❝ အနံ့ အရသာမဲ့ အက်ကွဲကြောင်းများ၏ အသံ ❞
( နွေမိုးဝေ )
၁ ။
မှော်စီစာသို့ ရောက်သွားချိန်တွင် မြေစာကားများ မသွန်သေးပေ ။ ဘဝတူ ရေမဆေးသမားတချို့တော့ ဝီရိယကောင်းစွာ ရောက်နှင့်နေပြီ ။ သောက်လက်စ ဆေးပေါ့လိပ်တိုကို ခပ်ဝေးဝေးသို့ လွှင့်ပစ်ပြီးနောက် လူအုပ်ကြားသို့ တိုးဝင်လိုက်သည် ။
“ နောက်ကျလှချည့်လားကွ အောင်မိုးရ ”
တရင်းတနှီးအသံကြောင့် လှည့်ကြည့်လိုက်တော့ ကောက်ရိုးလောပန် ကိုမျိုး ။ သူက ရေမဆေးလည်း ရှာလေ့ရှိသလို ငွေအရင်းအနှီးနည်းသည့် ကျောက်များကိုလည်း ဝယ်လေ့ဝယ်ထရှိတတ်သူ ။ တုံ့ပြန်စကား မဆိုဖြစ် ။ ခပ်ဖွဖွသာ ပြုံးပြပြီးနောက် လုပ်ကွက်များဘက်သို့ ငေးနေမိသည် ။
တရိပ်ရိပ် မြင့်တက်လာသည့် ဧပြီလ၏ နေရောင်အောက်တွင် စက်ယန္တရားကြီးများက တဂျိန်းဂျိန်း မြည်သံပေး၍ တောင်ကမ်းပါးယံများကို ဖြိုချနေသည် ။
မြေသားများ ပြိုကျလာတိုင်း တဝုန်းဝုန်း အသံတို့နှင့် အတူ ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ ငလျင်အသေးစားလေး လှုပ်နေသည့်နှယ် ငြိမ့်ခနဲ သိမ့်ခနဲ တုန်နေသလိုပင် ။ တံလျှပ်ရောင်များက တဖျပ်ဖျပ် ၊ ဖုန်လုံးကြီးတွေက တလိပ်လိပ် ။ လူပေါင်းများစွာတို့က အပူရှိန်အောက်မှာ လွန့်လူးနေသည် ။
“ ဟူး ”
ပင့်သက်တစ်ချက်ကို နွမ်းနယ်စွာ မှုတ်ထုတ်မိ၏ ။ သစ်ရိပ်မဲ့လွင်ပြင် တစ်ဝန်းလုံး မြင်သမျှ တွေ့သမျှ အပူငွေ့ ချည်းပင် ။ စီးကျလာသည့် ချွေးစက်များကို အင်္ကျီ အောက်နားစဖြင့် ခပ်ကြမ်းကြမ်း ပွတ်သုတ်ပြီးနောက် အကြည့်ကို လွှဲဖယ်လိုက်သည် ။ တူရူအရပ်တွင် ဆယ်ဘီးကားတချို့ တက်လာချေပြီ ။ စိန်တူကို ကျစ်ကျစ်ပါအောင် ပြင်၍ကိုင်ကာ အသင့် အနေအထားဖြင့် စောင့်နေမိသည် ။
••••• ••••• •••••
၂ ။
“ ဝေါ ဝေါ ဝေါ ”
သွန်ချလာသည့် မြေစာများပေါ်သို့ အလုအယက် ခုန်ဆင်းလိုက်သည် ။ နီးစပ်ရာ ကျောက်တုံးများကို စိန်တူ ဖြင့် “ တတောက်တောက် ” ခေါက်၏ ။ ခေါက်မည့်သာ ခေါက်နေမိသည် ကျွန်တော်က အကြားအာရုံဖြင့် ခွဲနိုင်လောက်အောင် ကျောက်ရှာ ကျွမ်းကျင်သူ မဟုတ် ။ မှော်ထဲရောက်တာ မကြာသေး၍ စမ်းတဝါးဝါး ရှာဆဲအဆင့် ။ စိတ်ထဲမှာ ထင်မိလျှင်တော့ လက်ဖြင့် ကောက်ကိုင်ကြည့် လိုက်၏ ။
“ စိန်တူနဲ့ ခေါက်ကြည့်လို့ အမှုန့်ညက်ညက်လေးတွေ ထွက်လာရင် ကျောက်မျိုး မဟုတ်ဘူးကွ ၊ ခေါက်ထားတဲ့ အရာလေးမှာ ဟင်းချိုမှုန့်အတောင့်လေးတွေလို မြင်နေရရင် အဲဒါ ကျောက်ပဲ ။ သိမ်းထားလိုက်တော့ ”
ကျောက်ရှာတတ်ရန် သင်ပေးခဲ့သည့် အခန်းဖော် သူငယ်ချင်း၏ စကားကို မေ့၍မဖြစ် ။ ကျွန်တော့် မှော်သက်တမ်းက ယခုမှ ၅ လ သားသာသာ ၊ ရေမဆေးပါး မဝသေးပေ ။
ကားတွေက တစ်စီးပြီး တစ်စီး ဆက်တိုက် သွန်နေသည် ။ ကိုယ့်ဇောနှင့်ကိုယ် ရှာနေကြသဖြင့် အပူရှိန်ကိုလည်း မမှု ။ အချိန်နာရီတို့ကိုလည်း ဂရုမစိုက်အားပေ ။ ညနေစောင်းစ အချိန်လေးမှာတော့ -
“ အဲ ... ဟုတ်ပြီ ထင်တာပဲ ”
စေ့စေ့စပ်စပ်တော့ မကြည့်အားသေး ၊ ကြိုးသိုင်းအိတ်လေးထဲ ထည့်ထားလိုက်သည် ။ မြေသယ်ကားများ လုပ်ငန်းခွင် သိမ်းချိန်မှသာ သေသေချာချာ ထုတ်ကြည့်မိ သည် ။
“ အောင်မိုး ... မင်းကျောက် ရောင်းမလား ”
ကိုမျိုးက ပြုံး၍ မေးလာသည် ။ သူ့စကားက ကျွန်တော့်ကို ဝေခွဲရခက်စေသည် ။ မကြာခဏ ကျောက်ရလေ့ ရှိတတ်ပေမဲ့ ယခု ကျောက် လောက်တော့ မလှပေ ။ ရဖူးသမျှ ကျောက်တွေကလည်း ထမင်းစား၍ရရုံပင် ။ ထို့ကြောင့် အိမ်ကိုလည်း မပေးနိုင်သလို ကိုယ်တိုင်လည်း မစုဖြစ်ခဲ့ ။
အိမ်ဆိုသည့် အတွေး ဝင်လာတော့ အမေနှင့် ခင်လေးကို သတိရမိသည် ။ လွန်ခဲ့သည့် ၂ လလောက်က နောက်ဆုံး ဆက်သွယ်ခဲ့ပြီး နောက် “ လိုင်းမမိဘူး ” ဆိုသည့် အကြောင်းပြချက်ဖြင့် ဖုန်းကို စက်ပိတ်ထားမိသည် ။
“ မင်း ကျောက်က အခွံ ထူမျိုးကွ ၊ ကျောက်သားလည်း တော်တော်ကောင်းတယ် ”
အတွေးစတို့ကို ကိုမျိုး အသံက ဖြတ်ချလိုက်၏ ။
“ ကျွန်တော်ကိုယ်တိုင် ဖြတ်ကြည့်ချင်မိတာဗျ ၊ ဒါပေမဲ့ ပိုက်ဆံလည်း လိုချင်သေးတယ် ၊ စားစရိတ် ပြတ်နေပြီ ကိုမျိုးရ ။ ပြီးတော့ ကျွန်တော် အိမ်လည်း ပြန်ချင်လှပြီဗျာ ”
ကိုမျိုးက ကျောက်ကို တစ်ချက်ဆန္ဒကြည့်ပြီး -
“ လေးဆယ်သားလောက်တော့ ရှိမယ်ကွနော် ၊ ဒီလိုလုပ်ကွာ ၊ သာတယ်နာတယ် တွက်မနေနဲ့ ၊ မင်း ကျောက်ကို ရှစ်သောင်း ပေးမယ် ။ မင်းက အဲဒီ ရှစ်သောင်းထဲကနေ ငါ့ကို လေးသောင်း ပြန်ပေးပြီး ရှယ်ယာ ပါလိုက် ၊ အောင်သွားတော့လည်း ငါတို့နှစ်ယောက် ညီတူမျှတူပေါ့ကွာ ဘယ်လိုလဲ ”
ရေမဆေးကျောက် တစ်လုံးအတွက် သူ ပေးသည့် ဈေးက သင့်တော်ပါသည် ။
“ ချဗျာ ”
••••• ••••• •••••
၃ ။
“ ဂျီးဂျီးဂျီး”
လွှသွားနှင့် ကျောက်သားတို့၏ ပွတ်တိုက်သံက နှလုံးခုန်နှုန်းကို မြန်ဆန် စေသည် ။ ဖြတ်စက်အင်ဂျင် လည်ပတ်သံ တဒုန်းဒုန်းနှင့် အတူ စိတ်အတွေးတို့က ဂနာ မငြိမ်ချင် ။
“ ရပြီ ”
စက်သံ ရပ်သွား၏ ။ နှစ်ခြမ်းခွဲဖြတ်ထားသည် ကျောက်စိမ်းတုံးကို အလုံး အတိုင်း အနေအထားမပျက် ကျွန်တော့်လက်ထဲသို့ ထည့်ပေးလာသည် ။ ရုတ်တရက် မကြည့်ရဲသဖြင့် ကျောက်သား မျက်နှာပြင်နှစ်ခုကို တရွေ့ရွေ့ ပွတ်တိုက်ဆွဲကာ ဖြည်းဖြည်းချင်း ခွာနေမိသည် ။
စိတ်လှုပ်ရှားမှုကြောင့် လက်တွေ တဆတ်ဆတ် တုန်နေမိသည် ။
“ ရော့ ကိုမျိုး ၊ ခင်ဗျားပဲ ကြည့်လိုက်ပါဗျာ ”
ကိုမျိုး လက်ထဲ လွှဲပေးလိုက်၏ ။ သူကတော့ အချိန် ဆွဲမနေ ။ “ ဗြုန်းခနဲ ” ဆွဲခွာလိုက်၏ ။
“ ဟာကွာ ”
ကျောက်မှာ အမည်းရောင် အက်ကြောင်းများ ရှုပ်ယှက်ခတ်ကာ အနာအဆာတွေ များလှပေသည် ။ လွှင့်ပစ်လိုက်ရုံမှတစ်ပါး အခြား မရှိတော့ပေ ။
“ တောက် ... ကျောက်သားကောင်းလျက်နဲ့ကွာ ”
“ ကံပေါ့ အောင်မိုးရာ ဘာတတ်နိုင်ပါ့မလဲ ၊ ကဲ ... ငါ ပြန်ဦးမယ်ဟေ့ ”
ပိုက်ဆံ ၄ သောင်းကို အားနာနာနှင့် ယူကာ အခန်းကျဉ်းလေးဆီ ပြန်ခဲ့လိုက်သည် ။ မှောင်ရိပ်သန်းစ လမ်းမထက်မှာ ခြေလှမ်းတို့ကို အနိုင်နိုင်သယ်ရင်း ကိုယ်ရောစိတ်ပါ နွမ်းနယ်နေပြီ ။
••••• ••••• •••••
၄ ။
“ အောင်မိုး မင်းမှာ ပိုက်ဆံရှိရင် အိမ်လခ စိုက်ထားဦးကွာ ၊ ငါ့မှာ တစ်သောင်းပဲ ကျန်တော့လို့ ”
အိမ်ထဲသို့ ဝင်ဝင်ချင်း အခန်းဖော်သူငယ်ချင်းက ဆီးပြောလာသည် ။ မတတ်နိုင် ။ နှစ်ယောက်အတူတူ နေကြမှတော့ ရှိသည့်လူက ပေးရပေမည် ။ ရေမိုးချိုးပြီးသည့်နောက် လက်ကိုင်ဖုန်းလေးကို ထုတ်ကာ စက်ဖွင့်လိုက်သည် ။
“ ဟဲလို ... အမေလား ၊ ခင်လေးလား ”
“ ခင်လေးပါ ၊ အမေက မနက်ဈေးရောင်းဖို့ မုန့်ကြိတ်နေတယ် ”
“ ခင်လေး နေကောင်းရဲ့လား ဟင် ”
“ နေကတော့ ကောင်းပါတယ် ၊ ဒါပေမဲ့ ခုရက်ပိုင်း ကို့ကို အရမ်းသတိရတယ် ၊ ဖြစ်နိုင်ရင် ပြန်ခဲ့တော့နော် ။ ဆရာမကလည်း သင်္ကြန်တွင်း လောက် မွေးမယ်လို့ ပြောတယ် ။ ခင်လေးကလည်း အလုပ် မလုပ်နိုင်တာ ကြာပြီလေ ၊ အမေ့လုပ်စာ တစ်ခုတည်းနဲ့ စားနေရတော့ ကသီလင်တ နိုင်တာပေါ ။ အဲဒါကြောင့် ကို့ကိုပဲ မျှော်နေမိတယ် ”
ဖြူဖြူစင်စင် မျှော်လင့်ခြင်းအတွက် ရင်ထဲမှာ မွန်းကျပ်လာသည် ။ အဆင်မပြေခြင်း အကြောင်းပြချက်တို့ကို ခင်လေး သိအောင် မပြောရက်တော့ပါ ။ ဟန်ဆောင်နှစ်သိမ့်စကား တချို့နှင့်အတူ တယ်လီဖုန်းကို ချလိုက်မိသည် ။
အိပ်ရာထက်သို့ လှဲလိုက်သော်လည်း တော်တော်နှင့် အိပ်မပျော် ။ အိုက်စပ်လွန်းသည့် နွေလယ်ညက မျက်ဝန်းတို့ကို ဟန့်တားထားသည် ။ ပျံ့လွင့်နေသည့် အတွေးများ ကြားမှာ အမေ့မျက်နှာက ရစ်ဝဲနေသည် ။ အမေ့ခမျာ သား ဖြစ်သူ အသုံးမကျ၍ သည်အသက် သည်အရွယ်ထိတိုင် ဈေးဗန်း ခေါင်းရွက်နေရတုန်း ။ ထို့နောက် ခင်လေး ။ ချစ်သည့်စိတ်တစ်ခုတည်းဖြင့် သူ့အိမ်က အစွန့်ပစ်ခံကာ ကျွန်တော့်ဘဝထဲကို တိုးဝင် လာသူ ။ ပြီးတော့ ကျွန်တော်တို့နှစ်ယောက် ဘဝထဲသို့ မကြာခင် ရောက်လာတော့မည့် ရင်သွေးလေး ။ သူတို့ အားလုံး ယိုင်နဲ့နဲ့ အိမ်ကလေး ထဲမှာ ကျွန်တော့်ကို စောင့်မျှော်နေကြပြီ ။ သက်ပြင်းမောတွေ အကြိမ်ကြိမ်ချရင်း ညဉ့်က တဖြည်းဖြည်း နက်လာလေပြီ ။
••••• ••••• •••••
၅ ။
မိုးလင်းခါနီးမှ အိပ်ပျော်သွားသဖြင့် နိုးလာတော့ နေမြင့်လှပြီ ။
“ မှော်မောင်းလျံဘက် သွားမလို့ကွာ ၊ မင်းလည်း လိုက်ချင် လိုက်ခဲ့လေ ။ ကျောက်ရတဲ့သူ တော်တော်များတယ် ”
နှစ်ယောက်သား စိန်တူ ကိုယ်စီ ကိုင်၍ ခပ်သွက်သွက် လျှောက်ခဲ့ကြသည် ။
လူနေရပ်ကွက်များကို လွန်လာပြီးနောက် သူငယ်ချင်းက သွားနေကျလမ်းမှ ဖဲ့ထွက်ဆင်းကာ တောလမ်းလေးအတိုင်း ချိုးဝင်လိုက်သည် ။
“ ဟေ့ကောင် ဘယ်လဲဟ ”
“ စိတ်ညစ်လို့ နည်းနည်းလောက် လုပ်မလို့ ”
သူ့စကားကို ရုတ်တရက်နားမလည် ။ သို့သော် သွားရာနောက်သို့ လိုက်ခဲ့လိုက်၏ ။
စမ်းချောင်းလေး တစ်ခုကို ကျော်လိုက်ပြန်သည် ။ ဆယ်မိနစ်ခန့် ဆက်လျှောက်ပြီးသော် ဝါးရုံပင် အုပ်အုပ် တောင်စောင်းလေးမှာ မြေစိုက်တဲလေးတွေက အစီအရီ ။ နီးရာတဲအတွင်းသို့ ဝင်သွားလိုက်တော့ မှောင်နှင့်မည်းမည်း လူလုံးပင် သိပ်မကွဲချင် ။ စိမ်းရွှေရွှေ ညှီစို့စို့ အနံ့အသက်တို့နှင့်အတူ ဘက်ထရီမီးရောင်လေးက ခပ်မှိန်မှိန် ။ သူငယ်ချင်းက ပိုက်ဆံ ၂ ထောင် ထုတ်ပေးကာ -
“ ၁ ထောင်ဖိုး ၂ ထုပ်ပေး ”
ပြန်ကမ်းပေးလာသည်ကို ယူကာ ဖယောင်းတိုင် မီးလေးတွေ ထွန်းထားသည့် နေရာသို့ ဦးဆောင်၍ ခေါ်သွားပါသည် ။ ထင်းရှူးသေတ္တာလေး တစ်လုံးရှေ့သို့ ရောက်လျှင် ပယ်ပယ်နယ်နယ်ထိုင်ချပြီးနောက် စက္ကူပေါ်သို့ ဖြူဖြူအမှုန့်များ ဖြူးချပြန်သည် ။ စက္ကူအောက်မှ ဖယောင်းတိုင်ဖြင့် အပူပေးရန် လက်တစ်ဖက်က မြောက်တက်လာသည် ။
တဖြည်းဖြည်းနှင့် ဖယောင်းတိုင်လေးက ကျွန်တော့်ဘက်သို့ ရောက်လာ သည် ။
“ လုပ်လေကွာ ကိုမိုး ”
သူငယ်ချင်းဖြစ်သူ လုပ်သလို လိုက်လုပ်ကြည့်၏ ။ နှာခေါင်းတစ်ဖက်ကို လက်မဖြင့် ပိတ်၍ ခပ်ပြင်းပြင်းတစ်ရှိုက် ရှူသွင်းနေစဉ် -
“ အကုန်လုံး မလုပ်ပစ်နဲ့နော် ၊ တစ်ပေါက် နှစ်ပေါက် စာလောက် ချန်ပေးလိုက်ဦး ”
သူငယ်ချင်း စကားကို ကျွန်တော် နားမလည် ။ ထို့ကြောင့်လည်း ပြန်မေးမိသည် ။
“ မင်း ရှေ့ကလူကို သေချာကြည့်လေ သူတို့က ဝယ်မရှူနိုင်တော့ဘူး ။ ဒါကြောင့် မင်းတို့ ငါတို့လို လူတွေလာရင် အဆင်သင့်ဖြစ်အောင် ကူညီပေးတာ ၊ သူတို့ အာသာပြေရှူဖို့အတွက် တစ်ရှိုက်နှစ်ရှိုက်စာ ချန်ပေးရ တယ် ”
ထိုအခါမှပင် ရှေ့က လူကို သေသေချာချာ ကြည့်လိုက်မိ၏ ။ ပွရောင်းရောင်း ဖောသွပ်သွပ် အသားအရေနှင့် ချည့်နဲ့နေသည့် လူတစ်ယောက် ။ မျက်လုံးတွေက ပြူးကြောင်ကြောင်ဖြင့် လူရုပ်ပင် မပေါက်တော့ပေ ။ တစ်ဆက်တည်းပင် သူ့နောက်ကိုပါ ကြည့်လိုက်မိသည် ။
“ ဘုရား ဘုရား ”
ညစ်ပတ် ရှုပ်ပွနေသည့် မြေကြီးပေါ်တွင် ဝါးကပ်ကြမ်းလေးတစ်ချပ် ။ ထိုအပေါ်မှာတော့ စောင်အနွမ်းလေးတစ်ထည်ကို ခင်းထားသည် ။ စောင်ပေါ်တွင် ၃ , ၄ နှစ် အရွယ် ကလေးငယ်တစ်ယောက် ဖျော့တော့စွာ လှဲ နေရှာသည် ။ တစ်ချက်တစ်ချက် အသက်ကို ခက်ခက်ခဲခဲ ရှူသွင်းနေပုံထောက်လျှင် ဝေဒနာတစ်ခုကို ပြင်းပြင်းထန်ထန် ခံစားနေရသည့် နှယ် ။ သူ့ပုံစံလေး ကြည့်ရသည်မှာ ကြာကြာခံတော့မည် မထင်ပါ ။ ကလေးငယ်၏ နံဘေးမှာလည်း အရိုးပေါ်အရေတင်ဟု ပြောရလောက်အောင် ပိန်လှီချည့်နဲ့လွန်းသည့် မိန်းမတစ်ယောက် ခွေခွေလေး လှဲအိပ်နေသည် ။ ကျွန်တော့်ရှေ့က လူကို သေသေချာချာ ပြန်ကြည့်မိသည် ။ သူကလည်း ကျွန်တော့်ကို ကြည့်နေသည်ပင် ။ သို့သော် သူ့မျက်ဝန်းများက ကျွန်တော့်မျက်နှာမှာ မရှိ ။ ကျွန်တော့် လက်ထဲက စက္ကူလေးကို မျှော်မောစိတ်ဖြင့် ကြည့်နေခြင်းသာ ။ တဖြည်းဖြည်း နှုတ်ခမ်းဖျားများက တဆတ်ဆတ် တုန်ယင်လာပြီး မသဲမကွဲ စကားသံတချို့ကို ညည်းတွားနေပြန်သည် ။
ကျွန်တော် ဆက်မကြည့်ချင်တော့ပါ ။ ခေါင်း တစ်ခုလုံးလည်း ပေါ့ရွှတ်ရွှတ်အုံခဲခဲနှင့် တရိပ်ရိပ် ထိုးတက်လာသည် ။ သက်သာလို သက်သာငြား မျက်ဝန်းတို့ကို မှိတ်ထားလိုက်၏ ။ ရှုပ်ထွေးနေသည့် မြင်ကွင်းများတွင် အမေ့ရုပ်သွင်က တရစ်ဝဲဝဲ ။ အမေ့နံဘေးမှာတော့ ခင်လေး ။ ဗိုက်ဖုံးအင်္ကျီလေးဖြင့် ခင်လေးကလည်း ငိုနေရှာသည် ။
ခေါင်းကို ခပ်ကြမ်းကြမ်းယမ်းခါပြီးနောက် လက်ထဲက ဘိန်းဖြူတွေကို ရွံမုန်းစွာ လွှတ်ချလိုက်သည် ။ ထို့နောက် တဲအပြင်ဘက်ဆီသို့ တစ်ရှိန်ထိုး ... မရပ်မနား ... ။
••••• ••••• •••••
၆ ။
ပြေးနေမိသည့် ခြေလှမ်းတို့က စမ်းချောင်းလေးအတွင်းမှာ ရပ်တန့်သွားသည် ။ တစ်ကိုယ်လုံး ပေါ့ပါးသွားအောင် စိတ်လွတ် ကိုယ်လွတ် ကူးခပ်လိုက်၏ ။
နောက်ကျိနေသည် အာရုံတို့သည် တဖြည်းဖြည်း ပြန်လည် ကြည်လင်လာသည် ။ တစ်ကိုယ်လုံး လန်းဆန်းသွားသည်နှင့် ရေစက်ရေမှုန်များကို တဖြန်းဖြန်း ခါထုတ်ကာ ချောင်းထဲမှ တက်ခဲ့လိုက်သည် ။ နေရောင်ကို မျက်နှာမူ၍ ကျွန်တော့် ရှေ့တည့်တည့်ကို ငေးကြည့်လိုက်တော့ မြေစာပုံကြီးတွေက တောင်တန်းများသဖွယ် မြင့်မြင့်မတ်မတ် ကာဆီးလျက် ။
ခါးမှာ ချိတ်ထားသည့် စိန်တူကို လက်အတွင်းသို့ ပြောင်းကိုင်လိုက်သည် ။ လွတ်ကျချင်နေသည့် စိတ်လက်တို့ကို ကြိုးစားပြီး အားမာန်တင်း၍ တီးတိုး ရေရွတ်လိုက်မိပါသည် ။
“ ပိုက်ဆံဆိုတာ မေးခွန်းရော အဖြေပါ အသင့်ရှိလျက်နဲ့ တွက်ချက်ဖို့ခက်တဲ့ ပုစ္ဆာလား အမေ ”
မည်သို့ပင် ဖြစ်ပါစေလေ ။ ကျွန်တော့်ကို ချည်ခဲ့သည့် ကြိုးနှင့် ကျွန်တော်က ချည်ခဲ့သော ကြိုးကလေးတွေအတွက် ထိုနေရာသို့ ကျွန်တော် သွားရပါဦးမည် ။
ထိုအရပ်တွင် မနေ့က တချို့ရှိ၏ ။ သည်နေ့ တချို့လည်း ရှိနေပါသည် ။ ထို့အတူ မတူကွဲပြားသော မနက်ဖြန်တို့သည်လည်း ... ။
နွေနေကား ရင့်စပြုလေပြီ ။
▢ နွေမိုးဝေ
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဇူလိုင် ၊ ၂၀၁၉

No comments:
Post a Comment