❝ ခေါက်ဆွဲဆိုင် ❞
( ပီမိုးနင်း )
မောင်မြသည် ပုဇွန်တောင်ရပ် တရုတ်ခေါက်ဆွဲဆိုင်၌ ထိုင်ကာ ခေါက်ဆွဲကို စား၍ နေလေ၏ ။ ဆိုင်ရှေ့၌ ဘတ်(စ်)ကားတွေ ၊ ဓာတ်ရထားတွေနှင့် ပရိသတ် လူထု များစွာ သွားလာ၍ နေကြလေ၏ ။ အခြားလမ်းမှ ဆိုင်များမှာလည်း လူများစွာတို့သည် ယင်ကောင်များ အုံသလို အုံကြလျက် တရုန်းရုန်းဖြစ်၍ နေကြလေ၏ ။ နားရော ၊ မျက်စိပါ အအားမပေးသာ ဆောင်းဦးပေါက်စ သာယာသော ကာလ ဖြစ်လေသတည်း ။
မောင်မြ စား၍နေသော ဆိုင်မှာ အတွင်းကျသော ဆိုင်ခန်းကလေးဖြစ်လေရာ စားသောက်သောသူတို့မှာ အပြင်ဘက်လမ်း ဆိုင်များကို ကျော်၍ အတွင်းသို့ မရောက်ကြသဖြင့် ထိုဆိုင်ခန်းကလေးမှာ မောင်မြ တစ်ယောက်သာ ရှိလေ၏ ။
သို့ ကြည့်၍နေခိုက်တွင် ထူးခြားသော သဏ္ဌာန် တစ်ခုကို မြင်ရသဖြင့် စိုက်ကာ မျက်တောင်မခတ်ဘဲ ကြည့်၍နေလေရာ ခေါက်ဆွဲပန်းကန်ကိုပင် မေ့လျော့၍ နေလေ၏ ။ ထိုသဏ္ဌာန်သည်ကား ဖြူစင်ပြည့်ဖြိုးလျက် ဝိုင်းစက်လှပ ချစ်ဖွယ်ရာ ကောင်းလှသော အသက် (၃၀) အရွယ်ခန့် မိန်းမတစ်ယောက် ဖြစ်လေ၏ ။
၎င်းမိန်းမသည် ဆံပင်ကို ကပိုကရို ထုံးပတ်လျက် ဆင်စွယ်ဘီးအဖြူမှာ ဦးခေါင်း၏ တစ်ဖက်တစ်ချက် ပြူထွက်ကာ ဦးချို၏ သဏ္ဌာန်ကို ဆောင်သော်လည်း ကြောက်စရာ မျက်နှာ အမူအရာ မရှိ ၊ ချစ်ဖွယ်အရာသာ ရှိလေ၏ ။ ၎င်းမိန်းမသည် ရှေးဦးပထမ လမ်းဆိုင်များ အနီး တရစ်ဝဲဝဲ နေလေ၏ ။ ထိုအခိုက်တွင် စိုးရိမ်ကြောင့်ကြသော လက္ခဏာနှင့် ဝဲယာတောင်မြောက် ခပ်ဝေးဝေးသို့ ရောက်အောင် တစ်စုံတစ်ရာကို ရှုမျှော် ရှာဖွေသလို နှစ်ခါသုံးခါ ကြည့်လေ၏ ။ ထို့နောက် မောင်မြ စား၍ နေသော ဆိုင်ဘက်သို့ လှမ်း၍ကြည့်ရာ မောင်မြကို မြင်သဖြင့် ခဏကလေး ရပ်ပြီး ချီတုံချတုံ လုပ်ပြီးမှ တစ်ဖန် စိတ်အကြံ တစ်ခုခုကို ပြုသည့်အလား ပိုမိုလျင်မြန်သော ခြေလှမ်းဖြင့် ထဘီကို လက်တစ်ဖက်နှင့် ပင့်ကိုင်ကာ လမ်းဆိုင်နှစ်ခု၏ အကြား လူများထဲကို ဖြတ်ကူးပြီးလျှင် မောင်မြကို တစ်ဖန် ကြည့်ပြီး မချိုမချဉ် မျက်နှာနှင့် ဝင်၍ လာလေ၏ ။
မောင်မြ၏ ရင်ထဲမှာ ဖိုခနဲဖြစ်၍ သွား၏ ။ မောင်မြ ၏ မျက်နှာမှာ ရှိန်းခနဲ သွေးရောင်ချီ၍ လာလေ၏ ။ သားနားစွာ ပေါင်း၍ထားသော ခေါင်းပေါင်းနဖူးစပ်ကို လက်တစ်ဖက်နှင့် ဆွဲကိုင်ကာ ညှို့သလို လုပ်လေ၏ ။ လက်ကိုင်ပဝါ ဖြူဖြူဖွေးဖွေးကို အဖိုးတန်သော သက္ကလတ် အင်္ကျီအိတ်ထဲမှ ထုတ်ကာ နှုတ်ခမ်းကို တို့လေ၏ ။ မိန်းမချောကြီးသည် ၎င်း၏ အပါးကို ဖြတ်ကာ ဝင်ရင်း ၎င်းကို လင်းကြည်ပြုံးချိုသော မျက်လုံးကြီးများနှင့် နှုတ်ဆက် ချင်သလို ကြည့်၍ သွားရာ ၎င်းကိုယ်မှ ဟပ်သော လေ၌ ပါရှိသည့် ပေါင်ဒါရေမွှေးနံ့သည် အကြော်အလှော်တို့ အပေါ်၌ မောက်မာစွာ မောင်မြ၏ နှာဝမှ ရင်ထဲသို့ ရောက်အောင် ဝင်ရောက် သက်ဆင်းသွားရာ ခေါက်ဆွဲကို စား၍ ကောင်းလျက်ရှိသော ရသာရုံအလုပ်သည် ငုပ်လျှိုးကွယ်ပျောက် အဘယ်ကို ရောက်သည်ကို မသိရ ။ သင်း ငါ့ကို မြင်လို့ ဝင်လာတာပဲ ဟူသော အစွဲကြောင့် ဝမ်းသာလုံးဆို့သလို ဖြစ်၍ သွားလေ၏ ။
ငွေကြေးကျပ်တည်းသော ခေတ်ကာလ ဘယ်လို ဟာတွေ ဘယ်လို ဖြစ်ကြသည်ကို ဘယ်သူသည် အဘယ်နည်းနှင့် သိနိုင်ပါမည်နည်း ဟူသော အတွေးသည် မောင်မြ၏ စိတ်၌ ပေါ်ပေါက်လာသဖြင့် မောင်မြသည် သက္ကလတ်အင်္ကျီအိတ်ထဲမှ ငွေသံများ ခပ်ကျယ်ကျယ် ထွက်ပေါ်အောင် မြည်စေလျက် ပိုက်ဆံကြေးငွေ ဒင်္ဂါး အစအနများကို လက်ခုပ်နှင့် ပြည့်လုခမန်း ထင်ရအောင် ထုတ်ယူဖြန့်ကြည့်ကာ ငွေတစ်ကျပ်ကို ထုတ်ပြီး စားပွဲတွင် ချွင်ခနဲ ချလေ၏ ။ ထို့နောက် မိမိ၏ နံဘေး အနောက် နားကျကျ တစ်ဖက် နံရံမှာ ထိုင်လျက်နေသော သားနားသော မိန်းမကို ကြည့်လိုက်လေ၏ ။ နှစ်ယောက်သား မျက်နှာချင်း ဆိုင်မိကြလေ၏ ။ မောင်မြ၏ ရင်ထဲမှာ ဒိန်းခနဲ ဖြစ်၍ သွားပြန်၏ ။ ဧကန်ဒိဋ္ဌ သင်းဟာ ဒါပဲဟု တွေးလေ၏ ။
ထိုအခိုက် ပေါက်ဖော် တစ်ယောက် အပါးကို ရောက်၍လာပြီး ပိုက်ဆံဖျက်ရန် ဒင်္ဂါးကို အယူမှာ မောင်မြ က နေဦး ပေါက်ဖော် ၊ လက်ဖက်ရည် ပေးပါဦး ဘာမုန့် ရှိသလဲဟု ပြောကာ မုန့်များထားသော နေရာကို သွား၍ ကြည့်လေ၏ ။ မုန့်ပုလင်းများထားသော နေရာမှာ မိန်းမ၏ ရှေ့နံဘေးဘက်၌ ရှိလေရာ တစ်ဖန် မျက်နှာချင်းဆိုင် မိလေ၏ ။ မောင်မြမှာ တစ်ဖန် ရင်ထဲတွင် ဒိန်းခနဲ ဖြစ်ပြန်လေ၏ ။ အကြောင်းမူကား ထူးခြားသော အချက် တစ်ခုမှာ ထိုမိန်းမကို ကြည့်တိုင်း မချိုမချဉ် အသွင်ရှိသည် ဟု မောင်မြ၏ စိတ်၌ အောက်မေ့လေ၏ ။
“ သုံးပဲတန် ခေါက်ဆွဲတစ်ခွက် ပေါက်ဖော် ” ဟု ပြောလိုက်သော မိန်းမ၏အသံသည် ရေခဲကရင်ဆိုဒါလို အေးပြီး ရေခဲနှင့် ဖန်ခွက် ထိခိုက်သော အသံနှင့် တူသည် ဟု မောင်မြ မှတ်ထင်မိလေ၏ ။
မောင်မြသည် လိုချင်သော မုန့်များကို ပေါက်ဖော် တစ်ယောက်အား ပြပြီး “ ခေါက်ဆွဲ တယ်ကောင်းတဲ့ ဆိုင်ပဲ ” ဟု မိန်းမအား ပြောလေ၏ ။
မိန်းမက “ ကျွန်မလည်း ကြားတာနဲ့ စားမလို့ပါပဲ ” ဟု ပြုံးရွှင်ကာ ပြန်၍ ပြောလေ၏ ။ မောင်မြမှာ စကား ဆက်စရာ မရသေးသဖြင့် မိမိ၏ စားပွဲသို့ ပြန်၍ လာမည် ပြုပြီးမှ မိန်းမကို တစ်ဖန်ကြည့်ကာ “ ဘယ်လောက်တန် မှာသလဲ ။ တစ်မတ်တန် မှာပါလား ။ တကယ် ကောင်း တာပဲ ” ဟု ပြောပြီး ကြော်၍ နေသော ပေါက်ဖော်ဘက်သို့ လှည့်ကာ ပေါက်ဖော် တစ်မတ်တန် ပြင်လိုက်ဟု ပြောလေ၏ ။
မိန်းမမှာ ရှက်သလိုလို အားနာသလိုလိုနှင့် သာလွန် ပြုံးချို၍ လာလေရာ မောင်မြက တစ်ဖန် ၎င်းကို လှည့် ကြည့်ပြီး ဘာခေါက်ဆွဲကြိုက်သလဲ ဝမ်းဘဲလား ၊ ဝမ်းဘဲ မှာပါလား ။
ကျွန်မက ဝက်သားပဲ စားပါတယ် ။ ဝမ်းဘဲက ကျွန်မနဲ့ မတည့်ဘူးလို့ ဆရာက ပြောလို့ ကိစ္စ မရှိပါဘူး ။
မြ ။ ။ “ ပေါက်ဖော် ဝက်သားများများနဲ့ ကောင်းကောင်း ပြင်လိုက် ။ ကျုပ်လည်း ထမင်းစားသောက် မကောင်းတာနဲ့ ဒီဆိုင်ကလည်း ခံတွင်းတွေ့လို့ ဆွဲပြီး စားနေတယ် ။ တစ်ယောက်တည်း နေရတော့လည်း ချက်လားပြုတ်လား ဒုက္ခများတာမို့ ဝယ်စားတာပဲ အေးပါတယ်လေ ဆိုပြီး ဝယ်စားနေတာပါပဲ ။ ရန်ကုန်မြို့မှာ ဒါတစ်ခု အင်မတန် ကောင်းတာပဲ ။ ပေါက်ဖော်လက်ဖက်ရည် ဒီကို ၊ အစ်မ ဘာအလိုရှိသေးလဲ အားမနာပါနဲ့ ၊ လိုချင်ရာ မှာပါ ။ ကျွန်တော်က တောကပါ ။ ရန်ကုန်ရေဝန်ရုံးမှာ အလုပ်လုပ်ပါတယ် ။ ရန်ကုန် ရောက်တာ ၁၀ နှစ်ကျော်ပါ ပြီ ။ အစ်မကို မြင်တော့ ကျွန်တော့် အစ်မ တစ်ယောက် ယောက်ကို သွားသတိရတယ် ။ တူလွန်းလို့ပါ ။ ဘယ်လိုမှ မအောက်မေ့ပါနဲ့ ။ ရိုးရိုးသားသားပါပဲ ”
ခေါက်ဆွဲ ၊ လက်ဖက်ရည် ၊ မုန့်များ ရောက်လာ၏ ။
“ ကျေးဇူးပါပဲရှင် ၊ ကျွန်မက အားနာတတ်တယ် ” ဟု ပြောကာ လမ်းမကို မျှော်ကြည့်လေ၏ ။ မောင်မြ သည်ကား မိမိ မုဆိုးဖို ဖြစ်ကြောင်း ၊ သားသမီး မရှိ ကြောင်းများကို ၎င်းမိန်းမ သိသာအောင် အကျဉ်း အားလျော်စွာ ပြောပြလေ၏ ။ မိန်းမလည်း ရဲ၍လာပြီး စကားကို ပွင့်ပွင့် ပြော၍လာလေရာ အသိအကျွမ်း ဖြစ်၍ သွားလေ၏ ။ မောင်မြသည် နှုတ်လျှာသွက်သူ ဖြစ်လေရာ မိန်းမများနှင့် ကြုံရာဝယ် မိမိဘက်ကို ညွတ်တိမ်းအောင် ဆွဲဆောင်နိုင်သော သတ္တိထူးတစ်ခု ရှိသဖြင့် မိန်းမများအပေါ်၌ များစွာ အောင်ပန်းစွဲခဲ့သူ တစ်ယောက် ဖြစ်လေ၏ ။ ရုပ်ရည်က သားနား ၊ အဝတ် အစားက စတိုင်ကျ ၊ နှုတ်စ ၊ လျှာစကလည်း ကောင်း ၊ အင်္ကျီအိတ်များကလည်း ဖောင်းသော ဂုဏ်သရေရှိ စာရေးကြီး တစ်ယောက် ဖြစ်လေရာ အောင်မြင်သော နည်းလမ်းများနှင့် ပြည့်စုံလျက် မိမိကိုယ်ကိုလည်း လွန်စွာ ယုံကြည်လေ၏ ။ တွေ့သမျှ မိန်းမများထဲတွင် မောင်မြ၏ စိတ်၌ ဤမိန်းမလို စတိုင်ပါတာ မရှိဟု အောက်မေ့လျက် ဤတစ်နေ့အတွက်ဖြင့် စားကျက်ကောင်း ဖူလုံဖို့ကိန်းပဲဟု စိတ်ထဲ၌ ပုံသေ အစွဲပြုလိုက်လေတော့သတည်း ။
ခေါက်ဆွဲ စားပြီးသောအခါ လက်ဖက်ရည်နှင့် မုန့်များကို အတင်းသောက်စေလေ၏ ။ မတင့် ဟူသော နာမည်ကိုလည်း သိရလေ၏ ။ အိမ်ကို ပြန်သောအခါ တစ်လမ်းလုံး မတင့်၏ မျက်နှာကို မြင်၍ သွားလေ၏ ။ ညဉ့်အိပ်သောအခါလည်း မတင့်၏ မျက်နှာကိုသာ ထင်မြင်လေ၏ ။ နောက်တစ်နေ့ မိုးလင်းပါစေ ဟူ၍ ဆုတောင်းရင်း အိပ်ပျော်၍ သွားလေ၏ ။ နောက်တစ်နေ့ အလုပ်တိုက်တွင် အလုပ်လုပ်ရာ၌လည်း မတင့်၏ မျက်နှာသည် မောင်မြ နှင့် မောင်မြ၏ အလုပ်စပ်ကြားကို အမြဲ ဝင်ရောက်၍ နေလေ၏ ။ နာရီကို အကြိမ်တစ်ရာလောက် ကြည့်၏ ။ ဆောင်းနေ့သည် အဆမတန် ရှည်သည်ဟု မှတ်ထင်ရလေသတည်း ။
အလုပ်မှ ဆင်းသောအခါ မနေ့ကလာသော အချိန်ထက် နည်းနည်းကလေး စောစွာ ဆိုင်ကို ရောက်လေ၏ ။ မတင့် လာမှ လာပါ့မလားဟု စောင့်မျှော်ကာ ကြည့်လေ၏ ။ အတန်ကြာသောအခါ မနေ့က နည်းတူ ယောင်ပေ ယောင်ပေနှင့် ပေါ်လာသည်ကို မြင်လေရာ မောင်မြ၏ အသည်းနှလုံးမှာ ဆွေ့ဆွေ့ခုန်လေ၏ ။ မကြာမီ နှစ်ယောက်သား စားပွဲတစ်ခုမှာ မျက်နှာချင်းဆိုင် ထိုင်မိကြလေ၏ ။ မနေ့ကနည်းတူ စကားပြောရင်း စားကြ ၊ သောက်ကြလေ၏ ။ မတင့်သည် မနေ့ကနည်းတူ ခေါက်ဆွဲကို စားလေ၏ ။ မောင်မြက မနေ့ကနည်းတူ ခေါက်ဆွဲဖိုး ပေးလေ၏ ။
မောင်မြက မတင့်၏နေရာအရပ်ကို မေး၏ ။ မေးသော်လည်း သေချာစွာ မပြောချေ ။
စား၍ ပြီးကြသောအခါ မောင်မြသည် မတင့်၏ နောက်သို့ လိုက်ချင်သော်လည်း မတင့်က ကျေးဇူးတင်ကြောင်း ပြောပြီး လန်ချားတစ်စင်းကို ခေါ်၍ ကျေးဇူးတင်ကြောင်းနှင့် ပြောဆို နှုတ်ဆက် လျင်မြန်စွာ ထွက်၍ သွားသဖြင့် မလိုက်နိုင်ဘဲ နေလေ၏ ။
အခြားလူများသည်လည်း မတင့်ကို စဉ်းစားသော အမူအရာနှင့် ကြည့်ကြလေ၏ ။ ၎င်းတို့ ကြည့်ပုံမှာ မတင့် ကို သိသောအသွင် မရှိချေ ။ မောင်မြမှာ တွေးတော အံ့သြလျက်သာ ပြန်၍ လာခဲ့ရလေ၏ ။
အဘယ်လိုမိန်းမ ဖြစ်ပါလိမ့်မလဲ ။ ငါ တွေးတာ ဟုတ်မှ ဟုတ်ပါ့မလား ။ ငါ သင်းကို အဘယ်နည်းဖြင့် ငါ့နောက် ပါအောင် ကြံရပါ့မလဲ စသည်ဖြင့် တွေးတော လေ၏ ။ နောက်တစ်နေ့ တွေ့ပြန်လေ၏ ။ မောင်မြက ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခု အသစ်လဲကြောင်း ပြောလေ၏ ။ ပြောပြသော်လည်း မတင့်သည် များစွာ စိတ်အားထက်သန်သည့် လက္ခဏာကို မပြချေ ။ မောင်မြ ရယ်စရာ ပြောလျှင် ရယ်တတ်၏ ။ စကားများစွာ ပြန်၍ ပြောဖော်ကား မရချေ ။ မောင်မြမှာ တွေးကြံ၍ မရနိုင်အောင် ရှိလေ၏ ။
ဧကန် ဒိဋ္ဌ ပိုင်းလုံးပဲ ။ ငါ သူ့ကို သာ၍ စွဲအောင် ပရိယာယ် ဉာဏ်ဆင်တဲ့ ကောင်မပဲ ။ လွယ်လွယ်ကူကူ ရရင် အဖိုးမတန်မှာ စိုးလို့ ခက်ခက်ခဲခဲ ကြိုးစားနေရတဲ့ အနေကို ရောက်အောင် သင်း တမင်ဟန်လုပ်တာပဲ ။ ငါ့ကို ပိုင်းမလို့ ကြံတာ ၊ ဘာရမလဲ ။ ငါ့ကို သင်းက ပိုင်းရမလား ။ သင်းကို ငါက ပိုင်းရမလား သိစေမယ် ။ ယနေ့ အထိ သင်းကို ကျွေးရတာ ငွေငါးကျပ် နီးပါး ရှိပြီ ။ တစ်ဆယ် မကုန်မီ သင်းကို ကားနဲ့တင်မယ် ။ ဖိုးမြ တဲ့ ဘယ်လိုအကောင် မှတ်သလဲ စသည်ဖြင့် တွေးကာ မချင့် မရဲ ဖြစ်လေ၏ ။
နောက်တစ်နေ့ လာရာ မတင့်က “ အခြား ဒီလို ကောင်းတဲ့ ခေါက်ဆွဲဆိုင် ရှင် သိသေးသလား ” ဟု မေးလေ၏ ။
မောင်မြသည် ထိုမေးခွန်းကို ရသောအခါ အားတက်၍ လာလေ၏ ။ ဧကန်ဒိဋ္ဌ သင်း ငါ့ဘက်ကို ပါပြီ ။ ငါ ခေါ်ရာကို လိုက်မယ် ဆိုတဲ့ စကားပဲ ငွေတစ်ဆယ် မပြည့်သေးဘူး ။ မှန်းစမ်းဟု တွေးကာ ဒိုင်ယာရီ တစ်အုပ် ကို ထုတ်ကြည့်လေရာ ၇ိ–၁၂ ပဲ ရှိပြီကို တွေ့ရလေ၏ ။ နှစ်ကျပ်ခွဲတောင် လိုသေးတယ် ။ ယနေ့ည ငါ အပိုင်ပဲ ဟု တွေးကာ ပြုံးလေ၏ ။ မတင့်က ဒိုင်ယာရီစာအုပ်ကို လှမ်း ကြည့်ကာ “ ဘာလဲရှင့် ။ ကျွန်မ အတွက် ကုန်တာတွေ မှတ်ထားသလား ” ဟု မေးလေ၏ ။
“ မဟုတ်ပါဘူး ၊ ရုံးအလုပ်ကလေး မှတ်ထားလို့ပါ ” ဟု ပြောပြီး ပြန်၍ယူရာ လက်ချင်း ထိလေ၏ ။ မောင်မြမှာ မိုးကြိုးစက်ကို ကိုင်မိသလို ဖြစ်၍သွားလေ၏ ။
“ မတင့် လိုက်မလား ၊ တရုတ်ဟိုတယ်ကို သွားမယ်လေ ”
“ ကောင်းသားပဲ ၊ ဘယ်ဟိုတယ်လဲ ”
“ ၂၉ လမ်း ”
မတင့်သည် စဉ်းစားသလို လုပ်ပြီးမှ “ ဟိုတယ်တော့ မလိုက်ဝံ့ဘူးရှင့် ။ ရှင်တို့ ယောက်ျားတွေ ဆိုတာ ” ဟု ပြောပြီး ပြုံးလျက် ခေါက်ဆွဲကို စားလေ၏ ။
မောင်မြမှာ စိတ်ပျက်၍ သွားလေ၏ ။ ခေါ်၍ ရပုံ မပေါ်သည်ကို သိသဖြင့် ဆက်၍ မပြောဘဲ နေလေ၏ ။ ထိုညဉ့် ပြန်၍သွားသောအခါ အမျိုးမျိုး တွေး၏ ။ ဒီကောင်မဟာ လူမှ ဟုတ်ပါ့မလား ။ ဥစ္စာစောင့်များလား ။ ဥစ္စာစောင့်များလည်း ဒီလို ထွက်ပြီး စားတတ် သောက်တတ်တယ်လို့ ကြားဖူးတာပဲ ။ ငါ သူ့အတွက် ကုန်တဲ့ ပိုက်ဆံ မှတ်တာလည်း သူ သိတယ် ။ လူဟုတ်မယ် မထင်ဘူး ။ ဥစ္စာစောင့်ပဲ ။ ငါ နောက်ယောင်ခံပြီး လိုက်မှ တော်မယ်ဟု အကြံပြုလေ၏ ။
နောက်တစ်နေ့ တွေ့ကြပြန်လေ၏ ။ မောင်မြသည် ဆိုင်မှ ထွက်သောအခါ လန်ချားတစ်စင်းနှင့် လိုက်လေ၏ ။ မတင့်သည် နောက်သို့ ပြန်လှည့်ကြည့်လေ၏ ။ မောင်မြမှာ ဝါးတစ်ရိုက်သာသာ နောက်ချန်၍ လိုက်ရင်း ငါ လိုက်တာကို သင်းသိလို့ ပြန်ကြည့်တာပဲ ။ ငါ့ကို ဘယ်အထိ ခေါ်မလဲ ။ သင်း ဧကန် လူ မဟုတ်ဘူး ။ ဥစ္စာစောင့်ပဲ ။ ဒိုင်ယာရီထဲမှာ ငါ မှတ်တာကို သင်း ဘယ်နည်းနဲ့ သိနိုင်သလဲ ။ အခုလည်း သင်း ငါ့ကို ဆင်လို အောင်းပြီး မြူခေါ်တာနဲ့ တူတယ် ။ ဥစ္စာစောင့်နဲ့ တော့ ဒီဘဝမှာ ညားရချည့်သေးရဲ့ ။ ယနေ့ညတော့ ဘယ်လို တိုက်ကြီးထဲမှာ ဘယ်လိုများ စခန်းသွားရမလဲ မသိဘူး ။ ဥစ္စာစောင့်များဟာ ဖန်ဆင်းတိုင်း ဖြစ်တာမို့ ငါ့ကို ရွှေသလွန် ငွေသလွန်တို့နဲ့ သိပ်ဖို့များ ခေါ်လေသလား ။ ဥစ္စာရွှေငွေကို မြင်ရင် လောဘ မတက်ရဘူးတဲ့ ။ ပေးသလောက်သာ ယူပြီး ဘယ်သူကိုမှ မပြောရင် တစ်သက်လုံး စားလို့ မကုန်ဘူးတဲ့ ။ ငါ့ကို သ,တ်ချင်ရင်လည်း သ,တ်မှာပဲ ။ လိပ်ပြာကို နုတ်တတ်တယ်လို့ ပြောကြတာပဲ ။ ဒီလို အချောအလှ ဥစ္စာစောင့်မနဲ့ ညားရမှာဖြစ်ရင် ဆယ်ခါသေရဲတယ် ။ ရန်ကုန်မြို့မှာ ဥစ္စာစောင့်တွေ ရှိတယ်လို့ ပြောကြတယ် ။ ဆူးလေဘုရား ပန်းခြံဘက်မှာ ရှိတယ် ဆိုတဲ့ ဥစ္စာစောင့်များလား ။ ဘာပဲဖြစ်ဖြစ် ငါလိုက်မယ် စသည်ဖြင့် တွေးသောအခါ ရွှေတွေ ၊ ငွေတွေ ၊ စိန်တွေ ၊ ကျောက်တွေ ၊ ပတ္တမြားသလွန် ၊ မြသလွန် ၊ ရွှေသလွန် ၊ ငွေသလွန်တွေကို ထင်ကာမြင်ကာ လိုက်ပါ၍ သွားလေ၏ ။
မတင့်၏ လန်ချားကု,လားမှာ မိမိ၏ လန်ချားကု,လားလောက် အပြေးမကောင်းသဖြင့် မိမိ ကု,လားအား “ အားပတေး အားပလေး ” ဟု နှေးနှေးဆွဲရန် ပြောရလေ၏ ။ ကပ်အားကြီးလျှင် ကိုယ်ယောင်ပျောက်၍ ပြေးမှာကို ကြောက်လေ၏ ။
သော်မဆင်လမ်းဘက်သို့ ရောက်ကြပြီးနောက် ဒါလဟိုစီလမ်းကို ကွေ့ဝင်ကြလေ၏ ။ မတင့်၏ လန်ချားသည် အနောက်ဘက်ကို သွား၏ ။ ဧကန် ဆူးလေဘုရားကို သွားတာပဲ ။ ဆူးလေဘုရားမှာ ဥစ္စာစောင့် ရှိတယ်လို့ ကြားရတယ် ။ သင်းပဲ ဧကန် သင်းပဲ ။ ယနေ့ ညဖြင့် ဥစ္စာစောင့် နတ်ကညာနှင့် ရွှေသလွန်ထက်မှာ သည်တစ်ည အလွန်အကျွံ တစ်သက်လုံး မမေ့နိုင်တဲ့ မက်လုံးဖြင့် တွေ့ရတော့မှာပါကလား ။ နာမည်လေးက မတင့် တဲ့ ။ ဟုတ်မှာတော့ မဟုတ်ပါဘူး ။ လုပ်တဲ့ နာမည်နဲ့ တူတာပဲ စသည်ဖြင့် အမျိုးမျိုး တွေးလေ၏ ။
မြို့တွင်းဘက်သို့ နီးသောအခါ လန်ချားတွေ များ၍ လာသဖြင့် မမှားရအောင် ၊ မပျောက်ရလေအောင် အများကြီး သတိထားလျက် လိုက်လေ၏ ။ ကု,လားကို လည်း မတင့်၏ လန်ချားနောက်ကို မျက်ကြောမပျက်ဘဲ လိုက်ဖို့ရန် ပြော၍ ထားလေ၏ ။
စကော့ကိတ်လမ်းသို့ ရောက်သောအခါ မတင့်၏ လန်ချားသည် ကမ်းနားဘက်သို့ လှည့်၍ သွားလေ၏ ။ ကုန်သည်လမ်းကို ရောက်သောအခါ တစ်ဖန် အနောက်ကို ကွေ့ပြန်လေ၏ ။ အတန်ကြာလျှင် ဘိုကလေး ဈေးဘက်သို့ ရောက်၍ သွားလေရာ မတင့်၏ လန်ချား မပျောက်အောင် မနည်းကြီး သတိထားရလေ၏ ။
မတင့်၏ လန်ချားသည် စပတ်လမ်း မရောက်မီ တစ်ဖန် အထက်ပိုင်းကို ကွေ့၍ တက်ပြန်၏ ။ (၄၁) လမ်းလား ၊ (၄၂) လမ်းဟု သေချာစွာ မသိရ ။ လိုက်ပါ၍ သွားပြီး ဂိုဒေါင်ကြီးနှစ်ခု၏ စပ်ကြား နေရာကွက်လပ် တစ်ခု၌ မတင့်၏လန်ချား ရပ်လေ၏ ။ မောင်မြ၏ လန်ချားလည်း အပါးသို့ရောက်၍ ရပ်လေ၏ ။
တင့် ။ ။ “ ဟင် ... ရှင်လား ၊ ကျွန်မက ဘယ်သူလဲလို့ ကြောက်ကြောက်နဲ့ ကွေ့ရှောင်ပြီး လာတယ် ။ ရှင် ဘာလို့ လိုက်လာသလဲ ” ဟု မေးရင်း မတင့်သည် မြေကွက်လပ်ထဲသို့ ဆင်း၍ သွားလေ၏ ။ မောင်မြလည်း လိုက်၍ သွားပြီး “ တမင် သိချင်လို့ လိုက်လာတာပဲ ” ဟု ပြောလေ၏ ။ ထိုအခါ ကိုးနာရီကျော်ကျော်ခန့် ရှိ လေ၏ ။ ထိုနေရာမှာ အိမ်များနည်းသဖြင့် ဆိတ်ငြိမ်လေ၏ ။ လမ်း၌လည်း အသွားအလာ မရှိ ခပ်လှမ်းလှမ်း တိုက် တစ်ခုက တံခါးများ ပိတ်သံကို ကြားရလေ၏ ။
“ ပြန်ရှင့် ၊ ကျွန်မ နောက်ကို မလိုက်နဲ့ ။ ကျွန်မ ယောက်ျားတွေ့ ရင် ရှင် ... ”
“ ဟင်း.. ဒီလိုဖြင့် မတင့် ... ” ဟု ဘာစကားကို ဆက်မည် ပြုသလဲဟု မသိရဘဲ မောင်မြသည် စကားကို ရပ်ကာ အံ့သြ၍နေလေ၏ ။
“ ယောက်ျားနဲ့လား ၊ အိမ်က ဘယ်မှာလဲ ”
“ အိမ်က ဟိုဘက်မှာ ”
“ ဒီလိုဖြင့် လမ်းပေါ်က သွားပါလား ”
“ ကျွန်မယောက်ျား ရောက်ပလား မသိဘူး ။ ကျွန်မ နောက်ဖေးခန်းက လှည့်ဝင်မလို့ ။ ရှင် ပြန်လေ ”
မောင်မြမှာ ယီးတီးယားတား ဖြစ်၍နေလေ၏ ။ ထိုအခိုက်တွင် “ ဟား ဟား တယ်ဟန်ကျနေမှကိုး ” ဟု ပြောသော အသံနှင့် လူတစ်ယောက် မှောင်ရိပ်မှ ထွက်၍ လာလေ၏ ။ နှစ်ယောက်သား ထိတ်လန့်ကာ ကျောက်တိုင်များလို ဖြစ်၍နေကြလေ၏ ။
ထိုလူမှာ ကုတ်အင်္ကျီအနက်ကို ဝတ်သော ကြီးမားသော ယောက်ျားကြီး ဖြစ်လေ၏ ။ ၎င်းတို့နှစ်ယောက်ကို မားမားကြီး ခါးထောက်လျက် ရပ်ကာ ၎င်းတို့ကို စိုက်၍ ကြည့်နေလေ၏ ။
“ ဘေဘီ မင်း တယ်တော်ပါကလား ။ ငါ နင့်အဒေါ် များ ဆီကို တကယ်သွားတယ် ထင်လို့ မင်း ထွက်တာပေါ့လေ ။ ငါ့ကို ဟိုအိမ်က ပြောလို့ မသင်္ကာတာနဲ့ မင်းကို ဖမ်းတာ ။ ကိုင်း ... ဘာပြောစရာ ရှိသေးသလဲ ” ဟု မေးလေ၏ ။
မောင်မြသည် ပြေးမည်ကြံလေရာ ယောက်ျားကြီးက “ ဟေ့ .. မင်း မသွားနဲ့ ၊ လာ မင်းတို့ နှစ်ယောက်စလုံး စီရင်ရမယ်သွား ” ဟု ပြောကာ မတင့် ဘက်ကို လက်ပြ လေ၏ ။
“ ကျွန်တော် လိုက်ပို့တာပါ ခင်ဗျာ ။ တလွဲမထင်ပါနဲ့ ”
“ ဟေ့ ... စကားမပြောနဲ့ဆို ဘာစကားများသလဲ သွား ” ဟု ပြောကာ သန်မာကြီးမားသော လက်ကြီးနှင့် ပခုံးကို ကိုင်၍ တွန်းပို့လိုက်ရာ မတင့် အပါးသို့ ရောက်၍ သွားလေ၏ ။ မောင်မြသည် ဓာတ်မီးရောင်၌ ၎င်းလူကြီး မျက်နှာကို မြင်ရသောအခါ သာ၍ ကြောက်လေ၏ ။ အကြောင်းမူကား နှုတ်ခမ်းမွေးကြောင်ကျား ပါးမြိုင်းမွေး ငုတ်တိုများ ရှိသည်ကို မြင်ရလေ၏ ။ မျက်နှာမှာ မြန်မာနှင့် မတူချေ ။
မောင်မြသည် မတင့်၏ နောက်သို့ ကတိုက်ကရိုက် လိုက်၍သွားရာ နောက်မှ လိုက်လာသော လူကြီးကို ကျောချမ်းသဖြင့် မကြာမကြာ လှည့်၍ ကြည့်နေလေ၏ ။
“ ဘာ ပြန်ကြည့်နေသလဲကွဲ့ ၊ မင်းတို့ မြန်မာတွေ ဟာ ဒါမျိုးတတ်တာပဲ ။ မင်း အခုည သိရမယ် ။ ဂျောင်း ” ဟု ဟိန်းလိုက်လေ၏ ။ မကြာမီ ဂိုဒေါင်၏နောက် ကျဉ်းမြောင်းသော လမ်းကလေးဖြင့် အိမ်နောက်ဖေး လှေကားတစ်ခုသို့ ရောက်ကြလေ၏ ။ မတင့်သည် ခြေကို ဆောင့်ကာ နင်းတက်၍ သွားလေ၏ ။
သားနားသော အိမ်အပေါ်ထပ် အခန်းကြီးထဲသို့ ရောက်၍ သွားကြလေရာ ယောက်ျားကြီးသည် နံရံ တစ်ခု၌ ချိတ်၍ထားသော ကြာပွတ်ကိုဆွဲပြီး ကုလားထိုင် တစ်ခု၌ ထိုင်လေ၏ ။ ၎င်းတို့နှစ်ယောက်ကို ရှေ့၌ ရပ်စေ လေ၏ ။
“ ကိုင်း ... ဘယ်လောက် ကြာပလဲ ပြောစမ်း ။ ငါ မသင်္ကာတာတော့ တော်တော်ကြာနေပြီ ။ ငါ ငယ်ငယ်ကလေးက မျက်နှာသာပေးပြီး ယူတဲ့ မယားကွယ့် ။ မင်း ငါ့ကို စော်ကားတဲ့အကောင် ငါ တရားမစွဲဘူး ။ ကိုယ်တိုင် စီရင်ချက်ချမယ် ” ဟု ပြောကာ ကုတ်အင်္ကျီထဲမှ ဖြူရောင် တောက်သော အရာတစ်ခုကို ထုတ်လိုက်ပြီး စားပွဲပေါ် မှာ တင်လေရာ ခြောက်လုံးပြူး ဖြစ်သည်ကို တွေ့မြင်ရလေ၏ ။ မောင်မြမှာ ယနေ့ည အဆုံးညပဲဟု စိတ်ကို တုံးတုံးချလိုက်လေ၏ ။ ဒီသတ္တဝါကြီးဟာ ချမ်းသာပေးမယ့် သတ္တဝါကြီး မဟုတ်ဘူး ။
“ ပြော ၊ မင်းတို့ အခုလိုဖြစ်တာ ဘယ်လောက်ကြာပြီလဲ ”
တင့် ။ ။ “ ရှင်က ဘာဖြစ်တယ် ထင်လဲ ”
“ ထင်တာ မဟုတ်ဘူး မြင်နေတာ ။ မင်းက ဘာပြောချင်သလဲ ”
မြ ။ ။ “ ဦး မှားမယ် ။ ကျွန်တော်တို့ ဘာမှ မဖြစ်ဘူး ။ ကျွန်တော် ပြောရင် ဦး ယုံမှာ မဟုတ်တော့ ခက်တာပဲ ”
“ ရှင် ယုံချင်လည်း ယုံ ၊ မယုံချင်လည်း နေ ။ အခုတော့ ဘာပဲဖြစ်ဖြစ် မှန်ရာ ပြောရတော့မှာပဲ ။ ရှင် ကွာချင်ရင်လည်း ကွာတော့ ။ ကျွန်မ သုံးလပြည့်ကတည်းက ခေါက်ဆွဲကို စားချင်တဲ့စိတ်ပေါက်အားကြီးလို့ မနေနိုင်တာနဲ့ တိတ်တိတ် ထွက်စားတာပါပဲ ” ဟု ပြောပြီး မောင်မြ ဘက်သို့ လှည့်ကာ ရှင်လည်း ကျွန်မကို ဘယ်လို ထင်သလဲလို့ ကျွန်မ မသိဘူး ။ ဒီက မစူလမန်လူမျိုးရှင့် ။ ကျွန်မကတော့ တရုတ် ၊ တွေ့တာ သုံးနှစ်ကျော်ပြီ ။ ကျွန်မလည်း ကြိုးစားရှောင်တာပဲ ။ အခုတော့ ကန်တော့ပါရဲ့ ။ ကျွန်မှာ သုံးလပြည့်ကတည်းက ခေါက်ဆွဲစားချင် နေတာပဲ ပြောလည်း မပြောဝံ့ဘဲ ဝမ်းဘဲသား ခေါက်ဆွဲနဲ့ တောင် အားမရဘူး ။ ရှင်က ကျွန်မကို တစ်မျိုးထင်ပြီး လိုက်လာတာ မဟုတ်လား ”
မောင်မြ မှာ အံ့အားသင့်၍ နေလေ၏ ။ မစူလမန် နဲ့ တရုတ် တွေ့တတ်ပုံကို တွေး၍ တစ်ကြောင်း ၊ မိမိ၏ မှားပုံကို စဉ်းစား၍ လည်းကောင်း ရယ်ချင်လေ၏ ။ သို့သော်လည်း မျက်တောင်မခတ်ဘဲ ကြောက်ဘီလူးရုပ်ကြီးလို ကြည့်၍နေသော ကု,လားကြီး၏ မျက်နှာကို တည့်တည့် ထားပြီး “ မှန်ပါတယ် ခင်ဗျား ၊ ကျွန်တော် စားတဲ့ ဆိုင်ကို ယောင်ပေယောင်ပေနဲ့ ရောက်ရောက်လာတာ တွေ့တာနဲ့ တစ်မျိုး ထင်မိတာ မှန်ပါတယ် ။ ဘာမှတော့ မဖြစ်ပါဘူး ။ အခုညမှ စွန့်ပြီး လိုက်လာတာပါ ။ ကျွန်တော် လိုက်တာကို ဦးမိန်းမ မသိရှာပါဘူး ။ ဒီရောက်မှ သိတာပါ ” ဟု ယုံကြည်လောက်သော အမူအရာနှင့် ပြောလေ၏ ။
ကု,လားကြီးသည် ကျောက်ရုပ်၌ အသက်ဝင်သလို ဖြစ်၍လာလေ၏ ။ ထို့နောက် ပြုံးပြီး ကြာပွတ်ကို ကြမ်းပြင်ပေါ်သို့ လွှတ်ချကာ စဉ်းစဉ်းစားစား ဦးခေါင်းကို ညိတ်ပြီး “ ချင်ခြင်း ဆိုတာမျိုးလား ၊ ဒီလိုဖြင့် စောစောက ပြောရောပေါ့ ။ ဘေဘီရယ် ။ ငါလည်း ခေါက်ဆွဲတော့ တိတ်တိတ်ကျိတ်စားတာပဲဟဲ့ မောင်ရင် ဘယ်သူမှ မပြောနဲ့နော် ။ နို့ .... ပါသေးလား ”
မြ ။ ။ “ ပါပါတယ် ။ ကျွန်တော့်အိမ်ဖို့ တစ်မတ်တန် နှစ်ထုပ် ဝယ်ထားပါတယ် လန်ချားပေါ်မှာ ” ဟု အားရဝမ်းသာ ပြောလေ၏ ။
“ ဟုတ်လား ၊ ကိုင်း .... ဘယ်သူမှ မသိစေနဲ့နော် ။ မောင် တစ်ယောက်ပဲ သိပါစေ ” ဟု ပြောလိုက်လေ၏ ။
မောင်မြလည်း အိမ်ရှေ့လှေကားမှ ဆင်း၍သွားပြီး မကြာမီ ခေါက်ဆွဲနှစ်ထုပ်နှင့် ပြန်၍ လာလေ၏ ။ ကု,လားကြီးသည် ရယ်မောလျက် ခေါက်ဆွဲထုပ်များကို ယူလေရာ မိန်းမက “ ကျွန်မ သူ့ကို ပိုက်ဆံပေးစရာ ရှိသေးတယ် ” ဟု ပြောလေ၏ ။
မြ ။ ။ “ ဪ .... ဒါထက် ပိုက်ဆံကို ကျုပ် မှတ်ထားတာ ဘယ့်နှယ်သိတာတုန်း ”
“ ရှင် ဒိုင်ယာရီ စာအုပ်ကလေး ဖွင့်လိုက်တော့ ဓာတ်မီးရောင်ထဲမှာ ရှင် မှတ်ထားတဲ့ ဂဏန်းကို မြင်လို့ပေါ့ရှင် ”
“ ဂဏန်းမြင်ရုံနဲ့ ဘယ့်နှယ်သိတာလဲ ”
“ ကျွန်မလည်း တစ်နေ့ ပြန်ပေးမယ်လို့ အောက်မေ့ပြီး စိတ်ထဲမှာ မှတ်ထားတာနဲ့ ကိုက်နေလို့ စိတ်အထင်နဲ့ ပြောလိုက်တာပဲ ”
“ အဲဒါနဲ့ ကျုပ်ကလည်း ဥစ္စာစောင့်မို့ သိတာပဲလို့ တွေးပြီး စွန့်လိုက်ခဲ့တာ ။ တခြား ဘာမှ မဟုတ်ပါဘူး ” ဟု ပြောလေ၏ ။ ထို့နောက် ခဏချင်းအတွင်း အကျိုးအကြောင်း ရှင်းလင်းသဖြင့် ကု,လားကြီးသည် ငွေစက္ကူတစ်ချပ်ကို မောင်မြအား ထုတ်၍ ပေးလိုက်လေ၏ ။ မောင်မြကလည်း “ ကိစ္စမရှိပါဘူး ၊ သဘောမထားပါဘူး ” ဟု ပြောရင်း မနှေးသော လက်နှင့် ငွေစက္ကူကို ထုတ်ယူလိုက်လေသတည်း ။
▢ ပီမိုးနင်း
📖 သူရိယရုပ်စုံသတင်း
အတွဲ ၃ ၊ အမှတ် ၄၇
ဖေဖော်ဝါရီ ၁၉ ၊ ၁၉၃၃
No comments:
Post a Comment