Wednesday, March 23, 2022

သူတော်ငတေ နှင့် သူတော်ကောင်းတရား


 

❝ သူတော်ငတေ နှင့် သူတော်ကောင်းတရား ❞

တစ်နေ့သ၌ သူတော်ငတေ  ထံ ဗေဒင်ယတြာ ပညာ သင်ရန် ကျောင်းသားတစ်ယောက် လာ အပ်သည် ။ ထိုကျောင်းသားသစ် ၏ နာမည်မှာ မောင်တင်ဖေ ဖြစ်သည် ။ မောင်တင်ဖေ ၏ အဖေ အမေ တို့ မှာ သူ တို့ တောင်ရင်းရွာ ၌ လူချမ်းသာ ကြေးရတတ်များ ဖြစ်ကြသည် ။

မောင်တင်ဖေ မှာ တစ်ဦးတည်းသော သား ၊ ငယ်စဉ်ကပင် မိဘများ က လည်း အလို လိုက် ထားကြ၍လား မသိ ဘာမဆို သူ လိုချင်တာ ၊ သူ လုပ်ချင်တာ လုပ်ရမှ ကျေနပ်သူ ဖြစ်သည် ။ သူ လုပ်လျှင် ဘာမဆို ဖြစ်မည် ဟူသော စိတ်ကြီး ဝင် အထင်ရှိသော ကျောင်းသား တစ်ယောက် လည်း ဖြစ်သည် ။ သူ့ ကိုယ် သူ ထိုသို့ အထင် ရှိ သော်လည်း အမှန်တကယ်မှာ မူ ဉာဏ် အင်မတန် ထိုင်းသည် ။ ဘဝမြင့် နေသူ တို့ ၏ ထုံးစံအတိုင်း သူများ ပြောသော စကားများ ကို လည်း မနာခံ တတ် ။ ထို့ကြောင့် သူ့ ထက် အရင် သူတော်ငတေ ဆီ ရောက်နေကြသော ကျောင်းသားကြီးများ ၏ စကားကို လည်း မလိုက်နာ ။ သူ ထင်ရာ သူ လုပ်ပြီး ခပ်ပေါပေါ ခပ်ကြောင်ကြောင် နေတတ်သည် ။

ဉာဏ်ထိုင်းသည့် အပြင် ခပ်ပေါပေါ ခပ်ကြောင်ကြောင် ဖြစ်သဖြင့်လည်း ဗေဒင် သင်ရာတွင် ခရိုင် ကိုးကြောင်း နှင့် တစ်မိုး အောင်း သွားသည် ။ ထို ခေတ် က ဗေဒင်ပညာ ၏ အခြေခံ ကျမ်းများ ဖြစ်သော သံဒိဋ္ဌ ၊ မကရန္တ လက်ရိုးကျမ်းများကို စတင် သင်ကြားရန် အရည်အချင်း မမီသေး သဖြင့် သူတော်ငတေ လည်း မောင်တင်ဖေ ကို ဒွေး ဧ ကဒွေး ၊ ဒွေး ဒွေး စာ ရ မှ တစ်ခါ ထပ်ပြီး နော ဧကနော အထိ ခရိုင် ကိုးကြောင်း ကို ကျေညက်အောင် တစ်ခါ ထပ် တွက်ခိုင်း ထားသည် ။  သူ နှင့် အတူ ကျောင်း လာအပ်ကြ သော တစ်နေ့တည်း ကျောင်းသား များ မိုး ကုန်၍ သံဒိဋ္ဌလက်ရိုး ကို တတ် သွားကြသောအခါ မောင်တင်ဖေ မှာ စိတ်ဓာတ် ကျလာပုံရသည် ။

ခရိုင်ကိုးကြောင်း နှင့် ပင် လုံးလည် ချာလည် လိုက်ကာ သူ ဉာဏ်ထိုင်းသည့် အဖြစ် ကိုလည်း သူ့ ကိုယ် သူ ရိပ်စားမိလာပုံ ရသည် ။ ထိုအခါ သူတော်ငတေ ကို သူ က လျှောက်၏ ။

“ဘဘ ကျွန်တော် ဗေဒင် မသင်ချင်တော့ဘူး”

“ ဟင် ဘာဖြစ်လို့လဲကွ ။ မင်း ခရိုင် ကိုးကြောင်းတောင် တစ်ခေါက် ပေါက်ထားပြီပဲ ”

သူ့ ဆီ ဆေးဝါးမန္တရား ၊ ဗေဒင် စသည် လာသင်သူ မှန်သမျှ ဤသို့ တစ်ခါမှ မပြောရဲကြဘဲ ယခု မောင် တင်ဖေ က ဗေဒင် မသင်ချင်တော့ဘူး ဆိုသောအခါ သူတော်ငတေ က လည်း အံ့သြသွားသည် ။

“ ဗေဒင် တတ်ရုံနဲ့ ဈာန် ပျံနိုင်မှာမှ မဟုတ်တာ ”

“ ဗျာ ”

နဂို ကပင် ပြူး ရသည့် သူတော်ငတေ ၏ မျက်လုံး က ပို ပြူးသွား သည် ။ ပါးစပ် က လည်း “ ဗျာ ” ဟု အံ့ဩတကြီး အသံ ထွက် သွားကာ မောင်တင်ဖေ ကို ငေး ကြည့် နေသည် ။

“ ဗေဒင် တတ်ရုံနဲ့ ဈာန် မပျံနိုင်တာ တော့ သေချာတယ်နော် ဘဘ ”

“ ဟုတ်တယ်လေ ၊ ဗေဒင် တတ်ရုံနဲ့ ဘယ် ဈာန် ပျံနိုင်မလဲ ။ တခြားစီပဲ ”

“ ဟုတ်ကဲ့ ၊ အစ က ဘဘ ဆီမှာ ကျွန်တော် ဗေဒင် သွားသင်ချင်တယ်လို့ အဖေ တို့ ကို ပြောတာ ဈာန် ပျံနိုင် မယ် ထင်လို့ပါ ဘဘ ”

“ ကြံကြံဖန်ဖန်ကွယ် ၊ မဆိုင် ”

“ မသိဘူးလေ ၊ ဘဘ ကို မိုးပေါ် ပျံနိုင် တယ် ၊ ဈာန် ပျံနိုင်တယ်လို့ ကျွန်တော် တို့ တစ်ရွာလုံးက .. ”

“ အောင်မယ်လေး .. လေး .. လေ ၊ ငါ့ ကို မြေ မျို သွားပါဦးမယ် မောင်တင်ဖေ ရာ ။ မကြံကောင်း မစည်ရာ ၊ ဘယ့်နှယ် ... ဘယ့်နှယ် ဘဘ မိုးပေါ် ပျံနိုင်ရမတုံး ”

“ အများ က ပြောတယ်လေ ဘဘ ”

“ အများပြောတိုင်း မယုံရဘူးကွဲ့ ”

အခု မင်း ကို ဘဘ ကိုယ်တိုင် ပြော နေ တာပဲ ။ ဈာန် ပျံနိုင်တယ် ဆိုတာ လွယ် တဲ့ အကျင့်အကြံ မှ မဟုတ်တာ ”

”ဗေဒင် တတ် ရုံနဲ့ ဈာန် မပျံနိုင်ဘူး ဆိုရင်တော့ ကျွန်တော် ဗေဒင် ဆက် မသင်တော့ဘူး ဘဘ ။ ဈာန် ပျံနိုင်တဲ့ အလုပ်ပဲ ကျင့်ကြံ အားထုတ် လုပ် တော့မယ် ”

“ ဗျာ ဈာန် ပျံနိုင်တဲ့ အလုပ် ၊ ဘာ အလုပ်ပါလိမ့် ”

မောင်တင်ဖေ ၏ စကား ကို သူတော်ငတေ မှာ မျက်လုံး ပြူးပြီးရင်း ပြုံးရင်း ဖြစ်နေရသည် ။

“ ရသေ့ လုပ်မယ်လေ ဘဘ ၊ ကျွန်တော်တို့ အိမ်မှာ ဗုဒ္ဓဝင်တို့ ၊ ငါး ရာ့ငါးဆယ်တို့ ဆိုတဲ့ ပေစာထုပ်တွေ အများကြီး ရှိတယ် ဘဘ ။ အဲဒီ ပေစာ ထုပ်တွေ ထဲမှာ ရသေ့တွေ ဟာ ဈာန် ပျံ နိုင်တယ် ဆိုတာ ဖတ်ရတယ် ။ အဲဒါကြောင့် ကျွန်တော် ဈာန် ပျံနိုင်အောင် ရသေ့ လုပ်ချင်ပါတယ် ဘဘ ”

“ မြတ်စွာဘုရား ၊ ဈာန် ပျံနိုင်တဲ့ ရသေ့ ရဟန်းဖြစ်အောင် ကျင့်ကြံအားထုတ်နိုင်ဖို့ ဆိုတာ မလွယ်ပါဘူး ငါ့ တပည့် ရယ် ။ မင်း ရသေ့ မလုပ်ခင် ဘဘ လို သူတော် ပဲ အရင် လုပ် ကြည့်ပါလားကွယ် ”

မောင်တင်ဖေ မှာ ခပ်ပေါပေါ ခပ်ကြောင်ကြောင် အကောင် မှန်း သိသဖြင့် သူတော်ငတေ က မောင်တင်ဖေ ကို သူတော်အရင် လုပ်ကြည့်ပါလားဟု ဆိုသည် ။

“ ဟာ သူတော် တော့ ကျွန်တော် မ လုပ်ချင်ဘူး ဘဘ ။ စောစောကပဲ ဘဘ ပြောတယ်လေ ။ ဘဘ ဈာန် မပျံ နိုင်ဘူးဆို ၊ မိုးပေါ် ပျံ မပြနိုင်ဘူးဆို ။ ဒါဆို သူတော်လုပ်လို့လည်း ဘာ ထူးမှာလဲ ။ ကျွန်တော် စာတွေ ထဲ တွေ့ထား တယ် ၊ ရသေ့တွေ ဟာ ဈာန် ပျံနိုင်တယ် တဲ့ ။ အဲဒါ ကျွန်တော့်ကို ရသေ့ လုပ် ပေးပါ ဘဘ ”

“ ရသေ့ ဆိုတာ ဘယ်သူ ကမှ လုပ် ပေးစရာ မလိုပါဘူးကွယ် ။ သစ်ခေါက်ဆိုး ဝတ် ၊ ဒေါက်ချာ ဆောင်း လိုက်ရင် ရသေ့ ဖြစ်သွားတာ ပဲ မဟုတ်လား ”

“ ဟုတ်ကဲ့ ဒါပေမဲ့ ရသေ့ ဆိုတာ သစ်သီးဝလံ စားပြီး တောထဲ တောင်ထဲ နေရမယ် ဆိုတဲ့ တော တောင်အကြောင်း ၊ ညဆိုလည်း အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် အရပ်လေးမျက်နှာကို နက္ခတ်ကြည့် ပြီး သိတတ်ရတယ် လို့ စာ ထဲ ဖတ်ဖူး ထားတယ် ဘဘ ။ အဲဒါကြောင့် ရသေ့ မဝတ်ခင် ဘဘ ကျွန်တော့် ကို နက္ခတ်ပညာ တော့ အရင် သင်ပေးပါလား ”

မောင်တင်ဖေ ၏ စကားကို ကြားလိုက်ရသောအခါ သူတော်ငတေ စိတ်ထဲ နည်းနည်းတော့ ပေါ့ သွားသည် ။ အဘယ်ကြောင့်ဆို သော် ဤ သူငယ်မှာ ပေါကြောင်ကြောင် နိုင်သည့် အပြင် ကြီးကောင် ဝင်စလည်း ဖြစ်တော့ စိတ် ကယောက်ကယက် ဖြစ်ကာ ထင်ရာမြင်ရာ လုပ်ချင်နေရာ ယခု နက္ခတ်ပညာ သင် ချင်သည်ဟု ဆိုလာသောအခါ နက္ခတ်ပညာ ကို သင် ပေး ရင်းနှင့် မောင်တင်ဖေ ၏ စိတ်ကို  ထိန်းကျောင်းပေးနိုင်လိမ့်မည် ဟု ထင်လိုက်သည် ။ ထို့ကြောင့် “ နက္ခတ် ပညာ ကို ဝါသနာပါ တာ ကောင်း တယ် ငါ့ တပည့် ။ ဘဘ သင်ပေးပါ့ မယ် ”

ဟု ပြောလိုက်လေသည် ။

သူတော်ငတေက သူ့ ကို ရသေ့ မလုပ်မီ နက္ခတ်ပညာ သင်ပေးမည် ဆို သဖြင့် မောင်တင်ဖေ လည်း စိတ် ကျေ နပ်သွားသည် ။ ထို့ကြောင့် မောင်တင်ဖေ သည် နက္ခတ်ပညာ သင်ကြားရန် သူတော်ငတေ ဆီ ၌ပင် ဆက်နေလေသည် ။

     •••   •••   •••   ••• 

လမိုက်ည တစ်ညတွင် သူတော်ငတေ က မောင်တင်ဖေ အား နက္ခတ် ပညာ သင်ပြရန် ကျောင်းဝင်း ထဲ မှ အပြင် လယ်ကွင်းနား တစ်ခုသို့ ခေါ် လာသည် ။ ထိုအချိန်မှာ သန်းခေါင် နီး နေပြီ ဖြစ်သဖြင့် မိုး ထက်တွင် ရေတွက် မရသော ကြယ်များကလည်း ကောင်းကင် တစ်ခွင်တစ်ပြင်လုံး ပြည့် နေလေသည် ။

“ မောင်တင်ဖေ ၊ ဟိုကြယ်စုကို ဘာ ခေါ်လဲ သိလား ”

သူတော်ငတေ က မိုးပေါ် လက်ညှိုး ညွှန်ပြ၍ မေး၏ ။

သူတော်ငတေ လက်ညှိုး ထိုး ပြထား သော ကြယ်စု ကို မောင်တင်ဖေ က -

“ အဲဒါ ဖျောက်ဆိပ်ကြယ်လို့ ခေါ်ပါ တယ် ဘဘ ”

“ အိမ်း မှန်တယ် ၊ ဖျောက်ဆိပ် ဆို တာ အရပ် အခေါ်ပေါ့ ။ တစ်မိုးလုံး ဖျောက်ဆိပ်ချည်းပဲ လို့တောင် ဥပမာ ပြောကြတယ် ၊ ဟုတ်လား ”

“ ဟုတ်ပါတယ် ဘဘ ”

“ အေး အဲဒီ အရပ် ခေါ် ဖျောက်ဆိပ် ဆိုတာ ကြတ္တိကာနက္ခတ် ကွဲ့ ။ ကြတ္တိကာကြယ် ခုနစ်သွယ် ၊ ကြက် ငယ်စုသလို တဲ့ မှတ်ထားနော် ”

“ ဟုတ်ကဲ့ ဘဘ ၊ ဖျောက်ဆိပ် ဆို တာ ကြတ္တိကာနက္ခတ် လို့ မှတ်ထားပါ့ မယ် ဘဘ ”

“ အဲဒီ ကြတ္တိကာနက္ခတ်ဟာ ဘယ်လို အနေအထား ရှိရင် ဘယ် အချိန်မှာ ဘာ ဖြစ်တတ်တယ် ဆိုတာ တစ်ခါတည်း ကြည့်ရုံနဲ့ မသိနိုင်ဘူး ။ တစ်ညတည်း ကြည့်ရုံနဲ့ မမြင်နိုင်ဘူး ။ ဒီတော့ ခုလောလောဆယ်မှာ ငါ့ တပည့် နက္ခတ်တွေ ကို ပဲ အရင် ကြည့် လိုက်တာနဲ့ သိအောင် ဘဘ ပြမယ် ။ ဟိုကြယ်ကြီး တစ်လုံးတည်းကို ဘာ ခေါ်လဲ သိလား ”

သူတော်ငတေ လက်ညှိုး ထိုးပြရာ သို့ မောင်တင်ဖေ က မော့ ကြည့် ပြန်သည် ။

“ အဲဒီ ကြယ် က သိပ်တောက်တာပဲနော် ဘဘ ဘာ ကြယ်ခေါ်မှန်း ကျွန်တော် မသိဘူး ဘဘ ”

“ အဲဒါ ဓူဝံကြယ် လို့ ခေါ်တယ်ကွဲ့ မှတ်ထားနော် ”

“ ဟုတ်ကဲ့ပါ ”

“ မင်း ရသေ့ လုပ်ပြီး တောထဲ တောင်ထဲ မှာ ညည သွားရင်း လာရင်း မျက်စိ လည်သွားရင် အဲဒီ ကြယ်ကို ကြည့်ရမယ် ။ တောထဲတောင်ထဲ တင် မဟုတ်ပါဘူးကွယ် ပင်လယ် သွားတွေ လည်း အဲဒီ ကြယ် ကို ကြည့်ပြီး အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် သိတတ် ကြရတယ် ။ မြောက် မှာ ဓူဝံ ၊ တောင် မှာ ကွန်ချာ ဆိုတဲ့ ကြယ် နှစ်မျိုး ကို သိထားရင် ဘယ် ဟာ မြောက် ၊ ဘယ် ဟာ တောင် ဘက် ဆိုတာ အလွယ်လေး နဲ့ မ သိနိုင်ဘူးလား ”

“ သိနိုင်ပါတယ် ဘဘ ”

“ အေး ဟိုမှာ ကြည့် လိုက်ဦး ၊ ပုဏ္ဏဖုသျှူး ၊ ငါးလုံးပြူး နှိုင်းတုသင်္ဘော လိုတဲ့ ”

“ ဟုတ်ကဲ့ ဘဘ ”

“ မင်း ကျက်ရ မှတ်ရလွယ်အောင် မနက်ဖြန်ကျ ဘဘ နက္ခတ်လင်္ကာ တွေ ရေးပေးမယ် ။ ခုနစ်စင်ကြယ် ပြောင် အမြီးထောင် သန်းခေါင်အချိန် မှတ် တို့ ၊ ဘာတို့ ပေါ့ကွယ် ။ အဲဒီအခါ ကျရင် အချိန်ကာလ ခုနှစ်စင်ကြယ် မှာ ဘယ် ကြယ်တွေ ပို တောက်ရင် အဲဒီ နှစ်မှာ ဘယ်နေ့ သားသမီးတွေ ကောင်းမယ် ၊ ဆိုးမယ် တွေ ကို ပါ ဘဘ သင်ပြပေးမယ် ”

“ ဟုတ်ကဲ့ပါ ဘဘ ၊ ကျွန်တော် ဘ ဘဆီက နက္ခတ်တွေ သင်ပြီးမှ ရသေ့ လုပ်မယ် ဘဘ ”

“ ကောင်းပါလေ့ကွယ် ။ ဒါပေမဲ့ နက္ခတ်ပညာ ဆိုတာ အချိန်တော့ ပေး ရတယ်ကွဲ့ ”

ကြီးကောင်ဝင်စ စိတ် ကယောက်ကယက် ဖြစ်နေသော မောင်တင်ဖေ ကို သူတော်ငတေ က ဤနည်း နှင့် စိတ် တည်ငြိမ်လာလိမ့်မည်ဟု ထင်ကာ ညညမှာ နက္ခတ်တွေ ကို သင်ပြသလို သစ်ပင်တစ်ပင်၏ ပင်စည် အခေါက် ကို ကြည့် ၍လည်း အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် ခွဲခြားသိနိုင်သော နည်းတွေကို တောထဲ ခေါ်သွား၍ လက်တွေ့ သင်ပြ၏ ။ သို့သော် မောင်တင်ဖေ ၏ စိတ်ကား တည်ငြိမ် ၍ မလာ ။ နက္ခတ်တွေ အတော်အသင့် သိလာသည်နှင့် ပို၍ စိတ်ကြီး ဝင်လာကာ ရသေ့ လုပ်တော့ မည်ဟု ဆိုလာပြန်သည် ။

“ မင်း ရသေ့ လုပ်တာတော့ ဟုတ်ပါ ပြီ ၊ ဘယ် တောများ သွားနေမလို့စိတ်ကူးရှိလဲ ”

“ ကျွန်တော့် အတွက် ဘူမိ ကျတဲ့ ကျွန်တော်တို့ တောင်ရင်းရွာ နားက နေသုံးလုံး တောင်ပေါ် သွားနေမယ်လို့ မှန်းထားတယ် ဘဘ ။ အဲဒီ တောင်မှာ ဟို ရှေးရှေးတုန်းက ဈာန်ပျံ ရသေ့တွေ နေသွားတယ် ဆိုတာ ဘဘ လည်း ကြားဖူးမှာပါ ”

မောင်တင်ဖေ ၏ စကား ကို ကြား လိုက်ရသောအခါ သူတော် ငတေ မှာ ကြက်သီး ထ သွားပြန်သည် ။ ဤ အရူး က တကယ် သွားနေချင်နေ မှာလည်း စိုးရိမ် မိလိုက်သည် ။ ပြီး တော့ ခရိုင်ကိုးကြောင်း ကို ပင် တစ်မိုး သင်၍ မပေါက်သော ရူးကြောင်ကြောင် ပေါချာချာ အကောင် ၏ ဘူမိ ဆိုသော စကား ကို လည်း ပြုံးမိသွားရပြန်သည် ။ ရိုးမ နှင့် တစ်ဆက်တည်း တည်ရှိနေ သော နေသုံးလုံးတောင် ခေါ် ကျောက် တောင်ကြီး မှာ ကျောက်ဂူ လိုဏ်ခေါင်းတွေ ပေါ သည် ကိုလည်း သူတော်ငတေ သိသည် ။ ကျောက် ဂူလိုဏ်ခေါင်း ထဲ သားရဲတိရစ္ဆာန်များ လည်း ပေါသည် ။ အထူးသဖြင့် ကျောက်ခေါင်း ထဲ တွင် ကျား သားပေါက်မများ ကလည်း အမြဲ လိုလို ရှိနေတတ်သည် ။ ထို့ကြောင့်လည်း ည ကို မဆိုထားနှင့် ၊ နေ့ခင်း နေ့လယ် ၌ပင် အဖော် မပါဘဲ ဘယ် ယောက်ျားသား မှ သွားရဲသော နေရာ မဟုတ် ။ နေသုံးလုံးတောင် ဟု ခေါ်ကြ ခြင်း မှာ ကျောက်လိုဏ်ခေါင်းကြီး တစ်လျှောက်တွင် အပေါက်ကြီး သုံးပေါက် ရှိသည် ။ 

ပထမ အပေါက်မှာ အရှေ့ ဘက် ၌ ဖြစ်ပြီး နေ ထွက်လျှင်ထွက်ချင်း မြင်ရသဖြင့် နေထွက်ပေါက် ဟု ခေါ်ကြသည် ။ ဒုတိယ အပေါက်ကြီး မှာ ကျောက်ခေါင်းလိုဏ်ကြီး ၏ အလယ်တည့်တည့် တွင် ရှိသဖြင့် နေ မွန်းတည့် သည်ကို ကျောက်ခေါင်းထဲ ကလည်း ကြည့်၍ မြင်ရသဖြင့် မွန်းတည့်ပေါက် ဟု ခေါ်ကြသည် ။

အနောက်ဘက် တွင် ရှိသော အပေါက် မှာ လည်း နေဝင်သည် ကို မြင်ရသဖြင့် နေဝင်ပေါက် ဟု ခေါ်ကြ သည် ။ ရှေးရှေးက ဤ ကျောက်တောင် လိုဏ်ဂူထဲ၌ နေသွားကြသော ရသေ့ ၊ ရဟန်းများ သည် ဤအပေါက် သုံးပေါက် ကို အချိန်နာရီ သဘော မှတ်ကာ ကျင့်ကြံအားထုတ် သွားကြ သည် ဟု အစဉ်အလာ ပြောဆိုလာကြ သည် ။

ယခု သူတော်ငတေ ၏ တပည့် ပေါကြောင်ကြောင် မောင်တင်ဖေ က ထို နေသုံးလုံးတောင် မှာ ရသေ့ သွားလုပ်နေမည် ဆိုသောအခါ သူတော်ငတေ မှာ အံ့သြတကြီး ထိတ်ထိတ်လန့်လန့် နှင့်

“ ကြားဖူးတာပေါ့ကွာ ။ ဘဘတို့ ငယ်ငယ်တုန်း က ဦးဩဘာ ဆိုတဲ့ ဘုန်းကြီး တစ်ပါး ခေါ်သွားလို့ ကျောက်ဂူ ထဲ တောင် တစ်ခါ ရောက် ဖူးတယ် ။ ဆရာတော် ကတော့ သူ့ သီလ ၊ သမာဓိ နဲ့ ကြွမို့လား မသိဘူး ၊ ကျောက်ခေါင်း ထဲ မှာ ကျားတွေ ၊ ဝံ တွေ ဆိုလို့ တစ်ကောင် မှ မတွေ့ရဘူး ။ ဆရာတော် က သစ်ခက်တစ်ခက် အဲ နောက်မှ သိရတာကတော့ နဂါးနိုင်ပင် လို့ ပြောတဲ့ အဲဒီ သစ်ခက် ကို ယမ်း လှုပ်ပြီး ရှေ့က ကြွတော့ ဘဘ တို့ ကျောင်းသားကြီး လေးယောက် လည်း နောက် က လိုက် ဝင်ကြတယ် ။ အပေါက်ကြီး သုံးပေါက်က  လူနှစ်ယောက်ဖက် လောက် ရှိလို့လား မသိဘူး ၊ အထဲက ပင်မလိုဏ်ခေါင်းကြီး တစ်လျှောက်လုံးဟာ လင်း နေတာပဲ ”

“ အဲဒီ ဆရာတော် နဲ့ ဘဘတို့ ဘာ သွားလုပ်ကြတာလဲ ဘဘ ”

“ ဆရာတော် ကတော့ ကျောက်သွေး လို့ ပြောတာပဲ ကွ ။ အဲဒီ ကျောက် လိုဏ်ခေါင်း ထဲ က ယူလာတာ ”

“ ကျောက်သွေး သောက်ရင် အသက် ရှည်တယ်တဲ့ ဘဘ ရဲ့ ။ ဘဘ ပြောတာ နဲ့ ကျွန်တော် တော့ အဲဒီ ကျောက် ခေါင်းထဲ အခုတောင် သွားချင် စိတ် ပေါက်လာပြီ ။ အဲဒီ ကျောက် ခေါင်းထဲ ဆေးကောင်း ဝါးကောင်း တွေ ဘယ်လောက် ရှိလဲမှ မသိတာ ဘဘရယ် ။ ဆေးကောင်းဝါးကောင်း ရှိ ရင် ဝိဇ္ဇာ ၊ ဇော်ဂျီ ၊ တပသီတွေလည်း လာကြမှာပဲ ။ အဲဒါ... ”

“ ဝိဇ္ဇာ ၊ ဇော်ဂျီ ၊ တပသီတွေ လာမ လာတော့ ဘဘလည်း မသိဘူး ။ ဘဘ သိတာကတော့ အဲဒီ နေသုံးလုံး တောင်ခေါင်း ထဲ ကျားသားပေါက်မ တွေ အမြဲ ရှိနေတာပဲ ။ တော်တော်တန်တန် သီလ ၊ သမာဓိ ရှိရုံနဲ့ ဘယ် သွား ဝံ့ကြမလဲ ”

“ ကျွန်တော်လည်း သီလ ၊ သမာဓိ ရှိ လာအောင် ကျင့် မှာပေါ့ ဘဘ ”

“ ကောင်းပါတယ် ၊ ကျင့်ပါ ။ ဘဘ သာဓုခေါ်ပါတယ် ”

အရူးအပေါ ကို ပြောရသည်မှာ စိတ် မရှည်စရာ ကောင်း သဖြင့် နောက်တော့ သူတော်ငတေ က “ကောင်းပါ တယ် ၊ ကျင့်ပါ ” ဟုသာ ပြောလိုက်ရတော့သည် ။ သို့နှင့် မောင်တင်ဖေ သည် ရသေ့ ဝတ်ပြီး ကျင့်ကြံအားထုတ်ရန် သူ့ ဇာတိရွာ တောင်ရင်း သို့ ပြန်သွားလေသည် ။

     •••   •••   •••   •••

သူ ပြောသလိုပင် မောင်တင်ဖေ ရသေ့ လုပ်သွားပြီ ဆိုသော သတင်း ကို မကြာမီ ကြား ကြရသည် ။ သူ့ အမေ ၊ အဖေ တို့ က သူတို့ မှာ ဤ သား တစ်ယောက် သာ ရှိရာ ရသေ့ မလုပ်ရန် အတန်တန် တားမြစ်ဖျောင်းဖျ ပြောဆိုကြသော်လည်း မည်သို့မျှ တား မရ ။ ထိုအခါ

“ ရသေ့ လုပ်တာတော့ လုပ်ပါ သား ရယ် ၊ ဒါပေမဲ့ ကိုယ့်ကျောင်း ၊ ကိုယ့် ကန် မှာတော့ နေပါ ။ သား အတွက် အ မေတို့ နေ့စဉ် ဆွမ်းတစ်အုပ် လာ ပို့ပါ မယ် ။ ရွာနီးဝန်းကျင် ကို ဆွမ်းလှည့် ခံ စားနေစရာ မလိုပါဘူး ”

ဟု ဖျောင်းဖျ ပြောဆိုရသည် ။

ထိုအခါ ရသေ့မောင်တင်ဖေ က

“ ရသေ့ ၊ ရဟန်း ဆိုတာ ရွာတကာ လှည့်ပြီး ဆွမ်းခံ ထွက်ရမယ်ဗျ ”

ဟု ဆိုပြန်သည် ။

“ ကဲ ဒါဆိုလည်း ဆွမ်းခံတော့ ထွက် ပါ ၊ ညည တောထဲတောင်ထဲ လျှောက် သွားနေတာတော့ မလုပ်ပါနဲ့ ။ အမေ တို့ အရပ်က သားရဲတိရစ္ဆာန်တွေ ပေါ ပါဘိနဲ့ ၊ ည ည ကိုယ့် ရွာ က ကျောင်းမှာ ပြန်ပြန် အိပ်ပါ ”

ရသေ့မောင်တင်ဖေ ကို ပြောမရမှန်း သိသဖြင့် မိဘနှစ်ပါး က တောင်းတောင်းပန်ပန် ပြောဆို ဆုံးမကြ သည် ။

“ ရသေ့ ၊ ရဟန်း ဆိုတာ အရညဝါသီ တောရပ် မှီရတယ်ဆိုတာ အမေ ၊ အဖေတို့ အိမ် က စာအုပ်တွေ ထဲမှာ တွေ့တယ် မဟုတ်လား ။ ဒါမှလည်း ဈာန် ပျံနိုင်တဲ့ ရသေ့ ဖြစ်လာမှာပေါ့ဗျ ”

ဟု ဆိုပြန်သည် ။

ဘယ်လိုမှ ပြော မရသော ရသေ့ မောင်တင်ဖေ ကို မိဘနှစ်ပါး မှာလည်း သည်အတိုင်းပင် ကြည့်နေကြရ သည် ။ မောင်တင်ဖေ ကမူ သူ့ ယုံကြည်ချက် နှင့် သူ မကြာမီ သူ သည် နေသုံး လုံးတောင် ကို သွားတော့မည် ဟု ပြော လာပြန်သည် ။

နေသုံးလုံးတောင် မှာ ရိုးမကျားကြီး များလည်း အမြဲလိုလို ရှိတတ်သဖြင့် မိဘနှစ်ပါးမှာ ရင်တထိတ်ထိတ် နှင့် ။

ရသေ့မောင်တင်ဖေ က မူ သူ့ ယုံကြည်ချက် နှင့် သူ ညည ကျ လျှင် သူ တို့ ရွာကျောင်းက ကျောင်းသားကြီး များ ကို လာနှိုး ၊ သူတော်ငတေ သင်ပြ ထားသော မိုးပေါ် က ကြယ်တာရာ နက္ခတ်တွေ ကို ခေါ်ပြ ၊ တောထဲ တောင်ထဲ သွားအိပ် လုပ် နေသည် ။

သည်လိုနှင့် တစ်နေ့ ညနေ နွားရိုင်းသွင်းချိန်တွင် တောထဲမှ ရသေ့မောင်တင်ဖေ အော်သံ ကြား သဖြင့် အနီးအနားရှိ ယာတဲ ၊ လယ်တဲ မှ လူများ လိုက်သွားကြရာ ရသေ့ မောင်တင်ဖေ ကို ဝက်ဝံကြီး တစ် ကောက် က လုံးထွေး ကိုက်သတ် နေသည်ကို တွေ့ရသဖြင့် အော်ဟစ် ခြောက်လှန့် ဝင်ရိုက်ကြရာ ဝက်ဝံ ကြီးမှာ တောထဲ ဝင်သွားလေသည် ။

သို့သော် ရသေ့မောင်တင်ဖေ ကား အသက် မရှိတော့ ။ ထိုအခါ သွေးသံ အလိမ်းလိမ်း ဖြစ်နေသော ရသေ့မောင်တင်ဖေ ၏ အလောင်း ကို သူ့ မိဘ အိမ်သို့သာ ထမ်းယူ လာပို့ကြရတော့သည် ။ တစ်ဦးတည်းသော သား ရသေ့မောင်တင်ဖေ ၏ အလောင်း ကို မြင်ရသောအခါ သူ့ အမေ မှာ ငိုရှိုက် ရင်း က တက် သွားသည် ။ ဦးဖေမောင် မှာလည်း ယူကျုံးမရ အပူလုံး ကြွကာ ငိုလိုက် ပြောလိုက်နှင့် ဆောက်တည်ရာ မရ ဖြစ် နေ၏ ။

သူတို့ ၏ တစ်ဦးတည်းသော သား မောင်တင်ဖေ ဤသို့ အသေဆိုး နှင့် သေရခြင်း မှာ သူတော်ငတေ ကြောင့် ဟု သူတော်ငတေ ကို ကျိန်ဆဲကြသည် ။ သူ့ သား အား ဗေဒင်ယတြာ ပညာ သင်ပေးပါ ဟု အပ်ထားပါ လျက် နက္ခတ်ပညာ ဟု မဟုတ်မဟတ်တွေ ကို သင် ပေးလိုက် သဖြင့် ည မအိပ်ဘဲ တောထဲတောင်ထဲ သွားနေ ၊ အချိန်မတော် မှာ ကောင်းကင်ပေါ် မော့ကြည့် ၊ ကြယ် တွေကို ရေတွက် လုပ်နေသဖြင့် ဤသို့ သေရသည် ဟု ဆိုကာ သူတော်ငတေ ကို ပင် ခုချက်ချင်း သွား သတ်တော့ မည် လုပ်သဖြင့် ဦးဖေမောင် ကို ဝိုင်း ဆွဲ ဖျောင်းဖျ ထားကြရသည် ။

သည်လိုနှင့် ရသေ့မောင်တင်ဖေ အား တစ်လပြည့် အလှူ နေ့ နီးလာသောအခါ ရွာသူရွာသားတွေက သူတော်ငတေ ကို ပြောကြသည် ။ မောင်တင်ဖေ လေး သေ သွားသည့် ကိစ္စနှင့် ပတ်သက်၍ မောင်တင်ဖေ ၏ အမေ ၊ အဖေများ က သူတော်ငတေ အပေါ် တော်တော် မကျေမနပ် ဖြစ် နေကြရာ မောင်တင်ဖေ မှာ သူ့ တပည့်လည်း ဖြစ်သဖြင့် ယခုထိ မောင်တင်ဖေ ၏ သောက ပရိဒေဝ ကြောင့် မစားနိုင်မအိပ်နိုင် ဖြစ်နေကြ သော ဦးဖေမောင် တို့ လင်မယား ကို ဖျောင်းဖျောင်းဖျဖျ သွား ပြောသင့် ကြောင်း ၊ နောက်ဆုံး သူ့ တပည့် တစ်ယောက် အနေ နှင့် သတင်းမေး သဘောပဲ ဖြစ်ဖြစ် သွားသင့်ကြောင်း ရွာသူရွာသားတွေ က ဝိုင်း ပြောကြ သည် ။

“ ဟေ့ လူတွေ ၊ ခင်ဗျားတို့ ပြောတာတော့ ဟုတ်ပါရဲ့ ၊ ဒါပေမဲ့ အနာတက် ခိုက် ဆေးမလိုက် ဆိုတာ ရှိတယ်ဗျ ။ ဖေမောင် ဆိုတဲ့ကောင် ကလည်း သူ့ သား လိုပဲ ခပ်ကြောင်ကြောင် ခပ် ပေါက်ပေါက် အကောင် ဆိုတော့ ဒီကောင် ကျုပ်ကို တဆဲ တည်း ဆဲ ၊ တဆို တည်း ဆို ဒေါသတကြီး လုပ်နေ တယ် ဆိုတာ ကျုပ် ကြားပါတယ် ။ အခုနေခါ သူ့ သားရဲ့ သောက ပရိဒေဝမီး က သိပ် တောက်နေတော့ ကျုပ် မသွားသင့်သေးဘူး ထင်လို့ ကျုပ် မသွားတာပါ ”

“ မဟုတ်သေးပါဘူးလေဗျာ ဦးသူတော် ၊ ဘာပဲဖြစ်ဖြစ် ဦးသူတော် တပည့်ပဲ ။ ပြီးတော့ ဦးသူတော် က ဒီ ရပ်ဒီရွာမှာ လူကြီး တစ်ယောက် အနေ နဲ့ ဖြစ်ဖြစ် ၊ သတင်းမေးပဲ ပြောပြော သွား သင့်တာပေါ့ ။ ခုဆို မောင်တင်ဖေလေး ဆုံးသွားတာလည်း တစ်လ နီးပြီ ပဲ ။ ဦးဖေမောင် လည်း စိတ်ပြေ သလောက် ပြေလျော့ပေါ့ ”

“ အဲဒီတော့ မောင်တင်ဖေ ရဲ့ အခြေအနေ ကို ပြောပြဖို့ ဦးသူတော် တစ်ခေါက်လောက်တော့ သတင်း သွား မေးသင့်တယ် ။ ဒါမှ ဦးဖေမောင် ကလည်း စိတ် ပြေမှာပေါ့ ။ ခုတော့ ဦးသူတော် က သတင်းမေးတောင် တစ်ခေါက် မလာဘူး ဆိုတော့ ဦးဖေမောင် ဆိုတာက သူ့ရပ် သူ့ရွာ မှာ ကြေးရတတ် လူချမ်းသာ ၊ ရွာလူကြီး ဆိုတဲ့ ဂုဏ်ဒြပ် ကလည်း ရှိသေး ... ”

“ တော်ကြစမ်းပါဗျာ ၊ ဖေမောင် ဆို တဲ့ ရူးကြောင်ကြောင် အကောင် ကို များ ဘယ်လူက လူကြီး ခန့်ထားပါ လိမ့် ”

“ ဟာ ဦးသူတော် ကလည်း သူတို့ တောင်ရင်း တစ်ရွာလုံးက ကျေနပ်လို့ ခန့် ထားကြတာပါဆို ။ သူ က ရပ်မှာ ရွာမှာ အလှူ အတန်း ဆိုလည်း ထိပ် ဆုံး က ဗျ ”

ရွာသားကြီးတွေ ၏ စကား ကို သူတော်ငတေ က တဟားဟား ရယ် နေသည် ။

“ မရယ်နဲ့လေ ဦးသူတော် ၊ ကိုယ့် လောကဝတ်ပေါ့ ။ တစ်ခေါက် လောက်တော့ သတင်း သွားမေး လိုက်စမ်းပါ ။ ဒါမှလည်း ဦးဖေမောင် က လာ မေးဖော်ရတာ ကို ကျေးဇူး တင်ပြီး စိတ် ပြေမှာပေါ့ ”

ရွာလူကြီးတွေ က ဝိုင်း ပြောကြ သောအခါ သူတော်ငတေ က ရယ် ကျဲကျဲနှင့်

“ အေးပါ ၊ ကျုပ် သွားသင့်တဲ့ အချိန် ကျရင် သွားမှာပါ ။ ခင်ဗျားတို့ ကျုပ် ကို ပြောချင်နေကြတာ ဒါပဲ
မဟုတ်လား ။ ပြီးပြီပေါ့ ”

ဟု ပြောကာ သူတော်ငတေ ထ သွားလေသည် ။

     •••   •••   •••   ••• 

သည်လိုနှင့် ရသေ့မောင်တင်ဖေ သေပြီး တစ်လပြည့် အလှူနေ့ တွင် သူတော်ငတေ သည် မောင်တင်ဖေ အား ရည်စူး၍ အလှူ ပေးနေသော ဦးဖေမောင် ၏ အိမ်သို့ ရောက် သွားလေ သည် ။

သူတော်ငတေ ဦးဖေမောင် တို့ အိမ် ကို ရောက်သွားချိန်မှာ ပင့်သံဃာ သုံး ပါး သည် ဆွမ်းဘုဉ်း ပေးပြီး တရားဓမ္မ ချီးမြှင့်ပေး၍ ရေစက်ချ အမျှအတန်း ပေးဝေ ပြီးချိန် ဖြစ်သဖြင့် ရပ်ရွာ လူကြီးတွေ နှင့် အကျိုးအကြောင်း ပြောနေကြချိန်တွင် လူကြီးများ ကို ကျွေးမွေးရန် ထမင်းပွဲ ပြင်နေကြချိန် လည်း ဖြစ်သည် ။ သူတော်ငတေ အိမ်ပေါ် တက်လာ သည်ကို မြင်သောအခါ အရပ်လူကြီး များ က နေရာ ဖယ်ပေးကြ၏ ။ ဦးဖေမောင် ကမူ စားခါနီးမှ ရောက်လာ သော သူတော်ငတေ ကို မျက်စောင်း တစ်ချက် ထိုး ကြည့်ပြီး မသိမသာ အံ ကြိတ်နေသည် ။ ရသေ့တင်ဖေ ၏ အမေ ၊ ဦးဖေမောင် ၏ မိန်းမ ကမူ သူတော်ငတေ ကို မြင်လိုက်သည်နှင့် သူ့ သား သေရသည်မှာ သူတော်ငတေ မဟုတ် မဟတ် တာတွေကို သင်ပေး လိုက်၍ ဟု ဟီးချ ပြောငိုတော့သည် ။

သူ့ မိန်းမ ငိုလိုက်သံ ကို ကြားလိုက်ရ သောအခါ ဦးဖေမောင် ၏ ရင် ထဲကို သောကပရိဒေဝ မီးလုံးကြီး က ချက်ချင်း တက် ဆောင့်လာတော့သည် ။ ထိုအခါ ဦးဖေမောင် သည် သူတော်ငတေကို အံကြိတ် ကြည့်ကာ မျက်ရည် ပိုး ပိုးပေါက်ပေါက် ကျနေ၏ ။

“ ခင်ဗျားတို့ အယူ မှားနေကြပြီ ၊ ကျုပ်တပည့်လေး မောင်တင်ဖေ ကို ကျုပ် လည်း သံယောဇဉ် ရှိတယ် ။ အဲဒါကြောင့်လည်း ဒီကလေး စိတ်ကောင်း လာအောင် ကျုပ် အမျိုးမျိုး ... ”

“ ဘာ ကျုပ် သား ကို ခင်ဗျား က စိတ် မမှန်ဘူး ၊ ရူး နေတယ်လို့ ပြောချင် သလား ။ ကျုပ် သား အစက လူကောင်း ခင်ဗျား မဟုတ်မဟတ် ... ”

“ ကျုပ် ပြောတာကို နည်းနည်း သည်းခံပြီး နားထောင်ပါ ဦးဖေ ... ”

“ ခင်ဗျား ပြောတာ ဘာမှ ကျုပ် သည်းခံနားထောင်စရာ မလိုဘူး ။ ခင်ဗျား ဆီ မှာ ကျုပ် သား ကို လာအပ် တုန်းက ဘာ ပညာ သင်ဖို့ လာ အပ်တာ လဲ ပြော ”

“ ကျုပ် ပြောပါ့မယ် ဦးဖေမောင် ရာ ။ ခင်ဗျားသား ... ”

“ ဘာမှ ဆက် ပြောမနေနဲ့ ။ ကျုပ် သား သေ ရတာ ခင်ဗျား မဟုတ်မဟတ် နက္ခတ်ပညာ ဆိုတာ သင် ပေးလို့ ဒီလိုဖြစ်ရတာ ။ ခင်ဗျား ဆီ မှာသာ ဗေဒင်ယတြာ သင်ဖို့ လာ မအပ်မိရင် ခုလို ကျုပ်သား အသေဆိုး နဲ့ သေ ရမှာ မဟုတ်ဘူး ။ တောက် ... ”

ဦးဖေမောင် နှင့် သူတော်ငတေ တို့ ၏ စကားသံ ကို ကြား ရသောအခါ ရသေ့မောင်တင်ဖေ ၏ အမေ ငိုသံ က ပို ကျယ်လာသည် ။  ။

“ ဦးဖေမောင် ၊ ခင်ဗျား ဟာ သား အတွက် နဲ့ သိပ်ပြီး သောကပရိဒေဝမီးကြီး တောက်လောင်နေတော့ ကျုပ် ဘာပဲ ပြောပြော ခုနေခါ ကျုပ် စကား ကို ခင်ဗျား နားဝင်မှာ မဟုတ်ဘူး ။ ဒီတော့ ကျုပ် တစ်ခုပဲ ပြောမယ် ”

“ ခင်ဗျား ဘာ တစ်ခု ပြော မှာလဲ ”

“လူတွေဟာ သေနေ့စေ့ရင် သေကြ တာချည်းပဲ ဦးဖေမောင် ။ အခု ခင်ဗျား သား လည်း သေနေ့ စေ့လို့ သေတာပဲ ။ အဲဒါကို တရားနဲ့ ဖြေ ....”

“ လူတွေဟာ သေနေ့စေ့ရင် သေကြ တယ် ဟုတ်လား ”

ဦးဖေမောင် က မျက်ရည် ကျကာ အံကြိတ်ရင်း သူတော်ငတေ ကို မေး လိုက်၏ ။

“ ဟုတ်တယ် ၊ လူ တွေ ဟာ သေနေ့ စေ့ရင် သေ တာပဲ ။ ဘုရား တောင် တားလို့ .. ”

“ ဟုတ်ပြီ ၊ ခင်ဗျားလည်း အခု သေနေ့ စေ့လို့ ရောက်လာတာ ။ သေပြီ သာ မှတ်တော့ ”

“ ဟဲ့ ဟဲ့ ဒကာ ၊ လွန်မယ် လွန်မယ် ”

“ ဦးဖေမောင် .. ဦးဖေမောင် သတိ ထားပါဗျ ”

သားဇောနှင့် စိတ် ကို ထိန်းမရ ဖြစ် သွားသော ဦးဖေမောင် သည် ဘုန်းကြီး နှင့် ရွာ လူကြီးတွေ အထိတ်တလန့် တားနေကြသည့် ကြား ထဲက ဘုရားစင် အောက်ရှိ ဆောင်ဓား ကို ပြေးဆွဲကာ သူတော် ငတေ ကို တရစပ် ခုတ် တော့သည် ။ ဦးဖေမောင် အပါအဝင် ဤ အရပ်သားတို့ ၏ ဆောင်ဓားရှည် မှာ သူခိုး ၊ ဓားပြ ရန်ကို ကာကွယ်ရန်ထားသော ဆောင်ဓား ဖြစ်သဖြင့် ဓားသွား ပေါ် တွင် ဆံခြည် တစ်ပင်ကို တင်၍ လေ နှင့် မှုတ် လိုက်ရုံနှင့် ဆံခြည် တစ်ပင် ပြတ်ထွက်သွားလောက်အောင် သွေး ထားသော ဓား ဖြစ်သည် ။

ယခု ထို ဓား နှင့် ဦးဖေမောင် က သူတော်တေ ကို အဆက်မပြတ် ခုတ် လိုက်ရာ တချို့ လူကြီးတွေ က လန့်ဖျပ်၍ပင် အိမ် ပေါ်က ရုတ်ရုတ်သဲသဲ ဆင်း ပြေးကြသည် ။ သို့သော် သူတော်ငတေ ကား လုံးဝ မ ပြေး ၊ ဘုန်းကြီး နှင့် ရွာလူကြီးများရှေ့ တင်ပျဉ်ခွေ ထိုင်နေရာမှ ဦးဖေမောင် ဓား နှင့် ခုတ်သောအခါ ကြမ်းပြင်ပေါ် လက်နှစ်ဖက် ထောက် လိုက်ပြီး ခေါင်း ငုံ့နေ၏ ။

ဤမျှ ထက်သော ဆောင်ဓား နှင့် သူတော်ငတေ ၏ ခေါင်း နှင့် လည်ပင်း ၊ ကျောကုန်း တို့ ကို လေး ငါးခြောက်ချက် ခုတ် လိုက် သော်လည်း သူတော်ငတေ က ဘာမှ မဖြစ်ဘဲ ကုန်းကုန်းကြီး တည်နေ သောအခါ ဦးဖေမောင် မှာ ကြောင် သွားသည် ။ ရှေ့ဆက် ဘာလုပ်ရမှန်း လဲ မသိဖြစ်ကာ မှင်တက်မိနေ၏ ။

အမှန်ကတော့ ဦးဖေမောင် သာ မဟုတ် ၊ မောင်တင်ဖေ ၏ တစ်လပြည့် အလှူ သို့ လာကြသော ဘုန်းကြီး ရဟန်း နှင့် ရွာသူရွာသား အားလုံး တို့ မှာလည်း မှင်တက် မိ သွားကြသည် ။

ဘုန်းကြီးရဟန်း နှင့် ဦးဖေမောင် အပါအဝင် လူများအားလုံး မှင်တက်မိ နေကြချိန်တွင် သူတော် ငတေ သည် ကြမ်းပြင်ပေါ် ထောက် ထားသော လက်နှစ်ဖက် ကို တင်ပျဉ်ခွေ ထိုင် နေသော ပေါင် ပေါ် ပြန် တင်လိုက်ပြီး ခေါင်း မော့လာ၏ ။

ပြီးနောက် သူ့ အား မှင်တက် မိကာ ကြောင် ကြည့်နေသော ဦးဖေမောင် ကို မော့ ကြည့်ပြီး

“ ဦးဖေမောင် ၊ ကျုပ် ပြောတာ မှန်ပါ တယ် နော် ။ လူတွေ ဟာ သေနေ့ မစေ့ ရင် ဘယ်လို သတ်သတ် သေ ကို မသေ ဘူး ဗျာ ။ သေနေ့ စေ့ရင်တော့ ဘယ် သူ မသတ်သတ် သူ့ ဘာသာ သူ သေ တယ် ဆိုတာ အခု ဦးဖေမောင် လက်တွေ့ပဲ နော် ။ ဒီတော့ ခင်ဗျား သား ၊ ကျုပ် တပည့် မောင်တင်ဖေ ဟာ သေနေ့ စေ့လို့ ကို သေ သွားတာပါပဲ ။ ငို လည်း မနေကြပါနဲ့တော့ ဗျာ ။ ကျုပ် တပည့် အတွက် ခင်ဗျားတို့ ကုသိုလ်ဒါန လုပ်ပေးကြတာ ကို ကျေးဇူး တင်ပါတယ် ။ သာဓု ခေါ်ပါတယ်ဗျာ ။ သာဓု ... သာဓု ... သာဓု ။ ကျုပ်တပည့် မောင်တင်ဖေ ယခု မိဘများ လှူဒါန်း ကျွေးမွေးသော ဒါနအစုစု ကို အမျှ ရ၍ ကောင်းရာဘုံ ဘဝ ရောက် ပါစေ ။ ဆရာငတေ လည်း အမှျ ဝေလိုက်ပါတယ် ”

ဟု ပြောကာ အိမ်ပေါ် က ချက်ချင်း ဆင်းသွားလေသည် ။

◾  ဝေယံလင်းခေါင်

📖  သူတော်ငတေ ၏ ပိတုန်းတစ်ထောင် နှင့် အခြားဝတ္ထုတိုများ

www.facebook.com/aung.naingoo.3726613

.

Tuesday, March 22, 2022

ပွဲစား ဘိုးထူး


 

❝ ပွဲစား ဘိုးထူး ❞

အထက် မြန်မာပြည် ရေနံချောင်းမြို့ အနီး မော်တော်ကားလမ်းမကြီး ပေါ်ရှိ ညောင်ပင်သာရွာကြီး မှ ပွဲစားဦးကျောက်လုံး နှင့် တပည့် ဖြစ်သူ ဘိုးထူးတို့သည်  ၊ ဂျပန် လက်ထက်တွင် အထက် မှ ကုန်စည်များကို ဘတ်စ်ကား တစ်စင်း နှင့် တင်ဆောင်ကာ ရန်ကုန်မြို့ ကြည့်မြင်တိုင် ဈေးကြီး အနီး  ၊ ရွှေပြည်တော် ပွဲရုံသို့ ဆိုက်ရောက်လာ ကြ၏ ။ ဘိုးထူး သည် ရန်ကုန်မြို့ သို့ တစ်ခါတစ်ခေါက် မှ မရောက်ဖူးသူ ဖြစ်၏ ။ ပွဲစား ဦးကျောက်လုံး သည် ညောင်ပင်သာ ရွာသား ဘိုးထူး အား တပည့် အဖြစ်ဖြင့် ခေါ်ဆောင်လာခဲ့ခြင်း မှာ ဘိုးထူး သည် ရိုးသားဖြောင့် မတ်၍ ဖျတ်လတ်သူ လူငယ်တစ်ဦး ဖြစ်သည့်အပြင်  ၊ ဆွေမျိုးလည်း အနည်းငယ် တော်စပ်သောကြောင့်ပင် ဖြစ်၏ ။ ဦးကျောက်လုံး နှင့် ဘိုးထူး တို့ ဆွေမျိုးတော်စပ် ပုံမှာ ဦးကျောက်လုံး ၏ အစ်မ နှစ်ဝမ်းကွဲ ဖြစ်သူ ဒေါ်သစ် ၏ သမီး အပု မှာ ဘိုးထူး နှင့် လင်မယား တော်စပ်၏ ။ ဦးကျောက်လုံး သည် ဘိုးထူး ၏ မယားအပု အား ဘိုးထူး အတွက် ပြောကြား တာဝန်ခံပြီးလျှင်  ၊ ညောင်ပင်သာရွာ မှ ရန်ကုန်မြို့ သို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်၏ ။ ဘိုးထူး သည် ညောင်ပင်သာရွာ မှ ရန်ကုန်မြို့သို့ ရောက်လာ သည့်အခါတွင် ရန်ကုန်မြို့ သို့ တစ်ခါတစ်ခေါက်မျှ မရောက်ဖူးသူ ဖြစ်၍ မိမိ ကိုယ် ကို အတော်ပင် အထင် ကြီးသွား၏ ။ စိတ် ပြောင်းချင်သလိုလို ဖြစ်သွား၏ ။

အချိန်ကား ရန်ကုန်မြို့ တွင် ဂျပန် လက်ထက် ဖြစ်၍ ဂျပန်တို့မှာ စစ်ပစ္စည်းရော - စားနပ်ရိက္ခာပစ္စည်းပါ မလုံမလောက် ကောက်သင်းကောက် ရောက်ရာနေရာ တိုင်းတွင် ဝယ်ယူနေရသော အချိန် ဖြစ်၍ သံတိုသံစ မှ ဂျပန်ငွေစက္ကူ ဖြစ်နေ ၏ ။ အဝတ်စုတ်ပုလင်းဟောင်းမှ ဂျပန်ငွေစက္ကူ ဖြစ်နေ၏ ။ ဟင်းသီးဟင်းရွက် မှ ဂျပန်ငွေ စက္ကူ ဖြစ်နေ၏ ။ ထိုကဲ့သို့ ပစ္စည်းရှားပါးကာ ဂျပန် က ရသမျှတွေကို ဝယ်နေသဖြင့် ပွဲစားတွေ မှိုလို ပေါက် နေတော့၏ ။ ရန်ကုန်မြို့ကြီး တွင် ပွဲစားများ ခြေချင်း လိမ်နေတော့ ၏ ။ ဂျပန်ငွေ အရှာရ လွယ်နေတော့၏  ။ ယခင်က စာရေး စာချီ ဖြစ်ခဲ့ဖူးသူလည်း ပွဲစား  ၊ ယခင်က ကူလီလုပ်ခဲ့ဖူး သူလည်း ပွဲစား  ၊ ယခင်ကလက်သမား လုပ် ခဲ့ဖူးသူလည်း ပွဲစား ။ ယခင်က ဒရိုင်ဘာ စပယ်ယာ လုပ်ခဲ့ဖူးသူကလည်း ပွဲစား ယခင်က လယ်ယာ လုပ်ခဲ့ ဖူးသူလည်း ပွဲစား စသည်ဖြင့် ရန်ကုန်မြို့ မှာ ပွဲစားမြို့ ဖြစ်နေလေ၏ ။  ။

ဘိုးထူး ကား ရန်ကုန်မြို့ သို့ ရောက်ပြီး နောက် ၃ ရက်လောက် အကြာတွင် အရောင်းအဝယ် စည်ကား၍ ပွဲစားလုပ်ငန်း ခေတ်စားနေသော ကြည့်မြင်တိုင် ရပ်ကွက် သို့ ရောက်ရှိနေသည့် အခါတိုင်း ပွဲစားမျိုးစုံ ဂျပန်ငွေ အရှာရလွယ်ကူပုံတို့ကို မျက်စိအာရုံ တွင် ထင်မြင် သိရှိ လာတော့၏ ။ ဘိုးထူး ကိုယ်တိုင်ပင် ပွဲစား အလုပ် ကို စိတ်ဝင်စား လာတော့၏ ။ သို့ဖြစ်လေရာ ဘိုးထူး သည် ပွဲစား တွေ ပြောဆိုပုံ  ၊ လုပ်ကိုင်ပုံ တို့ကို သေချာစွာ စူးစိုက်ကာ အထူးတလည် စိတ်ဝင်စားစွာ စောင့်ကြည့်နည်းလေတော့၏ ။ ဘိုးထူး ၏ စိတ်တွင် အထက်ညောင်ပင်သာရွာ သို့ ယခု အမြန် မပြန်လိုသေးဘဲ  ၊ ရန်ကုန်မြို့ တွင် ပွဲစား လုပ်ကာ ဂျပန်ငွေ ရှာဖွေစုဆောင်းပြီး မှ ဂျပန်ငွေစက္ကူ ကို သေတ္တာ နှင့် ထည့်၍ ထမ်းလျက်  ၊ ညောင်ပင်သာရွာ ရှိ မယားအပု ထံ မျက်နှာပန်းလှလှ ပြန်တော့မည်ဟု စိတ် ပိုင်း ဖြတ်လိုက်လေ၏ ။

      •••   •••   •••   ••• 

ပွဲစားဦးကျောက်လုံး နှင့် ဘိုးထူး တို့ ရန်ကုန်မြို့သို့ အထက် ကုန်များနှင့် ရောက်လာသည် မှာ ၇ ရက် အချိန် သို့ ရောက်ခဲ့လေပြီ ပွဲစားဦးကျောက်လုံး ၏ ကုန်ပစ္စည်း မှာ ပေါက်ဈေး နှင့် ရောင်းချပြီး ဖြစ်သည့်အပြင် ဦးကျောက်လုံး သည် အောက် ကုန်များ ကိုလည်း အထက် တွင် ရောင်းချရန် ဝယ်ယူ၍ ဘတ်စ်ကား ပေါ်သို့ အသင့် တင် နှင့်ပြီး ဖြစ်လေ၏ ။ သို့ဖြစ်လေရာ ဦးကျောက်လုံး ၏ ဘတ်စ်ကား သည် နောက်တစ်နေ့ နံနက် တွင် ရန်ကုန် မြို့ မှ အထက် သို့ ထွက်ခွာတော့မည် ဖြစ်လေ၏ ။

ထိုညတွင် ဘိုးထူး သည် ဦးကျောက်လုံး ၏ အနီး သို့ ကပ်၍ အရေးတကြီး ပြောလိုသော ဟန်အမူအရာ   ၊ မျက်နှာထား ပြလိုက်ရာ  ၊ ဦးကျောက်လုံး ကပင် စတင်၍ -

“ ဘာများ ပြောချင်လို့လဲ ဘိုးထူး ရဲ့ ”

“ ကျွန်တော် ပြောစရာ ရှိလို့ပါ ဦး ရဲ့ ”

“ ပြောစရာ ရှိရင် မြန်မြန် ပြော  ၊ မင်း မိန်းမ အတွက် ဝယ်စရာ ရှိရင် မြန်မြန် ဝယ်ထားကွ  ၊ နက်ဖြန် အထက် ကို ပြန်ကြရမယ် သိလား ”

“ ဟုတ်ကဲ့  ၊ သို့ပေမဲ့ ကျွန်တော် ဦး ဆီမှာ ခွင့်တောင်း ချင်တာ ရှိပါတယ် ”

“ ဘာ ခွင့် တောင်းချင်လို့လဲ  ၊ မင်း အိမ် အတွက် ဝယ် ချင်တာ ဝယ်သွားဖို့ ငွေ လိုချင်သေးလို့လား ”

“ မဟုတ်ပါဘူး ဦးရဲ့ ”

“ မဟုတ်ရင်လည်း ဟုတ်တာကို ပြောလကွာ ”

“ ကျွန်တော် နက်ဖြန် အထက်ကို ပြန် မလိုက်ချင်သေးဘူး  ၊ နောက်တစ်ခေါက် ရန်ကုန် ကို ဦး လာတော့ မှ ကျွန်တော် ပြန်လိုက်ပါရစေ ဦး ရဲ့ ”

“ အခု ပြန် မလိုက်ဘဲ ဒီမှာ မင်း ဘာလုပ်နေမလို့ လဲ  ၊ မင်း ဘယ်သူနဲ့ နေရစ်ခဲ့မလဲ  ၊ ဒါ ရန်ကုန်မြို့ ဘိုးထူး ရဲ့ ”

“ ကျွန်တော် ဒီမှာ စီးပွားရှာပြီး နေခဲ့ချင်တယ်  ၊ ဒီ ပွဲရုံ က ပွဲရုံစောင့် ကိုမှန်း နဲ့ အတူတူ နေထိုင်ဖို့လည်း ပြော ထားပြီးပါပြီ ”

“ ဘယ်လို စီးပွားရှာမှာလဲကွ  ၊ ငါ့ လည်း ပြောပြစမ်းပါဦး ”

“ ပွဲစားအလုပ် ခေတ်စားပြီး ဂျပန်ငွေ အရ လွယ်လွန်း လို့   ၊ ကျွန်တော် လည်း ပွဲစား လုပ်မလို့ပါ ဦး ရဲ့ ”

“ ဟဲ ဟဲ အာဂ ဘိုးထူး ပါကလား ”

“ ဘိုးထူး မင်းလည်း ရန်ကုန် ရောက်လို့ မျက်စိ ပေါက် ကျယ်လာပြီ ထင်တယ်  ၊ မျက်စိပေါက် ကျယ်လာ တာကတော့ ဝမ်းသာ စရာပါပဲ  ၊ သို့ပေမဲ့ ရန်ကုန် ဆိုတာ ... အေးကွယ် တစ်နေ့တော့ မင်း သိမှာပေါ့  ၊ တခြားမြို့ရွာ နဲ့ မတူဘူးကွ  ၊ မင်းတို့လို လူရိုးလူအ တွေ နဲ့ မကိုက်ဘူးကွဲ့ ”

“ ကျွန်တော့် အတွက် မစိုးရိမ်ပါနဲ့ ဦးရယ်  ၊ ကျွန် တော် စီးပွား ရှာနိုင်လို့ ကျွန်တော့် သားမယား ကို ကောင်းကောင်းမွန်မွန် ကျွေးမွေးစောင့်ရှောက်ချင်လို့ အဲဒီရည် ရွယ်ချက်နဲ့ ကျွန်တော် နေရစ်ခဲ့မှာပါ ဦးရဲ့   ၊ ကျွန်တော် ရိုးရိုးသားသား သတိတရား နဲ့ မမှားမယွင်းရအောင် မကောင်းမှုတွေ ကို ရှောင်နိုင်သမျှ ရှောင်ကြဉ်ပါ့မယ် ဦးရဲ့ ”

“ အေးလကွယ် စီးပွားရေး ဆိုတော့  ၊ မဖျက်ကောင်းဘူးကွဲ့  ။ စီးပွားရေးကိစ္စ ကို ဖျက်ရင်  ၊ လူတစ်ယောက် ကို မကြီးပွားစေချင်လို့   ၊ မနာလိုလို့ ထင်စရာ ဖြစ်လိမ့်မယ်  ၊ အေး အေး မင်း နေချင်ရင် နေခဲ့တာပေါ့လေ ဦး က ခွင့် ပြုပါတယ် ။ ကောင်းကောင်းမွန်မွန် နေရစ်ပြီး စဉ်းစဉ်း စားစား နဲ့ အလုပ် လုပ်ကွဲ့ နော် ”

“ ဟုတ်ကဲ့ ဒါနဲ့ ကျွန်တော့် မိန်းမ အပု ကို သေသေ ချာချာ ပြောပြလိုက်ပါနော် ဦး ရဲ့ ”

“ အေး အေး ”

( ၂ )

ယခုအခါ အထက်ညောင်ပင်သာရွာသား ဘိုးထူး သည် ရန်ကုန်မြို့သား ပွဲစားဘိုထူး ဖြစ်နေလေပြီ  ၊ ဘိုးထူး သည် ဂျပန်ခေတ် ပွဲစား လုပ်နည်း နိသျှည်း ကို ရွှေ ပြည်တော်ပွဲရုံ မှ စခန်းချ၍ ပွဲရုံစောင့် ကိုမှန်း ၏ အကူ အညီဖြင့် မနေမနား လုံ့လဝီရိယနှင့် ကြိုးစား၍ လေ့လာကာ ဆရာဖြစ်သူ ပွဲစားဦးကျောက်လုံး က မ,တည်ပေး သွားသော ငွေအရင်းအနှီးကလေး ကို အခြေပြုပြီး လျှင် ပွဲစား အလုပ် ကို လုပ်ကိုင်လာရာမှ  ၊ အတော်ပင် ငွေဝင်လမ်း ဖြောင့်လာတော့၏ ။ ထိုကဲ့သို့ ပွဲစား အလုပ် ငွေဝင်လမ်း ဖြောင့်လာခြင်းမှာလည်း ဘိုးထူး သည် အခြား ပွဲစားများကဲ့သို့ မဟုတ်ဘဲ  ၊ ပွဲစား အလုပ်တွင် အပင်ပန်း ခံရ မည်ကိုလည်း မကြောက်  ၊ ခြေကျင် လျှောက်၍ အရောင်း အဝယ် လုပ်ရမည်ကိုလည်း မငြင်းပယ်  ၊ ပွဲခများများ ရမှ ရောင်းပေးမည်  ၊ ဝယ်ပေးမည် ဟူ၍လည်း ရည်ရွယ်ချက် သဘော မထား  ၊ ပွဲခ ရရုံ ပွဲစားအလုပ်ကလေးများ ကိုပင် လက်ခံ လုပ်ကိုင်လျက် မိမိ ထံသို့ ရောက်လာသော ပွဲခ ဟူသမျှကို များသည် နည်းသည် မရွေးဘဲ  ၊ လက်မလွှတ် တမ်း ပွဲစားလမ်း ဖွင့်ပေးထားသောကြောင့်ပင် ဖြစ်၏ ။

ဘိုးထူး ကား ပွဲစားဘိုးထူး ဟု နာမည် ထွက်လာ၏ ။ လူသိ များလာ၏ ။ သံတိုသံစ ပွဲစားဘိုးထူး  ၊ စက္ကူစုတ် အဝတ်စုတ် ပွဲစားဘိုးထူး  ၊ ပုလင်းဟောင်း ပွဲစားဘိုးထူး ဟူ၍လည်း ထင်ရှား လာတော့၏ ။ ရန်ကုန်မြို့သား ပွဲစားများမှာ ဘိုးထူး ၏  ပွဲစားစံချိန် ကို မီအောင် အတော် ပင် လိုက်နေကြရလေ၏ ။

     •••   •••   •••   •••

ယခုအချိန်တွင် ပွဲစားဘိုထူး ၏ လက်တွင် ဂျပန် ငွေစက္ကူ အထပ်လိုက် ကိုင်လျက် သုံးစွဲနေသည်ကို တွေ့ မြင် ရပေပြီ  ၊ ထိုအချိန်တွင် ပွဲစားဘိုးထူး သည် အဆင့်အတန်း မြင့်ကာ ရွှေပွဲစား  ၊ စိန်ပွဲစား ဖြစ်နေလေပြီ ။ ဘိုးထူး သည် ဂျပန်ငွေစက္ကူ အရှိန်ကြောင့် အဝတ်အစားသစ်များ ကို နေ့စဉ် လဲလှယ်ကာ စိတ်ကြီး ဝင်စ ပြုလာလေပြီ ။ ညောင်ပင်သာရွာ မှ ရိုးသားဖြောင့်မတ်စွာ ပါလာသော ဘိုးထူး ၏ စိတ်ဓာတ် သည် ရန်ကုန်မြို့တွင် ဆန်းပြား ထူးခြားသော စိတ်ဓာတ် အဖြစ် သို့ ပြောင်းလဲလာ၏ ။

ပွဲရုံစောင့် ကိုမှန်း ၏ အမြှောက်အပင့် အားပေးမှုကြောင့်လည်း ဟိုတယ် သို့ တက်စ ပြုလာ၏ ။ အရက်ပုလင်း ကို ကိုင်စ ပြုလာ၏ ။ စီးကရက် ကို ပါးစပ် မှ ဖွာမှုတ် စ ပြုလာ၏ ။ မိန်းကလေးများ ကို မြင်လျှင် မျက်လုံး ပြူးထွက် လု မတတ် ခေါ်တောကြည့်မျိုး ကြည့်လိုသော ဟန် အမူ အရာအသစ် တစ်မျိုး ပေါ်ပေါက် လာ၏ ။ ယခုလက်ရှိ ဘိုးထူး ၏ အလေ့အကျင့် ဟန်အမူအရာ တ ို့ကို ကြည့် ခြင်း အားဖြင့်  ၊ ယခု ဘိုးထူး သည် ယခင် ဘိုးထူး မဟုတ်တော့ဘဲ စိတ်သဘောထား  ၊ အလေ့အကျင့် ဟန်အမူ အရာပါ  ၊ အစစအရာရာ သိသိသာသာ ထူးထူးခြားခြားပင် ပြောင်းလဲလာသည် ကို ကောင်းစွာ တွေ့မြင်နိုင်၏ ။

ထိုအချိန်တွင် စိန်ပွဲစား  ၊ ရွှေပွဲစား ဘိုးထူး သည် စိန်ပွဲစား ရွှေပွဲစား ဆိုသူ အသက် အရွယ် ၂၅ နှစ် ခန့် ရှိ ခေတ်ဆန်သူ မိန်းမချော မမြသန်း နှင့် အတော်ပင် အဆက်အသွယ် ဖြစ်နေ၏ ။ စိန်ရွှေများ ကို အရောင်း အဝယ် အပေးအယူ လုပ်နေ၏ ။ ဘိုးထူး သည် မမြသန်း နှင့် အတော်ပင် ရင်းရင်းနှီးနှီးဖြစ်ကာ  ၊ တစ်ခါတလေ ဘိုးထူး နှင့် မမြသန်း တို့ နှစ်ဦး ကို ရုပ်ရှင်ပြဇာတ်ရုံများ တွင် စုံတွဲ ပင် တွေ့မြင်ရ၏ ။ တစ်ခါတလေ လူရှင်းသော ကန်တော်ကြီး တစ်နေရာတွင် ရယ်ရွှင်ကြည်စွာ တီးတိုး စကား နှစ်ကိုယ်ကြား ပြောဆိုနေကြသည်ကိုလည်း တွေ့မြင်ရ၏ ။ ထိုကဲ့သို့ စိန်ရွှေပွဲစား ဘိုးထူး နှင့် စိန်ရွှေပွဲစား ဆိုသူ မမြသန်း တို့ သည် ရင်းရင်းနှီးနှီး ယုံယုံကြည်ကြည် ရှိနေကြသည့် အတိုင်း စိန်ရွှေပွဲစား ဘိုးထူး သည် ပိုင်ရှင် များက မိမိ အား ရောင်းချပေးရန် ယုံကြည်၍ လွှဲအပ်ထား သော စိန်ရွှေပစ္စည်းများ ကို မမြသန်း ၏ လက်တွင်းသို့ လက်လွှဲအပ်နှင်းကာ တစ်ဆင့် ရောင်းချစေလေ့ ရှိ၏ ။ သို့ ဖြစ်လေရာ ပိုင်ရှင်တို့ က ပွဲစားဘိုထူး အား လွှဲအပ် ထားသော စိန်ရွှေပစ္စည်း များ မှာ ဘိုးထူး ၏ လက်မှ တစ်ဆင့် မမြသန်း ၏ လက်သို့ မကြာခဏ တဝဲလယ်လယ် ရောက်နေလေတော့၏ ။

     •••   •••   •••   •••

( ၃ )

၅ လ ခန့် ကြာသောအခါ ပွဲစား ဦးကျောက်လုံး သည် ဘတ်စ်ကား နှင့် အထက်ကုန်များ ကို တင်ဆောင်လျက် ညောင်ပင်သာရွာမှ ရန်ကုန်မြို့သို့ တစ်ဖန် ပြန် ရောက်လာကာ  ၊ ကြည့်မြင်တိုင် ရွှေပြည်တော်ပွဲရုံ ရှေ့၌ ဘတ်စ်ကား ကို ဆိုက်ကပ်လိုက်သည် နှင့် တစ်ပြိုင်နက် ပွဲရုံ စောင့် ကိုမှန်း သည် ဘတ်စ်ကား အနီး သို့ ထွက်၍ ခရီး ဦးကြို ပြုရန် ရောက်လာသည်နှင့် ပွဲစားဦးကျောက်လုံး ကပင် စတင်၍ -

“ ဘယ့်နှယ်လဲ ကိုမှန်း ရဲ့   ၊ ကျုပ် လူ ဘိုထူး တော် တော်ဟန်ကျနေပြီလား  ၊ ပွဲစားကြီး ဖြစ်နေပြီ ထင်တယ် ”

“ ဟာ မပြောပါနဲ့တော့ ဦးရယ်  ၊ ဘိုးထူး ဟာ ခေ တော့ မခေပါဘူး ။ ပွဲစား အလုပ်ကတော့ အဟန်သား ခင်ဗျာ  ၊ သို့ပေမဲ့ ... ”

“ သို့ပေမဲ့ လုပ်မနေစမ်းပါနဲ့  ၊ သူ့ မိန်းမ အပု ကလည်း စိတ် ပူလှပြီ  ၊ ဒီတစ်ခေါက်တော့ ရွာ ကို အပါ ပြန် ခေါ်လာ ပါ လို့ မှာ လိုက်တယ်ကွဲ့ ”

“ ပွဲရုံ ထဲ မှာ ဘိုးထူး ရှိပါတယ် ၊ နေ မကောင်းလို့တဲ့ ဦး ရဲ့ ၊ ဦး နဲ့ တွေ့တော့ အလုံးစုံ ပြောပြပါလိမ့်မယ် ။ ခပ် ဖြည်းဖြည်းမှပဲ သိတာပေါ့ ဦးရယ် ”

“ ဪ ... နေမကောင်းလို့တဲ့လား  ၊ ဖြစ်မှဖြစ်ရ ပလေကွာ  ၊ အေး အေး  ၊ ငါ့ လူ ဆီ သွားလိုက်ဦးမှပဲ  ၊ ဒီ ကား မှာ ပါလာတဲ့ အထက်ကုန်တွေ ကို မင်း ကြည့်ပြီး ပွဲရုံထဲ ရောက်အောင် အကျိုး ဆောင်လိုက်စမ်းပါကွယ် ။ ကူလီ ငှားသင့်ရင်လည်း ငှားလကွာ ” ဟု ပြောရင်း  ၊  ဘတ်စ် ကားပေါ်မှ ဆင်းကာ ပွဲစားဦးကျောက်လုံး သည် ပွဲရုံ ထဲ သို့ ဝင် သွားလေ၏ ။

       •••   •••   •••   ••• 

ဘိုးထူး သည် ပွဲရုံ ထဲတွင် ဝေဒနာကြောင့် အိပ်ပျော် နေရာမှ  ၊ “ ဟေ့ ဘိုထူး ဘိုးထူး ” ဟု ခေါ်သံကြားသဖြင့်  ၊ အိပ်ရာမှ လန့် နိုးကာ အသံ ကြားရာဘက်သို့ မော့ကြည့် လိုက်ရာ မိမိ ၏ အိပ်ရာ ခုတင် အနီးတွင် ပွဲစားဦးကျောက်လုံး ရပ်နေသည်ကို တွေ့မြင်လိုက်သည် နှင့် တစ်ပြိုင်နက်

“ အမယ်လေး ဦး ရဲ့ ဦး စကား ကို ကျွန်တော် နားမထောင်မိလို့ ကျွန်တော် မှားပြီ  ၊ ကျွန်တော် ဒုက္ခ ရောက်နေပြီ  ၊ ကယ်ပါဦး ဦး ရဲ့ ” ဟု မျက်ရည်များ ရစ်ဝဲ လျက် ပြောလိုက်ရာမှ -

“ ဘယ်လိုဖြစ်နေတာလဲ ဘိုးထူး ရဲ့ ၊ မင်း မြင်ရတာ စိတ် မချမ်းသာစရာကွာ ၊ မင်း ခေါင်းကိုက်နေဦးမယ် ။ မျက်ရည်တွေ သုတ်လိုက်ကွယ် ၊ ကဲ ဘယ်လိုဘယ်ပုံ ဆို တာကို ငါ့ ပြန်ပြောစမ်းပါဦးကွ ။ ထွီ အစတည်းက ငါ သတိပေးသားပဲကွာ ”

“ ဒီလိုပါဦးရဲ့ ၊ ဦး အညာ ကို ပြန်သွားပြီးတဲ့ နောက် မှာ ကျွန်တော် ပွဲစား အလုပ် ကို လုပ်တာ တော်တော်ပဲ အကျိုးကျေးဇူး ရှိပါတယ် ။ နောက်ဆုံး ကျွန်တော် ဟာ စိန်ရွှေပွဲစား အဆင့်အတန်း ရောက်လာပြီး အဲဒီအချိန် ကျွန်တော့် လက်ထဲမှာ ဂျပန်ငွေစက္ကူ ၃ သောင်း ကျော် စု မိနေပါတယ် ။ ပြီးတော့ မပြောချင်ပါဘူး ဦးရယ် ”

“ မပြောချင်ပါဘူး လုပ်မနေစမ်းပါနဲ့ ၊ ပြောစရာ ရှိတာ တစ်ခု မကျန် အကုန် ပြောစမ်းပါကွ ဘိုးထူး ရဲ့ ”

“ အဲဒီအချိန်မှာ စိန်ရွှေပွဲစား ဆိုတဲ့ မမြသန်း ဆိုသူ မိန်းကလေးတစ်ယောက် နဲ့ ဆက်သွယ်မိပြီး ကျွန်တော် သူ နဲ့ အတူတူ စိန်ရွှေပစ္စည်းတွေ ကို အရောင်းအဝယ်ပွဲစား လုပ် ကြပါတယ် ။ စိန်ရွှေတွေ ကို တစ်ခါတလေ သူ က တစ်ဆင့် ကျွန်တော့် ဆီ က ယူပြီး အရောင်းအဝယ် ပွဲစား လုပ်ပေးပါတယ် ဦး ရဲ့ ။ ဒါနဲ့ ...  ”

“ ဒါနဲ့ လုပ် မနေစမ်းပါနဲ့ ခပ်မြန်မြန် ပြောစမ်းပါ ကွ ။ ပြီးတော့ ဘာဖြစ်သလဲ ”

“ တစ်နေ့ကျတော့ ပိုင်ရှင်တွေ က ကျွန်တော့် ကို အရောင်းအဝယ်ပွဲစား လုပ်ဖို့ အပ်ထားတဲ့ စိန်ရွှေပစ္စည်း ၃ သောင်းကျော်ဖိုး ကို တစ်ဆင့် ရောင်းပေးမယ် ဆိုပြီး သူ ယူသွားတာဟာ ခုအချိန်အထိ ပြန် မလာတော့ပါဘူး ဦးရယ် ။ ခဲလေသမျှ သဲရေကျ ဆိုသလို ကျွန်တော် အပင် ပန်းခံပြီး ပွဲစား လုပ်လို့ ရသမျှ ငွေဟာ သူ လိမ်သွားတဲ့ စိန်ရွှေပစ္စည်းတွေ အတွက် ပစ္စည်းပိုင်ရှင်တွေ ကို စိုက် ထုတ်ပြီး တောင်းတောင်းပန်ပန် နဲ့ လျော်ကြေး ပေးလိုက် ရပါတယ် ဦး ရဲ့  ။ ဒါကြောင့်မို့ ကျွန်တော့် လက်ထဲမှာ တစ်ပြားတစ်ချပ် မှ မကျန်တော့ဘဲ ဦး က ရင်းနှီးဖို့ ပေး သွားတဲ့ငွေ ၃ဝဝ လည်း ဆုံးသွားပါပြီ ဦးရဲ့ ”

“ ဒါနဲ့ အခု မင်း နေထိုင်မကောင်း ဖြစ်နေတာဟာ ငွေ အတွက် စိတ် စွဲပြီး ရောဂါ ရနေတာလား ”

“ မဟုတ်ပါဘူး  ၊ စိန်ရွှေပွဲစား ဆိုတဲ့ ဟိုကောင်မ နဲ့ မကြာခဏ တွေ့ဆုံရာ က စပြီး  ၊ အခုတော့ သူ့ ရောဂါ တွေ ကျွန်တော့် ဆီ ရောက် နေတာပါပဲ ဦးရယ် ”

“ အေးလကွယ် သိပါပြီ  ၊ ဟိုကောင်မ ကို ငွေ ၃ သောင်း ကျော် ပေးပြီး သူ့ ရောဂါ ကို လည်း မင်း က ဝယ်ယူ လိုက်တယ် ဆိုပါတော့လေ ။ ထွီ အစကတည်းက  ရန်ကုန် အကြောင်း ကို ငါ သတိအပေးသား ကွာ ဘိုးထူး ရယ် ”

“ ဦး စိတ်ဆိုးရင်လည်း ခံ ရတော့မှာပါပဲ ။ ကျွန်တော် မှားပါပြီ ။ ရန်ကုန်မြို့ကိုလည်း ကြောက်ပါပြီ ညောင်ပင်သာရွာ အပု တို့ ဆီ ကိုသာ ပြန် ခေါ်သွားပါတော့ ။ ဦး ကျေးဇူး ကို တစ်သက်လုံး မမေ့ပါဘူး  ၊ ဒီတစ်ခါ ကယ်ပါဦး ဦးရယ် ”

“ ရန်ကုန် ဆိုတာ ဘယ်လိုဘယ်ပုံ အကုန်အစင် ရန်ကုန် ဗဟုသုတ အစုံအလင် ကို မင်း သိရပြီမဟုတ်လား  ၊ မင်း တို့ လို လူရိုးလူအ နဲ့ ရန်ကုန်မြို့ ဟာ ဘယ် နည်းနဲ့ မှ မဖြစ်နိုင်ဘူး ဆိုတာကို  ၊ ငါ သတိပေးခဲ့တယ် မဟုတ်လား ။ ဒီဟာ ဆရာ ပဲ နောင် ကို သတိထားဖို့ လို တယ်ကွဲ့ ဘိုးထူးရဲ့ ”

“ မှားပါပြီ ဦးရယ်  ၊ နောင် ကို သတိ ထားပါ့မယ် ”

“ အေး .. အေး  ၊ ပြီးတာ ပြီးပါစေတော့ကွယ်  ၊ မင်း မိန်းမ အပု ကလည်း မင်း ကို အခုတစ်ခေါက် မှာ ရွာ ကို အပါ ပြန်ခေါ်လာဖို့ ဦး ကို မှာလိုက်တယ် ။ ရွာ မှာပဲ အေးအတူ ပူအမျှ လုပ်ကိုင်စားမယ် တဲ့ ။ ဒါကြောင့်မို့ အခု ပြန်ရင် မင်း ကို ပြန် ခေါ်သွားမယ် ။ ဘာမှ မပူနဲ့  ၊ အား ငယ် မနေနဲ့နော် စိတ် ကောင်းကောင်းထား ဟုတ်လား ”

“ ကျေးဇူး အထူးတင်ပါတယ် ဦး ရယ် ”

“ ပြီးတော့လည်း ဟို ကောင်မ ဆီ က အမွေ ရထားတဲ့ မင်း ဟို အနာရောဂါ ကိုလည်း ဆေး ကုဖို့ ဆေးဖိုးငွေ ငါ ပေးမယ် ။ ဒီတစ်ခေါက်တော့ ရန်ကုန် မှာ တစ်လ လောက် ကြာလိမ့်မယ် ။ အရေးကြီးတဲ့ အောက်ကုန်တွေ ကို စီစဉ်စရာကိစ္စတွေ အများကြီး ရှိနေတယ် ။ ဒီ တစ်လ လောက် အတွင်းမှာ မင်း အနာရောဂါ ဟာလဲ ပျောက်သင့် သလောက် ပျောက် သွားမှာပဲ  ၊ ဒီ အနာလောက် နဲ့ မသေ နိုင်ပါဘူး ဘိုးထူး ရယ်  ၊ မင်း က လူရိုးလူအ ဆိုတော့ ဒါမျိုးကို တစ်ခါမှမကြုံဖူးလို့ ကြောက် နေတာပါ ။ ဘာမှ မကြောက် နဲ့ သိလား  ၊ ကျကျနန ဆေး ကုလိုက်ရင် ခဏ ကလေး နဲ့ ပျောက် သွားမှာပါကွဲ့  ။ မင်း အနာရောဂါ အတွက် ငါ ဆေးဖိုး ငွေ ပေးပါ့မယ် ။ အား မငယ်စမ်းပါနဲ့ ကွယ် ” ဟု ပြောနေစဉ် ရွှေပြည်တော် ပွဲရုံ ပိုင်ရှင်ဦးစံအေး မှာ ပွဲရုံ ထဲ သို့ ဝင်လာသည် ကို တွေ့မြင်လိုက် သဖြင့် ပွဲစား ဦးကျောက်လုံး သည် ဘိုးထူး နှင့် စကား ဖြတ် ကာ ဦးစံအေး ထံ သွားရောက်၍ နှုတ်ခွန်းဆက် ပြီးလျှင် အရောင်း အဝယ် ကိစ္စ ကို စားပွဲကုလားထိုင် နှင့် မျက်နှာချင်းဆိုင် ထိုင် လျက် နှစ်ယောက်သား အရေးတကြီး ဆွေးနွေး တိုင်ပင် စီစဉ်နေကြလေသတည်း ။

◾  ရွှေပိန်သောင်း

📖  အရှေ့တိုင်းစာစဉ်
    ၁၉၄၅ ခု   ၊ ဒီဇင်ဘာလ

www.facebook.com/aung.naingoo.3726613

.

Monday, March 21, 2022

ပုံတူ ပန်းချီ


 

❝ ပုံတူ ပန်းချီ ❞

ကျွန်မ ပန်းချီ ဆွဲနေသည်မှာ နှစ်ရက် ရှိပြီ ။ ဆွဲလိုက် ဖျက်လိုက်bနှင့် တစ်ရက် သာ ကုန်သွားသည် ။ ဘာ ပုံမှ ထွက်မလာ ။ စက္ကူချပ်ဖြူဖြူ မှာ ညစ်ထေးထေး ဖြစ်သွား၍ အသစ် လဲပစ်လိုက်ရသည် ။

တကယ်တော့ လူပုံ ဆွဲသည့် အလုပ်မှာ အလွန် လွယ်သည် ဟု ကျွန်မ ထင်သည် ။ ပုံတူဓာတ်ပုံ ရှိနေမှဖြင့် ဦးနှောက်နှင့် စဉ်းစားပြီး ပုံဖော်ရသည် မဟုတ်၍ ခက်အံ့ မထင် ။ တကယ်တမ်း ဆွဲတော့မည် ဆိုသော အခါတွင် ဘယ်က ဘယ်လို စ ဆွဲရမှန်း ကျွန်မ မသိ ။ ဓာတ်ပုံပါ ရုပ် နှင့် တစ်ထပ်တည်း ကျ၍ ခွဲ မရအောင် တူဖို့ ဆိုသည်မှာ စနစ်ကျသည့် အတတ်ပညာပိုင်းနှင့် သက်ဆိုင်မည် ထင်သည် ။

ကျွန်မတို့ ဆွေမျိုး ထဲတွင် ရှားရှားပါးပါး ပန်းချီပညာဖြင့် အသက်မွေးဝမ်းကျောင်းသော ပန်းချီဆရာ အစ်ကိုဝမ်းကွဲ တစ်ယောက် ရှိဖူးသည် ။ သူ က ရုပ်ရှင်ပိုစတာကြီးများ ရေးသော ပန်းချီဆရာကြီး ၏ တပည့် ဖြစ်၏ ။ သူတို့ ဆရာ တပည့် ရေးဆွဲသည့် ရုပ်ရှင်မင်းသား ၊ မင်းသမီးရုပ်ပုံများ မှာ ဓာတ်ပုံ ထဲက နှင့် အလွန်တူသည် ။ ကျွန်မ အစ်မတစ်ယောက် က သူ့ဓ ာတ်ပုံလေး ပေးကာ အစ်ကို့ ကို ပုံတူ ဆွဲပေးဖို့ ပူဆာသည် ။ အစ်ကို က ခဲ နှင့် ဆွဲထားသော ပုံတူပန်းချီကားလေး ယူလာပေးရင်း အစ်မ ပေးလိုက်သည့် ဓာတ်ပုံလေး ကို ပြန်ပေးသည် ။ ဓာတ်ပုံပေါ် မှာ အကွက်ကလေးများ ချထားသည် ။ အစ်မ က သူ့ ဓာတ်ပုံ ပျက်သွားသည့်အတွက် ငိုကြီးချက်မ ဖြစ်နေ၍ အစ်ကို့ ခမျာ မနည်း ချော့ယူရသည် ။

ယခု ကျွန်မ က ဓာတ်ပုံ ကို ကြည့်ကာ ပုံတူ ဆွဲဖို့ ပြင်နေသည် ။ ဓာတ်ပုံ ပေါ်တွင် အကွက် ချကာ ဘယ်လို တူအောင် ဆွဲရသည် ကို ကျွန်မ မသိ ။ အစ်ကို့ ဆီမှာလည်း နည်းနာ မခံဖူးခဲ့ ။ ဘာပဲဖြစ်ဖြစ် သည် တစ်ရက် နှစ်ရက်အတွင်းမှာ သူ့ ပုံတူ ကို ပြီးအောင် ဆွဲမှ ဖြစ်မည် ။ ဆွဲလိုက် ဖျက်လိုက်နှင့် တစ်ရက် အလဟဿ အချိန် ကုန်သွားပြီ ။ သည်နေ့တော့ မပြီးမချင်း ဆွဲမည် ဟု စိတ်ပိုင်းဖြတ်ထားလိုက်သည် ။

အနုပညာသမား ဆိုသည်မှာ ဈာန်ဝင်စားမိပြီ ဆိုလျှင် ဘာကိုမှ ဂရုမထားလေ့ ရှိသည် မဟုတ်ပါလား ။

ဦးစွာ ဈာန်ဝင်စားဖို့ လိုသည် ။

ကျွန်မ ပုံတူဆွဲမည့် သူ့ဓာတ်ပုံ ကို စူးစူးစိုက်စိုက် ကြည့်လိုက်သည် ။

ကွယ်လွန်ချိန်က ပုံကြီးချဲ့ကာ ချိတ်ဆွဲထားသော ခင်ပွန်းသည် ၏ ဓာတ်ပုံ ။ နှစ်ပေါင်းများစွာ စေ့စေ့ မကြည့်ရဲခဲ့သော ကျွန်မ သည် သည်နေ့တော့ အသေးစိတ် ကြည့်ရှုမြင်နိုင်ဖို့ စေ့စေ့ ကြည့်ရတော့သည် ။

•••••   •••••   •••••

မျက်နှာ ပုံ ကို စ၍ အကြမ်း ဆွဲလိုက်သည် ။ စက်ဝိုင်းတစ်ခု ။

ပထမဆုံး မေးစေ့ ကို ဆွဲမည် ။ မေးစေ့ က ဝိုင်းသလား ၊ ချွန်သလား ။ လူမျက်နှာတွင် သည် နှစ်မျိုးသာ ရှိတာ များသည် ။ သူ့မေးစေ့ ကတော့ ထူးခြားသည် ။ အဝိုင်းလည်း မဟုတ် ၊ အချွန်လည်း မဟုတ် ။ ဒေါင်ကျကျ ဆင်းလာပြီး အောက်ခြေတွင် ခပ်ပြားပြား ဖြစ်နေသည် ။ တစ်ခါတစ်ရံ သူ က စာအုပ်တစ်အုပ် ကို စိတ်ဝင်တစား ဖတ်နေ၍ ခေါ်မကြား အော်မကြား ဖြစ်နေသည့်အခါတွင် သူ့ မေးစေ့ ကို ဆွဲကာ ကျွန်မ ဘက် သို့ မျက်နှာ ကို ဆွဲ လှည့်တတ်လေ့ရှိသည် ။ သည်အခါတိုင်း လေးထောင့်ကျကျ ခပ်ပြားပြား သူ့ မေးစေ့ ကို ဆွဲကိုင်ရဖူးသည် ။ ပိုထူးခြားသည် က …

“ ကို့မေးစေ့ က အကွဲလေးနဲ့တော့ ၊ ငယ်ငယ် က မှောက်ရက်လဲကျလို့ ကွဲသွားတာ ထင်တယ် ”

ကျွန်မ က သည်လို နောက်ပြောင်ပြီး ကွဲကြောင်းရာလေး ထင် နေသည့် နေရာကို ပွတ်သပ် ကိုင်တွယ်ခဲ့ဖူးသည် ။ ယခု မျက်နှာပုံ စက်ဝိုင်းအောက်ပိုင်းတွင် မျဉ်းကြောင်း ကို တည့်တည့်ဆွဲ ချလိုက်သော အခါ လေးထောင့်ပုံ မေးစေ့ဖြစ်သွားသည် ။ မထင်မရှား ရှိနေသည့် အကွဲကြောင်းလေး ပေါ်လွင်အောင် အလယ်နားကို နည်းနည်း ချိုင့် ဆွဲလိုက်သည် ။ ရပြီ ။

လေးထောင့်ပုံ မေးစေ့ နှင့် တစ်ဆက်တည်း ဒေါင်ကျကျ မျဉ်းဆွဲလိုက်သောအခါ ကားလည်း မကား သွယ်လည်း မသွယ်သော သူ့ မေးရိုးက ပုံပေါ်လာသည် ။ ဟုတ်ပြီ ။ သူ့မျက်နှာ မှာ သိသိသာသာ ထင်ရှားသော အစိတ်အပိုင်းတစ်ခုကို ပုံဖော်နိုင်ခဲ့ပြီ ဖြစ်၍ ကျွန်မ ကိုယ် ကျွန်မ ကျေနပ်သွားမိသည် ။ တစ်ဆင့် တက်ရန်လည်း စိတ်ဓာတ်တက်ကြွလာသည် ။

မေးရိုး အထက်နား မှာ ဆက်ဆွဲရမှာ က နားရွက် ။

ဓာတ်ပုံ က သူ့ နားရွက်နှစ်ဖက် ကို လှမ်း ကြည့်လိုက်သည် ။ နားရွက်များ က ကြီးလည်း မကြီး ၊ ကားလည်း မကား ။ မျက်နှာ နှင့် အလိုက်သင့်ပါပဲ ။ သေသေချာချာ ကြည့်မှ ဓာတ်ပုံ ထဲ တွင် ယာဘက်နားရွက် က အနည်းငယ် ကြီးနေသယောင် ထင် ရသည် ။ ဓာတ်ပုံ အလင်းအမှောင် ကြောင့်လား ။ တကယ်ပဲ သူ့နားရွက် တစ်ဖက် က ကြီးနေတာလား ။ အပြင် မှာတော့ ကျွန်မ သတိထားမိလောက်အောင် သိသာမနေသည်မှာ အမှန်ပင် ။

သူ့ မျက်နှာ ပုံကြမ်းစက်ဝိုင်းတွင် နားရွက်နှစ်ဖက်ကို ဆွဲလိုက်သည် ။ စိတ် က လောဆော်နေ၍ ထင်၏ ။ ယာဘက် သူ့ နားရွက် ကို အနည်းငယ် ကြီးပြီး ဆွဲမိလိုက်သည် ။ ကျွန်မ ပြန်မဖျက်တော့ ။ ဝဲဘက်နားရွက် ၏ အတွင်းမျဉ်းကောက်များ စိပ်စိပ်ဆွဲလိုက်ပြီး ယာဘက် နားရွက် ၏ အတွင်းပိုင်း ကို ခပ်ကျဲကျဲ ဆွဲလိုက်သည် ။ ကြီးနေသည့် နားရွက် က ပြန့်ပြီး  ကျန်တစ်ဖက်က နဂိုအတိုင်း ဖြစ်နေသည် ။ ပြန့်သွားသည့် နားရွက်အနေအထား မှာ တစ်ခုခု ကို နား စွင့်နေသလိုလို ။

သူ နားစွင့်နေမှာပါ ။ သူ တစ်နေရာရာကနေ ကျွန်မ တို့ မိသားစု ရှိနေရာကို နား စွင့်နေမည် ဟု ကျွန်မ ယုံပါသည် ။

ငါးဆယ် ကျော်ရုံ ရှိသေးသော သူ့ အသက်မှာ လူ့ဘဝ သက်တမ်းအရ အသေ စောသေး သည် မဟုတ်ပါလား ။ ဘဝသက်တမ်း တစ်ဝက်လောက် ကျန် နေသေးသူ တစ်ယောက် အနေနှင့် သူ့ မှာ မျှော်မှန်းချက်တွေ ရှိနေပေလိမ့်မည် ။ ငှက်ပျောပင် ကို ခါးလယ် မှ ပိုင်းဖြတ်လိုက်သလို ရုတ်တရက် လူ့ လောက ကို စွန့်ခွာသွားရသူတစ်ယောက် အတွက် သူ့ ဆန္ဒများ ပြည့်ဝမှု ရှိနိုင်စရာ အကြောင်း မရှိ ။ သည်တော့လည်း ခွဲခွာခဲ့ရသည့် ဘဝအပေါ် သူ့ စိတ်အာရုံက ပြတ်ကောင်းမှ ပြတ်မည် ။ သူ့နားများကို ဖွင့်ကာ နားစွင့်နေပေလိမ့်မည် ။

သည်အတိုင်းပဲ ကျွန်မ ဆွဲ ထားလိုက်သည် ။

“ ဪ … မေ့တော့မလို့ ”

သူ့ နားနှစ်ဖက်တွင် ထူးထူးခြားခြား ကျွန်မ သတိထားမိတာ တစ်ခုရှိသည် ။ နား အဖျားတွင် ဝိုင်းဝိုင်းပြားပြား အနားသတ်ထားသည့် အသား ရှိသည် ။ ကျွန်မ က …

“ ကို့ နားဖျား က ဒီနေရာလေးဟာ နားကပ် ပန်ရင် သိပ်အဆင်ပြေမှာ ၊ တချို့ မိန်းကလေးတွေ မှာ နားဖျားက ကပ် နေတာနဲ့ ကော့လန်နေတာပဲ ၊ နားကပ် ပန်ရင် ကြည့် မကောင်းဘူး ၊ ကို့ နားဖျားကတော့ နားကပ် ပန်ဖို့ နေရာ လုပ် ပေးထားသလိုပဲ ”

ကျွန်မ ကို ပေါက်ပေါက်ရှာရှာ ပြောတတ်သည် ဟု သူ က ရယ်မောရင်း မှတ်ချက်ချဖူးသည် ။ ကျွန်မ အတွက် မှတ်မှတ်ရရ ဖြစ်စရာပါပဲ ။ ဒီနားဖျားကလေး ကို မှတ်မိနေသည့် အတိုင်း ပုံပေါ်အောင် ကျွန်မ ထည့် ကြည့်သည် ။ သိပ်တော့ အဆင် မပြေလှ ။ မျဉ်းကြောင်း ကွေးကွေးလေးများ ကို ဆွဲ ကြည့်လိုက်သည် ။ ကြည့်သူ ကတော့ ဘာမှန်း သိမည် မဟုတ် ။ သိသူ ကတော့ မျက်စိထဲမှာ မြင်နေသည် ။

စက်ဝိုင်းပုံ မျက်နှာ ပုံကြမ်းမှသည် မေးစေ့ ၊ မေးရိုး ၊ နားရွက် တို့ ဆွဲလိုက်ပြီး ဖြစ်၍ မျက်နှာပုံ ပေါ် စ ပြုလာသည် ။ ယခု အပေါ်ပိုင်းမှာ ရှိသည့် စက်ဝိုင်းမျဉ်းတစ်ဝိုက်မှာ ဆံပင် ပုံ ကို ဆွဲရတော့သည် ။

“ ကို … နော် ခေါင်းညှပ်သမား ကို မတိုစေနဲ့လို့ စ ညှပ်ကတည်းက ပြောနော် ၊ တို သွားရင် ဆံပင် ပုံ ပျက်မှာ ”

“ ကျောင်းသား ကတည်းက အောင်ကျော် ကေ နဲ့ နေလာတာကွာ ၊ တို သွားတော့လည်း ဘာဖြစ်လဲ ၊ စိတ်မပူနဲ့ ၊ ဆံပင် ဆိုတာ ညှပ်ပြီးရင် ရှည် လာတတ်တဲ့ အမျိုးပဲ ၊ တိုတို ညှပ်တော့ ကြာကြာ ခံတာပေါ့ ၊ ခေါင်းညှပ်ခတောင် သက်သာသေးကွာ ”

ဟုတ်တော့လည်း ဟုတ်သည် ။ တက္ကသိုလ်ကျောင်းသားဘဝ သူ့ပုံစံက ရှူးသိုးသိုး မှုန်တေတေ ။ ဆံပင်တိုတို ပုဆိုးတိုတိုနှင့် ။ တိုက်ပုံ အမြဲ ဝတ်သည် ။ ထိုစဉ်က အသက် နှစ်ဆယ်ဝန်းကျင် သူ့ ကို လူကြီး ဖြစ်ပြီ ဟု ကျွန်မ စိတ်မှာ ထင်မိသည် ။ ကျွန်မ နှင့် လက်ထပ်ပြီး နောက် သူ့ဆံပင်ပုံစံ ကို ပြောင်းစေခဲ့သည် ။ ပြောင်းခါစက ဆံပင်ရှည်သည်ကိုပင် သူ မနေတတ် ။ ကြာတော့မှ နေသား ကျသွားသည် ။ သူ့ နဖူးဆံစတွင် ဗွေ မရှိသော်လည်း ဆံပင် က ခရုပတ် လို ရစ်နေသည့်အတွက် ရှေ့ က ဆံပင် နဖူးပေါ်သို့ အလိုက်သင့်လျှောကျသည့်အခါ ပုံသဏ္ဌာန်တစ်ခု ဖြစ်နေသည် ။ ကျွန်မ က သည်ပုံစံ ကို …

“ဆံပင်ကျပုံက နံပါတ် ( ၇ ) နဲ့ တူတယ်ဟေ့ ၊ လက်ကီးဆဲဗင်းပေါ့ ”

“ နံပါတ် ၇ တိုင်း လပ်ကီးနံပါတ် မဟုတ်ဘူး ၊ နံပါတ် ၁၃ တိုင်းလည်း အန်လပ်ကီးနံပါတ် မဟုတ်ပါဘူးကွာ ၊ ကို့အတွက်တော့ နံပါတ် ၇ က အန်လပ်ကီး ပဲ ၊ ကို့အချစ်ဆုံး မေမေ က ဇူလိုင်လ ထဲ မှာ ဆုံးတာ ”

သူ ပြောဖူးသည် ကို ကျွန်မ သတိ ရလိုက်သည် ။ ဘာပဲဖြစ်ဖြစ် သူ့ ဆံပင်ပုံ ကို ဆွဲသောအခါ နဖူးပေါ် ကို နံပါတ် ၇ နှင့် တူသော ဆံပင်ခွေ တစ်ခု ကို ချ လိုက်သည် ။ ကိုယ့် အမှတ်အသား နှင့် ကိုယ် ပေါ့ ။

ကဲ … မျက်နှာ ၏ ပြင်ပအစိတ်အပိုင်းများအားလုံး ဆွဲပြီးပြီ ။ မျက်နှာပုံ တစ်ခုတော့ ပေါ်လာပြီ ။ ကိုယ် ဆွဲထားသည့် ပုံ ကို အနီးမှ အဝေးမှ အပြန် အလှန် ကြည့်ပြီး ရှေ့ ဆက် ဆွဲရန် အားတက်လာသည် ။

“ ကြီးကြီး ထမင်းစားချိန် ရောက်ပါပြီ ”

အတူနေသော တူမလေး က အခန်းဝ မှ မရဲတရဲ အသံ ပြုလာသည် ။ ကျွန်မ စိတ်ပျက်သွားသည် ။ အာရုံ ပျက်လိုက်တာ ။ နေ့စဉ် စားရတဲ့ ထမင်းကိုပဲ အလုပ်တစ်ခု လုပ်ကာ စား ရဦးမှာလား ။

“ ငါ မဆာဘူး ၊ သွား… သွား စားပွဲပေါ်မှာသာ အုပ်ထားလိုက် ”

“ ကြီးကြီး ကို အချိန်မှန်ထမင်း ကျွေးဖို့ ၊ ရေချိုးပေးဖို့ ကိုကိုကြီး က မှာ သွားတယ်နော် ”

“ အေးပါအေ ၊ ညည်းကိုကိုကြီး ပြန်လာတော့မှ သူ့ စကားအတိုင်း လုပ်တာပေါ့ ၊ အခု ဒါလေးပဲ ဒါလေးပဲ ”

“ ထမင်း မစား ဟင်း မစားနဲ့ ကိုကိုကြီး အလုပ် လုပ်ရင်တော့ ကြီးကြီး က အတင်းကျွေးပြီးတော့ ၊ အခု ကြီးကြီး က ဘာတွေ လုပ်နေမှန်းလည်း မသိဘူး ၊ အခန်းထဲလည်း ဝင်ခွင့်မပြုဘူး ၊ ကိုကိုကြီး လာရင် ပြောပြမှာပဲ ”

ကလေးမ ကို လက်မြှောက်လိုက်ရသည် ။ ထမင်း စားသောက်ခြင်း ကို ဝတ္တရားတစ်ရပ်လို ဆောင်ရွက်ပြီး ဆွဲလက်စ ပုံတူပန်းချီကား ကို ဆက် ဆွဲရပြန်သည် ။

မျက်နှာ ၏ ပြင်ပအစိတ်အပိုင်းများ ပြီးခဲ့ပြီ ။ အရေးကြီးသည့် အစိတ်အပိုင်းများ ရောက်ပြီ ။ မျက်နှာ ၏ အတွင်းပိုင်း မျက်လုံး ၊ မျက်ခုံး ၊ နှာတံနှင့် ပါးစပ်ဆွဲရမည် ။ ဦးစွာ သူ့မျက်ခုံးများ ။ ချူအင်လိုင်း မျက်ခုံး ဟု ကျွန်မ နောက်ပြောင် အမည်ပေးထားသော သူ့ မျက်ခုံး ထူထူများကို စဆွဲလိုက်သည် ။

“ ကိုတို့ ညီအစ်ကိုတွေ ထဲက တစ်ယောက်ယောက် ကို တွေ့တာနဲ့ ဒီ ညီအစ်ကိုတွေ ထဲ က ဆိုတာ မျက်ခုံး မြင်တာနဲ့ သိကြတယ် ”

တရုတ်ဝန်ကြီးချုပ်ဟောင်း ချူအင်လိုင်း လောက် မဟုတ်သော်လည်း သူ့မျက်ခုံးများ အပြားကြီးကြီးနှင့် ခပ်ထူထူ ဖြစ်၏ ။ မျက်ရိုးက အနည်းငယ် မြင့်သည့်အတွက် မျက်ခုံးထူသည်က ပို၍ ပေါ်လွင်နေသည် ။ မျက်ရိုးမြင့်မြင့် မျက်ခုံးထူထူ ကြောင့် သူ့မျက်လုံးများ မှာ အနည်းငယ် အထဲ ရောက်သယောင် ထင်ရသည် ။ ဓာတ်ပုံ ထဲ မှ သူ့မျက်လုံးများ ကို ကျွန်မ ကြည့်လိုက်သည် ။ ဓာတ်ပုံထဲက သူ့မျက်လုံးများ မှာ ထူးခြားမှု မရှိလှ ။ ပြူးပြူးဝိုင်းဝိုင်းလည်း မဟုတ် ။ မှေးမှေး သေးသေးလည်း မဟုတ် ။ သာမန်ပါပဲ ။ သည်သာမန်မျက်လုံးများ ၏ အတွင်းဘက်မှာကား သူ့ စိတ်သဘော ၊ သူ့ မနော ကို မြင်ရမည် ။ မျက်လုံး သည် စိတ် ၏ တံခါးပေါက် ဟု ဆိုကြသည် မဟုတ်ပါလား ။

“ အခုအချိန်မှာ စီးပွားရှာလို့ အရမ်းကောင်းပေါ့ ၊ ကိုတို့စက်လုပ်ငန်းနဲ့ ဆက်စပ်နေတော့ ပိုအဆင်ပြေတာပေါ့ ၊ စပါးတွေ ဝယ်လှောင်ထား ၊ ဈေးတက်တော့မှ ပြန်ရောင်း ၊ တွက်ခြေကိုက်တဲ့ အလုပ်ပဲ ၊ ဒါပေမဲ့ ဒီနည်းနဲ့ ကိုယ့်သားမယား ကို ရှာမကျွေးချင်ဘူး ၊ လယ်သမားပေါ် ကို နင်းဖိပြီး ကြီးပွားရမယ့် စီးပွားရေးမျိုး ကိုယ် မလုပ်ရက်ဘူး”

စပါးဈေး ကောင်းသည့် တစ်ချိန်က လယ်သမားများ ထံမှ ကြိုတင် ဈေးနှိမ် ဝယ်လှောင်ထားပြီး ဈေးကောင်းရသည့်အချိန် ထုတ်ရောင်း ၊ ကိုယ့်လုပ်ငန်းမှာလည်း စက်လုပ်ငန်းဖြစ်၍ အဆင်ပြေပါလျက် သူ မလုပ် ။ သည်နည်းနှင့် ကျွန်မတို့ စီးပွား မဖြစ်လိုက် ။ ကလေးငယ်နှင့် သက်ကြီးရွယ်အိုများထံမှ ဈေးဝယ်လျှင် ဈေးဆစ်တာ သူ မကြိုက် ။ သူ ၏ ကြင်နာတတ်သော မျက်လုံးများကို ပုံပေါ်အောင် ကျွန်မ ဘယ်လိုဆွဲရပါ့ ။ ခက်တော့ ခက်သည် ။ တစ်ခါတစ်ရံ ထိုနူးညံသိမ်မွေ့သော မျက်လုံးအစုံက စူးရှရဲရင့်သော အကြည့် နှင့် ပြတ်သားတင်းမာစွာ ပြောဆိုတတ်ပြန်သည် ။ တစ်ခါက လူတစ်ယောက်ကို စူးစူးရဲရဲ မျက်လုံးများနှင့် ကြည့်ကာ တင်းတင်းပြတ်ပြတ် ပြောသည် ကို ကြုံဖူးသည် ။

“ ဒီအလုပ်မျိုး ကျုပ် ဘယ်တော့မှ မလုပ်ဘူး ၊ လျှာကို မြက်ပေါက်ချင် ပေါက်ပေစေ ၊ ခင်ဗျားမှာ ဒီလို အတွေးအခေါ်မျိုး ရှိရင် စောစောစီးစီး ကျွန်တော် နဲ့ လမ်းခွဲရမယ် ”

နူးညံ့မှုနှင့် ပြတ်သားရဲရင့်မှု ။ ဝိရောဓိဖြစ်နေသော စိတ်သဘောအားလုံးကို ခြုံငုံမိအောင် ပုံဖော်နိုင်ဖို့ မလွယ်ပါလား ။ ဘာပဲဖြစ်ဖြစ် ဆွဲတတ်သလို ဆွဲကြည့်လိုက်သည် ။ အကြင်နာ မျက်လုံးများ ။ ပြီးတော့ စူးရှရဲရင့်ခြင်း အပြည့်ရှိသည့် အကြည့် ။ သည်နေရာမှာ အခက်ဆုံး ။

“ ကြီးမေ … ကော်ဖီသောက်ချိန် ရောက်ပြီ ”

“ တယ် ဒီကလေးမ ၊ ငါ့ကို ဘာမှ လာမကျွေးနဲ့ ၊ ကော်ဖီလည်း မသောက်ဘူး ၊ ထမင်းလည်း မစားဘူး ၊ တံခါးလည်း လာ မခေါက်နဲ့ ”

တူမ ကို အော်ငေါက်ပစ်လိုက်ပြီး တံခါးပိတ်ထားလိုက်သည် ။ သည်နေ့ ည အပြီး ဆွဲရမည် ။ မနက်ဖြန်ဆွဲလျှင် ခရီးထွက်သွားသော သား ရောက်လာတော့မည် ။ အမေ့ ကျန်းမာရေး အတွက် စိုးရိမ်စိတ်ဖြင့် ဟိုဟာ မလုပ်ပါနဲ့ ၊ သည်ဟာ မလုပ်ပါနဲ့ တားမြစ်ချက်တွေ လာတော့မည် ။ သူ မရှိတုန်း လွတ်လွတ်လပ်လပ် ကိုယ် လုပ်ချင်တာလေး လုပ်ရတာ ။ အော်ငေါက်ပစ်လိုက်၍ ကလေးမလေး ငုံ့ပြီး ထွက်သွားသည် ။

ကျွန်မ က ဆွဲလက်စ မျက်လုံးနေရာ အတွက် ဦးနှောက် စားနေပြီ ။ မျက်လုံး ဆိုတော့ ရှည်မျောမျောသဏ္ဌာန်ကလေးတွင် အလယ် က သူငယ်အိမ် အနက်ကလေး ထည့်လိုက်ရုံနှင့် ပြီးပြည့်စုံပါ့မလား ။ သည့်ထက် ပို၍ ကျွန်မ မဆွဲတတ်တော့ ။ ခဲခြစ်ရာလေးများ ဟိုနားဖြည့် သည်နားဖြည့် ဖြည့်ပြီး အဝေး က ခွာကြည့်သည် ။ ကြည့်ရင်း ကြည့်ရင်း သူ့ မျက်လုံးများက အသက်ဝင် လှုပ်ရှားလာသည် ။ ရပြီ ။ ကျွန်မ သိနေသည့် သူ့ မျက်လုံးများ ကို ကျွန်မ ဆွဲ နိုင်ပြီ ။ ညနေအတော် စောင်းမှ ကျွန်မ ဟင်း ချနိုင်သည် ။

အင်း မျက်နှာ ၏ အစိတ်အပိုင်းများ အတော်ပြည့်စုံပြီ ။ နှာခေါင်း နှင့် ပါးစပ် ပဲ ကျန် တော့သည် ။ သူ့ နှာခေါင်း က သေးသေးချွန်ချွန် မဟုတ် ။ လုံးလုံးပေါ်ပေါ်နှင့် ။ အဖျားနားတွင် အနည်းငယ် ကြီးသယောင် ရှိသည် ။ သူ့ အမေ နှာခေါင်းနှင့် ချွတ်စွပ်တူသည် ။ သူ့ အမေ ကို ကျွန်မ မဆုံလိုက်ရသော်လည်း ဓာတ်ပုံတွေ့ဖူးသည် ။ ပါးပါးလျားလျား မျက်နှာတွင် သူ့ နှာခေါင်း အထင်ရှားဆုံး ။ လူ ပုံမှာ နှာခေါင်း ဆွဲရတာ အလွယ်ဆုံး ထင်ပါရဲ့ ။ သိပ်ဦးနှောက် မခြောက်ဘဲ သူ့နှာခေါင်း ကို ဆွဲလိုက်နိုင်သည် ။

သူ့ တစ်မျက်နှာလုံးတွင် နောက်ဆုံး အရေးကြီးသည့် အစိတ်အပိုင်း ရောက်လာပြီ ။ ကျွန်မ က သူ့ ဓာတ်ပုံ ကို ကြည့်လိုက်သည် ။ ဓာတ်ပုံမှာ ပါ့စ်ပို့ ပုံ ကို ပုံကြီး ချဲ့ထားခြင်း ဖြစ်၍ မရယ်မပြုံး ။ နှုတ်ခမ်း နှစ်လွှာ က တင်းတင်း စေ့ နေသည် ။

အပြင်မှာလည်း သူ သည် နှုတ်ခမ်း ကို စေ့ထားလျှင် မျက်နှာထားက တင်းမာသယောင် ထင် ရသည် ။ နှုတ်ခမ်းလွှာ နှစ်ခု ကို ဖွင့်ပြီး ပြုံးလိုက်လျှင်မူ သိမ်မွေ့သော သူ့ အတွင်းမနော ကို လှစ်ခနဲ မြင်နိုင်သည် ။ သူ့နှုတ်ခမ်း ကို တော့ ကျွန်မ အထူးပြု ရေးဆွဲရမည် ။ သည် နှုတ်ခမ်းနှစ်လွှာ မှ ထွက်ပေါ်ခဲ့သည့် သူ့ ချစ်စကားများ ကို ဘယ်လို မေ့ နိုင်ပါ့မလဲ ။ တစ်ယောက်တည်း ကို သာ ချစ်စကား ပြော ခဲ့သည် ။ တစ်ယောက်တည်း ကိုပင် စွဲစွဲမြဲမြဲ သူ ချစ်ခဲ့သည် ။ မယုံစရာ မရှိ ။ သူ နှင့် ကျွန်မ က ငယ်စဉ်ကတည်းက တစ်မြို့တည်း ၊ တစ်ကျောင်းတည်း နေပြီး ရင်းနှီးခင်မင်ခဲ့ကြသူများ ဖြစ်ကြသည် ။ တစ်ယောက် အကြောင်း တစ်ယောက် မသိချင်မှ အဆုံး ။ သည်လောက် အနီးကပ် နီးစပ်နေသူ ကိုပင် ချစ်စကား ပြောဖြစ်ဖို့ နှစ် နှင့် ချီ၍ အချိန် ယူခဲ့သည် ။ ဖူးစာရှိ၍သာ တော် တော့သည် ။ ဖွဟဲ့ဆိုပြီး လွဲများလွဲခဲ့ရလျှင် ပွင့်ဟရန် ခက်သော သူ့နှုတ်ခမ်းများ ကို အပြစ် တင်ဖို့ ရှိတော့သည် ။

ကျွန်မ ကို ကလည်း လူကဲခတ် ညံ့သည် ။ မောင်နှမအရင်းအချာ မဟုတ်ဘဲ အစ်ကို တစ်ယောက် လို အစစအရာရာ အနွံအတာ ခံကာ ဂရုတစိုက် ရှိသည် ကို ရိပ်မိရကောင်းမှန်း မသိ ။ သူ ချစ်နေကြောင်း ကတုန်ကယင်နှင့် ပြောလာသည့် တိုင်အောင် အံ့ဩစရာ ၊ မယုံကြည်နိုင်စရာ ဟု ထင်ခဲ့သေးသည် ။

“ ကိုယ့် ကို စိတ်ဆိုးသွားလားဟင် ၊ ကိုယ် သိတယ် ၊ ဒီစကားမျိုး ကိုယ် မပြောသင့်ဘူး ၊ ကိုယ် စောင့်ထိန်းရမယ့် ဝတ္တရားရှိတယ် ၊ ဒါပေမဲ့ ကိုယ် … ကိုယ် မျိုသိပ်မထားနိုင်တော့ဘူး ”

ချစ်စကား ပြောမိသည်ကိုပင် အပြစ်ကြီး တစ်ခု ကျူးလွန်မိသလို လှုပ်လှုပ်ရှားရှား ဖြစ်နေပုံကို ယနေ့ထိ မှတ်မိနေသေးသည် ။

ဓာတ်ပုံ ထဲ မှ တင်းတင်းစေ့ထားသော သူ့ နှုတ်ခမ်းများအစား ပြုံးယောင်ယောင်နှုတ်ခမ်းများ ဖြစ်အောင် ကျွန်မ ဆွဲ လိုက်သည် ။ မဟုတ်သေးပါဘူး ။ မေးစေ့လေးထောင့်အပေါ်မှာ ပြုံးစစနှုတ်ခမ်းတွေက ဘယ်လိုလိုက်ဖက်မှာလဲ ။ သူ့ အတိုင်းပဲ ကောင်းပါတယ် ။

စိတ်ကူး ပြောင်းလိုက်ကာ ဆွဲပြီးသား နှုတ်ခမ်းပုံ ကို ကျွန်မ ဖျက် ပစ်လိုက်သည် ။ ပြီးမှ ဓာတ်ပုံ ထဲက အတိုင်း တင်းတင်း စေ့ထားသော နှုတ်ခမ်းများ ကို ပြန် ပြင်ဆွဲလိုက်သည် ။ ဟုတ်ပြီ ဆိုခဲစေ .. မြဲစေ ဆိုသည့် စကားနှင့်ညီသည့် နှုတ်ခမ်းများ က သူ နှင့် အလိုက်ဖက်ဆုံးပါပဲ ။ သူ နှင့် ရင်းရင်းနှီးနှီး ပေါင်းသင်းဖူး သူတိုင်း လက်ခံကြမှာပါ ။

•••••   •••••   •••••

နံနက် စောစောကတည်းက သား ပြန်အလာ ကို ကျွန်မ မျှော်စောင့်နေသည် ။ သူ ပြန်ရောက်မည့် အချိန် ကို အတိအကျ မသိရသော်လည်း ယနေ့ ပြန်ရောက်မည် ဖြစ်ကြောင်း အကြောင်းကြားထား၍ တံခါးပေါက် ဆီသို့သာ အာရုံ ရောက်နေသည် ။

မွန်းမတည့်မီ သား ပြန်ရောက်လာသည် ။

“ သား ပြန်လာပါပြီ မေမေ ”

“ မင်းတို့ ခရီးများ ဆက်ကြဦးမလားလို့ ”

“ ဆရာကြီးတွေ က ဆက်ချင်ကြတယ် ၊ သား က အလုပ်တွေ ရှိလို့ ဆက်မလိုက်နိုင်ဘူးဆိုတော့ သူတို့လည်း ပြန်လိုက်လာကြတယ် ”

“ ဟောပြောပွဲ အခြေအနေက ဘယ့်နှယ်လဲ ”

“ ကောင်းတယ် မေမေ ၊ မျှော်မှန်းထားတာထက် အများကြီး အောင်မြင်ပါတယ် ၊ အမှန်ပြောရရင် သားက တစ်ခါမှ ဟောဖူး ပြောဖူးတာ မဟုတ်တော့ စိတ်မရဲဘူး ၊ ဒါကြောင့် ဆရာကြီးတွေ က သား ကို ရှေ့ က ဟောခိုင်းတယ် ၊ ပန်းချီအကြောင်း ဆိုတော့ လူတွေ စိတ်ဝင်စားပါ့မလားလို့ သား က စိတ် ပူတယ်လေ ၊ ဟောတဲ့ အခါကျတော့ ကိုယ့် လေ့လာထားတာတွေနဲ့ ကိုယ့် အတွေ့အကြုံ ခံစားမှုတွေနဲ့ ပေါင်းစပ် ပြောတော့ ပြောရင်းနဲ့ ကိုယ်တိုင် အားပါးတရ ရှိလာတယ် ၊ ပရိသတ် ကလည်း စိတ်ဝင်တစား နားထောင်ကြတာတွေ့လို့ တော်တော် အားတက်လာတာပေါ့ ၊ ဆရာကြီးတွေကတောင် ထုတ်ချီးကျူးကြတယ်ဆိုတော့ အောင်မြင်တယ် ခေါ်ရမှာပေါ့နော် မေမေ ”

သား က သူ့ ဟောပြောပွဲ ခရီးစဉ်အတွက် ကျေနပ်အားရ ဖြစ်နေသည် ။ သူ့စကား ကြားရ၍ အမေ ဖြစ်သူ ကျွန်မ လည်း ဂုဏ်ယူဝမ်းမြောက်မိသည် ။

“ ပစ္စည်းတွေ သွားထားလိုက်ဦးမယ်နော် ၊ သား က လက်တွေ့ ပုံတူ ဆွဲပြချင်လို့ ပုံဆွဲပစ္စည်းတွေ ထည့်သွားတာ ”

သား က သူ့ ပန်းချီခန်း ကို တန်းတန်းမတ်မတ် ဝင်သွားသည် ။ သူ့ နောက်က ကျွန်မ လိုက်သွားလိုက်သည် ။ ထင်ထားသည့်အတိုင်းပင် စားပွဲပေါ်မှ လက်စသတ် ဆွဲပြီးသွားသော ကျွန်မ လက်ရာ ပုံတူပန်းချီကား ကို မြင်သွားသည် ။

“ ဒါ … ဘယ်သူ ဆွဲထားတာလဲ ၊ ဘယ်သူ့ ပုံလဲ ”

“ မေမေ ဆွဲထားတာ ၊ မင်းအဖေ့ ပုံတူလေ ”

ကျွန်မ က ဂုဏ်ယူဝင့်ကြွားစွာ ဖြေလိုက်သည် ။

“ မေမေ ပန်းချီဆွဲတယ် ဟုတ်လား ၊ ဘယ်တုန်းက ဆွဲဖူးလို့လဲ ၊ ဒါ ဖေဖေ့ ပုံ ”

“ ပန်းချီဆရာ ရဲ့ အမေ ပဲကွယ် ၊ ဒီလောက်တော့ ဖြစ်ပါတယ် ”

သား က ကျွန်မ ဆွဲထားသည့် ပန်းချီကားကို လက်နှစ်ဖက် နှင့် ကိုင်ကာ စေ့စေ့ ကြည့်နေသည် ။ သူ လည်း သိမှာပါပဲ ။ သူ့ အဖေ ရဲ့ မျက်နှာ ပုံတူ ပဲလေ ။ သူ့အဖေ ရဲ့ မျက်လုံး ၊ နှာခေါင်း ၊ မေးစေ့ စသည်ဖြင့် အသေးစိတ်များကို သူ သိနေတာပဲ ။

သား က ပန်းချီကားချပ် ကို ပြန် ချထားလိုက်ပြီး ကျွန်မနှင့် မျက်နှာချင်း ဆိုင်လိုက်သည် ။ ကျွန်မ မျက်နှာ ကို အကြာကြီး စိုက်ကြည့်နေရာမှ ရုတ်တရက် ဒူးထောက် ထိုင်ချလိုက်ပြီး ခြေထောက်နှစ်ဖက် ကို တင်းတင်းဖက်ကာ ရှိုက်ကြီးတငင် ငိုချလိုက်သည် ။

“ ဟဲ့ … ဟဲ့ … အို … ဘယ်လိုဖြစ်တာလဲ ”

“ မေမေ သား မလိမ္မာပါဘူး ၊ အသုံးမကျဘူး ၊ ပန်းချီဆရာတစ်ယောက် ဖြစ်ပြီး အဖေ့ပုံတူ ကို ခုထိ မဆွဲပေးခဲ့ဘူး ”

“ သား မှာ အလုပ်တွေ များနေတာကိုး ၊ မေမေ နားလည်ပါတယ် ၊ ဒါကြောင့် မေမေ့ဘာသာ ဆွဲလိုက်တာပေါ့ ၊ မနက်ဖြန်ဆိုရင် မင်း အဖေ ၁၀ နှစ် ပြည့်တဲ့ နှစ်လေ ၊ အမှတ်တရ သူ့ ပုံတူ ပေါ့ ၊ ဘယ့်နှယ်လဲ ၊ မေမေ ဆွဲထားတာ ဖေဖေ နဲ့ တူရဲ့လား ”

“ တူတာပေါ့ မေမေ ရယ် ၊ အင်မတန် တော်ပါတယ်ဆိုတဲ့ ပန်းချီဆရာ တောင် မေမေ့လောက် ဖေဖေ့ ပုံ ကို တူအောင် ဆွဲနိုင်မှာ မဟုတ်ပါဘူး ”

သား ကတော့ အမွှန်းတင်လွန်းပြီ ။ နာမည် အတော်အတန် ရနေပြီ ဖြစ်သော ပန်းချီဆရာတစ်ယောက် ဖြစ်သည့် ကျွန်မသား ၏ ချီးမွမ်းစကား သည် အလကားတော့ မဟုတ်တန်ရာ ။

သူ နောက်တစ်ကြိမ် ပန်းချီဆရာအကြောင်း ဟောပြောလျှင် ပန်းချီပညာမတတ်ဘဲ သူ့ အဖေ ပုံ ကို ပုံတူ ဆွဲနိုင်သော သူ့ အမေအကြောင်း ထည့်သွင်း ဟောပြောပေလိမ့်မည် ။

◾ခင်လှိုင်ကြူ

📖 မဟေသီမဂ္ဂဇင်း
      ၁၉၉၉ ၊ ဒီဇင်ဘာလ
     
www.facebook.com/aung.naingoo.3726613

.

Sunday, March 20, 2022

သံဝေဂ


 

❝ သံဝေဂ ❞

[ ၁ ]

ရွာဘုရားပွဲ က ခုနစ်ရက် ကျင်းပတာ ခင်ဗျာ့ ။ ကျုပ်တို့ ရွာ ကရော ၊ ရွာနီးပါးချင်းတွေ ကရော ဒီ ဘုရားပွဲ ကို အားခဲကြတာ ။ တပေါင်းလ ထဲမှာ ကျင်းပတာ ။ လပြည့် အရုဏ်တက် သစ်သီးကပ် ၊ ဆရာတော်များ ဆွမ်းကပ် ၊ ရေစက်ချ ၊ ဗြောပိတ် ။ ဘုရားပွဲ ပြီးတဲ့ ည ၊ အဲဒီ ည ဗလာပွဲလည်း နောက်ဆုံး ည ပဲ ၊ လဆန်း ကိုး ရက် ဆို ပွဲ ဝင်ပြီ ။ ဈေးတန်း စပြီ ။ ဘုန်းတော်ကြီး ကျောင်းဝင်း ၊ ဘုရားပရိဝုဏ် ထဲလည်း စည်ကားပြီ ။ ပွဲခင်းလည်း စည်ပြီ ... ။

ဒီနှစ်တော့ အငြိမ့် အစား ဇာတ်ကြီး ကို ငှားမယ် ကြံထားကြတာ ဟန်ကျသွားတယ် ။ စပါး ဈေးကောင်း ရတော့ အိမ်တိုင်း ငွေစ ၊ ရွှေစ ရွှင်ပါ့ ။ ဟိုရွာ ဒီရွာတွေလည်း ဒီလိုပဲ ။ တစ်နယ်လုံး ရွှေမိုးငွေမိုး ရွာ ထားသလို ။ဒီတော့ နာမည်ကြီး ဇာတ် ကို တက် ကိုင်နိုင်သပေါ့ ဗျာ ... ။

ဘုရားပွဲ ကျင်းပဖို့ ဆရာတော်ဘုရားကျောင်း မှာ ကျုပ် ဦးဆောင် ဆော်ဩပြီး အစည်းအဝေး လုပ်ခဲ့တယ် ။ သူ့ တာ ၊ ကိုယ့် တာ တာဝန် ခွဲယူကြတာပါပဲ ။ ပွဲငှားရေး ၊ စည်ကားရေး ၊ ဟိုရွာဒီရွာ က ဆရာတော်များ ပင့်ရေး တာဝန် ၊ ချက်ရေးပြုတ်ရေး ၊ ပွဲဈေး ၊ ဈေးကောက် စတဲ့ ဟာတွေပေါ့ .…. ။

“ ကိုငှက် က ကမကထ ခေါင်းဆောင် ဆိုတော့ တာဝန် တစ်ခါတည်း ချလိုက်တော့ဗျာ ” လို့ ဗိုက်ကြီး က လှမ်း ပြောတယ် ။ ဒါနဲ့ ငထွန်း က ဇာတ်စင် ဆောက်ရေး တာဝန်ယူ ။ ဘိုးစုံ က အရုဏ်ဆွမ်း ချက်ရေးပြုတ်ရေး ။ အောင်ဘု က စေတီတော် ထုံးသင်္ကန်းကပ် ၊ ကြေးဆင်းတုတော် ရောင်တော်ဖွင့် ၊ ဆရာတော်များ အကြိုထောက် တာဝန် ။ မယ်ဟန် က ချက်ရေးပြုတ်ရေး ။ သာတင့် က ဇာတ်သမားတွေ ကြိုဖို့ တာဝန်ပါပဲ ။ ဒါပေမယ့် ဒူလာရောဂါထ လို့ တခြား သက်သောင့်သက်သာ တာဝန် ပေးလိုက်ရတယ် ။ ဒါနဲ့ ငဖျံ ကို ကျုပ် က တာဝန်ပေးတော့ စကားသံ ၊ ချောင်းသံ ၊ ရယ်သံတွေ နဲ့ ရှိနေတဲ့ ဆွမ်းစားဆောင် က ရုတ်ခနဲ တိတ် သွားရော ။ “ ဖြစ်ပါ့မလား ကိုငှက် ရ ၊ ကြည့်လဲ လုပ် ၊ ဒီ ကောင် က လက်ကြော တင်းတဲ့ကောင် မဟုတ်ဘူး ၊ ဟန်ပါ့ မလား ” စတဲ့ အသံတွေ တီးတိုး တီးတိုး ။ ကျုပ် က မကြားချင်ယောင် ဆောင်ပြီး တခြား တာဝန်တွေ ယူရမယ့် သူတွေကို လက်ညှိုး ထိုးပြီး တာဝန် ခွဲလိုက်တယ်... ။

•••••   •••••   •••••

[ ၂ ]

“ ငဖျံ ကို ဘာလို့ အဲဒီ နေရာမှာ ထားရတာလဲ ဦးငှက်ရိုး ”

ဒီ ကောင် က ဘာတာဝန် ၊ ညာတာဝန် ၊ ဘာနေရာ ဆိုတာသာ လိုချင်တာ ၊ ယူထားတဲ့ နေရာ ရဲ့ အလုပ် ကျတော့ အိယောင်ဝါး ”

ဇာတ်အဖွဲ့ ကို ဧည့်ခံကြိုဆိုရေး ဆိုတော့ ငဖျံ ပင်ပန်းရှာမယ် ၊ နဂိုကမှ စားမယ် ၊ သောက်မယ် ၊ ဝါးမယ် ၊ လေပန်းမယ် ၊ ယောင်ယောင်ယောင်ယောင် နဲ့ လတ်လျားလတ်လျား လုပ်ပြဖို့ ဝါသနာအခံ ရှိပေတော့ ငဖျံ မောပေလိမ့်မယ် ရှင့် ”

“ ဇာတ်သမားတွေ ကို အရိုးချည်း ချက်ကျွေးပေးပြီး သူ ကျတော့ အသည်းအမြစ် နဲ့ အနစ်နာခံ စား ပေးမှာပါ ၊ ငဖျံ က အဲဒီလို အနစ်နာခံတတ်တာ တစ်ရွာလုံး အသိပဲလေ ၊ ဘဏ္ဍာရေးမှူး မယ်သော့ နဲ့ စာရင်းစစ် မယ်ညို တို့တော့ ငဖျံ ရှင်းတမ်း နဲ့ မှ မရူးရင် ပဒိုင်းသီး တင်းတောင်း နဲ့ စားတောင် မရူးတော့ဘူး မှတ်ပေဗျို့ ၊ ဦးငှက်ရိုးနှယ် .. ဒီကောင့် ကို ရေရေ ရာရာ လုပ်ပြီး ဘာလို့ ပွဲ ထုတ်ရပါလိမ့် ။ သူနဲ့ သက်တူရွယ်မျှ ကာလသားတွေ ကတောင် ရှောင်တာ ၊ ငဖျံ ဆိုရင် ပြောရင် မိုးလားကဲလား ။ ခုပဲ လန်ဒန် သွားတော့မလို ၊ ခုပဲ ကာလကတ္တား သွားတော့မလို ၊ အလုပ်ကြီး အကိုင်ကြီးတွေ ကပဲ သူ့ ကို တမျှော်မျှော် မျှော်နေတဲ့ ပုံ ၊ စကား ဟ ရင် အကုန် သိ ၊ ဂဃနဏ မေးတော့ အင်း.. အဲ နဲ့ တလွဲ ”

ဘုရားပွဲကျင်းပရေး ဂေါပကအဖွဲ့ ထဲ ငဖျံ ပါလာတာ တစ်ရွာလုံး အံ့အားကြီး ကို သင့်လို့ ။

“ ငါးတောင့်ထိုး လက်နှိပ်ဓာတ်မီး မှာ နှစ်တောင့်ထိုး မီးသီး တပ်ရင် လင်းပါတယ် လို့ ရမ်းသန်း ပြောတဲ့ ငဖျံနဲ့ ဒီ ဂေါပကအဖွဲ့  ၊ ပွဲက ကြည့် ကောင်းမှာပါ ၊ ဦးငှက်ရိုး ဆံပင်တွေ ဖြူ နေရာ က စိတ်ညစ်ပြီး ပြန် နက်လာမလား မသိဘူး ”

ကျုပ် လည်း အိမ် ကရော ၊ အိမ်နီးနားချင်းရော ၊ ရွာထဲ ကရော ၊ ငဖျံ နဲ့ ဆွေထဲမျိုးထဲ ကရော သတိပေးကြတာကြောင့် နား အူနေပြီ ။ ဒီ သူငယ် ကို ဘာ သဘော မကျပါလိမ့် ၊ ဖျတ်ဖျတ်လတ်လတ် နဲ့ ဟို ဆိုလည်း သူပါ ၊ ဒီ ဆိုလည်း သူပါ ၊ အဲဒါကိုများ မျက်မုန်းကျိုးလို့ ပြောတာ ဆိုတာ ဖြစ်ချင် ဖြစ်မှာပေါ့ ။ ပိုပြီး စည်ကားဖို့ ထင်ပါရဲ့ …. ။

•••••   •••••   •••••

[  ၃  ]

ဇာတ်အဖွဲ့ က မော်တော် ကြုံ ရက် နဲ့ ကြိုရောက်စရာ ရှိသတဲ့ ။ နှစ်ရက် သုံးရက် တောင် မဟုတ်ဘူး ။ တစ်ပတ်တိတိ စော ရောက်မှာ ။ ကောင်းတာပေါ့  ။ မျှော်ရ မျှော်ရ လည်ပင်း ရှည်တဲ့ ဒုက္ခဝေးပြီး စိတ်အေးရတာပေါ့လေ ... ။

“ သူကြီး ၊ ဇာတ်သမားတွေ က ကြိုရောက်တာ အားနာ နေတယ် ”

မောင်ဖျံ က မျက်တောင်ပေကပ်ပေကပ် နဲ့ ကြည့်ပြီး ပြောတော့ ကျုပ် နားမလည်ဘူး ၊ ဒါနဲ့ ..

“ ဘာလို့လဲကွ ”

“ စားရေးသောက်ရေး အားနာလို့ တဲ့ ”

“ ဟာ ... တို့ ရွာ လာတဲ့အခါ တို့ က ရွာခံ ၊ စားရေးသောက်ရေး ငါတို့ တာဝန်ပေါ့ ”

“ လူ သုံးလေးငါးဆယ် တာဝန် ဆိုတော့ ချက် မကျွေးပါနဲ့တဲ့ သူကြီး ရဲ့  ၊ ဆန်ရယ် ၊ ဟင်းလျာဖိုးရယ် ၊ ထင်းတို့ ၊ အိုးတို့ ၊ ပန်းကန်ခွက်ယောက် တို့သာ ပေးထားပါ ၊ သူတို့ ဘာသာ သူတို့ ချက် စားပါ့မယ်တဲ့ ”

ဒါနဲ့ ဂေါပက ထဲ က ငွေကိုင် ကို တစ်ရက်စာစီ ထုတ် မပေးဘဲ တစ်ပတ်စာ ငွေထုတ်ပေး ၊ ဆန် ၊ ထင်း ပေးထားဖို့ ကျုပ် က ပြောလိုက်တယ် ။ အဲသည် အတွက် ဇာတ်သမားတွေ ကို ငွေ သွားပေးဖို့ ငဖျံ ကိုပဲ ကျုပ် လွှတ်လိုက်တယ် ။ ငဖျံ ကို ကျုပ် က မှာထားတယ် ။ ဇာတ်သမားတွေ မငြိုငြင်အောင် ပြုစုဖို့ ၊ ကောင်းအောင် ကပေးဖို့ ၊ အဆင်ပြေအောင် ပေါင်းထားဖို့ ၊ တစ်ပြိုင်နက်တည်း ဘုရားပွဲ စည်ကားအောင် ကျုပ်တို့ တစ်ဖွဲ့လုံး နဲ့ ကျရာမြင်ရာထောင့် ၊ ထောင့်စေ့အောင် ငဖျံ ဝင် လုပ်ဖို့ …. ။

•••••   •••••   •••••

[  ၄  ]

“ သူကြီး ၊ မဏ္ဍပ်ထိုး ၊ သံဃာစင် ဆောက်တာ ဒီပြင်လူ ခိုင်းစမ်းပါဗျာ ၊ ကျုပ် ဇာတ်စင်မှာ သွား နေရတာ မအားဘူး ၊ သူတို့နဲ့ အတူတူ ထမင်း စား မှ ဘယ်သူ ခံတွင်း ပျက်တယ် ၊ ဘယ်သူ ကြိုးစား ကမယ် မကဘူး ကျုပ် သိရမှာ ၊ ညနေ သောက်ပွဲစားပွဲကျလဲ ကျုပ်က ထိန်းရင်း ကူ သောက်ရတာ ”

ငဖျံ က လူရှေ့ မရှောင် ၊ သူရှေ့ မရှောင် ကျုပ် ကိုတောင် ငြင်းလား ဆန်လား ၊ ဆင်ခြေ ပေးလာတော့ လုပ်လုပ်လာပြီ ။ လူကြီး ဆိုတော့ စိတ် ချုပ်ရ ၊ ထိန်းရသပေါ့ ။ မနေ့ ညနေ က တင် ကျုပ် နဲ့ ဂေါပကအဖွဲ့ သုံးလေးယောက် က ဆရာတော်ဘုရား ဆီ အစီအစဉ် လျှောက်စရာ ကိစ္စ ၊ စေတီတော် ထုံးသင်္ကန်းကပ်ရေးကိစ္စ နဲ့ ဘုရားဝင်း ဆီ အသွား ... ။

“ ဘယ်တုန်းဗျ သူကြီး ”

“ ဘုရား သွားမလို့ကွာ ”

“ ဟာ .. သူကြီးတို့ ကလဲ ဘုရားဝင်းချည်း သွား သွားနေတော့တာပဲ ၊ ဇာတ်ရုံ ဘက် လဲ လာဦးမှပေါ့ ”

“ ဟာ .. မင်းအမေလင် ၊ ဘုရားပွဲ ကျင်းပမှာ ဘုရားဝင်း မသွားလို့ ဘယ် သွားရမှာလဲ ငဖျံ ၊ မင်း ပြောပုံ က ... ”

ကျုပ် က ငေါက်တော့ ငဖျံ မျက်နှာ ပျက်သွားတယ် ။ ဟိုဘက်ကို ချာခနဲ လှည့်အထွက်မှာ စာရင်းစစ် မယ်ညို က ..

“ ဟေ့ .. ငဖျံ ၊ နင် ငွေထုတ်ရင် သူကြီး ကို ပြောပြီး မယ်သော့ ဆီ က ထုတ်ပါ ပြောထားတဲ့ ကြား က သူကြီး မသိဘဲ ထုတ်ပေါင်း များပြီ ၊ ငါ့ ဆီလဲ စာရင်း နဲ့ အင်းနဲ့ နေ့တိုင်း ရှင်းပါဆိုရက် နဲ့ တစ်ခါမှ မရှင်းသေးဘူး ၊ ဘာ .. ကြက်တစ်ကောင် ဝယ်ချက် ၊ သင့်ငွေ ခြောက်ရာ ၊ မှတ်ချက် တိုက်ကြက်ဆိုတဲ့ ဘုရားကြီး ရှင်းတမ်း ၊ လုပ်မလို့လား ”

ရနံ့လေးတွေက ထွက်စ ပြုပြီ ။ ငဖျံ ခြေစ လက်စ လေးတွေ ကျုပ် မြင်ရစ ပြုလာပြီလေ ။ ညမနက် ဟင်းဖိုး ၊ နေ့လယ် ကော်ဖီရည်ဖိုး ၊ ညနေ ထန်းရည်ကဇော်ဖိုး ဆိုပြီး ဘဏ္ဍာရေးမှူး မယ်သော့ ဆီက ထုတ် ၊ ထုတ်ပေးငွေက နေ့တိုင်း ယတိပြတ် ။ အပိုအလို မကြားရတဲ့... ။

နေ့နေ့ညည ငဖျံ မှာ ယစ်တစ်တစ် ရီတီတီ ။ ရုံထဲမှာ မင်းသား မင်းသမီးတွေ ၊ ဆိုင်းသမားတွေ နဲ့ တဝါးဝါး တဟားဟား ၊ စားဟယ် သောက်ဟယ် နဲ့ ။ နေ့တိုင်း ဘုန်းကြီးကျောင်း ဆီ ခြေဦး မလှည့် ။ ဘုရားဝင်း ထဲ မျက်နှာတောင် မမူ ။ ဇာတ်မင်းသား ကို သူ့ အိမ် မှာ ဧည့်ခံလိုဧည့်ခံ ။ ဇာတ်မင်းသမီး နဲ့ ယိမ်းသမလေးတွေ ၊ လူရွှင်တော်တွေ က သူ့ အိမ် မှာ တရုန်းရုန်း တသောသော... ။

ဘုရားပွဲ အစည်းအဝေး လည်း သူ မလာ ။ ကျုပ် က အခေါ် လွှတ်လည်း စကား မပြန် ။ ဇာတ် ကောင်း မှ လူစည် ၊ လူစည် မှ ကျောင်းရော ဘုရားအလှူငွေ အတွက် လည်း တိုး ။ ပွဲဈေးတန်းစည်ကားမှ ကိုယ့်ရွာသူရွာသားတွေ ထွက် တဲ့ မုန့်ပဲသရေစာဆိုင် ရောင်း လို့ ကောင်း ။ အဲဒါကြောင့် ဇာတ်သမား တွေ ပျော်ရွှင်စိတ်ချမ်းသာအောင် မင်း တာဝန်ယူပေတော့ ဆိုတဲ့ ကျုပ် စကား ကို သူ က ထောက်ပြီး ပြောပေတော့တာကိုး ။ တစ်ပါးသူတွေ လစ်ဟင်းလျှင် ဝင် ကူ ၊ ရွာ အရေး ၊ ကျောင်း အရေး ၊ ဘုရား အရေး ကြုံ သမျှ ကျ သမျှ ဝင် လုပ်ဆိုတဲ့ ကျုပ် စကားတွေကိုတော့ ဝကွက်ပြီး ချန် ... ။

ကျုပ် က ခေါ် ငေါက်တော့ ဇာတ်မင်းသားရှေ့မှာ ဆူ ရပါ့မလား ဆိုပြီး စိတ်ကောက် ၊ စကားတောင် မပြောတော့ဘူး ။ မျက်နှာချင်း ဆုံရင်တော့ ငဖျံ က မျက်နှာ လွှဲပါလေရော ။ ကျုပ် ဒေါသ လည်း ဖြစ်တာပေါ့ ။ ဘုရားပွဲ မပြီးမချင်းတော့ ဒီကောင့် ကို သည်းခံရပေမပေါ့လေ ။

“ သူကြီး ဆိုပြီး ဘာ တတ်လဲ ၊ အလကားဟာကြီး ၊ သူကြီးကတော် ဒေါ်ဗိန်မ နဲ့ စကားများရန်ဖြစ်တုန်းက ကျုပ် ဖျန်ဖြေ ဝင်ဆွဲပေးတဲ့
ကျေးဇူးတောင် မထောက်တဲ့ သူကြီး ၊ သူ ငွေ လို လို့ သူ့ သမီးကြီး ဆီ ငွေ သွား ယူပေးပါ ဆိုလို့ ကျုပ် သွားယူပေးရတဲ့ ကျေးဇူးလည်း မထောက်တဲ့ သူကြီး ၊ ဇာတ်သမားဧည့်ခံတဲ့ ငွေစာရင်း သူ့ ဆီ မပြတာလေးနဲ့ လူရှေ့သူရှေ့ ငေါက်တဲ့ အလကား လူကြီး ၊ ကုန်လို့ အသေးသုံး ထပ်ယူတာ ဘာ သုံးသလဲ မေး ရသလားဗျာ ၊ ဒီ လူကြီး အလကား လူကြီးပါဗျာ ၊ အရေးမစိုက်လို့ မစိုက်သလို ခုလို နေပစ်တာ ” ဟူသောအသံတွေ ကျုပ် တစ်ဆင့် တစ်ဆင့် ပြန် ပြီး ကြားရပါရဲ့ …. ။

ဇာတ်သမားတွေ နဲ့ လုံးလားထွေးလား ငဖျံ ၊ ပလဲပနံ သင့်လို့ ၊ တခြားသူတွေ က ဘုရားပွဲ ကိစ္စ ကူဖို့ ခေါ်လည်း ငဖျံ အရေးမစိုက် ။ မဏ္ဍပ်တိုင်တွေ ကို ပန်းစက္ကူ ကပ်ဖို့ ကျုပ် က လူလွှတ် ခေါ်တော့ ထားလိုက်စမ်းပါ ၊ အရေးမပါတာတွေ တဲ့ ” ငဖျံ က ... ။

ငဖျံ က ကျန်တဲ့ သူတွေနဲ့လည်း ကဏ္ဍကောစ .. ။

နာမည်ကြီး ဇာတ်မင်းသား နဲ့ ဇာတ်အဖွဲ့  နဲ့ ပဲ တရုန်းရုန်း …. ။

[ ၅ ]

ဘုန်းကြီးပွဲ အတွက် အသည်းအမြစ် ၊ ငါးသေတ္တာ ကို ဇာတ်အဖွဲ့ အတွက် ဆိုပြီး ငဖျံ ဇွတ် ယူသွားသတဲ့ ။ ဇာတ်သမားတွေ အတွက် ဆိုပြီး ငွေကိုင် ဆီ က ငွေ တွေ ထုတ် ။ စာရင်း တောင်းတော့ ကုန်တာ ကုန်တာ ပေါ့ ၊ မဆလာ တစ်ထုပ် တစ်ပြားအထိ စာရင်း မလုပ်နိုင်လို့ ငဖျံ က ပြန်ပြော ဆိုပဲ... ။

ကျုပ် ကို လည်း ရန်သူ လို ဆက်ဆံပြီ ။ စကား အပြောအဆို အနှုတ်အဆက် မရှိ ... ။

သူ့ ကို တခြား လိုတဲ့ နေရာ ဝင် ကူဖို့ ပြောသမျှသူ နဲ့ ဆူး ဆို့ လှံ ထိုး ပြန် ပြောပြီ တဲ့ ။ ဇာတ်ရုံ မှာ နေ ၊ ဇာတ်ရုံ မှာ စား ။ ဇာတ်သမားတွေ နဲ့ စုကာရုန်းကာ ထန်းရည်ဆိုင် သွား ။ ရွာ ထဲ က ဟိုအိမ် ဒီအိမ် လည် ။ စားဟယ် ၊ သောက်ဟယ် ၊ ဟားဟယ် ၊ ကျုပ်ကို သူ့ ဖအေ အရွယ် ဆိုတာလည်း မသိ ။ ဘဝ အမြင့် ကြီး မြင့် ၊ ဘယ်သူ့ မှ လူ မထင် ... ။

ဘဏ္ဍာရေးမှူး နဲ့ ကျုပ် လည်း မျက်နှာချင်း ဆိုင်ရင်း ငဖျံ ရဲ့ ဘုရားကြီး ရှင်းတမ်းကိစ္စ စိတ် ဆိုးကြရပြီ ။ ဇာတ်သမား သူစိမ်းတစ်ရံဆံတွေ ရှိနေသေးတော့ မျက်နှာ ထောက်ရ ၊ စိတ် ချုပ်ထားရတာ ကျုပ် အတော် ပင်ပန်းနေပြီ... ။

ငဖျံ က အတော့်ကို မထီမဲ့မြင် ၊ မသိမသာ စော်ကားတာမျိုးလေးလည်း လုပ်ရဲ့  ၊ လူကြီးသူကြီး သာ ကျုပ် မဟုတ်လျှင် ရိုက်သတ်ပြီးပြီ ၊ ဧည့်သည်သူစိမ်း ဇာတ်အဖွဲ့ က လူတွေ ရှိနေတော့ ခက်ပါ့ ဗျာ.. ။

ဗြော ဝင်ပြီးသွားပြီ ... ။

ဘုရားပွဲ ပြီးသော နေ့ သို့ ရောက်လာပြီ.. ။

ဇာတ်အဖွဲ့ က မိုးလင်းသည် အထိ ဇာတ်မဆွဲတော့ ၊ နံနက် လေးနာရီ မှာ ပြည့်ဖုံးကားချသွားတယ် ။ ချက်ချင်းပဲ သိမ်းကြဆည်းကြ နဲ့ ၊ ညနေ ရောက်လာမယ့် မော်တော် နဲ့ တစ်နယ် ကူးကြရမယ်လေ .. ။

ငဖျံ က ကူပြီး သိမ်း လို့ ဘာလို့ တဲ့ ၊ တစ်ရွာလုံးက နား စွင့်လို့ပေါ့ ။ ညနေ မော်တော် ဥဩသံ ကြားရတယ် ။ ကျုပ် တို့ လူကြီးတွေစုပြီး ဇာတ်အဖွဲ့ ကို သွား နှုတ်ဆက်ကြတယ် ။ “ စာရေးနော် ၊ လာလည်နော် ၊ အလည်လာမှာ ” စကားတွေ က ငဖျံ နဲ့ ဇာတ်အဖွဲ့သား တွေ ရဲ့ နှုတ် က... ။

နေ မစောင်း တစောင်း မှာ မော်တော် ထွက် သွားတယ်... ။

ကျုပ်တို့ အားလုံး ပြန် ခဲ့ကြတယ်... ။

ကမ်းနဖူး မှာ ငဖျံ တစ်ယောက် ပဲ ငုတ်တုတ် ၊ မော်တော်ဥဩသံ သဲ့သဲ့ ကြားရတော့ ကျုပ် တို့ ရွာထဲ ရောက်နေပြီ .. ။

မြင်ယောင်တယ် ငဖျံ ကို ။ ဆယ်နှစ် တစ်နှစ် ၊ သုံးနှစ် တစ်နှစ် ပြန် ဆုံချင်မှ ဆုံ ရတဲ့ဧည့်သည်တွေ ကို ငဖျံ လွမ်းနေ ၊ တမ်းတနေလောက်ရောပေါ့ ... ။

ငဖျံ ဘယ်သူတွေ နဲ့ အခုအချိန်က စပြီး မျက်နှာချင်း ဆိုင်မလဲ ... ။

သူ အရေးမစိုက် တဲ့ ကျုပ် ။ သူ ဘက်ကန် တဲ့ တစ်ရွာတည်းသားတွေ ။ သူ နေ နေတဲ့ ရွာ ။ သူ တရုန်းရုန်း နေခဲ့တဲ့ သူတွေ ဘယ်ရောက် သွားကြပြီလဲ ။ သူ လည်း လိုက်သွားလို့ မဟပ်စပ် ။ သူ့ လည်း အရေးအရာ လုပ်ပြီး ခေါ်ပင့် မသွားကြ ။ အပြောအဆို အဆက်အဆံ သူ အားထား ဦးညွတ်ခဲ့သူတွေ သူ့ အပါး ၌ မရှိတော့ ။ သူတို့ အပါးတွင် သူ ရှိမနေရ တော့ ... ။

မိုးချုပ်လျှင် ငဖျံ ဘယ် သွားစရာ ရှိလဲ ... ။

ရွာသူရွာသားတွေ ကျုပ်တို့ တစ်တွေ ရှိရာကို သူ ပြန်လာရတော့မယ်လေ ။ မနေချင်လျှင် အိမ် ဖျက်ပြီး ရွာ ပြောင်းသွားရုံပဲ ... ။

ဒါမှမဟုတ်လည်း သူ ကမ်းပေါ်မှာ ထိုင်နေတော့ မျက်နှာ မူ ထားရာကိုပဲ တည့်တည့်လျှောက်သွားလိုက်ပေါ့လေ .. ။

ငဖျံ အတွက် လားရာလမ်း ရွေးစရာ ရှိမှ မရှိတော့တာ ... ။

သူကြီး သက်တမ်း အနှစ် လေးငါးဆယ် အတွင်း မှာ ပေါ့ ဗျာ ။ ငဖျံ ဖြစ်ပုံကို သံဝေဂ ကြီးကြီးကျယ်ကျယ် ရမိပါရဲ့ …. ။

◾ငြိမ်းကျော်

📖ရွှေသမင်မဂ္ဂဇင်း
     ၁၉၉၄ ခုနှစ် ၊ သြဂုတ်လ

www.facebook.com/aung.naingoo.3726613

.

Friday, March 18, 2022

စီးဆင်းနေသော မြစ်များ


 

❝ စီးဆင်းနေသော မြစ်များ ❞

ကျွန်တော် နေထိုင်ရာ မြို့သစ် အိမ်ခန်း ကျဉ်းကျဉ်းလေး ထဲမှ တဖွဲဖွဲ ရွာနေသော မိုးကို စိတ်ပျက်လက်ပျက် ငေးကြည့်နေမိသည် ။ ဒုက္ခပါပဲ ။ ဂျာနယ်တွေ အချိန်မီ ပို့ရမည့် တာဝန် နှင့် ဒီမိုး နှင့် ပြဿနာ အကြီးအကျယ် တက်နေသည် ။ မသွားလို့လည်း မဖြစ် ၊ ကိုယ့် တာဝန်ပေမို့ ထပြီး မိုးကာ အင်္ကျီဝတ်ကာ ဆိုင်ကယ် ဆွဲပြီး ထွက် လာခဲ့ရတော့သည် ။

ဒီလို မိုးဖွဲဖွဲထဲ ကျွန်တော် ထွက်လာသည် က ဝမ်းရေး ကြောင့် ဖြစ်သည် ။ ဒါဆို အဖေ တားလို့ပင် မရဘဲ မိုးဖွဲဖွဲထဲ ဇွတ် ထွက်သွားသည့် အမေ ကရော တဲ့ ။

ဒီနေ့ ဘာကြောင့် ရွာ က အမေ နှင့် အဖေ ကို အထူးတလည် သတိရနေမိပါလိမ့် ။ ကျွန်တော့် အမေ ကို ကျွန်တော်တို့ ရွာ က သူတွေက အရှေ့တံခါးကြီး ခင်မှုံ ဟု ခေါ်ကြသည် ။

ကျွန်တော်တို့ ရွာ မှာ အရှေ့ ၊ တောင် ၊ မြောက်ဘက် များတွင် စည်းရိုး ရှိပြီး ရွာတံခါးတွေ ရှိကြသည် ။ ရွာ အနောက်ဘက် ကတော့ သင်္ချိုင်း ရှိသည် ။ ရွာ တွင် ခင်မှုံ သုံးယောက် ရှိရာ အနောက်ပိုင်း မှ ခင်မှုံ က နားလေး သဖြင့် နားလေး ခင်မှုံ ဟု ခေါ်ကြ သည် ။ အလယ်ပိုင်း ကတော့ ဒေါ်ခင်မှုံ ယောက်ျား က အရက်သမား ဖြစ်သဖြင့် အရက်ဂျိုးခင်မှုံ ဟု ခေါ်ကြ ပြန်သည် ။ အမေ့ အိမ် က အရှေ့တံခါးနား မှာ ရှိ၍ အရှေ့ တံခါးကြီး ခင်မှုံ ဟု ရွာ က ခေါ်ကြသည် ။

ဒီနေ့ ဝါတွင်း အဖိတ်နေ့ ဖြစ်သည် ။ မနက်ဖြန် ဆိုလျှင် ဥပုသ်ကျောင်း သွားကြတော့မည် ။ တစ်ရွာ လုံး လိုလို ဥပုသ် စောင့်ကြတော့မည် ။ အဖိတ်နေ့ မနက် စောစောတွင် အမေ သည် ဆီပုလင်း ကို မြှောက် ကြည့် သည် ။ ငှက်ပျောဖူး ပုလင်း တစ်ဝက်ကျော်ကျော် ဆီ ရှိနေ၍ အမေ ကျေနပ်ပုံ ရသည် ။ ထန်းခေါက်တောင်း ထဲ မွှေ နှောက် ရှာတော့ မြေပဲဆန်ထုပ် ကလေး ထွက်လာသည် ။ မိုး ဖွဲဖွဲ ကို တစ်ချက် လှမ်းကြည့် ပြီး ခံတောင်းလေး ခါးပေါ် တင်ကာ အိမ်ပြင် ထွက်တော့ မည့် အမေ့ ကို အဖေ က -

“ ခင်မှုံနှယ် မိုးတွေရွာ နေတာ ” ဟု လှမ်း ဟန့်သည် ။ အမေ က ပြန် မပြော ၊ နား မထောင် ၊ မကြားချင်ယောင် ဆောင်ပြီး မိုး ထဲ ထွက်သွား တော့သည် ။ 

ကျွန်တော် သိပါသည် ။ အမေ သည် ရွာရိုး တစ်လျှောက်တွင် ရှိသော အရွက် တစ်မျိုး မျိုး ကို အသုပ် သုပ် ရအောင် ခူးနေမှာ ဖြစ်သည် ။ အမေ ပြန် လာချိန်တွင် ခံတောင်း ထဲမှာ ကြက်တက် ရွက် ၊ မြူရွက် ၊ ငရံ့ပတူရွက် ၊ မိုးနှံရွက် ၊ အဝေရာရွက် တစ်မျိုး မဟုတ် တစ်မျိုး ပါလာပေလိမ့်မည် ။ တစ်ခါတလေ သမုန်းဖူးတွေ ၊ ထနောင်းရွက်နုတွေ ရလာ တတ်သေးသည် ။

အိမ် ကို ပြန် ရောက်တော့ ကျွန်တော် က ငှက်ပျောဖက် လည်ခူးပြီး အနေတော် ဖြတ် ထားပေးရသည် ။ ဖုန် သုတ် ပေးထားရသည် ။ ဥပုသ်နေ့ မနက် စောစောတွင် အမေ က ကြက်သွန်ဖြူဆီချက် မွှေးမွှေး ၊ မြေပဲထောင်း နှင့် အရွက်သုပ် သုပ်တော့သည် ။ ငှက်ပျောဖက် ထဲ လက်သီးဆုပ်လောက် စီထည့် ၊ တည်းစပ် နှင့် ထိုး၍ အထုပ်ကလေးတွေ လုပ်ကာ ဗန်း နှင့် ထည့် ပြီး ဥပုသ်ကျောင်း လာသည့် ဥပုသ်သည် တွေကို ဝေပါသည် ။ ဒါပေမဲ့ အမေ က ဥပုသ်ကျောင်းပေါ် တောင်ဘက် ထောင့် တွင် ထိုင်နေသည့် မိန်းမကြီး လေး ငါးယောက် ကို တော့ ဘယ် တော့ မှ ဝေလေ့ မရှိ ။ သူတို့ ကလည်း အမေ မဝေလည်း ကိစ္စ မရှိ ၊ ဂရုမစိုက် ပုံစံမျိုးနှင့် မျက်နှာ ကို ချီထားကြလေ့ ရှိသည် ။ ကလေး ဘဝတုန်းက ကျွန်တော် လုံးဝ နားမလည်ခဲ့ပါ ။ နည်းနည်း ကြီးလာမှ ထိုအုပ်စု သည် အမေ ၏ အမေ နှင့် အမေ၏ ညီအစ်မ အရင်းများ ဖြစ်ကြောင်း သိလာရတော့ သည် ။ လယ်ပိုင်ရှင်သမီး အမေ က သူရင်းငှား အဖေ နှင့် လိုက် ပြေးသဖြင့် အမွေဖြတ် ထားကြသတဲ့ လေ ။

“ ဒီနေ့ ဟင်း မရှိဘူးပေါ့ ၊ ဖြစ်သလို စားကြမယ် ”

ဒီ စကား ကို တစ်ပတ်မှာ ခြောက်ရက်လောက် ကြား နေရ၍ ကျွန်တော် မပူပါ ။ တစ်ချက် မော့ကြည့်ပြီး သူငယ်ချင်းတွေ နှင့် ကျည်းသား ရိုက် မပျက် ၊ သားရေကွင်း ပစ် မပျက် ကစား နေနိုင်သည် ။ ကျွန်တော့် အမေ သည် ဟင်း ချက်ရာတွင် ဟင်းလျာ ရှာဖွေရာ အလွန် တော်သည် ။ ဘာ ဟင်းမှ မရှိသည်ကို ဈေးသည် ခေါ် ဝယ်စရာ ပိုက်ဆံ မရှိပေ မဲ့ ဟင်း ဖြစ်အောင် ချက်တတ်သည် ။ ကျွန်တော်တို့ ထမင်း စားသည့် အချိန်တွင် ခရမ်းသီးခြောက် အစပ်ချက် နှင့် သခွားသီး အတို့ ရှိ ချင် ရှိမည် ။ ရွှေဖရုံသီးချက် နှင့် ဘူးချဉ် ကို တွေ့ချင် တွေ့ရမည် ။ တစ်ခါ တလေလည်း လက်ဖက်သုပ် ပေါ့ ။ ဘာပဲဖြစ်ဖြစ် အမေ့ လက်ရာ က ကျွန်တော်တို့ ညီအစ်ကို မောင် နှမ လေး ယောက်အတွက် စား လို့ ကောင်းလှသည် ။ ယနေ့ ထမင်းဝိုင်း က မန်ကျည်းရွက် ချဉ်ရည် နှင့် ငရုတ်သီးထောင်း ဖြစ်ပါသည် ။ ရွာ က ထွက် သည့် ငရုတ်သီး ကို ဆီလေး ဆမ်း ၊ ဆားလေးဖြူး ၊ ကြက်သွန် ဖြူလေး နှင့် ထောင်းထားသည်မှာ မွှေးလှ ပေမဲ့ တော်တော် စပ်နေသည် မို့ ကျွန်တော်တို့ မောင်နှမ လေးယောက်စလုံး ချဉ်ရည် ဟင်း ရွှဲရွှဲဆမ်းပြီး ခေါင်း မဖော်တမ်း စားနေကြသည်ကို စားပွဲဝိုင်းထိပ် က စားနေ သည့် အဖေ က ပြုံးပြုံးကြီး ကြည့်နေသည် ။

“ ခင်မှုံ ဒီနေ့ နင့်ချဉ်ရည် က ကောင်းသဟ ၊ နင့် သား သမီးတွေ စားလိုက်ကြတာ ”

“ စားကောင်းတယ်ဗျ ”

ကျွန်တော်တို့ က ပလုတ် ပလောင်း စားလိုက် ၊ ချဉ်ရည် တွေ ရှူးခနဲ သောက်လိုက် ၊

အဖေ ကတော့ ဒီလောက် စပ် သည့် ငရုတ်သီးထောင်း ကို တစ်ကော်ပြီး တစ်ကော် လက် နှင့် ကော်ယူကာ စားနေသည် ။

“ တော် ကလည်း ငရုတ် သီးချည်း စားနေတယ် ။ အစပ်ပြေ ချဉ်ရည်ဟင်းလေး သောက်ပါဦး တော် ”

“ ငါ က ငရု တ်သီးထောင်း ကို ကြိုက်တာ ဟ ”

အဖေ ငရုတ်သီးထောင်း  ကြိုက်တာ ကို ကျွန်တော် အဲဒီ နေ့က သတိထားလိုက် သည် ။

နောက် တစ်လ လောက် ကြာတော့ အဘိုး ဆုံးသည် ဟု မိန်းမကြီး တစ်ယောက် က အိမ် ရှေ့မှ လာ အော်သည် ။ အမေ ကပျာကယာဖြင့် ဘီးကျော်ပတ်ကလေး ပြင်ပတ်ရင်း လိုက်သွားသည် ။ အဖေ က တော့ ဘာမှ မပြော ။

“ ကျုပ် ကို အမေ က ကောင်းကောင်းမွန်မွန် ခေါ် ပါတယ် တော် ။ ကုန်တာတွေ လည်း ကုန်ပြီ ။ ကျန်တဲ့ ယာ လေး သုံးဧက နဲ့ မိုးကောင်း သောက် လယ်ကလေး ရှိလှမှ နှစ်ဧက လောက်ပါ တော် ။ အငယ်မ လင်မယား နဲ့ ခွဲယူ ကြဖို့ အမေ က ပြောတယ် ။ ကျုပ် သဘောတော့ မလိုချင် ပေါင် တော် ”

အဖေ က ထုံးစံအတိုင်း ဘာမှ ပြန် မပြောပါ ။ အမေ ဝင် ထွက် သွားလာလို့ ရပြီ ဖြစ်သော အဘွားအိမ် ကို ကျွန်တော် ရောက်ပေမဲ့ စိတ် ထဲမှာ ခင်မင်မင် မရှိပါ ။ ညီအစ်ကို မောင်နှမ ဝမ်းကွဲများ ကိုလည်း သူငယ်ချင်းတွေ လောက် ရင်းနှီးမှု မရှိပါ ။ အဘွား က ခွဲယူကြ ဆိုပေမဲ့ အမေ ကလည်း မတောင်း ၊ သူတို့ ကလည်း မပေး  ။ တစ်နှစ် တစ်နှစ် သာ ကျော်ဖြတ်လာပြီး အဖေ မြို့ပေါ်က သစ်စက် မှာ အလုပ်ရ ၍ မြို့ ကိုသာ ပြောင်းလာခဲ့ရသည် ၊ ဘာမှ မရပါ ။ အမေ ကတော့ စကား စပ်လို့ပင် မပြောပါ ။ ကျွန်တော်တို့ အသက်တွေ ကြီးလာကြပြီ ။ အမေတို့ အိုမင်း လာပြီ ။ အဖေ ကွယ်လွန်သွားပြီ ။ တစ်ခါတလေ ရွာ ကို ပြန်ကြသည် ။

“ ဟေ့ကောင်ကြီး မင်း တို့ စားဖို့ ဆီ ဟေ့ ”

“ နှမ်းပဒူလေး နဲ့ မုန့်ဆီ ကြော်ဟေ့ ”

“  ငါ့ ယာ က ထွက်တဲ့ ခရမ်းသီးလေး ယူသွားဦးကွ ”

လာပေးကြသူတွေ ထဲ တွင် အမေ နှင့် အမွေဆိုင် ခွဲ ယူရမည့် ၊ အမေ က အငယ်မ ဟု ခေါ်သည့် မိသားစု မပါပါ ။ အမေ ကလည်း ဘာမှ မပြောပါ ။ ကျွန်တော် အိမ်ထောင်ကျ သားသမီး နှစ်ယောက် မွေးပြီး တော့ အမေ က ကျွန်တော်တို့ ကျပ်တည်းမှန်း သိ၍ ရွာ မှာ ပြန် နေပါသည် ။ အရှေ့တံခါး ကြီး နားက အိမ်ဝိုင်းကြီး ကို ရောင်းရသည့် ငွေ နှင့် ဝိုင်း ကျဉ်းကျဉ်းလေး ဝယ်ကာ အိမ် ကလေး ဆောက်ပြီး ကျန်းမာစွာ ရှိနေပါသည် ။ အဲ ... အမေ့ အငယ်မ မိသားစု ကတော့ လင်မယား နှစ်ယောက်စလုံး ကင်ဆာ နှင့် ကွယ်လွန်သွားကြသည်  ။ ဆေး ကုရ၍ ယာတွေ ၊ လယ် တွေလည်း မရှိကြတော့ပါ ။

“ ဘာ ငေးနေတာလဲ ။ သေချင်လို့လား ”

ကြိမ်းမောင်းသံကြီး အနီးကပ် ကြားလိုက်ရ၍ ကြည့်လိုက်ရာ ကားဆရာ တစ်ယောက် က သူ့ ကားရှေ့ ရောက်နေသော ကျွန်တော့် ကို စိတ်ဆိုးမာန်ဆိုး ဖြစ်နေသည် ။ အတွေး ထဲမှာ နှစ်လေးဆယ် ကျော် နောက်ပြန် ခရီးသွားပြီး ရွာ ကို အလည် ပြန် ရောက်နေ သည့် ကျွန်တော် ချက်ချင်း လက်ငင်း မြို့လယ်ကောင် ပြန် ရောက် လာသည်  ။ ထမင်းစားချိန် ရောက်နေပြီဖြစ် ၍ ဟင်းဆိုင် ဝင်ကာ ကြက်သားဟင်း နှစ်တုံး ၊ ပဲပုပ်ချက် ၊ ချဉ်ပေါင်ကြော် ဝယ်ခဲ့၍ အိမ် ဘက် ကို ပြန် ခဲ့ သည်  ။ ကျွန်တော့် ဆိုင်ကယ် ဆိုက်သည် နှင့် နေ့လယ် ထမင်း စား ကျောင်း လွှတ်လိုက်သော သား နှင့် သမီး က ပြေးထွက် လာပြီး ဟင်းထုပ်တွေ ယူ သွားကြသည် ။ ကျွန်တော့် မိန်းမ ပြင်နေသော ထမင်းဝိုင်း တွင် ဝင်ထိုင်ပြီး မိသားစု ထမင်း စား ကြသည် ။ မိန်းမ က သား နှင့် သမီး ပန်းကန်ထဲသို့ ကြက်သား တစ်တုံးစီ ထည့်ပေးလိုက်သည် ။ ဒုတိယတန်း ရောက်နေပြီ ဖြစ်သည့် သမီး ကြီး က စူးစူးစမ်းစမ်း မျက်နှာ လေး နှင့် ကျွန်တော့် ကို မော့ကြည့်သည် ။

“ ဟင် ... ဖေဖေ က ကြက်သား မစားဘူးလား ”

ကျွန် တော့် ထမင်း ပန်းကန် ထဲသို့ ပဲပုပ်ချက် ခပ် ထည့်ရင်း ကျွန်တော် ဖြေပါ သည် ။

“ ဖေဖေ မှ ကြက်သား မကြိုက်တာ ၊ ဖေဖေ က ပဲပုပ်ချက် သိပ် ကြိုက်တာ သမီး ရဲ့ ”

ထိုအချိန်တွင် ငရုတ်သီး ထောင်း တွေ အားရပါးရ ကော် စားနေသော ကျွန်တော့် အဖေ ကို လှိုက်လှိုက်လှဲလှဲ တမ်းတမ်းတတ သတိရနေမိ ပါတော့သည် ။

◾   ယဉ်ယဉ်နု ၊ မန္တလေး ၊

📖   ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
        ဖေဖော်ဝါရီလ ၊ ၂၀၁၇ ခုနှစ်

www.facebook.com/aung.naingoo.3726613

.

Wednesday, March 16, 2022

လရောင် လင်းပါစေ … နှင်းဆီ သင်းပါစေ


 

❝ လရောင် လင်းပါစေ … နှင်းဆီ သင်းပါစေ ❞

ကိုလွင်ဦး သည် ချွေးပြန်စ ပြု၏ ။ လူသူ အဝင်အထွက် များသော စားသောက်ဆိုင် တစ်ဆိုင် မှာ စားပွဲတစ် လုံး နှင့် တစ်ယောက် တည်း ထိုင် နေရတာလောက် ကြောင်တောင်တောင် ငေါင်းစင်းစင်း ဖြစ်တာ မရှိ ။

“ နေခြည် ရက်စ်တောရင့် ” ဟု ဖုန်း ထဲ က အသေအချာ ပြောပြလိုက်သည် ကို သည် မိန်းကလေး နားကြား တော့ မလွဲတန်ရာ ။ သူ ဖုန်းဆက်နေသည် ဆိုသော နေရာ နှင့် အနီးဆုံး စားသောက်ဆိုင် ကို တမင် ရွေး ချယ်ခဲ့ခြင်း ဖြစ်သည် ။ သန့်ပြန့်လွတ်လပ်ရုံမက မိန်းကလေးတစ်ယောက် အတွက် သိက္ခာ ရှိရှိ ထိုင်လို့ ကောင်းမည့် နေရာ ။

ကိုယ် ကတော့ ခုအထိ အမွန်အမြတ် ရှိဆဲပါ မြနှင်းဆီ ။ အဲ … ဆောရီး မြ ရယ် ။

လွန်ခဲ့သော ဆယ်နှစ် ကျော် က မြ ပြောလေ့ ရှိသည့် စကားတွေ ကို ခုပင် နား နား ကပ် ပြောနေသလို အပီ အပြင် ကြားနေရ၏ ။

“ မြ လို့ ပဲ ခေါ်စမ်းပါ မောင် ရာ ၊ အဲဒီ နှင်းဆီ ဆိုတာကြီး မုန်းလွန်းလို့ ၊ ပန်း တကာ့ ပန်း ထဲမှာ အင်မတန် ကိန်းကြီး ခန်းကြီးနိုင်တဲ့ ပန်း ၊ အဖေ အမေ မှည့်ထားတဲ့ နာမည် မို့ သာ မကောင်းတတ်လို့ ယူ ထားရတာ ၊ မြ တော့ မြ တစ်လုံး တည်းပဲ ကြိုက်ပါတယ် ၊ မြ ဆိုတာက ထက်မြက်တဲ့ သဘော ၊ မာကျောတဲ့ သဘော ”

စကား ကြွယ်၍ ဖွယ်ဖွယ် ရာရာ ပြောတတ် ဆိုတတ်သော မြ ၊ သူ နှင့် ရွယ်တူ တန်းတူ မိန်းကလေးများ က “ သိပ် စကားများ တာ ပဲ ” ဟု နှုတ်ခမ်း တွန့်မယောင် ပြုကြတာတွေ သတိရသည် ။ မြ ကလည်း ဘဝတူ မိန်းကလေး ချင်း သိပ် အစေး မကပ်လှ ။ ယောက်ျားသားတွေ နှင့် အပေါင်းအသင်း များသည် ။

“ မိန်းမ ဆန်လွန်းတဲ့ မိန်းမတွေ ကို မြ ကြည့်လို့ မရဘူး ။ အင်းလေ … သူတို့ကလည်း မြ ကို ကြည့်လို့ ရမှာ မဟုတ်ပါဘူး ၊ တစ်ယောက် နဲ့ တစ်ယောက် ကြည့်လို့ ရမှာ မဟုတ်တဲ့ အတူတူတော့ မကြည့်ဘဲ နေလိုက် ကြတာ အကောင်းဆုံးပေါ့ ”

သည် လက်သုံးစကား တစ်ခွန်း ကို အမြဲအမြံ ဆုပ်ပြီး ယောက်ျားကလေး အပေါင်းအသင်းတွေ နှင့် လက်ဖက်ရည်ဆိုင် ထိုင် ရခြင်းကို မြ မွေ့လျော်သည် ။ စိတ်လိုလျှင် ယောက်ျားတစ်အုပ် နှင့် ရုပ်ရှင် ကြည့်ဖို့ ဝန် မလေး ။ ၃၂ လမ်း ၊ ၃၃လမ်း တစ်ဝိုက် က စာအုပ်ဈေးကွက် မှာ ၊ ပန်းချီပြပွဲခန်းမတွေ မှာ ၊ ပွဲကြီးလမ်းကြီး တွေ မှာ ယောက်ျားသားတွေ ထဲ ထိုးထိုး ထောင်ထောင် ပါလာတတ်သည်ကို နေမထိ ၊ ထိုင်မထိ ကြည့်နေ ရသည် မှာ ဆယ်နှစ်ကျော်မျှ မကပြီ ။

“ မုတ်သုံ မဂ္ဂဇင်း ” ၏ လက်ထောက်အယ်ဒီတာ ဘဝ မှာ ကိုလွင်ဦး သည် မိန်းကလေး ကိစ္စ နှင့် နာမည် မငြိ စွန်း ရအောင် အထူးသဖြင့် ဆင်ခြင်လာခဲ့၏ ။ မိန်းကလေးတွေ ကို အထင် မသေးချင်သော်လည်း မိမိ အယ်ဒီတာ ဘဝ အတွေ့အကြုံ အရ မိန်းမ ဆိုတာ နည်းနည်း သတိတော့ ထားမှ ဖြစ်မည် ဟု နားလည်နေ သည် ။ ထင်ရှား ကျော်ကြားမှု ကို တပ်မက်သည့် ပုထုဇဉ်တွေထဲ မှာ ယောက်ျား ထက် မိန်းမသားတွေ က ပိုပြီး ဖျပ်ဖျပ်လူး နေသည်ဟု မြင်နေလေသည် ။ ထို့ကြောင့် မဂ္ဂဇင်းတိုက် မှာ ဆက်ဆံလာသမျှ အမျိုး သမီးတွေ ကို တိုက် တံစက်မြိတ် လွန်လျှင် စေ့စေ့ မကြည့်မိအောင် အတတ်နိုင်ဆုံး ရှောင်သည် ။

သို့သော် သည် တစ်ယောက် ကိုတော့ … ၊ မြ ကို တော့ တစ်နေရာမှာ ချိန်းမိချေပြီ ။ စောင့်စည်းလာခဲ့သမျှ အယ်ဒီတာ သိက္ခာ လျော့ပြေခဲ့ပြီ လား ။ ကိုလွင်ဦး သည် လိပ်ပြာ မလုံခြုံစွာ ခေါင်း ကို ဆတ်၍ အတွေးစ ကို ဖြတ် ပစ် လိုက်သည် ။

စားသောက်ခန်းမ ၏ ထောင့်ကျကျစားပွဲ တွင် နေရာယူ ထိုင်နေခဲ့သည်မှာ နာရီဝက် နီးပါး ရှိရော့မည် ။ မျက်မှန်း တန်းမိနေကြပြီ ဖြစ်သော ဧည့်ကြိုလုလင်ကလေးတွေ ကို “ မိတ်ဆွေတစ်ယောက် စောင့်လိုက်ဦး မယ် ကွာ ” ဟု သတင်း ပို့ရင်း ရေခဲရေ တစ်ချိုင့် တောင်း ထားလိုက်သည် ။ ကောင်တာမှာ ထိုင်နေသည့် မရွှေရည် ကလည်း သူ့ အလုပ်နှင့် သူ ရှုပ်နေသည်မို့ မိမိ ထံ လာပြီး ဧည့်ထောက် မခံနိုင် ။

ခါတိုင်း ဆိုလျှင် ဘယ်သူမျှ မအားလျှင်တောင် သူငယ်ချင်း ကိုချစ်ချမ်းအေး က ခဏဖြစ်စေ နှုတ်ဆက် စကား လောက် လာ ပြောတတ်မြဲ ။ နေခြည်ရက်စ်တော့ရင့် ပိုင်ရှင် ကိုချစ်ချမ်းအေး မှာ ဂီတသမား မို့ စကားပြော ရတာ နွေးနွေး ထွေးထွေး ရှိသည် ။ ဘာသာစကား ချင်း တူသည် ဆိုတာ ဒါပဲ ဖြစ်မည် ။

တစ်ယောက်တည်း ကြောင်နေရာက သူငယ်ချင်း ကို သတိရပြီး ကောင်တာဆီသို့ ထ လျှောက်လာခဲ့ သည် ။ မရွှေရည် က ငွေစက္ကူချပ်များ ကို တဖျပ်ဖျပ် ရေတွက်ရင်း အပြုံးများ ကို သူ့ ဆီ ပို့လွှတ်၍ ကြိုသည် ။

“ ကိုချစ်ချမ်းအေး တစ်ယောက် ဘယ် ပျောက်နေသလဲဗျ”

“ ဪ… ဒီကို မလာတာ နှစ်ပတ် ရှိပြီလေ ။ စီးရီး ထွက်တော့မယ် မဟုတ်လား ၊ အလုပ် ရှုပ် နေမှာပေါ့ ”

မရွှေရည် ခေါင်း ဆတ်ပြလိုက်သော နံရံကပ် ပိုစတာကို အမှတ်မထင် လှမ်းကြည့်မိသည် ။ ခိုင်ဝါ ၊ နေခြည် ဗစ်တာခင်ညို ဆိုသော စာလုံးကြီး တွေ ကို “ လှမ်း ” ဖတ်ကြည့်ကာ တစ်ချက်တည်း သဘော ပေါက်သွား လေသည် ။ ထိုစီးရီး ကို စီစဉ်ထုတ်လုပ်နေသည့် အကြောင်း သူ ပြောပြထားဖူးသည် ။

စိတ် ခပ်ပျက်ပျက် နှင့် လက် မှ နာရီ ကို ငုံ့ကြည့်သည် ။ အိုး … လေးနာရီခွဲ ဖို့ မိနစ်နှစ်ဆယ် တောင် လိုသေး တာပါလား ၊ မိမိ စိတ်စောနေသည့်အဖြစ်ကို ခုမှ သတိထားမိသည် ။

ဟုတ်ပါရဲ့ ။ မြ က အမြဲ တိကျတတ်သူပါ ။ ဘယ်တော့မှ နောက် မကျတတ်သလို ဘယ်တော့မှလည်း စော လေ့ မရှိပါဘူး ။

မြ က သွေး အေးသည် ။ မိမိသာ ဆန္ဒ စောတတ်သူ ၊ စိတ်လှုပ်ရှားလွယ်ကူ သူ ဖြစ်လေသည် ။ ကိုလွင်ဦး သည် မလုံမလဲ ပြုံးလိုက်ကာ မိမိ စားပွဲသို့ ပြန် လျှောက်လာခဲ့၏ ။ ဝိတ်တာ ကို လက်ပြ ခေါ်လိုက်ပြီး ဘီယာ တစ်လုံး မှာသည် ။ မိနစ်နှစ်ဆယ်လောက် စောင့်ရဦးမှာ ဆိုတော့ ဘီယာတစ်လုံး လောက် ဆွဲ သောက်နေ လိုက်မည် ။

“ အစားအသောက် ကို ကြို မှာထားရင် ပို အဆင်ပြေမယ် ဆရာ”

“ နေပါဦးကွာ ၊ အချိန် နည်းနည်း စောနေသေးလို့ ။ ငါ က အများကြီး စော ရောက်နေတာကွ ၊ ငါ့ ဧည့်သည် က အင်မတန် တိကျတာ ၊ သူ က ဘိုလို လာ မှာ ၊ ငါ က မြန်မာစံတော်ချိန် နဲ့ မြန်မာ လို လာ မိလို့ ”

မပြုံးမရယ် ခပ်တည်တည် ပြောလိုက်သော ပြက်လုံး ကို ဝိတ်တာကလေးက အသံ ထွက်အောင် ရယ်ရင်း သဘောကျ နေ၏ ။

“ ဒါဖြင့် ဆရာ့ အတွက် အမြည်း ”

“ အေး … ငါးမုန့်ကြော် တစ်ပွဲ ပဲ ယူခဲ့ဦးကွာ ”

အိတ်ကပ် ကို အမှတ်မထင် ဖိရင်း မှာလိုက်သည် ။ အမှန်တော့ ငါးရှဉ့်ခြောက်ကြော်လေး တစ်ပွဲလောက် မှာ ချင်သေး၏ ။ အင်မတန် ကြိုက်သည့် ငါးရှဉ့်ခြောက်ကြော် မှာ ဈေး ကြီးလှ၏ ။ ငါးမုန့် နှင့်ပဲ အာသာ ဖြေရ တော့မည် ။ မြ ကို ညစာ ကျွေးမည် ဟု ပိုင်းဖြတ်ထားသည်မို့ အိတ်ကပ် ထဲ က ရာတန်ကလေး တစ်ရွက် ကို စိတ်တွက် နှင့် ဖျက် သုံးနေရသည် ။ မနက် က အိတ်ထဲ မှာ ငွေတစ်ရာ့ငါးဆယ် လောက် ပါခဲ့သည် ။ မိန်းမ မှာ လိုက်သော မီးနေခန်းသုံး ပစ္စည်း ပစ္စယ အတိုအထွာတွေ ဝယ်ဖို့ ဖြစ်လေသည် ။ အေးမူ မျက်နှာ ကို ကွက် ခနဲ မြင်၏ ။ ရင်ထဲမှာ လှုပ်သွားပြီး လက်ထဲက ဖန်ခွက် လွတ် ကျမတတ် ဖြစ်သွား သည် ။ ဖိတ်စင်သွားသော ဘီယာတစ်စက် ၊ နှစ်စက် ကို မသိကျိုးကျွန် ပြုကာ ကိုယ့် ကိုယ် ကိုယ် ဟန် မပျက်အောင် ထိန်းရင်း ဆက်သောက်နေရသည် ။

သို့သော် အေးမူ မျက်နှာက ဘီယာမြှုပ်တွေကြား မှာ မြုပ်ချည် ပေါ်ချည် ။

နေ့စေ့လစေ့ ကိုယ်ဝန် နှင့် လေးလံပန်းလျကာ နားထင်တွေ ကျနေပြီဖြစ်သော မယားသည် အေးမူ ရဲ့ မျက်နှာ ။ ကိုယ်ဝန် ကို တအင့်အင့် သယ်ပိုးရင်း နှင်းဆီခင်းတွေ ကြားမှာ ပေါင်းသင်မြက်နုတ် တကုပ်ကုပ်နေမည့် အသွင် အလျာ ။

“ ဟိုတစ်နှစ်က လို ပိုး မကျအောင် ဂရု စိုက်ရမယ် အစ်ကို ရေ့ ၊ ပိုး သာ မကိုက်ဘူး ဆိုရင် တအားပဲ ။ အပင် တွေလည်း သန် မှ သန် ၊ ဖူးတံတွေကလည်း ထွက် မှ ထွက် ၊ ဒီနှစ် တအား ကို ပွင့် မှာ သိလား ။ ဒါမှလည်း ဖြစ် မှာ အစ်ကို ၊ အေးမူ က ပုစုခရုကလေး နှစ်ကောင် နဲ့ ဂျင်ခြေလည်ဦးမှာ ၊ ဈေးဆိုင် ကို ဟုတ်တိပတ်တိ ကြည့်နိုင် ဦးမှာ မဟုတ်ဘူး ၊ ဒီအတောအတွင်း ပန်းခင်းလေးပဲ အားကိုး စား ရမှာ”

ထက်သန် တက်ကြွလွန်းသော အေးမူ အသံ လွင်လွင်ကလေး ရင်ထဲမှာ ရိုက်ခတ်လာသည် ။ ပန်းခင်း လေးပဲ အားကိုး စား ရမှာ ဆိုသော စကား ကို စောဒက မတက်ဝံ့ ။ မိမိ ၏ မဂ္ဂဇင်း က ခုတလော သိပ် အခြေ အနေ မကောင်းလှ ။ ခုတလော ဆိုသည်မှာ မိမိ အယ်ဒီတာ တစ်သက် ၊ ဆယ်စုနှစ်ဝက် မက ကျော်ပြီလေ ၊ မဂ္ဂဇင်း က ချည့်နဲ့နဲ့ မို့ မိမိ အယ်ဒီတာ လစာ ဆိုတာလည်း ထုတ် မပြောရဲအောင် ရှိသည် ။ ကလေး နှစ်ယောက် ရှိသော အိမ်ထောင့်ဝန် ကို အေးမူ က အိမ်ဆိုင်ကလေး တည်ကာ ၊ ပန်းခင်းကလေး စိုက်ကာ ဖြင့် တစ်တပ်တစ်အား ဖြည့်ဆည်း ရှာ၍ တော်တော့သည် ။

ဘယ်တော့ ဖျက်ပြေးရမည်လဲဟု ရင်တမမ နေနေရသော ဂွတ္တလစ် နှင့် အနောက်ရန်ကင်း ကြားက ကျူး ကျော်မြေကွက်ကျယ်ကြီး ထဲ မှာ ကိုလွင်ဦး တို့ လင်မယားက ဝါးအိမ်ကလေးတစ်လုံး နှင့် ဧကဝက် ခန့် နှင်းဆီခြံ ကို ပိုင်ဆိုင်ကြလေသည် ။ သက်ဆိုင်ရာက မနှင်သေးသရွေ့တော့ အိမ်ပိုင်ရှင် ၊ ခြံကြီးရှင် အဖြစ် ရင် တထိတ်ထိတ် လက်မထောင်နိုင်သည် ။ အေးမူ ကတော့ ပိုက်ဆံ ကို ချွေနိုင်သမျှ ချွေပြီး စုနိုင်သ လောက် စုနေသည် ။ သည်နေရာက ပြေးရလျှင် ကလေးလူမမည်တွေ နှင့် ခွေးတိုးဝက်ဝင် ဖြစ်မည် စိုးရှာ သည် ။ ရပ်ကွက် နုပ်နုပ် မှာ တဲစုတ်ကလေး တစ်ခြမ်းလောက် ငှား နေဖို့ပင် ထောင် ဂဏန်း လောက် အနည်းဆုံး စပေါ် တင် ရမည် မဟုတ်လား ။ ခုတလောတော့ အေးမူ ပိုက်ဆံ အသုံး တော်တော် ရက်ရောနေလေသည် ။

သည်လိုချည်းပါပဲ ။ သည် မိန်းမ ကလေး တစ်ခါမွေးမည် ကြံတိုင်း နည်းနည်းတော့ ပုံကြီး ချဲ့ချင်လေ့ ရှိသည် ။ မမွေးခင် ကတည်း က စိတ်ကူးတွေ တယဉ်ယဉ်နှင့် မွေးလာမည့် ကလေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ အသေးစိတ် လုပ်မြဲ ။ ဆေးရုံတက် မီးဖွားလျှင် တစ်ပါတည်း ယူသွားဖို့ ပစ္စည်းတွေမှာ ကြိမ်ခြင်းတစ်လုံး နှင့် ကိုယ်ဝန် ခြောက်လကျော် လောက်ကတည်းက အသင့် ပြင်ပြီးသား ။ ထို ခြင်း ထဲ မှာ သူ့ အဝတ်အစား သုံးစုံလောက် ၊ ကလေး အနှီး ၊ ကလေးအင်္ကျီ ၊ ပလတ်စတစ် အိပ်ရာခင်း စသည့် အသုံးအဆောင်တွေ ကို ပလတ်စတစ် အိတ် အသီးသီး မှာ ပရုတ်လုံး တစ်ပါတည်း ထည့် ၍ မီး ဖြင့် အသေ ပိတ်ထားပြီးသား ။ အေးမူ က အင်မတန် စေ့စပ် သေချာတာတော့ အမှန်ပင် ။ ဆေးရုံမီးဖွားချိန် မှာ အရေးပေါ် သုံးရမည့် “ ချုပ်ကြိုး ” တို့ ၊ “ ဆီ ” တို့ က အစ ပြည့်စုံအောင် ထည့်သွားလေ့ ရှိသည် ။

“ ဒါတွေ ကိုယ့် မှာ မပြည့်စုံရင် မျက်နှာငယ်တယ် အစ်ကို ရေ့ ၊ မရှိ ရှိတာနဲ့ အဖြစ် လုပ်ပေးလိုက်ရင်လည်း ကိုယ် ပဲ ခံရမှာ ၊ အဲဒီတော့ ပိုပိုသာသာလေး ယူသွားရင် မျက်နှာ ရတယ် ၊ ကလေး ရေချိုးဖို့ “ ဆီ ” ဆိုရင် ကုန်လှ ငါးကျပ်သားပေါ့ ၊ ဒါပေမဲ့ အေးမူ က တစ်ဆယ်သားလောက် ထည့် သွားတာ ၊ ပိုတော့ လှူပါတယ် ပေါ့ အစ်ကို ရာ ၊ ချုပ်ကြိုး လည်း ဒီအတိုင်းပဲ ၊ အေးမူ က ဖာ့စပ်ရာ တုန်း ကတောင် တစ်ထုပ် ပဲ ကုန်တာ ၊ ဒါပေမဲ့ နှစ်ထုပ် ဝယ် ရမယ် ၊ ပိုတဲ့ တစ်ထုပ် လှူ တယ်ပေါ့ ၊ ဒါဆို အဆင်ပြေတာပဲ ”

ဆယ်တန်း ကို ဘီ နှင့် အောင်ခဲ့ဖူးသော အေးမူ က သည်လိုပင် အင်္ဂလိပ်စကားလေး တစ်လုံး တလေ ကြား ညှပ်ပြောလေ့ ရှိသလို ကရုဏာ တစ်ဝက်တပျက် နှင့် ပြုံးရသေး၏ ။ မနက်ကတော့ ချုပ်ကြိုး ကို လေးထုပ်ကြီးများ တောင် ဝယ်ခဲ့ဖို့ မှာသည် ။

“ သေချာပါတယ် အစ်ကို ရာ အမြွှာ မှ အမြွှာ ပါ ၊ အိုဂျီ က မတင်မကျ ပြောပေမဲ့ အေးမူ တပ်အပ် သိပါတယ် ၊ ဗိုက် က တစ်ခါတစ်ခါမှာ နှစ်ခြမ်း ကွဲသလို ဖြစ်နေပြီး ဘယ်ရော ညာရော နှစ်ဖက်စလုံးက အမြဲလို လှုပ်နေ တာ အစ်ကို ရဲ့ ၊ အို … လွယ်ထားရတာကိုက အသိသာကြီး ၊ နှစ်ယောက် ပါ ၊ ဗိုက် ခွဲချင် ခွဲရမှာ ၊ အနည်း ဆုံး ချုပ်ရိုးကတော့ များမှာပဲ”

အေးမူ သွေးအေးအေး နှင့် အသေးစိတ် ပြောနိုင်သလောက် ကိုလွင်ဦး မှာ တွန့်၍ တွန့်၍ သွားသည် ။

“ ဘာပဲဖြစ်ဖြစ် အေးမူ တော့ သိပ် အားရတာပဲ ၊ ခု သားတစ်ယောက် ၊ သမီးတစ်ယောက် ရထားတာ နောက်ထပ် သားတစ်ယောက် သမီးတစ်ယောက် လိုချင်နေတာ ၊ အမြွှာမောင်နှမ မွေးလိုက်ရင် တစ်ကြိမ် တည်း ပြည့်စုံသွားပြီပေါ့”

ကိုလွင်ဦး သည် အနည်းငယ် စိတ်ရှုပ်သယောင် ရှိကာ အေးမူ နှင့် အတူ ရောပြီး မတက်ကြွနိုင် ။ လက်ရှိ ကလေး နှစ်ယောက် နဲ့ တောင် ဗြောင်းဆန်နေတာ နောက် နှစ်ကောင် သာ တစ်ပြိုင်နက်တည်း ပူး လာရင်တော့ ထိပ်မွေး မှ ကျန်ပါတော့မလား ဟု တစ်ခြမ်းလိုက်၍ ပြောင်စ ပြုနေသော နဖူးပြင် ကို ယောင် ပွတ်မိသည် ။

သို့သော် မိုးလင်းလျှင် အိမ် က ထွက်ဖို့သာ စိတ်စောနေတတ်ပြီး နေဝင် မှ အိမ်ပြန်လေ့ရှိသော စာပေလောကသား ကိုလွင်ဦး မှာ သားသမီးတွေ နှင့် နေချိန်ရယ် လို့ တယ် မရှိလှ ။ ကလေး ထိန်းရသည်ရယ်လို့ မကြုံ ဖူးသလောက်ပင် ။ သာမန် ချီရုံ ပိုးရုံ စတိလောက်မို့ ကလေးနှစ်ယောက် အဖေ ရယ် လို့ အမည် ခံနိုင်ရုံမျှ သော မိမိ အနေအထားကို ရုတ်ခြည်း သတိရကာ နဖူးပြင် အရေးအကြောင်းတွေ ချက်ချင်း လျော့ပြေ သွားသည် ။

မြက်နုတ် ပေါင်းသင်ရင်း ၊ နှင်းဆီဆူး တွေ တဖောက်ဖောက် အစူးခံရင်း အိမ်ဆိုင်ကလေး တစ်ဖက်နှင့် ယောက်ယက်ခတ်ရှာသော မယားသည် အေးမူ ကို သနား လည်း သနား ၊ ကျေးဇူး လည်း တင်ချင်လာကာ -

“ ဒီတစ်ခါ မွေးရင် အေးမူ ပင်ပန်းဦးတော့မှာပဲ ၊ အိုဂျီ ကို ပြောပြပါလား ၊ မွေးရင်း ဖွားရင်း တစ်ခါတည်း အပြီး သတ်လိုက်ရအောင် ”

“ ဟင် … အစ်ကို ကလည်း မွေးမှာက ဘာကလေးတွေ ထွက်လာမှန်း မှ မသိသေးဘဲနဲ့ ၊ ကျားကလေး ချည်း ဆိုရင် သမီးကြီး အတွက် အဖော် လိုဦးမှာ ၊ မ  ကလေးတွေချည်း လာရင်လည်း အနည်းဆုံး သား တစ်ယောက် တော့ ထပ်ပြီး ယူကို ယူဦးမှာ ၊ ပြီးတော့ အေးမူ အသက် ကလည်း ၂၆ နှစ် ပဲ ရှိသေးတာကို ၊ ဘယ်လို လုပ်ပြီး တရား ဝင်ပါ့မလဲလို့ ၊ ဘာလဲ အစ်ကို က ကလေး “ တောက် ” နေပြီလား ၊ ဒါဆိုရင်လည်း အေးမူ နေ့တိုင်း စားရတယ် ဆိုတဲ့ ဆေး ကို စုံစမ်းပြီး ရှာဝယ် စားပါ့မယ်လေ ၊ သိပ် ဈေးမကြီးဘူးတဲ့ ၊ ဒါပေမဲ့ အား နည်း တတ်တယ် ၊ လူ ကို ထိခိုက်တယ် ဆိုသလားလို့ ၊ အင်းလေ … ထိချင်လည်း ထိပလေစေတော့ ၊ စတယ်ရယ် လိုက်ဇေးရှင်း တော့ မလုပ်ချင်သေးဘူး ၊ အေးမူ ပဲ ဆေးတွေ ရှာ စားပါ့မယ်”

တစ်သက် နှင့် တစ်ကိုယ် အေးမူ ရှေ့မှာ မနေတတ် ၊ မထိုင်တတ် ရှက်တတ်တက်ကြီး ဖြစ်ခဲ့ရသည် ။ ရိုးရိုး စင်းစင်းကြီး တွေး၍ တွေးရသလောက် ပြောချနေသော မယားသည် ကို မိမိ သမာဓိ က အမီ မလိုက်နိုင်ပါ ကလား ။

မိန်းမ တို့သည် သား မွေးခြင်းကို မတင်းတိမ်နိုင် ဟု စကားဟောင်း တစ်ခု တွင်ရစ်ခြင်းမှာ အေးမူ တစ် ယောက် အတွက်ပဲ ဖြစ်လိမ့်မည် ။

ခုလည်း အမြွှာ မွေးရမည် ကို နှင်းဆီပွင့်တွေ ကတ်ကြေး နှင့် ညှပ်ရသလို အားရ တက်ကြွနေ၏ ။ ချုပ်ကြိုး တွေ ၊ ဆေးဝါးတွေ သာမက ဖလန်နယ်စ အနီတစ်ကိုက် ၊ အပြာတစ်ကိုက် မှာသေး၏ ။ သား နှင့် သမီးအတွက် နိမိတ် ယူသည့် သဘော ။

“ ဘလူး ဖော်ရေ ဘွိုင်းလေ အစ်ကိုရဲ့ ၊ အနီက သမီးအတွက် ၊ ဆေးရုံ က အဆင်းမှာ ထွေးဖို့ ၊ ဆောင်းဦး ပေါက်ပြီ ဆိုတော့ ချမ်းပြီလေ ၊ အရောင် ရအောင်သာ ရှာခဲ့နော် အစ်ကို ၊ ဈေး များချင် များပါစေ ”

သို့ဖြင့် အေးမူ ထည့် ပေးလိုက်သော ဈေးဖိုးငွေ ၁၅ဝ ကြီး များတောင် အိတ်ကပ်ထဲ မှာ ပါခဲ့သည် ။ ခုတော့ … မနက်က မြနှင်းဆီ ထံ မှ ဖုန်းရသည် ။ ဆယ်နှစ်တာ အတွင်း ပထမဆုံး အကြိမ် ဖုန်း ခေါ်ခြင်း ။

“ စကား ပြောချင်လို့ပါ မောင် ၊ မြ အဖို့ရာ ဘက်တူရည်တူ ဘာသာစကား တူတဲ့ လူရယ်လို့ အနီးစပ်ဆုံး မောင် တစ်ယောက်ပဲ ရှိလို့ပါ ၊ နာရီပိုင်းလောက် မောင့် သားမယားတွေ ဆီက တရားသဖြင့် အခွင့်အရေး ယူပါရစေ ”

လမ်း ခွဲခဲ့ကြပြီ ဆိုကတည်းက အဝေးမြင် ၊ အဝေးကြည့် ၊ အဝေးသိ ဖြင့် ခပ်ခွာခွာ နေလာခဲ့သော အချစ် ဟောင်း ၊ မြနှင်းဆီ နှင့် ပတ်သက်၍ မျက်စိထဲ ၊ နားထဲ ဝင်လာသမျှ အမြင်အကြားတွေ ကို ရင်တွင်း တစ်နေရာမှာပဲ သိုသိပ် သိမ်းဆည်းခဲ့သည် ။ ညှိနှိုင်းစေ့စပ်၍ မရလောက်အောင် ဘဝချင်း အဟပ် ကွာခဲ့ပြီကို နားလည် ခဲ့ပြီးမို့ ကိုလွင်ဦး အဖို့တော့ ဘာတစ်ခုမှ စကား ဆိုစရာ မရှိတော့ပါ ။

ဟိုတုန်းကတော့ ကိုလွင်ဦး လောက် မြနှင်းဆီ ကို စကား ပြောနိုင်သူ မရှိ ဟု ထင်သည် ။ ငယ်ငယ်ရွယ်ရွယ် အယ်ဒီတာပေါက်စ ဘဝ မှာ မိန်းကလေးများစွာ နှင့် တရင်းတနှီး ဆက်ဆံရဖူးသည် ။ သို့သော် မိန်းကလေး တွေ ကို ပန်း နှင့် ဥပမာ တင်စားရမည် ဆိုလျှင် မြနှင်းဆီ သာ ပန်းများတကာ့ တရာ့ဖျား ။

တစ်ခု ထူးခြားသည် မှာ မြနှင်းဆီ ဆိုသော ပန်းကလေး ကို လမ်းဘေး က သေးနုပ်စုတ်ချာသော လက်ဖက် ရည်ဆိုင် တစ်ဆိုင်မှာ စတင် တွေ့ခဲ့ရခြင်း ဖြစ်လေသည် ။ တစ်စားပွဲတည်း အတူတူ ထိုင်နေသော သူငယ်ချင်းတွေ က မိမိ ကို လှမ်း ခေါ်ပြီး မိတ်ဆက်ပေးသည် ။

“ မြောက်ပြန်လေ စာအုပ်မှာ ကဗျာခံစားခြင်းဆောင်းပါး ရေးတဲ့ မြနှင်းဆီ လေ ”

သည်တုန်းက “ မြောက်ပြန်လေ ” ကြော့ကြမ်းသော့သွမ်းဆဲ ကာလ ။ စာပေအနုပညာ ဝေဖန်ဆောင်းပါး များ စုပေါင်း ထုတ်ဝေသော ထို “ မြောက်ပြန်လေ ” ကို စာပေလောကသား ပီပီ စိတ်ဝင်စားနေသည် ။ ထို စာအုပ်ထဲမှာ မြနှင်းဆီ ၏ ရှတသော ကဗျာခံစားချက် ဆောင်းပါး က ထူးထူးခြားခြား လှုပ်ခတ်သည် ။ သဘောကျ ကြိုဆိုသူတွေ ရှိသလို ကန့်ကွက်ငြိုငြင်သော အသံများ ညိုးညိုးညံညံ ကြားရသည် ။ ဘာပဲ ဖြစ်ဖြစ် သမားရိုးကျ ထဲက ခွဲထွက်ပြီး ထွင်းဖောက်ခံစားတတ်သော “ မိန်းကလေးမို့ ” မြနှင်းဆီ ဆိုတာ ဘယ်လို များပါလိမ့်လို့ သိချင်စိတ် ပေါ်ဖူးသည်တော့ အမှန်ပင် ။

စားပွဲတစ်ဝိုင်းတည်း မှာ အတူ ထိုင်ကြရင်း မြနှင်းဆီ ကို တိတ်ဆိတ်စွာ လေ့လာနေမိ၏ ။ တစ်နည်းအား ဖြင့် မြနှင်းဆီ တည်း ဟူသော “ သက်ရှိစာအုပ် ” ကို စိတ်ဝင်တစား ဖတ်ရှုနေခြင်းဟုလည်း ဆိုနိုင်သည် ။

ကျန်းမာခြင်း အရင်းခံကြောင့် တစ်မူထူးခြား ကြည်စင်လတ်ဆတ်နေသော အသွင်အလျာ ကို ရုတ်ခြည်း မြင်သာသည် ။ ကျယ်ပြန့်သော မဟာနဖူး ၊ စူးလက်သော မျက်လုံး ၊ သာမန်ထက် ပေါ်လွင်သော နှာတံ ၊ ကြော့ရှင်းရှည်သွယ်သော လည်တိုင် တို့ က မြနှင်းဆီ ၏ အတွင်းသဘော မာကျောခိုင်မြဲမှု နှင့် ပွင့်လင်း လွတ်လပ်မှု တို့ကို ပြနေသည် ထင်၏ ။ သဘာဝ မျက်နှာ ကို ဆံနွယ်နက်မှောင်တွေ က ဘောင်ကြက်ထားသဖြင့် အသက်ထက် ပိုမို ပျိုပျစ်နေ သော မြနှင်းဆီ က လက်ဖက်ရည် ချိုပေါ့ကျ တစ်ခွက် ထပ် မှာပြီး သောက်သည် ။ သူ့ ရှေ့မှာလည်း သောက်ပြီးသား ပန်းကန်နှစ်စုံ မသိမ်းရသေး ။

တခြားအပေါင်းအသင်းတွေ ကတော့ ဘာမှ မဆန်းသလို “ နှင်းဆီဆေးပေါ့လိပ် ” ကိုယ်စီ ခဲနေကြသည် ။ မြနှင်းဆီ နှင့် အနီးဆုံး ယှဉ်လျက် ထိုင်နေသော ဖြူဖြူပုပုကလေး မျက်နှာပိုင်ရှင် ဝေလု က ကြည်အေး ၏ ဆရာဝန် ဘဝ အတွေ့အကြုံ ခံစားချက် ကဗျာရည်တစ်ပုဒ် ကို ရွတ် ပြနေလေသည် ။

လူနာ့ပစ္စည်း ၊ သိမ်းရဆည်းရ
နောက်မြီးပါးရှပ် ၊ ခုံဖိနပ်တစ်ရန်
လက်ပြတ်စွပ်ကျယ် ၊ လည်ပြဲတစ်ထည်
ချည်ကြမ်းလုံချည် ၊ နီညိုတစ်ကွင်း
ပြာစင်းတဘက် ၊ မျက်နှာသုတ်ပဝါ
ခေါင်းပေါင်းလာသည်
လက်မှာဆုပ်ကျစ်
ဝတ်ညစ်ထုပ်ပတ်
ကျပ်တန်နှစ်ရွက်
အကြွေဖျက်ထား
ဆယ်ပြားစေ့ “ လေး ”
ဆေးပေါ့လိပ် “ နှစ် ”
မီးခြစ် “ တစ် ” ။

နား ထဲ ဖိတ်တစ်ဝက် စင်တစ်ဝက် ဝင် လာနေသော ကဗျာဆရာ ဝေလု အသံကို တဝီဝီ ဖြတ်သန်းပြေး လွှားနေသည့် ကားသံကြား က နားစွင့်နေဆဲ မျက်လုံးမှေးမှေး ၊ နားရွက်သေးသေး ၊ နှုတ်ခမ်းတွဲတွဲ ကျော်ခိုင် က မျက်စိ တစ်ဖက် မှိတ်ပြလေသည် ။ ပြီး ကိုလွင်ဦး နား နားကပ်ကာ…

“ ဒါလေးက အဲသလို စိတ် ကတော့ ရှည်ရတာပေါ့ဗျာ”

အမှတ်မထင် ထောင်းခနဲ ထွက်သွားသော ဒေါသ ကို မနည်းကြီး ပြန် ထိန်းလိုက်ရသည် ။

မြနှင်းဆီ ဆိုသော မိန်းကလေး ကို သာမက ဝေလု ကိုရော မိမိတို့ တစ်ဝိုင်းလုံးပါ ထိခိုက်စေသော စကား ။ ဒီကောင် ဝိုင်းထဲ ပါနေတာ ကိုက ကျက်သရေ ယုတ် လှသည် ။ စရိုက် မတူသူ ကို လူရာ သွင်းမိသည် ကိုက မိမိ တို့ အမှား ။ စာသမား မဟုတ်သော်လည်း ဒီကောင်လို ရူးကြောင်ကြောင် စာပေပွဲစား တွေ က ခုလို ဝိုင်း တွေထဲ စုန်းပြူး ပါတတ်သည် ။ ထို့အတူ ရှဲဒိုး ရေးပေးနေရ သလိုလို ၊ ဒီလူ့ စာအုပ် ဖြစ်မြောက်ရေးအတွက် အကျိုးဆောင်ပေးနေရ သလိုလို ၊ ဟို စာအုပ်တိုက် အတွက် စာမူ လိုက် စုပေးနေရ သလိုလို ၊ ဒီ စာရေးဆရာ ၏ ကိုယ်ရေးလက်ထောက် လိုလို ။

ပြီးတော့ ဘယ် မိန်းကလေးကို မှ လေးစားထိုက်တယ် မထင် ၊ မိန်းမ မြင်လျှင် ရုန့်ရင်းရိုင်းစိုင်းသော စိတ်ကူးသာ ပေါ်လေ့ ရှိသူ ။ မြနှင်းဆီ ကို ပိုပြီး ကရုဏာ သက်မိသည် ။ ကိုယ့်နှမလေး သာ ဖြစ်လျှင် သည်လို ကောင်စားတွေ ပါလာ တတ် သည့် လမ်းဘေး လက်ဖက်ရည်ဆိုင် မှာ မထိုင်စေရပါဘူး ။ မြနှင်းဆီ ကတော့ မသိသား ဆိုးရွားစွာ ၊ သို့မဟုတ် ယုံကြည်စိတ်ချစွာ ချိုပေါ့ကျ လက်ဖက်ရည် ကို အေး ဆေးစွာ တစ်ခွက်ပြီး တစ်ခွက် မှာ သောက်ရင်း “ ကဗျာလေ ” ကို လွတ်လပ်စွာ ရှူရှိုက်နေသည် ။

“ ကြည်အေး ကို ကျွန်တော် ရိုသေမြတ်နိုး တာ အဲဒါမျိုးတွေ အတွက်ပါပဲ မြနှင်းဆီ ၊ ခင်ဗျားတို့ က တစ်ခါ လာလည်း ညကြီးမင်းကြီး ထပြီး ထိုင်နေ တစ္ဆေ  ၊ တစ်ခါလာလည်း မီ … ”

ကိုလွင်ဦး လည်း မွေးညင်းနုများ ထောင် ထမတတ် ခေါင်းနပန်း ကြီးသွား၏ ။ ဝေလု သည် လည်းကောင်း ၊ မြနှင်းဆီ သည် လည်းကောင်း တစ်စုံတစ်ရာ အတွက် ပဋိပက္ခ ပြင်းထန်နေသော သူတို့ မျက်လုံးတွေ စူးစူး လက်နေသည် ။ အရိုင်းစိတ် ၊ မိစ္ဆာ စိတ် တွေ ဘယ်လို ကပ်ငြိနိုင်ပါမလဲ ။ ကျော်ခိုင် နှင့် ခွေးခြေခုံချင်း ခွာ လိုက်ကာ ဝေလု အနား တိုး ထိုင်ပြီး ရေနွေးကြမ်းတွေ လိုက် ငှဲ့ပေးနေလိုက်သည် ။

မြနှင်းဆီ က မိမိ ဘက် တစ်ချက် ဝေ့ကြည့်ကာ -

“ ဒီဆောင်းပါး တစ်ပုဒ်တည်း နဲ့ မြနှင်းဆီ ရဲ့ခံစားချက်တွေ ကုန်ခန်းသွားပြီလို့ ကိုဝေလု ထင်ပါသလား ၊ ပြောဦးမှာပါ ၊ ဆက်ရေးဦးမှာပါ ၊ မြနှင်းဆီ က ဒီတစ်ပုဒ် ပဲ ရေးပြီး မနက်ဖြန် သေသွားတာမှ မဟုတ်ဘဲ ၊ တစ်ခုတော့ ရှိတယ် ၊ “ တစ္ဆေ ” နဲ့ မြနှင်းဆီ နှလုံးခုန်နေတာ အမှန်ပဲ ၊ “ နွမ်းလျအိမ်ပြန် ” နဲ့ “ မီ ” နဲ့ အသက်ရှူ မြန်နေတာလည်း အမှန်ပဲ ၊ အဲဒီ အတွက်တော့ ရှင် နဲ့ ကွဲလွဲနေမှာပဲလေ ၊ ဒါဟာ မြနှင်းဆီ ပဲ ကိုး ကိုဝေလု ရဲ့ ၊ ဝေလု မဟုတ်တဲ့ မြနှင်းဆီ ကိုး ”

မြနှင်းဆီ … မြနှင်းဆီ ဟု ရင်ထဲက မြည်တမ်းရင်း သဘောပေါက်စ ပြုသည် ။ သူ့ ကိုယ် သူ ယုံကြည်မြဲမြံ သော ၊ သူ့ ကိုယ် သူ တာဝန်ယူတတ်သော မိန်းကလေး မို့ ပိုပြီး စိတ်ဝင်တစား လေးစားမိသည် ။ သို့သော် ကျော်ခိုင် လို ကောင်စားတွေက အများကြီး ။ ရှပ်လက်ရှည်ဖားလျားနှင့် ကချင်လွတ်အိတ် ကို စလွယ်သိုင်းလွယ်ထားသော ထို မိန်းကလေး ကို သည့်ထက် ပိုပြီး နားလည်အောင် ကြိုးစားကြည့်ချင်စိတ် တဖွားဖွား ပေါ်သည် ။ သို့ဖြင့် မြနှင်းဆီ ရှိတတ်သော နေရာတွေ ကို အရောက်အပေါက် များလာရာက တစစ ရင်းနှီးခဲ့ရလေသည် ။

တစ်ခါတစ်ရံ တစ်ကျပ်ခွဲတန်း က တစ်ယောက်တည်း ရုပ်ရှင် ကြည့်တတ်သော မြနှင်းဆီ ကို စိတ်ပူပန်စွာ ရုံပေါက်ဝ က စောင့်ဖူးသည် ။ လက်ဖက်ရည်ဆိုင် မှာ ကျော်ခိုင် လို ကောင်စားတွေ နှင့် ဝိုင်းဖွဲ့နေတာ တွေ့ပြန်တော့ ကြံကြံဖန်ဖန် ရမယ် ရှာပြီး ခွဲထုတ်မိသည် ။ မြနှင်းဆီ လွတ်လပ်ပွင့်လင်းပုံ ကို သဘောကျသော် လည်း အတင့်မရဲသင့် ဟု ဝေဖန်မိသည် ။

“ မြ မ အ ပါဘူး ကိုလွင်ဦး ရဲ့ ၊ မြ သူတို့ အားလုံးကို သဘော ပေါက်ပါတယ် ၊ တချို့ကသာ မြ ကို သဘော မပေါက်ကြတာပါ ၊ ဒါလည်း မတတ်နိုင်ဘူးလေ ”

“ ဘာလို့ မတတ်နိုင်ရတာလဲ ၊ ဥပမာ တွေ့ကရာ ကောင်တွေ နဲ့ လျှောက် မသွားဘဲ ဘာလို့မနေနိုင်ရမလဲ ၊ လက်ဖက်ရည်ဆိုင် မထိုင်ဘဲ ဘာလို့ မနေနိုင်ရမလဲ ”

ပိုင်စိုးသော လေသံဖြင့် ဆူပူမိသလို ရှိသည်ကို မြနှင်းဆီ က မကန့်ကွက်ချေ ။ ကလေးလို ပွင့်လင်းစွာ ရယ်မော ရင်း -

“ မြ က လက်ဖက်ရည် ကြိုက်တာကိုး ကိုလွင်ဦး ရဲ့ ၊ အိမ် က  ပို့တဲ့ ပိုက်ဆံ မလောက်ရင် ထမင်း မစားဘဲ လက်ဖက်ရည် ပဲ လ နဲ့ ချီ သောက်နေတာ ဘယ်သူမှ မသိကြလို့ ”

“ အို … ဟုတ်လား ” ဟု မြ ၏ အထက်တန်းကျကျ ဝတ်စားဆင်ယင်ထားသော အသွင်အလျာကို ခြေဆုံး ခေါင်းဖျား အကဲခတ်ရင်း မယုံသလို မေးသည် ။

“ စာမေးပွဲ ကို တစ်တန်း နှစ်နှစ်နှုန်း နဲ့ အောင်နေတော့ အိမ် ကလည်း မကြည်ဖြူလှဘူး ကိုလွင်ဦး ရဲ့ ၊ တစ် လ ငါးရာ ထက်  ပို တောင်းလို့ မရဘူး ။ အပြင်ဆောင် နေရတော့လည်း စရိတ်စက ပို များတယ်လေ ၊ ဝတ္ထု ၊ မဂ္ဂဇင်းလေး တွေကလည်း ဝယ်ချင်သေးတော့ ပိုက်ဆံ လောက်ငအောင် ထမင်းနပ်ကျော် စားပြီး လက် ဖက်ရည် ဖိသောက်ရင်း စွဲသွားတာ ၊ ပြီးတော့ လက်ဖက်ရည်ဆိုင် မှာ အပေါင်းအသင်းတွေ နဲ့ စကားပြော လို့လည်း ကောင်းတယ် မဟုတ်လား ၊ ယုံကြည်ချက်ချင်း ၊ ပန်းတိုင်ချင်း ကွဲလွဲတောင် အနုပညာဘာသာ စကား တူနေတာကိုး ”

“ မဟုတ်သေးပါဘူး မြ ရာ ၊ တကယ်တော့ မြ က မိန်းကလေး ပဲ ဟာ ၊ ဟိုတွေ့ ဒီတွေ့ သိပ်တွေ့နေရတော့ မဟုတ်သေးပါဘူး ”

“ ဘာလဲ ကိုလွင်ဦး က မြ ကို မိန်းကလေး လို့ ပဲ မြင်တယ်ပေါ့ ၊ ဟုတ်လား ”

သူ ဒေါပွလေသည် ။ မိန်းကလေး အမူအရာ အပြည့်ဖြင့် နှုတ်လှန်ထိုးဟန် ကို ချစ်စနိုး ပြုံးကြည့်ရင်း -

“ မမြင်ပါဘူး ၊ မြ ဟာ စာပေသမားပါ ၊ လေးစားလောက်တဲ့ စာဖတ်သူ ၊ တစ်ခါတစ်ရံ စူးရှထက်မြက်တဲ့ စာပေ စံစားမှုဆောင်းပါး တစ်ပုဒ်စ နှစ်ပုဒ်စ ရေးလေ့ရှိ သူ ၊ ကျွန်တော် နားလည်တာပေါ့ မြ ရယ် ၊ ဘာဖြစ် ဖြစ် မြ ကကော မိန်းကလေး ဆိုတဲ့ အဖြစ်ကို ဖျောက်ပစ်လို့ ရမယ် ထင်လို့လား ၊ ပြီးတော့ ဟိုဟိုဒီဒီ လမ်း မသလား တဲ့ စာသမား မိန်းကလေး တွေ အများကြီး ရှိတာပဲ ၊ ကျစ်လျစ်သိုသိပ်တယ် ဆိုတာ မိန်းကလေး တွေ အတွက် …”

“ နိုး … နိုး … မြ ကို တရားဟောဖို့ မကြိုးစားနဲ့ နော် ၊ မြ ကိုလွင်ဦး ဆီ က လေးစားမှု ကို မမျှော်လင့်ချင်ပါဘူး ၊ ဘယ်သူ့ဆီ က လေးစားမှု ၊ နားလည်မှု ကို မှ လည်း ကြိုးစား မယူချင်ဘူး ၊ တစ်ခု ပြောနိုင်တာက မြ မလိမ် တတ်ဘူး ၊ စိတ် ထဲ ရှိသလို နေတယ် ၊ ဟန်ပန်မူရာတွေ ကို မုန်းတယ် ၊ စိတ် ထဲ ရှိသလို မနေရဲတဲ့ ၊ ဟန်ပန် မူရာတွေ များတတ်တဲ့ ၊ လူ အထင်ကြီး ခံချင်ကြတဲ့ မိန်းကလေး ဆိုတဲ့ အမျိုးအစား ကိုလည်း မုန်းတယ် ၊ တကယ် … ကိုလွင်ဦး ရဲ့ ၊ မိန်းမ ဖြစ်ရတာ မြ ကိုယ် မြ သိပ် မုန်းတာပဲ ၊ ဒါကြောင့် မိန်းမ ဆန်မိမှာ မြ သိပ်စိုး ရိမ်တာပဲ ”

“ မြ က မိန်းကလေး ဖြစ်ပြီး မိန်းမချင်း အပေါ် သိပ် လျှော့တွက်နေပြီ ထင်တယ် ၊ ကောင်းတယ် ၊ ဆိုးတယ် ၊ ယုတ်တယ် ၊ မြတ်တယ် ဆိုတာ မိန်းမပဲ ဖြစ်ဖြစ် ၊ ယောက်ျားပဲ ဖြစ်ဖြစ် ရှိချင်သလို ရှိကြာတာပဲ မြ ရဲ့ ၊ ကိုယ် သတိပေးချင်တာ က ယောက်ျား ဆိုတိုင်းလည်း အထင် မကြီးဖို့ပါ ”

“ အို … မြ ကလည်း လူတွေ ကို သိပ် အထင်မကြီးလှပါဘူး ၊ အထင် ကြီးစရာရယ် လို့လည်း သိပ် မရှိလှပါဘူး”

ခင်ကြီးတစ္ဆေ ပဲ ဟု ကိုလွင်ဦး က မှတ်ချက် ချမိသည် ။ လူ တွေ ကို အထင်မကြီးချင်လှသော မြ ကို ကိုလွင်ဦး တစ်ယောက် ကိုတော့ အထိုက်အလျောက် လိုက်လိုက်လျောလျော ရှိပေသည် ။ မြ ရဲ့စံရိပ်ငြိမ် ဘော်ဒါ ဧည့်ခန်းဆောင် မှာ ဝင်ခွင့်ထွက်ခွင့် ပြုသည်အထိ ကိုလွင်ဦး ကို နေရာပေးလာသည် ။ အရင်က မြနှင်းဆီ နံဘေးမှာ အုပ်သင်းဖွဲ့ နေတတ်သော ပုဂ္ဂိုလ်လေးတွေ လည်း အလိုလို ရှဲမှန်း မသိ ရှဲကုန်ကာ ကိုလွင်ဦး ကို ကရုဏာသက်သော မျက်လုံးတွေ နှင့် သမင်လည်ပြန် ကြည့်ကြသည် ။ ကဗျာဆရာ ဝေလု တစ်ယောက် ကတော့ ပွင့်လင်းလေသည် ။

“ မြနှင်းဆီ က လက်ဖက်ရည်ဆိုင် အတူ ထိုင်ပြီး ဆွေးနွေးငြင်းခုံဖို့ ကောင်းတဲ့ စကားပြောဖက် သာ ဖြစ်တယ်ဗျ ၊ သူ့ အဆောင်ဧည့်ခန်း အထိ လိုက်လည်ပြီး ရည်းစားစကား ပြောဖို့ ကြံစည်အပ်တဲ့ မိန်းကလေး မျိုး မဟုတ်ဘူး ၊ ဘယ် … မိန်းကလေး နဲ့ မှ မတူဘဲဗျာ ၊ သူ ကကော လင်ယူသားမွေး ကိစ္စ ကို အလွယ်တကူ စဥ်းစားမယ် လို့ ခင်ဗျား ထင်သလား”

ကိုလွင်ဦး က ပင်ကို အေးဆေးသော အမူအရာဖြင့် ရဲရင့်စွာ ပြုံးသည် ။

“ ဒါက သူ့ ကိစ္စပဲလေ ”

“ အင်း … ခင်ဗျား ကိစ္စ ကတော့ ဘာဖြစ်ဖြစ် ဆက် လုပ်တော့မယ် ဆိုပါတော့ ၊ ဒီမှာ ကိုလွင်ဦး ၊ ခင်ဗျား မြနှင်းဆီ ကို လက်ထပ်ဖို့ အထိ ဆုံးဖြတ်ရဲပြီ ဆိုရင် ခင်ဗျား ရူး လို့ပဲဗျာ ၊ ဒါမှမဟုတ် လူစွမ်းကောင်း ပဲ ”

ဝေလု ပြောသလို လူစွမ်းကောင်းကြီး မဟုတ်သည့်တိုင် မရူးတာတော့ သေချာသည် ထင်၏ ။ မြနှင်းဆီ လို အကိုင်အတွယ် ခက်လှသည့် ဆတ်တောက်တောက် မိန်းကလေးမျိုး ကို ချစ်နှစ်လို မိတာပဲ သူ သိသည် ။ ပြီးတော့ သဘောထားချင်း မတိုက်ဆိုင်သည့်တိုင် မြနှင်းဆီ နှင့် စကား ပြောလို့ ကောင်းလှသည် ။ အကြောင်းအရာများစွာ ကို တန်းတူရည်တူ ဆွေးနွေးနိုင်သည့် မိန်းကလေး ။

တစ်နေ့တော့ စကား ပြောရင်း မြ ရဲ့ကိုယ်ရေးကိုယ်တာကလေးတွေ ဆီ ရောက်သွားသည် ။ သည်တော့မှ မြနှင်းဆီ ကို တစ်ခိုင်လုံးရွှေ ရုပ်ရှင်ကုမ္ပဏီ ပိုင်ရှင် ဦးမြမောင် ၏ သမီးမှန်း တအံ့တဩ သိ လိုက်ရလေ သည် ။

“ မြ မာမီ ဆုံးတော့ မြ ဆယ်နှစ် သမီးလေ ၊ မြ ၁၅ နှစ် ဆယ်တန်း ဖြေတဲ့ နှစ်မှာ ဒက်ဒီ နောက် အိမ်ထောင် ပြုတယ် ၊ မြ မိထွေး က မြထက် သုံးနှစ် ပဲ ကြီးတယ် ကိုလွင်ဦး ရဲ့ ၊ ဆိုးတော့ မဆိုးပါဘူး ၊ ဒါပေမဲ့ မြ နဲ့ မတိမ်း မယိမ်း ရှိတဲ့ မိန်းမတစ်ယောက် ကို ဖအေ နဲ့တန်းတူ ထားပြီး ဘယ်လို ဆက်ဆံလို့ ရပါ့မလဲ ၊ ဒါကြောင့် မြ အိမ် မပြန်ဘဲ နေတာ ၊ ကျောင်း ပြီးတဲ့ အထိ စာမေးပွဲ ကို အချိန် ဆွဲနိုင်သလောက် ဆွဲပြီး ဖြေနေရမှာပဲ ၊ အိမ် မပြန်ရ ပြီးရော ”

ဒါကြောင့် လောက ကို ဒေါင်လိုက် မြင်နေတာကိုး ဟု သဘောပေါက်စ ပြုသည် ။ အရာရာကို ထီမထင် စိတ်ကလေး ဖွံ့ဖြိုးလာရခြင်း ၏ နိဒါန်း အစ ။

“ ဟိုတစ်လောက ခရေဦးမဂ္ဂဇင်းတိုက် မှာ လက်ထောက်အယ်ဒီတာ ဝင် လုပ်မလားလို့ စဉ်းစားသေး တယ် ၊ ဒါပေမဲ့ အယ်ဒီတာချုပ် ဆိုတဲ့ လူ နဲ့ တာဝန်ခံအယ်ဒီတာ ဆိုတဲ့ လူ က မြ လေးစားလို့ မရတဲ့ လူတွေ ဖြစ်နေတယ် ၊ အခွံမှန်း ၊ ဖွဲမှန်း သိလျက် နဲ့တော့ အကျော မခံနိုင်ဘူးလေ”

အယ်ဒီတာ ကိုလွင်ဦး သည် ကျောထဲ စိမ့်တိမ့်တိမ့်ပင် ဖြစ်မိ၏ ။ “ အထင်မကြီးပါဘူး ” ဆိုသော မြ လက်သုံးစကား တွေ သိပ် အသုံးများလွန်းနေသလား ဟု စဉ်းစားရင်း ချက်ချင်း ခွင့်လွှတ်ပစ်လိုက်သည် ။

“ မြ အိမ် မပြန်ချင်ရင် ခုလို အဆောင် မှာ တေပေနေမယ့် အစား ကိုယ့်အိုး ကိုယ့်အိမ်ကလေး နဲ့ နေကြည့်ပါ လား ၊ ကိုယ်လည်း အဲသလိုပဲ နေချင်စိတ် ပေါက်နေပြီ ၊ တကယ်ပဲ မြ ရယ် ၊ မြ ကို တစ်ယောက်တည်း လွှတ် မထားချင် တော့ဘူး ၊ ကိုယ့် မျက်စိအောက်မှာ ထားပြီး အမြဲတမ်း မြင်ချင် ၊ ကြားချင်နေတယ် ”

ဒါလောက် ရင်းနှီးမှု ရှိနေမှတော့ ရည်းစားစကား ပြောဖို့ သိပ် မခက်လှတော့ပါ ။ စကားလုံး အသုံးအနှုန်း အနည်းငယ် ကွဲလွဲတာသာ ရှိမည် ။ ကိုလွင်ဦး သည် စိတ်လိုက်မာန်ပါ ပြောရင်း ပိုမို ရဲတင်းလာကာ လေသံ အနည်းငယ် နှိမ့်၍ သုံးခွန်းသော အစဉ်အလာ စကား ကို တစ်ဆက်တည်း ပြောချလိုက်သည် ။

“ ချစ်တယ် မြ ”

အများ မိန်းကလေး တကာ လို ပင် ပါးပြင်တွေ နှင်းဆီ ဖူးလာသည် ကို ချစ်စနိုးဖွယ် မြင်ရ၏ ။ သို့သော် မြ က ပွင့်လင်းစွာ ရယ်နိုင်သည် ။

“ အဲဒါ မြ သိပါတယ် ” ဟု တိုးညှင်းစွာ ဆိုသည် ။

အတူနေဖို့ ၊ လက်ထပ်ဖို့ ကို အကြောင်းပြချက်မဲ့ စွာ မြ က ငြင်းဆန်မြဲ ရှိလေသည် ။

“ မောင့် ကို မြ ချစ်ပါတယ် ၊ ဒါဆိုရင် လုံလောက်ရောပေါ့ကွယ် ”

မြ ကို နားလည်တစ်ချက် နားမလည်တစ်ချက် ဖြစ်ရသည် ။ ကိုလွင်ဦး တစ်ကိုယ်တည်း ငှားနေသော ဂွတ္တလစ် မင်းလမ်း ထဲက အိမ်ခန်းကျဉ်းကလေးမှာ နေကုန်နေခန်း လာရောက် လည်ပတ်လေ့ရှိသော မြ ကို ဇွတ်တရွတ် အကြပ် ကိုင်ရမည်လား ဟု မိစ္ဆာ စိတ် ဝင်ဖူးသည် ။ သို့သော် မြ ၏ စင်ကြယ်ပွင့်လင်းဟန် ကလေး က နှလုံးသား မှာ ခိုက်နေကာ မြ ရှေ့မှောက် ရောက်လျှင် စိတ်ရိုင်းတွေ လွင့်ပျောက်ရမြဲ ။ တစ်ခါတော့ တော မှာ ကျန်ရစ်သည့် ကိုလွင်ဦး ၏ အမေ နာရေးကိစ္စ ကြောင့် တစ်ပတ်ကျော် မျှ မြ နှင့် ခွဲခွာလိုက်ရသည် ။

ရန်ကုန် ပြန်လာတော့ မြ ကို မမျှော်လင့်ဘဲ လက်ဖက်ရည်ဆိုင်တစ်ဆိုင် မှာ ကျော်ခိုင် နှင့် စကားလက်ဆုံ ကျလျက်သား တွေ့ရလေသည် ။ ပေါက်ကွဲလု ဆဲဆဲ စိတ် ကို ဘရိတ် ထိန်းရင်း မြ နံဘေး မှာ မျက်နှာ မပျက် ဝင် ထိုင်လိုက်ရသည် ။ ကျော်ခိုင် ကသာ အလိုက်သိစွာ စကား ဖြတ်ပြီး နှုတ်ဆက် မထသေးဘူး ဆိုလျှင် မြ ကို သူ အော်ဟစ်လိမ့်မည် ။ မြ ကတော့ သဘောပေါက် လွယ်သည် ။

“ မောင် ကျွဲမြီးတိုလာသလား ”

“ မဟုတ်ပါဘူး ၊ မြ နေပုံ ထိုင်ပုံကတော့ ကျေနပ်ဖို့ ကောင်းလို့လား”

မြ က ပြုံးမြဲ ပြုံးလည်း မျက်တောင်တွေ စွတ်စိုစ ပြုသည် ။

“ အဲဒါကြောင့် မောင့် ကို မြ ချစ်ရုံပဲ ချစ်ဝံ့တာ ၊ လက်မထပ်ဝံ့တာပဲ မောင် ”

ကိုလွင်ဦး ခေါင်း ခါပစ်လိုက်သည် ။

“ မောင် တစ်ယောက် ကျေနပ်အောင် နေဖို့ မြနှင်းဆီ ဖြစ်လာတာတော့ မဟုတ်ဘူး မောင် ၊ အဲဒါအတွက် တော့ ခွင့်လွှတ်ပါ မြ ကို ”

ကိုလွင်ဦး သည် အားလျော့ရုံမက စိတ်အပျက်ကြီး ပျက်လာ၏ ။

“ ကိုယ် က ချည်း ကျေနပ်ချင်နေတာ မဟုတ်ဘူး မြ ရယ် ၊ မင်း အတွက် ကြည့်ပြီး ပြောနေရတာ ၊ မင်း လူတွေ အကြောင်းလည်း မသိဘူး ”

“ မြ ကိုယ် မြ သိပါတယ် ၊ မြ အတွက် လုံလောက်နေတာပဲ ”

ထုံပေပေ အေးစက်စက် အမူအရာ ကို သည်တစ်ခါတော့ ကိုလွင်ဦး ထောင်းခနဲ ဒေါပွသွားသည် ။

“ မြ ကိုယ် မြ သိရုံနဲ့ ဘယ် လုံလောက်မလဲ ၊ လူတွေ အကြောင်း မင်း သိဖို့ လိုတာပေါ့ ၊ မင်း ကိုလည်း လူတွေ က နားလည်ဖို့ လိုတာပေါ့ ၊ ခုတော့ ငါ တောင် မင်း ကို နားမလည်နိုင်သေးဘူး မြ သိလား ၊ မင်း ဟာ သိပ် အသိရ ခက်တဲ့ မိန်းကလေး ”

“ ဒါတော့ မြ မတတ်နိုင်ဘူး ၊ ဒါတွေဟာ မြ ကိစ္စ လုံးဝ မဟုတ်ဘူး မောင် ၊ မောင် သာ အသိရ ခက်တဲ့ မိန်းကလေးတစ်ယောက် ကို ဘာကြောင့် ချစ်ခဲ့သလဲ ၊ အဲဒါ ပြန်စဉ်းစား ၊ အဲဒါသာ မောင့် ကိစ္စ ”

ကိုလွင်ဦး ဗီဇ က မိန်းကလေးတစ်ယောက် နှင့် အချေအတင် အငြင်းပွားရမည် ကို ဝန်လေးလှသည် ။ အောက်တန်း ကျသည် ထင်၏ ။ သည်မှာတော့ ကိုယ့် ချစ်သူ မို့ ၊ မြ မို့ ပိုပြီး ရန် မဖြစ်ချင် ။

“ မောင့် ကို မြ လက်မထပ်နိုင်ဘူး ဆိုတာ သေချာသလောက် ရှိပြီ မောင် ၊ ဒါပေမယ့် မောင့် ကို မြ ချစ်ပါ တယ် ”

ကိုလွင်ဦး ၏ နှလုံးသွေးများ ငယ်ထိပ် တက် ဆောင့်သည် ။

“ ဘာ စကားလဲ မြ ၊ ကိုယ့် ကို ကြိုးရှည်ရှည် နဲ့ လှန် တာလား ”

မြ က အသံ ထွက်အောင် ရယ်သည် ။

“ ဒီလောက် ဟောင်းမြင်းဆွေးမြည့်နေတဲ့ စကားကြီး သုံးနေရသေးလား မောင် ရာ ၊ အယ်ဒီတာတစ် ယောက် လုပ်နေပြီး ”

ကိုလွင်ဦး ပိုပြီး ရှူးရှူးရှားရှား ဖြစ်လာသည် ။

“ ဝေ့လည်ကြောင်ပတ် လုပ် မပစ်နဲ့ မြ ၊ ကိုယ့် ကို ပြတ်ပြတ်သားသား အဆုံးအဖြတ် ပေးစမ်းပါ ”

“ ပြောနေပြီပဲ မောင် ၊ မောင့် ကို မြ လက်ထပ်နိုင်ဖို့ ခဲယဉ်းသွားပြီ ၊ ဘာကြောင့်လဲ ဆိုရင် တစ်စုံတစ်ယောက် ရဲ့လက်မောင်း ကို မှီနွဲ့လို့ချည်း မြ မနေနိုင်ဘူး ၊ လောကအလုံး မှာ မြ သွားချင်ရာ သွားပြီး နေချင်သလို နေမှာ ၊ လမ်းကြိုလမ်းကြား ဖြစ်ချင် ဖြစ်မယ် ၊ လက်ဖက်ရည်ဆိုင် ဖြစ်ချင် ဖြစ်မယ် ၊ ရုပ်ရှင်ရုံ ထဲ က နှစ်ကျပ် ခွဲတန်း ထိုင်ခုံပေါ် ရောက်ချင် ရောက်မယ် ၊ စိတ်ထဲ ရှိသလို နေမယ် ၊ ဒါပေမယ့် မောင့် ကို မြ ချစ်ပါတယ် ”

“ တော်တော့ မြ ရယ် ”

“ ဒီထက်လည်း ပိုပြီး ပြောစရာ မရှိတော့ပါဘူး မောင် ”

“ အလကား ဟစ်ပီ ပဲ ” ဟု ဒေါပွပွ နှင့် ရေရွတ်မိသည် ကို မြ က ကြားမိအောင် ကြားလိုက်သည် ။

“ ဒါတော့ မောင် မြ ကို ဆဲတာပဲ ၊ တစ်သက် နဲ့ တစ်ကိုယ် ပထမဆုံး သည်းခံလိုက်မယ် မောင် ၊ ချစ် တဲ့ စိတ် နဲ့ သည်းခံလိုက်ပါ့မယ် ”

ကချင်လွယ်အိတ် ကို ထုံးစံအတိုင်း စလွယ်သိုင်း လွယ်ကာ ရှပ်အင်္ကျီကို တင်ပါးပေါ်မှာ ဆွဲဆန့်ချရင်း ထိုင်ရာမှ ထသည် ။ ကိုလွင်ဦး က မချိတရိ ပြုံးရင်း -

“ သွားတော့မယ်လား ၊ ကောင်းပါတယ် ၊ ဒါနဲ့များ ချစ်တယ် ဆိုတဲ့ စကား ပြောတတ်တယ်နော် မင်း ”

“ မောင့် ကို မြ ချစ်တယ် ဆိုတာ မောင် က မမေးဘဲတောင် မြ ဘာသာ မြ ပြောပိုင်ခွင့် ရှိတာပဲ ၊ ဒါကို ယုံပါလို့ အသနား မခံပါဘူး မောင် ”

လေတိုက်သလို ပေါ့ပါးသွက်လက်သော ခန္ဓာကိုယ်လေး လွင့်ပျောက်သွားသည်အထိ ငေးငိုင်ကျန်ရစ်သည် ။

နှမြောနမဲ နှင့် လမ်းခွဲခဲ့ရသော ချစ်သူ ။

တစ်ယောက် နှင့် တစ်ယောက် မျက်နှာချင်း မဆိုင်မိအောင် နေရာ က ဝေး သည် ထက် ဝေး သွားကြသည် ။ မြ ကို အရင်ကလို ဟိုတွေ့သည်တွေ့ တွေ့လည်း ခေါင်းထဲက အမြန်ဆုံး ရှင်းထုတ်ပစ်ဖို့ ကြိုးစားရလေ သည် ။ မိမိ ကိုယ်ကိုယ် ဆောက်တည်ဖို့ ကြိုးစားရင်း အမေ သဘောတူ သည့် အေးမူ နှင့် ဗြုန်းစားကြီး လက်ထပ် ပစ်လိုက် သည် ။ လေထဲမှာ တိုက်ဆောက်ချင်မိသော ကိုလွင်ဦး သည် ဘဝ ကို ခြေလှမ်းမှန်မှန် ခရီး စဖြစ်ခဲ့ ၏ ။

ရပ်ကွက် မူလတန်းကျောင်း မှာ ဆရာမိဘအသင်း ထောက်ပံ့ကြေးရ လုပ်အားပေး ဆရာမကလေး လုပ် နေသော အေးမူ သည် သားဦး ကိုယ်ဝန် ရစမှာ အလုပ် မှ ထွက်ပြီး သူ့  ရွှေဆွဲကြိုးကလေး ရောင်း ကာ ကျူး ကျော်မြေကွက် ထဲ တဲတစ်လုံး ဆောက်သည် ။ ဦးသူ ယူ အစဉ်အလာ အတိုင်း မြေကွက်ကျယ်ကျယ် ခြံ ခတ်ကာ ပန်းစိုက်စ ပြုသည် ။ အိမ် မှာ တောက်တိုမယ်ရ အိမ်ဆိုင်ကလေး တည်သည် ။ ရောက်လာမည့် သားသမီးရတနာ အတွက် ကြိုတင် ပြင်ဆင်သည့် သဘော ။ ရှေ့ရေး လာဘ်မြင်သော အေးမူ ကြောင့် အိမ်ထောင်ဦးစီး ကိုလွင်ဦး မှာ တာဝန်သိပ် မကြီးလေးလှခြင်း ဖြစ်လေသည် ။ သား တစ်ယောက် ၊ သမီး တစ်ယောက် နှစ်နှစ် စီ ခြား၍ ပုံမှန်ဖွားမြင်ပြီး ကတည်းက အေးမူ မှာ ထူးထူးခြား ခြား “ အမြွှာ ” စိတ္တဇ စွဲကပ်လာသည် ထင်၏ ။

“ နောက်ထပ် သား တစ်ယောက် ၊ သမီး တစ်ယောက် လိုချင်သေးတယ် အစ်ကို ရယ် ၊ ဒါမှ ကလေးတွေ တစ်ယောက် နဲ့ တစ်ယောက် အဖော်သဟဲ ရမှာ ၊ တစ်ဖက်ကလည်း အေးမူ အလုပ်ပျက် မခံနိုင်သေးတော့ တစ်ကြိမ်တည်း အမြွှာ မွေးပစ်လိုက်ချင်တယ် ။ သား တစ်ယောက် သမီး တစ်ယောက် အမြွှာ မွေးပြီးရင် လုံလောက် ပြီ ၊ တော်ပြီ ”

ဇမ္မူဒီပါ လက်ယာတောင်ကျွန်း မို့ နိမိတ် ထွန်းသည်ပဲလား ၊ စိတ် စွဲကပ်လွန်း၍ပဲလား ၊ တိုက်ဆိုင်သွား၍ ပေပဲလား မဆိုနိုင် ။ အေးမူ ၏ ယခု တတိယကိုယ်ဝန် ကို သားဖွားမီးယပ်ပါရဂူ ဆရာဝန်မကြီး က အမြွှာ ဟု အတိအကျ ဆိုချေပြီ ။ နှလုံးခုန်သံ နှစ်ခု ကြားရသည်တဲ့ ၊ ဆေးပညာ ထက် အလောင်းအစားဘက် တွင် ပိုမိုမွေ့လျော်နေသည့် ဆရာဝန်ပေါက်စန ရေးဖော်တစ်ဦး က မယုံရင် ဓာတ်မှန် ရိုက်ကြည့်ချင်သလား ဟု အပိုင် စိန်ခေါ်သည်ကို ကိုလွင်ဦး ခေါင်းခါ ငြင်းရသည် ။ သိပ္ပံဆောင်းပါး တိုထွာတွေ ဖတ်ဖူးထားသူပီပီ သန္ဓေသား ကို ဓာတ်မှန်ရောင်ခြည် မထိစေချင် ။

အေးမူ ကိုတော့ ကြောက်ရှာမည် စိုး၍ မယုတ်မလွန် ပြောထားကြသည် ။ ဆရာဝန်မကြီး က -

“ နှစ်ယောက် ဖြစ်ချင် ဖြစ်နိုင်တယ် ၊ ဒါပေမယ့် မစိုးရိမ်နဲ့နော် သမီး ၊ ဗိုက် ခွဲ မွေးရင်လည်း စိတ်ချရတာပါပဲ ၊ တချို့မိန်းမတွေများ ရိုးရိုးမွေးရတာ ခေတ်နောက်ကျတယ်ထင်ပြီး ဗိုက်ခွဲမွေးနိုင်မှ ဂုဏ်ရှိတယ် ထင်နေ ကြတယ် ”

အမှန်တော့ အေးမူ အင်မတန် သတ္တိ ကောင်းသည် ။ အခြေအနေ အရပ်ရပ်ကို ရင်ဆိုင်ဖို့ အမြဲ အဆင်သင့် ရှိသလို ကြိုတင်မြော်မြင် ပြင်ဆင်တတ်သူလည်း ဖြစ်သည် ။ ယခုလည်း သူ့ ကိုယ် သူ အမြွှာ မွေးမည်ရယ် လို့ တပ်အပ် ဆိုကာ ဗိုက်ခွဲဖို့ ချုပ်ကြိုးက အစ စုဆောင်းပြင်ဆင်နေပေပြီ ။

သို့သော် သည်နေ့တော့ အေးမူ မှာတာတွေ ကိုလွင်ဦး မဝယ်ဖြစ် ။ အေးမူ စုဘူး ဖွင့်ပြီး ထည့်ပေးလိုက် သည့် ငွေ ၁၅ဝ အနက် ၅ဝ က စာမူခ ပေးသည့်အထဲ စိုက် လိုက်ရသည် ။ မနက်က စာရေးဆရာကြီး ဦးကျော်စွာ ဝတ္ထုတို စာမူခ လာ ထုတ်သည် ။ အယ်ဒီတာချုပ် ထံမှ ကျလာသော စာမူခ မှာ ကျပ် ၁၀ဝ တိတိ ။ ဒါကို ကြား က ကိုလွင်ဦး မပေးဝံ့ဝံ့ ဖြစ်နေသည် ။ ယနေ့ ဝတ္ထုတိုစာမူခ ကို တန်း ခွဲလိုက်လျှင် ကျပ် ၁၀ဝ ဆိုသည် မှာ ဒုတိယ အလယ်အလတ်တန်း ။

ဆရာဦးကျော်စွာ ၏ စာပေအစဉ်အလာ အရ ၁၅ဝ တန်း တော့ ပေးသင့်သည် ဟု ကိုလွင်ဦး နားလည် သည် ။ သို့သော် ပိုင်ရှင်အယ်ဒီတာချုပ် ၏ အဆုံးအဖြတ် မို့ စောဒကတက်၍လည်း မသင့်လေတော့ ရံဖန် ရံခါသာ ဝတ္ထုတိုကလေး ရေးပို့နိုင်၍ ဆယ်ခါတစ်ခါ သာ မဂ္ဂဇင်း မှာ သုံးပေးလေ့ ရှိသော ဆရာဦးကျော်စွာ ၏ စာမူအတွက် တစ်ခါတစ်ရံ သဘောပိုက်ပြီး အိတ်ထဲ က ၅ဝ စိုက် ပေးလိုက်မိလေသည် ။ ခေတ်လူငယ် များ မသိတော့သော ၊ ကုလားထိုင်လည်း မရှိတော့သော ကလောင်အို တစ်ချောင်းပေမည့် အနုပညာ ဂါရဝ အရ ဒါလောက်တော့ နေရာ ထားသင့်သည် ထင်၏ ။ အိတ်ကပ်ထဲ ကျန်သည့် ငွေ ၁၀ဝ နှင့် ဘာတွေ ဦးစားပေး ဝယ်ရမည်လဲ ဟု တွက်ဆစဉ်းစားဆဲ မြ ထံ က ဖုန်းလာသည် ။ တွေ့ချင်သည် တဲ့ ၊ စကား ပြောချင်သည် တဲ့ ။ သို့ဖြင့် အိမ် က မိန်းမ အတွက် ဈေးဝယ်ဖို့ အစီအစဉ်ကို ဖျက်ကာ “ နေခြည်ရက်စ်တောရင့် ” သို့ ရောက် လာရခြင်းဖြစ်သည် ။

ခုတော့ ငါးမုန့်ကြော် ဝါး၍ ဘီယာခါးခါး ကို မြုံ့ရင်း ကိုလွင်ဦး စိတ်တွေ တည်ငြိမ်စ ပြုပေပြီ ။ လိမ္မော်ရော်တိမ်မျှင်လေး လွင့်လာသည်လား ဟု ဝိုးတဝါး မြင်သည် ။ လွှာဖိနပ်သံ တဖျပ်ဖျပ် သည် ဒစ္စကို စည်းချက် ကို မြန်ဆန်စွာ နီးကပ်လာ၏ ။ လိမ္မော်ရော်တွေထဲ မှာ ဝါရော်ဖျော့တော့နေသော အပြုံး ကို မနည်း ရှာကြည့်ရသည် ။

“ မောင် …”

နောက်ဆုံးပေါ် လည်ကတုံး ရှပ်ပုံစံဆန်ဆန် ဘလောက်စ်ပွပွကြီး ဝတ်ထား၍လား မသိ ၊ မြ ၏ မျက်နှာ ကလေးမှာ ချောင်နေသည်ဟု ထင်ရလေသည် ။ လွန်ခဲ့သော ဆယ်နှစ်တုန်းက လိုပါကလား မြရယ် ။ စလင်းဘက် အဖြူ ကို ပခုံးသိုင်းလွယ်လျက် ရှည် သွယ်သေးမျှင်သော သိုင်းကြိုးကို ညာလက်ညှိုးကလေးနှင့် ချိတ်ရင်း ဆော့ကစား လာသည် ။ မြ ဟာ မကြီးရင့်နိုင်တော့ပြီ လား ။ ခုလောက်ဆို မြ အသက် ၃ဝ ကျော် လောက်ရောပေါ့ ၊ သို့သော် “ မောင် ” ဟူ၍ ပင် ပိုင်ပိုင်ကြီး ခေါ်ဆဲဖြစ်သည် ။

“ မောင် ရောက်နေတာ ကြာပြီလား ၊ မြ လာတာ နောက် မကျပါဘူးနော် ၊ မောင် ချိန်းတဲ့ အချိန် ပဲ ”

“ တစ်မိနစ် မစွန်းသေးပါဘူး မြ ရယ် ၊ ကဲ … ထိုင်စမ်းပါ ၊ ပြောစရာ ရှိတာ မပြောခင် ဘာ စားမလဲ မှာ စမ်းပါ ဦး ၊ ပြီးတော့ မြ တစ်ခုခု သောက်လေ ၊ စပါကလင် လား ၊ လိမ္မော်ရည် လား ၊ အစားအသောက် မှာထားတုန်း စောင့်ရင်း ဘာ သောက်မလဲ ”

ဘီယာတစ်လုံး ပင် မကုန်ချင်သေးဘဲ ကိုလွင်ဦး လျှာတွေ သွက်နေသည် ။ မြ က ကိုလွင်ဦး နှင့် မျက်နှာ ချင်းဆိုင် ကုလားထိုင် မှာ ငြိမ့်ခနဲ ထိုင်ချလိုက်ပြီး မီးနူးကတ ်ကို ကောက်ယူကာ …

“ အမှန်တော့ မြ ဘီယာ သောက်ချင်တယ် ၊ ဒါပေမယ့် မောင့် အတွက် မတော်ပါဘူးလေ ၊ စိတ်ထဲ ရှိသလို မနေဖြစ်အောင် ကြိုးစားပါ့မယ် ၊ စပါကလင် တစ်လုံးပဲ မှာပါ ”

“ အမယ်လေး ၊ ကျေးဇူးတင်ပါတယ် မြ ရာ ” ဟု ကိုလွင်ဦး စိတ်ထဲ တကယ်ပဲ သိမှတ်နေသည် ။ မြ အတော် ပျော့ပျောင်းလာပြီပဲ ၊ မြူစွမ်ကြော် ၊ ကြက်ကြွပ်ကြော် နှင့် ယိုးဒယားဟင်းချို မှာသည် ။ ပြီးတော့ နံရံကပ် မှန်ဗီရိုထဲက တိုင်းတစ်ပါးလုပ် စည်သွတ်ဘူးများ ကို တစ်ချက် ကဲ ကြည့်ကာ -

“ ပြောင်းဖူး ရှိတယ် မဟုတ်လား ၊ ပြောင်းဖူးကြော် တစ်ပွဲ ပေးပါ ”

စည်သွတ်ဘူးတွေ ဈေးကြီးလှ၍ ပိုက်ဆံ မလောက်တာတော့ သေချာလေပြီ ။ အကြွေး မှတ်ရတော့မှာပဲ ။ မြ က အသားစုံကြော်တစ်ပွဲ ထပ်မှာပြီးမှ မီနူးကတ် ကို ချထားလိုက်သည် ။

“ မောင့် ကို မြ နှုတ်ဆက်ချင်လို့ပါ ၊ မြ လက်ထပ်တော့မလို့ ”

ခေါင်းထဲ ရီတီတီ အရသာလေး ပျောက်သွားကာ မြ ကို စေ့စေ့ ကြည့်ဖြစ်သည် ။

“ ကောင်းပါတယ် ၊ ဒီလို ဖြစ်သင့်တာ ကြာပြီပဲ ၊ ခုမှပဲ ချစ်သူတွေ ဘာတွေ တွေ့တော့တယ်လား ”

“ မောင့် ကိုပဲ မြ ချစ်တယ် ဆိုတာ မယုံသေးဘူးလား မောင် ၊ ခုဟာက လက်ထပ်ချင်စိတ် ပေါ်လို့ပါ ”

မြ သည် ခုအထိ စိတ်ကူးဆန်းကြယ်ဆဲ ရှိသေး၏ ။

“ ဒါလည်း ဖြစ်နိုင်တာပဲလေ ၊ သတို့သား က ကိုယ်တို့ အသိအကျွမ်းထဲက များလား ”

“ ဟင့်အင်း မောင် ၊ ဟင်း ဟင်း … တတိယတန်း ဖတ်စာသစ်ထဲ က စကားလုံး အသုံးအနှုန်း နဲ့ပြောရရင် တိုင်းတစ်ပါးသား ဆိုပါတော့ ၊ မြန်မာပြည်ပေါက် တိုင်းတစ်ပါးသား လေ ၊ ရှေ့အပတ်ထဲ မှာ ဧည့်ခံပွဲ လုပ် မယ် ၊ ပြီးရင် ငပလီ တစ်လှည့် ၊ ကလော တစ်လှည့် လျှောက် လည်နေမှာပဲ ၊ အခွင့်သင့်ရင် တိုင်းတစ်ပါး တောင် ရောက်ချင် ရောက်သွားမှာ ၊ ဒါပေမဲ့ အရှေ့တောင် အာရှထဲ လည်နေမှာ မောင် ရဲ့ ၊ မြ က ဩစတြေးလျ တို့ ၊ ဥရောပ တို့ လွင့်ချင်တာ”

လွင့် ချင်တာ ဆိုသော အသုံးအနှုန်း ကို နားခါးလှသော်လည်း ကိုယ် နှင့် မဆိုင်တော့ပါလား ဟု သတိထား လိုက်ရသည် ။ တစ်ပွဲပြီး တစ်ပွဲ လာချသော အငွေ့တလူလူ အစားအသောက်တွေ ကို မြည်း ရင်း သူ ပြော သမျှ နားထောင်နေလိုက်၏ ။

“ ချစ်တာ နဲ့ လက်ထပ်တာ ကတော့ အရှေ့ နဲ့ အနောက် ပဲ မောင် ၊ ဘာမှ မဆိုင်ဘူး ၊ သတ်သတ်စီ ၊ ပြီးတော့ မြ က အချစ် ကို နေရောင်အောက် မှာ ရှာခဲ့တာ ၊ မထင်ရှားတဲ့ ကဗျာဆရာမ တစ်ယောက် ရေးဖူးတဲ့ ကဗျာလေးတစ်ပုဒ် မြ ရင်ထဲ ထွင်းထည့်ထားတယ် ၊
ပန်းချုံရိပ်မှာ ၊ လသာသာတွင်
ကိုယ်က မတွေ့ချင်ဘူး မောင် ။
ချွေးပြိုက်ပြိုက်ဆူ ၊ နေပူပူမှာ
အတူလက်တွဲ လျှောက်ရအောင် တဲ့ ”

“ ဟား ဟား … အဲဒါ စိတ်ကူးယဉ်တာခေါ်တယ် မြ ရဲ့ ၊ အဲဒီ ကဗျာဆရာမ ခုလောက်ဆိုရင် ငါ ငယ်ငယ် က အတော် ကြောင်ပါလား ဆိုပြီး ရှက် နေလောက်ရောပေါ့ ၊ ဘယ့်နှယ် နေပူထဲ လက်တွဲလျှောက်လို့ချည်း နေရင် မောမှာပေါ့ ၊ ဘဝအမောတွေ နားဖြေရအောင် လသာသာ ပန်းချုံရိပ် လိုအပ်တာပေါ့ မြ ရဲ့ ၊ ပြီး တော့ အိမ်ထောင်ရေး တစ်ခု ကို လက်ဖက်ရည်ဆိုင် မှာ ဆွေးနွေးငြင်းခုံရင်း တည်ဆောက်လို့ ရပါ့မလား ”

“ မြ က အချစ် ကို ပြောတာပါ ၊ အိမ်ထောင်ရေး ကို မြ လက်ဖက်ရည်ဆိုင် မှာ မတည်ဆောက်ပါဘူး ၊ အင်းလျားလိတ် မှာ တည်ဆောက်မယ်လေ ၊ ဒါပေမယ့် အချစ် မပါဘူး ၊ ခု မြ မှာ ပရက်( က် ) ရှိနေပြီ ၊ မလို ချင်ပါဘူး ၊ ယူ လည်း မယူချင်ဘူး ၊ ရှင်း ပစ်လိုက်မယ်”

နားထင် တွေ ကြွတက်သွားသည်ဟု ထင်ရ၏ ။ နား နှင့်ဆတ်ဆတ် ကြားလိုက်၍သာ ယုံရသည် ။ မင်္ဂလာ ဧည့်ခံပွဲ မကျင်းပမီ ကိုယ်ဝန် ရှိသည်ဆိုတော့ အရုပ် ဆိုးလှပေမဲ့ ဖြစ်တန်ရာသည် ။

“ တွေ့ရာတွေ မပြောနဲ့ မြရယ် ၊ မဖြစ်နိုင်တာတွေ ”

မြ က ကြက်ကြော် ကို တကြွပ်ကြွပ် ဝါးရင်း ပလုံးပထွေး ရယ် နေသေး၏ ။

“ မဖြစ်နိုင်တာရယ်လို့ မရှိလှပါဘူး မောင် ၊ မောင် နဲ့ ဝေးရတာ တစ်ခုက လွဲရင် မြ ဖြစ်ချင်သလို အားလုံး ဖြစ်ရတာချည်းပဲ ၊ ဖြစ်အောင်လည်း လုပ်မှာပဲ ၊ တစိမ်း ယောကျာ်းတစ်ယောက် ရဲ့ အနှောင်အဖွဲ့ မြ မလို ချင်ဘူး ”

သည် အကြောင်းတွေ ရပ်သင့်ပြီ ဟု နားလည်လိုက်သည် ။ သူ့ဝန် သူထမ်း ၊ သူ့လမ်း သူသွား တာ မှန်ပေမဲ့ ထို ထင်ရာစိုင်း ဝါဒ သည် ပတ်ဝန်းကျင် ကို တစ်နည်း မဟုတ် တစ်နည်း အနှောင့်အယှက် ဖြစ်စေပါ ကလား ။

ပြောင်းဖူးကြော်တွေ အငွေ့တဝေဝေ နှင့် ရောက်လာ၏ ။ လက်ညှိုးလက်သန်းလောက် ရှိသော စည်သွပ် ပြောင်းဖူးကလေးတွေ ကို ဟင်းသီးဟင်းရွက် အနည်းငယ် နှင့် ကြော်ချက်သဘောမျိုး လုပ်ထားသော ဟင်းပွဲ ဖြစ်သည် ။ မစားစဖူးမို့ အရင်ဆုံး ခက်ရင်းနှင့် ထိုးပြီး ကိုက် မြည်းကြည့်လိုက်သည် ။ ချိုတော့ ချို သားပဲ ။ အင်္ဂါ စုံသော်လည်း ပြောင်းစေ့ကလေးတွေက မအောင် ၊ မမာ ။ မွေးကတည်းက ပြောင်းဖူးဖွံ့ဖွံ့ နုထွားကြီးတွေ ကို အရသာ ခံလာသော ကိုလွင်ဦး လျှာပေါ်မှာ “ အလားမမြောက်သည့် ပြောင်းဖူး” ကို သိပ်ခံတွင်း မတွေ့ချင်တော့ ။ ဘူးသွင်းပစ္စည်း မို့ ဈေးကြီးတာ ၊ ရှားပါးတာ မှန်လည်း အင်းစိန်မီးခွက်ဈေး က “ ပုတီးကုန်းပြောင်း ” ကို စားရတာလောက် ဘယ်မှာ အရသာ လေးပင်နိုင်ပါ့မလဲ ။

“ မြ က ဟောဒီ ပြောင်းဖူးလေးလိုပါပဲ ”

“ ဟင် ” ဟု မြ က နားမလည်စွာ မော့ကြည့်သည် ။

“ ဪ ခုထိ အရွယ် မရောက်နိုင်သေးလို့ပါ ၊ ခေါင်းအေးအေး ထား ၊ စဉ်းစဉ်းစားစား လုပ် ၊ စိတ်ထဲ ရှိသလို မနေချင်ပါနဲ့တော့ မြ ၊ အဲ … မြနှင်းဆီ ရယ် ”

“ နှင်းဆီကြီး ထည့်ခေါ်ပြန်ပြီလား မောင် ”

“ ဘာဖြစ်လဲ ၊ မြ နာမည် မြနှင်းဆီ ပဲ ၊ နှင်းဆီ ဆိုတာ မောင် တော့ သဘော ကျတယ် ၊ လှတယ် ၊ လန်းတယ် ၊ သင်းပျံ့တယ် ၊ သူ့ အတွက် အရံအတား ဆူးကလေးတွေ  ဝန်းရံလို့ နေတယ် ၊ မြ ကို နှင်းဆီ လို လှစေ ၊ လန်းစေ ၊ သင်းပျံ့စေချင်တယ် ၊ ပြီးတော့ အရံအတား စည်းကလေးတွေ ရှိထားစေချင်တယ် ၊ ကိုယ့် ရဲ့ နှုတ်ဆက် စကား လို့ မှတ်ချင်လည်း မှတ်သွားပါ မြ ”

နားမလည်နိုင်သော အပြုံးတစ်မျိုး ကို သူ ပြုံးရင်း ငြိမ်သက်စွာ စားသောက်နေသည် ။ နှစ်ယောက်ကြား မှာ တိတ်ဆိတ်ခြင်းက နှောင့်ယှက်လာတော့သည် ။ မခံနိုင်သူ ကိုလွင်ဦး ကပဲ စကားစ ရှာ ရပြန်၏ ။

“ ကိုယ့် မိန်းမ ကတော့ နှင်းဆီ ဆို သိပ် ကြိုက်တာပဲ ၊ နှင်းဆီခင်းကလေးတွေ စိုက်ထားတယ်လေ ၊ အဲဒီ တော့ နှင်းဆီ လှိုင်လှိုင် ပွင့်ပါစေပဲ ဆုတောင်းနေတယ် ၊ ဒါမှ ပိုက်ဆံ ရမှာ မဟုတ်လား ၊ ပိုက်ဆံ ကလည်း ရှာရပြီ မြ ရဲ့ ၊ ကိုယ်တို့ မှာ ကလေး နှစ်ယောက် ရှိတယ် ၊ နောက်ထပ် နှစ်ယောက် လည်း ရဦးမယ် ၊ ခု ကိုယ့် မိန်းမ ပရက်( က် ) က အမြွှာ တဲ့ ၊ နေ့လား ညလား ပဲ ”

“ ဟုတ်လား ” ဟု သွေ့ခြောက်စွာ မေးသည် ။ မြူစွမ်တွေ ကို ခက်ရင်း နှင့် အကြာကြီး ထိုးဆွမွှေနေပြီးမှ -

“ ကလေး လေးယောက် ဆို များလှပြီနော် ၊ ပြီးတော့ အမွှာ မွေးတယ် ဆိုရင် သိပ် ဒုက္ခ ရောက်မှာ ”

အမြွှာမောင်နှမ မျှော်လင့်ချက်ဖြင့် ဖျပ်ဖျပ်လူး မတတ် ထက်သန်နေတော့ အေးမူ အကြာင်းတွေ ပြောမည် ကြံပြီးမှ မပြောဖြစ်တော့ချေ ။ ဒါက ကိုယ့် ကိစ္စသာ ဖြစ်သည် ။ အေးမူ ကို ကျေးဇူးတင် စိတ်တွေ တဖွားဖွား ပေါ်လာပြီး ကိုယ့် မိန်းမ နှင့် ကိုယ် ခုမှ ပိုပြီး နီးစပ်လာသလို ခံစားရ၏ ။

ပါရမီရိပ်သာ လမ်းမ တစ်နေရာမှာ မြ တက္ကစီ ပေါ် က ဆင်းသည် ။

“ ဒီအထိ လိုက်လာတာ ကျေးဇူးပဲ မောင် ၊ ဂွတ် ( ဒ် ) နိုက် ”

“ မြ အိမ် က ဘယ်မှာလဲ ”

“ ဝေးသေးတယ် ၊ ဒါပေမဲ့ မြ လမ်းလျှောက်ချင်လို့ပါ ၊ တစ်ယောက်တည်း လျှောက်သွားချင်တယ် ၊ သွားမယ် မောင် ”

လိုက်ပို့မယ် ဟု ပြောအံ့ဆဲဆဲ ရုတ်ခြည်း နှုတ်ဆွံ့သွားသည် ။ မြ က လမ်းသွယ် တစ်ခုထဲသို့ ချိုးဝင်သွား လေပြီ ။

ကားဘီး လိမ့်စ မှာ မြ ချိုးဝင်သွားရာ လမ်းသွယ်ထဲ သို့ တစ်ဆုံး ကြည့်မိသည် ။ လမ်းမီးတိုင် အလျဉ်း မရှိ ။ အလင်းရောင် ဆို၍ ပျပျပင် မမြင်ရ ။ သစ်ရိပ်စည်းရိုးကြားမှာ ပိန်းပိတ်အောင် မှောင်နေသည် ။ လသာ လျှင် ကောင်းမည် ။ မြနှင်းဆီ တစ်ယောက် ခလုပ်မထိ ဆူးမငြိပါစေ နှင့် ။

◾စမ်းစမ်းနွဲ့( သာယာဝတီ )

ဝတ္ထုရေးသူ ပြောသည့် သူ့ ဝတ္ထု အကြောင်း

နက်ရှိုင်းသော ချစ်မေတ္တာကို နှစ်နှစ်ကာကာ စိတ်ဝင်စားမြဲ လူ့သဘော သဘာဝအားဖြင့် ဤဝတ္ထု ကို ရေးဖြစ်ခဲ့ပါသည် ။

ထူးကဲသော ပင်ကိုဓလေ့စရိုက် နှင့် စာပေအနုပညာ အယူအဆတချို့ ပေါင်းစပ်ဖွံ့ဖြိုးနေသော ဝတ္ထု ဇာတ်ဆောင် “ မြနှင်းဆီ ” ကို “ ဘူးသွင်းပစ္စည်း ” ပမာ တင်စားမိခဲ့တာလည်း ထင်ရှားပါသည် ။

အဓိက ဇာတ်ဆောင် နှစ်ဦးစလုံးကို နားလည်အောင် ကာလအတန်ကြာ နှလုံးသွင်းပြီးမှ ဖန်တီးဖွဲ့ဆိုရ သော ဝတ္ထုလည်းဖြစ်ခဲ့ပေရာ ဆယ်စုနှစ်များစွာ ဖြတ်သန်းခဲ့သည်နှင့်အမျှ “ မြနှင်းဆီ ” ၏ ရိုးရှင်းပွင့်လင်းမှု ကို ချစ်စနိုး သံယောဇဉ် ဖြစ်ရသလို ဘဝနေထိုင်မှုပုံစံ ရဲရင့်ပြတ်သားပုံကိုလည်း ကြိုက်သည်ဖြစ်စေ ၊ မကြိုက်သည်ဖြစ်စေ မလေးစားဘဲ မနေနိုင်တော့ပါ ။

အများသုံး ယဉ်ကျေးမှု ပုံစံခွက်တွင် ရှတသလောက် လှပနေသော “ မြနှင်းဆီများ ” အတွက် “ လရောင် လင်းပါစေ … နှင်းဆီသင်းပါစေ ” ဟု စိတ်ရင်းမေတ္တာ ပို့သရုံမှတစ်ပါး … ။

◾စမ်းစမ်းနွဲ့ ( သာယာဝတီ )

www.facebook.com/aung.naingoo.3726613

.