Sunday, March 1, 2026

နောက်တစ်ယောက်


 

❝ နောက်တစ်ယောက် ❞
     ( ခင်လပြည့်ဝန်း )

“ ကိုကြည်အောင် ဒီနေ့တော့ မိ ကြက်သားနဲ့ ဘူးသီး ချက်မယ်ရှင် ၊ ပြီး သရက်ချဉ်လေးကို နှမ်းထောင်းဖြူး ၊ ဆီချက်နိုင်နိုင်နဲ့ သရက်ချဉ်သုပ် စားရအောင် ”

ဒေါ်အေးမိ တစ်ယောက် ဒီနေ့ ချက်မယ့် ဟင်းလျာ အစီအစဉ် ပြောပြီး ဈေးခြင်းကိုင် ထွက်သွားလေရဲ့ ။ ဟင်းလျာကို ရွှန်းရွှန်းဝေအောင် ပြောသွားတဲ့ ဒေါ်အေးမိ တစ်ယောက်တော့ မသိ ၊ ဟင်းလျာအမည် ပြောသွားတာ ကြားမိရင်ပဲ ဦးကြည်အောင် သွားရည်များပင် ယိုချင်ချင် ။

ဦးစီးအရာရှိ အဖြစ် လွန်ခဲ့တဲ့ နှစ်နှစ်လောက်က အငြိမ်းစား ယူခဲ့တဲ့ ဦးကြည်အောင် ၊ ရုံးအုပ်ရာထူးနဲ့ လွန်ခဲ့တဲ့ ရှစ်လလောက်က အငြိမ်းစားယူခဲ့တဲ့ ဒေါ်အေးမိ ။ သူတို့ လင်မယား နှစ်ယောက်ရဲ့ ဘဝက အငြိမ်းစားယူပြီး ငြိမ်းငြိမ်းအေးအေးပါပဲ ။ သား တစ်ယောက် ၊ သမီး တစ်ယောက် ရှိပေမဲ့ နှစ်ယောက်စလုံး အိမ်ထောင်ကျသွားကြပြီး အိမ်ခွဲနေကြပြီ ဖြစ်လို့ သူတို့အတွက် ပူပင်စရာ မရှိ ။လင်မယား နှစ်ယောက်တည်း နေတဲ့အိမ် ဖြစ်လို့ အိမ်မှုကိစ္စကိုလည်း လင့်အလုပ် ၊ မယားအလုပ် သီးသန့် ခွဲဝေ မနေဘဲ အဆင်ပြေသလို လက်ညီကြလို့ မပင်ပန်း ။ ခုလည်း ဇနီးသည် ဈေးဝယ် ထွက်သွားတဲ့အချိန် ဦးကြည်အောင် ထမင်းအိုးတည် ၊ ကြက်သွန် ဖြူနီ အခွံနွှာ ၊ ငရုတ်သီးထောင်းထားပြီး ဇနီးသည် ဈေးဝယ် ပြန်လာရင် ချက်ပြုတ်ဖို့ အသင့် ပြင်ထားလိုက်တယ် ။

ဈေးက ပြန်လာတဲ့ ဇနီး မျက်နှာ ညှိုးလာတာတွေ့ လိုက်တော့ ဦးကြည်အောင် မေးရ ကောင်းမလား ၊ မမေးရ ကောင်းမလား စဉ်းစားနေ တုန်း ...

“ ကိုကြည်အောင်ရေ လမ်းထိပ် အိမ်က ဦးခင်အေး ဆုံးသွားပြီတဲ့တော် ”

“ အို ဟုတ်လား ၊ ဆေးရုံ တက်တာ ဆယ်ရက် ကျော်ပြီလေ ။ ဟိုနေ့က သူ့မိန်းမနဲ့ တွေ့လို့တောင် မေးမိသေးတယ် ၊ မသက်သာဘူးလို့တော့ ပြောသား ၊ ဘယ်နေ့ ချမှာလဲ ”

“ ဆုံးတာက မနေ့ညက ဆိုတော့ မနက်ဖြန် နေ့လယ် တစ်နာရီ ဆိုလားပဲ ”

“ အင်းလေ ၊ ဦးခင်အေး က အသက် ခုနစ်ဆယ်တောင် ကျော်ပြီပဲဟာ ။ ကိုယ်တို့တွေ တောင်မှ အသက်ခြောက် ဆယ်ကျော်ပြီလေ ၊ သေဖို့ အချိန်နီးလာပြီပေါ့ ”

“ ဖွ ... ဖွ ... ဟဲ့ ၊ ကိုကြည်အောင်ရယ် နိမိတ်မရှိ နမာမရှိရှင် ”

“ ဟ မင်းကလည်းကွာ ၊ လူဆိုတာ မွေးကတည်းက သေဖို့ပဲလေ ”

“ အို မပြောပါနဲ့ဆို ၊ ကိုကြည်အောင်ရယ် ”

“ မင်းကွာ ၊ တရားမရှိ လိုက်တာ ”

“ ရှင့်ဘာသာ ပြောချင်ရာ ပြော ၊ သေစကားကို ဒီလို ရက်အတွင်းမှာ လာမပြောနဲ့ ”

ထမင်းစားဝိုင်းမှာ မြိန် မြိန်ရှက်ရှက် စားသောက် လိုက်မယ်လို့ တွေးထားပေမဲ့ ထင်သလောက် စားမကောင်းခဲ့ ။ ဒေါ်အေးမိ စိတ်ထဲမှာ ဦးခင်အေး အတွက် စိတ်မကောင်း ဖြစ်တာ နည်းနည်း ၊ စိုးရိမ်စိတ်က များများ ဖြစ်နေတာ ။

••••• ••••• •••••

“ မအေးမိရေ ၊ လွန်ခဲ့တဲ့ လက ဒေါ်သိန်း ဆုံးတာ ဘာကြာသေးတာလိုက်လို့ ၊ ခု ဦးခင်အေး ဆုံးပြန်ပြီ ”

“ လုပ်ပြီ ဒေါ်အမာနီ ကတော့ ၊ ရှင် ဘာပြောချင်လဲ ဆိုတာ ကျွန်မ သိပါတယ် ၊ ဆက်မပြောပါနဲ့တော့ရှင် ”

ဒေါ်အမာနီ က ဒေါ်အေးမိ ကို မျက်နှာရှုံ့မဲ့စွာနဲ့ ကြောင့်ကြစိတ်ပါတဲ့ စကားများ ပြောလိုက်တဲ့ အတွက် မဖြူဖြူခင် က ဟန့်လိုက်တော့ ဒေါ်အေးမိရင်ထဲ ထိတ်ခနဲ ဖြစ်သွားတယ် ။

“ ဟုတ်တယ်လေ ၊ တို့ ရပ်ကွက်ထဲမှာ လူတစ်ယောက် သေရင် သုံးယောက် သေမှ နားတာပဲဟာ ”

ဆက်မပြောပါနဲ့ ဆိုကာမှ မြင့်မြင့်စန်း ဝင်ပြောလိုက်ပါရော ။ ကားပေါ်မှာ ပါလာတဲ့ အသုဘပို့သူ အားလုံး မျက်နှာ မကောင်းကြတော့ ။

“ မှတ်မိသေးလား ၊ လွန်ခဲ့တဲ့ သုံးနှစ်လောက်က မအေးမိယောက္ခမကြီး ဆုံးတုန်းကလေ ”

ဒုက္ခပါပဲ ၊ အသုဘပို့ ကားပေါ်မှာ လွန်ခဲ့တဲ့ သုံးနှစ်က သေဆုံးသွားတဲ့ ကိုကြည်အောင့် အမေ ၊ သူ့ယောက္ခမ အကြောင်း ပါလာပြန်ပြီ ။ အားလုံးက စကားပြောသူရဲ့ အာရုံကနေ ဒေါ်အေးမိ ဘက် ရောက်လာကြပြန်တယ် ။

“ ဒေါ်အေးမိ ယောက္ခမကြီးလည်း သေရော မျက်စောင်းထိုး အိမ်က ဦးတိုး သေတယ် ။ ဘာကြာလိုက်လို့လဲ လမ်းထိပ် မုန့်ဟင်းခါးဆိုင်က မြင့်ဦး ရုတ်တရက် သေပါရောလား ”

ကြားရသူတို့ သက်ပြင်းချသံ တစ်ကားလုံးနီးနီးပဲ ။

“ စိတ်ထဲ စွဲနေတာတော့ မဟုတ်ပါဘူး ၊ အဲဒီသုံး ယောက် သေပြီးမှ တို့ရပ် ကွက်ထဲ နာရေး ရပ်သွားတာလေ ”

နာရေးပို့တဲ့ ကားပေါ် ပါလာသူတို့တော့ မသိ ၊ ဒေါ်အေးမိမှာတော့ သံသယစိတ်က နည်းနည်း ပိုကြီးထွားလာသလားလို့ ဆိုမှပဲ ။

“ ဟိုးအရင် ကတည်းက တို့ရပ်ကွက်မှာ ထုံးစံလို ဖြစ်နေတာလေ ။ နာဂစ် ဖြစ်တဲ့ အချိန်တုန်းက မချစ်တို့ လင်မယား ၊ ပြီးတော့ မမအေး ”

“ ဟယ် ဟုတ်ပါရဲ့ ၊ ခုမှ ပြန်သတိရတယ် ။ အဲဒီတုန်းကလေ ...”

သွားပြီ ။ သူ့ရင်ခုန်သံ တဒိတ်ဒိတ်က စည်တီးသံလို မြည်နေပါရောလား ။

“ ဒါနဲ့ စကားမစပ် ၊ အဆိုတော်ကြီးယောက်ျားကိုလည်း မတွေ့တာ ကြာပြီ ၊ နေကောင်းရဲ့လား ”

ဦးကြည်အောင် ၊ ဒေါ်အေးမိ ဆိုတဲ့ သူတို့ နာမည်များက မြန်မာနိုင်ငံရဲ့ ဂန္ထဝင် အဆိုတော်ကြီးတွေမို့ သူတို့ လင်မယားကို အဆိုတော် ၊ အဆိုကျော် ယောက်ျားမိန်းမ လို့ ခေါ်ကြတယ် ။

“ ဟုတ်သားပဲ ၊ မအေးမိ ယောက်ျား ကိုကြည်အောင် ခုတလော မတွေ့ပါလား ၊ ခါတိုင်း လမ်းလျှောက်တာလေ ။ နေကောင်းရဲ့လားလို့ ”

“ ကောင်းပါတယ် ၊ ဒူးနည်းနည်းလေး နာတာပဲ ရှိပါတယ် ”

အရေးထဲ နာရေးပို့တဲ့ ကားပေါ်မှာ သူ့ယောက်ျား နေကောင်းမကောင်း မေးနေကြသေးတယ် ။ ရေဝေး ရောက်တော့ ကားပေါ်လိုက်ပါတဲ့ သူတွေ အားလုံး ခြေလှမ်း ခပ်သွက်သွက်နဲ့ နာရေးထားတဲ့ နေရာကို သွားနေကြတယ် ။ ဒေါ်အေးမိ ကတော့ ခပ်ဝေးဝေးကပဲ အသုဘစင် နေရာကို မဝံ့မရဲ ကြည့်နေမိတယ် ။

“ အမယ်လေး ကိုခင်အေး ၊ ကိုခင်အေးရယ် ၊ ကျွန်မကို ထားသွားခဲ့ပြီပေါ့နော် ၊ ရှင်ပြောတော့ နှစ်ယောက် တစ်ဘဝဆို ၊ ရှင် ခုတော့ ကျွန်မကို စိတ်ချလက်ချနဲ့ ထားသွားပြီလား ”

ဦးခင်အေးမိန်းမ မမလှ က သူ့ယောက်ျားအလောင်း ဘေးမှာ ရပ်ပြီး ရင်ကို ထုထု အော်ကာဟစ်ကာနဲ့ ငိုတော့ ဒေါ်အေးမိလည်း မျက်ရည် မထိန်းနိုင်အောင်ပါပဲ ။

“ ကိုခင်အေး ၊ ကိုခင်အေး ” နဲ့ သေတဲ့ ယောက်ျားကို တ , ငိုတဲ့ မမလှ နေရာမှာ သူက အစားဝင်ပြီး “ ကိုကြည်အောင် ကိုကြည်အောင် ” နဲ့ နာမည် တ , ငိုလိုက်သလို ခံစားမိလို့ ကျလာတဲ့ မျက်ရည်များလား ။ သူ့နားထဲ ‘ ကိုခင်အေး ’ အစား ‘ ကိုကြည်အောင် ’ လို့ပဲ ကြားနေသလို ။

အိမ်ပြန်ရောက်ရောက်ချင်းပဲ သူ့ယောက်ျားကို ကြည့်ပြီး ...

“ ကိုကြည်အောင် .. ရှင် ဒူးနာနေသေးလား ၊ မသက်သာရင် အထူးကုတို့ သမားတော်တို့နဲ့ ပြရအောင် ”

ရုတ်တရက် ချက်ချင်းပဲ သူ့ကို ပူပန်တဲ့ မျက်နှာနဲ့ မေးလာတော့ သူ့ယောက်ျားက ...

“ မင်းကွာ ၊ ဗြုန်းစားကြီး ဘာစိတ်ကူး ပေါက်လာတာတုံး ”

“ ဪ ရှင်ကလည်း ကျွန်မက စိတ်ပူလို့ မေးတာပေါ့ ။ လမ်းမှာလည်း ကားတွေက ကျပ်လိုက်တာရှင် ၊ သင်္ကြန်နီးမှ ကားလမ်းက ပိုကျပ်တယ် ”

ဒေါ်အေးမိက ရောက်တတ်ရာရာ ပြောလိုက်မှပင် ...

“ ဟုတ်တယ် ။ ရာသီဥတု ကလည်း ပူ ၊ လူတွေ ကလည်း နာကြသေကြနဲ့ တကယ်လို့များ ငါသေရင်တော့ ချက်ချင်း ချကွာ ၊ မသာ ပို့ရတဲ့ လူတွေလည်း ဒုက္ခ ရောက်တယ် ။ သားနဲ့ သမီးကိုပဲ အကြောင်းကြား ၊ ဘယ် ဆွေမျိုးမှ အကြောင်းမကြားနဲ့ ။ နောက်မှ သတင်းစာထဲ ထည့်လိုက် ”

“ အမယ်လေး ၊ ရှင် ဘယ်လို စကား ပြောလိုက်တာလဲ ”

“ မင်းကြည့်ရတာ ထိတ်ထိတ်ပျာပျာနဲ့ ဘယ်လို ဖြစ်နေတာလဲ ၊ သေတာ အထူးအဆန်းမှ မဟုတ်တာ ။ တစ်နေ့မှာ မင်းလည်း သေ ၊ ငါလည်း သေရမှာပဲ ။ အဲ ဘယ်သူ အရင် သေမလဲသာ မသိတာ ”

ခင်ပွန်းသည် ဦးကြည်အောင့် စကားကြောင့် သူ ငိုချင်လိုလို ဖြစ်လာတော့ ...

“ ကျွန်မတို့ ရပ်ကွက်ထဲမှာ လူသေရင် သုံးယောက်မှ နားတယ်ဆိုတာ ရှင် မသိဘူးလား ။ ဒါကြောင့် ခု နှစ်ယောက် ရှိပြီ ဆိုတော့ သုံးယောက်မြောက်လူ ဘယ်သူ ဖြစ်မလဲ ဆိုတာ တွေးပြီး .. ”

“ တော်ပါကွာ ၊ အဓိပ္ပာယ် မရှိတာတွေ ”

လင်ယောက်ျား ဖြစ်သူက ငေါက်သလို ပြောလိုက်ပေမဲ့ ဒေါ်အေးမိ စိတ်ထဲ စိုးရိမ်စိတ်က လျော့မသွား ။

••••• ••••• •••••

ဖြစ်ချင်တော့ နောက် သုံးရက် အကြာ ညကြီးမိုးချုပ်မှာ ဦးကြည်အောင် ရုတ်တရက် ဗိုက်အောင့်လာပါရော ။ ဦးကြည်အောင် ဗိုက်အောင့်တဲ့ အချိန်က ညကြီးမိုးချုပ် ၊ ဆေးခန်းတွေ ပိတ်နေပြီ ။ ဦးကြည်အောင်ကို ကြည့်ပြီး ငိုချင်နေတာက ဒေါ်အေးမိ ။

တစ်ဖက်အိမ်က အငှားကား ရှိတဲ့ ဦးရဲထွဋ်သား ရှိလို့ တော်သေးတယ် ။ ဆေးရုံကို လိုက်ပို့ပေးတဲ့ ဦးရဲထွဋ်ရဲ့ သား ပေါက်ပေါက် ကိုပဲ အစစအရာရာ အကူအညီ တောင်းရတော့တယ် ။ ဆေးရုံရောက်တော့ စိတ်ချပါလို့ ပေါက်ပေါက် က ပြောနေပေမဲ့ သူ့ရဲ့ အတွေးက စွဲနစ်နေတဲ့ အတွေးထဲပဲ ရောက်နေတယ် ။ ဆရာဝန် ကလည်း ကံကောင်းပါတယ် ။ အူအတက်ပေါက်တာ အချိန်မီ ဆေးရုံရောက်ရင် ကိစ္စမရှိပါလို့ ပြောပေမဲ့ ဒေါ်အေးမိ တစ်ယောက် ဘယ်လို ငိုချင်နေမှန်းကို မသိဘူး ။ ဒါကြောင့် ဆေးရုံအိမ်သာထဲ သွားပြီး တစ်ယောက်တည်း ငိုနေမိတယ် ။

သင်္ကြန်တွင်း ဖြစ်တာမို့ သွားရေးလာရေး ခက်ပေမဲ့ ပေါက်ပေါက် အကူအညီနဲ့ ဆေးရုံကို သွားလာရတာဖြစ်လို့ ဒေါ်အေးမိ ကံကောင်းနေ တယ် ။ ဖြစ်ချင်တော့ သားနဲ့ သမီးတို့ မိသားစုက သင်္ကြန် တွင်း ခရီးထွက်ကြတာမို့ ရုတ် တရက် ပြန်လာဖို့မလွယ် ။ နှစ်ဆန်း နှစ်ရက်နေ့မှာ ပြန် ရောက်မှာ ဖြစ်လို့ ဘယ်တတ်နိုင်မလဲ ။

ပေါက်ပေါက်က နေ့လယ် တစ်ခေါက် ပြန်လာမယ် ဆိုပြီး မရောက်လာသေးလို့ ဆေးရုံနားက ထမင်းဆိုင်မှာ ဖြစ်သလို မှာစားလိုက်တယ် ။ အိမ်မှာတော့ မနေ့ညနေ ဆေးရုံမလာခင် ဟင်းချက်ပြီး တချို့ကို ရေခဲသေတ္တာထဲ ထည့်ပြီးသား ။

ညနေမှ ပေါက်ပေါက် တစ်ယောက် အူယားဖားယားနဲ့ ရောက်ချပါလေရော ။

“ ပေါက်ပေါက်ရယ် နေ့လယ် တစ်ခေါက် ပြန်လာမယ် ဆိုပြီး ”

“ မပြောပါနဲ့တော့ ဒေါ်အေးမိရယ် ၊ မနေ့ညက ရေပက်ခံကားနဲ့ ဂျွန်စော ကားတိုက်မိတာ မနက်ကြီး မိုးလင်းတော့ ဂျွန်စောလေး ဆုံးသွားတာလေ ၊ ဒီနေ့ သင်္ကြန် အတက်နေ့ ဆိုတော့ နေ့မကူး နှစ်မကူး အသုဘချရမယ် ဆိုပြီး ရပ်ကွက်က လူတွေ စီစဉ်ကြလို့ နေ့ချင်းအပြီး ကျွန်တော်တို့ ရပ်ကွက်က လူငယ်တွေ ဝိုင်းကူလိုက်ရတာ ။ အလွန် သနားဖို့ကောင်းတဲ့ ကလေး ၊ အသက်ငယ်ငယ်နဲ့ မိဘလည်း မရှိ ၊ ဦးလေးအိမ် ကပ်နေရတဲ့ ကလေးမှ ဖြစ်ရတယ် ဒေါ်မိရယ် ”

ပေါက်ပေါက် ပြောနေတဲ့ စကားကို ကြားရပြီး ဒေါ်အေးမိ တစ်ယောက် ရုတ်တရက် ငေါင်တောင်တောင် ဖြစ်သွားတယ် ။ ပြီးတော့ ဒေါ်အေးမိ တစ်ယောက် မျက်ရည်လုံးတွေ ပိုးပိုးပေါက်ပေါက် ကျလာပြီး ...

“ ဖြစ်ရလေ ဂျွန်စောရယ် ၊ ဖြစ်ရလေ ကလေးရယ် ”

ပေါက်ပေါက်က ငိုကြီးချက်မ ဖြစ်နေတဲ့ ဒေါ်အေးမိကို ကြည့်ပြီး နားမလည်နိုင် ။ ဝမ်းနည်းဝမ်းသာ မျက်ရည်များကတော့ တာကျိုးသလို ဒေါ်အေးမိ မျက်လုံးအိမ်ထဲမှ ကျနေဆဲ ။

“ ဖြစ်ရလေကွယ် ၊ ဖြစ်ရ လေကွယ် ”

တတွတ်တွတ် ရွတ်ပြီး ပုလဲမျက်ရည် ခ , နေတဲ့ ဒေါ်အေးမိကို ပေါက်ပေါက်က “ ဂျွန်စောကို ဒေါ်အေးမိ ဒီလောက် သံယောဇဉ် တွယ်နေမှန်း မသိဘူး ” ဆိုပြီး ရင်ထဲမှာ ညည်းညူနေလေရဲ့ ။

⎕ ခင်လပြည့်ဝန်း
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း   
     ဇန်နဝါရီ ၊ ၂၀၁၈

No comments:

Post a Comment