Sunday, March 1, 2026

ပျိုသူ နှင့် အိုသူ

 ❝ ပျိုသူ နှင့် အိုသူ ❞

       ( ပီမိုးနင်း )


တရားစီရင်ရန် ရုံးထိုင်၍ နေသော အထူးအာဏာရ တရားသူကြီး ဦးမှန်၏ သဏ္ဌာန်သည် တရားဥပဒေ တုံးကြီး၏ သဏ္ဌာန်ဖြစ်၍နေသည်ဟု မှတ်ထင်ရလောက်အောင် တင်းမာသောအသွင် ရှိလေ၏ ။ ဖြောင့်မှန်သော တရားဥပဒေ၏ သံလက်ခုပ် အတွင်းသို့ ကျရောက်သော တရားခံမှန်က မိမိ၏ အရင်းနှီးဆုံးသော ဆွေမျိုးကို သော်မှ ချမ်းသာပေးလေ့ မရှိချေ ။ သို့ဖြင့် ၎င်း၏ ရုံးတော်သို့ ရောက်သော တရားခံ ဟူသမျှမှာ ၎င်း၏ ရုံးသို့ ရောက်ခြင်းသည် အပြစ်ဒဏ်လေးလံစွာရခြင်းနှင့် မခြားတော့ပြီဟု စိတ်ချကြရလေ၏ ။ သို့ဖြစ်သောကြောင့် ၎င်း၏ ရုံးသို့ ရောက်သော တရားခံတို့မှာ အခြား ရုံးများကို ရောက်ကြသော တရားခံများထက် သက်သာရာရသော အချက်တစ်ခု ရှိလေ၏ ။ ထိုအချက်သည်ကား လွတ်မလား ၊ ကျမလား ၊ လေးမလား ၊ ပေါ့မလား ဟူသော ဝန်လေးသော သံသယစိတ်မှ ကင်းလွတ်လျက် အပြစ်ဒဏ်ကြီးကြီး ရမှာပဲဟု စိတ်ကို ဒုန်းဒုန်းချ၍ နေရခြင်းဖြစ်လေ၏ ။ အကြောင်းမူကား လောက၌ စိတ်မချရခြင်းသည် အကြီးဆုံးသော ဝန်လေးခြင်း တစ်ခု ဖြစ်လေ၏ ။ 


၎င်းသည် အသက်အရွယ် ကြီးသော်လည်း သွားပုံ လာပုံ လှုပ်ရှားပုံမှာ လူငယ်များလို ထက်မြက်လျင်မြန်သူ ဖြစ်လေ၏ ။


ရုံးတော်၏ ရှေ့၌ ဝတ်လုံတော်ရ မောင်ဖေသစ် သည် အောင်မြင်မည့် အမှုအရေးကို မျှော်ကာ ထက်သန်သော မျက်နှာနှင့် ရှိနေလေ၏ ။ ဖေသစ်သည်ကား တစ်နေ့သ၌ ဟိုက်ကုတ်ရုံးတော်ကြီးကို ရောက်လိမ့်မည့် ယောက်ျားဟု အများ ထင်မြင်ခြင်းကို ခံရသူ တစ်ယောက် ဖြစ်လေ၏ ။ ဖေသစ် သည် ငယ်ရွယ်ပျိုမြစ်လျက် စိတ်အားထက်မြက်၍ ဥပဒေအချက် အလက် သဘောသွား အကောက်အယူတို့မှာ လွန်စွာရဲရင့်သူ ဖြစ်သည့်ပြင် မိမိ၏ စွမ်းရည်သတ္တိကိုလည်း စိတ်ချလက်ချ ယုံကြည်သူ တစ်ယောက် ဖြစ်သဖြင့် ၎င်းအား မည်သည့် တရားသူကြီး ကမှ စောင်းပါးရိပ်ခြည် သော် လည်းကောင်း ၊ တည့်တည့်တင်တင် သော် လည်းကောင်း ယုတ်နိမ့်ခြင်း ဖြစ်အောင် ထိပါးပြောဆိုခြင်း ပြုခဲ့ဖူးသည် မရှိချေ ။


ဝက်ခြံထဲ၌ ရှိသော အကျဉ်းသမားသည်ကား ထူးခြားသောနည်းဖြင့် တစ်စုံတစ်ရာကို တွေးတောကာ ငေးမောသောအသွင်ရှိသည့် သက်ရွယ်ကြီးရင့်သူ တစ်ယောက် ဖြစ်လေ၏ ။ ၎င်းသည် ဘယဆေး ရောင်းသူ ဖြစ်လေ၏ ။ ၎င်းဘယဆေးဆိုင်မှာ အခြား ဘယဆေးဆိုင် များနှင့် မတူ ။ အမှိုက်သရိုက်တွေကို တင်၍ ရောင်းသော အသွင် မရှိ ။ ဘယဆေးအပင် အမြစ် ၊ အသီးအခေါက် ဓာတ် စသည်တို့ကို နေရာချထားပုံ အစီအစဉ်နှင့် သန့်ရှင်းသပ်ရပ်သော ဗီရိုနှစ်လုံးသည် အစစ်အမှန် လတ်ဆတ် အဖိုးတန်၍ သြဇာဓာတ် ပြည့်ဝသည့် ဆေးတို့ကိုသာ ရောင်းချသည် ဟူသော အစွဲကို မြင်သူတိုင်း၏ စိတ်မှာ ဖြစ်ပေါ်စေသဖြင့် ၎င်းဆိုင်က ဓာတ်မှ ထွက်ရပ်ပေါက်မည်ဟု ဖိုကျင်ဆရာတို့က အယူ ရှိကြ၏ ။ ၎င်းဆိုင်က ဆေးမြစ် မှ လှေကွဲစီး လူမမာကို ချမ်းသာစေနိုင်မည်ဟု ဆေးဆရာတို့က အားကိုးပြုကြ၏ ။ ၎င်း၏ စိတ်၌ မိမိ၏ မယားက လွဲလျှင် ထိုဆိုင်သာလျှင် အချစ်ဆုံးဖြစ်၏ ။ အကြောင်းမူကား သားသမီး ရှိသူ မဟုတ်ချေ ။ မတော်တဆ သေဆုံးလျှင် ၎င်းဆိုင်ရှိ သက်ရင်းကြီးမြစ် ၊ တောင်တန်ကတိုးမြစ်များ၌ ပိုးဝင်၍ ဖြစ်လောက်အောင် ဆိုင်ကို စွဲလမ်းခင်မင်သူ တစ်ယောက် ဖြစ်လေသတည်း ။


ရုံး၌ အမှုကို နားထောင်လာသူတို့ အနက် ဈေး၌ ၎င်းကို မြင်ဖူးသူတွေ ရှိကြကောင်း ရှိကြပေလိမ့်မည် ။ ၎င်းသည် ဘယဆေးဆိုင်၌ ထိုင်ကာ အမှိုက်ကို ငွေဖြစ်အောင် လုပ်၍ နေသည့် အခါများ၌ ၎င်း၏ ထံမှ ဓာတ်များ ကို ဝယ်ပြီး ရွှေဖြစ်ငွေဖြစ် နိဗ္ဗာန်ပေါက် လုပ်၍ နေသော သူတို့ ထက်ပင် ပိုမို၍ ဝိဇ္ဇာရုပ် ပေါက်လေရာ စိတ်ကူးရှိသော ပန်းချီဆရာ တစ်ယောက် တွေ့မြင်ရချေက “ ဘားမိစ် ကမစ်အင်ဒရပ်ဂျစ်ရှော့ ” ( မြန်မာ ဓာတုဗေဒ ဓာတ် ဆေးဆိုင် ) ဟူသော အမည်နှင့် ကားကို ရေးဆွဲကာ ဥရောပတိုင်းသို့ ပို့ဖို့ရန် ကြိုးစားပေလိမ့်မည် ။ အခြား ဘယဆိုင်များ၌ ဆေးများကို ငှားအထောင်းခိုင်းကြ၏ ။ ဤဆရာကြီးသည်ကား မိမိ၏ ငယ်ရွယ်သော မိန်းမ ဆိုင်မှာ ရှိသည့်အခါ ထောင်းစရာရှိလျှင် မိမိ ကိုယ်တိုင် ထောင်းလေ့ရှိ၏ ။ အကြောင်းမူကား အသက်အရွယ်ပင် ကြီးသော်ငြားလည်း ထကြွလုံ့လကြီးသူ တစ်ယောက် ဖြစ်လေရာ လက်မောင်းများမှာ ပျားစလက်လို မတွဲ ။ အစင်းအစင်းထသော အကြောအသားများနှင့် ပြည့်ဝလေ၏ ။ ဈေးတန်းမှာ မရောင်းရသဖြင့် အဘယ်မျှပင် သွေ့ခြောက်၍ နေစေကာမူ ၎င်း၏ မျက်နှာမှာ စိုပြည်လျက် ။ ထိုစိုပြည်ခြင်းကို အခြားသော ဆိုင်များသို့ ကူးစက်စေ၏ ။ မိုးအုံ့မိုးရွာ သဖြင့် မှောင်ကျ၍ နေသော နေ့များ ၌ကား ၎င်း၏ မျက်နှာမှ နေရောင် ထွက်ပေါ်သည်ဟု မှတ်ထင်ရလေ၏ ။ အသံအောအောကြီး နှင့် ရယ်မော ပြောဆိုသော စကားများသည် ဈေးတန်းမှာ တောကျ၍ အဘယ်မျှပင် ဆူညံစေကာမူ အုပ်လွှမ်းနိုင်သော စကားများ ဖြစ်ကြလေသည် ။ ၎င်းသည် မိမိ၏ ဆိုင်နှင့် အထူးကျေနပ်လျက် ဂုဏ်ရောင်တောက်၍နေလေ၏ ။ ဆိုင်၌ တစ်နေ့လုံး နေရာမှာ တစ်ချက်မှ တုံးလုံးပက်လက် လှဲလေ့ရှိသူ မဟုတ်ချေ ။ ခုံဖိနပ်ကို စီး၍ ကြီးသော ရှမ်းခမောက် ဖောင်းဖောင်းကြီးကို မိုးရော နွေရော ဆောင်း လျက် ၎င်းသည် ရှမ်းပြည်နယ် တောတောင်များမှ ရရှိသော ဆေးမြစ်တို့၏ ပိုင်ရှင်ဖြစ်သော အသွင်ကို ဆောင်လေ၏ ။


ထိုကဲ့သို့သော အဘိုးကြီးသည် ရာဇဝတ်ရုံးကြီး၏ ဝက်ခြံထဲကို ရောက်၍နေ၏ ။ ၎င်း၏ ပြစ်မှုသည်ကား လူကို သေလောက်သော လက်နက်နှင့် သ,တ်ရန်ကြံစည် မှု ဖြစ်လေသည် ။ ထိုပြစ်မှုသည် ကြီးလေးသော ပြစ်မှု ဖြစ်လေ၏ ။ သို့သော်လည်း ပြစ်မှု ကြီးလေးခြင်းကို သိရှိသော လက္ခဏာ မရှိချေ ။ အကြောင်းမူကား မိမိ၏ ဘယဆေးများ ၊ ဓာတ်များ ၊ လုံများအကြောင်းနှင့် ပတ်သက် သမျှသော အကြောင်းအရာတို့သည် မိမိ၏ အလုံးစုံသော အသိ ဖြစ်လေ၏ ။ အစိုးရရှေ့နေက မေးမြန်းသည့် အခါ ဝက်ခြံ၏ လက်ရမ်းကို လက်ဖြင့် ကိုင်ပွတ်ရင်း ဆိုင်ခင်းသလို အမူအရာနှင့် ဖြည်းညင်းစွာ ဖြေဆို အစစ်ခံလေ၏ ။ ၎င်း၏ ဦးခေါင်းသည်ကား တရားသူကြီးဘက်ကို စောင်းစောင်းကလေး ငဲ့၍ နေ၏ ။


တရားသူကြီး၏ နောက် မိန်းမကလေးသည် ဝတ်လုံတော်ရ မောင်ဖေသစ် ပြောပုံဆိုပုံ လျှောက်လဲပုံတို့ကို မကြားဖူးသဖြင့် ၎င်းကို နားထောင်ရန် ရုံးသို့ လာရောက်လေ၏ ။ မောင်ဖေသစ် မှာ တရားသူကြီး၏ အိမ်သို့ လာရောက် လည်ပတ်နေကျ ဖြစ်လေရာ ခင်မင်၍ နေကြလေ၏ ။ တရားသူကြီး ကိုယ်တိုင်ကလည်း ဝတ်လုံတော်ရကလေးကို ၎င်း၏ ကွယ်လွန်သော ဖခင်နှင့် ပတ်သက်သောကြောင့် ခင်မင်၍ နေလေရာ ထိုနေ့၌ အပြောအဆို ကောင်းသော မောင်ဖေသစ် ကို နားထောင်ရန် ရုံးကို လိုက် ခဲ့ပါလားဟု တရားသူကြီး ကိုယ်တိုင်က အတန်တန် ပြောသဖြင့် မင်းကတော်ကလေး မလှခင် လိုက်၍ လာခြင်း ဖြစ်လေ၏ ။ မင်းကတော်ကလေး၏ စိတ်မှာကား သာကြည်ဟန် လက္ခဏာ မရှိချေ ။


ထိုလေးဦးမှာ အဘယ်သို့သော ဆက်သွယ်ခြင်း ရှိသည်ကို မည်သူမျှ မသိချေ ။ တရားခံ ကိုယ်တိုင် မိမိ သည် တရားသူကြီးနှင့် လည်းကောင်း ၊ ဝတ်လုံကလေးနှင့် လည်းကောင်း ၊ အဘယ်ပုံ နီးစပ်ခြင်း ရှိသည်ကို အနည်းငယ်မျှ မတွေးမိချေ ။ ၎င်းတရားခံ၏ မိန်းမ သည်လည်း ရုံးခန်းထဲ၌ ရှိ၏ ။ ထိုမိန်းမသည်လည်း မင်းကတော်ကလေး လိုပင် ငယ်ရွယ်သူ တစ်ယောက် ဖြစ်လေ၏ ။ ၎င်းသည် ဝက်ခြံအနီး မိမိ၏ယောက်ျားအဘိုးကြီး၏ မျက်နှာကို မြင်သာသော နေရာ၌ ရပ်၍နေလေ၏ ။ တရားခံလင်ယောက်ျား ဝက်ခြံကို ဝင်သောအခါ အားပေးသော မျက်နှာနှင့် ကြည့်လေ၏ ။ ၎င်း၏ လည်ပင်း၌ လှပသော ပဝါအသစ်ကို တင်၍ ထား၏ ။ ယောက်ျားကြီး သည်လည်း ပဝါကို ကြည့်ကာ ပြုံးလေ၏ ။ ထိုပဝါသည်ကား ၎င်းတို့ မညားမီ ယောက်ျားကြီးက ပေးသော ပဝါ ဖြစ်လေရာ တရိုတသေ သိမ်းခေါက်၍ ထားသော ပဝါ ဖြစ်သဖြင့် ရံဖန်ရံခါမျှသာ တင်လေ့ရှိ၏ ။ နားထောင်သူ ပရိသတ်တို့သည်ကား အစိုးရ ရှေ့နေကလေး၏ ကျော်ကြားခြင်း ၊ တရားသူကြီး၏ ကြမ်းကြုတ်ဖြောင့်မှန်ခြင်းကို ထောက်ချင့်ကာ တရားခံ ဧကန် အပြစ်ရမည်ဟု အယူ ရှိနေကြလေ၏ ။ အတန်ကြာ စစ်ဆေးပြီးသောအခါ လက်ဖက်ရည်သောက်ရန် အတွက် နေ့လယ် ရုံးဆင်းလေ၏ ။


ဤနေရာ၌ ၎င်းတို့ လေးဦးသား အဘယ်ပုံ နီးစပ် ဆက်သွယ်သည်ကို ဖော်ပြရန် ရှိလေ၏ ။ ဆက်သွယ်ပုံ အတ္ထုပ္ပတ္တိ ကား


တရားသူကြီးသည် အသက်ငါးဆယ်ကျော်ခန့်ရှိ၏ ။ မင်းကတော်ကလေးမှာ မင်းကတော်ကြီး ကွယ်လွန် အနိစ္စ ရောက်ပြီးနောက် လက်ဆက်သော ပျိုရွယ်သူကလေး ဖြစ်လေရာ တရားသူကြီးသည် လွန်စွာ စုံမက်လေ၏ ။ သို့သော်လည်း ငယ်ရွယ်သူတို့၏ စရိုက်အမူယာမျိုးကို အသုံးပြုကာ စက်ဆုပ်မုန်းထားဖွယ်ရာ ဖြစ်သော နည်းမျိုးဖြင့် ချစ်တတ်သော လူအိုများ၏ နည်းကို ဘယ်အခါမျှ အသုံးမပြု ၊ လူကြီးပီသစွာ သဘောထားပြီး မယားကို သမီးကလေး ၊ တူမကလေးကို ယုယသလို ယုယချစ်ခင်သူ ဖြစ်လေ၏ ။ လူပျိုကလေးများကို ရသော မိန်းမအိုများသည် လည်းကောင်း ၊ အပျိုကလေးများကို ရသော လူကြီးတို့သည် လည်းကောင်း ဤအချက်ကို အထူး သတိပြုအပ်လှပေသည် ။ အကြောင်းမူကား မည်သူမျှ မိမိကိုယ်ကို အမူအရာအားဖြင့် ငယ်အောင် လုပ်၍ မရ ။ ငယ်ရွယ်သူများ၏ အမူအရာကို သုံးသော ၊ အသက်ကြီးသူတို့မှာ မုန်းထားစက်ဆုပ်ခြင်းကို ခံရဖို့ ရှိလေသည် ။ အသက်ကြီးသော ဇာတ်မင်းသမီးသည် အငြိမ့်သည်ကလေးများ ကဲ့သို့ ကလိန်းကလက် ကချေ က ၊ ပွဲရှုသူ ပရိသတ် မုန်းတတ်လေသည် ။ 


တရားသူကြီးသည် ထိုအကြောင်းကို ကောင်းစွာ သိသဖြင့် နုပျိုရွယ်သော မင်းကတော်ကလေးအား လူငယ်များ ကဲ့သို့ မချစ် ။ လူကြီး ပီသစွာ ချစ်လေ၏ ။ ငယ်ရွယ်သော မင်းကတော်ကလေး ကလည်း ငယ်ရွယ်သူပင် ဖြစ်လင့်ကစား ခန့်ခန့်ညားညား ရှေးမိန်းမကြီးများ အချစ်မျိုးဖြင့် ဖခင်သဖွယ် ဦးကြီးမခြား လင် ယောက်ျားကို နှစ်နှစ်ကာကာ ချစ်လေရာ မောင်ဖေသစ် နှင့် တွေ့ ရသော အခါကျမှ ငြိမ်သက်သော အချစ်ကုဏ္ဍလာအိုင်မှာ လှုပ်ရှားခြင်း ဖြစ်ရလေသတည်း ။ 


မင်းကတော်ကလေးသည် မိန်းမချောကလေး တစ်ယောက် ဖြစ်၏ ။ သို့သော် ဝတ်လုံတော်ရကလေး၏ အစွမ်းသတ္တိ အရည်အချင်းနှင့် ပတ်သက်၍ မင်းကတော် ၏ စိတ်၌ အထင်ကြီးခြင်း ဖြစ်ရာတွင် မိမိ၏ လင် ယောက်ျား၏ အစွမ်းသတ္တိများ အကြောင်းကို မတွေးမတော မေ့လျော့သလို ဖြစ်၍ နေလေ၏ ။ အကြောင်းမူကား တရားသူကြီးမင်းမှာ အရည်အချင်း ပြောင်မြောက် ထွန်းပေါက်သဖြင့် အထက်သို့ ရောက်ခဲ့ပြီး ဖြစ်လေရာ ဝတ်လုံတော်ရမင်းကလေးမှာ အလားအလာကောင်း သဖြင့် ကြီးမြင့်မည့် ပုဂ္ဂိုလ်တစ်ယောက်ဟု မှတ်ထင်ရရုံမျှ ရှိသေးလေသည် ။ စင်စစ်မှာကား ဝတ်လုံ ဖြစ်ရုံမျှနှင့် ကြီးမြင့်ပြောင်မြောက် ရည်ရွယ်ချက် ပေါက်ရောက်သည် ဟု မဆိုနိုင် ။ ဆေးဆရာများ ကဲ့သို့ လူမမာ များစွာ ရ၍ နာမည် ရမှသာ အောင်မြင်ပြီဟု စိတ်ချရန် ရှိလေသည် ။


မောင်ဖေသစ်မှာ အလားအလာ ကောင်းရုံမျှ ရှိသေး၏ ။ အများ၏ ချီးမွမ်းခြင်းကို ခံရသည်ကား မှန်၏ ။ သို့သော်လည်း အဆုံးသို့ မရောက်မီ အဘယ်မှာ ထစ်၍ တန့်၍နေမည်ကို မသိရသေးချေ ။ မောင်ဖေသစ် ကို အများက ကြီးပွားလိမ့်မည်ဟု ပြောကြသောအခါ၌ မိမိ၏ စိတ်၌ မောင်ဖေသစ် ကို ချီးမွမ်းသည့်အခါ မိမိ၏ ယောက်ျားမှာ မကြီးပွား သလို ဖြစ်၍ နေလေ၏ ။ 


မင်းကတော်ကလေးသည် ရှေးကနှင့် မတူ တစ်ကိုယ်တည်း စာဖတ်ဟန် ဆောင်လျက် ငေးမော တွေးတောကာ နေတတ်သလို တရားသူကြီး သတိထားမိ၏ ။ သို့သော်လည်း အရေးကြီးသည်ဟု မှတ်ထင်ခြင်း မရှိခဲ့ချေ ။ ဖေသစ် အပေါ်၌ အဘယ်အခါမျှ မသင်္ကာသောစိတ် မရှိ ၊ မိမိ၏မယားကိုလည်း လွန်စွာ စိတ်ချယုံ ကြည်၏ ။ ဖေသစ်ကို မိမိ၏ စိတ်၌ တူသားသဖွယ် သဘောထားကာ ၎င်း၏ ကြီးမြင့်ခြင်းကို လိုလား၏ ။ အကြောင်းကို မေး၍ ကြည့်သောအခါ၌ကား ရှေးကကဲ့သို့ ချစ်ခင် ကြည်ဖြူ ၊ ပျူပျူငှာငှာ မျက်နှာချိုချိုနှင့် လိုသမျှကို ရနေသူမှာ တစ်စုံတစ်ရာမျှ မလိုစရာ မရှိကြောင်း ။ သုံးရ ၊ စားရ ၊ ဝတ်ရရုံမျှ အလုပ်များမှာ ငြီးငွေ့လှသဖြင့် တရားကျမ်းစာ နက်နဲရာတို့ကို ဖတ်ရှုမှတ်သား စဉ်းစားခြင်းမှာ ပျော်စရာ တစ်မျိုးကို တွေ့ရှိရသည့် အတွက် ယခုလို နေကြောင်းနှင့် စိတ်ကျေနပ်လောက်အောင် ပြန်၍ ဖြေလေ၏ ။


တရားသူကြီးသည်ကား နဂိုက မသင်္ကာသောစိတ် ကင်းမဲ့သူ ဖြစ်လေရာ စိတ်ကျေနပ်၍ သွားလေ၏ ။ 


ညတစ်ည၌ တရားသူကြီးသည် အခြားအင်္ဂလိပ် အရာရှိကြီး တစ်ယောက်၏ အိမ်၌ ညစာစားရန် သွားမည် ဆို၍ ထွက်သွားလေ၏ ။ ထို့နောက် အိမ်သို့ ပြန်လာ သောအခါ မင်းကတော်ကလေး မရှိသည်ကို တွေ့ရလေ၏ ။ သို့ဖြစ်၍ မိမိ၏ စာဖတ်ခန်း၌ တစ်ယောက်တည်း ထိုင်ကာ မဂ္ဂဇင်းတစ်အုပ်ကို ဖတ်၍ နေလေ၏ ။ အတော် ကြာသောအခါ မင်းကတော်သည် ဘဏ္ဍာစိုး၏ မိန်းမနှင့် အတူ ပြန်၍ လာလေ၏ ။ တရားသူကြီး၏ စိတ်၌ကား ဝင်းတံခါး အပြင်ဘက်၌ မှောင်ရိပ်တွင် မထင်မရှားသော လူတစ်ယောက် ဆုတ်ခွာ၍ သွားသည်ကို မြင်လိုက်ရသည်ဟု စိတ်၌ ထင်လေ၏ ။ မင်းကတော်သည် အိမ်ပေါ်သို့ ရောက်သောအခါ ဘဏ္ဍာစိုး၏မိန်းမ ဆင်း၍ သွားလေ၏ ။


“ မင်း ဘယ်သွားနေသလဲ ” ဟု ပြောကာ ကုလားထိုင်မှ မထဘဲ မင်းကတော်၏ မျက်နှာကို ကြည့်၍ အမှုနှင့် ပတ်သက်၍ အလုပ်ရှိသည်ဟု ပြောပြီး အခန်းထဲသို့ ဝင်၍သွားလေ၏ ။ မင်းကတော်နှင့် ဝတ်လုံတော်ရမင်းသည် စကားပြော၍ နေရစ်ကြလေ၏ ။


ထိုကဲ့သို့သော အရေးမျိုး၌ တရားသူကြီးသည် အဘယ်မျှပင် မသင်္ကာသော်လည်း အဖြစ်အပျက်ကို သေချာစွာ သိရအောင် တစ်စုံတစ်ယောက်ကို စုံထောက် ပမာ အသုံးပြုချေက ဇာတ်ဝတ္ထုများမှာ ကဲ့သို့ ဖြစ်၍ နေဖို့ ရှိ၏ ။ ထို့အပြင် ထိုကဲ့သို့ ပြုချေက လွန်စွာကြီးလေးသော အရေးတစ်ခု ကဲ့သို့ ဖြစ်၍ နေဖို့ ရှိလေ၏ ။ အရေးကြီးသည်ကား မှန်၏ ။ သို့သော်လည်း တရားသူကြီး၏ ခိုင်မာသော စိတ်သည် ကြီးသောအရေး ကို သေးသောအရေး ကဲ့သို့ သဘောထားရုံမျှနှင့် သေးငယ်ခြင်း အဖြစ်သို့ မရောက်နိုင်ချေ ။ ပညာရှိ၍ စိတ်ခိုင်မာသော ယောက်ျားကြီး ဖြစ်သောကြောင့်သာ မိမိ၏ စိတ်၌ သက်သာရာ ရစိမ့်သောငှာ အရေးမကြီးသလို သဘောထားခြင်းဖြင့် မိမိ၏ ကိုယ်ကို တစ်နည်းအားဖြင့် လှည့်စားခြင်းဖြစ်လေ၏ ။ သို့သော်လည်း ထိုအရေးမျိုး၌ ထိုကဲ့သို့ စိတ်ကို လှည့်စား ရဖို့ရန် လွန်စွာ ခက်လေ၏ ။ သို့ဖြစ်သောကြောင့် အခန်းထဲတွင် အလုပ်ကို ဟန်ဆောင်ကာ နားကို ထက်သန်စွာ ဖွင့်၍ ထားလေ၏ ။ တိုတို ပြောရမည် ဆိုလျှင် တရားသူကြီး၏ နားသည် အခါတစ်ပါးထက် ပို၍ ရှင်လျက် ရှိနေလေသတည်း ။


သို့ဖြစ်သောကြောင့် ဧည့်ခန်း၌ နှစ်ယောက်သား ပြော၍ နေသော စကားများကို ကောင်းစွာ ကြားရလေ၏ ။ 


“ မလှ ကျုပ်တော့ သိပ်အရေးကြီးနေတာပဲ ။ တခြား မှာတော့ မပြောပါဘူး ။ ပြောရင် နေရာကျမယ့်နေရာတွေ လည်း ရှိတာပါပဲ ။ သည်မှာတော့ တခြားလူလည်း မဟုတ် ၊ တစ်ယောက်နဲ့ တစ်ယောက် အင်မတန် ရင်းနှီးပြီး နေကြလို့ ရမယ်ထင်လို့ ပြောတာပါ ။ ဒီကအတွက် ဆိုရင် မလှ ဘာမဆို ကူညီပါ့မယ်လို့ ပြောထားတဲ့စကား ဟာလည်း မလှ ကိုယ်တိုင် နှုတ်က ပြောတဲ့ စကားမို့ အခု အရေးကြီးခိုက်မှာ ပြောရတာပဲ ။ ကြာကြာလည်း မထားပါဘူး ။ ယနေ့ နေရာမကျရင် အများကြီး ခက်ဖို့ ရှိနေတာပဲ ။ ဒီဂရီကျပြီးသား “ အိတ်ဇယ်ကျူးရှင်း ” လုပ်လိမ့်မယ်လို့ ကြားတယ် ။ အခုမှ နေရာ မကျရင် အကုန်ခွတိုက် ကုန်တော့မှာပဲ ။ ငွေအတွက် ချက်ချင်း အရေးကြီးနေတော့တာပဲ ။ မလှ လည်တုန်ကို ငှားရင်တော့ ရမယ်လို့ စိတ်ချ လာတာပဲ ။ ဆက်ဆက် ပြန်ပြီး ရပါစေ့မယ် ” ဟု ဝတ်လုံ က ပြောပြီး ဆေးပြင်းလိပ်ကို ညှိလေ၏ ။ 


မင်းကတော်သည် အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်လေ၏ ။ တရားသူကြီးသည် မီးခြစ်သော အသံရော ၊ မလှ ၏ ပြင်းသော အသက်ရှူသံရော ကြားလိုက်ရ၏ ။ စကားများကိုကား တမင်နားကို ပိတ်ထားမှသာ မကြားဘဲ နေဖို့ ရှိလေ၏ ။


“ ကိုဖေသစ်မှာ ဒါလောက်တောင် ကျပ်ရသလား ၊ ကျွန်မဖြင့် မယုံနိုင်အောင် ရှိတာပဲ ။ တကယ် ပြောနေတာလား ” 


“ ကျားကိုက်တာ နာတာရှည်လားလို့ မလှ ကလဲ ” ဟု ဖေသစ် က ပြန်၍ ပြောလေ၏ ။


ထို့နောက် အတန်ငယ် အသံ မကြားရဘဲနေပြီး နောက် မလှခင် ထ၍ သွားသောခြေသံကို လည်းကောင်း ၊ သေတ္တာငယ်ကလေး ဖွင့်သံကို လည်းကောင်း ၊ ပိတ်သံကို လည်းကောင်း ကြားရလေ၏ ။ နောက် အတန်ကြာ စကားပြောကြလေ၏ ။ ထို့နောက် ဝတ်လုံတော်ရမင်းသည် သွားမည် ဟန်ပြင်၍ ထိုင်ရာမှ ထလေ၏ ။ ထိုအခိုက်တွင် တရားသူကြီးသည် ထွက်၍ လာပြီး နာရီကို ကြည့်ကာ - 


“ ဟင် ... လေးနာရီ ထိုးခါနီးပါပေါ့ လား ။ အခုမှ သတိရတယ် ။ မလှရေ ဒရိုင်ဘာ ရှိရဲ့လား ဟေ့ ။ ငါလည်း မှာမထားမိဘူး ။ တနင်္ဂနွေနေ့မို့ လည်များ နေသလား ”


“ ဘယ်ကို သွားမလို့လဲ ” ဟု ပြောပြီး နောက်ဖေး ဘက်ကို လှည့်အသွားမှာ တရားသူကြီးက 


“ တိုက်သူကြီး မနေ့က မှာသွားတယ် ။ အဘိုးကြီးက စက်ဝယ်မလို့တဲ့ ။ ပျက်အောင် ဖျက်ဦးမှပဲ ။ မသေခင်ကလေး အေးအေး နေတာ မဟုတ်ဘူး ။ တိုက်စာရေးဘဝက စပြီး စုလာတဲ့ ပစ္စည်းတွေ ကုန်အောင် လုပ်ချင်သလား မသိဘူး ” 


“ မလုပ်ပါစေနဲ့ များများကြီး ဖျက်လိုက်ပါ ။ တစ်နေ့က လာတုန်းကတည်းက ကျွန်မလည်း သတိပေး လိုက်တာပဲ ” ဟု နောက်သို့ လှည့်ကာ ပြောရင်း နောက်ဖေး သို့ အရောက်သွားလေ၏ ။ ထိုအခိုက်တွင် ဝတ်လုံ တော်ရမင်း သွားဖို့ရန် အသင့်ရှိသည်ကို မြင်သဖြင့် “ မောင်ဖေသစ် ပြန်တော့မလို့လား ဦး ကားနဲ့ သွားတာ ပေါ့ ၊ ဦးလည်း သွားရဦးမှာပဲ ” ဟု ပြောလေ၏ ။ 


မောင်ဖေသစ် သည် အင်္ကျီအိတ်ထဲကို လက်ထည့်ကာ ဣန္ဒြေ မပျက်ဘဲ “ ဟုတ်ကဲ့လား ၊ ကိစ္စ မရှိပါဘူး ၊ ကျွန်တော် ခြေလျင်ဘဲ လျှောက်သွားပါတော့မယ် ” 


“ နေပါဦးလေ ၊ ဦးလည်း တစ်ယောက်တည်း သွားရမှာ ပျင်းပျင်းရှိလို့ပါ ။ အခု သွားဖို့ ကိစ္စ အရေးကြီးသလား ။ နေပါဦး ” ဟု ပြောပြီး နှစ်ယောက်ကုလားထိုင်မှာ ထိုင်ကြပြန်လေ၏ ။


မင်းကတော်သည် နောက်ဖေးဘက်သို့ သွားရင်း နောက်ကို လှည့်၍ ကြည့်လေ၏ ။ မင်းကတော်၏ စိတ်၌ မိမိ၏ ယောက်ျား မသင်္ကာသောကြောင့် တစ်နည်းနည်းဖြင့် ဉာဏ်ဆင်ကာ ထွက်၍များ လာခြင်း ဖြစ်လေသလားဟု တွေးတောကာ ရင်ထဲတွင် တထိတ်ထိတ် ဖြစ်၍ နေလေ၏ ။


တရားသူကြီး၏ မျက်နှာမှာကား အထူးကြည်လင်ရွှင်ပျသဖြင့် အပြစ်မကင်းသော ဝတ်လုံတော်ရမင်း၏ စိတ်မှာ အနည်းငယ် ကြောက်စိတ်ဝင်သလိုလိုဖြစ်လေ၏ ။ တရားသူကြီး၏ မျက်နှာရွှင်ပျခြင်းသည် တစ်စုံတစ်ရာကို မသင်္ကာသောကြောင့် ဟန်ဆောင်ခြင်းများ ဖြစ်လေသလားဟု စိတ်ထဲ၌ မသင်္ကာခြင်း ဖြစ်လေ၏ ။ သို့သော်လည်း ဝတ်လုံရှေ့နေတို့သည် တစ်နည်းအားဖြင့် ကချေသည်များ ဖြစ်ကြသဖြင့် ချောက်ချားလှုပ်ရှားခြင်းကို မပြချေ ။


ထိုအခိုက်တွင် ဒရိုင်ဘာ ကို မေးသော မင်းကတော် ၏ အသံကို ကြားရလေ၏ ။ မကြာမီ အိမ်ရှေ့၌ ကားသံကို ကြားရပြီးနောက် နှစ်ယောက်အတူ သွားကြလေ၏ ။ တရားသူကြီးသည် ဝတ်လုံကို ၎င်း၏ အိမ်ရှေ့၌ ချခဲ့ပြီး တိုက်သူကြီး၏ အိမ်သို့ သွားလေ၏ ။


နောက် အတန်ငယ် ကြာသောအခါ ဝတ်လုံတော်ရမင်း ပြန်၍ လာလေ၏ ။ ၎င်းမှာ များစွာ မျက်နှာပျက်၍ နေသည်ကို မင်းကတော် သိမြင်ရလေ၏ ။ မင်းကတော် သည် အံ့အားသင့်လျက် ၎င်း၏ မျက်နှာကို ကြည့်ပြီး “ ဘယ့်နှယ်ဟာလဲ ၊ ဘာဖြစ်သလဲ ”


ဝတ်လုံသည် မထိုင်ဘဲ အိတ်နှစ်ဖက်ကို စမ်းကာ စဉ်းစားသော အမူအရာ မျက်နှာထားနှင့် လှခင်၏ မျက်နှာကို ကြည့်၍ နေလေ၏ ။ ၎င်းသည် ဘာကို လုပ်ရမှန်း ၊ ဘာကို ပြရမှန်း မသိသောသူ၏ အသွင်မျိုး ဖြစ်၍ နေလေ၏ ။ သို့ စက္ကန့်အနည်းငယ် နေပြီးမှ “ မလှ ဟိုဒင်းကော ကျုပ်ကို ပေးလိုက်ရဲ့လား ” ဟု ပြောလေ၏ ။


မင်းကတော် ပြန်၍ ပြောသော စကားမှာ အကြောင်းကို အခုမှ သိသဖြင့် မျက်မှန်ရှသော အသံ ထင်ရှားစွာပါ ရှိလေ၏ ။


“ ရှင့် လက်နဲ့ ယူပြီး ရှင့်အိတ်ထဲ ထည့်သွားတာပဲ ၊ သေတ္တာကလေး တောင် ပါတယ် မဟုတ်လား ”


“ မဟုတ်ပါဘူး ၊ အိမ်ရောက်လို့ နှိုက်ကြည့်တော့ စီးကရက်သေတ္တာနဲ့ သားရေအိတ်ပဲ တွေ့တာပဲ ။ ပေးလိုက်ရင် ဘယ်ရောက်သွားမှာလဲ ”


“ ဘာလဲ ပျောက်သွားသလား ”


“ မလှ အမှန်ပေးတာ မှန်ရင် ပျောက်တာ ကျနေတာပေါ့ ”


“ ကျွန်မ လိမ်ပြောတယ် ထင်လို့လား ၊ ရှင် ဘာဖြစ်လာတာလဲ ”


“ ရန်တွေ့တာ မဟုတ်ပါဘူး ၊ ကျွန်မ ရှင့်ကို ချော့ပြောနေရမှာလား ”


“ ရန်မတွေ့ ပါနဲ့ မလှရယ် ၊ မတော်တဆ ပျောက်များ သွားသလားလို့ လာမေးတာပါ ။ သည်အိမ်က ထွက်ပြီး ဘယ်ကိုမှလည်း မဝင်ရပါဘူး ”


“ ဘယ်ကိုမှ မဝင်ရရင် ရှင့် ကိုယ်ပေါ်မှာပဲ ရှိမှာပဲ ။ မရှိရင် ကားပေါ်မှာ ရှိမှာပေါ့ ”


“ ကားပေါ်ကို ကျဖို့လည်း နည်းလမ်း မရှိပါဘူး ” 


“ မရှိရင် ဘယ်ရောက်သလဲ ။ ရှင့်ဟာရှင် သိမှာပေါ့ ။ ကျွန်မကို ကြောင်တောင် မလှည့်စားပါနဲ့ ။ ကျွန်မ ကို ဒုက္ခများအောင် လုပ်မလို့ ကြံတာလား ” 


“ အဲဒါ ခက်တာပဲ ။ ဘယ်လိုဖြစ်မှန်း မသိဘူး ” 


“ ရှင့်ဟာရှင် မသိပေမယ့် ကျွန်မ သိပါပြီ ” 


“ ခက်တာပဲ ၊ ဘယ်လို တွေးရမှန်းတောင် မသိဘူး ” 


“ ဘယ်လို တွေးရမယ်ဆိုတာ ကျွန်မ သိတယ် ။ ရှင် အသုံးမကျတာလည်း ခုမှ သိတော့တာပဲ ” 


“ နေပါဦးလေ ၊ ပြန်တွေ့ပါလိမ့်မယ် ။ မဆုံးပါဘူး ” 


“ ပြန်တွေ့တော့ လူတွေ မသိဘဲ ပြန်ရမှာလား ၊ ဒီက ပစ္စည်းဖြစ်ကြောင်း သက်သေ ခိုင်လုံအောင် ပြရမှာပေါ့ ”


“ မသိရအောင် ကျုပ် ကူညီကြံစည်ပါ့မယ်လေ ။ သိပ်လည်း မပူပါနဲ့ ”


“ ကူညီရင် ဒီအရှုပ်အရှင်းထဲက ကျွန်မ မပါအောင် ကျွန်မ ဘာသာ စဉ်းစားပါရစေ ။ ရှင် ဒီမှာ ရပ်နေလို့ အကျိုး မရှိဘူး ။ အနှောင့်အယှက် ဖြစ်မှာပဲ ” 


ဝတ်လုံတော်ရ လည်း ထွက်၍ သွားလေ၏ ။ ဤကား အဆိုပါ အဘိုးကြီး၏ အမှု မဖြစ်မီ ဖြစ်ပျက်ဆက်သွယ်ခဲ့ပုံ ဖြစ်လေသတည်း ။


အဘိုးကြီး လင်မယားနှင့် ဆက်သွယ်ပုံမှာကား ဖြစ်ပျက်ပုံ တူ၍ နေခြင်းပေတည်း ။


••••• ••••• ••••• 


၎င်းတို့၏ ဖြစ်ပြီး ဖြစ်ဆဲ အတ္ထုပ္ပတ္တိကို ဖော်ပြပြီး သဖြင့် ရုံးသို့ ဇာတ်လမ်းကို ပြန်၍ ပြောရန် ရှိသည်မှာ မွန်းလွဲ ၂ နာရီ ထိုးသဖြင့် ရုံးပြ၍ တက်လေ၏ ။ 


၎င်းအမှုမှာ ထင်ရှားကြီးကျယ်သော ပုဂ္ဂိုလ်များ မပါဝင်သဖြင့် လူအနည်းငယ်တို့သာ နားထောင်ရန် ကျန်ရှိကြလေ၏ ။


တရားခံအဘိုးကြီးသည် ပျော့နဲ့ ကြောက်ရွံ့သော အသွင် မရှိ ။ ဝက်ခြံ၌ တောင့်တင်းရဲတင်းစွာ ရပ်၍နေလေ၏ ။ ၎င်း၏ မျက်နှာမှာ အောင်မြင်သောသူ၏ မျက်နှာ ဖြစ်လေ၏ ။ မျက်နှာမှာ အစားအသောက် ပျက် ဟန် လက္ခဏာ မရှိချေ ။


အစိုးရရှေ့နေသည်ကား အဘိုးကြီး အပြစ် ရလောက်အောင် ခိုင်လုံသော ဆင်ခြေတို့ဖြင့် တုပ်ပြီး နှောင်ပြီး ဖြစ်အောင် လျှောက်လဲပြောဆိုပြီး ဖြစ်လေ၏ ။ တရားသူကြီးသည်ကား ထိုအမှု၌ အခြား အမှုများနှင့် မတူ ။ အစိုးရှေ့နေနှင့် ဆန့်ကျင်ဘက်ပြုကာ တရားခံ၏ ရှေ့နေ ကဲ့သို့ ပြောဆို၍ နေလေ၏ ။ ထိုတရားသူကြီး သည် တရားခံများ အပေါ်၌ သနားညှာတာခြင်း မရှိ ။ ပြင်းထန်စွာ စီရင်တတ်သော အလေ့ ရှိလေရာ ဤအမှု၌ ကား အစိုးရရှေ့နေ၏ ခိုင်လုံသော စကားများကိုပင် ဂရုစိုက်၍ နားမထောင်သဖြင့် တစ်ရုံးလုံးက အံ့အားသင့်၍ နေကြလေ၏ ။


ထိုအမှုသွားမှာ တရားခံ၏ ထွက်ဆိုချက် အရ အောက်ပါတိုင်း ဖြစ်လေ၏ ။


တရားခံသည် သန်စွမ်းကျန်းမာသူ တစ်ယောက် ဖြစ်သော်လည်း အသက်အရွယ် ကြီးသူ ဖြစ်လေရာ ၎င်း ၏ မယားမှာ ငယ်သဖြင့် အခြား လူငယ်တစ်ယောက်နှင့် မိမိ၏ မယားကို သင်္ကာမကင်း ဖြစ်လေ၏ ။ ထိုသင်္ကာမကင်း ဖြစ်ဖို့ရန်မှာလည်း အကြောင်း ခိုင်လုံစွာ ရှိသည်ဟု တရားခံ၏ စိတ်၌ အယူရှိလေ၏ ။


အချင်းဖြစ်သော နေ့မှာ အဘိုးကြီးသည် ဈေးမှ အိမ်သို့ အမှတ်တမဲ့ ရုတ်တရက် ပြန်လာရာ မိမိ၏ မိန်းမကို ယောက်ျားပျိုနှင့် တွေ့သဖြင့် အချင်း ဖြစ်ပွားစကားများ ကြောင်း ၊ ထိုအခိုက် ရန်ဖြစ်၍ ယောက်ျားပျိုက အဘိုးကြီးကို ရန်ရှာမည် အပြုမှာ အဘိုးကြီးက မိမိ၏ အသက်ကို ကာကွယ်ရန် လှံနှင့် ကောက်၍ လက်လွတ်စံပယ် ထိုးလိုက်မိကြောင်း စသည်များဖြစ်လေသည် ။ သို့ ထိုးသော လှံသည် ယောက်ျားပျို၏ သေကွင်းကို မထိ ။ လည်ပင်းကို ဖောက်၍ သွားလေ၏ ။


တရားသူကြီးသည် ရှေ့နောက် စကားကို ဂရုစိုက်ရန် နားထောင်သည့် အခါတိုင်း ရှေ့နေနှင့် ဆန့်ကျင်ဘက်ဖြစ်ကာ အချေအတင် ဖြစ်လေ၏ ။ ဝတ်လုံမောင်ဖေသစ် အပေါ်၌ အဘက်ဘက်က တရားသူကြီးသည် အဘယ်အခါကမှ ထိုကဲ့သို့ ဆန့်ကျင်စွာ မပြုခဲ့ချေ ။ ဤအမှု၌များစွာ အံ့ဖွယ်ရာဖြစ်သည်ဟု အများက သဘောရကြလေ၏ ။


ရှေ့နေ နှင့် တရားသူကြီး အခြေအတင် ပြောဆိုရာ၌ တရားသူကြီး၏စကားများတွင် အောက်ပါအချက်များ ပါရှိလေသည် ။


“ တရားခံ ပြောပုံ အများကြီး ရိုးသားတာပဲ ။ စင်းစင်းရှင်းရှင်းကြီး အစစ်ခံပေတယ် ။ လျှို့ဝှက်တိမ်းရှောင်တဲ့ အမူအရာ မရှိဘူး ။ တရားခံ၏ ထွက်ဆိုချက်အရ သူ့မိန်းမ ကို သူ အင်မတန် ချစ်ရှာပေတာပဲ ။ ဘယ်လို လူစားမဆို ဆင်းရဲချမ်းသာမရွေး ဒီလို အရာမျိုး ဖြစ်တတ်တာပဲ ။ အသက်ကြီးသူ တစ်ယောက်ယောက်၏ မယားကို တွေ့ရင် ငါတို့ ယူပိုင်တယ်ဆိုတဲ့ စိတ်မျိုးကို ထားသူတွေလည်း လောကမှာ အများကြီး ရှိကြတာပဲ ။ သို့သော်လည်း ဒီအမှုမှာ ဒီအကြောင်းမျိုးတွေထက် ပိုမို အရေးကြီးတာက တမင် သေစေလိုသော စိတ်နဲ့ ထိုးလိုက်တာလား ၊ ခိုက်ရန်ဖြစ်ပြီး ဦးရာ လက်နက်နဲ့ ကွယ်ကာလိုက်ခြင်းလား ဆိုတာ စဉ်းစားဖို့ ရှိတာပဲ ။ သူတို့ လင်မယား တရားလိုနဲ့ မတွေ့မီက အလွန်တရာ ပျော်ရွှင်လျက် ကျေနပ် နေကြကြောင်း ။ တရားလိုနဲ့ တွေ့မှ မချမ်းမသာဖြစ်ကြရကြောင်း စသည့် အကြောင်းအရာများမှာ တရားလမ်းကြောင်းနှင့် တစ်စုံတစ်ရာ မသက် ဆိုင်တာမို့ စဉ်းစားရန် မလိုပေဘူး ။ သို့သော်လည်း အသက်ကြီးသူ တစ်ယောက် မှာ ထိုကဲ့သို့ အရေးမျိုးနှင့် တွေ့ရင် အရူးလို ဖြစ်ပြီး ကိုယ့် စိတ်ကိုမှ အစိုးမရတဲ့ အခြေအနေမျိုးကို ရောက်နိုင်သည့် အတွက် သည်အချက်တစ်ချက်ကို စဉ်းစားဖို့ သင့် မသင့် ဆင်ခြင်ဖို့အချက်ပဲ ။ ဒါလည်း တရားဥပဒေနဲ့တော့ မဆိုင်ပါဘူး ။ မဆိုင်သော်လည်း လူတို့၏ ရှိရင်း ပင်ကို တရားကို အထူးသဖြင့် ဤအမှုမျိုးမှာ ဆင်ခြင်ထောက်ထားဖို့ရှိတယ် ။ တရားလိုက ငယ်ရွယ်သူ ၊ ရုပ်ရည်ကလည်း သနားကမား ။ တရားခံက လူကြီး ။ မိန်းမကလည်း ငယ်တယ် ။ ရုပ်ရည်ကလေး ချောလေတော့ အသက်ကြီးသူ တရားခံ၏ စိတ်မှာ အဘယ်ပုံ ဖြစ်ပျက်မယ် ဆိုတာ အထူး စဉ်းစားဖို့တောင် လိုမယ် မဟုတ်ဘူး ။ အကယ်၍ တရားခံဟာ ပျိုပျိုရွယ်ရွယ် ဖြစ်ရင် ဒီ အကြောင်းတွေကို စဉ်းစားနေဖို့ မလိုပါဘူး ။ လူအိုလူမင်း များ၏ သားပျို မယားပျို ရုပ်ရည်ချောချော မြင်ရလျှင် ငါနဲ့သာ တန်တယ် ၊ အဘိုးကြီးဟာ ဘာဆိုင်လို့ အပျို ချောချောကလေးနဲ့ ပေါင်းနေသင့်ပါသလဲ ဆိုတဲ့ စိတ်မျိုး ရှိတဲ့ လူပျိုချောချောကလေးများလည်း နည်းနည်းပါးပါး သတိတရား ရကြဖို့ ၊ ဆင်ခြင်ကြဖို့ ဖြစ်ပေါ်လာတဲ့ အမှုပဲဟု ပြုံးလျက် ပြောရင် မင်းကတော်သည် မျက်နှာကို လွှဲလိုက် လေ၏ ။ ထို့နောက် စကားဆက်ကာ ဒီစကားများဟာ ရုံးနဲ့ ဆိုင်လှတဲ့စကားများ မဟုတ်ပေဘူးပလေ ။ သို့သော်လည်း တရားရုံးများလည်း စင်စစ်အားဖြင့်ဆိုတော့ လူမှုကိစ္စ ၊ လူအလုပ်ပေကိုးဟု ပြောပြီး တရားခံဘက်သို့ လှည့်ကာ အပြစ်မရှိ လွှတ်လိုက်ကြောင်း ပြောလေ၏ ။


ထိုအခါ တရားခံ၏ မိန်းမသည် လျင်မြန်စွာ ထိုင်၍ တရားသူကြီးကို ဦးချလေ၏ ။ တရားခံ အဘိုးကြီး လည်း အားရအား ကြီးသဖြင့် ယောင်တောင်တောင် ဖြစ်၍ နေလေ၏ ။ အစိုးရရှေ့နေနှင့် စာရေးများ ၊ အခြား ရှေ့နေများ ပရိသတ်များသည် အံ့အားသင့်လျက် တရားသူကြီး ပြုမူပုံ ထူးခြားလှချည့်လားဟု အောက်မေ့ကာ တစ်ယောက်ကို တစ်ယောက် ကြည့်ကြလေ၏ ။ တီးတိုး စကားများကိုလည်း ပြောကြလေ၏ ။ ထိုအခိုက်တွင် တရားသူကြီးသည် တစ်စုံတစ်ရာကို ပြောလိုသော အမူအရာနှင့် တရားခံဘက်သို့ လှည့်ကြည့်လေရာ တစ်ရုံးလုံး ဆိတ်ငြိမ်၍ သွားလေ၏ ။ တရားသူကြီးက တရားခံကို ကြည့်ကာ ရဟန်းဆရာတော်များ ပြောသော အမူအရာ အသံမျက်နှာထားနှင့် “ အဲဒါ ဆရာပဲ ။ လင်မယားနှစ်ယောက်စလုံးအတွက် ပြောတဲ့ စကားနော် ။ တစ်ယောက်တည်း အတွက် မဟုတ်ဘူး ၊ တစ်ယောက်ကို တစ်ယောက် ယနေ့က စပြီး ယုံကြည်စိတ်ချလောက်အောင် သဘောထား နေထိုင်ကြရမယ် ။ တစ်ယောက် အပေါ်မှာ တစ်ယောက် အထင်လွဲခြင်း ဆိုတာ ဖြစ်မြဲ ထုံးစံပဲ ။ သို့သော်လည်း အရမ်း အထင်မလွဲရအောင် အကျိုးအကြောင်း အကုန်အစင် မသိရသေးမီ ဒင်း ဘယ်လိုလဲဟု ဆုံးဖြတ်ချက် ပုံသေမချရအောင် သတိထားကြရမယ် ။ ဒီစကားကို နားလည်ရဲ့ မဟုတ်လား ။ အကယ်၍ တစ်ယောက်ယောက်က မတော်တဆ မှားယွင်းရင်လည်း သတိရလို့ ပြုပြင်မှန်း သိရတဲ့အခါ တစ်ယောက်က ခွင့်လွှတ်ရမယ် ။ မေးမြန်းစုံစမ်း နေဖို့တောင် မလိုဘူး ။ အခု ဖြစ်ပျက်သမျှ၏ အကြောင်းရင်းဟာ ဘာပဲဖြစ်ဖြစ် စိတ်ထဲမှာ မထားဘဲ မေ့ပစ်လိုက်ခြင်းဟာ အကောင်းဆုံးပဲ ။ ဒီလို အရာမျိုးမှာ တစ်ယောက်က သဘောကြီးမှန်း ၊ တစ်ယောက်က သိရင် အလိုလို တရား ရတတ်တာမျိုးပဲ ။ လွန်ပြီးတဲ့ အကြောင်းတွေ ကို ဘာမှ ပြန်မေး မနေနဲ့တော့ ။ ဘာမှ မဖြစ်သလို နေခြင်းဟာ အမြဲ အသစ်ဖြစ်နေတာနဲ့ အတူတူပဲ ။ လွန်သမျှဟာ သုသာန်မှာ မြှုပ်နှံပြီးတဲ့ အရာလိုပဲ ပြန်ဖော်ရင် နံစော် ရုံပဲ ရှိမှာပဲ ”  စသည်ဖြင့် ပြောလေ၏ ။


 ••••• ••••• ••••• 


မင်းကတော်ကလေး၏ စိတ်၌ လည်တုန် အတွက် များစွာ စိတ်မချမ်းမသာ ဖြစ်၍ နေလေ၏ ။ သို့နေခိုက်တွင် တရားသူကြီးသည် ၎င်း၏ အခန်းထဲသို့ လျင်မြန်စွာ ဝင်၍ လာပြီး ထိတ်လန့်တကြား အမူအရာနှင့် လည်တုန် ရှိသေးရဲ့လား ၊ ပျောက်များပျောက်သွားသလားဟု ပြောကာ မိမိ၏ အင်္ကျီအိတ်ထဲကို လက်နှိုက်လေ၏ ။ 


မင်းကတော်သည် စကား မပြောနိုင်ဘဲ အံ့အားသင့်၍ နေခိုက်မှာ တရားသူကြီးသည် သေတ္တာကလေးကို အိတ်ထဲမှာ ထုတ်၍ ဖွင့်ပြီး လည်တုန်ကို ယူပြလေ၏ ။ 


မင်းကတော်သည် ကြက်သေသေ၍ နေလေ၏ ။ တရားသူကြီးသည် အပါးကို ကပ်ကာ မင်းကတော်၏ ပခုံးကို ကိုင်ပြီး “ ဘယ်အချိန်မှာ သူခိုးတက်သလဲ မသိဘူး ၊ သူခိုး ထိတ်လန့်ပြီး အပြေးမှာ ကျကျန်ရစ်ခဲ့တာနဲ့ တူ တယ် ၊ ပန်းခြံထဲမှာ ကောက်ရခဲ့တယ် ” ဟု ပြောလေ၏ ။ 


မင်းကတော်သည် လည်တုန်ကို စိုက်၍ ကြည့်ကာ လှမ်း၍ ယူလေ၏ ။ တရားသူကြီးသည် မင်းကတော်ကို စိုက်ကြည့်လျက် စကား မပြောဘဲ နေလေ၏ ။ မင်းကတော်လည်း ငါ့လည်တုန်မှ ဟုတ်ပါ့မလား ဟု စဉ်း စားရင်း တွေဝေ၍ နေလေသတည်း ။


တရားသူကြီး၏ စိတ်၌ အဖြစ်အပျက်ကို သိပြီး ဖြစ်သဖြင့် မမေးမြန်း သော်လည်း စိတ်၌ကား ငြိမ်သက်မည် မဟုတ်ချေ ။ မင်းကတော်၏ နှုတ်မှ ထုတ်ဖော်၍ ဝန်မခံ သမျှ နှလုံး၌ အနာမကျက်နိုင်သလို မြုံ၍ နေလေ၏ ။


မင်းကတော်သည်ကား ရုံး၌ တရားသူကြီး ပြောသော စကားများကို သတိရတိုင်း သူတော့ ငါတို့ အဖြစ်အပျက်ကို သိတာပဲ ။ သိရက်နဲ့ မပြောဘဲ နေတာပဲဟု အောက်မေ့ကာ အဘိုးကြီး ကို သနားကြင်နာ၍ နေလေ၏ ။ ဝတ်လုံသည်ကား မပေါ်လာတော့ချေ ။ အဘယ်အတွက် မပေါ်လာသည်ကို တွေး၍ မရချေ ။ တကယ်ဆိုရင် ပျောက်သော ပစ္စည်းကို ရှာ၍ မရကြောင်း ၊ ရအောင် ကြိုးစားပါမည် ဟူသော အကြောင်းများကို ပြောလာဖို့ သင့်သေး၏ ။


တကယ် ပျောက်တာမှ ဟုတ်ပါ့မလား ။ အဘိုးကြီး သိသဖြင့် ပြန်တောင်းလာတာများ ဖြစ်လေသလား ။ ပြန်တောင်းလာတာ မှန်ရင် ငါ့ကို ဆူပူဖို့ရှိ၏ ။ ယခုမှာ ငြိမ်၍ နေ၏ ။ အဘယ်လို ဖြစ်ရခြင်းပါလဲ ။ ကိုဖေသစ် ဟာ လမ်း၌ ချပစ်ခဲ့လောက်အောင် မေ့လျော့မည် မဟုတ် ။ သွားစဉ်ကလည်း အတူတူ ၊ ကားနဲ့ သွားတာပဲ စသည်ဖြင့် အမျိုးမျိုး တွေးလေ၏ ။ သို့ တွေးလေရာ အဘိုးကြီး ဟာ သိရက်နဲ့ တမင် မျိုသိပ်၍ ထားလေသလားဟု မဝေခွဲနိုင်အောင် ရှိရလေ၏ ။ သို့ဖြစ်သောကြောင့် ညတစ်ည၌ မင်းကတော်သည် စိတ်ကို ချုပ်တည်း၍ မရသောကြောင့် အဘယ်လိုပဲဖြစ်ဖြစ် ငါ ဝန်ခံတော့မည်ဟု အောက်မေ့ကာ ပန်းခြံ၌ အတူယှဉ်၍ ထိုင်နေကြစဉ်


“ လည်တုန်ဟာ ကောက်ရတာ မဟုတ်ဘူး မဟုတ်လား ”


“ မဟုတ်ဘူး ”


“ ဘယ်ကရသလဲ ” 


“ ဖေသစ် ဆီကပေါ့ ”


အတန်ကြာ ဆိတ်စွာ နေကြလေ၏ ။ 


“ ဘယ်ပုံရတာလဲ ” 


“ ဘာဖြစ်လို့ မေးသလဲ ”


“ ကျွန်မ အပြစ်ကို ဝန်ချချင်လို့ မေးတာပါ ” 


“ အခွင့်လွှတ်ပြီးတာ ကြာပါပကော ”


ထို့နောက် ဆိတ်စွာ နေကြပြန်လေ၏ ။ 


“ ကိုသစ် ဘာပြောသလဲ ”


“ သူ မသိဘူး ” 


“ ဘာဖြစ်လို့လဲ ”


“ သူ့ကို ကားနဲ့ အိမ်လိုက်ပို့တုန်းက သူ့ အိတ်ထဲက ငါ တိတ်တဆိတ် နှိုက်ယူလိုက်တယ် ။ နောက်ထပ်ပြီး မမေးနဲ့တော့ ”


မင်းကတော်သည် ဝတ်လုံ ဖေသစ်ကို တစ်ခါတည်း မုန်း၍ သွားလေ၏ ။ ငါ့ ပစ္စည်းကို ပြန်မပေးနိုင်တော့ဘူး ၊ ပျောက်ပြီ ထင်သည့် အတွက် မျက်နှာကိုမှ မပြရဲတဲ့ လူဟာ အလကား လူပဲဟု စဉ်းစားပြီး ထိုင်နေသော နေရာမှ ဆင်းကာ လင်ယောက်ျား၏ ခြေရင်း၌ ဒူးတုပ်လျက် ခြေကို ဆံပင်နှင့် သုတ်ကာ မင်းကတော် သည် ငိုရှိုက်လျက် လင်ယောက်ျား၏ ခြေကို မျက်ရည် နှင့် ဆေးရင်း ဦးချကာ အခွင့်လွှတ်ရန် အသနားခံရှာလေ၏ ။


တရားသူကြီးသည် လှခင် ကို ကုန်း၍ ကောက်ယူ ချီမကာ “ အေးကွယ် သတိရရင်ကောင်းတာပေါ့ မမှားတဲ့ ရှေ့နေ ၊ မသေတဲ့ သမားတဲ့ ။ အခု အရေးမှာ ရှေ့နေ ဟာ မှားတာပဲ ။ ကိစ္စ မရှိဘူး ။ ရောဂါ လိုပေါ့ ။ ဖြစ်တုန်းခံရ ၊ ပျောက်တော့ ချမ်းသာတာပဲ ။ ပျောက်တာသာ ပဓာန ။ ပျောက်ရင် ပြီးတာပဲ ” ဟု ပြောကာ ရင်ခွင်၌ ကလေးလို ပွေ့ယူရှာလေသတည်း ။


 ▢  ပီမိုးနင်း

📖 သူရိယ မဂ္ဂဇင်း 

      ဇွန် ၊ ၁၉၃၂ 

No comments:

Post a Comment