❝ သံဝေဂ ❞
[ ၁ ]
ရွာဘုရားပွဲ က ခုနစ်ရက် ကျင်းပတာ ခင်ဗျာ့ ။ ကျုပ်တို့ ရွာ ကရော ၊ ရွာနီးပါးချင်းတွေ ကရော ဒီ ဘုရားပွဲ ကို အားခဲကြတာ ။ တပေါင်းလ ထဲမှာ ကျင်းပတာ ။ လပြည့် အရုဏ်တက် သစ်သီးကပ် ၊ ဆရာတော်များ ဆွမ်းကပ် ၊ ရေစက်ချ ၊ ဗြောပိတ် ။ ဘုရားပွဲ ပြီးတဲ့ ည ၊ အဲဒီ ည ဗလာပွဲလည်း နောက်ဆုံး ည ပဲ ၊ လဆန်း ကိုး ရက် ဆို ပွဲ ဝင်ပြီ ။ ဈေးတန်း စပြီ ။ ဘုန်းတော်ကြီး ကျောင်းဝင်း ၊ ဘုရားပရိဝုဏ် ထဲလည်း စည်ကားပြီ ။ ပွဲခင်းလည်း စည်ပြီ ... ။
ဒီနှစ်တော့ အငြိမ့် အစား ဇာတ်ကြီး ကို ငှားမယ် ကြံထားကြတာ ဟန်ကျသွားတယ် ။ စပါး ဈေးကောင်း ရတော့ အိမ်တိုင်း ငွေစ ၊ ရွှေစ ရွှင်ပါ့ ။ ဟိုရွာ ဒီရွာတွေလည်း ဒီလိုပဲ ။ တစ်နယ်လုံး ရွှေမိုးငွေမိုး ရွာ ထားသလို ။ဒီတော့ နာမည်ကြီး ဇာတ် ကို တက် ကိုင်နိုင်သပေါ့ ဗျာ ... ။
ဘုရားပွဲ ကျင်းပဖို့ ဆရာတော်ဘုရားကျောင်း မှာ ကျုပ် ဦးဆောင် ဆော်ဩပြီး အစည်းအဝေး လုပ်ခဲ့တယ် ။ သူ့ တာ ၊ ကိုယ့် တာ တာဝန် ခွဲယူကြတာပါပဲ ။ ပွဲငှားရေး ၊ စည်ကားရေး ၊ ဟိုရွာဒီရွာ က ဆရာတော်များ ပင့်ရေး တာဝန် ၊ ချက်ရေးပြုတ်ရေး ၊ ပွဲဈေး ၊ ဈေးကောက် စတဲ့ ဟာတွေပေါ့ .…. ။
“ ကိုငှက် က ကမကထ ခေါင်းဆောင် ဆိုတော့ တာဝန် တစ်ခါတည်း ချလိုက်တော့ဗျာ ” လို့ ဗိုက်ကြီး က လှမ်း ပြောတယ် ။ ဒါနဲ့ ငထွန်း က ဇာတ်စင် ဆောက်ရေး တာဝန်ယူ ။ ဘိုးစုံ က အရုဏ်ဆွမ်း ချက်ရေးပြုတ်ရေး ။ အောင်ဘု က စေတီတော် ထုံးသင်္ကန်းကပ် ၊ ကြေးဆင်းတုတော် ရောင်တော်ဖွင့် ၊ ဆရာတော်များ အကြိုထောက် တာဝန် ။ မယ်ဟန် က ချက်ရေးပြုတ်ရေး ။ သာတင့် က ဇာတ်သမားတွေ ကြိုဖို့ တာဝန်ပါပဲ ။ ဒါပေမယ့် ဒူလာရောဂါထ လို့ တခြား သက်သောင့်သက်သာ တာဝန် ပေးလိုက်ရတယ် ။ ဒါနဲ့ ငဖျံ ကို ကျုပ် က တာဝန်ပေးတော့ စကားသံ ၊ ချောင်းသံ ၊ ရယ်သံတွေ နဲ့ ရှိနေတဲ့ ဆွမ်းစားဆောင် က ရုတ်ခနဲ တိတ် သွားရော ။ “ ဖြစ်ပါ့မလား ကိုငှက် ရ ၊ ကြည့်လဲ လုပ် ၊ ဒီ ကောင် က လက်ကြော တင်းတဲ့ကောင် မဟုတ်ဘူး ၊ ဟန်ပါ့ မလား ” စတဲ့ အသံတွေ တီးတိုး တီးတိုး ။ ကျုပ် က မကြားချင်ယောင် ဆောင်ပြီး တခြား တာဝန်တွေ ယူရမယ့် သူတွေကို လက်ညှိုး ထိုးပြီး တာဝန် ခွဲလိုက်တယ်... ။
••••• ••••• •••••
[ ၂ ]
“ ငဖျံ ကို ဘာလို့ အဲဒီ နေရာမှာ ထားရတာလဲ ဦးငှက်ရိုး ”
ဒီ ကောင် က ဘာတာဝန် ၊ ညာတာဝန် ၊ ဘာနေရာ ဆိုတာသာ လိုချင်တာ ၊ ယူထားတဲ့ နေရာ ရဲ့ အလုပ် ကျတော့ အိယောင်ဝါး ”
ဇာတ်အဖွဲ့ ကို ဧည့်ခံကြိုဆိုရေး ဆိုတော့ ငဖျံ ပင်ပန်းရှာမယ် ၊ နဂိုကမှ စားမယ် ၊ သောက်မယ် ၊ ဝါးမယ် ၊ လေပန်းမယ် ၊ ယောင်ယောင်ယောင်ယောင် နဲ့ လတ်လျားလတ်လျား လုပ်ပြဖို့ ဝါသနာအခံ ရှိပေတော့ ငဖျံ မောပေလိမ့်မယ် ရှင့် ”
“ ဇာတ်သမားတွေ ကို အရိုးချည်း ချက်ကျွေးပေးပြီး သူ ကျတော့ အသည်းအမြစ် နဲ့ အနစ်နာခံ စား ပေးမှာပါ ၊ ငဖျံ က အဲဒီလို အနစ်နာခံတတ်တာ တစ်ရွာလုံး အသိပဲလေ ၊ ဘဏ္ဍာရေးမှူး မယ်သော့ နဲ့ စာရင်းစစ် မယ်ညို တို့တော့ ငဖျံ ရှင်းတမ်း နဲ့ မှ မရူးရင် ပဒိုင်းသီး တင်းတောင်း နဲ့ စားတောင် မရူးတော့ဘူး မှတ်ပေဗျို့ ၊ ဦးငှက်ရိုးနှယ် .. ဒီကောင့် ကို ရေရေ ရာရာ လုပ်ပြီး ဘာလို့ ပွဲ ထုတ်ရပါလိမ့် ။ သူနဲ့ သက်တူရွယ်မျှ ကာလသားတွေ ကတောင် ရှောင်တာ ၊ ငဖျံ ဆိုရင် ပြောရင် မိုးလားကဲလား ။ ခုပဲ လန်ဒန် သွားတော့မလို ၊ ခုပဲ ကာလကတ္တား သွားတော့မလို ၊ အလုပ်ကြီး အကိုင်ကြီးတွေ ကပဲ သူ့ ကို တမျှော်မျှော် မျှော်နေတဲ့ ပုံ ၊ စကား ဟ ရင် အကုန် သိ ၊ ဂဃနဏ မေးတော့ အင်း.. အဲ နဲ့ တလွဲ ”
ဘုရားပွဲကျင်းပရေး ဂေါပကအဖွဲ့ ထဲ ငဖျံ ပါလာတာ တစ်ရွာလုံး အံ့အားကြီး ကို သင့်လို့ ။
“ ငါးတောင့်ထိုး လက်နှိပ်ဓာတ်မီး မှာ နှစ်တောင့်ထိုး မီးသီး တပ်ရင် လင်းပါတယ် လို့ ရမ်းသန်း ပြောတဲ့ ငဖျံနဲ့ ဒီ ဂေါပကအဖွဲ့ ၊ ပွဲက ကြည့် ကောင်းမှာပါ ၊ ဦးငှက်ရိုး ဆံပင်တွေ ဖြူ နေရာ က စိတ်ညစ်ပြီး ပြန် နက်လာမလား မသိဘူး ”
ကျုပ် လည်း အိမ် ကရော ၊ အိမ်နီးနားချင်းရော ၊ ရွာထဲ ကရော ၊ ငဖျံ နဲ့ ဆွေထဲမျိုးထဲ ကရော သတိပေးကြတာကြောင့် နား အူနေပြီ ။ ဒီ သူငယ် ကို ဘာ သဘော မကျပါလိမ့် ၊ ဖျတ်ဖျတ်လတ်လတ် နဲ့ ဟို ဆိုလည်း သူပါ ၊ ဒီ ဆိုလည်း သူပါ ၊ အဲဒါကိုများ မျက်မုန်းကျိုးလို့ ပြောတာ ဆိုတာ ဖြစ်ချင် ဖြစ်မှာပေါ့ ။ ပိုပြီး စည်ကားဖို့ ထင်ပါရဲ့ …. ။
••••• ••••• •••••
[ ၃ ]
ဇာတ်အဖွဲ့ က မော်တော် ကြုံ ရက် နဲ့ ကြိုရောက်စရာ ရှိသတဲ့ ။ နှစ်ရက် သုံးရက် တောင် မဟုတ်ဘူး ။ တစ်ပတ်တိတိ စော ရောက်မှာ ။ ကောင်းတာပေါ့ ။ မျှော်ရ မျှော်ရ လည်ပင်း ရှည်တဲ့ ဒုက္ခဝေးပြီး စိတ်အေးရတာပေါ့လေ ... ။
“ သူကြီး ၊ ဇာတ်သမားတွေ က ကြိုရောက်တာ အားနာ နေတယ် ”
မောင်ဖျံ က မျက်တောင်ပေကပ်ပေကပ် နဲ့ ကြည့်ပြီး ပြောတော့ ကျုပ် နားမလည်ဘူး ၊ ဒါနဲ့ ..
“ ဘာလို့လဲကွ ”
“ စားရေးသောက်ရေး အားနာလို့ တဲ့ ”
“ ဟာ ... တို့ ရွာ လာတဲ့အခါ တို့ က ရွာခံ ၊ စားရေးသောက်ရေး ငါတို့ တာဝန်ပေါ့ ”
“ လူ သုံးလေးငါးဆယ် တာဝန် ဆိုတော့ ချက် မကျွေးပါနဲ့တဲ့ သူကြီး ရဲ့ ၊ ဆန်ရယ် ၊ ဟင်းလျာဖိုးရယ် ၊ ထင်းတို့ ၊ အိုးတို့ ၊ ပန်းကန်ခွက်ယောက် တို့သာ ပေးထားပါ ၊ သူတို့ ဘာသာ သူတို့ ချက် စားပါ့မယ်တဲ့ ”
ဒါနဲ့ ဂေါပက ထဲ က ငွေကိုင် ကို တစ်ရက်စာစီ ထုတ် မပေးဘဲ တစ်ပတ်စာ ငွေထုတ်ပေး ၊ ဆန် ၊ ထင်း ပေးထားဖို့ ကျုပ် က ပြောလိုက်တယ် ။ အဲသည် အတွက် ဇာတ်သမားတွေ ကို ငွေ သွားပေးဖို့ ငဖျံ ကိုပဲ ကျုပ် လွှတ်လိုက်တယ် ။ ငဖျံ ကို ကျုပ် က မှာထားတယ် ။ ဇာတ်သမားတွေ မငြိုငြင်အောင် ပြုစုဖို့ ၊ ကောင်းအောင် ကပေးဖို့ ၊ အဆင်ပြေအောင် ပေါင်းထားဖို့ ၊ တစ်ပြိုင်နက်တည်း ဘုရားပွဲ စည်ကားအောင် ကျုပ်တို့ တစ်ဖွဲ့လုံး နဲ့ ကျရာမြင်ရာထောင့် ၊ ထောင့်စေ့အောင် ငဖျံ ဝင် လုပ်ဖို့ …. ။
••••• ••••• •••••
[ ၄ ]
“ သူကြီး ၊ မဏ္ဍပ်ထိုး ၊ သံဃာစင် ဆောက်တာ ဒီပြင်လူ ခိုင်းစမ်းပါဗျာ ၊ ကျုပ် ဇာတ်စင်မှာ သွား နေရတာ မအားဘူး ၊ သူတို့နဲ့ အတူတူ ထမင်း စား မှ ဘယ်သူ ခံတွင်း ပျက်တယ် ၊ ဘယ်သူ ကြိုးစား ကမယ် မကဘူး ကျုပ် သိရမှာ ၊ ညနေ သောက်ပွဲစားပွဲကျလဲ ကျုပ်က ထိန်းရင်း ကူ သောက်ရတာ ”
ငဖျံ က လူရှေ့ မရှောင် ၊ သူရှေ့ မရှောင် ကျုပ် ကိုတောင် ငြင်းလား ဆန်လား ၊ ဆင်ခြေ ပေးလာတော့ လုပ်လုပ်လာပြီ ။ လူကြီး ဆိုတော့ စိတ် ချုပ်ရ ၊ ထိန်းရသပေါ့ ။ မနေ့ ညနေ က တင် ကျုပ် နဲ့ ဂေါပကအဖွဲ့ သုံးလေးယောက် က ဆရာတော်ဘုရား ဆီ အစီအစဉ် လျှောက်စရာ ကိစ္စ ၊ စေတီတော် ထုံးသင်္ကန်းကပ်ရေးကိစ္စ နဲ့ ဘုရားဝင်း ဆီ အသွား ... ။
“ ဘယ်တုန်းဗျ သူကြီး ”
“ ဘုရား သွားမလို့ကွာ ”
“ ဟာ .. သူကြီးတို့ ကလဲ ဘုရားဝင်းချည်း သွား သွားနေတော့တာပဲ ၊ ဇာတ်ရုံ ဘက် လဲ လာဦးမှပေါ့ ”
“ ဟာ .. မင်းအမေလင် ၊ ဘုရားပွဲ ကျင်းပမှာ ဘုရားဝင်း မသွားလို့ ဘယ် သွားရမှာလဲ ငဖျံ ၊ မင်း ပြောပုံ က ... ”
ကျုပ် က ငေါက်တော့ ငဖျံ မျက်နှာ ပျက်သွားတယ် ။ ဟိုဘက်ကို ချာခနဲ လှည့်အထွက်မှာ စာရင်းစစ် မယ်ညို က ..
“ ဟေ့ .. ငဖျံ ၊ နင် ငွေထုတ်ရင် သူကြီး ကို ပြောပြီး မယ်သော့ ဆီ က ထုတ်ပါ ပြောထားတဲ့ ကြား က သူကြီး မသိဘဲ ထုတ်ပေါင်း များပြီ ၊ ငါ့ ဆီလဲ စာရင်း နဲ့ အင်းနဲ့ နေ့တိုင်း ရှင်းပါဆိုရက် နဲ့ တစ်ခါမှ မရှင်းသေးဘူး ၊ ဘာ .. ကြက်တစ်ကောင် ဝယ်ချက် ၊ သင့်ငွေ ခြောက်ရာ ၊ မှတ်ချက် တိုက်ကြက်ဆိုတဲ့ ဘုရားကြီး ရှင်းတမ်း ၊ လုပ်မလို့လား ”
ရနံ့လေးတွေက ထွက်စ ပြုပြီ ။ ငဖျံ ခြေစ လက်စ လေးတွေ ကျုပ် မြင်ရစ ပြုလာပြီလေ ။ ညမနက် ဟင်းဖိုး ၊ နေ့လယ် ကော်ဖီရည်ဖိုး ၊ ညနေ ထန်းရည်ကဇော်ဖိုး ဆိုပြီး ဘဏ္ဍာရေးမှူး မယ်သော့ ဆီက ထုတ် ၊ ထုတ်ပေးငွေက နေ့တိုင်း ယတိပြတ် ။ အပိုအလို မကြားရတဲ့... ။
နေ့နေ့ညည ငဖျံ မှာ ယစ်တစ်တစ် ရီတီတီ ။ ရုံထဲမှာ မင်းသား မင်းသမီးတွေ ၊ ဆိုင်းသမားတွေ နဲ့ တဝါးဝါး တဟားဟား ၊ စားဟယ် သောက်ဟယ် နဲ့ ။ နေ့တိုင်း ဘုန်းကြီးကျောင်း ဆီ ခြေဦး မလှည့် ။ ဘုရားဝင်း ထဲ မျက်နှာတောင် မမူ ။ ဇာတ်မင်းသား ကို သူ့ အိမ် မှာ ဧည့်ခံလိုဧည့်ခံ ။ ဇာတ်မင်းသမီး နဲ့ ယိမ်းသမလေးတွေ ၊ လူရွှင်တော်တွေ က သူ့ အိမ် မှာ တရုန်းရုန်း တသောသော... ။
ဘုရားပွဲ အစည်းအဝေး လည်း သူ မလာ ။ ကျုပ် က အခေါ် လွှတ်လည်း စကား မပြန် ။ ဇာတ် ကောင်း မှ လူစည် ၊ လူစည် မှ ကျောင်းရော ဘုရားအလှူငွေ အတွက် လည်း တိုး ။ ပွဲဈေးတန်းစည်ကားမှ ကိုယ့်ရွာသူရွာသားတွေ ထွက် တဲ့ မုန့်ပဲသရေစာဆိုင် ရောင်း လို့ ကောင်း ။ အဲဒါကြောင့် ဇာတ်သမား တွေ ပျော်ရွှင်စိတ်ချမ်းသာအောင် မင်း တာဝန်ယူပေတော့ ဆိုတဲ့ ကျုပ် စကား ကို သူ က ထောက်ပြီး ပြောပေတော့တာကိုး ။ တစ်ပါးသူတွေ လစ်ဟင်းလျှင် ဝင် ကူ ၊ ရွာ အရေး ၊ ကျောင်း အရေး ၊ ဘုရား အရေး ကြုံ သမျှ ကျ သမျှ ဝင် လုပ်ဆိုတဲ့ ကျုပ် စကားတွေကိုတော့ ဝကွက်ပြီး ချန် ... ။
ကျုပ် က ခေါ် ငေါက်တော့ ဇာတ်မင်းသားရှေ့မှာ ဆူ ရပါ့မလား ဆိုပြီး စိတ်ကောက် ၊ စကားတောင် မပြောတော့ဘူး ။ မျက်နှာချင်း ဆုံရင်တော့ ငဖျံ က မျက်နှာ လွှဲပါလေရော ။ ကျုပ် ဒေါသ လည်း ဖြစ်တာပေါ့ ။ ဘုရားပွဲ မပြီးမချင်းတော့ ဒီကောင့် ကို သည်းခံရပေမပေါ့လေ ။
“ သူကြီး ဆိုပြီး ဘာ တတ်လဲ ၊ အလကားဟာကြီး ၊ သူကြီးကတော် ဒေါ်ဗိန်မ နဲ့ စကားများရန်ဖြစ်တုန်းက ကျုပ် ဖျန်ဖြေ ဝင်ဆွဲပေးတဲ့
ကျေးဇူးတောင် မထောက်တဲ့ သူကြီး ၊ သူ ငွေ လို လို့ သူ့ သမီးကြီး ဆီ ငွေ သွား ယူပေးပါ ဆိုလို့ ကျုပ် သွားယူပေးရတဲ့ ကျေးဇူးလည်း မထောက်တဲ့ သူကြီး ၊ ဇာတ်သမားဧည့်ခံတဲ့ ငွေစာရင်း သူ့ ဆီ မပြတာလေးနဲ့ လူရှေ့သူရှေ့ ငေါက်တဲ့ အလကား လူကြီး ၊ ကုန်လို့ အသေးသုံး ထပ်ယူတာ ဘာ သုံးသလဲ မေး ရသလားဗျာ ၊ ဒီ လူကြီး အလကား လူကြီးပါဗျာ ၊ အရေးမစိုက်လို့ မစိုက်သလို ခုလို နေပစ်တာ ” ဟူသောအသံတွေ ကျုပ် တစ်ဆင့် တစ်ဆင့် ပြန် ပြီး ကြားရပါရဲ့ …. ။
ဇာတ်သမားတွေ နဲ့ လုံးလားထွေးလား ငဖျံ ၊ ပလဲပနံ သင့်လို့ ၊ တခြားသူတွေ က ဘုရားပွဲ ကိစ္စ ကူဖို့ ခေါ်လည်း ငဖျံ အရေးမစိုက် ။ မဏ္ဍပ်တိုင်တွေ ကို ပန်းစက္ကူ ကပ်ဖို့ ကျုပ် က လူလွှတ် ခေါ်တော့ ထားလိုက်စမ်းပါ ၊ အရေးမပါတာတွေ တဲ့ ” ငဖျံ က ... ။
ငဖျံ က ကျန်တဲ့ သူတွေနဲ့လည်း ကဏ္ဍကောစ .. ။
နာမည်ကြီး ဇာတ်မင်းသား နဲ့ ဇာတ်အဖွဲ့ နဲ့ ပဲ တရုန်းရုန်း …. ။
[ ၅ ]
ဘုန်းကြီးပွဲ အတွက် အသည်းအမြစ် ၊ ငါးသေတ္တာ ကို ဇာတ်အဖွဲ့ အတွက် ဆိုပြီး ငဖျံ ဇွတ် ယူသွားသတဲ့ ။ ဇာတ်သမားတွေ အတွက် ဆိုပြီး ငွေကိုင် ဆီ က ငွေ တွေ ထုတ် ။ စာရင်း တောင်းတော့ ကုန်တာ ကုန်တာ ပေါ့ ၊ မဆလာ တစ်ထုပ် တစ်ပြားအထိ စာရင်း မလုပ်နိုင်လို့ ငဖျံ က ပြန်ပြော ဆိုပဲ... ။
ကျုပ် ကို လည်း ရန်သူ လို ဆက်ဆံပြီ ။ စကား အပြောအဆို အနှုတ်အဆက် မရှိ ... ။
သူ့ ကို တခြား လိုတဲ့ နေရာ ဝင် ကူဖို့ ပြောသမျှသူ နဲ့ ဆူး ဆို့ လှံ ထိုး ပြန် ပြောပြီ တဲ့ ။ ဇာတ်ရုံ မှာ နေ ၊ ဇာတ်ရုံ မှာ စား ။ ဇာတ်သမားတွေ နဲ့ စုကာရုန်းကာ ထန်းရည်ဆိုင် သွား ။ ရွာ ထဲ က ဟိုအိမ် ဒီအိမ် လည် ။ စားဟယ် ၊ သောက်ဟယ် ၊ ဟားဟယ် ၊ ကျုပ်ကို သူ့ ဖအေ အရွယ် ဆိုတာလည်း မသိ ။ ဘဝ အမြင့် ကြီး မြင့် ၊ ဘယ်သူ့ မှ လူ မထင် ... ။
ဘဏ္ဍာရေးမှူး နဲ့ ကျုပ် လည်း မျက်နှာချင်း ဆိုင်ရင်း ငဖျံ ရဲ့ ဘုရားကြီး ရှင်းတမ်းကိစ္စ စိတ် ဆိုးကြရပြီ ။ ဇာတ်သမား သူစိမ်းတစ်ရံဆံတွေ ရှိနေသေးတော့ မျက်နှာ ထောက်ရ ၊ စိတ် ချုပ်ထားရတာ ကျုပ် အတော် ပင်ပန်းနေပြီ... ။
ငဖျံ က အတော့်ကို မထီမဲ့မြင် ၊ မသိမသာ စော်ကားတာမျိုးလေးလည်း လုပ်ရဲ့ ၊ လူကြီးသူကြီး သာ ကျုပ် မဟုတ်လျှင် ရိုက်သတ်ပြီးပြီ ၊ ဧည့်သည်သူစိမ်း ဇာတ်အဖွဲ့ က လူတွေ ရှိနေတော့ ခက်ပါ့ ဗျာ.. ။
ဗြော ဝင်ပြီးသွားပြီ ... ။
ဘုရားပွဲ ပြီးသော နေ့ သို့ ရောက်လာပြီ.. ။
ဇာတ်အဖွဲ့ က မိုးလင်းသည် အထိ ဇာတ်မဆွဲတော့ ၊ နံနက် လေးနာရီ မှာ ပြည့်ဖုံးကားချသွားတယ် ။ ချက်ချင်းပဲ သိမ်းကြဆည်းကြ နဲ့ ၊ ညနေ ရောက်လာမယ့် မော်တော် နဲ့ တစ်နယ် ကူးကြရမယ်လေ .. ။
ငဖျံ က ကူပြီး သိမ်း လို့ ဘာလို့ တဲ့ ၊ တစ်ရွာလုံးက နား စွင့်လို့ပေါ့ ။ ညနေ မော်တော် ဥဩသံ ကြားရတယ် ။ ကျုပ် တို့ လူကြီးတွေစုပြီး ဇာတ်အဖွဲ့ ကို သွား နှုတ်ဆက်ကြတယ် ။ “ စာရေးနော် ၊ လာလည်နော် ၊ အလည်လာမှာ ” စကားတွေ က ငဖျံ နဲ့ ဇာတ်အဖွဲ့သား တွေ ရဲ့ နှုတ် က... ။
နေ မစောင်း တစောင်း မှာ မော်တော် ထွက် သွားတယ်... ။
ကျုပ်တို့ အားလုံး ပြန် ခဲ့ကြတယ်... ။
ကမ်းနဖူး မှာ ငဖျံ တစ်ယောက် ပဲ ငုတ်တုတ် ၊ မော်တော်ဥဩသံ သဲ့သဲ့ ကြားရတော့ ကျုပ် တို့ ရွာထဲ ရောက်နေပြီ .. ။
မြင်ယောင်တယ် ငဖျံ ကို ။ ဆယ်နှစ် တစ်နှစ် ၊ သုံးနှစ် တစ်နှစ် ပြန် ဆုံချင်မှ ဆုံ ရတဲ့ဧည့်သည်တွေ ကို ငဖျံ လွမ်းနေ ၊ တမ်းတနေလောက်ရောပေါ့ ... ။
ငဖျံ ဘယ်သူတွေ နဲ့ အခုအချိန်က စပြီး မျက်နှာချင်း ဆိုင်မလဲ ... ။
သူ အရေးမစိုက် တဲ့ ကျုပ် ။ သူ ဘက်ကန် တဲ့ တစ်ရွာတည်းသားတွေ ။ သူ နေ နေတဲ့ ရွာ ။ သူ တရုန်းရုန်း နေခဲ့တဲ့ သူတွေ ဘယ်ရောက် သွားကြပြီလဲ ။ သူ လည်း လိုက်သွားလို့ မဟပ်စပ် ။ သူ့ လည်း အရေးအရာ လုပ်ပြီး ခေါ်ပင့် မသွားကြ ။ အပြောအဆို အဆက်အဆံ သူ အားထား ဦးညွတ်ခဲ့သူတွေ သူ့ အပါး ၌ မရှိတော့ ။ သူတို့ အပါးတွင် သူ ရှိမနေရ တော့ ... ။
မိုးချုပ်လျှင် ငဖျံ ဘယ် သွားစရာ ရှိလဲ ... ။
ရွာသူရွာသားတွေ ကျုပ်တို့ တစ်တွေ ရှိရာကို သူ ပြန်လာရတော့မယ်လေ ။ မနေချင်လျှင် အိမ် ဖျက်ပြီး ရွာ ပြောင်းသွားရုံပဲ ... ။
ဒါမှမဟုတ်လည်း သူ ကမ်းပေါ်မှာ ထိုင်နေတော့ မျက်နှာ မူ ထားရာကိုပဲ တည့်တည့်လျှောက်သွားလိုက်ပေါ့လေ .. ။
ငဖျံ အတွက် လားရာလမ်း ရွေးစရာ ရှိမှ မရှိတော့တာ ... ။
သူကြီး သက်တမ်း အနှစ် လေးငါးဆယ် အတွင်း မှာ ပေါ့ ဗျာ ။ ငဖျံ ဖြစ်ပုံကို သံဝေဂ ကြီးကြီးကျယ်ကျယ် ရမိပါရဲ့ …. ။
◾ငြိမ်းကျော်
📖ရွှေသမင်မဂ္ဂဇင်း
၁၉၉၄ ခုနှစ် ၊ သြဂုတ်လ
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment