❝ တစ်ပွင့်ကျန် ပန်းရိုင်းသစ္စာ ❞
( လမင်းမောင်မောင် )
“ ဟင် ”
စာအုပ်တွေကို စီစီရီရီ ထပ်သင့်တာထပ် ၊ ထောင်သင့်တာထောင်ရင်း ၊ တချို့ ဖုန်တွေ တက်နေတာမို့ အဝတ်နဲ့ သုတ်လိုက် ၊ ခါချလိုက် လုပ်လိုက်တော့ မာသာထရီဇာ စာအုပ်ကလေးထဲကနေ ထွက်ကျလာတဲ့ ဓာတ်ပုံကလေး ၊ ပလတ်စတစ်အိတ်ကလေးထဲမှာ ဆေးရောင် သစ်လွင်နေဆဲ ၊ ကြည့်ရင်း အံ့သြမိရပါပြီ ။ လွန်ခဲ့တဲ့ ၆ နှစ် နေဝင်တောင် ရှိရာ သစ်ခွရှာ ထွက်ခဲ့တုန်းက ဘုရားကုန်းပေါ် အမှတ်မထင် ဆုံခဲ့ရတဲ့ ကလေး ၇ ယောက် နဲ့ ဘုရားလှေကားမှာ ရိုက်ခဲ့တဲ့ပုံ ၊ ကျွန်တော်က အလယ်မှာ ၊ ဘေးက ကလေး ၂ ယောက် ဖက်ထားလျက်သား ။ ပြုံးလို့ ၊ ကိုးနှစ် ၊ ဆယ်နှစ်အရွယ်တွေချည်း ၊ ယောက်ျား ကလေး ၆ ယောက် ၊ မိန်းကလေးတစ်ယောက် ၊ ဦးထုပ် အဖြူဆောင်းထားပြီး ပန်းရောင်အင်္ကျီနဲ့ ဂါဝန်ဝမ်းဆက်ကလေး ဝတ်လို့ ၊ အားလုံးက အဝတ်နွမ်းနွမ်းကလေးတွေနဲ့ချည်းပါ ။ မျက်နှာဝိုင်းသူ ၊ သွယ်သူ ၊ တချို့ ပါးကွက်တွေနဲ့ ၊ အားလုံးက ကင်မရာကို အထူးအဆန်း ပစ္စည်းတစ်ခုလို ငေးစိုက်ကြည့်နေပုံက ပေါ်လွင်လွန်း နေတယ် ။ ရှမ်း ၊ ဓနု ကလေးတွေမို့ ဗမာလို ဟုတ်တိပတ်တိ မတတ်ကြ ။ ကျွန်တော် ၊ အာနန္ဒာ ၊ နေလင်းမောင် တို့ ဓာတ်ပုံတွေ ရိုက်နေတာတွေ့တော့ ၊ ချုံတွေကြားက ၁ဝ နှစ်အရွယ် ကောင်လေးတစ်ယောက် ပြေးထွက်လာပြီး
“ ဦးဦး .. ကျွန်တော်တို့ကို ဓာတ်ပုံရိုက်ပေးပါ ”
လေသံဝဲဝဲ မပီကလာ ပီကလာပေမဲ့ ဒီကလေးက ဗမာလို တော်တော်ပြောတတ်ပုံပါ ။ တောင်းဆိုနေပုံကလည်း တကယ့်ကို အရေးတကြီး ၊ တမက်မောမော ၊ ကျွန်တော်ကလည်းပဲ ချက်ချင်း ခေါင်းညိတ်လိုက်ပြီးသား ... ။
“ ကဲ .. လာဗျာ ”
“ နေဦး .. သွားခေါ်လိုက်ဦးမယ် ခဏ ”
လှစ်ခနဲ ပြေးထွက်သွားပြီး အုတ်တံတိုင်းအပြင်ကို အော်ခေါ်တော့တာ ။
“ လာကြဟေ့ ဒီမှာ ဓာတ်ပုံရိုက်ပေးမယ်တဲ့ ”
ချက်ချင်းပဲ ညစ်ပတ်ပေရေနေတဲ့ ကလေးတွေ ဘုရားထဲ ပြေးဝင်လာကြပြီး ကျွန်တော့်ဘေးမှာ ဝိုင်းထိုင်ကြတယ် ။ ကျွန်တော်က စပ်စုမိရော ... ။
“ သားတို့ ဒီမှာ ဘာလုပ်နေကြတာလဲကွ ”
“ ဥပုသ်နေ့မို့ ကျွဲတွေ ၊ နွားတွေ ကျောင်းရင်း သန့်ရှင်းရေးလုပ်ပေးနေကြတာပါ ”
ကောင်လေးကပဲ ပြန်ဖြေတယ် ။ ကျန်ကလေးတွေက ကင်မရာကိုသာ ဝိုင်းကြည့်နေကြလေရဲ့ ၊ နေလင်း မောင်က ဓာတ်ပုံရိုက်ပေးတာမို့ ၊ အာနန္ဒာက မြေစိုက်သစ်ခွပင်တွေ လိုက်နုတ်နေပါပြီ ။
“ ကျောင်းမနေကြဘူးလား သားရယ် ”
“ နေတယ်လေ ၊ ဒီနေ့ ဥပုသ်နေ့လေ ဝါတွင်း ဆိုတော့ ကျောင်းပိတ်တယ် ”
“ ဪ ဟုတ်ရဲ့လား ”
“ ဦးဦးတို့ ဘာလာလုပ်ကြတာလဲ ”
“ ဘုရားဖူးရင်း သစ်ခွတွေ လာနုတ်တာကွ ”
မြို့ထဲက ပျိုးပင်ဆိုင်တွေမှာ ဈေးကြီးကြီး ပေးဝယ်ရတဲ့ မြေစိုက်သစ်ခွမျိုးစုံက ဒီနားတစ်ဝိုက်မှာ အလေ့ကျပေါက်နေကြတာပါ ။ မြေမှ ပေါက်တဲ့ သစ်ခွမျိုးကို တချို့က မကြိုက်ပေမဲ့ ကျွန်တော်ကတော့ အရွက်ထွက် ပုံကအစ သဘောကျမိတယ် ။ အပွင့်ကလေးတွေက မျိုးစုံ ၊ ထူးခြားတဲ့ရနံ့တော့ ရှိပေမဲ့ တချို့ အပွင့်တွေက ပုံစံလည်း လှ ၊ ကြာရှည်လည်း ခံ ၊ အပင်ကလည်း မြေကြီး ရှိရင် စိုက်လို့ရတဲ့အမျိုး ၊ စကားပြောကြတုန်းမှာ ကျောင်းထဲက ဦးပဉ္ဇင်းတစ်ပါး ထွက်လာတာကို မြင်တော့ ကလေးတွေ ဖုတ်ဖက်ခါထ ပြေးထသွားကြတယ် ။ ကောင်လေးက ရပ်နေဆဲ ။
“ ဦးဦး ဓာတ်ပုံပို့ပေးနော် ၊ ဦးဦးတို့ မပြန်သေးဘူး မဟုတ်လား ”
ပြောပြီး ကျွန်တော့်မျက်နှာကို မျှော်လင့်တကြီး ကြည့်နေပုံက သနားစရာလေးမို့ ခေါင်းညိတ် ပြလိုက်ရပေမဲ့ ဒီတောင်ဘက်ကို နောက်တစ်ခေါက် ရောက်ဖို့ရာ မသေချာတာ သိပြီးသားပါ ။ ကောင်လေး ပြေးထွက် သွားတော့မှ သစ်ခွတွေ လိုက်နုတ်ရင်း မြင်ရတဲ့ ရှုခင်းတွေရဲ့အရသာကို ခံစားရတော့ ရင်ထဲ အေးသွားအောင် တကယ့်ကို လှမှလှ ။
အဲဒီနေ့က တောင်ပေါ်ဘုရားကနေ ကျွန်တော်တို့ ဆိုင်ကယ်နှစ်စီး ဆင်းလာတော့ အနောက်ဘက် ဘုရားဖြူတောင်ဘက်က ကလေးတွေရဲ့ အော်သံဟစ်သံတွေ ကြားခဲ့ရတာကိုလည်း ခုထိ မှတ်မိနေဆဲပဲ ။ အာနန္ဒာက ..
“ ကလေးတွေ ဆော့နေကြတာနေမှာပါ ဆရာရယ် ”
နောင်တော်က နောက်မှာ ကျန်ခဲ့ပြီ ။ နောက်တစ်ခေါက် မရောက်ဖြစ်ခဲ့ပါ ။ ဓာတ်ပုံတွေ ကူးခဲ့ပေမဲ့ ကလေးတွေရဲ့ ပုံကို ပို့ဖို့ရာလည်း စိတ်ကူးမရခဲ့တာ ဒီနေ့ အထိပါပဲ ။ မြို့ထဲနဲ့ ဝေးလှတယ်တော့ မဟုတ် ၊ ဆိုင်ကယ်နဲ့ဆို နာရီဝက်ပေါ့ ။ ဒါပေမဲ့ အတက်အဆင်း အကွေ့အကောက်တွေနဲ့ လူသူပြတ်လှတဲ့ နေရာ ၊ နာနတ်သီး ပေါ်ချိန်မှာသာ ထော်လာဂျီတွေ သွားကြပြီး ၊ ပုံမှန်လိုင်းကား လည်း မရှိ ၊ တကယ်တော့ ကျွန်တော်ရဲ့ ပေါ့ပေါ့ဆဆ လျစ်လျူရှုမှုနဲ့ ဒီဓာတ်ပုံကလေးက လက်ထဲမှာ ခြောက်နှစ်တောင် ကြာခဲ့ရတာပါလေ ။
••••• ••••• •••••
“ ခုချိန်ဆို ဒီကလေးတွေ အကောင်တော်တော်ကြီး ကြရောပေါ့ဆရာ ”
ဓာတ်ပုံကလေးကို ကြည့်ရင်း အာနန္ဒာလည်း အံ့သြလို့ ။ ဒီအချက်ကို ကျွန်တော် သတိမပြုမိ ။ ဟုတ်မှာပေါ့ ၊ မူလတန်း ကတည်းက စာသင်ပေး ပွေ့ချီကစားခဲ့တဲ့ ခြံနီးနားချင်းက ဆီပေါ တောင် ခုတော့ ကိုယ်က ပြန်မော် ကြည့်နေရပြီ မဟုတ်လား ။ အတန်းကလည်း ဆယ်တန်း ရောက်နေပါပြီ ။ ကျွန်တော့် အချစ်ဆုံးကလေး ဖြစ်လို့ ခုထိ လက်ပွန်းတတီးရှိနေဆဲ ။ ကလေးတွေကို ချစ်ပေမဲ့ အားလုံးကိုတော့ မပေါင်း ။ စာကြိုးစားပြီး လိမ္မာယဉ်ကျေးတဲ့ ဆီပေါ လို ကလေး ဆိုရင်တော့ မိဘရင်းတွေထက် ပိုပြီး ကျွန်တော်က ပံ့ပိုးပေးတတ်သူပါ ။
“ မင်းအားတဲ့ တစ်ရက် လိုက်ပို့ပေးစမ်းပါ အာနန္ဒာရယ် ”
ခရီးဝေး ၊ လမ်းမကောင်းရင် ကျွန်တော်က ဆိုင်ကယ် ၊ ကား ကိုယ်တိုင်မမောင်းသူမို့ အာနန္ဒာ ကိုသာ အကူအညီ တောင်းရမြဲ ။ ဒီကလေးကလည်း အားတယ် မရှိလှ ။
“ ရတယ်ဆရာ ၊ ကျွန်တော် အလုပ်တွေ ကြိုလုပ် ထားလိုက်မယ် ၊ သုံးလေးရက်လောက် ရှိရင် သွားကြမယ်လေ ”
လွယ်နေကျ အိတ်ထဲ ဓာတ်ပုံကလေးကို ထည့်လိုက်တယ် ။
“ ဦးပဉ္စင်း တစ်ပါးပါးကို ပြကြည့်ရင်တော့ သိမှာ သေချာပါတယ်လေ .. ”
ကိုယ့်ဘာသာ သေချာရင်း သွားရမယ့် ရက်ကို စိတ်ဇောနဲ့ မျှော်နေမိတော့တာ ။
••••• ••••• •••••
တောင်ကုန်းတွေ တကြော နာနတ်ခင်းတွေချည်း ။ စီရရီနဲ့ လှလိုက်ပါဘိ ။ လမ်းက အရင်အတိုင်း ၊ ဆိုင်ကယ်က ခုန်ဆွခုန်ဆွ ၊ ဆင်လမ်းဆည်ကို ရောက်တော့ နေဝင်တောင်ကို မြင်ရပါပြီ ။ သစ်ပင်ခုတ်ထွင်းခြင်း မပြု လို့ ထင်ပါရဲ့ ။ ဝန်းကျင်တစ်ဝိုက် စိမ်းစိုအုံ့ဆိုင်းနေပါ တယ် ။ ‘ သမိုင်းဝင် နေဝင်တောင်ဘုရား ’ မုခ်ဦးထဲ ဝင် လာခဲ့ကြပါပြီ ။
တောင်တက်လမ်းမို့ ဂီယာ ၂ နဲ့ အာနန္ဒာ က အရှိန်ယူ အတက် ၊ မုခ်ဦးတစ်ဖက် ကျောက်ဂူရှိရာ တောင်ကုန်းဘေး မြက်ခင်းထဲက ကျွဲကျောင်းသားကလေး ပြေးထွက်လာတာ ကျွန်တော် မြင်လိုက်ရတယ် ။
“ ဟိုး ... ဟိုး ။ နေပါဦး ... နေပါဦးဗျို့ ... ဟိုးထား ”
ဘာကို ဘယ်သူ့ကို အော်နေသလဲ ကျွန်တော် မသိ ။ ဆိုင်ကယ်သံနဲ့ မို့ အာနန္ဒာ ကလည်း မကြား ၊ မောင်း တက်ခဲ့တော့တာပါ ။ အနောက်ဘက်ရှိ ဘုရားမုခ်ဦး အဝင်မှာ ဆိုင်ကယ်ကို ရပ် ၊ ဆိုင်ကယ်ပေါ်က ဆင်း ၊ ကျောင်းဝင်းထဲ လှမ်းကြည့်တော့ တိတ်ဆိတ်လို့ ၊ လေ အဝှေ့မှာ ဆည်းလည်းသံ တချွင်ချွင်ကသာ လွှမ်းခြုံလို့နေပါတယ် ။
“ နေ့ခင်းမို့ ဘုန်းကြီးတွေ ကျိန်းစက်နေကြထင်ပါရဲ့ ”
“ တစ်ယောက်ယောက်တော့ ရှိမှာပါ ဆရာ ၊ ခဏ စောင့်ကြည့်ကြတာပေါ့ ”
မရောက်တာ ကြာပြီမို့ ရှုခင်းတွေကို ကြည့်ရင်း လေအေးအေးကို တဝကြီး ရှူရှိုက်မိကြတယ် ။ ခဏနေတော့မှ ဖိနပ်တွေကို ချွတ်ပြီး ဘုရားဝင်းထဲ ဝင်မယ် အလုပ်မှာပဲ တောင်ရဲ့ မြောက်ဘက်ခြမ်း လှေကားထစ် ကနေ ပြေးတက်လာတဲ့ ကောင်လေးကို လှမ်းတွေ့လိုက်ကြတယ် ။ ၁၅ နှစ် ၊ ၁၆ နှစ် အရွယ်ကလေး ၊ လက်ပြလို့ နှုတ်ကလည်း တစ်ခုခုကို မောကြီးပန်းကြီး အော်နေသေးရဲ့ ။ ကျွန်တော်တို့ပဲ ရှိတာမို့ ၊ အသာရပ်ကြည့်နေလိုက်ကြရပါတယ် ။ မောနေတဲ့ ကြားက ကောင်လေးရဲ့မျက်နှာက ပြုံးနေရှာသေးတာပါ ။
“ ဦးဦး ... ဦးဦး ”
“ ဟေ ”
“ ဟင် ”
“ ဓာတ်ပုံရိုက်ပေးခဲ့တဲ့ ဦးဦး ၊ မှတ်မိတယ် ၊ ဦးက အရင် အတိုင်းပဲနော် ”
ကျွန်တော်တို့ နှစ်ယောက် ပြုံးမိကြတယ် ၊ ဝမ်းသာလိုက်တဲ့ဖြစ်ခြင်း ။
“ ဒါ .... ဒါဖြင့် သားက အဲဒီ အထဲက .... ”
“ ဟုတ် ... ကျွန်တော်က စိုင်းလုံပါ ”
“ ဪ ... ”
ပြုံးရွှင်နေရာက ကောင်လေးမျက်နှာ နည်းနည်း ညှိုးသွားပြန်တယ် ။ တစ်ခုခုကို မေးချင်နေပေမဲ့ မမေးရဲဘဲ ချီတုံချတုံ ဖြစ်နေပုံပါ ။
“ ဒီတစ်ခါလည်း သစ်ခွ လာရှာတာပဲလား ဦးဦး ”
“ မဟုတ်ပါဘူး သားရယ် ၊ သက်သက် သားတို့ကို လာရှာတာပါ ”
“ ဗျာ .. တကယ် ”
စိုင်းလုံရဲ့ မျက်နှာ ဝင်းလက်သွားပြန်တယ် ။ ရှေ့ကို နည်းနည်းတိုးလာပြီး မေးတယ် ။
“ ဒါ ဒါဆိုရင် သား ... သားတို့ရဲ့ ဓာတ်ပုံကလေးပါ ... ပါလာလားဟင် ဦးဦး ”
အငမ်းမရ မေးနေပုံကြောင့် ကျွန်တော် အံ့သြသွားရတာအမှန် ။
“ ဒါဆို သားက ဓာတ်ပုံ ပို့ပေးဖို့ ပြောခဲ့တဲ့ ကလေးလေးပေါ့ ဟုတ်လား ”
“ ဟာ ဟုတ်တယ် ... ဟုတ်တယ် ကျွန်တော်ပဲလေ ”
အံ့သြဘနန်း တစ်ခုကို မြင်နေရသလိုပါ ။ ဓာတ်ပုံထဲကနဲ့ ခြားနားသွားခဲ့ပြီပဲ ။ ရက်လနှစ်တွေ မနည်း ၊ ဒီဓာတ်ပုံကို ကောင်လေးက မမေ့သေးရုံမက အရေးပါနေတာ ပေါ်လွင်နေသေးရဲ့ ။ စိုင်းလုံ က ကျွန်တော့် လွယ်အိတ်ကို လှမ်းကြည့်ရှာတာမို့ ၊ ဘာမှ ဆက်မမေးတော့ဘဲ ဓာတ်ပုံကိုထုတ်ပေးတော့ လှမ်းယူတဲ့ စိုင်းလုံ ရဲ့ လက်အစုံဟာ တုန်ယင်နေလိုက်ကြတာ ၊ တန်ဖိုးကြီးလှတဲ့ အရာတစ်ခု ကြည့်သလိုကို စူးစိုက်ကြည့်နေတဲ့ စိုင်းလုံရဲ့ မျက်လုံးအစုံက ချက်ချင်းပဲ မျက်ရည်တွေနဲ့ ပြည့်လျှံ လာပါတော့တယ် ။
“ ကျေးဇူး ... ကျေးဇူးတင်လိုက်တာ ဦးဦးရယ် ၊ ဒီ ဓာတ်ပုံကလေး ရမယ်ဆိုတာ ဒီနေ့အထိ ယုံကြည်နေခဲ့တာ ။ လူကြုံတွေနဲ့များ ပါလာမလားလို့ မျှော်ခဲ့မိသေးတယ် ။ ပြီးတော့ ဦးဦးက ဟိုးအဝေးကြီးက ဆိုရင် နောက်တစ်ခါ လာမှ ယူလာမယ်နဲ့ တူပါရဲ့လို့ ထင်မှတ် ထားခဲ့တာ ။ ဘုရားပေါ် တက်တဲ့ ကားတွေ ၊ ဆိုင်ကယ်တွေ လာတိုင်း ကြည့်ရတာ အခုထိပဲ ။ စောစောက ဦးဦး တို့ကို လှမ်းမြင်လိုက်တော့ ဝမ်းသာပြီး အော်ခေါ်သေးတယ် ။ မမီလို့ ဒီဘက်ကနေ ပြေးလိုက်လာခဲ့တာ .. ကျ .. ကျွန်တော် ... ဟီး ဟီး ”
ဖြည်းဖြည်းချင်း ထိုင်ချလိုက်ပြီး စိုင်းလုံ က မထိန်းနိုင် ၊ မသိမ်းနိုင် ငိုတာမို့ ကျွန်တော်တို့လည်း တုန်လှုပ်မှုနဲ့ အတူ ငေးငိုင်ကြည့်နေမိကြတုန်းမှာပဲ ဆွမ်းစားကျောင်း ထဲက ဦးပဉ္ဇင်းတစ်ပါး ထွက်လာပါတယ် ။ နည်းနည်း ဝ လာပေမဲ့ ဟိုဟုန်းက ဦးပဉ္စင်း မှန်း ကောင်းကောင်း မှတ်မိလိုက်ပါတယ် ။ ဓာတ်ပုံအပေါ်ထားတဲ့ စိုင်းလုံရဲ့ စွဲလမ်းမှုက အရမ်းထင်ရှားနေတာမို့ နောင်တ ပါးပါးကလေးက ကျွန်တော့် ရင်ထဲ ဝင်ရောက်စ ပြုလာနေပါပြီ ။ ဘေးမှာ ထိုင်ချလိုက်ပြီး ...
“ ကျန်တဲ့ကလေးတွေကရော စိုင်းလုံ .. မငိုပါနဲ့ သားရယ် ”
တသိမ့်သိမ့် ရှိုက်နေတဲ့ စိုင်းလုံ မဖြေနိုင်ရှာပါဘူး ။ အနားရောက်လာတဲ့ ဦးပဉ္စင်းကို ဝယ်လာတဲ့ မုန့်တွေနဲ့ ဆက်ကပ် ကန်တော့လိုက်ကြပြီးတော့ ...
“ ကျန်တဲ့ ကလေးတွေက ဒီမှာ မရှိကြတော့ဘူး ဒကာကြီးရဲ့ ။ အင်း စိုင်းလုံ စိတ်ကို လျှော့စမ်းဟယ် ၊ နင်ကလည်း တယ်အစွဲအလမ်းကြီးတာကိုးနော် ”
“ ဘုရား ဘာဖြစ်ကြတာလဲဘုရား ”
“ ဒီဓာတ်ပုံရိုက်ခဲ့တဲ့ နေ့က ကလေးတွေ ဒီမှာ ဆုံတာ နောက်ဆုံးပဲလေ ”
ဦးပဉ္စင်းက ရှမ်းသံတဝဲဝဲနဲ့ ဖြည်းဖြည်းလေး ရှင်းပြရှာတယ် ။
“ အားလုံးက တစ်ဝမ်းကွဲ ၊ နှစ်ဝမ်းကွဲတွေ ချည်းပါပဲ ။ ဘိုးဘွားဘီဘင်လက်ထက်ကတည်းက မြေကွက်ကြီး တစ်ခုမှာပဲ စည်းစည်းလုံးလုံးနေခဲ့ကြရာက မြေဈေးတွေ ကောင်းလာတော့ သူ့အတွက် ကိုယ့်အတွက် အဝေ မတည့်ကြ ။ တုတ်တပြက် ၊ ဓားတပြက် ဖြစ်နေကြတဲ့ အချိန်ကလေးတွေကတော့ ဒီနေရာမှာ ဆုံကြ ၊ ဆော့ကြ ရတာကိုး ။ လူကြီးချင်းတွေ မတည့်ကြတော့ ကလေးချင်း ပေါင်းတာလည်း မကြိုက်ကြဘူးလေ ။ အင်း ... သဘောထားတွေပါ ကျဉ်းမြောင်းကုန်ကြတာ ပိုဆိုးတာပေါ့ ”
“ ဖြစ်မှဖြစ်ရလေဘုရား ”
စိုင်းလုံ ကတော့ ငိုရှိုက်နေဆဲ ၊ သူ့ ရင်ထဲက ခံစားချက်ကို နည်းနည်းတော့ နားလည်လာရပြီ ။
“ ဆိုင်ရာတွေနဲ့ ရှင်းကြ ၊ ခွဲဝေကြတော့ ၊ ရောင်းချပြီး တချို့က မြို့ထဲ ၊ တချို့ကလည်း ယောက်ျားအမျိုး ၊ မိန်းမအမျိုးတွေ ရှိရာ ပြောင်းကုန်ကြတော့ ငယ်ငယ်ကတည်းက ဖတဆိုး စိုင်းလုံ ပဲ ကျန်နေရစ်ခဲ့ရှာတာ ။ သူက မွေးချင်းလည်း မရှိ ။ တစ်ဦးတည်း သားလေ ။ သူ့အဖေက လည်း တမြန်နှစ်ကပဲ ဆုံးသွားခဲ့တော့ .... ”
ဦးပဉ္စင်း ကိုယ်တိုင် အသံတွေ တိမ်ဝင်သွားသလို ကျွန်တော့် ရင်ထဲမှာလည်း ကိုယ်ချင်းစာစိတ်နဲ့ ယှဉ်တဲ့ ကရုဏာက ထုနဲ့ထည်နဲ့ ဝင်ရောက်လာခဲ့ရပြီပဲ ။
“ တိုက်တိုက်ဆိုင်ဆိုင် ဒကာကြီးနဲ့ တွေ့ ၊ တစုတဝေးတည်း ဓာတ်ပုံရိုက်ခွင့် ရလိုက်တာဟာ သူတို့ အတွက် ရှားရှားပါးပါး အခွင့်အရေး တစ်ခုရလိုက်သလိုပါပဲ ။ စိုင်းလုံ က ဒီပုံကို ခုချိန်ထိ မျှော်လင့်နေခဲ့တာ ၊ သိပ်အစွဲအလမ်းကြီးတဲ့ကောင် ခုတော့ စောင့်ရကျိုးနပ်ပြီပေါ့ ဟလားဟင် ”
ဦးပဉ္စင်းက ခေါင်းကို ပွတ်သပ်လိုက်တော့ စိုင်းလုံ ငိုရင်းက ရှက်နေရှာရဲ့ ။ ကျွန်တော်သာ မလာခဲ့ရင် နောက်ထပ် နှစ်ပေါင်း ဘယ်လောက်ကြာကြာ စောင့်မယ့် ကလေး ဆိုတာ သိရတော့ စိတ်ထဲမှာ ဘာသာ အပြစ် တင်မိရပြန်တယ် ... ။
“ ပြီးတော့ ဒကာကြီးတို့က မသိလို့ အဲဒီ နေ့ကပဲ ဒီကောင်လေ ... ”
“ ဦးဇင်း ... ဦးဇင်း ”
ရုတ်တရက် အလန့်တကြားအော်လိုက်တဲ့ စိုင်းလုံ အသံကြောင့် ဦးပဉ္စင်း နှုတ်ဆွံ့သွားရသလို ကျွန်တော်တို့ မသိစေချင်တဲ့ အကြောင်း တစ်ခုခုရှိနေတယ်ဆိုတာကိုပါ ရိပ်မိလိုက်ပေမဲ့ မစပ်စုရဲပါ ။
“ မင်းရဲ့ သစ်ခွတွေ သွားယူလေ သွား ... သွား စိုင်းလုံ ”
ဦးပဉ္စင်း စကားကိုတော့ လွန်ဆန်ရဲဟန် မတူ ။ မျက်ရည်တွေကို လက်ခုံနဲ့သုတ် ဖြည်းဖြည်းချင်း ထော့နင်း ထော့နင်းနဲ့ စိုင်းလုံ ထသွားတော့မှ ...
“ စိုင်းလုံ ငယ်ငယ်က ခြေထောက်က အကောင်းပါ ။ ဘာဖြစ်ခဲ့တာလဲဘုရား ”
ဦးပဉ္စင်းက သက်ပြင်းချလိုက်ပြန်ပါတယ် ။
“ ဒီကလေးက ခင်တွယ်တတ် ၊ ရိုးသားပြီး ၊ စေတနာလည်း ကောင်းရှာတယ် ။ ဟိုအနောက်ဘက် ဘုရားဖြူကုန်းက ချောက်ကမ်းပါးကို ဒကာကြီး သတိထားမိမလားပဲ ”
“ မှန်ပါ့ အာနန္ဒာတောင် သစ်ခွနုတ်ဖူးတယ်နော် ”
“ ဟုတ်တယ် ပေ ၂၀/၃၀ လောက်တော့ နက်မလားပဲ ဘုရား ”
“ အဲဒီ ဓာတ်ပုံရိုက်တဲ့နေ့ ကပဲလေ ။ ကမ်းပါးယံမှာ ပေါက်နေတဲ့ သစ်ခွပင်အကြီးကြီးကို နုတ်တာလေ လက်တစ်ဖက်က ပိန္နဲပင်ကို ဆွဲ ၊ တစ်ဖက်က လှမ်း အနုတ် လက်ချော်ပြီးတော့ ပြုတ်ကျခဲ့တာပါပဲ ”
“ ဟာ ”
“ ဟင် ... ဟောဗျာ ကံဆိုးလိုက်တာ စိုင်းလုံရာ ”
လေနုအေး တိုက်ခတ်နေပါလျက်နဲ့ ကျွန်တော့် ရင်တွေ ပူလောင်လာခဲ့ပါရော ။
“ ဘာလုပ်ဖို့လဲဘုရား ၊ ရောင်းစားဖို့လား ”
သိချင်စိတ်ကို မတားမိတော့ပါ ၊ တစ်ခုခုကို ခပ်ရေးရေး နားလည်လာရသလိုလို ... ။
“ မဟုတ်ပါဘူး ။ ဒီမှာက ပေါပါတယ် ။ မြို့ထဲလည်း သွားမရောင်းနိုင်ကြပါဘူး ”
ဆက်နားထောင်ရမှာကို ကျွန်တော် ထိတ်လန့်နေမိပေမဲ့ သိချင်စိတ်ကလည်း တားမရ ဆီးမနိုင် ၊ ရင်တွေလည်း တထိတ်ထိတ်နဲ့ပါ ။
“ ဓာတ်ပုံရိုက်ပေးတဲ့ ဦးဦးက သဘောကောင်းတယ် ။ ငါတို့ကို ဓာတ်ပုံပြန်ပို့ပေးချင်အောင် သစ်ခွ လက်ဆောင် ပေးလိုက်ရအောင် ဆိုပြီး သန့်ရှင်းရေး လုပ်တာကို ရပ်ပြီးတော့ .. ”
“ တော်ပါတော့ ဘုရား ... တော်ပါတော့ ”
ကျွန်တော့်ရင်ဘတ်ကြီး တစ်ခုလုံး အရည်ပျော်ကျ သွားသလိုကြီး စိုင်းလုံ ကို လှမ်းကြည့်တော့ သစ်ခွပင်တွေကို စုစည်းနေလေရဲ့ ။ ကျွန်တော့် ခေါင်းကလည်း ချာချာလည်နေပါပြီ ၊ အာနန္ဒာ လည်း မကောင်းတော့ ။
“ ဒကာကြီးတို့က နည်းနည်းလေး အပြန်စောသွား ခဲ့တာကိုး ၊ အဲဒီ သစ်ခွတွေကို ဒကာကြီးလာရင် ပေးဖို့ဆိုပြီး ခုထိ စိုက်ထားခဲ့တာ အပင်တွေလည်း ပွားနေတာ များလှပေါ့ ၊ ဘယ်သူ တောင်းတောင်း မပေးဘူး ၊ မြေပြန့်က ဘုရားဖူးတွေဝယ်တာတောင် မရောင်းရှာဘူး ဒကာကြီး ”
လည်ချောင်းထဲမှာ တစ်ဆို့လာတဲ့ ဝေဒနာတစ်ခု ... ။
“ ထိထိရောက်ရောက် မကုမိခဲ့ကြဘူး ။ အရိုးဆက်တာ လွဲသွားပြီး ၊ ဒုက္ခိတ ဖြစ်နေရှာတော့တာ ။ လေးတန်း လည်း အဲဒီ နှစ်မှာပဲ အောင်ပေမဲ့ ကျောင်းလည်း ဆက်မတက်နိုင်ခဲ့တော့ဘူးလေ ။ စောစောက တားတာ ဒကာကြီးတို့ မသိစေချင်ရှာလို့ပေါ့ ”
ကျွန်တော့် တစ်ကိုယ်လုံး တုန်ယင်လာတာ ထိန်းမရ ၊ ဓာတ်ပုံကလေးတစ်ပုံ ၊ သစ်ခွပင် ၊ ကလေးငယ် တစ်ယောက်ရဲ့ စိတ်စွဲလမ်းမှု ၊ သံယောဇဉ်နဲ့ စေတနာတွေ အားလုံးဟာ ရိုးသားဖြူစင်စွာ အပြစ်ကင်းနေခဲ့ပါလျက်နဲ့ ဘာကြောင့်များ ကံဆိုးလှစွာ အချိတ်အဆက် လွဲခဲ့ကြရပါသလဲ ။ ကိုယ်က ဖန်တီးခဲ့တာ မဟုတ်ပေမဲ့ ကိုယ့်ဆီကို တည့်တည့်ကြီးကို အရှိန်ပြင်းပြင်းနဲ့ ရိုက်ခတ်လာခဲ့ပြီ ။ စာနာသနားစိတ်က ရင်ထဲမှာ ဘယ်လိုမှ မလန်းတော့သလို ၊ ၆ နှစ်လုံးလုံး စိုင်းလုံ ရဲ့ ယုံကြည်မျှော်လင့်မှုကို ညှဉ်းပန်းရာ ရောက်ခဲ့ရတာ ဘယ်လိုမှ ခွင့်မလွှတ်နိုင်တော့ ... ။
“ ရော့ ဦးဦး ၊ ကျွန်တော် ကျွဲကျောင်းရင်း ခူးထားခဲ့တာတွေ ”
အနားရောက်လာတဲ့ စိုင်းလုံ ၊ မျက်နှာက နီရဲနေသေးပေမဲ့ ပြန်ပြီး ကြည်လင်စ ပြုလာနေတဲ့ အရိုးခံဖြူစင်မှုနဲ့ ပကတိကြည်စင်နေပုံက ကျွန်တော့် ရင်ကို တစ်ခုခုနဲ့ ထုရိုက်နေသလိုမျိုး ... ။
“ ကျေးဇူး ... ကျေးဇူး အများကြီးတင်ပါတယ် သားရယ် ”
နှုတ်ခမ်းတွေ တုန် ၊ လက်တွေ တုန်ခါနေတဲ့ ကျွန်တော် ၊ ဘယ်လိုမှ ဟန်မဆောင်နိုင်တော့ပါ ။ မျက်ရည်တွေက လှမ်းယူတဲ့ သစ်ခွပင်တွေပေါ် စီးကျကုန်တယ် ။ စိုင်းလုံ က ဦးပဉ္စင်းကို မကျေမနပ် လှမ်းကြည့်ပြီး သက်ပြင်းချရှာတယ် ။
“ ဦးဦး ဒီပုံကို လာပေးမှာလို့ ယုံခဲ့တာ ခုတော့ မှန်ပြီ ။ ကျွန်တော့်ညီတွေနဲ့ ညီမလေးတို့ကလည်း သိပ်ကြည့်ချင်ကြရှာတာဗျ ။ ပြန်ဆုံခဲ့ကြရင် ကျွန်တော် ပြလို့ ရပြီပေါ့ ။ တစ်နေ့နေ့တော့ ပြန်ဆုံချင်တယ် ”
စောစောကလို မငိုတော့ပေမဲ့ စိုင်းလုံရဲ့ အသံတွေ တုန်ခါနေဆဲပဲ ။
“ ရော့ စိုင်းလုံ ၊ ဦးဦးရဲ့ လိပ်စာကတ် ... အချိန်မရွေး လာခဲ့ ဟုတ်လား ”
ကမ်းပေးတဲ့ လိပ်စာကတ်ကို စိုင်းလုံ က ဖတ်ကြည့်ရင်း အံ့ဩသွားရှာတယ် ။
“ ဟင် .. ဦးဦးက မြို့ထဲမှာပဲ နေတာပါလား ။ ဘယ်တုန်း ကတည်းက ... ”
ကျွန်တော် မညာချင် ၊ မညာရက်ပါ ။ ရက်စက်လိုက်တာလို့ ထင်ရင်လည်း ထင်ပါစေတော့ ။
“ သားတို့နဲ့ စပြီး ဆုံခဲ့တဲ့ နှစ်ကတည်းကပါ သားရယ် ”
အပြစ်ဗွေယူလိုဟန် လုံးလုံး မတွေ့ရ ။ လိပ်စာကတ်ကို ဓာတ်ပုံနောက်ကျောမှာ သေသေချာချာ ထည့်လိုက်ရှာတယ် ။ ဒီကလေး အတွက် တစ်ခုခု လုပ်ပေးချင်စိတ် စေတနာက ရင်ထဲ ဝင်လာခဲ့ပေမဲ့ ဘာရယ်လို့လည်း မစဉ်းစားတတ်ပါ ။ စိုင်းလုံ ကြည့်ရတာက ပြင်ပကမ္ဘာနဲ့ အဆက်ပြတ်နေတဲ့ ပုံစံမျိုး ။
“ သွားတော့မယ်နော် ၊ ဦးဦး ... သားက ဒီဘက်ကနေ ဆင်းရမှာ ၊ ကျွဲတွေတော့ လိုက်ကောက်ရတော့မှာပဲ ၊ ဦးဇင်း .... သွားမယ်ဘုရား ”
ထိုင်ကန်တော့ပြီး တောင်ကုန်းအတိုင်း ဆင်းသွားတဲ့ စိုင်းလုံရဲ့ ကျောပြင်ကို ကြည့်ရင်း ကျန်ရစ်ခဲ့ကြတဲ့ ကျွန်တော်တို့ ဝေဒနာ ကိုယ်စီနဲ့ တကယ့်ကို ကျောက်ရုပ်တွေအတိုင်း ။ ခပ်လှမ်းလှမ်း ရောက်တော့မှ .. ။
“ ဦးဦးရေ ... ဓာတ်ပုံ ... ကျေးဇူးနော် .. နောက် လာခဲ့ဦး ၊ ကျွန်တော်လည်း လာမယ်နော် ”
နောက်ပြန်လှည့် လက်ပြရင်း အော်နေတဲ့ စိုင်းလုံ ကို လက်ပြန်ပြရင်း ပြန်အော်ပြောမိတယ် ။
“ အေး ... အေး ... ဦးဦး မျှော်နေမယ် သားရေ ”
တောင်ကြောတစ်ပိုက် ပဲ့တင်သံတွေ ထပ်နေလို့ပါ ။ အဲဒီ ပဲ့တင်သံတွေမှာတော့ ဝေဒနာမျိုးစုံနဲ့ တုန်ယင်နေတာ စိုင်းလုံ နဲ့ ကျွန်တော်တို့ ကသာ အသိဆုံးပဲ ဖြစ်မှာပါလေ ။ ဦးပဉ္စင်းကို ကန်တော့ပြီး ကျွန်တော်တို့ ပြန်ဆင်းလာခဲ့ကြတော့ ခပ်လှမ်းလှမ်းမှာ ထော့နင်း ထော့နင်းနဲ့ ကျွဲတွေ လိုက်ကောက်နေရှာတဲ့ စိုင်းလုံရဲ့ ပုံရိပ်ကိုတော့ ဘယ်တော့မှ ဖျောက်ဖျက်လို့ ရနိုင်တော့မှာ မဟုတ်ပါဘူးလေ ။
••••• ••••• •••••
အပြန်ခရီးမှာ လေးလံထိုင်းမှိုင်းနေတဲ့ ရင်အစုံက အာနန္ဒာ ရဲ့ မှတ်ချက်စကားတစ်ခွန်းကြောင့် ပိုပြီး တုန်လှုပ်ချောက်ချားခဲ့ရပြန်ပါရောလား ... ။
“ တကယ်လို့သာ အဲဒီ ပုံကလေးကို မကူးမိခဲ့ရင် ၊ စာအုပ်ကြားက ပြန်မတွေ့ခဲ့ရင် ၊ ခုလို လာမပို့မိခဲ့ကြရင် ဒီကောင်လေး ဘယ်လိုများ ဘယ်အထိ ခံစားနေရမလဲ မသိဘူးနော် ဆရာ မတွေးဝံစရာပဲ ”
ဟုတ်ပါရဲ့ ။ ကျွန်တော်လည်း ဘယ်တော့မှ တွေးဝံ့မှာ မဟုတ်တော့ပါဘူးလေ ။
▢ လမင်းမောင်မောင်
📖Treasure Land မဂ္ဂဇင်း
ဧပြီ ၊ ၂၀၁၄

No comments:
Post a Comment