Friday, March 27, 2026

ကိုဝမ်း


 

❝ ကိုဝမ်း ❞

သူ့ကို ကိုဝမ်း လို့ပဲ သိသူများတယ် ။ တကယ်တော့ သူ့နာမည် အမှန်က ကိုဝမ်း မဟုတ်ဘူး ။ ကိုနေမျိုးမောင်မောင် ။ One to one myanmar ဆိုတဲ့ ပရဟိတ အဖွဲ့အစည်းလေးကို ထူထောင်လုပ်ကိုင်ရာက သူ့ကို ကိုဝမ်း ၊ ကိုဝမ်းလို့ ခေါ်ကြရင်း အမည်တွင် သွားတာပါ ။

ကိုဝမ်း ဆိုတဲ့ အမည်နဲ့ ပတ်သက်ပြီး သူ့မှာ ငိုအားထက် ရယ်အားသန် စရာ အတွေ့အကြုံလည်း ရှိသေးတယ် ။

ဇာတ်ကြောင်း လှန်ရရင် ကျောက်ပန်းတောင်းမြို့နယ် ၊ နှစ်ကျပ်ခွဲရွာက စရမယ် ။ သည်ရွာမှာ စေတီတစ်ဆူ ရှိတယ် ။ ဉာဏ်တော် ၁၈ ပေ လောက် မြင့်တယ် ။ အုတ်သမံတလင်း ပေါ်မှာ အခိုင်အခံ့ တည်ထားတာပါ ။ စေတီရဲ့ ကြာမှောက်ကြာလှန် အထက် ငှက်ပျောဖူး နေရာကို ရင်းထောင်လှေကားနဲ့ တက် လူက ဖက်ပြီး လှုပ်ရင် မြေစိုက် အခိုင်အမာ တည်ထားတဲ့ စေတီက ညွှတ်ပြောင်းပြီး လှုပ်ယမ်းတယ် ။ ဘုရားထီးတော်က သိသိသာသာ လှုပ်တယ် ။ ဒါကြောင့် ထီးတော်လှုပ်ဘုရားလို့ ခေါ်ကြတယ် ။ နောက်ပိုင်းကာလ အယူအစွဲ သန်သူတွေက ထီးတော်လှုပ်တယ် ဆိုတာ နိမိတ်ကောက်ပြီး ထီးတော်ရှင်ဘုရားလို့ အမည် ပြောင်းလဲခေါ်ကြတယ် ။

သည်စေတီတော်ကို သွားရောက်ဖူးသူတွေ များတယ် ။ တစ်ရက်မှာတော့ နေပြည်တော်က ဘုရားဖူး တစ်စုက ထီးတော်ရှင်ဘုရား လာဖူးတယ် ။

နှစ်ကျပ်ခွဲရွာသူ ဒေါ်သောင်းမြ ခမျာ ဘယ်ဘက် ပါးပေါ်မှာ ထန်းသီးလုံး လောက် အသားပိုကြီး ရှိနေတယ် ။ ဒါကြီးကြောင့် လူတော မတိုးဘူး ။ ရှက်လို့ အသားပိုကြီးကို တဘက်နဲ့ ဖုံးကွယ်ပြီး လူထဲသူထဲ ဝင်ရတယ် ။ နေပြည်တော်က ဘုရားဖူး လာတဲ့ သူတွေက ပါးပေါ်မှာ ထန်းသီးလုံးလောက် အသားပိုကြီး တွဲရရဲ ခိုနေတဲ့ ဒေါ်သောင်းမြကို အထူးအဆန်း အဖြစ် ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘုတ်ခ် တင် လိုက်တယ် ။

ဒါကို ပရဟိတသမား ကိုဝမ်းက တွေ့သွားတယ် ။ သည်အစ်မရဲ့ ဒုက္ခကို ကိုယ်ချင်းစာပြီး အသားပိုကြီးကို ခွဲစိတ်ကုသပေးချင်တယ် ။ ဒါကြောင့် နှစ်ကျပ်ခွဲရွာ တာဝန်ရှိ လူကြီးမင်းတွေက တစ်ဆင့် ဆက်သွယ်တော့ ဒေါ်သောင်းမြနဲ့ ချိတ်မိတယ် ။ ကိုဝမ်းက အကုန်အကျခံပြီး ခွဲစိတ်ကုသပေးမယ် ၊ မန္တလေး လာနိုင်သလားလို့ မေးလိုက်တယ် ။ ဒေါ်သောင်းမြက အားရဝမ်းသာ လာပါမယ်လို့ ဆိုတယ် ။

ကိုဝမ်း ဆိုတော့ ဒေါ်သောင်းမြက တရုတ်သူဌေးကြီးလို့ အထင်ကြီး ထားတာ ။ ကိုဝမ်းက အသားညိုညို ၊ ဆိုင်ကယ်စုတ်နဲ့ ရောက်လာတာ မြင်တော့ ဒေါ်သောင်းမြက သူ့ကို အကူအညီပေးမယ့်သူကို အထင်နဲ့ အမြင် လွဲကြောင်း ရိုးရိုးသားသား ပြန်ပြောပြတယ် ။

ကိုဝမ်း ခမျာလည်း ငိုရခက် ၊ ရယ်ရခက် ။

ကိုဝမ်းက ပရဟိတ သိပ်အားသန်တာ ။ ပရဟိတ အမျိုးစုံကို ပုံစံပေါင်းစုံနဲ့ သူ လုပ်နေတယ် ။ အဲသည်ထဲက တစ်ခုကတော့ ပန်းပျိုးသူများ စာသင်ဝိုင်းပါ ။

မန္တလေးမြို့မှာ ပိဋကတ်တော်တွေကို ကျောက်စာထိုးပြီး မင်းတုန်းမင်းကြီး လှူထားတဲ့ ကုသိုလ်တော်ဘုရား ပရဝဏ် ထဲမှာ ခရေပင်တွေ အများကြီး ရှိတယ် ။ ကုသိုလ်တော်ဘုရား တစ်ဝိုက်မှာ နေတဲ့ ကျောင်းသူ ၊ ကျောင်းသား ကလေးငယ်တွေက ခရေပန်းတွေ ကောက်ပြီး ပြန်ရောင်းတယ် ။ ပန်းတွေ ရောင်းရ တွင်ကျယ်လာတော့ ကလေးတွေက ကျုံးနံဘေး မီးပွိုင့်လမ်းဆုံ ကားတွေ ရပ်တန့် ရာမှာ ရောင်းကြတယ် ။ သည်လို ပန်းရောင်းနေရတော့ ကလေးတွေ စာကျက်ဖို့ အချိန်မရှိဘူး ။ ဒါကို သိတဲ့ ကိုဝမ်းနဲ့ အပေါင်းအသင်းတွေက ပန်းရောင်းတဲ့ ကလေးတွေကို စာသင်ပေးတယ် ။

တစ်ညခင်းမှာ ကိုဝမ်းတို့ ကလေးတွေကို စာသင်ပေးနေရာ အမှတ် ၁၆ အထက်တန်းကျောင်းကို ကျွန်တော် သွားလည်ပြီး ကိုဝမ်းနဲ့ စကားစမြည် ထိုင်ပြောတယ် ။ ကလေးတွေကို စာသင်ပေးဖြစ်တဲ့ အကြောင်း သူက ပြောတယ် ။

“ ၂၆ ဘီလမ်း နဲ့ ၆၆ လမ်းထောင့် လမ်းဆုံ ၊ ဆီဒိုးနားဟိုတယ် ရှေ့မှာ ပန်းရောင်းတဲ့ ကလေးတွေကို နေ့စဉ် တွေ့တွေ့နေတာ ၊ ကျွန်တော်က သူတို့ကို ကျောင်းမနေဘူးလို့ပဲ ထင်နေတာ ၊ ဆေးတက္ကသိုလ်မှာ အလုပ်လုပ်ပြီး ညပိုင်းမှာ စေတနာ့ဝန်ထမ်း စာလိုက်သင်ပေးတဲ့ မနှင်းဆီ က သူ အိမ်ပြန်တဲ့အခါ ဒီကလေး တွေကို သူ့ဆိုင်ကယ်နဲ့ တင်ခေါ်ပြီး အိမ်တိုင်ရာရောက် ပို့ပို့ပေးတယ် ”

မနှင်းဆီ ဆိုသူကလည်း မန္တလေးမြို့က အလွန် ထူးခြားတဲ့ ပရဟိတသမား အမျိုးသမီးတစ်ယောက် ဖြစ်တယ် ၊ ဘူတာကြီး ရှေ့က လူသွား ပလက်ဖောင်းပေါ်မှာ ကလေးတွေကို စာသင်ပေးနေတာ ကျွန်တော် မြင်ဖူးတယ် ။ ယခုညမှာလည်း ကလေးတွေကို စာလာသင်ပေးတာ တွေ့ရလို့ ကျွန်တော် သူ့ကို နှုတ်ဆက်လိုက်သေးတယ် ။

“ မနှင်းဆီ ပြောပြလို့ ပန်းရောင်းတဲ့ ကလေးတွေက ကျောင်းလည်း တက်နေကြတာ သိလာရတယ် ၊ ညမှာ ပန်းရောင်းနေရတော့ စာကျက်ချိန်လည်း မရှိဘူး ၊ ပန်းရောင်းပြီး ည ၉းဝဝ နာရီမှ ပြန်ရတယ် ၊ လမ်းပေါ်မှာပဲ နေရတဲ့ ကလေးတွေ ဘဝက ရှေ့လျှောက်ပြီး ကောင်းဖို့ မမြင်ဘူး ၊ ပျက်စီးသွားနိုင်တယ် ၊ ဒါကြောင့် ဒီကလေးတွေကို ဘာလုပ်ပေးနိုင်မှာလဲ ကျွန်တော် တွေးတယ် ”

သည်လို စိတ်နေစိတ်ထား ရှိတဲ့ လူမျိုးတွေ သမ္မတ ဖြစ်ရင် ကောင်းမယ်လို့ ကျွန်တော် တွေးလိုက်မိတယ် ။

“ ပရဟိတ လုပ်နေတဲ့ သူငယ်ချင်းတွေနဲ့ ကျွန်တော် တိုင်ပင်တယ် ၊ ကလေးတွေက ပန်းရောင်းတဲ့ ဝင်ငွေကို သူတို့မိသားစုက တစ်စိတ်တစ်ပိုင်း မှီခိုရတယ် ၊ သူတို့ကို ဒီအတိုင်း ခေါ်ပြီး စာသင်ပေးလို့ ရမှာ မဟုတ်ဘူး ၊ သူတို့ ပန်းရောင်းတဲ့ ငွေကို ရအောင် လုပ်ပေးနိုင်မှ ကောင်းမယ်လို့ တွေးတယ် ”

သူက လက်တွေ့ကျကျ တွေးခေါ်တတ်တယ် ။

“ ကလေးမိဘတွေ နေတဲ့ မန္တလေးတောင်ခြေက အိမ်တွေကို လိုက်သွားပြီး ဆွေးနွေးတယ် ၊ ကလေးတွေ ပန်းရောင်းရတဲ့ ဝင်ငွေကို မထိခိုက်စေရပါဘူးပေါ့ ၊ မိဘတွေကလည်း လိုလိုလားလား ရှိကြပါတယ် ”

ပန်းရောင်းရတဲ့ ဝင်ငွေ မထိခိုက်အောင် ဘယ်လို လုပ်မှာလဲ ။ ပိုက်ဆံ ထောက်မယ့်နည်းလား ။

“ ကလေးတွေ ရောင်းရမယ့် ပန်းတွေကို ကျွန်တော်တို့ရဲ့ စေတနာ့ဝန်ထမ်း လူငယ်တွေက ရောင်းပေးကြမယ် ၊ အဲဒီအချိန်မှာ ကလေးတွေက စာသင် ၊ လုပ်မယ်ဟေ့လို့ နေရာ လိုက်ရှာတယ် ၊ ကလေးတွေ ပန်းရောင်းတဲ့ နေရာနဲ့ မဝေးတဲ့ ရွှေပြည်မိုး လက်ဖက်ရည်ဆိုင်က နေရာ ပေးတယ် ”

“ ပန်းရောင်းပေးဖို့ စေတနာ့ဝန်ထမ်းတွေ ဘယ်ပုံ ဆုံစည်းသလဲ ”

“ ဖေ့စ်ဘုတ်ခ်ကနေ အကြံဉာဏ်တွေ တောင်းခံတယ် ၊ ပန်းရောင်းပေးဖို့ Volunteer ( စေတနာ့ဝန်ထမ်း ) တွေ ခေါ်လိုက်တယ် ၊ စာသင်ပေးဖို့ ဆရာ ၊ ဆရာမတွေ ခေါ်တယ် ”

“ အများကြီး လာသလား ”

“ အများကြီး လာတယ် ၊ ကြီးကြီးကျယ်ကျယ် ပြောရရင် ကျွန်တော်တို့ ထောင်တံခါးပိတ်ဖို့ ကြိုးစားနေကြတာပေါ့ ၊ ပန်းရောင်းတဲ့ ကလေးတွေက မေတ္တာ ငတ်နေတာ ၊ မိဘဆီကလည်း မခံစားရဘူး ၊ ပြန်လာတာ မိုးချုပ်တော့ ဗီဒီယိုကြည့် အိပ် ၊ ကျောင်းက ဆရာမဆီကလည်း မရဘူး ၊ ပန်းရောင်း နေရတော့ အိမ်စာ မလုပ် ၊ အိမ်စာ လုပ်မလာတော့ ဆရာမက ရိုက် ၊ အဆင်မပြေတော့ဘူး ၊ လမ်းပေါ်က ပန်းဝယ်သူကလည်း သနားလို့သာ ဝယ်တယ် ၊ မေတ္တာမပေးဘူး ၊ စေတနာ့ဝန်ထမ်း ဆရာ ၊ ဆရာမတွေကတော့ သူတို့ကို ဂရုစိုက်တယ် ၊ မေတ္တာရတယ် ၊ ဆရာမတွေ အတွက် သူတို့က ပန်းကလေးတွေ ယူလာပေးတယ် ”

ရွှေပြည်မိုးမှာ သိပ်မကြာတာကို ကျွန်တော် သိနေလို့ အဲသည်ကိစ္စကို ကျွန်တော် မေးတယ် ။

“ တစ်လကျော်လောက်ပဲ ကြာတယ် ၊ ကလေးတွေ ကိုယ်စား ပန်းရောင်း ပေးပြီး စာသင်ပေးတာကို လူတော်တော်များများက စိတ်ဝင်စားတယ် ၊ ဒီဗွီဘီတို့ မီဒီယာပေါင်းစုံကလည်း ဖော်ပြကြတယ် ၊ တစ်လ အတွင်းမှာ နာမည်ကြီး သွားတော့ တိုင်းဒေသကြီး အစိုးရက သတိထားမိသွားပြီး ခေါ်တွေ့တယ် ၊ မိုးလုံလေလုံ အထက်တန်းကျောင်းထဲ လုပ်ဖို့ ပြောတယ် ၊ ကလေးတွေကို စာသင်တဲ့ ကိစ္စ ဝင်ရောက် မစွက်ဖက်ရင် လက်ခံမယ် ဆိုတဲ့ သဘောတူညီချက်နဲ့ ပြောင်းလာကြတယ် ”

သူ ပရဟိတနဲ့ ဘယ်လို ပတ်သက်လာသလဲလို့ မေးတယ် ။

“ ဟောင်ကောင်က ဂျက်လီလုပ်တဲ့ တစ်ယောက်ကို One Yuan ( တရုတ်ငွေ တစ်ယွမ် ) စုလှူတာ သဘောကျတယ် ၊ ရန်ကုန်မှာ ဆရာအော်ပီကျယ် တို့လုပ်တဲ့ One More တစ်ယောက် တစ်လ တစ်ထောင်စီ စုလှူတာလည်း သဘောကျတယ် ၊ လုပ်ချင်တယ် ၊ ဒါကြောင့် သူငယ်ချင်း လေးငါးယောက် စုပေါင်းပြီး တစ်ယောက် တစ်လ တစ်ထောင်စီ စုကြပြီး one to one စုပေါင်းကူညီရေး ဖွဲ့လိုက်တယ် ၊ တစ်လတစ်ခါ ကူညီတယ် ”

“ ဘယ်အချိန်ကလဲ ”

“ ၂၀၁၂ ဖေဖော်ဝါရီ ၂ ရက် ၊ ၂ - ၂ - ၂ဝ၁၂ ပေါ့ ”

“ ဖေ့စ်ဘုတ်ခ်မှာ ကူညီပုံ ပြောပါဦး ”

“ သူငယ်ချင်း တစ်ယောက်ရဲ့ အမေ နေမကောင်းလို့ သွားမေးတော့ ဆေးရုံပေါ် ကောင်မလေးတစ်ယောက် ရောက်လာတာ တွေ့တယ် ၊ ဆေးရုံတင်သွားတဲ့ သူတွေကလည်း သူ့ကို ပစ်ပြေးသွားပြီ ၊ သူငယ်ချင်းက မင်းတို့ ကူညီနိုင်မှာလား မေးတယ် ၊ ကျွန်တော်က စောင်ကအစ လိုအပ်တာတွေ ဝယ်ပြီး ကူညီ လိုက်တယ် ။ ပြီးတော့ ဘာရယ် မဟုတ်ဘူး ၊ one to one လှုပ်ရှားမှုအဖြစ် ဖေ့စ်ဘုတ်ခ် တင်လိုက်တယ် ၊ ကျွန်တော် တင်လိုက်တာ ကြည့်ပြီး ကျွန်တော် လှူချင်တယ် ၊ လာယူပေးနိုင်မလား မေးကြတယ် ၊ ဖေ့စ်ဘုတ်ခ်ကလည်း အလှူခံရင် ဖြစ်နိုင်တယ်လို့ ကျွန်တော် တွေးမိလာတယ် ”

“ ဖေ့စ်ဘုတ်ခ် ပရဟိတ ဘယ်နှမျိုး ရှိလဲ ”

“ နွမ်းပါးလူနာ ကူညီရေး ၊ ပန်းပျိုးသူများ စာသင်ဝိုင်း ၊ ကင်ဆာကလေးငယ်များ ကူညီရေး ၊ ကျောက်ကပ်ချင်း စာနာမှုအလှူ ၊ လူလူချင်းစာနာမှု ပံ့သကူ အလှူ ”

အမျိုးအစားအလိုက် ကျွန်တော်က မေးတယ် ။

“ နွမ်းပါးလူနာက ဆေးကုသဖို့ ငွေကြေး လိုအပ်နေသူ တွေ့ရင် ဓာတ်ပုံ ရိုက်ပြီး ဖေ့စ်ဘုတ်ခ်တင်တယ် ၊ သူ့အတွက် အလှူငွေ ရလာရင် ချက်ချင်း လှူပေး တယ် ၊ ကင်ဆာကလေးတွေကို အပတ်စဉ် သွားလှူပေး နေတာလည်း ရှိတယ် ၊ ကင်ဆာဆောင်က ဆရာမတွေက ဘယ်သူတွေ လိုနေတာ ပြောတယ် ၊ ကျွန်တော်တို့ ရတဲ့ အလှူငွေပေါ် မူတည်ပြီး ခွဲလှူပေးရတယ် ၊ ဆင်းရဲပြီး ကျောက်ကပ်ဆေးဖို့ ငွေမရှိတဲ့ လူနာတွေကို မန္တလာဆေးရုံနဲ့ ချိတ်ဆက်ထားပြီး လှူတာ ၊ အသက်ကြီးတဲ့ အဘိုး ၊ အဘွားတွေ အလုပ် လုပ်နေတာ တွေ့ရင် တွေ့တဲ့ နေရာမှာ တစ်ယောက် တစ်သောင်း ပံ့သကူသဘောမျိုး လှူတယ် ၊ လူလူချင်း စာနာတဲ့ အနေနဲ့ လှူတာ ၊ အဲဒီလို လှူဖို့ ကျွန်တော့်ကို ကြိုတင် ပေးထားတာတွေ ရှိတယ် ”

“ လူနာကို ဓာတ်ပုံရိုက်တာ အဆင်ပြေရဲ့လား ”

“ ဆေးရုံမှာ ခိုးရိုက်ရတာပဲ ၊ လိုအပ်နေတဲ့ လူနာတွေက သိပ်များနေတော့ ဆရာဝန်တွေလည်း အမြဲတမ်း အိတ်စိုက် မလုပ်နိုင်ဘူး ၊ ဒါကို တချို့ လူနာရှင်က မသိဘူး ၊ ဆေးရုံက အကုန် လုပ်ပေးမယ် ထင်နေတာ ၊ ဆေးရုံကို အစိုးရက ဘတ်ဂျက်တွေ ချထားပေးလျက်နဲ့ လုပ်မပေးတာ ထင်တယ် ၊ ဒါကြောင့် ဆေးရုံက ဖေ့စ်ဘုတ်ခ် အရမ်း ကြောက်တာ ၊ တစ်ယောက်ယောက်က တင်ထည့်လိုက်လို့ ကျန်းမာရေး ဝန်ကြီးဌာနက လူကြီးတွေ တွေ့ပြီး ဆူမှာဆဲမှာ စိုးရိမ်တယ် ၊ ဒါကြောင့် လူနာကို ဓာတ်ပုံရိုက်တာ ကြောက်တယ် ၊ တချို့ဆေးရုံက လူနာမပြောနဲ့ ဆေးရုံဝင်းထဲမှာတောင် မရိုက်ရဘူး ”

“ ဒီတော့ ခိုးရိုက်ရပြီပေါ့ ”

“ ကျွန်တော်ကလည်း အကူအညီ လိုအပ်နေတဲ့ လူနာရဲ့ပုံနဲ့ ဖေ့စ်ဘုတ်ခ် တင်မှ အလှူရှင်က သနားပြီး သဒ္ဓါပေါက်ပြီး လှူကြတာ ၊ ကျွန်တော် ကလည်း လှူတဲ့ပုံ ပေးနေတဲ့ ပုံလေးနဲ့မှ အလှူရှင်တွေ ဘက်က ပိုပြီး ယုံကြည်မှု ရတယ် ”

ကျွန်တော်က စကားလမ်းကြောင်း ပြောင်းပြီး သူ့ဇာတိကို မေးတယ် ။ ရှမ်းပြည်မြောက်ပိုင်း ၊ သီပေါမြို့မှာ မွေးတာလို့ ပြောပြတယ် ။

“ အဖေနဲ့ အမေက သီပေါဇာတိ ၊ အဖေနဲ့ အမေက မန္တလေးမှာ လက်ဖက်ခြောက်ပွဲရုံ ဖွင့်နေတာ ၊ ကျွန်တော့်ကို မွေးမယ်ဆိုတော့ အမေက အဘွားတွေ ရှိရာ သီပေါ ပြန်မွေးတာ ၊ ကျွန်တော် နှစ်နှစ်သားလောက် ရှိမှ မန္တလေး ပြန်လာတာ ”

“ သီပေါ ချက်မြှုပ် ၊ မန္တလေးသားပေါ့ ၊ ကျောင်းနေတော့ .. ”

“ သူငယ်တန်းက ၁ဝ တန်းထိ အ.ထ.က ( ၁၁ ) မှာ ၊ နေတာက ဈေးချိုတော်နားက ၂၇ လမ်း ၊ ၈၂ - ၈၃ ကြား ၊ အဖေ့ပွဲရုံလုပ်ငန်းက အဆင်မပြေဘူး ၊ ကြွေးကျတာတွေ များလာပြီး ပွဲရုံ ပိတ်လိုက်ရတယ် ၊ အဲဒီမှာ အမေက တရုတ်တန်းဈေးမှာ နိုင်ငံခြားပစ္စည်းလေးတွေ ရောင်းတဲ့ဆိုင် သွားဖွင့်တယ် ၊ မန္တလေး ဦးကျားကြီး မီးကြီးလောင်တော့ တစ်ရပ်ကွက်လုံးပါတာ ၊ ကျွန်တော်တို့ အိမ်ပဲ ကျန်တယ် ”

ဦးကျားကြီးမီး ဆိုတာ မန္တလေးမြို့ကို အပြောင်းလဲကြီး ပြောင်းလဲသွားစေတဲ့ မီး ဖြစ်ပါတယ် ။ ၁၉၈၄ ခုနှစ်က ဦးကျားကြီးဝင်းလို့ ခေါ်တဲ့ ရပ်ကွက်က စတင်လောင်တဲ့ မီးဟာ မန္တလေးမြို့ရဲ့ အသည်းနှလုံးလို့ ခေါ်တဲ့ မြို့လယ်ကောင် တိုက်တာအိမ်ခြေ များစွာကို လောင်မြိုက်တယ် ။ အဲသည်ကာလက အာဏာပိုင်တွေက မီးလောင်ပြင်မှာ တဲထိုးနေရသူတွေကို မြို့ပြအင်္ဂါနဲ့ လျော်ညီအောင် တိုက်တာ တွေ ဆောက်ဖို့ ညွှန်ကြားတယ် ။ ပြာပုံထဲက ထရတဲ့ မန္တလေးသူ ၊ မန္တလေးသားတွေရဲ့ အိမ်မြေနေရာတွေကို ငွေထုပ်ပိုက်ဆင်းလာတဲ့ တရုတ်တွေက အဆင်သင့် ဝယ်ယူခွင့် ရကြတယ် ။ မြို့ခံတွေကတော့ ဆင်ခြေဖုံးကို ပြောင်းသွားကြတယ် ။

“ အမေက စိုးကဖေး ဆိုပြီး လက်ဖက်ရည်ဆိုင် ဖွင့်တယ် ၊ နောက် ထမင်းဆိုင်ပါ တွဲဖွင့်တယ် ၊ အမေက စီးပွားရေး ဦးဆောင်တဲ့သူ ဖြစ်လာတယ် ၊ ကြာတော့ အဖေနဲ့ အဆင်မပြေဘူး ၊ ကျွန်တော် ၁၀ တန်းအောင်ချိန်မှာ အဖေနဲ့ အမေ ကွဲသွားတယ် ၊ အဖေက ထွက်သွားတယ် ၊ ကျွန်တော်တို့လည်း သိပ်မကြာဘူး ၊ အိမ်ရောင်းပြီး မြို့သစ် ပြောင်းသွားတယ် ”

“ မြို့သစ်မှာ ဘာလုပ်ငန်း လုပ်ကြသလဲ ”

“ မြေကွက်ကို ငှားပြီး ဗီဒီယိုရုံဆောက် ၊ ဗီဒီယိုပြတာ နှစ်နှစ်လောက် ကြာတယ် ၊ ကျွန်တော် မြို့သစ်ကနေ မြို့ထဲက အဒေါ်အိမ် ပြောင်းနေပြီး ဆေးကုမ္ပဏီမှာ sale man ဝင်လုပ်တယ် ”

“ မြို့သစ်မှာ ဗီဒီယိုပြတဲ့ အတွေ့အကြုံ ပြောပြပါဦး ”

“ တကယ့် ဆင်းရဲသားတွေကြား နေရတာ ၊ သူတို့ အတွက် ပိုက်ဆံ ကျပ် ၁ဝဝ ၊ ၂ဝဝ က သိပ်တန်ဖိုးရှိတာ ၊ သနားစရာလည်း ကောင်းတယ် ၊ ကျွန်တော်လည်း ပိုက်ဆံတန်ဖိုးကို နားလည်လာတယ် ”

“ ဆေးကုမ္ပဏီမှာ ဘာတွေ လုပ်ရလဲ ”

“ စက်ဘီးတစ်စီးနဲ့ ဆေးတွေ လှည့်ပို့ရတယ် ၊ နယ်တွေလည်း ထွက်ရတယ် ၊ တက္ကသိုလ် စတက်ခါစက ကျွန်တော့် မေဂျာက Zoo ( သတ္တဗေဒ ) ၊ နယ် သွားရတော့ လက်တွေ့တွေ မလုပ်နိုင်လို့ အဝေးသင် သမိုင်း ပြောင်းလိုက်တယ် ၊ အလုပ်လုပ်ရင်း ကျောင်းတက်ပေါ့ ၊ အဲဒီအချိန်က စပြီး ကိုယ့်ဘဝကိုယ် ရပ်တည်ရတာပေါ့ ”

“ အမေကော ”

“ အမေကလည်း ဗီဒီယိုပြရတာ အဆင်မပြေတော့ သီပေါ ပြန်သွားတယ် ၊ ကျွန်တော်လည်း ကုမ္ပဏီပိုင်ရှင်က သဘောကျလို့ သူ့ဆီ ခေါ်ထားတယ် ၊ အလုပ်ကတော့ အမျိုးမျိုးပေါ့ ၊ saleman ( အရောင်းဝန်ထမ်း ) ၊ promoter ( အရောင်းမြှင့်တင်ရေး ) ၊ အခုတော့ ကျွန်တော်က အထက်မြန်မာပြည် မန်နေဂျာ ”

“ ဆေးကုမ္ပဏီမှာ လုပ်တော့ ဆေးရုံကို မကြာခဏ ရောက်ရတာပေါ့ ”

“ ဟုတ်တယ် ၊ ဆေးရုံမှာ လူနာတွေက မမြင်ချင်အဆုံး ၊ လူနာတွေမှာ ပိုက်ဆံ မရှိတာ ၊ ရောဂါ ခံစားနေရတာ မြင်ရတာများတော့ ကိုယ်လည်း တတ်နိုင်သလောက် ပေးဖြစ်တယ် ၊ သွေးဆိုလည်း ကျွန်တော် သွေးလှူဘဏ် သွားမလှူဘူး ၊ သွားရင်းလာရင်း နယ်က သွေးလိုအပ်သူ တွေ့ရင် လှူပေးတယ် ၊ ဆိုင်ကယ်နဲ့ သွားရင်း ဓာတ်ဆီကို ဗီဗီ ( အချိုရည် ) ဘူးလေးနဲ့ အဆင်သင့် ထည့်ယူထားတယ် ၊ လမ်းမှာ ဆီပြတ်နေတဲ့ ဆိုင်ကယ် တွေ့ရင် ပေးလိုက်တယ် ၊ ကိုယ် တတ်နိုင်သလောက်လေးပေါ့ ”

“ သူများကို ကူညီချင်တဲ့ စိတ်က ဘယ်က ရတာလဲ ”

“ ကျွန်တော် ငယ်ငယ်က စာတွေ တအားဖတ်တယ် ၊ မင်းသိင်္ခရဲ့ စနေမောင်မောင် တို့လို သူများ ကူညီတဲ့ သူတွေကို တအား သဘောကျတာ ၊ သူငယ်ချင်းတွေ ပိုက်ဆံ လိုနေတာ တွေ့ရင် ပေးချင်တယ် ၊ ကျွန်တော်က လက်ဖက်ရည်ဆိုင်မို့ ပိုက်ဆံ ပေါတယ် ၊ ကျွန်တော်က ပေးလိုက်ရင် ရှက်သွားမှာ စိုးလို့ သူ တွေ့လောက်တဲ့နေရာ ပိုက်ဆံ ချထားခဲ့တယ် ၊ ၅၀၀ လောက်ပေါ့ ”

ကျွန်တော် ကိုယ်တိုင်ကလည်း စာရေးဆရာ ဆိုတော့ စာဖတ်ရာက ပရဟိတစိတ်ထား ရလာတယ် ဆိုတဲ့ စကားကို သဘောကျပါတယ် ။

“ ဘုရားကျောင်းကန်တွေ ဆောက်ကြတာ ကောင်းပါတယ် ၊ ကျွန်တော် ဖြစ်စေချင်တာက လူတွေ လူလူချင်း ကူညီကြစေချင်တယ် ၊ ဆေးရုံပေါ်က လူနာတွေ ၈ဝ ရာခိုင်နှုန်းက ငွေကြေး မတတ်နိုင်ကြဘူး ၊ ခွဲရစိတ်ရမှာ ပိုက်ဆံ မရှိဘူး ဆိုရင် သေရမယ့် သဘောပဲ ၊ ရှိတဲ့ လူက နည်းနည်း မျှပေးရင် သေရမယ့်သူ မသေတော့ဘူး ၊ လူ့အသက် တစ်ချောင်း ကယ်ပြီးသား ဖြစ်သွားတယ် ၊ အဲဒါမျိုး လူတွေ စိတ်ထဲ ရောက်စေချင်တယ် ”

ဆေးရုံတက်နေသူ ချို့တဲ့ လူနာတွေကို ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းက ကူညီစဉ်က ကျွန်တော် ကိုယ်တိုင်လည်း ဒေါက်တာဦးစိုးတင့် နဲ့အတူ ဆေးရုံပေါ် လိုက်သွားဖူးလို့ ငွေကြေး မတတ်နိုင်လို့ ဒုက္ခ ရောက်နေသူ လူနာများစွာကို တွေ့ရဖူးတယ် ။ ယခုအခါ ဗြဟ္မစိုရ် ကလည်း အကူအညီတွေ လျှော့ချ ၊ အစိုးရပိုင်းရဲ့ အကူအပံ့ကလည်း ထင်သလောက် မရတော့ ဆေးရုံလူနာတွေဟာ ဂျွန်းဗလီ ၊ မြင့်မြတ်ဖြူစင်တို့ရဲ့ အကူအညီကိုသာ မျှော်နေရတာ ကြားသိနေရပါတယ် ။

“ တချို့သူဌေးတွေက ဘာသာရေး အဆောက်အအုံတွေ သိန်းပေါင်း ထောင်ချီ အကုန်အကျခံ လှူပေမယ့် လူနာ တစ်ယောက် အတွက် တစ်သိန်း ၊ နှစ်သိန်း လှူဖို့ ဝန်လေးတယ် ၊ ကျွန်တော်လှူတာ သူဌေးတွေက တွေ့သွားပြီး သူတို့လည်း သူတို့ တွေ့တဲ့အခါ လှူသွားကြရင် ကောင်းတာပေါ့ ”

မျက်နှာပေါ်မှာ အသားပိုကြီး ဖြစ်နေတဲ့ ဒေါ်သောင်းမြ အကြောင်းကို ကျွန်တော် မေးပါတယ် ။

“ အမေ ဒေါ်သောင်းမြက မျက်နှာမှာ အသားပို ဖြစ်နေတာ ၊ လေးပေါင်လေးအောင်စ ရှိတယ် ၊ သူတို့ နှစ်ကျပ်ခွဲရွာက ထီးတော်လှုပ်စေတီမှာ အမြဲတမ်း သန့်ရှင်းရေး သွားလုပ်ပြီး ဆရာကောင်း သမားကောင်းနဲ့ တွေ့ပါရစေလို့ အမြဲ ဆုတောင်းသတဲ့ ၊ ဒါကို နေပြည်တော်က ဘုရားဖူးလာတဲ့ လူက တွေ့လို့ ဖေ့စ်ဘုတ်ခ် တင်လိုက်တယ် ”

ကိုဝမ်းက သူ့ဆဲလ်ဖုန်း ထဲက ဒေါ်သောင်းမြရဲ့ မခွဲစိတ်မီက မျက်နှာပေါ်က အသားပိုကြီးနဲ့ပုံ ၊ ခွဲစိတ်ပြီးနောက် စင်းလုံးချောသွားပုံတွေကို ပြတယ် ။

“ ကျွန်တော်က စုံစမ်းပြီး ဆက်သွယ်လိုက်တော့ အမေဒေါ်သောင်းမြနဲ့ တိုက်ရိုက် စကားပြောရတယ် ၊ သူကလည်း ဒီအလုံးကြီးနဲ့ ဝဋ်ခံ နေရတာ ၁၇ နှစ် ရှိပြီမို့ ကျွန်တော် ဖုန်းဆက်ပြီး နောက်နေ့ စနေနေ့ကြီး ရောက်ချလာတယ် ၊ ကျွန်တော်က တနင်္လာနေ့မှ ( ပြည်သူ့ဆေးရုံ ) မျက်နှာနဲ့မေးရိုး ခွဲစိတ်မှာ ပြပေးမယ်လို့ ၊ သူ ရောက်လာတော့ မထူးပါဘူးလေ ဆိုပြီး ( ပုဂ္ဂလိကဆေးရုံ ) နန်းတော် မှာ ပြပေးလိုက်တယ် ”

အပြင်ဆေးရုံ ဆိုရင်တော့ ငွေကြေးကုန်ကျတာ များတော့မှာပဲလို့ ကျွန်တော်က တွေးပူလိုက်မိတယ် ။

“ ကံကောင်းသွားတာက ကျွန်တော်တို့က ဒီကိစ္စ ဖေ့စ်ဘုတ်ခ်မှာ တင်ထားလို့ နန်းတော်ပိုင်ရှင်က သိသွားပြီး အားလုံး အပြီးအစီး အခမဲ့ လုပ်ပေးတယ် ၊ အားလုံး ၁၉ ရက် ကြာတယ် ၊ အထူးကု ဒေါက်တာဒေါ်နွဲ့ က ခွဲပေးတယ် ၊ စစ်လိုက်တော့ ကင်ဆာလည်း မဟုတ်ဘူး ”

“ တော်တော် ကံကောင်းတာပဲ ”

“ ခွဲစိတ်ပြီး ဆေးရုံက ဆင်းတော့ အမေကြီးကို ကျွန်တော် ဘုရားကြီး လိုက်ပို့တယ် ၊ နန်းတော်က ကုသိုလ်ယူပြီး ခွဲစိတ်ကုသ ပေးလိုက်ကြတော့ သူ့ ဆေးကုသစရိတ် အဖြစ် ဝိုင်းထောက်ပံ့ထားတဲ့ ငွေ ၁,ဝ၂၁,ဝဝဝ ရတယ် ၊ အားလုံး အမေကြီးကို ပေးလိုက်တယ် ၊ သူ့ခမျာ သူများ ယာခင်းမှာ နေ့စား လုပ်ရတာ မနက်ပိုင်း လုပ်ရင် ၅ဝဝ ရသတဲ့ ၊ တစ်နေကုန် လုပ်မှ ၁၂ဝဝ ပဲ ရတာ ”

“ အလုံးကြီး ချန်ပြီး အထုပ်ကြီးနဲ့ ပြန်တာပေါ့ ”

“ ကျွန်တော်လည်း တော်တော်ပီတိ ဖြစ်တာပေါ့ ၊ သူ့ခမျာ ဒီအလုံးကြီးနဲ့ ၁၇ နှစ်တောင် နေခဲ့ရရှာတာ ၊ ကျွန်တော်တို့ ဆိုရင် ညှောင့်လေးစူးတာ ညှောင့် မထွက်သေးရင် ဘယ်လောက် အနေရ ခက်သလဲ ၊ သူ့မှာ အသားပိုကြီးနဲ့ အိပ်ရင်တောင် တစ်ဖက်ပဲ စောင်းအိပ်လို့ ရတာ ၊ သူကလည်း အရမ်းဝမ်းသာတာ ”

ကိုဝမ်း ကိုယ်တိုင်က ယခုအထိ အိမ်ထောင် မပြုသေးဘဲ လူပျိုကြီး လုပ်နေတယ် ၊ ကွဲကွာသွားတဲ့ သူ့မိခင် ၊ ဖခင်တို့ အကြောင်းလည်း ကျွန်တော် သိချင်တယ် ။

“ ခုတော့ အဖေရော ၊ အမေရော ကျွန်တော့်အိမ်ကို ပြန်ခေါ်ထားတယ် ၊ ဒါက အရင်ကတည်းက ဖြစ်ချင်တဲ့ ဆန္ဒ ၊ အိပ်မက်လေးပေါ့ ”

ကိုဝမ်းက ပြောရင်း ကျေကျေနပ်နပ် ပြုံးတယ် ။ ကျွန်တော်လည်း ကျေကျေနပ်နပ် ပြုံးမိတယ် ။ သူ့ ပရဟိတ အလုပ်တွေ အတွက်ရော သူ့မိဘတွေ အတွက်ရော ကျေနပ်ရပါတယ် ။

⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ စုစည်းမှု - ၈

No comments:

Post a Comment