Saturday, March 28, 2026

ပဝါလက်တစ်ကမ်း


 

❝ ပဝါလက်တစ်ကမ်း ❞
           ( သတိုး )

တွေ့လိုသေးသည်ဟု သူ အမှာစေ၍သာ မာ ... ရောက်လာခဲ့ရသည် ။ မာ့ သဘောအတိုင်းသာ ဆိုလျှင်တော့ ကိုယ်စိတ်ပင်ပန်း ညစ်နွမ်းစရာ သည်လို တွေ့ဆုံခွင့်မျိုး ဘယ်သောအခါမှ မကြုံဆုံလိုတော့ပြီ ။ စကတည်းက မှားယွင်း နေခဲ့သော ပုစ္ဆာတစ်ပုဒ်ကို ကိုယ့်ရပ်တည်ချက် ၊ ကိုယ့်အမြင်အတွေးတို့ဖြင့် အဖြေရှာထုတ်ကာ ကိုယ့်ရလဒ် အဖြေသာ အမှန်ဟု ငြင်းခုံနေကြရန် နှစ်ဦးနှစ်ဖက်စလုံး အတွက် မသင့်တော်ပါတော့ ။ မာတို့ ရပ်တန့်သင့်ကြပြီ ။

“ အတူတူ ပြန်နေကြရအောင် ”

သူက သည်စကားကိုပဲ ဆိုလာဦးမှာ သေချာသည် ။

“ ဒါဆို ကျွန်မတို့နဲ့ ပြန်လာနေလေ ၊ အရင်ကလိုပဲ ”

သူ့အတွက် ခါးသီးမည်မှန်း သိသော်လည်း မာကတော့ သည်စကားကိုပဲ ဇွတ်ပြောရပေဦးမည် ။ ပြီး ... အပြန်အလှန် အပ်ကြောင်းထပ် ဆိုစကားတွေနှင့် မီးခိုးမဆုံး မိုးမဆုံး သဘောထား ကွဲလွဲငြင်းခုံ အော်ဟစ်ကြရဦးတော့မည် ။

“ အေးလေ .. မင်းက အစကတည်းက ကိုယ့်ကို ချစ်လို့ လက်ထပ်ခဲ့တာ မဟုတ်တော့လဲ ”

သူ ... သည်စကား တစ်ခွန်းဖြင့် အနိုင်ပိုင်းလာခဲ့လျှင်တော့ မာ မခံရပ်နိုင်စွာ ဆွေ့ဆွေ့ခုန် နာကျင်ရပေလိမ့်ဦးမည် ။

••••• ••••• •••••

“ မောင်မျိုးမင်းလို လူမျိုးကတော့ ဒီခေတ်ထဲ သူတစ်ယောက်တည်း ရှိမယ် ထင်ရတယ် ။ အတော်ကို ရှားသွားပြီ ”

“ ရှာမှ ရှားရင်လည်း ပြတိုက်ပို့လိုက်ပေါ့ အမေရယ် ”

ဟု မာက စိတ်စကားဖြင့် ခွန်းတုံ့ပြန်နေမိသည် ။ သူ မာတို့ အိမ်ခေါင်းရင်းခန်းသို့ စပြောင်းလာသည့် နေ့က စ၍ နေ့စဉ် ကြားနေရသည့် အမေ့ ချီးမွမ်းခန်းတွေကို မာ နား ကြားပြင်းကတ်လှပြီ ။

“ ခမျာ ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘမဲ့ ဖြစ်ခဲ့ရတာတောင် လေလွင့်ပျက်စီး မသွားခဲ့ဘူး ။ မိဘလုပ်ငန်းကို အခြေမပျက် တိုးတက်အောင် ထိန်သိမ်းနိုင်ခဲ့တယ် ”

“ ဒါဆို တော်တော် ချမ်းသာနေရောပေါ့ ။ အိမ်ပိုင်တောင် မရှိလို့ မာတို့ ဆီမှာ အိမ်ငှားနေတဲ့ သူကလေ ”

“ ဟဲ့ မာ .. ၊ ညည်း ဘာမှ မသိဘဲ ရမ်းပြော မနေနဲ့ ။ သူ့ဇာတိမြို့မှာ ညည်းအိမ် ထက် အပုံကြီးသာတဲ့ ကိုယ်ပိုင်အိမ်ရှိတယ် ။ အိမ်ငှား ပြန်တင်ထားတာလည်း ညည်း အိမ်ငှားခထက် အဆများစွာ ပိုရတယ် ညည်းသိလား ။ သူ က တစ်ကိုယ်တည်းသမားမို့သာ ညည်း အိမ်စုတ်ကလေးမှာ ဖြစ်သလို လာနေတာ ”

မာတို့ အိမ်ကလေးက အိမ်စုတ် မဟုတ်ပါ ။ အဘိုး လက်ထက် ကတည်းက ဆောက်ခဲ့သော နှစ်ထပ်ပျဉ်ထောင်အိမ်ကလေးဟာ ရေနံ ဝေးနေခဲ့တာ နှစ်များစွာမို့ အိုဟောင်းခဲ့ပြီဆိုပေမဲ့ တောင့်တင်းခိုင်ခံ့နေဆဲ ။

“ မာ ကတော့ အထင်မကြီးပါဘူး ”

“ မိမာနော် ၊ ငါ ခင်းထားတဲ့ စကားအကုန်လုံးကို ညည်း ဆန့်ကျင်ဘက်တိုက်ပြီး လာပြောနေတာ မဟုတ်လား ။ မရဘူး ၊ ငါ ရှင်းရှင်းပဲ ပြောမယ် ။ ညည်းနဲ့ မောင်မျိုးမင်းကို ငါ နေရာချထားပေးဖို့ စီစဉ်မယ် ၊ ဒါပဲ ”

“ ဟာ .. အမေ ၊ မာ့ကိုလည်း မမေးမမြန်းနဲ့ ။ မဖြစ်ဘူးနော် ။ မာ လက်မခံဘူးနော် ”

“ လက်မခံလို့ မရဘူး မိမာ ။ ညည်းလည်း စဉ်းစားတတ်တဲ့သူပဲ ၊ ဒီလို လူကောင်း သူကောင်းမျိုးကို ။ ပြီးတော့ ညည်းကိုလည်း မြတ်နိုးရှာ တယ် ”

“ မာမှ သူ့ကို မချစ်ဘဲ ”

“ မိမာ ၊ ဒီလိုလူမျိုးကိုမှ မစဉ်းစားရင် ညည်းက ဘယ်လိုလူမျိုးကို စဉ်းစားနေလို့တုံး ။ ညည်းနော် ... ညည်း ဘယ်အချိုး ချိုးနေတယ် ဆိုတာ ငါမသိဘူးများ မှတ်နေလား ”

“ ..... ”

“ ငါကတော့ ငါ့အစီ အစဉ်အတိုင်း ဆက်လုပ်ရမှာပဲ ။ အေး ... ညည်း ... ငါ့ကို ဆန့်ကျင် ထင်ရာစိုင်းသွားလို့ ကတော့ ငါ့အကြောင်း သိ သွားစေရမယ် ”

သူနှင့် စတင် ပတ်သက်ရတော့မည် ဆိုကတည်းက မာ မျက်ရည်ကို ရင်းနှီးခဲ့ရတာ ဖြစ်သည် ။

••••• ••••• •••••

“ အဲဒီလူ မာ့အပေါ်  ရိုးမှ ရိုးရဲ့လား ”

မာ ဝင့်ခနဲ မျက်စောင်း ချီလျက် -

“ အမေက ငါ့ကို သူနဲ့ စီစဉ်ပေးချင်လို့တဲ့ ”

“ ဘာ … သူက နင့်ကို ကြိုက်နေတာပေါ့ ၊ ဟုတ်လား ”

“ ..... ”

“ နင် ... နင်ကရော ”

“ မေးစရာလားဟဲ့ ၊ နင် တစ်ယောက်လုံး ရှိနေတဲ့ဥစ္စာ ”

