Tuesday, March 10, 2026

တစ္ဆေပုံ

 

❝ တစ္ဆေပုံ ❞
( ပီမိုးနင်း )

မောင်နှမလေးယောက် တို့သည် မိမိတို့ ပြောသော အတ္ထုပ္ပတ္တိများကြောင့် ကြောက်ရွံ့ကာ တစ်ယောက်နှင့် တစ်ယောက် ပူးကပ် တိုးဝှေ့၍ နေကြလေ၏ ။

သို့သော်လည်း မပြောဘဲ မနေနိုင်ကြချေ ။ တစ္ဆေသရဲ စကား ပြောသော အလေ့အတိုင်း မိမိတို့ ကိုယ်ကို ခြောက်လှန့်ခြင်းဖြင့် ကြောက်ပွဲ ခင်းကျင်းကာ အကြောက်၌ ပျော်လျက် နေကြလေ၏ ။

သို့ဖြစ်၍ ဘိုးအေး ပြောသော တလားကြီးကို ခါးစောင်းတင်၍ မိမိ၏ ရည်းစားကို လိုက်သော သရဲမကြီး အကြောင်း အဆုံးသို့ ရောက်သောအခါ ကြောက်ကြောက်နှင့် ကျိတ်ခါ ရယ်ကြလျက် အခန်းထောင့် ညောင်ရေအိုးစင် အောက်တွင် လေးယောက်သား တိုးဝှေ့၍ နေကြလေ၏ ။

ထိုအခါ ဆယ်နာရီကျော်ခန့် ရှိလေ၏ ။ လမိုက်သော ညဉ့်ဖြစ်လေရာ မိုးဥတု၏ ညည်းတွားငြိုငြင်သော အသံ ၊ ပိုးမွှားတို့နှင့် မနီးမဝေး ရေမြောင်း တစ်ခုမှ ထွက်ပေါ်သော ဖားခုံညင်းမင်းသားမင်းသမီးများ စခန်းသွားရင်း စုံတွဲ ဆိုကြသော အသံများမှ တစ်ပါး အခြား လူသံသူသံ ဟူ၍ မကြားရချေ ။

ထရံပေါက်များမှ မြင်ရသော အရာများသည်ကား စုန်းမတွေ တောက်စား ၊ ယန္တရားစက်ကြိုး ဆင်၍ ကစားသည်နှင့် တူသော ပိုးစုန်းကြူး အရောင်များ သာ ဖြစ်လေ၏ ။ အကြောင်းမူကား ထိုအခါ၌ ရွာသူရွာသားတို့ ၏ ဘာဝ ရွာ၌ လူနေ နည်း၍ လယ်ပြင်ရှိ တဲများ သို့ ပြောင်း၍ နေကြသော ပျိုးနုတ်စ အခါ ဖြစ်လေ၏ ။

အတန်ငယ် ကြာစွာ ဆိတ်ငြိမ်၍ နေကြပြီး နောက် မယ်ညို က ..

“ မသာအလောင်းကြီး သန်းခေါင် အချိန်မှာ အလောင်းစင်ပေါ်မှာ ထ၍ ထိုင်ပြီး နိုး၍ နေသူ တစ်ယောက်ကို လက်ယပ် ခေါ်၍ ငါးခြောက်ဖုတ် နှင့် ထမင်းကြမ်း တောင်းစားရာ ကြောက်ကြောက်နှင့် တစ်ယောက်တည်း ခူးခပ်၍ ကျွေးရကြောင်း ၊ သို့ ကျွေးနေခိုက်မှာ အခြား မသာစောင့်များ အိပ်ပျော်နေကြသဖြင့် မည်သူ့ကိုမျှ နှိုး၍ မရကြောင်း ၊ လူသေကြီး ထမင်းကျွေးသူအား မိမိ နှင့်အတူ လက်ဆုံ စားဖို့ရန် ခေါ်သဖြင့် စားရကြောင်း ၊ စားရာ မျို၍ မကျကြောင်းကို အလောင်းက သိသဖြင့် “ စားသာစားပါ အားမနာပါနှင့် ” ဟု ပြောကြောင်း ...

စသည့် အတ္ထုပ္ပတ္တိကို ပြောလေ၏ ။

၎င်းနောက် တစ်ယောက်ကို တစ်ယောက် တိုးဝှေ့ကာ ငြိမ်နေကြ ပြန်လေ၏ ။ အတန်ငယ် ကြာလျှင် အစ်ကို အကြီးဆုံး ဖြစ်သဖြင့် လူပုံလူပန်း ကြီးမားထွားကျိုင်း သလောက် သူရဲဘော နည်းသော ဘကျော်ကြီး က သင်္ချိုင်းကို ဆေးစီရင်ရန် သွားရာ လူသေကောင် ထ၍ လိုက်သဖြင့် ပြေးကြရသော အတ္ထုပ္ပတ္တိ ကို မိမိ ကြားရဖူးသည့် အတိုင်း ပြော၍ ပြလေ၏ ။ သာလွန် ကြောက်ရွံ့ ကြပြန် သဖြင့် နေရာမှ မထဝံ့ မလှုပ်ဝံ့ ၊ အသံ မထွက်ဝံ့ဘဲ နေကြလေ၏ ။

သို့ နေခိုက်တွင် လေသည် ရှည်လျား ငြိုငြင်သော အသံနှင့် ညည်းညူလေ၏ ။ အိမ်နောက်ဖေး ရင်ကွဲသရက်ပင်ကြီး၏ အကိုင်းများသည် လက်ပံပင်ကြီး အကိုင်း ပေါ်သို့ ပေါင်တင် သလို တင်ကာ တကျိတ်ကျိတ် ဘီလူးသဘက် သွားကြိတ် သလို မြည်လေ၏ ။ အဝေးမှ ကြုံးဝါးသော မိုးကြိုးသံသည် ကြောက်ရွံ့ခြင်းကို ပိုမို ကြီးမားစေလေသတည်း ။

၎င်းတို့မှာ သရဲစကားကို ဆက်လက်၍ မပြောနိုင်တော့ချေ ၊ အတ္ထုပ္ပတ္တိ ရှာ၍ မရတော့ဘဲ နေကြလေ၏ ။ သို့ဖြစ်၍ တိတ်ဆိတ်စွာ နေကြလေ၏ ။ အိမ်ရှေ့တံခါးမှာ လေလှုပ်၍ ဖွင့်သဖြင့် ပွင့်၍ သွားလေ၏ ။ သို့သော်လည်း မည်သူမျှ ထ၍ မပိတ်ဝံ့ကြချေ ၊ ဘကျော်ကြီး ကိုသာ ထ၍ ပိတ်ရန် တွန်း၍ နေကြလေ၏ ။

မောင်နှမ လေးယောက်မှာ အိမ်၌ မအိပ်ဝံ့အောင် ကြောက်ကြလေ၏ ။ အတန်ကလေး ဝေးသော ဆွေမျိုးတစ်ယောက်၏ အိမ်သို့ သွား၍ အိပ်ရလျှင် ကောင်းမလားဟု တစ်ယောက်က ပြောလေ၏ ။

ကျော် ။  ။ “ စပါးပုတ်ကို လူတက် ကျုံးတော့မှ ငတ်နေကြမှာ ၊ ဝမ်းစာ စပါးကလေး ဒါပဲ ရှိတယ် ၊ နင်တို့ ဘာသိသလဲ ”

“ ဟော ... ဟော ... ဘာသံလဲ ”

ဟု မျက်လုံးပြူးကာ ဘိုးအေး သည် နားစိုက်၍ ထောင်လေ၏ ။ အားလုံး ဆိတ်ငြိမ်လျက် အသံကို ဂရုစိုက်၍ နေကြလေ၏ ။ ထိုအသံမှာ အိမ်ရက်မကို တစ်စုံတစ်ယောက်က တစ်စုံတစ်ရာနှင့် ထုလိုက်သည်နှင့် တူသော အသံဖြစ်လေ၏ ။ အိမ်မှာလည်း လူတစ်ယောက် မရပ်သာ ရပ်သာ မြင့်သော ဘဂါအိမ်မတ်မတ်ကလေး ဖြစ်လေရာ ရှေ့ ခွေးကတက်ကို တက်သော မြေစိုက်လှေကား နိမ့်နိမ့် တစ်ခုသာ ရှိလေ၏ ။ ၎င်းတို့ ရှိနေ သော အပေါ်ဆင့်ကို တက်သော လှေကား မှာကား မှောက်၍ ထားသော ထင်းရှူးသေတ္တာကြီး ဖြစ်လေ၏ ။

လေးယောက်သား တံခါးပေါက်ကိုသာ စိုက်လျက် စကား မပြောဘဲ ကြည့်၍ နေကြလေ၏ ။ ၎င်းတို့၏ ကြောက်ရွံ့ခြင်းမှာ ပြောပြရန် စကား မရှိအောင် ကြီးမားလေ၏ ။ မိမိတို့ ပြောသော အတ္ထုပ္ပတ္တိများ၌ ပါသော တစ္ဆေသရဲတို့သည် အကောင်အထည် ဖြစ်ကာ ပေါ်၍ လာကြလေပြီဟု မှတ်ထင်ကြလေ၏ ။ တစ်ယောက်ကို တစ်ယောက် တိုးဝှေ့ကာ ဖက်ကြလေ၏ ။

အေး ။  ။ “ ငါ တွေးမိပြန်ပြီ ဘကျော် ”

ကျော် ။  ။ “ ဟေး .. တော်ပါတော့ကွဲ့  ၊ ငါ ကြောက်တယ် မပြောနဲ့တော့ ၊ ဟော နားထောင် အခုတောင် တက်လာပြီ ”

ဟု ပြောခိုက်တွင် အိမ်ရှေ့ ခွေးကတက် ကြမ်းပေါ်မှ ကျိတ်ခနဲ မြည်သော အသံနှစ်ချက်ကို ကြားရလေရာ တိုး၍ ကြောက်ရွံ့ကြပြန်လေ၏ ။ ဆိတ်ငြိမ်စွာ မှောင်ထဲကို ကြည့်၍ နေကြလေ၏ ။

သို့ ကြည့်၍ နေခိုက်တွင် မိုးသားတိမ်တိုက်များ ကွဲသဖြင့် ပိတ်ဆို့သော မှောင်ခဲကြီးမှာ မသိမသာကလေးမျှ ပါး၍ သွားသည်ဟု မှတ်ထင်ရလေ၏ ။ သို့ မှောင်ထဲကို ကြည့်ရာတွင် အရပ်မြင့်သော လူ လိုလို မှတ်ထင်ရသော မထင်မရှား ရေးရေးမျှ သဏ္ဌာန် တစ်ခုသည် ရှေ့သို့ ကိုင်းလျက် အားယူကာ လမ်းဘက်မှ မိမိတို့၏ တည့်တည့်သို့ လာ၍နေသည်ကို မြင်ကြရလေ၏ ။

“ မြင်ရဲ့လား ၊ မြင်ရဲ့လား ၊ လာပြီ ... လာပြီ ... ဟော ဟော ”

“ အစစ်ပဲ ၊ အစစ်ပဲ ၊ ဘာများပါလိမ့် ”

“ အေးဟဲ့ ၊ လာတာတော့ အဟုတ်ပဲ ၊ မြင်ရဲ့လား ရိပ်ရိပ် ရိပ်ရိပ်နဲ့ ”

“ ဘယ့်နှယ် လုပ်မလဲ ၊ အိမ်ပေါ်ကို လှမ်းတက်လာရင် ဒုက္ခပဲ ”

“ ဟင် ... လာတော့ လာတာပဲ ၊ ရောက်လည်း မရောက်နိုင်ပါကလား ၊ သူ တစ်နေရာတည်းမှာ မရွေ့ဘဲ သွားနေတယ် ထင်ပါရဲ့ ၊ ဘယ့်နှယ်ပါလိမ့် ”

ထိုကဲ့သို့ ပြောရင်း သဏ္ဌာန်ကို စိုက်ကာ ကြည့်၍ နေကြလေရာ ၊ သဏ္ဌာန်မှာ စိုက်ကာ ကြည့်လေလေ ထင်ရှားလေလေ ဖြစ်၍ လာလေ၏ ။ သို့ ကြည့်ရင်း လွန်စွာကြောက်၍ လာကြသဖြင့် တစ်ယောက်ကို တစ်ယောက် တိုးဝှေ့ လှုပ်ရှားကြလေ၏ ။

မယ်ညို က - “ အမယ်လေး ၊ ဧရာမ အကောင်ကြီးပါပဲ ၊ အိမ်ပေါ် ကို တက်တော့မှာပဲ ၊ ဘယ့်နှယ် လုပ်မလဲ ”

ဟု တုန်လှုပ်သော အသံနှင့် ကျယ်စွာ ပြောလေ၏ ။

ထိုသို့ ပြော၍ စကား ဆုံးလျှင် ဆုံးချင်း တံခါးဝ အလယ်တည့်တည့်မှာ မည်းမည်းကြီး ပေါ်လာ၍ မတ်တတ်ကြီး နေလေရာ လေးယောက်သား မိမိတို့ကို အကောင်လိုက် စားဖို့လာတာပဲဟု အောက်မေ့ကာ မပြေးလည်း မပြေးနိုင်ကြ ၊ ခုခံနိုင်မည်လည်း မဟုတ်ဟု တွေးလျက် မျက်နှာများကို ဝှက်ကာ ဝပ်၍ နေကြလေ၏ ။

ရေနံမီးတိုင်မှာ လေထဲ၌ လှုပ်ရှားလျက် မည်းသော အရိပ်များ၏ ရွေ့လျားခြင်းများသည် တစ္ဆေပေါင်း များစွာတို့ အိမ်ပေါ် ကို တက်ရောက် ကူးသန်း၍ လှုပ်ရှား နေကြသည်ဟု မှတ်ထင်လောက်အောင် ထင်ပေါ် ကြသည်ကို မရဲတရဲ တစ်ချက် တစ်ချက် ကြည့်သဖြင့် မြင်ရလေ၏ ။

သို့ မျက်နှာကို ဝှက်၍ နေကြစဉ် တံခါးဝမှ အတွင်းသို့ လှမ်းနင်း ဝင်ရောက်လာသော သိသိသာသာ ထင်ထင်ရှားရှား ကြားကြရလေ၏ ။ ကြောက်ရွံ့၍ ထင်မြင်သော စိတ်၏ လှည့်စားခြင်း ၊ နား၏ လှည့်စားခြင်း မဟုတ် ၊ တကယ့် အကောင်အထည် နှင့်လာသော သရဲ၏ ခြေသံ ဖြစ်သည်ကို မငြင်းနိုင်ကြတော့ချေ ။ လေးယောက်သားမှာ တစ်ကိုယ်လုံး ကြောက်ချွေးတွေ ယိုစီးလျက် ရေချိုး ထားသလို ဖြစ်နေကြလေ၏ ။

မရဲတရဲ မျက်လုံးများကို လှပ်၍ ကြည့်ကြရာ အောက် ခြေထောက်ပိုင်းကို မြင်ကြရသော်လည်း မီးရောင် မမီ မှောင်ကျသဖြင့် မထင်ရှားချေ ။ တစ္ဆေသရဲ ၏ ခြေထောက် ဆိုလျှင် နောက်ပြန်နေသည်ဟု ကြားဖူးသဖြင့် ကြည့်ကြခြင်း ဖြစ်သော်လည်း မမြင်ကြရချေ ။ ၎င်းတို့၏ စိတ်ထဲ၌ ဣတိပိသော ကို အပြန်ပြန် အလှန်လှန် ဇောက်ထိုးမိုးမျှော် ရွတ်၍သာ နေကြလေ၏ ။

သို့ နေခိုက်တွင် ဝင်၍ လာသော အကောင်ကြီးသည် ရပ်တွေ၍ နေရာမှ ၎င်းတို့၏ အထဲသို့ လျင်မြန်စွာ တိုးဝင်ကာ လေးယောက်စလုံးကို လက်များနှင့် သိမ်း၍ ဖက်လေ၏ ။ လေးယောက်စလုံး ထိတ်လန့်တကြား အော်ကြရင်း ရုန်းရင်းဆန်ခတ် ဖြစ်ကြလေ၏ ။ ကြမ်းခင်းက လှုပ်ရှားသဖြင့် ထောင်၍ ထားသော ထင်းရှူးသေတ္တာပေါ်မှ မီးတိုင်သည် လိမ့်ကျ၍ မီးငြိမ်းပြီး မှောင်အတိ ကျ၍ သွားလေ၏ ။ သရဲ နှင့် တကွသော မောင်နှမ လေးယောက်တို့မှာ ရုန်းရင်းဆန်ခတ် ဖြစ်၍ နေကြလေ၏ ။ တစ်အိမ်လုံးမှာ သိမ့်သိမ့်တုန်အောင် လှုပ်ရှား၍ နေလေ၏ ။

ထိုကဲ့သို့ ဖြစ်၍ နေသည့် အတွင်း အခန်းတွင်းမှာ ဝင်းခနဲ ၊ ဝင်းခနဲ ၊ လက်ခနဲ ၊ ထိန်ခနဲ ဖြစ်ကာ တစ်ခန်းလုံး လင်းချည် ၊ မှောင်ချည် ဖြစ်လေရာ သာလွန် ထိတ်လန့် နေကြလေ၏ ။ ထိုအတွင်း သရဲက “ ဟဲ့ ဟဲ့ ၊ ငြိမ်ငြိမ်နေကြ ၊ မအော်ကြနဲ့ ” ဟုပြောရင်း လက်နှိပ်ဓာတ်မီးကို ဖွင့်ကာ မိမိ၏ မျက်နှာကို ပြလေရာ လေးယောက်သားမှာ အံ့အားသင့်၍ နေကြလေ၏ ။ အကြောင်းမူကား သရဲ မဟုတ် ၊ လူစင်စစ် ဖြစ်သည်ကို သိမြင်ကြရလေ၏ ။

မကြာမီ မီးထွန်း၍ ပြီး ကြသောအခါ ၎င်း လူအား အကျိုးအကြောင်း မေးကြလေ၏ ။ ၎င်း လူက မိမိသည် ဤ အိမ်မှာ လူကြီးများ မရှိကြောင်း သိသဖြင့် စပါးပုတ်ကို ဖောက်ဖို့ရန် အကြံနှင့် လာသော သူခိုး ဖြစ်ကြောင်း ၊ ပုတ်ကို ဖောက်ရန် အချိန်ကို စောင့်နေခိုက် သရဲစကား ပြောသံကို ကြားသဖြင့် လွန်စွာ ကြောက်ပြီး ခိုးဖို့ စိတ်ပျောက်သွားကြောင်း ၊ အနီးအပါး မှာလည်း တိတ်လျက် မှောင်ကျပြီး ကွာလှမ်းသော အိမ်များမှာလည်း တံခါးပိတ်၍ အိပ်ကြသဖြင့် အဘယ်ကို သွားရမည် မသိ ၊ အိမ်ကိုပင် မပြန်ဝံ့အောင် ဖြစ်၍ နေကြောင်း ၊ နောက်ဆုံး အိမ်ဘက်ကို သရဲ ဝင်လာသည် ဟူသော စကားကို ကြားရသောအခါ သာလွန် ကြောက်ရွံ့ပြီး ဘယ်လို ဖြစ်ဖြစ် အောက်မေ့ကာ အိမ်ပေါ်ကို ဇွတ်အတင်းတက်၍ လာရကြောင်း စသည်များကို အကုန်အစင် ပြောပြပြီး ...

“ ကိုင်း ... အခု မင်းတို့ မောင်နှမလည်း အင်မတန် ကြောက်နေတယ် ၊ ဦးလေးလည်း မပြန်ဝံ့တော့ဘူး ၊ အခုည ဦးလေးကို မင်းတို့နဲ့ အတူ အိပ်ဖို့ အခွင့်ပေးရင် ဦးလေးလည်း ချမ်းသာ ၊ မင်းတို့လည်း ကြောက်စရာ ရှိတော့မှာ မဟုတ်ဘူး ၊ ဦးလေး အခု ည မင်းတို့နဲ့ အိပ်ပါရစေ ”

ဟု ပြောလေရာ ၎င်း၏ မျက်နှာ၌ ရိုးသား မှန်ကန်စွာ ပြောသော အမူအရာ လက္ခဏာကို မြင်ကြရသဖြင့် အခွင့်ပြုကြလေရာ သူခိုးကြီးလည်း မိမိ ကြားဖူးသမျှသော သရဲတစ္ဆေ အတ္ထုပ္ပတ္တိများကို ပြော၍ ပြသဖြင့် သန်းခေါင်ကျော် လင်းအားကြီး အထိ ပျော်ရွှင်ကြောက်ရွံ့စွာ နား ထောင်ကြပြီးမှ အိပ်ပျော်၍ သွားကြလေ၏ ။

နောက်တစ်နေ့ နံနက် သူခိုးကြီးက ၎င်းတို့အား လွန်စွာကျေးဇူးတင်ပြီး မောင်နှမလေးယောက်၏ ရိုးသားခြင်း ၊ ချစ်ခင်ဖွယ် ကောင်းခြင်းကို မြင်သဖြင့် စိတ်၌ ကြီးစွာ ပြောင်းလဲခြင်း ဖြစ်ကာ ...

“ ဦးလေး ယနေ့က စပြီး မခိုးတော့ပါဘူးကွယ် ၊ အဲဒါလည်း တစ်နည်းအားဖြင့် မင်းတို့ ကျေးဇူးကြောင့်ပါပဲ ”

ဟု ပြောပြီး နှုတ်ဆက် ထွက်သွားရှာလေသတည်း ။

( ၂ - ၁၀ - ၁၉၃၂ )

▣  ပီ - မိုးနင်း
📖 ဝတ္ထုပဒေသာအမှတ် - ၁

No comments:

Post a Comment