❝ ဘဝ ဘဝတွေ ချိုပါရဲ့လား ❞
( ဒေါင်းနေမင်း )
ပရိသတ်တို့၏ နှလုံးသား နံရံများဆီသို့ နင့်နင့်သီးသီး တုန်ခါသွားစေသော နတ်ဆိုင်းသံသည် ထိုအခင်းအကျင်းလေး ထဲတွင် ပိုင်ပိုင်စံစံ မင်းမူလျက်ရှိ၏ ။ မြူးကြွစွာ .. သွက်လက်စွာ ... စည်းဝါးနရီကိုက်စွာ ... ဆိုင်းဝိုင်း၏ နောက်ဘက် အမြင့် တစ်နေရာ မှ အဆိုပိုင်သော ဥသြရွှေ က အသံကို လိုသလို လှည့်ကစားကာ ပညာကုန် ထုတ်သုံးနေလပြီ ။ အအော်အဟစ် ၊ အရစ်အပတ် ၊ အနိမ့်အမြင့် ၊ အဝေ့အဝိုက် စုံစွာဖြင့် ... ။ မကြာခဏ ဆိုသလို ဖူးပြင်မှ စို့ထွက်လာသော ချွေးစေးများကို လက်တစ်ဖက်မှ လက်ကိုင်ပဝါနှင့် တို့သုတ်နေရသည်က အကြိမ်ကြိမ် ။ ဆောင်း မဟုတ်သော ဆောင်းက အပူလှိုင်းတို့ကို တရားမဝင် လက်ထပ်ပေါင်းသင်း ထားလေရော့လား မသိ ။ သူမ နှုတ်ခမ်းနှင့် မကွာမလှမ်းမှ မိုက်ကရိုဖုန်းကတော့ လက်တစ်ဖက် အတွင်း လှုပ်လီလှုပ်လဲ့ ။
“ နေညို ဆိုရင်ကွယ် ××× ထန်းရည်ကို သူကြိုက်ပါ သတဲ့ ××× နေထွက်နေစောင်း ချိန်ထိ ××× ရွှေကြက်ကိုသူ လောင်းတယ် ××× ကိုကြီး ကျော် ××× တကယ်လွန်လွန်း ပါတယ် ××× ဟေ့ ××× ဟေ့ ××× ဟေ့ ၊ ဟေ့ ××× ဟေ့ ××× ဟေ့ ”
ယခုလို အချိန်မျိုးတွင် သူမ ပို၍ တက်ကြွနေရမည် ။ နိုးကြားနေရမည် ။ မြူးကြွား နေရမည် ။ မကြာခင် ကိုကြီး ကျော်နတ် ဝင်ပူးနေသည့် မာမီဦး လက်ထဲမှ အစိမ်းရောင် ၊ အနီရောင် စက္ကူတွေ သူမတို့ ဆိုင်းဝိုင်းဆီသို့ ဝဲပစ်တော့မှာမို့လား ။ ဆိုလိုက်စမ်း နောက် တစ်ပိုဒ် ။ မောနေလား ၊ အသာ မေ့ထားလိုက် ။ ဆိုင်းဝိုင်းအတွင်းမှ ဆိုင်းဆရာ ကိုစိန်ဗလက ဘာကိုမှ ဂရု ထားပုံ မရဘဲ သူ့ပတ်ပတ် လည်မှ ဗုံလေးများ အပေါ် အာရုံစုကျစ်ကာ လက်နှစ် ဖက်က ဟိုဟိုဒီဒီ ပြေးလွှား နေသည် ။
အတော်အတန် ကျယ်ဝန်းသော ကနား အတွင်းရှိ ရှေ့အထက်ပိုင်းတွင် အဆင့် သုံးဆင့် ထားကာ နတ်ရုပ်တု တချို့နှင့် အုန်းပွဲ ၊ ငှက်ပျောပွဲများ ထားရှိသည် ။ ထိုစင်ရှေ့တွင် အနီရင့်ရင့် နတ်ဝတ်စုံကို ဝတ်လျက် ဘယ်လက်တွင် အရက်ပုလင်းကို ကိုင် ၊ ညာလက်တွင် ငွေစက္ကူများ ကိုင်ဆောင်ထားသော မာမီဦး မှာစည်းချက်ကျကျ ၊ ကကွက် လှလှဖြင့် ယိမ်းထိုးမြှောက် ခုန်နေ၏ ။ မျက်နှာပြင်တွင် ရောင်စုံ အခြယ်အသများကို စနစ်တကျ ခြယ်မှုန်းထားသည် ။
ရွှေများ မြင်မကောင်းအောင် ဝတ်ဆင်ထားသည့် မိန်းမကြီးနှစ်ယောက်က အနားတွင် တယုတယ နတ်ချော့နေသည် ။ ထိုအထဲမှ တစ်ယောက်မှာ ငွေကြေး အကုန်အကျခံလျက် ဒီနတ်ကနားကို ပေးသည့် ဒေါ်သီတာ ။
အရှေ့မှ ယပ်တောင်တစ်ချောင်းဖြင့် ခပ်သွက်သွက် ခတ်ပေးနေသူက ကိုချမ်း ။ သူက မာမီဦး၏ အသည်းကျော် ၊ အချစ်တော် ။ ဆုံးရှုံးမှုများစွာ ၊ ပေးဆပ်မှုပေါင်းများစွာဖြင့် ဘဝဘဝမှ ဝဋ်ကြွေးများကို ပြန်လည်ပေးဆပ်နေ ရသည့် ကောင်လေး ။ ပတ်ဝန်းကျင် တစ်ခုလုံးတွင် ထုံထုံအီအီ အမွှေးနံ့သာများက အားလုံး၏ နှာဖျားဝသို့ ခွင့်တောင်းစရာ ၊ ဗီဇာယူစရာ မလိုဘဲ ကူးချည်သန်းချည် ၊ ဝေ့ချည် ဝိုက်ချည် ။
ပရိသတ် အများစုမှာ အရွယ်စုံမိန်းမနှင့် ကလေးများသာဖြစ်သည် ။ သူတို့ထဲမှ မှုံရီ ၊ မနိုင် ၊ ဒေါ်ထား တို့မှာ ကနားပွဲ၏ ဖမ်းစားမှု အောက်တွင် တမေ့တမော ငေးမောရင်း နစ်ဝင်နေကြသည် ။
“ ကနားစီး မာမီဦး လို့သာ ပြောသံ ကြားနေတာ ။ ခုမှ မြင်ဖူးတယ် ။ လေးဆယ် လောက်တော့ ရှိလောက်ပြီ ”
မှုံရီက ရီထွေထွေလေး ငေးရင်း ရေရွတ်တော့ မနိုင် က မဲ့ကာရွဲ့ကာဖြင့် ...
“ ကမလားအေ့ ။ အသား ဖြူပြီး မိတ်ကပ်တွေ လိမ်းထားလို့ ။ ဒီလူကြီး မသကာ မရှိဘူးဆို အနည်းဆုံး ငါးဆယ်အောက်ထစ် ”
“ သူ့ရှေ့က ကောင်လေးက ချောတယ်နော် ။ ဗြုန်းခနဲ ကြည့်ရင် အောင်ရဲလင်း လိုလို ဘာလိုလို ဟီ ဟိ ”
မနိုင် က မှုံရီ လက်မောင်းအား တစ်ချက် ပုတ်လိုက်ပြီး ...
“ အမယ်လေး ကောင်မရယ် သွားမလုပ်လိုက်ပါနဲ့ ။ နင့်စိတ်ထဲ တွေးတာ သိတာနဲ့တင် ဟိုဟာမကြီး အဲ အဲ ဟိုကောင်ကြီး နင့်ကို အသေ လိုက်သ,တ်မှာ ။ ဘာမှတ်လဲ ။ သူက သူ့ဟာလေးကို နည်းနည်းမှ အထိခံတာ မဟုတ်ဘူး ”
“ ချောလို့ ချောတယ်ပဲ ပြောတာပါ မနိုင်ရယ် အတွေးပေါက် မနေစမ်းပါနဲ့ ။ ဪ အဲဒီဟာကြီးတွေရဲ့ ရောဂါကလည်း တစ်မှောင့် ပါလားနော် ။ အင်းလေ ပိုက်ဆံရှိတော့လည်း တစ်မျိုးပေါ့ ”
ဒေါ်ထားက သူတို့ ပြောနေတာတွေကို စိတ်မဝင်စား ၊ ကနားပွဲ နောက်ဘက်ရှိ ခမ်းနားထည်ဝါလှသည့် တိုက်ကြီးကိုသာ ငေးမောကြည့်နေမိသည် ။ အနည်းဆုံး သိန်းထောင်ကျော်တန်မည်ဟု သူမ တွက်သည် ။ တိုက် အဝင်ဝတွင် လူတွေ ဝင်လိုက် ထွက်လိုက်နှင့် အလုပ်ရှုပ်နေ၏ ။ တစ်နေရာတွင် ဒရင်းဘက်ပေါ် စန့်စန့်ကြီး လှဲရင်း ယပ်တောင် တဖျပ်ဖျပ်ခတ်နေသော လူဝကြီး ။ ရပ်ကျော်ရွာကျော် သူဌေးမို့ လူချင်းသာ မသိချင်နေမည် ဦးဝေ ဆိုသော နာမည်ကိုတော့ တော်တော်များများ သိကြသည် ။ ဒေါ်သီတာ့ ယောကျ်ား ၊ ကုမ္ပဏီပေါင်း များစွာကို မည်သို့ ပိုင်ဆိုင်ထားသည် မသိသော်လည်း အကောင်ဗ လောင် လူကြီးတွေနှင့် ပေါင်း ရာသင်းရာတွင် အလွန်တော်သည်ဟု နာမည်ရသည် ။ ခေတ်တစ်ခေတ် စနစ်တစ်ခု ကို ဖြတ်သန်းရာ တစ်လျှောက် ဟိုခုန်ဒီကူး အလွန်ကျွမ်းကျင်သူ ၊ တချို့က ခရိုနီ ဟူ၍လည်း ခေါ်ကြသည် ။ သူမ ကတော့ နားမလည်ပါ ။ တစ် ခုပဲ ရှိသည် ။ သူတို့လို ငွေပိုငွေလျှံများစွာနှင့် ဒုက္ခကို သုခအဖြစ် အရောင်ဆိုးပြနိုင်သူတွေ အပေါ် မိန်းမသားပီပီ ဒေါ်ထား အားကျမိသည်မှာ မဆန်းလှပါ ။
ကိုကြီးကျော် ကြက်လောင်းတော့မည် ။ မာမီဦး က သူ့လက်တစ်ဖက်တွင် ကိုင်ထားသော ငွေတွေကို ဆိုင်းဝိုင်းထဲသို့ ပစ်ပို့လိုက်သည် ။ ဆိုင်းသမားနှင့် အဆိုတော်တို့၏ မျက်ဝန်းတွေက တောက် တောက်လဲ့လဲ့ ။ ကနားစီး၏ လက်နှစ်ဖက်ဆီ ကြက်ရုပ်တုလေးနှင့် ရွှေခွက် ရောက်လာသည် ။ ချက်ချင်းဆိုသလို ကနားရှင်နှင့် မြို့ထဲမှ နတ်လာချော့သူ သူဌေးမများ၏ လက်ထဲမှ ထောင်တန်တွေ ရွှေခွက်ထဲ ပြုတ်ကျလာသည် ။ မထည့်လိုက်ရမှာ စိုးသဖြင့် တိုက်အတွင်းမှ အူယားဖားယား ပြေးလာသူတွေပင် ရှိသည် ။ “ ဪ သူ တို့များကျတော့လည်း ပေါ များလိုက်တာ ” ဟု ဒေါ်ထား စိတ်တွင်းမှ ရေရွတ်ကာ မနာ လိုပင် ဖြစ်လိုက်မိသေးသည် ။ မည်သို့ပင်ဆိုစေ သူမတို့ ဒီနေရာသို့ ရောက်လာရသည့် အရေးအကြီးဆုံး အချက်မှာ ဘယ်နတ်ပါးစပ်ဖျားက ထွက် ထွက် ပြောလာသည့် ဂဏန်း ရရေးပင် ။ ဆင်းရဲသားတွေမို့ ကိုယ့်အား ကိုယ် မကိုးနိုင် တော့မည့် အတူတူ အရှင်တွေ ကို အားကိုးရုံသာ ရှိတော့မည်ပေါ့ ။
ကိုချမ်းက မာမီဦး၏ နဖူးဆီမှ ချွေးစလေးများကို တို့သုတ်ပေးနေသည် ။ တွန့်ကြေသွားသော နေရာလေးများကို စန့်အောင် ဆန့်ပေးနေသည် ။ ထို့နောက် အားလုံး အဆင်သင့် ဖြစ်လေပြီ ။ ဆိုင်းဆရာမှာ အောက်နားဆီမှ ခွက်ကို ယူကာ ခပ်သွက်သွက် တစ်ချက် မော့ချလိုက်ပြီးချိန်တွင် အသားမာထနေသော သူ့လက်တွေလည်း အဆင်သင့် ဖြစ်နေပါပြီ ။
••••• ••••• •••••
၁ ။
မာမီဦး မျက်လုံးတွေ မီးဝင်းဝင်းတောက်နေသည် ။ နားနှင့်ကပ်ထားသော ဟမ်းဖုန်းကိုင်လက်မှာ တဆတ်ဆတ် ၊ တစ်ဖက်မှ ပြောသူ အသံ မကြားရတော့ ။ သူ ဟမ်းဖုန်းကို တစ်ချက်ကြည့်ကာ “ တောက် ” တစ်ချက် ခေါက်လျက် ဆောင့်ပိတ်ပစ်လိုက်သည် ။
“ တော်တော် ကျေးဇူးကန်းတဲ့ကောင်တွေ ”
သူ့စိတ်ထဲ တော်တော် အချဉ်ပေါက်သွားပေပြီ ။ ဒီလူတွေ သူ အကူအညီပေးနိုင်တုန်းကတော့ အနားက ရစ်သီရစ်သီနှင့် ရှိတာစိတ်ကြိုက် ဖြုန်းခဲ့သူတွေ ၊ ကုန်ကုန်ခန်းခန်း ပရမ်းပတာ သုံးခဲ့သူတွေ ။ ခုတော့ သူ ယူထားသည့် သိန်းတစ်ရာကျော်ကို သုံးလအတွင်း ပြန်ဆပ်ခိုင်းနေသည် ။ ပြန်မဆပ်လျှင် တရားစွဲမည် ဟူ၍လည်း ခြိမ်းခြောက်လိုက်သေးသည် ။ အခုလို တောင်းနေတာချည်း အကြိမ်ပေါင်း မနည်းတော့ ။ ဘယ်လောက် ရင်နာစရာ ကောင်းလိုက်ပါသလဲ ။
ခု ငှားထားသည့် တိုက်ခန်းကလည်း နောက် တစ်လဆို ပြည့်ပြီ ။ ဒီအခန်းကလည်း အရောင်းအဝယ် ဖြစ်ပြီးသွား ပြီမို့ နောက်တစ်နေရာသို့ပြောင်းရန်သာ ရှိတော့သည် ။ သူ့တွင် တိုတိုထွာထွာ အကြွေး တွေကလည်း ပွကြဲနေသည် ။ လက်ဆုပ်လက်ကိုင် ဆို၍ မြို့ ထဲတွင် ဖွင့်ထားသည့် ဗြူတီ ပါလာ တစ်ခုသာ ကျန်တော့၏ ။ ထိုဝင်ငွေလေးကြောင့်သာ သူ့မှာ ခံသာနေသေးသည် ။
ယခုနောက်ပိုင်း ကနား ပေးသည့် အစဉ်အလာ နည်းပါးသွားပြီ ဖြစ်သော်လည်း နတ်ကသည့် အလုပ်ကို သူ မစွန့်လွှတ်နိုင် ။ မျိုးရိုးအမွေ ၊ အသိုင်းအဝိုင်းအမွေ ၊ အသွေးအသားအတွင်းမှ စိမ့်ယိုနေသော ဝါသနာ ။ ကချင်ခုန်ချင် စိတ်က ရင်တွင်းမှ မည်သို့ပင် မောင်းထုတ် မောင်းထုတ် မရ ။ တားမရ ၊ ဆီးမရ ။ တော်သေးသည် ။ ကနားပွဲ ရှိလျှင် ဆိုင်အတွက် စိတ်ချလက်ချ လက်လွှဲထားလို့ ရသည့် တပည့်များ ရှိနေခြင်းပင် ။ မည်သို့ပင်ဆိုစေ ကိုချမ်း ၏ အပြုအစု ၊ အယုအယ အောက်တွင် နတ်က နေရလျှင် သူ သိပ်ကျေနပ်နေပေပြီ ။ အရာရာအားလုံးကို မေ့ထား နိုင်ပြီ ။ သို့သော် သူ့တွင် ရှိသည့် အကြွေးများ အားလုံး ကိုချမ်း သိသွားလို့ မဖြစ် ။ သူ့ အရှုပ်တွေသာ သိလျှင် ကိုချမ်း သူ့အပါးမှ မြန်မြန်လစ်မှာ သေချာသည် ။ သူ ဝတ်ထားစားထားသည်များ အားလုံး အတုတွေချည်း ။ ခုချိန်တွင် သူ၏ မာန်တစ်လုံးကြောင့်သာ ကိုချမ်းကို လက်ဝါးလေးနှင့် အုပ်ထားနိုင်ခြင်း ဖြစ်သည် ။ အကယ်၍သာ ကိုချမ်း သူ့ကို ပစ်သွားလျှင် ... ။ ထိုအတွေး မျိုး ဝင်လာတိုင်း သူ လောင်မြိုက်ရသည် ။ စိုးရိမ်ထိတ် လန့်ရသည် ။
ထိုစဉ် အခန်းဝမှ ခေါင်း လောင်းသံလေး မြည်လာ တော့ ကိုချမ်း ပြန်လာတာပဲ ဟု မှတ်သည် ။ တံခါးဖွင့်ပေး လိုက်သည့်အခါ သူ အံ့ဩ သွားသည် ။
“ ဟယ် သီတာ ကြားသားမိုးကြိုး ။ ဘယ်ကနေ ဘယ်လို မျက်စိလည်လာရ တာတုံး မိန်းမရဲ့”
မာမီဦးက ပြောလည်း ပြော သံတံခါးကိုလည်း မြန်မြန်ဖွင့် ပေးလိုက်သည် ။ ဒေါ်သီတာက ခပ်ယိုင်ယိုင်လေး ဧည့်ခန်းထဲဝင်လာကာ လက်ကလေးဖြင့် မျက်နှာလေးကို ခတ်ယမ်းလျက် ...
“ မောလိုက်တာ မာမီရယ် ရေအေးအေးလေးတစ် ခွက်လောက် တိုက်စမ်းပါဦး ”
“ အို ရမယ် ရမယ် ”
မာမီဦးက ခပ်သွက်သွက်ပင် ရေခဲသေတ္တာအတွင်းမှ ရေတစ်ခွက်ကို ယူကာ ဧည့်ခံ သည် ။
“ မိန်းမကို ကြည့်ရတာ အကြောင်းထူး တစ်ခုခု ရှိနေ သလိုပဲ ”
ဒေါ်သီတာက ရေကို တစ်ငုံသောက်လိုက်ပြီး စားပွဲပေါ် ပြန်ချကာ ...
“ မာမီ တော်တယ် ။ မာမီ ဗိုက်ထဲ ပုဏ္ဏားလေး ရှိနေသလိုပဲ ။ ဟင်း ဟင်း ”
“ ကိုယ်တော်တွေ ပုဂ္ဂိုလ်တွေက စောင့်ရှောက်ထားတာပဲ သီတာရယ် ၊ မျက်နှာ မြင်လိုက်ကတည်းကိုက အရေးအကြောင်းတစ်ခုခု ရှိပြီ ဆိုတာ သိလိုက်ပြီ ”
မာမီဦး ညုတုတုလေး ပြောလိုက်တော့ ဒေါ်သီတာ သဘောအကျကြီး ကျသွား သည် ။ နောက်ထပ် ရေတစ်ငုံ ကို မော့သောက်အပြီး ...
“ ဒီလို မာမီရေ ၊ ဒီလို ။ ဒါ ကိုယ့်ချင်းကိုယ့်ချင်းမို့ ပြော တာနော် ၊ တခြားသူတွေဆီ ပါးစပ်သွား မသရမ်းလိုက်နဲ့ ဦး ။ နို့မို့ တခြားသူတွေ ဝမ်း သာလုံး ဆို့နေကြဦးမယ် ”
မာမီဦးက မျက်စောင်းလေး လှလှပပ ထိုးလိုက်ကာ ...
“ ကြည့် သီတာတို့ ကတော့ လုပ်ချလိုက်ပြန်ပြီ ။ မာမီတို့ ပါးစပ် ဆတ်စလူးထတာ ထတာပဲ ၊ ဒါပေမဲ့ သူများရဲ့ တော့(ပ)စီးကရက် ဆိုတာမျိုးဆိုရင်တော့ ထိပ်တန်းလျှို့ဝှက်ပြီးသား ။ ကိုင်း မယုံမရှိနဲ့ ပြောမှာသာ ပြော ”
ဒေါ်သီတာက သက်ပြင်းလေးတစ်ချက် မှုတ်ထုတ်ရင်း ...
“ ဒီနှစ်ပိုင်း ဘယ်လို ဖြစ်တယ် မပြောတတ်ပါဘူး မာမီရယ် လုပ်လို့ကိုင်လို့ ဘာတစ်ခုမှကို အပေါက်အလမ်း မတည့်ဘူး ။ အကုန်အလွဲလွဲ အချော်ချော်ပဲ ။ စီးပွားရေးတွေ ကျလေလေ အိမ်ကဟာကြီးနဲ့ တကျက်ကျက် ဖြစ်လေလေပဲ ။ ပတ်ဝန်းကျင် ကတော့ ဘယ်သိပါ့မလဲ ၊ ခုထိ အထင်တွေ ကြီးနေကြတုန်း ။ သူ့အထက်က ဆရာတွေနဲ့လည်း ပြဿနာ ဖြစ်ကြသေးတယ်လေ ။ ခု သတင်းစာ ဂျာနယ်တွေက ဝိုင်းအုံ သမနေတာတွေကို အချဉ်ပဲ ဆိုပြီး သဘောထားတော့ သင်း ထိပြီပေါ့ ။ သားသမီးတွေကလည်း တစ်ယောက်မှ ပြောမကောင်းဘူး ။ မိဘတွေ စီးပွားရေးကျပါတယ် ဆိုမှ ဖြုန်းလိုက်တဲ့ အဖြုန်း ၊ မိဘတွေ ဘာတွေ ဖြစ်နေဖြစ်နေ သင်းတို့ ဘာမှ နားမလည်ဘူး ။ ဟူး ခက်ပါတယ် ”
“ သီတာက ကိုယ်တော်ကြီး တော်ကောက်ထားတဲ့ မိန်းမပဲ ၊ တစ်ခုခု အမျက်အရှ ဖြစ်အောင် လုပ်မိလိုက်လို့လား ။ သူ မကြိုက်တာ ဘာတွေများ လုပ်မိသွားသေးလဲ ”
“ ပြောတတ်တော့ပါဘူး မာမီရယ် ၊ တို့လည်း ဝတ်မပျက် ပူဇော်ပသနေတာပါ ။ စားတော်စာ ဆက်ရ ဆုတွေတောင်းရတာလည်း ဖတ်ဖတ်ကို မောလို့ ။ အဲ့ တစ်ခုတော့ ရှိတယ် ။ ဆက်ထားတဲ့ ဝီစကီကို သားအကြီးကောင်က ယူယူပြီး သောက်တတ်တယ် ။ ဝယ်မသောက်နိုင်လို့ မဟုတ်ဘူး ၊ နတ်တွေကို ထော်လော်ကန့်လန့် လုပ်နေတာ ”
“ အို ဖြစ်မှဖြစ်ရလေ ဒါ ကိုကြီးကျော် ကြိုက်တော်မူတဲ့ သောက်တော်ရေလေ ။ အဲ့ဒီလို မထီလေးစား လုပ်လို့ကတော့ တစ်စက်လေး ကြိုက်တာမဟုတ်ဘူးတော်ရဲ့ ။ မဖြစ်သေးပါဘူး ၊ မဖြစ်သေးပါဘူး ”
မာမီဦးက စိုးရိမ်ပူပန်ဟန်လေးဖြင့် လက်အုပ်လေး ကပျာကယာ ကောက်ချီ နဖူး ထိပ်ပေါ် တင်လိုက်ပြီး ...
“ ဖေကြီးကျော် ကိုယ်တော်ကြီးဘုရား အမိုက်မဲလေးတွေ မဆင်မခြင် လုပ်မိတာ ဗွေမယူဘဲ ခွင့်လွှတ်ပေးတော်မူပါ့ဘုရား ၊ အပြစ်တော် မတင်ဘဲ အချစ်တော် ဝင်စေချင်ပါတယ်ဘုရား ။ သာသနာ ငါးထောင့်ငါးရာ သိကြား သာသနာ စောင့်ကြပ်တော်မူ သော သာသနာစောင့်နတ် ၊ မဟာပထဝီမြေကြီးစောင့် ထိန်းတော်မူသော မဟာဝသုန္ဓရေနတ်မင်း အမှူးထား၍ သူရဿတီ ၊ စန္ဒီပရမီ ၊ ဒေဝီခုနစ်ပါး ၊ ဒေဝီကိုးပါး ၊ ဒေဝီဆယ်ပါး ၊ ဒေဝီနှစ်ဆယ့် တစ်ပါး ၊ ဝိဇ္ဇာရှစ်သောင်း ၊ ဆရာ့ဆရာအပေါင်း ၊ ပြဒါးဝိဇ္ဇာ ၊ သံဝိဇ္ဇာ ၊ ဆေးဝိဇ္ဇာ ၊ စမဝိဇ္ဇာ ၊ ပီယဝိဇ္ဇာ ၊ မန္တန်ဝိဇ္ဇာ ၊ ထွက်ရပ်ပေါက် ၊ ပေါက်ဆရာ ခြောက်ဆယ့်လေးယောက် ၊ ကိုးဆယ့်ခြောက်ယောက်နှင့် တကွ သုံးဆယ်ကျော် ခုနှစ် မင်း ၊ ထီးဆောင်းမင်း ၊ တစ်ရာ့တစ်ဆယ့်တစ်ပါးသော ဒေဝတာ နတ်မင်းများနှင့် နတ်မိဖုရားများ အားလုံးတိုင်တည်၍ ဟော့ဒီ သောကြာသမီးကြီးအား စောင့်ရှောက်ပေးပါ ၊ ကြည့်ရှုပေးပါ ။ စီးပွားရေးလည်း ဒီရေအလား တိုးပွားအောင် ဆောင်ကြဉ်းပေးတော်မူပါဘုရား ၊ မှိုင်းမတော်မူပါ့ဘုရား ”
မာမီဦး အာခေါင်တွေ ခြောက်ကပ်သွားလောက် သည်အထိ တိုင်တည်ပေး လိုက်သည် ။ ဒေါ်သီတာ အား မရသေး ၊ သူမ ယောက်ျား အခက်အခဲ အကျပ်အတည်း များကြားမှ လျှပ်စစ်စီမံကိ တစ်ခုကို ဆက်လက်လုပ်မှာမို့ ...
“ သီတာကတော့ ကနား ပေးဖို့ ဆုံးဖြတ်လိုက်ပြီ မာမီ ။ အခက်အခဲတွေ အားလုံးကို ကျော်ဖြတ်ချင်တယ် ၊ ဘယ် လောက်ကုန်ကုန် အရေး မစိုက်ဘူး ။ နို့မို့ စိတ်ထဲမှာ ကသိကအောက်နဲ့ မရှင်းဘူး ”
ထိုစကားတစ်ခွန်းက မာမီဦးမနောကို ကောင်းစွာ ခွေ့သွားစေပါသည် ။ ခန္ဓာကိုယ်တစ်ခုလုံး ရုန်းရုန်းကြွကြွဖြစ်ကာ ..
“ အို သိပ်ကောင်းတာပေါ့သီတာရယ် ၊ သိပ်ကောင်းတာပေါ့ ။ ကိုယ်တော်တွေကို ကြီးကြီးကျယ်ကျယ် ခြိမ့်ခြိမ့် သဲသဲ ပျော်ပွဲပေးလိုက်စမ်းပါဟယ် ။ သီတာတို့ လိုအင်ဆန္ဒတွေ တစ်နေ့တခြား ပြည့်မလာတော့ ပြောချင်တိုင်းပြော ။ ဒီတစ်ခါ စိတ်ကူးတွေ အရမ်း မှန်သွားပြီ ”
သို့ဖြင့် သူတို့နှစ်ဦး ကနားပေးရန် ရက်ကို ရွေးကြသည် ။ ကုန်ကျစရိတ်တွေ ခန့်မှန်းကြသည် ။ ထို့နောက် စကားများတတ်သော သတ္တဝါ နှစ်ဦးမို့ ဟိုအတင်း ဒီသတင်းတွေပြောကြရင်း ပါးစပ်ညောင်းသွားတော့ ဒေါ်သီတာ ပြန်ရန်ပြင်သည် ။
“ ဒါနဲ့ မာမီသူငယ်လေး ကိုချမ်းကို မမြင်ပါလား ”
“ မပြောချင်တော့ပါဘူး သီတာရေ ခုတလော ဒူးတစ်ဖက်က သိပ်မကောင်း ချင်ဘူး ။ ဒီကြားထဲက သူက ရှော့ပင်ထွက်ချင်သတဲ့လေ ။ နောက်နေ့မှ သွားပါဆိုတာ ပြောလို့ကို မရဘူး ၊ မျက်နှာ ရှစ်ခေါက်ချိုး လုပ်နေလို့ ပိုက် ဆံ ထုတ်ပေးလိုက်ရတယ် ။ တစ်လတစ်လ ဟိုဟာပူဆာ ၊ ဒီဟာပူဆာနဲ့ သူ့ကုန်ကျစရိတ်က နည်းလား ။ ကိုယ်က ချစ်လို့ မွေးထားပြီးမှတော့ ကျွေးရ ဆင်ရတော့မှာပေါ့ သီတာရယ် ၊ ဟုတ်ဘူးလား ။ ဪ တစ်ခါတလေ တွက်ပါတယ် ၊ ဘယ်ဘဝက ဝဋ်ကြွေးတွေများ ပါလိမ့်လို့ ”
“ ဪ ဒါထက် စကားမစပ် ပြောရဦးမယ် ။ ပြီးခဲ့တဲ့ တစ်လလောက်က ကိုချမ်းကို ကမ္ဘာအေးက ဂမုန်းပွင့်မှာ တွေ့လိုက်သေးတယ် ။ သူ့ ဘေးနားမှာ ကောင်မလေး တစ်ယောက်နဲ့ ။ ဟိုဟာမ လေးက ဘောင်းဘီဝတ်ထား တာ တကယ့်တိုတိုလေး ၊ တီ ရှပ်လည်ဟိုက်ကလည်း အို တကယ့်ကို အမြင်မတော်ပါဘူး မာမီရယ် ”
“ ဟင် ဒါ ဒါ တကယ် မြင်ခဲ့တာလားဟင် ”
“ မဟုတ်ဘဲနဲ့ ပြောပါ့မလား မာမီရယ် ၊ တို့က ရန်တိုက်ပေးတဲ့ စကားမျိုး ပြောတာမဟုတ်ဘူးနော် ။ သိရင် ကိုယ့် ဝမ်းထဲကိုယ်ထား ၊ မသင့်ဘူးထင်ရင် သိုသိုသိပ်သိပ်ဆုံးမ ။ မတော် ကောင်မလေးက ပျက်စီးနေရင် ဘယ့်နဲ့လုပ်မှာတုံး ”
မာမီဦး ရင်ထဲ နေဆယ်စင်း ခုန်ပေါက် ဝင်လာပြီ ၊ ဦးနှောက်တွေ ဆူပွက်ကုန်ပြီ ၊ တစ်ခဏအတွင်းမှာပင် မျက် လုံးတွေ ပြာဝေသွားသည် ။ ဒီလောက်တောင် အလိုလိုက် အကြိုက်ပေးတာ သင်းလိုအပ်သမျှ အားလုံး ဖြည့်ဆည်းပေးနေသည့် ကျေးဇူးတရားကိုမှ မထောက် ၊ သင်းမို့ လုပ်ရက်လေခြင်း ။ ဒေါ်သီတာ ပြန်သွားသည့်အခါ သူ့စိတ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ ဟမ်းဖုန်းကို ကောက်ကိုင်လိုက်သည် ။ ယခုရော သင်း ဘယ်နေရာမှာ ရှိနေမှာလဲ ။ မာမီဦး လက်တွေက တဆတ်ဆတ် တုန်နေပြီ ။
••••• ••••• •••••
၂ ။
မွန်းစောင်းနေက ရစ်သမ်မပါသည့် ကဗျာတစ်ပုဒ်လို ခပ်တောင့်တောင့်ကြီး ကမ္ဘာမြေပေါ် ခုန်ဆင်းနေသည် ။ ဆန်ထုပ်လေး ဆွဲလာသော ဥသြရွှေ အိမ်ထဲသို့ ဝင်လျှင်ဝင်ချင်း ရင်ဆို့သွားသည် ။ လင်တော်မောင် ဆိုင်းဆရာ ကိုစိန်ဗလ စောစီးစွာ ပုလင်းထောင် နေသည်မို့လေ ။
“ ဘယ်အချိန်များ ရှိသေးလို့လဲ ကိုစိန်ဗလရယ် ”
“ နင် ပူညံပူညံလုပ်ဖို့တော့ စိတ်မကူးနဲ့နော် ဥသြ ၊ ငါ့စိတ်ထဲ ရှုပ်နေလို့ ထိုင်ချနေတာ ၊ နင် ငါ့အကြောင်း သိတယ်နော် ။ နင် လုပ်စရာရှိတာ လုပ် ”
ကိုစိန်ဗလက လေသံ အေးအေးလေးနှင့် ပြောလိုက် ခြင်းဖြစ်သည် ။ ကိုစိန်ဗလ အကြောင်း ဥသြရွှေ မသိဘဲ နေပါ့မလား ။ အနေအေးသူ ၊ စကားနည်းသူ ၊ အရက်သောက် ပြီးလျှင်လည်း မသောင်းကျန်းတတ်သူ ၊ ဆိုင်းပေါ် တွင် သံယောဇဉ်ကြီးသူ ။ ထို့ကြောင့်လည်း သူမလင်ကြီးကို တရားဝင်ကွာရှင်းကာ ကိုစိန်ဗလ နောက် ကောက်ကောက်ပါအောင် လိုက်လာခဲ့သည်မို့လား ။
“ တော့်ကို အပြစ်ပြောတာ မဟုတ်ပါဘူးတော် ။ ဘေးဖြစ်မှာ စိုးလို့ပါ ”
သူမ ဆန်ထုပ်လေး ဘေးချပြီး ယပ်တောင်လေး တဖျပ်ဖျပ်ခတ်ကာ အမောဖြေ နေရင်းမှ ညည်းညည်းညူညူ လေသံဖြင့် ...
“ ခုနောက်ပိုင်း ဘာလုပ်လုပ် အဆင်မပြေပါဘူးတော် ၊ အရင်ထက်တောင် ပိုပြီး ကျပ်လာသလိုပဲ ”
ကိုစိန်ဗလက ဘာမှ ပြန်မပြော ။ ငှဲ့ထားသော အရက်ခွက်ကို မော့လိုက်ပြီး အမြည်းလေးတို့ကာ ဆေးလိပ်ကိုသာ တွင်တွင်ဖွာနေသည် ။
“ ဒါနဲ့ နေစမ်းပါဦး ၊ ဒီမိုကရေစီရရင် လူတွေချမ်းသာတော့မှာဆို ။ ခုရော ဒီမိုကရေစီ ရပြီလား ၊ မရသေးဘူးလား ။ မရသေးလို့သာ ကျုပ်တို့ မပြေမလည် ဖြစ်နေတာ မဟုတ်လား ”
“ သောက်ရူးမ ၊ နင်ဟာ သီချင်းဆိုတတ်ရုံက လွဲရင် ဘာမှ ခေါင်းမရှိဘူး ”
“ ဘာရယ် တော်က ကျုပ်ကို အသိဉာဏ်နည်းတယ် ဆိုပြီး နှိပ်ကွပ်နေတာပေါ့လေ ”
“ ဒီမိုကရေစီ ဆိုတာ စနစ်တစ်ခုကိုပြောတာ ။ အခုမှ အဲဒီစနစ်ကို ခြေချရုံပဲရှိသေးတာ ။ ဒီမိုကရေစီဆိုပြီး ဘာမှန်းမသိ ညာမှန်းမသိ ၊ နှင့် အမေလင် ရွှေထုပ်ထမ်းလာပြီး ရော့အင့်လို့ ပေးတယ်များ အောက်မေ့နေလား ”
ဥသြရွှေ မျက်စောင်း တစ်ချက် ကောင်းကောင်းကြီး ပစ်လွှတ်လိုက်ပြီး ..
“ သိဘူးလေတော် ကျုပ် လည်း သူများ ပြောတာ ပြော ကြည့်တာ ၊ ထားပါ ။ ခု ရှင့် မင်းသမီးတွေ ညည်းနေတာ သိလား ၊ စက်ရုံမှာ သူတို့ မလုပ်ချင်တော့ဘူးတဲ့ ။ နိုင်ငံ ခြားသားက တော်တော်ဆိုး သလို ကြီးကြပ်ရေးမှူးက လည်း နည်းနည်းမှကို အလစ် ပေးတာ မဟုတ်ဘူးတဲ့ ။ တစ် နေကုန် မတ်တတ်ဆိုလား ။ ပေးတဲ့ လစာနဲ့ အဲဒီ ဒုက္ခ မခံစားနိုင်တော့လို့ ထွက်ချင်ပြီတဲ့ ”
“ ဒီလောက် အလုပ်ရှာရ ဖွေရ မလွယ်တဲ့အထဲ သင်းတို့က ဘယ်မှာ သွားလုပ်မှာလဲ ။ ငါက KTV ပို့ပေးရမှာလား ”
“ ရှင်ဟာလေ အဖေဖြစ်ပြီး စကားကို ဆင်ဆင်ခြင်ခြင် မပြောဘူး ။ အင်းလေ တော်ပါလာတဲ့ သမီးတွေမို့လို့ပေါ့ ၊ ကျုပ်သမီးရင်းသာဆို ရှင်မလွယ်ဘူး ”
သူမ ခြေဆောင့်ကာ မီးဖိုချောင်သို့ ဝင်လျက် ထမင်းအိုး တည်သည် ။ အတော်ကြာတော့ သူမ ယောက်ျားကို တကြော်ကြော်ခေါ်ပြန်သည် ။
“ ပြော ပြော ဘာပြောမှာလဲ ”
“ အချိန်လေးရှိတုန်း ဟိုကိုပြေးလိုက်ဦး ၊ မညွန့် ပေးထားတဲ့ ဂဏန်းလေး ။ သူ့ခမျာ အိမ်ကို လာပြီး တကူးတက ပြောရှာတာ ။ မေ့နေလို့ ထွက်လာရင် ပွစိပွစိလုပ်မှာ ”
“ ဒီမိန်းမ ပြောတာတွေ ငါစိတ်မဝင်စားပါဘူးဟာ ဆယ်ခါရံမှ တစ်ခါ တိုးတာပါ ။ မနက်က ပါသွားတာရော ဘယ်လောက်များပြီလဲ ”
“ ဘယ်လောက် များများ ။ ဒါ တောင်ပေါ်ဂဏန်း ၊ ပုဂ္ဂိုလ်တွေက ပေးတာတဲ့ ။ သူ့ ဆီသွားသွား မေးရတဲ့ သူဌေးတွေဆိုတာ နည်းတာ မဟုတ်ဘူးတဲ့ ”
“ မင်းပဲ သွားလိုက်ပါလားကွာ ”
“ ကျုပ်က ထမင်းအိုး တန်းလန်းကြီးနဲ့တော့် ”
“ အလုပ်ရှုပ်လိုက်တာကွာ ၊ ဘာလဲ ထုံးစံအတိုင်း အကြွေးမှတ်ခဲ့ရမှာလား ”
“ ဒါ … ရှင်အသိဆုံးလေ ၊ ကျွန်မ ပြောနေစရာ လိုသေး လား ”
ကိုစိန်ဗလ စိတ်ပျက် လက်ပျက်နှင့် လက်ကျန်ခွက် လေးကို မော့ကာ စွပ်ကျယ် လေး ကောက်လျှိုလျက် အိမ် ပြင်ထွက်သွားသည် ။ မကြာ ပါ ။ မိန်းမတစ်ယောက် ရောက်လာသည် ။ အကြွေး လာတောင်းသူ ။
“ ညည်းတို့ ဘယ်လို လုပ်နေတာလဲ ဥသြရယ် ၊ ငါ့မှာတော့ မလာမလာနဲ့ ။ ညည်းတို့ အတိုး မသတ်တာ သုံးလ ရှိသွားပြီနော် ။ ငါ့ဘက်ကိုလည်း ပြန်ကြည့်ကြဦး ၊ ငါ့မှာ ဒါလေးနဲ့ စားနေရတာ ”
“ သိပါတယ် ဒေါ်ရင်ရယ် ကျွန်မလည်း လာချင်ပါတယ် ၊ ဘယ်လိုမှ မလှုပ်သာ မလှည့်သာလွန်းလို့ပါ ။ လာမယ့်သောကြာနေ့ စိန်ပန်းမြိုင်ရပ်ကွက်က ဒေါ်သီတာ ကို သိတယ် မဟုတ်လား ၊ သုံးရက် ကနားပေးမှာ ။ ကြီး ကြီးကျယ်ကျယ် လုပ်မှာတဲ့ ။ ကျွန်မတို့ ဆိုင်းကို ချိတ်ထားပြီးသား ။ အဲဒါလေး ပြီးရင် တော့ အတိုးလေး လာဆပ်ပါ့ မယ် ဒေါ်ရင်ရယ် ”
“ ညည်းတို့မလဲ တော်တော် တရားရစရာ ကောင်းတယ်နော် ။ ဆိုင်းဆရာ စိန်ဗလ ဆိုရင် မသိတဲ့သူ မရှိဘူး ၊ ညည်း အဆိုကောင်းတာလည်း လူတိုင်းသိ ။ ခက်တာ အကြွေးအထူဆုံးက ညည်းတို့ပဲ ။ တော်ပါသေးရဲ့ ညည်းတို့ ပညာလေးတွေက ကယ်လို့ ။ ညည်းတို့ နွံနစ်နေတာ သိလား ၊ လောင်းကစားတွေ ဖက်နေတာ ။ လင်ရော မယားရော ဝါသနာချင်း တူပါ့တော် ။ ဒီကြားထဲ တစ်ခါတလေ အိမ်မှာ ဖဲဒိုင်ခံလိုက်သေး ။ ကြပ်ကြပ်လုပ် ၊ ညည်းတို့ ထောင်ထဲရောက်သွားလို့ကတော့ ပေါင်ထားတဲ့အိမ် သိမ်းပြီသာမှတ် ။ နောက်တော့မှ အဆိုး မဆိုနဲ့ ”
“ ရမလားလို့ လုပ်ကြည့်တာပဲ ဒေါ်ရင်ရယ် ။ ရတဲ့အခါ ရ ၊ မရတဲ့အခါကြွ ဘာတတ်နိုင်မှာလဲ ”
ဥသြရွှေက ကောင်းကင်ကို ငေးလျက် ရေရွတ်လိုက်သည် ။ ကောင်းကင်ပြင်တွင်တော့ တိမ်မည်းတစ်အုပ်က တရွေ့ရွေ့မျှောသန်းလို့ နေသည် ။
••••• ••••• •••••
၃ ။
ခံ့ညားထည်ဝါသော ကွန်ကရစ်လမ်းမကြီးက ထို ရပ်ကွက်လေးအနီးမှ ဖြတ် သန်းသွားသည် ။ အမျိုးအစား စုံလင်သော ကားများက ထိုလမ်းမပေါ် သွားချည်လာ လှည့် ။ ယခင်က ဆိုလျှင် ထို နေရာမှာ မြက်ရိုင်းလွင်ပြင် ၊ ရွှံ့နွံများ ထူထပ်နေသော ကွက်လပ် တချို့ ။ ယခု မယုံကြည်နိုင်စရာ ကောင်းလောက်အောင် လမ်းမကြီးက နေ့ချင်းညချင်း ဘွားခနဲ ပေါ်လာခြင်းဖြစ်သည် ။ ထိုရပ်ကွက်လေးတွင် နေထိုင်သူများမှာ နှစ်ကာလ ကြာမြင့်ပြီ ဖြစ်သော်လည်း အခြေခံလူတန်းစားများမို့ တိုးတက်ဖွံ့ဖြိုး အားနည်းသလို ဟိတ်ဟန် ထည်ထည်ဝါဝါနှင့် အိမ်ကြီးအိမ်ကောင်း ရှားပါးသည် ။
ဒေါ်ထား က မနိုင့် ခြံထဲသို့ ကမျောသောပါး ဝင်လာသည် ။
“ ဟဲ့ ဟဲ့ နင်တို့အိမ် နို့တစ်စာ လာမကပ်ဘူးလား ”
မနိုင် ချဉ်ပေါင်ရွက် သင်နေရင်းမှ မျက်နှာရှစ်ခေါက်ချိုးဖြင့် ...
“ တစ်ရပ်ကွက်လုံး ကပ်တာကျုပ်အိမ်မှ ကွက်ပြီး ချန်ပါ့မလားတော့် ။ အငယ်ကောင် ဆွဲစုတ်ပစ်လိုက်ပြီ ”
“ ဒီတစ်ခါဆိုရင်တော့ သုံးခါတောင် ရှိပြီ ။ လွယ်မယ် မထင်ဘူး ၊ တကယ် ဖျက်မလားဘဲ ”
ဒေါ်ထားက လူကြီးပီပီ သူမရင်ထဲ စိုးရိမ်စိတ်တွေ ကိန်းဝပ်နေပုံရသည် ။ ခေါင်းကို တွင်တွင် ကုတ်လျက် ။
“ ဖျက်ဖျက် မဖျက်ဖျက် မဖြစ်ဖြစ်တဲ့နည်းနဲ့ သတ္တိရှိရှိ ရင်ဆိုင်ရမှာပဲ ”
မနိုင် ကတော့ မှင်တွေမောင်းတွေ ၊ အားတွေမာန်တွေ အပြည့် ။
“ အမေတို့ လက်ထက် ကတည်းက နေလာခဲ့တဲ့ အိမ် ပါဟယ် ၊ ငါ့စိတ်ထင် အနှစ် ခြောက်ဆယ်တောင် မကတော့ဘူးရယ် ။ တို့တွေ အေး အေးချမ်းချမ်း နေလာခဲ့တာကို ဖျက်ဆီးခဲ့တဲ့ တရားခံသိ လား ။ ဟော့ဟိုမှာ ဟော့ဟိုမှာ ”
ဒေါ်ထားက လမ်းမကြီးကို မေးငေါ့ ပြသည် ။ လမ်းမကြီး မပြီးခင်ကတည်းက လမ်းကြောတစ်လျှောက် မြေဈေးတွေ ခုန်တက်သွားသည် ။ အထူးသဖြင့် ဂရမ် မရှိသူများအတွက် ပိုလို့ပင် မျှော်လင့်ချက် ကင်းမဲ့စရာ ။ သူတို့ နှစ်ယောက်၏ ဆူညံပူညံသံများ ကြားသွားလို့လား မသိ ခြေရင်းအိမ်မှ မှုံရီ အဝတ်လျှော်ဇလုံ ကိုင်ကာ ထွက်လာသည် ။
“ သူတို့က နစ်နာကြေး လေးသိန်းပေးမယ် ပြောတာပဲ ”
“ နေစမ်းပါဦး ၊ အဲဒီ လေးသိန်းက ဘာလုပ်လို့ ရမှာလဲ ။ ခုနေ အိမ်ငှားရင်တောင် စပေါ်နှစ်သိန်း ၊ တစ်လ သုံးသောင်း ၊ ဘာမက်စရာရှိလဲ ။ နောက်ပြီး ပြန်ပေးမယ့်နေရာ ကြည့်ဦး ။ ရေမရှိ ၊ မီးမရှိ ၊ ရွှံ့ ထဲဗွက်ထဲ ၊ လယ်ကွင်းထဲမှာ ။ ကလေးတွေ ကျောင်း ဘယ်လို သွားထားမလဲ ။ ကျန်းမာရေး မကောင်းလို့ ဆေးရုံသွားရင်တောင် လမ်းတင် အသက်ထွက်မှာ ။ အဲ့ဒါမှ ဘဝပျက်တာစစ်စစ်လို့ ခေါ်တယ်ဟဲ့ ”
“ ကိုလွင် ပြောတော့ တစ် ရပ်ကွက်လုံး ညီညီညွတ်ညွတ်နဲ့ ဆန္ဒဖော်ထုတ်ကြမလို့ ဆို ”
“ ပြည်သူတွေ ဘာပဲဖြစ်နေဖြစ်နေ အထက်လူကြီးတွေ နှာစေးနေလို့ကတော့ ဘာအကြောင်း ထူးမှာလဲ ။ မကြားဘူးလား ၊ တချို့ရပ်ကွက်တွေဆို ရဲတပ်ဖွဲ့အင်အားနဲ့ အတင်းဝင်ဖျက်ကြတာဟဲ့ ”
မနိုင် ကတော့ စိတ်ရှုပ်ထွေးလာဟန်နှင့် ချဉ်ပေါင်ရွက်များကို လုံးခြေဆိတ်ဆွကာ ...
“ မိုးပြိုအများပဲ ဒေါ်ထားရေ ၊ အချိန်တန် ဖြစ်သင့်ဖြစ်ရာတော့ ဖြစ်လာကြမှာပဲ ”
မိန်းမသုံးယောက်၏ သောကအမောတွေကို သူတို့ မျက်နှာပြင်ပေါ်တွင် အထင်း သား ပေါ်လွင်နေသည် ။ အတန်ငယ် ငေးငိုင်နေရာမှ ဒေါ်ထားက ရုတ်တရက်ဆို သလို သတိရသွားဟန်ဖြင့် ...
“ နက်ဖြန် ဟိုဘက်ရပ်ကွက်မှာ ကနားပွဲ ရှိတယ်နော် ။ အကြီးအကျယ်ပဲ ။ ညည်းတို့ သိပါတယ် ။ မိန်းမလည်ကြီး ဒေါ်သီတာ ၊ အိမ်ရှေ့မှာတော့ အလှူခံခြင်း သည်းခံပါ ရေးပြီး နတ်နဲ့ ပတ်သက်ရင် မျက်စိစုံမှိတ် အကုန်ကျခံတဲ့မိန်းမ ”
“ ဒါတော့ သူ့ယုံကြည်ချက်ပဲလေ ။ နေ့လယ်နေ့ခင်း တစ်အောင့်တစ်နား သွား ကြည့်ရအောင် ။ နှစ်လုံး ၊ သုံး လုံး ဂဏန်းလေး ရလိုရငြား ”
“ နတ်တွေ ပေးတာလည်း မှန်ချင်မှ မှန်တာပါဟယ် ”
“ အို တစ်နတ်နဲ့ တစ်နတ် တူတာမှ မဟုတ်တာ ၊ မှန်တဲ့ နတ်လည်း မှန်ပါတယ် ”
“ အကြားတွေ ယုံပြီး ထိုးရလွန်းလို့လည်း မွဲနေပြီ မှုံရီ ရေ ၊ ဒီနေ့မနက်တောင် ဘာဟင်းမှ မချက်နိုင်ဘူး ။ ငါးပိရည်လေးနဲ့ ဖြစ်သလို စားရမှာ ”
“ ညည်းပဲ အပြောကောင်း ၊ ကျုပ်လည်း ဘာထူးမှာလဲ ။ ခြံစည်းရိုးက ကင်ပွန်းရွက်လေး ခူး ငါးပိမပါ ဘာမပါကျိုလိုက်ရတာ ။ ကလေးတွေတောင် ကျောင်းမုန့်ဖိုးမပေးလိုက်နိုင်ဘူး ၊ မနည်းချော့မော့ လွှတ်ရတယ် ။ ဘဝတွေများ ပြောကို မပြောချင်ပါဘူး ”
မှုံရီက အပျိုပီပီ ကလေးအတွေး မကုန်သေး ... ။
“ နတ်ပွဲတိုင်းတော့ ပိုက်ဆံတွေကြဲတယ်နော် ။ အို သွားမယ် ၊ သွားမယ် ၊ ဘာဖိုးလေးပဲရရ ”
“ အမယ်လေးဟယ် ငါတို့ဆင်းရဲသားတွေဘက် ကြဲတာ ငါးဆယ်တန် ၊ တစ်ရာတန် ဒီလောက်ပါပဲ ။ သူတို့ သူဌေးတွေဘက်သာ ငါးရာတန် ၊ တစ်ထောင်တန် အကြီးကြီးတွေ ကြဲတာ ။ တော်တော် မျက်နှာလိုက်တဲ့ နတ်တွေ ဟွန်း ”
မနိုင် က ကွမ်းလေးတစ်ယာကောက်ဝါးရင်း ဗျစ်ခနဲ တစ်ချက်ထွေးကာ ...
“ ဟဲ့ ဟဲ့ သူတို့နတ်ဧည့်သည်တွေကို ကျွေးတာမွေးတာ မြင်ဖူးလား ။ တကယ့် ရှယ်နော် ၊ တကယ့်ရှယ် ။ ကြက်သား ၊ ဘဲပေါင်း ၊ ငါးသလောက်ပေါင်း ၊ ငံပြာရည်ကြော် ၊ ပုစွန်ချဉ်သုပ် အို စားပွဲပေါ်မှာ စုံနေတာပဲ ။ ပြောရင်းတောင် သွားရည်ယိုလာပြီ ။ တစ်နေ့ကုန်ကျစရိတ်က နည်းမှာ မဟုတ်ဘူး ။ သုံးရက်ကြီးများတောင် ဆိုတော့ တွက်သာကြည့်ပေတော့ ”
“ အဲဒီငွေတွေကို ကျွန်မတို့လို ဆင်းရဲသားတွေ လာ လှူရင် ကောင်းမယ်နော် ”
“ လှူပါလိမ့်မယ် အားကြီးကြီး ”
“ နှစ်တိုင်း နတ်ကလို့ စီးပွားတက်တာလည်း ပြော ဦးလေ ”
“ အို ကိုယ်လုပ်လို့ ၊ နောက်ပြီး ကံထနေတုန်းမို့ ဖြစ်တာပါ ကောင်မရယ် ။ သူတို့လင်မယားနှစ်ယောက် စလုံး လူလည်ကြီးတွေ ၊ ငွေသာ ရမယ်ဆို ဘယ်နေရာက ရရ အကုန် ယူတာ ။ ဘယ်သူ့ မျက်နှာမှ ထောက်တာမဟုတ် ဘူး ၊ ပြောလိုက်ရင်လည်း အားမနာ လျှာမကျိုး ”
“ ဘာပဲပြောပြောလေ သူတို့ဘဝတွေကို အားကျတာ အမှန်ပဲ ။ နတ်ပွဲလာတဲ့ သူဌေးမတွေ ဝတ်စားလာတာ ကြည့်ပါလား ၊ အကောင်းစားတွေ ။ စိန်တွေရွှေတွေ ဆိုတာများ ညွတ်ခဲနေတာပဲ ။ လာတော့ ကိုယ်ပိုင်ကားနဲ့ ၊ အခြွေအရံနဲ့ ။ နတ်ဆက်ဖို့ ဝယ်ခြမ်းလာတဲ့ ပစ္စည်းကတင် နည်းတာ မဟုတ်ဘူး ။ ဘာတွေ လုပ်ပြီး ဒီလောက်တောင် ကြီးပွားနေကြသလဲ မသိဘူး ”
မနိုင်က နှုတ်ခမ်းလေးကို မဲ့ရွဲ့လိုက်ပြီး ...
“ အဲဒါ ခတော်နီခရိုတွေလေ ”
“ ဘာလဲ ခတော်နီခရို ဆိုတာ ”
“ အ,လိုက်တာ ၊ အဲဒါ ခရိုနီကတော်တွေလို့ ပြောတာဟဲ့ သိပြီလား ”
“ ငါထင်ပါတယ် ။ အာဏာတွေ ၊ အခွင့်အရေးတွေ ၊ လုပ်ပိုင်ခွင့်တွေ ခပ်များများ ရထားတဲ့ သူတွေဆီ ပိုက်ဆံတွေ စုပြုံရောက်ကုန်သလားလို့ ။ စဉ်းစားကြည့်လေ ၊ ရိုးရိုးတန်းတန်း လုပ်တဲ့သူတွေ ခုထိ ဘာဖြစ်လာသေးလို့လဲ ။ မျှော်တော့ မျှော်ရဦးမှာပေါ့ ။ အလုပ်အကိုင် ကောင်းကောင်း ၊ ဝင်ငွေ ကောင်းကောင်းနဲ့ ဘယ်အချိန်များမှ ဖြစ်လာမလဲ ဆိုတာ ။ ပြောရဦးမယ် ၊ မြောက်ပိုင်းက အဘွားကျော့ ကို သိတယ်မဟုတ်လား ။ တုန်တုန်ချည့်ချည့် တုတ် ကောက်နဲ့ သွားနေရတာလေ ။ ကနားပွဲ ကျရင်တဲ့ သူ ခြစ်ခြစ်ကုတ်ကုတ် စုထားတဲ့ ငွေလေးနဲ့ နတ်ရေစင်ဖိုး ဆက်ပြီး မင်းကြီးမင်းလေးကို တိုင်တည်ပြီး ပြောရဦးမယ်တဲ့ ။ သူ့အိမ်လေး မဖျက်ရဖို့တဲ့ လေ ။ စိတ်မကောင်းလိုက် တာ ”
မနိုင့် စကားကြောင့် ဒေါ်ထားရော မှုံရီ ပါ တဒင်္ဂ ကြက်သေသေသွားရ၏ ။
••••• ••••• •••••
၄ ။
လေပြည်နုနုလေးက ချိုချို့ ဆံနွယ်လေးများကို တို့ထိ ကျီစယ်သွားသည် ။ သူမ နှင့် ကိုချမ်း အတူထိုင်နေသော နေရာလေးမှာ အိပ်မက်ထဲကလို ချစ်စရာကောင်းနေသည် ။ လူရှင်းသော ကတ္တရာလမ်းလေး ရှိသည် ။ လမ်း တစ်ဖက်တစ်ချက်တွင် ကံ့ကော်ပင်တို့ စီတန်းတာ ခပ်စိပ်စိပ် ရှိနေသည် ။ လမ်းပေါ်သို့ နေပြောက်ပင် မထိုး ။ ခုံတန်းလျားလေးတွေ ရှိသည် ။ တစ်ခါတစ်ရံ ကိုယ်ပိုင်ကား တစ်စီးတလေ ဖြတ်သန်းသွား သည် ။ ချိုချိုက အူလှိုက်အသည်းလှိုက် ရယ်မောလိုက် ၏ ။
“ ဘာရယ်တာလဲ ချို ”
“ အဲ့ဒီ အခြောက်ကောင်က သူ့ဘဝဟာ ကိုချမ်းပါတို့ ၊ မခွဲနိုင်ပါဘူးတို့ ပြောနေတော့ မရယ်ချင်ဘဲ နေပါ့မလား ။ ဟား ... ဟား ”
“ အလကားပါကွာ သူတို့ပါးစပ်ထဲ ရှိတာ လျှောက်ပြောနေတာ ။ ဘာပဲပြောပြောလေ သူတို့ ကြိုက်တဲ့ ပုံစံအတိုင်း နေပေးရင် ကိုယ်ပူဆာသမျှ အကုန် ရတာပဲဥစ္စာ ”
“ သူတို့မှာလည်း ဝဋ်ကြွေးပဲနော် ”
“ ဝဋ်ကြွေးလုပ်မနေနဲ့ သူတို့က လူလည်တွေ ၊ ပါးတာမှ လှစ်လှစ်လေး ။ ခိုင်းတာပြုတာလည်း ထောင့်ကို စေ့နေတာပဲ ။ အချော့ကြိုက်တွေ ၊ အယုယခံချင်တဲ့ကောင်တွေ ။ ဘာမဆို ရသမျှ အကုန် လိုချင်တာ ။ ဒါကြောင့် ဒီဘဝ က ရုန်းထွက်နေချင်ပြီလို့ ချို့ ကို ပြောတာပေါ့ ။ ကောင်း ကောင်းနေ ၊ ကောင်းကောင်း စားနေရပေမဲ့ မိန်းမအတုတွေ နဲ့ ဆက်ဆံရတာ ကြာတော့ စိတ်ပျက်လာပြီ ”
အမှန်စင်စစ် ချိုချိုမှာ နယ်သူတစ်ယောက်ဖြစ်ပြီး ဒုက္ခမျိုးစုံ ကြုံတွေ့နေရသော မိသားစုအရေးကို ဖေးမနိုင်ရန် မြို့ကြီးပြကြီး၏ ပရိယာယ်ကျယ်ကျယ် ၊ ဧရိယာ နယ်ထဲသို့ မျက်ကန်းတစ္ဆေ မကြောက် ဝင်ရောက်ခဲ့ခြင်း ဖြစ်သည် ။ စက်ရုံမျိုးစုံ သူမ ကျင်လည်ခဲ့ဖူးသည် ။ အခြေ အနေ မကောင်း ။ ရလိုသော ဆန္ဒက ကြီးမားနေသည်ဟု ပြောချင်ပြော ၊ ထိုမျှသော လစာလောက်နှင့်တော့ သူမ အဖို့ တွက်ခြေ မကိုက် ။ ဆံပင်ညှပ် ဝင်သင်သေးသည် ။ စိတ်မရှည်သော သူမ အတွက် အောင်မြင်စွာ ဆုတ်ခွာလာခဲ့ရသည် ။
တချို့က တစ်ဖက် နိုင်ငံတွင် အလုပ် သွားလုပ်ပါလား ၊ ဆက်သွယ်ပေးမည် ဟု ပြောဖူးသည် ။ သူမ ဒီလောက်ထိ မညံ့ပါ ၊ အရောင်းစားတော့ မခံနိုင် ၊ ဗဟုသုတတွေ ရှိသင့်သလောက် ရှိနေပြီ မဟုတ်လား ။ နောက်ဆုံး KTV တစ်ခုတွင် ဝင်လုပ် လိုက်သည် ။ အဆို မကောင်းသော်လည်း အပြုအစု အယုယကောင်းသည်ဟု လူသိ များလာသည် ။ မျက်နှာလေးက ချစ်စရာကောင်းသည် ဟူသော ပုရိသတို့၏ အမှတ်ပေးခြင်း ခံလာရ သည် ။ ဝင်ငွေကလည်း မဆိုး ၊ ရင်ခွင်တစ်ခုနှင့် တစ်ခု ကြား သူမ လက်ဖျားပေါ်သို့ ရောက်လာသည့် ငွေစက္ကူ တွေက နောက်ပိုင်းရှိ သူမတို့ မိသားစုလေးကို ကောင်းစွာ ထောက်ပံ့နိုင်သည် ။ မချစ် သော်လည်း အောင့်ကာနမ်း ဆိုသလိုပင် တစ်ခါတစ်ရံ အောင့်ခဲ့ရပေါင်း များလာ သောအခါ အသက်ပင် ထွက် သွားမလား ထင်ရ၏ ။ သို့ သော် မတတ်နိုင် ၊ ငရဲဖြစ်မှ တော့ ပြာပူကြောက်နေလို့ မဖြစ်
တစ်ရက် ကိုချမ်း KTV သို့ ရောက်လာရင်းမှ ချိုချို နှင့် ငြိသွားသည် ။ ချိုချို့ အကြောင်းကို သိနေသော်လည်း ဘာကိုမှ ဂရုမထားနိုင်အောင် တွယ်တာသွားခဲ့သည် ။ ဖြစ်နိုင်လျှင် ချိုချို အား ထိုဘဝမှ ကယ်ထုတ်ချင်သည် ။
“ ခုမှ သတိရတယ် ။ ကိုယ် မိန်းကလေးတစ်ယောက်နဲ့ တွဲနေမှန်း သူ သိသွားတယ် ။ ဘာပြောကောင်းမလဲ ၊ ဒေါသူပုန်ထတော့တာပေါ့ ။ ကိုယ့်မှာ မျက်စိစုံမှိတ်ပြီး အပြတ်ကို ငြင်းလိုက်ရတာ ဖတ်ဖတ်ကို မောလို့ ”
“ သတိလည်း ထားဦး ၊ တော်ကြာ စကေးပါစာ မိသွားဦးမယ် ”
“ စိတ်မပူနဲ့ ဒီကောင်ကြီး ကိုယ့်ကို အဲသလောက်ထိ မလုပ်ရဲဘူး ။ တကယ်လို့ မတော်တဆ ချို နဲ့ ဝင်တိုးရင်လည်း သူငယ်ချင်းတွေလို့ပဲ ပြောမယ် ၊ ကြားလား ။ ကိုယ် ခုတလော စိတ်တွေ တော် တော် ညစ်နေတယ်ကွာ ။ စိတ် တွေက ချို့ဆီကိုပဲ တစ်ချိန် လုံး ရောက်နေတာ ၊ ချိုနဲ့ ကိုယ် အတူတူ နေချင်လှပြီ ကွာ ”
“ ချိုလည်း ကိုချမ်းနဲ့ အတူတူနေချင်လှပါပြီ ၊ ဒါပေမဲ့ အခုလုပ်နေတဲ့ ဆိုင်က ဆိုင်ရှင်နဲ့ အကြွေးတွေ မပြတ်သေးလို့ ”
“ ဒါလည်း ဘာခက်တာ မှတ်လို့ ချိုရယ် ကိုယ်တို့နှစ် ယောက် ဟိုအခြောက်ကြီးဆီ က ပစ္စည်းတွေ မ,ပြီး လစ်ကြမယ်လေ ”
“ ဟင် လွယ်ပါ့မလား ”
“ သူ့အထာတွေ ကိုယ် သိတယ် ၊ တစ်ချက် ကြံလိုက်ရင် ပြီးပြီ ။ ချို့ဘက်ကသာ သေချာအောင်လုပ် ”
“ ချိုက ကိုချမ်းကို အားကိုးရမှာ ၊ ကိုချမ်း ဘက်က သေချာရင် ပြီးတာပဲ ”
“ ဒါဆို ဒီလိုလုပ် ။ မနက်ဖြန် နတ်ကနား ရှိတယ် ၊ စိန်ပန်းမြိုင်ရပ်ကွက်ထဲမှာ ။ အဲဒါ ပြီးတာနဲ့ နောက်နေ့ ကိုယ်တို့ လစ်ကြမယ် ၊ ရသမျှ ငွေတွေနဲ့ ပျော်လိုက်ကြမယ်ကွာ ။ ကဲလိုက်ကြမယ်ကွာ ”
“ ကျန်ခဲ့မယ့် ဘဲကြီးတော့ ဘယ်လိုနေမလဲ မသိဘူး ”
“ ဘယ်လိုနေနေကွာ ၊ အဲ့ဒီအခါကျ သူ့အကြောင်းတွေ ခေါင်းထဲက အလိုလိုပျောက် သွားမှာ ”
ကိုချမ်းက ရယ်ရယ်မောမောနှင့် ချို့ပခုံးလေးကို သိုင်းဖက်ထားလိုက်မည် အပြု ...
အနီးအပါးသို့ ထိုးဆိုက်လာသည့် TAXI ကားတစ်စီး ၊ ကားတံခါး မြန်မြန်ပွင့်သွားသည် ။ အတွင်းမှ ဆင်းလာသူမှာ မာမီဦးနှင့် အခြောက်ကောင်လေးတစ်ယောက် ။
“ ဟဲ့ကောင် ”
မာမီဦး၏ မျက်လုံးတို့မှာ နဂါးတစ်ကောင်လို နီစွေးလျက် ဒေါသအခိုးအငွေ့တို့က အလျှံတညီးညီး ။ ရုတ်တရက်မို့ နှစ်ယောက်စလုံး လန့်သွားကြသည် ။ ထင်မထားသော အဖြစ်မို့လား ။
"နင် ခုတော့ ဘာငြင်းချင်သေးလဲ ၊ ပြောစမ်း မသာကောင် ။ နင် ငါ့ကို လိမ်နေတာ ၊ ညာနေတာ ။ ခု နင့် ဇာတိတွေ ပေါ်ပြီလေ ။ ဒီကို လာခဲ့စမ်း ၊ ဒီကိုလာခဲ့စမ်း ။ သ,တ်ပစ်မယ် ”
ကိုချမ်းက ချိုချို ဘက် လှည့်ကာ မျက်စိတစ်ဖက် မှိတ်ပြလိုက်သည် ။ လောလောဆယ် ရုပ်ရှင်ရိုက်ပြတော့မည် ဆိုသည့် သင်္ကေတ ။ သူမကလည်း ချက်ချင်း သဘောပေါက်ပါသည် ။
“ ခင်ဗျား ဘယ်လိုဖြစ်နေတာလဲ အော်ကြီးဟစ်ကျယ်နဲ့ ၊ ဒါ ကျွန်တော့် သူငယ်ချင်းဗျ ”
“ သူငယ်ချင်းဆို ဒီလို နေရာမျိုး တွေ့ရသလားဟဲ့ သေနာရဲ့ ၊ မျိုးမစစ်ရဲ့”
“ ခင်ဗျားရူးနေလား ။ ဟိုမှာလူတွေ ၊ ဟိုမှာကားတွေ ။ ချုံပုတ်ထဲ ထိုင်နေကြတာ မဟုတ်ဘူး ၊ လူမြင်ကွင်းမှာ ထိုင်နေတာ ၊ ရိုးရိုးသားသား ထိုင်နေတာ ။ ခင်ဗျား မဟုတ် တာတွေ မစွပ်စွဲနဲ့ ”
မာမီဦးမှာ ဇာတိစိတ်တွေ တဖြည်းဖြည်း ပေါ်လာကာ ပုဆိုးနှစ်ဖက်ကိုမ ခါးထောက်လိုက်ပြီး ...
“ အမယ်လေးတော် သူခိုးကများ လူကို လာဟစ်လို့ ။ ကြားလို့မှ ကောင်းကြသေးရဲ့လား အရပ်ကတို့ရေ ၊ ကြားလို့မှ ကောင်းကြသေးရဲ့လား ”
ခုနစ်သံချီ ဟစ်တော့သည် ။ ကတုန်ကယင်နှင့် အသားတွေ တဆတ်ဆတ် တုန်နေပြီမို့ ယခုမှ တကယ့် နတ်ဝင်လေသည်လား မပြောတတ် ။
“ ခင်ဗျား အော်ကြီးဟစ်ကျယ် လုပ်မနေနဲ့ဗျာ ၊ ခင်ဗျားကိုယ်ခင်ဗျား မရှက်ဘူးလား ။ ခင်ဗျား မရှက်ပေမဲ့ ကျုပ်ရှက်တယ် ”
မာမီဦး က ချိုချို ဘက် လှည့်လိုက်သည် ။ ချိုချို ကတော့ မထီမဲ့မြင် ပုံစံလေးနှင့်သာ ။
“ ဟဲ့ကောင်မ သူ ပြောတာတွေ အမှန်တွေပဲလား ”
“ ရှင့်မှာ နားမပါဘူးလား ၊ နားပါရင် ကြားမှာပေါ့ ။ ရှင်ဟာလေ တော်တော် အဆင့်အတန်း မရှိတဲ့လူ ။ အမှန်တရားကို သေသေချာ ချာ မစုံစမ်းဘဲ အလကားနေ ဒေါသဖြစ်နေတာ သိပ် အောက်တန်းကျတယ် ”
“ ဘာပြောတယ် တဲ့ ကောင်မ ၊ ငါ့ကိုများ သိပ်အောက်တန်းကျသလေး ဘာလေးနဲ့ ။ ငါ့ကို ဘာကောင်မမှတ်နေလဲ ။ စကားကို ဆင် ခြင်ပြောနော် ပါးကွဲသွားမယ် ”
“ ရှင် လုပ်ရဲ လုပ်ကြည့်ပါလား ၊ ငြိမ်ခံနေမယ်လို့ ထင်နေလား ”
ဒေါသတွေ အထွတ်အထိပ်သို့ ရောက်သွားလေပြီ ။
“ ဒီကောင်မတော့ ဟယ် ”
အခုအချိန်မျိုးတွင် ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့ရတွေ့ရ ၊ ဘာကိုမှ မှုမှာ မဟုတ်သည့် မာမီဦး ။ သူ ရှေ့သို့ တိုးရန် ဟန်ပြင်လိုက်စဉ် အတူပါလာသော အခြောက်ကောင်လေးမှာ သည်းသည်းလှုပ်လှုပ် လက်မောင်းကို ဖမ်းဆွဲနေရ၏ ။ ကိုချမ်း သည်းမခံနိုင်တော့ ။
“ ခင်ဗျား ပြောရင်းပြောရင်း လွန်လွန်းလာပြီနော် ၊ ကျုပ် စိတ်တိုလာပြီ ။ ဘာမှ မဆိုင်တဲ့လူ တစ်ဖက်သားကို ဘာတွေ လျှောက်ပြောနေတာလဲ ။ ခင်ဗျားရဲ့ ကနားအသိုင်း အဝိုင်းမှာသာ လူလည်ကျလို့ ရမယ် ၊ အပြင်မှာ ဒါမျိုး လုပ် လို့မရဘူး ။ ချိုချို နင် ပြန်တော့ဟာ အခုလို အထင်လွဲအမြင်လွဲ ခံရတာ ငါ စိတ်မကောင်းပါဘူး ။ တော်ပြီဟာ နင်နဲ့ ငါလည်း နောက် ဘယ်တော့မှ မတွေ့တော့ဘူး ၊ ဆက်လည်း မဆက်သွယ်နဲ့ ။ ဆက်ပြီး ခင်မင်နေလည်း နင်ပဲ အမြဲစိတ်ဆင်းရဲနေရမှာ ”
ကိုချမ်း၏ အမူအရာတွေက အပိုအလိုမရှိ ကွက်တိကောင်းနေပါသည် ။ ချိုချို ကလည်း ခေသူ တစ်ယောက်တော့ မဟုတ်ပါ ၊ မှင်သေသေဖြင့် ...
“ သွားမှာပါ သွားမှာပါ ၊ ဒီကလည်း ဒီလို တဏှာရူးတွေနဲ့ ခဏလေးတောင် စကားပြောချင်တာ မဟုတ်ပါဘူး ”
မာမီဦးမှာ ဖိနပ်ချွတ်လျက် ပါးရိုက်ရန် ဟန်ပြင် လိုက်ကာ ...
“ ဟဲ့ကောင်မ ဘာပြောတယ် ။ ဒီနားလာစမ်း ၊ ဒီနား လာစမ်း ။ သတ္တိရှိရင် ဒီနား တိုးလာခဲ့စမ်း ”
“ ချိုချိုရယ် တောင်းပန်ပါတယ် ၊ ပြန်ပါတော့ဟာ ”
ချိုချို မှာ မာမီဦး ကို အော့နှလုံးနာစရာ အကြည့် တစ်ချက် ကြည့်လျက် နှုတ် ခမ်းလေးမဲ့ကာ လှည့်ထွက် သွားသည် ။ သူ ကိုချမ်း ကျောပြင်ကို တဒုန်းဒုန်းထုလျက် ...
“ ဒါ နင်မွှေးတဲ့ မီးဟဲ့ ။ နင်မွှေးတဲ့မီး ”
“ ကျုပ် ဘာမွှေးလဲ ၊ ခင်ဗျားပဲ မနေနိုင် မထိုင်နိုင် လိုက်လာပြီးတော့ ”
“ နင့်ကို စိတ်မချလို့ လိုက်လာတာပေါ့ဟဲ့ သေနာရဲ့ ။ မနက်ဖြန်ဆို ကနားတက်ရတော့မှာ ၊ ဝယ်ရခြမ်းရမှာတွေ နင် မသိတော့ဘူးလား ။ ငါ့ကိုတောင် အရေးမစိုက်တော့ဘဲ နင်က ဒီမှာ အလေလိုက်နေတာလေ ။ ပြောစမ်းပါဦး ”
“ တော်ပြီဗျာ တော်ပြီ ။ ကားပေါ်တက် ၊ အိမ်ပြန်မယ် ”
“ လေလို့တေလို့ အားရတော့ အိမ်ပြန်မယ်ဖြစ်ပြီပေါ့လေ ”
“ စကားများလိုက်တာဗျာ ။ လာစမ်းပါ ”
သူ လက်တစ်ဖက်ကို ခပ်ကြမ်းကြမ်းဆွဲကာ ကားဆီသို့ ခေါ်လာခဲ့သည် ။ ထို့နောက် ရှေ့ခန်းထဲ ထိုးသွင်းကာ ကိုချမ်းက ကားနောက်ခန်းထဲ ဝင်ထိုင်လိုက်ပြီး တံခါးကို ဂျိမ်းခနဲ ဆောင့်ပိတ်ပစ်လိုက်၏ ။ ကားလေး ထွက်ခွာရာတစ်လျှောက် သူ တစ်ခုပဲတွေးသည် ။
“ ဒီ သုံးလေးရက်အတွင်း ကျုပ် ခင်ဗျားကို မျက်နှာချို သွေးပြီး သည်းခံလိုက်ဦးမယ် ။ နတ်ကနား ပြီးတာနဲ့ ခင်ဗျား ချမ်းသာသမျှ ပစ္စည်းတွေ ပြုတ်ပြုတ်ပြုန်းပြီသာ မှတ် ပေတော့ ”
••••• ••••• •••••
☐ နိဂုံး
စိန်ပန်းမြိုင်ရပ်ကွက် အတွင်းမှ ကနားပွဲကြီးက ခြိမ်ခြိမ့်သဲသဲ ကျင်းပလျက် ရှိ၏ ။ အားလုံး၏ မျက်နှာပြင်ပေါ်တွင် အပြုံးတွေ တပ်ဆင် ထားကြသည် ။ မြူးကြွလျက် ၊ မော်ကြွားလျက် ၊ သွက်လက်နိုးကြားလျက် ...
ယောကျ်ားဖြစ်သူ၏ မဟာစီမံကိန်းကြီး အောင်မြင်ရန်ငွေကုန်ကြေးကျခံလျက် ကနားပေးနေသည့် ဒေါ်သီတာ ၊ အရှိန်အဝါလေး တစ်ခု လွှဲလျှင် အကြွေးတွေ ပတ်လည်ဝိုင်းနေသည့် မာမီဦး ၊ အနုပညာပါရမီ အခံလေး ကောင်းသော်လည်း နှစ်လုံး သုံးလုံးနှင့် လောင်းကစားတို့တွင် နွံနစ်နေကြသော ဆိုင်းဆရာလင်မယား ၊ ဘယ်နေ့ အိမ်လာဖြိုမလဲဟု ရင်တမမနှင့် ထိတ်လန့်နေရသော ရပ်ကွက်သူရပ်ကွက်သားများ ၊ မျက်ခုံးမွေးပေါ် စင်္ကြံလျှောက်နေသော ကိုချမ်း ၊ ဘဝပျက်နေရှာသော ချိုချို ။
အပြုံးတုများ၏ အထက်ပိုင်း မျက်ဝန်းများကို အသေအချာ ဖတ်ကြည့်လျှင်တော့ လိုအပ်မှုများ ၊ တောင့်တမှုများ ၊ ရမ္မက်များ ၊ ဆာလောင်မှုများ ၊ စိုးရိမ်ထိတ်လန့် မှုများ ၊ အကြောက်တရားများ ၊ ကြီးပွားချမ်းသာလိုမှုများ စသဖြင့် ပုံရိပ်တို့ကို အထင်းသား ၊ အစင်းသား ပုံဖော်နိုင်မည်သာ ဖြစ်ပါ၏ ။
ထမင်းတစ်နပ်ချင်း ၊ ဟင်းတစ်ခွက်ချင်း တူလျှင်တောင် အလွှာချင်း ကွာခြားသွားသည့်အခါ အမျိုးအမည်များ ရသများ ကွာခြားကွဲပြား သွားပါလိမ့်မည် ။ ဒါသည်ပင် လူတစ်ယောက်ချင်းစီ၏ ဖြစ်တည်မှုလား ၊ လူတစ်ယောက်ချင်းစီ၏ ဘဝတန်ဖိုးလား ၊ လူတစ်ယောက်အတွက် တကယ် ဖြစ်သင့်သည့် ပြဋ္ဌာန်းချက် အစစ်အမှန်တွေလား မသေချာလှပါ ။ မည်သို့ပင်ဆိုစေ လူ့ဘဝဇာတ်ခုံမှ လူများသည် နောက်ဆုံးထွက်သက် ထိတိုင် လောဘအော်ပရာ ၊ ဒေါသပြဇာတ် နှင့် မောဟနှစ်ပါးခွင်တို့ကို အနက်ရင့်ရင့် တစ်ညတာလုံး မမောနိုင် မပန်းနိုင် ကပြအသုံးတော်ခံနေကြဦးမှာပင်ဖြစ်၏ ။
⎕ ဒေါင်းနေမင်း
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဇွန် ၊ ၂၀၁၄

No comments:
Post a Comment