❝ အာဟာရ ဟိုတယ် ❞
( ပီမိုးနင်း )
မောင်ဆင့်သည် ရုပ်ရှင်ဇာတ်ရုံမှ ထွက်၍လာပြီး နောက် အတော်ကလေး ဆာသဖြင့် ကွမ်းခြံဘူတာ၏ အရှေ့ဘက် ထမင်းဆိုင် ၊ ခေါက်ဆွဲဆိုင်များကို လျှောက်၍ ကြည့်နေလေ၏ ။
သို့ကြည့်နေခိုက်တွင် ညှိုးငယ်စွာဝတ်ဆင်ထားသော မိန်းမပျို တစ်ယောက်၏ ကြော့ရှင်းသော သဏ္ဌာန် တစ်ခုကို မှောင်ရိပ်တစ်ခု၌ မြင်ရသဖြင့် မယောင်မလည် အပါးသို့ အဘယ်ကိစ္စအတွက် မှန်းမျှ မိမိကိုယ်ကို မသိဘဲ ကပ်ရောက်၍ သွားလေရာ ကိုယ်ခန္ဓာ ကြော့ရှင်းသည်ထက် ပိုမို၍ လှပသော မျက်နှာကလေးကို အနီးကပ်မျက် စောင်းထိုး မြင်ရလေ၏ ။ မျက်စောင်းထိုး မြင်ခြင်းမှာ တည့်တည့်ကြီး မကြည့်ရဲသောကြောင့်ပေတည်း ။
ထိုအခါ ဆောင်းလရာသီ ဖြစ်လေရာ အတော်ကလေး အေးချမ်းသဖြင့် လက်နှစ်ဖက်ကို မိမိ၏ သက္ကလပ်အင်္ကျီအိတ်အတွင်းသို့ ထိုးသွင်း၍ ထားလေ၏ ။ မိန်းမပျို၏ မျက်နှာမှာ မွတ်သိပ် ဆာလောင်သော အသွင် ရှိလေ၏ ။ ၎င်းမိန်းမပျိုသည် မိမိကို ဂရုစိုက်၍ ကြည့်ဟန်တူလေ၏ ။
“ ချမ်းလိုက်တာဟင် ” ဟု သူ့ကို လိုလို ၊ ငါ့ကို လိုလို ပြောရာ မိန်းမပျိုက “ သိပ်ချမ်းတာပဲ ” ဟု ပြောပြီး တစ်ဖက်သို့ လှည့်လိုက်ရာ မှောင်ထဲမှ မည်းခနဲ ကြွ၍လာသော သဏ္ဌာန်တစ်ခုက “ ချမ်းဆို မောင်ရင် ၊ အကွယ်အကာမှ မရှိဘဲ ၊ မြို့ထဲမှာတော့ တိုက်ငွေ့တွေကြောင့် ဒီလောက် မချမ်းလှဘူး ” ဟု ပြောလေ၏ ။ ပြောသူကား အမယ်အို တစ်ယောက် ဖြစ်လေ၏ ။
“ ကျွန်တော်တို့ တောအရပ်မှာ လောက်တော့ မချမ်းသေးပါဘူး ” ဟု မောင်ဆင့်က အဆီအငေါ် မတည့်သော စကားကို ပြန်၍ ပြောလေ၏ ။ မိန်းမပျိုက မသိမသာ ရယ်လိုက်လေ၏ ။ ထို့နောက် “ အစ်ကိုကြီးက ဘယ်အရပ်ကလဲ ” ဟု မေးလေ၏ ။
“ ပုသိမ်က ဒီကနေ့ပဲ ရောက်တယ် ။ တောအရပ်မှာ အလုပ်အကိုင် အပေါက်အလမ်း တယ်ပြီး မတည့်လို့ ရန်ကုန်မှာ အကြံအစည်ကလေးတည့်မလားလို့ လာတာပါပဲ ” ဟု မိမိကိုယ်ကို လယ်ပိုင်ရှင် သူဌေးတစ်ယောက် ဖြစ်ကြောင်း ဖုံးဝှက်ကာ ပြောလေ၏ ။
နောက် ငါးမိနစ်လောက် ကြာသောအခါ အကျွမ်းတဝင် ဖြစ်၍သွားပြီး “ ထမင်းစားကြပါဦးလား ” ဟု ပြောကြရာ ဆိုင်အတွင်းသို့ ရောက်သွားကြလေ၏ ။ မောင်ဆင့်သည် မိန်းမပျိုကလေးကို မသိမသာ များစွာ အကဲခတ်လေရာ မိမိ များစွာ ကြားရဖူးသော မကောင်းသည့်အမျိုးအစားထဲက မဟုတ်ကြောင်းကို အပြောအဆို အမူအရာ အသွင်အပြင်မှ စ၍ အကုန်အစင် ထောက်ရှုခြင်းဖြင့် သိရလေ၏ ။ ဆင်းရဲ၍ မွတ်သိပ်ဆာလောင်လျက် နေကြောင်းကိုလည်း သိလေ၏ ။ အကြောင်းမူကား ထမင်းစားဖို့ ခေါ်ရာ မငြင်းတငြင်းကလေးမျှသာ ငြင်းပြီး အသိမိတ်ဆွေ ဖြစ်ကာ ဝင်စားလေ၏ ။
ထမင်းကြော် ၊ ဝက်အူချောင်း စသည်များကို စားကြပြီးနောက် လက်ဖက်ရည်ကို သောက်ရင်း ဆိုင်အတွင်းမှာ နွေးသဖြင့် ဆက်လက်စကား ပြောကြရာ မောင်ဆင့်မှာ ရှေးကရေစက် ပန္နက်ဖူးသော သစ္စာမို့ပေလား မသိရ ။ အဘယ်အခါကမျှ သိသိသာသာ မပေါ်ဖူးသော စိတ်တစ်ခုသည် အထူး သိသိသာသာ ပေါ်လာလေ၏ ။ ထို စိတ်သည်ကား မိန်းမပျိုကလေးကို တစ်သက်လုံး ချမ်းသာအောင် ကြည့်ရှုလိုသောစိတ် ဖြစ်လေ၏ ။ အသွင်အမူကို ထောက်သော် မိမိကဲ့သို့ သားနားသော ၊ မိမိကိုယ်ကို အခွင့်ပိုင်သူ လူရည်ချွန်တစ်ယောက်အား ငြင်းပယ်နိုင်မည့် နည်းလမ်း မရှိဟု စိတ်ချယုံကြည်လေ၏ ။ အဖော်မိန်းမကြီးမှာ ဘာသာလဝါ ဆိုသလို ငေးမော တွေးတောပုံ ၊ တစ်စုံတစ်ယောက်ကို မျှော်ပုံနှင့် လမ်းဘက်ကိုသာ အာရုံစိုက်၍ နေလေ၏ ။
“ ဘာတော်သလဲ ” ဟု မောင်ဆင့်က မိန်းမကြီးဘက်သို့ မျက်စပစ်ကာ မေးလေ၏ ။
“ ဘာမှ မတော်ပါဘူး ၊ အသိမိတ်ဆွေပါပဲ ” ဟု ပြန်၍ ပြောလေရာ မောင်ဆင့်မှာ အားတက်၍ သွားလေ၏ ။ အတန်ငယ်ကြာစွာ ဆိတ်ငြိမ်၍ နေပြီးမှ မောင်ဆင့်က ...
“ အခုမှ တွေ့ရပေမဲ့ အသိမိတ်ဆွေ အရင်းအချာလို သဘောထားပါ ။ အပွေးမြင် အပင်သိ ဆိုသလို မင်း ပုံပန်းအရ အပြစ်ကင်းသူကလေးတစ်ယောက်လို့ ယုံကြည်သဖြင့် ပြောခြင်းပါ ။ တစ်မျိုးတစ်မည်များ ထင်မလား ”
“ ကျွန်မလည်း အကဲခတ်ပြီးသားပါ ၊ ထင်စရာ မရှိပါဘူး ။ အများအားဖြင့်တော့ အခုလို တွေ့ကြရင် ယောက်ျားများဟာ တစ်မျိုး ထင်ကြတာပဲ ”
“ မထင်ပါဘူး ၊ ဒီမှာလည်း အသိမိတ်ဆွေ မရှိ ၊ တစ်ယောက်တည်း ဆိုတာလိုပဲ ၊ အစစအရာရာမှာ အားထားပါရစေ ၊ ဒီကိုလည်း အားထားတာပေါ့ ။ ဘာမဆိုပါပဲ ။ ငွေဆို ငွေ ၊ အလုပ်အကိုင်ဆို အလုပ် အကိုင် ၊ တတ်နိုင်သလောက်တော့ ကူညီနိုင်ပါတယ် ”
“ ကျေးဇူးတင်ပါတယ် ။ သို့သော်လည်း ရှင် ကျွန်မကို ဒီတစ်ခုတော့ အထင်မှားတာနဲ့ တူတယ် ” ဟု ချစ်ဖွယ်ရာ ပြုံးလျက်ပြလေ၏ ။
“ ဘယ်အချက်လဲ ပြောစမ်းပါ သိပါရစေ ”
“ ကျွန်မကို အင်မတန် ဆင်းရဲတယ်လို့ ထင်တယ် မဟုတ်လား ”
“ မှန်ပါတယ် ၊ ထင်မိပါတယ် ။ မှားရင် စိတ်မဆိုးပါနဲ့ ”
“ စိတ်မဆိုးပါဘူး ၊ ရှင် သဘောကောင်းတဲ့ လူတစ်ယောက်ဆိုတာ ကျွန်မ သိပါတယ် ။ ကျွန်မ ဒီဆိုင်တွေကို ကြည့်နေတာ နည်းနည်းပါးပါး ဆာတာလည်း မှန်ပါတယ် ။ မောလာတာကိုး ။ ကျွန်မတို့ လမ်းမတော်ဘက်က ခြေလျင်လျှောက်လာလို့ပါ ။ ပြီးတော့ ပိုက်ဆံလည်း အိမ်မှာ မေ့ထားခဲ့တယ် ။ သားရေအိတ်ဟာ အဒေါ်ဆီမှာ ပါတယ် ထင်လို့ သူကလည်း မေ့တာပဲ ”
“ အေးလေ ၊ ရိုးရိုး ပြောရမှာဖြင့် ချွေချွေတာတာ ကြည့်ရှုတွက်ချင့်ပြီးမှ ဝယ်ခြမ်းစားမယ်လို့ အကြံနဲ့ ကြည့်နေသလားလို့ အောက်မေ့မိတာပဲ ”
“ ဒါနဲ့ ထမင်းစားဖို့ ရှင် ခေါ်တာပဲ ။ ကျွန်မ သိပါတယ် ၊ ဆာလည်း ဆာနေတာကိုး ”
“ အနို့ဗျာ ဘာများ လုပ်ကိုင်သလဲ ”
“ အခု ဝံသာနုဈေးဆိုင်တွေ ထွက်ကြတာ ၊ ရှင်မြင်တယ် မဟုတ်လား ”
“ ဟုတ်ကဲ့ ၊ မြင်ပါတယ်ဗျာ ”
“ ဒါပါပဲ ၊ ကျွန်မတို့ ညီအစ်မနှစ်ယောက် မြန်မာထမင်းဆိုင် အကောင်းဆုံး တစ်ခု တည်မလို့ စိတ်ကူးပြီး အစ်မက အိမ်မှာ နေမကောင်းလို့ ဒီအဒေါ်နဲ့ ထွက်ပြီး ဆိုင် အမျိုးမျိုးတွေကို ကြည့်တာပါ ။ နည်းယူတန်ရင်လည်း ယူဖို့ပါပဲ ။ ဒါကြောင့် ခြေလျင် တဖြည်းဖြည်း လျှောက်လာကြရင်း ဒီနေရာ ရောက်လို့ ဆာတော့မှ အိတ်ထဲ ပိုက်ဆံ မပါတာ သိရတာပဲ ”
ထို့နောက် ကြည့်မြင်တိုင် မီးရထားဘူတာရုံ အနီးမှာ ထမင်းဆိုင်ဖွင့်ကြောင်း ၊ ဆိုင်နာမည် အာဟာရ ထမင်းဆိုင် ခေါ်ကြောင်းနှင့် ပြောပြီး တအောင့်တနား စကားပြောကြပြီးနောက် ခွဲ၍ သွားကြလေ၏ ။ မောင်ဆင့်မှာ ထိုညသည် မအိပ်သောည ဖြစ်လေ၏ ။
နောက်တစ်နေ့ အာဟာရထမင်းဆိုင်ကို သွား၍ ရှာရာ မတွေ့ရ ။ မည်သူကိုမျှလည်း မေး၍ မရသဖြင့် ဘယ်လို သဘောနှင့် ငါ့ကို တစ်ပတ်ရိုက်တာလဲဟု တွေးကြံ၍မရဘဲ စိတ်ပျက်လျက် ပြန်၍လာခဲ့လေ၏ ။ ထိုကဲ့ သို့သော တစ်ပတ်ရိုက်နည်းသည် ငွေကို ခြူရန်လည်း မဟုတ် ၊ တမင်သက်သက် ကြွားတယ် ဆိုရမှာလည်း အခက် ၊ ရန်ကုန်မှာ လိမ်နည်းအဆန်း တစ်မျိုး ပေါ်လာလေသလားဟု တွေးမိလေ၏ ။
နောက်တစ်လလောက် ကြာသောအခါ မိတ်ဆွေ တစ်ယောက်၏ အိမ်က စောင်းအငြိမ့်နှင့် အဆိုကောင်းများကို နားထောင်ရန် ဖိတ်သဖြင့် သွားရာ အိမ်ပေါ်သို့ တက်လျှင်တက်ချင်း နား၌ ချိုမြိန်သာယာ ချစ်ဖွယ်ရာ ကောင်းလှသော အသံကို ကြားရလေ၏ ။ ပရိသတ်များ အထဲတွင် ထိုင်လျက် အသံ၏ အရသာကိုသာ ခံစားရင်း အသိမိတ်ဆွေအိမ်ရှင်နှင့် တစ်ခါတစ်ခါ အချေအတင် စကား တစ်လုံးနှစ်လုံးမျှ ပြောလေ၏ ။ အတန်ကြာမှ ကြည့်လိုက်သောအခါ ထိုသူ၏ မျက်နှာမှာ တိုင်ရိပ်ကွယ်သဖြင့် မမြင်ဘဲ နေလေ၏ ။ ယမုံနာ တေးတစ်ပုဒ်ဆုံး သောအခါမှ တေးဆိုသူသည် လက်ဖက်ရည်သောက်ရန် ဓာတ်မီးရောင်အတွင်းသို့ တိုးလိုက်ရာ မမေ့သော မျက်နှာ အဆပေါင်း မရေမတွက်နိုင်အောင် ပိုမိုလှပသော အဆင်းနှင့် ပေါ်လာလေရာ အံ့အားကြီး သင့်၍ နေလေ၏ ။ ဒေါသလည်း ထွက်လေ၏ ။ နှလုံးမှာလည်း ဒိုးပတ် တီးနေလေ၏ ။ ရှက်ကိုးရှက်ကန်း အမူအရာနှင့် မိမိ မျက်နှာကို မရဲတရဲ ကြည့်ပြီး ခေါင်းငုံ့၍ သွားသည်ကို မြင်ရသောအခါ မောင်ဆင့်မှာ အသက်ရှူ မမှန်တော့ပေ ။
သို့သော်လည်း စိတ်ကို ချုပ်ကာ ထပ်မံ၍ တစ်ပတ် ရိုက်ခံရမှာ စိုးသဖြင့် အိမ်ရှင် ဖြစ်သူအား မိမိ နေမကောင်းကြောင်းနှင့် ပြောပြီး ပြန်တော့မည် အပြုမှာ မိန်းမကြီး တစ်ယောက်က “ မလှခင်ရယ် အာဟာရထမင်းဆိုင် ကိုတော့ မလုပ်ချင်ပါနဲ့တော့ ။ ‘ အဆိုတော် ’ တစ်ယောက်ပဲ လုပ်နေ ပါတော့ ၊ ထမင်းဆိုင်ထက် အကျိုးများနိုင်ပါတယ် ” ဟု ပြောသည်ကို ကြားရမှ တစ်ဖန် ပြန်၍ ထိုင်ပြီး စဉ်းစားလျက် နေလေ၏ ။
လှခင် ။ ။ “ မဖွင့်ဖြစ်ဘူး အဒေါ်ရဲ့ ၊ ကျွန်မသူငယ်ချင်း မခင်လေးက ငွေတစ်ထောင်ကျော် သူ့မှာ ပိုလို့ အရင်းထုတ်ပြီး လုပ်မယ် ပြောတာနဲ့ ကျွန်မတို့ ညီအစ်မ နှစ်ယောက် ကြိုးစားလိုက်တာ အားလုံး အသေအချာ ဖြစ်လို့ အခန်းတောင် စပေါ် ပေးပြီးမှ မမချောမှာ သူ့ ယောက်ျားက ပြန်ဝန်ချလို့ ပါသွားပါပြီ ”
“ ဟင် ... ဒီလိုဖြင့် ငွေတစ်ထောင်ကျော်ဟာ ကလပ်ကို ရောက်ဦးမှာပေါ့ ” ဟု မိန်းမကြီးက ပြန်၍ ပြောလေ၏ ။
ထိုည မောင်ဆင့်သည် လှခင်နှင့် တွေ့အောင် အိမ်ရှင်နှင့် မနီးမဝေးမှ စောင့်၍ နေရာ ကြာမြင့်စွာ မစောင့်ရမီ လှခင် နှင့် အဖော်များ ဆင်း၍ လာကြသည်ကို တွေ့သဖြင့် အသင့် ခေါ်၍ ထားနှင့်သော ကားနှင့် အိမ်အရောက် ပို့ပေးပါမည့်အကြောင်း ၊ မောင်ဆင့်က အခွင့်တောင်းရာ အခွင့်ကို လှခင်က ပေးသနားလေ၏ ။ ထို့နောက် မိမိ၏ အဖော်များအား မိတ်ဆွေဖြစ်ကြောင်း ပြောပြနှုတ်ဆက်ပြီး လက်ဆွဲတော် အဒေါ်ကြီးနှင့်အတူ မောင်ဆင့်၏ ကားပေါ်၌ ပါသွားပြီးနောက် များမကြာမီ အာဟာရဟိုတယ်ပိုင်ရှင် သူဌေးကတော်လေး ဖြစ်၍ သွားလေသတည်း ။
▢ ပီမိုးနင်း
📖 ရုပ်ရှင်လမ်းညွှန်
ဇန်နဝါရီ ၊ ၁၉၃၄
No comments:
Post a Comment