Showing posts with label ရဲသျှမ်း. Show all posts
Showing posts with label ရဲသျှမ်း. Show all posts

Friday, April 10, 2026

အမျက်ဆူး


 

❝ အမျက်ဆူး ❞
     ( ရဲသျှမ်း )

[ ၁ ]

ကျွန်တော့် ဒုရုံပိုင်ချုပ် ရုံးခန်းလေးထဲကို ဝင်လာတဲ့ သူ့ကို ကျွန်တော် ချက်ချင်းပဲ မှတ်မိလိုက်ပါတယ် ။ ကျွန်တော် ရုံပိုင်လေးဘဝက တွဲလုပ်ခဲ့ဖူးတဲ့ ရုံပိုင်ကြီးပဲလေ ။ ကျွန်တော် ဘယ်လိုမှ မေ့နိုင်မှာ မဟုတ်ပါ ။

“ ကျွန်တော် အငြိမ်းစား ရုံပိုင်ကြီးပါ ။ ပြည်ကို ဒီနေ့ထွက်မယ့် ရထားလက်မှတ် လေးစောင်လောက် ကူညီပါ ။ ကျွန်တော် ကတော့ ဝယ်မစီးတော့ဘူး ။ ဒီအတိုင်း ပြောစီးပါ့မယ် ”

သူ ကျွန်တော့်ကို မမှတ်မိဘူးလား ။ သူ မမှတ်မိတာကိုပဲ ချော်လဲရောထိုင်လိုက်ရမလား ။ ဒါမှမဟုတ် အတိတ်ကို နှိုးဆွ နှုတ်ဆက်လိုက်ရမလား ။

“ ရုံပိုင်ကြီး ထိုင်ပါဦး ။ ကျွန်တော် အဆင်ပြေအောင် စီစဉ်ပေးပါ့မယ် ”

သူ တန်းလျားလေးပေါ် ထိုင်နေချိန်မှာ သူ့ သွင်ပြင်ကို ကျွန်တော် အသေးစိတ် လေ့လာနေမိပါ တယ် ။ သူ တော်တော့်ကို နွမ်းလျ အိုစာနေပါပြီ ။ ကျွန်တော့်ကိုတော့ သူ မှတ်မိဖို့ ကောင်းပါတယ် ။ တစ်ဘူတာတည်းမှာ လနဲ့ချီ အတူ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တစ်ယောက်ကို မေ့လျော့သွားတာ ကျွန်တော် နားလည်ရ ခက်နေပါတယ် ။ တကယ်ပဲ မမှတ်မိတော့တာလား ၊ မမှတ်မိချင်ယောင် ဆောင်နေတာလား သူမှပဲ သိမှာပါ ။ အခုတော့ သူ ကျွန်တော့်ကို မမှတ်မိဘူးလို့ပဲ ကောက်ချက်ချရတော့မှာပါပဲ ။ သူ မမှတ်မိတော့ပေမယ့် သူနဲ့ ကျွန်တော့် ဆက်နွယ်မှု အားလုံးကိုတော့ ကျွန်တော်က အသေးစိတ် မှတ်မိနေပါတော့တယ် ။

••••• ••••• •••••

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝ ခန့်က တိတိကျကျ ပြောရရင် ၁၉၉၃ ခု ၊ ဇွန်လမှာ တောင်ပေါ်ဒေသ ရထားလမ်းရဲ့အစ မြေပြန့်ဘူတာလေးမှာ ကျွန်တော် ဒုရုံပိုင် အဖြစ် ခေတ္တ တာဝန်ထမ်းဆောင် နေရပါတယ် ။ အမြဲတမ်း တာဝန်ကျ ဒုရုံပိုင်က ရထား မတော်တဆမှုနဲ့ ရာထူးက ရပ်စဲထားရတဲ့ အတွက် ကျွန်တော်က ဘူတာကြီး ကနေ လာဆင်းပေးရတာပါ ။ ရုံပိုင်ကြီးက အခု ကျွန်တော့်ရှေ့ တန်းလျားလေးပေါ် ထိုင်နေတဲ့ သူပါပဲ ။

အဲဒီအချိန်က အောင်ပန်း - ပင်လောင်းလမ်း ဖောက်နေချိန်မို့ ကျွန်တော် တာဝန်ကျ ဘူတာလေးမှာ သံလမ်းတွေ အပြောင်းအရွှေ့လုပ်ရပါတယ် ။ သင်္ဘောကြီးတွေနဲ့ ရောက်ရှိလာတဲ့ သံလမ်းတွေကို ရန်ကုန် ကနေ မြေပြန့်တွဲတွေနဲ့ ကျွန်တော်တို့ ဘူတာလေးကို ရောက်လာပါတယ် ။ အဲဒီ သံလမ်းတွေကို တောင်ပေါ် တွဲလို့ ခေါ်တဲ့ ဘရိတ်ကိရိယာ အပြည့်အစုံ တပ်ဆင် ထားတဲ့ တွဲပေါ် ပြောင်းတင်ရပါတယ် ။ တောင်ပေါ်တွဲ အဆင်သင့် မဖြစ်ပေးတဲ့အခါ မြေပေါ် ပုံရပါတယ် ။ ဘူတာရှေ့မှာ ‘ သစ်ကွင်း ’ လည်း လုပ်ထားတာမို့ ကုမ္ပဏီအသီးသီးက သစ်လုံး မျိုးစုံလည်း စုပုံထားပါတယ် ။ မြေပြန့်တွဲ ပေါ်က သံလမ်းတွေ ချပြီးတဲ့ အခါ သစ်လုံးတွေ ပြန်တင်ပြီး တစ်ခေါင်းချိတ် ( စက်ခေါင်း အပိုင်ထား/ သစ်တင်တွဲ အားလုံး ချိတ်ဆွဲ ) နဲ့ ထွက်ခွာရတာ ဖြစ်ပါတယ် ။

ဒီတော့ ဘူတာလေးက အရမ်း အလုပ်များပါတယ် ။ အလုပ်များသလို အဘက်ဘက်ကလည်း အဆင်ပြေလှပါတယ် ။ သံလမ်းတွေ တင်ထားတဲ့ မြေပြန့်တွဲတွေ ဘူတာကို ရောက်လာတာနဲ့ သစ်လုံးတင်တဲ့ ကလပ်လို့ ခေါ်တဲ့ ဂဏန်းလက်မ စက်ယန္တရားကြီးတွေနဲ့ သံလမ်းတွေ တွဲပြောင်း ( သို့မဟုတ် ) မြေပုံရပါတယ် ။ ဒီအခါမှာ သံလမ်းတင် တွဲပေါ်က ဇင်တုံး အဖြစ် အသုံးပြုတဲ့ ဇလီဖားတုံးအဟောင်းတွေ တစ်တွဲကို ၁၂ တုံးခန့် ပါလာတတ်ပါတယ် ။ ရုံပိုင်ကြီးနဲ့ စောစောက ရာထူးရပ်စဲ ခံထားရတဲ့ ရုံပိုင်လေးတို့ ကိုယ်တိုင် အပြင် မိသားစုတစ်စုလုံး ဖားတုံးတွေကို အလုအယက် ထမ်းပိုးပြီး အိမ်ကို သယ်ကြပါတယ် ။ သံလမ်းအလုပ်သမားတွေ ၊ ဝန်ထမ်းငယ် ဖြစ်တဲ့ လမ်းခွဲကိုင်တွေက ငေးကြည့်နေရလောက်အောင်ကို အလုအယက် အော်ဟစ် သယ်ယူကြတာပါ ။ ကျွန်တော်ကတော့ ဘူတာလေး ထဲမှာ တစ်ဖက်တစ်ချက်က ရောက်လာမယ့် ရထားတွေ အတွက် လမ်းရှင်း အပေးအယူ လုပ်ရင်း အလုပ်တွေနဲ့ ရှုပ်ထွေး နေတတ်ပါတယ် ။ သူတို့ ဖားတုံးလုပွဲကြီး ပြီးပြီ ဆိုရင်တော့ ကျွန်တော်က ရောက်ရှိလာတဲ့ သံလမ်း အရေအတွက် တွဲနံပါတ် တစ်တွဲချင်း တိုက်ဆိုင် စစ်ဆေး လယ်ဂျာသွင်း ၊ တောင်ပေါ် ပြန်တင်တဲ့ တွဲနံပါတ်နဲ့ သံလမ်း အရေအတွက် စာရင်း လုပ်တော့လည်း အားလုံးကို ကျွန်တော် လုပ်ရတာပါပဲ ။ အဲဒီအချိန်မှာ ရုံပိုင်ကြီးက ဖားတုံး ထမ်းရလို့ အမောဖြေနေတာပါ ။ အညာဒေသမို့ ဇွန်လရဲ့အပူချိန် ပြင်းထန်လွန်းတော့ သူ့ခမျာ မောရှာမှာပါပဲ ။ မြေပြန့်တွဲတွေကနေ သံလမ်းတွေ ချပြီးတဲ့အခါ သစ်လုံးတွေကို ကလပ်ကြီးတွေနဲ့ ပြန်တင်ပြီး ရန်ကုန်ကို ( အဲဒီကနေ သင်္ဘောကြီးတွေဆီ တင်မှာပါ ) တစ်ခေါင်းချိတ် သစ်လုံးရထားကြီး ထွက်ခွာဖို့ စီစဉ်ရပါတယ် ။ တွဲတွေကို လမ်းခွဲကိုင် နှစ်ယောက်နဲ့ ဖွဲ့ဆင် ၊ ပုံမှန်ရထားတွေ အန္တရာယ်ကင်း ၊ ကြန့်ကြာမှု မရှိအောင် ဆောင်ရွက်နဲ့ ကျွန်တော် မနားတမ်း လှုပ်ရှားနေချိန်မှာ ရုံပိုင်ကြီးက သစ်ကုမ္ပဏီဝန်ထမ်းတွေကို အိမ်ပေါ် ခေါ်ထားပြီး တန်ဆာဆွဲပါတယ် ။ သစ်လုံး တန်ဆာဆွဲတာကို သူက အိမ်ပေါ်မှာ လုပ်ပါတယ် ။ ဘူတာထဲမှာ မလုပ်ပါ ။

“ ရုံပိုင်လေးရာ တစ်တွဲကို တန်ဆာတစ်စောင် ဆွဲရတာ ၁၆ တွဲ ဆိုတော့ လက်ကို အံသေရော ။ အလကားပါဗျာ ။ ဘောလ်ပင်မင်ကုန် ၊ ကာဗွန်ကုန်တာပဲ အဖတ်တင်တယ် ”

ကျွန်တော် ရယ်နေလိုက်ပါတယ် ။ ကုမ္ပဏီက လူတွေနဲ့ ကျွန်တော် သစ်လုံး တင်နေတဲ့ အချိန်မှာ စကားပြောဖူးပါတယ် ။ သူတို့က ဘူတာဝန်ထမ်းတွေကို Service အနေနဲ့ တစ်တွဲတစ်ထောင် ပေးထားတယ်လို့ ဆိုပါတယ် ။

ရာထူး ရပ်စဲခံရတဲ့ ရုံပိုင်လေးကလည်း ညနေ ငွေစာရင်းပိတ်ချိန်မှာ ဘူတာကို တက်လာပြီး နေ့စဉ် ဝင်ငွေစာရင်းကို လှန်လှောကြည့်ရှုပါတယ် ။ အဲဒီအခါမှာ ရုံပိုင်ကြီးက ပျာပျာသလဲ ဖြစ်နေတတ်ပြီး နောက်တော့လည်း သူတို့ချင်း ရယ်လို့မောလို့ ချစ်ကြည်ရေးရ ပြေလည်သွားပါတော့တယ် ။

ကျွန်တော်က ဘူတာကြီး ကနေ ဘူတာလေးကို ခေတ္တ လာဆင်းရတာမို့ စားအိုးစားခွက် မပါ ၊ ပါဦးတော့လည်း ချက်ပြုတ်စားဖို့ အဆင် မပြေပါဘူး ။ ဒါ ကြောင့် ရန်ကုန် - ရွှေညောင် ရထားနဲ့ ကျွန်တော့် ဇနီးသည်က ထမင်းချိုင့် ထည့်ပေးတတ်ပါတယ် ။ အဲဒီ ရထားက ဘူတာလေးမှာ မရပ်ပါဘူး ။ ဂါတ်ဗိုလ်ကြီးက ထမင်းချိုင့်ကို တွဲလောင်းချ ရမ်းပြတာကို ကျွန်တော်က ဆီးဖမ်းရတာပါ ။ တစ်ရက်ကျတော့ ရန်ကုန် ရထားက တော်တော် နောက်ကျပါတယ် ။ နေ့လယ် ၂ နာရီလောက် အထိ ဘူတာကြီး ကိုတောင် မရောက်သေးပါဘူး ။ ကျွန်တော် နေ့လယ်စာ တော်တော် လွန်နေပါပြီ ။ တောဘူတာလေး ဖြစ်တာမို့ ဝယ်စားစရာ ဆိုင်လည်း မရှိပါ ။ ကားလမ်းဘက်မှာ လက်ဖက်ရည်ဆိုင်လေး ရှိပြီး မနက်ခင်း တစ်ချိန်လေးသာ ဖွင့်တာမို့ ကျွန် တော့်မှာ ဗိုက်ဆာဆာနဲ့ ငြိမ်ကုပ် နေရပါတယ် ။ ဒီအချိန်မှာ ရုံပိုင်ကြီး ခေါင်းအုံးတစ်လုံး ပိုက်ပြီး ဘူတာထဲ ဝင်လာပါတယ် ။

“ ရုံပိုင်လေး ထမင်းချိုင့် ရောက်ပြီလား ”

“ ရထား မလာသေးဘူး ။ ကျွန်တော်တော့ အူလိမ် နေပြီဗျာ ”

“ အင်း အင်း ၊ အိမ်ထဲက အရမ်းပူတယ်ဗျာ ။ ဒါကြောင့် ဘူတာထဲ အိပ်မလို့ ဝင်လာတာ ”

ကျွန်တော် တန်းလျားလေးပေါ် လှဲနေရာက အလိုက်တသိ ထပေးလိုက်ရပါတယ် ။ ကျွန်တော် တစ်ညလုံး တာဝန်ထမ်းဆောင်ထားတာမို့ သက်သောင့်သက်သာ အနားယူဖို့ လိုအပ် နေပေမယ့် တစ်ခုတည်းသော တန်းလျားလေး ပေါ်ကနေ စိတ်လက်ပေါ့ပါးစွာပဲ ဖယ်ရှားပေးနိုင်လိုက်ပါတယ် ။ အဲဒီနေ့က ရထား ညနေ ၆ နာရီလောက်မှ ရောက်လာတာမို့ နေ့လယ် စာနဲ့ ညစာ ပေါင်းစားလိုက်ရပါတယ် ။ ကျွန်တော် အံ့သြတာက သူ ကျွန်တော့်ကို ထမင်းတစ်နပ် ကျွေးဖို့ စိတ်မကူးနိုင်တာကိုပါပဲ ။ ဟန်ဆောင်ပြီးတော့တောင် ပဋိသန္တာရစကား မဆိုပါ ။ သူ ထမင်းကျွေးလည်း ကျွန်တော်က စားမှာလည်း မဟုတ်ပါ ။ သူတို့ က အမဲသားကို စုံစုံမက်မက် စားနေတာကို ကျွန်တော်က သိနေပါတယ် ။ ဘူတာကို လာရောင်းတဲ့ အမဲသားသည် ဆီက သူတို့ နေ့စဉ် ဝယ်တာ မြင်နေရတာကြောင့် လည်း ဖြစ်ပါတယ် ။

ဒီလိုနဲ့ပဲ ဘူတာလေးမှာ နေ့နေ့ညည နှစ်လကျော် အလုပ်ဆင်းပြီး လမ်းဖောက်ရေး စီမံကိန်း ပြီးတဲ့ အခါ ဘူတာကြီး ဆီကို ကျွန်တော် ပြန်ရပါတယ် ။ ဘူတာလေးဆီကို နောက်ထပ် ဒုရုံပိုင်အသစ် ထပ်ရောက်လာလို့ပဲ ဖြစ်ပါတယ် ။ ကျွန်တော် မှတ်မိနေတာက သံလမ်းတွဲပေါင်း ၁၅ဝ ကျော်မို့ သစ်လုံးတွဲလည်း ၁၅ဝ ကျော် တင်ပို့ပေးနိုင်လိုက်တာပါပဲ ။

နောက်တစ်လလောက် ကြာပြီးတဲ့အခါ ဘူတာလေးရဲ့ အမင်္ဂလာ သတင်းတွေကို မကြားလိုဘဲ ကြားနေရပါတယ် ။ ရုံပိုင်ကြီးရဲ့ ခယ်မလေးက ဘူတာရှေ့ သစ်ကွင်းမှာ ရုံပိုင်ကြီးရဲ့ သမီးငယ်လေးကို ထိန်း ရင်း သစ်လုံး ပြိုကျပိပြီး ပွဲချင်းပြီး သေသွားတာပါ ။ ရုံပိုင်ကြီးရဲ့ သမီးလေး ကတော့ ကံကောင်းထောက်မစွာ လွတ်သွားပါတယ် ။

နောက်ရောက်လာတဲ့ ဒုရုံပိုင်က ရာထူးရပ်စဲ ခံရတဲ့ ရုံပိုင်လေးကို ဘူတာလုပ်ငန်းတွေ ဝင်ရောက် မစွက်ဖက်ဖို့ တားဆီးတာမို့ ရုံပိုင်ကြီးမှာ လက်ရှိ ရုံပိုင်လေးနဲ့ သူ မလွန်ဆန်နိုင်တဲ့ ရာထူးရပ်စဲ ခံထားရတဲ့ ရုံပိုင်လေး ကြားမှာ ဗျာများနေတော့တာပါပဲ ။ ရာထူး ရပ်စဲခံရတဲ့ ရုံပိုင်လေးကလည်း ဘယ်လို အညှာ ကိုင်ထားလဲ မသိပါ ။ သူ့ခမျာ မရုန်းသာ မဖယ်သာနဲ့ သောက ခြေရာတွေ ထပ်နေတယ်လို့ ကဗျာဆန်ဆန် ဆိုရမှာပါပဲ ။

နောက်ထပ် ကြားရတာက သူ့တတိယဇနီး ( ပထမ ၊ ဒုတိယတွေက ဘယ်ဆီ ရောက်နေလဲတော့ မသိပါ  ။ ) ဆေးရုံတက်ရတာပဲ ဖြစ်ပါတယ် ။ ပုသိမ်မှာ ဆေးရုံတင်တာမို့ သူ အမြန်သွားရောက်ဖို့ တိုင်းအရာရှိတွေဆီမှာ မရမက ခွင့်တောင်းပါတယ် ။ ဒီအချိန်မှာ လက်ရှိ ရုံပိုင်လေးကလည်း ရာထူးတိုးမြှင့် ဖြေဖို့ မန္တလေးကို ရောက်နေပါတယ် ။ မဖြစ်မနေ ခွင့်ပေးရမယ့် ကိစ္စ ဖြစ်နေတာကြောင့် တိုင်းရုံးက သူ့ကို ခွင့်ပေး ပြီး ကျွန်တော့်ကို ခေတ္တ သွားရောက်ဆင်းဖို့ လွှတ်ပါတယ် ။ ကျွန်တော့်မှာ ဘူတာကြီးကနေ ညဂျူတီ အပြီး မနားရဘဲ ဘူတာလေးဆီ ထွက်လာရတော့တာပေါ့ ။ ကျွန်တော် ဘူတာ ရောက်တော့ သူ အထုပ်အပိုး ပြင်ဆင်ပြီး ရထားကြုံတောင် မစောင့်ဘဲ ကားကြုံနဲ့ ဘူတာကြီးဆီ လိုက်သွားပါတယ် ။ မနက် ရထားနဲ့ ရန်ကုန် ဆင်း ၊ ရန်ကုန်ကမှ ပုသိမ်ကို ခရီးဆက်ရမှာလို့ ဆိုပါတယ် ။

ကျွန်တော် ဘူတာလေး ရောက်ပြီး သိပ်မကြာခင်မှာပဲ ဘူတာကြီးဆီ ကနေ သစ်လုံးတင်ဖို့ တွဲလွတ် ရထားလာဖို့ လမ်းရှင်းတောင်းပါတယ် ။ တွဲလွတ် ရထားက အနည်းဆုံး ၁၅ တွဲလောက်ပါမယ် ။ သစ်လုံးတွေ တင်ပြီးရင်တော့ ... ။ အမှန်အတိုင်း ပြောရရင် ကျွန်တော် ထိတ်ခနဲ ဝမ်းသာသွားတာပါ ။ ကျွန်တော့် အလှည့်မှာတော့ ဘူတာဝန်ထမ်း အားလုံး မျှတစေရမယ်လို့ စိတ်ကူးဖဲ ရိုက်နေမိပါတယ် ။ သစ်လုံးတင်ဖို့ တွဲလွတ် ရထားကြီး ဘူတာလေးဆီ ဝင်လာချိန်မှာ ကျွန် တော် တက်ကြွစွာပဲ တွဲစာရင်းတွေ မှတ်နေလိုက်ပါ တယ် ။

ဟောဗျာ ၊ နောက်ဆုံးတွဲမှာ သူ ၊ ရထားရပ်တော့ အိတ်ကြီး ဆွဲလျက် ဘူတာထဲ ဝင်လာပါတယ် ။ ဘာများ ကျန်ရစ်ခဲ့လို့ ပြန်ယူတာလဲ ။ ဒါမှမဟုတ် ခွင့်မသွားဖြစ်တာလား ။ ကျွန်တော့်မှာ ပဟေဠိတွေနဲ့ ပြည့်သိပ်ကျပ်ခဲနေပါပြီ ။

“ ရုံပိုင်ကြီး ဘာဖြစ်လို့လဲ ”

“ မနက်ဖြန်မှ ခွင့်သွားတော့မယ် ။ ရုံပိုင်လေး ပြန်ပါ ။ မနက်ဖြန် စောစောလေး ပြန်လာပေးပါ ”

ကျွန်တော် ဘာမှ ပြန်မပြောနိုင်အောင်ကိုပဲ ဆွံ့အသွားပါတယ် ။ တိုင်းရုံးက ခွင့်ပေးဖို့ ခက်ခဲနေချိန်မှာ ဇနီးသည် အသည်းအသန် ဖြစ်နေလို့ ဆိုပြီး သည်းသည်းလှုပ်လှုပ် ခွင့်တင်သူတစ်ယောက်က ခုတော့ဖြင့် သစ်လုံးတင် ရထားကြီးလည်း ရောက်လာရော ခွင့်တစ်ရက် နောက်ဆုတ်လို့ သွားပါတယ် ။ ကျွန်တော် သူ့စိတ်ကို ဖတ်မိလိုက်ချိန်မှာ လောဘ ဆိုတာကြီးက ထုထည်အပြည့် စီးစီးပိုးပိုး နေရာယူနေတော့တာပါ ။

••••• ••••• •••••

[ ၂ ]

ကျွန်တော် လက်မှတ်ရုံကို ဖုန်းဆက်ပြီး သူ့အတွက် လက်မှတ်စီစဉ်ပေးပါတယ် ။ အထက်တန်း လက်မှတ် စီစဉ်ပေးတာကို လက်မခံပါ ။ ရထားခ မတတ်နိုင်ဘူး ၊ ရိုးရိုးတန်းပဲ စီစဉ်ပေးပါ ၊ သူ့အတွက်တော့ ပြောစီးမယ်လို့ ဆိုပါတယ် ။

“ ရုံပိုင်ကြီး အတွက် ကျွန်တော် လက်မှတ် ဝယ်ပေးလိုက်ပါ့မယ် ။ ဒီအတိုင်း မစီးပါနဲ့ ။ ပြောစီးလို့လည်း မရပါဘူးဗျာ ”

သူ့မျက်နှာ ကွက်ခနဲ ပျက်သွားပါတယ် ။

“ ရပါတယ် ဝယ်စီးရုံပေါ့ဗျာ ”

သူ သိပ်တော့ ကျေနပ်ပုံ မရပါ ။

ကျွန်တော် သူ့ကို စေ့စေ့စပ်စပ် ကြည့်ပြီး

“ ရုံပိုင်ကြီးနဲ့ ကျွန်တော် အောင်ပန်း - ပင်လောင်းလမ်းသစ် သံလမ်းစီမံကိန်းမှာ တစ်ဘူတာတည်း နှစ်လလောက် အတူ ဆင်းဖူးတယ်လေ ။ မမှတ် မိတော့ဘူးလား ”

သူ ကျွန်တော့်ကို မကြည့်ဘဲ ခေါင်းယမ်းပါတယ် ။

“ ကျွန်တော့်ကို မမှတ်မိဘူး ဆိုရင် ကိုချစ်သောင်း ကိုတော့ မှတ်မိသေးလား ”

“ ဟာ .. သိပ်မှတ်မိတာပေါ့ ။ အတူတူ လက်တွဲခဲ့တာပဲလေ ”

အို ... ကျွန်တော့် အံ့အားသင့်မှုက ဟိုးထိပ်ဖျားဆီ ရောက်သွားတော့တာပါပဲ ။

တာဝန်ပေါ့လျော့ ရာထူး ရပ်စဲခံထားရပြီး သူ့ ကဲ့သို့ပဲ ကျင့်ကြံနေထိုင်တဲ့ ၊ သူ မရှောင်လွှဲနိုင်တဲ့ ရုံပိုင်လေး ကိုချစ်သောင်း ကိုတော့ သူ့ရင်ထဲ ၊ နှလုံးသားထဲ စွဲနေတဲ့ပုံပါပဲ ။ သူ့ကို လုံးဝပြဿနာ မရှာ ၊ အခွင့်အရေး ဆိုတာကို မသိကျိုးကျွံ နေခဲ့ပြီး လုပ်ငန်းတာဝန် တစ်ခုတည်းပဲ အာရုံ ထားခဲ့တဲ့ ကျွန်တော့်ကို သူ အမျက်ရှိပုံ မရပါ ။ ဒါကြောင့်လည်း ကျွန်တော်ဟာ သူ့ ရင်ထဲမှာ မရှိတာကြောင့် မမှတ်မိတာလို့ ထင်းခနဲ နားလည်လိုက်ချိန်မှာ ... ။

ကျွန်တော်ကတော့ သူနဲ့ ပတ်သက်လို့ အသေးစိတ် မှတ်မိနေပြန်ပါရော ။ သေချာပါပြီ ။ ကျွန်တော့် ရင်ထဲမှာ အမျက်ဆူးကလေး စူးစူးနစ်နစ် အခု ထက်ထိတိုင် ရှိနေခဲ့တာ နေမှာပါလေ ။

▢  ရဲသျှမ်း
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      အောက်တိုဘာလ ၊ ၂၀၁၀

Wednesday, November 26, 2025

အကြည့်


 ❝ အကြည့် ❞ 

  ( ရဲသျှမ်း )


၁ ။


“ တောင် ” ခနဲ မြည်သံနဲ့ အတူ သူ့ဆမ်ဆောင်း S10 လေးရဲ့ ယာဘက်ထိပ် မက်ဆင်ဂျာ နေရာလေးမှာ 1 ဂဏန်းလေး ပေါ်လာတာမို့ မက်ဆင်ဂျာထဲ ဝင်လိုက်တော့ မင်းချစ် ပို့လိုက်တဲ့ ပုံတွေ ။ Wing Road လေး ။ သူတို့ ကားလောက အခေါ်မှာတော့ ဝင်းဂလုပ် အနက်ရောင်လေးက ဘေးတိုက် ၊ ရှေ့ ၊ အတွင်း ၊ နောက်ပုံတွေ အပြင် မော်ဒယ် ၊ နံပါတ် ၊ လိုင်စင်သက်တမ်းတွေပါ ရေးထားတာ တွေ့ရတယ် ။ ဈေးကလည်း မဆိုး ။ သူ့ဆီကို မေးထားတဲ့ နည်းပညာ တက္ကသိုလ်က ပါမောက္ခ တစ်ယောက် လိုချင်တဲ့ အဆင်လေး ။


အိုကေ ... သူ လက်ဖြောက် တစ်ချက်တီးလိုက်ပြီး မင်းချစ်ရဲ့ mpt နံပါတ်ကို ဖုန်းချိတ်လိုက်တယ် ။ 


“ သားရီး ... မက်ဆင်ဂျာမှာ ပို့ထားတဲ့ အတိုင်း သေချာရင် ကြိုက်ပြီ ။ သည်နေ့ ငါ ထွက်ခဲ့မယ် ၊ မင်း သေသေချာချာ ချိတ်ထား ။ ငါ မနက်ဖြန် ရောက်မယ်လေ ။ ပွဲစားတန်း မချိန်းနဲ့ ၊ အိမ်လာကြည့်မယ် ပြောထား ၊ လျှော့နိုင်သလောက် လျှော့ဖို့ မင်း နှဲ့ထားပေးဦး ၊ အိုကေ ... ဆီးယူ တူမောရိုး .... ”


ဒါဆို သူ သည်ည မန္တလေး ဆင်းရမယ် ။ ဘာနဲ့ သွားမလဲ ။ သူ ပတ်ထားတဲ့ နာရီ ကြည့်တော့ အချိန်က နှောင်းချင်နေပြီ ။ အိတ်စပရက် နောက်ဆုံးကားတောင် သွားလောက်ပြီ ။ ညနေ ၅ နာရီက နောက်ဆုံးကား ။ အခုပဲ ၆ နာရီခွဲနေပြီ ။ ရထားနဲ့ သွားဖို့ ဆုံးဖြတ်လိုက်တယ် ။ ရထားက ည ၇ နာရီ ၂၀ လားပဲ ။ သေချာတယ် ရထားမီမယ် ။


လက်ဆွဲအိတ်ထဲ အဝတ် ၂ စုံ ၊ ၃ စုံထည့် ၊ ဘဏ်စာအုပ် ၊ ခရက်ဒစ်ကတ် ၊ မှတ်ပုံတင် ၊ ကားလိုင်စင် ပါ,မပါ စစ်ပြီးတော့ သူ ခရီးထွက်ဖို့ အဆင်သင့်ဖြစ်ပြီ ။


“ အမေရေ .. မန္တလေးကို ကားတစ်စီး သွားကြည့်လိုက်ဦးမယ် ၊ အမေ့မြေး ကျူရှင် ပြန်လာရင် ကျွန်တော့် မတွေ့လို့ ကောက်နေဦးမယ် ၊ ကား အဆင်ပြေရင် ချက်ချင်း မောင်းပြန်လာမှာနော် အမေ ”


မီးဖိုချောင်ထဲ ရောက်နေတဲ့ အမေ့ကို အိမ်ရှေ့ကနေ အသိပေးရုံလောက်နဲ့ သူ ခရီး ထွက်လာတာကို အမေက အသိအမှတ် ပြုပြီးသားပဲ ။ အဲ တတိယတန်း ကျောင်းသူ သမီးက သူ့အမေ မရှိတော့တဲ့နောက် အဖေ့ကို တွယ်ကပ်ချင်တယ် ။ အင်းလေ ... သမီးအမေ ကျောက်ကပ်ရောဂါနဲ့ ဆုံးတာ ၁ နှစ်တောင် မပြည့်သေးတော့ သမီးလည်း အမေကို ဘယ်မေ့နိုင်မလဲ ။ အမေ အစား အဖေကိုပဲ အမေ လုပ်နေရတာ ဆိုတော့ အဖေကို အပျောက် မခံချင်တာပဲပေါ့ ။ သူ့ဖုန်းစကရင် ကာဗာက သမီးပုံလေးကို နမ်းမိသွားသေးတယ် ။ မျက်ဝန်း ရွှန်းလဲ့လဲ့နဲ့ ချစ်စရာ သမီးလေးလို့ သူ့နှုတ်က ရွတ်မိပြီး သူ ပြုံးမိပြန်တယ် ။


••••• ••••• •••••  


ဘူတာရောက်တော့ အထက်တန်းလက်မှတ် ကုန်ပြီတဲ့ ။ အထာလား ဆိုပြီး လက်မှတ်ရောင်း စာရေးကို အမျိုးမျိုးပြော ၊ ချဉ်းကပ် ကြည့်တော့လည်း လုံးဝ ကုန်နေလို့ပါတဲ့လေ ။ ရိုးရိုးတန်းတောင် နောက်ဆုံးတန်းခုံ ၊ သူ့ရှေ့လည်း ဘာခုံမှ မရှိ ။ သူ့ဘေးလည်း ဘာခုံမှ မရှိ တဲ့ အိမ်သာချောင်ဘက်က ခုံ ။ ဒါတောင် ပြတင်းဘက်က မဟုတ် ၊ အတွင်းခုံပဲ ရတော့မယ် ။ သူ စိတ်ပျက်သွားတယ် ။ ကျွတ်ခနဲ သူ့ပါးစပ်က ထွက်တယ် ။ လက်မှတ်ရောင်း စာရေးလေးက မကြည်မလင် ကြည့်ရင်းက သိပ်စိတ်မရှည်တော့ဘူးထင်တယ် ။


“ ကဲ ... ဘရားသား ယူမှာလား ၊ ရထားထွက်ဖို့ အချိန် သိပ်မကျန်တော့ဘူး ”  


နောက်ဆုံးတော့ အဲဒီ လက်ကျန်ခုံပဲ လက်မှတ် ဖြတ်လိုက်ရတယ် ။ တစ်ညလုံး မသက်မသာ စီးရတော့မှာလားလို့ တွေးမိပြီး စိတ်က အီလေးသွားတယ် ။ ခက်တာက မသွားလို့လည်း မဖြစ်ဘူး ။ မင်းချစ် ပေးတဲ့ ဒေတာအတိုင်း မှန်ရင် ၁ဝ ပုံးလောက်တော့ သူ့အတွက် ကျန်နိုင်တယ် ။ လက်လွတ်လို့ မဖြစ်ဘူး ။ အခုတလော အရောင်းအဝယ် အေးနေတုန်း ဝင်းဂလုပ်က ဝယ်လက်လည်း ရှိ ၊ ဈေးကြမ်းလည်း လှနေ ၊ ကားကလည်း ချောတယ် ။ သည်အခွင့်အရေး လွှတ်လိုက်ရင် လင်းထက်တို့ မိုက်ရာကျ မှာပေါ့လို့ သူတွေးပြီး ပြုံးမိ တယ် ။


စီးရမယ့် တွဲ ရောက်တော့ သူ တွဲပေါ်မတက်သေးဘဲ ရူဘီတစ်လိပ်ထုတ် သောက်နေလိုက်ရင်း သူနဲ့ တွဲလျက်ခုံပေါ်မှာ ဘယ်သူ ကျမလဲ သိချင်စိတ်နဲ့ တွဲ ပြတင်းဘက် လှမ်းကြည့် တော့ “ ဝိုး ” လို့ သူ အော်မိမတတ် ဖြစ်သွားလေရဲ့ ။ ပါးမှာ သစ်ရွက်ပုံ ပါးကွက်ကလေးနဲ့ နှုတ်ခမ်းဖူးဖူးလေး ၊ မျက်လုံးတောက်တောက်ကလေးပါလား ။ ၂၀ ကျော်လောက်ပဲ ရှိမယ်ထင်တယ် ။ သိပ်အလှကြီး မဟုတ်ပေမဲ့ လန်းတာတော့ လန်း တယ်လို့ သူက စိတ်ထဲကနေ မှတ်ချက်ပေးမိသေး ။ သူ ပျော်သလိုတောင် ဖြစ်သွားမိ ။ ဆိုင် မဆိုင် မသိ ၊ လက်မှတ်ရောင်းစာရေးတောင် ကျေးဇူး တင်လိုက်မိတယ် ။ 


ဂါတ်ဗိုလ်ကြီး ဝီစီမှုတ်တော့မှပဲ သူ ရထားတွဲပေါ် တက်လိုက်တယ် ။ သူ့ခုံဘေး ဝေ့ခနဲ ကြည့်လိုက်တော့ စောစောက ပျော်သလိုလေးက ပျောက်ချင်ချင် ။ သစ်ရွက်ကလေး ဘေးမှာက မူကြိုအရွယ် သမီးကလေးတစ်ယောက် ထိုင်လျက် ။ သူ လက်ဆွဲအိတ်ကို ပစ္စည်းတင် တန်းလေးပေါ် တင်လိုက်တော့ -


“ သမီး အမေ့ပေါင်ပေါ် ထိုင် ၊ အခုထိုင်တဲ့ နေရာက အဲဒီ ဦးဦး နေရာ ” တဲ့ ။ 


သစ်ရွက်ကလေးက ပြုံးလိုက်ပေမဲ့ သူ ပြန်ပြုံးဖို့ စက္ကန့်ပိုင်း နောက်ကျသွားတယ်လို့ ထင်မိတယ် ။ ဟုတ်တယ် ၊ သူ့စိတ်က သေရောလို့ တွေးနေတာဖြစ်မယ် ။ 


“ ရပါတယ် ညီမလေး ၊ အစ်ကို့ကို အားမနာနဲ့ ၊ ကလေး လွတ်လွတ်လပ်လပ် နေပါစေ ”


သူ အလိုက်သင့် ပြောလိုက်ပေမဲ့ သူ့နေရာ ကလေး ထိုင်မှတော့ သူက ကြမ်းပြင်ပေါ် ငုတ်တုတ်ဖြစ်သွားမှာပေါ့ ။ သစ်ရွက်ကလေးက ကလေးကို ပေါင်ပေါ်တင် လိုက်တာမို့ သူလည်း ဝင်ထိုင်လိုက်ရင်း သစ်ရွက်ကလေးဘက် ငဲ့ကြည့်မိပြန်တယ် ။ ထက်အောက်တူ ပါတိတ်ရင်စေ့လေးက နည်းနည်း ပိုဟိုက်တဲ့ အတွက် ရင်ညွန့် ဝင်းအိအိလေးကို မြင်လိုက်ပြီး သူ့ရင်က ဖျတ်ခနဲ ခုန်သွားပါရောလား ။ 


ရထား အရှိန်ရလာ တော့ သစ်ရွက်ကလေးနဲ့ သူ သူ့အကြောင်း ကိုယ့်အကြောင်း အပြန်အလှန်တွေ ပြောဖြစ် ကြတယ်ဆိုပေမဲ့ သူ့မှာ သမီးလေး ရှိကြောင်းတော့ ချန်ထားလိုက်တယ် ။ ဇနီး ဆုံးသွားတာကိုတော့ ပြောဖြစ်အောင် ပြောရတာပေါ့ ။ ဒါကြောင့်လည်း “ အို... စိတ်မကောင်းလိုက်တာ ၊ အစ်ကို သိပ်ခံစားနေရ မှာပေါ့နော် ” ဆိုတဲ့ အကွက် ဝင်လာတာ မဟုတ်လား ။ သစ်ရွက်ကလေးက ဘာလဲ ၊ ကလေးအဖေ ရဲဒုတပ်ကြပ်က ဆေးမှုနဲ့ ထောင်ကျသွားပြီဆိုတာ အမှန်ပဲလား ။ သစ်ရွက်ကလေး တစ်ရွက်လို ဝေ့ဝေ့ဝဲဝဲလား ။ ဘာပဲဖြစ်ဖြစ် သူ ရင်ခုန်နေဖို့ အဓိကပဲလေ ။ ရေအိမ်ဘက် ရောက်လာတဲ့ ၊ ဟိုဘက်သည်ဘက် တွဲကူးနေတဲ့ ဈေးသည်လေးတွေက သူတို့ကို မိသားစုလေးလို့ ထင်နေမလား မသိ ။ ဒါလည်း ကောင်းတာပဲလို့ တွေးမိပြီး သစ်ရွက်ကလေးဘက် အသာ ခိုးကြည့်တော့ မျက်နက်ကလေး ထောင့်ကပ်ရင်း နှုတ်ခမ်းဖူးဖူးလေးကို စူတူတူလေး လုပ်ပြတော့ သူ အသည်းတောင် ယားသွားပြီလေ ။ ချေမနဲ့ ပဲခင်း တွေ့တာလား ၊ ရေနဲ့ လှေနဲ့ ငြိတာလား ။


••••• ••••• •••••


၂ ။


ည ၁ဝ နာရီ လောက်မှာတော့ ရထား တစ်တွဲလုံး ငြိမ်ကျသွားပြီ ။ အိပ်ကြပြီပေါ့ ၊ ငိုက်ကြပြီပေါ့ ။ သူတို့နှစ်ယောက် ကြားက သမီးလေးလည်း ကြမ်းခင်းမှာ ခင်းထားတဲ့ ပလတ်စတစ်ဖျာလေးပေါ်မှာ ကွေးကွေးလေး အိပ်နေရှာပြီ ။ သူနဲ့ သစ်ရွက်ကလေးလည်း အသားချင်း ထိသွားပြီ ။ သူ အသက်ရှူသံတွေ ကျယ်လောင်နေလောက်အောင် စိတ်လှုပ်ရှားသွားတော့ ဖျတ်ခနဲမှာပဲ ယာဘက် ပါးထက်က သစ်ရွက်ကလေးဆီ သူ့ပါး အပ်မိသွားတယ် ။ ရထားကပဲ ယိမ်းခါ သွားသယောင်ယောင်မျိုး အမှတ်တမဲ့ လိုလို ။ အိုကေ .. တုံ့ပြန်မှုက အငြိမ် ။


“ မင်း အိပ်ချင်ရင် ကိုယ့်ပခုံးကို မှီလိုက်လေ ”  


နောက်ထပ် ပစ်ချက် ။ ပစ်မှတ်ကို ကွက်တိ ။ ပခုံးကို မှီတာထက် ပိုတဲ့ တစ်ကိုယ်လုံး ပြိုဆင်းလာတာမျိုး ။ သူ အသာပဲ ပွေ့ထားလိုက်တယ် ။ သူ တစ်ချက် စွန့်ကြည့်ဖို့ စိတ်ကူးပြီး သစ်ရွက်ကလေးရဲ့ နှုတ်ခမ်းဖူးဖူးဆီ သူ့နှုတ်ခမ်းကို ... ။


••••• ••••• •••••


သူ မရတော့ဘူး ... အလွန်ပဲ တင်းကျပ်နေပြီ ။ ဖြေလျှော့မှ ရတော့မယ် ။ ရင်ခွင်ထဲ ရောက်နေတဲ့ သစ်ရွက်ကလေးကို ဖေးထူလိုက်ပြီး ထိုင်ခုံက ထ,တယ် ။ သစ်ရွက်ကလေး ဆီက အကြည့်စူးစူးကို မျက်စိတစ်ဖက် မှိတ် ပြန်တုံ့ပြန်တော့ နှုတ်ခမ်းဖူးလေးကို စူပွပွလေး ပြန်လုပ်ပြပြန်တယ် ။


“ အိမ်သာ ဝင်မလို့ ”


သူက လက်ညှိုး လက်ခလယ် လက်နှစ်ချောင်းပူးထောင်ပြပြီး လက်နှစ်ချောင်းကို ပူး ၊ ခွာပြတော့ “ အို ... လူဆိုး ” တဲ့လေ ။


တကယ်တော့ သူလည်း အဲဒီလောက် မစွန့်စား ရဲပါဘူး ။ မန္တလေး ရောက်မှ တည်းခိုခန်း တစ်ခုခုဆီ သွားလိုက်ရင် ကောင်းမလားလို့ပဲ တွေးမိတယ် ။ လောလောဆယ် တင်းနေတဲ့ အကြောအခြင်တွေကိုတော့ သူ လျှော့မှ ဖြစ်တော့မယ် ။ သူ ရေအိမ်က ပြန်ထွက်လာတော့ သမီးလေး ခုံပေါ် အိပ်နေပြီး သစ်ရွက်ကလေး က ကြမ်းပြင် ပလတ်စတစ် ဖျာလေးပေါ်မှာ ။ နေရာ ပြောင်းသွားပြီ ။ သူလည်း သက်သောင့်သက်သာလား ၊ ရဲရဲတင်းတင်းလား မသိ ဝင်လှဲလိုက်တယ် ။ သစ်ရွက်ကလေးက စောင်ပါးလေး ဆွဲခြုံလိုက်တော့ စောင်ခြုံ အောက်မှာ နည်းနည်း လုံခြုံသလို ခံစားမိပြီး သူ့လက်တွေက ကင်းခြေများ တစ်ကောင်လို ဖြစ်သွားပြီ ။ လျော့ကျနေတဲ့ အကြောအခြင်တွေလည်း ပြန်တင်းကျပ်လာပြန်တယ် ။ ရေငတ်သလို အာခေါင်တွေ ခြောက်လာတော့တယ် ။ သူ ခုံထောင့်မှာ ရှိတဲ့ ရေဘူးကို ယူဖို့ လှည့်လိုက်တော့ ... ။


အို ... ထိုင်ခုံပေါ်က သမီးလေး ဘယ်အချိန် ကတည်းက နိုးနေသလဲ မသိ ။ သူနဲ့ မျက်လုံးချင်း ဆုံမိတယ် ။ ဟာ ... သွားပြီ ။ ကလေးမလေး မျက်လုံးထဲမှာ အရောင်တွေ ၊ အရိပ်တွေ ။ အော့နှလုံး နာစရာ ကောင်းလိုက်တာ ဆိုတဲ့ စကားလုံးတွေ မျက်လုံးထဲ ကနေ ထွက်ကျနေတယ် ထင်ရတယ် ။


သူ တုန်လှုပ် သွားပြီး ချက်ချင်းပဲ ထ ၊ တွဲတံခါးဘက် ထွက် ၊ ပိတ်ထားတဲ့ တံခါးကို ကျောမှီပြီး မျက်စိကို စုံမှိတ်ထားလိုက်တော့တယ် ။ စီးကရက်တစ်လိပ် ကုန်တော့ ဖားဖိုကြီးလို ဖြစ်နေတဲ့ သူ့ရင်ဘတ်က နည်းနည်း ငြိမ်စပြုပြီ ။ အိတ်ကပ်ထဲက ဆမ်ဆောင်းလေး ဆွဲထုတ်ပြီး ဖုန်းစကရင် ဖွင့်လိုက်တော့ သမီး ။ သူ့ သမီးလေး ။ မျက်လုံးလေး ကိုက ရယ်နေတာလို့ သူ အမြဲ ပြောတဲ့ သူ့ သမီးလေးရဲ့ မျက်လုံးအရောင်က ၊ အရိပ်က ... ။ 


ဟာ ... ခုံပေါ်က သမီးလေးရဲ့ မျက်လုံးနဲ့ တစ်ထေရာတည်း ဖြစ်လို့နေပါရောလား ။ ဘယ်လိုလုပ် ပြောင်းသွားတာလဲ ။ သူ အမြင် မှားတာလား ။ သေချာ ပြန်ကြည့် တယ် ။ မျက်လုံး အကြည့်က လုံးဝ ချွတ်စွပ် ။ စကားလုံးတူတွေလည်း ထွက်အန်ကျ လာသလိုပါပဲလား ။ 


“ တောင်းပန်ပါတယ် သမီးလေးတို့ရယ် ... ” 


••••• ••••• ••••• 


၃ ။


သူ ဆုံးဖြတ်လိုက်တယ် ။ ရှေ့ရထားရပ်တဲ့ ဘူတာမှာ ဆင်းကျန်ခဲ့လိုက်တော့မယ် ။


 ▢  ရဲသျှမ်း

📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း 

      ဇွန် ၂၀၂၀

Wednesday, January 8, 2025

ဘေးမဲ့တော သို့ အဝင် - အထွက်


 

❝ ဘေးမဲ့တော သို့ အဝင် - အထွက် ❞
         ( ရဲသျှမ်း )

( တစ် )

မြို့ကလေး ၏ နေရောင် က ဒီဇင်ဘာ အအေးလှိုင်း ကို ဖြတ်တောက်ဖို့ ဘယ်လို မှ ကြိုးစားလို့ မရ နိုင်တဲ့ အခြေအနေ မှာ ကျွန်တော် အနွေးထည် အထပ်ထပ် ဝတ်ပြီး ဆိုင်ကယ်လေး တစ်စင်း ရဲ့ ကယ်ရီယာ ခုံပေါ် ထိုင်မိ နေပါပြီ ။ စာအုပ်တွေ  ထဲ မှာ အကြိမ်ကြိမ် ဖတ်ခဲ့ရသော ရွှေသမင်ဘေးမဲ့တော ( ခေါ် ) ချပ်သင်း ဘေးမဲ့တော ဆီ ကျွန်တော့် စိတ် ၊ နှလုံးသား က ရောက် ရှိခြေချ နေချင်မိတာပဲ ဖြစ်မည် ။ မြေလမ်းကျဉ်းလေး တွေ ပေါ်မှာ ဆိုင်ကယ် ကျွမ်းကျင်စွာ စီးနင်း နိုင်သည့် အလေ့အကျင့် ကို ရထားသော မြို့ကလေး ၏ စာပေ ချစ်သူများ ပါ ကျွန်တော် နှင့် အတူ လိုက်ပါလျက် ။ မြို့ကလေး ကနေ ကျောက်တုံး ၊ အဖုအထစ် ၊ ချိုင့် တို့ ရောပြွမ်း ရာ လမ်းပေါ်မှာ တဒုန်းဒုန်း တဒိုင်းဒိုင်း နဲ့ ဆိုင်ကယ် ရဲ့ သယ်ဆောင်ရာ ကျွန်တော် ပါသွားခဲ့ပေါ့ ။ မိနစ် ၂ဝ ကျော်ကျော် လောက် မှာ တော့ ရွှေသမင် ဘေးမဲ့တော ရဲ့ စဦး နေရာ အင်တိုင်းတော သို့ ဝင်ရောက်လာပြီလေ ။

ချပ်သင်းဘေးမဲ့တော နောက်တမ်းရုံး ဧည့်ခန်းဆောင် မှာ ကျွန်တော်တို့ ကော်ဖီ ၊ ကိတ် ၊ လိမ္မော် သီး အစုံအလင် ဖြင့် ဧည့်ခံ တော့ တာဝန်ခံ နှင့် ဝန်ထမ်း များ ကို ကျေးဇူး အကြိမ်ကြိမ် တင်နေမိပေမယ့် ကျွန်တော့် စိတ်ဝင်စားမှု က ကော်ဖီခွက် တွင် မရှိ ၊ လိမ္မော်သီး တွင် မရှိ ။

“ ရွှေသမင် က ဘယ်မှာလဲ ... ကြည့်လို့ ရမှာလား ”

အလောတကြီး ဖြစ် နေသော ကျွန်တော့် မေးခွန်း ကို ဘေးမဲ့တော တာဝန်ခံ က ခေါင်းယမ်း လျက် သာ ဖြေသည် ။

“ တော ထဲ ကို တော်တော် သွားရဦးမယ် ။ သွားခွင့် မရှိဘူး ၊ ဟိုတုန်းက လင့်စင် က နေ ကြည့်ရင် မြင်ရ တယ် ။ အဲဒီ လင့်စင် ဆောက်ထားတဲ့ သစ်ပင် က တောမီးလောင်တဲ့ ထဲ ပါသွားပြီ ”

မျှော်လင့်ချက်တို့ ပြိုကွဲ ။

“ ဟောဗျာ ချပ်သင်း ရောက်ပြီးမှ ရွှေသမင် မမြင်ရတာ က တော့ ချပ်သင်း မရောက်လိုက် သလိုပါဘဲ ”

ကျွန်တော် အလိုမကျ ညည်းတွားမှု ကို ဘယ်သူ က မှ အသိအမှတ် မပြုတော့ ။

“ ဟိုနား သည်နား ပြတိုက် လောက် တော့ ကြည့်လို့ ရပါတယ် ”

အုပ်ချုပ်ရေးမှူး ၏ တိုးဖွဖွ စကားသံ က ကျွန်တော့် ရင်ဘတ် ထဲ ထိ ရောက်သည် ။ ဟိုနား သည်နား ပြတိုက် ဆိုတာကိုပဲ ကျွန်တော် ကြည့်ခွင့် ရခဲ့ပါသည်လေ ။

•••••   •••••   •••••

ကမ္ဘာ ပေါ် မှာ မြန်မာနိုင်ငံ တွင် သာ ရှင်သန် ကျက်စားနိုင်သော မြန်မာ့ ရွှေသမင် မျိုးမသုဉ်းစေရေး အတွက် ထိန်းသိမ်းကာကွယ်ရန် ၊ ဂေဟစနစ် မပျက်စီးရေး ၊ သဘာဝ ပတ်ဝန်းကျင် ပညာရပ် မြှင့်တင်ရေး ၊ သစ်တော ၏ အရေးပါမှု Ecotourism ဖြင့် ဝင်ငွေ ရှာခြင်း ၊ ချပ်သင်းဘေးမဲ့တော ၏ ဆောင်ပုဒ်များ ကား ခမ်းနားလေစွ ၊ ရည်ရွယ်ချက်များ ခေါင်ဖျား ရောက်လု ။
“ သစ်ပင်နှင့် သားငှက်တိရစ္ဆာန် တို့ သည် အတိတ် ၏ အမွေအနှစ် ၊ ပစ္စုန်ပ္ပန် ၏ အကျိုးစီးပွား နှင့် အနာဂတ်ဖွံ့ဖြိုးမှု အတွက် ဖြစ်သည် ” ဆိုတဲ့ ဆိုင်းဘုတ် ကို ပျဉ်ချပ်ဆေးနီ သုတ်ပြီး စာလုံးအဖြူ ဖြင့် မြန်မာ လို ၊ အင်္ဂလိပ် လို ရေးသားထားပြီး အင်တိုင်းတောပင်စည် ထက် ဆိုင်းဘုတ်တိုင် က တုတ်ခိုင် နေတာ ကို တော့ ဖျတ်ခနဲ သတိထား မိသွားသည် ။

“ အင်ပင်တွေ က လှီလိုက်တာဗျာ ”

ကျွန်တော့် မှတ်ချက် ကို တောအုပ်ကြီး က ကွမ်းတံတွေး ပျစ်ခနဲ ထွေးရင်း ...

“ အပင် ကျပ်လို့ပါ ။ ကျွန်တော့်တို့ က အပင် ကြီးထွားသန်စွမ်းရေး အတွက် ရွှေသမင်တို့ နေထိုင်ရာ တောအုပ် အဖြစ် ဖန်တီးတာပါ ” ဟု ရှင်းပြသည် ။

သဘာဝ သမိုင်းပြတိုက် ဆိုသည့် ဆိုင်းဘုတ် ချိတ် ထားသော အဆောက်အအုံ အစိမ်းလေး ထဲ ဝင် လိုက်တော့ From zero to hero ဆိုသည့် စာတန်း လေးက ပြတိုက် နှင့် မလိုက်ဖက်စွာ ခပ်ကြွားကြွား ထင်းထင်းလင်းလင်း ရှိနေသည် ဟု ထင်သည် ။ တိရစ္ဆာန်ငယ် ၄ ၊ ၅ ကောင် ၏ ရုပ်ကြွင်း နှင့် လိပ်ပြာရုပ်ကြွင်း တို့ ပဲ ပြတိုက် ထဲ မှာ ရှိနေသည် ။ သည်ထက် မပိုတော့ ၊ ပြတိုက်နာမည် ကို ပင် အားနာစရာ ကောင်းလှသည် ဟု ကျွန်တော့် စိတ် က မညှာမတာ ဝေဖန် နေမိသည် ။ ပြတိုက် ထဲ က ပြန် လာတော့ From zero to hero ကို ကျွန်တော်တို့ ပြတိုက် ထဲ မှာ ပဲ ချန်ထားပစ်ခဲ့ပြီ ။

ရွှေသမင် လည်း မမြင်ရ ၊ ရွှေသမင် အကြောင်း လည်း မရှင်းပြ ၊ ပြတိုက်မှာ လည်း ဘာမျှ လည်း မတွေ့ ရတော့ ကျွန်တော့် ရင် ထဲ တနုံ့နုံ့ ဖြစ်နေသည် ။ “ ပြော ပိုင်ခွင့် မရှိလို့ပါ ” ဟူသော စကား ကို သာ ဆီမန်း မန်း သလို အထပ်ထပ် ရွတ် နေသော အုပ်ချုပ်ရေးမှူး ၏ မသက်မသာ အမူအရာ ကို ကျွန်တော် ခံစား နားလည်မိနေပါပြီ ။ ဘာမှလည်း မမေးချင်တော့ ။

ချပ်သင်းဘေးမဲ့တော ဆိုင်းဘုတ်တွေ ရှေ့ မှာ သာ ဓာတ်ပုံ အရိုက်ခံ နေလိုက်တော့သည် ။ ဆိုင်းဘုတ် တွေ ရှေ့မှာ Post အမျိုးမျိုး ပေးနေသော ကျွန်တော့် ပုံ က ဘေးမဲ့ ရွှေသမင် နဲ့ တော့ လားလားမျှ မတူနိုင်ပါ ။

•••••   •••••   •••••

“ ရွှေသမင်တွေ ကို ဒေသခံတွေ က ဖမ်းဆီးသ,တ်ဖြတ်တာ ရှိလား ”

“ ရှိတာပေါ့ ၊ ပညာပေး စည်းရုံး ၊ ထိထိရောက် ရောက် အရေးယူ ၊ ဒီလိုပဲ ထိန်းသိမ်းရတာလေ ”

ကျွန်တော် နှင့် တောအုပ်ကြီးတို့ ၏ အမေး နှင့် အဖြေ က နည်းနည်းတော့ စရွေးကိုက် လာပြီ ထင်သည် ။

“ ကောင်ရေ ဘယ်လောက် ရှိသလဲဗျ ၊ တစ်နှစ် သားပေါက် တိုးပွားနှုန်း ၊ ဒါမှမဟုတ် လျော့နည်း ”

ကျွန်တော့် စကား က လေထဲ တွင် ပျောက်လွင့် သွားချေပြီ ။ မကြားသည်လား ၊ မကြားချင်ယောင် ဆောင်လိုက်လေသလား ။ အုပ်ချုပ်ရေးမှူး နှင့် တောအုပ်ကြီး တို့ ၏ ခြေလှမ်း က သွက်လွန်းလှသည် ။

“ ဆရာ က လည်း မပြောချင်တာ သွား မေးတာကိုး ၊ ကျွန်တော် သိသလောက်ကတော့ အရင် က ၁၅ဝဝ ကျော် ရှိတယ် ။ အခု ၅ဝဝ လောက် ပဲ ရှိတော့ တယ်တဲ့ ”

ဒေသခံ စာချစ်သူ ဆိုင်ကယ်သမားလေး ၏ အဖြေစကား ကြားတော့ ကြောက်လန့် တုန်လှုပ် သွားသည် ။ ခြေလှမ်း တို့ အယောင်ယောင် ၊ အမှားမှား ။

“ ဟ .. ဒီပုံဆို နောင် ရွှေသမင် ကို ဗီဒီယိုခွေ ထဲ မှာ ပဲ ကြည့်ရတော့မယ် ထင်တယ် ”

ကျွန်တော် ကြေကွဲ နေပြီလား ။ ရွှေသမင်တို့ ရဲ့ ကံကြမ္မာ အပေါ် တွေးကြောက် တုန်လှုပ် နေပြီလား ။ နှလုံးခုန်သံ ကား ပရမ်းပတာ ဖြစ်သွားပြီ ဟု ထင်ပါသည် ။

စမ်းမြောင်စခန်း ပြန် ရောက်တော့ သေန-တ် ကိုယ်စီ လွယ်ထားသည့် ဆိုင်ကယ်သမား နှစ်ယောက် တွေ့ လိုက်ရတော့ ထိတ်ခနဲ ဖြစ်သွားသေးသည် ။

“ ဝန်ထမ်းတွေ လေ ၊ တောထဲ ထိ ဝင်ပြီး မုဆိုးတွေ ရန် ကာကွယ်ဖို့ သွားကြတာ ”

ကျွန်တော့် ဆိုင်ကယ်ဆရာလေး က ရှင်းပြ တော့ ဝန်ထမ်း နှစ်ယောက် ကို မသိမသာ အကဲခတ် ကြည့်သည် ။ ဆန်အိတ် ဖြစ်ပုံရသော အိတ်ကလေး ကို ဆိုင်ကယ်ဒူးကာ နှင့် ထိုင်ခုံကြား ညှပ်လျက် တော ထဲ မှာ နေရမည့် ၄ ၊ ၅ ရက်စာ အတွက် ရိက္ခာ ဖြစ်ပုံရသည် ။ ဆန် က တော့ ဟုတ်ပြီ ။ ဟင်းလျာ က တော့ ... ။

“ မိလို့ က တော့ ပစ်သူ ရော ၊ ရောင်းသူ ရော ၊ ဝယ်စားသူ ရော အကုန် တစ်သီတစ်တန်းကြီး ဖမ်း တော့တာ ။ တော က ကျယ်တော့ ဝန်ထမ်းအင်အား နဲ့ မထိန်းချုပ်နိုင်ဘူး ။ ဥပဒေ နဲ့ ထိန်းချုပ်ရတာပဲ ”

စာချစ်သူ အုပ်စု ထဲ က ဓာတ်ပုံဆရာကြီး ၏ ရှင်းပြမှု ကြောင့် ကျွန်တော် ဘဝင်ကျ ကျေနပ်လို့ သွားသည် ။ ဟုတ်တာပေါ့ ထိရောက်တဲ့ ဥပဒေ နဲ့ ထိန်းချုပ် မှ တောရဲ့ ရှင်သန်မှုက တည်တံ့မှာလေ ။

•••••   •••••   •••••

နှင်းမှုန်မှုန် အောက်ရှိ အိမ်ပြန်ဖို့ အတွက် ဘူတာလေး ရဲ့ စင်္ကြံ မှာ ရထားစောင့် နေတော့ တက္ကသိုလ် တုန်း က မေဂျာ အတူ တက်ခဲ့သော သူငယ်ချင်း ကိုမြင့်နွယ် က ဒေသထွက် ကောက်ညှင်းကျည်တောက် ၊ ခေါပုတ်များ အပြင် အိတ်ကလေး တစ်အိတ် လက်ဆောင် ပေးသည် ။ စတိုးဆိုင်သုံး ပလတ်စတစ် အိတ်လေး ထဲ မှ ကိုမြင့်နွယ် ၏ လက်ဆောင်ပစ္စည်းလေး ကို ထုတ်ကြည့်တော့ ။

“ အို ... လယ်သာအစစ် လက်ကိုင်ဖုန်းအိတ် နှင့် ပိုက်ဆံအိတ်ကလေး ”
အရောင်အသွေး စိုကြွ ၊ နူးညံ့လှသည် ။ သားရေလေး ကို ကျွန်တော် ပွတ်သပ် ကြည့်နေမိသည် ။

“ ရွာထဲမှာ လည်သာဆိုင် ၃ ၊ ၄ ဆိုင် ရှိတယ် ။ အချိန် မရလို့ လိုက် မပြတာ ။ အိတ်လေးတွေ ကြိုက်တယ် မဟုတ်လား ”

ကျွန်တော် ခေါင်းညိတ်မိ သလား ၊ ဂျီသားရေ ဂျာကင် အနွေးထည် အတွင်းအိတ် ထဲ သို့ လက်ကိုင်ဖုန်းလေး ကို ဆွဲထုတ်ပြီး ကိုမြင့်နွယ် ပေးသည့် ဖုန်း အိတ်လေး ထဲ သို့ ထည့်ကာ ခါး မှာ ဟန်ပါပါ ချိတ်လိုက်တော့သည် ။

•••••   •••••   •••••

( နှစ် )

နေ့လယ် ဘေးမဲ့တော ရောက်စဉ်က ခံစားမှုများ အခုတော့ ဘာမျှ မကျန်တော့ ။

◾ ရဲသျှမ်း
📖 ရနံ့သစ် မဂ္ဂဇင်း
      မေလ ၊ ၂၀၁၂

Friday, January 6, 2023

လူသစ်တွေ


 

❝ လူသစ်တွေ ❞

အများအားဖြင့် လူတိုင်း ဟာ အသစ် အသစ် ကို ခုံမင် မက်မောကြ မှာ ပါ ပဲ ။ ကိုယ့် ကိုယ် ကိုယ် အဟောင်း မဖြစ်ချင်ကြဘူး ။ ဒါပေမဲ့ ကျွန်တော် ဗျာ ... ကျွန်တော် က တော့ အသစ် မဖြစ်ချင်ပါဘူး ။ အ‌ဟောင်း ပဲ ဖြစ်ချင်တယ်လေ ။ လူဟောင်း ပဲ ဖြစ်ချင်တယ် ။ အဟုတ်တကယ် ပြောနေတာပါ ။ ဒီဆို ပြော ရတာ လည်း ကျွန်တော့်အတွေ့ အကြုံ ကြောင့် ပေါ့ ။

•••••   •••••   •••••

“ သရီးအပ် ဆိုက်ပြီ ”

ဘာကို ဆိုလိုမှန်းတော့ မသိ ။ ရန်ကုန် နေ့ အမြန်ရထား ကို သရီးအပ် လို့ ပဲ သူများ ခေါ်သလို ခေါ်သည် ။ ရောင်စုံပန်းပွင့် တွေ ၊ ကြို သူ တွေ ၊ နှုတ်ဆက် သူ တွေ ကို တငေးတမော ကြည့်ဖို့ ထက် ဘယ် သွား ကြမှာလဲ ၊ မြင်းလှည်း ငှား မှာလား ဆိုက်ကား ငှား မှာလား ၊ ဒါကို သိ ရဖို့ အရေး ကြီးသည် ။ သို့မဟုတ် အရေးကြီး ဆို သည် မှာ ကျွန်တော့် အတွက် ပြဿနာ ကို ဖြစ်မလာ ။ အစ ကတည်း က မြင်းလှည်း လူ ကြို ဖို့ စောင့် နေတာပဲလေ ။

“ အစ်ကို ရေ .. စိန်ပန်း တဲ့ ဗျ သုံးယောက် တည်း အိတ်သုံးလုံး ၊ လက်ဆွဲ တစ်ခြင်း …. ခုနစ် ကျပ် နဲ့ ”

“ လိုက်မယ်ကွ ၊ ရော့ ... မင်း အတွက် ”

“ အစ်ကို က တော့ လုပ်ပြီ ၊ ငါးမူး တည်း ရယ် ... တစ်ကျပ် ပေးခဲ့ဗျာ ”

"ဟ .. မင်း အရင် လူဟောင်းတောင် မှ အလွန်ဆုံး ရ ရင် တစ်ကျပ် ၊ မင်း က လူသစ် ပဲ ၊ တော်ရောပေါ့ကွ ”

တဂျုံးဂျုံး တဂျိုင်းဂျိုင်း နှင့် မြင်းလှည်း ထွက် သွား သော အခါ ငါ နှင့် ကိုင်တုတ် ပစ် လိုက်သည် ။

မြစ်ကြီးနား ရထား ဝင်လာသည် နှင့် တွဲ ပေါ် ရောက်ပြီးပြီ ။ ဒီ ကောင် တွေ အတော် လျင်သည် ။ သူတို့ လို မသွက်ပေ မဲ့ ရထား မရပ် ခင် တွဲတစ်တွဲ ပေါ် ရောက်အောင် တော့ ခို တက် လိုက် နိုင်သည် ။ “ ငါ ဘယ် ဆိုးလို့လဲ ” ဟု ကျွန်တော့် ကိုယ် ကျွန်တော် မချီးမွမ်းနိုင်သေး ပစ္စည်း များစွာ ပါသူများ ထံ မျက်လုံး ကို ဦးတည် ပေး နေရသည် ။ ပါးစပ် မှ လည်း “ အလုပ်သမား ငှားမလား ၊ အထမ်း ရမယ် ” ဟု အော် နေရသေးသည် ။ လေးလံပြီး အဝန်းအလျားရှည် သံသေတ္တာ ကို ကျော ပေါ် တင် လျှောက်ရသည်၌ ကျွန်တော့် ခန္ဓာကိုယ် သည် ၂ ကို ဇောက်ထိုး လုပ်ထားပုံ နှင့် တူ နေ ပေလိမ့်မည် ။

“ ဂိတ်ဖြတ် ဂိတ်ဖြတ် ၂ ကျပ် ”

“ အာ ... ဦးလေး က လည်း ဗျာ .. မလုပ်ပါ နဲ့ တစ်ကျပ် .. လုပ်ပါ ကျွန်တော် ရတာ မှ သုံးကျပ် တည်း ... ”

“ ထုံးစံပဲ မောင် ၊ မင်းတို့ လူသစ်တွေ တံဆိပ် ရှိတာ မဟုတ်ဘူး ၊ မင်း ဘာသာ ဘယ်လောက် ရရ ... နှစ်ကျပ် တော့ ဖြတ် ”

မျက်စောင်း တစ်ချက် ထိုး ပြီး ၊ အံကြိတ် ပြ လိုက်သည် ။ ဒါကို သူ မမြင် နိုင်မှန်း မတွေးဆ ၊ မကျေနပ်တာ ကို ဒင်းကြီး သိ စေချင်တာပဲ ရှိသည် ။ ကိုယ်တိုင် လည်း ဝင် မထမ်းဘဲ တကယ် ထမ်း ရ သူ ဆီ က ဖြတ် ယူသေးသည် ။

“  ...  .... ”

ဒေါသ ဖြစ်ဖြစ် နှင့် သူ့ မြင်ကွင်းမှ ကျွန်တော် ပျောက် ချိန်လောက် တွင် ပျစ်ပျစ်နှစ်နှစ် ဆဲပစ် လိုက်သည် ။

“ ဟေး ... ”

ညာသံ ပြိုင် အော်လျက် တိုးဝှေ့ နေရာ ယူ လိုက်သော လူတန်းရှည် ကြီး ထဲ မှ နံဘေး လွင့်စဉ်မသွားအောင် သိပ် တော့ မကြိုးစားရ ၊ ရှေ့ မှ အမျိုးသမီး ပခုံး ကို ဆုပ်ကိုင် ထား လိုက်သည် ။ မျက်စောင်း လှလှ ၊ မျက်တောင် စူးစူး ထိုး လိုက် လိမ့်မည် ဟု ကျွန်တော် မမျှော်လင့် ၊ ထို အမျိုးသမီး ဘာမျှ ပြန် မပြော သလို ကျွန်တော့် မှာ လည်း ဘာ တစ်ခုမျှ ထူးထွေ ခံစားရခြင်း မရှိ ၊ ရင် တော့ ခုန် နေသည် ။

“ ငါ့ အလှည့် မရောက်ခင် တိုကင် ပြတ် သွားမသား ”

ဟု ခေါင်း ကို ဘယ်ညာ ထုတ် ကြည့် ရင်း ၊ တစ်ခါတစ်ရံ ရှေ့တူရူ သို့ ခြေဖျား ထောက် ကြည့် ရင်း ၊ နောက် လူ ကို တံတောင် နှင့် တွတ်ရင်း ၊ ရှေ့လူ ကို ဖိ တိုးရင်း လက်မှတ် ပေါက် ရောက် သော အခါ စာရေး ဆီ မှ တိုကင် နှစ်ခု ကို အမြန် ယူလျက် ပျော်ရွှင်စွာ ဖြင့် လူတန်းရှည် ကို နှုတ်ဆက် လိုက်သည် ။

ရှေ့က ကောင်တွေ နောက် လိုက် သွားပြီး တိုကင် ဝယ် နေသည့် သူ ကို ကျွန်တော် က လည်း တိုကင် နှစ်စောင် ထိုးပေး လိုက်သည် ။ ဝယ်သူ က ကျွန်တော့် တိုကင် နှစ်စောင် ယူပြီး ချက်ချင်း ပိုက်ဆံ မပေးသေးသည် ကို မကျေနပ် ၊ ကျွန်တော့် ကို မမြင်ဖူး သလို စူးစူးရဲရဲ ကြည့်တာ ကို ပို မကြိုက် ၊ ကျီးကြည့် ကြောင်ကြည့် နှင့် လူပုံ မလည်သေးသည့် ကျွန်တော့် ပုံ က သူ့ အတွက် အသစ်အဆန်း ဖြစ် နေသလား လို့ တော့ ကျွန်တော် မသုံးသပ် တတ် ။

“ ရော့ လေးကျပ် ”

“ ဟာဗျာ ... ဟိုကောင်တွေ ကျတော့ ငါးကျပ် ပေးပြီး ”

“ ဟ... သူတို့ က လူဟောင်းတွေ ၊ ငါ့ ဖောက်သည် ကွ ၊ မင်း က လူသစ် ပဲ ၊ ဒီလောက်ပဲ ရမှာပေါ့ ”

သူ့ ရှေ့ မို့ သာ နို့မို့ရင် တောက် တစ်ချက် ပြင်းပြင်းထန်ထန် ခေါက် လိုက် ချင်သေးသည် ။

“ ဟေ့ကောင်တွေ ၊ ထ ... လစ်တော့ ”

တဝုန်းဝုန်း ပြေးလွှားသံများ ကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် နေရာ မှ လန့် နိုးသွားသည် ။ ကွေးခြုံ ထားသော ပုဆိုး ကို ပြင်ပတ်ရင်း ဘာကြောင့် ပြေးလွှား ကြတာလဲ ကို မစဉ်းစားမိ ၊ မျက်လုံး ကို ပွတ်သပ် နေလိုက်သည် ။

"ဟိတ်ကောင် …. ပြေးလေ ၊ ဒီ လူသစ် တော့ ဒုက္ခပါ ပဲ ”

ကျွန်တော့် ကို ပြောသည် ဟု အထင် ရှိသည် နှင့် တောင်ဘက် သို့ ပြေး မိတော့သည် ။ ပလက်ဖောင်း မြေသို့ ခြေ ချမိသည် ခဏ ၊ မျက်လုံး ကို စူးရှသော ဓာတ်မီး အလင်းရောင်တန်း ကြောင့် တုံ့ခနဲ ရပ် လိုက်သောအခါ လက် နှစ်ဖက် ကို တင်းကျပ်စွာ ချုပ်ဆီးခြင်း ခံရသည် ။ ဝန်းကျင် ကို မျက်စိကစား လိုက် သော အခါ ကျွန်တော့် လို ၄ - ၅ ယောက် လည်း ဖမ်းချုပ် ခံ ထားရသည် ။

“ မောင်ရိပ်ခိုသူတွေ လိုက် ဖမ်းတာ ကို ဒီ လူသစ်တွေ က အထာ မသိဘူး လေကွာ ”

ကျွန်တော့် အရွယ် ၊ ဒါမှ မဟုတ် ကျွန်တော့် ထက် သိပ် မငယ်နိုင်သော ဆေးလိပ်သည် နှစ်ယောက် ပြောဆိုသံ ကို ကားကြီး ပေါ် မတက် ခင် ကြား လိုက် ရလေသည် ။

“ လာပြီဟေ့ ... လူသစ်တွေ ”

ထို့နောက် အခန်းကျဉ်းကလေး အတွင်း သို့ မည်သို့ ရောက်သွားသည် မသိ ၊ အနီ ၊ အဝါ ၊ အပြာ ၊ ကြယ်ပွင့် တို့ မြင်ရခြင်း အကြောင်း ကို တော့ ကျွန်တော် စဉ်းစား လိုက်နိုင်သည် ကို သိ နေသည် ။ ရီဝေ တုန်ခါသော ကျွန်တော့် ဦးနှောက်များ လှုပ်ရှားနေဆဲ ဟုတော့ ကျွန်တော် ယုံကြည်နေသည် ၊ အကြား အာရုံ က သတင်း ပို့သည် ကို ဘာသာပြန် ပေး နေခြင်းကြောင့် ပင် ဖြစ်ရလေသည် ။

“ လူသစ် ဆိုတာ ဒီလို နှိမ် ရတယ်ကွ ”

“ လူသစ်တွေ တော့ မနက် ဆို ငတ် နေတော့ မှာ … ”

“ လူသစ် …. ”

“ ဒါဆို ... သိရောပေါ့ ၊ ကျွန်တော် လူဟောင်း ဖြစ်ချင်တာ ၊ ကျွန်တော့် လက်ရှိ အခြေအနေ က လူဟောင်း ဖြစ်တာ အကောင်းဆုံး ပဲ မဟုတ်လား ။ ဘုရားကြီး ရောက်တဲ့ အခါ ကျွန်တော် က တော့ ဆုတောင်း ရဦးမယ် ”

“ နေရာတိုင်း မှာ တပည့်တော် သည် အဟောင်း ဟု သတ်မှတ် ခံရပါလို၏ ဘုရား ” လို့ ပေါ့ဗျာ ။

◾ရဲသျှမ်း

📖 စံပယ်ဖြူမဂ္ဂဇင်း ၊
      ဒီဇင်ဘာလ ၊ ၁၉၈၅ ခု

#ကိုအောင်နိုင်ဦး

.

Sunday, July 3, 2022

ငါ့ဝမ်းပူဆာ မနေသာ


 

❝ ငါ့ဝမ်းပူဆာ မနေသာ ❞

ကြက်ကလေး ရဲ့ ခေါင်း ကို ကလိုရိုဖောင်း ဆွတ် ထားတဲ့ ဂွမ်း နဲ့ အုပ် လိုက်တော့ ခေါင်းကလေး ဆတ်ခနဲ ဖြစ်ပြီး ၊ တစ်ကိုယ်လုံး လည်း ထွန့်ထွန့် နဲ့ အကြော ဆွဲပြီး ငြိမ် ကျသွားတယ် ။ 

ကြက်ကလေး မှာ ၃၅ ကျပ်သားကောင်လောက်လေး ။ အမွေး ဆွတ်ဆွတ်ဖြူ နဲ့ အမောက်နီနီလေး ထွက်စ ရှိသေးတယ် ။ သနားစရာလေး ပေမဲ့ သနားဖို့ ကိုဒေါင်း မစဉ်းစားနိုင်သေးဘူး ။ နောက်ထပ် အနီကြား တွေရော ၊ အပြာတွေရော အကုန်လုံး ကို ကလိုရိုဖောင်း ပေး ၊ မေ့အောင် လုပ်ရ ဦးမယ် ။ သူ ဒီ တက္ကသိုလ်ကြီး ကို ရောက်လာစ ကတော့ ဒီလို ကြက်ကလေး တွေ ကို ကိုင် ရပြီ ဆို သိပ် သနားတာပဲ ။ ခုတော့ နိစ္စဓူဝ လုပ်နေရတာ ဆို တော့ ရိုးသွားပြီ ။ တက္ကသိုလ်ကြီး ရဲ့ ရင်ပြင် မှာ ဖြတ်သန်းသွားကြတဲ့ ကျောင်းသားကျောင်းသူတွေ ရဲ့ အရေအတွက် များ လာတာနဲ့အမျှ သူ လုပ်ပေးခဲ့ရတဲ့ ကြက်ကလေးတွေ ၊ ငါးကလေးတွေ ( တစ်ခါတစ်ရံ ပုတ်သင်ညိုတောင် ပါသေးရဲ့ ) ရဲ့ အရေအတွက် များ လှပြီလေ ။

သားသတ်သမား မဟုတ်ပေမဲ့လည်း သူ မေ့ဆေး ပေးလိုက်တဲ့ ကြက်ကလေးတွေ ၊ ဘဲကလေးတွေ ၊ ဖားကလေးတွေ ခမျာ ခွဲစိတ်တဲ့ ဓား ၊ ကတ်ကြေးတွေ ရဲ့ အောက် မှာ အသက် ပျောက်ဆုံးသွားရတာပဲလေ ။ ပညာ ရှာမှီးဖို့ သူတို့ ခမျာ အသက် စွန့် ပေးရတာမို့ မွန်မွန်မြတ်မြတ် နဲ့ သေသွား ရှာတာပါပဲလေ ဆိုပြီး ဖြေ တွေး တွေး မိပေမဲ့ သူ့ အသက် သတ်ခြင်း ကို ကျူးလွန်မိနေပြီ ဆိုပြီး စိတ် မကောင်း ဖြစ်ရတာလည်း ခဏခဏ ။

ဒီလို ကြက်တွေ ၊ ဘဲတွေ ၊ ငါးတွေ ၊ ဖားတွေ ၊ တီကောင်တွေ ၊ ပိုး ဟပ်တွေ ၊ သံကောင်တွေ ခွဲစိတ် ခံနေရလို့လည်း ကိုဒေါင်း တို့ မိသားစုလေး အူ စို ရတာလေ ။ ဒါကို သူများ ပြောပြရင်တော့ ။

“ ဟယ် .. မင်းတို့ က ပိုးဟပ်တွေ ၊ တီကောင်တွေ ၊ သံကောင်တွေ ပါ စား သလား လို့ ကိုဒေါင်း တို့ မေးခံရဦးမယ် ။

အဲဒီ ကောင် တွေ ကိုတော့ ကိုဒေါင်း တို့ ဘယ် စားလိမ့်မတုံး ။ အဲ ... ခွဲစိတ်ပြီး ကျန်ခဲ့တဲ့ ကြက် ၊ ဘဲ ၊ ငါးတွေ တော့ စား တာပေါ့ ။ ကံကောင်း ရင် ပုစွန်တောင် စား ရသေးတယ် ။ 

ကျောင်းသားတကာ ကိုင်တွယ်ထားလို့ ပျော့ဖတ် ညိုမည်းနေပေမဲ့ ကြော်လိုက် ၊ ချက်လိုက် တော့ လည်း ဈေး ထဲ က ဝယ် သလိုပါပဲ မထူးပါ ဘူး ။ ဒီ အကောင်လေးတွေ ကို ဦးစိန် ၊ ဦးတင့် ၊ ညီထွန်း တို့ လို ကိုဒေါင်း နဲ့ အဆင့်တူ ဓာတ်ခွဲခန်း အကူတွေ ခွဲ ယူ ရတာလေ ။ နောက်တော့ စားဝတ် နေရေး ကို အဆင် မပြေလာကြလို့ လား မသိဘူး ။ ရုံးကရော ၊ သန့်ရှင်းရေး အဖွဲ့ ကရော တောင်း လာကြတယ် ။ ဟိုတုန်းက ဆို အိမ်ပြန်ယူ ပြီး ပိုလို့ တောင် ရောင်း စားရတယ် ။ ကိုဒေါင်း တို့ အလုပ်သမားရပ်ကွက် ကတော့ ဝယ် ကြတာပဲ ။ ဈေး ထဲ က ဈေး နဲ့ ထက်ဝက် တောင် ကွာနေတာ မဟုတ်လား ။

ငါးတွေ ခွဲ ရင်လည်း ပိုလွန်းလို့ ခွဲခြမ်း ၊ အခြောက်လှန်း ၊ ဆားသိပ် နဲ့ ငါးခြောက် ၊ ငါးပိကောင် လုပ်ပြီး အခါကြီး ရက်ကြီး ကျရင် ဆွေမျိုး သားချင်း ထဲ က လူကြီးသူမတွေ “ ကန်တော့ ”  ဖြစ်သေးတယ် ။

ခုတော့ အိမ် စားဖို့လေး ကို ပဲ မနည်း လုပ်နေရတာ ။ ဘာပဲဖြစ်ဖြစ်လေ ရသလောက် အမြတ် ပဲပေါ့ ။ 

ကိုဒေါင်းတို့ အဖို့ ဟင်းစား ရတာ အပြင် ဖား အတွက် ဖား ရှာပေး ရရင် ငွေစလေး ၊ ဘာလေး အိတ်ထဲ ကပ်မိတယ် ။ ဖားတစ်ကောင် တစ် ကျပ်ခွဲ ရ တာ ။ တက္ကသိုလ် နောက် က လယ်ကွင်းပြင်ကြီး ကတော့ ကိုဒေါင်း ဖား ရှာ တဲ့ နယ်မြေပဲ ။ ဝက်သတ်ရုံ ကတော့ သံကောင် ရတဲ့ နေရာပေါ့  ။

အဲ ... ပိုးဟပ် ကျတော့ တစ်ကောင် ငါးမူး ရပေမဲ့ ကိုဒေါင်း မဖမ်း ချင်ဘူး ။ ပိုးဟပ် ကို တော့ ရွံကြောက်ကြီး ၊ နံ ကလည်း နံသေး ။ ဒါကြောင့် တစ်ကောင် ၅ ကျပ်  ပေးလည်း ကိုဒေါင်း မဖမ်းချင်ဘူး ။ ညီထွန်း တို့ပဲ ဖမ်း ကြတယ်လေ ။ 

အားလုံး ခြုံ ကြည့်ရင်တော့ ဒီ ဌာန မှာ လုပ် ရတာ ကိုဒေါင်း ပျော် ပါတယ် ။ နေစရာ အိမ်သေးသေးလေး တစ်လုံး လည်း ရတယ် ။ အဲဒီမှာ ရေ ၊ မီး အစုံ ရှိတယ် ။ သားသမီးတွေ နဲ့အတူ တီကောင် ၊ ပုတ်သင်ညို ၊ ဖားကလေးတွေ ရှာ ရင် ဆန်အိုးလေးတော့ အမြဲ ပြည့်စေတယ်လေ ။

တစ်ခါတလေ တောင်ကြီးကောလိပ် တို့ ၊ မြစ်ကြီးနားကောလိပ် တို့ စတဲ့ နယ်ကောလိပ်တွေ ကနေ ဖားတွေ ရှာရှင် ကိုဒေါင်း တို့ ဆန်အိုးလေး ဖြည့်ပြီး တဲ့ အပြင် သားတွေ ၊ သမီးတွေ အတွက် စာအုပ်ဖိုး ၊ ခဲတံဖိုးလေး တွေ ပေး နိုင်တယ်လေ ။

ဒီလို အဆင်ပြေနေတဲ့ ကြား က ကို ပဲ ကိုဒေါင်း နည်းနည်း စိတ် ကသိကအောက် ဖြစ်နေတာ ရှိတယ် ။ ခွဲစိတ်ထားတဲ့ ကြက်တွေ ၊ ငါးတွေ ၊ ပုစွန်တွေ ပျောက်ပျောက် သွားတဲ့ ကိစ္စပဲ ။ ကြာ ရင် သူတို့ ဓာတ်ခွဲခန်း အကူချင်း အထင် လွဲ စရာ ဖြစ် လာနိုင်တယ် ။ အတူတူ ခွဲ ယူရမှာ ကို တစ်ယောက် ယောက် က လူလည် ကျ နေပြီလို့ မြင်မှာပေါ့ ။ ဒီလိုတော့ ကိုဒေါင်း အထင် မခံနိုင်ဘူးလေ ။

ခက်တာက ဘယ်သူ့မှလည်း တပ်အပ် စွပ်စွဲလို့ မရဘူး ။ ဆရာ ၊ ဆရာမတွေ နဲ့ ကျောင်းသားကျောင်းသူတွေ ထဲ က မယူမှာတော့ သေချာ တယ် ။ စဉ်းစားကြည့်လေ ။ တီကောင် ၊ သံကောင် ၊ ခရု ၊ ပုတ်သင်ညို လို လူတွေ မစားတဲ့ ၊ လူတွေ ရွံ တဲ့ အကောင်တွေ ကို ခွဲစိတ်တဲ့ ဓားတွေ ၊ ကတ်ကြေးတွေ နဲ့ ကြက်တွေ ၊ ငါးတွေ ကို ခွဲတာပဲ မဟုတ်လား ။ ဆရာတွေ နဲ့ တက္ကသိုလ်ကျောင်းသားတွေ လက်တွေ့ခန်း က ကြက်တွေ ၊ ငါးတွေ ဘယ် စား မှာတဲ့ လဲ ။ ဖော်မလင်ဆေးနံ့က နံ ၊ လူတကာ ကိုင်တွယ်လို့ ပျော့ဖတ် အိပြနေတာလေးတွေ ရွံကြမှာပဲ ။

သေချာပါတယ် ။ ကိုယ့် အချင်းချင်း ထဲ ကတော့ လုပ် နေပါပြီ ။ ကို ဒေါင်း အမိ ဖမ်းဖို့ စဉ်းစား လိုက်တယ် ။

သစ်သားထရေး ထဲ မှာ ကြက်ကလေး က ပက်လက်ကလေး ။ မလှုပ် မရှားအောင် လည်ချောင်းနဲ့ ခြေချောင်းတွေ ကို သံချောင်းလေးတွေ နဲ့ မြဲအောင် ရိုက် ထားလိုက်တယ် ။ ဇင်မောင် နဲ့ သက်နိုင် နှစ်ယောက် ခွဲ ရမယ့် အကောင်လေးတွေ က မွေးမြူရေး ကြက်ဖလေး မို့ ဝဖီးဖီး ရယ် ။ သူတို့ နှစ်ယောက် သား တစ်ချက် ကြည့်ပြီး ပြုံး လိုက်ကြတယ် ။ 

သူတို့ လက်တွေ့ ခွဲစိတ်ပြမယ့် ဆရာမ က ဂလပ်စ် ရဲ့ အိတ်စတာနယ် ဖီးချား ကို ရှင်းပြမယ် ဆိုတော့ သူတို့ လွယ်အိတ် ထဲ က စာအုပ်လေး တွေ ထုတ် လိုက်ကြတယ် ။

ကြက် ကို သတ္တ အခေါ် မှာ ဂလပ်စ် လို့ ခေါ်တယ် ။ ကျောရိုး ရှိ ဗာတီ ဘရိတ် ဆိုတာ ကတော့ သိပါတယ် နော် ၊ စသဖြင့် ဆရာမ က ရှင်း ပြတာ ကို သူတို့ လိုက် မှတ်ကြတယ် ။ ဆရာမ က အင်တာနယ်ဖီးများ ကို ရှင်းပြမယ် ဆိုတော့ ဇင်မော် နဲ့ သက်နိုင်တို့ ခေါင်းလေးတွေ ရှေ့ တိုးလာကြတယ် ။ ဆရာမ က ကြက်ရင်အုပ်လေး ကို ဓား နဲ့ ခွဲ လိုက်တော့ ဇင်မော့် ရင်ထဲ လှုပ်ခနဲ ဖြစ် သွားသလို သက်နိုင် လည်း ရင်ကလေး ချီပြီး အသာ သက်မ ချ လိုက်တယ် ။ ဆရာမ ကတော့ ကျွမ်းကျွမ်းကျင်ကျင် ပဲ ၊ ခွဲစိတ်ဖြတ်တောက် ရှင်းပြနေတယ် ။

ဆရာမ ရှင်းပြနေတဲ့ ကြက်ကလေး ရဲ့ သွေးကြောတွေ ထက် အတုံး တုံး အတစ်တစ် ဖြစ်သွားတဲ့ ကြက်ကလေး ကို ပဲ နှမြော စိတ် ဝင် နေကြ တယ် ။ နောက်ပြီး ဟာ နေတဲ့ ဗိုက် ကိုလည်း ဒေါသ ဖြစ်နေတယ် ။

လက်တွေ့ အချိန် ကလည်း တကယ့် အချိန် ၊ နေ့ခင်း ၁ နာရီကြီး ။ မနက်ခင်း ၈ နာရီ က အဆောင် မှာ စား ခဲ့တဲ့ မန်ကျည်းစေ့ လောက် ရှိတဲ့ ဝက်သားတုံး နှစ်လုံးပါတဲ့ ဟင်း နဲ့ ထမင်း က လည်း ဗိုက် ထဲ မှာ ကျေညက် အစ ပျောက် နေကြပြီ ။

မိဘတွေ ချို့ချို့တဲ့တဲ့ နဲ့ ပို့ လိုက်တဲ့ ပိုက်ဆံ ကလည်း အဆောင် ကြေး ၊ ကျောင်းလခ ၊ ဘာကြေး ညာကြေးနဲ့ တစ်လ တစ်လ ၁၅ ကျပ် တောင် မပို တာ မို့ ခုလို လကုန်ခါ နီး မှာ အိတ်ကပ် ထဲ အကြွေစေ့ တောင် မရှိတော့ဘူးလေ ။ သူများတွေ ဆို လက်ဖက်ရည်ဆိုင် ငါးဆိုင် လောက် ထိုင်ပြီးပေမဲ့ သူတို့ နှစ်ယောက်ကတော့ ၄ နာရီ မှာ ကျွေးမယ့် ညနေစာ ကို မျှော်ရင်း လက်တွေ့ လာ လုပ်ရတာဆိုတော့ တကယ် ဆာ တယ် ။

စာမေးပွဲ နီး လာတော့ ညဉ့်နက်ခံ စာ ကြည့်တော့လည်း အား နည်း နည်း ယုတ်တယ် ထင်ပါရဲ့ ။ ထမင်း က စား မကောင်းချင်ဘူး ။ အဆောင် ထမင်းဟင်း မုန်းချင် နေပြီ ။ အပြောင်းအလဲလေး စား ချင်တယ် ။ အရင် တုန်းက တစ်ခါတစ်ခါ လာ တတ်တဲ့ စပါယ်ရှယ်ဒင်နာ ကလည်း မလာ တာ ကြာပြီ ။ တချို့ အဆောင်ကျောင်းသားတွေ လို အိမ် က ကြော်လှော် ပေး လိုက်တဲ့ ဟင်းဘူးလေးတွေ ရှိရင်တော့ အဆောင်ဟင်း ဘာ မှုစရာ လိုလဲ ။ ဇင်မော် နဲ့ သက်နိုင် တို့ ကျတော့ အဆောင် က ကျွေးတာပဲ ကြိတ် မှိတ် စားနေရတာ ဆိုတော့ အဆောင်ထမင်းဟင်း မုန်း တော့တာပေါ့  ။ ဒါကြောင့်လည်း စောစော ကတည်း က သူတို့ နှစ်ယောက် တိုင်ပင်ထားကြ တာလေး ရှိတယ် ။

ဆရာမ က “ မင်း တို့ မရှင်းတာ မေး ”  ဆိုတော့ နှစ်ယောက်သား ပြိုင် တူ ခေါင်း ခါ လိုက်ကြတယ် ။ ပြီးမှ ဇင်မော် က ...

“ ကျွန်တော် တို့ ထပ် ကြည့်ဦးမယ် ဆရာမ ။ မသိမှဘဲ ဆရာမ လာ မေးတော့မယ် ”  ဆိုပြီး ကတ်ကြေးတွေ ၊ ဓားတွေ ဟိုကိုင်ဒီကိုင် လုပ်နေလိုက် တယ် ။

ဆရာမ လည်း “ အေးအေး ”  ဆိုပြီး ထွက် သွားတော့ သူတို့ နှစ်ယောက် ပျော်ပြီး ပြုံး လိုက်ကြတယ်လေ ။

ကိုဒေါင်း လက်တွေ့ခန်း ထဲ မှာ အလုပ် များ နေတယ် ။ ရေဇလုံတွေ ထဲ ရေ လိုက်ထည့်ရတယ် ။ ခွဲစိတ်ခုံ ပေါ် သစ်သားထရေး တွေ တင် ၊ ခွဲစိတ် ကိရိယာတွေ လိုက် ချပေး ၊ တချို့ ကျောင်းသားအုပ်စုတွေ ကျ ကြက် ကို သံ ရိုက်တာ မဖြောင့် လို့ လိုက် လုပ်ပေးရသေးတယ် ။

ကျောင်းသားတွေ ကြက်တွေ ခွဲကြပြီ ဆိုတော့ ကိုဒေါင်း ခွဲစိတ်ခန်း ထဲ လှည့်ပတ် ကြည့်နေလိုက်တယ် ။ ဦးတင့် တို့ ၊ ညီထွန်း တို့ အခန်းတွေ က ရ တာနဲ့ သူ့ အခန်း က ရတာ ပေါင်း လိုက်ရင် အကောင် ၃ - ၄ ဆယ် တော့ ရ မှာပဲ ။ ဒီ အထဲ မှ စား ဖြစ်တာက ၂၀ ပိုပို လောက် ။ အားလုံး စု ခွဲ ရမှာ ။ ရုံးအဖွဲ့ က ရုံးလုလင် အေးသန်း တို့ လက်နှိပ်စက်စာရေး မောင်မျိုး တို့ သန့်ရှင်းရေး က ကိုဝ တို့ လည်း ခွဲ ပေးရမယ် ။ 

ကိုဒေါင်း သူ့ ကိုယ်တာ အတွက် ၄ - ၅ ကောင် တော့ ရလိမ့်မယ် လို့ တွက် နေမိတယ် ။ ဒါမှလည်း ဆန်အိုး ထဲ ဆန် ဖြည့် နိုင်မှာ ။ လ ကုန်တော့ မှာ မို့ မိန်းမ ခါးကြား ထဲ လိပ် ထားတာလေးတွေလည်း ပျောက် ကုန်ပြီ ။ ဒါလေးတော့ ရောင်း တန် ရောင်း ၊ ချက် တန် ချက် လုပ် ရမှာပဲ ။ ဒါကြောင့် သူ့ ကိုယ်တာလေး မလျော့အောင် ခွဲစိတ်နေတာ ကို ဂရုတစိုက် လိုက် ကြည့် တယ် ။ အခန်း ထဲ အဝင်အထွက် ကို သတိထား နေရတယ် ။

ဒါကိုပဲ ကြက် တစ်ကောင် ပျောက်သွားတယ် ။ ကိုဒေါင်း သေသေ ချာချာ မှတ်ထားတဲ့ ဝဖီးဖီး ကြက်ဖလေး ။ 

ကိုဒေါင်း သတိထား ရာ က ဖြစ် သွားတာကို မကျေမနပ် ဖြစ်နေမိ တယ် ။

ကိုဒေါင်း လက်တွေ့ခန်း ကနေ အပြင် ကော်ရစ်ဒါ ထွက် လာတော့ စာသင်ပြီး ပြန်လာဟန် ရှိတဲ့ လက်ထောက်ကထိက ဆရာမကြီး ဒေါ်ခင်ဦး နဲ့တွေ့လို့ ပြုံး ပြလိုက်တယ် ။ ဆရာမကြီး က ခဏ ဆိုတဲ့ သဘော နဲ့ လက် ကလေး ထောင် ပြတာမို့ ကိုဒေါင်း ရပ်နေလိုက်တယ် ။ ဆရာမကြီး က သူ့ နား ရောက် တော့ ....

“ ဒီနေ့ ပရက်တီကယ် ဂဲလပ်စ် မဟုတ်လား ” 

“ ဟုတ်ပါတယ် ဆရာမကြီး ”

ကိုဒေါင်း ပျာပျာသလဲ ပြန် ဖြေတာကို ဆရာမကြီး ကျေနပ်သွားပုံ ရတယ် ။ ပြုံးစစလေး တောင် ဖြစ် သွားလေရဲ့ ။ နောက်ပြီး ဆရာမကြီး က ကိုဒေါင်း နား ကပ် ပြီး စကား တိုးတိုး ပြောပြန်တယ် ။ ကိုဒေါင်း က နား မပါးဘူး ။ “ ခင်ဗျာ ... ခင်ဗျာ ”  နဲ့ လုပ် နေတာနဲ့ ဆရာမကြီး စိတ်ညစ် သွားတယ် ။ စိတ် မရှည်တော့တာ နဲ့ သူ့ ပိုက်ဆံအိတ်ကြီး ကို ဖွင့်ပြီး ပိုက်ဆံ အိတ် ထဲ က စာရွက်ပိုင်းလေး နဲ့ ဘောလ်ပင်အနီလေး ကို ထုတ် လိုက်တယ် ။

ဆရာမကြီး ပိုက်ဆံအိတ် ဖွင့် တော့ ကိုဒေါင်း လှမ်း ကြည့် မိသေး တယ် ။ ပိုက်ဆံအိတ် ထဲ မှာ ကျပ်တန် တစ်ရွက် နဲ့ ငါးကျပ်တန်လေး တစ် ရွက် ပဲ တွေ့လိုက်ရတယ် ။

ဆရာမကြီး က ဘေးဘီ ကို ကြည့် ရင်း စိတ် မချဟန် နဲ့ ကော်ရစ်ဒါ လက်ရန်း ပေါ် စာရွက်လေး တင် ပြီး စာတစ်ကြောင်း ၊ နှစ်ကြောင်း ရေး လိုက်တယ် ။

“ ဆရာမ အိမ် မှာ ဧည့်သည် တွေ ရောက်နေလို့ ခွဲစိတ်ထားတဲ့ ဂဲလပ်စ် ဝဝလေး နှစ်ကောင် အိတ် နဲ့ ထည့်ပြီး အိမ် ပို့ ပေးစမ်းပါ ။ ဘယ်သူ မှ မသိ စေနဲ့ နော် ”

ကိုဒေါင်း စာ ဖတ် နေချိန်မှာ ဆရာမကြီး မျက်နှာတွေ နီ ပြီး ရှက် နေပုံရတယ် ။ “ ဧည့်သည် ”  ဆိုတာလေး ထည့် ရေး ထားလို့ တော်ပါသေး ရဲ့ လို့ အောက်မေ့ရင်း လက်ချောင်းတွေ က လဆန်းရက် ကို တွက်ချက် နေ မိတယ်လေ ။

◾ ရဲသျှမ်း

📖 ရနံ့သစ်မဂ္ဂဇင်း
      သြဂုတ် ၊ ၁၉၈၈

www.facebook.com/aung.naingoo.3726613

.