❝ ပုံတူ ပန်းချီ ❞
ကျွန်မ ပန်းချီ ဆွဲနေသည်မှာ နှစ်ရက် ရှိပြီ ။ ဆွဲလိုက် ဖျက်လိုက်bနှင့် တစ်ရက် သာ ကုန်သွားသည် ။ ဘာ ပုံမှ ထွက်မလာ ။ စက္ကူချပ်ဖြူဖြူ မှာ ညစ်ထေးထေး ဖြစ်သွား၍ အသစ် လဲပစ်လိုက်ရသည် ။
တကယ်တော့ လူပုံ ဆွဲသည့် အလုပ်မှာ အလွန် လွယ်သည် ဟု ကျွန်မ ထင်သည် ။ ပုံတူဓာတ်ပုံ ရှိနေမှဖြင့် ဦးနှောက်နှင့် စဉ်းစားပြီး ပုံဖော်ရသည် မဟုတ်၍ ခက်အံ့ မထင် ။ တကယ်တမ်း ဆွဲတော့မည် ဆိုသော အခါတွင် ဘယ်က ဘယ်လို စ ဆွဲရမှန်း ကျွန်မ မသိ ။ ဓာတ်ပုံပါ ရုပ် နှင့် တစ်ထပ်တည်း ကျ၍ ခွဲ မရအောင် တူဖို့ ဆိုသည်မှာ စနစ်ကျသည့် အတတ်ပညာပိုင်းနှင့် သက်ဆိုင်မည် ထင်သည် ။
ကျွန်မတို့ ဆွေမျိုး ထဲတွင် ရှားရှားပါးပါး ပန်းချီပညာဖြင့် အသက်မွေးဝမ်းကျောင်းသော ပန်းချီဆရာ အစ်ကိုဝမ်းကွဲ တစ်ယောက် ရှိဖူးသည် ။ သူ က ရုပ်ရှင်ပိုစတာကြီးများ ရေးသော ပန်းချီဆရာကြီး ၏ တပည့် ဖြစ်၏ ။ သူတို့ ဆရာ တပည့် ရေးဆွဲသည့် ရုပ်ရှင်မင်းသား ၊ မင်းသမီးရုပ်ပုံများ မှာ ဓာတ်ပုံ ထဲက နှင့် အလွန်တူသည် ။ ကျွန်မ အစ်မတစ်ယောက် က သူ့ဓ ာတ်ပုံလေး ပေးကာ အစ်ကို့ ကို ပုံတူ ဆွဲပေးဖို့ ပူဆာသည် ။ အစ်ကို က ခဲ နှင့် ဆွဲထားသော ပုံတူပန်းချီကားလေး ယူလာပေးရင်း အစ်မ ပေးလိုက်သည့် ဓာတ်ပုံလေး ကို ပြန်ပေးသည် ။ ဓာတ်ပုံပေါ် မှာ အကွက်ကလေးများ ချထားသည် ။ အစ်မ က သူ့ ဓာတ်ပုံ ပျက်သွားသည့်အတွက် ငိုကြီးချက်မ ဖြစ်နေ၍ အစ်ကို့ ခမျာ မနည်း ချော့ယူရသည် ။
ယခု ကျွန်မ က ဓာတ်ပုံ ကို ကြည့်ကာ ပုံတူ ဆွဲဖို့ ပြင်နေသည် ။ ဓာတ်ပုံ ပေါ်တွင် အကွက် ချကာ ဘယ်လို တူအောင် ဆွဲရသည် ကို ကျွန်မ မသိ ။ အစ်ကို့ ဆီမှာလည်း နည်းနာ မခံဖူးခဲ့ ။ ဘာပဲဖြစ်ဖြစ် သည် တစ်ရက် နှစ်ရက်အတွင်းမှာ သူ့ ပုံတူ ကို ပြီးအောင် ဆွဲမှ ဖြစ်မည် ။ ဆွဲလိုက် ဖျက်လိုက်နှင့် တစ်ရက် အလဟဿ အချိန် ကုန်သွားပြီ ။ သည်နေ့တော့ မပြီးမချင်း ဆွဲမည် ဟု စိတ်ပိုင်းဖြတ်ထားလိုက်သည် ။
အနုပညာသမား ဆိုသည်မှာ ဈာန်ဝင်စားမိပြီ ဆိုလျှင် ဘာကိုမှ ဂရုမထားလေ့ ရှိသည် မဟုတ်ပါလား ။
ဦးစွာ ဈာန်ဝင်စားဖို့ လိုသည် ။
ကျွန်မ ပုံတူဆွဲမည့် သူ့ဓာတ်ပုံ ကို စူးစူးစိုက်စိုက် ကြည့်လိုက်သည် ။
ကွယ်လွန်ချိန်က ပုံကြီးချဲ့ကာ ချိတ်ဆွဲထားသော ခင်ပွန်းသည် ၏ ဓာတ်ပုံ ။ နှစ်ပေါင်းများစွာ စေ့စေ့ မကြည့်ရဲခဲ့သော ကျွန်မ သည် သည်နေ့တော့ အသေးစိတ် ကြည့်ရှုမြင်နိုင်ဖို့ စေ့စေ့ ကြည့်ရတော့သည် ။
••••• ••••• •••••
မျက်နှာ ပုံ ကို စ၍ အကြမ်း ဆွဲလိုက်သည် ။ စက်ဝိုင်းတစ်ခု ။
ပထမဆုံး မေးစေ့ ကို ဆွဲမည် ။ မေးစေ့ က ဝိုင်းသလား ၊ ချွန်သလား ။ လူမျက်နှာတွင် သည် နှစ်မျိုးသာ ရှိတာ များသည် ။ သူ့မေးစေ့ ကတော့ ထူးခြားသည် ။ အဝိုင်းလည်း မဟုတ် ၊ အချွန်လည်း မဟုတ် ။ ဒေါင်ကျကျ ဆင်းလာပြီး အောက်ခြေတွင် ခပ်ပြားပြား ဖြစ်နေသည် ။ တစ်ခါတစ်ရံ သူ က စာအုပ်တစ်အုပ် ကို စိတ်ဝင်တစား ဖတ်နေ၍ ခေါ်မကြား အော်မကြား ဖြစ်နေသည့်အခါတွင် သူ့ မေးစေ့ ကို ဆွဲကာ ကျွန်မ ဘက် သို့ မျက်နှာ ကို ဆွဲ လှည့်တတ်လေ့ရှိသည် ။ သည်အခါတိုင်း လေးထောင့်ကျကျ ခပ်ပြားပြား သူ့ မေးစေ့ ကို ဆွဲကိုင်ရဖူးသည် ။ ပိုထူးခြားသည် က …
“ ကို့မေးစေ့ က အကွဲလေးနဲ့တော့ ၊ ငယ်ငယ် က မှောက်ရက်လဲကျလို့ ကွဲသွားတာ ထင်တယ် ”
ကျွန်မ က သည်လို နောက်ပြောင်ပြီး ကွဲကြောင်းရာလေး ထင် နေသည့် နေရာကို ပွတ်သပ် ကိုင်တွယ်ခဲ့ဖူးသည် ။ ယခု မျက်နှာပုံ စက်ဝိုင်းအောက်ပိုင်းတွင် မျဉ်းကြောင်း ကို တည့်တည့်ဆွဲ ချလိုက်သော အခါ လေးထောင့်ပုံ မေးစေ့ဖြစ်သွားသည် ။ မထင်မရှား ရှိနေသည့် အကွဲကြောင်းလေး ပေါ်လွင်အောင် အလယ်နားကို နည်းနည်း ချိုင့် ဆွဲလိုက်သည် ။ ရပြီ ။
လေးထောင့်ပုံ မေးစေ့ နှင့် တစ်ဆက်တည်း ဒေါင်ကျကျ မျဉ်းဆွဲလိုက်သောအခါ ကားလည်း မကား သွယ်လည်း မသွယ်သော သူ့ မေးရိုးက ပုံပေါ်လာသည် ။ ဟုတ်ပြီ ။ သူ့မျက်နှာ မှာ သိသိသာသာ ထင်ရှားသော အစိတ်အပိုင်းတစ်ခုကို ပုံဖော်နိုင်ခဲ့ပြီ ဖြစ်၍ ကျွန်မ ကိုယ် ကျွန်မ ကျေနပ်သွားမိသည် ။ တစ်ဆင့် တက်ရန်လည်း စိတ်ဓာတ်တက်ကြွလာသည် ။
မေးရိုး အထက်နား မှာ ဆက်ဆွဲရမှာ က နားရွက် ။
ဓာတ်ပုံ က သူ့ နားရွက်နှစ်ဖက် ကို လှမ်း ကြည့်လိုက်သည် ။ နားရွက်များ က ကြီးလည်း မကြီး ၊ ကားလည်း မကား ။ မျက်နှာ နှင့် အလိုက်သင့်ပါပဲ ။ သေသေချာချာ ကြည့်မှ ဓာတ်ပုံ ထဲ တွင် ယာဘက်နားရွက် က အနည်းငယ် ကြီးနေသယောင် ထင် ရသည် ။ ဓာတ်ပုံ အလင်းအမှောင် ကြောင့်လား ။ တကယ်ပဲ သူ့နားရွက် တစ်ဖက် က ကြီးနေတာလား ။ အပြင် မှာတော့ ကျွန်မ သတိထားမိလောက်အောင် သိသာမနေသည်မှာ အမှန်ပင် ။
သူ့ မျက်နှာ ပုံကြမ်းစက်ဝိုင်းတွင် နားရွက်နှစ်ဖက်ကို ဆွဲလိုက်သည် ။ စိတ် က လောဆော်နေ၍ ထင်၏ ။ ယာဘက် သူ့ နားရွက် ကို အနည်းငယ် ကြီးပြီး ဆွဲမိလိုက်သည် ။ ကျွန်မ ပြန်မဖျက်တော့ ။ ဝဲဘက်နားရွက် ၏ အတွင်းမျဉ်းကောက်များ စိပ်စိပ်ဆွဲလိုက်ပြီး ယာဘက် နားရွက် ၏ အတွင်းပိုင်း ကို ခပ်ကျဲကျဲ ဆွဲလိုက်သည် ။ ကြီးနေသည့် နားရွက် က ပြန့်ပြီး ကျန်တစ်ဖက်က နဂိုအတိုင်း ဖြစ်နေသည် ။ ပြန့်သွားသည့် နားရွက်အနေအထား မှာ တစ်ခုခု ကို နား စွင့်နေသလိုလို ။
သူ နားစွင့်နေမှာပါ ။ သူ တစ်နေရာရာကနေ ကျွန်မ တို့ မိသားစု ရှိနေရာကို နား စွင့်နေမည် ဟု ကျွန်မ ယုံပါသည် ။
ငါးဆယ် ကျော်ရုံ ရှိသေးသော သူ့ အသက်မှာ လူ့ဘဝ သက်တမ်းအရ အသေ စောသေး သည် မဟုတ်ပါလား ။ ဘဝသက်တမ်း တစ်ဝက်လောက် ကျန် နေသေးသူ တစ်ယောက် အနေနှင့် သူ့ မှာ မျှော်မှန်းချက်တွေ ရှိနေပေလိမ့်မည် ။ ငှက်ပျောပင် ကို ခါးလယ် မှ ပိုင်းဖြတ်လိုက်သလို ရုတ်တရက် လူ့ လောက ကို စွန့်ခွာသွားရသူတစ်ယောက် အတွက် သူ့ ဆန္ဒများ ပြည့်ဝမှု ရှိနိုင်စရာ အကြောင်း မရှိ ။ သည်တော့လည်း ခွဲခွာခဲ့ရသည့် ဘဝအပေါ် သူ့ စိတ်အာရုံက ပြတ်ကောင်းမှ ပြတ်မည် ။ သူ့နားများကို ဖွင့်ကာ နားစွင့်နေပေလိမ့်မည် ။
သည်အတိုင်းပဲ ကျွန်မ ဆွဲ ထားလိုက်သည် ။
“ ဪ … မေ့တော့မလို့ ”
သူ့ နားနှစ်ဖက်တွင် ထူးထူးခြားခြား ကျွန်မ သတိထားမိတာ တစ်ခုရှိသည် ။ နား အဖျားတွင် ဝိုင်းဝိုင်းပြားပြား အနားသတ်ထားသည့် အသား ရှိသည် ။ ကျွန်မ က …
“ ကို့ နားဖျား က ဒီနေရာလေးဟာ နားကပ် ပန်ရင် သိပ်အဆင်ပြေမှာ ၊ တချို့ မိန်းကလေးတွေ မှာ နားဖျားက ကပ် နေတာနဲ့ ကော့လန်နေတာပဲ ၊ နားကပ် ပန်ရင် ကြည့် မကောင်းဘူး ၊ ကို့ နားဖျားကတော့ နားကပ် ပန်ဖို့ နေရာ လုပ် ပေးထားသလိုပဲ ”
ကျွန်မ ကို ပေါက်ပေါက်ရှာရှာ ပြောတတ်သည် ဟု သူ က ရယ်မောရင်း မှတ်ချက်ချဖူးသည် ။ ကျွန်မ အတွက် မှတ်မှတ်ရရ ဖြစ်စရာပါပဲ ။ ဒီနားဖျားကလေး ကို မှတ်မိနေသည့် အတိုင်း ပုံပေါ်အောင် ကျွန်မ ထည့် ကြည့်သည် ။ သိပ်တော့ အဆင် မပြေလှ ။ မျဉ်းကြောင်း ကွေးကွေးလေးများ ကို ဆွဲ ကြည့်လိုက်သည် ။ ကြည့်သူ ကတော့ ဘာမှန်း သိမည် မဟုတ် ။ သိသူ ကတော့ မျက်စိထဲမှာ မြင်နေသည် ။
စက်ဝိုင်းပုံ မျက်နှာ ပုံကြမ်းမှသည် မေးစေ့ ၊ မေးရိုး ၊ နားရွက် တို့ ဆွဲလိုက်ပြီး ဖြစ်၍ မျက်နှာပုံ ပေါ် စ ပြုလာသည် ။ ယခု အပေါ်ပိုင်းမှာ ရှိသည့် စက်ဝိုင်းမျဉ်းတစ်ဝိုက်မှာ ဆံပင် ပုံ ကို ဆွဲရတော့သည် ။
“ ကို … နော် ခေါင်းညှပ်သမား ကို မတိုစေနဲ့လို့ စ ညှပ်ကတည်းက ပြောနော် ၊ တို သွားရင် ဆံပင် ပုံ ပျက်မှာ ”
“ ကျောင်းသား ကတည်းက အောင်ကျော် ကေ နဲ့ နေလာတာကွာ ၊ တို သွားတော့လည်း ဘာဖြစ်လဲ ၊ စိတ်မပူနဲ့ ၊ ဆံပင် ဆိုတာ ညှပ်ပြီးရင် ရှည် လာတတ်တဲ့ အမျိုးပဲ ၊ တိုတို ညှပ်တော့ ကြာကြာ ခံတာပေါ့ ၊ ခေါင်းညှပ်ခတောင် သက်သာသေးကွာ ”
ဟုတ်တော့လည်း ဟုတ်သည် ။ တက္ကသိုလ်ကျောင်းသားဘဝ သူ့ပုံစံက ရှူးသိုးသိုး မှုန်တေတေ ။ ဆံပင်တိုတို ပုဆိုးတိုတိုနှင့် ။ တိုက်ပုံ အမြဲ ဝတ်သည် ။ ထိုစဉ်က အသက် နှစ်ဆယ်ဝန်းကျင် သူ့ ကို လူကြီး ဖြစ်ပြီ ဟု ကျွန်မ စိတ်မှာ ထင်မိသည် ။ ကျွန်မ နှင့် လက်ထပ်ပြီး နောက် သူ့ဆံပင်ပုံစံ ကို ပြောင်းစေခဲ့သည် ။ ပြောင်းခါစက ဆံပင်ရှည်သည်ကိုပင် သူ မနေတတ် ။ ကြာတော့မှ နေသား ကျသွားသည် ။ သူ့ နဖူးဆံစတွင် ဗွေ မရှိသော်လည်း ဆံပင် က ခရုပတ် လို ရစ်နေသည့်အတွက် ရှေ့ က ဆံပင် နဖူးပေါ်သို့ အလိုက်သင့်လျှောကျသည့်အခါ ပုံသဏ္ဌာန်တစ်ခု ဖြစ်နေသည် ။ ကျွန်မ က သည်ပုံစံ ကို …
“ဆံပင်ကျပုံက နံပါတ် ( ၇ ) နဲ့ တူတယ်ဟေ့ ၊ လက်ကီးဆဲဗင်းပေါ့ ”
“ နံပါတ် ၇ တိုင်း လပ်ကီးနံပါတ် မဟုတ်ဘူး ၊ နံပါတ် ၁၃ တိုင်းလည်း အန်လပ်ကီးနံပါတ် မဟုတ်ပါဘူးကွာ ၊ ကို့အတွက်တော့ နံပါတ် ၇ က အန်လပ်ကီး ပဲ ၊ ကို့အချစ်ဆုံး မေမေ က ဇူလိုင်လ ထဲ မှာ ဆုံးတာ ”
သူ ပြောဖူးသည် ကို ကျွန်မ သတိ ရလိုက်သည် ။ ဘာပဲဖြစ်ဖြစ် သူ့ ဆံပင်ပုံ ကို ဆွဲသောအခါ နဖူးပေါ် ကို နံပါတ် ၇ နှင့် တူသော ဆံပင်ခွေ တစ်ခု ကို ချ လိုက်သည် ။ ကိုယ့် အမှတ်အသား နှင့် ကိုယ် ပေါ့ ။
ကဲ … မျက်နှာ ၏ ပြင်ပအစိတ်အပိုင်းများအားလုံး ဆွဲပြီးပြီ ။ မျက်နှာပုံ တစ်ခုတော့ ပေါ်လာပြီ ။ ကိုယ် ဆွဲထားသည့် ပုံ ကို အနီးမှ အဝေးမှ အပြန် အလှန် ကြည့်ပြီး ရှေ့ ဆက် ဆွဲရန် အားတက်လာသည် ။
“ ကြီးကြီး ထမင်းစားချိန် ရောက်ပါပြီ ”
အတူနေသော တူမလေး က အခန်းဝ မှ မရဲတရဲ အသံ ပြုလာသည် ။ ကျွန်မ စိတ်ပျက်သွားသည် ။ အာရုံ ပျက်လိုက်တာ ။ နေ့စဉ် စားရတဲ့ ထမင်းကိုပဲ အလုပ်တစ်ခု လုပ်ကာ စား ရဦးမှာလား ။
“ ငါ မဆာဘူး ၊ သွား… သွား စားပွဲပေါ်မှာသာ အုပ်ထားလိုက် ”
“ ကြီးကြီး ကို အချိန်မှန်ထမင်း ကျွေးဖို့ ၊ ရေချိုးပေးဖို့ ကိုကိုကြီး က မှာ သွားတယ်နော် ”
“ အေးပါအေ ၊ ညည်းကိုကိုကြီး ပြန်လာတော့မှ သူ့ စကားအတိုင်း လုပ်တာပေါ့ ၊ အခု ဒါလေးပဲ ဒါလေးပဲ ”
“ ထမင်း မစား ဟင်း မစားနဲ့ ကိုကိုကြီး အလုပ် လုပ်ရင်တော့ ကြီးကြီး က အတင်းကျွေးပြီးတော့ ၊ အခု ကြီးကြီး က ဘာတွေ လုပ်နေမှန်းလည်း မသိဘူး ၊ အခန်းထဲလည်း ဝင်ခွင့်မပြုဘူး ၊ ကိုကိုကြီး လာရင် ပြောပြမှာပဲ ”
ကလေးမ ကို လက်မြှောက်လိုက်ရသည် ။ ထမင်း စားသောက်ခြင်း ကို ဝတ္တရားတစ်ရပ်လို ဆောင်ရွက်ပြီး ဆွဲလက်စ ပုံတူပန်းချီကား ကို ဆက် ဆွဲရပြန်သည် ။
မျက်နှာ ၏ ပြင်ပအစိတ်အပိုင်းများ ပြီးခဲ့ပြီ ။ အရေးကြီးသည့် အစိတ်အပိုင်းများ ရောက်ပြီ ။ မျက်နှာ ၏ အတွင်းပိုင်း မျက်လုံး ၊ မျက်ခုံး ၊ နှာတံနှင့် ပါးစပ်ဆွဲရမည် ။ ဦးစွာ သူ့မျက်ခုံးများ ။ ချူအင်လိုင်း မျက်ခုံး ဟု ကျွန်မ နောက်ပြောင် အမည်ပေးထားသော သူ့ မျက်ခုံး ထူထူများကို စဆွဲလိုက်သည် ။
“ ကိုတို့ ညီအစ်ကိုတွေ ထဲက တစ်ယောက်ယောက် ကို တွေ့တာနဲ့ ဒီ ညီအစ်ကိုတွေ ထဲ က ဆိုတာ မျက်ခုံး မြင်တာနဲ့ သိကြတယ် ”
တရုတ်ဝန်ကြီးချုပ်ဟောင်း ချူအင်လိုင်း လောက် မဟုတ်သော်လည်း သူ့မျက်ခုံးများ အပြားကြီးကြီးနှင့် ခပ်ထူထူ ဖြစ်၏ ။ မျက်ရိုးက အနည်းငယ် မြင့်သည့်အတွက် မျက်ခုံးထူသည်က ပို၍ ပေါ်လွင်နေသည် ။ မျက်ရိုးမြင့်မြင့် မျက်ခုံးထူထူ ကြောင့် သူ့မျက်လုံးများ မှာ အနည်းငယ် အထဲ ရောက်သယောင် ထင်ရသည် ။ ဓာတ်ပုံ ထဲ မှ သူ့မျက်လုံးများ ကို ကျွန်မ ကြည့်လိုက်သည် ။ ဓာတ်ပုံထဲက သူ့မျက်လုံးများ မှာ ထူးခြားမှု မရှိလှ ။ ပြူးပြူးဝိုင်းဝိုင်းလည်း မဟုတ် ။ မှေးမှေး သေးသေးလည်း မဟုတ် ။ သာမန်ပါပဲ ။ သည်သာမန်မျက်လုံးများ ၏ အတွင်းဘက်မှာကား သူ့ စိတ်သဘော ၊ သူ့ မနော ကို မြင်ရမည် ။ မျက်လုံး သည် စိတ် ၏ တံခါးပေါက် ဟု ဆိုကြသည် မဟုတ်ပါလား ။
“ အခုအချိန်မှာ စီးပွားရှာလို့ အရမ်းကောင်းပေါ့ ၊ ကိုတို့စက်လုပ်ငန်းနဲ့ ဆက်စပ်နေတော့ ပိုအဆင်ပြေတာပေါ့ ၊ စပါးတွေ ဝယ်လှောင်ထား ၊ ဈေးတက်တော့မှ ပြန်ရောင်း ၊ တွက်ခြေကိုက်တဲ့ အလုပ်ပဲ ၊ ဒါပေမဲ့ ဒီနည်းနဲ့ ကိုယ့်သားမယား ကို ရှာမကျွေးချင်ဘူး ၊ လယ်သမားပေါ် ကို နင်းဖိပြီး ကြီးပွားရမယ့် စီးပွားရေးမျိုး ကိုယ် မလုပ်ရက်ဘူး”
စပါးဈေး ကောင်းသည့် တစ်ချိန်က လယ်သမားများ ထံမှ ကြိုတင် ဈေးနှိမ် ဝယ်လှောင်ထားပြီး ဈေးကောင်းရသည့်အချိန် ထုတ်ရောင်း ၊ ကိုယ့်လုပ်ငန်းမှာလည်း စက်လုပ်ငန်းဖြစ်၍ အဆင်ပြေပါလျက် သူ မလုပ် ။ သည်နည်းနှင့် ကျွန်မတို့ စီးပွား မဖြစ်လိုက် ။ ကလေးငယ်နှင့် သက်ကြီးရွယ်အိုများထံမှ ဈေးဝယ်လျှင် ဈေးဆစ်တာ သူ မကြိုက် ။ သူ ၏ ကြင်နာတတ်သော မျက်လုံးများကို ပုံပေါ်အောင် ကျွန်မ ဘယ်လိုဆွဲရပါ့ ။ ခက်တော့ ခက်သည် ။ တစ်ခါတစ်ရံ ထိုနူးညံသိမ်မွေ့သော မျက်လုံးအစုံက စူးရှရဲရင့်သော အကြည့် နှင့် ပြတ်သားတင်းမာစွာ ပြောဆိုတတ်ပြန်သည် ။ တစ်ခါက လူတစ်ယောက်ကို စူးစူးရဲရဲ မျက်လုံးများနှင့် ကြည့်ကာ တင်းတင်းပြတ်ပြတ် ပြောသည် ကို ကြုံဖူးသည် ။
“ ဒီအလုပ်မျိုး ကျုပ် ဘယ်တော့မှ မလုပ်ဘူး ၊ လျှာကို မြက်ပေါက်ချင် ပေါက်ပေစေ ၊ ခင်ဗျားမှာ ဒီလို အတွေးအခေါ်မျိုး ရှိရင် စောစောစီးစီး ကျွန်တော် နဲ့ လမ်းခွဲရမယ် ”
နူးညံ့မှုနှင့် ပြတ်သားရဲရင့်မှု ။ ဝိရောဓိဖြစ်နေသော စိတ်သဘောအားလုံးကို ခြုံငုံမိအောင် ပုံဖော်နိုင်ဖို့ မလွယ်ပါလား ။ ဘာပဲဖြစ်ဖြစ် ဆွဲတတ်သလို ဆွဲကြည့်လိုက်သည် ။ အကြင်နာ မျက်လုံးများ ။ ပြီးတော့ စူးရှရဲရင့်ခြင်း အပြည့်ရှိသည့် အကြည့် ။ သည်နေရာမှာ အခက်ဆုံး ။
“ ကြီးမေ … ကော်ဖီသောက်ချိန် ရောက်ပြီ ”
“ တယ် ဒီကလေးမ ၊ ငါ့ကို ဘာမှ လာမကျွေးနဲ့ ၊ ကော်ဖီလည်း မသောက်ဘူး ၊ ထမင်းလည်း မစားဘူး ၊ တံခါးလည်း လာ မခေါက်နဲ့ ”
တူမ ကို အော်ငေါက်ပစ်လိုက်ပြီး တံခါးပိတ်ထားလိုက်သည် ။ သည်နေ့ ည အပြီး ဆွဲရမည် ။ မနက်ဖြန်ဆွဲလျှင် ခရီးထွက်သွားသော သား ရောက်လာတော့မည် ။ အမေ့ ကျန်းမာရေး အတွက် စိုးရိမ်စိတ်ဖြင့် ဟိုဟာ မလုပ်ပါနဲ့ ၊ သည်ဟာ မလုပ်ပါနဲ့ တားမြစ်ချက်တွေ လာတော့မည် ။ သူ မရှိတုန်း လွတ်လွတ်လပ်လပ် ကိုယ် လုပ်ချင်တာလေး လုပ်ရတာ ။ အော်ငေါက်ပစ်လိုက်၍ ကလေးမလေး ငုံ့ပြီး ထွက်သွားသည် ။
ကျွန်မ က ဆွဲလက်စ မျက်လုံးနေရာ အတွက် ဦးနှောက် စားနေပြီ ။ မျက်လုံး ဆိုတော့ ရှည်မျောမျောသဏ္ဌာန်ကလေးတွင် အလယ် က သူငယ်အိမ် အနက်ကလေး ထည့်လိုက်ရုံနှင့် ပြီးပြည့်စုံပါ့မလား ။ သည့်ထက် ပို၍ ကျွန်မ မဆွဲတတ်တော့ ။ ခဲခြစ်ရာလေးများ ဟိုနားဖြည့် သည်နားဖြည့် ဖြည့်ပြီး အဝေး က ခွာကြည့်သည် ။ ကြည့်ရင်း ကြည့်ရင်း သူ့ မျက်လုံးများက အသက်ဝင် လှုပ်ရှားလာသည် ။ ရပြီ ။ ကျွန်မ သိနေသည့် သူ့ မျက်လုံးများ ကို ကျွန်မ ဆွဲ နိုင်ပြီ ။ ညနေအတော် စောင်းမှ ကျွန်မ ဟင်း ချနိုင်သည် ။
အင်း မျက်နှာ ၏ အစိတ်အပိုင်းများ အတော်ပြည့်စုံပြီ ။ နှာခေါင်း နှင့် ပါးစပ် ပဲ ကျန် တော့သည် ။ သူ့ နှာခေါင်း က သေးသေးချွန်ချွန် မဟုတ် ။ လုံးလုံးပေါ်ပေါ်နှင့် ။ အဖျားနားတွင် အနည်းငယ် ကြီးသယောင် ရှိသည် ။ သူ့ အမေ နှာခေါင်းနှင့် ချွတ်စွပ်တူသည် ။ သူ့ အမေ ကို ကျွန်မ မဆုံလိုက်ရသော်လည်း ဓာတ်ပုံတွေ့ဖူးသည် ။ ပါးပါးလျားလျား မျက်နှာတွင် သူ့ နှာခေါင်း အထင်ရှားဆုံး ။ လူ ပုံမှာ နှာခေါင်း ဆွဲရတာ အလွယ်ဆုံး ထင်ပါရဲ့ ။ သိပ်ဦးနှောက် မခြောက်ဘဲ သူ့နှာခေါင်း ကို ဆွဲလိုက်နိုင်သည် ။
သူ့ တစ်မျက်နှာလုံးတွင် နောက်ဆုံး အရေးကြီးသည့် အစိတ်အပိုင်း ရောက်လာပြီ ။ ကျွန်မ က သူ့ ဓာတ်ပုံ ကို ကြည့်လိုက်သည် ။ ဓာတ်ပုံမှာ ပါ့စ်ပို့ ပုံ ကို ပုံကြီး ချဲ့ထားခြင်း ဖြစ်၍ မရယ်မပြုံး ။ နှုတ်ခမ်း နှစ်လွှာ က တင်းတင်း စေ့ နေသည် ။
အပြင်မှာလည်း သူ သည် နှုတ်ခမ်း ကို စေ့ထားလျှင် မျက်နှာထားက တင်းမာသယောင် ထင် ရသည် ။ နှုတ်ခမ်းလွှာ နှစ်ခု ကို ဖွင့်ပြီး ပြုံးလိုက်လျှင်မူ သိမ်မွေ့သော သူ့ အတွင်းမနော ကို လှစ်ခနဲ မြင်နိုင်သည် ။ သူ့နှုတ်ခမ်း ကို တော့ ကျွန်မ အထူးပြု ရေးဆွဲရမည် ။ သည် နှုတ်ခမ်းနှစ်လွှာ မှ ထွက်ပေါ်ခဲ့သည့် သူ့ ချစ်စကားများ ကို ဘယ်လို မေ့ နိုင်ပါ့မလဲ ။ တစ်ယောက်တည်း ကို သာ ချစ်စကား ပြော ခဲ့သည် ။ တစ်ယောက်တည်း ကိုပင် စွဲစွဲမြဲမြဲ သူ ချစ်ခဲ့သည် ။ မယုံစရာ မရှိ ။ သူ နှင့် ကျွန်မ က ငယ်စဉ်ကတည်းက တစ်မြို့တည်း ၊ တစ်ကျောင်းတည်း နေပြီး ရင်းနှီးခင်မင်ခဲ့ကြသူများ ဖြစ်ကြသည် ။ တစ်ယောက် အကြောင်း တစ်ယောက် မသိချင်မှ အဆုံး ။ သည်လောက် အနီးကပ် နီးစပ်နေသူ ကိုပင် ချစ်စကား ပြောဖြစ်ဖို့ နှစ် နှင့် ချီ၍ အချိန် ယူခဲ့သည် ။ ဖူးစာရှိ၍သာ တော် တော့သည် ။ ဖွဟဲ့ဆိုပြီး လွဲများလွဲခဲ့ရလျှင် ပွင့်ဟရန် ခက်သော သူ့နှုတ်ခမ်းများ ကို အပြစ် တင်ဖို့ ရှိတော့သည် ။
ကျွန်မ ကို ကလည်း လူကဲခတ် ညံ့သည် ။ မောင်နှမအရင်းအချာ မဟုတ်ဘဲ အစ်ကို တစ်ယောက် လို အစစအရာရာ အနွံအတာ ခံကာ ဂရုတစိုက် ရှိသည် ကို ရိပ်မိရကောင်းမှန်း မသိ ။ သူ ချစ်နေကြောင်း ကတုန်ကယင်နှင့် ပြောလာသည့် တိုင်အောင် အံ့ဩစရာ ၊ မယုံကြည်နိုင်စရာ ဟု ထင်ခဲ့သေးသည် ။
“ ကိုယ့် ကို စိတ်ဆိုးသွားလားဟင် ၊ ကိုယ် သိတယ် ၊ ဒီစကားမျိုး ကိုယ် မပြောသင့်ဘူး ၊ ကိုယ် စောင့်ထိန်းရမယ့် ဝတ္တရားရှိတယ် ၊ ဒါပေမဲ့ ကိုယ် … ကိုယ် မျိုသိပ်မထားနိုင်တော့ဘူး ”
ချစ်စကား ပြောမိသည်ကိုပင် အပြစ်ကြီး တစ်ခု ကျူးလွန်မိသလို လှုပ်လှုပ်ရှားရှား ဖြစ်နေပုံကို ယနေ့ထိ မှတ်မိနေသေးသည် ။
ဓာတ်ပုံ ထဲ မှ တင်းတင်းစေ့ထားသော သူ့ နှုတ်ခမ်းများအစား ပြုံးယောင်ယောင်နှုတ်ခမ်းများ ဖြစ်အောင် ကျွန်မ ဆွဲ လိုက်သည် ။ မဟုတ်သေးပါဘူး ။ မေးစေ့လေးထောင့်အပေါ်မှာ ပြုံးစစနှုတ်ခမ်းတွေက ဘယ်လိုလိုက်ဖက်မှာလဲ ။ သူ့ အတိုင်းပဲ ကောင်းပါတယ် ။
စိတ်ကူး ပြောင်းလိုက်ကာ ဆွဲပြီးသား နှုတ်ခမ်းပုံ ကို ကျွန်မ ဖျက် ပစ်လိုက်သည် ။ ပြီးမှ ဓာတ်ပုံ ထဲက အတိုင်း တင်းတင်း စေ့ထားသော နှုတ်ခမ်းများ ကို ပြန် ပြင်ဆွဲလိုက်သည် ။ ဟုတ်ပြီ ဆိုခဲစေ .. မြဲစေ ဆိုသည့် စကားနှင့်ညီသည့် နှုတ်ခမ်းများ က သူ နှင့် အလိုက်ဖက်ဆုံးပါပဲ ။ သူ နှင့် ရင်းရင်းနှီးနှီး ပေါင်းသင်းဖူး သူတိုင်း လက်ခံကြမှာပါ ။
••••• ••••• •••••
နံနက် စောစောကတည်းက သား ပြန်အလာ ကို ကျွန်မ မျှော်စောင့်နေသည် ။ သူ ပြန်ရောက်မည့် အချိန် ကို အတိအကျ မသိရသော်လည်း ယနေ့ ပြန်ရောက်မည် ဖြစ်ကြောင်း အကြောင်းကြားထား၍ တံခါးပေါက် ဆီသို့သာ အာရုံ ရောက်နေသည် ။
မွန်းမတည့်မီ သား ပြန်ရောက်လာသည် ။
“ သား ပြန်လာပါပြီ မေမေ ”
“ မင်းတို့ ခရီးများ ဆက်ကြဦးမလားလို့ ”
“ ဆရာကြီးတွေ က ဆက်ချင်ကြတယ် ၊ သား က အလုပ်တွေ ရှိလို့ ဆက်မလိုက်နိုင်ဘူးဆိုတော့ သူတို့လည်း ပြန်လိုက်လာကြတယ် ”
“ ဟောပြောပွဲ အခြေအနေက ဘယ့်နှယ်လဲ ”
“ ကောင်းတယ် မေမေ ၊ မျှော်မှန်းထားတာထက် အများကြီး အောင်မြင်ပါတယ် ၊ အမှန်ပြောရရင် သားက တစ်ခါမှ ဟောဖူး ပြောဖူးတာ မဟုတ်တော့ စိတ်မရဲဘူး ၊ ဒါကြောင့် ဆရာကြီးတွေ က သား ကို ရှေ့ က ဟောခိုင်းတယ် ၊ ပန်းချီအကြောင်း ဆိုတော့ လူတွေ စိတ်ဝင်စားပါ့မလားလို့ သား က စိတ် ပူတယ်လေ ၊ ဟောတဲ့ အခါကျတော့ ကိုယ့် လေ့လာထားတာတွေနဲ့ ကိုယ့် အတွေ့အကြုံ ခံစားမှုတွေနဲ့ ပေါင်းစပ် ပြောတော့ ပြောရင်းနဲ့ ကိုယ်တိုင် အားပါးတရ ရှိလာတယ် ၊ ပရိသတ် ကလည်း စိတ်ဝင်တစား နားထောင်ကြတာတွေ့လို့ တော်တော် အားတက်လာတာပေါ့ ၊ ဆရာကြီးတွေကတောင် ထုတ်ချီးကျူးကြတယ်ဆိုတော့ အောင်မြင်တယ် ခေါ်ရမှာပေါ့နော် မေမေ ”
သား က သူ့ ဟောပြောပွဲ ခရီးစဉ်အတွက် ကျေနပ်အားရ ဖြစ်နေသည် ။ သူ့စကား ကြားရ၍ အမေ ဖြစ်သူ ကျွန်မ လည်း ဂုဏ်ယူဝမ်းမြောက်မိသည် ။
“ ပစ္စည်းတွေ သွားထားလိုက်ဦးမယ်နော် ၊ သား က လက်တွေ့ ပုံတူ ဆွဲပြချင်လို့ ပုံဆွဲပစ္စည်းတွေ ထည့်သွားတာ ”
သား က သူ့ ပန်းချီခန်း ကို တန်းတန်းမတ်မတ် ဝင်သွားသည် ။ သူ့ နောက်က ကျွန်မ လိုက်သွားလိုက်သည် ။ ထင်ထားသည့်အတိုင်းပင် စားပွဲပေါ်မှ လက်စသတ် ဆွဲပြီးသွားသော ကျွန်မ လက်ရာ ပုံတူပန်းချီကား ကို မြင်သွားသည် ။
“ ဒါ … ဘယ်သူ ဆွဲထားတာလဲ ၊ ဘယ်သူ့ ပုံလဲ ”
“ မေမေ ဆွဲထားတာ ၊ မင်းအဖေ့ ပုံတူလေ ”
ကျွန်မ က ဂုဏ်ယူဝင့်ကြွားစွာ ဖြေလိုက်သည် ။
“ မေမေ ပန်းချီဆွဲတယ် ဟုတ်လား ၊ ဘယ်တုန်းက ဆွဲဖူးလို့လဲ ၊ ဒါ ဖေဖေ့ ပုံ ”
“ ပန်းချီဆရာ ရဲ့ အမေ ပဲကွယ် ၊ ဒီလောက်တော့ ဖြစ်ပါတယ် ”
သား က ကျွန်မ ဆွဲထားသည့် ပန်းချီကားကို လက်နှစ်ဖက် နှင့် ကိုင်ကာ စေ့စေ့ ကြည့်နေသည် ။ သူ လည်း သိမှာပါပဲ ။ သူ့ အဖေ ရဲ့ မျက်နှာ ပုံတူ ပဲလေ ။ သူ့အဖေ ရဲ့ မျက်လုံး ၊ နှာခေါင်း ၊ မေးစေ့ စသည်ဖြင့် အသေးစိတ်များကို သူ သိနေတာပဲ ။
သား က ပန်းချီကားချပ် ကို ပြန် ချထားလိုက်ပြီး ကျွန်မနှင့် မျက်နှာချင်း ဆိုင်လိုက်သည် ။ ကျွန်မ မျက်နှာ ကို အကြာကြီး စိုက်ကြည့်နေရာမှ ရုတ်တရက် ဒူးထောက် ထိုင်ချလိုက်ပြီး ခြေထောက်နှစ်ဖက် ကို တင်းတင်းဖက်ကာ ရှိုက်ကြီးတငင် ငိုချလိုက်သည် ။
“ ဟဲ့ … ဟဲ့ … အို … ဘယ်လိုဖြစ်တာလဲ ”
“ မေမေ သား မလိမ္မာပါဘူး ၊ အသုံးမကျဘူး ၊ ပန်းချီဆရာတစ်ယောက် ဖြစ်ပြီး အဖေ့ပုံတူ ကို ခုထိ မဆွဲပေးခဲ့ဘူး ”
“ သား မှာ အလုပ်တွေ များနေတာကိုး ၊ မေမေ နားလည်ပါတယ် ၊ ဒါကြောင့် မေမေ့ဘာသာ ဆွဲလိုက်တာပေါ့ ၊ မနက်ဖြန်ဆိုရင် မင်း အဖေ ၁၀ နှစ် ပြည့်တဲ့ နှစ်လေ ၊ အမှတ်တရ သူ့ ပုံတူ ပေါ့ ၊ ဘယ့်နှယ်လဲ ၊ မေမေ ဆွဲထားတာ ဖေဖေ နဲ့ တူရဲ့လား ”
“ တူတာပေါ့ မေမေ ရယ် ၊ အင်မတန် တော်ပါတယ်ဆိုတဲ့ ပန်းချီဆရာ တောင် မေမေ့လောက် ဖေဖေ့ ပုံ ကို တူအောင် ဆွဲနိုင်မှာ မဟုတ်ပါဘူး ”
သား ကတော့ အမွှန်းတင်လွန်းပြီ ။ နာမည် အတော်အတန် ရနေပြီ ဖြစ်သော ပန်းချီဆရာတစ်ယောက် ဖြစ်သည့် ကျွန်မသား ၏ ချီးမွမ်းစကား သည် အလကားတော့ မဟုတ်တန်ရာ ။
သူ နောက်တစ်ကြိမ် ပန်းချီဆရာအကြောင်း ဟောပြောလျှင် ပန်းချီပညာမတတ်ဘဲ သူ့ အဖေ ပုံ ကို ပုံတူ ဆွဲနိုင်သော သူ့ အမေအကြောင်း ထည့်သွင်း ဟောပြောပေလိမ့်မည် ။
◾ခင်လှိုင်ကြူ
📖 မဟေသီမဂ္ဂဇင်း
၁၉၉၉ ၊ ဒီဇင်ဘာလ
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment