❝ သူတော်ငတေ နှင့် သူတော်ကောင်းတရား ❞
တစ်နေ့သ၌ သူတော်ငတေ ထံ ဗေဒင်ယတြာ ပညာ သင်ရန် ကျောင်းသားတစ်ယောက် လာ အပ်သည် ။ ထိုကျောင်းသားသစ် ၏ နာမည်မှာ မောင်တင်ဖေ ဖြစ်သည် ။ မောင်တင်ဖေ ၏ အဖေ အမေ တို့ မှာ သူ တို့ တောင်ရင်းရွာ ၌ လူချမ်းသာ ကြေးရတတ်များ ဖြစ်ကြသည် ။
မောင်တင်ဖေ မှာ တစ်ဦးတည်းသော သား ၊ ငယ်စဉ်ကပင် မိဘများ က လည်း အလို လိုက် ထားကြ၍လား မသိ ဘာမဆို သူ လိုချင်တာ ၊ သူ လုပ်ချင်တာ လုပ်ရမှ ကျေနပ်သူ ဖြစ်သည် ။ သူ လုပ်လျှင် ဘာမဆို ဖြစ်မည် ဟူသော စိတ်ကြီး ဝင် အထင်ရှိသော ကျောင်းသား တစ်ယောက် လည်း ဖြစ်သည် ။ သူ့ ကိုယ် သူ ထိုသို့ အထင် ရှိ သော်လည်း အမှန်တကယ်မှာ မူ ဉာဏ် အင်မတန် ထိုင်းသည် ။ ဘဝမြင့် နေသူ တို့ ၏ ထုံးစံအတိုင်း သူများ ပြောသော စကားများ ကို လည်း မနာခံ တတ် ။ ထို့ကြောင့် သူ့ ထက် အရင် သူတော်ငတေ ဆီ ရောက်နေကြသော ကျောင်းသားကြီးများ ၏ စကားကို လည်း မလိုက်နာ ။ သူ ထင်ရာ သူ လုပ်ပြီး ခပ်ပေါပေါ ခပ်ကြောင်ကြောင် နေတတ်သည် ။
ဉာဏ်ထိုင်းသည့် အပြင် ခပ်ပေါပေါ ခပ်ကြောင်ကြောင် ဖြစ်သဖြင့်လည်း ဗေဒင် သင်ရာတွင် ခရိုင် ကိုးကြောင်း နှင့် တစ်မိုး အောင်း သွားသည် ။ ထို ခေတ် က ဗေဒင်ပညာ ၏ အခြေခံ ကျမ်းများ ဖြစ်သော သံဒိဋ္ဌ ၊ မကရန္တ လက်ရိုးကျမ်းများကို စတင် သင်ကြားရန် အရည်အချင်း မမီသေး သဖြင့် သူတော်ငတေ လည်း မောင်တင်ဖေ ကို ဒွေး ဧ ကဒွေး ၊ ဒွေး ဒွေး စာ ရ မှ တစ်ခါ ထပ်ပြီး နော ဧကနော အထိ ခရိုင် ကိုးကြောင်း ကို ကျေညက်အောင် တစ်ခါ ထပ် တွက်ခိုင်း ထားသည် ။ သူ နှင့် အတူ ကျောင်း လာအပ်ကြ သော တစ်နေ့တည်း ကျောင်းသား များ မိုး ကုန်၍ သံဒိဋ္ဌလက်ရိုး ကို တတ် သွားကြသောအခါ မောင်တင်ဖေ မှာ စိတ်ဓာတ် ကျလာပုံရသည် ။
ခရိုင်ကိုးကြောင်း နှင့် ပင် လုံးလည် ချာလည် လိုက်ကာ သူ ဉာဏ်ထိုင်းသည့် အဖြစ် ကိုလည်း သူ့ ကိုယ် သူ ရိပ်စားမိလာပုံ ရသည် ။ ထိုအခါ သူတော်ငတေ ကို သူ က လျှောက်၏ ။
“ဘဘ ကျွန်တော် ဗေဒင် မသင်ချင်တော့ဘူး”
“ ဟင် ဘာဖြစ်လို့လဲကွ ။ မင်း ခရိုင် ကိုးကြောင်းတောင် တစ်ခေါက် ပေါက်ထားပြီပဲ ”
သူ့ ဆီ ဆေးဝါးမန္တရား ၊ ဗေဒင် စသည် လာသင်သူ မှန်သမျှ ဤသို့ တစ်ခါမှ မပြောရဲကြဘဲ ယခု မောင် တင်ဖေ က ဗေဒင် မသင်ချင်တော့ဘူး ဆိုသောအခါ သူတော်ငတေ က လည်း အံ့သြသွားသည် ။
“ ဗေဒင် တတ်ရုံနဲ့ ဈာန် ပျံနိုင်မှာမှ မဟုတ်တာ ”
“ ဗျာ ”
နဂို ကပင် ပြူး ရသည့် သူတော်ငတေ ၏ မျက်လုံး က ပို ပြူးသွား သည် ။ ပါးစပ် က လည်း “ ဗျာ ” ဟု အံ့ဩတကြီး အသံ ထွက် သွားကာ မောင်တင်ဖေ ကို ငေး ကြည့် နေသည် ။
“ ဗေဒင် တတ်ရုံနဲ့ ဈာန် မပျံနိုင်တာ တော့ သေချာတယ်နော် ဘဘ ”
“ ဟုတ်တယ်လေ ၊ ဗေဒင် တတ်ရုံနဲ့ ဘယ် ဈာန် ပျံနိုင်မလဲ ။ တခြားစီပဲ ”
“ ဟုတ်ကဲ့ ၊ အစ က ဘဘ ဆီမှာ ကျွန်တော် ဗေဒင် သွားသင်ချင်တယ်လို့ အဖေ တို့ ကို ပြောတာ ဈာန် ပျံနိုင် မယ် ထင်လို့ပါ ဘဘ ”
“ ကြံကြံဖန်ဖန်ကွယ် ၊ မဆိုင် ”
“ မသိဘူးလေ ၊ ဘဘ ကို မိုးပေါ် ပျံနိုင် တယ် ၊ ဈာန် ပျံနိုင်တယ်လို့ ကျွန်တော် တို့ တစ်ရွာလုံးက .. ”
“ အောင်မယ်လေး .. လေး .. လေ ၊ ငါ့ ကို မြေ မျို သွားပါဦးမယ် မောင်တင်ဖေ ရာ ။ မကြံကောင်း မစည်ရာ ၊ ဘယ့်နှယ် ... ဘယ့်နှယ် ဘဘ မိုးပေါ် ပျံနိုင်ရမတုံး ”
“ အများ က ပြောတယ်လေ ဘဘ ”
“ အများပြောတိုင်း မယုံရဘူးကွဲ့ ”
အခု မင်း ကို ဘဘ ကိုယ်တိုင် ပြော နေ တာပဲ ။ ဈာန် ပျံနိုင်တယ် ဆိုတာ လွယ် တဲ့ အကျင့်အကြံ မှ မဟုတ်တာ ”
”ဗေဒင် တတ် ရုံနဲ့ ဈာန် မပျံနိုင်ဘူး ဆိုရင်တော့ ကျွန်တော် ဗေဒင် ဆက် မသင်တော့ဘူး ဘဘ ။ ဈာန် ပျံနိုင်တဲ့ အလုပ်ပဲ ကျင့်ကြံ အားထုတ် လုပ် တော့မယ် ”
“ ဗျာ ဈာန် ပျံနိုင်တဲ့ အလုပ် ၊ ဘာ အလုပ်ပါလိမ့် ”
မောင်တင်ဖေ ၏ စကား ကို သူတော်ငတေ မှာ မျက်လုံး ပြူးပြီးရင်း ပြုံးရင်း ဖြစ်နေရသည် ။
“ ရသေ့ လုပ်မယ်လေ ဘဘ ၊ ကျွန်တော်တို့ အိမ်မှာ ဗုဒ္ဓဝင်တို့ ၊ ငါး ရာ့ငါးဆယ်တို့ ဆိုတဲ့ ပေစာထုပ်တွေ အများကြီး ရှိတယ် ဘဘ ။ အဲဒီ ပေစာ ထုပ်တွေ ထဲမှာ ရသေ့တွေ ဟာ ဈာန် ပျံ နိုင်တယ် ဆိုတာ ဖတ်ရတယ် ။ အဲဒါကြောင့် ကျွန်တော် ဈာန် ပျံနိုင်အောင် ရသေ့ လုပ်ချင်ပါတယ် ဘဘ ”
“ မြတ်စွာဘုရား ၊ ဈာန် ပျံနိုင်တဲ့ ရသေ့ ရဟန်းဖြစ်အောင် ကျင့်ကြံအားထုတ်နိုင်ဖို့ ဆိုတာ မလွယ်ပါဘူး ငါ့ တပည့် ရယ် ။ မင်း ရသေ့ မလုပ်ခင် ဘဘ လို သူတော် ပဲ အရင် လုပ် ကြည့်ပါလားကွယ် ”
မောင်တင်ဖေ မှာ ခပ်ပေါပေါ ခပ်ကြောင်ကြောင် အကောင် မှန်း သိသဖြင့် သူတော်ငတေ က မောင်တင်ဖေ ကို သူတော်အရင် လုပ်ကြည့်ပါလားဟု ဆိုသည် ။
“ ဟာ သူတော် တော့ ကျွန်တော် မ လုပ်ချင်ဘူး ဘဘ ။ စောစောကပဲ ဘဘ ပြောတယ်လေ ။ ဘဘ ဈာန် မပျံ နိုင်ဘူးဆို ၊ မိုးပေါ် ပျံ မပြနိုင်ဘူးဆို ။ ဒါဆို သူတော်လုပ်လို့လည်း ဘာ ထူးမှာလဲ ။ ကျွန်တော် စာတွေ ထဲ တွေ့ထား တယ် ၊ ရသေ့တွေ ဟာ ဈာန် ပျံနိုင်တယ် တဲ့ ။ အဲဒါ ကျွန်တော့်ကို ရသေ့ လုပ် ပေးပါ ဘဘ ”
“ ရသေ့ ဆိုတာ ဘယ်သူ ကမှ လုပ် ပေးစရာ မလိုပါဘူးကွယ် ။ သစ်ခေါက်ဆိုး ဝတ် ၊ ဒေါက်ချာ ဆောင်း လိုက်ရင် ရသေ့ ဖြစ်သွားတာ ပဲ မဟုတ်လား ”
“ ဟုတ်ကဲ့ ဒါပေမဲ့ ရသေ့ ဆိုတာ သစ်သီးဝလံ စားပြီး တောထဲ တောင်ထဲ နေရမယ် ဆိုတဲ့ တော တောင်အကြောင်း ၊ ညဆိုလည်း အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် အရပ်လေးမျက်နှာကို နက္ခတ်ကြည့် ပြီး သိတတ်ရတယ် လို့ စာ ထဲ ဖတ်ဖူး ထားတယ် ဘဘ ။ အဲဒါကြောင့် ရသေ့ မဝတ်ခင် ဘဘ ကျွန်တော့် ကို နက္ခတ်ပညာ တော့ အရင် သင်ပေးပါလား ”
မောင်တင်ဖေ ၏ စကားကို ကြားလိုက်ရသောအခါ သူတော်ငတေ စိတ်ထဲ နည်းနည်းတော့ ပေါ့ သွားသည် ။ အဘယ်ကြောင့်ဆို သော် ဤ သူငယ်မှာ ပေါကြောင်ကြောင် နိုင်သည့် အပြင် ကြီးကောင် ဝင်စလည်း ဖြစ်တော့ စိတ် ကယောက်ကယက် ဖြစ်ကာ ထင်ရာမြင်ရာ လုပ်ချင်နေရာ ယခု နက္ခတ်ပညာ သင် ချင်သည်ဟု ဆိုလာသောအခါ နက္ခတ်ပညာ ကို သင် ပေး ရင်းနှင့် မောင်တင်ဖေ ၏ စိတ်ကို ထိန်းကျောင်းပေးနိုင်လိမ့်မည် ဟု ထင်လိုက်သည် ။ ထို့ကြောင့် “ နက္ခတ် ပညာ ကို ဝါသနာပါ တာ ကောင်း တယ် ငါ့ တပည့် ။ ဘဘ သင်ပေးပါ့ မယ် ”
ဟု ပြောလိုက်လေသည် ။
သူတော်ငတေက သူ့ ကို ရသေ့ မလုပ်မီ နက္ခတ်ပညာ သင်ပေးမည် ဆို သဖြင့် မောင်တင်ဖေ လည်း စိတ် ကျေ နပ်သွားသည် ။ ထို့ကြောင့် မောင်တင်ဖေ သည် နက္ခတ်ပညာ သင်ကြားရန် သူတော်ငတေ ဆီ ၌ပင် ဆက်နေလေသည် ။
••• ••• ••• •••
လမိုက်ည တစ်ညတွင် သူတော်ငတေ က မောင်တင်ဖေ အား နက္ခတ် ပညာ သင်ပြရန် ကျောင်းဝင်း ထဲ မှ အပြင် လယ်ကွင်းနား တစ်ခုသို့ ခေါ် လာသည် ။ ထိုအချိန်မှာ သန်းခေါင် နီး နေပြီ ဖြစ်သဖြင့် မိုး ထက်တွင် ရေတွက် မရသော ကြယ်များကလည်း ကောင်းကင် တစ်ခွင်တစ်ပြင်လုံး ပြည့် နေလေသည် ။
“ မောင်တင်ဖေ ၊ ဟိုကြယ်စုကို ဘာ ခေါ်လဲ သိလား ”
သူတော်ငတေ က မိုးပေါ် လက်ညှိုး ညွှန်ပြ၍ မေး၏ ။
သူတော်ငတေ လက်ညှိုး ထိုး ပြထား သော ကြယ်စု ကို မောင်တင်ဖေ က -
“ အဲဒါ ဖျောက်ဆိပ်ကြယ်လို့ ခေါ်ပါ တယ် ဘဘ ”
“ အိမ်း မှန်တယ် ၊ ဖျောက်ဆိပ် ဆို တာ အရပ် အခေါ်ပေါ့ ။ တစ်မိုးလုံး ဖျောက်ဆိပ်ချည်းပဲ လို့တောင် ဥပမာ ပြောကြတယ် ၊ ဟုတ်လား ”
“ ဟုတ်ပါတယ် ဘဘ ”
“ အေး အဲဒီ အရပ် ခေါ် ဖျောက်ဆိပ် ဆိုတာ ကြတ္တိကာနက္ခတ် ကွဲ့ ။ ကြတ္တိကာကြယ် ခုနစ်သွယ် ၊ ကြက် ငယ်စုသလို တဲ့ မှတ်ထားနော် ”
“ ဟုတ်ကဲ့ ဘဘ ၊ ဖျောက်ဆိပ် ဆို တာ ကြတ္တိကာနက္ခတ် လို့ မှတ်ထားပါ့ မယ် ဘဘ ”
“ အဲဒီ ကြတ္တိကာနက္ခတ်ဟာ ဘယ်လို အနေအထား ရှိရင် ဘယ် အချိန်မှာ ဘာ ဖြစ်တတ်တယ် ဆိုတာ တစ်ခါတည်း ကြည့်ရုံနဲ့ မသိနိုင်ဘူး ။ တစ်ညတည်း ကြည့်ရုံနဲ့ မမြင်နိုင်ဘူး ။ ဒီတော့ ခုလောလောဆယ်မှာ ငါ့ တပည့် နက္ခတ်တွေ ကို ပဲ အရင် ကြည့် လိုက်တာနဲ့ သိအောင် ဘဘ ပြမယ် ။ ဟိုကြယ်ကြီး တစ်လုံးတည်းကို ဘာ ခေါ်လဲ သိလား ”
သူတော်ငတေ လက်ညှိုး ထိုးပြရာ သို့ မောင်တင်ဖေ က မော့ ကြည့် ပြန်သည် ။
“ အဲဒီ ကြယ် က သိပ်တောက်တာပဲနော် ဘဘ ဘာ ကြယ်ခေါ်မှန်း ကျွန်တော် မသိဘူး ဘဘ ”
“ အဲဒါ ဓူဝံကြယ် လို့ ခေါ်တယ်ကွဲ့ မှတ်ထားနော် ”
“ ဟုတ်ကဲ့ပါ ”
“ မင်း ရသေ့ လုပ်ပြီး တောထဲ တောင်ထဲ မှာ ညည သွားရင်း လာရင်း မျက်စိ လည်သွားရင် အဲဒီ ကြယ်ကို ကြည့်ရမယ် ။ တောထဲတောင်ထဲ တင် မဟုတ်ပါဘူးကွယ် ပင်လယ် သွားတွေ လည်း အဲဒီ ကြယ် ကို ကြည့်ပြီး အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် သိတတ် ကြရတယ် ။ မြောက် မှာ ဓူဝံ ၊ တောင် မှာ ကွန်ချာ ဆိုတဲ့ ကြယ် နှစ်မျိုး ကို သိထားရင် ဘယ် ဟာ မြောက် ၊ ဘယ် ဟာ တောင် ဘက် ဆိုတာ အလွယ်လေး နဲ့ မ သိနိုင်ဘူးလား ”
“ သိနိုင်ပါတယ် ဘဘ ”
“ အေး ဟိုမှာ ကြည့် လိုက်ဦး ၊ ပုဏ္ဏဖုသျှူး ၊ ငါးလုံးပြူး နှိုင်းတုသင်္ဘော လိုတဲ့ ”
“ ဟုတ်ကဲ့ ဘဘ ”
“ မင်း ကျက်ရ မှတ်ရလွယ်အောင် မနက်ဖြန်ကျ ဘဘ နက္ခတ်လင်္ကာ တွေ ရေးပေးမယ် ။ ခုနစ်စင်ကြယ် ပြောင် အမြီးထောင် သန်းခေါင်အချိန် မှတ် တို့ ၊ ဘာတို့ ပေါ့ကွယ် ။ အဲဒီအခါ ကျရင် အချိန်ကာလ ခုနှစ်စင်ကြယ် မှာ ဘယ် ကြယ်တွေ ပို တောက်ရင် အဲဒီ နှစ်မှာ ဘယ်နေ့ သားသမီးတွေ ကောင်းမယ် ၊ ဆိုးမယ် တွေ ကို ပါ ဘဘ သင်ပြပေးမယ် ”
“ ဟုတ်ကဲ့ပါ ဘဘ ၊ ကျွန်တော် ဘ ဘဆီက နက္ခတ်တွေ သင်ပြီးမှ ရသေ့ လုပ်မယ် ဘဘ ”
“ ကောင်းပါလေ့ကွယ် ။ ဒါပေမဲ့ နက္ခတ်ပညာ ဆိုတာ အချိန်တော့ ပေး ရတယ်ကွဲ့ ”
ကြီးကောင်ဝင်စ စိတ် ကယောက်ကယက် ဖြစ်နေသော မောင်တင်ဖေ ကို သူတော်ငတေ က ဤနည်း နှင့် စိတ် တည်ငြိမ်လာလိမ့်မည်ဟု ထင်ကာ ညညမှာ နက္ခတ်တွေ ကို သင်ပြသလို သစ်ပင်တစ်ပင်၏ ပင်စည် အခေါက် ကို ကြည့် ၍လည်း အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် ခွဲခြားသိနိုင်သော နည်းတွေကို တောထဲ ခေါ်သွား၍ လက်တွေ့ သင်ပြ၏ ။ သို့သော် မောင်တင်ဖေ ၏ စိတ်ကား တည်ငြိမ် ၍ မလာ ။ နက္ခတ်တွေ အတော်အသင့် သိလာသည်နှင့် ပို၍ စိတ်ကြီး ဝင်လာကာ ရသေ့ လုပ်တော့ မည်ဟု ဆိုလာပြန်သည် ။
“ မင်း ရသေ့ လုပ်တာတော့ ဟုတ်ပါ ပြီ ၊ ဘယ် တောများ သွားနေမလို့စိတ်ကူးရှိလဲ ”
“ ကျွန်တော့် အတွက် ဘူမိ ကျတဲ့ ကျွန်တော်တို့ တောင်ရင်းရွာ နားက နေသုံးလုံး တောင်ပေါ် သွားနေမယ်လို့ မှန်းထားတယ် ဘဘ ။ အဲဒီ တောင်မှာ ဟို ရှေးရှေးတုန်းက ဈာန်ပျံ ရသေ့တွေ နေသွားတယ် ဆိုတာ ဘဘ လည်း ကြားဖူးမှာပါ ”
မောင်တင်ဖေ ၏ စကား ကို ကြား လိုက်ရသောအခါ သူတော် ငတေ မှာ ကြက်သီး ထ သွားပြန်သည် ။ ဤ အရူး က တကယ် သွားနေချင်နေ မှာလည်း စိုးရိမ် မိလိုက်သည် ။ ပြီး တော့ ခရိုင်ကိုးကြောင်း ကို ပင် တစ်မိုး သင်၍ မပေါက်သော ရူးကြောင်ကြောင် ပေါချာချာ အကောင် ၏ ဘူမိ ဆိုသော စကား ကို လည်း ပြုံးမိသွားရပြန်သည် ။ ရိုးမ နှင့် တစ်ဆက်တည်း တည်ရှိနေ သော နေသုံးလုံးတောင် ခေါ် ကျောက် တောင်ကြီး မှာ ကျောက်ဂူ လိုဏ်ခေါင်းတွေ ပေါ သည် ကိုလည်း သူတော်ငတေ သိသည် ။ ကျောက် ဂူလိုဏ်ခေါင်း ထဲ သားရဲတိရစ္ဆာန်များ လည်း ပေါသည် ။ အထူးသဖြင့် ကျောက်ခေါင်း ထဲ တွင် ကျား သားပေါက်မများ ကလည်း အမြဲ လိုလို ရှိနေတတ်သည် ။ ထို့ကြောင့်လည်း ည ကို မဆိုထားနှင့် ၊ နေ့ခင်း နေ့လယ် ၌ပင် အဖော် မပါဘဲ ဘယ် ယောက်ျားသား မှ သွားရဲသော နေရာ မဟုတ် ။ နေသုံးလုံးတောင် ဟု ခေါ်ကြ ခြင်း မှာ ကျောက်လိုဏ်ခေါင်းကြီး တစ်လျှောက်တွင် အပေါက်ကြီး သုံးပေါက် ရှိသည် ။
ပထမ အပေါက်မှာ အရှေ့ ဘက် ၌ ဖြစ်ပြီး နေ ထွက်လျှင်ထွက်ချင်း မြင်ရသဖြင့် နေထွက်ပေါက် ဟု ခေါ်ကြသည် ။ ဒုတိယ အပေါက်ကြီး မှာ ကျောက်ခေါင်းလိုဏ်ကြီး ၏ အလယ်တည့်တည့် တွင် ရှိသဖြင့် နေ မွန်းတည့် သည်ကို ကျောက်ခေါင်းထဲ ကလည်း ကြည့်၍ မြင်ရသဖြင့် မွန်းတည့်ပေါက် ဟု ခေါ်ကြသည် ။
အနောက်ဘက် တွင် ရှိသော အပေါက် မှာ လည်း နေဝင်သည် ကို မြင်ရသဖြင့် နေဝင်ပေါက် ဟု ခေါ်ကြ သည် ။ ရှေးရှေးက ဤ ကျောက်တောင် လိုဏ်ဂူထဲ၌ နေသွားကြသော ရသေ့ ၊ ရဟန်းများ သည် ဤအပေါက် သုံးပေါက် ကို အချိန်နာရီ သဘော မှတ်ကာ ကျင့်ကြံအားထုတ် သွားကြ သည် ဟု အစဉ်အလာ ပြောဆိုလာကြ သည် ။
ယခု သူတော်ငတေ ၏ တပည့် ပေါကြောင်ကြောင် မောင်တင်ဖေ က ထို နေသုံးလုံးတောင် မှာ ရသေ့ သွားလုပ်နေမည် ဆိုသောအခါ သူတော်ငတေ မှာ အံ့သြတကြီး ထိတ်ထိတ်လန့်လန့် နှင့်
“ ကြားဖူးတာပေါ့ကွာ ။ ဘဘတို့ ငယ်ငယ်တုန်း က ဦးဩဘာ ဆိုတဲ့ ဘုန်းကြီး တစ်ပါး ခေါ်သွားလို့ ကျောက်ဂူ ထဲ တောင် တစ်ခါ ရောက် ဖူးတယ် ။ ဆရာတော် ကတော့ သူ့ သီလ ၊ သမာဓိ နဲ့ ကြွမို့လား မသိဘူး ၊ ကျောက်ခေါင်း ထဲ မှာ ကျားတွေ ၊ ဝံ တွေ ဆိုလို့ တစ်ကောင် မှ မတွေ့ရဘူး ။ ဆရာတော် က သစ်ခက်တစ်ခက် အဲ နောက်မှ သိရတာကတော့ နဂါးနိုင်ပင် လို့ ပြောတဲ့ အဲဒီ သစ်ခက် ကို ယမ်း လှုပ်ပြီး ရှေ့က ကြွတော့ ဘဘ တို့ ကျောင်းသားကြီး လေးယောက် လည်း နောက် က လိုက် ဝင်ကြတယ် ။ အပေါက်ကြီး သုံးပေါက်က လူနှစ်ယောက်ဖက် လောက် ရှိလို့လား မသိဘူး ၊ အထဲက ပင်မလိုဏ်ခေါင်းကြီး တစ်လျှောက်လုံးဟာ လင်း နေတာပဲ ”
“ အဲဒီ ဆရာတော် နဲ့ ဘဘတို့ ဘာ သွားလုပ်ကြတာလဲ ဘဘ ”
“ ဆရာတော် ကတော့ ကျောက်သွေး လို့ ပြောတာပဲ ကွ ။ အဲဒီ ကျောက် လိုဏ်ခေါင်း ထဲ က ယူလာတာ ”
“ ကျောက်သွေး သောက်ရင် အသက် ရှည်တယ်တဲ့ ဘဘ ရဲ့ ။ ဘဘ ပြောတာ နဲ့ ကျွန်တော် တော့ အဲဒီ ကျောက် ခေါင်းထဲ အခုတောင် သွားချင် စိတ် ပေါက်လာပြီ ။ အဲဒီ ကျောက် ခေါင်းထဲ ဆေးကောင်း ဝါးကောင်း တွေ ဘယ်လောက် ရှိလဲမှ မသိတာ ဘဘရယ် ။ ဆေးကောင်းဝါးကောင်း ရှိ ရင် ဝိဇ္ဇာ ၊ ဇော်ဂျီ ၊ တပသီတွေလည်း လာကြမှာပဲ ။ အဲဒါ... ”
“ ဝိဇ္ဇာ ၊ ဇော်ဂျီ ၊ တပသီတွေ လာမ လာတော့ ဘဘလည်း မသိဘူး ။ ဘဘ သိတာကတော့ အဲဒီ နေသုံးလုံး တောင်ခေါင်း ထဲ ကျားသားပေါက်မ တွေ အမြဲ ရှိနေတာပဲ ။ တော်တော်တန်တန် သီလ ၊ သမာဓိ ရှိရုံနဲ့ ဘယ် သွား ဝံ့ကြမလဲ ”
“ ကျွန်တော်လည်း သီလ ၊ သမာဓိ ရှိ လာအောင် ကျင့် မှာပေါ့ ဘဘ ”
“ ကောင်းပါတယ် ၊ ကျင့်ပါ ။ ဘဘ သာဓုခေါ်ပါတယ် ”
အရူးအပေါ ကို ပြောရသည်မှာ စိတ် မရှည်စရာ ကောင်း သဖြင့် နောက်တော့ သူတော်ငတေ က “ကောင်းပါ တယ် ၊ ကျင့်ပါ ” ဟုသာ ပြောလိုက်ရတော့သည် ။ သို့နှင့် မောင်တင်ဖေ သည် ရသေ့ ဝတ်ပြီး ကျင့်ကြံအားထုတ်ရန် သူ့ ဇာတိရွာ တောင်ရင်း သို့ ပြန်သွားလေသည် ။
••• ••• ••• •••
သူ ပြောသလိုပင် မောင်တင်ဖေ ရသေ့ လုပ်သွားပြီ ဆိုသော သတင်း ကို မကြာမီ ကြား ကြရသည် ။ သူ့ အမေ ၊ အဖေ တို့ က သူတို့ မှာ ဤ သား တစ်ယောက် သာ ရှိရာ ရသေ့ မလုပ်ရန် အတန်တန် တားမြစ်ဖျောင်းဖျ ပြောဆိုကြသော်လည်း မည်သို့မျှ တား မရ ။ ထိုအခါ
“ ရသေ့ လုပ်တာတော့ လုပ်ပါ သား ရယ် ၊ ဒါပေမဲ့ ကိုယ့်ကျောင်း ၊ ကိုယ့် ကန် မှာတော့ နေပါ ။ သား အတွက် အ မေတို့ နေ့စဉ် ဆွမ်းတစ်အုပ် လာ ပို့ပါ မယ် ။ ရွာနီးဝန်းကျင် ကို ဆွမ်းလှည့် ခံ စားနေစရာ မလိုပါဘူး ”
ဟု ဖျောင်းဖျ ပြောဆိုရသည် ။
ထိုအခါ ရသေ့မောင်တင်ဖေ က
“ ရသေ့ ၊ ရဟန်း ဆိုတာ ရွာတကာ လှည့်ပြီး ဆွမ်းခံ ထွက်ရမယ်ဗျ ”
ဟု ဆိုပြန်သည် ။
“ ကဲ ဒါဆိုလည်း ဆွမ်းခံတော့ ထွက် ပါ ၊ ညည တောထဲတောင်ထဲ လျှောက် သွားနေတာတော့ မလုပ်ပါနဲ့ ။ အမေ တို့ အရပ်က သားရဲတိရစ္ဆာန်တွေ ပေါ ပါဘိနဲ့ ၊ ည ည ကိုယ့် ရွာ က ကျောင်းမှာ ပြန်ပြန် အိပ်ပါ ”
ရသေ့မောင်တင်ဖေ ကို ပြောမရမှန်း သိသဖြင့် မိဘနှစ်ပါး က တောင်းတောင်းပန်ပန် ပြောဆို ဆုံးမကြ သည် ။
“ ရသေ့ ၊ ရဟန်း ဆိုတာ အရညဝါသီ တောရပ် မှီရတယ်ဆိုတာ အမေ ၊ အဖေတို့ အိမ် က စာအုပ်တွေ ထဲမှာ တွေ့တယ် မဟုတ်လား ။ ဒါမှလည်း ဈာန် ပျံနိုင်တဲ့ ရသေ့ ဖြစ်လာမှာပေါ့ဗျ ”
ဟု ဆိုပြန်သည် ။
ဘယ်လိုမှ ပြော မရသော ရသေ့ မောင်တင်ဖေ ကို မိဘနှစ်ပါး မှာလည်း သည်အတိုင်းပင် ကြည့်နေကြရ သည် ။ မောင်တင်ဖေ ကမူ သူ့ ယုံကြည်ချက် နှင့် သူ မကြာမီ သူ သည် နေသုံး လုံးတောင် ကို သွားတော့မည် ဟု ပြော လာပြန်သည် ။
နေသုံးလုံးတောင် မှာ ရိုးမကျားကြီး များလည်း အမြဲလိုလို ရှိတတ်သဖြင့် မိဘနှစ်ပါးမှာ ရင်တထိတ်ထိတ် နှင့် ။
ရသေ့မောင်တင်ဖေ က မူ သူ့ ယုံကြည်ချက် နှင့် သူ ညည ကျ လျှင် သူ တို့ ရွာကျောင်းက ကျောင်းသားကြီး များ ကို လာနှိုး ၊ သူတော်ငတေ သင်ပြ ထားသော မိုးပေါ် က ကြယ်တာရာ နက္ခတ်တွေ ကို ခေါ်ပြ ၊ တောထဲ တောင်ထဲ သွားအိပ် လုပ် နေသည် ။
သည်လိုနှင့် တစ်နေ့ ညနေ နွားရိုင်းသွင်းချိန်တွင် တောထဲမှ ရသေ့မောင်တင်ဖေ အော်သံ ကြား သဖြင့် အနီးအနားရှိ ယာတဲ ၊ လယ်တဲ မှ လူများ လိုက်သွားကြရာ ရသေ့ မောင်တင်ဖေ ကို ဝက်ဝံကြီး တစ် ကောက် က လုံးထွေး ကိုက်သတ် နေသည်ကို တွေ့ရသဖြင့် အော်ဟစ် ခြောက်လှန့် ဝင်ရိုက်ကြရာ ဝက်ဝံ ကြီးမှာ တောထဲ ဝင်သွားလေသည် ။
သို့သော် ရသေ့မောင်တင်ဖေ ကား အသက် မရှိတော့ ။ ထိုအခါ သွေးသံ အလိမ်းလိမ်း ဖြစ်နေသော ရသေ့မောင်တင်ဖေ ၏ အလောင်း ကို သူ့ မိဘ အိမ်သို့သာ ထမ်းယူ လာပို့ကြရတော့သည် ။ တစ်ဦးတည်းသော သား ရသေ့မောင်တင်ဖေ ၏ အလောင်း ကို မြင်ရသောအခါ သူ့ အမေ မှာ ငိုရှိုက် ရင်း က တက် သွားသည် ။ ဦးဖေမောင် မှာလည်း ယူကျုံးမရ အပူလုံး ကြွကာ ငိုလိုက် ပြောလိုက်နှင့် ဆောက်တည်ရာ မရ ဖြစ် နေ၏ ။
သူတို့ ၏ တစ်ဦးတည်းသော သား မောင်တင်ဖေ ဤသို့ အသေဆိုး နှင့် သေရခြင်း မှာ သူတော်ငတေ ကြောင့် ဟု သူတော်ငတေ ကို ကျိန်ဆဲကြသည် ။ သူ့ သား အား ဗေဒင်ယတြာ ပညာ သင်ပေးပါ ဟု အပ်ထားပါ လျက် နက္ခတ်ပညာ ဟု မဟုတ်မဟတ်တွေ ကို သင် ပေးလိုက် သဖြင့် ည မအိပ်ဘဲ တောထဲတောင်ထဲ သွားနေ ၊ အချိန်မတော် မှာ ကောင်းကင်ပေါ် မော့ကြည့် ၊ ကြယ် တွေကို ရေတွက် လုပ်နေသဖြင့် ဤသို့ သေရသည် ဟု ဆိုကာ သူတော်ငတေ ကို ပင် ခုချက်ချင်း သွား သတ်တော့ မည် လုပ်သဖြင့် ဦးဖေမောင် ကို ဝိုင်း ဆွဲ ဖျောင်းဖျ ထားကြရသည် ။
သည်လိုနှင့် ရသေ့မောင်တင်ဖေ အား တစ်လပြည့် အလှူ နေ့ နီးလာသောအခါ ရွာသူရွာသားတွေက သူတော်ငတေ ကို ပြောကြသည် ။ မောင်တင်ဖေ လေး သေ သွားသည့် ကိစ္စနှင့် ပတ်သက်၍ မောင်တင်ဖေ ၏ အမေ ၊ အဖေများ က သူတော်ငတေ အပေါ် တော်တော် မကျေမနပ် ဖြစ် နေကြရာ မောင်တင်ဖေ မှာ သူ့ တပည့်လည်း ဖြစ်သဖြင့် ယခုထိ မောင်တင်ဖေ ၏ သောက ပရိဒေဝ ကြောင့် မစားနိုင်မအိပ်နိုင် ဖြစ်နေကြ သော ဦးဖေမောင် တို့ လင်မယား ကို ဖျောင်းဖျောင်းဖျဖျ သွား ပြောသင့် ကြောင်း ၊ နောက်ဆုံး သူ့ တပည့် တစ်ယောက် အနေ နှင့် သတင်းမေး သဘောပဲ ဖြစ်ဖြစ် သွားသင့်ကြောင်း ရွာသူရွာသားတွေ က ဝိုင်း ပြောကြ သည် ။
“ ဟေ့ လူတွေ ၊ ခင်ဗျားတို့ ပြောတာတော့ ဟုတ်ပါရဲ့ ၊ ဒါပေမဲ့ အနာတက် ခိုက် ဆေးမလိုက် ဆိုတာ ရှိတယ်ဗျ ။ ဖေမောင် ဆိုတဲ့ကောင် ကလည်း သူ့ သား လိုပဲ ခပ်ကြောင်ကြောင် ခပ် ပေါက်ပေါက် အကောင် ဆိုတော့ ဒီကောင် ကျုပ်ကို တဆဲ တည်း ဆဲ ၊ တဆို တည်း ဆို ဒေါသတကြီး လုပ်နေ တယ် ဆိုတာ ကျုပ် ကြားပါတယ် ။ အခုနေခါ သူ့ သားရဲ့ သောက ပရိဒေဝမီး က သိပ် တောက်နေတော့ ကျုပ် မသွားသင့်သေးဘူး ထင်လို့ ကျုပ် မသွားတာပါ ”
“ မဟုတ်သေးပါဘူးလေဗျာ ဦးသူတော် ၊ ဘာပဲဖြစ်ဖြစ် ဦးသူတော် တပည့်ပဲ ။ ပြီးတော့ ဦးသူတော် က ဒီ ရပ်ဒီရွာမှာ လူကြီး တစ်ယောက် အနေ နဲ့ ဖြစ်ဖြစ် ၊ သတင်းမေးပဲ ပြောပြော သွား သင့်တာပေါ့ ။ ခုဆို မောင်တင်ဖေလေး ဆုံးသွားတာလည်း တစ်လ နီးပြီ ပဲ ။ ဦးဖေမောင် လည်း စိတ်ပြေ သလောက် ပြေလျော့ပေါ့ ”
“ အဲဒီတော့ မောင်တင်ဖေ ရဲ့ အခြေအနေ ကို ပြောပြဖို့ ဦးသူတော် တစ်ခေါက်လောက်တော့ သတင်း သွား မေးသင့်တယ် ။ ဒါမှ ဦးဖေမောင် ကလည်း စိတ် ပြေမှာပေါ့ ။ ခုတော့ ဦးသူတော် က သတင်းမေးတောင် တစ်ခေါက် မလာဘူး ဆိုတော့ ဦးဖေမောင် ဆိုတာက သူ့ရပ် သူ့ရွာ မှာ ကြေးရတတ် လူချမ်းသာ ၊ ရွာလူကြီး ဆိုတဲ့ ဂုဏ်ဒြပ် ကလည်း ရှိသေး ... ”
“ တော်ကြစမ်းပါဗျာ ၊ ဖေမောင် ဆို တဲ့ ရူးကြောင်ကြောင် အကောင် ကို များ ဘယ်လူက လူကြီး ခန့်ထားပါ လိမ့် ”
“ ဟာ ဦးသူတော် ကလည်း သူတို့ တောင်ရင်း တစ်ရွာလုံးက ကျေနပ်လို့ ခန့် ထားကြတာပါဆို ။ သူ က ရပ်မှာ ရွာမှာ အလှူ အတန်း ဆိုလည်း ထိပ် ဆုံး က ဗျ ”
ရွာသားကြီးတွေ ၏ စကား ကို သူတော်ငတေ က တဟားဟား ရယ် နေသည် ။
“ မရယ်နဲ့လေ ဦးသူတော် ၊ ကိုယ့် လောကဝတ်ပေါ့ ။ တစ်ခေါက် လောက်တော့ သတင်း သွားမေး လိုက်စမ်းပါ ။ ဒါမှလည်း ဦးဖေမောင် က လာ မေးဖော်ရတာ ကို ကျေးဇူး တင်ပြီး စိတ် ပြေမှာပေါ့ ”
ရွာလူကြီးတွေ က ဝိုင်း ပြောကြ သောအခါ သူတော်ငတေ က ရယ် ကျဲကျဲနှင့်
“ အေးပါ ၊ ကျုပ် သွားသင့်တဲ့ အချိန် ကျရင် သွားမှာပါ ။ ခင်ဗျားတို့ ကျုပ် ကို ပြောချင်နေကြတာ ဒါပဲ
မဟုတ်လား ။ ပြီးပြီပေါ့ ”
ဟု ပြောကာ သူတော်ငတေ ထ သွားလေသည် ။
••• ••• ••• •••
သည်လိုနှင့် ရသေ့မောင်တင်ဖေ သေပြီး တစ်လပြည့် အလှူနေ့ တွင် သူတော်ငတေ သည် မောင်တင်ဖေ အား ရည်စူး၍ အလှူ ပေးနေသော ဦးဖေမောင် ၏ အိမ်သို့ ရောက် သွားလေ သည် ။
သူတော်ငတေ ဦးဖေမောင် တို့ အိမ် ကို ရောက်သွားချိန်မှာ ပင့်သံဃာ သုံး ပါး သည် ဆွမ်းဘုဉ်း ပေးပြီး တရားဓမ္မ ချီးမြှင့်ပေး၍ ရေစက်ချ အမျှအတန်း ပေးဝေ ပြီးချိန် ဖြစ်သဖြင့် ရပ်ရွာ လူကြီးတွေ နှင့် အကျိုးအကြောင်း ပြောနေကြချိန်တွင် လူကြီးများ ကို ကျွေးမွေးရန် ထမင်းပွဲ ပြင်နေကြချိန် လည်း ဖြစ်သည် ။ သူတော်ငတေ အိမ်ပေါ် တက်လာ သည်ကို မြင်သောအခါ အရပ်လူကြီး များ က နေရာ ဖယ်ပေးကြ၏ ။ ဦးဖေမောင် ကမူ စားခါနီးမှ ရောက်လာ သော သူတော်ငတေ ကို မျက်စောင်း တစ်ချက် ထိုး ကြည့်ပြီး မသိမသာ အံ ကြိတ်နေသည် ။ ရသေ့တင်ဖေ ၏ အမေ ၊ ဦးဖေမောင် ၏ မိန်းမ ကမူ သူတော်ငတေ ကို မြင်လိုက်သည်နှင့် သူ့ သား သေရသည်မှာ သူတော်ငတေ မဟုတ် မဟတ် တာတွေကို သင်ပေး လိုက်၍ ဟု ဟီးချ ပြောငိုတော့သည် ။
သူ့ မိန်းမ ငိုလိုက်သံ ကို ကြားလိုက်ရ သောအခါ ဦးဖေမောင် ၏ ရင် ထဲကို သောကပရိဒေဝ မီးလုံးကြီး က ချက်ချင်း တက် ဆောင့်လာတော့သည် ။ ထိုအခါ ဦးဖေမောင် သည် သူတော်ငတေကို အံကြိတ် ကြည့်ကာ မျက်ရည် ပိုး ပိုးပေါက်ပေါက် ကျနေ၏ ။
“ ခင်ဗျားတို့ အယူ မှားနေကြပြီ ၊ ကျုပ်တပည့်လေး မောင်တင်ဖေ ကို ကျုပ် လည်း သံယောဇဉ် ရှိတယ် ။ အဲဒါကြောင့်လည်း ဒီကလေး စိတ်ကောင်း လာအောင် ကျုပ် အမျိုးမျိုး ... ”
“ ဘာ ကျုပ် သား ကို ခင်ဗျား က စိတ် မမှန်ဘူး ၊ ရူး နေတယ်လို့ ပြောချင် သလား ။ ကျုပ် သား အစက လူကောင်း ခင်ဗျား မဟုတ်မဟတ် ... ”
“ ကျုပ် ပြောတာကို နည်းနည်း သည်းခံပြီး နားထောင်ပါ ဦးဖေ ... ”
“ ခင်ဗျား ပြောတာ ဘာမှ ကျုပ် သည်းခံနားထောင်စရာ မလိုဘူး ။ ခင်ဗျား ဆီ မှာ ကျုပ် သား ကို လာအပ် တုန်းက ဘာ ပညာ သင်ဖို့ လာ အပ်တာ လဲ ပြော ”
“ ကျုပ် ပြောပါ့မယ် ဦးဖေမောင် ရာ ။ ခင်ဗျားသား ... ”
“ ဘာမှ ဆက် ပြောမနေနဲ့ ။ ကျုပ် သား သေ ရတာ ခင်ဗျား မဟုတ်မဟတ် နက္ခတ်ပညာ ဆိုတာ သင် ပေးလို့ ဒီလိုဖြစ်ရတာ ။ ခင်ဗျား ဆီ မှာသာ ဗေဒင်ယတြာ သင်ဖို့ လာ မအပ်မိရင် ခုလို ကျုပ်သား အသေဆိုး နဲ့ သေ ရမှာ မဟုတ်ဘူး ။ တောက် ... ”
ဦးဖေမောင် နှင့် သူတော်ငတေ တို့ ၏ စကားသံ ကို ကြား ရသောအခါ ရသေ့မောင်တင်ဖေ ၏ အမေ ငိုသံ က ပို ကျယ်လာသည် ။ ။
“ ဦးဖေမောင် ၊ ခင်ဗျား ဟာ သား အတွက် နဲ့ သိပ်ပြီး သောကပရိဒေဝမီးကြီး တောက်လောင်နေတော့ ကျုပ် ဘာပဲ ပြောပြော ခုနေခါ ကျုပ် စကား ကို ခင်ဗျား နားဝင်မှာ မဟုတ်ဘူး ။ ဒီတော့ ကျုပ် တစ်ခုပဲ ပြောမယ် ”
“ ခင်ဗျား ဘာ တစ်ခု ပြော မှာလဲ ”
“လူတွေဟာ သေနေ့စေ့ရင် သေကြ တာချည်းပဲ ဦးဖေမောင် ။ အခု ခင်ဗျား သား လည်း သေနေ့ စေ့လို့ သေတာပဲ ။ အဲဒါကို တရားနဲ့ ဖြေ ....”
“ လူတွေဟာ သေနေ့စေ့ရင် သေကြ တယ် ဟုတ်လား ”
ဦးဖေမောင် က မျက်ရည် ကျကာ အံကြိတ်ရင်း သူတော်ငတေ ကို မေး လိုက်၏ ။
“ ဟုတ်တယ် ၊ လူ တွေ ဟာ သေနေ့ စေ့ရင် သေ တာပဲ ။ ဘုရား တောင် တားလို့ .. ”
“ ဟုတ်ပြီ ၊ ခင်ဗျားလည်း အခု သေနေ့ စေ့လို့ ရောက်လာတာ ။ သေပြီ သာ မှတ်တော့ ”
“ ဟဲ့ ဟဲ့ ဒကာ ၊ လွန်မယ် လွန်မယ် ”
“ ဦးဖေမောင် .. ဦးဖေမောင် သတိ ထားပါဗျ ”
သားဇောနှင့် စိတ် ကို ထိန်းမရ ဖြစ် သွားသော ဦးဖေမောင် သည် ဘုန်းကြီး နှင့် ရွာ လူကြီးတွေ အထိတ်တလန့် တားနေကြသည့် ကြား ထဲက ဘုရားစင် အောက်ရှိ ဆောင်ဓား ကို ပြေးဆွဲကာ သူတော် ငတေ ကို တရစပ် ခုတ် တော့သည် ။ ဦးဖေမောင် အပါအဝင် ဤ အရပ်သားတို့ ၏ ဆောင်ဓားရှည် မှာ သူခိုး ၊ ဓားပြ ရန်ကို ကာကွယ်ရန်ထားသော ဆောင်ဓား ဖြစ်သဖြင့် ဓားသွား ပေါ် တွင် ဆံခြည် တစ်ပင်ကို တင်၍ လေ နှင့် မှုတ် လိုက်ရုံနှင့် ဆံခြည် တစ်ပင် ပြတ်ထွက်သွားလောက်အောင် သွေး ထားသော ဓား ဖြစ်သည် ။
ယခု ထို ဓား နှင့် ဦးဖေမောင် က သူတော်တေ ကို အဆက်မပြတ် ခုတ် လိုက်ရာ တချို့ လူကြီးတွေ က လန့်ဖျပ်၍ပင် အိမ် ပေါ်က ရုတ်ရုတ်သဲသဲ ဆင်း ပြေးကြသည် ။ သို့သော် သူတော်ငတေ ကား လုံးဝ မ ပြေး ၊ ဘုန်းကြီး နှင့် ရွာလူကြီးများရှေ့ တင်ပျဉ်ခွေ ထိုင်နေရာမှ ဦးဖေမောင် ဓား နှင့် ခုတ်သောအခါ ကြမ်းပြင်ပေါ် လက်နှစ်ဖက် ထောက် လိုက်ပြီး ခေါင်း ငုံ့နေ၏ ။
ဤမျှ ထက်သော ဆောင်ဓား နှင့် သူတော်ငတေ ၏ ခေါင်း နှင့် လည်ပင်း ၊ ကျောကုန်း တို့ ကို လေး ငါးခြောက်ချက် ခုတ် လိုက် သော်လည်း သူတော်ငတေ က ဘာမှ မဖြစ်ဘဲ ကုန်းကုန်းကြီး တည်နေ သောအခါ ဦးဖေမောင် မှာ ကြောင် သွားသည် ။ ရှေ့ဆက် ဘာလုပ်ရမှန်း လဲ မသိဖြစ်ကာ မှင်တက်မိနေ၏ ။
အမှန်ကတော့ ဦးဖေမောင် သာ မဟုတ် ၊ မောင်တင်ဖေ ၏ တစ်လပြည့် အလှူ သို့ လာကြသော ဘုန်းကြီး ရဟန်း နှင့် ရွာသူရွာသား အားလုံး တို့ မှာလည်း မှင်တက် မိ သွားကြသည် ။
ဘုန်းကြီးရဟန်း နှင့် ဦးဖေမောင် အပါအဝင် လူများအားလုံး မှင်တက်မိ နေကြချိန်တွင် သူတော် ငတေ သည် ကြမ်းပြင်ပေါ် ထောက် ထားသော လက်နှစ်ဖက် ကို တင်ပျဉ်ခွေ ထိုင် နေသော ပေါင် ပေါ် ပြန် တင်လိုက်ပြီး ခေါင်း မော့လာ၏ ။
ပြီးနောက် သူ့ အား မှင်တက် မိကာ ကြောင် ကြည့်နေသော ဦးဖေမောင် ကို မော့ ကြည့်ပြီး
“ ဦးဖေမောင် ၊ ကျုပ် ပြောတာ မှန်ပါ တယ် နော် ။ လူတွေ ဟာ သေနေ့ မစေ့ ရင် ဘယ်လို သတ်သတ် သေ ကို မသေ ဘူး ဗျာ ။ သေနေ့ စေ့ရင်တော့ ဘယ် သူ မသတ်သတ် သူ့ ဘာသာ သူ သေ တယ် ဆိုတာ အခု ဦးဖေမောင် လက်တွေ့ပဲ နော် ။ ဒီတော့ ခင်ဗျား သား ၊ ကျုပ် တပည့် မောင်တင်ဖေ ဟာ သေနေ့ စေ့လို့ ကို သေ သွားတာပါပဲ ။ ငို လည်း မနေကြပါနဲ့တော့ ဗျာ ။ ကျုပ် တပည့် အတွက် ခင်ဗျားတို့ ကုသိုလ်ဒါန လုပ်ပေးကြတာ ကို ကျေးဇူး တင်ပါတယ် ။ သာဓု ခေါ်ပါတယ်ဗျာ ။ သာဓု ... သာဓု ... သာဓု ။ ကျုပ်တပည့် မောင်တင်ဖေ ယခု မိဘများ လှူဒါန်း ကျွေးမွေးသော ဒါနအစုစု ကို အမျှ ရ၍ ကောင်းရာဘုံ ဘဝ ရောက် ပါစေ ။ ဆရာငတေ လည်း အမှျ ဝေလိုက်ပါတယ် ”
ဟု ပြောကာ အိမ်ပေါ် က ချက်ချင်း ဆင်းသွားလေသည် ။
◾ ဝေယံလင်းခေါင်
📖 သူတော်ငတေ ၏ ပိတုန်းတစ်ထောင် နှင့် အခြားဝတ္ထုတိုများ
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment