Friday, September 30, 2022

သူရဲဘောကြောင်တဲ့ လူညံ့ ( ၁၃ )


 

အခန်း ( ၁၃ )

မော်လမြိုင် မှ ပြန်ရောက်ရောက်ချင်း ရတနာပုံဦးစောဝင်း တစ်ယောက် ပထမဦးဆုံး လုပ်သည့် အလုပ် ကတော့ မြနဒီ ဆီ သို့ အပြေးအလွှား အခစား ဝင်ဖို့ ပြင်ဆင်ရခြင်းပင် ဖြစ်သည် ။ ( သူ့မွေးသမိခင် အရင်း ခေါက်ခေါက် သေခါနီးဆဲဆဲ ဖြစ်တုန်း က ပင်လျှင် အသက် မီလို မီငြား ကမန်းကတန်း သွားဖို့ ဒီလောက် စိတ်အား ထက်သန်ခဲ့ဖူးသည် ဟု မထင် )

ဦးစောဝင်း က ...

“ ဟေ့ကောင် ... စိုးရှား ... မင်း ပါ လိုက်ခဲ့ကွာ ၊ ကိုသျှပ် က အတင်း ခေါ်သွားလို့ပါ ဆိုတာ ကို မြနဒီ က မယုံရင် မင်း ပါ ဝင်ပြီး ရှင်းပြပေးနိုင် မှ ကောင်းမယ်ကွ ၊ သူ က ရိုက်ရက် ပေးထားတာ ကို ငါ က ဂရု မစိုက်ဘဲ ပစ်ထား ပြီး ခရီး ထွက်သွားတဲ့ ပြဿနာ ဟာ ပေါ့သေးသေးတော့ မဟုတ်ဘူး ...”

“ မလိုက်ချင်ပါဘူး ဦးလေး ရာ ... ဦးလေး ဘာသာ ဦးလေး ရအောင် ချော့ပေါ့ ...”

“ ဟာ ... ငါ မျက်ခုံးတွေ လှုပ်တယ်ကွ ...”

“ ဒါဆို လေ ဖြတ်ချင်လို့ ဖြစ်မယ် ထင်တယ် ဦးလေး ရဲ့ ...”

စိုးရှား က တမင်ရိရိ ပြောလိုက်သောကြောင့် ဦးစောဝင်း နဖူးကြော ရှုံ့သွား၏ ။ ပြီးမှ ကလေး ကို မုန့်ကျွေး ဖို့  မြှူသည့် လေသံ ဖြင့် ...

“ လိုက်ခဲ့ပါကွ ... ဟို ရောက်ရင် ဆိုဖီယာ နဲ့ လည်း တွေ့ ရမှာပဲ ဥစ္စာ ၊ ဆိုဖီယာ က သူ့ အန်တီလေး နဲ့ အတူတူ နေတာကွ ငယ်ငယ်လေး ကတည်း က ပဲ ...”

“ ဆိုဖီယာ က မိဘတွေ မရှိတော့ဘူးလား ...”

စိုးရှား က စိတ်ဝင်တစား ပြန်မေးလိုက်သည် ။ ဦးစောဝင်း က ...

“ ဆိုဖီယာ့ အမေ က တော့ ရှိသေးတာပေါ့ကွ ... ဒေါ်မြထွေးတဲ့ ... မြနဒီ ရဲ့အစ်မ အကြီးဆုံး ဆိုပါတော့ ၊ အဲဒီ ဘွားတော်ကြီး ကတော့ အူတူတူပါ ၊ အဲ ... ဆိုဖီယာ ကို ငယ်ငယ် ကတည်း က ထိန်းကျောင်းပြုစုလာခဲ့ရတာ ကတော့ မြနဒီ ပဲ ၊ ဆိုဖီယာ့ အဖေ မျက်နှာလွှဲ သွားပြီးခဲ့ ကတည်း က ဆိုပါတော့ကွာ ...”

“ ဪ ... ဪ ... ဆိုဖီယာ့ အဖေ က မျက်နှာ တည့်တည့် ကို ရှူရှူ နဲ့ အပန်းခံရသေးတာကိုး ...”

“ ငါ့လခွေး ... မျက်နှာ လွှဲသွားတယ် ဆိုတာ သေသွားတယ် လို့ ပြောတာဟ ...”

ဦးစောဝင်း က စိတ်ပေါက်ပေါက် ဖြင့် ဆဲရေးသဖြင့် စိုးရှား က ရယ်မော နေလိုက်၏ ။ ထိုနောက် ဦးစောဝင်း က ပင် ဆက်၍ ...

“ အေး ... ဆိုဖီယာ့ အမေကြီး ဒေါ်မြထွေး နဲ့ တွေ့ရင်တော့ နည်းနည်း သတိထား ... အဘွားကြီး က ဂဂျီဂဂျောင် ကျတတ်တယ် ၊ သူ့ ကို ဂရုစိုက် အလေးပေးပြီး ဆက်ဆံ မှ ကြိုက်တာကွ ၊ အရိုအသေ ကလည်း ခံချင်ပါဘိသနဲ့ ၊ မင်း က လူကြီးသူမ ဆိုရင် ကိုးလိုးကန့်လန့် လုပ် တတ်လွန်း လို့ ကြို မှာ ထားရတာ ၊ ကိုင်း ... မြန်မြန် အဝတ်အစား သွား လဲပေတော့ကွာ ၊ ငါ့ စိတ်ထဲမှာ ကတုန်ကယင် ဖြစ်နေလို့ ကား ကို မင်း ပဲ မောင်းပေးကွာ ... နော်
...”

အတင်း တိုက်တိုက်တွန်းတွန်း ပြော နေသောကြောင့် စိုးရှား က အဝတ်အစား လဲရန် အခန်း ထဲ သို့ ဝင်ခဲ့သည် ။

အဝတ် လဲ နေရင်းကပင် သူ့ ကိုယ် သူ မေးခွန်း ပြန် ထုတ်မိ၏ ။

' ဆိုဖီယာ့ ဆီ ကို ငါ အရမ်းကြီးသွားချင် စိတ် ဖြစ် နေသလား ... ' ဟု ။

ဟင့်အင်း ... မသွားချင်ပါ ... ။ ဒါပေမယ့် သူမ ကို တော့ တွေ့ချင်ပါသည် ။

အဲဒါ ဘာလဲဟင် ... သံယောဇဉ်လား ... တွယ်တာမှုလား ... အလွမ်းလား ... ပုဂ္ဂိုလ်စွဲ တွေ့ချင်နေမှု တစ်ခု ပဲ လား ... ။

ငါ့ ရဲ့ ပင်လယ်ဓားပြလေး ရေ ... မင်း က ငါ့ အရိပ် ကို ကောက် ရခဲ့တာလား ... ငါ က မင်း အရိပ် ကို ကောက် ရခဲ့တာလား ... အမှား ကတော့ ဖြင့် နှစ်ကိုယ်ခွဲပြီ ထင်ပါရဲ့ ...

•••••   •••••   •••••   •••••

မြနဒီ ၏ ခြံဝင်း အတွင်း သို့ ဝင်မိပြီး ကား ကို ဆင်ဝင် ရှေ့ ၌ အရှိန် သတ်လိုက်သည် နှင့် တစ်ပြိုက်နက် ရတနာပုံဦးစောဝင်း ကား ဆယ့်ငါးနှစ်သားလေး တစ်ယောက် ၏ လျင်မြန်ဖျတ်လတ်မှု မျိုး ဖြင့် ကား ပေါ်မှ သုတ်ခနဲ ဆင်းကာ တိုက် ထဲ သို့ အပြေး တစ်ပိုင်း ဝင် သွားတော့သည် ။

စိုးရှား က တော့ သူ့ ဦးလေး ၏ ဆလွန်းကားအစုတ်ကလေး ကို တယုတယ သော့ပိတ် တံခါးမှန်တွေ လှည့်တင် ဖြင့် တစ်ခုချင်း  လုပ် နေရသောကြောင့် ကျန်ရစ်နေခဲ့သည် ။

ပြီးတော့ အိမ် ထဲ သို့ ချက်ချင်း မဝင်သေးဘဲ ကျယ်ဝန်းလှသော ခြံဝင်းကြီး ကို ဟိုဟိုဒီဒီ ကြည့် ဖြစ်သည် ။

ခြံ ထဲ မှာ သစ်ပင်တွေ က မျိုးစုံလှ၏ ။ အရိပ် ကောင်းသော သစ်ပင်ကြီးတွေ သာ မက ယိမ်းနွဲ့ပျိုရွယ်သော ဝါးရုံပင်စုစုကလေးတွေ ကိုပါ တွေ့ ရသည် ။

ခြံထောင့် ရှိ ကုက္ကိုပင်ကြီးကား လူကြီး လက် နှစ်ဖက်စာမျှ ရှိအောင် ကြီးမားလှ၏ ။ အဲဒီ ကုက္ကိုပင်ကြီး ပေါ် ရှိ အကိုင်း ကြား တွင်တော့ တာဇံကာတွန်းရုပ်ရှင်ကား ထဲ က လို လင့်စင် ထိုးထားသည့် သစ်လုံးအိမ်ငယ်ကလေး ။

ဆိုဖီယာ ငယ်စဉ် ကလေး ဘဝတုန်း ကတော့ အဲဒီ လင့်စင်အိမ်ကလေး ပေါ် တက်ပြီး ကစားကောင်း ကစား ခဲ့ပေလိမ့်မည် ဟု စိုးရှား တွေး လိုက်၏ ။
ဒါပေမယ့် သစ်ပင် က မြင့်မားလွန်း အားကြီးသည် ။ ကလေး တစ်ယောက် တက်ဖို့ ဆိုတာ ဘယ်လိုနည်း နှင့်မှ မဖြစ်နိုင် ။ သေသေချာချာ သတိထား ကြည့် လိုက်တော့မှ အိမ် ၏ အပေါ်ထပ် ခေါင်မိုး ပေါ် ရှိ လသာဆောင် မှ နေ၍
သစ်ပင် ဆီ သို့ သွယ်တန်းထားသော ကြိုးတံတားလေး တစ်ခု ကို တွေ့ လိုက်ရလေသည် ။ မြေပြင် မှ ပေ ( ၃ဝ ) ခန့်မြင့်သော အဲသည် ကြိုးတံတားကလေး ကို စိုးရှား မော့ကြည့်လိုက်မိသည် ။

တံတား ကို ခင်းထားသော သစ်သားပျဉ်ချပ်တွေ က အတော်ပင် အိုဆွေးနေကြပုံ ရ၏ ။ အချို့ နေရာများ တွင် ပျဉ်ချပ်တွေ က ပြုတ်ထွက် ကာ ဟောင်းလောင်း ဖြစ်နေသည် ကို မြင် ရသည် ။ အနည်းငယ် လေ တိုက်ခတ်ရုံမျှ ဖြင့် ကြိုးတံတား က သိသိသာသာ လွှဲယမ်းသွားသည် ကိုလည်း မြင်ရ၏ ။

စိုးရှား က အပေါ် ကို မော့ ကြည့်နေရာ မှ မျက်လုံး ကို လွှဲဖယ်ရုပ်သိမ်းကာ အိမ် အဝင်ပေါက် ဆီ သို့ ဗြုန်းခနဲ လှမ်း ဝင်လိုက်ရာ ...

“ အိုး ...”

“ အောင်မလေး သေပါပြီတော့ ...”

မိန်းမကြီး တစ်ယောက် ၏ ပူပူဝဝ ဝမ်းဗိုက်စူကြီး ကို ဝင် တိုက်မိပြီး ရော်ဘာတုံး က တွန်းကန်သလို နောက် သို့ ပြန် လန်ထွက်လာ၏ ။

ထို မိန်းမကြီး က လည်း မျက်နှာ ရှုံ့မဲ့ကာ ဝမ်းဗိုက်စူစူဖောင်းဖောင်းကြီး ကို ပွတ်သပ်ရင်း ...

“ ကျွတ် ... ကျွတ် ... နာလိုက်တာတော် ၊ နင် က မွန်ပြည်နယ်နေ့အခမ်းအနား မှာ ရိုးရာလက်ဝှေ့ သွား ထိုး မယ့် လူ လား ... ဒီမှာ ဘာလုပ်နေတာလဲ ...”

“ ဟောဗျာ ... ကျွန်တော် က အခု ဒေါ်ဒေါ် ရှေ့ မှာ မတ်တတ် ရပ်နေတယ်လေ ၊ လက်စသတ်တော့ ဒေါ်ဒေါ် က ကြောင်တောင်ကန်း ကိုး ... မသိလို့ပါ ဒေါ်ဒေါ် ရယ် ၊ ကျွန်တော် က ဒေါ်ဒေါ်  မြင်တယ် မှတ်လို့ပါ ...”

ဘွားတော်ကြီး က ဆွေ့ဆွေ့ခုန်သွားပြီး ...

“ ငါ မကန်းဘူး ... မြင်တယ်ဟဲ့ ... မြင်တယ် ... နင့် ကို ဘယ်သူလဲ လို့ မေးနေတာ ...”

“ ကျွန်တော် စိုးရှား ... မြန်မာလူမျိုး ... ဗုဒ္ဓဘာသာ မှတ်ပုံတင် နံပါတ် က ...”

“ အလိုတော် ... လျှာရှည်လိုက်တဲ့ မိကျောင်းသား ရယ် ... လိုရင်း ကို ပြောစမ်းပါ ၊ နင့် ကိုယ်ရေးရာဇဝင် ကို ငါ စောင့်ပြီး နား ထောင်မနေနိုင်ဘူး ၊ ငါ့ မှာ ကိစ္စ ရှိသေးတယ် ...”

စိုးရှား က ခေါင်း ကို ကုတ်လိုက်ပြီး ...

“ ကျွန်တော် စစ်ကိုင်းတိုင်း အထက်ပိုင်း ဘက် ရောက်ဖူးတုန်း ကတော့ ပင်လယ်ဘူး မှာဆိုရင် ' အသုဘ ' ရှိ တာကို ' ကိစ္စရှိတယ် ' လို့ ပြောတာ ကြားဖူးတာပဲ ၊ အခု ဒေါ်ဒေါ် က ...”

“ အမယ်လေး ... ဖွဟဲ့ ... လွဲပါစေ ... ဖယ်ပါစေ ... ငါ့ ကိုယ်များ တော် ပြောပုံ က ... ဆိုစမ်းပါဦး ... မင်း က ဒီ အိမ် ကို ဘာ လာလုပ်တာလဲ ...”

“ တိုတို ပြောရရင်တော့ ... ကျွန်တော့် ဦးလေး က မြနဒီ ဆီ ကို လာတာပါ ၊ ကျွန်တော် က ဆိုဖီယာ့ ဆီ လာတာပါ ...”

သူ့ စကား ကြောင့် အဘွားကြီး ၏ နှုတ်ခမ်း ထူလပျစ် မည်းမည်းကြီး က ကုလားအော် ငရုတ်သီးစိမ်း ဆယ်တောင့် လောက် ဖြင့် အပွတ် ခံလိုက်ရသလို အပြင် သို့ လက် သုံးလုံးခန့် စူထော် ကာ ထွက် လာပြီး ...

“ အလိုတော် ... ငါ့ သမီး ဆီ ကို လာတာ ... ငါ့ ကို တော့ ဖြင့် မခန့်လေးစား ပြောလား ပြောရဲ့ ... ငါ့ ဗိုက် ကို လည်း ခေါင်း နဲ့ ဝှေ့ လား ဝှေ့ ရဲ့ ... နင် ဘယ်လို ကောင်တုန်း ... ငါ ဘယ်သူ ဆိုတာ မသိဘူးလားဟဲ့ ...”

အဘွားကြီး ပြောသော စကား ထဲ တွင် ' ငါ့သမီး ' ဆိုသော စကားလုံး ကို ကြား လိုက်ရသဖြင့် စိုးရှား ၏ သိစိတ် ထဲ တွင် လင်းခနဲ ပွင့်လက် သွား၏ ။

အဲဒီ အချိန် မှာ ပင် ဦးစောဝင်း က လည်း သူ့ တူတော့ ပြသနာတစ်ခုခု တက် နေပြီ ဟု ရိပ်မိကာ ဧည့်ခန်း တွင် ထိုင် နေရာ မှ ကမန်းကတန်း ထလာသည် ။ စိုးရှား က ဦးစောဝင်း လာနေသည် ကို မြင် လိုက်သည်နှင့် အတူ သူ့ ဦးလေး ဖြစ်သူ က သတိပေး ထားသော စကား ကို ဖျတ်ခနဲ ပြန် သတိ ရလိုက်၏ ။

ထို့ကြောင့် အဘွားကြီး ကို ကမန်းကတန်း မျက်နှာချို သွေးကာ ...

“ ဟာ ... သိတာပေါ့ ဒေါ်ဒေါ်ရယ် ... ဒေါ်ဒေါ့် ကို မသိဘဲ နေပါ့မလား ... ဟို ... အဲ ... ကျွန်တော် က ဒေါ်ဒေါ့် ကို ရိုသေသမှု ပြုချင်လွန်းတဲ့ စိတ်တွေ လော ကြီး ပြီး စကားတွေ မှား ကုန်တာပါ ၊ ဟို ဥစ္စာ လေ ... ဒေါ်ဒေါ် က ဆိုဖီယာ့ အမေ ဒေါ် ... ဒေါ်မြ ... ဟိုဒင်း ... မဟုတ်လား ...”

ခွကျပြီ ။ အရေးထဲ ကျကာမှ အဘွားကြီး ၏ နာမည် ကို မေ့သွား၏ ။ အဘွားကြီး က မျက်မှောင် ကုပ် ကာ ...

“ ဘယ့်နှယ် ကွယ် ... ငါ့ နာမည်ကို ဒေါ်မြဟိုဒင်း ရယ် လို့ ... ကြံကြံဖန်ဖန် ...”

ထိုစဉ် မှန်တံခါး အကွယ် မှ ဦးစောဝင်း က စိုးရှား တစ်ယောက် ' ဒေါ်မြထွေး ' ဆိုသည့် အမည် ကို မှတ်မိအောင် တံတွေး ထွေး သည့် အမူအယာ လုပ်ပြ၏ ။

စိုးရှား မျက်နှာ က ဝင်းခနဲ လက် သွားပြီး ...

“ ဪ ... ဟုတ်ပြီ ... ဟုတ်ပြီ ... ဒေါ်ဒေါ့် နာမည် က ဒေါ်မြထွီထွမ် ... ဟုတ်ပေါင် ... ဒေါ်မြရွံ ... အဲ ... ဒါလည်း မဟုတ်သေးဘူး ...”

ဦးစောဝင်း က လေ ထဲ တွင် လက်ညှိုး ဖြင့် စာ ရေးကာ စာလုံး ပေါင်း ပြ၏ ။ စိုးရှား က ဖျတ်ခနဲ ခိုး ကြည့်ရင်း ...

“ သိပြီ ... သိပြီ ... ဒေါ်ဒေါ့်နာမည် က ဒေါ်မြထဆင်ထူး ဝဆွဲ ... ဪ ... ဒေါ်မြထွေး ... လေ ...”

“ မင်း နှယ် ကွယ် ... ဒါလေး ပြောမယ့် အရေး ... ရှည်လျားလိုက်တာ ကဲ ... ကြွ ... ကြွ ... အိမ်ထဲ ဝင်တော်မူ
...”

အဘွားကြီး က နှုတ်ခမ်းစူစူဆောင့်ဆောင့် ဖြင့် ပြောရင်း ထွက် သွားတော့မှ စိုးရှား လည်း မှန်တံခါး ကို တွန်းဖွင့် ကာ ဧည့်ခန်း ထဲ သို့ ဝင်လိုက်ရလေတော့သည် ။

မြနဒီ က ဆက်တီ ပေါ် တွင် ထိုင်နေရာ မှ လှမ်း ပြုံးပြရင်း ...

“ ဘယ့်နှယ့်လဲ ... မမထွေး နဲ့ တွေ့ လို့ ချွေး ပြန်သွားပြီလား ... လာ ... လာ ... ထိုင်ဦး ...”

စိုးရှား က ဆက်တီ တွင် ဝင်ထိုင်လိုက်သည် ။ မြနဒီ က အိမ်ဖော်ကောင်မလေး ကို အအေး တစ်ခွက် ယူလာဖို့ ခိုင်း လိုက်၏ ။ တစ်ဆက်တည်း မှာ ပင် ...

“ မိစန်း ... နင့် မမလေး ကို လည်း သွား ပြောလိုက်ဦး ၊ ဒီမှာ ဧည့်သည် ရောက်နေတယ်လို့ ...”

“ ဟုတ်ကဲ့ မမကြီး ...”

ပြောပုံဆိုပုံ အရ ဆိုဖီယာ ကို သွား ခေါ်ခိုင်းလိုက်ခြင်း ဖြစ်မည် ဟု စိုးရှား တွက်မိ၏ ။ သူ ဘာမှ ဝင် မပြော ။ တိတ်တဆိတ် သာ ငြိမ် နေလိုက်သည် ။

လူ ကသာ ငြိမ်ငြိမ် နေသော်လည်း အကြားအာရုံကတော့ ငြိမ် နေ၍ မရ ။ သူ့ဦးလေး ဦးစောဝင်း က မြနဒီ ကို ပလီစိချောက်ချက်တွေ ပြော နေသမျှ အားလုံး နားမချမ်းသာစရာ ကြား နေရ၏ ။ မြနဒီ ကတော့ ပြုံး သလိုလို တည် သလိုလို နှင့် သာ ။ ( စိုးရှား တစ်ယောက် တည်း ၏ အမြင် နှင့် ပြောရမည် ဆို
လျှင် တော့ အဲဒီ အမူအရာ သည် နိုင်ငံကျော် မင်းသမီး တစ်ယောက် ၏ အိုက်တင် ပီသနေလွန်းသည် ဟု ထင်၏ ) ဒါကတော့ မတတ်နိုင် ။ သူတို့ စရိုက် သူတို့ သဘာဝ ဖြစ်သည်ဟု နားလည် ပေးရတော့မည် ။ တစ်သက်လုံး ကင်မရာ ရှေ့ မှာ သရုပ်ဆောင်ရင်း ဘဝ ၏ အချိန်တွေ ကို ကုန်လွန်စေခဲ့သော်လည်း အလိုလို နေရင်း ကပင် ( သာမန် သူလို ငါလို နေ ရမည့် အချိန်တွေ မှာပါ ) သူတို့ကိုယ် သူတို့ သရုပ်ဆောင် နေတာလား တကယ့် လူ လို နေ နေတာလား ကွဲပြားတော့ ပုံ မရချေ ။

ရုပ်ရှင် က ဘဝ နှင့် တူအောင် တုပ ရမည့်အစား ( သူတို့ အတွက် ကတော့ ) ဘဝ ကို ရုပ်ရှင် နှင့် မတူ တူအောင် ကြိုးစား နေကြပုံ ရလေသည် ။

•••••   •••••   •••••   •••••

မြနဒီ က ဦးစောဝင်း ကို မျက်စောင်း တစ်ချက် ဝင့် ကာ ကြည့် လိုက်ရင်း ...

“ ဒါနဲ့ ရတနာပုံကြီး ကို ပြော ရဦးမယ် သိလား ...”

“ ဘာများလဲ ဒီ ...”

“ ဒီ တို့ ရိုက်ကွင်း ကို လိုက်လိုက် လာ တဲ့ ပိန်ပိန်ရှည်ရှည် နဲ့ သစ်ကုန်သည် သူဋ္ဌေး လေ ... ဝင်းမောင်မောင်ကျော် ဆိုတာ ...”

“ ဪ ... သိပြီ ... သိပြီ ... ဟိုတလောက နိုင်ငံခြား က ပြန်လာ လို့ ဆိုပြီး ဒီ့ ကို လက်ဆောင်တွေ အတင်း လာ ပေးတာ ၊ အင်း ... ဆိုစမ်းပါဦး ... အခု အဲဒီ လူ ဘာ ဖြစ်သွားပြီလဲ ... ထောင် ကျသွားပြီလား ... တစ်ကိုယ်လုံး နူ သွားပြီလား ... ဒါမှမဟုတ် ချီးကား ကြိတ် လို့ သေပြီလား ...”

ဦးစောဝင်း ၏ လေသံ က မနာလိုခြင်း ကြီး စွာ ဟိန်းထွက်လာ၏ ။ မြနဒီ က တခစ်ခစ်ရယ်မော ရင်း ...

“ မဟုတ်ဘူး ... ဟိုနေ့က အဲဒီ လူ က ဖုန်း ဆက်ပြီး ဒီ့ ကို ရည်းစားစကား ပြောတယ် ...”

“ ဟင် ...”

“ ရည်းစားစကား ပြောတာမှ သူပြောပုံ က ရိုးရိုး ပြောတာ မဟုတ်ဘူး ရတနာပုံကြီး ရဲ့ ...”

“ ဘာ ... ဒီကောင် က ရည်းစားစကား ကို ပါဠိ လို ပြောသလား ... တောက် ... မိုက်ရိုင်းလိုက်တာကွာ ...”

ဒေါသတကြီး ဖြစ်နေသော ဦးစောဝင်း ကို မြနဒီ က မျက်စောင်း တစ်ချက် ထိုးလိုက်ရင်း ...

“ အို ... မဟုတ်ပါဘူး ... သူ ပြောတာက ဒီလို ။ သူ က အရမ်း ချမ်းသာတယ်ဆိုတော့ ... တဲ့ ... သူ့ နား ကို ကပ်ချင်တဲ့ မော်ဒယ်ဂဲလ် ပေါက်စလေးတွေ ဆိုတာ ဝိုင်းဝိုင်း လည် နေတာပဲ ... တဲ့ ... ဒါပေမယ့် သူ က နဒီ့ ကို မှ တကယ် ချစ်တာပါ ... ဆိုပဲ ... ကဲ ... ပြောပုံ က ဘယ်လောက်မိုက်ရိုင်း စော်ကားသလဲ ... လို့ ...”

“ ဟုတ်တယ် ... ဒီ တစ်ယောက် တည်း ကို တင် စော်ကားတာ မဟုတ်ဘူး ၊ သရုပ်ဆောင် ဝါသနာ ပါ တဲ့ ကလေးမလေးတွေ ရဲ့ သိက္ခာ ကို ပါ အပုပ်ချတာ ၊ အဲဒီ စကား မျိုး သူတို့ မိဘတွေ ကြားရင် ရင်ကျိုးမှာပဲ ...”

မြနဒီ က သက်ပြင်း ချလိုက်ရင်း ...

“ ခက်တော့ ... ခက်တယ် ... ရတနာပုံကြီး ရယ် ... သရုပ်ဆောင် ဘဝ ... နာမည်ကျော် ဘဝ ဆိုတာ တစ်ဖက် မှာ ပရိသတ် က ချစ် သလောက် တစ်ဖက် က ယုတ်မာတဲ့ လူတွေရဲ့ ပါးစပ်ဖျား မှာ ကျတော့ မှိုချိုးမျှစ်ချိုး အပြော ခံရတယ် ၊ ဒီ လည်း ကိုယ့် ကိုယ် ကိုယ် ဂုဏ် ယူ ရမှာလား ... ဝမ်း နည်း ရမှာလား တောင် မပြောတတ်တော့ပါဘူး
...”

သူမ ၏ စကားသံ က တိုးတိုးဖျော့ဖျော့ ... ဦးစောဝင်း က သူမ ၏ စကား ကို နားထောင်ရင်း မျက်နှာ က အိုမင်း သွား၏ ။

သူ့ မျက်နှာကြီး က သေခါနီး ဖားပြုတ်အိုကြီး ဝမ်းလျှော ပြီး ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေသလိုလို မျက်ခွံ တစ်ဝက် တွဲ ကျပြီး ပါးစပ်လေး ဟစိဟစိ ဖြင့် ...

ပြီးတော့ မှ ဦးစောဝင်း က ...

“ ဟုတ်တယ် ဒီ ... အနုပညာသမားတွေ ကို ငွေ နဲ့ ပေါက်ပြီး စော်ကား လို့ မရဘူး ဆိုတာ ပရိသတ် ကို တင်ပြရမယ် ...”

“ ဟာ ... ဦးလေး ကလည်း သူ က မိန်းကလေး ဆိုတော့ တင်ပြလို့ ဘယ် ကောင်းမလဲ ၊ ဦးလေးဘာသာ တင်ပြရုံ မကလို့ ခါး အထိ ရောက်အောင်ပဲ လှန် ချင် လှန် ... ကွင်းလုံး ပဲ ချွတ် ချင် ချွတ် ပေါ့ ...”

စိုးရှား ၏ ခပ်တိုးတိုး ကပ်ပြောသော စကားကြောင့် ဦးစောဝင်းက အံကြိတ်ပြီး မျက်လုံးပြူးပြ၏ ။ မြနဒီ ကတော့ ပြတင်းပေါက် အပြင်ဆီ ငေး ကြည့်ရင်း ...

“ မင်းသမီး ဆိုတာ ကတော့ လူမုန်း ခံလို့ မဖြစ်တဲ့ ဘဝ ဆိုတော့ ဘယ်သူ့ ကို မဆို မကောင်းမှန်း သိ လည်း အပြုံး နဲ့ ဖော်ဖော်ရွေရွေ ဆက်ဆံ နေရတာပဲ ၊ အဲဒီလိုမှ မဆက်ဆံပြန်ရင်လည်း မာန ကြီးတယ် အောက်ခြေ လွတ်တယ် လို့ အကဲ့ရဲ့ခံ ရဦးမယ် ၊ အင်း ... တကယ်တော့ နာမည် ကြီးတယ် ဆိုတာ ကိုယ့်ဘဝ လွတ်လပ်မှု ကို အဆုံးရှုံး ခံပြီး လဲ ယူထားရ သလိုပါပဲ လေ ...”

သူမ ရေရွတ်နေပုံ က ဟိုးအဝေးမှာ ရှိသော တစ်စုံတစ်ရာ ဆီ တိုင်တည် ပြောဆိုနေပုံမျိုး နှင့် တူနေ၏ ။

စိုးရှား ကတော့ ခေါင်း ကို သာ မသိမသာ ခါယမ်း နေမိသည် ။ ကိုယ့် ဘဝ ကိုယ် အဆုံးရှုံး ခံရဖို့ ကြိုးစားပမ်းစား နာမည်ကြီးအောင် လုပ် ယူရတာ ဘဝ ရဲ့ အဓိပ္ပါယ် တဲ့ လား ... ။

အားလုံး ကို လှောင်ရယ် ရယ်ချင်လာ၏ ။

အဲသည် အချိန် မှာ ပင် သူ့ ဘေးနား သို့ တစ်စုံတစ်ယောက် လာ ရပ် သည် ကို သတိထား မိသဖြင့် မော့ ကြည့် လိုက်သည် ။

ဆိုဖီယာလပြည့်ဝန်း ...

သူမ က ...

“ လာလေ ကိုစိုးရှား ... အန်တီလေး တို့ ဆွေးနွေး နေတာ အနှောင့်အယှက် ဖြစ် နေပါဦးမယ် ၊ ကျွန်မ တို့ ခြံ ထဲ ဆင်းပြီး စကား ပြောရအောင် ”

အမိန့်ပေးသံ မဟုတ် သော် လည်း သူမ ၏ စကားအဆုံးတွင် သူ အလိုအလျောက် ပင် မတ်တတ် ရပ်ပြီးသား ဖြစ် နေ၏ ။

( ဒါကို ပြန် တွေးမိတော့ သူ့ ကိုယ် သူ ဒေါသ ဖြစ် မိသလို ခံစားရသည် ။ ကိုယ့် စိတ် ကို ကိုယ် မနိုင်ခြင်းသည် ကိုယ့် အတွက် အကြီးမားဆုံး ရန်သူဖြစ်သည် ဆိုခြင်း ကို ရိပ်စားမိ သလိုလို ဖြစ်လာ၏ )

မင်းခိုက်စိုးစန်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment