Friday, November 25, 2022

ရွှေတမာ


 

❝ ရွှေတမာ ❞

အကယ်၍ သာ သမီးလေး ခင်မာလာ မွေးဖွား၍ မလာပါလျှင် လည်း ဦးထွန်းအေး တို့ အဖို့ ထိုမျှ စိတ်ပူပန်မည် မဟုတ်ပေ ။

ယခုမူ သမီးလေး ကို မွေးသည့် နေ့မှ စ၍ သူ သည် အစဉ် ပူပန် ခဲ့ရသည် ။

ယခု ည လို အခါမျိုး တွင် အိပ် လို့ ပင် မရ လောက်အောင် စိတ် မှာ  လှုပ်ရှား၍ နေပေသည် ။ သူ့ သမီးလေး သည် အသက် ( ၂၀ ) ပင် ပြည့်တော့ မည် ။ ထို အနှစ် ( ၂၀ ) ကာလပတ်လုံး သူ သည် စိတ် ပင်ပန်းမှု ဝေဒနာ ကို အစဉ် ခံစားလာခဲ့ရပေသည် ။

အိပ်ခန်း မှ ထ ၍ ဘေးတံခါးမကြီး မှ သူ သည် ခြံတွင်း သို့ ဆင်း လာခဲ့သည် ။

မိုးဦး ဖြစ်၍ လေ ထဲ တွင် မိုးသက်နံ့ သည် ပါလာခဲ့လေ သည် ။ အိမ် ထဲ တွင် ပူအိုက် သလို ဖြစ်နေပေသည် ။ သူ သည် စံပယ်ရုံများ ဘေး ရှိ ခုံတန်း ပေါ်တွင် ထိုင်၍ လေ ကို မှန်မှန် ရှူ ၍ နေသည် ။

မိုးသားများ မရှိသေးခင် လ သည် ဝင်းပစွာ သာနေသည် ။ သူ့ မျက်လုံးများ သည် စံပယ်များ ပေါ် သို့ ရောက် သွားသည် ။ လရောင် ဖြင့် ပွင့်အာ လာကြပြီ ဖြစ်သော စံပယ် ၏ ငွေဝတ်လွှာများ မှာ ရက်ရက်စက်စက် ပင် လှပ နေပေသည် ။ ချိုအေးသော ရနံ့ သည် သူ့ ဝန်းကျင် ဝယ် သင်းပျံ့နေ၏ ။ သစ်ရွက်များ လည်း ငွေရောင် တောက် ၍ ဖြည်းညှင်းစွာ လှုပ်ရှား ၍ နေပေသည် ။

ထိုကဲ့သို့ လှပသော ညများ တွင် သူ သည် မခင်သူ နှင့် တွေ့ခဲ့ သည် မဟုတ်ပါလော ။ နူးညံ့ ပြေပြစ်သော ယဉ်ယဉ်လေး နှင့် ချောမွေ့သော မခင်သူ ၏ မျက်နှာ ကို လရောင် အောက် တွင် တွေ့ ခဲ့ရလေသည် ။ တီးတိုးစွာ နှင့် နှီးနှော နေကြသည့် ချစ်သူ စကားသံ တို့ မှာ ထိုစဉ် က နှစ်သက် ၍ မဆုံးခဲ့ပေ ။

ယခုလို စံပယ်ရုံ နား မှာတော့ မဟုတ်ပေ ။ သူတို့ နှစ်ဦး တွေ့ စဉ်က မခင်သူ တို့ ခြံ ထဲ ရှိ ယုဇနပင် အောက် မှာ ဖြစ်ခဲ့သည် ။ လရောင် မှာ ယုဇနရွက်များ ကြား မှ လက် ၍ ထင် နေသည် ။ ညဉ့် ၏ လေတွင် ယုဇန ပွင့် ရနံ့များ သည် သင်းပျံ့ လှသည် ။ များသောအားဖြင့် သူ က ချစ်စိတ် မွှန် တတ်သည် ။ မခင်သူလေး ၏ လိမ္မာမှု ကြောင့် သူ တို့ ကျူးကျူးလွန်လွန် မဖြစ်ကြ ။ ထိန်းသိမ်း နိုင်ခဲ့ကြသည် ။ ငယ်ရွယ်သူ ချစ်သူချင်း ယခုလို တိတ်ဆိတ်သော ည တွင် တွေ့ ရသည် မှာ ချမ်းမြေ့ ရွှင်လန်းဖွယ် ကောင်း သလောက် ၊ ကြောက် စရာ အခြေအနေဆိုး ကို လည်း ဖန်တီး ပေးနိုင်သည် ။

မခင်သူ က ဓမ္မ ဆန်ပေသည် ။ များသောအားဖြင့် လည်း ဓမ္မ ကြောင်း ကို ယှဉ် ၍ ပြော တတ်၏ ။

သူ သည် မခင်သူ ပါးနုနုလေး ကို သူ့ ပါး နှင့် အပ်၍ ချစ်စိတ် မွန်တိုင်း ပြောချင်ရာ ပြောခဲ့သည် ။

“ မေမေတို့ က သဘော မတူလဲ ခင့် ကို မောင် က ရအောင် ယူမှာ ပဲ ။ ခုတောင် နောက် ကောလိပ် မှာ ၃ - နှစ် ပဲ နေရတော့မယ် ”

သူ သည် ဒါတွင်မက ဘယ်လောက် ချစ်ကြောင်း ကို လည်း ဋီကာ ချဲ့ တတ် သေးသည် ။

သို့သော် မခင်သူ က မူ သူ့ ရင်ခွင် ထဲ တွင် လမင်း ကို မော့ ကြည့် ယင်း ပင် ဓမ္မဆန်ဆန် ပြော တတ်သည် ။

“ လူတွေ တောင် မှ မမြဲကြပါဘူး မောင် အချစ် ဆိုတာလဲ သင်္ခါရ ပါပဲ ။ တစ်ကြိမ်တစ်ခါ မှာ မုန်းချင် လဲ မုန်း ပေမပေါ့ ။ ဘယ့်နှယ့် လုပ် ပြီး မောင် ဟာ ခင့် ကို တစ်သက်လုံး ချစ်ရမယ်လို့ ခင် က ပြော နိုင်မလဲ ။ ပြီးတော့လဲ ခင် နဲ့ မောင် က ခုမှ တွေ့ကြတာ ၊ မိဘ ဆိုတာ တစ်သက်လုံး ပြုစုကျွေးမွေးပြီး စောင့်ရှောက် လာခဲ့တာ မိဘ စကား ကို တော့ ဘယ် တော့မှ မလွန်ဆန်နဲ့ပေါ့ ”

မခင်သူ က ထိုသို့များ ပြော လိုက်လျှင် သူ သည် ဆတ်ဆတ် ခါ နာတတ်သည် ။ သူ ယောက်ျား ပီသကြောင်း ၊ သစ္စာ မဖောက်ကြောင်း ကို တသီကြီး ပြောတတ်သည် ။

ဒီလို ပြော လျှင် လည်း မခင်သူ က ပြုံးပြုံးလေး ပင် နေတတ် သည် ။

ဒါပေမယ့် နောက်ပိုင်းတွင် သူ သည် မခင်သူ အား သစ္စာ ဖောက် ခဲ့သည် ။ မလိမ့်တစ်ပတ် လုပ်၍ စွန့်ပစ်ခဲ့ပြီး နွဲ့နွဲ့ရီ ကို ယူ လိုက်သည် ။

အတိတ်များ သည် တစ်ခု ပြီး တစ်ခု ပေါ်လာတိုင်း သူ့ စိတ် လှုပ်ရှားမှု သည် ပြင်းပြ လာသည် ။

သူ ပင် ယခု ဦးထွန်းအေး ဖြစ်၍ မခင်သူ လည်း ဒေါ်ခင်သူ ဘဝ ကို ရောက်၍ နေပေသည် ။

ပထမ တော့ သူ သည် မခင်သူ အချစ် ကို ဖောက်ဖျက်လိုက် စဉ် က သစ်ရွက် တစ်ရွက် ခြွေ ပစ် သလောက်ပင် စိတ် ထဲ တွင် အမှတ် မထားခဲ့ ။

သို့သော် ခင်မာလာ မွေး လာသည့် နေ့ တွင် “ သမီးလေး ” ဆို လိုက် ကတည်း က ရင် ထဲ တွင် ထိန်းခနဲ ဝင် ဆောင့် လိုက်သည်  ။

“ ဘုရား ... ဘုရား ” သူ သည် ဘုရားပင် တမိသည် ။ မခင်သူ အပေါ် တွင် သစ္စာ ဖောက် ခဲ့သလို ၊ မခင်သူ စိတ် ဆင်းရဲအောင် သူ လုပ်ခဲ့သလို သူ့ သမီးလေး အပေါ် တစ်စုံတစ်ယောက် က စော်ကား မှာ ကို သူ အင်မတန် မှ စိုးရိမ် လာသည် ။ 

သူ့ မှာ သမီး နှင့် ဖြစ်လာပေပြီ ၊ သူ သည် ယခုတော့ တွေးခေါ် တတ် လာရပေမည် ။ အခြေအနေ က သူ မတွေး ရင်လည်း မဖြစ်တော့ပေ ။

ခင်မာလာ မှာ ပန်း လေး လို လှသည် ။ သည်လို လှလေလေ သူ က စိတ် ပူလွန်းလေ ဖြစ်သည် ။

တစ်ခါတစ်ခါ တွင် ဒေါ်နွဲ့နွဲ့ရီ အား သမီး အတွက် စိုးရိမ်ကြောင်း ကို ပြောပြတတ်သည် ။

“ ဪ ...ဒက်ဒီ လဲ ကွယ် သမီးလေး က လိမ္မာပါတယ် ”

သူ့ ဇနီး မှာ ခေတ်ဆန်သူ ပီပီ သူ့ ကို ဒက်ဒီ ဟု ခေါ်သည် ။ သူ့ ရင် ထဲ တွင် ပို ဆိုးသွားသည် ။ မခင်သူ သည် လည်း လိမ်လိမ်မာမာ နှင့် ရိုးရိုးသားသား ပင် ဖြစ်သည် ။

လရောင် မှာ အနည်းငယ် မှိန်သွား၍ သူ့ အတွေး ကို ရပ်နား လိုက်ကာ ကောင်းကင် ကို မော့ ကြည့်လိုက်သည် ။ မိုးသားများ တက်လာ ၍ မိုးဖွဲလေးများပင် တစ်ပေါက် နှစ်ပေါက် ကျလာသည် ။ ထိုင် နေရာမှ ထ ရင်းပင် သူ မချစ်တော့ပြီ ဖြစ်သော မခင်သူ ကို သတိရ နေပြန်သည် ။ သူ သည် မိုး စိုမှာ စိုး၍ မခင်သူ ကို ယုဇနပင် အောက် မှာ ထွေး နေ တတ် သေးသည် မဟုတ်ပါလော ။

သူ သည် တဖြည်းဖြည်း သူ ဝင်ခဲ့သော ဘေးတံခါးမကြီး မှာ ရပ်၍ မှေးမှိန်နေသော လရောင် နှင့် ပြင်ပ ကို လှမ်း၍ ကြည့် နေမိပြန်သည် ။

“ ဟင် ”  သူ့ အသံများ ပင် ထွက် သွားသည် ။ သူ မြင်ရသည်မှာ တကယ်မှ ပင် ဟုတ်ပါလေစ ၊ တကယ်တော့ တကယ် ပဲ ဖြစ်သည် ။

ပိတောက်ပင် အောက် တွင် ယောက်ျားလေး နှင့် မိန်းမလေး နှစ်ယောက် မတ်တတ် ရပ်၍ ဖက် ထားသည် ။ တစ်ဘက် မှ ဝင်နေသော လရောင် ဖြင့် မိန်းကလေး ကို သူ ကောင်းစွာ မြင် ရသည် ။ မိန်းကလေး မှာ သူ့ သမီး ခင်မာလာ ပင် ဖြစ်သည် ။ ယောက်ျားပျို သည် သူ့ သမီး ကို ယုယစွာ နမ်း ၍ အပြင် သို့ ထွက် သွားသည် ။ မကြာခင်ပင် သမီးလေး ခင်မာလာ မှာ မှောင်ရိပ် တွင် ပျောက်ကွယ် သွားတော့သည် ။

သူ သည် ကြိုးစား၍ အိပ်ရာခန်း သို့ ရောက်အောင် လာရသည် ။ ပြီးလျှင် အိပ်ပျော်အောင် မနည်း လုပ်နေရသည် ။ သူရဲ ချောက် ခံနေ ရသလို ဖြစ် နေတော့သည် ။

သူ့ ကိုယ် သူ ဝဋ်လည်ပြီ ဟု ထင် နေသည် ။

“ ဘုရား သိကြား မ လို့ မခင်သူ အပေါ် ငါ စော်ကား မိတာ တွေဟာ သမီးလေး အပေါ် မကျရောက်ပါစေနဲ့ ”

သူ သည် ကတုန်ကယင် ပင် ဆုတောင်း နေမိသည် ။

      •••   •••   •••   ••• 

ဒေါ်ခင်သူ ၏ ခင်ပွန်း မှာ ဦးအောင်ကျော် ဖြစ်သည် ။ Collective Farming ကို ပုံဖော်နိုင်ရန် အတွက် ဦးအောင်ကျော် မှာ သူငယ်ချင်းများ နှင့် စုပေါင်း၍ လုပ်ငန်း တစ်ခု ကို တည်ထောင်ထားသူ ဖြစ်သည် ။ ပြည်သူ့ကောက်ပဲသီးနှံ ရောင်းဝယ်ရေးလီမိတက် တွင် မန်နေဂျာ ဖြစ်ပေသည် ။ သူတို့ သည် ဆန်စပါးတွင် မက ကြက်ငှက်မွေးမြူရေး နှင့် ရှမ်းပြည်နယ် တွင် စည်သွတ်ဗူး လုပ်ငန်းများလုပ်ကိုင်ရာ တွင် အတော် တိုးတက် လာပေသည် ။ သူ သည် လယ်သမားတွေ နှင့် လည်း ရောနှော နေသည် ။ ကျွဲနွားတွေ နှင့် လည်း နေ တတ်သည် ။

ယနေ့ နံနက် မှာ တနင်္ဂနွေနေ့ ဖြစ်သော် လည်း ဦးအောင်ကျော် သည် အစည်းအဝေး တစ်ခု အတွက် မနက် အစောကြီး ပင် သွားစရာ ရှိ လေသည် ။

သူ အဝတ်အစား လဲနေစဉ်ပင် ဒေါ်ခင်သူ သည် အနီး သို့ ရောက် လာလေသည် ။ ဒေါ်ခင်သူ မျက်နှာ ကြည့် ရသည် မှာ နွမ်း နေပုံ ရသည် ။

“ ခင် ည တုန်း က အိပ်လို့ မရဘူးလား ” 

ဒေါ်ခင်သူ မှာ ည က တကယ်ပင် အိပ်၍ မရပေ ။

“ ဟုတ်တယ် အစ်ကိုကြီး သား အကြောင်း စဉ်းစားမိလို့ပါ ”

“ ခင် ကလဲကွာ သား က မငယ်တော့ပါဘူး ။ သူ့ သူငယ်ချင်း အိမ် မှာ အိပ်မယ် ဆိုရင် အိပ်မယ့် အကောင်ပါ ။ ည က လယ် မှာ မဟုတ် ပါဘူး ။ သူ ပြန်လာလို့ အိပ်ချင် နေသေး ရင် လည်း နေပါစေ့ ၊ မအိပ် ရင်တော့ ၉ နာရီ လောက် ကျရင် ကား နဲ့ အစ်ကိုကြီး ဆီ လွှတ် လိုက်နော် ။ အစ်ကိုကြီး ခုတော့ လမ်းလျှောက် သွားမယ် ”

ဦးအောင်ကျော် သည် အဝတ်အစား လဲပြီး ထွက်သွား တော့သည် ။ ဒေါ်ခင်သူ မှာ ခြံ အတွင်း လမ်း လျှောက်ရင်းပင် သား အကြောင်း ကို စဉ်းစား နေမိသည် ။ အထူးသဖြင့် ည က ဦးထွန်းအေး ကို တစ်ည လုံး သတိရ နေသည် ဆိုလျှင် ပိုမို ၍ မှန်ပေလိမ့်မည် ။

“ ခင် ရာ တစ်ခါတော့ အတွေ့ ခံစမ်းပါ ။ မောင့် သူငယ်ချင်း အိမ် မှာ ဘုန်းကြီး ဆွမ်းကျွေး ရှိတယ် ဆိုပြီး မောင် ညဘက် သူငယ်ချင်း အိမ် မှာ အိပ်ရင်း ခင် နဲ့ လာ တွေ့မယ် ”

ဦးထွန်းအေး သည် သူ့ ကို ဒီလိုပဲ ပြောခဲ့သည် ။ မိဘများ ကို လည်း ဆွမ်းကျွေး ကို အကြောင်းပြ၍ အိမ် မှ ထွက် လာတတ်သည် ။ သူ့ သားလေး ရော ည က များ သူ့ ချစ်သူ ဆီ သွားနေမည်လား ။

ဦးထွန်းအေး ၏ သစ္စာ ဖောက် မှု ကြောင့် ဦးထွန်းအေး အား ကြိုးစား၍ မေ့ဖျောက် ပစ်ပေမယ့် ဒေါ်ခင်သူ အဖို့ မှာ တသက်သက် ပင် ဖြစ် နေလေသည် ။

သားဦးလေး ပင် အသက် ၂၄ - နှစ် ကျော် ခဲ့ ၍ ယခုနှစ် ဆိုလျှင် B.Sc အောင် တော့မည် ။ သူ ကတော့ ဦးထွန်းအေး ကို မမေ့နိုင်ပေ ။ ဒေါ်ခင်သူ မှာ တစ်နည်းအားဖြင့် ကံ ကောင်းသူ ဟု ဆိုရပေမည် ။

ဦးအောင်ကျော် က သူ့ အား ငုံထား မတတ် ချစ်ရှာသည် ။ မခင်သူ အပေါ် မှာ သစ္စာ ရှိပေသည် ။ တကယ် ယောက်ျား ပီသပေသည် ။

“ ခင် ရယ် ကိုယ့် ကို မှ သူ က မချစ်တော့ ပဲ ဟာ သိပ် စိတ်ဆင်းရဲ မခံပါနဲ့ကွ ”

ဒေါ်ခင်သူ က တစ်ခါတလေ ငိုင်၍ နေလျှင် ဒီလိုပဲ ဦးအောင်ကျော် က ပြော တတ်သည် ။ ဦးအောင်ကျော် သည် ဒေါ်ခင်သူ ဖြစ်ပျက်ခဲ့သမျှ ကို အားလုံး သိသူ ဖြစ်သည် ။

“ မေမေ ”

သား ခေါ်သံ ကြား၍ အတွေး ရပ်ကာ ဒေါ်ခင်သူ မှာ ခြံဝ သို့ လှမ်းကြည့်လိုက်၏ ။

“ ဟော ... သား ပြန်လာပြီလား ”

ဒေါ်ခင်သူ သည် ရှေ့သို့ တိုး၍ သား ကို ဖက်လိုက်သည် ။

“ ဖေဖေ ရော မေမေ ၊ ကိုအေးဖေ တို့ သား ကို လိုက်ပို့တယ် ။ ခြံဝ က ပဲ ပြန်လွှတ်လိုက်တယ် ။ သူတို့ ဧည့်သည်တွေ ပြန် ပို့ရဦးမယ် ”

စကား ပြော နေသော သား မျက်နှာ ကို ဒေါ်ခင်သူ က အကဲခတ် သလို ကြည့်၏ ။

“ ဖေဖေ အစည်းအဝေး သွားတယ် ။ ဒီနေ့ မေမေ နို့ထမင်း ကျို ထားတယ် ။ ကဲ ... ကဲ ... လာ ”

ဒေါ်ခင်သူ သည် သား ကို ထမင်းစားခန်း သို့ ခေါ် သွားသည် ။ နို့ထမင်း နှင့် ကော်ဖီ ပြင်ခိုင်း ၍ သူ့ သား အနီး မှာ ထိုင် နေသည် ။

နံနက်ခင်း ၏ နေရောင်ခြည် မှာ ပြတင်း မှ ဝင်၍ အခန်း ထဲ တွင် လင်းနေသည် ။

နံနက် ၏ နေရောင်ခြည်သစ် လို သူ့ သား မျက်နှာ သည် တောက်ပနေသည် ဟု ထင်သည် ။

စားပွဲ ပေါ် မှ နှင်းဆီဖြူ ကဲ့ သို့ သူ့ သားမျက်နှာ သည် နုပျို လတ်ဆတ်နေသည် ဟု သူ က ထင်သည် ။ ကျော်သူ သည် နို့ထမင်း သောက်ရင်း တစ်ချက် မျှ သန်း လိုက်သည် ။

“ သား ည က ကောင်းကောင်း မအိပ်ရဘူး ထင်တယ် ”

ဒေါ်ခင်သူ မေး လျှင် ကျော်သူ သည် ရုတ်တရက် မျက်နှာ ပျက်သွားရာမှ ဣန္ဒြေ ဆည်ကာ ပြန်ပြော၏ ။

“ အိပ်ရပါတယ် မေမေ မနက် က ၄ နာရီ လောက် ထရလို့ပါ ”

ဒေါ်ခင်သူ့ စိတ် ထဲ ထင့် သွားတော့သည် ။ ဟုတ်ပါသည် ည က သူ့ သား အိပ်ရမည် မဟုတ်ပေ ။

“ ခင် နဲ့ တွေ့တဲ့ ည ဆို နောက်နေ့ မနက် ကျ သိပ် အိပ်ချင်တာပဲ ။ ဒါမေယ့် မောင့် မှာ တစ်နေ့လုံး ဟန်ဆောင် နေရတယ် ။ နေ့ခင်း အိပ် ရင် မေမေ တို့ က ည က အိပ်ပျက်လား ဘာလား စစ်မှာ စိုးလို့ ”

ဦးထွန်းအေး နှင့် သူ တုန်းက ဒီလိုပဲ ဖြစ်ခဲ့သည် ။ ခေတ်များ ပြောင်းလဲသည် နှင့် အမျှ ဝတ်စားတန်ဆာ အနုပညာဂီတများပြောင်းလဲ သွားကြမည် ဖြစ်ပေသည် ။

ချစ်ခြင်း ဆိုသည် မှာ ပြောင်းလဲ ပေလိမ့်မည် မဟုတ် ။ ဦးထွန်းအေး နှင့် ဒေါ်ခင်သူ ငယ်စဉ် က ချစ်ခဲ့ကြ သလိုပင် ကျော်သူ သည် လည်း သူ့ ချစ်သူ နှင့် ချစ်ပေလိမ့်မည်  ။

“ ကဲပါလေ သား ခဏ မှိန်း လိုက်ရင် ကောင်းမယ် ။ မေမေ တော့ မင့် ဖေဖေ ဆီ ကား နဲ့ သွား ကြိုဖို့ ဝင်းမောင် ကို ပြော လိုက်အုံးမယ် ”

ဒေါ်ခင်သူ သည် နောက်ဘက် လှေကား မှ ခြံထဲ သို့ ဆင်းသွား သည် ။

“ ည က သိပ်လှတာ ။ လ ကလည်း ဝင်း နေတာ ။ သား မှာ တော့ ချစ်သူ ရှိနေပြီလေ ”

ဒေါ်ခင်သူ တစ်ယောက် တည်း တွေး နေတော့သည် ။ ကား လွှတ်ပြီး အိမ် ထဲ သို့ ပြန်လာ၏ ။

သူ့ သား အိပ် နေသာ အခန်း သို့ ဝင် သွားမိသည် ။ ကျော်သူ သည် မအိပ်သေးပဲ စောင် ခြုံ၍ ပက်လက် လှန်နေသည် ။ ပြတင်း မှ လေအေးများ သည် အထဲ သို့ ဝင်လာနေသည် ။ 

ည က ခင်မာလာ နှင့် တွေ့ခဲ့သော အချိန်များ သည် နှလုံးသား ကို ရိုက်ခတ် နေသည် ။ မျက်စိ မှိတ် လိုက်တိုင်း ခင်မာလာ ပါးပြင်နု လေး ကို မွှေးခဲ့ရသည် ကို ထင်ထင်ရှားရှား ပေါ်လာသည် ။ သူ သည် စောင် ကို လှစ်၍ မျက်လုံး ဖွင့် လိုက်သည် ။

“ မေမေ ”

သူ လန့် သွား သလို အော် လိုက်၏ ။ ဒေါ်ခင်သူ မှာ သူ့ ဘေး တွင် မားမားကြီး ရပ်နေသည် ။

“ သား တော့ အိပ်နိုင်မှာ မဟုတ်ပါဘူးကွယ် ”

ဒေါ်ခင်သူ က ပြုံး ၍ ပြော လိုက်၏ ။

ကျော်သူ မလုံတော့ပေ ။ မျက်နှာ လည်း မထားတတ်သလို ဖြစ် လာတော့၏ ။ မော့ ကြည့် လိုက်တိုင်း မေမေ ၏ ပြုံးပြုံးကြီး ဖြစ် နေသော မျက်နှာ မှာ “ သား ည က ဘာ လုပ်သလဲ ဆိုတာ မေမေ သိ ပါတယ် ” ဟု ပြော သလို ဖြစ် နေတော့သည် ။ သူ သည် ငုတ်တုတ် ထိုင် လိုက်၏ ။

“ မေမေ ”

သူ့ ဘေး တွင် ဒေါ်ခင်သူ မှာ ထိုင် နေသည် ။

“ သား မှာ ချစ် သူရှိနေပြီ ”

ဒေါ်ခင်သူ မတုန်လှုပ်ပါ ။ နဂို က ပင် ရိပ်မိပြီးဖြစ်သည် ။

“ အေးပေါ့ ဘယ်သူလဲ  ။ ရှေ့နှစ် ဆို သား လည်း ကျောင်း ထွက် ရမှာပဲ ”

“ သား ယူမယ့် မိန်းမ က ခင်မာလာ တဲ့ ။ လယ်ဝန်ဦးထွန်းအေး သမီး ပဲ ”

“ ကိုထွန်းအေး သမီး ဟုတ်လား ”

ဒေါ်ခင်သူ မှာ ဒီ တစ်ခါတော့ အတော် တုန်လှုပ် သွားသည် ။ ယခု ဘဝ တွင် တဖန် ပြန်၍ မျက်နှာချင်းဆိုင် သော် မှ မဆိုင် လို တော့ ပြီ ဖြစ်သော ကိုထွန်းအေး သမီး ကို မှ သူ့ သား က သွား ၍ ချစ်မိပေသည် ။

“ သား ဖေဖေ လာ တော့ တိုင်ပင်သေးတာပေါ့ ”

ဒေါ်ခင်သူ သည် အခန်း တွင်း မှ ထွက် လာသည် ။

ဦးအောင်ကျော် ပြန်လာ၍ ထမင်း ကျွေး နေသော်လည်း သူ စိတ် မပါလှပေ ။ ထမင်း စား ပြီးပြီးချင်း သူ့ အိပ်ခန်း ကို တက် လာ တော့သည် ။

ဦးအောင်ကျော် မှာ နောက် မှ ဝင် လာ၍ ဒေါ်ခင်သူ နှင့် အတူ ခုတင် ပေါ် မှာ ထိုင် နေသည် ။

“ ခင် နေမကောင်းပြန်ဘူးလား ”

“ ကောင်းပါတယ် ။ အိပ်ချင်လို့ ”

“ ခင် က သား ကို စိုးရိမ် လွန်တာကိုး ။ သား အိပ်ပြီလား ”

“ ဟုတ်တယ် ”

ဒေါ်ခင်သူ စောင် တစ်ထည် ကို ခြုံကာ လှဲအိပ်ရင်း ပြတင်း ဘက် ကို ငေးနေသည် ။

“ သား မှာ ချစ်သူ ရှိပြီ အစ်ကိုကြီး ရဲ့ ၊ သူ ရှေ့နှစ်ဆန်း မှာ လက်ထပ် ချင်တယ် ထင်ပါရဲ့ ။ ည က ခင် ပြောတာ မမှန်ဘူးလား ။ သူ မအိပ်ဘူး ”

“ ဘာကွဲ့ သား က မအိပ်ဘူး ”

ဦးအောင်ကျော် သည် ဒေါ်ခင်သူ ပခုံး ကို ဆွဲ၍ မေးလိုက်သည် ။

“ ဟုတ်တယ် ။ ဒီလောက် လှတဲ့ ည မှာ သား ဟာ ခင်မာလာ ကို သွား တွေ့တာပေါ့ ။ ခင်မာလာ က ကိုထွန်းအေး သမီး တဲ့ ၊ ခင် တော့ ဖြင့် ကလေးတွေ ကို လည်း သနားတယ် ။ ကိုထွန်းအေး ကို တော့ မျက်နှာ ချင်း မဆိုင်ချင်တော့ဘူး ”

ဦးအောင်ကျော် သည် အတန် ကြာ အောင် ငြိမ်သက် နေရာ မှ သူ့ ဇနီး ကို ဆွဲယူ ပွေ့ယင်း ...

“ ခင်မာလာ ကို အစ်ကိုကြီး မြင် ဖူးပါတယ် ။ ပညာ လည်း တော် သားပဲ ။ လိမ္မာပါတယ် တဲ့ သတင်းတော့ ကြားဖူးပါတယ် ။ သား က မေတ္တာ ရှိနေပြီပဲ ကွယ် ။ ခင် ရယ် တစ်ခု စဉ်းစားစမ်းပါ ။ ကိုထွန်းအေး က ခင့် ကို သစ္စာ ဖောက်ပြီး နွဲ့နွဲ့ရီ ကို ယူ သွားတုန်းက ခင် ဘယ်လောက် စိတ် ဆင်းရဲရသလဲ ။ သူ့ မိဘတွေ ဘက် လိုက် သွားတာပဲ မဟုတ်လား ၊ ခုလည်း သား က များ မယူရင် ခင်မာလာ ဘယ်လောက် စိတ် ဆင်းရဲ ရ မလဲ ။ စဉ်းစားလေ ။ တို့များ တရားမျှ တဲ့ မိဘ ဖြစ်အောင် ကြိုးစားရမှာပဲ ခင် ”

ဒေါ်ခင်သူ သည် ငြိမ်သက်၍ ပင် နေ၏ ။

      •••   •••   •••   •••

ဦးထွန်းအေး ၏ ဂနာမငြိမ် ရောဂါ မှာ အိပ်ရာ ထဲ က ပင် ထ ၍ မရပေ ။ နေ့ခင်း ၁၂ - နာရီ ထိုး လေပြီ ၊ သူ့ အမိန့်အတိုင်း ဒေါ်နွဲ့နွဲ့ရီ မှာ သမီး ကို စစ်ဆေး နေသည် ။ မကြာခင် ပင် သူ့ ဇနီး သည် အခန်း ထဲ သို့ ဓာတ်ပုံ တစ်ခု ကိုင် ရင်း ဝင် လာသည် ။

“ ကဲ ဒက်ဒီ ရယ် ၊ စိတ် သိပ် ပူမနေပါ နဲ့ ထ စမ်းပါဦး ”

ဦးထွန်းအေး ကို အိပ်ရာ မှ အသာ ဆွဲ ထူ လိုက်သည် ။

“ ဒီမှာ ဒက်ဒီ သမက်လောင်း ကို ကြည့်စမ်း ၊ မာမီ အကုန် စုံစမ်းပြီးပြီ ။ မန်နေဂျာ သူဌေးလေး ဦးအောင်ကျော် ၊ ဒေါ်ခင်သူ ရဲ့ သား ပေါ့ ”

ဦးထွန်းအေး သည် ဓာတ်ပုံ ကို ကိုင်ရင်း တုန် သွားသည် ။ မေး ကားကား နားရွက် ကြီးကြီး နှင့် မျက်လုံးမျက်ဖန် ကောင်းသည် ။ အမေ တူ သား ပင် ဖြစ်သည် ။

“ ကောင်လေး က သူ့ မိဘတွေ ကို ရှေ့နှစ်ဆန်း မှာ လက်ထပ်ဖို့ ပြောမယ် တဲ့ ။ ဒက်ဒီ မပူနဲ့တော့ ။ ဒီ ကောင်လေး ရိုးတာ ၊ တော်တာ ၊ ပိုက်ဆံ ရှိတာတွေ ဟာ အန်တီမြင့် စာရင်း ထဲ မှာ ရှိပြီးသားပါ ”

အန်တီမြင့် ဆိုသော အဒေါ်ကြီး မှာ လူကုံထံ မုဆိုးမကြီး ဖြစ် သည် ။ အထက်တန်းလွှာ သားသမီးများ ကို စာရင်း လုပ်၍ ဖလှယ် နေ သော မိန်းမကြီး ဖြစ်သည် ။ B.C.S Class ( 1 ) , Class ( 2 ) များ ကို လည်း သူ့ စာရင်း ထဲ တွင် တွေ့ နိုင်လေသည် ။

ဦးထွန်းအေး သည် အခုထိ လှုပ် မရ ။ သို့သော် စိတ် အနည်း ငယ်တော့ အေး သွားလေသည် ။ သူ့ ကို စော်ကားမည့် သူ မဟုတ်သည် ကို ပင် ဝမ်း ထဲ မှာ ကျိတ်၍ ဝမ်းသာ မိသည် ။

“ အေးလေ ဦးအောင်ကျော် နဲ့ လည်း ဒက်ဒီ နဲ့ ခင်သားပဲ စုံစမ်း သေးတာပေါ့ မာမီ ”

“ အံမယ် ဒက်ဒီ ရယ် အန်တီမြင့် လက် လွဲလိုက်ရင် ပြီးတဲ့ ကိစ္စပါ ”

“ မခင်သူ နဲ့ တူလိုက်လေကွယ် ”

သူ သည် သူ့ ဇနီး ကို ပင် ပြော နေလေသည် ။

     •••   •••   •••   •••  ဂ

ဒေါ်ခင်သူ တို့ က ဆင်းရဲသူများ မဟုတ်ပေ ။ ခင်မာလာ နှင့် မောင်ကျော်သူ လက်ထပ်ရေး မှာ ချောမော၍ လာလေသည် ။

ယနေ့ စေ့စပ်သည့် နေ့ ဖြစ် လေသည် ။ ပရိသတ်များ အသီးသီး ထ ပြန် သွားကြလေပြီ ။ ဦးအောင်ကျော် မှာ လည်း ဒေါ်နွဲ့နွဲ့ရီ နှင့် စကား လက်ဆုံ ကျနေလေသည် ။

ဒေါ်ခင်သူ သည် ယွန်းသေတ္တာငယ် တစ်ခု နှင့် စာ တစ်အိတ် ကို ဦးထွန်းအေး အား ပေးခဲ့၍ နှုတ်ဆက် ကာ ထွက်လာခဲ့သည် ။

“ ကဲ အစ်ကိုကြီး ရေ ခင်တို့ ပြန်ကြဦးစို့ ။ ခွင့်ပြုပါဦး ဒေါ်နွဲ့နွဲ့ရီ ”

ဒေါ်နွဲ့နွဲ့ရီ မှာ ပြုံး၍ ကျန်ရစ်သည် ။ ဦးထွန်းအေး  သည် ကားပေါ် သို့ တက် သွားသော ဒေါ်ခင်သူ ဇနီးမောင်နှံ ကို ငေး နေသည် ။ ဦးအောင်ကျော် ၏ မေတ္တာစစ် ကို ခိုလှုံရသော ဒေါ်ခင်သူ မှာ လန်းဆတ်နုပျိုလျက် ရှိသေးသည် ။ ရိုးသားသော အလှ သည် ဘယ်တော့မှ မရိုး ဆိုသလို ပင် ဒေါ်ခင်သူ သည် မရိုးသော အလှဖြင့် လှ နေ ပေသေးသည် ။ ဦးထွန်းအေး သည် အိပ်ခန်း ထဲ သို့ ဝင် လာ၍ သေတ္တာလေး ကို ဖွင့် လိုက်သည် ။ အထဲ တွင် စာများ ဖိုင်တွဲလျက် တွေ့ ရသည် ။ ငယ်စဉ် က ရေးခဲ့သော “ ချစ်သမျှကို ” စာများ ဖြစ်လေသည် ။ တော်ပေသည် ။ သူ ကတော့ မခင်သူ စာ များ ကို မီးမြိုက် ပစ် ခဲ့လေသည် ။ စာများ အောက် မှ သူ လူပျိုတုန်း က ဓာတ်ပုံ ဖြစ်သည် ။

သူ သည် နောက်ဆုံး လက်ထဲ ရှိ စာအိတ် ကို ဖောက်၍ ဖတ် လိုက်သည် ။ စာရွက် ပေါ် တွင် ကား ဒေါ်ခင်သူ လက်ရေး ဖြင့်

မဲဇလီပင်ပျိုအောက်
ပေါက်လာတဲ့ ရွှေတမာ
ခါးချက်ကနာ
ရေစီးရယ်တစ်ခါ
ရေသာရယ်တစ်လှည့်
သူများလို တို့မရိုင်းတယ်
တိုင်းသိပါရဲ့ ။

ထို ကဗျာကလေးပဲ ပါ လာ လေသည် ။

“ ရေး တော့ မခင်သူ ရေး တော့ ။ ရေး နိုင်ပါတယ် မောင် က ခါး ခဲ့ မိပေတာကိုး ”

သူ သည် ကြေကွဲစွာပင် ပြော လိုက်ပါသည် ။ 

◾ခင်နှင်းယု
     ၁၉၅၃ ၊ ဧပြီ
    
📖 ကြေးမုံရိပ်သွင်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment