Thursday, September 17, 2020

ကွန်မြူနစ်ဆန့်ကျင်ရေးလူကြီးမင်းများ


 ❝ ကွန်မြူနစ်ဆန့်ကျင်ရေးလူကြီးမင်းများ ❞


( ၁ )


ဒီလူကြီးတွေ.... ဒီလူကြီးတွေ... 

သွားရေတွေ တများများ 

လူသားစား ကျားပါးစပ်နဲ့ 

အရပ်မှာ " ဗျိုး " ဟစ်ပြီး 

" ကွန်မြူနစ်ဆန့်ကျင်ရေး " တဲ့ 

အရေးပါတဲ့ ဒီဆောင်ပုဒ်နဲ့ 

လုပ်စားပေါင်းများခဲ့ပြီ ။


( ၂ )


ကွန်မြူနစ်တွေဆိုတာ 

ဘုရားမရှိ တရားမသိ 

အမှားအတိနဲ့ 

အလကားငတိတွေ ထင်အောင် 

တွင်တွင်ကြီး ဝါဒဖြန့် 

ကွန်မြူနစ်တစ္ဆေနဲ့လှန့်

ရွာအနှံ့ ရပ်အနှံ့ မောင်းထု

ပြည်သူကိုတော့ ထောင်းထုပြီး 

မကောင်းမှုမှာ သရဖူဆောင်း 

သူရဲကောင်းကြီး ဟန်ပန်လုပ် 

အာဏာကို အချောင်အုပ်ကြတယ် ၊ 

ပုပ်လိုက်တဲ့ သမိုင်း

ယုတ်ပတ်တဲ့ အကြံရိုင်းပေပ ။


( ၃ )


ကွန်မြူနစ်ကို လက်ညှိုးထိုး 

ကိုယ်ကျိုးကို အရနှိုက်

ဓါးပြတိုက် ခါးပိုက်ဆောင်တပ်တွေနဲ့ပါလား ။


လဲဗီးတဲ့.... ပြူစောထီးတဲ့... 

လက်နက် မဲ့ ပြည်သူတွေကို 

ကူညီမလို အကြောင်းပြပြီး

ထောင်းလမောင်းထအောင် နှိပ်စက်ခဲ့တာ 

မပျက်နိုင်တဲ့ သမိုင်းတကွက်ပါ ။


ကွန်မြူနစ် ရန်စွယ်ဟာ

ဓမ္မန္တရာယ် အစစ်ပါပဲလို့

ကလိမ်ကညစ် နည်းထုံးတွေနဲ့ 

ဖြီးလုံးတွေလွှင့်ထုတ်

စာအုပ် စာတမ်း ရေဒီယို 

ထိုထိုသော သတင်းစာတွေနဲ့ 

အတင်းညာကာ ဝါဒဖြန့် 

ရွာလန့်အောင်လုပ်ကြတယ် ။


ရိုးသားတဲ့ ဗုဒ္ဓဘာသာ 

တို့မြန်မာလူထုရဲ့ စိတ်ထဲ 

ကွန်မြူနစ် သရဲပုံပြင်တွေနဲ့ 

ယုံထင်ကြောင်ထင် ဖြစ်အောင် 

သံကြောင်တွေ ဟစ်ကြတယ်

တကယ်ညစ်တာက သူတို့ .. သူတို့ ။


မသိဘူးလို့များ မထင်နဲ့


ပြည်သူတွေက " မြင် " ပါတယ် ။


ပြည်သူတွေက " လျင် " ပါတယ် ။ 


( ၄ )


မှန်တဲ့စကားတခွန်း 

တစွန်းတစ မဟလိုက်လေနဲ့ 

ကွန်မြူနစ် တံဆိပ်ကပ် 

အရပ်နဲ့ လှည့်တိုက် မယ် ။


အခွင့်အရေး ဆိုစကား

တပြားဘိုးမျှ မတောင်းလိုက်လေနဲ့

ကွန်မြူနစ်တွေ သွေးထိုး

သူပုန်မျိုး အဖျက်သမားတွေလို့ 

မတရားစွပ်စွဲပြီး

နည်းမျိုးစုံ ဖြိုခွဲပစ်မယ် ။


အမှန်ကိုချစ်တာနဲ့

ကွန်မြူနစ် ဖြစ်ရရောလား ။


လူကြီးမင်းများ ခင်ဗျား...

စဉ်းစဉ်းစားစားလဲ လုပ်ကြပါအုံး ။


( ၅ )


ကျောင်းသားတွေ မခံနိုင်လို့ 

သံပြိုင်ဟစ် အုံကြွတော့လဲ 

သူပုန်ထမယ့် ဗကပ တဲ့ 

ဗကပ လှုံ့ဆော်လို့

ကြွေးကြော်သံ အနန္တနဲ့ 

အလျှံထမတတ် 

ဆန္ဒပြကြတာတဲ့ ။


ဒီလိုပုတ်ခတ် လုပ်ဇာတ်ခင်းပြီး

ပြဿနာရဲ့ အတ္ထုပ္ပတ် အရင်းအမြစ်ကို 

မစိစစ် မဖွေရှာ

အာဏာပြ ပါဝါပြပြီး

အဓမ္မနှိမ်နင်း

အပြစ်ကင်းတဲ့ ကလေးငယ်တွေကို 

ပစ်ကွင်းအဖြစ် ရွယ်ကြပြန်တယ် ။


ကျောင်းသားတွေရဲ့ ခွပ်ဒေါင်းအလံဟာ 

အတန်တန် သွေးစွန်းခဲ့ရတယ် ။


လွတ်လပ်ရေးရပြီးကတည်းက 

တကသ ဗကသ

ကျောင်းသားသမဂ္ဂ တွေကို 

ဗကပရဲ့ သူပုန်ဌာနချုပ်ရယ်လို့ 

ယုတ်မာကောက်ကျစ် ညစ်ညစ်ပတ်ပတ်နဲ့ 

ပစ်ခတ် သတ်ဖြတ်ခဲ့တာ 

မှတ်တိုင်ကြီးတတိုင်

ဇူလိုင် ရ ရက် သက်သေပါ ။


တခါလာ ဗကပနဲ့ တခါလာ ဗကပနဲ့ 

ဟာသ ရသတောင် မြောက်ကုန်ပြီ 

ဗကပတစ္ဆေ ခြောက်တုန်းပါလား ။


( ၆ )


အမှန်တကယ်အဖြစ်က

ပြည်တွင်းစစ်နဲ့ စားသာနေတာ 

အာဏာလက်ရှိ လူတစုပါ ။


ပြည်တွင်းစစ်ကို လက်ညှိုးညွှန်

ကွန်မြူနစ်ကို အပြစ်ပုံချ

ရသမျှအခွင့်အရေး အိပ်ထဲပိုက်


နှိုက်ချင်တိုင်း နှိုက် 


ပိုက်ချင်တိုင်း ပိုက် 


မိုက်ချင်တိုင်း မိုက် 


ရိုက်ချင်တိုင်း ရိုက်


ရွှေစိတ်တော် အကြိုက်ပ ၊ 


မြို့ရွာတွေ မီးတိုက်လိုတိုက် 

ငမိုက်သားတွေ တန်ခိုးကြီးသထက်ကြီး 

အမျိုးသမီးတွေ ယူလိုယူ

ဇမ္ဗူပေါ်မှာ ဇိမ်တွေကျ 

အိမ်တွေရ တံဆိပ်တွေရ 

ဧရာမ သူရဲကောင်းလို့

အကြောင်းပြလို့လဲ ကောင်းသေး


ကွန်မြူနစ်ဆန့်ကျင်ရေး ဆိုင်းဘုတ်နဲ့

ဝိုင်းအုပ် ဝိုင်းတုတ်လိုက်ကြတာ 

အလုပ်ကို ဖြစ်လို့ ၊ 


တကယ့်မျိုးချစ်တွေပါလားနော် ။


( ၇ )


ဒီလူတွေနဲ့ ငြိမ်းချမ်းရေး 

ဘယ်နှယ်လုပ် ဆွေးနွေးကြမလဲ 

ငြိမ်းချမ်းရေးအသံကြားရင် 

နားဝမှာ ခါးနေတဲ့ လူတွေ


စစ်ရှိမှ ကြီးပွါး

စစ်နဲ့ဘဲ လုပ်စားနေကြတာ


စစ်အား မကောင်းရင်

ဂျစ်ကားတောင် မောင်းနိုင်မှာ မဟုတ်ဘူး 


စစ်အလုပ် ကင်းဝေးမဲ့

ငြိမ်းချမ်းရေး ကိစ္စကိုများ 

တရားသဘောနဲ့ 

အလကား ဟောမနေနဲ့

မောရုံသာ အဖတ်တင်မယ် 

" ဝတ္ထုနိပါတ်ပိဋကတ် " ကို 

လျှာပြတ်အောင် ဟောသော်လဲ

ဟောရင်းသာ ပျံတော်မူရမယ်

" ဆံဖြူဖြူ တခွက်မျှ ထွက်နိုင်ပုံမရ "  ဆိုတဲ့ ၊ 


ဦးပုညဖွဲ့တဲ့ လူစားမျိုးပါတကား ။


( ၈ )


ဒီလိုနဲ့ပဲ 

တို့လူထုမှာတော့ ပူမှုတွေဖုံး

အပူလုံးတွေကြွ ယူကြုံးမရ

ပြည်တွင်းစစ်ဒုက္ခနဲ့

ပြေးရလွှားရ ပုန်းရအောင်းရ 

ဘဝတွေ ပျက်ခဲ့ပြီ ။ 


လက်နက်တွေ တလကြမ်းနဲ့မို့

အမျိုးသားပန်းမှ  ပွင့်နိုင်ပါအုန်းမလား ။ 


စစ်မီးတွေ တလောင်တည်းလောင် 

ပစ္စည်းတွေလဲ ပြောင်ခဲ့ပြီလေ

ပြောင်ခဲ့ပြီ ။


( ၉ )


ဒီလို ဒီလိုနဲ့ 

ဒီမိုကရေစီ ပြုတ်ကျ 

စစ်ဗိုလ်ကြီးတွေ တန်ခိုးထတဲ့ 

မဆလတွေ မင်းမူခဲ့

တိုင်းပြည်ရဲ့ ရန်သူဟာ ဗကပလို့ 

တဖွဖွ စွပ်စွဲရင်း

ဖွတ်မွဲစာရင်း တို့တတွေရောက်ကုန်ပြီ ၊ 


မှိုလိုပေါက်လာတဲ့ မဆလ ဗဟိုကော်မတီ 

ဘာကောင်စီ ညာကောင်စီ

အလံနီ အလံဖြူ လက်နက်ချနဲ့

မဆလ စစ်ဗိုလ်ကြီးတွေဟာ

တသီးတသန့် အခန့်စံစားရာ 

ပါရမီ ငွေကြာရံ

ရန်ကင်း ကမ္ဘောဇ ဗိုလ်ချုပ်ရွာတွေမှာ 

တိုက်တာကြီးတွေ ဟိန်းထ ၊ 

ပစ္စည်းတွေက သိန်းမက ၊ 

ဘိန်းချသလား အောက် မေ့လောက်အောင် 

ဆိုရှယ်လစ်နိဗ္ဗာန် အရောက်ချီတက်ခဲ့ကြတယ် ။


ကွန်မြူနစ် ဆိုရှယ်လစ် ကျေးဇူးတွေနဲ့ 

စားဦးစားဖျားတွေ ဝေစားခဲ့ကြတယ် ။ 


မဆလက မွေးဖွားတဲ့လူတန်းစားတရပ် 

မားမားမတ်မတ် ပေါ်ပေါက်ခဲ့တယ်


အခွင့်အရေးမှန်သမျှ လက်ကုန်နှိုက် 

အရက်တငံ ကျိုက်ပြီးလွှတ်တော်ဝင် 


မဆလလမ်းစဉ်အောင်ရမယ်လို့ 


မယုံကြည်ပဲ ကြွေးကြော်ပြီး 

အရေးပေါ် ဆိုရှယ်လစ်တွေက 

စခန်းသစ် ဖွင့်ခဲ့ကြတယ် ။


မြန်မာ့ဆိုရှယ်လစ်တခေတ် ထူထောင်ပုံတွေလေ ။


( ၁၀ )


ခုအခါ လူထုကနာပြီမို့

တပါတီစနစ် ဖြုတ်ချ ၊ ဒီမိုကရေစီ အများဆန္ဒနဲ့ 

အစိုးရဖွဲ့ရေး လူထုက ဟစ်ကြွေးတော့ 

ဆူပူရေးသမား ဗကပများတဲ့ ။


လုပ်စားနေတဲ့ လူကြီးများက

ရှေးနည်းအတိုင်း တံဆိပ်တပ်ပြီး 

လူထုလုပ်ရပ် သေးသိမ်အောင် 

ကလိန်စေ့ငြမ်းဆင် နေပြန်ပြီ ။


ပြည်ထောင်စု ပြိုကွဲပြီး 

ဖရိုဖရဲ မဖြစ်အောင်တဲ့ ။ 


မျိုးချစ်စိတ်ဓါတ် တခွဲသားနဲ့ 

စကားကို တရားလုပ်

လွှင့်ထုတ်နေကျ ဓါတ်ပြားဟောင်းအတိုင်း 

အပ်သွားကြောင်းထပ်ပြီး

အဓမ္မ ပါးစပ်နဲ့

ကျားကျား မီးယပ် လုပ်ကြပြန်ပြီ ။


ကျောင်းသားနဲ့ ပြည်သူ 

ဆူပူအောင်လုပ်တာ ဗကပလို့တမျိုး

အမျိုးသားဒီမိုကရေစီ အဖွဲ့အတွင်း 

ကွန်မြူနစ်တွေ စီးနင်းလေဟန် 

သတင်းတွေ ချဲ့ကား 

အတင်းလိမ်လည် လှည့်စားလို့တမျိုး 

မဟားဒယား ကြံစည်ပြီး 

ဒီမိုကရေစီကို ဟန့်တားနေပြန်ပြီ ။


( ၁၁ )


ခုတော့

သမိုင်းကသိ လူကမိပြီ 

လူကြီးမင်းတို့ လက်ရာ 

ညာလို့ မရတော့ဘူး

နိုးကြားတဲ့ ပြည်သူတွေမို့

အထူအပိန်း မထင်ကြနဲ့တော့ 

ပါးစပ်ဟလိုက်တိုင်း

အူမကို အတိုင်းသားပါပဲ ။ 


လူကြီးမင်းတို့ ဖော်နည်းကားတွေ

ခေတ်မစားတော့ဘူး

ခေတ်နောက်ကျသွားပါပြီ ။


" ပြည်သူတွေဟာ ဗကပ မဟုတ် " 


ဗကပနဲ့ လှန့်တိုင်း 

လန့်လိမ့်မည်မဟုတ် ။


နိုင်ငံရေး အခြေအနေ


ရေ - မြေ - လေ - မီး ဓါတ်ကြီးလေးပါးကို 


ပိုင်းခြားလို့ သိနေပြီ ။ 


ကွန်မြူနစ်ဆန့်ကျင်ရေး လက်သုံးဓါးနဲ့

တသက်လုံး လုပ်စားဖို့ကြံရင် 

ပန်လန်လက်

ပက်လက်လန် မည်သာမှတ်ပေရော့ ။ 


ပါးစပ်က ဘုရား ဘုရား

လက်က ကားယား ကားယားနဲ့

စားဖား လူကြီးမင်းများ ခင်ဗျာ.......။      ။


                      ◾  တင်မိုး

Wednesday, September 9, 2020

ချစ်မယ်ဆို ပန်းပန်ပါ

 


  ❝ ချစ်မယ်ဆို ပန်းပန်ပါ ❞

     တေးရေး ...  ကိုတင်ကိုး

     ပန်ချင်ရင် ဟန်မပြင်လိုက်ပါနဲ့ ပန်လိုက်ပါမနှေး မပန်ချင်ရင် မာန်မဝင်လိုက်ပါနဲ့ ခင်မကိုဋ်ရယ်လေး လှရာရာပန်းတွေနဲ့ မောင်ကြံရွယ်သူကိုပေး  မောင်ကြံရွယ်သူကိုပေး

    [ ချစ်မယ်ဆို ပန်းပန်လေ ပန်းကြိုက်သူရေ မချစ်ရင်လေ မပန်ဘဲနေ ကိုယ်သာချစ်စိတ် ဖြေပါ့မလေ ချစ်လျက်နဲ့ မူပါနဲ့လေ ကျန်ရစ်ဖြစ်မယ် ပျိုဖြူရေ ချစ်ရင်ပန်ကွဲ့ မချစ်ရင် မပန်နဲ့ အဲဒါဟာ ကိုယ့်အတွက်အဖြေ စောင့်မယ်မသွေ

    ( ပန်းပန်တော့ နန်းဆန်မယ်လေ နန်းဆန်တော့ သန်းတန်တယ်မေ )  ( ပန်ချင်ရင် သက်ထားပျိုရဲ့ ရှက်အားမပိုနဲ့ ပန်လိုက်ပါမေရေ မပန်ချင်ရင် အမျက်စကား မဆိုနဲ့ မျက်ထားမညိုနဲ့ အလှပျက် မယ်မေ ) ကိုယ့် အကြိုက်တစ်ခု ပြောရင်လေ ပန်လိုက်ပါမေ ချစ်ရင်ပန်ကွဲ့ မချစ်ရင် မပန်နဲ့ အဲဒါဟာ ကိုယ့်အတွက် အဖြေ စောင့်မယ်မသွေ ]

•••••  ••••••  ••••••  ••••••

     ဒီ သီချင်း ရေးသူ ကိုတင်ကိုး ကိုယ်တိုင် သီဆိုထားတဲ့ ... ချစ်မယ်ဆို ပန်းပန်ပါ

https://yadi.sk/d/ldqOlMqTFJTCXQ

     ကိုမြကြီး သီဆိုထားတဲ့ ချစ်မယ်ဆို ပန်းပန်ပါ

https://yadi.sk/d/PYWe10Y8ryRUwQ

     မောင်မောင်ကြီး သီဆိုထားတဲ့ ချစ်မယ်ဆို ပန်းပန်ပါ

https://yadi.sk/d/tbxc0tYIGIJeyw

     ရာဇာဝင်းတင့် သီဆိုထားတဲ့ ချစ်မယ်ဆို ပန်းပန်ပါ  ( video version ) 

https://yadi.sk/d/2chD_bXEs33l_g


     ရာဇာဝင်းတင့် သီဆိုထားတဲ့ ချစ်မယ်ဆို ပန်းပန်ပါ  ( tape version ) 

https://yadi.sk/d/SwRbpyGDr1U8eA

     အထွန်း သီဆိုထားတဲ့ ချစ်မယ်ဆို ပန်းပန်ပါ 

https://yadi.sk/d/UzCeOK5E66IaIw

ရာဇာဝင်းတင့် သီဆိုထားတဲ့ ချစ်မယ်ဆို ပန်းပန်ပါ  ( တီးလုံး သီးသန့်  ) 

https://yadi.sk/d/mmcPIPuNp1b_hw


.

Saturday, September 5, 2020

နအဖ ရှိခိုး ပုဆိန်ရိုး

 ❝ နအဖရှိခိုး ပုဆိန်ရိုး ❞

    အခွင့်အရေးရရင် ရသလို သမိုင်းကို ကြွေးတင်ခံပြီး နအဖရှိခိုးပုဆိန်ရိုးတွေကို ဒီနေရာကနေ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ် ။ ကျွန်တော်တို့ဟာ စစ်အာဏာရှင် အဆက်ဆက် နိုင်ငံတော်အကြမ်းဖက်သမား ၊အမျိုးသား သစ္စာဖောက်တွေရဲ့ ရိုင်းပျယုတ်မာ ၊ ကြမ်းကြုတ်ရက်စက်တဲ့ နည်းမျိုးစုံဖိနှိပ်မှုအောက်ကနေ တိုင်းပြည်ကိုပြန်လည်ထူထောင်ဖို့ ၊ လူထုဘဝတွေ လွတ်လပ်မျှတတဲ့ အခွင့်အရေးပြည့်ဝတဲ့ ရှင်သန်ရပ်တည်မှုတွေ ပွင့်လင်းလာဖို့ ၊ ကမ္ဘာကြီးထဲမှာ နိုင်ငံနဲ့ မျိုးဆက်သစ်ကို ဖြစ်ချင်ရာဖြစ်ဆိုပြီး မထားပစ်နိုင်ကြလို့ စစ်အာဏာရှင်စနစ် ကျဆုံးရေးကို ဆတက်ထမ်းပိုးတိုးပြီး ဆောင်ရွက်နေကြတာပါ ။ အခုတော့ တပ်မတော်ထဲက ထွက်လာတဲ့ လောက်တွေရဲ့ အမျိုးသားသစ္စာဖောက်လုပ်ငန်းတွေမှာ အခွင့်အရေးရရင်ပြီးရော ပေါင်းပြီး ထောက်ခံနေကြ ။ နိုင်ငံတော်အကြမ်းဖက်သမားတွေရဲ့ ဒီပဲယင်းလုပ်ကြံမှုကြီးကို ဖုံးဖိအာရုံလွှဲရေးမှာ ပူးပေါင်းပါဝင်ပြီး နအဖ ယူနီဖောင်းကို ဖုန်ခါပေးနေကြ ။ အမျိုးသားညီလာခံကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားတဲ့အခါ နအဖအလိုကျ ခေါင်းပေါင်းစ တလူလူလွင့်ဖို့ အသင့်ပြင်နေသူတွေက ပြင်ကြနဲ့ ။နိုင်ငံတော်ရဲ့ ကျေးဇူးတရားကို မေ့ပစ်ရဲနေကြပါတယ် ။ဒီမြေ ဒီရေပေါ်မှာ မွေးပြီဆိုရင် ဒီနိုင်ငံတော်ရဲ့ကျေးဇူးကို သိတတ် မြင်တတ်သလို လူသားရဲ့ သမိုင်းဆိုင်ရာတာဝန်ကို ရတဲ့နေရာ ၊ နိုင်တဲ့အလုပ် ၊ စွမ်းနိုင်တဲ့ အားအင်နဲ့ ကျေပွန်ကြရပါမယ် ။ သို့သော် အသည်းကြားက မဲပြားတွေကိုထုတ်ပေးပြီးမှ ပြည်သူတွေရင်ဘတ်နာပြီး ကျန်ရစ်ခဲ့ရတဲ့ ၊ ပါတီက ထုတ်ပစ်ခံရသူ ၊ လွှတ်တော်ကိုယ်စားလှယ် သမိုင်းအမှိုက်ထုပ်တွေလည်း ရှိသလို စာကလေး တစ်လုံး ၊ နှစ်လုံးရေးတတ်ရင် နအဖ မစင်ကိုတောင် စာဖွဲ့ချင်ကြတဲ့သူတွေကလည်း ရှိနေကြပြန်ပါတယ် ။ ဒီမိုကရေစီစနစ်ထွန်းကားဖို့ ကြာလေလေ တိုင်းပြည်နာလေလေပဲ ။ စီးပွားရေး တစ်နေ့ထက်တစ်နေ့ ကျနေတယ်ဆိုတာ  ကျွန်မတို့ပြည်သူတွေအားလုံးသိတယ် ။ ဒီလိုအခြေအနေမှာ တိုင်းပြည်တစ်ပြည်ဟာ ထပ်ပြီးတော့ ကြာကြာနေလို့ရှိရင်ပြည်သူလူထုအများကြီး ဒုက္ခရောက် မှာပဲ ။ စီးပွားရေးနဲ့ နိုင်ငံရေးဟာ ခွဲခြားလို့မရဘူး ။ ဒီနိုင်ငံရဲ့ စီးပွားရေးစနစ် ညံ့ဖျင်းနေတာဟာ နိုင်ငံရေးစနစ်ညံ့ဖျင်းလို့ပဲဖြစ်တယ် ။ ဒါ ဒီပဲယင်းလုပ်ကြံမှုကြီးမဖြစ်ခင် မေလ ၂၉ ရက်နေ့ည မုံရွာမြို့ဆိုင်းဘုတ်တင်ပွဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသွားတဲ့ မိန့်ခွန်းထဲကနေ ကောက်နုတ်ဖော်ပြတာပါ ။ ဒီတော့စီးပွားရေးစနစ် ညံ့ဖျင်းနေတာဟာ နိုင်ငံရေးစနစ် ညံ့ဖျင်းလို့ ။ အဲ…. ဒါပေမဲ့ ဒီအညံ့အဖျင်း နိုင်ငံရေးစနစ်ကြီးကအရည်အချင်းမဲ့တဲ့ ဗိုလ်ချုပ်ကြီးတွေ အတွက်တော့ မျိုးမျိုးမြက် မြက်အချောင်ရလိုက်တဲ့ အထုပ်ကြီးဖြစ်နေပါတယ် ။ အဲ... ဒီမိုကရေစီကို ပုံတူကူးချလို့မရဘူး ။ ပါးစပ်က ပြောပြောနေတဲ့ ဗိုလ်ချုပ်ကြီး အကြမ်းဖက်သမားတို့ဟာ စစ်အာဏာရှင်စနစ်ကိုတော့ ဗိုလ်နေ ဝင်း ဆီကနေ အထုပ်လိုက် ခိုးယူလာတာပါ  ။ ဒါကြောင့်လည်း မုသာဝါဒလမ်းညွှန်ချက်နဲ့ စစ်အာဏာရှင်စနစ်ကို အသက်ဆက်နေတာဖြစ်ပါတယ် ။


    ဒါတွေကို မသိမမြင်ဘဲ ကိုယ့်သားစဉ်မြေးဆက်နဲ့ ကိုယ့်နိုင်ငံတော်အနာဂတ် ဘယ်လောက်အထိ နာကျင်နေရဦးမယ်ဆိုတာကို မတွေးတောဘဲ နအဖ ပြောသမျှ အဟောဝတ အဟောဝတလုပ်နေသူများကိုပြင်းပြင်းထန်ထန် ကန့်ကွက်

ရှုတ်ချပါတယ် ။ ကဲ… ရက်စက်ကြမ်းကြုတ်ပြီး အရည်အချင်းမဲ့တဲ့အမျိုးသားသစ္စာဖောက် ဗိုလ်ချုပ်ကြီးတို့ ဖန်တီးတဲ့ ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှု ၊

ဒါဟာ လူထုခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို အပြီးသတ်ချေမှုန်းတာပါ ။ ပြောရရင် ဒီမိုကရေစီစနစ်ကို အမြစ်ဖြတ်ဖို့ တိတိကျကျ ပြင်ဆင်လုပ်ကြံတာပါ ။ ဗိုလ်ချုပ်ကြီးတို့ သတ်မှတ်ထားတဲ့အတိုင်း မအောင်မြင်ခဲ့ပေမဲ့ နိုင်ငံမျိုးဆက်သစ်တွေအတော်များများ သွေးမြေကျခဲ့ရပါတယ် ။ ကျွန်တော်ကတော့ ကိုယ့်ထက်ပိုပြီးစွမ်းဆောင်နိုင်သူတွေ လူရမ်းကားလက်ချက်ကြောင့် ကိုယ့်ထက်စောပြီး အသက်ပေးသွားကြတာကို နာကျင်ကြေကွဲလို့ မဆုံးပါဘူး ။ စဉ်းစားကြည့်ပါ ။ လူဟာ ကိုယ်စီကိုယ်င ပါလာကြတဲ့ သမိုင်းတာဝန်ကို ကောက်ရိုးတစ်မျှင်လောက်တောင် မစွမ်းဆောင်နိုင်ရင် အဲဒါ သမိုင်းမှာ အကြွေးတင်ခံရတော့တာပါပဲ ။ အဲဒီအကြွေးဟာ ကြီးကျယ်ရင် ကြီးကျယ်သလောက် ၊ အမှားများရင် များသလောက် မျိုးဆက်တွေ ထိုးကျွေးပြီး ဆပ်ရပါတယ် ။ လူသားအဖြစ် ကိုယ်တစ်ယောက်တည်း မွေးလာတာမဟုတ်သလို ပြန်ထွက်သွားတော့လည်းတစ်ယောက်တည်းမဟုတ်ပါဘူး ။ ဒါကြောင့် ကိုယ့်မိသားစု တစ်နိုင်တစ်ပိုင်အရေးကနေ ဆက်စပ်နေတဲ့ နိုင်ငံတော် ၊ လူထုနဲ့ မျိုးဆက်သစ်အရေးကို မျက်ကွယ်ပြုပြီး အခွင့်အရေးရရင် ရသလို သမိုင်းကို ကြွေးတင်ခံနေကြတဲ့ နအဖရှိခိုး ပုဆိန်ရိုးတွေကို ဒီနေရာကနေပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်ခင်ဗျာ။


  ◾ နေဇော်နိုင် 


  📖 ပြောပြရင် ဒေါပွမှာလား

Saturday, August 29, 2020

သူကြီးကတော် ထွက်ရှာသော်


 

❝ သူကြီးကတော် ထွက်ရှာသော် ❞

    အထက်တွင် ဖော်ပြခဲ့သည့် မယားကံဆိုးရှာ ၊ သနားစရာ သူငယ်အကြောင်းကို စကားစပ်မိတိုင်း ကျွန်ုပ်က ပြောပြတတ်ပေရာ ကျွန်ုပ်၏စကားကို ကြားရသော ကျွန်ုပ်၏ မိတ်ဆွေတစ်ယောက်က အောက်ပါအတိုင်း သူ့ကိုယ်တွေ့ဖြစ်စဉ်တစ်ရပ်ကို ပြောပြပေ၏ ။

    “ ပဂိုးနယ်က ဘန္ဒာဆိုတဲ့ ရွာမှာ သမ္ဗန်ခတ်တဲ့ လူတစ်ယောက်ရှိတယ်ဆရာရဲ့၊ အဲဒီလူဟာ သမ္ဗန်သမားဘဝနဲ့ မိန်းမရရော ၊ သမ္ဗန်သမားဘဝက ရတဲ့ မိန်းမဆိုတော့ သမ္ဗန်သမား အဆင့်အတန်းမျိုးထဲကပဲပေါ့လေ ။

    အဲ... နောက်တော့ အဲဒီလူက ထထကြွကြွ ၊ လုံ့လဝီရိယကလဲ ရှိတယ် ၊အရည်အချင်းကလေးကလဲ အသင့်အတင့်ရှိတယ် ၊ ကံကလဲလိုက်လာတယ်ဆိုပါတော့ ၊ သူတို့ရွာမှာ သူကြီးဖြစ်ပါလေရော...။

    အဲဒီလိုသူကြီးဖြစ်တဲ့အခါကျတော့ သမ္ဗန်သမားဘဝကရခဲ့တဲ့ မိန်းမကအရည်အချင်းမရှိ ၊ သူကြီးကတော် ဂုဏ်ဒြပ်နဲ့ မတန် အင်မတန်အောက်ကျနောက်ကျ ဖြစ်နေတော့ အဲဒီမိန်းမကို စိတ်ညစ် စိတ်ပျက်ပြီး သူကြီးကတော်လောင်း အရှာထွက်ပါလေရောဆရာ ။

    အင်း... အခုတော့ သူကြိုက်တဲ့ သူကြီးကတော်လောင်းလျာတော့တွေ့ထားပြီ ၊ သူတို့ချင်းနေရာ ကျ  , မကျတော့မသိဘူး ၊ သူကြီးကတော်ရာထူးနဲ့ ထိုက်တန်တဲ့ မိန်းမနဲ့သာ အကြောင်းသင့်မြတ်ရင်တော့ သမ္ဗန်သမားဘဝက မယားဟာ ရာထူးလျှောကျပြီး လင်ပစ်မ, ဖြစ်ရတော့မှာပဲ ”

    ထိုကိစ္စမျိုးကား မကြာခဏ ကြုံတွေ့ တွေ့တတ်၏ ။ ဤကဲ့သို့ဖြစ်ရခြင်းကား အရည်အချင်းညံ့ဖျင်းသောမိန်းမ၏ အပြစ်ချည်းမဟုတ် ၊အမြော်အမြင်နည်းပါး ၊ မယားရွေးနည်းနေရာမကျသည့် ယောက်ျားဘက် က ညံ့ဖျင်းမှုလည်း ပါပေသည် ။

    တစ်နည်းအားဖြင့်ပြန်ဆိုလျှင် သမ္ဗန်သမားဘဝက မိန်းမယူလျှင် သမ္ဗန်သမားမယား အဆင့်အတန်းရှိသည့် မိန်းမမျိုးကိုသာ ရမည်ဖြစ်၏ ။ သူကြီးဘဝရောက် မှ မိန်းမယူလျှင် သူကြီးကတော်ဖြစ်ထိုက်သည့် မိန်းမမျိုး ရမည်ဖြစ်ပေသည် ။ သို့ဖြစ်ပါလျက် မအောင့်နိုင် ၊ မချုပ်တည်းနိုင် ၊ ကိလေသာညံွ့အိုင်တွင် လှိုင်လှိုင်ကြီး အမြုပ်စောသဖြင့်ဘသားချောခမျာ ဒုက္ခတွေ့ ရခြင်းသာလျှင်ဖြစ်၏ ။

    ၄င်းပြင်တစ်နည်း ဤသို့လည်းဆိုနိုင်ပါသေး၏ ။ လူ၏အရည်အချင်းဟူသည် ဆင်းရဲခြင်း ၊ ချမ်းသာခြင်း ၊ ပစ္စည်းရှိခြင်း ၊ ပစ္စည်းမဲ့ခြင်း တွင်မတည် ။ အသိအလိမ္မာဉာဏ်ပေါ်တွင်သာ တည်ခြင်းဖြစ်ရာ အသိအလိမ္မာရှိလျှင်ကား ဆင်းရဲသားဘဝက ယူသည့်မယားကို မင်းဖျား ရာဇာဘုရင်မင်းမြတ် ဖြစ်လာသော်လည်း စွန့်ပစ်ခြင်းငှါ မသင့်ပါပေ ။

    ကျန်စစ်သားသည် ကျောက်ဖြူရွာတွင် ရသေ့တူမ သမ္ဘူလနှင့် မေတ္တာဖွဲ့နှောင် ချစ်ကြိုးဆောင်၍ အိမ်ထောင်ကျခဲ့လေရာ ကျန်စစ်သားမင်း လူ့သနင်းသည် ရာစင်းထီးဖြူ စိုးအုပ်တော်မူသည့်အခါ အနှာ သမ္ဘူလ တောတွင်းက အမျိုးသမီးကိုပင်လျှင် အချစ်ကြီးချစ် ၊ မစွန့်ပစ်ဘဲ ၊ နာမသစ်အမည် ၊ “ ဦးဆောင်ပန်း ” ဟူသော ဘွဲ့ ချည်လျက် ဒေဝီမိဖုရားတင်မြှောက်စား ထင်ရှားထုံးဟောင်းရှိသည် မဟုတ်ပါလော ။

    တောင်ငူဘုရင် တပင်ရွှေထီး ၊ စောထီးရာဇ ၊ မင်းမြတ်စွာ့၏ ၊ မွေးဖပီတာ ၊ မင်းကြီးညိုရာဇာသည် ၊ ဆင်းလျောချောမွေ့၊ ဣန္ဒြေ ့ရှင် ၊ လှထွတ်တင်ဟု မြော်မြင်ဉာဏ်ကြီး ၊ ငနွယ်ကုန်း သူကြီးသမီးကို မိဖုရားကြီး မြှောက်စားလျက် မင်းတရားရွှေထီးကိုပင် ဖွားမြင်ခဲ့သည် မဟုတ်တုံလော ။

    သာယာဝတီမင်း ၊ လူ့သနင်းသည် ၊ အဆင်းပြင်လျာ ၊ ပညာပြည့်စုံ ၊ စွယ်စုံထင်ရှား ၊ လှိုင်ထိပ်ထားကို မိဖုရားမြှောက်ခဲ့တုံချေသေး၏ ။

    ဤအချက်တွေကို ထောက်ထားလျှင် ဆင်းရဲခြင်း ၊ ချမ်းသာခြင်းကား အရင်းမူလ မဟုတ်လှပါ ။ ပညာမြော်မြင် ၊ ဆင်ခြင်တိုင်းထွာ ၊ ဗဟုသုတအဖြာဖြာ ပြည့်ဝသည့် ကလျာဏ မိန်းမမြတ်ဟူလျှင် ငယ်စဉ်ဘဝ ၊ ဆင်းရဲစဉ်ကအကြောင်းမျှသော်လည်း ဘယ်တော့မျှ စွန့်ပစ်ခြင်း မပြုထိုက်ချေ ။

    သို့သော် အမိုက်ခေါင်သီး ၊ နှုတ်သီးကစွာ ၊ အသုံးဖွာလျက် ၊ ပညာတုံးတိ ၊ ဝီစိအစာ ဆိုးခေါင်ချာတို့ကိုကား မယားဖြစ်စေ ၊ လင်ဖြစ်စေ သားသမီးတွေ တစ်ကျိပ်ပင်မွေးသော်ငြားလည်း လားလားမျှ မပေါင်းသင်း မဖင့်မနှေး ၊ ပစ်၍ သာပြေးရမည်ဟု ရှေးပဝေဏီ ၊ ပညာမြတ်နှစ်အဆီ ၊ လောကနီတိ ကျမ်းသိင်္ဂီတွင် ဤသို့ပင် ရေးသားခဲ့သည်မဟုတ်ပါလော ။

 ◾ ရန်အောင် 

  📖 အိမ်ထောင်ရေး အဘိဓမ္မာ

.

Friday, August 28, 2020

အချစ် လိုတယ်


 

❝  အချစ်လိုတယ်  ❞

    လူ့လောကမှာ အချစ်နဲ့ ပေါင်မုန့်ဟာ အရေးကြီးဆုံးပဲလို့ ခေါင်းဆောင်ကြီးတစ်ဦးက ပြောခဲ့ဖူးသလိုလို လေးလေးကြားဖူးတယ် ။

    လေးလေးတို့အတွက်တော့ ပေါင်မုန့်က အရေးမကြီးပါဘူး ။ ဆန်စားတဲ့ နိုင်ငံဆိုတော့ ပေါင်မုန့်မရှိလည်း ဖြစ်တယ်လေ ။ အဲဒီအဆိုကို

“ အချစ် နဲ့ ထမင်း ” လို့ ပြောင်းရလိမ့်မယ် ထင်ပါရဲ့။

    အချစ်ဆိုတာ ယောက်ျားနဲ့ မိန်းမ နှစ်ဦးပူးပေါင်းပြီးမှဖြစ်လာတာဆိုတော့ ယောက်ျားတွေအကြောင်း သိဖို့ လိုအပ်သလို အချစ်အကြောင်းလည်း သိဖို့ လိုတယ်နော့ ။ အချစ်နဲ့ ဆက်စပ်နေတာတွေ ၊ အချစ်ရဲ့ အရေးပါ အရာရောက် မှုတွေကို စဉ်းစားကြည့်ရအောင် ။

    လေးလေး စဉ်းစားလို့ရသလောက်ကတော့ လူ့ဘဝမှာ ငွေကြေးအဆောင်အယောင် ဘယ်လောက် ပြည့်စုံပြည့်စုံ အချစ်မရှိရင် ဟာတာတာကြီး ။ လူ့ဘဝရဲ့ အဓိပ္ပာယ် မပြည့်စုံသလိုပဲ ။

    အချစ်ရေးဟာ စီးပွားရေး ၊ လူမှုရေးတွေနဲ့လည်း ဆပ်စပ်
နေတယ် ။ စီးပွားရေး ၊ လူမှုရေး အောင်မြင်နေဖို့အတွက်အိမ်ထောင်ရေး သာယာနေဖို့ လိုတယ် ။ အိမ်ထောင်ရေးသာယာနေဖို့အတွက် “ အချစ် ” ရှိနေဖို့ လိုတယ် ။ ယောက်ျားများဟာ မိန်းမများအတွက် အဓိကကျသလို မိန်းမများဟာလည်း ယောက်ျားများအတွက်အဓိက ကျတာပဲ ။

    သမီးရည်းစားဘဝမှာ အစပျိုးခဲ့တဲ့ အချစ်ဟာ အိမ်ထောင်သည် ဘဝ ရောက်တဲ့အခါ ပိုပြီး လိုအပ်လာတယ် ။ အချစ်ဟာ ဆက်လက်ရှင်သန်နေမှ အိမ်ထောင်ရေး သာယာမှာကိုး ။ သမီးရည်းစားဘဝမှာ
ရှိခဲ့တဲ့ အချစ်ရဲ့ သင်္ကေတဖြစ်တဲ့

ကြင်နာမှု

သည်းခံမှု

အလိုလိုက် မှု

ယုယမှု

စတဲ့ အပြုအမှုလေးတွေဟာ အိမ်ထောင်သည်ဘဝမှာခန်းခြောက်ပျောက်ကွယ်သွားမယ်ဆိုရင် အဲဒီ အိမ်ထောင်ရေးဟာ လုံးဝသာယာမှာ မဟုတ်တော့ပါဘူး ။ ပြီးတော့သံယောဇဉ်ဆိုတာ အချစ်ပေါ်မှာ တည်နေတာ ။ အချစ်ခန်းသွားပြီဆိုရင် သံယောဇဉ် ဆိုတာလည်း လုံးဝရှိတော့မှာ မဟုတ်ဘူး ။ အိမ်ထောင်ကျပြီးခါမှ မိန်းမကလည်း နေချင်သလိုနေ ၊ ယောက်ျားကလည်း နေချင်သလိုနေ ၊ အဲသလို နေချင်သလိုနေ ဆက်ဆံရေးကျင့်သုံးနေတဲ့ အိမ်ထောင်
တွေဟာ အချစ်ခန်းနေလို့ပဲ ။

    မရခင်မှာပဲဖြစ်ဖြစ် ရပြီးမှပဲဖြစ်ဖြစ် အချစ်ခန်းလာပြီဆိုရင် တစ်ယောက်ကို တစ်ယောက် ဂရုမစိုက်ကြတော့ပါဘူး ။ ကိုယ့်ကို နေချင်သလို နေခွင့်ပြုလာပြီ ဆိုရင်တော့ အဲဒီငနဲဟာ ကိုယ့်အပေါ် အချစ်ခန်းလာပြီဆိုတာ သိပေတော့ ။ အချစ်ဟာ သမီးရည်းစားဘဝမှာသာလိုအပ်တာ မဟုတ်ဘူး ။ အိမ်ထောင်သည်ဘဝ ရောက်သွားချိန်မှာလည်း အချစ်လိုတယ် ။

     ◾  ကံချွန်
    📖    အပျိုစင်တို့ သိဖို့ ယောကျာ်းတို့ အကြောင်း ( ၁ )

Wednesday, August 26, 2020

အနာဂတ်နာစေတဲ့ စစ်အာဏာရှင်တွေ


 ❝  အနာဂတ်နာစေတဲ့ စစ်အာဏာရှင်တွေ  ❞


ဒီဗွီဘီ ၊ မေ ၂၀ ၊ ၂၀၀၆


    နိုင်ငံတော်တစ်ခုမှာမရှိသင့် မရှိထိုက်တဲ့ အရာတွေ ရှိနေပြီဆိုရင် အဲဒီနိုင်ငံရဲ့ ကျက်သရေနဲ့ လူထုဘဝအဆင့်အတန်းတွေလည်း မွဲတေစုတ်ချာနေမှာပါပဲ ။ ဒီလိုပဲ နိုင်ငံတော်တစ်ခုမှာ သမိုင်းဆိုင်ရာ စွမ်းဆောင်ချက် မြင့်မားခဲ့သူတွေကို ပစ်ပယ်ထားရင် အဲဒါ ဇာတိမေ့တဲ့ မျိုးချစ်စိတ်မဲ့မှုပါပဲ ။ တစ်ခါ အတတ်အသိပညာရှင်တွေကို ချဉ်းကပ်အားကိုးအားထားပြု ထိတွေ့နေရ မယ့်အစား ဖိနှိပ်ထိန်းချုပ် အသရေယုတ်တဲ့စော်ကားမှုတွေနဲ့ လျစ်လျူရှုထားမယ်ဆိုရင်တော့ အဲဒီနိုင်ငံဟာ ပစ္စုပ္ပန်မွဲနေတဲ့ အမှောင်တိုက်ကြီးထဲက တိုင်းပြည်ဖြစ်နေမှာ သေချာရေးချ သေချာသွားပါပြီ။ ကဲ... ချီးမြှင့်မြှောက်စားတန်ဖိုးထားရမယ့် လူငယ်တွေအတွက် သူတို့အတွေးအခေါ်တွေနဲ့ အာသီသတွေကို ရွက်လွှင့်နိုင်ဖို့ ဘယ်လိုအခြေအနေကောင်းတွေ ဆွဲဖွင့်ပေးထားသလဲ ။ ဟင်း... အဲဒီလို ဆောင်ရွက် မထားဘူးဆိုရင်တော့ အနာဂတ်ဟာ အဲဒီတိုင်းပြည်ကိုလည်း မလာတတ် ၊ အဲဒီနိုင်ငံကလည်း အနာဂတ်ကို စာလုံးပေါင်းတတ်တော့မှာ မဟုတ်တော့ပါဘူး ။


    ကျွန်တော်တို့နိုင်ငံ... ကျွန်တော်တို့နိုင်ငံဆိုတာ ဟောဒီ မြန်မာပြည် လူမျိုးပေါင်းစုံ မှီတင်းနေထိုင်တဲ့ ၊ ငြိမ်းချမ်းရေးအတုတွေ မြန်မာကျပ်ငွေလို ဖောင်းပွနေတဲ့ ၊ ကိုယ့်ထမင်းအိုးကို နိုင်ငံရေးလုပ်ပြီး မီးထိုးပေးနေသူတွေရှိတဲ့ အဲဒီ ကျွန်တော်တို့နိုင်ငံမှာ ဇာတိမေ့ပြီး မျိုးချစ်စိတ်မဲ့သူတွေကလည်းရှိ ၊ ပစ္စုပ္ပန်  အမှောင်တိုက်ထဲမှာ ကြက်ဆူပင်စိုက်ပြီး ခေတ်ပျက် သူဌေးဂိုက်ဖမ်း  နေသူတွေလည်းရှိ ၊ အနာဂတ်ဆိုတာ ညာတတ်ရင်ရမှာပဲလို့ ပုဆိုးလဲပြီး ကြိုးဆွဲချင်သူတွေကလည်း ရှိဆိုတော့ ဟင်း... ဟင်း ... စဉ်းစားသာ ကြည့်ကြပေရော့။


    တိုင်းပြည်တစ်ပြည်ဟာ လူငယ်မျိုးဆက်တွေက သူတို့နိုင်ငံအတွက် ၊ သူတို့ အမျိုးသားရေးအတွက် အနာဂတ်ကို အပိုင်စီးထားနိုင်အောင် အဖက်ဖက်က ပြည့်စုံနေတဲ့အနေအထားဖြစ်နေရမှာပါ ။ ဒါပေမဲ့ကျွန်တော်တို့ နိုင်ငံမှာက တလွဲကြီးဖြစ်နေတယ် ။ စစ်အာဏာရှင်တွေက လူငယ်မျိုးဆက် သစ်တွေ မလှုပ်ရှားနိုင်အောင် အပိုင်စီးထားတယ် ။ မီးကျိုးမောင်းပျက် အာဏာရှင်စနစ်ကို ကုတ်ခြစ်တွယ်မ က် နေသူတွေ ၊ စစ်ဘောင်းဘီ ဇစ်အပြုတ်ကြီးနဲ့ တိုင်းပြည်သယံဇာတတွေကို ညှစ်ထုတ် ခိုးဝှက်နေသူတွေက နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီတဲ့...၊ မကြားသင့် မကြား အပ်တဲ့ စကားလုံးတွေလည်း ကြားနေရတဲ့ နိုင်ငံ ၊ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲသတဲ့ ။ ဘယ့်နှယ် ငြိမ်းချမ်းရေးကို လက်နက်နဲ့လဲရတယ်လို့ ။ တစ်ခါ တစ်ခါ ကျွန်တော်စဉ်းစားမိတယ် ။ ကျွန်တော်တို့ဟာ ကိုယ့်လွတ်မြောက်ရေးကို ကိုယ်တိုင်ပေါင်နှံထားပြီး စစ်ယူနီဖောင်းတွေအပေါ်မှာ အိပ်မ က် မ က်နေတာလားလို့ ၊ ဟင်း... ဟင်း.. ရှိသေးတယ် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အကြမ်းဖက်အဖွဲ့ အစည်းတွေနဲ့ ဆက်သွယ်မှုရှိလို့ အရေးယူဖို့

တောင် အစီအစဉ်ရှိသတဲ့ ။ တကယ့်ကို မကြားသင့် မကြားအပ်တဲ့ စကားလုံး ၊

ဘယ့်နှယ်ဗျာ ။ - ကိုယ်ကိုယ်တိုင် ကျင်းပပေးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည်သူ

လူထုရဲ့ စစ်မှန်တဲ့ဆန္ဒမဲနဲ့ အနိုင်ရထားတဲ့ ပါတီ ။ အခု အရေးယူဖို့တောင်ရှိနေ

ပြီဆိုတော့ အင်း... ဗိုလ်ချုပ်ကြီးတွေခမျာ ကိုယ့်ခါးကြားမှာထိုးထားတဲ့ ​ေသနတ်တွေကိုမှ အားမနာ ပြောရဲလိုက်တာလို့ ကျွန်တော် တွေးပြီးတော့ ရယ်မိရပါသေးတယ် ။


     ကဲ... ဒီလိုဆိုရင် စစ်အကျဉ်းထောင်တွေထဲမှာ ၊ စစ်ကြောရေးစခန်းတွေမှာ ၊ လမ်းတွေပေါ်မှာ အကြမ်းဖက်နှိပ်စက်ခံရပြီး သေဆုံးသွားရတဲ့ လူထုတွေ ၊ အဲဒီလူထုတွေကအစ မေ ၃၀ ဒီပဲယင်းလူသတ်ပွဲ ၊ အခုနောက်ဆုံး ကရင်တိုင်းရင်းသားတွေ အလူးအလဲခံစားနေရတဲ့ မျိုးဖြုတ်သုတ်သင်ခံနေရမှု အဆုံး အဲဒါတွေ ဖြစ်ပွားအောင် အကြမ်းဖက်နေတာ ဘယ်သူလဲလို့ မေး ၊ အဲဒီ စကားလုံးဟာ အာဏာရှင်တွေ သူတို့စစ်ဘောင်းဘီ ဘေးအိတ်ထဲ ထိုးထည့်ထားတာကြာလို့ ကြေမွနေပြီဆိုတာကို တွေ့ကြရလိမ့်မယ် ။ ပြောခဲ့ပြီပဲ ။ အနာဂတ်ဆိုတာ ညာတတ်ရင် ပုဆိုးလဲပြီး ကြိုးဆွဲလို့ ရဦးမယ်လို့ အတွေးအခေါ်လွဲနေတဲ့ လူစားတွေ ။ ဒီတော့ နားမထောင်ကြနဲ့ ။ စစ်ယူနီဖောင်းပေါ်က ထွက်ကျလာမှာ စည်းကမ်းရှိတဲ့ ဒီမိုကရေစီ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး ။ နားမယောင်ကြနဲ့ ။ စစ်အာဏာရှင် ပါးစပ်ထဲက ထွက်ကျလာတာ မျိုးချစ်စိတ်မဟုတ်ဘူး ။ မျှော်တော်ယောင် လုပ်မနေကြနဲ့တော့ ။ စစ်အာဏာရှင်တွေက သူတို့အခန်းထဲခေါ်သွင်းပြီး တံခါးပိတ်ကျင်းပနေတာဟာလည်း ဘယ်နည်းနဲ့မှ အမျိုးသားညီလာခံ ဖြစ်လာမှာမဟုတ်ဘူး ။


    နောက်တစ်ခု နိုင်ငံတော်မှာ မရှိသင့်မရှိအပ်တဲ့အရာ ။ အဲဒါက ခါးမှာ သေနတ် ၊ ပါးစပ်မှာ မုသာဝါဒဆိုတဲ့အတိုင်း စစ်အာဏာရှင်တွေ လိုသလို ထုတ်ပြန်နေတဲ့ ဥပဒေတွေပဲ ။ တိုတိုပြောရမယ်ဆိုရင် မေ ၃ဝ ဒီပဲယင်း လူသတ်ပွဲကြီးပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျဉ်းကျ ခံနေရတာပါ ။ အဲ...စစ်အုပ်စုက ပြောတာက ယာယီထိန်းသိမ်း ထားတာပါတဲ့ ။ ဒါ သူတို့အပြော ၊ဒါပေမဲ့ အခု ဘယ်လောက်ကြာနေပြီလဲ ။ အခြား နိုင်ငံရေးအကျဉ်းသားတွေရော လွတ်ရက်စေ့တာတောင်မှ ထောင်ဘူးဝမှာ ပိတ်ရပ်နေတဲ့ သက်တမ်းတိုးပြစ်ဒဏ်ကြောင့်နောက်ကြောင်းကို ပြန်

လှည့်ခဲ့ရတာချည်းပါပဲ ။ ဒီတော့ မြန်မာပြည်မှာ မရှိသင့် မရှိအပ်တဲ့အရာ ဘာကျန်သေးလဲလို့ မေးချင်ကြလိမ့်မယ် ။ ရှိတာပေါ့ ။ သိပ်ကိုရှိတာပေါ့ ။ ကျွန်တော်တို့နိုင်ငံမှာ လုံးဝကို မရှိသင့်ရှိထိုက်တဲ့အရာကျန်ပါသေးတယ် ။ အဲဒါကတော့ စစ်အာဏာရှင်တွေပါပဲ ။ တိုင်းပြည်ကျက်သရေယုတ်ပြီး

အနာဂတ်နာလွန်းလို့ပါခင်ဗျာ ။


Sunday, August 23, 2020

ချစ်သလား မုန်းသလား ပြောပါလား

 

❝  ချစ်သလားမုန်းသလား ပြောပါလား  ❞

     စေ့စေ့တွေးတော့လည်း ရေးရေးမဟုတ်ဘူး ၊အထင်းသားကို ပေါ်လာတော့တာပဲ ။ ကိုယ့်အကြောင်း သူများရေးရင် နာဦးမယ် ။

    ဒီတော့ ကိုယ့်ဟာကိုယ်ပြန်ရေးတာပဲ ကောင်းပါတယ် ။ ကြွားရတာ မဟုတ်တော့ ရေးရတာ စိတ်သန့်ပါတယ် ။

     လေးလေး ငယ်ငယ်တုန်းက ပေးခဲ့တဲ့ ရည်းစားစာတွေ မြန်မာပြည်အနှံ့ လိုက်စုလိုက်ရင် ဆရာကြီး ရွှေဥဒေါင်းရဲ့ မောင်စံရှား ပေါင်းချုပ်လောက်တော့ ရှိမယ်ထင်တယ် ။ စာရေးဆရာဖြစ်မယ့် ကလေးမို့လား မသိဘူး ။ အလွန်ရေးတာပဲ ။ တစ်ညတစ်ည သုံးလေးစောင်ရေးပြီး မနက် မိုးလင်းတာနဲ့ ကုန်အောင်ပေးပစ်တော့တာပဲ ။

     အဲသလောက် လက်သွက်တာ ။ လေးလေးရဲ့ မူက ပေးဖို့ရာ ကိုယ့်အလုပ် ။ ပြန်ကြိုက်တာ မကြိုက်တာက သူ့အလုပ်လို့ အချစ်တာဝန်ခွဲထားတာကိုး ။ ချစ်ရေးဆိုရလို့ ကိုယ့်မှာအရှုံးမှမရှိဘဲ ။ ဟိုဘိန်းစား သူကြီးဆီ မြင်းတောင်းတဲ့ ပုံပြင်လိုပေါ့ ။ အဲဒီပုံပြင်က

     ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာ ဘိန်းစားတစ်ယောက် ရှိသတဲ့ ။ ဘိန်းစားတဲ့လူများဟာ အလွန်ပျင်းတာလား ။ သူတို့ဘိန်းမူးနေပြီဆိုရင် ဇိမ်ယူဖို့ပဲ တတ်တယ် ။ ဘာအလုပ်မှကို မလုပ်ချင်တာ ။

     ကိုယ်စားမယ့် ထမင်းတောင်ကိုယ့်ဟာကိုယ် ခူးရမယ်ဆိုမစားဘူး ။

     ခူးကျွေးမယ့်လူရှိမှ စားချင်တာ ။ အဲသလို ထလုပ်ရမယ့်အလုပ်မျိုး မပြောနဲ့ ၊ ကိုယ့်ကိုက်နေတဲ့ခြင် ကိုယ့်ဟာကိုယ်ရိုက်ဖို့ကိုပဲ မရိုက်ချင်ဘူး ။ ဘေးရှိတဲ့တစ်ယောက်ယောက်ကို ငါ့ကိုက်နေတဲ့ ခြင်လေးကို ရိုက်လိုက်စမ်းပါ ။ ငါ့အသား မနာစေနဲ့နော် ၊ အသာလေးရိုက် ။ ခြင်ဆိုတာ ထိတာနဲ့ သေတယ် ။တအားရိုက်ဖို့မလိုဘူး ”

ဆိုတဲ့ လူမျိုးတွေ ။ အဲသလို အလွန်ပျင်းတဲ့ ဘိန်းစားက တစ်ရက် မှာ ရွာထိပ်သစ်ပင်အောက်အိပ်နေတုန်း သူကြီးက မြင်းစီးလို့ လှည်းလမ်းအတိုင်း ဖြတ်လာသတဲ့ ။ ဒီတော့ဘိန်းစားက အိပ်နေရာကနေ လှမ်းပြီး

     “ ဒီမှာ သူကြီး အဲဒီမြင်းကြီး ကျုပ်ပေးပါလား ”

     သူကြီးက မျက် မှောက်ကြုတ် ကြည့်လိုက်ပြီး

     “ ဘာလို့ ပေးရမှာလဲ ”

လို့ အသံမာမာနဲ့ ဖြေတယ် ။ ဒီတော့ ဘိန်းစားက

     “ မပေးနေပေါ့ဗျ ၊ ပေးရင်အမြတ်ပဲ ၊ မပေးတော့လဲ အရင်းပဲ ။ ဘာအရှုံး ရှိတာမှတ်လို့ ၊ လေပဲစိုက်ရတာ ”

လို့ ပြောလိုက်သတဲ့ ။ လေးလေးတို့ ငယ်ငယ်တုန်းကမိန်းကလေး တစ်ယောက်ရဲ့ မေတ္တာကို တောင်းပြီဆိုတာနဲ့ဘိန်းစားက သူကြီးဆီ မြင်းတောင်းသလိုပါပဲ ။ ရရင်အမြတ် ။ မရတော့လည်း အရှုံး မရှိဘူးလေ ။

    ဒါနဲ့ ဆက်ရဦးမယ် ။ လေးလေးရဲ့ ရည်းစားစာ ပေးပုံ သွက်တာက ၊ မိန်းကလေးတစ်ယောက်ဟာ လေးလေးရဲ့အိမ်ရှေ့မှာ တစ်မနက်တည်း နှစ်ခေါက်လောက် ဖြတ်လျှောက် မိလို့ကတော့ ဒီကောင်မလေး စာနှစ်စောင် အပေးခံရပြီသာ မှတ်ပေတော့ ။

     ယောက်ျားလေး တစ်ယောက် အရွယ်ရောက်ပြီဆိုတာနဲ့ အချစ်စိတ်ကလှုံ့ဆော်တော့ ရည်းစားစာပေးတဲ့ အလုပ် ၊ ရည်းစားစကား ပြောတဲ့ အလုပ်ကို လုပ်ကြတော့တာပဲ ။ ဒါကြောင့် မိန်းကလေးများအရွယ်ရောက်တာနဲ့ ရည်းစားစာ အပေးခံရ ၊ ရည်းစားစကား အပြောခံရမယ်လေ ။ ဒါမဆန်းပါဘူး ။ ငါ့တူမများလည်း အပေးခံရ ၊ အပြောခံရ ကြုံရခဲ့ဖူးပြီ ဖြစ်ကောင်းဖြစ်မှာပါ ။ မကြုံရသေးရင်လည်း အနှေးနဲ့ အမြန်ဆိုသလို ကြုံရမှာပါပဲ ။ ဒီနေ့ မိန်းကလေးတွေကတော့
အရွယ်မရောက်ခင်ကတည်းက ကြုံခဲ့ရမှာပါပဲ ။ ဒီနေ့ခေတ်ယောက်ျားလေးတွေက လေးလေးတို့ခေတ်ထက် အများကြီးသွက်တာပဲ ။

     ကြုံလာတဲ့အခါ သတိထားရမှာကတော့

     “ ရှင့်ကို ယုံရမှာလား ”

     “ ခင်ဗျားကို မယုံရဲဘူး ”

ဆိုတဲ့ စကားမျိုးတွေ ပြန်မမေးမိဖို့ ပဲ ။ ယုံသင့်မယုံသင့် ကိုယ့်ဟာကိုယ်ပဲ စဉ်းစား ။ ချက်ချင်းဆုံးဖြတ်လို့ မရရင်လေ့လာပြီးမှ
ဆုံးဖြတ် ။ ယုံသင့်မယုံသင့် သူ့ကိုပြန်မေးလိုက်ပြီဆိုတာနဲ့ သူ့ကိုယုံကြည်ဖို့ အမျိုးမျိုးပြောတော့မှာပေါ့ ။ စဉ်းစားကြည့်လေ ။

အပျော်တမ်း ချစ်တဲ့ ငတိ

ရမလားလို့ စမ်းတဲ့ ငတိ

လွယ်မယ်ထင်လို့ ဆတ်ဆော့တဲ့ ငတိက ဘယ်မှာလာပြီး

     “ဟင့်အင်း တကယ်မဟုတ်ဘူး ၊ ကျွန်တော့်မယုံနဲ့ ” ပြောပါ့မလား ။လက်ပူးလက်ကြပ်မမိသေးမျှ သူခိုးဆိုတာ ခိုးတယ်လို့ မပြောပါဘူး ။

မှတ်ထား ။

     ယောက်ျားလေးဆိုတာ ကိုယ့်ပြန်ချစ်လိမ့်မယ်ထင်လို့ကတော့ ဘယ်လိုကတိမျိုးမဆိုပေးတာ ။ ကိုယ့်ချစ်သူကို မလိမ်ဖူးတဲ့ ယောက်ျားလေးဆိုတာ မရှိဘူး ။ မိန်းကလေးတစ်ယောက်ရဲ့ အချစ်ကို ရဖို့ဆို ဘယ်လို ကတိမျိုးမဆို ပေးတာ ။ ဖြစ်နိုင်တာ မဖြစ်နိုင်တာ ဘာမှ စဉ်းစားနေတာ မဟုတ်ဘူး ။ နောက် မှနောက်ရောက် ။

     ချစ်သူကသာ အလိုရှိမယ်ဆိုရင် ကောင်းကင်က ကြယ်ပန်းကို လိုချင်သလား ။ ဓူဝံကြယ်တစ်ပွင့်တည်းကို ပန်ချင်သလား ရအောင် ယူပေးပါ့မယ်ဆိုတဲ့ လေးလေးတို့ ယောက်ျားတွေဟာ ရပြီးလို့ကတော့ လမ်းထိပ်က အီကြာကွေးတောင်မှ ဝယ်ပေးချင်တာ မဟုတ်တော့ဘူး ။

     ဒီနေ့ခေတ် ယောက်ျားတွေမှ မဟုတ်ဘူး ။ ဟိုတုန်းကယောက်ျားတွေလည်း အဲသလိုပါပဲ။

     ငါ့တူမများ ကြားဖူးမှာပေါ့ ။ ရှေးသီချင်းလေး တစ်ပုဒ် ရှိတယ်လေ ။

     " အုံ့ပုန်းချစ် တစ်ရက်လောက်ချစ်ရတာရယ် လင်မယားချစ် တစ်သက်လိုက်လို့ မမီပါတယ် ”

ဆိုတဲ့သီချင်းလေ ။ ကဲ မရှင်းဘူးလား ။ လင်မယားဘဝ တစ်သက်လုံး ချစ်ရတာက ချစ်သူဘဝ တစ်ရက်ချစ်ရတာတောင် လိုက် မမီဘူးတဲ့ ။ ချစ်သူဘဝဆိုတာ တွေ့ကြတဲ့ခဏမှာ သူကလည်း ကိုယ့်အကြိုက် ၊ ကိုယ်ကလည်း သူ့အကြိုက် တွေ့ရတုန်း ခဏမို့ အလိုက်အထိုက် နေကြတာဆိုတော့ စိတ်ပျက်စရာဆိုတာ မရှိကြဘူးလေ ။ ချစ်သူဘဝမှာ အမူအကျင့် စရိုက် မှန် ဆိုတာ မှန်းဆ အကဲခတ်လို့ မရဘူးလေ ။ ယောက်ျားလေး အတော်များများဟာ သူ့ချစ်သူရှေ့မှာ
ခြောက်ပြစ်ကင်းလေးတွေချည်းပဲ ။ ချစ်သူက မီးကို ရေဆိုရင်တောင်မှ သောက်လိုက်ရရင် ဇိမ်ပဲနော်လို့ ပြောကြမှာ ။ အဲသလို နေပြပြီးမှ ကိုယ့်ချစ်သူကို မေးတော့တာ ။

     “ ချစ်သလား မုန်းသလား ပြောလေ ”

     “ မေးဖို့ လိုသေးလား ”

     “ လိုတာပေါ့ ”

     “ မပြောချင်ပါဘူး ”

     “ ကြားချင်လို့ပါ ”

     “ ပြောရမှာရှက်တယ် ”

     “ ဝေ့ဝိုက် မနေပါနဲ့ကွာ မချစ်လို့ ပြောရမှာ ခက်နေတာ မဟုတ်လား ”

     “ အိုး ဘယ်သူက မုန်းတယ်ပြောလို့လဲ ”

    “ ဒါဖြင့်ချစ်တယ်ပေါ့ ”

    “ ဟင့်အင်း ခေါင်းညိမ့်တာမလိုချင်ဘူးကွာ ၊ ပြော ”

     “ ချစ်ပါသတဲ့ရှင် ၊ ချစ်ပါတယ် ”

    ဆိုပြီး ဖြေတာကို လေးလေးတို့ငယ်ငယ်က နားအရသာခံဖူးတာပေါ့ ။ အဲသလို မပြောမချင်း အမျိုးမျိုး လှည့်ပတ်မေးတာ ။ ငါ့တူမများ စဉ်းစားကြည့် ။ ချစ်ရေးဆိုလာသူတစ်ယောက်ကို ချစ်ပါတယ်လို့ အဖြေပေးလိုက်တာဟာ ကိုယ့်ဘဝ သက်တမ်းတစ်လျှောက်လုံး သူ့လက်အပ်ဖို့ရာ စရန်သတ်လိုက်တာပဲ ။

     ဒီတော့ ငါ့တူမများသတိထား ။ ချစ်သလား ၊ မုန်းသလား မေးလာပြီဆိုရင် လွယ်လွယ်နဲ့ အဖြေမပေးမိစေနဲ့ ။

  ◾     ကံချွန် 

  📖   အပျိုစင်တို့သိဖို့ယောင်္ကျားတို့အကြောင်း( ၁ )

Sunday, August 9, 2020

တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာ

 ❝ တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာ ❞

       ​    တေးရေး - ကိုလေးလွင်

သူ ဘယ်လိုပဲ အမုန်းကြီးပါစေ.. ဖြေရှင်းခွင့် မရတဲ့ အဖြစ်တွေ သံယောဇဉ်နဲ့ သင်ပုန်းချေ ... တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာတော့ မောင့်ချစ်သူချောနဲ့ ဆုံရဦးမ​ယ် လေ ...


ပစ်ပယ်ပြေး အချစ်ရယ် အဝေး ... အဝေးမှာနေလည်း ကိုယ့်အဖို့တော့ အတိတ်သာ အရိပ်ပမာ လိုက်ကာသာ အမြဲတစေ ... ပျော်ရွှင်တုန်း... ပြုံးလို့ ကျီစယ်  ခွန်းသွယ်ကြတာတွေ ... မေ့နိုင်ပါ့မလား အချစ်ဆုံးမေရေ....  မေ့နိုင်ပါ့မလားလေ


အလျဉ်းသင့်၍ ဥပမာ ရှုစရာအတွေး ကိုယ့်ကမ္ဘာလေး အတွင်းက အကြောင်းတွေကိုလေ ... ပြောပြစမ်းချင်ပေ ... မောင့်ဖေဖေ မေမေတို့ဆို ... အနှစ်နှစ်ဆယ် တိုင်တိုင် ... အချစ်မပြယ်နိုင်ကြပေ .. ဘယ်ရှေးရေစက်လည်း အားကျဖွယ်အခြေ ကာလသားသမီး မောင်တို့ ချစ်ခရီး အပြုံးတွေ ... အမုန်းတွေ သောကတွေနဲ့သံယောဇဉ် ပြတ်မည်စိုးမှ တစ်ဦးက လွဲသွေ ….


အေးအတူ ပူအမျှ သည်စကားလေးတွေ ချစ်စရာ ကောင်းနေ ဆင်းရဲချမ်းသာ မှုစရာမရှိပေ  ဆိုးနွဲ့ အနိုင်ယူ ချစ်သူကိုညှင်း မောင့်စိတ်ရင်း မဟုတ်ပါပေ ... အချစ်ပိုလျက် စောင့်ကြိုနေဦးမယ်လေ ...


တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာ  တွေ့ရ ဦး မယ် လေ ...


⍨⍨⍨⍨⍨     ⍨⍨⍨⍨⍨    ⍨⍨⍨⍨⍨


သန်းဖေလေး သီဆိုထားတဲ့ သီချင်း ရဲ့ တီးလုံးသီးသန့် 


https://yadi.sk/d/GuLYzEs2nLRUKg


ခင်ညွန့်ရီ သီဆိုထားတဲ့ သီချင်း ရဲ့ တီးလုံးသီးသန့် 


https://yadi.sk/d/1DtX7E4W-bkLDw


သန်းဖေလေး ရဲ့ တစ်နေ့နေ့တစ်ချိန်ချိန် တစ်နေရာရာ ( ရေဒီယို မှာ ဆိုခဲ့တာ ) 


https://yadi.sk/d/CJpV58_q1-JLCQ


သန်းဖေလေး ရဲ့ တစ်နေ့နေ့တစ်ချိန်ချိန် တစ်နေရာရာ


https://yadi.sk/d/qTKasyHM_G4xHQ


ခင်ညွန့်ရီ ရဲ့ တစ်နေ့နေ့တစ်ချိန်ချိန် တစ်နေရာရာ


https://yadi.sk/d/i3882ODajEUoWg


အနိုင် ရဲ့ တစ်နေ့နေ့တစ်ချိန်ချိန် တစ်နေရာရာ


https://yadi.sk/d/VEfWyNTY-jDN-A


အောင်သူ ရဲ့ တစ်နေ့နေ့တစ်ချိန်ချိန် တစ်နေရာရာ


https://yadi.sk/d/kqpHom_AMmEa4w


ဟေမာနေဝင်း ရဲ့ တစ်နေ့နေ့တစ်ချိန်ချိန် တစ်နေရာရာ


https://yadi.sk/d/GS69lWD17hyi_A


သဲနုဝါ ရဲ့ တစ်နေ့နေ့တစ်ချိန်ချိန် တစ်နေရာရာ


https://yadi.sk/d/inZmrqnl8TIiLg

Wednesday, August 5, 2020

ကြပ်ပြေး နန်းတွင်းအရှုပ်တော်ပုံ အမှတ် ( ၁ )


“ ကြပ်ပြေး နန်းတွင်းအရှုပ်တော်ပုံ  အမှတ် ( ၁ ) ”

    နအဖစစ်အစိုးရအတွင်း  အပြောင်းအလဲတချို့ကို  နအဖ စစ်ကောင်စီကဇွန်လ( ၂ဝ ) ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာခဲ့ပါတယ် ။  ကာကွယ်ရေးဦးစီးချုပ် ( ရေ ) ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်းကို အမှတ် ( ၂ ) စက် မှုဝန်ကြီး ဌာန  ဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့ပြီး အမှတ် ( ၂ ) စက် မှုဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်စောလွင် ကိုတော့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန် ကြီး ဌာန ဝန်ကြီး အဖြစ်ပြောင်းလဲ ခန့်အပ်ကြောင်း နအဖစစ်ကောင်စီ အတွင်းရေးမှူး ( ၁ ) ဒုတိယဗိုလ်ချုပ်ကြီးသီဟ သူရ တင်အောင်မြင့်ဦးရဲ့ လက် မှတ်နဲ့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ် ။ တချိန်တည်းလောက် မှာပဲ မြန်မာ့တပ်မတော်ရဲ့ ထိပ်ပိုင်း ရာထူးတချို့မှာလည်းအပြောင်းအလဲတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ် ။ ဒါပေမဲ့  တပ်မတော်အတွင်းကအပြောင်းအလဲတွေကိုတော့ နအဖစစ်အစိုးရက တရားဝင် ထုတ်ပြန်လေ့မရှိပါဘူး ။

    အစိုးရအဖွဲ့ဝင်တွေနဲ့ အရပ်ဘက်ဝန်ထမ်းအကြီးအကဲတွေရဲ့ ခန့်အပ် ၊ ပြောင်းလဲ ၊ ထုတ်ပယ်မှုတွေကို အစိုးရ ဂေဇက် ( Gazette ) တွေမှာ ဖေါ်ပြကြေညာပေးရတဲ့သဘောသဘာဝရှိပေမဲ့  တပ်မတော်အတွင်းက ခန့်အပ် ၊ ပြောင်းလဲ ၊ ထုတ်ပယ်မှုတွေကိုတော့ MS Order အနေနဲ့  တပ်မတော်အတွင်းမှာသာ  ကန့်သတ်ပြီး  ထုတ်ပြန်လေ့ရှိတာကို တွေ့ရပါ တယ် ။

     အခုတစ် ကြိမ်ပြုလုပ်ခဲ့တဲ့   နအဖတပ်တွင်းကအပြောင်းအလဲတွေမှာ  နအဖ စစ်ကောင်စီအဖွဲ့ဝင် ထိပ်တန်း ဒုတိယ ဗိုလ်ချုပ်ကြီး ( ၅ ) ဦးကို တာဝန်တွေက အနားပေးလိုက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး တစ်ဦးကိုတော့  ဝန်ကြီး အဖြစ် ပြောင်းရွှေ့ခန့်အပ်ခဲ့တာ တွေ့ရပါတယ် ။ လက်ရှိတာဝန်တွေက အနားပေးခံခဲ့ရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး တွေကတော့ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် ( ၁ ) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့် ။ အမှတ် ( ၂ ) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဝင်း ။ အမှတ်( ၃ ) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင်သန်း ။  တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ( ကြည်း ၊  ရေ ၊ လေ ) ဒုတိယဗိုလ်ချုပ်ကြီး မောင်ဘို ။ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်  ဒုတိယဗိုလ်ချုပ်ကြီးအောင်ထွေး တို့ဖြစ်ကြပြီး ဝန်ကြီးအဖြစ်နဲ့ ပြောင်းရွှေ့တာဝန်ပေးခံရသူကတော့ကာကွယ်ရေးဦးစီးချုပ် ( ရေ ) ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်း  ဖြစ်ပါ တယ် ။

    သူတို့ရဲ့ နေရာတွေမှာစစ်တိုင်းမှူး ( ၅ ) ဦးနဲ့ စစ်ဦးစီးအရာရှိချုပ် ( ရေ )  တို့ကို ချက်ချင်းအစားထိုး ခန့်အပ်ခဲ့တာကိုလည်းတွေ့ရှိရပါတယ် ။  မပခ တိုင်းမှူး ဗိုလ်ချုပ် အုန်းမြင့် ။ ရမခ တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် ။ တဂခ တိုင်းမှူး  ဗိုလ်ချုပ် မင်းအောင်လှိုင် ။ တပခတိုင်းမှူး ဗိုလ်ချုပ်ကိုကို  တို့ကို ကစထမှူးတွေအဖြစ် အစားထိုးခန့်အပ်ခဲ့ပြီး ရကခ တိုင်းမှူး ဗိုလ်ချုပ် လှဌေးဝင်းကို တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ။  နပခ တိုင်းမှူး ဗိုလ်ချုပ်မောင်ရှိန်  ကို   တပ်မတော် စစ်ဆေးရေးအရာရှိချုပ် ( ကြည်း ၊ ရေ ၊ လေ ) အဖြစ်နဲ့ အစားထိုး ခန့်အပ်ခဲ့ကြောင်း  သိရှိရပါတယ် ။ စစ်ဦးစီးအရာရှိချုပ် ( ရေ ) ဗိုလ်ချုပ်ဉာဏ်ထွန်း ကိုလည်း ကာကွယ် ရေးဦးစီးချုပ် ( ရေ ) အဖြစ် အစားထိုးခန့်အပ်ခဲ့တာ တွေ့ရပါတယ် ။

     လစ်လပ်သွားတဲ့ စစ်တိုင်းမှူးတွေရဲ့ နေရာတွေကိုလည်း တပ်မမှူးတွေ ၊ စစ်ကျောင်းအုပ်ကြီးတွေ ၊  ဆေးတပ်မှူးတွေနဲ့ ချက်ချင်း အစားထိုးခဲ့တာ တွေ့ရပါတယ် ။ တပ်မတော် ( ကြည်း ) တိုက်ခိုက်ရေးသင်တန်းကျောင်း ( ဗထူးတပ်မြို့ ) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် စိုးဝင်း ကို မပခ တိုင်းမှူး ။ တပ်မတော် ဆေးတက္ကသိုလ် ပါမောက္ခချုပ်  ဗိုလ်မှူးချုပ်ရာပြည့် ကို ရပခ တိုင်းမှူး ။ ဦးစီးအရာရှိ  တက္ကသိုလ် ( ကလော ) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ကျော်ဖြိုး ကို တဂခ တိုင်းမှူး ။  တပ်မ ( ၇၇ ) တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းမြင့် ကို ရကခ တိုင်းမှူး ။  တပ်မ ( ၁၁ ) တပ်မမှူး ဗိုလ်မှူးချုပ် လှမင်း ကို တပခ တိုင်းမှူး စသည်ဖြင့်  အစားထိုးခန့်အပ် တာဝန် ပေးခဲ့ကြောင်း သိရှိရပါတယ် ။ ( ရပခ တိုင်းမှူး  ဗိုလ်ချုပ်သောင်းအေးကို နပခ သို့  ပြောင်းရွှေ့ခဲ့သည် ။ )

    ဆင့်ကဲဆင့်ကဲ လစ်လပ်သွားတဲ့ နေရာတွေကိုလည်း အစားထိုး ခန့်အပ်မှုတွေ ပြုလုပ်ခဲ့ရတဲ့အတွက် ဗိုလ်ချုပ်မှူးကြီး ( ၁ ) ဦး ။ ဒုတိယဗိုလ်ချုပ်မှူးကြီး ( ၁ ) ဦး ။ ဗိုလ်ချုပ်ကြီး ( ၂ ) ဦး ။ ဒုတိယဗိုလ်ချုပ်ကြီး ( ၁၂ ) ဦး ( ဒုတိယဗိုလ်ချုပ်ကြီး လစာကို စားနေပြီဖြစ်သော ဗိုလ်ချုပ်သာအေး ။ ဗိုလ်ချုပ်ခင်ဇော် နှင့်  ဗိုလ်ချုပ် သူရမြင့်အောင် တို့ မပါသေးပါ ) ။  ဗိုလ်ချုပ်  ( ၅ဝ ) ကျော် ။ ဗိုလ်မှူး ချုပ် ( ၁ဝဝ ) ကျော် ။ ဗိုလ်မှူးကြီး ၃၄ဝ ကျော် ။  ဒုတိယဗိုလ်မှူးကြီး ၁၃ဝဝ ကျော်လောက်ရှိတဲ့ မြန်မာ့တပ်မတော်အတွင်းမှာ အနည်းဆုံး အရာရှိ ( ၂ဝဝ )  ကျော်လောက်ကိုအပြောင်းအလဲတွေ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ် ။ နအဖ စစ်ကောင်စီ ၊ နအဖ
စစ်အစိုးရနဲ့ နအဖတပ်မတော်အတွင်းမှာ နောက်ထပ်အပြောင်းအလဲတွေ ဆက်လက် ဖြစ်ပေါ်နိုင်တဲ့ အလားအလာ ရှိပါတယ် ။

    နအဖ တပ်တွင်းက ဒီအပြောင်းအလဲတွေဟာ မကြာခင်ကမှ ပြုလုပ်ခဲ့တဲ့   နအဖစစ်ကောင်စီရဲ့ ၂ဝဝ၈  ခုနှစ် ပထမ လေးလပတ် အစည်းအဝေးအပြီးမှာ ပေါ်ထွက်လာတာဖြစ်ပါတယ် ။ ဒီနှစ်အစောပိုင်းမှာ  ပြုလုပ်ရမဲ့  ၂ဝဝရ ခုနှစ်အတွက် နအဖ စစ်ကောင်စီရဲ့ တတိယလေးလပတ်အစည်းအဝေးကို ပုံမှန်အတိုင်း ကျင်းပမပြုလုပ်နိုင်ခဲ့တာကို ထောက်ရှုခြင်းအားဖြင့် နအဖ တပ်တွင်း  နေရာအပြောင်းအရွှေ့ ကိစ္စတွေနဲ့ပတ်သကပြီး စစ်ကောင်စီအတွင်းမှာ  မကျေလည်မှုတွေ ရှိနေနိုင်တယ်လို့ ယူဆရပါတယ် ။ တာဝန်ကနေ  အနားပေးခံလိုက်ရတဲ့ နအဖစစ်ကောင်စီအဖွဲဏ္ဍဝင် ဒုတိယဗိုလ်ချုပ်ကြီး ( ၆ ) ဦးလုံးဟာ အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ အဖွဲ့ဝင် ( ၁၉ ) ဦးပါ  စစ်ကောင်စီကလည်း နှုတ်ထွက်ပေးလိုက်ရပြီလို့ ယူဆရပါတယ် ။

    ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဟာ  တပ်မတော်ကနေအနားမယူခင် သူ့ရဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နေရာကို ဆက်ခံမဲ့သူနဲ့ တပ်မတော်ရဲ့ ထိပ်တန်းရာထူးကြီး တွေကို ဆက်ခံရမဲ့သူတွေကို  အထူးသတိထားပြီး ရွေးချယ်နေပုံရပါတယ် ။ သေချာတဲ့ အချက်တစ်ခုကတော့ လက်ရှိ  ဒုတိယကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့  ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးကို သူ သက်ရှိထင်ရှားရှိနေသရွေ့ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ပေး ခန့်အပ်မှာ မဟုတ်ဘူးဆိုတဲ့  အချက်ဖြစ်ပါတယ် ။  ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့ သူယုံကြည်စိတ်ချသူတွေကို   သူ့ရဲ့နေရာနဲ့ တပ်မတော်ရဲ့ ထိပ်ပိုင်းရာထူးတွေမှာ  တာဝန်ပေးခန့်အပ်ပြီးရင် သူနဲ့အတူ ဒုတိယဗိုလ်ချုပ်မှူးကြီး  မောင်အေး ။ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ။ အတွင်းရေးမှူး ( ၁ )နဲ့ စစ်ထောက်ချုပ်ဒုဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး ။ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး  တင်အေး ။ ကာကွယ်ရေးဦးစီးချုပ် ( လေ ) ဒုဗိုလ်ချုပ်ကြီး  မြတ်ဟိန်း  တို့ကိုပါ  တပ်မတော်အတွင်းက  ဆွဲပြီးခေါ်ထုတ်သွားမှာ သေချာနေပြီဖြစ်ပါတယ် ။ (  ၁၉၈၈ ခုနှစ် ၊ ဇူလိုင်လအတွင်း ကျင်းပပြုလုပ်ခဲ့သည့် မဆလပါတီ၏ အရေးပေါ် ပါတီညီလာခံတွင် စစ်အာဏာရှင်ကြီး  ဦးနေဝင်းက သူနဲ့အတူ  ဦးစန်းယု ။ ဦးအေးကို နှင့်  ဦးကျော်ထင် တို့ကိုပါ   ဆွဲခေါ်သွားသလိုမျိုး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကလည်း ဒုတိယ ဗိုလ်ချုပ် မှူးကြီး မောင်အေးကို ခါးဖက်ပြီး သူနဲ့အတူ ဆွဲခေါ်သွားရန်  ကြံစည်နေသည်ဟု ယူဆရပါသည် ။ )

    ဗိုလ်ချုပ်မှူးကြီး သန်း‌ရွှေ ဟာ သူ့ရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာကို   ဆက်ခံမဲ့သူအဖြစ်ဗိုလ်ချုပ်သူရ ရွှေမန်းကို ၂ဝဝ၁  ခုနှစ်ကတည်းက စတင်ရွေးချယ် သတ်မှတ်ခဲ့တာ တွေ့ရပါတယ် ။ DSA  အပတ်စဉ် ( ၁၁ ) ကျောင်းဆင်း နတခ တိုင်းမှူးဗိုလ်ချုပ်သူရ ရွှေမန်း ကို ၂ဝဝ၁ ခုနှစ် ၊ နိုဝင်ဘာ ( ၁၅ ) ရက်နေ့မှာကာကွယ်ရေး ဦးစီးချုပ်ရုံးကို  ခေါ်ယူခဲ့ပြီး ( ညှိနှိုင်းကွပ်ကဲ ရေးမှူး - ကြည်း ၊ ရေ ၊ လေ ) အဖြစ် ရာထူးသစ် တစ်ခု တီထွင်ဖန်တီး တာဝန်ပေးခဲ့တဲ့အပြင် ၂ဝဝ၂ခုနှစ် ၊ စက်တင်္ဘာလမှာ ဒုတိယ ဗိုလ်ချုပ်ကြီး ။ ၂ဝဝ၃ ခုနှစ် ၊ ဩဂုတ်လမှာ  ဗိုလ်ချုပ်ကြီး အဖြစ် ရာထူးတွေကို   တဆင့်ပြီးတဆင့် တိုးမြှင့်ပေးအပ်ခဲ့တာ တွေ့နိုင်ပါ တယ် ။ ဗိုလ်ချုပ်ကြီး ရွှေမန်း  ဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ ငယ်တပည့်ရင်းတစ်ဦး မဟုတ်ပေမဲ့ လူရိုးလူအေး  တစ်ဦးဖြစ်တဲ့အပြင်အထက်က ခိုင်းတဲ့အတိုင်း လုပ်ကိုင်တတ်သူ ဖြစ်တာကြောင့် သူ့ ကို  ဗိုလ်ချုပ်မှူးကြီး သန်းရွှေ  က လက်သပ်မွေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်နိုင်ပါတယ် ။  ( ဗိုလ်ချုပ်ရွှေမန်း ရဲ့ ဇနီး ဒေါ်ခင်လေးသက်ကဗိုလ်ချုပ်မှူးကြီး ကတော်ဒေါ်ကြိုင်ကြိုင် နဲ့ သားသမီးတွေရဲ့ ဝတ်ကြီး ဝတ်ငယ်တွေကို နေ့စဉ်ဝင်ထွက် ပြုစုပေးနေတဲ့အတွက် ဒေါ်ကြိုင်ကြိုင် ရဲ့ ညွှန်ကြားချက်အရ  ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ဗိုလ်ချုပ်ရွှေမန်း ကို  အခုလို ချီးမြှင့်မြှောက်စားခဲ့တာဖြစ်တယ်လို့ ဗိုလ်ချုပ်ကတော်အသိုင်းအဝိုင်းမှာ  ပြောဆိုနေကြတာတွေတော့ ရှိပါတယ်။ )

    တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သို့မဟုတ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီး ရွှေမန်းနဲ့ အတူ ယှဉ်တွဲလျာထားခံရသူ တစ်ဦးကတော့ DSA အပတ်စဉ်( ၁၅ ) ကျောင်းဆင်း အမှတ်( ၅ ) အထူးစစ်ဆင်ရေးအဖွဲ့မှူး ဒုဗိုလ် ချုပ်ကြီး မြင့်​ေဆွ ဖြစ်ကြောင်း သိရှိရပါတယ် ။    ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေကတော့ ဗိုလ်ချုပ်မှူးကြီး ကတော် ဒေါ်ကြိုင်ကြိုင် နဲ့ ဆွေမျိုး တော်စပ်တဲ့အတွက် တပ်မ ( ၁၁ ) တပ်မမှူး ။ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ။  တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် စတဲ့ ရာထူးတွေကို အလွယ်တကူ ရရှိခဲ့တဲ့အပြင် ၂ဝဝ၅ ခုနှစ် ၊အောက်တိုဘာလမှာ ဒုဗိုလ်ချုပ်ကြီး အဆင့်  တိုးမြှင့်ပေးတာကို ခံခဲ့ရပါတယ် ။  ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က ဗိုလ်ချုပ်ကြီး သူရရွှေမန်းကို သူ့နေရာဆက်ခံဖို့ မူလကလျာထားခဲ့ပေမဲ့ အခုအချိန်မှာ ဗိုလ်ချုပ်ကြီး သူရရွှေမန်းရဲ့ အသက်က ( ၆ဝ ) ကျော်နေပြီဖြစ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နေရာအတွက်  ဒုတိယဗိုလ်ချုပ်ကြီး  မြင့်ဆွေက အလားအလာ  ပိုကောင်းနေကြောင်း ။  ဒါကြောင့် ရန်ကုန် စီးပွားရေးလောကအသိုင်းအဝိုင်းက    ဒုဗိုလ်ချုပ်ကြီး  မြင့်ဆွေနဲ့ ပိုရင်းနှီးအောင် ကြိုး စားနေကြောင်းကြားသိရပါတယ် ။

    အသက်အရွယ် ကြီး ရင့်နေပြီဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး  သန်းရွှေ အနေနဲ့ မြန် မာ့တပ်မတော်ကို  ကန့်လန့်ကာ နောက်ကွယ် က ဆက်လက် ကြိုးကိုင်နိုင်ဖို့ ကြိုးပမ်းအားထုတ်ရာမှာ မဆလစစ်အာဏာ ရှင်ဟောင်း ဗိုလ်ချုပ်ကြီး နေဝင်း ၁၉၈၈ ခုနှစ်က ပြုလုပ်မိခဲ့တဲ့ အမှားမျိုး ထပ်မလုပ်မိအောင်  အထူးသတိထားပြီးလုပ်ဆောင်နေတာတွေ့ရပါတယ်။ တပ်မတော်ရဲ့ထိပ်တန်းရာထူးကြီး တွေကို ဆက်ခံမဲ့  မျိုးဆက်သစ်တပ်မှူးတွေကို သူ့ စိတ်ကြိုက် အချိန်ယူရွေးချယ်ပြီး ကာကွယ်ရေး ဦးစီးချုပ်ရုံးနဲ့ တိုင်း ၊ တပ်မတွေမှာ  နေရာချထားပေးနေတာ တွေ့ရပါတယ် ။ ၁၉၉ရ ခုနှစ် ၊နိုဝင်ဘာလအတွင်း နဝတ စစ်ကောင်စီအဖွဲဏ္ဍဝင် ဒုဗိုလ်ချုပ်ကြီး တစ်ဒါဇင်ကျော်ကို ဖြုတ်ထုတ်ဖယ်ရှားပစ်လိုက်တဲ့ အချိန်ကစလို့ မြန်မာ့တပ်မတော်တစ်ခုလုံးကို သူ့ စိတ်ကြိုက် ချယ်လှယ်ဖန်တီး ပုံသွင်းယူလာခဲ့တာ ဖြစ်ပါတယ် ။ သူ့ကို ခြေရာတိုင်းပြီး ကလန်ကဆန်လုပ်ဖို့  ကြိုးစားခဲ့တဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့် နဲ့ သူ့ရဲ့ စစ်ထောက်လှမ်းရေးတစ်ဖွဲ့လုံးကို  ၂ဝဝ၄ ခုနှစ် ၊ နှစ်ကုန်ပိုင်းမှာ မြေလှန်ရှင်းလင်းပစ်လိုက်တဲ့အချိန်ကစပြီး  တပ်ထဲမှာ သူ့ကို  မော်ကြည့်ရဲတဲ့သူ  တစ်ယောက် မှမရှိတော့တာ တွေ့ရပါတယ် ။

    တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး  အနေနဲ့လည်း ၁၉၉၄ - ၉၅ - ၉၆ လောက် က တပ်မမှူးအဆင့်လောက်အထိ ပြောင်းရွှေ့ခန့်အပ်မှုတွေကို  ကိုယ့်သဘောနဲ့ကိုယ်  လုပ်ပိုင်ခွင့်ရှိခဲ့ပေမဲ့နောက်ပိုင်းမှာတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့အတည်ပြုချက် မပါရင်  ဘာမှလုပ်လို့ မရတော့ကြောင်း သိရှိရပါတယ် ။ ဒီလိုအခြေအနေတွေကြောင့်
ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး  ကိုယ်တိုင်  ဖြုတ်ထုတ်ရှင်းတဲ့အထဲ ပါမသွားရအောင် အခြေအနေကိုကြည့်ပြီး ဗိုလ်ချုပ်မှူးကြီးသန်း‌ရွှေ ရုတ်တရက် သေဆုံးမဲ့ အချိန်ကို အရက်သောက်ရင်းနဲ့  ထိုင်စောင့်နေရတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ နှစ် အတန်ကြာ တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့တပ်မတော်အရာရှိတစ်ဦးက ပြောဆိုခဲ့ဘူးပါတယ် ။

    ဗိုလ်ချုပ်မှူး ကြီးသန်း‌ရွှေ ဟာ တပ်မတော်ရဲ့ ထိပ်ပိုင်းရာထူးတွေအတွက် မျိုးဆက်သစ် ဗိုလ်ချုပ်တွေကို မွေးမြူလာခဲ့ရာ မှာ အခုဆိုရင် ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ  ဗိုလ်ချုပ်ကြီး ရွှေမန်း ။ ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေ။ ဒုဗိုလ်ချုပ်ကြီး မြင့်လှိုင် ။   ဒုဗိုလ်ချုပ်ကြီးရဲမြင့် ( စရခ ) နဲ့  မကြာခင် ဒုဗိုလ်ချုပ်ကြီးတွေဖြစ်လာကြတော့့မဲ့  ဗိုလ်ချုပ်သာအေး ၊ ဗိုလ်ချုပ်ခင်ဇော်  ၊ ဗိုလ်ချုပ် သူရမြင့်အောင် တို့အပြင် အခုအသစ်ခန့်အပ်လိုက်တဲ့  ဗိုလ်ချုပ်အုန်းမြင့် ၊  ဗိုလ်ချုပ် အောင်သန်းထွဋ် ၊ ဗိုလ်ချုပ် မင်းအောင်လှိုင် ၊  ဗိုလ်ချုပ်လှဌေးဝင်း ၊ ဗိုလ်ချုပ် ကိုကို နဲ့  ဗိုလ်ချုပ် ဉာဏ်ထွန်း တို့  ရောက်ရှိနေကြပြီဖြစ်ပါတယ် ။ စစ်တိုင်း  ( ၁၃ ) တိုင်းမှာလည်း DSA အပတ်စဉ် ( ၂၂ ) ကျောင်းဆင်းတိုင်းမှူး ( ၇ ) ဦး ( ဗိုလ်ချုပ်ကျော်ဆွေ ၊ ဗိုလ်ချုပ်တင်ငွေ ၊ ဗိုလ်မှူးချုပ်စိုးဝင်း ၊ဗိုလ်မှူးချုပ်ရာပြည့် ၊  ဗိုလ်မှူးချုပ် ကျော်ဖြိုး ၊ဗိုလ်မှူးချုပ်ဝင်းမြင့် ၊ဗိုလ်မှူးချုပ်လှမင်း ) အပါအဝင် မျိုးဆက်သစ်  စစ်တိုင်းမှူးတွေနဲ့ အစားထိုးထားပြီး ဖြစ်သလို ၊တပ်မ( ၁ဝ ) ခု ၊ စကခ ( ၁၉ ) ခု နဲ့ ဒကစ ( ၇ ) ခု မှာလည်း မျိုးဆက်သစ်တပ်မှူးတွေနဲ့ အစားထိုးနေပြီဖြစ်ပါတယ် ။ ဒါ့အပြင်  စစ်ရုံးချုပ် အကူလက်ရုံးတပ်ဖွဲ့တွေနဲ့   တပ်မတော် ( လေ ) ။ တပ်မတော် ( ရေ ) တို့မှာလည်း မျိုးဆက်သစ်တပ်မှူးတွေနဲ့  အစားထိုးနေပြီ ဖြစ်ပါတယ် ။

    နအဖက နာဂစ်လေမုန်တိုင်း ဒဏ်ကြောင့် အတိဒုက္ခရောက်နေကြတဲ့  မြန်မာပြည်သူတွေကို မငဲ့ကွက်ပဲ သူတို့ စိတ်တိုင်းကျ ရေးဆွဲထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို  အတင်းအကျပ် အတည်ပြုနိုင်ခဲ့ပေမဲ့ ၂ဝ၁၀ ရွေးကောက်ပွဲ  မတိုင်ခင်မှာ ရင်ဆိုင်ရမဲ့ စိမ်ခေါ်မှုတွေ အများအပြား ကျန်ရှိနေသေးတာကို တွေ့နိုင်ပါတယ် ။ မြန်မာ့တပ်မတော်ကို   ယုံကြည်စိတ်ချရတဲ့ မျိုးဆက်သစ်တပ်မှူးတွေရဲ့ လက်ထဲကို စနစ်တကျ လွှဲပြောင်းပေးနိုင်ရေး ။ ပါလီမန်အဆင့်ဆင့်နဲ့  ဗဟိုအစိုးရ ။ ပြည်နယ်အစိုးရ စတဲ့ အုပ်ချုပ်ရေးအဆင့်ဆင့်မှာ  စစ်ဗိုလ် ( ၂၅ ) ရာခိုင်နှုန်း  ပါဝင်နိုင်ဖို့အတွက်   တပ်ထဲမှာ သုံးမရမဲ့သူတွေကို  စီစစ်ရွေးချယ် စေလွှတ် နိုင်ရေး ။ ကြံ့ဖွံ့အသင်းကို အသွင်ပြောင်းဖွဲ့စည်းမဲ့ စစ်တပ်ပိုင် နိုင်ငံရေးပါတီကြီးမှာ တပ်မတော်ထဲက အိုပယ်တွေကို နေရာချထားပေးရေး ။ အနာဂါတ်မြန်မာနိုင်ငံရဲ့ စီးပွားရေးလောကကို တပ်မတော်အသိုင်းအဝိုင်းက ဆက်လက် လက်ဝါးကြီးအုပ်ထား နိုင်အောင် စနစ်တကျ ပြင်ဆင်ထားရှိနိုင်ရေးနဲ့  အပစ်ရပ် ၊ အပစ်မရပ်လက်နက်ကိုင်အဖွဲ့အစည်းတွေကို အချိန်မီ  လက်နက်ဖြုတ်သိမ်းနိုင်ရေး ၊ စတဲ့ကိစ္စတွေကို ဒီနှစ်တွေအတွင်းမှာ ပြီးပြတ်အောင် ပြုလုပ်ရဖို့ ကျန်ရှိနေပါတယ် ။

    စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်း‌ရွှေ  ဟာ အကူးအပြောင်းကာလမှာ စစ်အာဏာ ရှင်ဟောင်း ဗိုလ်ချုပ်ကြီး နေဝင်းလို အမှားမျိုးနဲ့  မကြုံရအောင်  သတိထားပြီး ပြင်ဆင်လုပ်ကိုင်နေတာတွေ့ရပေမဲ့ အခန့်မသင့်ရင် ကိုယ်ဖေါ်တဲ့ဆေးခါးကြီးကို ကိုယ် ပြန်သောက်ရတဲ့ကိန်း ဆိုက်နိုင်ပါတယ် ။ သူတို့ကိုယ်တိုင်   အတင်းအကျပ် အတည်ပြုခဲ့တဲ့ ၂ဝဝ၈  ဖွဲ့စည်းပုံအခြေခံဥပဒေအရကာကွယ်ရေးဦးစီးချုပ်ရဲ့  လုပ်ပိုင်ခွင့်တွေဟာ သမ္မတဆိုသူရဲ့ လုပ်ပိုင်ခွင့်တွေထက်တောင် ပိုများနေတာကြောင့် တချိန်ချိန်မှာ ဝဋ်လည်ပြီး ကိုယ်မွေးခဲ့တဲ့မျောက်ကို ကိုယ်ပြန် ကြောက်ရမဲ့ အဖြစ်ဆိုးနဲ့ကြုံတွေ့ရနိုင်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ် ။

◾   ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု 
                                          သုတေသနနှင့်မှတ်တမ်းတင်ဌာန

.


Friday, July 31, 2020

ဦးသန်းရွှေ ၏ ယတြာ ( ၃ )



❝  ဦးသန်းရွှေ ၏ ယတြာ ( ၃ ) ❞
    ကောလာဟလကိုမြန်မာနိုင်ငံတွင် နိုင်ငံရေးအရလည်း အသုံးချလေ့ရှိကြောင်း တွေ့ရသည် ။ စစ်အစိုးရအုပ်ချုပ်သည့် ကာလတွင် မီဒီယာကိုလက်ဝါးကြီးအုပ်ထားသောကြောင့် ကောလာဟလသည် အရပ်ထဲတွင် ပျံ့နှံနေနိုင်သော်လည်း မီဒီယာထဲတွင် တွေ့ရခဲ ၊ ကြားရခဲလှသည် ။
    ၁၉၉၂ ခုနှစ် ၊ ဇန်နဝါရီလတွင်ကောလာဟလတစ်ခုသည် အထက် မြန်မာပြည်တွင် ပျံ့နှံ့သွားခဲ့သည် ။ ယင်းကောလာဟလမှာ ဖားက မြွေကိုခဲ့သည်ဆိုသော သတင်းဖြစ်သည် ။ ထိုသတင်းသည် မြန်မာ့အယူအဆဖြင့်ကြည့်လျှင် နိမိတ်မကောင်းသည့် သတင်းတစ်ခု ဖြစ်သည် ။ လူတွေက ထိုသတင်းကိုအတိတ်နိမိတ် ကောက်ပြီး တော်လှန်ရေးတစ်ရပ်သို့မဟုတ် လူထုအုံကြွမှုကြီးတစ်ရပ် ပေါ်ပေါက်လာနိုင်ကြောင်း ပြောဆိုနေကြသည် ။ လူတွေ ပြောနိုင်သည့်အထောက်အထားတွေကလည်း ရှေးခေတ်ကတည်းက မြန်မာ့ဇာတ်နိပါတ်တော်များတွင် ရှိနေခဲ့ပြီး ဖြစ်သည် ။ ဗုဒ္ဓလက်ထက်ကတည်းက ဟောကြားတော်မူခဲ့သည့် ကောသလအိပ်မ က်  ၁၆ ချက်ထဲတွင် ယင်းသို့ ဖားက မြွေကိုမျိုပြီး တိုင်းပြည်ပျက်ကိန်းရှိကြောင်း ဗုဒ္ဓကဟောကြားတော်မူခဲ့သည်ကို ပြည်သူအများက ယုံကြည်နေကြသည် ။
    ဖားက မြွေကိုမျိုးသည်ဆိုသော နိမိတ်ကို ဗုဒ္ဓက လူအပေါင်းတို့ မတရားပြုလုပ်ခြင်း များလာသဖြင့် ၊ တရားမျှတမှု ဆုတ်ယုတ်လာသည့် အခါတွင် အားလုံ ကပြောင်းကပြန် ဖြစ်ကာ အစိုးမရ ၊ စီမံအုပ်ချုပ်ခြင်းများလည်း မထိရောက်တော့ဟူသည့် အနက်ကို ဆောင်သောကြောင့် လူပြော များလာသည့်အတွက် ထိုသတင်းကို စစ်အစိုးရက ကြောက်ရွံ့ခြင်း ဖြစ်လာခဲ့သည် ။
    ယင်းသတင်းသည်တဖြည်းဖြည်း အောက်မြန်မာပြည်ဘက်သို့
လည်း ပျံ့နှံ့လာခဲ့သည် ။ နောက်ဆုံးတွင် ထိုစဉ်က ထုတ်ဝေနေသည့် လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာ၌ ထိုသတင်းကို ဖော်ပြရသည်အထိဖြစ်လာခဲ့သည် ။ ထိုသတင်းတွင် ဓာတ်ပုံတစ်ပုံ ဖော်ပြထားပြီး ၊ ဓာတ်ပုံအောက်တွင် ပုံစာကို ထိုးထားရာ၌ ၁၉၉၁ ခုနှစ် ၊ နိုဝင်ဘာ ၃၀ ရက်နေ့တွင် မန္တလေးအနောက်တောင် ၊ စိန်ပန်းရပ်နေ ဦးကျော်အိမ်၌ လက် မခန့် အရွယ်ရှိသော မြွေလေးတစ်ကောင်ကို ဖားကြီးက မျိုးနေပုံဟူ၍ ဖြစ်သည် ။ တစ်လက် မအရွယ်ကြောင့် ဖားက မျိုးနိုင်ခြင်းဖြစ်ပြီး အရေးမကြီးသယောင် ပြန်လည်တုံ့ပြန်လိုက်ခြင်း ဖြစ်သည် ။
    နောက်တစ်နေ့ထုတ်သည့် သတင်းစာတွင်လည်း ဖားတစ်ကောင်ကို ပုံကြီးချဲ့ထားပြီး ၊ မော်ကွန်းကဗျာတစ်ပုဒ်နှင့် တွဲထည့်ပေးထားပြန်သည် ။ ထို မော်ကွန်းကဗျာကို ရေးသားသူမှာ အောင်ဇေယျဆိုသူဖြစ်သည် ။ သူက ဖားဆိုသည်မှာ မြန်မာပြည်ကို ဆိုလိုကြောင်း ၊ မြန်မာပြည်ကြီးနှင့် နိုင်ငံသူ နိုင်ငံသားတို့သည်ကောင်းကျိုးချမ်းသာ သုခများ ရရှိတော့မည်ဖြစ်ကြောင်းစသည်ဖြင့် ကဗျာတွင် ရေးဖွဲ့ထားသည် ။
    နိုင်ငံပိုင်သတင်းစာများတွင် အယ်ဒီတာ့ထံ ပေးစာကဲ့သို့သော ကဏ္ဍ ပါဝင်ပြီး ထိုကဏ္ဍမှနေ၍ နိုင်ငံတော်ဘက် မှ ဖေးမကာ ရေးသားမှုများ တွေ့ရသည် ။ ထိုပေးစာရေးသည့် အောင်ဇေယျဆိုသူမှာ အမှန်တကယ် ပြည်သူတစ်ယောက် ဟုတ်ချင်မှလည်း ဟုတ်ပေလိမ့်မည် ။ မည်သို့ဆိုစေ အစိုးရ မီဒီယာတွင် အစိုးရဝါဒဖြန့်သူများနှင့် ပြည့်နေသည်ကို ပြည်သူတွေအားလုံးကသဘောပေါက်ပြီးသား ဖြစ်သည် ။ သို့သော် ပြည်သူများကြားတွင် ပျံ့နှံ့နေသော ကောလာဟလတစ်ခုကို နိုင်ငံပိုင်မီဒီယာက တန်ပြန်ရှင်းချက် ထုတ်ရသည်အထိ စစ်ဗိုလ်ချုပ်များ ကြောက်ရွံ့ ထိတ်လန့်သွားသည် ဆိုခြင်းကတော့ အမှန်ပင်ဖြစ်သည် ။ စစ်ဗိုလ်ချုပ်တို့သည် အာဏာကိုဆက်လက်ထိန်းသိမ်းလိုသောကြောင့်သွေးရူးသွေးတန်း ဖြစ်နေကြသည်ဆိုခြင်းထက် ယင်းစစ်ဗိုလ်ချုပ်ကြီးများ၏ ဇနီးများက မိမိတို့ခင်ပွန်းဗိုလ်ချုပ်ကြီးများ အာဏာဆက်လက် တည်မြဲစေရန် ပိုပြီးစိုးရိမ်သောက ရောက်ကြကြောင်း တွေ့ရသည် ။ သာဓက တစ်ခုကို ဖော်ပြလိုပါသည် ။
    အချိန်ကား ညဉ့်သန်းခေါင်အချိန် ဖြစ်သည် ။ ညဉ့်သန်းခေါင် လူခြေတိတ်ချိန်တွင် ရွှေတိဂုံဘုရား ကုန်းတော်တစ်ဝိုက် လူလည်း ရှင်းစပြုနေချိန်၌ စစ်ကားတွေ ရောက်လာကာ စစ်သားများ ကုန်းတော်အောက်ခြေတစ်ဝိုက်တွင် တပ်ဖြန့် နေရာယူလိုက်ကြသည် ။ နေရာကား အရှေ့ဘက်မုတ်ဖြစ်ပြီး စစ်ယာဉ်တန်းကြီးတစ်ခု မမျှော်လင့်ပဲ ရောက်ရှိလာခြင်း ဖြစ်သည် ။ ယာဉ်တန်းကြီး၏ အလည်တွင် အနက်ရောင် မှန်လုံကားကြီးတစ်စင်း ပါလာသည် ။ ကားတံခါးများကို အနက်ရောင်မှန်များ တပ်ဆင်ထားသောကြောင့် အတွင်း၌ မည်သူပါလာကြောင်း မသိနိုင်ပေ ။ အနက်ရောင်ကားကြီးသည် ခြင်္သေ့ရုပ်ကြီးများရှေ့တွင် ရပ်လိုက်သည် ။ ဘုရားစောင်းတန်း အတက်နေရာတွင် စစ်သားများက သတိအနေအထားဖြင့် စောင့်ကြပ်နေကြသည် ။ ထိုအချိန်တွင် စစ်ဗိုလ်တစ်ဦးက ကားတံခါးကို အပြေးလေး သွားဖွင့်ပေးလိုက်သည် ။ အရပ်ပုပု ၊ အသက်ကြီးကြီး အမျိုးသမီးကြီးတစ်ဦး ယာဉ်ထဲက ထွက်လာသည် ။ စစ်သားများအားလုံး သတိအနေအထားဖြင့် ကိုယ်ကိုဆောင့်မတ်လိုက်ပြီး အလေးပြုလိုက်ကြသည် ။
    အမျိုးသမီးကြီးသည်တောက်တောက်ပပ ပြောင်ပြောင်လက်လက်ဝတ်စားလားသည် ။ မြန်မာ့ရှေးခေတ် မင်းသမီးများကဲ့သို့ အင်္ကျီ ၊ ထမီများကို ဝတ်ဆင်ထားရုံမက ပခုံးပေါ်တွင်လည်း ကျောက်စိမ်းရောင်ပုဝါကို လွှမ်းထားရာ လေထဲတွင် လွင့်ဝဲနေသည် ။ နားတွင်လည်း မြကျောက်နားကပ်ကိုပန်ထားပြီး ထိုကျောက်ကြီးမှာ ကြီးမားလှပြီး တစ်လက်လက် တောက်ပနေသည် ။
    ဘုရားပေါ်တက်သည့်လှေကားခြေရင်းတွင် ထိုအမျိုးသမီးကြီးကတစ်စုံတစ်ခုကို စောင့်သည့်အလား ရပ်နေလိုက်သည် ။ ထိုအချိန်တွင် စစ်သားများသည် ကတ္တီပါအုပ်ထားသော သေတ္တာကြီးနှစ်လုံးကိုသယ်ဆောင်လာကြသည် ။ အမျိုးသမီးကြီးသည် လှေကားကို စတင်တက်နေစဉ် စစ်သားများက စကားတစ်လုံးမျှပြောဆိုခြင်းမပြုဘဲ သေတ္တာများကိုသယ်ဆောင်ပြီးသူ့နောက်က လိုက်ခဲ့ကြရသည် ။
    ဘုရားစောင်းတန်းလှေကားတွင် လူသူများ ရှင်းနေပြီး ရှည်လျားလှသည့် လှေကားကို အမျိုးသမီးကြီးသည် မကြာခဏနားကာ တစ်လှမ်းချင်း တက်နေသည် ။ သူမောသဖြင့် နားသည့် နေရာတိုင်းတွင် ကုလားထိုင် တစ်လုံးကို ကိုင်လာသော စစ်သားက ချပေးလိုက်ပြီး ထိုင်နားတတ်သည် ။ ကုလားထိုင်ပေါ်တွင် ထိုင်နားလိုက်တိုင်းလည်း အမျိုးသမီးငယ်တစ်ဦးသည် ယပ်တောင်လေးနှင့် မျက်နှာကို ခပ်ပေးရုံမက နဖူးထက်တွင် ထွက်လာသော ချွေးများကိုပင်လက်ကိုင်ပုဝါ အဖြူရောင်လေးနှင့် သုတ်ပေးနေသည် ။
    ပတ်ဝန်းကျင်တွင် လူသူတိတ်ဆိတ်ပြီး တစ်ခါတစ်ရံ သေတ္တာထဲမှ အသံများ ထွက်လာတတ်သည် ။ ကတ္တီပါဖုံးထားသည့် သေတ္တာတစ်လုံးထဲမှ ဝက်အော်သံလိုလို စူးစူးဝါးဝါး အော်လိုက်သံများကို ကြားလိုက်ရသည် ။ ဘုရားကုန်းတော်ပေါ် အရောက်တွင် မလှုပ်မယှက် ကျောက်ရုပ်လိုရပ်ကာ စောင့်နေကြသည့် စစ်သားများကို ရင်ပြင်တော်ပေါ်တွင် တွေ့လိုက်ရသည် ။ ရင်ပြင်တော်ပေါ်တွင် တရားထိုင်သည့် ဇရပ်များ ၊ ဆင်းတုများ ၊ ရုပ်တုပေါင်းများစွာ ရှိသည် ။
    စစ်သားများသည် ဘုရားကုန်းတော်ပေါ် အရောက်တွင် သယ်ဆောင်လာသည့် သေတ္တာနှစ်လုံးကို ဖွင့်လိုက်သည် ။ သေတ္တာတစ်လုံးထဲမှ အဖြူရောင် ခွေးလေးတစ်ကောင် ခုန်ထွက်လာသဖြင့် စစ်သားများကချက်ချင်း ဖမ်းထားလိုက်ရသည် ။ အခြားသေတ္တာတစ်လုံးထဲတွင် အော်သံသာကြားရပြီး ထွက် မလာသောကြောင့် စစ်သားများက သွားပြီးဆွဲထုတ်လိုက်ရာ ကြောက်ရွံ့နေသည့် ဝက်တစ်ကောင်ကို တွေ့လိုက်ရသည် ။ ခွေး နှင့် ဝက် လည်ပင်းတို့တွင် ပတ်ထားသော လည်ပတ်များ၌ ရွှေကြိုးများ ချည်နှောင်ထားပြီး စစ်သားများက ရွှေကြိုးများကို အမျိုးသမီးကြီး လက်ထဲသို့ လွှဲပြောင်းထည့်ပေးလိုက်သည် ။
    လက်တစ်ဖက်က ဝက်ကိုဆွဲ ၊ လက်တစ်ဖက်က ခွေးကိုဆွဲပြီး အမျိုးသမီးကြီးသည် နာရီလက်တံအတိုင်း ရွှေတိဂုံဘုရားကို ပတ်​ေလ တော့သည် ။ နေ့လယ်ခင်းက မိုးရွာထားသောကြောင့် ဘုရားရင်ပြင်ပေါ်တွင် မိုးရေများဖြင့် ချောနေသည် ။ အမျိုးသမီးကြီးသည် မီးရောင်ဖြင့်ပြောင်လက်နေသည့် ကျောက်ပြားများပေါ်တွင် ယိုင်တိုင်တိုင် လျှောက်နေပြီး သူ့မျက်နှာတွင် လူးထားသော ပေါင်ဒါများကြောင့် မျက်နှာတစ်ခုလုံး ဖြူဖွေးနေတော့သည် ။ အမျိုးသမီးကြီးသည် ခွေးနှင့်ဝက်ကို ဆွဲလာရင်းက ပါးစပ်မှလည်း တတွတ်တွတ် ရွတ်ဖတ်လာသည် ။ ညဉ့်သည် တိတ်ဆိတ်​ေနသောကြောင့် ရင်ပြင်ပေါ်တွင် ဝက်လျှောက်နေသည့် ခြေသံကတတောက်တောက် မြည်နေတော့သည် ။
    ဝက်နှင့်ခွေးကို ဆွဲပြီးယတြာ ချေနေသည့်နေ့ကား ၂၀၀၇ ခုနှစ် ၊ စက်တင်ဘာလ ဖြစ်သည် ။ ခွေးသည် တနင်္လာနံ ဖြစ်သည် ။ တနင်္လာနံ အရ ( က ၊ ခ ၊ ဂ ၊ ဃ ၊င ) နေ့နံအားလုံးနှင့် သက်ဆိုင်သည် ။ ဝက်သည် ဗုဒ္ဓဟူးနံ ဖြစ်သည် ။ ဗုဒ္ဓဟူးနံဆိုသောကြောင့် ( ယ ၊ ရ ၊ လ ၊ ၀ ) နေ့နံများနှင့် သက်ဆိုင်နေသည် ။ တနင်္လာနံနှင့် ဗုဒ္ဓဟူးနံကို ထိန်းချုပ်ပြီး ဆွဲလာသည်ဆိုသည့် သဘောကို နားလည်ရခက်လှသည် ။ အချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂါသမီးဖြစ်သောကြောင့် တနင်္လာ နှင့်  ဗုဒ္ဓဟူးကြားတွင် သူကြိုးဆွဲတိုင်း ပါရမည်ဆိုသည့်သဘောသက်ရောက်ကြောင်း ပြောသူတွေက ပြောနေကြသည် ။
    အချို့ကလည်း ဒေါ်အောင်ဆန်းစုကြည် နံပါသည့် တနင်္လာနံ ခွေးနှင့် လူထုအဓိပ္ပာယ်သက်ရောက်သည့် နံပါသော ဝက်တို့ကို မိမိတို့ကြိုးဆွဲရာနောက်သို့ လိုက်ရမည်ဆိုသည့် သဘောဖြင့် ယတြာလာခြင်း ဖြစ်သည်ဟု ဆိုကြပြန်သည် ။ မည်သို့ဆိုစေ စစ်အစိုးရခေတ်က ဗိုလ်ချုပ်များ အပါအဝင် သူတို့ အသိုင်းအဝိုင်းများသည် ဘုရားကု ၊ နတ်ကုများမကြာခဏ လုပ်လေ့ရှိကြသည် ။
    စစ်အစိုးရခေတ်တွင် ဗေဒင်ဆရာ ၊ နတ်ဆရာဘ၊ ဘိုးတော်များ သာမကအကြားအမြင်ရသည်ဆိုသော သူများပင် သူဌေးဖြစ်ကာ အခွင့်ထူးခံ လူတန်းစားများဘဝ ရောက်ကြရသည် ။ ထိုသူများကို စစ်ဗိုလ်များက မြှောက်စားတတ်သောကြောင့် ဗိုလ်ပေါက် ကတော်ပေါက် ဖြစ်သွားလျှင်နေ့ချင်းညချင်း သူဌေးဖြစ်သွားတတ်သည် ။ ထို့ကြောင့် မည်သည့်နည်းဖြင့်ယတြာချေရသည်ဆိုစေ ဗိုလ်အလိုလိုက် ဗိုလ်အကြိုက်ဆောင်ကာ လုပ်ပေးလေ့ရှိကြသည် ။ ဦးနေဝင်းခေတ်ကလည်း နံနက် ၂ နာရီအချိန်နှင့် ၄ နာရီ ကြားတွင် ရွှေတိဂုံဘုရားသို့ မကြာခဏ လာရောက်တတ်သည် ။ ထိုအချိန်များတွင်မှ စစ်ကားယာဉ်တန်းများအစောင့်အရှောက်များနှင့် ရောက်လာတတ်သော ဦးနေဝင်းသည် မည်သည့်အစီအမံ ၊ အစီအရင်များကို လုပ်ဆောင်သွားသည်ကို မည်သူမျှ မသိရှိ ကြ
သော်လည်း အာဏာရှင် ခေတ်အဆက်ဆက် ရွှေတိဂုံဘုရားပေါ်တွင် အစီအရင်များလာပြီး လုပ်ဆောင်လေ့ရှိကြသည်မှာ လူတိုင်းအသိဖြစ်သည် ။ သို့သော်အာဏာရှင်တို့သည် တည်မြဲနိုင်ခြင်းမရှိ ၊ တစ်နည်းမဟုတ် တစ်နည်းဖြင့် ကျဆုံးကြရသည်သာဖြစ်သည် ။ ယတြာ မည်မျှကောင်းကောင်း ပြည်သူ၏ ဆန္ဒအပေါင်းကို မည်သည့်အာဏာရှင် ခေါင်းဆောင်မျှ လွန်ဆန်နိုင်အံ့ မထင်ပေ ။
Ref: The Chicken and the Scorpion, Keiko Tosa
Ref: No BadNews for the King, Emma Larkin
◾  တင်ညွန့်
📖   ဦးသန်းရွှေ၏ ယတြာများ
.

Sunday, July 26, 2020

ယောကျြား မာယာ


  ❝  ​ယောကျြား မာယာ  ❞
လူရယ်လို့ဖြစ်လာပြီးကလေးအရွယ်လွန်တာနဲ့ ဒီအချစ်ဆိုတဲ့ အရာကို ရင်မဆိုင်ချင်လို့မရဘူး ။ လူသားတိုင်းရင်ဆိုင်ရတယ် ။
ကိုယ်က မချစ်လဲ သူကလာချစ်မှာပဲ ။ အရွယ်ရောက်လာတာနဲ့ ယောကျ် ားလေးဆိုရင် ချစ်ရေးဆိုချင်ဆိုလာမယ် ။ မိန်းကလေးဆိုရင် ချစ်ရေးဆိုတာခံရမယ် ။ ဒီတော့ တူမများ ရင်ဆိုင်ရ ၊ ကြုံဆုံရတဲ့ အခါ ရည်းစားစကား အပြောခံရပြီဆိုရင် ရည်းစားစာ အပေးခံရပြီဆိုရင် လက်ခံသင့် မခံသင့် ၊အိမ်ထောင်ဖက်အဖြစ် ရွေးသင့် မရွေးသင့် စဉ်းစားနိုင်ဖို့ အရွေး မမှားဖို့ လေးလေးတို့ ငယ်ငယ်က အကြောင်းကို ပြောပြချင်တယ် ။
ငါ့တူမများပထမဆုံး သတိထားရမှာကတော့ ယောက်ျားလေးတွေ ပြောတိုင်းမယုံဖို့ပဲ ။ ယောကျာ်းလေးတွေကိုများ မိန်းကလေးတွေကို လိမ်ရင်ဖမ်းမယ်ဆိုလို့ကတော့ တစ်ယောက် မကျန်အဖမ်းခံရမှာ သေချာတယ် ။ ဘယ်လောက်လိမ်သလဲဆိုရင် မရခင်မှာ လိမ်သလို ရည်းစားဖြစ်လည်း လိမ်တယ် ။ ရသွားလည်း လိမ်တယ် ။ ပေါင်းသင်းနေလို့ အဘိုးကြီးအဘွားကြီးဖြစ်ထိ လိမ်ကြတယ် ။ 
မိန်းကလေးတွေကလည်း ဘာလို့မှန်းမသိဘူး ။ ယောက်ျားလေးတွေလိမ်ရင် ယုံတာပဲ ။
အမယ် ပြောလိုက်သေးတယ် ။ သူ့ခမျာ ကိုယ့်ကြောက်လို့လိမ်ပြော နေရရှာတာတဲ့ ။
နောက်ပြီး မိန်းကလေးတွေကယုံလွယ်သလို သနားလွယ်တယ်ဆိုတာလည်းယောက်ျားလေးတွေက သိထားကြတယ်ကွဲ့ ။
ဒါကြောင့် ယောက်ျားလေးတွေက မိန်းကလေးတစ်ယောက်ကို ချစ်ရေးဆိုပြီဆိုရင် " မင်းမှမရရင် သေပါလိမ့်မယ် ၊ မင်းမရှိရင် ကိုယ့်ဘဝမှာ ဘာမှ အဓိပ္ပါယ်မရှိဘူး ” ဆိုတဲ့ စကားမျိုးတွေနဲ့ စတော့တာပါပဲ ။ ငါ့တူမများကလည်း သနားလောက်အောင်ပြောရင် သနားလိုက်တော့တာပဲ ။ နည်းနည်းလေးမှ မစဉ်းစားကြဘူး ။ “ မင်းမရရင် သေပါလိမ့်မယ် ” လို့ ပြောခဲ့တဲ့ ယောက်ျားလေးတွေဟာ တကယ်တမ်းကျတော့လည်း သေဖို့မပြောနဲ့ နှာစေးချောင်းဆိုးတောင်မဖြစ်ပါဘူး ။
ယောက်ျားလေး အတော်များများဟာ မိန်းကလေးတွေအကြောင်း သိကြပေမယ့် မိန်းကလေးအတော်များများကတော့ ယောက်ျားလေးတွေအကြောင်း မသိကြပါဘူး ။ အဲဒါကခုမှ မဟုတ်ဘူး ။ ဟိုးအလျင် ရှေးလူကြီးတွေရဲ့ လက်ထက်ကတည်းက ။
မိန်းကလေးတွေက ညံ့တယ် ။ ဒီလိုပြောတော့ ငါ့တူမများက စိတ်ဆိုးချင်ကြလိမ့်မယ် ။ လေးလေးပြောတာ ဟုတ်မဟုတ် စဉ်းစားကြည့်စမ်း ။
ယောက်ျားတွေက “ မိန်းမတို့၏မာယာလေးဆယ် ” ဆိုပြီး မိန်းကလေးများ ရည်းစားလိုချင်တဲ့အခါ ပြုမူတတ်တဲ့ အမူအကျင့်တွေကို အကဲခတ်ပြီး မာယာလေးဆယ်ကို ပြုစုနိုင်ခဲ့တယ် ။ အဲမိန်းမတွေကတော့ ယောက်ျားမာယာ ဘယ်လောက်ရှိလို့ ရှိမှန်းမသိကြသေးဘူး မဟုတ်လား ။ မိန်းမမာယာနဲ့ ပတ်သက်လို့နောက်တစ်မျိုး စာရင်းလွတ် ပြောတာရှိသေးတယ် ။ “ မိန်းမမာယာသဲကိုးဖြာ ” တဲ့ ။
မိန်းမတွေရဲ့ မာယာတွေနဲ့ပတ်သက်လို့ ယောက်ျားတွေကအဲသလိုပြောကြသလို ယောက်ျားမာယာနဲ့ ပတ်သက်လို့ မိန်းမတွေဟာ တိတိကျကျ ပြန်မပြောနိုင်ပေမယ့် သူတို့ထက် များတယ်ဆိုတာတော့ မှန်းဆမိပုံရပါတယ် ။ ဒါကြောင့်လည်း ယောက်ျားမာယာက သဲကိုးဖြာ မလောက်လို့ မန်ကျည်းကိုပင်နှောက်ရသေးတယ်ဆိုပြီး ချေပကြတာပေါ့ ။ အဲသလို ချေပတဲ့ဆီမှာမန်ကျည်းပင်အရွယ်သေသေချာချာ ညွှန်းမထားတော့ အပင်ပေါက်ခါစ မန်ကျည်းပင်ဆိုရင် အရွက်အရေအတွက် အတော်ကို နည်းသွားမှာပဲ ။
မိန်းကလေးတွေအနေနဲ့ယောက်ျားတွေရဲ့ မာယာဘယ်လောက်ရှိတယ်ဆိုတာကို မသိတာ အပြစ်တော့မပြောချင်ပါဘူး ။ လေးလေးတို့ယောက်ျားချင်းတောင်မှ ဘယ်လောက်ရှိတယ်ဆိုတာ မသိဘူး ။
နောက်ပြီးယောက်ျားတွေမှာရှိတဲ့မာယာ တစ်ယောက်နဲ့ တစ်ယောက်လည်း မတူကြဘူး ။ ယုံ ။ လေးလေးက လက်တွေ့ ။ လေးလေးထက် မာယာသာတဲ့ငတိတွေ နောက် လေးလေးရဲ့ရည်းစား ခုနစ်ယောက်တိတိ ပါသွားဖူးတယ်လေ ။ ဒါကြောင့်ယောက်ျားတွေရဲ့ မာယာအတိအကျ မသိရတဲ့ ငါ့တူမများအတွက် အကောင်းဆုံးကတော့ ယောက်ျားတွေပြောလာတဲ့စကားကိုသေသေချာချာ စဉ်းစားပြီးမှ ယုံဖို့ပဲ ။
အစကတော့ ဒီအကြောင်းတွေ သိပ်အသက်ကြီးသွားတဲ့အခါမှ ပြန်ပြောပြမလို့ပါ ။ “ ဘဘချွန် ” အရွယ်ရောက်ခါမှ ပြန်ပြောရင် ဘဘချွန် သူငယ်ပြန်နေပြီလို့ ပြောကြမှာဖြစ်ပေမယ့် ခုလို မကြီးမငယ်အရွယ်မှ ပြန်ပြောရတော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုတော့ ဖြစ်တာပေါလေ ။
အင်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတော့သူများ ဝင်ထောင်းတာနဲ့စာရင် နည်းနည်းတော့ သက်သာတာပေါ့ ။
ဟုတ်ဘူးလား ။
    ◾ ကံချွန် 
📖 အပျိုစင်တို့သိဖို့ယောင်္ကျားတို့အကြောင်း( ၁ )

Tuesday, July 21, 2020

ပန်းတွေနဲ့ဝေ


🌹 ပန်းတွေနဲ့ဝေ 🌷

     တေးရေး •••  စန္ဒရားလှထွဋ်

      [ ပန်းတွေနဲ့ဝေ ကိုယ့်ချစ်ဦးခေါင်းမှာ ပန်းလေးတွေဝေ ပန်းတွေနဲ့ဝေ က်ိုယ့်ချစ်ပန်းကလေးတွေ တယုတယပန်နေ တွေ့မြင်ရလို့ အမောပြေ ချစ်လို့လား မေရေ နှင်းဆီကလေးတွေ  အဆင်းနီထွေး သင်းကြည်မွှေး ပျံ့ကာနေ ချစ်သူလည်းလေ ပန်းလိုလည်း လန်းလို့အမြဲ ရှိပါစေ တစ်နေ့မမြင်ရလို့ အမောမပြေ ချစ်သဝဏ် တေးတွေစေ

      သူရယ် ကိုယ်ရယ်လေ မပြောဘဲနဲ့ အသည်းချင်းသိလို့နေ ပန်းချစ်တဲ့သူရေ လှမ်းလင့်လို့ကြိုနေ ဘယ်အခါ ဘယ်ကမ္ဘာမှာများ အသည်းအသက်နှင်းလို့ ချစ်ရမလေ အို ပြောပါ ချစ်သူရေ  ပန်းတွေနဲ့ဝေ ကိုယ့်ချစ်ဦးခေါင်းမှာ ပန်းလေးတွေဝေ ပန်းတွေနဲ့ဝေ က်ိုယ့်ချစ်ပန်းကလေးတွေ တယုတယပန်နေ တွေ့မြင်ရလို့ အမောပြေ ချစ်လို့လား မေရေ  ]

°°°°°   °°°°°°°  °°°°°°°

🌷  ညွန့်ဝင်း ရဲ့ ပန်းတွေနဲ့ဝေ

https://yadi.sk/d/ZQT0yDewUykd6A

🌷  စန္ဒရားလှထွတ် ရဲ့ ပန်းတွေနဲ့   ဝေ ( ၁ )

https://yadi.sk/d/pX99eCCsqBdF3Q

🌷 စန္ဒရားလှထွတ် ရဲ့ ပန်းတွေနဲ့  ဝေ ( ၂ )

https://yadi.sk/d/DX2LMRudQwwLCA

🌷  သုမောင် ရဲ့ ပန်းတွေနဲ့ဝေ

https://yadi.sk/d/WLq50xsszpuZIg

🌷  ဇော်မင်းလေး ရဲ့ ပန်းတွေနဲ့ ဝေ

https://yadi.sk/d/Iyw1NjPCGLZc5A

🌷 ဇော်ဝမ်း ရဲ့ ပန်းတွေနဲ့ဝေ

https://yadi.sk/d/XkgwweSZUY61xw

🌷  အောင်ချင်း ရဲ့ ပန်းတွေနဲ့ဝေ

https://yadi.sk/d/IGdvMNNot4kX_w

🌷  အောင်ရင် ရဲ့ ပန်းတွေနဲ့ဝေ

https://yadi.sk/d/FINDI-p-yp3Usg

🌷  ရာဇာဝင်းတင့် ရဲ့ ပန်းတွေနဲ့ဝေ

https://yadi.sk/d/C0kHT-kexnlVJw

🌷 ထူးအိမ်သင် ရဲ့ ပန်းတွေနဲ့ဝေ

https://yadi.sk/d/huQ9G8iDuywn1A

🌷  ဖိုးသောကြာ ရဲ့ ပန်းတွေနဲ့ဝေ

https://yadi.sk/d/NyBZ16xJwgiCrw

🌹  ပန်းတွေနဲ့ဝေ  တီးလုံး သီးသန့်

https://yadi.sk/d/9WW5xdl4N3_Lwg

🌹   ရာဇာဝင်းတင့် ဆိုထားတဲ့  ပန်းတွေနဲ့ဝေ သီချင်းရဲ့ တီးလုံး သီးသန့်

https://yadi.sk/d/C7RSSCjX9uc1ow

.

ဦးသန်းရွှေ ၏ ယတြာ ( ၂ )



❝  ဦးသန်းရွှေ ၏ ယတြာ ( ၂ )  ❞
ဘုရားပြိုသည့် ကိစ္စသည် မြန်မာလူမျိုးတို့ အတွက် အလွန်အတိတ်နိမိတ်ကောက်စရာ ဖြစ်သည် ။ ထိုအဖြစ်အပျက်ကို အနက်အမျိုးမျိုး ဖွင့်နိုင်သည် ။ နိုင်ငံတော်ပိုင် သတင်းစာတစ်စောင်ဖြစ်သည့် မြန်မာ့အလင်းသတင်းစာတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၂၃၀၀ ခန့်က တည်ထားကိုးကွယ်ခဲ့သည့် ဓနုတ်စေတီတော်ကြီး ပြိုပျက်ခဲ့ရသည့် သတင်းပါလာသည် ။ ရှေးဟောင်းစေတီကြီးက ရှေးကျလွန်းသောကြောင့် ပြိုကျသွားသည် မဟုတ် ။ အသစ်ပြန်လည် တည်ထားရာမှ ပြိုကျသွားသည့်အတွက်အတိတ်ကောက်တတ်သူတွေက နိမိတ်မကောင်းဟု ယူဆကြသည် ။
ထိုအချိန်က ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ဖမ်းဆီးထားချိန်ဖြစ်ပြီး နိုင်ငံတကာကလည်း မြန်မာနိုင်ငံအပေါ် ဖိအားတွေပေးနေချိန် ဖြစ်သည် ။ အထူးသဖြင့် စစ်အစိုးရသည် ဒီမိုကရေစီကိုရော ၊ ဒေါ်အောင်ဆန်းစုကြည်ကိုပါ ထိတ်လန့်နေချိန်ဟုလည်း ဆိုရမည်ဖြစ်သည် ။ ပိုဆိုးသည်က ဓနုတ်စေတီတော်ကို မြန်မာနိုင်ငံ၏ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်ကိုယ်တိုင်
ပြန်လည်မွမ်းမံတည်ဆောက်ပြီး မကြာမီမှာပင် ပြိုကျခဲ့ရသည့်အတွက် စစ်အုပ်စုအဖို့ စိုးရိမ်ထိတ်လန့်စိတ်လွန်ကဲ သွားခဲ့ကြရသည် ။
ဓနုတ်စေတီတော်ကြီးသည် ရန်ကုန်မြို့နှင့် မလှမ်းမကမ်းတွင် တည်ရှိပြီး ၊ ထိုနေရာမှာ ယခင်က မြို့တော်ဟောင်း ဖြစ်ခဲ့ဖူးသည်ဟု ဆိုကြသည် ။
ထိုစေတီကြီးသည် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့ရပြီး မကြာသေးမီကမှ ဗိုလ်ချုပ်မှူးကြီးကတော် ဒေါ်ကြိုင်ကြိုင်ကအသစ်တစ်ဖန် ပြန်လည်မွမ်းမံတည်ဆောက်ခဲ့ခြင်းဖြစ်သည် ။ ထိုရှေးဟောင်းဘုရားသည် ယခင်က သုံးကြိမ်တိုင် ပျက်စီးခဲ့ဖူးသည် ။ သို့သော် ယခုနောက်ဆုံးအကြိမ် ပြိုကျခဲ့ခြင်းမှာ ပြောစမှတ် ဖြစ်ခဲ့ရသည် ။ စစ်အာဏာရှင်တို့၏ အကြီးအမှူးဖြစ်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် သူ့မိသားစုကိုယ်တိုင် ကြီးမှူးပြုပြင်ခဲ့သော ဘုရားဖြစ်နေခြင်းကြောင့်ပင် ။
မြန်မာနိုင်ငံသားတို့ ကလည်း ထိုအတိတ်နိမိတ်ကိုကောက်ပြီး ရာစုနှစ်ဝက်နီးပါးခန့် စိုးမိုးအုပ်ချုပ်လာခဲ့သည့် စစ်အာဏာရှင်ခေတ် ကုန်ပြီဟု
ပြောဆိုကြသည် ။ ၂၀၀၉ ခုနှစ် ၊ မေလ ၃၀ ရက်နေ့တွင် စေတီတော် ထီးတော်အောက် ခေါင်းလောင်းပုံ အဆင့်ကစပြီး ပြတ်ကျကာ မြောက်ဘက် အာရုံခံ တန်ဆောင်းပေါ် ပြိုကျသွားခဲ့သည် ။
လွန်ခဲ့သည့် သုံးပတ်ခန့်ကမှ ဒေါ်ကြိုင်ကြိုင်သည် မိသားစုဝင်များ ၊ နောက်တော်ပါ တပ်မတော် အရာရှိကြီးများနှင့်အတူ ဤစေတီတော်သို့ ရောက်ရှိခဲ့ကြပြီး ထီးတော် ၊ စိန်ဖူးတော် ၊ ငှက် မြတ်နားတော်တို့ကို ခမ်းနားကြီးကျယ်စွာ အောင်စည်အောင် မောင်းတီးပြီး အသစ်ကပ်လှူပူဇော်ခဲ့ခြင်းဖြစ်သည် ။
ဤကဲ့သို့ စေတီတော်ကြီး ပြိုကျပျက်စီးခဲ့ရခြင်းနှင့် ပတ်သက်ပြီး မြန်မာ့အရေး ကျွမ်းကျင်သူ မနုဿဗေဒပညာရှင် တစ်ကောဆင်တက္ကသိုလ်မှ ပါမောက္ခ အင်းဂရစ်ဂျော့က ဤထီးတော်ကြီးကို မသူတော်တို့ လာတင်သည်ကို ဒေသခံတို့က မကြည်ဖြူသောကြောင့် ယခုကဲ့သို့ ပြိုကျရခြင်း ဖြစ်သည်ဟု မှတ်ချက်ပြုသည် ။ မြန်မာနိုင်ငံမှ ထွက်ပြေးလာပြီး ဒေလီသို့ ရောက်လာသူတစ်ဦးကလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အလှူဒါနကို ဓနုတ်စေတီကလက် မခံလိုသောကြောင့်ဟု ပြောပြသည် ။
အင်းဂရစ်က ထိုထူးဆန်းသည့်အဖြစ်အပျက်နှင့် ပတ်သက်ပြီး “ ဒါဟာ နိမိတ်မကောင်းတာပဲ ။ မကောင်းတာတွေ ဖြစ်လာတော့မယ်ဆိုတဲ့သဘောပေါ့ ။ နတ်ဒေဝါ သူတော်စင်တွေက အပြစ်သား စစ်အစိုးရ ဓနုတ်စေတီကိုလာပြီး အပြစ်​ေတွဆေးကြောတဲ့သဘောနဲ့ ကုသိုလ်လာယူတာကို လက် မခံဘူးဆိုတဲ့ သဘောပေါ့ ။ ပိုပြီးဆိုးတာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အာဏာစက် ကုန်ခမ်းလာတဲ့သဘောကို ပြတာပဲ ။ ဒါကြောင့် သူဘယ်လောက် ကောင်းတာတွေလုပ်လုပ် ၊ မကောင်းမှုကို ပြန်ပြီးအဖတ်ဆယ်လို့ မရနိုင်တော့ဘူးဆိုတဲ့ သဘောပဲ ။ စစ်အစိုးရအတွက်ဆိုရင်လည်း အလွန်မကောင်းတဲ့ နိမိတ်လက္ခဏာပေါ့ ” ဟု ဝေဖန်ရေးသားခဲ့သည် ။
စေတီတော် ပြိုကျသည့် ကိစ္စနှင့် ပတ်သက်ပြီး ထိတ်လန့်တုန်လှုပ် သွားခဲ့ရသည့် အစိုးရသည် ချက်ချင်းပင် ဖြစ်ပေါ်နေသောကောလာဟလများနှင့်ပတ်သက်ပြီး တုံ့ပြန်ခဲ့သည် ။ သူတို့ နုတ်စေတီတော်နှင့် ပတ်သက်သည့် သတင်းများကို မီဒီယာများတွင် ရေးသားဖော်ပြခြင်းမပြုရန် လှမ်းပြီး ပိတ်ပင်လိုက်သည် ။ နောက်တစ်ပတ်ခန့်အကြာတွင်ဖုံးထား၍လည်း မရသည့်အဆုံး ပြန်လည်ပြုပြင်ရာ၌ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ဆောင်မှုများညံ့ဖျင်းခြင်းကြောင့် ပြိုကျခဲ့ရခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည် ။ လမ်းပေါ်ရှိ သတင်းများနှင့် အင်တာနက်ပေါ်ရှိ ဘလော့ဂ်ဂါများ၏ အရေးအသားများကို ဖုံးကွယ်ထားရန် မဖြစ်နိုင်သည့်အဆုံးတွင် ထိုသို့ သတင်းထုတ်ပြန်လိုက်ရခြင်း ဖြစ်သည် ။
ဓနုတ်စေတီတော် ပြိုကျပြီး တစ်ပတ်ခန့်အကြာတွင် မန္တလေးမြို့မှမြောက်ဘက် ၈၆ မိုင်ခန့်ကွာဝေးသည့် မုံရွာမြို့ရှိ ဗောဓိတစ်ထောင်ဘုရားတွင်လည်း အဖြစ်တစ်ခု ဖြစ်ပွားခဲ့ပြန်သည် ။ မြန်မာနိုင်ငံ၏ ထင်ရှား ကျော်ကြားသော သံဃာတော်နှစ်ပါးသည် အမြင့်ပေ ၁၃၀ မီတာခန့်
မြင့်သည့် ဗုဒ္ဓရုပ်ပွားတော်ကြီးပေါ်သို့ တတ်လှေကားဖြင့်တက်စဉ် ဓာတ်လှေကား ပြုတ်ကျပြီးဒဏ်ရာများ ရခဲ့ကြသည် ။
ဒီလို တစ်ပတ်အတွင်း ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားတဲ့နေရာတွေမှာ ဆိုးရွားတဲ့ အဖြစ်အပျက်နှစ်ခု ဖြစ်ပျက်ခဲ့ခြင်းဟာ နိမိတ် မကောင်းဘူးလို့ပဲ ယူဆရလိမ့်မယ် ။
အဓိပ္ပာယ်ကတော့ အုပ်ချုပ်တဲ့ စစ်အစိုးရ တစ်ခုခုဖြစ်ရင်ဖြစ် ၊ ဒါမှမဟုတ် ပြည်သူတွေမှာ ဘေးဆိုးရန်ဆိုး ကပ်ဆိုးတစ်ခုခုနဲ့ ကြုံတွေ့ရတော့မယ်ဆိုတဲ့ နိမိတ်ပဲဟု အိန္ဒိယသို့ ရောက်လာသည့် ပြည်ပြေးတစ်ဦးက ပြောကြားသည် ။
မြန်မာနိုင်ငံတွင်ဗေဒင် ၊ နက္ခတ် ၊ ယတြာ ၊ ဓာတ်သဘောတွေကို ယုံကြည်မှု လွန်ကဲလှသည် ။အထူးသဖြင့် မြန်မာနိုင်ငံကို အုပ်စိုးခဲ့သော စစ်ဗိုလ်ချုပ်ကြီးများကို ဗေဒင်ဆရာ ၊ နတ်ဆရာတွေက လွှမ်းမိုးမှု လွန်ကဲ လှကြောင်း တွေ့ရသည် ။
၁၉၆၂ ခုနှစ်တွင်အာဏာသိမ်းခဲ့သော ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရလက်ထက်က သူ့အဆောင်ဂဏန်းမှာ ၉ ဖြစ်ပြီး ဘာလုပ်လုပ် ၉ ဂဏန်းနှင့်ကိုက်ညှိပြီး လုပ်ဆောင်လေ့ရှိကြောင်း တွေ့ရသည် ။ ၁၉၈၇ ခုနှစ်၊ စက်တင်ဘာလတွင် သူသည် ၄၅ ကျပ်တန် ၊ ၉၀ ကျပ်တန် ငွေစက္ကူများကိုအတိတ်နိမိတ်များနှင့် ထုတ်ဝေခဲ့သည် ။ ထိုကိန်းဂဏန်းများသည် ၉ နှင့် စားလျှင် ပြတ်သောကြောင့်ဖြစ်သည် ။ ထိုသို့ပြုလုပ်ခြင်းဖြင့် သူ့ကို အသက် ၉၀ တိုင် နေရမည်ဟု ဗေဒင်ဆရာများက နိမိတ်ဟောခဲ့ကြသည် ။ ဆိုခဲ့သည့်အတိုင်း သူသည်အသက် ၉၂ နှစ်မှ ကွယ်လွန်သွားခဲ့သည် ။ ဦးနေဝင်းသည် တံတားတစ်စင်းပေါ်တွင် မကောင်းဆိုးဝါးများ ထွက်သွားစေ လိုသည့် သဘောဖြင့် နောက်ပြန်လျှောက်ခဲ့သေးကြောင်းလည်း ပြောကြသည် ။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည်လည်း ဗေဒင် ၊ ယတြာနှင့် အကြားအမြင်ဆရာများကို အလွန်ယုံကြည်သူဖြစ်သည် ။ ၂၀၀၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏မြို့တော်ကို နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ အခါပေး ဟူးရားများ၏ အကြံဉာဏ်ကြောင့်ပင် ဖြစ်သည် ။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် လှုပ်ရှားမှုတွင်ပါဝင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာသည့် ဆရာတော်တစ်ပါးက ဗိုလ်ချုပ်များသည် ဗေဒင်နိုင်ငံရေး လုပ်နေကြခြင်း
ဖြစ်သည်ဟု ဆိုသည် ။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ဗေဒင်နှင့် နတ်ဆရာများ၏ အခါတော်ပေးချက်အရ ယတြာများကိုလည်း မကြာခဏ စီရင်ဆောင်ရွက်လေ့ရှိသည် ။ အထူးသဖြင့် အာဏာတည်မြဲရေးအတွက် ထိုသို့ ခိုင်းစေသမျှလိုက်လံလုပ်ဆောင်နေခြင်းလည်း ဖြစ်သည် ။ ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားကြီးပေါ်တွင် သူနှင့်မျက်နှာချင်းတူသော ကျောက်စိမ်း ရုပ်ပွားတော်ကြီးကို ထုလုပ် ကိုးကွယ်ခြင်းမှာ အထင်ရှားဆုံးယတြာ ဖြစ်သည် ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် မိသားစုလှူဒါန်းသည့် သူ့မျက်နှာပုံတူ ဘုရားအဖြစ် ပြည်သူများအားလုံး သိကြပြီးဖြစ်သည် ။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အယူသီး ၊ အစွဲအလမ်းကြီးမှုသည် သူငယ်စဉ်ကတည်းက ဖြစ်သည် ။ ဒေါ်ကြိုင်ကြိုင်၏ ဆွေမျိုးတစ်ဦး ပြောပြချက်အရ ဗိုလ်ချုပ်မှူးကြီးတွင် မွေးရာပါ အမှတ်တစ်ခုရှိကြောင်း ၊ ထိုအမှတ်ကိုကြည့်ပြီး ဗေဒင်ဆရာက နောင်မြန်မာနိုင်ငံ၏ မင်းဖြစ်မည်ဟု ဟောခဲ့ကြောင်းသိရသည် ။ ထို့ပြင် ရန်ကုန်မြောက်ပိုင်း၌ နေထိုင်သည့် ဒေါ်ဓမ္မသီ ဆိုသည့် သီလရှင်တစ်ပါးသည်လည်း ဗိုလ်ချုပ်မှူးကြီးဇနီးမောင်နှံ၏ အခါတော်ပေးအဖြစ် ဆောင်ရွက်နေကြောင်း သံတမန်တစ်ဦး၏ ဇနီးဖြစ်သူက ပြောကြားသည် ။ ဗိုလ်ချုပ်မှူးကြီးမိသားစု အပါအဝင် ယခင်က တန်ခိုးဩဇာထက်လှသည့် စစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ် ခင်ညွန့် နှင့် ဇနီးမောင်နှံတို့ကလည်း ဒေါ်ဓမ္မသီထံမကြာခဏသွားကာအကြံဉာဏ်နှင့် ယတြာများယူတတ်ကြောင်း သံတမန်၏ ဇနီးက ဆိုသည် ။ဗိုလ်ချုပ်ခင်ညွန့်သည်ထောက်လှမ်းရေး အကြီးအကဲတစ်ဦးဖြစ်ပြီး အလွန်ဩဇာ ထက်လှသော်လည်း ၂၀၀၄ ခုနှစ်တွင် ဖြုတ်ချခံရပြီး နေအိမ် အကျယ်ချုပ် ထိန်းသိမ်းခြင်း ခံလိုက်ရသည် ။
ရာထူးတက်လိုသူများနှင့် ရာထူးတွင် မြဲလိုသူများသည် ဗေဒင်နှင့် နတ်ဆရာများ ၊ အခါတော် ယတြာပေးသူများထံ ချဉ်းကပ်လေ့ ရှိကြသည် ။ အထူးသဖြင့် ထိုခေတ်က စစ်ခေါင်းဆောင် အသိုင်းအဝိုင်း ကြီးကြီးပိုင်းကပါ ကိုးကွယ်ကြသည့် ဆရာလေးဒေါ်ဓမ္မသီထံ ချဉ်းကပ်ကြသည် ။ ယင်းသီလရှင်ဆရာလေး မည်မျှဘုန်းကြီးသနည်းဆိုသော် သံဃာအတုအယောင်များကပင် နာမည်တက်ချင်သဖြင့် ချဉ်းကပ်ခြင်းခံရသည်အထိ ဖြစ်ခဲ့ရသည် ။ ဆရာလေးသည် တစ်နေ့တွင် အိပ်မက် အရ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို အရှာထွက်စဉ် စီးလာသည့်ကား ဗွက်နစ်ပြီး ဆက် မမောင်းနိုင် ဖြစ်သွားသည် ။ ဆရာလေးက လက်ကိုင်ဖုန်းထုတ်ပြီး ဖုန်းတစ်ချက် ဆက်လိုက်သည် ။ မြန်မာပြည်သူလူထုလက်ထဲတွင် လက်ကိုင်ဖုန်း ကိုင်နိုင်ခွင့် အခွင့်အရေး အလွန်နည်းပါးချိန်တွင် ယင်းဆရာလေးထံ၌ ဖုန်းသုံးလေးလုံး ကိုင်သုံးနိုင်သည် ။ ဆရာလေး ဖုန်းဆက်လိုက်သောကြောင့် မကြာမီ စစ်သားများရောက်လာပြီး ဗွက်နစ်နေသောကားကို ထရပ်ကားများဖြင့် လာဆွဲပေးကြရသည် ။
မြန်မာနိုင်ငံသူနိုင်ငံသားအများစုသည် ဗေဒင် ၊ ယတြာ စသည်တို့ကို ယုံကြည်မှု ပြင်းထန်ခဲ့ကြသည်မှာ နှစ်ကာလပေါင်းကြာခဲ့ပြီ ။ နိုင်ငံခြားပညာတော်သင်ခွင့်ရရေး ၊ ရာထူးတိုး ၊ လင်ငယ် မယားငယ်ကိစ္စကအစ စာမေးပွဲအောင်ရန်အဆုံး ဗေဒင်မေး ၊ ယတြာချေခြင်းများကို တွင်ကျယ်စွာပြုလုပ်လျက် ရှိကြသည် ။ယတြာချေလိုက်လျှင် အဆိုးတွေပျောက်ပြီး ၊ အကောင်းတွေ ရောက်လာလိမ့်မည်ဆိုသော ယုံကြည်မှုများဖြင့် ဗေဒင်ဆရာ ၊ နတ်ဆရာတို့ အပြောအတိုင်း လိုက်လုပ်လေ့ရှိကြသည် ။
၂၀၀၇ ခုနှစ် ရွှေဝါရောင်လှန်ရေးအပြီးတွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးအခြေအနေများ တင်းမာလာခဲ့သည်ဟု ဆိုနိုင်သည် ။ ထိုအချိန်တွင် စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန် ဦးအောင်ကြည်ကို စေလွှတ်ခဲ့သည် ။ ယင်းသည်လည်း ယတြာဖြစ်သည်ဟု ဆိုကြသည် ။
“ အောင် ” ဆိုသည်မှာ အောင်မြင်ရမည်ဆိုသည့်သဘောဖြစ်ပြီး ၊ “ ကြည် ” ဆိုသည့် သဘောက ဒေါ်အောင်ဆန်းစုကြည်ကို အောင်မြင်ရမည်ဆိုသည့်သဘောဖြစ်ကြောင်း ရန်ကုန်အသိုင်းအဝိုင်းမှ အတွင်းသိ ဗေဒင်ဆရာတစ်ဦး၏ ထောက်ပြချက်ကိုကြည့်လျှင် စစ်အစိုးရသည် ဗေဒင်ယတြာအပေါ် မည်မျှအစွဲအလမ်းကြီးကြောင်း ခန့်မှန်း၍ ရနိုင်မည်ထင်ပါသည် ။
Ref:
Instant Karma in Myanmar, By Sudha Ramachandran and
Swe Win
    ◾  တင်ညွန့်
   📖   ဦးသန်းရွှေ၏ ယတြာများ

Friday, July 17, 2020

ကားပျက်၍ ခြေကျင်လျောက်ခဲ့သောဗိုလ်ချုပ်



❝  ကားပျက်၍ ခြေကျင်လျောက်ခဲ့သောဗိုလ်ချုပ် ❞
    အတိတ်ကို ဇာတ်ကြောင်း ပြန်ရသော် ၁၉၄၆ ခုနှစ်စက်တင်ဘာလ ၂၅ ရက် ကြာသပတေးနေ့မှ ပြန်လည်စတင်ရမည် ဖြစ်ပါသည် ။
ထိုနေ့သည် မြန်မာ့လွတ်လပ်ရေး သမိုင်းမှ အရေးပါသော မှတ်တိုင်တစ်ခု လည်းဖြစ်ပါသည် ။အကြောင်းမူကား လန်ဒန်မြို့ရှိ ဗြိတိသျှအစိုးရ၏ ညွှန်ကြားချက်အရ ရန်ကုန်မှ အင်္ဂလိပ်ဘုရင်ခံက ဗိုလ်ချုပ်အောင်ဆန်းအား အုပ်ချုပ်ရေးအာဏာ လွှဲပြောင်းပေးအပ်ခဲ့သောနေ့ ဖြစ်သောကြောင့်ပင်တည်း ။တစ်နည်းအားဖြင့် ( ၂၆ - ၉ - ၄၆ ) နေ့သည် ဗိုလ်ချုပ်အောင်ဆန်းအုပ်ချုပ်ရေး အာဏာရရှိကာ ဝန်ကြီးများအဖွဲ့ ( ကက်ဘိနက် ) ခေါင်းဆောင် ဖြစ်လာသည့်နေ့ပင်ဖြစ်ပါသည် ။
ထိုနေ့နံနက် ရန်ကုန်မြို့ အလုံလမ်းရှိ အင်္ဂလိပ်ဘုရင်ခံအိမ်တော် ( ယနေ့ပြည်သူ့လွှတ်တော် တည်ရာ )သို့ သွား၍ ဗိုလ်ချုပ်အောင်ဆန်းသည် အစိုးရအဖွဲ့ခေါင်းဆောင်တာဝန်ကို လက် မှတ်ရေးထိုးရယူပြီးနောက် ဗဟန်း ၊ တာဝါလိန်းလမ်းရှိ သူ၏နေအိမ် ( ယခု ဗိုလ်ချုပ်ပြတိုက် )သို့ ပြန်ရောက်ရောက်ခြင်း ကျွန်တော့်အားခေါ်၍ အရေးကြီးစကားပြောခဲ့ပါသည် ။
“ ဟေ့ကောင်... ဒီနေ့ကစပြီး ငါ ဟာအစိုးရအဖွဲ့( ကက်ဘိနက် )အဖြစ် ခေါင်းဆောင်ဖြစ်လာပြီး မင်းကလည်း ငါ့ရဲ ပီအေ ( အပါးတော်မြဲ ) အဖြစ် တစ်ရက်နှစ်ရက်အတွင်း တရားဝင် ပြန်တမ်းထွက်လာလိမ့်မယ် ။ ဒီတော့ ငါတို့မှာအဆောင်အယောင် အခွင့်အရေးတွေ ရလာလိမ့်မယ် ။ အာဏာရလာတယ် ဆိုရင်ပဲ ငါတို့ကိုချဉ်းကပ် အကူအညီတောင်းတာတွေ လာလိမ့်မယ် ။ ငါ့ရဲ့ ဆွေမျိုးတွေ ၊ မိန်းမ ဘက်က အမျိုးတွေ ၊ ပြီးတော့ မင်းနဲ့ပတ်သက်တဲ့အပေါင်းအသင်းတွေ အားလုံး ဘယ်သူ့ကိုမှ မတရား အခွင့်အရေး မပေးရဘူး ။ သူတို့ အကူအညီတောင်းတာကို လုပ်မပေးရဘူး ။ မင်းတို့ ငါတို့ ကလည်း ဘယ်သူ့ဆီကမှ အကူအညီ မယူရဘူး ။ အခွင့်အရေးမယူရဘူး ”
ဤသို့လျှင် ဗိုလ်ချုပ်သည် ကျွန်တော့်အား တိကျပြတ်သားစွာပြောခဲ့ရာတစ်နည်းအားဖြင့် သူ၏ သဘောထားဆန္ဒနှင့်လမ်းညွှန်ပေးလိုက်ခြင်းပင်ဖြစ်သည်ဟု ဆိုရပါမည် ။
“ ဘယ်သူ့ဆီကမှ အကူအညီမယူရဘူး ၊အခွင့်အရေးမယူရဘူး ” ဟူသော ဗိုလ်ချုပ်စကား၏ အဆုံးသတ်ပုံကို ကျွန်တော်သည် ယနေ့ထိ မမေ့နိုင်ပါ ။ မမေ့နိုင်အောင်လည်း ဗိုလ်ချုပ်အောင်ဆန်းသည် သူအမိန့်ပေးညွှန်ကြားသလို ၊ သူကိုယ်တိုင်လည်း လိုက်နာကျင့်သုံးခဲ့ကြောင်း ကိုယ်တွေ့ဖြစ်ရပ်တစ်ခု ကြုံတွေ့ခဲ့ရပါသည် ။
ယင်းသို့ ကြုံတွေ့ခဲ့ရပုံက ဤသို့ ပါတည်း ။ ထိုအချိန်က “ ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ” ဟုခေါ်သော အစိုးရအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ဝန်ကြီးအဖြစ် စီးခဲ့သောမော်တော်ယဉ်မှာ အင်္ဂလန်ပြည်လုပ် “ ဂူစလီ ” အမျိုးအစား အနက်ရောင် ဆလွန်းကား အမှတ် အာအေ / ၂၈၇၄ ဖြစ်ပါသည် ။
ဗိုလ်ချုပ်အိမ်တွင် ထိုကားတစ်စီးမှလွဲ၍ အခြားမော်တော်ကား မရှိပါ ။ ဗိုလ်ချုပ်မှာ အစိုးရအဖွဲ့ တာဝန်အပြင် နိုင်ငံရေးအဖွဲ့အစည်း ( ဖဆပလအဖွဲ့ချုပ် ) ၏ ဥက္ကဋ္ဌအဖြစ်လည်း အလွန်အလုပ်များလေရာ သူလှုပ်ရှားသွားလာရာ၌ အထက်ဖော်ပြပါမော်တော်ကားနှင့်ပင် သွားလာရသောကြောင့် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် နှင့် သားသမီးများအနေဖြင့် မော်တော်ကားစီးခွင့် သိပ်မရကြရှာပါချေ ။ ရံဖန်ရံခါ ရုံးပိတ်ရက် တနင်္ဂနွေနေ့ဘက်တွင် ဗိုလ်ချုပ်က ဇနီးနှင့်ကလေးများပါ ခေါ်ပြီး ကန်တော်ကြီးတစ်ပတ် ကားလျှောက်သည့်အခါလောက်တွင်သာ စီးခွင့်ရကြပါသည် ။
“ ဗိုလ်ကြီး... ကားဘာဖြစ်တယ်မသိဘူး ။ စက်နှိုးလို့မရဘူး ။ ကျွန်တော်လည်း တတ်သလောက် မှတ်သလောက် အမျိုးမျိုးကြိုးစားပြင်ကြည့်တာပဲ ။ ဘယ်လိုမှ နှိုးလို့ မရဖြစ်နေတယ် ”
“ ဟေ့••••• ဟုတ်လား ၊ မင်းသေသေချာချာ လုပ်ကြည့်ပြီးပြီလား ”
ကျွန်တော်က ဤသို့ ပြန်မေးလိုက်ခြင်းမှာ ရဲဘော်ကျော်စိန်သည် ကားမောင်း တတ်ရုံမက စက်ပြင်ပညာပါ အသင့်အတင့်တတ်ထားသူဖြစ်၍ မေးလိုက်ခြင်း ဖြစ်ပါသည် ။
“ ဟုတ်ကဲ့.....ကျွန်တော် အစွမ်းကုန် ကြိုးစားကြည့်ပြီးပါပြီ ။ လုံးဝ စက်နှိုးလို့ မရဘူး ”
ရဲဘော်ကျော်စိန်က ပြန်ပြောချိန်တွင် ကျွန်တော်သညလက်ပတ်နာရီကို ကြည့်လိုက်ရာ နံနက် ၉ နာရီခွဲကျော်နေပြီဖြစ်ကြောင်းတွေ့ရသဖြင့် မျက်လုံး ပြူးသွားမိပါသည် ။ ထိုနေ့နံနက် ၁၀ နာရီတွင် အတွင်းဝန်ရုံး၌ ဗိုလ်ချုပ်က ဝန်ကြီးအဖွဲ့ အရေးပေါ်အစည်းအဝေးခေါ်ထားသဖြင့် ကျွန်တော်တို့ ရုံးသို့ ၁၀ နာရီ အရောက်သွားရန် အရေးကြီးသောကြောင့် စိုးရိမ်ခြင်းဖြစ်ပါသည် ။
ထို့ကြောင့် ကျွန်တော်လည်း ချက်ခြင်းပင် ဗိုလ်ချုပ်အားအကျိုးအကြောင်း သတင်းပို့မှ ဖြစ်ချေတော့မည်ဟု ဆုံးဖြတ်လျက် ဗိုလ်ချုပ်ရှိရာ အိမ်အောက်ထပ်ဧည့်ခန်းသို့ ခပ်သုတ်သုတ် သွားလိုက်ပါသည် ။
ဗိုလ်ချုပ်သည် ကျွန်တော့်ကိုမြင်လျင် သူ့အား ရုံးသွားရန် လာခေါ်ပြီဟု ယူဆဟန်ဖြင့် “ ဘာလဲဟေ့... ငါတို့သွားကြတော့မလား ” ဟု မေးရင်း ထိုင်ရာမှ ထလိုက်ပါသည် ။
ဒီတော့မှ ကျွန်တော်လည်း မော်တော်ကားအခြေအ ကို ပြောပြ လိုက်ရပါသည် ။
“ ဗိုလ်ချုပ် .... ရုံးသွားလို့မဖြစ်သေးဘူး ။ ဒီနေ့မော်တော်ကား ပျက်နေတယ် ။ ရဲဘော်ကျော်စိန် အမျိုးမျိုးကြိုးစားပြီး နှိုးကြည့်တာပဲ ။ ဒါပေမဲ့ ဘယ်လိုမှ စက်နှိုးလို့ မရဘူး ။ ကျွန်တော်တို့ ကားတွေပြုပြင်ဖို့ တာဝန်ယူတဲ့ ကုန်းလမ်းပို့ဆောင်ရေးဌာန ဝပ်ရှော့ကိုပို့ပြီး ပြင်မှဖြစ်မယ် ”
“ ဟုတ်လား•••• ကားက လုံးဝမောင်းလို့ မရဘူးလားကွ ”
“ ဟုတ်ကဲ့ လုံးဝစက်နှိုးလို့ မရဘူးဖြစ်နေတယ် ။ ရုံးမှာလည်း ဗိုလ်ချုပ်ခေါ်ထားတဲ့အစည်းအဝေးက ၁၀နာရီ စဖို့ ရှိတယ် ။ အခု ၉ နာရီခွဲကျော်နေပြီ ။ ဒါကြောင့် ကျွန်တော်တို့ ရုံးကို အချိန်မီသွားနိုင်အောင်တစ်ယောက်ယောက်စီက မော်တော်ကားတစ်စီး ဖုန်းဆက်တောင်းလိုက် မယ် ” ပြောပြောဆိုဆို ကျွန်တော်
သည် အိမ်ပေါ်ထပ်တက်သည့်လှေကားရင်းရှိ တယ်လီဖုန်းဆီကို လျှောက်သွားစဉ် ဗိုလ်ချုပ်က လှမ်းခေါ်လိုက်ပါသည် ။
“ ဟေ့ကောင်....မင်းက တယ်လီဖုန်းဆက်ပြီးမော်တော်ကား တောင်းမလို့ မဟုတ်လား ”
ဗိုလ်ချုပ်၏ လေသံက တင်းမာနေသဖြင့် ကျွန်တော်လည်း ဆက် မလျှောက်တော့ဘဲ ဗိုလ်ချုပ်ရှိရာသို့ ပြန်လှည့်လာခဲ့ပါသည် ။
“ ဟုတ်ကဲ့ ဒါမှ ကျွန်တော်တို့ ရုံးကိုမြန်မြန်သွားနိုင်မှာမဟုတ်လား ”
ကျွန်တော်က အမှန်အတိုင်းပြန်ပြောလိုက်ရာ ဗိုလ်ချုပ်သည် ပို၍ လေသံပြင်းစွာဖြင့် ကျွန်တော့်အား အပြစ်တင်ပါ​ေလတော့သည် ။
“ မင်းဟာ တော်တော်ညံ့သေးတာပဲ ၊ တယ်လီဖုန်းဆက်ပြီး မော်တော်ကား တောင်းဖို့ တစ်ခုတည်းပဲ မင်းတွေးမိတာကိုး ။ မင်းတို့ငါတို့အနေနဲ့ အခုနေအခါ မော်တော်ကား လှမ်းတောင်းလိုက်ရင် တစ်စီးမဟုတ်ဘူး ဆယ်စီးလည်းရနိုင်တယ် ။ အဲဒါ ဆက်စပ်ပြီးစဉ်းစားကြည့်ပေါ့ ။ စီးပွားရေးလုပ်ငန်းရှင်တွေဟာ ငါတို့ဆီက မတရားအခွင့်အရေးတွေ တောင်းလာမှာကိုတော့ မင်းမတွေးမိဘူး မဟုတ်လား ။ မင်းကို ငါအစောကြီးကတည်းက ကြိုပြောခဲ့တယ် မဟုတ်လား ။ မင်းတို့ ငါတို့ အနေနဲ့ ဘယ်သူ့ဆီကမှ ဘာအကူအညီမှ မယူဘူး ။ အခုမင်း မော်တော်ကား လှမ်းတောင်းတာဟာလည်းအခွင့်အရေး ယူတာပဲ ။ ဒါကြောင့် မင်းစောစောက စိတ်ကူးသလို တယ်လီဖုန်းဆက်ပြီးမော်တော်ကား
မထောင်းရဘူး ”
“ ဒါဖြင့် ကျွန်တော်တို့ ဘာလုပ်ရမလဲဗိုလ်ချုပ် ”
“ ဘာမှလုပ်မနေနဲ့ ငါတို့ကားပျက်နေတယ်မဟုတ်လား ။ ဒီတော့ မင်းနဲ့ ရုံးကိုလမ်းလျှောက်သွားကြမယ် ။ ရုံးရောက်တော့မှ သယ်ယူပို့ဆောင်ရေးဌာနကို ဖုန်းဆက်ပြီး ငါတို့ကားကို စက်ပြင်သမားတွေလာဆွဲယူသွားပြီး ပြင်ပေးဖို့ပြောပေါ့ ။ ကဲ.... ပြောနေတာကြာတယ်ကွာ သွားကြစို့ ”
ပြောပြောဆိုဆို ဗိုလ်ချုပ်သည် စိတ်မြန်သူပီပီ သူကိုင်နေကျ မိုးကာအင်္ကျီကို လက် မောင်းတွင် ခေါက်တင်လျက် အိမ်ရှေ့လှေကားမှ ဆင်းလျှောက်သွားပါတော့သည် ။ ကျွန်တော်လည်း မည်သို့မျှ မတတ်နိုင်ဘဲ သူ၏ နောက် မှ ခပ်သုတ်သုတ် ပြေးလိုက်သွားရပါသည် ။
သူအစိုးရအဖွဲ့ အာဏာရယူသည့်နေ့ကပြောခဲ့သော " ဘယ်သူ့ဆီကမှ အကူအညီမယူရဘူး ။ အခွင့်အရေးမယူရဘူး ” ဟူသော စကားအတိုင်း ဗိုလ်ချုပ်သည် အယူသည်းစွာ ကိုယ်တိုင်လိုက်နာကျင့်သုံးနေပါသည်တကားဟုသာ စိတ်ထဲမှ ဆင်ခြင်သုံးသပ်မိပါသည် ။
သို့နှင့်ပင် ကျွန်တော်နှင့် ဗိုလ်ချုပ်တို့ ဆရာတပည့်နှစ်ဦးသည် တာဝါလိန်းလမ်းမှ ထွက်၍ နတ်မောက်လမ်း ၊ ဗဟန်းလမ်းအတိုင်းလျှောက်ပြီး ဗဟန်းအဝိုင်းကို ဖြတ်ကျော်ကာ တိရစ္ဆာန်ရုံဘေးရှိ ပလက်ဖောင်းသို့ပင် ရောက်လာကြပါသည် ။
ဗိုလ်ချုပ်က ရှေ့က ခြေလှမ်းသွက်စွာနှင့်လျှောက်ပြီး ကျွန်တော်က နောက် မှ လိုက်သွားရာ အော်စတင်အမျိုးအစားမော်တော်ကားငယ်တစ်စီး ကျွန်တော့်အနီးတွင် ထိုးဆိုက်လာသဖြင့် ကျွန်တော်လည်း အံအားသင့်စွာ လှမ်းကြည့်မိပါသည် ။
ထိုကားကလေးကို မောင်းလာသူက မြန်မာ့ရုပ်ရှင် စတင်တီထွင်သူ “ ရုပ်ရှင်ဖခင်ကြီး ” လန်ဒန်အတ် ဦးအုန်းမောင် ဖြစ်နေပါသည် ။ ထိုအချိန်က သူသည် ဗဟန်း ဝင်္ကပါလမ်းတွင် ခေတ္တနေထိုင်ပြီး ဆူးလေဘုရားလမ်းနဲ့ သူ၏ လန်ဒန်အတ် ဓာတ်ပုံတိုက်နှင့် ရုပ်ရှင်ကုမ္ပဏီရှိရာသို့ ကိုယ်တိုင်ကားမောင်းသွားခြင်း ဖြစ်ဟန်တူပါသည် ။ ကျွန်တော်သည် ကျောင်းသားဘဝက ရုပ်ရှင်ဝါသနာပါသဖြင့် ရုပ်ရှင်စတူဒီယိုများသို့ ရံဖန်ရံခါသွားရောက်လေ့လာရင်း ဦးအုန်းမောင် နှင့် သိကျွမ်းနေပါသည် ။
“ ဟေ့မောင်ရင် ... ခဏလာပါဦးကွဲ့ "
ဦးအုန်းမောင်က ကားရပ်ပြီး လှမ်းခေါ်သဖြင့် ကျွန်တော်လည်း သူခေါ်ရာသို့ ချဉ်းကပ်သွားပါသည် ။ ဗိုလ်ချုပ်က လုံးဝလှည့်မကြည့် ဆက်လျှောက်သွားနေသည် ။
“ နေစမ်းပါဦး …. မောင်တို့ဆရာတပည့် ဘယ်လိုဖြစ်လာတာလဲ ။ လမ်းမပေါ် ခြေကျင်လျှောက်ရသလား မော်တော်ကားရောကွဲ့ "
ဦးအုန်းမောင်က မေးသဖြင့် ကျွန်တော်လည်း •••
“ ဖြစ်မှဖြစ်ရလေ မောင်ရင်ရယ် ကားပျက်ရင်လည်း တစ်ယောက်ယောက်ဆီက ကာတစ်စီး ခဏ တောင်းပြီး စီးသွားရောပေါ့ ။ မောင်ရင့်ဆရာ ဗိုလ်ချုပ်လိုပုဂ္ဂိုလ်က လမ်းဘေးပလက်ဖောင်းမှာ ခြေကျင် လျှောက်နေ ရတာ မသင့်ပါဘူး ”
“ ကျွန်တော်လည်း ဦးလေး ပြောသလိုပဲ မော်တော်ကားတစ်စီး ဖုန်းဆက်တောင်းမလို့ပါ ။ ဒါပေမဲ့ ဗိုလ်ချုပ်က မတောင်းရဘူးတဲ့ ။ ဗိုလ်ချုပ်စီးဖို့ မော်တော်ကား ကူညီရတာကို အကြောင်းပြုပြီး နောက်ပိုင်းကျရင် မတရားအခွင့်အရေးတွေ တောင်းလာလိမ့်မယ် ။ စီးပွားရေး သမားတွေဟာ အဲဒီလို လုပ်တတ် တယ်လို့ဆိုပြီးအတွင်းဝန်ရုံး ရောက်အောင် ခြေကျင် လျှောက်ကြမယ်လို့ ပြောပါတယ် "
ကျွန်တော် ရှင်းပြသည်ကို လန်ဒန်အတ်ဦးအုန်းမောင်သည် နားလည်သဘောပေါက် ဟန်ဖြင့် ပြုံး ပြီးခေါင်းညိတ်လိုက်ပါသည် ။
“ အေးပါ ... ဗိုလ်ချုပ်ပြောတာ ဦးသဘောပေါက်ပါတယ် ။ ကိုင်း မောင်ရင်ဆရာ့ဆီ ခပ်မြန်မြန်ပြေးလိုက်ပြီးပြောစမ်းပါ...လန်ဒန်အတ် ဦးအုန်းမောင်က မြို့ထဲကအလုပ်တိုက်သွားရင်း လမ်းကြုံလို့ ဗိုလ်ချုပ်ကို အတွင်းဝန်ရုံး ပို့ပေးပါရစေလို့ ၊ ကျုပ်က ရုပ်ရှင်သမားမို့ စီးပွားရေးလုပ်ငန်းရှင်တွေည၊ ကုန်သည်တွေလို ဘာအခွင့်အရေးမှ မတောင်းပါဘူး ။ ဗိုလ်ချုပ်လို နိုင်ငံ့ခေါင်းဆောင်တစ်ဦးက
လမ်းမပေါ် ခြေကျင်လျှောက်နေတာလည်း ကြည့်မကောင်းပါဘူး ။ ဒါကြောင့် ကျပ်ကားကလေးနဲ့ ဗိုလ်ချုပ်ကို ရုံးအရောက်ပို့ပေးပါရစေလို့ သွားပြောစမ်းပါကွယ် ”
ဦးအုန်းမောင်၏ စကားအဆုံးတွင် ကျွန်တော်လည်း ကပျာကယာဗိုလ်ချုပ်ဆီသို့ ပြေးလိုက်ပြီး သူ၏ လက် မောင်းတစ်ဖက်ကို အသာဆွဲလိုက်ပါသည် ။
“ ဟေ့ကောင်ဘာလုပ်တာလဲကွ "
ဗိုလ်ချုပ်က စိတ်တိုဟန်ဖြင့် ​ေငါ က်သဖြင့် ကျွန်တော်က ဦးအုန်းမောင်၏ မော်တော်ကားရပ်ထားရာကို ညွှန်ပြရင်း ရှင်းပြလိုက်ရပါသည် ။
“ ဗိုလ်ချုပ် ... ဟိုကားပေါ်က ပုဂ္ဂိုလ်ကြီးကို သိတယ်မဟုတ်လား ။ ဆရာ ဒီးဒုတ်ဦးဘချိုရဲ့ မိတ်ဆွေကြီး လန်ဒန်အတ်ဦးအုန်းမောင်းပါ... သူက ဆူးလေ
ဘုရားလမ်းက သူ့ရဲ့အလုပ်တိုက်ကိုသွားရင်း လမ်းကြုံလို့ ဗိုလ်ချုပ်ကို အတွင်းဝန်ရုံးရောက်အောင် ပို့ ပေးပါရစေလို့ ပြောပါတယ် ။ ပြီးတော့ သူဟာရုပ်ရှင်သမား ၊စီးပွားရေးသမားကုန်သည်ကြီးတွေလို ဘာအခွင့်အရေးမှ မတောင်းပါဘူးလို့လည်း ပြောပါတယ် ။ နောက်တစ်ခုက စစ်ကြိုခေတ်က ဗိုလ်ချုပ်တို့ရဲ့ တို့ဗမာအစည်းအရုံးကို လျှို့ဝှက်ကူညီထောက်ပံ့ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါတယ် ။ သူက ကားရပ်ပြီး ခေါ်တာကို ငြင်းရင် အားနာစရာ ကောင်းပါတယ်ဗိုလ်ချုပ် ”
ကျွန်တော်၏ စကားသံအဆုံးတွင် ဗိုလ်ချုပ်သည် လန်ဒန်အတ် ဦးအုန်းမောင်ဘက်သို့ လှည့်ကြည့်လိုက်ပါသည် ။
ဦးအုန်းမောင်သည် ဆရာဦးဘချိုနှင့် ခင်မင်ရင်းနှီးနေသော မိတ်ဆွေဖြစ်သည့်အပြင် ဦးဘချိုကဲ့သို့ပင် ဆံပင်ရှည် လျှောင်ထုံးနှင့် တဘက်ခေါင်းပေါင်း ပေါင်းထားသဖြင့် မြန်မာလူကြီးတစ်ဦး ပီသစွာ ခန့်ညားကာ ဥပဓိရုပ်အလွန်ကောင်းသူလည်း ဖြစ်ပါသည် ။
ဗိုလ်ချုပ်သည် ဦးအုန်းမောင်ကိုကြည့်ပြီး အားနာသွားဟန်ဖြင့် ကြိမ်းမောင်းဆူပူခြင်းမပြုဘဲ အော်စတင်ကားလေးရပ်ထားရာသို့ လျှောက်သွားကာ ဦးအုန်းမောင်းအား ပြုံး၍ နှုတ်ဆက်ပါသည် ။ သို့နှင့်ပင် ကျွန်တော်တို့ဆရာတပည့်နှစ်ဦးသည် လန်ဒန်အတ် ဦးအုန်း မောင်၏ ကားကြုံစီး၍ အတွင်းဝန်ရုံးသို့ လိုက်ပါသွားခဲ့ပါသည် ။
ဗိုလ်ချုပ်သည် ဦးအုန်းမောင်အား မျိုးချစ်ပုဂ္ဂိုလ်ကြီးတစ်ဦးအဖြစ် လေးစား၍ တစ်ကြောင်း ၊ ဝိသမလောဘသား စီးပွားရေးသမားမဟုတ်သဖြင့် အခွင့်အရေးမတောင်းပါဟု ဆိုခြင်းကို ယုံကြည်၍တစ်ကြောင်း ကားကြုံလိုက်စီး ခဲ့ခြင်းပင်ဖြစ်ပါသတည်း။
         ◾ တက္ကသိုလ်နေဝင်း
   ဗိုလ်ချုပ်အောင်ဆန်း၏ အပါးတော်မြဲ 
.

ဦးသန်းရွှေ၏ ယတြာ (၁)

❝ ဦးသန်းရွှေ၏ယတြာ (၁) ❞

    ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ကြည့်လိုက်လျှင်အမြဲတမ်း မျက်နှာထား သုန်မှုန်နေတတ်ပြီး ဘာတစ်ခုမှ အလိုမကျသည့်အသွင် ဖြစ်နေတတ်သည် ။ စစ်အစိုးရများထဲတွင်ဟောင်ဖွာဟောင်ဖွာလုပ်မှု အနည်းဆုံးပုဂ္ဂိုလ်လည်း ဖြစ်သည် ။ သူ့ရှေ့ကဗိုလ်ချုပ်စောမောင်သည်ပင် ရောက်ရာ အရပ်တွင် စာအုပ်တွေထောင်ပြီး သူ မည်မျှသိကြောင်း ထုတ်ဖော်ကြွားဝါပြောဆိုတတ်သည် ။ သို့သော် ဗိုလ်ချုပ်မှူးကြီးကား ဘယ်နေရာမှစကားမပြော ၊ တပ်မတော်နေ့လိုမျိုးတွင်ပင် မဖြစ်မနေ စာတက်ဖတ်လိုက်သည်သာ များသည် ။ သူစစ်အစိုးရခေါင်းဆောင်အဖြစ် တာဝန်ယူနေရချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ သူ့အတွက်ဆူးငြောင့်ခလုတ်တစ်ခု ဖြစ်နေရသလို စိတ်ပျက်စရာ ဖြစ်နေရသည် ။ ဒေါ်အောင်ဆန်းစုကြည်ကား တစ်နိုင်ငံလုံးက လေးစားကြည်ညို ချစ်ခင်ရသည့်အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ၊ ထို့ပြင် စစ်အစိုးရနှင့်ဆန့်ကျင်ဘက် ဒီမိုကရေစီ ဘက်တော်သား ။ ပိုဆိုးသည်က အမျိုးသမီး ဖြစ်နေခြင်း ။

    ဗိုလ်ချုပ်ကြီးများကို အာဏာရ ၊ နေရာရလာပြီးနောက် မကြာခဏရုပ်မြင်သံကြားများထဲတွင် တွေ့မြင်လာကြရသည် ။ သတင်းလာလျှင် သူတို့ တိုင်းခန်းလှည့်လည်မှုများ ၊ အခမ်းအနားတက် မှုများ ၊ ဖွင့်ပွဲများကို ဖွင့်ပေးခြင်းများ အားလုံး သူတို့ကို မတွေ့ချင် ၊ မမြင်ချင်မှ အဆုံးဖြစ်သည် ။

    တစ်နေ့တွင် ထူးခြားစွာ ဗိုလ်ချုပ်မှူးကြီးကိုအမျိုးသမီးများသာ ဝတ်ဆင်လေ့ရှိသည့် ချိတ်ထဘီကြီး ဝတ်လျက်သား အခမ်းအနားတစ်ခုတွင် တွေ့လိုက်ကြရသည် ။ ထိုနေ့ကား ၂၀၁၁ ခုနှစ် ၊ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နေပြည်တော်တွင် ကျင်းပသောပြည်ထောင်စုနေ့ ညစာစားပွဲ အခမ်းအနားဖြစ်သည် ။ သူနှင့်အတူ အခြားသော ဗိုလ်ချုပ်များ အားလုံးလိုလိုလည်း ချိတ်ထဘီတွေ ကိုယ်စီနှင့် ဖြစ်နေသည် ။

သူတို့ ဘယ်လိုသဘောနဲ့ ချိတ်ထဘီတွေ ဝတ်လာကြသလဲတော့ မပြောတတ်ဘူး ။ ဒါပေမဲ့ သူတို့ကိုကြည့်ရတာ အတော်လေးထူးဆန်း နေတာတော့ အမှန်ပဲဟု ရန်ကုန်မြို့တွင် နေထိုင်သော စက်ပြင်ဆရာတစ်ဦးဖြစ်သည့် မြင့်ဦးက ပြောသည် ။

မြန်မာနိုင်ငံတွင် အမျိုးသားရော အမျိုးသမီးများပါ ပိုးထည်များ ဝတ်သည်ဆိုသော်လည်းယောက်ျားမိန်းမ ဒီဇိုင်းအဆင် ခွဲခြားဝတ်ဆင်ကြသည်က များသည် ။ ယောက်ျားများဝတ်လျှင် ပုဆိုးဟုခေါ်ပြီး ၊ ပုဆိုးဆင်က သီးခြားဖြစ်သည် ။ အမျိုးသမီးများ ဝတ်လျှင် ချိတ်ထဘီဟု ခေါ်ကြသည် ။ ထိုနေ့က ဗိုလ်ချုပ်များဝတ်ဆင်လာသည့် ပုံစံများမှာ လုံချည်ပုံစံမဟုတ် ချိတ်ထဘီအဆင်များ ဖြစ်နေသည် ။

မြန်မာနိုင်ငံ၏ နောက်ဆုံမင်းဆက် သီပေါမင်းသည် ဗြိတိသျှတို့ ထံတွင် ၁၈၈၆ ခုနှစ်၌ နန်းစွန့်ခဲ့ရသည် ။ ထိုခေတ်က ဘုရင်များသာ ချိတ်ထဘီအဆင်များကို ဝတ်ဆင်လေ့ရှိကြသည် ။ သို့သော် ခေတ်သစ်အာဏာရှင် စစ်ဗိုလ်ချုပ်များအားလုံး ချိတ်ထဘီတွေ ကိုယ်စီဖြစ်နေခြင်းအား တီဗီကြည့်နေသူအားလုံးက သဘောပေါက်လိုက်သည်မှာ ယတြာ ချေနေခြင်းသာ ဖြစ်မည်ဟု ယူဆကြသည် ။ အမည်မဖော်လိုသူ ဗေဒင်ဆရာတစ်ဦးကလည်း ထိုနေ့သည် ကိန်းခန်းဗေဒင် ဓာတ်သဘောအရ ဓာတ်ရိုက် ဓာတ်ဆင်ရန် အကောင်းဆုံး နေ့တစ်နေ့ ဖြစ်နေကြောင်း သိရသည် ။

မြန်မာနိုင်ငံသည် လွန်ခဲ့သော ရာစုနှစ်ဝက် တစ်ခုအတွင်း အုပ်စိုးသူ မင်းသုံးဆက် ပြောင်းသွားခဲ့ရသည် ။ ထိုမင်းဆက် အာဏာရှင်သုံးဦးစလုံးသည် ဗေဒင်ယတြာများကို ယုံကြည်ကိုးစား အားထားကြသူများ ဖြစ်ခဲ့သည် ။ ဗိုလ်ချုပ်နေဝင်းက ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ အုပ်စိုးသွားခဲ့သည် ။ သူလည်း ယတြာသဘောအရ သူ့ပုံကို မှန်ထဲတွင်
ကြည့်ပြီးမှန်ကို သေနတ်နှင့် ပစ်ခတ်ကာ ယတြာချေသူ ဖြစ်သည် ။ သူကိုးကွယ်သည့်နတ်ဆရာက သူ့ကို လုပ်ကြံမည့်သူ ရှိသည်ဟု ပြောသဖြင့် ကိုယ့်ကိုယ်ကိုယ် မှန်ထဲတွင် လုပ်ကြံလိုက်ခြင်း ဖြစ်သည် ။ ထို့ပြင် ၉ ဂဏန်းကို အဆောင်သဘောဖြင့် ၁၉၈၇ ခုနှစ်တွင် အသစ်ထုတ်ခဲ့သော ပိုက်ဆံများကို ၉ နှင့်စားလျှင် ပြတ်သည့် ကိန်းဂဏန်းများဖြင့် ခွတီးခွကျ ထုတ်ခဲ့သည် ။ ၄၅ ကျပ်တန် ၊ ၉၀ ကျပ်တန်များ ဖြစ်သည် ။ သို့သော် သူ့ယတြာ မစွမ်းဟုဆိုရမည် ။ နောက်တစ်နှစ်တွင် တိုင်းပြည်ပျက်ပြီး သူလည်း ရာထူးက ဆင်းပေးလိုက်ရသည် ။

    သူ့နေရာကို အာဏာသိမ်းပြီး ဆက်ခံသူမှာ ဗိုလ်ချုပ်စောမောင် ဖြစ်သည် ။ သူလည်း ဘယ်နေရာရောက်ရောက် ၊ ဘာပြောပြော ​ေဗဒင်နှင့် နတ်ဆရာတွေ အကြံအစည်အတိုင်း ခင်းကျင်းပြင်ဆင် ပြောဆိုလုပ်ကိုင်တတ်သည် ။ ဗိုလ်ချုပ်စောမောင်နောက် ဆက်ခံသည့် ဗိုလ်ချုပ်သန်းရွှေကား ဗေဒင်ဆရာ ၊ နတ်ဆရာပေါင်း ၇ ဦးခန့် ရှိသည် ။ သူတို့အားလုံး၏ အဓိကပစ်မှတ်သည် ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည် ။

    ဗေဒင်ဆရာ ၊ နတ်ဆရာ ၊အောက်လမ်းဆရာများ အားလုံးသည် အရှေ့တောင်အာရှတွင် အလွန်ရေပန်းစားသူများ ဖြစ်ကြသည် ။ ပြည်ထောင်စုနေ့ ညစာစားပွဲတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အပေါင်းအပါများကို ချိတ်ထဘီများဖြင့် ပြည်သူတွေ တွေ့ရှိလိုက်ကြရသော်လည်း ၊ အင်တာနက် Webpage ပေါ်တွင် ထိုပုံများကို မတင်ကြောင်း တွေ့ရသည် ။ ထိုအကြောင်းနှင့် ပတ်သက်ပြီး ဝစ်ကိုဆင်တက္ကသိုလ်မှ မြန်မာ့ရေးရာ အထူးကျွမ်းကျင်သူမနုဿဗေဒပညာရှင် အင်းဂရစ်က ယတြာချေသည်ကို လူသိမခံလိုသောကြောင့် အင်တာနက်ပေါ်သို့ ပုံများ မတင်ခြင်းဖြစ်မည်ဟုသုံးသပ်သည် ။

    ယင်းသို့ ဗိုလ်ချုပ်များ ချိတ်ထဘီဝတ်ခြင်းနှင့် ပတ်သက်ပြီး ပြည်တွင်းမီဒီယာမှ ပုဂ္ဂိုလ်တစ်ဦးကလည်း သူ၏ထင်မြင်ချက်ကိုအချက် နှစ်ချက်ဖြင့် သုံးသပ်ပြသည် ။ ပထမအချက် မှာ မြန်မာနိုင်ငံကို မိန်းမတက်ပြီး အုပ်ချုပ်သွားမည်ကို စိုးရိမ်သောကြောင့် မိန်းမအသွင် ထဘီဝတ်ထားသော
ဗိုလ်ချုပ်ကြီးများက ထိုနေ့ကို ယတြာချေသည့်အနေဖြင့်တက်ပြီး အုပ်ချုပ်လိုက်ခြင်း ဖြစ်သည် ။ ဒုတိယအချက် မှာ ဗိုလ်ချုပ်အားလုံး ထဘီ ဝတ်လိုက်ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ အာဏာကိုလွှဲပြောင်း ယူလိုက်သလို ဖြစ်သွားမည်ဟု အခါပေးသည့်အတိုင်း လိုက်လုပ်ကြခြင်း ဖြစ်သည် ။ ၂၀၀၇ ခုနှစ်တွင် ရွှေဝါရောင် တော်လှန်ရေး ပေါ်ပေါက်လာခဲ့သည် ။ ထိုတော်လှန်ရေးသည် လက်ရှိ စိုးမိုးအုပ်ချုပ်နေသည့် စစ်အစိုးရ အပေါ် သံဃာတော်များက ဆန့်ကျင်သည့်လှုပ်ရှားမှုလည်း ဖြစ်သည် ။ ထိုဆန့်ကျင်ပွဲတွင် ပြည်သူတွေကလည်း အစိုးရထံ အမျိုးသမီးအတွင်းခံများ ပို့ရန် ဆော်ဩ ကြသည် ။အဘယ်ကြောင့်ဆိုသော်အမျိုးသမီးအဝတ်ကို နိုင်ငံခေါင်းဆောင်ကြီးများက
မြတ်နိုးတန်ဖိုးထားသောကြောင့်ဖြစ်ကြောင်း အများက သတ်မှတ်ကြသည် ။ သို့သော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် သူ့ရပ်တည်ချက် ခိုင်မြဲနိုင်ရေးအတွက် အောက်လမ်းနည်းများသုံးပြီး လုပ်ရမည်ဆိုလျှင်လည်း ဝန်မလေးကြောင်း အားလုံး သိသွားခဲ့ကြသည် ။

    ယခုတင်ပြခဲ့သည့် အမျိုးသမီး ချိတ်ထဘီဝတ် ဗိုလ်ချုပ်ကြီးများအကြောင်းသည် ယုတ္တိဗေဒနည်းအရ ခိုင်လုံခြင်းမရှိဟုဆိုလျှင် အယူသီးအစွဲအလမ်းကြောင့် ထင်ရာလုပ်ခြင်းဟုသာ ဆိုရပေလိမ့်မည် ။ ဤကဲ့သို့ ထဘီဝတ်ပြီးယတြာချေသော အမှုကိစ္စသည် ယခင်ကလည်း ရှိခဲ့ဖူးသည် ။ ယခင် ထောက်လှမ်းရေးအကြီးအကဲ တစ်ဦးသည်လည်း အမျိုးသမီးတစ်ဦးကဲ့သို့ ဝတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို တန်ပြန်တိုက်ခိုက်ခဲ့ဖူးသည် ။
မည်သို့ဆိုစေ ပြည်သူများသည် တစ်ကြိမ်မဟုတ် ၊ နှစ်ကြိမ်မဟုတ် ထဘီ ယတြာများကို မြင်လာရသည့်အခါတွင် အဘယ်ကြောင့် စစ်အုပ်စုသည် ထိုသို့ လုပ်ဆောင်နေကြောင်းကို သဘောပေါက်စ ပြုလာကြသည် ။ ထိုအကြောင်းနှင့် ပတ်သက်ပြီး စစ်ဗိုလ်ချုပ်ကြီးများသည် လေသံလည်းမဟ ၊ အင်တာဗျူးလည်း မခံ ၊ အားလုံး နှုတ်ပိတ်ရေငုံနေကြသည်မှာ ဆိတ်ဆိတ်နေ ဝန်ခံရာရောက်နေသလောဟုလည်း စဉ်းစားစရာ ဖြစ်သည် ။

နောက်ဆုံးအကြိမ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ချိန်တွင် စစ်ခေါင်းဆောင်များသည် တင်းမာစွာဆက်ဆံနေဆဲ ဖြစ်သည် ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ဆက်လုပ်ရန် အနောက်နိုင်ငံများကို ထပ်မံတိုက်တွန်းသည့်အခါတွင် နိုင်ငံပိုင်သတင်းစာများက သူမနှင့်သူမ နောက်လိုက် များကို ကြေကွဲဖွယ် နိဂုံးချုပ်ရလိမ့်မည်ဟု သတိပေးရေးသားခဲ့ကြသည် ။ သို့ဖြင့် ၂၀၁၃ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရ ပေးကျွေးထားသည့် အုပ်စုများက ဒီပဲယင်းတွင် ဝိုင်းဝန်းတိုက်ခိုက်လိုက်ခြင်းမှာ စစ်အစိုးရသည် ပြောသည့်အတိုင်း လုပ်တတ်ကြောင်း ပေါ်လွင်ထင်ရှားစေခဲ့သည် ။

မြန်မာနိုင်ငံသည် ၂၀၁၀ ပြည့်နှစ် ၊ နိုဝင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပပေးခဲ့သည် ။ စစ်ဖိနပ်အောက် ရောက်နေသော ပြည်သူများအတွက် ဒီမိုကရေစီကို နဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင်လိုက်ကြရခြင်း ဖြစ်သည် ။ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အုပ်ချုပ်သည့်ခေတ်သည် ဒီမိုကရေစီအသွင်ထက်အာဏာရှင်ပုံစံဖြင့်သာ အုပ်ချုပ်သွားကြောင်း တွေ့ရှိရသည် ။ သူချိတ်ထဘီဝတ်ခြင်းနှင့် ပတ်သက်ပြီး အင်းဂရစ်ဂျော့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အမှန်တော့
နန်းကျဘုရင်၏ အသွင်ကို ယူထားခြင်းသာ ဖြစ်သည် ။ အမှန်မှာ သူသည် မြန်မာနိုင်ငံကို ဘုရင်စနစ်ဖြင့် မင်းတရားကြီးအသွင် အုပ်ချုပ်ချင်နေသူ ဖြစ်သည်ဟု ရေးသားခဲ့သည် ။ ဘုရင်အသွင်နှင့် ထီးရိပ်နန်းရိပ်ကို အထင်ကြီး
လေးစားနေသောကြောင့်လည်း သူ့အိမ်တွင် ခေါ်ပြောနေကြသည်များမှာထီးသုံးနန်းသုံးများ ဖြစ်သည်ဟုလည်း ဆိုကြသည် ။

ပြည်ထောင်စုနေ့ ညစာစားပွဲတွင် မင်းတရားကြီး ယတြာအတိုင်းလိုက်ပြီး ချိတ်ထဘီဝတ်ကြသော ဗိုလ်ချုပ်များသည် ထိုနေ့ကိစ္စနှင့်
ပတ်သက်ပြီး နှုတ်ပိတ်ရေငုံနေကြသည် ။ အားလုံး အမိန့်မရဘဲနှင့်လည်း တစ်ညီတညွတ်တည်း ချိတ်ထဘီ ဝတ်ဆင်လာကြပြီးအခမ်းအနားတက်ရန်ဆိုသည်မှာလည်း မဖြစ်နိုင်ပေ ။ ထိုထဘီမျိုးသည် မည်သည့် အမျိုးသားများထံတွင်မှ အဆင်သင့် ရှိနိုင်သော အရာမျိုး မဟုတ်ပေ ။ တစ်နည်းကြည့်ရလျှင် ၂၀၀၄ ခုနှစ်က အရာကျသွားခဲ့ရသည့် ဗိုလ်ချုပ်ခင်ညွန့်ကဲ့သို့ပင် သူတို့ခေါင်းဆောင်ကြီး၏ နောက်ဆုံးအချိန်ကို နှစ်သိမ့်ပေးသည့်အနေဖြင့်အလိုလိုက် အကြိုက်ဆောင် စစ်ဗိုလ်ချုပ်အားလုံး ထမီလိုက်ဝတ်ခြင်းလည်း ဖြစ်နိုင်သည် ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ယခင်ဘုရင် ဝင်စားသည့် မင်းတစ်ပါး ဖြစ်သည်ဆိုဆို ၊ ဘုရင်မကြီးတစ်ပါး ဝင်စားသည်ဟုပြောပြော နောက်ဆုံးအချိန်တွင် ထဘီဝတ်ပြီး စွန့်လွှတ်ခဲ့ရသည်ကတော့ အမှန်သာ ဖြစ်ခဲ့သည် ။

Ref: Why Did Burma's Leader Appear on TV in Women's Clothes?,

By Robert Horn: Times, The Guardian.

     ◾တင်ညွန့်

    📖 ဦးသန်းရွှေ၏ ယတြာများ

.