“ ဟူး တော်ပါသေးရဲ့ မာရယ် ။ နင် နောက်မှ စိတ်လည် မသွားရဘူးနော် ”

မာ ပင့်သက်ရှိုက်ဖြစ်ရကာ -

“ ငါ့စိတ်က ဘယ်တော့ မှ မပြောင်းဘူး အောင် ။ စိတ်ချ ။ ငါ နင့်ကိုပဲ ချစ်တာ ”

လက်ခနဲ လင်းဖြာတော့ မတတ် အောင့် မျက်နှာသည် “ ဒါပေမယ့် ” ဟူသော မာ့ စကားနောက်ဆက်တွဲကြောင့် အုံ့ပျမှိုင်းရီသွားရပြန်သည် ။

“ အမေက ပြောလို့ မရဘူးအောင် ၊ ဇွတ်ကြီး စီစဉ်တော့မယ့်ပုံပဲ ။ အဲဒီလိုဆိုရင် ငါ အမေ့ကို လွန်ဆန်ဖို့ မလွယ်ဘူး ”

“ ဟာ ... နင်ကလည်း ”

“ နင်ကလည်း မလုပ်နဲ့လေ ၊ ငါ့မှာ နာတာရှည် လူမမာသည် အဖေရှိတယ် ။ လူလားမမြောက်သေးတဲ့ မောင် ၊ ညီမတွေ ရှိသေးတယ် ။ အမေကလည်း ငါ့ကိုပဲ တစ်ပြန် အားကိုးနေသေးတာ ။ အဲဒါ တွေ အားလုံးကို ငါက မျက်ကွယ်ပြုနေလို့ ရမလား ”

အောင် တစ်ယောက် ရှူးရှူးရှားရှား ဖြစ်နေသော် လည်း တုံ့ပြန်စကား တစ်ခွန်း မျှ မဆိုနိုင် ။

ခုနေမှာ “ ငါ့ကိုပဲ အား ကိုးလိုက်ပါ မာရယ် ” ဟု သူ ပြောလာခဲ့လျှင် ဘယ်လောက် ကြည်နူးစရာ ကောင်းလိုက်မလဲဟု မာ စိတ်ကူးယဉ်ချင်နေသေးသည် ။ ဒါပေမဲ့ ဒီစကားကို နင် မဆိုနိုင်သေးတာလည်း မာ နားလည်ပါတယ် အောင်ရယ် ။

“ ကျွတ် .. ငါက ခပ်ညံ့ညံ့ကောင်ပဲ မာရယ် ။ ခုချိန်ထိ နင် အားကိုးအားထား ပြုနိုင် လောက်တဲ့ အခြေအနေမျိုး ငါ့မှာ ဘာတစ်ခုမှ မရှိဘူးနော် ”

မာ ခေါင်းမညိတ်ရက်ခဲ့ပါ ။ နှစ်သိမ့်ဖေးမစကား ပြောရန်တော့ ကိုယ်တိုင် ခွန်အားပျောက်ဆုံးနေသလို ရှိသည် ။

“ ယောကျ်ား တစ်ယောက်ကို မချစ်ဘဲ အားကိုးရရုံ သက်သက် အတွက်တော့ ငါ လက်မထပ်ချင်ပါဘူး အောင်ရယ် ”

••••• ••••• •••••

မာ ကျောင်းပြီးသည့် နှစ်မှာပင် မာတို့အဖေ ရုတ်တရက် လေဖြတ်ကာ အိပ်ရာထဲ လဲခဲ့လေသည် ။

အဖေ အခုလောက် ထူနိုင် ၊ ထနိုင်ရုံ အခြေအနေသို့ ရောက်ရှိလာရန်ပင် မာတို့ သားအမိတစ်တွေ မနည်းပြုစု ကုသခဲ့ရပါသည် ။ ဒါတောင် မာ က အိမ်စဉ်လှည့်ကာ Study Guide ပေးရင်း တစ်ဖက်တစ်လမ်းက ဝင်ငွေ အကူအပံ့လေး ပေးနေနိုင်သေးလို့ တော်တော့သည် ။

ဒါပေမဲ့ အငယ်တွေ ကျောင်းစရိတ် ၊ မိသားစုစရိတ် ၊ အဖေ့ ဆေးဖိုးဝါးခ ... အားလုံးသော အထွေထွေ အသုံးစရိတ်တို့နှင့် ဘယ်လို ကာမိနိုင်ပါ့မလဲ ။ အိမ်ထောင်တစ်သက် အမေ ခြိုးခြံသိမ်းထုပ် စုဆောင်းခဲ့ သမျှ ရွှေတိုမယ်နလေးတွေ တတိတိ ပြုတ်ပြုတ်ပြုန်းလေသည် ။

“ အမေတို့ ဒီအိမ်လေးကို အခန်းကန့်ပြီး အိမ်ငှား တင်ရအောင် ”

သည်စဉ်တုန်းက မာလည်း အလိုတူအလိုပါ ဖြစ်ခဲ့ သော်လည်း ကိုယ့်အိမ်ငှားက တစ်ကိုယ်တည်းသမား လူ လွတ်တစ်ယောက် ဖြစ်နေ သောအခါ အတော် ကသိကအောက် အနေခက်လေသည် ။

ဒါပေမဲ့ မာတို့ အမေက သူ့ကိုဆို ဖော်ဖော်ရွေရွေ အရေးပေးလွန်းသည် ။ အမေ့ စကားဖြင့် အောင့်ကို မကြည်လင်ကြသော မောင် ၊ ညီမ တွေကလည်း သူမှ သူ ။

သားသမီးများနှင့် ဇနီးသည်ကိုပင် ဇဝေဇဝါ ဆက်ဆံတတ်သော အဖေက သူ့အသံ ကြားလျှင် စကားရွှင်ပျ ရှိနေတတ်ပြန်သည် ။ တကယ်တော့ မိသားစုဘဝကို တောင့် တငတ်မွတ်နေသော သူက မိသားစုဝင် တစ်ယောက်လို နေသားတကျ အကျွမ်းတဝင် နေတတ်လှသည်ကိုး ။

အောင်တို့မှာ အဖေ မရှိတော့ ။ အမေ ကလည်း ရိုးအေးသော သာမန် အိမ်ရှင်မ ဘဝဖြင့်သာ တစ်သက်လုံး အသားကျလာခဲ့သူဖြစ်သည် ။ သားအကြီးဆုံး ဖြစ်သော အောင့် အပေါ်မှာ အစ်ကိုကြီး အဖရာ ဆိုသော မိသားစု တာဝန်တွေ ပုံနေရတော့သည် ။

“ နင် .. ငါ့ကို နားလည် ရဲ့လား ”

“ နားလည်ပါတယ် အောင်ရယ် ။ ငါ့ကို ငါ့ကိုလည်း ....”

အောင့် ကိုလည်း သနား အားနာစရာ ကောင်းလှတော့သည် ။

••••• ••••• •••••

မာတို့၏ အိမ်ထောင်ဦး ကာလ အစ နေ့ရက်များကတော့ သာယာစိုပြည်ခဲ့သည် ထင်ပါ၏ ။

ခင်ပွန်းသည်၏ ချစ်နိုး ယုယမှုများ ၊ အဖေ ၊ အမေ ၊ မောင် ၊ ညီမများ၏ ရွှင်ပျ ကြည်လင်မှုတို့ဖြင့် အရင်ကထက် ဝေစည်မြိုင်ဆိုင်လာခဲ့သော မိသားစုဘဝမှာ မာ ကျေနပ်နေပျော်ရလေသည် ။

ရုန်းကန်ရဆဲ အောင့် ပုံရိပ်နွမ်းတို့ မာ့ စိတ်အစဉ်မှာ လျင်မြန်စွာ ဖျော့မှိန်ပျောက် ကွယ်ခဲ့ရတာ အပြစ်ဟု ဆိုလာလျှင်လည်း မာ ရဲဝံ့စွာ ဝန်ခံရဲခဲ့ပြီ ။

မာ့ ဘဝမှာ မာ့အား အရိပ်ကြည့် ဖေးမစောင့် ရှောက်ဖော်ရသော ၊ မာ့ ဘဝ စိတ်ချလုံခြုံစွာ ခိုလှုံခွင့်ရသည့် ခင်ပွန်းသည်၏ ရင်ခွင်သည်သာ မာ ပိုင်ဆိုင်သော ကမ္ဘာ ။ အဲဒီ ကမ္ဘာငယ်ထဲမှာ မာ့ကို ချစ်မြတ်အားကိုးစွာ မှီတွယ်နေကြသော မာ့ မိသားစုလည်း ပါဝင်ခွင့်ရနေ သေးတာကြောင့် ပိုမို မက်မော ဖက်တွယ်မိတော့တာ ဖြစ်သည် ။

“ မာ အလုပ် မလုပ်နဲ့ တော့ကွာ ၊ ကိုယ်လည်း ပြည့်စုံအောင် ရှာဖွေနေနိုင်တာပဲကို ”

မာ ပြုံးရုံမျှသာ ပြုကာ လက်မခံနိုင်ခဲ့ပါ ။ မာတို့ အိမ်၏ စားအိုးက မာနှင့်သာ တိုက်ရိုက် ပတ်သက်နေတာလေ ။ သူ တစ်ယောက်တည်းအပေါ် သည်တာဝန်တွေ ပုံပေးကာ မာ ငြိမ့်ငြိမ့်ကလေး မနေနိုင်ရက်ပါ ။ ပြီး တစ်ဖက်စောင်းနင်း ကာလရှည်ကြာ လာခဲ့လျှင် အပြစ်မြင် ငြိုငြင်စရာ ဖြစ်လာမှာကိုလည်း မာ ကြိုတွေး စိတ်ပူထားနှင့်ပါသည် ။

ဒါပေမဲ့ မာ့ ပူပန်မှုတွေ မှန်ကန်လာခဲ့လျှင်တော့ တုန်လှုပ်ရသူမှာ မာပဲ ဖြစ်ပြန်သည် ။

••••• ••••• •••••

အဓိက,ကတော့ မာ့ မောင် ၊ ညီမငယ်လေးများ အတွေးအသိ မလိမ္မာကြသေးတာဟု မာက ဆိုလျှင် မာ့ကို အမေကစလို့ စကားနာ ထိုးနှက်ကြပေလိမ့်မည် ။ ကိုယ့်အိမ်အခြေအနေ ၊ ကိုယ့်မိသားစုအကြောင်း တစ်ချက်မျှ စောင်းငဲ့ ကြည့်ဖော် မရကြ သူလေးတွေဟု မာက အားမလို အားမရ ရှိခဲ့သော်လည်း သူတို့တစ်သက် ဘယ်လိုပူပန် ဝန်လေးမှုမျိုးမှ မရှိရအောင် အမေနှင့် မာတို့ စွမ်းဆောင် ဖြည့်ဆည်းပေးခဲ့ကြတာဖြစ် သည် ။ မာ ကတော့ မှတ်မိသိတတ်စ ကတည်းက အမေ့ တီးတိုးဖော်ဆိုတော့ ကိုယ့်အိမ်၏ ရှိခြင်း ၊ မရှိခြင်းကို ငယ်ကတည်းက နားလည်လွန်တတ်ခဲ့သူပင် ။ အမေ့အပူကို မျှယူ ကူညီနေမြဲ အလေ့အထုံ ကလည်း စွဲမြဲနေခဲ့ပြီ ။

ဆယ်တန်း တဖုန်းဖုန်း ကျကာ ပညာရေးကို လျစ်လျူရှုလိုက်ရသော မာ့ မောင်လေးကတော့ တာဝန်မဲ့ နေတတ်လွန်းလှသူ ဖြစ်သည် ။ စားချိန် လွန်လေမှ အိမ်ပြန်စားသည် ။ ညဉ့်နက်သန်းခေါင်တိုင်လေမှ အိမ်တံခါးလာ ခေါက်သည် ။ တစ်ခါတစ်ရံ အိမ်အပြန်မှာ အနံ့လေး တသင်းသင်း ရှိတတ်ပြန်သေးသည် ။

ကိုမျိုးမင်းက သူ့အလုပ်မှာ တစ်ဖက်တစ်လမ်းမှ ဝင်ကူစေချင်သည် ။ မထီမဲ့မြင် ၊ အရေးမျှ မလုပ် ။ မာ တစ်ခွန်းတစ်စ ဝင်ပါရုံမျှဖြင့် အမေနှင့် ရင်ဆိုင်ရတော့သည် ။

ကျန် မောင် ၊ ညီမများ၏ ရေသာခို ၊ ပေါ့တန်သော အပြုအမူ ၊ အနေအထိုင် ၊ စိတ်နေစရိုက်များကိုလည်း ဘဝနာ ၊ အောက်သက်ကျေသော မာတို့ နှစ်ဦးစလုံးက အမြင် မတော်ကြပါ ။ စိမ်းသူက မပြောမိအောင် သတိထားနေရသည် ။ မာ ကတော့ မရပေ ။ သူ ပြောလာခဲ့လျှင်လည်း မာ ကိုယ်တိုင် ခံစားနိုင်မည် မဟုတ်တာမို့ ကိုယ်က အလျင် ဦးအောင် ကြိုပြောထား ၊ ဆုံးမထားနှင့်တာလည်း ပါသည် ။

ရှေ့တွင်တော့ “ ဟုတ်ကဲ့ ” ကြပါရဲ့ ။ ခေါင်းကလေးတွေ တညိတ်ညိတ် ။ တကယ်တမ်းမှာ ဟုတ်ကဲ့ အရေအတွက် များလာတာသာ အဖတ်တင်သည် ။ ကျင့်ကြံ နေထိုင်ပုံတွေက နည်းနည်းကလေးတောင် မူမပျက်ခဲ့တော့ မာ့ ဘက်က တစ်ရစ် တိုးရပြီ ။

“ ဒီအိမ်မှာ ငါသာ မရှိရင် နင်တို့တစ်တွေ မလွယ်ဘူး ”

ဒါဟာ မာ့တစ်သက် လုံး လက်သုံးစကားပဲ ဖြစ်ပါသည် ။ ဒါပေမဲ့ အခြေအနေက စိမ်းသူဘက် တွေးတော ရမည်မို့ အနက်ကောက် လွဲမှားစရာ ဖြစ်ခဲ့ရတော့သည် ။ ထိုစကား အမေ့နားသို့ ရောက် သောအခါ မာက ကိုယ့်ဂုဏ် ကိုယ်ဖော် မသူတော်သော ဘဝသို့ ရောက်ရတော့သည် ။ မာ .. စကားကျွံခဲ့မိလို့ နုတ်ရခက်ခဲ့ပြီ ။

သူတို့ဘက်မှာ အမေ ရှိနေတာ သေချာ သွားခဲ့တော့ သင်းတို့လေးတွေက မာတို့ လင်မယားအပေါ် အရိုသေ တန်လာခဲ့ကြပြီ ။ မာတို့ မိသားစုကြားမှ စကား အသွားအလာကို ကိုမျိုးမင်း မရိပ်မိ ၊ မသိရှိစေဖို့ မာ့မှာ ဖုံးဖိ ၊ အုပ်ဆိုင်းနေရပြန်တော့သည် ။

ဒါပေမဲ့ လူကြီးဖြစ်သော အမေက စကားစ တစ်ခု ရလျှင် မပြီးစီးနိုင်တော့စွာ  တဖျစ်တောက်တောက် မဆုံးတမ်း ရှိတတ်ပြန်ရာ ပါး နပ်သော ကိုမျိုးမင်း လည်း အလွယ်တကူ သိနားလည်ရ တော့သည်ပင် ။

သည်အတွေ့အကြုံမျိုးတွေ ကြိမ်ဖန်များစွာ ကြုံလာရသောအခါ ထားခဲ့ပြီးသော စေတနာကမ်းပါးတို့က တတိတိ တိုက်စားခံ ပြိုပျက်လုခဲ့ပြီ ။ မာတို့ မိသားစုမှာ အဖေ နှင့် သမီး သာ ရှိမနေခဲ့လျှင် ကိုမျိုးမင်းသည် သည့်ထက် စောစီးစွာ မာတို့ ဘဝမှ ဝေးလွင့် စွန့်ခွာသွားနိုင်ကောင်းလေသည် ။

အဖေ့ အသုဘ မြေကျ ရက်လည် အပြီးမှာပင် ကိုမျိုး မင်း အိမ်မှ ဆင်းလေသည် ။

••••• ••••• •••••

မာနှင့် ကိုမျိုးမင်းတို့ ချစ်သူရည်းစားတွေလို ပြန်ချိန်းတွေ့နေရတာ မာ့စိတ်လိပ်ပြာ မလုံလှသလို အမေကလည်း မကြည်ဖြူနိုင်ခဲ့ပေ ။

“ ညည်းအကောင်က ဘာပြောလိုက်သေးလဲ ”

အငေါ်တူးသလို ဆိုနေပေမဲ့ အမေ တကယ်ကို သိလိုဆန္ဒ ပြင်းပြနေတာ သိသာပါသည် ။

“ ထုံးစံအတိုင်း ဒီစကားပဲပေါ့ အမေရယ် ၊ အတူပြန်နေဖို့ ”

“ ညည်း မပြတ်နိုင်ရင် လိုက်သွားပေါ့ ၊ တို့တစ်တွေကို ငဲ့မနေနဲ့ ”

မြေးကို တင်းတင်းဖက်ရင်း ဆိုလာသော အမေ့စကားက မာနချည်းသက်သက်ကြောင့် မဟုတ်တာ မာ နားလည်နေပါသည် ။ မာ စိတ်ဆင်းနေရသည့် အဖြစ်မျိုးကို အမေ လိုချင်မှာ မဟုတ်ပါ ။ သူ့မြေး ဥမမည် စာမမြောက် ကိုလည်း မိစုံဖစုံ ကြီးပြင်းစေချင်မည်ပင် ။ ဒါပေမဲ့ မာသာ အနားမှာမရှိလျှင် အမေ စိတ်လုံခြုံနိုင်မည် မထင် ။

သားငယ် သမီးငယ်များ အသိနည်းပါးကြလေတာ အမေ မသိလို့ မဟုတ်ပါ ။ ဒါပေမဲ့ သူတစ်ပါး ပြစ်တင် ငြိုငြင်လာတာ ကိုတော့ ခံစား မရနိုင်ပြန် ။ မိခင်မျက်စိ အကြည့်မျိုးနှင့် ထပ်တူကျအောင် ဘယ်သူက ကြည့်မြင် နားလည်ပေးနိုင်မှာမို့လဲ ။

ကိုမျိုးမင်း သည်လည်း မာနှင့် ပတ်သက်သော အိမ်ထောင်ဦးစီး အရာဖြင့် ဆိုဆုံးမခွင့် ရှိတာ အမေ နားလည်ပါသည် ။ သူဝင်ပြောလို့ အငယ်တွေက နာခံကြလျှင်တော့ တစ်မျိုးပေါ့ ။ သူတို့တွေက ဘက်ပြန် ၊ ခံပက်လိုကြသောအခါ ပဋိပက္ခကြားမှာ တဟင်းဟင်း ဟန့်တား နေလျက်ကပင် သားသမီးတွေဘက် ဘက်ပင်းမိလျက်သား ဖြစ်ရပြန်သည် ။

အမေ မမျှတဟု ကိုမျိုးမင်း က မကြည်လင်ပြန်သော အခါ အမှီခိုခံ ဘဝမို့ သည်လို ပြုမူရဲသည်ဟု အမေ့မာန ငယ်ထိပ် တက်ရပြန်တော့သည် ။

မာ့ မှာတော့ ခင်ပွန်းသည်နှင့် မိသားစုအကြား မရုန်းသာ မလွန့်သာ အနေ ခက်ရပြန်တော့ပြီ ။

••••• ••••• •••••

“ အိမ်ခွဲ နေရအောင် ”

သူ ပြောလာကတည်းက မာ အကြိမ်ကြိမ် အားတင်း ကြိုးစားကြည့်ပါသေးသည် ။ မာ့ တစ်ကိုယ်စာ ပြည့်စုံလုံခြုံရုံမျှဖြင့် မာ နေပျော်နိုင်ပါ့မလား ။ အိုမင်းမစွမ်း ဘက်သို့ ယိုင်လာခဲ့သော အမေ့ကို မာ ငဲ့ညှာရပါမည် ။ မောင် ညီမငယ်များကလည်း အသိနည်းကြသေးသည်မို့ ပိုလို့ စိတ်မချနိုင် ။

“ မာ့ကို ထားခဲ့တော့ ”

မျက်စိစုံမှိတ်ကာ ဇွတ်ပြောချလိုက်တော့သည် ။

••••• ••••• •••••

“ ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ဦး မာ ။ မင်းမိသားစု အတွက်ရော ၊ သမီးအတွက်ရော မင်း ကျန်းမာနေမှ ဖြစ်မှာ ”

“ မာ နေကောင်းပါတယ် ”

“ အဆင်ပြေကြရဲ့လား ”

ခေါင်းသာ ညိတ်ပြလိုက်သည် ။

“ အခက်အခဲရှိရင် ကိုယ့်ကို အရင်ပြောပါ မာ ၊ ကိုယ့်ကို မာနမထားပါနဲ့ ”

“ .... ”

“ အင့် …… ဒီမှာ … ”

“ အို ... ဟင့်အင်း ”

“ ဒီငွေကိုတော့ ယူသွား လိုက်ပါ မိမာရယ် ။ ကိုယ် မင်းရဲ့ ခင်ပွန်းတစ်ယောက် အဖြစ် ဒီနေ့အထိ ရှိနေဆဲပါပဲ ။ မင်း ထမ်းပိုး ထားသမျှ တာဝန် အားလုံး ဟာလည်း ကိုယ့် တာဝန်တွေပါပဲ ။ ဒါပေမဲ့ အတူ ပြန်နေကြဖို့ ဆိုတာတော့ ..”

“ မာ နားလည်ပါတယ် ”

“ ကိုယ့်ကို ခွင့်လွှတ်ပါ ”

ရွေ့ရွေ့ညင်ညင် ခေါင်းညိတ် ပြဖြစ်သည် ။

“ ဒီတစ်ခေါက် လာရင် သမီးကို ခေါ်ခဲ့ပါဦး ”

ဆက်တိုက် ခေါင်းညိတ်ရတာတွေ များလာတော့ ခေါင်းငုံ့ နိမ့်ကျနေရ သလိုပဲ ။

တကယ်တော့ မာ သမီးကို ခေါ်မလာချင်တော့ပါ ။ တဖြည်းဖြည်း မိဘအရိပ် အကဲကို နားလည်သိတတ်စ ပြုပြီဖြစ်သော သမီး ရှေ့မှာ သူနှင့် မာ စကားချေတင် မဆိုချင် ။ အို ... မာ ကိုယ်တိုင်လည်း သူနှင့် ခုလို ဆုံဖြစ်နေ ရသော အခြေအနေဟာ လူ မြင် မသင့်သော ရှက်စရာအဖြစ် တစ်ခုလို ထင်နေခဲ့တာကြာပြီ ။

“ မာတို့ ကွာရှင်းကြရအောင် ”

ဒီစကားကို မာက စတင် ပြောနိုင်ဖို့တော့ အချိန်ကာလ အတော်ကြာ အားမွေးရဦးမည် ဖြစ်သလို ပြောဖြစ်ဖို့ ကိုလည်း ခုတိုင် မသေချာလှသေးပါပေ ။

⎕ သတိုး
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း    
     ဖေဖော်ဝါရီ ၊ ၂၀၁၉

No comments:

Post a Comment