Tuesday, March 22, 2022

ပွဲစား ဘိုးထူး


 

❝ ပွဲစား ဘိုးထူး ❞

အထက် မြန်မာပြည် ရေနံချောင်းမြို့ အနီး မော်တော်ကားလမ်းမကြီး ပေါ်ရှိ ညောင်ပင်သာရွာကြီး မှ ပွဲစားဦးကျောက်လုံး နှင့် တပည့် ဖြစ်သူ ဘိုးထူးတို့သည်  ၊ ဂျပန် လက်ထက်တွင် အထက် မှ ကုန်စည်များကို ဘတ်စ်ကား တစ်စင်း နှင့် တင်ဆောင်ကာ ရန်ကုန်မြို့ ကြည့်မြင်တိုင် ဈေးကြီး အနီး  ၊ ရွှေပြည်တော် ပွဲရုံသို့ ဆိုက်ရောက်လာ ကြ၏ ။ ဘိုးထူး သည် ရန်ကုန်မြို့ သို့ တစ်ခါတစ်ခေါက် မှ မရောက်ဖူးသူ ဖြစ်၏ ။ ပွဲစား ဦးကျောက်လုံး သည် ညောင်ပင်သာ ရွာသား ဘိုးထူး အား တပည့် အဖြစ်ဖြင့် ခေါ်ဆောင်လာခဲ့ခြင်း မှာ ဘိုးထူး သည် ရိုးသားဖြောင့် မတ်၍ ဖျတ်လတ်သူ လူငယ်တစ်ဦး ဖြစ်သည့်အပြင်  ၊ ဆွေမျိုးလည်း အနည်းငယ် တော်စပ်သောကြောင့်ပင် ဖြစ်၏ ။ ဦးကျောက်လုံး နှင့် ဘိုးထူး တို့ ဆွေမျိုးတော်စပ် ပုံမှာ ဦးကျောက်လုံး ၏ အစ်မ နှစ်ဝမ်းကွဲ ဖြစ်သူ ဒေါ်သစ် ၏ သမီး အပု မှာ ဘိုးထူး နှင့် လင်မယား တော်စပ်၏ ။ ဦးကျောက်လုံး သည် ဘိုးထူး ၏ မယားအပု အား ဘိုးထူး အတွက် ပြောကြား တာဝန်ခံပြီးလျှင်  ၊ ညောင်ပင်သာရွာ မှ ရန်ကုန်မြို့ သို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်၏ ။ ဘိုးထူး သည် ညောင်ပင်သာရွာ မှ ရန်ကုန်မြို့သို့ ရောက်လာ သည့်အခါတွင် ရန်ကုန်မြို့ သို့ တစ်ခါတစ်ခေါက်မျှ မရောက်ဖူးသူ ဖြစ်၍ မိမိ ကိုယ် ကို အတော်ပင် အထင် ကြီးသွား၏ ။ စိတ် ပြောင်းချင်သလိုလို ဖြစ်သွား၏ ။

အချိန်ကား ရန်ကုန်မြို့ တွင် ဂျပန် လက်ထက် ဖြစ်၍ ဂျပန်တို့မှာ စစ်ပစ္စည်းရော - စားနပ်ရိက္ခာပစ္စည်းပါ မလုံမလောက် ကောက်သင်းကောက် ရောက်ရာနေရာ တိုင်းတွင် ဝယ်ယူနေရသော အချိန် ဖြစ်၍ သံတိုသံစ မှ ဂျပန်ငွေစက္ကူ ဖြစ်နေ ၏ ။ အဝတ်စုတ်ပုလင်းဟောင်းမှ ဂျပန်ငွေစက္ကူ ဖြစ်နေ၏ ။ ဟင်းသီးဟင်းရွက် မှ ဂျပန်ငွေ စက္ကူ ဖြစ်နေ၏ ။ ထိုကဲ့သို့ ပစ္စည်းရှားပါးကာ ဂျပန် က ရသမျှတွေကို ဝယ်နေသဖြင့် ပွဲစားတွေ မှိုလို ပေါက် နေတော့၏ ။ ရန်ကုန်မြို့ကြီး တွင် ပွဲစားများ ခြေချင်း လိမ်နေတော့ ၏ ။ ဂျပန်ငွေ အရှာရ လွယ်နေတော့၏  ။ ယခင်က စာရေး စာချီ ဖြစ်ခဲ့ဖူးသူလည်း ပွဲစား  ၊ ယခင်က ကူလီလုပ်ခဲ့ဖူး သူလည်း ပွဲစား  ၊ ယခင်ကလက်သမား လုပ် ခဲ့ဖူးသူလည်း ပွဲစား ။ ယခင်က ဒရိုင်ဘာ စပယ်ယာ လုပ်ခဲ့ဖူးသူကလည်း ပွဲစား ယခင်က လယ်ယာ လုပ်ခဲ့ ဖူးသူလည်း ပွဲစား စသည်ဖြင့် ရန်ကုန်မြို့ မှာ ပွဲစားမြို့ ဖြစ်နေလေ၏ ။  ။

ဘိုးထူး ကား ရန်ကုန်မြို့ သို့ ရောက်ပြီး နောက် ၃ ရက်လောက် အကြာတွင် အရောင်းအဝယ် စည်ကား၍ ပွဲစားလုပ်ငန်း ခေတ်စားနေသော ကြည့်မြင်တိုင် ရပ်ကွက် သို့ ရောက်ရှိနေသည့် အခါတိုင်း ပွဲစားမျိုးစုံ ဂျပန်ငွေ အရှာရလွယ်ကူပုံတို့ကို မျက်စိအာရုံ တွင် ထင်မြင် သိရှိ လာတော့၏ ။ ဘိုးထူး ကိုယ်တိုင်ပင် ပွဲစား အလုပ် ကို စိတ်ဝင်စား လာတော့၏ ။ သို့ဖြစ်လေရာ ဘိုးထူး သည် ပွဲစား တွေ ပြောဆိုပုံ  ၊ လုပ်ကိုင်ပုံ တို့ကို သေချာစွာ စူးစိုက်ကာ အထူးတလည် စိတ်ဝင်စားစွာ စောင့်ကြည့်နည်းလေတော့၏ ။ ဘိုးထူး ၏ စိတ်တွင် အထက်ညောင်ပင်သာရွာ သို့ ယခု အမြန် မပြန်လိုသေးဘဲ  ၊ ရန်ကုန်မြို့ တွင် ပွဲစား လုပ်ကာ ဂျပန်ငွေ ရှာဖွေစုဆောင်းပြီး မှ ဂျပန်ငွေစက္ကူ ကို သေတ္တာ နှင့် ထည့်၍ ထမ်းလျက်  ၊ ညောင်ပင်သာရွာ ရှိ မယားအပု ထံ မျက်နှာပန်းလှလှ ပြန်တော့မည်ဟု စိတ် ပိုင်း ဖြတ်လိုက်လေ၏ ။

      •••   •••   •••   ••• 

ပွဲစားဦးကျောက်လုံး နှင့် ဘိုးထူး တို့ ရန်ကုန်မြို့သို့ အထက် ကုန်များနှင့် ရောက်လာသည် မှာ ၇ ရက် အချိန် သို့ ရောက်ခဲ့လေပြီ ပွဲစားဦးကျောက်လုံး ၏ ကုန်ပစ္စည်း မှာ ပေါက်ဈေး နှင့် ရောင်းချပြီး ဖြစ်သည့်အပြင် ဦးကျောက်လုံး သည် အောက် ကုန်များ ကိုလည်း အထက် တွင် ရောင်းချရန် ဝယ်ယူ၍ ဘတ်စ်ကား ပေါ်သို့ အသင့် တင် နှင့်ပြီး ဖြစ်လေ၏ ။ သို့ဖြစ်လေရာ ဦးကျောက်လုံး ၏ ဘတ်စ်ကား သည် နောက်တစ်နေ့ နံနက် တွင် ရန်ကုန် မြို့ မှ အထက် သို့ ထွက်ခွာတော့မည် ဖြစ်လေ၏ ။

ထိုညတွင် ဘိုးထူး သည် ဦးကျောက်လုံး ၏ အနီး သို့ ကပ်၍ အရေးတကြီး ပြောလိုသော ဟန်အမူအရာ   ၊ မျက်နှာထား ပြလိုက်ရာ  ၊ ဦးကျောက်လုံး ကပင် စတင်၍ -

“ ဘာများ ပြောချင်လို့လဲ ဘိုးထူး ရဲ့ ”

“ ကျွန်တော် ပြောစရာ ရှိလို့ပါ ဦး ရဲ့ ”

“ ပြောစရာ ရှိရင် မြန်မြန် ပြော  ၊ မင်း မိန်းမ အတွက် ဝယ်စရာ ရှိရင် မြန်မြန် ဝယ်ထားကွ  ၊ နက်ဖြန် အထက် ကို ပြန်ကြရမယ် သိလား ”

“ ဟုတ်ကဲ့  ၊ သို့ပေမဲ့ ကျွန်တော် ဦး ဆီမှာ ခွင့်တောင်း ချင်တာ ရှိပါတယ် ”

“ ဘာ ခွင့် တောင်းချင်လို့လဲ  ၊ မင်း အိမ် အတွက် ဝယ် ချင်တာ ဝယ်သွားဖို့ ငွေ လိုချင်သေးလို့လား ”

“ မဟုတ်ပါဘူး ဦးရဲ့ ”

“ မဟုတ်ရင်လည်း ဟုတ်တာကို ပြောလကွာ ”

“ ကျွန်တော် နက်ဖြန် အထက်ကို ပြန် မလိုက်ချင်သေးဘူး  ၊ နောက်တစ်ခေါက် ရန်ကုန် ကို ဦး လာတော့ မှ ကျွန်တော် ပြန်လိုက်ပါရစေ ဦး ရဲ့ ”

“ အခု ပြန် မလိုက်ဘဲ ဒီမှာ မင်း ဘာလုပ်နေမလို့ လဲ  ၊ မင်း ဘယ်သူနဲ့ နေရစ်ခဲ့မလဲ  ၊ ဒါ ရန်ကုန်မြို့ ဘိုးထူး ရဲ့ ”

“ ကျွန်တော် ဒီမှာ စီးပွားရှာပြီး နေခဲ့ချင်တယ်  ၊ ဒီ ပွဲရုံ က ပွဲရုံစောင့် ကိုမှန်း နဲ့ အတူတူ နေထိုင်ဖို့လည်း ပြော ထားပြီးပါပြီ ”

“ ဘယ်လို စီးပွားရှာမှာလဲကွ  ၊ ငါ့ လည်း ပြောပြစမ်းပါဦး ”

“ ပွဲစားအလုပ် ခေတ်စားပြီး ဂျပန်ငွေ အရ လွယ်လွန်း လို့   ၊ ကျွန်တော် လည်း ပွဲစား လုပ်မလို့ပါ ဦး ရဲ့ ”

“ ဟဲ ဟဲ အာဂ ဘိုးထူး ပါကလား ”

“ ဘိုးထူး မင်းလည်း ရန်ကုန် ရောက်လို့ မျက်စိ ပေါက် ကျယ်လာပြီ ထင်တယ်  ၊ မျက်စိပေါက် ကျယ်လာ တာကတော့ ဝမ်းသာ စရာပါပဲ  ၊ သို့ပေမဲ့ ရန်ကုန် ဆိုတာ ... အေးကွယ် တစ်နေ့တော့ မင်း သိမှာပေါ့  ၊ တခြားမြို့ရွာ နဲ့ မတူဘူးကွ  ၊ မင်းတို့လို လူရိုးလူအ တွေ နဲ့ မကိုက်ဘူးကွဲ့ ”

“ ကျွန်တော့် အတွက် မစိုးရိမ်ပါနဲ့ ဦးရယ်  ၊ ကျွန် တော် စီးပွား ရှာနိုင်လို့ ကျွန်တော့် သားမယား ကို ကောင်းကောင်းမွန်မွန် ကျွေးမွေးစောင့်ရှောက်ချင်လို့ အဲဒီရည် ရွယ်ချက်နဲ့ ကျွန်တော် နေရစ်ခဲ့မှာပါ ဦးရဲ့   ၊ ကျွန်တော် ရိုးရိုးသားသား သတိတရား နဲ့ မမှားမယွင်းရအောင် မကောင်းမှုတွေ ကို ရှောင်နိုင်သမျှ ရှောင်ကြဉ်ပါ့မယ် ဦးရဲ့ ”

“ အေးလကွယ် စီးပွားရေး ဆိုတော့  ၊ မဖျက်ကောင်းဘူးကွဲ့  ။ စီးပွားရေးကိစ္စ ကို ဖျက်ရင်  ၊ လူတစ်ယောက် ကို မကြီးပွားစေချင်လို့   ၊ မနာလိုလို့ ထင်စရာ ဖြစ်လိမ့်မယ်  ၊ အေး အေး မင်း နေချင်ရင် နေခဲ့တာပေါ့လေ ဦး က ခွင့် ပြုပါတယ် ။ ကောင်းကောင်းမွန်မွန် နေရစ်ပြီး စဉ်းစဉ်း စားစား နဲ့ အလုပ် လုပ်ကွဲ့ နော် ”

“ ဟုတ်ကဲ့ ဒါနဲ့ ကျွန်တော့် မိန်းမ အပု ကို သေသေ ချာချာ ပြောပြလိုက်ပါနော် ဦး ရဲ့ ”

“ အေး အေး ”

( ၂ )

ယခုအခါ အထက်ညောင်ပင်သာရွာသား ဘိုးထူး သည် ရန်ကုန်မြို့သား ပွဲစားဘိုထူး ဖြစ်နေလေပြီ  ၊ ဘိုးထူး သည် ဂျပန်ခေတ် ပွဲစား လုပ်နည်း နိသျှည်း ကို ရွှေ ပြည်တော်ပွဲရုံ မှ စခန်းချ၍ ပွဲရုံစောင့် ကိုမှန်း ၏ အကူ အညီဖြင့် မနေမနား လုံ့လဝီရိယနှင့် ကြိုးစား၍ လေ့လာကာ ဆရာဖြစ်သူ ပွဲစားဦးကျောက်လုံး က မ,တည်ပေး သွားသော ငွေအရင်းအနှီးကလေး ကို အခြေပြုပြီး လျှင် ပွဲစား အလုပ် ကို လုပ်ကိုင်လာရာမှ  ၊ အတော်ပင် ငွေဝင်လမ်း ဖြောင့်လာတော့၏ ။ ထိုကဲ့သို့ ပွဲစား အလုပ် ငွေဝင်လမ်း ဖြောင့်လာခြင်းမှာလည်း ဘိုးထူး သည် အခြား ပွဲစားများကဲ့သို့ မဟုတ်ဘဲ  ၊ ပွဲစား အလုပ်တွင် အပင်ပန်း ခံရ မည်ကိုလည်း မကြောက်  ၊ ခြေကျင် လျှောက်၍ အရောင်း အဝယ် လုပ်ရမည်ကိုလည်း မငြင်းပယ်  ၊ ပွဲခများများ ရမှ ရောင်းပေးမည်  ၊ ဝယ်ပေးမည် ဟူ၍လည်း ရည်ရွယ်ချက် သဘော မထား  ၊ ပွဲခ ရရုံ ပွဲစားအလုပ်ကလေးများ ကိုပင် လက်ခံ လုပ်ကိုင်လျက် မိမိ ထံသို့ ရောက်လာသော ပွဲခ ဟူသမျှကို များသည် နည်းသည် မရွေးဘဲ  ၊ လက်မလွှတ် တမ်း ပွဲစားလမ်း ဖွင့်ပေးထားသောကြောင့်ပင် ဖြစ်၏ ။

ဘိုးထူး ကား ပွဲစားဘိုးထူး ဟု နာမည် ထွက်လာ၏ ။ လူသိ များလာ၏ ။ သံတိုသံစ ပွဲစားဘိုးထူး  ၊ စက္ကူစုတ် အဝတ်စုတ် ပွဲစားဘိုးထူး  ၊ ပုလင်းဟောင်း ပွဲစားဘိုးထူး ဟူ၍လည်း ထင်ရှား လာတော့၏ ။ ရန်ကုန်မြို့သား ပွဲစားများမှာ ဘိုးထူး ၏  ပွဲစားစံချိန် ကို မီအောင် အတော် ပင် လိုက်နေကြရလေ၏ ။

     •••   •••   •••   •••

ယခုအချိန်တွင် ပွဲစားဘိုထူး ၏ လက်တွင် ဂျပန် ငွေစက္ကူ အထပ်လိုက် ကိုင်လျက် သုံးစွဲနေသည်ကို တွေ့ မြင် ရပေပြီ  ၊ ထိုအချိန်တွင် ပွဲစားဘိုးထူး သည် အဆင့်အတန်း မြင့်ကာ ရွှေပွဲစား  ၊ စိန်ပွဲစား ဖြစ်နေလေပြီ ။ ဘိုးထူး သည် ဂျပန်ငွေစက္ကူ အရှိန်ကြောင့် အဝတ်အစားသစ်များ ကို နေ့စဉ် လဲလှယ်ကာ စိတ်ကြီး ဝင်စ ပြုလာလေပြီ ။ ညောင်ပင်သာရွာ မှ ရိုးသားဖြောင့်မတ်စွာ ပါလာသော ဘိုးထူး ၏ စိတ်ဓာတ် သည် ရန်ကုန်မြို့တွင် ဆန်းပြား ထူးခြားသော စိတ်ဓာတ် အဖြစ် သို့ ပြောင်းလဲလာ၏ ။

ပွဲရုံစောင့် ကိုမှန်း ၏ အမြှောက်အပင့် အားပေးမှုကြောင့်လည်း ဟိုတယ် သို့ တက်စ ပြုလာ၏ ။ အရက်ပုလင်း ကို ကိုင်စ ပြုလာ၏ ။ စီးကရက် ကို ပါးစပ် မှ ဖွာမှုတ် စ ပြုလာ၏ ။ မိန်းကလေးများ ကို မြင်လျှင် မျက်လုံး ပြူးထွက် လု မတတ် ခေါ်တောကြည့်မျိုး ကြည့်လိုသော ဟန် အမူ အရာအသစ် တစ်မျိုး ပေါ်ပေါက် လာ၏ ။ ယခုလက်ရှိ ဘိုးထူး ၏ အလေ့အကျင့် ဟန်အမူအရာ တ ို့ကို ကြည့် ခြင်း အားဖြင့်  ၊ ယခု ဘိုးထူး သည် ယခင် ဘိုးထူး မဟုတ်တော့ဘဲ စိတ်သဘောထား  ၊ အလေ့အကျင့် ဟန်အမူ အရာပါ  ၊ အစစအရာရာ သိသိသာသာ ထူးထူးခြားခြားပင် ပြောင်းလဲလာသည် ကို ကောင်းစွာ တွေ့မြင်နိုင်၏ ။

ထိုအချိန်တွင် စိန်ပွဲစား  ၊ ရွှေပွဲစား ဘိုးထူး သည် စိန်ပွဲစား ရွှေပွဲစား ဆိုသူ အသက် အရွယ် ၂၅ နှစ် ခန့် ရှိ ခေတ်ဆန်သူ မိန်းမချော မမြသန်း နှင့် အတော်ပင် အဆက်အသွယ် ဖြစ်နေ၏ ။ စိန်ရွှေများ ကို အရောင်း အဝယ် အပေးအယူ လုပ်နေ၏ ။ ဘိုးထူး သည် မမြသန်း နှင့် အတော်ပင် ရင်းရင်းနှီးနှီးဖြစ်ကာ  ၊ တစ်ခါတလေ ဘိုးထူး နှင့် မမြသန်း တို့ နှစ်ဦး ကို ရုပ်ရှင်ပြဇာတ်ရုံများ တွင် စုံတွဲ ပင် တွေ့မြင်ရ၏ ။ တစ်ခါတလေ လူရှင်းသော ကန်တော်ကြီး တစ်နေရာတွင် ရယ်ရွှင်ကြည်စွာ တီးတိုး စကား နှစ်ကိုယ်ကြား ပြောဆိုနေကြသည်ကိုလည်း တွေ့မြင်ရ၏ ။ ထိုကဲ့သို့ စိန်ရွှေပွဲစား ဘိုးထူး နှင့် စိန်ရွှေပွဲစား ဆိုသူ မမြသန်း တို့ သည် ရင်းရင်းနှီးနှီး ယုံယုံကြည်ကြည် ရှိနေကြသည့် အတိုင်း စိန်ရွှေပွဲစား ဘိုးထူး သည် ပိုင်ရှင် များက မိမိ အား ရောင်းချပေးရန် ယုံကြည်၍ လွှဲအပ်ထား သော စိန်ရွှေပစ္စည်းများ ကို မမြသန်း ၏ လက်တွင်းသို့ လက်လွှဲအပ်နှင်းကာ တစ်ဆင့် ရောင်းချစေလေ့ ရှိ၏ ။ သို့ ဖြစ်လေရာ ပိုင်ရှင်တို့ က ပွဲစားဘိုထူး အား လွှဲအပ် ထားသော စိန်ရွှေပစ္စည်း များ မှာ ဘိုးထူး ၏ လက်မှ တစ်ဆင့် မမြသန်း ၏ လက်သို့ မကြာခဏ တဝဲလယ်လယ် ရောက်နေလေတော့၏ ။

     •••   •••   •••   •••

( ၃ )

၅ လ ခန့် ကြာသောအခါ ပွဲစား ဦးကျောက်လုံး သည် ဘတ်စ်ကား နှင့် အထက်ကုန်များ ကို တင်ဆောင်လျက် ညောင်ပင်သာရွာမှ ရန်ကုန်မြို့သို့ တစ်ဖန် ပြန် ရောက်လာကာ  ၊ ကြည့်မြင်တိုင် ရွှေပြည်တော်ပွဲရုံ ရှေ့၌ ဘတ်စ်ကား ကို ဆိုက်ကပ်လိုက်သည် နှင့် တစ်ပြိုင်နက် ပွဲရုံ စောင့် ကိုမှန်း သည် ဘတ်စ်ကား အနီး သို့ ထွက်၍ ခရီး ဦးကြို ပြုရန် ရောက်လာသည်နှင့် ပွဲစားဦးကျောက်လုံး ကပင် စတင်၍ -

“ ဘယ့်နှယ်လဲ ကိုမှန်း ရဲ့   ၊ ကျုပ် လူ ဘိုထူး တော် တော်ဟန်ကျနေပြီလား  ၊ ပွဲစားကြီး ဖြစ်နေပြီ ထင်တယ် ”

“ ဟာ မပြောပါနဲ့တော့ ဦးရယ်  ၊ ဘိုးထူး ဟာ ခေ တော့ မခေပါဘူး ။ ပွဲစား အလုပ်ကတော့ အဟန်သား ခင်ဗျာ  ၊ သို့ပေမဲ့ ... ”

“ သို့ပေမဲ့ လုပ်မနေစမ်းပါနဲ့  ၊ သူ့ မိန်းမ အပု ကလည်း စိတ် ပူလှပြီ  ၊ ဒီတစ်ခေါက်တော့ ရွာ ကို အပါ ပြန် ခေါ်လာ ပါ လို့ မှာ လိုက်တယ်ကွဲ့ ”

“ ပွဲရုံ ထဲ မှာ ဘိုးထူး ရှိပါတယ် ၊ နေ မကောင်းလို့တဲ့ ဦး ရဲ့ ၊ ဦး နဲ့ တွေ့တော့ အလုံးစုံ ပြောပြပါလိမ့်မယ် ။ ခပ် ဖြည်းဖြည်းမှပဲ သိတာပေါ့ ဦးရယ် ”

“ ဪ ... နေမကောင်းလို့တဲ့လား  ၊ ဖြစ်မှဖြစ်ရ ပလေကွာ  ၊ အေး အေး  ၊ ငါ့ လူ ဆီ သွားလိုက်ဦးမှပဲ  ၊ ဒီ ကား မှာ ပါလာတဲ့ အထက်ကုန်တွေ ကို မင်း ကြည့်ပြီး ပွဲရုံထဲ ရောက်အောင် အကျိုး ဆောင်လိုက်စမ်းပါကွယ် ။ ကူလီ ငှားသင့်ရင်လည်း ငှားလကွာ ” ဟု ပြောရင်း  ၊  ဘတ်စ် ကားပေါ်မှ ဆင်းကာ ပွဲစားဦးကျောက်လုံး သည် ပွဲရုံ ထဲ သို့ ဝင် သွားလေ၏ ။

       •••   •••   •••   ••• 

ဘိုးထူး သည် ပွဲရုံ ထဲတွင် ဝေဒနာကြောင့် အိပ်ပျော် နေရာမှ  ၊ “ ဟေ့ ဘိုထူး ဘိုးထူး ” ဟု ခေါ်သံကြားသဖြင့်  ၊ အိပ်ရာမှ လန့် နိုးကာ အသံ ကြားရာဘက်သို့ မော့ကြည့် လိုက်ရာ မိမိ ၏ အိပ်ရာ ခုတင် အနီးတွင် ပွဲစားဦးကျောက်လုံး ရပ်နေသည်ကို တွေ့မြင်လိုက်သည် နှင့် တစ်ပြိုင်နက်

“ အမယ်လေး ဦး ရဲ့ ဦး စကား ကို ကျွန်တော် နားမထောင်မိလို့ ကျွန်တော် မှားပြီ  ၊ ကျွန်တော် ဒုက္ခ ရောက်နေပြီ  ၊ ကယ်ပါဦး ဦး ရဲ့ ” ဟု မျက်ရည်များ ရစ်ဝဲ လျက် ပြောလိုက်ရာမှ -

“ ဘယ်လိုဖြစ်နေတာလဲ ဘိုးထူး ရဲ့ ၊ မင်း မြင်ရတာ စိတ် မချမ်းသာစရာကွာ ၊ မင်း ခေါင်းကိုက်နေဦးမယ် ။ မျက်ရည်တွေ သုတ်လိုက်ကွယ် ၊ ကဲ ဘယ်လိုဘယ်ပုံ ဆို တာကို ငါ့ ပြန်ပြောစမ်းပါဦးကွ ။ ထွီ အစတည်းက ငါ သတိပေးသားပဲကွာ ”

“ ဒီလိုပါဦးရဲ့ ၊ ဦး အညာ ကို ပြန်သွားပြီးတဲ့ နောက် မှာ ကျွန်တော် ပွဲစား အလုပ် ကို လုပ်တာ တော်တော်ပဲ အကျိုးကျေးဇူး ရှိပါတယ် ။ နောက်ဆုံး ကျွန်တော် ဟာ စိန်ရွှေပွဲစား အဆင့်အတန်း ရောက်လာပြီး အဲဒီအချိန် ကျွန်တော့် လက်ထဲမှာ ဂျပန်ငွေစက္ကူ ၃ သောင်း ကျော် စု မိနေပါတယ် ။ ပြီးတော့ မပြောချင်ပါဘူး ဦးရယ် ”

“ မပြောချင်ပါဘူး လုပ်မနေစမ်းပါနဲ့ ၊ ပြောစရာ ရှိတာ တစ်ခု မကျန် အကုန် ပြောစမ်းပါကွ ဘိုးထူး ရဲ့ ”

“ အဲဒီအချိန်မှာ စိန်ရွှေပွဲစား ဆိုတဲ့ မမြသန်း ဆိုသူ မိန်းကလေးတစ်ယောက် နဲ့ ဆက်သွယ်မိပြီး ကျွန်တော် သူ နဲ့ အတူတူ စိန်ရွှေပစ္စည်းတွေ ကို အရောင်းအဝယ်ပွဲစား လုပ် ကြပါတယ် ။ စိန်ရွှေတွေ ကို တစ်ခါတလေ သူ က တစ်ဆင့် ကျွန်တော့် ဆီ က ယူပြီး အရောင်းအဝယ် ပွဲစား လုပ်ပေးပါတယ် ဦး ရဲ့ ။ ဒါနဲ့ ...  ”

“ ဒါနဲ့ လုပ် မနေစမ်းပါနဲ့ ခပ်မြန်မြန် ပြောစမ်းပါ ကွ ။ ပြီးတော့ ဘာဖြစ်သလဲ ”

“ တစ်နေ့ကျတော့ ပိုင်ရှင်တွေ က ကျွန်တော့် ကို အရောင်းအဝယ်ပွဲစား လုပ်ဖို့ အပ်ထားတဲ့ စိန်ရွှေပစ္စည်း ၃ သောင်းကျော်ဖိုး ကို တစ်ဆင့် ရောင်းပေးမယ် ဆိုပြီး သူ ယူသွားတာဟာ ခုအချိန်အထိ ပြန် မလာတော့ပါဘူး ဦးရယ် ။ ခဲလေသမျှ သဲရေကျ ဆိုသလို ကျွန်တော် အပင် ပန်းခံပြီး ပွဲစား လုပ်လို့ ရသမျှ ငွေဟာ သူ လိမ်သွားတဲ့ စိန်ရွှေပစ္စည်းတွေ အတွက် ပစ္စည်းပိုင်ရှင်တွေ ကို စိုက် ထုတ်ပြီး တောင်းတောင်းပန်ပန် နဲ့ လျော်ကြေး ပေးလိုက် ရပါတယ် ဦး ရဲ့  ။ ဒါကြောင့်မို့ ကျွန်တော့် လက်ထဲမှာ တစ်ပြားတစ်ချပ် မှ မကျန်တော့ဘဲ ဦး က ရင်းနှီးဖို့ ပေး သွားတဲ့ငွေ ၃ဝဝ လည်း ဆုံးသွားပါပြီ ဦးရဲ့ ”

“ ဒါနဲ့ အခု မင်း နေထိုင်မကောင်း ဖြစ်နေတာဟာ ငွေ အတွက် စိတ် စွဲပြီး ရောဂါ ရနေတာလား ”

“ မဟုတ်ပါဘူး  ၊ စိန်ရွှေပွဲစား ဆိုတဲ့ ဟိုကောင်မ နဲ့ မကြာခဏ တွေ့ဆုံရာ က စပြီး  ၊ အခုတော့ သူ့ ရောဂါ တွေ ကျွန်တော့် ဆီ ရောက် နေတာပါပဲ ဦးရယ် ”

“ အေးလကွယ် သိပါပြီ  ၊ ဟိုကောင်မ ကို ငွေ ၃ သောင်း ကျော် ပေးပြီး သူ့ ရောဂါ ကို လည်း မင်း က ဝယ်ယူ လိုက်တယ် ဆိုပါတော့လေ ။ ထွီ အစကတည်းက  ရန်ကုန် အကြောင်း ကို ငါ သတိအပေးသား ကွာ ဘိုးထူး ရယ် ”

“ ဦး စိတ်ဆိုးရင်လည်း ခံ ရတော့မှာပါပဲ ။ ကျွန်တော် မှားပါပြီ ။ ရန်ကုန်မြို့ကိုလည်း ကြောက်ပါပြီ ညောင်ပင်သာရွာ အပု တို့ ဆီ ကိုသာ ပြန် ခေါ်သွားပါတော့ ။ ဦး ကျေးဇူး ကို တစ်သက်လုံး မမေ့ပါဘူး  ၊ ဒီတစ်ခါ ကယ်ပါဦး ဦးရယ် ”

“ ရန်ကုန် ဆိုတာ ဘယ်လိုဘယ်ပုံ အကုန်အစင် ရန်ကုန် ဗဟုသုတ အစုံအလင် ကို မင်း သိရပြီမဟုတ်လား  ၊ မင်း တို့ လို လူရိုးလူအ နဲ့ ရန်ကုန်မြို့ ဟာ ဘယ် နည်းနဲ့ မှ မဖြစ်နိုင်ဘူး ဆိုတာကို  ၊ ငါ သတိပေးခဲ့တယ် မဟုတ်လား ။ ဒီဟာ ဆရာ ပဲ နောင် ကို သတိထားဖို့ လို တယ်ကွဲ့ ဘိုးထူးရဲ့ ”

“ မှားပါပြီ ဦးရယ်  ၊ နောင် ကို သတိ ထားပါ့မယ် ”

“ အေး .. အေး  ၊ ပြီးတာ ပြီးပါစေတော့ကွယ်  ၊ မင်း မိန်းမ အပု ကလည်း မင်း ကို အခုတစ်ခေါက် မှာ ရွာ ကို အပါ ပြန်ခေါ်လာဖို့ ဦး ကို မှာလိုက်တယ် ။ ရွာ မှာပဲ အေးအတူ ပူအမျှ လုပ်ကိုင်စားမယ် တဲ့ ။ ဒါကြောင့်မို့ အခု ပြန်ရင် မင်း ကို ပြန် ခေါ်သွားမယ် ။ ဘာမှ မပူနဲ့  ၊ အား ငယ် မနေနဲ့နော် စိတ် ကောင်းကောင်းထား ဟုတ်လား ”

“ ကျေးဇူး အထူးတင်ပါတယ် ဦး ရယ် ”

“ ပြီးတော့လည်း ဟို ကောင်မ ဆီ က အမွေ ရထားတဲ့ မင်း ဟို အနာရောဂါ ကိုလည်း ဆေး ကုဖို့ ဆေးဖိုးငွေ ငါ ပေးမယ် ။ ဒီတစ်ခေါက်တော့ ရန်ကုန် မှာ တစ်လ လောက် ကြာလိမ့်မယ် ။ အရေးကြီးတဲ့ အောက်ကုန်တွေ ကို စီစဉ်စရာကိစ္စတွေ အများကြီး ရှိနေတယ် ။ ဒီ တစ်လ လောက် အတွင်းမှာ မင်း အနာရောဂါ ဟာလဲ ပျောက်သင့် သလောက် ပျောက် သွားမှာပဲ  ၊ ဒီ အနာလောက် နဲ့ မသေ နိုင်ပါဘူး ဘိုးထူး ရယ်  ၊ မင်း က လူရိုးလူအ ဆိုတော့ ဒါမျိုးကို တစ်ခါမှမကြုံဖူးလို့ ကြောက် နေတာပါ ။ ဘာမှ မကြောက် နဲ့ သိလား  ၊ ကျကျနန ဆေး ကုလိုက်ရင် ခဏ ကလေး နဲ့ ပျောက် သွားမှာပါကွဲ့  ။ မင်း အနာရောဂါ အတွက် ငါ ဆေးဖိုး ငွေ ပေးပါ့မယ် ။ အား မငယ်စမ်းပါနဲ့ ကွယ် ” ဟု ပြောနေစဉ် ရွှေပြည်တော် ပွဲရုံ ပိုင်ရှင်ဦးစံအေး မှာ ပွဲရုံ ထဲ သို့ ဝင်လာသည် ကို တွေ့မြင်လိုက် သဖြင့် ပွဲစား ဦးကျောက်လုံး သည် ဘိုးထူး နှင့် စကား ဖြတ် ကာ ဦးစံအေး ထံ သွားရောက်၍ နှုတ်ခွန်းဆက် ပြီးလျှင် အရောင်း အဝယ် ကိစ္စ ကို စားပွဲကုလားထိုင် နှင့် မျက်နှာချင်းဆိုင် ထိုင် လျက် နှစ်ယောက်သား အရေးတကြီး ဆွေးနွေး တိုင်ပင် စီစဉ်နေကြလေသတည်း ။

◾  ရွှေပိန်သောင်း

📖  အရှေ့တိုင်းစာစဉ်
    ၁၉၄၅ ခု   ၊ ဒီဇင်ဘာလ

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment