❝ မျက်နှာဖုံးများ ❞
( နတ်ရဲ - ရူပဗေဒ )
၁ ။
“ ဟဲ့ မိအေးဘုံ ညည်း အခု ချက်ချင်း ထွက်လာခဲ့စမ်း ”
အိမ်ထဲမှာ ဟင်းရွက် စည်းနေတုန်း ဒေါ်ဘုမရဲ့ အော်သံကို ကြားလိုက်ရတယ် ။ ဒီတော့ အေးဘုံ ခြေတွေလက်တွေ အပြင် ရင်ပါ တုန်လာတယ် ။ စည်းလက်စ ဟင်းရွက်တွေကို ချထားလိုက်ရင်း ထိုင်ချည်ထချည် ဖြစ်နေမိတယ် ။
“ ဟဲ့ မိအေးဘုံ ၊ ညည်း နားမပင်းပါဘူးနော် ၊ ညည်း အိမ်ထဲမှာ ရှိနေတာ ငါသိတယ် အခုချက်ချင်း ထွက်လာခဲ့ ”
ဒေါ်ဘုမရဲ့အသံက ဒုတိယတစ်ကျော့ ထွက်လာပြန်တယ် ။ ဒီတစ်ခါ အေးဘုံ မနေသာတော့ဘူး ။ ဒေါ်ဘုမရဲ့အကြောင်းကို အေးဘုံ အသိဆုံး ။ ဒီတော့ အိမ်ပြင်ကို ခပ်သွက်သွက် ထွက်လာခဲ့လိုက်တယ် ။
“ ကဲ ပြော ၊ ညည်း ကျုပ်ဆီက ယူထားတဲ့ အကြွေးတွေ ဘယ်တော့ ဆပ်မှာလဲ ”
အေးဘုံကို တွေ့တာနဲ့ ဒေါ်ဘုမက ဇယ်စက်သလို လှမ်းပြောတော့တာပဲ ။ အေးဘုံလည်း အကြွေးတွေ ကျေအောင် ဆပ်ချင်လှပါပြီ ။ ဒါပေမဲ့ ဈေးကလည်း ရောင်းမကောင်း အမေ့ရောဂါလည်း တစ်နေ့တခြား ဆိုးရွားလာလေတော့ ဝင်ငွေထက် ထွက်ငွေက ပိုများလာရော ။
“ တစ်ရက် နှစ်ရက် တော့ စောင့်ပေးပါဦး ဒေါ်ဘုမ ရယ် ၊ ဈေးက ရောင်းမကောင်းတော့ လက်ထဲမှာ ငွေပြတ် နေလို့ပါ ”
“ အမယ်လေး ငွေလေး တစ်ပဲခြောက်ပြားကို နေ့ရွှေ့လိုက် ညရွှေ့လိုက်နဲ့ ၊ အတိုး တွေက အလုံးအရင်းနဲ့ တက်လာပြီ ”
“ သိပါတယ် ဒေါ်ဘုမရယ် ၊ နောက်နေ့ဆို မဖြစ်ဖြစ်အောင် ရှာပေးပါ့မယ် ။ အခု အမေ့ရောဂါ ကလည်း ပိုဆိုးလာတော့ ”
“ တော်ပါတော့အေ တကတည်း ညည်းပြ နေလိုက်တာ ခိုတွေတောင် အရှုံး ပေးရမယ် ၊ နောက်နေ့ကျ ဆပ်ရင်ဆပ် ၊ အေး မဆပ်လို့ကတော့ ညည်း ငါ့အကြောင်း သိပါတယ် ”
“ အင်းပါ ဒေါ်ဘုမရယ် ”
ဒေါ်ဘုမ ထွက်သွားတော့ အေးဘုံ အားပြတ်သလို ထိုင်ချလိုက်မိတယ် ။ ပြောသာ ပြောလိုက်ရပေမဲ့ ရင်ထဲက လေးနေမိတယ် ။ မနက်ဖြန် ဒေါ်ဘုမကို အကြွေးဆပ်နိုင်ဖို့ ဆိုတာ မသေချာ ။ အေးဘုံ တစ်ကိုယ်လုံးလည်း အပူလုံး ဆို့ပြီး နေမကောင်းချင် သလိုလို ဖြစ်လာတယ် ။
ခဏနေတော့ နှေးဖင့်တဲ့ ခြေလှမ်းတွေနဲ့ အိမ်ပေါ် တက်လာခဲ့လိုက်တယ် ။ အမေ ကတော့ ဆေးအရှိန်နဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတယ် ။ ဒေါ်ဘုမရဲ့ အသံကို အမေ မကြားလိုက်လို့ တော်သေးတယ် ။ နာတာ ရှည်ရောဂါသည် အမေ့ကို သောကတွေ မဖြစ်စေချင် တော့ဘူး ။
စည်းထားတဲ့ ဟင်းရွက်တွေကို ဗန်းပေါ် တင်လိုက်တယ် ။ ပြီးတော့ ဟင်းရွက်ဗန်းကို ရွက်ပြီး ထွက်လာခဲ့လိုက်တယ် ။ မနက်ပိုင်းထက် စာရင် ညပိုင်းက ပိုပြီး အရောင်းသွက်သလိုပဲ ။ မနက်ပိုင်း ဈေးမသွားတဲ့ သူတွေ အေးဘုံကို စောင့်ပြီး ဝယ်ကြတယ် ။
“ ဟင်းရွက်စုံ ရမယ်နော် ဟင်းရွက်စုံ လတ်လတ်ဆတ် ဆတ်တွေနော် ”
လမ်းတစ်လျှောက်လုံး အေးဘုံရဲ့ ဟင်းရွက်စုံအော် သံလေးက ပြန့်ကျဲသွားတယ် ။ အေးဘုံ အလာကို စောင့်နေ ကြတဲ့ ဖောက်သည်တွေလည်း ရှိတယ် ။
“ စောင့်လိုက်ရတာ အေးဘုံရယ် ၊ ဒီနေ့ နောက်ကျသလိုပဲ ”
“ ဟုတ်တယ် ဒေါ်ကြီးလှရေ ၊ ဒီနေ့ ဟင်းရွက် လိုက်ခူးနေရလို့ ကြာသွားတာ ၊ ဒီကန်စွန်းရွက်က ရေကန်စွန်းတွေနော် ၊ ချိုမှ ချိုပဲ ၊ အခုမှ ခူးလာတာ ”
“ အမယ်လေး အေးဘုံရယ် ၊ ညည်း ရောင်းတိုင်း မကောင်းတဲ့အခါများ ရှိလို့လားဟဲ့ ”
ဒေါ်ကြီးလှရဲ့ စကားကြောင့် အေးဘုံ သွားလေး ပေါ်အောင် ရယ်လိုက်မိတယ် ။ တကယ်လည်း အေးဘုံရဲ့ ဟင်းရွက်တွေက လတ်လတ်ဆတ်ဆတ်တွေ ။ အခုခူး အခုရောင်းပဲ ။ မနက်က လက်ကျန်တွေ မပါဘူး ။
“ ကဲ ကဲ ချဉ်ပေါင်ရွက် နှစ်စည်းပေး ၊ ရုံးပတီသီးနဲ့ ခရမ်းသီးလည်း ယူမယ် ၊ သီးစုံချဉ်ရည်ဟင်းလေး ချက်ချင်လို့ ”
“ ရော့ ဒေါ်ကြီးလှ ၊ ခရမ်းသီး တစ်လုံး ပိုပေးခဲ့တယ်နော် ”
ရောင်းပြီးတာနဲ့ အေးဘုံ ဆက်လျှောက်လာခဲ့တယ် ။ ဒီနေ့ ရောင်းတာ မဆိုးဘူးလို့ ပြောရမယ် ။ ဗန်းထဲမှာ ဟင်းရွက် နည်းနည်းပဲ ကျန်တော့တယ် ။ ဒီဟင်းရွက်လေး ကုန်ရင် အမေ့အတွက် ဆေးနည်းနည်း ဝယ်သွားရမယ် ။
“ ဟင်းရွက်စုံ ရမယ်နော် ဟင်းရွက်စုံ ”
“ ဟေ့ကလေးမ လာပါဦးကွဲ့ ”
အေးဘုံကို ခေါ်လိုက်တဲ့ အဘိုးကြီးဆီကို လျှောက်လာခဲ့တယ် ။ အဘိုးကြီးက အင်္ကျီအဖြူ လက်ရှည်နဲ့ လုံချည်ကို သေသေသပ်သပ် ဝတ်ထားတယ် ။ လက်ထဲမှာလည်း စိပ်ပုတီးနဲ့ ။ တော်တော် ဘာသာတရား ကိုင်းရှိုင်းတဲ့ လူကြီးလို့ အေးဘုံ တွေးလိုက်မိတယ် ။
“ ဟင်းရွက်တွေက ဒီလောက်ပဲလား ”
“ ဟုတ်ကဲ့ ဒီလောက်ပဲ ကျန်တော့တယ် ဘကြီး ”
“ ဒီကန်စွန်းရွက် တစ်စည်း ဘယ်လောက်လဲ ”
“ တစ်ရာပါရှင့် ”
“ တစ်ရာ ဟုတ်လား ၊ ဈေးကြီးလှချည့်လား ၊ တစ်စည်းမှ ငါးဆယ်တည်းပါ ”
“ ငါးဆယ် မရပါဘူး
ဘကြီးရယ် ၊ ကျန်နေတဲ့ ငါး စည်းလုံး ယူရင်တော့ လေးရာ နဲ့ ပေးလိုက်ပါ့မယ် ”
“ ကဲပါ ငါးစည်းလုံး ယူပါ့မယ် ၊ သုံးရာပဲ ထားလိုက် ၊ ဟုတ်ပြီလား ၊ ဘကြီးက ဥပုသ်စောင့် နေလို့ သက်သတ်လွတ် ချက်စားမှာ ၊ ကလေးမလည်း ကုသိုလ်ရတာပေါ့ ”
“ ဟုတ်ကဲ့ ပေးလိုက်ပါ့မယ် ”
“ အေးကွယ် သာဓု သာဓု သာဓု ”
အေးဘုံ ရင်ထဲ ကြည်နူးသွားမိတယ် ။ မလှူနိုင် မတန်းနိုင်တဲ့ အေးဘုံ အတွက် ဒီလောက်လေးနဲ့ကို ပီတိဖြစ်လို့ မဆုံးဘူး ။ အဘိုးကြီးက ငွေသုံးရာကို ထုတ်ပေးပြီး တိုက်ကြီးထဲ ပြန်ဝင်သွားတယ် ။ ဟင်းရွက်တွေ အကုန်ရောင်းလို့ ကုန်ပြီမို့ အေးဘုံလည်း ပြန်လာခဲ့တော့တယ် ။
••••• ••••• •••••
၂ ။
ညဆယ်နာရီမို့ အမှောင်ထုက ပတ်ဝန်းကျင် တစ်ခွင်လုံးကို ဖြန့်ကြက်ထားတယ် ။ ဒါပေမဲ့ အေးဘုံ ရောက်နေတဲ့ နေရာမှာတော့ တိတ်ဆိတ်မှုတို့ ဆိတ်သုဉ်းလို့ နေတယ် ။ ပြိုးပြိုးပြက်ပြက် မီးရောင်စုံတွေ အကြား ခပ်ကြမ်းကြမ်း သံစဉ်တွေနဲ့ အတူ ခန္ဓာကိုယ် တစ်ခုလုံး ပြုတ်ထွက်သွားမတတ် ခုန်ပေါက်နေတဲ့ လူတွေ ။ သားကောင်တွေ မုဆိုးတွေ ပေါတဲ့ နေရာကို အေးဘုံ ရောက်နေတယ် ။ ဒီနေရာ ဒီဌာနက လျင်သူ စားတဲ့ နေရာ ။ ကိုယ် ညံ့ရင် ကိုယ်ခံ ။ မုဆိုးတွေရဲ့ ထောင်ချောက် ရှိသလို သားကောင် အရေခြုံထားတဲ့ မုဆိုးတွေလည်း ကျင်လည်ကျက်စားတဲ့ နေရာ ။ ဒီနေရာက အေးဘုံနဲ့ စိမ်းသက်လွန်းလှတယ် ။ အကျပ်အတည်း တစ်ခုကြောင့် ဒီနေရာကို အေးဘုံ ရောက်လာခဲ့တာ ။ အေးဘုံ ဒီကို ရောက်လာခဲ့တာလည်း အေးဘုံနဲ့ တစ်ရပ်ကွက်တည်း နေတဲ့ စိန်စိန် ကြောင့် ။ စိန်စိန်က ဒီလိုနေရာတွေနဲ့ စိမ်းလှတာ မဟုတ်ဘူး ။ အေးဘုံ သာ ဒီလိုနေရာမျိုးကို တစ်ခါမှ မရောက်ဖူးတာ ။ သီချင်းသံတွေ ခပ်ကြမ်းကြမ်းနဲ့ ပျံ့လွင့်နေတာ ကမ္ဘာပျက် နေသလိုပဲလို့ အေးဘုံ က ထင်မိတယ် ။
အေးဘုံရဲ့ ခန္ဓာကိုယ်မှာ ကိုယ်ကျပ်လည်ဟိုက်အင်္ကျီနဲ့ ပေါင်လယ်လောက်သာ ရှိတဲ့ နောက်ခွဲစကဒ်က နေရာယူ ထားတယ် ။ ဖရိုဖရဲ ချထားတဲ့ ဆံပင် ။ ကာလာစုံ တင်ထားတဲ့ မျက်နှာ ။ အားလုံးက ပုရိသတို့ အသက်ရှူ မှားလောက်အောင် ဆွဲညှို့လို့ နေတယ် ။ ဒီလို ပုံစံမျိုးရအောင် စိန်စိန် ပဲ ပြင်ဆင် ပေးခဲ့တာလေ ။ ဒီလို ဝတ်စားရတာ အေးဘုံ မနေတတ် မထိုင်တတ် ဖြစ်နေမိတယ် ။
“ အေးဘုံရေ နင့်ကို နံပါတ်ကိုးဝိုင်းက ခေါ်နေတယ် ၊ ဒီညတော့ နင်ထောပြီ ၊ ရေလျှံနေတဲ့ ကြောင်အိုကြီးပဲ ၊ နင် ကိုင်တွယ်ရ လွယ်မှာပါ ၊ ဒါနဲ့ နင့်နာမည်က ဒေလီယာ နော် ၊ အေးဘုံလို့ မပြောမိစေနဲ့ ”
စိန်စိန်ရဲ့ စကားကြောင့် အေးဘုံ ရင်တုန် သွားရတယ် ။ အေးဘုံနာမည်က ဒေလီယာ တဲ့ ။ စိန်စိန် ကလည်း ရပ်ကွက် ထဲမှာသာ စိန်စိန်ပါ ဒီမှာကျတော့ နှင်းဆီဝိုင် တဲ့ ။ နံပါတ်ကိုး ဝိုင်းကို အေးဘုံ လျှောက်လာခဲ့တယ် ။ နံပါတ်ကိုး ဝိုင်းကို ရောက်တော့ အေးဘုံ နှာခေါင်းကို မသိမသာ ရှုံ့လိုက်မိတယ် ။ ကြည့်ပါဦးလေ ။ ခြောက်ဆယ်ကျော် အဘိုးကြီးက လူငယ်လေးလို ရှုပ်ယှက်ခတ် နေအောင် ဝတ်ထားလို့ ။ ခါးပတ် အပေါ်မှာ စူထွက်နေတဲ့ ဗိုက်ကြီးကလည်း ကောက်ညှင်းထုပ်ကြီးလို ။ ဒီကြားထဲ မွှန်ထူနေတဲ့ ရေမွှေးနံ့ကလည်း နှာခေါင်းထဲ အလုံးလိုက် ဝင်လာသေးတယ် ။ အဘိုးကြီးရဲ့အရက်ခိုးဝေနေတဲ့မျက်လုံးတွေက အေးဘုံ ဆီကို အဆက်မပြတ် ဝေ့ဝဲလို့ ။ နွားအိုမြက်နုကြိုက်တယ်လို့ပဲ ပြောရမလားပဲ ။
“ ကိုကြီး ဒေလီကို ခေါ် တယ်ဆို ”
စိန်စိန် သင်ပေးထားတဲ့ အတိုင်း အေးဘုံ ပြောလိုက်တယ် ။ အေးဘုံရဲ့ ခရာတာတာ အသံလေးက နွဲ့နွဲ့လေး ။ အံမယ် ကိုကြီးလို့ ခေါ်လိုက်လို့ ထင်ပါရဲ့ ။ ထူထဲနေတဲ့ နှုတ်ခမ်းထော်ကြီးက ပြုံး သွားလိုက်တာ နွားပြာကြီး အောက်သွား မရှိသလိုပဲ ။
“ နာမည်က ဒေလီတဲ့လား ၊ အသစ်လေး ထင်တယ် ၊ အရမ်းမိုက်တာပဲကွာ ၊ လူက နာမည်ထက်တောင် ပိုမိုက်သေးတယ် ”
အလဲ့ အဘိုးကြီးကလည်း မခေပါလား ။ မိန်းမကျမ်း ကျေနေတဲ့ပုံပဲ ။ ဒါပေမဲ့ အေးဘုံ စိတ်မဝင်စားပါဘူး ။ အဘိုးကြီး ဝတ်ထားတဲ့ ဟန်းချိန်းကြီးက ဘယ်နှကျပ်သားလောက် ရှိမလဲလို့ တွေးနေမိတယ် ။ ပြီးတော့ စားပွဲပေါ် တင်ထားတဲ့ အဘိုးကြီးရဲ့ ဖောင်းပွနေတဲ့ ပိုက်ဆံအိတ် ထဲက ငွေတွေကို အေးဘုံ ကြည့်နေမိတယ် ။
“ ရော့ ကိုကြီး အတွက် ”
“ အိုကေ ဒါက အလိုက်သိတဲ့ မိန်းမလှလေး အတွက် ”
အေးဘုံ အရက်ငှဲ့ပေးပြီး အနားမှာ ထိုင်လိုက်တော့ အဘိုးကြီး သဘောကျသွားတယ် ။ ပြီးတော့ ချက်ချင်း ဆိုသလိုပဲ အိတ်ထဲက ငွေတစ် ထပ်ယူပြီး လှမ်းပေးတယ် ။ ဒီကလည်း အေးဘုံ ပဲလေ ။ စိန်စိန် သင်ပေးထားတဲ့ အတိုင်း ငွေတစ်ထပ်ကို ယူသလိုလိုနဲ့ အဘိုးကြီးရဲ့ လက်ကို မထိတထိလေး လှမ်းကိုင်လိုက်တယ် ။
အံမယ် အဘိုးကြီးက ချက်ဆို နားရွက်က မီးတောက်ပြီးသားပဲ ။ အေးဘုံရဲ့ ပခုံးလေးကို ရဲရဲတင်းတင်းပဲ လှမ်းဖက်တယ် ။ အေးဘုံလည်း ဖန်ခွက်ထဲကို အရက် အပြည့် ဖြည့်ပေးလိုက်တယ် ။ အဘိုးကြီးက အရက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်တယ် ။ ရေချိန်နည်းနည်း ကိုက်လာတော့ အဘိုးကြီးရဲ့ ပါးစပ်တွေ လက်တွေ သွက် သထက် သွက်လာတယ် ။ အဘိုးကြီးရဲ့ အိတ်ထဲက ပိုက်ဆံတွေလည်း တဖြည်းဖြည်းနဲ့ အေးဘုံရဲ့ အိတ်ထဲကို ခုန်ဝင် လာတယ် ။
နောက်တော့ အဘိုးကြီး မှောက်သွားတော့တယ် ။ အဘိုးကြီးရဲ့လက်ကတော့ အေးဘုံရဲ့ပခုံးကို ဖက်ထားဆဲပဲ ။ အေးဘုံ ထရပ်လိုက်တော့ အဘိုးကြီးရဲ့လက်က ဗြုန်းခနဲ ပြုတ်ကျသွားတယ် ။ အဘိုးကြီး ကတော့ အရက် အရှိန်ကြောင့် လောကကြီးနဲ့ အဆက်သွယ် ပြတ်နေလေရဲ့ ။ လက်ထဲက ငွေတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း အေးဘုံ လှည့်ထွက်လာခဲ့တော့တယ် ။
အခု အေးဘုံ ကျေနပ်လောက်တဲ့ ငွေရပြီ ။ အဘိုးကြီးကတော့ ဘာမှမသိဘဲ အရက်ရှိန် တက်လို့ ကောင်းတုန်းဖြစ်မှာပေါ့ ။ တကယ်တော့ အေးဘုံ ဒီအလုပ်ကို မလုပ်ချင်ပါဘူး ။ အကျပ်အတည်း တစ်ခုကို ဖြေရှင်းဖို့ အတွက် အေးဘုံ အရဲစွန့်လိုက်ရတာ ။ နောက်တစ်ခါ အေးဘုံ ဒီလိုမျိုး မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ် ။ ဒီလို စားနေကျ ကြောင်အိုကြီးတွေ ဆီက ငွေကို ယူလို့လည်း အပြစ် မရှိဘူးလို့ အေးဘုံ ထင်မိတယ် ။ ဒီငွေတွေက အဘိုးကြီးကို အရက်ငှဲ့ပေးတဲ့ အတွက် ရတဲ့ ငွေကြေးလို့ပဲ အေးဘုံ သတ်မှတ်လိုက် တယ် ။ တစ်ခါတစ်ရံ မုဆိုး ဟာ သားကောင် ဖြစ်တတ်သလို သားကောင် ဟာလည်း မုဆိုး ဖြစ်နေတတ်တာကို အဘိုးကြီး သတိရလာရင် ကောင်းကောင်း နားလည်သွားမှာ သေချာတယ် ။
••••• ••••• •••••
၃ ။
“ ဟင်းရွက်စုံ ရမယ်နော် ဟင်းရွက်စုံ ”
ထုံးစံအတိုင်း အေးဘုံရဲ့ ဟင်းရွက်စုံ အော်သံလေးက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လို့ လာတယ် ။
“ ဟေ့ လာပါဦး ”
ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ လက်ထဲမှာ ပုတီး ကိုင်ထားတဲ့ အဘိုးကြီး တစ်ယောက် ။ မနေ့က ဝယ်တဲ့ အဘိုးကြီး ပါပဲလား ။ အနားကို ရောက်တော့ အဘိုးကြီးက လှမ်းမေးတယ် ။
“ ဘာတွေပါလဲ ”
“ အစုံပဲ ဘကြီး ၊ ချဉ်ပေါင်ကလည်း အခုမှ ခူးတာ ၊ ကန်စွန်းရွက်လည်း လတ်လတ်ဆတ်ဆတ်ပဲ ၊ ဒီနေ့ အသီးအရွက်တွေ တော်တော်လေး စုံတယ် ဘကြီးရဲ့”
“ ကန်စွန်းရွက် တစ်စည်း ဘယ်လောက်လဲ ”
“ တစ်ရာပါရှင့် ၊ ဘကြီးက သက်သတ်လွတ် စားမလို့ ထင်တယ် ။ အေးဘုံက ကုသိုလ်ရအောင် ငါးစည်း လေးရာနဲ့ ပေးပါ့မယ်နော် ”
“ ငါးစည်း သုံးရာ ထားပါ ကလေးမရယ် ”
“ မရလို့ပါ ဘကြီးရယ် ”
“ ကဲ ဒါဆိုလည်း ခြောက်စည်း လေးရာ ထားလိုက် ၊ အဘလည်းဝ ကလေးမလည်း ကုသိုလ်ရတာပေါ့ ”
“ ယူလိုက်လေ ဘကြီး ၊ ဘကြီးမို့ ပေးတာနော် ၊ တခြား လူတွေဆို တစ်စည်း တစ်ရာပဲ ”
“ အေးပါကွယ် သာဓု သာဓု သာဓု ”
အဘိုးကြီးက ဝမ်းသာအားရ သာဓု ခေါ်ရှာတယ် ။ အေးဘုံလည်း ကျသင့်ငွေ လေးရာကို ယူပြီး ထွက်လာခဲ့တော့တယ် ။ အဲဒီအဘိုးကြီးကို အေးဘုံ ကောင်းကောင်း သိတာပေါ့ ။ အခုတော့ သူတော်ကောင်း လိုလို ဘာလိုလိုနဲ့ မခုတ်တတ်တဲ့ ကြောင်လို နေပေမဲ့ အဘိုးကြီးရဲ့ ဘီလူးမျက်နှာဖုံးကို အေးဘုံ မှတ်မိတယ် ။ မနက်ပိုင်းမှာ သက်သတ်လွတ် စားတယ် ဆိုတဲ့ အဘိုးကြီးက ညဘက်ဆို နိုက်ကလပ်တွေမှာ ရိက္ခာယူနေခဲ့တာ အေးဘုံ ကိုယ်တွေ့ ပဲလေ ။ အဘိုးကြီး ကတော့ အေးဘုံကို မှတ်မိတဲ့ပုံ မပေါ် ဘူး ။
အခုချိန်မှာ ငွေတစ်ရာ နှစ်ရာကို တွက်ကပ်နေတဲ့ အဘိုးကြီးက နိုက်ကလပ်တွေမှာ ငွေကို ရေလို သုံးပြီး နေနိုင်လိမ့်မယ်လို့ ဘယ်သူ ထင်မိလိမ့်မလဲ ။ လက်ထဲမှာ ပုတီးကိုင်ပြီး သက်သတ်လွတ် စားတယ်လို့ ကြွေးကြော်နေတဲ့ အဘိုးကြီးက ကြောင်သူတော် ကြွက်သူခိုး ဖြစ်နေတယ် ဆိုတာ ပြောပြရင် ဘယ်သူယုံ ကြမလဲ ။ အကြောင်းမသင့်ရင် ပြောတဲ့သူ ကိုတောင် အရူးလို့ အပြောခံရမှာ သေချာတယ် ။ အေးဘုံ ကတော့ ပြောမယုံလည်း ကြုံဖူးလို့ သိခဲ့ရပြီ ။ ချွေးသံ တရွဲရွဲနဲ့ ရပ်ကွက်တကာ လှည့်ပြီး ဟင်းရွက်ရောင်းနေတဲ့ အေးဘုံ ကိုရော ညက နိုက်ကလပ်မှာ သားကောင်ဖမ်းခဲ့တဲ့ ဒေလီယာ ပါလို့ လက်ညှိုးထိုး ပြောရင်တောင် ယုံကြမလား ။
“ ဟင်းရွက်စုံရမယ်နော် ဟင်းရွက်စုံ ”
ထုံးစံအတိုင်း အေးဘုံရဲ့ ဟင်းရွက်စုံ အော်သံလေးက ကျယ်ကျယ်လောင်လောင်နဲ့ ထွက်ပေါ် လာပြန်ပါတော့ တယ် ။
⎕ နတ်ရဲ ၊ ရူပဗေဒ ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဇွန် ၊ ၂၀၁၃

No comments:
Post a Comment