Friday, March 18, 2022

စီးဆင်းနေသော မြစ်များ


 

❝ စီးဆင်းနေသော မြစ်များ ❞

ကျွန်တော် နေထိုင်ရာ မြို့သစ် အိမ်ခန်း ကျဉ်းကျဉ်းလေး ထဲမှ တဖွဲဖွဲ ရွာနေသော မိုးကို စိတ်ပျက်လက်ပျက် ငေးကြည့်နေမိသည် ။ ဒုက္ခပါပဲ ။ ဂျာနယ်တွေ အချိန်မီ ပို့ရမည့် တာဝန် နှင့် ဒီမိုး နှင့် ပြဿနာ အကြီးအကျယ် တက်နေသည် ။ မသွားလို့လည်း မဖြစ် ၊ ကိုယ့် တာဝန်ပေမို့ ထပြီး မိုးကာ အင်္ကျီဝတ်ကာ ဆိုင်ကယ် ဆွဲပြီး ထွက် လာခဲ့ရတော့သည် ။

ဒီလို မိုးဖွဲဖွဲထဲ ကျွန်တော် ထွက်လာသည် က ဝမ်းရေး ကြောင့် ဖြစ်သည် ။ ဒါဆို အဖေ တားလို့ပင် မရဘဲ မိုးဖွဲဖွဲထဲ ဇွတ် ထွက်သွားသည့် အမေ ကရော တဲ့ ။

ဒီနေ့ ဘာကြောင့် ရွာ က အမေ နှင့် အဖေ ကို အထူးတလည် သတိရနေမိပါလိမ့် ။ ကျွန်တော့် အမေ ကို ကျွန်တော်တို့ ရွာ က သူတွေက အရှေ့တံခါးကြီး ခင်မှုံ ဟု ခေါ်ကြသည် ။

ကျွန်တော်တို့ ရွာ မှာ အရှေ့ ၊ တောင် ၊ မြောက်ဘက် များတွင် စည်းရိုး ရှိပြီး ရွာတံခါးတွေ ရှိကြသည် ။ ရွာ အနောက်ဘက် ကတော့ သင်္ချိုင်း ရှိသည် ။ ရွာ တွင် ခင်မှုံ သုံးယောက် ရှိရာ အနောက်ပိုင်း မှ ခင်မှုံ က နားလေး သဖြင့် နားလေး ခင်မှုံ ဟု ခေါ်ကြ သည် ။ အလယ်ပိုင်း ကတော့ ဒေါ်ခင်မှုံ ယောက်ျား က အရက်သမား ဖြစ်သဖြင့် အရက်ဂျိုးခင်မှုံ ဟု ခေါ်ကြ ပြန်သည် ။ အမေ့ အိမ် က အရှေ့တံခါးနား မှာ ရှိ၍ အရှေ့ တံခါးကြီး ခင်မှုံ ဟု ရွာ က ခေါ်ကြသည် ။

ဒီနေ့ ဝါတွင်း အဖိတ်နေ့ ဖြစ်သည် ။ မနက်ဖြန် ဆိုလျှင် ဥပုသ်ကျောင်း သွားကြတော့မည် ။ တစ်ရွာ လုံး လိုလို ဥပုသ် စောင့်ကြတော့မည် ။ အဖိတ်နေ့ မနက် စောစောတွင် အမေ သည် ဆီပုလင်း ကို မြှောက် ကြည့် သည် ။ ငှက်ပျောဖူး ပုလင်း တစ်ဝက်ကျော်ကျော် ဆီ ရှိနေ၍ အမေ ကျေနပ်ပုံ ရသည် ။ ထန်းခေါက်တောင်း ထဲ မွှေ နှောက် ရှာတော့ မြေပဲဆန်ထုပ် ကလေး ထွက်လာသည် ။ မိုး ဖွဲဖွဲ ကို တစ်ချက် လှမ်းကြည့် ပြီး ခံတောင်းလေး ခါးပေါ် တင်ကာ အိမ်ပြင် ထွက်တော့ မည့် အမေ့ ကို အဖေ က -

“ ခင်မှုံနှယ် မိုးတွေရွာ နေတာ ” ဟု လှမ်း ဟန့်သည် ။ အမေ က ပြန် မပြော ၊ နား မထောင် ၊ မကြားချင်ယောင် ဆောင်ပြီး မိုး ထဲ ထွက်သွား တော့သည် ။ 

ကျွန်တော် သိပါသည် ။ အမေ သည် ရွာရိုး တစ်လျှောက်တွင် ရှိသော အရွက် တစ်မျိုး မျိုး ကို အသုပ် သုပ် ရအောင် ခူးနေမှာ ဖြစ်သည် ။ အမေ ပြန် လာချိန်တွင် ခံတောင်း ထဲမှာ ကြက်တက် ရွက် ၊ မြူရွက် ၊ ငရံ့ပတူရွက် ၊ မိုးနှံရွက် ၊ အဝေရာရွက် တစ်မျိုး မဟုတ် တစ်မျိုး ပါလာပေလိမ့်မည် ။ တစ်ခါတလေ သမုန်းဖူးတွေ ၊ ထနောင်းရွက်နုတွေ ရလာ တတ်သေးသည် ။

အိမ် ကို ပြန် ရောက်တော့ ကျွန်တော် က ငှက်ပျောဖက် လည်ခူးပြီး အနေတော် ဖြတ် ထားပေးရသည် ။ ဖုန် သုတ် ပေးထားရသည် ။ ဥပုသ်နေ့ မနက် စောစောတွင် အမေ က ကြက်သွန်ဖြူဆီချက် မွှေးမွှေး ၊ မြေပဲထောင်း နှင့် အရွက်သုပ် သုပ်တော့သည် ။ ငှက်ပျောဖက် ထဲ လက်သီးဆုပ်လောက် စီထည့် ၊ တည်းစပ် နှင့် ထိုး၍ အထုပ်ကလေးတွေ လုပ်ကာ ဗန်း နှင့် ထည့် ပြီး ဥပုသ်ကျောင်း လာသည့် ဥပုသ်သည် တွေကို ဝေပါသည် ။ ဒါပေမဲ့ အမေ က ဥပုသ်ကျောင်းပေါ် တောင်ဘက် ထောင့် တွင် ထိုင်နေသည့် မိန်းမကြီး လေး ငါးယောက် ကို တော့ ဘယ် တော့ မှ ဝေလေ့ မရှိ ။ သူတို့ ကလည်း အမေ မဝေလည်း ကိစ္စ မရှိ ၊ ဂရုမစိုက် ပုံစံမျိုးနှင့် မျက်နှာ ကို ချီထားကြလေ့ ရှိသည် ။ ကလေး ဘဝတုန်းက ကျွန်တော် လုံးဝ နားမလည်ခဲ့ပါ ။ နည်းနည်း ကြီးလာမှ ထိုအုပ်စု သည် အမေ ၏ အမေ နှင့် အမေ၏ ညီအစ်မ အရင်းများ ဖြစ်ကြောင်း သိလာရတော့ သည် ။ လယ်ပိုင်ရှင်သမီး အမေ က သူရင်းငှား အဖေ နှင့် လိုက် ပြေးသဖြင့် အမွေဖြတ် ထားကြသတဲ့ လေ ။

“ ဒီနေ့ ဟင်း မရှိဘူးပေါ့ ၊ ဖြစ်သလို စားကြမယ် ”

ဒီ စကား ကို တစ်ပတ်မှာ ခြောက်ရက်လောက် ကြား နေရ၍ ကျွန်တော် မပူပါ ။ တစ်ချက် မော့ကြည့်ပြီး သူငယ်ချင်းတွေ နှင့် ကျည်းသား ရိုက် မပျက် ၊ သားရေကွင်း ပစ် မပျက် ကစား နေနိုင်သည် ။ ကျွန်တော့် အမေ သည် ဟင်း ချက်ရာတွင် ဟင်းလျာ ရှာဖွေရာ အလွန် တော်သည် ။ ဘာ ဟင်းမှ မရှိသည်ကို ဈေးသည် ခေါ် ဝယ်စရာ ပိုက်ဆံ မရှိပေ မဲ့ ဟင်း ဖြစ်အောင် ချက်တတ်သည် ။ ကျွန်တော်တို့ ထမင်း စားသည့် အချိန်တွင် ခရမ်းသီးခြောက် အစပ်ချက် နှင့် သခွားသီး အတို့ ရှိ ချင် ရှိမည် ။ ရွှေဖရုံသီးချက် နှင့် ဘူးချဉ် ကို တွေ့ချင် တွေ့ရမည် ။ တစ်ခါ တလေလည်း လက်ဖက်သုပ် ပေါ့ ။ ဘာပဲဖြစ်ဖြစ် အမေ့ လက်ရာ က ကျွန်တော်တို့ ညီအစ်ကို မောင် နှမ လေး ယောက်အတွက် စား လို့ ကောင်းလှသည် ။ ယနေ့ ထမင်းဝိုင်း က မန်ကျည်းရွက် ချဉ်ရည် နှင့် ငရုတ်သီးထောင်း ဖြစ်ပါသည် ။ ရွာ က ထွက် သည့် ငရုတ်သီး ကို ဆီလေး ဆမ်း ၊ ဆားလေးဖြူး ၊ ကြက်သွန် ဖြူလေး နှင့် ထောင်းထားသည်မှာ မွှေးလှ ပေမဲ့ တော်တော် စပ်နေသည် မို့ ကျွန်တော်တို့ မောင်နှမ လေးယောက်စလုံး ချဉ်ရည် ဟင်း ရွှဲရွှဲဆမ်းပြီး ခေါင်း မဖော်တမ်း စားနေကြသည်ကို စားပွဲဝိုင်းထိပ် က စားနေ သည့် အဖေ က ပြုံးပြုံးကြီး ကြည့်နေသည် ။

“ ခင်မှုံ ဒီနေ့ နင့်ချဉ်ရည် က ကောင်းသဟ ၊ နင့် သား သမီးတွေ စားလိုက်ကြတာ ”

“ စားကောင်းတယ်ဗျ ”

ကျွန်တော်တို့ က ပလုတ် ပလောင်း စားလိုက် ၊ ချဉ်ရည် တွေ ရှူးခနဲ သောက်လိုက် ၊

အဖေ ကတော့ ဒီလောက် စပ် သည့် ငရုတ်သီးထောင်း ကို တစ်ကော်ပြီး တစ်ကော် လက် နှင့် ကော်ယူကာ စားနေသည် ။

“ တော် ကလည်း ငရုတ် သီးချည်း စားနေတယ် ။ အစပ်ပြေ ချဉ်ရည်ဟင်းလေး သောက်ပါဦး တော် ”

“ ငါ က ငရု တ်သီးထောင်း ကို ကြိုက်တာ ဟ ”

အဖေ ငရုတ်သီးထောင်း  ကြိုက်တာ ကို ကျွန်တော် အဲဒီ နေ့က သတိထားလိုက် သည် ။

နောက် တစ်လ လောက် ကြာတော့ အဘိုး ဆုံးသည် ဟု မိန်းမကြီး တစ်ယောက် က အိမ် ရှေ့မှ လာ အော်သည် ။ အမေ ကပျာကယာဖြင့် ဘီးကျော်ပတ်ကလေး ပြင်ပတ်ရင်း လိုက်သွားသည် ။ အဖေ က တော့ ဘာမှ မပြော ။

“ ကျုပ် ကို အမေ က ကောင်းကောင်းမွန်မွန် ခေါ် ပါတယ် တော် ။ ကုန်တာတွေ လည်း ကုန်ပြီ ။ ကျန်တဲ့ ယာ လေး သုံးဧက နဲ့ မိုးကောင်း သောက် လယ်ကလေး ရှိလှမှ နှစ်ဧက လောက်ပါ တော် ။ အငယ်မ လင်မယား နဲ့ ခွဲယူ ကြဖို့ အမေ က ပြောတယ် ။ ကျုပ် သဘောတော့ မလိုချင် ပေါင် တော် ”

အဖေ က ထုံးစံအတိုင်း ဘာမှ ပြန် မပြောပါ ။ အမေ ဝင် ထွက် သွားလာလို့ ရပြီ ဖြစ်သော အဘွားအိမ် ကို ကျွန်တော် ရောက်ပေမဲ့ စိတ် ထဲမှာ ခင်မင်မင် မရှိပါ ။ ညီအစ်ကို မောင်နှမ ဝမ်းကွဲများ ကိုလည်း သူငယ်ချင်းတွေ လောက် ရင်းနှီးမှု မရှိပါ ။ အဘွား က ခွဲယူကြ ဆိုပေမဲ့ အမေ ကလည်း မတောင်း ၊ သူတို့ ကလည်း မပေး  ။ တစ်နှစ် တစ်နှစ် သာ ကျော်ဖြတ်လာပြီး အဖေ မြို့ပေါ်က သစ်စက် မှာ အလုပ်ရ ၍ မြို့ ကိုသာ ပြောင်းလာခဲ့ရသည် ၊ ဘာမှ မရပါ ။ အမေ ကတော့ စကား စပ်လို့ပင် မပြောပါ ။ ကျွန်တော်တို့ အသက်တွေ ကြီးလာကြပြီ ။ အမေတို့ အိုမင်း လာပြီ ။ အဖေ ကွယ်လွန်သွားပြီ ။ တစ်ခါတလေ ရွာ ကို ပြန်ကြသည် ။

“ ဟေ့ကောင်ကြီး မင်း တို့ စားဖို့ ဆီ ဟေ့ ”

“ နှမ်းပဒူလေး နဲ့ မုန့်ဆီ ကြော်ဟေ့ ”

“  ငါ့ ယာ က ထွက်တဲ့ ခရမ်းသီးလေး ယူသွားဦးကွ ”

လာပေးကြသူတွေ ထဲ တွင် အမေ နှင့် အမွေဆိုင် ခွဲ ယူရမည့် ၊ အမေ က အငယ်မ ဟု ခေါ်သည့် မိသားစု မပါပါ ။ အမေ ကလည်း ဘာမှ မပြောပါ ။ ကျွန်တော် အိမ်ထောင်ကျ သားသမီး နှစ်ယောက် မွေးပြီး တော့ အမေ က ကျွန်တော်တို့ ကျပ်တည်းမှန်း သိ၍ ရွာ မှာ ပြန် နေပါသည် ။ အရှေ့တံခါး ကြီး နားက အိမ်ဝိုင်းကြီး ကို ရောင်းရသည့် ငွေ နှင့် ဝိုင်း ကျဉ်းကျဉ်းလေး ဝယ်ကာ အိမ် ကလေး ဆောက်ပြီး ကျန်းမာစွာ ရှိနေပါသည် ။ အဲ ... အမေ့ အငယ်မ မိသားစု ကတော့ လင်မယား နှစ်ယောက်စလုံး ကင်ဆာ နှင့် ကွယ်လွန်သွားကြသည်  ။ ဆေး ကုရ၍ ယာတွေ ၊ လယ် တွေလည်း မရှိကြတော့ပါ ။

“ ဘာ ငေးနေတာလဲ ။ သေချင်လို့လား ”

ကြိမ်းမောင်းသံကြီး အနီးကပ် ကြားလိုက်ရ၍ ကြည့်လိုက်ရာ ကားဆရာ တစ်ယောက် က သူ့ ကားရှေ့ ရောက်နေသော ကျွန်တော့် ကို စိတ်ဆိုးမာန်ဆိုး ဖြစ်နေသည် ။ အတွေး ထဲမှာ နှစ်လေးဆယ် ကျော် နောက်ပြန် ခရီးသွားပြီး ရွာ ကို အလည် ပြန် ရောက်နေ သည့် ကျွန်တော် ချက်ချင်း လက်ငင်း မြို့လယ်ကောင် ပြန် ရောက် လာသည်  ။ ထမင်းစားချိန် ရောက်နေပြီဖြစ် ၍ ဟင်းဆိုင် ဝင်ကာ ကြက်သားဟင်း နှစ်တုံး ၊ ပဲပုပ်ချက် ၊ ချဉ်ပေါင်ကြော် ဝယ်ခဲ့၍ အိမ် ဘက် ကို ပြန် ခဲ့ သည်  ။ ကျွန်တော့် ဆိုင်ကယ် ဆိုက်သည် နှင့် နေ့လယ် ထမင်း စား ကျောင်း လွှတ်လိုက်သော သား နှင့် သမီး က ပြေးထွက် လာပြီး ဟင်းထုပ်တွေ ယူ သွားကြသည် ။ ကျွန်တော့် မိန်းမ ပြင်နေသော ထမင်းဝိုင်း တွင် ဝင်ထိုင်ပြီး မိသားစု ထမင်း စား ကြသည် ။ မိန်းမ က သား နှင့် သမီး ပန်းကန်ထဲသို့ ကြက်သား တစ်တုံးစီ ထည့်ပေးလိုက်သည် ။ ဒုတိယတန်း ရောက်နေပြီ ဖြစ်သည့် သမီး ကြီး က စူးစူးစမ်းစမ်း မျက်နှာ လေး နှင့် ကျွန်တော့် ကို မော့ကြည့်သည် ။

“ ဟင် ... ဖေဖေ က ကြက်သား မစားဘူးလား ”

ကျွန် တော့် ထမင်း ပန်းကန် ထဲသို့ ပဲပုပ်ချက် ခပ် ထည့်ရင်း ကျွန်တော် ဖြေပါ သည် ။

“ ဖေဖေ မှ ကြက်သား မကြိုက်တာ ၊ ဖေဖေ က ပဲပုပ်ချက် သိပ် ကြိုက်တာ သမီး ရဲ့ ”

ထိုအချိန်တွင် ငရုတ်သီး ထောင်း တွေ အားရပါးရ ကော် စားနေသော ကျွန်တော့် အဖေ ကို လှိုက်လှိုက်လှဲလှဲ တမ်းတမ်းတတ သတိရနေမိ ပါတော့သည် ။

◾   ယဉ်ယဉ်နု ၊ မန္တလေး ၊

📖   ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
        ဖေဖော်ဝါရီလ ၊ ၂၀၁၇ ခုနှစ်

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment