Wednesday, March 4, 2026

ငါ့သားမရှိလို့

 

❝ ငါ့သားမရှိလို့ ❞
     ( ပီမိုးနင်း )

မိုးနှင်းတွေ ပိတ်ဆို့လျက် လွန်စွာ ချမ်းအေးသော တန်ဆောင်မုန်းလ ညအချိန် ။ အိမ်သားများသည် တံခါးများကို ပိတ်ကာ ကျယ်သော အိမ်ရှေ့အခန်းမကြီး၌ မီးလင်းဖို၏ ပတ်ဝန်းကျင်တွင် ဝိုင်းဖွဲ့ကာ လက်ဖက်ရည် အကြမ်းပွဲ ထိုင်၍နေကြ၏ ။ ၎င်းတို့သည် အိမ်ခေါင်းရင်း ပက်လက်ကုလားထိုင်၌ စတိုင်ကျကျ ဣန္ဒြေရရ ပက်လက်လှန်ကာ နံဘေးရှိ စားပွဲငယ်ထက်၌ တင်ထားသော မီးအိမ်၏ အရောင်ဖြင့် သတင်းစာ ဖတ်၍နေသော စာရေးကြီး မောင်သန်းညွန့် ကို အရိပ်ကြည့်လျက် သဘောကျလျက် နေကြလေ၏ ။

မောင်သန်းညွန့်၏ မိခင် မသေးသေး သည် ခေါင်းအုံး ဖြူဖြူပေါ်၌ မေးထောက်ရင်း ကွမ်းသီးဖက်ဆေးလိပ်ကို ဖွာလျက် ရှေ့ဝပ်၍ နေသော မိမိ အစ်မဖြစ်သူအား မျက်စပစ်ကာ သန်းညွန့်ကို ကြည့်လိုက်လေ၏ ။

“ အစ်မကြီး တူတော့ ဒီတစ်ခါ အဟုတ်ပဲလို့ ကျွန်မ ထင်တာပဲ ။ တစ်လနီးနီး ရှိသွားပြီ အစ်မကြီးရဲ့ ” 

မသေးသေး၏ အစ်မ ၊ သန်းညွန့်၏ အဒေါ် ဖြစ်သူ မပုက သန်းညွန့် ကို လှည့်ကြည့်ပြီး “ ဟုတ်ပါစေလို့ ဆုတောင်းရတာပဲ ။ မောင်မင်းကြီးသား အတွက် စိတ်လက် အေးရတာတော့ တစ်လနီးနီး ရှိသွားပြီ ။ ဘယ်လောက် ကြာကြာများ အခုလို နေမလဲ မသိဘူး ” ဟု တိုးတိုးကလေး ပြန်၍ ပြောလေ၏ ။

ဦးလေးဖြစ်သူ ကိုပန်း နှင့် သန်းညွန့်၏ အစ်ကို ဝမ်းကွဲ မောင်ခင် က တစ်ယောက်ကို တစ်ယောက် ကြည့်ကာ မျက်စပစ်ကာ ပြုံးကြလေ၏ ။ မောင်ခင်က “ အဟင်း ” ဟု ချောင်းဟန့်ပြီး အိတ်ထဲက ပိုက်ဆံတစ်ပြားကို ထုတ်ကာ “ မှန်းစမ်း ” ဟု ပြောပြီး မြှောက်လိုက်လေ၏ ။ ပိုက်ဆံသည် ကြမ်းပေါ်သို့ ချွင်ခနဲ မြည်ကာ ကျ၏ ။ ငုံ့၍ ကြည့်၏ ။ “ အင်း ... ခေါင်းကျတယ် ၊ တော်သေးရဲ့ ။ ဟုတ်တန်ရာ၏ ။ ဟုတ်တန်ရာ ၏ ” ဟု သန်းညွန့် ကို မကြည့်ဘဲ မကြာမီက ပွဲမှ ဝယ်လာသော ပူနွေးသော ဘူးသီးပေါင်းကြော်ကို ဖဲ့လေ၏ ။

သန်းညွန့်သည် မသင်္ကာသော အမူအရာနှင့် လှည့်ကြည့်ပြီး “ အစ်ကိုလေး ဘာလုပ်တာလဲ ” ဟု မချိုမချဉ် မျက်နှာနှင့် မေးပြီး သတင်းစာကို နံဘေးသို့ လွှတ်ချလေ၏ ။ ခြေလက်ကို ဆန့်ကာ ထပြီး သမ်းဝေလေ၏ ။

“ ညောင်းလိုက်တာ ပျင်းစရာကြီး ၊ ပွဲသွားရကောင်း မှာပဲ ” ဟု ပြောရင်း စီးကရက်ဘူးမှ စီးကရက်ကို ထုတ်ကာ စားပွဲပေါ်၌ ဆောင့်၍ ပါးစပ်မှာတပ်ပြီး မီးအိမ်ပြောင်းထိပ်မှာ ကုန်း၍ ညှိဖွာပြီးလျှင် မီးခိုးများကို ရှေ့ တည့်တည့် နှစ်လံလောက် ကွာသော ပြတင်းပေါက်သို့ ရောက်ကာ မန်းမှုတ်၍ ထုတ်လိုက်လေ၏ ။

“ ပွဲကိုလား ဘယ်ကိုလဲ ။ သယ် ... အခုပဲ ချီးမွမ်းနေလို့ ပါးစပ်ပိတ်မပြီးသေး ” ဟု အရီးပုက ပြောပြီး ဝပ်နေရာမှ ပုဆစ်တုပ် ထိုင်လိုက်လေ၏ ။

“ အဟုတ်ပါ အဒေါ်ရဲ့ ၊ အောင်မယ် ကျွန်တော့်ကို အဒေါ်က အခုတောင် မယုံသေးဘူးလား ။ မလုပ်ဘူးဆို တကယ် မလုပ်ဘူးလို့ စိတ်မျိုး အဒေါ်ရဲ့ ” ဟု ရင်ဘတ်ကို ပုတ်၍ ပြောလေ၏ ။

“ အင်း ... ကြည့်ရသေးတာပေါ့ ၊ ငါ့တူရယ် ” 

“ ခေါင်းကျတယ် ဦးလေးရဲ့ ၊ ဟုတ်ပါလိမ့်မယ် ” 

“ အစ်ကိုလေးက မငေါ့ပါနဲ့ ၊ အဟုတ် ပွဲကြည့်ချင်လို့ပါ ။ စိန်သုံကြီး မကြည့်ရတာ တော်တော်ကြာသွားပြီ ဦးလေးရဲ့ ” ဟု ပြောပြီး ကုလားထိုင်မှာ ပြန်၍ထိုင်လေ၏ ။

ပန်း ။  ။ “ ပွဲတကယ် ကြည့်ချင်ရင်တော့ ကောင်းပါရဲ့ ၊ မင်း ဘုရားကို တိုင်တည် ၊ ငါးပါးသီလ ခံပြီး မသောက်တော့ပါဘူးလို့ မင်းမမကို ကတိထားတာ တစ်လပြည့်တော့မယ် ။ တစ်လပြည့်သွားရင် နောက် တစ်လ နေနိုင်ဖို့ ပထမလလောက် ခက်တော့မှာ မဟုတ်ဘူး ။ သည်တော့ ရက်ပိုင်းကလေး ကုန်ဖို့ နီးမှ ပျက်သွား မှာစိုးလို့ ပြောတာ ။ ဘုရားကို လိမ်တာဟာ အင်မတန် အပြစ်ကြီးတာဟေ့ ။ ဒါကြောင့် အင်း ...”

ပု ။  ။ “ ဒီတစ်ခါ ပြန်ဆက်ရင် ဒုက္ခဖြစ်လိမ့်မယ်လို့ အဒေါ်ဖြင့် ထင်တာပဲ ။ မင်းတို့က သောက်မိရင် သူများနဲ့ တူတာ မဟုတ်ဘူး ။ ဖြစ်ချင်တာတွေဖြစ် ၊ ရောက်ချင်တာတွေ ရောက် ။ ဆက်ပြီး သောက်ရင် ဧကန် အလုပ်ပြုတ်မယ့် ဆဲဆဲပဲ ။ ထောင်နှုတ်ခမ်းတိုးတာ ဘယ်နှခါရှိပလဲ ။ အဲဒါတွေ ပြန်စဉ်းစားမှပေါ့ ။ ကိုယ့်ပညာ ၊ ကိုယ့်ရုပ်ရည် ၊ ကိုယ့်အလုပ်အကိုင်ကို ကြည့်ရင် ငယ်ပေမယ့် လူကြီးလူကောင်း တစ်ယောက် ဖြစ်နေဖို့ တော်လှပြီကွယ့် ။ တစ်ခုခုဖြစ်ရင် ဟောဒီက အမေလုပ်သူ အရင် ဒုက္ခဖြစ်မှာ သူများ ဖြစ်မှာ မဟုတ်ဘူး ” ဟု ပြောလေ၏ ။

ခင် ။  ။ “ မူးရင် ဘယ်နေရာမှ သူများနဲ့ တူတာ မဟုတ်ဘူး ။ ပွဲကြည့်ရာ ဖင်ဆိတ်ချင်လား ဆိတ်ချင်ရဲ့ ၊ စာရေးကြီး တစ်ယောက် လုပ်ပြီး ”

“ တော်ပါ အစ်ကိုလေးကလည်း ။ ဘယ်တုန်းက ဆိတ်တာ မြင်သလဲ ။ အင်မတန် မဟုတ်တာတွေ ပြောတယ် ”

“ အေးကွယ် ၊ မဟုတ်တာပဲ ထားလိုက်ပါ ။ နောက်သာ မကြားရအောင် အခုလို ဣန္ဒြေရရလေး နေစမ်းပါ ။ မောင်မင်းကြီးသား တစ်ခုခုဖြစ်တော့ သူများ ဒုက္ခရောက်တာ မဟုတ်ဘူး ။ အရင် ဗဟန်းမှာ ဖြစ်တုန်းကလည်း ဂါတ်တဲတွေ အနှံ့ သွားလိုက်ရတာ ။ ဘာမဟုတ်တဲ့ ကိုယ့် အောက်က အကောင်တွေကိုတောင် ကညရတာပဲ ။ အဲဒါတွေ ပြန်စဉ်းစားပြီး မောင်မင်းကြီးသား ငါ့ညီ သည်းခံပြီး အောင့်စမ်းပါ ။ မင်း ကောင်းကောင်း နေတော့ ဘယ်လောက် စိတ်အေးချမ်းသာ ရှိကြရသလဲ ဆိုတာ မြင်ရဲ့လား ”

ပု ။  ။ “ ဒါမျိုးဆိုတာကွယ် ဘယ်သူ ဆုံးမလို့မှ ရတာမျိုး မဟုတ်ဘူး ။ နောက်ဆုံးကျတော့ မိမိကိုယ် မိမိ ဆုံးမမှ ဖြစ်တာ ”

သေးသေး ။  ။ “ ငါ့သား ကောင်းကောင်း နေပါပြီကွယ် ။ မင်းတို့ကလည်း အရက်သောက်လာလို့ ဝိုင်းပြီး ပြောဆိုနေကြတာလိုပဲ ”

ညွန့် ။  ။ “ ဟုတ်ကဲ့ မမရယ် ။ ကောင်းကောင်းမွန်မွန် နေနေမှ ဝိုင်းပြီး ဆူနေကြတာပဲ ။ အဲဒါကြောင့် တစ်ခါတစ်ခါ မသောက်ချင်ဘဲနဲ့ ဇွတ်သောက်ရတာ ။ လူ့ဘဝ တုံးရပါစေ့ ။ တစ်ခါတလေများ အဟုတ် မသောက်ချင်ပါဘူး ။ ဆူတာနဲ့ တမင် စိတ်ညစ်ပြီး လုပ်မိတာ ။ ကြီးကြီး မမြသွင်ပေါ့ ။ သူ အဆူဆုံး ။ ဒါထက် ဆာလိုက်တာ ခေါက်ဆွဲကလေး သွားစားရကောင်းမှာပဲ ” 

သေးသေး ။  ။ “ တကယ်လား သားရယ် ။ ဒီလိုဖြင့် မမတို့လည်း လိုက်မယ် ”

“ မမကလည်း ခုတောင် မယုံသေးဘဲကိုး အဲဒါ ခက်တာပဲ ”  ဟု ပြောကာ ရင်ဘတ်ကို လက်ဝါးနှင့် ရိုက်လေ၏ ။ ထို့နောက် “ လိုက်ကြလေ ၊ လိုက်ကြ အားလုံးပဲ သွားမယ် ။ မသောက်ပါဘူးဆို ယုံမှ မယုံဘဲ အဒေါ်ကော လိုက်ပါလား ”

“ မင်းတို့ပဲ သွားကြပါကွယ် ၊ အဒေါ် အိမ်စောင့်ရစ်ပါ့မယ် ။ မင်းတို့သာ သွားကြပါ ”

မိခင် ။  ။ “ မယုံလို့ မဟုတ်ပါဘူး သားရေ ။ မမတို့လည်း ဆာဆာရှိလို့ ။ သည့်ပြင် မနေ့က ပွဲမှာ ဓားထိုးမှု ဖြစ်တယ်လို့ ပြောကြတယ် ။ မင်းကလည်း စိတ်က မြန်ပါဘိနဲ့ ။ မမ စိတ်မချဘူး ”

“ ဒေါသကိုလည်း သတိထားဟေ့ ။ မခံချင်တဲ့ ဒေါသဟာ အင်မတန်ဆိုးတာ ။ ဘာမဟုတ်တာကလေးနဲ့ စပြီး ဒေါသကြောင့် အမှိုက်ကစ ပြာသာဒ် မီးလောင်တာမျိုး ။ ဦးလေးက မသောက်စေချင်တာ တခြားကြောင့် မဟုတ်ဘူး ။ မင်းမှာ နဂိုက စိတ်ထန်တဲ့ လူဖြစ်နေလို့ မသောက် စေချင်တာ ” စသည်ဖြင့် ပြောရင်းဆိုရင်း အိမ်ပေါ်မှ ဆင်း၍ သွားကြလေ၏ ။

မကြာမီ ဆူးလေဘုရားပွဲ ရောက်ကြလေ၏ ။ လူပရိသတ်တွေ ကြိတ်ကြိတ်တိုး၍ နေလေ၏ ။ ရှေ့ဦး ပထမတန်း ဈေးတန်းများမှာ လျှောက်ကြ၍ စားကြသောက်ကြလေ၏ ။ ဆိုင်တစ်ခု၌ ခေါက်ဆွဲစားနေကြစဉ် သန်းညွန့်၏ ကျောကို ဖြန်းခနဲ လက်ဝါးနှင့် ရိုက်ပြီး “ ဟေ့လူ .. အောင်မယ် မင်း ရှာလိုက်ရတာ ။ ငါ အခုပဲ မင်းတို့အိမ်ကို ရောက်ခဲ့တယ် ။ အိမ်ပေါ်တော့ မရောက်ခဲ့ဘူး ။ အောက်ထပ်က မိန်းမကြီးက မင်းတို့အားလုံး ဆူးလေဘုရားပွဲကို သွားကြတယ်လို့ ပြောလို့ လိုက်လာခဲ့တာပဲ ”  ဟု အရေးတကြီး ပြောသူမှာ တရုတ်ကပြားကလေး တစ်ယောက် ဖြစ်လေ၏ ။

မိခင် ။  ။ “ အလို ... မောင်ဘွန်ဟန် ။ ဘာကိစ္စများလဲကွယ် ။ အရေးကြီးလှချည့်လား ” 

“ အရေးကြီးတယ် ဒေါ်ဒေါ် ၊ အလုပ်နဲ့ ပတ်သက်တဲ့ ကိစ္စပဲ ။ စာရေးကြီးကို ရှာပေးပါ ပြောလို့ပါ အဒေါ် ။ လာပါ သူငယ်ချင်း စားဖို့အချိန်တွေ အများကြီး ရှိပါ တယ် ” ဟု မရမက ခေါ်လေ၏ ။

သန်းညွန့်သည် ငြင်းဆန်လေ၏ ။ မိခင်ကလည်း ကန့်ကွက်၏ ။ သို့သော်လည်း တရုတ်ကပြားကလေးက မရမက အလွန်အရေးကြီးကြောင်း ပြောသဖြင့် “ ဟုတ်တယ် မမ ၊ တကယ် အရေးကြီးတာပဲ ။ ကျွန်တော် လိုက်သွားမှ ဖြစ်မယ် ။ စိတ်ချပါ ဦးလေးရဲ့ ။ ကိစ္စ ပြီးလျှင်ပြီးချင်း ပြန်လာမယ် ။ မမတို့ မပြန်ကြနဲ့ဦးနော် ။ ပွဲကြည့်နေတာပေါ့ ” ပြောပြီး လေပွေမွှေ့ဆောင်ရာ လိုက်ပါသလို လိုက်ပါ ပျောက်ကွယ်သွားလေ၏ ။ ကျန်ရစ်သူ သုံးယောက်သားမှာ ငေး၍ ကျန်ရစ်ကြရ လေ၏ ။

သေးသေး ။  ။ “ တကယ် အရေးကြီးတာနဲ့ တူတာပဲ ”

ခင် ။  ။ “ ဟုတ်ပါလိမ့်မယ် ထင်ပါရဲ့ ”

သေးသေး ။  ။ “ ဒီလိုဖြင့် ဘယ့်နှယ်လုပ်မလဲ ။ ပွဲကြည့်နေကြမလား ” 

ခင် ။  ။ “ သူ ပြန်လာလို့ ကျွန်တော်တို့ကို မတွေ့ရင် ဒီညအိမ်ပြန်မရောက်မှာ စိုးရတယ် ။ ပွဲကြည့်နေတာပေါ့ ။ စိန်သုံကြီးပွဲ အကောင်းသားပဲ"

“ ဒါထက် ချမ်းလိုက်တာ ။ ငါ့စောင်လည်း ပါမလာဘူး ။ ဘယ့်နှယ်လုပ်ပါ့မလဲ ”

“ ကျွန်တော် ပြန်ယူလိုက်မယ်လေ ။ ဒီက စောင့်နေကြ ” ဟု ပြောပြီး မောင်ခင်သည် အိမ်သို့ လန်ချားနှင့် ပြန်သွားလေ၏ ။

ထိုအခိုက်တွင် သန်းညွန့် နှင့် ဘွန်ဟန်သည် ဟိုတယ် တစ်ခု၌ ရယ်မောပြောဆိုကာ ချီးယားရီယိုချီးရီယို ဟု ပြောကြပြီး ဖန်ခွက်များကို မော့၍ နေကြသည်ကို တွေ့ရှိနိုင်လေ၏ ။

သန်းညွန့်သည် အတန်တန် ငြင်း၏ ။ သို့သော်လည်း စားစရာ သောက်စရာတွေနှင့် မွှေးကြိုင်သော ရနံ့တို့မှာ တစ်လနီးနီး ကွဲပြီးနောက် ပြန်၍တွေ့ရသည်တွင် အချစ်ဆုံးသော လင်နှင့်မယား အကြာကြီး ကွဲကွာ ပြီးနောက် ပြန်၍တွေ့ကြရသည့် နည်းမျိုးအတိုင်း သံလိုက် နှစ်ခု၏ မြောက်ဝင်ရိုးနှင့် တောင်ဝင်ရိုး ရင်ဆိုင်တွေ့သလို ချပ်ခနဲ ကပ်မိလေ၏ ။ ဘွန်ဟန် သည်ကား အရေးတကြီး ထိုနည်းမျိုးနှင့် မခေါ်လျှင် သန်းညွန့်ကို အဘယ်နည်းနှင့်မျှရမည် မဟုတ်သည်ကို သိလေ၏ ။ သို့ဖြစ်၍ ပရိယာယ်ဉာဏ်ဆင်ကာ အလန့်တကြား လာ၍ခေါ်ခြင်း ဖြစ်လေ၏ ။ အတန်ကြာသောအခါ နှစ်ယောက်သား လန်ချားတစ်စင်းနှင့် ဆူးလေပွဲတော်သို့ ပြန်၍လာကြလေရာ သန်းညွန့်က “ မတော်တဆ မမတို့ မြင်ရင် အခက်ပဲ ” ဟု ပြောလေ၏ ။

“ ဘာခက်သလဲ သူငယ်ချင်းရဲ့ ။ ရော့ .. ဟောဒီကုတ်အင်္ကျီကို ဝတ် ၊ မင်းအင်္ကျီကို ငါ့ပေး ။ ဟောဒီ ကက်ဦးထုပ် ဆောင်း ”  ဟု ပြောရင်း အင်္ကျီနှင့် ဦးထုပ်ကို ချွတ်၍ ပေးလေ၏ ။ သန်းညွန့်ကလည်း မိမိအင်္ကျီကို ချွတ်၍ ပေးလေ၏ ။ နှစ်ယောက်သား မိမိတို့ စီမံပုံကို သဘောကျကြသဖြင့် တစ်ယောက် လက်ကို တစ်ယောက် ဆွဲကာ တစ်ယောက်ကျောကို တစ်ယောက် ပုတ်ကာ တစ်ယောက်ကို တစ်ယောက် ဖက်ကာ ဘေးချင်းပါးချင်း ၊ နားချင်း ကပ်ကြလေ၏ ။ သူငယ်ချင်း နှစ်ယောက်မှာ ကိန္နရီမောင်နှံကွဲပြီး ပြန်၍တွေ့ကြသည်ထက် အတိုင်းမသိ ပျော်ရွှင်၍ လာကြလေ၏ ။ မကြာမီ ပရိသတ်ထဲ တိုးစပြုကြလေ၏ ။

သို့တိုးကြရာ သန်းညွန့်မှာ မူးဝေဝေနှင့် မိမိ၏ အဖော်ဖြစ်သူ တရုတ်ကပြားကလေးနှင့် လူထဲမှာ ကွဲပြီး ပရိသတ်အလယ်ကောင်သို့ ရောက်၍နေလေ၏ ။ အရပ်က ခပ်မြင့်မြင့် ကုတ်အင်္ကျီက တိုတို ၊ ကြီးသော ဦးခေါင်း၏ လေးပုံတစ်ပုံ မရှိတရှိသာ လွှမ်းအုပ်နိုင်သော ကက်ဦးထုပ် ကလေးကို နောက်ပြန်စွပ်လျက် အများထက် ပခုံးမှ စ၍ ဦးခေါင်းတစ်လုံး မြင့်၍နေသော သန်းညွန့် ကို အများကြည့်ကာ လှောင်ပြောင်ရယ်မောကြလေ၏ ။ ဘာကို က၍ လူပြက်များ ဘာကို ပြောကြသည်ဟု တစ်စုံတစ်ရာ မသိသော သန်းညွန့်မှာ ပွဲကြည့်သူများ လူပြက် ပြက်သည်ကို ရယ်ကြသည်ဟု မှတ်ထင်ကာ တစ်ယောက်တည်း တဟားဟား ရယ်၍နေလေ၏ ။

ထိုကဲ့သို့ အတန်ငယ်ကြာသောအခါ ပူအိုက်သဖြင့် အပြင်သို့ ထွက်လေ၏ ။ မိမိ၏အဖော်ကို ရှာရင်း အခြား တစ်နေရာသို့ ရောက်၍သွားလေ၏ ။ ထိုနေရာမှ ရပ်ကာ ကြည့်၍နေရာ မိမိ၏ မနီးမဝေးတွင် သက္ကလတ်စောင် အနက်ကို တင်ခြုံကာ ရပ်၍ နေသော မိန်းမငယ်ငယ် သွယ်သွယ်သေးသေး တစ်ယောက်ကို မြင်ရလေ၏ ။ နောက်က လူတွေက တိုးသဖြင့် သန်းညွန့်သည် ထို မိန်းမ၏ ကျောနားသို့ ကပ်ရောက်၍ သွားလေ၏ ။ ထိုအခိုက်တွင် လူပြက်များက မော်တော်ကားဇာတ်ခင်း၍ နေကြသဖြင့် တစ်ပွဲလုံး အုန်းအုန်းကျက်ကျက် သောသောညံအောင် ရယ်မော၍ နေကြလေ၏ ။ သန်းညွန့်၏ စိတ်မှာ ရှေ့၌ ရပ်၍နေသော မိန်းမ၏ တင်ပါးကို ဆိတ်ချင် လိုသော အာသာဆန္ဒသည် တဖွားဖွား ထကြွထွက်ပေါ် ၍ လာလေ၏ ။ ထိုသေးငယ်သော မိန်းမမှာ ကြည့်၍ အလွန်ကောင်း၏ ။ အချိုးအစား လွန်စွာကျသည်ဟု စိတ်၌ မှတ်ထင်ရ၏ ။ သို့တွေးရင်း မိန်းမ၏ တင်ပါးကို လက်ခုံနှင့် ထိမိရာ တယ်နုပါကလားဟု သန်းညွန့်၏ စိတ်၌ မှတ်ထင်လေ၏ ။ မိန်းမသည်ကား ဂရုမစိုက်လေသလား ၊ လူပြက်ကို အာရုံစိုက်လွန်းသဖြင့် သတိမထားဘဲ နေသလား မသိရ ။ နောက်ကိုမျှ လှည့်၍ မကြည့်ဘဲ နေလေ၏ ။ ထိုအခါ သန်းညွန့်သည် တိုး၍ရဲလာပြီး လှည့်၍ ကြည့်အောင် တင်ပါးကို သိသိသာသာ လက်ညှိုး နှင့် ကုတ်လိုက်လေရာ မိန်းမသည် နောက်သို့ လှည့်ပြီး ဘယ်က မအေလဲ ၊ နှမလဲ ၊ နင့်နှမ နင် သွားဆိတ်ပါ လား ၊ ဘာလား ညာလား စသည်ဖြင့် အော်လေရာ သန်းညွန့်သည် ထိုမိန်းမ၏ မျက်နှာကို မြင်ရလေ၏ ။ ထိုမျက်နှာသည် အခြား မျက်နှာ မဟုတ် ။ မိမိ၏ မိခင် မသေးသေး၏ မျက်နှာပင် ဖြစ်သည်ကို တွေ့မြင်ရလေလျှင် ရှက်ကြောက်လျက် ခေါင်းငုံ့ကာ နောက်သို့ လှည့်၍ ပြေးလေ၏ ။ အနီးအပါးရှိ လူများက “ ဖမ်းဟဲ့ဆွဲတဲ့ ဘယ်က ကု,လားလဲ ၊ ခွေးကု,လား ချဟယ် ၊ လိုက်ဟယ် ၊ မအေနှမ ဆာလာ ” စသည်ဖြင့် ဆူညံပြောဆို ရုန်းရင်း ဆန်ခတ် ဖြစ်ကြ၏ ။ ဖမ်းကြ ဆွဲကြ၏ ။ သန်းညွန့်က ရုန်း၍ ပြေးရာ အတော်ကလေး မှောင်သောနေရာ၌ မိကြလေ၏ ။ မိခင် မသေးသေးနှင့် အစ်ကိုတော် မောင်ခင် ၊ ဦးလေးပန်းတို့လည်း ပြေး၍ လိုက်ကြ၏ ။ မသေးသေး က မအေနှမ စသည်ဖြင့် ဆဲကာ ငါ့သား မပါလို့ပေါ့ သန်းညွန့် ပါရင် ဒီမအေနေရာတင် ပွဲချင်းပြီးသေမှာ စသည်ဖြင့် ပြောကာ အပါးသို့ လာပြီး ခေါင်းငုံ့နေသော တရားခံကို လက်ညှိုး ထိုးကာ ငါ့သား မပါလို့ အခုလို ခံရတာ သိလား မအေရဲ့ ၊ နှမရဲ့ ။ ငါ့သား ပါရင် နင့်ကို ညက်ညက်ကြေအောင် လုပ်မှာ စသည်ဖြင့် ပြောလေ၏ ။ ထိုအခိုက်တွင် ဦးလေးပန်း နှင့် မောင်ခင်သည် သန်းညွန့် ၏ ပါးနားကို ရိုက်ရင်း မျက်နှာကို မြင်ကြလေရာ “ ဟင် .. ဘယ့်နှယ်ဟာ သောက်ကျိုးနည်း ၊ ဟေ့ ... ဟေ့ .... တော်ကြပါ ၊ တော်ကြပါ ။ လက်လွန်ကုန်မယ် ။ ကိစ္စမရှိဘူး ။ ကျုပ်တို့ ဂါတ်ကို ဖမ်းပို့မယ် ”  ဟု ပြောကာ အခြား လူများ ဆက်လက် ရိုက်မှာ စိုးသဖြင့် တားဆီးကွယ်ကာရလေ၏ ။ ထိုအခိုက်တွင် လွန်စွာ ဒေါသထွက်နေသော မသေးသေးသည် တစ်ဖန် ကပ်၍လာပြီး “ ငါ့သား မရှိလို့ ၊ ငါ့သားများ ရှိရင် နင့်လို ကု,လားအသက် ပြွတ်ပြွတ်ထွက်မှာ ငါ့ကို အပျိုမှတ်လို့လား ”  စသည်ဖြင့် ပြောလေရာ မောင်ခင်က ပခုံးကို လာ၍ ကိုင်ပြီး “ တော်ပါ ဒေါ်လေး ရယ် ပြန်ပါ ။ တော်တော် နာပါပြီ ”

“ အသေလုပ်ပါ ။ သန်းညွန့် မလာသေးဘူးလား ။ သန်းညွန့် မရှိလို့ ငါ ခံရတာ ။ နင်တို့အဖေကိုလား ” စသည်ဖြင့် ပြော၍ နေလေ၏ ။

ခင် ။ ။ “ အေးပါ ၊ တော်ပါ ။ ဒီလောက်လုပ်ရ တော်ရောပေါ့ ”  စသည်ဖြင့် ပြောပြီး ပွဲဘက်သို့ ပြန်၍ တွဲခေါ်လာလေ၏ ။

ထိုအခိုက်တွင် ဦးလေးပန်းသည် ဝိုင်း၍ ကြည့်နေကြသူတို့ကို မောင်းနှင်ပြီး သန်းညွန့်ကို အခြား လူ တစ်ယောက် နှစ်ယောက်နှင့် တော်ရာသို့ ခေါ်သွားပြီး “ သွား ... ခွေ :လိုကောင် အိမ်ကိုပြန် ” ဟု ပြောပြီး လွှတ်လိုက်ရလေ၏ ။

ထိုည မသေးသေး အိမ်သို့ ရောက်သောအခါ သန်းညွန့်ကို အိပ်ရာထဲ၌ တွေ့ရလေလျှင် “ ဟဲ့ ... သန်းညွန့် ၊ နင် ဘယ်တုန်းက ရောက်နေသလဲ ။ ရောက်နေတာပဲ ကောင်းပါတယ် ။ နို့မဟုတ်ရင် ဟိုအကောင် ဒုက္ခပဲ ။ ဟိုအကောင် ဒုက္ခဖြစ်မှာထက် ဒီမှာ လူသ,တ်မှု ဖြစ်ဦးမှာ ။ ငါ့သား အိမ်ကို စောစောရောက်တာ ကံကောင်းလို့ပဲ ” ဟု ပြောပြီး တင်ထားသော စောင်ကို ကုလားထိုင်တစ်ခု ပေါ်သို့ တင်ပြီး နောက်ဖေးသို့ ဝင်သွားလေ၏ ။ ထိုနေ့မှစ၍ သန်းညွန့်သည် အဟုတ်တကယ် အရက်ကို စိတ်နာမုန်းထား အပြတ်ကြီး ပြတ်၍ သွားလေတော့သတည်း ။

▢  ပီမိုးနင်း
📖 သူရိယရုပ်စုံသတင်း
      အတွဲ ၃ ၊ အမှတ် ၁၅
      ဇူလိုင် ၁ဝ ၊ ၁၉၃၂

No comments:

Post a Comment