Thursday, March 12, 2026

အချိန်တန် နွားပိန်ကန်

 

❝ အချိန်တန် နွားပိန်ကန် ❞
           ( ပီမိုးနင်း )

“ ဟဲ့ - ကောင်မကလေး နင် တယ် မိုက်ပါကလား ။ ဒီလိုအကောင် အတွက် နင်မို့ ဒီလောက် ဒုက္ခခံပြီး လိုက်နေတာများဟယ် ၊ ငါ အံ့ဩလွန်းလို့ ”  

ဟု ပြောကာ ကိုရွှေရေးသည် ကိုင်းကုပ်သော နှုတ်ခမ်းမွှေး ရော ၊ စွတ်စိုသော ပါးစပ်ကို ရော ၊ ကြီးမားထူထဲသော လက်ဝါးကြီးနှင့် သပ်ပြီးလျှင် ဆေးပြင်းလိပ် တိုတိုတုတ်တုတ် ၊ သစ်ငုတ်လို ဟာကြီးကို ပါးစပ်သို့ တပ်ပြီး ဖွာယူကာ မိမိ ရှေ့နား၌ ရပ်၍ နေသော အသက် နှစ်ဆယ်ကျော်ခန့် မိန်းကလေး၏ မျက်နှာကလေးကို ဆေးလိပ်မီးခိုး ရောက်အောင် မှုတ်ထုတ် လိုက်လေ၏ ။

မိန်းမပျိုကလေးသည် စိတ်ညစ်အားငယ် သနားဖွယ် အမူအရာနှင့် မျက်ခုံးများကို ကျုံ့ပြီးလျှင် မျက်နှာကို နံဘေးသို့ လွှဲလိုက်လေ၏ ။

“ ဒီလို မပြောပါနဲ့ရှင် ကျွန်မ ယောက်ျား အရင်က ဒီလို မဟုတ်ပါ ဘူး ။ အခု ဒီကို ရောက်မှ ဒီလို ဖြစ်တာပါ ”  

“ ဟား ... ဟား ... တယ် ထင်ပေတာပဲကိုး ၊ ဘိုးသစ်ကို နင်နဲ့ မညားမီ ကတည်းက ငါ သိတယ် ။ ဟန်လုပ် နေတုန်းမှာ နင်နဲ့ တွေ့တာဟာ အခု ဇာတိ ပြန်ပေါ်တာ ။ အရင်က ဒါထက် သည်းသေးတယ် သိရဲ့လား ”  

“ အရင်ကတော့ ကျွန်မ သေသေချာချာ မသိဘူး ၊ ကျွန်မနဲ့ တွေ့တာ တစ်နှစ် ကျော်ပါပြီ ။ အခုမှ ဒီလို ဖြစ်တာပဲ ”  

“ အခုမှ ဒီလို ဖြစ်ရင် နင်က ဘယ်သူ့ အပြစ် ဆိုချင်သလဲဟဲ့ ။ အခု ဘာပြောဖို့ လာတာလဲ ”  

“ ရှင် သူ့ကို မရောင်းရင် သူ သောက်ရမှာ မဟုတ်ဘူး ။ ရှင့်ကို ဒါအတွက် တောင်းပန်ဖို့ လာတာပါ ”  

“ အောင်မယ် ... လာလာချည်သေး ၊ နင်က ငါ့ကို အရက်ဖြတ်ဆေး ရောင်းတဲ့လူ ထင်လို့လား ၊ ငါ အရက်ရောင်းတဲ့ လူ ၊ ဖဲဒိုင်ခံတဲ့ လူ ၊ ငါ ငွေရင်းကြေးရင်းနဲ့ လုပ်ရတာ ။ ဘီယာ တစ်ပုလင်းကို လမ်းစရိတ် နဲ့ ယစ်မျိုးပုလိပ် ပေးရတာနဲ့ ဆိုတော့ ငါ့မှာ ဘာမှ ကျန်တာ မဟုတ်ဘူးဟဲ့ ။ ချက်အရက် ကစော် ဆိုတာလည်း မီးဖိုး ၊ ထင်းဖိုး ၊ ထန်းလျက်ဖိုး ၊ ကောက်ညှင်းဖိုး ၊ ပုလိပ်ဖိုး ၊ ယစ်မျိုးဖိုး ပေးရ သေးတာပဲ ။ ပဲတင်းကျတဲ့ တိုက်တံဆိပ် ကစော် ၊ ဘီယာ ၊ ဂျက်ဖရီး တစ်လုံး ကို နှစ်ကျပ် ဆိုလည်း ဖတ်ခနဲ ၊ နှစ်ကျပ်ခွဲ ဆိုလည်း ဖတ်ခနဲ နဲ့ မူးတဲ့ အခါ ကစော်ကို ဘီယာ လုပ်ပြီး ပေးတောင် လွယ်လွယ်ကူကူ လက်ငင်း ဝယ်ယူသောက်စားနိုင်တဲ့ ဖောက်သည် တစ်ယောက် လုံးကို ငါက နင့်အတွက် အဆုံး ခံရမယ် ဆိုတာ တရားရဲ့လားဟင် ၊ နင့် စကား နင် စဉ်းစား ကြည့်ပါဦးလေ ဟဲ့ သူငယ်မရဲ့ ”  

ဟု ပြုံးရယ်ကာ ပြန်၍ ပြောရင်း သန်းရင် ၏ ရှေ့သို့ တိုးကပ်၍ သွားလေရာ သန်းရင် သည် နောက်သို့ ဆုတ်၍ သွားလေ၏ ။

“ ရှင့် မှာတော့ ရောင်းရ ပြီးတာပေါ့ ၊ သူတစ်ထူး ဘယ်လို ဖြစ်ဖြစ် အရေးမကြီးဘူးပေါ့လေ ”  

“ ဟဲ့ ... နင့် လင်လို ငနွားတစ်ယောက် ဘာဖြစ်ဖြစ် ငါ့မှာ ဘာ အရေးလဲ ။ ဒီနယ် တစ်ဝိုက်မှာ ငါ့ငွေနဲ့ ဘယ်သူမှ မကင်းဘူး ။ ဒီအင်း ၊ ဒီ အိုင်တွေဟာ ငါ့ဟာတွေ ၊ လက်ညှိုး ညွှန်ရာ ရေ ဖြစ်တဲ့ ယောက်ျားလဟဲ့ ။ ငါဟာ ဆင် ၊ နင့်လင်ဟာ ပုရွက်ဆိတ် ၊ နင့်လင်လို ပုရွက်ဆိတ်တွေ အများကြီး ရှိတယ် ။ ငါ့ လမ်းမှာ ပုရွက်ဆိတ်ကို ငါ ရှောင်မနေနိုင်ဘူး ။ နင့် ကိုယ်ကို နင် မှန်ထဲမှာ သေသေချာချာ ကြည့် ၊ နင်ဟာ မိန်းမချော ၊ ဒီလို အသုံးမကျတဲ့ အကောင် တစ်ကောင်ကို နင် ဘာ မက်နေစရာ ရှိသလဲ ”  

ဟု ပြောပြီး ကျယ်သော ပျဉ်ထောင်အိမ် အခန်းကြီး ကို ခါးထောက်ကာ ပတ်ပတ်လည် ကြည့် လေ၏ ။

တစ်ခုသော အခန်းထောင့်၌ ကွပ်ပျစ် တစ်ခု ပေါ်တွင် ဖဲရိုက်နေသူ လေးငါးယောက်သည် ၎င်းတို့ နှစ်ယောက်ကို ပျော်ရွှင်သော မျက်နှာနှင့် မော်ကြည့်ကြလေ၏ ။ တစ်ယောက်က -

“ လာပြီ ... လာပြီ ကိုယ့် ဆရာက အဲဒီ အလုံးမျိုးနဲ့ ချည်း စတာပဲ ။ ကိုင်း ဆရာ ဒါမှ မဟန်ရင် ... ဟင်း ... ”  

ဟု ပြောလေ၏ ။

သန်းရင် သည် စက်ဆုပ်ရွံရှာသော မျက်နှာနှင့် ၎င်း ဖဲဝိုင်းကို လှည့်၍ ကြည့်လေ၏ ။

“ ကိုဘိုးသစ် ရှိရင် ရှင် ဒီလို စကားမျိုးကို ပြောဝံ့မှာ မဟုတ်ဘူး ”   

“ အောင်မယ် ... လာလာချည်သေး ၊ ငတိမနှယ် တယ်ထင်တာ ကိုး ၊ နင့်လင်လို ကြွက်စုတ်ကလား ၊ နင် အေးအေးပြန် ၊ မပြန်ချင်ရင် ငါ ကြည့်ရှုထားမယ် ၊ ငါလည်း နင် ဝဋ် ကျွတ်အောင် တေဇောဓာတ် လောင် ရောလို့ သဘောထားပြီး မီးတောက်တဲ့ ချက်အရက် နဲ့ ကစော် နဲ့ စပ်လို စပ် ၊ ဗွီဒီ နဲ့ ဦးရေ ရောလို ရော ၊ သူများလိုဖြင့် တစ်လ အတွင်း ဆယ်လောင်းတောင် သေလောက်ရဲ့ ။ သင်း မသေဘူး ။ သူ့မှာ ငွေလေး ငါးထောင် ကျန်သေးတယ် ပြောကြတယ် ။ ဖဲ မရိုက်လို့ပေါ့လဟယ် ။ အဲဒီ ငွေကို ငါ့ အကုန် ပေးပြီးမှ သင်းသေမှာ ။ အဲဒီတော့ ဟောဟိုမှာ မြစ် ရှိတယ် ။ တစ်နေ့က မိကျောင်း သုံးလေးကောင် ရောက်သတဲ့ ။ နင့် ကောင်သင်္ဂြိုဟ်ဖို့ လိုမှာ မဟုတ်ဘူး ။ ငါပဲ ကြည့်ရှု ဂရုဓမ္မစိုက်ပြီး ကမ်းထိပ်မှာ သရဏဂုံကလေး ဘာကလေး တင်ပြီး ကန်ချရမှာပဲ ”  

သန်းရင် သည် မခံမရပ် နိုင်အောင် ဒေါသဖြစ်လေ၏ ။ သို့သော်လည်း တစ်စုံတစ်ရာ မှ မတတ်နိုင် ။ ရွှေရေး၏ ရင် အတွင်း၌ လူ၏ စိတ်နှလုံး မရှိ ။ ကျောက်တုံးကြီး ဝင်၍ နေသည်ကို သိရလေ၏ ။ သို့ဖြစ်လေ ရာ စက်ဆုပ်ရွံရှာသော မျက်နှာနှင့် ထွက်၍ သွားလေ၏ ။

ဘိုးသစ်သည် ဆယ်တန်း အောင်ပြီးသည့်နောက် ပညာကို ဆက်၍ မသင်နိုင်ဘဲ နေလေ၏ ။ အကြောင်းမူကား ကျောင်းနေစဉ် ခိုး၍ ပြေး သော မယား ဖြစ်သူ သန်းရင် နှင့် မိဘများက ခွဲ၍ ထားလေ၏ ။ သန်းရင် မှာလည်း မာန ရှိသူ ဖြစ်လေရာ ဘိုးသစ် ၏ မိဘများ ရှိသမျှ ကာလပတ်လုံး ဘိုးသစ်ကို ပြန်၍ မပေါင်းတော့ဘူးဟု စိတ်ကို ဖြတ်ကာ အသည်း နာလျက်နှင့် ခွဲခွာ၍ နေခြင်းဖြစ်လေ၏ ။

သို့ရာတွင် ဘိုးသစ်သည် ပဲခူးနယ်တွင် အတော်ပင် ကြွယ်ဝသော မိဘများထံမှ ငွေတစ်သောင်းကို တိတ်တဆိတ် ယူပြီး သန်းရင် ကို မိမိ နောက်သို့ လိုက်ဖို့ရန် ခေါ်လေရာ သန်းရင် က မလိုက်ဘဲ နေရာတွင် စိတ်ညစ်တိုင်း လွင့်စဉ်၍ လာခဲ့ရာ အထက်က သိဖူးသော ကိုရွှေရေး နှင့် ရန်ကုန်မှာ တွေ့ပြီး သွေးဆောင်ရာ လေလွင့် လိုက်ပါ၍ လာပြီးလျှင် သာယာဝတီ ဒီစတြိတ် စစ်ကွင်းမြို့နယ် အောက်ကျင်းမြစ် ၊ ဆိပ် ၊ အင်း ၊ အိုင် အကြိုအကြား၌ ထင်သလို မင်းမူနေသော ရွှေရေး၏ လက်တွင်းသို့ ကျရောက်၍ နေခြင်း ဖြစ်လေ၏ ။

ထိုအခိုက်တွင် ဘိုးသစ်၏ မိဘများ ကွယ်လွန်အနိစ္စ ရောက်သဖြင့် သန်းရင် သည် ၎င်း၏ သတင်းကို နားထောင်၍ လိုက်ခဲ့လေရာ ဘိုးသစ် မှာ ပျက်စီးခြင်း၏ ညွန်တွင်း၌ နစ်ခြင်းမလှ နစ်၍ နေတော့သည်ကို တွေ့ ရလေ၏ ။ မိဘ ပစ္စည်းများလည်း ကြွေးရှင်တွေ လက်တွင်းသို့ ကျရောက် ဆုံးပါးတော့သည် ဖြစ်ခြင်းကြောင့် ဘိုးသစ်၏ လက်၌ ငွေ အနည်းငယ် မကုန်သေးမီ ပြန်၍ အရ ခေါ်ရန် ကြိုးစားနေခြင်း ဖြစ်လေသတည်း ။

၎င်း ထွက်၍ သွားပြီးနောက် မကြာမီ အိမ်ထဲသို့ ဗိုလ်ကေစုတ်ဖွားနှင့် ရှပ်အင်္ကျီဖန်စီမှာ ရွှံ့တွေ ပေလျက် တစ်နေရာရာ ၌ မူးယစ်၍ လဲနေရာမှ ထ၍ လာသူ အလား ယိမ်းထိုးကာ ရောက်၍ လာလေသတည်း ။

ရွှေရေး သည်ကား ခါးထောက် ပြုံးလျက် မိမိ၏ လူများကို မျက်စ ပစ်၍ ပြလေ၏ ။ ရွှေရေး သည် ၎င်းကို အကောင်လုံး ဝါး၍စားချင်သော ကျား၏ မျက်နှာမျိုးနှင့် ကြည့်လေ၏ ။

“ သင်း ငွေကို ငါ့တော့ မအပ် ၊ သူကြီးကို ယုံပြီး အပ်တဲ့အကောင် အရက်နဲ့ ထောင်ပြီး အနီထောင်နဲ့ မျှားမယ် ။ သင်းမယားပါ ငါ မပိုင်ရင် ရွှေရေး ဒီနယ်မှာ မနေဘူး ” ဟု အကြံပြုလျက် အံကြိတ်ကာ အပါးသို့ ကပ်၍ လာပြီး...

“ အောင်မယ်မင်း ကိုယ့်လူလေး ဘယ်ချောင်က ဝက်နဲ့ နပန်းလုံး လာသလဲ ။ ကြည့်စမ်းပါဦးကွယ်တို့ ဖြစ်လာပုံများ ။ ကိုင်း - ကိုင်း ဘာချမလဲ ။ ဒဲလကရော့ ခေါ်တဲ့ အာတာပုလင်းတွေ ယနေ့ ပဲ ရောက်လာတယ် ”  

“ ရှိတာပေးဗျာ ၊ ရော့ ”  

ဟု ပြောပြီး ရှပ်အင်္ကျီ အိတ်ထဲမှ ငွေစက္ကူရာတန် တစ်ခုကို ထုတ်၍ စားပွဲပေါ်သို့ စက္ကူကို ပစ်ချကာ ပေါက်ချလေ၏ ။

ရွှေရေး သည် မိမိ၏ လူတစ်ယောက်အား စက္ကူကို လှမ်း၍ ပေးလေ၏ ။ မကြာမီ စားပွဲပေါ်၌ ထိုင်ကာ ဘိုးသစ် သည် ဘရန်ဒီကို ဘီယာနှင့် စပ်ကာ သောက်၍ နေလေ၏ ။

ရွှေရေးသည် ကစားသမားများအား မျက်စပစ်၍ ပြလေ၏ ။ ကစားသမားများ ထ၍ လာကြပြီး စားပွဲကို လက်ဝါးနှင့် ရိုက်ကာ တေး  စ၍ ဆိုကြ၏ ။ ဘိုးသစ် သည် ထ၍ က လေ၏ ။ ဖန်ခွက်များနှင့် အရက်များကို ငှဲ့၍ တိုက်လေ၏ ။ မြိန်ရှက်စွာ ဝိုင်း၍ သောက်ကြ၏ ။

အတန်ငယ် ကြာသောအခါ လူတွေ များ၍ လာကြပြီးလျှင် စပါးကျီဂိုဒေါင် နှင့်တူသော အိမ်ခန်းကြီး၌ ဝိုင်း၍ ထိုင်ကာ ပါးစပ်ဆိုင်း တီးကြလေရာ ဘိုးသစ် မှာ အမျိုးမျိုး က ရလေ၏ ။ ပုလင်းများ ကိုလည်း ထပ်၍ မှာကြလေ၏ ။ ဘိုးသစ်၏ ငွေနှင့် တစ်ညဉ့်လုံး သောက်စားပျော်ပါးကြ လေ၏ ။ ဘိုးသစ် ကို ခါး ကြိုးချည်၍ မျောက်လို အက ခိုင်းကြ၏ ။ မျက်နှာမှာ အိုးမည်း သုတ်၍ ဘီလူးလို အက ခိုင်း ကြလေ၏ ။

သန်းရင် သည်ကား အပြင်ဘက်က မှောင်ရိပ် သစ်ပင် တစ်ပင်၏ အောက်မှ ရပ်ကာ မျက်ရည်များနှင့် ကြည့်၍ သာ နေရလေ၏ ။ နောက်ဆုံး၌ မကြည့်နိုင် သဖြင့် သန်းခေါင်ခန့် အချိန်တွင် မြစ်ကမ်းပါးသို့ သွားပြီးလျှင် တစ်ကိုယ်တည်း ရပ်ကာ မြစ်တစ်ဘက်၌ မီးများ ထိန်လျက် မြင်ရသော စေတီတော် တစ်ဆူကို ရှုမျှော်ကာ လက်အုပ် ချီလျက် “ မိမိ၏ လင်ယောက်ျားကို ကယ်တော်မူပါဘုရား ” ဟု ရှိုက်ငင်ကာ ဆုတောင်း ရှာလေ၏ ။

သန်းခေါင်ကျော်သော အခါ ဘိုးသစ် မှာ မူးယစ်လျက် ဘယ်မျှ ကုန်သည်ဟု မသိရချေ ၊ ငွေကို အမ်းဖို့ ပြောသောအခါ ရွှေရေး က -

“ ဟေ့အကောင် မင်း မူးတိုင်း မရမ်းနဲ့ ။ မင်း ငွေကလေး တစ်ဆယ်နဲ့ လာပြီး ဟိတ်ကြီးဟန်ကြီးနဲ့ ဘိလပ်အရက်တွေနဲ့ မင်း ထင်သလို ဧည့်ခံတယ် ။ အခု မင်း အပေါ်မှာ ငွေခြောက်ဆယ် ကျော် တင်နေတယ် ။ မင်း ဘာစကား ပြောတာလဲ ”  

ဟု ပြောလေလျှင် ၎င်း၏ အရက်ကို သောက်သောသူများ အထဲမှ ပုလိပ်ကျ တစ်ယောက် ထ၍ လာပြီး ..

“ ခွေးသား ဘာ လူပါးဝတာလဲ ၊ ထွက် အခု ”  

ဟု ပြောကာ ဘိုးသစ် ပါးကို ရိုက်နှက် ကန်ကျောက် တွန်းထိုး၍ ထုတ်လေ၏ ။ ဘိုးသစ် ၏ ဦးခေါင်းသည် တိုင်နှင့် ဆောင့်မိလေရာ မူး၍ နေရာတွင် မိုက်၍ လဲလေ၏ ။

ထိုအခါ အချို့က ခွပ်လက်ပေးသော ကြက်ကို လက်ပူထိုး သလို လုပ်ကြပြီး ဆွဲ၍ ထူကြလေ၏ ။ ဘိုးသစ် မှာ ဒေါသ ဖြစ်ရမှန်း မသိ ၊ စိတ် နာရမှန်းလည်း မသိ ၊ အရှက်ကိုလည်း နားမလည် ၊ အစဉ်တစိုက် မရပ်မနား သောက်ရလျှင် ကျေနပ်သူ ဖြစ်လေရာ အိပ်မှုန်စုံမွှားလူ၏ အလား ရွှေရေး ထံ ပြေးပြီး ဦးခေါင်းကို ပွတ်ကာ ခြေကားယားလက်ကားယား ဖားလက်တက် ဘောကန်ဖို့ကြိုးစား သလို ရှေ့ထိုးနောက်ကန် ယိမ်းယိုင်ကာ

“ ဘ … ဘ … ဘယ့်နှယ်လဲ ၊ ကစ် ကစ် က ရွှေ ရဲ့ ၊ တစ်ပုလင်း လုပ်စမ်းပါဦးဗျာ ၊ တင်ဒါ မှတ်ထားဗျာ ၊ ခု တစ်မော့လေး လုပ်စမ်းပါဦး ”  

ဟု ပြောလေ၏ ။

ရွှေရေး သည် မိမိ၏ လူတစ်ယောက်ကို မျက်စ ပစ်၍ ပြလေ၏ ။ ၎င်း လူသည် ကိုဘိုးသစ် ကို အတင်း တွန်းကာ အခန်းထဲမှ ထုတ်လိုက် ပြန်လေရာ မှောင်ထဲတွင် ဘုန်းခနဲ ကြားရပြီး နောက် လဲရာမှ မထဘဲ နေလေ၏ ။ ကစားသမားများလည်း မိမိတို့၏ နေရာသို့ ပြန်ကြပြီးလျှင် ဆက်လက်၍ ကစားကြလေ၏ ။

အတန်ငယ် ကြာလျှင် တစ်ဖန် ထ၍ လာပြန် လေရာ ကစားသမား တစ်ယောက်က ...

“ ပေးလိုက်ပါ ဆရာရယ် ၊ နောက် တစ်ပွဲပေါ့ ”   

ဟု တောင်းပန်သဖြင့် ဦးရေတစ်လုံးကို ထုတ်ပေးရင်း ...

“ မင်း အပေါ် မှာ အားလုံး ကိုးဆယ် ရှိပြီနော် ”   

ဟု ပြောလေရာ ဘိုးသစ် က ရင်ဘတ် ကို ပုတ်ကာ ...

“ ကျုပ် မြေပိုင်ရှင် ဆရာ မပူပါနဲ့ ။ မှတ်သာ မှတ်လိုက်ပါ ”   

ဟု ပြောလေ၏ ။

ထို့နောက် ထပ်၍ တောင်းပြန်ရာ ရွှေရေး က ..

“ ကိုင်း − မင်း ပြန်တော့ ၊ မင်း လွန်မယ် ၊ ငါတို့လည်း မကောင်းဘူး ၊ ဒီ ပုလင်းတစ်လုံး ယူသွား ၊ တခြားမှာ သောက် ၊ ငါတို့ အိမ်မှာ မင်းအလောင်းကို မမြင်ပါရစေနဲ့ မောင် ကြွပါ .. ”  

ဟု ပြောရင်း တွန်း၍ ထုတ်လိုက်ရာ ပုလင်းကို ခါးမှာ ထိုးလျက် မှောင်ထဲသို့ ထွက် ၊ လက်ကားယား ခြေကားယား လေးဖက်ထောက် သွားတော့ မလို လုပ်၍ သွားလေ၏ ။

မကြာမီ ဘိုးသစ် သည် မြစ်ကမ်းနား၌ မတ်တတ် ရပ်၍ နေသော သန်းရင် ကို တွေ့ရလေရာ မျက်လုံးများကို လက်နှင့် ပွတ်ကာ ကြည့်လေ၏ ။ အပါးသို့ ကပ်၍ သွားလေလျှင် တစ်ယောက် မျက်နှာကို တစ်ယောက် မြင်ရလေ၏ ။

ဘိုးသစ် သည် အံ့အားသင့် သလို ဖြစ်၍ နေလေ၏ ။ ထို့နောက်မှ သန်းရင် ပခုံး နှစ်ဖက်ကို လက်နှစ်ဖက် နှင့်ကိုင်ကာ အရူးပမာ ရယ်မောပြီး ပြန်၍ မေ့သလို စိုက်ကာ ကြည့်လျက် ပါးစပ်ကို ဟ၍ နေလေ၏ ။

သန်းရင် မှာ များစွာ စက်ဆုပ်လျက် အဆုံးတိုင် စိတ်ပျက်၍ သွားလေ၏ ။ ပြန်၍ ဆယ်ဖို့ရန် ကြိုးစားခဲ့ရာ တစ်လ နီးနီး ကြာသော်လည်း တိုး၍သာ ပျက်စီးရုံ မက ငွေလည်း ကုန်လျက် လူပုံ မလှ ဤမျှလောက် ကျက်သရေ ယုတ်သော အဖြစ်မျိုးသို့ ရောက်ရသည်မှာ ရှက်ကြောက်ရွံရှာ မုန်းထားဖွယ်ရာကြီး ဖြစ်တော့သည်ကို တွေ့ ရှိရသဖြင့် မျှော်လင့်ခြင်း၏ အငွေ့အသက် ကုန်ခန်းခြောက်သွေ့  ပြီးလျှင် ဟိုယခင်က ချစ်ခဲ့ သမျှ ၊ အထင်ကြီးခဲ့ သမျှ ၊ ဂုဏ်တက်ခဲ့ သမျှတွေမှာ အကုန်အစင် ပြာကျ လျက် အသည်းမှာ သံဆန်ခါလို ဖြစ်၍ သွားလေ၏ ။

“ တော်ပြီ ၊ သင်းကို ငါ မချစ်တော့ဘူး ၊ အလကား လူပါလား ၊ အရှက်ကိုမှ နားမလည်တဲ့ လူ ၊ ဒီလို လူကို ငါဘာလုပ်မလဲ ၊ ကိုရွှေရေး ပြောသမျှတွေဟာ အမှန်ပါကလား ” စသည်ဖြင့် တွေးပြီး မျက်နှာကို လွှဲကာ စကား မပြောဘဲ ထွက်သွားလေ၏ ။

ထိုအခါကျမှ ဘိုးသစ် မှာ သတိရ၍ လာပြီးလျှင် ...

“ ဟေ့ - သန်းရေ .. ငါ နင့်ကို သနားတယ်ဟယ် ၊ နင် ဘာလို့ လိုက်လာရတာတုံး အမိုက်မရဲ့ ၊ ငါတော့ မရတော့ဘူး ၊ ငါသေတော့ မယ် ၊ ငါ မနေရတော့ပါဘူးကွယ် ၊ မင်းလည်း ပြန်တော့ ၊ ပြန်တော့ ”  

ဟု ပြောဆို တောက်တီး ရင်း သန်းရင် ၏ နောက်ကို ဝါး တစ်ရိုက် ၊ နှစ်ရိုက်လောက် ဆက်၍ လိုက်လေ၏ ။

ထို့နောက် ရပ်လျက် မြစ်ဘက်သို့ လှည့်ကာ လက်နှစ်ဖက်ကို ဆန့်လျက် အသက်ထွက်တော့ မလို ကြို့ထိုးပြီး မပီကလာ ပီကလာနှင့် ...

“ မြစ်ကြီးရေ ... ငါ လာမယ်ဟေ့ ခဏ စောင့်ဦး ၊ ခဏ နေဦး ၊ ငါတော့ သွားပြီ ၊ ငါ အသုံးမကျတော့ဘူး သန်းရဲ့ ၊ လင်ကလေး တစ်ယောက် ရှာလို့သာ ယူပေတော့ကွဲ့ ၊ ငါ တော့ မကောင်းတော့ဘူးကွဲ့ ”  

စသည်ဖြင့် ပြောဆိုပြီး တစ်ဖန် မြစ်ကမ်းဘက်သို့ ယိမ်းထိုး သွားပြန် ပြီးလျှင် ...

“ မိကျောင်းရေ ၊ မြန်မြန်သာ ကိစ္စ ချောအောင် ဝမ်းနုတ်ဆေး စားထားပေရော့ ၊ ဟောဒီ နောက်ဆုံးပုလင်းကလေး တစ်လုံး မော့ပြီး အစ်ကိုကြီး ဆက်ဆက် မပျက်မကွက် လာခဲ့မယ်နော် ... ”  

ဟု ပြောကာ ခါးက ပုလင်းကို ထုတ်ပြီး ဖော့ကို သွားနှင့် ကိုက်ကာ နုတ်လိုက်လေ၏ ။

ထို့နောက် မော့ကာ ပါးစပ်သို့ တပ်လေရာ ပုလင်းမှာ အရည်မပါ ဗလာ ဖြစ်သည်ကို တွေ့ရှိရ လေလျှင် ရှေ့တိုး နောက်ယိမ်း လုပ်ကာ ပုလင်းကို ကိုင်မြှောက်၍ မြစ် တစ်ဖက်ကမ်းရှိ ဘုရားမီးရောင်ကို တစ်ဖက်၌ ခံကာ မြှောက်၍ ကြည့်လေရာ အခေါင်းချည်း ရှိသည်ကို တွေ့ရလေ၏ ။

ထိုအခါ ပုလင်းကို မြှောက်ကာ “ ကိုင်း ... တောစောင့်နတ် ၊ တောင်စောင့်နတ် ၊ ရုက္ခဒေဝါ ၊ ဧရာဝတီ ရေကြည်နေမင်း ၊ အတွင်း သုံးဆယ့် ခုနစ်မင်း ၊ အပြင် သုံးဆယ့်ခုနစ်မင်း ၊ ရှင်ကြီး ၊ ရှင်ကောင်း ၊ ရေငန်ပိုင် ဦးရှင်ကြီး သည် လည်းကောင်း မြင်တော်မူကြ ၊ ရှုတော်မူကြ ၊ ကျွန်ုပ်အား မတရားသဖြင့် လုပ်ရက်တော်မူကြသည်ကို ကြည့်ရှုကာ လျစ်လျူပြုတော်မမူကြပါနှင့် ။ နေဝင်နေထွက် အရက် အမြဲ တင်ပသတဲ့ ညီလေး အား ကိုကြီးကျော်တို့ ကူညီမှိုင်းမ ၊ ယခုနေမဝင်မီ နောက်ဆုံး တစ်ပုလင်းမျှ ပြန်ရအောင် စောင်မတော် မူကြပါဘုရား ”  

ဟု ရွတ်ဆိုပြီး ပုလင်းကို ကိုင်ကာ ခါးတောင်းကို မြှောင်စွာ ကျိုက်ပြီး ရွှေရေး ၏ အိမ်ဘက်သို့ တန်း၍ သွားပြန်လေသတည်း ။

ထိုအခိုက်တွင် ရွှေရေး သည် မိမိ၏ ရှေ့၌ ရပ်၍ နေသော သန်းရင် ကို တောက်ပသောမျက်လုံးများနှင့် ကြည့်လျက် -

“ ဘယ့်နှယ်လဲ လာလေ ၊ မကြောက်ပါနဲ့လဟဲ့ ၊ နင့်ကို ငါ ကိုက်မစားပါဘူး ၊ ဘာလိုချင်သလဲ ။ ဟို နင့်လင် ငနွားကော ၊ နင် ဒီမှာ အိပ်မယ် မဟုတ်လား ”  

“ သူကြီးအိမ်လည်း နှိုးလို့ မရဘူး ၊ ကျွန်မ ဒီမှာ ကျွန်မ ဘယ့်နှယ် လုပ်ရမလဲ မသိဘူး ”  

“ ဘာ ဘယ့်နှယ် လုပ်ရမလဲ ၊ လာ အိမ်ပေါ် တက် ၊ ဘယ်လူမှ မရှိဘူး ၊ ငါက လူပျိုကြီးပါ ၊ ဂုဏ်တုဂုဏ်ပြိုင် လုပ်မယ့်ရန်သူ နင့်မှာ မရှိဘူး ”  

“ ဟင့်အင်း ... ကျွန်မ တစ်ခု ပြောချင်လို့ပါ ၊ ကျွန်မ ပြန်မယ် ”   

“ ဘယ်ကို ပြန်မလဲ ”  

“ ကျွန်မ အရပ်ကို နက်ဖြန် ပြန်မယ် ၊ ရှင် သူ့ ဆီက ငွေတွေ ရတာ နည်းတာ မဟုတ်ဘူး ၊ ကျွန်မကို စရိတ်ကလေး မစပါလို့ ကျွန်မ ပြောမလို့ပါ ”  

ဟု ပြောပြီး ရင်ထဲ၌ ဆို့၍ လာသောကြောင့် စကား မဆက်နိုင်ဘဲ မတ်တတ်မှ ဆောင့်ကြောင့် ထိုင်၍ချပြီး ဒူးပေါ်တွင် မျက်နှာကို ချကာ မျက်ရည်များကို သုတ်ရင်း ရှိုက်ငင်လျက် ငိုရှာလေ၏ ။

ရွှေရေး သည် -

“ ဟဲ့ - ဟင် - ဘာဖြစ်လို့ ငိုရမှာတုံးလဟဲ့ ၊ လာ - လာ ၊ အစ်ကိုကြီး တစ်ယောက်လုံး အရှိသားပဲ ”  

ဟု ပြောရင်း အပါး ကပ် လာလေ၏ ။ ကစားသမားများက အုံးခနဲ ရယ်ကြလေ၏ ။ ရွှေရေး က ၎င်းတို့အား မျက်စ ပစ်၍ ပြလေ၏ ။

“ ဘယ့်နှယ် ဆရာ ကိုယ်တို့ ဆရာက သာရွှန်းနွားသိုးလို မလုပ်စမ်းနဲ့ ၊ မမျှားဘဲနဲ့ ကုန်းပေါ် တက် ဟပ်တာ တောင် အဲ - တကတည်းပါ ”  

ဟု တစ်ယောက်က ပြောလေ၏ ။

သန်းရင် ကို ရွှေရေး သည် ရယ်မောကာ ကုန်း၍ ပွေ့ လေ၏ ။

ထိုအခိုက်တွင် သတိရ၍ လာသော ဘိုးသစ် သည် ငမောက်ကျောက် နှစ်လုံး နှင့်တူသော မျက်လုံး နှစ်လုံး ပြူးကာ ကြည့်ရင်း တံခါးဝ၌ တစ္ဆေလို ရပ်လာလေ၏ ။

ကစားသမားများက ၎င်းကို ကြည့်ကာ ဝိုင်း၍ လှောင်ကြ၏ ။ ရွှေရေး သည်ကား မိမိ နားထင် ပေါ်သို့ ပုလင်းလွတ် တစ်လုံး ရောက်ကာမှ ဘိုးသစ် ရောက်လာမှန်း သိရလေ၏ ။ သို့သော်လည်း အံ့အား သင့်ကာ ယိမ်းယိုင်၍ နေသဖြင့် ဘိုးသစ် ၏ ပြုမူပုံကို သေချာစွာ သတိ မပြုမိချေ ။

ဘိုးသစ် သည်ကား အိမ်ခြေရင်း နံရံ၌ ရှိသော ပုလင်းပုံကြီးသို့ လျှပ်စစ်ပြက်သလို ရောက်၍ သွားလေ၏ ။ တစ်စက္ကန့် အတွင်း၌ ဦးရေ ပုလင်းတစ်လုံးသည် ရွှေရေး ၏ တစ်ဖက် နားထင်ကို ဒေါင်လိုက်သွား၍ ထိရာ တစောင်း လဲ၍ ကျလေ၏ ။ ကစားသမားများ ဘက်သို့ ပုလင်း တွေ ပလူပျံ သလို ဝင်းခနဲ ၊ လက်ခနဲ ၊ ဂျွမ်းခနဲ ပျံသန်း ကြလေ၏ ။ ကစားသမားများသည် အတွင်းဘက်သို့ ဝင်၍ ပြေးကြ၏ ။

ရွှေရေး ၏ လူသုံးယောက် ဓားရှည်များနှင့် ထွက်၍ လာကြလေ ၏ ။ ဂျက်ဖရီပုလင်း နှစ်လုံးပြူး သုံးကြိမ်ဆင့် လိုက်ရာ အုန်းပင်စိုက် ဂျွမ်းကစားကြလေ၏ ။

“ သန်း - အပြင်ကို ထွက် ”   ဟု ခြင်္သေ့မင်း၏ အသံနှင့် ဟိန်းလိုက်လေ၏ ။ သန်းရင် သည်ကား အပြင်သို့ ရောက်နှင့်ပြီး ဖြစ်လေရာ ဝမ်းသာခြင်း ၊ ဝမ်းနည်းခြင်း ၊ ကြောက်ရွံ့ခြင်း ၊ တက်ကြွခြင်း စိတ်တို့၏ ရောစပ်သော အဟုန်ကြောင့် ရင်ကို နှိပ်ကာ ရယ် တစ်ချက် ၊ ငို တခြား မျက်ရည်တွေ တဖြာဖြာနှင့် ကျယ်သော အခန်းကြီး၌ မတ်မတ်မားမား ရပ်ကာ ကိုမာဃ မိုးကြိုးလက်နက်တွေကို လွှတ်၍ နေသည်ကို မှတ်ထင်ရ လောက်အောင် ခံ့ညားသော မိမိ၏ ယောက်ျားကို ပြတင်းပေါက်မှ ကြည့်ကာ ရင်တကြွကြွ ဖြစ်၍ နေရလေသတည်း ။

ရွှေရေး သည် ကုန်း၍ ထ၏ ။ ဘိုးသစ် သည် ကျောလယ်ကို ဖနောင့်နှင့် ပေါက်ကာ ပုလင်း တစ်လုံး နှင့် နားသယ်ကို တီးပြီး ရှိရှိသမျှ ပုလင်းတွေကို အကုန်ကောက်ကာ လှုပ်ရှားသောအရာ ဟူသမျှ ကြွက်သော်မျှ မကျန် ပစ်ပေါက်လေ၏ ။

“ အရက်မျိုး ဖြုတ်မယ် ၊ တော်ပြီ ငါ မသောက်ဘူး ၊ ရှင်ဖျက် ဓဇက် - ဂျွမ်း ၊ ဓားဖျက် ဝါးမျက် - ဂျွမ်း ၊ လူဖျက် အရက် - ဂျွမ်း ၊ ကိုင်း ဘယ့်နှယ် ရှိစ ရွှေရေး ၊ နင် ငါ့ကို သွေးဆောင်ပြီး ပျက်စီးအောင် လုပ်ရုံမက ဂျိုင်း ၊ ငါ့မယားကို ဂျောင်း ”  

စသည်ဖြင့် အော်ရင်းဟစ်ရင်း ပြောဆိုရင်း ပုလင်းချင်း မိုးမွှန် အောင် ပစ်ခတ်လေရာ အနီးအပါး ကပ်၍ လာသူများလည်း ထိတ်လန့်၍ ပြေးကြ လေ၏ ။ ပြတင်းပေါက်မှ ပြူလာသော မျက်နှာတစ်ခုမှာ နှာခေါင်းနှင့် ပုလင်း မင်္ဂလာဆောင်ပြီး ပက်လက်လန်၍ သွားလေ၏ ။ ရွှေရေး လူ သုံးယောက် လူး၍ ထလေ၏ ။

သီပေါမင်း နန်းအကျမှာ ကြယ်တာရာတွေ မြေခသလို ဘရန်ဒီ ၊ ဝီစကီ ၊ ဘီယာ နှင့် ကစော် ၊ ဦးရေ နှင့် လှော်စာ ရောထွေး ပေါင်းစပ် တစ်ခန်း လုံးမှာ သေရည်လှိုင်း ရိုက်ခတ်နေလေ၏ ။

နောက်ဆုံး၌ စာထဲ၌ ရေး၍ မပြကောင်းသော ဆဲဆိုရေရွတ်ခြင်းများ ကိုပြုရင်း ...

“ နင်တို့ကို အရှင်လိုက် မီးသင်္ဂြိုဟ်မယ် ”  

ဟု ပြောကာ တရုတ်အရက်ပုလင်းတစ်လုံးကို လွှတ်လိုက်ရာ မီးအိမ်မှာ ဝင်းခနဲ ဖြာပြီး ဟုန်းခနဲ ဖြစ်၍ သွားလေသတည်း ။

နောက် မိနစ် အနည်းငယ် အတွင်း သန်းရင် နှင့် ဘိုးသစ် သည် တစ်ယောက် ခါးကို တစ်ယောက် ဖက်ကာ မြစ်ကမ်းသို့ ပြေးဆင်းကြလေ၏ ။

ပြန်၍ ကြည့်သောအခါ မီးတောက်ကြီး မိုးကို ထိုး၍ အော်သည်ကို မြင်ရလေ၏ ။ ဆူညံသော လူသံတို့ ကိုလည်း ကြားကြရလေသတည်း ။

သန်း ။  ။ “ ကိုဘိုးသစ်  - ရှင် ဘယ်လို စိတ်ပြောင်း သွားတာလဲ ”  

“ မေးနေရသေးသလား သန်းရယ် ၊ အချိန်တန်တော့ နွားပိန်ကန် တာပေါ့ကွဲ့  ၊ ငါ့ ငွေတွေကိုလည်း သူကြီး အပ်ထားတယ် ဆိုတာ အလကား ပြောတာ ၊ လာလာ ”   

ဟု သန်းရင် ၏ လက်ကို ဆွဲကာ ကိုင်းတောထဲမှ သေတ္တာ တစ်ခုကို ရကြလေ၏ ။ ထို့နောက် မြစ်ကမ်းသို့ ဆင်းကာ တွေ့ ရှိသော လှေငယ် တစ်စင်းနှင့် နှစ်ယောက်သား ရေကြော အလိုက် စုန်ဆင်း၍ သွား ကြလေ၏ ။

“ ဘယ်ကို သွားမလဲ ကိုဘိုးသစ် ရဲ့ ”  

“ မင်း ခေါ်ရာကို လိုက်မယ် ၊ သန်း ထားရာမှာ နေမယ် ၊ ငွေ မကုန် သေးပါဘူး ၊ ရင်းနှီး လုပ်ကိုင် လောက်ပါသေးတယ် ”  

ဟု ပြောကာ ငွေစက္ကူများကို ဖွင့်၍ ပြပြီး သန်းရင် ၏ ရင်ခွင်သို့ သေတ္တာကို အပ်နှင်းလိုက်လေသတည်း ။

( ၁၆ - ၁ဝ - ၁၉၃၂ )

⎕  ပီ - မိုးနင်း
📖ဝတ္ထုပဒေသာ အမှတ် ၁

No comments:

Post a Comment