Showing posts with label ငြိမ်းကျော်. Show all posts
Showing posts with label ငြိမ်းကျော်. Show all posts

Monday, October 23, 2023

ဂန္ဓာရုံ ၌ အမဲလိုက်ခြင်း


 ❝ ဂန္ဓာရုံ ၌ အမဲလိုက်ခြင်း ❞


( ၁ ) 


ကံ့ကော်တော ၏ နံနက်ခင်း တို့ မည်သည် လှပ သည် ချည်း ဖြစ်လေ၏ ။


တစ်နေ့ တာ ၏ အစ လည်း ဖြစ်လေသည် ။ တစ်လ တာ ၏ အစ လည်း ဖြစ်ပြန်သည် ။ ထို့ပြင် နံ့သာ ထုံပျံ့ ခြင်း ၏ အစ ၊ ပန်းရနံ့ ၏ အစ ပြုရာ လည်း ဖြစ်လေသည် ။ စာသင်ခန်း တွင်း ၌ အရောင်အသွေး ထွေပြားသော ၊ နှာညွန့် ကို ချူ တတ်သော မိန်းမလှကျွန်း ဆီ မှ ဥယျာဉ် တစ်ခု ရောက် နေလေ သလား ထင်မှား စရာ တည့် ။ စာသင်ဆောင် ဝရန်တာ တစ်လျှောက် ၊ အဆောင်ကူး စင်္ကြံ တစ်လျှောက် တွင် လည်း ထို ဥယျာဉ်မျိုးတွေ ရှိနေရော့သလား ထင် ရ၏ ။ ထိုမျှသာ မက မဟာလမ်းမကြီး ပေါ် တွင် ၊ လမ်းငယ်များ ပေါ် တွင် ၊ လမ်းသွယ်များ ပေါ် တွင် ပန်း တွေ က ရနံ့ များစွာ နှင့် တကွ ဝေ ၍ နေသည် ဟု ပင် ဆိုလောက်စွာ၏ ။


နေမြင့် လာသော အခါ ကံ့ကော်တော ၏ ရနံ့ သည် ရင့်လာသည် နှင့် အမျှ စွဲမက်ဖွယ် ကင်း ၍ လာ လေ၏ ။ ထို အချိန်မျိုး တွင် ယုဒသန် စင်္ကြံ တစ်လျှောက် သွားမိ သည် ရှိစေ ၊ အရှောင်အတိမ်းတွေ နှင့် ဖြစ်လာ စမြဲ ။ နောက်ကျော တစ်ခွင် မည်မျှပင် ကြည့်ချင်စရာ ကောင်းစေကာ မူ ကွေ့ဝိုက် ၍ ကျော်တက် သွားခဲ့သည် ချည်း ။ ရှေ့ တူရူ မှ မည်မျှပင် မျက်လုံး မခွာချင်နိုင် စေကာ မူ ခြေလှမ်း မြန်မြန် ဖြင့် ဖြတ်သွား ရသည် ပင် ။ အသက် အောင့် ထား ရသည် က များ လာတော့ နံနက်ခင်း တုန်း က တအား ရှူမိခဲ့သော အလှနံ့တွေ ပျောက် ကုန်ခဲ့ပြီ ဟု နှမြောရလေ၏ ။


မွန်းတည့် ပြီး ချိန် တွင် မိန်းမလှ တို့ ၏ နံ့သာ ရနံ့ ၊ ပန်း ရနံ့ အလုံးစုံ တို့ သည် ပျက်စီး လေ၏ ။ ချွေးနံ့ က ထို ရနံ့များ ကို ဝါးစား လိုက်ချေ၏ ။ ပဝါ တစ်ကမ်း လက် တစ်ကမ်း ပင် မနီး ချင် တော့ ။ တစ်နေကုန် ညဦး ကို ကူးချိန် အထိ ကိုယ်နံ့ သင်းသင်းပျံ့ပျံ့ ရှိ တတ်သော မိန်းကလေး မျိုးကား ရှားတောင့်ရှားပါး ။ သိရ သလောက် တော့ ညိုမာ တစ်ယောက် တည်း ဟု ကျွန်တော် ပြောချင်သည် ။


( ၂ ) 


“ ညိုမာ့ ပါး က သိပ် မွှေး တာပဲ ကွယ် ” 


ရှက်ပြုံး ကို တွေ့ ရ ပြီး နောက် တစ်ခွန်း ပြန်ပြော သည် ။


“ နှုတ်ခမ်း က ကော ... ”


“ မွှေးတာပါပဲ ” 


“ ဒါတင်ပဲလား ချစ် ရဲ့ ”


“ နဖူး က လည်း မွှေးတာပဲ ” 


“ ပြီးတော့ ကော .. ”


“ ဆံစလေးတွေ က လည်း မွှေးတာ ပေါ့ ” 


“ ကုန်ပြီလား ”


“ ဟင့်အင်း ... ပခုံးလေး က လည်း မွှေး လို့ ၊ လက်မောင်းလေး က လည်း မွှေး လို့ ...”


သူ ပြုံး လေ၏ ။ နံ့သာ အပြုံး ။ ပန်း အပြုံး ။ ကျွန်တော် က နောက်ကြောင်း တစ်ခု ကို ပြောပြ လိုက်သည် ။


“ ပြောရဦးမယ် ၊ မောင်တို့ မချစ်ကြခင် တုန်း က အကြောင်းပါ ”


“ ညိုမာ့ အရင် က ချစ် နဲ့ ကြိုက်ခဲ့ကြတဲ့ ရည်းစား သန်းခေါင် စာရင်း လား ”


နှုတ်ခမ်း ကို စေ့ ထားသည် ။ မျက်စောင်းဖွဖွ တစ် ချက် ရောက် လာလေ၏ ။


“ ဟုတ်ပါဘူး …. မောင် က အကောင်း ပြောပြ မလို့ပါ ၊ ဒီလိုဆို မပြောတော့ဘူး ”


ကျွန်တော် စိတ် ကောက် မည် ကို စိုးရိမ် သွားဟန် ရှိသည် ။ ခါး ကို နွဲ့၍ ကိုယ် ကို စောင်းပြီး မော့ ကြည့် သည် ။ မျက်လွှာ ချ ထားသော ကျွန်တော့် မျက်လုံး နှင့် ဆုံဖြစ် အောင် လိုက်၍ ကြည့် သည် ။ အကြည့်ချင်း ဆုံသော အခါ နှုတ်ခမ်း ကို စူပြီး ပြုံး ပြသည် ။ ကျွန်တော့် ဒူး ပေါ် သို့ လက်ဖဝါး နှစ်ဖက် တင်ကာ ဖြည်းဖြည်း လှုပ်သည် ။ လက်သည်း ရှည်လေးတွေ က ပန်းနုရောင် ။ ငွေမှုန်စတွေ တလဲ့လဲ့ ။ 


“ ချစ် ကို ကျီစား တာပါ ၊ ပြောပါ နားထောင်မယ် လေ ”


မျက်တောင် ကော့ကော့လေး တွေ ကို ငေး ၍ ကြည့် နေမိသည် ။ အပြာနုရောင် ငွေ့ ငွေ့ သန်း ထားသော မျက်ခွံ ကို ငေး၍ ကြည့် နေ မိသည် ။


“ ပြော လို့ ဆို ဈေးကိုင် ပြန်ပြီ ၊ အဲလိုဆို ညိုမာ စိတ် ဆိုးပစ် လိုက်မှာပဲ နော် ”


လက် နှစ်ဖက် ကို ရုပ် လိုက်သည် ။ ကိုယ် ကို မတ် လိုက်သည် ။ လက်ပိုက် ထားရင်း ပြောသည် ။


“ ဪ ... အဲဒီတုန်း က ညိုမာ သွားလေရာ ကို အရိပ် လို မောင် လိုက် ခဲ့တယ် လေ ”


အပြုံး က ပို၍ ပွင့် လာ သည် ။ သူ စိတ်ဆိုးမည် ဟု ကြေညာလိုက်သော ကြောင့် ကျွန်တော် ကမန်းကတန်း ပြောရပုံ ကို သဘောကျ ၍ လား မသိ ။ သို့မဟုတ် သူ့ နောက် သို့ သူ့ လိပ်ပြာ လို တဝဲဝဲ လိုက်ပါခဲ့ပုံတွေ ကို ပြန်လည် မြင်၍ လား မဆိုနိုင် ။


“ အရိပ် လို တော့ ဟုတ်ပါဘူး ၊ အရိပ် လို ဆိုရင် ညိုမာ နဲ့ နီးနီးလေး နေရမှာ ပေါ့ ။ ချစ် လိုက် တာတွေ က အဝေးကြီး ပါ ”


“ သိပ် နီး လို့တော့ ဘယ် ဖြစ်ပါ့မလဲ ။ ဘာမှလည်း ဖွင့် မပြောရသေးဘူး ၊ တစ်ယောက် နဲ့ တစ်ယောက် သိလည်း မသိ စကားတောင် မှ ပြောဖူးတာ လည်း မဟုတ် ဘဲ နဲ့ ”


ညိုမာ ခေါင်း ညိတ်သည် ။


“ ဒါပေမဲ့ ချစ် ကို ညိုမာ မျက်မှန်း တန်း မိနေပြီ လေ ” 


“ မောင် သိသားပဲ ၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲ တုန်း က လိမ္မော်ရည်ပုလင်း နဲ့ စမူဆာ နှစ်ခါ လာပေးတာ စ တာ မဟုတ်လား ”


“ အင်းပေါ့ …. သိပ်သိတာပဲ ၊ ညိုမာ တစ်ယောက် တည်း ကို ကွက်ပြီး ဖား တာကိုး ”


“ နောက်ပြီးတော့ ဆယ့်ခြောက်ကား ပေါ် မှာ နေရာ ဖယ် ပေးတာကော မှတ်မိလား ”


“ ကား ပျက်လို့ အိမ် က လာမကြိုတာ နဲ့ ဆယ့်ခြောက် စီးရတဲ့ နေ့ပေါ့ ၊ လူတွေ ကျပ် လိုက်တာ တအား ပဲ ။ ချစ် နား ရောက်တော့ မော့ ကြည့် ပြီး နေရာ ဖယ် ပေး တယ် လေ ။ ညိုမာ သိသားပဲ ။ ဒါကြောင့် ချစ် ကို ပြုံးပြ ခဲ့တာ ပေါ့ ”


“ ဒါဖြင့် မောင် နဲ့ စပြီး စကား ပြော ဖြစ်တဲ့ နေ့ ကို ကော မှတ်မိလား ”


မျက်ခုံး ပင့် ပစ် လိုက်သည် ။


“ ပြည်ထောင်စုအလံ ကျောင်း မှာ တစ်ည အိပ် လို့ ပွဲတော် လုပ်တဲ့ ည ညိုမာ့ သူငယ်ချင်း မေဇော် က မောင်မောင်ကျော် ဆိုတဲ့ ကောင်လေး နဲ့ မိတ်ဆက် ပေးမယ် ဆိုပြီး ခေါ် လာလို့ လိုက် လာတာလေ ”


“ မောင် မှန်း ကော ညိုမာ သိလို့လား ”


“ သိတာပေါ့ ၊ မောင့် သူငယ်ချင်းတွေ က ခေါ်တဲ့ နာမည် ကြားဖူးတာပဲ ဟာ ”


“ နာမည်တူ ဖြစ် နိုင်တာပဲ ”


“ မဖြစ်နိုင်ပါဘူး လေ ၊ မေဇော် က သူ့ သူငယ်ချင်း က သမိုင်း အဓိက တဲ့ ။ သဘော ကောင်းတယ် တဲ့ ။ ရုပ် က တော့ အချောကြီး ဟုတ်ဘူး တဲ့ ။ မင်း လို သွယ်သွယ်လျလျ တဲ့ ။ ပုံစံ က တော့ ‘ တိုက်ဂေါ ’ မှ တကယ့် တောဂိုက် အစစ် တဲ့ ။ ဒီထဲ က သိ လိုက် တာပဲ ။ ဟုတ်ဘူးလား ”


ကျွန်တော် က ရယ် ပစ် လိုက်မိချေ၏ ။ မှန် ကြည့် ရ သလိုပင် ။


“ မောင် က တော့ ညိုမာ့ ကို ဘာမှတ် ထားသလဲ ၊ သိလား ”


“ ဟင့်အင်း ”


“ မျက်စိ မှိတ် ထား တောင် ညိုမာ့ ကို ရွေးပြ နိုင်တယ် ။ နေသိပ် ပူ တဲ့ အချိန်မျိုး နာရီပြန် တစ်ချက် နှစ်ချက် လောက် မှာ ရေမွှေးနံ့တွေ မပျက်တဲ့ ကိုယ် ၊ ချွေးနံ့ နည်းနည်းလေး မှ မစို့တဲ့ ကိုယ် ၊ အဲဒါ ဆို ရင် ညိုမာ ပဲ ”


“ ဟင် ... ချစ် က လည်း မဟုတ်နိုင်တာ ”


“ သိပ် ဟုတ်တာပေါ့ ၊ တချို့ မိန်းကလေးတွေ ဆို အဲဒီလို ကိုယ်ငွေ့ ပျံတဲ့ အချိန် မှာ နှာခေါင်း မခံနိုင်ဘူး ။ ချွေးစော် ဟောင် လို့ ၊ ဂိုယာ တို့ ၊ ရယ်ဗလွန် တို့ က ချွေးနံ့ အောက် မှာ ပြား လို့ ။ ပေါင်ဒါနံ့ ရေမွှေးနံ့ က သတ်သတ် ၊ ညိုမာ က အဲသလို မဟုတ်ဘူး ။ ညိုမာ့ အနား က မောင် ဖြတ်သွား ဖြတ်လာ လုပ်တဲ့ အချိန် မှာ တိတ်တိတ်လေး ရှူချ လိုက် တာပဲ ”


ညိုမာ ရယ် လေသည် ။ ပြီးတော့ ...


“ ချစ် က အနံ့သူခိုးလေး ပေါ့ ”


“ ဟိုတုန်း က တော့ ဟုတ် တာပေါ့ ”


“ ဟင်း .. စကား က လည်း ... ”


“ ဟုတ်တယ်လေ ၊ လေ ထဲ က မွှေးရနံ့ ကို မွှေး ရတာ အား မရပါဘူး ။ ခုမှ ဟုတ်ဘူးလား ”


( ၃ )


လက်ထပ် ပြီး တော့ ညိုမာ့ ကို ပို၍ ချစ်ရ ပြန်သည် ။ သနားမိသည် မှာ လည်း အမှန်တကယ် ။ ကျွန်တော့် လက် ထဲတွင် ညိုမာ ဆင်းရဲမည် စိုးသည် ။ စိတ် ငယ်မည် လည်း စိုးသည် ။ ကျွန်တော့် ဖေဖေ နှင့် မေမေ တို့ က ညိုမာ့ ကို သိပ်ချစ်သည့် အတွက် ဝမ်းသာအားရ ဖြစ်သည် ။ ညိုမာ ကိုယ်တိုင် ကျွန်တော့် နည်းတူ ရှိမည် ထင်၏ ။ သူ မျက်နှာ မငယ်ရ အောင် တခမ်းတနား မင်္ဂလာ ဆောင် ခဲ့ သည် ။ သူ့ စိတ်တိုင်းကျ ချည်း ဖြစ်စေရန် ကျွန်တော် စီစဉ် ပေးခဲ့သည် ။ သွားစရာ ၊ လာစရာ ကား တစ်စီး မျှ မရှိသည် က လွဲ လျှင် အရာရာ တွင် သူ့ မိဘ အိမ် တွင်နေစဉ် က လို ဖြစ်ဖို့ ကျွန်တော် ကြိုးစား ခဲ့သည် ။ ကျောင်း မှ ဘွဲ့  ရ ပြီးပြီး ချင်း နှစ်ဖက် မိဘ ကောင်းမှု ကြောင့် လခ သုံးရာ ကျော် အလုပ် တစ်ခု စီ ရခဲ့ ကြသည် ။


“ တစ်ရုံးစီ ဆိုတော့ လွမ်းတယ် အချစ်ရယ် ” 


ညိုမာ ဝမ်းနည်း စကား ဆိုသည် ။ 


“ မောင် လည်း ဒီလိုပါပဲ ကွာ ”


နှစ်သိမ့်စကား ဆို ရသည် ။ ရုံး ဆင်း လျှင် သူ့ ကို သွား ကြိုရသည် ။ ညိုမာ့ ကိုယ် မှ ရေမွှေးနံ့တွေ က ဦးစွာ လှမ်းယူ ပွေ့ဖက် ကြိုဆို စမြဲ ။ ချစ်သူ ဘဝ တုန်း က လို လမ်းလျှောက် ကြသည် ။ အအေးဆိုင် ထိုင် ကြသည် ။ ကော်ဖီဆိုင် ထိုင် ကြသည် ။ စနေနေ့ ဆို လျှင် ဗိုလ်ချုပ် ဈေး ၊ လေဟာပြင်ဈေး ၊ ရုပ်ရှင် ၊ အထည်ဆန်း ဝယ်ဖို့ ဈေး ထွက်ရသည် ကို ကျွန်တော် ပျော်သည် ။


“ ချစ်ရေ ... ဒီ အသား ကို ကြည့်စမ်းပါဦး ၊ အရောင် ကော ညိုမာ နဲ့ လိုက်ရဲ့လား ဟင် ”


ဖြေ ရသော စကား အတွက် ကျေနပ် မိသည် ။ ပခုံး ကို မထိတထိ နမ်း ရင်း ၊ ဆံစတွေ ကို မသိမသာ နမ်း ရင်း ၊ လမ်းလျှောက် ဖို့ ဖြင့် ယူဇနာ အရာအထောင် ဝေးပါစေ တော့ ။ ကျွန်တော့် အချစ် သည် ဘယ်အခါမှာ မှ မဟောင်း ။ မအို ။ မဆွေးမြည့် ။


နံ့သာ လိမ်းခြင်း ၊ ပန်း ပန်ခြင်း သည် နှလုံးသား ၏ နိုးထခြင်း အစ ၊ ဆုံးခန်း မတိုင်သော အစ ပေ တကား ။


( ၄ )


သားကြီး နာမည် က မောင်ခင်မောင်ကျော် ။  သမီးကြီး နာမည် က ညိုမီကျော် ။ သားလေး နာမည် က သော်သော် ။  သမီးလေး နာမည် က အိအိ ။


မောင်ခင်မောင်ကျော် က ခုနစ်နှစ် ။ အိအိ က ခြောက်လ ။ သော်သော် အဆိုးဆုံး ။ မှန်တင်ခုံ ပေါ် က မအေ့ ပစ္စည်းတွေ ကို ကျွမ်းထိုး မှောက်ခုံ တော့ အနည်းဆုံး လုပ်လေ့ ရှိသည် ။ သုံးနှစ်သား ပင် မပြည့် တတ် သေး သော် လည်း အတု ခိုးပြီး လိုက် လုပ်ရာ ၌ ကား ခြောက်နှစ် သမီး ညိုမီကျော် ပင် လိုက် မီနိုင်မည် မထင် ။ ရေမွှေးပုလင်း ကို တစ်ကိုယ်လုံး ဆွတ်ချင် ဆွတ် ပစ်သည် ။ မျက်ခွံဆိုးဆေး ကို လက်မောင်း တစ်လျှောက် သုတ်ချင် သုတ်ထား တတ်သည် ။ နှုတ်ခမ်းဆိုးဆေး ကို ပါး ပေါ်  မှာ လိမ်းချင် လိမ်းပစ် တတ်သည် ။ မိတ်ကပ်တွေ ကို တုတ် နှင့် ထိုး၍ ခြစ်ထားခြင်း ကား ရိုး နေပြီ ။ သောက်ရေခွက် ထဲ တွင် ပေါင်ဒါမှုန့်တွေ ထည့် ပြီး မျက်ခုံးဆွဲခဲတံ နှင့် ဖျော်ချင် ဖျော်သည် ။ အဆိုးဆုံး ကား မျက်တောင်ကော့ဆေး တွေ ကို ယူ ပြီး အရုပ် ဆွဲခြင်း ပင် ဖြစ်လေသည် ။


အစတုန်း က တော့ ညိုမာ စိတ်ဆိုး သေးသည် ။ သား ကို လက်ဝါး ဖြင့် ရိုက်တတ် သေးသည် ။ နောင်တော့ ရယ်မော ရင်း ပါးစပ် က အော်ဟစ် တားမြစ်ပြီး သော်သော့် ရန် ကို ကာကွယ် လေသည် ။


“ ချစ် ရယ် .... ညိုမာ့ ကို ချစ် မှ ချစ်သေးရဲ့လား ၊ ကလေး လေးယောက် မအေ အဘွားကြီး ဖြစ် နေလို့ ၊ အလှ တွေ လျော့ နေလို့ အချစ် ပြယ် သွားပလား ကွယ် ”


ကျွန်တော် ဖြေ လိုက် ပါသည် ။


“ တွေးမှ တွေးတတ်ပလေ ညိုမာ ရယ် ”


ရင်ခွင် ထဲ သို့ သူ ဝင် လာသည် ။ နားသယ်စ ကို မွှေး လိုက်သည် ။ ချန်နယ် ရေမွှေးနံ့ သည် နှာဝ တွင် ဝေ့ဝေ့ဝိုက်ဝိုက် ။ ပါးချင်း ကပ် လာသည် ။ အေဗွန်စနိုးနံ့ သည် သည်းပွတ် ကို ချစ်စရာ အတိတ် ဆီ သို့ ပြန်လည် ခေါ် ဆောင် သွား လိုဟန် ရှိသည် ။ သူ့ ရင်ခွင် ထဲ သို့ တိုးဝင် လိုက်သည် ။ ဂိုယာနှင်းဆီနက် ပေါင်ဒါရနံ့ က နှစ်ပေါင်း များစွာ ပြန်လည် ငယ်ရွယ် သွားစေသည် ထင်၏ ။


သွေးဆောင်နိုင်စွမ်း လှသည် တည့် ။


( ၅ )


“ စစ်ပါတယ် ချစ် ရဲ့ ၊ ချန်နယ် က တစ်ရာ့ငါးဆယ် တည်း နဲ့ မောင် ရခဲ့တာ ။ ဈေး ချိုတာပေါ့ ”


“ အေဗွန် က တော့ တစ်ရာ့လေးဆယ် ဆိုတာ နည်းနည်းလေး များတယ် ၊ တစ်ဆယ် လောက် ပါ ”


“ အောက်ခံ လိမ်းတာ ကို တော့ ပန်ကရို က လွဲရင် တခြား ဘာမှ ညိုမာ မသုံးဖူးဘူး ။ လေးဆယ့်ငါးကျပ် ဆိုတာ သင့်သားပဲ ။ ဒီ ပေါင်ဒါ က လည်း ပန်ကရို ပဲနော် ။ ဒီ တစ်ခါ တော့ သော်သော့် ရန် ဝေး အောင် ဗီရို ထဲ ထည့် ထား မှ ... ”


“ ဒီ တစ်ခါ ဝယ်ရင် လိမ္မော်ရောင် ဝယ်ကွယ် ၊ နှုတ်ခမ်းဆိုးဆေး ချင်း တူ ရင် ရယ်ဗလွန် က မအက်ဘူး ၊ မကွာ ဘူးလေ ။ လေးဆယ့်လေး နဲ့ မောင် ရအောင် ဆစ် လာ တာ ကိုး ”


“ လက်သည်းဆိုးဆေး ကို ဒီ တစ်ခါ ရယ်ဗလွန် မဝယ် နဲ့ တော့ ၊ ပါးလ် ဝယ် သုံး ရအောင် ။ အစိတ်လောက် ပဲ ပေးရမယ် ထင်တယ် ချစ် ရဲ့ ”


“ မွှေး ကြည့်စမ်း ၊ ချစ် ကြိုက်တယ် နော် ”


ညိုမာ့ အသံတွေ လွင် နေ တော့ ပြုံး ၍ သာ ကြည့်မိ သည် ။ ညိုမာ သည် ကျွန်တော် ဝယ်သော အလှကုန် ပစ္စည်းတွေ ကို စက္ကူဘူး ထဲ သို့ ပြန် ထည့်ပြီး ကော်ဖီပန်းကန် ကို လှမ်း ယူသည် ။ ကျွန်တော့် ပခုံး ကို သူ့ပခုံး နှင့် ထိ ထားပြီး ...


“ အမောပြေ သောက် ထားဦး ၊ တော်ကြာ မှ ထမင်းပွဲ ပြင် မယ်နော် ”


ကော်ဖီနံ့ တသင်းသင်း ။ သူ့ ကိုယ်နံ့ တသင်းသင်း ။ 


“ သကြား နည်းနည်း လျှော့ ထားလို့ သိပ် အချိုပေါ့ နေလား ဟင် ၊ ဒါထက် ချစ် သကြား က မနေ့က ထက် နှစ်ကျပ် တောင် တက်လာ သေးတယ် ”


ကော်ဖီ သည် ကျွန်တော့် လျှာ ပေါ် တွင် ချိုလွန်း နေ သည် ဟု ထင်၏ ။


( ၆ )


ညိုမာ့ ကိုယ် မှ စွဲမက်ဖွယ် ရနံ့တို့ သည် မည်မျှ တန်ဖိုး ရှိကြောင်း ၊ ထို ရနံ့ တို့ ကို မည်သူက ဖန်တီး ပေး ကြောင်း ၊ ဖန်တီး ရာ တွင် မည်သို့ ကြီးလေး ပင်ပန်းလှ ကြောင်း ယခု မှ ပင် ကျွန်တော် သိ လေ၏ ။


◾ငြိမ်းကျော်


📖 ရှုမဝ မဂ္ဂဇင်း 

      ၁၉၇၅ ၊ ဧပြီလ


#ကိုအောင်နိုင်ဦး


.

Sunday, September 4, 2022

ဦးငှက်ရိုး ၏ ရေစက်ချ


 ❝ ဦးငှက်ရိုး ၏ ရေစက်ချ ❞


( ၁ )


ငှက်ရိုး သည် ကျွန်တော် နှင့် အရင်းနှီးဆုံး ၊ အချစ်ဆုံး သူငယ်ချင်း ။ ဆရာတော်ကြီး ကျောင်း တွင် နမောဗုဒ္ဓယ မှ အစ အတူ သင်ခဲ့သူ ချင်း ။ ကုလားမန်ကျည်းသီး ပင် အတူ တက်၍ ခူး စားဖော် စားဖက် ။ ခရားချုံ တိုး ကာ မြေဝပ်ငှက် ပစ်ဖော် ပစ်ဖက် ။ ကျွန်တော့် မိဘ သည် နွမ်းပါးသော သူ့ ကို သား ကဲ့သို့ ချစ်သည် ။ ကျွန်တော့် အိမ် တွင် သူ ရံဖန်ရံခါ အိပ် သည် ။ ရံဖန်ရံခါ စား သည် ။ သူ့ မိဘ သည် သူရင်းငှား ။ သူ သည် စပါးရိတ် သိမ်းပြီး ချိန် တွင် ကောက်သင်း ကောက် ရသည် ။ သူ့ ဖခင် နှင့် အတူ လယ် အလုပ် လုပ် ရသည် ။ သူ့ ဖခင် သည် ငှက်ရိုး ကို သူရင်းငှား မဖြစ်စေချင် ။ ထို့ကြောင့် ကျောင်း ထားပေးသည် ။ “ စာ တတ်ရင် အဖေ့ လို မဆင်းရဲဘူး ၊ စာရေး ၊ စာချီ ဖြစ်နိုင်တယ် ၊ ကြိုးစားကွာ ”  ဟု ဆိုကာ အတန်းကျောင်း ဆက် တက် စေသည် ။ ခြောက်တန်း အတန်းတင် ပြီးချိန် တွင် သူ ကျောင်း ဆက် မတက်နိုင် ။ တစ်နှစ် ၊ နှစ်နှစ် ကျော် ကျော် သူရင်းငှား အလုပ် ဝင် ရသည် ။ ကျွန်တော် ဆယ်တန်း ဖြေသော နှစ် တွင် သင်္ချိုင်းကုန်း ဘက် က လယ်ကွက် ဧက နှစ်ဆယ် ကျော် ကို ငှားပြီး ထွန်သည် ။ မြေ ကို ပြင် ၊ ရေ ကို ပြင် ၊ ကံ ကို ပြင်သောကြောင့်လား မသိ ။ ကျွန်တော် ဥပစာ  (ခ ) တန်း တက် ချိန်တွင် ကိုယ်ပိုင် လယ်ကွက် နှင့် နွား တစ်ကောင် ပိုင် လာပေပြီ ။


တန်ဆောင်မုန်းလ တွင် ငှက်ရိုး ပြောသည် ။ 


“ ငါ ... မဂွမ်း ကို သဘော ကျ နေတယ် စိန်အောင် ”  


“ ကျရင် မေတ္တာစာ ပေးပေါ့ ဟ ...  ” 


“ စာရွက် ရှာ ရ ၊ ခဲတံ ရှာရနဲ့ ကြာပါ့ ကွာ ၊ ပါးစပ် နဲ့ ပြော ပစ်လိုက် မယ် စိတ်ကူးတယ် ” 


ကျွန်တော် ပြုံး မိ၏ ။ မဂွမ်း ညနေ ရေခပ် ဆင်းချိန်စောင့် ၊ ငါ ပါ အဖော် လိုက်မယ် ဟု ကျွန်တော် ပြောလိုက်၏ ။


“ သတ္တိ တော့ အတော် မွေး ရတဲ့ ကိစ္စ နော် စိန်အောင် ”  


ကျွန်တော် ပြုံး သည် ။ 


“  မဂွမ်း ကို ဘာလို့ သဘော ကျတာလဲ ” 


“  မဂွမ်း က ဉာဏ် ကောင်းတယ် ၊ အေးတယ် ၊ စကား နည်းပေ မယ် လို့ လေးလေးနက်နက် စဉ်းစား တတ်တဲ့ သူ လို့ ငါ ထင်တယ် ”  


ဟု ချက်ချင်း ဖြေသည် ။ ကျွန်တော် အံ့အား သင့်သွား၏ ။ အသက် နှစ်ဆယ် နား သို့ နီး နေပြီ ဖြစ်သော ငှက်ရိုး ၏ စိတ်ကူး ကို တွေး မိ၏ ။ မသဲမကွဲ အတွေး ရသောကြောင့် ... 


“ ဒါနဲ့ပဲ မဂွမ်း ကို ရည်းစား ထားချင် ရရောလား ၊ စိမ်းမြ တို့ ၊ မထွားတင် တို့ က သူ့ ထက် မလှ ပေဘူးလား ” 


သူ ခေါင်း ယမ်း၏ ။ တလင်း ထဲ သို့ အရောက် တွင် ကြောင်နက် စီးကရက်ဘူး ကို သူ့ ထံ သို့ ကမ်း၏ ။ 


“ နေပါစေ ကွာ ၊ လည်ချောင်း ကပ် တယ် ၊ ငါ့ ကွမ်းသီးဖက် ဆေးလိပ် ပဲ ကောင်းတယ် ”  


ဟု ဆိုကာ မီး ညှိသည် ။ ကျွန်တော့် စီးကရက် ကို မီးညှိ ပေးပြီး မှ ..


“ မဂွမ်း ကို ငါ က ယူ ကို ယူ မှာ စိန်အောင် ”  


“ တွက်ရေး တော့ စက်သူဌေး ပေါ့ ၊ ဟို က ပြန် ကြိုက်ပါစေဦး ”  


“ ငါ ကတော့ သူ မှ သူ ပဲ ”  


“ စွဲတယ် ၊ နွားခိုး လို့ ” 


ကျွန်တော့် ပြက်လုံး ကြောင့် သူ ရယ်သည် ။ ကျွန်တော် စီးကရက် သောက် နေစဉ် ... 


“ ဒီလိုကွ ...” 


ကျွန်တော် လှည့် ကြည့်သည် ။ ငှက်ရိုး သည် ရိတ်ထား ဆဲ လယ်ကွင်းတွေ ဆီသို့ ငေး သလိုလို နေရင်း ... 


“ ငါ့ အဖေ က ယံမင်္ဂလံ နဲ့ ပြီး ခဲ့ရတာ ၊ ငါ့ ကျတော့ ခုနစ်တန်း တက် တောင် မတက် လိုက်ရဘူး ၊ ငါ ကံ လိုက်လို့ လှည်း နဲ့ ၊ နွား နဲ့ ၊ လယ် နဲ့ ဖြစ် ရတာ နောက် ဆယ်နှစ် နေရင် ကံကြီးမောင် တို့ လယ်ဧက ခြောက်ရာ စလုံး ငါ့ လက် ထဲ ရောက် ရစေ့မယ် ကွာ ၊ ငါ အသုံးအဖြုန်း မှ မရှိတာ ၊ အသောက်အစား လောင်းကစား မှ မရှိတာ ၊ အဖေ့ ကို ငါ ကျွေးနိုင်ပြီ ၊ အမေ့ ကို ဆေးကု နိုင်ပြီ ၊ ဒီ ကံ ၊ ဉာဏ် ၊ ဝီရိယ နဲ့ ဆိုရင် နောင် အနှစ် နှစ်ဆယ် မှာ ငါ့ သားသမီးတွေ ကို အင်္ဂလိပ်ကျောင်း မှာ ထား ၊ ကောလိပ် ကျောင်း မှာ ထား ၊ ဒါပဲ ” 


သူ့ ဘဝ ရဲ့ ရည်ရွယ်ချက် ကို ကြား ရ၍ ကျွန်တော် အံ့အား မသင့် ။ သူ ကြိုးစားသော သူ ၊ ရိုးသားသော သူ ။ သူ့ စိတ်ကူးတွေ အားလုံးမှာ မဖြစ်နိုင်စရာ မရှိ ။ သူ့ အစွမ်းအစ ကို သံသယ မဖြစ် ။ သို့သော် ဘဝ ရည်ရွယ်ချက် နှင့် မဂွမ်း ကို ချစ်ခြင်း တို့ ဆက်စပ်ပုံ ကို သိ ချင်သည် ။ ထို့ကြောင့် ..


“ ဖြစ်နိုင်ပါတယ် ၊ အဲဒါတွေ နဲ့ မဂွမ်း ကို ကြိုက် တာနဲ့ က ..”  


“ ပြောမယ်လေ ကွာ ”  


သူ ဝင်သက် ရှူပြီး မှ  ... 

 

“ ငါ ရှာတဲ့ စီးပွား ကို သိမ်းထုပ်သေချာ ဆိုတဲ့ မယားဝတ္တရား နဲ့ ညီ တဲ့ မယား မှ ပို ကြီးပွား မှာ ၊ အဲဒီ သူ ကလဲ မဂွမ်း မှ ” 


ကျွန်တော် ပြုံး ကာ 


“ ဟုတ်ပြီ ဆက် ပြော ” 


“  ကလေး က လေး ငါး ယောက် တော့ မွေး မှ ၊ အဲဒီ ကလေးတွေ ကို စိတ်ရှည် လက်ရှည် ဂရုစိုက် မှာ ကလဲ မဂွမ်း မှ ဖြစ်မယ် ” 


“ ထားတော့ ၊ ထားတော့ ” 


“ မဂွမ်း ကို မင်း အကဲခတ် ကြည့် ၊ အေးဆေးတယ် ၊ စိတ်ရှည် တယ် ၊ စေ့စပ်သေချာတဲ့ လက္ခဏာ ပေါ့ ကွာ ၊ ငါ့ သားသမီး တွေ ငါ့ ထက် ပိုပြီး စာ တော်အောင် ၊ လူရာ ဝင်အောင် ၊ ကြီးပွားအောင် ပြုစုပျိုးထောင်ဖို့ ဆိုတာ မဂွမ်း မှ ပဲ ဖြစ်မယ် ၊ မင်း ပြောတဲ့ စိမ်းမြ ဆိုတာ နိုင်လွန်သံ ကြားရင် မိဘ ကို နားပူနားဆာ ၊ ဂျော်ဂျက်သံ ကြားရင် မဝတ်ရ ၊ မျက်ရည် တစ်စက် ကျ ၊ ထွားတင် ဆိုတာ က ဇာဘော်လီသစ် မနေ့က ပေါ်ရင် ဒီနေ့ ဝတ် ရမှ ၊ ကြိုးပျောက်ဇာဘော်လီ ရောင်စုံထည်လဲ ၊ နှုတ်ခမ်းနီ ၊ ပါးနီ လဲ ဝါသနာ ပါ ပါ့ ၊ ငါ ရှာသမျှ ထဘီဖိုး နဲ့ ကုန် ရချည်ရဲ့ ၊ ဒီတော့ ရိုးတဲ့ အေးတဲ့ မဂွမ်း ကို ငါ ရွေးတာ စိန်အောင် ” 


တွက်ကိန်း ဇယား ကျပါပေ ဟု ကျွန်တော် ချီးကျူး လိုက်သည် ။


“ ငါ မဂွမ်း နဲ့ အိမ်ထောင် ထူထောင် ရ ရင် ငါ့ ဘဝ ဟာ ပြည့်စုံပြီ ၊ တိုးတက်ပြီ ၊ ငါ့ သားသမီး ၊ မြေးမြစ် ၊ အမျိုးအနွယ် အားလုံး စိတ် မပူရတော့ဘူး ၊ ပြီးတော့ မဂွမ်း ကို သတိထား ကြည့်  ၊ အကြင်နာ ၊ ကရုဏာ တရား ကြီးမား တဲ့ မျက်နှာ ” 


“ ငါ လဲ မဲထည့် ပါတယ် ငှက်ရိုး ၊ ဖြစ် နိုင်ပါတယ် ၊ မင်း အင်မတန် တွက်တတ် ချက်တတ် တာ ပဲ ၊ မမှားနိုင်ဘူး ၊ ရအောင် ကြိုးစား ကွာ ” 


     •••••   •••••   •••••   •••••


( ၂ )


မင်္ဂလာ ဆောင် တုန်း က ကျွန်တော် ရွာ မပြန်ဖြစ် ၊ ဒီဇင်ဘာ လ ကျ မှ လက်ဖွဲ့ ပစ္စည်း ဝယ်ပြီး ရွာ သို့ ပြန်သည် ။ ငှက်ရိုး နှင့် မဂွမ်း တို့ အိမ် သို့ ရောက်သောအခါ ငှက်ရိုး က ဝမ်းသာအားရ နှင့် ... 


“ မဂွမ်း ၊ ဒါ ငါ့ သူငယ်ချင်း စိန်အောင် လေ ” 


မဂွမ်း သည် ဂွမ်း ကဲ့သို့ ဖြူ ကာ အိအိဖိုင့်ဖိုင့် ရှိသော ကိုယ်ကို တစ်ချက် လှည့်ပြီး  ... 


“ တစ်ရွာသား တည်း ပဲ သိ သားပေါ့ ” 


စကား အဆုံး တွင် တစ်ဖက် သို့ ပြန်လှည့်သွားသည် ။ ငှက်ရိုး သည် ရိုးတိုးရှန့်တန့် ဖြစ်သွားသည် ။ ကျွန်တော် ပေးသော လက်ဖွဲ့ ပစ္စည်း ကို မဂွမ်း ထံ သို့ ကမ်းရင်း ... 


“ သူ လက်ဖွဲ့ တာ မဂွမ်း ” 


“ တလက်စတည်း နဲ့ ရှင် ပဲ သွား သိမ်းထားလေ ”  


ငှက်ရိုး ၏ မျက်နှာ တွင် အပြုံး လျော့ သွားသည် ။


     •••••   •••••   •••••   •••••


( ၃ )


ငါတို့ အိမ် ရောက် စ ဆိုတော့ မဂွမ်း ခမျာ အနေရ ခက်နေတယ် ၊ နေသား မှ မကျသေးတာ ၊ တစ်အိမ် နဲ့ တစ်အိမ် အစားအသောက် ၊ အနေအထိုင် တူ မှ မတူတာကိုး ဟု ငှက်ရိုး ပြောသည် ။ ဒါပေါ့ ၊ အိမ် တစ်အိမ် တည်း မှာ တောင် အခန်း ပြောင်း အိပ်ရင် ရုတ်တရက် အိပ်လို့ မှ မရတာ ၊ စနစ်ချင်း ၊ စည်းကမ်းချင်း တူ မှ မတူကြတာကိုး ဟု ကျွန်တော် ပြောသည် ။ တစ်ဆက်တည်း နှင့်  ... 


“ မင်း အိမ်ထောင်ရေး ကံ ကောင်းပါတယ် ငှက်ရိုး ” 


“ ဖူးစာရေးနတ် က အသင့်လျော်ဆုံး နဲ့ အိမ်ထောင် ချ ပေးလိုက် တာတော့ အမှန်ပဲ ၊ အရေး ကြီးတာ ကတော့ ငါ့ မှာ ရလာမယ့် သားတွေ သမီးတွေ ဟာ ငါ မျှော်လင့်သလို ဖြစ် လာဖို့ပဲ ဖြစ်မှာပါ ၊ မဂွမ်း က အခုတော့ အိမ်ထောင် ကျ စ ကိုး ၊ ရှေ့ နှစ်နှစ် ဆိုရင် ငါ အိမ် ခွဲမယ် ၊ ကိုယ့်အိုး ၊ ကိုယ့်အိမ် နဲ့ နေ ၊ နှစ်ဖက် ကို ထောက်ပံ့ ၊ သားတွေသမီး တွေ ကျောင်း ထား ၊ ငါ စီးပွားရေး တိုးတက်အောင် ကြိုးစား ၊ ဒီ မယား ၊ ဒီ သား ၊ ဒီ သမီး တွေ နဲ့ အလှူအတန်း ကုသိုလ်ကောင်းမှု လုပ် ၊ ဘုရား ပွင့် တဲ့ အချိန် တိုင်အောင် အတူ စောင့် ၊ ကျွတ်တန်း ဝင် ၊ လောကီ လဲ လောကီ ချမ်းသာ ၊ လောကုတ္တရာ  လဲ လောကုတ္တရာ ချမ်းသာ ၊ ဒါပါပဲ ကွာ ” 


     •••••   •••••   •••••   •••••


( ၄ )


အမေ တို့ မရှိတော့၍ ကျွန်တော် သည် အလုပ် ရှိရာ အထက်မြို့ သို့ ပြောင်း ရသည် ။ ပြောင်းရခါ နီး တွင် ငှက်ရိုး တို့ အိမ်သို့ သွား၍ နှုတ်ဆက် သည် ။ ငှက်ရိုး ၏သမီးကြီး သည် မတ်တတ်စမ်းလျက် ပင် ရှိပေပြီ ။ ငှက်ရိုး သည် နွား နှစ်ရှဉ်း ပိုင်နေပေပြီ ။ လယ် ဆယ်ဧက ထပ် တိုးနေပေပြီ ။ လက်အောက်လက်သား လေးငါးဆယ်ယောက် ရှိ နေပေပြီ ။


“ အင်စပက်တော် စိန်အောင် ရေ ၊ ငါ မြို့ ကို တက်ပြီး စီးပွားရေး ချဲ့ ဦးမယ် ၊ ဆန်စက်ကလေး ဘာလေး ပေါ့  ၊ ဒါပေမယ့် ငါ ခြေ ကျဲ သလောက် မဂွမ်း က နှေး သကွာ ” 


အားမရသံ ။


     •••••   •••••   •••••   •••••


( ၅ )


ကျွန်တော့် သားကြီး ကို ရန်ကုန်တက္ကသိုလ် သို့ လိုက် ပို့သော နေ့ က အာမခံရုံး ရှိ အသိ တစ်ယောက် ထံ သွား ခဲ့သည် ။ ထို အသိ သည် ငှက်ရိုး နှင့် အဆက်အသွယ် ရှိနေ၍ တစ်ချက်ခုတ် နှစ်ချက်ပြတ် ။ ငှက်ရိုး တွင် ဆန်စက် သုံးလုံး ၊ ဆီစက် နှစ်လုံး ၊ သစ်ခွဲစက် နှစ်လုံး ရှိ နေပေပြီ ။ အဝေးပြေး ဆန်တင်ကား နှစ်စီး ပိုင် နေပြီ ဟု သတင်း ရ၏ ။ တစ်ဧက လျှင် ခြောက်သိန်း တန် သော မြေကွက် ပေါ် ၌ တိုက်ကြီး တစ်လုံး ဆောက်ပြီး သွားပြီ ဟု သတင်းကောင်း တွေ ကြား ရ၏ ။


ငှက်ရိုး နှင့် မတွေ့ရသည် မှာ ရှစ်နှစ် ၊ ကိုးနှစ် ခန့် ရှိ ပေပြီ ။


အာမခံရုံး က မိတ်ဆွေ ပေး လိုက်သော ကြောင့် ငှက်ရိုး ၏ ဖုန်းနံပါတ် ကို ရခဲ့သည် ။ နောက်နေ့ တွင် ကျွန်တော် ဖုန်း ဆက် ကြည့်သည် ။ ငှက်ရိုး မရှိ ဟု အမျိုးသမီး အသံ က ဖြေသည် ။ အဲလ်ဗစ်ပရက်စလေ ၏ မနေ့တစ်နေ့ က ပေါ်လာသော ဓာတ်ပြားသီချင်း သံ ကို ဖုန်းထဲကြားရသည် ။


တစ်ပတ်အကြာ တွင် ကျွန်တော် ဖုန်း ထပ် လှည့်သည် ။ ငှက်ရိုး နှင့် တိုး သည် ။ ဟကောင်ကြီး ၊ အခု လာ ကွာ ၊ ငါ တွေ့ချင်တယ် ၊ မလာနိုင် ရင် ငါ ကား လွှတ်လိုက်မယ် ဟု အလုအယက် ဝမ်းသာ စကား ဆို သည် ။ နောက်နေ့ ကျ မှ လာမည့် အကြောင်း ကျွန်တော် ပြောသောအခါ ဟာကွာ ဟု မချင့်မရဲ ဆို လေသည် ။ ငါ စောင့်မယ် ၊ ဆက်ဆက် လာ ၊ အတွင်းဝန်ကလေး နဲ့ တွေ့မယ့် ကိစ္စ ကို ဖျက်ပြီး စောင့်မယ် ဟု ပြောလေသည် ။


     •••••   •••••   •••••   •••••


( ၆ )


လေးဆယ် ကျော်ခါ စ ၊ သို့သော် အိုစာနာ နိုင်လှ၏ ။ ဆံပင်ဖြူတွေ ထွက်စ ပြုနေ၏ ။ မင်း ကတော့ ငယ်ရုပ်ပဲ ဟု ငှက်ရိုး ပြော၏ ။


“ မင်း ကလေး တွေ ရော ဘယ်နှတန်း လဲ ”  


သူ ခေါင်း ကုတ်၏ ။


“ မပြောပါနဲ့တော့ ကွာ ၊ ရန်ကုန် သီလရှင်ကျောင်း တိုင်း မှာ မနေ ဖူးတယ် မရှိပါဘူး ၊ ဒီနေ့ ကွန်ဗင့်ဆရာမ နဲ့ အပြောအဆို အဆင် မပြေ ရင် မနက်ဖြန် စိန်ဖလိုမီနား ၊ ဆရာမ ဒဏ် ပေးတာ ခံရရင် နောက်တစ်နေ့ စိန်ပေါ ၊ ကလေးတွေ ကို မဂွမ်း က အလို လိုက်တဲ့ နည်း နဲ့ ဖျက်ဆီး နေတယ် ၊ ငါ က စီးပွားရေး ကို ရာနှုန်းပြည့် ၊ ဒီတော့ အိမ် အုပ်ချုပ်ရေး မှာ ငါ ငါးဆယ် သား လျော့ တော့တာပေါ့ ၊ စာရင်းဇယား က အစ ငါ ” 


“ မဂွမ်း က မကူဘူးလား ”  


“ သူ က တွေဝေ ငိုက်မျဉ်း နေတဲ့ အစား မျိုး ” 


ဟေ ...  ဟု အံ့ဩသံ ကျွန်တော် ပြုမိသည် ။


“ သူ ဘာလို့ အသက် ရှင်နေတာ ကို သူ ကိုယ်တိုင် သိချင် မှ သိမှာ စိန်အောင် ”  


“ ဟာကွာ ၊ ငှက်ရိုး က လဲ ” 


“ မဟာကွာ နဲ့ ၊ ရွာ က ပြောင်းလာ ကတည်း က မြို့ မှာ သူ ဘာမှ မလုပ်ရဘူး ၊ အိမ် ကိစ္စ ဆို အိမ်ဖော်တွေ နဲ့ ၊ အဝတ် လျှော်တာ ၊ ကြမ်း တိုက်တာ ၊ ထမင်း ချက်တာ က အစ စက် နဲ့ ၊ မဂွမ်း အတွက် အချိန်တွေ အရမ်း ပို တယ် ၊ အချိန် ပိုအောင် ငါ စရိတ်စက တွေ ပို ခံ ရတာပေါ့ကွာ ၊ ကလေးတွေ အတွက် ပညာရေး ဂရုစိုက်ချိန် ပို ရအောင် ၊ စီးပွားရေး အတွက် ဂရုစိုက်ချိန် ပို ရအောင် ငါ စီစဉ်ပေးတာ ၊ ဒါပေမယ့် ...  ” 


မောသံ ဖြင့် ခဏ ရပ်သည် ။ 


ကျွန်တော် သဘော မပေါက် ၊ သူ့ မျက်နှာ ညှိုးအိုအို ။


“ အားလုံး အလကားပါ ပဲ ကွာ ၊ သူ ပြောပုံ ပြောပေါက် နဲ့ ၊ ထားတဲ့ သဘောထား နဲ့ ငါ လိမ့် နေတာပဲ ၊ အနှစ် နှစ်ဆယ် ” 


“ သူ က နဂိုက ခပ်အေးအေး ပဲ ငှက်ရိုး ရာ ” 


“ သူ က ဈေးတောင်း ခေါင်းရွက် ပြီး ငါ့ ကို ကျွေး ၊ ဟင်း မလောက် ၊ ထမင်း မလောက် ၊ ကျောက်တံဖိုး မရှိတာ သူ ညည်း လဲ ငါ ငုတ်တုတ်ထိုင် နေမယ် လေ ၊ အိမ် အတွက် ဘာ လိုလို သူ ကတော့ မပူ ပေါင် ၊ ကျွန်မ မှာ သာ ဈေး ရောင်းရ ၊ ရှာရဖွေရ ၊ ချေးငှားရ ၊ အေးလွန်းလှတယ် လို့ ငါ့ ကို ပြော ၊ အရပ်ကလဲ ငါ့ ကို အေးအေးပဲ လို့ ဘွဲ့တံဆိပ် ဝိုင်း ပေး ၊ နေရာချင်း လဲမယ်လေ ၊ ငါ လဲ နေတတ် တာ ပေါ့ ” 


ဟု ပြောပြီး တော့ ရယ်သည် ။ စိတ် နာ သံ ပါသည် ဟု ကျွန်တော် သိသည် ။


“ ပြော ရရင် အများကြီးပါ ကွာ ၊ မင်း နဲ့ တွေ့တုန်း တခြား အကြောင်း ပြောကြတာပေါ့ စိန်အောင် ရာ ” 


သူ့ မျက်နှာ ပေါ် က အိမ်ထောင်ရေး ဘာသာစကား ကို ရိပ်မိ လိုက်၏ ။


     •••••   •••••   •••••   •••••


( ၇ )


ကျွန်တော် ပင်စင် ယူ သည့် ခွင့် လေးလ အစ တွင် ငှက်ရိုး ဖုန်း ဆက်သည် ။ အလှူ ရှိကြောင်း ၊ တန်ဆောင်း ရေစက်ချ ဖြစ်ကြောင်း ၊ အလှူ နေ့ တွင် လာစေ လိုကြောင်း ပြောသည် ။ သူ နှင့် ကျွန်တော် သည် လူချင်း မဆုံသော်လည်း ဖုန်း အဆက်အသွယ် တော့ ရှိ ခဲ့သည် ။ တစ်ခါတစ်ရံ တွင် သူ့ အိပ်ခန်း ထဲ မှ ဖုန်း ဆက် တတ်သည် ။ ည ဆယ်နာရီ ၊ ဆယ့်တစ်နာရီ ၊ ကျွန်တော် သိပြီးသား ပြဿနာ ၊ ဂွမ်းပုံ ၏ မသိတတ်မှု ၊ သားသမီး ပျိုးထောင် စောင့်ရှောက်ပုံ မဟုတ်မှု ၊ ထို့နောက် စိတ်နာ စကား ၊ အလဟဿပ ၊ အလကားပဲ ၊ ဘဝ ကို စိတ်ညစ်စရာတွေ နဲ့ ဆောက် ရသလိုပဲ ၊ ငွေ ရှိပါလျက် နဲ့ ညဘက် ဆာရင် စားစရာ ပဲမုန့် တစ်ခု ဝယ်ပေးဖော် မရတဲ့ မယား နဲ့ နေ ရတာ ၊ မဂွမ်း ဟာ သူ့ အကျိုး ၊ လင့် အကျိုး ၊ သားသမီး အကျိုးနဲ့ အနန္တော အနန္တငါးပါး အတွက် ဘာမှ မလုပ်တဲ့ မိန်းမ ၊ သူ့ ကြောင့် လှေ ရှိလျက် နဲ့ လိုရာ ခရီး ရောက် အောင် မသွား ရတာ ၊ သူ့ကြောင့် မှန်း သိ သလား ၊ မသိ သလား ငါ မသိတော့ဘူး ဟု အလှူ ဖိတ် ရင်း ဖုန်း ထဲ က ပြော သည်  ။


     •••••   •••••   •••••   •••••


( ၈ )


ပရိသတ်တွေ ဟင် ...  ဟာ .. ဖြစ် သွားသည် ။ ကျွန်တော် တားချိန် မရလိုက် ။ 


“ ဘုရားတပည့်တော် အသက် ထက်ဆုံး စင်ကြယ်စွာ ရှာဖွေခဲ့တဲ့ ဥစ္စာပစ္စည်းများ နဲ့ ဒါန ၊ သီလ ၊ ဘာဝနာ ကုသိုလ် ပြုပါတယ် ဘုရား ၊ မှန်ကန်တဲ့ ဤ သစ္စာစကား ကြောင့် အရိမေတ္တယျ မြတ်စွာဘုရား မဖူးရမီ ကြား ဒီ ဘဒ္ဒကမ္ဘာ မှာ ကျင်လည်ရတဲ့ အခိုက် ဘယ် ဘဝ မှာ မှ မဂွမ်း နဲ့ မဆုံပါရစေ နဲ့ ဘုရား ”  


ဟူသော ရေစက်ချ ဆုတောင်း အဆုံး တွင် ငှက်ရိုး ၏ ရေစင်တော် ငွေကရား ၌ ရေ တစ်စက် မျှ မရှိတော့ ။


ငြိမ်းကျော်


ရင်ခုန်ပွင့်မဂ္ဂဇင်း

၁၉၈၇ ခုနှစ် ၊ မေလ


#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။


.

Monday, May 16, 2022

မှားယွင်းသွားကြောင်းပါ ခင်ဗျာ


 

❝ မှားယွင်းသွားကြောင်းပါ ခင်ဗျာ  ❞

[ ၁ ]

စိတ်ညစ်ညစ် ရှိတာ နဲ့ ရွာဦးကျောင်း က စာချကိုယ်တော်လေး ဆီ သွား ၊ ဟိုစကား ဒီစကား ပြောရတာပေါ့ ။ စကား ထဲ စိတ် ရောက်နေလို့ ထင်ပါ့ ၊ အိမ် က မိန်းမ မိဗိန်မ တို့ ၊ သားသမီးတို့ ကို သတိ မရဖြစ်ဘူး ။ စောစောက ဒေါပွ နေတာလေးတွေ ပျောက် သွားပါရဲ့ ။ တွဲရေးခွဲရေး နောက်ကြောင်းပြန် ကိစ္စတွေထဲ ၊ ကိုးဆယ့်တစ်ဌာန ထဲ မှာ စကားတွေ နစ် သွားတာ နဲ့ အိမ် ကို သဘောမတွေ့တာ ဘယ် ရောက်မှန်း မသိတော့ဘူး ။ ညနေ နေစောင်း တော့ မှ ကျောင်း က ပြန် လာရင်း အိမ် ကို မပြန်ချင်သေးဘူး ။ အိမ် ရောက်ရင် မကျေနပ်တဲ့ စကား ပြန် စမိဦးမယ် ။ ဒါနဲ့ ရှေ့က ခြံထဲ လှမ်းကြည့်တော့ အိမ်ရှေ့မှာ စံပယ်ပင် ရေ လောင်းနေတဲ့ ဘကြီးဦးကြာဖူး ကို တွေ့ရော ။ ဘကြီးဦးကြာဖူး က စည်းရိုးကြခတ်တွေ ကြားကနေ “ ဟကောင် ၊ ခုနလေးတောင် မင်း တို့ အိမ် ငါ ရောက်သေး ရဲ့ ၊ မင်း မရှိလို့ ခဏတစ်ဖြုတ် ထိုင်ပြီး ပြန်လာခဲ့ရတယ် ၊ လာလေကွာ ၊ ပန်းပင်တွေ ရေလောင်း လို့ ပြီးပါပြီ ” တဲ့ ။

ဒါနဲ့ အိမ် မပြန်ချင်သေးတာ နဲ့ ခြံ ထဲ စွေ့ခနဲ ဝင်ဖြစ်သွားရော ။

°°°°°   °°°°°   °°°°°

[ ၂ ]

သံဆုံလေး ထဲ ကို ကွမ်းရွက် ၊ ကွမ်းသီးစုံ အကုန် ထည့် ထောင်းပြီး အတော် ညက်တော့ မှ ပါးစပ် ထဲ ပက်သွင်းရင်း မြုံ့နေ တဲ့ ဘကြီး ဦးကြာဖူး က ...

“ မင်း မိန်းမ ကရော ၊ ကလေးတွေ ကရော ပြောပါတယ် ၊ မင်း စိတ် ဆိုးလို့ အပြင် သွားတာတဲ့ ၊ ဘာဖြစ်ကြတာတုန်း ၊ မင်းတို့ ဟာ တကျက်ကျက် နဲ့ ”

“ ပြောမရ ဆိုမရ တာ များလွန်းတော့ ကျုပ် လဲ စိတ် ထွက် လာတာနဲ့ ထ ဆဲပစ်တာ ဘကြီးကိုကြာဖူး ရ ”

“ မင်းနှယ် ... ငှက်ရိုးနှယ် ကွာ ၊ စိတ် ကို လျှော့လဟ ၊ စိတ် ဆိုတာ လျှော့ရတဲ့ ပစ္စည်း ငါ့လူ ရ ”

“ လျှော့ပါသော်ကောဗျာ ၊ ဟို ... ဆယ့်လေးငါးနှစ် နဲ့ ခုစိတ် နဲ့ ကွာပါရဲ့  ၊ ပြောမရ ဆိုမရ တာက တစ်ကြောင်း ၊ တစ်ဖက်က ပရိယေသန ရှာရဖွေရတာက တစ်ခက် ၊ မနှစ် ကလဲ စပါး က အထွက် မကောင်း ၊ မိုး က ခေါင် ၊ ပိုး က ကျ ၊ ချစ်တီးကြွေး က ထပ် တက် ၊ တိုင်းရေးပြည်ရေး က ခပ်လှုပ်လှုပ် ၊ ဟိုပူ ဒီပင်ရ နဲ့ ၊ ပြောစကား နား မထောင် ၊ ကိုယ် ဖြစ်စေချင် သလို မနာခံတော့ သင်းတို့ ကို စိတ်ဆိုးသပေါ့ ဗျာ ”

ဘကြီးဦးကြာဖူး က ကွမ်းမှုန့်မြုံ့ ရင်း စွေစောင်းစောင်း ကြည့်တယ်လေ ။ ခေါင်းတဆတ်ဆတ် ညိတ်ပြီး “ အင်း  ” တဲ့ ၊ ရင်ခေါင်းသံ နဲ့ သံရှည် ဆွဲပြီး ...

“ ငါ့ မှာ သား ငါးယောက် ၊ သမီး ငါးယောက် ၊ အခု မြေး ဆယ့်တစ်ယောက် ၊ ငါ က မင်း ထက် စိတ်ကြီးချင်တောင် ကြီးမယ် ၊ စကား က နောက် ၊ လက် က အရင် ၊ ဒါ ဆို ဒါ ၊ ဘူးဆို ဖရုံမသီး နဲ့ ၊ ငါ့ တုန်းက ငါ့ မိဘ တွေ ပုံသွင်းသလို ငါ လဲ ပုံသွင်းတာပဲ ၊ ထင် သလောက် မရခဲ့ဘူး ငှက်ရိုး ၊ ဒေါသူပုန် ပေါ့ ကွာ ၊ လောကဓာတ်ကျောင်း ထား ပေးတာ ပျင်းတယ် ပြောတဲ့ သူ က ပြော ၊ ကျောင်း က ထွက်ပြေး ၊ ရှာရ ဖွေရ ၊ စုံစမ်းရ ၊ အဲဒီတုန်း လင် နောက် ထ လိုက်တဲ့ သူ က လိုက် ၊ မင်းတို့ အရီး ဒါလောက် မျက်ကြော သေ ရ ကောင်းလား ဆိုပြီး ဆဲဆို ကြိမ်းမောင်း ၊ မှတ်မယ် ၊ သင်ခန်းစာ ယူမယ် ထင်လား ၊ လူ ကုန် ၊ ပြဿနာ ကုန် မှ မီးတစ်ဆက် ငြိမ်းတာ မထင်နဲ့ ၊ လာပြန်ပြီ ၊ မြေးအကြီးဆုံး က ကျောင်း ပြေးတယ် ဆိုလား ၊ သူ့ အဖေ နဲ့ ငါ့ သမီး နဲ့ လင်မယား စကားများကြရော ၊ မပြီးတာ ငါ ပြောပြတာ ”

လေအေးအေး နှင့် ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောတတ် သူ လို့ ဘကြီးဦးကြာဖူး ကို ခေါ်ဝေါ် ထိုက်ပါပေတယ် ။ အခုလည်း အေးအေးပဲ ။ အသံ ချိုချို နဲ့ ၊ အသံ သာသာ နဲ့ နားထောင်လို့ ကောင်းပါတယ် ။ တရားဓမ္မ စကားလုံး သာ မပါတာ ၊ တရားသံဝေဂ သဘောက ပါ ပြီးသား ။ ဘကြီးဦးကြာဖူး နဲ့ ကျုပ် နဲ့ မတူတာတွေ အများကြီးရယ် ။ ကျုပ် က အိမ် က ဟာမကြီး နဲ့ ဟာတွေကို ရွှေပေါ်မြတင်ထားတာ ။ အရီး က ကိုယ်တိုင် ကောက် စိုက်ရတယ် ။ ဗိန်မ က လယ်ထဲ ကို ထမင်း ပို့ တောင် မလာစေရဘူး ။ အိမ် မှာ ထမင်းဟင်း ချက် ရုံပဲ ။ အဝတ် လျှော်ရင် အငှားဒိုဘီမ ကို အပ် ။ သူ့ တာဝန် က သားသမီးတွေ ရဲ့ ကျန်းမာရေး ၊ ပေါင်းသင်းဆက်ဆံရေး ၊ လောကဓာတ် ကျောင်း မှာ အတန်း မှန်မှန် အောင်ရေး ။ ကျုပ် က စီးပွား ဖိရှာတယ် ။ တစ်နေ့ တစ်နေ့ လယ်ထဲ ချောင်းထဲ မှာ ၊ နွေလသီတင်း မှာ နားမယ် မထင် နဲ့ ။ လယ်တစ်ပယ် တစ်ဧက နှစ်တိုင်း တိုးချဲ့ရလို့ ပြင်ရဆင်ရ ။ လယ်ထဲ ကိုယ်တိုင် ဆင်း ၊ နွား နဲ့ ဖက် ကျုံးရုန်း ။ သူရင်းငှား နဲ့ ကောက်စိုက်သမ တို့ ကို လယ်ကူလီ နဲ့ ချည်း မျက်နှာ လွှဲ ထားကျင့် က မရှိ ။ ဒီတော့ တစ်ခါတလေ ဖျားပြီ ဆိုရင် ကိုင် ရိုက်ထားသလား ၊ မောင်းဆုံထဲ ထည့် ထောင်းထားသလား ထင်ရတယ် ။ ကျုပ် ခေါင်းထဲမှာက ကိန်းဂဏန်းတွေ ပဲ ရှိတယ် ။ ပိုင်စေ့ ၊ ပြားစေ့ ၊ မူးစေ့ ၊ မတ်စေ့ ၊ ငါးမူးပြား ၊ ကျပ်ပြား ၊ ရွှေဒင်္ဂါး ၊ မြင်းစီးလှံထိုး နဲ့ ဆံမြိတ်ထုံးချည်း မြင်တယ်လို့ တောင် အပေါင်းအသင်းတွေ က နောက်ကြ ပြောင်ကြတယ် ။ ရွှေဒင်္ဂါးပြား ရဲ့ ခေါင်းပန်း ပုံတွေလေ ။ ဆံမြိတ် နောက် ကို ချည်း လိုက်တယ် လို့ ဆိုလည်း ဆိုကြပေါ့ ။ စားဝတ်နေရေး ၊ တိုးတက်ကြီးပွားရေး က မြင်းစီးလှံထိုး မှ ၊ ဆံမြိတ်ထုံး မိန်းမချော အဝိုင်းလေးတွေ ရှိမှကိုး ။ ဒီတော့ သားသမီးတွေ နဲ့ ကင်းကွာရ ကောင်းလား ပြောချင် ပြောပေါ့ ဗျာ ။ ကျုပ် က မိန်းမ ကို ယုံကြည်ပြီးသားပဲ ၊ သူ့ တာဝန်ပါ တဲ့ ။ ကလေးတွေ ကြောင့် ရှာရဖွေရ နောက်ဆံ မငင်စေရပါဘူး တဲ့ ။ သူ့ ပဋိညာဉ် ပဲ ။ ကျုပ် ယုံတာပေါ့  ။ ယုံမိတာ စမှားပြီ ။ မှားမှန်းသိတော့ နောက်ကျပြီ ။ အဲဒီ နှစ် က ကျုပ် လယ် အထွက် ကောင်း ၊ စပါးဈေး ကောင်း ၊ တိုင်းပြည်ကလဲ အေး လို့ ။ ဒါနဲ့ နှစ်ဆောင်ပြိုင် အိမ်ကြီး ဆောက်ရော ၊ ဆောက်နေတုန်းပဲ သမီးအကြီးမ က ဆိုင်းမဆင့် ဗုံမဆင့် နဲ့ လင် နောက် ထ လိုက်ရော ။ ကျုပ် က သဘာဝတရား သိပါရဲ့ ။ “ လောကတံထွာ လူတို့ရွာ ၊ ဘာသာဓလေ့ သိကောင်းပေ့ ” ဆိုတဲ့ စကားနဲ့ အညီပါ ။ လောကဓာတ် ကျောင်း က အောင်လို့ ရန်ကုန် တက္ကသိုလ်ကျောင်းတိုက်ကြီး ကို ပို့ထားတုန်း ထ လိုက်သွားတာ ။ စိတ် က ဆိုးလို့ သူရိယသတင်းစာ ထဲ မှာ သမီး အဖြစ်က စွန့်လွှတ်ကြောင်း ကြော်ငြာ ပစ်ထည့်လိုက်ရော ၊ အဲ ... ဒါပေတဲ့ မွေးဖွားခါနီး ဗိုက်တကားကား နဲ့ ဗိန်မ က တစ်ဖက်လှည့် နဲ့ ခေါ် လာတယ်လေ ။ ကျုပ် အိမ် က မီးနေခန်း ဖြစ်သွားရော .. ။

ဗိန်မ က သားသမီး ချစ်တာ ခွေးသားအုပ်မ ၊ ကြက်သားအုပ်မ ချစ်သလို ချစ်တာ ။ ကျုပ် က သားသမီးတွေ ကို ဘယ်သူ က ဘာ ဖြစ်ရမယ် ဆိုတဲ့ အမြော်အမြင် စိတ် နဲ့ ။ သူ က ချွေးခံအိတ် ထဲ က မူးစေ့ ၊ ဒင်္ဂါးပြား တွေ ထုတ် ထုတ်ပြီး ရော့ အင့် ၊ ရော့ အင့် လုပ်နေ ရရင် မိဘမေတ္တာ ထင် နေတာ ။ သားသမီး ပြောသမျှ အကုန် ယုံ တာချည်း ။ နံနက် ဈေးသွား ၊ ဈေးခြင်းတောင်း ဆွဲပြန်လာ ၊ ချက် ပေါ့ ။ သားသမီးတွေ နဲ့ ဝိုင်းဖွဲ့ စား ၊ ဟုတ်ပေ့ ပဲ ။ ကျုပ် ကျတော့ လယ်တောထဲ ကို ထမင်းပို့ နောက်ကျ လို နောက်ကျ ။ နံနက် ထမင်းလေး စားပြီး လယ်ထဲ ဆင်းရခါနီး ထမင်းမစားရ ၊ စားတော်ပဲပြုတ် သည် ခေါ် မထားဖြစ်တာနဲ့  .. ။

ကျုပ် ကိုယ် ကို ငွေ ရှာပေးတဲ့ နွား ၊ ငွေ ရှာတဲ့ စက် နဲ့ နှိုင်းပြီး တန်သရွေ့ ဂရုစိုက်ဖော် ရပါလို့ အတန်တန် ပြောဖူးတယ် ။ လယ်တော ထဲ ဆင်းခိုင်းမယ့် နွား ကို အစာရေစာ မမှန် ၊ မှက် ခြင်ယင် မကာကွယ်ရင် ပိန်ချုံး ချည့်နဲ့မယ် ။ ခိုင်းအား မကောင်းရင် အလုပ် မတွင်ကျယ်ဘူး ။ ကြာကြာ မခိုင်းရဘူး ၊ ငွေ လုပ်တဲ့ စက် ဆိုရင်လည်း အင်ဂျင်ဝိုင် ၊ ဓာတ်ဆီ ၊ ရေနံဆီ ၊ ရေ ထည့် တန် ထည့် ။ ဒီလို ဂရုစိုက်တာမျိုး ရှိဖို့ ပြောလည်း အလကားပါ ။ ပြောရလွန်းလို့ လျှာ ရှည်တဲ့ ဗြဟ္မာမင်းတွေ တောင် ကျုပ် ကို ဆလံ သ သွားပါပြီ... ။

“ ဒီလောက် ပြောရလွန်းတော့ ဟုံ သွားပြီ ၊ ဘာမှ မမှတ်မိတော့ဘူး တဲ့ ၊ ဗိန်မ စကား ၊ သင်း စကား လေ ။ ပြောလွန်းတဲ့ ကျုပ် ပဲ အပြစ် တောင် ဖြစ်အောင် လီဆယ် တာ လေ ။ မပြောဘဲ နေခဲ့တုန်းကတော့ ရော .. ။

“ ပြောမှ သိမှာပေါ့ ၊ နဖူးမှာ ကျောက်သင်ပုန်းရှိတာမှ မဟုတ်ဘဲ ” တဲ့ ... ။

ဒါနဲ့ အိမ်မှာ သား ခြောက်ယောက် ၊ သမီးခြောက်ယောက် က တစ် ပြဿနာပြီး တစ် ပြဿနာ ။ ရည်းစားစာ ခိုး ရေးတာ ကျုပ် တွေ့လို တွေ့ရ ။ ည ခုနစ်နာရီ ဘုရား ရှိခိုးရမယ် ဆိုတဲ့ ကျုပ် ရဲ့ မဟာဒါန် သံမဏိ စည်းကမ်းဥပဒေသကြီး ကလည်း ပျော့စိပျော့စိ ဖြစ်လာပြီ ။ ဗိန်မ က ဘာမဆို စိတ်လိုစိတ်ရ ဘုရား ရှိခိုးမယ် ဆိုရင်လည်း ရှိခိုး နေပြန်ရော ။ တစ်ခါတလေ ပျက်တာများ လ နဲ့ နှစ် နဲ့ ၊ ဘုရားရှင် ကိုယ်တော်မြတ်ကြီး သာ သက်တော်ထင်ရှား ရှိရင် “ ဟဲ့ ... ဒါယိကာမ ၊ သင်ကား မည်သူနည်း  ” လို့ မမှတ်မိနိုင်တဲ့ အထိ စိမ်း ခဲ့တာ ... ။

ကျုပ် နဲ့ ယူခါစ က စာပေ ပရိယတ္တိ ဖတ်တယ် ။ မြန်မာ့အလင်း မဂ္ဂဇင်း တို့ ၊ သူရိယသတင်းစာ ၊ သံတော်ဆင့်သတင်းစာ ၊ ဟံသာဝတီမဂ္ဂဇင်း တို့ ဖတ်တယ် ။ နံပတ်တစ်ရာ့နှစ်ဆယ် ပြဇာတ်ဘုတ်အုပ် တွေ ၊ တရားစာ တွေ ဖတ် သဗျ ။ အထင် ကြီးစရာ ကြီးရယ် ။ ကျုပ် နဲ့ ရလို့ သုံးနှစ်သုံးမိုးလည်း နေရော ၊ ပျင်းကြော ထူ လာတာ ဗိုက်ခေါက် နဲ့ အမျှပါပဲ ။

ဇာတ်ပွဲ လက်ကမ်းစာရွက် တို့ ၊ ဆေးအညွှန်းစာရွက် တို့ လောက်တောင် ကြည့်ဖော် မရသလောက် ... ။

သားသမီးတွေ ကို တိုးတက်ထွန်းကားစေချင် တဲ့ စေတနာ မေတ္တာ နဲ့ ချစ်တာ မှ မဟုတ်ဘဲ လို့ ကျုပ် ဖြင့် ထင်လာတယ် ။ ကလေးတွေ က ပြောရ ဆိုရ ကျပ် ကျပ်လာတယ် ။ ကျုပ် က ကောင်းတယ် ဆိုတဲ့ ဟာ ဆိုရင် ကောင်းတယ် မထင်ဘူး ။ ကျုပ် စကား မအောင်တော့ သလိုလို ဖြစ် လာတော့ စိတ် လဲ ပျက် ၊ ဒေါ လဲ ပွလာတာပေါ့ ၊ ကြာပြီ... ။

“ ဒါတော့ ဒါပေါ့ ဘကြီးရာ ၊ အိမ် မှာ က အကြိုက်ချင်းမ တူကြတာ က တစ်နေ့ ထက်တစ်နေ့ ပိုပို သိသာလာတယ် ၊ ဥပမာဗျာ .. အဖိုးတန် သက္ကလတ်အင်္ကျီ ကို ရိုးကုမ္ပဏီ က ကျုပ် ဝယ်ပေးတယ် ၊ မဝတ်ချင်ကြဘူး ၊ ကော်လံတိုတို ပခုံးချပ်ချပ် ၊ ဆင်းရဲသားတွေ ဝတ်တာမျိုး မှ သဘော ကျတယ် ၊ ဈေး ကတော့ ဘလေဇာကုတ် ထက် ကြီးပါရဲ့ ။ အကြိုက် က တစ်မျိုးစီ ၊ ဓာတ်ပြားသီချင်း က အစ သူတို့ က ခေတ်ဆန်း တီးလုံးမှ ၊ ဗောက်ပြား မှ ၊ ခက်သားကသား ”

“ အလတ်ကောင် က ကုန်သည် လုပ် ချင်တယ်ဆို ”

ကျုပ် က ဘကြီး ကို ခေါင်းညိတ်ရင်း ..

“ ဂုဏ်သရေ ရှိတဲ့ အရာရှိ အရာခံ ဖြစ်စေချင်လို့ ကျုပ် ပဲ ကျုံးရုန်း ရှာပေးနေတာပေါ့  ၊ ဒါကြောင့် အတန်းကျောင်း ထားတာပေါ့ ”

“ သူတို့ က အတန်းကျောင်း ဆိုလဲ အင်္ဂလိပ်ကျောင်း စစ်စစ် မှာ ပဲ တက်ချင်တယ် ဆိုလားပဲ ”

“ ဒါတော့ မဖြစ်ဘူး ဘကြီး ၊ ဘိုဆံတောက် နဲ့ ရိုးရာ မဟုတ်တာတော့ အားမပေးဘူးဗျာ ”

“ မင်း မလဲ ဟိုလူ ဟိုလို ဖြစ်စေချင် ၊ ဒီလူ ဒီလို ဖြစ်စေချင်နဲ့ မိသားစု သောက တယ်လဲ များတာပဲ ငှက်ရိုး ”

“ သူတို့ အတွက် ပါ ဘကြီး ရဲ့ ”

“ သူတို့ အတွက် ဆိုပေတဲ့ ကုန်ကူးသန်းရောင်းဝယ် တာကို ဝါသနာ ပါတဲ့ ကောင် ကို မင်း က ကျောင်း ပဲ နေရမယ် ဆိုပြီး အတင်း ပြန်ထားတော့ သူ့ အလို ကိုယ့်အလို ကဏ္ဍကောစ ဖြစ်ကုန်ရော ”

“ ကောင်းတာ စီစဉ်ပေးတာပဲ ဘကြီး ရာ ”

“ မင်း လို ငါ ကြုံခဲ့  ၊ တွေ့ခဲ့ဖူးတာပဲ ငှက်ရိုး ၊ ကိုယ် ပြုပြင်စီရင်သလို ဖြစ်ချင်မှ ဖြစ်တာ ”

“ အဲဒီ စကား ကို လက်ခံဖို့ ကျုပ် မှာ အတော် အခက်သားဗျ ”

ဘကြီးဦးကြာဖူး က တစ်ချက် ရယ်၏ ။ ထို့နောက်

“ ငါ အသက် ခြောက်ဆယ် အထိ မင်း အခုပြောတာမျိုး ပြောခဲ့သေးတယ် ၊ ခြောက်ဆယ် စွန်း စ မှာ ပဲ ဖြစ်ချင်သလို ဖြစ်ချင် မှ ဖြစ်တာလို့ သိလာတာ ဟ ၊ ညှပ်ပုံ နဲ့ ဒင်္ဂါးပြား ပုံသွင်း သလို လူတိုင်း ကို ၊ အိမ်ထောင်တိုင်း ကို ရကို ရ ရစေ့မယ်ပေါ့ ၊ ရွှေငွေသစ်သား လို ၊ ရွံ့ လို ဟာ ကို တော့ ဆောက် ဖြတ် ၊ ရွှေပေါ် ထိုး ၊ လှီးဖြတ် ဖဲ့ ရတာပေါ့ ငှက်ရိုး ၊ လူ ကျတော့ ခက်သား ကွ ၊ ဘီအေအုပ်ပေါင်း တဲ့ ၊ တိုက်ပုံ တဲ့ ၊ တွေ့လား ခေတ် က ၊ လက် ရှည် ကနေ လက် စက တဲ့ ၊ ဇာဘော်လီ မှာ ဇာနားဇာတွန့် တဲ့ ၊ အမျိုးသမီးဝတ်အသင်း တဲ့ ၊ သခင်မ တဲ့ ၊ ဘုရင်ခံ နဲ့ အတွင်းဝန်ရုံး ကို ဝိုင်းဟယ် ပြုဟယ် တဲ့ ၊ မျက်စိအောက်တွင် ခု တစ်မျိုး တော်ကြာ တစ်မျိုး ၊ စကြာမင်း တဲ့ ၊ စကြာမင်း အလိုမရှိ တဲ့ ၊ ဘာ တတ်နိုင်မှာလဲ ကွာ ၊ စဉ်းစားနော် ... စဉ်းစား ... ”

“ ကျုပ် ကတော့ ကျုပ် စိတ်တိုင်းကျ ရအောင် ကို ပြုပြင်ယူမယ် ဘကြီး ရာ ”

“ အားလုံးကို ကိုယ် က သဘောမတွေ့ ၊ အားလုံးကလဲ ကိုယ့် ကို သဘောမတွေ့ ဖြစ်လာမယ် ၊ တော်ကြာ ရွာ အရှေ့ပိုင်းက ဟို .. အဘိုးကြီး လို ဖြစ်လာဦးမယ် ၊ တစ်ရွာလုံး နဲ့ မတည့်တဲ့ ဘဝ ရောက် ရော ”

“ ကျုပ် က အဲသလိုတော့ အားလုံး ကို အလိုမကျ လျှောက် ဖြစ်နေတာမျိုးတော့ မဟုတ်ဘူးဗျာ ၊ ဗိန်မ နဲ့ ကလေးတွေ ကို ကျုပ် ဖြစ်စေချင်တဲ့ ၊ ကောင်းတဲ့ ၊ တော်တဲ့ ဟာမျိုးတွေ ဖြစ်စေချင်တာပါ ”

ကွမ်းမှုန့်တွေ ကို မြုံ့လျက် နှင့် နေရင်း ခဏ တွေနေပြီးမှ ...

“ ကိုယ် ဖြစ်စေချင်သလို ဆိုတာလဲ တစ်ကဏ္ဍပေါ့ကွာ ၊ သူ ဖြစ်စေချင်သလို ဆိုတာလဲ မင်း နှလုံးသွင်းပေါ့ ၊ ငါ သိသမျှတော့ လောကကြီးကို ကျေနပ်လို့ သေသွားတဲ့ သူ အတော် ရှားမယ် ၊ ကိုယ့် ကိုယ် နဲ့ ကိုယ့် စိတ် တောင် အစေး မကပ်တာ ရှိသေးတာပဲ ၊ ခုနေ ငါ့ မှာ က သွား မရှိ ၊ ကြက်ရိုး ကို ခြွမ်းခြွမ်း ကိုက်စားချင်တာ က စိတ် ၊ ခက်ကရော ၊ မင်း က ချက်ကျွေးတာ ကြက်ရိုး ၊ သူတို့ မှာ က သွား မရှိရင် ခက် ရော ”

“ ကံ ဆိုတာ ကမ္မ အလုပ် ၊ လုပ်ရင် ဖြစ်ပါတယ်ဗျာ ”

“ လုပ်တိုင်း မဖြစ်တတ်ပါကလား ဆိုတာ ငါ့အသက် ခြောက်ဆယ် ကမှ သိလာတာ ၊ ကိုယ်တွေ့  ငှက်ရိုး ၊ မင်း အသက်ခြောက်ဆယ် ဆို အင်း ... ငါ ရှစ်ဆယ့်ရှစ် ၊ ရှိကောင်းရှိပါရဲ့  ၊ သူငယ် မပြန်သေးလို့ ရှိနေ သေးရင် မင်း အခုမှ ငါးဆယ် သာသာလေး ၊ မင်း အဲဒီတော့ ငါ့ လာပြော ၊ မင်း ဖြစ်ချင်သမျှ ဖြစ် မဖြစ် ၊ မင်း ရအောင် ဖန်တီးတာတွေ ဖြစ် မဖြစ် ၊ မကောင်းဘူးလား ”

ကျုပ် က ကိုယ့် ကိုယ် ကို ယုံကြည်မှု အပြည့်အဝ နဲ့ပဲ ။ ဘာလို့ မဖြစ်ရမှာလဲ ။ အိမ် က ဟာတွေမှာ မြင်တဲ့ မျက်လုံး ၊ ကြားတဲ့ နား အပြည့်အစုံ ရှိထားကြတာပဲ ။ ထမင်း နဲ့ မစင် နဲ့ မှားယွင်း စားတာမျိုး ရှိမှ မရှိကြတာ ။ သူတို့ မှာ အဆိုးအကောင်း ခွဲခြားနိုင်နေတာပဲ ။ ဈေးသွား ၊ ကျောင်းသွား ဆော့ကစားပြီး အိမ်မှား ၊ ရွာမှား ပြန်တဲ့ အထိ မှတ်ဉာဏ်ချွတ်ယွင်းနေတာ မှ မဟုတ်ဘဲ ။ အကောင်းဆုံး ၊ အဖိုးတန်ဆုံးတွေ လိုချင် ၊ ရချင် ခံစားချင် တဲ့ ဟာတွေပဲ ။ ပြောရင် ရ ရမယ် ။ ဆုံးမ ရင် လိုက် ကို လိုက်နာရမယ် ။ ခိုင်းရင် လုပ်ရမယ် ။ ညွှန်ပြရင် နာခံရမယ် ။ တားမြစ်ရင် နာယူရမယ် ။ သင်ရင် တတ်ရမယ် ။ မကောင်းမြစ်တာ အစချီတဲ့ ကျုပ် ဝတ္တရားတွေ မပျက်သရွေ့ သူ တို့ ဝတ္တရား ကျေပွန်ရမယ် ။ လင့်ဝတ္တရား ကျေတဲ့အတွက် မယားဝတ္တရား ကျေပွန်ရမယ် ။ ဘာလို့ မဖြစ်ရမှာလဲ ။ ဖြစ်ကို ဖြစ်ရမယ် ။ တစ်ဆံခြည် တစ်သဝေမတိမ်း မလျော့စေရ .. ။

°°°°°   °°°°°    °°°°°

[ ၃ ]

ကနေ့ ကျုပ် ငှက်ရိုး အသက် ခြောက်ဆယ် တင်းတင်း ပြည့်ခဲ့ပြီ ။

ကန်တော့ဖွယ် ပစ္စည်းတွေ ကို ထမ်းပြီး ဘကြီးဦးကြာဖူး တို့ အိမ် ဘက် ထွက်ခဲ့တယ် ။ ဦးချပြီးတော့မှ တစ်ချိန်က ကျုပ် တစ်ယူသန်ပြီး ဇွတ် ခေါင်းမာရင်း ပြောဆိုခဲ့တဲ့ စကားတွေ မှားပါကြောင်း တောင်းပန် ရမယ် လေဗျာ... ။

အင်း ... ကျုပ် လို လူတွေ အများကြီး ရှိဦးမှာပါ ။

◾ ငြိမ်းကျော်

📖 ကလျာမဂ္ဂဇင်း
      ၁၉၉၂ ခုနှစ် ၊ ဧပြီလ

www.facebook.com/aung.naingoo.3726613

.

Sunday, March 20, 2022

သံဝေဂ


 

❝ သံဝေဂ ❞

[ ၁ ]

ရွာဘုရားပွဲ က ခုနစ်ရက် ကျင်းပတာ ခင်ဗျာ့ ။ ကျုပ်တို့ ရွာ ကရော ၊ ရွာနီးပါးချင်းတွေ ကရော ဒီ ဘုရားပွဲ ကို အားခဲကြတာ ။ တပေါင်းလ ထဲမှာ ကျင်းပတာ ။ လပြည့် အရုဏ်တက် သစ်သီးကပ် ၊ ဆရာတော်များ ဆွမ်းကပ် ၊ ရေစက်ချ ၊ ဗြောပိတ် ။ ဘုရားပွဲ ပြီးတဲ့ ည ၊ အဲဒီ ည ဗလာပွဲလည်း နောက်ဆုံး ည ပဲ ၊ လဆန်း ကိုး ရက် ဆို ပွဲ ဝင်ပြီ ။ ဈေးတန်း စပြီ ။ ဘုန်းတော်ကြီး ကျောင်းဝင်း ၊ ဘုရားပရိဝုဏ် ထဲလည်း စည်ကားပြီ ။ ပွဲခင်းလည်း စည်ပြီ ... ။

ဒီနှစ်တော့ အငြိမ့် အစား ဇာတ်ကြီး ကို ငှားမယ် ကြံထားကြတာ ဟန်ကျသွားတယ် ။ စပါး ဈေးကောင်း ရတော့ အိမ်တိုင်း ငွေစ ၊ ရွှေစ ရွှင်ပါ့ ။ ဟိုရွာ ဒီရွာတွေလည်း ဒီလိုပဲ ။ တစ်နယ်လုံး ရွှေမိုးငွေမိုး ရွာ ထားသလို ။ဒီတော့ နာမည်ကြီး ဇာတ် ကို တက် ကိုင်နိုင်သပေါ့ ဗျာ ... ။

ဘုရားပွဲ ကျင်းပဖို့ ဆရာတော်ဘုရားကျောင်း မှာ ကျုပ် ဦးဆောင် ဆော်ဩပြီး အစည်းအဝေး လုပ်ခဲ့တယ် ။ သူ့ တာ ၊ ကိုယ့် တာ တာဝန် ခွဲယူကြတာပါပဲ ။ ပွဲငှားရေး ၊ စည်ကားရေး ၊ ဟိုရွာဒီရွာ က ဆရာတော်များ ပင့်ရေး တာဝန် ၊ ချက်ရေးပြုတ်ရေး ၊ ပွဲဈေး ၊ ဈေးကောက် စတဲ့ ဟာတွေပေါ့ .…. ။

“ ကိုငှက် က ကမကထ ခေါင်းဆောင် ဆိုတော့ တာဝန် တစ်ခါတည်း ချလိုက်တော့ဗျာ ” လို့ ဗိုက်ကြီး က လှမ်း ပြောတယ် ။ ဒါနဲ့ ငထွန်း က ဇာတ်စင် ဆောက်ရေး တာဝန်ယူ ။ ဘိုးစုံ က အရုဏ်ဆွမ်း ချက်ရေးပြုတ်ရေး ။ အောင်ဘု က စေတီတော် ထုံးသင်္ကန်းကပ် ၊ ကြေးဆင်းတုတော် ရောင်တော်ဖွင့် ၊ ဆရာတော်များ အကြိုထောက် တာဝန် ။ မယ်ဟန် က ချက်ရေးပြုတ်ရေး ။ သာတင့် က ဇာတ်သမားတွေ ကြိုဖို့ တာဝန်ပါပဲ ။ ဒါပေမယ့် ဒူလာရောဂါထ လို့ တခြား သက်သောင့်သက်သာ တာဝန် ပေးလိုက်ရတယ် ။ ဒါနဲ့ ငဖျံ ကို ကျုပ် က တာဝန်ပေးတော့ စကားသံ ၊ ချောင်းသံ ၊ ရယ်သံတွေ နဲ့ ရှိနေတဲ့ ဆွမ်းစားဆောင် က ရုတ်ခနဲ တိတ် သွားရော ။ “ ဖြစ်ပါ့မလား ကိုငှက် ရ ၊ ကြည့်လဲ လုပ် ၊ ဒီ ကောင် က လက်ကြော တင်းတဲ့ကောင် မဟုတ်ဘူး ၊ ဟန်ပါ့ မလား ” စတဲ့ အသံတွေ တီးတိုး တီးတိုး ။ ကျုပ် က မကြားချင်ယောင် ဆောင်ပြီး တခြား တာဝန်တွေ ယူရမယ့် သူတွေကို လက်ညှိုး ထိုးပြီး တာဝန် ခွဲလိုက်တယ်... ။

•••••   •••••   •••••

[ ၂ ]

“ ငဖျံ ကို ဘာလို့ အဲဒီ နေရာမှာ ထားရတာလဲ ဦးငှက်ရိုး ”

ဒီ ကောင် က ဘာတာဝန် ၊ ညာတာဝန် ၊ ဘာနေရာ ဆိုတာသာ လိုချင်တာ ၊ ယူထားတဲ့ နေရာ ရဲ့ အလုပ် ကျတော့ အိယောင်ဝါး ”

ဇာတ်အဖွဲ့ ကို ဧည့်ခံကြိုဆိုရေး ဆိုတော့ ငဖျံ ပင်ပန်းရှာမယ် ၊ နဂိုကမှ စားမယ် ၊ သောက်မယ် ၊ ဝါးမယ် ၊ လေပန်းမယ် ၊ ယောင်ယောင်ယောင်ယောင် နဲ့ လတ်လျားလတ်လျား လုပ်ပြဖို့ ဝါသနာအခံ ရှိပေတော့ ငဖျံ မောပေလိမ့်မယ် ရှင့် ”

“ ဇာတ်သမားတွေ ကို အရိုးချည်း ချက်ကျွေးပေးပြီး သူ ကျတော့ အသည်းအမြစ် နဲ့ အနစ်နာခံ စား ပေးမှာပါ ၊ ငဖျံ က အဲဒီလို အနစ်နာခံတတ်တာ တစ်ရွာလုံး အသိပဲလေ ၊ ဘဏ္ဍာရေးမှူး မယ်သော့ နဲ့ စာရင်းစစ် မယ်ညို တို့တော့ ငဖျံ ရှင်းတမ်း နဲ့ မှ မရူးရင် ပဒိုင်းသီး တင်းတောင်း နဲ့ စားတောင် မရူးတော့ဘူး မှတ်ပေဗျို့ ၊ ဦးငှက်ရိုးနှယ် .. ဒီကောင့် ကို ရေရေ ရာရာ လုပ်ပြီး ဘာလို့ ပွဲ ထုတ်ရပါလိမ့် ။ သူနဲ့ သက်တူရွယ်မျှ ကာလသားတွေ ကတောင် ရှောင်တာ ၊ ငဖျံ ဆိုရင် ပြောရင် မိုးလားကဲလား ။ ခုပဲ လန်ဒန် သွားတော့မလို ၊ ခုပဲ ကာလကတ္တား သွားတော့မလို ၊ အလုပ်ကြီး အကိုင်ကြီးတွေ ကပဲ သူ့ ကို တမျှော်မျှော် မျှော်နေတဲ့ ပုံ ၊ စကား ဟ ရင် အကုန် သိ ၊ ဂဃနဏ မေးတော့ အင်း.. အဲ နဲ့ တလွဲ ”

ဘုရားပွဲကျင်းပရေး ဂေါပကအဖွဲ့ ထဲ ငဖျံ ပါလာတာ တစ်ရွာလုံး အံ့အားကြီး ကို သင့်လို့ ။

“ ငါးတောင့်ထိုး လက်နှိပ်ဓာတ်မီး မှာ နှစ်တောင့်ထိုး မီးသီး တပ်ရင် လင်းပါတယ် လို့ ရမ်းသန်း ပြောတဲ့ ငဖျံနဲ့ ဒီ ဂေါပကအဖွဲ့  ၊ ပွဲက ကြည့် ကောင်းမှာပါ ၊ ဦးငှက်ရိုး ဆံပင်တွေ ဖြူ နေရာ က စိတ်ညစ်ပြီး ပြန် နက်လာမလား မသိဘူး ”

ကျုပ် လည်း အိမ် ကရော ၊ အိမ်နီးနားချင်းရော ၊ ရွာထဲ ကရော ၊ ငဖျံ နဲ့ ဆွေထဲမျိုးထဲ ကရော သတိပေးကြတာကြောင့် နား အူနေပြီ ။ ဒီ သူငယ် ကို ဘာ သဘော မကျပါလိမ့် ၊ ဖျတ်ဖျတ်လတ်လတ် နဲ့ ဟို ဆိုလည်း သူပါ ၊ ဒီ ဆိုလည်း သူပါ ၊ အဲဒါကိုများ မျက်မုန်းကျိုးလို့ ပြောတာ ဆိုတာ ဖြစ်ချင် ဖြစ်မှာပေါ့ ။ ပိုပြီး စည်ကားဖို့ ထင်ပါရဲ့ …. ။

•••••   •••••   •••••

[  ၃  ]

ဇာတ်အဖွဲ့ က မော်တော် ကြုံ ရက် နဲ့ ကြိုရောက်စရာ ရှိသတဲ့ ။ နှစ်ရက် သုံးရက် တောင် မဟုတ်ဘူး ။ တစ်ပတ်တိတိ စော ရောက်မှာ ။ ကောင်းတာပေါ့  ။ မျှော်ရ မျှော်ရ လည်ပင်း ရှည်တဲ့ ဒုက္ခဝေးပြီး စိတ်အေးရတာပေါ့လေ ... ။

“ သူကြီး ၊ ဇာတ်သမားတွေ က ကြိုရောက်တာ အားနာ နေတယ် ”

မောင်ဖျံ က မျက်တောင်ပေကပ်ပေကပ် နဲ့ ကြည့်ပြီး ပြောတော့ ကျုပ် နားမလည်ဘူး ၊ ဒါနဲ့ ..

“ ဘာလို့လဲကွ ”

“ စားရေးသောက်ရေး အားနာလို့ တဲ့ ”

“ ဟာ ... တို့ ရွာ လာတဲ့အခါ တို့ က ရွာခံ ၊ စားရေးသောက်ရေး ငါတို့ တာဝန်ပေါ့ ”

“ လူ သုံးလေးငါးဆယ် တာဝန် ဆိုတော့ ချက် မကျွေးပါနဲ့တဲ့ သူကြီး ရဲ့  ၊ ဆန်ရယ် ၊ ဟင်းလျာဖိုးရယ် ၊ ထင်းတို့ ၊ အိုးတို့ ၊ ပန်းကန်ခွက်ယောက် တို့သာ ပေးထားပါ ၊ သူတို့ ဘာသာ သူတို့ ချက် စားပါ့မယ်တဲ့ ”

ဒါနဲ့ ဂေါပက ထဲ က ငွေကိုင် ကို တစ်ရက်စာစီ ထုတ် မပေးဘဲ တစ်ပတ်စာ ငွေထုတ်ပေး ၊ ဆန် ၊ ထင်း ပေးထားဖို့ ကျုပ် က ပြောလိုက်တယ် ။ အဲသည် အတွက် ဇာတ်သမားတွေ ကို ငွေ သွားပေးဖို့ ငဖျံ ကိုပဲ ကျုပ် လွှတ်လိုက်တယ် ။ ငဖျံ ကို ကျုပ် က မှာထားတယ် ။ ဇာတ်သမားတွေ မငြိုငြင်အောင် ပြုစုဖို့ ၊ ကောင်းအောင် ကပေးဖို့ ၊ အဆင်ပြေအောင် ပေါင်းထားဖို့ ၊ တစ်ပြိုင်နက်တည်း ဘုရားပွဲ စည်ကားအောင် ကျုပ်တို့ တစ်ဖွဲ့လုံး နဲ့ ကျရာမြင်ရာထောင့် ၊ ထောင့်စေ့အောင် ငဖျံ ဝင် လုပ်ဖို့ …. ။

•••••   •••••   •••••

[  ၄  ]

“ သူကြီး ၊ မဏ္ဍပ်ထိုး ၊ သံဃာစင် ဆောက်တာ ဒီပြင်လူ ခိုင်းစမ်းပါဗျာ ၊ ကျုပ် ဇာတ်စင်မှာ သွား နေရတာ မအားဘူး ၊ သူတို့နဲ့ အတူတူ ထမင်း စား မှ ဘယ်သူ ခံတွင်း ပျက်တယ် ၊ ဘယ်သူ ကြိုးစား ကမယ် မကဘူး ကျုပ် သိရမှာ ၊ ညနေ သောက်ပွဲစားပွဲကျလဲ ကျုပ်က ထိန်းရင်း ကူ သောက်ရတာ ”

ငဖျံ က လူရှေ့ မရှောင် ၊ သူရှေ့ မရှောင် ကျုပ် ကိုတောင် ငြင်းလား ဆန်လား ၊ ဆင်ခြေ ပေးလာတော့ လုပ်လုပ်လာပြီ ။ လူကြီး ဆိုတော့ စိတ် ချုပ်ရ ၊ ထိန်းရသပေါ့ ။ မနေ့ ညနေ က တင် ကျုပ် နဲ့ ဂေါပကအဖွဲ့ သုံးလေးယောက် က ဆရာတော်ဘုရား ဆီ အစီအစဉ် လျှောက်စရာ ကိစ္စ ၊ စေတီတော် ထုံးသင်္ကန်းကပ်ရေးကိစ္စ နဲ့ ဘုရားဝင်း ဆီ အသွား ... ။

“ ဘယ်တုန်းဗျ သူကြီး ”

“ ဘုရား သွားမလို့ကွာ ”

“ ဟာ .. သူကြီးတို့ ကလဲ ဘုရားဝင်းချည်း သွား သွားနေတော့တာပဲ ၊ ဇာတ်ရုံ ဘက် လဲ လာဦးမှပေါ့ ”

“ ဟာ .. မင်းအမေလင် ၊ ဘုရားပွဲ ကျင်းပမှာ ဘုရားဝင်း မသွားလို့ ဘယ် သွားရမှာလဲ ငဖျံ ၊ မင်း ပြောပုံ က ... ”

ကျုပ် က ငေါက်တော့ ငဖျံ မျက်နှာ ပျက်သွားတယ် ။ ဟိုဘက်ကို ချာခနဲ လှည့်အထွက်မှာ စာရင်းစစ် မယ်ညို က ..

“ ဟေ့ .. ငဖျံ ၊ နင် ငွေထုတ်ရင် သူကြီး ကို ပြောပြီး မယ်သော့ ဆီ က ထုတ်ပါ ပြောထားတဲ့ ကြား က သူကြီး မသိဘဲ ထုတ်ပေါင်း များပြီ ၊ ငါ့ ဆီလဲ စာရင်း နဲ့ အင်းနဲ့ နေ့တိုင်း ရှင်းပါဆိုရက် နဲ့ တစ်ခါမှ မရှင်းသေးဘူး ၊ ဘာ .. ကြက်တစ်ကောင် ဝယ်ချက် ၊ သင့်ငွေ ခြောက်ရာ ၊ မှတ်ချက် တိုက်ကြက်ဆိုတဲ့ ဘုရားကြီး ရှင်းတမ်း ၊ လုပ်မလို့လား ”

ရနံ့လေးတွေက ထွက်စ ပြုပြီ ။ ငဖျံ ခြေစ လက်စ လေးတွေ ကျုပ် မြင်ရစ ပြုလာပြီလေ ။ ညမနက် ဟင်းဖိုး ၊ နေ့လယ် ကော်ဖီရည်ဖိုး ၊ ညနေ ထန်းရည်ကဇော်ဖိုး ဆိုပြီး ဘဏ္ဍာရေးမှူး မယ်သော့ ဆီက ထုတ် ၊ ထုတ်ပေးငွေက နေ့တိုင်း ယတိပြတ် ။ အပိုအလို မကြားရတဲ့... ။

နေ့နေ့ညည ငဖျံ မှာ ယစ်တစ်တစ် ရီတီတီ ။ ရုံထဲမှာ မင်းသား မင်းသမီးတွေ ၊ ဆိုင်းသမားတွေ နဲ့ တဝါးဝါး တဟားဟား ၊ စားဟယ် သောက်ဟယ် နဲ့ ။ နေ့တိုင်း ဘုန်းကြီးကျောင်း ဆီ ခြေဦး မလှည့် ။ ဘုရားဝင်း ထဲ မျက်နှာတောင် မမူ ။ ဇာတ်မင်းသား ကို သူ့ အိမ် မှာ ဧည့်ခံလိုဧည့်ခံ ။ ဇာတ်မင်းသမီး နဲ့ ယိမ်းသမလေးတွေ ၊ လူရွှင်တော်တွေ က သူ့ အိမ် မှာ တရုန်းရုန်း တသောသော... ။

ဘုရားပွဲ အစည်းအဝေး လည်း သူ မလာ ။ ကျုပ် က အခေါ် လွှတ်လည်း စကား မပြန် ။ ဇာတ် ကောင်း မှ လူစည် ၊ လူစည် မှ ကျောင်းရော ဘုရားအလှူငွေ အတွက် လည်း တိုး ။ ပွဲဈေးတန်းစည်ကားမှ ကိုယ့်ရွာသူရွာသားတွေ ထွက် တဲ့ မုန့်ပဲသရေစာဆိုင် ရောင်း လို့ ကောင်း ။ အဲဒါကြောင့် ဇာတ်သမား တွေ ပျော်ရွှင်စိတ်ချမ်းသာအောင် မင်း တာဝန်ယူပေတော့ ဆိုတဲ့ ကျုပ် စကား ကို သူ က ထောက်ပြီး ပြောပေတော့တာကိုး ။ တစ်ပါးသူတွေ လစ်ဟင်းလျှင် ဝင် ကူ ၊ ရွာ အရေး ၊ ကျောင်း အရေး ၊ ဘုရား အရေး ကြုံ သမျှ ကျ သမျှ ဝင် လုပ်ဆိုတဲ့ ကျုပ် စကားတွေကိုတော့ ဝကွက်ပြီး ချန် ... ။

ကျုပ် က ခေါ် ငေါက်တော့ ဇာတ်မင်းသားရှေ့မှာ ဆူ ရပါ့မလား ဆိုပြီး စိတ်ကောက် ၊ စကားတောင် မပြောတော့ဘူး ။ မျက်နှာချင်း ဆုံရင်တော့ ငဖျံ က မျက်နှာ လွှဲပါလေရော ။ ကျုပ် ဒေါသ လည်း ဖြစ်တာပေါ့ ။ ဘုရားပွဲ မပြီးမချင်းတော့ ဒီကောင့် ကို သည်းခံရပေမပေါ့လေ ။

“ သူကြီး ဆိုပြီး ဘာ တတ်လဲ ၊ အလကားဟာကြီး ၊ သူကြီးကတော် ဒေါ်ဗိန်မ နဲ့ စကားများရန်ဖြစ်တုန်းက ကျုပ် ဖျန်ဖြေ ဝင်ဆွဲပေးတဲ့
ကျေးဇူးတောင် မထောက်တဲ့ သူကြီး ၊ သူ ငွေ လို လို့ သူ့ သမီးကြီး ဆီ ငွေ သွား ယူပေးပါ ဆိုလို့ ကျုပ် သွားယူပေးရတဲ့ ကျေးဇူးလည်း မထောက်တဲ့ သူကြီး ၊ ဇာတ်သမားဧည့်ခံတဲ့ ငွေစာရင်း သူ့ ဆီ မပြတာလေးနဲ့ လူရှေ့သူရှေ့ ငေါက်တဲ့ အလကား လူကြီး ၊ ကုန်လို့ အသေးသုံး ထပ်ယူတာ ဘာ သုံးသလဲ မေး ရသလားဗျာ ၊ ဒီ လူကြီး အလကား လူကြီးပါဗျာ ၊ အရေးမစိုက်လို့ မစိုက်သလို ခုလို နေပစ်တာ ” ဟူသောအသံတွေ ကျုပ် တစ်ဆင့် တစ်ဆင့် ပြန် ပြီး ကြားရပါရဲ့ …. ။

ဇာတ်သမားတွေ နဲ့ လုံးလားထွေးလား ငဖျံ ၊ ပလဲပနံ သင့်လို့ ၊ တခြားသူတွေ က ဘုရားပွဲ ကိစ္စ ကူဖို့ ခေါ်လည်း ငဖျံ အရေးမစိုက် ။ မဏ္ဍပ်တိုင်တွေ ကို ပန်းစက္ကူ ကပ်ဖို့ ကျုပ် က လူလွှတ် ခေါ်တော့ ထားလိုက်စမ်းပါ ၊ အရေးမပါတာတွေ တဲ့ ” ငဖျံ က ... ။

ငဖျံ က ကျန်တဲ့ သူတွေနဲ့လည်း ကဏ္ဍကောစ .. ။

နာမည်ကြီး ဇာတ်မင်းသား နဲ့ ဇာတ်အဖွဲ့  နဲ့ ပဲ တရုန်းရုန်း …. ။

[ ၅ ]

ဘုန်းကြီးပွဲ အတွက် အသည်းအမြစ် ၊ ငါးသေတ္တာ ကို ဇာတ်အဖွဲ့ အတွက် ဆိုပြီး ငဖျံ ဇွတ် ယူသွားသတဲ့ ။ ဇာတ်သမားတွေ အတွက် ဆိုပြီး ငွေကိုင် ဆီ က ငွေ တွေ ထုတ် ။ စာရင်း တောင်းတော့ ကုန်တာ ကုန်တာ ပေါ့ ၊ မဆလာ တစ်ထုပ် တစ်ပြားအထိ စာရင်း မလုပ်နိုင်လို့ ငဖျံ က ပြန်ပြော ဆိုပဲ... ။

ကျုပ် ကို လည်း ရန်သူ လို ဆက်ဆံပြီ ။ စကား အပြောအဆို အနှုတ်အဆက် မရှိ ... ။

သူ့ ကို တခြား လိုတဲ့ နေရာ ဝင် ကူဖို့ ပြောသမျှသူ နဲ့ ဆူး ဆို့ လှံ ထိုး ပြန် ပြောပြီ တဲ့ ။ ဇာတ်ရုံ မှာ နေ ၊ ဇာတ်ရုံ မှာ စား ။ ဇာတ်သမားတွေ နဲ့ စုကာရုန်းကာ ထန်းရည်ဆိုင် သွား ။ ရွာ ထဲ က ဟိုအိမ် ဒီအိမ် လည် ။ စားဟယ် ၊ သောက်ဟယ် ၊ ဟားဟယ် ၊ ကျုပ်ကို သူ့ ဖအေ အရွယ် ဆိုတာလည်း မသိ ။ ဘဝ အမြင့် ကြီး မြင့် ၊ ဘယ်သူ့ မှ လူ မထင် ... ။

ဘဏ္ဍာရေးမှူး နဲ့ ကျုပ် လည်း မျက်နှာချင်း ဆိုင်ရင်း ငဖျံ ရဲ့ ဘုရားကြီး ရှင်းတမ်းကိစ္စ စိတ် ဆိုးကြရပြီ ။ ဇာတ်သမား သူစိမ်းတစ်ရံဆံတွေ ရှိနေသေးတော့ မျက်နှာ ထောက်ရ ၊ စိတ် ချုပ်ထားရတာ ကျုပ် အတော် ပင်ပန်းနေပြီ... ။

ငဖျံ က အတော့်ကို မထီမဲ့မြင် ၊ မသိမသာ စော်ကားတာမျိုးလေးလည်း လုပ်ရဲ့  ၊ လူကြီးသူကြီး သာ ကျုပ် မဟုတ်လျှင် ရိုက်သတ်ပြီးပြီ ၊ ဧည့်သည်သူစိမ်း ဇာတ်အဖွဲ့ က လူတွေ ရှိနေတော့ ခက်ပါ့ ဗျာ.. ။

ဗြော ဝင်ပြီးသွားပြီ ... ။

ဘုရားပွဲ ပြီးသော နေ့ သို့ ရောက်လာပြီ.. ။

ဇာတ်အဖွဲ့ က မိုးလင်းသည် အထိ ဇာတ်မဆွဲတော့ ၊ နံနက် လေးနာရီ မှာ ပြည့်ဖုံးကားချသွားတယ် ။ ချက်ချင်းပဲ သိမ်းကြဆည်းကြ နဲ့ ၊ ညနေ ရောက်လာမယ့် မော်တော် နဲ့ တစ်နယ် ကူးကြရမယ်လေ .. ။

ငဖျံ က ကူပြီး သိမ်း လို့ ဘာလို့ တဲ့ ၊ တစ်ရွာလုံးက နား စွင့်လို့ပေါ့ ။ ညနေ မော်တော် ဥဩသံ ကြားရတယ် ။ ကျုပ် တို့ လူကြီးတွေစုပြီး ဇာတ်အဖွဲ့ ကို သွား နှုတ်ဆက်ကြတယ် ။ “ စာရေးနော် ၊ လာလည်နော် ၊ အလည်လာမှာ ” စကားတွေ က ငဖျံ နဲ့ ဇာတ်အဖွဲ့သား တွေ ရဲ့ နှုတ် က... ။

နေ မစောင်း တစောင်း မှာ မော်တော် ထွက် သွားတယ်... ။

ကျုပ်တို့ အားလုံး ပြန် ခဲ့ကြတယ်... ။

ကမ်းနဖူး မှာ ငဖျံ တစ်ယောက် ပဲ ငုတ်တုတ် ၊ မော်တော်ဥဩသံ သဲ့သဲ့ ကြားရတော့ ကျုပ် တို့ ရွာထဲ ရောက်နေပြီ .. ။

မြင်ယောင်တယ် ငဖျံ ကို ။ ဆယ်နှစ် တစ်နှစ် ၊ သုံးနှစ် တစ်နှစ် ပြန် ဆုံချင်မှ ဆုံ ရတဲ့ဧည့်သည်တွေ ကို ငဖျံ လွမ်းနေ ၊ တမ်းတနေလောက်ရောပေါ့ ... ။

ငဖျံ ဘယ်သူတွေ နဲ့ အခုအချိန်က စပြီး မျက်နှာချင်း ဆိုင်မလဲ ... ။

သူ အရေးမစိုက် တဲ့ ကျုပ် ။ သူ ဘက်ကန် တဲ့ တစ်ရွာတည်းသားတွေ ။ သူ နေ နေတဲ့ ရွာ ။ သူ တရုန်းရုန်း နေခဲ့တဲ့ သူတွေ ဘယ်ရောက် သွားကြပြီလဲ ။ သူ လည်း လိုက်သွားလို့ မဟပ်စပ် ။ သူ့ လည်း အရေးအရာ လုပ်ပြီး ခေါ်ပင့် မသွားကြ ။ အပြောအဆို အဆက်အဆံ သူ အားထား ဦးညွတ်ခဲ့သူတွေ သူ့ အပါး ၌ မရှိတော့ ။ သူတို့ အပါးတွင် သူ ရှိမနေရ တော့ ... ။

မိုးချုပ်လျှင် ငဖျံ ဘယ် သွားစရာ ရှိလဲ ... ။

ရွာသူရွာသားတွေ ကျုပ်တို့ တစ်တွေ ရှိရာကို သူ ပြန်လာရတော့မယ်လေ ။ မနေချင်လျှင် အိမ် ဖျက်ပြီး ရွာ ပြောင်းသွားရုံပဲ ... ။

ဒါမှမဟုတ်လည်း သူ ကမ်းပေါ်မှာ ထိုင်နေတော့ မျက်နှာ မူ ထားရာကိုပဲ တည့်တည့်လျှောက်သွားလိုက်ပေါ့လေ .. ။

ငဖျံ အတွက် လားရာလမ်း ရွေးစရာ ရှိမှ မရှိတော့တာ ... ။

သူကြီး သက်တမ်း အနှစ် လေးငါးဆယ် အတွင်း မှာ ပေါ့ ဗျာ ။ ငဖျံ ဖြစ်ပုံကို သံဝေဂ ကြီးကြီးကျယ်ကျယ် ရမိပါရဲ့ …. ။

◾ငြိမ်းကျော်

📖ရွှေသမင်မဂ္ဂဇင်း
     ၁၉၉၄ ခုနှစ် ၊ သြဂုတ်လ

www.facebook.com/aung.naingoo.3726613

.

Thursday, January 6, 2022

ဓမ္မာသောက အင်းဝရာဇာ


 

❝ ဓမ္မာသောက အင်းဝရာဇာ ❞

[ ၁ ]

တင်ထွန်း ရောက်လာပုံကြောင့် ကျွန်တော်စိတ် ထင့်သွားသည် ။ သူ့ မျက်နှာ မရွှင်မပျ ။ ဧည့်ခန်းထဲတွင် ထိုင်နေကြသော အမေ နှင့် အဖေ တို့ မမြင်အောင် မေးတစ်ချက် ဆတ်ပြသည် ။ အပြင် သွားရအောင် ဟူသော အဓိပ္ပာယ် ။ အမေ့ ဆီမှ လက်ဖက်ရည်ဖိုး ငွေ ငါးကျပ် တောင်းပြီး အိမ်ထဲမှ အထွက် တွင် ...

“ ခင်စောမွန် မှာလိုက်လို့ ”

သူ့ ကို ကျွန်တော် ...

“ ဘာတဲ့လဲ ”

“ မင်း က သူ့ ကို မွေးသက္ကရာဇ် ပေးလိုက်တယ် မဟုတ်လား ”

ကျွန်တော် ခေါင်းညိတ်သည် ။

“ သူ့ အစ်မတွေရော ၊ အမေတွေရော အဲဒါကို ကြည့်ကြတယ်တဲ့ ”

“ အင်း ”

“ မင်း က ဗုဒ္ဓဟူး ၊ သူ က အင်္ဂါ ၊ နေ့ချင်း မတည့်ဘူး တဲ့ ၊ ပြီးတော့ မင်း က လူနက္ခတ် ၊ သူ က ဘီလူးနက္ခတ် ဆိုလားပဲ ၊ အိမ်ထောင်ဖက် အနေနဲ့ အုန်းတောင် မညှိုးခင် ကွဲမယ် တဲ့ ၊ တစ်ယောက် ယောက် ပျက်စီးနိုင်တယ် ဆိုလားလဲ ဗေဒင်ဆရာက ဟောသတဲ့ ၊ အဲဒါ ... ”

တင်ထွန်း စကား မဆက် ။ ဆေးပေါ့လိပ် ကို မီးညှိသည် ။ ဆေးလိပ် ကိုသာ သောက်နေ၏ ။ လမ်း သာ လျှောက်နေ၏ ။ စကားစ ကို မဆက် ။ ကျွန်တော့် ပူပန်စိတ် က တရိပ်ရိပ် တက်လာ၏ ။

“ သဘောက ဘာတဲ့လဲ ”

ကျွန်တော့် အမေး ကို ချက်ချင်း မဖြေ ။ ဆီမလူးသော ဆံပင်တွေ ကို လက်ချောင်းဖြင့် ဖြီးသပ် သပ်သည် ။

“ နေ့ နံ မတည့်လို့ လူကြီးချင်း စကားပြောဖို့ ဆိုတာ မဖြစ်နိုင် တော့ဘူး တဲ့ ”

နှလုံးသွေးကြော ထဲသို့ မိုးကြိုးသွားတွေ ပစ်ဆင်းကာ ဝင်လာသကဲ့သို့ ခံစားရသည် ။ တုန်လှုပ်စေသောသတင်း ။

“ ခင်စောမွန် ကိုယ်တိုင် ပြောတာလား တင်ထွန်း ”

“ အင်း ”

တင်ထွန်း ၏ မျက်နှာ သည် နီနေ၏ ။

“ သူ ငါ့ ကို တွေ့ဖို့ ကောင်းတယ် ”

“ တွေ့မှာပါ ၊ ရှင်းပြမှာပါ ဝင်းလတ် ”

“ သူ ဒါတွေ ယုံသလားကွာ ၊ သူ က သိပ္ပံ ၊  ငါက ဝိဇ္ဇာ ၊ ယုံ ချင် ယုံ ငါ က ယုံရမှာ ”

တင်ထွန်း မဲ့ပြုံး ပြုံး၏ ။ လွယ်လွယ် နဲ့ မြန်မြန် အောင်နိုင်တဲ့ ဘာသာတွဲ ကို ကိုယ့် ဘာသာ ကိုယ် ယူတာ ၊ ယုံ တာ မယုံ တာ နဲ့ ဘာ ဆိုင်လဲ ၊ ဒီလိုဆို အနုစာပေ ငါ ယူတာ ငါ ယုံလို့လား ၊ ကျက်လို့  ၊ မှတ်လို့  ၊ တွက်လို့ လွယ်တဲ့ ဘာသာတွဲ ယူကြတာဟု ပြောသည် ။

“ ငါ အခု သူ့ ဆီ သွားချင်တယ် တင်ထွန်း ”

ကျွန်တော့် ကို လက်ကာပြီး တားသည် ။ ခေါင်းခါကာ...

“ သူ မှာလိုက်တယ် ၊ အိမ်ကိုတော့ လာမတွေ့ ပါနဲ့တဲ့ ၊ သူ့ အိမ်က သူ့ ကို ပြောထားလို့တဲ့ ၊ ဒီကိစ္စကို သူ့ အဘိုးရော ၊ အဘွားရော ၊ အဒေါ်ရော ၊ ဦးလေးရော ၊ အစ်မတွေရော ၊ အစ်ကိုတွေရော သိကြလို့တဲ့ ၊ အားလုံးက မဖြစ်နိုင်ဘူးလို့ သူ့ ကို ပြောကြတယ် တဲ့ ၊ ဗေဒင်ဆရာတွေ တစ်ဒါဇင် လောက်စီ သွားမေးကြည့် ကြပြီးပြီတဲ့ ၊ ဟိန္ဒူဗေဒင် ၊ တရုတ်ဗေဒင် ၊ မြန်မာဗေဒင် ၊ ရှမ်းဗေဒင် ၊ ပထန်ဗေဒင် ၊ ပန်းသေးဗေဒင် ၊ ကြွေဗေဒင် ၊ ရွေးဗေဒင် ၊ ဖဲဗေဒင် စုံပြီတဲ့ ၊ ဒီနှစ်ယောက်ယူရင် ဒုက္ခ ဖြစ်မယ်လို့ ဟောထားပြီးတာ သူ့အိမ် ၊ သူ့ဆွေမျိုး သိကြပြီးပြီ တဲ့ ”

အဲဒါမှ ဒုက္ခအစစ် ဟု ကျွန်တော် ညည်းမိ၏ ။

“ သူ သိပ် ယုံနေလား တင်ထွန်း ”

“ မင်း ကို ကျီစားတဲ့ စကား သူ ပြောနေတာမှ မဟုတ်တာ ”

“ ငါ မှားတယ် ၊ မွေးသက္ကရာဇ် ပေးမိတာ အကြီးအကျယ် ပြဿနာပဲ ၊ ဒီလိုမှန်း သိရင် တစ်ရက်တိုး ၊ တစ်ရက်ဆုတ် ပေးလိုက်ရင် ပြီးပြီ ၊ မထင်ဘူးလေကွာ ၊ ရိုးရိုး တောင်းတယ်ပဲ ထင်တာ ”

“ သူ့ အမေ က တောင်းတာဆို ”

ကျွန်တော် ခေါင်းညိတ်သည် ။ နောင်တကြောင့် ကိုယ့်ကိုယ်ကို ဒေါသ ဖြစ်နေ၏ ။

“ ငါ အရိပ်အကဲ သိဖို့ ကောင်းတယ် ”

တင်ထွန်း က ဆေးလိပ် သာ ဖွာ နေ၏ ။

“ မှန်ရာပြောတဲ့ ဒဏ် ငါ ခံရပြီ တင်ထွန်း ”

တင်ထွန်း သက်ပြင်းချ၏ ။

“ ငါတို့ ကွဲပြီ ထင်တယ်နော် တင်ထွန်း ”

တင်ထွန်း မဖြေ ။ မဖြေလျက် နေ နေသည်မှာပင် အဖြေ ဖြစ်နေလေ၏ ။

“ ငါ ဗုဒ္ဓဟူး သား မဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲ ၊ ဘာ နေ့သား ဖြစ်ရဖြစ်ရ ဗုဒ္ဓဟူးသား သာမဟုတ်ရင် ဒီ ပြဿနာ ပေါ်မှာ မဟုတ်ဘူး ၊ သူ့ အမေ ကသာ သူ့ ကို တနင်္လာနေ့မွေး ၊ ဗုဒ္ဓဟူးနေ့မွေး ၊ အင်္ဂါ မဟုတ်ရင် ပြီးနေပြီ ၊ ပြဿနာပဲ ၊ အိမ် ကို ငါ ဘယ်လို ပြောရမှန်းတောင် မသိဘူး ၊ ပြည် က ဦးလေးတို့ ကို သူ နဲ့ ငါ စေ့စပ်စကား ပြောတဲ့ နေ့ ဆင်းလာဖို့ ပြောတောင် ပြောထားပြီးပြီ ”

ကျွန်တော် သည် ကျွန်တော် ပျောက်လုလု ဖြစ်နေ၏ ။ နေ့နံ ဇာတာ ခွင် သည် အသည်းနှလုံး ကို ဖောက်ခွဲရန် ချိန်ရွယ်လျက်ရှိလေ၏ ။

°°°°°   °°°°°   °°°°°

[ ၂ ]

ခင်စောမွန် ၏ မျက်လုံး အစုံမှာ မျက်ရည်တွေ ဝေ့နေ၏ ။

ကျွန်တော် သူ့ ကို မကြည့်ရက် ။ စာသင်ခန်းပြတင်း ၏ အပြင်သို့ ငေး၍သာ နေမိ၏ ။ နည်းပြတန်း အချိန် ကုန်သွား၍ စာသင်ခန်းနှင့် စင်္ကြံ တစ်လျှောက်တွင် အသွားအလာ မရှိ ။ ကျောင်း သည် တိတ်ဆိတ်နေ၏ ။ မိုးရာသီ ကုန်ကာ နီးသော်လည်း ရွာအား မလျော့ ။ မိုးဖွဲတွေ ကို ကျွန်တော် မြင်နေသည် ။ မိုးစက် ထိသဖြင့် လှုပ်သွားသောသစ်ရွက်တွေကို ကျွန်တော် ကြည့်နေမိ၏ ။ ရင်ထဲမှာ အေးမြခြင်း မရှိ ၊ ခင်စောမွန် ကို ကျွန်တော် ခွဲရတော့မည် ။ ချစ်သူ ကို ဆုံးရှုံးရတော့မည့် ပူပန်မီး သည် ကိုယ်တွင်း၌ တညီးညီး လောင်ကျွမ်းလျက် ရှိ၏ ။

“ ခင်စောမွန့် မေတ္တာ ကိုတော့ မောင် သိပါတယ်နော် ”

ကျွန်တော် ခေါင်းညိတ်လိုက်သည် ။

“ မွေးနေ့ ရက်စွဲနဲ့ ဇာတာခွင်ကို မှားပြီး ပေးတာလို့ လူကြီးတွေကို ပြောရင်ကော ဟင် ”

သူ ခေါင်းခါသည် ။

“ ခင်စောမွန် သိနေတာကို မောင် ပြင်လို့မှ မရနိုင်တော့တာ ”

“ သိပ် ယုံလား ”

“ ခင်စောမွန် ဒုက္ခ ရောက်မှာထက် မောင် ဒုက္ခ ရောက်မှာကို ပို စိုးရိမ်လို့ပါ ”

“ ဒါဖြင့် ဝေးပြီပေါ့ ”

ကျွန်တော့် ကို သူ ဝမ်းနည်းစွာ ကြည့်လေသည် ။

“ ကံကြမ္မာက ဝေးဖို့ ဖန်တီးတာကိုး မောင်ရယ် ”

ကျွန်တော် သူ တွေးသလို မတွေး ။ သူအနှောင်အဖွဲ့ မိသလို မမိ ။ သူ့ လို မယုံသော်လည်း သူ မယုံလျက် နေမည်မဟုတ် .. ။

“ တကယ့်ကို လမ်းဆုံး ကိုရောက်ကြပြီလား အချစ်ရယ် ”

ကျွန်တော့် အမေး ကို သူ ခေါင်းညိတ်ပြီး တစ်ချက် ရှိုက်သည် ။ ရှိုက်သံ သည် ဘဝချင်း ခြားနားစေခဲ့ပြီ ။ တစ်ယောက် ကို တစ်ယောက် ချစ်မြတ်နိုးစွာဖြင့် ခွဲခဲ့ကြရသည် ။ ချစ်မြတ်နိုးခြင်း သည် ချစ်မြတ်နိုးခြင်းသာ ဖြစ်သည် ။ ခွဲခဲ့ရခြင်းသည် ခွဲခဲ့ရခြင်းသာ ဖြစ်ချေ၏ ။

°°°°°   °°°°°   °°°°°

[ ၃  ]

တင်ထွန်း က ကျွန်တော့် ကို ကြည့်ကာ မျက်ခုံး ပင့်သည် ။ ဗေဒင်စာအုပ်တွေ မနည်းပါလားဟ ဟု အံ့သြစွာ ပြောပြီး ပြုံး၏ ။ ငါ ဇာတာ တောင် ဖွဲ့ တတ်နေပြီ ဟု ကျွန်တော် ပြောလိုက်၏ ။ ဒါဆို ခင်စောမွန် ဒုတိယ သမီးကလေး ရဲ့ မွေးစာရင်း ငါ သွားယူထားမယ် ၊ တြိစက္ကဇာတာ မင်း ဖွဲ့ပေးပေါ့ ဟု ရယ်စရာ ပြောသည် ။ ပြောသောအခါ ခင်စောမွန် ကို ကျွန်တော် ပို၍ သတိရသည် ။ တစ်ယောက် နှင့် တစ်ယောက် လမ်းခွဲခဲ့ကြသည်မှာ ရှစ်နှစ် ကာလ တိုင်ခဲ့ပေပြီ ။ လူချင်း မဆုံဖြစ်တော့ ။ ခင်စောမွန် သည် ကော့သောင် သို့ ခင်ပွန်းသည် နှင့် အတူ လိုက်သွားသည် ။ ကျွန်တော် က စက်မှုဌာန တစ်ခုတွင် အလုပ်ဝင်သည် ။ တင်ထွန်း က စာရင်းကိုင်ရုံး တွင် အလုပ်ဝင်သည် ။ တင်ထွန်း နှင့်ကျွန်တော် အဆက်အသွယ် မပြတ် ။ နှစ်ဦးစလုံး က အိမ်ထောင် မကျကြသေး၍ လက်ဖက်ရည်ဆိုင် ၊ ထမင်းဆိုင် အတူ ထိုင် ၊ ရုပ်ရှင်အတူ ကြည့် ဖြစ်ကြသည် ။

“ မင်း ခင်စောမွန် ကို အပြစ် တင်သေးလား ”

“ သူ့ အယူ နဲ့ သူ ပဲကွာ ၊ အပြစ် မဆိုချင်တော့ပါဘူး ”

တင်ထွန်း ပြုံး ၏ ။ ကျွန်တော် က

“ ပြဿနာ စ စချင်းတုန်းက ကဝါလမိုင်းဆရာကြီး ကိုပဲ အပြစ် တင်ရမလား ၊ မြန်မာပြည် ရှိသမျှ ဗေဒင်ဆရာ ရောင်စုံကိုပဲ အပြစ်လိုက် တင်ရမလားပေါ့ ၊ ခုတော့ စိတ်ငြိမ်အောင် ထားလို့ ရပါပြီ ၊ ဒီ ပညာ က စိတ်ဝင်စားစရာတော့ အကောင်းသား ၊ မင်း ကို ခင်စောမွန် အမေ က ပြောတဲ့ စကားတွေ ငါ ပြန်စဉ်းစားပါတယ် ၊ ခင်စောမွန် နဲ့ ပေးစားတဲ့ သူ က ရာဇဖွား ဆိုတာက အစ ၊ ဘယ်မှာ ဥစ် ဘယ်လောက် ၊ တွင်းပြင်ကသစ် ဘယ်လောက် ဆိုတာပါ ငါ မှတ်မိပါတယ် ၊ သူတို့ သမီး ကောင်းစားရေး ကိုး ”

°°°°°   °°°°°   °°°°°

[  ၄  ]

တစ်ယောက် ကို တစ်ယောက် ရဲရဲဝံ့ဝံ့ စကားမဆို ရဲကြ ။ တင်ထွန်း က ကျွန်တော် နှင့် ခင်စောမွန် အကြားတွင် စကားဖန်တွေ ဆိုသည် ။ အတော်ကြာမှ စကားတွေ ပြောကာ ဆိုကာ ရှိလာကြသည် ။ မတွေ့ကြသည်မှာ ဆယ်နှစ် သာသာ ရှိပေပြီ ။ ခင်စောမွန် တို့ မိသားစု က ရန်ကုန် သို့ ပြောင်းလာကြသည် ။ သူ့ စကား အရ ခင်ပွန်း ဖြစ်သူက နောက် အိမ်ထောင် ပြုသည့်အကြောင်း ၊ ငွေကြေး ထောက်ပံ့ခြင်းတော့ ရှိကြောင်း သိရသည် ။ ကလေး လေးယောက် ရနေသည် ကိုလည်း သိရသည် ။ အိမ်ထောင်ရေး သောကဗျာပါဒ သံတွေကို ကြားရသည် ။ ကျွန်တော် မပြောသာ ။ တင်ထွန်း က ဘဝ ဆိုတာ ဒီလိုပေါ့လေ ဟူသော ရှေးဂါထာ ကိုသာ ရွတ်လေ၏ ။ အမေတို့ ၊ အဒေါ် တို့ လဲ စိတ် မကောင်းကြဘူး ၊ သူတို့ စီမံတဲ့ အိမ်ထောင်ရေး မဟုတ်လား ၊ သူ က ခင်စောမွန် နဲ့ လက်မထပ် ခင်က သိပ်အေး သိပ်ရိုး တာ ၊ ဆေးလိပ်လဲ မသောက် ၊ အေးလိုက်တာမှ ရေခဲ က အဘ ခေါ် ရမယ် ၊ အိမ်ထောင်သက် လေးနှစ် လောက်လဲ နေရော ၊ လိုင်း ပေါင်းစုံ ၊ ပြဿနာ မျိုးစုံ ၊ ကမ္ဘာ့လူလည်ကြီးများအဖွဲ့  ဖွဲ့ရင် မဟာဂရိတ် နာယက နေရာ ပေးထိုက်တယ် ၊ ခင်စောမွန် ကံ ပေါ့လေ ”

တင်ထွန်း က သူ ဘာနေ့သားလဲ ဟု မေး၏ ။ ခင်စောမွန် က ...

“ ဘာလုပ်မလို့လဲ ”

ကျွန်တော့် ကို တင်ထွန်း က ကြည့်သည် ။ ထိုနောက် ခင်စောမွန် ကို ...

“ သူ ဗေဒင် ကျကျနန တွက်တတ်တယ် ၊ ဟောတာ ရာနှုန်းပြည့် မှန်တယ် ၊ ကျွန်တော် ဌာန ပြောင်းတာရော ၊ ရာထူး တိုးတာရော ၊ အိမ်ထောင် ကျတာရော နေ့စွဲ နဲ့ ၊ အချိန် နဲ့ အတိအကျ ဟောတယ် ၊ ဒီတော့ ခင်စောမွန် ခင်ပွန်း ရဲ့ အနေအထား ဘယ်လို ရှိမယ်ဆိုတာ သိ ”

ခင်စောမွန် က ရယ်ပြီး လက်ကာ တားသည် ။ အမလေး... တော်ပါ ၊ မယုံရေးချ မယုံ ၊ အပိုတွေ တွက် မနေနဲ့ ၊ လက်ညောင်းမယ် ၊ သူ့ အကြောင်း သိပြီးသား ဟု ရယ်သံဖြင့် ပြောသည် ။

“ မခင်စောမွန် မယုံဖူးလား ”

“ ယုံတဲ့ သူတွေ ကို စိတ် အနှောင့်အယှက် ဖြစ်မှာ စိုးတယ် ၊ ကိုယ့် အယူအဆ နဲ့ ကိုယ် ပေါ့လေ ၊ မဟုတ်ဘူးလား ... ”

“ ထားလိုက်ပါ ၊ တခြား အကြောင်းတွေ ပြောကြရအောင် ”

ကျွန်တော် အံ့သြသည် ။ ဆယ်နှစ် ။ ထို ဆယ်နှစ် မတိုင်မီကသာ ထို စကား ကို သူ ပြောခဲ့သော် ကောင်းလေစွ .. ။

“ ကျွန်တော် တော့ ကိုယ် တွေ့ မို့ ယုံလိုက်တယ်ဗျ ”

တင်ထွန်း က ပြောသည် ။

“ ကျွန်မ ကတော့ ကိုယ် တွေ့ မို့ မယုံတော့ဘူး ရှင့် ... ”

“ ဒါဖြင့် ဓမ္မာသောက အင်းဝရာဇာ ဆိုတာလောက်ကိုရော ”

ခင်စောမွန် ရယ်၏ ။ ရယ်သံ နှင့်

“ အမှန်က သီရိဓမ္မာသောကမင်းကြီး ဟာ တဲ့ အင်းဝ မှာ ရာဇာဘုရင် လာလုပ်ဖူးတယ်လို့ ပြောတာပါ ”

ပြော၍ အဆုံးတွင် ဟုတ်တယ် မဟုတ်လား ကိုဝင်းလတ် ဟု မေး၏ ။

ကျွန်တော် ရယ်၍သာ နေလိုက်၏ ။ မဖြေချင် ။ အား မရှိ ။

အချည်းနှီး နှစ်များစွာကို နှမြော နောင်တရရန် မသင့်လျော်တော့ ။

◾ ငြိမ်းကျော်

📖 ဒဂုန်မဂ္ဂဇင်း ၊
      ၁၉၈၅ ခုနှစ် ၊ မေလ

www.facebook.com/aung.naingoo.3726613

.