Showing posts with label ယဉ်ယဉ်နု (မန္တလေး ). Show all posts
Showing posts with label ယဉ်ယဉ်နု (မန္တလေး ). Show all posts

Monday, September 12, 2022

နီးလိုလျက် နဲ့ ဝေး


 

❝ နီးလိုလျက် နဲ့ ဝေး ❞

“ ငွေတောင် ” လို့ အမည် ရတဲ့ ကွမ်းယာဆိုင်ကလေး ဟာ ကျွန်တော့် ရဲ့ အိမ် အပြန် လမ်း မှာ ရှိနေတယ် ။ ထိန်လင်း နေတဲ့ မာကျူရီမီးရောင် အောက် မှာ ငြိမ်သက်စွာ လဲလျောင်း နေတဲ့ မဟူရာလမ်းမကြီး ရဲ့ အခြေ မှာပေါ့ ။ အချိန် က သန်းခေါင် ကျော်နေပြီ ။ စက်ဘီး ကို ဒေါက် ထောက်ရင်း ကျွန်တော် စက်ဘီး ပေါ် က ဆင်း တယ် ။ ကျွန်တော့် ကို တစ်ချက် မော့ ကြည့်ပြီး ဆိုင်ရှင် က ခေါင်း ပြန် ငုံ့ရင်း ၊ ကွမ်းယာ ယာ တယ် ။ ထုံး ၊ မြန်မာဆေး ၊ ဗလရှင် လို့ ပြောစရာ မလိုဘူး ။ ကျွန်တော် ဘယ်လို စားသလဲ သူ သိတယ် ။ နှပ်ဆေး ကျွန်တော် မကြိုက်ဘူး ။ အရက် နဲ့ နှပ်တာ ဆိုတော့ အရက်စော် နံတယ် ။ အရက် နံ့ ကို ကျွန်တော် မုန်း လွန်းလို့ ။ ကွမ်း ကို စွဲစွဲမြဲမြဲ စား တဲ့ ကွမ်းယာသမား ကျွန်တော် နဲ့ ဒီ ဆိုင်လေး ရဲ့ ပေါင်းဖက်မှု သက်တမ်း က တစ်နှစ် ကျော် ခဲ့ပေမယ့် ပထမဦးဆုံး ည တုန်းက လို ပဲ ဆိုင်ရှင် ဟာ ယာ လက်စ ထဲ က ကွမ်းတစ်ယာ ကျွန်တော့် ကို လှမ်း ပေးတယ် ။ ကျွန်တော် က ပါးစပ် ထဲ ကို ထည့် လိုက် တယ် ။ ပြီးတာ နဲ့ လမ်းဘေး အုတ်ခုံလေး ပေါ် မှာ ထုံးစံအတိုင်း ထိုင် ချ လိုက်တယ် ။ ပြီး ပြီ ။ တစ်နေ့တာ အလုပ် ပြီးသွားပြီ ။ ဒီ အချိန် ဟာ ကျွန်တော် အနား ယူ တဲ့ အချိန် ပဲ ။ ဆိုင်ရှင် လှမ်း ပေးလိုက်တဲ့ ကွမ်းယာထုပ် ကို ယူပြီး အိပ်ထောင် ထဲ ကို ထည့်လိုက်တယ် ။ ဆိုင်ရှင် က လည်း စကား တစ်လုံး မှ မပြောဘူး ။ မနက် သုံးနာရီ လောက် မှ စ ထွက်မယ့် အဝေးပြေးကား တွေ ရဲ့ ဖောက်သည်တွေ လာရင် အဆင်သင့် ဖြစ်နေ အောင် ကွမ်းယာတွေ ကို တိတ်တိတ်ဆိတ်ဆိတ် ယာ နေတယ် ။ ကျွန်တော် ကွမ်းယာ ကို အရသာခံ ဝါး ရင်း ကောင်းကင် ကို မော့ ကြည့်တယ် ။ မာကျူရီမီးတွေ လင်းလက် နေတဲ့ ည မှာ လရောင် က မဖြာပါဘူး ။ ဖြတ်သွားတဲ့ ရထား တစ်စင်း ရဲ့ ဥဩသံ က လွဲ လို့ ပတ်ဝန်းကျင် တစ်ခုလုံးဟာ ငြိမ်သက် နေတယ် ။ ကောင်း လိုက်တာ ။ တိတ်ဆိတ် ငြိမ်သက်ခြင်း ရဲ့ အရသာ ကို ကျွန်တော် တဝကြီး စံစား ပစ်လိုက်တယ် ။ တိတ်ဆိတ်ခြင်း ကို အားရပါးရ ကျွန်တော် စားသုံး လိုက်တယ် ။ တိတ်ဆိတ်ခြင်း နဲ့ ကျွန်တော် နဲ့ ဟာ တသားတည်း စီးမျော သွားတယ် ။ အရသာ ရှိလိုက်တာ ။ ကျွန်တော် ဟာ ခေါင်း ကို မော့ပြီး အသက် ကို အားရပါးရ ရှူ လိုက်တယ် ။ အင်း ခုမှပဲ အသက် ဝဝ ရှူ ရတော့တယ် ။ 

လွန်ခဲ့တဲ့ ငါးနာရီ လောက်က ကျွန်တော် ဟာ မီးရောင်စုံတွေ ဖြာသက် ၊ လူတွေ ပျားပန်းခပ်လှုပ်ရှား ။ အော်ဟစ်ဆူညံ ပွက်လောရိုက်တဲ့ ဒရမ်ရိုက်ချက်တွေ တဒုန်းဒုန်း ၊ အပြင်းအထန် မြူးနေတဲ့ ပြည်တွင်း ဖြစ် နိုင်ငံခြားဂီတ သံစဉ် တွေ အောက် မှာ နစ်မြုပ်နေခဲ့တယ် ။ အသက် ရှူဖို့ တစ်ချက်ကလေး တောင် ပြန်ပေါ် မလာခဲ့ဘူး ။ ကာရာအိုကေ စားတော်ဆက် တစ်ခု ရဲ့ ညချမ်း ဟာ ဘယ်မှာ လာပြီး အေးဆေး တည်ငြိမ်မှု ရှိမလဲ ။ အသံချဲ့ တဲ့ စက်တွေ ၊ တေးသံ ထွက် တဲ့ ကိရိယာတွေ ၊ စည်းမကျ ဝါးမကျ အော်ရ ရင် ပြီးရော ပူလောင်ဆူပွက် တဲ့ သီချင်း ကို မှ ရွေး ဆိုတက် ကြတဲ့ ကာရာအိုကေ အဆိုတော်ကောင်မလေး တွေ ။ အို ကျွန်တော်  ချွေး တွေ  ၊ တရွှဲရွှဲ နဲ့ အလုပ်ခွင် ထဲမှာ မြုပ်လိုက် ပေါ်လိုက် ဖြစ် နေတယ် ။ လူ တစ်ရပ် လောက် မြင့်တဲ့ အသံချဲ့ ဆောင်းဘောက်ကြီးတွေ က လည်း နား ကွဲမတတ် တဂွမ်ဂွမ် အော်ဟစ်လို့ ။ အီလက်ထရွန်းနစ် စက်ကိရိယာတွေ ကြား မှာ အလုပ် လုပ် နေရတဲ့ ကျွန်တော် ဟာ အသံတွေ နဲ့ အနီးဆုံး ။ တကိုယ်လုံး ကို အစွမ်းကုန် လှုပ်ပြီး သီချင်း ဆိုနေကြတဲ့ ကောင်မလေးတွေ ရဲ့ တင်ပါးတွေ နဲ့ လည်း အနီးဆုံး ။ တဒုန်းဒုန်း ဒရမ် ရိုက်ချက်တွေ ဟာ နေ့စဉ် ကျွန်တော့် ရဲ့ နားစည်တွေ က တစ်ဆင့် ဦးနှောက် ကို အကြီး အကျယ် ထု ရိုက်နေကြတယ် ။ ဒီ ကြားထဲ ပန်းကုံး လာ စွပ်တဲ့ ယမကာလုလင်ကြီး တစ်ယောက် က အရှိန် လွန်ပြီး ကျွန်တော့် အပေါ် မှောက်လျက်ကြီး လဲ ကျလို့ ။ “ ဆောရီးကွာ ညီလေး ” ဆိုပြီး ဟဖြဲ ထားတဲ့ အာခေါင်ကြီး က နံ လိုက်တာဗျာ ။ အရက်စော်တွေ ကို ထောင်းထောင်း ထ လို့ ။ ကျွန်တော် အလွန် မုန်းတဲ့ အနံ့ ။ ဒီ ပတ်ဝန်းကျင် က နေ အလုပ် ချိန် ပြီးလို့ လွတ်မြောက် လာ တဲ့ ကျွန်တော် ဟာ ဒီ ငွေတောင် ကွမ်းယာဆိုင် လေး မှာ တိတ်ဆိတ်ခြင်း တွေ ၊ ငြိမ်သက်ခြင်း တွေ ၊ အားရပါးရ တဝကြီး လောဘတကြီး စံစား နေမိတယ် ။ ညတိုင်း ဒီ အချိန်လေး ပဲ ကျွန်တော် ဒီ အနား နေ ရတာလေ ။

“ ဒီ ည စော တယ်နော် ”

စကား ပြော ခဲ လှတဲ့ ဆိုင်ရှင် က တစ်ခွန်း လှမ်း ပြောတယ် ၊ ကျွန်တော် ခေါင်း ပဲ ညိတ် ပြလိုက်မိတယ် ။ အဲဒီအချိန် မှာ မည်းခနဲ တစ္ဆေတစ်ကောင် လို လူတစ်ယောက် ကွမ်းယာဆိုင် ရှေ့ မှာ လာရပ်တယ် ။ သူ့ ဆီ က အနံ့ တစ်ခု ရ လိုက်တယ် ။ ထုံးစံ အတိုင်း အရက် နံ့ ၊ ကျွန်တော် ပျို့အန်မလို ဖြစ်သွားတယ် ။ သွားပါပြီ ၊ ကျွန်တော် ရဲ့ ကမ္ဘာလေး တော့ ပျက်စီး ပါပြီ ။ ကျွန်တော် ပြန် မှ ဖြစ် တော့မယ် လို့ စဉ်းစားတယ် ။ အဲဒီ အချိန်မှာပဲ အဲဒီ ပုဂ္ဂိုလ် ဆီ က အသံ ထွက်လာတယ် ။

“ ဒီမယ် ကိုအောင်သိန်း လူတွေ ကိုက မကောင်းပါဘူး ဗျာ ”

ဆိုင်ရှင် က တစ်ချက် မော့ ကြည့်တယ် ။ သူ့ ထုံးစံ အတိုင်း ကွမ်းယာ တစ်ရာ လှမ်း ပေးတယ် ။ အဲဒီ လူ က ဒရောသောပါး လှမ်း ယူပြီး ပါးစပ် ထဲ ကို ထည့် လိုက်တယ် ။ သွား ပါပြီ ။ မူး နေတဲ့ လူတွေ ရဲ့ ထုံးစံ အတိုင်း စကားတွေ ပေါက်ကရ ပြောတော့မှာ ပဲ လို့ ကျွန်တော် တွေးမိတယ် ။ ဒီ အချိန် မှာ ဒီလူ ရဲ့ ဝတ်စားဆင်ယဉ်မှု ကို ကျွန်တော် သတိ ပြုမိသွားတယ် ။ ဘယ်လိုပါ့လိမ့် ။ ပုဆိုး က ပန်းရောင်ကြိုးကြီးချိတ် နဲ့ ၊ တိုက်ပုံအင်္ကျီ ပန်းရောင် နဲ့ ၊ ပုဆိုး က ကြိုးကြီးချိတ် က ဖွာ နေပြီး တိုက်ပုံ က တတောင်ဆစ် မှာ ပိုးပေါက် တစ်ပေါက် နှစ်ပေါက် ရှိနေတယ် ။ ဆိုင်ရှင် နဲ့ လည်း ရင်းနှီးပုံ ရတယ် ။ လူ ပုံ က လည်း ခပ်ဆန်းဆန်း ရယ် ။ ညကြီး က လည်း အချိန် မတော် ။ အရက် နံ့ ကို ကျွန်တော် မုန်းလျက် နဲ့ သိချင်စိတ် ရှိလာတာ နဲ့ ကျွန်တော် ပေပြီး ဆက် ထိုင်နေမိတယ် ။ ဟို လူ ကတော့ ကျွန်တော့် ကို သတိ မပြုမိပါဘူး ။ ကွမ်းသွေး တစ်ချက် ထွီကနဲ ထွေး လိုက်ရင်း ။

“ လူတွေ ကို က မကောင်းပါဘူး ။ ကိုအောင်မင်းသိမ်း ကောင်လေး လေ ။ ဟို နွေမင်းသားလေး ဆိုတဲ့ ကောင်လေး ပေါ့ ။ အစတုန်း က တော့ ကောင်းပြီ ကောင်း ရဲ့ နဲ့ ဦးလေး မြန်မာသံစတိတ်ရှိုး မှာ သူ မန္တလေးခွင် မှာ က ရင် လာ ဆို ပါတဲ့ ၊ ညကြေး ကန်တော့ပါမယ် တဲ့ ။ ကျုပ် က အဟုတ် မှတ်ပြီး သွား တာပေါ့ ။ ဟို ရောက်တော့ ဗျာ မေတ္တာစေကျွန် တဲ့ ၊ မောင့်မူပိုင်ရှင် တဲ့ ငါးပွက်ရာ ငါးစာ ချ နေကြတာ ဗျ ။ ဒါတွေက ခေတ်စား နေတာကို ကျုပ် ဆိုတဲ့ မြန်မာ့ဂုဏ်ရည် ကျ တော့ လေး သတဲ့ ။ ပရိတ်သတ် မမီဘူး တဲ့ ။ ဒီမှာ ဗျာ ကိုအောင်သိန်း ကျက်သရေ ရှိ လိုက်တဲ့ သီချင်း ဗျ ။ ခင်ဗျား နားထောင် ကြည့်စမ်း ဗျာ ။ ... ဟော မင်းကွန်းခေါင်းလောင်းကြီး ကို ... ရောက်အောင် ဘယ်လို တည် ၊ ခွေးတို့ စက် က ဘယ်မှာ ရနိုင်မည် ၊ ကြိုး နဲ့ လက် နဲ့ ဆွဲကာ နွဲ့ကာ မြဲ ရရှာလေသည် ။ ရသေ့ရှင်ခန္တီ ၊ မန္တလေးတောင်တော်မဟီ အင်ဂျင်နီယာ ကို မခေါ် ရသေ့ ကိုယ်တိုင် ကြံစည် ပါသည် ။ ရာဇဝင်များ မှာ ထင်ရှား မြန်မာ့ဂုဏ်ရည် ”

ကျွန်တော် ငေး ပြီး သူ့ သီချင်း ထဲ မှာ မျော သွားတယ် ။ ကောင်းလိုက်တဲ့ အသံ ဗျာ ။ အာသံ လျှာသံ က လည်း ကောင်း ၊ အတီး မပါ ဘဲ နဲ့ ကို အဖြတ် အတောက် အဆွဲ အငင် က စည်းဝါး ကျ နေလိုက်တာ ။ ဆိုင် က ဟာတွေ နဲ့ ကွာ ပါ့ ။ တကယ်ဆို ကျွန်တော် လည်း ဂီတ ချစ်တဲ့ အခံ ရှိပါတယ် ။ ဆူညံသံတွေ ကို နေ့စဉ် ကြား နေရလို့သာ အသံတွေ ကို မုန်းသွားတာ ။ တိတ်ဆိတ် နေတဲ့ ညလေး အေးအေး မှာ ဒီ လူ့ သီချင်းသံ ကြား လိုက်ရတာ ။ ဘာသံ မှ မကြားချင်တဲ့ ကျွန်တော့် အတွက် တောင် သိပ်အနှောက် အယှက် မဖြစ်ပါဘူး ။ ဟို လူ ကတော့ သီချင်း တစ်ပိုဒ် ပြီးတော့ ဆက်မ ဆိုဘဲ တဟင်းဟင်း နဲ့ ရယ် နေတယ် ။ ရယ် နေရင်းနဲ့ ငို နေသလား လို့ ထင် ရအောင် ကျွန်တော့် စိတ် ထဲ သံသယ ဖြစ်လာ တဲ့ အချိန်မှာ သူ က

“ ဒီမှာ ကိုအောင်သိန်း ရဲ့ ၊ မြန်မာဂုဏ်ရည် တစ်ပုဒ် လည်း ဆို ပြီးရော ကျုပ် ဆက် မဆိုရတော့ဘူး ။ သူ့ အခန်း ထဲ ခေါ် ပြီး အရက် တစ်ပိုင်း ချ ပေး တယ် ။ နိုင်ငံခြားအရက် ဗျ ။ အမြည်း ကလည်း ဘဲကင် ဗျ ။ ကျုပ် ချ တာပေါ့ ဗျာ ။ အချိန် ဘယ်လို ကုန် သွားမှန်း မသိဘူး ။ ပြန်ခါနီးလို့ ပိုက်ဆံ တောင်းတော့ သူ့ အရက် က ငါးထောင် ကျော် တန် တယ် တဲ့ ။ သောက်ရ တော်ရော ပေါ့ တဲ့ ။ သီချင်း တစ်ပုဒ် ဆိုပြီး ပိုက်ဆံ တော့ ဒီနေ့ မယူ နဲ့တော့ တဲ့ ။ အိမ် မှာ မိန်းမ နဲ့ ကလေးတွေ ဘာ စားကြမလဲ မသိဘူး ။ ကျုပ် ဗျာ ”

ကွမ်းယာဆိုင် ခုံလေး ကို ဆုပ် ကိုင် ထားတဲ့ သူ့ လက်တွေ အကြောပြိုင်းပြိုင်း ထ နေတယ် ။ သူ့ ကျောကုန်း က နိမ့်မြင့် လှုပ်ရှားနေတယ် ။ ကျွန်တော် ဖြင့် ငို နေသလား လို့ တောင် ထင် နေတယ် ။ အသံ မထွက်ဘဲ ရှိုက် နေတာလည်း ဖြစ် နိုင်တယ် ။ ဆိုင်ရှင် က လည်း ငုံ့ ပြီး ကွမ်းယာ နေတုန်းပဲ ။ ပတ်ဝန်းကျင် က ကြောက်စရာ ကောင်းအောင် တိတ်ဆိတ် နေတယ် ။ ကျွန်တော် လည်း ဝမ်းနည်း တာ လိုလို ဘာလိုလို နဲ့ စိတ်တွေ လေး လာတယ် ။ အဲဒီတုန်း မှာ ဗျာ ဘာမပြော ညာမပြော နဲ့ ဟို လူ က သီချင်း ထ ဆိုပြန် ပါ လေရော ...

“ ချစ်ခင်ကြတဲ့ အားလုံး မိတ်ဆွေ ၊ နေတိုင်းပဲ သတိရတယ်လေ ။ ကျုပ်တို့ မြို့မ အသင်းသားတွေ ၊ တောင်ရိုးတန်းစစ်ကိုင်း ဘက် မှာ နေ ။  ဪ ... ကျန်းမာကြပါရဲ့ လား လို့ မြို့မမောင်တွေ ရွှေမန်းသူ ရေ ၊ မေးလိုက်ပါလေ ။ ဪ ကျန်းမာကြပါ ရဲ့လို့ မြို့မမောင် တွေ ၊ ဇော်ဖော်ရွေရွေ ပြော လိုက်ပါလေ ။ စစ်ကိုင်း မှာ ပဲ စိတ် က စွဲ .. နတ် ပြည် တစ်ခါတလေတော့ ရော်ရမ်း တမ်းမိတဝေဝေ ။ ပြန်ချင်ဇောတွေ ရောက်ချင် ဇောနဲ့ စိတ်မော ရတယ်လေ ။ အခါတော် ရောက်ချိန် နီးလို့ လာပေ ”

“ ကောင်းလိုက်တာ ဗျာ သိပ် ကောင်းတာ ။ ဒါမျိုးမှ အဟုတ် ကို ကောင်း တာဗျ ”

သီချင်းသံ က တိခနဲ ပြတ် သွားတယ် ။ သီချင်း ထဲ မှာ နစ်မျော နေတဲ့ ကျွန်တော် လည်း အသံရှင် ကို တအံ့တသြ ကြည့်မိတယ် ။ လာ ပြန်ပါပြီ ။ အရက်စော် တွေ နံ နေတဲ့ လူ တစ်ယောက် ။ ဒီတစ်ခါတော့ ဂျင်းဂျာကင်ရယ် ၊ ဂျင်းဘောင်းဘီ နဲ့ ၊ ခပ်ယိုင်ယိုင် ခြေလှမ်းတွေ နဲ့ လူငယ် တစ်ယောက် အသက် က နှစ်ဆယ် လောက် ပဲ ရှိ ဦးမယ် ။ ဟို .. လူ ကလည်း လန့် ပြီးတော့ သီချင်း ဆို ရပ်သွားတယ် ။ ဒီ ကောင်လေး ဆိုင် ရှေ့ ရောက်နေတာတောင် ကျွန်တော် မသိရအောင် သီချင်း ထဲ မှာ နစ်မျော နေတာ လား ။ ဆိုင်ရှေ့ က မာကျူရီမီးတိုင် အောက် မှာ ဆိုင်ကယ်တစ်စီး နဲ့ ကောင်လေး နှစ်ယောက် ကို တွေ့ ရတယ် ။ ကြည့် ရတာ ဆိုင်ကယ် ကို သုံးယောက် စီး လာကြပုံ ရတယ် ။ ဒါဖြင့် ဆိုင်ကယ်သံ ဘာလို့ မကြားရတာလဲ ။ ကောင်လေး နှစ်ယောက် က ဆိုင်ကယ် ကို ငုံကြည့် ငုံ့ကြည့် ဟို နှိုက် ဒီ နှိုက် နဲ့ ။ အဲ့ဒီတော့မှ ကျွန်တော် အဓိပ္ပာယ် ပေါက် သွားတယ် ။ သူတို့ ဆိုင်ကယ် ပျက်လာလို့ တွန်းလာပုံ ရတယ် ။ ဒါကြောင့် ဟိုကောင်လေး ဖျတ်ခနဲ ဆိုင် ထဲ ကို ဝင် လာတာ ကို ကျွန်တော် မသိ လိုက်တာပေါ့ ။ ကျွန်တော် အံ့သြ နေတဲ့ အချိန် ကလေး အတွင်း မှာပဲ ကောင်လေး ဟာ ဂီတ ဆရာ ကို ဖက်လှဲတကင်း လုပ် နေပြီ ။ စကား တွေ တစ်တွတ်တွတ် ပြော နေတယ် ။

“ ကောင်းလိုက်တာ ဦးလေး ရယ် ။ ဒါမျိုးမှ အဖိုး တန်တာ ဒါမျိုးမှ တကယ့် အနှစ်သာရ ။ ကျွန်တော်တို့ ကြား ချင်နေတာ ဒီ သီချင်းမျိုး ပါ ။ ကောင်း လိုက်တာ ဦးလေး ရယ် ”

ကောင်လေး က လှိုက်လှိုက်လှဲလှဲ ပြောတဲ့ စကားတွေ ကို နားထောင်ပြီး ကျွန်တော် ဝမ်းသာ သွားတယ် ။ ဖီလင် တက် နေတဲ့ ဂီတဆရာ လည်း ဝမ်းသာ ရှာ မှာပဲ ။ သူ့ မျက်နှာ ကို ကျွန်တော် လှမ်း ကြည့်တော့ ခံညား တည်ငြိမ်တဲ့ အပြုံး နဲ့ ခပ်မြိန့်မြိန့် မျက်နှာပေး ကို တွေ့ရတယ် ။ ကိုယ့် လူ နည်းနည်းတော့ စိတ် ပြေ ရာ ရသွား ရှာသားပဲ လို့ ကျွန်တော် တွေး နေတုန်း ကောင်လေး က

“ ကျွန်တော် ဆိုင်ကယ် တွန်းလာရင်း နား ထောင် လာတာ ဦးလေး ရ ။ အသံ က လည်း ကောင်း လိုက်တာဗျာ ။ ကျွန်တော် လေးစားပါတယ် ။ ဂုဏ်ပြုပါတယ် ။ သီချင်း ထပ် ဆိုပါဦးဗျာ ”

“ ကဲ ... ဆက် ဆို ပေးလိုက်ပါ ဗျာ ” လို့ ဆိုင်ရှင် က လည်း ဝင် ပြောတယ် ။ ကောင်လေး က လေးလေးစားစား ပါ ပဲ ယို့ယို့ လေး ရပ်လို့ ။ ဂီတဆရာ က ဟင်း ဟင်း လို့ လည်ချောင်း ရှင်း လိုက်တယ် ။ သူ ရဲ့ ကိုယ်ဟန် က ခပ်မတ်မတ် နဲ့ စတိတ်ချ် ပေါ် မှာ သီချင်း ဆိုနေတဲ့ ပုံမျိုး ။ ခဏကြာတော့ ခန့်ညားတည်ငြိမ် တဲ့ အသံ က သန်းခေါင် ယံ မှာ ပေါ်ထွက် လာ ပါတော့တယ် ။

“ အခါတော် ရောက်ချိန် နီးလို့ လာပေ ။ ဒေါ်ဒေါ် မမ နှမတို့ ရေ အသဲစွဲချစ် မိတ်ဆွေ ခေတ္တ ခွဲ လို့နေ ၊ မြို့မနဲ့ အတူတကွ လိုက်ပါနိုင်စေ ။ အောင်စည်ယွန်းသံ ကြား ရင်ဖြင့် ပြည်တော် ဝင်မယ်လေ ။ မန္တလေး ရွှေမြို့ ဒို့ရတနာပုံနေပြည် တင့်တယ် သာယာ စည်ကား ဟိုတုန်းအခါကလေ အဲ့ဒါတွေ မတွေး ကြနဲ့ ရှေ့ဆက်ကာစီမံလေ ။ မေ့မေ့ပျောက်ပျောက် အောက်မေ့ကြပေ တိုက်တာအိမ်ခြေ စည်းစိမ်အထွေထွေ လူကြံရင် မခံနိုင်ဘူး အထူးပင် မှတ်ကြလေ ။ အရင်လို ပျော်ပျော်ရွှင်ရွှင်နေ ။ မြို့မ အသင်း က ပြောမယ် ။ ဖြစ်ဟဲ့ ဆို ဖြစ်ရမယ်ပ ။ လောကီလူသား အားအင်တောင့် တင်းပေ ။ အတော်ရောက်ချိန် နီးလို့ လာပေ ”

သီချင်း ထဲ မှာ အာရုံ ဝင်စားနေတဲ့ ကျွန်တော်တို့ အားလုံး လန့် သွားတယ် ။ ကောင်လေး နှစ်ယောက် နှိုက် နေတဲ့ ဆိုင်ကယ် က ဝူးကနဲ စက် နိုး လာလို့ပါ ။ ဂီတ ဆရာ လည်း အဆို ရပ်သွားတယ် ။ ကောင်လေး က စက် နိုးသွားတဲ့ ဆိုင်ကယ် နဲ့ သူ့ သူငယ်ချင်း နှစ်ယောက် ကို ကြည့်ရင်း

“ အချိန်မရဘူး ဆရာ ရယ် ။ အေးအေးဆေးဆေး မှ ကျွန်တော် နားထောင် ချင်ပါသေးတယ် ။ အခုတော့ ဆရာ့ ကို ကျွန်တော် တတ်နိုင်သမျှ ကန်တော့ လိုက် ပါရစေ ”

လို့ ပြောရင်း အိတ်ထောင် ထဲ ကို လက် နှိုက် လိုက်တယ် ။ ကျွန်တော် လှိုက်ခနဲ ဝမ်းသာ သွားတယ် ။ ဂီတဆရာ လည်း ဝမ်းသာ ရှာ မှာပဲ ။ ဆိုင်ရှင် ကလည်း ပါးစပ် အဟောင်းသား နဲ့ မော့ ကြည့်လို့ ၊ ဂီတဆရာ ရဲ့ မျက်နှာ က အဲ့ဒီ အချိန်မှာ ထူးခြားစွာ အရောင်တွေ ထွက် ပြီး ခမ်းနား နေသလိုပဲ ။ မျက်လုံး တွေလည်း စိုလက် တောက်ပလို့ သူ့ ရဲ့ ဂီတ သူ့ ရဲ့ ဘဝ အပေါ် မှာ နည်းနည်း ကျေနပ် အားရ ရှိ သွားရှာမှာပဲ ။ နှစ်သိမ့်မှု ရသွား မှာ ပဲ လို့ ကျွန်တော် ထင်တယ် ။ ညာဘက် အိတ် ၊ ဘယ်ဘက် အိတ် ဘာမှ မပါဘူး ။ အဲ့ဒီ တစ်ခဏလေး ကို ကျွန်တော် က အကြာကြီး လို့ ထင်နေတယ် ။ ဟိုစမ်း ဒီစမ်း နဲ့ ဘောင်းဘီ အိတ်တွေ ကိုလည်း နှိုက် ရှာနေတယ် ။ ဒီ အချိန် မှာ ဆိုင်ကယ် ပေါ် က အဖော် နှစ်ယောက် က တတီတီ နဲ့ ဟွန်းသံ ပေးပြီး ခေါ်နေတယ် ။

ကောင်လေး က လှမ်းကြည့်ပြီး

“ ဟ နေကြပါဦး ဟ ။ ဒီမှာ ငါ့ ပိုက်ဆံအိတ် မတွေ့လို့ ”

လို့ ပြောတော့ ဆိုင်ကယ် ပေါ် က လူ နှစ်ယောက် က ဝါးလုံးကွဲ ရယ်လိုက်ကြတာ ။ ပြီး မှ တစ်ယောက် က

“ လုပ်မနေနဲ့ ဟေ့ကောင် ၊ စွဲ နေပြီ က မင်း ကောင်မလေး သက်ထား ကို မင်း ဆု ချခဲ့တာ သုံးသောင်း စလုံး ကုန်သွားတာ မင်း မေ့ နေပြီလား ။ ငါတို့ မှာ ပါ တဲ့ ငါးသောင်း လည်း ကုန် သွားလို့ ခုမှ သန်းခေါင်ကျော် ရှိသေးတာ အိမ် မှာ ပိုက်ဆံ ပြန် ယူပြီး ထပ်ကဲ မယ် ဆိုပြီး မင်း ပိုက်ဆံအိတ် ပါ လွင့် ပစ် ခဲ့တာလေ ။ မေ့ နေပြီလား လာ ပါကွာ ရစ် မနေ နဲ့ ။ မြန်မြန်လာ အချိန် မရှိဘူး ။ နေ့လယ် က ကား အရောင်း အဝယ် တည့်ထားတဲ့ ငွေနှစ်သိန်း ပြန် ယူမယ် ။ မြန်မြန် လာ ”

ကောင်လေး မျက်နှာ ဟာ အရမ်း အားနာ သွားရတဲ့ ပုံ ပဲ ။ ဂီတဆရာ ကို ဖက် လိုက်တယ် ။ ကျော ပုတ်ပြီး အလွန် နူးညံ့တဲ့ လေသံ နဲ့ ပြော တယ် ။

“ ဟုတ်တာပေါ့ ဆရာ ရယ် ။ အားနာ လိုက်တာ ။ ပိုက်ဆံ ကုန်သွားတာ ကျွန်တော် မေ့သွားတယ် ။ နောက်မှပဲ ကြုံရင် ကန်တော့ တော့ မယ် ဆရာ ရယ် ။ ကျွန်တော် တို့ ကြုံ ဦး မှာပါ ။ ဟုတ်တယ် မဟုတ်လား ။ ကျွန်တော် သွားတော့မယ် နော် ။ ခွင့်ပြုပါဦး ဆရာ ရယ် ”

ပြောပြောဆိုဆို နဲ့ ကောင်လေး က ဆိုက်ကယ် ဆီ ပြေး သွားပြီး ခွ ထိုင်တယ် ဆိုရင်ပဲ ပြင်းထန်တဲ့ စက်သံ ကို ပြုလို့ ဆိုင်ကယ် ဟာ အလွန် လျင်မြန်တဲ့ အရှိန် နဲ့ မောင်း ထွက် သွားတော့တယ် ။ ဆိုင်ကယ်ဘီး တွေ ဟာ ကျွန်တော့် ရဲ့ အသည်းနှလုံး တွေ ၊ မျှော်လင့်ချက် တွေ ကို စိစိညက်ညက် နင်း ချေ သွားကြတယ် ။ ဂီတဆရာ ရဲ့ မျက်နှာ ကို ကျွန်တော် မကြည့်ရဲဘူး ၊ ဆိုင်ရှင် က တိတ်ဆိတ်စွာ ကွမ်းယာ တဲ့ သူ့ အလုပ် ကို ပဲ သူ ဆက် လုပ်နေတယ် ။ ပတ်ဝန်းကျင် တစ်ခုလုံး က လည်း တိတ်ဆိတ် နေတာ အပ် ကျသံ တောင် ကြား ရ မလိုပဲ ။ ဂီတဆရာ ဆီ က နှာခေါင်း လေမှုတ်သံ လိုလို ၊ ငိုသံ လိုလို အသံ တစ်ချက် ပြု ပြီး ဆိုင် ထဲ က ဘာမပြော ညာမပြောနဲ့ ကမူးရှူးထိုး ထွက် ခွာသွား တော့တယ် ။ လမ်းမကြီး အတိုင်း မြောက်ဘက် ကို ဒယိမ်းဒယိုင် နဲ့ လျှောက် သွားတာ ကို ပါးစပ် အဟောင်းသား ဟ ပြီး ကျွန်တော် ငေး ကြည့် နေမိတယ် ။ မာကျူရီမီးရောင် အောက် မှာ တဖြည်းဖြည်း ဝေးကွာ သွားတဲ့ ဂီတဆရာ ကို နောက်ဆုံး အစက်အပြောက် ကလေး ဖြစ်ပြီး ပျောက်ကွယ် သွားလု အချိန် ကျ မှ

“ ဒီ လူ ဘယ်ကို သွား တာလဲ မသိဘူး ။ သူ့ အိမ် က တောင်ဘက် ကို ပြန် ရမှာ ”

စကား နည်းလွန်း တဲ့ ဆိုင်ရှင် ရဲ့ ဆွေးဆွေးမြည့်မြည့် မှတ်ချက် ဟာ ကျွန်တော့် ရင် ထဲ ကို ကျင်ကနဲ ဖြစ်သွားစေတယ် ။ မျှော်လင့်ချက်တွေ ဝေဝါး ကုန်ဆုံး နေ တဲ့ သူ ဟာ ခြေဦး တည့်ရာ ဘယ်ကိုများ သွား မှာပါလိမ့် ။ ကျွန်တော် မတွေးတတ် ပါဘူး ။ ခပ်ဝေးဝေး က နာရီပြန် တစ်ချက် ထိုး တဲ့ သံချောင်း ခေါက်သံ ဒေါင်ခနဲ ကြား ရတယ် ။

အင်း ကျွန်တော် လည်း အိမ် ပြန်ဖို့ အချိန် တန်ပြီ ။ ကျွန်တော် အုတ်ခုံ ပေါ် က ထ လိုက်တယ် ။ သွားတော့မယ်ဗျာ လို့ ဆိုင်ရှင် ကို နှုတ်ဆက်တယ် ။ စက်ဘီး ပေါ် ကို တက် နင်းပြီး ထွက် လာခဲ့တယ် ။ ဦးခေါင်း ပေါ် မှာ မွန်းတည့် နေ တဲ့ လမင်းကြီး က တရိပ်ရိပ် နဲ့ လိုက်ပါ လာတယ် ။ မကြာသေးခင် က ကပြ ခဲ့တဲ့ ပရမ်းပတာ ပြဇာတ် တစ်ပုဒ် သူ့ မျက်စိ အောက် မှာ ပြီးဆုံးသွားခဲ့ တာ သူ ကတော့ သိပုံ မပေါ်ဘူး ။ ကျွန်တော် စက်ဘီး နင်း ရင်း နဲ့ ဂီတဆရာ ဆို သွားတဲ့ သီချင်း တစ်ပိုဒ် ပါးစပ် ထဲ ကို ရောက်လာတယ် ။

“ အခါတော် ရောက်ချိန် နီးလို့ လာပေ ။ အခါတော် ရောက်ချိန် နီးလို့ လာပေ ” တဲ့ ။

◾ယဉ်ယဉ်နု ၊ မန္တလေး ၊

📖 ရွှေအမြူတေ ရုပ်စုံမဂ္ဂဇင်း
      အမှတ် ၁၃၉ 
      ဇွန်လ ၊ ၂၀ဝ၁ ခုနှစ်

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.

Wednesday, June 22, 2022

အနောက်မုခ် မှာ မိုးသည်း တဲ့ ည


 

❝ အနောက်မုခ် မှာ မိုးသည်း တဲ့ ည ❞

“ ဖွီး မိုး ကလည်း သည်းလိုက်တာ ကွာ ”

ပါးစပ် ထဲ က ကွမ်းယာ ကို ထွေး ထုတ်ရင်း ကျော်လှ က ပျစ်ပျစ်နှစ်နှစ် ညည်း လိုက်တယ် ။

ဆိုင်လေး ရဲ့ မိုးကာ တံစက်မြိတ် ကနေ တဝေါဝေါ စီး ကျနေတဲ့ မိုးရေတွေ က မသိကျိုးကျွံ ပြု ပြီး ရွှေတံချောင်း မြောင်း ထဲ ကို စီး သွား ကြတယ် ။ အချိန် က ည ခုနစ်နာရီ လောက် ရှိ နေပြီ ။

ခါတိုင်း အလင်းရောင် မပျောက်တပျောက် ညီအစ်ကို မသိတသိ အချိန် ဖြစ်ပေမဲ့ ၊ အခုတော့ လေး ၊ ငါးရက် မုန်တိုင်း ရှိလို့ ရက်ဆက် စွေ နေတဲ့ မိုးကြောင့် မှောင်မည်း အုံ့ဆိုင်းမို့မှိုင်း နေတယ် ။ ဘယ်သူ မှ အိမ် ထဲ က ထွက်ချင်ကြ မှာ မဟုတ်ဘူး ။ မရှိ ၊ ရှိတာ ချက်ပြုတ် စားပြီး ကိုယ့် အိမ် ထဲ ကိုယ် ကုပ် နေကြရ မှာ ။ ကျော်လှ တို့ လို ဆိုက်ကားသမားတွေ ရယ် အခုလို ကျော်လှ ရှေ့ မှာ ငိုင်ငိုင်ကြီး ထိုင် နေတဲ့ လေးဘီးသမား ဘိုထွန်း တို့ လို ရယ် လူတွေ ကတော့ မိုး ဘယ်လောက် သည်းသည်း အိမ် မှာ မံမံ တူတူ ပုန်း ကြမှာမို့ မထွက် မဖြစ် ထွက် ကြရ တယ် ။ ထွက် ပြန်တော့ မိုး က ရွာ ၊ ရာသီဥတု က ကိုယ့် ဘက် မှာ ဆိုပြီး ရွှေတံချောင်းမြောင်း ဘေး က ဘီအီးအရက်ဆိုင်လေး ကို ရောက်ကြ ပြန် ရော ။

ညနေ ကတည်း က အနောက်မုခ် စစ်ကိုင်း ၊ မန္တလေးလမ်း ဘေး မှာ လေးဘီး နဲ့ ဆိုက်ကား ကို တစ်နေရာ စီ ထိုး ထားခဲ့ပြီး ရောက် နေကြတာ ။ ခုနစ်နာရီ ထိုးနေပြီ ၊ မထ ဖြစ် ကြဘူး ။

စောစော ကတော့ အနောက် ဘက် မာလကာခြံ လမ်း ထဲ က နေ မိုးကာအင်္ကျီ နဲ့ လူ တစ်ယောက် ငိုက်စိုက်ငိုက် စိုက် ထွက် လာတယ် ။ အရက် ခိုး တွေ ဝေနေတဲ့ ကျော်လှ မျက်လုံး ကျယ်သွားတယ် ။ “ ဆိုက်ကား လား ဆရာ ” လို့ မျှော်လင့်တကြီး မေးမိပါတယ် ။ ခေါင်း ခါ ပြလို့ ကိုယ်ရှိန် သတ် လိုက်တုန်း ဘိုထွန်း ရဲ့ ၀မ်းသာအားရ “ လေးဘီးလား ခင်ဗျ ” ဆိုတဲ့ အသံ ကို လည်း ခေါင်း ခါ ပြ ပြန်တယ် ။ “ ဆိုင် ကယ် ” ဆိုတဲ့ ခရီးသည် အသံ အဆုံး မှာ ဘေးနား က အရက် သောက် နေတဲ့ ၀င်းမြင့် ဝုန်း ခနဲ ထ သွားတယ် ။ ဝေါခနဲ ဆိုင်ကယ်သံ ဟာ ကျော်လှ နဲ့ ဘိုထွန်း ရဲ့မျှော်လင့်ချက်တွေ ကို ကျိုးပဲ့ သွားအောင် စိစိ ညက်ညက် နင်းခြေ သွား တယ် ။ နှစ်ယောက် သား မျက်နှာချင်း ဆိုင် ငိုင်ငိုင်ကြီး ပြန် ထိုင် သွားကြတယ် ။ ကျော်လှ စိတ်ပေါက်ပေါက် နဲ့ ဘီအီး ခွက် ကို ခွပ်ခနဲ မော့ ချလိုက် တယ် ။

“ ဟာ ဟေ့ကောင် ကျော်လှ ၊ ဒီလို မလုပ်နဲ့လေ ကွာ ။ ရေ မရောရင် အသေ စော တယ် ကွ ”

အသက်ငါးဆယ် လောက် ရှိတဲ့ ဘိုထွန်း က ကျော်လှ ကို ဟား တယ် ။

“ သွားစမ်းပါဗျာ ။ ဘိုထွန်းကြီး ကလည်း စော လည်း စော ပေါ့ဗျ ။ ဘာဖြစ် သေးလဲ ။ ဒီ မိုး နဲ့ လုပ်စားလို့ မရတဲ့ ထဲ ဒီ ဆိုင်ကယ်တွေ ကလည်း တစ်မှောင့် ။ ဟေ့ အောင်သန်း ကွမ်း ပြန် ထုပ် စမ်းကွာ ”

“ ဟာ မိုးရွာကြီး ထဲ အနောက်မုခ် ထိ ပြန် လျှောက်ရမှာ ။ မထုပ်ချင်ဘူး ကွာ ”

ဘိုထွန်း က လှည့် ကြည့်တယ် ။

“ သွားလိုက်ပါ အောင်သန်း ရာ ။ ငါ လည်း စားချင်နေတာ ကွ ။ ရော့ ရော့ ”

အိတ်ထောင် ထဲ က နှစ်ရာတန် တစ်ရွက် ထုတ် ပေးလိုက်တော့ မိုးဖွဲဖွဲ ထဲ မှာ အောင်သန်း အနောက်မုခ်ဘက် ကို ပြေးသွားတယ် ။ အောင်သန်း ကွမ်းယာဆိုင် ကလည်း စစ်ကိုင်း လမ်းပေါ် မှာ မိုး မိပြီး ဈေးဝယ် မလာလို့ ကွမ်းယာ ဆိုင်ကလေး တုပ်ကွေး မိ တော့မယ် ။ အောင်သန်း ခါတိုင်း ဆို နှစ်ရာဖိုး နဲ့ ပြန် ပြေး သွားပါလိမ့်မယ် ၊ ဝေးပါသေး ရဲ့ ။ အရောင်းအဝယ် ပါး လွန်းတော့ နှစ်ရာ လည်း နှစ်ရာ ပဲ လေ ။

“ မင်း မပြန်သေးဘူး လား ”

ဘိုထွန်း က မေးတော့ ကျော်လှ ခေါင်း ခါတယ် ။

“ ဘယ်လောက် ရပြီလဲ ”

ဆက် မေးတော့ လက်နှစ် ချောင်း ထောင် ပြပြီး မိုးရေစက်တွေ ကို ငေး နေတယ် ။

“ ပြန်လေကွာ ။ နှစ်ထောင် တောင် ရနေပြီပဲ ဟာ ”

“ ဟာ ဘိုထွန်း ကလည်း ။ နေ့ပြန် ပေးဖို့ တောင် မလောက်တာ မပြန်သေးဘူး ဗျာ ။ တစ်ခါတလေ နေ့ပြန် ပေး တဲ့ မရှမ်းမ က ကိုးနာရီ လောက် မှ လာ တောင်း ချင် တောင်း တာ ။ ကိုးနာရီ ကျော် မှ ပြန် ဖြစ်မှာ ”

“ ဒါဆိုလည်း တစ်လုံး ထပ် မှာ လိုက်ဦးမယ် ကွာ ”

“ ချ ဗျာ မြင်းခွာရွက်သုပ် တစ်ပွဲ ပါ မှာ ဗျာ ။ တောက် ဟို ဆိုင်ကယ် ကောင် ကွာ ... ”

“ လုပ် မနေနဲ့ ။ ဆိုင်ကယ် ကယ်ရီတွေ ပေါ် လာ မှ ငါတို့ လေးဘီး ရော မင်း တို့ ဆိုက်ကား ရော ခံ ရတာ ”

“ ခင်ဗျားတို့ က ဇိမ် နဲ့ မောင်းရတာ ၊ ကျုပ်တို့ က ဖင် ကုန်း အောင် နင်း ရတာ ”

“ ဟင် ငါတို့ က ဆီ နဲ့ မောင်း ရတာကွ ။ မင်း တို့ က အရင်း မရှိ ”

“ မရှိဘဲ နေမလားဗျ ။ ဆိုက်ကား စပေါ် နဲ့ အုံနာခ က ခင်ဗျား အဖေ က ပေးမှာလား ။ ကဲ ... ”

ဒီ ကောင် လစ်မစ်လေး နည်းနည်း ကျော် သွားရင် စကားတွေ က ရိုင်း ချင်လာပြီ လို့ ဦးထွန်းမောင် က တွေး တယ် ။ ဒီ နား မှာ အသက် အကြီးဆုံး မို့ အားလုံးက ဘိုထွန်း ၊ ဘိုထွန်း ခေါ် နေကြ တာ ။ ကိုယ် လူကြီး ဆန် အောင် နေမှပါလေ ဆို ပြီး ငြိမ် နေလိုက်တယ် ။ ငယ်ငယ် က စိတ် ဆို ခုံ နဲ့ ကောက် ရိုက် ပြီး ပြီ ။ ကျော်လှ ကတော့ တဂွတ်ဂွတ် သောက်တုန်း ၊ ဘိုထွန်း က အသာလေး ချို နေလိုက်တယ် ။ အောင်သန်း ကွမ်းယာထုပ် နဲ့ ပြန် ရောက် လာတယ် ။ မိုး ကလည်း သည်း လိုက်တာ ။ တဖြည်းဖြည်း အချိန်တွေ ကုန် လာပြီး ည နက်သထက် နက်လာ တယ် ။ ဆယ်နာရီ ထိုးခါ နီးမှ သူတို့ နှစ်ယောက် အနောက်မုခ် ကို ပြန် လျှောက်လာတော့ အောင်သန်း အရက်ဆိုင် ထဲ မှာ ကျန် ခဲ့တုန်း ။

“ ဒီ ကောင် က ကြွက်တွင်း ဗျ ။ ဆိုင် ကို မသိမ်းသေး တာ ၊ သူ့ ဆိုင် ရောက်ရင် တစ်ယာ လောက် တော့ အိမ် အပြန် ယာ စား သွား လိုက်ဦးမယ် ”

ပြောပြောဆိုဆို ကျော်လှ က ဆိုက်ကား ပေါ် တက် ပြီး အောင်သန်း ကွမ်းယာ ဆိုင် ဘက် ဘီး တစ်လိမ့် နှစ် လိမ့်စာလေးကို လမ်းလျှောက် မသွားဘဲ နင်း သွားတာ လှမ်း ကြည့်ရင်း ဦးထွန်းမောင် က ကား ထဲ ဝင် ထိုင်ပြီး စက် နှိုးတယ် ။ ထုံးစံအတိုင်း အအေး မိပြီး နှာစေးချောင်းဆိုး ဖြစ် နေတဲ့ ကား က တော်တော် နဲ့ မနှိုးဘူး ။ အောင်သန်း ဆိုင် မှာ ကွမ်း ယာပြီး ပါးစောင် ထဲ ထည့်ရင်း ၊ ကျော်လှ ဆိုက်ကား ကို ကွေ့ လိုက်တယ် ။

မိုးလေး က ဖွဲဖွဲ လေး ကျနေတယ် ။ ဝင်းခနဲ လက်လိုက်တဲ့ လျှပ်စီးရောင် အောက် မှာ အနောက်မုခ် လှေကား ထစ် ပေါ် က ထူးခြားမှု တစ်ခု တွေ့ လိုက်ရလို့ အံ့သြသွားတယ် ။ ကြက်သီးတောင် ထ သွားတယ် ။ ဘယ့်နှယ်ပါလိမ့် ။ ဘုရားကြီး က ဆင်းလာတဲ့ လှေကားထစ် ပေါ် မှာ မည်း မည်းကြီး တွေ့လိုက်သလားလို့ ။ လမ်းပေါ် မှာ အသွား အလာ မရှိ ၊ လူကပြတ် မှောင် ကြီးမည်းမည်း မီးတွေ က လည်း ပျက်လို့ ၊ ကိုယ်တောင် ဆိုင်ထိုင် နောက်ကျလို့ ဒီ အချိန် ရှိ နေတာ ။ ကျော်လှ ခုထိ ကားစက် နှိုး မရသေးတဲ့ ဘိုထွန်း နား ဆိုက်ကား ကို အတင်း နင်းသွားပြီး ၊ ကား ဘေးနား မှာ ဆိုက်ကား ကို ရပ်ပြီး အလျင်စလို ဆင်း လိုက်တယ် ။

“ ဘိုထွန်း ဘိုထွန်း လှေကားပေါ် မှာ မည်းမည်းကြီး ဗျ ။ ငုတ်တုတ်ကြီး ”

“ ဟယ် တစ္ဆေ ရှိတယ် မကြားဖူးပါဘူး ။ နင် မူး နေတာလား ကျော်လှ ”

“ မမူးဘူးဗျ ၊ မမူးလို့ မြင်တာ ။ လာကြည့် ”

အဲဒီလို နေတုန်း မိုး က တိတ်သလောက် ရှိပြီ ။ လျှပ်စီးတွေ သာ တဝင်းဝင်း ပစ် နေတယ် ။ ဘိုထွန်း ညည်းညည်း ညူညူ နဲ့ ကားပေါ် က ဆင်း လိုက်ရတယ် ။

“ ဟိုမှာဗျ ”

“ သြော် ”

လျှပ်စီးက ဝင်းခနဲ လက်သွားတယ် ။

ဘိုထွန်း ရော ကျော်လှ ရော အံ့သြသွားတယ် ။ လှေကားထစ် ပေါ်မှာ ထီး ကို အုပ်ပြီး ဆောင်းထားတဲ့ ကိုယ်ဝန်ဆောင် ကိုယ်ပြည့်လက်ပြည့် တစ်ယောက် က ကိုးရိုးကားရားကြီး ထိုင် နေတယ် ။ သူ့ ဘေး မှာ ပလတ်စတစ် အုပ် ထားတဲ့ ခြင်းတောင်း တစ်လုံး တွေ့ ရတယ် ။ ခါး ကို လက် တစ်ဖက် နဲ့ နှိပ်ပြီး မျက်နှာက လည်း ရှုံ့မဲ့ လို့ ပါတိတ်လုံ ချည် ဝတ်ထားတဲ့ အောက်ပိုင်း တစ်ပိုင်းလုံး ရွှဲ စိုနေတယ် ။ ဘိုထွန်း နဲ့ ကျော်လှ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး ချက်ချင်း ကျော်လှ က လှေကားထစ်တွေ ထစ် ကျော် တက်သွားလို့ ဘိုထွန်း လည်း လိုက် ခဲ့တယ် ။

“ ဟို အစ်မ ဘာ ဖြစ်နေ တာလဲ ။ ဗိုက်နာ နေတာလား ”

ဗိုက်ကြီးသည် က မျက်ရည်တွေ စိုရွှဲနေတဲ့ မျက်နှာနဲ့ မော့ ကြည့်ပြီး အသံသဲ့သဲ့ နဲ့ ...

“ ပခုက္ကူကား ဝင် သွားပြီ လား  ”

“ ဝင်ရောပေါ့ ဆယ်နာရီ ကျော် နေပြီ ဟာ ”

ဗိုက်ကြီးသည် က ဟီး ခနဲ ငို ချလိုက်တယ် ။

“ ဟာ အစ်မ မငိုနဲ့လေ ။ ကားကြို လာတာလား ။ ဒုက္ခပါပဲ ။ မွေး မှာ နဲ့ တူတယ် ။ ဘိုထွန်း လုပ်ပါဦး ဗျ ”

“ မလာတော့ဘူး ထင်တယ် ။ ကျွန်မ ယောက်ျား ပခုက္ကူ သွား ပြီး ပိုက်ဆံ ရှာတာ ၊ ဒီနေ့ လာမယ် ဆိုလို့ လာခဲ့တာ ။ မိုး ထဲ မှာ ၊ ကျွန်မ က မြရည်နန္ဒာ က ”

“ ကဲကဲ ကျော်လှ ဘာ ဖြစ်ဖြစ် မွေး မလို့ ဆိုရင် သားဖွားခန်း ပို့ ရမှာ ။ သယ်သာ လာ ခဲ့တော့ ။ ပြောနေတာ ကြာပါ တယ်ကွာ  ”

“ ဆေးရုံ ပို့ မလို့လား ”

“ မင်း အဘ ဆေးရုံ လား ။ ကား က ဆီ မရှိပါဘူး ဆိုနေ ၊ နီးနီးနားနား ခိုဂျာ ပေါ့  ”

အဲ ဟုတ်သားပဲ ကျော်လှ တို့ ပျာ နေလိုက်ပုံတော့ တစ်ပြ လောက် ပဲ ဝေးတဲ့ ခိုဂျာ သားဖွားခန်း ကို မေ့ နေလိုက် တာ ။ ကဲ နောက်မှ ဘာဖြစ် ဖြစ် အရင်ဆုံး မွေး တော့မယ့် လူ ကို တွဲပြီး ကား နောက်ခန်း က တင် ရတယ် ။ ခြင်း နဲ့ ထီး ကို ပါ ယူပြီး ကား စက် နှိုးကြတယ် ။ ဒီတစ်ခါတော့ ချော ချောမောမော နှိုးပြီး ကား က ချက်ချင်း လိုပဲ သားဖွားခန်း ရှေ့ ရောက်လာတယ် ။

“ ဟေ့ကောင် အပ် လည်း မအပ်ရသေးဘူး နော် ၊ ရ ပါ့ မလား ”

“ အို ရပါတယ် ။ ကျွန်တော့် ကလေး လေးယောက် လုံး ဒီ က ဆရာမကြီး နဲ့ မွေးတာ ”

ဒါပေမဲ့ သားဖွားခန်း ထဲ လည်း ရောက်ရော ၊ ကျော်လှ ရေရေလည်လည် အငေါက် ခံ ရတော့တာပဲ ။

“ ဟဲ့ ဗိုက်ကြီးသည် သေ သွားရင် နင် တာဝန် ယူ မလား ။ ရေမွှာတောင် တောင် ပေါက် ပြီးနေပြီ ။ ကလေး ထွက် ကျတော့မယ် ။ အပ် ထားတာ လည်း မဟုတ်ဘူး ။ ကောက် ရိုး ပွေ့လာတယ် ။ ည အချိန် မတော် ... ”

ဒါပေမဲ့ ဗိုက်ကြီးသည် က မွေးစင် ပေါ် ရောက် သွား ပြီ ။ ဆရာမကြီး က လက်မောင်း ကို ဆေးနှစ်လုံး ဆက် တိုက် သွင်းပေး ရင်း ၊ မွေးခန်းဝ မှာ ပြူတစ်ပြူတစ် လုပ် နေတဲ့ ကျော်လှ ကို မောင်း ထုတ်လိုက်တယ် ။ အနီဝတ် ဆရာမ က “ မစန်းကြည် ၊ ကလေးအဖေ လက်မှတ် ထိုးရ မယ် ။ ဘယ့်နှယ့် လုပ်ရမလဲ ” ဆိုပြီး လာပြောတော့ ကျော်လှ က မျက်နှာငယ်လေး နဲ့ လက်မှတ် ထိုး လိုက်ရတယ် ။ ခဏနေတော့ အူဝဲ အူဝဲ ကလေး ငိုသံ ကြား ရပြီ ။ ကျော်လှ နဲ့ ဘိုထွန်း တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး ပြုံး ကြတယ် ။ ခြင်းတောင်း ထဲ က တွေ့ တဲ့ ပုဆိုး နဲ့ ကလေး ကို ထုပ်ပြီး ပုခက် ထဲ လာ ထည့်တာ ကို ကျော်လှ ပြုံးပြုံးကြီး ကြည့် နေတယ် ။ ကလေးအမေ ထွက် လာပြီး အိပ်ရာခင်း မပါတဲ့ ကုတင် ပေါ် မှာ မောဟိုက် နေတယ် ။ ခိုဂျာ က တခြား မွေးလူနာတွေ နဲ့ လူနာစောင့်တွေ လည်း မအိပ်နိုင်ဘဲ သူတို့ ကို ဝိုင်း ကြည့် နေကြတယ် ။

ကလေး အမေ က “ ကျွန်မ ခြင်းထဲ က ထမင်းချိုင့်လေး ” ဆို လို့ ကျော်လှ ပျာပျာသလဲ ရှာပြီး ဖွင့် ပေးလိုက်တယ် ။ အားယူ ထ ပြီး ထမင်းချည်း ပါ တဲ့ ထမင်းတစ်ဇွန်း ခပ် စားတယ် ။

“ ဟဲ့ ဟဲ့ ကလေးမ မုန့်ဟင်းခါး စားရဲလား ။ ညနေ က ငါ ဝယ် ထားတာ ရှိတယ် ”

လူနာစောင့် တစ်ယောက် ပေး တဲ့ မုန့်ဟင်းခါး ကို အိပ်လိုက် မှောက်ချပြီး ၊ ထမင်း တစ်ဇွန်းပြီး တစ်ဇွန်း ကလေးအမေ က အားရပါးရ အငမ်းမရ စား နေတာ ကို ဘိုထွန်း နဲ့ ကျော်လှ ပါးစပ် အဟောင်းသား ဟ ပြီး ငေး ကြည့် နေကြတယ် ။ ကျော်လှ စိတ် ထဲ မှာ ဘယ်နှနပ် ထမင်း မစားရလို့ လည်း မသိဘူး လို့ တွေး မိအောင် တွေး လိုက်သေးတယ် ။ ကလေးအမေ ထမင်း တစ်စေ့ မကျန် စား ပြီးမှ အဆာ ပြေ သွားသလို ၊ အိပ်ရာ ပေါ် ပြန် လှဲချလိုက်တယ် ။

“ ကဲ ကလေးအမေ က ဘာမှ မဖြစ်တော့ဘူး ။ ငါ့ ကို ဆေးဖိုး ရှင်းဦး ။ လေးထောင် ကျတယ် ”

ကျော်လှ အိတ် ထဲ က နှစ်ထောင် ထုတ် ပေးလိုက်ပြီး ၊ ကျန်တဲ့ နှစ်ထောင် မနက်ဖြန် လာ ပေးမယ်လို့ ပြော ခဲ့တယ် ။ ကလေးအမေ က မောမော နဲ့ အိပ်ပျော်လုလု ဖြစ် နေပြီမို့ သူတို့ နှစ်ယောက် အသာလေး ထွက် ခဲ့ကြတော့တယ် ။

အပြင် ဘက် ရောက်တော့ မိုး တိတ်နေပြီ ။ လျှပ်စီးတွေ သာ တဝင်း ဝင်း ပစ် နေတယ် ။ ချောချော မောမော စက်နှိုးတဲ့ လေးဘီး ကားလေး ဟာ ကျောက်ဆစ်ကွေ့ အဆင်း မှာ တုံ့ခနဲ တုံ့ခနဲ ဖြစ်သွားတယ် ။

“ ဟီး ဟီး ဆီ ကုန်ပြီ ကွ ။ အနောက်မုခ် တော့ ရောက် ပါတယ် ။ လှိမ့် ချလိုက် ရုံပဲ ”

“ ဒါပေါ့ဗျ အသွား တုန်း က မကုန်တာ ကျေးဇူး တင် ရမှာ ... ဟင် ”

ကျော်လှ မျက်လုံး ပြာခနဲ ဖြစ်သွားတယ် ။ တဝင်းဝင်း လက်နေတဲ့ လျှပ်စီးရောင် အောက်မှာ စစ်ကိုင်း လမ်းမကြီး တစ်ခုလုံး ရှင်းပြောင် နေအောင် မြင် နေရ တယ် ။ ကားဘေး နား မှာ ရပ် ထား ခဲ့တဲ့ သူ့ ဆိုက်ကား မရှိ တော့ဘူး ။ ဗိုက်ကြီးသည် ကို သားဖွားခန်း ပို့ ဖို့ အရေးကြီး နေ တာနဲ့ ပျာယာ ခတ်ပြီး သော့ မခတ် ခဲ့ရဘူး ။ လူ တစ်ယောက် မှ မရှိတဲ့ မှောင်မိုက် တဲ့ ည မှာ သူ့ ဆိုက်ကား အစီး လိုက် ပျောက်ဆုံး သွားခဲ့ပြီ ။

ကျော်လှ ကားပေါ် က ပြေး ဆင်းပြီး ၊ အနောက်မုခ် မှာ တောင်ဘက် ပြေးလိုက် ၊ မြောက်ဘက် ပြေးလိုက် ဖြစ် နေတယ် ။

“ သွားပါပြီ ဗျာ မရှိတော့ဘူး ၊ မရှိတာ့ဘူး ”

ဂါထာ ရွတ်သလို ရွတ် နေတယ် ။ မျက်နှာတွေ ပျက် ပျက်လာပြီး ၊ မျက်လုံးတွေ နီရဲ လာတယ် ။ ဘိုထွန်း ကြည့် နေတုန်း ကတ္တရာ လမ်းမ ပေါ် ဖင်ချ ထိုင်ပြီး ဟီး တိုက် ငို ချ လိုက်တယ် ။

“ ဘိုထွန်း ရေ ကျုပ် ဘာ လုပ်ရ မတုံး ။ မရှိတော့ဘူး ဗျ ”

ကျော်လှ ငိုသံပါကြီး နဲ့ အော် နေတာကို ဘိုထွန်း လည်း မချော့တတ်ဘူး ။ ခေါင်း ကုတ်ပြီး စိတ်ညစ်ညစ် နဲ့ သူ လည်း ကျော်လှနားမှာ ထိုင် ချလိုက်တယ် ။ ကျော်လှ ကတော့ ကတ္တရာလမ်း ပေါ် လှဲ ချလိုက်ပြီး လက်တွေ ပေါ် မျက်နှာ အပ်လို့ မှောက်ခုံကြီး ငို နေတယ် ။ မိုးတွေ က ပြန် ရွာ လာ ကြပြန်ပြီ ။ ကျော်လှ ရဲ့ မျက်ရည်စက်တွေ နဲ့ မိုးရေ တွေ ရောပြီး စီးဆင်းသွားကြတယ် ။

“ ကောင်းကွာ ။ လူမှုရေး လုပ် ချင်ဦးလေ ။ အများ အကျိုးဆောင် ကိုယ့်အကျိုး ပြောင် ” လို့ တော့ ကျော်လှ ကို အပြစ် မတင်ချင်ပါဘူး ။ စောစော က ဗိုက်ကြီးသည် အခြေ အနေမျိုး ဆိုရင် ဘယ်သူ မဆို ကူညီကြမှာ မလွဲပါဘူး ။ အေးလေ ကျော်လှ ပေါ့ လျော့တာပဲ လို့ အပြစ် ပြောလို့လည်း မဖြစ် ။ ဘိုထွန်း ခမျာ ဘယ်လို လုပ်ရမှန်း မသိဘဲ ခေါင်း စား ရတဲ့ ကြား ထဲ ကွမ်းယာ စား ချင်စိတ် က ဘယ်က ဝင် လာတယ် မသိဘူး ။ ဒီအချိန် အောင်သန်း က လည်း ပြန် သွားပြီ ဆိုပေမဲ့ မျက်လုံး က ကုက္ကိုပင်ကြီး အောက် မှာ ရှိတဲ့ အောင်သန်းကွမ်းယာ ဆိုင် လေး ကို ကြည့် လိုက်မိတယ် ။

အောင်သန်း ကတော့ ကွမ်းယာဆိုင်ကလေး ကို ထုံးစံ အတိုင်း မိုးကာ နဲ့ အုပ်သွား တယ် ။ လျှပ် တစ်ချက် အပစ် မှာ မိုးကာ အောက် က ပေါ် နေ တဲ့ ဆိုက်ကားတာယာခွေ လို လို မြင် ရတာ နဲ့ ဆတ်ခနဲ ထ လိုက်တယ် ။ ကွမ်းယာခုံ နား ကို ဘယ်လို ပြေး သွားမိ မှန်း မသိဘူး ။ ရင်တွေ လည်း တထိတ်ထိတ် ခုန်နေတယ် ။ ကုက္ကိုပင် နဲ့ ကွမ်းယာဆိုင် ကြား ထဲ မှာ မိုးကာ အုပ်ပြီး ထိုး ထား တဲ့ ဆိုက်ကား ကို လည်း မြင် ရရော ဘိုထွန်း ကုန်းအော် တော့တာပဲ ။

“ ဟာ ကျော်လှ ရေ ကျော်လှ ရေ ဆိုက်ကား တွေ့ပြီ ဟ ၊ ဒီမှာ ဟ ”

ကျော်လှ ဝုန်းခနဲ အနား ရောက် လာတယ် ။ ကြောင်တောင်တောင် နဲ့ ဆိုက်ကား ကို ငိုင်ငိုင်ကြီး ကြည့် နေတယ် ။ မိုး က လည်း သဲသဲမဲမဲ ရွာ နေ လိုက်တာ ။ မျက်နှာ ပေါ် က မိုးရေစက်တွေ ကို လက် နဲ့ သပ်ချရင်း အသံ တုန်တုန်နဲ့ ။

“ တော်သေးတာပေါ့ ဗျာ ။ ကျုပ် သေတော့မလို့ ။ အောင်သန်း ဆိုင် သိမ်းရင်း ဆိုက်ကား တွေ့လို့ သိမ်းသွား တာ နေမှာဗျ ”

“ အေးကွ ဒီမှာ ကွမ်းယာဆိုင် နဲ့ မင်း ဆိုက်ကား ကို သေသေချာချာ သံကြိုး နဲ့ သော့ ခတ် သွားတာကွ  ”

“ မနက်ဖြန်မှ ဒီကောင် ကြီး ကို အရက် တိုက် ရဦးမယ် ဗျာ ”

ဘိုထွန်း လည်း အခုမှ စိတ် အေး ရတော့တယ် ။ လူ တွေ ကတော့ ရွှဲနစ် ပြီး ကြွက်စုတ် ဖြစ်နေပြီ ။

“ ကဲ ကျော်လှ ပြန် ပြန် ။ မိုးတွေ ကလည်း သည်း လိုက် တာ ။ ည လည်း နက် လှပြီ  ”

ကျော်လှ က စဉ်းစား သလို ငြိမ် နေတယ် ။ ပြီးမှ -

“ ခင်ဗျား လည်း ပြန် လေ ။ ဆီ မရှိလို့ တွန်း ပြန်ရမှာ နော် ။ အခုမှတော့ ဘာမှ မထူး တော့ပါဘူး ။ ခင်ဗျား ကို ပဲ ကား လိုက် တွန်းပေးမယ် ဗျာ ။ ဆိုက်ကား လည်း ယူ မှ မရတာ ”

“ ကဲ ဒါဖြင့် လာ တွန်း ကြစို့ ။ အိမ် ကျရင် ထမင်း ကျွေး မယ်ကွာ ။ ဆီ လက်ကျန် လေး ရှာ တွေ့ရင်လည်း မင်း ကို အိမ်ပြန် ပို့ ပေးမယ် ”

“ ဘယ်လို ဖြစ်ဖြစ် ရပါ တယ်ဗျာ ”

လေးဘီးကား နဲ့ လူ နှစ်ယောက် ဟာ မှောင်မိုက်နေတဲ့ ည ထဲ ကို တဖြည်းဖြည်း တိုး ဝင်ပြီး ပျောက်ကွယ် သွားပါ တော့တယ် ။ အဲ့ဒီ ည က အနောက်မုခ် မှာ မိုးတွေ သဲကြီး မဲကြီး ရွာ နေပါတယ် ။

◾ယဉ်ယဉ်နု ၊ မန္တလေး ၊

📖 ရွှေအမြုတေ မဂ္ဂဇင်း
      ဖေဖေါ်ဝါရီလ ၂ဝ၁၂

www.facebook.com/aung.naingoo.3726613

.

Friday, March 18, 2022

စီးဆင်းနေသော မြစ်များ


 

❝ စီးဆင်းနေသော မြစ်များ ❞

ကျွန်တော် နေထိုင်ရာ မြို့သစ် အိမ်ခန်း ကျဉ်းကျဉ်းလေး ထဲမှ တဖွဲဖွဲ ရွာနေသော မိုးကို စိတ်ပျက်လက်ပျက် ငေးကြည့်နေမိသည် ။ ဒုက္ခပါပဲ ။ ဂျာနယ်တွေ အချိန်မီ ပို့ရမည့် တာဝန် နှင့် ဒီမိုး နှင့် ပြဿနာ အကြီးအကျယ် တက်နေသည် ။ မသွားလို့လည်း မဖြစ် ၊ ကိုယ့် တာဝန်ပေမို့ ထပြီး မိုးကာ အင်္ကျီဝတ်ကာ ဆိုင်ကယ် ဆွဲပြီး ထွက် လာခဲ့ရတော့သည် ။

ဒီလို မိုးဖွဲဖွဲထဲ ကျွန်တော် ထွက်လာသည် က ဝမ်းရေး ကြောင့် ဖြစ်သည် ။ ဒါဆို အဖေ တားလို့ပင် မရဘဲ မိုးဖွဲဖွဲထဲ ဇွတ် ထွက်သွားသည့် အမေ ကရော တဲ့ ။

ဒီနေ့ ဘာကြောင့် ရွာ က အမေ နှင့် အဖေ ကို အထူးတလည် သတိရနေမိပါလိမ့် ။ ကျွန်တော့် အမေ ကို ကျွန်တော်တို့ ရွာ က သူတွေက အရှေ့တံခါးကြီး ခင်မှုံ ဟု ခေါ်ကြသည် ။

ကျွန်တော်တို့ ရွာ မှာ အရှေ့ ၊ တောင် ၊ မြောက်ဘက် များတွင် စည်းရိုး ရှိပြီး ရွာတံခါးတွေ ရှိကြသည် ။ ရွာ အနောက်ဘက် ကတော့ သင်္ချိုင်း ရှိသည် ။ ရွာ တွင် ခင်မှုံ သုံးယောက် ရှိရာ အနောက်ပိုင်း မှ ခင်မှုံ က နားလေး သဖြင့် နားလေး ခင်မှုံ ဟု ခေါ်ကြ သည် ။ အလယ်ပိုင်း ကတော့ ဒေါ်ခင်မှုံ ယောက်ျား က အရက်သမား ဖြစ်သဖြင့် အရက်ဂျိုးခင်မှုံ ဟု ခေါ်ကြ ပြန်သည် ။ အမေ့ အိမ် က အရှေ့တံခါးနား မှာ ရှိ၍ အရှေ့ တံခါးကြီး ခင်မှုံ ဟု ရွာ က ခေါ်ကြသည် ။

ဒီနေ့ ဝါတွင်း အဖိတ်နေ့ ဖြစ်သည် ။ မနက်ဖြန် ဆိုလျှင် ဥပုသ်ကျောင်း သွားကြတော့မည် ။ တစ်ရွာ လုံး လိုလို ဥပုသ် စောင့်ကြတော့မည် ။ အဖိတ်နေ့ မနက် စောစောတွင် အမေ သည် ဆီပုလင်း ကို မြှောက် ကြည့် သည် ။ ငှက်ပျောဖူး ပုလင်း တစ်ဝက်ကျော်ကျော် ဆီ ရှိနေ၍ အမေ ကျေနပ်ပုံ ရသည် ။ ထန်းခေါက်တောင်း ထဲ မွှေ နှောက် ရှာတော့ မြေပဲဆန်ထုပ် ကလေး ထွက်လာသည် ။ မိုး ဖွဲဖွဲ ကို တစ်ချက် လှမ်းကြည့် ပြီး ခံတောင်းလေး ခါးပေါ် တင်ကာ အိမ်ပြင် ထွက်တော့ မည့် အမေ့ ကို အဖေ က -

“ ခင်မှုံနှယ် မိုးတွေရွာ နေတာ ” ဟု လှမ်း ဟန့်သည် ။ အမေ က ပြန် မပြော ၊ နား မထောင် ၊ မကြားချင်ယောင် ဆောင်ပြီး မိုး ထဲ ထွက်သွား တော့သည် ။ 

ကျွန်တော် သိပါသည် ။ အမေ သည် ရွာရိုး တစ်လျှောက်တွင် ရှိသော အရွက် တစ်မျိုး မျိုး ကို အသုပ် သုပ် ရအောင် ခူးနေမှာ ဖြစ်သည် ။ အမေ ပြန် လာချိန်တွင် ခံတောင်း ထဲမှာ ကြက်တက် ရွက် ၊ မြူရွက် ၊ ငရံ့ပတူရွက် ၊ မိုးနှံရွက် ၊ အဝေရာရွက် တစ်မျိုး မဟုတ် တစ်မျိုး ပါလာပေလိမ့်မည် ။ တစ်ခါတလေ သမုန်းဖူးတွေ ၊ ထနောင်းရွက်နုတွေ ရလာ တတ်သေးသည် ။

အိမ် ကို ပြန် ရောက်တော့ ကျွန်တော် က ငှက်ပျောဖက် လည်ခူးပြီး အနေတော် ဖြတ် ထားပေးရသည် ။ ဖုန် သုတ် ပေးထားရသည် ။ ဥပုသ်နေ့ မနက် စောစောတွင် အမေ က ကြက်သွန်ဖြူဆီချက် မွှေးမွှေး ၊ မြေပဲထောင်း နှင့် အရွက်သုပ် သုပ်တော့သည် ။ ငှက်ပျောဖက် ထဲ လက်သီးဆုပ်လောက် စီထည့် ၊ တည်းစပ် နှင့် ထိုး၍ အထုပ်ကလေးတွေ လုပ်ကာ ဗန်း နှင့် ထည့် ပြီး ဥပုသ်ကျောင်း လာသည့် ဥပုသ်သည် တွေကို ဝေပါသည် ။ ဒါပေမဲ့ အမေ က ဥပုသ်ကျောင်းပေါ် တောင်ဘက် ထောင့် တွင် ထိုင်နေသည့် မိန်းမကြီး လေး ငါးယောက် ကို တော့ ဘယ် တော့ မှ ဝေလေ့ မရှိ ။ သူတို့ ကလည်း အမေ မဝေလည်း ကိစ္စ မရှိ ၊ ဂရုမစိုက် ပုံစံမျိုးနှင့် မျက်နှာ ကို ချီထားကြလေ့ ရှိသည် ။ ကလေး ဘဝတုန်းက ကျွန်တော် လုံးဝ နားမလည်ခဲ့ပါ ။ နည်းနည်း ကြီးလာမှ ထိုအုပ်စု သည် အမေ ၏ အမေ နှင့် အမေ၏ ညီအစ်မ အရင်းများ ဖြစ်ကြောင်း သိလာရတော့ သည် ။ လယ်ပိုင်ရှင်သမီး အမေ က သူရင်းငှား အဖေ နှင့် လိုက် ပြေးသဖြင့် အမွေဖြတ် ထားကြသတဲ့ လေ ။

“ ဒီနေ့ ဟင်း မရှိဘူးပေါ့ ၊ ဖြစ်သလို စားကြမယ် ”

ဒီ စကား ကို တစ်ပတ်မှာ ခြောက်ရက်လောက် ကြား နေရ၍ ကျွန်တော် မပူပါ ။ တစ်ချက် မော့ကြည့်ပြီး သူငယ်ချင်းတွေ နှင့် ကျည်းသား ရိုက် မပျက် ၊ သားရေကွင်း ပစ် မပျက် ကစား နေနိုင်သည် ။ ကျွန်တော့် အမေ သည် ဟင်း ချက်ရာတွင် ဟင်းလျာ ရှာဖွေရာ အလွန် တော်သည် ။ ဘာ ဟင်းမှ မရှိသည်ကို ဈေးသည် ခေါ် ဝယ်စရာ ပိုက်ဆံ မရှိပေ မဲ့ ဟင်း ဖြစ်အောင် ချက်တတ်သည် ။ ကျွန်တော်တို့ ထမင်း စားသည့် အချိန်တွင် ခရမ်းသီးခြောက် အစပ်ချက် နှင့် သခွားသီး အတို့ ရှိ ချင် ရှိမည် ။ ရွှေဖရုံသီးချက် နှင့် ဘူးချဉ် ကို တွေ့ချင် တွေ့ရမည် ။ တစ်ခါ တလေလည်း လက်ဖက်သုပ် ပေါ့ ။ ဘာပဲဖြစ်ဖြစ် အမေ့ လက်ရာ က ကျွန်တော်တို့ ညီအစ်ကို မောင် နှမ လေး ယောက်အတွက် စား လို့ ကောင်းလှသည် ။ ယနေ့ ထမင်းဝိုင်း က မန်ကျည်းရွက် ချဉ်ရည် နှင့် ငရုတ်သီးထောင်း ဖြစ်ပါသည် ။ ရွာ က ထွက် သည့် ငရုတ်သီး ကို ဆီလေး ဆမ်း ၊ ဆားလေးဖြူး ၊ ကြက်သွန် ဖြူလေး နှင့် ထောင်းထားသည်မှာ မွှေးလှ ပေမဲ့ တော်တော် စပ်နေသည် မို့ ကျွန်တော်တို့ မောင်နှမ လေးယောက်စလုံး ချဉ်ရည် ဟင်း ရွှဲရွှဲဆမ်းပြီး ခေါင်း မဖော်တမ်း စားနေကြသည်ကို စားပွဲဝိုင်းထိပ် က စားနေ သည့် အဖေ က ပြုံးပြုံးကြီး ကြည့်နေသည် ။

“ ခင်မှုံ ဒီနေ့ နင့်ချဉ်ရည် က ကောင်းသဟ ၊ နင့် သား သမီးတွေ စားလိုက်ကြတာ ”

“ စားကောင်းတယ်ဗျ ”

ကျွန်တော်တို့ က ပလုတ် ပလောင်း စားလိုက် ၊ ချဉ်ရည် တွေ ရှူးခနဲ သောက်လိုက် ၊

အဖေ ကတော့ ဒီလောက် စပ် သည့် ငရုတ်သီးထောင်း ကို တစ်ကော်ပြီး တစ်ကော် လက် နှင့် ကော်ယူကာ စားနေသည် ။

“ တော် ကလည်း ငရုတ် သီးချည်း စားနေတယ် ။ အစပ်ပြေ ချဉ်ရည်ဟင်းလေး သောက်ပါဦး တော် ”

“ ငါ က ငရု တ်သီးထောင်း ကို ကြိုက်တာ ဟ ”

အဖေ ငရုတ်သီးထောင်း  ကြိုက်တာ ကို ကျွန်တော် အဲဒီ နေ့က သတိထားလိုက် သည် ။

နောက် တစ်လ လောက် ကြာတော့ အဘိုး ဆုံးသည် ဟု မိန်းမကြီး တစ်ယောက် က အိမ် ရှေ့မှ လာ အော်သည် ။ အမေ ကပျာကယာဖြင့် ဘီးကျော်ပတ်ကလေး ပြင်ပတ်ရင်း လိုက်သွားသည် ။ အဖေ က တော့ ဘာမှ မပြော ။

“ ကျုပ် ကို အမေ က ကောင်းကောင်းမွန်မွန် ခေါ် ပါတယ် တော် ။ ကုန်တာတွေ လည်း ကုန်ပြီ ။ ကျန်တဲ့ ယာ လေး သုံးဧက နဲ့ မိုးကောင်း သောက် လယ်ကလေး ရှိလှမှ နှစ်ဧက လောက်ပါ တော် ။ အငယ်မ လင်မယား နဲ့ ခွဲယူ ကြဖို့ အမေ က ပြောတယ် ။ ကျုပ် သဘောတော့ မလိုချင် ပေါင် တော် ”

အဖေ က ထုံးစံအတိုင်း ဘာမှ ပြန် မပြောပါ ။ အမေ ဝင် ထွက် သွားလာလို့ ရပြီ ဖြစ်သော အဘွားအိမ် ကို ကျွန်တော် ရောက်ပေမဲ့ စိတ် ထဲမှာ ခင်မင်မင် မရှိပါ ။ ညီအစ်ကို မောင်နှမ ဝမ်းကွဲများ ကိုလည်း သူငယ်ချင်းတွေ လောက် ရင်းနှီးမှု မရှိပါ ။ အဘွား က ခွဲယူကြ ဆိုပေမဲ့ အမေ ကလည်း မတောင်း ၊ သူတို့ ကလည်း မပေး  ။ တစ်နှစ် တစ်နှစ် သာ ကျော်ဖြတ်လာပြီး အဖေ မြို့ပေါ်က သစ်စက် မှာ အလုပ်ရ ၍ မြို့ ကိုသာ ပြောင်းလာခဲ့ရသည် ၊ ဘာမှ မရပါ ။ အမေ ကတော့ စကား စပ်လို့ပင် မပြောပါ ။ ကျွန်တော်တို့ အသက်တွေ ကြီးလာကြပြီ ။ အမေတို့ အိုမင်း လာပြီ ။ အဖေ ကွယ်လွန်သွားပြီ ။ တစ်ခါတလေ ရွာ ကို ပြန်ကြသည် ။

“ ဟေ့ကောင်ကြီး မင်း တို့ စားဖို့ ဆီ ဟေ့ ”

“ နှမ်းပဒူလေး နဲ့ မုန့်ဆီ ကြော်ဟေ့ ”

“  ငါ့ ယာ က ထွက်တဲ့ ခရမ်းသီးလေး ယူသွားဦးကွ ”

လာပေးကြသူတွေ ထဲ တွင် အမေ နှင့် အမွေဆိုင် ခွဲ ယူရမည့် ၊ အမေ က အငယ်မ ဟု ခေါ်သည့် မိသားစု မပါပါ ။ အမေ ကလည်း ဘာမှ မပြောပါ ။ ကျွန်တော် အိမ်ထောင်ကျ သားသမီး နှစ်ယောက် မွေးပြီး တော့ အမေ က ကျွန်တော်တို့ ကျပ်တည်းမှန်း သိ၍ ရွာ မှာ ပြန် နေပါသည် ။ အရှေ့တံခါး ကြီး နားက အိမ်ဝိုင်းကြီး ကို ရောင်းရသည့် ငွေ နှင့် ဝိုင်း ကျဉ်းကျဉ်းလေး ဝယ်ကာ အိမ် ကလေး ဆောက်ပြီး ကျန်းမာစွာ ရှိနေပါသည် ။ အဲ ... အမေ့ အငယ်မ မိသားစု ကတော့ လင်မယား နှစ်ယောက်စလုံး ကင်ဆာ နှင့် ကွယ်လွန်သွားကြသည်  ။ ဆေး ကုရ၍ ယာတွေ ၊ လယ် တွေလည်း မရှိကြတော့ပါ ။

“ ဘာ ငေးနေတာလဲ ။ သေချင်လို့လား ”

ကြိမ်းမောင်းသံကြီး အနီးကပ် ကြားလိုက်ရ၍ ကြည့်လိုက်ရာ ကားဆရာ တစ်ယောက် က သူ့ ကားရှေ့ ရောက်နေသော ကျွန်တော့် ကို စိတ်ဆိုးမာန်ဆိုး ဖြစ်နေသည် ။ အတွေး ထဲမှာ နှစ်လေးဆယ် ကျော် နောက်ပြန် ခရီးသွားပြီး ရွာ ကို အလည် ပြန် ရောက်နေ သည့် ကျွန်တော် ချက်ချင်း လက်ငင်း မြို့လယ်ကောင် ပြန် ရောက် လာသည်  ။ ထမင်းစားချိန် ရောက်နေပြီဖြစ် ၍ ဟင်းဆိုင် ဝင်ကာ ကြက်သားဟင်း နှစ်တုံး ၊ ပဲပုပ်ချက် ၊ ချဉ်ပေါင်ကြော် ဝယ်ခဲ့၍ အိမ် ဘက် ကို ပြန် ခဲ့ သည်  ။ ကျွန်တော့် ဆိုင်ကယ် ဆိုက်သည် နှင့် နေ့လယ် ထမင်း စား ကျောင်း လွှတ်လိုက်သော သား နှင့် သမီး က ပြေးထွက် လာပြီး ဟင်းထုပ်တွေ ယူ သွားကြသည် ။ ကျွန်တော့် မိန်းမ ပြင်နေသော ထမင်းဝိုင်း တွင် ဝင်ထိုင်ပြီး မိသားစု ထမင်း စား ကြသည် ။ မိန်းမ က သား နှင့် သမီး ပန်းကန်ထဲသို့ ကြက်သား တစ်တုံးစီ ထည့်ပေးလိုက်သည် ။ ဒုတိယတန်း ရောက်နေပြီ ဖြစ်သည့် သမီး ကြီး က စူးစူးစမ်းစမ်း မျက်နှာ လေး နှင့် ကျွန်တော့် ကို မော့ကြည့်သည် ။

“ ဟင် ... ဖေဖေ က ကြက်သား မစားဘူးလား ”

ကျွန် တော့် ထမင်း ပန်းကန် ထဲသို့ ပဲပုပ်ချက် ခပ် ထည့်ရင်း ကျွန်တော် ဖြေပါ သည် ။

“ ဖေဖေ မှ ကြက်သား မကြိုက်တာ ၊ ဖေဖေ က ပဲပုပ်ချက် သိပ် ကြိုက်တာ သမီး ရဲ့ ”

ထိုအချိန်တွင် ငရုတ်သီး ထောင်း တွေ အားရပါးရ ကော် စားနေသော ကျွန်တော့် အဖေ ကို လှိုက်လှိုက်လှဲလှဲ တမ်းတမ်းတတ သတိရနေမိ ပါတော့သည် ။

◾   ယဉ်ယဉ်နု ၊ မန္တလေး ၊

📖   ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
        ဖေဖော်ဝါရီလ ၊ ၂၀၁၇ ခုနှစ်

www.facebook.com/aung.naingoo.3726613

.