❝ ကျုပ် ခယ်မ ❞
( ပီမိုးနင်း )
ဦးသာစံ နှင့် ဦးသာဟန် သည် ဂုဏ်တုဂုဏ်ပြိုင် ဖြစ်ကြ၏ ။ သို့သော်လည်း အပြင်အပ အားဖြင့် ခင်မင်သလို နေကြ၏ ။ ယခုမှာကား အခါတိုင်းနှင့် မတူ ၊ တစ်ယောက်ကို တစ်ယောက် မတွေ့ချင် သလိုလို ဖြစ်၍ နေကြလေ၏ ။ လမ်း၌ပင် တစ်ယောက်ကို တစ်ယောက် မလွှဲသာမှ တွေ့မြင်ကြ၍ နှုတ်ဆက်ကြ၏ ။ ထိုကဲ့သို့ ရက်ပေါင်း အတော် ကြာသောအခါ ဦးသာဟန် က စ၍ စကား ပြောလေ၏ ။
“ ဘယ့်နှယ့်ဗျာ ကိုသာစံ တို့များ ဘယ်လို အကြောင်းနဲ့ ကျုပ် အပေါ် ခါးခါးသီးသီး ဖြစ်နေရတာတုန်းဗျာ့ ။ ဒီ ကနေ့ မနက်လဲ တံတားဦး မှာ ကျုပ် မြင်မိပါတယ် ” ဟု တစ်စုံတစ်ရာကို စွပ်စွဲ သလို ပြောလေ၏ ။
“ ဘာဖြစ်လို့လဲဗျာ ။ ကျုပ် တံတားဦးကို ရောက်တာ တော့ မှန်ပါတယ် ။ ဆိုစမ်းပါဦး မြင်သလား ” ဟု ကိုသာစံ က ပြန်ပြောလေ၏ ။
“ မြင်တာပေါ့ဗျာ ။ ခင်ဗျားက မမြင်ဟန် ဆောင်နေတာ ကျုပ် သိပါတယ်ဗျာ ” ဟု ငေါ့သလို ကိုသာဟန် က ပြောလေ၏ ။
“ ကျုပ်လား ... ဘောက်မဲ့ ကြောင့် ဟန်ဆောင်ရမှာ တုန်း ။ မွန်းသာဟန် ရဲ့ ၊ ကျုပ်မှာ အရေးကြီးတဲ့ ကိစ္စကလေး ရှိလို့ပါ ။ ခင်ဗျားလဲ ကိစ္စရှိမှန်း သိလို့ နှုတ်မဆက်ဘဲ နေတာပါ ၊ ခင်ဗျားလိုချည်း မထင်ပါနဲ့ ”
“ ဘာအရေးများ ကြီးရတာလဲ ၊ သာလှကလေးနဲ့ ရယ်မော ပြောဆို နေတာဟာ အရေးကြီးတဲ့ ကိစ္စလားဗျာ ”
ကိုသာစံ မှာ အဖြေရ ကြပ်သလိုလိုနှင့် တအောင့်မျှ ငေးနေပြီးမှ “ ဒီလိုပါဗျာ ။ တခြား မဟုတ်ပါဘူး .... ” ဟု ပြောပြီး စကား ရပ်လိုက်လေ၏ ။
“ ခင်ဗျား မနေ့ကတော့ အရှေ့ မသွားဘူး ပြောပြီး တစ်ယောက်တည်း သွားတာမဟုတ်လားဗျာ့ ။ ပြီးတော့ သာလှ နဲ့ ကျုပ် အကြောင်း ပြောနေတာ မဟုတ်လား ” ဟု ကိုသာဟန် က စိတ်ဆိုးသော အမူအရာနှင့် ပြောလေ၏ ။
“ ဖြစ်မှ ဖြစ်ရလေ ကိုသာဟန် ရယ် ၊ ကျုပ် ပြောသမျှ စကားကို ခင်ဗျားက ပေထက်အက္ခရာ တင်ဖို့ မှတ်သားနေတာလားဗျာ့ ။ ကျုပ် မနေ့က ခင်ဗျားကို ဘာပြောမှန်းတောင် သတိမရဘူး ။ ကိုင်းဗျာ ဒါ ထားလိုက်ပါတော့ ။ ကျုပ် သွားချင်တဲ့ သူနဲ့ သွားပြီး ရယ်မောစကား ပြောချင်ရာ မပြောရတော့ဘူးလား ခင်ဗျာ ”
“ အရင်ကနဲ့ မတူလို့ ပြောတာပေါ့ဗျာ ။ အရင်ကတော့ အတူသွား အတူလာ ။ အခုမှ ခင်ဗျားက ဒီ သာလှ ဆိုတဲ့ ကလေးနဲ့ တွေ့မှ တစ်မျိုး ဖြစ်နေလို့ပြောတာပါ ။ သူတို့ သားအမိက ဘယ်အရပ်က ဒီရွာ လာပြီး သောင်ထွန်းတာလဲ ”
“ ခင်ဗျား စကား တစ်ခု ပြောရင် လုံပါ့မလား ” ဟု ကိုသာစံ က ပြုံးလျက် ပြောလေ၏ ။
ဟန် ။ ။ “ ကျုပ် ဘယ်တုန်းကများ သင်္ကာ ရှင်းရဘူးလို့လဲ ”
စံ ။ ။ ကျုပ် သာလှ အမေ နဲ့ ဗျ နေရာကျနေပြီ ။ သည်တော့ ကိစ္စများတယ် ။ ဗဟုကိစ္စ - လူ့ဘဝတဲ့ဗျ ။ တစ်ဘဝ ပြောင်းလဲခြင်းပဲ ” ဟု ကိုသာဟန် ကို အကဲခတ်သလို ကြည့်၍ပြောလေ၏ ။
ဟန် ။ ။ “ ဪ ... ဒီလိုလား ။ ဝမ်းသာရတာပေါ့ဗျာ ။ အခြေအနေ ပြောစမ်းပါဦး ”
“ အခြေအနေက ဒီလိုပေါ့ လေ ။ ဒီရွာမှာ အိမ်ဝယ်တယ် ။ သူ့ ယောက်ျား ဆုံးပြီးတာ အခါလယ်ပြီ ။ ဒီအိမ် ခြောက်ရာတန်တယ် ။ ချောင်းဟိုဘက်မှာ ပျဉ်ထောင် သွပ်မိုးအိမ် တစ်လုံး ငှားထားတယ် ။ ဒီ အိမ်မှာ အဖီကလေး ပြင်ဖို့ ကိစ္စများနေတယ် ။ ခင်ဗျားလို ကာလသား လုပ်မနေအားဘူးဗျာ ” ဟု အကဲခတ်သလို ကြည့်၍ ပြောလေ၏ ။
“ ဟင် လျော်လိုက်လေဗျာ ။ ဒါပဲလား ရုပ်မှာတော့ ဘာမျှ ကျုပ် မမြင်ဘူး ။ မျက်နှာက ချဉ်စုပ်စုပ်နဲ့ ”
“ ဒီလိုလဲ ချိုးချိုးဖဲ့ဖဲ့ ကိုယ် မရတိုင်း မပြောပါနဲ့လေ ။ လယ်ဧက ၂ဝ ဆိုတာ ကျုပ်တို့ အဘိုးကြီး အမယ်ကြီး ။ ဒီ သာလှ တစ်ယောက် နဲ့ တစ်သက် ထိုင်စား ဘာ ကုန်မလဲဗျာ ” ဟု မိမိကို အမြဲ ဂုဏ် ပြိုင်နေသော ကိုသာဟန် ကို မခံချင်အောင် ပြောလေ၏ ။
“ နို့ ခင်ဗျား အသက် ၆ဝ ပြောတာ သူတို့ သားအမိ သိရဲ့လား ။ ခင်ဗျား အရွယ်နဲ့ဗျာ ။ ဒုက္ခမှ ရှာတတ်ပလေ ။ ကျုပ်တို့ လို ငယ်ငယ်ရွယ်ရွယ် ဆို တော်သေးရဲ့ ” ဟု ပြောပြီး ထွက်သွားလေ၏ ။
နောက်တစ်နေ့နံ နက်စောစော ကိုသာဟန် နှင့် တကွ သုံးယောက်သား မီးလှုံရာမှ တွေ့ကြလေ၏ ။
ဟန် ။ ။ “ သားအဖ နှစ်ယောက်ကတော့ သိပ်လိုက်တာပဲ ”
သာလှ ။ ။ “ ဦးကြီးက ဘာလဲဗျာ့ ။ မဟုတ်တာတွေ ”
ဟန် ။ ။ “ ဘာ မဟုတ်တာလဲကွဲ့ ။ မင်း ပထွေးက သေသေချာချာ ပြောနေတာပဲ ။ ကိုယ့်လူ အသက် ၆ဝကျော်မှ ကံ ကော်တာပဲ ။ အသက် ၆ဝ ရှိပြီကွဲ့ မင်းပထွေး ” ဟု ကိုသာဟန် က ပြောလေ၏ ။
သာလှ ။ ။ “ ဪ ဦးကြီး ၆ဝ တောင် ရှိပလား ။ ငါးဆယ် မပြည့်သေးဘူးဆို ”
ဟန် ။ ။ “ ဟာ ဟာ ။ မင်းတို့ သားအမိက ယုံနေသလား ။ မင်းလူ သင်္ချိုင်းထဲ ခြေစုံနင်းနေပြီ မင်း ကြာကြာ ပထွေး တော်ရမှာ မဟုတ်ဘူး ”
စံ ။ ။ “ ဟာ ခင်ဗျား မဟုတ်တာတွေ လာပြောနေတယ် ။ တော်ပါဗျာ ။ ဟေ့ သာလှ လှည်း ပြင်ကြစို့ ။ ဟို ဝါးတွေက ဒီကနေ့ အရောက် ယူမှ ။ မင်း မယ်တော်က ဒီ ဝါး အတွက် အင်မတန်ပူနေတယ် ”
သာလှ ထ၍ သွားရာ အဘိုးကြီး နှစ်ယောက် ကျန်ရစ်ကြလေ၏ ။
စံ ။ ။ “ ခင်ဗျား ဘယ့်နှယ့် လုပ်တာလဲဗျ ။ ကျုပ်ကို အသက်ကြီးတယ်လို့ ဒီကောင်ကလေးက ခဏခဏ သူ့အမေကို ပြောနေတယ် ။ ကျုပ်က လေးဆယ့်ကိုးနှစ်လို့ ပြောထားတယ် ။ အခု ခင်ဗျား လာပြောတာ ခွကျတာပေါ့ဗျာ ”
ကိုသာဟန်သည် စကား မပြောဘဲ မော့ကာ ပြုံးလျက် မီးပုံနားသို့ တိုးကာ ချမ်းသဗျာဟု ပြောရင်း လက်နှစ်ဘက်ကို ဖြန့်၍ လှုံလေ၏ ။
သာလှ ပြန်လာပြီး “ ဒီ ကနေ့ ဝါး သွားတိုက်လို့ ဟန်မကျသေးဘူး ဦးကြီး ရဲ့ ။ ညက အမေက အလကား ညာနေတာ ။ ကျွန်တော် တွေးတာ အမှန် အသက် ၆၀ ကျော်ပြီလို့ ဦးကြီးက ဘယ်လောက် ရှိသလဲ ” ဟု ကိုသာဟန် ကို မေးလေ၏ ။
“ ငါလား ငါက သူများလို မညာတတ်ဘူးကွဲ့ ။ အသက် ၅၁ နှစ် ။ ကိုယ့် အသက်ကို ဘာ လိမ်ပြောစရာ ရှိသလဲ ”
“ ဪ ... ဒီလိုလား ။ ကိုသာစံ က ဒါနဲ့ အသက်ကို လျော့ပြောနေတာကိုး ။ ကျွန်မ ကလဲ မယုံပါဘူး ။ အောင်မယ်လေး ဒီလို မဟုတ်တာ ပြောတတ်ရင် ။ အသိ မလုပ်ချင်ပါဘူး ။ ကျွန်မ ဒီ ပစ္စည်းတွေနဲ့ မသိမ်းနိုင် မဆဲနိုင်မို့ အားကိုးရမလားလို့ မောင်လိုဖွားလို ပေါင်းတာပါ ။ ဒီပုံဖြင့် မကိုက်ဘူး ကိုသာစံ ။ ကျွန်မက စကားမှန်မှ ကြိုက်တာ ။ ဒါထက် ရှင့် နာမည် ကိုသာဟန် မဟုတ်လား ။ ကျွန်မတို့ သားအမိ နှစ်ယောက်တည်း ပါရှင် ။ အားကိုးပါရစေ ။ ဒီ အိမ်သာကလေးကို တဆိတ် အလကားလဲ မဟုတ်ပါဘူး ။ ကုန်ကျသရွေ့ကို ... ”
“ အို ကိစ္စမရှိပါဘူး ။ ကျုပ် လဲ တစ်ယောက်တည်းမို့ ကိုယ်ချင်းစာပါတယ် ။ အိမ်အခြေအနေနဲ့ လိုက်အောင် ဆောက်ရင် တစ်ဆယ် ကိုးကျပ် ကုန်တော့မပေါ့ ။ ဒါလဲ ကိစ္စ မရှိပါဘူး ။ ကျုပ် မိတ်ဆွေ ကိုသာစံ မှာတော့ မရှိရှာဘူး ။ ဒီမှာတော့ အရင်က လွှထောင်ခဲ့လို့ ပိုမို နေတာတွေ ရှိတယ် ။ အခုလဲ တောမှာ လွှစင်ပေါင်း အစိတ် ရှိပါတယ် ။ လယ်တော့ လယ်ခစား ချခဲ့တာ တစ်နှစ် စပါး ထောင့်လေးငါးရာ သိမ်းပြီး လှူဒါန်း နေရတာပါပဲ ။ အသက်ပင် မကြီးသေးသော်လဲ စိတ်တူ သဘောတူနဲ့ မတွေ့ရ အခုလို နေတာပါ ” ဟု ပြေလေ၏ ။ ကိုသာဟန် မှာ ပစ္စည်းအတော်ကလေးရှိ သဖြင့် လူကို မမက်ပဲ ပစ္စည်းကို မက်သူများနှင့် တွေ့မှာ စိုးသောကြောင့် မိမိကဲ့သို့ ပစ္စည်းရှိသော မိန်းမကို ရမှ ယူဖို့ရန် ကြံစည်၍ နေခဲ့ရာ ယခုမှာ နေရာကျပြီဟု စိတ်ကို ပိုင်းလိုက်လေ၏ ။ ကိုသာစံ မှာ ပစ္စည်း မရှိသူ ဖြစ်ရာ သိုက်တူးရန် ကြံစည်နေသည်ဟု ကိုသာဟန် မှတ်ယူကာ မုဆိုးမကြီးကို နှမြော၍ နေခဲ့လေ၏ ။ သို့နှမြောကာ ကိုသာစံ ကို မနာလို၍နေလေ၏ ။ ကိုသာစံ ကလည်း သိလေ၏ ။ ထိုမိန်းမကြီးနှင့် ကိုသာစံ ညားလျှင် ကိုသာစံ မှာ မိန်းမ၏ ပစ္စည်းကို မှီကာ မိမိနှင့် တန်းတူဖြစ်မှာ မိမိ ထက် သာ၍ သွားမှာကိုလည်း ကိုသာဟန် စိုးရိမ်၍ နေလေ၏ ။
သို့ စိုးရိမ်သည့်အတိုင်း ၊ ကြိုးစား၍ ကြံလိုက်ရာ ၊ ကိုသာစံ မှာ ကျန်ရစ်လျက် ကိုသာဟန် မှာ သာလှ နှင့် သားအဖ တော်စပ်ခြင်း အဖြစ်သို့ လျင်မြန် စွာရောက်လေတော့သတည်း ။ တစ်နေ့သ၌ ကိုသာစံ နှင့် လမ်းမှာ တွေ့ကြလေ၏ ။
စံ ။ ။ “ ဘယ့်နှယ့် ကာလဝိပါက် နောက်ပိုးတက်တာ သိရဲ့လား ”
ဟန် ။ ။ “ ဘာဝိပါက်လဲဗျာ့ ”
စံ ။ ။ “ ကျုပ်ကို ခင်ဗျားက ရှော်တယ်လို့ ပြောတာ မှတ်မိသေးရဲ့လား ။ အခု ဘယ့်နှယ့် ရှိစ ဘယ်သူက ရှော်သလဲ ”
ဟန် ။ ။ အောင်မယ် မရတော့မှ ရှော်တယ် ပြောချင်သလား ။ ရရင် ဘာရှော်မလဲ ”
စံ ။ ။ “ သိချင်သလား ”
ဟန် ။ ။ “ ဘာလဲ ”
စံ ။ ။ “ ကျုပ် ခယ်မဗျာ့ ။ အခု မုဆိုးမ ဖြစ်နေပြီး ဆင်းရဲနေတာနဲ့ ခင်ဗျားမှာ ပစ္စည်းကလေးလဲ ရှိနေတာနဲ့ သျှောင်ရှိ ဆံထုံးရှိမှ တင့်တယ် ဆိုတာမျိုးလဲ ဖြစ်စေတော့လို့ သဘောထားပြီး ခင်ဗျာတို့ နှစ်ယောက်စလုံး နေရာ ကျအောင် ကျုပ် စီမံတာ ဒီအိမ်က ကျုပ် ယောက်ဖရဲ့ အစ်ကိုရဲ့ အိမ် ။ အလကား နေကြဖို့ ပေးထားတာ ၊ အပိုင်မဟုတ်ဘူး ။ အဲဒါ အခု ခင်ဗျား အပိုင် ဝယ်မယ် ဆိုရင် ၅ဝဝိ/- တည်းနဲ့ ရမှာ ။ အချောင်ပဲ ။ ကျုပ် ပွဲခ မယူပါဘူး ။ တခြားလူ ကိုလဲ ဒီ အဖိုးအခနဲ့ မပေးပါဘူး ။ ခင်ဗျားမို့ ခယ်မနဲ့ ပတ်သက်လို့ ။ စဉ်းစားဦး လေ ” ဟု ဝမ်းသာစွာဖြင့် ပြော၍သွားလေ၏ ။
◾ ပီမိုးနင်း
📖 ရုပ်ရှင်လမ်းညွှန် ဂျာနယ်
၁၉၃၃ ခု ၊ ဒီဇင်ဘာလ
No comments:
Post a Comment