Thursday, November 24, 2022

ခါးပိုက်နှိုက်


 ❝  ခါးပိုက်နှိုက် ❞


ဘတ်စ်ကား စောင့် နေကြသော လူစုကြီး အတွင်း သို့ ကျွန်တော် တိုး ဝင် လိုက်သည် ။ ထုံးစံအတိုင်း ကား ပြတ် နေဟန် တူသည် ။ မှတ်တိုင် မှာ လူ တော်တော် စု မိနေသည် ။ ပြတ် ချင် ပြတ် ၊ ကျပ် ချင် ကျပ် ၊ ကျွန်တော့် မှာ အရေးတကြီး ကိစ္စ လည်း ရှိသည် မဟုတ် ။ အေးအေးဆေးဆေး တက် လို့ ရ မှ လိုက် တော့မည် ။ ထိုင် စောင့် ဖို့ နေရာ မရှိ ။ ဝန်းကျင် ကို မျက်လုံး ကစား လိုက်သည် ။  


နေရာကား ကမာရွတ် ဂတ်တဲ ရှေ့ ၊ အင်းစိန်လမ်း ၊ ၆ လိုင်း ၊ ၈ လမ်း ကားမှတ်တိုင် ၊ အချိန် ကား ရုံး ဆင်းချိန် ကျောင်း ဆင်းချိန် ၊ ညနေ လေးနာရီ ၊ ၆ ကား ရော ၊ ၈ ကား ပါ ကျပ် လာမည် သေချာသည် ။ မှတ်တိုင် မှာ ရပ် ပေးလျှင်ပင် ကံကောင်း ။ သည်လို အချိန်မျိုး မှာ ကား ကို တမျှော်မျှော် လုပ် နေ၍ လည်း ထူးမည် မဟုတ် ။ သည်တော့ လမ်းဘေး မှာ ကွမ်းယာဆိုင်ကလေး တစ်ဆိုင် တွေ့သည် ။ ဆိုင်ဘေး မှာ ခုံတန်းကလေး တစ်ခု ၊ မတ်တတ် ရပ် ၍ ကား ကို မျှော်နေ သူ များ သော ကြောင့် ထိုင်မည့် သူ မရှိ ။ သည်တော့ ကျွန်တော် ဝင် ထိုင်လိုက်သည် ။


သည်အခိုက် မှတ်တိုင် မှာ ၈ ကား တစ်စီး ဆိုက် လာ သည် ။ ပျားအုံတွင် ပျားတွေ ခဲ နေ သကဲ့သို့ ရှေ့ပေါက် နောက်ပေါက် လူတွေ ပြွတ်သိပ် ပါလာသည် ။ အောက် က ခရီးသည်များ မည်သို့မျှ တက်၍ မရ ၊ အပေါ် မှ သာ လူ တစ်ယောက် နွားရုန်း ၊ ဝက်ရုန်း ရုန်းပြီး ဆင်း လာသည် ။ ဝူးခနဲ ချက်ချင်း ကား ထွက်သွားသည် ။ တက် မရ လိုက်သောသူ များ ပွစိ ပွစိ ပြောဆို ကျန်ရစ် လေသည် ။ ကျွန်တော် လည်း ၈ ကား စီးရမည် ဖြစ်သည် ။ အင်းစိန် ကို ပြန် ရမည်  ။ တက် မရသော ကား ကို ကြိုးစား တက် နေ၍ လည်း လူ နွမ်းရုံ သာ ရှိ မည်  ။ အရေးတကြီး ပြန်စရာ ကိစ္စ မရှိ ။ အိမ် ကို ဘယ်အချိန် ပြန် ရောက်ရောက် ၊ အိမ် က လည်း ဘယ် မှ ထွက်ပြေးမည် မဟုတ် ၊ သန်းခေါင် မှ ပြန် ရောက်ဦး ရ သည် ။


“ နောင်ကြီး မီးခြစ်ကလေးများ မပါဘူးလား ခင်ဗျာ ” 


ဘေးနား က အသံ ကြား၍ လှည့် ကြည့် လိုက်ရသည် ။ အသက် နှစ်ဆယ် ဝန်းကျင် လူငယ် တစ်ယောက် ၊ ဒူးယား စီးကရက် ကို ပါးစောင် မှာ ခဲပြီး ကျွန်တော့် ဖက် သို့ လက်ဝါး ဖြန့် ထားသည် ။


“ ကွမ်းယာဆိုင် က မီးခြစ် က ခြစ် လို့ မရလို့ ၊ နောင်ကြီး လက် ထဲ မှာ စီးကရက်ဘူး ကိုင် ထားတာ တွေ့ လို့ မီးခြစ် လည်း ပါမယ် ထင်လို့ ” 


လူငယ် က ရည်ရည်မွန်မွန် ရှင်းပြ နေသည်  ။ လွယ်အိတ်နွမ်းကလေး တစ်လုံး ပခုံး မှာ လွယ် ထားသည် ။ အ ဝတ်အစား မှာ အသစ် မဟုတ်ပေမည့် ဖြူဖြူစင်စင် သပ်သပ် ရပ်ရပ် ရှိသည် ။ လုံချည် ကို လည်း သေသေသပ်သပ် ဝတ် ထားသည် ။ ကျောင်းသား လူငယ် တစ်ဦး ဖြစ်ပေမည် ။ သည် အနား နီးနီး ရန်ကုန်တက္ကသိုလ် က များ လား ၊ ကျွန်တော် လည်း ကိုယ် ကို အသာ ကြွ၍ ဘောင်းဘီ အိတ် ထဲ မှ မီးခြစ် ကို ထုတ် လိုက်ရသည် ။ မီးခြစ် ကို ဖိခြစ်ပြီး သူ့ ထံ ကမ်းပေး လိုက်သည် ။ သူ လည်း ခေါင်း ငုံ့ပြီး စီးကရက် မီး ညှိသည် ။


“ မင်း က တက္ကသိုလ် က ပဲ ထင်တယ် ”  


“ ဟုတ်ပါတယ် ၊ အစ်ကို ကော တက္ကသိုလ် က ပဲလား ၊ နောက်ဆုံး နှစ် မြန်မာစာ က ထင်တယ် ။ ကျွန်တော် မြင်ဖူး သလိုလို ပဲ ” 


ကျွန်တော် သည် မီးခြစ် ကို ပြန် သိမ်းရင်း တဟင်း ဟင်း ရယ် လိုက်ရပါသည် ။ ခရစ်လှိုင်းကြီး ရှပ် လက်တို ၊ တက်ထရက် ဘောင်းဘီ ၊ သားရေပြောင် ဖိနပ်ဦးချွန် တို့ ကို ရှိုးကျကျ ဝတ်ဆင် ထား ၍ လား ၊ လက် ထဲ မှာ စီးကရက်ဘူး နှင့်အတူ ကိုင်ထားသော ဗလာစာအုပ် သုံးလေးအုပ် ကြောင့် လား မသိ သူ က ကျွန်တော့် ကို အထင် ကြီး သွားပြန်သည် ။


“ မဟုတ်ရပါဘူးကွာ ၊ အစ်ကို က အလုပ် လုပ်နေပါ ပြီ ၊ ဒီ စာအုပ်တွေ က မိတ်ဆွေ တစ်ယောက် ရဲ့ သားလေး ကို လက်ဆောင် ပေးဖို့ ဝယ် လာတာ ” 


လူငယ် သည် ခပ်လှမ်းလှမ်း သို့ သွား ရပ်နေသည် ။ ကျွန်တော့် မှာ ရန်ကုန်မြို့ က လူတွေ အကြောင်း စဉ်းစားပြီး ပြုံး မိသည် ။ ရန်ကုန်မြို့ က လူတွေ သည် တစ်ဦး အကြောင်း တစ်ဦး သိကြသူ နည်းသည် ။ အဆင်အပြင် အနေအထိုင် ထင်ကြေး နှင့် ရမ်း တုတ် နေကြသည် ။ ကြည့် ၊ တက္ကသိုလ် ကျောင်းသား တစ်ဦး က ကျွန်တော့် ကို တက္ကသိုလ် ကျောင်းသား ဟု လာရောက် စွပ်စွဲသည် ။ ဟုတ်ပါသည် ပြော လိုက် လည်း သူ ယုံသွားမည် သာ ။ သို့သော် အကျိုး မရှိဘဲ ကျွန်တော် မလိမ်ချင် ။ ကိုယ့် အတွက် အကျိုး ရှိမည် ဆိုလျှင်တော့ မုသာဝါဒကံ ကို ကျွန်တော် အသုံး ချ လိုက်မည် ။ ကျူးလွန် သည် ဟု မထင် ။ အသုံး ချ လိုက်သည် လို့ သာ ထင်သည် ။ အသုံးလည်း ချ ဖူး သည် သာ ဖြစ်သည် ။ အထူးသဖြင့် မိန်းကလေးများ နှင့် ဆက်ဆံသည့် နေရာ ။


မိန်းကလေးများ ဆို မှ မှတ်တိုင် မှာ မိန်းကလေးလှလှ ကလေးများ ရှိ နေသလား ဟု မျက်လုံး ကို အလုပ် ပေး ရှာဖွေ ကြည့် မိသည် ။ ဗြုန်း ဆို ရင် ထဲ က ဒိတ်ခနဲ ခုန်သွားသည် ။ မှတ်တိုင် နှင့် မနီးမဝေး ဓာတ်တိုင် ဘေး မှာ ရပ်ပြီး ကျွန်တော့် ကို စိုက်ကြည့် နေသည့် မိန်းကလေး တစ်ယောက် ။ ကျွန်တော် ကြည့် လိုက်တော့ ချက်ချင်း မျက်နှာ လွှဲသွားသည်  ။ အသိအကျွမ်း များလား ၊ မဟုတ် ။ ရိပ်ခနဲ မျက်လုံး ဝဲပြီး ကျွန်တော့် ကို ကြည့် ပြန်သည် ။ ပြီး ချက်ချင်း ပြန် လှည့် သွား သည် ။ လှသည် ။ မျက်ဝန်းမှိုင်းမှိုင်း နှင့် နှုတ်ခမ်း လေးကိုင်း ကို ဆေးကူ ဖို့ ထားတော့ အလှ က ပို ကြွလာသည် ။ ဝတ် ထားသည် က လည်း အပျံစား ၊ တကယ့် ဖလား ။ အပေါက် စိတ် သော ခရစ်ဇာအကျီ ၊ တက်ထရွန်ထထီ ၊ ခွာမြင့်ပန်း ဖိနပ် ၊ ခေတ်ပေါ် ဘေး လွယ်အိတ် ၊ အားလုံး အားလုံး ဖက်ဖူးနွယ် သော အစိမ်းရောင် ။ နေရောင် အနွမ်းတွင် သူ့ ဝတ်စား ဆင်ယင်မှု က တောက်ပ နေသည် ။ ဆံပင် က ဆံတိုကုတ်ဝဲ ၊ ဆံတိုကလေးများ လေ မှာ တစ်ချက် ခါ သွား ပြန်သည် ။ ကျွန်တော် ကတော့ မလျှော့ ။ နည်းနည်း မျှ မလျှော့ ၊ ရဲရဲဝံ့ဝံ့ စိုက် ကြည့် နေ လိုက်သည် ။ သူ မျက်လုံး လွှဲ သွား ပြန်သည် ။


ကျွန်တော် က မသိပေမည့် သူ က များ သိ နေသလား စဉ်းစား ကြည့်မိသည် ။ အင်းစိန် က များလား ၊ ကျွန်တော် ပြန် မည့် အိမ် နှင့် နီးနီးနားနား က များလား ၊ မဖြစ်နိုင် ။ ကျွန်တော် ရန်ကုန် ရောက်သည် မှာ တစ်ရက် နှစ်ရက် သာ ရှိ သေးသည် ။ အင်းစိန် အိမ် မှာ တည်းခိုသည် က လည်း မနက် မိုးလင်း ထွက် ၊ ညဘက် မှ ပြန်အိပ် ၊ အိမ်နီးနားချင်းများ က ကျွန်တော့် ကို မမြင် ၊ ကျွန်တော် က လည်း အိမ်နီးနားချင်း များ ကို မမြင် ။ သို့သော် ဟိုတုန်း က တော့ ကျွန်တော် ရန်ကုန် မှာ နေဖူးသည် ။ ခုမှ နယ်ပြောင်း သွားခြင်း ဖြစ်သည် ။ ဟိုတုန်း က အသိအကျွမ်းများ ကို မျက်လုံး ထဲ ပြန် မြင်ကြည့်သည် ။ သူ မပါ ။


သည်တစ်ခါတော့ မျက်လုံးချင်း ကြာကြာ ဆုံဖြစ်၏ ။ သူ့ မျက်ဝန်း ထဲ မှာ သူ ကျွန်တော့် ကို စိတ်ဝင်စား နေသည် ဟူသော စာကြောင်း ကို ဖတ် လိုက်ရသည် ။ ကျွန်တော် က လည်း စိတ်ဝင်စားပါသည် ဟု ပြန် ပြောပြ လိုက်သည် ။ ရန်ကုန် မှာ သည် အဖြစ်မျိုးတွေ က ဆန်းလှသည် မဟုတ်ပေ ။ လောလောဆယ် ကျွန်တော် က ရန်ကုန်မြို့ ၏ ဧည့်သည် ဖြစ် ပေမည့် ရန်ကုန် သည် မြစိမ်း ရေစိမ်း လေစိမ်း မဟုတ် ၊ အရင်က ကျွန်တော် သည် ရန်ကုန် မှာ အိမ်ရှင် သဖွယ် နေ သွားဖူးသည် သာ ။ သည်လို မိန်းကလေးမျိုး များစွာ နှင့် ကြုံ ဖုဆုံဖူးသည်သာ ။


ကြုံ တိုင်း လည်း ကျွန်တော် က အလွတ် မပေးတတ် ။ မိန်းကလေး မိတ်ဆွေများ နှင့် ဒိတ် ( Dated ) လုပ် ချိန်းဆို လည်ပတ်ခြင်း ကို အင်္ဂလန် လို ၊ အမေရိကန် လို အနောက် နိုင်ငံများ မှာ သာ လုပ်နိုင်သည် မဟုတ်ပေ ။ လုပ်တတ်သည် ရှိသော် ရန်ကုန် မှာ လည်း ရ ပါသည် ။ တစ်ခု တော့ ရှိသည် ။ သည် မှာ က နည်းနည်း ခက်သည် ။ ကျွန်တော် ကတော့ ခက်သည် ကို လွယ်အောင် လုပ်တတ်သည် ။ ကား ကြိုက် တတ်သော မိန်းကလေး အတွက် ကြိုက်တတ်ရာရာ ကား များ ရှာဖွေပြီး တင် မောင်း ပေးဖို့ အဆင်သင့် ။ ဓာတ်ပုံ ရိုက် ဝါသနာ ပါသော မိန်းကလေးများ ကို ရှုခင်း လှသော နေရာ များ လိုက် ပို့ ဓာတ်ပုံ ရိုက် ပေးပြီး ဓာတ်ပုံ ကူးသည့် အမှောင်ခန်း အထိ ခေါ်သွား ပြသပေးမည် ။ ယောက်ျားလေး မိတ်ဆွေ နှင့် လည်း လည်ချင် ပွေချင်သည် ။ တစ်ယောက် တည်း ကျွန်တော် နှင့် နှစ်ယောက်တွဲ သွားရမှာ ကြောက် သည် ဆိုလျှင်လည်း မိန်းကလေး အဖော်တွေ ရှာ ပေးဦးမည် ။ တိုတို ပြောရလျှင် ဟိုကွေ့ ဟိုတက် နှင့် လှော် ၊ သည်ကွေ့ ... ။


ဖြုန်း ဆို မှတ်တိုင် မှာ ကားတွေ တတန်းကြီး ရပ် လာ သည် ။ ပြတ် တော့ လည်း ပြတ် နေလိုက် ၊ ရပ်တော့ လည်း စီတန်း လို့  ။ မှတ်တိုင် မှာ လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်သွား သည်  ။ အဆင်းအတက် အော်ဟစ် ဆူညံ နေကြသည် ။ ကျွန်တော့် အစိမ်းရောင် မိန်းကလေး ။ ကျွန်တော် ကတော့ ရင်ထဲ မှာ မိစိမ်း ဟု အမည် ပေး လိုက်သည် ။ မိစိမ်း သည် ကျွန်တော့် ကို ဖိတ်ခေါ်သော အကြည့် ဖြင့် ကြည့်ပြီး ကားတန်း ကြီး ဘက်သို့ ခပ်သုတ်သုတ် လျှောက်သွားသည် ။ ကျွန်တော် ကလည်း မပြေးရုံ တစ်မည် လိုက် မိသည်  ။ ရှေ့ က ၈ လိုင်းဟီးနိုးကားကြီး တွေ ကို မတက် ။ နောက်ဆုံး က ၆ ကား ကို နောက်ပေါက် က သွား တက်သည် ။ ကျွန်တော် က တော့ အရိပ် ၊ ရှိတ် ဆို ကပ်ပါ သွားသည် ။ ကား ထဲ မှာ သူ က နေရာ ရ သွားသည် ။ ဘယ်ဘက်တန်း နောက်ဆုံးခုံ ။ သူ့ ဘယ်ဘက် မှန်ပြတင်းပေါက် ဘက် မှာ က အဒေါ်ကြီး တစ်ယောက် ။ ကျွန်တော် က သူ့ ခုံဘေး ကို မှီပြီး မတ်တတ် ရပ် လိုက်သည် ။


၂၅ ယောက် စီး ဟီးနိုးကားကလေး သည် နောက် တက် လာသော လူများ ကြောင့် ချက်ချင်း ပြည့်ကျပ် သွား သည် ။ ဟီးနိုးကား သည် ဆောင့် ထွက်လိုက်သည် ။ ကျွန်တော် တို့ လည်း ယိမ်းယိမ်းယိုင်ယိုင် ဖြင့် ပါ သွားသည် ။ ထို စဉ် မိစိမ်း က ကျွန်တော့် ကို မော့ ကြည့်သည် ။ ရသည့် အခွင့်အရေး ကို လက်လွတ် မခံ ။ ကျွန်တော့် လက် ထဲ မှ စီး ကရက်ဘူး နှင့် စာအုပ်များ ကို သူ့ ထံ ထိုး ပေးလိုက်သည် ။


“ ဒါ လေးတွေ ယူ ထား ပါလား ဟင် ၊ ဘယ် အထိ သွား မှာလဲ "


အတတ်နိုင်ဆုံး တိုးညင်းသော ရင်းနှီးမှု လေသံဖြင့် ပြော လိုက်ရသည် ။ မိစိမ်း သည် မျက်လုံးကလေး ပြူး

ကြောင်ကြောင် ဖြစ် သွား သော်လည်း လက် ကတော့  ပစ္စည်းများ ကို လှမ်း ယူသည် ။ ပြီးမှ မပွင့်တပွင့် ဖြေသည် ။


“ မြောက်ဥက္ကလာ ကို ” 


မတတ်နိုင် ။ မိမိ စီးရမည့် ၈ ကား ကို ရှောင်လာပြီ ဆိုတော့လည်း အိမ် ကို ဘယ် အချိန် ပြန် ရောက်ရောက် ဟု သာ သဘော ထားရမည် ။ တည်းခိုအိမ် ကလည်း ကျွန်တော် အလည်အပတ် ထွက်သည် ကို သိပြီးသား ဖြစ်ပါ သည် ။ ဝါသနာ ကို ဇက်ကြိုး ပုံချ ပေးလိုက်ဦးမည်  ။ လက်မှတ်ရောင်း သည် လူကြား ထဲ မှ တိုးဝှေ့ ရောက်လာသည် ။


“ မြောက်ဥက္ကလာပ နှစ်စောင် ”  


“ ဘယ်မှာ ဆင်းမှာလဲ ” 


ကျပ်တန် တစ်ရွက် လျင်မြန်စွာ ထုတ်ပြီး မိစိမ်း နှင့် ကျွန်တော့် ဖို့ ပေး လိုက်သည် ။ လက်မှတ်ရောင်း က နေရာ အတိအကျ မေးတော့ ကျွန်တော် အဖြေ မပေးတတ် ။ ကျွန်တော် က မိစိမ်း ကို ငုံ့ ကြည့် ရတော့သည် ။ 


“ ပြားလေးဆယ် နှစ်စောင် ဆုတ် လိုက်ပါရှင် ” 


ကျွန်တော် လိုချင်သည် မှာ ဒါပဲ ဖြစ်သည် ။ ခုဆိုလျှင် ဝန်းကျင် ခရီးသွားများ က ကျွန်တော်တို့ နှစ်ယောက် ကို သံသယ ရှိတော့မည် မဟုတ် ။ ရင်းနှီးကျွမ်းဝင်ပြီးသား ဟု ယူဆ ကြမည် ။ သို့ သော် သံသယ ရှိနေသည့် လူ တစ်ယောက် ကို တွေ့ ရသည် ။ ထို လူ သည် ကား အလယ် လောက် မှာ ရပ်၍ ကျွန်တော် တို့ ကို ကြည့် နေသည် ။ ကျွန်တော် မျက်စိ မှိတ် ပြ လိုက်မှ ပြုံးပြီး တစ်ဖက် လှည့်သွား သည် ။ မှတ်တိုင် မှာ စီးကရက်မီး လာ ညှိသည့် လွယ်အိတ် နွမ်း နှင့် လူငယ် ။


မိစိမ်း သည် ကျောင်းသူ လား ၊ စာရေးမ လား ကျွန်တော် မဝေခွဲတတ်ပေ ။ အဆင့်အတန်း ကတော့ သိပ် မနိမ့် ကျပေ ။ သည်မှာ ကျွန်တော် ဆုံးဖြတ်သော အဆင့်အတန်း သည် အဝတ်အစား အဆင်တန်ဆာ ပေါ် မူတည် နေသည် ။ စိတ်နေ သဘောထား အဆင့်အတန်း မြင့် မမြင့် တော့ အကဲ မခတ်တတ် ၊ မခတ်ချင် ။ ဝတ်စားထားသည် က တော့ အဆင့် မြင့်သည် ။ တန်ဖိုးကြီး အဝတ်အထည်များ အပြင် နား တွင် နီလာ နားကပ် ၊ လက် တွင် ရွှေလက်ကောက်သွယ် သွယ်များ ၊ ညာဘက် လက် မှာ ပါဂိုလ်နာရီ ၊ လည်ပင်း တွင် နန်းကြိုးသွယ်များ လှပစွာ နွယ်ထားသည့် ရွှေကြိုး ၊ အခြား လက်ဝတ်တန်ဆာများ ထက် သူ က ပေါ်လွင်သည်  ။ ခရစ် ဇာ ပေါ်တွင် ရွရွကလေး တင် နေသည် ။ မြောက်ဥက္ကလာပ လို မြို့ဆင်ခြေဖုံး တွင် ခြံကြီး အိမ်ကြီး နှင့် အေးအေးဆေးဆေး နေ လာသည့် လူလတ်တန်းစား ကြီးကြီးမားမား ထဲ က ထင် သည် ။


ကား သည် ရပ်သည့် မှတ်တိုင် ရပ် ၊ ကျော် သည့် မှတ်တိုင် ကျော် နှင့် မြောက်ဥက္ကလာပ သို့ ဦးတည် နေသည် ။ လူ က တော့ ကျပ်သည်ထ က် ကျပ် လာသည် ။ အလုပ်သမားများ ၊ ဈေးသည်များ ၊ ကျောင်းသူကျောင်းသားများ ၊ ရုံးသူ ရုံးသားများ ၊ လူတွေ စုံနေ၏  ။ အားလုံး အိမ် ပြန် နေကြသည် ထင်သည် ။ ကျွန်တော့် လို သဝေထိုးသူများ လည်း ပါ ချင် ပါ မည် ။


သမိုင်းလမ်းဆုံ ကို ကျော်ပြီး မြောက်ဥက္ကလာပ အတွင်း ဝင် လာသည် နှင့် ကား မှာ အကျပ်ဆုံး အဆင့် ရောက် လာသည် ။ မိစိမ်း ဘယ်ဘက် သို့ သာ အတွင် ယို့ နေ ရသည်  ။ လူတွေ မှာ မလှုပ်သာ ၊ မလှည့်သာ ။ မိစိမ်း ဘယ် မှာ ဆင်းမည် မသိ ။ သူ ဆင်းသည့်  နေရာ လိုက် ဆင်းပြီး အ ကြံအဖန် လုပ်ယူရမည် ။ မြန်မြန် ဆင်းလျှင် ကောင်းမည် ။ ရပ် ရ သည် မှာ ညောင်း လှပြီ ။ လူ က မိစိမ်း ဘက် ယိုင် နေပြီး လက် တစ်ဘက် ကား နံရံ ကို ကျားကန် ထားရသည် ။ ခရီးသွား တို့သည် တိုးတက် တိုးဆင်း ကို ခက်ခက်ခဲခဲ ပြုလုပ် နေကြရသည့် အခြေအနေ ။ သည်လို အချိန်မျိုး တွင် တိုးတက် တိုးဆင်း အာရုံ မှ တစ်ပါး အခြား အာရုံများ ကို သတိ လစ်ဟင်း နေ တတ်ကြသည် ။ သည်လို အချက် တွင် ခါးပိုက် နိုက် ၊ ခါးပိုက်နှိုက် ... ။


ခါးပိုက်နှိုက် များ အခွင့်အရေး ယူ တတ်သည် ကို စဉ်းစားမိ မှ ကျွန်တော့် ခေါင်း ထဲ သို့ လက်ခနဲ အလင်းရောင် တစ် ခု ရောက် လာသည် ။ ရင်ထဲ တွင် ဖြိုးဖြိုးဖျဉ်းဖျဉ်း ဖြစ် လာ သည် ။ ကွန်ပျူတာ တစ်လုံး တွက်ချက် အဖြေ ရှာ နေ သကဲ့ သို့ ကျွန်တော့် ဦးနှောက် သည် အဖြေ ရှာနေသည် ။ ကျွန် တော့် အနား တွင် လူတွေ ပို ကျပ် လွန်းသည် ထင်သည်  ။ ကျွန်တော် နှင့် အနီးကပ်ဆုံး မှာ အင်္ကျီအပွင့် လက်ရှည် ဝတ် ထားသော ကျွန်တော် နှင့် ရွယ်တူ နီးပါး လူရွယ် တစ်ဦး ။ သူ နှင့် ကပ်လျက် အရပ်ပုပု အသားဖြူဖြူ ဆွယ်တာအပြာစွပ်  လူငယ် တစ်ဦး ။ ကျွန်တော့် နောက် မှ ဆံပင် နီကြင်ကြင် ဖွာလန် ကျဲ နေသော လူရွယ် တစ်ဦး ။ နောက်ဖက် အပေါက်ဝ နား မှာ မူ မိန်းမကြီး နှစ်ဦး ရပ် နေသည် ။ အပေါက်ဝ ကို လွယ်အိတ် ကိုယ်စီ လွယ် အလုပ်သမားကြီးများ ဆို့ ပိတ် လိုက် လာသည် ။


ကျွန်တော့် နား က လူရွယ်များ ၏ ဘယ်ဘက် လက် တို့ သည် ကျွန်တော့် နှယ် ကားနံရံ ကို ကျားကန် နေကြ သည် ။ ဘာဖြစ်လို့ ကျွန်တော့် ဘက် သိပ် ကပ် နေကြပါ လိမ့် ။ သူတို့ လက်များ သည် ကျွန်တော့် ကို လှောင်ချိုင့် ထဲ ချ ထား သလို ဖြစ် စေသည် ။ ကွန်ပျူတာ ဦးနှောက် သည် ချက်ခနဲ အဖြေ ထုတ်ပေးလေသည် ။ သူတို့ ခါးပိုက်နှိုက် တွေ ။ အထာ ပေး နေတာ ၊ လက်များ ရှုပ်ယှက်ခတ် အောင် လုပ် ထားခြင်း ကို ခါးပိုက်နှိုက် ဝေါဟာရ တွင် အထာ ပေး သည် ဟု ခေါ်သည် ။ သူတို့ ဦးတည် နေသည် မှာ မိစိမ်း ကို လား ၊ ကျွန်တော့် ကို လား ။ ကျွန်တော့် ရင် ထဲ တွင် ဒေါသမုန် တိုင်း ထန် လာသည် ။ သူတို့ ကို ကျွန်တော် ရိပ်မိ နေကြောင်း သိ သွားရန် တစ်ဦးချင်း ၏ မျက်နှာ ကို လိုက် ကြည့်သည် ။ ကျွန်တော့် ကို ဂရု မစိုက် ၊ မျက်နှာ လွှဲ ထားကြသည် ။ သူတို့ ဦးတည် ထားသည် မှာ မိစိမ်း မဖြစ်နိုင် ။ ကြား က ကျွန်တော် ခံ နေသည် ။ ကျွန်တော့် အင်္ကျီ အိတ် ထဲ က နှစ်ဆယ်တန်သုံး ရွက် အခေါက်လိုက်ကလေး က လည်း ခေါင်း ပြူ နေ သည် ။ နှိုက် လည်း နှိုက်ချင် စရာ ။ အေးလေ ... တွေ့ကြသေးတာ ပေါ့ ။


ကား သည် မြောက်ဥက္ကာပ ( ၂ ) ရပ်ကွက်ဈေး အရောက် ရှုပ်ထွေးသော လူများ ကြောင့် ဘရိတ် တစ်ချက် အုပ် လိုက်သည် ။ ယိမ်းယိုင် သွားသော အချက်တွင် အင်္ကျီ ပွင့်လက်ရှည် သည် ကျွန်တော့် နှစ်ဆယ်တန်များ ကို ဖတ်ခနဲ နှိုက် သွားသည် ။ ကားနံရံ ကို ထောက် ထားသော သူ့ ဘယ်ဘက်လက်မောင်း က ကျွန်တော့် မေးစေ့ နား မှ ကာ ထားသောကြောင့် နှိုက်သည် ကို တော့ မမြင်လိုက် ။ သေသေချာချာ စောင့် နေသူမို့ အိတ် အလှုပ် ကို ခံစား လိုက်မိ သည် ။ ငုံ့ ကြည့်လိုက်တော့ ဘသားချော ငွေခြောက်ဆယ် မရှိပြီ ။


လျှပ်ပြက် သလို ကျွန်တော် လှုပ်ရှား လိုက်သည် ။ ချက်ချင်း အင်္ကျီပွင့်လက်ရှည် ၏ အင်္ကျီကော်လံစ နှစ်ဖက်

ကို ကျွန်တော့် လက်နှစ်ဖက် က ဆုပ်ကိုင် မိသွားသည် ။ ခါ ရမ်းပြီး သူ့ လူများ ကို သူ နှင့် လှည့် ကာ လိုက်သည် ။ ခါးပိုက် နှိုက် ... ခါးပိုက်နှိုက် ဟုလည်း နှုတ် မှ အော် လိုက်သည် ။ ထွက်လုဆဲဆဲ ဟီးနိုးကား သည် ချက်ချင်း ဆောင့် ရပ်သွား လေသည် ။ လူ အားလုံး ၏ မျက်လုံးများ သည် ကျွန်တော့် ထံ စူးစမ်း လာသည် ။ အင်္ကျီပွင့်လက်ရှည် သည် ကျွန်တော် လုပ်သမျှ ကြောင် ခံနေရာမှ ရုတ်တရက် အသက် ဝင်လာ သည် ။  


“ ဘယ်သူလဲဗျ ... ခါးပိုက်နှိုက် ၊ မတရား မစွပ်စွဲနဲ့ ၊ လွှတ် လွှတ် ကျွန်တော့် ကို လွှတ် ” 


“ ဘယ်သူရမလဲ မင်း ပေါ့ ကွ ၊ ငါ့ ပိုက်ဆံ နှိုက်သွားတာ သိ လိုက်သားပဲ ” 


“ ခင်ဗျား မြင် လိုက်လို့လား ”  


“ မြင်တာ မမြင်တာထား ၊ မင်း နှိုက်တာ ငါ သိတယ် ” 


လက်မှတ်ရောင်း သည် ရှေ့ပေါက် မှ နောက်ပေါက် ကူး လာပြီး ကျွန်တော်တို့ နှစ်ဦး ထံ ရောက်လာသည် ။


“ ဆရာ့ ဆီ က ဘာ နှိုက် သွားတာလဲ ”  


“ နှစ်ဆယ်တန် သုံးရွက် ငွေခြောက်ဆယ် ”   


အင်္ကျီပွင့်လက်ရှည် သည် လူးလွန့်ရင်း ခေါင်းခါ ပြ ၏ ။ သူ့ လူ ဂျပု နှင့် ဆံပင်နီ လူရွယ် တို့ မှာ ဘာမျှ မတတ်နိုင် ကြ ။ ကြောင် ကြည့် နေ၏ ။ လက်မှတ်ရောင်း သည် အင်္ကျီပွင့်လက်ရှည် ၏ အိတ် ထဲ သို့ နှိုက် ကြည့်သည် ။ ဘာမျှ မရှိ ။


“ ဘယ် ရှိတော့မလဲ ဗျ ၊ ဒီကောင်တွေ လက်ပြောင်း ပြီးပြီ ၊ ဒီလောက်မှ မလျင်ရင် ဘယ် ခါးပိုက်နှိုက် လုပ်မလဲ ” 


“ ခင်ဗျား မဟုတ်တာ မပြောနဲ့ ၊ လွှတ် ”   


“ မလွှတ်နိုင်ဘူးကွာ ၊ မင်း ခါးပိုက်နှိုက် မဟုတ်ဘူးဆို ရင် ရဲဌာနသာ လိုက်ခဲ့ ၊ ဟိုကျ ရှင်းပေါ့ ဟုတ်လား ။ ဒီမှာ ကား ဆရာ နီးရာရဲစခန်း သာ တန်း မောင်းဗျာ ဘယ်မှ မရပ်နဲ့ ” 


လက်မှတ်ရောင်း သည် ဇဝေဇဝါ ဖြစ် နေသည် ။ လူ ကောင်း တို့ ၏ ပွဲ မတိုးဖူးသည့် ဤ ဇဝေဇဝါ ဖြစ်ရပ်မျိုး ကြောင့် လူဆိုး တို့ ခြယ်လှယ်မှု ကို ခံရခြင်း ဖြစ်သည်  ။ သည် အခိုက် အင်္ကျီပွင့်လက်ရှည် သည် သူ့ ကော်လံစ နှစ်ဖက် ကို ဆုပ်ထားသော ကျွန်တော့် လက်နှစ်ဖက် ကို ဖျစ်ညှစ် ဆွဲခွာ ပြီး အတင်း ရုန်းသည် ။ ကျွန်တော် သည် လက်မောင်း အား ကို အသုံး ပြုကာ ကော်လံစ နှစ်ခုကို ကတ်ကြေးသဏ္ဌာန် ပြု ပြီး ဆွဲ ညှစ်လိုက်သည် ။ ဂျူဒို ချုပ်ကိုင်နည်း တစ်မျိုးပင် တည်း ။


သည် ရုန်းရင်းဆန်ခတ် ဖြစ်သည့် အချိန်လေး တွင် မိန်းမများ ၊ ကြောက်တတ်သူများ ကား ပေါ် မှ အတင်း ဆင်း ပြေး ကြသည် ။ ထိုင်နေသူများ သာ ဆက် ထိုင် နေကြ သည် ။ ရပ်နေသူများ မရှိတော့ ။ ရန်ကုန် တွင် ခါးပိုက်နှိုက် ဆို ပြီး ဝိုင်း ဝိုင်း ရိုက်ကြ ရာ တွင် လူကောင်းများ ၊ ဘေးလူများ ပါ သည် မထင်ပါနှင့် လူဆိုးတွေ ၊ ဆိုးသွမ်းလူငယ်တွေ ထွင်ပြီး ရိုက်ကြခြင်း ဖြစ်သည် ။ ကြည့်လေ ။ လူကောင်းတွေ က ကြောင် ကြည့်နေသည် ။ မည်သည့် ဘက် ကို ကူရမှန်း မသိ ။ မည်သည့် ဘက် က ရပ်တည်ရမှန်း မသိ ။


မကြာပါ ။ သူ့ လည်ပင်း အစ် လာပြီး မျက်နှာတွေ နီရဲ လာသည် ။ နှုတ် က လည်း ဝူးဝူးဝါးဝါး အော်သည် ။ သည်တော့မှ ကျွန်တော် က ညှစ်အား ကို လျှော့ချ လိုက် သည် ။


“ ပြေးမယ် မကြံစမ်းပါနဲ့ ၊ မရဘူး ။ မင်းတို့ ဘယ် နှစ်ယောက် လာလာ မင်း တစ်ယောက် တည်း ကို ဖမ်း မိရင် တော်ပြီ ” 


“ ပြေးလို့ လည်း မရပါဘူးဗျာ ၊ ဟိုမှာ ဝိုင်း ထားပါ တယ် ၊ အင်္ကျီ ကို လွှတ်ဗျာ ၊ ပြ မယ် ” 


အင်္ကျီပွင့်လက်ရှည် သည် ခါးပိုက်နှိုက် သက် အတော် ရင့်နေပြီ ဟု ကျွန်တော် ယူဆ လိုက်သည် ။ လေသံ မာ ဆဲ ဖြစ်သည် ။ အပေါက်ဝ တွင် လက်မှတ်ရောင်း နှင့် ကလေးအချို့ ငေး ပြီး ရပ်ကြည့် နေသည် ။


“ အင်္ကျီ ပြဲ ရင် လျော် ပေးမယ်ကွာ ၊ စကား မရှည်နဲ့ ၊ ဒီမှာ ဗျ ကား စပယ်ယာ ၊ ရဲစခန်း ကို မောင်းပါဆို ၊ ဘယ်လိုလဲ ဗျ ၊ မကူညီချင် ဘူး လား ” 


ကျွန်တော် လက်မှတ်ရောင်း ကို လှမ်း သတိပေးဆဲ ရှေ့ ဘက် နား မှ “ ပြန်ပေးလိုက်.. ပြန်ပေးလိုက် ”  ဟူသော အသံများ ကြား ရပြီး ဆွယ်တာပြာ ဂျပု က ...


“ ဒီမှာဗျ အောက် မှာ ကျနေတာ ခင်ဗျား ငွေခြောက်ဆယ် ထင်တယ် ” 


တော်တော် လည်း ပါးနပ် သည့် ခါးပိုက်နှိုက်ကလေး တွေ ။ နှိုက်ထား ပြီး မှ အောက်ကျ နေသယောင် ဖန်တီး ပေး သည် ။ ဒါ ကလည်း သူ့ လူ အင်္ကျီပွင့်လက်ရှည် အကျပ်အတည်း ကျ နေ၍သာ ။ ကျွန်တော် သည် အင်္ကျီပွင့်လက်ရှည် ကို ဆောင့်တွန်း လွှတ်လိုက်ပြီး ငွေခြောက်ဆယ် ကို လှမ်း ယူ လိုက်သည် ။ ငွေ ပြန် ရပြီ ဖြစ်ကြောင်း စပယ်ယာ ကို အ ကြောင်း ကြားကာ ကား ဆက်မောင်း စေသည် ။


“ ငါ့ ပိုက်ဆံ ပြန်ရရင် တော်ပြီ ။ မင်းတို့ ကို အရေး မယူ တော့ဘူး ။ ရဲတွေ ဘာတွေ မတွေ့ချင်ပါနဲ့ ကွာ ၊ အေးအေး ဆေးဆေးပေါ့ ” 


အင်္ကျီပွင့်လက်ရှည် သည် ကျွန်တော့် ကို မကျေမချမ်း ကြည့် သည် ။ တက်ခေါက်ပြီး “ ကိုင်ချင် လိုက်တာကွာ ” ဟု ရေရွတ်သည် ။ ကိုင်ချင်သည် ဆိုသည်မှာ ကျွန်တော့် ကို ထိုး ရိုက်ချင်သည့် သဘော ။ သူတို့ အသုံးပြုသော ဝေါဟာရ ။ ကျွန်တော် စိတ်ဆိုး သွားသည် ။ အမောက် ထောင် ပြရဦး မည် ။


“ ဒီမှာ ကိုင်ချင်တာတွေ ဘာတွေ လုပ် မနေနဲ့ ၊ ငါ က တစ်ယောက် တည်း ၊ ဒါပေမဲ့ မင်း တို့ သတ္တိ ရှိတယ် ဆိုရင် ငါ ဆင်းမယ့် နေရာ အထိ လိုက်ခဲ့ကြ ၊ ငါ ဘာကောင်လဲ ဆိုတာ သိ သွားမယ် ” 


သူတို့ ထက် နည်းနည်း ပို ပြ လိုက်လျှင် ကုတ်ဆင်း သွားအောင် ကြောက်တတ်သော လူဆိုး သူခိုး တို့ ထုံးစံအ တိုင်း ရှေ့ ရပ်သည့် မှတ်တိုင် ၊ ကျောက်ရေတွင်း မှတ်တိုင် တွင် ဆင်း သွားကြလေသည် ။ ကမာရွတ် တွင် ကျွန်တော့် ဆီ စီးကရက် မီး ညှိဖူးသည့် လွယ်အိတ်နွမ်း နှင့် လူငယ် လည်း ထို သုံးယောက် နှင့် အတူ ဆင်း သွားသည်  ။ လေးယောက် သား ကျွန်တော့် ကို စောင် ကြည့် ကျန်ရစ်သည် ။ ကျွန်တော် က တက္ကသိုလ်ကျောင်းသား ထင် လိုက်သူ က လည်း ခါး ပိုက်နှိုက် ပါ တကား ။


ပြဿနာ ပြီးဆုံး သွားပေပြီ ။ တစ်ကားလုံး က ကျွန် တော့် ကို အထင်ကြီးသော မျက်လုံးများ ဖြင့် ကြည့်ကြ သည် ။ ခါးပိုက်နှိုက်များ နှင့် ပြဿနာ ရှင်းပုံ သေသပ်သည် ကို သဘောကျကြဟန် တူသည် ။ သို့သော် သည် အထဲ တွင် မိစိမ်း မပါ ။ ဆင်းပြေးကြသူ များ တွင် မိစိမ်း ပါ သွားခဲ့ ပြီ ။ ကျွန်တော့် စီးကရက်ဘူး နှင့် စာအုပ်များ ကို မိစိမ်း ထိုင် သွားသော ထိုင်ခုံ မှ ကောက်ယူ လိုက်ရသည်  ။


     •••••   •••••   •••••   •••••


မြောက်ဥက္ကလာပ မှာ မနေဖူး ပေမယ့် နှံ့နှံ့စပ်စပ် သွား လာ ဖူးပါသည် ။ သို့သော် မိစိမ်း ကို လမ်းစ ပြတ်သွားပြီ ဖြစ်ရာ ကား ပေါ် က ဆင်းပြီး လာလမ်း အတိုင်း ပြန်ရုံ သာ ဖြစ်သည် ။ အဝိုင်းကြီး မှတ်တိုင် မှာ ဆင်းပြီး တစ်ဖက်လမ်း ကို ကူး ရတော့သည် ။ ကျေးလက် ဆန်သော မြောက်ဥက္ကလာ မြင်ကွင်း တွင် ဆည်းဆာရောင် သန်း နေပေပြီ ။ ထိုစဉ် ခါးပိုက်နှိုက်လူငယ်များ ကို ပြန် စဉ်းစားမိပြီး ပြုံး မိသည် ။ ကား ပေါ် မှာ ကျွန်တော် က ခြိမ်းခြောက် ပြီး ရဲစခန်း ခေါ် သည်ကို သူတို့ သာ သတ္တိရှိရှိ လိုက် လာပါက အခြေအနေ တစ်မျိုး ပြောင်း သွားနိုင်သည် ။ ရန်ကုန် ရှိ မည်သည့် ရဲစခန်း က စခန်းမှူး ဖြစ်ပါစေ ကျွန်တော့် ကို တွေ့လျှင် တူညီသော စကား တစ်ရပ် ကိုသာ ဆို ကြ ပါမည် ။


“ အမယ် ... ကိုရွှေခဲ ပါ လား ၊ ရန်ကုန် မှာ ခါးပိုက်နှိုက် မှု တွေ ကို တား မရစတမ်း သောင်းကျန်း ကျူးလွန် လွန်းလို့ ရန်ကုန် မလာရ ၊ နယ်နှင်ဒဏ် ပေးထားတာ ၊ ဘယ့်နှယ် ရန်ကုန် ပြန် ရောက်နေတာတုံး ၊ ကဲ ကဲ နီးရာ အချုပ်ခန်း သာ ဝင် ပေတော့ ” 


ညာတာပါတေး နှင့် မိစိမ်း ၏ ဆွဲကြိုး ကို ဖြတ်ရန် အသင့် ရှိနေသော ဘောင်းဘီအိတ် ထဲ က ကတ်ကြေးငယ် ကို လက်ဖြင့် စမ်း ရင်း လွဲချော်မှုများ ကို မကျေမနပ် ဖြစ် နေမိသည် ။ မရသေး သည့် ဆွဲကြိုး ထက် လက် ထဲ က ငွေခြောက်ဆယ် ကို ကာကွယ် သည် မှာ မှန် ပါလိမ့်မည် ။ ထို့ပြင် မြွေပွေး ပိုးထိ အဖြစ်မျိုး လည်း ကျွန်တော် အဖြစ် မခံနိုင်ပါ ။


◾ အောင်အေး


📖  သွေးသောက်မဂ္ဂဇင်း

       ၁၉၇၃ ၊ နိုဝင်ဘာ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment