❝ အချစ် တစ္ဆေ ❞
“ ကိုယ် တော့ ကမ္ဘာလောကကြီး မှာ ကိုယ့် ထက် ပျော်တဲ့ သူ ရှိမယ်တောင် မထင်ပါဘူးနော် ... နော် ... မြင့် ရာ ”
ခင်မောင် သည် ပြုံးရွှင်ကျေနပ်သော အမူအရာ နှင့် ချစ်သူ မြင့်မြင့်ကြည် ၏ မျက်နှာ ကို ကြည့်ကာ ပြော လိုက်ရာ ဆံပင် ကို ပြင်၍ ထုံး နေသော မြင့်မြင့်ကြည် သည် ..
“ ပျော်တာ က ကိစ္စ မရှိဘူး ၊ ခမည်းတော်ကြီး အစွဲ ကို ဘယ်လို ချွတ်ရမလဲ ”
“ မေမေ တစ်ယောက် လည်း ကိုကို လာ ကတည်း က ဟိုဘက် တဲ ဆီ ဆိုပြီး ထွက် သွားလိုက်တာ ခုထက် ထိ ပေါ် မလာသေးဘူး ”
“ မားသားကြီး က တော့ ကိုယ့် ဘက် က ဆရာ ၊ ဒီတော့ လူထု ဆန္ဒအတိုင်း များရာ သဘော တူရမယ် ဆိုရင် ၊ ကိုယ် က တစ်မဲ ၊ မားသားကြီး က တစ်မဲ ၊ မြင့် က တစ်မဲ ၊ သုံးမဲ ရ နေပြီ ၊ အုံးအင်ကြီး တစ်မဲ တည်း ဆိုတော့ ကိုယ်တို့ နိုင်ပြီး သူ ရှုံးတော့ မှာ အမှန်ပဲ ”
“ ဆိုရှယ်ဒီမိုကရက်တစ် အိုင်ဒီယာ နဲ့ ဖားသားကြီး ကို ရ မှာလည်း မဟုတ်ဘူး ၊ သူ ကျေနပ်တဲ့ ဟာ ၊ သူ နှစ်သက်တာ တစ်ခုခု လုပ် ပြရလိမ့်မယ်“
“ စစ်ဗိုလ် လူထွက်ကြီး ဆိုတော့ လူသ -တ် ပြရမှာလား ”
“ အို... ဒီလိုလဲ ဘယ်ဟုတ်မလဲ ကိုကို ရဲ့ ၊ သူ ကျေနပ်မှု တစ်ခုခုပေါ့ ”
“ သူ တစ်သက်လုံး မြင့် ကို အပျိုကြီး ဘဝ နဲ့ ထားမယ် မထင်ပါဘူး ”
“ ဒါတော့ ဒါပေါ့လေ ၊ နို့ပေမယ့် စစ်ဗိုလ်အစ ၊ စစ်သားအဆုံး အဲသလို ရဲဘော်တစ်ဦးဦး နဲ့ မှ သဘောတူ မှာပဲ ။ လေသံ လည်း ခဏခဏ ပစ်တယ် ”
“ ဒါဖြင့် ကိုယ်တို့ လုပ်ခဲ့တာတွေ ကို ပဲ သတင်းစာ ထဲက ကြော်ငြာ ပြတော့မှ မိန်းမ တစ်ယောက် ရ ရတော့မလို ဖြစ်နေပါပကော မြင့် ရယ် ”
ထိုအခါ၌ မြင့်မြင့်ကြည် သည် အတော် စိတ်မကောင်း ဖြစ်ရှာ၏ ။ ခင်မောင် သည် တော်လှန်ရေး အတွက် အတွင်း က နေ၍ သက်စွန့်ကြိုးပမ်း ဆောင်ရွက်လာခဲ့သည် ကို မြင့် သိ၏ ။ သတင်း ထောက်လှမ်းရာ ၌ လက်နက် တစ်စုံတစ်ရာ မပါရ ၊ လက်နက် အပြည့်အစုံ နှင့် ရှိသော ရန်သူ အနီးသို့ ချဉ်းကပ် သွားရ၏ ။ တစ်ခါတစ်ရံ ရန်သူ ၏ မိတ်ဆွေ ကဲ့ သို့ ရောနှော ပေါင်းရ၏ ။ အကယ်၍ ရန်သူ အထင် မှား က အသက် လွတ်မည် မဟုတ် ။ ထို့အတူ ရန်သူ နှင့် ဟန်ဆောင် ရောနှောခိုက် မဟာမိတ်စစ်ဘက် က မယုံလျှင် လည်း အသက် ရှည်ဖွယ်ရာ မရှိ ၊ တစ်ခါတစ်ရံ ရန်သူ ၂ - စခန်း ၊ ၃ - စခန်း နှင့် ကင်းလွတ်အောင် ကွေ့ရှောင် လာရသည်မှာလည်း ထမင်းမွတ် ၊ ရေသိပ် နှင့် သက်သာသော အလုပ် မဟုတ် ။ ခြေဖဝါး သွေးခြည် ဥသည် အထိ ခံစားရ၏ ။ သို့စဉ်မျှ ချစ်သူ သည် သူ့ တိုင်းပြည် အတွက် တာဝန် ကျေပွန်ခဲ့လျက် ဖခင်ကြီး အတွက် အခက်ကြုံ ရလေခြင်း ဟု မျက်နှာကလေး ညှိုးနွမ်း သွားရှာ၏ ။
“ မြင့် ဘာဖြစ် သွားတာလဲ ဟင် ၊ မျက်နှာကလေး ညို လို့ ”
“ ကိုကို ဘယ်လို ဆောင်ရွက်ခဲ့တာ သိတော့ မြင့် စိတ် မကောင်းတာပေါ့ ၊ မြင့် လည်း စွန့်ရဲပါတယ် ၊ ဒါပေမဲ့ ဖေဖေ က တဇောက်ကန်း မို့ ငါ့ စကား နား မထောင်ရင် ဒင်းတို့ ကို အကုန် သ -တ် ၊ ငါ့ ကိုယ်လည်း ငါ သ -တ်ေ သ မယ် ဆိုတဲ့ လူစား ကိုကို ရဲ့ ”
“ ဟယ် ... ဟဲ့ ဟဲ့ တော်ပါပေ့ဗျ ”
အသံသြကြီး တစ်ခု ( ၄ ) တောင် ခွာ မှ ကြားလိုက်ရခြင်း သည် ချစ်သူ နှစ်ဦး ၏ ချစ် အရသာ ကို ပျက်ပြားစေတော့၏ ။ အသက် ( ၄၀ ) ကျော်ခန့် ကာကီဘောင်းဘီရှည် ၊ ကာကီရှပ် ၊ ရှူးဖိနပ် - ဖော့ဦးထုပ် နှင့် လူကြီးတစ်ယောက် သည် ပြောရင်းဆိုရင်း ရှေ့သို့ တိုး လာ ကာ လူငယ် ၏ လည်ကုပ် ကို ဖမ်းဆွဲလေ၏ ။ လူငယ် က ခေါင်းပု ရှောင် လိုက်သဖြင့် လက် ချော်သွားစဉ် မြင့်မြင့်ကြည် က ...
“ အို ... ဖေဖေ က လဲ လက် လွန်ကုန်ပါ့မယ် ၊ မြင့် ရှင်း ပြပါ့မယ် ”
“ အံမာ ဘာ လက်လွန်ရမှာလဲ ၊ အရပ် ( ၅ ) ပေ ( ၄ ) လက်မ ၊ ရင် လက်မ ( ၃၀ ) လောက် ရှိတဲ့ ကောင်လေး နဲ့ ဖက် ရန်ဖြစ်ရင် ဖေဖေ အရူး ဖြစ်မှာပေါ့ ”
“ ခင်ဗျား ကျွန်တော့် မစော်ကားနဲ့ ။ ဒီလို ပုသေးတာ ဟာ ကျွန်တော့် အပြစ် မဟုတ်ဘူး ၊ ကျွန်တော့် မိဘ ရဲ့ အပြစ် ဗျ ”
ခင်မောင်မောင် သည် အေးအေးဆေးဆေး သူငယ်ချင်း ပြော သလို ပြော လိုက်ရာ လူကြီး သည် ဒေါသ ထွက်လာဟန် နှင့် .…
“ တော်ပါကွာ ၊ ဟေ့ ခင်မောင်မောင် ငါ့ ယာခင်း မှာ အစစ ကူညီတဲ့ အတွက်တော့ ကျေးဇူး တင်ပါတယ် ၊ ဒါပေမယ့် ကနေ့ က စပြီး နောက်ထပ် မလာဖို့ ပြော လိုတယ် ”
“ ကျွန်တော် တတ်တဲ့ လောကဓာတ်ပညာ ကျေးဇူး ဆိုပါတော့ ဟုတ်လား ဦး ၊ ဘဲ ကြက် မွေးမြူရေး လုပ်ငန်း ၊ သစ်ပင် ပန်းပင် လောကဓာတ်နည်း နဲ့ ဖြစ်ထွန်းအောင် ကြိုးစားခဲ့တာတွေဟာ အမှန် က တော့ ဦး ကြောင့် မဟုတ်ဘူး ၊ ဦး သမီး ချစ် လို့ အပင်ပန်း ခံ လုပ်ပေးခဲ့တာ ”
“ အေး ဒါဖြင့် ငါ နဲ့ မှ မဆိုင်ဘဲ ငါ့ အိမ် ထွက် ၊ ငါ ဘာမဆို လုပ်ရဲတဲ့ အကောင် သိလား ၊ စစ်မြေပြင် မှာ နာမည် ရတယ် ဆိုတာ ဘာကြောင့်လဲ ”
“ ကိုယ် သတ္တိ ရှိတာတွေ ခင်မောင်မောင် သိပါတယ် ၊ စဉ်းစဉ်းစားစား လုပ်ပါ ”
“ ဖေဖေ့ သတ္တိ ထဲ မှာ တစ္ဆေ ကြောက်တတ်တာ တစ်ခု ခြွင်းချက်ထားပါ“
မြင့်မြင့်ကြည် သည် ဝင်၍ စွက် လိုက်ရာ စကား ပြောမိလျှင် မှားမှား မှန်မှန် နောက်ဆုတ်လေ့ မရှိသော ဦးဖေကြည် သည် အလျှော့ မပေးလိုသော အမူအရာ နှင့်
“ ဘာ တစ္ဆေ ၊ စစ်မြေပြင် ရင်ဆိုင်တိုက်လာတဲ့ လူ က တစ္ဆေ ကြောက် ရမလား ”
“ ဒါဖြင့် ဦး ဆိုလိုတဲ့ အဓိပ္ပာယ် က ဦး သမီး ကို စစ်သား နဲ့ မှ သဘောတူတယ် ဆိုတာ စစ်သား မှ သတ္တိ ရှိတယ် ထင်လို့လား ”
“ အပ္ပက အားဖြင့် မဆိုလိုဘူး ၊ ယေဘူယျ အားဖြင့် စစ်သား မှ သတ္တိ ရှိတာ ”
“ ကျွန်တော် ဟာ ဦး ရဲ့ အမိန့်အတိုင်း ဦး ရဲ့ အိမ် က အခုပဲ သွားပါတော့မယ် ၊ သို့သော် ဦး ရဲ့ စကားအတိုင်း အနည်းငယ် အစီရင်ခံပါရစေ ၊ ဒီ တဲ က သွားမယ်ဆိုရင် တစ်မိုင် လောက် သွားရမယ့် ပြည်လမ်း က ဝင်းခြံ နဲ့ တိုက်ကြီး ကို ဦး သိမှာပေါ့ ”
“ အေး သိတာပေါ့ ။ တစ္ဆေ အလွန် ခြောက်တယ်လို့ ကျော် နေတဲ့ဟာပဲ ”
“ ဒီတော့ ဦး လည်း သတ္တိ ရှိတဲ့ ပုဂ္ဂိုလ် တစ်ဦးပဲ ၊ နို့ပေမယ့် တစ်ခုတော့ ရှိတယ် ၊ ကျွန်တော့် အသက် ( ၂၅ ) နှစ် အတွင်း တွေ့ဖူးတာကတော့ တစ္ဆေ ကြောက်တတ်တဲ့ သူ ဟာ လူ တော့ သ -တ်ရဲတယ် ၊ တစ္ဆေ မကြောက်တတ်တဲ့ သူ ဟာ လူတော့ မသ -တ်ရဲဘူး ၊ နှစ်မျိုးစလုံး ရဲတဲ့ လူလည်း ရှိသပေါ့ ”
“ ကျုပ် စကားပို သိပ် မပြောဘူး ”
“ ဒီလိုဆိုရင် နက်ဖြန် ဗုဒ္ဓဟူးနေ့ မဟုတ်လား ၊ ည ( ၁၂ ) နာရီ က ( ၃ ) နာရီ အတွင်း ဦး နဲ့ ကျွန်တော် အတူတူ သွား နေကြည့်ရအောင် ၊ ကြောက် တဲ့ သူ ဟာ အရှုံး ပေါ့ ”
“ စိန်လိုက် ၊ ဦး က ဒီလို သတ္တိခဲ ကို ရှာတာ ၊ မလာရဲလို့ ပျက်ကွက်ရင် ဘယ့်နှယ်လဲ ”
“ ကျွန်တော် မလာရဲရင် ဦး က သ -တ်ပေါ့ ၊ ဦး က မလာရဲရင် ကျွန်တော် ဘယ်လိုမှ မလုပ်ပါဘူး ၊ သူရဲဘော ကြောင်တဲ့ တစ္ဆေကြောက်ကြီး လို့ မှတ်ရမှာပဲ ၊ ဒီ အပြိုင်အဆိုင် လုပ်လို့ ကျွန်တော် နိုင်တောင် ဦး ရဲ့ သမီး နဲ့ သဘော တူဖို့ ဆိုတဲ့ အခွင့်အရေး မဆိုပါဘူး ”
“ စိန်လိုက်ဆိုကွယ် ၊ စစ်မြေပြင် အပွဲပွဲနွှဲလာတဲ့ သူ ပဲဟာ ”
“ ကိုဖေကြည် ဟုတ်မှလည်း လုပ်ပါနော် ” ( ဓာတ်သိ ဒေါ်မြင့်ရွှေ က ထောက် ပြောသည် ။ )
“ မင်း က ငါ့ ကို အရင်ကလို တစ္ဆေ ကြောက်တတ်တဲ့ ဖေကြည် မှတ်လား အလောင်းတွေ နင်းပြီး စစ်တိုက်လာတာကွ“
“ အဲဒီ တိုက်ကြီး ကို ကျွန်တော် တစ်ည သွား ကြည့်ပြီးပြီ ကျွန်တော် ကတော့ မတိုက်ဆိုင် လို့လား မပြောတတ် ။ ဘာ တစ္ဆေ မှ မတွေ့ခဲ့ပါဘူး ၊ လမ်းဘက် က လှည့် ဝင်တော့ ဆင်ဝင်အောက် ရောက် လှေကား က အတွင်းဘက် မှာ အခန်းကျယ် ( ၂ ) ခန်း ရှိတယ် ၊ ကျွန်တော် အတွင်းခန်း က နေမယ် ၊ ဦး အပြင်ခန်း ကနေ ခွေး ရိုက်ဖို့ ကြိမ်လုံးလောက် ကိုင် ၊ ဒီပြင် လက်နက် မကိုင်စတမ်း ၊ ဒါမှ ပကတိ သတ္တိ ကို သိကြမယ် ”
“ အေး စိန်လိုက် ” ( ဦးဖေကြည် ၏ အသံ အနည်းငယ် ပျော့ သွားသည် ။ )
“ ဒီကိစ္စ မှာ စွန့်စားမှု ( ၂ ) ခု ရှိတယ် ။ တစ်ခု က တစ္ဆေ နဲ့ တွေ့ဖို့ ၊ ဒိပြင် တစ်ခု က ကားဖြူး ( နေဝင်မီးငြိမ်း ) အော်ဒါသမားတွေ နဲ့ လွတ်ဖို့ ”
“ လုပ်ရင် အကုန် လုပ်ရဲရမှာပေါ့ကွယ် ”
ဦးဖေကြည် သည် ခင်မောင်မောင် အား ပညာဗဟုသုတ နှင့် ပတ်သက်၍ မူ အထင် မသေးချေ ။ ထို့ကြောင့် သူ ကတိ ထားလိုက်သည့် အတိုင်း မလုပ်ရဲလျှင် ၊ ထို လူရွယ် ၏ လက်ရာ ဖြင့် စာနယ်ဇင်းများ တွင် မည်မျှ အကလိ ခံရမည်ကို တွေး ရှက်နေ၏ ။ နောက် တစ်နေ့ ည တွင် အရက် ပို သောက်၍ စောစော အိပ်၏ ။ ည ( ၁ ) နာရီ မတ်တင်း တွင် အိပ်ရာ က နိုးသော အခါ လူးလဲ ထ၏ ။ သူ သည် ရှေး က ကျောင်းဆရာ စိတ် မဟုတ် ။ အရက် သောက်၏ ။ စားချင်သော ခြံဖြစ် ဘဲကြက် ကို လည်း တပည့်တွေ အစီရင်ခိုင်း၍ ချက်စား၏ ။ ထို ည မူ ငါးပါးသီလ ပင် ရှိခိုး၏ ။ ဒေါ်မြင့်ရွှေ ကား သူတော်ကောင်းမကြီး ဖြစ်၏ ။ ည ဘုရား ဝတ် မပျက် ။ ဒေါ်မြင့်ရွှေ ဘုရား ဝတ်ပြုစဉ် ပခုံးတင်လေ့ ရှိသော ကတ္တီပါတဘက် ကို လည်ပင်း တွင် ပတ် လိုက်၏ ။ ထို တဘက် သည် တန်ခိုး ရှိမည် ဟု ယုံကြည်ဟန် တူ၏ ။ ခရီး ထွက်ခါနီး ရဲဆေး တင်ရန် အရက်သောက်ရ ကောင်းမလား ဟု စဉ်းစားပြန်၏ ။ စောစောက ငါးပါးသီလ နှင့် တဘက် ကို သတိရ၍ မသောက်ရဲ ။ ထို့နောက် လက်ဆွဲမှန်အိမ် အသေးစား ကို မီးမှိန်ထွန်း ပြီး လျှင် စက္ကူညို ပတ်ကာ တဲကြီး မှ ထွက်ခွာခဲ့လေ၏ ။
ထို ည ကား လဆုတ် ( ၁၂ ) ရက် နေ့ ည ဖြစ်၏ ။ လွင်တီးခေါင် တွင် မူ ထိုမျှ မှောင်မည်း မဟုတ်သော်လည်း သစ်ပင် အုပ်ဆိုင်း ၊ ချုံပုတ် ထူထပ်သော နေရာ ဖြစ်သဖြင့် အချို့နေရာ ၌ လမ်း ကိုပင် မမြင်ရအောင် ဖြစ်၍ နေ၏ ။ တိုက်တာဝင်းခြံ ကျိုးတိုးကျဲတဲ ရှိသော်လည်း မီးရောင် ဟူ၍ ဘယ် ပြတင်းက မှ မထွက် ။ ပရစ် အော်သံ သည် ဆိတ်ငြိမ်ခြင်း ကို တိုးတက် သက်သေခံသကဲ့သို့ ဖြစ်နေ၏ ။
ဆိတ်ငြိမ်ခြင်း နှင့် မှောင်မဲ ၍ အဖော် ကင်းမဲ့ကာ ကိုယ် တည်း နေရခြင်း သည် လူ ၏ ကြောက်စိတ် ကို ဖြစ် စေတတ်၏ ။ ငယ်ငယ်ကပင် ကလေး အငိုတိတ်အောင် တစ္ဆေကြီး ၊ သူရဲကြီး နှင့် အခြောက် ခံခဲ့ရသော ဦးဖေကြည် သည် အသက် ( ၄၀ ) တိုင် အောင် အမြဲ ကြောက်ရွံ့ နေသည် မှာ အံ့သြဖွယ်ရာ မဟုတ် ။ ထိုကဲ့သို့ ကြောက်စိတ် ဝင်ခိုက် သူ ဖတ်ဖူးသော တစ္ဆေပုံပြင် ၊ စုန်းကဝေ မှတ်တမ်း ၊ မှော်ဆရာ မှတ်တမ်း စသည်တို့ ထဲမှ ကြောက်မက်ဖွယ်ရာများ ပေါ်လာသော အခါ ဟယ် မသွားတော့ပါဘူး ဟု ခြေလှမ်း တုံ့ မိ၏ ။ လုပ်မည်ဆို လုပ်ရမည် ဟူသော စစ်ဝါဒ သည် သူ့ တွင် ကိန်းအောင်း နေ၏ ။ သမီး လိုချင်သူကလေး ၏ လှောင်ပြုံး ပြောဆိုမည့် အမူအရာ စကားသံ ကို ကြားယောင်နေ၏ ။
ထို့ကြောင့် ကြောက်ကြောက် နှင့် ခပ်သွက်သွက် ဇွတ် တိုးသွား၏ ။ တစ်မိုင် ခရီး ကို ( ၁၅ ) မိနစ် မပြည့်ခင်ပင် ချိန်းဆိုသော ခြံတံခါး သို့ ရောက်ရှိသွား၏ ။ သူ သည် အတွင်း ဘက် သို့ လှမ်း ကြည့်၏ ။ ခြုံပိတ်ပေါင်း ထူထပ်လျက် ဗုံးဆံ အချို့ ထိထားသော တိုက်ကြီးမျှ ဖြစ်ရာ တိုက်ကြီး ကပင် သူ့အား ဖြဲ စားတော့မည် ကဲ့ သို့ ထင်မှတ် နေ၏ ။ အလွန် ရှည်လျားသော လက်တံကြီး တစ်ခု သည် တိုက် ထဲက ထွက်ပေါ်လာကာ သူ့ အား ဆွဲခေါ်လေမည်လား ဟု တွေးရွံ့နေ၏ ။ သူ ပင်လျှင် ဤမျှ ကြောက်ရွံ့ နေလျှင် ဤ ကောင်လေး ချိန်းဆိုထားသည့် အတိုင်း မုချ လာဝံ့မည် မဟုတ် ဟု ထင်မှတ်နေ၏ ။
သို့ရာတွင် ချိန်းဆိုသည့် အတိုင်း လုပ်ရမည် မှာ သူ့ ဝတ္တရား ပင် ဖြစ်ရကား တဖြည်းဖြည်း ခြံ ထဲ သို့ ဝင်ခဲ့၏ ။ ဆင်ဝင် အောက်သို့ ရောက် လျှင် မီးမှိန်ထားသော မှန်အိမ်ကလေး ၏ မီးစာ ကို မြှင့်တင်လိုက်၏ ။ အလင်း ၏ တန်ဖိုး သည် အမှောင် တွင် ပိုမို သိရသည့်အတိုင်း စက္ကူညို ကာ ထားလျက် ပင် ( ၄ - ၅ ) တောင် ပတ်လည် ကို ကောင်းစွာ မြင်ရ၏ ။ သူ သည် အရဲ စွန့်ကာ လှေကား ဆီ သို့ တိုးလာ၏ ။ ထိုအခိုက် တစ်စုံတစ်ခု သည် သူ ၏ ဇက်ပိုး ကို ဖြတ်ခနဲ မြည်အောင် ရိုက်လိုက်ရာ “ အမယ်လေးဗျ ” ဟု အော်ပြီး လန့် ခုန် လိုက်၏ ။ ထိုအတွင်း မီးရောင်တွင် လင်းနို့များ ပျံနေကြသည်ကိုမြင်မှ ၊ မိမိ သူရဲဘော ကြောင်မိသည် ကို သတိရကာ “ ....… ….… .... ” ဟု အသံ ထွက်သွား၏ ။
ဦးဖေကြည် သည် တိုက် အပေါ် ထပ် သို့ ရောက်လျှင် သူ့ အဖို့ သတ်မှတ်ထားသော အခန်း ထဲ သို့ ရောက်သွား၏ ။ ငါ မလန့်ဘူး ၊ တစ်ခုခု အသံ ကြားလျှင် လင်းနို့ ဖြစ်မှာဘဲ ဟု စိတ်တင်း နေ၏ ။ နာရီဝက်ခန့် နေသော် လည်း ထူးခြားချက် တစ်ခု မျှ မတွေ့ ။ သို့ရာတွင် သူ့ ခေါင်းပေါ် မှ ကျစ်ကျစ် ဟု အသံ ကြားနေပြီ ဖြစ်၏ ။ သူ မော့ မကြည့်ဘဲ မနေနိုင် ။ မော့ ကြည့်၏ ။ မီးရောင် သည် အပေါ်သို့ မထွက်သဖြင့် ဘာမျှ မမြင်ရ ၊ ကျိကျိ အသံ သာ ကြား ရဆဲ ။ ထို့နောက် တစ်စုံတစ်ခု သူ့ ခေါင်းပေါ် က ဝဲပြီး ပျံ သွား သည် ကို သိ လိုက်၏ ။ ကြက်သီး ဖျန်းခနဲ ထသွား၏ ။ တစ်ဖန် သူ ၏ ကျော ဘက်မှ တကျိကျိ အသံ ကြားရသဖြင့် လှည့် ကြည့်ရာ ၊ ပကတိ လူ ၏ လေးဆ လောက် ရှိ၍ မျောက် ဟုလည်း မပြောနိုင် ၊ အမွှေးအမျှင်ထူထူ နှင့် သဏ္ဍာန် တစ်ခု မြင်ရ၏ ။
“ ခင်မောင်မောင် ... ခင်မောင်မောင် ..... ခင်မောင်မောင် ...”
ဦးဖေကြည် သည် အသံ ကုန် ဟစ်အော် လိုက်၏ ။ တစ်ဘက် က ဘာသံမျှ မကြားရ ။ လူ့ သဘော ကား ကြောက်သော အရာ မှ ထပ် ကြည့် လိုသည့် အတိုင်း ကြည့် ပြန်ရာ ထိုအရာ သည် လက် ချထားရာ မှ လက် မြှောက်ပြီး သူ့ ဆီသို့ တိုး လာရာ ၊ ဦးဖေကြည် ဟန် မဆောင်နိုင်တော့ ၊ မီးအိမ်ကလေး ဆွဲ ကာ ဆင်း ပြေး တော့လေ၏ ။ မည်မျှ အပြေး မြန်သနည်း ဟူမူ ( ၁၀ ) မိနစ်ခန့် နှင့် တဲ ခြံပေါက်သို့ ရောက်ရှိလာလေ၏ ။
တဲပေါက် ရောက် မှ သူ အမောတကော ပြေး လာရသည် ကို သမီး နှင့် မယား ရိပ်မိမည် စိုး၍ ခဏ အနားပြီး တဲ ဆီသို့ ရောက် လာ၏ ။ သားအမိ နှစ်ဦး မှာလည်း ထွက်သွားကတည်းက စိုးရိမ်စွာ စောင့်မျှော်နေရာ ပြန်လာသည် ကို တွေ့ ရ မှ စိတ် အေးသွားကြ၏ ။
“ အလကား ကောင်ကလေးပါ ။ သတ္တိ မရှိပါဘူး ၊ သက်သက် ငါ့ တစ်ပတ် ရိုက်တာ ”
“ ကိုကိုခင်မောင် သတ္တိ မသေးဘူးနော် ဖေဖေ ။ သူ ညာမယ် မထင်ဘူး ”
ထိုအခိုက် ဖိနပ်သံ ကြားသဖြင့် စောင့်နေကြရာ ခင်မောင်မောင် ရောက်ရှိလာ၏ ။ ထွန်းထားသော ကြည့်မှန်အိမ် အကြီးစား မှာ အတော် လင်း၏ ။ ခင်မောင်မောင် ၏ လည်ပင်း တွင် ဒေါ်မြင့်ရွှေ ၏ ကတ္တီပါတဘက် ပတ် ထား၏ ။ ထို တဘက် မြင်သည် နှင့် တစ်ပြိုင်နက် ဦးဖေကြည် မျက်နှာ ပျက် သွား၏ ။ ထို တဘက် မှာ တိုက် အပေါ်ထပ် သို့ ရောက်စဉ်က လင်းနို့ ရိုက် ရန် သူ့ ရှေ့ မှန်အိမ် အနီး ချ ထား၏ ။ ကြောက်ကြောက်ရွံ့ရွံ့ နှင့် ဆင်း ပြေး ခဲ့သော အခါ တဘက် ကို သတိ မရခဲ့ ။ သို့ဖြစ်လျှင် ခင်မောင်မောင် သည် အပေါ်တွင် ရှိရမည် ။ လင်းနို့ တိုး ၍ လန့် အော်မိပုံ ။ ခင်မောင်မောင် ဟု သုံးကြိမ် အော် ခေါ်မိပုံ တို့ ပါ သူ သိမည်ဟု ။
“ ပြောစရာ မနက်မှ ပြောကြစို့ ” ဟု ဆိုကာ အိပ်ခန်း သို့ ဝင် သွားလေ၏ ။ ဒေါ်မြင့်ရွှေ လည်း ခင်ပွန်းသည် ၏ မျက်နှာ အတော်ကလေး ကျ လာသည် ဟု ထင်သဖြင့် ထက်ကြပ် လိုက်သွား၏ ။ မြင့်မြင့်ကြည် က ခင်မောင်မောင် ကို ကြည့် ကာ ...
“ တစ္ဆေ ခြောက်တယ် ဆိုတာ အဟုတ်ပဲလား ကိုကို ရဲ့ ”
“ မဟုတ်တာ မြင့် ရယ် ၊ တစ္ဆေ ဆို တာ မှ မရှိဘဲ ။ ဘယ်က တစ္ဆေ ခြောက်တယ် ဆိုတာ ရှိမလဲ ၊ ဒီ တိုက်ကြီး က ဒီလို ။ ပထမ ဖဲသမားတွေ က ပုလိပ် ရန် က လွတ်အောင် ည ည ကျ ရင် အဲဒီ တိုက် ဖဲ လာ ရိုက် ရော ၊ အရက်သမား က လည်း ပုလိပ် အလာ နည်းတဲ့ နေရာ ရှာ နေတာ ၊ ဒီ တိုက် တွေ့ တော့ အရုပ်ကြီး တစ်ခု အမြင် မကောင်း အောင် လုပ် ၊ တစ်ယောက် က မီး ဝင် မှုတ် ၊ ဆင်း အပြေး ဒီ အရုပ်ကြီး နဲ့ လိုက် ခြောက် နဲ့ တကယ် တစ္ဆေ ခြောက် သလို ဖြစ် နေတာပေါ့ ။ မိတ်ဆွေ တစ်ယောက် ဆီ က ဒီ အကြောင်း သိ တာ နဲ့ ကိုကို ကြံ လိုက်တာပဲ ။ အဘိုးကြီး တော့ သနားပါတယ် ။ အတော် ကို ကြောက် သွား ရှာတယ် ၊ ကဲ ကိုယ် တို့လည်း သေချာ လောက် ရောပေါ့ ”
“ ဟင်း ... ဒီလို စမ်းတာဟာ နိုင်တောင် သမီး ပေးရမယ်လို့ မဆိုပါဘူး ”
◾မဟာဆွေ
📖 သွေးသောက်မဂ္ဂဇင်း
၁၉၄၅ - ခု ၊ ဒီဇင်ဘာလ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment