❝ ကဗျာလွတ်သွားတဲ့ ကောင်းကင် ❞
( စာကလေး - မော်ကျွန်း )
ကျွေးမွေးသုတ်သင် ၊ သက်ဆုံးပင် ၊
ချစ်ခင်ရှာပေ ၊ ဒို့မေမေ ... ။
ငယ်စဉ်ကာလ ၊ စည်းကမ်းပြ ၊
ဆုံးမခဲ့ပေ ၊ ဒို့မေမေ ... ။
ရှေ့ကနေ အော်တိုင်ပေးနေသည့် ကဗျာတစ်ပိုဒ်ချင်းစီကို နောက်ကနေ အားတက်သရော အော်ဟစ်ကာ လိုက်ဆိုနေသော သမီးလေးနှင့် ကဗျာ တိုင်ပေးနေသော သမီးလေး၏ မေမေ ... ၊ သူတို့သား အမိနှစ်ယောက် အတိုင်အဖောက် ညီနေကြပုံကို ကြည့်နေရင်းကပဲ ကျွန်တော့် အတွေးအာရုံထဲမှာ အတိတ်က အကြောင်းအရာ အဖြစ်အပျက် အချို့ကို ပြန်လည် သတိရသွားစေခဲ့ပါသည် ။
တကယ်တော့ ကျွန်တော်နှင့် မိုးတို့ အိမ်ထောင်သက်က အခုဆို ၁၅ နှစ် ကျော်ခဲ့ပြီ ဖြစ်သည် ။ ဒီကာလအတွင်း သမီးနှစ်ယောက် ထွန်းကားခဲ့ကြသည် ။ အကြီးမ စိမ်းက ၁၄ နှစ်သမီး ၊ အခုဆို ၉ တန်းကျောင်းသူ ဖြစ်နေသလို နှစ်အတော် ကွာပြီးမှ မွေးခဲ့သည့် အငယ်မလေး ယိမ်း , ကတော့ အခုမှ နှစ်တန်းကျောင်းသူပင် ။
ကျွန်တော်နှင့် မိုး ညားကြတော့ မိုး အသက်က ၁၈ နှစ် တောင် မပြည့်ချင်သေး ။ ရည်းစားသက်တမ်း နုနုမှာပဲ အသိုင်းအဝိုင်း အခြေအနေ အရ ခိုးပြေးခဲ့ရသည် ။ အစပိုင်းမှာတော့ မိုးကို ယူခဲ့သည့်အတွက် အမေက ကျွန်တော့်ကို ခါးခါးသီးသီးပင် ။ “ လူမှာအမျိုး ကြက်မှာအရိုး ” ဆိုသည့် စကားအတိုင်း မိုးအမေ၏ အရိပ်မည်း တစ်ခုအတွက် ထောက်ပြဝေဖန် ရှုတ်ချခဲ့ဖူးပါသည် ။ ခုအချိန်မှာတော့ မိုး၏ သိတတ်ကျိုးနွံမှု ၊ အချိန်၏ ပြောင်းလဲ တိုက်စားပြုပြင်မှုတို့ကြောင့်လား မသိ တဖြည်းဖြည်း နားလည်လာခဲ့သည် ။ အခုတော့လည်း အမေနှင့် မိုးတို့ ကြားမှာ ကျွန်တော်တောင်မှ ကြားမတိုးသာတော့ ။
အဖေကတော့ အဲဒီလို မဟုတ် ၊ အမေ့လို ရှည်ရှည်ဝေးဝေး မပြော ။ ကိုယ်ကြိုက်လို့ ယူမှ ကောင်းရင်လည်း စံ ၊ ဆိုးလည်း ခံ ဆိုသည့် သဘောနှင့် တိုတိုပဲ ပြောခဲ့သည် ။ ဒါပေမဲ့ ကျွန်တော့်အဖေက လူကဲခတ် ညံ့သူတော့ဖြင့် မဟုတ်ပါ ။ အထူးသဖြင့် မိန်းမတစ်ယောက် အပေါ်မှာ ကောင်းကောင်း အကဲခတ်တတ်သူဟု ဆိုရပါလိမ့်မည် ။ မိုးကို ခိုးပြေးလာခဲ့ပြီး ရက်ပိုင်း အတွင်းမှာပဲ မိုးနှင့် ပတ်သက်ပြီး အဖေ့ မှတ်ချက်ချသည့် စကားတချို့ကို ကျွန်တော် ကြားခဲ့ရပါသည် ။
“ ဖိုးဇော် ၊ မင်းယူလာတဲ့ မိန်းကလေးကို အဖေ ကြည့်ရသလောက်တော့ မင်းအတွက် မိန်းမကောင်း တစ်ယောက် ဖြစ်ဖို့ များပါတယ် ၊ ဘဝ နာလာခဲ့တဲ့ သူပဲ ။ တစ်သက်လုံး မင်းဘက်ကသာ ပုံစံတကျ ကိုင်တွယ်တတ်ဖို့ပဲ ”
အဲဒီတုန်းကတော့ ကျွန်တော့် စိတ်ထဲ ဘယ်အချက်တွေကြည့်ပြီးတော့ အဖေ ဒီလို ပြောခဲ့တာလဲ ဆိုတာ တကယ့်ကို နားမလည်ခဲ့ပါ ။
အိမ်ကို ရောက်ခါစမှာပဲ အဖေနှင့် အမေ့ကို ကျွန်တော် ခေါ်သလို လိုက်ခေါ်သည့် အပြင် သိမ်းဆည်း ၊ လျှော်ဖွပ် ၊ ချက်ပြုတ် စသည့် အိမ်မှုကိစ္စ အလုပ်တွေကို နိုင်နင်းစွာ လုပ်တတ်တာကို ကြည့်ပြီးတော့များ အဖေ လတ်တလော မှတ်ချက်ချခဲ့လေသလားဟုပင် ကျွန်တော် ထင်ခဲ့မိပါသေးသည် ။
ဒါပေမဲ့ တဖြည်းဖြည်း အိမ်ထောင်သက် ရလာတာနှင့်အမျှ အဖေ့ သုံးသပ်ချက်တွေ မှန်ကန်ကြောင်း သိလာခဲ့ရပါသည် ။ ဟိုးတစ်ချိန်က မိုးကို လက်ထပ်ခဲ့မိသည့် အတွက် သူ့မိခင်၏ ခြေရာနင်း ပြီး ဖောက်ပြန်ခဲ့ပါက သား တစ်သက်လုံး ဒုက္ခရောက်မှာကို တွေးပူခဲ့ဖူးသည့် အမေ့ မိခင်မေတ္တာကိုလည်း နားလည်ခဲ့ပါသည် ။ ဒီလိုမျိုး ပူပင်တတ်သည့် စိတ်ကပင်လျှင် အနန္တဂိုဏ်းဝင်တို့၏ ဂုဏ်ပုဒ်ဝိသေသ တစ်ခုပဲ ဖြစ်ပါလိမ့်မည် ။
အခု အချိန်မှာတော့ တစ်ခါတစ်ရံ လင်နှင့်မယား အခန့်မသင့်ရင် တောင်မှ မေမေက ကျွန်တော့်ဘက်မှာ ရှိ မနေတော့သည့် အခြေအနေပင် ။ ဘာပဲဖြစ်ဖြစ် ဒီအတွက် ကျွန်တော် ဝမ်းသာခဲ့ရပါသည်။ မိုးကို လက်ထပ်ခဲ့မိသည့်အတွက် ကျွန်တော့် ဘဝ တစ်လျှောက်လုံး နောင်တရစရာ အကြောင်းမျိုး ဘယ်တော့မှ ဖြစ်လာမှာမဟုတ်မှန်း ယုံကြည်ချက်တွေ ခိုင်မာခဲ့ရပါသည်။ ဒီထက် ပို၍ ဝမ်းသာမိခဲ့ရသည်ကတော့ သမီးကြီးကို မွေးအပြီးမှာပဲ ဖြစ်သည်။ သမီးအပေါ် ထားသည့် မိုး၏ ထုထည် ကြီးမားလှသော ချစ်စိတ် ၊ မိခင်မေတ္တာ ( တစ်နည်းအားဖြင့် မိခင်စိတ် ) ကို ကျွန်တော် အရမ်း လေးစားခဲ့ရပါသည်။ ကလေးတစ်ယောက်၏ ဝေယျာဝစ္စတွေ ကြားမှာ မမောနိုင် မပန်းနိုင်ဘဲ လုံးလားထွေးလားနှင့် ကျွန်တော့်ကိုတောင် လှည့်မကြည့်အားနိုင်တော့သည့် မိုးကို ကျွန်တော့်ဘက်က အပြစ်ဆိုမိလေတိုင်း သူမ ပြန်ပြောတတ်သည့် စကားတွေက ဘယ်တော့မဆို ကျွန်တော့် ရင်ထဲကို ရေခဲမြစ် တစ်စင်းနှယ် စိမ့်ဝင် စီးဆင်းသွားမြဲပင် ။
“ တစ်မျိုး မထင်ပါနဲ့ အစ်ကို၊ မိုးတို့ ငယ်ငယ်တုန်းက အမေ့မေတ္တာကို ငတ်ခဲ့ပြီး သူများ ခြေကြိုခြေကြားမှာ ကြီးပြင်းခဲ့ရတာ အစ်ကို အသိပဲလေ။ ကိုယ်မွေးလာတဲ့ ကလေးကိုတော့ အဲဒီလို မဖြစ်စေချင်ဘူးလေ။ ကိုယ့်တုန်းက မရခဲ့တဲ့ မိခင်တစ်ယောက်ရဲ့ မေတ္တာတွေ အပြည့်အဝ ပေးချင်လို့ပါ။ ပြီးတော့လေ အစ်ကိုနဲ့ မရခင် ကတည်းက မိုးက စဉ်းစားထားပြီးသား။ အိမ်ထောင်ပြုပြီးရင် ကိုယ့်ယောက်ျားအပေါ် သစ္စာရှိမယ် ၊ အိမ်ထောင်တစ်ခု မပြိုကွဲရအောင် အတတ်နိုင်ဆုံး ထိန်းသိမ်းမယ်လို့ ကိုယ့်တုန်း ကလို မိတစ်ကွဲ ၊ ဖတစ်ကွဲ ဘဝမျိုးနဲ့ ကိုယ့်သားသမီးကို မရပ်တည်စေချင်ဘူး အစ်ကို ”
ဒီစကားတွေကို ပြောနေသည့် မိုး မျက်နှာလေးကို ကျွန်တော် တစိမ့်စိမ့် စိုက်ကြည့်နေမိပါသည် ။ တကယ်တမ်း ချစ်ခင်စုံမက်၍ အရဲစွန့်ပြီး လက်ထပ်ခဲ့ရသည့် မိန်းမသား တစ်ဦး၏ နှုတ်ဖျားကနေ ဒီ စကားတွေ ကြားရပြန်တော့ မိုးကို အရမ်း ကျေးဇူးတင်မိရ သလို ရင်ထဲမှာလည်း နှစ်ဆ တိုး၍ မြတ်နိုးခဲ့ရပြန်ပါသည် ။ သားသည်မအေ ဘဝနှင့် ကလေးတစ်ယောက်၏ ဝေယျာဝစ္စတွေ ကြားမှာ မမောနိုင်မပန်းနိုင် လှုပ်ရှားနေတတ်သည့် ကျွန်တော့်ဇနီးကို မြင်ရတိုင်း “ ဘဝ နာလာတာကွ ” ဆိုသော အဖေ ပြောခဲ့ဖူးသည့် စကားတစ်ခွန်းကိုသာ ကျွန်တော် အခါခါ ပြန်ကြားနေမိပါသည် ။
••••• ••••• •••••
ဒီရွာမှာ ကြီးပြင်းခဲ့ရသည် ဆိုသော်လည်း မိုးကို ဒီအရပ်ဇာတိမှာ မွေးဖွားခဲ့သည်တော့ မဟုတ်ခဲ့ပါ ။ ကဒုံကနိ လို့ ခေါ်သည့် ပင်လယ်ဆိပ်ကမ်းရွာကြီး ( ယခု မြို့ ) မှာ မွေးဖွားခဲ့ခြင်းပင် ။ မိုးအသက် ၃ နှစ်သမီး အရွယ်မှာ မိုး၏ အဖေနှင့် အမေတို့ လမ်းခွဲခဲ့ကြတာဖြစ်သည် ။ နှစ်ဦး သဘောတူ လမ်းခွဲခဲ့သည်တော့ မဟုတ် ။ အဲဒီအချိန်က ပင်လယ်ငါးဖမ်းစက်လှေတချို့ ပိုင်ဆိုင်သည့် မိုးတို့ အဖေက အဲဒီ ရွာမှာတော့ သူဌေးစာရင်းဝင် လုပ်ငန်းရှင် တစ်ဦး ဖြစ်သည် ။
အဲဒီလို လူတစ်ယောက် ဘဝကို လုံးဝ စုတ်ပြတ်သတ်သွားအောင် လုပ်ထားခဲ့ရက်သူကတော့ မိုးတို့ အမေ ဒေါ်နှင်းဆီ ပင် ။ မိုးတို့ အဖေ ခရီးထွက်နေခိုက်မှာ အငှား ခေါ်ထားသည့် ပိုက်ဦးစီးတစ် ယောက်နှင့် ဖောက်ပြန်ထွက် ပြေးကာ မိုးတို့ ညီအစ်မတွေ ကို ရက်စက်စွာ ထားခဲ့ရုံတင် မက ရှာဖွေစုဆောင်း ထားခဲ့သော အတွင်းပစ္စည်း တော် တော်များများလည်း ဒေါ်နှင်းဆီ့ နောက် ပါသွားခဲ့ရသည် ။
ဒါတင်မကသေး ကံကြမ္မာမုန်တိုင်းက မိုးတို့ မိသားစုအပေါ် ဒီလောက်နှင့် ကျေနပ်ပုံမရ ။ ပင်လယ်ထဲ ထွက်သွားသည့် ငါးဖမ်းစက်လှေ နှစ်စင်းက မုန်တိုင်းမိပြီး ကမ်း ပြန်ကပ်မလာတော့ ။ ပြန်ကပ်လာနိုင်သည့် တစ်စင်း ကလည်း ပိုက်တွေ ပါမလာတော့ ။ ဒီလိုနှင့် ဒုက္ခမျိုးစုံ ကြုံရပြီးသည့်နောက် အိမ်ထောင်ပျက်ရုံမကပဲ စီးပွားပါ ပျက်ခဲ့ရသည့် အချိန်မှာ မိုးတို့ အဖေက ဥမမည်စာမမြောက်သေးသည့် မိုးတို့ ညီအစ်မ နှစ်ယောက်ကို လက်ဆွဲကာ ဇာတိရွာကို ပြန်လာခဲ့ခြင်းပင် ။
တတ်နိုင်သလောက်တော့ သူတို့ အပေါ်မှာ ဖခင် တစ်ယောက်၏ ဝတ္တရားအရ စောင့်ရှောက်ခဲ့ပါသည် ။ ဒါပေမဲ့ ရင်အုပ်မကွာတော့ မဟုတ်ခဲ့ပါ ။ မိုးအဖေ၏ အမေ အဘွား၏ စောင့်ရှောက်မှုနှင့်သာ မိုးတို့ညီအစ်မ လူလားမြောက်ခွင့် ရခဲ့ကြပါသည် ။ ဒီလိုနှင့် သိပ်မကြာခင်မှာပဲ အဖေက နောက်အိမ်ထောင် ပြုခဲ့ပြန်သည်မို့ ဖခင့်မေတ္တာ တစ်ခြမ်း ပဲ့ခဲ့ရပြန်သည် ။ အစားထိုး ခံစားခွင့် ရခဲ့သည့် အဘွား၏ မေတ္တာ ဆိုသည်ကလည်း လက်ရှိ သား ၊ သမီး ၊ မြေး ၊ မြစ်တွေ၏ ကြားမှာ အပြည့်အဝတော့ မဟုတ်ခဲ့ ။ ခွဲတမ်းကျသာ ဖြစ်ခဲ့သည် ။
ကျွန်တော်နှင့် လက်ထပ်ပြီး တစ်ခုသော ညမှာ ဒီစကားတွေကို ပြောပြရင်း ရှိုက်သံတစ်ဝက် နင်းလာသည့် မိုးကို ကျွန်တော် မငိုဖို့ ဖျောင်းဖျခဲ့ ပေမဲ့ မိုးတစ်ယောက် ရှိုက်ကြီးတငင် ငိုပွဲဆင်ခဲ့တာကို ကျွန်တော် အမှတ်ရ နေမိပါသေးသည် ။ အဲဒီညမှာပဲ နောက်ထပ် အမှတ်ရစရာ တစ်ခုကတော့ အငိုရပ်သွားသည့် အချိန်မှာ မိုး ပါးစပ်က ပြောခဲ့သည့် စကား တချို့ပဲ ဖြစ်ပါသည် ။
“ မိုးလေ ၊ ဒီအချိန်ကျမှ မေမေ့ကို ဘယ်တော့မှ ပြန်မတွေ့ချင်ဘူး သိလား ။ မိုးတို့ ညီအစ်မ အပေါ်မှာ မိခင်တစ်ယောက်ရဲ့ မေတ္တာကို မပေးခဲ့တဲ့ အပြင် မကောင်းတဲ့ အရိပ်မည်း တစ်ခုပါ အများ အထင်သေးအောင် လုပ်ခဲ့တဲ့ မိခင် တစ်ယောက်ကို မိုး မေတ္တာ မပျက်ပေမဲ့ ဘယ်တော့မှ ခွင့်မလွှတ်ဘူး သိလား ”
အဲဒီညက မိခင် တစ်ယောက်အပေါ် ပြစ်မှားမိမှာ စိုးသည့်စိတ်နှင့် ဖျောင်းဖျဖို့ ကျွန်တော် ကြိုးစားခဲ့ပါသေး သည် ။
“ မွေးသမိခင် ကျေးဇူးရှင် တစ်ယောက် အပေါ်မှာ အဲဒီလို သဘော မထားရဘူးလေ မိုးရဲ့ ။ ကိုးလလွယ် ၊ ဆယ်လဖွား ဆိုတဲ့ မွေးကျေးဇူးတရားတွေကို မိုး မေ့နေပြီလား ”
ကျွန်တော့်စကား စ , မလို့ရှိတုန်းမှာပဲ ဒီစကား အတွက် မကျေနပ်နိုင်သည့် မိုးက စောဒကစကား တချို့ ပြောခဲ့ပြန်ပါသည် ။
“ မိခင်တစ်ယောက်ရဲ့ မေတ္တာတရားကို ကောင်းကင်နဲ့ နှိုင်းကြတာ ၊ မြင်းမိုရ်နဲ့ နှိုင်းကြတာ မိုး ကြားဖူးပါတယ် အစ်ကို ။ ဒါပေမဲ့ ကိုးလလွယ် ပြီး ဆယ်လဖွား ဝမ်းကနေ ကျွတ်သွားရုံလောက်နဲ့တော့ ဒီလို မနှိုင်းလောက်ဘူး ထင်ပါရဲ့လေ ။ တကယ်ဆို အမိမဲ့သား ရေနည်းငါး ဆိုပေမဲ့ အမိမဲ့ခဲ့ ရတဲ့ သမီးတစ်ယောက်ရဲ့ ဘဝက ရေနည်းငါး တစ်ကောင် ထက် ပိုဆိုးတာကို မိုး သိခဲ့ပြီးပါပြီ ။ တကယ်ဆို သမီးမိန်းကလေး တစ်ယောက်အတွက် အမေ တစ်ယောက်ရဲ့ အနီးကပ် သွန်သင်ညွှန်ပြ ဆိုဆုံးမမှု ဆိုတာ ဘာတစ်ခုမှ မရခဲ့တဲ့အပြင် ဖောက်ပြန်တဲ့ မိန်းမတစ်ယောက်ရဲ့သမီးအဖြစ် အများအမြင်မှာ အထင်သေးခံခဲ့ရသေးတဲ့အထိ အမေတစ်ယောက်ရဲ့ အဆင်အခြင်မဲ့မှု ၊ မေတ္တာတရားခေါင်းပါးမှု ၊ တစ်ကိုယ်ကောင်းဆန်ခဲ့မှုတွေ အတွက်တော့ မြင်းမိုရ်တောင် ဦး မကကျူးတဲ့ မိခင်တစ် ယောက်ရဲ့ ဂုဏ်ကျေးဇူးတွေ ပါလို့ တင်စားသင့်ပါ့မလား ”
ခံစားမှုတွေ အဆုံးမှာ စကားလုံးတွေ တင်းမာလာခဲ့တာမို့ မိုး ပြောလာသည့် စကားတွေ အတွက် ကျွန်တော် ဘာမှ ထပ်မပြောဖြစ်ခဲ့ပေမဲ့ အဲဒီညက မိုးအမေ အကြောင်းနှင့် ပတ်သက်ပြီး အတွေးလွန်ခဲ့သည့် ကျွန်တော်ကတော့ တော်တော်နှင့် အိပ်မပျော်နိုင်ခဲ့ပါ ။
••••• ••••• •••••
မိုးနှင့် ကျွန် တော် လက်ထပ်ပြီး သမီးကြီး ၅ နှစ်အရွယ်မှာ မိုး၏ အမေကို ကျွန်တော် ပထမဆုံးအကြိမ် မြင်ဖူးခဲ့ ခြင်းဖြစ်ပါသည် ။ အဲဒီနောက် ခုအချိန်ထိ တစ်ခါမှ မတွေ့ရတော့ ။ အဲဒီနေ့က တိုက်ဆိုင်စွာပင် အိမ်မှာ မိုးက ရှိမနေခဲ့ပါ ။ ကျွန်တော် ၊ အမေနှင့် သမီးလေး သုံးယောက်သား ထမင်းဝိုင်းမှာ ရှိနေတုန်း အိမ်ရှေ့ခြံဝဆီက ခေါ်သံလိုလို ကြားတာမို့ ထွက်အကြည့်မှာ အသားလတ်လတ် ၊ မျက်လုံးမျက်ဖန် ကောင်းပြီး မပုလွန်း ၊ မပိန်လွန်း ၊ မဝ,လွန်းသည့် ခန္ဓာကိုယ်ပိုင်ရှင် အသက် ၅ဝ ခန့် အမျိုးသမီး တစ်ဦးကို ခရီးဆောင်အိတ် တစ်ဖက် ၊ ပလတ်စတစ်ဆွဲခြင်း တစ်ဖက် ဆွဲလျက်သားနှင့် အိမ်ရှေ့မှာ ရပ်နေတာကို တွေ့လိုက်ရပါ သည် ။
“ ဒါ ခင်နှင်းမိုးတို့ အိမ်လား သား ”
“ ဟုတ်ပါတယ်ခင်ဗျ ၊ ဒါနဲ့ အန်တီ က ”
“ အန်တီက ခင်နှင်းမိုးရဲ့ အမေပါ သား ”
“ ဪ ဟုတ် ၊ အိမ်ထဲ ဝင်ပါခင်ဗျ ”
အဲဒီနေ့က ကျွန်တော့် စိတ်ထဲမှာ ဘယ်လိုမှန်းမသိ ရင်ထဲမှာ ဖိန်းခနဲ ခံစားလိုက်ရသလို အတွေးထဲမှာလည်း တစ်ခါမှ မတွေ့မြင်ဖူးသေးသည့် ယောက္ခမကို တွေ့ဖူးပြီမို့ ဝမ်းသာခဲ့မိပါသည် ။ ဒါ မိုး၏ အမေ ဆိုပါလား ။ အင်းလေ ၊ မိုး ကလည်း ကျွန်တော့်ကို ဓာတ်ပုံလေး တစ်ပုံတောင်မှ ပြထားခဲ့ဖူးတာမှ မဟုတ်ဘဲ ။ ဘယ်လိုလုပ်ပြီး ဘယ်သူဘယ်ဝါ တန်းသိနိုင်ပါ့မလဲ ။ ဘယ်သူလဲလို့ မေးမိ သည့် မေးခွန်းအတွက်ပဲ အား နာမိသလိုလို တွေးခဲ့မိသေးသည် ။
ပြီးတော့ မိုးအမေ ဆိုပေမဲ့ မိုးနှင့်က အသားအရောင် သိပ်ဆင်တာက စ,လို့ ဘာမှ မတွေ့ရ ။ မိုး၏ အသားအရေ မျက်နှာကျပုံတွေက မိုးအဖေ နှင့်သာ တူလွန်းလှသည် ။ “ အဖေက ပြောတယ် ၊ မမကြီးက အမေနှင့် တူတယ်တဲ့ ” ။ အဲဒီစကားကို ပြန်ကြားမိ တော့မှ ၊ မိုး မေမေကို အသေအချာ ကြည့်ရင်း အကဲခတ်မိတော့မှ ငယ်ငယ်ကဆို ချောမှာပဲလို့ မှတ်ချက် ချမိသလို မိုး၏ မမ ခင်နှင်းစိုး နှင့်လည်း တော်တော်တူတာ သိလိုက်ရသည် ။
ဒီလိုနှင့် အသစ်စက်စက် တွေ့လိုက်ရသည့် တော်နှင့်ပြီးသား ယောက္ခမ အဟောင်းကို ပြုစုဧည့်ခံရင်း မိုး ပြန်အလာကို စောင့်မျှော်နေခဲ့ပါသည် ။ ဒါပေမဲ့လည်း ငယ်စဉ်ကတည်းက ကွဲကွာခဲ့ရသည့် အမေတစ်ယောက်နှင့် သမီးတစ်ယောက်၏ တွေ့ဆုံခန်းက ကျွန်တော် မျှော်လင့်သလို စိုပြည်လန်းဆန်းခြင်း မရှိခဲ့ပါ ။
“ မိုး အဲဒါ ဘယ်သူလဲ သိလား ”
ကျွန်တော်က ဒီမေးခွန်း အတွက် မိုး ဘက်က တုံ့ပြန်လာမှာကို စိတ်လှုပ်ရှားစွာ မျှော်လင့်နေမိသည် ။ သွေးက ပြောသည့် အသိနှင့် အမေလို့ပဲ ခေါ်လိုက်လေမလား မျှော် လင့်မိပေမဲ့လည်း ၃ နှစ်သမီး အရွယ်လောက် ကတည်းက ခွဲခွာထားခဲ့သည့် မိခင်တစ်ယောက်ကို မှတ်မိနိုင်လောက် ပါ့မလားဆိုသည့် အတွေးကတော့ ရင်ထဲမှာ ဖြစ်တည်နေ ဆဲပင် ။ အမှန်တကယ်လည်း မိုး၏ နှုတ်ဖျားက ထွက်လာခဲ့ သည့် စကားက -
“ မိုး မသိပါဘူး အစ်ကို ” ဟူသော စကားသာ ဖြစ်ခဲ့ပါသည် ။
“ အဲဒါ မိုးရဲ့အမေလေ မိုးရဲ့ ”
“ မိုးတို့ ညီအစ်မ နှစ်ယောက်ကို တွေ့ချင်လို့ လိုက်လာတာ ”
ကျွန်တော့်စကား အဆုံးမှာ “ ဪ ” ဆိုသည့် စကားသံ တစ်ခုသာ မိုး ဆီက ထပ်မံကြားခဲ့ရပြီး နောက်ထပ် ဘာမှ ထပ်မပြောခဲ့ပါ ။ မိခင် တစ်ယောက်နှင့် ပြန်ဆုံရသည့် သမီး တစ်ယောက်၏ တုံ့ပြန်မှုကို အားမလို အားမရ ဖြစ်ခဲ့သော်လည်း မိုး ရင်ထဲက ခံစားချက်တွေကို သိနှင့်ပြီးသည့် ကျွန်တော့် အတွက်တော့ အံ့သြခြင်းတော့ မဖြစ်ခဲ့ပါ ။ မိုးတို့ သားအမိ တွေ့ဆုံမှုအတွက် မိုးမေမေ ဘက်ကနေ တစ်ဖက်သတ် ခံစားကြည့်ရင်း စိတ်မကောင်း ဖြစ်မိတာတော့ အမှန်ပင် ။
••••• ••••• •••••
အိမ်မှာ တစ်ပတ်လောက် နေသွားခဲ့သည့်အချိန်အတွင်း သားအမိချင်း ဆက်ဆံရေးကို ဘေးက အကဲခတ်နေသည့် ကျွန်တော့်အဖို့ ဘယ်လိုမှ အားရစရာ မရှိ ။ တုံးတိတိ နိုင်လွန်းလှသည် ။ သမက်တော်သည့် ကျွန်တော်ကသာ မိုး ကိုယ်စား စကားတွေ ဖောင်ဖွဲ့ခဲ့ရသည် ။
မိုး ကတော့ ပကတိ ပုံမှန် အတိုင်းပင် ။ အမေ တစ်ယောက်ကို ပြောရမည့် စကားတွေများ သူမ ရင်ထဲမှာ အဆင်သင့် ရှိမနေခဲ့တာလား ၊ ဒါမှမဟုတ် ငယ်စဉ် ကတည်းက လက်ပွန်းတတီး မနေခဲ့ရသည့် မိခင်တစ်ဦးကို အခု အချိန်မှ ပြန်တွေ့ခဲ့ရ၍များ ပြောစရာစကားတွေ လမ်းစ ပျောက်သွားခဲ့တာလား ဆို တာတော့ မိုး တစ်ယောက်ပဲ အသိဆုံး ဖြစ်မည် ထင်ပါသည် ။ အိမ်မှာ မိုးမေမေ ရှိနေစဉ်အတွင်း ထမင်းဝိုင်းမှာ အရင်ကထက် ဖွယ်ဖွယ်ရာရာ ပြည့်ပြည့်စုံစုံ ချက်ပြုတ်ကျွေးမွေး ပြုစုခဲ့ပေမဲ့ အမေနှင့် သမီးကြား စကားကတော့ တုဏှိဘော ဆိတ်ဆိတ်သာ နေခဲ့ကြပါသည် ။
ဒီလိုနှင့် မိုးအမေ ပြန်သည့်နေ့မှာ ကားဂိတ်ကို လိုက်ပို့တော့ မိုး ပါ ပါလာခဲ့သည့် အတွက် ကျွန်တော့် ရင်ထဲမှာ ကျိတ်ကျေနပ်နေမိခဲ့ပေမဲ့လည်း တကယ်တမ်းမှာတော့ မိုး လိုက်လာခဲ့တာက သူ့ ရင်ထဲက ခံစားချက်တချို့ အတွက် ရင်ဖွင့်ဖို့ သက်သက် လိုက်လာခဲ့တာပဲ ဆိုတာကို နောက်ကျစွာ သိခဲ့ရပါသည် ။
ထွက်မယ့်ကားက ဂိတ်ကို မဝင်သေးတာမို့ ကားဂိတ်ရှေ့က လက်ဖက်ရည်ဆိုင်မှာ ထိုင်စောင့်နေကြတုန်းမှာပဲ -
“ အစ်ကို မိုး အမေနဲ့ စကားနည်းနည်းလောက် လွတ်လွတ်လပ်လပ် ပြောချင်တယ် ၊ အစ်ကို ခဏလောက် ဖယ်ပေးပါလား ”
ကျွန်တော် သဘောပေါက်ပါသည် ။ ကျွန်တော့် ရှေ့မှာ မပြောလိုသည့် မိုး၏ ဆန္ဒအတိုင်း ကျွန်တော် သူတို့နှင့် ဝေးရာကို ရှောင်ထွက်ပေး လိုက်ပါသည် ။ အဲဒီအချိန် အတွင်းမှာ သူတို့သားအမိ ချင်း ဘာတွေပြောခဲ့သည် ဆိုတာ ရေရေရာရာ မသိနိုင်ခဲ့ပေမဲ့ ကားပေါ်ကို အတက်မှာ မထင်မှတ်ဘဲ မြင်လိုက်ရသည့် မိုး မေမေ ဒေါ်နှင်းဆီ ပါးပေါ်က မျက်ရည်စတွေ၏ သဲလွန်စကိုတော့ ကျွန်တော် ရှာ၍ ရခဲ့သည်ပင် ။
“ အမေ့ကို မိုးဘက်က ဘာတစ်ခုမှ မိုက်ရိုင်းစော်ကားတဲ့ စကားမျိုး မပြောခဲ့ပါဘူး အစ်ကို ။ မိုးတို့ ညီအစ်မ ငယ်ငယ်က ခံစားခဲ့ရတာတွေကို အမှန်အတိုင်းပဲ ပြောလိုက်မိတာပါ ။ တစ်ခုတော့ သေချာပါတယ်လေ ၊ နောက်ဆို အမေ ဘယ်တော့မှ မိုးတို့ ရှိရာကို လာမှာ မဟုတ်တော့ပါဘူး ”
အိမ်အပြန်လမ်းမှာ ကျွန်တော် မမေးပါဘဲနှင့် မိုး ပြောလာသည့် စကားတွေပဲ ဖြစ်ပါသည် ။ ဟုတ်လည်း ဟုတ်ပါသည် ။ သူမ ပြောခဲ့သလိုပင် ယောက္ခမ ဒေါ်နှင်းဆီကို ကျွန်တော် ထပ်မတွေ့ရတော့တာ ဒီနေ့အချိန် အထိပင် ဖြစ်ပါသည် ။ မိုး ဘာတွေများ ပြောခဲ့ပါသနည်း ။ အမှားတစ်ခု ကျူးလွန်မိခဲ့သည့် မိခင်တစ်ယောက် အဖို့ နောက်တစ်ခေါက် မလာချင်တော့လောက်သည့် စကားလုံးမျိုးတွေများ ပါသွားခဲ့သလား မသိ ။ ဒါတွေ တွေးမိတော့ မိခင်ကို ပြစ်မှားသည့် သမီးမိုက် တစ်ယောက် ဖြစ်မှာ စိုးရိမ်မိတာ အမှန်ပဲဖြစ်သည် ။ “ သူ မရိုင်းခဲ့ပါဘူး ” ဆိုသော မိုး၏ စကားကိုတော့ ယုံကြည်သည် ဆိုသော်လည်း ကြာမြင့်စွာ ဖြစ်တည်လာခဲ့သည့် ရင်ထဲက ခံစားချက်တွေ အတွက် လွဲမှားစွာ ဆုံးဖြတ်မိမှာကိုတော့ ကျွန်တော် တကယ်ကို မလိုလားခဲ့ပါ ။
ဘာတွေပဲဖြစ်ဖြစ် အခု အချိန်မှာတော့ ကျွန်တော် ချစ်သည့် မိုး၏ အမေကို နောက်တစ်ကြိမ် ပြန်တွေ့ချင်ပါသေးသည် ။ ဒီအတွက် မိဘကျေးဇူး အထူးသိမယ့် တရားတွေကို မိုးကို နာခိုင်းရပါလိမ့်ဦးမည် ။ “ ချစ်သဒ္ဓါတွေ ဝေလို့ ပြည့်တန်ဆာ အမေဟာလည်း အမေပါပဲလေ ” ဆိုသည့် ဆရာတော် တစ်ပါး၏ တရားခွေထဲကလို အမေတွေ၏ ဂုဏ်ကျေးဇူးတွေ အကြောင်း ကောင်းကောင်း ရှင်းပြရပါလိမ့်ဦးမည် ။
ကျွန်တော့်အတွက် ဇနီး ကောင်း ဖြစ်သလို သမီး နှစ်ယောက် အတွက်လည်း အမေကောင်း တစ်ယောက် ဖြစ်ခဲ့သည့် မိုးကို သူ့အမေအတွက်ပါ သမီးကောင်း တစ်ယောက် ဖြစ်စေချင်ပါသည် ။ တကယ်တော့လည်း မိခင် ၊ ဖခင်တို့ ဂုဏ်ကျေးဇူးကို ယူဇနာပေါင်း ရှစ်သောင်းလေးထောင် အမြင့်ရှိသော မြင်းမိုရ်တောင် နှင့် နှိုင်းသကဲ့သို့ အပြောကျယ်သည့် ကောင်းကင်ပြင် နှင့်လည်း နှိုင်းယှဉ် တင်စားတတ်ကြပါသေးသည် ။ ထိုထို စကြဝဠာ ကောင်းကင်အနန္တတွင် မြင်းမိုရ်ပေါင်း များစွာ ရှိသကဲ့သို့ ကမ္ဘာလောက၌ ရှိရှိသမျှ မိဘတို့ သည်လည်း ထိုမြင်းမိုရ် ၊ ကောင်းကင်တို့နှင့် နှိုင်းအပ်သည့် သမိုင်းတစ်ရပ်တော့ ရှိနေသင့်ကြောင်း ကျွန်တော် တွေးနေမိပါသည် ။ ထိုခဏ၌ သမီးလေး၏ ကျယ်လောင်စူးရှသော ကဗျာရွတ်သံက ကျွန်တော့် အတွေးစကို ပြတ်တောက်သွားစေခဲ့သည်ပင် ။
ကျွေးမွေးသုတ်သင် ၊
သက်ဆုံးပင် ၊
ချစ်ခင်ရှာပေ ၊ ဒို့မေမေ ။
ငယ်စဉ်ကာလ ၊
စည်းကမ်းပြ ၊
ဆုံးမခဲ့ပေ ၊ ဒို့မေမေ ။
အရွယ်ရောက်လာ ၊
ကျောင်းအပ်ကာ ၊
ပညာပေးဝေ ၊ ဒို့မေမေ ။
ကျန်းမာဖို့အရေး ၊
သင့်ရာကျွေး ၊
ကျေးဇူးကြီးပေ ၊ ဒို့မေမေ ။
ဝတ်စားဆင်ယင် ၊
မြတ်နိုးကြင် ၊
စီစဉ်တတ်ပေ ၊ ဒို့မေမေ ။
ဪ မကြာလှသည့် အချိန်လေး အတွင်းမှာပဲ သူ့အမေ၏ ကျေးဇူးနှင့် ဒီကဗျာလေးကို သမီးလေး အလွတ်တောင် ရသွားခဲ့ပြီပဲ ဖြစ်သည် ။
⎕ စာကလေး ၊ မော်ကျွန်း ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
အောက်တိုဘာ ၊ ၂၀၁၈

No comments:
Post a Comment