Wednesday, March 16, 2022

လရောင် လင်းပါစေ … နှင်းဆီ သင်းပါစေ


 

❝ လရောင် လင်းပါစေ … နှင်းဆီ သင်းပါစေ ❞

ကိုလွင်ဦး သည် ချွေးပြန်စ ပြု၏ ။ လူသူ အဝင်အထွက် များသော စားသောက်ဆိုင် တစ်ဆိုင် မှာ စားပွဲတစ် လုံး နှင့် တစ်ယောက် တည်း ထိုင် နေရတာလောက် ကြောင်တောင်တောင် ငေါင်းစင်းစင်း ဖြစ်တာ မရှိ ။

“ နေခြည် ရက်စ်တောရင့် ” ဟု ဖုန်း ထဲ က အသေအချာ ပြောပြလိုက်သည် ကို သည် မိန်းကလေး နားကြား တော့ မလွဲတန်ရာ ။ သူ ဖုန်းဆက်နေသည် ဆိုသော နေရာ နှင့် အနီးဆုံး စားသောက်ဆိုင် ကို တမင် ရွေး ချယ်ခဲ့ခြင်း ဖြစ်သည် ။ သန့်ပြန့်လွတ်လပ်ရုံမက မိန်းကလေးတစ်ယောက် အတွက် သိက္ခာ ရှိရှိ ထိုင်လို့ ကောင်းမည့် နေရာ ။

ကိုယ် ကတော့ ခုအထိ အမွန်အမြတ် ရှိဆဲပါ မြနှင်းဆီ ။ အဲ … ဆောရီး မြ ရယ် ။

လွန်ခဲ့သော ဆယ်နှစ် ကျော် က မြ ပြောလေ့ ရှိသည့် စကားတွေ ကို ခုပင် နား နား ကပ် ပြောနေသလို အပီ အပြင် ကြားနေရ၏ ။

“ မြ လို့ ပဲ ခေါ်စမ်းပါ မောင် ရာ ၊ အဲဒီ နှင်းဆီ ဆိုတာကြီး မုန်းလွန်းလို့ ၊ ပန်း တကာ့ ပန်း ထဲမှာ အင်မတန် ကိန်းကြီး ခန်းကြီးနိုင်တဲ့ ပန်း ၊ အဖေ အမေ မှည့်ထားတဲ့ နာမည် မို့ သာ မကောင်းတတ်လို့ ယူ ထားရတာ ၊ မြ တော့ မြ တစ်လုံး တည်းပဲ ကြိုက်ပါတယ် ၊ မြ ဆိုတာက ထက်မြက်တဲ့ သဘော ၊ မာကျောတဲ့ သဘော ”

စကား ကြွယ်၍ ဖွယ်ဖွယ် ရာရာ ပြောတတ် ဆိုတတ်သော မြ ၊ သူ နှင့် ရွယ်တူ တန်းတူ မိန်းကလေးများ က “ သိပ် စကားများ တာ ပဲ ” ဟု နှုတ်ခမ်း တွန့်မယောင် ပြုကြတာတွေ သတိရသည် ။ မြ ကလည်း ဘဝတူ မိန်းကလေး ချင်း သိပ် အစေး မကပ်လှ ။ ယောက်ျားသားတွေ နှင့် အပေါင်းအသင်း များသည် ။

“ မိန်းမ ဆန်လွန်းတဲ့ မိန်းမတွေ ကို မြ ကြည့်လို့ မရဘူး ။ အင်းလေ … သူတို့ကလည်း မြ ကို ကြည့်လို့ ရမှာ မဟုတ်ပါဘူး ၊ တစ်ယောက် နဲ့ တစ်ယောက် ကြည့်လို့ ရမှာ မဟုတ်တဲ့ အတူတူတော့ မကြည့်ဘဲ နေလိုက် ကြတာ အကောင်းဆုံးပေါ့ ”

သည် လက်သုံးစကား တစ်ခွန်း ကို အမြဲအမြံ ဆုပ်ပြီး ယောက်ျားကလေး အပေါင်းအသင်းတွေ နှင့် လက်ဖက်ရည်ဆိုင် ထိုင် ရခြင်းကို မြ မွေ့လျော်သည် ။ စိတ်လိုလျှင် ယောက်ျားတစ်အုပ် နှင့် ရုပ်ရှင် ကြည့်ဖို့ ဝန် မလေး ။ ၃၂ လမ်း ၊ ၃၃လမ်း တစ်ဝိုက် က စာအုပ်ဈေးကွက် မှာ ၊ ပန်းချီပြပွဲခန်းမတွေ မှာ ၊ ပွဲကြီးလမ်းကြီး တွေ မှာ ယောက်ျားသားတွေ ထဲ ထိုးထိုး ထောင်ထောင် ပါလာတတ်သည်ကို နေမထိ ၊ ထိုင်မထိ ကြည့်နေ ရသည် မှာ ဆယ်နှစ်ကျော်မျှ မကပြီ ။

“ မုတ်သုံ မဂ္ဂဇင်း ” ၏ လက်ထောက်အယ်ဒီတာ ဘဝ မှာ ကိုလွင်ဦး သည် မိန်းကလေး ကိစ္စ နှင့် နာမည် မငြိ စွန်း ရအောင် အထူးသဖြင့် ဆင်ခြင်လာခဲ့၏ ။ မိန်းကလေးတွေ ကို အထင် မသေးချင်သော်လည်း မိမိ အယ်ဒီတာ ဘဝ အတွေ့အကြုံ အရ မိန်းမ ဆိုတာ နည်းနည်း သတိတော့ ထားမှ ဖြစ်မည် ဟု နားလည်နေ သည် ။ ထင်ရှား ကျော်ကြားမှု ကို တပ်မက်သည့် ပုထုဇဉ်တွေထဲ မှာ ယောက်ျား ထက် မိန်းမသားတွေ က ပိုပြီး ဖျပ်ဖျပ်လူး နေသည်ဟု မြင်နေလေသည် ။ ထို့ကြောင့် မဂ္ဂဇင်းတိုက် မှာ ဆက်ဆံလာသမျှ အမျိုး သမီးတွေ ကို တိုက် တံစက်မြိတ် လွန်လျှင် စေ့စေ့ မကြည့်မိအောင် အတတ်နိုင်ဆုံး ရှောင်သည် ။

သို့သော် သည် တစ်ယောက် ကိုတော့ … ၊ မြ ကို တော့ တစ်နေရာမှာ ချိန်းမိချေပြီ ။ စောင့်စည်းလာခဲ့သမျှ အယ်ဒီတာ သိက္ခာ လျော့ပြေခဲ့ပြီ လား ။ ကိုလွင်ဦး သည် လိပ်ပြာ မလုံခြုံစွာ ခေါင်း ကို ဆတ်၍ အတွေးစ ကို ဖြတ် ပစ် လိုက်သည် ။

စားသောက်ခန်းမ ၏ ထောင့်ကျကျစားပွဲ တွင် နေရာယူ ထိုင်နေခဲ့သည်မှာ နာရီဝက် နီးပါး ရှိရော့မည် ။ မျက်မှန်း တန်းမိနေကြပြီ ဖြစ်သော ဧည့်ကြိုလုလင်ကလေးတွေ ကို “ မိတ်ဆွေတစ်ယောက် စောင့်လိုက်ဦး မယ် ကွာ ” ဟု သတင်း ပို့ရင်း ရေခဲရေ တစ်ချိုင့် တောင်း ထားလိုက်သည် ။ ကောင်တာမှာ ထိုင်နေသည့် မရွှေရည် ကလည်း သူ့ အလုပ်နှင့် သူ ရှုပ်နေသည်မို့ မိမိ ထံ လာပြီး ဧည့်ထောက် မခံနိုင် ။

ခါတိုင်း ဆိုလျှင် ဘယ်သူမျှ မအားလျှင်တောင် သူငယ်ချင်း ကိုချစ်ချမ်းအေး က ခဏဖြစ်စေ နှုတ်ဆက် စကား လောက် လာ ပြောတတ်မြဲ ။ နေခြည်ရက်စ်တော့ရင့် ပိုင်ရှင် ကိုချစ်ချမ်းအေး မှာ ဂီတသမား မို့ စကားပြော ရတာ နွေးနွေး ထွေးထွေး ရှိသည် ။ ဘာသာစကား ချင်း တူသည် ဆိုတာ ဒါပဲ ဖြစ်မည် ။

တစ်ယောက်တည်း ကြောင်နေရာက သူငယ်ချင်း ကို သတိရပြီး ကောင်တာဆီသို့ ထ လျှောက်လာခဲ့ သည် ။ မရွှေရည် က ငွေစက္ကူချပ်များ ကို တဖျပ်ဖျပ် ရေတွက်ရင်း အပြုံးများ ကို သူ့ ဆီ ပို့လွှတ်၍ ကြိုသည် ။

“ ကိုချစ်ချမ်းအေး တစ်ယောက် ဘယ် ပျောက်နေသလဲဗျ”

“ ဪ… ဒီကို မလာတာ နှစ်ပတ် ရှိပြီလေ ။ စီးရီး ထွက်တော့မယ် မဟုတ်လား ၊ အလုပ် ရှုပ် နေမှာပေါ့ ”

မရွှေရည် ခေါင်း ဆတ်ပြလိုက်သော နံရံကပ် ပိုစတာကို အမှတ်မထင် လှမ်းကြည့်မိသည် ။ ခိုင်ဝါ ၊ နေခြည် ဗစ်တာခင်ညို ဆိုသော စာလုံးကြီး တွေ ကို “ လှမ်း ” ဖတ်ကြည့်ကာ တစ်ချက်တည်း သဘော ပေါက်သွား လေသည် ။ ထိုစီးရီး ကို စီစဉ်ထုတ်လုပ်နေသည့် အကြောင်း သူ ပြောပြထားဖူးသည် ။

စိတ် ခပ်ပျက်ပျက် နှင့် လက် မှ နာရီ ကို ငုံ့ကြည့်သည် ။ အိုး … လေးနာရီခွဲ ဖို့ မိနစ်နှစ်ဆယ် တောင် လိုသေး တာပါလား ၊ မိမိ စိတ်စောနေသည့်အဖြစ်ကို ခုမှ သတိထားမိသည် ။

ဟုတ်ပါရဲ့ ။ မြ က အမြဲ တိကျတတ်သူပါ ။ ဘယ်တော့မှ နောက် မကျတတ်သလို ဘယ်တော့မှလည်း စော လေ့ မရှိပါဘူး ။

မြ က သွေး အေးသည် ။ မိမိသာ ဆန္ဒ စောတတ်သူ ၊ စိတ်လှုပ်ရှားလွယ်ကူ သူ ဖြစ်လေသည် ။ ကိုလွင်ဦး သည် မလုံမလဲ ပြုံးလိုက်ကာ မိမိ စားပွဲသို့ ပြန် လျှောက်လာခဲ့၏ ။ ဝိတ်တာ ကို လက်ပြ ခေါ်လိုက်ပြီး ဘီယာ တစ်လုံး မှာသည် ။ မိနစ်နှစ်ဆယ်လောက် စောင့်ရဦးမှာ ဆိုတော့ ဘီယာတစ်လုံး လောက် ဆွဲ သောက်နေ လိုက်မည် ။

“ အစားအသောက် ကို ကြို မှာထားရင် ပို အဆင်ပြေမယ် ဆရာ”

“ နေပါဦးကွာ ၊ အချိန် နည်းနည်း စောနေသေးလို့ ။ ငါ က အများကြီး စော ရောက်နေတာကွ ၊ ငါ့ ဧည့်သည် က အင်မတန် တိကျတာ ၊ သူ က ဘိုလို လာ မှာ ၊ ငါ က မြန်မာစံတော်ချိန် နဲ့ မြန်မာ လို လာ မိလို့ ”

မပြုံးမရယ် ခပ်တည်တည် ပြောလိုက်သော ပြက်လုံး ကို ဝိတ်တာကလေးက အသံ ထွက်အောင် ရယ်ရင်း သဘောကျ နေ၏ ။

“ ဒါဖြင့် ဆရာ့ အတွက် အမြည်း ”

“ အေး … ငါးမုန့်ကြော် တစ်ပွဲ ပဲ ယူခဲ့ဦးကွာ ”

အိတ်ကပ် ကို အမှတ်မထင် ဖိရင်း မှာလိုက်သည် ။ အမှန်တော့ ငါးရှဉ့်ခြောက်ကြော်လေး တစ်ပွဲလောက် မှာ ချင်သေး၏ ။ အင်မတန် ကြိုက်သည့် ငါးရှဉ့်ခြောက်ကြော် မှာ ဈေး ကြီးလှ၏ ။ ငါးမုန့် နှင့်ပဲ အာသာ ဖြေရ တော့မည် ။ မြ ကို ညစာ ကျွေးမည် ဟု ပိုင်းဖြတ်ထားသည်မို့ အိတ်ကပ် ထဲ က ရာတန်ကလေး တစ်ရွက် ကို စိတ်တွက် နှင့် ဖျက် သုံးနေရသည် ။ မနက် က အိတ်ထဲ မှာ ငွေတစ်ရာ့ငါးဆယ် လောက် ပါခဲ့သည် ။ မိန်းမ မှာ လိုက်သော မီးနေခန်းသုံး ပစ္စည်း ပစ္စယ အတိုအထွာတွေ ဝယ်ဖို့ ဖြစ်လေသည် ။ အေးမူ မျက်နှာ ကို ကွက် ခနဲ မြင်၏ ။ ရင်ထဲမှာ လှုပ်သွားပြီး လက်ထဲက ဖန်ခွက် လွတ် ကျမတတ် ဖြစ်သွား သည် ။ ဖိတ်စင်သွားသော ဘီယာတစ်စက် ၊ နှစ်စက် ကို မသိကျိုးကျွန် ပြုကာ ကိုယ့် ကိုယ် ကိုယ် ဟန် မပျက်အောင် ထိန်းရင်း ဆက်သောက်နေရသည် ။

သို့သော် အေးမူ မျက်နှာက ဘီယာမြှုပ်တွေကြား မှာ မြုပ်ချည် ပေါ်ချည် ။

နေ့စေ့လစေ့ ကိုယ်ဝန် နှင့် လေးလံပန်းလျကာ နားထင်တွေ ကျနေပြီဖြစ်သော မယားသည် အေးမူ ရဲ့ မျက်နှာ ။ ကိုယ်ဝန် ကို တအင့်အင့် သယ်ပိုးရင်း နှင်းဆီခင်းတွေ ကြားမှာ ပေါင်းသင်မြက်နုတ် တကုပ်ကုပ်နေမည့် အသွင် အလျာ ။

“ ဟိုတစ်နှစ်က လို ပိုး မကျအောင် ဂရု စိုက်ရမယ် အစ်ကို ရေ့ ၊ ပိုး သာ မကိုက်ဘူး ဆိုရင် တအားပဲ ။ အပင် တွေလည်း သန် မှ သန် ၊ ဖူးတံတွေကလည်း ထွက် မှ ထွက် ၊ ဒီနှစ် တအား ကို ပွင့် မှာ သိလား ။ ဒါမှလည်း ဖြစ် မှာ အစ်ကို ၊ အေးမူ က ပုစုခရုကလေး နှစ်ကောင် နဲ့ ဂျင်ခြေလည်ဦးမှာ ၊ ဈေးဆိုင် ကို ဟုတ်တိပတ်တိ ကြည့်နိုင် ဦးမှာ မဟုတ်ဘူး ၊ ဒီအတောအတွင်း ပန်းခင်းလေးပဲ အားကိုး စား ရမှာ”

ထက်သန် တက်ကြွလွန်းသော အေးမူ အသံ လွင်လွင်ကလေး ရင်ထဲမှာ ရိုက်ခတ်လာသည် ။ ပန်းခင်း လေးပဲ အားကိုး စား ရမှာ ဆိုသော စကား ကို စောဒက မတက်ဝံ့ ။ မိမိ ၏ မဂ္ဂဇင်း က ခုတလော သိပ် အခြေ အနေ မကောင်းလှ ။ ခုတလော ဆိုသည်မှာ မိမိ အယ်ဒီတာ တစ်သက် ၊ ဆယ်စုနှစ်ဝက် မက ကျော်ပြီလေ ၊ မဂ္ဂဇင်း က ချည့်နဲ့နဲ့ မို့ မိမိ အယ်ဒီတာ လစာ ဆိုတာလည်း ထုတ် မပြောရဲအောင် ရှိသည် ။ ကလေး နှစ်ယောက် ရှိသော အိမ်ထောင့်ဝန် ကို အေးမူ က အိမ်ဆိုင်ကလေး တည်ကာ ၊ ပန်းခင်းကလေး စိုက်ကာ ဖြင့် တစ်တပ်တစ်အား ဖြည့်ဆည်း ရှာ၍ တော်တော့သည် ။

ဘယ်တော့ ဖျက်ပြေးရမည်လဲဟု ရင်တမမ နေနေရသော ဂွတ္တလစ် နှင့် အနောက်ရန်ကင်း ကြားက ကျူး ကျော်မြေကွက်ကျယ်ကြီး ထဲ မှာ ကိုလွင်ဦး တို့ လင်မယားက ဝါးအိမ်ကလေးတစ်လုံး နှင့် ဧကဝက် ခန့် နှင်းဆီခြံ ကို ပိုင်ဆိုင်ကြလေသည် ။ သက်ဆိုင်ရာက မနှင်သေးသရွေ့တော့ အိမ်ပိုင်ရှင် ၊ ခြံကြီးရှင် အဖြစ် ရင် တထိတ်ထိတ် လက်မထောင်နိုင်သည် ။ အေးမူ ကတော့ ပိုက်ဆံ ကို ချွေနိုင်သမျှ ချွေပြီး စုနိုင်သ လောက် စုနေသည် ။ သည်နေရာက ပြေးရလျှင် ကလေးလူမမည်တွေ နှင့် ခွေးတိုးဝက်ဝင် ဖြစ်မည် စိုးရှာ သည် ။ ရပ်ကွက် နုပ်နုပ် မှာ တဲစုတ်ကလေး တစ်ခြမ်းလောက် ငှား နေဖို့ပင် ထောင် ဂဏန်း လောက် အနည်းဆုံး စပေါ် တင် ရမည် မဟုတ်လား ။ ခုတလောတော့ အေးမူ ပိုက်ဆံ အသုံး တော်တော် ရက်ရောနေလေသည် ။

သည်လိုချည်းပါပဲ ။ သည် မိန်းမ ကလေး တစ်ခါမွေးမည် ကြံတိုင်း နည်းနည်းတော့ ပုံကြီး ချဲ့ချင်လေ့ ရှိသည် ။ မမွေးခင် ကတည်း က စိတ်ကူးတွေ တယဉ်ယဉ်နှင့် မွေးလာမည့် ကလေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ အသေးစိတ် လုပ်မြဲ ။ ဆေးရုံတက် မီးဖွားလျှင် တစ်ပါတည်း ယူသွားဖို့ ပစ္စည်းတွေမှာ ကြိမ်ခြင်းတစ်လုံး နှင့် ကိုယ်ဝန် ခြောက်လကျော် လောက်ကတည်းက အသင့် ပြင်ပြီးသား ။ ထို ခြင်း ထဲ မှာ သူ့ အဝတ်အစား သုံးစုံလောက် ၊ ကလေး အနှီး ၊ ကလေးအင်္ကျီ ၊ ပလတ်စတစ် အိပ်ရာခင်း စသည့် အသုံးအဆောင်တွေ ကို ပလတ်စတစ် အိတ် အသီးသီး မှာ ပရုတ်လုံး တစ်ပါတည်း ထည့် ၍ မီး ဖြင့် အသေ ပိတ်ထားပြီးသား ။ အေးမူ က အင်မတန် စေ့စပ် သေချာတာတော့ အမှန်ပင် ။ ဆေးရုံမီးဖွားချိန် မှာ အရေးပေါ် သုံးရမည့် “ ချုပ်ကြိုး ” တို့ ၊ “ ဆီ ” တို့ က အစ ပြည့်စုံအောင် ထည့်သွားလေ့ ရှိသည် ။

“ ဒါတွေ ကိုယ့် မှာ မပြည့်စုံရင် မျက်နှာငယ်တယ် အစ်ကို ရေ့ ၊ မရှိ ရှိတာနဲ့ အဖြစ် လုပ်ပေးလိုက်ရင်လည်း ကိုယ် ပဲ ခံရမှာ ၊ အဲဒီတော့ ပိုပိုသာသာလေး ယူသွားရင် မျက်နှာ ရတယ် ၊ ကလေး ရေချိုးဖို့ “ ဆီ ” ဆိုရင် ကုန်လှ ငါးကျပ်သားပေါ့ ၊ ဒါပေမဲ့ အေးမူ က တစ်ဆယ်သားလောက် ထည့် သွားတာ ၊ ပိုတော့ လှူပါတယ် ပေါ့ အစ်ကို ရာ ၊ ချုပ်ကြိုး လည်း ဒီအတိုင်းပဲ ၊ အေးမူ က ဖာ့စပ်ရာ တုန်း ကတောင် တစ်ထုပ် ပဲ ကုန်တာ ၊ ဒါပေမဲ့ နှစ်ထုပ် ဝယ် ရမယ် ၊ ပိုတဲ့ တစ်ထုပ် လှူ တယ်ပေါ့ ၊ ဒါဆို အဆင်ပြေတာပဲ ”

ဆယ်တန်း ကို ဘီ နှင့် အောင်ခဲ့ဖူးသော အေးမူ က သည်လိုပင် အင်္ဂလိပ်စကားလေး တစ်လုံး တလေ ကြား ညှပ်ပြောလေ့ ရှိသလို ကရုဏာ တစ်ဝက်တပျက် နှင့် ပြုံးရသေး၏ ။ မနက်ကတော့ ချုပ်ကြိုး ကို လေးထုပ်ကြီးများ တောင် ဝယ်ခဲ့ဖို့ မှာသည် ။

“ သေချာပါတယ် အစ်ကို ရာ အမြွှာ မှ အမြွှာ ပါ ၊ အိုဂျီ က မတင်မကျ ပြောပေမဲ့ အေးမူ တပ်အပ် သိပါတယ် ၊ ဗိုက် က တစ်ခါတစ်ခါမှာ နှစ်ခြမ်း ကွဲသလို ဖြစ်နေပြီး ဘယ်ရော ညာရော နှစ်ဖက်စလုံးက အမြဲလို လှုပ်နေ တာ အစ်ကို ရဲ့ ၊ အို … လွယ်ထားရတာကိုက အသိသာကြီး ၊ နှစ်ယောက် ပါ ၊ ဗိုက် ခွဲချင် ခွဲရမှာ ၊ အနည်း ဆုံး ချုပ်ရိုးကတော့ များမှာပဲ”

အေးမူ သွေးအေးအေး နှင့် အသေးစိတ် ပြောနိုင်သလောက် ကိုလွင်ဦး မှာ တွန့်၍ တွန့်၍ သွားသည် ။

“ ဘာပဲဖြစ်ဖြစ် အေးမူ တော့ သိပ် အားရတာပဲ ၊ ခု သားတစ်ယောက် ၊ သမီးတစ်ယောက် ရထားတာ နောက်ထပ် သားတစ်ယောက် သမီးတစ်ယောက် လိုချင်နေတာ ၊ အမြွှာမောင်နှမ မွေးလိုက်ရင် တစ်ကြိမ် တည်း ပြည့်စုံသွားပြီပေါ့”

ကိုလွင်ဦး သည် အနည်းငယ် စိတ်ရှုပ်သယောင် ရှိကာ အေးမူ နှင့် အတူ ရောပြီး မတက်ကြွနိုင် ။ လက်ရှိ ကလေး နှစ်ယောက် နဲ့ တောင် ဗြောင်းဆန်နေတာ နောက် နှစ်ကောင် သာ တစ်ပြိုင်နက်တည်း ပူး လာရင်တော့ ထိပ်မွေး မှ ကျန်ပါတော့မလား ဟု တစ်ခြမ်းလိုက်၍ ပြောင်စ ပြုနေသော နဖူးပြင် ကို ယောင် ပွတ်မိသည် ။

သို့သော် မိုးလင်းလျှင် အိမ် က ထွက်ဖို့သာ စိတ်စောနေတတ်ပြီး နေဝင် မှ အိမ်ပြန်လေ့ရှိသော စာပေလောကသား ကိုလွင်ဦး မှာ သားသမီးတွေ နှင့် နေချိန်ရယ် လို့ တယ် မရှိလှ ။ ကလေး ထိန်းရသည်ရယ်လို့ မကြုံ ဖူးသလောက်ပင် ။ သာမန် ချီရုံ ပိုးရုံ စတိလောက်မို့ ကလေးနှစ်ယောက် အဖေ ရယ် လို့ အမည် ခံနိုင်ရုံမျှ သော မိမိ အနေအထားကို ရုတ်ခြည်း သတိရကာ နဖူးပြင် အရေးအကြောင်းတွေ ချက်ချင်း လျော့ပြေ သွားသည် ။

မြက်နုတ် ပေါင်းသင်ရင်း ၊ နှင်းဆီဆူး တွေ တဖောက်ဖောက် အစူးခံရင်း အိမ်ဆိုင်ကလေး တစ်ဖက်နှင့် ယောက်ယက်ခတ်ရှာသော မယားသည် အေးမူ ကို သနား လည်း သနား ၊ ကျေးဇူး လည်း တင်ချင်လာကာ -

“ ဒီတစ်ခါ မွေးရင် အေးမူ ပင်ပန်းဦးတော့မှာပဲ ၊ အိုဂျီ ကို ပြောပြပါလား ၊ မွေးရင်း ဖွားရင်း တစ်ခါတည်း အပြီး သတ်လိုက်ရအောင် ”

“ ဟင် … အစ်ကို ကလည်း မွေးမှာက ဘာကလေးတွေ ထွက်လာမှန်း မှ မသိသေးဘဲနဲ့ ၊ ကျားကလေး ချည်း ဆိုရင် သမီးကြီး အတွက် အဖော် လိုဦးမှာ ၊ မ  ကလေးတွေချည်း လာရင်လည်း အနည်းဆုံး သား တစ်ယောက် တော့ ထပ်ပြီး ယူကို ယူဦးမှာ ၊ ပြီးတော့ အေးမူ အသက် ကလည်း ၂၆ နှစ် ပဲ ရှိသေးတာကို ၊ ဘယ်လို လုပ်ပြီး တရား ဝင်ပါ့မလဲလို့ ၊ ဘာလဲ အစ်ကို က ကလေး “ တောက် ” နေပြီလား ၊ ဒါဆိုရင်လည်း အေးမူ နေ့တိုင်း စားရတယ် ဆိုတဲ့ ဆေး ကို စုံစမ်းပြီး ရှာဝယ် စားပါ့မယ်လေ ၊ သိပ် ဈေးမကြီးဘူးတဲ့ ၊ ဒါပေမဲ့ အား နည်း တတ်တယ် ၊ လူ ကို ထိခိုက်တယ် ဆိုသလားလို့ ၊ အင်းလေ … ထိချင်လည်း ထိပလေစေတော့ ၊ စတယ်ရယ် လိုက်ဇေးရှင်း တော့ မလုပ်ချင်သေးဘူး ၊ အေးမူ ပဲ ဆေးတွေ ရှာ စားပါ့မယ်”

တစ်သက် နှင့် တစ်ကိုယ် အေးမူ ရှေ့မှာ မနေတတ် ၊ မထိုင်တတ် ရှက်တတ်တက်ကြီး ဖြစ်ခဲ့ရသည် ။ ရိုးရိုး စင်းစင်းကြီး တွေး၍ တွေးရသလောက် ပြောချနေသော မယားသည် ကို မိမိ သမာဓိ က အမီ မလိုက်နိုင်ပါ ကလား ။

မိန်းမ တို့သည် သား မွေးခြင်းကို မတင်းတိမ်နိုင် ဟု စကားဟောင်း တစ်ခု တွင်ရစ်ခြင်းမှာ အေးမူ တစ် ယောက် အတွက်ပဲ ဖြစ်လိမ့်မည် ။

ခုလည်း အမြွှာ မွေးရမည် ကို နှင်းဆီပွင့်တွေ ကတ်ကြေး နှင့် ညှပ်ရသလို အားရ တက်ကြွနေ၏ ။ ချုပ်ကြိုး တွေ ၊ ဆေးဝါးတွေ သာမက ဖလန်နယ်စ အနီတစ်ကိုက် ၊ အပြာတစ်ကိုက် မှာသေး၏ ။ သား နှင့် သမီးအတွက် နိမိတ် ယူသည့် သဘော ။

“ ဘလူး ဖော်ရေ ဘွိုင်းလေ အစ်ကိုရဲ့ ၊ အနီက သမီးအတွက် ၊ ဆေးရုံ က အဆင်းမှာ ထွေးဖို့ ၊ ဆောင်းဦး ပေါက်ပြီ ဆိုတော့ ချမ်းပြီလေ ၊ အရောင် ရအောင်သာ ရှာခဲ့နော် အစ်ကို ၊ ဈေး များချင် များပါစေ ”

သို့ဖြင့် အေးမူ ထည့် ပေးလိုက်သော ဈေးဖိုးငွေ ၁၅ဝ ကြီး များတောင် အိတ်ကပ်ထဲ မှာ ပါခဲ့သည် ။ ခုတော့ … မနက်က မြနှင်းဆီ ထံ မှ ဖုန်းရသည် ။ ဆယ်နှစ်တာ အတွင်း ပထမဆုံး အကြိမ် ဖုန်း ခေါ်ခြင်း ။

“ စကား ပြောချင်လို့ပါ မောင် ၊ မြ အဖို့ရာ ဘက်တူရည်တူ ဘာသာစကား တူတဲ့ လူရယ်လို့ အနီးစပ်ဆုံး မောင် တစ်ယောက်ပဲ ရှိလို့ပါ ၊ နာရီပိုင်းလောက် မောင့် သားမယားတွေ ဆီက တရားသဖြင့် အခွင့်အရေး ယူပါရစေ ”

လမ်း ခွဲခဲ့ကြပြီ ဆိုကတည်းက အဝေးမြင် ၊ အဝေးကြည့် ၊ အဝေးသိ ဖြင့် ခပ်ခွာခွာ နေလာခဲ့သော အချစ် ဟောင်း ၊ မြနှင်းဆီ နှင့် ပတ်သက်၍ မျက်စိထဲ ၊ နားထဲ ဝင်လာသမျှ အမြင်အကြားတွေ ကို ရင်တွင်း တစ်နေရာမှာပဲ သိုသိပ် သိမ်းဆည်းခဲ့သည် ။ ညှိနှိုင်းစေ့စပ်၍ မရလောက်အောင် ဘဝချင်း အဟပ် ကွာခဲ့ပြီကို နားလည် ခဲ့ပြီးမို့ ကိုလွင်ဦး အဖို့တော့ ဘာတစ်ခုမှ စကား ဆိုစရာ မရှိတော့ပါ ။

ဟိုတုန်းကတော့ ကိုလွင်ဦး လောက် မြနှင်းဆီ ကို စကား ပြောနိုင်သူ မရှိ ဟု ထင်သည် ။ ငယ်ငယ်ရွယ်ရွယ် အယ်ဒီတာပေါက်စ ဘဝ မှာ မိန်းကလေးများစွာ နှင့် တရင်းတနှီး ဆက်ဆံရဖူးသည် ။ သို့သော် မိန်းကလေး တွေ ကို ပန်း နှင့် ဥပမာ တင်စားရမည် ဆိုလျှင် မြနှင်းဆီ သာ ပန်းများတကာ့ တရာ့ဖျား ။

တစ်ခု ထူးခြားသည် မှာ မြနှင်းဆီ ဆိုသော ပန်းကလေး ကို လမ်းဘေး က သေးနုပ်စုတ်ချာသော လက်ဖက် ရည်ဆိုင် တစ်ဆိုင်မှာ စတင် တွေ့ခဲ့ရခြင်း ဖြစ်လေသည် ။ တစ်စားပွဲတည်း အတူတူ ထိုင်နေသော သူငယ်ချင်းတွေ က မိမိ ကို လှမ်း ခေါ်ပြီး မိတ်ဆက်ပေးသည် ။

“ မြောက်ပြန်လေ စာအုပ်မှာ ကဗျာခံစားခြင်းဆောင်းပါး ရေးတဲ့ မြနှင်းဆီ လေ ”

သည်တုန်းက “ မြောက်ပြန်လေ ” ကြော့ကြမ်းသော့သွမ်းဆဲ ကာလ ။ စာပေအနုပညာ ဝေဖန်ဆောင်းပါး များ စုပေါင်း ထုတ်ဝေသော ထို “ မြောက်ပြန်လေ ” ကို စာပေလောကသား ပီပီ စိတ်ဝင်စားနေသည် ။ ထို စာအုပ်ထဲမှာ မြနှင်းဆီ ၏ ရှတသော ကဗျာခံစားချက် ဆောင်းပါး က ထူးထူးခြားခြား လှုပ်ခတ်သည် ။ သဘောကျ ကြိုဆိုသူတွေ ရှိသလို ကန့်ကွက်ငြိုငြင်သော အသံများ ညိုးညိုးညံညံ ကြားရသည် ။ ဘာပဲ ဖြစ်ဖြစ် သမားရိုးကျ ထဲက ခွဲထွက်ပြီး ထွင်းဖောက်ခံစားတတ်သော “ မိန်းကလေးမို့ ” မြနှင်းဆီ ဆိုတာ ဘယ်လို များပါလိမ့်လို့ သိချင်စိတ် ပေါ်ဖူးသည်တော့ အမှန်ပင် ။

စားပွဲတစ်ဝိုင်းတည်း မှာ အတူ ထိုင်ကြရင်း မြနှင်းဆီ ကို တိတ်ဆိတ်စွာ လေ့လာနေမိ၏ ။ တစ်နည်းအား ဖြင့် မြနှင်းဆီ တည်း ဟူသော “ သက်ရှိစာအုပ် ” ကို စိတ်ဝင်တစား ဖတ်ရှုနေခြင်းဟုလည်း ဆိုနိုင်သည် ။

ကျန်းမာခြင်း အရင်းခံကြောင့် တစ်မူထူးခြား ကြည်စင်လတ်ဆတ်နေသော အသွင်အလျာ ကို ရုတ်ခြည်း မြင်သာသည် ။ ကျယ်ပြန့်သော မဟာနဖူး ၊ စူးလက်သော မျက်လုံး ၊ သာမန်ထက် ပေါ်လွင်သော နှာတံ ၊ ကြော့ရှင်းရှည်သွယ်သော လည်တိုင် တို့ က မြနှင်းဆီ ၏ အတွင်းသဘော မာကျောခိုင်မြဲမှု နှင့် ပွင့်လင်း လွတ်လပ်မှု တို့ကို ပြနေသည် ထင်၏ ။ သဘာဝ မျက်နှာ ကို ဆံနွယ်နက်မှောင်တွေ က ဘောင်ကြက်ထားသဖြင့် အသက်ထက် ပိုမို ပျိုပျစ်နေ သော မြနှင်းဆီ က လက်ဖက်ရည် ချိုပေါ့ကျ တစ်ခွက် ထပ် မှာပြီး သောက်သည် ။ သူ့ ရှေ့မှာလည်း သောက်ပြီးသား ပန်းကန်နှစ်စုံ မသိမ်းရသေး ။

တခြားအပေါင်းအသင်းတွေ ကတော့ ဘာမှ မဆန်းသလို “ နှင်းဆီဆေးပေါ့လိပ် ” ကိုယ်စီ ခဲနေကြသည် ။ မြနှင်းဆီ နှင့် အနီးဆုံး ယှဉ်လျက် ထိုင်နေသော ဖြူဖြူပုပုကလေး မျက်နှာပိုင်ရှင် ဝေလု က ကြည်အေး ၏ ဆရာဝန် ဘဝ အတွေ့အကြုံ ခံစားချက် ကဗျာရည်တစ်ပုဒ် ကို ရွတ် ပြနေလေသည် ။

လူနာ့ပစ္စည်း ၊ သိမ်းရဆည်းရ
နောက်မြီးပါးရှပ် ၊ ခုံဖိနပ်တစ်ရန်
လက်ပြတ်စွပ်ကျယ် ၊ လည်ပြဲတစ်ထည်
ချည်ကြမ်းလုံချည် ၊ နီညိုတစ်ကွင်း
ပြာစင်းတဘက် ၊ မျက်နှာသုတ်ပဝါ
ခေါင်းပေါင်းလာသည်
လက်မှာဆုပ်ကျစ်
ဝတ်ညစ်ထုပ်ပတ်
ကျပ်တန်နှစ်ရွက်
အကြွေဖျက်ထား
ဆယ်ပြားစေ့ “ လေး ”
ဆေးပေါ့လိပ် “ နှစ် ”
မီးခြစ် “ တစ် ” ။

နား ထဲ ဖိတ်တစ်ဝက် စင်တစ်ဝက် ဝင် လာနေသော ကဗျာဆရာ ဝေလု အသံကို တဝီဝီ ဖြတ်သန်းပြေး လွှားနေသည့် ကားသံကြား က နားစွင့်နေဆဲ မျက်လုံးမှေးမှေး ၊ နားရွက်သေးသေး ၊ နှုတ်ခမ်းတွဲတွဲ ကျော်ခိုင် က မျက်စိ တစ်ဖက် မှိတ်ပြလေသည် ။ ပြီး ကိုလွင်ဦး နား နားကပ်ကာ…

“ ဒါလေးက အဲသလို စိတ် ကတော့ ရှည်ရတာပေါ့ဗျာ”

အမှတ်မထင် ထောင်းခနဲ ထွက်သွားသော ဒေါသ ကို မနည်းကြီး ပြန် ထိန်းလိုက်ရသည် ။

မြနှင်းဆီ ဆိုသော မိန်းကလေး ကို သာမက ဝေလု ကိုရော မိမိတို့ တစ်ဝိုင်းလုံးပါ ထိခိုက်စေသော စကား ။ ဒီကောင် ဝိုင်းထဲ ပါနေတာ ကိုက ကျက်သရေ ယုတ် လှသည် ။ စရိုက် မတူသူ ကို လူရာ သွင်းမိသည် ကိုက မိမိ တို့ အမှား ။ စာသမား မဟုတ်သော်လည်း ဒီကောင်လို ရူးကြောင်ကြောင် စာပေပွဲစား တွေ က ခုလို ဝိုင်း တွေထဲ စုန်းပြူး ပါတတ်သည် ။ ထို့အတူ ရှဲဒိုး ရေးပေးနေရ သလိုလို ၊ ဒီလူ့ စာအုပ် ဖြစ်မြောက်ရေးအတွက် အကျိုးဆောင်ပေးနေရ သလိုလို ၊ ဟို စာအုပ်တိုက် အတွက် စာမူ လိုက် စုပေးနေရ သလိုလို ၊ ဒီ စာရေးဆရာ ၏ ကိုယ်ရေးလက်ထောက် လိုလို ။

ပြီးတော့ ဘယ် မိန်းကလေးကို မှ လေးစားထိုက်တယ် မထင် ၊ မိန်းမ မြင်လျှင် ရုန့်ရင်းရိုင်းစိုင်းသော စိတ်ကူးသာ ပေါ်လေ့ ရှိသူ ။ မြနှင်းဆီ ကို ပိုပြီး ကရုဏာ သက်မိသည် ။ ကိုယ့်နှမလေး သာ ဖြစ်လျှင် သည်လို ကောင်စားတွေ ပါလာ တတ် သည့် လမ်းဘေး လက်ဖက်ရည်ဆိုင် မှာ မထိုင်စေရပါဘူး ။ မြနှင်းဆီ ကတော့ မသိသား ဆိုးရွားစွာ ၊ သို့မဟုတ် ယုံကြည်စိတ်ချစွာ ချိုပေါ့ကျ လက်ဖက်ရည် ကို အေး ဆေးစွာ တစ်ခွက်ပြီး တစ်ခွက် မှာ သောက်ရင်း “ ကဗျာလေ ” ကို လွတ်လပ်စွာ ရှူရှိုက်နေသည် ။

“ ကြည်အေး ကို ကျွန်တော် ရိုသေမြတ်နိုး တာ အဲဒါမျိုးတွေ အတွက်ပါပဲ မြနှင်းဆီ ၊ ခင်ဗျားတို့ က တစ်ခါ လာလည်း ညကြီးမင်းကြီး ထပြီး ထိုင်နေ တစ္ဆေ  ၊ တစ်ခါလာလည်း မီ … ”

ကိုလွင်ဦး လည်း မွေးညင်းနုများ ထောင် ထမတတ် ခေါင်းနပန်း ကြီးသွား၏ ။ ဝေလု သည် လည်းကောင်း ၊ မြနှင်းဆီ သည် လည်းကောင်း တစ်စုံတစ်ရာ အတွက် ပဋိပက္ခ ပြင်းထန်နေသော သူတို့ မျက်လုံးတွေ စူးစူး လက်နေသည် ။ အရိုင်းစိတ် ၊ မိစ္ဆာ စိတ် တွေ ဘယ်လို ကပ်ငြိနိုင်ပါမလဲ ။ ကျော်ခိုင် နှင့် ခွေးခြေခုံချင်း ခွာ လိုက်ကာ ဝေလု အနား တိုး ထိုင်ပြီး ရေနွေးကြမ်းတွေ လိုက် ငှဲ့ပေးနေလိုက်သည် ။

မြနှင်းဆီ က မိမိ ဘက် တစ်ချက် ဝေ့ကြည့်ကာ -

“ ဒီဆောင်းပါး တစ်ပုဒ်တည်း နဲ့ မြနှင်းဆီ ရဲ့ခံစားချက်တွေ ကုန်ခန်းသွားပြီလို့ ကိုဝေလု ထင်ပါသလား ၊ ပြောဦးမှာပါ ၊ ဆက်ရေးဦးမှာပါ ၊ မြနှင်းဆီ က ဒီတစ်ပုဒ် ပဲ ရေးပြီး မနက်ဖြန် သေသွားတာမှ မဟုတ်ဘဲ ၊ တစ်ခုတော့ ရှိတယ် ၊ “ တစ္ဆေ ” နဲ့ မြနှင်းဆီ နှလုံးခုန်နေတာ အမှန်ပဲ ၊ “ နွမ်းလျအိမ်ပြန် ” နဲ့ “ မီ ” နဲ့ အသက်ရှူ မြန်နေတာလည်း အမှန်ပဲ ၊ အဲဒီ အတွက်တော့ ရှင် နဲ့ ကွဲလွဲနေမှာပဲလေ ၊ ဒါဟာ မြနှင်းဆီ ပဲ ကိုး ကိုဝေလု ရဲ့ ၊ ဝေလု မဟုတ်တဲ့ မြနှင်းဆီ ကိုး ”

မြနှင်းဆီ … မြနှင်းဆီ ဟု ရင်ထဲက မြည်တမ်းရင်း သဘောပေါက်စ ပြုသည် ။ သူ့ ကိုယ် သူ ယုံကြည်မြဲမြံ သော ၊ သူ့ ကိုယ် သူ တာဝန်ယူတတ်သော မိန်းကလေး မို့ ပိုပြီး စိတ်ဝင်တစား လေးစားမိသည် ။ သို့သော် ကျော်ခိုင် လို ကောင်စားတွေက အများကြီး ။ ရှပ်လက်ရှည်ဖားလျားနှင့် ကချင်လွတ်အိတ် ကို စလွယ်သိုင်းလွယ်ထားသော ထို မိန်းကလေး ကို သည့်ထက် ပိုပြီး နားလည်အောင် ကြိုးစားကြည့်ချင်စိတ် တဖွားဖွား ပေါ်သည် ။ သို့ဖြင့် မြနှင်းဆီ ရှိတတ်သော နေရာတွေ ကို အရောက်အပေါက် များလာရာက တစစ ရင်းနှီးခဲ့ရလေသည် ။

တစ်ခါတစ်ရံ တစ်ကျပ်ခွဲတန်း က တစ်ယောက်တည်း ရုပ်ရှင် ကြည့်တတ်သော မြနှင်းဆီ ကို စိတ်ပူပန်စွာ ရုံပေါက်ဝ က စောင့်ဖူးသည် ။ လက်ဖက်ရည်ဆိုင် မှာ ကျော်ခိုင် လို ကောင်စားတွေ နှင့် ဝိုင်းဖွဲ့နေတာ တွေ့ပြန်တော့ ကြံကြံဖန်ဖန် ရမယ် ရှာပြီး ခွဲထုတ်မိသည် ။ မြနှင်းဆီ လွတ်လပ်ပွင့်လင်းပုံ ကို သဘောကျသော် လည်း အတင့်မရဲသင့် ဟု ဝေဖန်မိသည် ။

“ မြ မ အ ပါဘူး ကိုလွင်ဦး ရဲ့ ၊ မြ သူတို့ အားလုံးကို သဘော ပေါက်ပါတယ် ၊ တချို့ကသာ မြ ကို သဘော မပေါက်ကြတာပါ ၊ ဒါလည်း မတတ်နိုင်ဘူးလေ ”

“ ဘာလို့ မတတ်နိုင်ရတာလဲ ၊ ဥပမာ တွေ့ကရာ ကောင်တွေ နဲ့ လျှောက် မသွားဘဲ ဘာလို့မနေနိုင်ရမလဲ ၊ လက်ဖက်ရည်ဆိုင် မထိုင်ဘဲ ဘာလို့ မနေနိုင်ရမလဲ ”

ပိုင်စိုးသော လေသံဖြင့် ဆူပူမိသလို ရှိသည်ကို မြနှင်းဆီ က မကန့်ကွက်ချေ ။ ကလေးလို ပွင့်လင်းစွာ ရယ်မော ရင်း -

“ မြ က လက်ဖက်ရည် ကြိုက်တာကိုး ကိုလွင်ဦး ရဲ့ ၊ အိမ် က  ပို့တဲ့ ပိုက်ဆံ မလောက်ရင် ထမင်း မစားဘဲ လက်ဖက်ရည် ပဲ လ နဲ့ ချီ သောက်နေတာ ဘယ်သူမှ မသိကြလို့ ”

“ အို … ဟုတ်လား ” ဟု မြ ၏ အထက်တန်းကျကျ ဝတ်စားဆင်ယင်ထားသော အသွင်အလျာကို ခြေဆုံး ခေါင်းဖျား အကဲခတ်ရင်း မယုံသလို မေးသည် ။

“ စာမေးပွဲ ကို တစ်တန်း နှစ်နှစ်နှုန်း နဲ့ အောင်နေတော့ အိမ် ကလည်း မကြည်ဖြူလှဘူး ကိုလွင်ဦး ရဲ့ ၊ တစ် လ ငါးရာ ထက်  ပို တောင်းလို့ မရဘူး ။ အပြင်ဆောင် နေရတော့လည်း စရိတ်စက ပို များတယ်လေ ၊ ဝတ္ထု ၊ မဂ္ဂဇင်းလေး တွေကလည်း ဝယ်ချင်သေးတော့ ပိုက်ဆံ လောက်ငအောင် ထမင်းနပ်ကျော် စားပြီး လက် ဖက်ရည် ဖိသောက်ရင်း စွဲသွားတာ ၊ ပြီးတော့ လက်ဖက်ရည်ဆိုင် မှာ အပေါင်းအသင်းတွေ နဲ့ စကားပြော လို့လည်း ကောင်းတယ် မဟုတ်လား ၊ ယုံကြည်ချက်ချင်း ၊ ပန်းတိုင်ချင်း ကွဲလွဲတောင် အနုပညာဘာသာ စကား တူနေတာကိုး ”

“ မဟုတ်သေးပါဘူး မြ ရာ ၊ တကယ်တော့ မြ က မိန်းကလေး ပဲ ဟာ ၊ ဟိုတွေ့ ဒီတွေ့ သိပ်တွေ့နေရတော့ မဟုတ်သေးပါဘူး ”

“ ဘာလဲ ကိုလွင်ဦး က မြ ကို မိန်းကလေး လို့ ပဲ မြင်တယ်ပေါ့ ၊ ဟုတ်လား ”

သူ ဒေါပွလေသည် ။ မိန်းကလေး အမူအရာ အပြည့်ဖြင့် နှုတ်လှန်ထိုးဟန် ကို ချစ်စနိုး ပြုံးကြည့်ရင်း -

“ မမြင်ပါဘူး ၊ မြ ဟာ စာပေသမားပါ ၊ လေးစားလောက်တဲ့ စာဖတ်သူ ၊ တစ်ခါတစ်ရံ စူးရှထက်မြက်တဲ့ စာပေ စံစားမှုဆောင်းပါး တစ်ပုဒ်စ နှစ်ပုဒ်စ ရေးလေ့ရှိ သူ ၊ ကျွန်တော် နားလည်တာပေါ့ မြ ရယ် ၊ ဘာဖြစ် ဖြစ် မြ ကကော မိန်းကလေး ဆိုတဲ့ အဖြစ်ကို ဖျောက်ပစ်လို့ ရမယ် ထင်လို့လား ၊ ပြီးတော့ ဟိုဟိုဒီဒီ လမ်း မသလား တဲ့ စာသမား မိန်းကလေး တွေ အများကြီး ရှိတာပဲ ၊ ကျစ်လျစ်သိုသိပ်တယ် ဆိုတာ မိန်းကလေး တွေ အတွက် …”

“ နိုး … နိုး … မြ ကို တရားဟောဖို့ မကြိုးစားနဲ့ နော် ၊ မြ ကိုလွင်ဦး ဆီ က လေးစားမှု ကို မမျှော်လင့်ချင်ပါဘူး ၊ ဘယ်သူ့ဆီ က လေးစားမှု ၊ နားလည်မှု ကို မှ လည်း ကြိုးစား မယူချင်ဘူး ၊ တစ်ခု ပြောနိုင်တာက မြ မလိမ် တတ်ဘူး ၊ စိတ် ထဲ ရှိသလို နေတယ် ၊ ဟန်ပန်မူရာတွေ ကို မုန်းတယ် ၊ စိတ် ထဲ ရှိသလို မနေရဲတဲ့ ၊ ဟန်ပန် မူရာတွေ များတတ်တဲ့ ၊ လူ အထင်ကြီး ခံချင်ကြတဲ့ မိန်းကလေး ဆိုတဲ့ အမျိုးအစား ကိုလည်း မုန်းတယ် ၊ တကယ် … ကိုလွင်ဦး ရဲ့ ၊ မိန်းမ ဖြစ်ရတာ မြ ကိုယ် မြ သိပ် မုန်းတာပဲ ၊ ဒါကြောင့် မိန်းမ ဆန်မိမှာ မြ သိပ်စိုး ရိမ်တာပဲ ”

“ မြ က မိန်းကလေး ဖြစ်ပြီး မိန်းမချင်း အပေါ် သိပ် လျှော့တွက်နေပြီ ထင်တယ် ၊ ကောင်းတယ် ၊ ဆိုးတယ် ၊ ယုတ်တယ် ၊ မြတ်တယ် ဆိုတာ မိန်းမပဲ ဖြစ်ဖြစ် ၊ ယောက်ျားပဲ ဖြစ်ဖြစ် ရှိချင်သလို ရှိကြာတာပဲ မြ ရဲ့ ၊ ကိုယ် သတိပေးချင်တာ က ယောက်ျား ဆိုတိုင်းလည်း အထင် မကြီးဖို့ပါ ”

“ အို … မြ ကလည်း လူတွေ ကို သိပ် အထင်မကြီးလှပါဘူး ၊ အထင် ကြီးစရာရယ် လို့လည်း သိပ် မရှိလှပါဘူး”

ခင်ကြီးတစ္ဆေ ပဲ ဟု ကိုလွင်ဦး က မှတ်ချက် ချမိသည် ။ လူ တွေ ကို အထင်မကြီးချင်လှသော မြ ကို ကိုလွင်ဦး တစ်ယောက် ကိုတော့ အထိုက်အလျောက် လိုက်လိုက်လျောလျော ရှိပေသည် ။ မြ ရဲ့စံရိပ်ငြိမ် ဘော်ဒါ ဧည့်ခန်းဆောင် မှာ ဝင်ခွင့်ထွက်ခွင့် ပြုသည်အထိ ကိုလွင်ဦး ကို နေရာပေးလာသည် ။ အရင်က မြနှင်းဆီ နံဘေးမှာ အုပ်သင်းဖွဲ့ နေတတ်သော ပုဂ္ဂိုလ်လေးတွေ လည်း အလိုလို ရှဲမှန်း မသိ ရှဲကုန်ကာ ကိုလွင်ဦး ကို ကရုဏာသက်သော မျက်လုံးတွေ နှင့် သမင်လည်ပြန် ကြည့်ကြသည် ။ ကဗျာဆရာ ဝေလု တစ်ယောက် ကတော့ ပွင့်လင်းလေသည် ။

“ မြနှင်းဆီ က လက်ဖက်ရည်ဆိုင် အတူ ထိုင်ပြီး ဆွေးနွေးငြင်းခုံဖို့ ကောင်းတဲ့ စကားပြောဖက် သာ ဖြစ်တယ်ဗျ ၊ သူ့ အဆောင်ဧည့်ခန်း အထိ လိုက်လည်ပြီး ရည်းစားစကား ပြောဖို့ ကြံစည်အပ်တဲ့ မိန်းကလေး မျိုး မဟုတ်ဘူး ၊ ဘယ် … မိန်းကလေး နဲ့ မှ မတူဘဲဗျာ ၊ သူ ကကော လင်ယူသားမွေး ကိစ္စ ကို အလွယ်တကူ စဥ်းစားမယ် လို့ ခင်ဗျား ထင်သလား”

ကိုလွင်ဦး က ပင်ကို အေးဆေးသော အမူအရာဖြင့် ရဲရင့်စွာ ပြုံးသည် ။

“ ဒါက သူ့ ကိစ္စပဲလေ ”

“ အင်း … ခင်ဗျား ကိစ္စ ကတော့ ဘာဖြစ်ဖြစ် ဆက် လုပ်တော့မယ် ဆိုပါတော့ ၊ ဒီမှာ ကိုလွင်ဦး ၊ ခင်ဗျား မြနှင်းဆီ ကို လက်ထပ်ဖို့ အထိ ဆုံးဖြတ်ရဲပြီ ဆိုရင် ခင်ဗျား ရူး လို့ပဲဗျာ ၊ ဒါမှမဟုတ် လူစွမ်းကောင်း ပဲ ”

ဝေလု ပြောသလို လူစွမ်းကောင်းကြီး မဟုတ်သည့်တိုင် မရူးတာတော့ သေချာသည် ထင်၏ ။ မြနှင်းဆီ လို အကိုင်အတွယ် ခက်လှသည့် ဆတ်တောက်တောက် မိန်းကလေးမျိုး ကို ချစ်နှစ်လို မိတာပဲ သူ သိသည် ။ ပြီးတော့ သဘောထားချင်း မတိုက်ဆိုင်သည့်တိုင် မြနှင်းဆီ နှင့် စကား ပြောလို့ ကောင်းလှသည် ။ အကြောင်းအရာများစွာ ကို တန်းတူရည်တူ ဆွေးနွေးနိုင်သည့် မိန်းကလေး ။

တစ်နေ့တော့ စကား ပြောရင်း မြ ရဲ့ကိုယ်ရေးကိုယ်တာကလေးတွေ ဆီ ရောက်သွားသည် ။ သည်တော့မှ မြနှင်းဆီ ကို တစ်ခိုင်လုံးရွှေ ရုပ်ရှင်ကုမ္ပဏီ ပိုင်ရှင် ဦးမြမောင် ၏ သမီးမှန်း တအံ့တဩ သိ လိုက်ရလေ သည် ။

“ မြ မာမီ ဆုံးတော့ မြ ဆယ်နှစ် သမီးလေ ၊ မြ ၁၅ နှစ် ဆယ်တန်း ဖြေတဲ့ နှစ်မှာ ဒက်ဒီ နောက် အိမ်ထောင် ပြုတယ် ၊ မြ မိထွေး က မြထက် သုံးနှစ် ပဲ ကြီးတယ် ကိုလွင်ဦး ရဲ့ ၊ ဆိုးတော့ မဆိုးပါဘူး ၊ ဒါပေမဲ့ မြ နဲ့ မတိမ်း မယိမ်း ရှိတဲ့ မိန်းမတစ်ယောက် ကို ဖအေ နဲ့တန်းတူ ထားပြီး ဘယ်လို ဆက်ဆံလို့ ရပါ့မလဲ ၊ ဒါကြောင့် မြ အိမ် မပြန်ဘဲ နေတာ ၊ ကျောင်း ပြီးတဲ့ အထိ စာမေးပွဲ ကို အချိန် ဆွဲနိုင်သလောက် ဆွဲပြီး ဖြေနေရမှာပဲ ၊ အိမ် မပြန်ရ ပြီးရော ”

ဒါကြောင့် လောက ကို ဒေါင်လိုက် မြင်နေတာကိုး ဟု သဘောပေါက်စ ပြုသည် ။ အရာရာကို ထီမထင် စိတ်ကလေး ဖွံ့ဖြိုးလာရခြင်း ၏ နိဒါန်း အစ ။

“ ဟိုတစ်လောက ခရေဦးမဂ္ဂဇင်းတိုက် မှာ လက်ထောက်အယ်ဒီတာ ဝင် လုပ်မလားလို့ စဉ်းစားသေး တယ် ၊ ဒါပေမဲ့ အယ်ဒီတာချုပ် ဆိုတဲ့ လူ နဲ့ တာဝန်ခံအယ်ဒီတာ ဆိုတဲ့ လူ က မြ လေးစားလို့ မရတဲ့ လူတွေ ဖြစ်နေတယ် ၊ အခွံမှန်း ၊ ဖွဲမှန်း သိလျက် နဲ့တော့ အကျော မခံနိုင်ဘူးလေ”

အယ်ဒီတာ ကိုလွင်ဦး သည် ကျောထဲ စိမ့်တိမ့်တိမ့်ပင် ဖြစ်မိ၏ ။ “ အထင်မကြီးပါဘူး ” ဆိုသော မြ လက်သုံးစကား တွေ သိပ် အသုံးများလွန်းနေသလား ဟု စဉ်းစားရင်း ချက်ချင်း ခွင့်လွှတ်ပစ်လိုက်သည် ။

“ မြ အိမ် မပြန်ချင်ရင် ခုလို အဆောင် မှာ တေပေနေမယ့် အစား ကိုယ့်အိုး ကိုယ့်အိမ်ကလေး နဲ့ နေကြည့်ပါ လား ၊ ကိုယ်လည်း အဲသလိုပဲ နေချင်စိတ် ပေါက်နေပြီ ၊ တကယ်ပဲ မြ ရယ် ၊ မြ ကို တစ်ယောက်တည်း လွှတ် မထားချင် တော့ဘူး ၊ ကိုယ့် မျက်စိအောက်မှာ ထားပြီး အမြဲတမ်း မြင်ချင် ၊ ကြားချင်နေတယ် ”

ဒါလောက် ရင်းနှီးမှု ရှိနေမှတော့ ရည်းစားစကား ပြောဖို့ သိပ် မခက်လှတော့ပါ ။ စကားလုံး အသုံးအနှုန်း အနည်းငယ် ကွဲလွဲတာသာ ရှိမည် ။ ကိုလွင်ဦး သည် စိတ်လိုက်မာန်ပါ ပြောရင်း ပိုမို ရဲတင်းလာကာ လေသံ အနည်းငယ် နှိမ့်၍ သုံးခွန်းသော အစဉ်အလာ စကား ကို တစ်ဆက်တည်း ပြောချလိုက်သည် ။

“ ချစ်တယ် မြ ”

အများ မိန်းကလေး တကာ လို ပင် ပါးပြင်တွေ နှင်းဆီ ဖူးလာသည် ကို ချစ်စနိုးဖွယ် မြင်ရ၏ ။ သို့သော် မြ က ပွင့်လင်းစွာ ရယ်နိုင်သည် ။

“ အဲဒါ မြ သိပါတယ် ” ဟု တိုးညှင်းစွာ ဆိုသည် ။

အတူနေဖို့ ၊ လက်ထပ်ဖို့ ကို အကြောင်းပြချက်မဲ့ စွာ မြ က ငြင်းဆန်မြဲ ရှိလေသည် ။

“ မောင့် ကို မြ ချစ်ပါတယ် ၊ ဒါဆိုရင် လုံလောက်ရောပေါ့ကွယ် ”

မြ ကို နားလည်တစ်ချက် နားမလည်တစ်ချက် ဖြစ်ရသည် ။ ကိုလွင်ဦး တစ်ကိုယ်တည်း ငှားနေသော ဂွတ္တလစ် မင်းလမ်း ထဲက အိမ်ခန်းကျဉ်းကလေးမှာ နေကုန်နေခန်း လာရောက် လည်ပတ်လေ့ရှိသော မြ ကို ဇွတ်တရွတ် အကြပ် ကိုင်ရမည်လား ဟု မိစ္ဆာ စိတ် ဝင်ဖူးသည် ။ သို့သော် မြ ၏ စင်ကြယ်ပွင့်လင်းဟန် ကလေး က နှလုံးသား မှာ ခိုက်နေကာ မြ ရှေ့မှောက် ရောက်လျှင် စိတ်ရိုင်းတွေ လွင့်ပျောက်ရမြဲ ။ တစ်ခါတော့ တော မှာ ကျန်ရစ်သည့် ကိုလွင်ဦး ၏ အမေ နာရေးကိစ္စ ကြောင့် တစ်ပတ်ကျော် မျှ မြ နှင့် ခွဲခွာလိုက်ရသည် ။

ရန်ကုန် ပြန်လာတော့ မြ ကို မမျှော်လင့်ဘဲ လက်ဖက်ရည်ဆိုင်တစ်ဆိုင် မှာ ကျော်ခိုင် နှင့် စကားလက်ဆုံ ကျလျက်သား တွေ့ရလေသည် ။ ပေါက်ကွဲလု ဆဲဆဲ စိတ် ကို ဘရိတ် ထိန်းရင်း မြ နံဘေး မှာ မျက်နှာ မပျက် ဝင် ထိုင်လိုက်ရသည် ။ ကျော်ခိုင် ကသာ အလိုက်သိစွာ စကား ဖြတ်ပြီး နှုတ်ဆက် မထသေးဘူး ဆိုလျှင် မြ ကို သူ အော်ဟစ်လိမ့်မည် ။ မြ ကတော့ သဘောပေါက် လွယ်သည် ။

“ မောင် ကျွဲမြီးတိုလာသလား ”

“ မဟုတ်ပါဘူး ၊ မြ နေပုံ ထိုင်ပုံကတော့ ကျေနပ်ဖို့ ကောင်းလို့လား”

မြ က ပြုံးမြဲ ပြုံးလည်း မျက်တောင်တွေ စွတ်စိုစ ပြုသည် ။

“ အဲဒါကြောင့် မောင့် ကို မြ ချစ်ရုံပဲ ချစ်ဝံ့တာ ၊ လက်မထပ်ဝံ့တာပဲ မောင် ”

ကိုလွင်ဦး ခေါင်း ခါပစ်လိုက်သည် ။

“ မောင် တစ်ယောက် ကျေနပ်အောင် နေဖို့ မြနှင်းဆီ ဖြစ်လာတာတော့ မဟုတ်ဘူး မောင် ၊ အဲဒါအတွက် တော့ ခွင့်လွှတ်ပါ မြ ကို ”

ကိုလွင်ဦး သည် အားလျော့ရုံမက စိတ်အပျက်ကြီး ပျက်လာ၏ ။

“ ကိုယ် က ချည်း ကျေနပ်ချင်နေတာ မဟုတ်ဘူး မြ ရယ် ၊ မင်း အတွက် ကြည့်ပြီး ပြောနေရတာ ၊ မင်း လူတွေ အကြောင်းလည်း မသိဘူး ”

“ မြ ကိုယ် မြ သိပါတယ် ၊ မြ အတွက် လုံလောက်နေတာပဲ ”

ထုံပေပေ အေးစက်စက် အမူအရာ ကို သည်တစ်ခါတော့ ကိုလွင်ဦး ထောင်းခနဲ ဒေါပွသွားသည် ။

“ မြ ကိုယ် မြ သိရုံနဲ့ ဘယ် လုံလောက်မလဲ ၊ လူတွေ အကြောင်း မင်း သိဖို့ လိုတာပေါ့ ၊ မင်း ကိုလည်း လူတွေ က နားလည်ဖို့ လိုတာပေါ့ ၊ ခုတော့ ငါ တောင် မင်း ကို နားမလည်နိုင်သေးဘူး မြ သိလား ၊ မင်း ဟာ သိပ် အသိရ ခက်တဲ့ မိန်းကလေး ”

“ ဒါတော့ မြ မတတ်နိုင်ဘူး ၊ ဒါတွေဟာ မြ ကိစ္စ လုံးဝ မဟုတ်ဘူး မောင် ၊ မောင် သာ အသိရ ခက်တဲ့ မိန်းကလေးတစ်ယောက် ကို ဘာကြောင့် ချစ်ခဲ့သလဲ ၊ အဲဒါ ပြန်စဉ်းစား ၊ အဲဒါသာ မောင့် ကိစ္စ ”

ကိုလွင်ဦး ဗီဇ က မိန်းကလေးတစ်ယောက် နှင့် အချေအတင် အငြင်းပွားရမည် ကို ဝန်လေးလှသည် ။ အောက်တန်း ကျသည် ထင်၏ ။ သည်မှာတော့ ကိုယ့် ချစ်သူ မို့ ၊ မြ မို့ ပိုပြီး ရန် မဖြစ်ချင် ။

“ မောင့် ကို မြ လက်မထပ်နိုင်ဘူး ဆိုတာ သေချာသလောက် ရှိပြီ မောင် ၊ ဒါပေမယ့် မောင့် ကို မြ ချစ်ပါ တယ် ”

ကိုလွင်ဦး ၏ နှလုံးသွေးများ ငယ်ထိပ် တက် ဆောင့်သည် ။

“ ဘာ စကားလဲ မြ ၊ ကိုယ့် ကို ကြိုးရှည်ရှည် နဲ့ လှန် တာလား ”

မြ က အသံ ထွက်အောင် ရယ်သည် ။

“ ဒီလောက် ဟောင်းမြင်းဆွေးမြည့်နေတဲ့ စကားကြီး သုံးနေရသေးလား မောင် ရာ ၊ အယ်ဒီတာတစ် ယောက် လုပ်နေပြီး ”

ကိုလွင်ဦး ပိုပြီး ရှူးရှူးရှားရှား ဖြစ်လာသည် ။

“ ဝေ့လည်ကြောင်ပတ် လုပ် မပစ်နဲ့ မြ ၊ ကိုယ့် ကို ပြတ်ပြတ်သားသား အဆုံးအဖြတ် ပေးစမ်းပါ ”

“ ပြောနေပြီပဲ မောင် ၊ မောင့် ကို မြ လက်ထပ်နိုင်ဖို့ ခဲယဉ်းသွားပြီ ၊ ဘာကြောင့်လဲ ဆိုရင် တစ်စုံတစ်ယောက် ရဲ့လက်မောင်း ကို မှီနွဲ့လို့ချည်း မြ မနေနိုင်ဘူး ၊ လောကအလုံး မှာ မြ သွားချင်ရာ သွားပြီး နေချင်သလို နေမှာ ၊ လမ်းကြိုလမ်းကြား ဖြစ်ချင် ဖြစ်မယ် ၊ လက်ဖက်ရည်ဆိုင် ဖြစ်ချင် ဖြစ်မယ် ၊ ရုပ်ရှင်ရုံ ထဲ က နှစ်ကျပ် ခွဲတန်း ထိုင်ခုံပေါ် ရောက်ချင် ရောက်မယ် ၊ စိတ်ထဲ ရှိသလို နေမယ် ၊ ဒါပေမယ့် မောင့် ကို မြ ချစ်ပါတယ် ”

“ တော်တော့ မြ ရယ် ”

“ ဒီထက်လည်း ပိုပြီး ပြောစရာ မရှိတော့ပါဘူး မောင် ”

“ အလကား ဟစ်ပီ ပဲ ” ဟု ဒေါပွပွ နှင့် ရေရွတ်မိသည် ကို မြ က ကြားမိအောင် ကြားလိုက်သည် ။

“ ဒါတော့ မောင် မြ ကို ဆဲတာပဲ ၊ တစ်သက် နဲ့ တစ်ကိုယ် ပထမဆုံး သည်းခံလိုက်မယ် မောင် ၊ ချစ် တဲ့ စိတ် နဲ့ သည်းခံလိုက်ပါ့မယ် ”

ကချင်လွယ်အိတ် ကို ထုံးစံအတိုင်း စလွယ်သိုင်း လွယ်ကာ ရှပ်အင်္ကျီကို တင်ပါးပေါ်မှာ ဆွဲဆန့်ချရင်း ထိုင်ရာမှ ထသည် ။ ကိုလွင်ဦး က မချိတရိ ပြုံးရင်း -

“ သွားတော့မယ်လား ၊ ကောင်းပါတယ် ၊ ဒါနဲ့များ ချစ်တယ် ဆိုတဲ့ စကား ပြောတတ်တယ်နော် မင်း ”

“ မောင့် ကို မြ ချစ်တယ် ဆိုတာ မောင် က မမေးဘဲတောင် မြ ဘာသာ မြ ပြောပိုင်ခွင့် ရှိတာပဲ ၊ ဒါကို ယုံပါလို့ အသနား မခံပါဘူး မောင် ”

လေတိုက်သလို ပေါ့ပါးသွက်လက်သော ခန္ဓာကိုယ်လေး လွင့်ပျောက်သွားသည်အထိ ငေးငိုင်ကျန်ရစ်သည် ။

နှမြောနမဲ နှင့် လမ်းခွဲခဲ့ရသော ချစ်သူ ။

တစ်ယောက် နှင့် တစ်ယောက် မျက်နှာချင်း မဆိုင်မိအောင် နေရာ က ဝေး သည် ထက် ဝေး သွားကြသည် ။ မြ ကို အရင်ကလို ဟိုတွေ့သည်တွေ့ တွေ့လည်း ခေါင်းထဲက အမြန်ဆုံး ရှင်းထုတ်ပစ်ဖို့ ကြိုးစားရလေ သည် ။ မိမိ ကိုယ်ကိုယ် ဆောက်တည်ဖို့ ကြိုးစားရင်း အမေ သဘောတူ သည့် အေးမူ နှင့် ဗြုန်းစားကြီး လက်ထပ် ပစ်လိုက် သည် ။ လေထဲမှာ တိုက်ဆောက်ချင်မိသော ကိုလွင်ဦး သည် ဘဝ ကို ခြေလှမ်းမှန်မှန် ခရီး စဖြစ်ခဲ့ ၏ ။

ရပ်ကွက် မူလတန်းကျောင်း မှာ ဆရာမိဘအသင်း ထောက်ပံ့ကြေးရ လုပ်အားပေး ဆရာမကလေး လုပ် နေသော အေးမူ သည် သားဦး ကိုယ်ဝန် ရစမှာ အလုပ် မှ ထွက်ပြီး သူ့  ရွှေဆွဲကြိုးကလေး ရောင်း ကာ ကျူး ကျော်မြေကွက် ထဲ တဲတစ်လုံး ဆောက်သည် ။ ဦးသူ ယူ အစဉ်အလာ အတိုင်း မြေကွက်ကျယ်ကျယ် ခြံ ခတ်ကာ ပန်းစိုက်စ ပြုသည် ။ အိမ် မှာ တောက်တိုမယ်ရ အိမ်ဆိုင်ကလေး တည်သည် ။ ရောက်လာမည့် သားသမီးရတနာ အတွက် ကြိုတင် ပြင်ဆင်သည့် သဘော ။ ရှေ့ရေး လာဘ်မြင်သော အေးမူ ကြောင့် အိမ်ထောင်ဦးစီး ကိုလွင်ဦး မှာ တာဝန်သိပ် မကြီးလေးလှခြင်း ဖြစ်လေသည် ။ သား တစ်ယောက် ၊ သမီး တစ်ယောက် နှစ်နှစ် စီ ခြား၍ ပုံမှန်ဖွားမြင်ပြီး ကတည်းက အေးမူ မှာ ထူးထူးခြား ခြား “ အမြွှာ ” စိတ္တဇ စွဲကပ်လာသည် ထင်၏ ။

“ နောက်ထပ် သား တစ်ယောက် ၊ သမီး တစ်ယောက် လိုချင်သေးတယ် အစ်ကို ရယ် ၊ ဒါမှ ကလေးတွေ တစ်ယောက် နဲ့ တစ်ယောက် အဖော်သဟဲ ရမှာ ၊ တစ်ဖက်ကလည်း အေးမူ အလုပ်ပျက် မခံနိုင်သေးတော့ တစ်ကြိမ်တည်း အမြွှာ မွေးပစ်လိုက်ချင်တယ် ။ သား တစ်ယောက် သမီး တစ်ယောက် အမြွှာ မွေးပြီးရင် လုံလောက် ပြီ ၊ တော်ပြီ ”

ဇမ္မူဒီပါ လက်ယာတောင်ကျွန်း မို့ နိမိတ် ထွန်းသည်ပဲလား ၊ စိတ် စွဲကပ်လွန်း၍ပဲလား ၊ တိုက်ဆိုင်သွား၍ ပေပဲလား မဆိုနိုင် ။ အေးမူ ၏ ယခု တတိယကိုယ်ဝန် ကို သားဖွားမီးယပ်ပါရဂူ ဆရာဝန်မကြီး က အမြွှာ ဟု အတိအကျ ဆိုချေပြီ ။ နှလုံးခုန်သံ နှစ်ခု ကြားရသည်တဲ့ ၊ ဆေးပညာ ထက် အလောင်းအစားဘက် တွင် ပိုမိုမွေ့လျော်နေသည့် ဆရာဝန်ပေါက်စန ရေးဖော်တစ်ဦး က မယုံရင် ဓာတ်မှန် ရိုက်ကြည့်ချင်သလား ဟု အပိုင် စိန်ခေါ်သည်ကို ကိုလွင်ဦး ခေါင်းခါ ငြင်းရသည် ။ သိပ္ပံဆောင်းပါး တိုထွာတွေ ဖတ်ဖူးထားသူပီပီ သန္ဓေသား ကို ဓာတ်မှန်ရောင်ခြည် မထိစေချင် ။

အေးမူ ကိုတော့ ကြောက်ရှာမည် စိုး၍ မယုတ်မလွန် ပြောထားကြသည် ။ ဆရာဝန်မကြီး က -

“ နှစ်ယောက် ဖြစ်ချင် ဖြစ်နိုင်တယ် ၊ ဒါပေမယ့် မစိုးရိမ်နဲ့နော် သမီး ၊ ဗိုက် ခွဲ မွေးရင်လည်း စိတ်ချရတာပါပဲ ၊ တချို့မိန်းမတွေများ ရိုးရိုးမွေးရတာ ခေတ်နောက်ကျတယ်ထင်ပြီး ဗိုက်ခွဲမွေးနိုင်မှ ဂုဏ်ရှိတယ် ထင်နေ ကြတယ် ”

အမှန်တော့ အေးမူ အင်မတန် သတ္တိ ကောင်းသည် ။ အခြေအနေ အရပ်ရပ်ကို ရင်ဆိုင်ဖို့ အမြဲ အဆင်သင့် ရှိသလို ကြိုတင်မြော်မြင် ပြင်ဆင်တတ်သူလည်း ဖြစ်သည် ။ ယခုလည်း သူ့ ကိုယ် သူ အမြွှာ မွေးမည်ရယ် လို့ တပ်အပ် ဆိုကာ ဗိုက်ခွဲဖို့ ချုပ်ကြိုးက အစ စုဆောင်းပြင်ဆင်နေပေပြီ ။

သို့သော် သည်နေ့တော့ အေးမူ မှာတာတွေ ကိုလွင်ဦး မဝယ်ဖြစ် ။ အေးမူ စုဘူး ဖွင့်ပြီး ထည့်ပေးလိုက် သည့် ငွေ ၁၅ဝ အနက် ၅ဝ က စာမူခ ပေးသည့်အထဲ စိုက် လိုက်ရသည် ။ မနက်က စာရေးဆရာကြီး ဦးကျော်စွာ ဝတ္ထုတို စာမူခ လာ ထုတ်သည် ။ အယ်ဒီတာချုပ် ထံမှ ကျလာသော စာမူခ မှာ ကျပ် ၁၀ဝ တိတိ ။ ဒါကို ကြား က ကိုလွင်ဦး မပေးဝံ့ဝံ့ ဖြစ်နေသည် ။ ယနေ့ ဝတ္ထုတိုစာမူခ ကို တန်း ခွဲလိုက်လျှင် ကျပ် ၁၀ဝ ဆိုသည် မှာ ဒုတိယ အလယ်အလတ်တန်း ။

ဆရာဦးကျော်စွာ ၏ စာပေအစဉ်အလာ အရ ၁၅ဝ တန်း တော့ ပေးသင့်သည် ဟု ကိုလွင်ဦး နားလည် သည် ။ သို့သော် ပိုင်ရှင်အယ်ဒီတာချုပ် ၏ အဆုံးအဖြတ် မို့ စောဒကတက်၍လည်း မသင့်လေတော့ ရံဖန် ရံခါသာ ဝတ္ထုတိုကလေး ရေးပို့နိုင်၍ ဆယ်ခါတစ်ခါ သာ မဂ္ဂဇင်း မှာ သုံးပေးလေ့ ရှိသော ဆရာဦးကျော်စွာ ၏ စာမူအတွက် တစ်ခါတစ်ရံ သဘောပိုက်ပြီး အိတ်ထဲ က ၅ဝ စိုက် ပေးလိုက်မိလေသည် ။ ခေတ်လူငယ် များ မသိတော့သော ၊ ကုလားထိုင်လည်း မရှိတော့သော ကလောင်အို တစ်ချောင်းပေမည့် အနုပညာ ဂါရဝ အရ ဒါလောက်တော့ နေရာ ထားသင့်သည် ထင်၏ ။ အိတ်ကပ်ထဲ ကျန်သည့် ငွေ ၁၀ဝ နှင့် ဘာတွေ ဦးစားပေး ဝယ်ရမည်လဲ ဟု တွက်ဆစဉ်းစားဆဲ မြ ထံ က ဖုန်းလာသည် ။ တွေ့ချင်သည် တဲ့ ၊ စကား ပြောချင်သည် တဲ့ ။ သို့ဖြင့် အိမ် က မိန်းမ အတွက် ဈေးဝယ်ဖို့ အစီအစဉ်ကို ဖျက်ကာ “ နေခြည်ရက်စ်တောရင့် ” သို့ ရောက် လာရခြင်းဖြစ်သည် ။

ခုတော့ ငါးမုန့်ကြော် ဝါး၍ ဘီယာခါးခါး ကို မြုံ့ရင်း ကိုလွင်ဦး စိတ်တွေ တည်ငြိမ်စ ပြုပေပြီ ။ လိမ္မော်ရော်တိမ်မျှင်လေး လွင့်လာသည်လား ဟု ဝိုးတဝါး မြင်သည် ။ လွှာဖိနပ်သံ တဖျပ်ဖျပ် သည် ဒစ္စကို စည်းချက် ကို မြန်ဆန်စွာ နီးကပ်လာ၏ ။ လိမ္မော်ရော်တွေထဲ မှာ ဝါရော်ဖျော့တော့နေသော အပြုံး ကို မနည်း ရှာကြည့်ရသည် ။

“ မောင် …”

နောက်ဆုံးပေါ် လည်ကတုံး ရှပ်ပုံစံဆန်ဆန် ဘလောက်စ်ပွပွကြီး ဝတ်ထား၍လား မသိ ၊ မြ ၏ မျက်နှာ ကလေးမှာ ချောင်နေသည်ဟု ထင်ရလေသည် ။ လွန်ခဲ့သော ဆယ်နှစ်တုန်းက လိုပါကလား မြရယ် ။ စလင်းဘက် အဖြူ ကို ပခုံးသိုင်းလွယ်လျက် ရှည် သွယ်သေးမျှင်သော သိုင်းကြိုးကို ညာလက်ညှိုးကလေးနှင့် ချိတ်ရင်း ဆော့ကစား လာသည် ။ မြ ဟာ မကြီးရင့်နိုင်တော့ပြီ လား ။ ခုလောက်ဆို မြ အသက် ၃ဝ ကျော် လောက်ရောပေါ့ ၊ သို့သော် “ မောင် ” ဟူ၍ ပင် ပိုင်ပိုင်ကြီး ခေါ်ဆဲဖြစ်သည် ။

“ မောင် ရောက်နေတာ ကြာပြီလား ၊ မြ လာတာ နောက် မကျပါဘူးနော် ၊ မောင် ချိန်းတဲ့ အချိန် ပဲ ”

“ တစ်မိနစ် မစွန်းသေးပါဘူး မြ ရယ် ၊ ကဲ … ထိုင်စမ်းပါ ၊ ပြောစရာ ရှိတာ မပြောခင် ဘာ စားမလဲ မှာ စမ်းပါ ဦး ၊ ပြီးတော့ မြ တစ်ခုခု သောက်လေ ၊ စပါကလင် လား ၊ လိမ္မော်ရည် လား ၊ အစားအသောက် မှာထားတုန်း စောင့်ရင်း ဘာ သောက်မလဲ ”

ဘီယာတစ်လုံး ပင် မကုန်ချင်သေးဘဲ ကိုလွင်ဦး လျှာတွေ သွက်နေသည် ။ မြ က ကိုလွင်ဦး နှင့် မျက်နှာ ချင်းဆိုင် ကုလားထိုင် မှာ ငြိမ့်ခနဲ ထိုင်ချလိုက်ပြီး မီးနူးကတ ်ကို ကောက်ယူကာ …

“ အမှန်တော့ မြ ဘီယာ သောက်ချင်တယ် ၊ ဒါပေမယ့် မောင့် အတွက် မတော်ပါဘူးလေ ၊ စိတ်ထဲ ရှိသလို မနေဖြစ်အောင် ကြိုးစားပါ့မယ် ၊ စပါကလင် တစ်လုံးပဲ မှာပါ ”

“ အမယ်လေး ၊ ကျေးဇူးတင်ပါတယ် မြ ရာ ” ဟု ကိုလွင်ဦး စိတ်ထဲ တကယ်ပဲ သိမှတ်နေသည် ။ မြ အတော် ပျော့ပျောင်းလာပြီပဲ ၊ မြူစွမ်ကြော် ၊ ကြက်ကြွပ်ကြော် နှင့် ယိုးဒယားဟင်းချို မှာသည် ။ ပြီးတော့ နံရံကပ် မှန်ဗီရိုထဲက တိုင်းတစ်ပါးလုပ် စည်သွတ်ဘူးများ ကို တစ်ချက် ကဲ ကြည့်ကာ -

“ ပြောင်းဖူး ရှိတယ် မဟုတ်လား ၊ ပြောင်းဖူးကြော် တစ်ပွဲ ပေးပါ ”

စည်သွတ်ဘူးတွေ ဈေးကြီးလှ၍ ပိုက်ဆံ မလောက်တာတော့ သေချာလေပြီ ။ အကြွေး မှတ်ရတော့မှာပဲ ။ မြ က အသားစုံကြော်တစ်ပွဲ ထပ်မှာပြီးမှ မီနူးကတ် ကို ချထားလိုက်သည် ။

“ မောင့် ကို မြ နှုတ်ဆက်ချင်လို့ပါ ၊ မြ လက်ထပ်တော့မလို့ ”

ခေါင်းထဲ ရီတီတီ အရသာလေး ပျောက်သွားကာ မြ ကို စေ့စေ့ ကြည့်ဖြစ်သည် ။

“ ကောင်းပါတယ် ၊ ဒီလို ဖြစ်သင့်တာ ကြာပြီပဲ ၊ ခုမှပဲ ချစ်သူတွေ ဘာတွေ တွေ့တော့တယ်လား ”

“ မောင့် ကိုပဲ မြ ချစ်တယ် ဆိုတာ မယုံသေးဘူးလား မောင် ၊ ခုဟာက လက်ထပ်ချင်စိတ် ပေါ်လို့ပါ ”

မြ သည် ခုအထိ စိတ်ကူးဆန်းကြယ်ဆဲ ရှိသေး၏ ။

“ ဒါလည်း ဖြစ်နိုင်တာပဲလေ ၊ သတို့သား က ကိုယ်တို့ အသိအကျွမ်းထဲက များလား ”

“ ဟင့်အင်း မောင် ၊ ဟင်း ဟင်း … တတိယတန်း ဖတ်စာသစ်ထဲ က စကားလုံး အသုံးအနှုန်း နဲ့ပြောရရင် တိုင်းတစ်ပါးသား ဆိုပါတော့ ၊ မြန်မာပြည်ပေါက် တိုင်းတစ်ပါးသား လေ ၊ ရှေ့အပတ်ထဲ မှာ ဧည့်ခံပွဲ လုပ် မယ် ၊ ပြီးရင် ငပလီ တစ်လှည့် ၊ ကလော တစ်လှည့် လျှောက် လည်နေမှာပဲ ၊ အခွင့်သင့်ရင် တိုင်းတစ်ပါး တောင် ရောက်ချင် ရောက်သွားမှာ ၊ ဒါပေမဲ့ အရှေ့တောင် အာရှထဲ လည်နေမှာ မောင် ရဲ့ ၊ မြ က ဩစတြေးလျ တို့ ၊ ဥရောပ တို့ လွင့်ချင်တာ”

လွင့် ချင်တာ ဆိုသော အသုံးအနှုန်း ကို နားခါးလှသော်လည်း ကိုယ် နှင့် မဆိုင်တော့ပါလား ဟု သတိထား လိုက်ရသည် ။ တစ်ပွဲပြီး တစ်ပွဲ လာချသော အငွေ့တလူလူ အစားအသောက်တွေ ကို မြည်း ရင်း သူ ပြော သမျှ နားထောင်နေလိုက်၏ ။

“ ချစ်တာ နဲ့ လက်ထပ်တာ ကတော့ အရှေ့ နဲ့ အနောက် ပဲ မောင် ၊ ဘာမှ မဆိုင်ဘူး ၊ သတ်သတ်စီ ၊ ပြီးတော့ မြ က အချစ် ကို နေရောင်အောက် မှာ ရှာခဲ့တာ ၊ မထင်ရှားတဲ့ ကဗျာဆရာမ တစ်ယောက် ရေးဖူးတဲ့ ကဗျာလေးတစ်ပုဒ် မြ ရင်ထဲ ထွင်းထည့်ထားတယ် ၊
ပန်းချုံရိပ်မှာ ၊ လသာသာတွင်
ကိုယ်က မတွေ့ချင်ဘူး မောင် ။
ချွေးပြိုက်ပြိုက်ဆူ ၊ နေပူပူမှာ
အတူလက်တွဲ လျှောက်ရအောင် တဲ့ ”

“ ဟား ဟား … အဲဒါ စိတ်ကူးယဉ်တာခေါ်တယ် မြ ရဲ့ ၊ အဲဒီ ကဗျာဆရာမ ခုလောက်ဆိုရင် ငါ ငယ်ငယ် က အတော် ကြောင်ပါလား ဆိုပြီး ရှက် နေလောက်ရောပေါ့ ၊ ဘယ့်နှယ် နေပူထဲ လက်တွဲလျှောက်လို့ချည်း နေရင် မောမှာပေါ့ ၊ ဘဝအမောတွေ နားဖြေရအောင် လသာသာ ပန်းချုံရိပ် လိုအပ်တာပေါ့ မြ ရဲ့ ၊ ပြီး တော့ အိမ်ထောင်ရေး တစ်ခု ကို လက်ဖက်ရည်ဆိုင် မှာ ဆွေးနွေးငြင်းခုံရင်း တည်ဆောက်လို့ ရပါ့မလား ”

“ မြ က အချစ် ကို ပြောတာပါ ၊ အိမ်ထောင်ရေး ကို မြ လက်ဖက်ရည်ဆိုင် မှာ မတည်ဆောက်ပါဘူး ၊ အင်းလျားလိတ် မှာ တည်ဆောက်မယ်လေ ၊ ဒါပေမယ့် အချစ် မပါဘူး ၊ ခု မြ မှာ ပရက်( က် ) ရှိနေပြီ ၊ မလို ချင်ပါဘူး ၊ ယူ လည်း မယူချင်ဘူး ၊ ရှင်း ပစ်လိုက်မယ်”

နားထင် တွေ ကြွတက်သွားသည်ဟု ထင်ရ၏ ။ နား နှင့်ဆတ်ဆတ် ကြားလိုက်၍သာ ယုံရသည် ။ မင်္ဂလာ ဧည့်ခံပွဲ မကျင်းပမီ ကိုယ်ဝန် ရှိသည်ဆိုတော့ အရုပ် ဆိုးလှပေမဲ့ ဖြစ်တန်ရာသည် ။

“ တွေ့ရာတွေ မပြောနဲ့ မြရယ် ၊ မဖြစ်နိုင်တာတွေ ”

မြ က ကြက်ကြော် ကို တကြွပ်ကြွပ် ဝါးရင်း ပလုံးပထွေး ရယ် နေသေး၏ ။

“ မဖြစ်နိုင်တာရယ်လို့ မရှိလှပါဘူး မောင် ၊ မောင် နဲ့ ဝေးရတာ တစ်ခုက လွဲရင် မြ ဖြစ်ချင်သလို အားလုံး ဖြစ်ရတာချည်းပဲ ၊ ဖြစ်အောင်လည်း လုပ်မှာပဲ ၊ တစိမ်း ယောကျာ်းတစ်ယောက် ရဲ့ အနှောင်အဖွဲ့ မြ မလို ချင်ဘူး ”

သည် အကြောင်းတွေ ရပ်သင့်ပြီ ဟု နားလည်လိုက်သည် ။ သူ့ဝန် သူထမ်း ၊ သူ့လမ်း သူသွား တာ မှန်ပေမဲ့ ထို ထင်ရာစိုင်း ဝါဒ သည် ပတ်ဝန်းကျင် ကို တစ်နည်း မဟုတ် တစ်နည်း အနှောင့်အယှက် ဖြစ်စေပါ ကလား ။

ပြောင်းဖူးကြော်တွေ အငွေ့တဝေဝေ နှင့် ရောက်လာ၏ ။ လက်ညှိုးလက်သန်းလောက် ရှိသော စည်သွပ် ပြောင်းဖူးကလေးတွေ ကို ဟင်းသီးဟင်းရွက် အနည်းငယ် နှင့် ကြော်ချက်သဘောမျိုး လုပ်ထားသော ဟင်းပွဲ ဖြစ်သည် ။ မစားစဖူးမို့ အရင်ဆုံး ခက်ရင်းနှင့် ထိုးပြီး ကိုက် မြည်းကြည့်လိုက်သည် ။ ချိုတော့ ချို သားပဲ ။ အင်္ဂါ စုံသော်လည်း ပြောင်းစေ့ကလေးတွေက မအောင် ၊ မမာ ။ မွေးကတည်းက ပြောင်းဖူးဖွံ့ဖွံ့ နုထွားကြီးတွေ ကို အရသာ ခံလာသော ကိုလွင်ဦး လျှာပေါ်မှာ “ အလားမမြောက်သည့် ပြောင်းဖူး” ကို သိပ်ခံတွင်း မတွေ့ချင်တော့ ။ ဘူးသွင်းပစ္စည်း မို့ ဈေးကြီးတာ ၊ ရှားပါးတာ မှန်လည်း အင်းစိန်မီးခွက်ဈေး က “ ပုတီးကုန်းပြောင်း ” ကို စားရတာလောက် ဘယ်မှာ အရသာ လေးပင်နိုင်ပါ့မလဲ ။

“ မြ က ဟောဒီ ပြောင်းဖူးလေးလိုပါပဲ ”

“ ဟင် ” ဟု မြ က နားမလည်စွာ မော့ကြည့်သည် ။

“ ဪ ခုထိ အရွယ် မရောက်နိုင်သေးလို့ပါ ၊ ခေါင်းအေးအေး ထား ၊ စဉ်းစဉ်းစားစား လုပ် ၊ စိတ်ထဲ ရှိသလို မနေချင်ပါနဲ့တော့ မြ ၊ အဲ … မြနှင်းဆီ ရယ် ”

“ နှင်းဆီကြီး ထည့်ခေါ်ပြန်ပြီလား မောင် ”

“ ဘာဖြစ်လဲ ၊ မြ နာမည် မြနှင်းဆီ ပဲ ၊ နှင်းဆီ ဆိုတာ မောင် တော့ သဘော ကျတယ် ၊ လှတယ် ၊ လန်းတယ် ၊ သင်းပျံ့တယ် ၊ သူ့ အတွက် အရံအတား ဆူးကလေးတွေ  ဝန်းရံလို့ နေတယ် ၊ မြ ကို နှင်းဆီ လို လှစေ ၊ လန်းစေ ၊ သင်းပျံ့စေချင်တယ် ၊ ပြီးတော့ အရံအတား စည်းကလေးတွေ ရှိထားစေချင်တယ် ၊ ကိုယ့် ရဲ့ နှုတ်ဆက် စကား လို့ မှတ်ချင်လည်း မှတ်သွားပါ မြ ”

နားမလည်နိုင်သော အပြုံးတစ်မျိုး ကို သူ ပြုံးရင်း ငြိမ်သက်စွာ စားသောက်နေသည် ။ နှစ်ယောက်ကြား မှာ တိတ်ဆိတ်ခြင်းက နှောင့်ယှက်လာတော့သည် ။ မခံနိုင်သူ ကိုလွင်ဦး ကပဲ စကားစ ရှာ ရပြန်၏ ။

“ ကိုယ့် မိန်းမ ကတော့ နှင်းဆီ ဆို သိပ် ကြိုက်တာပဲ ၊ နှင်းဆီခင်းကလေးတွေ စိုက်ထားတယ်လေ ၊ အဲဒီ တော့ နှင်းဆီ လှိုင်လှိုင် ပွင့်ပါစေပဲ ဆုတောင်းနေတယ် ၊ ဒါမှ ပိုက်ဆံ ရမှာ မဟုတ်လား ၊ ပိုက်ဆံ ကလည်း ရှာရပြီ မြ ရဲ့ ၊ ကိုယ်တို့ မှာ ကလေး နှစ်ယောက် ရှိတယ် ၊ နောက်ထပ် နှစ်ယောက် လည်း ရဦးမယ် ၊ ခု ကိုယ့် မိန်းမ ပရက်( က် ) က အမြွှာ တဲ့ ၊ နေ့လား ညလား ပဲ ”

“ ဟုတ်လား ” ဟု သွေ့ခြောက်စွာ မေးသည် ။ မြူစွမ်တွေ ကို ခက်ရင်း နှင့် အကြာကြီး ထိုးဆွမွှေနေပြီးမှ -

“ ကလေး လေးယောက် ဆို များလှပြီနော် ၊ ပြီးတော့ အမွှာ မွေးတယ် ဆိုရင် သိပ် ဒုက္ခ ရောက်မှာ ”

အမြွှာမောင်နှမ မျှော်လင့်ချက်ဖြင့် ဖျပ်ဖျပ်လူး မတတ် ထက်သန်နေတော့ အေးမူ အကြာင်းတွေ ပြောမည် ကြံပြီးမှ မပြောဖြစ်တော့ချေ ။ ဒါက ကိုယ့် ကိစ္စသာ ဖြစ်သည် ။ အေးမူ ကို ကျေးဇူးတင် စိတ်တွေ တဖွားဖွား ပေါ်လာပြီး ကိုယ့် မိန်းမ နှင့် ကိုယ် ခုမှ ပိုပြီး နီးစပ်လာသလို ခံစားရ၏ ။

ပါရမီရိပ်သာ လမ်းမ တစ်နေရာမှာ မြ တက္ကစီ ပေါ် က ဆင်းသည် ။

“ ဒီအထိ လိုက်လာတာ ကျေးဇူးပဲ မောင် ၊ ဂွတ် ( ဒ် ) နိုက် ”

“ မြ အိမ် က ဘယ်မှာလဲ ”

“ ဝေးသေးတယ် ၊ ဒါပေမဲ့ မြ လမ်းလျှောက်ချင်လို့ပါ ၊ တစ်ယောက်တည်း လျှောက်သွားချင်တယ် ၊ သွားမယ် မောင် ”

လိုက်ပို့မယ် ဟု ပြောအံ့ဆဲဆဲ ရုတ်ခြည်း နှုတ်ဆွံ့သွားသည် ။ မြ က လမ်းသွယ် တစ်ခုထဲသို့ ချိုးဝင်သွား လေပြီ ။

ကားဘီး လိမ့်စ မှာ မြ ချိုးဝင်သွားရာ လမ်းသွယ်ထဲ သို့ တစ်ဆုံး ကြည့်မိသည် ။ လမ်းမီးတိုင် အလျဉ်း မရှိ ။ အလင်းရောင် ဆို၍ ပျပျပင် မမြင်ရ ။ သစ်ရိပ်စည်းရိုးကြားမှာ ပိန်းပိတ်အောင် မှောင်နေသည် ။ လသာ လျှင် ကောင်းမည် ။ မြနှင်းဆီ တစ်ယောက် ခလုပ်မထိ ဆူးမငြိပါစေ နှင့် ။

◾စမ်းစမ်းနွဲ့( သာယာဝတီ )

ဝတ္ထုရေးသူ ပြောသည့် သူ့ ဝတ္ထု အကြောင်း

နက်ရှိုင်းသော ချစ်မေတ္တာကို နှစ်နှစ်ကာကာ စိတ်ဝင်စားမြဲ လူ့သဘော သဘာဝအားဖြင့် ဤဝတ္ထု ကို ရေးဖြစ်ခဲ့ပါသည် ။

ထူးကဲသော ပင်ကိုဓလေ့စရိုက် နှင့် စာပေအနုပညာ အယူအဆတချို့ ပေါင်းစပ်ဖွံ့ဖြိုးနေသော ဝတ္ထု ဇာတ်ဆောင် “ မြနှင်းဆီ ” ကို “ ဘူးသွင်းပစ္စည်း ” ပမာ တင်စားမိခဲ့တာလည်း ထင်ရှားပါသည် ။

အဓိက ဇာတ်ဆောင် နှစ်ဦးစလုံးကို နားလည်အောင် ကာလအတန်ကြာ နှလုံးသွင်းပြီးမှ ဖန်တီးဖွဲ့ဆိုရ သော ဝတ္ထုလည်းဖြစ်ခဲ့ပေရာ ဆယ်စုနှစ်များစွာ ဖြတ်သန်းခဲ့သည်နှင့်အမျှ “ မြနှင်းဆီ ” ၏ ရိုးရှင်းပွင့်လင်းမှု ကို ချစ်စနိုး သံယောဇဉ် ဖြစ်ရသလို ဘဝနေထိုင်မှုပုံစံ ရဲရင့်ပြတ်သားပုံကိုလည်း ကြိုက်သည်ဖြစ်စေ ၊ မကြိုက်သည်ဖြစ်စေ မလေးစားဘဲ မနေနိုင်တော့ပါ ။

အများသုံး ယဉ်ကျေးမှု ပုံစံခွက်တွင် ရှတသလောက် လှပနေသော “ မြနှင်းဆီများ ” အတွက် “ လရောင် လင်းပါစေ … နှင်းဆီသင်းပါစေ ” ဟု စိတ်ရင်းမေတ္တာ ပို့သရုံမှတစ်ပါး … ။

◾စမ်းစမ်းနွဲ့ ( သာယာဝတီ )

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment