Monday, March 16, 2026

ခိုးတော့မလို

 

❝ ခိုးတော့မလို ❞
     ( ပီမိုးနင်း )

မယ်စိန်သည် အလုပ်တိုက်ကို မြင်လျှင်မြင်ခြင်း မျက်နှာမှာ ညိုမှိုင်းအုံ့ဆိုင်း၍ သွားလေ၏ ။ ပင့်သက်ရှူကာ သက်မကြီး ချလိုက်လေ၏ ။ ဖြူဖျော့ပါးလျှပ်သော မျက်နှာကလေးမှာ တိုး၍ ဖျော့သည်ဟု မှတ်ထင်ရလေ၏ ။

သို့ သွားရင်း တိုက်ရိပ်ကို နင်းမိသောအခါ ဝန်လေးသော အမူအရာနှင့် ရပ်လျက် သာယာသော နံနက်ခင်း နေရောင်တွင် လွတ်လပ်စွာ သွားလာ၍ နေကြသော မော်တော်ကား လန်ချား ခြေလျင်သွားသူများကို ကြည့်ပြီး “ သူတို့မှာတော့ကား လွတ် လွတ်လပ်လပ် ၊ ငါ့ မှာတော့ ကံဆိုးလိုက်တာ ၊ နေမကောင်းလို့လဲ မနေရ ၊ သည်လိုပဲ လုပ်ရင်း သေရလိမ့်မည် ထင်ပါရဲ့ ” ဟု တွေးလေ၏ ။

တိုက်တံခါးကို ကြည့်လိုက်သောအခါ တစ်ခြမ်းသာ ပွင့်လျက် အတွင်းမှာ ခပ်မှောင်မှောင် ရှိလေ၏ ။ ပြတင်းပေါက်များကို တံမြက်စည်းလှည်းသမား သည် အလုပ်တိုက်ခန်း၌ ဖုန်တွေကို ဆွမြှောက်၍ နေသဖြင့် မဝင်ရဲဘဲ နေလေ၏ ။ အကြောင်းမူကား “ မိမိမှာ အဆုတ်ရောဂါ ရှိသည် ” ဟု မှတ်ထင် တွေးကြောက်၍ နေလေ၏ ။

လခ နည်းသဖြင့် ဆေးဖိုးဝါးခမျှ မပေးနိုင်သောကြောင့် တစ်ကြောင်း ၊ ဆရာဝန်က ကြောက်စရာ လန့်စရာ တစ်ခုခုကို ပြောလိုက်မှာ ကြောက်သောကြောင့် တစ်ကြောင်း မိမိ၏ ဝေဒနာနှင့် မိမိမှာ တိုးတိုးဖော် ဖြစ်၍ နေလေ၏ ။ သူငယ်ချင်း အနည်းငယ်မျှနှင့် မောင်တင် ကိုသာ မိမိ၏ မထင်ရှားသော ဝေဒနာ အကြောင်းကို ပြော၍ ပြရလေ၏ ။ မွန်းလွဲသည့် အခါ စာလုံးစက်ကို နှိပ်ရင်း မူးခနဲမိုက်ခနဲ ဖြစ်ကာ အဖျားတက်ချင် သကဲ့သို့ ဖြစ်ပြီး ချောင်းခြောက်ကလေး တဟဲ့ဟဲ့ ဆိုး၍ လာသည်မှာ တစ်လ နီးနီး ရှိလေ၏ ။

“ အဆုတ်နာပါပဲ ၊ ငါတော့ တစ်နေ့နေ့မှာ အလုပ်လုပ် ရင်း လဲကျပြီး သေရမှာ ထင်ပါရဲ့ ၊ ဖေဖေ ၊ မေမေတို့ ရှိရင် ငါ အခုလို အလုပ်လည်း လုပ်ရမှာ မဟုတ်ဘူး ၊ အခုလို ဖြစ်ရင် ဆေးဆရာတွေ ၊ အခိုင်းအစေတွေ ၊ ဆရာမတွေ ပျာလောင်ခတ် နေကြမှာပဲ ၊ အခုမှာတော့ကား နေမကောင်းလို့လည်း မနေရ ၊ လခကလေးကလည်း လေးဆယ် ၊ ဆေးဝယ်ဖို့မှ မရှိ ၊ သုံးနှစ်ကျော် လုပ်လို့မှ ဒီ လခကလည်း မတိုး ၊ သူဌေးများကားတော့ ကား ၊ မော်တော်ကားနဲ့ ၊ သူ့ သမီးတွေ ဝတ်တဲ့ ထဘီတစ်ထည်ဖိုးမှ ငါ မရဘူး ၊ သူတို့မှာတော့ ရုပ်နဲ့ လိုက်အောင် အမျိုးမျိုး ဆင်ပြင်ပြီး ခြေမွေး ရေမစွတ် ၊ လက်မွေး ရေမစွတ် ၊ ငါတို့လို ဆင်းရဲတဲ့ စာရေးမ ကလေးများ ကျွန်ခံရသမျှတွေဟာ သူတို့ စည်းစိမ်ခံရဖို့ချည်း ဖြစ်နေတာပဲ ၊ လခ အပြည့်နဲ့ မဆိုထားနဲ့ ၊ လခ တစ်ဝက်နဲ့ အား လပ်ခွင့်ကလေးများ မှမရဘူး ၊ ရရင် ဆေးကလေး ဝါးကလေးများ စားပြီး အေးအေးဆေးဆေးများ အခုလိုအခါမှာ နေရရင် ငါ အသက်ရှည်ပါရဲ့ ၊ အခုလို ပုံမှာတော့ သေအောင် လုပ်ရတော့ မှာပါပဲ ” စသည်ဖြင့် တွေးတောကာ အလုပ်တိုက်ရော ၊ သူဌေးရော ၊ သမီးတွေရော တစ်တိုက်လုံးကို မုန်းထားလေ၏ ။

သို့ အတန်ငယ် ကြာစွာကလေး ရပ်ကာ တွေး၍ နေပြီးနောက် နံဘေးတံခါးဘက်သို့ လျှောက်၍ သွားရာ စက္ကူလိပ်ကြီး တစ်ခုကို လှေကား ရှေ့၌ တွေ့ရသဖြင့် ကောက်၍ ကြည့်ရာ အထဲ၌ စက္ကူတွေ ရှိသည် သိရသဖြင့် “ ဘာစက္ကူတွေ များပါလိမ့် မလဲ ” ဟု တွေးပြီး “ ငွေစက္ကူတွေ ထင်ပါရဲ့ ” ဟု စိတ်ထဲ၌ အောက်မေ့ကာ အင်္ကျီအတွင်းထဲ သို့ထည့်ပြီး တိုက်ထဲကို ဝင်၍ သွားလေ၏ ။

“ ငွေစက္ကူတွေ ဖြစ်ရင် အတော် များမှာပဲ ၊ လေးလေးကြီးပါပဲ ၊ ငွေတွေ ဖြစ်ပါစေတော် ” ဟု အောက်မေ့ကာ အိမ်သာသို့ လျင်မြန်စွာ သွားပြီး ဖြည်၍ ကြည့်ရာ ရာတန်စက္ကူတွေ အချပ်ပေါင်း သုံးဆယ်ကျော် လေးဆယ်ခန့် ရှိသည်ကို တွေ့ရှိရလေ၏ ။ မူးမိုက်တွေဝေကာ မွှန်၍ သွားလေ၏ ။

“ ဟုတ်မှ ဟုတ်ကဲ့လား ၊ အံမယ်လေး ၊ အဟုတ်ပါပဲ ၊ ငါ့ ဒုက္ခကို  မြင်လို့ သူတော်ကောင်းနတ်များ မ,လာတာပါပဲ ၊ ငါ့ဟာ ... ငါ့ဟာ ၊ ငါနှင့် ဆိုင်လို့ ခလုတ်တိုက်မိတာ ၊ ငါ ပိုင်တယ် ၊ ငါ့ပစ္စည်း ၊ သည်မျှလောက် ကြီးတဲ့ ငွေထုပ်ကို ကောက်ရသူ မှန်ရင် ဘယ်သူ ပြန်ပေးမလဲ ၊ ဘယ်သူ ကြော်ငြာမလဲ ၊ ငါ အင်မတန် ဆင်းရဲတယ် ၊ ငါ သူတို့ကို ကျွန်ခံတာ သုံးနှစ် ကျော်ပြီ ၊ ငါ့ကို ထိုက်သလောက် မပေးကြလို့ ၊ နတ်များက ပေးလာတာ ၊ သူတို့ငွေ ဖြစ်ဖြစ် ၊ ဘယ်သူ့ငွေ ဖြစ်ဖြစ် ၊ ငါ ပြန်မပေးဘူး ၊ ငါ အလုပ်က ထွက်မယ် ၊ ဆေးဆရာဝန် ကောင်းကောင်းနဲ့ ဆေးကုမယ် ၊ ကျန်းမာအောင် သင်္ဘောလမ်း နဲ့ အထက်အောက် စုန်ဆန် အနှံ့အပြား ငါ လည်မယ် ၊ ငါ့ ကိုယ်ကို ငါ ပိုင်ပြီ ၊ ငါ ကျွန်တွင်းက လွတ်ပြီ ၊ ငါ အလုပ်လုပ်ဖို့ မလိုတော့ဘူး ” စသည်ဖြင့် အပြန်ပြန် အလှန် လှန်တွေးပြီး စက္ကူလိပ်ကြီးကို လက်ကိုင်ပဝါနှင့် ရစ်ပတ်ကာ လက်မောင်းအောက်၌ ညှပ်လျက် အိမ်သာမှ ထွက်၍လာလေ၏ ။ မယ်စိန်၏ မျက်နှာမှာ တောက်ပ၍ လာလေ၏ ။ မောင်တင်  ဝင်၍ လာသဖြင့် ကြုံကြိုက်လေရာ မယ်စိန်သည် ၄င်းကို မမြင်ဟန် ဆောင်လျက် စိတ်၏ လှုပ်ရှားခြင်းကို မျက်နှာ၌ မပေါ် စေရအောင် သတိထားကာ စာလုံးစက်မှ ဖုန်များကို သုတ်သင်ဟန် လုပ်၍ နေလေ၏ ။

မောင်တင် အပါးသို့ လာ၍ ရပ်သော အခါကျမှ မော့၍ ကြည့်ကာ “ ဪ ... ကိုတင် ၊ ကျွန်မတို့ နှစ်ယောက် အစောဆုံးပါကလား ၊ ဘယ်သူမှ မရောက်သေးဘူး ”

“ မနေ့က အလုပ်တွေ ကျန်နေတယ် ၊ စိန်စိန် ၊ စိန်စိန်ကော ၊ အိမ်က လာတာပဲလား ”

“ အိမ်ကပေါ့ ကိုတင်ရဲ့ ၊ ကျွန်မ ဘယ်ကို သွားလို့ ဘယ်က လာရမှာလဲ ” ဟု ပြောရင်း မယ်စိန်သည် လက်မောင်းအောက်က အထုပ်ကို ရှေ့၌ ချကာ လက်နှစ်ဖက်နှင့် ဖိကိုင်၍ ထားလေ၏ ။

“ အထုပ်ကြောင့် ပြောတာပါ ၊ ဘယ် ဆိုင်ကများ ဝယ်ခြမ်းသလဲလို့ ”

“ မဝယ်ပါဘူး ၊ ကျွန်မ ပင်းမင်း ပေးဖို့ ဇာသဘက် အလေး ” ဟု ပြောပြီး ပြုံးလျက် အထုပ်ကို ငုံ့ကြည့်ပြီး စားပွဲအံဆွဲထဲကို ထည့်လိုက်လေ၏ ။ မောင်တင်လည်း မယ်စိန် ၏ မျက်နှာကို စက္ကန့် အနည်းငယ် ကြည့်ပြီး

“ သည်ကနေ့ စိန်စိန် မျက်နှာ လန်းသလိုပဲ ၊ နေ့တိုင်းနဲ့ မတူဘူး ၊ တော်တော် နေကောင်း တယ် ထင်တယ် ၊ ဘာဆေးကို စားသလဲ ”

“ ကျွန်မ ဘာဆေးမှ မစားပါဘူး ၊ ဒေါ်မိလေး ပေးတဲ့ သွေးဆေးကို မနေ့က စားလို့ ထမင်းနည်းနည်း စားကောင်းပြီး ညက ခါတိုင်းထက် အိပ်ပျော်တယ် ၊ ကျွန်မ မျက်နှာ ဘယ့်နှယ် နေလို့လဲ ” ဟု ပြောကာ မိမိ၏ ပါးကို လက်နှင့် ကိုင်စမ်းလေ၏ ။

“ မျက်နှာ အပုံကြီး ကောင်းတယ်တဲ့ ၊ တည့်ရင် စွဲစား ၊ စိန်စိန် မပေါ့နဲ့ ၊ စိန်စိန်ကလည်း ဆေးဆရာဝန်ကို ကြောက် တာကိုး ၊ သည်ကမိတ်ဆွေ ဆရာဝန် တစ်ယောက် ရှိပါတယ် ၊ ငွေ မကုန်ရပါဘူး ၊ အေးလေ ၊ တည့်တဲ့ ဆေးတွေ့လျှင်လည်း စွဲပြီး စားလိုက်ဦး ” ဟု ပြောပြီး မိမိ၏ စားပွဲရှိရာသို့ လျင်မြန်စွာ သွားလေ၏ ။

စိန်စိန်သည် အလုပ်ကို ထိုင်၍ လုပ်လေ၏ ။ ရိုက်နှိပ်စရာများကို စီစဉ်လေ၏ ။ လုပ်ကိုင်သော လက်များမှာ တုန်လှုပ် လျက်နေလေ၏ ။ စာလုံးစက်နှိပ်သံမှာပင် အခါတိုင်းနှင့် မတူ ပိုမို၍ အသံ သွက်သဖြင့် မောင်တင်သည် ၄င်းကို တစ်ခါ နှစ်ခါ လှမ်း၍ ကြည့်လေ၏ ။ သို့ ကြည့်သည်ကိုလည်း စိန်စိန် သိလေ၏ ။ စိန်စိန် နှင့် မောင်တင် မှာ ကျောင်းနေဖက် ဖြစ်ဖူး၍ ချစ်ခင်သူ နှစ်ယောက် ဖြစ်ကြသော်လည်း ထိုအချစ်မှာ ရိုးသားသော အချစ် ဖြစ်လေ၏ ။ မောင်တင်မှာ တစ်ရာ ရ၏ ။ သို့သော်လည်း သား မယား မယူ ၊ တစ်ခါတစ်ခါ မယ်စိန်၏ စိတ်၌ မောင်တင်ကို စိတ်အာရုံပြုသည့် လက္ခဏာ ရှိလေ၏ ။ မောင်တင် ကလည်း ထို အတူ အာရုံပြု၏ ။ မယ်စိန်၏ စိတ်မှာ “ ကိလေသာ တဏှာ ချစ်ထက် သူလို လူရိုးလူကောင်း တစ်ယောက်နှင့် ညားလျှင် အခု ထက်တော့ ပိုပြီး ချမ်းသာမှာပဲ ” ဟူသော စိတ်ထားက ပိုမိုလေ၏ ။ မောင်တင်မှာ မူ “ သားမယား ယူဖို့ စိတ်မရှိ ၊ အကယ်၍ ယူဖို့ရန် စိတ်ကို ဆုံးဖြတ်သည့် အခါကျလျှင်ကား မယ်စိန် ထက် တော်တဲ့ မိန်းမကလေး ရှိမည် မဟုတ် ၊ တစ်ယောက် စိတ်သဘောကို တစ်ယောက် သိပြီးမို့ ကောင်းမှာပဲ ” ဟူသော စိတ်မျိုးရှိလေ၏ ။

မယ်စိန် မှာကား ထိုနေ့ ညဉ့် အလုပ်က ဆင်းလျှင် သွားမယ် ၊ လာမယ် ၊ ဝယ်မယ် ၊ ခြမ်းမယ် ၊ နက်ဖြန်ခါ ဆေးဆိုင်တွေ ကို သွားမယ် ၊ အလုပ်က ထွက်ဖို့ရန် ဘယ်ပုံ စီမံရပါ့မလဲ ၊ ငွေလေးထောင်ကျော် ငါးထောင် နီးနီး၏ ပိုင်ရှင်ဖြစ်သည် ။ ယောက်ျား ယူဖို့ လိုမှာ လည်း မဟုတ်တော့ဘူး ၊ ယောက်ျား ယူရင် ငါ့ကို မြှိုက်ချမှာပဲ ၊ သိုက်ဆရာတွေနဲ့ တွေ့မှာပဲ ၊ ကိုတင် တစ်ယောက် တော့ တော်ပါလိမ့်မယ် ထင်ပါရဲ့ ၊ နို့ပေမယ့် ငါလို ရောဂါသည်ကို သူက ယူချင်မှာ မဟုတ်ဘူး ၊ မယူချင်လည်း အေးတာပေါ့လေ ၊ တစ်ယောက်တည်း နေတာပဲ ကောင်းပါတယ် ၊ လင် ယူမိရင် အခု ငွေမရခင်က ဆင်းရဲတာမျိုးထက် ပိုပြီးတောင် ဆင်းရဲချင် ဆင်းရဲမှာပဲ စသည်ဖြင့် အမျိုးမျိုး တွေးတော ရသဖြင့် စာလုံးများ မှားစ ပြုလေ၏ ။

စာရေးများ အလုပ်သမားများ ရောက်ကြပြီးနောက် အတန်ငယ်ကလေး ကြာသောအခါ တိုက်ထဲ၌ လှုပ်လှုပ်ရှားရှား ဖြစ်ကြလေ၏ ။ စာရေးများသည် တစ်ယောက်နှင့် တစ်ယောက် တီးတိုးစကားပြောကြလေ၏ ။ ထိုအတွင်းတွင် မန်နေဂျာ လုပ်သူသည် မသာမယာသော မျက်နှာနှင့် ထွက်၍ လာလေ၏ ။ အလုပ်သမား စာရေးစာချီများသည် အလုပ်ကို ရပ်ကြသဖြင့် တိတ်ဆိတ်၍ သွားလေ၏ ။ မန်နေဂျာသည် အလုပ်သမားများ၏ ရှေ့၌ရပ်ကာ အလုပ်သမားများ၏ မျက်နှာများကို ကြည့်လေ၏ ။ မယ်စိန်သည် အဘယ်လိုအကြောင်း ဖြစ်သည်ကို အလိုလို သိလေ၏ ။ သို့သော်လည်း အလွန်တစ်ရာ ရိုးသားသော မျက်နှာနှင့် စားပွဲပေါ်တွင် မေးထောက်ကာ ရှေ့တည့်တည့်ကို ကြည့်၍ နေလေ၏ ။ မန်နေဂျာက ချောင်းဟန့်ကာ များစွာ စိတ်မကောင်းသောအမူအရာ မျက်နှာထားနှင့် ပြောသည်မှာ ...

“ ငွေ သုံးသောင်း ခြောက်ထောင် သူဌေးမင်း လက်က ကျပြီး ပျောက်သွားတယ် ” ဟု ပြောလေ၏ ။

မယ်စိန်သည် အံ့အားသင့်လျက် မျက်လုံး ကျယ်၍ လာလေ၏ ။ “ ငွေလေးထောင်ကျော် ဟာ သုံးသောင်းခြောက်ထောင် ဖြစ်နေပြန်ပါပြီ ” ဟု မယ်စိန်၏ စိတ်၌ တွေးမိ၏ ။ ထိုနောက် ငွေစက္ကူများကို အကုန်အစင် သေချာစွာ မကြည့်မိသေးသဖြင့် “ ဟုတ်ချင်လည်း ဟုတ်မှာထင်ပါရဲ့လေ ၊ ငါ မှ သေသေချာချာ မကြည့်ရသေးဘဲ ၊ အောက်ဘက်မှာ ထောင် တန်တွေ ပါချင်ရင် ပါမှာ ထင်ပါရဲ့ ၊ များလှချည်းလား ၊ ငါ သည်လောက်တောင် ချမ်းသာနေပလား ၊ ပေါ်လျှင် ဘယ့်နှယ် နေမလဲ ၊ ပေါ်ဖို့ရန် အခက်သားပဲလေ ” ဟု တွေးကာ ဆက်လက် နားထောင်လေရာ မန်နေဂျာက စကားဆက်လေ၏ ။

“ ငွေ သုံးသောင်းခြောက်ထောင် ဆိုတာ အခုအခါမှာ အင်မတန် များတာပဲ ၊ ရတဲ့ လူ ရှိလျင် ပြန်ပေးကြပါ ၊ ဆု ရပါလိမ့်မယ် ၊ သူဌေး အထင်မှာတော့ ဒီအနီးအနား ဆီမှာ ကျတယ်လို့ ထင်တာပဲ ၊ တဆိတ် သတိထား ကြည့်လိုက်ကြဖို့ ၊ ဘယ်သူ ရတယ် ဆိုတာ ပြောနိုင်ရင်လည်း ပြောကြပါ ၊ အခု အလုပ်မှာ ငွေ မနည်း လိုနေတယ် ” ဟု ပြောပြီး အလုပ်သမားများကို ခေတ္တ အကဲခတ်ကာ ကြည့်ပြီး မိမိ၏ အခန်းကို ပြန်၍ ဝင်သွားလေ၏ ။ အလုပ်သမားများလည်း ဝိုင်းစုကာ ရပ်ကြလျက် တီးတိုးစကား ပြောကြလေ၏ ။

ထိုနေ့ နေ့လယ် ခေတ္တ အလုပ်ဆင်းသောအခါ မယ်စိန်သည် ငွေစက္ကူအထုပ်ကို လက်၌ ကိုင်ကာ သုတ်သီးသုတ်ပျာ သွားလေ၏ ။ တစ်ခုသော လမ်းထောင့်၌ မောင်တင်နှင့် တွေ့ လေရာ မောင်တင်က “ ဟင် ... စိန်စိန် ၊ မြန်လှချည်းလား ၊ ဒရောသောပါး ၊ ဘယ်ကိုလဲ ” ဟု မေးလေ၏ ။

စိန် - “ ပင်မင်းဆိုင် ကိုပဲ ၊ ထမင်းစားလည်း ပြန်ရဦးမယ် ” ဟု ပြောပြီး မောင်တင်ကို ရွှင်ပျသော မျက်နှာနှင့် နှုတ်ဆက်၍ ထွက်သွားလေ၏ ။

ထိုနေ့ ညနေ အလုပ်ဆင်းသောအခါ မောင်တင်နှင့် မယ်စိန်သည် အတူလျှောက်၍ သွားကြလေ၏ ။

တင် - “ သူဌေးတော့ သိပ် သနားစရာကောင်းတာပဲ ၊ ပျောက်တဲ့ ငွေကို ပြန်မရရင် ဒုက္ခပဲ ၊ ရဖို့လမ်းတော့ မရှိတော့ ပါဘူး ”

“ သူတို့မှာ သူဌေးပဲ ကိုတင် ရယ် ၊ ရှင်တို့ ကျုပ်တို့ ကျွန်ခံ ခဲ့သမျှ သူတို့ အဖို့ချည်းပါပဲ ၊ သနားစရာ မရှိလောက်ပါဘူး ” ဟု မယ်စိန်က ပြန်၍ ပြောလေ၏ ။

“ မဟုတ်ဘူး စိန်စိန် ၊ တခြား တိုက်တွေမှာ လူ လျှော့ ၊ လခလျှော့ လျှော့ကြတယ် ၊ သည် သူဌေးက သည်လို မဟုတ်ဘူး ၊ အခု တစ်နိုင်ငံလုံး ဘယ်အလုပ်မှ မကောင်းဘူး ၊ လစဉ် ရှုံးနေတာပဲ ၊ အမြတ် မရတဲ့အပြင် သူ့ ငွေရင်းထဲက စိုက်နေရပြီ ၊ အလုပ်သမားတွေကို ထောက်ညှာပြီး အလုပ်ကို မပိတ်ဘဲ မဖျက်ဘဲ ထားတာ အခု ပျောက်တဲ့ ငွေဟာ အလုပ်ကို အသက်ဆက်ဖို့ ငွေပြန် မရရင် အလုပ်လည်း ပိတ် ၊ အလုပ်သမား အားလုံးလည်း ဒုက္ခ ဖြစ်ဖို့ရှိတာပဲ ၊ အခု လုပ်သမျှ ရာဘာပစ္စည်း အထည်တွေလည်း ယူမယ့် လူ မရှိဘူး ၊ အရင်ဂျာဘားစူမတ္တရာက အမြဲ အော်ဒါရတယ် ၊ အခု မရဘူး ၊ သို့သော်လည်း သည်ငွေကို ပြန်ရရင် ဘန်ကောက် နဲ့ ဆက်သွယ်ဖို့ အလုပ် တစ်ခုဟာ နေရာကျဖို့ပဲ ၊ သူဌေး စိတ်ညစ်ပြီး သေသွားမှာတောင် စိုးနေရတယ် ” ဟု ပြောလေ၏ ။ နောက် လမ်းခွဲ၍ သွားကြလေ၏ ။

မယ်စိန်သည် သတင်း၏ စကားများကို တွေးရင်း လျှောက်၍ သွားလေ၏ ။ “ သည်ငွေ ပြန်မရလျှင် တိုက်ပျက်လိမ့်မယ် သူဌေး သေလိမ့်မယ် ၊ တိုက်ပျက်ရင် တခြား အလုပ်သမားတွေ အကုန်ခက်တော့မှာပဲ ” ဟူသော အကြောင်းများကို တွေး၍ သွားလေ၏ ။

ငွေမှာ သုံးသောင်းခြောက်ထောင် ဆိုသည်မှာ ဟုတ်မှန်ကြောင်းကို သေချာစွာ ကြည့်သဖြင့် သိရပြီး ဖြစ်လေ၏ ။ မိမိ ကောက်၍ ရသည်ကို မည်သူမျှ မမြင်ရ ။ မောင်တင်မှာ မိမိနှင့် တွေ့နေကြ စကား ပြောနေကြ ဖြစ်သဖြင့် မောင်တင်၏ အမူအရာကို မယ်စိန် သိ၏ ။ မောင်တင်သည် မသင်္ကသောစိတ်နှင့် ထို စကားများကို ပြောခြင်း မဟုတ်ကြောင်း စိတ်ချရလေ၏ ။

“ ငါ ပြန်မပေးဘူး ၊ လူသတ္တဝါ ဆိုတာ ကျေးဇူးသိတတ်သူ အင်မတန် နည်းတာပဲ ၊ ပြန်ပေးရင် ငါ့ကို ငါးကျပ်တစ်ဆယ် ပေးမှာပဲ ၊ ဘာလုပ်မလဲ ၊ ငါအခု ချမ်းသာနေပြီ ၊ ငါ အခု ဝယ်ချင်ရာဝယ် ၊ ခြမ်းချင်ရာခြမ်း ၊ ငါ တစ်ယောက်တည်း မင်းသမီး တစ်ယောက်လို ထင်သလို နေနိုင်ဖို့ရှိသည် ၊ ငါပြန်မပေးလို့ အလုပ် ပျက်ပြီး သူဌေး သေရင် ငါ့ မှာ သာပြီး စိတ်ချရတာပေါ့ ၊ သည် ငွေစက္ကူတွေမှာ နံပါတ်များကို မမှတ်ရသေးကြောင်းသိရ၏ ။ သနားစိတ်ကို အလိုလိုက်ကာ မိမိ ကိုယ်ကို အဆင်းရဲ ခံရမလား ၊ လောကမှာ ငွေကြေးဥစ္စာကို တရားသဖြင့် ရှာဖွေရရှိသူတွေဟာ ဘယ်လောက် များပါသလဲ ၊ မျက်မြင်လောကမှာ ချမ်းသာနေသူတွေဟာ အကုန်အစင် တရားသဖြင့် ချမ်းသာကြသလား ” စသည် ဖြင့် မိမိ ကိုယ်ကို အပြန်ပြန် အလှန်လှန် မေးလေ၏ ။ ငွေကို ရစ အခါ၌ တက်ကြွခဲ့သော စိတ်သည် ကျသလိုလို ဖြစ်၍ သွားလေ၏ ။ ခြေလှမ်းများမှာ မသွက်မမြန်တော့ချေ ။ ရင်ထဲ၌ ခွက် တစ်ဆယ် လေးကြီးကို ပိုက်ချီ၍ နေရသလို ဖြစ်လေ၏ ။

အိမ်သို့ ရောက်သောအခါ မောမောပန်းပန်းနှင့် မိမိ၏ အိပ်ရာ မွေ့ရာ အတွင်းမှ ငွေစက္ကူထုပ်ကို ထုတ်ပြီး ငွေစက္ကူ ထုပ်ကို ပိုက်ကာ တွေးပြန်လေ၏ ။ “ ရုပ်ရှင်ကို သွားမလား ၊ ညဈေးကို သွားမလား ၊ ငါ ဘာမဆို ရနိုင်ပြီ ၊ ငွေ၏ တန်ခိုး အင်မတန် ကြီးပါကလား ၊ ယခုချက်ချင်း ဘာကို မဆို လိုချင်ရာကို ရနိုင်တဲ့ ငွေ ၊ သည်လောက် အဖိုးထိုက်တန်တဲ့ ငွေကို ငါ ပြန်၍ ပေးရမလား ၊ ပြန်ပေးရင် ငါ့ထက် မိုက်သူ ဘယ်မှာရှိမလဲ ” စသည်ဖြင့် တွေးလေ၏ ။ သို့တွေးရင်း တစ်ညဉ့်လုံး မအိပ်ဘဲ နေလေ၏ ။

နံနက် မိုးလင်းသောအခါ ညက အိပ်ပျက်သဖြင့် မူးခနဲ မိုက်ခနဲ ဖြစ်၍နေလေ၏ ။ ရေမိုးချိုး လက်ဖက်ရည်များ သောက်ပြီး ကတ္တီပါ လွယ်အိတ်ကလေးထဲသို့ ငွေစက္ကူများကို ထည့်ပြီး အချိန် ကျသဖြင့် အလုပ်ကို သွားလေ၏ ။

ထို ငွေသုံးသောင်းခြောက်ထောင်မှ တစ်ပါး မိမိ ပိုက်ဆံ တစ်ပြားမှ မရှိသဖြင့် လန်ချားကို ငှား၍ မစီးနိုင် တစ်နေရာမှာ တစ်စုံတစ်ရာကို ဝင်၍ ဝယ်လျှင် ဖြစ်နိုင်သော်လည်း တစ်စုံ တစ်ရာက ချုပ်ချယ်ခြင်း ပြု၍ ထားသလို ဖြစ်သောကြောင့် မသုံးရက်ဘဲ နေလေ၏ ။

အလုပ်တိုက်သို့ ရောက်သောအခါ လွယ်အိတ်ကလေးကို ဗီရိုအံဆွဲထဲသို့ ထည့်၍ ထားလေ၏ ။ အလိုလို အားအင်ချည့်နဲ့၍  နေသလို ဖြစ်သောကြောင့် တအောင့်ကလေးမျှ စားပွဲပေါ် ၌ မျက်နှာကို ချကာ မှိန်း၍ နေလေ၏ ။

မောင်တင် ဝင်လာပြီး အပါး၌ ရပ်ကာ “ စိန်စိန် ဘယ့်နှယ် ဘာဖြစ်ပြန်သလဲ ၊ မနေ့ကတော့ကောင်းလို့ ” ဟု မေးလေ၏ ။

စိန်စိန် မော့၍ကြည့်ပြီး အားယူ၍ ပြုံးလေ၏ ။ “ ဘာမှ မဖြစ်ပါဘူး ၊ ညက အိပ်မပျော်လို့ ” ဟု ပြောပြီး စာလုံးစက်ကို ကိုင်လေ၏ ။ မောင်တင် လည်း မိမိ၏ နေရာသို့ သွားလေ၏ ။ စိန်စိန်သည် စာများကို မငြိမ်မသက်သော လက်များနှင့် နှိပ်စ ပြုလေ၏ ။

အတန်ကြာ၍ အလုပ်သမားများ အကုန် ရောက်ကြသောအခါ မည်သူမျှ အလုပ်ကို ကောင်းစွာ မလုပ်နိုင်ကြ ၊ စုရုံးကာ တီးတိုးစကားကို သာပြောကြ၏ ။ အလုပ်သမား အားလုံးတို့၏ မျက်နှာများမှာ မသာ ၊ အိမ်ရှင်မျက်နှာများလို ဖြစ်၍နေကြလေ၏ ။ မယ်စိန်သည် ၄င်းတို့ကို ကြည့်ပြီး ပြန်၍ ခေါင်းငုံ့ကာ မိမိ၏  အလုပ်ကို မိမိဆက်၍ လုပ်နေလေ၏ ။

ထိုအခိုက်တွင် မောင်တင်ကို သူဌေးက ခေါ်သဖြင့် မောင်တင် သူဌေးအခန်းသို့ ဝင်သွားသည်ကို မယ်စိန် မြင်ရလေ၏ ။ မယ်စိန်သည် အလုပ်လုပ်ရာမှ သူဌေးအခန်းဘက်ကို မကြာခဏကြည့်မိလေ၏ ။ အံဆွဲကို ဖွင့်၍ အိတ်ကို ကြည့် ၊ အိမ်မှာ ထားခဲ့ရမှာ စိတ်မချသဖြင့် ယူ၍ လာခြင်းဖြစ်လေ၏ ။ အံဆွဲကို ကြည့်၍ နေခိုက်တွင် ခြေသံများကို ကြားရသဖြင့် ကြည့်လိုက်ရာ သူဌေးကို မောင်တင် နှင့် မန်နေဂျာ တွဲပြီး တိုက် အပေါ်ထပ်သို့ တင်သွားသည်ကို မြင်ရလေ၏ ။

စာရေးများသည် မသာယာသော မျက်နှာနှင့် တီးတိုး ပြောကြရာမှ စာရေးနှစ်ယောက်သည် မယ်စိန်၏ စားပွဲ အနီး ဘက်သို့ ကပ်လာပြီး “ အဘိုးကြီးတော့ သည်တစ်ခါ လဲရင် ဒုက္ခပဲ ” ဟု တစ်ယောက်က ပြောသည်ကို ကြားရလေ၏ ။

မယ်စိန်၏ နှလုံးသည် အရည်ပျော်၍ သွားလေ၏ ။ “ ငါ ပြန်ပေး လိုက်ရင် ဒီ ကျွန်ဘဝက လွတ်တော့မည် မဟုတ် ၊ ဒီ ရောဂါနဲ့ ပင်ပန်းပြီး သေမှာပဲ ၊ ငါ ဒီငွေကို ပြန်မပေးရင် ငါ ချမ်းချမ်းသာသာ နေရာမှာပဲ ၊ သို့သော်လည်း အဘိုးကြီး ဒုက္ခ ဖြစ်လိမ့်မည် ၊ တစ်အိမ်သားလုံး ဆင်းရဲပြီး အလုပ်သမား အားလုံး ဒုက္ခ ဖြစ်တော့မှာပဲ ” ဟု တွေးပြီး အလုပ်ကို မလုပ်နိုင်ဘဲ အတန်ကြာ တွေဝေလျက်နေလေ၏ ။

နောက်ဆုံး၌ အိတ်ကို ကိုင်ကာ စားပွဲမှ ထပြီး သူဌေး နေရာ အပေါ်ထပ်ကို တက်၍ သွားလေ၏ ။ စာရေးများသည် ၄င်းကို အံ့သြတွေးတောလျက် ကြည့်ကြလေ၏ ။ အကြောင်းကိုကား မတွေးတတ်အောင် ရှိကြလေ၏ ။

မယ်စိန်သည် အပေါ်ထပ် အခန်းကြီးထဲကို ဝင်၍သွားသောအခါ သူဌေးသည် စားပွဲပေါ်၌ ဦးခေါင်းကို ချလျက်နေသည်ကို မြင်ရလေ၏ ။ သမီးနှစ်ယောက်မှာ မျက်ရည်သုတ်လျက် အပါး၌ ရပ်ကာနေကြ၏ ။ မောင်တင် နှင့် မန်နေဂျာမှာ သူဌေး၏ နောက်၌ရပ်ကာ ကြင်နာသနားသော အမူအရာနှင့် သူဌေးကို စိုက်ကာကြည့်၍ နေကြလေ၏ ။

မယ်စိန်သည် အပါးသို့ ကပ်၍ သွားသောအခါ သူဌေးမှ တစ်ပါး အားလုံး အံ့အားသင့်၍ နေကြလေ၏ ။ မယ်စိန်သည် သူဌေး၏ နံဘေးသို့ ကပ်ကာ ကတ္တီပါအိတ်ကို သူဌေး၏ မျက်နှာ အနီးသို့ ကပ်ကာချရင်း “ ဦး ... ဦး ” ဟု ခေါ်ပြီး မိမိ၏ မျက်လုံးများမှ မျက်ရည်များ သိမ်းဆီး၍ မရဘဲ တစ်ချက်နှစ်ချက် ရှိက်ပြီး မြောမေ့ လဲကျ၍ သွားလေ၏ ။ သတိရသောအခါ သူဌေးသမီး တစ်ယောက်က ပွေ့လျက် တစ်ယောက်က နှာခေါင်းမှာ နှာပုလင်းကို ကပ်၍နေသည်ကို တွေ့ရလေ၏ ။

သူဌေး၏ ထက်သန်သော မျက်နှာကိုလည်း မြင်ရလေ၏ ။ မယ်စိန်သည် အားယူကာ မိမိ၏ အဖြစ်အပျက်ကို ပြော၍ ပြလေ၏ ။ မိမိ မကျန်းမာကြောင်း ၊ မိမိ အဘယ်ပုံ ကြံစည်မိ ကြောင်းများကို အကုန်အစင် ပြော၍ပြလေရာ သမီးအကြီးက “ ဟုတ်တယ် ၊ ဖေဖေ အင်မတန် အားနည်း နေရှာတာပဲ ၊ ဘာမှ မပူနဲ့ မစိန် ၊ မစိန် စိတ်ချမ်းသာဖို့ ၊ မပင်ပန်းရဖို့ ကျွန်မတို့ တာဝန်ထားလိုက်ပါ ” စသည်ဖြင့် ပြောဆို အားပေးကြလေ၏ ။ စိန်စိန် မှာ လခ နှစ်ဆ တိုးပြီး တိုးသောလခ အပြည့်နှင့် အားလပ်ခွင့် သုံးလ ရလေ၏ ။ အလုပ်တိုက်မှာလည်း ပြန်၍ စည်ကားလျက် အသက် ပြန်၍ ရှင်ကာ မယ်စိန်ကို တစ်တိုက်လုံး ကျေးဇူးတင်ကြလေ၏ ။ အကြောင်းမူကား အခြား တစ်ရံဆံ လူတစ်ယောက်ယောက် ရ၍ သွားချေက တစ်ခါတည်း ဆုံးပါး ၊ အားလုံးကုန် ဒုက္ခရောက်ကြဖို့သာ ရှိသည်ကို စဉ်းစားမိကြလေ၏ ။ စိန်စိန်မှာ အလုပ်တိုက် ကြီးသလောက် ပင်ပန်းစွာ မလုပ်ရဘဲ လခတိုးလျက် သူဌေး၏ သမီး တစ်ယောက်လို နေရလေ၏ ။

▢ ပီမိုးနင်း
📖 သူရိယရုပ်စုံ သတင်း
      အတွဲ ၃ ၊ အမှတ် ၃၇
      ၁၂ ၊ ဒီဇင်ဘာ ၊ ၁၉၃၂

No comments:

Post a Comment