❝ ဆေးသမား ❞
( ပီမိုးနင်း )
ခြောက်ခန်း ဟု ခေါ်သော အိမ်တန်းလျားမျိုးသည် အမြို့မြို့မှာ ရှိတတ်၏ ။ ထိုတန်းလျားမျိုးသည် အများအားဖြင့် လျှို့ဝှက်သော အလုပ်မျိုးကို လုပ်ကိုင်အသက် မွေးသော တရုတ်များ ၊ မြန်မာများ၏ မှေးမှောင်သော ဂူပေါက်ကလေးများ ဖြစ်ကြလေသည် ။ အဘယ် အစဉ်အလာကြောင့် ဤခြောက်ခန်းသည် အမြို့မြို့မှာ အကိုင်းအခက်တွေ အနှံ့အပြား ရှိကြသည်ကို သေချာစွာ သိဖို့ရန် ခက်လေသည် ။ ခြောက်ခန်း ဟူသော နာမည်မှာပင် ကျက်သရေ မှေးမှိန်လေရာ နာမည်ကို ကြားရုံနှင့် သဏ္ဌာန်ကို မြင်နိုင်လေသည် ။ သို့သဏ္ဌာန် ထင်ပေါ်ခြင်းမှာ နာမည်နှင့် အညီ ခြောက်ခြင်း ၊ ခန်းခြင်း ၊ ခန်းခြောက်ခြင်းကြောင့် ပညတ်မှာ ဓာတ်ပါသော သဘောပင် ဖြစ်လေ သလား မသိရချေ ။ သိမြင်ရမြဲဖြစ်သော သဏ္ဌာန်မှာ ခေါက်တံခါး စောင်းစောင်းရွဲ့ရွဲ့ နှင့် ဟောင်းနွမ်းသော မြေစိုက်အခန်းမျိုးတွေ တွဲဆက်၍ နေသော သဏ္ဌာန် ဖြစ်တတ်လေသည် ။
ညနေစောင်း သွေ့ခြောက်သော နွေဥတုအချိန် ခြောက်ခန်းရှေ့ ကုက္ကိုပင်၏ ကျဲသော အရွက်အခက် တို့၏ အကြားမှ ကျဆင်းသော နေရောင်နေကွက်များသည် ပူနွေးသော ကုက္ကိုသီးများ ကြွေကျသော ကုက္ကိုရွက်များနှင့် ပူးပေါင်းကာ သွေ့ခြောက်ခြင်း လက္ခဏာကို ခိုင်လုံစွာ ပြကြလေ၏ ။ နွားနီနှစ်ကောင်သည် ငြိမ်သက်စွာ ကုက္ကိုသီးများကို စားရာမှ ဦးခေါင်းကို မော့ကာ ရှေ့၌ မြောင်းကလေးသာ ခြားသော ခြောက်ခန်း၏ အစွန်ဆုံး အခန်းပေါက် တံခါးတစ်ချပ်က ဟ၍နေသော အဝ၌ ထွက်ပြူသည့် ဦးခေါင်းကို စောကြော စစ်ဆေး တွေးပုံနှင့် ကြည့်ပြီး ရှူးရှူးရှဲရှဲ လုပ်ကာ “ ခင်ဗျား ဘာလဲ ” ဟု မေးသလို နေလေ၏ ။ အရေးပါ တင်တင်း ပြောင်ပြောင် ညိုခြောက်ခြောက်ကလေးသာ လွှမ်းအုပ်သည့် ထိုဦးခေါင်းသည် မရဲတရဲနှင့် ဝဲယာကို လျင်မြန်စွာ ချာခနဲ ချာခနဲလှည့်ကာ ခပ်လှမ်းလှမ်းသို့ တိုင်အောင် ကြည့်လေ၏ ။ ထိုဦးခေါင်း၌ ခေါင်းပေါင်းအနီမှာ ကာလ စတိုင်ပါသော်လည်း မှေးမှိန်သော အဆင်း ရှိလေ၏ ။ မျက်နှာမှာ လွင့်ပါးဆုတ်ယုတ်သော အသွင် ရှိလေရာ ဟောင်းနွမ်းသော ဂုဏ်အသရေကို အသိပညာရှိသော မျက်လုံး၏ မှေးမှိန်အားငယ်သော အရောင်ကလေးသာလျှင် သိသာရုံ လင်းပြလေသတည်း ။
ထိုကဲ့သို့ စက္ကန့် အနည်းငယ်နေပြီး ဖြုတ်ခနဲ အပြင်သို့ ဦးခေါင်းရောက်ရာ တစ်ကိုယ်လုံး လိုက်ပါလျက် အခန်း၏ အစွန်းထောင့်ကို အိမ်မြှောင်လို ကပ်ကာ ပတ်ပြီး နံဘေးခြံသို့ ရောက်၍ သွားလေ၏ ။ ရုတ်တရက် ယောက်ျားပျို သုံးယောက် ကုက္ကိုပင် အကွယ်မှ ထွက်ကာ ကားမြောင်းကို ကျော်ပြီး ယင်းကို နှစ်ယောက်က ညှပ်ကာ အားကောင်းသော ယောက်ျားပျို တစ်ယောက်က ရှေ့၌ မတ်မတ်ရပ်ပြီး ၎င်း၏ ပခုံးပေါ်သို့ လက်တစ်ဖက်ကို တင်ကာ “ ဘယ့်နှယ်ဆရာ ၊ ဘာလာလုပ်တာလဲ ။ မှန်မှန်ပြော ဆရာ ။ ဆရာ ဒီလိုဖြစ်နေတာ ကျွန်တော်တို့ ကြည့်မနေနိုင်ဘူး ။ သည့်အတွက် တမင် လာပြီး စောင့်ဖမ်းတာ ဆရာ ။ ဘာကောင်းသလဲ ” ဟု ပြောလေ၏ ။
ဆရာကြွားသည် ဝမ်းနည်းသော မျက်နှာနှင့် ၎င်းတို့ကို ကြည့်လေ၏ ။ စက္ကန့်အနည်းငယ် ကြောင်တောင် ငေး၍ နေလေ၏ ။
“ တစ်ခါတလေပါ မောင်တို့ရယ် ၊ ဆရာ အမြဲ မဟုတ်ပါဘူး ။ နေထိုင်မကောင်းလို့ပါ ။ ရိုးရိုး ဝန်ခံပါတယ် ။ ဆရာ မလိမ်ပါဘူး ” ဟု ရှက်ကိုးရှက်ကန်း ပြောလေ၏ ။
“ ဆရာ့ဂုဏ်ကိုလည်း ကြည့်ဦးမှပေါ့ ဆရာရယ် ။ ကျွန်တော်တို့ ကိုးကွယ်ဆည်းကပ်တဲ့ ဆရာတစ်ဆူမို့ နှမြောလွန်းလို့ အခု လာပြီး ဆရာ့ကို အမိဖမ်းရတာပါ ”
“ အေး .. မောင်တို့ ဆရာ မှားတာပဲ ။ သည်းခံကြပါ မောင်တို့ရယ် ။ လူသူလေးပါး မသိပါစေနဲ့ မောင်တို့ရယ် ။ ဆရာ နောက်ကို မလာပါဘူး ။ လာရင် မောင်တို့ သဘောရှိ လုပ်ကြပါ ။ သဘောရှိ ပြောကြပါ ။ ဆရာ အမြဲအစွဲလည်း မဟုတ်ပါဘူး ”
“ ဆရာ အသက်လည်း လေးဆယ်ကျော်ပြီ ။ ကျွန်တော်တို့ ရပ်ရွာမှာ ဆရာတစ်ယောက် အသိပညာ အမြော်အမြင် ဗဟုသုတနဲ့ အစစအရာရာမှာ ဆည်းကပ်ကြရတာပါ ဆရာရယ် ။ ဆရာ့ကို ကျွန်တော်တို့ ဘယ်လောက် ဂုဏ်တင်ပြီး နေကြတယ်ဆိုတာ မေးကြည့်ပါ ။ ကျွန်တော်တို့ အရပ်မှာ ဆရာလို ပုဂ္ဂိုလ် တစ်ယောက် ရှိတာ အင်မတန် ဂုဏ်ရှိပါတယ် ဆရာရယ် ။ ဒါတစ်ခုဖြင့် သည်းခံပါလို့ ကျွန်တော်တို့ တောင်းပန်ချင်တာပဲ ။ မိကျောင်းမင်း ရေကင်း ပြ ၊ ဘုရားစာချ ဆိုတာလိုလည်း သဘောမထားပါနဲ့ ” ဟု သန်မာသော ယောက်ျားပျိုက တောင်းပန်ပြောဆိုလေ၏ ။
တစ်ယောက်က “ အခု ဘယ်သူမှ မမြင်သေးဘူး ။ ဆရာ ဒါမျိုးလုပ်တတ်တယ်ဆိုတာ သိုးသိုးသန့်သန့်တော့ ကြားကြတယ် ။ ဒီနေရာကလည်း အစွန်ကျနေပေလို့ပေါ့ ဆရာ ။ မတော်တဆ ပရိသတ်များ မြင်ကြရင် သိပ်ပြီး စိတ်မကောင်း ဖြစ်ကြမှာပဲ ”
“ မှန်ပါပေတယ် ။ မှန်ပါပေတယ် ။ ဒီတစ်ခါပါ ။ နောင်တွေ့ရင် မောင်တို့သဘောရှိ လုပ်ကြပါ ”
“ ကိုင်း ... ဆရာ ၊ နောက်တစ်ခါ လာတာ တွေ့ရင် ဘယ့်နှယ် လုပ်ရမလဲ ”
“ မလာပါဘူး မောင် စိတ်သာချပါ ။ လာတာတွေ့ ရင် ၊ ကိုင်း ... ကိုင်း ဆရာ သွားပါရစေ ” ဟု ပြောပြီး ဆရာကြွားသည် နောက်ဖေး လယ်ပြင် လမ်းဖြင့် မိမိ ဖြစ်ပုံ အခြေအနေကို တွေးရင်း သွားလေ၏ ။ ယောက်ျားပျိုများသည် နောက်မှရပ်ကာ အတန်ကြာ ဝမ်းနည်းစကားများကို ပြောရင်း သွားကြလေ၏ ။
ဆရာကြွားသည် လမ်းတစ်လျှောက်လုံး ရှက်ကြောက်လျက် မိမိ၏ အကြောင်းကို တွေး၍ သွားလေ၏ ။ အင်္ဂလိပ်စာတတ် ၊ မြန်မာစာတတ် ၊ ဆေးဝါး ဗေဒင်တတ် အကြံကောင်း ဉာဏ်ကောင်း ၊ စာရေးကောင်း ကျောင်းဆရာ တစ်ယောက် ဖြစ်လေရာ မိမိ၏ ဂုဏ်ကို လွန်စွာ နှမြောလေ၏ ။ မိမိကို တစ်ရွာလုံး ၊ တစ်ရပ်လုံး ကြည်ညို ချစ်ခင်ကြောင်း တွေးလေ၏ ။ မိမိမှာ အများအကြည်ညို ပျက်စရာ အပြစ်တစ်စုံတစ်ရာ မရှိ ။ သမာဓိ ကတိ တည်၏ ။ သစ္စာရှိ၏ ။ တပည့်တပန်းများ၏ မမာရေး မကျန်းရေးမှာ ဆရာ ၊ သာရေးနာရေးမှာ ဆရာ ၊ ပြောရေးဆိုရာမှာ ဆရာ ၊ ရုံးရေးကိစ္စမှာ ဆရာ ၊ အရာရာတိုင်းမှာ အများ နာယူရသူ ဖြစ်ကြောင်း စဉ်းစားကာ ဤမကောင်းသော ပြောင်းတံအတတ်ကို ငါ အမှန်ဖြတ်မှ တော်မည် ။ မဖြတ်လျှင် အများ အကြည်ညို ပျက်တော့မည် ။ ယုံကြည်ကိုးစားသူ နည်းပါးတော့မည် ။ သည်အကျင့်ဟာ လွန်စွာ ယုတ်နိမ့်တဲ့ အကျင့်ပါတကား ။ လူကောင်းသူကောင်းတို့ လွန်စွာမှ စက်ဆုပ်ကြတဲ့ အကျင့်ပါကလား ။ ငါ ဖြတ်မှပဲ ။ ဖြတ်မယ် ။ သည်ဟာ နောက်ဆုံးပဲ ဟူ၍ မိမိကိုယ်ကို တရားချလေ၏ ။
အိမ်ကို ရောက်သောအခါ၌လည်း ထို့အတူ တရားချလျက် တော်ပြီ တော်ပြီ ။ ငါ မလုပ်တော့ဘူးဟု စိတ်ကို တုံးတုံးကြီး ချလေတော့သတည်း ။
ဆရာကြွားသည် ဤကျင့် မစွဲတစွဲ နေခဲ့ရာ လေး ငါးနှစ် ကြာခဲ့ပြီးနောက် ယခု ဤနှစ်မှာ ရှေးကနှင့် မတူ ။ ရက်မှန်ကြီး ဖြစ်၍ နေလေ၏ ။ ငါ မစွဲနိုင်ပါဘူး ။ ငါ ဂုဏ်နဲ့ အသရေနဲ့လူ ။ ဂုဏ်မရှိ ၊ အသရေမရှိ ၊ အရှက် အကြောက် မရှိ ။ အောက်တန်းစား အဖိုးမတန်သူတွေသာ အစွဲနာတာပဲ ။ သူတို့မှာ ဘာမျှ အဖိုးတန်တဲ့ ဂုဏ် မရှိလို့ သူတို့ ကိုယ်ကို သူတို့ မနှမြောလောက်သည့် အတွက် နစ်မွန်းကြရတာပဲ ။ ငါလို အဖိုးတန်ယောက်ျားမှာ ငါ့ဂုဏ်ကို ဘာ အဆုံး ခံမလဲ ။ မသကာ ခဏ ၊ တစ်ခါတလေ ဘာဖြစ်ရဦးမှာလဲ ။ ငါ့စိတ်ကို ငါနိုင်တဲ့ လူလိမ္မာ တစ်ယောက်ပဲ စသည်ဖြင့် အားကိုးပြုရင်း ရက်မှန်ကြီး အဖြစ်သို့ ရောက်မှန်းမသိ ရောက်၍လာခဲ့ ခြင်း ဖြစ်လေ၏ ။
ယခုသည်ကား အိမ်၌ ပက်လက်ကုလားထိုင်ပေါ်၌ လှန်ရင်း မှေးကာမှိန်ကာ မိမိ၏ အခြေအနေကို အသေအချာ မြင်စပြုလေ၏ ။ ကံကြီးလို့ အခုလို စောစောစီးစီး သတိရတာပဲ ။ ဘာမဟုတ် ညာမဟုတ်နဲ့ ငါ နစ်မှန်းမသိ နစ်နေပါကလား ။ တန်တန် မဟန်ဘူး ၊ ရပ်မှ တော်မယ်ဟု မိမိ၏ စိတ်ကို အခိုင်အမာ ပိုင်းလိုက်လေသတည်း ။
နောက်တစ်နေ့ ထိုအချိန်သို့ ရောက်၍ လာလေ၏ ။ နေကလေး စောင်းလျက် အိမ်ခြေရင်း ပေပင်ကြီး၏ အရွက်များသည် လေထဲတွင် တချွင်ချွင် မြည်၍ နေလေ၏ ။ ထိုအသံသည် ဆေးခန်းမှ ပြန်လာပြီး မှိန်းရင်း နားထောင်သည့်အခါ လွန်စွာ သာယာ၏ ။ ထိုနေ့မှာကား မသာမယာတော့ပေ ။ သို့ဖြစ်၍ နားကို ပိတ်လေ၏ ။ ဝါး ဝါး ဟား ဟု သမ်းကာ ပူစပ်စပ် မျက်ရည်များကို လက်ခုံနှင့် သုတ်လေ၏ ။ နားညည်းစရာ ကောင်းလိုက် တဲ့ ပေပင်နှယ်ဗျာ ။ ဝါးဟား - ငါ မသွားဘူး ။ တော်ပြီ ၊ တန်မကောင်းတဲ့ အလုပ်ဟု တွေးပြီး မျက်လုံးများကို မှိတ်လေ၏ ။ ကြက်သီးတွေ ဖြန်းခနဲ ထ၍ လာလေ၏ ။ ကိုယ်မှာ ရှိန်းခနဲ ဖိန်းခနဲ ဖြစ်လေ၏ ။ အင်း .. စံထူးဖြင့် မျှော်နေရှာရော့မယ် ။ ဆရာ .. မလာ ၊ မလာနဲ့ ။ မသွားပါ ဘူးလေ ။ ဘယ်သူမျှော်မျှော် ဒီအကောင်တွေဟာ မကောင်းကျိုးပေးတဲ့ အကောင်တွေ ။ ငါ့ကို ချောက်ထဲ ဆွဲချတဲ့ အကောင်တွေ ။ ချွဲချွဲ ချွဲချွဲနဲ့ စားရပွတ်ရလို့ ငါ့ကို ချစ်တာ ။ အလကား အကောင်ညာတွေ ။ ငါ့ကို ဆရာ ဆရာနဲ့ မြှောက်ပင့်စားနေတဲ့ အကောင်တွေ ။ ငါ မသွားဘူး ။ ဒီကနေ့တော့ ငတ်ကြဟု တွေးကာ ဆရာကြွားသည် ဒူးကို စ၍ နှန့်လေ၏ ။ မျက်ရည်တွေ ဝေ၍ လာ၏ ။ တယ်ဆူတဲ့ ပေပင်ကိုး ။ အင်း .. နေကလေး ကျသွား ။ ငါ သွားနေကျ အချိန် ။ တလုပ်ကျာနန်း ကဖြင့် ငါ ဘာလို့ မလာပါလိမ့်မလဲဟု တွေးလိမ့်မယ် ။ ငါမလာဘူး ဆိုတာ မနေ့က ပြောခဲ့ရရင် အကောင်းလေသား ။ အင်း ... သွားပြီး ပြောရရင် ကောင်းမလားဟု တွေးကာ မှေးမှောင်သော ဘိန်းခန်းထောင့် မိမိ၏ နေရာကလေးနှင့် ဝါးခေါင်းအုံးပြောင်ပြောင်ကလေးကို ထင်မြင်၍ ကားယား ကားယားနှင့် သွားသော ခုံဖိနပ်နှင့် ပေါက်ဖော် ဆေးထိုးသမားကို မြင်ယောင်လေ၏ ။ အဲလေ ... ဒီကနေ့ တစ်နေ့တော့ သွားဦးမှ ထင်ပါရဲ့ ။ မနေ့ကလည်း မပြောခဲ့ရ သေးဘူး ။ ကိစ္စမရှိပါဘူး ထင်ပါရဲ့လေဟု အောက်မေ့ကာ ချီတုံချတုံဖြစ်၍ နေလေ၏ ။ ထိုအခိုက် သမ်း၍ လာပြန်လေရာ သွားလိုက်ပါဦးမယ်လေဟု မိမိ ကိုယ်ကို မိမိ ပြောပြီး ရှပ်အင်္ကျီအိတ်ထဲက ပိုက်ဆံအကြွေစေ့များကို ထုတ်ကာ လက်ဝါး၌ ထည့်၍ ကြည့်ပြီး ခေါင်းပေါင်းကို ပေါင်းလေ၏ ။ မကြာမီ ဘိန်းခန်းသို့ ရောက်၍ သွားလေသတည်း ။ ထွက်၍ လာသောအခါ ရွှင်လန်း လတ်ဆတ်၍ လာလေ၏ ။ ထွက်သည်နှင့် တစ်ပြိုင်တည်း မနေ့က သူငယ်များနှင့် တွေ့ပြန်လေ၏ ။ မနေ့က နည်းတူ ဝမ်းနည်းစွာ ပြောဆို၍ “ နောင်ကို မလာတော့ပါဘူး ” ဟု ဝန်ခံလေ၏ ။ ဝန်ခံရုံမက “ မောင်တို့ နောက် တစ်ခါလာရင် မဝင်ရအောင် စောစောက ဆွဲထားကြပါ ” ဟု ပြောလေ၏ ။
“ တကယ်လား ဆရာ ၊ အတင်းဆွဲမယ်နော် ။ နောက်တော့သာ စိတ်မဆိုးနဲ့ ”
“ စိတ်မဆိုးပါဘူး မောင် ၊ ဆွဲသာဆွဲပါ ။ ဘယ်လို လုပ်လုပ် မောင်ရယ် ။ မကျိုးမကန်း မသေမပျောက်ရင် ပြီးရော ။ ဆရာ မဝင်ရအောင် အတင်းသာဆွဲပြီး တော်ရာကို ပို့ပါ ” ဟု ပြောပြီး လာခဲ့လေ၏ ။
အိမ်သို့ ရောက်သောအခါ ပေပင်ကြီး၏ အသံကို နတ်စောင်းသံ မှတ်ထင်လေ၏ ။ နောက်တစ်နေ့ ညနေ စောင်းသောအခါ ပေပင်ကြီး၏ အသံသည် ငှက်ဆိုးသံ ပေါက်၍ နေပြန်လေသတည်း ။ သို့သော်လည်း စိတ်ကို တင်းကာ အစွမ်းကုန် ငြင်းလေ၏ ။ ကျာနန်း၏ မျက်နှာ ၊ စံထူး၏ ပြုံးရွှင်ကြည်သာသော အမူအရာတို့ကို ထင်ယောင် မြင်ယောင် ဖြစ်လေ၏ ။
ဟယ် ... လောကမှ ယောက်ျားမှန်ရင် အပျော် တစ်မျိုးစီ ရှိကြတာပဲ ။ ခိုးဝှက်လိမ်ကောက် ယူပြီး ဘိန်းရှူတာမှ မဟုတ်ဘဲ ။ ငါ ရှာရတဲ့ ငွေနဲ့ ငါ့ဘာသာ ငါရှူတာ ဘာဖြစ်ရဦးမလဲ ။ ဘိန်းစား ဂုဏ်ပျက်တာဟာ ငါလို လူမျိုးနဲ့ ဘာဆိုင်သလဲ ။ အလွန် အဖိုးထိုက်တန်တဲ့ ဘိန်းစည်းစိမ်နဲ့ မရာမတန်သူတွေ ဘိန်းကို ရှူပြီး ထဘီကို ရုတ် ၊ အိုးခွက်ကို သုတ်လို့ ဆေးသမား ဂုဏ်ပျက်တာ ။ ငါလို ငါ့စည်းစိမ်နဲ့ ငါရှူတဲ့ လူကုံထံမှာ ဘာဂုဏ်ပျက်စရာ ရှိသလဲ ။ မှန်မှန်လုပ်ရင် အသက်တောင် ရှည်သေးတယ်လို့ ကျာနန်းက ပြောသေးတာပဲ ။ စိတ်ကူးယဉ်လား ယဉ်ရဲ့ ။ အကြံဉာဏ်ကောင်းလား ကောင်းရဲ့ ။ ဦးပုည ရေးတဲ့ ဘုန်းကြီးကြိုက် ၊ မင်းကြိုက် ကာလသားများနဲ့ လားလားမျှ မထိုက်ဆိုတာ ဗျာဆံဝိုက် ၊ ဗျာဆံခါတွေထက် ဘိန်းမှ သာပြီး မှန်တာ ။ တရုတ်သူဌေးကြီးတွေ ဆေးရှူရင်း စိတ်ကူးဉာဏ်တစ်လုံး ပေါက်တာနဲ့ ထောင် သောင်း သိန်းတန် စည်းစိမ်တွေ ဖြစ်တာပဲ ။ တစ်ရေးနိုး အကြံပေါ် ၊ ပေါ်သည့်အကြံ တစ်သိန်းတန် ဆိုတာ ဆေးသမားမှ အမှန် ။ ဘယ်သူက ဘာပြောချင်သေးသလဲ ။ ငါ သူများ မယားကို မခိုးဘူး ။ ဆေးရှူတာ ဘာဖြစ်သလဲ ။ လူလုပ်ဖို့ ဘယ်သူနဲ့ ဘာမို့လို့ ဆိုင်ရမှာတုန်း ။ ငါ့မှာ သားမယား ရှိတာ မဟုတ် ။ ကိလေသာ အာသဝေါ တောင် ကင်းငြိမ်းသေးရဲ့ ။ အခုအထိ တစ်ကိုယ်တည်း မယားကျွန် ဖြစ်ကြရတဲ့ လူမိုက်တွေ စာရင်းမှာ ငါ မပါဘဲ နေနိုင်တာ ဘယ်သူ့ ကျေးဇူးလဲ ။ ပြောင်းတံ၏ ဂုဏ်ကျေးဇူး မဟုတ်ဘူးလား ။ ပြောင်းတစ်လုံးဆောင် အိုအောင် စိတ်မဆင်းရဲဘူး ။ သင်းတို့ ဘာနားလည်သလဲ ။ ဘာမှ အသုံးမကျတဲ့ နွားလို အကောင်တွေနဲ့ ငါ့ကို နှိုင်းလို့ သင်းတို့ ထဘီ ရုတ်တိုင်း ငါလို လူက ရုတ်ရမှာလား စသည်ဖြင့် ဆင်ခြင်ကာ ထ၍ သွားလေ၏ ။
ခြောက်ခန်းရှေ့သို့ ရောက်လျှင်ရောက်ခြင်း သူငယ်များက ဝိုင်း၍ ဆွဲကြလေ၏ ။
“ ဟေ့ .. ဟေ့ ... လွှတ်ကြ လွှတ်ကြ ။ မောင်တို့နဲ့ မဆိုင်ဘူး ။ အခု အရေးကြီးနေတယ် ”
“ မလွှတ်နိုင်ဘူး ဆရာ ။ မနေ့က ဘယ့်နှယ်ပြောသလဲ ။ လာ ပြန် ။ ဟေ့ ... မလွှတ်ကြနဲ့ ။ ဆွဲသာဆွဲ ။ ဆရာ ဒီအခန်းကို မဝင်ရဘူး ” ဟု ပြောကာ အတင်း တအား ဆွဲကြလေ၏ ။ ဆရာကြွား မှာ သမ်းရင်းဝေရင်း မျက်ရည်တွေဝေလျက် လာလေ၏ ။
“ လွှတ်ကြဟေ့ ။ မင်းတို့နဲ့ မဆိုင်ဘူး ။ ငါ့ကိုယ်ကို ငါ ပိုင်တယ် ။ မင်းတို့ မပိုင်ဘူး ။ ငါ၏ လွတ်လပ်ခြင်းကို မင်းတို့ ဘာပြုလို့ ချုပ်ချယ်နိုင်သလဲ ။ ဒါ ဒီမိုကရေစီ ခေတ်ကွယ့် ။ ဘယ်သူမဆို လွတ်လပ်စွာ သွားနိုင်လာနိုင် လုပ်ကိုင်ကြံစည်နိုင်တဲ့ ဒီမိုကရေစီခေတ် ။ လူတစ်ယောက်၏ လွတ်လပ်ခြင်းကို မင်းတို့ ဘာနှောင့်ယှက်စရာ ရှိသလဲ ။ မင်းတို့ ငါ့ကို မတရား ချုပ်နှောင်မှုနဲ့ ဂါတ်တိုင် ရမလား ”
“ မရဘူး ဆရာ ။ ဆရာ ဘယ်နည်းနဲ့မှ မဝင်ရဘူး ။ မလွှတ်နိုင်ဘူး ။ ဆရာ့ ကတိရှိတယ် ။ အတင်း ဆွဲရမယ်တဲ့ ။ လာ ... လိုက်ခဲ့ ။ လူသူလေးပါး မြင်ကုန်မယ် ဆရာ ”
ဆရာကြွားမှာ မျက်ရည်တွေ ထွက်သဖြင့် မှိုင်းအုံ၍ နေလေ၏ ။
“ လွှတ်ကြပါကွယ့် ၊ ဟေ့ကောင်တွေ ။ ဟား ဝါး ဟတ်ချိုး ဟတ်ချိုး လွှတ် လွှတ် ။ ဟတ်ချိုး ဟတ်ချိုး ”
ဆရာကြွားမှာ ဆေးချိန် မရှိသဖြင့် တန်ခူးကဆုန် လကြီးနှင့် တပို့တွဲလ မှား၍ နေလေ၏ ။ သမ်းရင်းဝေရင်း ရုန်းရင်းကန်ရင်း ကြက်သီးတွေ တဖြန်းဖြန်းထကာ ဘာကို လုပ်မိမှန်း မသိ ။ တအား ရုန်းပြီး အုတ်ပိုင်းကြီး တစ်ခုနှင့် ကောက်၍ ပေါက်လိုက်ရာ သူငယ်တစ်ယောက်မှာ ဦးဆက်ကို ထိမှန်၍ ပုံလျက် လဲကျလေ၏ ။ ထိုအခါ ကျန်နှစ်ယောက်က “ ငါတို့က ကောင်းစေချင်လို့ လုပ်တာ ။ သင်းက တကယ်လုပ်တယ် ။ ဘာအသုံးကျတဲ့ ခွေ း ဆရာ ၊ ဘိန်းစားဆရာလဲ ” ဟု ကြုံးဝါးပြီး ကုက္ကိုကိုင်းများ ကို ကောက်၍ ရိုက်နှက်ကြလေ၏ ။ လဲသောသူမှာ အလွန်ချစ်သော သူငယ်ချင်း ဖြစ်လေရာ မခံနိုင် ဖြစ်ကြလေ၏ ။ ထိုအခါ ဆရာကြွား မှာ တစ်ချက်နှစ်ချက် အရိုက် ခံရသဖြင့် သွေးမွှန်ပြီး တန်းလျားအနီး၌ လဲ၍နေသော သစ်သားမင်းတုပ်ကြီးကို ဆွဲကာ ရိုက်လေရာ နှစ်ယောက် ထပ်၍ လဲပြန်လေ၏ ။ ထိုအခိုက်တွင် လူတွေ ပြေး၍ လာကြလေ၏ ။ ပုလိပ်ခရာသံများကို ကြားရလေ၏ ။ ဆရာကြွားသည် မိနစ်အနည်းငယ်အတွင်း ပုလိပ်အရာရှိ နှစ်ယောက်၏ သံလက်ချောင်းများဖြင့် ဇိကို အညှစ်ခံရလေသတည်း ။
ထိုအခါမှ မိမိ၏ လက်ချက်ကို သေချာစွာ မြင်လေရာ အံ့အားသင့်၍ နေလေ၏ ။ သို့သော်လည်း ဆေးထသဖြင့် နှာရည်တွေ တတွေတွေကျလေရာ မခံမရပ်နိုင် ဖြစ်ပြီး ပုလိပ်အရာရှိ၏ လက်မှ ရုန်းပြန်၍ ဘိန်းခန်းထဲကို အတင်းပြေး၍ ဝင်ပြီး “ မောင်ကျာနန်း ၊ မတ်ကြုတ်တစ်ခု မြန်မြန် ၊ မတ်ကြုတ် မတ်ကြုတ် ” ဟု တောင်းလေ၏ ။ ပုလိပ်အရာရှိများ ပြေးဝင်၍ လာကြလေ၏ ။
ကြွား ။ ။ “ ကျုပ် လိုက်ပါ့မယ် ။ တစ်ကြုတ်ကလေး ။ စုတ်လိုက်ပါရစေ ။ အခုနေမှာ ကျုပ်ကို အတင်း ခေါ်လို့ လမ်းမှာ ကျုပ် သေရင် ပုလိပ်တော်မင်းများ အပေါ်မှာ တာဝန်ကျမှာစိုးလို့ ပြောတာပါ ။ ကျုပ် ဘယ်ကိုမှ မပြေးဘူး ။ ကျုပ်လက်ကို ကိုင်ထား တစ်ကြုတ်သာ ရှူပါရစေ ” ဟု ပြောလေ၏ ။
ကျာနန်းကလည်း ပုလိပ်များအပေါ်မှာ အတော်ကလေး သြဇာရှိသူ ဖြစ်လေရာ “ တစ်ကြုတ်လောက် စူပါစေလေ ။ ပေါ့ဖော်စုကို စိပါလယ် ၊ စနားပါလယ် ၊ ရာစွတ်အုပ်မင်းရယ် ၊ ပေါ့ဖော် အာမခံပါတယ် ။ ပေါ့ဖော် အမှန်ကို ကြားပါတယ် ။ ဆေးစူးလယ် ၊ မစူးနော်စေလော ။ လူတစ်ဖက်စား အစက်စေလဲ ရာစွတ်အုပ်မင်း ဘာစေးစူးစိလဲ ။ စူပါစေလေ ။ သနားပါ ရာစွတ်အုပ်မင်းရယ် ” စသည်ဖြင့် တောင်းပန်လေ၏ ။
ဆရာကြွားကလည်း မြေပေါ်၌ ဆောင့်ကြောင့်ထိုင်ကာ “ ကျွန်တော်မျိုး မရှူရရင် သေပါလိမ့်မယ် ။ ရာဇဝတ် အုပ်မင်း တစ်ရှိုက်ကလေး လုပ်ပါရစေ ”
ပုလိပ် ။ ။ “ ခင်ဗျား ဘာစကားများနေသလဲ ။ ထလိုက်ခဲ့ရမယ် ။ ခင်ဗျားလုပ်တာ တစ်ယောက် သေနေပြီ ။ အခု ထ ” ဟု ပြောကာ အတင်းဆွဲ၍ ထူလေ၏ ။ ကျာနန်းက ကပျာကယာ ပြောင်းကြေးကလေးကို ယူ၍ လုံးပြီး “ ဆာကီး ဆာကီး ကိစ္စမရှိဘူး ။ ပြောင်းကြေးမျို ၊ ပြောင်းကြေးမျို ၊ တယ်စနားစရာ ကောင်းလာကို လုပ်ခ လုပ်ခ ” ဟု ပြောပြီး ပြောင်းကြေးကို ဆရာကြွား ပါးစပ်ထဲသို့ ပစ်၍ထည့်ပြီး “ ကိစ္စမရှိဘူး ဆာယာကီ ၊ လိုက်စွား လိုက်စွား ၊ ပေါ့ဖော်စိလယ် ၊ ပေါ့ဖော်လေ အချုပ်ထဲကို ပြောင်းကြေး လာပို့ ၊ ဆာယာကီ ၊ တယ်ဒေါစကီးသာကိုး ကိုချင်းစာလဲ ” ဟု ပြောရင်း ပုလိပ်နောက်သို့ ပါသွားသော ဆရာကြွားကို လမ်းမသို့ ရောက်အောင် လိုက်၍ ပို့လိုက်လေ၏ ။
ဆရာကြွား ဘိန်းစားမှန်း တစ်ရပ်လုံး သိကြလေ၏ ။ အရိုက်ခံရသော သူငယ်သုံးယောက်၏ ဆွေမျိုးများက မကျေနိုင်မချမ်းနိုင် ဖြစ်ကြလေ၏ ။ အကြောင်းမူကား ဆရာကြွားသည် ဆေးအချိန် မမီသဖြင့် သွေးရူးသွေးတန်းဖြစ်ကာ အံ့ဖွယ်သောနည်းဖြင့် ဝီခေါ်အောင် ယမ်းလိုက်ရာ ဘီလူးသရဲ ပူးသူပမာလို စက္ကန့် အနည်းငယ်အတွင်းမှာ အဘယ်နည်း အဘယ်ပုံ ဖြစ်သည်ကို မိမိ ကိုယ်တိုင်မျှ မသိရဘဲနေပြီး နောက်သွားတွေ ပြုတ်သူက ပြုတ် ၊ ဦးဆက် ကွာလုခမန်း ကွဲသူမှာ ကွဲ ၊ နဖူး နားထင်မှာ ဦးခေါင်းအတက် ထွက်သူက ထွက် ၊ သွေးကွက်ကြီးများလည်း အိုင်ထွန်းလျက် သုံးယောက်သားကို စောင်ပုခက်ကြီးများနှင့် ထမ်းကြရသည်ကို မြင်ရသောအခါ ဖုတ်ဝင်သည့် လူသေကောင်ပမာ မိမိ ကိုယ်ကို မိမိ ခြောက်သော တစ္ဆေကဲ့သို့ မျက်တောင်မခတ်ဘဲ ငါ ဘာများဖြစ်သွားမိပါလိမ့်ဟု တွေး၍ မရဘဲ အကြောက်ခဲကြီး ဖြစ်၍ နေရှာလေတော့သတည်း ။
သူငယ်သုံးယောက်မှာ မသေသော်လည်း ဒဏ်ရာ ကြီးသဖြင့် တစ်ကြောင်း ၊ ၎င်းတို့၏ ဆွေမျိုးအင်အားကလည်း ကြီးသောကြောင့် တစ်ကြောင်း ဆရာကြွား ဆေးသမား ဖြစ်သည်ကို သိ၍ အကြည်ညိုပျက်သောကြောင့် တစ်ကြောင်း ၊ မလျှော့မညှာဘဲ ဒေါသနှင့် ကြံကြရာ ဆရာကြွားမှာ နောက်ဆုံး၌ အဟုတ်တကယ် ဆေးပြတ်၍ သွားလေ၏ ။ အကြောင်းမူကား ဘုရင်မင်းမြတ်၏ ထောင်ကျောင်း၌ ၁၂ လတိတိ ဆေးပြတ်လမ်းကို ကျင့်သုံး ဆောက်တည်ခဲ့ရရှာလေသတည်း ။
▢ ပီမိုးနင်း
📖 သူရိယရုပ်စုံသတင်း
အတွဲ ၃ ၊ အမှတ် ၄၄
ဇန်နဝါရီ ၂၉ ၊ ၁၉၃၃
No comments:
Post a Comment