❝ ချစ်မျဉ်းပြိုင် ❞
( ဇွဲဆုပန် - ဆားလင်းကြီး )
နှင်းတွေကျပြီ ဆိုလျှင် ကလေးလေး၏ မွေးနေ့တောင် ရောက်ပြန်ဦးတော့မည် ။ ဘာလိုလိုနှင့် နှင်းကျသည်က နိုဝင်ဘာလ၏ ဒုတိယအပတ်က စသည် ။ ပုံမှန် မဟုတ်ပေမဲ့ ဥတုက ခပ်ကြမ်းကြမ်းနှင့် စဝင်လာသည် ။ ကလေးလေးကို နှင်းမှုန်တွေ ခပ်ကြမ်းကြမ်းကျသည့် ညမှာ ရခဲ့သည်မို့ ချစ်စနိုးနှင့်ပဲ နှင်းမှုန်လေးလို့ ခေါ်ခဲ့ကြသည် ။ အခုဆိုလျှင် ကလေးလေးက စကား စပြောချင်ပြီ ။ အူးအူးအားအား အော်တတ်နေပြီ ။ စကားလိုက်ပြောချင်ပြီ ။ စကား မပြောတတ်သေးပေမဲ့ ပြောစကားတော့ နားလည်သည် ။ သူ့နာမည်လေးများ ခေါ်လိုက်လျှင် ပြုံးပြုံးနှင့် ။ ဖအေကဆို ပိုပြီး သည်းသည် ။ ကြီးလာရင် ဒီအဖေကြောင့် ပျက်မှာ စိုးရိမ်ရသည် ။
တစ်ရက်မှာ ကလေးကို ချော့သိပ်ဖို့ ကဗျာတစ်ပုဒ် ဘယ်သူ ရေးပေးလိုက်သည် မသိဘူး ။ ဒီလိုနှင့်ပဲ သူ့တေးကဗျာနှင့် ကလေးက အိပ်ပျော်ရတာ ဒီအရွယ် ရောက်သည် အထိ ။ သူ ရွတ်ပါများတော့ ကဗျာလေး ကိုတောင် ကိုယ်က ရနေပြီ ။ ကျုပ်နှင့် ကလေးကို အချစ်ပြိုင်တာတဲ့လေ ။
အလင်းနှစ်တိုင်
အပြိုင်ကြလို့
အနိုင်လုဖို့
ကြိုးစားမယ် ။
ဖေကြီးကလည်း
အသက်ပေးလို့
သားကလေးကို
ချစ်ပါတယ် ။
ဖေကြီးကိုကွယ်
မေကြီးရှုံးလို့
မေကြီးမျက်နှာ
ညှိုးရော်တယ် ။
သူနိုင်ကိုယ်နိုင်
အပြိုင်နွှဲလို့
ချစ်ပွဲဝင်ဖို့
ကြိုးစားမယ် ။
သားလေးခန္ဓာ
ဝကာဖြိုးလို့
ဖေကြီးအလုပ်
ကြိုးစားတယ် ။
မေကြီးကကွယ်
ဝမ်းနဲ့လွယ်လို့
ကိုးလဆယ်လ
ဖွားရတယ် ။
အသက်ကိုကွယ်
စတေးရဲလို့
သားကို
မွေးထုတ်ပေးခဲ့တယ် ။
ဖေကြီးရှုံးရင်
မျက်နှာငယ်လို့
လပြည့်ဝန်းကြီး
တိမ်ဖုံးနှယ် ။
ဘယ်လိုပြိုင်ပြိုင်
မရှုံးတမ်းမို့
ချစ်ကြတာလည်း
အတူတူကွယ်
ချစ်တယ် ×××
ချစ်တယ် ××× ။
ချစ်မယ် ×××
ချစ်မယ် ××× ။
ကလေးက “ ဦးတော် ဦးတော် ” ဆိုရင် လက်အုပ် ကလေးချီပြီး ဘယ်နှကြိမ် မှန်းမသိ ဦးချ နေတတ်သည် ။
လင်ကိုယ်မယား နှစ်ယောက် တစ်နေ့လုပ်မှ တစ်နေ့စားရသည်မို့ ဒီကလေး အတွက် ရင်လေးရသည် ။ အသက်က ကြီးပြီ ။ ကလေးက လူဖြစ်ချိန် ဆိုတော့ ကိုယ်တွေက ကျပိုင်း ရောက်မှ ကလေးက လူဖြစ်လာနှင့် ။ သင်းကလေး၏ ကံပဲလို့ တွက်ရတော့သည် ။
အခုလည်း ကလေးမွေးနေ့က ရောက်ပြန်ဦးတော့မည် ။ “ ကလေးမွေးနေ့များ ရောက်ရင် မအေရေ လူကြီးတွေကို ဖိတ်ပြီး ထမင်းလေး ဘာလေး ကျွေးကြဦးစို့ရဲ့ ” လို့ ဖအေက ပြောတတ်ရဲ့ ။ သူ ပြောနိုင်တာကလည်း ပြောနိုင်အောင် ကြိုးစားရှာသည်ကိုး ။
ကလေး စရပြီး ကတည်းက ပိုက်ဆံကို နေ့တိုင်း စုဘူးထဲ ထည့်ခဲ့တာ ၊ ဘယ်လောက်တောင် ရပြီ မသိဘူး ။ စုဘူးကလေး တလှုပ်လှုပ်နဲ့ ၊ လှုပ်ကြည့်ရတာလဲ အမော ။ ဒီကလေး အတွက် ဆိုလျှင် ကိုယ့်ပါးစပ် ကိုတောင် သဒ္ဓါသည့်လူ မဟုတ်ဘူး ။ အင်း အဲလို ဖြစ်လာတာကလည်း ဒီကလေးကြောင့်ပါပဲလေ ။
အရင်ကများ အိမ်ထောင်သည် လို့တောင် သူ့ ကိုယ်သူ သတ်မှတ်တာ မဟုတ်ဘူး ။ သူ ရှာရတာ သူ့ဟာသူ အရက်သောက်ပစ်တာများသည် ။ နှစ်ကိုယ်တစ်ဘဝ စတည် ထောင်စကတော့ အရက် ဆိုတာ ဘာမှန်းတောင် သိတာ မဟုတ်ရှာဘူး ။ ပန်း ရန်လုပ်ရင်း သူက သံလက် ကိုင် ၊ ကိုယ်က မဆလာသယ် ၊ အုတ်သယ်ရင်းနှင့် တစ်ယောက်ကို တစ်ယောက် စကြိုက်ခဲ့ကြတာ ။
ဒီဒေသမှာ လာလုပ်ရင်း အလုပ်ပြီးတော့လည်း သူများဆီမှာ ဖူးစာ လာဆုံကြရသည့်အဖြစ် ။ သူ့မျက်နှာ တစ်ရွာထင် ၊ ကိုယ့်မျက်နှာ ကြည့်ပြီး တစ်ကမ္ဘာလို့ ဖြစ်ခဲ့ရသည်မို့ ချစ်လည်း ချစ်ခဲ့ရသည် ။ အလုပ်က ပြီးပြန်တော့ ကိုယ့်ဒေသကို မပြန်တော့ဘဲ ဒီမှာ တစ်အိုးတစ်အိမ် ထောင်ခဲ့သည် ။ ကျန်သည့် လူတွေကတော့ ကိုယ့်နေရပ်ကို ပြန်ကြပြီ ။
ညားခါစကတော့ နှစ်ယောက်သား အခြေမကျသေးခင် ကလေး မယူကြဘဲ နေဖို့ သဘောတူခဲ့ကြသည် ။ သူလည်း အလုပ်ကို ကြိုးစား ၊ ကိုယ်ကလည်း စီးသည့်ရေ ၊ ဆည်သည့်ကန်သင်း ဖြစ်လို့ ။ အပေးအယူ မျှခဲ့ကြသည် ။ အိမ်နှင့် ဝင်းလည်း ပိုင်ရော ကလေးယူဖို့ ဆုံးဖြတ်ခဲ့ကြ သည် ။
အိမ်ထောင်သက် ငါးနှစ်ခြောက်နှစ်မှာ ကလေး စယူခဲ့ကြသည် ။ ကိုယ်ဝန်စ ရှိတော့ သူ့မှာ ပျော်လို့ မော်လို့ ၊ ပတ်ဝန်းကျင်မှာလည်း ကြွားမဆုံး ။ ကလေးက ဘယ်မှာလဲ မသိသေးဘူး ၊ ရူးရတာ အမော ။ မုန့်ဆီကြော်က ဘယ်မှန်းမသိ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလားလို့ ဖြစ် နေရသည် ။
လူကလည်း သန်တုန်း မြန်တုန်းဆိုတော့ နေ့တစ်နေ့ ကုန်အောင် ပန်းရန် လုပ်လား လုပ်ရဲ့ ။ ညပိုင်းမှာ ဆိုက်ကား နင်းလား နင်းရဲ့ ။ အဲလိုကို လုပ်ခဲ့တာ ။ ကိုယ်ကတော့ ကလေးကိုယ်ဝန်စရကတည်းက အလုပ် နားခဲ့ရတာ ။ ဘာဆိုဘာမှ လုပ်ခွင့် မပြုခဲ့ဘူး ၊ ကလေး အတွက် ကြိုးစား လိုက်တာ တဖြည်းဖြည်းနှင့် ဆိုက်ကားတစ်စင်း ဝယ်နိုင် ခဲ့သည် ။
ကာရန်မသင့်ချင်တော့ တစ်ရက်မှာ ရေချိုးဖို့ ရေထ အဆွဲမှာပဲ ကိုယ်ဝန် ပျက်ကျခဲ့ရသည် ။ သားလား ၊ သမီးလား မသိရခင်မှာဘဲ စွန့်လွှတ်ခဲ့ရသည့် အတွက် နှမြေရတာ ။ ငိုလည်း ငိုခဲ့ရသည် ။ အဆူအဆဲလည်း ခံခဲ့ရသည် ။ ခက်သည်က အရင်က တားဆေးတွေ သောက်ခဲ့သည် အရှိန်နှင့် သားအိမ်ပါ ထုတ်ပစ်လိုက်ရသည် အထိ ဖြစ်သွားရသည် ။
ဘယ်လိုမှ ထင်မထားသည့် ကိစ္စတွေ ဖြစ်ခဲ့ရသည် နောက်မှာတော့ အရက်သမား လုံးလုံးဖြစ်သွားခဲ့သည် ။ သူ့လည်း အပြစ် မပြောရက် ၊ ဘယ်သူ့ကိုမှ အပြစ်ပြောမရသည့်အဆုံး ကံကြမ္မာကို ယိုးမယ်ဖွဲ့ခဲ့ ရတော့သည် ။ ကလေးရူး ရူးခဲ့ရသည့် သူ့ အတွက် ကလေးကံက မကောင်းခဲ့ ။ အလုပ်အကိုင်တော့ မပျက်ကွက်ခဲ့ ။ အလုပ် ပြန်တိုင်း သောက်သောက် လာသည်က နေ့ရော ညရော အချိန်ကို မခွဲခြားတော့ ။
သူ အရက်သောက် နေချိန်မှာ ကိုယ့်အလှည့် ကျလာပြီမို့ မနက်ပိုင်း မီးခွက်ဈေးလေးမှာ အသီးအရွက်တွေ ဖောက်သည်ယူပြီး ရပ်ကွက်ထဲမှာ လှည့်ရောင်း နှင့် ကိုယ်က တစ်ပြန် လုပ်ကျွေးခဲ့ရသည် ။ ဒါပေမဲ့ မနက် ဈေးသွားတိုင်းတော့ တုတ်မီးတစ်လက်နှင့် အသွားအပြန် လိုက်ပို့သည် ။ မနိုင်တာ ကူသယ်ပေးသည် ။
ဆောင်းရောက်ပြီး နှင်းတွေကျသည့် တစ်ရက်မှာတော့ ကံကြမ္မာက မျက်နှာသာ ပေးခဲ့သည် ။
မှတ်မှတ်ရရပါပဲ ။ အဲဒီ မနက်က လင်မယား နှစ်ယောက် စကားတပြောပြောနှင့် လာတုန်း ရပ်ကွက်တဲလေး တစ်ခုနားက ကလေး တစ်ယောက်၏ “ တအဲ့အဲ့ ” အသံကို ကြားလိုက်ရသည် ။ နှင်းကလည်း ပိတ်နေအောင် ကျသည် ။ ဒီလမ်း ဒီခရီးကို သွားနေတာပဲ နှစ်ပေါက်နေပြီ ။ သစ္ဆေသရဲ ခြောက်တာများလားလို့ တွေးမိရဲ့ ။ ခဏ နေတော့ ... ။
“ မိန်းမ ကလေးသံ ကြားသလားလို့ဟ ။ ချမ်းချမ်းစီးစီးနဲ့ကြီးကို ဘယ်ကဘာလိမ့် ” ဆိုတဲ့ပြီး တုတ်မီးနှင့် ဟိုရမ်းဒီရမ်း လုပ်နေလေရဲ့ ။ အဲဒီမှာပဲ မီးရောင် အောက်မှာ တလှုပ်လှုပ်နှင့် ကလေးလေးကို တွေ့လိုက်ရသည် ။ ကိုယ်က လှမ်းကြည့်နေတုန်းပဲ ရှိသေးသည် ။ သူက ကလေးနားကို ရောက်သွားပြီ ။
“ လာစမ်းဟ ၊ တုတ်မီး ကိုင်ထားစမ်း ”
ကျုပ် လက်ထဲလည်း တုတ်မီးရောက်ရော ကလေး က သူ့လက်ထဲ ရောက်နေပြီ ။ သူ လိုချင်လှပါတယ် ဆိုသည့် ကလေး အခုတော့ ရပြီ ။ ဝမ်းမနာသားလေးပေါ့ ။ ကလေးက ယောက်ျားလေး ။ ချက်ကြိုးတောင်မှ ဖြတ်ပြီးတာ ကြာသေးမှာ မဟုတ်ဘူး ။ ဘယ်လို လူမဆန်သည့် သူတွေကများ လူစိတ်မဲ့ပြီး ပစ်ထားခဲ့ကြသည် မသိဘူး ။ ဘာပဲပြောပြော ကိုယ်တွေ အတွက်တော့ ဘုရားမတာပဲ ။ ဈေးကို ဆက်မသွားတော့ဘဲ အိမ်ကို လှည့်ပြန်ခဲ့ကြသည်။
“ မိန်းမရေ ငါ ဆိုက်ကား ပြန်နင်းမယ် ” လို့တောင် မပြောတော့ဘူး။ နှစ်ပေါက်အောင် သိမ်းထားသည့် ဆိုက်ကားနင်းပြီး ထွက်သွားတော့သည်။ ကလေးနို့တိုက်ဖို့ နို့ဘူးတွေ ပြင်နေတုန်းပဲ ထွက်သွားလိုက်တာ နေ့လယ်လောက်မှာပဲ ပြန်ရောက်လာခဲ့သည် ။ ပိုက်ဆံအလိပ်ကလေးနှင့် ကလေးအတွက် အနှီးစတွေ ဝယ်လာသည် ။ အင်္ကျီတွေပါ ဝယ်လာခဲ့သည် ။ အင်္ကျီလေးတွေက မွေးခါစ ကလေးအတွက် အံကိုက်ဖြစ်နေခဲ့သည်။
ကလေးကြောင့် သောက်ခဲ့သည့် အရက်က ကလေးကြောင့်ပဲ ပြတ်ခဲ့ရသည်။ ကလေးလေး စရသည့် နေ့ကတည်းက စုဘူးလေးထဲကို ပိုက်ဆံ စထည့်ခဲ့သည် ။ အရင်က စုဘူးလေးလည်း အခုမှ ပြန်ပြီး အသက်ဝင်သည် ။ အလုပ်ကို ပြန်ကြိုး စားခဲ့သည် ။ ကလေး၏ မွေးနေ့ ကတော့ ဘယ်ရက်အတိ အကျ မသိပေမဲ့ ကောက်ရခဲ့ သည့် နေ့ကိုပဲ သတ်မှတ်ခဲ့ရသည် ။
အခု ဒီဇင်ဘာ ရောက်လျှင် ကလေးက အသက် နှစ်နှစ် တင်းတင်းတောင် ပြည့်တော့မည် ။ ဖြစ်နိုင်လျှင်တော့ နတ်ရေကန်ထဲ ချပြီးတော့သာ ကြီးပစ်လိုက်ချင်သည် ။ ကလေးကတော့ သဘောကောင်းသည် ။ ဒီနေရာမှာ ချထားလျှင် ဒီ အတိုင်း နေသည် ။ သိပ်ထား လည်း သိပ်ထားသည် အတိုင်းပဲ နေသည် ။ ငိုရ ကောင်းမှန်းပင် မသိ ။ ခက်တာက ဖအေက ကလေးကို ပစ်ထားရင် မကြိုက် ။
သိပ်ထားပြန်လည်း ခေါင်းပြားမှာ စိုးရိမ်ရ ၊ ထိုင်ထားပြန်ရင်လည်း ခါးခွေမှာ စိုးရိမ်ရ ။ မတ်တတ်ရပ်ပြန်လည်း ခြေခွင်မှာ စိုးရိမ်ရနှင့် ဝမ်းမနာခဲ့ရလို့သာ ။ နေ့စဉ် မျက်စိနှစ်ဖက် ပွင့်ကတည်းက ညအိပ်လို့ မျက်စိပိတ်သည် အထိ ဒီကလေးပဲ ကြည့်နေရမည်တဲ့ ။
အသက်က လေးဆယ် ကျော် ငါးဆယ်နား ရောက်ပြီ ။ ကလေးစိတ်ကြောင့် လုပ်နေ ပေမဲ့ ကျန်းမာရေး ကလည်း မကောင်း ။ ကျလွယ်သည်ပဲ ပြောရမလား ။ ကျန်းမာရေး မကောင်းတော့ တစ်ခါတည်း ပုံကျသွားမှာ ကိုလည်း စိုးရိမ်ရသည် ။ တစ်ချိန်က သောက်ခဲ့သည့် ဒဏ်တွေက ပြန်ပြန် ပေါ်လာသည် ။ မိုးအေးသည့် အခါမျိုးမှာ ပိုပြီး ဆိုးသည် ။
မဖြစ်သည့်အဆုံး အိမ်မှာပဲ အကြော်ဆိုင်လေး ထဖွင့် လိုက်ရသည် ။ ဆိုက်ကားကို တော့ အနင်း မခိုင်းတော့ဘဲ အငှား ပေးထားလိုက်သည် ။ အကြော်ဆိုင်မှာ တောက်တို မည်ရ လုပ်ရင်း ၊ ကလေးထိန်း ရင်းနှင့် အနားယူ ခိုင်းရသည် ။ ဘယ်လို မိဘကနေ မွေးလာရသည့် ကလေးလည်း မသိပေမဲ့ သွေးမတော် သားမစပ် ချစ်နေကြရသည့် အဖြစ် ။ ဝဋ်ဒုက္ခကလည်း တယ်ကြီးသကိုး ။
သင်းကလေး လူလားမြောက် အရွယ်ရောက်လို့ ပညာတွေစုံမှ လင်မယား နှစ်ယောက် သေမည် ဆိုလျှင် သေပျော်ပါပြီ ။ အရွယ်ရောက်လာလျှင် ကျောင်းထားရဦးမည် ။ အလှူ လှူရဦးမည် ။ သူ့ကံ ၊ ကိုယ့်ကံပါပဲလေ ။
ဆောင်းကလည်း နက်သထက် နက်လာပြီ ။ ကလေး မွေးနေ့က နှစ်ရက်ပဲ လိုတော့သည် ။ ဖအေကလည်း ချောင်းဆိုးက မရပ်နှင့် ၊ မနက် အကြော်တောင် ကြော်နိုင်ပါ့မလား ။ ဒါပေမဲ့ အကြော်က ကြော်ဖို့ပြင်ပြီးသားဆိုတော့ မလုပ်လို့ကလည်း မဖြစ်သေးဘူး ။ တစ်နေ့တခြား ပိန်လာသည့် ခန္ဓာကိုယ်က ဘယ်လိုမှ ကောင်းတာလေးတွေ ၊ ခံတွင်းတွေ့မည့် အာဟာရ ဖြစ်မည့်ဟာလေးတွေ ချက်ကျွေးလို့လည်း ပြန်ပြီး ပြည့်မလာတော့ ။
နေဝင်မိုးချုပ်လောက် တုန်းကတော့ ချောင်းသံ တဟွတ်ဟွတ် ကြားနေရသည် ။ သူကိုယ်တိုင် မပြောနှင့် ၊ ဘေးက လူတောင် အသက်ရှူရ ကျပ်လာသည် ၊ သူ့ ချောင်းဆိုးသံ ကြားရတာ ။
“ ဖအေတော့ သက်သာရဲ့လား ။ ဒီမနက်တော့ ချောင်းဆိုး ရပ်သလားလို့ ”
လက်လှမ်း မီသလောက် ဆေးမြီးတိုလေးတွေတော့ လုပ်ပေးပါသည် ။ ဆေးနှင့် ရောဂါ တည့်လို့ ထင်ပါရဲ့ ။ ချောင်းသံတော့ မကြားရဘူး ။ ကလေး ဘေးမှာ အိပ်နေလိုက်တာ ကွေးကွေးလေး ။ ကလေးအပေါ် မှာလည်း လက်က တင်ထားသေးရဲ့ ။ အရင်ရက်တွေက အိပ်မပျော်ခဲ့တာတွေ အခုမှ သက်သာလို့ ထင်ရဲ့ အိပ်နေလိုက်တာ ။
အကြော်ကလည်း ဆိုင် စထွက်ကတည်းက ရောင်းလိုက်ရတာ တယ် လက်မလည်ချင်ဘူး ။ ကူမည့် လူကလည်း မနိုးသေးတော့ လာဝယ်သည့် သူ ကိုပဲ ပြန်ပြီး ထည့်ခိုင်းရတော့တာ ။
“ နေမြင့်ပြီနော် ၊ အကြော်တောင် ကုန်ပြီ ။ ဒီသားအဖ မထသေးဘူးလား ... ဟင် ၊ ထတော့ ”
ပြောပြောဆိုဆိုနှင့် ဝင်သွားတော့ ကလေးက နိုးနေပြီ ။ မျက်လုံးလေး ကလယ် ကလယ်နှင့် ။ ဟိုကြည့် ဒီ ကြည့် ကြည့်လို့ ။ ဖအေက သူ့ကို ဖက်ထားတော့ အော်တောင် မအော်တော့ဘူး ။ သူ့ဘေး လူရှိမှန်းက သိသေးတာ ။
“ ဟင် နဖူးက အေးစက်လို့ ”
အဖျား ရှိလားလို့ နဖူးကို စမ်းကြည့်မိမှပဲ ။
“ လုပ်ကြပါဦးတော် ၊ ဘုရား ဘုရား လက်တွေကလည်း အေးစက်လို့ ။ အသက်မှ ရှိသေးရဲ့လား ”
အိမ်ဝန်းကျင်က လူတွေ ဝိုင်းလာတော့မှပဲ တစ်ဖက် စောင်းနေသည့် အောက်မှာ အခင်း တစ်ခုလုံး သွေးတွေ အိုင်လို့ ။ ဘယ်အချိန်က သေနေသည်မသိသည့် ဖအေ၏ ခန္ဓာကိုယ်က အေးစက် တောင့်တင်းနေပြီ ။ သွားပြီ ၊ ဘယ်လိုမှ လုပ်လို့ မရတော့ဘူး ။
သူ ချစ်လှပါချည်ရဲ့ ဆိုသည့် ကလေးလေးနှင့် အတူ ထားသွားခဲ့ပြီ ။
မလိမ္မာ တစ်ခါ မိုက်မိခဲ့သည့် မိုက်ပြစ်တွေလေ ။ အခုတော့ ဘာတတ်နိုင်သေးတုံး ။ မှာသွားပါရော့လား ။
“ ကလေးကို ဂရုစိုက်နော် ” လို့ ။
တတွတ်တွတ် ပြောလွန်းလို့လည်း နားငြီးခဲ့ရပါရဲ့ ။ သူ ပြောတိုင်းလည်း ဘာမျှ ပြန်မပြောနိုင်ဘူး ။
“ မအေ နင်က ကလေးကို ငါ့လောက် မချစ်တတ် သလိုပဲ ” လို့ ပြောတိုင်း ရင်နာခဲ့ရတာ အခုတော့ အချစ်ပြိုင်ပါဦးလား ။ ကိုယ့်ဝမ်းနှင့် မလွယ်ခဲ့ရတာကိုက တစ်ပန်းရှုံးခဲ့ရတာလေ ။ အခုတော့ မအေ နိုင်ပြီ ။
ဟုတ်သည် ။ ဖအေက ကလေးကို မအေလောက် မချစ်လို့ စောစောစီးစီး ထားပြီး ထွက်သွားတော့တာလေ ။
“ မအေက ကလေးကို တော့်ထက် ပိုချစ်တယ်တော့ ” လို့ ပြောရင်း မျက်ရည်တွေက ပါးပေါ်မှာ ... ။
⎕ ဇွဲဆုပန် ၊ ဆားလင်းကြီး ၊
📖ရွှေအမြုတေ စုံမဂ္ဂဇင်း
၂၀၁၄ ၊ သြဂုတ်

No comments:
Post a Comment