❝ ရန်ကုန်သူ ❞
( ပီမိုးနင်း )
အရှင်မဟာ ဗုဒ္ဓဃောသ ကျောင်းတော်ကြီးမှ ဆယ်တန်းစာမေးပွဲကို အောင်မြင်ပြီးနောက် ကောလိပ် သိပ္ပံကျောင်းတွင် ပညာများ ဆက်လက်သင်ကြားနေသူ မောင်တင်အောင်သည် မိကောင်းဖခင်သားပီပီ ပျော်မှုရွှင်မှုတို့ကို အနည်းငယ်မျှ မလိုက်စားဘဲ ကျောင်းသင်ခန်းစာများကို အပတ်တကုတ် ကြိုးစားသင်အံ ရွတ်ဖတ်ခြင်းဖြင့် အချိန်ကုန်ခဲ့ရလေ၏ ။
“ ဘယ်ရုံမှာ ဘယ်ကား ၊ ဘယ်အရပ်မှာ ဘယ်အငြိမ့် ထိပ်ဆိုတဲ့ ဥစ္စာပေါ ရုပ်ချောက ဘယ်လမ်းမှာ အထက်တန်း မြာကိုဖြင့် ဒီလိုလား ” ဟု မိမိအနား၌ စုရုံးကာ သူငယ်ချင်းဖြစ်သူတို့ ဟီးလားတိုက်ကာ သန်ရာ သန်ရာ ရယ်မောပြောဆိုကြသော်လည်း မောင်တင်အောင်သည် ဘာသိဘာသာနှင့် နေထိုင်လေ့ရှိပေ၏ ။
“ ရိုးလွန်းတော့အ ၊ အ,လွန်းတော့န ၊ န,လွန်းလှတယ် ၊ အ,လွန်းလှတယ် ” ဟု ဆိုကြလေ၏ ။ တချို့ကလည်း “ လူရည် မလည်သေးလို့ပါ တော်တော်ကြာရင် အရူးအမဲသား ကျွေးမိသလို နွားမြင်တိုင်း လက်ညှိုးထိုးပြမယ့်လူပါ ကွယ် ၊သူ့ရုပ်ကို ကြည့်ပါလား ” ဟူ၍လည်း ကဲ့ရဲ့ရှုတ်ချ ပြောဆိုကြလေ၏ ။
မည်သူ မည်သို့ပင် ကဲ့ရဲ့ ချီးမွမ်းသော်လည်း အလေးမမူ ဂရုမထား ကျောင်းသားတို့၏ ဝတ္တရားနှင့် လျော်ညီအောင် နေမယ် ၊ သူတို့ ပြောသမျှတွေဟာ တတ်သိလိမ္မာဖို့ တစ်ခုမှ မရှိဘူး ။ လောကမှာ အသက်မွေးမှုပညာ ကောင်းကောင်းနှင့် အခြေအနေအလုပ်အကိုင် တစ်ခုခုနှင့် တည်တည်ကျကျကြီး နေနိုင်လျှင် မိန်းကလေးများက ယောက်ျားကလေးများကို လိုက်လံ ရှာဖွေနေရတဲ့ ခေတ်ကြီးပါ ။ အလှဆုံး အချောဆုံးဆိုတဲ့ ထိပ်တွေကိုလည်း အိုးဝယ်သလို ခေါက်တီးပြီး စိတ်ကြိုက်ရာကို ရွေးယူနိုင်ပါတယ် ” ဟု အမျိုးအဖုံဖုံ မိမိစိတ်ကို မိမိပိုင်ပိုင်နိုင်နိုင် ထိန်းသိမ်းစောင့်ရှောက် သွန်သင်ဆုံးမကာ နေခဲ့ရာ မကြာမီ စာမေးပွဲ နီးကပ်၍ လာလေ၏ ။
အညောင်းပြေကလေးမျှ အလည်အပတ် မထွက်ဘဲ တကုတ်ကုတ် ကြိုးစားလွန်းလှ၍ ဣရိယာပုတ်မျှ တညီညွတ်ခြင်း မရှိသဖြင့် တစ်နေ့သောအချိန်တွင် မောင်တင်အောင်မှာ ကိုယ်လက် ကိုက်ခဲပြီး စာမကျက်နိုင်ဘဲ ခုတင်ပေါ်တွင် လဲလျောင်းကာနေရလေ၏ ။“ သာယာသော ညနေစောင်းမှာ လမ်းလျှောက်ပါ ၊ သက်သာ လာပါလိမ့်မယ် ” ဟု ဆရာဝန်က ညွှန်ကြားလေ၍ တင်အောင်သည် လက်ကိုင်တုတ်ကလေးကို ဝှေ့ယမ်းပြီး ကန်တော်ကြီး၌ လျှောက်နေစဉ် ဝါးတစ်ပြန်လောက် အကွာတွင် မော်တော်ကားတစ်စီးသည် ရုတ်တရပ်တန့်လျက် ၎င်းအထဲမှ မိန်းမပျိုတစ်ယောက်အား လူနှစ်ယောက်တို့သည် ဘလက္ကာရ ဆွဲချင်ရာ ဆွဲ တွဲချင်ရာ တွဲ ၊ သဲသဲမဲမဲ နွားဖျက်သလို ဖျက်နေကြသည်ကို မြင်လိုက် လျှင် တင်အောင်၏ ခေါင်းသည် တင်းတောင်းလောက် ပွသွားသလားဟု မှတ်ထင်ရလေ၏ ။ ထို့နောက် ဩော် သနားစရာကလေးပါကလား ၊ ဘယ်သူမှလည်း မမြင်ကြဘူးထင်ပ ။ ငါ တကယ် မစောင်မတာဖြင့် အရိုးတခြား အသားတခြားနဲ့ နေတော့မယ် ။ ကြည့်စမ်းပါဦး ရုန်းနေလိုက်တာ နာလွန်းလို့ ထင်ပါရဲ့ဟု ပြောပြောဆိုဆို ကိုင်ထားသော လက်ကိုင်တုတ်ကို မြဲမြံစွာဆုပ်ပြီး အဆိုပါ လူဆိုးနှစ်ယောက်ကို ရိုက်လိုက်လေ၏ ။
အချောင်သမား လူနှစ်ယောက်တို့မှာ အလွန်တရာ မူးလွန်းလှ၍ ပြန်လှန်ခုခံခြင်းမပြုဘဲ ယိုင်တိယိုင်တိုင်နှင့် အူယားဖားယားနှင့် လွတ်ရာ ကျွတ်ရာကို ပြေးကြလေ၏ ။
စောမြသည် သတိလစ်ပြီး အရုပ်သေးကြိုးပြတ် သကဲ့သို့ ခွေယိုင် လဲပြို၍နေသဖြင့် တင်အောင်သည် ခေါင်းကလေးကို အသာပင့်လျက် ပေါင်ပေါ်တွင်တင်ကာ ပခုံးနှစ်ဖက်ကို လှုပ်ရင်း လှုပ်ရင်း ခေါ်ရှာလေ၏ ။ စောမြသည် အတန်ကြာလျှင် မျက်လုံးကလေးများ ကလယ်ကလယ်နဲ့ ကြောက်ရွံ့ ထိတ်လန့်သကဲ့သို့ ထ,ထိုင်ပြီးလျှင် တင်အောင်အား ကြည့်ကာ လက်ကလေးနှစ်ဖက် ယှက်၍ ပြူးကြောင်ကြောင်နှင့် ခေါင်းငုံ့ နေလေ၏ ။ တစ်ဖန် ခေါင်းကလေးမော်လျက် “ စောမြ ကို ကယ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ။ ဒီကသာ မကယ်ရင် ခုလောက်ရှိ ဘယ်အဖြစ်မျိုး ရောက်သွားမယ် ဆိုတာ မတွေးဝံ့အောင် ကြောက်စရာကောင်းပါတယ် ” ဟု မျက်ခုံးတချီချီ ပြုံးရီရီနှင့် ပြောလိုက်သဖြင့် တင်အောင်သည် စောမြ၏ ပြေကျနေသော ဆံပင်များကို သိမ်းပေး လျက် “ တင်အောင်လည်း ကယ်လှည့်ရှိလို့ ကယ်ရခြင်းပါ ၊ ကျေးဇူးတွေ တင်မနေနဲ့ စောမြရဲ့ ကဲ စောမြတို့အိမ် ဘယ်မှာရှိတယ် ဆိုတာ တင်အောင်ကို ပြောပါ ။ တင်အောင် လိုက်ပို့ပါ့မယ် ” ဟု ချော့မော့ကာ မေးလေ၏ ။
စောမြ၏ မျက်နှာသည် ရုတ်တရက် ညှိုးနွမ်းသွားပြီး မျက်ရည်ကလေးများ ပင်လယ်ဝေ၍ လာကာ မိမိ၏ အဖြစ်ကို မပြောချင်သလိုနှင့် “ စောမြ ကုသိုလ်ဆိုးမကလေးအကြောင်း မပြောပါရစေနဲ့ ရှက်ဖို့ကောင်းပါတယ်ရှင် ။ အချစ်ကို ပုံပြီး ခိုးရာလိုက်လာခဲ့တာ လက်စသတ်တော့ သူတို့ စောမြကို ဒီမှာ မတရား ... စောမြ လည်း သူတို့ မတရားကြံမှန်း ခုတော့သိပါပြီ ။ စောမြ အိမ်ကို မပြန်ဝံ့တော့ဘူးရှင့် ဘယ့်နှယ်လုပ်ပြန်မလဲ ။ အိမ်ကဖြင့် တောက်တက်ခပ်အောင် ရှာကြတော့မှာပဲ ။ အို စောမြလောက် ကံဆိုးမယ့်လူ ရှိသေးရဲ့လား ၊ ဟဲ့ ကံဆိုးမ ညည်းသေလိုက်တာ ကောင်းပါတယ် ” စသည်ဖြင့် ဖွဲ့နွဲ့ကာ ငိုက်လျက် ဆံပင်ကိုဆွဲပြီး မြေကြီးနှင့် ဆောင့်ကာ ပြောလေ၏ ။
တင်အောင်၏ ဝမ်းထဲ၌ ကရုဏာတရားများ အလိပ်လိပ် ဝင်သွားလေ၏ ။ ထို့နောက် မေတ္တာတရားများ ကျိတ်ကျိတ်ထွက်လာလေ၏ ။ တစ်မှိတ် နှစ်မှိတ် ခတ်လိုသော အာသီသများသည် တင်အောင်၏ မျက်လုံး နှစ်ဖက်၌ ရစ်ဝဲနေသဖြင့် ထစ်ခနဲထစ်ခနဲ အခြေအနေ လှုပ်ရှားလာပြီး မဟုတ်မတရားသာ ကြံစည်ချင်တော့လေ၏ ။
စောမြအား သနားသောစိတ်နှင့် “ အို ဒီလို မလုပ်ပါ နဲ့ ဆံပင်တွေ ကျွတ်ကုန်မယ်လေ ကဲ ... ထ , တင်အောင့် နောက်လိုက်ခဲ့ အိမ်လွတ်တစ်ခန်းမှာ နေမလား ၊ တင်အောင် ကယ်ဆယ်ပါ့မယ် ။ မြင်မြင်ချင်း တင်အောင် အများကြီးကရုဏာသက်ပါရဲ့ ” ဟု ချော့မော့ကာ ခေါ်ပြီး လန်ချားတစ်စီးနှင့် လာကြရာ တင်အောင်၏ ဒူးသည် စောမြ၏ ဒူးနှင့် ထိနေလေ၏ ။ ပခုံးချင်းလည်း ထိ၍ နေလေ၏ ။ ခါးချင်းလည်း ထိ၍ နေလေ၏ ။ လန်ချားသည် ခဲခလုတ်များ တိုက်မိသဖြင့် ခပ်ပြင်းပြင်းလှုပ်သွားလျှင် စောမြသည် တင်အောင်အား ယောင်ယမ်း၍ ဖက်ကာ “ အို ” ဟု အော်လိုက်လေ၏ ။ တင်အောင်ကလည်း စောမြကို မကြာမကြာ တစ်ကိုယ်လုံး ကြည့်ပြီး တခိခိ နှင့် ရယ်မောလျက် မကြာခင် အိမ်တစ်အိမ်အရှေ့၌ ရပ်လျက် ဝင်သွားကြလေသည် ။
အခန်းတွင်း၌ လူနှစ်ယောက်သား စကားလက်ဆုံကျ နေ၍ ဆယ်နာရီကျော်လာသော်လည်း သာယာသော အသံ ပြေပြစ်သော ငါးရံ့ကိုယ် မက်စရာကောင်းသော မျက်နှာတို့က ( မသွားပါနဲ့ဦးနော် နေပါဦးရှင့် ) ဟု ဆွဲခေါ် ထားသလို တင်အောင်မှာ ကျောင်းသို့ ပြန်ရန်ပင် သတိ မရဘဲ ၊ ယနေ့ညသည်ကား ငါ၏ စန်းပွင့်ရာ ညကြီးပေတကား ။ ကော်ပေါက်တိုးမယ့် ညကြီးပေတကားဟု ပီတိသောမနဿ ဖြစ်၍ နေလေ၏ ။ အိမ်ရှင်သူငယ်ချင်းလည်း တင်အောင် မိန်းမခိုးလာသည် အထင်ရှိသဖြင့် အလိုက်သိစွာ မွေ့ရာခေါင်းအုံးခြင်ထောင်တို့ကို လာရောက်ပို့ပြီး “ ပျော်ပျော်ပါးပါး နေကြဗျာ ၊ အိမ်ထောင်ဦးဟာ အပျော်ဆုံးပဲဗျ ။ အခုလို လာတဲ့ ညတော့ ဘာပြော စရာရှိသလဲ လက်ကုန် ပျော်တာပေါ့ ၊ ကျွန်တော့်ကို မရှက်ပါနဲ့ ၊ ကျွန်တော် ကျောင်းမှာ အခွင့်ယူလိုက်မယ်နော် ဒီအခန်း ကျွန်တော် ပိုင်ပါတယ် ။ သဘောရှိသလောက် နေကြ ” ဟု တင်အောင်နှင့် စောမြကို ပြောပြီး မိမိ၏ မျက်နှာချင်းဆိုင် အိမ်သို့ ထွက်သွားလေ၏ ။
စောမြသည် မွေ့ရာခြင်ထောင်တို့ကို ခင်းကျင်း ပြင်ဆင်လျက် တစောင်းကလေး အိပ်၍ နေကာ တစ်ခါ တစ်ခါတွင် သန်းဝေလျက် ရှိနေလေ၏ ။ ၎င်း၏ ခြေသလုံးသားကလေးများမှာလည်း ဖြူဖြူဖွေးဖွေးနှင့် တစ်ကိုယ်လုံးမှာ အဆင်ပြေ၍ လဲဝါဂွမ်းများကို စုပုံ၍ထားသည်ဟု ထင်ရပေ ၏ ။
စောမြသည် မှောက်ရာက လှန်ပြလေ၏ ။ တစ်ချက် နှစ်ချက် တင်အောင်ကို မျက်စိ မပွင့်တပွင့် ကြည့်ကာ နှစ်ဖက်သော ခြေကို လိမ်၍ အိပ်နေလေ၏ ။ အသက်ရှူရှိုက်ခြင်း ပြင်းထန်လှသဖြင့် မို့မောက်သည့် ရင်အုံသည် နိမ့်ချီမြင့်ချီ ဖောင်းချီပြားချီ လှိုင်းအိထဘိနေလေ၏ ။ ပါးစပ်ကလေးမှာလည်း ရေငတ်သူပမာ ခဏခဏ တံထွေးမျိုချရင်း အလိုမကျ ဖြစ်နေလေ၏ ။ တင်အောင်သည် အာသဝေါ ကုန်ပြီးသော ရဟန္တာမဟုတ်လေ ရကား ၊ ပင့်ကူအိမ်အတွင်းသို့ အတင်းတိုးဝင်တော့အံ့ဟု အကြံတစ်မျိုးပေါ်ကာ စောမြ၏ အနားကို ခြေဖျား ထောက်၍ သွားလျက် ခေါင်းရင်းနား၌ ထိုင်လေ၏ ။ တစ်ဖန် ဖယောင်းတိုင် မီးမှုတ်ကာ ယှဉ်တွဲအိပ်နေရာ အိမ်တစ်ဆောင်လုံး နှစ်ယောက်တည်းလဲ ဖြစ်ပြန် ၊ တိတ် ဆိတ်သော ညအခါလည်း ဖြစ်ပြန် ၊ မီးကလည်း မထွန်းထားပြန်၍ တင်အောင်နှင့် စောမြတို့ကို မြင်နိုင်ရန် ခဲယဉ်းသော်လည်း တီးတိုးပြောနေသည်ကား ကြားနိုင်ပေ၏ ။
“ မြမြ ”
“ ဘာလဲ ”
“ ဟင့်အင်း ... ကြောက်တယ် ”
“ အို ... မကြောက်ပါနဲ့ ”
“ ကြည့်ပါလား ”
“ ဘယ့်နှယ် ဟိုဘက် လှဲအိပ်နေရတာလဲ မြရဲ့ ၊ ဒီဘက် လှည့်စမ်းပါဦး ”
“ ကိုင်းတော် အိပ်ပါပြီ ၊ တစ်ဆိတ် လွန်လွန်းတယ် ထင်တယ် ”
“ အဲဒီလိုမှပေါ့ ၊ သဘောအကောင်းသားနဲ့ အလကားပဲ နွဲ့ဆိုးဆိုးနေရသလား ”
“ ဟင့်အင် ... ဟင့်အင် .. ဟင့်အင်း မြ ငိုမယ် ၊ အို ... အင့် ”
နှစ်ယောက်သား စကားပြောရင်း အိပ်သွားကြလေ၏ ။
ထိုနေ့မှစ၍ စောမြ နှင့် ပျော်ပါးစွာပေါင်းခဲ့ပြီး ဆယ်ရက်မျှ ကြာသော တစ်နေ့၏ ညနေ၌ တင်အောင်သည် ခေါက်ဆွဲကြော် ၊ ဝမ်းဘဲကြော် ၊ ကြက်သားကြော် ၊ ကော်ပြန့်ကြော်အထုပ်များကို ကျောင်းမှ ပြန်ရင်း ဝယ်လာလေ၏ ။
အိမ်သို့ရောက်လျှင် စောမြကို မတွေ့ရတော့ပေ ၊ အိမ်ရှိပစ္စည်း အားလုံးနှင့် ငွေကြေးစကလေးများပါ တစ်ခုမျှ မကျန်တော့ဘဲ အိမ်ကြီးသည်လည်း ဟာလာဟင်း တိတ်ဆိတ်လျက်နေလေ၏ ။ လူတစ်ယောက်မျှ မရှိ ၍ ကြွက်များသည် အိုးခွက်စသည်များကို တိုးဝှေ့ကြသဖြင့် သံပုံးသံအိုး လိမ့်သံ ၊ ကြွက်ခြစ်သံတို့သာ ကြားရလေ၏ ။
“ မြရေ ... ဟေ့ .. မြ ၊ တယ် ဒီကောင်မ ဘယ်သွား ပါလိမ့်မလဲ ” ဟု မြည်တွန်တောက်တီးပြီး အိမ်သာရေချိုးခန်း အနှံ့အပြား လိုက်ရှာသော်လည်း မတွေ့ မမြင်သဖြင့် စိတ်အပျက်ကြီး ပျက်ကာ ပေါက်နေသော ကုလားထိုင်ကျိုး တစ်လုံးပေါ်တွင်ထိုင်လျက် ဟင်းခနဲ ပင့်သက်ရှူ လိုက်လေ၏ ။
“ မြရေ တင်အောင် ချစ်တဲ့ မြရေ တင်အောင်ကို ပစ်ပြေးတော့မလားကွဲ့ တင်အောင် တစ်ယောက်ထဲ နေရတော့မလား ၊ တင်အောင် ဘယ်သူနှင့်ပျော်ရတော့မလဲ ၊ ချောက်တောက်တောက် ပျင်းရိရိနှင့် တင်အောင် မနေတတ်ဘူးကွဲ့ ။ တင်အောင် မကြာမီ အသည်းကျွမ်းပြီး သေပါလိမ့်မယ်ထင်တယ် ။ တင်အောင်ကို မသနားဘူးလား ။ ပျော်ခဲ့သမျှဟာတွေကို တွေးတွေးပြီး လွမ်းနာကျအောင် လုပ်ခဲ့တာလား ။ ဟုတ်ပါတယ် ဟုတ်ပါတယ် ။ မင်းမို့လို့ ပြေးရက်လေခြင်း ” ဟု အမျိုးမျိုးတွေးကာ အတိတ်ကာလက နှစ်ကိုယ် ယှဉ်တွဲလျက် အနည်းနည်း ပျော်ခဲ့ဖူးတဲ့ အရိပ်အယောင်တို့ကို ထင်သလို မြင်သလိုဖြစ်လာပြီး လွမ်းခန်းဖွဲ့၍ နေလေ၏ ။
ထိုသို့ စောမြ ထွက်သွားသည်မှာ တစ်လခန့် ကြာလေ၏ ။ တင်အောင်သည် ယခင်ကလို အသားအရေ မဟုတ် ။ အလွန် ပိန်၍ နေလေ၏ ။ မျက်နှာမှာလည်း ဖြူတူတူ ဝါတာတာနှင့် တစ်ချက်တစ်ချက် ညည်းညူ လျက်နေလေ၏ ။
“ ဪ တင်အောင် ... တင်အောင် မှားပြီ ... မှားပြီ ၊ အမိုက်ခံရလေခြင်းဟဲ့ ငါ အ,လွန်းလို့ ၊ န,လွန်းလို့ ဖြစ်ရတာဘဲ ၊ လက်စသတ်တော့ မိစောမြ ဟာ မိန်းမကောင်းမှ မဟုတ်ဘဲကို ရန်ကုန်ပျံလွှားမကလေးမှန်း ခုမှ သိရတော့တာပဲ ၊ သို့ပေမဲ့ လောကကြီးမှာ ‘ မသေသော ဆေးသမား မမှားသော ရှေ့နေ ’ ရှိမယ် မထင်ပါဘူး ။ ဒင်းတို့ အကြံအစည်များအားလုံး ပိပိရိရိ ရှိပါပေရဲ့ ။ ငါနဲ့ တွေ့စ ဒင်းကို ဘလက္ကာရလုပ်နေတဲ့ အကောင်နှစ်ယောက်လည်း ဒင်းလူတွေဘဲ ငါ ကယ်ရအောင်လို့ ငါ့ အရှေ့ တမင်ကြံစည်ပြီး လုပ်ကြတာကိုး ”
ထို့နောက် စောမြ ထံမှ အမွေရထားခဲ့သော ရောဂါနာက ကိုက်ခဲသဖြင့် ဆက်လက်၍ မတွေးတောနိုင်ဘဲ သနားစရာသော အသံဖြင့် အော်လေ၏ ။ “ အမယ်လေးလေး နာလှချည်ရဲ့ဗျ ၊ ကိုက်လှချည်ရဲ့ဗျ ကျွတ်ကျွတ် အညှော်များ လုပ်ရင် ပြောကြပါဗျ ” ဟု အိပ်ရာထဲမှ မထ,နိုင်၍ လှမ်းအော်နေစဉ် အနီးအနား ကာကာလက်ဖက်ရည်ဆိုင် တစ်ဆိုင်နှင့် တရုတ်ဟိုတယ်ဆိုင်များက အညှော်များ လုပ်ကြသဖြင့် တင်အောင်သည် မထ,နိုင် ထနိုင်နှင့် ကြိုးစားကာ ထပြီး ချည့်နဲ့နဲ့ တုန်ရီရီနှင့် အညှော်ကင်းသော နေရာတစ်ခုသို့ ထွက်သွားရလေ၏ ။
ဤကဲ့သို့ ရန်ကုန်နာ ထ,တိုင်း တင်အောင်သည် ရန်ကုန်တွင် တွေ့ရသော ပျံလွှားမကလေးအား ဒေါပွကာ ၊ အခဲမကျေဖြစ်ကာ စိတ်အနာကြီး နာမိလေသတည်း ။
▢ ပီမိုးနင်း
📖 ဒီးဒုတ် သတင်းစာ
No comments:
Post a Comment