❝ မောင်သင်းခိုင် ❞
( မြို့ပြသစ်ရွက် )
“ ကျွန်တော်တို့ မြန်မာစာပေလောက မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပြီးတဲ့အခါ ဆရာဒဂုန်တာရာ ၊ နောက် ဆရာတာရာ ပြီးတော့ ကိုသင်းခိုင် ပေါ့ ။ အဲသလိုများ ဆိုခဲ့ရင် ခင်ဗျား ဘယ်လို ယူဆမလဲ ”
ထိုစဉ်က ရှုပ်ထွေးနေသော ချည်ထုံးကြီး ၏ အစ ကို စပြီး ဆွဲထုတ်လိုက် သူ ၊ လောင်စာတွေ နှင့် အပြည့် ဖြစ်နေသော ယမ်းအိုးကြီး ၏ စနက်တံ ကို မီးတို့ ပေးလိုက် သူ ၊ အဖြေ ရှာရန် စော လွန်းသေးသည့် ပုစ္ဆာ တစ်ပုဒ် ကို မေးခွန်း ထုတ်လိုက် သူ မှာ ကျွန်တော်တို့ ၏ ကဗျာဆရာ မောင်အောင်ပွင့် ပဲ ဖြစ်ပါသည် ။
အချိန်မှာ ၁၉၈၉ ခုနှစ် ၏ နှစ်ဦးပိုင်းကာလများ တစ်ဝိုက် ဖြစ်ပြီး ဧရာဝတီတိုင်း ကို ကျော ခိုင်းခဲ့ကာ ရန်ကုန် ရှိ ကျွန်တော့် အိမ်ကလေး မှာ ဘဝခရီး တစ်ထောက် လာရောက် ခိုနား နေစဉ် ကာလများ အတွင်း ကိုအောင်ပွင့် က ကျွန်တော့် ကို ပြောခဲ့ခြင်း ဖြစ်ပါသည် ။
ထို စကား ကို ကျွန်တော် ကြားခွင့် ရခဲ့ခြင်းမှာလည်း ကိုအောင်ပွင့် နှင့် အနီးဆုံး လူ ဖြစ်နေ၍ အစောဆုံး ကြားခွင့် ရခဲ့ခြင်း ဟု ပင် ကျွန်တော် က မှတ်ထင် ယူဆ မိပါသည် ။ သည့် နောက်ပိုင်း မှာ တော့ ကိုဖြိုးထိန် ၊ ကိုသစ်စိုး ၊ နေစိမ့် စသည် စသည် ဖြင့် ။
စင်စစ် ကိုအောင်ပွင့် ၏ စကား က မေးခွန်း သက်သက် မဟုတ်ပါ ။ သူ ၏ ဆုံးဖြတ်ချက် လည်း မဟုတ်ပါ ။ ဖြစ်နိုင်လောက်သည့် အဆို တစ်ခု ကို အစမ်း တင်သွင်း ကြည့်သည့် သဘော ဟု ကျွန်တော် ထင် ပါသည် ။ ဆရာကြီးမှိုင်း ပြီးတဲ့ အခါ ဆရာဒဂုန်တာရာ ။ ဆရာဒဂုန်တာရာ ပြီးတဲ့ အခါ ကိုသင်းခိုင် ။ ကိုအောင်ပွင့် ၏ အမေး ကို ကျွန်တော် ဘယ်လို ပြန် ဖြေရမည် မသိတတ်နိုင်ဘဲ စိတ် ထဲ မှာ လေးလံ နောက်ကျိ၍ သွားသည် ။
မြန်မာစာပေလောက ၌ “ မောင်သင်းခိုင် ” ဟူသော ကဗျာဆရာ တစ်ယောက် အဖြစ် အခိုင်အမာ အထင်အရှား မှတ်တိုင် တစ်တိုင် စိုက်ထူ ထားပြီးသား ဖြစ်သည် ကို ကျွန်တော် မငြင်းနိုင်ပါ ။ ပြီးတော့ သူ သည် ကျွန်တော်တို့ ရှေ့ က လူ တစ်ယောက် ။ ကျွန်တော်တို့ ဘက် က လူ တစ်ယောက် ။ ကျွန်တော်တို့ ၏ ကဗျာနောင်တော်ကြီး ။
သူ နှင့် ကျွန်တော်တို့ ကြား ထဲ မှာ နွေးထွေး လေးနက်သော ပေါင်းသင်း ဆက်ဆံရေးတရား အခိုင်အမာပင် တည်ရှိခဲ့သည် ။ သူ ၏ ပုဂ္ဂလိက စွန့်လွှတ် စွန့်စားနိုင်မှုများ ကို လည်း ကျွန်တော်တို့ က အလေးအနက်ပင် အသိအမှတ် ပြု ထားပြီး ဖြစ်သည် ။
သို့သော် ဆရာကြီးမှိုင်း ၊ ဆရာဒဂုန်တာရာ စသည် တို့ နှင့် မျဉ်း တစ်ကြောင်း တည်း ထား ကာ ဆွဲချပစ်လိုက်ဖို့ ဆိုတာမျိုး က တော့ နည်းနည်းများ တွန့်ကွေး သွားလေမလား ဟု ကျွန်တော် စဉ်းစား မိသည် ။ ဒါကြောင့်လည်း ကိုအောင်ပွင့် က ထို စကား ကို ပြော လာသောအခါ ဘယ်လို အဖြေ ပြန်လည် ပေး ရမည် မသိ တတ်နိုင်ဘဲ ကျွန်တော့် နှုတ်ခမ်း တို့ တွန့်ဆုတ် နေခဲ့ခြင်း ဖြစ်ပါသည် ။ ဒါပေမဲ့ အချို့ အချို့သော စာပေမိတ်ဆွေများ က တော့ နှုတ်ခမ်း တုံ့နှေး မနေကြ ။ ခပ်သွက်သွက် ခပ်ပြတ်ပြတ် ဆိုသလိုပင် ပြန်လည် တုံ့ပြန် လိုက်ကြလေသည် ။
" ကျွန်တော်တို့ က တော့ ဒါကို လုံးဝ လက် မခံနိုင်ဘူးဗျာ ”
ဒါကတော့ ကဗျာဆရာ ကိုဖြိုးထိန် ၏ သဘောထား ပင် ဖြစ်သည် ။
“ ဒီမယ် ကိုအောင်ပွင့် ၊ ဒဂုန်တာရာ ပြီး ရင် ကိုသင်းခိုင် ဆိုတာ ကို ကျွန်တော် သဘော မတူရခြင်းရဲ့ အရေးကြီးဆုံး အချက် တစ်ချက် ကို ကျွန်တော် ပြော လိုက် မယ် ၊ အဲဒါ သိလား ၊ သူ့ ရဲ့ ပုဂ္ဂလိက နေထိုင်မှု စရိုက် ကြောင့် ပဲ ဗျာ ”
ဒါကတော့ လပွတ္တာမြို့ကလေး မှာ ကျူရှင် ပြ စားနေသည့် စက် မှုတက္ကသိုလ် တစ်ပိုင်း တစ်စ ကျောင်းသားဟောင်းကြီး ကိုစိုးမြင့် ( ခေါ် ) ကိုသစ်စိုး ၏ ရင်ဖွင့်ချက် ပဲ ဖြစ်ပါသည် ။
ဤသို့ ဤသို့ အများက ခပ်ကန်ကန် ငြင်းဆန် လာ လေသော အခါတွင် တော့ ဒဂုန်တာရာ ပြီးတော့ ဆရာကိုသင်းခိုင် ဆိုသော စကား ကို ကိုအောင်ပွင့် က တစ်စ တစ်စ ပြန်လည် ရုပ်သိမ်း သွား ခဲ့ပါတော့သည် ။
“ တကယ်တော့ဗျာ ၊ ကိုသင်းခိုင် ဘဝ ကို ကြည့် ၊ တကယ့် ကို ဟာလာဟင်းလင်းကြီး ၊ သူ့ မှာ ဘာ အကာအကွယ် မှ မရှိဘူး ၊ အဲဒါကြောင့်လည်း ခက် နေတာ ”
ကိုအောင်ပွင့် က တော့ နောက်ဆုံး အချိန် အထိ သံယောဇဉ် လက်ကျန် တစ်စွန်းတစ်စ ဖြင့် သူ့ စကား ကို အနားသတ် နေ ဆဲ ဖြစ်ပါသည် ။ မှန်သည် ။ ဘဝ မှာ ဘာ အကာအကွယ် မှ မရှိဘဲ ဟာလာဟင်းလင်းကြီး ဖြစ် နေသော ကိုသင်းခိုင် ဆို သည့် အချက် ကတော့ တကယ့် ကို မှန်သော အချက် ဖြစ်ပါသည် ။
ကဗျာဆရာ မောင်သင်းခိုင် ဆို သည့် အချက် မှ လွဲပြီး သူ့ မှာ ဘာမျှ မရှိ ။ ရာထူးရာခံ အကာအကွယ် မရှိ ။ ဥစ္စာဓန လုပ်ငန်းကိုင်ငန်း အကာအကွယ် မရှိ ။ အစုအဝေး ဂိုဏ်းဂဏ အကာအကွယ် မရှိ ။ ဟန်တွေမာန်တွေ နှင့် အဟန့်အတား အကာအကွယ် မရှိ ။ ဟင်းလင်းကြီး ပွင့်နေသည့် သူ့ ဆီ ကို ဘယ်သူမဆို ဘာ အခက်အခဲ တစ်စုံတစ်ရာ မရှိဘဲ ရောက်ရှိ သွားနိုင် သလို သူ က လည်း ဘယ်သူ့ ဆီ ကို ဖြစ်ဖြစ် ဟင်းလင်းကြီး ဖွင့်ပြီး ဝင်ရောက် လာ တတ်သည် ။
တကယ်တော့ ၁၉၄ဝ ပြည့် နှစ် မှာ မွေးဖွား ခဲ့သော အစ်ကို တစ်ယောက် ခုဆို အသက် ၆၀ နီး ပြီ ။ ၁၉၅၆ ခုနှစ် က ပင် ကဗျာ စ ရေးခဲ့သည် ဆိုတော့ ကျွန်တော် မမွေးခင် က ပင် ကဗျာ ရေး ခဲ့သော ကဗျာဆရာကြီး တစ်ယောက် ။ သည်တော့ ကျွန်တော်တို့ က အစ်ကို့ ကို ဆရာ ဟု ခေါ် သင့်ကြသည် ။ ဒါပေမဲ့ ဆရာ ဟု ဘယ်လို မှ ခေါ်၍ မထွက် ။ အစ်ကို ၊ ဒါပဲ ဖြစ်သည် ။
ကိုအောင်ပွင့် က လည်း ကိုသင်းခိုင် ၊ ကိုညီညွတ် က လည်း ကိုသင်းခိုင် ၊ အောင်ဘညို က လည်း ကိုသင်းခိုင် ။ အားလုံး က ကိုသင်းခိုင် ခဲ့ ကြသည်ပဲ ဖြစ်ပါသည် ။ ဟာလာဟင်းလင်းကြီး ။
သူ့ ကို “ အစ်ကို ” ဟု ခေါ်လိုက်ဖို့ အရေး နှုတ်တွန့်လေး ကွေး သွားစေမည့် အဆီးအတားများ အဖြစ် ရာထူးရာခံ ဥစ္စာငွေကြေး အစုအဖွဲ့ ဟန် တစ်လုံး ပန် တစ်လုံး ဘာဆို ဘာမျှ သူ့မှာ မရှိ ။ တကယ့် ကို ဟာလာဟင်းလင်းကြီး ။
တစ်ခါ တစ်ခါ တော့ လည်း အဲသလို ဟာလာဟင်းလင်း လွတ်လွတ်ခါခါကြီး နေ တတ်သည့် စရိုက်ကြောင့် များ အစ်ကို့ အပေါ် မှာ ထိုက်တန် သလောက် နေရာ မထားကြလေရော့သလား ဟု စဉ်းစားချင်စရာ ဖြစ် လာပေသည် ။
ကတ္တီပါ ညှပ်ဖိနပ် တစ်ရန် ကို သပ်သပ်ရပ်ရပ် ဝတ် ထားရမည် ။ ချည်လုံချည် ၊ ချည်အင်္ကျီ နှင့် တိုက်ပုံအင်္ကျီ အသင့်အတင့် ကို လည်း ဝတ်ဆင် ထားရမည် ။ လမ်းလျှောက် သော အခါ နှေးနှေးလေးလေး ။ စကား ပြော သော အခါ တမင် ရွေးချယ် ထားသည့် စကားလုံး အလှအပလေးများ ဖြင့် ဖြည်းဖြည်းဆေးဆေး ။ မျက်လုံးများ က ထာဝရ ငေး ရီ ကွဲကြေလျက် ။
ဤသို့ ဤသို့ သော သရုပ်သကန် များ ဖြင့် ပြည့်စုံ နေသူ တို့ မှ ကဗျာဆရာ ဟု ဆိုခဲ့ လျှင် တော့ ကျွန်တော်တို့ ကိုသင်းခိုင် ကို ကဗျာဆရာ ဟု ခေါ်ရန် ခက် ပါလိမ့်မည် ။
ဟိုး ၁၉၈၀ ပြည့် နှစ် လွန်စ ၅၅ လမ်း အရက်ဆိုင်တွေ ခေတ် ကောင်းစဉ် ကာလ မှ စ ကာ ယနေ့ အထိ အစ်ကို့ ကို ကျွန်တော် တွေ့ဖူး သမျှ မှာ တစ်ပုံစံ တည်း ။ ကိုသင်းခိုင် က အရပ် အနည်းငယ် ပုပျပ်သည် ။ ထို့ကြောင့် ဂျင်းဘောင်းဘီ ခပ်ပွပွ မှာ သူနှင့် ရှည် နေရာ အောက် မှ ဖြတ် ဝတ်ချင် ဖြတ် ဝတ် ထားတတ်ပြီး ခေါက် ချင် လည်း ခေါက် ဝတ်ထား တတ်သည် ။ အတန်ငယ် နွမ်းနေသည့် Walking Shoes ဂျင်းဂျာကင် အရောင်လွင့်လွင့် ။ ကြိုးညနှင့် သိုင်း ထားသည့် ပါဝါ မျက်မှန် တစ်လက် ။ ကျောပိုးအိတ် တစ်လုံး ။ ဒါပဲ ဖြစ်ပါသည် ။
ကိုသင်းခိုင် က ထာဝရ လွယ် ထားတတ်သော သူ ၏ ကျောပိုးအိတ် ထဲ ၌ သူ့ ဘဝ တစ်ခုလုံး ကို ထိုးသိပ် ချိုးခေါက် ကာ ထည့် ထားဟန် တူသည် ။ အဝတ်အစား တစ်စုံ နှစ်စုံ ။ ကဗျာ စာအုပ် တစ်အုပ်စ နှစ်အုပ်စ ။ ပလတ်စတစ် ဖြင့် ပတ်ဘထားသည့် မှတ်ပုံတင် ။ စာမူစာရွက် အတိုအထွာများ ။ ယင်းသည် ပင် ကိုသင်းခိုင် ၏ “ သေ ” နေသော ဟန် ဖြစ် လေသည် ။ မိုးရွာရွာ နေပူပူ ဘယ်တော့ မှ မပြောင်းလဲ စတမ်း ။
“ ဟေ့လူ ... ကိုသင်းခိုင် ပုဆိုး နဲ့ နေတာ ကို ခင်ဗျား တွေ့ဖူး လား ဗျ ။ သူ ဘယ်တုန်း လောက် က ဘောင်းဘီ စ ဝတ်တယ် ထင်လဲ ”
တစ်ခါတော့ ကိုသင်းခိုင် နှင့် အလွန် ရင်းနှီးသော ကဗျာဆရာ တစ်ယောက် ကို ကျွန်တော် က မေး ကြည့်မိသည် ။ ဤတွင် ထို ကဗျာဆရာ တွေ သွားသည် ။
" အင်း ... ကျွန်တော် စ သိ ကတည်း က ဘောင်းဘီ နဲ့ ပဲ ဗျ ”
မှန်ပါသည် ၊ အစ်ကို နဲ့ ကျွန်တော် သိကျွမ်းခင်မင်ခဲ့တာ အနှစ်၂၀ ပြည့် တော့မည် ။ တစ်ခါမှ ပုဆိုး နှင့် မတွေ့ဖူးဘူး ၊ ညှပ်ဖိနပ် နှင့် မတွေ့ဖူးဘူး ။ တိုက်ပုံအင်္ကျီ နှင့် မတွေ့ဖူးဘူး ။ လွယ်အိတ် နှင့် မတွေ့ဖူးဘူး ။ Princess and Photographer ရုပ်ရှင်ကား ထဲ က ဂျပန်မင်းသားများ လို ဆံပင်များ ဖွားခနဲ ဖွားခနဲ ဖြစ် လာအောင် လမ်း ကို ခပ်ခုန်ခုန် လျှောက် ၍ လာ တတ်မြဲ ။
ဘယ် လက်ဖက်ရည် ဝိုင်း ၊ ဘယ် အရက် ဝိုင်း ကို မဆို အကျွမ်းတဝင် ရှိပြီးသော ရယ်သံကြီးဘဖြင့် ရောက် လာ တတ်မြဲ ။ ဘယ်တော့မှ မပြိုလဲဟန် တူသော စိတ်ဓာတ် ဖြင့် အနုပညာလည်ဆံမွေးတွေ တဖွားဖွား ထောင် နေမြဲ ။
တစ်ခုသော နွေ ရက် မှာ တော့ ထုံးစံအတိုင်း ဂျင်းဂျာကင်ကြီး ၊ ဂျင်းဘောင်းဘီ ပွရောင်းရောင်း ၊ Walking Shoesများဖြင့် လေထန်ကုန်း သို့ ရောက် လာသော ကိုသင်းခိုင် ကို ကြည့်ကာ ကျွန်တော် က မေး မိသည် ။
“ အစ်ကို မအိုက်ဘူးလားဗျာ ”
“ အကျင့် ဖြစ်သွားပြီကွ မောင်သာချို့ ရ ၊ ငါ့ ညီ ရ ၊ အေး ... ဟားဟား ဟား ဟား ဟား ဟား ”
လိုဏ်ခေါင်း ထဲ မှ ပဲ့တင်ရိုက် ထွက် လာသော အသံမျိုး ဖြင့် ကိုသင်းခိုင် က လွတ်လွတ်လပ်လပ်ကြီး ပင် ရယ် ချ လိုက်ပြန်ပါလေသည် ။
•••••• •••••• •••••
လွန်ခဲ့သော ဆယ်နှစ် မပြည့် တပြည့် ဝန်းကျင် ခန့် လောက် က ဟု ထင်ပါသည် ။ ကျွန်တော် တို့ မြန်မာစာပေလောက မှာ နဘေ နှင့် ပတ်သက်သည့် ဂယက်ကလေးတွေ အတန်အသင့် ရိုက်ခတ် လိုက်ပါသေးသည် ။ ထိုစဉ် က ယင်း နဘေ ကိစ္စ နှင့် ပတ်သက်၍ တိုက်ရိုက် ပတ်သက် သူ မှာ ကျွန်တော်တို့ ကိုခိုင်မာ ဖြစ် ပါသည် ။
ကိုခိုင်မာ သည် ထို တစ်လောက ဘယ်က ဘယ်လို မှော် ထသည် မသိ ။ ကဗျာ တိုင်း မှာ နဘေတွေ နှင့် သီးပြွတ် နေအောင် ရေး ပါလေတော့သည် ။ ကောင်းသည် လည်း ရှိ ၊ မကောင်းသည် လည်း ရှိ ၊ ကြိုက်သည်လည်း ရှိ ၊ မကြိုက်သည် လည်း ရှိ ပင် ဖြစ် ပါသည် ။ ကိုသင်းခိုင် က တော့ နဘေနှင့် ပတ်သက်၍ တူးတူးခါးခါးပင် မုန်း ဟန်တူသည် ။ ထို့ကြောင့် လည်း “ နဘေ ဟာ အဟောင်း လား အသစ် လား ” ဆိုသော ဆောင်းပါး ဖြင့် ကိုခိုင်မာ ကို ထိုးနှက် လိုက်ပါသည် ။
ကျွန်တော့် သဘော က တော့ ကောင်းသော နဘေ ဆိုလျှင် မပစ်ပယ်လိုလှ ။ ဇွတ် နဘေ က တော့ စကား ထဲ ပင် ထည့်သွင်း ဆွေးနွေးစရာ မလို ။ ဒါပေမဲ့ အစ်ကို က တော့ နဘေဆို မုန်း မှ မုန်း ။ ဘာ နဘေ မှ အနုပညာအိမ်ရိပ် မနင်းရ ။ မဝင်ရ ။
“ စောဗုဒ္ဓဘုရား
ဟောနှုတ်ကာကြား
လောကုတ္တရာတရား
ဘောပုတ်ကာသွား ....
ဟားဟား ဟားဟား ဟားဟား
ညီလေး မောင်သာချိုလေး လုပ်ပါဦးကွ
မင်းကရတယ် ....
သွားခေါ အသုပ်မှာစား
ဟားဟား ဟားဟား ဟားဟား ”
လိုဏ်သံ ပါ နေသော အစ်ကို့ ရယ်သံ က ရန်ကုန် ၏ မူးယစ်ဝေသော နွေညများ ကို လှုပ်ခါ သွားစေလေသည် ။
°°°°°° °°°°°°° °°°°°°
မှတ်မိနေပါသေးသည် ။
၁၉၈၈ ခုနှစ် လွန်သောအခါ ကျွန်တော် တစ်ယောက် အမိ ရန်ကုန်တက္ကသိုလ် မှ ဝေးရာ ကို ပြေးခွာ ခဲ့ရပါသည် ။ ကျွန်တော် အညာ ကို မန္တလေးအမြန် နှင့် သွားမည့် ည က ရန်ကုန်ဘူတာကြီး ကို စာပေမိတ်ဆွေ တော်တော်များများ က လိုက် ပို့ကြသည် ။ သည်ထဲ မှာ ကိုသင်းခိုင် တစ်ယောက် လည်း ပါ ပါသည် ။ သည်တုန်း က အစ်ကို သည် ရန်ကုန်မြို့ပြ ကို သစ်ရွက်တစ်ရွက် နှယ် မုန်တိုင်း ဖြင့် လွင့်ပါ လာခဲ့ပြီး ဖြစ်သည် ။
ထို ည က ကိုသင်းခိုင် သည် ဘူတာရုံ သို့ တော်တော် နောက်ကျ မှ ရောက် လာခဲ့ပြီး သူ ရောက်လာတော့ ကျွန်တော် ရထား ပေါ် ရောက် နေခဲ့ပြီ ဖြစ်ပါသည် ။ ရထား က ထွက်လု ထွက်ဆဲ ။ ဘူတာစင်္ကြံ မှ ရထား ထွက်ရန် ငါးမိနစ် အလိုဘဟူသည့် စာတန်း က မှိတ်လိုက် လင်းလိုက် ။ ကိုသင်းခိုင် ကား သံဆန်ခါ တစ်ဖက် မှ နေ၍ ဂနာမငြိမ် ဖြစ် နေရင်း လှမ်း အော်ပြောလျက် ။
“ ဟေ့ .…… မောင်သာချို ညီလေး လုပ်ကွာ ဟေ့ တစ်လုံးဖိုးလောက် ပေးခဲ့ပါကွ မောင်သာချို ”
ဘီး စတင် လှိမ့် သွားနေစ ရထား ပေါ် မှ ဆင်းကာ သံဆန်ခါ ကြား မှ နေ၍ ပိုက်ဆံ ကို ထိုးထည့် ပေး လိုက်ပြီး ရထား ပေါ် သို့ ကျွန်တော် ခပ်သွက်သွက် ပြန် ပြေး တက် လိုက်ရပါသည် ။
သူ့ အသက် ၊ သူ့ အရွယ် ၊ သူ့ ဂုဏ် နှင့် မမျှလောက် အောင် ပင် ညီတွေ အပေါ် မှာ ဆိုးချင်လွန်းသော အစ်ကို့ ကို ကြည့် ပြီး ကျွန်တော့် စိတ် ထဲ မှာ တနင့်တပိုး ခံစား မိသည် ။
တကယ့် တကယ်တမ်း ဝန်ခံကြရကြေး ဟု ဆိုလျှင် ကျွန်တော်တို့ လည်း အသောက်အစား နှင့် ကင်းကင်းရှင်းရှင်းကြီး မဟုတ်လှပါ ။ ကိုယ့် စိတ်ကြိုက် လူ ၊ ကိုယ့် စိတ်ကြိုက် နေရာ ၊ ကိုယ့် စိတ်ကြိုက် အချိန် ဆိုလျှင် စကား ဝိုင်း ဖွဲ့မိတတ်မြဲ ဖြစ်ပါသည် ။ သို့သော် အစ်ကို ကိုသင်းခိုင် က တော့ တစ်မျိုး ။ လူ မရွေး ၊ အချိန် မရွေး ၊ နေရာ မရွေး ။ အမှတ်တရ နေ့ရက်တွေ က လည်း အစ်ကို့ မှာ ပြက္ခဒိန် နှစ် အပြည့် ။
“ ဟေ့ မောင်သာချို ၊ ဒီနေ့ ဝိုင်း ကြရအောင် ၊ ဒီနေ့ May 19th လေကွာ ၊ တို့ ရဲဘော် မောင်လေးအောင် ဆုံးတဲ့ နေ့ ကွ ”
“ ကြည့်စမ်း ၊ ဒီနေ့ July 17th ပဲ ၊ ဒါ ကိုယဉ်မွန် ဆုံးတဲ့နေ့ ကွ ၊ ဆုံလိုက်ကြရအောင် ”
ဤသို့ ဤသို့နှယ် ဖြင့် တော်တော်ကြာ ကားလ်မာ့က်စ် မွေးနေ့ ၊ လီနင် ကွယ်လွန်သော နေ့ ၊ ပါဘလိုနီရှုဒါ မွေးနေ့ ၊ ဆရာကြီးမှိုင်း မွေးနေ့ ၊ သခင်မြသန်း ကွယ်လွန်သော နေ့ ၊ ဗန်းမော်တင်အောင် မွေးနေ့ ၊ ဟိုချီမင်း မွေးနေ့ ၊ ဥက္ကဋ္ဌကြီးမော် မွေးနေ့ ၊ သခင်သန်းထွန်း ကွယ်လွန်နေ့ ၊ ချေဂွေဗားရား တို့ ကျူးဘားကမ်းခြေ ကို တက်သော နေ့ ၊ ကဗျာဆရာ ရှယ်လီ ကွယ်လွန်သော နေ့ ။ မဆုံးနိုင် စတမ်းသော အမှတ်တရ နေ့ရက် များ ။ ကျွန်တော် က ဖြင့် ကိုသင်းခိုင် ၏ မှတ်မိနိုင်စွမ်း ကို သာ အံ့ဩ ငေးမော နေမိတော့သည် ။
သို့သော် တစ်ခု ကောင်းသည် က ဘယ်ဝိုင်း ကို ရောက်သွား ရောက်သွား အစ်ကို က တော့ ကဗျာအနုပညာ မှော် ဓာတ်များ ဖြင့် ပူးဝင် စီးကပ်လျက် ။ သူ ပြောလိုရာ ကို လွတ်လွတ်လပ်လပ်ကြီး ပြော ချလျက် ။ ကဗျာ တစ်ပုဒ် ကို ရင်ခေါင်းသံကြီး ဖြင့် ရွတ်ဆို နေလျက် ။
“ ညီလေး ၊ မင်း စဉ်းစားကြည့်စမ်းကွာ ၊ ကဗျာရေးတယ်တဲ့ … အပြာရောင်သမ်းနေတဲ့ တောင်တန်းများဆိုလား ၊ တောင်ပြာတန်းပေါ့ကွ ၊ ပြီးပြီပေါ့ ။
ဘယ့်နှယ် အပြာရောင်သမ်းနေတဲ့ တောင်တန်းများဆိုတော့ ခက် ခက်နေပါပြီ ၊ ဟား ဟား ဟား ဟား ဟား ဟား ”
ဤသို့ဖြင့် အစ်ကို က သူ့ ခေတ်ပြိုင် ကဗျာဆရာတစ်ဦး ၏ ကဗျာ ကို ခပ်စပ်စပ် ထိုးနှက် ဝေဖန်သည် ။
“ မောင်သာချို ၊ ငါ ကဗျာပေါင်းချုပ် တစ်အုပ် ရ ထားတယ်ကွ ၊ Austria က ကဗျာတစ်ပုဒ်များ လွှတ် လှတယ်ကွာ ၊ A tree တဲ့ ၊ လဲ နေတဲ့ သစ်ပင်ပေါ့ကွာ ၊ အင်္ဂလိပ် လို ခဏထား ၊ မြန်မာ လို ငါ ရွတ်ပြမယ် ။
လဲနေတဲ့ သစ်ပင်... သူ့အရွက်တွေက ရှင်သန်နေတုန်း … သူ့အသီးတွေက ရွှမ်းမှည့်နေတုန်း သူ့အကိုင်းပေါ်မှာ ငှက်တွေက နားနေတုန်း လဲနေတဲ့သစ်ပင် ... ဟားဟား ဟားဟား ဟားဟား လွှတ်လှတယ် ၊ ပိုလှတယ် ၊ မင်း ဆောင်းပါး ရေး သင့်တယ်ကွ ငါ့ညီ ၊ မင်း Scholar ကွ ”
အစ်ကို က နိုင်ငံရပ်ခြား ကဗျာတစ်ပုဒ် ကို လက်တန်း ဘာသာပြန်ပြီး ဌာန် နှင့် မာန် နှင့် ရွတ် ချ လိုက်ရာ ကျွန်တော့် တစ်ကိုယ် လုံး ဖြန်းခနဲ နွေး တက်သွားသည် ။
တစ်နေ့ မှာ တော့ ကျွန်တော်တို့ လူငယ် စာရေးဆရာ တစ်စု ကဗျာဆရာ နေစိမ့် ၏ အိမ် မှာ ဆုံ ကြရာ အစ်ကို ပါ ရောက် လာသည် ။ ကျွန်တော် ထိုဝိုင်း တွင် သူရဲကောင်း က ပထမ ၊ သဘောတရား က ဒုတိယ အဆို ကို တင်သွင်းမိသည် ။
ငယ်ရွယ်သူ တို့ သဘာဝ သူရဲကောင်းတွေ ကို အားကျ တတ်ကြကြောင်း ၊ ဂျိုဆေးရီဇော် ၊ ချေဂွေဗားရား ၊ ကတ်စထရို ၊ နော်မန်ဗက်သွန်း ၊ ငုယင်ဗန်ထရွိုင်း စသည် စသည် ဖြင့် စိတ်ဝင်စား မိကြရာမှ သူတို့ ၏ ခံယူချက် နှင့် သဘောတရား ကို ပါ လေးစား သွားမိကြကြောင်း ပြော မိရာ လူငယ်တစ်ယောက် က ခွ တိုက် ပါလေတော့သည် ။ သူရဲကောင်း ကိုးကွယ်မှု သည် အလကား ဖြစ် ပါကြောင်း ၊ ဤတွင် အစ်ကို တစ်ယောက် လည်ဆံမွေးများ ဖွားခနဲ ထောင် ထ လာပါတော့သည် ။
“ ဟေ့ကောင် ၊ မင်း ဘယ်မြို့ က လဲ ”
“ မအူပင် က ပါ ”
“ မင်း အဖေ ဘယ်သူလဲ "
“ လှကြည် ပါ ”
“ အေး .. လှကြည် ကို ငါ က ... ”
ဟု ဆိုကာ အစ်ကို က ဘာ ထင်ကြောင်း ပက်ပက်စက်စက် ဆဲ ချ လိုက်ပါတော့သည် ။
အစ်ကို စိတ်ဆိုး တော့ တစ်ဝိုင်းလုံး တိတ် ကျ သွားပါတော့သည် ။ အပြန် လမ်း မှာ တော့ ကျွန်တော် က ဖအေ နာမည် မေးပြီး ဆဲခြင်း ကို နား မလည်နိုင်ကြောင်း ပြော မိပါသည် ။
“ ဟ .. ငါ့ ညီ ရ ၊ ဖအေ လောက် ကို ဖမ်း ဆဲထားမှ သား က ငြိမ် မှာကွ ၊ မင်း နှယ် ခက် ခက်နေပြီ ၊ ဟားဟား ဟားဟား ဟားဟား ”
တစ်ရပ်ကွက် လုံး အိပ်မောကျနေသည့် ည ကို အစ်ကို့ ရယ်သံ က လှုပ်နှိုး ပစ်လိုက်ပေသည် ။
°°°°°° °°°°°°° °°°°°
၁၉၈၉ ခုနှစ် မှာ တော့ ကိုသင်းခိုင် တစ်ယောက် မြို့တော် ကို သစ်ရွက် လို လွင့်ကျ လာခဲ့သည် ။ ကိုသင်းခိုင် က ကျွန်တော့် ဆီ မှာ နေလိုပါကြောင်း စကား ကမ်းလှမ်း လာပါသေးသည် ။ သို့သော် ကျွန်တော့် ဆီ မှာ က ကိုအောင်ပွင့် ရှိနေပြီး ဖြစ်၍ နှစ်ယောက် ဝန် ကို ကျွန်တော် မတတ်နိုင် သဖြင့် ငြင်းဆန် ခဲ့ရပေရာ ကိုသင်းခိုင် တစ်ယောက် ကိုမင်းသစ် ၏ အိမ် ၊ ကိုစိမ်းနီ ၏ အိမ် ၊ ဘုန်းတော်ကြီးကျောင်း စသည် တို့ ၌ အလိုက်သင့် လွင့်ပါး နေခဲ့ပါသည် ။
ထိုအချိန်မှာ မည်မည်ရရ အလုပ် က တော့ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း အယ်ဒီတာ ၊ တကယ်တော့ ထို ကဗျာအယ်ဒီတာ အလုပ် ကို ၁၉၆၉ ခုနှစ် တုန်း က ရှုထောင့်ဂျာနယ် ၊ ၁၉၇၀ ပြည့် နှစ် တုန်း က မိုးဝေမဂ္ဂဇင်း များ မှာ ပါ အစ်ကို တာဝန် ယူ ခဲ့ ဖူးပေရာ ကဗျာ တစ်ပုဒ် ကို အကဲဖြတ်နိုင်စွမ်း ၌ ကျွမ်းဝင်ပြီး သား ဟု အားလုံး က ယုံကြည်ပြီး ဖြစ် ပါသည် ။ ဒါကြောင့်လည်း ရုပ်ရှင်တေးကဗျာ စာမျက်နှာများ ကို ကဗျာဖတ်သူ တို့ က အလေးအနက် ဖတ်ရှုကြရမြဲ ။
သို့ဖြင့် ၁၉၉၅ ခုနှစ် လောက် မှာ တော့ အစ်ကို့ ကဗျာစာအုပ် ထွက် လာပါသည် ။ ရေးသက်ရင့် ( ကဗျာ ) ဆရာ တစ်ယောက် အနေ ဖြင့် တော်တော် နှောင်း မှ ထွက် လာသော စာအုပ် ဟု ဆို နိုင်ပါသည် ။
“ ချစ်သူများ ကို တမ်းတခြင်း ” တဲ့ ။ စာအုပ် ၏ နောက်ကွယ် မှာ တော့ အသံဗလံ တချို့ တစ်ဝက် ။
°°°° °°°° °°°°° °°°°°
ကိုသင်းခိုင် ၏ “ ချစ်သူများ ကို တမ်းတခြင်း ” ကဗျာစာအုပ် ထွက်လာ အပြီး တွင် အဓိက ထွက်လာသည့် အသံ တစ်ခု က တော့ “ အရက် ” ကို ဖွဲ့ဆိုခန်း တွေ များ လွန်းသည် ဆိုသည့် အသံ ပဲ ဖြစ်ပါသည် ။
“ အရက် ” နှင့် ပတ်သက် ဆက်နွယ်သည့် ကဗျာများ ကိုသင်းခိုင် ၏ ကဗျာစာအုပ် ထဲ တွင် မပါ မဟုတ် ၊ ပါ ပါသည် ။ သို့သော် အခြား အခြား သော ဘဝ ၏ စာမျက်နှာများ ကို လည်း ထို စာအုပ် မှ တစ်ပုံတစ်ပင် တွေ့ ရှိရမည် ဖြစ်ပါသည် ။
“ မြို့ ကို သွားတဲ့လှည်း ” ကဗျာ ၌ ဘုရားပျက် ကို ဖြိုပြီး ရ လာသည့် အုတ်ခဲများ ကို မြို့တက် ရောင်းသည့် လူတို့ ၏ ဘဝများ ကို တွေ့ နိုင်သည် ။ “ ဟင်္သပြဒါး ဖြစ်သွားတဲ့ ည ” ကဗျာ ၌ ရိုးမ ထဲ တွင် အမဲလိုက် ရင်း တောဝက်ပက်လိုက်၍ သေဆုံးသွား သူ ၏ ဈာပန တွင် ထို တောဝက်သား ဖြင့် သပိတ် သွတ် လိုက်ရပုံကို တွေ့ နိုင်သည် ။
“ ဖန်ဆင်းရှင် ” ကဗျာ ၌ ကော်မ က် သာဇင်ကို ဆီ အဖြစ် ပြောင်း ကြသော ၊ ဒူးယား နှင့် သကြား ကို ကြက်ကင် ၊ ဘဲကင် အဖြစ် ပြောင်း ကြသော ၊ မွှေး ၊ ရွှေဝါဆပ်ပြာ များ ကို ထိုင်းဆစ် အဖြစ် ပြောင်း ကြသော ၊ ဒီဇယ် ဓာတ်ဆီ ကို ဟင်နက်ဆီ ကော့ညက် အဖြစ် ပြောင်းကြသော တစ်ခါက စားသုံးသူများ ၏ ဘဝ ကို တွေ့ နိုင်သည် ။
" ၂၅ ရာစု မုန်တိုင်း ” ကဗျာ တွင် ၁၆ ရာစု မှာ ပေါ်ခဲ့သည့် နတ်သျှင်နောင် သည် သစ္စာ ဖောက် မဖောက် ၂၀ ရာစု မှာ ငြင်း နေကြရကြောင်း ၊ နွမ်ဂျာသိုင်း ၊ မြင့်မောင်မောင် ၊ ငြိမ်းကျော် ၊ ခင်ဆွေဦး ၊ ကြည်အေး ၊ မစန္ဒာ ၊ မိုးမိုး ( အင်းလျား ) တို့ လောက ကို ဘယ်သူ သစ္စာ ဖောက် မဖောက် ကို ၂၅ ရာစု လူသား တို့ ဝေဖန်ကြမည့် အသံ စသည် ဖြင့် တို့ ထိ ထားသည် ကို တွေ့ နိုင်သည် ။ သို့ဖြစ်ရာ အစ်ကို့ ကဗျာများ သည် အရက် ချည်း ပဲ တော့ လည်း မဟုတ်ပါ ။
ကိုသင်းခိုင် ၏ ဘဝ ဖြတ်သန်းမှု တစ်စွန်းတစ်စ ကို အရိပ်အကဲ ဖမ်း နိုင်သည့် ကဗျာ တစ်ပုဒ် က တော့ " တစ်နေ့ထဲ ( တည်း ) ” ကဗျာ ဖြစ်သည် ။ ထိုစဉ် မန္တလေး မှ ဟဲဟိုး ၊ ဟဲဟိုး မှ ရန်ကုန် လေယာဉ် ဖြင့် အခေါ် ခံ လာရခြင်း ဖြစ်ရာ မန္တလေး မှာ နွေ ၊ ဟဲဟိုး မှာ ဆောင်း ၊ ရန်ကုန် မှာ မိုး စသည် ဖြင့် ခံစား လိုက်ရပုံ ကို ထို ကဗျာ မှာ အစ်ကို က ဖွဲ့ သည် ။
ကားကလေး
မောကြီးပန်းကြီး စက်ကုန်သုတ်
ပျားရည်ဆမ်းခရီးတော့ မဟုတ်
မန္တလေးကို နှုတ်ဆက်ခြင်း
ချမ်းမြသာစည် လေယာဉ်ကွင်း
နွေနဲ့ ရန်စစ်ခင်းနေပေါ့ ။
ဒါက မန္တလေး အဖွဲ့ တစ်စွန်းတစ်စ ဖြစ်သည် ။
ဟဲဟိုးလေဆိပ်
ရေခိုးငွေ့သိပ်သည်းဆ မှိုင်းတပျပျ ၊
လေနုအေးက တမြမြ
မန္တလေးတုန်းက နွေ
ဟဲဟိုးကျတော့ ဆောင်း
နာရီပိုင်းအတွင်း အလှည့်အပြောင်း
ကျွန်တော်တို့
ကျန်းမာရေးကောင်းနေကြပါတယ် ။
ဒါကတော့ ဟဲဟိုးလေဆိပ် အဖွဲ့အနွဲ့ ဖြစ်သည် ။
မင်္ဂလာဒုံမှာ တဖွဲဖွဲ
အင်းစိန် ရွာမ ရောက်တော့
တသည်းသည်း
ကိုးခွင်လုံး မှိုင်းမှုန်မည်း
မိုးပုဆိန်ကြီး ရွာပြီပဲ
ဂျိမ်းခနဲ ဂျိမ်းခနဲ
မိုးချုန်းသံတို့ ငလျင်တော်လဲ
တစ်နေ့ထဲ ... တစ်နေ့ထဲ ... တစ်နေ့ထဲ ။
ဒါကတော့ ခရီး လမ်းဆုံး အင်းစိန် ခံစားမှု ၊ ဪ ... တစ်ခါ က ကဗျာဆရာ မောင်သင်းခိုင် တစ်နေ့ တည်း ဖြတ်သန်းခဲ့ရသည့် ခရီး မှန်ကူကွက် များ ။
°°°°° °°°°°° °°°°°
ကျွန်တော် တစ်ယောက် ဟင်္သာတ ကောလိပ် ကို ရောက် သွားပြီးသည့် နောက်ပိုင်း ကာလများ ၌ ရန်ကုန် ကို မကြာခဏ ဆိုသလို ရောက် ဖြစ်သည် ။ တစ်ခေါက် မှာ တော့ ရန်ကုန် ကို ရောက် သွားစဉ် မိတ်ဆွေ တစ်ဦး ၏ အဖော် ဆွယ်မှုကြောင့် ကလျာမဂ္ဂဇင်း ရှိ ရာ သုဝဏ္ဏ ကို လိုက်သွား ဖြစ်ရာ ပုဇွန်တောင် ကို ဖြတ် သွားရပါသည် ။ နာမည် ကျော် အရက်ရွာ ကို လှမ်း ကြည့် ဖြစ်သည် ။
ဓနိဆိုင်တန်းကြီးတွေ အုံ့အုံ့ဆိုင်းဆိုင်း နှင့် တစ်ခါ က ပခုံးချင်း တိုက်အောင် လူ စည်ကားခဲ့သော နေရာ မှာ မြေဟင်းလင်း ကို ဝန်ချီစက်ကြီးများ ဖြင့် တူးကာ မကာ လုပ် နေသော ဆောက်လုပ်ရေး မြင်ကွင်း ကို တွေ့ လိုက်ရသည် ။ ဪ ... တစ်ခါကတော့ ထို နေရာ သည် ကိုသင်းခိုင် အပါအဝင် စာပေအနုပညာသည် တချို့တို့ ညနေရီ နားခိုခဲ့ရာ နေရာများ ပါ တကား ။
ခုတော့ဖြင့် ။
ပုဇွန်တောင် ၊ ပုဇွန်တောင် ....
ကိုသင်းခိုင် က တော့ ထို ပုဇွန်တောင် ခံစားမှု ကို သူ ၏ “ အရက် ဖြစ်သွားတဲ့ နာရီ ” ကဗျာ ထဲ မှာ တို့ထိ ဖော်ပြ သွားခဲ့ဖူးသည် ။
ကက်ဆက်ထဲက စိုင်းထီးဆိုင်အသံ
ပလက်ဖောင်းပေါ် အန်ကျ
လူတွေ ခလုတ်တိုက်သွားကြတယ် ။
မုန်တိုင်းဗဟိုချက် မ
လက်ဖက်ရည်ဆိုင်ထဲကျနေ
တစ်နာရီ မိုင် ၆၀ နှုန်း
တဝုန်းဝုန်းတိုက်ခတ်နေလေရဲ့ ။
ရောမခေတ်ဆံပင်နဲ့လူ
မျက် မှန်ထူထူနဲ့လူ
ဗိုက်ခေါက်ထူထူလူ မပါပါ
လူငယ် လူရွယ် လူလတ်
ပိန်ကပ်ကပ် ပြားချပ်ချပ်
ပါးစပ်ခေါင်းလောင်းသံ တညံညံ
အဖန်တစ်အိုးပြီးတစ်အိုး
သောက်လိုက်တဲ့ အချို က
ချိုးဖြူကန် ခန်းလောက်တယ် ။
ဒါတွေကတော့ လက်ဖက်ရည်ဆိုင် မြင်ကွင်း အဖွဲ့တွေ ဖြစ်သည် ။ ဆိုင် ထဲ က ကက်ဆက် မှ သီချင်းသံ အပြင် ကို လျှံကျ လာ ပုံ ၊ မုန်တိုင်း တိုက်သလို စကားဝိုင်း ကောင်းနေပုံ ၊ ရေနွေး တစ်အိုး ပြီး တစ်အိုး သောက် နေပုံတွေ ပဲ ဖြစ်သည် ။
ဆန်းသော်တာ ပျားသလက်
ဝက်ဝံလက်က ကုတ်ခြစ်ဖဲ့
ချက်ကော့စကီ ဒစ္စကို
ကိုကာကိုလာ တမ်းချင်းသစ်
အလင်းမြစ်ရေဆန်ထဲ
မျောနေဆဲ ခရေပွင့်ကြွေ
တောင်ကြီးမြို့ရဲ့ ညနေခင်း
မောင်လေးအောင်ကို တမ်းတခြင်း
စက္ကူငွေလမင်း ရုပ်ရှင်
ဒဂုန်တာရာရဲ့ အလင်္ကာ
နှစ်လေးဆယ် သမ္မာကျမ်းစာ
မောင်သာနိုးရဲ့ မလင်းပြာ
ပီကာဆိုရဲ့ ခရစ်တော်ပန်းချီကား
စကားလှိုင်းလုံးတအိအိ
ဘင်္ဂလားအော်ထိ မျှောစီးသွား ။
ဒါတွေကတော့ လက်ဖက်ရည်ဆိုင် စကားဝိုင်း အဖွဲ့အနွဲ့ ၊ ပျားအုံ နဲ့ တူတဲ့ အာဖဂန်နစ္စတန် ကို ရုရှားဝက်ဝံကြီး ဝင်ရောက် ခဲ့တဲ့ အကြောင်း ၊ စက်တင်ဘာ မှာ သခင်သန်းထွန်း အနိစ္စ ရောက်ခဲ့တဲ့ အကြောင်း ၊ ကိုကာကိုလာ အကြောင်း ၊ ကိုလေးအောင် အကြောင်း ၊ စက္ကူ ငွေလမင်း ဆိုတဲ့ ရုပ်ရှင် အကြောင်း ၊ အလင်္ကာ ဆိုတဲ့ ကဗျာစာအုပ် အကြောင်း ၊ နှစ်လေးဆယ် ရန်မီး များ အကြောင်း ၊ ဆရာနိုး ရဲ့ မလင်းပြာ ကဗျာ အကြောင်း ၊ ပီကာဆို အကြောင်း စသည် စသ ည်ဖြင့် ကိုသင်းခိုင် က လက်ဖက်ရည်ဆိုင် စကားဝိုင်း ရဲ့ နယ်နိမိတ် ကျယ်ပြောလှပုံ ကို ဖွဲ့ပြသည် ။
ပြီးတော့ မှ တဖြည်းဖြည်း ညနေစောင်း လာပြီး မှောင်စ ပျိုးလာတော့ ကဗျာဆရာ တို့ ပုဇွန်တောင် အရက်ဆိုင် ရှိရာ ကို တစ်စစ အသိုက် ပြောင်း သွားကြမြဲ ဖြစ်ကြောင်း ကို ခုလို အနားသတ် ဖွဲ့နွဲ့ လိုက်ပါသည် ။
အလင်းဆံစ အုပ်လုံးသိမ်း
နေလုံးစိမ်းစိမ်းကားကား
ဖြတ်စာပေးသွားတဲ့အချိန်
မုန်တိုင်းငြိမ်ပြီ
မာကျူရီ အပျင်းကြောဆန့်
မအိပ်ရာက လန့်နိုးထကာ
ရှုသိုးသိုးမျက်နှာနဲ့
စောင်းငဲ့ ကြည့်လိုက်တယ်
ညဆိုတဲ့ ဧည့်သည်ကိုလေ ။
နိစ္စဓူဝ အလုပ်
အချိန်သစ်သီး ပုပ်ပွတော့
ပြန်ပေါ့ ပြန်ပေါ့ ပြန်ပေါ့
ကဗျာဆရာတို့ ပြန်ကြတော့
ငါလည်း တစ်ယောက်အပါအဝင်ပေါ့
ပုဇွန်တောင်မှာ မော့ဖို့လေ ။
ကိုယ်တိုင်ရေး ပုံတူ ဟု ပင် ဆိုရမလား မပြောတတ်တော့ပါ ။ ကိုသင်းခိုင် အဖို့ အချိန် ဟူသည် မှာ ကဗျာ ရေးနေဖို့ ၊ သို့မဟုတ် ကဗျာ ဖတ်နေဖို့ပဲ ဖြစ်သည် ။ လက်ဖက်ရည်ဆိုင် နှင့် ဘုံဆိုင်ကလေးများ က တော့ သူ့ သင်္ဘော ခဏ ကျောက်ချ ရပ်နား ရာ ယာယီ ဆိပ်ကမ်းကလေးများ ။
ဒါကြောင့်လည်း သူ ခဏခဏ ဆိုက်ကပ် ခိုနား ခဲ့ရသည့် ပုဇွန်တောင် ဆိပ်ကမ်း ပြို သွား သော အခါ သူ ခံစား ရသည် ။ ယင်း ကို မကြာခင်က ဖတ် လိုက်ရသည် ။ ၁၉၉၆ ခုနှစ် ၊ ဒီဇင်ဘာလထုတ် မြန်မာ့ရုပ်ရှင် မဂ္ဂဇင်း ထဲ မှာ တွေ့ လိုက်ရသည် ။
ပုဇွန်တောင်ရဲ့
ညနေခင်းဆိုသော ကဗျာ ၊
ချစ်သူများကို တမ်းတရတဲ့
အထဲမှာ
ပုဇွန်တောင်ရွာလယ်က
မခင်အေးအရက်ဆိုင်လည်း
ပါတယ်
လွန်ခဲ့တဲ့
အနှစ်သုံးဆယ်ကျော်ကစပြီး
ပုဇွန်တောင်ဟာ
ကဗျာဆရာတွေရဲ့
မြို့ပြကန္တာရထဲ
အိုအေစစ်ဖြစ်တယ် ။
အရက်ဆန့်ကျင်ရေး
ပိုစတာထောင်ပြနေကြတဲ့
ငှက် မွေးဦးနှောက်ပိုင်ရှင်တွေရဲ့
အစာအိမ်တွေကို
ပြုတ်တူနဲ့ ညှပ်လိုက်
ပုဇွန်တောင်က မျိုဆို့ထားတဲ့
အရက်တွေ
လည်ချောင်းထဲက ဒလဟော
အန်ကျလာလိမ့်မယ် ။
ကိုသင်းခိုင် က မရှိတော့ပြီ ဖြစ်သော ပုဇွန်တောင် အရက်ရွာကြီး ကို တမ်းတ ရင်း က ထို အရပ် ကို ကျောခိုင်း ဆန့်ကျင် သွားကြလေသော သူ့ မိတ်ဆွေ တချို့ ကို လှမ်း၍ ထိပါး လိုက်သည် ။
