ ခေတ်ပြိုင် ကဗျာဆရာတစ်ဦး ၏ ကဗျာ ကို ခပ်စပ်စပ် ထိုးနှက် ဝေဖန်သည် ။

“ မောင်သာချို ၊ ငါ ကဗျာပေါင်းချုပ် တစ်အုပ် ရ ထားတယ်ကွ ၊ Austria က ကဗျာတစ်ပုဒ်များ လွှတ် လှတယ်ကွာ ၊ A tree တဲ့ ၊ လဲ နေတဲ့ သစ်ပင်ပေါ့ကွာ ၊ အင်္ဂလိပ် လို ခဏထား ၊ မြန်မာ လို ငါ ရွတ်ပြမယ် ။
လဲနေတဲ့ သစ်ပင်... သူ့အရွက်တွေက ရှင်သန်နေတုန်း … သူ့အသီးတွေက ရွှမ်းမှည့်နေတုန်း သူ့အကိုင်းပေါ်မှာ ငှက်တွေက နားနေတုန်း လဲနေတဲ့သစ်ပင် ... ဟားဟား ဟားဟား ဟားဟား လွှတ်လှတယ် ၊ ပိုလှတယ် ၊ မင်း ဆောင်းပါး ရေး သင့်တယ်ကွ ငါ့ညီ ၊ မင်း Scholar ကွ ”

အစ်ကို က နိုင်ငံရပ်ခြား ကဗျာတစ်ပုဒ် ကို လက်တန်း ဘာသာပြန်ပြီး ဌာန် နှင့် မာန် နှင့် ရွတ် ချ လိုက်ရာ ကျွန်တော့် တစ်ကိုယ် လုံး ဖြန်းခနဲ နွေး တက်သွားသည် ။

တစ်နေ့ မှာ တော့ ကျွန်တော်တို့ လူငယ် စာရေးဆရာ တစ်စု ကဗျာဆရာ နေစိမ့် ၏ အိမ် မှာ ဆုံ ကြရာ အစ်ကို ပါ ရောက် လာသည် ။ ကျွန်တော် ထိုဝိုင်း တွင် သူရဲကောင်း က ပထမ ၊ သဘောတရား က ဒုတိယ အဆို ကို တင်သွင်းမိသည် ။

ငယ်ရွယ်သူ တို့ သဘာဝ သူရဲကောင်းတွေ ကို အားကျ တတ်ကြကြောင်း ၊ ဂျိုဆေးရီဇော် ၊ ချေ‌ဂွေဗားရား ၊ ကတ်စထရို ၊ နော်မန်ဗက်သွန်း ၊ ငုယင်ဗန်ထရွိုင်း စသည် စသည် ဖြင့် စိတ်ဝင်စား မိကြရာမှ သူတို့ ၏ ခံယူချက် နှင့် သဘောတရား ကို ပါ လေးစား သွားမိကြကြောင်း ပြော မိရာ လူငယ်တစ်ယောက် က ခွ တိုက် ပါလေတော့သည် ။ သူရဲကောင်း ကိုးကွယ်မှု သည် အလကား ဖြစ် ပါကြောင်း ၊ ဤတွင် အစ်ကို တစ်ယောက် လည်ဆံမွေးများ ဖွားခနဲ ထောင် ထ လာပါတော့သည် ။

“ ဟေ့ကောင် ၊ မင်း ဘယ်မြို့ က လဲ ”

“ မအူပင် က ပါ ”

“ မင်း အဖေ ဘယ်သူလဲ "

“ လှကြည် ပါ ”

“ အေး .. လှကြည် ကို ငါ က ... ”

ဟု ဆိုကာ အစ်ကို က ဘာ ထင်ကြောင်း ပက်ပက်စက်စက် ဆဲ ချ လိုက်ပါတော့သည် ။

အစ်ကို စိတ်ဆိုး တော့ တစ်ဝိုင်းလုံး တိတ် ကျ သွားပါတော့သည် ။ အပြန် လမ်း မှာ တော့ ကျွန်တော် က ဖအေ နာမည် မေးပြီး ဆဲခြင်း ကို နား မလည်နိုင်ကြောင်း ပြော မိပါသည် ။

“ ဟ .. ငါ့ ညီ ရ ၊ ဖအေ လောက် ကို ဖမ်း ဆဲထားမှ သား က ငြိမ် မှာကွ ၊ မင်း နှယ် ခက် ခက်နေပြီ ၊ ဟားဟား ဟားဟား ဟားဟား ”

တစ်ရပ်ကွက် လုံး အိပ်မောကျနေသည့် ည ကို အစ်ကို့ ရယ်သံ က လှုပ်နှိုး ပစ်လိုက်ပေသည် ။

°°°°°°  °°°°°°°  °°°°°

၁၉၈၉ ခုနှစ် မှာ တော့ ကိုသင်းခိုင် တစ်ယောက် မြို့တော် ကို သစ်ရွက် လို လွင့်ကျ လာခဲ့သည် ။ ကိုသင်းခိုင် က ကျွန်တော့် ဆီ မှာ နေလိုပါကြောင်း စကား ကမ်းလှမ်း လာပါသေးသည် ။ သို့သော် ကျွန်တော့် ဆီ မှာ က ကိုအောင်ပွင့် ရှိနေပြီး ဖြစ်၍ နှစ်ယောက် ဝန် ကို ကျွန်တော် မတတ်နိုင် သဖြင့် ငြင်းဆန် ခဲ့ရပေရာ ကိုသင်းခိုင် တစ်ယောက် ကိုမင်းသစ် ၏ အိမ် ၊ ကိုစိမ်းနီ ၏ အိမ် ၊ ဘုန်းတော်ကြီးကျောင်း စသည် တို့ ၌ အလိုက်သင့် လွင့်ပါး နေခဲ့ပါသည် ။

ထိုအချိန်မှာ မည်မည်ရရ အလုပ် က တော့ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း အယ်ဒီတာ ၊ တကယ်တော့ ထို ကဗျာအယ်ဒီတာ အလုပ် ကို ၁၉၆၉ ခုနှစ် တုန်း က ရှုထောင့်ဂျာနယ် ၊ ၁၉၇၀ ပြည့် နှစ် တုန်း က မိုးဝေမဂ္ဂဇင်း များ မှာ ပါ အစ်ကို တာဝန် ယူ ခဲ့ ဖူးပေရာ ကဗျာ တစ်ပုဒ် ကို အကဲဖြတ်နိုင်စွမ်း ၌ ကျွမ်းဝင်ပြီး သား ဟု အားလုံး က ယုံကြည်ပြီး ဖြစ် ပါသည် ။ ဒါကြောင့်လည်း ရုပ်ရှင်တေးကဗျာ စာမျက်နှာများ ကို ကဗျာဖတ်သူ တို့ က အလေးအနက် ဖတ်ရှုကြရမြဲ ။

သို့ဖြင့် ၁၉၉၅ ခုနှစ် လောက် မှာ တော့ အစ်ကို့ ကဗျာစာအုပ် ထွက် လာပါသည် ။ ရေးသက်ရင့် ( ကဗျာ ) ဆရာ တစ်ယောက် အနေ ဖြင့် တော်တော် နှောင်း မှ ထွက် လာသော စာအုပ် ဟု ဆို နိုင်ပါသည် ။

“ ချစ်သူများ ကို တမ်းတခြင်း ” တဲ့ ။ စာအုပ် ၏ နောက်ကွယ် မှာ တော့ အသံဗလံ တချို့ တစ်ဝက် ။

°°°°  °°°°  °°°°°  °°°°°

ကိုသင်းခိုင် ၏ “ ချစ်သူများ ကို တမ်းတခြင်း ” ကဗျာစာအုပ် ထွက်လာ အပြီး တွင် အဓိက ထွက်လာသည့် အသံ တစ်ခု က တော့ “ အရက် ” ကို ဖွဲ့ဆိုခန်း တွေ များ လွန်းသည် ဆိုသည့် အသံ ပဲ ဖြစ်ပါသည် ။

“ အရက် ” နှင့် ပတ်သက် ဆက်နွယ်သည့် ကဗျာများ ကိုသင်းခိုင် ၏ ကဗျာစာအုပ် ထဲ တွင် မပါ မဟုတ် ၊ ပါ ပါသည် ။ သို့သော် အခြား အခြား သော ဘဝ ၏ စာမျက်နှာများ ကို လည်း ထို စာအုပ် မှ တစ်ပုံတစ်ပင် တွေ့ ရှိရမည် ဖြစ်ပါသည် ။

“ မြို့ ကို သွားတဲ့လှည်း ” ကဗျာ ၌ ဘုရားပျက် ကို ဖြိုပြီး ရ လာသည့် အုတ်ခဲများ ကို မြို့တက် ရောင်းသည့် လူတို့ ၏ ဘဝများ ကို တွေ့ နိုင်သည် ။ “ ဟင်္သပြဒါး ဖြစ်သွားတဲ့ ည ” ကဗျာ ၌ ရိုးမ ထဲ တွင် အမဲလိုက် ရင်း တောဝက်ပက်လိုက်၍ သေဆုံးသွား သူ ၏ ဈာပန တွင် ထို တောဝက်သား ဖြင့် သပိတ် သွတ် လိုက်ရပုံကို တွေ့ နိုင်သည် ။

“ ဖန်ဆင်းရှင် ” ကဗျာ ၌ ကော်မ က် သာဇင်ကို ဆီ အဖြစ် ပြောင်း ကြသော ၊ ဒူးယား နှင့် သကြား ကို ကြက်ကင် ၊ ဘဲကင် အဖြစ် ပြောင်း ကြသော ၊ မွှေး ၊ ရွှေဝါဆပ်ပြာ များ ကို ထိုင်းဆစ် အဖြစ် ပြောင်း ကြသော ၊ ဒီဇယ် ဓာတ်ဆီ ကို ဟင်နက်ဆီ ကော့ညက် အဖြစ် ပြောင်းကြသော တစ်ခါက စားသုံးသူများ ၏ ဘဝ ကို တွေ့ နိုင်သည် ။

" ၂၅ ရာစု မုန်တိုင်း ” ကဗျာ တွင် ၁၆ ရာစု မှာ ပေါ်ခဲ့သည့် နတ်သျှင်နောင် သည် သစ္စာ ဖောက် မဖောက် ၂၀ ရာစု မှာ ငြင်း နေကြရကြောင်း ၊ နွမ်ဂျာသိုင်း ၊ မြင့်မောင်မောင် ၊ ငြိမ်းကျော် ၊ ခင်ဆွေဦး ၊ ကြည်အေး ၊ မစန္ဒာ ၊ မိုးမိုး ( အင်းလျား ) တို့ လောက ကို ဘယ်သူ သစ္စာ ဖောက် မဖောက် ကို ၂၅ ရာစု လူသား တို့ ဝေဖန်ကြမည့် အသံ စသည် ဖြင့် တို့ ထိ ထားသည် ကို တွေ့ နိုင်သည် ။ သို့ဖြစ်ရာ အစ်ကို့ ကဗျာများ သည် အရက် ချည်း ပဲ တော့ လည်း မဟုတ်ပါ ။

ကိုသင်းခိုင် ၏ ဘဝ ဖြတ်သန်းမှု တစ်စွန်းတစ်စ ကို အရိပ်အကဲ ဖမ်း နိုင်သည့် ကဗျာ တစ်ပုဒ် က တော့ " တစ်နေ့ထဲ ( တည်း ) ” ကဗျာ ဖြစ်သည် ။ ထိုစဉ် မန္တလေး မှ ဟဲဟိုး ၊ ဟဲဟိုး မှ ရန်ကုန် လေယာဉ် ဖြင့် အခေါ် ခံ လာရခြင်း ဖြစ်ရာ မန္တလေး မှာ နွေ ၊ ဟဲဟိုး မှာ ဆောင်း ၊ ရန်ကုန် မှာ မိုး စသည် ဖြင့် ခံစား လိုက်ရပုံ ကို ထို ကဗျာ မှာ အစ်ကို က ဖွဲ့ သည် ။

ကားကလေး
မောကြီးပန်းကြီး စက်ကုန်သုတ်
ပျားရည်ဆမ်းခရီးတော့ မဟုတ်
မန္တလေးကို နှုတ်ဆက်ခြင်း
ချမ်းမြသာစည် လေယာဉ်ကွင်း
နွေနဲ့ ရန်စစ်ခင်းနေပေါ့ ။

ဒါက မန္တလေး အဖွဲ့ တစ်စွန်းတစ်စ ဖြစ်သည် ။

ဟဲဟိုးလေဆိပ်
ရေခိုးငွေ့သိပ်သည်းဆ မှိုင်းတပျပျ ၊
လေနုအေးက တမြမြ
မန္တလေးတုန်းက နွေ
ဟဲဟိုးကျတော့ ဆောင်း
နာရီပိုင်းအတွင်း အလှည့်အပြောင်း
ကျွန်တော်တို့
ကျန်းမာရေးကောင်းနေကြပါတယ် ။

ဒါကတော့ ဟဲဟိုးလေဆိပ် အဖွဲ့အနွဲ့ ဖြစ်သည် ။

မင်္ဂလာဒုံမှာ တဖွဲဖွဲ
အင်းစိန် ရွာမ ရောက်တော့
တသည်းသည်း
ကိုးခွင်လုံး မှိုင်းမှုန်မည်း
မိုးပုဆိန်ကြီး ရွာပြီပဲ
ဂျိမ်းခနဲ ဂျိမ်းခနဲ
မိုးချုန်းသံတို့ ငလျင်တော်လဲ
တစ်နေ့ထဲ ... တစ်နေ့ထဲ ... တစ်နေ့ထဲ ။

ဒါကတော့ ခရီး လမ်းဆုံး အင်းစိန် ခံစားမှု ၊ ဪ ... တစ်ခါ က ကဗျာဆရာ မောင်သင်းခိုင် တစ်နေ့ တည်း ဖြတ်သန်းခဲ့ရသည့် ခရီး မှန်ကူကွက် များ ။

°°°°°  °°°°°°  °°°°°

ကျွန်တော် တစ်ယောက် ဟင်္သာတ ကောလိပ် ကို ရောက် သွားပြီးသည့် နောက်ပိုင်း ကာလများ ၌ ရန်ကုန် ကို မကြာခဏ ဆိုသလို ရောက် ဖြစ်သည် ။ တစ်ခေါက် မှာ တော့ ရန်ကုန် ကို ရောက် သွားစဉ် မိတ်ဆွေ တစ်ဦး ၏ အဖော် ဆွယ်မှုကြောင့် ကလျာမဂ္ဂဇင်း ရှိ ရာ သုဝဏ္ဏ ကို လိုက်သွား ဖြစ်ရာ ပုဇွန်တောင် ကို ဖြတ် သွားရပါသည် ။ နာမည် ကျော် အရက်ရွာ ကို လှမ်း ကြည့် ဖြစ်သည် ။

ဓနိဆိုင်တန်းကြီးတွေ အုံ့အုံ့ဆိုင်းဆိုင်း နှင့် တစ်ခါ က ပခုံးချင်း တိုက်အောင် လူ စည်ကားခဲ့သော နေရာ မှာ မြေဟင်းလင်း ကို ဝန်ချီစက်ကြီးများ ဖြင့် တူးကာ မကာ လုပ် နေသော ဆောက်လုပ်ရေး မြင်ကွင်း ကို တွေ့ လိုက်ရသည် ။ ဪ ...  တစ်ခါကတော့ ထို နေရာ သည် ကိုသင်းခိုင် အပါအဝင် စာပေအနုပညာသည် တချို့တို့ ညနေရီ နားခိုခဲ့ရာ နေရာများ ပါ တကား ။

ခုတော့ဖြင့် ။

ပုဇွန်တောင် ၊ ပုဇွန်တောင် ....

ကိုသင်းခိုင် က တော့ ထို ပုဇွန်တောင် ခံစားမှု ကို သူ ၏ “ အရက် ဖြစ်သွားတဲ့ နာရီ ” ကဗျာ ထဲ မှာ တို့ထိ ဖော်ပြ သွားခဲ့ဖူးသည် ။

ကက်ဆက်ထဲက စိုင်းထီးဆိုင်အသံ
ပလက်ဖောင်းပေါ် အန်ကျ
လူတွေ ခလုတ်တိုက်သွားကြတယ် ။
မုန်တိုင်းဗဟိုချက် မ
လက်ဖက်ရည်ဆိုင်ထဲကျနေ
တစ်နာရီ မိုင် ၆၀ နှုန်း
တဝုန်းဝုန်းတိုက်ခတ်နေလေရဲ့  ။
ရောမခေတ်ဆံပင်နဲ့လူ
မျက် မှန်ထူထူနဲ့လူ
ဗိုက်ခေါက်ထူထူလူ မပါပါ
လူငယ် လူရွယ် လူလတ်
ပိန်ကပ်ကပ် ပြားချပ်ချပ်
ပါးစပ်ခေါင်းလောင်းသံ တညံညံ
အဖန်တစ်အိုးပြီးတစ်အိုး
သောက်လိုက်တဲ့ အချို က
ချိုးဖြူကန် ခန်းလောက်တယ် ။

ဒါတွေကတော့ လက်ဖက်ရည်ဆိုင် မြင်ကွင်း အဖွဲ့တွေ ဖြစ်သည် ။ ဆိုင် ထဲ က ကက်ဆက် မှ သီချင်းသံ အပြင် ကို လျှံကျ လာ ပုံ ၊ မုန်တိုင်း တိုက်သလို စကားဝိုင်း  ကောင်းနေပုံ ၊ ရေနွေး တစ်အိုး ပြီး တစ်အိုး သောက် နေပုံတွေ ပဲ ဖြစ်သည် ။

ဆန်းသော်တာ ပျားသလက်
ဝက်ဝံလက်က ကုတ်ခြစ်ဖဲ့
ချက်ကော့စကီ ဒစ္စကို
ကိုကာကိုလာ တမ်းချင်းသစ်
အလင်းမြစ်ရေဆန်ထဲ
မျောနေဆဲ ခရေပွင့်ကြွေ
တောင်ကြီးမြို့ရဲ့ ညနေခင်း
မောင်လေးအောင်ကို တမ်းတခြင်း
စက္ကူငွေလမင်း ရုပ်ရှင်
ဒဂုန်တာရာရဲ့ အလင်္ကာ
နှစ်လေးဆယ် သမ္မာကျမ်းစာ
မောင်သာနိုးရဲ့ မလင်းပြာ
ပီကာဆိုရဲ့ ခရစ်တော်ပန်းချီကား
စကားလှိုင်းလုံးတအိအိ
ဘင်္ဂလားအော်ထိ မျှောစီးသွား ။

ဒါတွေကတော့ လက်ဖက်ရည်ဆိုင် စကားဝိုင်း အဖွဲ့အနွဲ့ ၊ ပျားအုံ နဲ့ တူတဲ့ အာဖဂန်နစ္စတန် ကို ရုရှားဝက်ဝံကြီး ဝင်ရောက် ခဲ့တဲ့ အကြောင်း ၊ စက်တင်ဘာ မှာ သခင်သန်းထွန်း အနိစ္စ ရောက်ခဲ့တဲ့ အကြောင်း ၊ ကိုကာကိုလာ အကြောင်း ၊ ကိုလေးအောင် အကြောင်း ၊ စက္ကူ ငွေလမင်း ဆိုတဲ့ ရုပ်ရှင် အကြောင်း ၊ အလင်္ကာ ဆိုတဲ့ ကဗျာစာအုပ် အကြောင်း ၊ နှစ်လေးဆယ် ရန်မီး များ အကြောင်း ၊ ဆရာနိုး ရဲ့ မလင်းပြာ ကဗျာ အကြောင်း ၊ ပီကာဆို အကြောင်း စသည် စသ ည်ဖြင့် ကိုသင်းခိုင် က လက်ဖက်ရည်ဆိုင် စကားဝိုင်း ရဲ့ နယ်နိမိတ် ကျယ်ပြောလှပုံ ကို ဖွဲ့ပြသည် ။

ပြီးတော့ မှ တဖြည်းဖြည်း ညနေစောင်း လာပြီး မှောင်စ ပျိုးလာတော့ ကဗျာဆရာ တို့ ပုဇွန်တောင် အရက်ဆိုင် ရှိရာ ကို တစ်စစ အသိုက် ပြောင်း သွားကြမြဲ ဖြစ်ကြောင်း ကို ခုလို အနားသတ် ဖွဲ့နွဲ့ လိုက်ပါသည် ။

အလင်းဆံစ အုပ်လုံးသိမ်း
နေလုံးစိမ်းစိမ်းကားကား
ဖြတ်စာပေးသွားတဲ့အချိန်
မုန်တိုင်းငြိမ်ပြီ
မာကျူရီ အပျင်းကြောဆန့်
မအိပ်ရာက လန့်နိုးထကာ
ရှုသိုးသိုးမျက်နှာနဲ့
စောင်းငဲ့ ကြည့်လိုက်တယ်
ညဆိုတဲ့ ဧည့်သည်ကိုလေ ။

နိစ္စဓူဝ အလုပ်
အချိန်သစ်သီး ပုပ်ပွတော့
ပြန်ပေါ့ ပြန်ပေါ့ ပြန်ပေါ့
ကဗျာဆရာတို့ ပြန်ကြတော့
ငါလည်း တစ်ယောက်အပါအဝင်ပေါ့
ပုဇွန်တောင်မှာ မော့ဖို့လေ ။

ကိုယ်တိုင်ရေး ပုံတူ ဟု ပင် ဆိုရမလား မပြောတတ်တော့ပါ ။ ကိုသင်းခိုင် အဖို့ အချိန် ဟူသည် မှာ ကဗျာ ရေးနေဖို့ ၊ သို့မဟုတ် ကဗျာ ဖတ်နေဖို့ပဲ ဖြစ်သည် ။ လက်ဖက်ရည်ဆိုင် နှင့် ဘုံဆိုင်ကလေးများ က တော့ သူ့ သင်္ဘော ခဏ ကျောက်ချ ရပ်နား ရာ ယာယီ ဆိပ်ကမ်းကလေးများ ။

ဒါကြောင့်လည်း သူ ခဏခဏ ဆိုက်ကပ် ခိုနား ခဲ့ရသည့် ပုဇွန်တောင် ဆိပ်ကမ်း ပြို သွား သော အခါ သူ ခံစား ရသည် ။ ယင်း ကို မကြာခင်က ဖတ် လိုက်ရသည် ။ ၁၉၉၆ ခုနှစ် ၊ ဒီဇင်ဘာလထုတ် မြန်မာ့ရုပ်ရှင် မဂ္ဂဇင်း ထဲ မှာ တွေ့ လိုက်ရသည် ။

ပုဇွန်တောင်ရဲ့
ညနေခင်းဆိုသော ကဗျာ ၊
ချစ်သူများကို တမ်းတရတဲ့
အထဲမှာ
ပုဇွန်တောင်ရွာလယ်က
မခင်အေးအရက်ဆိုင်လည်း
ပါတယ်
လွန်ခဲ့တဲ့
အနှစ်သုံးဆယ်ကျော်ကစပြီး
ပုဇွန်တောင်ဟာ
ကဗျာဆရာတွေရဲ့
မြို့ပြကန္တာရထဲ
အိုအေစစ်ဖြစ်တယ် ။

အရက်ဆန့်ကျင်ရေး
ပိုစတာထောင်ပြနေကြတဲ့
ငှက် မွေးဦးနှောက်ပိုင်ရှင်တွေရဲ့
အစာအိမ်တွေကို
ပြုတ်တူနဲ့ ညှပ်လိုက်
ပုဇွန်တောင်က မျိုဆို့ထားတဲ့
အရက်တွေ
လည်ချောင်းထဲက ဒလဟော
အန်ကျလာလိမ့်မယ် ။

ကိုသင်းခိုင် က မရှိတော့ပြီ ဖြစ်သော ပုဇွန်တောင် အရက်ရွာကြီး ကို တမ်းတ ရင်း က ထို အရပ် ကို ကျောခိုင်း ဆန့်ကျင် သွားကြလေသော သူ့ မိတ်ဆွေ တချို့ ကို လှမ်း၍ ထိပါး လိုက်သည် ။

ငါးပါးသီလထဲမှာ
အရက်ကိုရှောင်ကြဉ်ဖို့
ပြဋ္ဌာန်းတယ်
ကြည့်လိုက်စမ်း
အရက်ကြော်ငြာ
ဘီယာကြော်ငြာ
တတ်နိုင်ရင် ကောင်းကင်ကြီးကို
တံခါးဖွင့်ပြီး
ခပ်တည်တည်နဲ့
ကြော်ငြာကပ်ဦးမယ့်သူတွေ
တစ်ပုံကြီး ။

ဆန့်ကျင်ဘက်တို့
ပေါင်းစည်းမှုဆိုတာ
သဘာဝတရားရဲ့
လွတ်လပ်ငြိမ်းချမ်းစွာ
ကွဲလွဲနေထိုင်ခြင်း မဟုတ်လား ။
သောက်တာလည်း အပြစ် မဟုတ် ၊
မသောက်တာလည်း
ဂုဏ်ဒြပ်ကြီး မဟုတ် ။

တစ်ယောက် နဲ့ တစ်ယောက် မပုတ်ခတ်ကြဖို့ အစ်ကို က ဖွဲ့သည် ။

လူတွေကို သောက်တယ်
စကားလုံးတွေကို သောက်တယ်
အရက်ကိုတော့
အမြည်းလိုပဲ မြည်းခဲ့ ။
ဖန်ခွက်ထဲမှာ
မွန်ရိုးနဲ့ ချေ‌ဂွေဗားရားပါတယ်
ပြီးတော့ ဂျော့သွန်မဆင် ၊
ရှေးမာ့စ်ဟေနီ
ပေါ့ ပါး ၊ ဟိုးလုဗ်
ဂေါ်ဘာချက်လည်း
အဆစ်ပါသေးတယ် ။

မှန်ပါသည် ၊ ကဗျာဆရာများ စုဝေးသည့် အရက်ဝိုင်း ထဲ မှာ အနုပညာ ကိစ္စ ၊ ဒါတွေသာလျှင် ကြီးစိုး ပါ လိမ့်မည် ။ ပေါက်တတ်ကရ မပါစတမ်း ၊ ဖေတော့ မောင်တော့ မပါစတမ်း ။

အနှစ်သုံးဆယ်ကျော်
မူးခဲ့ရတဲ့နေရာ
ပုဇွန်တောင် ညနေခင်း
ငါတို့ကိုစွန့်ခွာ
အသံတွေကွယ်ပျောက်
သင်္ချိုင်းလို ငြိမ်သက်
ထုပ်လျောက် ဒိုင်းမြား
အုတ်ကျိုးအုတ်ပဲ့တွေစုပုံ
ဝတ်လစ်စလစ် ဟင်းလင်းပြင်
ပြန်မရတော့တဲ့ ပုဇွန်တောင်ရသ
အချစ်ရယ်
ပတ်ဝန်းကျင်ကို
ပြန်ကြည့်လိုက်တော့
ဘယ်ကိုရောက်နေမှန်းမသိ
နှင်းခါးတွေကျနေတဲ့
ကန္တာရတစ်နေရာမှာ
မေ့ဆေးပေးခံနေရတဲ့ လူမမာလို
ငါတစ်ယောက်တည်း ငူငူကြီး
ရပ်လို့ ။

အမြဲလိုလို သွားရောက် ဆိုက်ကပ် တတ်သည့် ကိုသင်းခိုင် သာမက တစ်ခါ နှစ်ခါ လောက် သွားရောက် ခိုနားဖူးသည့် ကျွန်တော် ပင် လျှင် ပုဇွန်တောင် ၏ အသွင် ကူးပြောင်းစ မြင်ကွင်း ကို ကြည့်ကာ ဘယ်ဆီ လွမ်းမိတယ် မသိ ဖြစ် သွား ခဲ့ရပေသည် ။

°°°°°°  °°°°°°  °°°°°°

မကြာခင် ရက် များ အတွင်း က ကျွန်တော် ရန်ကုန် ကို တစ်ခေါက် ရောက် သွားသည် ။ ၃၃ လမ်း ထိပ် မှာ ပေတူး နှင့် တွေ့သည် ။ ပေတူး ဆို တာ ကိုသင်းခိုင် ၏ သမီး ။ မန္တလေးတက္ကသိုလ် မှ ဘွဲ့ ရပြီးစ ။ သူ့ နာမည်ရင်း ကို ကျွန်တော် မသိ ။

“ ဟယ် ... ဦးသာချို ၊ ပေတူး အခု အလုပ် ဝင်နေပြီ ၊ ရန်ကုန် မှာ ”

“ ဘယ်မှာလဲ ”

“ ကုမ္ပဏီ တစ်ခု မှာ ”

“ ညည်း အဖေ ကော ”

“ နေပြည်တော် မှာ ခဏ ပြန် နားနေတယ် "

ဪ .…. ဘာလိုလို နှင့် အစ်ကို့ သမီး ပင် အလုပ် နှင့် အကိုင် နှင့် ဖြစ် နေပြီ ။ အစ်ကို့ အသက် လည်း မငယ်လှတော့ ။ တစ်ခါက ရှေ့သွား တွေ ပင် ကျိုးနေပြီ ဖြစ်သော အစ်ကို့ ကို ကြည့်ကာ ကျွန်တော် က သတိ ပေးဖူးသည် ။

“ အေး … အသက် တွေ လည်း ကြီးပြီကွ ငါ့ ညီ ရ ”

ကိုသင်းခိုင် က တွေးတွေးဆဆ ပြောသည် ။ သည် ဘက်ပိုင်း ကာလတွေ ထဲ မှာ အစ်ကို လည်း အများကြီး ပြောင်းလဲ သွားခဲ့သည် ။ တစ်ခါ က “ တော်လှန်ကဗျာ ” ဖြင့် အနုပညာ ဆို တာ ပုဂ္ဂလိက ကိစ္စပါ ပဲ ဟု ဖြစ် လာခဲ့ပြီ ။

ဆရာ ဒဂုန်တာရာ ကို ဥက္ကဋ္ဌ ၊ ဥက္ကဋ္ဌ နှင့် ဥက္ကဋ္ဌ ချင်း ထပ် ၊ ဆရာ့ ဆီ ကို ခြေရာချင်း ထပ် အောင် သွား ခဲ့ရာ မှ -

“ အဘိုးကြီး က Duelism ကွ မောင်သာချို ရ ၊ နှစ်ခွ ၊ ဘယ်တော့မှ မပြတ်သားဘူး ၊ မုဆိုး စိုင်သင်တဲ့ ၊ ကဗျာ ဆိုတာ ရေး ရင်း တတ် သွားတာပဲတဲ့ ။ ဟော .. နောက်တော့ ဂန္တဝင် ကို လေ့လာသင့်တယ်တဲ့ ။ ဘာလဲကွာ ရှိသေးတယ် ။ ကာရန် မဲ့တာ မမဲ့တာ ထက် အဘိဓမ္မာ မမဲ့ဖို့ လိုတယ်တဲ့ ။ ဟော ... တော်ကြာ ကဗျာ ဟာ စကားပြေလောက် တော့ လျှောကျသွားဖို့ မကောင်းတဲ့ ၊ ခက် ခက်နေပါပြီ ” ဟု ဖြစ် လာခဲ့သည် ။

အင်း ... ခုတော့ သူ့ မြို့ နေပြည်တော် ကို ပြန် ရောက် နေပြန်ပြီ ။ ဘယ်တော့ ရန်ကုန် ကမ်းပါး ကို ဆိုက်ကပ် ခိုနား လာဦး မည် မသိ ။

“ ကိုသင်းခိုင် က တွေ့ကရာ ဆိပ်ကမ်း ဝင် ကပ်တာ ၊ သူ့ ကို ထိုး မထုတ်လိုက် မချင်း အဲဒီ ကမ်း က မခွာတော့ဘူး ”

ကိုအောင်ပွင့် ၏ ကောက်ချက်ကလေး ကို အမှတ် ရ ရင်း ကျွန်တော် ပြုံးလိုက် မိလေသည် ။

◾ မောင်သာချို

📖 ရွှေဝတ်ရည်မဂ္ဂဇင်း
အောက်တိုဘာလ ၊ နိုဝင်ဘာလ ၊ ၁၉၉၇ ။

#ကိုအောင်နိုင်ဦး

.

မင်းသစ်


 ❝  မင်းသစ်  ❞


( အရှေ့တောင်အာရှ ၊ သတ္တ‌ဗေဒ နှင့် မူးယစ်ဝေရီ နွေညများ )


အရက် သောက် ပြီး ဆိုကရေးတီး လောက် နီးနီး သူများ က အထင် ရောက်အောင် ပြောတတ် ဆိုတတ် သော မိတ်ဆွေ တစ်ယောက် ကို ကျွန်တော့် ဘဝ တစ်သက်တာ မှာ တစ်ခါ တော့ တွေ့ခဲ့ဖူးပါပြီ ။ သူ့ ကို ကျူရှင်ဆရာ ၊ မတောက်တခေါက် စာရေးဆရာ ၊ ဟိုစပ်စပ် သည်စပ်စပ် အယ်ဒီတာ အဖြစ် လူ သိ များသည် ။ ဒါပေမဲ့ ကျူရှင် ပဲ ပြပြ ၊ စာ ပဲ ရေးရေး ၊ အယ်ဒီတာ ပဲ လုပ်လုပ် နာမည် တစ်မျိုး နဲ့ ပဲ သူ ကျင်လည်သည် ။


မင်းသစ် တဲ့ ၊

Bio မင်းသစ် ၊

စာရေးဆရာ မင်းသစ် ၊

အယ်ဒီတာ မင်းသစ် ၊


ဆိုင် ကို တော့ ကျွန်တော် ကောင်းကောင်း မမှတ်မိ နိုင်တော့ ။ အရက်ဖြူဆိုင် တော့ အရက်ဖြူဆိုင် တစ်ဆိုင် ဆိုင် မှာ ဖြစ်သည် ။ ၅၅ လမ်း က ဦးတိုး တို့ ဆိုင် မှာလား ၊ ပုဇွန်တောင် အမေ တို့ အိမ် မှာ လား ၊ ဘူတာရုံလမ်း မှာ လား ၊ ၄၂ လမ်း မှာ လား မှတ်မှတ်သားသား ကျွန်တော် မရှိပြီ ။ လူ တွေ ကို လည်း ကျွန်တော် မမှတ်မိ နိုင်တော့ ။


ယမုံ ၊ ကိုခိုင်မာ ၊ မောင်မောက် ( ဥက္ကလာ ) ၊ စောဒေဝေါ ၊ မြင့်ဦးဦးမြင့် ၊ ကိုရန်ပိုင် ၊ ကိုသင်းခိုင် ၊ ဇော် ( ပျဉ်းမနား ) စသည် ... စသည် ..


သည် လူတွေ ထဲ က သုံးယောက် တစ်ဝိုင်း လည်း ဖြစ် နိုင်သည် ။ လေးယောက် တစ်ဝိုင်း လည်း ဖြစ် နိုင်သည် ။ လူ အတွဲအစပ် ကို လည်း အတိအကျ မမှတ်မိ နိုင်တော့ ။ ကျွန်တော် မှတ်မိတာ တစ်ခု တော့ ရှိသည် ။ ကျွန်တော်တို့ အားလုံး မူး နေကြခြင်း ကိုပါတည်း ။


သည်တုန်း က ကျွန်တော် က လူတတ်လူစွာကြီး လုပ် ကာ ကိုယ့် ထက် ဆယ်စု တစ်စု ၊ ဒါမှမဟုတ် နှစ်စု ခန့် ကြီးသော ကိုမင်းသစ် ကို ဆုံးမ သွန်သင် မိဖူးသည် ။


အရက် နှင့် ပတ်သက်၍


“ ကျွန်တော့် ကို စိတ် ဆိုးချင်လည်း ဆိုး ၊ မဆိုးချင် လည်း နေ ကိုမင်းသစ် ဒါဟာ အရက်ဆိုင် ပါ ၊ ဟုတ်တယ်နော် ဒါဟာ အရက်ဆိုင် ၊ ဒီလို အရက်ဆိုင် ထဲ မှာ အရက် သောက် တာ မကောင်း တဲ့ အကြောင်း ပြော ရတာတော့ ကျွန်တော် အားနာပါတယ် ။ ဒါပေမဲ့ ကျွန်တော် ပြောမယ် ။


ကျွန်တော်တို့တွေ ထဲ မှာ အရက် နဲ့ ပတ်သက်လို့ စည်းကမ်း မရှိဆုံး ဟာ ကိုမင်းသစ် လို့ ထင် တယ်ဗျာ ၊ တခြား လူတွေ သာ နား တဲ့ နေ့ ရှိရင် ရှိမယ် ။ ကိုမင်းသစ် မှာ မရှိဘူး ၊ ပြီးတော့ ရေချိန် ကိုက်ပြီ ဆို တာ လည်း ကိုမင်းသစ် မှာ မရှိဘူး ။ နည်းနည်းတော့ ဆင်ခြင် သင့်တယ် ထင် တယ် ဗျာ ။ ဒါ စေတနာ စကားပါ ၊ စေတနာ နဲ့ ပြော တာပါ ”


“ ဒီမှာ မောင်သာချို ၊ မောင်ရင့် စကား မှား သွားပြီ ၊ သိပ် ကို မှား သွားပြီ မောင်သာချို ၊ မင်းသစ် အရက်သမား မဟုတ်ဘူးကွ နားလည်လား ၊ မင်းသစ် ဆိုတဲ့ ကောင် ဘယ်တော့မှ အရက်သမား မဟုတ်ဘူး ရှင်းလား ”


ပြောပြောဆိုဆို ကိုမင်းသစ် က ခုံ ကို နှစ်ချက် သုံးချက် ဆင့် ရိုက်သည် ။ ခုံ ဆို ရအောင် က လည်း ခုံ မည်ကာမတ္တ သာ ဖြစ်သည့် ထင်းရှူးသေတ္တာပုံး ကို မှောက်ခုံ လုပ်ကာ ခုံ အဖြစ် ဖန်တီး ထားရသောကြောင့် ကိုမင်းသစ် ရိုက်ချက် ကို မဟန်နိုင် ဖြစ်ကာ ၀ရုန်းသုန်းကား ဖြစ် ကုန်သည် ။ တစ်ယောက် က အမြည်းပန်းကန် ကို ကိုင် ထားသည် ။ ဖယောင်းတိုင် မီး ကား ငြိမ်း လေပြီ ။ ပြန်၍ ထွန်း ကြရ၏ ။


“ မင်းသစ် ဘယ်တော့ မှ အရက်သမား မဟုတ်ဘူးကွ ။ ဒါ မင်းသစ် အရက် ကို သောက် နေတာ မဟုတ်ဘူး ကွ ၊ အဘိဓမ္မာ ကို သောက် နေတာ ၊ အဘိဓမ္မာတွေ ကို လိုက် သောက် နေတာ ။


မောင်သာချို နဲ့ တွေ့တယ် ၊ ကိုယ် မောင်သာချို အဘိဓမ္မာ သောက်မယ် ။ ကိုချစ်ဦးညို နဲ့ တွေ့တယ် ၊ ကိုချစ်ဦးညို အဘိဓမ္မာ သောက်မယ် ။ မင်းသစ် အဘိဓမ္မာ ကို ခုံမင်လွန်းလို့ အရက် လိုက် သောက် နေတယ် မှတ်ပါ ။ အရက် သောက်ချင်ရုံ သက်သက် က တော့ အိမ် မှာ တင် ပြည့် လို့ ရှင်းလား ”


ကိုမင်းသစ် က အရက်ခွက် ကို တစ်ရှိန် ထိုး မော့ ချ၏ ။ နောက်ထပ် ရေ တစ်ခွက် ဆင့် သောက်ချ လိုက်တော့ မှ သူ့ မျက်နှာ ပေါ် က ရှုံ့တွ သော မျဉ်းကြောင်းတွေ ပြေ သွားသည် ။ ပါးစောင် မှ ရေတွေ စီးကျ လာ၏ ။ သူ့ ကို ဝိုင်းဝန်း ငေးမော နေသော သူတွေ လည်း ရီ၍ ဝေ၍ ၊ မူး၍ ယစ်၍ ဆေးလိပ်မီးခိုးငွေ့များ က တောင်ယာမီးခိုးတွေ နှယ် ပင် လွန့်လူး တွန့်ခေါက် နေပြန်သည် ။


‌ဪ အဘိဓမ္မာ ကိုမင်းသစ် ၊ ဆိုကရေးတီး ကိုမင်းသစ် ပေ တကား ။


   ••••••  ••••••  ••••••  


ကိုမင်းသစ် နှင့် ကျွန်တော် တို့ ရင်းရင်းနှီးနှီး ဖြစ် သွား ကြသည် မှာ ၁၉၈၀ ပြည့် လွန် နှစ်များ မှာ ဖြစ်ပါသည် ။ ၁၉၈၃ ခုနှစ် လောက် က ဟု ကျွန်တော် ထင် ပါသည် ။ သည့် မတိုင်ခင် က တော့ ကိုမင်းသစ် နှင့် ပတ်သက်၍ သတင်း မျှ သာ ကြား ဖူးသည် ။


မိုးဝေမဂ္ဂဇင်း မှာ အယ်ဒီတာ လုပ်ဖူးသော ကိုမင်းသစ် ၊


အဆိုတော် တွံတေးသိန်းတန် ဓာတ်ပြား တချို့ မှာ သီချင်း ရေး ဖူးသော ကိုမင်းသစ် ၊


အထက်တန်းပြ ကျောင်းဆရာ လုပ်ဖူးသော ကိုမင်းသစ် ၊


ဝတ္ထုတိုကလေး ကဗျာကလေး ခပ်ကျဲကျဲ ရေးနေသော ကိုမင်းသစ်


စသည်ဖြင့် ...


၁၉၇၅ ခုနှစ် တစ်ဝိုက် မှာ တုန်း က ကျွန်တော် က ဆယ်တန်းကျောင်းသား ဖြစ်သည် ။ ဆယ်တန်း မှာ Bio ဘာသာတွဲ ယူ သဖြင့် ကိုမင်းသစ် နာမည် ကို ကြား ဖူးသည် ။


မှန်ပါသည် ။


စတီရီယိုဘိုင်အို မင်းသစ် ။


ဆူးလေဘုရားလမ်း ဗဟို မီးသတ်ကြီး နဲ့ မျက်နှာချင်းဆိုင် တိုက်ခန်း တစ်ခု မှာ သူ Bio ကျူရှင် ပြသည် ။


သန်းနိုင် ၊ ပုလဲ စသော စတီရီယို တေးသံရှင်များ ၏ အသံဖြင့် ပိုးဟပ်တွေ ၊ ဖားတွေ ၊ ပလပ်စမိုဒီယမ်တွေ အကြောင်း ကို သီချင်း စပ်ကာ ကျူရှင် မှာ ဆို ဖူးသည် ။


သူ့ သင်တန်း မှာ က ပိုးဟပ် တွေ လည်း လျှပ်စစ်ဂစ်တာကြိုး ပေါ် မှာ ပြေးလွှား ကုန်သည် ။ ဖား တွေ လည်း ဒရမ် ပေါ် မှာ ခုန်ဆွ ကုန်ကြသည် ။


သည် သီချင်း အားလုံး ထိုစဉ်တုန်း က ဆယ်တန်း ကျောင်းသူ ကျောင်းသားတွေ ပါးစပ်ဖျား ပေါ် ကို ရောက် ကုန်ကြသည် ။ ဆိုကြ ဟစ်ကြ ကျက်ကြ မှတ်ကြ ။


သည်တုန်းက


ကိုမင်းသစ် သည် စူပါစတား ။


အခု လက်ရှိ ကဗျာဆရာ ။


အနုပညာ နယ်ပယ်သား တချို့ကို ထမင်း တင်‌ ကျွေး ထားဖူးသည် ။ လေယာဉ်လက် မှတ် စီစဉ်ပြီး ပြင်ဦးလွင် သို့ လက်ဖက်သုပ် သွား စားဖူးသည် ။


အဲသည် ကိုမင်းသစ် နှင့် ကျွန်တော်တို့ ၁၉၈၃ ခုနှစ် မှာ ဆုံကြသည် ။ 


ဆုံကြသည့် နေရာ က ရန်ကုန်တက္ကသိုလ် ထဲ မှာ ။


သည်တုန်း က တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့် သူငယ်ချင်း တစ်ဦး ဖြစ်သူ ကိုဌေးသိန်း မှာ မြန်မာစာ နည်းပြ အဖြစ် ခန့်စာ ရသော နေ့ ၊ ကိုဌေးသိန်း မှာ အပျော်ကြီး ပျော် နေသည် ။ သူငယ်ချင်း တွေ ကို လည်း ငွေ မရှိ၍ မပြုစုနိုင် ။


“ နောက် နေ့ မှ ကိုယ် ပြုစု ပါ ရစေကွာ ”


သည်တုန်းမှာ ပဲ ကိုမင်းသစ် ဝင် လာသည် ။


“ ဒီမှာ ကိုဌေးသိန်း ၊ ခင်ဗျား ဒီနေ့ မပျော်ဘူးလား ”


“ ပျော်တာပေါ့ ဗျာ ”


“ အေး ... အဲဒီ ခံစားချက် ကို ရက်စွဲ ရွှေ့လို့ ရလား ”


အားလုံး ငြိမ်ကျ သွားကြသည် ။ ထိုနေ့ က ကိုမင်းသစ် ကောင်းမှု ဖြင့် ကျွန်တော်တို့ တစ်သိုက် အင်းလျားကန်ဟိုတယ် သို့ ရောက် သွားကြပါသည် ။ Chinese room ထဲ မှာ ကျွန်တော် နှင့် ကိုမင်းသစ် တို့ ကြား မှာ အရက် က တံတား ခင်း ပေးခဲ့ချေပြီ ။


•••••  ••••••  •••••  •••


သည့် နောက်ပိုင်း တွင် ကား ကျွန်တော် နှင့် ကိုမင်းသစ် တို့ သည် အရင်းနှီးဆုံး နှစ်ကာလ များ ကို ဖြတ်သန်း ဖြစ်ကြသည် ။ အဲသည် နှစ်ကာလများ ပေါ် က စာမျက်နှာ တချို့ မှာ ကိုမင်းသစ် ပုံရိပ် ကို ကျွန်တော် ပိုပြီး ဖတ် တတ်လာသည် ။


မူးယစ်ဝေသီ မင်းသစ် ၊ အနုပညာ မင်းသစ် ၊ ကျောင်းဆရာ မင်းသစ် ၊ လူမှုရေး မင်းသစ် စသော စရိုက်လက္ခဏာများ ဖြင့် ရှုပ်ပွ နေသော လူ တစ်ယောက် ။


•••••  ••••••  •••••  •••


မူးယစ်ဝေသီ မင်းသစ် ဟု ဆိုရလောက်အောင် ပင် ကိုမင်းသစ် တစ်ယောက် မူးပါယစ်ပါ ဝေသီပါသည် ။ နေရာ မရွေး ၊ လူ မရွေး ၊ အရက်  မရွေး ၊ အချိန်အခါ မရွေး ။


တစ်ခါက ကျွန်တော်တို့ တစ်တွေ ကုက္ကိုင်း က ပြည့်ဝ မှာ သောက် ဖြစ်ကြသည် ။ ကိုမင်းသစ် တစ်ယောက် မဝ ဟု ဆိုကာ ကားငှား စီစဉ်သဖြင့် အင်းလျားလိတ်ဟိုတယ် သို့ ရောက်သည် ။ အင်းလျားလိတ် က ထွက်တော့ ကမာရွတ် ဘူတာရုံလမ်း ၊ မဝသေး ဟု ဆိုကာ သူ့ ခြံ ထဲ ခေါ်သွားပြီး ခြံ ထဲ မှာ ထွေးညို ခေါ် ၊ ကော်နီ ခေါ် တောအရက် နှင့် နိဂုံး ချုပ် စေသည် ။


သည်မျှ အထိ နေရာ မရွေးသူ ။ တစ်ခါ တစ်ခါ ဆရာတင်မိုး တို့ ဝိုင်း မှာ ကိုမင်းသစ် ကို တွေ့သည် ။ တစ်ခါတစ်ခါ ကိုခိုင်မာ ၊ တစ်ခါတစ်ခါ အညာ က မိတ်ဆွေတွေ ၊ တစ်ခါတစ်ခါ ။ တစ်ခါ တစ်ခါ ... လူ မရွေး ။


တစ်ခါ က လည်း ကိုမင်းသစ် နှင့် ကျွန်တော် တို့ တောအရက်ဆိုင်ကလေး တစ်ဆိုင် မှာ ဆုံ ဖြစ်ကြသည် ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် က တော့ တော ဆိုပြီး တွန့် သည် ။ ကိုမင်းသစ် က တော့ သည်လို မဟုတ် ။


အရက် ကို တစ်ခွက် မော့ ပြီး ပါးစပ်ကလေး က တပျတ်ပျတ် မြည် ကာ အရသာ ခံ ပြီး မှ ..


“ မောင်သာချို သောက် ကြည့်စမ်း ၊ ဒီ တောလေး က တစ်မျိုး ကောင်းတယ် ဟ ၊ တေ့စ် မဆိုးဘူး ၊ တော တောင် မထင်ရဘူး ... နော် ၊ သောက် ကြည့်စမ်း ၊ သောက် ကြည့်စမ်းပါ ၊ တေ့စ် ဘယ့်နှယ်လဲ " စသည်ဖြင့် တောဋီကာ အဖွဲ့ ကြောင့် ကျွန်တော် တို့ နွဲ့ခဲ့ဖူးသည် ။


တစ်ခါ က လည်း အင်းလျားလိတ် မှာ ထိုင် ဖြစ်ကြတော့ -


“ ကဲကွာ Something Special ပဲ သောက် ကြတာပေါ့ ၊ ဝီစကီ ပဲ ရှာ ဒီကောင် နိပ်တယ် ဟ မောင်သာချို ရ ”


ဘာ စပါယ်ရှယ် ၊ ညာ စပါယ်ရှယ် ဝီစကီတွေ ကို အမြင်ကတ်လို့ Something Special ဆိုပြီး ရွဲ့ထားတဲ့ ဝီစကီ အညွှန်း မှာ ကျွန်တော်တို့ လွမ်းဖူးသည် ။


ယမုံ က ရိုးရိုး စီးကရက်လေး ဘာလေး မပါဘူးလား မေးတော့ ကိုမင်းသစ် ဒေါသူပုန် ထ သည် ။


“ ဟ - ယမုံ ၊ ယူ သိပ် အောက် တာပဲကွာ ၊ ရိုးရိုး စီးကရက် က တောသူဌေး သောက်တာ ဟ ၊ ရော့ ”


ဟု ဆိုပြီး နိုင်ငံခြားဖြစ် စီးကရက် ကို ထုတ် တိုက်သည် ။ ပြီးတော့ မေး သေးသည် ။


“ အဲဒီ စီးကရက် ကို သောက် တော့ မောင်ရင့် စိတ် ထဲ ဘယ်လို ခံစားရလဲ ”


ယမုံ က ငေးငိုင်ပြီး စီးကရက် မီးခိုး ကို လည်း မှုတ် ထုတ်ပြီး ၊ ဟိုလူ သည်လူ လည်း ကြည့်ပြီး …


“ ဘာမှ မခံစားရပါဘူး ကိုမင်းသစ် ရာ ”


" အောက် သွားပြီ ယမုံ ၊ သိပ် အောက် သွားပြီ ၊ ဒီ စီးကရက် က ဖွာ လိုက်တာ နဲ့ ကိုယ့် ကိုယ် ကိုယ် အိမ်ရှေ့မင်းသား လို့ ထင်သွား ရတယ်ကွ ၊ နို့ မဟုတ်ရင် မောင်ရင် စီးကရက် မသောက်တတ်သေးလို့ ”


ကိုမင်းသစ် တဟားဟား ရယ်သည် ။ ဝီစကီ ကို တစ်ငုံ ငုံသည် ။ အရက် မရွေး သော ကိုမင်းသစ် ။


တစ်ခါ က တော့ ကိုမင်းသစ် တစ်ယောက် ကျွန်တော် နေထိုင်ရာ မြောက်ဥက္ကလာ သို့ အချိန်မတော် ပေါက်ချလာသည် ။ ညကြီးသန်းခေါင် အိပ်မောကျ နေသော ကျွန်တော် တို့ ကို တော်တော် နှင့် နှိုး မရ၍ အိမ်ရှေ့ မှာ ဆူညံ နေသည် ။


“ ဟေ့ မင်းသစ် က လူ ကို ခင်လို့ လာ တာကွ နားလည် လား ၊ အရက် သောက်ချင် လို့ လာ တာ မဟုတ်ဘူး ”


စသည်ဖြင့်


အိမ် ထဲ ရောက် လာတော့ ကြောင်အိမ် ပေါ် က ဆီပုလင်း ကို ရမ်ပုလင်း မှတ်ပြီး မော့ ချ ပါလေတော့သည် ။ ပြီး အရက် မရှိ ကောင်းလား ဟု ဒေါ တပွပွ ။ အချိန်အခါ မဲ့ ပေ တကား ။


   ••••••  ••••••  ••••••  


ကိုမင်းသစ် နှင့် ပတ်သက်၍ အနုပညာမင်းသစ် ဟု ဝိသေသန ပြု ရလောက်အောင် ပင် အနုပညာ ရှိကြောင်း ကျွန်တော် နားလည် သွားသည် ။ ဟို အရင် မိုးဝေခေတ် က အသံမှန် ဖြင့် ဖွဲ့ဆို သည့် သူ့ လေးချိုးကဗျာ တွေ ကျွန်တော် ဖတ် ဖူးသည် ။ နောက်တော့ “ အပျိုရှုပ်ထွေး ဗိုလ်ချုပ်ဈေး ” ၊ “ လန်ဒန် မိုးခါးရေ ” စသော ဝတ္ထုတိုများ ။ သည်ဘက်ပိုင်း မှာ ကျတော့ ချယ်ရီ က “ ခံစားသူကြီး ဝတ္ထု ” ၊ “ ကျန်စစ်သား နဲ့ တွေ့ချင်လိုက်တာ ” စသော ဝတ္ထုတွေ ထင်ရှားသည် ။


တစ်ခါက ကဗျာလောက ကို စော်ကား မော်ကား စကား ဆိုသော ဝေဖန်ရေး ဆရာ တစ်ဦး ကို ကိုမင်းသစ် က ဝတ္ထုရှည် ဖြင့် တုံ့ပြန်သည် ။ ပန် က “ ဘာလင်အိပ်မ က် ( ၁၉၈၈ ) " ။


သည် ဝတ္ထုရှည် နှင့် ပတ်သက်၍ ကျွန်တော်တို့ က သူ့ ကို လေးစားကြသည် ။ သူ က လည်း


" ဒီမယ် ၊ မင်းသစ် က မသေချာရင် ဘာမှ မလုပ်ဘူး မှတ် ပါ ၊ ရိုးရိုး မင်းသစ် မဟုတ်ဘူးကွ ၊ သည် မင်းသစ် ( The Min Thit ) ဒက်ဖနိတ်အာတီကယ် ( Definite Article ) သည် ကို နာမည် ရှေ့ မှာ ထည့် ထားတာ ”


စသည်ဖြင့် ...


တစ်ခါက အနုပညာ ငြင်းခုံပွဲ တစ်ခု မှာ ကိုမင်းသစ် ဝုန်းဒိုင်းကြဲ နေ တာ ကျွန်တော် တွေ့ ဖူးသည် ။ Existentialism နှင့် ပတ်သက်၍ ။


“ ဘာ အိပ်ဇစ် ( Exist ) လဲ ၊ အဲဒီ အိပ်ဇစ် ( Exist ) ကို မင်းသစ် လက် မခံဘူးကွ ၊ မင်းသစ် ဘယ်တော့ မှ လက်မခံဘူး ၊ အလကား ပညာတတ် အလေဏတောဝါဒ "


တစ်ခါက အရက်ဆိုင် တစ်ဆိုင် မှာ ပဲ စောဒေဝေါ က ကိုမင်းသစ် ၏ ကျူရှင် ကြော်ငြာ သော “ တစ်ကြိမ် ဆက်ဆံ ၊ မင်း လက်ခံ မှ ၊ ပုံမှန် အတိုင်း ၊ ဆက် တက်ပါ ” ဆိုသော ကဗျာ ကို ကျီစယ် နောက်ပြောင် ဖူးသည် ။ မူးယစ်ရီဝေ ကိုမင်းသစ် က ပေါက်ကွဲ ပါလေပြီ ။


“ ဟေ့ ဒေဝေါ ၊ မောင်ရင် သိပ် ငယ်သေးတယ် နော် ၊ သိပ် ငယ်သေးတယ် ၊ မင်းသစ် ကဗျာ ရေးတာ က ကြာပြီကွ ၊ ဒါ လှောင်စရာ မဟုတ်ဘူး ၊ အနုပညာ နဲ့ မိုင် ၂၀၀၀ လောက် ဝေး တဲ့ ကောင်တွေ က လှောင်လား ပြောင်လား နဲ့ ၊ ဒီမှာ မင်းသစ် အရှေ့တောင် အာရှ ပတ် လာတဲ့ ကောင် ကွ ရှင်းလား ၊ မင်းသစ် အရှေ့တောင်အာရှ ပတ် လာတဲ့ ကောင် ”


သည့် နောက်တွင် တော့ “ ဟေ့ - မောင်သာချို ၊ ပိုက်ဆံ တစ်ဆယ် လောက် ပေးစမ်းကွာ " ဟု ဆို ကာ အိမ် ပြန်တတ်မြဲ ။


••••••  •••••••  •••••• 


ကိုမင်းသစ် နှင့် ပတ်သက်၍ ကျွန်တော် တို့ စိတ် ညစ်ရတာ တစ်ခု ရှိသည် ။ ယင်း မှာ စာသင်ခန်း အပြင်ဘက် နေရာတကာ တွင် သူ ၏ ကျောင်းဆရာ ဝိညာဉ် က လာရောက် ပူးကပ် နေ ခြင်းပါ တည်း ။ " ဒီမှာ မင်း ရှာ နေတဲ့ မင်းသစ် " ဟု ဆိုင်းဘုတ် ဆွဲ ထားသော ဆူးလေဘုရားလမ်း မှ ကျူရှင်ခန်း ၏ ပြင်ပ တွင် ပါ ဆရာ စကားတွေ နဲ့ ကိုမင်းသစ် နေထိုင်သည် ။


တစ်ခါ က သူ့ ကျူရှင်စာအုပ် ကိစ္စ တွေ ယမုံ့ ကို ရှင်းပြ နေသည် ။


“ ယမုံ ၊ ကိုယ့် ဘိုင်အိုစာအုပ် က တစ်အုပ် အစိတ် ကွ ၊ အဲတော့ နှစ်ဆယ့်ငါး လေးလီ ဘယ်လောက်လဲ ”


“ တစ်ရာ ...”


“ ဟုတ်ပြီ၊ အဲဒီ တစ်ရာ ကို မှတ်ထား ၊ ကိုယ် အုပ်ရေ ၃၀၀၀ လောက် ရိုက် ထားတယ်ကွာ ၊ အဲတော့ ၃၀၀၀ ကို လေး နဲ့ စား လိုက်စမ်း ၊ လေးခုနစ်လီ ကွာ ”


“ ၇၅၀ ပါ ဗျာ ”


“ ဟုတ်ပြီ ၊ အဲဒီ ၇၅၀ ကို ခုန ၁ဝဝ နဲ့ မြှောက် လိုက်တော့ ... ”


“ ခုနစ်သောင်း ငါးထောင် ”


ကျွန်တော့် မှာ မနေသာတော့ ။


“ ကိုမင်းသစ် ရာ ၊ ကိုယ့် ဘာသာ တွက်ပြီး ပြော လိုက်လည်း ရတဲ့ ဟာ ၊ အမေးအဖြေ လုပ် နေ ရသေးတယ် ”


ဟု ဝင်ပြော မှ ရယ်ကျဲကျဲ ။


ဒါလည်း သူ့ ညာဉ် မပျောက် ။


တစ်ခါက နယ် မှ ကဗျာဆရာ တစ်ယောက် ကို ချယ်ရီမဂ္ဂဇင်းတိုက် နေရာ ကို ညွှန်ပြ နေသည် ။ စာရွက် နှင့် ဘောလ်ပင် နှင့် ။


“ ဒါ ... အနော်ရထာလမ်းမကြီး မဟုတ်လား ၊ ဒါက အခု ကိုယ် တို့ ရပ်နေတဲ့ လမ်း ၊ ၃၃ လမ်း ၊ အဲတော့ ဒါ က ”


“ ၃၄ လမ်း ...”


“ ဟုတ်ပြီ ၊ ဒါက ...”


“ မဟာဗန္ဓုလလမ်း ”


“ ဟုတ်ပြီ ၊ ဒါ က ... ”


“ ၃၅ လမ်း ...”


“ အိုကေ ၊ ဒါက ...”


“ ၃၆ လမ်း ...”


“ ဟုတ်ပြီ ၊ ဒါက ... လမ်းကျယ်ကြီး နော် ”


“ ပန်းဆိုးတန်းလမ်း ...”


“ ဒါက ...”


“ ၃၇ လမ်း ...”


“ ဟုတ်ကပြီ ၊ ဒါကကော ”


“ ၃၈ လမ်း ...”


“ ဟုတ်ပါပြီ ၊ ဟော့ဒီမှာ လမ်းကျယ်ကြီး ”


" ဆိပ်ကမ်းသာလမ်း ...”


“ အိုကေ ... မောင်ရင် အပေါ်ဘလောက် ကို ကွေ့ လိုက် ၊ ဘယ်ဘက် မှာ လေးငါးဆယ်ခန်း အကျော် မှာ ချယ်ရီမဂ္ဂဇင်း လို့ ရေးထားတယ် ”


ဪ ... ဆိပ်ကမ်းသာလမ်း အပေါ်ဘလောက် ကို တစ်ခါတည်း တန်း ပြော လိုက်ပါလား ကိုမင်းသစ် ရယ် ။


မိလိန္ဒပဉ္စာ ဆန်လွန်းလှပေစွ ။


•••••  •••••••  ••••••  ••••••


ကိုမင်းသစ် သည် လူမှုရေးမင်းသစ် ဟု ဆိုရ လောက်အောင် လည်း သူ့ ကိစ္စ ကိုယ့် ကိစ္စများ ဖြင့် လုံးထွေးပတ်ချာ လိုက် နေသော သူ ဖြစ်သည် ။


တစ်ခါ ယမုံ ခါးရိုး ကျိုးပြီး ဆေးရုံ တက် နေခိုက် ဘီယာပုလင်းတွေ ၊ ပိုက်ဆံတွေ နှင့် ဆေးရုံ ပေါ် ကို ရောက် လာသည် ။ အစ်မ စမ်းစမ်းနွဲ့ ( သာယာဝတီ ) တို့ ပိုက်ဆံ အပြောင်းအလဲ ကိစ္စတွေ မှာ ဒုက္ခ ရောက် သည် ကြားတော့ စားသောက်စရာ တစ်ပွေ့တစ်ပိုက် နှင့် ရန်ကင်း တိုက်ခန်း ပေါ် သို့ ကိုမင်းသစ် အပြေး တက်လာသည် ။


သူ့ အိမ် မှာ အနုပညာ လောကသား တွေ ဝင်လာမစဲ တသဲသဲ ။ ပျဉ်းမနား က အစ်ကို မောင်သင်းခိုင် ၊ ကိုဇော် ( ပျဉ်းမနား ) အစ မအူပင် က မြတ်လှိုင်း အဆုံး တည်းကြ ခိုကြ စားကြ သောက်ကြ ၊ ရုပ်ရှင် အစ်ကိုကြီး ကိုမြတ်လေး ၊ ဆရာ လယ်တွင်းသား စောချစ် ၊ သူရိန်ကိုကို ၊ ကိုရန်ပိုင် ၊ ကိုချစ်ဦးညို  စသည် ။


နယ် က မိတ်ဆွေ တွေ အပြန် မှာ လမ်းစရိတ် ရှာ ပေး လိုက်ရသေးသည် ။ မိသားစု အတွက် ကမ်းလှမ်း လိုက်ရသေးသည် ။


ကိုမင်းသစ်မှာ ကား ခြံကျယ်ကျယ်ကြီး နဲ့ တဲ တစ်လုံး ။ သားတွေ သမီးတွေ လေးငါးယောက် ။ ကျွန်တော် က သူ့ ဇနီး မရှယ်လီ ( ယခင် မြန်မာ့အသံ အင်္ဂလိပ်ပိုင်း အစီအစဉ် ) ကို အားနာသည် ။


“ ကိုမင်းသစ် ၊ နည်းနည်းပါးပါး လည်း စုပါ ဆောင်းပါ ကိုမင်းသစ် ရာ ။ ကိုမင်းသစ် အခု သုံး နေတာ တစ်နေ့ နှစ်ရာ ပတ်ဝန်းကျင် ရှိမယ် ထင်တယ် ။ ရွှေလေးဘာလေး လုပ် ထားပါလား ။ ခင်ဗျား မှာ နာရီကောင်းကောင်း တစ်လုံး တောင် မရှိဘူး ”


“ တော်စမ်းပါ မောင်သာချို ရာ ၊ ကိုယ့် ကိုယ်ခန္ဓာ ပေါ် မှာ ဘာ သတ္တုပစ္စည်း မှ မတင်ဘူး ရှင်းလား ”


ကိုမင်းသစ် ကား ပြောမရ ဆိုမရ ။


•••••  ••••••  •••••  ••••••


အခုတော့ ကိုမင်းသစ် နှင့် ကျွန်တော် မတွေ့တာ ကြာပြီ ။ သူ့ ခြံ ထဲ မှာ ကျင်းပနေကျ အနောက်တိုင်း ဆန် သော ဟက်ပီးနယူးယီးယား ကို လည်း ကျွန်တော် မသွားဖြစ် ။ သူ့ ကျူရှင် က လည်း ပိတ်ထားဆဲ ။ ၃၃ လမ်းတစ်ဝိုက် ကို လည်း သူ ရောက် မလာ ။ သူ အယ်ဒီတာ လုပ်မည် ဆိုသော ကောင်းကင်သစ် မဂ္ဂဇင်း လည်း မလုပ်ဖြစ်တော့ ။


ကိုမင်းသစ် ဘာလဲ ဘယ်လဲ ။


◾ မောင်သာချို


📖 အိပ်မက်ဖူးမဂ္ဂဇင်း

      အမှတ် ၃ ၊ ၁၉၈၉ ။

      

#ကိုအောင်နိုင်ဦး


.

အချစ် တစ္ဆေ


 

❝  အချစ် တစ္ဆေ  ❞

“ ကိုယ် တော့ ကမ္ဘာလောကကြီး မှာ ကိုယ့် ထက် ပျော်တဲ့ သူ ရှိမယ်တောင် မထင်ပါဘူးနော် ... နော် ... မြင့် ရာ ”

ခင်မောင် သည် ပြုံးရွှင်ကျေနပ်သော အမူအရာ နှင့် ချစ်သူ မြင့်မြင့်ကြည် ၏ မျက်နှာ ကို ကြည့်ကာ ပြော လိုက်ရာ ဆံပင် ကို ပြင်၍ ထုံး နေသော မြင့်မြင့်ကြည် သည် ..

“ ပျော်တာ က ကိစ္စ မရှိဘူး ၊ ခမည်းတော်ကြီး အစွဲ ကို ဘယ်လို ချွတ်ရမလဲ ”

“ မေမေ တစ်ယောက် လည်း ကိုကို လာ ကတည်း က ဟိုဘက် တဲ ဆီ ဆိုပြီး ထွက် သွားလိုက်တာ ခုထက် ထိ ပေါ် မလာသေးဘူး ”

“ မားသားကြီး က တော့ ကိုယ့် ဘက် က ဆရာ ၊ ဒီတော့ လူထု ဆန္ဒအတိုင်း များရာ သဘော တူရမယ် ဆိုရင် ၊ ကိုယ် က တစ်မဲ ၊ မားသားကြီး က တစ်မဲ ၊ မြင့် က တစ်မဲ ၊ သုံးမဲ ရ နေပြီ ၊ အုံးအင်ကြီး တစ်မဲ တည်း ဆိုတော့ ကိုယ်တို့ နိုင်ပြီး သူ ရှုံးတော့ မှာ အမှန်ပဲ ”

“ ဆိုရှယ်ဒီမိုကရက်တစ် အိုင်ဒီယာ နဲ့ ဖားသားကြီး ကို ရ မှာလည်း မဟုတ်ဘူး ၊ သူ ကျေနပ်တဲ့ ဟာ ၊ သူ နှစ်သက်တာ တစ်ခုခု လုပ် ပြရလိမ့်မယ်“

“  စစ်ဗိုလ် လူထွက်ကြီး ဆိုတော့ လူသ -တ် ပြရမှာလား ”

“ အို... ဒီလိုလဲ ဘယ်ဟုတ်မလဲ ကိုကို ရဲ့ ၊ သူ ကျေနပ်မှု တစ်ခုခုပေါ့ ”

“ သူ တစ်သက်လုံး မြင့် ကို အပျိုကြီး ဘဝ နဲ့ ထားမယ် မထင်ပါဘူး ”

“ ဒါတော့ ဒါပေါ့လေ ၊ နို့ပေမယ့် စစ်ဗိုလ်အစ ၊ စစ်သားအဆုံး အဲသလို ရဲဘော်တစ်ဦးဦး နဲ့ မှ သဘောတူ မှာပဲ ။ လေသံ လည်း ခဏခဏ ပစ်တယ် ”

“ ဒါဖြင့် ကိုယ်တို့ လုပ်ခဲ့တာတွေ ကို ပဲ သတင်းစာ ထဲက ကြော်ငြာ ပြတော့မှ မိန်းမ တစ်ယောက် ရ ရတော့မလို ဖြစ်နေပါပကော မြင့် ရယ် ”

ထိုအခါ၌ မြင့်မြင့်ကြည် သည် အတော် စိတ်မကောင်း ဖြစ်ရှာ၏ ။ ခင်မောင် သည် တော်လှန်ရေး အတွက် အတွင်း က နေ၍ သက်စွန့်ကြိုးပမ်း ဆောင်ရွက်လာခဲ့သည် ကို မြင့် သိ၏ ။ သတင်း ထောက်လှမ်းရာ ၌ လက်နက် တစ်စုံတစ်ရာ မပါရ ၊ လက်နက် အပြည့်အစုံ နှင့် ရှိသော ရန်သူ အနီးသို့ ချဉ်းကပ် သွားရ၏ ။ တစ်ခါတစ်ရံ ရန်သူ ၏ မိတ်ဆွေ ကဲ့ သို့ ရောနှော ပေါင်းရ၏ ။ အကယ်၍ ရန်သူ အထင် မှား က အသက် လွတ်မည် မဟုတ် ။ ထို့အတူ ရန်သူ နှင့် ဟန်ဆောင် ရောနှောခိုက် မဟာမိတ်စစ်ဘက် က မယုံလျှင် လည်း အသက် ရှည်ဖွယ်ရာ မရှိ ၊ တစ်ခါတစ်ရံ ရန်သူ ၂ - စခန်း ၊ ၃ - စခန်း နှင့် ကင်းလွတ်အောင် ကွေ့ရှောင် လာရသည်မှာလည်း ထမင်းမွတ် ၊ ရေသိပ် နှင့် သက်သာသော အလုပ် မဟုတ် ။ ခြေဖဝါး သွေးခြည် ဥသည် အထိ ခံစားရ၏ ။ သို့စဉ်မျှ ချစ်သူ သည် သူ့ တိုင်းပြည် အတွက် တာဝန် ကျေပွန်ခဲ့လျက် ဖခင်ကြီး အတွက် အခက်ကြုံ ရလေခြင်း ဟု မျက်နှာကလေး ညှိုးနွမ်း သွားရှာ၏ ။

“ မြင့် ဘာဖြစ် သွားတာလဲ ဟင် ၊ မျက်နှာကလေး ညို လို့ ”

“ ကိုကို ဘယ်လို ဆောင်ရွက်ခဲ့တာ သိတော့ မြင့် စိတ် မကောင်းတာပေါ့ ၊ မြင့် လည်း စွန့်ရဲပါတယ် ၊ ဒါပေမဲ့ ဖေဖေ က တဇောက်ကန်း မို့ ငါ့ စကား နား မထောင်ရင် ဒင်းတို့ ကို အကုန် သ -တ် ၊ ငါ့ ကိုယ်လည်း ငါ သ -တ်‌ေ သ မယ် ဆိုတဲ့ လူစား ကိုကို ရဲ့ ”

“ ဟယ် ... ဟဲ့ ဟဲ့ တော်ပါပေ့ဗျ ”

အသံသြကြီး တစ်ခု ( ၄ ) တောင် ခွာ မှ ကြားလိုက်ရခြင်း သည် ချစ်သူ နှစ်ဦး ၏ ချစ် အရသာ ကို ပျက်ပြားစေတော့၏ ။ အသက် ( ၄၀ ) ကျော်ခန့် ကာကီဘောင်းဘီရှည် ၊ ကာကီရှပ် ၊ ရှူးဖိနပ် - ဖော့ဦးထုပ် နှင့် လူကြီးတစ်ယောက် သည် ပြောရင်းဆိုရင်း ရှေ့သို့ တိုး လာ ကာ လူငယ် ၏ လည်ကုပ် ကို ဖမ်းဆွဲလေ၏ ။ လူငယ် က ခေါင်းပု ရှောင် လိုက်သဖြင့် လက် ချော်သွားစဉ် မြင့်မြင့်ကြည် က ...

“ အို ... ဖေဖေ က လဲ လက် လွန်ကုန်ပါ့မယ် ၊ မြင့် ရှင်း ပြပါ့မယ် ”

“ အံမာ ဘာ လက်လွန်ရမှာလဲ ၊ အရပ် ( ၅ ) ပေ ( ၄ ) လက်မ ၊ ရင် လက်မ ( ၃၀ ) လောက် ရှိတဲ့ ကောင်လေး နဲ့ ဖက် ရန်ဖြစ်ရင် ဖေဖေ အရူး ဖြစ်မှာပေါ့ ”

“ ခင်ဗျား ကျွန်တော့် မစော်ကားနဲ့ ။ ဒီလို ပုသေးတာ ဟာ ကျွန်တော့် အပြစ် မဟုတ်ဘူး ၊ ကျွန်တော့် မိဘ ရဲ့ အပြစ် ဗျ ”

ခင်မောင်မောင် သည် အေးအေးဆေးဆေး သူငယ်ချင်း ပြော သလို ပြော လိုက်ရာ လူကြီး သည် ဒေါသ ထွက်လာဟန် နှင့် .…

“ တော်ပါကွာ ၊ ဟေ့ ခင်မောင်မောင် ငါ့ ယာခင်း မှာ အစစ ကူညီတဲ့ အတွက်တော့ ကျေးဇူး တင်ပါတယ် ၊ ဒါပေမယ့် ကနေ့ က စပြီး နောက်ထပ် မလာဖို့ ပြော လိုတယ် ”

“ ကျွန်တော် တတ်တဲ့ လောကဓာတ်ပညာ ကျေးဇူး ဆိုပါတော့ ဟုတ်လား ဦး ၊ ဘဲ ကြက် မွေးမြူရေး လုပ်ငန်း ၊ သစ်ပင် ပန်းပင် လောကဓာတ်နည်း နဲ့ ဖြစ်ထွန်းအောင် ကြိုးစားခဲ့တာတွေဟာ အမှန် က တော့ ဦး ကြောင့် မဟုတ်ဘူး ၊ ဦး သမီး ချစ် လို့ အပင်ပန်း ခံ လုပ်ပေးခဲ့တာ ”

“ အေး ဒါဖြင့် ငါ နဲ့ မှ မဆိုင်ဘဲ ငါ့ အိမ် ထွက် ၊ ငါ ဘာမဆို လုပ်ရဲတဲ့ အကောင် သိလား ၊ စစ်မြေပြင် မှာ နာမည် ရတယ် ဆိုတာ ဘာကြောင့်လဲ ”

“ ကိုယ် သတ္တိ ရှိတာတွေ ခင်မောင်မောင် သိပါတယ် ၊ စဉ်းစဉ်းစားစား လုပ်ပါ ”

“ ဖေဖေ့ သတ္တိ ထဲ မှာ တစ္ဆေ ကြောက်တတ်တာ တစ်ခု ခြွင်းချက်ထားပါ“

မြင့်မြင့်ကြည် သည် ဝင်၍ စွက် လိုက်ရာ စကား ပြောမိလျှင် မှားမှား မှန်မှန် နောက်ဆုတ်လေ့ မရှိသော ဦးဖေကြည် သည် အလျှော့ မပေးလိုသော အမူအရာ နှင့်

“ ဘာ တစ္ဆေ ၊ စစ်မြေပြင် ရင်ဆိုင်တိုက်လာတဲ့ လူ က တစ္ဆေ ကြောက် ရမလား ”

“ ဒါဖြင့် ဦး ဆိုလိုတဲ့ အဓိပ္ပာယ် က ဦး သမီး ကို စစ်သား နဲ့ မှ သဘောတူတယ် ဆိုတာ စစ်သား မှ သတ္တိ ရှိတယ် ထင်လို့လား ”

“ အပ္ပက အားဖြင့် မဆိုလိုဘူး ၊ ယေဘူယျ အားဖြင့် စစ်သား မှ သတ္တိ ရှိတာ ”

“ ကျွန်တော် ဟာ ဦး ရဲ့ အမိန့်အတိုင်း ဦး ရဲ့ အိမ် က အခုပဲ သွားပါတော့မယ် ၊ သို့သော် ဦး ရဲ့ စကားအတိုင်း အနည်းငယ် အစီရင်ခံပါရစေ ၊ ဒီ တဲ က သွားမယ်ဆိုရင် တစ်မိုင် လောက် သွားရမယ့် ပြည်လမ်း က ဝင်းခြံ နဲ့ တိုက်ကြီး ကို ဦး သိမှာပေါ့ ”

“ အေး သိတာပေါ့ ။ တစ္ဆေ အလွန် ခြောက်တယ်လို့ ကျော် နေတဲ့ဟာပဲ ”

“ ဒီတော့ ဦး လည်း သတ္တိ ရှိတဲ့ ပုဂ္ဂိုလ် တစ်ဦးပဲ ၊ နို့ပေမယ့် တစ်ခုတော့ ရှိတယ် ၊ ကျွန်တော့် အသက် ( ၂၅ ) နှစ် အတွင်း တွေ့ဖူးတာကတော့ တစ္ဆေ ကြောက်တတ်တဲ့ သူ ဟာ လူ တော့ သ -တ်ရဲတယ် ၊ တစ္ဆေ မကြောက်တတ်တဲ့ သူ ဟာ လူတော့ မသ -တ်ရဲဘူး ၊ နှစ်မျိုးစလုံး ရဲတဲ့ လူလည်း ရှိသပေါ့ ”

“ ကျုပ် စကားပို သိပ် မပြောဘူး ”

“ ဒီလိုဆိုရင် နက်ဖြန် ဗုဒ္ဓဟူးနေ့ မဟုတ်လား ၊ ည ( ၁၂ ) နာရီ က ( ၃ ) နာရီ အတွင်း ဦး နဲ့ ကျွန်တော် အတူတူ သွား နေကြည့်ရအောင် ၊ ကြောက် တဲ့ သူ ဟာ အရှုံး ပေါ့ ”

“ စိန်လိုက် ၊ ဦး က ဒီလို သတ္တိခဲ ကို ရှာတာ ၊ မလာရဲလို့ ပျက်ကွက်ရင် ဘယ့်နှယ်လဲ ”

“ ကျွန်တော် မလာရဲရင် ဦး က သ -တ်ပေါ့ ၊ ဦး က မလာရဲရင် ကျွန်တော် ဘယ်လိုမှ မလုပ်ပါဘူး ၊ သူရဲဘော ကြောင်တဲ့ တစ္ဆေကြောက်ကြီး လို့ မှတ်ရမှာပဲ ၊ ဒီ အပြိုင်အဆိုင် လုပ်လို့ ကျွန်တော် နိုင်တောင် ဦး ရဲ့ သမီး နဲ့ သဘော တူဖို့ ဆိုတဲ့ အခွင့်အရေး မဆိုပါဘူး ”

“ စိန်လိုက်ဆိုကွယ် ၊ စစ်မြေပြင် အပွဲပွဲနွှဲလာတဲ့ သူ ပဲဟာ ”

“ ကိုဖေကြည် ဟုတ်မှလည်း လုပ်ပါနော် ” ( ဓာတ်သိ ဒေါ်မြင့်ရွှေ က ထောက် ပြောသည် ။ )

“ မင်း က ငါ့ ကို အရင်ကလို တစ္ဆေ ကြောက်တတ်တဲ့ ဖေကြည် မှတ်လား အလောင်းတွေ နင်းပြီး စစ်တိုက်လာတာကွ“

“ အဲဒီ တိုက်ကြီး ကို ကျွန်တော် တစ်ည သွား ကြည့်ပြီးပြီ ကျွန်တော် ကတော့ မတိုက်ဆိုင် လို့လား မပြောတတ် ။ ဘာ တစ္ဆေ မှ မတွေ့ခဲ့ပါဘူး ၊ လမ်းဘက် က လှည့် ဝင်တော့ ဆင်ဝင်အောက် ရောက် လှေကား က အတွင်းဘက် မှာ အခန်းကျယ် ( ၂ ) ခန်း ရှိတယ် ၊ ကျွန်တော် အတွင်းခန်း က နေမယ် ၊ ဦး အပြင်ခန်း ကနေ ခွေး ရိုက်ဖို့ ကြိမ်လုံးလောက် ကိုင် ၊ ဒီပြင် လက်နက် မကိုင်စတမ်း ၊ ဒါမှ ပကတိ သတ္တိ ကို သိကြမယ် ”

“ အေး စိန်လိုက် ” ( ဦးဖေကြည် ၏ အသံ အနည်းငယ် ပျော့ သွားသည် ။ )

“ ဒီကိစ္စ မှာ စွန့်စားမှု ( ၂ ) ခု ရှိတယ် ။ တစ်ခု က တစ္ဆေ နဲ့ တွေ့ဖို့ ၊ ဒိပြင် တစ်ခု က ကားဖြူး ( နေဝင်မီးငြိမ်း ) အော်ဒါသမားတွေ နဲ့ လွတ်ဖို့ ”

“ လုပ်ရင် အကုန် လုပ်ရဲရမှာပေါ့ကွယ် ”

ဦးဖေကြည် သည် ခင်မောင်မောင် အား ပညာဗဟုသုတ နှင့် ပတ်သက်၍ မူ အထင် မသေးချေ ။ ထို့ကြောင့် သူ ကတိ ထားလိုက်သည့် အတိုင်း မလုပ်ရဲလျှင် ၊ ထို လူရွယ် ၏ လက်ရာ ဖြင့် စာနယ်ဇင်းများ တွင် မည်မျှ အကလိ ခံရမည်ကို တွေး ရှက်နေ၏ ။ နောက် တစ်နေ့ ည တွင် အရက် ပို သောက်၍ စောစော အိပ်၏ ။ ည ( ၁ ) နာရီ မတ်တင်း တွင် အိပ်ရာ က နိုးသော အခါ လူးလဲ ထ၏ ။ သူ သည် ရှေး က ကျောင်းဆရာ စိတ် မဟုတ် ။ အရက် သောက်၏ ။ စားချင်သော ခြံဖြစ် ဘဲကြက် ကို လည်း တပည့်တွေ အစီရင်ခိုင်း၍ ချက်စား၏ ။ ထို ည မူ ငါးပါးသီလ ပင် ရှိခိုး၏ ။ ဒေါ်မြင့်ရွှေ ကား သူတော်ကောင်းမကြီး ဖြစ်၏ ။ ည ဘုရား ဝတ် မပျက် ။ ဒေါ်မြင့်ရွှေ ဘုရား ဝတ်ပြုစဉ် ပခုံးတင်လေ့ ရှိသော ကတ္တီပါတဘက် ကို လည်ပင်း တွင် ပတ် လိုက်၏ ။ ထို တဘက် သည် တန်ခိုး ရှိမည် ဟု ယုံကြည်ဟန် တူ၏ ။ ခရီး ထွက်ခါနီး ရဲဆေး တင်ရန် အရက်သောက်ရ ကောင်းမလား ဟု စဉ်းစားပြန်၏ ။ စောစောက ငါးပါးသီလ နှင့် တဘက် ကို သတိရ၍ မသောက်ရဲ ။ ထို့နောက် လက်ဆွဲမှန်အိမ် အသေးစား ကို မီးမှိန်ထွန်း ပြီး လျှင် စက္ကူညို ပတ်ကာ တဲကြီး မှ ထွက်ခွာခဲ့လေ၏ ။

ထို ည ကား လဆုတ် ( ၁၂ ) ရက် နေ့ ည ဖြစ်၏ ။ လွင်တီးခေါင် တွင် မူ ထိုမျှ မှောင်မည်း မဟုတ်သော်လည်း သစ်ပင် အုပ်ဆိုင်း ၊ ချုံပုတ် ထူထပ်သော နေရာ ဖြစ်သဖြင့် အချို့နေရာ ၌ လမ်း ကိုပင် မမြင်ရအောင် ဖြစ်၍ နေ၏ ။ တိုက်တာဝင်းခြံ ကျိုးတိုးကျဲတဲ ရှိသော်လည်း မီးရောင် ဟူ၍ ဘယ် ပြတင်းက မှ မထွက် ။ ပရစ် အော်သံ သည် ဆိတ်ငြိမ်ခြင်း ကို တိုးတက် သက်သေခံသကဲ့သို့ ဖြစ်နေ၏ ။

ဆိတ်ငြိမ်ခြင်း နှင့် မှောင်မဲ ၍ အဖော် ကင်းမဲ့ကာ ကိုယ် တည်း နေရခြင်း သည် လူ ၏ ကြောက်စိတ် ကို ဖြစ် စေတတ်၏ ။ ငယ်ငယ်ကပင် ကလေး အငိုတိတ်အောင် တစ္ဆေကြီး ၊ သူရဲကြီး နှင့် အခြောက် ခံခဲ့ရသော ဦးဖေကြည် သည် အသက် ( ၄၀ ) တိုင် အောင် အမြဲ ကြောက်ရွံ့ နေသည် မှာ အံ့သြဖွယ်ရာ မဟုတ် ။ ထိုကဲ့သို့ ကြောက်စိတ် ဝင်ခိုက် သူ ဖတ်ဖူးသော တစ္ဆေပုံပြင် ၊ စုန်းကဝေ မှတ်တမ်း ၊ မှော်ဆရာ မှတ်တမ်း စသည်တို့ ထဲမှ ကြောက်မက်ဖွယ်ရာများ ပေါ်လာသော အခါ ဟယ် မသွားတော့ပါဘူး ဟု ခြေလှမ်း တုံ့ မိ၏ ။ လုပ်မည်ဆို လုပ်ရမည် ဟူသော စစ်ဝါဒ သည် သူ့ တွင် ကိန်းအောင်း နေ၏ ။ သမီး လိုချင်သူကလေး ၏ လှောင်ပြုံး ပြောဆိုမည့် အမူအရာ စကားသံ ကို ကြားယောင်နေ၏ ။

ထို့ကြောင့် ကြောက်ကြောက် နှင့် ခပ်သွက်သွက် ဇွတ် တိုးသွား၏ ။ တစ်မိုင် ခရီး ကို ( ၁၅ ) မိနစ် မပြည့်ခင်ပင် ချိန်းဆိုသော ခြံတံခါး သို့ ရောက်ရှိသွား၏ ။ သူ သည် အတွင်း ဘက် သို့ လှမ်း ကြည့်၏ ။ ခြုံပိတ်ပေါင်း ထူထပ်လျက် ဗုံးဆံ အချို့ ထိထားသော တိုက်ကြီးမျှ ဖြစ်ရာ တိုက်ကြီး ကပင် သူ့အား ဖြဲ စားတော့မည် ကဲ့ သို့ ထင်မှတ် နေ၏ ။ အလွန် ရှည်လျားသော လက်တံကြီး တစ်ခု သည် တိုက် ထဲက ထွက်ပေါ်လာကာ သူ့ အား ဆွဲခေါ်လေမည်လား ဟု တွေးရွံ့နေ၏ ။ သူ ပင်လျှင် ဤမျှ ကြောက်ရွံ့ နေလျှင် ဤ ကောင်လေး ချိန်းဆိုထားသည့် အတိုင်း မုချ လာဝံ့မည် မဟုတ် ဟု ထင်မှတ်နေ၏ ။

သို့ရာတွင် ချိန်းဆိုသည့် အတိုင်း လုပ်ရမည် မှာ သူ့ ဝတ္တရား ပင် ဖြစ်ရကား တဖြည်းဖြည်း ခြံ ထဲ သို့ ဝင်ခဲ့၏ ။ ဆင်ဝင် အောက်သို့ ရောက် လျှင် မီးမှိန်ထားသော မှန်အိမ်ကလေး ၏ မီးစာ ကို မြှင့်တင်လိုက်၏ ။ အလင်း ၏ တန်ဖိုး သည် အမှောင် တွင် ပိုမို သိရသည့်အတိုင်း စက္ကူညို ကာ ထားလျက် ပင် ( ၄ - ၅ ) တောင် ပတ်လည် ကို ကောင်းစွာ မြင်ရ၏ ။ သူ သည် အရဲ စွန့်ကာ လှေကား ဆီ သို့ တိုးလာ၏ ။ ထိုအခိုက် တစ်စုံတစ်ခု သည် သူ ၏ ဇက်ပိုး ကို ဖြတ်ခနဲ မြည်အောင် ရိုက်လိုက်ရာ “ အမယ်လေးဗျ ” ဟု အော်ပြီး လန့် ခုန် လိုက်၏ ။ ထိုအတွင်း မီးရောင်တွင် လင်းနို့များ ပျံနေကြသည်ကိုမြင်မှ ၊ မိမိ သူရဲဘော ကြောင်မိသည် ကို သတိရကာ “  ....… ….… .... ” ဟု အသံ ထွက်သွား၏ ။

ဦးဖေကြည် သည် တိုက် အပေါ် ထပ် သို့ ရောက်လျှင် သူ့ အဖို့ သတ်မှတ်ထားသော အခန်း ထဲ သို့ ရောက်သွား၏ ။ ငါ မလန့်ဘူး ၊ တစ်ခုခု အသံ ကြားလျှင် လင်းနို့ ဖြစ်မှာဘဲ ဟု စိတ်တင်း နေ၏ ။ နာရီဝက်ခန့် နေသော် လည်း ထူးခြားချက် တစ်ခု မျှ မတွေ့ ။ သို့ရာတွင် သူ့ ခေါင်းပေါ် မှ ကျစ်ကျစ် ဟု အသံ ကြားနေပြီ ဖြစ်၏ ။ သူ မော့ မကြည့်ဘဲ မနေနိုင် ။ မော့ ကြည့်၏ ။ မီးရောင် သည် အပေါ်သို့ မထွက်သဖြင့် ဘာမျှ မမြင်ရ ၊ ကျိကျိ အသံ သာ ကြား ရဆဲ ။ ထို့နောက် တစ်စုံတစ်ခု သူ့ ခေါင်းပေါ် က ဝဲပြီး ပျံ သွား သည် ကို သိ လိုက်၏ ။ ကြက်သီး ဖျန်းခနဲ ထသွား၏ ။ တစ်ဖန် သူ ၏ ကျော ဘက်မှ တကျိကျိ အသံ ကြားရသဖြင့် လှည့် ကြည့်ရာ ၊ ပကတိ လူ ၏ လေးဆ လောက် ရှိ၍ မျောက် ဟုလည်း မပြောနိုင် ၊ အမွှေးအမျှင်ထူထူ နှင့် သဏ္ဍာန် တစ်ခု မြင်ရ၏ ။

“ ခင်မောင်မောင် ... ခင်မောင်မောင် ..... ခင်မောင်မောင် ...”

ဦးဖေကြည် သည် အသံ ကုန် ဟစ်အော် လိုက်၏ ။ တစ်ဘက် က ဘာသံမျှ မကြားရ ။ လူ့ သဘော ကား ကြောက်သော အရာ မှ ထပ် ကြည့် လိုသည့် အတိုင်း ကြည့် ပြန်ရာ ထိုအရာ သည် လက် ချထားရာ မှ လက် မြှောက်ပြီး သူ့ ဆီသို့ တိုး လာရာ ၊ ဦးဖေကြည် ဟန် မဆောင်နိုင်တော့ ၊ မီးအိမ်ကလေး ဆွဲ ကာ ဆင်း ပြေး တော့လေ၏ ။ မည်မျှ အပြေး မြန်သနည်း ဟူမူ ( ၁၀ ) မိနစ်ခန့် နှင့် တဲ ခြံပေါက်သို့ ရောက်ရှိလာလေ၏ ။

တဲပေါက် ရောက် မှ သူ အမောတကော ပြေး လာရသည် ကို သမီး နှင့် မယား ရိပ်မိမည် စိုး၍ ခဏ အနားပြီး တဲ ဆီသို့ ရောက် လာ၏ ။ သားအမိ နှစ်ဦး မှာလည်း ထွက်သွားကတည်းက စိုးရိမ်စွာ စောင့်မျှော်နေရာ ပြန်လာသည် ကို တွေ့ ရ မှ စိတ် အေးသွားကြ၏ ။

“ အလကား ကောင်ကလေးပါ ။ သတ္တိ မရှိပါဘူး ၊ သက်သက် ငါ့ တစ်ပတ် ရိုက်တာ ”

“ ကိုကိုခင်မောင် သတ္တိ မသေးဘူးနော် ဖေဖေ ။ သူ ညာမယ် မထင်ဘူး ”

ထိုအခိုက် ဖိနပ်သံ ကြားသဖြင့် စောင့်နေကြရာ ခင်မောင်မောင် ရောက်ရှိလာ၏ ။ ထွန်းထားသော ကြည့်မှန်အိမ် အကြီးစား မှာ အတော် လင်း၏ ။ ခင်မောင်မောင် ၏ လည်ပင်း တွင် ဒေါ်မြင့်ရွှေ ၏ ကတ္တီပါတဘက် ပတ် ထား၏ ။ ထို တဘက် မြင်သည် နှင့် တစ်ပြိုင်နက် ဦးဖေကြည် မျက်နှာ ပျက် သွား၏ ။ ထို တဘက် မှာ တိုက် အပေါ်ထပ် သို့ ရောက်စဉ်က လင်းနို့ ရိုက် ရန် သူ့ ရှေ့ မှန်အိမ် အနီး ချ ထား၏ ။ ကြောက်ကြောက်ရွံ့ရွံ့ နှင့် ဆင်း ပြေး ခဲ့သော အခါ တဘက် ကို သတိ မရခဲ့ ။ သို့ဖြစ်လျှင် ခင်မောင်မောင် သည် အပေါ်တွင် ရှိရမည် ။ လင်းနို့ တိုး ၍ လန့် အော်မိပုံ ။ ခင်မောင်မောင် ဟု သုံးကြိမ် အော် ခေါ်မိပုံ တို့ ပါ သူ သိမည်ဟု ။

“ ပြောစရာ မနက်မှ ပြောကြစို့ ” ဟု ဆိုကာ အိပ်ခန်း သို့ ဝင် သွားလေ၏ ။ ဒေါ်မြင့်ရွှေ လည်း ခင်ပွန်းသည် ၏ မျက်နှာ အတော်ကလေး ကျ လာသည် ဟု ထင်သဖြင့် ထက်ကြပ် လိုက်သွား၏ ။ မြင့်မြင့်ကြည် က ခင်မောင်မောင် ကို ကြည့် ကာ ...

“ တစ္ဆေ ခြောက်တယ် ဆိုတာ အဟုတ်ပဲလား ကိုကို ရဲ့ ”

“ မဟုတ်တာ မြင့် ရယ် ၊ တစ္ဆေ ဆို တာ မှ မရှိဘဲ ။ ဘယ်က တစ္ဆေ ခြောက်တယ် ဆိုတာ ရှိမလဲ ၊ ဒီ တိုက်ကြီး က ဒီလို ။ ပထမ ဖဲသမားတွေ က ပုလိပ် ရန် က လွတ်အောင် ည ည ကျ ရင် အဲဒီ တိုက် ဖဲ လာ ရိုက် ရော ၊ အရက်သမား က လည်း ပုလိပ် အလာ နည်းတဲ့ နေရာ ရှာ နေတာ ၊ ဒီ တိုက် တွေ့ တော့ အရုပ်ကြီး တစ်ခု အမြင် မကောင်း အောင် လုပ် ၊ တစ်ယောက် က မီး ဝင် မှုတ် ၊ ဆင်း အပြေး ဒီ အရုပ်ကြီး နဲ့ လိုက် ခြောက် နဲ့ တကယ် တစ္ဆေ ခြောက် သလို ဖြစ် နေတာပေါ့ ။ မိတ်ဆွေ တစ်ယောက် ဆီ က ဒီ အကြောင်း သိ တာ နဲ့ ကိုကို ကြံ လိုက်တာပဲ ။ အဘိုးကြီး တော့ သနားပါတယ် ။ အတော် ကို ကြောက် သွား ရှာတယ် ၊ ကဲ ကိုယ် တို့လည်း သေချာ လောက် ရောပေါ့ ”

“ ဟင်း ... ဒီလို စမ်းတာဟာ နိုင်တောင် သမီး ပေးရမယ်လို့ မဆိုပါဘူး ”

◾မဟာဆွေ

📖 သွေးသောက်မဂ္ဂဇင်း
      ၁၉၄၅ - ခု ၊ ဒီဇင်ဘာလ

#ကိုအောင်နိုင်ဦး

.

Friday, November 25, 2022

ရွှေတမာ


 

❝ ရွှေတမာ ❞

အကယ်၍ သာ သမီးလေး ခင်မာလာ မွေးဖွား၍ မလာပါလျှင် လည်း ဦးထွန်းအေး တို့ အဖို့ ထိုမျှ စိတ်ပူပန်မည် မဟုတ်ပေ ။

ယခုမူ သမီးလေး ကို မွေးသည့် နေ့မှ စ၍ သူ သည် အစဉ် ပူပန် ခဲ့ရသည် ။

ယခု ည လို အခါမျိုး တွင် အိပ် လို့ ပင် မရ လောက်အောင် စိတ် မှာ  လှုပ်ရှား၍ နေပေသည် ။ သူ့ သမီးလေး သည် အသက် ( ၂၀ ) ပင် ပြည့်တော့ မည် ။ ထို အနှစ် ( ၂၀ ) ကာလပတ်လုံး သူ သည် စိတ် ပင်ပန်းမှု ဝေဒနာ ကို အစဉ် ခံစားလာခဲ့ရပေသည် ။

အိပ်ခန်း မှ ထ ၍ ဘေးတံခါးမကြီး မှ သူ သည် ခြံတွင်း သို့ ဆင်း လာခဲ့သည် ။

မိုးဦး ဖြစ်၍ လေ ထဲ တွင် မိုးသက်နံ့ သည် ပါလာခဲ့လေ သည် ။ အိမ် ထဲ တွင် ပူအိုက် သလို ဖြစ်နေပေသည် ။ သူ သည် စံပယ်ရုံများ ဘေး ရှိ ခုံတန်း ပေါ်တွင် ထိုင်၍ လေ ကို မှန်မှန် ရှူ ၍ နေသည် ။

မိုးသားများ မရှိသေးခင် လ သည် ဝင်းပစွာ သာနေသည် ။ သူ့ မျက်လုံးများ သည် စံပယ်များ ပေါ် သို့ ရောက် သွားသည် ။ လရောင် ဖြင့် ပွင့်အာ လာကြပြီ ဖြစ်သော စံပယ် ၏ ငွေဝတ်လွှာများ မှာ ရက်ရက်စက်စက် ပင် လှပ နေပေသည် ။ ချိုအေးသော ရနံ့ သည် သူ့ ဝန်းကျင် ဝယ် သင်းပျံ့နေ၏ ။ သစ်ရွက်များ လည်း ငွေရောင် တောက် ၍ ဖြည်းညှင်းစွာ လှုပ်ရှား ၍ နေပေသည် ။

ထိုကဲ့သို့ လှပသော ညများ တွင် သူ သည် မခင်သူ နှင့် တွေ့ခဲ့ သည် မဟုတ်ပါလော ။ နူးညံ့ ပြေပြစ်သော ယဉ်ယဉ်လေး နှင့် ချောမွေ့သော မခင်သူ ၏ မျက်နှာ ကို လရောင် အောက် တွင် တွေ့ ခဲ့ရလေသည် ။ တီးတိုးစွာ နှင့် နှီးနှော နေကြသည့် ချစ်သူ စကားသံ တို့ မှာ ထိုစဉ် က နှစ်သက် ၍ မဆုံးခဲ့ပေ ။

ယခုလို စံပယ်ရုံ နား မှာတော့ မဟုတ်ပေ ။ သူတို့ နှစ်ဦး တွေ့ စဉ်က မခင်သူ တို့ ခြံ ထဲ ရှိ ယုဇနပင် အောက် မှာ ဖြစ်ခဲ့သည် ။ လရောင် မှာ ယုဇနရွက်များ ကြား မှ လက် ၍ ထင် နေသည် ။ ညဉ့် ၏ လေတွင် ယုဇန ပွင့် ရနံ့များ သည် သင်းပျံ့ လှသည် ။ များသောအားဖြင့် သူ က ချစ်စိတ် မွှန် တတ်သည် ။ မခင်သူလေး ၏ လိမ္မာမှု ကြောင့် သူ တို့ ကျူးကျူးလွန်လွန် မဖြစ်ကြ ။ ထိန်းသိမ်း နိုင်ခဲ့ကြသည် ။ ငယ်ရွယ်သူ ချစ်သူချင်း ယခုလို တိတ်ဆိတ်သော ည တွင် တွေ့ ရသည် မှာ ချမ်းမြေ့ ရွှင်လန်းဖွယ် ကောင်း သလောက် ၊ ကြောက် စရာ အခြေအနေဆိုး ကို လည်း ဖန်တီး ပေးနိုင်သည် ။

မခင်သူ က ဓမ္မ ဆန်ပေသည် ။ များသောအားဖြင့် လည်း ဓမ္မ ကြောင်း ကို ယှဉ် ၍ ပြော တတ်၏ ။

သူ သည် မခင်သူ ပါးနုနုလေး ကို သူ့ ပါး နှင့် အပ်၍ ချစ်စိတ် မွန်တိုင်း ပြောချင်ရာ ပြောခဲ့သည် ။

“ မေမေတို့ က သဘော မတူလဲ ခင့် ကို မောင် က ရအောင် ယူမှာ ပဲ ။ ခုတောင် နောက် ကောလိပ် မှာ ၃ - နှစ် ပဲ နေရတော့မယ် ”

သူ သည် ဒါတွင်မက ဘယ်လောက် ချစ်ကြောင်း ကို လည်း ဋီကာ ချဲ့ တတ် သေးသည် ။

သို့သော် မခင်သူ က မူ သူ့ ရင်ခွင် ထဲ တွင် လမင်း ကို မော့ ကြည့် ယင်း ပင် ဓမ္မဆန်ဆန် ပြော တတ်သည် ။

“ လူတွေ တောင် မှ မမြဲကြပါဘူး မောင် အချစ် ဆိုတာလဲ သင်္ခါရ ပါပဲ ။ တစ်ကြိမ်တစ်ခါ မှာ မုန်းချင် လဲ မုန်း ပေမပေါ့ ။ ဘယ့်နှယ့် လုပ် ပြီး မောင် ဟာ ခင့် ကို တစ်သက်လုံး ချစ်ရမယ်လို့ ခင် က ပြော နိုင်မလဲ ။ ပြီးတော့လဲ ခင် နဲ့ မောင် က ခုမှ တွေ့ကြတာ ၊ မိဘ ဆိုတာ တစ်သက်လုံး ပြုစုကျွေးမွေးပြီး စောင့်ရှောက် လာခဲ့တာ မိဘ စကား ကို တော့ ဘယ် တော့မှ မလွန်ဆန်နဲ့ပေါ့ ”

မခင်သူ က ထိုသို့များ ပြော လိုက်လျှင် သူ သည် ဆတ်ဆတ် ခါ နာတတ်သည် ။ သူ ယောက်ျား ပီသကြောင်း ၊ သစ္စာ မဖောက်ကြောင်း ကို တသီကြီး ပြောတတ်သည် ။

ဒီလို ပြော လျှင် လည်း မခင်သူ က ပြုံးပြုံးလေး ပင် နေတတ် သည် ။

ဒါပေမယ့် နောက်ပိုင်းတွင် သူ သည် မခင်သူ အား သစ္စာ ဖောက် ခဲ့သည် ။ မလိမ့်တစ်ပတ် လုပ်၍ စွန့်ပစ်ခဲ့ပြီး နွဲ့နွဲ့ရီ ကို ယူ လိုက်သည် ။

အတိတ်များ သည် တစ်ခု ပြီး တစ်ခု ပေါ်လာတိုင်း သူ့ စိတ် လှုပ်ရှားမှု သည် ပြင်းပြ လာသည် ။

သူ ပင် ယခု ဦးထွန်းအေး ဖြစ်၍ မခင်သူ လည်း ဒေါ်ခင်သူ ဘဝ ကို ရောက်၍ နေပေသည် ။

ပထမ တော့ သူ သည် မခင်သူ အချစ် ကို ဖောက်ဖျက်လိုက် စဉ် က သစ်ရွက် တစ်ရွက် ခြွေ ပစ် သလောက်ပင် စိတ် ထဲ တွင် အမှတ် မထားခဲ့ ။

သို့သော် ခင်မာလာ မွေး လာသည့် နေ့ တွင် “ သမီးလေး ” ဆို လိုက် ကတည်း က ရင် ထဲ တွင် ထိန်းခနဲ ဝင် ဆောင့် လိုက်သည်  ။

“ ဘုရား ... ဘုရား ” သူ သည် ဘုရားပင် တမိသည် ။ မခင်သူ အပေါ် တွင် သစ္စာ ဖောက် ခဲ့သလို ၊ မခင်သူ စိတ် ဆင်းရဲအောင် သူ လုပ်ခဲ့သလို သူ့ သမီးလေး အပေါ် တစ်စုံတစ်ယောက် က စော်ကား မှာ ကို သူ အင်မတန် မှ စိုးရိမ် လာသည် ။ 

သူ့ မှာ သမီး နှင့် ဖြစ်လာပေပြီ ၊ သူ သည် ယခုတော့ တွေးခေါ် တတ် လာရပေမည် ။ အခြေအနေ က သူ မတွေး ရင်လည်း မဖြစ်တော့ပေ ။

ခင်မာလာ မှာ ပန်း လေး လို လှသည် ။ သည်လို လှလေလေ သူ က စိတ် ပူလွန်းလေ ဖြစ်သည် ။

တစ်ခါတစ်ခါ တွင် ဒေါ်နွဲ့နွဲ့ရီ အား သမီး အတွက် စိုးရိမ်ကြောင်း ကို ပြောပြတတ်သည် ။

“ ဪ ...ဒက်ဒီ လဲ ကွယ် သမီးလေး က လိမ္မာပါတယ် ”

သူ့ ဇနီး မှာ ခေတ်ဆန်သူ ပီပီ သူ့ ကို ဒက်ဒီ ဟု ခေါ်သည် ။ သူ့ ရင် ထဲ တွင် ပို ဆိုးသွားသည် ။ မခင်သူ သည် လည်း လိမ်လိမ်မာမာ နှင့် ရိုးရိုးသားသား ပင် ဖြစ်သည် ။

လရောင် မှာ အနည်းငယ် မှိန်သွား၍ သူ့ အတွေး ကို ရပ်နား လိုက်ကာ ကောင်းကင် ကို မော့ ကြည့်လိုက်သည် ။ မိုးသားများ တက်လာ ၍ မိုးဖွဲလေးများပင် တစ်ပေါက် နှစ်ပေါက် ကျလာသည် ။ ထိုင် နေရာမှ ထ ရင်းပင် သူ မချစ်တော့ပြီ ဖြစ်သော မခင်သူ ကို သတိရ နေပြန်သည် ။ သူ သည် မိုး စိုမှာ စိုး၍ မခင်သူ ကို ယုဇနပင် အောက် မှာ ထွေး နေ တတ် သေးသည် မဟုတ်ပါလော ။

သူ သည် တဖြည်းဖြည်း သူ ဝင်ခဲ့သော ဘေးတံခါးမကြီး မှာ ရပ်၍ မှေးမှိန်နေသော လရောင် နှင့် ပြင်ပ ကို လှမ်း၍ ကြည့် နေမိပြန်သည် ။

“ ဟင် ”  သူ့ အသံများ ပင် ထွက် သွားသည် ။ သူ မြင်ရသည်မှာ တကယ်မှ ပင် ဟုတ်ပါလေစ ၊ တကယ်တော့ တကယ် ပဲ ဖြစ်သည် ။

ပိတောက်ပင် အောက် တွင် ယောက်ျားလေး နှင့် မိန်းမလေး နှစ်ယောက် မတ်တတ် ရပ်၍ ဖက် ထားသည် ။ တစ်ဘက် မှ ဝင်နေသော လရောင် ဖြင့် မိန်းကလေး ကို သူ ကောင်းစွာ မြင် ရသည် ။ မိန်းကလေး မှာ သူ့ သမီး ခင်မာလာ ပင် ဖြစ်သည် ။ ယောက်ျားပျို သည် သူ့ သမီး ကို ယုယစွာ နမ်း ၍ အပြင် သို့ ထွက် သွားသည် ။ မကြာခင်ပင် သမီးလေး ခင်မာလာ မှာ မှောင်ရိပ် တွင် ပျောက်ကွယ် သွားတော့သည် ။

သူ သည် ကြိုးစား၍ အိပ်ရာခန်း သို့ ရောက်အောင် လာရသည် ။ ပြီးလျှင် အိပ်ပျော်အောင် မနည်း လုပ်နေရသည် ။ သူရဲ ချောက် ခံနေ ရသလို ဖြစ် နေတော့သည် ။

သူ့ ကိုယ် သူ ဝဋ်လည်ပြီ ဟု ထင် နေသည် ။

“ ဘုရား သိကြား မ လို့ မခင်သူ အပေါ် ငါ စော်ကား မိတာ တွေဟာ သမီးလေး အပေါ် မကျရောက်ပါစေနဲ့ ”

သူ သည် ကတုန်ကယင် ပင် ဆုတောင်း နေမိသည် ။

      •••   •••   •••   ••• 

ဒေါ်ခင်သူ ၏ ခင်ပွန်း မှာ ဦးအောင်ကျော် ဖြစ်သည် ။ Collective Farming ကို ပုံဖော်နိုင်ရန် အတွက် ဦးအောင်ကျော် မှာ သူငယ်ချင်းများ နှင့် စုပေါင်း၍ လုပ်ငန်း တစ်ခု ကို တည်ထောင်ထားသူ ဖြစ်သည် ။ ပြည်သူ့ကောက်ပဲသီးနှံ ရောင်းဝယ်ရေးလီမိတက် တွင် မန်နေဂျာ ဖြစ်ပေသည် ။ သူတို့ သည် ဆန်စပါးတွင် မက ကြက်ငှက်မွေးမြူရေး နှင့် ရှမ်းပြည်နယ် တွင် စည်သွတ်ဗူး လုပ်ငန်းများလုပ်ကိုင်ရာ တွင် အတော် တိုးတက် လာပေသည် ။ သူ သည် လယ်သမားတွေ နှင့် လည်း ရောနှော နေသည် ။ ကျွဲနွားတွေ နှင့် လည်း နေ တတ်သည် ။

ယနေ့ နံနက် မှာ တနင်္ဂနွေနေ့ ဖြစ်သော် လည်း ဦးအောင်ကျော် သည် အစည်းအဝေး တစ်ခု အတွက် မနက် အစောကြီး ပင် သွားစရာ ရှိ လေသည် ။

သူ အဝတ်အစား လဲနေစဉ်ပင် ဒေါ်ခင်သူ သည် အနီး သို့ ရောက် လာလေသည် ။ ဒေါ်ခင်သူ မျက်နှာ ကြည့် ရသည် မှာ နွမ်း နေပုံ ရသည် ။

“ ခင် ည တုန်း က အိပ်လို့ မရဘူးလား ” 

ဒေါ်ခင်သူ မှာ ည က တကယ်ပင် အိပ်၍ မရပေ ။

“ ဟုတ်တယ် အစ်ကိုကြီး သား အကြောင်း စဉ်းစားမိလို့ပါ ”

“ ခင် ကလဲကွာ သား က မငယ်တော့ပါဘူး ။ သူ့ သူငယ်ချင်း အိမ် မှာ အိပ်မယ် ဆိုရင် အိပ်မယ့် အကောင်ပါ ။ ည က လယ် မှာ မဟုတ် ပါဘူး ။ သူ ပြန်လာလို့ အိပ်ချင် နေသေး ရင် လည်း နေပါစေ့ ၊ မအိပ် ရင်တော့ ၉ နာရီ လောက် ကျရင် ကား နဲ့ အစ်ကိုကြီး ဆီ လွှတ် လိုက်နော် ။ အစ်ကိုကြီး ခုတော့ လမ်းလျှောက် သွားမယ် ”

ဦးအောင်ကျော် သည် အဝတ်အစား လဲပြီး ထွက်သွား တော့သည် ။ ဒေါ်ခင်သူ မှာ ခြံ အတွင်း လမ်း လျှောက်ရင်းပင် သား အကြောင်း ကို စဉ်းစား နေမိသည် ။ အထူးသဖြင့် ည က ဦးထွန်းအေး ကို တစ်ည လုံး သတိရ နေသည် ဆိုလျှင် ပိုမို ၍ မှန်ပေလိမ့်မည် ။

“ ခင် ရာ တစ်ခါတော့ အတွေ့ ခံစမ်းပါ ။ မောင့် သူငယ်ချင်း အိမ် မှာ ဘုန်းကြီး ဆွမ်းကျွေး ရှိတယ် ဆိုပြီး မောင် ညဘက် သူငယ်ချင်း အိမ် မှာ အိပ်ရင်း ခင် နဲ့ လာ တွေ့မယ် ”

ဦးထွန်းအေး သည် သူ့ ကို ဒီလိုပဲ ပြောခဲ့သည် ။ မိဘများ ကို လည်း ဆွမ်းကျွေး ကို အကြောင်းပြ၍ အိမ် မှ ထွက် လာတတ်သည် ။ သူ့ သားလေး ရော ည က များ သူ့ ချစ်သူ ဆီ သွားနေမည်လား ။

ဦးထွန်းအေး ၏ သစ္စာ ဖောက် မှု ကြောင့် ဦးထွန်းအေး အား ကြိုးစား၍ မေ့ဖျောက် ပစ်ပေမယ့် ဒေါ်ခင်သူ အဖို့ မှာ တသက်သက် ပင် ဖြစ် နေလေသည် ။

သားဦးလေး ပင် အသက် ၂၄ - နှစ် ကျော် ခဲ့ ၍ ယခုနှစ် ဆိုလျှင် B.Sc အောင် တော့မည် ။ သူ ကတော့ ဦးထွန်းအေး ကို မမေ့နိုင်ပေ ။ ဒေါ်ခင်သူ မှာ တစ်နည်းအားဖြင့် ကံ ကောင်းသူ ဟု ဆိုရပေမည် ။

ဦးအောင်ကျော် က သူ့ အား ငုံထား မတတ် ချစ်ရှာသည် ။ မခင်သူ အပေါ် မှာ သစ္စာ ရှိပေသည် ။ တကယ် ယောက်ျား ပီသပေသည် ။

“ ခင် ရယ် ကိုယ့် ကို မှ သူ က မချစ်တော့ ပဲ ဟာ သိပ် စိတ်ဆင်းရဲ မခံပါနဲ့ကွ ”

ဒေါ်ခင်သူ က တစ်ခါတလေ ငိုင်၍ နေလျှင် ဒီလိုပဲ ဦးအောင်ကျော် က ပြော တတ်သည် ။ ဦးအောင်ကျော် သည် ဒေါ်ခင်သူ ဖြစ်ပျက်ခဲ့သမျှ ကို အားလုံး သိသူ ဖြစ်သည် ။

“ မေမေ ”

သား ခေါ်သံ ကြား၍ အတွေး ရပ်ကာ ဒေါ်ခင်သူ မှာ ခြံဝ သို့ လှမ်းကြည့်လိုက်၏ ။

“ ဟော ... သား ပြန်လာပြီလား ”

ဒေါ်ခင်သူ သည် ရှေ့သို့ တိုး၍ သား ကို ဖက်လိုက်သည် ။

“ ဖေဖေ ရော မေမေ ၊ ကိုအေးဖေ တို့ သား ကို လိုက်ပို့တယ် ။ ခြံဝ က ပဲ ပြန်လွှတ်လိုက်တယ် ။ သူတို့ ဧည့်သည်တွေ ပြန် ပို့ရဦးမယ် ”

စကား ပြော နေသော သား မျက်နှာ ကို ဒေါ်ခင်သူ က အကဲခတ် သလို ကြည့်၏ ။

“ ဖေဖေ အစည်းအဝေး သွားတယ် ။ ဒီနေ့ မေမေ နို့ထမင်း ကျို ထားတယ် ။ ကဲ ... ကဲ ... လာ ”

ဒေါ်ခင်သူ သည် သား ကို ထမင်းစားခန်း သို့ ခေါ် သွားသည် ။ နို့ထမင်း နှင့် ကော်ဖီ ပြင်ခိုင်း ၍ သူ့ သား အနီး မှာ ထိုင် နေသည် ။

နံနက်ခင်း ၏ နေရောင်ခြည် မှာ ပြတင်း မှ ဝင်၍ အခန်း ထဲ တွင် လင်းနေသည် ။

နံနက် ၏ နေရောင်ခြည်သစ် လို သူ့ သား မျက်နှာ သည် တောက်ပနေသည် ဟု ထင်သည် ။

စားပွဲ ပေါ် မှ နှင်းဆီဖြူ ကဲ့ သို့ သူ့ သားမျက်နှာ သည် နုပျို လတ်ဆတ်နေသည် ဟု သူ က ထင်သည် ။ ကျော်သူ သည် နို့ထမင်း သောက်ရင်း တစ်ချက် မျှ သန်း လိုက်သည် ။

“ သား ည က ကောင်းကောင်း မအိပ်ရဘူး ထင်တယ် ”

ဒေါ်ခင်သူ မေး လျှင် ကျော်သူ သည် ရုတ်တရက် မျက်နှာ ပျက်သွားရာမှ ဣန္ဒြေ ဆည်ကာ ပြန်ပြော၏ ။

“ အိပ်ရပါတယ် မေမေ မနက် က ၄ နာရီ လောက် ထရလို့ပါ ”

ဒေါ်ခင်သူ့ စိတ် ထဲ ထင့် သွားတော့သည် ။ ဟုတ်ပါသည် ည က သူ့ သား အိပ်ရမည် မဟုတ်ပေ ။

“ ခင် နဲ့ တွေ့တဲ့ ည ဆို နောက်နေ့ မနက် ကျ သိပ် အိပ်ချင်တာပဲ ။ ဒါမေယ့် မောင့် မှာ တစ်နေ့လုံး ဟန်ဆောင် နေရတယ် ။ နေ့ခင်း အိပ် ရင် မေမေ တို့ က ည က အိပ်ပျက်လား ဘာလား စစ်မှာ စိုးလို့ ”

ဦးထွန်းအေး နှင့် သူ တုန်းက ဒီလိုပဲ ဖြစ်ခဲ့သည် ။ ခေတ်များ ပြောင်းလဲသည် နှင့် အမျှ ဝတ်စားတန်ဆာ အနုပညာဂီတများပြောင်းလဲ သွားကြမည် ဖြစ်ပေသည် ။

ချစ်ခြင်း ဆိုသည် မှာ ပြောင်းလဲ ပေလိမ့်မည် မဟုတ် ။ ဦးထွန်းအေး နှင့် ဒေါ်ခင်သူ ငယ်စဉ် က ချစ်ခဲ့ကြ သလိုပင် ကျော်သူ သည် လည်း သူ့ ချစ်သူ နှင့် ချစ်ပေလိမ့်မည်  ။

“ ကဲပါလေ သား ခဏ မှိန်း လိုက်ရင် ကောင်းမယ် ။ မေမေ တော့ မင့် ဖေဖေ ဆီ ကား နဲ့ သွား ကြိုဖို့ ဝင်းမောင် ကို ပြော လိုက်အုံးမယ် ”

ဒေါ်ခင်သူ သည် နောက်ဘက် လှေကား မှ ခြံထဲ သို့ ဆင်းသွား သည် ။

“ ည က သိပ်လှတာ ။ လ ကလည်း ဝင်း နေတာ ။ သား မှာ တော့ ချစ်သူ ရှိနေပြီလေ ”

ဒေါ်ခင်သူ တစ်ယောက် တည်း တွေး နေတော့သည် ။ ကား လွှတ်ပြီး အိမ် ထဲ သို့ ပြန်လာ၏ ။

သူ့ သား အိပ် နေသာ အခန်း သို့ ဝင် သွားမိသည် ။ ကျော်သူ သည် မအိပ်သေးပဲ စောင် ခြုံ၍ ပက်လက် လှန်နေသည် ။ ပြတင်း မှ လေအေးများ သည် အထဲ သို့ ဝင်လာနေသည် ။ 

ည က ခင်မာလာ နှင့် တွေ့ခဲ့သော အချိန်များ သည် နှလုံးသား ကို ရိုက်ခတ် နေသည် ။ မျက်စိ မှိတ် လိုက်တိုင်း ခင်မာလာ ပါးပြင်နု လေး ကို မွှေးခဲ့ရသည် ကို ထင်ထင်ရှားရှား ပေါ်လာသည် ။ သူ သည် စောင် ကို လှစ်၍ မျက်လုံး ဖွင့် လိုက်သည် ။

“ မေမေ ”

သူ လန့် သွား သလို အော် လိုက်၏ ။ ဒေါ်ခင်သူ မှာ သူ့ ဘေး တွင် မားမားကြီး ရပ်နေသည် ။

“ သား တော့ အိပ်နိုင်မှာ မဟုတ်ပါဘူးကွယ် ”

ဒေါ်ခင်သူ က ပြုံး ၍ ပြော လိုက်၏ ။

ကျော်သူ မလုံတော့ပေ ။ မျက်နှာ လည်း မထားတတ်သလို ဖြစ် လာတော့၏ ။ မော့ ကြည့် လိုက်တိုင်း မေမေ ၏ ပြုံးပြုံးကြီး ဖြစ် နေသော မျက်နှာ မှာ “ သား ည က ဘာ လုပ်သလဲ ဆိုတာ မေမေ သိ ပါတယ် ” ဟု ပြော သလို ဖြစ် နေတော့သည် ။ သူ သည် ငုတ်တုတ် ထိုင် လိုက်၏ ။

“ မေမေ ”

သူ့ ဘေး တွင် ဒေါ်ခင်သူ မှာ ထိုင် နေသည် ။

“ သား မှာ ချစ် သူရှိနေပြီ ”

ဒေါ်ခင်သူ မတုန်လှုပ်ပါ ။ နဂို က ပင် ရိပ်မိပြီးဖြစ်သည် ။

“ အေးပေါ့ ဘယ်သူလဲ  ။ ရှေ့နှစ် ဆို သား လည်း ကျောင်း ထွက် ရမှာပဲ ”

“ သား ယူမယ့် မိန်းမ က ခင်မာလာ တဲ့ ။ လယ်ဝန်ဦးထွန်းအေး သမီး ပဲ ”

“ ကိုထွန်းအေး သမီး ဟုတ်လား ”

ဒေါ်ခင်သူ မှာ ဒီ တစ်ခါတော့ အတော် တုန်လှုပ် သွားသည် ။ ယခု ဘဝ တွင် တဖန် ပြန်၍ မျက်နှာချင်းဆိုင် သော် မှ မဆိုင် လို တော့ ပြီ ဖြစ်သော ကိုထွန်းအေး သမီး ကို မှ သူ့ သား က သွား ၍ ချစ်မိပေသည် ။

“ သား ဖေဖေ လာ တော့ တိုင်ပင်သေးတာပေါ့ ”

ဒေါ်ခင်သူ သည် အခန်း တွင်း မှ ထွက် လာသည် ။

ဦးအောင်ကျော် ပြန်လာ၍ ထမင်း ကျွေး နေသော်လည်း သူ စိတ် မပါလှပေ ။ ထမင်း စား ပြီးပြီးချင်း သူ့ အိပ်ခန်း ကို တက် လာ တော့သည် ။

ဦးအောင်ကျော် မှာ နောက် မှ ဝင် လာ၍ ဒေါ်ခင်သူ နှင့် အတူ ခုတင် ပေါ် မှာ ထိုင် နေသည် ။

“ ခင် နေမကောင်းပြန်ဘူးလား ”

“ ကောင်းပါတယ် ။ အိပ်ချင်လို့ ”

“ ခင် က သား ကို စိုးရိမ် လွန်တာကိုး ။ သား အိပ်ပြီလား ”

“ ဟုတ်တယ် ”

ဒေါ်ခင်သူ စောင် တစ်ထည် ကို ခြုံကာ လှဲအိပ်ရင်း ပြတင်း ဘက် ကို ငေးနေသည် ။

“ သား မှာ ချစ်သူ ရှိပြီ အစ်ကိုကြီး ရဲ့ ၊ သူ ရှေ့နှစ်ဆန်း မှာ လက်ထပ် ချင်တယ် ထင်ပါရဲ့ ။ ည က ခင် ပြောတာ မမှန်ဘူးလား ။ သူ မအိပ်ဘူး ”

“ ဘာကွဲ့ သား က မအိပ်ဘူး ”

ဦးအောင်ကျော် သည် ဒေါ်ခင်သူ ပခုံး ကို ဆွဲ၍ မေးလိုက်သည် ။

“ ဟုတ်တယ် ။ ဒီလောက် လှတဲ့ ည မှာ သား ဟာ ခင်မာလာ ကို သွား တွေ့တာပေါ့ ။ ခင်မာလာ က ကိုထွန်းအေး သမီး တဲ့ ၊ ခင် တော့ ဖြင့် ကလေးတွေ ကို လည်း သနားတယ် ။ ကိုထွန်းအေး ကို တော့ မျက်နှာ ချင်း မဆိုင်ချင်တော့ဘူး ”

ဦးအောင်ကျော် သည် အတန် ကြာ အောင် ငြိမ်သက် နေရာ မှ သူ့ ဇနီး ကို ဆွဲယူ ပွေ့ယင်း ...

“ ခင်မာလာ ကို အစ်ကိုကြီး မြင် ဖူးပါတယ် ။ ပညာ လည်း တော် သားပဲ ။ လိမ္မာပါတယ် တဲ့ သတင်းတော့ ကြားဖူးပါတယ် ။ သား က မေတ္တာ ရှိနေပြီပဲ ကွယ် ။ ခင် ရယ် တစ်ခု စဉ်းစားစမ်းပါ ။ ကိုထွန်းအေး က ခင့် ကို သစ္စာ ဖောက်ပြီး နွဲ့နွဲ့ရီ ကို ယူ သွားတုန်းက ခင် ဘယ်လောက် စိတ် ဆင်းရဲရသလဲ ။ သူ့ မိဘတွေ ဘက် လိုက် သွားတာပဲ မဟုတ်လား ၊ ခုလည်း သား က များ မယူရင် ခင်မာလာ ဘယ်လောက် စိတ် ဆင်းရဲ ရ မလဲ ။ စဉ်းစားလေ ။ တို့များ တရားမျှ တဲ့ မိဘ ဖြစ်အောင် ကြိုးစားရမှာပဲ ခင် ”

ဒေါ်ခင်သူ သည် ငြိမ်သက်၍ ပင် နေ၏ ။

      •••   •••   •••   •••

ဦးထွန်းအေး ၏ ဂနာမငြိမ် ရောဂါ မှာ အိပ်ရာ ထဲ က ပင် ထ ၍ မရပေ ။ နေ့ခင်း ၁၂ - နာရီ ထိုး လေပြီ ၊ သူ့ အမိန့်အတိုင်း ဒေါ်နွဲ့နွဲ့ရီ မှာ သမီး ကို စစ်ဆေး နေသည် ။ မကြာခင် ပင် သူ့ ဇနီး သည် အခန်း ထဲ သို့ ဓာတ်ပုံ တစ်ခု ကိုင် ရင်း ဝင် လာသည် ။

“ ကဲ ဒက်ဒီ ရယ် ၊ စိတ် သိပ် ပူမနေပါ နဲ့ ထ စမ်းပါဦး ”

ဦးထွန်းအေး ကို အိပ်ရာ မှ အသာ ဆွဲ ထူ လိုက်သည် ။

“ ဒီမှာ ဒက်ဒီ သမက်လောင်း ကို ကြည့်စမ်း ၊ မာမီ အကုန် စုံစမ်းပြီးပြီ ။ မန်နေဂျာ သူဌေးလေး ဦးအောင်ကျော် ၊ ဒေါ်ခင်သူ ရဲ့ သား ပေါ့ ”

ဦးထွန်းအေး သည် ဓာတ်ပုံ ကို ကိုင်ရင်း တုန် သွားသည် ။ မေး ကားကား နားရွက် ကြီးကြီး နှင့် မျက်လုံးမျက်ဖန် ကောင်းသည် ။ အမေ တူ သား ပင် ဖြစ်သည် ။

“ ကောင်လေး က သူ့ မိဘတွေ ကို ရှေ့နှစ်ဆန်း မှာ လက်ထပ်ဖို့ ပြောမယ် တဲ့ ။ ဒက်ဒီ မပူနဲ့တော့ ။ ဒီ ကောင်လေး ရိုးတာ ၊ တော်တာ ၊ ပိုက်ဆံ ရှိတာတွေ ဟာ အန်တီမြင့် စာရင်း ထဲ မှာ ရှိပြီးသားပါ ”

အန်တီမြင့် ဆိုသော အဒေါ်ကြီး မှာ လူကုံထံ မုဆိုးမကြီး ဖြစ် သည် ။ အထက်တန်းလွှာ သားသမီးများ ကို စာရင်း လုပ်၍ ဖလှယ် နေ သော မိန်းမကြီး ဖြစ်သည် ။ B.C.S Class ( 1 ) , Class ( 2 ) များ ကို လည်း သူ့ စာရင်း ထဲ တွင် တွေ့ နိုင်လေသည် ။

ဦးထွန်းအေး သည် အခုထိ လှုပ် မရ ။ သို့သော် စိတ် အနည်း ငယ်တော့ အေး သွားလေသည် ။ သူ့ ကို စော်ကားမည့် သူ မဟုတ်သည် ကို ပင် ဝမ်း ထဲ မှာ ကျိတ်၍ ဝမ်းသာ မိသည် ။

“ အေးလေ ဦးအောင်ကျော် နဲ့ လည်း ဒက်ဒီ နဲ့ ခင်သားပဲ စုံစမ်း သေးတာပေါ့ မာမီ ”

“ အံမယ် ဒက်ဒီ ရယ် အန်တီမြင့် လက် လွဲလိုက်ရင် ပြီးတဲ့ ကိစ္စပါ ”

“ မခင်သူ နဲ့ တူလိုက်လေကွယ် ”

သူ သည် သူ့ ဇနီး ကို ပင် ပြော နေလေသည် ။

     •••   •••   •••   •••  ဂ

ဒေါ်ခင်သူ တို့ က ဆင်းရဲသူများ မဟုတ်ပေ ။ ခင်မာလာ နှင့် မောင်ကျော်သူ လက်ထပ်ရေး မှာ ချောမော၍ လာလေသည် ။

ယနေ့ စေ့စပ်သည့် နေ့ ဖြစ် လေသည် ။ ပရိသတ်များ အသီးသီး ထ ပြန် သွားကြလေပြီ ။ ဦးအောင်ကျော် မှာ လည်း ဒေါ်နွဲ့နွဲ့ရီ နှင့် စကား လက်ဆုံ ကျနေလေသည် ။

ဒေါ်ခင်သူ သည် ယွန်းသေတ္တာငယ် တစ်ခု နှင့် စာ တစ်အိတ် ကို ဦးထွန်းအေး အား ပေးခဲ့၍ နှုတ်ဆက် ကာ ထွက်လာခဲ့သည် ။

“ ကဲ အစ်ကိုကြီး ရေ ခင်တို့ ပြန်ကြဦးစို့ ။ ခွင့်ပြုပါဦး ဒေါ်နွဲ့နွဲ့ရီ ”

ဒေါ်နွဲ့နွဲ့ရီ မှာ ပြုံး၍ ကျန်ရစ်သည် ။ ဦးထွန်းအေး  သည် ကားပေါ် သို့ တက် သွားသော ဒေါ်ခင်သူ ဇနီးမောင်နှံ ကို ငေး နေသည် ။ ဦးအောင်ကျော် ၏ မေတ္တာစစ် ကို ခိုလှုံရသော ဒေါ်ခင်သူ မှာ လန်းဆတ်နုပျိုလျက် ရှိသေးသည် ။ ရိုးသားသော အလှ သည် ဘယ်တော့မှ မရိုး ဆိုသလို ပင် ဒေါ်ခင်သူ သည် မရိုးသော အလှဖြင့် လှ နေ ပေသေးသည် ။ ဦးထွန်းအေး သည် အိပ်ခန်း ထဲ သို့ ဝင် လာ၍ သေတ္တာလေး ကို ဖွင့် လိုက်သည် ။ အထဲ တွင် စာများ ဖိုင်တွဲလျက် တွေ့ ရသည် ။ ငယ်စဉ် က ရေးခဲ့သော “ ချစ်သမျှကို ” စာများ ဖြစ်လေသည် ။ တော်ပေသည် ။ သူ ကတော့ မခင်သူ စာ များ ကို မီးမြိုက် ပစ် ခဲ့လေသည် ။ စာများ အောက် မှ သူ လူပျိုတုန်း က ဓာတ်ပုံ ဖြစ်သည် ။

သူ သည် နောက်ဆုံး လက်ထဲ ရှိ စာအိတ် ကို ဖောက်၍ ဖတ် လိုက်သည် ။ စာရွက် ပေါ် တွင် ကား ဒေါ်ခင်သူ လက်ရေး ဖြင့်

မဲဇလီပင်ပျိုအောက်
ပေါက်လာတဲ့ ရွှေတမာ
ခါးချက်ကနာ
ရေစီးရယ်တစ်ခါ
ရေသာရယ်တစ်လှည့်
သူများလို တို့မရိုင်းတယ်
တိုင်းသိပါရဲ့ ။

ထို ကဗျာကလေးပဲ ပါ လာ လေသည် ။

“ ရေး တော့ မခင်သူ ရေး တော့ ။ ရေး နိုင်ပါတယ် မောင် က ခါး ခဲ့ မိပေတာကိုး ”

သူ သည် ကြေကွဲစွာပင် ပြော လိုက်ပါသည် ။ 

◾ခင်နှင်းယု
     ၁၉၅၃ ၊ ဧပြီ
    
📖 ကြေးမုံရိပ်သွင်

#ကိုအောင်နိုင်ဦး

.

Thursday, November 24, 2022

ခါးပိုက်နှိုက်


 ❝  ခါးပိုက်နှိုက် ❞


ဘတ်စ်ကား စောင့် နေကြသော လူစုကြီး အတွင်း သို့ ကျွန်တော် တိုး ဝင် လိုက်သည် ။ ထုံးစံအတိုင်း ကား ပြတ် နေဟန် တူသည် ။ မှတ်တိုင် မှာ လူ တော်တော် စု မိနေသည် ။ ပြတ် ချင် ပြတ် ၊ ကျပ် ချင် ကျပ် ၊ ကျွန်တော့် မှာ အရေးတကြီး ကိစ္စ လည်း ရှိသည် မဟုတ် ။ အေးအေးဆေးဆေး တက် လို့ ရ မှ လိုက် တော့မည် ။ ထိုင် စောင့် ဖို့ နေရာ မရှိ ။ ဝန်းကျင် ကို မျက်လုံး ကစား လိုက်သည် ။  


နေရာကား ကမာရွတ် ဂတ်တဲ ရှေ့ ၊ အင်းစိန်လမ်း ၊ ၆ လိုင်း ၊ ၈ လမ်း ကားမှတ်တိုင် ၊ အချိန် ကား ရုံး ဆင်းချိန် ကျောင်း ဆင်းချိန် ၊ ညနေ လေးနာရီ ၊ ၆ ကား ရော ၊ ၈ ကား ပါ ကျပ် လာမည် သေချာသည် ။ မှတ်တိုင် မှာ ရပ် ပေးလျှင်ပင် ကံကောင်း ။ သည်လို အချိန်မျိုး မှာ ကား ကို တမျှော်မျှော် လုပ် နေ၍ လည်း ထူးမည် မဟုတ် ။ သည်တော့ လမ်းဘေး မှာ ကွမ်းယာဆိုင်ကလေး တစ်ဆိုင် တွေ့သည် ။ ဆိုင်ဘေး မှာ ခုံတန်းကလေး တစ်ခု ၊ မတ်တတ် ရပ် ၍ ကား ကို မျှော်နေ သူ များ သော ကြောင့် ထိုင်မည့် သူ မရှိ ။ သည်တော့ ကျွန်တော် ဝင် ထိုင်လိုက်သည် ။


သည်အခိုက် မှတ်တိုင် မှာ ၈ ကား တစ်စီး ဆိုက် လာ သည် ။ ပျားအုံတွင် ပျားတွေ ခဲ နေ သကဲ့သို့ ရှေ့ပေါက် နောက်ပေါက် လူတွေ ပြွတ်သိပ် ပါလာသည် ။ အောက် က ခရီးသည်များ မည်သို့မျှ တက်၍ မရ ၊ အပေါ် မှ သာ လူ တစ်ယောက် နွားရုန်း ၊ ဝက်ရုန်း ရုန်းပြီး ဆင်း လာသည် ။ ဝူးခနဲ ချက်ချင်း ကား ထွက်သွားသည် ။ တက် မရ လိုက်သောသူ များ ပွစိ ပွစိ ပြောဆို ကျန်ရစ် လေသည် ။ ကျွန်တော် လည်း ၈ ကား စီးရမည် ဖြစ်သည် ။ အင်းစိန် ကို ပြန် ရမည်  ။ တက် မရသော ကား ကို ကြိုးစား တက် နေ၍ လည်း လူ နွမ်းရုံ သာ ရှိ မည်  ။ အရေးတကြီး ပြန်စရာ ကိစ္စ မရှိ ။ အိမ် ကို ဘယ်အချိန် ပြန် ရောက်ရောက် ၊ အိမ် က လည်း ဘယ် မှ ထွက်ပြေးမည် မဟုတ် ၊ သန်းခေါင် မှ ပြန် ရောက်ဦး ရ သည် ။


“ နောင်ကြီး မီးခြစ်ကလေးများ မပါဘူးလား ခင်ဗျာ ” 


ဘေးနား က အသံ ကြား၍ လှည့် ကြည့် လိုက်ရသည် ။ အသက် နှစ်ဆယ် ဝန်းကျင် လူငယ် တစ်ယောက် ၊ ဒူးယား စီးကရက် ကို ပါးစောင် မှာ ခဲပြီး ကျွန်တော့် ဖက် သို့ လက်ဝါး ဖြန့် ထားသည် ။


“ ကွမ်းယာဆိုင် က မီးခြစ် က ခြစ် လို့ မရလို့ ၊ နောင်ကြီး လက် ထဲ မှာ စီးကရက်ဘူး ကိုင် ထားတာ တွေ့ လို့ မီးခြစ် လည်း ပါမယ် ထင်လို့ ” 


လူငယ် က ရည်ရည်မွန်မွန် ရှင်းပြ နေသည်  ။ လွယ်အိတ်နွမ်းကလေး တစ်လုံး ပခုံး မှာ လွယ် ထားသည် ။ အ ဝတ်အစား မှာ အသစ် မဟုတ်ပေမည့် ဖြူဖြူစင်စင် သပ်သပ် ရပ်ရပ် ရှိသည် ။ လုံချည် ကို လည်း သေသေသပ်သပ် ဝတ် ထားသည် ။ ကျောင်းသား လူငယ် တစ်ဦး ဖြစ်ပေမည် ။ သည် အနား နီးနီး ရန်ကုန်တက္ကသိုလ် က များ လား ၊ ကျွန်တော် လည်း ကိုယ် ကို အသာ ကြွ၍ ဘောင်းဘီ အိတ် ထဲ မှ မီးခြစ် ကို ထုတ် လိုက်ရသည် ။ မီးခြစ် ကို ဖိခြစ်ပြီး သူ့ ထံ ကမ်းပေး လိုက်သည် ။ သူ လည်း ခေါင်း ငုံ့ပြီး စီးကရက် မီး ညှိသည် ။


“ မင်း က တက္ကသိုလ် က ပဲ ထင်တယ် ”  


“ ဟုတ်ပါတယ် ၊ အစ်ကို ကော တက္ကသိုလ် က ပဲလား ၊ နောက်ဆုံး နှစ် မြန်မာစာ က ထင်တယ် ။ ကျွန်တော် မြင်ဖူး သလိုလို ပဲ ” 


ကျွန်တော် သည် မီးခြစ် ကို ပြန် သိမ်းရင်း တဟင်း ဟင်း ရယ် လိုက်ရပါသည် ။ ခရစ်လှိုင်းကြီး ရှပ် လက်တို ၊ တက်ထရက် ဘောင်းဘီ ၊ သားရေပြောင် ဖိနပ်ဦးချွန် တို့ ကို ရှိုးကျကျ ဝတ်ဆင် ထား ၍ လား ၊ လက် ထဲ မှာ စီးကရက်ဘူး နှင့်အတူ ကိုင်ထားသော ဗလာစာအုပ် သုံးလေးအုပ် ကြောင့် လား မသိ သူ က ကျွန်တော့် ကို အထင် ကြီး သွားပြန်သည် ။


“ မဟုတ်ရပါဘူးကွာ ၊ အစ်ကို က အလုပ် လုပ်နေပါ ပြီ ၊ ဒီ စာအုပ်တွေ က မိတ်ဆွေ တစ်ယောက် ရဲ့ သားလေး ကို လက်ဆောင် ပေးဖို့ ဝယ် လာတာ ” 


လူငယ် သည် ခပ်လှမ်းလှမ်း သို့ သွား ရပ်နေသည် ။ ကျွန်တော့် မှာ ရန်ကုန်မြို့ က လူတွေ အကြောင်း စဉ်းစားပြီး ပြုံး မိသည် ။ ရန်ကုန်မြို့ က လူတွေ သည် တစ်ဦး အကြောင်း တစ်ဦး သိကြသူ နည်းသည် ။ အဆင်အပြင် အနေအထိုင် ထင်ကြေး နှင့် ရမ်း တုတ် နေကြသည် ။ ကြည့် ၊ တက္ကသိုလ် ကျောင်းသား တစ်ဦး က ကျွန်တော့် ကို တက္ကသိုလ် ကျောင်းသား ဟု လာရောက် စွပ်စွဲသည် ။ ဟုတ်ပါသည် ပြော လိုက် လည်း သူ ယုံသွားမည် သာ ။ သို့သော် အကျိုး မရှိဘဲ ကျွန်တော် မလိမ်ချင် ။ ကိုယ့် အတွက် အကျိုး ရှိမည် ဆိုလျှင်တော့ မုသာဝါဒကံ ကို ကျွန်တော် အသုံး ချ လိုက်မည် ။ ကျူးလွန် သည် ဟု မထင် ။ အသုံး ချ လိုက်သည် လို့ သာ ထင်သည် ။ အသုံးလည်း ချ ဖူး သည် သာ ဖြစ်သည် ။ အထူးသဖြင့် မိန်းကလေးများ နှင့် ဆက်ဆံသည့် နေရာ ။


မိန်းကလေးများ ဆို မှ မှတ်တိုင် မှာ မိန်းကလေးလှလှ ကလေးများ ရှိ နေသလား ဟု မျက်လုံး ကို အလုပ် ပေး ရှာဖွေ ကြည့် မိသည် ။ ဗြုန်း ဆို ရင် ထဲ က ဒိတ်ခနဲ ခုန်သွားသည် ။ မှတ်တိုင် နှင့် မနီးမဝေး ဓာတ်တိုင် ဘေး မှာ ရပ်ပြီး ကျွန်တော့် ကို စိုက်ကြည့် နေသည့် မိန်းကလေး တစ်ယောက် ။ ကျွန်တော် ကြည့် လိုက်တော့ ချက်ချင်း မျက်နှာ လွှဲသွားသည်  ။ အသိအကျွမ်း များလား ၊ မဟုတ် ။ ရိပ်ခနဲ မျက်လုံး ဝဲပြီး ကျွန်တော့် ကို ကြည့် ပြန်သည် ။ ပြီး ချက်ချင်း ပြန် လှည့် သွား သည် ။ လှသည် ။ မျက်ဝန်းမှိုင်းမှိုင်း နှင့် နှုတ်ခမ်း လေးကိုင်း ကို ဆေးကူ ဖို့ ထားတော့ အလှ က ပို ကြွလာသည် ။ ဝတ် ထားသည် က လည်း အပျံစား ၊ တကယ့် ဖလား ။ အပေါက် စိတ် သော ခရစ်ဇာအကျီ ၊ တက်ထရွန်ထထီ ၊ ခွာမြင့်ပန်း ဖိနပ် ၊ ခေတ်ပေါ် ဘေး လွယ်အိတ် ၊ အားလုံး အားလုံး ဖက်ဖူးနွယ် သော အစိမ်းရောင် ။ နေရောင် အနွမ်းတွင် သူ့ ဝတ်စား ဆင်ယင်မှု က တောက်ပ နေသည် ။ ဆံပင် က ဆံတိုကုတ်ဝဲ ၊ ဆံတိုကလေးများ လေ မှာ တစ်ချက် ခါ သွား ပြန်သည် ။ ကျွန်တော် ကတော့ မလျှော့ ။ နည်းနည်း မျှ မလျှော့ ၊ ရဲရဲဝံ့ဝံ့ စိုက် ကြည့် နေ လိုက်သည် ။ သူ မျက်လုံး လွှဲ သွား ပြန်သည် ။


ကျွန်တော် က မသိပေမည့် သူ က များ သိ နေသလား စဉ်းစား ကြည့်မိသည် ။ အင်းစိန် က များလား ၊ ကျွန်တော် ပြန် မည့် အိမ် နှင့် နီးနီးနားနား က များလား ၊ မဖြစ်နိုင် ။ ကျွန်တော် ရန်ကုန် ရောက်သည် မှာ တစ်ရက် နှစ်ရက် သာ ရှိ သေးသည် ။ အင်းစိန် အိမ် မှာ တည်းခိုသည် က လည်း မနက် မိုးလင်း ထွက် ၊ ညဘက် မှ ပြန်အိပ် ၊ အိမ်နီးနားချင်းများ က ကျွန်တော့် ကို မမြင် ၊ ကျွန်တော် က လည်း အိမ်နီးနားချင်း များ ကို မမြင် ။ သို့သော် ဟိုတုန်း က တော့ ကျွန်တော် ရန်ကုန် မှာ နေဖူးသည် ။ ခုမှ နယ်ပြောင်း သွားခြင်း ဖြစ်သည် ။ ဟိုတုန်း က အသိအကျွမ်းများ ကို မျက်လုံး ထဲ ပြန် မြင်ကြည့်သည် ။ သူ မပါ ။


သည်တစ်ခါတော့ မျက်လုံးချင်း ကြာကြာ ဆုံဖြစ်၏ ။ သူ့ မျက်ဝန်း ထဲ မှာ သူ ကျွန်တော့် ကို စိတ်ဝင်စား နေသည် ဟူသော စာကြောင်း ကို ဖတ် လိုက်ရသည် ။ ကျွန်တော် က လည်း စိတ်ဝင်စားပါသည် ဟု ပြန် ပြောပြ လိုက်သည် ။ ရန်ကုန် မှာ သည် အဖြစ်မျိုးတွေ က ဆန်းလှသည် မဟုတ်ပေ ။ လောလောဆယ် ကျွန်တော် က ရန်ကုန်မြို့ ၏ ဧည့်သည် ဖြစ် ပေမည့် ရန်ကုန် သည် မြစိမ်း ရေစိမ်း လေစိမ်း မဟုတ် ၊ အရင်က ကျွန်တော် သည် ရန်ကုန် မှာ အိမ်ရှင် သဖွယ် နေ သွားဖူးသည် သာ ။ သည်လို မိန်းကလေးမျိုး များစွာ နှင့် ကြုံ ဖုဆုံဖူးသည်သာ ။


ကြုံ တိုင်း လည်း ကျွန်တော် က အလွတ် မပေးတတ် ။ မိန်းကလေး မိတ်ဆွေများ နှင့် ဒိတ် ( Dated ) လုပ် ချိန်းဆို လည်ပတ်ခြင်း ကို အင်္ဂလန် လို ၊ အမေရိကန် လို အနောက် နိုင်ငံများ မှာ သာ လုပ်နိုင်သည် မဟုတ်ပေ ။ လုပ်တတ်သည် ရှိသော် ရန်ကုန် မှာ လည်း ရ ပါသည် ။ တစ်ခု တော့ ရှိသည် ။ သည် မှာ က နည်းနည်း ခက်သည် ။ ကျွန်တော် ကတော့ ခက်သည် ကို လွယ်အောင် လုပ်တတ်သည် ။ ကား ကြိုက် တတ်သော မိန်းကလေး အတွက် ကြိုက်တတ်ရာရာ ကား များ ရှာဖွေပြီး တင် မောင်း ပေးဖို့ အဆင်သင့် ။ ဓာတ်ပုံ ရိုက် ဝါသနာ ပါသော မိန်းကလေးများ ကို ရှုခင်း လှသော နေရာ များ လိုက် ပို့ ဓာတ်ပုံ ရိုက် ပေးပြီး ဓာတ်ပုံ ကူးသည့် အမှောင်ခန်း အထိ ခေါ်သွား ပြသပေးမည် ။ ယောက်ျားလေး မိတ်ဆွေ နှင့် လည်း လည်ချင် ပွေချင်သည် ။ တစ်ယောက် တည်း ကျွန်တော် နှင့် နှစ်ယောက်တွဲ သွားရမှာ ကြောက် သည် ဆိုလျှင်လည်း မိန်းကလေး အဖော်တွေ ရှာ ပေးဦးမည် ။ တိုတို ပြောရလျှင် ဟိုကွေ့ ဟိုတက် နှင့် လှော် ၊ သည်ကွေ့ ... ။


ဖြုန်း ဆို မှတ်တိုင် မှာ ကားတွေ တတန်းကြီး ရပ် လာ သည် ။ ပြတ် တော့ လည်း ပြတ် နေလိုက် ၊ ရပ်တော့ လည်း စီတန်း လို့  ။ မှတ်တိုင် မှာ လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်သွား သည်  ။ အဆင်းအတက် အော်ဟစ် ဆူညံ နေကြသည် ။ ကျွန်တော့် အစိမ်းရောင် မိန်းကလေး ။ ကျွန်တော် ကတော့ ရင်ထဲ မှာ မိစိမ်း ဟု အမည် ပေး လိုက်သည် ။ မိစိမ်း သည် ကျွန်တော့် ကို ဖိတ်ခေါ်သော အကြည့် ဖြင့် ကြည့်ပြီး ကားတန်း ကြီး ဘက်သို့ ခပ်သုတ်သုတ် လျှောက်သွားသည် ။ ကျွန်တော် ကလည်း မပြေးရုံ တစ်မည် လိုက် မိသည်  ။ ရှေ့ က ၈ လိုင်းဟီးနိုးကားကြီး တွေ ကို မတက် ။ နောက်ဆုံး က ၆ ကား ကို နောက်ပေါက် က သွား တက်သည် ။ ကျွန်တော် က တော့ အရိပ် ၊ ရှိတ် ဆို ကပ်ပါ သွားသည် ။ ကား ထဲ မှာ သူ က နေရာ ရ သွားသည် ။ ဘယ်ဘက်တန်း နောက်ဆုံးခုံ ။ သူ့ ဘယ်ဘက် မှန်ပြတင်းပေါက် ဘက် မှာ က အဒေါ်ကြီး တစ်ယောက် ။ ကျွန်တော် က သူ့ ခုံဘေး ကို မှီပြီး မတ်တတ် ရပ် လိုက်သည် ။


၂၅ ယောက် စီး ဟီးနိုးကားကလေး သည် နောက် တက် လာသော လူများ ကြောင့် ချက်ချင်း ပြည့်ကျပ် သွား သည် ။ ဟီးနိုးကား သည် ဆောင့် ထွက်လိုက်သည် ။ ကျွန်တော် တို့ လည်း ယိမ်းယိမ်းယိုင်ယိုင် ဖြင့် ပါ သွားသည် ။ ထို စဉ် မိစိမ်း က ကျွန်တော့် ကို မော့ ကြည့်သည် ။ ရသည့် အခွင့်အရေး ကို လက်လွတ် မခံ ။ ကျွန်တော့် လက် ထဲ မှ စီး ကရက်ဘူး နှင့် စာအုပ်များ ကို သူ့ ထံ ထိုး ပေးလိုက်သည် ။


“ ဒါ လေးတွေ ယူ ထား ပါလား ဟင် ၊ ဘယ် အထိ သွား မှာလဲ "


အတတ်နိုင်ဆုံး တိုးညင်းသော ရင်းနှီးမှု လေသံဖြင့် ပြော လိုက်ရသည် ။ မိစိမ်း သည် မျက်လုံးကလေး ပြူး

ကြောင်ကြောင် ဖြစ် သွား သော်လည်း လက် ကတော့  ပစ္စည်းများ ကို လှမ်း ယူသည် ။ ပြီးမှ မပွင့်တပွင့် ဖြေသည် ။


“ မြောက်ဥက္ကလာ ကို ” 


မတတ်နိုင် ။ မိမိ စီးရမည့် ၈ ကား ကို ရှောင်လာပြီ ဆိုတော့လည်း အိမ် ကို ဘယ် အချိန် ပြန် ရောက်ရောက် ဟု သာ သဘော ထားရမည် ။ တည်းခိုအိမ် ကလည်း ကျွန်တော် အလည်အပတ် ထွက်သည် ကို သိပြီးသား ဖြစ်ပါ သည် ။ ဝါသနာ ကို ဇက်ကြိုး ပုံချ ပေးလိုက်ဦးမည်  ။ လက်မှတ်ရောင်း သည် လူကြား ထဲ မှ တိုးဝှေ့ ရောက်လာသည် ။


“ မြောက်ဥက္ကလာပ နှစ်စောင် ”  


“ ဘယ်မှာ ဆင်းမှာလဲ ” 


ကျပ်တန် တစ်ရွက် လျင်မြန်စွာ ထုတ်ပြီး မိစိမ်း နှင့် ကျွန်တော့် ဖို့ ပေး လိုက်သည် ။ လက်မှတ်ရောင်း က နေရာ အတိအကျ မေးတော့ ကျွန်တော် အဖြေ မပေးတတ် ။ ကျွန်တော် က မိစိမ်း ကို ငုံ့ ကြည့် ရတော့သည် ။ 


“ ပြားလေးဆယ် နှစ်စောင် ဆုတ် လိုက်ပါရှင် ” 


ကျွန်တော် လိုချင်သည် မှာ ဒါပဲ ဖြစ်သည် ။ ခုဆိုလျှင် ဝန်းကျင် ခရီးသွားများ က ကျွန်တော်တို့ နှစ်ယောက် ကို သံသယ ရှိတော့မည် မဟုတ် ။ ရင်းနှီးကျွမ်းဝင်ပြီးသား ဟု ယူဆ ကြမည် ။ သို့ သော် သံသယ ရှိနေသည့် လူ တစ်ယောက် ကို တွေ့ ရသည် ။ ထို လူ သည် ကား အလယ် လောက် မှာ ရပ်၍ ကျွန်တော် တို့ ကို ကြည့် နေသည် ။ ကျွန်တော် မျက်စိ မှိတ် ပြ လိုက်မှ ပြုံးပြီး တစ်ဖက် လှည့်သွား သည် ။ မှတ်တိုင် မှာ စီးကရက်မီး လာ ညှိသည့် လွယ်အိတ် နွမ်း နှင့် လူငယ် ။


မိစိမ်း သည် ကျောင်းသူ လား ၊ စာရေးမ လား ကျွန်တော် မဝေခွဲတတ်ပေ ။ အဆင့်အတန်း ကတော့ သိပ် မနိမ့် ကျပေ ။ သည်မှာ ကျွန်တော် ဆုံးဖြတ်သော အဆင့်အတန်း သည် အဝတ်အစား အဆင်တန်ဆာ ပေါ် မူတည် နေသည် ။ စိတ်နေ သဘောထား အဆင့်အတန်း မြင့် မမြင့် တော့ အကဲ မခတ်တတ် ၊ မခတ်ချင် ။ ဝတ်စားထားသည် က တော့ အဆင့် မြင့်သည် ။ တန်ဖိုးကြီး အဝတ်အထည်များ အပြင် နား တွင် နီလာ နားကပ် ၊ လက် တွင် ရွှေလက်ကောက်သွယ် သွယ်များ ၊ ညာဘက် လက် မှာ ပါဂိုလ်နာရီ ၊ လည်ပင်း တွင် နန်းကြိုးသွယ်များ လှပစွာ နွယ်ထားသည့် ရွှေကြိုး ၊ အခြား လက်ဝတ်တန်ဆာများ ထက် သူ က ပေါ်လွင်သည်  ။ ခရစ် ဇာ ပေါ်တွင် ရွရွကလေး တင် နေသည် ။ မြောက်ဥက္ကလာပ လို မြို့ဆင်ခြေဖုံး တွင် ခြံကြီး အိမ်ကြီး နှင့် အေးအေးဆေးဆေး နေ လာသည့် လူလတ်တန်းစား ကြီးကြီးမားမား ထဲ က ထင် သည် ။


ကား သည် ရပ်သည့် မှတ်တိုင် ရပ် ၊ ကျော် သည့် မှတ်တိုင် ကျော် နှင့် မြောက်ဥက္ကလာပ သို့ ဦးတည် နေသည် ။ လူ က တော့ ကျပ်သည်ထ က် ကျပ် လာသည် ။ အလုပ်သမားများ ၊ ဈေးသည်များ ၊ ကျောင်းသူကျောင်းသားများ ၊ ရုံးသူ ရုံးသားများ ၊ လူတွေ စုံနေ၏  ။ အားလုံး အိမ် ပြန် နေကြသည် ထင်သည် ။ ကျွန်တော့် လို သဝေထိုးသူများ လည်း ပါ ချင် ပါ မည် ။


သမိုင်းလမ်းဆုံ ကို ကျော်ပြီး မြောက်ဥက္ကလာပ အတွင်း ဝင် လာသည် နှင့် ကား မှာ အကျပ်ဆုံး အဆင့် ရောက် လာသည် ။ မိစိမ်း ဘယ်ဘက် သို့ သာ အတွင် ယို့ နေ ရသည်  ။ လူတွေ မှာ မလှုပ်သာ ၊ မလှည့်သာ ။ မိစိမ်း ဘယ် မှာ ဆင်းမည် မသိ ။ သူ ဆင်းသည့်  နေရာ လိုက် ဆင်းပြီး အ ကြံအဖန် လုပ်ယူရမည် ။ မြန်မြန် ဆင်းလျှင် ကောင်းမည် ။ ရပ် ရ သည် မှာ ညောင်း လှပြီ ။ လူ က မိစိမ်း ဘက် ယိုင် နေပြီး လက် တစ်ဘက် ကား နံရံ ကို ကျားကန် ထားရသည် ။ ခရီးသွား တို့သည် တိုးတက် တိုးဆင်း ကို ခက်ခက်ခဲခဲ ပြုလုပ် နေကြရသည့် အခြေအနေ ။ သည်လို အချိန်မျိုး တွင် တိုးတက် တိုးဆင်း အာရုံ မှ တစ်ပါး အခြား အာရုံများ ကို သတိ လစ်ဟင်း နေ တတ်ကြသည် ။ သည်လို အချက် တွင် ခါးပိုက် နိုက် ၊ ခါးပိုက်နှိုက် ... ။


ခါးပိုက်နှိုက် များ အခွင့်အရေး ယူ တတ်သည် ကို စဉ်းစားမိ မှ ကျွန်တော့် ခေါင်း ထဲ သို့ လက်ခနဲ အလင်းရောင် တစ် ခု ရောက် လာသည် ။ ရင်ထဲ တွင် ဖြိုးဖြိုးဖျဉ်းဖျဉ်း ဖြစ် လာ သည် ။ ကွန်ပျူတာ တစ်လုံး တွက်ချက် အဖြေ ရှာ နေ သကဲ့ သို့ ကျွန်တော့် ဦးနှောက် သည် အဖြေ ရှာနေသည် ။ ကျွန် တော့် အနား တွင် လူတွေ ပို ကျပ် လွန်းသည် ထင်သည်  ။ ကျွန်တော် နှင့် အနီးကပ်ဆုံး မှာ အင်္ကျီအပွင့် လက်ရှည် ဝတ် ထားသော ကျွန်တော် နှင့် ရွယ်တူ နီးပါး လူရွယ် တစ်ဦး ။ သူ နှင့် ကပ်လျက် အရပ်ပုပု အသားဖြူဖြူ ဆွယ်တာအပြာစွပ်  လူငယ် တစ်ဦး ။ ကျွန်တော့် နောက် မှ ဆံပင် နီကြင်ကြင် ဖွာလန် ကျဲ နေသော လူရွယ် တစ်ဦး ။ နောက်ဖက် အပေါက်ဝ နား မှာ မူ မိန်းမကြီး နှစ်ဦး ရပ် နေသည် ။ အပေါက်ဝ ကို လွယ်အိတ် ကိုယ်စီ လွယ် အလုပ်သမားကြီးများ ဆို့ ပိတ် လိုက် လာသည် ။


ကျွန်တော့် နား က လူရွယ်များ ၏ ဘယ်ဘက် လက် တို့ သည် ကျွန်တော့် နှယ် ကားနံရံ ကို ကျားကန် နေကြ သည် ။ ဘာဖြစ်လို့ ကျွန်တော့် ဘက် သိပ် ကပ် နေကြပါ လိမ့် ။ သူတို့ လက်များ သည် ကျွန်တော့် ကို လှောင်ချိုင့် ထဲ ချ ထား သလို ဖြစ် စေသည် ။ ကွန်ပျူတာ ဦးနှောက် သည် ချက်ခနဲ အဖြေ ထုတ်ပေးလေသည် ။ သူတို့ ခါးပိုက်နှိုက် တွေ ။ အထာ ပေး နေတာ ၊ လက်များ ရှုပ်ယှက်ခတ် အောင် လုပ် ထားခြင်း ကို ခါးပိုက်နှိုက် ဝေါဟာရ တွင် အထာ ပေး သည် ဟု ခေါ်သည် ။ သူတို့ ဦးတည် နေသည် မှာ မိစိမ်း ကို လား ၊ ကျွန်တော့် ကို လား ။ ကျွန်တော့် ရင် ထဲ တွင် ဒေါသမုန် တိုင်း ထန် လာသည် ။ သူတို့ ကို ကျွန်တော် ရိပ်မိ နေကြောင်း သိ သွားရန် တစ်ဦးချင်း ၏ မျက်နှာ ကို လိုက် ကြည့်သည် ။ ကျွန်တော့် ကို ဂရု မစိုက် ၊ မျက်နှာ လွှဲ ထားကြသည် ။ သူတို့ ဦးတည် ထားသည် မှာ မိစိမ်း မဖြစ်နိုင် ။ ကြား က ကျွန်တော် ခံ နေသည် ။ ကျွန်တော့် အင်္ကျီ အိတ် ထဲ က နှစ်ဆယ်တန်သုံး ရွက် အခေါက်လိုက်ကလေး က လည်း ခေါင်း ပြူ နေ သည် ။ နှိုက် လည်း နှိုက်ချင် စရာ ။ အေးလေ ... တွေ့ကြသေးတာ ပေါ့ ။


ကား သည် မြောက်ဥက္ကာပ ( ၂ ) ရပ်ကွက်ဈေး အရောက် ရှုပ်ထွေးသော လူများ ကြောင့် ဘရိတ် တစ်ချက် အုပ် လိုက်သည် ။ ယိမ်းယိုင် သွားသော အချက်တွင် အင်္ကျီ ပွင့်လက်ရှည် သည် ကျွန်တော့် နှစ်ဆယ်တန်များ ကို ဖတ်ခနဲ နှိုက် သွားသည် ။ ကားနံရံ ကို ထောက် ထားသော သူ့ ဘယ်ဘက်လက်မောင်း က ကျွန်တော့် မေးစေ့ နား မှ ကာ ထားသောကြောင့် နှိုက်သည် ကို တော့ မမြင်လိုက် ။ သေသေချာချာ စောင့် နေသူမို့ အိတ် အလှုပ် ကို ခံစား လိုက်မိ သည် ။ ငုံ့ ကြည့်လိုက်တော့ ဘသားချော ငွေခြောက်ဆယ် မရှိပြီ ။


လျှပ်ပြက် သလို ကျွန်တော် လှုပ်ရှား လိုက်သည် ။ ချက်ချင်း အင်္ကျီပွင့်လက်ရှည် ၏ အင်္ကျီကော်လံစ နှစ်ဖက်

ကို ကျွန်တော့် လက်နှစ်ဖက် က ဆုပ်ကိုင် မိသွားသည် ။ ခါ ရမ်းပြီး သူ့ လူများ ကို သူ နှင့် လှည့် ကာ လိုက်သည် ။ ခါးပိုက် နှိုက် ... ခါးပိုက်နှိုက် ဟုလည်း နှုတ် မှ အော် လိုက်သည် ။ ထွက်လုဆဲဆဲ ဟီးနိုးကား သည် ချက်ချင်း ဆောင့် ရပ်သွား လေသည် ။ လူ အားလုံး ၏ မျက်လုံးများ သည် ကျွန်တော့် ထံ စူးစမ်း လာသည် ။ အင်္ကျီပွင့်လက်ရှည် သည် ကျွန်တော် လုပ်သမျှ ကြောင် ခံနေရာမှ ရုတ်တရက် အသက် ဝင်လာ သည် ။  


“ ဘယ်သူလဲဗျ ... ခါးပိုက်နှိုက် ၊ မတရား မစွပ်စွဲနဲ့ ၊ လွှတ် လွှတ် ကျွန်တော့် ကို လွှတ် ” 


“ ဘယ်သူရမလဲ မင်း ပေါ့ ကွ ၊ ငါ့ ပိုက်ဆံ နှိုက်သွားတာ သိ လိုက်သားပဲ ” 


“ ခင်ဗျား မြင် လိုက်လို့လား ”  


“ မြင်တာ မမြင်တာထား ၊ မင်း နှိုက်တာ ငါ သိတယ် ” 


လက်မှတ်ရောင်း သည် ရှေ့ပေါက် မှ နောက်ပေါက် ကူး လာပြီး ကျွန်တော်တို့ နှစ်ဦး ထံ ရောက်လာသည် ။


“ ဆရာ့ ဆီ က ဘာ နှိုက် သွားတာလဲ ”  


“ နှစ်ဆယ်တန် သုံးရွက် ငွေခြောက်ဆယ် ”   


အင်္ကျီပွင့်လက်ရှည် သည် လူးလွန့်ရင်း ခေါင်းခါ ပြ ၏ ။ သူ့ လူ ဂျပု နှင့် ဆံပင်နီ လူရွယ် တို့ မှာ ဘာမျှ မတတ်နိုင် ကြ ။ ကြောင် ကြည့် နေ၏ ။ လက်မှတ်ရောင်း သည် အင်္ကျီပွင့်လက်ရှည် ၏ အိတ် ထဲ သို့ နှိုက် ကြည့်သည် ။ ဘာမျှ မရှိ ။


“ ဘယ် ရှိတော့မလဲ ဗျ ၊ ဒီကောင်တွေ လက်ပြောင်း ပြီးပြီ ၊ ဒီလောက်မှ မလျင်ရင် ဘယ် ခါးပိုက်နှိုက် လုပ်မလဲ ” 


“ ခင်ဗျား မဟုတ်တာ မပြောနဲ့ ၊ လွှတ် ”   


“ မလွှတ်နိုင်ဘူးကွာ ၊ မင်း ခါးပိုက်နှိုက် မဟုတ်ဘူးဆို ရင် ရဲဌာနသာ လိုက်ခဲ့ ၊ ဟိုကျ ရှင်းပေါ့ ဟုတ်လား ။ ဒီမှာ ကား ဆရာ နီးရာရဲစခန်း သာ တန်း မောင်းဗျာ ဘယ်မှ မရပ်နဲ့ ” 


လက်မှတ်ရောင်း သည် ဇဝေဇဝါ ဖြစ် နေသည် ။ လူ ကောင်း တို့ ၏ ပွဲ မတိုးဖူးသည့် ဤ ဇဝေဇဝါ ဖြစ်ရပ်မျိုး ကြောင့် လူဆိုး တို့ ခြယ်လှယ်မှု ကို ခံရခြင်း ဖြစ်သည်  ။ သည် အခိုက် အင်္ကျီပွင့်လက်ရှည် သည် သူ့ ကော်လံစ နှစ်ဖက် ကို ဆုပ်ထားသော ကျွန်တော့် လက်နှစ်ဖက် ကို ဖျစ်ညှစ် ဆွဲခွာ ပြီး အတင်း ရုန်းသည် ။ ကျွန်တော် သည် လက်မောင်း အား ကို အသုံး ပြုကာ ကော်လံစ နှစ်ခုကို ကတ်ကြေးသဏ္ဌာန် ပြု ပြီး ဆွဲ ညှစ်လိုက်သည် ။ ဂျူဒို ချုပ်ကိုင်နည်း တစ်မျိုးပင် တည်း ။


သည် ရုန်းရင်းဆန်ခတ် ဖြစ်သည့် အချိန်လေး တွင် မိန်းမများ ၊ ကြောက်တတ်သူများ ကား ပေါ် မှ အတင်း ဆင်း ပြေး ကြသည် ။ ထိုင်နေသူများ သာ ဆက် ထိုင် နေကြ သည် ။ ရပ်နေသူများ မရှိတော့ ။ ရန်ကုန် တွင် ခါးပိုက်နှိုက် ဆို ပြီး ဝိုင်း ဝိုင်း ရိုက်ကြ ရာ တွင် လူကောင်းများ ၊ ဘေးလူများ ပါ သည် မထင်ပါနှင့် လူဆိုးတွေ ၊ ဆိုးသွမ်းလူငယ်တွေ ထွင်ပြီး ရိုက်ကြခြင်း ဖြစ်သည် ။ ကြည့်လေ ။ လူကောင်းတွေ က ကြောင် ကြည့်နေသည် ။ မည်သည့် ဘက် ကို ကူရမှန်း မသိ ။ မည်သည့် ဘက် က ရပ်တည်ရမှန်း မသိ ။


မကြာပါ ။ သူ့ လည်ပင်း အစ် လာပြီး မျက်နှာတွေ နီရဲ လာသည် ။ နှုတ် က လည်း ဝူးဝူးဝါးဝါး အော်သည် ။ သည်တော့မှ ကျွန်တော် က ညှစ်အား ကို လျှော့ချ လိုက် သည် ။


“ ပြေးမယ် မကြံစမ်းပါနဲ့ ၊ မရဘူး ။ မင်းတို့ ဘယ် နှစ်ယောက် လာလာ မင်း တစ်ယောက် တည်း ကို ဖမ်း မိရင် တော်ပြီ ” 


“ ပြေးလို့ လည်း မရပါဘူးဗျာ ၊ ဟိုမှာ ဝိုင်း ထားပါ တယ် ၊ အင်္ကျီ ကို လွှတ်ဗျာ ၊ ပြ မယ် ” 


အင်္ကျီပွင့်လက်ရှည် သည် ခါးပိုက်နှိုက် သက် အတော် ရင့်နေပြီ ဟု ကျွန်တော် ယူဆ လိုက်သည် ။ လေသံ မာ ဆဲ ဖြစ်သည် ။ အပေါက်ဝ တွင် လက်မှတ်ရောင်း နှင့် ကလေးအချို့ ငေး ပြီး ရပ်ကြည့် နေသည် ။


“ အင်္ကျီ ပြဲ ရင် လျော် ပေးမယ်ကွာ ၊ စကား မရှည်နဲ့ ၊ ဒီမှာ ဗျ ကား စပယ်ယာ ၊ ရဲစခန်း ကို မောင်းပါဆို ၊ ဘယ်လိုလဲ ဗျ ၊ မကူညီချင် ဘူး လား ” 


ကျွန်တော် လက်မှတ်ရောင်း ကို လှမ်း သတိပေးဆဲ ရှေ့ ဘက် နား မှ “ ပြန်ပေးလိုက်.. ပြန်ပေးလိုက် ”  ဟူသော အသံများ ကြား ရပြီး ဆွယ်တာပြာ ဂျပု က ...


“ ဒီမှာဗျ အောက် မှာ ကျနေတာ ခင်ဗျား ငွေခြောက်ဆယ် ထင်တယ် ” 


တော်တော် လည်း ပါးနပ် သည့် ခါးပိုက်နှိုက်ကလေး တွေ ။ နှိုက်ထား ပြီး မှ အောက်ကျ နေသယောင် ဖန်တီး ပေး သည် ။ ဒါ ကလည်း သူ့ လူ အင်္ကျီပွင့်လက်ရှည် အကျပ်အတည်း ကျ နေ၍သာ ။ ကျွန်တော် သည် အင်္ကျီပွင့်လက်ရှည် ကို ဆောင့်တွန်း လွှတ်လိုက်ပြီး ငွေခြောက်ဆယ် ကို လှမ်း ယူ လိုက်သည် ။ ငွေ ပြန် ရပြီ ဖြစ်ကြောင်း စပယ်ယာ ကို အ ကြောင်း ကြားကာ ကား ဆက်မောင်း စေသည် ။


“ ငါ့ ပိုက်ဆံ ပြန်ရရင် တော်ပြီ ။ မင်းတို့ ကို အရေး မယူ တော့ဘူး ။ ရဲတွေ ဘာတွေ မတွေ့ချင်ပါနဲ့ ကွာ ၊ အေးအေး ဆေးဆေးပေါ့ ” 


အင်္ကျီပွင့်လက်ရှည် သည် ကျွန်တော့် ကို မကျေမချမ်း ကြည့် သည် ။ တက်ခေါက်ပြီး “ ကိုင်ချင် လိုက်တာကွာ ” ဟု ရေရွတ်သည် ။ ကိုင်ချင်သည် ဆိုသည်မှာ ကျွန်တော့် ကို ထိုး ရိုက်ချင်သည့် သဘော ။ သူတို့ အသုံးပြုသော ဝေါဟာရ ။ ကျွန်တော် စိတ်ဆိုး သွားသည် ။ အမောက် ထောင် ပြရဦး မည် ။


“ ဒီမှာ ကိုင်ချင်တာတွေ ဘာတွေ လုပ် မနေနဲ့ ၊ ငါ က တစ်ယောက် တည်း ၊ ဒါပေမဲ့ မင်း တို့ သတ္တိ ရှိတယ် ဆိုရင် ငါ ဆင်းမယ့် နေရာ အထိ လိုက်ခဲ့ကြ ၊ ငါ ဘာကောင်လဲ ဆိုတာ သိ သွားမယ် ” 


သူတို့ ထက် နည်းနည်း ပို ပြ လိုက်လျှင် ကုတ်ဆင်း သွားအောင် ကြောက်တတ်သော လူဆိုး သူခိုး တို့ ထုံးစံအ တိုင်း ရှေ့ ရပ်သည့် မှတ်တိုင် ၊ ကျောက်ရေတွင်း မှတ်တိုင် တွင် ဆင်း သွားကြလေသည် ။ ကမာရွတ် တွင် ကျွန်တော့် ဆီ စီးကရက် မီး ညှိဖူးသည့် လွယ်အိတ်နွမ်း နှင့် လူငယ် လည်း ထို သုံးယောက် နှင့် အတူ ဆင်း သွားသည်  ။ လေးယောက် သား ကျွန်တော့် ကို စောင် ကြည့် ကျန်ရစ်သည် ။ ကျွန်တော် က တက္ကသိုလ်ကျောင်းသား ထင် လိုက်သူ က လည်း ခါး ပိုက်နှိုက် ပါ တကား ။


ပြဿနာ ပြီးဆုံး သွားပေပြီ ။ တစ်ကားလုံး က ကျွန် တော့် ကို အထင်ကြီးသော မျက်လုံးများ ဖြင့် ကြည့်ကြ သည် ။ ခါးပိုက်နှိုက်များ နှင့် ပြဿနာ ရှင်းပုံ သေသပ်သည် ကို သဘောကျကြဟန် တူသည် ။ သို့သော် သည် အထဲ တွင် မိစိမ်း မပါ ။ ဆင်းပြေးကြသူ များ တွင် မိစိမ်း ပါ သွားခဲ့ ပြီ ။ ကျွန်တော့် စီးကရက်ဘူး နှင့် စာအုပ်များ ကို မိစိမ်း ထိုင် သွားသော ထိုင်ခုံ မှ ကောက်ယူ လိုက်ရသည်  ။


     •••••   •••••   •••••   •••••


မြောက်ဥက္ကလာပ မှာ မနေဖူး ပေမယ့် နှံ့နှံ့စပ်စပ် သွား လာ ဖူးပါသည် ။ သို့သော် မိစိမ်း ကို လမ်းစ ပြတ်သွားပြီ ဖြစ်ရာ ကား ပေါ် က ဆင်းပြီး လာလမ်း အတိုင်း ပြန်ရုံ သာ ဖြစ်သည် ။ အဝိုင်းကြီး မှတ်တိုင် မှာ ဆင်းပြီး တစ်ဖက်လမ်း ကို ကူး ရတော့သည် ။ ကျေးလက် ဆန်သော မြောက်ဥက္ကလာ မြင်ကွင်း တွင် ဆည်းဆာရောင် သန်း နေပေပြီ ။ ထိုစဉ် ခါးပိုက်နှိုက်လူငယ်များ ကို ပြန် စဉ်းစားမိပြီး ပြုံး မိသည် ။ ကား ပေါ် မှာ ကျွန်တော် က ခြိမ်းခြောက် ပြီး ရဲစခန်း ခေါ် သည်ကို သူတို့ သာ သတ္တိရှိရှိ လိုက် လာပါက အခြေအနေ တစ်မျိုး ပြောင်း သွားနိုင်သည် ။ ရန်ကုန် ရှိ မည်သည့် ရဲစခန်း က စခန်းမှူး ဖြစ်ပါစေ ကျွန်တော့် ကို တွေ့လျှင် တူညီသော စကား တစ်ရပ် ကိုသာ ဆို ကြ ပါမည် ။


“ အမယ် ... ကိုရွှေခဲ ပါ လား ၊ ရန်ကုန် မှာ ခါးပိုက်နှိုက် မှု တွေ ကို တား မရစတမ်း သောင်းကျန်း ကျူးလွန် လွန်းလို့ ရန်ကုန် မလာရ ၊ နယ်နှင်ဒဏ် ပေးထားတာ ၊ ဘယ့်နှယ် ရန်ကုန် ပြန် ရောက်နေတာတုံး ၊ ကဲ ကဲ နီးရာ အချုပ်ခန်း သာ ဝင် ပေတော့ ” 


ညာတာပါတေး နှင့် မိစိမ်း ၏ ဆွဲကြိုး ကို ဖြတ်ရန် အသင့် ရှိနေသော ဘောင်းဘီအိတ် ထဲ က ကတ်ကြေးငယ် ကို လက်ဖြင့် စမ်း ရင်း လွဲချော်မှုများ ကို မကျေမနပ် ဖြစ် နေမိသည် ။ မရသေး သည့် ဆွဲကြိုး ထက် လက် ထဲ က ငွေခြောက်ဆယ် ကို ကာကွယ် သည် မှာ မှန် ပါလိမ့်မည် ။ ထို့ပြင် မြွေပွေး ပိုးထိ အဖြစ်မျိုး လည်း ကျွန်တော် အဖြစ် မခံနိုင်ပါ ။


◾ အောင်အေး


📖  သွေးသောက်မဂ္ဂဇင်း

       ၁၉၇၃ ၊ နိုဝင်ဘာ 


#ကိုအောင်နိုင်ဦး


.

Wednesday, November 23, 2022

အရင်း မှာ လည်း အမှည့်‌တွေ ရှိပါ့


 

❝ အရင်း မှာ လည်း အမှည့်‌တွေ ရှိပါ့ ❞

ကျွန်‌တော် သည် ၂၀၀၂ ခုနှစ်  မေလ ၁၄ ရက်‌ နေ့ တွင် ပြည်မြို့ မှ ရန်ကုန် သို့ ဆင်း ခဲ့ပါ၏ ။ တိုက်ကြီး က ထွက် လာ ကတည်း က ရန်ကုန်မိုး နှင့် တိုး‌ တော့၏ ။ စဲ လိုက် ။ သည်း လိုက် ။ စဲ လိုက် ။ ‌မှော်ဘီ‌ ရောက်‌သော အခါ ပို သည်း လာ၏ ။ ကား‌ရှေ့ မှန် ရေသုတ်တံ သည် ရေ နိုင်‌အောင် မသုတ်နိုင်‌တော့‌ချေ ။ ကမာရွတ် လှည်းတန်း တည်းခိုအိမ်‌ ရောက် သည် အထိ မိုး က မပြတ်‌ပေ ။ ‌နောက်‌နေ့ နံနက် တည်းခိုအိမ် မှ သူငယ်ချင်း ကိုဟန်သိန်း ကို‌ ခေါ် ၍ ‌တောင်ဥက္ကလာ နန္နဝန်‌ဈေး သို့ သွားကြ၏ ။ မိုး သည်း‌ နေ သည့် ကြား မှ မြောက်ဒဂုံ ကိုဝင်းဟန်‌ နေအိမ် သို့  ‌ရောက်‌သော အခါ  မိုး သာ မက လေ ပါ ပါ‌လေ၏ ။ သူငယ်ချင်းများ စု မိ၍ ထွေရာ‌လေးပါး တောင်‌ရောက်‌ မြောက်‌ရောက် ။ ရှေ့‌ရောက်‌ နောက်‌ရောက် စကား လက်ဆုံ ‌ပြော မကုန် ရှိကြ၏ ။ ငယ်သူငယ်ချင်းများ ဆုံ မိကြသည့် ထုံးစံ အတိုင်း ။

“ ဘယ်လိုလဲ ‌ကျော်ကြီး ။ အဆင်‌ပြေလား ”

သူ က ‌တောင်ဥက္ကလာ နန္နဝန်‌ဈေး မှာ မီး‌သွေး‌ ရောင်းသူ ။

“ ငါ့ မိသားစု က‌ တော့   စား‌လောက် ပါတယ် ကွာ ။ ‌နေဖြစ် စားဖြစ်‌ပေါ့ ။ သူ‌ဌေး‌တော့ မဖြစ်ဘူး‌ ပေါ့ ကွာ ”

“ ကိုလှ‌ဖေကြီး က‌ ရော ”

“ ဟာ ...  မင်း ကိုလှ‌ဖေ က ‌ဘောစ့် ကွ ။ တို့ အထဲ မှာ သူ အ‌ထောဆုံးပဲ‌ မောင် ။ အိမ်‌ ရောင်း လို့ ရ ထားတဲ့ ငွေ သိန်း  ၅ဝ ကို အတိုး‌ ပေး ထားတာကွ  ။  လုပ်ငန်း တစ်ခု မှာ လည်း
‌ငွေ အပ် ထား‌သေးတယ်  ။ တစ်လ ‌လေးကျပ် တိုး နဲ့ ”

ကိုလှ‌ဖေ က ပင်စင်စား ။ အသက် ၆၈ နှစ် ဘာမျှ မလုပ်နိုင်‌တော့ပါ ။ အတိုးရင်းပွား ပေးစားခြင်း သည် သူ နှင့် ကိုက်ပါ၏ ။

“ ဒါထက် ကိုဝင်းဟန် ။ ခင်ဗျား က‌လေး‌တွေ က‌ ကော ဘာလုပ်ကြတုံး ”

“ တစ်‌ယောက် က တက္ကစီ‌မောင်း တယ် ကွ ။ အငှား ။ နှစ်‌ယောက် က ဖိနပ်ချုပ်လုပ်ငန်း‌ ထောင် ထားတယ် ”

ကျွန်‌တော်တို့ စကား‌ ကောင်း‌ နေစဉ် လူငယ် တစ်‌ယောက် အိမ်‌ပေါ် သို့ တက်လာ၏ ။

“ ဒါ ငါ့ သား ပဲ ကွ ဖိနပ် လုပ်ငန်း‌ ထောင်ထားတာ သူ‌ ပေါ့ ”

ထိုအချိန် မှာ မိုး က တဗြင်းဗြင်း ရွာ ‌နေပါ၏ ။

“ ‌အေး ... မင်းတို့ ဖိနပ်လုပ်ငန်း နဲ့ ခုလို မိုး သည်းပုံမျိုးနဲ့‌တော့ အကိုက်ပဲ ကွ ”

“ ဟင် ... ဘဘ ဘယ်လိုလုပ် သိ လဲ ”

“ မိုး‌တွေ ရွာ ။ မိုးရွာ ထဲ ဖိနပ်စီး ။ ဖိနပ် ပြတ် ။ မိုး သည်း ။ ဖိနပ် ပြတ် ။ အသစ် ဝယ် စီး ။
ဖိနပ်သမား‌ ရောင်း‌ ကောင်းတာ ဒီလို အချိန်မျိုး‌ပေါ့ ကွာ ”

မိုး စတင် ရွာလိုက်ပြီ ဆိုသည် နှင့် တစ်ပြိုင်နက် ထီးဖိနပ် အဝယ် လိုက် ။ အ‌ရောင်း သွက်၏ ။ ထီးပြင် ။ ဖိနပ်ပြင် ဆိုင်‌လေးများ လည်းအလျှိုလျှို ပေါ် လာကြ‌လေ၏ ။ ဘယ်မြို့ သွား ကြည့်ကြည့် ။

နည်းနည်းက‌လေး မိုး အစဲ တွင် ကျွန်‌တော်တို့ သည် သူငယ်ချင်း လှ‌မောင် ၏ အိမ် သို့ အ‌ပြေးအလွှား ချီတက်ကြ၏ ။ လမ်း တဝက်တွင် မိုး ရွာပြန်၏ ။ မထူးပြီ ။ ဆက်‌ လျှောက်ကြ‌ပေါ့ ။ လှ‌မောင် အိမ် သို့ ‌ရောက်ပြီ ။ သူ့ ဇနီး က ကပျာကယာ ‌ရေ‌နွေး ကြို၍ ‌ကော်ဖီ‌ ဖျော်‌ လေ၏ ။ ဟန်သိန်း က စကား စလိုက်၏ ။

“ ဘယ်လိုလဲ ။ မင်း သား နိုင်ငံခြား သွားဖို့ အစီအစဉ် ”

“ ငါ လက်‌ လျော့ လိုက်ပြီကွာ ။ အရင်‌ ပြော ထားတာက ၁၇ သိန်း တဲ့ ကွာ  ။ အခု ၂၇ သိန်း ဆို‌ တော့ ငါ လည်း ဘယ်လိုမှ မကပ် နိုင်‌တော့ဘူး ။ မင်း စဉ်းစား ကြည့် ငါ ပင်စင် ယူ ထားတာ ငါးနှစ် ရှိ‌နေပြီ ။ ‌ချွေတာ‌ရေး စား‌သောက်‌ နေရတာကွ ”

ဟုတ်ပါ့ ... ပင်စင်စား တစ်‌ယောက် ၏ သား  နိုင်ငံခြား သွား အလုပ် လုပ်ဖို့ ဆိုသည်မှာ အ‌တော် မလွယ်ပါ ။

ကံအား‌လျော်စွာ သူ့ သား အကြီး‌ကောင် က စင်္ကာပူ မှာ အလုပ်ရ ။ အိမ် ပြန် ငွေ ပို့‌ နေ‌ပေပြီ ။ အခု ‌နောက် ထွက် မှာ က အငယ်‌ကောင် ။

“ အဲဒီ‌တော့ ဒီ‌ကောင့် ကို ဘယ်လို လုပ်မတုန်း ”

ကျွန်‌တော် က ကြားဖြတ်‌ မေး လိုက်မိ၏ ။ ကျွန်‌တော်တို့ ငယ်သူငယ်ချင်းများ အလွန်
ပွင့်လင်း ကြ၏ ။ တစ်ဦး နှင့် တစ်ဦး ဘာမျှ အားနာစရာ မလို ။ ငတ် အတူ ။ စား အတူ‌ ကောင်‌တွေ ။ ငယ်ငယ်‌လေး ကတည်း က ။

“ ရှင်း‌ နေတာပဲကွ ။ ၂၇ သိန်း လည်း အကုန် မခံ‌တော့ဘူး ။ ၁၇ သိန်း လည်း အကုန် မခံ‌တော့ဘူး ။ ခုနစ်သိန်း ထုတ်‌ ပေးပြီး‌တော့ ( သူ့ အစ်ကို ပို့‌ ပေးတဲ့‌ ငွေ ထဲ က )  ဒီမှာပဲ အလုပ် လုပ်‌ နေတယ် ”

“ ဘယ်လို အလုပ်မျိုးလဲ ကွာ ”

လှ‌ဖေ က ဝင်‌ မေး၏ ။ တစ်ဦး နှင့် တစ်ဦး မ‌တွေ့ဖြစ်‌တော အ‌ကြောင်းစုံ မသိကြရ ။

“ သူ့ သူငယ်ချင်း တစ်‌ယောက် နဲ တွဲပြီး တာယာအ‌ဟောင်း‌ တွေ ဝယ် ။ လုပ်သား ငှား ။ တာယာ‌ရေငင်ကြိုး ။ တာယာ‌ရေငင်ပုံး ။ တာယာ‌ရေတည်ပုံး ( စည်ပိုင်းပြတ် သ‌ဘောမျိုး ) ‌တွေ လုပ်‌ နေတယ်ကွ ”

“ ဟာ ... အဲဒီ လုပ်ငန်းဆို ငါ လည်း ရှယ်ယာ ဝင် ပါ ချင်တယ် ကွာ ”

“ ‌ဟေ့‌ကောင် ... ဟန်သိန်း ။ မင်း အရမ်းလည်း  ‌လောဘ မကြီးနဲ့ ။ က‌လေး‌တွေ လုပ် ပါ‌စေကွာ ”

လုပ်ငန်း က အလားအလာ ‌ကောင်း‌ နေ‌သော‌ကြောင့် လာဘ်မြင်‌သော ကိုဟန်သိန်း က သွားရည် ယို‌ နေ‌လေ၏ ။

“ လုပ်ငန်း က အဆင်‌ ပြေ‌နေပြီ မဟုတ်လား ”

‌ကျော်မြ က ဝင်‌မေး၏ ။

“ အဆင်‌ပြေတယ် ဆို ရမှာ‌ပေါ့ ။ ‌ရောင်းလို့ မ‌လောက်ဘူးကွ ။ ထွက်သမျှ ကုန်တာပဲ ။ အခု အလုပ်သမား‌ တောင် ထပ်‌ ခေါ်‌နေရတယ် ”

စင်စစ် ထို လုပ်ငန်း သည် အလွန် အားကိုး ထိုက်‌သော လုပ်ငန်း ဖြစ်ပါ၏ ။ ‌ငွေ နှင့် ကြေး နှင့် ပုံ‌ အော လိုက်လျှင် အမြန် သူ‌ဌေး ဖြစ်နိုင်ပါ၏ ။ တာယာ အစုလိုက် အပုံလိုက်ကြီးများ
‌လေလံ ပစ် သည်ကို ဝင် ဆွဲ လိုက် ရပါ က  ခပ်‌ကောင်း‌ကောင်း ခပ်သန့်သန့်များ ကို
တာယာ အတိုင်း ရောင်း စား လို့ ရ‌သေး၏ ။ အညံ့အစုတ်များ ကို တာယာပစ္စည်းများ ထုတ်လုပ် နိုင်၏ ။ ယခုအခါ တာယာ က ထုတ်လုပ်‌သော ပစ္စည်းများ အမယ်‌ တော်‌တော် စုံ ၏ ။ လယ်ယာသုံး လှည်းနွားသုံး ပစ္စည်း အဖြစ် ။ လှည်းသိမ်းကြိုး ။ လှည်းစည်းကုံးကြိုး ။ ထွန်ကျင်ကွင်း ။ ထမ်းပိုးကြိုး ။ ဝါရှာမျိုးစုံ ။ ‌ရေပုံး ။ ‌ရေငင်ကြိုး ။ တာယာစည်ပိုင်းပြတ် ။ စုံလို့ပါ ဗျာ သည်‌နေ့ ထုတ်လုပ်‌ နေကြတာ ။

“ ငါ့ သား က နိုင်ငံခြား သွား စကား သိပ် မ‌ပြော တော့ ဘူး ကွ ”

လှ‌မောင် က‌ ပြော ။

“ ဘယ်‌ ပြောတော့မလဲကွ ။ ဒီ အလုပ် နဲ့  သူ တွက်‌ခြေ ကိုက်‌ နေလို့ ဖြစ်မှာ‌ပေါ့ ။ ဘယ်နှယ့်လဲ ဝင်‌ငွေ ပြန် ရ‌နေပြီလား ”

“ အဲဒါ‌တော့ ငါ့ မိန်းမ မှ သိ မှာကွ ။ သူတို့ သားအမိ လုပ်ကြတဲ့ အလုပ် ကွ ”

လှ‌မောင် မျက်နှာ သည် ရွှင်‌ နေပါ၏ ။ သူ့ မိန်းမ မိ‌ပွေး ၏ မျက်နှာ သည် ချို‌ နေပါ၏ ။ ရွှင်ချို‌ နေ ပုံ ‌ထောက်‌တော့ သူတို့ စီးပွား‌ရေး အဆင်‌ ပြေ‌ နေလို့ပဲ ဟု တွက်ဆ လို့ ရပါ၏ ။

“ သူငယ်ချင်း တို့  မင်းတို့ အားလုံး ဒီည ငါ့ အိမ် မှာ အိပ်ကြကွာ ။ တို့ သူငယ်ချင်း‌တွေ မ‌တွေ့ရတာ ကြာပြီ ။ ပြန်လည် ဆုံဆည်းခြင်း  အထိမ်းအမှတ် ဒီည ဒီအိမ် မှာ ‌ပျော်‌ပျော်ပါးပါး‌ ပေါ့ ကွာ ”

ဟန်သိန်း ။ ‌ကျော်မြ ။ လှ‌ဖေ ။ ဝင်းဟန် ။ လှ‌မောင် ။ ဝဲကြီး ။ ကျွန်‌တော် စတဲ့ သူငယ်ချင်းများ ဟာ နှစ်နှစ် တစ်ကြိမ် ။ သုံးနှစ် တစ်ကြိမ် ဆုံဆည်း‌လေ့ ရှိပါ၏ ။ လှ‌ဖေ အိမ် မှာ ။ ‌ကျော်မြ အိမ်မှာ ။ ဟန်သိန်း အိမ် မှာ အဆင်‌ ပြေသလို ။ သည်နှစ် ထူးထူးခြားခြား လှ‌မောင် တို့ လင်မယား က ဖိတ်မန္တက ပြု‌လေပြီ ။ အမှန် က ဝင်းဟန် အိမ် မှာ ချက်ပြုတ်စား‌သောက် ။ ‌ရှေး‌ခေတ်ဟာင်း‌ အောက်‌မေ့ဖွယ် တဝါးဝါး တဟားဟား စားမြုံ့ ပြန်ကြဖို့ စီစဉ် ပြီးသား ခင်ဗျာ ။

“ ကဲ ... ဝင်းဟန်‌ ရေ ။ နင့် အိမ် မှာ ညအိပ်ဖို့ အစီအစဉ် ဖျက် လိုက်‌တော့  ။ ဒီမှာ ဒကာ‌ ပေါ်ပြီ ။ လှ‌မောင် ကို ဦးစား ‌ပေး လိုက်ပါဟာ ။ အိမ် ပြန် ။ နင့် မိန်းမ‌ ပြော ချေဦး ။ ချက်‌ရေးပြုတ်‌ရေး မစီစဉ်နဲ့‌တော့ လို့ ”

ထို ည က လှ‌မောင် အိမ် မှာ ညစာ စားကြ၏ ။ ညစာ သောက်ကြ၏ ။ ညဉ့်နက် လတ်‌သော် အခန်းကျဉ်းက‌လေး ထဲ မှာ တ‌ပျော်တပါး စု အိပ်ကြရတာ ။ ‌ပျောရွှင်စွာ အိပ်ခြင်း ။ တစ်‌ရေး နိုး‌သော် ကျွန်‌တော် နဖူး‌ ပေါ် လက်တင် စဉ်းစား မိ၏ ။  ( ထိုအချိန် တွင် ည က သောက် ထားသည်များ အာနိသင် ပြယ်၍ လူ လန်းဆန်း‌ နေ‌လေပြီ ။ )  အပြန်ပြန် အလှန်လှန်။တွေး ကြည့်‌ နေမိ၏ ။ ‌ဘေး က ဟန်သိန်း အိပ်‌မောကျ ‌ဟောက်‌ နေတုန်း ။

ကျွန်‌တော် အ‌ဖြေ တစ်ချက် လက်ခနဲ ရ လိုက်ပါ၏ ။ နိုင်ငံခြား ထွက် မှ အလုပ် ရ သတဲ့ လား ။ ချမ်းသာ မယ် တဲ့ လား ။ သူ‌ဌေး ဖြစ်မယ်တဲ့ လား ။ မဟုတ်ပါ ။ နိုင်ငံခြား က လူ‌တွေ သည် မှာ လာပြီး စီးပွား ရှာ‌ နေကြပါ၏ ။ ကုမ္ပဏီ‌တွေ သည် မှာ လာ ကြီးပွား‌ နေကြပါ၏ ။ ချမ်းသာ ‌နေကြပါ၏ ။ ဟား ... ဟား ... သူတို့‌ တောင် လာ ရှာ‌ နေ‌သေးတာ ။ အိုးပစ်အိမ်ပစ် ဗျာ ။ ကျွန်‌တော်တို့ က ဘာလို့  မရှာ နိုင် ရမှာလဲ ။ ဘာလို့ မလုပ်နိုင်ရမှာလဲ ။ တစ်ခု မဟုတ် တစ်ခု ။ ဂွင်‌တွေ ရှိပါ့ဗျာ ။ အဖျား တက် အမှည့် စားရ နိုးနိုး ။ အရင်း မှာ လည်း အမှည့် ‌တွေ ရှိ ပါ့ဗျာ ။ အရင်း မှာ အမှည့်‌တွေ စား ‌နေရသူ‌တွေ  အားကြီး ပါ ဗျာ ။ လှ‌မောင် သား လို က‌လေး‌တွေ အားကြီး ပါ ။ အလုပ်‌တွေ အားကြီးပါ ။  ဂွင်‌တွေ အားကြီးပါ ။ ရှာ တတ် လုပ် တတ် ဖို့ ပဲ လို တာပါဗျာ ။

◾  မောင်ချမ်းသာ

📖  မောင်ချမ်းသာ ၏ ချမ်းသာနည်း

#ကိုအောင်နိုင်ဦး

.