Tuesday, March 3, 2026

သည်ခရီး


 ❝ သည်ခရီး ❞   

( မောင်သုတ - မြန်မာ )


“ မြောက်ဥက္ကလာ ၊ အောင်မင်္ဂလာအဝေးပြေး ၊ အဝေးပြေး ”


ဝူးခနဲ ထိုးဆိုက်လာသော အောင်မဟာ အန်စာတုံးကား၏ စပါယ်ယာအသံက ဆူးလေမှတ်တိုင်ရှိ လူအုပ်ကြီးကို သူ တတ်စွမ်းသလောက် ဖြိုခွင်းပစ်လိုက်သည် ။ တစ်ထောင်တန် ကားပါမချန် အလုအယက် တိုးတက်နေကြသော လူအုပ်ကြီးကို ကြည့်ပြီး သက်ပြင်းချလိုက်မိ၏ ။ အခါတိုင်း ညများ ဆိုလျှင် ထိုလူအုပ်ထဲ ကျွန်တော်ပါ ဒယိမ်းဒယိုင်ဖြင့် ရောပါနေနိုင်သည် ။ ယခုညတော့ ထိုလူအုပ်ကြီးကို ငေးကြည့်နေရုံမှ တစ်ပါး အခြား မရှိတော့ပြီ ။ တစ်ထောင် ဆိုသော်လည်း အေးအေးလူလူ ငိုက်မျဉ်း၍ လိုက်ပါစီးနင်းနိုင်သော ထို အောင်မဟာကား ကိုပဲ ညစဉ်မဟုတ် သော်လည်း အလုပ်ပင်ပန်းလာသည့် အချိန်နှင့် နေမကောင်းဖြစ်နေသည့် အချိန်မျိုးတွင် မက်မက်စက်စက် စီးချင်မိသည် ။ ပုံမှန်စီးနေကျ YBS တစ်နာရီခွဲကြာ ခရီးကို လေးဆယ့်ငါးမိနစ်လောက် ဖြင့် ခြောက်ကွေ့သို့ ရောက်ရှိနိုင်သောကြောင့် ထို ကားစီးရသည်မှာ ငွေပိုကုန်သော်လည်း သက်သောင့်သက်သာရှိသည်ကတော့ အမှန်ပင် ။


“ ကြက်ဥပြုတ် ၊ ငုံးဥ ပြုတ် ၊ မြေပဲဆားလှော် ”


ငုံးဥပြုတ်သည်အစ်မကြီး၏ စူးရှရှအသံက ဆူးလေမှတ်တိုင်နားတစ်ဝိုက် ပျံ့ လွင့်ရောက်ရှိလာသည် ။ ငုံးဥထုပ် ၊ ကြက်ဥထုပ် ၊ မြေပဲ ဆားလှော်ထုပ်ကလေးများ ကို သွပ်ကြိုးအဝိုင်းကလေးဖြင့် ဖောက်သီတွဲပြီး ညာ လက်တစ်ဖက်ကို လျှိုသွင်းကာ ဂက်စ်မီးခြစ်နှင့် ရူဘီ ဆေးလိပ်ဘူးတစ်ဘူးကို ဆုပ်ကိုင်ထားသည် ။ ကျန်လက်တစ်ဖက်ကမူ ငွေစက္ကူများကို ညီညီညာညာဖြင့် အထပ်လိုက် စုကိုင်ထား၍ ခန္ဓာကိုယ်ပေါ်၌လည်း ခပ်နွမ်း နွမ်း လွယ်အိတ်တစ်လုံးကို ဘုထုံးချည်ကာ စလွယ်သိုင်း ထားသေးသည် ။


“ မောင်လေး … ငုံးဥ မယူတော့ဘူးလား ”


စပန့်သားအင်္ကျီလက်တိုကလေးနှင့် ဒူးဖုံးဘောင်းဘီပျော့ပျော့လေးကို ဝတ် ဆင်ရင်း ခန္ဓာကိုယ်နှင့် မလိုက်အောင် တက်ကြွဖျတ် လတ်နေသော ငုံးဥသည် အစ်မကြီးသည် ကျွန်တော့်ကို တွေ့သွားသည်နှင့် တစ်ပြိုင်နက် ပြုံးချိုနေသော မျက်နှာထားဖြင့် ငုံးဥမားကက်တင်း ချဲ့ထွင်နေ၏ ။


“ ဒီညတော့ အကြွေပါတယ်ဗျ ”


ကျွန်တော်က သူ့ကို အားနာပြုံးပြရင်း အင်္ကျီအိတ်ကပ်ကို လက်ဖြင့် ပုတ်ပြ လိုက်တော့ အစ်မကြီးသည် တစ်ချက်ပြုံးပြကာ ခေါင်းညိတ်အသိအမှတ်ပြုပြီးနောက် အနီးအနား ထိုးရပ်လာသော YBS ၁၂ အပေါ်သို့ လျင်မြန် သွက်လက်သော ခြေလှမ်းများဖြင့် လွှားခနဲ ခုန်တက်သွားသည် ။ ညစဉ် မဟုတ်သော်လည်း အကြွေမရှိသည့် အခါတိုင်း တစ်ထောင်တန် ဖြင့် အစ်မကြီး ထံမှ ငုံးဥသုံးရာတန်တစ်ထုပ် ဝယ်ပြီး အကြွေဖျက်တတ်သော ကျွန်တော့်ကို မျက်မှန်းတန်းမိနေပုံ ရ၏ ။


••••• ••••• •••••  


“ ခြောက်ကွေ့ ၊ ခြောက်ကွေ့ ၊ မြောက်ဥက္ကလာ ခြောက်ကွေ့ ”


ဆူးလေဘုရားရှေ့နား သီတန်းရပ်နေကြသော YBS ယာဉ်တန်းကြီးကို ကျော်တက်ကာ ငါးရာတန် အောက်ဆိုဒ်ကားကြီးတစ်စီး ဝေါခနဲ ထိုးဆိုက်လာ၏ ။ ဆူးလေ လူအုပ်ကြီးသည် အိမ်ပြန် မရောက်မည်ကို စိုးရိမ်နေကြသည့်အလား အောက်ဆိုဒ် ကားပေါ်သို့ သူ့ထက်ငါ အလုအယက် တိုးတက်ကြကုန်သည် ။


“ နောက်ဆုံးကားနော် ၊ နောက်ဆုံးကား ”


အောက်ဆိုဒ်ကား စပါယ်ယာ၏ ထပ်ဆင့်သတိပေးသံက ကျွန်တော့်ရင်ကို ဒိန်းခနဲ တုန်ခါသွားစေတာကြောင့် လက်က နာရီကို အမြန်ကြည့်မိတော့ ရှစ်နာရီခွဲ ။ ကျွန်တော့်စိတ်က စိုးရိမ်စပြုလာချေပြီ ။ အိတ်ကပ်ထဲရှိ တစ်ရွက်တည်းသာ ကြွင်းကျန်သော နှစ်ရာတန်ကို လက်ဖြင့် ဖိစမ်းရင်း လမ်း တစ်ဖက်အခြမ်းရှိ ဆူးလေ လူကူးကုန်းကျော်တံတား အောက်မှ ဖြတ်ဝင်လာမည့် YBS ၃၆ ဝါစိမ်းနီ ကိုသာ လှမ်းမျှော်နေမိသည် ။ ဝါစိမ်း နီ အရိပ်အယောင်လေးများ လှစ်ခနဲ မြင်လိုက်ရလျှင် ကျွန်တော့်ရင်တစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်လာသည် ။ သို့သော် အနီးဆိုက်လာသော အခါ ၃၆ ဝါစိမ်းနီ မဟုတ်ဘဲ တခြား ဝါစိမ်းနီကားများ ဖြစ် နေတတ်ပြန်သည် ။


“ ဒိုးမယ် ဆရာရေ ၊ နောက်မှာ ၃၆ ပါလာပြီ ”


ငါးရာတန်အောက်ဆိုဒ်ကား စပါယ်ယာသည် ကားမောင်းဆရာကို ဆော်သြ အချက်ပေးလိုက်၏ ။ အောက်ဆိုဒ်ကားပေါ်တွင် ထိုင်ခုံပါ မကျန် မိုးတိုးမတ်တတ်ဖြင့် လိုက်ပါသွားကြသော ခရီးသည်များကို ကြည့်ပြီး ကျွန်တော့်စိတ်က အိမ်သို့ အမြန် ရောက်ချင်လွန်းလှပြီ ။ အိမ်ရှိ အိပ်ရာလေးပေါ်သို့ နုံးချည့်နေသော ခန္ဓာကိုယ်ကို အားပါးတရ ပစ်တင်လိုက်ချင်သည် ။ တစ်နေကုန် ဆန်ပြုတ်နှင့်ပင် အာဟာရဖြည့်ခဲ့ရသော ဗိုက်ကိုလည်း လိုအပ်သည့် ဓာတ်စာများ ဖြည့်သွင်းရဦးမည် ။ တစ်နေ့တစ်နေ့ ထမင်းအစား ဆေးလုံးများကို မျိုမျိုချနေရသည်ကိုလည်း မုန်းလှပြီ ။ အစာအိမ် ရောဂါကြောင့် တစ်ပတ်လောက်အတွင်း သိသိသာသာ ပိန်ချုံးကျသွားသည့် ကိုယ့်ကိုယ်ကိုလည်း အားမလို အားမရ ဖြစ်ရ၏ ။


“ နောက်ဆုတ် ကောင်လေး ၊ ကားနဲ့ ငြိသွားမယ် ”


ဘကြီးတစ်ယောက်က ကျွန်တော့်လက်မောင်းအင်္ကျီစကို ဆွဲကိုင်ရင်း သတိပေးတော့မှ ပလက်ဖောင်းရှေ့နားအထိ တိုးရပ်နေမိသော ကိုယ့်ကိုယ်ကို သတိပြုမိသည် ။ စောစောက အောက်ဆိုဒ်ကား စပါယ်ယာပြောခဲ့သော ၃၆ ကားသည် ကျွန်တော့် မျက်နှာရှေ့အနီးလေး၌ တကျွိကျွိ အော်မြည်ရင်း ထိုးရပ်လာ၏ ။ ယခု ၃၆ ကား သည် အဝါရောင် ဖြစ်ပြီး အောင်မင်္ဂလာအဝေးပြေး နှင့် ထောက်ကြန့် သို့ သီးသန့်ပြေးဆွဲသော ကားဖြစ်သည် ။ ၃၆ နံပါတ်ချင်း တူနေသောကြောင့် ထောက်ကြန့် ၊ အောင်မင်္ဂလာ အဝေးပြေးသွားမည့် ခရီးသည်များသည် တစ်ခါတစ် ခါ ရွှေပေါက်ကံ ၃၆ ဝါစိမ်း နီကားကို မှားစီးလာတတ်ကြပြီး ခြောက်ကွေ့ ရွှေ ပေါက်ကံဘက် ချိုးကွေ့မည် ပြုတော့မှ အပြေးအလွား ဆင်းကြရသည်ကို ခဏခဏ တွေ့မြင်ရတတ်၏ ။


ကျွန်တော့် ရှေ့တည့်တည့်တွင် ရပ်နေသည့် ၃၆ အဝါရောင် ထောက်ကြန့် ကားကြီးကို ကြည့်ပြီး လိုက်ရ ကောင်းမလား ၊ မလိုက်ရ ကောင်းမလား စိတ်ထဲ၌ ချီတုံချတုံဖြစ်နေသည် ။ ကားပေါ်တွင်တော့ ငါးပိသိပ် ၊ ဆားသိပ်ခံထားရသည့်အလား ခရီးသည်များက ပြည့်နှက်နေ၏ ။ ဖွင့်စက ကားတံခါးပေါက်မှ မျက်နှာသို့ လာရိုက်ခတ်သော အဲကွန်းလေအေးသည်ပင် လူပူ မိ၍ လေပူ အဖြစ် ဘဝပြောင်းနေပေပြီ ။


“ မလိုက်တော့ပါဘူးကွာ ” 


သက်ပြင်းချရင်း ဒွိဟ ဖြစ်နေသော စိတ်ကို စိတ်ထဲ၌ပင် တုံးတုံးချဆုံးဖြတ်လိုက် သည် ။ အမှန်တော့ အိတ်ကပ်ထဲ ရှိနေသည့် နှစ်ရာတန် တစ်ရွက်ဖြင့် ထိုထောက်ကြန့်ကား စီးပြီး ခြောက်ကွေ့အထိ လိုက်နိုင်သည် ။ ခြောက်ကွေ့ မှတစ်ဆင့် ရွှေပေါက်ကံ ဆင်ဖုံသို့ အောက်ဆိုဒ်ကား ၊ ဆိုင်ကယ်ကယ်ရီတို့ဖြင့် ပြန်နိုင်ပါသည် ။ သို့ပေမဲ့ ယခုတလော ခြောက်ကွေ့တွင် အဖမ်းအဆီး ရှိသောကြောင့် သုံးရာတန် လိုက်ထရက် အောက်ဆိုဒ်ကားများ ကြက်ပျောက်ငှက်ပျောက် ပျောက်နေကြသလို ဆိုင်ကယ်ကယ်ရီများလည်း အစအနပင် ရှာ မရပေ ။ အဖမ်းအဆီး မရှိ၍ အောက်ဆိုဒ်ကားများ ရှိသည်ဆိုဦး ၊ ကျွန်တော့်ထံတွင် ပိုက်ဆံက မရှိ ။ အိမ်ရောက်မှ ပေးမည် ဆိုပြီး တက္ကစီငှားသွားလည်း သော့တန်းလန်းခတ်ထားသော အိမ်ဟောင်းလောင်း၌ ပိုက်ဆံနှင့် တူသောအရာ ရှာ၍ပင် မရနိုင် ။ ဘေးအိမ်မှ ချေးယူပေး၍ ရနိုင်သော်လည်း အသားမကျသေးသည့် မြို့သစ် ပတ်ဝန်းကျင်၌ မည်သည့်မျက်နှာမျိုးဖြင့် ငွေချေးရမည်ဆိုသည် ကို မတွေးရဲ ။ ကျွန်တော့်ဇနီး နှင့် သမီးကလေးကလည်း ယောက္ခမကြီး တစ်နှစ်ပြည့် အလှူကြောင့် နယ်ပြန်သွားရာ မနက်ဖြန်မှ ပြန်လာမည် ဟု သည်နေ့ ညနေစောင်းမှ ဖုန်းလှမ်းဆက်သည် ။


“ ဟူး .. လာပါတော့ ဝါစိမ်းနီရယ် ”


ကျွန်တော့်မျက်စိကို ဆူးလေကုန်းကျော်တံတား အောက်သို့ မမှိတ်မသုန် ပို့ လွှတ်ထားရင်း ဝါစိမ်းနီ ၃၆ ကို သာ ရင်တမမ စောင့်မျှော်နေမိသည် ။


••••• ••••• •••••


“ မောင်လေး အလှူငွေ ထည့်ဦးမလား ”


အလုပ်မှ အစ်မတစ်ယောက်၏အမေ ဆုံးသွား၍ ဌာနတွင် အလှူငွေ ကောက်ခံသည်ကို သတိပြန်ရသည် ။ မနက်က ပါလာသည့် ငွေ တစ်ထောင့် လေးရာအနက် YBS ကားခ နှစ်ရာ လျော့သွား သဖြင့် အိတ်ကပ်ထဲ၌ တစ်ထောင်တန်နှင့် နှစ်ရာတန် တစ်ရွက်သာ ကျန်၏ ။ တစ် ထောင်တန်တစ်ရွက်ကို ထုတ်ပြီး ထိုအစ်မကို လှမ်းပေးလိုက်တော့ “ ဘယ်လောက် ထည့်မှာလဲ ” ဟု မေးတော့ မေးရှာသည် ။


“ တစ်ထောင်သာ ထည့်လိုက်ပါတော့ဗျာ ”


တစ်ထောင်တန်တစ်ရွက်ကို နာရေးကူငွေအဖြစ် မျက်စိစုံမှိတ်ပြီး ရက်ရက်ရောရော လှူပစ်ခဲ့သည်ကို ပြန်မြင်ယောင်တော့ ဂလုခနဲ တံတွေးမျိုချမိသွားသည် ။ ကျွန်တော်တို့ အလုပ်၌ ဝန်ထမ်းများသောကြောင့် တစ်လ တစ်လ သာရေး ၊ နာရေးကိစ္စ များ အလွန်ပေါသည် ။ သာရေးအတွက် အလွယ်တကူ ငြင်းပယ်နိုင်သော်လည်း နာရေးအတွက်ကိုမူ မငြင်းပယ်ရက် ။ တတ်နိုင်သလောက်တော့ အလှူငွေ ထည့်ဝင်စမြဲ ဖြစ်သည် ။ ယခုတော့ ထိုငွေ တစ်ထောင် အတွက် ကုက္ကုစ္စ ဖြစ်ချင်လာသည့် စိတ်ကို ကြိုးစား ပယ်ဖျောက်နေ ပြန်သည် ။


“ တောင်တောင် တောင်တောင် ” 


မှတ်တိုင်တစ်ဖက်ခြမ်းရှိ ဆူးလေမီးသတ်စခန်းမှ ကိုးနာရီအချက်ပေးသံ ထွက်ပေါ်လာ၏ ။ ကျွန်တော့် နဖူးစပ်တွင် ချွေးများစို့လာသည် ။ တစ်ပေါက်စ ၊ နှစ်ပေါက်စ ကျလာသည့် မိုးစက်များက မျက်နှာပေါ်ရှိ ချွေးစက်များကို သရော်နေကြ၏ ။ စိတ်က သိပ်ပြီး ဂနာမငြိမ်ချင်တော့ ။ ဆူးလေကုန်းကျော်တံတားဘက် မျှော်ကြည့်ရင်း ကိုးနာရီ ခေါင်ကားတော့ လာနိုင်ကောင်းပါရဲ့ဟု မဝံ့မရဲ မျှော်လင့်နေမိသည် ။ မှတ်တိုင်ရှိ လူအုပ်ကြီးသည်လည်း တဖြည်းဖြည်း လျော့လျော့လာ၏ ။ တဂွီဂွီအော် မြည်လာသောဗိုက်က အချက်ပေးပြီးနောက် တဖြည်းဖြည်း အောင့်လာသည် ။ ခပ်လှမ်းလှမ်း ပလက်ဖောင်းပေါ်က အကြော်စုံ အထမ်းသည်က တော့ အိုးခွက်များကို သိမ်းစ ပြုနေပေပြီ ။ ရေသန့်ဘူးသည် နှင့် ကွမ်းယာသည်များကတော့ တစာစာ အော်၍ ကောင်းနေတုန်းပင် ။


“ နောက်ဆုံးကား နောက်ဆုံးကား ၊ ခြောက်ကွေ့ ၊ ခြောက်ကွေ့ ”


နှစ်စီးမြောက် ဖြစ်သော “ နောက်ဆုံးကား ၊ နောက်ဆုံး ကား ” ဟု အသိပေးအော်ဟစ် ရင်း ငါးရာတန်အောက်ဆိုဒ် ကားတစ်စီး ထိုးဆိုက်လာ ပြန်သည် ။ သည်တစ်ခေါက် တက်သွားကြသော ခရီးသည်များက သိပ်တော့ မများလှ ။ မှတ်တိုင်တွင် ကျန်ရစ်ခဲ့သည့် ခရီးသည်များထဲ၌ မြောက်ဥက္ကလာ ခရီးသည် ဆို၍ ကျွန်တော်တစ်ယောက်တည်းသာ ကျန်နေခဲ့လောက်မည်ဟု စိတ်က အလိုလို တွေးမိပြီး ဝမ်းနည်းသယောင်ယောင် ခံစားလာမိသည် ။ ပြားချပ်နေသော အိတ်ကပ်ထဲရှိ နှစ်ရာတန်ကို အသာစမ်းရင်း ဆုံးသွားသည့် အမေ့စကားများကို ပြန်အမှတ်ရမိသည် ။


“ ပိုက်ဆံဆိုတာ မရှိရင် ငါးကျပ် ၊ တစ်ဆယ်က အစ မရှိတာ ”


“ ပိုက်ဆံများ တစ်ခါ တစ်ခါ မူးလို့တောင် ရှူစရာ မရှိဘူး ”


“ အခုနေများ ပိုက်ဆံငါးဆယ် မရှိလို့ အသ,တ်ခံရမယ် ဆိုရင် ငါတော့ အရင်သေ မှာပဲ ”


ပိုက်ဆံ မရှိခြင်း အကြောင်းများကို အမျိုးမျိုး ဋီကာချဲ့၍ ဖွင့်ဆိုပြောနေတတ်သော အမေ့လေယူလေသိမ်း ကအစ နားထဲ ပြန်ကြားယောင်မိတော့ ပြုံးရမလို ၊ ငိုရမလို ဖြစ်ရသေး၏ ။


လက်က နာရီကို ငုံ့ကြည့်မိတော့ ကိုးနာရီခွဲပြီ ။ တစ်ပြိုင်တည်း ဆိုသလို ရုံးထံသို့ စိတ်ရောက်သွားပြန်သည် ။ အမြဲတစေ နောက်ကျမှ ပြန်ရတတ်သော ဌာနကို စိတ်ကုန်မိသော်လည်း ပါးစပ်ကတော့ ဖွင့်မပြောဖြစ်တော့ ။ နိုင်ငံခြားသွားပြီး အလုပ်လုပ်ကိုင်လိုပါသောကြောင့် နုတ်ထွက်ခွင့်ပြုပါရန် တင်ထားသော ထွက်စာလည်းသည် တစ်ပတ်တော့ ကျနိုင်လောက်မည် ထင်၏ ။


လုပ်ရသည့် အလုပ်က ဘောပင်လေးတစ်ချောင်းကိုင်ပြီး မပင်မပန်းလုပ်ကိုင်နေရသော်လည်း သည်အရွယ်နှင့်ပင် ရပ်တန့်မနေဘဲ တဖြည်း ဖြည်းကြီးထွားလာမည့် ကျွန်တော့်သမီးလေးနှင့် ရှေ့ဆက် တိုးပွားလာမည့် ကျွန်တော်တို့ မိသားစု၏ အနာဂတ်အတွက် သည်ဘောပင်ကို ရှေ့ဆက်ပြီး မကိုင်ဝံ့တော့ပါချေ ။ မိန်းမက မည်သို့ပင် စိတ်မချစေကာမူ ကျွန်တော့် မိသားစုအတွက် ဂျပန်တံမြက်စည်းကို ဆုပ်ကိုင်ဖို့ စိတ်ပိုင်းဖြတ်ထားသည် ။ သည့်အတွက် သမီးကလေးကို ဝလုံး ရေးခိုင်းသည့်အချိန် ငြူငြူစူစူပြုသည့်အခါတိုင်း ပညာတတ်ကြီး ဖြစ်မှ ဘောပင်လေးတစ်ချောင်း ကိုင်ပြီး မပင်မပန်း အလုပ်လုပ်ရမှာ ဟူသည့် ကျွန်တော် ပြောနေကျ စကားတစ်ခွန်းအတွက်တော့ စိတ်မကောင်းဖြစ်ရ၏ ။ တစ်နယ်တစ်ကျေးတွင် နေပြီး သူ့အိမ်ထောင်နှင့်သူ ဖြစ်နေသော်လည်း ဂျပန်သွားချင်လျှင် သူ့ ရှိတာလေး စိုက်ထုတ်အကုန်ကျခံပြီး ပို့ပေးမည်ဆိုသော ကျွန်တော့်အစ်မကြီး ကိုသာ စိတ်ကူးထဲမှ နေ၍ အကြိမ်ကြိမ် ရှိခိုးနေမိသည် ။ ယခုတော့ အစ်မကြီး၏ ကျေးဇူးနှင့် အိမ်ထောင် မကျခင်က ရရှိထားခဲ့သော အခြေခံဂျပန်စာ အောင်လက်မှတ်ကလေးကြောင့် မိသားစု ရှေ့ရေးအတွက် အလင်းရောင်လေးတစ်စ မျှော်ကိုးနိုင်လောက်ပြီဟု ထင်မိသည် ။ သုံးနှစ်တန် ၊ ငါးနှစ်တန် ခွဲခွာမှုသည် မိသားစုတစ်ဘဝစာ အတူ လက်တွဲပြီး အေးအေးလူလူ လုပ်ကိုင်စားသောက် နေနိုင်ဖို့အတွက် အရင်းအနှီး ပေးဆပ်မှုတစ်ခုဟုသာ မှတ်ယူဖို့ ချစ်ဇနီး ပြန်လာသည့် အခါ ဖျောင်းဖျနိုင်ကောင်း လောက်ပါ၏ ။


“ ရွှေပေါက်ကံ ပြန်မယ့်သူတွေ ဒီကားက ကိုးနာရီ ခေါင်ကားပဲ ”


ရုတ်တရက် နားထဲဝင် ရောက်လာသော ခရီးသည် တစ်ယောက်၏ သတိပေးသံက စိတ်အဟုန်ကို ပျော်ရွှင်မှ ဒီဂရီအမြင့်ဆုံးသို့ ပို့ဆောင်ပေးလိုက်သည် ။ စိုးရိမ်မှု ၊ ဝမ်းနည်းမှု ၊ ဒေါသဖြစ်မှုများကို ဘေးချိတ်ရင်း ၃၆ ဝါစိမ်းနီ ပေါ်သို့ အပြေးအလွှား ခုန်တက်လိုက်၏ ။ ဗိုက်က မျက်ခနဲ အောင့်သွားသော်လည်း မသိကျိုးကျွန်ပြုကာ ထိုင်ခုံလွတ် တစ်ခုတွင် ဝမ်း သာအားရ ဝင်ထိုင်လိုက်သည် ။ ကားထွက်ထွက်ချင်း အိတ်ကပ်ကို သတိရပြီး လက်ဖြင့် စမ်းလိုက်မိတော့ ရင်ထဲ ထိတ်ခနဲ ဖြစ်သွား၏ ။ ထို့နောက် တစ်ပြိုင်တည်း ဆိုသလို ဆူးလေဘုရားကြီးထံ အာရုံပြု ဆုတောင်းလိုက်မိသည်က -


“ လမ်းမှာ ကားတစ်ခုခု မဖြစ်ပါစေနဲ့ဘုရား ” ဟူ၍ပင် ။


 ▢  မောင်သုတ ၊ မြန်မာ ၊

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း

      ဇူလိုင် ၊ ၂၀၁၉

No comments:

Post a Comment