❝ ချစ်သလားမုန်းသလား ပြောပါလား ❞
စေ့စေ့တွေးတော့လည်း ရေးရေးမဟုတ်ဘူး ၊အထင်းသားကို ပေါ်လာတော့တာပဲ ။ ကိုယ့်အကြောင်း သူများရေးရင် နာဦးမယ် ။
ဒီတော့ ကိုယ့်ဟာကိုယ်ပြန်ရေးတာပဲ ကောင်းပါတယ် ။ ကြွားရတာ မဟုတ်တော့ ရေးရတာ စိတ်သန့်ပါတယ် ။
လေးလေး ငယ်ငယ်တုန်းက ပေးခဲ့တဲ့ ရည်းစားစာတွေ မြန်မာပြည်အနှံ့ လိုက်စုလိုက်ရင် ဆရာကြီး ရွှေဥဒေါင်းရဲ့ မောင်စံရှား ပေါင်းချုပ်လောက်တော့ ရှိမယ်ထင်တယ် ။ စာရေးဆရာဖြစ်မယ့် ကလေးမို့လား မသိဘူး ။ အလွန်ရေးတာပဲ ။ တစ်ညတစ်ည သုံးလေးစောင်ရေးပြီး မနက် မိုးလင်းတာနဲ့ ကုန်အောင်ပေးပစ်တော့တာပဲ ။
အဲသလောက် လက်သွက်တာ ။ လေးလေးရဲ့ မူက ပေးဖို့ရာ ကိုယ့်အလုပ် ။ ပြန်ကြိုက်တာ မကြိုက်တာက သူ့အလုပ်လို့ အချစ်တာဝန်ခွဲထားတာကိုး ။ ချစ်ရေးဆိုရလို့ ကိုယ့်မှာအရှုံးမှမရှိဘဲ ။ ဟိုဘိန်းစား သူကြီးဆီ မြင်းတောင်းတဲ့ ပုံပြင်လိုပေါ့ ။ အဲဒီပုံပြင်က
ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာ ဘိန်းစားတစ်ယောက် ရှိသတဲ့ ။ ဘိန်းစားတဲ့လူများဟာ အလွန်ပျင်းတာလား ။ သူတို့ဘိန်းမူးနေပြီဆိုရင် ဇိမ်ယူဖို့ပဲ တတ်တယ် ။ ဘာအလုပ်မှကို မလုပ်ချင်တာ ။
ကိုယ်စားမယ့် ထမင်းတောင်ကိုယ့်ဟာကိုယ် ခူးရမယ်ဆိုမစားဘူး ။
ခူးကျွေးမယ့်လူရှိမှ စားချင်တာ ။ အဲသလို ထလုပ်ရမယ့်အလုပ်မျိုး မပြောနဲ့ ၊ ကိုယ့်ကိုက်နေတဲ့ခြင် ကိုယ့်ဟာကိုယ်ရိုက်ဖို့ကိုပဲ မရိုက်ချင်ဘူး ။ ဘေးရှိတဲ့တစ်ယောက်ယောက်ကို ငါ့ကိုက်နေတဲ့ ခြင်လေးကို ရိုက်လိုက်စမ်းပါ ။ ငါ့အသား မနာစေနဲ့နော် ၊ အသာလေးရိုက် ။ ခြင်ဆိုတာ ထိတာနဲ့ သေတယ် ။တအားရိုက်ဖို့မလိုဘူး ”
ဆိုတဲ့ လူမျိုးတွေ ။ အဲသလို အလွန်ပျင်းတဲ့ ဘိန်းစားက တစ်ရက် မှာ ရွာထိပ်သစ်ပင်အောက်အိပ်နေတုန်း သူကြီးက မြင်းစီးလို့ လှည်းလမ်းအတိုင်း ဖြတ်လာသတဲ့ ။ ဒီတော့ဘိန်းစားက အိပ်နေရာကနေ လှမ်းပြီး
“ ဒီမှာ သူကြီး အဲဒီမြင်းကြီး ကျုပ်ပေးပါလား ”
သူကြီးက မျက် မှောက်ကြုတ် ကြည့်လိုက်ပြီး
“ ဘာလို့ ပေးရမှာလဲ ”
လို့ အသံမာမာနဲ့ ဖြေတယ် ။ ဒီတော့ ဘိန်းစားက
“ မပေးနေပေါ့ဗျ ၊ ပေးရင်အမြတ်ပဲ ၊ မပေးတော့လဲ အရင်းပဲ ။ ဘာအရှုံး ရှိတာမှတ်လို့ ၊ လေပဲစိုက်ရတာ ”
လို့ ပြောလိုက်သတဲ့ ။ လေးလေးတို့ ငယ်ငယ်တုန်းကမိန်းကလေး တစ်ယောက်ရဲ့ မေတ္တာကို တောင်းပြီဆိုတာနဲ့ဘိန်းစားက သူကြီးဆီ မြင်းတောင်းသလိုပါပဲ ။ ရရင်အမြတ် ။ မရတော့လည်း အရှုံး မရှိဘူးလေ ။
ဒါနဲ့ ဆက်ရဦးမယ် ။ လေးလေးရဲ့ ရည်းစားစာ ပေးပုံ သွက်တာက ၊ မိန်းကလေးတစ်ယောက်ဟာ လေးလေးရဲ့အိမ်ရှေ့မှာ တစ်မနက်တည်း နှစ်ခေါက်လောက် ဖြတ်လျှောက် မိလို့ကတော့ ဒီကောင်မလေး စာနှစ်စောင် အပေးခံရပြီသာ မှတ်ပေတော့ ။
ယောက်ျားလေး တစ်ယောက် အရွယ်ရောက်ပြီဆိုတာနဲ့ အချစ်စိတ်ကလှုံ့ဆော်တော့ ရည်းစားစာပေးတဲ့ အလုပ် ၊ ရည်းစားစကား ပြောတဲ့ အလုပ်ကို လုပ်ကြတော့တာပဲ ။ ဒါကြောင့် မိန်းကလေးများအရွယ်ရောက်တာနဲ့ ရည်းစားစာ အပေးခံရ ၊ ရည်းစားစကား အပြောခံရမယ်လေ ။ ဒါမဆန်းပါဘူး ။ ငါ့တူမများလည်း အပေးခံရ ၊ အပြောခံရ ကြုံရခဲ့ဖူးပြီ ဖြစ်ကောင်းဖြစ်မှာပါ ။ မကြုံရသေးရင်လည်း အနှေးနဲ့ အမြန်ဆိုသလို ကြုံရမှာပါပဲ ။ ဒီနေ့ မိန်းကလေးတွေကတော့
အရွယ်မရောက်ခင်ကတည်းက ကြုံခဲ့ရမှာပါပဲ ။ ဒီနေ့ခေတ်ယောက်ျားလေးတွေက လေးလေးတို့ခေတ်ထက် အများကြီးသွက်တာပဲ ။
ကြုံလာတဲ့အခါ သတိထားရမှာကတော့
“ ရှင့်ကို ယုံရမှာလား ”
“ ခင်ဗျားကို မယုံရဲဘူး ”
ဆိုတဲ့ စကားမျိုးတွေ ပြန်မမေးမိဖို့ ပဲ ။ ယုံသင့်မယုံသင့် ကိုယ့်ဟာကိုယ်ပဲ စဉ်းစား ။ ချက်ချင်းဆုံးဖြတ်လို့ မရရင်လေ့လာပြီးမှ
ဆုံးဖြတ် ။ ယုံသင့်မယုံသင့် သူ့ကိုပြန်မေးလိုက်ပြီဆိုတာနဲ့ သူ့ကိုယုံကြည်ဖို့ အမျိုးမျိုးပြောတော့မှာပေါ့ ။ စဉ်းစားကြည့်လေ ။
အပျော်တမ်း ချစ်တဲ့ ငတိ
ရမလားလို့ စမ်းတဲ့ ငတိ
လွယ်မယ်ထင်လို့ ဆတ်ဆော့တဲ့ ငတိက ဘယ်မှာလာပြီး
“ဟင့်အင်း တကယ်မဟုတ်ဘူး ၊ ကျွန်တော့်မယုံနဲ့ ” ပြောပါ့မလား ။လက်ပူးလက်ကြပ်မမိသေးမျှ သူခိုးဆိုတာ ခိုးတယ်လို့ မပြောပါဘူး ။
မှတ်ထား ။
ယောက်ျားလေးဆိုတာ ကိုယ့်ပြန်ချစ်လိမ့်မယ်ထင်လို့ကတော့ ဘယ်လိုကတိမျိုးမဆိုပေးတာ ။ ကိုယ့်ချစ်သူကို မလိမ်ဖူးတဲ့ ယောက်ျားလေးဆိုတာ မရှိဘူး ။ မိန်းကလေးတစ်ယောက်ရဲ့ အချစ်ကို ရဖို့ဆို ဘယ်လို ကတိမျိုးမဆို ပေးတာ ။ ဖြစ်နိုင်တာ မဖြစ်နိုင်တာ ဘာမှ စဉ်းစားနေတာ မဟုတ်ဘူး ။ နောက် မှနောက်ရောက် ။
ချစ်သူကသာ အလိုရှိမယ်ဆိုရင် ကောင်းကင်က ကြယ်ပန်းကို လိုချင်သလား ။ ဓူဝံကြယ်တစ်ပွင့်တည်းကို ပန်ချင်သလား ရအောင် ယူပေးပါ့မယ်ဆိုတဲ့ လေးလေးတို့ ယောက်ျားတွေဟာ ရပြီးလို့ကတော့ လမ်းထိပ်က အီကြာကွေးတောင်မှ ဝယ်ပေးချင်တာ မဟုတ်တော့ဘူး ။
ဒီနေ့ခေတ် ယောက်ျားတွေမှ မဟုတ်ဘူး ။ ဟိုတုန်းကယောက်ျားတွေလည်း အဲသလိုပါပဲ။
ငါ့တူမများ ကြားဖူးမှာပေါ့ ။ ရှေးသီချင်းလေး တစ်ပုဒ် ရှိတယ်လေ ။
" အုံ့ပုန်းချစ် တစ်ရက်လောက်ချစ်ရတာရယ် လင်မယားချစ် တစ်သက်လိုက်လို့ မမီပါတယ် ”
ဆိုတဲ့သီချင်းလေ ။ ကဲ မရှင်းဘူးလား ။ လင်မယားဘဝ တစ်သက်လုံး ချစ်ရတာက ချစ်သူဘဝ တစ်ရက်ချစ်ရတာတောင် လိုက် မမီဘူးတဲ့ ။ ချစ်သူဘဝဆိုတာ တွေ့ကြတဲ့ခဏမှာ သူကလည်း ကိုယ့်အကြိုက် ၊ ကိုယ်ကလည်း သူ့အကြိုက် တွေ့ရတုန်း ခဏမို့ အလိုက်အထိုက် နေကြတာဆိုတော့ စိတ်ပျက်စရာဆိုတာ မရှိကြဘူးလေ ။ ချစ်သူဘဝမှာ အမူအကျင့် စရိုက် မှန် ဆိုတာ မှန်းဆ အကဲခတ်လို့ မရဘူးလေ ။ ယောက်ျားလေး အတော်များများဟာ သူ့ချစ်သူရှေ့မှာ
ခြောက်ပြစ်ကင်းလေးတွေချည်းပဲ ။ ချစ်သူက မီးကို ရေဆိုရင်တောင်မှ သောက်လိုက်ရရင် ဇိမ်ပဲနော်လို့ ပြောကြမှာ ။ အဲသလို နေပြပြီးမှ ကိုယ့်ချစ်သူကို မေးတော့တာ ။
“ ချစ်သလား မုန်းသလား ပြောလေ ”
“ မေးဖို့ လိုသေးလား ”
“ လိုတာပေါ့ ”
“ မပြောချင်ပါဘူး ”
“ ကြားချင်လို့ပါ ”
“ ပြောရမှာရှက်တယ် ”
“ ဝေ့ဝိုက် မနေပါနဲ့ကွာ မချစ်လို့ ပြောရမှာ ခက်နေတာ မဟုတ်လား ”
“ အိုး ဘယ်သူက မုန်းတယ်ပြောလို့လဲ ”
“ ဒါဖြင့်ချစ်တယ်ပေါ့ ”
“ ဟင့်အင်း ခေါင်းညိမ့်တာမလိုချင်ဘူးကွာ ၊ ပြော ”
“ ချစ်ပါသတဲ့ရှင် ၊ ချစ်ပါတယ် ”
ဆိုပြီး ဖြေတာကို လေးလေးတို့ငယ်ငယ်က နားအရသာခံဖူးတာပေါ့ ။ အဲသလို မပြောမချင်း အမျိုးမျိုး လှည့်ပတ်မေးတာ ။ ငါ့တူမများ စဉ်းစားကြည့် ။ ချစ်ရေးဆိုလာသူတစ်ယောက်ကို ချစ်ပါတယ်လို့ အဖြေပေးလိုက်တာဟာ ကိုယ့်ဘဝ သက်တမ်းတစ်လျှောက်လုံး သူ့လက်အပ်ဖို့ရာ စရန်သတ်လိုက်တာပဲ ။
ဒီတော့ ငါ့တူမများသတိထား ။ ချစ်သလား ၊ မုန်းသလား မေးလာပြီဆိုရင် လွယ်လွယ်နဲ့ အဖြေမပေးမိစေနဲ့ ။
◾ ကံချွန်
📖 အပျိုစင်တို့သိဖို့ယောင်္ကျားတို့အကြောင်း( ၁ )
No comments:
Post a Comment