❝ ပင်လယ်ရေ ဘယ်မခန်း ❞
( နဒီသင်း - ကုန်းစောင်း )
၁ ။
စားပွဲပေါ်က အချိုရည်ဘူး ၊ အငွေ့ထ , နေသည့် ထမင်းကြော်ပန်းကန်နှင့် ခေါက်ဆွဲသုပ်ပန်းကန်သည် ငါးနှစ်သားကလေး တစ်ယောက် မစားနိုင်ပေ ။ မစားနိုင်သည်ကို ကျွန်တော် သိသည် ။ သို့သော်လည်း သားလေး ကြိုက်သည့် အစားအစာများ ဖြစ်သောကြောင့် စားပွဲထိုးကောင်လေးကို မှာပေးလိုက်၏ ။ ကျွန်တော်ကတော့ ပါးကပ်နေသည့် အင်္ကျီအိတ်ကပ်လေးကို မသိမသာ စမ်းရင်းက အားပါးတရ စားနေသည့် သားလေးကို ပြုံး၍ ကြည့်နေမိသည် ။
အချိုရည်ပိုက်တံကို စုပ်ပြီး “ ဖေဖေလည်း မှာစားလေ ” ဟု ကျွန်တော်ကို ကြည့်ပြောသည့် သားလေးကို ပြုံးပြလိုက်သည် ။ “ သားစား ” ဟု သားလေးရှေ့ ထမင်းကြော် ပန်းကန် တိုးပေးလိုက်၏ ။ အိမ်က ငွေအများကြီး မထည့် လာသည်ကို သားလေး မသိ စေချင် ။
ဟိုတယ်မှာ တစ်ပတ်လုံး နေရသည့် ကျွန်တော် တနင်္ဂနွေတစ်ရက်သာ အလုပ်နားရက် ဖြစ်၍ သားလေးနှင့် အတူတူ သွားရ ၊ လာရသည် ။ ကျန်သည့် အချိန်ဆိုလျှင် သားလေးက သူ့အမေနှင့် နေရ၏ ။ သားလေးအမေသည် လက်ဖက်ရည်ဆိုင် ထိုင်ရ မည်ထက် အိမ်က ချက်သည့် ထမင်းကို ပို၍ တန်ဖိုးထား တတ်သည် ။ မိန်းမ ဖြစ်သော ကြောင့် ဈေးတွက်တွက်သည် လည်း ပါမည် ထင်ပါ၏ ။ လက်ဖက်ရည် တစ်ခွက် သုံးရာက ချဉ်ရည်ဟင်း တစ်ခွက်စာချက် ရသည် ။ ထိုချဉ်ရည်ဟင်းက ငရုတ်သီးငါး ခြောက်ကြော်လေးနှင့် တွဲပြီး တစ်မိသားစုလုံး စားရ၏ ။ ကျွန်တော်လည်း နေ့စဉ်ရက်ဆက် အပြင် ထွက်စားသည် တော့ မဟုတ်ပေ ။
တစ်ခါတစ်ရံ နံနက်စာ လောက်သာ သားလေး ခေါ် ၍ အပြင် ထွက်စားသည် ။ တချို့မိဘများလို ငွေအများကြီး ဝင်အောင် မရှာတတ်တော့လည်း အိတ်မဖောင်းပေ ။ ရသည့် လခလေးနှင့် တစ်လနှင့် တစ်လ အလျဉ်မီရန် မနည်း ကြိုးစားနေရသည် ။ ငွေဆိုသည့် အရာကလည်း အိတ်ကပ်ထဲ ဝင်ရန် အပေါက်ကျဉ်းရင်သာ ရှိမည် ၊ ထွက်သည့် အပေါက်ကတော့ ကျယ်လိုက်သည့်ဖြစ်ခြင်း ။ သို့သော်လည်း တစ်လတစ်လ သုံးလိုက်ရသည်ဟု မထင်မိပေ ။
လကုန်ရက်နား နီးလျှင် အိမ်တွင်းအောင်း နေရသည် ။ ကျွန်တော်ကသာ လကုန်ရက် နားနီးလျှင် အသုံးပြတ်၍ အိမ်တွင်းအောင်း နေသော်လည်း သားလေးကတော့ အဖေဖြစ်သူ ကျွန်တော့် လက်ဆွဲ အပြင် ထွက်ချင်နေတတ်၏ ။ အများအားဖြင့် သားလေးကို ချော့မော့ထား၍ ရသည် ။ တစ်ခါတလေတော့ “ ငါထွက်မှ ငါ့သားလေး အပြင် ထွက်စားရတာပါလေ ” ဟု သားလေးကို သနားမိ၍ ရှိသမျှ အကြွေ အနုပ်ကလေး ခြစ်ခြုတ်အိတ်ထဲ ထည့်လာခဲ့ရသည် ။
ယခုလည်း ရှိသမျှ ငွေလေး ထည့်၍ သားအဖ နှစ်ယောက် လက်ဖက်ရည်ဆိုင် ထိုင်ကြသည် ။ သားလေး စားချင်သည်ကို စားပါစေတော့ဟု စိတ်ပိုင်းဖြတ်၍ သူ မှာသည့် အစားစာများကို မှာပေးလိုက်သည် ။ ကျွန်တော့် အကြိုက် တစ်ခုခုသာ ထပ်မှာလျှင် အရှက်ကွဲတော့မည် ။ ခေါင်းမဖော်တမ်း စားနေသည့် သားလေးကို ကြည့်၍ ကျွန်တော့်မှာ ပီတိဖြစ်၍ ပြုံးကြည့်နေမိသည် ။
မိဘတိုင်း သည်လိုပဲ နေမည်ဟု ကျွန်တော် တွေးမိလိုက်ပြန်သည် ။ ကိုယ် မစားဘဲ သားသမီးကို ချကျွေး ၊ သားသမီး စားနေသည်ကို ကြည့်၍ ပီတိ ဖြစ်နေကြသည့် မိဘမှာ အများကြီး ရှိနေမည် ထင်ပါသည် ။ ဟုတ်မည် ။ ကျွန်တော်၏ အဖေကလည်း ထိုကဲ့သို့ အဖေ ဖြစ်သည်ဆို သည်ကို ကျွန်တော် တွေးမိ လာသည် ။
ကျွန်တော့် မျက်လုံး အိမ်ထဲတွင် အသားညိုညို ၊ ပိန်ပိန်ပါးပါး ၊ အရပ်ရှည်ရှည် ယောက်ျားကြီး တစ်ယောက် ပုံရိပ်က ဝင်ရောက်လာချေပြီ ။
••••• ••••• •••••
၂ ။
ကျွန်တော်၏ မွေးဖွားရာ ဒေသက အလွန်ပူပြင်း ခြောက်သွေ့သော မြန်မာပြည် အလယ်ပိုင်း ဖြစ်သည် ။ လမ်းပန်းဆက်သွယ်ရေးက ခက်ခဲ ၊ ရေက ငန် ၊ မြေကြီးက နွေဆို ဆူး ၊ မိုးဆို ဒူး ဆိုသည့် ကန္တာရမြေမျိုး ဖြစ်သည် ။ ဆားပေါက်နေသည့် မြေပေါ် တွင် နေထိုင်ရသောကြောင့် သွားများ၏ အရောင်သည် ဝါကြင့်ကြင့် ။ မြေပေါ်က ပွင့်နေသည့် ဆားပွင့်လေးများ ကျုံး၍ အဝတ်လျှော်ခဲ့ကြရသည် ။ တချို့အညာဒေသ နှင့် မတူ၍ ကျွန်တော်တို့ ရွာသားများကို ကန်ရေသောက် ၊ မြက်ခြောက်စား ဟု တခြား ရွာသားများက အတည်လိုလို ၊ နောက်ပြောင်သလိုလို ပြော ကြ၏ ။
အရှေ့တောပေါ်က ကြည့်လျှင် ရွာ၏ အနေအထားက ဒယ်အိုးပုံစံ ဖြစ်နေ၏ ။ ရွာ၏ ဘေးပတ်ပတ်လည်တွင် ကန္တာရဆူးပင်များနှင့် ပြည့်နှက်နေသည် ။ ကျွန်တော်တို့ ရွာတစ်ရွာသာ တည်ရှိ နေပြီး တခြားရွာများနှင့် အလှမ်းဝေးသည် ။ လျှပ်စစ်မီး မရှိ ( အခုတော့ လျှပ်စစ်မီး ရပါပြီ ) ။ သီးခြားလိုဖြစ်နေသည့် ကျွန်တော်တို့ ရွာလေးသည် လရောင်အောက်မှာ သဘာဝအလှကို ပျော်ရွှင်စွာ ငေးမော ကြည့်ရှုတတ်ကြသည် ။
ကန္တာရတောကို ခုတ်ထွင် ရှင်းလင်း၍ လယ်မြေ တည်ကြသည် ။ တောင်လို ပုံထားသည့် စပါးပုံများက ကျွန်တော်တို့ မိသားစုက လွဲ၍ အိမ်တိုင်းလိုလို ရှိကြသည် ။ မြေကြီးက ရွှေသီး၍ နွေလများတွင် အလှူရေစက် လက်နှင့် မကွာ ရှိလှသည် ။ ကျွန်တော် မမွေးခင်က ဓားပြ ခဏခဏ တိုက်ခံရသည်ဟု ပြောကြသည် ။
ဓားပြတိုက်တာလည်း မပြောနှင့် အလှူ အလှည့်လိုက် ဒေါင်းဘယက်က တဝင်းဝင်း ၊ ရွှေခြေချင်းက တပြောင်ပြောင် ၊ ရွှေခါးပတ်က ထင်ထင်ပေါ်ပေါ် ဝတ်ကြသည် ဆိုတော့ ဓားပြများ မျက်စိကျကြသည် ။ ( အခုတော့ ဆက်သွယ်ရေးများ ဖွံ့ ဖြိုးတိုးတက်လာတော့ ဓားပြတိုက်ခြင်း မရှိတော့ပေ ။ )
ဓားပြ မျက်စိကျသည့် အထဲတွင် ကျွန်တော်တို့ မိသားစုအိမ်လေး မပါ ။ ပါစရာ အကြောင်းလည်း မရှိပေ ။ အဘယ်ကြောင့် ဆိုသော် နားမကြားသည့် ကျွန်တော် အမေက ခေါင်းရွက်ဗျပ်ထိုး ဈေးသည် ။ ရွာမှာ မရှိသည့် အသီးအရွက်လေး မြို့က သယ်ရောင်း ။ မြို့သွားတော့ မနက်ကြီး သုံးနာရီလောက် က ခြေလျှင် ထ,သွား ၊ အပြန် အဖေက သွားကြို ၊ ရွာထဲ လည်ပတ်ရောင်း ။ ကျွန်တော်တို့ ညီအစ်ကို သုံးယောက်၏ ထမင်းပန်းကန် ထဲတွင် ရောင်းမကုန်သည့် ချဉ်ပေါင်ရိုးလေးများသာ ရောက်လာခဲ့ရသည် ။
••••• ••••• •••••
၃ ။
ကျွန်တော်၏ အဖေ အလုပ်က အမေ့လို နေ့စဉ် ငွေမဝင်ပေ ။ အဖေ့ အလုပ်က တောင်လို ပုံနေသည့် စပါးပုံများကို ဖြိုချပေးသော အလုပ် ဖြစ်သည် ။ ထိုအလုပ်ကလည်း စပါးပေါ်ချိန်လေးပဲ ရှိ၏ ။ မြို့က စပါးကုန်သည် လာ စပါးပုံများဆီ လိုက်ပြ ၊ ကုန်သည်ကြိုက်လျှင် ဈေး စကားပြော ၊ တောင်သူက တင်းစကားပြော ။ ထိုနှစ်ဦးကြား အဆင်ပြေရန် ညှိနှိုင်း ပေးရသည် ။ အရောင်းအဝယ် တည့်မှ တစ်တင်းငါးဆယ်မျိုး ၊ တစ်ရာမျိုး ရသည် ။ ဒါကလည်း နေ့စဉ် အရောင်းအဝယ် ဖြစ်ချင်မှ ဖြစ်သည် ။
စပါးပေါ်ချိန် မဟုတ်လျှင်တော့ နွားအရောင်းအဝယ် လုပ်သည် ၊ နွားချင်း လဲ၏ ။ နွားဝယ် ခေါ်လျှင် လိုက်သည် ။ အပေါင်းအသင်း များတော့ အသောက်အစားလေး ရှိသည် ။ ကျွန်တော်တို့ ညီအစ်ကို သုံးယောက်၏ မုန့်ပဲသရေစာသည် အဖေ ယူလာသည့် ဆီးသီးလေးများ ၊ မန်းမရွေးလေးများသာ ဖြစ်သည် ။
တစ်နေ့ အမေ့ ဈေးတောင်းထဲတွင် မန်းမရွေးများ ပါလာသည်ကို ကျွန်တော်တို့ ညီအစ်ကို သုံးယောက် မြင်သည် ။ ဈေးတောင်းချ ၊ မုန့်ထုပ်ကို အိမ်တိုင်မှာ ချိတ်နေသည့် အမေ၏ လုပ်ပုံကိုင်ပုံကို မမှိတ်မသုန် ကျွန်တော်တို့ ကြည့်နေ၏ ။ ကျွန်တော့်ညီက လက်တို့ ၊ မေးထိုး ပြသည် ။ ကျွန်တော် သူ့ကို ခေါင်းညိတ် ပြလိုက်ပြီး လက်ကလေး ကာပြလိုက်သည် ။ အသာနေ ဆိုသည့် သဘောကို ညီငယ် သိသည် ။ သူ ခေါင်းဆတ်ပြ၏ ။
ကောင်းကင်က လမင်း အလင်းပျောက်ချိန်ကို ထိုင်စောင့်နေသလို အဖေ နှင့် အမေ အိပ်ပျော်ချိန်ကို ကျွန်တော်တို့ တိတ်တိတ်ဆိတ်ဆိတ် ထိုင်စောင့်နေကြသည် ။ တစ်အိမ်လုံး အမှောင်ကျ နေသော်လည်း ကျွန်တော်တို့ မျက်လုံးထဲတွင် နေ့ခင်းက အမေ ချိတ်ထားသည့် မန်းမရွေးမုန့်ထုပ်ကို မြင်နေ မိသည် ။ မမြင်ရသော်လည်း ရှိမှန်း သိနေ၏ ။
အဖေ၏ ဟောက်သံ ၊ အမေ၏ ယောင်၍ ဈေး ရောင်းနေသံကြားမှ ငုတ် တုတ်ထိုင်နေကြသည့် ကျွန်တော်တို့ ညီအစ်ကို ကြမ်းမြည်သံ မကြားရအောင် အသာခြေဖွနင်း၍ မုန့်ထုပ်ဆီ သွားပြီး ဖြုတ်ယူသည် ။ ပြီးနောက် အားပါးတရ စားလိုက်ကြသည် ။
နံနက်ခင်း ရောက်တော့ အမေ၏ အဆဲကို ပယ်ပယ် နယ်နယ် ခံလိုက်ကြရသည် ။ ကျွန်တော့်အမေသည် အဆဲ သန်က သန်နှင့် ။
ခုနစ်အိမ်ကြား ဆဲနေသည့် အမေ့ကို အဖေက “ ဟဲ့ သန်းမြရယ် ကလေးတွေ စားချင်လို့ စားတာပဲ ၊ မဆဲပါနဲ့တော့ ၊ ငါ့သားတွေ ငါတို့ မကျွေး ဘယ်သူ ကျွေးမတုံးဟ ” ဟု ပြောလိုက်မှ အမေ့ဆီက ဆဲသံ ရပ်တော့သည် ။ နောက်ရက်များကျတော့ အဖေ ပြန်လာလျှင် မုန့်ထုပ်များ ပါလာတတ်သည် ။ ကျွန်တော်တို့ ညီအစ်ကို သုံးယောက် အားပါးတရ စား လျှင် အဖေက ပြုံးပြုံးကြီး ကြည့်နေတတ်သည် ။ ထို အပြုံး၏ အရောင်များကို ကျွန်တော် ယခု ခွဲခြားတတ် နေပါပြီ ။
ကျွန်တော်လည်း အဖေ တစ်ယောက် ဖြစ်နေချေပြီလေ ။
••••• ••••• •••••
၄ ။
“ ဖေဖေ ... မှာမစားသေးဘူးလားဟင် ၊ စားတော့လေ ”
ပါးစောင်ပြည့်သံနှင့် လက်တို့ ပြောလိုက်သည့် သားလေး စကားသံကြောင့် ကျွန်တော့်အဖေ၏ အပြုံးမျက်နှာ အတွေးထဲ ပျောက်သွားရချေပြီ ။
“ သားစား .. သားလေးစား ”
ကျွန်တော် တိုးပေးသည့် ပန်းကန်ပြားများကို သားလေးက ခေါင်းခါ၍ “ သား … ဝ,ပေါ့ ၊ ဖေဖေ စားတော့ ” ဟု နှုတ်ခမ်းကို တစ်ရှူးစနှင့် တို့သုတ်နေသည့် သားလေးကို ပြုံးပြရင်းက သားလေး စားမကုန်သည့် ထမင်းကြော်များကို စားလိုက်သည် ။
လျှပ်စစ်မီး မရှိသည့် ရွာ ကနေ မန်းမရွေးမုန့် လုပ်စားခဲ့ရသည့် ကျွန်တော် ။ ယခုလို စားချင်သည်ကို အလွယ်တကူ ဝယ်စားရသည့် နေရာ ရောက်အောင် ပို့ဆောင်ပေးသည့် အဖေ့ကို ထမင်းကြော် ဝယ်ကျွေးဖူးပြီလား ၊ ခေါက်ဆွဲကြော် အဝ , ကျွေးဖူးပြီလား ၊ အေးနေသည့် အချိုရည်ကို တိုက်ဖူးပြီလား ။ ထိုမေးခွန်း မေးလာလျှင် “ ဟင့်အင်း ” ဟု ခေါင်းခါ ငြင်းဆန်ပြီး ရှက်ရှက်နှင့် ဝန်ခံရပါလိမ့်မည် ။
သည်တစ်ခါ ရွာ ပြန်လျှင်တော့ အဖေ့အတွက် စားစရာများ ယူသွားမည်ဟု တွေးမိသည် ။ ယူသွားလျှင် အဖေက -
“ ငါ့မြေးလေး စားပါစေ ” ဟု ပြုံးပြုံးကြီး ငြင်းဆိုလေမလား ကျွန်တော် မြင်ယောင်မိသည် ။
ယခုတော့ ... ။
ကျွန်တော့် လက်ကို ဆွဲလိုက်လာသည့် သားလေး နှုတ်ခမ်း တစ်ဝိုက်က ဆီကွက်များကို တစ်ရှူးစလေးနှင့် အသာအယာ သုတ်ပေးနေမိပါတော့သည် ။
⎕ နဒီသင်း ၊ ကုန်းဇောင်း ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဇန်နဝါရီ ၊ ၂၀၂၀

No comments:
Post a Comment