Monday, March 30, 2026

လူလုပ်လို့

 

❝ လူလုပ်လို့ ❞
    ( ပီမိုးနင်း )

ဦးအောသည် အထူးကြွယ်ဝသော ဘုရားဒကာ ၊ ကျောင်းဒကာ ဖြစ်သဖြင့် တစ်မြို့လုံး၏ ရိုသေလေးစားခြင်းကို ခံရလေ၏ ။ ၎င်းကို လည်းကောင်း ၊ ၎င်းနှင့် ပတ်သက်သူ ဟူသမျှကို လည်းကောင်း မည်သူမျှ မထီမဲ့မြင် ပြုလေ့ မရှိပေ ။

သို့ဖြစ်သောကြောင့် သူတော်ကောင်းကြီး တစ်ယောက်လည်း ဖြစ်လေ၏ ။ အကြောင်းမူကား သူတော်ကောင်းတို့ မည်သည် ဒေါသမျက်မာန် ကင်းမဲ့ကြရသည့် နည်းမျိုးအတိုင်း ဦးအောမှာ မည်သူကမှ စော်ကားမော်ကားပြုဖို့ မဆိုထားဘိ ။ မထီမဲ့မြင် အမှုကို အရိပ်အငွေ့မျှ မပြုခဲ့ကြသဖြင့် ဒေါသထွက်၍ နေသော မျက်နှာကို တစ်ကြိမ် တစ်ခါမျှ မမြင်ကြရပေ ။

ထိုရက်၌ကား ထူးခြားစွာ ဆတ်ဆတ်တုန်လျက် အိမ်ပေါ်သို့ တက်၍ လာရင်း ဘုရားအမ ကျောင်းအမ ဒေါ်စိန်အား လှမ်း၍ ပြောသည်ကား -

“ ဟေ့ ... မစိန် ၊ နက်ဖြန် ကိုအောင်ကျော်က မြေးကလေး စိန်ပုအတွက် နားထွင်းပွဲ လုပ်တယ်ဟေ့ ။ လူလုပ်လို့ ရှိသမျှ စိန်တွေကို အကုန်ထုတ် ။ မင်း ညီမ အိမ်မှာ ရှိသမျှ စိန်တွေလည်း အကုန် သွားစုပြီး ခဏယူခဲ့ ။ ဟေ့ ... မစိန် ငါတို့မှာ ဆွေမျိုးအသိုက်အဝန်းနဲ့ အတောင့်ချည်းပဲ ။ တစ်မျိုးလုံးမှာ ရှိသမျှ စိန်ကျောက်ရတနာ ဟူသမျှ အကုန်စု ”

ဘုရားအမ ။  ။ ဘာဖြစ်လာတာလဲ ၊ ဘုရားဒကာရဲ့ လူလုပ်လို့ လူလုပ်လို့နဲ့ နိမိတ်မရှိ နမာမရှိ ၊ ကိုအောင်ကျော် မြေး စိန်ပု နားထွင်းမယ် ကြားတာနဲ့ ဘာဖြစ်လို့ စိန်တွေ ၊ ကျောက်တွေကို တစ်မျိုးလုံး လိုက်စုရမှာလဲ ။ ဘုရားဒကာ ဒီကနေ့ ထူးတယ် စိတ်ကြီးလှချည်လား ။

“ စိတ်ကြီးတယ် ၊ ငါ ယနေ့ အလွန် စိတ်ကြီးတယ် ။ လူလုပ်လို့ ဟင်း ... ”

ဘုရားဒကာသည် ကျယ်သော အိမ်ရှေ့ခန်းကြီး၌ ဒုန်းဒုန်းမြည်အောင် အပြန်အလှန် လမ်းလျှောက်၍ နေလေ၏ ။

“ ပြောစမ်းပါဦး ဘုရားဒကာရဲ့ ၊ ဒေါသကြီးလှချည်လား ။ ဘယ်ကို သွားဦးမှာလဲ ။ ဖင်ကလေးများ ချပါဦးတော့ ”

“ မင်းတို့ ပြောနေ ကြာတယ် ။ ငါ ကိုယ်တိုင် သွားစုမယ် ”

ဘုရားအမက လက်ကို ဆွဲကာ ကြိမ်ပက်လက်ကုလားထိုင်ကြီးမှာ အထိုင်ခိုင်းပြီး အနားကပ်လျက် -

“ ပြောစမ်းပါဦး ၊ ဘာဖြစ်တာလဲ ။ လူသူလေးပါး မြင်ပါ့ ကြားပါ့မယ် ။ ဘုရားဒကာ စိတ်ဆိုးလို့ ဆူနေတယ်လို့ တစ်မြို့လုံး မောင်းတီးကြမယ့် မိဟိုဒင်းတို့က အင်မတန် နားပါးတယ် ။ ဖြည်းဖြည်း ပြောစမ်းပါဦး ”

“ ဒီလိုဟ ငါပြောမယ် ။ ရှေ့လထဲက သာဒွန်းဦး သား ရှင်ပြုရာမှာ မင့်သမီး ပွဲထိုင် သွားတာ မှတ်မိရဲ့လား ”

“ မှတ်မိပါတယ် ၊ ဒါ ဘာဖြစ်တာလဲ ”

“ ဒီတုန်းက အင်္ကျီမှာ စိန်ငါးသောင်းဖိုး စီသွားတယ် မဟုတ်လား ”

“ ဟုတ်ပါတယ် ၊ ဘာဖြစ်သလဲ ”

“ အခု ရှင်တုတ်တို့ လင်မယားက ကိုအောင်ကျော်ရဲ့ သမီး နားထွင်းပွဲမှာ သူတို့သမီး ဂွက်ထော်အပေါက်ထူ ဖြတ်စပျံလွှား ၊ တရုတ်ချေးတုံးမ သဘက်လို ဖြူပွပွကို စိန်ရှစ်သောင်းဖိုး စီပြီး လွှတ်မယ်တဲ့ ။ ဒါ ဘယ်သူ့ကို ပြိုင်တာလဲ ဆိုတာ သိရဲ့လား ။ ဒီက မင့်သမီး စိန်တွေနဲ့ လာလိမ့်မယ်ဆိုတာ သိလို့ သာအောင် လုပ်တာ မဟုတ်ဘူးလား ။ ဟိုပွဲထိုင်မှာ ဒီကလေးကို ပရိသတ်တွေ အကုန် ဝိုင်းပြီး ဂရုစိုက်ကြတာ မြင်သွားလို့ မခံချင်တဲ့စိတ်နဲ့ ပိုးစုန်းကြူးက လကို ပြိုင်မယ် ကြံတာ မဟုတ်လား ”

ဘုရားအမသည် အံ့သြလျက် ရင်ဘတ်ကို ဗြန်းခနဲ လက်ဝါးနှင့် ရိုက်လေ၏ ။

“ အမယ်လေးတော် ရေးရေးရာရာ လုပ်လို့ ။ ကျုပ်က ဘာများလဲလို့ ပြိုင်ပြိုင်တော် ပဲ့ပါတာလား ။ ဒုက္ခမရှာပါနဲ့ ပျောက်ရှရှိရင် ဆုံးဦးမှာ ။ မကောင်းဆိုးဝါး သူခိုးများကို သွားရည်ကျအောင် မလုပ်ပါနဲ့ ”

“ ဘောက်မယ်ကြောင့် မလုပ်ရမှာတုန်းဟ ။ ဟင် ... လောကမှာ ပစ္စည်းရှာတာ ဘာလုပ်ဖို့လဲ ။ ဒီလိုနေရာမှာ အကြော မခံရဖို့ ၊ သူများ တစ်ထောင် လှူရင် တစ်သောင်း လှူဖို့ ၊ သူများ ရေတွင်းတူးရင် ဘုရားတည်ဖို့ ။ လူစော်ကားရင် ဝတ်လုံငှားဖို့ မဟုတ်ဘူးလား ။ ဒီပစ္စည်းတွေဆို သေတ္တာထဲ ထည့်ထားဖို့ ရှာတာလား ။ ငါကိုယ်တိုင် သွားစုမယ် ”

“ ဪ ... ဒုက္ခ ဒုက္ခ ။ ဘုရားဒကာနှယ် ဘာမဟုတ်တာနဲ့ ဒုက္ခများလိုက်ပါဘိတော့ကရို ”

“ ဒုက္ခများရင် အသာနေ ၊ မင်းဒုက္ခ မဟုတ်ဘူး ။ ငါ့ဒုက္ခ ” ဟု ပြောပြီး ဆင်းသွားလေ၏ ။

နောက်တစ်နေ့ ဘုရားဒကာ၏သမီး အချောအလှ သေးသေးသွယ်သွယ် ဖြူဖြူဝင်းဝင်း ၊ ဖြောင့်ဖြောင့်စင်းစင်း တင်းတင်းထစ်ထစ် ကျစ်ကျစ်လျစ်လျစ် ထွင်ခံ၍ ထားသလို လုံးလျက် ၊ အဖိုဟူ၍ ရင်ဖိုမှ မသန်းရသေးဘဲလျက် ကိုယ်ရေစစ်၍ နေသူကလေးမှာ စိန်ကြောင်နီလာ စီမွှာသဂီဝါမောရ ကိုးမျက်ရှင်တို့တွင် နေ့ခင်းကြောင်တောင်မှာ ပိုးစုန်းကြူးရောင် လျှပ်ရောင်ပွင့်သော စိန်တို့ဖြင့် အရောင် တလျှပ်လျှပ်ဖြစ်ကာ ပရိသတ် အလယ်၌ တာဝတိံသာက သုဇိတာ ပွဲထိုင်ဆင်းလာသလားဟု မှတ်ထင်ရလောက်အောင် လောင်ခမန်းဖြစ်၍ နေလေ၏ ။ အချို့က ဟဲ့ ... မမလေးရဲ့ ရေနံဆီခွက် တိုးမိလို့ မီးလောင်လာသလားဟု ကျီစားရယ်မောကာ ထောမနာ ပြုကြလေ၏ ။ ဘုရားဒကာကြီးသည်ကား လေးဆယ်တန် ဘန်ကောက်ပုဆိုးကြီးနှင့် သမီးကလေး၏ နံဘေးမှာ ပြုံးပြုံးကပ်လျက်လာပြီး ရှင်တုတ်၏ သမီးဘက်သို့ ကြည့်လိုက်လေလျှင် စိန်ဘီး ၊ စိန်ကြယ်သီး ၊ စိန်လည်တုန် စသည်တို့ဖြင့် အင်္ကျီတစ်ထည်လုံးမှာ စိန်ကို ထွင်းထု၍ လုပ်ထားသလို မှတ်ထင်ရ၍ မိန်းမငယ်ငယ် ဒေါ်ဒေါ် ၊ ကြီးကြီး ၊ ဒေါ်ကြီး ၊ ဒေါ်လေး ၊ အရီးလေး ၊ အစ်မလေးတော်လို သူပေါင်းများစွာတို့ ဝိုင်းရံလျက် သူက ခေါ် ၊ ငါက ခေါ် ဖြစ်၍ နေကြသည်ကို မြင်ရလေ၏ ။

၎င်းမိန်းမများသည် ဘုရားဒကာ၏ သမီးကို မြင်ကြသောအခါ အင်္ကျီမှာသာ မဟုတ် ၊ ထဘီပါ စိန်တွေ ဇာပေါက်သလို ဖောက်တွယ်လျက် ရှေ့နောက် နေရာ ကွက်လပ် တစ်လက်မမျှ မကျန်အောင် စိန်တွေ မွှမ်း၍ လာသည်ကို မြင်ကြရလေ၏ ။

သို့မြင်လျှင်မြင်ခြင်း မစင်ကို ယင်အုံသလို တစ်ပြုံလုံး ဘုရားဒကာ၏ သမီးဘက်သို့ ရောက်ကာ ဟိုကဆွဲ ဒီကဆွဲ မိန်းမအပေါင်းတို့ ချဲ့၍ ပေးကြသော နေရာများမှာ ကလေးမ ထိုင်မည်ပြုရာ မိန်းမဝဝတုတ်တုတ်ကြီး တစ်ယောက်က ဟဲ့ ... မမလေးရဲ့ ၊ ကြီးကြီးဆီ လာပါဟဲ့ ။ ပြုတ်ကျ ကျပျောက်မှဖြင့် တစ်သိန်းကျော်ဖိုးလောက် အိမ်အောက်ထဲကျ ကြက်ချီသွားမှာပါကလား ၊ ကြီးကြီး စိတ်မချပါဘူးဟု ပြောပြီး စိတ်အားထက်သန်စွာနှင့် မမလေးကို ပခုံးနှစ်ဖက် ကိုင်မြှောက်ကာ မိမိ၏ နေရာအနီး ယူ၍သွားပြီး ဖျာပေါ်မှာ အထိုင်ခိုင်းရာတွင် မတော်တဆ မမလေး မှာ မိန်းမကြီး၏ လက်မှ ဖျာပေါ်သို့ လွတ်၍ ကျလျက် အမယ်လေးတော့ လာကြပါဦး ဟု မမလေး မှာ မချိတင်ကဲ နာသဖြင့် မျက်နှာမှာညို မျက်ရည်တွေပြို ၊ ပေါင်ဒါတွေ စိုလျက် အက်ကြောင်းထင်ကာ ဂွက်ထော် ထက်ပင် အရုပ်ဆိုး၍ သွားပြီး ရှုံ့မဲ့ကာ တင်ပါးအောက်ကို လက်နှင့် ကုန်း၍ နှိုက်လိုက်ရာ သွေးတွေ စိုရုံမက သင်ဖြူးပေါ်မှာလည်း သွေးတွေ ချောင်းစီး၍ နေသည်ကို မြင်ကြရလျက် အချို့မှာ ထိတ်လန့်၍ သွားကြလေ၏ ။ အချို့မှာ ကြိတ်ကာ ပြုံးကြလျက် ဘုရားဒကာ့နှယ်ဗျာ ၊ ကလေးမကလေးကို သူ့ရက်အတွင်းမှာ ပရိသတ်ထဲ ခေါ်မှ လာရက်ပလေဟု ပြောကြလေ၏ ။ သို့သော်လည်း လရာသီ အခါမဟုတ် အထပ်ထပ် စုတ်သပ်မှ မေးကြ မြန်းကြရာ သူ့အဖေ ဝတ်သော စိန်လက်စွပ်ချွန်ချွန်ကြီး တစ်လုံးမှာ တင်ပါးဆုံ နှစ်ခုစပ်ကြား အလယ်ကောင် တည့်တည့်ကို ကျသဖြင့် ပါးနူးသော ဖဲထဘီမှာ ပြည့်ဝသော တင်ပါးကလေးများ၏ ကန်ကြောက်ခြင်းကြောင့် တင်းစန့်၍ အလာတွင် ချွန်သော စိန်ကြီး၏ ဒဏ်ကို မခံနိုင်ဘဲ ပြဲစုတ်၍ သွားပြီး အသားအကြားကို များများကြီး ဝင်၍ သွားကြောင်း သိကြရလေသတည်း ။ သိရပုံမှာလည်း မလှမပ သိရခြင်းဖြစ်လေ၏ ။ အကြောင်းမူကား ဆွဲယူကာ တွဲ၍ သွားကြသောအခါ သွေးတွေ ချောင်းစီး၍ ကျသဖြင့် အလှယမင်း မမကလေး မှာ ကွတတလေး ဖြစ်၍ နေသည်ကို မြင်ကြရလေသတည်း ။

စိန်ကလည်း လွန်စွာ ထက်လေရာ ဘုရားဒကာကြီးမှာ လွန်စွာ ထိတ်လန့်လေ၏ ။ စိန်ကို မမြင်ရလေလေ လန့်လေလေ ဖြစ်လေ၏ ။ မမြင်ရသော်လည်း အဝင်ဝမှာ နေလျှင် မထောင်းသာ ။ ပြုတ်ကျ၍ ပျောက်မှဖြင့် ကောက်ရသူ အကော်ရိုက်တော့မှာပဲ ဟူသော ပူပင်ခြင်းက ပိုမို၍ ထောင်းလေ၏ ။

ချက်ချင်း ကားပေါ်တင် ဆရာဝန်ဒေါက်တာ အယန်းဆင် ခေါ် ပန်ချာပီကြီးထံ ပို့ရလေရာ ပန်ချာပီကြီးက မမလေးကို စစ်ဆေးသော အခန်းကလေးထဲသို့ သွင်းပြီး ဖခင်ဖြစ်သူ ဘုရားဒကာကြီးမှ တစ်ပါး မည်သူမျှ မဝင်ရဟု ပြောလေ၏ ။

ဘုရားဒကာမှာလည်း ဝင်ရမှာ ခက်သဖြင့် မဝင်ပါရစေနဲ့တော့ ဒေါက်တာ အယန်းဆင်ရယ် ။ ကြည့်သာ လုပ်ပါတော့ဟု အခွင့်ပြုရလေ၏ ။

ဖခင်နှင့် အဖော် မိန်းမများမှာ ရင်တုန်လျက် အပြင်မှ စောင့်ကြလေရာ အမယ်လေးတော့ ၊ အလယ်လယ်လယ် သေပါပြီတော့ ၊ အမယ်လေး စသည်ဖြင့် အော်သံကို ကြားကြရလေရာ ဖခင်ဖြစ်သူ ဘုရားဒကာမှာ အပြန်အလှန် မီးရထား စက်ခုတ်သလို လျှောက်လျက် ။ သက်မကြီး ချကာချကာ ကု,လားကြီး ၊ မညှာမတာ ငါ့ သမီးကို ကြမ်းကြမ်းတမ်းတမ်းများ လုပ်နေမလား ဘာလား ၊ ညာလားနှင့် ပူပင်လျက် မသက်မသာဖြစ်၍ နေသည်တွင် အဖိုးတန် စိန်လေးငါးလုံးကို ကု,လားကြီး ဆေးကတ်ကြေးနဲ့ ညှပ်မှဖြင့် ကလေး သေတာထက် ခက်တော့မှာပဲ ဟု အောက်မေ့၍ နေလေ၏ ။

သို့သော်လည်း ဆရာဝန်မှာ ဝတ္တရားကျေပွန်သော ပုဂ္ဂိုလ်ဖြစ်ရာ တစ်စုံတစ်ရာမျှ မတရားမယူ ။ မိမိ ကိုင်တွယ် ဆေးထည့်ရသည့် အတွက် ငွေ ၅၀ သာ တောင်းလိုက်လေ၏ ။ နောက် တစ်လလောက် ကြာသောအခါ မမလေး မှာ တစ်နေ့နံနက် အိပ်ရာထဲ၌ တစ်ကိုယ်တည်း ပက်လက်နေရင်း လက်ဝှေ့ရေးပြ၍ နေလေ၏ ။

မေးကြသောအခါ စကားမညီ ၊ သူရဲစီးသလို ဖြစ်၍ နေလေ၏ ။ ခြေနှစ်ဖက်မှာလည်း ဆတ်ခနဲ ဆတ်ခနဲ အနားလာသမျှ လူများကို ဆီး၍ ကန်လေ၏ ။

ထိုအခါ ဘုရားအမက ဒါ တခြား မဟုတ်ဘူး ၊ လူလုပ်တာပဲ ။ မရိုးဘူး ၊ ငါ့သမီး ဟိုအနာ ပျောက်ပြီး နောက် အမာကြီးပဲ ။ အကောင်းသား နေရာက စကားမပြောဘဲ အိပ်ရင်း အကြောဆွဲတာဟာ လူလုပ်တာပဲ ။

သို့ပြောရင်း ဒေါသထွက်လျက် ဘုရားဒကာ၏ မျက်နှာကို လက်ညှိုးနှင့် ထိုးကာ ရှင် နိမိတ်မရှိ ၊ နမာမရှိ လူလုပ်လို့ လူလုပ်လို့နဲ့ ဟိုနေ့က ပြောတာ အခု ဖြစ်နေပါပကော ဟု ဆူပူလျက် ပြောလေ၏ ။ ဒါ တခြားသူ လုပ်တာ မဟုတ် ၊ မိဘုတ်တို့ အတတ်ပဲ ။ ရှင့်ကြောင့် ဖြစ်တာ ရှင် ဟိုဒင်းရှည်လို့ ဖြစ်တာ ။ ကျုပ်သမီး အကောင်းသား နေရာက ဆေးရုံလည်း တက်ရတယ် ။ အခု ဖြစ်နေတာ မြင်ဝံ့သေးရဲ့လား စသည်ဖြင့် ပြောလေ၏ ။

မြင်သူ ဟူသမျှ တို့ ကလည်း ပယောဂဟု ပြောကြလေ၏ ။ ပယောဂဆရာများကို ခေါ်၍ ကုရာ ငွေငါးရာကျော် ကုန်သော်လည်း လက်ဝှေ့ထိုး ခြေကန် မရပ် ။ ပါးစပ်မှာ တစ်နေ့ထက် တစ်နေ့ စေ့လျက် အစာမဝင် ရေသာ ဝင်လေတော့သတည်း ။

နောက်ဆုံး၌ အားလုံး လက်လျှော့ကြသောအခါ ဒေါက်တာ အယန်းဆင် ကြားရသဖြင့် ဆရာဝန်မှာ များစွာ ဝမ်းနည်းခြင်း ဖြစ်လေ၏ ။ မိမိ အမှားကို ချက်ချင်း သိမြင်လေ၏ ။ အထိအရှတို့မှာ တင်းတေနစ် ပိုးဆေးကို မထိုးလျှင် တစ်ခါတစ်ရံ ထိုပိုး ဝင်၍ အကြောဆွဲ အာစေ့ သော ( လော့က် - ဂျော ) ခေါ် ရောဂါ ဖြစ်သည်ကို သတိရလေ၏ ။

ထိုနေ့မှာကား ဆရာဝန်ကြီးမှာ အမွှန်ကြီး မွှန်၍ နေသောကြောင့် ထိုအကြောင်းကို သတိမရဘဲ တင်ပါး အကြားမှ စိန် ကိုသာ ထုတ်ပြီး ပွန်းပဲ့သော အနာကိုသာ ဆေးသိပ်၍ ပေးလိုက်မိလေ၏ ။ ကြားလျှင် ကြားချင်း ဆရာဝန်သည် ထိုဆေးပြွန်ကို ချက်ချင်း ပြင်လျက် အဆောတလျင် ပြေးလာ၍ မမလေး၏ တင်ပါးကို အချက်ပေါင်း တစ်ဒါဇင် ထိုး၍ ပေးမှ သက်သာရာရလျက် သေတွင်းမှ နုတ်ယူရလေရာ ဆရာဝန်က ထိုရောဂါကို ပယောဂဆရာများ လက်လျှော့မှ ကုရသဖြင့် ငါးရာ တောင်းရာ ပေးလိုက်ရလေသတည်း ။

ထိုအခါ လူအများတို့က အင်္ဂလိပ်ဆေးများလည်း ပယောဂကို အရသားပါကလား ဟု အံ့သြကြလေ၏ ။

▢  ပီမိုးနင်း
📖 ရုပ်ရှင်လမ်းညွှန် ဂျာနယ်
      အတွဲ ၁ ၊ အမှတ် ၆၇
      သြဂုတ် ၁၇ ၊ ၁၉၃၄

No comments:

Post a Comment