Wednesday, August 5, 2020

ကြပ်ပြေး နန်းတွင်းအရှုပ်တော်ပုံ အမှတ် ( ၁ )


“ ကြပ်ပြေး နန်းတွင်းအရှုပ်တော်ပုံ  အမှတ် ( ၁ ) ”

    နအဖစစ်အစိုးရအတွင်း  အပြောင်းအလဲတချို့ကို  နအဖ စစ်ကောင်စီကဇွန်လ( ၂ဝ ) ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာခဲ့ပါတယ် ။  ကာကွယ်ရေးဦးစီးချုပ် ( ရေ ) ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်းကို အမှတ် ( ၂ ) စက် မှုဝန်ကြီး ဌာန  ဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့ပြီး အမှတ် ( ၂ ) စက် မှုဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်စောလွင် ကိုတော့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန် ကြီး ဌာန ဝန်ကြီး အဖြစ်ပြောင်းလဲ ခန့်အပ်ကြောင်း နအဖစစ်ကောင်စီ အတွင်းရေးမှူး ( ၁ ) ဒုတိယဗိုလ်ချုပ်ကြီးသီဟ သူရ တင်အောင်မြင့်ဦးရဲ့ လက် မှတ်နဲ့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ် ။ တချိန်တည်းလောက် မှာပဲ မြန်မာ့တပ်မတော်ရဲ့ ထိပ်ပိုင်း ရာထူးတချို့မှာလည်းအပြောင်းအလဲတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ် ။ ဒါပေမဲ့  တပ်မတော်အတွင်းကအပြောင်းအလဲတွေကိုတော့ နအဖစစ်အစိုးရက တရားဝင် ထုတ်ပြန်လေ့မရှိပါဘူး ။

    အစိုးရအဖွဲ့ဝင်တွေနဲ့ အရပ်ဘက်ဝန်ထမ်းအကြီးအကဲတွေရဲ့ ခန့်အပ် ၊ ပြောင်းလဲ ၊ ထုတ်ပယ်မှုတွေကို အစိုးရ ဂေဇက် ( Gazette ) တွေမှာ ဖေါ်ပြကြေညာပေးရတဲ့သဘောသဘာဝရှိပေမဲ့  တပ်မတော်အတွင်းက ခန့်အပ် ၊ ပြောင်းလဲ ၊ ထုတ်ပယ်မှုတွေကိုတော့ MS Order အနေနဲ့  တပ်မတော်အတွင်းမှာသာ  ကန့်သတ်ပြီး  ထုတ်ပြန်လေ့ရှိတာကို တွေ့ရပါ တယ် ။

     အခုတစ် ကြိမ်ပြုလုပ်ခဲ့တဲ့   နအဖတပ်တွင်းကအပြောင်းအလဲတွေမှာ  နအဖ စစ်ကောင်စီအဖွဲ့ဝင် ထိပ်တန်း ဒုတိယ ဗိုလ်ချုပ်ကြီး ( ၅ ) ဦးကို တာဝန်တွေက အနားပေးလိုက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး တစ်ဦးကိုတော့  ဝန်ကြီး အဖြစ် ပြောင်းရွှေ့ခန့်အပ်ခဲ့တာ တွေ့ရပါတယ် ။ လက်ရှိတာဝန်တွေက အနားပေးခံခဲ့ရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး တွေကတော့ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် ( ၁ ) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့် ။ အမှတ် ( ၂ ) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဝင်း ။ အမှတ်( ၃ ) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင်သန်း ။  တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ( ကြည်း ၊  ရေ ၊ လေ ) ဒုတိယဗိုလ်ချုပ်ကြီး မောင်ဘို ။ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်  ဒုတိယဗိုလ်ချုပ်ကြီးအောင်ထွေး တို့ဖြစ်ကြပြီး ဝန်ကြီးအဖြစ်နဲ့ ပြောင်းရွှေ့တာဝန်ပေးခံရသူကတော့ကာကွယ်ရေးဦးစီးချုပ် ( ရေ ) ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်း  ဖြစ်ပါ တယ် ။

    သူတို့ရဲ့ နေရာတွေမှာစစ်တိုင်းမှူး ( ၅ ) ဦးနဲ့ စစ်ဦးစီးအရာရှိချုပ် ( ရေ )  တို့ကို ချက်ချင်းအစားထိုး ခန့်အပ်ခဲ့တာကိုလည်းတွေ့ရှိရပါတယ် ။  မပခ တိုင်းမှူး ဗိုလ်ချုပ် အုန်းမြင့် ။ ရမခ တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် ။ တဂခ တိုင်းမှူး  ဗိုလ်ချုပ် မင်းအောင်လှိုင် ။ တပခတိုင်းမှူး ဗိုလ်ချုပ်ကိုကို  တို့ကို ကစထမှူးတွေအဖြစ် အစားထိုးခန့်အပ်ခဲ့ပြီး ရကခ တိုင်းမှူး ဗိုလ်ချုပ် လှဌေးဝင်းကို တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ။  နပခ တိုင်းမှူး ဗိုလ်ချုပ်မောင်ရှိန်  ကို   တပ်မတော် စစ်ဆေးရေးအရာရှိချုပ် ( ကြည်း ၊ ရေ ၊ လေ ) အဖြစ်နဲ့ အစားထိုး ခန့်အပ်ခဲ့ကြောင်း  သိရှိရပါတယ် ။ စစ်ဦးစီးအရာရှိချုပ် ( ရေ ) ဗိုလ်ချုပ်ဉာဏ်ထွန်း ကိုလည်း ကာကွယ် ရေးဦးစီးချုပ် ( ရေ ) အဖြစ် အစားထိုးခန့်အပ်ခဲ့တာ တွေ့ရပါတယ် ။

     လစ်လပ်သွားတဲ့ စစ်တိုင်းမှူးတွေရဲ့ နေရာတွေကိုလည်း တပ်မမှူးတွေ ၊ စစ်ကျောင်းအုပ်ကြီးတွေ ၊  ဆေးတပ်မှူးတွေနဲ့ ချက်ချင်း အစားထိုးခဲ့တာ တွေ့ရပါတယ် ။ တပ်မတော် ( ကြည်း ) တိုက်ခိုက်ရေးသင်တန်းကျောင်း ( ဗထူးတပ်မြို့ ) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် စိုးဝင်း ကို မပခ တိုင်းမှူး ။ တပ်မတော် ဆေးတက္ကသိုလ် ပါမောက္ခချုပ်  ဗိုလ်မှူးချုပ်ရာပြည့် ကို ရပခ တိုင်းမှူး ။ ဦးစီးအရာရှိ  တက္ကသိုလ် ( ကလော ) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ကျော်ဖြိုး ကို တဂခ တိုင်းမှူး ။  တပ်မ ( ၇၇ ) တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းမြင့် ကို ရကခ တိုင်းမှူး ။  တပ်မ ( ၁၁ ) တပ်မမှူး ဗိုလ်မှူးချုပ် လှမင်း ကို တပခ တိုင်းမှူး စသည်ဖြင့်  အစားထိုးခန့်အပ် တာဝန် ပေးခဲ့ကြောင်း သိရှိရပါတယ် ။ ( ရပခ တိုင်းမှူး  ဗိုလ်ချုပ်သောင်းအေးကို နပခ သို့  ပြောင်းရွှေ့ခဲ့သည် ။ )

    ဆင့်ကဲဆင့်ကဲ လစ်လပ်သွားတဲ့ နေရာတွေကိုလည်း အစားထိုး ခန့်အပ်မှုတွေ ပြုလုပ်ခဲ့ရတဲ့အတွက် ဗိုလ်ချုပ်မှူးကြီး ( ၁ ) ဦး ။ ဒုတိယဗိုလ်ချုပ်မှူးကြီး ( ၁ ) ဦး ။ ဗိုလ်ချုပ်ကြီး ( ၂ ) ဦး ။ ဒုတိယဗိုလ်ချုပ်ကြီး ( ၁၂ ) ဦး ( ဒုတိယဗိုလ်ချုပ်ကြီး လစာကို စားနေပြီဖြစ်သော ဗိုလ်ချုပ်သာအေး ။ ဗိုလ်ချုပ်ခင်ဇော် နှင့်  ဗိုလ်ချုပ် သူရမြင့်အောင် တို့ မပါသေးပါ ) ။  ဗိုလ်ချုပ်  ( ၅ဝ ) ကျော် ။ ဗိုလ်မှူး ချုပ် ( ၁ဝဝ ) ကျော် ။ ဗိုလ်မှူးကြီး ၃၄ဝ ကျော် ။  ဒုတိယဗိုလ်မှူးကြီး ၁၃ဝဝ ကျော်လောက်ရှိတဲ့ မြန်မာ့တပ်မတော်အတွင်းမှာ အနည်းဆုံး အရာရှိ ( ၂ဝဝ )  ကျော်လောက်ကိုအပြောင်းအလဲတွေ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ် ။ နအဖ စစ်ကောင်စီ ၊ နအဖ
စစ်အစိုးရနဲ့ နအဖတပ်မတော်အတွင်းမှာ နောက်ထပ်အပြောင်းအလဲတွေ ဆက်လက် ဖြစ်ပေါ်နိုင်တဲ့ အလားအလာ ရှိပါတယ် ။

    နအဖ တပ်တွင်းက ဒီအပြောင်းအလဲတွေဟာ မကြာခင်ကမှ ပြုလုပ်ခဲ့တဲ့   နအဖစစ်ကောင်စီရဲ့ ၂ဝဝ၈  ခုနှစ် ပထမ လေးလပတ် အစည်းအဝေးအပြီးမှာ ပေါ်ထွက်လာတာဖြစ်ပါတယ် ။ ဒီနှစ်အစောပိုင်းမှာ  ပြုလုပ်ရမဲ့  ၂ဝဝရ ခုနှစ်အတွက် နအဖ စစ်ကောင်စီရဲ့ တတိယလေးလပတ်အစည်းအဝေးကို ပုံမှန်အတိုင်း ကျင်းပမပြုလုပ်နိုင်ခဲ့တာကို ထောက်ရှုခြင်းအားဖြင့် နအဖ တပ်တွင်း  နေရာအပြောင်းအရွှေ့ ကိစ္စတွေနဲ့ပတ်သကပြီး စစ်ကောင်စီအတွင်းမှာ  မကျေလည်မှုတွေ ရှိနေနိုင်တယ်လို့ ယူဆရပါတယ် ။ တာဝန်ကနေ  အနားပေးခံလိုက်ရတဲ့ နအဖစစ်ကောင်စီအဖွဲဏ္ဍဝင် ဒုတိယဗိုလ်ချုပ်ကြီး ( ၆ ) ဦးလုံးဟာ အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ အဖွဲ့ဝင် ( ၁၉ ) ဦးပါ  စစ်ကောင်စီကလည်း နှုတ်ထွက်ပေးလိုက်ရပြီလို့ ယူဆရပါတယ် ။

    ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဟာ  တပ်မတော်ကနေအနားမယူခင် သူ့ရဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နေရာကို ဆက်ခံမဲ့သူနဲ့ တပ်မတော်ရဲ့ ထိပ်တန်းရာထူးကြီး တွေကို ဆက်ခံရမဲ့သူတွေကို  အထူးသတိထားပြီး ရွေးချယ်နေပုံရပါတယ် ။ သေချာတဲ့ အချက်တစ်ခုကတော့ လက်ရှိ  ဒုတိယကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့  ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးကို သူ သက်ရှိထင်ရှားရှိနေသရွေ့ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ပေး ခန့်အပ်မှာ မဟုတ်ဘူးဆိုတဲ့  အချက်ဖြစ်ပါတယ် ။  ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့ သူယုံကြည်စိတ်ချသူတွေကို   သူ့ရဲ့နေရာနဲ့ တပ်မတော်ရဲ့ ထိပ်ပိုင်းရာထူးတွေမှာ  တာဝန်ပေးခန့်အပ်ပြီးရင် သူနဲ့အတူ ဒုတိယဗိုလ်ချုပ်မှူးကြီး  မောင်အေး ။ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ။ အတွင်းရေးမှူး ( ၁ )နဲ့ စစ်ထောက်ချုပ်ဒုဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး ။ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး  တင်အေး ။ ကာကွယ်ရေးဦးစီးချုပ် ( လေ ) ဒုဗိုလ်ချုပ်ကြီး  မြတ်ဟိန်း  တို့ကိုပါ  တပ်မတော်အတွင်းက  ဆွဲပြီးခေါ်ထုတ်သွားမှာ သေချာနေပြီဖြစ်ပါတယ် ။ (  ၁၉၈၈ ခုနှစ် ၊ ဇူလိုင်လအတွင်း ကျင်းပပြုလုပ်ခဲ့သည့် မဆလပါတီ၏ အရေးပေါ် ပါတီညီလာခံတွင် စစ်အာဏာရှင်ကြီး  ဦးနေဝင်းက သူနဲ့အတူ  ဦးစန်းယု ။ ဦးအေးကို နှင့်  ဦးကျော်ထင် တို့ကိုပါ   ဆွဲခေါ်သွားသလိုမျိုး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကလည်း ဒုတိယ ဗိုလ်ချုပ် မှူးကြီး မောင်အေးကို ခါးဖက်ပြီး သူနဲ့အတူ ဆွဲခေါ်သွားရန်  ကြံစည်နေသည်ဟု ယူဆရပါသည် ။ )

    ဗိုလ်ချုပ်မှူးကြီး သန်း‌ရွှေ ဟာ သူ့ရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာကို   ဆက်ခံမဲ့သူအဖြစ်ဗိုလ်ချုပ်သူရ ရွှေမန်းကို ၂ဝဝ၁  ခုနှစ်ကတည်းက စတင်ရွေးချယ် သတ်မှတ်ခဲ့တာ တွေ့ရပါတယ် ။ DSA  အပတ်စဉ် ( ၁၁ ) ကျောင်းဆင်း နတခ တိုင်းမှူးဗိုလ်ချုပ်သူရ ရွှေမန်း ကို ၂ဝဝ၁ ခုနှစ် ၊ နိုဝင်ဘာ ( ၁၅ ) ရက်နေ့မှာကာကွယ်ရေး ဦးစီးချုပ်ရုံးကို  ခေါ်ယူခဲ့ပြီး ( ညှိနှိုင်းကွပ်ကဲ ရေးမှူး - ကြည်း ၊ ရေ ၊ လေ ) အဖြစ် ရာထူးသစ် တစ်ခု တီထွင်ဖန်တီး တာဝန်ပေးခဲ့တဲ့အပြင် ၂ဝဝ၂ခုနှစ် ၊ စက်တင်္ဘာလမှာ ဒုတိယ ဗိုလ်ချုပ်ကြီး ။ ၂ဝဝ၃ ခုနှစ် ၊ ဩဂုတ်လမှာ  ဗိုလ်ချုပ်ကြီး အဖြစ် ရာထူးတွေကို   တဆင့်ပြီးတဆင့် တိုးမြှင့်ပေးအပ်ခဲ့တာ တွေ့နိုင်ပါ တယ် ။ ဗိုလ်ချုပ်ကြီး ရွှေမန်း  ဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ ငယ်တပည့်ရင်းတစ်ဦး မဟုတ်ပေမဲ့ လူရိုးလူအေး  တစ်ဦးဖြစ်တဲ့အပြင်အထက်က ခိုင်းတဲ့အတိုင်း လုပ်ကိုင်တတ်သူ ဖြစ်တာကြောင့် သူ့ ကို  ဗိုလ်ချုပ်မှူးကြီး သန်းရွှေ  က လက်သပ်မွေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်နိုင်ပါတယ် ။  ( ဗိုလ်ချုပ်ရွှေမန်း ရဲ့ ဇနီး ဒေါ်ခင်လေးသက်ကဗိုလ်ချုပ်မှူးကြီး ကတော်ဒေါ်ကြိုင်ကြိုင် နဲ့ သားသမီးတွေရဲ့ ဝတ်ကြီး ဝတ်ငယ်တွေကို နေ့စဉ်ဝင်ထွက် ပြုစုပေးနေတဲ့အတွက် ဒေါ်ကြိုင်ကြိုင် ရဲ့ ညွှန်ကြားချက်အရ  ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ဗိုလ်ချုပ်ရွှေမန်း ကို  အခုလို ချီးမြှင့်မြှောက်စားခဲ့တာဖြစ်တယ်လို့ ဗိုလ်ချုပ်ကတော်အသိုင်းအဝိုင်းမှာ  ပြောဆိုနေကြတာတွေတော့ ရှိပါတယ်။ )

    တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သို့မဟုတ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီး ရွှေမန်းနဲ့ အတူ ယှဉ်တွဲလျာထားခံရသူ တစ်ဦးကတော့ DSA အပတ်စဉ်( ၁၅ ) ကျောင်းဆင်း အမှတ်( ၅ ) အထူးစစ်ဆင်ရေးအဖွဲ့မှူး ဒုဗိုလ် ချုပ်ကြီး မြင့်​ေဆွ ဖြစ်ကြောင်း သိရှိရပါတယ် ။    ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေကတော့ ဗိုလ်ချုပ်မှူးကြီး ကတော် ဒေါ်ကြိုင်ကြိုင် နဲ့ ဆွေမျိုး တော်စပ်တဲ့အတွက် တပ်မ ( ၁၁ ) တပ်မမှူး ။ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ။  တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် စတဲ့ ရာထူးတွေကို အလွယ်တကူ ရရှိခဲ့တဲ့အပြင် ၂ဝဝ၅ ခုနှစ် ၊အောက်တိုဘာလမှာ ဒုဗိုလ်ချုပ်ကြီး အဆင့်  တိုးမြှင့်ပေးတာကို ခံခဲ့ရပါတယ် ။  ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က ဗိုလ်ချုပ်ကြီး သူရရွှေမန်းကို သူ့နေရာဆက်ခံဖို့ မူလကလျာထားခဲ့ပေမဲ့ အခုအချိန်မှာ ဗိုလ်ချုပ်ကြီး သူရရွှေမန်းရဲ့ အသက်က ( ၆ဝ ) ကျော်နေပြီဖြစ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နေရာအတွက်  ဒုတိယဗိုလ်ချုပ်ကြီး  မြင့်ဆွေက အလားအလာ  ပိုကောင်းနေကြောင်း ။  ဒါကြောင့် ရန်ကုန် စီးပွားရေးလောကအသိုင်းအဝိုင်းက    ဒုဗိုလ်ချုပ်ကြီး  မြင့်ဆွေနဲ့ ပိုရင်းနှီးအောင် ကြိုး စားနေကြောင်းကြားသိရပါတယ် ။

    အသက်အရွယ် ကြီး ရင့်နေပြီဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး  သန်းရွှေ အနေနဲ့ မြန် မာ့တပ်မတော်ကို  ကန့်လန့်ကာ နောက်ကွယ် က ဆက်လက် ကြိုးကိုင်နိုင်ဖို့ ကြိုးပမ်းအားထုတ်ရာမှာ မဆလစစ်အာဏာ ရှင်ဟောင်း ဗိုလ်ချုပ်ကြီး နေဝင်း ၁၉၈၈ ခုနှစ်က ပြုလုပ်မိခဲ့တဲ့ အမှားမျိုး ထပ်မလုပ်မိအောင်  အထူးသတိထားပြီးလုပ်ဆောင်နေတာတွေ့ရပါတယ်။ တပ်မတော်ရဲ့ထိပ်တန်းရာထူးကြီး တွေကို ဆက်ခံမဲ့  မျိုးဆက်သစ်တပ်မှူးတွေကို သူ့ စိတ်ကြိုက် အချိန်ယူရွေးချယ်ပြီး ကာကွယ်ရေး ဦးစီးချုပ်ရုံးနဲ့ တိုင်း ၊ တပ်မတွေမှာ  နေရာချထားပေးနေတာ တွေ့ရပါတယ် ။ ၁၉၉ရ ခုနှစ် ၊နိုဝင်ဘာလအတွင်း နဝတ စစ်ကောင်စီအဖွဲဏ္ဍဝင် ဒုဗိုလ်ချုပ်ကြီး တစ်ဒါဇင်ကျော်ကို ဖြုတ်ထုတ်ဖယ်ရှားပစ်လိုက်တဲ့ အချိန်ကစလို့ မြန်မာ့တပ်မတော်တစ်ခုလုံးကို သူ့ စိတ်ကြိုက် ချယ်လှယ်ဖန်တီး ပုံသွင်းယူလာခဲ့တာ ဖြစ်ပါတယ် ။ သူ့ကို ခြေရာတိုင်းပြီး ကလန်ကဆန်လုပ်ဖို့  ကြိုးစားခဲ့တဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့် နဲ့ သူ့ရဲ့ စစ်ထောက်လှမ်းရေးတစ်ဖွဲ့လုံးကို  ၂ဝဝ၄ ခုနှစ် ၊ နှစ်ကုန်ပိုင်းမှာ မြေလှန်ရှင်းလင်းပစ်လိုက်တဲ့အချိန်ကစပြီး  တပ်ထဲမှာ သူ့ကို  မော်ကြည့်ရဲတဲ့သူ  တစ်ယောက် မှမရှိတော့တာ တွေ့ရပါတယ် ။

    တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး  အနေနဲ့လည်း ၁၉၉၄ - ၉၅ - ၉၆ လောက် က တပ်မမှူးအဆင့်လောက်အထိ ပြောင်းရွှေ့ခန့်အပ်မှုတွေကို  ကိုယ့်သဘောနဲ့ကိုယ်  လုပ်ပိုင်ခွင့်ရှိခဲ့ပေမဲ့နောက်ပိုင်းမှာတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့အတည်ပြုချက် မပါရင်  ဘာမှလုပ်လို့ မရတော့ကြောင်း သိရှိရပါတယ် ။ ဒီလိုအခြေအနေတွေကြောင့်
ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး  ကိုယ်တိုင်  ဖြုတ်ထုတ်ရှင်းတဲ့အထဲ ပါမသွားရအောင် အခြေအနေကိုကြည့်ပြီး ဗိုလ်ချုပ်မှူးကြီးသန်း‌ရွှေ ရုတ်တရက် သေဆုံးမဲ့ အချိန်ကို အရက်သောက်ရင်းနဲ့  ထိုင်စောင့်နေရတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ နှစ် အတန်ကြာ တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့တပ်မတော်အရာရှိတစ်ဦးက ပြောဆိုခဲ့ဘူးပါတယ် ။

    ဗိုလ်ချုပ်မှူး ကြီးသန်း‌ရွှေ ဟာ တပ်မတော်ရဲ့ ထိပ်ပိုင်းရာထူးတွေအတွက် မျိုးဆက်သစ် ဗိုလ်ချုပ်တွေကို မွေးမြူလာခဲ့ရာ မှာ အခုဆိုရင် ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ  ဗိုလ်ချုပ်ကြီး ရွှေမန်း ။ ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေ။ ဒုဗိုလ်ချုပ်ကြီး မြင့်လှိုင် ။   ဒုဗိုလ်ချုပ်ကြီးရဲမြင့် ( စရခ ) နဲ့  မကြာခင် ဒုဗိုလ်ချုပ်ကြီးတွေဖြစ်လာကြတော့့မဲ့  ဗိုလ်ချုပ်သာအေး ၊ ဗိုလ်ချုပ်ခင်ဇော်  ၊ ဗိုလ်ချုပ် သူရမြင့်အောင် တို့အပြင် အခုအသစ်ခန့်အပ်လိုက်တဲ့  ဗိုလ်ချုပ်အုန်းမြင့် ၊  ဗိုလ်ချုပ် အောင်သန်းထွဋ် ၊ ဗိုလ်ချုပ် မင်းအောင်လှိုင် ၊  ဗိုလ်ချုပ်လှဌေးဝင်း ၊ ဗိုလ်ချုပ် ကိုကို နဲ့  ဗိုလ်ချုပ် ဉာဏ်ထွန်း တို့  ရောက်ရှိနေကြပြီဖြစ်ပါတယ် ။ စစ်တိုင်း  ( ၁၃ ) တိုင်းမှာလည်း DSA အပတ်စဉ် ( ၂၂ ) ကျောင်းဆင်းတိုင်းမှူး ( ၇ ) ဦး ( ဗိုလ်ချုပ်ကျော်ဆွေ ၊ ဗိုလ်ချုပ်တင်ငွေ ၊ ဗိုလ်မှူးချုပ်စိုးဝင်း ၊ဗိုလ်မှူးချုပ်ရာပြည့် ၊  ဗိုလ်မှူးချုပ် ကျော်ဖြိုး ၊ဗိုလ်မှူးချုပ်ဝင်းမြင့် ၊ဗိုလ်မှူးချုပ်လှမင်း ) အပါအဝင် မျိုးဆက်သစ်  စစ်တိုင်းမှူးတွေနဲ့ အစားထိုးထားပြီး ဖြစ်သလို ၊တပ်မ( ၁ဝ ) ခု ၊ စကခ ( ၁၉ ) ခု နဲ့ ဒကစ ( ၇ ) ခု မှာလည်း မျိုးဆက်သစ်တပ်မှူးတွေနဲ့ အစားထိုးနေပြီဖြစ်ပါတယ် ။ ဒါ့အပြင်  စစ်ရုံးချုပ် အကူလက်ရုံးတပ်ဖွဲ့တွေနဲ့   တပ်မတော် ( လေ ) ။ တပ်မတော် ( ရေ ) တို့မှာလည်း မျိုးဆက်သစ်တပ်မှူးတွေနဲ့  အစားထိုးနေပြီ ဖြစ်ပါတယ် ။

    နအဖက နာဂစ်လေမုန်တိုင်း ဒဏ်ကြောင့် အတိဒုက္ခရောက်နေကြတဲ့  မြန်မာပြည်သူတွေကို မငဲ့ကွက်ပဲ သူတို့ စိတ်တိုင်းကျ ရေးဆွဲထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို  အတင်းအကျပ် အတည်ပြုနိုင်ခဲ့ပေမဲ့ ၂ဝ၁၀ ရွေးကောက်ပွဲ  မတိုင်ခင်မှာ ရင်ဆိုင်ရမဲ့ စိမ်ခေါ်မှုတွေ အများအပြား ကျန်ရှိနေသေးတာကို တွေ့နိုင်ပါတယ် ။ မြန်မာ့တပ်မတော်ကို   ယုံကြည်စိတ်ချရတဲ့ မျိုးဆက်သစ်တပ်မှူးတွေရဲ့ လက်ထဲကို စနစ်တကျ လွှဲပြောင်းပေးနိုင်ရေး ။ ပါလီမန်အဆင့်ဆင့်နဲ့  ဗဟိုအစိုးရ ။ ပြည်နယ်အစိုးရ စတဲ့ အုပ်ချုပ်ရေးအဆင့်ဆင့်မှာ  စစ်ဗိုလ် ( ၂၅ ) ရာခိုင်နှုန်း  ပါဝင်နိုင်ဖို့အတွက်   တပ်ထဲမှာ သုံးမရမဲ့သူတွေကို  စီစစ်ရွေးချယ် စေလွှတ် နိုင်ရေး ။ ကြံ့ဖွံ့အသင်းကို အသွင်ပြောင်းဖွဲ့စည်းမဲ့ စစ်တပ်ပိုင် နိုင်ငံရေးပါတီကြီးမှာ တပ်မတော်ထဲက အိုပယ်တွေကို နေရာချထားပေးရေး ။ အနာဂါတ်မြန်မာနိုင်ငံရဲ့ စီးပွားရေးလောကကို တပ်မတော်အသိုင်းအဝိုင်းက ဆက်လက် လက်ဝါးကြီးအုပ်ထား နိုင်အောင် စနစ်တကျ ပြင်ဆင်ထားရှိနိုင်ရေးနဲ့  အပစ်ရပ် ၊ အပစ်မရပ်လက်နက်ကိုင်အဖွဲ့အစည်းတွေကို အချိန်မီ  လက်နက်ဖြုတ်သိမ်းနိုင်ရေး ၊ စတဲ့ကိစ္စတွေကို ဒီနှစ်တွေအတွင်းမှာ ပြီးပြတ်အောင် ပြုလုပ်ရဖို့ ကျန်ရှိနေပါတယ် ။

    စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်း‌ရွှေ  ဟာ အကူးအပြောင်းကာလမှာ စစ်အာဏာ ရှင်ဟောင်း ဗိုလ်ချုပ်ကြီး နေဝင်းလို အမှားမျိုးနဲ့  မကြုံရအောင်  သတိထားပြီး ပြင်ဆင်လုပ်ကိုင်နေတာတွေ့ရပေမဲ့ အခန့်မသင့်ရင် ကိုယ်ဖေါ်တဲ့ဆေးခါးကြီးကို ကိုယ် ပြန်သောက်ရတဲ့ကိန်း ဆိုက်နိုင်ပါတယ် ။ သူတို့ကိုယ်တိုင်   အတင်းအကျပ် အတည်ပြုခဲ့တဲ့ ၂ဝဝ၈  ဖွဲ့စည်းပုံအခြေခံဥပဒေအရကာကွယ်ရေးဦးစီးချုပ်ရဲ့  လုပ်ပိုင်ခွင့်တွေဟာ သမ္မတဆိုသူရဲ့ လုပ်ပိုင်ခွင့်တွေထက်တောင် ပိုများနေတာကြောင့် တချိန်ချိန်မှာ ဝဋ်လည်ပြီး ကိုယ်မွေးခဲ့တဲ့မျောက်ကို ကိုယ်ပြန် ကြောက်ရမဲ့ အဖြစ်ဆိုးနဲ့ကြုံတွေ့ရနိုင်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ် ။

◾   ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု 
                                          သုတေသနနှင့်မှတ်တမ်းတင်ဌာန

.


No comments:

Post a Comment