❝ မင်းသစ် ❞
( အရှေ့တောင်အာရှ ၊ သတ္တဗေဒ နှင့် မူးယစ်ဝေရီ နွေညများ )
အရက် သောက် ပြီး ဆိုကရေးတီး လောက် နီးနီး သူများ က အထင် ရောက်အောင် ပြောတတ် ဆိုတတ် သော မိတ်ဆွေ တစ်ယောက် ကို ကျွန်တော့် ဘဝ တစ်သက်တာ မှာ တစ်ခါ တော့ တွေ့ခဲ့ဖူးပါပြီ ။ သူ့ ကို ကျူရှင်ဆရာ ၊ မတောက်တခေါက် စာရေးဆရာ ၊ ဟိုစပ်စပ် သည်စပ်စပ် အယ်ဒီတာ အဖြစ် လူ သိ များသည် ။ ဒါပေမဲ့ ကျူရှင် ပဲ ပြပြ ၊ စာ ပဲ ရေးရေး ၊ အယ်ဒီတာ ပဲ လုပ်လုပ် နာမည် တစ်မျိုး နဲ့ ပဲ သူ ကျင်လည်သည် ။
မင်းသစ် တဲ့ ၊
Bio မင်းသစ် ၊
စာရေးဆရာ မင်းသစ် ၊
အယ်ဒီတာ မင်းသစ် ၊
ဆိုင် ကို တော့ ကျွန်တော် ကောင်းကောင်း မမှတ်မိ နိုင်တော့ ။ အရက်ဖြူဆိုင် တော့ အရက်ဖြူဆိုင် တစ်ဆိုင် ဆိုင် မှာ ဖြစ်သည် ။ ၅၅ လမ်း က ဦးတိုး တို့ ဆိုင် မှာလား ၊ ပုဇွန်တောင် အမေ တို့ အိမ် မှာ လား ၊ ဘူတာရုံလမ်း မှာ လား ၊ ၄၂ လမ်း မှာ လား မှတ်မှတ်သားသား ကျွန်တော် မရှိပြီ ။ လူ တွေ ကို လည်း ကျွန်တော် မမှတ်မိ နိုင်တော့ ။
ယမုံ ၊ ကိုခိုင်မာ ၊ မောင်မောက် ( ဥက္ကလာ ) ၊ စောဒေဝေါ ၊ မြင့်ဦးဦးမြင့် ၊ ကိုရန်ပိုင် ၊ ကိုသင်းခိုင် ၊ ဇော် ( ပျဉ်းမနား ) စသည် ... စသည် ..
သည် လူတွေ ထဲ က သုံးယောက် တစ်ဝိုင်း လည်း ဖြစ် နိုင်သည် ။ လေးယောက် တစ်ဝိုင်း လည်း ဖြစ် နိုင်သည် ။ လူ အတွဲအစပ် ကို လည်း အတိအကျ မမှတ်မိ နိုင်တော့ ။ ကျွန်တော် မှတ်မိတာ တစ်ခု တော့ ရှိသည် ။ ကျွန်တော်တို့ အားလုံး မူး နေကြခြင်း ကိုပါတည်း ။
သည်တုန်း က ကျွန်တော် က လူတတ်လူစွာကြီး လုပ် ကာ ကိုယ့် ထက် ဆယ်စု တစ်စု ၊ ဒါမှမဟုတ် နှစ်စု ခန့် ကြီးသော ကိုမင်းသစ် ကို ဆုံးမ သွန်သင် မိဖူးသည် ။
အရက် နှင့် ပတ်သက်၍
“ ကျွန်တော့် ကို စိတ် ဆိုးချင်လည်း ဆိုး ၊ မဆိုးချင် လည်း နေ ကိုမင်းသစ် ဒါဟာ အရက်ဆိုင် ပါ ၊ ဟုတ်တယ်နော် ဒါဟာ အရက်ဆိုင် ၊ ဒီလို အရက်ဆိုင် ထဲ မှာ အရက် သောက် တာ မကောင်း တဲ့ အကြောင်း ပြော ရတာတော့ ကျွန်တော် အားနာပါတယ် ။ ဒါပေမဲ့ ကျွန်တော် ပြောမယ် ။
ကျွန်တော်တို့တွေ ထဲ မှာ အရက် နဲ့ ပတ်သက်လို့ စည်းကမ်း မရှိဆုံး ဟာ ကိုမင်းသစ် လို့ ထင် တယ်ဗျာ ၊ တခြား လူတွေ သာ နား တဲ့ နေ့ ရှိရင် ရှိမယ် ။ ကိုမင်းသစ် မှာ မရှိဘူး ၊ ပြီးတော့ ရေချိန် ကိုက်ပြီ ဆို တာ လည်း ကိုမင်းသစ် မှာ မရှိဘူး ။ နည်းနည်းတော့ ဆင်ခြင် သင့်တယ် ထင် တယ် ဗျာ ။ ဒါ စေတနာ စကားပါ ၊ စေတနာ နဲ့ ပြော တာပါ ”
“ ဒီမှာ မောင်သာချို ၊ မောင်ရင့် စကား မှား သွားပြီ ၊ သိပ် ကို မှား သွားပြီ မောင်သာချို ၊ မင်းသစ် အရက်သမား မဟုတ်ဘူးကွ နားလည်လား ၊ မင်းသစ် ဆိုတဲ့ ကောင် ဘယ်တော့မှ အရက်သမား မဟုတ်ဘူး ရှင်းလား ”
ပြောပြောဆိုဆို ကိုမင်းသစ် က ခုံ ကို နှစ်ချက် သုံးချက် ဆင့် ရိုက်သည် ။ ခုံ ဆို ရအောင် က လည်း ခုံ မည်ကာမတ္တ သာ ဖြစ်သည့် ထင်းရှူးသေတ္တာပုံး ကို မှောက်ခုံ လုပ်ကာ ခုံ အဖြစ် ဖန်တီး ထားရသောကြောင့် ကိုမင်းသစ် ရိုက်ချက် ကို မဟန်နိုင် ဖြစ်ကာ ၀ရုန်းသုန်းကား ဖြစ် ကုန်သည် ။ တစ်ယောက် က အမြည်းပန်းကန် ကို ကိုင် ထားသည် ။ ဖယောင်းတိုင် မီး ကား ငြိမ်း လေပြီ ။ ပြန်၍ ထွန်း ကြရ၏ ။
“ မင်းသစ် ဘယ်တော့ မှ အရက်သမား မဟုတ်ဘူးကွ ။ ဒါ မင်းသစ် အရက် ကို သောက် နေတာ မဟုတ်ဘူး ကွ ၊ အဘိဓမ္မာ ကို သောက် နေတာ ၊ အဘိဓမ္မာတွေ ကို လိုက် သောက် နေတာ ။
မောင်သာချို နဲ့ တွေ့တယ် ၊ ကိုယ် မောင်သာချို အဘိဓမ္မာ သောက်မယ် ။ ကိုချစ်ဦးညို နဲ့ တွေ့တယ် ၊ ကိုချစ်ဦးညို အဘိဓမ္မာ သောက်မယ် ။ မင်းသစ် အဘိဓမ္မာ ကို ခုံမင်လွန်းလို့ အရက် လိုက် သောက် နေတယ် မှတ်ပါ ။ အရက် သောက်ချင်ရုံ သက်သက် က တော့ အိမ် မှာ တင် ပြည့် လို့ ရှင်းလား ”
ကိုမင်းသစ် က အရက်ခွက် ကို တစ်ရှိန် ထိုး မော့ ချ၏ ။ နောက်ထပ် ရေ တစ်ခွက် ဆင့် သောက်ချ လိုက်တော့ မှ သူ့ မျက်နှာ ပေါ် က ရှုံ့တွ သော မျဉ်းကြောင်းတွေ ပြေ သွားသည် ။ ပါးစောင် မှ ရေတွေ စီးကျ လာ၏ ။ သူ့ ကို ဝိုင်းဝန်း ငေးမော နေသော သူတွေ လည်း ရီ၍ ဝေ၍ ၊ မူး၍ ယစ်၍ ဆေးလိပ်မီးခိုးငွေ့များ က တောင်ယာမီးခိုးတွေ နှယ် ပင် လွန့်လူး တွန့်ခေါက် နေပြန်သည် ။
ဪ အဘိဓမ္မာ ကိုမင်းသစ် ၊ ဆိုကရေးတီး ကိုမင်းသစ် ပေ တကား ။
•••••• •••••• ••••••
ကိုမင်းသစ် နှင့် ကျွန်တော် တို့ ရင်းရင်းနှီးနှီး ဖြစ် သွား ကြသည် မှာ ၁၉၈၀ ပြည့် လွန် နှစ်များ မှာ ဖြစ်ပါသည် ။ ၁၉၈၃ ခုနှစ် လောက် က ဟု ကျွန်တော် ထင် ပါသည် ။ သည့် မတိုင်ခင် က တော့ ကိုမင်းသစ် နှင့် ပတ်သက်၍ သတင်း မျှ သာ ကြား ဖူးသည် ။
မိုးဝေမဂ္ဂဇင်း မှာ အယ်ဒီတာ လုပ်ဖူးသော ကိုမင်းသစ် ၊
အဆိုတော် တွံတေးသိန်းတန် ဓာတ်ပြား တချို့ မှာ သီချင်း ရေး ဖူးသော ကိုမင်းသစ် ၊
အထက်တန်းပြ ကျောင်းဆရာ လုပ်ဖူးသော ကိုမင်းသစ် ၊
ဝတ္ထုတိုကလေး ကဗျာကလေး ခပ်ကျဲကျဲ ရေးနေသော ကိုမင်းသစ်
စသည်ဖြင့် ...
၁၉၇၅ ခုနှစ် တစ်ဝိုက် မှာ တုန်း က ကျွန်တော် က ဆယ်တန်းကျောင်းသား ဖြစ်သည် ။ ဆယ်တန်း မှာ Bio ဘာသာတွဲ ယူ သဖြင့် ကိုမင်းသစ် နာမည် ကို ကြား ဖူးသည် ။
မှန်ပါသည် ။
စတီရီယိုဘိုင်အို မင်းသစ် ။
ဆူးလေဘုရားလမ်း ဗဟို မီးသတ်ကြီး နဲ့ မျက်နှာချင်းဆိုင် တိုက်ခန်း တစ်ခု မှာ သူ Bio ကျူရှင် ပြသည် ။
သန်းနိုင် ၊ ပုလဲ စသော စတီရီယို တေးသံရှင်များ ၏ အသံဖြင့် ပိုးဟပ်တွေ ၊ ဖားတွေ ၊ ပလပ်စမိုဒီယမ်တွေ အကြောင်း ကို သီချင်း စပ်ကာ ကျူရှင် မှာ ဆို ဖူးသည် ။
သူ့ သင်တန်း မှာ က ပိုးဟပ် တွေ လည်း လျှပ်စစ်ဂစ်တာကြိုး ပေါ် မှာ ပြေးလွှား ကုန်သည် ။ ဖား တွေ လည်း ဒရမ် ပေါ် မှာ ခုန်ဆွ ကုန်ကြသည် ။
သည် သီချင်း အားလုံး ထိုစဉ်တုန်း က ဆယ်တန်း ကျောင်းသူ ကျောင်းသားတွေ ပါးစပ်ဖျား ပေါ် ကို ရောက် ကုန်ကြသည် ။ ဆိုကြ ဟစ်ကြ ကျက်ကြ မှတ်ကြ ။
သည်တုန်းက
ကိုမင်းသစ် သည် စူပါစတား ။
အခု လက်ရှိ ကဗျာဆရာ ။
အနုပညာ နယ်ပယ်သား တချို့ကို ထမင်း တင် ကျွေး ထားဖူးသည် ။ လေယာဉ်လက် မှတ် စီစဉ်ပြီး ပြင်ဦးလွင် သို့ လက်ဖက်သုပ် သွား စားဖူးသည် ။
အဲသည် ကိုမင်းသစ် နှင့် ကျွန်တော်တို့ ၁၉၈၃ ခုနှစ် မှာ ဆုံကြသည် ။
ဆုံကြသည့် နေရာ က ရန်ကုန်တက္ကသိုလ် ထဲ မှာ ။
သည်တုန်း က တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့် သူငယ်ချင်း တစ်ဦး ဖြစ်သူ ကိုဌေးသိန်း မှာ မြန်မာစာ နည်းပြ အဖြစ် ခန့်စာ ရသော နေ့ ၊ ကိုဌေးသိန်း မှာ အပျော်ကြီး ပျော် နေသည် ။ သူငယ်ချင်း တွေ ကို လည်း ငွေ မရှိ၍ မပြုစုနိုင် ။
“ နောက် နေ့ မှ ကိုယ် ပြုစု ပါ ရစေကွာ ”
သည်တုန်းမှာ ပဲ ကိုမင်းသစ် ဝင် လာသည် ။
“ ဒီမှာ ကိုဌေးသိန်း ၊ ခင်ဗျား ဒီနေ့ မပျော်ဘူးလား ”
“ ပျော်တာပေါ့ ဗျာ ”
“ အေး ... အဲဒီ ခံစားချက် ကို ရက်စွဲ ရွှေ့လို့ ရလား ”
အားလုံး ငြိမ်ကျ သွားကြသည် ။ ထိုနေ့ က ကိုမင်းသစ် ကောင်းမှု ဖြင့် ကျွန်တော်တို့ တစ်သိုက် အင်းလျားကန်ဟိုတယ် သို့ ရောက် သွားကြပါသည် ။ Chinese room ထဲ မှာ ကျွန်တော် နှင့် ကိုမင်းသစ် တို့ ကြား မှာ အရက် က တံတား ခင်း ပေးခဲ့ချေပြီ ။
••••• •••••• ••••• •••
သည့် နောက်ပိုင်း တွင် ကား ကျွန်တော် နှင့် ကိုမင်းသစ် တို့ သည် အရင်းနှီးဆုံး နှစ်ကာလ များ ကို ဖြတ်သန်း ဖြစ်ကြသည် ။ အဲသည် နှစ်ကာလများ ပေါ် က စာမျက်နှာ တချို့ မှာ ကိုမင်းသစ် ပုံရိပ် ကို ကျွန်တော် ပိုပြီး ဖတ် တတ်လာသည် ။
မူးယစ်ဝေသီ မင်းသစ် ၊ အနုပညာ မင်းသစ် ၊ ကျောင်းဆရာ မင်းသစ် ၊ လူမှုရေး မင်းသစ် စသော စရိုက်လက္ခဏာများ ဖြင့် ရှုပ်ပွ နေသော လူ တစ်ယောက် ။
••••• •••••• ••••• •••
မူးယစ်ဝေသီ မင်းသစ် ဟု ဆိုရလောက်အောင် ပင် ကိုမင်းသစ် တစ်ယောက် မူးပါယစ်ပါ ဝေသီပါသည် ။ နေရာ မရွေး ၊ လူ မရွေး ၊ အရက် မရွေး ၊ အချိန်အခါ မရွေး ။
တစ်ခါက ကျွန်တော်တို့ တစ်တွေ ကုက္ကိုင်း က ပြည့်ဝ မှာ သောက် ဖြစ်ကြသည် ။ ကိုမင်းသစ် တစ်ယောက် မဝ ဟု ဆိုကာ ကားငှား စီစဉ်သဖြင့် အင်းလျားလိတ်ဟိုတယ် သို့ ရောက်သည် ။ အင်းလျားလိတ် က ထွက်တော့ ကမာရွတ် ဘူတာရုံလမ်း ၊ မဝသေး ဟု ဆိုကာ သူ့ ခြံ ထဲ ခေါ်သွားပြီး ခြံ ထဲ မှာ ထွေးညို ခေါ် ၊ ကော်နီ ခေါ် တောအရက် နှင့် နိဂုံး ချုပ် စေသည် ။
သည်မျှ အထိ နေရာ မရွေးသူ ။ တစ်ခါ တစ်ခါ ဆရာတင်မိုး တို့ ဝိုင်း မှာ ကိုမင်းသစ် ကို တွေ့သည် ။ တစ်ခါတစ်ခါ ကိုခိုင်မာ ၊ တစ်ခါတစ်ခါ အညာ က မိတ်ဆွေတွေ ၊ တစ်ခါတစ်ခါ ။ တစ်ခါ တစ်ခါ ... လူ မရွေး ။
တစ်ခါ က လည်း ကိုမင်းသစ် နှင့် ကျွန်တော် တို့ တောအရက်ဆိုင်ကလေး တစ်ဆိုင် မှာ ဆုံ ဖြစ်ကြသည် ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် က တော့ တော ဆိုပြီး တွန့် သည် ။ ကိုမင်းသစ် က တော့ သည်လို မဟုတ် ။
အရက် ကို တစ်ခွက် မော့ ပြီး ပါးစပ်ကလေး က တပျတ်ပျတ် မြည် ကာ အရသာ ခံ ပြီး မှ ..
“ မောင်သာချို သောက် ကြည့်စမ်း ၊ ဒီ တောလေး က တစ်မျိုး ကောင်းတယ် ဟ ၊ တေ့စ် မဆိုးဘူး ၊ တော တောင် မထင်ရဘူး ... နော် ၊ သောက် ကြည့်စမ်း ၊ သောက် ကြည့်စမ်းပါ ၊ တေ့စ် ဘယ့်နှယ်လဲ " စသည်ဖြင့် တောဋီကာ အဖွဲ့ ကြောင့် ကျွန်တော် တို့ နွဲ့ခဲ့ဖူးသည် ။
တစ်ခါ က လည်း အင်းလျားလိတ် မှာ ထိုင် ဖြစ်ကြတော့ -
“ ကဲကွာ Something Special ပဲ သောက် ကြတာပေါ့ ၊ ဝီစကီ ပဲ ရှာ ဒီကောင် နိပ်တယ် ဟ မောင်သာချို ရ ”
ဘာ စပါယ်ရှယ် ၊ ညာ စပါယ်ရှယ် ဝီစကီတွေ ကို အမြင်ကတ်လို့ Something Special ဆိုပြီး ရွဲ့ထားတဲ့ ဝီစကီ အညွှန်း မှာ ကျွန်တော်တို့ လွမ်းဖူးသည် ။
ယမုံ က ရိုးရိုး စီးကရက်လေး ဘာလေး မပါဘူးလား မေးတော့ ကိုမင်းသစ် ဒေါသူပုန် ထ သည် ။
“ ဟ - ယမုံ ၊ ယူ သိပ် အောက် တာပဲကွာ ၊ ရိုးရိုး စီးကရက် က တောသူဌေး သောက်တာ ဟ ၊ ရော့ ”
ဟု ဆိုပြီး နိုင်ငံခြားဖြစ် စီးကရက် ကို ထုတ် တိုက်သည် ။ ပြီးတော့ မေး သေးသည် ။
“ အဲဒီ စီးကရက် ကို သောက် တော့ မောင်ရင့် စိတ် ထဲ ဘယ်လို ခံစားရလဲ ”
ယမုံ က ငေးငိုင်ပြီး စီးကရက် မီးခိုး ကို လည်း မှုတ် ထုတ်ပြီး ၊ ဟိုလူ သည်လူ လည်း ကြည့်ပြီး …
“ ဘာမှ မခံစားရပါဘူး ကိုမင်းသစ် ရာ ”
" အောက် သွားပြီ ယမုံ ၊ သိပ် အောက် သွားပြီ ၊ ဒီ စီးကရက် က ဖွာ လိုက်တာ နဲ့ ကိုယ့် ကိုယ် ကိုယ် အိမ်ရှေ့မင်းသား လို့ ထင်သွား ရတယ်ကွ ၊ နို့ မဟုတ်ရင် မောင်ရင် စီးကရက် မသောက်တတ်သေးလို့ ”
ကိုမင်းသစ် တဟားဟား ရယ်သည် ။ ဝီစကီ ကို တစ်ငုံ ငုံသည် ။ အရက် မရွေး သော ကိုမင်းသစ် ။
တစ်ခါ က တော့ ကိုမင်းသစ် တစ်ယောက် ကျွန်တော် နေထိုင်ရာ မြောက်ဥက္ကလာ သို့ အချိန်မတော် ပေါက်ချလာသည် ။ ညကြီးသန်းခေါင် အိပ်မောကျ နေသော ကျွန်တော် တို့ ကို တော်တော် နှင့် နှိုး မရ၍ အိမ်ရှေ့ မှာ ဆူညံ နေသည် ။
“ ဟေ့ မင်းသစ် က လူ ကို ခင်လို့ လာ တာကွ နားလည် လား ၊ အရက် သောက်ချင် လို့ လာ တာ မဟုတ်ဘူး ”
စသည်ဖြင့်
အိမ် ထဲ ရောက် လာတော့ ကြောင်အိမ် ပေါ် က ဆီပုလင်း ကို ရမ်ပုလင်း မှတ်ပြီး မော့ ချ ပါလေတော့သည် ။ ပြီး အရက် မရှိ ကောင်းလား ဟု ဒေါ တပွပွ ။ အချိန်အခါ မဲ့ ပေ တကား ။
•••••• •••••• ••••••
ကိုမင်းသစ် နှင့် ပတ်သက်၍ အနုပညာမင်းသစ် ဟု ဝိသေသန ပြု ရလောက်အောင် ပင် အနုပညာ ရှိကြောင်း ကျွန်တော် နားလည် သွားသည် ။ ဟို အရင် မိုးဝေခေတ် က အသံမှန် ဖြင့် ဖွဲ့ဆို သည့် သူ့ လေးချိုးကဗျာ တွေ ကျွန်တော် ဖတ် ဖူးသည် ။ နောက်တော့ “ အပျိုရှုပ်ထွေး ဗိုလ်ချုပ်ဈေး ” ၊ “ လန်ဒန် မိုးခါးရေ ” စသော ဝတ္ထုတိုများ ။ သည်ဘက်ပိုင်း မှာ ကျတော့ ချယ်ရီ က “ ခံစားသူကြီး ဝတ္ထု ” ၊ “ ကျန်စစ်သား နဲ့ တွေ့ချင်လိုက်တာ ” စသော ဝတ္ထုတွေ ထင်ရှားသည် ။
တစ်ခါက ကဗျာလောက ကို စော်ကား မော်ကား စကား ဆိုသော ဝေဖန်ရေး ဆရာ တစ်ဦး ကို ကိုမင်းသစ် က ဝတ္ထုရှည် ဖြင့် တုံ့ပြန်သည် ။ ပန် က “ ဘာလင်အိပ်မ က် ( ၁၉၈၈ ) " ။
သည် ဝတ္ထုရှည် နှင့် ပတ်သက်၍ ကျွန်တော်တို့ က သူ့ ကို လေးစားကြသည် ။ သူ က လည်း
" ဒီမယ် ၊ မင်းသစ် က မသေချာရင် ဘာမှ မလုပ်ဘူး မှတ် ပါ ၊ ရိုးရိုး မင်းသစ် မဟုတ်ဘူးကွ ၊ သည် မင်းသစ် ( The Min Thit ) ဒက်ဖနိတ်အာတီကယ် ( Definite Article ) သည် ကို နာမည် ရှေ့ မှာ ထည့် ထားတာ ”
စသည်ဖြင့် ...
တစ်ခါက အနုပညာ ငြင်းခုံပွဲ တစ်ခု မှာ ကိုမင်းသစ် ဝုန်းဒိုင်းကြဲ နေ တာ ကျွန်တော် တွေ့ ဖူးသည် ။ Existentialism နှင့် ပတ်သက်၍ ။
“ ဘာ အိပ်ဇစ် ( Exist ) လဲ ၊ အဲဒီ အိပ်ဇစ် ( Exist ) ကို မင်းသစ် လက် မခံဘူးကွ ၊ မင်းသစ် ဘယ်တော့ မှ လက်မခံဘူး ၊ အလကား ပညာတတ် အလေဏတောဝါဒ "
တစ်ခါက အရက်ဆိုင် တစ်ဆိုင် မှာ ပဲ စောဒေဝေါ က ကိုမင်းသစ် ၏ ကျူရှင် ကြော်ငြာ သော “ တစ်ကြိမ် ဆက်ဆံ ၊ မင်း လက်ခံ မှ ၊ ပုံမှန် အတိုင်း ၊ ဆက် တက်ပါ ” ဆိုသော ကဗျာ ကို ကျီစယ် နောက်ပြောင် ဖူးသည် ။ မူးယစ်ရီဝေ ကိုမင်းသစ် က ပေါက်ကွဲ ပါလေပြီ ။
“ ဟေ့ ဒေဝေါ ၊ မောင်ရင် သိပ် ငယ်သေးတယ် နော် ၊ သိပ် ငယ်သေးတယ် ၊ မင်းသစ် ကဗျာ ရေးတာ က ကြာပြီကွ ၊ ဒါ လှောင်စရာ မဟုတ်ဘူး ၊ အနုပညာ နဲ့ မိုင် ၂၀၀၀ လောက် ဝေး တဲ့ ကောင်တွေ က လှောင်လား ပြောင်လား နဲ့ ၊ ဒီမှာ မင်းသစ် အရှေ့တောင် အာရှ ပတ် လာတဲ့ ကောင် ကွ ရှင်းလား ၊ မင်းသစ် အရှေ့တောင်အာရှ ပတ် လာတဲ့ ကောင် ”
သည့် နောက်တွင် တော့ “ ဟေ့ - မောင်သာချို ၊ ပိုက်ဆံ တစ်ဆယ် လောက် ပေးစမ်းကွာ " ဟု ဆို ကာ အိမ် ပြန်တတ်မြဲ ။
•••••• ••••••• ••••••
ကိုမင်းသစ် နှင့် ပတ်သက်၍ ကျွန်တော် တို့ စိတ် ညစ်ရတာ တစ်ခု ရှိသည် ။ ယင်း မှာ စာသင်ခန်း အပြင်ဘက် နေရာတကာ တွင် သူ ၏ ကျောင်းဆရာ ဝိညာဉ် က လာရောက် ပူးကပ် နေ ခြင်းပါ တည်း ။ " ဒီမှာ မင်း ရှာ နေတဲ့ မင်းသစ် " ဟု ဆိုင်းဘုတ် ဆွဲ ထားသော ဆူးလေဘုရားလမ်း မှ ကျူရှင်ခန်း ၏ ပြင်ပ တွင် ပါ ဆရာ စကားတွေ နဲ့ ကိုမင်းသစ် နေထိုင်သည် ။
တစ်ခါ က သူ့ ကျူရှင်စာအုပ် ကိစ္စ တွေ ယမုံ့ ကို ရှင်းပြ နေသည် ။
“ ယမုံ ၊ ကိုယ့် ဘိုင်အိုစာအုပ် က တစ်အုပ် အစိတ် ကွ ၊ အဲတော့ နှစ်ဆယ့်ငါး လေးလီ ဘယ်လောက်လဲ ”
“ တစ်ရာ ...”
“ ဟုတ်ပြီ၊ အဲဒီ တစ်ရာ ကို မှတ်ထား ၊ ကိုယ် အုပ်ရေ ၃၀၀၀ လောက် ရိုက် ထားတယ်ကွာ ၊ အဲတော့ ၃၀၀၀ ကို လေး နဲ့ စား လိုက်စမ်း ၊ လေးခုနစ်လီ ကွာ ”
“ ၇၅၀ ပါ ဗျာ ”
“ ဟုတ်ပြီ ၊ အဲဒီ ၇၅၀ ကို ခုန ၁ဝဝ နဲ့ မြှောက် လိုက်တော့ ... ”
“ ခုနစ်သောင်း ငါးထောင် ”
ကျွန်တော့် မှာ မနေသာတော့ ။
“ ကိုမင်းသစ် ရာ ၊ ကိုယ့် ဘာသာ တွက်ပြီး ပြော လိုက်လည်း ရတဲ့ ဟာ ၊ အမေးအဖြေ လုပ် နေ ရသေးတယ် ”
ဟု ဝင်ပြော မှ ရယ်ကျဲကျဲ ။
ဒါလည်း သူ့ ညာဉ် မပျောက် ။
တစ်ခါက နယ် မှ ကဗျာဆရာ တစ်ယောက် ကို ချယ်ရီမဂ္ဂဇင်းတိုက် နေရာ ကို ညွှန်ပြ နေသည် ။ စာရွက် နှင့် ဘောလ်ပင် နှင့် ။
“ ဒါ ... အနော်ရထာလမ်းမကြီး မဟုတ်လား ၊ ဒါက အခု ကိုယ် တို့ ရပ်နေတဲ့ လမ်း ၊ ၃၃ လမ်း ၊ အဲတော့ ဒါ က ”
“ ၃၄ လမ်း ...”
“ ဟုတ်ပြီ ၊ ဒါက ...”
“ မဟာဗန္ဓုလလမ်း ”
“ ဟုတ်ပြီ ၊ ဒါ က ... ”
“ ၃၅ လမ်း ...”
“ အိုကေ ၊ ဒါက ...”
“ ၃၆ လမ်း ...”
“ ဟုတ်ပြီ ၊ ဒါက ... လမ်းကျယ်ကြီး နော် ”
“ ပန်းဆိုးတန်းလမ်း ...”
“ ဒါက ...”
“ ၃၇ လမ်း ...”
“ ဟုတ်ကပြီ ၊ ဒါကကော ”
“ ၃၈ လမ်း ...”
“ ဟုတ်ပါပြီ ၊ ဟော့ဒီမှာ လမ်းကျယ်ကြီး ”
" ဆိပ်ကမ်းသာလမ်း ...”
“ အိုကေ ... မောင်ရင် အပေါ်ဘလောက် ကို ကွေ့ လိုက် ၊ ဘယ်ဘက် မှာ လေးငါးဆယ်ခန်း အကျော် မှာ ချယ်ရီမဂ္ဂဇင်း လို့ ရေးထားတယ် ”
ဪ ... ဆိပ်ကမ်းသာလမ်း အပေါ်ဘလောက် ကို တစ်ခါတည်း တန်း ပြော လိုက်ပါလား ကိုမင်းသစ် ရယ် ။
မိလိန္ဒပဉ္စာ ဆန်လွန်းလှပေစွ ။
••••• ••••••• •••••• ••••••
ကိုမင်းသစ် သည် လူမှုရေးမင်းသစ် ဟု ဆိုရ လောက်အောင် လည်း သူ့ ကိစ္စ ကိုယ့် ကိစ္စများ ဖြင့် လုံးထွေးပတ်ချာ လိုက် နေသော သူ ဖြစ်သည် ။
တစ်ခါ ယမုံ ခါးရိုး ကျိုးပြီး ဆေးရုံ တက် နေခိုက် ဘီယာပုလင်းတွေ ၊ ပိုက်ဆံတွေ နှင့် ဆေးရုံ ပေါ် ကို ရောက် လာသည် ။ အစ်မ စမ်းစမ်းနွဲ့ ( သာယာဝတီ ) တို့ ပိုက်ဆံ အပြောင်းအလဲ ကိစ္စတွေ မှာ ဒုက္ခ ရောက် သည် ကြားတော့ စားသောက်စရာ တစ်ပွေ့တစ်ပိုက် နှင့် ရန်ကင်း တိုက်ခန်း ပေါ် သို့ ကိုမင်းသစ် အပြေး တက်လာသည် ။
သူ့ အိမ် မှာ အနုပညာ လောကသား တွေ ဝင်လာမစဲ တသဲသဲ ။ ပျဉ်းမနား က အစ်ကို မောင်သင်းခိုင် ၊ ကိုဇော် ( ပျဉ်းမနား ) အစ မအူပင် က မြတ်လှိုင်း အဆုံး တည်းကြ ခိုကြ စားကြ သောက်ကြ ၊ ရုပ်ရှင် အစ်ကိုကြီး ကိုမြတ်လေး ၊ ဆရာ လယ်တွင်းသား စောချစ် ၊ သူရိန်ကိုကို ၊ ကိုရန်ပိုင် ၊ ကိုချစ်ဦးညို စသည် ။
နယ် က မိတ်ဆွေ တွေ အပြန် မှာ လမ်းစရိတ် ရှာ ပေး လိုက်ရသေးသည် ။ မိသားစု အတွက် ကမ်းလှမ်း လိုက်ရသေးသည် ။
ကိုမင်းသစ်မှာ ကား ခြံကျယ်ကျယ်ကြီး နဲ့ တဲ တစ်လုံး ။ သားတွေ သမီးတွေ လေးငါးယောက် ။ ကျွန်တော် က သူ့ ဇနီး မရှယ်လီ ( ယခင် မြန်မာ့အသံ အင်္ဂလိပ်ပိုင်း အစီအစဉ် ) ကို အားနာသည် ။
“ ကိုမင်းသစ် ၊ နည်းနည်းပါးပါး လည်း စုပါ ဆောင်းပါ ကိုမင်းသစ် ရာ ။ ကိုမင်းသစ် အခု သုံး နေတာ တစ်နေ့ နှစ်ရာ ပတ်ဝန်းကျင် ရှိမယ် ထင်တယ် ။ ရွှေလေးဘာလေး လုပ် ထားပါလား ။ ခင်ဗျား မှာ နာရီကောင်းကောင်း တစ်လုံး တောင် မရှိဘူး ”
“ တော်စမ်းပါ မောင်သာချို ရာ ၊ ကိုယ့် ကိုယ်ခန္ဓာ ပေါ် မှာ ဘာ သတ္တုပစ္စည်း မှ မတင်ဘူး ရှင်းလား ”
ကိုမင်းသစ် ကား ပြောမရ ဆိုမရ ။
••••• •••••• ••••• ••••••
အခုတော့ ကိုမင်းသစ် နှင့် ကျွန်တော် မတွေ့တာ ကြာပြီ ။ သူ့ ခြံ ထဲ မှာ ကျင်းပနေကျ အနောက်တိုင်း ဆန် သော ဟက်ပီးနယူးယီးယား ကို လည်း ကျွန်တော် မသွားဖြစ် ။ သူ့ ကျူရှင် က လည်း ပိတ်ထားဆဲ ။ ၃၃ လမ်းတစ်ဝိုက် ကို လည်း သူ ရောက် မလာ ။ သူ အယ်ဒီတာ လုပ်မည် ဆိုသော ကောင်းကင်သစ် မဂ္ဂဇင်း လည်း မလုပ်ဖြစ်တော့ ။
ကိုမင်းသစ် ဘာလဲ ဘယ်လဲ ။
◾ မောင်သာချို
📖 အိပ်မက်ဖူးမဂ္ဂဇင်း
အမှတ် ၃ ၊ ၁၉၈၉ ။
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment