Showing posts with label ထွန်းတောက်ထွဋ် ( သင်္ချာ ). Show all posts
Showing posts with label ထွန်းတောက်ထွဋ် ( သင်္ချာ ). Show all posts

Monday, June 8, 2026

အဖြူရောင်ပန်း အဖြစ်လည်း ပွင့်ခဲ့ဖူးပါတယ် မောင်


❝ အဖြူရောင်ပန်း အဖြစ်လည်း ပွင့်ခဲ့ဖူးပါတယ် မောင် ❞
( ထွန်းတောက်ထွဋ် - သင်္ချာ )

၁ ။

မိုးဦးကျရာသီမို့လောကဓာတ် တစ်ခုလုံး မှိုင်းညို့မှုန်ရီ နေပေမဲ့ ဇီးကွက်မရဲ့ စိတ်ထဲမှာတော့ ကြည်လင်လန်းဆန်းနေခဲ့ပါတယ် ။ ဖွဲဖွဲရွာနေတဲ့ မိုးစက်ကလေးတွေက ဇီးကွက်မရဲ့ ပါးပြင်ပေါ် ကျဆင်းနေတဲ့ မျက်ရည်တွေနဲ့အပြိုင် နှလုံးသားထဲအထိ စွတ်စိုအေးမြ ငြိမ်းချမ်းစေတာလည်း အမှန်ပါပဲ ။ လေပြည်နဲ့အတူ ကပ်ပါလာတဲ့ မိုးငွေ့အေးအေးတွေက ခန္ဓာကိုယ်အနှံ့ ရစ်ပတ်သိုင်းခြုံ လာပြန်တော့ ကြက်သီးမွေးညင်းကလေးတွေတောင် ဖြန်းခနဲ ထ,သွားရတာပေါ့လေ ။ ဘာပဲဖြစ်ဖြစ် ဇီးကွက်မရဲ့ စိတ်ထဲမှာတော့ လိပ်ပြာမလုံမှု ၊ ကြောက်ရွံ့စိုးထိတ်မှု ၊ သိမ်ငယ်ရှက်ရွံ့မှုတွေ ဘာတစ်ခုမှ ရှိမနေခဲ့တာ သေချာပါတယ် ။ သေချာဆို အလင်းရဲ့ လမ်းစကို ဇီးကွက်မ တွေ့ခဲ့ရပြီဖြစ်သလို အမှောင်ရဲ့ ဒုက္ခ ၊ လှောင်အိမ်ထဲက ဘဝ ဆိုတာတွေဟာလည်း ပိန်းကြာရွက်ပေါ် ရေမတင်သလို ကင်းစင်လွင့်ပျောက်ခဲ့ရပြီလေ ။ ထွက်ပေါက်ဝနဲ့ မလှမ်းမကမ်း ဘတ်စ်ကားမှတ်တိုင် အနားမှာ ဖွင့်ထားတဲ့ မုန့်ဟင်းခါးဆိုင်ကပျံ့လွင့်လာတဲ့ မုန့်ဟင်းရည်ရနံ့ကြောင့် ဝမ်းထဲ ဆာသလိုလိုဖြစ်ရပေမဲ့ လွတ်မြောက်ခြင်းရဲ့ အပျော်တွေက ရင်ထဲမှာ ပြည့်လျှံနေတာ ဆိုတော့ ဇီးကွက်မရဲ့ အစာအိမ်ကို ခဏလောက်ပဲ ဆွဲဆောင်နိုင်ခဲ့ပါတယ် ။ အဖမ်းခံရတဲ့ ရက်ချင်း ၊ အမှုတွဲချင်း မတူညီကြတဲ့ အတွက် ဇီးကွက်မထက် စောပြီး သူငယ်ချင်း နန္ဒီ တစ်ယောက် လွတ်မြောက်သွားခဲ့ပြီ ဖြစ်သလို တာဝန်ရှိသူတွေကို လိုင်းကြေး ပုံမှန် ပေးနိုင်ဖို့ ၊ သူ့ မိသားစုဘဝ အဆင်ပြေစေဖို့ ဇီးကွက်မတို့ ဆီမှာ ခေါင်းပုံဖြတ် ၊ အညွန့်ခူးစားခဲ့တဲ့ အန်တီသင်း ကတော့ အထဲမှာ ကျန်ရစ်နေဆဲပါပဲ ။ တကယ်တော့ ဇီးကွက်မတို့လို ညမှာ ပျံသန်း ၊ ရှာဖွေ ၊ ကျင်လည် ကျက်စားရတဲ့ ညဉ့်ငှက်မတွေရဲ့ ဘဝအဆုံးသတ်ဟာ မလှပကြတာ သေချာပေမဲ့ “ အဲဒီလို အဆုံးသတ်မျိုး မဖြစ်အောင် ပြောင်းလဲပစ်ရမယ် ” ဆိုတဲ့ အတွေးက လှောင်ချိုင့်စံဘဝမှာပင် ဇီးကွက်မရဲ့ အာရုံထဲမှာ ရှိနှင့်နေပြီးသားပါ ။ ဘာပဲဖြစ်ဖြစ် မိုးသက်လေ တချို့ တိုက်ခတ်လာပြန်တဲ့ အတွက် တရိပ်ရိပ်လွင့်လာတဲ့ မိုးသားမည်းမည်းတွေကို စိုးထိတ်စွာ မျှော်ကြည့်ရင်း ၊ ဇီးကွက်မပိုင်ဆိုင်သမျှ အဝတ်အစားအထုပ်ကလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း အင်းစိန် - ရွှေပြည်သာ ပြေးဆွဲနေတဲ့ ဘတ်စ်ကားတစ်စီးပေါ် ခပ်မြန်မြန် ပြေးတက်မိစဉ် ခဏမှာပဲ သဲကြီးမဲကြီး ရွာချလိုက်တဲ့ မိုးကြောင့် စိုးနှောင့်သလို ဖြစ်သွားခဲ့ရပါတယ် ။ ဇီးကွက်မရဲ့ ရင်ထဲမှာတော့ ... ။

“ ဆယ်တန်းနှစ်ခါကျ ၊ အလုပ်မျိုးစုံမှာ ကျင်လည်ခဲ့ ရပြီး ညဉ့်ငှက်ဘဝ ရောက်ခဲ့ရတဲ့ အသက်အစိတ်ကျော် လှတပတ မိန်းကလေးတစ် ယောက်အနေနဲ့ ရှေ့ဆက်ရ မယ့်ဘဝကို ဖြူစင်မှုများစွာနဲ့ အသစ်က ပြန်စ,ဖို့ လာခဲ့တာပါ မိုးရယ် ။ လောလောဆယ် မှာတော့ ထီးပါလာဖို့ မပြောပါနဲ့ဦး ၊ အသိမိတ်ဆွေတွေ ဘယ်ရောက်နေမှန်း မသိ ၊ တည်းခိုစရာ နေရာတောင် မရှိသေးတာမို့ အငြိုးတကြီးနဲ့ မသည်းလိုက်ပါနဲ့ ။ အဆိုးပြီးရင် အကောင်းတွေသာ မျှော်လင့်နေသူမို့ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာတဲ့ ပုံစံမျိုး မချိုးပါနဲ့လား မိုးရယ် ။ စက်ဆုပ်ဖွယ်ကောင်းတဲ့ ညဉ့်ငှက်ဘဝကို တော်လှန်ပြီး နေ့ဘက်မှာ ဖူးပွင့် ၊ ဝေဆာ ၊ မွှေးပျံ့ရတဲ့ အဖြူရောင်ပန်းတစ်ပွင့်အဖြစ် အခွင့်အရေး အသစ်တစ်ခုတော့ ပေးပါနော် ”

••••• ••••• •••••

၂ ။

ဆား ၊ နနွင်း ၊ ငံပြာရည် ၊ စပါးလင်တွေနဲ့ ရောပြုတ် ထားလို့ ပွက်ပွက်ဆူစပြုလာ တဲ့ ငါးပြုတ်ရည်ရနံ့ဟာ ဇီး ကွက်မရဲ့ ဂန္ဓာရုံကို နှိုးဆွ လာခဲ့ပါတယ် ။ ငှက်ပျောအူ တချို့ကို တရှပ်ရှပ် လှီးနေတဲ့ မမဇီဇဝါရဲ့ သနပ်ခါးဘဲကျား မျက်နှာပြင်ပေါ်မှာတော့ ချွေးဥကလေးတွေ စို့နေတာပါပဲ ။ ကြက်သွန်နီဥတွေကို အခွံနွှာနေဆဲ ဇီးကွက်မရဲ့ မျက်ဝန်းတစ်စုံကတော့ ကြက်သွန်အခိုးရိုက်ပြီး မျက်ရည်ဝဲချင်ချင်ဖြစ်နေရတာ သေချာပါတယ် ။

“ ဘာမှမပူနဲ့ ဇီးကွက်မ ၊ ငါနဲ့အတူနေပြီး မုန့်ဟင်းခါး ၊ အုန်းနို့ခေါက်ဆွဲ ၊ အသုပ်စုံ ဝိုင်းရောင်းပေါ့ ။ လခတော့ သီးသန့် မပေးနိုင်သေးဘူး ဟယ် ။ ဝိုင်းလုပ်ဝိုင်းစားပေါ့ ဟာ ။ ဒီကြားထဲ အားရင် အားသလို ရပ်ကွက်ထဲ အဝတ်လျှော် ၊ မီးပူတိုက်လိုက်လုပ်ပြီး အပို ဝင်ငွေရှာချင်ရှာပေါ့ ။ အဓိက,ကတော့ နင်ကိုယ်တိုင် အမှန်တကယ်ပြောင်းလဲချင်စိတ် ရှိရမယ် ။ အရင်က ပတ်သက်ခဲ့ဖူးတဲ့ လူတွေနဲ့ ပြန်ဆုံရင် စိတ်မလည်ဖို့နဲ့ ဆွဲဆောင်ရာ ပြန်ပါမသွားဖို့လည်း အရေးကြီးတယ် ။ အရင်ကိစ္စတွေ ချေးခြောက် ရေနူး လုပ်လာရင်တော့ ဘာမှ ရှက်စရာမလိုဘူး ၊ အရင်လို မဟုတ်တော့တဲ့အကြောင်း ပြေပြေလည်လည် ပြောပြ ။ အဲဒီလိုမှ မရရင် ပြတ်ပြတ်သားသား ပြန်ပြောပစ် ။ ထိကပါးရိကပါးနဲ့ ဒီထက်ပိုဆိုးလာရင်တော့ အချုပ်ထဲ ရောက်အောင် ပို့လိုက်ရုံပဲ ။ လွယ်တော့ မလွယ်ဘူး ဇီးကွက်မရေ ။ ငါ့တုန်းကဆိုရင် အချုပ်အနှောင် မခံရဘဲနဲ့ ဒီလောကကို စိတ်ကုန်ပြီး တိခနဲ ရပ်ပစ်လိုက်တာ ဆိုတော့ ထောင့်ပေါင်းစုံကနေ အကဲစမ်းလာတာတွေ မနည်းခဲ့ဘူး ။ နည်းမျိုးစုံသုံးပြီး အတော်လေးကို ကျော်လွှားခဲ့ရတယ်ပဲ ပြောပါတော့ဟယ် ။ ကဲ ... ဇီးကွက်မရေ အဲဒီ ကြက်သွန်နီတွေ အခွံနွာပြီးရင် စပါးလင်တွေ ပါးပါးလှီးပြီး ငရုတ်ဆုံထဲ ထည့်ထောင်းပေးဦး ”

စကားလည်းပြော ၊ ငှက်ပျောအူပါ ထိုင်လှီးနေဆဲ မမဇီဇဝါ တစ်ယောက်ကတော့ ဇီးကွက်မကို ခိုင်းတာလည်း မပျက်ခဲ့သလို မီးဖိုပေါ်က ငါးပြုတ်အိုးကိုတောင် တစ်ချက်နှစ်ချက် လှမ်းမွှေလိုက်သေးတာမျိုးပါ ။ အလုပ်နဲ့ လက်မပြတ်ဘူး ဆိုတာ ဒါမျိုးလား ။ အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုခု ရှိနေသရွေ့ မဟုတ်တဲ့ ကိစ္စတွေကို မေ့ပျောက်နိုင်တယ် ဆိုတာ တကယ်လား ။ အတိတ်က ဆိုးရွားမှု မှန်သမျှကို မမဇီဇဝါ တစ်ယောက် ပြည်ဖုံးကား ချနိုင်ပြီ ဆိုတာ တကယ်လား ။ ညမှာ ကျင်လည်ခဲ့ရသူချင်း အတူတူ အချုပ်အနှောင် မခံရပါဘဲနဲ့ လမ်းကြောင်းမှန် လျှောက်နိုင်တဲ့ မမဇီဇဝါ ကို လေးစားအားကျတဲ့ ပုံစံမျိုးနဲ့ ငေးကြည့်လိုက်စဉ်မှာပဲ ဇီးကွက်မရဲ့ အာရုံထဲကို တစ်စုံတစ်ယောက်က ဝင်ရောက် လာခဲ့ပါတယ် ။

“ ဒါနဲ့ နန္ဒီ တစ်ယောက် ဘယ်ရောက်လို့ ဘယ်ပေါက် နေသလဲဟင် ။ သူက ဇီးကွက်မထက် နှစ်လလောက် စောပြီး လွတ်သွားခဲ့တာလေ ။ မမနဲ့ ပြန်တွေ့သေးလား ။ မမဆီ မလာဘူးလား ။ သူ့ သတင်းတွေ ဘာကြားသေးလဲ မမဇီဇဝါ ”

မျက်နှာ ၊ ကိုယ်လုံး ကိုယ်ပေါက်အလှကြီး မဟုတ်ပေမဲ့ ရွက်ကြမ်းရေကျိုထက် သာနေသေးတဲ့ အသက်သုံး ဆယ်ကျော်အရွယ် မမဇီဇဝါ တစ်ယောက် ဇီးကွက်မရဲ့ အမေးစကားကြောင့် မျက်နှာ မဲ့သွားခဲ့ပြီး လှီးလက်စ ငှက်ပျောအူကို ချထားလိုက်ရင်းကပဲ -

“ လာပါ့ ၊ ကြားပါ့ဟယ် ။ တစ်ခုတော့ ကြိုပြောထားမယ်နော် ။ ငါပြောပြတဲ့ သူ့အကြောင်းတွေသိပြီး နင် သူ့ဆီ သွားလည်မယ် ၊ သူနဲ့ ပြန်ပတ်သက်မယ် ဆိုရင်တော့ နင်နဲ့ငါ သူငယ်ချင်းဆက်ဖြစ် စရာ အကြောင်း မရှိတော့ သလို ငါ့အိမ်မှာလည်း နင် နေစရာ မလိုတော့ဘူး ။ ငါ အခု ငှားနေတဲ့ အိမ်ရှင်တွေနဲ့ ဒီရပ်ကွက်ကလည်း ရှုပ်ရှုပ် ယှက်ယှက်ကိစ္စတွေ လက်မခံဘူးဆိုတာ နင်သိထားဖို့ လိုတယ် ဇီးကွက်မ ။ ဘဝ ပြောင်းဖို့အတွက် နေရာ ကောင်းလိုတယ်ဆိုတာ နင် မမေ့ပါနဲ့ ။ မိနန္ဒီ တစ်ယောက်က ထောင်ကလွတ်ပြီး သိပ် မကြာခင်မှာပဲ ငါ့ဆီရောက်လာလို့ ငါလည်း တတ်နိုင်သမျှ ကူညီပေးခဲ့တယ် ။ ဒါပေမဲ့ နင်သိတဲ့ အတိုင်းပဲလေ ။ တစ်ရက်မှ သုံးလေးထောင်လောက် မြတ်တဲ့ ဈေးရောင်းခြင်းအလုပ်ဆိုတာ ငါတို့ ကျင်လည်ခဲ့ဖူးတဲ့ လောကမှာ ဒေါက်ဖိနပ်တစ်ရန်စာတောင် မရှိဘူးဆိုတော့ အလှကြိုက် ၊ အကောင်းကြိုက် မကောင်းတဲ့ဗီဇပါလာပြီးသား မိန်းမ တစ်ယောက်အနေနဲ့ မပြည့်စုံတာကို သူ မခံစားနိုင်ဘူးနဲ့ တူပါတယ် ။ ငါ့ဆီမှာ တစ်လ တောင် မပြည့်ပါဘူး ထွက် သွားတာပဲ ။ အရင် အလုပ်ပဲ ပြန်လုပ်နေတယ်တဲ့ ။ အရင် ထက် အဆင်ပြေနေပြီတဲ့ ။ ဘာပဲပြောပြော ငါနဲ့ နန္ဒီဟာ နင်နဲ့ နန္ဒီလောက် အရမ်းကြီး ရင်းနှီးခဲ့ကြသူတွေ မဟုတ် တော့ နန္ဒီ အတွင်းစိတ် ဘယ် လိုဆိုတာ နင် ပိုသိမှာ သေချာတယ် ။ ပိုပြီးသေချာတာကတော့ နန္ဒီလို ဘဝမျိုး နင့်ကို မရောက်စေချင်တာအမှန်ပဲ ။ စဉ်းစားပေါ့ ဇီးကွက်မရေ ဘယ်အရာမဆို ပျက်ရတာ လွယ်သလောက် ပျက်နေတာကို ပြင်ဖို့ကတော့ ခဲယဉ်းတယ်လို့ ထင်တာပါပဲဟယ် ”

ဘယ်လိုပဲဖြစ်ဖြစ် ဇီးကွက်မတို့ နှစ်ယောက် တက်ညီလက်ညီနဲ့ လှီးချွတ် ၊ ထုထောင်း ၊ ချက်ပြုတ် ၊ ကြော်လှော်ခဲ့ကြတဲ့ အတွက် ညကိုး နာရီလောက်မှာပဲ မနက်စောစော မုန့်ဟင်းခါးရောင်းမယ့် ကိစ္စအတွက် ပြီးပြတ်သွားခဲ့ကြပါတယ် ။ တစ်လ သုံးသောင်း ပေးပြီး ငှားထားရတဲ့ ဆယ်ပေပတ်လည် အခန်းကျဉ်းကလေးကတော့ အိုးခွက်ပန်းကန် တိုလီမုတ်စ ပစ္စည်းပစ္စယတွေနဲ့ ပြည့်နေတာမို့ ဒီအခန်းထဲမှာ အိပ်ရဖို့အရေး စိတ်ရှုပ်ရမှာ သေချာပါတယ် ။ ဒါပေမဲ့ ရွှေပြည်သာ လို နေရာမျိုးမှာ မိဝေး ဖဝေး ၊ အုပ်ထိန်းသူ ဝေးနေဆဲ မိန်းမသားတစ်ယောက် အနေနဲ့ ကျောချစရာနေရာတစ်ခုရ ဖို့ဆိုတာ ထင်သလောက် မလွယ်မှန်း ဇီးကွက်မ သိနှင့် နေပြီးသားပါ ။ လှောင်အိမ်ထဲမှာ အိပ်ခဲ့ရတဲ့ အခြေအနေ ထက် အဆများစွာ သာသလို လှောင်အိမ်ထဲ စားခဲ့ရတာ ထက် အဆများစွာ ပိုသာတဲ့ ထမင်းနှစ်နပ်က ဇီးကွက်မ ဝမ်းထဲ ဝင်ခဲ့ပြီမို့ နေစရာ ပေး ၊ ထမင်းကျွေးတဲ့ မမ ဇီဇဝါ စကား နားထောင်ပြီး ကျေးဇူးမကန်းဖို့ အတွက်ပဲ စဉ်းစားရပါတယ် ။ တစ်ဖက် အခန်းမှာ နေထိုင်ကြတဲ့ အိမ် ရှင်မိသားစုဝင်တွေကတော့ TV ဇာတ်လမ်းတွဲ တစ်ခုမှာ နစ်မြောနေကြဆဲပါပဲ ။ မီး ခလုတ်ပိတ်ပြီး နှစ်ယောက် သား အိပ်ကြမလို့ ပြင်ဆင် စဉ်မှာတော့ -

“ ဟဲ့ ဇီးကွက်မ ၊ နင့် အချစ်တော်ကြီး အလုပ်ပြုတ် သွားပြီသိလား ။ ထောင်မကျ တာတောင် ကံကောင်း ”

“ ဟင် ... ဘယ်သူလဲ မမဇီဇဝါ ”

“ နင့်ဆီက လိုင်းကြေးတွေ မတရားယူ အညွန့်ခူး စားခဲ့ပြီး အမှုတွဲ ပြစရာ မရှိလို့ နင့်ကို ထောင်ထဲ ပို့ခဲ့တဲ့ ကောင်လေ ။ နင် အသည်းအသန် ကြိုက်ခဲ့တဲ့ နယ်ထိန်း မောင်မောင်နိုင်လေ ။ နင် အထဲရောက်ပြီး သိပ်မကြာခင်မှာပဲ အကျင့်ပျက်ချစားတာတွေများလာလို့ တိုင်ကြတောကြတာနဲ့ အငြိမ်းစား အပေးခံလိုက်ရတာတဲ့ ။ သူ့ အကျင့်ဆိုးတွေကို တို့တစ်မြို့ နယ်လုံးက ကောင်းကောင်းကြီး သိနေတာဆိုတော့ အလုပ်လည်း ပြုတ်ရော ဝမ်းသာတဲ့ သူတွေ အများကြီးပေါ့ ။ အဲဒီကောင် အဲဒီလို ဖြစ်သွားတာ ငါတော့ ဝမ်းသာမဆုံးဘူး ဇီးကွက်မရေ ။ ရွှေပြည်သာ ထဲမှာပဲ ဒုက္ခရောက်နေတယ် လို့ ကြားတာပဲ ။ ဝဋ်ဆိုတာ နောက်ဘဝတောင် မကူးဘူး ဇီးကွက်မရဲ့ ၊ ဟင်း ... ဟင်း ... ဟင်း ”

မောပန်းထားသမျှ အညောင်းပြေ လှဲအိပ်မလို့ ဟန်ပြင်နေစဉ်မှာပဲ မမဇီဇဝါ ပြောလာတဲ့ စကားတွေကြောင့် ရင်ထဲမှာ ရှုပ်ထွေး မွန်းကျပ်သွားခဲ့ပါတယ် ။ မမဇီဇဝါရဲ့ စကားတွေကြောင့် ပျော်သလိုလို ၊ စိတ်မကောင်း သလိုလို ဖြစ်ရတာလည်း အမှန်ပါပဲ ။ တကယ်တော့ လုပ်ချင်တာနဲ့ လုပ်ပိုင်ခွင့်ကို တွဲစပ်အသုံးချရင်း အမှောင်မှာ တွေ့ဆုံနေရသူချင်း အတူတူ ၊ ခေတ်ရဲ့သားကောင်ချင်း အတူတူ ဖေးကူစာနာတဲ့ အတွေး တစ်စတလေတောင် မရှိခဲ့တဲ့ လူမပီသ ၊ လူစိတ် မထားခဲ့ သူတစ်ယောက်ရဲ့ အဆုံးသတ်ဟာ ဒါမျိုးတဲ့လား ။ တရားမျှတမှုနဲ့ မတရားမှု ထိပ်တိုက်တွေ့ကြတဲ့အခါ တရားမျှတမှုကို လက်ကိုင်ထားတဲ့ မြေကမ္ဘာကြီးဟာ မတရားမှုတွေအတွက် ပြေးစရာ မရှိလောက်အောင် တကယ်ပဲ ကျဉ်းသွားခဲ့ပြီလား ။ ဝဋ်ဆိုတာ နောက်ဘဝအထိ မစောင့်ဘဲ ဒီဘဝမှာပင် ပြန်လည်တတ်တာ အမှန်ပဲလား ။ လားပေါင်းများစွာနဲ့ အတွေးရှုပ်လာရတဲ့ ဇီးကွက်မရဲ့ ရင်ထဲမှာတော့ .... ။

“ အလုပ်ပြုတ်ပြီး ဒုက္ခ ရောက်နေတယ် ကြားလို့ စိတ်မကောင်းဖြစ်ရပါတယ် မောင် ။ မောင့် ပယောဂနဲ့လှောင်အိမ်ထဲ ရောက်စ ကာလမှာတောင် စိတ်မနာနိုင်ခဲ့ဘဲ နေ့စဉ်နဲ့အမျှ သတိရတမ်းတစိတ်တွေနဲ့ မောင့်အကြောင်းပဲ တွေးနေမိခဲ့တာ ဝန်ခံပါတယ်မောင် ။ လှောင်အိမ်စံဘဝမှာ အဆင်မပြေသမျှ ခါးစည်းခံရင်း ရက်စက်ခဲ့သူ တစ်ယောက် အပေါ် စိတ်မနာနိုင်ဘဲ ညစဉ်နဲ့အမျှ ဘုရားရှိခိုး ၊ မေတ္တာပို့ခဲ့ တာတွေဟာ တရားမျှတစွာနဲ့ပဲ မောင့်အပေါ် သက်ရောက်ခဲ့ပြီလားမောင် ။ ရက်စက်ခဲ့သူက ဇီးကွက်မ ရင်နဲ့ မဆံ့ ချစ်ခဲ့ရသူမို့ “ မောင် ဒုက္ခရောက်နေပြီ ” ဆိုတဲ့ သတင်းဟာ အတင်းအဖျင်း စကားအဖြစ် ရင်ထဲကို မဝင်လာဘဲ “ သနားစိတ် ယိုဖိတ်ရပါတယ် ” ဆိုရင် ဇီးကွက်မကို အမှတ်သည်းခြေ မရှိသူတစ်ယောက်အဖြစ် စွပ်စွဲသမုတ်ကြမလား မသိဘူး မောင် ။ ဘာပဲဖြစ်ဖြစ် မောင်ရယ် ၊ နောင်တတရားတွေနဲ့ ဖြူစင်မှုလမ်းစကို လျှောက်တော့မယ့် ဇီးကွက်မ အနေနဲ့ မောင့်အပေါ် ထားခဲ့တဲ့ မေတ္တာတရားတွေ မောင်နဲ့ သာ ထိုက်တန်ခဲ့မယ် ဆိုရင် သူတစ်ပါးအပေါ် စာနာနိုင် မယ့် တရားမျှတမှုကို လက် ကိုင်ထားတဲ့ ယောကျ်ား ကောင်းတစ်ယောက် အဖြစ်နဲ့ မောင့်ကို ပြန်တွေ့ချင်ပါသေးတယ် မောင်ရယ် ”

••••• ••••• •••••

၃ ။

အပိုဝင်ငွေ ရအောင်ဆိုပြီး မမဇီဇဝါရဲ့ အကြံပေးချက်အရ ကြက်သား ၊ ဆိတ်သား ၊ အသားတု ၊ ရုံးပတီသီး စတဲ့ အကင်တုတ်ထိုးအမျိုးစုံကို ဘီယာဆိုင်တချို့အတွက် လိုက်သွင်းကြည့်တဲ့ အခါမှာတော့ ဇီးကွက်မတို့ရဲ့ စီးပွားရေး အသင့်အတင့် အဆင်ပြေခဲ့ပါတယ် ။ စီစဉ်ပြင်ဆင်ထားတဲ့အစားအသောက် အပေါ် စေတနာပါမှု ၊ အမြတ်ကြီးမစားမှု ၊ တခြား အစားအသောက်မျိုးစုံကို ကြော်လှော်ချက်ပြုတ်နေရတဲ့ ဘီယာဆိုင်တချို့ရဲ့ အကင်တုတ်ထိုးအမျိုးစုံအတွက် အချိန် မပေးနိုင်မှုတွေက ဇီးကွက်မတို့ အတွက် အဆင်ပြေခြင်း လမ်းစလို့ပဲ ပြောရမှာပါ ။ ဒါပေမဲ့ ဘီယာဆိုင်မှာ ဆုံတွေ့ရတတ်လေ့ရှိတဲ့ ပတ်သက်ခဲ့ဖူးသူ တချို့ရဲ့ သွေးတိုးစမ်းစကားတွေ ၊ မခံချိမခံသာ ပြစ်တင်ပြောဆိုတတ်တဲ့ လေသံတွေနဲ့ နိုင်လိုမင်းထက် အပြုအမူတချို့ကိုတော့ ဘာ တစ်ခွန်းမှ ခွန်းတုံ့မပြန်ဘဲ မီးဝင်းဝင်းတောက်မျက်ဝန်း တစ်စုံနဲ့ ရင်ဆိုင်ခဲ့တာ များပါတယ် ။

တကယ်တော့ လှပပြူး ကျယ် နက်မှောင်လွန်းတဲ့ မျက်ဝန်းတစ်စုံကြောင့် ညမှာ ပျံသန်းရတဲ့ ဘဝမှာကတည်းက အမည်ရင်း ဇလပ်ဖြူ ပျောက်ပြီး ဇီးကွက်မလို့ အမည်တွင်ခဲ့ရတာ အမှန် ဖြစ်သလို ၊ ညထံပါးမှာ စူးရှ တောက်စားခဲ့ရတဲ့ အကြည့်တွေက နေ့ဘက်မှာ ကျင့်သားရပြန်တော့ ဇီးကွက်မ ထံပါး ထိကပါး ရိကပါး ရောက်လာတတ်တဲ့ ပုရိသတွေအတွက် စိမ်းသက်တဲ့ မျက်ဝန်းတစ်စုံ ဖြစ်နေမှာ မလွဲပါဘူး ။ မလွဲဆို ဇီးကွက်မဘဝကို ခဝါချပြီးတော့ ရွာ တစ်ရွာကနေ မသိနားမလည်ခြင်း များစွာနဲ့ ရန်ကုန်မြို့ကြီးကို ရောက်ရှိလာတဲ့ ဇလပ်ဖြူ ဘဝ ပြန်ရခဲ့ပြီလေ ။ ကွာခြားသွားတာဆိုလို့ အသက် အရွယ်နဲ့ ဘဝအတွေ့အကြုံတွေပဲ ရှိမှာပါ ။ ဦးနှောက်ထဲမှာ မှတ်မိနေတာ တစ်ခုကတော့ ဇီးကွက်မအမည်နဲ့ ညတွေမှာ ညစ်နွမ်းစွာ ပျံသန်းခဲ့ဖူးတယ် ဆိုတာပါပဲ ။ ဒါကလည်း အလုပ်ရှုပ်နေတတ်တဲ့ဇလပ်ဖြူ အတွက် ဆယ်ခါမှ တစ်ခါ ခေါင်းထဲ ရောက်လာ တဲ့ အတွေးပါလေ ။ မေ့ထားလိုက်ပါပြီ ။ မေ့ပစ်လိုက်ပါပြီ ။ မေ့ချင်ဟန်ဆောင်ခဲ့ပါပြီ ။ ဘာပဲဖြစ်ဖြစ် ဖြူစင်တဲ့ ပန်းတစ်ပွင့်ဟာ ညအမှောင်နဲ့ မသင့်တော်တာ သေချာသလို မှောင်စပျိုးတာနဲ့ အပြင်မှာ မနေရဲတော့တဲ့ ဇီးကွက်အရိပ် သိမ်ငယ်မှုတွေက ဇလပ်ဖြူ အပေါ် စိုးမိုးနေသေးတဲ့အတွက် မှောင်စပျိုးပြီဟေ့ ဆိုတာနဲ့ ဇလပ်ဖြူတို့ အိမ်တန်းပြန်တာပဲ များပါတယ် ။ အပိုဝင်ငွေရအောင် လုပ်နေရတဲ့ အလုပ်က ညမှောင်တဲ့ အထိ လုပ်စရာ မလိုသလို အိမ်ရောက်တာနဲ့ မမဇီဇဝါရဲ့အပြုံးမျက်နှာနဲ့ မုန့်ဟင်းခါး ချက်ဖို့အတွက် လုပ်စရာအလုပ်တွေက တန်းစီစောင့်ဆိုင်း နေတာလည်း ပါပါတယ် ။ ဒါပေမဲ့ လောဘဇောကပ်ပြီး မှောင်စပျိုးသွားတဲ့ တစ်ရက်မှာတော့ ··· ။

“ ဟယ် ... နင် နင် ဇီးကွက်မ ။ ကြည့်စမ်း ၊ ငါ့ကို မြင်တာတောင် လှမ်းခေါ်ဖော် မရဘူး ကြောင်ကြည့်နေတာများ ။ နေနိုင်ချက်က နိုင်း လောက်ရှိတယ် ... ဟင်း ... ဟင်း ... ဟင်း ။ ဘယ်တုန်းက ပြန်လွတ်လာသလဲ ဇီးကွက်မ ။ ခု ဘယ်မှာ နေသလဲ ၊ ဘာတွေ လုပ်နေသလဲ ပြောစမ်းပါဦး ဇီးကွက်မရယ် ၊ နင့်ကို ပြန်တွေ့ရတာ ငါ တကယ် ဝမ်းသာနေတယ် သိလား ၊ ဟင်း ... ဟင်း ... ဟင်း ”

တန်ဖိုးကြီးနေမှာ သေချာတဲ့ အနက်ရောင်ခေတ်မီ ဝတ်စုံဆန်းတစ်စုံနဲ့ ရေမွှေးရနံ့ တွေ မွှန်ထူ ၊ မိတ်ကပ်တွေ ရဲပတောင်းထနေအောင် လိမ်း ထားတဲ့ လှတပတ အမျိုး သမီးတစ်ယောက်ရဲ့ မျက်နှာ ဟာ ဇလပ်ဖြူကို အော်ဂလီ ဆန်စေတာ သေချာပါတယ် ။ ဒါပေမဲ့ ငယ်သံယောဇဉ်ဆို တဲ့ အသိနဲ့ပဲ လူကို လူလို သဘောထားတတ်တဲ့ စိတ် က မျက်နှာပြင်ပေါ်ကို အပြုံး တစ်ခု ပံ့ပိုးပေးလိုက်တာ သေချာပါတယ် ။

“ နန္ဒီ ၊ နင် ... နန္ဒီနော် ”

“ အောင်မလေးဟဲ့ ဇီးကွက်မရယ် ၊ နင် အတိတ်မေ့ ရောဂါတော့ မရသေးပါဘူးနော် ။ နန္ဒမှ နန္ဒီအစစ်ပါတဲ့ ရှင် ။ ဘာလဲ ... အရင်ထက် ငါ ပိုလှလာ ၊ ပိုလန်းလာလို့ နင် ငါ့ကို မမှတ်မိဘူး ဖြစ်သွားတာ မဟုတ်လား ဟင်း ... ဟင်း ... ဟင်း ။ ဒီလိုပဲဖြစ်ရမယ်လေ ။ ငါ အခု အဆင်ပြေနေပြီ သိလား ။ အရင်ထက်ကို ပိုအဆင်ပြေ နေပြီလို့ ပြောရင် ရတယ် ။ အခြေအနေအသစ် ၊ ခွင် အသစ်တွေ တွေ့ထားတာ လေ ။ နင် အခု ဘယ်မှာနေ သလဲ ၊ ဘာတွေ လုပ်နေ သလဲ ။ အဆင်မပြေရင် ငါ့ဆီ လာနေလေ ။ ငါ အခု .. ”

စကားတွေ ရေပက် မဝင်အောင် ပြောနေတဲ့ အရုပ်မျက်နှာတစ်ခုဟာ အပြင်ပန်း အနေနဲ့ ကြည့်မယ်ဆိုရင် ရုပ်ရှင်မင်းသမီး တစ်ယောက်လို လှပကြွရွနေတာ သေချာပေမဲ့ ခပ်ရွှင်ရွှင် ချွဲပျစ်ပျစ် ရယ်မောတတ်တဲ့ အသံတစ်မျိုးက ဇလပ်ဖြူ နားထဲမှာ ချိုသာ မနေတာ အမှန်ပါပဲ ။ သေချာ ကြည့်လေ အရေးအကြောင်းတွေ မြင်ရလေ ဖြစ်တဲ့ နန္ဒီရဲ့ ခပ်လှလှမျက်နှာပြင်ပေါ်က အပြုံးကတော့ ဟန်ဆောင် အပြုံး ၊ မထီမဲ့မြင် အပြုံး ၊ လုပ်ပြုံးသာသာပါပဲ ။ ဘာပဲ ဖြစ်ဖြစ် ငယ်သူငယ်ချင်း တစ်ယောက်အနေနဲ့ ဖက်လဲတကင်း ဆက်ဆံချင်ပေမဲ့ နန္ဒီ ဆင်းလာဟန်ရှိတဲ့ ကား အကောင်းစားကြီးပေါ်က အရွယ်ရင့် လူသားတစ်ယောက်ရဲ့ ပြည်တည်တည်အကြည့် ၊ ဇလပ်ဖြူ ရဲ့ မပြောင်းလဲချင်တဲ့ စိတ်နဲ့ မမဇီဇဝါရဲ့ သတိပေးစကားတွေက အရာရာကို တွန့်ဆုတ်သွားခဲ့ပြီးနောက်မှာတော့ ... ။

“ ငါအခု မမဇီဇဝါနဲ့ အတူနေတယ် ။ ဝိုင်းလုပ်ဝိုင်းစားပေါ့ ။ အပိုဝင်ငွေရအောင် ဆိုပြီး အကင်အမျိုးစုံကို ဘီယာဆိုင်တွေ လိုက်သွင်းနေတာလေ ။ အဆင်ပြေတယ်ပဲ ပြောပါတော့ဟယ် ။ ကဲ ... နန္ဒီ ငါလည်း အချိန်သိပ်မရဘူး ။ ခုတောင် မှောင်စပျိုးနေပြီ ။ တော်ကြာ နောက်ကျ တယ်ဆိုပြီး မမဇီဇဝါ ငါ့ကို ဆူနေလိမ့်မယ် ။ ဪ ... ဒါနဲ့ ငါ့နာမည် ဇီးကွက်မ မဟုတ်တော့ဘူး ။ အရင် နာမည် ဇလပ်ဖြူ ဖြစ်နေပြီ ။ နင် သိပါတယ်လေ ၊ ကဲ ... ငါသွားတော့မယ် နန္ဒီ ”

“ ဟယ် ဇီးကွက်မ ၊ နင် ... နင် ဘယ်လို ဖြစ်သွားရတာလဲ ချက်ချင်းကြီး ၊ နေဦးလေ ။ ငါပြော ... အာ ... ဒီမိန်းမ ဘာကြောင်ပြန်ပြီလဲ မသိဘူး ။ စိတ်ပျက်ပါတယ် ”

နန္ဒီ စကားမဆုံးခင်မှာပဲ ဘတ်စ်ကားတစ်စီးပေါ် ပြေးတက်ခဲ့မိတဲ့အတွက် နန္ဒီ လည်း စိတ်ရှုပ်သွားတဲ့ပုံစံနဲ့ မြည်တွန်တောက်တီးရင်း ကျန်ရစ်ခဲ့ပါတယ် ။ ဇလပ်ဖြူ ရဲ့ရင်ထဲမှာတော့ ... ။

“ ဖြူစင်သန့်ရှင်းပြီး ရနံ့သင်းသင်းကလေးမွှေးတဲ့ ပန်းဖြူဖြူတစ်ပွင့် ဖြစ်ချင်တာမို့ နင့်အပေါ် အပြစ်တင် စကားမပြောဘဲ လမ်းခွဲခဲ့တာပါ သူငယ်ချင်းရယ် ။ အလွှာ မတူ ၊ အရောင်မတူသလို ရည်ရွယ်ချက်ချင်း ၊ ခံယူချက်ချင်းလည်း မတူတော့တာမို့ အစိမ်းဖြတ်ဖြတ်ပြီး ထားရစ်ခဲ့တယ်လို့ပဲ ယူဆချင်ယူဆပါ ။ ဘဝအမည်းစက်တွေနဲ့ ပြည့်နှက်နေဆဲ မိန်းမသား တစ်ယောက်အနား အကြာကြီးရပ် စကားမပြောချင်တာလည်း အမှန်ပါ ။ သံသရာ ဆိုတာ တကယ်ရှိခဲ့ရင် သံသရာတစ်လျှောက် အနှောင့်အသွား မလွတ်တဲ့ ခန္ဓာကိုယ်နဲ့ ရင်းနှီးစားသောက်ရတဲ့ ဘဝမျိုး မရောက်ပါစေနဲ့လို့ ဆုတောင်းပေးပါတယ် ။ ကြမ္မာရဟတ် တစ်ပတ်လည် ပြီး လှောင်ချိုင့်စံဘဝလည်း ကင်းပါစေ ။ ခုအချိန်မှာ အဖြစ်ချင်ဆုံး အရာတစ်ခုကို ပြောပါဆိုရင် အတိတ်က မည်းညစ်ခဲ့မှုတွေနဲ့ မပတ်သက်တဲ့ နေရာတစ်ခုကို အရောက်သွားချင် နေတာပါ ပဲ သူငယ်ချင်းရယ် ”

••••• ••••• •••••

၄ ။

မျက်လုံးမျက်ခုံး ကောင်းကောင်း ၊ ရှည်လျား ချွန်မြတဲ့ နှာတံ ၊ ကြံ့ခိုင်တဲ့ မေးရိုး ၊ ပိရိသေသပ်တဲ့ နှုတ်ခမ်း ၊ ညိုမောင်းတဲ့ အသားအရေ ၊ မြင့်မားတဲ့ အရပ်နဲ့ အချိုးအစားကျနလွန်းတဲ့ ကိုယ်လုံးကိုယ်ဖန်တွေဟာ အနည်းငယ် ပိန်လှီလျော့ရဲ သွားတာက လွဲပြီး ကြည့်ကောင်းနေဆဲ မောင်တစ်ယောက်ကတော့ ဇလပ်ဖြူရဲ့ မျက်စိထဲမှာ မင်းသားတစ်ပါးလို ဖြစ်နေဆဲပါပဲ ။

ဒါပေမဲ့ လုပ်ပိုင်ခွင့် အာဏာကြောင့် စူးရှတောက်ပခဲ့တဲ့ မောင့်ရဲ့မျက်ဝန်းတွေ အရောင်ဖျော့ခဲ့ပြီ ဖြစ်သလို ဘယ်သောအခါမှ ရယ်မပြ တတ်တဲ့ မောင့်ဆီက ပို့လွှတ် လာတဲ့ အပြုံးနုနုတွေက ဖလပ်ဖြူရဲ့ရင်ကို တလှပ်လှပ် ဖြစ်စေတာ သေချာပါတယ် ။ ဝဋ်မကုန်သေးတာလား ၊ ရေစက်မကုန်သေးတာလား ၊ ရေစက်ဆုံဖို့ ကျန်နေသေးတာလား ၊ ရွှေပြည်သာမြို့နယ် ကြီးက ကျဉ်းလွန်းတာလား ။ လားပေါင်းများစွာနဲ့ မောင့်ကို တစ်ချက်ကြည့်ရင်း ခေါင်းငုံ့ချလိုက်မိတဲ့ ဇလပ်ဖြူရဲ့ စိတ်ထဲမှာတော့ မယုံရဲစိတ် ၊ နာကြည်းစိတ် ၊ ခွင့်လွှတ်တောင်းပန်စေချင်တဲ့စိတ် ၊ ဖေးမနှစ်သိမ့်ခံချင်တဲ့စိတ်တွေ ရောထွေးလာခဲ့တာ သေချာပါတယ် ။ အရောင်မှိန်နေပေမဲ့ သပ်ရပ်ကြည့်ကောင်းနေဆဲ ယူနီဖောင်းတစ်စုံ ကတော့ စက်ရုံတစ်ရုံက လုံခြုံရေးဝန်ထမ်းမှန်း သိသာစေသလို ယူနီဖောင်းတွေနဲ့သာ လိုက်ဖက်လွန်းတဲ့ မောင့်ရဲ့ ပုံဟန်ကတော့ ဇလပ်ဖြူကို ညှို့ငင်နိုင်ဆဲပါလေ ။

“ မှားခဲ့သမျှ တောင်းပန်ပါတယ် ဇီးကွက်မရယ် ၊ အစ်ကိုမောင်လည်း လုပ်ချင်တာနဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး ဆိုးမိုက်ခဲ့သမျှ ၊ အလွဲသုံးစား လုပ်မိခဲ့သမျှ ပေးဆပ်ချိန် ပြန်ရောက်မှ နောင်တရခဲ့တာပါ ။ သေချာစဉ်းစားကြည့်လေ ဇီးကွက်မအပေါ် အစ်ကိုမောင် မတရားခဲ့တာတွေ ပိုသိလာရလေပဲ ။ အတိုင်းအတာတစ်ခုအထိ ပတ်သက်ခဲ့ဖူးကြသူတွေအနေနဲ့ ဖြစ်ခဲ့သမျှအတွက် အစ်ကိုမောင့်ကို ခွင့်လွှတ်ပေးပါလို့ပဲ တောင်း ပန်ချင်ပါတယ် ။ ခွင့်လွှတ် မယ် မဟုတ်လားဟင် ”

ယောကျ်ားပီသစွာ တည်ကြည်ခံ့ညားနေတဲ့ ရုပ် သွင်နဲ့ မာန်တွေဌာန်တွေ မသုံးဘဲ ၊ ဟောက်စားလုပ်တာ မျိုး မဟုတ်ဘဲ ပီသကြည်မြ နေတဲ့ အသံဝါဝါတွေက ဇီးကွက်မ ဘဝက ခံစားခဲ့ရတဲ့ အနာတွေအတွက် ချက်ချင်း ကျက်သွားသလိုလိုပါပဲ ။ ဒါပေမဲ့ မယုံရဲခြင်း ၊ စိုးထိတ်ခြင်းနဲ့ မိန်းမသားသိက္ခာ ဆိုတာတွေက နာခဲ့ဖူးတဲ့ အသည်းကို သတိပြန်ပေးလိုက်တဲ့အတွက် ... ။

“ ကျွန်မနာမည် ဇီးကွက်မ မဟုတ်တော့ပါဘူး အစ်ကို မောင် ။ မွေးကတည်းက ကျွန်မမိဘတွေ ပေးထားတဲ့ နာမည်အတိုင်း ဇလပ်ဖြူ ပြန် ဖြစ်နေပါပြီ ။ ဈေးဝယ်စရာတွေ ရှိသေးလို့ သွားဦးမယ်နော် ”

“ ခဏနေပါဦး ဇီး ကွက် ... အဲ ... ဇလပ်ဖြူရယ် ။ အစ်ကိုမောင့်ဘက်က တောင်းပန်စရာတွေရှိသေးလို့ပါ ။ ပြီးတော့ အစ်ကိုမောင် လေ … ဇလပ်ဖြူကို .. ”

“ အို ... ”

ဖျတ်ခနဲ လှမ်းဆွဲလိုက်တဲ့ နွေးထွေးတဲ့ လက်အစုံကြောင့် ရင်ထဲမှာ ကတုန်ကယင် ဖြစ်သွားခဲ့သလို ဇီးကွက်မဘဝနဲ့ တစ်ခါ နှစ်ခါ မက ၊ အကြိမ်ကြိမ် အခါခါ မကျ ရင်းနှီးခဲ့ဖူးတဲ့ အထိအတွေ့ ၊ အသွေးအသား ဆန္ဒ တစ်မျိုးက ဇလပ်ဖြူရဲ့ အတွင်းစိတ်ကို ကပြောင်းကပြန် ဖြစ်စေခဲ့တာ သေချာပါတယ် ။ ဒါပေမဲ့ လူသူစည်ကားရှုပ်ထွေးလွန်းတဲ့ ထန်းခြောက်ပင်ဈေးကြီး ဆိုတဲ့ အသိ ၊ အရင်လို အပေါစား မဆန်ချင်တဲ့ သတိ ၊ ဇီးကွက်မ မဟုတ်တော့တဲ့ ဇလပ်ဖြူ ရဲ့ သဘောထားအမှန်ကို သိစေချင်တဲ့ စိတ်တွေကြောင့် မောင့်လက်ကို ခါထုတ်ပြီး ဈေးဆက်ဝယ်နေရပေမဲ့ ဇလပ်ဖြူ တစ်ကိုယ်လုံး ပူထူပြီး ဇောချွေးတွေပြန်လာတဲ့ အထိပါပဲ ။ စိတ်ပျက်ညှိုးငယ်နေတဲ့ မျက်နှာထားနဲ့ မောင် ကတော့ ဇလပ်ဖြူ နောက်က အရိပ်လို လိုက်ပါနေဆဲပါ ။ ဘာပဲဖြစ်ဖြစ် နောက်က ကပ်ပါလာတဲ့ ချစ်အရိပ်ဟောင်း တစ်ခုကို ချွေးသိပ်ချင်တာလား ၊ အပူမီးရဲ့ တောင်းဆိုချက်ကြောင့်လား မသိပါဘူး ဈေးထိပ်က လက်ဖက်ရည်ဆိုင်ထဲ ခဏဝင်ထိုင်ပြီး အအေးတစ်ပုလင်းမှာ သောက်ဖြစ်တဲ့ အခါမှာတော့ လက်ဖက်ရည်ဆိုင်ထဲအထိ မောင် လိုက်ဝင်မလာခဲ့ပါဘူး ။ ကွမ်းယာဆိုင် အနားမှာ ရပ် ကျန်ရင်း ၊ စီးကရက်တစ်လိပ်ကို မပြတ်တမ်း ဖွာရှိုက်ရင်း တောင်းပန်တဲ့ အကြည့်တွေနဲ့သာ ကြည့်နေခဲ့ပါတယ် ။ လက်ဖက်ရည်ဆိုင်ရှေ့မှာ ရုံး ဖယ်ရီကားတစ်စီး ထိုးဆိုက်လာပြီး မောင် တက်သွားမှ သက်ပြင်းရှည် တစ်ချက်ချမိတာမျိုးပါ ။ အိမ်ပြန်ရောက်လို့ ကြုံဆုံခဲ့မိသမျှ မမဇီဇဝါ ကို ပြန်ပြောဖြစ်တဲ့အခါမှာတော့ ... ။

“ အောင်မယ်လေးဟဲ့ ၊ အမှတ်မရှိတဲ့ အသည်း ကွဲတာပဲ ကောင်းတယ် ဆိုတဲ့စကား နင့်ကို ရည်ရွယ်ပြီး ပြောတာနဲ့ တူပါတယ် ဇလပ်ဖြူ ရယ် ။ သူ့လိုကောင်ကိုများ ယုံစားပြီး အမှတ်တွေ စွတ်ပေးနေတာကိုး ။ ဘာတဲ့ ... အရင်လို မဟုတ်တော့ဘူး အတော် ပြောင်းလဲသွားပြီတဲ့လား ။ဟား ... ဟား ... ဟား ... ဟား အဲဒီလိုပဲ အားရပါးရ ရယ်လိုက်ချင်တယ်ဟေ့ ။ ယောက်ျားတွေရဲ့အထာမသိ တဲ့ သူငယ်နှပ်စားမလေးကျ နေတာပဲ ဇလပ်ဖြူ ရယ် ။ ဒီ မှာ သေချာမှတ်ထား ။ ရက်စက်တတ်တဲ့ ယောက်ျား တစ်ယောက်ဟာ သူ့ပင်ကို ဗီဇအတိုင်း ရက်စက်မြဲ ရက်စက်တတ်သလို ယောက်ျားတွေ မာယာများပြီ ဆိုရင် မိန်းမဆယ်ယောက် လိုက်မမီဘူးလို့သာမှတ် ။ ဘယ့်နှယ်တော် ... ကိုယ့်ကို ချစ်ဟန် ဆောင်ပြီး လုပ်ချင်သလိုလုပ် ၊ ကိုယ် ရှာလို့ ရသမျှ အညွန့်ခူးစား ၊ အမှုတွဲ ရှာမရလို့ ဆိုပြီး ကိုယ့်ကို ထောင်ထဲပို့ခဲ့တဲ့ ယောက်ျားတစ်ယောက်ကို ဆယ်သက် မယုံစားမိစေနဲ့ ။ ရှုပ်ပါတယ် သူ့အကြောင်းတွေ ခေါင်းထဲက ထုတ်ပြီး ကိုယ်လုပ်စရာရှိတာပဲ ဆက်လုပ်နေလိုက်စမ်းပါ ။ အချစ်တွေ ၊ အနှစ်တွေ ၊ သစ္စာမေတ္တာတွေ ၊ ဘာညာတွေကို ယုံစားချင်သေးလို့လား ။ မယုံစားနဲ့တော့ ၊ လမ်းဖြောင့်အောင် လျှောက်နေဆဲ ကာလမှာ ယုံမှတ်လို့ ပုံအပ်မိပြီ ဆိုတာနဲ့ တစ်ချိန်ချိန် နင်တို့ ငါတို့ရဲ့ ဘဝနောက်ကြောင်းတွေ အစပြန်ဖော်ပြီး ရမယ်ရှာတဲ့နေ့ဟာ အသည်းကွဲပြီး ဘဝဟောင်းပြန်ရောက်မယ့်နေ့ လို့သာ မှတ်ပေတော့ ဇလပ်ဖြူရေ ”

“ မမဇီဇဝါကလည်း ဇလပ်ဖြူက သူနဲ့ ပြန်ဆုံခဲ့တဲ့ အကြောင်းနဲ့ သူ့ရဲ့ပြောင်းလဲ သွားတဲ့ ပုံစံကိုပဲ ပြောမိတာ ပါနော် ။ မမ ပြောတဲ့အထိ အတွေးမနက်ချင်သေးပါဘူး ။ ဟွန့် ... သူများကို အထင် သေးရက်တယ် ”

မမဇီဇဝါရဲ့ တဲ့တိုးကျလွန်းတဲ့ စကားတွေကြောင့် ဇလပ်ဖြူလည်း စိတ်ကောက်ရင်းကပဲ ခွန်းတုံ့ပြန်ခဲ့မိပါတယ် ။ ဒါပေမဲ့ -

“ အောင်မယ်လေး မိဇလပ်ဖြူ ၊ နင့်အကြောင်း ငါမသိရင် ခက်မယ်နော် ။ ဘဝနဲ့ရင်းပြီး ပေးဆပ်ခဲ့ရတဲ့ နှလုံးသားထဲက မင်းသား ကြီးကို ပြန်တွေ့တာနဲ့ပဲ တစ် ခါမှ စိတ်မကောက်ဖူးတဲ့ ငါ့ ကိုတောင် စိတ်ကောက်ပြ တတ်နေပြီပေါ့ .. ဟင်း ... ဟင်း ... ဟင်း ၊ ဘာပဲဖြစ် ဖြစ် ခုကိစ္စကို ဦးနှောက်ထဲက ထုတ်ပစ်လိုက်တာ အကောင်းဆုံးပဲ ။ မိအေး ဆယ်ခါနာတော့ အဖြစ်မခံပါနဲ့ဟယ် ။ နင်တို့ ငါတို့ ဖြတ်သန်းခဲ့ရတဲ့ ဘဝတွေက ဝတ္ထုတစ်ပုဒ် ၊ ရုပ်ရှင်တစ်ကား မဟုတ်ဘူးနော် သတိထားပါ ညီမလေးရယ် ”

မမဇီဇဝါရဲ့ ညီအစ်မအရင်းဆန်ဆန် ပြောဆိုဆုံးမလာတဲ့ စကားတွေနဲ့ ဇလပ်ဖြူရဲ့ နဖူးပြင်ပေါ် ကျရောက်လာတဲ့ အနမ်းတစ်ပွင့်က ဇလပ်ဖြူကို မျက်ရည်ဝဲစေတာတော့ အမှန်ပါပဲ ။ ရင်ထဲမှာတော့ ... ။

“ ဟန်ဆောင်ခြင်းတွေနဲ့ ရောက်လာတာလား ၊ မှားခဲ့သမျှ ဝန်ချတောင်းပန်ရင်း ထွေးပိုက်ကြင်နာချင်လို့ ပြန်ရောက်လာတာလား မောင် ။ ကျားလှောင်အိမ်ထဲ ကျမှာ ကြောက်တဲ့ ဇီးကွက်မတစ်ကောင်ဟာ ပန်းတစ်ပွင့်အဖြစ် ပြောင်းလဲပစ်ရင်း ကျားရှေ့ ရောက်လာခဲ့ရင်တောင် မထောက်ညှာတဲ့ အတွေးနဲ့ အနမ်းမပေးချင်နေ ၊ မခြေမွပါနဲ့ မောင် ။ ဟန်ဆောင်သူ ဆိုရင် မောင့်ဘဝင် ၊ မောင့်စိတ် ၊ နှစ်သိမ့်တောင်းပန်ဖို့ နေနေသာသာ ဇလပ်ဖြူ နဲ့ မတွေ့အောင် မောင် ရှောင်သွားမယ် ဆိုတာကိုလည်း စိတ်ထဲက အလိုလို သိနေပါတယ် မောင် ။ ရီဝေတဲ့အငေး ၊ ဆွေးမြည့်တဲ့ အကြည့်တွေကို အရှိအတိုင်း မြင်ခဲ့သူက ဇလပ်ဖြူရယ်မို့ ဖြူစင်တဲ့ ပန်းတစ်ပွင့် အဖြစ် ရဲရဲနမ်းချင်တယ် ဆိုရင် အချိန်အတိုင်းအတာ တစ်ခုအထိ ကြိုးစားပေါ့ မောင် ။ ဘာပဲဖြစ်ဖြစ် မောင်ရယ် ... မရောင်ရာဆီ လူးတဲ့အတွေး ၊ မောင့်အပေါ် မယုံရဲသေးတဲ့စိတ် ၊ မမဇီဇဝါ ရဲ့ နှစ်သိမ့်စကားတွေနဲ့ စိတ်ထားတတ်အောင် ဟန်ဆောင်နေထိုင်ရင်း မောင့်ဘက်က ပြန်လည် ပေးဆပ်လာမယ့် အတိတ်အကြွေးတွေကို မေးထောက်မျှော်ချင်သူက ဇီးကွက်မ မဟုတ်တော့တဲ့ ဇလပ်ဖြူ ရယ်ပါ မောင် ”

••••• ••••• •••••

၅ ။

ပန်းနုရောင်အသွေး ကချင်အထည် ဝမ်းဆက်ကလေးနဲ့ ဂိုက်ပေးနေတဲ့ ဇလပ်ဖြူကို မမဇီဇဝါက လှောင်နေတယ် မောင် ။ မင်္ဂလာဆောင်တစ်ခါ သွားဖို့ အရေး ဒီလောက်အထိ ရှိုး မပေးသင့်ဘူးလို့ မမဇီဇဝါက ကလိသေးတယ် မောင် ။ မျက်ခုံးမျက်တောင် ဆေးကူစရာ မလိုတဲ့ ဇလပ်ဖြူရဲ့ မျက်ဝန်းတစ်စုံက စူးစူးရဲရဲကလေးနဲ့ လူငေးစရာ ဖြစ်နေတယ်တဲ့ မောင် ။ ခရမ်းရင့်အသွေး နှုတ်ခမ်းစူစူကလေးနဲ့ ပန်းနုရောင်ဖဲကြိုးစည်းထားတဲ့ ဆံပင်ရှည်ရှည်နက်နက်တွေ ပေါ်က ဆူးမဲ့နှင်းဆီဖြူ တစ်ပွင့်ကတော့ အရွယ်တင့်မိန်းမ တစ်ယောက် ဘဝကို ထပ်ဆင့် လှပစေတယ်တဲ့မောင် ။ ဟန်ဆောင်ခြင်းမဟုတ်တဲ့ မမဇီဇဝါရဲ့ အပြုံးနဲ့ ချီးကျူးစကားတွေကို ဖလပ်ဖြူ စော်ကားသလိုများ ဖြစ်နေပြီလား မသိဘူး မောင် ။ ဘာပဲဖြစ်ဖြစ် မောင်ရယ် ၊ ဟန်ဆောင်တာ မဟုတ်ဘဲ အမှန်တကယ် ပြောင်းလဲသွားတဲ့ မောင်နဲ့ ဇလပ်ဖြူတို့ရဲ့ ချစ်သူဘဝ ဒီနေ့က စ , ကြမယ်နော် မောင် ။ ရင်ခုန်စွာနဲ့ ကြည်နူး ဝမ်းသာနေပါတယ် မောင် ။မင်္ဂလာဆောင်က အပြန် မောင့် ထံပါးမှာ ခိုနားဖို့အရေး တွေးကြည့်လိုက်တိုင်း ဇလပ်ဖြူ ကြည်နူးနေရပြီ မောင် ။

“ မင်္ဂလာဆောင် ပြီးတာ အိမ်တန်းပြန်လာခဲ့နော် ဇလပ်ဖြူ ။ ငါ သိမ်ကြီးဈေးမှာ နည်းနည်းကြာမယ် ။ အိမ်အပြန်နောက်ကျနိုင်တယ် ။ အိမ်မှာ လုပ်စရာတွေတစ်ပုံ ကြီးနော် လျှောက်သွားမနေနဲ့  ”

“ ဟုတ် ... မမဇီဇဝါ ”

တကယ်တော့ ရွှေပြည်သာထဲမှာ ရှိကြတဲ့ ဘီယာဆိုင် အများစုဟာ စနေ ၊ တနင်္ဂနွေရုံးပိတ်ရက် နေ့ဘက်တွေ ဆိုရင် မင်္ဂလာခန်းမ ဖြစ်သွားလေ့ရှိတဲ့ သဘောတရား အတိုင်း ရပ်ကွက်ထဲက မင်္ဂလာဆောင် တစ်ခုဟာ လည်း ထန်းခြောက်ပင်လမ်းဆုံက ဘီယာဆိုင်တစ်ဆိုင်မှာမို့ ဆိုက်ကားငှားပြီး မင်္ဂလာဆောင်ရှိရာ ထွက်လာခဲ့မိပါတယ် ။ “ နေ့လယ်တစ်နာရီလောက် သာဓုကန်ဘုရားကို မောင် အရောက်လာခဲ့မယ် ” ဆိုတဲ့ အမှာစကားတွေကြောင့် အပျိုဖြန်းလေး တစ်ယောက်လို ရှက်သွေးဖြာနေရတာလည်း အမှန်ပါပဲ ။ ဒီနေ့မှ အရမ်းလှနေတဲ့ ဇလပ်ဖြူကို မြင်တွေ့ကြတဲ့ ယောက်ျားသားတချို့ကတော့ လည်ပြန် ငေး သွားကြတာ သေချာပါတယ် ။ ဒါပေမဲ့ ထန်းခြောက်ပင်လမ်းဆုံ မရောက်တရောက်လောက်မှာတော့ ကိုယ်ပိုင်ကားတစ်စီးပေါ်က ဆင်းလာတဲ့ နန္ဒီကို ဖျတ်ခနဲ တွေ့လိုက်ရတဲ့အတွက် လှမ်းကြည့်ဖြစ်သွားတာပါပဲ ။ အဖော် ၊ အဟိုက်တွေများလွန်းတဲ့ ကော်ဖီရောင်ဝမ်းဆက်နဲ့ နန္ဒီ ကတော့ သူ့ထုံးစံအတိုင်း ပျံလန်ကြွရွနေဆဲပါ ။ သူ့အနား ကပ်လာတဲ့ ဆိုင်ကယ်ကယ်ရီသမား တစ်ယောက်ကို ခြေပုတ် လက်ပုတ်လုပ်ပြီး ဘာတွေမှန်း မသိ ပြောနေလို့ ဇလပ်ဖြူ နှာခေါင်းရှုံ့ဖြစ်ပါသေးတယ် ။ ဆောင်းထားတဲ့ ဦးထုပ်နဲ့ နေကာမျက်မှန် ချွတ်လိုက်တဲ့ ဆိုင်ကယ် ကယ်ရီသမားရဲ့ မျက်နှာကို မြင်လိုက်ရတဲ့ အခါမှာတော့ ဇလပ်ဖြူ ရင်ထဲမှာ ကမ္ဘာပျက်သွားရတာ သေချာပါ တယ် ။

အလုပ်ပိတ်ရက် တွေမှာ မောင် တစ်ယောက် ဆိုင်ကယ်ကယ်ရီ ဆွဲနေတယ်လို့ ဇလပ်ဖြူ မသိခဲ့ရသလို မောင်နဲ့ နန္ဒီတို့ရဲ့ ပတ်သက်မှု အတိုင်းအတာကိုလည်း ဇလပ်ဖြူ မသိခဲ့ရိုး အမှန်ပါ ။ မြင်ရသလောက် ရင်းနှီးကျွမ်းဝင်လွန်းနေတဲ့ ပုံစံတွေက လှောင်ချိုင့်စံဘဝ မရောက်ခင် မြင်ဖူးနေကျပုံစံတွေထက် ရဲတင်းပွင့်လင်းနေတာ သေချာပါတယ် ။ မောင် သောက်လက်စ စီးကရက်ကို မောင့်ပါးစပ်က လှမ်းချွတ်ရင်း နန္ဒီ တစ်ယောက် ဖွာရှိုက်လိုက်စဉ်မှာတော့ ဇလပ်ဖြူ ရင်ထဲမှာ နေဆယ်စင်း ထွက်သွားရတာပါပဲ ။

“ ငါးရံ့နှစ်ကောင် ဖမ်းနေတာလားမောင် ။ နောင်တတွေနဲ့ အချစ်ထံပါး ခစားရင်း “ သာယာကြည်နူးဖွယ်ကောင်းတဲ့ ဘဝသစ်တစ်ခုကို တည်ဆောက်ပါ့မယ် ” ၊ “ အလုပ်တွေ ကြိုးစားပြီး ပိုက်ဆံတွေ စုနေပါတယ် ” ဆိုလို့ မောင့် စကားကို ယုံစားရင်း မင်္ဂလာဆောင်က ပြန်တာနဲ့ မောင် ချိန်းတဲ့ဆီ အရောက်လာဖို့ စဉ်းစားခဲ့တာပါ မောင် ။ ခင်မင်ခဲ့ကြဖူးသူတွေမို့ ဟန်ဆောင်ပြီး အလိုက်အထိုက် ဆက်ဆံနေတယ် ပြောရအောင်ကလည်း မောင်နဲ့ နန္ဒီ တို့ရဲ့ ပုံစံတွေက ဟန်ဆောင်ခြင်းသက်သက် မဟုတ်ဘူးလို့ ဇလပ်ဖြူ စိတ်ထဲက အလိုလို သိနေတယ် မောင် ။ တော်တော် ရင်းနှီးနေတယ်ပေါ့နော် မောင် ။ ဒါ ဘာသဘောလဲ မောင် ။ လုပ်ပိုင်ခွင့် မရှိတော့တဲ့ ဘဝမှာတောင် လုပ်ချင်တာတွေလုပ်နေသေးတာပဲလားမောင် ။ အဆင်ပြေနေပုံရတဲ့ နန္ဒီရဲ့ ပံ့ပိုးမှုတွေကို ယောက်ျားကြီးတန်မဲ့ တပ် မက်နေတာမျိုးလား မောင် ။ ဒါမှမဟုတ် ဇလပ်ဖြူကို အယုံသွင်းပြီး နန္ဒီလို လိုင်းမျိုး ဝင်အောင် ကြံဆောင်ချင်တာမျိုးလား မောင် ။ ဘာပဲဖြစ်ဖြစ် မောင် ချိန်းထားတဲ့နေရာ သွားဖို့အရေး ဇလပ်ဖြူ ပြန်တွေးရတော့မယ်ဆိုတာ သေချာနေပါပြီ မောင်ရယ် ”

မင်္ဂလာဆောင် ရောက်တဲ့အခါမှာတော့ ပွဲရှင်နဲ့ ခင်မင်သိကျွမ်းသူ တချို့ကို နှုတ် ဆက်ပြုံးပြလုပ်ဖို့အထိ ဇလပ်ဖြူ မတတ်နိုင်ခဲ့ပါဘူး ။ မင်္ဂလာဆောင်က ကျွေးတဲ့ ရေခဲမုန့်တစ်ခွက်လုံး အရည် ပျော်တဲ့အထိ ငိုင်နေမိတာပါ ပဲ ။ ဆောင်းဘောက်ထဲက ထွက်ပေါ်လာတဲ့ နှစ်ကိုယ်တူ ချစ်သမျှ စုံတွဲသီချင်းက ဇလပ်ဖြူရဲ့ အကြားအာရုံကို နှိပ်စက်ကလူ ပြုလာခဲ့ပြီး နောက်မှာတော့ မောင် ချိန်း ထားတဲ့ သာဓုကန်ဘုရားကို ရောက်အောင် သွားမယ် ။ ဇလပ်ဖြူ မြင်ခဲ့သမျှ ပြန်မေးရင်း မောင့်ဆီက ခိုင်လုံတဲ့ အကြောင်းပြချက် မရမချင်း ဇလပ်ဖြူ ဆီက သန့်စင်တဲ့ မေတ္တာတစ်ခုကို မောင် မရတော့မှာ သေချာသလို နောင်လည်း မောင်နဲ့ ပတ်သက်စရာအကြောင်း မရှိ တော့ဘူး ” လို့ ဆုံးဖြတ်ချက် ချမိတာပါပဲ ။

ဒါပေမဲ့ မင်္ဂလာဆောင်က ထွက်လာပြီး ဘတ်စ်ကား မှတ်တိုင်ဘက် လျှောက်မိတဲ့ အခါမှာတော့ ထန်းခြောက် ပင်လမ်းဆုံမှာ လူတွေ ရုတ် ရုတ်သဲသဲ ဖြစ်နေတာကို သတိထားမိလိုက်ပါတယ် ။

“ စိတ်ကြွဆေးပြားတွေ အရောင်းအဝယ် လုပ်တာကို မိသွားတာတဲ့ ။ ဘီယာဆိုင်ထဲ အထိ လာပို့တဲ့ စော်ကလည်း မိုက်သလား မမေးနဲ့ ။ သင်ဇာဝင့်ကျော်တို့ ၊ ဇွန်သဉ္ဇာတို့ ထိုင်ငိုသွားလောက်တယ် ။ လက်လီဖြန့်ပေးတဲ့ ဘဲက ရဲပြုတ်ဆိုလား မသိဘူး ကြားတာပဲ ။ အဲဒီ ဘဲဆီမှာ ဆေး ၊ မိန်းမ ဘာလိုလို အကုန်ရတယ်တဲ့ ။ စက်ရုံ တစ်ရုံက လုံခြုံရေးတဲ့ ။ ဆွေးတယ်နော် ၊ လုံခြုံရေးတာဝန် ယူထားတဲ့ လူကိုယ်တိုင် မဟုတ်တာတွေလုပ်နေမှတော့ စက်ရုံထဲကကောင်တွေ သေပြီ ဆရာပေါ့ ။ ဒါပေမဲ့ ကားနဲ့ လာပို့တဲ့ ပိုင်ရှင် လူကြီးက အဘတစ်ယောက်လို့တော့ ပြောသံကြားတာပဲ ။ သူ့ကိုတော့ မမိလိုက်ဘူး ။ ဒါပေမဲ့ အဲဒီအဘလည်း မကြာခင် မိမှာပါကွာ ။ သူ့လူ နှစ်ယောက်စလုံး ဆွဲစိတာ ခံလိုက်ရပြီဥစ္စာ ။ တကယ်ဖမ်းတာ ၊ မဖမ်းတာကတော့ ရဲတွေအလုပ်ပေါ့ ”

ကားလမ်းဘေးကနေပြီး လှမ်းမျှော်စပ်စုနေကြတဲ့ လူငယ်တချို့ကို ရှင်းပြနေတဲ့ ဆယ်ကျော်သက်အရွယ် ခေတ်လူငယ်တစ်ယောက်ရဲ့ စကားသံတွေဟာ ဇလပ်ဖြူ ကို အံ့အားသင့်စေပြီး နောက် မှာတော့ လူတွေ ရုတ်ရုတ်သဲသဲနဲ့ ရှုပ်ထွေးနေတဲ့ လမ်းဆုံဘက်ကို အပြေးတစ်ပိုင်း လှမ်းလာခဲ့မိပါတယ် ။ လူအုပ် ကြားထဲမှာတော့ မောင်နဲ့ နန္ဒီ တို့ရဲ့ အရိပ်အယောင်ဆိုလို့ လုံးဝ မမြင်ရပါဘူး ။ ဒါပေမဲ့ ရဲမေတစ်ယောက် ၊ ရဲသား နှစ်ယောက်နဲ့ အရပ်ဝတ် လေး ၊ ငါးယောက်လောက် ပါနေတဲ့ ကားတစ်စီး မောင်းထွက်သွားတဲ့ အခါမှာတော့ ခေါင်းငိုက်စိုက်ကျနေတဲ့ ကိုယ်ဟန်နှစ်ခုကို အဲဒီ ကားပေါ်မှာပဲ တွေ့လိုက်ရတဲ့ အတွက် ဇလပ်ဖြူ ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အရိုးအဆစ်တွေ ပြုတ်ထွက်သွားသလို ခံစားလိုက်ရတာပါပဲ ။ ဇလပ်ဖြူရဲ့ ရင်ထဲမှာတော့ ... ။

“ လုပ်ချင်တာနဲ့ လုပ်ပိုင်ခွင့်ကို တွဲစပ်အသုံးချမိလို့ အလုပ်ပြုတ်သွားခဲ့တာတောင် နောင်တမရဘဲ လုပ်ချင်တာတွေ ဆက်လုပ်နေသေးတဲ့ အတွက် ဖြစ်ချင်တာ ဖြစ်ပြီ မဟုတ်လား မောင် ။ ဇီးကွက်မ အပေါ်မှာကော ဇလပ်ဖြူ အပေါ်မှာပါ ဘယ်သောအခါမှ မကောင်းခဲ့တဲ့ မောင် တစ်ယောက် မောင့်ကိုယ်မောင် တောင် ကောင်းအောင် မလုပ်နိုင်ခဲ့ဘူး မဟုတ်လား မောင် ။ တရားမျှတမှုနဲ့ မတရားမှု ထိပ်တိုက်တွေ့ကြတဲ့အခါ တရားမျှတမှုကို လက်ကိုင်ထားတဲ့ မြေကမ္ဘာကြီးဟာ မတရားမှုတွေအတွက် ပြေးစရာ မြေမရှိလောက်အောင် ကျဉ်းသွားပြီ မဟုတ်လား မောင် ။ ဥပဒေရဲ့ ဘက်တော်သားတစ်ယောက် ဖြစ်ခဲ့ဖူးတာတောင် ဥပဒေရဲ့သဘောတရားကို မလေးစားဘဲ ချိုးဖောက်ရဲတာကို အံ့သြရပါတယ် မောင် ။ နောင်ဘဝဆိုတာ တကယ် ရှိခဲ့ရင် မောင့်လို လူမျိုးနဲ့ ဘယ်သောအခါမှ မဆုံပါရစေနဲ့ ၊ မချစ်မိပါရစေနဲ့လို့ ဆုတောင်းရတော့မှာပေါ့နော် မောင် ။ လုပ်ရက်ခဲ့တယ်နော် မောင် ။ ကြံရက်ခဲ့တယ်နော် မောင် ။ နန္ဒီနဲ့ အလုပ်သဘောအရ အပေါ်ယံကြောပဲ ပတ်သက်ပြီး ဇလပ်ဖြူနဲ့ နီးရဖို့အတွက် ခုလိုမျိုး လုပ် စားတာပါလို့ မောင့်ဘက်က ဖြေရှင်းလာမှာမျိုးကိုလည်း ဇလပ်ဖြူ မလိုလားဘူးမောင် ။ ပါးပြင်ပေါ်မှာ တလိမ့်လိမ့် ကျဆင်းနေတဲ့ မျက်ရည်တွေဟာ မောင့် အတွက်လား ၊ ဇလပ်ဖြူ ကိုယ်တိုင် အတွက်လား ဝေခွဲမရသေးတာ အမှန်ပါ မောင် ။ ရင်ထဲမှာ တလိမ့်လိမ့်တက်လာတဲ့ ဆို့နစ်ကြေကွဲမှုတွေကလည်း ဘယ်သူ့အတွက်ကြောင့်ရယ်လို့ ဖော် ပြနိုင်စွမ်း မရှိသေးတာ အမှန်ပါပဲ မောင် ။ ကျဆင်းနေတဲ့ မျက်ရည်တွေကို ကြမ်းတမ်းစွာ ပွတ်သုတ်လိုက်မိလို့ ခေါင်းမှာ ပန်ထားတဲ့ ဆူးမဲ့နှင်းဆီဖြူတစ်ပွင့် မြေပေါ် ကျသွားတာကို အတိုင်းသား မြင်လိုက်ရတယ် မောင် ။ ဒီလို မဖြစ်ရဘူး မောင် ။ ဒါမျိုး မဖြစ်စေရဘူး မောင် ။ ဖြူစင်သန့်ရှင်းတဲ့ ပန်းတစ်ပွင့် ဖုန်မှုန့်တွေ ကပ်ငြိသွားတာမျိုး ဇလပ်ဖြူ အဖြစ်မခံနိုင်ဘူး မောင် ။ ဖြူစင်တဲ့ ပန်းတစ် ပွင့်ကို လူတကာ နင်းခြေသွားကြမှာကိုလည်း ဇလပ်ဖြူ မလိုလားနိုင်ဘူး မောင် ”

ဘာပဲဖြစ်ဖြစ် ချစ်ချစ် တောက်ပူလောင်လွန်းလှတဲ့ နေမင်းကြီးရဲ့အောက်က ဟန်ဆောင်လှည့်ဖြားမှုတွေရဲ့ ကြားမှာ ဗျာများရင်း ၊ ချက်ချင်းလက်ငင်းကြီး ပြောင်းလဲသွားတဲ့ အခြေအနေတွေ ပေါ် မှာ မျက်ရည်ပေါက်ပေါက်ကျ ဝမ်းနည်းနာကျင်ရင်း ၊ အနှစ်နှစ်အလလ ကတည်းက ဖိစီးမှုတွေ များခဲ့ရတဲ့ ရင်အစုံ ကတုန်ကယင် ဖြစ်ရင်း ဖုန်မှုန့်တွေ ကပ်ငြိနေတဲ့ နှင်းဆီဖြူတစ်ပွင့်ကို လှမ်း ကောက်မိစဉ် ခဏမှာပဲ ဇလပ်ဖြူ ရင်ထဲမှာ စူးအောင့် ဆောင့်တက်သွားခဲ့ပြီး ။

••••• ••••• •••••

၆ ။

“ တတ်နိုင်သမျှတော့ အချိန်ကာလတစ်ခု အထိ ရိုးသားဖို့ ကြိုးစားခဲ့ပါတယ် မောင် ။ အဖြူရောင်ပန်း အဖြစ်လည်း ပွင့်ခဲ့ဖူးပါတယ် မောင် ။ ရိုးမြေကျအချစ် တစ်ခု အစပြုဖို့ မျှော်လင့်မိခဲ့တာမျိုးပါ မောင် ။ အထဲမှာ ဒုက္ခ ရောက်နေပြီ ဆိုတဲ့ သတင်းတွေကြောင့် လှောင်ချိုင့်ထဲက မောင်တစ်ယောက် အဆင်ပြေစေဖို့ နှစ်ပတ်တစ်ခါ ရွှေပြည်သာ - အင်းစိန် ကူးရပြန်တယ် မောင် ။

ငရဲက လာသူ ပြာပူ မကြောက်ဘူးဆိုတာ တကယ် လား မောင် ”

⎕ ထွန်းတောက်ထွဋ် ၊ သင်္ချာ ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဇွန် ၊ ၂၀၂၀

Sunday, April 19, 2026

ချွင်ခနဲ တစ်ချက် မျိုးဆက်သစ်တို့ရဲ့ အမှန်


 

❝ ချွင်ခနဲ တစ်ချက် မျိုးဆက်သစ်တို့ရဲ့ အမှန် ❞
( ထွန်းတောက်ထွဋ် - သင်္ချာ )

▢ ချွင်ခနဲ တစ်ချက် ...

‘ ချွင် ’

ချွင်ခနဲ ထွက်ပေါ်လာတဲ့ အသံနဲ့ အတူ မက်ဆင်ဂျာ ထဲက စာသားတချို့ကို မြင်လိုက်ရတဲ့ အခါမှာတော့ ဟန်မဆောင်နိုင်တဲ့ အထိ ပျော်ရွှင်သွားခဲ့ရတာ သေချာပါတယ် ။

‘ မ ကျွန်တော်နဲ့ တွေ့ချင် စကားပြောချင်တယ် ဆိုရင် မနက်ဖြန် ဆယ်နာရီလောက် မဟာဗန္ဓုလ ပန်းခြံထဲ လာခဲ့လေ ။ ကျွန်တော် စောင့်နေမယ် ’

အပြင်မှာ တစ်ခါမှ မတွေ့ဖူး ကြပါဘဲ ၊ ဖေ့စ်ဘွတ်ခ် ထဲမှာတောင် ရည်းစား မဖြစ်ကြသေးဘဲနဲ့ အသက် သုံးဆယ်ကျော်စ အမျိုးသား တစ်ယောက်ရဲ့စကားကို သူ့ထက် လေးနှစ်လောက် ကြီးတဲ့ ချောချောလှလှ အပျိုကြီးမမ တစ်ယောက်က ‘ စိတ်ချ လာခဲ့မယ် ’ လို့ ပြန်ဖြေလိုက်မိခြင်းဟာ ‘ ဖေ့စ်ဘွတ်ခ်နတ် ’ ဝင်သွားပြီ ဆိုတဲ့ သဘောများလား ။ ရည်းစားနဲ့ နှစ်ခါလောက် ကွဲထားဖူးတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ ပင်ကို စိတ်အခံကြောင့်များလား ။ နှစ်နဲ့ချီပြီး လစ်ဟာနေတဲ့ နှလုံးသား လိုအင်ဆန္ဒ အတွက် ထွက်ပေါက် တစ်ခုများလား ။ သေချာတာ ကတော့ မက်စင်ဂျာ ကနေပြီး ညစဉ် စကားပြောကြရင်း ကျွန်မ ဘက်က မောင့်ကို တစ်ဖက်သတ်ကြီး ချစ်နေမိပြီ ဆိုတာ မှန်သော စကားပါလေ ။

••••• ••••• •••••

၁ ။

ပေါင်ရင်းအထိ ခပ်ကျပ်ကျပ် အောက်ခံဘောင်းဘီ အနက်ကလေးနဲ့ အပေါ်ပိုင်း ဗလာကျင်း ရေကူးကန်ပေါင်ပေါ် လက်နှစ်ဖက် ထောက် ၊ ညာခြေဖျား တစ်ဖက် တင်ပြီး လှမ်းတက်နေတဲ့ ပုံဟန်ဟာ သားကောင်ကို မြင်လို့ ခုန်အုပ်တော့မယ့် ကျားတစ်ကောင်ရဲ့ ဟန်ပန် အတိုင်းမို့ အမြင်ရိုင်းတယ် မဆိုသာပါဘူး ။ ကျစ်လျစ် ၊ သန်မာ ၊ တောင့်တင်းတဲ့ လက်မောင်းနှစ်ဖက်တင်မက အမွေးအမှင် သိပ်မထူတဲ့ ရင်အုပ် ၊ လက်ဖျံ ၊ သလုံးသားတွေ ပေါ်မှာ လှပစွာ ထိုးထားတဲ့ တက်တူးရောင်စုံတွေက အချိုးအစား ကျနလွန်းတဲ့ မောင့်ရဲ့ခန္ဓာကိုယ်နဲ့ အပ်စပ် ကြည့်ကောင်း နေတာလည်း အမှန်ပါပဲ ။ ရုပ်ရှင်မင်းသား ကျော်ရဲအောင် ငယ်ငယ်က လိုလို ရုပ်ခံနဲ့ ရီဝေဝေ အကြည့်တွေက တော်ရုံ မိန်းမသား ပစ်လဲကျလောက်တဲ့ ပရိုဖိုင် ပုံမျိုးပါ ။

ရိုက်ကွင်းက ပုံတချို့ တင်လေ့ ရှိသလို နယ်ခရီး ထွက်တာပဲ ဖြစ်ဖြစ် ၊ နိုင်ငံခြား ခရီးသွားတာပဲ ဖြစ်ဖြစ် ရောက်ရာ အရပ်က သူ့ဓာတ်ပုံကလေးတွေ ဖေ့စ်ဘွတ်ခ်ပေါ် တင်တာက လွဲပြီး သူ့ကို ပိုးကြေးပန်းကြေးနဲ့ ဝင်ပြောလာတဲ့ ကောင်မလေးတွေရဲ့ ကွန့်မန့်အောက်မှာ အနှောင့်အသွား မလွတ်တဲ့ စကားတွေနဲ့ ပြန် မဖြေတတ်ခဲ့တာလည်း ကျွန်မ မောင့်ကို သဘောကျရတဲ့ အချက်တွေထဲက တစ်ချက်လို့ ပြောရင် ရပါတယ် ။ ဘာပဲဖြစ်ဖြစ် ဘန်ကောက်မှာ ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေ မြင်ပြီး မောင့်ကို အထင်ကြီးစိတ်နဲ့ သဘောကျခဲ့တာလား ၊ စမတ်ကျကျ ဝတ်စားတတ်တဲ့ မင်းသားပုံ ပေါက်နေတဲ့ မောင့်ရဲ့ စတိုင်ကို နှစ်သက်ခဲ့တာလား ၊ ပရိုဖိုင် ပုံထဲက ယောက်ျားပီသတဲ့ ခန္ဓာကိုယ် အချိုးအဆစ်ကို မြင်ပြီး စိတ်ဝင်စားခဲ့တာလား မပြောတတ်ပါဘူး ။ ကျွန်မ ပြောတတ်တာ တစ်ခုကတော့ မောင့်ကို တစ်ဖက်သတ် ချစ်မိနေတဲ့ ကျွန်မ မောင်ချိန်းထားတဲ့ မဟာဗန္ဓုလပန်းခြံထဲ ရောက်မှ မိန်းမဈေးကျနေမှန်း သဘောပေါက်ခဲ့ရတာမျိုးပါ ။

“ ကျွန်တော် ဘာကောင်မှ မဟုတ်သေးပါဘူး မ , ရယ် ။ ရုပ်ရှင် ၊ ဗီဒီယို ရိုက်တယ် ဆို တာကလည်း မင်းသား သူ ငယ်ချင်း အခန်းက ပါရတာ တစ်ကားနှစ်ကားလောက်ပါ ။ လူကြမ်းအဖြစ် လာငှားကြတာပဲ များပါတယ် ။ အလုပ် ပေါ်ရင် ပေါ်သလို နေ့စားဖြစ်လိုက် ၊ ကားပြတ် တစ်သိန်း လောက် ရလိုက်နဲ့ ဝေလေလေ အဆင့်ပါ မ , ရာ ”

နေ့ခင်းကြောင်တောင်ကြီး အရက်ကလေး ခပ်ထွေထွေနဲ့ မောင် ပြောပြသမျှ မောင့်ရဲ့ ရုပ်ရည် အချိုးအစား နဲ့ ဘယ်လိုမှ မသင့်တော် မအပ်စပ်တဲ့ လူကြမ်းနေရာ ၊ လူစားထိုးနေရာ တွေမှာသာ အများဆုံး သရုပ်ဆောင်ခွင့် ရတဲ့ အကြောင်း ကျွန်မ သိသိချင်း စိတ်မကောင်းဖြစ်ရတာ အမှန်ပါ ။ တကယ်တော့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ သူ တင်လေ့ရှိတဲ့ စတေးတပ် စာသားထဲက သတ်ပုံ မမှန်တဲ့ ဝါကျတွေကြောင့် မောင် သင်ယူထားတဲ့ အတန်းပညာ သိပ်မရှိနိုင်ဘူးလို့ ကျွန်မဘက်က တွေးထင်ခဲ့ပြီးသားပါ ။ ကျွန်မ အထင် ပိုပြီး သေချာသွားတာကတော့ လေးတန်းနဲ့ ကျောင်းထွက်ပြီး လူပျိုပေါက်အရွယ် ကတည်းက ရန်ကုန် ရောက်လာတဲ့ မောင်က အလုပ်အမျိုးစုံ ၊ ဘဝအမျိုးစုံမှာ ကျင်လည်ခဲ့ရပြီး သူ ဝါသနာကြီးလွန်းတဲ့ ရုပ်ရှင် ၊ ဗီဒီယို ရိုက်ကွင်းတွေ မှာတော့ ဒိုင်ယာလော့ခ် ကို စာရွက်နဲ့ မကျက်တတ်ဘဲ ဒါရိုက်တာကိုယ်တိုင် နှုတ်တိုက် ချပေးမှ ပြောဆိုတတ်သူ အဖြစ် မောင်ကိုယ်တိုင် ဝန်ခံခဲ့တာကြောင့်ပါ ။ မောင် အင်မတန် ဖြစ်ချင်တဲ့ သရုပ်ဆောင်ကောင်း တစ်ယောက် ဖြစ်ဖို့အရေး တတ်ထားသင့်တဲ့ အတန်းပညာနဲ့ ဖတ်ထား သင့်တဲ့ စာပေဗဟုသုတတွေ အလုံအလောက် မရှိတာ မှန် ပေမဲ့ ပင်ကိုဗီဇ အရ ၊ အမြင် အရ ၊ အတွေ့အကြုံ အရ ကျရာ ဇာတ်ရုပ်မှာ ပီပြင်သူ တစ်ယောက် ဆိုတာကိုတော့ မောင် ပြတဲ့ ဇာတ်ကားနမူနာတွေ ကြည့်ပြီး ကျွန်မဘက်က လက်ခံခဲ့ရတာမျိုးပါ ။

ဘာပဲဖြစ်ဖြစ် စာမဖတ် ၊ အတန်းပညာ သိပ်မတတ်ဘဲ ရုပ်ရည်အချိုးအစား ယောက်ျား ပီသလွန်းတဲ့ လူချောတစ်ယောက်ကို ချစ်မိသွားသူက နယ်က လာပြီး အဆောင်မှာ နေတဲ့ ရုံးဝန်ထမ်း ၊ ပညာတတ် တစ်ယောက် ဖြစ်နေလေတော့ မောင့်ရဲ့ အားနည်းချက်တွေကို ဖြည့်ဆည်းပေးရင်း ၊ အောင်မြင်တဲ့ သရုပ်ဆောင် တစ်ယောက် ဖြစ်အောင် ကူညီရင်း ဘဝတစ်သက်စာ အတွက် လက်တွဲဖော် အဖြစ် စိတ်ကူးယဉ်ခဲ့မိသူက ကျွန်မ ရယ်ပါလေ ။

••••• ••••• •••••

၂ ။

ချစ်တီးကု,လားတွေရဲ့ အတိုးဒဏ် ၊ အင်္ဂလိပ်အစိုးရရဲ့ လယ်ခွန် ၊ လူခွန်ဒဏ်နဲ့ အရင်းရှင်တွေရဲ့ ခေါင်းပုံဖြတ်မှုဒဏ်ကို ခံစားနေရတဲ့ မြန်မာလယ်သမားတွေဟာ အကြွေးနွံထဲ နစ်ခဲ့ကြတာ သေချာပါတယ် ။ အဲဒီ ပြဿနာတွေနဲ့ မရှေးမနှောင်းမှာပဲ ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြောင့် စပါးဈေး ထိုးကျသွားတဲ့ အခါမှာတော့ လယ်သမားတွေဟာ လယ်ယာမြေတွေ ပေါင်နှံ ရောင်းချပြီး အကြွေးဆပ်ကြရတာပါပဲ ။ ဒီကြားထဲ အရင်းရှင်တွေက အိန္ဒိယက နေပြီး စျေးပေါတဲ့ လယ်ကူလီတွေကို ခေါ်သွင်းလာပြန်တဲ့အတွက် လယ်မဲ့ယာမဲ့ ၊ အလုပ်လက်မဲ့ ဖြစ်လာကြတဲ့ လယ်သမား တွေရဲ့ အပူမီးဟာ အထွေထွေ မကျေနပ်မှုကို စတင်ဖြစ်ပေါ် စေမှာ မလွဲပါဘူး ။ 

ဒီလိုနဲ့ပဲ အင်းအိုင်လက်ဖွဲ့ ၊ ဂါထာ ၊ မန္တရားတွေ နဲ့ တုတ်ပြီး ၊ ဓားပြီး ၊ သေနတ်ပြီး ကိစ္စတွေ စီရင်ပေးခဲ့တဲ့ ခေါင်းဆောင် တစ်ယောက်နဲ့ သူ့ရဲ့ အပေါင်းအပါ တပ် သားတွေဟာ ရရာလက်နက် စွဲကိုင်ပြီး အင်္ဂလိပ်အစိုးရကို တော်လှန်ခဲ့ကြမှာ သေချာ သလောက်ပါပဲ ။ အင်္ဂလိပ် အစိုးရရဲ့ ရက်ရက်စက်စက် နှိမ်နင်းမှုကြောင့် ခေါင်း ဆောင်ကြီးနဲ့ တခြားခေါင်း ဆောင်တွေ ကြိုးပေး ၊ ကွပ်မျက်ခံခဲ့ရတယ် ဆိုတဲ့ အဖြစ်က သမိုင်းမှာ အထင်အရှား ရှိခဲ့တဲ့ ဖြစ်ရပ်မှန် တစ်ခုပါလေ ။ ဘာပဲဖြစ်ဖြစ် ကြိုးမိန့် အပေးခံခဲ့ရတဲ့ သူတွေထဲမှာ ပါဝင်ခဲ့ပေမဲ့ အသက်ငယ်ဆုံး ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆရာတော်တစ်ပါးရဲ့ မေတ္တာရပ်ခံချက်ကြောင့် ကြိုးမိန့်က နေပြီး ထောင်ဒဏ်တစ်သက် တစ်ကျွန်း အဖြစ် ပြစ်ဒဏ် လျှော့ပေါ့ ခံစားခဲ့ရသူက မောင့်အဘိုး ဆိုတာ သိလိုက်ရတဲ့ အတွက် ကျွန်မ အံ့ဩ သွားရတာတော့ အမှန်ပါပဲ ။

“ အဘိုးက ကျွန်တော့်ကို အရမ်းချစ်တာ မ , ရ ။ ကျွန်တော် ငယ်ငယ်က ညဘက်တွေဆို အဘိုးကို နင်းနှိပ်ပေးရတယ်လေ ။ အဘိုးက ကျွန်တော် မပျင်းအောင် ဆိုပြီး သူတို့ ငယ်ငယ်က တိုက်ပွဲဝင်ခဲ့တဲ့ အကြောင်းတွေကို ပုံပြင် တစ်ပုဒ်လို ပြောပြခဲ့တာ မ ရဲ့ ”

ဪ ... သူရဲကောင်း တစ်ယောက်ရဲ့ မြေးဟာ မောင်တဲ့လား ။ ခေတ်တွေ အလီလီ ပြောင်းပြီး ထောင် တစ်သက်တစ်ကျွန်းဒဏ်က လွတ် ။ ဂါထာ ၊ မန္တရား ၊ အင်းအိုင် ၊ လက်ဖွဲ့ အတတ်တွေနဲ့ ဆေးကုစားခဲ့ရတာ မောင့် အဘိုးတဲ့လား ။ တိုက်ပွဲဝင် ဓားနဲ့ အင်းပဝါကို အမိန့် တစ်ခုကြောင့် ပြတိုက်ထဲ ပို့ပေးခဲ့ရပြီး မဖြစ်စလောက် ပင်စင်လစာကလေးနဲ့ ခေတ်ကို အန်တုရင်း အသက် ရှစ်ဆယ်ကျော် အထိ နေပြသွားခဲ့ သူဟာ မောင့်အဘိုး ဖြစ်နေတာမျိုးလား ။ တိုက်ပွဲဝင် လက်ကျန် ဓားနှစ်ချောင်းကို ပြတိုက်ထဲ ပို့ခိုင်းမှာ စိုးလို့ အိပ်ရာအောက်ထဲဝှက် ၊ အမှတ်တရထားရင်း သေတဲ့အထိ အဆွေးခံ သွားခဲ့တာ မောင့် အဘိုးတဲ့လား ။ သား ယောက်ျားလေး မမွေးခဲ့ဘဲ သမီးချည်းပဲ သုံးယောက်ရခဲ့ပြီး အငယ်ဆုံး သမီးရဲ့ အငယ်ဆုံးသော သားဟာ အဘိုး အတွက် အားကိုးမျှော်လင့်စရာ လက်ရုံးတစ်ဆူ ဖြစ်စေချင်ခဲ့တာမျိုးလား ။ ဥပဓိရုပ်ခံ ကောင်းသလို အချိုးအဆစ်ပါ ကောင်းလာနိုင်စရာရှိတဲ့ မြေး ဖြစ်သူကို သူ့လို သူရဲကောင်းတစ်ယောက် မဟုတ်တာတောင် ယောက်ျားပီသစေလို စိတ်နဲ့ ငယ်စဉ်ကတည်းက တက်တူးတချို့ ထိုးပေးခဲ့တာဟာ အဘိုးရဲ့ မျှော်လင့်ခြင်း လက်ဆောင် တစ်မျိုးလား ။ အရွယ်ရောက် လူလား မြောက်လာခဲ့စဉ်မှာတော့ ခန္ဓာကိုယ်ပေါ်မှာ တက်တူး အရုပ်တွေနဲ့ ပြည့်နှက်နေတာမျိုးကို သဘောကျလာသူ ဟာ ကျွန်မဘက်က တိတ် တခိုး ချစ်နေမိတဲ့ မောင်တဲ့ လား ။

ဟန်ဆောင်ထိုး ၊ ဟန်ဆောင်ခုတ် ၊ ဟန်ဆောင်ပစ်ခတ် ၊ အော်ဟစ် ၊ ကြိမ်းမောင်း နေရတဲ့ ရုပ်ရှင်ဗီဒီယို ထဲက “ သရုပ်ဆောင် လူကြမ်းတစ်ယောက် ဖြစ်လာနိုင်တယ် ” လို့ မောင့်အဘိုးဘက်က တွေးခဲ့မှာ မဟုတ်သလို မောင် ကိုယ်တိုင်လည်း အဲဒီလို ဖြစ်ချင်မယ်လို့ ကျွန်မ မထင်ပါဘူး ။ မောင် ပြလာတဲ့ မိသားစု ဓာတ်ပုံတချို့နဲ့ မောင့်ရဲ့ ရုပ်ရည်အချိုးအစား ပြင်ပ အသွင်အပြင် အရ ဘမျိုးဘိုးတူ ဆိုတဲ့ စကားဟာ မောင်နဲ့ ကျမှ ကွက်တိမှန်ခဲ့တာမျိုးပါ ။ ဘာပဲဖြစ်ဖြစ် မောင် ကျင်လည်ခဲ့ရတဲ့ ဘ၀နဲ့ ၊ မောင်ကိုယ်တိုင် လက်ရှိ ဖြတ်သန်းနေရတဲ့ ဘဝ အခြေအနေက ခေတ်ကြောင့်ပဲ ပြောပြော ၊ ကံတရားကြောင့်ပဲ ဆိုဆို သူရဲကောင်း တစ်ယောက်ရဲ့ မြေး အနေနဲ့ လားလားမှ မအပ်စပ် နေတာ အမှန်ပါ ။ မောင့်အဘိုး သာ သက်ရှိထင်ရှား ရှိနေဦးမယ် ဆိုရင်တော့ မောင့်ရဲ့ ပကတိ အခြေအနေကို ဘာတွေများ ပြောဦးမလဲ ဆိုပြီး ကျွန်မ သိချင်နေတာတော့ သေချာပါတယ် ။

ဘာပဲပြောပြော အဘိုးက ချစ်တဲ့ ၊ အဘိုးကို ချစ်တဲ့ မြေးတစ်ယောက်ပီပီ သူ့ အဘိုးအကြောင်း ပြောပြနေတဲ့ မောင့်ရဲ့ ရီဝေဝေမျက်ဝန်းတစ်စုံမှာ အရည်ကြည်တွေ တွဲခိုလာတာကြောင့် ကျွန်မလည်း မောင်နဲ့ ထပ်တူ စိတ်မကောင်း ဖြစ်ရင်း နှစ်သိမ့်ပေးရပြန်ပါတယ် ။ စိတ်အလိုဆန္ဒ မပြည့်ဝမှုကြောင့် နှစ်နဲ့ ချီပြီး နစ်မွန်းခဲ့မှာ သေချာတဲ့ အရက်သောက်ခြင်း ကိစ္စကို တော့ အချိန်ယူပြီး တဖြည်း ဖြည်း သိမ်းသွင်းရမယ်လို့ပဲ ကျွန်မ စိတ်ထဲ တေးထားလိုက်ပါတယ် ။ ဒါပေမဲ့ ကျွန်မနဲ့ ဆုံလေ့ရှိတဲ့ နေ့ခင်းကြောင်တောင် အချိန်ကြီးမှာတောင် မူးယစ်ရီဝေနေတဲ့ သူ့အဖြစ်ကြောင့် အရက်နဲ့ ပတ်သက်တဲ့ ကျွန်မရဲ့ သဘောထား အမှန်ကို မောင် သိအောင် ကြိုတင်ရှင်းပြ ၊ ပြောပြ ၊ နားချ ကြည့်တဲ့ အခါမှာတော့ မောင့် ဘက်က ဘာတစ်ခွန်းမှ ပြန်မပြောဘဲ ရယ်ကျဲကျဲသာ လုပ်နေခဲ့ပါတယ် ။ နဂို ကတည်းက အထင်ကြီးစိတ် နဲ့ စ , ခဲ့ရတဲ့ အချစ် တစ်ခုဟာ အဖြစ်မှန်တွေ သိပြီး နောက်မှာတော့ သနားစိတ်အဖြစ် ပြောင်းလဲသွားပြန်တယ် ဆိုရင် ကျွန်မ မိုက်မဲသူ တစ်ယောက်လို့ အများက ဆိုကြလေမလား ။ ကျွန်မ လိုချင်တဲ့ အချစ် ၊ မေတ္တာတရားတွေ မောင့်ဆီက ပြန် ရ မရဆိုတာ သိပ်မသေချာပေမဲ့ အသေချာဆုံး ကိစ္စ တစ်ခုကတော့ မောင့် ဘက်က ကျွန်မကို တွယ်တာနေခြင်းဟာ မိခင်တစ်ယောက်လို ၊ အစ်မတစ်ယောက်လို ထက် ပိုမနေခဲ့တာမျိုးပါ ။

ဘာပဲဖြစ်ဖြစ် ကျွန်မနဲ့ ပတ်သက်ပြီး မောင့်ရဲ့ စိတ် ခံစားချက် အမှန်ကို ရိပ်မိလာတဲ့ နောက်ပိုင်းကာလတွေမှာတော့ ကျွန်မ ဆိုတဲ့ မိန်းမတစ်ယောက်ဟာ မောင်နဲ့ ပတ်သက်သမျှ ပေးဆပ်တတ်သူ တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်နေခဲ့ပါပြီ ။ ဒါပေမဲ့ မောင့်ရဲ့ လက်ရှိ ဘဝ အခြေအနေထက် မဆိုစလောက်ကလေး ပိုသာနေတဲ့ ကျွန်မအတွက် သိပ်ပြီး ခက်ခဲလှတဲ့ ပေးဆပ်မှုမျိုးတွေတော့ မဟုတ်ပါဘူး ။ ဥပမာ မောင့်အတွက် ဖုန်းဘေလ် ငါးထောင်လောက် ထည့်ပေးလိုက်တာမျိုး ၊ မောင် နယ်ခဏ ပြန်ချင်တယ် ဆိုရင် လမ်းစရိတ် သုံးသောင်းလောက် ထုတ်ပေးလိုက်တာမျိုး ၊ မောင့်အတွက် အဆောင် လခငါးသောင်းလောက် စိုက်ပေးလိုက်တာမျိုးက လွဲပြီး မောင့် ဘက်ကလည်း မတန်တဆတွေ အတင်း မပူဆာပါဘူး ။ ကျွန်မ အတပ် ပြောရဲတာ တစ်ခု ကတော့ မောင်ဟာ ယောက်ျားပိုင်းလုံး တစ်ယောက် မဟုတ်သလို သူ့ လိုအပ်ချက်အတွက် မိန်းမ တစ်ယောက်ရဲ့ ကူညီပေးကမ်းမှု မှန်သမျှ ငြင်းဆန်တတ်တဲ့ လူတစ်ယောက်လည်း မဟုတ်ပြန်ပါဘူး ။ အကောင်းစားအဝတ်အထည် ၊ လူ့အသုံးအဆောင် ပစ္စည်းတွေ ဝတ်ဆင် သုံးစွဲတတ်လေ့ရှိတဲ့ မောင် တစ်ယောက် ငွေကြေး အဆင်ပြေခဲ့စဉ်ကာလက ကူညီပေးကမ်းခဲ့ သူတွေ အများကြီး ရှိခဲ့တယ် ဆိုတာတော့ သေချာနေပါတယ်လေ ။

••••• ••••• •••••

▢ ချွင်ခနဲတစ်ချက် မျိုးဆက် သစ်တို့ရဲ့ အမှန်

ပဉ္စမမြောက် မောင်နဲ့ ဆုံဖြစ်ကြတဲ့ အခါမှာတော့ မိုးဦး ကျကာလ ဖြစ်တဲ့ အတွက် မောင့်ရဲ့ လက်ရှိ အလုပ်တွေ အခြေအနေ မကောင်းတဲ့ အကြောင်းနဲ့ သူ့ရွာသူ ခဏ ပြန်နေတော့မယ် ဆိုတဲ့ အကြောင်း ၊ မောင့်မိတ်ဆွေ ၊ အပေါင်းအဖော်တွေ က လည်း အဆောင်လခ အတွက် ပိုက်ဆံချေးပေးဖို့ နေနေသာသာ သူတို့ နေထိုင်ရာမှာ ခဏတာ တည်းခိုစေပြီး ထမင်း တစ်နပ်တောင် ခေါ်မကျွေးချင်ကြတဲ့ အကြောင်း ၊ အဆင် မပြေခြင်း ဓာတ်ပြားဟောင်းတွေနဲ့ပဲ ဆီးကြိုခဲ့တာမျိုးပါ ။

မိန်းမတစ်ယောက် အနေနဲ့ မောင် ချိန်းဆိုတဲ့ မောင် သောက်နေကျ အရက်ဆိုင်ထဲ အထိ ရောက်ခဲ့ပြီ ဆိုတာကတော့ အချစ်က မိန်းမသား တစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို အနိုင်ပိုင်းသွားပြီ ဆိုတဲ့  သက်သေပါ ။ မောင် သောက်နေကျ ဆိုင်ထဲမှာလည်း မနက် ဆယ်နာရီဝန်းကျင် အချိန်ကြီးမှာတောင် မောင့်လိုပဲ ဟိုမရောက် ၊ ဒီမရောက် အနုပညာသည် အများစု မူးယစ်သောက်စား ပေါက်ကွဲ နေကြတာမျိုးပါ ။

“ မ , ကိုလည်း အပူ မကပ်ချင်ပါဘူး ။ ကျွန်တော် မ , ဆီက ယူခဲ့တာတွေ များပါပြီ ။ ဘာပဲဖြစ်ဖြစ် အဆင်ပြေတဲ့ တစ်နေ့ မ , ကျေးဇူးတွေ ကျွန်တော် ပြန်ဆပ်မှာပါ ။ ဒီ တစ်လနှစ်လအတွင်း ကြိုတင် ယူထားတဲ့ ငွေလည်း မရှိ ၊ ဘာစာချုပ်မှလည်း မရှိတော့ ရွာမှာပဲ ခဏပြန်နေတာ ကောင်းပါတယ် မ , ရယ် ။ လောလောဆယ်တော့ ကျွန်တော် သောက်ထား စားထားတာတွေပဲ မ , ရှင်းပေးပါတော့ ။ ရွာအပြန် လမ်းစရိတ် ကျွန်တော့်မှာ ရှိပါတယ် ”

“ မ , ကို ချစ်တယ် ။ မ , နဲ့ အတူ နေမယ် ။ ဖြစ်လာတဲ့ ဘဝကို နှစ်ယောက် အတူတူ ရင်ဆိုင် ကျော်ဖြတ်ကြတာပေါ့ မ , ရယ် ” ဆိုတဲ့ စကားမျိုး ပြောလာမယ် ဆိုရင်တောင် ကျွန်မ စုဆောင်းထားတာလေးတွေနဲ့ မောင်နဲ့ အတူ ဘဝတစ်ခုကို ထူထောင်ဖို့ စိတ်ကူးမိချင် စိတ်ကူးမိဦးမှာပါ ။ ခုဟာက ကျွန်မ ကြားချင်တဲ့ စကားတွေ တစ်ခွန်းမှ မပြောဘဲ သူ့ လိုအပ်ချက် တချို့ကိုပဲ ပြောလာတာက မောင်နဲ့ ကျွန်မ ဘယ်လိုမှ ဆက်စပ်လို့ မရနိုင်တော့ဘူး ဆိုတဲ့ သဘော ပြနေတာပါပဲ ။ ဘာပဲဖြစ်ဖြစ် လက်ရှိ အခြေအနေအရ မောင့်မှာ ရည်းစား မရှိဘူး ဆိုတာကို သိနေတဲ့ ကျွန်မက ခေါင်းမာတတ်သူ တစ်ယောက်လေ ။ ကျွန်မ ဖြစ်ချင်တာကို မဖြစ် ဖြစ်အောင် လုပ်လိုက်ရမှ ကျေနပ်သူ တစ်ယောက်လေ ။

“ မောင် မ , ကို ဟောဒီ ရန်ကုန်မြို့ကြီးမှာ ဘယ်လို ထားခဲ့မယ်လို့ စဉ်းစားထားသလဲ ”

ကျွန်မ နှုတ်က ထွက် ပေါ်လာတဲ့ စကားကြောင့် မောင့် ဘက်က ခဏလောက်တော့ တွေခနဲ ဖြစ်သွားခဲ့ပါတယ် ။ ဒါပေမဲ့ ...

“ မ,က မ , အလုပ်နဲ့ မ , နေသားကျနေပြီလေ ။ ရန်ကုန် မှာပဲ အရင်လို ပုံမှန်အတိုင်း ဆက်နေခဲ့ပေါ့ ။ အလုပ်ပိတ်တဲ့ အခါ မ , မိဘတွေ ရှိတဲ့ နယ် ခဏ ပြန်ချင်ပြန်လေ ။ တစ်လ နှစ်လပါပဲ မ ရယ် ၊ မကြာပါဘူး ။ ကျွန်တော် ပြန်လာလို့ အဆင်ပြေတာနဲ့ မ , ကူညီခဲ့တာတွေ ပြန်ဆပ်မှာပါ ”

မောင့် နှုတ်က ထွက်ပေါ်လာတဲ့ ထူးမခြားနား စကားတွေဟာ ကျွန်မရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးသလို ဖြစ်သွားခဲ့ပြီး နောက်မှာတော့ မောင်နဲ့ ကျွန်မ မပတ်သက်တော့ဖို့ ကျွန်မကိုယ် ကျွန်မ သံပတ် တင်း ကြည့်ရပါတယ် ။ တင်းဆို ကျွန်မက မောင့်လိုပဲ ကိုယ့်အတွက် ကိုယ် ကြည့်တတ်သူ တစ်ယောက်ပဲလေ ။ ကိုယ် ဖြစ်ချင်သလို မဖြစ်ရ ဘူးဆိုတာ သေချာနေပြီး နောက်မှာတော့ ဆက်နှစ် နေ လည်း ဘာမှ မထူးတော့တဲ့ ဥစ္စာ ။ ဒါပေမဲ့ ဆန်းကြယ်တဲ့ အချစ်မေတ္တာတရားက ‘ မောင် နဲ့သာ တကယ် ဝေးခဲ့မယ်ဆိုရင် ကျွန်မ ဘက်က ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး ’ ဆိုတဲ့ အသိက စိုးထိတ် ကြေကွဲစိတ်တွေနဲ့အတူ သတိပေး လာခဲ့တာပါပဲ ။ မောင်ဟာ ကျွန်မဘဝ အတွက် ရှာမှ ရှားတဲ့ယောက်ျား တစ်ယောက်ပါ ။ ‘ လွတ်တဲ့ငါး ကြီးတယ် ’ ဆိုတဲ့ စကားဟာ မောင်နဲ့ ကျမှ ကွက်တိမှန် နိုင်တာမျိုးပါ ။ ကျွန်မ ထားခဲ့ဖူးတဲ့ ရည်းစားတွေ ထက် အဆပေါင်းများစွာ သာတဲ့ ရုပ်ရည် ၊ အချိုးအစား ရှိသူဟာ မောင်ဆိုတာ သေချာခဲ့ပြီး နောက်မှာတော့ မိုက်မိုက်မဲမဲ နဲ့ပဲ “ လောလောဆယ် မောင် ပြောတဲ့အတိုင်း နေလိုက်တာ ပဲ ကောင်းပါတယ်လေ ” ဆိုပြီး ဆုံးဖြတ်လိုက်ရပါတယ် ။ မောင်ကတော့ ကျွန်မအတွင်းစိတ်နဲ့ ကျွန်မ တိုက်ပွဲဝင် နေတာကို မသိဘဲ သက်သောင့်သက်သာ ပုံစံမျိုးနဲ့ သန့်စင်ခန်းဘက် ထွက်သွားခဲ့ပါတယ် ။

“ ချွင် ချွင် ချွင် ”

ဘာပဲဖြစ်ဖြစ် ချွင်ခနဲ မြည်သံကြောင့် အတွေးစတွေ ပြတ်တောက်သွားရတဲ့ ကျွန်မ မောင် ချထားတဲ့ ဖုန်းဆီ အာရုံ ရောက်သွားခဲ့ပါတယ် ။ အင်တာနက်လိုင်း ဖွင့်ထားပုံရတဲ့ မောင့် ဖုန်းထဲကနေပြီး တချွင်ချွင် အသံပေးရင်း အဆက်မပြတ် ပို့နေတဲ့ မက်ဆေ့ချ်တွေကြောင့် လူ့ကျင့်ဝတ်ချိုး ဖောက်ပြီး ကောက်ယူဖတ် ကြည့်မိခဲ့တာပါပဲ ။

“ ဟိုညက ညီ လက်ဆောင် ပေးသွားတဲ့ အတွင်းခံ ဘောင်းဘီကို အစ်ကို မဝတ် တတ်ဘူး ဖြစ်နေတယ် ။ ရှေ့ ပိုင်းမှာ လုံပြီး နောက်ပိုင်းမှာ ဟာတာတာ ဖြစ်နေတော့ အဆင်မပြေဘူး ညီရ ။ ပိုဆိုးတာက နောက်ပိုင်းမှာ ဟာလာ အသည်းပုံလိုမျိုး ဟင်းလင်း ဖြစ်နေတာကြောင့်ပဲ ။ ညီ ဝတ်ထားတာတော့ မိုက်ပါတယ်ကွာ ဟားဟား ။ နောင် ဒါမျိုး လက်ဆောင် မပေးပါနဲ့ ညီရ ။ ပေးချင်ရင် ရိုးရိုးပုံစံပဲပေး ။ အိုကေနော် ။ ဒီလထဲ အစ်ကို သင်္ဘော ပြန်တက်ဖြစ်တယ် ညီလေး ။ ပြန်လာမှ ဆုံကြသေးတာပေါ့ ။ ဆီးယူ ”

မက်ဆင်ဂျာ ထဲက ထူးခြားတဲ့ စာသားတွေကို ဖတ်ပြီး ကျွန်မလည်း စဉ်းစားရ ကျပ်စွာနဲ့ မောင့် ဖုန်းကို နေသားတကျ ပြန်ထားလိုက် မိပါတယ် ။ ယောက်ျားလေး တွေ ဝတ်တဲ့ အတွင်းခံ ဘောင်းဘီတွေမှာ ဒါမျိုးပုံစံ ရှိသတဲ့လား ၊ မောင်ကရော သင်္ဘောသား တစ်ယောက်ကိုမှ ဒါမျိုး လက်ဆောင်ပေးသတဲ့လား ၊ မောင် ကိုယ်တိုင်ကော ဒါမျိုးတွေ ဝတ်သတဲ့လား ၊ မောင့် တင်ပါးမှာ တက်တူးထိုးထားလို့ ဒါမျိုးဝတ်တာများလား ။ အဲဒီ တက်တူးကို ဘယ်သူ မြင်စေချင်လို့ ဘုရား ဘုရား ၊ မောင်ဟာ ဘာလဲ ။

“ ဘာတွေ အလိုမကျ ဖြစ်ပြီး မျက်မှောင်ကြုတ် နေတာလဲ ”

“ ဟင် ဟို ဘောင်းဘီ ”

“ ဗျာ ဘောင်းဘီ ”

“ ဟို ဟိုလေ ၊ မောင့်ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့် ပရိုဖိုင်ပုံ ထဲက မောင် ဝတ်ထားတဲ့ ဘောင်းဘီအတို အနက် ကလေး မောင်နဲ့ လိုက်တဲ့ အကြောင်း တွေးနေတာ ”

“ ဪ … ဟား .. ဟား ... ဟား ၊ ဒါလား မ, ရာ ။ အဲ ဒီ ဓာတ်ပုံက ဘန်ကောက်မှာ ကျွန်တော် အတွင်းခံဘောင်းဘီကြော်ငြာ သွားရိုက်တုန်းက တင်ခဲ့တဲ့ ဓာတ်ပုံ မ , ရဲ့ ”

“ ဟင် ၊ မောင်က အတွင်းခံဘောင်းဘီ ကြော်ငြာလည်း ရိုက်တယ် ”

“ ရိုက်တာပေါ့ မ , ရဲ့ ၊ ဒါအလုပ်ပဲလေ ။ ခေတ်က ပြောင်းလဲနေပြီ ဥစ္စာ ။ တော်ရုံလူ ရိုက်လို့ရတာ မဟုတ်ဘူး မ , ရဲ့ ။ ကျွန်တော့်ဘော်ဒီ အချိုးအစား မိုက်လို့ ၊ အဆက်အသွယ် ကောင်းလို့ ရိုက်ရတာ ။ ဖေ့စ်ဘွတ်ခ်မှာ ခင်ခဲ့တဲ့ ဦးလေးကြီးတစ်ယောက်ရဲ့ ကောင်းမှုပေါ့ မ , ရ ။ သူပဲ အစစအရာရာ စီစဉ်ပေးတာ ။ သူက ထိုင်း ရောက်နေတာ ကြာပြီ မ , ရဲ့ ။ သူ ဒီကို ခဏ ပြန်လာတော့ ကျွန်တော်ပဲ ဘုရားစုံ လိုက်ပို့ ပေးရတာပေါ့ ။ ထိုင်းက လက်ဆောင်တွေ ဝယ်လာတာမှ အများကြီး ။ သူ ပြန်တော့ ကျွန်တော်လည်း သူနဲ့ အတူ ဘန်ကောက် လိုက်သွားခဲ့ပြီး အဲဒီ ကြော်ငြာရိုက်ဖြစ်တာပဲ ။ အဲဒီတုန်းက ဘာအဆင်ပြေသလဲ မမေးနဲ့ ။ ရတဲ့ ဒေါ်လာတွေနဲ့ ဘန်ကောက်မှာ လျှောက်လည် ၊ လျှောက်စား ၊ လျှောက်သောက် ၊ လိုချင်တာ ဝယ်တာပဲ ။ ကုမ္ပဏီက ပေးတဲ့ လက်ဆောင် ဘောင်းဘီတွေ အများကြီး ရခဲ့တာဆိုတော့ ခင်တဲ့ သူတိုင်းကို လက်ဆောင် ပြန်ပေးရတာပေါ့ ။ ခုတော့ အဲဒီ လူကြီးနဲ့ ကျွန်တော် အဆက်အသွယ် ပြတ်သွားကြပါပြီ ။ ဘာပဲဖြစ်ဖြစ် သူ ကျွန်တော့် အပေါ် တော်တော် ကောင်းခဲ့တာ မ , ရဲ့ ။ ဟား ဟား ဟား ဟား ”

အရင်က အကြောင်းတွေ ပြန်ပြောရင်း တွေ့စက ထက် ကြည်လင်လန်းဆန်း သွက်လက် ပျော်ရွှင်နေတဲ့ မောင့်ပုံစံကို ကြည့်ရင်း ကျွန်မလည်း ပါးစပ်ဟ နေမိတာ သေချာပါတယ် ။ ကျွန်မ နေထိုင်ရာ အဆောင် ပြန်ရောက်တဲ့ အခါမှာတော့ စိတ်ထဲ မရှင်းမရှင်း ဖြစ်နေတဲ့ကိစ္စ အတွက် ဖုန်းထဲက အင်တာနက်လိုင်းကို ဖွင့် ၊ မောင့်ရဲ့ ဖေ့စ်ဘွတ်ခ် အကောင့်ထဲကို ဝင်ပြီး မောင် တင်ထားသမျှ စတေးတပ် စာသားတွေနဲ့ မောင့်ဓာတ်ပုံတွေကို တစ်ခုချင်း သေချာဆွဲတင် ၊ နောက်ကြောင်းပြန် ကြည့်မိတာပါပဲ ။

ဘန်ကောက်မြို့အနှံ့ ရိုက်ထားတဲ့ မောင့်ဓာတ်ပုံ လှလှတွေ ၊ အရွယ်ရင့် လူကြီး နှစ်ယောက်နဲ့ မောင် ။ ပြီးတော့ မောင့်အရွယ် ကောင်လေး တစ်ယောက် ။ စုစုပေါင်း လေးယောက် စားသောက်ပျော်ရွှင်နေကြတဲ့ ပုံစံတွေ ။ မူးယစ်က , ခုန်နေကြတဲ့ ဟန်ပန်တွေ ။ ခမ်းနားလှပတဲ့ ဟိုတယ် အိပ်ခန်းကျယ်ကြီးထဲက မောင့်ရဲ့ စတိုင်အမျိုးမျိုး ၊ ပို့စ်အထွေထွေ ၊ ယောက်ျား ပီသတဲ့ ကိုယ်နေဟန်ထားတွေ ။ မင်္ဂလာဒုံလေဆိပ် ပြည်ပ ဆိုက်ရောက်ရာ ခန်းမလို့ ယူဆရတဲ့ နောက်ခံ ဘက်ဂရောင်းနဲ့ မောင်ရဲ့ ပျော်ရွှင်နေတဲ့ပုံဟန် ။ မောင် ကိုင်ထားတဲ့ နှင်းဆီပန်းစည်းလှလှ ။ နှင်းဆီပန်းစည်းကို တရှိုက်မက်မက်ပုံစံနဲ့ နမ်းရှိုက်နေတဲ့ မျက်နှာချိုချိုနဲ့ အရွယ်ရင့် လူကြီးရဲ့ဟန်ပန် ။ မြတ်စွာဘုရား ။ မောင်တို့ ယောက်ျားတွေ အဲဒီလောက် အထိ တစ်ယောက်ကို တစ်ယောက် ချစ်တတ်ကြသတဲ့လား ။ ဂရုစိုက်တတ်ကြသတဲ့လား ။ အခြေအနေ ပေးရင် ပေးသလို တတွဲတွဲ မခွဲအတူ နေတတ်ကြသတဲ့လား ။ မောင် အဆင်ပြေအောင် အစစအရာရာ ဦးဆောင်ပေးခဲ့တာ အဲဒီလူကြီးတဲ့လား ။ အသက်အရွယ်ချင်း မတူကြ ပေမဲ့ မောင်တို့ အချင်းချင်း နားလည် သဘောပေါက် ၊ ရင်းနှီးကျွမ်းဝင် ၊ ချစ်ခင်စေ တဲ့ ဘာသာစကားဟာ ဘာ  ဆိုတာကို ကျွန်မ သဘောပေါက်လိုက်ပြီး နောက်မှာတော့ စက်ဆုပ်ရွံရှာစွာနဲ့ပဲ လက်ထဲက ဖုန်းကို အိပ်ရာပေါ် လှမ်းပစ်လိုက်မိပါတယ် ။

ရုပ်ရည်အချိုးအစား ယောက်ျား ပီသလွန်းတဲ့ မောင် နဲ့ မောင့်အဘိုးရဲ့ ပုံဟန်တွေက ကျွန်မရဲ့ အတွေးအာရုံမှာ တစ်လှည့်စီ နေရာယူလာခဲ့တာပါပဲ ။ ဒီတစ်သက် ကျွန်မ ချစ်သလို မောင့်ဘက်က ပြန်မချစ်နိုင်တော့ဘူးလား ၊ မောင် နှစ်သက် တပ်မက်တဲ့ အရာတွေထဲမှာ ကျွန်မ မပါနိုင်တော့ဘူးလား ၊ သူရဲကောင်း တစ်ယောက်ရဲ့ မျိုးဆက်ဟာ ခေတ် လက်ချက်ကြောင့် ဘဝပျက် နေတာမျိုးလား ၊ အတိတ်ကံတရားကြောင့်လား ၊ မောင့်မှာ နဂို ရှိပြီးသား ဗီဇကြောင့်လား ။ မုန်းစရာ ကောင်းလိုက်တာ ။ မောင့်ကိုရော ကျွန်မကိုယ် ကျွန်မပါ စက်ဆုပ်ရွံရှာ မုန်းတီးလာရတာတော့ အမှန်ပါပဲ ။

“ ချွင် ”

ဘာပဲဖြစ်ဖြစ် ကျွန်မရဲ့ အတွေးစကား မဆုံးခင်မှာပဲ ချွင်ခနဲ ထွက်ပေါ်လာတဲ့ ဖုန်း ထဲက အသံကြောင့် ဆတ်ခနဲ တုန်လှုပ်သွားပြီး နောက်မှာ တော့ ။

⎕ ထွန်းတောက်ထွဋ် ၊ သင်္ချာ ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     နိုဝင်ဘာ ၊ ၂၀၁၇

Saturday, November 22, 2025

ကယ်ပါ


 

❝ ကယ်ပါ ❞
( ထွန်းတောက်ထွဋ် - သင်္ချာ )

၁ ။

ရှားပင် ၊ ထန်းပင် ၊ တမာပင် ၊ ထနောင်းပင်တွေနဲ့ နာနတ်ရိုင်းပင်တွေ ကြားက ရွှေဝါရောင်သန်းနေတဲ့ မြေအဆင်းဟာ ရွှေနိုင်ငံကြီး စည်ပင်သာယာဝပြောစဉ်က အရောင်အတိုင်း ဟုတ်မဟုတ် သေချာမသိပေမဲ့ တောပြုန်းလို့ သဘာဝမြေဆီလွှာ ကုန်ခန်းသလောက် ဖြစ်နေပြီ ဆိုတာကတော့ ငြင်းမရတဲ့ အမှန်တရားတစ်ခုပါ ။ အနော်ရထာမင်း လက်ထက်က ပုဂံပြည်မှာ အရှင်အရဟံမထေရ် ကြောင့် ဗုဒ္ဓသာသနာရောင်ဝါ ထွန်းလင်းခဲ့တယ်ဆိုတဲ့စကား ကြားဖူးသလို ရှင်အဉ္ဇဂေါန ရဲ့ ပြဒါးရှင်လုံးတန်ခိုးနဲ့ စည်းစိမ်တွေ နှစ်ဆတိုးပြီး မုဆိုးမ က အစ ဘုရားတည်နိုင်တယ် ဆိုတဲ့ စကားလည်း ကြားခဲ့ဖူးပါတယ် ။ ဒါပေမဲ့ ကုမ္ပဏီဝန်ထမ်း တစ်ယောက်ဖြစ်တဲ့ ၊ ပရဟိတ လုပ်ငန်းတွေမှာ ဝါသနာပါတဲ့ အသက်သုံးဆယ်ကျော် အရွယ် လက်တွေ့ဆန်ချင်သူ ကျွန်တော့် အမြင် သက်သက် အနေနဲ့ကတော့ သမိုင်း ၊ စိတ်ကူးယဉ် ဒဏ္ဍာရီပုံပြင်တွေဆိုတာထက် ပုဂံသူ ၊ ပုဂံသားတွေရဲ့ ကြိုးစား အားထုတ်မှုကြောင့်သာ ပုဂံပြည်ကြီး စည်ပင်သာယာဝပြောတယ်လို့ပဲ ယူဆပါတယ် ။

တရိပ်ရိပ် ပြေးနေတဲ့ ကားလမ်းဘေးက ရှုခင်းတွေဟာ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုရဲ့ဒဏ်ကြောင့် အခိုးထွက်လောက်တဲ့ အထိ ဖြစ်နေသလို ကြည့်ရှုခံစားမိသူကိုလည်း ချွေးပေါက်ပေါက် ကျတဲ့ အထိ ပူပြင်းလောင်မြိုက် စေတာပါပဲ ။ တံလျှပ်တွေ တရှိန်ရှိန် ထနေတဲ့ ကတ္တရာလမ်းမကြီးရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ တစာစာအသံလေးတွေနဲ့ လက်ပြနှုတ်ဆက်နေကြတဲ့ ကလေးတွေကတော့ သဲပူပူ ၊ ဖုန်ထူထူနဲ့ ပူပြင်းတဲ့ နေမင်းရဲ့ အလင်းအောက်မှာ လသာသလောက် နီးနီး ဖြစ်နေတာ သေချာပါတယ် ။ ကားတစ်စီး ဖြတ်သွားတိုင်း တစ်စုံတစ်ခု ကျလာခဲ့ရင် အပြေးအလွှား ၊ အလုအယက် တိုးဝှေ့ ကောက်ကြသလို ကားပေါ်ကနေပြီး ဘာတစ်ခုမှ ကျ မလာခဲ့ရင်တော့ မျှော်လင့်ချက်မျက်နှာကလေးတွေ ရှုံ့မဲ့ပြီး ကျန်ရစ်ခဲ့ကြတာပါပဲ ။

ဪ .. ဘာညာ အကောင်ပလောင်တွေ ရိုက်နှိပ်ထားတဲ့ ငွေစက္ကူဆိုတာ ဒီလိုနေရာမျိုးမှာ အဲဒီလောက် အထိ မျှော်လင့်စောင့်စားနေ ကြရတာမျိုးတဲ့လား ။ ဘဝ အကြောင်းသေချာမသိ ပကတိဖြူစင်နေသေးတဲ့ အထက်အညာက ကလေးငယ်တွေရဲ့ အသိတရားမှာ ငွေစက္ကူဆိုတာ အဲဒီလောက်အထိ အရေးပါနေတယ်တဲ့ လား ။ ပူလွန်းတဲ့ ရာသီဥတုနဲ့ အသက်အန္တရာယ်နီးတဲ့ အဝေးပြေးကားလမ်းမဘေး ဖြစ်နေတာတောင် ဘာကိုမှ ဂရုမထားဘဲ ငွေကြေးရဲ့ ဆွဲဆောင်ရာကို ဒီကလေးတွေ လိုက်နေကြရတယ်တဲ့လား ။ လူကြီးမိဘ အုပ်ထိန်းသူတွေ ကလည်း ဒီကလေးတွေရဲ့ လိုအင်ဆန္ဒကို အားပေးအား မြှောက်ပြုနေကြတယ်တဲ့လား ။ ဝမ်းစာအတွက် တစ်ဖက်တစ် လမ်းက ငွေရှာပေးနေသူလေးတွေအဖြစ် မတားဆီးကြဘူးတဲ့လား ။

ဘာပဲဖြစ်ဖြစ် မန္တလေး ၊ မြင်းခြံ ၊ ညောင်ဦး ၊ ပုဂံလမ်းအတိုင်း မောင်းနှင်လာခဲ့ကြရင်း စည်ကားရှုပ်ထွေးလွန်းတဲ့ ညောင်ဦးမြို့ထဲ ဝင်ပြီး ရွှေစည်းခုံဘုရား ရောက်တဲ့ အခါမှာတော့ ဘုရားဖူးကားတွေ အနားကို ဝိုင်းအုံလာကြတဲ့ လူပျို ၊ အပျို မဖြစ်တဖြစ်အရွယ် ကလေးသူငယ် အများစုကို တွေ့လိုက် ရတာပါပဲ ။ ဦးထုပ် ဆောင်းပြီး အညာထည်ကလေးတွေ ဝတ်ဆင်ထားကြတဲ့ သနပ်ခါးဘဲ ကျားမျက်နှာနုနုကလေးတွေ ကတော့ မျှော်လင့်ခြင်းတွေနဲ့ ရွှင်လန်းတက်ကြွနေကြတာမျိုးပါ ။

“ ပုဂံက ဘုရားအစုံ ဖူးနိုင်ဖို့ လိုက်ပြပေးပါမယ် ။ ဘုရားသမိုင်းတွေလည်း ရှင်း ပြပေးပါမယ် ။ ဂိုက်ငှားလို့ ရပါတယ်ခင်ဗျ ”

“ တစ်နေကုန်ဆိုတော့ တစ်သောင်းခွဲပါရှင့် ၊ ဒါ ပုံမှန် ယူနေကျတဲ့ ဈေးပါပဲရှင့် ”

“ ပေးချင် သလောက်သာ ပေးပါဦး ”

“ ဟေ့ကောင် ၊ မင်း ဈေးမဖျက်နဲ့လေ ”

“ တစ်သောင်းတော့ မလုပ်ပါနဲ့ ၊ တစ်သောင်းနှစ်ထောင်တော့ ပေးပါ ”

“ ဟိုကားက ဈေးဆစ်နေတယ် ၊ ရှစ်ထောင်တဲ့ ။ မင်း လိုက်ချင်လိုက်သွား ” 

“ ဘယ်မှာလဲ ”

“ အနည်းဆုံး တစ်သောင်းလောက်မှ အဆင်ပြေ မှာလေကွာ ။ ဧည့်သည် မရရင် နေပါစေတော့ ။ ငါ မလိုက်ဘူး ”

“ ဟုတ်တယ် ၊ နေပူကြီးထဲ တစ်နေကုန် လိုက်ပြ ၊ ရှင်းပြရမှာ ။ ပြီးတော့ ကိုယ့် ထမင်းကိုယ်စားရမှာလေ ”

“ ရပါတယ် ၊ ရှစ်ထောင်နဲ့ပဲ လိုက်ပြပေးပါ့မယ်ရှင့် ”

တစ်ယောက် တစ်ပေါက်နဲ့ လူတတ်ကြီး ပုံစံလုပ်ပြီး ဈေးခေါ် ၊ ဈေးဆို ၊ ဈေးညှိနေကြတဲ့ ကလေးတွေကို ကြည့်ရင်း ကြည်နူးပျော်ရွှင်ရတာ သေချာသလို မြေပုဂံမှာ အနေဟန် စေဖို့အတွက် အသက်အရွယ်ကိုမှ ဂရုမထားဘဲ နည်းလမ်းအသွယ်သွယ်နဲ့ ဝမ်းစာရှာနေကြတဲ့ ကလေးသူငယ်တွေရဲ့ဘဝကို စာနာရတာလည်း အမှန်ပါပဲ ။ ရေခဲ ထုပ် ၊ ရေခဲချောင်းရောင်းသူတွေ ၊ ရေသန့်ဘူး ၊ အချိုရည် ၊ စနိုးတာဝါ ၊ တစ်ရှူး ရောင်းနေသူတွေ ၊ ပုဂံလက်မှုပစ္စည်းတချို့နဲ့ အမှတ်တရ အဝတ်အထည် ၊ ဖန်စီပစ္စည်း ရောင်းနေကြသူတွေ ၊ အင်္ဂလိပ် ၊ ဂျာမန် ၊ ပြင်သစ် စသဖြင့် နှုတ်တိုက်ကျက်ထားပုံရတဲ့ ဘုရားသမိုင်းတွေနဲ့ နိုင်ငံရပ်ခြား ခရီးသွားဧည့်သည်တွေကို ဂိုက်လုပ်ပေးနေကြ သူတွေ ၊ ပြည်တွင်းခရီးသွားတွေအတွက် နေရာစုံရောက်အောင် လမ်းပြ ၊ ဘုရားသမိုင်း ရှင်းပြနေကြသူတွေ ၊ ထမင်းဆိုင် ၊ စားသောက်ဆိုင် ၊ လက်ဖက်ရည်ဆိုင်တွေမှာ စားပွဲထိုးလုပ်နေကြသူတွေ ၊ ဒေသထွက်အသီးအနှံ ၊ မုန့် မျိုးစုံ ရောင်းချရင်း မစို့မပို့ အမြတ်ငွေလေးတွေနဲ့ ဘဝအရေး ဖြေရှင်းနေကြသူတွေ ၊ ဘာအလုပ်မှ မလုပ်ဘဲ အလွယ်လမ်းလိုက်ပြီး တောင်းရမ်းစားသောက်နေကြတဲ့ ကလေးတွေ စသဖြင့် ရွှေစည်းခုံဘုရား အနီးတစ်ဝိုက် မှာတော့ အနယ်နယ် အရပ်ရပ်က ဘုရားဖူးခရီးသည်တွေနဲ့ ပုဂံမြို့သူမြို့သားတွေ ပေါင်းပြီး ကြက်ပျံမကျ စည် ကားသက်ဝင်နေတာပါပဲ ။

ကလေးလုပ်သားပဲ ပြောပြော ၊ လောကထံပါး အပြစ်ကင်းစင်တဲ့ တရားတွေ နဲ့ ခိုနားစအရွယ်တွေပဲ ဆိုဆို ၊ လူကြီးမိဘ ၊ အုပ်ထိန်းသူ ၊ ဆွေမျိုးဉာတကာတို့ရဲ့ လမ်းပြမှုနဲ့ ဘဝပေးအသိကြောင့်လို့ပဲ သတ်မှတ်သတ်မှတ် ၊ ကမ္ဘာ နဲ့ ချီလိုက်ရင် အစစအရာရာ နောက်ကျကျန်ရစ် နေဆဲ မြန်မာနိုင်ငံကြီး ထဲက မြေကို ချစ်တဲ့ ၊ မြေက မွေးဖွားလာသူ ကလေးတွေကတော့ နွေရာသီကျောင်းပိတ်ရက်ကာလ မှာတောင် တခြားမြို့ကြီးပြ ကြီးက ကလေးသူငယ်တွေလို မိဘဆွေမျိုးတွေနဲ့အတူ အပန်းဖြေခရီး မထွက်နိုင်ကြ ဘဲ သမုဒ္ဒရာဝမ်းတစ်ထွာ အတွက် ရှာဖွေနေကြရတာ သေချာပါတယ် ။ သူတို့လေးတွေ ပြောပြပုံအရတော့ ခုလိုမျိုး ဧည့်ကျတဲ့ ခရီးသွားရာသီဟာ တစ်နှစ်မှာ လေး ၊ ငါး ၊ ခြောက်လ လောက်သာရှိပါတယ်တဲ့ ။ ကျောင်းပိတ်ရက် ကာလမှာ တတ်နိုင်သမျှ ရှာဖွေပြီး ဧည့်မကျတဲ့ ကာလတွေမှာ နေထိုင် စားသောက်ဖို့ အတွက် ကြိုတင်စုဆောင်းကြရပါတယ်တဲ့ ။ ဘယ်လိုပဲဖြစ်ဖြစ် ပုဂံကို သုံးကြိမ်မြောက် ရောက်ရှိလာကြတဲ့ ကျွန်တော်တို့ အုပ်စု အနေနဲ့ကတော့ ရွှေစည်းခုံ ၊ ဗူးဘုရား ၊ မနူဟာဘုရား ၊ ကန်တော့ပလ္လင် ၊ အာနန္ဒာ ၊ သဗ္ဗညု ၊ ဓမ္မရံကြီး ၊ အလိုတော်ပြည့် ၊ မြစေတီ ကျောက်စာ ၊ လောကနန္ဒာ စတဲ့ နာမည်ကြီးဘုရား လောက်သာ နေ့ချင်းပြန်ဖူးဖို့ အစီအစဉ် ရှိတဲ့ အတွက် လမ်းပြဂိုက် မလိုကြောင်း ပြောပြလိုက်မှပဲ ကလေးအုပ်စု ရှဲသွားကြတာမျိုးပါ ။ သေချာတာကတော့ ပုဂံမြေဟာ ခရီးသွားရာသီဖြစ်နေတဲ့ အတွက် တခြားအချိန်တွေထက် ပိုပြီး စည်ကား သက်ဝင်ပျော်ရွှင်စရာကောင်း နေတာပါပဲ ။

••••• ••••• •••••

၂ ။

“ ထု ဓမ္မရံ ၊ အနု အာနန္ဒာ ၊ အမြင့် သဗ္ဗညု ” ဆိုတဲ့ စကားအတိုင်း ပုဂံခေတ် အနု ပညာလက်ရာတွေ အများကြီးရှိတဲ့ အာနန္ဒာစေတီရဲ့ ပျက်ယွင်းစ,ပြုနေတဲ့ အစိတ် အပိုင်းတချို့ကို ရှေးမူမပျက် ပြုပြင် ၊ ထိန်းသိမ်းနေပုံရတာကြောင့် စေတီတော်ကြီးရဲ့ အပြင်ဘက်မှာတော့ ပြုပြင်ရေးလုပ်သားတွေ ၊ ငြမ်းတွေနဲ့ ဖုန်ခိုးဝေဝေ ဖြစ်နေတာပါပဲ ။ အတွင်းဘက် လိုဏ်ပတ်လမ်း တစ်လျှောက်မှာတော့ အနုပညာလက်ရာအစုံစုံက ရှုမဝ, တဲ့ ပုံဟန်တွေနဲ့ပါ ။

တကယ်တော့ ဟိုး ပဝေသဏီ ကတည်းက တည်ရှိခဲ့ပြီးသား ရှေးဟောင်းလက်ရာ ၊ ယဉ်ကျေးမှုအမွေအနှစ်တွေဟာ ပုဂံခေတ် ဗိသုကာ လက်ရာအဆင့်မြင့်ခြင်း ၊ အနုလက်ရာစုံလင်ခြင်းနဲ့ ခိုင်ခံ့သေသပ်ခြင်းတွေက အဓိက သက်သေတွေမို့ ခေတ်မီနည်းစနစ်တွေနဲ့ ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ကြရမှာ သေချာပါတယ် ။ ငလျင်ကြီး လှုပ်ခဲ့ဖူးတဲ့ ဒေသ ၊ ငလျင်ငယ်တွေ အခါခါလှုပ်လေ့ရှိတဲ့ ဒေသ ။ ငလျင်ကြော ရှိတဲ့ အရပ်ဒေသ မို့ ဖြစ်ကတတ်ဆန်း ၊ ပြီးစလွယ် ထိန်းသိမ်းစောင့်ရှောက်မှုမျိုး မဖြစ်အောင် သတိထားရမှာလည်း အမှန်ပါပဲ ။ မှန်လောက်တဲ့ အထိ တစ်စုံတစ်ခုသော ကာလဆီက “ အနော်ရထာခေတ် ပုဂံပြည်ကြီး ပြန်လည် စည်ကားလာပုံမျိုး ” အတိတ်တဘောင် ၊ နိမိတ်ဆောင်စေမယ့် သဘောမရိုးတွေနဲ့ ပြီးစလွယ် ပြင်ဆင်ခဲ့မှုတွေက ငလျင် ထပ်လှုပ်မှ အင်တာနက်ပေါ် ဘူးပေါ်သလို ပေါ် ကြရတာမို့ တိုးတက်လာတဲ့ ဆက်သွယ်ရေးစနစ်တွေကိုပဲ အပြစ်တင်ရတော့ မလိုလိုပါ ။ ပိုပြီး သေချာတာကတော့ ပုဂံ မှာ ရှိတဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် တွေ ကို မပျောက်ပျက်အောင် ၊ ရှေးမူ မပျက် ရေရှည်တည်တံ့ခိုင်မြဲအောင် ခေတ်မီနည်းစနစ်တွေ နဲ့ အများကြီး ကယ်တင်ကြရ ဦးမယ် ဆိုတာပါပဲ ။ ပြုပြင် လှူဒါန်းမှု ဖြစ်မြောက်ရုံ  ၊ ကမ္ပည်းကျောက်စာအသစ် အထိုးခံရရုံ ၊ အလှူပွဲကြီးတွေ ကျင်းပ ရေစက်ချ အမျှဝေ ကြရုံ ထိန်းသိမ်းစောင့်ရှောက်မှုမျိုးတော့ မဖြစ်စေချင်ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ ရှေးခတ်ပုဂံသူ ၊ ပုဂံသားတွေရဲ့ ညာဝါးမချတဲ့ ဗိသုကာ အတတ်နဲ့ အရည်အသွေးတွေက ခုခေတ် ပုဂံသူ ၊ ပုဂံသား တွေကို ထမင်းကျွေးနေဆဲဖြစ် နေသေးတာကိုး ။ ဘုရားအစုံ ၊ စေတီပုထိုးအမျိုးစုံမှာ ရှိကြတဲ့ ဈေးသည်တွေ ၊ ပန်းချီ ၊ ပန်းပု ၊ ဆေးရေး ၊ ယွန်းထည် စတဲ့ အနုလက်ရာ အမျိုးမျိုး ဖန်တီးနေသူတွေ ၊ ဓာတ်ပုံနဲ့ အမှတ်တရလက်ဆောင်ပစ္စည်း ဆိုင်အမျိုးမျိုး ။ စားသောက် ဆိုင် ၊ ခရီးသွားဝန်ဆောင်မှု ၊ ဟိုတယ်လုပ်ငန်းအထွေထွေက ခေတ်သစ် ပုဂံသူပုဂံသားတွေတင်မက မြန်မာနိုင်ငံတစ်နံတစ်လျားက ပြည်သူပြည်သားတချို့ကို စီးပွားဖြစ်အောင် လုပ်ပေးနေတဲ့အတွက်ကြောင့်ပါ ။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အုပ်စု အာနန္ဒာဘုရား ဖူးပြီး ပြန်ထွက်လာတဲ့ အချိန်ဟာ မွန်းတည့်ဆယ့်နှစ်နာရီလောက် ရှိနေပြီ ဖြစ်သလို ပူပြင်းတဲ့ ရာသီဥတုကြောင့် လူက ပန်း ၊ စိတ်က နွမ်းနဲ့ ရေဆာ ၊ ထမင်းဆာနေကြပါပြီ ။ အကိုင်းအခက် ၊ အရွက်သွယ်လျနွဲ့နှောင်း ပန်းချီဆန်တဲ့ အလှ သရဖူ ဆောင်းထားပေမဲ့ ဆူး အပေါင်း ခြံရံနေတဲ့ ထနောင်း ဟာ ပုဂံမြေ ရောက်လာသူတိုင်း အတွက် အေးရိပ်ပေးနိုင်တာ သေချာပေမဲ့ ဘုရားဝင် ဖူးဖို့အတွက် စီးလာတဲ့ ဖိနပ်ကို ကားထဲမှာ ထားခဲ့သူ ကျွန်တော့် အတွက်ကတော့ ထနောင်းရိပ်က ဆူးဟာ အဆိပ်လူးထားသလို ဖြစ်သွားခဲ့ရပါတယ် ။ ခြေဖဝါးက ဆူးချောင်းကို ဆတ်ခနဲ ဆွဲနုတ်လိုက်ပေမဲ့ ဆူးစက ကျန်ရစ်နေဆဲမို့ စိတ်ကသိ ကအောက် ဖြစ်ရတာလည်း အမှန်ပါပဲ ။ ဘာပဲပြောပြော အာနန္ဒာဘုရားရဲ့ မျက်စောင်းထိုး ခပ်လှမ်းလှမ်းမှာရှိတဲ့ ထနောင်းပင် ၊ တမာပင်တွေနဲ့ အရိပ်အာဝါသ ကောင်းတဲ့ စားသောက်ဆိုင် တစ်ဆိုင်ကတော့ အဆင့်မီဝန်ဆောင်မှု တချို့နဲ့အတူ ဘုရားဖူးဧည့်သည်တွေကို စိတ်ကျေနပ်မှုပေးစေတာ သေချာပါတယ် ။ ဈေးနှုန်း လည်း သင့်တင့်တယ်လို့ ပြောရင်ရပါတယ် ။ ဒါပေမဲ့ ဆိုင်ရှေ့ဘက် ကားပါကင်နား လောက်မှာ ကယ်ပါ ယူပါ တစာစာ အော်ဟစ်ရင်း တောင်းရမ်းစားသောက်နေတဲ့ လူသားတချို့ ရှိနေခဲ့ပြန်ပါတယ် ။ ထမင်းစား ၊ အချို တည်းပြီး နောက်မှာတော့ အတူပါလာတဲ့ ခရီးဖော်တွေ ကို ဆိုင်ထဲ ထားရစ်ခဲ့ရင်း ကျွန်တော် အာရုံကျတဲ့ နေရာဆီ လှမ်းထွက်ခဲ့မိတာပါပဲ ။

စုတ်ဖွာနီကြင်လွန်းပြီး သဘာဝအတိုင်း ပေါက်နေပုံရတဲ့ ဆံပင်ပုံစံ ခပ်ဆိုးဆိုးတွေ က ကလေးသုံးယောက်ကို ရုပ်ထွက် ညံ့စေသလို ညစ်ထေးထေး အဝတ်အစားနဲ့ ဖိုးရိုးဖားရား ဖြစ်နေတဲ့ မအေကိုယ်တိုင်ကြောင့် ပုဂံခေတ်ကျောက်စာထဲက ကြောက်စရာ အမည်သညာစာသားတွေကို အမှတ်ရလာခဲ့ပါတယ် ။ နို့စို့ကလေးက တစ်ယောက် ၊ သုံးလေးနှစ်အရွယ် သမီးမိန်းကလေး တစ်ယောက် ၊ ငါးနှစ် ၊ ခြောက်နှစ်အရွယ် သားယောကျ်ားလေး တစ်ယောက်ကတော့ မအေ စီမံရာကို နာခံနေကြရပုံပါပဲ ။ ခပ်ညစ်ညစ် လွယ်အိတ်တစ်လုံး လွယ်ထားတဲ့ မအေလက်ထဲက ခွက်ကို မသိမသာ အကဲခတ်ကြည့်လိုက်တဲ့အခါမှာ တော့ မြန်မာငွေစက္ကူတချို့နဲ့ တစ်ဒေါ်လာတန် လေး ၊ ငါး ၊ ခြောက်ရွက်လောက် ရှိနေတာကို အတိုင်းသား မြင်ရပါတယ် ။ ကလေးနှစ်ယောက် ခွက်ထဲက ငွေစက္ကူတွေကိုတော့ မအေကပဲ ဆွဲယူသိမ်း ဆည်းလိုက်တာမျိုးပါ ။ အသက်အရွယ်ငယ်ငယ် ၊ ကိုယ်လက်အင်္ဂါ သန်သန်စွမ်း စွမ်းနဲ့ တောင်းစားနေတတ်သူတွေကို ပိုက်ဆံထည့်လေ့ မရှိတဲ့ ကျွန်တော် ကတော့ အဲဒီ သားအမိကို တစ်ကျပ်တစ်ပြားမှ မထည့်ဖြစ်ဘဲ စိတ်ဝင်စားတဲ့ ပုံစံနဲ့ စိုက်ကြည့်နေခဲ့မိပါတယ် ။ ကျွန်တော့် အကြည့်ကို ဘယ်လို သဘောပေါက်သွားမှန်း မသိတဲ့ မအေ ဖြစ်သူ ကတော့ ကျွန်တော့်ရှေ့ ရောက်လာခဲ့တာပါပဲ ။

“ အစ်ကိုကြီးရယ် ၊ ကျွန်မတို့ သားအမိကို ... ”

ကယ်ပါ ယူပါ တစာစာ နဲ့ အော်ဟစ်ပြောဆိုရင်း တောင်းရမ်းနေရှာတဲ့ အဲဒီ အမျိုးသမီးရဲ့စကားသံတွေ ဟာ ကျွန်တော့် နားထဲကို ခါးသီးစွာနဲ့ ဝင်ရောက်လာခဲ့ပါတယ် ။ အသက်သုံးဆယ် ထက် ကျော်နိုင်ပုံ မရသေးတဲ့ အဲဒီ အမျိုးသမီးရဲ့ မိသားစုဘဝကို စိတ်ဝင်စားစပြုလာတာတော့ သေချာပါတယ် ။ ပိုပြီး သေချာတာကတော့ ဆံပင်ညှပ် ၊ ရေမိုးချိုး ၊ သနပ်ခါးလိမ်းပြီး ဝတ်ကောင်းစားလှ တချို့နဲ့ ပြုပြင်ပေးလိုက်မယ် ဆိုရင် ရုပ်ထွက် မညံ့နိုင်တဲ့ ကလေးသုံးယောက်ရဲ့ ရှေ့ရေး အတွက် ကျွန်တော့်ဘက်က ရင်မောနေရတာလည်း အမှန်ပါပဲ ။

“ ကလေးတွေက ငါ့ညီမရဲ့ သားသမီးအရင်းတွေ လား ။ သူတို့ အဖေကော မရှိတော့ဘူးလား ”

ကျွန်တော့် အမေးစကား ကို ဘာတစ်ခွန်းမှ ပြန်မဖြေဘဲ လှည့်ထွက်သွားတဲ့ အမျိုး သမီးရဲ့လုပ်ရပ်ကြောင့် တစ်စုံတစ်ခုကို သဘောပေါက် သလိုလို ဖြစ်သွားခဲ့ရပါတယ် ။ လက်ရှိ အခြေအနေအရ ကျွန်တော် သိချင်နေတာက သူတို့ မိသားစုအကြောင်း ။ သူ လိုချင်နေတာက ပိုက်ဆံ ။ ကျွန်တော်တို့ နှစ်ယောက် ကြားမှာ နားလည်မှုရှိရှိနဲ့ အပေးအယူ တစ်ခုခု လုပ်မှ ကျွန်တော် သိချင်တာ သိရမယ့် သဘောပါ ။

အိတ်ကပ်ထဲက ငါးရာတန်တစ်ရွက်ကို အဲဒီအမျိုးသမီး ခွက်ထဲ သွားထည့်မိပြီး နောက်မှာတော့ ဆုတွေ အများကြီးပေးမလို့ ဟန်ပြင်လာတဲ့ အတွက် ကျွန်တော့် ဘက်ကပဲ လက်ကာပြလိုက်ရင်း သိချင်နေတဲ့ ကိစ္စတွေ ထပ်မေးကြည့်ရပါတယ် ။

“ သုံးယောက်စလုံး ကျွန်မကလေးတွေပါပဲ အစ်ကိုကြီးရယ် ၊ သူတို့အဖေက တော့ ရေသန့်ဘူးခွံ လိုက်ကောက်ပါတယ် ။ နေတာကတော့ ပုဂံမြို့သစ်ထဲက ကျူးကျော်တဲမှာပါပဲ ”

သေချာစေချင်တဲ့ သဘောကြောင့်သာ မေးကြည့်ရပေမဲ့ ကလေးသုံးယောက်စလုံးရဲ့ မျက်နှာပေါက်တွေက မအေဖြစ်သူနဲ့ ခပ်ဆင်ဆင်မို့ မိသားစုအရင်းခေါက်ခေါက်တွေမှန်း ကျွန်တော့်စိတ်က ကြိုတင်သိနှင့်နေပြီးသားပါ ။ ဒါပေမဲ့ ... ။

“ ကလေးတွေကို ဘာ ဖြစ်လို့များ တောင်းစားခိုင်းနေရတာလဲ ငါ့ညီမရယ် ၊ ဒီအရွယ်က ကျောင်းနေရမယ့်အရွယ်တွေလေ ။ ကျောင်းမထားဘူးလား ”

“ ကျောင်းထားပါ တယ် ၊ အကြီးကောင်က တစ်တန်းတက် နေပြီလေ ။ အလတ်မကတော့ ကျောင်းမနေရသေးဘူး ။ ကျောင်းပိတ်ရက်မို့ တောင်းခိုင်းနေတာပေါ့ ။ ကျောင်းဖွင့်ရက်ဆို မတောင်းခိုင်းပါဘူး ”

“ ဗျာ ”

အမျိုးသမီးရဲ့ စကားကြောင့် အံ့သြသွားရတာ သေချာပါတယ် ။ သူ ပြောပုံအရ ကျောင်းပိတ်လို့ တောင်း စားခိုင်းရတဲ့ ကိစ္စဟာ သိပ်ပြီး မထူးဆန်းလှတဲ့ လုပ်ရိုးလုပ် စဉ် အလုပ်တစ်ခုဖြစ်နေတဲ့ ပုံစံမျိုးပါ ။ ရင်ထဲမှာ မတင်မကျနဲ့ ကလေးတွေရဲ့ ဘဝရှေ့ ရေးကို သူ့ထက် ပိုပြီး စိတ်ပူသွားတဲ့ ကျွန်တော်ကတော့ -

“ ကလေးတွေ ကို တောင်းမစားခိုင်းပါနဲ့လား ငါ့ညီမရယ် ။ ငါ့ညီမ ပုံစံ ကြည့်ရသလောက်ကတော့ ကျန်းကျန်းမာမာနဲ့ သန်သန်စွမ်းစွမ်းပါပဲ ။ ပုဂံမှာ လုပ်စရာ အလုပ်တွေ တစ်ပုံကြီးရှိတယ်ဆိုတာ ငါ့ညီမ သိမှာပါ ။ ကလေးတွေ လုပ်လို့ရတဲ့ အလုပ်တွေလည်း ရှိတာပဲ ။ တောင်းစား နေတာထက် ပိုပြီး မသင့်တော်ဘူးလား ငါ့ညီမရဲ့ ။ ကလေးတွေ ကြီးလာရင် ... ”

“ ကျွန်မတို့က တောင်းစားချင်လို့ တောင်းနေတာမျိုး မဟုတ်ဘူး အစ်ကိုကြီးရဲ့ ၊ မျိုးရိုးရှိလို့ တောင်းစားနေရတာ ”

“ ဗျာ ”

ကျွန်တော့်စကား မဆုံးခင်မှာပဲ ပက်ခနဲ ပြန်ပြောလာတဲ့ အမျိုးသမီးရဲ့စကားကြောင့်“ ဗျာ ” တစ်လုံးတည်းနဲ့ ထပ်မံအံ့သြသွားရတာတော့ သေချာပါတယ် ။

“ ဒါဆို ဒီပုဂံမှာ သူ တောင်းစားမျိုးရိုး ၊ ဘုရားကျွန်မျိုး ၊ ကယ်ပါမျိုးဆိုတာတွေ ရှိသေးတယ်ပေါ့ ”

“ ရှိတာပေါ့ အစ်ကိုကြီးရဲ့ ၊ ရှိလို့ တောင်းစားနေတာပေါ့ ။ ဟဲ့ .. ဟဲ့ ၊ ဟိုမှာ ကားတစ်စီး ထပ်ဝင်လာပြီ ၊ အဲဒီဘက် သွားတောင်းကြ ”

ကျွန်တော့် အမေးစကားကို ပြန်ဖြေရင်း သူ့ကလေး နှစ်ယောက်ကိုလည်း တောင်းရမ်းဖို့ တွန်းလွှတ်လိုက်တဲ့ အမျိုးသမီးရဲ့ လုပ်ရပ်ကြောင့် နည်းလမ်းတကျနဲ့ လက်တွေ့ဆန်ချင်တဲ့ ကျွန်တော့်စိတ်ထဲ မှာတော့ ဘဝင်မကျသလို ဖြစ်လာခဲ့တာပါပဲ ။ ဟုတ်သော်ရှိ ၊ မဟုတ်သော်ရှိ ကျောက်စာတွေကြောင့်ပဲ ပြောပြော ၊ ရှေးအစဉ်အဆက် သမိုင်း စကားတွေကြောင့်ပဲ ဆိုဆို လူ့ အဆင့်အတန်း ခွဲခြားတဲ့ ကြားဖူးနားဝ အမည်သညာတွေ ဟာ ဒီခေတ် အထိ ရှိနေတုန်းတဲ့လား ။ လူ့အဆင့်အတန်း အမည်သညာ သတ်မှတ်ချက် ဆိုတာထက် လူတွေရဲ့ ပင်ကိုစိတ်ထား ၊ လူပီသမှုတွေနဲ့ အသိပညာ ၊ အတတ်ပညာတွေကိုသာ အလေးထားရမှာမျိုး မဟုတ်ဘူးလား ။ လူလူချင်း လူကိုလူလို သဘောထားပြီး နိမ့်ပါးနေသူတွေကို ခွဲခြား မဆက်ဆံဘဲ စိတ်ဓာတ်ရေးရာအရ ဆွဲခေါ် ၊ မြှင့်တင်ပေးရမှာမျိုး မဟုတ်ဘူးလား ။ ရှေးစကားအတိုင်း ကိုယ့်အဆင့်အတန်း ကိုယ်ခွဲခြားသတ်မှတ်နေသူတွေ ရှိနေကြတုန်းတဲ့လား ။ ငွေအလွယ်ရလို့ ရှေးအယူအဆ အခေါ် အဝေါ်တွေထဲ နစ်မွန်းချင်ဟန်ဆောင်နေတာကော မဖြစ်နိုင်ဘူးလား ။ အတန်းပညာနဲ့ စာပေဗဟုသုတ မရှိ ၊ ပကတိ ဘဝကို ရှေးအယူအစွဲတွေနဲ့ နစ်မွန်းနေပုံရတဲ့ မအေ ဖြစ်သူ ရဲ့ စိတ်အခံ ၊ အတွေးအခေါ် အယူအဆတွေ လွဲမှားနေတယ်ဆိုတာကို ကျွန်တော့်ဘက်က ဘယ်လို စကားလုံးမျိုးတွေနဲ့ ဆွဲဆောင်စည်းရုံး သိမ်းသွင်းရမှာတဲ့လဲ ။ သိမ်းသွင်းလို့ ရနိုင် ၊ မရနိုင်ဆိုတာကတော့ မသေချာတဲ့ ကိစ္စတစ်ခုပါ ။ သေချာတာတစ်ခု ကတော့ ‘ လှူဒါန်းပေးကမ်းတယ် ’ ဆိုတဲ့ မြန်မာစကား ရှိပေမဲ့ အလွယ်လမ်း လိုက်ပြီး တောင်းစားနေကြတဲ့ ၊ အတွေးအခေါ် အယူအဆတစ်ခုထဲ နစ်မွန်းနေတဲ့ လူသားတချို့ကို အားပေးအားမြှောက် မပြုသင့်ဘူးဆိုတဲ့ စိတ်က ခိုင်မာလာခဲ့တာပါပဲ ။

“ ပေးသူရှိလို့ တောင်း စားသူရှိတယ် ” ၊ “ တောင်းစား သူရှိလို့ ပေးကမ်းစွန့်ကြဲနေကြ တယ် ” ဆိုတဲ့ ဂျာအေး သူ့အမေရိုက် သမားရိုးကျ လူ့စိတ်ထားတွေကို ဆန်းစစ်ကြည့်မိတဲ့ အခါမှာတော့ အကြောင်းပြချက် မခိုင်လုံဘဲ တောင်းလို့ ပေးရတယ်ဆိုတာထက် အမှန်တကယ် လိုအပ်လို့ လိုအပ်တဲ့နေရာ ၊ လိုအပ်တဲ့သူတွေကို ကူညီဖေးမ,လိုက်တာက ပိုပြီး နည်းလမ်းကျ မနေဘူးလား ။ တောင်းတိုင်း ပေးနေရင် ဘာအလုပ်မှ မလုပ်တော့ဘဲ အားအားရှိ တောင်းနေကြမှာမျိုး မဟုတ်ဘူးလား ။ အဲဒီလိုစိတ်ဓာတ်တွေ အစဉ်အဆက် လိုက်ပြီး တောင်းစားသူတွေ အလုပ်ဖြစ် ၊ သက်ဆိုးရှည်နေကြတာမျိုး မဟုတ်ဘူးလား ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်မျက်စိရှေ့မှာ တစာစာအော်ရင်း တောင်းရမ်းနေရှာတဲ့ ကလေးနှစ်ယောက်ရဲ့ မျက်နှာနုနုကလေးတွေကတော့ စိတ်ပျက်လက်ပျက် မလုပ်ချင် လုပ်ချင် ပုံစံမျိုးတွေနဲ့ပါ ။ ပုဂံမြေ အနှံ့ ၊ မြန်မာနိုင်ငံ အနှံ့ တောင်းစား နေကြသူ အများစုကို မတောင်းစားအောင် ၊ တောင်းစားချင်စိတ် မရှိအောင် မကယ်တင်နိုင်တာ သေချာပေမဲ့ ကြုံတုန်းကြုံခိုက် ၊ ဆုံတုန်းဆုံခိုက် ရသလောက် ကယ်တင်ကြည့်မယ်လို့ ဆုံးဖြတ်လိုက်မိတဲ့ ကျွန်တော်ဟာ မအေဖြစ်သူ အနား ရောက်သွားခဲ့ပြီး ခွက်ထဲက ငါးရာတန်တစ်ရွက်ကို ဆတ်ခနဲ ဆွဲယူလိုက်မိပါတယ် ။ ကျွန်တော့်လုပ်ရပ်ကြောင့် အံ့သြသလို ဖြစ်သွားတဲ့ မအေ ဖြစ်သူကတော့ ပါးစပ်အဟောင်းသားနဲ့ ခပ်စူးစူး စိုက်ကြည့်လာခဲ့တာပါပဲ ။ ဖြစ်နေတဲ့ မျက်နှာပေါက်အရ သူ ကျွန်တော့်ကို မကျေနပ်ဘူးဆိုတာ အသိသာကြီးပါ ။ အဲဒီနောက်မှာတော့ ကျွန်တော့် ပိုက်ဆံအိတ်ထဲက ငါးထောင်တန်တစ်ရွက်ကို ဆွဲထုတ်လိုက်ရင်းကပဲ -

“ စောစောက ပေးခဲ့တဲ့ ခွက်ထဲက ငါးရာတန်ကို ပြန်ယူလိုက်တာ စိတ်မဆိုးနဲ့ ငါ့ ညီမ ။ အစ်ကိုက သန်သန်မာမာ ၊ ကျန်းမာရေးကောင်းကောင်းနဲ့ တောင်းစားနေကြ သူတွေကို ဘယ်တော့မှ ပိုက်ဆံ မထည့်တတ်ဘူးဆိုတာ ပြန်သတိရလိုက်လို့ပါ ။ ဒါပေမဲ့ ဒီငါးထောင်တန် တစ်ရွက်ကိုတော့ ငါ့ညီမ ယူပါ ။ ခွက်ထဲ မထည့်ပါနဲ့ ။ ဒီငွေစက္ကူ တစ်ရွက်ဟာ တောင်းစားသူကို ပေးတာမျိုး မဟုတ်လို့ တခြား တစ်နေရာမှာ ထည့်သိမ်းထားပေးပါ ။ ကလေး ကျောင်းပြန်တက်တဲ့အခါ ထမင်းချိုင့် ၊ ရေဘူး ၊ ကျောင်း ဝတ်စုံ ၊ စာအုပ်ဖိုးပဲ ဖြစ်ဖြစ် လိုအပ်တဲ့ နေရာမှာ သုံးဖို့ ကူညီတာပါ ။ တကယ်တော့ ငါ့ညီမရေ ... ဘာမျိုးရိုး ၊ ညာမျိုးရိုး ဆိုပြီး နိမ့်ကျတဲ့ မျိုးရိုး ဆိုတာတွေဟာ ရှေးတုန်းက ရှိကောင်း ရှိနိုင်ပေမဲ့ ဒီခေတ်မှာ မရှိနိုင် ၊ မရှိသင့်တော့တဲ့ ကိစ္စတွေပါ ။ ပုဂံပြည်ကြီး စည်ကားတိုးတက်ဖွံ့ဖြိုးအောင် တည်ထောင်ခဲ့တယ်လို့ ဆိုကြတဲ့ အနော်ရထာမင်းကြီး တောင် ဘယ်ဘဝရောက်လို့ .. ဘာတွေ ဖြစ်နေသလဲ ဘယ်သူမှ အတပ် မပြောနိုင်ပါဘူး ။ ကျန်စစ်သားမင်း လည်း ခုဘဝမှာ အိုနာကျိုးကန်းပြီး တောင်းစား မနေရဘူးလို့ ငါ့ညီမ အတပ်ပြောနိုင်လား ။ သံသရာဆိုတာ အရှည်ကြီးပါ ။ အရင်ဘဝ ၊ လက်ရှိဘဝ ၊ နောက်ဘဝဆိုတာတွေဟာလည်း ကိုယ်ပြုခဲ့တဲ့ ကံအလျောက် အမျိုးမျိုး အဖုံဖုံ ပြောင်းလဲနေကြတာမျိုးပါ ။ သံသရာမှာ ကျင်လည်နေသမျှ လူသားတွေအားလုံး ဆွေမျိုးမတော်သူ မရှိဘူးလို့ ဗုဒ္ဓမြတ်စွာဘုရား ဟောခဲ့ဖူးတာ ငါ့ညီမ ကြားဖူးမှာပေါ့ ။ မကြားဖူးရင်လည်း ခုပဲ သေချာမှတ်ထားလိုက်ပါ ”

“ ဘာမျိုးရိုး ၊ ညာမျိုးရိုး ၊ အဆင့်အတန်း နိမ့်တယ် ၊ မြင့် တယ် ဆိုတဲ့ စကားတွေဟာ ဉာဏ်နုံနည်းသူတွေရဲ့ သတ် မှတ်ချက်ပါ ။ ဘယ်သူမဆို အချိန်တန်ရင် အို ၊ နာ ၊ သေ ကြရတာချည်းပါပဲ ။ ဟောဒီ ပုဂံမြေမှာ ၊ မြန်မာနိုင်ငံမှာ ၊ ကမ္ဘာပေါ်မှာ ရှိသမျှလူသား အားလုံး အတူတူပဲလို့ မှတ်ထားလိုက်ပါ ။ ငါ့ညီမလည်း တောင်းစား မနေပါနဲ့တော့ ။ ပုဂံမှာ လုပ်စရာ အလုပ်တွေ အများကြီးပါ ။ ကလေးတွေကို တောင်းစားမခိုင်းပါနဲ့ ။ ကျောင်းတက်တဲ့အခါ ကလေးတွေ မျက်နှာငယ်ရမယ် ။ သူများ သားသမီးတွေ နှိမ်ချင်ကြမယ် ။ ကလေးတွေကို သနားရင် ၊ ချစ်တယ်ဆိုရင် ကလေးတွေရဲ့ ဘဝရှေ့ရေးအတွက် အညွန့်ချိုးထားသလိုမျိုး မလုပ်ပါနဲ့ ။ တောင်းစားရင် ငွေအလွယ်ရတယ် ဆိုတဲ့ စိတ်ဓာတ်မျိုး သွင်းမပေးပါနဲ့ ။ မျိုးရိုးကြောင့် တောင်းစားနေရတယ် ဆိုရင်လည်း အဲဒီ မကောင်းတဲ့ မျိုးဆက်ကို ကလေးတွေလက်ထဲ မလွှဲခဲ့ပါနဲ့ ။ ငါ့ညီမဟာ မိခင်တစ်ယောက်ပါ ။ ကလေးတွေ အသက်ကြီးလာတဲ့ အထိ မျက်နှာငယ်ရမယ့်အလုပ်မျိုး ဘယ်တော့မှ မလုပ်ပါနဲ့လို့ မှာချင်ပါတယ် ငါ့ညီမရယ် ”

ကျွန်တော့်စကား အဆုံးမှာပဲ ဖျတ်ခနဲ မျက်လွှာချသွားတဲ့ အမျိုးသမီးဟာ ငါးထောင်တန်တစ်ရွက်ကို လွယ်အိတ်ထဲ ထည့်လိုက်ရင်းကပဲ မျက်ရည်ဝဲသလိုလို ဖြစ်သွား ခဲ့ပါတယ် ။ ခန့်မှန်းကြည့်ရ သလောက် ဘယ်သူမှ ကျွန်တော် ပြောသလို သူ့ကို မပြောခဲ့ကြဘူးလို့ ယူဆရတာပါပဲ ။ အဲဒီနောက်မှာတော့ ကလေးနှစ်ယောက်ကို ဆတ်ခနဲ ဆွဲခေါ်ပြီး နှေးတုံ့လေးကန်နေတဲ့ ခြေလှမ်းတွေနဲ့ ကျွန်တော့် ရှေ့ကနေ တရွေ့ရွေ့ ထွက်ခွာသွားခဲ့ကြပါတယ် ။ ဆိုင်အပြင်က နေပြီး ခရီးဖော်တွေ ထွက်အလာကို စောင့်နေမိတဲ့ ကျွန်တော် ကတော့ ပူပြင်းတဲ့ နေရောင်ခြည်ဒဏ်က ကာကွယ်ဖို့အတွက် တမာပင်ရိပ်အောက်မှာ ခိုနားရင်း ၊ ထွက်ခွာသွားရှာတဲ့ မိသားစုဝင် လေးယောက်ရဲ့ ကျောပြင်ကို ငေးကြည့်ရင်း ၊ ခြေဖဝါးက မနုတ်ရသေးတဲ့ ထနောင်းဆူးစကို သတိရရင်း အဆိပ် ပြယ် စ,ပြုလာတာတော့ အမှန်ပါပဲ ။

••••• ••••• •••••

၃ ။

ညနေစောင်းလို့ ညောင်ဦးမြို့က အထွက်မှာတော့ နေချိုစပြုနေပြီဖြစ်တဲ့ အတွက် ရောက်စကလို သိပ်မပူတော့ပေမဲ့ အပူငွေ့လက်ကျန်ကတော့ ရှိနေဆဲပါပဲ ။ ခြောက်သွေ့ပြီး စည်ကားသက်ဝင်လွန်းတဲ့ ပုဂံ ။ မြင့်မား ၊ ခံ့ညား ၊ ထည်ဝါလွန်းတဲ့ စေတီပုထိုးများနဲ့ ကျက်သရေရှိတဲ့ ပုဂံ ။ ရှေးဟောင်းယဉ် ကျေးမှု အနုလက်ရာတွေနဲ့ လှပလွန်းတဲ့ ပုဂံကတော့ လမ်းဘေးဝဲယာ ရှုခင်းတွေနဲ့ အတူ ကျွန်တော်တို့ စီးလာ တဲ့ ကားနောက်မှာ တရိပ်ရိပ် ကျန်ရစ်ခဲ့ကြပါပြီ ။

သေချာတာကတော့ ပုဂံ က ဘုရား ၊ စေတီ ၊ ပုထိုးများစွာနဲ့ ရှေးဟောင်းအမွေအနှစ် အနုလက်ရာတွေကို မပျောက်ပျက်အောင် ၊ အရှည်တည်တံ့ခိုင်မြဲအောင် နည်းစနစ်တကျ ကယ်တင်ရပါမယ် ။ ပုဂံကို အမှီပြုပြီး နည်းမျိုးစုံနဲ့ စီးပွားရှာနေကြသူတွေ အများကြီး ရှိပေမဲ့ ဘာမျိုးရိုး ၊ ညာမျိုးရိုး စသဖြင့် ရှေးယခင်ကတည်းက ရှိခဲ့ပြီးသား အရိုးစွဲအယူသီးမှု ၊ လူတန်းစား ခွဲခြားမှု အတွေးအခေါ်တွေကို ခေတ်နဲ့ အညီ ပြောင်းလဲအောင် ကယ်တင်ကြရပါမယ် ။ အယူသီးမှု ကို ဗန်းပြပြီး အဲဒီနောက်က ကပ်ပါလာတဲ့ အခြေခံ စိတ်ဓာတ်ဆိုးတွေကြောင့် ငွေ အလွယ်ရစေမယ့် နည်းလမ်းတွေနဲ့ ဘုရားအဆူဆူမှာ တောင်းရမ်းစားသောက်နေရှာတဲ့ ကလေးသူငယ်တွေရဲ့ အနာဂတ်ဘဝ လှပဖို့အတွက် မိဘ ၊ ဆရာ ၊ အုပ်ထိန်းသူတွေ နဲ့ ကျွန်တော် အပါအဝင် တာဝန်ရှိသူ အားလုံး တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ကယ်တင်ကြရပါမယ် ။ ပိုပြီး သေချာတာကတော့ ပြည်သူပြည်သား အများစုရဲ့ အစစအရာရာ နစ်မွန်းနိမ့်ကျနေတဲ့ စိတ်ဓာတ် ၊ အတွေးအခေါ် အယူအဆနဲ့ ဘဝအခြေအနေတွေကို ကူညီဖေးမ မြှင့်တင်ပေးပြီး အနာဂတ်နိုင်ငံတော် သာယာလှပအောင် ပြည်သူ ပြည်သားအားလုံး စုပေါင်း ကယ်တင်ကြရပါဦးမယ် ။

ဘာပဲဖြစ်ဖြစ် ပုဂံ ၊ ညောင်ဦး ၊ မြင်းခြံ ၊ မန္တလေး အဝေးပြေးလမ်းမကြီးရဲ့ဘေး တစ်ဖက်တစ်ချက်မှာ မကြာမကြာ ပေါ်လာတတ်တဲ့ ကလေးတွေကတော့ မျှော်လင့်ချက်မျက်နှာကလေးတွေနဲ့ တစာစာ အော်ဟစ်ရင်း လက်ပြ တောင်းဆိုနေကြဆဲ ။ ကားပေါ်က ကျလာတဲ့ တစ်စုံတစ်ခုကို အသက်အန္တရာယ်ကိုမျှ မမှုဘဲ စုပြုံတိုးဝှေ့ လုယက်နေကြဆဲ ။ ကားပေါ် ကနေပြီး ဘာတစ်ခုမှ ကျ မလာခဲ့ရင်တော့ မျှော်လင့်ချက် မျက်နှာသေကလေးတွေနဲ့ ကားလမ်းဘေးတစ်လျှောက် ငေးငိုင်ရပ်ကျန်ရစ်ခဲ့ကြဆဲ ။

▢  ထွန်းတောက်ထွဋ် ၊ သင်္ချာ ၊
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဇွန် ၊ ၂၀၁၉