Thursday, March 19, 2026

ပြောင်းပြန်စီးဆင်းတဲ့ နှစ်များ


 

❝ ပြောင်းပြန်စီးဆင်းတဲ့ နှစ်များ ❞
             ( ညိုသစ် )

ဆင်းရဲသော လူထု ၊ လူတန်းစားများနှင့် အခြေခံ မတူညီမှုတွေ များပြားလွန်ကဲ နေသော လူ့အဖွဲ့အစည်းကြီးကို တို့ထိစမ်းသပ်နိုင်အောင် စူးစမ်းလေ့လာ စတင်မိ ချိန်တွင် ဗရုတ်သုတ်ခ ဒုက္ခမျိုးစုံများနှင့် ရင်ဆိုင်ပက်ပင်း တိုးဝှေ့ ခံလိုက်ရတော့သည် ။ ဘဝနှင့် အလွဲလွဲ အမှားမှား ကြုံတွေ့ ခံစားရခဲ့ခြင်းများကို နိစ္စဓူဝ ဖြစ်ခဲ့ ၊ တွေ့ကြုံခဲ့ရ တော့သည် ။ နားမလည်နိုင်လွန်းသော အကြောင်းတရား တစ်ခုမှာ ခေါင်းစား ခံနေရသော စီးပွားရေး အဆင်မပြေ မှုကပင် စတင် မြစ်ဖျားခံတော့သည် ။

ဒါးပိန် မြို့သိမ်မြို့နွမ်းကလေးမှ အပြီးအပိုင် ရန်ကုန်မြို့တော်ကြီး ဆီသို့ ထွက်လာခဲ့သော ကျွန်တော့် အဖို့ အခက်အခဲနှင့် စတင်ကြုံတွေ့ ခံစားရတော့သည် ။ ကျွန်တော့် အဖို့ လူကြမ်းသူကြမ်း အကြောင်းများကို ရင်းနှီး လာစေခဲ့သောသူမှာ အခြားလူများ မဟုတ်ဘဲ ကျွန်တော့်အစ်ကိုကြီး သိန်းထွန်း ကြောင့်ဖြစ်သည် ။ ဒါးပိန်အိမ်တွင် အစ်ကိုကြီး သိန်းထွန်း စုဆောင်း ထားရစ်ခဲ့သော မဂ္ဂဇင်းစာအုပ်အဟောင်းမျိုးစုံ စာအုပ်များမှာ အုပ်ရေ အတော် ခပ်များများ ဖြစ်သည် ။ ရှုမဝ ၊ သွေးသောက် ၊ ငွေတာရီ ၊ မြဝတီမဂ္ဂဇင်း စာအုပ်ကြီးများမှာ အုပ်ရေ ငါးဆယ်ကျော် ခြောက်ဆယ်ခန့် ရှိသည် ။ ထိုမဂ္ဂဇင်းစာအုပ်ကြီးများ ထဲမှ ရန်ကုန်မြို့ အကြောင်းများကို ရေးဖွဲ့ခဲ့သော စာများမှာ အကြောင်းအရာ အမျိုးစုံလင်သည် ။ ထို မဂ္ဂဇင်းကြီးများကို ကျွန်တော် ဖတ်ရှုခဲ့မိသည် ။ အခြားသော လုံးချင်းဝတ္ထု စာအုပ်မျိုးစုံနှင့် တရားစာအုပ်မျိုးစုံ ၊ ပုံဝတ္ထုမျိုးစုံ စာအုပ်များမှာလည်း မျိုးစုံသည် ။ သူ နေထိုင်ခဲ့သော အခန်းထဲမှာ ရှိသမျှ စာအုပ်များသည် ကျွန်တော့် အတွက် ရတနာသိုက်ဟောင်းကြီး ဖြစ်နေတော့သည် ။ အခန်းထဲမှ ရှိသမျှ စာအုပ်များကို တဖြည်းဖြည်း ၊ တအေးအေးနှင့် ဖတ်ဖြစ်တော့သည် ။ မဂ္ဂဇင်းကြီးများ ထဲတွင် ပန်းချီဆရာကြီးများ၏ သရုပ်ဖော်ပုံများဖြင့် ရေးဆွဲထားသော ပုံပြင်မျိုးစုံနှင့် ဝတ္ထုသရုပ်ဖော် ပုံများသည် ဆွဲဆောင်အား ကောင်းသော လက်ရာမြောက်သော ရုပ်ပုံများ ဖြစ်သောကြောင့် မဂ္ဂဇင်းထဲမှာ ဖော်ပြပါရှိသော ရာဇဝင်ပုံပြင် ဇာတ်လမ်းများကလည်း အလွန်တရာ ဖတ်ရှုချင်စဖွယ် ဖြစ်အောင် ရေးဆွဲ ဖော်ပြထားသည် ။ အထူးသဖြင့် ရှုမဝစာကြည့်တိုက်ကဏ္ဍတွင် ဖော်ပြပါရှိသော အကြောင်းအရာများမှာ ကျွန်တော့် အပေါ် ဆွဲဆောင်လွန်းနေသည် ။ ကျွန်တော် တက္ကသိုလ်ဝင်တန်း ရောက်တော့ ထိုစာအုပ်အဟောင်းပုံကြီးကို ကုန်လုနီးပါး ဖတ်ရှု ပြီးခဲ့လေပြီ ။ ကျွန်တော်သည် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆို အောင်မြင်ရန် ကြိုးစားအားထုတ်ခြင်း မပြုနိုင်တော့ဘဲ ကျွန်တော့် အစ်ကိုကြီး ဖတ်ခဲ့သော စာအုပ် အကောင်းမျိုးစုံကို ကျွန်တော်က ဆက်လက်ပြီး ဖတ်ဖြစ် နေတော့သည် ။

ထိုစာအုပ်မျိုးစုံတို့၏ သွေးဆောင်ညှို့ယူမှုကြောင့် ကျွန်တော်သည် စာမေးပွဲကို ဖြေဆိုနိုင်ရန် ကျောင်းစာ ကြည့်ရန် အင်အားချည့်နဲ့ ကုန်ခန်းလာပါတော့သည် ။ သူသည် ဒါးပိန်မြို့ကလေး မှာ နေခဲ့စဉ်တုန်းက သူပညာ သင်ကြားခဲ့ပုံသည် ထူးဆန်းသလိုလိုမျိုး ထင်ရသည် ။ နံနက် မိုးလင်းတာနှင့် ဈေးပိုင်းအရပ်မှာ ရှိသော ဒါးပိန်မြို့ဈေးကြီး ဆီသို့ ကြာဆံကြီး ၊ ခေါက်ဆွဲ ၊ မုန့်ဟင်းခါး ၊ အသုပ်မျိုးစုံနှင့် ရွှေကြည်ဆနွင်းမကင်းအိုးနှင့် အခြား ပစ္စည်းပစ္စယ ပန်းကန်များကို သယ်ပိုး၍ ပို့ပေးရသည် ။ ဈေးဆိုင်ခန်းကို ကြိုတင် ဖွင့်လှစ်ထားပေးရသည် ။ သူနှင့် တစ်ပါးတည်း ကျောင်းစာများ ထည့်ထားသော “ က၀ ” လွယ်အိတ်ကြီးကို စလွယ်သိုင်းလွယ်လျက် ယူလာသည် ။ သူသည် အစိုးရစစ်သော သတ္တမတန်းကို ရောက်ရှိနေပြီး ၊ စာအလွန် တော်သော ကျောင်းသား တစ်ဦးလည်း ဖြစ်သည် ။ သူ့ကို ကျောင်းထားပုံမှာ ခပ်ဆန်းဆန်းလို့ ထင်ရပါသည် ။ အစိုးရကျောင်းသို့ ကျောင်းမသွား ရသော နေ့များတွင် အိမ်က နံနက်ကတည်းက ထမင်း ကြမ်းနှင့် ပဲပြုတ်ကြော်ကို စားသွားပြီး ၊ ကျောင်းဆရာမကြီး အိမ်တွင် ဆရာမများ ဦးစီး သင်ကြားပေးသော ကျူရှင်ကျောင်းကို တစ်ဘာသာပြီး ၊ တစ်ဘာသာ ပြောင်း၍ စာသင်ယူပါသည် ။ အထူးသဖြင့် အင်္ဂလိပ်ဘာသာ နှင့် သင်္ချာကို သင်ယူပါသည် ။ ညနေလေးနာရီ ၊ ငါးနာရီ အချိန်အထိ ဘာသာ ပြောင်း၍ တက်နေရပါသည် ။ သူသည် အင်္ဂလိပ်စာနှင့် သင်ကြားသော ဘာသာရပ်တွင် ထူးချွန်သော ကျောင်းသားလည်း ဖြစ်သည် ။

အဖေသည် အသက် ၃၇ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့သည် ။ အမေသည် သူ့ညီမနှင့် အငယ်ဆုံးသမီးတို့ကို ခေါ်၍ ရန်ကုန်မြို့ကြီး ဆီသို့ စွန့်စား၍ ထွက်လာခဲ့တော့သည် ။ အဖေ၏ ပတ္တမြား “ မတင်အေး ” ဆေးပေါ့လိပ် ရုံကြီးကို ဆက်လက်၍ မလုပ်တတ် ၊ မကိုင်တတ်သောကြောင့် ပိတ်ပစ်ထားရစ်ခဲ့တော့သည် ။ ကျွန်တော်တို့ မောင်နှမ သုံးယောက်ကို အဖေ့၏ အစ်မများက ဆက်လက် ထိန်းသိမ်းစောင့်ရှောက်တာဝန်ယူထားလိုက်သည် ။

••••• ••••• •••••

အစ်ကိုကြီး သိန်းထွန်းသည် ဒါးပိန်မြို့အစိုးရမူလတန်း ၄ တန်းကို အောင်မြင်ပြီးသောအခါ အလယ်တန်းပညာကို ဆက်လက်သင်ကြားရန် အခက်အခဲ ရှိနေခြင်းကြောင့် လှည်းကူးမြို့ရှိ အစိုးရအထက်တန်းကျောင်းသို့ သာ ပညာ ဆက်လက် သင်ကြားရန် အသင့်လျော်ဆုံး ဖြစ်သည် ။ သူနှင့် တစ်ချိန်တည်း အစိုးရပညာရေးဘုတ် အဖွဲ့ မူလတန်းကို အောင်မြင်ကြသော ကျောင်းသား ကျောင်းသူ ၇ ယောက် ရှိသည် ။ ကျောင်းသူ မိန်းကလေး သုံးယောက်မှာ လှည်းကူး အစိုးရအထက်တန်းကျောင်း သို့ ဆက်လက်၍ ပညာ မသင်ကြားတော့ဘဲ မိဘများနှင့် အိမ်စီးပွားရေးများတွင် ဝင်ရောက် ကူညီ၍ လုပ်ကိုင်ကြတော့သည် ။ ဒါးပိန် - လှည်းကူး ။ ဒါးပိန် - ရန်ကုန် ပြေးဆွဲနေသော လူနှင့်ကုန်ပစ္စည်းပါ သယ်ဆောင် ပြေးဆွဲနေသော ကားကြီး နှစ်စီးရှိသည် ။ ယခု အခေါ်အဝေါ်မှာ ဗိုက်ပူချက်ကြီး ကားအိုကြီးများ ဖြစ်သည် ။ ကားကြီးများမှာ အလွန်တောင့်တင်းကြံ့ခိုင်သော ကားကြီးနှစ်စီး ဖြစ်သည် ။ ထို ဗိုက်ပူကားကြီး နှစ်စီးသည် နံနက် ၆ နာရီ အချိန်တွင် ကားပိုင်ရှင်အိမ်မှ ၊ ဒါးပိန်မြို့ကလေးထဲရှိ တစ်လမ်းတည်းသော မြို့ပတ်ကားလမ်းပေါ်မှ မြို့တစ်ပတ် လှည့်ပတ် မောင်းသွားပါသည် ။ နောက် ဗိုက်ပူကားကြီးမှာ နံနက် ၇ နာရီမှာ မြို့ကလေးကို တစ်ပတ် လှည့်ပတ်၍ ခရီးသည်နှင့် အထုပ်အပိုးများနှင့် ခြင်းတောင်းအလွတ် အခွံများကို သယ်ယူ တင်ဆောင်ရလေသည် ။ ကားဘော်ဒီ အမိုးပေါ်မှာ ပစ္စည်းတင်ရန် ခိုင်ခံ့စွာ ပြုလုပ်ထားသော ကြက်ခြံပါရှိသည် ။ အချို့ ပစ္စည်း ၊ တောင်း ၊ ဆွဲခြင်း တို့ကို ထိုကြက်ခြံထဲတွင် တင်ထားကြသည် ။

နံနက် ၆ နာရီအချိန် ထွက်သော ကားစပယ်ယာ အကူသည် အစ်ကိုကြီး သိန်းထွန်း ဖြစ်သည် ။ သူသည် မြို့ကလေးထဲသို့ ခရီးသည်ခေါ်တင်၍ ခရီးသည်နှင့် ပါလာသော ဝန်စည်စလယ် ပစ္စည်းပစ္စယများကို သယ်ယူ ပြီး ကားပေါ်သို့ တင်ပို့ပေးရသည် ။ သူနှင့် အတူတူ ကျောင်းတက်ကြသော သူငယ်ချင်း ၄ ယောက်မှာလည်း ရွှေဒါး အမည် ရေးထားသော ဗိုက်ပူကားကို စီးသူများ ဖြစ်သည် ။ ဒါးပိန် - လှည်းကူး ကားစီးခမှာ ငါးမူး ပေးရသည် ။ အကြွေ တစ်ကျပ်တန် ၊ ငါးမူးတန် ၊ တစ်မတ်တန် စေ့များဖြင့် အသုံးချ ပေးဆောင်ကြသည် ။ အကြွေစေ့များ တွင်ကျယ်စွာ သုံးနှုန်းသော အချိန်ကာလ ဖြစ်သည် ။ အစ်ကိုကြီး သိန်းထွန်းသည် ဒါးပိန်မြို့ ကလေးအတွင်း ၌သာ စပယ်ယာအကူ အလုပ်ကို လုပ်ပေးသည် ။ ထိုသို့ လုပ်ပေးရသောကြောင့် ကျောင်းခရီးစရိတ်အဖြစ် ကားပိုင်ရှင်က သတ်မှတ်၍ ပေးသောကြောင့် ကားစရိတ် မပေးရတော့ပေ ။ အခြားသော ကျောင်းသားများကို တစ်လ အသွားအပြန် ၁ဝ ကျပ်သာ တောင်းယူသည် ။ ပညာရေး အထောက်အပံ့ ၊ အကူအညီ သဘောမျိုးအဖြစ် ကားပိုင်ရှင်က အကူအညီ ပေးသည် ။ ကားပိုင်ရှင်သည် တရုတ်ကပြားဖြစ်သည် ။ သူ၏ သား နှစ်ယောက်သည်လည်း အစ်ကိုကြီး သိန်းထွန်းတို့နှင့် အတန်းတူ တက်နေကြသည် ။

ရန်ကုန်မြို့သို့ အစ်ကိုကြီး သိန်းထွန်းသည် လှည်းကူးမြို့မှ ကျောင်းထွက်၍ သွားတော့သည် ။ တက္ကသိုလ် ဝင်တန်းသို့ တက်ရောက်ခဲ့သော နှစ်မှာပင် ရန်ကုန်မြို့ကြီးဆီသို့ ပြောင်းရွှေ့သွားပါတော့သည် ။ တက္ကသိုလ်ဝင် စာမေးပွဲကို ဆက်လက် သင်ကြားရန် အတွက် အမေတို့ နေထိုင်ရာ ပုဇွန်တောင် မီးရထားသံလမ်း နံဘေးမှာ ရှိသော “ အလံနီ ” ရပ်ကွက်ကလေး ဆီသို့ ပြောင်းရွှေ့သွား ခြင်းဖြစ်သည် ။ သူနေထိုင်ခဲ့သော မြို့ကလေး ဆီသို့ ပြန်မလာတော့ ။ မြို့ကလေးတွင် ကျန်ရစ်ခဲ့သော ကျွန်တော် ၊ အစ်မနှင့် ဒေါ်ကြီးတို့ကို မည်သည့်အကြောင်းကိစ္စမျိုး မဆို မဆက်သွယ်တော့ဘဲ ရန်ကုန်မြို့မှာ ဇာတ်မြှုပ် နေသွားတော့သည် ။ အစ်ကိုကြီး သိန်းထွန်းသည် တက္ကသိုလ်ဝင်စာမေးပွဲ ဆက်လက် မဖြေဆိုတော့ဘဲ ယူဘီအေ မြန်မာ့လေယာဉ်ရုံးတွင် အောက်တန်းစာရေး ဝင်ရောက်လုပ်ကိုင်နေသည်ဟု ကျွန်တော် ကျောင်းပိတ်ရက် အမေ့ထံသို့ သွားတော့မှ သိရှိရသည် ။ အလံနီကွက်သစ် ထဲမှာ ရှိသော အမေတို့ နေသော အိမ်သည် ကျွန်တော့် အဖို့ အံ့သြထူးဆန်းစွာ ခံစားရသည် ။

မည်သို့ပင်ဖြစ်စေ တစ်ရပ်ကွက်လုံးမှာ ဝါး ၊ ဓနိ ၊ မဒမတိုင် ၊ ဝါးကြမ်းခင်းတို့ဖြင့် တည်ဆောက်ထားကြသော တဲအိမ်များကို မြင်တွေ့ နေထိုင်ရသောအခါ ဒါးပိန်မြို့ကလေးမှာ ဤရပ်ကွက်ထဲတွင် ရှိသော တဲအိမ်များကို မြို့စွန်မြို့ဖျား ဆင်းရဲသားများသာ နေထိုင်ကြသော တဲအိမ်များ ဖြစ်သည် ။ ဝါးကြမ်း ခင်းထားသော တဲအိမ် ထဲသို့ လူဝင်သွားလိုက်သည်နှင့် ဝါးကြမ်းတွေက တကျွိကျွိဖြင့် အသံများ ထွက်လာပြီး လူခန္ဓာကိုယ်မှာ ယိမ်းယိုင် လှုပ်ရှားနေတော့သည် ။

အမေသည် ကျွန်တော့်ကို စူးစိုက်ကြည့်နေသည် ။ အလင်းရောင် မှောင်မဲသော အိမ်နောက်ဖေးဘက် ဆီမှ အသံ မပေးဘဲ ကျွန်တော့်ကို ကြည့်နေသည် ။ ကျွန်တော်သည် အမေ့ပုံရိပ်ကို သဲကွဲစွာ မမြင်ရပါ ။ ကျွန်တော် လွယ်ထားသော ပခုံးပေါ်မှ လွယ်အိတ်အဟောင်းကြိုး နှင့် ကျွန်တော့် မျက်နှာပေါ်က ချွေးများကို သုတ်ပစ်လိုက်မိသည် ။

“ သား အိမ်ပေါ်တက်လေ ” လို့ ကျွန်တော့်ကို လှမ်းပြောလိုက်သည့် အမေ့အသံမှာ ဆွေးမြည့် အားနည်းနေသည် ။

“ ဟုတ်ကဲ့ ... အမေ ”

“ အင်္ကျီအဝတ်အစား လဲလိုက်ဦး ”

“ ရတယ် အမေ ၊ အဝတ်အစား မလဲတော့ဘူး ။ ရထားပေါ်မှာ လူတွေက ကျပ်သိပ်နေတော့ အဝတ်အစား တွေ ညစ်ပတ်နေပါပြီ ” လို့ ကျွန်တော်က မိမိဝတ်ဆင် ထားသော အဝတ်အစားများကို ကြည့်ရင်းဖြင့် ပြန်ပြော လိုက်သည် ။

“ အစ်ကိုကြီးလည်း မတွေ့ ပါလား ”

“ နင့်အစ်ကိုကြီး ရုံးသွားတယ်သား ။ စာမေးပွဲ ဖြေဆိုနိုင်ရဲ့လား သား ”

အမေ့ အသံက တိုးညင်းသဲ့သဲ့မျှသာ ကြားရသည် ။ ကျွန်တော့် အကြောင်းကို အမေ ကြိုသိနေပါပြီ ။ မုဆိုးမသား ရေနည်းငါးလို ၊ ဒုက္ခကြုံတွေ့ လူ့ဓလေ့ မပျော်မွေ့ နိူင် ၊ သက်ဆုံးတိုင်အောင်ပါတကားလို့ ကျွန်တော့် စိတ်ထဲက ညည်းညူမိပါသည် ။ အမေသည် ကျွန်တော့်ထံသို့ ဖြည်းညင်းစွာ လျှောက်လာသည် ။ ဝါးကြမ်းခင်းတွေဆီမှ အသံဗလံများသည် အဆက်မပြတ် မြည်နေသည် ။ ကျွန်တော့် ပခုံးပေါ်တွင် လွယ်ထားသော အဝတ်အစား လွယ်အိတ်ကြီးကို အသာအယာ ဖြုတ်ယူ၍ အိမ်ခန်းထဲသို့ သယ်ယူသွားပါတော့သည် ။

••••• ••••• •••••

ဝါးကြမ်းတွေ မြည်သံကြောင့် အိပ်ရာမှ ကျွန်တော် နှိုးလာသည် ။ ဝါးကြမ်းခင်းကို နင်းလျှောက်သွားသော ခြေသံကျဲကျဲကို သတိထားမိသည် ။ အမေ့ခြေသံ ဖြစ်သည် ။ အမေ့အိမ်သည် လမ်းထိပ်ဆုံးအိမ် ဖြစ်သည် ။ အမေသည် ထိုလမ်းထိပ်ဆုံးကျသော ၊ အကွက်အကွင်းကျသော အိမ်မှာ ဘိန်းမုန့် ( အိုးကြီး ဘိန်းမုန့် ) နှင့် ညနေပိုင်းတွင် မုန့်ဟင်းခါးနှင့် ခေါက်ဆွဲသုပ်တို့ကို အိမ်ရှေ့မှာပင် ခုံများ စနစ်တကျ စီချခင်းပြီး ရောင်းသည် ။

လမ်းထိပ် လမ်းဆုံလမ်းခွ နေရာ အခင်းအကျင်း ကျသော အမေ့အိမ် နေရာသည် အမေ့ကို အခက်အခဲ ကြီးမားစွာ ရှာဖွေစားသောက်ရခြင်းမျိုး မရှိစေဘဲ ၊ အိမ်မကွာ အိုးမကွာ ဘိန်းမုန့်ဖုတ်၍ ဖောက်သည်များ ပေး၍ ရောင်းချသည် ။ နံနက် လေးနာရီထိုးသည်နှင့် အမေ အိပ်ရာမှ ထပြီး ဘိန်းမုန့်လုပ်ရန် မီးစတင် ပျိုး၍ ရေနွေးအိုးကြီး တစ်အိုးကို မီးအရှိန်ကောင်းကောင်း ပေး၍ ရေနွေး ကျက်ကျက်ဆူအောင် တည်လိုက်သည် ။ ပြီးနောက် အမေ သည် ပတ်ဝိုင်းတီးသော ဆရာလို ဘိန်းမုန့်လုပ်ရန် ည ကတည်းက ပြင်ဆင် ပြုလုပ်စီမံထားပြီးသော မြေပဲခြမ်း ၊ နှမ်း ၊ မြေပဲဆီ ၊ နှင်းရည် ၊ မုန့်ညှပ် ကတ်ကြေးများ ၊ ဆားပုလင်း စသည်တို့ကို မီးဖိုကြီးနှင့် မနီးမဝေး ဘေးပတ်လည်မှာ ပြင်ဆင်နေရာ ချပြီးသောအခါ ဘိန်းမုန့် ဖုတ်သော ဆန်ကောအဝိုင်း အသေးခန့်ရှိသော ဒန်အိုး သုံးလုံးကို စင်ကြယ်သန့်စင်စွာ လက်သုတ်ပဝါအသန့် များဖြင့် သုတ်သည် ။ အမေ့ ပါးစပ်ထဲတွင် ကျားပျံ မကောက် ဆေးလိပ်အကြီးကို ရှေ့သွားများဖြင့် ကိုက်ထားပြီး ရေနွေးအိုး တည်ထားသော မီးဖိုကို မီးအပူရှိန် ညီမျှအောင် မီးစွဲနေသော ကနစိုထင်းခြောက်ခြမ်းများကို လွန်းယှက်သလို မီးဖိုထဲသို့ ထည့်ပေးလိုက်သည် ။

ရေနွေးအိုး ဆူသံ ကြားရသည်နှင့် ဘိန်းမုန့်စားသုံး သူများအတွက် ရွက်သစ် လက်ဖက်ခြောက်ရွယ်များကို ကရားအိုးများထဲသို့ ထည့်ထားပြီး ရေနွေး ပွက်ပွက်ဆူများကို လောင်းထည့် ဖြည့်ထားလိုက်သည် ။ မီးရဲရဲတောက်နေသော မီးဖိုသုံးဖို ရှေ့တွင် သွပ်ဟောင်းပြားများ ကာရံ ၍ အပူ မဟပ်ရအောင် ခြားထားလိုက်သည် ။ မုန့်ဖုတ် အိုးသုံးလုံးထဲသို့ ဘိန်းမုန့်ရည်များ မတ် ( စ် ) ခွက်ကြီးဖြင့် ချိန်ဆ၍ မုန့်ဖုတ်အိုးပြားသို့ သွန်းလောင်းထည့်လိုက်သည် ။ ထိုမုန့် ဖုတ်ရသော အချိန်မှာ တစ်နာရီ အတွင်းမှာ ဘိန်းမုန့်ဖုတ် အိုးများကို အထက်မီး အောက်မီးများဖြင့် ပြီးစီးအောင် တစ်အိုးချင်း မုန့်ချပ်ရေ ဆယ်ချပ်ခန့် ကြိုတင် လုပ်ထားရသည် ။ ရပ်ကွက်ထဲသို့ လှည့် ပတ်၍ ခေါင်းရွက် ရောင်းချသော မုန့်သည် ရှစ်ယောက် ခန့်ရှိသည် ။ ဤရပ်ကွက်ထဲမှာ နေကြသော ပျံကျအလုပ်သမားများကလည်း ၁ဝ ယောက် ၊ ၁၅ ယောက်ကျော် ခန့်ရှိသည် ။ ထို့ပြင် ခေါင်းရွက်ဗျပ်ထိုး ကုန်စိမ်းသည် ၊ ငါးသည်များ ကလည်း အနည်းဆုံး ၁၅ ယောက်ခန့်ရှိသည် ။ ဘိန်းမုန့် တစ်ချပ်ချင်း ရေနွေးကြမ်းတစ်အိုးနှင့် ပူပူလောင်လောင် နှစ်ခြိုက်စွာ စားသောက်ပြီးသွားသည် နှင့် ကီလီကုန်စိမ်းဈေးကြီး ဆီသို့ အပြေးအလွှား ဗိုက်ပူ ချက်ကြီးကားများကို စီး၍ သွားကြည့်တော့သည် ။

ရပ်ကွက်ထဲ လှည့်ပတ်၍ ဘိန်းမုန့် ရောင်းချသော ဈေးသည်များ ကိုလည်း နံနက် ငါးနာရီထိုးသည်နှင့် ဦးစွာ အရင်ဆုံး ဖြည့်တင်း စားသောက်လေ့ရှိကြသည် ။ အိမ်ရှေ့ ကွပ်ပျစ်ပေါ်တွင် ဘိန်းမုန့်ချပ်များကို အစီအရီ ထပ်တင်ထား၍ အလှည့်ကျ စောင့်ယူကြရန် မုန့်သည်များ ရောက်နေကြသည် ။ သူတို့တစ်တွေကလည်း ဘိန်းမုန့်ပူပူလေးနှင့် ရေနွေးကြမ်းလက်ဖက်ခြောက် ခပ်ကျကျကလေး ခွက်ကြီး တစ်ခွက်ဖြင့် သူတို့ ဝမ်းကို ထို ဘိန်းမုန့်ရောင်းသူ အုပ်စုကလည်း အသက်အရွယ် အတွေ့အကြုံမျိုးစုံ ၊ ဒုက္ခသုက္ခ မျိုးစုံကို ကြုံတွေ့ ခဲ့သော ကျေးလက်တောရွာ မျိုးစုံမှ မြို့ပေါ်သို့ တက်ရောက်လာကြသူများ ဖြစ်ကြသည် ။ ဤအလံနီရပ်ကွက်ထဲမှ ဆင်းရဲလွန်းသော တဲပုတ် ၊ တဲကုပ် ၊ အိမ်ခန်းကျဉ်းက လေးများ ငှားရမ်း နေထိုင်ကြသူများဖြစ်ကြသည် ။

အမေ့အိမ်သည် ဤရပ်ကွက်ထဲ ရှိသော အခြားသော တဲအိမ်များထက် ကျယ်ဝန်းပါသည် ။ အလျားပေ ၂၅ ပေ ၊ အနံမှာ ၁၂ ပေကျော်ခန့် ရှိလိမ့်မည် ။ လမ်းမကြီးနှင့် ကပ်၍ ရှိနေသောကြောင့် စီးပွားရေးဈေးကွက် နေရာဖြစ် နေသည် ။ ဘိန်းမုန့်ရောင်းသော အလုပ်သည် အမေ့ စီးပွားရေးဦးပိုင် ဖြစ်သည် ။ အခြားသော မုန့်ဟင်းခါး ၊ အသုပ်မျိုးစုံနှင့် တို့စရာ ချဉ်ဖတ်မျိုးစုံကိုလည်း ရောင်းပါသေးသည် ။ စီးပွားရေးအခက်အခဲ ကြီးကြီးမားမား မရှိသဖြင့် အမေသည် ပျော်ရွှင်နေပုံရသည် ။

⎕ ညိုသစ်
📖မဟေသီ မဂ္ဂဇင်း
     ၂၀၁၄ ၊ မေလ ၁

No comments:

Post a Comment