ငါးပါးသီလထဲမှာ
အရက်ကိုရှောင်ကြဉ်ဖို့
ပြဋ္ဌာန်းတယ်
ကြည့်လိုက်စမ်း
အရက်ကြော်ငြာ
ဘီယာကြော်ငြာ
တတ်နိုင်ရင် ကောင်းကင်ကြီးကို
တံခါးဖွင့်ပြီး
ခပ်တည်တည်နဲ့
ကြော်ငြာကပ်ဦးမယ့်သူတွေ
တစ်ပုံကြီး ။
ဆန့်ကျင်ဘက်တို့
ပေါင်းစည်းမှုဆိုတာ
သဘာဝတရားရဲ့
လွတ်လပ်ငြိမ်းချမ်းစွာ
ကွဲလွဲနေထိုင်ခြင်း မဟုတ်လား ။
သောက်တာလည်း အပြစ် မဟုတ် ၊
မသောက်တာလည်း
ဂုဏ်ဒြပ်ကြီး မဟုတ် ။
တစ်ယောက် နဲ့ တစ်ယောက် မပုတ်ခတ်ကြဖို့ အစ်ကို က ဖွဲ့သည် ။
လူတွေကို သောက်တယ်
စကားလုံးတွေကို သောက်တယ်
အရက်ကိုတော့
အမြည်းလိုပဲ မြည်းခဲ့ ။
ဖန်ခွက်ထဲမှာ
မွန်ရိုးနဲ့ ချေဂွေဗားရားပါတယ်
ပြီးတော့ ဂျော့သွန်မဆင် ၊
ရှေးမာ့စ်ဟေနီ
ပေါ့ ပါး ၊ ဟိုးလုဗ်
ဂေါ်ဘာချက်လည်း
အဆစ်ပါသေးတယ် ။
မှန်ပါသည် ၊ ကဗျာဆရာများ စုဝေးသည့် အရက်ဝိုင်း ထဲ မှာ အနုပညာ ကိစ္စ ၊ ဒါတွေသာလျှင် ကြီးစိုး ပါ လိမ့်မည် ။ ပေါက်တတ်ကရ မပါစတမ်း ၊ ဖေတော့ မောင်တော့ မပါစတမ်း ။
အနှစ်သုံးဆယ်ကျော်
မူးခဲ့ရတဲ့နေရာ
ပုဇွန်တောင် ညနေခင်း
ငါတို့ကိုစွန့်ခွာ
အသံတွေကွယ်ပျောက်
သင်္ချိုင်းလို ငြိမ်သက်
ထုပ်လျောက် ဒိုင်းမြား
အုတ်ကျိုးအုတ်ပဲ့တွေစုပုံ
ဝတ်လစ်စလစ် ဟင်းလင်းပြင်
ပြန်မရတော့တဲ့ ပုဇွန်တောင်ရသ
အချစ်ရယ်
ပတ်ဝန်းကျင်ကို
ပြန်ကြည့်လိုက်တော့
ဘယ်ကိုရောက်နေမှန်းမသိ
နှင်းခါးတွေကျနေတဲ့
ကန္တာရတစ်နေရာမှာ
မေ့ဆေးပေးခံနေရတဲ့ လူမမာလို
ငါတစ်ယောက်တည်း ငူငူကြီး
ရပ်လို့ ။
အမြဲလိုလို သွားရောက် ဆိုက်ကပ် တတ်သည့် ကိုသင်းခိုင် သာမက တစ်ခါ နှစ်ခါ လောက် သွားရောက် ခိုနားဖူးသည့် ကျွန်တော် ပင် လျှင် ပုဇွန်တောင် ၏ အသွင် ကူးပြောင်းစ မြင်ကွင်း ကို ကြည့်ကာ ဘယ်ဆီ လွမ်းမိတယ် မသိ ဖြစ် သွား ခဲ့ရပေသည် ။
°°°°°° °°°°°° °°°°°°
မကြာခင် ရက် များ အတွင်း က ကျွန်တော် ရန်ကုန် ကို တစ်ခေါက် ရောက် သွားသည် ။ ၃၃ လမ်း ထိပ် မှာ ပေတူး နှင့် တွေ့သည် ။ ပေတူး ဆို တာ ကိုသင်းခိုင် ၏ သမီး ။ မန္တလေးတက္ကသိုလ် မှ ဘွဲ့ ရပြီးစ ။ သူ့ နာမည်ရင်း ကို ကျွန်တော် မသိ ။
“ ဟယ် ... ဦးသာချို ၊ ပေတူး အခု အလုပ် ဝင်နေပြီ ၊ ရန်ကုန် မှာ ”
“ ဘယ်မှာလဲ ”
“ ကုမ္ပဏီ တစ်ခု မှာ ”
“ ညည်း အဖေ ကော ”
“ နေပြည်တော် မှာ ခဏ ပြန် နားနေတယ် "
ဪ .…. ဘာလိုလို နှင့် အစ်ကို့ သမီး ပင် အလုပ် နှင့် အကိုင် နှင့် ဖြစ် နေပြီ ။ အစ်ကို့ အသက် လည်း မငယ်လှတော့ ။ တစ်ခါက ရှေ့သွား တွေ ပင် ကျိုးနေပြီ ဖြစ်သော အစ်ကို့ ကို ကြည့်ကာ ကျွန်တော် က သတိ ပေးဖူးသည် ။
“ အေး … အသက် တွေ လည်း ကြီးပြီကွ ငါ့ ညီ ရ ”
ကိုသင်းခိုင် က တွေးတွေးဆဆ ပြောသည် ။ သည် ဘက်ပိုင်း ကာလတွေ ထဲ မှာ အစ်ကို လည်း အများကြီး ပြောင်းလဲ သွားခဲ့သည် ။ တစ်ခါ က “ တော်လှန်ကဗျာ ” ဖြင့် အနုပညာ ဆို တာ ပုဂ္ဂလိက ကိစ္စပါ ပဲ ဟု ဖြစ် လာခဲ့ပြီ ။
ဆရာ ဒဂုန်တာရာ ကို ဥက္ကဋ္ဌ ၊ ဥက္ကဋ္ဌ နှင့် ဥက္ကဋ္ဌ ချင်း ထပ် ၊ ဆရာ့ ဆီ ကို ခြေရာချင်း ထပ် အောင် သွား ခဲ့ရာ မှ -
“ အဘိုးကြီး က Duelism ကွ မောင်သာချို ရ ၊ နှစ်ခွ ၊ ဘယ်တော့မှ မပြတ်သားဘူး ၊ မုဆိုး စိုင်သင်တဲ့ ၊ ကဗျာ ဆိုတာ ရေး ရင်း တတ် သွားတာပဲတဲ့ ။ ဟော .. နောက်တော့ ဂန္တဝင် ကို လေ့လာသင့်တယ်တဲ့ ။ ဘာလဲကွာ ရှိသေးတယ် ။ ကာရန် မဲ့တာ မမဲ့တာ ထက် အဘိဓမ္မာ မမဲ့ဖို့ လိုတယ်တဲ့ ။ ဟော ... တော်ကြာ ကဗျာ ဟာ စကားပြေလောက် တော့ လျှောကျသွားဖို့ မကောင်းတဲ့ ၊ ခက် ခက်နေပါပြီ ” ဟု ဖြစ် လာခဲ့သည် ။
အင်း ... ခုတော့ သူ့ မြို့ နေပြည်တော် ကို ပြန် ရောက် နေပြန်ပြီ ။ ဘယ်တော့ ရန်ကုန် ကမ်းပါး ကို ဆိုက်ကပ် ခိုနား လာဦး မည် မသိ ။
“ ကိုသင်းခိုင် က တွေ့ကရာ ဆိပ်ကမ်း ဝင် ကပ်တာ ၊ သူ့ ကို ထိုး မထုတ်လိုက် မချင်း အဲဒီ ကမ်း က မခွာတော့ဘူး ”
ကိုအောင်ပွင့် ၏ ကောက်ချက်ကလေး ကို အမှတ် ရ ရင်း ကျွန်တော် ပြုံးလိုက် မိလေသည် ။
◾ မောင်သာချို
📖 ရွှေဝတ်ရည်မဂ္ဂဇင်း
အောက်တိုဘာလ ၊ နိုဝင်ဘာလ ၊ ၁၉၉၇ ။
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment