Monday, March 9, 2026

အထင် နှင့် အမြင်

 

❝ အထင် နှင့် အမြင် ❞
        ( ပီမိုးနင်း )

စိန်ကဲကျောက်ကဲကို ခတ်ရန် လွယ်ကူသည် ။ လူကဲကို ခတ်ရန် ခက်သည် ဆိုတဲ့ စကားဟာ အင်မတန် မှန်တာပဲဟု ဦးရွှေဘော် က လူလိမ်တစ်ယောက် အကြောင်းကို ပြောရာ၌ စကား အဆုံးသတ်လိုက်လေ၏ ။

ငြိမ်း ။  ။ “ လူကဲထက် ခက်တဲ့ အကဲတစ်ခု ရှိသေးတာ ။ မွန်းရွှေဘော် သိမှ မသိဘဲကိုး ” ဟု ဦးငြိမ်း က ပြန်၍ ပြောလေ၏ ။

ဘော် ။  ။ “ ဆိုစမ်းပါဦး ၊ မွန်းငြိမ်းရယ် ” ဟု အကြမ်းဝိုင်းကလေးမှာ ငါးရံ့ခြောက်ဖုတ်ကို မြည်းရင်း ဆွေးနွေးခြင်း ပြုကြသတတ် ။

ငြိမ်း ။  ။ “ လူကဲထက် မိန်းမအကဲဟာ အင်မတန် အခတ်ရ ခက်တာ မွန်းရွှေဘော်ရဲ့ ။ ကြိုက်သလိုလို ချစ်သလိုလိုနဲ့ ပေမယ့် ယောင်လို့များသွားပြီး မစမ်းလေနဲ့ ။ တိမ်ယောင်နဲ့ နက် ၊ နက်ယောင်နဲ့ တိမ် ဆိုတာ မိန်းမ မိန်းမ မိန်းမလို့ စိတ်ချလက်ချမှတ် ” ဟု ပြောပြီး ရွှေဖီမိုးလွတ် အတွင်းတောင် ရနံ့ကလေးကို အာခေါင်၌ ခံယူကာ စဉ်းစားကာ ပြောလေ၏ ။

ဘော် ။  ။ “ အင်း … ဒါကြောင့်လည်း မိန်းမတို့မာယာ သဲကိုးဖြာလို့ ဆိုကြပေတာပလေ ။ ဘယ်လိုများ တွေ့ခဲ့ ကြုံခဲ့ဖူးပါသလဲ မွန်းငြိမ်းရဲ့ ။ မွန်းငြိမ်းကတော့ ရုပ်ကလည်း ခပ်ပါပါ ။ အရပ်ရပ်လည်း ရောက်ခဲ့တာမို့ အတွေ့အကြုံ များပြီး ကာလီဒါသ အပွားတစ်ယောက်လို့ အခုအခါမှာ ဆိုလောက်ပါပေတယ် ။ မိန်းမဟာ အမှန် အသိခက်တဲ့ သတ္တဝါ တစ်မျိုးပါပဲ ” 

ငြိမ်း ။  ။ “ ကိုးဖြာပဲ ဖြစ်ဖြစ် ၊ ဆယ်ဖြာပဲ ဖြစ်ဖြစ် မိန်းမ၏ စိတ်အသိ ခက်ပုံတော့ ပဒုမဇာတ်တော်သာ ကြည့်ပေတော့လေ ။ ကျုပ် တွေ့ခဲ့တာ ပြောရမှာဖြင့် အတော် ချောတဲ့ မိန်းမ ၊ ပုသိမ်သူ လိုင်းစပ်နဲ့ တူတာပဲ ” 

ဘော် ။  ။ “ အင်း .. ဆိုစမ်းပါဦး ၊ ဘယ်တုန်းကလဲ ”

ငြိမ်း ။  ။ “ ငယ်ငယ်ကပေါ့ မွန်းရွှေဘော်ရဲ့ ။ ဟိုတုန်းက ရွှေတောင်ထည် ၊ ကြံခင်းထည် ၊ ပခုက္ကူ ၊ မန္တလေး ၊ ရခိုင် ၊ ထားဝယ် အထည်အမျိုးမျိုးနဲ့ တနင်္သာရီ ၊ ရခိုင်လေးမြို့ သွားချင်တိုင်းသွားပြီး ရောင်းချခဲ့လို့ တွေ့ခဲ့ကြုံခဲ့သဟာပ မွန်းရွှေဘော် ။ ပုသိမ်မြို့ ရောက်သွားတော့ ကမ်းနားလမ်း ဦးကြောင် - ဒေါ်ကြွက်မတို့ အိမ်မှာ တည်းနေသာပလေ ။ ဒီအခါကတော့ အသက်က နှစ်ဆယ်ကျော်ကလေး ။ ဆံပင်က ဒူးအောက်မှာ ဝဲနေတာပဲ ။ ဈေးထဲများ ယောင်ချော ထုံးပြီး လျှောက်သွားတဲ့အခါ ဆေးနီတွေကလည်း ထိုးပြီး စမို့ တစ်ဈေးလုံး ထွက်ပြီး ကြည့်လိုက်ကြတာ တစ်ဈေးလုံး အုတ်အုတ်ကျက်ကျက် ဖြစ်တဲ့အခါပေကိုး မွန်းဘော် ရဲ့ ။ လူကလည်း တက်တုန်း ထက်တုန်း ။ တစ်ရပ်သား ကလည်း ဖြစ်ပြန် ။ သည်တော့ သနားချစ် ချစ်ကြတယ် ထင်ပါရဲ့ ။ တစ်နေ့ ငဖြိုး ဆိုတဲ့ လှေထိုးသား တစ်ယောက်ကို ငွေငါးမူးပေးပြီး ဈေးထိပ်မှာ ထောင်းပြလိုက်တယ် ။ သည်တင် ငြိမ်းကလေး ငြိမ်းကလေးနဲ့ ဈေးသူမှန်ရင် အကုန်သိသွားတာပဲ ”

ဘော် ။  ။ “ လူဆိုတာ တစ်သက်တစ်ခါ ခေတ်ကောင်း တတ်ကြစမြဲကို ။ ဟင်းရွက်တန်း ဈေးမှာလား ”

“ ငါးပိတန်း ခင်ဗျာ့ ၊ ဒါနဲ့ မိန်းမတစ်ယောက်ကို တွေ့တာကိုး ။ ကမ်းနားလမ်း ကျုပ် တည်းတဲ့ အိမ် ပြတင်းပေါက်နဲ့ သူ့အိပ်ခန်း ပြတင်းပေါက် တည့်နေတာကိုး ”

ဘော် ။  ။ “ တော်တော် ချောသလား ”

ငြိမ်း ။  ။ “ အောက်သူလိုင်းစပ် လုံးကြီးပေါက်လှ ၊ စိုစိုပြည်ပြည် ၊ ဖြူဖြူထွားထွား ၊ မိုးဦးကျစ တောင်ပို့မှို ကားကားကြီးများလို သားနားတဲ့ ရုပ်ပါပဲ ။ စပါးကြည့်သာသာ အချို့က မျက်စိစောင်းတယ်လို့ ပြောကြပေမဲ့ ရုပ်မပျက်ပါဘူး ။ ကြည့်လို့ အင်မတန် ကောင်းတဲ့ မျက်နှာမျိုးပေါ့ဗျာ ”

“ အင်း .. ပြောပါဦး ၊ ဘယ်လိုများ ဖြစ်ခဲ့သလဲ ” 

“ အဲဒီမိန်းမဟာ ပြတင်းပေါက်မှာ မေးထောက်ပြီး ကျုပ်အခန်းကို ကြည့်နေတာကို တစ်မနက် မြင်မိတာနဲ့ အမှတ်တမဲ့ ကျုပ်လည်း ပြတင်းပေါက်က နေပြီး သူ့ကို မမြင်ဟန်နဲ့ ကိုယ်ယောင် ပြလိုက်ကရော့ဗျာ ။ နံနက်ခင်း ရေချိုးပြီးစ အင်္ကျီမဝတ် ဆေးနီတွေ ဝင်းနေတာ သူ မြင်ရတာကိုး ။ မြင်လျှင်မြင်ခြင်း သူက စပြီး ကြည့်နေတဲ့ ပုံပါပဲ ။ ဘာကြောင့်လဲဆိုတော့ ကျုပ်က တခြားကို ကြည့်နေရာမှ သူ့မျက်နှာကို ခပ်မြန်မြန် ကြည့်လိုက်တော့ ကျုပ်ကို ကြည့်နေတာ မြင်ရတာပဲ ။ ဒီမိန်းမထူးပုံက ဒီလို မွန်းရွှေဘော်ရဲ့ ။ တခြား မိန်းမများဟာ သူတို့ ကြည့်နေတာကို ယောက်ျား မြင်မှန်းသိရင် မျက်နှာကို လွှဲလေ့ရှိတယ် ။ သူကတော့ ဒီလို မဟုတ်ဘူး မွန်းရွှေဘော်ရဲ့ ။ သူ ကြည့်နေတာကို ကျုပ် မြင်မှန်းသိလျက်နဲ့ ဆက်ပြီး ကြည့်နေတာပဲ ။ အင့်ဟင် ဒင်း တော်တော်ရဲပါကလားလို့ ကျုပ်က တွေးမိလိုက်တယ် ”

ဘော် ။  ။ “ ရဲဆို စွဲသွားမှကိုး ”

ငြိမ်း ။  ။ “ စွဲတယ် မစွဲတယ်တော့ မပြောတတ်ဘူး ။ မိန်းမစိတ် အသိခက်ပုံ ပြောချင်လို့ပါ ။ ကြည့်ရုံတောင် မက လားလား တော်တော်ကြာတော့ ပြုံးပြချည်ရော့ကိုး ” 

ဘော် ။  ။ “ အင်း ... ဟင် ဆေးနီသတ္တိ ဆေးနီအစွမ်းပဲ ။ မိန်းမက စရတယ် ဆိုတာ ယီးတီးယားတား ငြိလို့ မဟုတ်ဘူး ။ အတော် ထိလို့ပဲ ”

ငြိမ်း ။  ။ “ ငယ်ငယ်ကတော့ ဆရာဘုန်းကြီးက ဆေးဝါးထိုး ပေးဖူးတာပဲ ။ ဘာက စွမ်းမယ် ဆိုတာတော့ မပြောတတ်ဘူး ”

“ ခင်ဗျားကကော ဒီလို ကြည့်နေတာပဲလား ”

“ ဘယ်အညံ့မလဲ မွန်းရွှေဘော် ။ ဟိုတုန်းကများတော့ လက်စရော မျက်စရော နှုတ်စရော ဘယ်ညံ့ခဲ့မလဲ ။ အရပ်ရပ်အနယ်နယ် တနင်္သာရီ ရခိုင်လေး မြို့နှံ့ လာခဲ့တဲ့ ယောက်ျား ။ ‘ ညံ့ ’ ဆိုတဲ့ စကားကို မကြားခဲ့ဘူး ။ ကျုပ်က မျက်စပစ်ပြလိုက်တာပလဗျာ ”

“ သူက ဘယ်လိုလုပ်သလဲ ”

“ သူက ပြုံးလျက်ပဲ ။ ခေါင်းတောင် ညိတ်ပြလိုက်သေးတယ် ။ ပြီးတော့ အံ့သြစရာ ကောင်းတာက ကျုပ်ကို ကြည့်ပြီး စကားတစ်ခုကို သူ တိုးတိုးပြောတာကို သေသေချာချာ နားထောင်တော့ ညဉ့်ကိုလာခဲ့ ။ နောက်ဖေး လှေကားလို့ ဆိုတယ် ထင်တာပဲ ။ လှေကားဘက်ကို လက်နဲ့လည်း ပြတယ် ။ လှေကားက ရေချိုးခန်းကို သွားတဲ့ လှေကားကိုး ။ လှေကားရင်းမှာတော့ ဘူးစင် ရှိတယ် ။ ဘူးစင်က ရိပ်နေတာနဲ့ ။ ညဉ့်အခါကျရင် လရောင်တောင် မဖောက်နိုင်တဲ့ ဘူးစင်ပဲ ။ အနီးအပါး ငှက်ပျောပင် တွေကလည်း ရိပ်လို့ ။ ညဉ့်ဆိုရင် ဘယ်သူမှ မြင်နိုင်ဖို့ လမ်းမရှိဘူး ။ ငါတော့ ကံကောင်းတဲ့ခွေး ။ ပြေးရင်း ဆွမ်းတော်စွန့်ပွဲ တိုးမိတာပဲလို့ စိတ်ထဲမှာ အောက်မေ့ လိုက်တာပ မွန်းရွှေဘော်ရဲ့ ”

“ အင်း … ဒါနဲ့ ညဉ့်ကျတော့ ရေချိုးခန်းကို တက်ကရော့လား ”

“ နားထောင်ပါဦးလေ ။ ဘယ် ရုတ်တရက် ချက်ချင်း သွားတက်ဝံ့ချည်မတုန်း မွန်းရွှေဘော်ရဲ့ ။ သူ့အဖေက တိုက်သူကြီး သေနတ်တွေ ၊ ခြောက်လုံးပြူးတွေနဲ့ ကလား ။ မတော်လို့ ပစ်ချလိုက်မှ လဘိန်းကြား ဒိန်းကား မှာကလား မွန်းဘော် ။ ရုတ်ခြည်း ဘယ် တက်ဝံ့ပေမတုန်း ။ တစ်ကြောင်းမှာလည်း ကျုပ်က တစ်ရပ်သား လူဆင်းရဲ ၊ မြေလတ်အညာသား ခရီးသွား လမ်းလျှောက် ၊ အထည်ကို ထမ်းပြီး လုပ်ကိုင်ရှာကြံ အသက်မွေးရတဲ့ အောက်တန်းစား ။ သူ့မှာတော့ ဂုဏ်အသေရေရှိ မျိုးကြီးဆွေကြီးမို့ ငါလို လူကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့မှ အောက်မေ့ပါ့မလား ဆိုတဲ့ အတွေးကလည်း ရှိတာမို့ ။ ငါလို အညတရ လူတစ်ယောက်အား သူလို ဂုဏ်အသရေရှိ တစ်ယောက်က စရခြင်းဟာ အလွန်တရာမှ ထူးဆန်းတာပဲ ။ ဟုတ်မှ ဟုတ်ပါ့မလား ဆိုတာ ။ တွေးတိုင်းတွေးတိုင်း အံ့သြလို့ မဆုံးနိုင်အောင် ဖြစ်နေတာကလား မွန်းရွှေဘော်ရဲ့ ။ သည်တော့ အိမ်ပေါ်ကို တက်ဖို့ မဆိုထားနဲ့ ။ အိမ်ရိပ်ကို မျက်စောင်းထိုးဝံ့ဖို့တောင် အင်မတန်ကြီး ခက်နေတာကလား ကိုယ့်လူရဲ့ ။ သည့်အတွက် နေ့စဉ် နေ့တိုင်းလိုလို ပြတင်းပေါက်က နေပြီး အမှတ်တမဲ့ မသိမသာ ဆိုတာလို အကဲသာ ခတ်နေရတော့တာပဲ ။ ထင်ထင်ရှားရှားကြီးလည်း မိမိကိုယ်ကို သူ မြင်အောင် အခါတိုင်း မပြဝံ့ ။ အခါများစွာ အတွင်းဘက် ခပ်ကွယ်ကွယ်နေရာကလေးကနေပြီး ကြည့်ရသာပလေ ။ အဲသည်လို ကြည့်တိုင်း လိုလို သူကလည်း ကြည့်တာပဲ မွန်းရွှေဘော်ရဲ့ ။ ညဉ့်အခါများလည်း လကလေး သာသာမှာ မေးထောက်ပြီး ကျုပ် အခန်းကိုသာ စူးစူးစိုက်စိုက် ကြည့်နေတာ တွေ့ရတာပဲ ။ သည့်အတွက် တစ်ခါတစ်ခါတော့လည်း ငါ ဘယ့်နှယ်ဖြစ်ဖြစ် စွန့်ပြီး တက်ပါတော့မယ်လေလို့ အောက်မေ့မိတာပဲ ” 

“ သူ အပြင် မြို့ထဲကို သွားလေ့သွားထများကော မရှိဘူးလား ”

“ တစ်ခါတစ်ခါ နံနက်အချိန်မှာ ဈေးကို သွားတာ မြင်ရတာပဲ ။ အဲဒီလိုအခါကျတော့ နောက်ယောင်ခံပြီး လိုက်လိုက်ကြည့်တယ် ။ တစ်ခါတစ်ခါ ရင်ဆိုင်တွေ့တာပဲ ။ တွေ့တဲ့ အခါမှာလည်း ကျုပ်ကို သူ ကြည့်တယ်လို့ ထင်တာပဲ ။ ကြည့်ပေမဲ့ စကားတော့ မပြောဘူး ။ တစ်နေ့သော နံနက်ခင်းအချိန် လမ်းမှာ ရင်ဆိုင်တွေ့တာနဲ့ သူကလည်း ဝါးတစ်ရိုက်လောက်က စပြီး ကျုပ်ကို ကြည့်လာတာကိုး ။ သည်တော့ သူက ငါ့ကို သည် လောက်တောင် လိုက်ရောချင်တဲ့ စိတ်ရှိမှန်း သိပါလျက် ငါက မစရင် ငါ့ကို အသုံးမကျတဲ့ အကောင် တစ်ယောက်လို့ မှတ်ထင်တော့မှာပဲလို့ အောက်မေ့တာနဲ့ အနားကျတော့ ကျုပ်က သူ့ကို ကြည့်ပြုံးပြီး ဈေးက လာသလားလို့ မေးလိုက်တာပေါ့လေ ”

ဘော် ။  ။ “ သည်တော့ သူက ဘာပြန်ပြောသလဲ ”

ငြိမ်း ။  ။ “ သည်တော့လည်း တစ်မျိုးဗျာ ။ ချာခနဲ လှည့်သွားပြီး ကျုပ်ကို မကြည့်ဘဲ နှုတ်ခမ်းစူပြီး အဖက် မတန်သူလို တစ်ခါမှ မမြင်ဖူးသူ တစ်ယောက်လို လုပ်သွားသဗျာ့ ။ အတွေးရ မကြပ်ဘူးလားဟင် ”

“ အင်း .. ဘယ်လို မိန်းမပါလိမ့် ။ ဒါကြောင့် မိန်းမများစိတ်ဟာ သိဖို့ခက်တယ် ဆိုတာပဲကိုး ”

“ အဲသည့်နောက် ပြတင်းပေါက်ကို နောက်တစ်နေ့ သွားကြည့်တော့ မတွေ့ ရပြန်ဘူးဗျာ့ ။ ဒါနဲ့ သင်း ငါ့ကို မုန်းသွားပြီလို့ အောက်မေ့ပြီး ကျုပ် ဂရုမစိုက်ဘဲ တစ်ရက် နှစ်ရက် ဘာသာပဲ နေလိုက်တယ် ။ နောက်တစ်နေ့ ကျပြန်တော့ အရင်ကလို ပြတင်းပေါက်က နေပြီး ကြည့်နေတာကို မြင်ရပြန်ရော ခင်ဗျာ့ ”

“ အဲသည်တော့ကော ”

“ သည်တော့ အစကလို ကြည့်မြဲ ကြည့်နေပြန်တာပဲ ။ အတွေးရ မကြပ်ဘူးလား ”

“ အင်း .. သိပြီ ၊ သိပြီ ။ မိန်းမများဟာ လူထဲသူထဲမှာ အရောဝင်တာကို သဘောမကျတတ်ဘူး ။ လူသူလေးပါး မြင်အောင် ခင်ဗျားက လုပ်မိတာကိုး ။ သည့်အတွက် စိတ်ကောက်သွားဟန် ရှိတယ် ထင်ပါရဲ့ ”

“ မပြောတတ်ဘူး ။ အဲဒီ နောက်တစ်ဖန် ထပ်မြင်ရတဲ့ အခါကျတော့လည်း အရင်ကလို ပြုံးပြီး မျက်စမျက်နနဲ့ ။ သူကချည်း လှမ်းလှမ်း ပြောနေတာပဲ ။ ဘာကို ပြောတယ် မေးတယ်လို့တော့ မသဲကွဲဘူး ။ ပြီးတော့လည်း လှေကားဘက်ကို လက်နဲ့ပြ ၊ ညကို တက်ခဲ့လို့ ပြောတယ် ထင်တာပဲ ။ သည်တော့ ခက်နေပါပြီလေ ။ ငါတော့ ဘယ့်နှယ် လုပ်ရပါ့ ။ ငါ တက်ရင်တော့ ကော်တော့မှာပဲ ။ မတက်ရင် သိပ်နုံတဲ့ လူလို့ ထင်တော့မှာပဲလို့ စိတ်မှာ တွေးပြီး စွန့်မယ် လို့ ကြံလိုက်ကရောဗျို့ ။ ကျုပ်ကလည်း လာမယ်ဆိုတဲ့ အကြောင်း ပြန်ပြီး ပြောရတာပေါ့လေ ။ အဲဒီနေ့မှာ နေ့တာကလည်း ရှည်တော်မူလိုက်တာဗျာ ။ နေမင်းကို ဆွဲသာ ချလိုက်ချင်တာပဲ ။ ရင်ထဲမှာလည်း တစ်နေ့လုံး တဒိန်းဒိန်း ဖြစ်နေတာပဲ ။ ဒါနဲ့ နေဝင်ရောဗျို့ ။ ဒီနေ့ တစ်နေ့လုံးဟာ စားရမှန်းလည်း မသိ ။ သောက်ရမှန်း လည်း မသိ ။ သူ့မျက်နှာကိုချည်း မြင်နေရတော့တာ ပါပဲ ။ အတော်ကလေး ညဉ့်နက်တော့ ပြတင်းပေါက်မှာ ရပ်ကြည့်နေတာကို မြင်ရတာကိုး ။ ကျုပ်ကိုလည်း မြင်ရော လှေကားဘက်ကို လက်ပြပြီး ပြတင်းပေါက်မှာ ပြူချည် ပျောက်ချည် ပျာလောင်ခတ် နေတဲ့ လက္ခဏာ ရှိတာပါပဲ ။ သူလည်း ငါ့လို ဖြစ်နေရှာ ထင်ပါရဲ့ ။ အင်မတန် တွေ့ချင်တဲ့ လက္ခဏာ ရှိတာပဲ ။ ဘယ်လိုနေနေ စွန့်မဟဲ့လို့ အောက်မေ့ပြီး အင်္ကျီအနက်ကို ကပျာကယာ ဝတ်ပြီး ဆင်းသွားကြည့်နေ ။ သူတို့အိမ် လှေကားရင်းမှာ လရောင် မဖောက်နိုင်အောင် မှောင်နေတာကိုး ။ ကျုပ် သူတို့ခြံ ဘက်ကို ကူးမယ်လည်း လုပ်ရော ။ လှေကားရင်းမှာ မည်းခနဲ လူလိုလို ဘာလိုလို မြင်လိုက်ရတာနဲ့ ကိုယ်ရှိန်သတ်ပြီး နေလိုက်တယ် ။ အတော်ကြာတော့ ဘာမှ မမြင်ရ ၊ တိတ်ပြီး နေတာပဲ ။ လေကလေးကလည်း တစ်ချက် တစ်ချက် သဲခနဲသဲခနဲ တိုက်နေတာပေါ့ ။ ခြံစည်းရိုး သရက်ရွက်ခြောက်တွေကို လေသံနဲ့ ရောပြီး မြည်အောင် နင်းပြီး ကူးသွားရော ဆိုပါတော့ဗျာ ။ ခြံထဲ ရောက်သွား လှေကားရင်းကို သူခိုးလို ပြေးပြီးကပ် အပေါ်ကို မော်ကြည့်တော့ ဘာမှ မမြင်ရ ။ ရေချိုးခန်းတံခါး ဖွင့်ပြီး အထဲမှာ မှောင်နေတာ မြင်ရတာပဲ ။

အိမ်ရှေ့ဘက်က ရယ်မောစကား ပြောဆိုကြတဲ့ အသံများလိုလို ကြားရတာနဲ့ နားထောင်နေ ။ ဘယ်သူ ဘယ်ဝါ အသံရယ်လို့ ဘယ်သိမတုန်းဗျာ ။ စိတ်ထဲမှာတော့ ချီတုံချတုံ ဖြစ်နေတာပဲ ။ ရေချိုးခန်းကိုသာ မော် ကြည့်နေတာပဲ ။ အထဲမှာ ဘယ်သူဘယ်ဝါ ရှိတယ်ဆို မသိရသည့် အတွက် တက်ရ တော်မလား ၊ မတော်လား ဆိုတာ စဉ်းစားပြီး ဒူးနှစ်ဖက် တုန်ပြီး နေတာပဲ မွန်းရွှေဘော်ရဲ့ ။ တစ်ခါမှ ဒီလို တိတ်တဆိတ် ညဉ့်အခါ သူတစ်ထူးအိမ်ကို တက်ဖူးတာမှ မဟုတ်ဘဲကလား ။

အဲဒီလို ကြည့်နေခိုက်မှာ ရေချိုးခန်းထဲမှာ ရှဲခနဲ မီးခြစ်သံကို ကြားရတာနဲ့ မော်ကြည့်လိုက်တော့ ဝင်းခနဲ မီးရောင်နဲ့ သူ့မျက်နှာကို မြင်ရတာပဲ ။ ကျုပ်ကို မြင်သလား မမြင်သလား မသိရ ။ အောက်ကိုတော့ ငုံ့ပြီး ပြုံးနေတယ်လို့ ထင်ရတာပဲ ။

ဒါနဲ့ ခပ်သုတ်သုတ်ကလေး ပြေးပြီး တက်သွားရာက ရေချိုးခန်းထဲကိုလည်း ရောက်ကရော ။ ရင်ဘတ်ကို ဆီးပြီး တွန်းချလိုက်တာ ပက်လက်လန်ပြီး အဘယ်နည်း အဘယ်ပုံ လှေကားရင်းကို ပြန်ရောက်မှန်း မသိ ။ ဆေးရုံက နေပြီး ဦးခေါင်းမှာ ပတ်တီးနဲ့ ဂတ်တဲ ပြန်ရောက်မှ အဖြစ်အပျက်ကို သဲသဲကွဲကွဲ သိရတာပဲ မွန်းရွှေဘော်ရဲ့ ”

“ ဟင် ... ဖြစ်မှဖြစ်ရလေ မွန်းငြိမ်းရယ် ။ ဘယ်လိုများ ဖြစ်သေးသလဲ ”

“ ဘယ်လိုဖြစ်ရမလဲလေ ။ အိမ်တက်မှုနဲ့ ထောင်သုံးလ ကျသွားတာပေါ့ ။ ထောင်က လွတ်တော့ ကျုပ်နဲ့ အခန်းချင်း ယှဉ်ပြီးနေတဲ့ ဦးကြောင် ဒေါ်ကြွက်မတို့ရဲ့ တူတစ်ဝမ်းကွဲ အောင်ကြီး ဆိုတဲ့ အကောင်နဲ့ တိုက်သူကြီး သမီး လိုက်ပြေးတယ်လို့ ကြားရတာပဲ ”

“ နို့ ခင်ဗျားဟာက ဘယ်လို ဖြစ်ရပုံလဲ ”

“ မပြောတတ်ပါဘူး မွန်းရွှေဘော်ရယ် ။ ထောင်က လွတ်ပြီး လျှောက်သွားတော့ သူတို့လင်မယား နှစ်ယောက် မျက်နှာချင်းဆိုင် ရပ်ပြီး ဘာအကြောင်း ပြောနေကြသလဲ မသိဘူး ။ ကျုပ်ကလည်း ဘိုးအောင်ကို နှုတ်ဆက်ရင်း အနားရောက်သွားတော့ ဒီမိန်းမဟာ ကျုပ်ကို ကြည့်ပြီး ပြုံးပြန်တာကိုး ”

“ အင်း ... သည်တော့ ခင်ဗျားက ခံနေသလား ။ ဘာမှ ပြန်မပြောဘူးလား ”

“ ဘာခံမလဲ မွန်းရွှေဘော် ။ ကျုပ်က မခံချင်တဲ့ စိတ်နဲ့ ။ ဘိုးအောင် ပခုံးကို ကိုင်ပြီး မြင်ရဲ့လား ကိုဘိုးအောင် ။ ခင်ဗျားမိန်းမ လုပ်ပုံ တော်သလားလို့ ကျုပ်က မေးတာပေါ့ ။ ဘိုးအောင်က ဘာလဲ ကျုပ် မိန်းမက ဘာလုပ် သလဲတဲ့ ”

“ ခင်ဗျားတို့ကတော့ ဟိုတုန်းက ဖြစ်တာဟာ ကျုပ်ကို တကယ်ခိုးဖို့ အကြံနဲ့ အိမ်ကို တက်တာလို့ ထင်ကြမှာပဲလို့ ကျုပ်က ပြောတာပေါ့ မွန်းရွှေဘော်ရဲ့ ”

“ ရှင် ခိုးဖို့ မဟုတ်ရင် ဘာလို့ ညအချိန် နောက်ဖေး လှေကားက တက်ရတာလဲလို့ သူ့မိန်းမက မေးတယ် ”

“ ကျုပ် မှန်တာ ပြောလိုက်မယ်နော် ။ ကျုပ် အမိကို အများကြီး ညှာပြီး ဟိုတုန်းက မျိုသိပ်ပြီး သူခိုးပဲ ထင်ကြပါစေတော့လို့ သဘောထားပြီး ဘာမှ ကျွန်တော် မပြောဘဲ နေခဲ့ပါတယ် ။ အခုတော့ ကျုပ် ပြောရတော့မှာပဲလို့ ကျုပ်က ပြောကရော ”

“ ရှင်က ဘာပြောစရာ ရှိသလဲ ။ ရှင့်ကို ကျွန်မက ကြိုက်လို့ ။ တိတ်တဆိတ် အိမ်ပေါ်ကို အတက်ခိုင်းတယ်လို့ ဆိုချင်သလား ဘာလားနဲ့ ။ ကောင်မက ပြန်ပြော တယ် ”

ဘော် ။  ။ “ အင်း ... အာဂမိန်းမပါလား ။ အတော် ပြောင်တာပဲ ”

ငြိမ်း ။  ။ “ သည်တော့ ကျုပ်က ဒေါသထွက်ပြီး သူ ခေါင်းညိတ်ခေါ်တာ ။ အခုလည်း သူ့လင် ရှိလျက်နဲ့ သူက စပြီး ပြုံးတာ အကုန်အစင် ခရေစေ့တွင်းကျ သူက ရေချိုးခန်းထဲက နေပြီး မီးခြစ်ခြစ်ပြီး အချက်ပေးတာ မကျန် အကုန် ပြောလိုက်သပဗျာ ”

ဘော် ။  ။ “ သည်တော့ သူ့လင်က ဆူရော့လား ”

“ ဆူတော့ မဆူပါဘူး ။ ကျုပ်လက်ကို ဆွဲပြီး ဝမ်းနည်းတဲ့ မျက်နှာနဲ့ ကျုပ်တို့ ဒီလိုမှန်း သိရင်ဗျာ ။ ခင်ဗျား ထောင်ကို မကျစေရပါဘူး ။ မသိလို့ တကယ်ခိုးဖို့ ကြံတယ် ထင်တာနဲ့ လုပ်မိတာပါ ။ ကျုပ်တို့ကလည်း အထင် လွဲတာပဲ ။ ခင်ဗျားလည်း အထင်လွဲတာပဲလို့ ပြောတယ် မွန်းရွှေဘော်ရဲ့ ”

ဘော် ။  ။ “ ဘယ်လို ခင်ဗျားက အထင်လွဲတာလဲ ” 

ငြိမ်း ။  ။ “ ဒီလို မွန်းဘော် ။ ပြတင်းပေါက်မှာ မေးထောက်ပြီး ခေါင်းညိတ်ပြတာ ။ မျက်စပစ်ပြတာ ၊ ပြုံးတာတွေဟာ ကျုပ်အတွက် မဟုတ်ဘူး ။ သူ့အတွက် ဆိုပဲကိုးဗျာ့ ။ ကျုပ်အခန်းနဲ့ ယှဉ်ပြီး အောင်ကြီး က နေတာကိုး ။ ကောင်မက မျက်စိစောင်းလို့ ။ အောင်ကြီးကို အချက်ပေးသမျှ ကျုပ်က ကျုပ်ဖို့ချည်း မှတ်ထင်မိတာကိုး ။ သည်စကား ကြားရတော့မှ သေသေချာချာ ကြည့်တော့ ဟုတ်လည်း ဟုတ်ပေသားကလားဗျာ့ ။ သူ့ကို ကြည့်တဲ့အခါတိုင်း ကျုပ်ကို ကြည့်သလို ဖြစ်နေတာကလားဗျာ့ ” 

“ နို့ ရေချိုးခန်းထဲက နေပြီး တွန်းချတာက ဘယ်သူလဲ ”

“ အောင်ကြီးပေါ့ဗျာ ။ သူက ရေချိုးခန်းထဲကို ကျုပ် အရင် ရောက်ပြီး နှစ်ယောက်သား တွေ့နေခိုက်မှာ ကျုပ်က တက်သွားပြီး အနှောင့်အယှက် ပေးမိတာကိုးဗျာ့ ။ နာကြည်းလိုက်တဲ့ အမှားနှယ် ။ တက်တက်စင်ပါရော့ဗျာ ”

“ နို့ စတက်ကတည်းက သူတို့နှစ်ယောက် ချစ်ကြိုက်နေတာ မသိလို့လား ”

“ ကျုပ်က ရောက်ခါစလားဗျာ့ ။ ကျုပ်အနားက အခန်းမှာ အောင်ကြီး ရှိမှန်းတောင်မှ ကျုပ် မသိဘူး ။ သိရင် ဒီလို ဘာဖြစ်မလဲ ”

ဘော် “ ဒီလိုဖြင့် ခင်ဗျား ဖြစ်ပုံက ကျုပ်ဖြစ်ပုံနဲ့ ခပ်ဆင်ဆင် ဖြစ်နေတာပေါ့ ”

“ ဆိုစမ်းပါဦး မွန်းရွှေဘော်ရဲ့ ။ ဘယ်လို ဖြစ်တာလဲ ” 

“ ဒီလို မွန်းငြိမ်းရဲ့ ။ ကျုပ်က တစ်ခုခုကို ငေးငေးပြီး ကြည့်တတ်တယ် ။ တစ်နေ့တော့ ကျုပ်မိတ်ဆွေ တစ်ယောက်နဲ့ စကားပြောနေရင်းက အိမ်ရှေ့အိမ်က မိန်းမ တစ်ယောက်ကို စိုက်ကြည့်နေမိတာကိုး ။ ကြည့်နေခိုက်မှာ ကျုပ် မိတ်ဆွေက ရွှေစက်တော် အကြောင်း ပြောနေတော့ ကျုပ်က အင်းလိုက်ရင်း နားထောင်နေတာပဲ ။ မကြာမီ အိမ်ရှေ့ အိမ်က မိန်းမက ထဘီတိုတို ဝတ်ပြီး ကျုပ်ကို လာပြီး ပါးရိုက်ရမလား ဘာလားနဲ့ ရန်တွေ့ တာပါပဲဗျာ့ ”

“ ဘာဖြစ်လို့လဲ ”

“ သူ့ကို ကြည့်ရင်း မိတ်ဆွေ ပြောတဲ့ စကားကို ခေါင်းညိတ်ပြီး လိုက်တာကိုး ။ သူ့ ခေါင်းညိတ် ခေါ်ရမလားလို့ ထင်ပြီး စိတ်ဆိုးလာတာပေါ့ ”

ငြိမ်း ။  ။ “ ခင်ဗျား ဖြစ်ပုံက သူက လွဲတာမို့ တော်ပါသေးရဲ့ ။ ကျုပ် လွဲတာက သုံးလတောင် ခံလိုက်ရတာပဲ ” 

“ အဲဒါ ဘာဖြစ်လို့လဲ သိရဲ့လား ”

“ မိန်းမ မှန်ရင် ငါ့ကြိုက်တယ် ထင်တတ်တဲ့ စိတ်မျိုးကြောင့် အခုလိုဖြစ်တာ မွန်းငြိမ်း ။ ဒီအရာမျိုးမှာ အထင်ကြီးလွန်းရင် ဖြစ်တတ်တာပဲ ” ဟု ဦးရွှေဘော်က ပြန်ပြောလိုက်လေ၏ ။

▢  ပီမိုးနင်း
📖 သူရိယရုပ်စုံသတင်း
      အတွဲ ၃ ၊ အမှတ် ၂၅
      စက်တင်ဘာ ၁၈ ၊ ၁၉၃၂

No comments:

Post a Comment